OIC ဆန္ဒပြမှုအား ဗဟန်းရဲစခန်း အရေးယူဆောင်ရွက်သည့်သတင်း ဂျာနယ်တွင် ထည့်သွင်းရန် မူပိုင်ခွင့်ဌာနညွှန်ကြား


ရန်ကုန်၊ ဒီဇင်ဘာ ၂

ဗဟန်းမြို့နယ် ကြားတောရလမ်း၌ အစ္စလာမ်(မစ်)နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) အား ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့် အရေးယူဆောင် ရွက်ထားသော သတင်းအား မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် အပါအ၀င် ပြည်တွင်း မီဒီယာ အချို့တွင် ဖော်ပြပေးပါရန် ပြန်ကြားရေး ၀န်ကြီး ဌာန ညွှန်ကြားချက်ဖြင့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန (ယခင်စာပေစိစစ်ရေး) ဌာနစု ၆၊ ဦးစီးအရာ ရှိ ဒေါ်သိင်္ဂီဇင်က နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ဆက် သွယ် ပြောကြားခဲ့သည်။

အဆိုပါ အကြောင်းအရာ အပြည့်အစုံအား epprmyanmar@gmail.com လိပ်စာဖြင့် မြန်မာ သံတော် ဆင့်သို့ ပေးပို့ခဲ့ပြီး sdtimedaily, uniondaily, 7 day news journal, The First media group, Goldenfreshland, The Voice Weekly, Newswatch Journal များသို့လည်း ပေးပို့ခဲ့သည်။ …

ယင်း mail ထဲတွင် ““၁၅-၁၁-၂၀၁၃ ရက်တွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်း ဆန္ဒဖော်ထုတ်ခဲ့ခြင်း နှင့် ပတ်သက်၍ ကိုးကွယ်သည့် ဘာသာသာသနာအား စော်ကားရန် အကြံဖြင့် ဆောင်ရွက်ခဲ့သဖြင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည့် အကြောင်းအရာအား လူကြီးမင်း၏ သတင်းစာ ဂျာနယ်တွင် လိုအပ်သလို ထည့်သွင်း ဖော်ပြပေးနိုင်ပါရန် ပေးပို့ပါသည်””ဟု ပါရှိသည်။

ယင်းသတင်းအား ဖော်ပြပေးပါရန် တောင်းဆိုချက်မှာ ပြန်ကြားရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက် ဖြစ်သည်နှင့် စပ်လျဉ်း၍ အတည်ပြု မေးမြန်းခဲ့ရာ ဒေါ်သိင်္ဂီဇင်က ““အေး အဲ့လိုပဲပေါ့နော်။ သံတော်ဆင့် ထွက်မယ့်ဟာမှာ ထည့်ပေးရမှာ ပေါ့နော်။ ဂျာနယ်တိုင်းတော့ မဟုတ်ဘူး။ သမီးတို့ဂျာနယ်ကျတော့ လူဖတ်များတာကိုး။ ဘာကြောင့် ထည့်ခိုင်းတာလဲဆိုတာကို အဲဒါတော့ အန်တီတို့ မေးလို့မရဘူး။ မေးလို့လည်း ဘယ်ရမလဲနော်။ အထက်က ထည့်ခိုင်းတာဆိုတော့””ဟု ဖြေကြားခဲ့သည်။

အဆိုပါ သတင်းကိစ္စနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ““ဘယ်သူက ထည့်ခိုင်းတာလဲ ကျွန်တော်တော့ မသိဘူး။ အစိုးရ သတင်းစာမှာ ပါပြီးပြီပဲ။ ကျွန်တော်က သံတော်ဆင့်ကို ထည့်ရအောင် ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော်တို့ ပြောချင်တဲ့ သတင်းကို မြန်မာ့အလင်း သတင်းစာထဲမှာ ပါပြီးသွားပြီပဲ။ ကျွန်တော်တို့ အဲဒီကိစ္စမသိဘူး။ သေချာအောင် ပြန်မေးကြည့်ပါ။ ကျွန်တော်တို့ကတော့ ထည့်စရာ ဘာအကြောင်းမှ မရှိဘူး””ဟုပြန်လည် ဖြေကြားခဲ့သည်။

မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနရုံးသည် ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်တွင်ရှိပြီး ယခင်က စာပေ ကင်ပေတိုင်ရုံး ဟုလည်း အမည်တွင်ကာ အစိုးရကိုယ်စားပြု အနေဖြင့် စာပေစိစစ်ရေးရုံး အဖြစ် မီဒီယာများ အပေါ် ချုပ်ကိုင်မှု ရှိခဲ့သည်။

ဇင်မာ

Myanmartandawsint Newspaper

အပြည့်အစုံသို့ »

ဆီးဂိမ်းပရိသတ်များ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အစိုးရက ပထမဆုံးအကြိမ် ထုတ်ပြန်


ဆီးဂိမ်းအားကစားပြိုင်ပွဲဝင် ဧည်သည်နိုင်ငံနှင့် လူမျိုးများ၏ ဘာသာနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားလိုက်နာကြရန် အပါအ၀င် ပြိုင်ပွဲကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များကို အစိုးရက ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာလိုက်သည်။

ပြိုင်ပွဲကာလအတွင်းတွင် လာရောက်ကြည့်ရှုသူများအနေဖြင့် မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားပြီး ကြည့်ရှုခြင်း၊ မပြုရန်၊ ဆဲဆိုအော်ဟစ်မှုပြုသူများကို ၀ိုင်းဝန်းထိမ်းသိမ်းပေးရန်နှင့် တာဝန်ရှိသူများထံ အကြောင်းကြားပေးရန်လည်း အဆိုပါကြေညာချက်တွင် တိုက်တွန်းထားသည်။

အားကစားကွင်းနှင့် ရုံများသို့ ၀င်ရောက်ရာတွင် စနစ်တကျ သွားလာရန်နှင့် အများပြည်သူလုံခြုံရေးအတွက် တာဝန်ရှိသူများ၏ သတ်မှတ်လုံခြုံရေးစစ်ဆေးမှုများကို လိုက်နာရန်လည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာမှ အားကစားသမားများ အကူအညီတောင်းခံပါက ကူညီပေးရန်၊ မသင်္ကာဖွယ်တွေ့ရှိပါက အကြောင်းကြားကြရန်နှင့် အားကစားပြိုင်ကွင်းနှင့် ရုံများသို့ ၀င်ရောက်ပါက စနစ်တကျဝင်ရောက်ရန်လည်း နှိုးဆော်ထားသည်။

ပြိုင်ပွဲလာရောက်ကြည်ရှုသူများအတွက် ယူဆောင်လာခြင်းမပြုရန် ကန့်သတ်ပစ္စည်းများ---
(၁) ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် လက်နက်ခဲယမ်းများ၊ အနှောင့်အယှက်ဖြစ်စေပြီး ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းအမျိုးမျိုး။
(၂)လမ်းလျှောက်စကားပြောစက်များ၊ ကြားဖြတ်အသံလှိုင်းဖမ်းယူစက်၊ တယ်လီဖုန်းလိုင်းကို အနှောင့်အယှက်ပေးနိုင်သည့် ရေဒီယိုလှိုင်းထုတ်နိုင်သည့် ကိရိယာများ။
(၃)ခရာ၊ စပီကာကဲ့သို့ အသံဆူညံစွာဖြစ်စေနိုင်သည့် ကိရိယာများ၊ မှုတ်ဆေးဘူးများ၊ အရက်ပြန်ပုလင်းများကဲ့သို့ မီးလောင်လွယ်သည့်ပစ္စည်းများ၊ လေဆာညွှန်တံများနှင့် အမြင်အာရုံကို ထိခိုက်စေမည့် မီးအလင်းရောင်ထွက်စေမည့်ပစ္စည်းများ။
(၄)အနံ့အသက်ဆိုးရွားစေသည့် ပစ္စည်းများ၊ ငရုတ်ကောင်းရည်၊ မျက်ရည်ယိုဆေးရည်ကဲ့သို့သော တစ်ကိုယ်ရည်ကာကွယ်ဖြန်းဆေးများ
(၅)အိမ်မွေးတိရစ္ဆာန်နှင့် အခြားတိရစ္ဆာန်များ၊ အရွယ်အစားကြီးမားသည့် ဆိုင်းဘုတ်၊ ဦးထုပ်၊ ထီးများနှင့် အသုံးအဆောင်ပစ္စည်းကိရိယာများ၊ အရေအတွက်ထုထည်ကြီးမားသည့် အစားအသောက်များ။
(၆)ပြိုင်ပွဲဝင်နိုင်ငံများမှအပ အခြားနိုင်ငံများ၏အလံများ၊ အားကစားပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ဆိုင်းဘုတ်၊ ပိုစတာ၊ စာရွက်စာတန်းများ၊ ကွမ်းယာထုပ်များ၊ ဘေးပတ်ဝန်းကျင်ကို ညစ်ပတ်စေမည့်ပစ္စည်းများ။
7 Day Daily

