တောင်ငူမြို့ အမှတ်(၆)ကျောင်း ဘောလုံးကွင်း အတွင်း ပညာရေးမှူးရုံး ဆောက်လုပ်မှု ကျောင်းသားဟောင်းများ ကန့်ကွက် (ပေးစာ)


တောင်ငူ၊ ဒီဇင်ဘာ တောင်ငူမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းအတွင်း တောင်ငူ ခရိုင်ပညာရေးမှူးရုံးနှင့် ၀န်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား အဆိုပါကျောင်း၏ ကျောင်းသားဟောင်းများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ နှင့် မြေယာပိုင်ဆိုင်မှုနှင့် ဆက်နွယ်သည့် ဘွဲမိုဘွာသာသနာနယ် အသင်းတော် များအဖွဲ့တို့မှ ကန့်ကွက်နေသော်လည်း တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း ကျောင်းသားဟောင်းတစ်ဦးဖြစ်သူဦးထွန်းသူရိန်ငြိမ်းမှပြောကြားသည်။

 အဆိုပါကန့်ကွက်လွှာတင်သွင်းမှုကြောင့် ယခုလ ၁၀ ရက်နေ့နှင့် ၂၆ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့်အဖွဲ့မှ လာရောက်၍ ကျောင်းသားဟောင်းများအား ခေါ်ယူ စုံစမ်းညှိနှိုင်းခဲ့ပြီး ““ ရပ်တန့်၍ မရကြောင်း”” ငြင်းဆန်ခဲ့ပြီး လက်မှတ်ရေးထိုးမှုတွင်ပါဝင်ခဲ့သော ကျောင်းသားဟောင်းဖြစ်သူ ဆရာ/ဆရာမများကိုလည်း ပညာရေးအာဏာပိုင်များက ခေါ်ယူကြိမ်းမောင်းခဲ့ကြောင်းသိရသည်။

““ ကျွန်တော်တို့က ကျောင်းဘောလုံးကွင်းထဲမှာ တည်ဆောက်နေတာကို ကန့်ကွက်တာပါ။ တခြားဌာနဆိုင် ရာရုံးတွေ တည်ဆောက်ခဲ့သလို တောင်ငူမှာမြေလွတ်တွေရှိပါတယ်။ ဒီကျောင်းထဲမှာပဲ ဆောက်ချင်ရင်တောင် တခြားလွတ်နေတဲ့နေရာမှာ ဆောက်ဖို့ တောင်းဆိုခဲ့တာပါ နောက်ပြီး မြန်မာဘောလုံးအဆင့်နိမ့်ကျနေတာကိုဘဲမြင်တယ် နိုင်ငံတော်အတွက်အားထားရမယ့် ကျောင်းသားအားကစားသမားတွေအတွက် မီခိုအားထားရာ ကျောင်းဘောလုံးကွင်း (အားကစားကွင်း)တွေ ကျူးကျော်ဖျက်ဆီးခံနေရာတာကို လူကြီးတွေမေ့နေကြတယ်”” ဟု ကျောင်းအကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးလွင်အေး မှပြောကြားသည်။

 ပညာရေးအာဏာပိုင်များကလည်း အဆိုပါဘောလုံးကွင်းသည် စံချိန်မီပြိုင်ပွဲများကျင်းပနိုင် သည့်ကွင်းမဟုတ်သည့်အတွက် လေ့ကျင့်ရေးကွင်းမဖြစ်သားချန်ထားပေးမည်ဟုဆိုသောလည်း ကျောင်းသားများ ဘောလုံးအားကစား လေ့ကျင့်ရန်အတွက် စံချိန်စံညွှန်းအတိုင်းအတာမှ ပျက်ဆီးသွားမည်ဖြစ်သော ဘောလုံး အားကစားအတွက် လေ့ကျင့်ရန်မဖြစ်နိုင်တော့ကြောင်း ကျောင်းသားဘောလုံးသမားတစ်ဦးကပြောကြားသည်။

ယင်းကျောင်းဘောလုံးကွင်းအတွင်း အလျားပေ ၉၀ အနံပေ ၃၀ ရှိသည့် နှစ်ထပ်အဆောက် အဦးတစ်လုံး တည်ဆောက်လျှက်ရှိပြီး ခြံဝန်အကျယ်မှာ (၀.၈၀)ဧက (ဘောလုံးကွင်း၏ သုံးပုံတစ်ပုံခန့်) ရှိသော ကြောင့် တည်ဆောက်ပြီးစီးပါက ဘောလုံးကွင်းများတွင်ရှိသည့် စံချိန်စံညွှန်းအတိုင်းအတာမှာ ပျက်ဆီးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ထိုပြင် ရုံးဆောက်လုပ်မှုအတွက် အများပြည်သူသို့ တင်ဒါစနစ်ခေါ်ယူခဲ့ခြင်းမရှိ သည့်အတွက် ပွင့်လင်းမြင်သားမှုမရှိကြောင်း လက်ရှိဆောက်လုပ်ခွင့် ရရှိသည့် amazing myanmar ကုမ္ပဏီမှာ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူး၏ သားမက်တော်စပ်သူဖြစ်သောကြောင့် လုပ်ငန်းရှင်းများအကြား ဝေဖန်မှုများ ရှိနေကြောင်းသိရသည်။

toungoo wathch

အပြည့်အစုံသို့ »

ဘာအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အပစ်ရပ် မူကြမ်းသစ် ထွက်ပေါ်ရန်ရှိ


တိုင်းရင်းသား လက်နက်ကိုင်, ငြိမ်းချမ်းရေး, အပစ်အခတ် ရပ်စဲရေး, အစိုးရ, ဘားအံ
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ပေါင်းစုံ ညီလာခံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကရင်ပြည်နယ် ဘားအံမြို့၌ ဇန်န၀ါရီလကုန်ပိုင်းတွင် ကျင်းပမည့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှု မူကြမ်းတခု ထွက်ပေါ်လာရန် ရှိကြောင်း သိရ သည်။

ယင်း ဆွေးနွေးပွဲကို လာမည့် ဇန်န၀ါရီ ၂၄ ရက်နေ့မှ ၂၅ ရက်အထိ ဘာအံမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကာ ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားများဘက်မှ ဖွဲ့စည်းထားသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့က ၄င်းတို့၏ နှစ်ဘက်မူကြမ်းများကို ညှိနှိုင်းကြမည်ဖြစ်ကြောင်း NCCT ဒု ဥက္ကဌ စောကွယ်ထူးဝင်း က ဧရာဝတီ သို့ ပြောသည်။

“သူ့ မူကြမ်း ကိုယ့်မူကြမ်းကိုင်ပြီး ဆွေးနွေးနေတာနဲ့ ဆွေးနွေးပွဲက ပြီးမှာ မဟုတ်တော့ဘူး၊ အခုဟာက မူကြမ်းတခုတည်း ဖြစ် အောင် ညှိနှိုင်း နေတာပါ၊ လက်ရှိ တော်တော်များများက အဓိပ္ပာယ်တူတာတွေ များတယ်၊ စကားလုံးတွေ ပြန်ညှိကြတာပေါ့၊ ဘာအံ ဆွေးနွေးပွဲမှာ မူကြမ်း တခု ထွက်လာဖို့ ရှိပါတယ်၊ နှစ်ဘက်သဘောတူတဲ့ မူကြမ်းပေါ့”ဟု ဖဒိုစောကွယ်ထူးဝင်း က ပြောသည်။

ယင်းမူကြမ်းနှင့် ပတ်သက်ပြီး ယခုလ ၂၉ ရက်နေ့က ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သော အလွတ်သဘော တွေ့ဆုံမှု၌လည်း နှစ်ဘက် အမြင်အားဖြင့် ရာခိုင်နှုန်း အများစု တူညီကြောင်း သိရသည်။

ထိုတွေ့ဆုံမှုတွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဘက်မှ ညှိနှိုင်းသည့် မူကြမ်းမှာ ယခင်အပစ်အခတ် ရပ်စဲရေး ဆိုင်ရာမူကြမ်းအတိုင်း မဟုတ်ဘဲ အသစ်ရေးဆွဲလာသည့် သဘော ဖြစ်ကြောင်းလည်း NCCT ဥက္ကဌ ဦးနိုင်ဟံသာ ပြောသည်။

“အမြင်အားဖြင့် ၈၀ ရာခိုင်နှုန်းလောက် တူညီတယ်၊ ဒီတခါမှာ သူတို့ဘက်က အသစ်ရေးလာတယ်၊ အဲ့ဒီဟာမှာ ယေဘုယျအနေနဲ့ ခြုံပြောရရင်တော့ ဖက်ဒရယ်မူကို ဦတည်တဲ့ဟာပေါ့”ဟုလည်း ၄င်းက ဆိုသည်။

လက်ရှိ ညှိနှိုင်းမှု အခြေအနေများအရ တိုးတက်မှုရှိလာသော်လည်း လာမည့် ဇန်န၀ါရီ၌ ကျင်းပမည်ဖြစ်သော ဘာအံ ဆွေးနွေးပွဲ တွင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် အဆုံးသတ် ညှိနှိုင်းရေးမှာ မသေချာသေးကြောင်း နိုင် ဟံသာ က ပြောဆိုသည်။

“ဒီပွဲမှာ အဆုံးသတ်ညှိနှိုင်း နိုင်မယ်၊ မညှိနှိုင်းနိုင်ဘူး ဆိုတာက ရာနှုန်းပြည့်တော့ မပြောနိုင်သေးဘူးဗျ”ဟု ၄င်းက ပြောသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အနေဖြင့် လက်ရှိ ညှိနှို်င်း အကောင်အထည် ဖော်နေ မှုနှင့် ပတ်သတ်ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ဘာအံခရိုင် အတွင်းရှိ လောစီးလား ဒေသ တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပေါင်းစုံစုစည်း၍ မူကြမ်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးရန် ရှိကြောင်း သိရသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆွေးနွေးမည့် ညီလာခံသည် KNU က ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပြီး ဘာအံဆွေးနွေးပွဲ မတိုင်ခင် ဇန်န၀ါရီ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှာ အောက်တိုဘာ လကုန်ပိုင်းက ကျင်းပခဲ့သည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံပြီးလျှင် ဒုတိယ အကြိမ်မြောက်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံသည့် ညီလာခံလည်း ဖြစ်သည်။

