၂၀၁၅ အထိ လျှပ်စစ်လိုအပ်ချက် ရှိနေဦးမယ်လို့ လျှပ်စစ်ဝန်ကြီးပြောကြား


မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ လာမယ့် ၂၀၁၅ မတိုင်ခင်အထိ ဖူလုံမှုရှိဦးမှာမဟုတ်ဘဲ နှစ်စဉ် ၃၀၀ မဂ္ဂါဝပ်လောက် ထပ်တိုးပြီးလိုနေဦးမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာပြုလုပ်တဲ့ အမျိုးသားလျှပ်စစ်မီးဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အကုညီတွေနဲ့ တည်ဆောက်နေတဲ့ လျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်းတွေ ပြီးစီးခဲ့မယ်ဆိုရင်တောင် ၂၀၁၅ ခုနစ်လောက်အထိ နှစ်စဉ် မဂ္ဂါဝပ် ၃၀၀ လောက် လိုနေဦးမှာဖြစ်တယ်လို့ ၀န်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မြန်မာနိုင်ငံရဲ့ အိမ်ထောင်စု စုစုပေါင်း ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိနေပြီး ပုဂ္ဂလိကအစီအစဉ်နဲ့ လျှပ်စစ်ဓာတ်အားပေးတဲ့ နေရာဒေသတွေမှာ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ ကြီးမြင့်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာရှိတဲ့ ကျေးရွာတွေရဲ့ ၃၆ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်နေပြီလို့လည်း သိရပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ မြန်မာနိုင်ငံ အမျိုးသားလျှပ်စစ်မီးဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲဟာ ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး၊ ဒီဆွေးနွေးပွဲကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးမှာ အခက်အခဲရှိကြောင်း ကုလပြောကြား


ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေအပေါ် ဒေသခံတွေရဲ့ အထင်အမြင်လွဲမှားမှုတွေ ရှိနေတာကြောင့် အဖွဲ့အစည်းတွေရဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း စစ်တွေအခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA မှ တာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြော ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေဟိုတယ်မှာ RFA ရဲ့ သီးသန့်မေးမြန်းမှုမှာ ခုလို ပြောခဲ့တာပါ။
စစ်တွေအခြေစိုက် UNOCHA ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ Mr. Jon Bugge က စကားပြန်ကတစ်ဆင့် အခုလိုပြောပါတယ်။

“အစိုးရအနေနဲ့ ရေရှည်စီမံချက်တစ်ခု ရေးဆွဲနေတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ လတ်တလောရင်ဆိုင်နေရတဲ့ အဓိကအခက်အခဲတွေကတော့ အဖွဲ့အစည်းတွေက ဘယ်လိုအကူအညီပေးတယ်၊ ဘယ်သူတွေကို အကူအညီပေးတယ် ဆိုတဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့အမြင် လွဲမှားမှုဖြစ်ပါတယ်”

ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး ဒေသခံတွေကို ကူညီနေကြတဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ မိမိတို့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အရင်ကထက်ပိုပြီး သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာချပြပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေ၊ လိုအပ်ချက်တွေကို နားထောင်ပေးဖို့လိုအပ်သလို ပြည်သူလူထုနဲ့ ဆက်သွယ်ရေးကိုလည်း ပိုကောင်းအောင် လုပ်ဖို့လိုအပ်တယ်လို့ Mr. Jon Bugge က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက အကူအညီပေးတဲ့ အစီစဉ်တွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား မျှတမှုမရှိဘူးလို့ ရခိုင်တိုင်းရင်းသားတွေက ပြောဆိုဝေဖန်နေကြပါတယ်။

RFA Burmese

အပြည့်အစုံသို့ »

