နေပြည်တော် ဆီးဂိမ်း တရုတ် အဓိက ထောက်ပံ့မှုဖြင့် ဖွင့်လှစ်


ဧရာဝတီ| December 11, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ၏ အကူအညီ၊ အထောက်အပံ့များဖြင့် ယနေ့ ညပိုင်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် တရုတ် အကူအညီ များစွာ ရယူခဲ့ပြီး မြန်မာက ရယူထားသော အကူအညီများတွင် ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမား ၂၀၀ ခန့် အတွက် တရုတ်နည်းပြများဖြင့် လေ့ကျင့်ခြင်း၊ ပြိုင်ပွဲများတွင် လိုအပ်မည့် လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းများ ရယူခြင်း၊ ဖွင့်ပွဲပိတ်ပွဲတွင် အသံစနစ် အပါအ၀င် ဆလိုက်မီးများ၊ အပြင်အဆင်များ၊ နည်းပညာများနှင့် အကူအညီများ ရယူခြင်း၊ ဆီးဂိမ်းပြိုင်ပွဲရလဒ်များကို အချိန်မီသတင်း ထုတ်ပြန်ပေးသည့် နည်းစနစ်များ ရယူခြင်း များ ပါဝင်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နှင့် အစိုးရတာဝန်ရှိသူများက ဧရာဝတီသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်း ကျော်တန်ဖိုးရှိ အကူအညီများ ထောက်ပံ့ခဲ့ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Yang Houlan က ပြောဆိုခဲ့သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ အကူအညီနှင့် အထောက်အပံ့များ အဓိက ရယူခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှု မည်မျှကြီးမားသည်ကို သိသာစေပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက်မှ ခွဲမထွက် နိုင်သေးသည်ကို မြင်သာ ထင်သာရှိစေသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ဘေဂျင်းအိုလံပစ်ကို ဖွင့်ခဲ့တဲ့ အတိုင်းပဲ တရုတ်က ဒီမှာလာလုပ်နေတယ်။ ဖွင့်ပွဲလုပ်မဲ့ အားကစားရုံကြီးကလည်း တရုတ် ဗိသုကာ ပညာရှင်တွေရဲ့ လက်ရာပဲ။ ပြည်တွင်း ကုမ္ပဏီကတာဝန်ယူ ဆောက်တယ်ဆိုပေမယ့် တရုတ်အင်ဂျင်နီယာတွေရဲ့ အကြံဥာဏ်နဲ့ ဆောက်ထားတာ။ ဖွင့်ပွဲပိတ်ပွဲ ကိုလည်း တရုတ်ရဲ့ ကူညီပံပိုးမှုနဲ့ပဲ လုပ်ရတယ်။ အဲလိုလုပ်နိုင်ဖို့ တရုတ်ပညာရှင်တွေ လွန်ခဲ့တဲ့ ၂ လ လောက် ကတည်းက နေပြည်တော်ကို ရောက်နေတာ။ ဒါတွေကို ကြည့်ရင် မြန်မာဟာ တရုတ်သြဇာကနေ မလွတ်သေးဘူးဆိုတာ တွေ့ရတယ်´´ ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဆိုးရွားစွာကျဆင်းလျက်ရှိသော တရုတ်နိုင်ငံ၏ ပုံရိပ်ကို ပြန်လည်မြင့်တင်ရန် ကြိုးစားသည့်အနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွှေးကောက်ပွဲအပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန်နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် မြန်မာပြည်သူများ လက်ခံလာစေရန် နည်းဗျူဟာပြောင်း၍ အပေးအယူလုပ်နေခြင်းဟု ယုံကြည်ကြောင်း ပြည်တွင်းဂျာနယ်များတွင် နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ စာရေးဆရာ ဇာနည်စိုးထွဋ်က ပြောသည်။

“တရုတ်အလံတောင် မီးရှို့ခံနေရတဲ့အတွက် ပြည်တွင်းမှာ တရုတ်ရဲ့ ပုံရိပ်က လုံးဝမကောင်းဘူး။ မြန်မာကို စီးပွားရေးအရ နယ်ချဲ့ဖို့က အရင်အစိုးရလို ပေါ်တင်လုပ်လို့ မရတော့ဘူး။ Hard Power (အမာပုံစံ) ၀င်လို့ မရတော့တဲ့အတွက် လူမှုရေးလုပ်ငန်းတွေနဲ့ ပြန်ဝင်လာတယ်။ ဆေးရုံဆောက်ပေးမယ်။ ကန်ထရိုက်ကို တရုတ်ကယူမယ်။ပြီးရင် တရုတ်ဆေး ပဲသွင်းမယ်ဆိုရင်တော့ သူတို့ဗျူဟာက အောင်မြင်မှာ မဟုတ်ဘူး”ဟု ဇာနည်စိုးထွဋ်က ဆိုသည်။

စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် မြန်မာနိုင်ငံသည် တရုတ်ရင်ခွင်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ယနေ့အချိန်ထိ ရုန်းမထွက်နိုင်သေးသေးကြောင်း၊ ဦးသိန်းစိန်အစိုးရအနေဖြင့် တရုတ်အားထားနေရမှုကို ပြန်လည်သုံးသပ်သင့်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေက ဧရာဝတီသို့ ပြောသည်။

“ တရုတ်က သူ့အကျိုးစီးပွားအတွက် နိုင်ငံတိုင်းကို အကူအညီပေးနေတာ။ ဘယ်နိုင်ငံမှ သူ့အကျိုးစီးပွားမပါဘဲ တခြားနိုင်ငံတွေကို အလကား မကူညီဘူး။ ကျနော်တို့ အစိုးရအနေနဲ့ ရေရှည်အတွက် အမြင်ကျယ်ကျယ်နဲ့ လေ့လာ ဆန်းစစ်ဖို့ လိုပြီ”ဟု ဦးသိန်းဆွေက ဆိုသည်။

တိုင်းပြည်ဂုဏ်သိက္ခာ မြင့်တင်နိုင်ရန် တရုတ်နိုင်ငံ၏ အကူအညီများစွာ ရယူနေသော်လည်း ဆီးဂိမ်းဖွင့်ပွဲတွင် ပြည်သူများ ပါဝင်ဆင်နွှဲခွင့် နည်းပါးကြောင်း ဝေဖန်မှုများ ရှိနေသည်။

(နေပြည်တော်ဆီးဂိမ်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်နေသည့် ဧရာဝတီသတင်းထောက် စနေလင်း နှင့် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်)
ဧရာဝတီ သတင်း Myanmar News

အပြည့်အစုံသို့ »

တိကျသော အဖြေရမှ မိကျောင်းကန်သပိတ်စခန်း ရုပ်သိမ်းမည်


မေစစ်ပိုင်| ဧရာဝတီ| December 11, 2013

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ၁၆ ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်လျက်ရှိသည့် မိကျောင်းကန် သပိတ်စခန်းကို ရုပ်သိမ်းစေချင်သည်ဆိုပါက အစိုးရနှင့် သက်ဆိုင်ရာဘက်က လျော်ကြေး၊ အစားထိုးမြေနေရာ သို့မဟုတ် တိကျမှုရှိသည့်အဖြေ တခုခု ကတိပေးရမည်ဟု မိချောင်းကန်သပိတ်စခန်း ယာယီခေါင်းဆောင် ကိုဇော်ထွန်းက ပြောသည်။

