စာပေကင်ပေတိုင်တို့ မြန်မာ့အလင်းနဲ့ကြေးမုံမှာ သွားထိုင်ပြီ


သတင်းထဲမှာတော့ အဲသလို တည့်တည့် ရေးမထားပါဘူး။
Govt Newspapers Alter Ads Referencing Human Rights, Corruption ဆိုတဲ့ အဲဒီသတင်းထဲမှာ လူ့အခွင့်အရေး၊ အဂတိလိုက်စားမှု အစရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ကြော်ငြာများကို အစိုးရအာဘော်မြန်မာ့အလင်းကြေးမုံတို့က ဆင်ဆာဖြတ်နေတယ်လို့ ပုဂ္ဂလိကမီဒီယာတွေက ပြောတဲ့အကြောင်း ရေးထားတာပါ။

မြန်မာ့အလင်းကြေးမုံတို့က စစ်အစိုးရအဆက်ဆက်ရဲ့ ၀ါဒဖြန့်ချိရေးသတင်းစာတွေ ဖြစ်ခဲ့တာပါ။ အခု အရပ်ဝတ်ဦးသိန်းစိန်တို့လက်ထက်မှာလည်း အစိုးရအာဘော် ဖြစ်နေဆဲပါပဲ။

နေ့စဉ်ထုတ်သတင်းစာလောကကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ထားတဲ့အတွက်  ဈေးကွက်ဦး၊ စောင်ရေလည်းများ၊ နယ်စုံလည်း ရောက်ပါတယ်။
စောင်ရေ သုံးသိန်းဝန်းကျင်ရှိတဲ့အတွက် ကြော်ငြာထည့်လိုသူများအကြိုက်ဖြစ်နေတာပါ။

ပြီးခဲ့တဲ့လတွေအတွင်း ကြော်ငြာတွေကို ဆင်ဆာဖြတ်တာ မကြာခဏပါ။

ဒီအကြောင်း ရန်ကုန်အခြေစိုက် Human Rights and Democracy journal, မော်ကွန်း၊ ပဲ့တင်သံ အစရှိတဲ့ စာစောင်တွေရဲ့ အယ်ဒီတာများနဲ့ ဆက်သွယ်မေးမြန်းချက်တွေကို သတင်းထဲ တွေ့ရမှာပါ။
သူတို့ရဲ့ ကြော်ငြာတွေ သတင်းစာမှာ ထည့်တဲ့အခါ စာသားတချို့ စကားလုံးတချို့ အဖြုတ်ခံရတာ၊ ပိုယဉ်ကျေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ စကားလုံးပြင်ခိုင်းတာမျိုးတွေ ကြုံရပါတယ် တဲ့။
arrawady

အပြည့်အစုံသို့ »

ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ် မြင့်တက်မှုတွင် အာရှအသုံးစရိတ်က အဓိကပါဝင်ခဲ့




ဇန်န၀ါရီ ၃၀ ရက်တွင် အိုမန်ပင်လယ်ကွေ့၌ ဆိုက်ကပ်ထားသော အမေရိကန် ရေတပ်သင်္ဘော USS Harry S.Trumann ပေါ်၌ ရပ်ထားသည့် အမေရိကန်ရေတပ်၏ ဂျက်တိုက်လေယာဉ်များ (Photo:AFP)

အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် လက်နက်အားပြိုင်ပွဲများကြောင့် ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်သည် ၂၀၁၄ ခုနှစ်၌ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြင့်တက်မည်ဖြစ်ကြောင်း IHS Jane က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သော နှစ်စဉ်ကာကွယ်ရေး အသုံးစရိတ်ဆိုင်ရာ ပြန်လည်သုံးသပ်မှု လေ့လာချက်၌ ဖော်ပြထားသည်။

ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်သည် အနောက်နိုင်ငံများ၏ အသုံးစရိတ် ကျဆင်းမှုကြောင့် ပြီးခဲ့သောငါးနှစ်အတွင်း ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်ကို အနီးကပ်စောင့်ကြည့်သည့် ယင်းအဖွဲ့၏ လေ့လာမှုကဆိုသည်။

“ပြီးခဲ့တဲ့ နှစ်နှစ်ကျော်မှာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျနဲ့ အိုမန်လိုနိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ် ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်” ဟု IHS Jane ၏ လေကြောင်းအာကာသ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာနညွှန်ကြားရေးမှူး ပေါဘာတန်က ပြောကြားခဲ့သည်။