ရွှေတူးဖော်ရေး ကုမ္ပဏီ တောင်ဖြိုပြီး မြေစာများ စွန့်ပစ်မှု ဒေသခံများစိုးရိမ်


စဥ့်ကူး ၊ နိုဝင်ဘာ ၂၁ ။ ။ မန္တလေး တိုင်းဒေသကြီး စဉ့်ကူးမြို့နယ် အတွင်းရှိ ခူလယ်အုပ်စု ရေမျက် ကျေးရွာအနီးတွင် ရွှေတူးဖော်ရေး ကုမ္ပဏီ တစ်ခုသည် တောင်ဖြိုခြင်း နှင့်မြေစာများ စည်းကမ်းမရှိ စွန့် ပစ်ခြင်း တို့ကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ''ကုမ္ပဏီကစွန့်ပစ်မြေစာတွေက ရွာ ဧရိယာထဲကို တဖြည်းဖြည်းရောက် လာပြီ။ နောက်ပြီး တောင်တွေ ဖြိုတဲ့အခါ မိုင်းခွဲပြီးဖြိုတာကြောင့် တောင်ခြေအနီးက အိမ်တွေဆို တောင်ပေါ် ကကျလာတဲ့ ကျောက် တုံးတွေကြောင့် စိုးရိမ်နေရတယ်။ ကုမ္ပဏီ ကိုပြောတော့လဲ မရဘူး။ စည်းကမ်းမရှိ ဆက်ပဲလုပ်နေကြ တယ်''ဟု ရေမျက်ကျေးရွာသူ တစ်ဦးက ပြောသည်။

အဆိုပါကုမ္ပဏီသည် အစ ကနဦး စိုက်ပျိုးရေးကို အကြောင်း ပြကာ ဝင်ရောက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တောင်များကိုဖြို ကာ ရွှေတူးဖော်ခြင်းများ လုပ် ကိုင်လာကြောင်း၊ ယင်းသို့ စည်း ကမ်းမရှိလုပ်ကိုင်နေမှုကို သက် ဆိုင်ရာမှ လာရောက်ကြည့် ရှုစစ် ဆေးသင့်ကြောင်း ဒေသခံများ လိုလားလျက်ရှိကြောင်း ထပ်မံ သိရသည်။

သန်းထွေးဦး - Yangon Media Group

အပြည့်အစုံသို့ »

ရွှေပြည်သာ အလုပ်သမားဆန္ဒပြ


ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် စက်မှုဇုန်အတွင်းမှာရှိတဲ့ E- Land Myanmar အထည်ချုပ်စက်ရုံက အထည်ချုပ် အလုပ်သမား (၉၀၀) လောက် ဟာ အခြေခံ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် စက်ရုံရှေ့မှာ ဒုတိယအကြိမ်အဖြစ် သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ လုပ်သက်အလိုက် အခြေခံလစာ (၃)သောင်း ပတ်ဝန်းကျင်ပဲ ရရှိကြတဲ့ အလုပ်သမားတွေဟာ ရှားပါးစရိတ် အနေနဲ့ ငွေကျပ်(၃)သောင်းထပ်မံတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမား အခွင့်အရေး အပြည့်အ၀ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ သွားရောက် သတင်းယူထားတဲ့ ကိုစည်သူ က ပြောပြပေးမှာပါ။

ရွှေပြည်သာစက်မှုဇုန်ထဲက E-Land Myanmar အထည်ချုပ်စက်ရုံအလုပ်သမား( ၉၀၀ ) လောက် ဟာ သူတို့ရရှိနေတဲ့ အခြေခံလစာတိုးမြှင့်ရရှိရေးအတွက် စက်ရုံရှေ့မှာ ထိုင်သပိတ်မှောက်ဆန္ဒပြနေကြတာပါ။ တစ်နေ့လုပ်ခ ၉၀၀ နဲ့ ၁၁၀၀ ကြားပဲရရှိကြတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် အခုလိုဆန္ဒပြကြရတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းက ပြောပါတယ်။

"အဓိကလိုချင်တာက ကျနော်တို့က အခြေခံလစာနည်းလို့ဖြစ်တာ။ အခြေခံလစာက Basic ဒိဂျစ်နဲ့တွက်ရင် ကျနော်တို့ထဲမှာ အေပေါ့နော် အေ ပလပ်စ် ဆိုတာ တစ်ခုပဲရှိတယ်။ အော်ပရေတာ။ အခြေခံလစာက ၃၂ လောက်ပဲရှိတယ်။ အခြေခံလစာ။ အဲဒါကို နည်းလို့ သုံးသောင်းထပ်တောင်းတာ။ မပေးဘူး။"

စက်ရုံစတင်လည်ပတ်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မပြေလည်တာတွေ သည်းခံခဲ့ပေမဲ့ အလုပ်ရှင်ဖက်ကဖြည့်ဆည်းပေးမှု ဘာမှ မရှိတာကြောင့် ဆန္ဒပြရတာဖြစ်ကြောင်း အင်ဂျင်နီယာဌာနက ကိုထွန်းထွန်းကျော်က ပြောပါတယ်။