“ကျနော်တို့ကို နစ်နာကြေး ဒါမှမဟုတ် ဘယ်လိုမျိုး ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ တိကျတဲ့အဖြေတခုကို ပေးပါ၊ ဘယ်နေ့ ဘယ်ရက်မှာ အဲဒီကတိကို ဆောင်ရွက်ပေးပါမယ်ဆိုတာ ပြောမယ်ဆိုရင် ကျနော်တို့ဘက်က လူထုကို
အဲဒီအတိုင်း ရှင်းပြမယ်၊ လူထုက သဘောတူတာနဲ့ သပိတ်စခန်းကို ရုပ်သိမ်းပေးမယ်” ဟု ကိုဇော်ထွန်းက ဧရာဝတီသို့ ပြောသည်။

မိကျောင်းကန် မြေနေရာများသည် ဂရန်မြေများ မဟုတ်သည့်အတွက် လျော်ကြေးပေးရန် မလိုအပ်ကြောင်း နှင့် သပိတ်စခန်း ရုပ်သိမ်းပေးရန်သာ အစိုးရဘက်မှ တောင်းဆိုနေသော်လည်း ဆန္ဒပြသူများဘက်ကလည်း ၎င်းတို့ နစ်နာခဲ့ရသည့်အတွက် တစုံတရာ ဆောင်ရွက်ပေးရန်သာ တောင်းဆိုလျက်ရှိသည်ဟု သိရသည်။

“ဒီကိစ္စက တိုင်းဒေသကြီးက ကိုင်တွယ် ဖြေရှင်းပေးနေပေမယ့် အထက်က စီစဉ်ပေးမှ ရမယ်လို့ သိထားတယ်။ တပ်ကိုလွှဲထားတဲ့ မြေနေရာတွေ ဖြစ်တာကြောင့် ပြန်ရ၊ မရဆိုတာတော့ မသေချာဘူး” ဟု မိကျောင်းကန် သပိတ်အရေး
ဝင်ရောက်ညှိနှိုင်းပေးနေသည့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက
ဧရာဝတီသို့ ပြောသည်။

သပိတ်စခန်း ရုပ်သိမ်းပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းတို့က ဦးဆောင်ကာ မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်နေသော်လည်း ပြေလည်မှု လုံးဝမရသေးပေ။

“ပြန်လိုချင်တဲ့ ရည်ရွယ်ချက်က အသိမ်းခံခဲ့ရတာခြင်း အတူတူ တချို့က တိုက်ခန်းရ၊ တချို့က ငွေ ၅ သိန်းရခဲ့တယ်။ တန်းတူရည်တူရအောင် တောင်းဆိုတာ” ဟု ဆန္ဒပြ သပိတ်ခေါင်းဆောင် ကိုဇော်ထွန်းက ရှင်းပြသည်။

ပြီးခဲ့သည့် တပတ်တွင်းက မိကျောင်းကန် သပိတ်စခန်း ပြုလုပ်ထားသည့် နေရာအနီးရှိ စေတီတဆူ တည်ဆောက်သည့် နေရာသို့ ဝင်ထွက်သည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြသူများနှင့် သက်ဆိုင်ရာဘက်မှ ပုဂ္ဂိုလ်တချို့ ပြဿနာ ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဆန္ဒပြသူ ၂၅ ဦးကို ပုဒ်မ ၄၇၇ (ကျူးကျော်ဝင်ရောက်မှု) ဖြင့် တရားစွဲထားသည်ဟု ကိုဇော်ထွန်းက ပြောသည်။

လက်ရှိတွင်လည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မိကျောင်းကန် မြေနေရာများကိစ္စ ဖြေရှင်းပေးရန် မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များမှ တဆင့် အကူအညီများ တောင်းခံထား သည်ဟု ၎င်းက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်က သိမ်းဆည်းခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နှင့် (၃)ရပ်ကွက်ရှိ မြေနေရာများကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ မြေနေရာများသည် ဂရန်ပေါက်မြေများ မဟုတ်သည့်အတွက် ယင်းနေရာတွင် နေထိုင်ခဲ့သူများအားလုံးကို တပတ်အတွင်း အပြီးသတ် ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ ငွေကြေးတတ်နိုင်သူများကို မြေကွက် တကွက်လျှင် ၄၈၀၀ ကျပ်( ၁၉၉၃ ခုနှစ် ငွေကြေးပေါက်ဈေး) ဖြင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ပြန်လည် ရောင်းချပေးခဲ့ ကြောင်း၊ ငွေကြေး မတတ်နိုင်သူများကို ပဲခူးရိုးမ အစပ်ရှိ မြေနေရာများနှင့် လှိုင်သာယာမြို့နယ်ရှိ မြေနေရာများတွင် နေရာချပေးခဲ့ကြောင်း သိရသည်။

ပုံစာ - မိကျောင်းကန် ဆန္ဒပြသမား တဦး (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ဧရာဝတီ သတင်း Myanmar News

အပြည့်အစုံသို့ »

လှချင်ရင် ပြင်၊ ချောချင်ရင် ပြင်



(Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) )

ဆယ်ကျော်သက်အရွယ် ကြီးကောင်ဝင်လာပြီဆိုရင် သိပ်လှချင်လာပြီ။ မှန်လေးတကြည့်ကြည့်နဲ့။ အဲဒီအရွယ်မှာ မိန်းကလေးလည်း လှချင်တယ်။ ယောက်ျားလေးလည်း လှချင်တယ်။ ဆန့်ကျင်ဘက်အာရုံကို စိတ်ဝင်စားလာတဲ့အချိန်ဆိုတော့ ဆန့်ကျင်ဘက်အာရုံက ကိုယ့်ကိုစိတ်ဝင်စားတာကို ခံယူလိုကြတယ်။ ဒါကြောင့် အဲဒီအရွယ်မှာ အလှအပကို ဂရုစိုက်လာတယ်။ အလှအပကို မက်မောလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အလှပြင်လာကြတယ်။

အလှအပဆိုတာ ကျက်သရေတစ်ပါးပါ။ ကျက်သရေရှိတော့ မင်္ဂလာရှိတာပေါ့။ လှချင်တာ အပြစ်မဟုတ်ပါဘူး။ အလှအပကို ထိခိုက်အောင်လုပ်တာကမှ အပြစ်ပါ။