အပြည့်အစုံသို့ »

တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများ မြင့်တက်လျက်ရှိ


ရန်ကုန်၊ နိုဝင်ဘာ ၃၀

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ဖုန်းဘီလ်ဖြတ် မှု နှုန်းထားများသည် ယခင်လများ ကထက် ယခုလတွင် ဖုန်းငွေဖြည့်ကတ်များမှ တယ်လီဖုန်းေ ခ်ါဆိုမှု နှုန်းထားများ ပိုမို ကုန်ကျသည်ဟု ဖုန်းသုံးစွဲသူ ပြည်သူများ က ဝေဖန် လျက်ရှိသည်။

““သမီးတို့ရဲ့ ဖုန်းဘီလ်တွေက ဒီလမှာ အရမ်းစားပြီး ဘီလ်ဖြတ် တာတွေ များများနေတယ်။ ၁ မိနစ်ကို နည်းနည်းလေး စွန်းသွားနဲ့ ၁၀၀ ဖြတ်နေတယ် ပေါ့နော်။ ပြီးတော့ အင်တာနက် လိုင်းတွေမှာလည်း ၁ မိနစ် ၂ ကျပ်လောက် ကျရမှာကို အခု ၄ ကျပ်လောက် ဖြစ်နေတယ်။ ခါတိုင်းဆို သမီးတို့ GSM တွေက ၂ ကျပ်ပဲကျတာ အခုတော့ ၄ ကျပ် ဖြစ်နေတယ်။ ဖုန်းဘီလ်စစ်မယ် ဆိုရင်လည်း System Busy ဖြစ်နေတာ သုံး၊ လေးကြိမ် လောက် ပြန်ပြန်စစ်နေရပြီး နောက်ဆုံး error ဖြစ်ဖြစ်သွားကာ မြန်မာ့ဆက်သွယ်ရေးမှ ဖြတ် တာတွေ များပြီး ဘီလ်စနစ်ကလည်း ဖြတ်တာ ပုံမှန်မရှိဘူး””ဟု Red Link ကုမ္ပဏီမှ စာရင်းကိုင် တစ်ဦးဖြစ်သူ မ၀တ်ရည်က ပြောသည်။ …

အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့် Elite မှ အထွေထွေ မန်နေဂျာကို အောင်နေဇင်ဦးက ““၁ မိနစ် ၅၀ ဖြတ်တယ်ပေါ့နော်။ ဒါပေမဲ့ အတိ အကျ ဘယ်လောက်ဖြတ်လဲ သိချင်ရင်တော့ မြန်မာ့ဆက်သွယ်ရေးကို မေးမှရမယ်။ ကျွန်တော်တို့က ဘီလ်စနစ်တော့ မသိဘူး။ ဖြန့်ချိတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ငွေဖြည့် ကတ်တွေကို သုံးစွဲသူတွေ error တက်နေတယ် သုံးစွဲလို့ မရဘူး။ ဖြည့်လို့မရဘူးလို့ ပြောနေတာ တွေရှိတယ်။ အဲဒီတော့ ကျွန်တော် တို့ဘက်က ဆက်သွယ်ရေးကို complain ပြန်တက်တယ် ပေါ့နော်။ ဖြည့်လို့ ရရင် ရမယ်မရရင် ကျွန်တော်တို့ ကတစ်ဆင့် customer တွေကို ဆောင် ရွက်ပေးတာတွေ ရှိတယ်။ ဖုန်းဘီလ်နဲ့ ပတ်သက်လို့ ဘယ်လောက်ကျော်ရင် ဘယ်လောက် ဖြတ်တဲ့ detail တော့ မြန်မာ့ဆက်သွယ်ရေး MPT က ကျွန်တော်တို့ကို ပေးမထားပါဘူး”” ဟု ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တယ်လီဖုန်းခေါ်ဆို ခနှုန်းထားများကို ၂၀၁၀ပြည့်နှစ်မှ စတင်ကာ တစ်မိနစ်လျှင် နှစ်ဆယ့်ငါးကျပ်မှ ကျပ်ငါးဆယ်သို့ တိုးမြှင့် ကောက်ခံခဲ့ပြီး မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ရောင်းချထားပေးသည့် မိုဘိုင်းလ်ဖုန်းခေါ်ဆိုခနှုန်းထားများကို၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တစ်မိနစ် ၅၀ကျပ်နှုန်းကို လျှော့ချပေးမည်ဖြစ်ကြောင်း တို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ၀န်ကြီးဌာန ဒုတိယ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး သောင်းတင်ကသတင်း မီဒီယာများ ကို ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လမ်း ၃၀ Complain ဆက်သွယ် ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးအား ဆက်သွယ်မေးမြန်းရာ ““ကတ်ဖုန်း တွေအတွက်ကတော့ ၁ မိနစ်ကို ၅၀ ယူပါတယ်။ ၁ မိနစ်၊ ၁၀ စက္ကန့်ဆို ၁၀၀ ယူမယ်။ ၁ မိနစ် မပြည့်လည်း ၁ မိနစ်စာယူတယ်။ GSM ၂ ကျပ်၊ WCDMA ၊ CDMA ဆို ၄ ကျပ်ယူတယ်။ ဖုန်း ဘီလ်စစ်တဲ့ အခါမှာ System Busy ဖြစ်ဖြစ် နေတာကတော့ ဟန်းဆက် နဲ့လည်း ဆိုင်တယ်။ ဟန်းဆက်ကောင်းမှ ဆွဲအားကောင်းတာ။ ဘီလ်ဖြတ်တဲ့ အခါမှာ ဈေးနှုန်းမြင့် တက်တာတော့ မရှိသေးဘူး။ ပုံမှန်ပါပဲ။ ကျမယ်လို့တော့ ပြောထားတယ်။ ၂၅ ကျပ်လောက်တော့ မှန်းထားတယ်။ လောလော ဆယ် အတိအကျတော့ မထုတ်ပြန်သေးဘူး””ဟု ပြောသည်။

အေမီ

Myanmartandawsint Newspaper

အပြည့်အစုံသို့ »

ရေကျော်၌ ဧည့်သည်ကို ဓားဖြင့်ခုတ်သူအား ရပ်ကွက်သားများ ဝိုင်းပိတ်ဖမ်း


ရန်ကုန်၊ ဒီဇင်ဘာ ၅

ပုဇွန်တောင်မြို့နယ် အမှတ် (၉) ရပ်ကွက်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် (၉) ရှိ ငါးလွှာအခန်းတွင် ဒီဇင်ဘာလ ၄ ရက် ည ၈ နာရီခွဲခန့်က အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့သူက ၎င်း၏အိမ်၌ လာရောက် တည်းခိုသူ အမျိုးသားကို အသားလှီးဓားဖြင့် ဝင်ခုတ်ပြီး ထွက်ပြေးစဉ် ရပ်ကွက်နေသူများက လူသတ်မှု ဖြစ်ပွားရာ တိုက်၏ တံခါးကို ပိတ်ထားသောကြောင့် အဆိုပါဓားဖြင့် ခုတ်သူကို ဖမ်းမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခန်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ကိုသိန်းဝင်းဇော်ထံသို့ တာချီလိတ်မြို့နယ်မှ ကားဝယ်ယူရန် ရောက်ရှိလာသော အသက် ၄၀ အရွယ် ကိုဝင်းသန့် လာရောက် တည်းခို နေထိုင်လျက် ရှိသည်မှာ တစ်လခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ယင်းနေ့က အဆိုပါ တိုက်ခန်း၏ ဘုရားခန်းတွင် ကိုသိန်းဝင်းဇော်နှင့် တည်းခိုသူ ကိုဝင်းသန့်တို့ အတူရှိနေစဉ် ကိုသိန်းဝင်းဇော်၏ ဦးလေး အသက် ၃၅ နှစ်အရွယ် ကိုစိုင်းရီ ရောက်ရှိလာပြီး မီးဖိုချောင်သုံး အသားလှီး စတီးဓားဖြင့် ကိုဝင်းသန့်ကို ခုတ်ခဲ့ကြောင်း အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။