ယင်းညီလာခံမှ ဆုံးဖြတ်ချက်များနှင့် အစိုးရဘက်မှ ညှိနှိုင်းမည့် မူကြမ်းကို ဘာအံဆွေးနွေးပွဲတွင် ညှိနှိုင်းပေါင်းစည်းကြမည်ဟု လည်း သိရသည်။

ဘာအံဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် အဖြေတခု ထွက်လာနိုင်မည်ဖြစ်သည်နှင့်အညီ  လေ့လာစောင့်ကြည့်သူများအဖြစ်လည်း ထပ်မံတိုးကာ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

“အရင်တက်ခဲ့တဲ့ ကုလ ကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ နဲ့ တရုတ်ကိုယ်စာလှယ်လည်း ပါမယ်။ အင်္ဂလန်၊ ဂျပန် ထပ်ဖိတ်မယ်၊ ဒေါ်စုနဲ့ ဦးခွန်ထွန်းဦးတို့ကိုလည်း ဖိတ်ဖို့ သဘောတူထားပါတယ်”ဟု ၄င်းက ဆက်ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုများကို လက်ရှိ အစိုးရသစ် တက်လာပြီး နောက် ပိုင်းမှစ၍ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီမှုများဖြင့် လုပ်ဆောင်လာခဲ့ပြီး လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့နှင့် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ယခုအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူမှုကို လက်မှတ်ထိုးရန် လုပ်ဆောင်လျက်ရှိပြီး သမ္မတ ဦးသိန်းစိန် ၏ ဥရောပခရီးစဉ် လန်ဒန် ချာတန်ဟောက် မိန့်ခွန်းတွင်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးနိုင် မည်ဟု နိုင်ငံတကာ မျက်နှာစာ အလယ်တွင် ပြောကြားထားသည်။
ဧရာဝတီ သတင်း

အပြည့်အစုံသို့ »

ပြည်ခိုင်ဖြိုးပါတီကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေး ဆုံးဖြတ်


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ခံထားရတဲ့ ပုဒ်မ ၅၉ စ အပါအဝင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက် ၇၃ ချက်ကို ပြန်လည်ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့အတွက် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ရဲ့ ဗဟို ကော်မတီ အစည်း အဝေးကနေ ဆုံးဖြတ်လိုက်တယ်။


 ပြည်ခိုင်ဖြိုးပါတီရဲ့ မူလ ပြည်ခိုင်ဖြိုးအသင်း အမှတ်တံဆိပ်

ပြည်ခိုင်ဖြိုး ပါတီရဲ့ ဗဟို ကော်မတီအစည်းအဝေ ဒုတိယအကြိမ်ကို အခု ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပ ခဲ့တာ ဖြစ်ပြီး လွှတ်တော်တွင်းမှာ အများစု အနိုင်ရပါတီကြီးက အခုလို ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းချက် အပေါ် NLD နဲ့ အခြား အတိုက်အခံ အင်အားစုတွေကလည်း သဘောတူထောက်ခံကြမှာ သေချာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက်ပုဒ်မ ၅၉ (စ) မှာ

"မိမိကိုယ်တိုင် သော် လည်း ကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သား၊ သမီး တဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေ သူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး ၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပြဋ္ဌာန်းထားပြီး

ယင်း ပြဋ္ဌာန်းချက်သည် နိုင်ငံခြားသား သား ၂ ဦး ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် အတွက် သမ္မတ
လောင်းဖြစ်ခွင့် အခွင့်အရေးကို တားဆီးထားတာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သား ၂ ဦးတို့ ဟာ အစဉ်တစိုက် မြန်မာနိုင်ငံသားအဖြစ်သာ ရှိခဲ့ရာက ၁၉၈၉ ခုနှစ် ကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးကို မြန်မာနိုင်ငံသား အဖြစ်က ပယ်ဖျက်ခဲ့လို့ ဖခင်ဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်က ဗြိတိန်
နိုင်ငံသားဖြစ်နေတာကြောင့် သူတို့ ၂ ဦးဟာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူခဲ့ရ တာဖြစ်တယ်လို့ သိရပါ တယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး တောက်လျှောက် ပြောလာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက မကြာသေး ခင် က ပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည်ဖြစ်စေ၊ မပြင်ဆင်သည်ဖြစ်စေ လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

NLD အနေနဲ့ ပြိုင်ဖက် ပြည်ခိုင်ဖြိုးပါတီနဲ့ နှလုံးရည် အရ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်
နိုင် တယ် လို့လည်း ထိုနေ့က သတင်းစာ ရှင်းလင်းပွဲမှာ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသွားပါတယ်။

NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အကန့်အသတ်ဖြစ်နေတဲ့ ပုဒ်မ ၅၉ စ လုံးအပါ အ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်လိုသော အချက် ၁၆၈ ချက် ရှိတယ်လို့လည်း ပြောပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ သတင်း