"အရင်တုန်းကလည်း ရှိခဲ့တယ်။ ရှိနေကြတယ်။ ဒါပေမယ့် လူတွေက တစ်ဖြေးဖြေးနဲ့ သီးညည်းခံပြီးတော့ လုပ်လာတာ။ အော်သူတို့တွေ တိုးပေးလာမလား။ ကိုယ်တွေကို ပြန်ပြီးတော့ ပြန်ကြည့်လာမလားဆိုပြီးတော့ သီးညည်းခံနေကြတာပါ။ အခု သူတို့တွေကို ကျနော်တို့တွေတောင်းဆိုတယ်။ ချက်ခြင်းကြီး ကျနော်တို့ အပြင်ထွက်တာလည်း မဟုတ်ပါဘူး။ သူတို့အထဲထဲမှာ အေးအေးဆေးဆေး ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုကတည်းက သူတို့တွေက ဘူးခါခဲ့တာ။"

အခုလိုဆန္ဒပြနေကြတာဟာ ဒုတိယအကြိမ်အဖြစ် သပိတ်စခန်းပြန်လည် စတင်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်ရှင်၊အလုပ်သမား ညှိုနှိုင်းဖြန်ဖြေရေးအဖွဲ့ရဲ့ ညှိုနှိုင်းမှုနဲ့ (၉)ရက်တာ ဆန္ဒပြမှု အောင်မြင်ခဲ့ပြီးကာမှ  အလုပ်ရှင်ဖက်က ကတိဖောက်ဖျက်ခဲ့လို့ အခုလိုသပိတ်လှန်ပြီးမှ သပိတ်ပြန်မှောက် ရတာဖြစ်တဲ့အကြောင်း ဆန္ဒပြ အလုပ်သမားတွေ ကပြောပါတယ်။ တောင်းဆို ဆန္ဒပြနေ တာတွေကို လိုက်လျောတဲ့အထိ အစွမ်းကုန် တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။

"ဘယ်လို ဘယ်အခက်အခဲတွေဖြစ်လာပါစေ။ ညီမတို့မိုးတွေရွာတဲ့ ညမှာလည်း မိုးရွာတောထဲမှာ မတ်တပ်ရပ်ခဲ့ရပါတယ်။ အဲလို ရပ်ခဲ့တယ်။  ရှေ့လျှောက် လာမယ့် အခက်အခဲတွေကိုလည်း ညီမတို့ ဒီသူငယ်ချင်းအားလုံးနဲ့ပဲ လက်တွဲ ပူးပေါင်းပြီးတော့ ရှေ့အထိ ဆက်ချီတက်သွားမှာပါ။ ဘယ် အခက်အခဲတွေပဲ ရှိရှိ။ နောက်ဆုတ် မသွားပါဘူး။ ဒီလို ညီမတို့ကို အောင်မြင်၏။ မအောင်မြင်၏။ မျှော်လင့်ချက်ဆိုတာ မရှိပေမယ့်လည်း ညီမတို့ စိတ်ဓာတ်တွေဟာ နောက်ဆုတ်မသွားဘဲနဲ့ ရှေ့ကိုပဲဆက်ပြီးသွားမှာပါ"

အထည်ချုပ်စက်ရုံ အလုပ်သမားအများစုရဲ့ လုပ်ခလစာဟာ အလွန် နည်းပါးနေပြီး လူတန်းစေ့နေနိုင်ရေး မဆိုထားနဲ့ အခြေခံ  စားဝတ်နေရေးတောင် ပြေလည်အောင်ဖြေရှင်းဖို့ ခက်ခဲနေကြတဲ့အကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမြို့နယ်အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

