ဟန်းဆန်း အထည်ချုပ် စက်ရုံလုပ်သားများ ဆန္ဒပြ တောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို


ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဟန်းဆန်း(Handsome) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် အလုပ်သမားခေါင်းဆောင်အား အကြောင်းပြချက်မရှိ အလုပ်မှထုတ်ရာမှ စတင်ကာ အလုပ်သမား ၂၀၀ကျော်က စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေခြင်းနှင့် စပ်လျဉ်း၍ စက်ရုံတာဝန်ရှိသူများက ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စက်ရုံမန်နေဂျာ ဒေါ်မြတ်ကေသီက မဇ္ဈိမကိုပြောသည်။

" ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဒီနေ့လူကြီးတွေနဲ့ အစည်းဝေးလုပ်နေပါတယ် ။ ဘယ်လို ဆုံးဖြတ်ကြမယ် ဆိုတာကိုတော့ ပြောပြလို့ မရသေးပါဘူး။ အဆင်ပြေအောင်တော့ ညှိနှိုင်းနေကြပါတယ်"ဟု ဟန်းဆန်းအထည်ချုပ်စက်ရုံ မန်နေဂျာ ဒေါ်မြတ်ကေသီက ပြောသည်။

ဟန်းဆန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုစည်သူမင်းအား အောက်တိုဘာလ ၂၆ရက်က ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ရာမှစတင်ကာ အချက်လေးချက်ဖြင့် ထိုနေ့မှစကာ နိုဝင်ဘာလ ၃ရက်အထိ စက်ရုံရှေ့တွင်  သပိတ်စခန်းဖွင့်ခဲ့ကာ ဆန္ဒပြခဲ့သော်လည်း ပြေလည်မှုမရရှိသေးကြောင်း သပိတ်စခန်းမှ စက်ရုံဝန်ထမ်း မဖြူစင်က ပြောသည်။

"တစ်ပတ်ကျော်အထိ ဘာမှ ထူးခြားမှုမရှိသေးဘူး"ဟု မဖြူစင်ကပြောသည်။

ဆန္ဒပြလုပ်သားများ တောင်းဆိုသော အချက်များသည် အလုပ်ထုတ်ခံရသော ကိုစည်သူမင်းအား အလုပ်ပြန်ဆင်းခိုင်းရန်၊ အမျိုးသမီးသန့်စင်ခန်းရှေ့တွင် တပ်ဆင်ထားသည့် CCTVကင်မရာကို ဖြုတ်ပေးရန်၊ အလုပ်သမားများ ဆန္ဒထုတ်ဖော်ချိန်တွင် လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရန် စသော အချက်များဖြင့် တောင်းဆိုနေခြင်းဖြစ်သည်။

"မိန်းကလေးတွေ အိမ်သာသွားတဲ့ လမ်းတစ်လျောက်မှာ CCTVကင်မရာတွေ တပ်ဆင်ထားတာကတော့ မိန်းကလေးတွေရဲ့ ကာအိနြေ္ဒလုံခြုံရေး စိုးရိမ်ရပါတယ်။ အလုပ်ခွင်၊ အလုပ်ခန်းထဲမှာ တပ်ဆင်တာကိုတော့ မပြောလိုပါဘူး။ ဒီလို အိမ်သာသွားတဲ့လမ်းမှာ ဆိုတော့ ဖြုတ်ပေးဖို့အတွက် တောင်းဆိုရခြင်းဖြစ်တယ်" ဟု မဖြူဇင်က ဆိုသည်။

ထိုဆန္ဒပြလုပ်သားများအား ဒဂုံမြို့သစ်အရှေ့ပိုင်းမှ တ.စ.ညပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီတို့က ကူညီပေးနေသည်ဟု ဟန်းဆန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုရန်နိုင်ကပြောသည်။

Written by  ဖိုးစိုးသူ

Mizzima - News in Burmese

အပြည့်အစုံသို့ »