အပြည့်အစုံသို့ »

ကမ္ဘာ့ရေပန်းအစားဆုံး အပျော်စီးသဘောင်္ဖြင့်လည်ပတ်ချင်စရာခရီးစဉ်တွင် မြန်မာနိုင်ငံ ပထမဆုံးအကြိမ်ပါဝင်လာ


ကမ္ဘာကျော် မီဒီယာကြီးတစ်ခုဖြစ်သော Telegraph က ရေးသားသော ၂၀၁၄ ခုနှစ်အတွက် ရေပန်းအစားဆုံး အပျော်စီးသင်္ဘောဖြင့် လည်ပတ်ချင်စရာ နေရာစာရင်းတွင် မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ပါဝင်လာခဲ့ပြီဖြစ်ကြောင်း ၂၈-၁၂-၂၀၁၃ ရက်က သိရသည်။ အဆိုပါစာရင်းကို နှစ်စဉ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ရေးသားလေ့ရှိကြောင်း သိရကာ Telegraph ၏ ပရိသတ်များထံမှ စစ်တမ်းကောက်ယူမှုအရ ယင်းကဲ့သို့ ဖော်ပြနိုင်ခြင်းဖြစ်ကာ မြန်မာနိုင်ငံမှာ ကမ္ဘာကျော် ဒေသများဖြစ်သော ဂျာမနီ၊ ဂလက်စကို၊ ဗီယက်နမ်၊ ပနားမားတူးမြောင်း၊ ဆိုက်ဘေးရီးယား၊ နယူးယောက်၊ အိန္ဒိယတို့နှင့် တန်းတူပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Telegraph ၏ ဖော်ပြမှုတွင် အာရှဒေသမှ မြန်မာနှင့် အိန္ဒိယသာ ပါဝင်လာခဲ့ပြီး အရှေ့တောင်အာရှတွင် နာမည်ကြီးဖြစ်သော ဖူးခက်၊ ပိုလာဘာလီကျွန်း၊ ဗီယက်နမ် ဟာလောင်း အစရှိသော ဒေသများကို ကျော်လွန်ကာ မြန်မာနိုင်ငံက သတ်မှတ်ဖော်ပြခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဖော်ပြချက်တွင် ယခုနှစ် ၂၀၁၄ အတွက် သင်္ဘောစီး လည်ပတ်စရာ ခရီးစဉ်တွင် မြန်မာနိုင်ငံမှာ ရေပန်းစားနေပြီး ကမ္ဘာကျော် သင်္ဘောလိုင်းကြီးများက ခရီးစဉ် ထည့်သွင်းရောင်းချမှုများ ပြုလုပ်ရာ၌ လူကြိုက်များပြီး စိတ်ဝင်စားခြင်းခံရသော ခရီးစဉ်တစ်ခု ဖြစ်နေပြီဟုဆိုသည်။

 မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်ကဲ့သို့သော အစဉ်အလာကြီးမားသည့် မြစ်ကြီးများအပြင် ကမ်းရိုးတန်း မိုင်ရှည်လျားမှုနှင့် လှပသည့် ကျွန်းစုများစွာ ရှိနေခြင်းတို့က ခရီးသွားများကို ဆွဲဆောင်မှုများ ဖြစ်လာစေခဲ့သည်ဟု သိရသည်။ မြန်မာခရီးစဉ်အတွက် Luftner Cruise, Coroisi Europe, Wendy Wu, Ama Waterways အစရှိသည်တို့က ကြိုတင်လက်မှတ်များ ရောင်းချနေကြပြီး ယခုနှစ် ဒီဇင်ဘာလအတွင်းတွင် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော သုံးစင်းမှာလည်း တစ်လအတွင်း အများဆုံး စံချိန်အဖြစ် သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
By ခေတ်လူငယ်
khit lu nge

အပြည့်အစုံသို့ »