ရုရှားသည် ပြီးခဲ့သောနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၆၈ ဘီလျံထိ သုံးစွဲခဲ့ပြီး လာမည့်သုံးနှစ်အတွက်
ကာကွယ်ရေးအသုံးစရိတ်ကို ၄၄ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် စီစဉ်နေကြောင်း ယင်းလေ့လာမှုက ဖော်ပြထားသည်။ ပြီးခဲ့သောနှစ်တွင် တရုတ်က ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၃၉ ဘီလျံ သုံးစွဲခဲ့ကြောင်း သိရပြီး အမေရိကန် တစ်နိုင်ငံတည်းကသာ တရုတ်အသုံးစရိတ်ထက် များပြားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်၏ ကာကွယ်ရေး အသုံးစရိတ်သည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီသုံးနိုင်ငံပေါင်း အသုံးစရိတ်ထက် သာလွန်မည်ဖြစ်ကြောင်း ယင်းလေ့လာမှုအရ သိရသည်။

အာရှဒေသတွင်း အင်အားကြီးပြိုင်ဘက် တရုတ်နှင့် ဂျပန်တို့အကြား အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးအတွက် အငြင်းပွားမှုကြောင့် တင်းမာမှု မြင့်တက်ရာမှတစ်ဆင့် အာရှဒေသတစ်ဝန်း နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။ ၂၀၁၅ ခုနှစ်မတိုင်မီ တရုတ်မပါဝင်သော အာရှဒေသ ကာကွယ်ရေး အသုံးစရိတ်သည် အနောက်ဥရောပ ကာကွယ်ရေး အသုံးစရိတ်ကို ကျော်လွန်သွားမည်ဟု ခန့်မှန်းထားသည်။

ပြည်တွင်းစစ်ဖြစ်နေသော ဆီးရီးယားကို ထောက်ခံ၊ ကန့်ကွက်မှုနှင့် ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသရှိ ဒေသတွင်း အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများကြောင့် ယင်းဒေသ၌လည်း ကာကွယ်ရေးအသုံးစရိတ် မြင့်တက်ခဲ့သည်။ အမေရိကန် ကာကွယ်ရေးအသုံးစရိတ်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ အသုံးစရိတ်ထက် ကျော်လွန်နေဆဲ ဖြစ်သော်လည်း တဖြည်းဖြည်းချင်း ကျဆင်းလာမည်ဟု မျှော်လင့်ရသည်။

Ref:AFP
Myawady News

အပြည့်အစုံသို့ »

လွတ်လပ်စွာတရားစီရင်ရေးကို အနှောက်အယှက်ပြုကြသူများ



မြန်မာနိုင်ငံ၊ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲစခန်းများသည် မိမိတို့ရဲစခန်းလုပ်ငန်း ဆောင်တာ များကို အသီးသီးလုပ်ကိုင်ရာတွင် မြို့နယ်ဒေသခံများထဲမှ တစ်ဦးသို့မဟုတ် သုံးလေးဦးခန့်မှ ရဲစခန်း၏ လုပ်ငန်းများကို မျက်စေ့ဒေါက်ထောက်ကြည့်၍ အမျိုးမျိုးပြဿနာရှာလေ့/ တိုင်ကြားလေ့ ရှိကြ ပါသည်။