ဆင်တက်မော် ဒုက္ခသည် စခန်းတွင် ဆူပူမှု ဖြစ်ပွားသောကြောင့် လူစုခွဲခဲ့ရ


ဘင်္ဂလီ ဒုက္ခသည်အများစု နေထိုင်သော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ဆင်တက်မော် ဒုက္ခသည်စခန်းရှိ ဘင်္ဂလီ ခြောက်ဦး ပျောက်ဆုံးသွားခြင်းကြောင့် ယင်းစခန်းမှ ဒုက္ခသည် ၅၀၀ ခန့် စုရုံးကာ ဆူပူသည့် ပုံစံ ဖြစ်ပေါ်လာပြီး လုံခြုံရေး ရဲဝန်ထမ်းများက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု စစ်တွေမြို့နယ် မင်းဂံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၃ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောသည်။

နိုဝင်ဘာ ၂ ရက်က ဆင်တက်မော် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ခြောက်ဦး ထင်းရှာရန် သွားရာ ပျောက်ဆုံးနေသည်ဆို၍ ဒေသခံ ရဲဝန်ထမ်းများက သွားရောက်ရှာဖွေခဲ့ပြီး ဘင်္ဂလီအမျိုးသား တစ်ဦးမှာ ဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကာ ကျန်ငါးဦးမှာ ပျောက်ဆုံးနေသည်ဟု  ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“ဒုက္ခသည် စခန်းက လူခြောက်ဦး ပျောက်သွားတယ်လို့ သတင်းတွေ ရတယ်။ ဘင်္ဂလီတစ်ဦးကို တောထဲမှာ သေဆုံးနေတာတွေ့တယ်၊ တစ်ဖက်မှာလဲ ပေါက်တောက ဂုံးကောက်တဲ့ အမျိုးသမီးအုပ်စုကို ဘင်္ဂလီသုံးဦးက အကြမ်းဖက်တဲ့အတွက် တစ်ဦးသေဆုံးသွားပြီး သုံးဦး ဒါဏ်ရာရတယ်”ဟု ဦးလှသိန်းက မဇ္ဈိမ ကို ပြောသည်။

ယင်းဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် ဒုက္ခသည်စခန်းမှ ဘင်္ဂလီဒုက္ခသည် ငါးရာခန့် အုပ်စုဖွဲ့လာရာ ဆူပူမှု ပုံစံဖြစ်လာသောကြောင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပြီး ယင်းသို့ လူစုခွဲရာတွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် စစ်တပ်မှ တာဝန်ရှိသူများပါ ပါဝင်သည်ဟု မင်းဂံရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ဒုက္ခသည်စခန်းသို့ မဇ္ဈိက ဆက်သွယ်၍ မရခဲ့ပါ။

လက်ရှိတွင် ဒုက္ခသည်စခန်းများကို လုံခြုံရေးတိုးမြှင့်ထားပြီး စစ်တပ်၊ ရဲတပ်ရင်းနှင့်၊ ရဲတပ်ဖွဲ့အင်အားများ တိုးမြှင့်ချထားသည်ဟုလည်း စစ်တွေ မင်းဂံရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။ အဆိုပါ အမှုနှင့် သက်ဆိုင်သူများကို ဖမ်းဆီး နိုင်ရန်ကြိုးပမ်းလျှက်ရှိသည်ဟုလည်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်းက စတင်၍ လူမျိုးစုနှစ်ခုကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၁၀၀၀၀၀ ကျော်ရှိရာ ဘင်္ဂလီဒုက္ခသည် ၈၀၀၀၀ ကျော်နှင့် ရခိုင်ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိသည်။ အလားတူ ၂၀၁၃ ခုနှစ်  စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သော သံတွဲ ပဋိပက္ခများကြောင့်လည်း အိုးအိမ်မဲ့ ဒုက္ခသည် ၅၀၀ ကျော် ထပ်မံ ရှိလာသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စာရင်းများအရ  သိရသည်။