ထိုသို့ ပြုလုပ်စဉ် တူဖြစ်သူက ဓားဝင်လုကာ အိမ်အပြင်ဘက်သို့ လွှင့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် ဘုရားခန်းမှ တိုက်ခန်းအပြင်သို့ တူဖြစ်သူက ပြေးထွက် လာသောကြောင့် လူသတ်မှု ဖြစ်ပွားသည်ကို ရပ်ကွက်တွင် နေသူများက သိရှိခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။
“အဲဒီအခန်းမှာ ဆူညံသံကြားလို့ ဘေးခန်းက ရန်ဖြစ်နေကြတယ်ဆိုပြီး လှမ်းအော်တဲ့အချိန် တိုက်လှေကားအောက် လူတွေ ရောက်လာတုန်း ဒဏ်ရာတွေနဲ့ ပြေးဆင်းလာတဲ့ ကိုသိန်းဝင်းဇော်က ဦးလေး လူသတ်လိုက်ပြီ။ နောက်မှာ လိုက်လာတယ်လို့ ပြောတာနဲ့ ရပ်ကွက်ထဲက လူတွေက လှေကားတံခါးကို ပိတ်ထားပြီး ရဲစခန်းကို ဖုန်းဆက် ခေါ်လိုက်တာ” ဟု ၎င်းက ရှင်းပြသည်။

ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခံရသဖြင့် ကိုဝင်းသန့်၏ ဦးခေါင်း၊ မျက်နှာနှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိကာ လည်ပင်းမှာ ပြတ်လုနီးပါး ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ဓားဝင်ဆွဲသည့် တူဖြစ်သူ ကိုသိန်းဝင်းဇော်တွင် ဓားဒဏ်ရာများ ရရှိသောကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း အဆိုပါ လူသတ်မှုနှင့် ဒဏ်ရာရရှိသူကို မြင်တွေ့ခဲ့သော သဇင်လမ်းတွင် နေထိုင်သူ အချို့ထံမှ သိရှိရသည်။
“ပြေးဆင်းလာတဲ့သူက ဓားဒဏ်ရာတွေနဲ့ သွေးတွေ ရွှဲနေတာပဲ။ သူ့ကို ခဏထား ထားပြီး ဓားနဲ့ ခုတ်တဲ့သူ လမ်းပေါ် မထွက်လာအောင် တံခါးကို အတင်းပိတ်ထားရတယ်” ဟု အဆိုပါလမ်းတွင် မုန့်ဟင်းခါး ရောင်းချသူ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ဓားဖြင့်ခုတ်သူ ကိုစိုင်းရီမှာ စိတ်ကျန်းမာရေး ချို့တဲ့သည့် လက္ခဏာများ ဖြစ်သော တစ်ယောက်တည်း စကားပြောဆိုခြင်း၊ ငိုရယ်ခြင်းများ ပြုလုပ်နေသည်ကို ရပ်ကွက်အတွင်း နေထိုင်သူများ မကြာခဏ တွေ့ရှိရသည်ဟု အဆိုပါလမ်း နေထိုင်သူများထံမှ ကြားသိရကြောင်း၊ ၎င်းတို့ တူဝရီး နှစ်ဦးမှာ အမှတ် (၉) ရပ်ကွက်တွင်း ပြောင်းရွှေ့လာသည်မှာ ငါးလခန့်သာ ရှိသေးကြောင်း အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောကြားသည်။

ယင်းအမှုကို စစ်ဆေးနေသော ရဲအရာရှိကို အဆိုပါ လူသတ်မှု ဖြစ်ပွား ရသည့် အကြောင်းအရင်း မေးမြန်းရာ စစ်ဆေးဆဲကာလ ဖြစ်သောကြောင့် အသေးစိတ် အချက်အလက်များ ဖြေကြားနိုင်ခြင်း မရှိကြောင်း The Voice သို့ ဖြေဆိုသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ကိုစိုင်းရီကို (ပ) ၂၆၉/၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

အပြည့်အစုံသို့ »

၆ ရက်ကြာ သပိတ်တိုက်ပွဲအတွင်း ဘင်္ဂလာတွင် လူ ၂၄ ဦး သေဆုံး


လွန်ခဲ့သော စနေနေ့ကနေ  အတိုက်အခံ ဘီအန်ပီပါတီက ဦးဆောင်တဲ့ ၁၈ ပါတီက ခေါ်ယူတဲ့ ၁၃၁ နာရီ (၆) ရက်ကြာ ပိတ်ဆို့ရေး သပိတ်တိုက်ပွဲအတွင်း ဘင်္ဂလာဒေခ်ျ့မှာ သေဆုံးသူ အရေအတွက်ဟာ ၂၄ ဦးရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ မနေ့က (သောကြာ)နေ့က နောက်ထပ် ၂ ဦးသေဆုံးသွားခဲ့တဲ့ အတွက် သေဆုံးသူဟာ ၂၄ ဦးထိ တိုးလာတယ်လို့ ဒီကနေ့ထုတ် The Daily Star သတင်းစာက ဆိုပါတယ်။