"တစ်ချိန်တုန်းကကျတော့ ပေါပေါပဲပဲနဲ့ ရသလောက်လေ အဲဒီလို ပိုက်ဆံပေးပြီး ခိုင်းခဲ့တာ မှန်တယ်။ အာဆီယံစံနှုန်းနဲ့ တိုင်းမယ်ဆိုရင် မြန်မာနိုင်ငံက လုပ်ခလစာ အနည်းဆုံးပါ။ ၉၀၀- ၁၀၀၀ ဆိုတာ ဘယ်မှာမှ မရှိဘူး။ ဒါပေမယ့် တို့နိုင်ငံက လူတွေက လုပ်နေကြရတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ် ပျက်သွားရင် နောက်အလုပ်တစ်ခုရှာဖို့ဆိုတာလေ မရှာချင်ကြတာရယ်။ ဖြစ်ပြီးမှ မထူးတော့ဘူး။ ဒီစက်ရုံဝင်ပြီးမှပဲဆိုပြီးတော့  နှမျောတယ်ပေါ့နော်။ သူ့ရဲ့ လုပ်နေတဲ့ လုပ်သက်နှစ်ကို နှမျောပြီးတော့ နေကြတာပဲ။ တကယ်ဆိုလို့ရှိရင် ဒီ ကျန်တဲ့နေရာတော့မသိဘူး ဒီရွှေပြည်သာကတော့ တော်တော်များ တစ်ချို့ ဘေ့စစ်ကြေးက နှစ်သောင်းခွဲလောက်ပဲရှိတယ်။ အဲဒီလောက်နဲ့ ကုတ်ကပ်ပြီး လုပ်နေကြရတာ။ ဘယ်သူလုပ်နိုင်မလဲ။ အပြင်မှာ  နှစ်သောင်းခွဲ ဆိုတာ တစ်ချို့လူတွေတစ်နေ့ တစ်ဝိုင်းစာ မရှိပါဘူး။ အဲတာကို အလုပ်သမားတစ်ယောက်က တစ်လ သူ့ဘဝအတွက်လေ ပေးပြီး လုပ်နေကြရတာ။  အစိုးရအဖွဲ့က ဒါကို ညှိညှိနှိုင်းနှိုင်းနဲ့ပေါ့နော်။  အမတို့က  နွေတုန်းက ဆန္ဒဖော်ထုတ်လိုက်တယ်။ သုံးထောင်ကို တကယ်ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း တွန်းအားပေးမှာပါ"

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ခဲ့တဲ့ အခြေခံလစာတိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုမှုတွေကြောင့် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စက်ရုံ အလုပ်ရုံတွေကို အလုပ်သမားတွေအတွက် အခြေခံလစာ တိုးမြှင့်ပေးရေး ညွှန်ကြားခဲ့ပေမယ့် လိုက်နာမှုမရှိတဲ့အတွက် အခုလို ဆန္ဒပြတာတွေ ပြန်လည်ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ကိုစည်သူ (ဗွီအိုအေ)

အပြည့်အစုံသို့ »

မြင်းခြံမြို့နယ် ဆီးမီးခုံကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုခြင်းများ ဖြစ်ပေါ်




မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံကျေးရွာတွင် နိုဝင်ဘာ ၂၁ ရက် ညနေ(၃)နာရီခန့်က ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ကမ်းပါးပြိုခြင်းနှင့် မြေလွှာပြတ်ရွေ့ခြင်းများ ဖြစ်ပေါ်လျက် ရှိသောကြောင့် အခြေအနေကို စောင့်ကြည့်နေရကြောင်း ဒေသခံများနှင့် ဆီမီးခုံကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ကမ်းပါးပြိုခြင်းနှင့် မြေလွှာပြတ်ရွေ့ခြင်းများမှာ လွန်ခဲ့သော လေးရက်ခန့်မှ စတင်ဖြစ်ပေါ် လာသဖြင့် စောင့်ကြည့်ဆဲ အခြေအနေတွင် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်း၌ ကမ်းပါးများ ဆက်တိုက် ပြိုဆင်းခြင်းနှင့် မြေလွှာအက်ကြောင်းများ ပေါ်လာကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