 ကေဇင်ဦး
(မဇ္ဈိမသတင်းဌာန)

အပြည့်အစုံသို့ »

လှေနစ်မြုပ်တဲ့အတွက် ရိုဟင်ဂျာ ၆၀ နီးပါးသေဆုံး ပျောက်ဆုံး


မြန်မာနိုင်ငံ ​ကမ်းရိုးတမ်းဒေသကနေ ​တခြားနိုင်ငံကို ​ခိုလှုံခွင့်တောင်းဖို့ ​လှေတွေနဲ့ ​ထွက်ခွာကြတဲ့ ​ရိုဟင်ဂျာ ​အယောက် ​၇၀ ​နီးပါးရဲ့ ​လှေတိမ်းမှောက်ခဲ့ပြီး ​လူပေါင်း ​၆ ​ယောက်ကိုသာ ​ကယ်တင်နိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကို ​ဦးတည်တဲ့ ​လှေပေါ်မှာ ​ရိုဟင်ဂျာ ​အမျိုးသား ​၃၈ ​ယောက် ​အမျိုးသမီး ​၂၈ ​ယောက် ​စုစုပေါင်း ​၆၆ ​ဦးပါဝင်ပြီး ​ဘင်္ဂလားပင်လယ်အော်မှာ ​လှေတိမ်းမှောက်ခဲ့တာ ​ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ရခိုင်လူမျိုးတွေနဲ့ ​မွတ်စလင်တွေအကြား ​ပဋိပက္ခတွေ ​ဖြစ်ခဲ့ပြီးနောက် ​ရိုဟင်ဂျာမွတ်စလင်တွေ ​အမြောက်အများ ​အိမ်နီးချင်းနိုင်ငံကို ​ထွက်ပြေးတိမ်းရှောင်နေကြရင်း ​လမ်းမှာ ​မတော်တဆဖြစ်ခဲ့လို့ ​သေဆုံးသူ ​ဒါမှမဟုတ် ​ပျောက်ဆုံးသူ ​အယောက် ​၄၀၀ ​ကျော် ​ရှိသွားပြီ ​ဖြစ်ပါတယ်။

ခုချိန်ဟာ ​မိုးကုန်ရာသီဖြစ်တဲ့အတွက် ​လှေတွေနဲ့ ​တခြားနိုင်ငံကို ​ထွက်ပြေးလိုတဲ့ ​မွတ်စလင်တွေ ​ဒီထက်မက ​ပိုမိုများပြားဖို့ရှိပြီး ​ပြီးခဲ့တဲ့ ​တပတ်အတွင်း ​လူပေါင်း ​၁၅၀၀ ​လှေတွေနဲ့ ​ထွက်ခွာနေခဲ့ကြတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

ဒီလို ​အခြေအနေကြောင့် ​မြန်မာအစိုးရအနေနဲ့ ​ရခိုင်ပြည်နယ်တွင်းက ​ဒုက္ခသည် ​စခန်းအခြေအနေ ​တိုးတက်အောင်လုပ်ဆောင်ဖို့နဲ့ ​တဖက်နဲ့တဖက်ကြား ​ထားရှိတဲ့ ​တင်းမာမှုတွေကို ​လျော့ချရာမှာ ​လုပ်ဆောင်ဖို့ ​ကုလသမဂ္ဂက ​တိုက်တွန်းလိုက်ပါတယ်။

ABC Radio Australia


အပြည့်အစုံသို့ »