"ထန်ပြင်းဒေါသကြီးတတ်က အလှပျက်မည်ဆို၊ ဒေါသကင်းစင် မေတ္တာယှဉ်၊ ကြည်လင်လှသကို" လို့ ဆိုတယ်။ သုဘလုလင်ကမေးလို့ ဘုရားက ဖြေတာပါ။ ဒေါသကြီးရင် အလှပျက်ပါတယ်၊ ရုပ်ဆိုးပါတယ်။ စိတ်ဆိုးရင် ရုပ်ဆိုးပါတယ်၊ စိတ်ဆိုးလို့ဆိုတဲ့နေရာမှာ စိတ်ကိုဆိုးရွားစေတဲ့ လောဘ ဒေါသ မောဟ မာန်မာန ဣဿာမစ္ဆရိယအားလုံး ဆိုင်ပါတယ်။ အဲဒီစေတသိက်ဆိုးတွေဟာ စိတ်ကို ဆိုးစေပါတယ်။ စိတ်ဆိုးရင်တော့ ရုပ်ဆိုးတော့မှာပါပဲ။ ရုပ်မဆိုးဖို့အတွက် စိတ်မဆိုးဖို့ လိုအပ်ပါတယ်။ ရုပ်လှဖို့အတွက် စိတ်လှဖို့ လိုအပ်ပါတယ်။ စိတ်ကိုလှစေတာ၊ ရုပ်ကိုလှစေတာကတော့ အဓိကခန္တီမေတ္တာပါပဲ။ ဒါကြောင့် "ဒေါသကင်းစင် မေတ္တာယှဉ် ကြည်လင်လှသကို" လို့ ဘုရားက မိန့်ပါတယ်။

"အ၀တ်နဲ့ပန်း ရေချမ်းလှူပါ၊ တံမြက်ကိုလှည်း၊ သည်းလည်းခံပါ၊ သီလစောင့်ငြား၊ မလားပါယ်ရွာ၊ ဘ၀တိုင်း ရှုတိုင်းလှနေမှာ" လို့ဆိုပါတယ်။ ရုပ်လှချင်ရင် အ၀တ်အထည်လှူပါ။ အ၀တ်အထည် ကောင်းကောင်းမွန်မွန် လှလှပပပေါ့။
"၀ဏ္ဏဒေါ ဟောတိ၊ ၀ဏ္ဏဒေါ-အ၀တ်အထည်ကို လှူဒါန်းသူသည် အဆင်းကို လှူဒါန်းသည်မည်၏" လို့ ဘုရားမိန့်ပါတယ်။ မြင်သူရူးလောက်အောင်လှတဲ့ ဥမ္မာဒန္တီဟာ အ၀တ်အထည်လှူဒါန်းခဲ့လို့ပါ။ ဥပ္ပလ၀ဏ်လှတာဟာ ပန်းလှူခဲ့လို့ ပါ။ ဒါကြောင့် လှချင်တဲ့သူဟာ ပန်းလှူရပါမယ်။

ရေဆိုတာ မေတ္တာရဲ့ သင်္ကေတပါ။ ရေဆိုတာ ကြည်လင်အေးချမ်းပါတယ်။ ရေလှူတဲ့သူဟာ ရုပ်လှပါတယ်။ လှချင်ရင် ရေချမ်းလှူပါ။ ရေဆိုတာ သန့်ရှင်းစင်ကြယ် အေးချမ်းစေတဲ့ သဘောသတ္တိရှိပါတယ်။ ဒါကြောင့် သန့်ရှင်းဖို့၊ စင်ကြယ်ဖို့၊ အေးချမ်းဖို့ ရေလှူရပါတယ်။ သူများစိတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့် တလီနတ်ချစ်၊ ရောင်လှစ်ဆင်းလှ၊ သေကာလမှာ ရောက်ရနတ်ပြည် ဤငါးထွေ၊ မှတ်လေတံမြက်အကျိုးဆိုတဲ့ တံမြက်လှည်းလို့၊ သန့်ရှင်ရေးလုပ်လို့ရရှိတဲ့ အကျိုးတွေထဲမှာ ရုပ်အဆင်းလှပခြင်းဆိုတဲ့ အကျိုးတရားပါပါတယ်။ ဒါကြောင့် လှချင်ရင် ဘုရားကျောင်းကန် လူအများသုံးစွဲရာနေရာတွေမှာ တံမြက်လှည်းရပါတယ်။သန့်ရှင်းရေး လုပ်ရပါတယ်။
စိတ်ရဲ့အလှဟာ ခန္တီမေတ္တာပါ။ ဒီခန္တီမေတ္တာကြောင့် ရုပ်လည်းလှပါတယ်။ သည်းမခံနိုင်စရာကိစ္စကို အတတ်နိုင်ဆုံးတော့ သည်းခံရပါမယ်။ သတ္တ၀ါအားလုံးအပေါ်မှာ မေတ္တာထားရှိရပါမယ်။ မေတ္တာဆိုတာ မပျက်ကောင်းတဲ့တရားပါ။ ဘုရားရှင်ဟာ ရှင်ဒေ၀ဒတ်၊ အင်္ဂုလိမာလ၊ နာဠာဂီရိဆင်၊ သားတော်ရာဟုလာ အားလုံးအပေါ် မေတ္တာတန်းတူထားရှိတယ်လို့ ဆိုပါတယ်။ မေတ္တာသည်သာ အောင်နိုင်ရာ။ အောင်ခြင်းရှစ်ပါးကို မေတ္တာနဲ့သာ အောင်နိုင်တော်မူပါတယ် ။ လောကမှာ အလှပဆုံးအရာဟာ မေတ္တာပါ။ ပြဿနာအရပ်ရပ်ကို မေတ္တာနဲ့ဖြေရှင်းခြင်းကသာ လှပတဲ့အဖြေထွက်တာပါ။

တရားတော်မှာ "ဒါနက ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံစေတယ်၊ ချမ်းသာစေတယ်။ သီလက အသက်ရှည်စေတယ်၊ ကျန်းမာစေတယ်၊ ရုပ်ချော၊ ရုပ်လှစေတယ်" လို့ဆိုတယ်။ ဘာသာတရားရဲ့အခြေခံဟာ မေတ္တာနဲ့ ကရုဏာပါ။ ဒါနရဲ့အခြေခံဟာလည်း မေတ္တာနဲ့ ကရုဏာပဲ။ လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ ကျွေးမွေးခြင်းဆိုတာဟာ အလှူခံယူတဲ့သူ ချမ်းသာစေချင်တဲ့ မေတ္တာကြောင့်ပါပဲ။ အလှူခံယူတဲ့သူ မဆင်းရဲစေချင်တဲ့၊ ဆင်းရဲမှာကို မလိုလားတဲ့၊ ဆင်းရဲမှာကို စိုးရိမ်တဲ့ ကရုဏာကြောင့်ပါပဲ။

သီလမှာလည်း မေတ္တာကရုဏာက အရင်းခံပါပဲ။ ချစ်တဲ့သူကို ဘယ်သတ်မှာလဲ၊ ချစ်တဲ့သူကို ဘယ်ညှဉ်းပန်းနှိပ်စက်မှာလဲ။ ချစ်တဲ့သူကို ဒုက္ခရောက်အောင် ဘယ်လုပ်မှာလဲ။ သီလကိုချိုးဖောက်စေတာဟာ လောဘ ဒေါသတွေပါပဲ။ ဒါတွေဟာ စိတ်ကိုဆိုးစေတဲ့ တရားတွေပဲ။ မေတ္တာကရုဏာဆိုတာ လောဘ၊ ဒေါသရဲ့ ဆန့်ကျင်ဘက်ပဲ။ လောဘကြီးသူ၊ ဒေါသကြီးသူရဲ့ သန­္တာန်မှာ မေတ္တာ၊ ကရုဏာဆိုတာ မကိန်းဝပ်နိုင်ဘူး။ မေတ္တာ၊ ကရုဏာအား ကြီးသူမှာလည်း လောဘ ဒေါသတွေ နည်းသွားတယ်။ သီလရဲ့ အခြေခံဟာလည်း မေတ္တာ၊ ကရုဏာဆိုတော့ သီလစောင့်သူ၊ သီလလုံခြုံသူရဲ့စိတ်ဟာ လှတယ်။ စိတ်လှတော့ ရုပ်လှတာပါပဲ။