မြန်မာနိုင်ငံတွင် ပိုလီယိုကင်းစင်ကြောင်း ရှေ့နှစ်ဖေဖော်ဝါရီလတွင်" ကြေညာမည်


ပိုလီယိုကင်းစင်ကြောင်း ကြေညာပြီးသော ထိုင်းနိုင်ငံနှင့် ပိုလီယိုဖြစ်ပွားမှုများသော အိန္ဒိယနိုင်ငံတို့ကြား ရောက်ရှိနေသော မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပိုလီယိုကင်းစင်ကြောင်း ကြေညာနိုင်တော့မည်ဟု ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဝင်းနိုင်က ပြောကြားသည်။ ယင်းကြေညာချက်ကို မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကူအညီဖြင့် ပူးတွဲကြေညာသွားရန် စီစဉ်ထားသည်။ ပိုလီယိုကင်းစင်ကြောင်း ကြေညာမည့် နိုင်ငံများသည် ပိုလီယိုရောဂါ ကာကွယ်ဆေး တိုးမြှင့်တိုက်ကျွေးခြင်း၊ ပိုလီယိုရောဂါအကြောင်း လေ့လာမှုလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် ဓါတ်ခွဲခန်းများတွင် အဆိုပါရောဂါပိုးများကို စမ်းသပ်စစ်ဆေးမှုများ အစဉ်ပြုလုပ်နေရန်တို့ လိုအပ်ကြောင်း WHO က လမ်းညွှန်ချက် ချမှတ်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ ကလေးရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပိုလီယိုရောဂါ အမြစ်ပြတ်စေရန် ကာကွယ်ဆေး တိုက်ကျွေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ခဲ့သော်လည်း ၂၀၀၇ ခုနှစ်အထိ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် ပိုလီယို ဖြစ်ပွားသူ ၁၁ ဦး တွေ့ရှိခဲ့ကြောင်း ဒေါက်တာဝင်းနိုင်က ထပ်လောင်း ပြောကြားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၃ ခုနှစ်၌ ကာကွယ်ဆေးမှ အသွင်ပြောင်းလာသော ပိုလီယိုရောဂါပိုး အမျိုးအစား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ကာကွယ်ဆေး သောက်သုံးပြီးသော ကလေးငယ်များက တစ်ဆင့် ကာကွယ်ဆေး မသောက်သုံးဖူးသော ကလေးငယ်များကို ကူးစက်ခြင်း ဖြစ်သောကြောင့် လာမည့်နှစ်များတွင် ကာကွယ်ဆေးများ ပိုမိုလွှမ်းခြုံရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။ မြန်မာနိုင်ငံတွင် ၁၉၇၈ ခုနှစ်ကတည်းက ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှုများ စတင်ပြုလုပ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အမျိုးသားကာကွယ်ဆေးတိုက်နေ့ သတ်မှတ်ပြီး နှစ်စဉ်တိုက်ကျွေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။""
khit lu nge

အပြည့်အစုံသို့ »

တပ်မတော်ကို ပြန်လည် အဖတ်ဆယ်ပါ


ယနေ့မြန်မာနိုင်ငံ၏ အကြီးဆုံးစိန်ခေါ်မှုသည်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟု ဆိုနိုင်သည်။ အချို့က မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးလုပ်ငန်းမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက အရှိန်အဟုန်ဖြင့် တိုးတက်အောင် လုပ်သွားရေးဟု ယူဆချင်ယူဆမည်။

ထိုအယူအဆသည် မှားသည်ဟု မဆိုနိုင်သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပေါ်တွင် တည်မှီနေသည့်အလျောက် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး ပြဿနာက ယင်းဥပဒေ ပြင်ဆင်နိုင်ရေးသာ ဖြစ်နေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရေးကြီးသော လုပ်ပိုင်ခွင့်အာဏာ အများအပြားကို တပ်မတော်ထံ အပ်နှံထားသလိုသာဖြစ်နေ၍ ဒီမိုကရေစီစံနှုန်းများနှင့် မညီသည်မှာလည်း တပ်မတော်ခေါင်းဆောင်များပင် ငြင်း၍မရနိုင်သောအချက်ဖြစ်သည်။ ပြည်သူက ရွေးချယ်မပေးသူက လွှတ်တော်ထဲရောက်ခွင့်၊ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့် မရနိုင်သောဥပဒေ ဖြစ်နေပြီဆိုကတည်းက ထိုဥပဒေသည် အရေးကြီးသော ဒီမိုကရေစီအခြေခံမူတစ်ခုဖြစ်သော Equality ကို ပိတ်ပင်ထားပြီး ဖြစ်နေပေပြီ။

“တရားမျှတ လွတ်လပ်ခြင်းနှင့် မသွေ” ဟူသော နိုင်ငံတော်သီချင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဆန့်ကျင်နေကြောင်း ထင်ရှားနေပေပြီ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံ၏ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်းကို အခွင့်အရေး ညီတူညီမျှပေးရမြဲ ဖြစ်သည်။ လက်ရှိအနေအထားအရသော် သမ္မတ ဖြစ်လိုသော နိုင်ငံသားတစ်ဦးသည် တပ်မတော်ထဲသို့ဝင်၊ ဗိုလ်ချုပ်ကြီးအဆင့်လောက် တပ်မတော် ထိပ်တန်းရာထူးမျိုး ရောက်အောင် လုပ်နိုင်မှသာ ထိုအခွင့်အရေးရမည့်သဘောဖြစ်နေသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို အလေးထား ပြောကြားနေသည်။ အနောက်နိုင်ငံကြီးများကလည်း ထိုကိစ္စကို ပြောလျက်ရှိပေသည်။ တစ်ဖက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခြေခံဥပဒေပါ ဒီမိုကရေစီကျင့်စဉ်များကို ၀ိုင်းဝန်းထိန်းသိမ်းရန် တပ်မတော်က ပါနေရကြောင်း ကာကွယ်ပြောဆိုနေပေသည်။