ဒီကနေ့ သောကြာနေ့ဟာ ဘာသာရေးနေ့ ဖြစ်တာကြောင့် အတိုက်အခံက သပိတ်ကို ရပ်နားထားတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအ၀န်းမှာ အေးအေးချမ်းချမ်း ရှိနေပေမယ့် မနက်ဖြန် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီကနေ ၇၂ နာရီ သပိတ်ကို ပြန်လည် ခေါ်ယူထားပါတယ်။ ခု အတိုက်အခံ ခေါ်ယူတဲ့ သပိတ်ဟာ အလုံးစုံ ပိတ်ဆို့ရေး သပိတ် ဖြစ်တာကြောင့် ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းတွေ အကုန်လုံး ပိတ်ဆို့ခံရပြီး ကျောင်းတွေ၊ ဈေးဆိုင်တွေ၊ စက်ရုံ အလုပ်ရုံတွေ၊ ကုန်တိုက်ကြီးတွေကိုလည်း ပိတ်ထားရပါတယ်။

သပိတ် ခေါ်ယူထားတဲ့ အချိန်ကာလအတွင်း ကားတွေသာမက ရထားတွေပါ သွားလာခွင့် မရကြပါ။ သွားလာရင်  ကားတွေ၊ ရထားတွေကိုပါ သပိတ်ကို ထောက်ခံသူတွေက မီးရှို့တိုက်ခိုက်တဲ့ အတွက် လွန်ခဲ့တဲ့ ၆ ရက်အတွင်း သေဆုံးသူ ၂၄ ဦး ရှိခဲ့ရတာဖြစ်ပါတယ်။

narinjara burmese news

အပြည့်အစုံသို့ »

မိမိကိုယ့်ကို မီးရှို့အဆုံးစီရင်၍ တိဗက် တစ်ဦး တရုတ်အုပ်ချုပ်မူကို ကန့်ကွက်


တိဗက် ဒေသကို တရုတ်ရဲ့ အုပ်ချုပ်မူ အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ သားနှစ်ဦးရဲ့ ဖခင် တိဗက် လူမျိုး တစ်ဦးဟာ မိမိကိုယ်ကို မီးရှို့ကာ သတ်သေသွားတယ်လို့ သိရပါတယ်။

မိမိကိုယ်ကို မီးရှို့သတ်သေသူဟာ အသက် ၃၀ အရွယ် Konchok Tseten ဆိုသူ ဖြစ်ပြီး ခုလို မီးရှို့သတ်သေပြီး မကြာခဏ ဆန့်ကျင် ကန့်ကွက်မူတွေ ဖြစ်ပွားလေ့ရှိတဲ့ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း က တိဗက်ဒေသ တစ်ခု ဖြစ်တဲ့ Sichuan မှာ ခုလို မိမိကိုယ်ကို သတ်သေသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် အခြေစိုက် RFA ကနေ မနေ့က ဒီသတင်းကို ထုတ်လွှင့်သွားတာ ဖြစ်ပြီး ခုလို သတ်သေပြီး တရုတ်အုပ်ချုပ်မူကို ဆန့်ကျင်ကန့်ကွက်တဲ့ အတွက် ပဋိပက္ခတွေနဲ့ အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နှင်းမူတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

narinjara burmese news

အပြည့်အစုံသို့ »

ဇာတ်ကားတွေ ပြန်ရိုက်နေပြီ ဖြစ်တဲ့ အိန္ဒြာကျော်ဇင်


ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ နတ်သမီး မျှားတဲ့ငါး ဗီဒီယိုဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင်၊ အိန္ဒြာကျော်ဇင် စတဲ့ သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။

ဇာတ်ကား ရိုက်တွေနားထားတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပထမဆုံး ဇာတ်ကားများ ပြန်လည် ရိုက်ကူးမှု ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် ဇာတ်ကားရိုက်တွေ နားထားပေမယ့် ကြော်ငြာနဲ့ ဓာတ်ပုံ ရိုက်ကူးမှုတော့ အိန္ဒြာကျော်ဇင်က လုပ်ဖြစ်ပါတယ်။