လှချင်သူဟာ ပြင်ရမယ်၊ ချောချင်သူက ပြင်ရမယ်။ အ၀တ်အထည်လှူပြီးတော့ ကံတွေကိုပြုပြင်ပါ။ လှချင်၊ ချောချင်ရင်တော့ မိမိတို့စိတ်တွေ၊ မိမိတို့ကံတွေကို မဖြစ်မနေပြင်ကြရမှာပါ။ ပြင်နိုင်သလောက် လှမယ်၊ ချောမယ်။ မိမိရဲ့အလှဟာ မိမိဘယ်လောက်ပြင်နိုင်သလဲဆိုတဲ့ အပေါ်မှာပဲတည်ပါတယ်။ မပြင်လို့တော့ မလှနိုင်ပါဘူး။ ပြင်မှသာ လှမှာပါ။

စိတ်ကိုလည်းပြင်၊ ရုပ်ကိုလည်းပြင်၊ ပြုပြင်တိုင်းရ၊ ပြင်တိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မယ်" လို့ဆိုပါတယ်။ ဒုက္ခခပ်သိမ်းချုပ် ပြတ်ငြိမ်းရာ နိဗ္ဗာန်ရွှေပြည်ဝင် စံတော်မူသွားကြတဲ့ ရဟန္တာအရှင်မြတ်တို့ဟာ သူတို့စိတ်ဟာ သူတို့စိတ်ကို အလှပဆုံးဖြစ်အောင် ပြင်သွားကြတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ သာမန်လူအများစုကတော့ ရုပ်အလှကိုပဲ အဓိကထားကြပါတယ်။ ကားကောင်းကောင်း၊ ကားလှလှစီးထားပေမယ့် ဒီကားပေါ်က ကားပိုင်ရှင်ရဲ့စိတ်က ကားလိုလှရဲ့လား။ တိုက်ကောင်းကောင်း၊ တိုက်လှလှကြီးနဲ့ နေပေမယ့် ဒီတိုက်ပေါ်က တိုက်ပိုင်ရှင်ရဲ့စိတ်က တိုက်လောက် လှပါရဲ့လား၊ ဒါအရေးကြီးတယ်။ တိုက်လှလှ၊ ကားလှလှက ပုဂ္ဂလိကအလှပါ။ စိတ်အလှကသာ ပတ်ဝန်းကျင်လောကအတွက် အလှပါ။

သင်္ခါရတရားဆိုတာ ပြုပြင်မှုကို အမြဲတောင်းဆိုနေပါတယ်။ ရုပ်ကိုလည်း ပြင်ရပါတယ်၊ စိတ်ကိုလည်း ပြင်ရပါတယ်။ မိမိတို့ ကိုယ်စိတ်နှစ်ပါးကို ပြင်နေရမှာက မိမိတို့ရဲ့ အဓိကတာဝန်ပါ။ ကံ စိတ် ဥတု အာဟာရ အထောက်အပံ့ကောင်းမှ ရပ်တည်ရှင်သန်နိုင်တဲ့ ဘ၀ခန္ဓာကို ကံနဲ့လည်း ပြုပြင်ပေးနေရပါတယ်၊ စိတ်နဲ့လည်း ပြုပြင်ပေးနေရပါတယ်၊ ဥတုနဲ့လည်း ပြုပြင်ပေးနေရပါတယ်၊ အာဟာရနဲ့လည်း ပြုပြင်ပေးနေရပါတယ်။ ကောင်းတာတွေး၊ ကောင်းတာပြော၊ ကောင်းတာလုပ်ပြီး ကံကိုပြုပြင်ရပါတယ်။ လောဘဒေါသတွေကြီးနေရင် စိတ်ပင်ပန်းပါတယ်။ လောဘဒေါသတွေ နည်းအောင်၊ သောက၊ ဒေါမနဿတွေ နည်းအောင် သမာဓိအလုပ်တစ်ခုခုနဲ့ စိတ်ကို ပြုပြင်ပေးရပါတယ်။ ဥတုသပ္ပာယဖြစ်အောင်လည်း နေထိုင်ရပါတယ်။ အာဟာရမျှအောင်လည်း စားသောက်ရပါတယ်။

စိတ်သာရှင်စော ဘုရားဟောလို့ဆိုလေတော့ စိတ်လှဖို့ကတော့ အဓိကပါ။ လောကထဲက အလှအပဟူသမျှ စိတ်လှသူတွေ ဖန်တီးထားကြတာပါ။လောကကို အလှဆင်တဲ့သူတွေဟာ စိတ်လှတဲ့သူတွေပါ။ ဒါကြောင့် မိမိတို့ စိတ်လှအောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ အလှပြင်ကိရိယာတွေနဲ့ စိတ်အလှပြင်ကြရပါမယ်။ ဒါနသီလစတဲ့ ဘာသာရေး ကျင့်ဝတ်တွေနဲ့ စိတ်အလှပြင်ကြရပါမယ်။
လှချင်ရင်တော့ ပြင်ရပါမယ်၊ ချောချင်ရင်တော့ ပြင်ရပါမယ်။ အလှတရားဆိုတာ မြင်ရသူတိုင်းစိတ်ကို ကြည်လင်ချမ်းမြေ့စေပါတယ်။

မိမိတို့နိုင်ငံ အဘက်ဘက်က ရုပ်ဆိုးအကျည်းတန်ဖြစ်ခဲ့ရတဲ့ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။ နိုင်ငံမှာ ပြစရာက ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုတဲ့ အလှနဲ့ တောတောင်ရေမြေဆိုတဲ့ သဘာဝအလှပဲရှိတာပါ။ သဘာဝအလှတွေတောင် လောဘဇောတိုက်သူ လူ့မိစ္ဆာတွေကြောင့် တော်တော်လေး ပျက်စီးကုန်ပါပြီ။ နိုင်ငံသားတို့ရဲ့ဘ၀ကတော့ တော်တော်ဆိုးဆိုးရွားရွားကို မလှမပ ဖြစ်နေရပါပြီ။ ရာခိုင်နှုန်း ၇၀ ခန့်ရှိတဲ့ ကျေးလက်လူနေမှု ဘ၀တွေကို လက်တွေ့ဆင်းကြည့်ပါ။ မြို့ပြဆင်ခြေဖုံးရပ်ကွက်တွေကို အနည်းငယ်မျှ စောင်းငဲ့ကြည့်ပါ။ ဘ၀တွေ ဘယ်လောက်ရုပ်ဆိုးကျည်းတန် ဖြစ်နေသလဲဆိုတာ မြင်ရပါလိမ့်မယ်။ တကယ်ကို မမြင်ရက် မကြည့်ရက်စရာတွေပါ။ သူတို့ဘ၀လေးတွေ အတန်အသင့် လှပလာအောင်၊ ကြည့်ပျော်ရှုပျော်လေးဖြစ်လာအောင် ဘယ်သူတွေ အလှပြင်ပေးကြမလဲ။ ဘယ်သူတွေ အလှဆင်ပေးကြမလဲ။ အဓိကတာဝန်ကတော့ နိုင်ငံ့တာဝန်ကို ယူထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါ။ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ စိတ်အလှကသာ သူတို့ဘ၀တွေကို အလှဆင်ပေးနိုင်ပါလိမ့်မယ်၊ အလှပြင်ပေးနိုင်ပါလိမ့်မယ်။