ကမ္ဘာ့အလယ်တွင် နေကြသည့်အလျောက် ကမ္ဘာ့နိုင်ငံကြီးများ ပြောကြဆိုကြသည့် စကားများကိုလည်း နားစွင့်ကြရပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် အမေရိကန်က ပြောလို့၊ အီးယူက ပြောလို့ဆိုပြီး ကိုယ့်နိုင်ငံကိစ္စကို ဆုံးဖြတ်ဖို့လိုမည် မထင်ပါ။ ကိုယ့်ပြည်သူတွေက ပြောတာကိုပဲ အလေးထား စဉ်းစားဖို့ လိုပါမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်ခေါင်းဆောင်ကြီးများသည် အဓိကကျသဖြင့် တပ်မတော်ခေါင်းဆောင်ကြီးများကို ပြည်သူပြည်သားတစ်ဦးအနေဖြင့် ကျွန်တော် မေတ္တာရပ်ခံလိုပါသည်။

ကျွန်တော် မေတ္တာရပ်ခံလိုသည်မှာ တပ်မတော်ခေါင်းဆောင်ကြီးများ တကယ်တမ်း ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုသည်ဆိုလျှင် ပြည်သူ့မျက်နှာကိုကြည့်၍ ပြည်သူနှင့် မကင်းကွာအောင် တပ်မတော်ကို ပြင်ယူပါ ...” ဟူ၍ ဖြစ်ပါသည်။

ကျွန်တော့်စကားတွင် တပ်မတော်က “ပြည်သူနှင့် မကင်းကွာအောင်” ဟူ၍ ပါနေတော့ တမင် တပ်မတော်အပေါ် မလိုမုန်းထားစိတ်နှင့် စွပ်စွဲသည်ဟု အထင်ရောက်နိုင်သည်။ မမှန်တာကို စွပ်စွဲခြင်းမဟုတ်။ တပ်မတော်အပေါ် ပြည်သူတွေက ဘယ်လိုမြင်နေကြောင်းကို ကျွန်တော်က ပြည်သူများအကြားတွင် နေနေသူမို့ သိပါသည်။

ကျွန်တော်သည် နိုင်ငံရေးပါတီဆို၍ မ.ဆ.လ အမြုတေကာလတွင်သာ ပါဖူးသည်။ နောင်တွင် တော်လှန်ရေးကောင်စီ၏ ဆိုရှယ်လစ်စနစ် မအောင်နိုင်မှန်း သိမြင်၍ တင်းပြည့်ပါတီဝင်အဖြစ်တောင် ဆန္ဒမပြုတော့ပါ။ ကျွန်တော်သည် ဗ.က.ပ လည်း မဟုတ်၊ NDL လည်း မဟုတ်သလို ဘယ်ပါတီတွင်မှ ၀င်ထားသူလည်း မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော့်အပေါ် ဘယ်နိုင်ငံရေးပါတီ၏ သြဇာမှ လွှမ်းစရာမရှိပါ။

ဆန္ဒစွဲ ရှိကြစတမ်းဆိုလျှင် ကွယ်လွန်သူ ကျွန်တော့်သမက်သည် စစ်သားတစ်ဦးဖြစ်၍ တပ်မတော်ဘက်ကသာ လိုက်ဖို့ရှိပါသည်။ ထို့ကြောင့် ကျွန်တော် ပြောတာသည် ပြည်သူတွေ၏အမြင်၊ ပြည်သူတို့၏ခံစားချက်အတိုင်းသာ ဖြစ်သည်။

ကျွန်တော်သည် အသက် ၇၄ နှစ်ထဲ ရောက်လုနီးပြီဖြစ်၍ သူပုန်တွေ ၀ိုင်းဝိုင်းလည်နေသော တိုင်းပြည်ကို လုံခြုံအေးချမ်းမှုရအောင် တပ်မတော်က ရင်မြေကတုတ် လုပ်လာခဲ့ပုံ၊ ရှမ်းပြည်နယ် အရှေ့ခြမ်းတစ်ခုလုံးနီးပါး တရုတ်ဖြူတွေ သိမ်းထားသော အခြေအနေမှ အသက်တွေ စွန့်၍ ကျူးကျော်သူများကို မောင်းထုတ်ခဲ့ပုံများကို သိမီလာသူဖြစ်သည်။ တပ်မတော်သားတွေကို ပြည်သူတွေ အောင်သပြေရေချမ်း ကမ်းခဲ့ပုံ၊ တပ်မတော်သားများ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ပုံများကို သိမီလာခဲ့သူဖြစ်ပါသည်။

အစိုးရ၀န်ထမ်းအဖြစ် အင်္ဂလိပ်စစ်တပ်တွင်ပါ လုပ်ခဲ့သော ဗိုလ်ကြီး၊ ဗိုလ်မှူးများ၊ ဂျပန်စစ်တက္ကသိုလ် ပထမပတ်ဆင်း ဂျပန်ပြန်ဗိုလ်မှူးကြီးများမှသည် ပင်စင်မယူမီ နောက်ဆုံးအချိန်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တစ်ပတ်တည်းဆင်း ဗိုလ်မှူးအထိ တပ်မတော်အရာရှိများ လက်အောက်တွင် အနီးကပ် တာဝန်ထမ်းဆောင်လာသူဖြစ်၍ တပ်မတော်သားတွေအကြောင်းလည်း သိတန်သမျှ သိပါသည်။