နိုင်ငံတော်အကြီးအကဲ သမ္မတကြီးမှ အစ အထက်ဌာနအသီးသီးဆီသို့ တိုင်စာတစ်မျိုး၊ ပစ်စာတစ်ဖုံ၊ ဖုန်းနှင့်တစ်သွယ် တိုင်ကြားလေ့ရှိပါသည်။ ထိုသို့ပြုလုပ်လေ့ရှိကြသည်မှာလည်း နစ်နာသူကိုယ်တိုင်မဟုတ်ဘဲ တစ်ဦးတစ်ယောက်မှနေ၍ ဒိုင်ခံတိုင်လေ့ရှိကြပါသည်။ အစောပိုင်းတွင်တော့ မှန်မှန်ကန်ကန်တိုင်ကြား သည်လည်း ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အထက်လူကြီးများမှ တိုင်ကြားခံရသူ ရဲတပ်ဖွဲ့ဝင်များအား အမျိုးမျိုးအရေးယူလျက်ရှိသဖြင့် နောက်ပိုင်းတွင်တော့ မှန်မှန်မမှန်မှန် ၎င်းတို့နှင့် ဆက်ဆံရေး အဆင်မပြေသော ရဲတပ်ဖွဲ့ဝင်များအား တိုင်ကြားကြပါသည်။ တိုင်ကြားခံရသူရဲတပ်ဖွဲ့ဝင်ကား တိုင်ကြားချက် မှန်မှန် မမှန်မှန် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေများဖြင့် အရေးယူခံရပါသည်။ အတိုင်ခံရလျင်ပင် အထက်လူကြီးများမှ စုံစမ်းစစ်ဆေးခြင်းမပြုတော့ပဲ တိုင်ကြားခံရသူရဲတပ်ဖွဲ့ဝင်များအား အရေးယူပါ တော့သည်။ စုံစမ်းစစ်ဆေးစေသော်လည်း စစ်ဆေးသူရဲတပ်ဖွဲ့ဝင်များမှ ၎င်းတို့ဘက်ပြန်ပတ်မည်စိုးသဖြင့် တိုင်ကြားခံရသူအား တိုင်ကြားချက်မှားသော်လည်း မှန်သယောင်ပြုကာ အရေးယူရန် မှတ်ချက်ပြု တင်ပြကြပါသည်။

သို့အတွက်ကြောင့် တိုင်ကြားသူအရပ်သားမှာ ရဲတပ်ဖွဲ့ဝင်များထက်ပင် အရေးပါအရာရောက်အာဏာ ရှိနေသည့်အပြင် ရဲတပ်ဖွဲ့ဝင်များမှ ၎င်းအရပ်သားအား မိမိအထက်လူကြီးတစ်ဦးပမာ ရိုသေစွာ ဆက်ဆံရလေ့ရှိပါသည်။ အဆိုပါ အရပ်သားစိတ်မညိုညင်အောင် နေကြရပါသည်။ အနှီအရပ်သားကလည်း အရပ်ထဲတွင် ၎င်းကို ရဲများမှ ကြောက်နေရကြောင်း၊ ၎င်းလုပ်သဖြင့် ရဲဘယ်နှစ်ယောက် ပြုတ်သွားပြီ၊ ထောင်ကျသွားပြီစဖြင့် ၀ါကြွားလေ့ရှိပါသည်။ အချို့ဆိုလျှင် တိုင်ကြားလေ့ရှိသူအရပ်သားများအား မတိုင်စေရန် လိုင်းကြေးသဘောမျိုးပင် ပေးနေရလေ့ရှိပါသည်။

ယနေ့မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲစခန်းများသည် လောင်းကစားသမားဒိုင်စသော ဒုစရိုက်သမားများနှင့် ကင်းကင်း ရှင်းရှင်းနေသော စခန်း တစ်ခုမှ မရှိပါ။ ငြင်းချက်ထုတ်ပါက အဆိုပါစခန်း ဘယ်ပိုက်ဆံနဲ့ အလုပ်လုပ် သလည်းဟု မေးရုံသာရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပေးခြင်းမရှိသော ရဲစခန်းလုပ်ငန်းသုံးငွေများသည် မည်သည့်နေရာများမှ လာသနည်း။ ရှင်းပါသည်။ ဒုစရိုက်လုပ်ငန်းအမျိုးမျိုးမှ စီးဆင်းလာသော ငွေကြေးများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံးတွင်ပျံ့နှံ့နေပါသည်။ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်၊ တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူး တို့သည် လာဘ်လာဘ မယူစေရန်၊ ဒုစရိုက်သမားများနှင့် ကင်းကင်းရှင်းရှင်းနေရန် စာအမျိုးမျိုး ထုတ်ဆင့်ညွှန်ကြားလေ့ရှိသော်လည်း အနယ်နယ်အရပ်ရပ် စခန်းအသီးသီးမှ ၎င်းတို့အိမ်သို့ ပေးပို့လာသော ဂါရ၀အမည်ခံ လက်ဆောင်အမျိုးမျိုးကို ငြင်းပယ်လိုက်သည် ဟူသော ဖြစ်ရပ်မျိုး တစ်စွန်းတစ်စ ပင်မကြားမိခဲ့ဖူးပါ။ ရဲစခန်းများ စစ်ဆေးရာတွင်လည်း ရဲစခန်းသာယာလှပရေး သုံးစွဲရသော ငွေကြေး၊ ဧည့်ခံစရိတ်တို့အား ပြန်လည် ထုတ်ပေးခြင်းမျိုးမရှိသည့်အပြင် အဆိုပါစစ်ဆေးသူ အထက်လူကြီးပြန်သွားပါက ဂါရ၀စာအိတ်မပါပါက အနှီစခန်းမှူးအိပ်ယာလိပ်ပြင် ရမည်ဖြစ်ပေသည်။ ထိုကဲ့သို့သော ရဲစခန်းကုန်ကျစရိတ် အမျိုးမျိုးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်မပေးသဖြင့် ရဲစခန်းအသီးသီးသည် ဒုစရိုက်သမားများနှင့် မချစ်သော် လည်း အောင့်ကာနမ်းနေရကာ လောင်းကစားလောကကြီး အဓွန့်ရှည်နေစေပါသည်။ ဆီကိုင်သောသူ ဆီပေ၏ ဆိုသောစကားလို ဒုစရိုက်သမားများထံမှ ရရှိငွေများမှာ ရဲစခန်းကုန်ကျစရိတ်ထက်ပင် အများကြီးပိုပါသည်။ ပိုငွေသည်ကား အိမ်သူသက်ထားဇနီးမယားနှင့် အထက်မြို့နယ်မှူး၊ ခရိုင်မှူး၊ တိုင်းတပ်ဖွဲ့မှူး၊ ရဲချုပ်၊ ၀န်ကြီးအဆင့်အဆင့်အတွက် ဂါရ၀ကြေးပင်ဖြစ်ပေသည်။