လောကမှာ အမြင်လည်းကောင်းဖို့ လိုပါတယ်၊ အကောင်းလည်းမြင်ဖို့ လိုပါတယ်။ အမြင်ကောင်းဖို့အတွက်ဆိုရင် လိုအပ်တာက အလှတရားပါ။ အကောင်းမြင်ဖို့အတွက်ကလည်း လိုအပ်တာက အလှတရားပါပဲ။
လူတော်လူကောင်းဆိုတာ လောကကို အလှဆင်သူတွေပါ။ လောကက တောင်းဆိုနေတာကလည်း လောကကို အလှဆင်မယ့် လူတော်လူကောင်းတွေပါ။ အလှဆိုတာလည်း သဘာဝအလှရှိနေပေမယ့် အရာခပ်သိမ်း အများစုကတော့ ပြင်မှလှမှာပါ။ လောကကို အလှပြင်နိုင်ကြပါစေ။ လောကကို အလှဆင်နိုင်ကြပါစေ။ လောကအလှကို ဖော်ကျူးနိုင်သော နှလုံးလှပိုင်ရှင်များ ဖြစ်ကြပါစေ။

eleven media group

အပြည့်အစုံသို့ »

အာဏာရှင်စနစ်ကြောင့် မြန်မာ့ကျန်းမာရေး အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


ကိုထွေး၊ DVB - 11 December 2013

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ ကျန်းမာရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ ထိပ်သီးညီလာခံ (WISH မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက အကောင်းဆုံး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ်ကို နိုင်ငံကို နှစ်ပေါင်း ၆၀ ခန့် အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီအစိုးရဆီကနေ လက်ခံရရှိခဲ့သလို လွတ်လပ်ရေးရပြီးတဲ့နောက် အစိုးရက အဲဒီအမွေပေါ်မှာ ဆက်လက်တည်ဆောက်ခဲ့ကာ ကျန်မာရေးစောင့်ရှောက်မှုမှာ မြန်မာဟာ ဒေသတွင်းမှာ အကောင်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ၁၉၆၀ နောက်ပိုင်း စစ်အစိုးရ အာဏာရပြီးတဲ့နောက်မှာတော့ ဒီအမွေဟာ ပျောက်ပျက်သွားပြီး ကမ္ဘာမှာ ကျန်းမာရေးစောင့်ရှောက်မှု အဆိုးဝါးဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တိုင်းပြည်ဟာ ဆင်းရဲပေမယ့် သဘာဝသံယံဇာတ အရင်းအမြစ်တွေ အများကြီး ရှိသလို ကောင်းမွန် သင့်တော်စွာ အသုံးပြုနိုင်ရင် အနာဂတ်မှာ ချမ်းသာနိုင်တဲ့အကြောင်းနဲ့ ဒီအထဲမှာ လူသားအရင်းအမြစ်က အဖိုးတန်ဆုံး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆယ်စုနှစ်များစွာ မြန်မာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ညံ့ဖျင်းစွာ ပုံသွင်းခဲ့သလို ပြည်သူတွေက ပစ္စည်း အရင်းအမြစ်မရှိတာကိုသာမက ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု မရှိခဲ့တာကို ခံစားရတာဟာ နှစ်ပေါင်း ၅၀ အာဏာရှင် အုပ်ချုပ်မှုရဲ့ ရလဒ်လို့လည်း ပြောပါတယ်။
ကလေးသူငယ် အသေအပျောက်နှုန်းဟာလည်း မြန်မာနိုင်ငံမှာ အရမ်းကို မြင့်မားနေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံက သူနာပြုတွေဟာ တကယ့်ကို စိတ်ရှည်ပြီး ဂရုဏာကြီးတဲ့အတွက် ကမ္ဘာတ၀န်းက တန်ဖိုးထားတယ်လို့လည်း ဆိုပါတယ်။
အရင်ဆယ်စုနှစ်တခုလုံး တိုင်းပြည်အတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရတဲ့သူတွေကို ကူညီဖို့ ကြိုးစားခဲ့သလို ဆေးဝါးအထောက်အပံ့နဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးခဲ့တဲ့အကြောင်း ဒီလို လုပ်ဆောင်ရာမှာ အခက်အခဲတခုက အကူအညီ ကို ယူဖို့ သူတို့ကို တိုက်တွန်းရတဲ့ကိစ္စ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကို ရောက်နေတာဟာလည်း တိုင်းပြည်က အကြီးဆုံး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြန်လည် ပြုပြင် မွမ်းမံရေး စီမံကိန်းမှာ ပါဝင်တဲ့အတွက် ဖြစ်တယ်လို့ ဒီထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့သူ တွေက မြန်မာပြည် ကျန်းမာရေးစောင့်ရှောက်မှုမှာ အောင်မြင်မှုရအောင် ကြိုးပမ်းချက်တွေကို စိတ်ဝင်စားဖို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

မိခင်ဟာလည်း သူနာပြုတဦးဖြစ်သလို အဲဒီအချိန်တုန်းက အဘိုးအဘွားတွေက သူနာပြုအဖြစ် လုပ်ဆောင်တာကို သဘောမတူခဲ့သလို ငယ်ရွယ်တဲ့ အမျိုးသမီးအဖြစ် မသင့်တော်ဘူး တွေးထင်ခဲ့ပေမယ့် အကောင်းဆုံး သူနာပြုတဦးဖြစ်အောင် ကြိုးစားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကမ္ဘာတလွှား ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးရဲ့ပမာဏ ခြေလှမ်းအဖြစ် ရည်ရွယ် လုပ်ဆောင်နေတဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ကမ္ဘာ့ ကျန်းမာရေး ဆန်းသစ်ထီထွင်မှုဆိုင်ရာ ထိပ်သီး ညီလာခံမှာ အစိုးရ၊ စီးပွားရေးခေါင်းဆောင်၊ ပညာရှင်နဲ့ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ပြီး ရင်ဆိုင်နေရတဲ့ ကမ္ဘာကျန်းမာရေး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီနှစ် ဆွေးနွေးပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တက်ရောက်နေပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှာက်မှု စနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မိုးညိုလည်း လိုက်ပါသွားတာ ဖြစ်ပါတယ်။ ဒါပြင် သီတဂူဆရာတော် အရှင်ဥာဏိဿရလည်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
ကာတာပညာရေး၊ သိပ္ပံနဲ့ လူမှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က WISH အဖွဲ့ကို စုစည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဗွီဘီ

အပြည့်အစုံသို့ »