မ.ဆ.လခေတ်တွင် စီးပွားရေးမအောင်မြင်၍ ပြည်သူက စိတ်ပျက်တာပဲရှိသည်။ တပ်မတော်အပေါ် သိပ်ပြီး အဆိုးမမြင်သေးပါ။

သို့ရာတွင် ၁၉၈၈ ခုနှစ်တွင် တပ်မတော်အစိုးရတက်လာ ၁၉၉၀ ပြည့်နှစ်တွင် ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တကယ်မျှော်လင့်အားထားပြီး NLD ကို မဲတွေ စုပြုံပေးလိုက်သည်။ NLD လည်း နိုင်ရော တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးစောမောင်က “ရွေးကောက်ပွဲ လုပ်ပေးတာ သူတို့ကို ဘယ်သူက အာဏာပေးမယ် ပြောလို့လဲ” ဟူသော သဘောပြောလိုက်တော့တာပါပဲ။ ဤတွင် တပ်မတော်သည် တို့ပြည်သူတွေကို စော်ကားတာပဲ။ နိုင်သူကို အာဏာမပေးဘဲနှင့် တို့ပိုက်ဆံ ကုဋေကုဋာတွေ အကုန်ခံပြီး ရွေးကောက်ပွဲလုပ်တာ အပျင်းပြေလုပ်တာလားလို့ အချင်းချင်း မေးငေါ့ပြောတော့တာပါပဲ။

ထိုအချိန်မှစ၍ တပ်နှင့်ပြည်သူ ကင်းကွာသွားတော့တာပါပဲ။ ကိုယ်လုပ်ကိုင်နေတဲ့ မြေတွေကျတော့ အသိမ်းခံရ၊ ဆင်းရဲတွင်း ပိုနက်လာ၊ ဗိုလ်ချုပ်ကြီးတွေ၊ သူတို့နှင့် နီးစပ်သူများကျတော့ အဆမတန် ကြီးပွားချမ်းသာသွားကြသည့်အခါ ပြည်သူတွေက တပ်မတော်ကို မကြည်ညိုနိုင် ဖြစ်သွားကြတော့တာပါပဲ။

လူအများစုကတော့ စစ်တပ်ကို နှာခေါင်းရှုတ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်က ထိုသို့သောသူများကို ပြောရပါသည်။“ခင်ဗျားတို့ ၀ါးလုံးသိမ်းနဲ့ မမုန်းကြပါနဲ့။ စစ်ဗိုလ်တိုင်း စားရတာ မဟုတ်ဘူး။ ကျုပ်က တပ်ထဲမကြာခဏ ရောက်နေလို့ သိပါတယ်” ဟူ၍ ပြောရခြင်းဖြစ်ပါသည်။

ချုပ်ပြောရသော် ပြည်သူများသည် တပ်မတော်ကို ရှေးကလိုပဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်စေလိုပါသည်။ မိမိတို့ဆန္ဒ နှင့်တစ်သားတည်းကျသော တပ်မတော် ဖြစ်စေလိုပါသည်။ တပ်မတော် နိုင်ငံရေးထဲ ပါလာတာ ပထမက အာဏာလိုချင်၍ မဟုတ်မှန်းလည်း သိကြပါသည်။ သို့ရာတွင် ပြည်သူကတင်မြှောက်သောပါတီကို အာဏာမအပ်ဘဲ နှစ်ပေါင်းများစွာ အာဏာကို ဆုပ်ကိုင်ထားတာကျတော့ အာဏာလိုချင်လို့ပဲဟု မြင်လာကြပါသည်။

ယနေ့အချိန်တွင် တပ်မတော်သည် မိမိ၏ နေရာမှန်၊ မိမိ နဂိုတုန်းက ရှိခဲ့သော ဂုဏ်သိက္ခာကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီလိုလားသူများနှင့် ပူးပေါင်း၍ ပြန်လည်တည်ဆောက်ယူရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် တစ်လျှောက်လုံး ပြောလာသော စကားများကို ကျွန်တော် လေ့လာကြည့်မိသလောက်ဆိုရင် သူကလည်း သူ့ဖခင် တည်ထောင်ခဲ့သော တပ်မတော်ကို အလွန်သံယောဇဉ်ရှိပုံရပါသည်။

ထိုပကတိအခြေအနေတွေကို တပ်မတော်ခေါင်းဆောင်များက မျက်ကွယ်ပြုပြီး မိမိတို့ ယခင်ကိုင်စွဲထားသည့် အယူအဆအတိုင်း တင်းခံနေမည်ဆိုလျှင် ဒီမိုကရေစီကိုလည်း ကျွန်တော်တို့ အိပ်မက်မမက်ရဲ ဖြစ်ပါမည်။ အကောင်းဆုံးကတော့ အရေးပါသူ သက်ဆိုင်သူများ ညှိညှိနှိုင်းနှိုင်းဖြင့် ဆွေးနွေးယူကာ ကျွန်တော်တို့ပြည်သူတွေအတွက် အကောင်းဆုံးအဖြေကို ရှာဖွေနိုင်ရေး ဖြစ်ပါသည်။