ပဲခူးတက္ကသိုလ်ဝန်းအတွင်းလူသတ်မှုတစ်ခုဖြစ်ပွား


ပဲခူးမြို့၊ အမှတ်(၃) ရဲစခန်းအပိုင်၊ ပဲခူးတက္ကသိုလ်ဝန်း၊ အမှတ်(၈)ရပ်ကွက်တွင်(၂.၁၁.၂၀၁၃)နေ့ ည(၁၀း၀၀)အချိန်ခန့်က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာပဲခူးတက္ကသိုလ်အဆောက်အဦးများဆောက်လုပ်ရာတွင် သံစီသံကွေးအလုပ်ကိုင်သူ စိုးသူ(၂၇)နှစ်၊(ဘ)ဦးခင်မောင်သန်း၊သည် လည်ပင်း ၀ဲလည်ဂုတ်တွင်ပြရှဒဏ်ရာဖြင့်သေဆုံးနေကြောင်းကို အလုပ်သမားအဖွဲ့ခေါင်းဆောင်မှ စိုးသူ၏ ဇနီး မချိုသန်း၊(၂၈)နှစ်(ဘ)ဦးမြင့်စိုး၊ အမှတ်(၂၉၄)ရွာမအနောက်မြို့ပတ်လမ်း၊ အင်းစိန်မြို့နေသူဆီသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့ရာ ၄င်း၏ဇနီးမှာပဲခူးသို့လိုက်လာပြီး စိုးသူသေဆုံးမှုအား ပဲခူးအမှတ်(၃)စခန်းသို့တိုင်တန်း ရာစခန်းမှ သေဆုံးသူအားပဲခူးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး (ပ)၄၅၂/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရအမှုဖွင့်အရေး ယူထားပြီးတရားခံ အား အပူတပြင်း လိုက်လံ စုံစမ်း ဖေါ်ထုတ် လျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်
Myanmar News Now 

အပြည့်အစုံသို့ »

ရောယှက် နေကြတ်မှု

နေကို လငပုပ်က ဖမ်းစား တယ်လို့ ယုံကြ

ရှားရှားပါးပါး နေကြတ်မှု တမျိုးကို ကြုံတွေ့ဖို့ ကမ္ဘာ တလွှားက နက္ခတ် တာရာ စိတ်ဝင်စားသူ တွေနဲ့ ပညာရှင်တွေ ကမ္ဘာလှည့် ခရီးသွားတွေ စုရုံး စောင့်ဆိုင်း နေကြပါတယ်။

ကမ္ဘာ့ တခိျု့ ဒေသတွေမှာ နေလုံးဝကြတ် တာကို တွေ့ရမှာ ဖြစ်ပြီး တခြား နေရာတွေ မှာတော့ တစိတ်တပိုင်း ပဲ ကြတ်မှာ ဖြစ်ပါတယ်။

ကင်ညာ နိုင်ငံ မြောက်ပိုင်းမှာ နေလုံးဝကြတ် မှာကို ကြည့်ဖို့ ခရီးသွား ကုမ္ပဏီ တွေက စီစဉ် ပေးနေကြ ပါတယ်။

နှစ်ပေါင်း များစွာမှာ တခါ နေကို လငပုပ်က ဖမ်းစား တယ် ဆိုတဲ့ ပုံပြင်ကို ဒေသခံတွေက ယုံကြည်ကြ ကြောင်း သတင်းထောက် တွေက ဆိုပါတယ်။

bbc burmese

အပြည့်အစုံသို့ »

အဆိုတော်အဖြစ် အနုပညာလောကထဲ တေးအယ်လ်ဘမ်သစ်နဲ့ စမိုင်းလ် ပြန်လာပြီ


 အနုပညာလောကနဲ့ ဆယ်စုနှစ်တစ်ခုကြာ အဆက်ပြတ်တောက်နေခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် စမိုင်းလ်တစ်ယောက် သူ့ရဲ့ ပထမဆုံး တေးအယ်လ်ဘမ် New Me နဲ့ ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ။



kamaryut media

အပြည့်အစုံသို့ »

တောင်ငူခရိုင်အတွင်း ရေကျဆင်းသွားပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးဒုက္ခသည် ၄၀၀၀၀ ကျော်အတွက် ထိရောက်သည့် ပံ့ပိုးမှု မရရှိသေး