ဆီးဂိမ်းတွင် မြန်မာတို့ မည်သို့မည်ပုံ အနိုင်ယူမည်နည်း


===============================
အယ်ဒီတာ့အာဘော် ကဏ္ဍ
===============================
မြန်မာနိုင်ငံသည် ဆီးဂိမ်းအားကစားပြိုင်ပွဲကို အိမ် ရှင်အဖြစ်လက်ခံကျင်းပ ရန် ၄၄နှစ်ကြာစောင့် ဆိုင်းခဲ့ရသည်။ နောက်ဆုံး အိမ်ရှင်အဖြစ်
လက်ခံကျင်းပခဲ့သည့်အချိန်သည် ဦးနေဝင်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်ကဖြစ်သည်။

၁၉၆၉ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့် ကျွန်း ဆွယ်အားကစားပြိုင်ပွဲအသွင်နှင့် ယခုအခါဆီးဂိမ်း ပြိုင်ပွဲအသွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့် အချိန်မှာ မတူတော့ပြီ။
စစ်အာဏာရှင်အစိုးရလက်အောက်တွင် နှစ်ပေါင်း ၄၀ ကျော်ကြာနေ ထိုင်ခဲ့ရသော မြန်မာနိုင်ငံ၏ အနာဂတ် ကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ဆိုသည့် ယန္တရားဖြင့် မောင်းနှင်နေသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသဖြင့် ဆီးဂိမ်း၏ ဆွဲဆောင်မှုအရှိန်က ပိုပြီးမြင့်တက်နေသည်။

နိုင်လိုစိတ်ပြင်းထန်နေကြသည့် အိမ်ရှင်ကစားသမားနှင့် ကမ္ဘာမှာမြန်မာဟေ့ဆိုပြီး ဟစ်ကြွေးမည့် ပရိသတ်အရှိန် ကလည်း ထိုနည်းအတိုင်းပင်ဖြစ်နေကြသည်။ ဆီးဂိမ်း ပြိုင်ပွဲပြီးမြောက် သည်နှင့် နောက်ထပ် အိမ်ရှင်အဖြစ် လက်ခံယူရမည့်နေရာကလည်း နိုင်ငံတကာက စိတ်ဝင် တစားစောင့်ကြည့်နေသည့် အာဆီယံ ဥက္ကဋ္ဌ နေရာဖြစ် သည်။ လပိုင်းမျှသာဝေးကွာသည့်အချိန်တွင် အိမ်ရှင် အဖြစ် လက်ခံယူရမည့်နေရာ နှစ်နေရာကလည်း အနာ ဂတ် မြန်မာနိုင်ငံ အတွက် မဟာအခွင့်အရေးတစ်ခုပင် ဖြစ်သည်။

ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံ ၏ ယဉ်ကျေးမှုဓလေ့ စရိုက်၊ ဧည့်ဝတ်ကျေပွန်လှသည့် စိတ်နေစိတ်ထားနှင့် တစ်ဖက်သားအပေါ် ကူညီလေ့ရှိ သည့် ရွှေနိုင်ငံသားများ၏ဂုဏ်ကို ဖော်ထုတ်ပြသရမည့် ပြိုင်ပွဲဆိုလျှင်လည်း မမှားပေ။ ထိုသို့သောဂုဏ်ပုဒ်ကိုဖော် ထုတ်ပြသကြမည့် နိုင်ငံတော်အစိုးရ၊ ပြိုင်ပွဲဝင်ကြမည့် ကစားသမား၊ အားပေးကြမည့် ပရိသတ်များအားလုံး စည်းလုံးကြမှသာလျှင် ထိုဂုဏ်သတင်းကို အကောင်အ ထည်ဖော်နိုင်ကြပေလိမ့်မည်။ ထိုသုံးဦးသုံးဖော် မညီ ညွတ်လျှင် မြန်မာနိုင်ငံ၏အနာဂတ် ဝေဝါးသွားပေလိမ့် မည်။ ကျွန်တော်တို့ မည်သည့်လမ်းကိုရွေးကြမည်နည်း။ ယခုအချိန်သည် မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရအတိမ်း အစောင်းမခံနိုင်သော အချိန်လည်းဖြစ်သည်။ နိုင်ငံရေး အမြတ်ထုတ်မည့်သူတချို့ကလည်း ယခုအချိန်ကို အခွင့် အရေးတစ်ခုသဖွယ် အသုံးချလာနိုင်ဖွယ်ရှိသည်။

၁၉၆၉ ခုနှစ်ကကျင်းပခဲ့သည့် ကျွန်းဆွယ်ပြိုင်ပွဲ ကို လေ့လာကြည့်လျှင် ထိုအချက်နှစ်ချက်ကို တွေ့ရမည်ဖြစ် သည်။ ထိုစဉ်က နိုင်ငံရေးအမြတ်ထုတ် မည့်သူ တချို့ ကြောင့် လက်ဝှေ့ပွဲကြည့်စင်ကိုမီးရှို့ပြီး မြန်မာ၏ပုံရိပ် ကိုဖျက်ဆီးခဲ့ကြသည်။ တချို့က ပွဲကြည့်လက်မှတ်မရမှု ကို အကြောင်းပြကာ ပြဿနာဖန်တီးခဲ့သဖြင့် မြန်မာတို့ ၏ ပုံရိပ်အကျည်းတန်ရုပ်ဆိုးခဲ့ရသည်။ သို့သော်ထိုအချိန် နှင့် ယခုအချိန်က နှစ်ပေါင်း၎ဝကျော်ကွာခြားခဲ့ပြီ ဆို နိုင်သော်လည်း ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် သာဓကကို ကျွန်ုပ်တို့ သတိမူထားသင့်သည်။

သတိမမူ ဂူမမြင်ဆို သည့် မြန်မာ ဆိုရိုးမဖြစ်ပေါ်ဖို့ သုံးဦးသုံးဖလှယ် တာဝန် ကျေရမည်ဖြစ်သည်။ နိုင်လိုစိတ် ကို ရှေတန်း တင်ပြီး ပြိုင်ပွဲတိုင်း ကိုအနိုင် ရရမည်ဆိုသည့်စိတ်ကို ဒုတိယနေရာမှာထားကာ ကမ္ဘာ မှာ မြန်မာဟေ့ဆိုသည်ကို ယဉ်ကျေးမှုအပေါ်အခြေခံပြီး နိုင်ငံတကာ ကို ပြသဖို့လိုပေသည်။ နိုင်လိုစိတ်ပြင်းထန် ကာ ဒိုင်၏ဆုံးဖြတ်ချက်ကို မညီမျှဟုဆိုပြီး ဖြစ်ခဲ့ဖူးသည့် သာဓကများကို ကစားသမားများကောင်းစွာ သင်ခန်းစာ ယူပြီး ယှဉ်ပြိုင်သင့်သလို ပရိသတ်များကလည်း တစ်ဦး ပေါ် တစ်ဦး ထိန်းထိန်းသိမ်းသိမ်း စည်းကမ်းရှိရှိ ပါဝင် အားပေးကြ မည်ဆို လျှင် ပြိုင်ပွဲတစ်ခုတည်းက အောင် မြင်မှုနှစ်ခုရအောင် ယူနိုင်ပေလိမ့်မည်။