ကျွန်တော်တို့ပြည်သူတွေ ရင်ဘတ်ဖိထားရမည့် လမ်းကြောင်းမျိုး မရွေးဘဲ တပ်မတော်ကို ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် ပြန်လည် အဖတ်ဆယ်ကြပါဟု တပ်မတော်ခေါင်းဆောင်များကို တိုက်တွန်းမေတ္တာရပ်ခံလိုပါသည်။

ဦးတင်ဦး(ကျူရှင်)
Mizzima Burmese

အပြည့်အစုံသို့ »

မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့မှစ၍ ၃ လကြာ ယာယီ ရပ်ဆိုင်း သွားသော်လည်း နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူများနှင စေခိုင်းသူများအကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။

``မိကျောင်းကန် မြေသိမ်းခံရတဲ့ထဲမှာ ပါဝင်ပြီး ဆန္ဒပြရာမှာ ဦးဆောင်တဲ့ မိုးသီးဇွန်ရဲ့ တပည့်ကိုယ်တိုင် ကျွန်မတို့ကို လာခေါ် တာပါ။ တစ်နေ့ကို ရှစ်ထောင်ပေးမယ်ဆိုပြီး ခေါ်လာတာပါ။ ဆန္ဒပြပွဲလည်းပြီးရော ငါးထောင်ပဲ ပေးတယ်´´ ဟု နေ့တွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မခိုင်မာက ပြောသည်။

အဆိုပါ မိကျောင်းကန်ဆန္ဒပြမှုများသည် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဆွေးနွေးပြီးနောက် သဘော တူညီမှုရရှိခဲ့ပြီး ၃ လစောင့်မည် ဟု သပိတ်စခန်းဖွင့်ဆန္ဒပြသူများက ကတိပြုခဲ့ကြောင်း သိရသည်။

သပိတ်စခန်းဖွင့်ဆန္ဒပြသူများတွင် မိကျောင်းကန်ရပ်ကွက်အပိုင်း(၁၊၂၊၃) တွင်နေထိုင်သူများ အပါအ၀င် အခြားမြို့နယ်များ မှလည်း နေ့တွက်စရိတ်ဖြင့် လာရောက်ဆန္ဒပြသူများလည်း ပါဝင်ကြောင်း၊ နေ့တွတ်စရိတ်ငွေကြေး အရှုပ်အရှင်းများကြောင့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

``တစ်ချို့က အစအဆုံး ဆန္ဒပြတဲ့အထဲပါတယ်။ တစ်ချို့ကလည်း တစ်ပတ်ဆယ်ရက် စသဖြင့်ပေါ့၊ တစ်နေ့ရှစ်ထောင် ပေးမယ်ပြောလို့ လာပြီးဆန္ဒပြကြတာပါ။
ဆန္ဒပြပွဲပြီးတော့ ငွေရှစ်ထောင်မဟုတ်ဘဲ၊ ငါးထောင်ပဲပေးတယ်။
ကျန်တဲ့ သုံးထောင်က တစ်နေ့စားစရိတ်နဲ့ တူညီဝတ်စုံ ဖိုးဆိုပြီးတော့ဖြတ်တယ်
အမှန်ဆိုရင် ကျွန်မတို့က စားစရိတ်မှ မလိုတာ။
အပြင်က လာလှူ တဲ့ ထမင်းဗူးတွေနဲ့ ရေသန့်ဗူးတွေက အလျှံပယ်ဘဲလေ။
အဲဒါ ခေါင်းဆောင်လုပ်သူကို ရှစ်ထောင်ပေးဖို့ တောင်းကြ တာပေါ့။
ခိုင်းတဲ့အဖွဲ့ကို ပြန်ပြောပေးမယ်ဆိုပြီး ဒီနေ့အထိ အကြောင်းမပြန် သေးဘူးလေ´´ ဟု နေ့တွက်ပါဝင်ဆန္ဒပြခဲ့သူ ကိုကျော်လင်းသောင်းက ပြောပြသွားသည်။

``မိကျောင်ကန်အပိုင်း(၁၊၂၊၃) ဟာ အစိုးရဘက်က စွပ်စွဲပြောဆိုသလို ကျူးကျော်တွေ တကယ်ဟုတ်၊ မဟုတ် စစ်ဆေးဖို့ လိုပြီးတော့ မိကျောင်းကန် မြေနေရာဟာ အရင်က ရပ်ကွက်တစ်ခုအဖြစ် နေထိုင်ခဲ့တာဖြစ်တဲ့အတွက် သေချာပြန်ပြီး စိစစ် ပြီး ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်´´ လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း က ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် ပါဝင်သူများအတွက် နေ့တွက်စရိတ် တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်းအား မိုးသီးဇွန်မှ ၎င်း၏တပည့်မှတစ်ဆင့် ရှင်းပေးခိုင်းကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးမှ ပြောဆိုခဲ့သည်။

အောင်မြင့်(သင်္ကန်းကျွန်း)
မြန်မာ့လင်းရောင်ခြည်

အပြည့်အစုံသို့ »