''လွန်ခဲ့တဲ့ လေးရက်လောက်က စပြီးတော့ ရွာမြောက်ဖျားက မြစ်ကမ်းနံဘေးမှာ အက်ကြောင်းလေးတွေ ဆက်တိုက်ဖြစ်ပေါ် လာပါတယ်။ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်နေတုန်းမှာပဲ ဒီနေ့မှာ ပိုပြီးဆိုးလာပါတယ်။ မြေလွှာအက်ကြောင်းကြီးတွေက ဧရာဝတီမြစ်ကမ်း တစ်လျှောက်မှာ ဖြစ်လာပါတယ်။ လက်ရှိအချိန်မှာတော့ ရွာနဲ့အနီးဆုံးနေရာ ပေသုံးဆယ်လောက်အထိ ရောက်လာပါပြီ။ အနီးဆုံး ငါးအိမ်လောက် ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်။ ဘာဖြစ်မယ် ပြောမရသေးပေမယ့် နာရီဝက်ခြား တစ်ခါတော့ စောင့်ကြည့်နေရပါတယ်'' ဟု ဆီးမီးခုံကျေးရွာ အုပ်ချုပ်ရေးမှုး ဦးထွန်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ဆီမီးခုံကျေးရွာ၌ ကမ်းပါးပြိုမှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း သိရပြီး ဗန္ဓုလရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်၊ မင်းရဲကျော်စွာရပ်ကွက်၊ အင်းဝရပ်ကွက်နှင့် သီတာအေးရပ်ကွက် တို့သည် ဧရာဝတီမြစ်ကမ်း တစ်လျှောက်ရှိ ရပ်ကွက်များဖြစ်ကြောင်း သိရသည်။ အဆိုပါ ရပ်ကွက်များမှ အိမ်ခြေ (၅၀) ခန့်သည် စောင့်ကြည့်နေရမည့် အခြေအနေ ရှိနေပြီး ကမ်းပါးပြိုခြင်းနှင့် မြေလွှာပြတ်ရွေ့ခြင်းများ ဆက်လက်ဖြစ်ပေါ်ပါက အိမ်ခြေတစ်ရာခန့်အထိ ရွှေ့ပြောင်းရန်လိုကြောင်း ဒေသခံရွာသား တစ်ဦးကဆိုသည်။

''အခုကမ်းပါးပြိုတဲ့ အနီးဆုံးရပ်ကွက်တွေမှာ အိမ်ခြေငါးဆယ်ခန့်က အန္တရာယ်ရှိနေပါတယ်။ ဆက်ပြီးပြိုနေရင်တော့ အိမ်တစ်ရာခန့်အထိ ရွှေ့ပြောင်းရနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုယ့်အစီအစဉ်နဲ့ ရွှေ့ပြောင်းထားတဲ့ အိမ်တွေရှိပါတယ်။ အကူအညီတွေတော့ လိုအပ်နေပါတယ်'' ဟု ဒေသခံရွာသား တစ်ဦးဖြစ်သူ ဦးမြသောင်းက ဆိုသည်။

မြင်းခြံမြို့နယ်ရှိ ဆီမီးခုံကျေးရွာသည် လက်ရှိအချိန်တွင် ကမ်းပါးပြိုခြင်းများ ဆက်လက် ဖြစ်ပေါ်နေပြီး အိမ်အလုံးရေ ငါးဆယ်ခန့်နှင့် အိမ်ထောင်စု(၅၇)စု လူဦးရေ(၃၀၀)ကျော်မှာ ကမ်းပါးပြိုခြင်း များကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေကြောင်း သိရသည်။ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ဆီမီးခုံကျေးရွာတွင် အက်ကွဲကြောင်းကြီးများနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်လျက်ရှိ၍ အက်ကွဲကြောင်း တစ်ခုလျှင် အရှည်ပေ ၅၀၀ ခန့်အထိ ရှိကြောင်း သိရသည်။

(မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် အတွင်းရှိ ဆီမီးခုံကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျနေမှုအား နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်)
Eleven Media Group

အပြည့်အစုံသို့ »

နေပြည်တော် လေဆိပ်တွင် လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည် လွှဲပြောင်းယူရန် အေးရှားဝေါလ်ကုမ္ပဏီ တောင်းဆို




နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူရန် အေးရှားဝေါလ် ကုမ္ပဏီက တောင်းဆိုထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyers Credit (၀ယ်သူချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မှ Loan Agreement လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်းအဆင့် (၁) အား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီသည် လေဆိပ် တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းအဆင့် (၁) အား တည်ဆောက်ခဲ့ပြီး ထပ်မံတည်ဆောက်ရမည့် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လက်ရှိကိုင်တွယ် ဆောင်ရွက်နေသည့် လေဆိပ်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန်မှာ နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်မှု မရှိပါက ဆက်လက် အရှုံးပေါ်မည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံပိုင်အဖြစ် ပြန်လည်လွှဲပြောင်း ရယူပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