ထိုသို့ အောင် မြင်မှုနှစ်ခုကို ရအောင်ယူမည်ဆိုပါက အစိုးရနှင့် ကစား သမားများအပါအဝင် ပရိသတ်များအားလုံးလည်း တာ ဝန်ကျေမည်ဟု သုံးသပ်မိပါကြောင်း။

အယ်ဒီတာ

ဒီဇင်ဘာ ၁၀၊ ၂၀၁၃
Yangon Media Group

အပြည့်အစုံသို့ »

လူထုအားနဲ့ အာဏာသိမ်းမယ့် ထိုင်းနိုင်ငံရေး


၂၀၁၃ ဒီဇင်ဘာ ၁၀ ရက်တွင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်အနီးတွင် ဆန္ဒပြနေသူများ

Written by စိန်ကျော်လှိုင်

ထိုင်းအိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်လက်ကို ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၁ ရက်) နောက်ဆုံးထားပြီး ရာထူးကဆင်းပေးဖို့ ဆန္ဒပြခေါင်းဆောင် ဆူထက်က ရာဇသံပေးထားပါတယ်။ အင်္ဂါနေ့ အစောပိုင်းမှာ ၀န်ကြီးချုပ် ယင်လက်က အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး နှစ်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရယူထားတဲ့ အာဏာကို ပီဒီအာစီခေါ်ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီက အာဏာပြန်သိမ်းတယ်လို့ ပီဒီအာစီအတွင်းရေးမှူးလည်းဖြစ်တဲ့ ဆူထက်က တိုင်းပြည်ကို ကြေညာပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက ဆူထက် ရဲ့ကြေညာချက်ဖြစ်ပါတယ်။ သူ့အဆိုအရ " ထိုင်းအစိုးရဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့သလို တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကိုပါချိုးဖောက်ခဲ့လို့ အစိုးရကိုပေးထားတဲ့ အာဏာကို ပြည်သူတွေက ပြန်သိမ်းယူခွင့်ရှိတယ် " ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းအခြေခံဥပဒေပါ အချုပ်အခြာအာဏာကို ထိုင်းပြည်သူတွေသာ ပိုင်ဆိုင်သည်ဆိုတဲ့ အခြေခံဥပဒေပုဒ်မ ၃ ကို ပီဒီအာစီအဖွဲ့က ကျင့်သုံး မယ် လို့ဆိုပါတယ်။

ထိုင်းဘာသာနဲ့ ပရာချာဖိဝပ်လို့ခေါ် တဲ့ ထိုင်းဆန္ဒပြလှုပ်ရှားမှုဟာ ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ပီဒီအာစီအဖွဲ့က ပြန်သိမ်းမယ့် အချုပ်အခြာအာဏာဟာ လက်နက်ကိုင် အာဏာသိမ်းပြီးရလာတဲ့ အချုပ်အခြာ အာဏာနဲ့တူတယ်လို့ ဆူထက်က နှိုင်းပြပါတယ်။ ဆိုလိုတဲ့သဘောက တိုင်းပြည်အာဏာကို လက်နက်နဲ့သိမ်းယူလို့ရသလို လူထုအားနဲ့လည်း ပြန်သိမ်းနိုင်တယ်လို့ ဆန္ဒပြခေါင်းဆောင်လည်းဖြစ် ဒီမိုကရက်ပါတီ အမတ်ဟောင်းလည်းဖြစ်တဲ့ ဆူထက်က ထိုင်းပြည်သူတွေကို ရှင်းပြတာဖြစ်ပါတယ်။

အစိုးရအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူထုအားနဲ့ ပြန်ယူတယ်ဆိုတာ ထိုင်းနိုင်ငံရေးလောကမှာ အရင်ကမရှိခဲ့တဲ့ အတွက် ပီဒီအာစီခေါ် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီရဲ့ ကြေညာချက်အပေါ် ထိုင်းနိုင်ငံရေးသမားတွေကြား၊ ထိုင်းပညာရှင်တွေကြား အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ကမှ ဒီမိုကရက်ပါတီအမတ်အဖြစ်က နုတ်ထွက်ခဲ့တဲ့ ၀ီရပ်ကလျာသီရိ ကတော့ အောက်လွှတ်တော် ဖျက်ပေးရုံနဲ့ မလုံလောက်ဘူး။ ယင်လက်ရဲ့ အိမ်စောင့်အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရမယ်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေလည်း နုတ်ထွက်ရမယ်။ ဘုရင့်ထောက်ခံမှု ရအောင် အထက်လွှတ်တော် ဥက္ကဋ္ဌက ကြားနေ ၀န်ကြီးချုပ်တစ်ဦး ခန့်ဖို့လျာထားရမယ်။ ပြည်သူကခန့်ထားတဲ့ အိမ်စောင့်အစိုးရသစ်က နောက်ကျင်းပမယ့် ရွေးကောက်ပွဲသစ်အတွက် လုပ်ကိုင်ရင်း ပြုပြင်ပြောင်းလဲရေးအတွက် လိုတဲ့ဥပဒေတွေပြင်ပေးရင်း အနည်းဆုံး ခြောက်လကနေ တစ်နှစ်ထိ တာဝန်ယူရမယ်လို့ ပြောပါတယ်။ ဒါ့ပြင် ပြည်သူတွေကနေ ၀န်ကြီးချုပ်သစ်တစ်ဦးခန့်ပြီး အစိုးရသစ်ဖွဲ့ရမယ်။ ပြီးရင် ဥပဒေပြုကိစ္စတွေဆောင်ရွက်ဖို့ ပြည်သူ့ ကောင်စီတစ်ခု ဖွဲ့ရမယ်လို့ ဆန္ဒပြခေါင်းဆောင် ဆူထက်က တနင်္လာနေ့ ညကကြေညာပါတယ်။

ဆူထက်တို့ရဲ့ လူထုနည်းနဲ့ အာဏာသိမ်းရေး စီမံချက်သာ အောင်မြင်ခဲ့ရင် ထိုင်းနိုင်ငံရေးလောကမှာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်သွားနိုင်သလို အခြေခံဥပဒေအပေါ် အငြင်းပွားနေတဲ့ မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း နိုင်ငံရေးဂယက်ရိုက်သွားနိင်ပါတယ်။ ဥပမာ-မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ ၂၀၀၈ မှာလည်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် လို့ ပုဒ်မ ၄ မှာ ပြဋ္ဌာန်းထားပါတယ်။ သဘောကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံလုံးရှိ မြန်မာပြည်သူတွေသာ ပိုင်ဆိုင်သည်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အချုပ်အခြာအာဏာကို ထိုင်းပြည်သူတွေသာ ပိုင်ဆိုင်သည်ဆိုတဲ့ အချက်ကို ဆူထက်ခေါင်းဆောင်တဲ့ ဆန္ဒပြသူတွေက လက်တွေ့ကျကျ အကောင်အထည်ဖော်တော့မှာမို့ ထိုင်းနိုင်ငံရေး ဘာဆက်ဖြစ်မလဲဆိုတာ ခါတိုင်းထက် တွက်ရခက်လာပါတယ်။