 ဇာတ်ကားတွေကို တလ တကားနှုန်း ပြန်လည် ရိုက်ကူးဖို့ စီစဉ်ထားတဲ့ အိန္ဒြာကျော်ဇင်က “ကျန်းမာရေးကြောင့်ရယ်၊ သမီးလေးကို အချိန် များများပေးချင်တဲ့ စိတ်တွေ များသွားလို့ ကားမရိုက်ဖြစ်ခဲ့တာ။ ရှုတင်ရောက်နေပြီဆိုရင် စိတ်က သတိရနေတာ။ တခြား ဘာမှ စိတ်မချစရာ အကြောင်းလည်း မရှိပါဘူး။ အခု ပြန်ရိုက်တယ် ဆိုတာက ကျန်းမာရေး ပြန်ကောင်းသွားပြီ။ နာကျင်တာ ဘာမှ မရှိတော့ဘူး” လို့ ဆိုပါတယ်။
ရိုက်ကွင်းကို သွားတဲ့အခါ ပြေသုဒြာက အမေဖြစ်သူနဲ့ ရိုက်ကွင်းကို လိုက်မယ်လို့ မပြောဘူးလို့ သိရပါတယ်။

 “အူဝဲက ရှုတင်ကို ခေါ်ချင်တာ။ ရှုတင်ကို တနေကုန်ကြီး ခေါ်ဖို့က အဆင်မပြေပါဘူး။ စားချိန်၊ အိပ်ချိန်က ရှိသေးတယ်။ ခဏ တဖြုတ်လေးကို အူဝဲကခေါ်တာ။ ရှုတင်လိုက်ခဲ့ပါလား၊ မေမေက ရှုတင်ကနေ သမီးလေးကို သတိရနေတာလို့ ပြောတော့ လိုက်ချင်ဘူး၊ အိမ်မှာပဲ နေမယ်လို့ ပြောတယ်။ သူက အပြင် မကြိုက်ဘူး။ အိမ်ပျော်တာ။ အခုအချိန်ပေါ့၊ နောက်တော့မသိဘူး” လို့ အိန္ဒြာကျော်ဇင် က သမီးလေး ပြေသုဒြာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
အောင်သီရိ ဗီဒီယို ထုတ်လုပ်ရေးအတွက် ရိုက်ကူးတဲ့ ဒီဇာတ်ကားမှာ အိန္ဒြာကျော်ဇင်က မိသားစု တစုအတွက် ကလဲ့စားချေဖို့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့သူ အဖြစ် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကို ရိုက်ဖို့ အောင်သီရိ ဗီဒီယို ထုတ်လုပ်ရေးက ဇာတ်လမ်း လေးငါးပုဒ်လောက် ပေးဖတ်ထားပြီး အဲဒီထဲကမှ အဆင်ပြေတာကို ရွေးချယ် ရိုက်ကူးတာ ဖြစ်တယ်လို့ သိရပါတယ်။

 နိုဝင်ဘာလမှာ ကျရောက်မယ့် ခင်ပွန်းဖြစ်သူ ပြေတီဦးရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် မစဉ်းစားထားသေးပေမဲ့ သမီးလေး ပြေသုဒြာ မွေးနေ့အတွက်တော့ အိန္ဒြာကျော်ဇင် က ပြင်ဆင်ထားပါတယ်။

“သမီးလေး မွေးနေ့အတွက် ကတော့ လှူဖို့လေးပဲ စဉ်းစားထားတယ်။ မရှိတဲ့ နေရာ၊ ကလေးတွေနဲ့ ပတ်သက်ပြီး လိုအပ်မယ့် နေရာတွေကို စဉ်းစား ရွေးချယ် နေပါတယ်။ အဲဒီ နေရာတွေမှာ လှူဖြစ်မယ်” လို့ အိန္ဒြာကျော်ဇင် က ဆိုပါတယ်။

ခင်လေးမြင့်

မူရင်း -  အောက်တိုဘာ ၁၄ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်
အလင်းတန်းဂျာနယ်ကို ခွင့်ပြုချက်တောင်းပြီး ကူးယူ ဖော်ပြပါတယ်။အိန္ဒြာကျော်ဇင်မိသားစုဓာတ်ပုံကို သူ့ဖေ့စ်ဘုတ်ကနေ ယူပါတယ်။

ဧရာဝတီ Myanmar News

အပြည့်အစုံသို့ »