''နေပြည်တော် လေဆိပ်ကို နိုင်ငံတကာ လေကြောင်းလိုင်း အများစု ဆင်းသက်မှုမရှိလို့ နိုင်ငံပိုင်အဖြစ် ပြန်အပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါကို လက်ခံပြီး နိုင်ငံတော်က ပြန်လည်လွှဲပြောင်းယူဖို့ မယူဖို့ကတော့ ဆွေးနွေးနေဆဲ အဆင့်ပဲ ရှိပါသေးတယ်'' ဟု လေကြောင်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက နိုဝင်ဘာ ၂၂ ရက်က ပြောကြားသည်။

နေပြည်တော်လေဆိပ် အဆောက်အုံ (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န် ဆောင်မှုလုပ်ငန်းများကို အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services Co.ltd မှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ နေပြည်တော် လေဆိပ်အား နိုင်ငံတော်မှ ပြန်လည် လွှဲပြောင်းယူရန် တောင်းဆိုခြင်းအပေါ် လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ''လေဆိပ်ဆိုာကတော့ လေကြောင်းလိုင်းတွေ ဆင်းမှပဲ အကျိုးအမြတ် ရမှာပေါ့။ လေကြောင်းလိုင်းတွေ အများစု ဆင်းဖို့ဆိုတာက စီးပွားရေးသမားတွေ လာမှပဲ ဖြစ်မှာပေါ့။ နေပြည်တော်ကတော့ စီးပွားရေးမြို့တော် မဟုတ်ဘဲ အုပ်ချုပ်ရေးမြို့တော် ဖြစ်တဲ့အတွက် နိုင်ငံတော် ဧည့်သည်တွေ လာတာများတယ်။ အစည်းအဝေးပွဲတွေ ဆွေးနွေးပွဲတွေရှိမှပဲ နိုင်ငံတကာ လေယာဉ်တွေ ဆင်းတာပဲရှိတယ်။ စီးပွားရေးအရ တွက်ချက်ပြီး လုပ်မယ်ဆိုရင် ကိုယ်ဆုံးဖြတ်တာကို ကိုယ့်ဘာသာ ခံရမယ်။ လူကြီးတွေ ဖြစ်ချင်တာ လုပ်ပေးပြီး တွက်ခြေမကိုက်မှ ပြန်လွှဲမယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ အချိန်တစ်ခုကို စောင့်ကြည့်သင့်တယ်။ အစိုးရအနေနဲ့ အရှုံးခံပြီးလုပ်ဖို့ ဆိုတာကလည်း တော်တော် စဉ်းစားရမယ်။ ပြောရရင်တော့ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုပြီး လုပ်ထားတာဖြစ်လို့ စာချုပ်ပါ စည်းကမ်းချက်တွေကို နှစ်ဖက်စလုံး လိုက်နာသင့်တယ်လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ဘီအိုတီ စနစ်ဖြင့် လုပ်ကိုင်ရန် လုပ်ငန်းရယူ ဆောင်ရွက်ပြီးချိန်မှ စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိခြင်းကြောင့် နိုင်ငံပိုင်အဖြစ် ပြန်လည်ရယူပေးရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးချစ်ခိုင်က ''စီးပွားရေးအရရှုံးလို့ ပြန်အပ်မယ့် လုပ်ငန်းတစ်ခုကို နိုင်ငံတော်ကဆက်ပြီး အရှုံးခံလုပ်ဖို့ ဆိုတာက ခက်ခဲနိုင်တဲ့အတွက် တခြားနည်းလမ်း ရှာသင့်တယ်။ Third Party အဖွဲ့အစည်း တစ်ခုခုက အကြံဉာဏ်တောင်းခံပြီး ဆောင်ရွက်သင့်တယ်။ စီးပွားရေး လုပ်ငန်းရှင်ကတော့ မြတ်မယ်လို့ ယူဆပြီးလုပ်တာပဲလေ။ အကျိုးအမြတ် ရမယ်ထင်လို့ ယူထားတဲ့ လုပ်ငန်းကို ရှုံးလို့ပြန်အပ်တယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ တခြားနည်းလမ်း စဉ်းစားသင့်ပါတယ်'' ဟု ပြောကြားသည်။

အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services Co.ltd သည် နေပြည်တော်လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းများသာမက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့် ရရှိထားသည်။

၎င်းအပြင် အေးရှားဝေါလ် ကုမ္ပဏီသည် ရန်ကုန်မြို့တွင် ဆိပ်ကမ်းလုပ်ငန်းများအား ဆောင်ရွက်ခွင့် ရရှိထားသည်။