အိမ်စောင့် အစိုးရ၀န်ကြီးချုပ်က အောက်လွှတ်တော်ဖျက်ပြီး နှစ်လအတွင်း ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကတိပေးတာကို ဆူထက်နဲ့ ဆန္ဒပြထိုင်းပြည်သူတွေ ဘာကြောင့် လက်မခံရသလဲဆိုတာ စဉ်းစားထိုက်ပါတယ်။ ထိုင်းပြည်သူတွေရဲ့ အကျပ် အတည်းက ရွေးကောက်ပွဲသာကျင်းပမယ် ဆိုရင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ပါတီ ကသာ အမြဲနိုင်နေမှာဖြစ်တဲ့အချက် ဖြစ်ပါ တယ်။

ထိုင်းနိုင်ငံရေးအတွက် အကြီးမားဆုံး အနှောင့်အယှက်က သက်ဆင်ရဲ့ ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှုဖြစ်ပါတယ်။ သူ့ချမ်းသာမှုက ပြည်ပကနေတောင် ထိုင်းဘုရင်ရဲ့ ပလ္လင်ကို ကိုင်လှုပ်နိုင်စွမ်းရှိပါတယ်။ မဲဝယ်တဲ့နေရာမှာ သူ့လောက်ငွေသုံးနိုင်တာမရှိ။ ထိုင်းမှာ ရွေးကောက်ပွဲလုပ်နေသမျှ သက်ဆင်ပါတီ တစ်ခုတည်းကချည်း နိုင်နေမှာဖြစ်တယ်။ ထိုင်းနိုင်ငံရေးမှာ သက်ဆင်ပါတီကို ပြိုင်နိုင်တဲ့ပါတီ မပေါ်သေးပါ။ ဒီမှာတင် ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီနဲ့ တခြားပါတီတချို့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ပြိုင်ဘက်မရှိ တစ်ဖက်သတ် အနိုင်ရသွားတဲ့ သက်ဆင်ရဲ့ အဲဒီအချိန် ထိုင်းရပ်ထိုင်းပါတီကို ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ ဘုရင်က ထောက်ပြပြီး မကြာမီ ထိုင်းစစ်တပ်က အာဏာသိမ်းပါတယ်။ သက်ဆင်လည်း ပြည်ပကို ထွက်ပြေးရပါတယ်။

သက်ဆင်ဘက်က သူ့ပါတီဟာ ရွေးကောက်ပွဲနဲ့ တက်လာတာမို့ ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ နိုင်ငံတကာကို ရှင်းလင်းတယ်။ ဒါမှန်ပါတယ်။ ခက်တာက ထိုင်းမှာ ရွေးကောက်ပွဲလုပ်နေသမျှ သူ့ပါတီချည်းပဲ နိုင်နေမှာကို လူတိုင်းသိနေတဲ့ အချက်ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဆိုတာ ထိုင်းနိုင်ငံအတွက် ဒီမိုကရေစီနည်းလမ်း ကျရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ တစ်ခါရွေးကောက်ပွဲနည်း နဲ့မဟုတ်ဘဲ ပြည်သူ့ကောင်စီကို အာဏာ အပ်ပါလို့ ဆန္ဒပြသူတွေ တောင်းဆိုနေတာကလည်း အခြေခံဥပဒေနဲ့ မညီပါလို့ ထိုင်းပညာရှင်တချို့က ထောက်ပြတယ်။ တချို့ပညာရှင်တွေကလည်း ဆန္ဒပြသူတွေ တောင်းဆိုတာကို ထောက်ခံပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲလုပ်ဖို့ ကြေညာတဲ့အတွက် ထိုင်းအိမ်စောင့် အစိုးရ၀န်ကြီးချုပ် ယင်လက်ကို ချီးကျူးစရာမလိုပါ။ ယင်လက်ဘက်ကလည်း ပြည်သူကတောင်းဆိုလို့ ပြည်သူ့အကျိုးအတွက် အောက်လွှတ်တော် ဖျက်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ကြေညာတာမဟုတ်ဘဲ ပြန်နိုင်မှာသေချာလို့ နှစ်လ အတွင်း ရွေးကောက်ပွဲလုပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ယင်လက်ရဲ့ပါတီကလည်း လာမယ့်ရွေးကောက်ပွဲမှာ ယင်လက်ကို နံပါတ်တစ် ပါတီခေါင်းဆောင်အဖြစ် လျာထားတဲ့အတွက်နိုင်ရင် နောက်တစ်ခါ ယင်လက်ပဲ ၀န်ကြီးချုပ်ဖြစ်မှာပါ။

ဆန္ဒပြသူတွေဘက်က ကြည့်တော့လည်း ယင်လက်ရာထူးကထွက်ပြီး အောက်လွှတ်တော်ဖျက်ရုံနဲ့ ထိုင်းနိုင်ငံရေး မပြေလည်နိုင်။ သက်ဆင်ရဲ့ သြဇာလွှမ်းမိုးမှု စနစ်ကြီးကိုပါ အမြစ်ပြတ်အောင် နုတ်ပစ်နိုင်မှ အောင်ပွဲရမယ်လို့ ခံယူထားပါတယ်။ တကယ် လက်တွေ့ကျကျ အောင်မြင်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

eleven media group

အပြည့်အစုံသို့ »

မြူးနစ်မှာ ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ မန်စီးတီး

အင်္ဂါနေ့မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ် ပထမနေ့ပွဲတွေမှာတော့ မန်စီးတီးက မြူးနစ်ကွင်းမှာ (၂)ဂိုးရှုံးနေရာမှ ချေပဂိုးနဲ့အနိုင်ဂိုးတွေပြန်သွင်းပြီး ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင် ခဲ့ပါတယ်။ မန်ယူအသင်းကလည်း ဖီးလ်ဂျုံးစ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ အုပ်စုပထမနေရာသေချာခဲ့ပါတယ်။ အဆုံးအဖြတ်ပွဲဖြစ်တဲ့ ဂါလာတာစာရေး-ဂျူဗင်တပ်စ်ပွဲကတော့ ရာသီဥတုဆိုးရွားမှု ကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုပွဲစဉ်တွေအပြီးမှာ အစောပိုင်းကတည်းက အုပ်စုကတက်ခွင့်ရထား တဲ့ မန်ယူ၊ ရီးယဲယ်၊ PSG၊ ဘေယန်၊ မန်စီးတီးအသင်းတွေနဲ့အတူ လေဗာကူဆင်၊ အိုလံပီယာကော့စ်တို့ နောက်တစ်ခွင့်တက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့ညပွဲရလဒ်များ
မန်ယူ ၁-၀ ရှက်တာဒိုးနက်
ဆိုစီဒက် ၀-၁ လေဗာကူဆင်
ကိုပင်ဟေဂင် ၀-၂ ရီးယဲယ်မက်ဒရစ်
ဂါလာတာစာရေး P-P ဂျူဗင်တပ်စ်
ဘင်ဖီကာ ၂-၁ PSG
အိုလံပီယာကော့စ် ၃-၁ အန်ဒါလက်ခ်ျ
ဘေယန်မြူးနစ် ၂-၃ မန်စီးတီး
ပါလ်ဇန် ၂-၁ CSKA မော်စကို

eleven media group

အပြည့်အစုံသို့ »