တောင်ငူမြို့ရှိ ရေဘေး ကယ်ဆယ်ရေး စခန်းတစ်ခု၌ ထမင်းထုပ်များ ပေးဝေနေစဉ်
တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ ကြီးသဖြင့် ရေဘေး ကယ်ဆယ်ရေး စခန်းများတွင် လာရောက်ခိုလှုံသည့် ရေဘေးဒုက္ခသည် လေးသောင်းကျော် ရှိနေပြီး အချို့နေရာများတွင် အစားအသောက်နှင့် ရိက္ခာအခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၄၀ အတွင်း စံချိန်တင် မြစ်ရေကြီးမှု ဖြစ်ပွားခဲ့ရာ တောင်ငူမြို့ခရိုင်အတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်နှင့် အုတ်တွင်းမြို့နယ်တို့တွင် ရေဘေး ကယ်ဆယ်ရေး စခန်းများထားရှိခဲ့ရပြီး ရေဘေးကြောင့် ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင်သူ ဦးရေ လေးသောင်းကျော် ရှိခဲ့သည့်အပြင် တောင်ငူမြို့နှင့် ရေတာရှည် မြို့နယ်တို့တွင် ရန်ကုန်-မန္တလေးလမ်းမများ အထိပင် ရေကျော်လွန် မြင့်တက်ခဲ့ပြီး သီးနှံစိုက်ခင်းများနှင့် မိုးစပါးများလည်း ရေ၀င်နစ်မြုပ် ပျက်စီးမှု ဖြစ်ပွားလျှက်ရှိသည်။ စစ်တောင်းမြစ်ရေသည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်အရ ၇၁၃ စင်တီမီတာမှ ၇၀၀ စင်တီမီတာသို့ အနည်းငယ် ပြန်လည် ကျဆင်းသွားသော်လည်း တောင်ငူမြို့၏ စစ်တောင်းမြစ် စိုးရိမ်ရေအမှတ်အထက် သုံးပေခွဲနီးပါးခန့် ဆက်လက် မြင့်တက်နေလျှက်ရှိရာ ရေဘေးဒုက္ခသည်များမှာ မိမိနေရပ်သို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်နိုင်ခြင်း မရှိသေးဘဲ မြို့ပေါ်ရပ်ကွက် ကယ်ဆယ်ရေး စခန်းများတွင် ရှိနေကြောင်း၊ တစ်နေ့လျှင် နှစ်ကြိမ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ၏ အကူအညီ အထောက်အပံများ ရရှိနေသော်လည်း သွားလာရ ခက်ခဲသော နေရာများမှ ရေဘေးဒုက္ခသည်များမှာ အစားအသောက်ရိက္ခာ အခက်အခဲများ ဖြစ်ပေါ်လျှက် ရှိကြောင်း၊ ရေဘေးဒုက္ခသည်များအား လိုက်လံ ကူညီဆောင်ရွက်ပေးနေသော တောင်ငူမြို့ ပရဟိတ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"တာဝန်ရှိတဲ့ သူတွေဆီက အထောက်အပံတွေ ပေးပေမယ့် လုံလောက်မှု မရှိဘူး။ ရိက္ခာ အစားအသောက်လှူတဲ့ အလှူရှင်တွေက မြို့ပေါ် ကယ်ဆယ်ရေး စခန်းတွေလောက်မှာပဲ အလွယ်တကူ ရှိကြတာ၊ အတွင်းပိုင်းမှာ ရှိတဲ့ကယ်ဆယ်ရေးစခန်းက လူတွေက အလွယ်တကူ ရိက္ခာမရကြသလို အလှူရှင်တွေလည်း သွားဖို့မလွယ်တဲ့အတွက် အစားအသောက်အတွက် တော်တော် အခက်အခဲ ဖြစ်နေကြပါတယ်"ဟု တောင်ငူမြို့ ၂၄ နာရီ လူမှုကူညီရေးအသင်းမှ ကိုဇော်လွင်က ပြောကြားသည်။

Eleven Media Group

အပြည့်အစုံသို့ »