(နေပြည်တော်လေဆိပ် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာထွန်း))
Eleven Media Group

အပြည့်အစုံသို့ »

စက်သုံးဆီ မှောင်ခို တင်သွင်းမှု လာမည့် ရက်သတ္တတစ်ပတ်အတွင်း စတင်စစ်ဆေးမည်

တရားမဝင် ကုန်သွယ်မှု ရွေ့လျား တိုက်ဖျက်ရေးအဖွဲ့ (Mobile Team) သည် ရန်ကုန်မြစ် အတွင်းသို့ ဝင်ရောက်လျက် ရှိသည့် စက်သုံးဆီ တရားမဝင် တင်သွင်းမှုများကို နိုဝင်ဘာလ တတိယပတ်အတွင်း စတင်စစ်ဆေးမည် ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

စက်သုံးဆီ သင်္ဘောငယ်များသည် နိုင်ငံခြား စက်သုံးဆီ သင်္ဘောကြီးများ ကျောက်ချ ရပ်နားရာ OEA၊ NEA မှတစ်ဆင့် စက်သုံးဆီများကို ရန်ကုန်မြစ် တစ်လျှောက် တင်ဆောင်လာလေ့ ရှိကြောင်း၊ ထိုသို့ သယ်ယူမှုတွင် လိုင်စင် မပါရှိခြင်း၊ လိုင်စင် ပါသော်လည်း အရေအတွက် ပိုမိုတင်ဆောင်ခြင်းနှင့် အမျိုးအစား ကွဲလွဲစွာ တင်ဆောင်ခြင်းများ ပြုလုပ်လေ့ ရှိသဖြင့် ယင်းတို့ကို တားဆီးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရေကြောင်း ရဲတပ်ဖွဲ့ဆီကနေပြီး သင်္ဘောလည်း ရပြီးပြီ။ နိုဝင်ဘာ ၁ ရက်နေ့ ကတည်းက လုပ်မလို့။ သူတို့ကလည်း ဆီးဂိမ်း ရှိနေတော့ မလုပ်ဖြစ်တာ။ ဖမ်းဖိရင်တော့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူမယ်” ဟု ၎င်းကဆိုသည်။

မှောင်ခို ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်း ဝင်ရောက်ရာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် မှောင်ခို ဝင်ရောက်မှုကို စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။

ပေါက်ကွဲလွယ်သော နိုင်ငံခြား စက်သုံးဆီ သင်္ဘောကြီးများသည် လူနေ အဆောက်အအုံများနှင့် နီးကပ်သည့် နေရာတွင် ရပ်နားခွင့် မရှိကြောင်း၊ ထို့ပြင် ရန်ကုန်မြစ်သည် ရေစူး တိမ်သောကြောင့် ပင်လယ်ကူး သင်္ဘောကြီးများလည်း ဆိုက်ကပ်၍ မရကြောင်း၊ မိုဘိုင်းတင်းမ် အဖွဲ့သည် OEA၊ NEA နေရာနှင့် တော်ကလူးကြားတွင် ကင်းလှည့် သင်္ဘောဖြင့် တရားမဝင် စက်သုံးဆီ တင်သွင်းမှုကို တားဆီးသွားမည် ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။
“မနက်ဖြန် အဲဒီအတွက် အစည်းအဝေး လုပ်မယ်။ UMFCCI လည်း ဖိတ်ထားတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ မှောင်ခို ကုန်သွယ်မှုသည် ပင်လယ် ရေကြောင်းမှ ၈၀ ရာခိုင်နှုန်း ရှိပြီး နယ်စပ်မှ ဝင်ရောက်မှုသည် ၂၀ ရာခိုင်နှုန်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

ပြည်တွင်းသို့ စက်သုံးဆီများ တရားမဝင် ဝင်ရောက်နေမှုတွင် ပြည်တွင်း ထိပ်တန်း ကုမ္ပဏီကြီးများ ပါဝင် ပတ်သက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် အဆိုတွင် ဖော်ပြထားသည်။

မြဝတီ နယ်စပ်မှ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဇူလိုင်လ တစ်လအတွင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် စက်သုံးဆီ တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၇ သန်းကျော် ကွာဟလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
The Voice Weekly

အပြည့်အစုံသို့ »