ယင်းကဲ့သို့သော ဒုစရိုက်သမားများနှင့် ပေါင်းသင်းနေကြသော ရဲတပ်ဖွဲ့ဝင်များ၏ အားနည်းချက်ကို သိရှိနေသော အရပ်သားများမှ ၎င်းတို့နှင့် အဆင်မပြေသော ရဲတပ်ဖွဲ့ဝင်များအား ဟုတ်ဟုတ် မဟုတ်ဟုတ်တိုင်ကြားလေ့ရှိပါသည်။ ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့သော်လည်း တိုင်ကြားခံရပါက အဆိုပါရဲတပ်ဖွဲ့ဝင်အား စစ်ဆေးအရေးယူပါတော့သည်။ အတိုင်ခံရသည်ကပင် အပြစ်တစ်ခုဖြစ်နေပါသည်။ မဟုတ်မမှန်လီဆည်တိုင်ကြားသော အရပ်သားအား အရေးယူခြင်းမပြုဘဲ တိုင်ကြားခံ ရဲတပ်ဖွဲ့ဝင်များအား အရေးယူသည်မှာ ယနေ့ခေတ်စားနေသော ဒီမိုကရေစီ လူ့အခွင့်အရေးကို အင်မတန်ချိုးဖောက်ခံနေရခြင်း ဖြစ်ပါသည်။

မိမိတို့အနေအစားပျက်မည်စိုးသဖြင့် တိုင်ကြားလေ့ရှိသူအရပ်သားအား အလိုက်အထိုက်ဆက်ဆံ နေရသော ရဲတပ်ဖွဲ့ဝင်များကား မိမိတို့အထက်လူကြီးလည်းကြောက်ရ၊ အရပ်သားလည်းကြောက်ရနှင့် ကျီးလန့်စာစားနေရသော ဘ၀ကို ကြုံတွေ့နေရပါသည်။

ဆန္ဒာဂတိ၊ ဒေါသဂတိ၊ ဘယာဂတိ၊ မောဟဂတိ ဟူသော အဂတိတရားလေးပါးကို လွတ်လပ်စွာ တရားစီရင်ရေးအတွက်သာမက တရားဥပဒေစိုးမိုးရေးအတွက် ကင်းရှင်းသင့်ပါသည်။ သို့သော်လည်း ဟုတ်ဟုတ်မဟုတ်ဟုတ် တိုင်ကြားလေ့ရှိသော သူများနှင့် မှန်မှန် မမှန်မှန် မင်းသာခံဟု သတ်မှတ်သော အထက်လူကြီးများကြောင့် ရဲတပ်ဖွဲ့ဝင်အများစုမှာ ဘယာဂတိဟူသော အဂတိတရားကို ချိုးဖောက်နေရလေတော့သည်။

BY THIT HTOO LWIN

အပြည့်အစုံသို့ »

သမီးကလေးကျေးရွာက အိမ်လေးတစ်လုံး (ရုပ်/သံ)

ကြည့်ကြစမ်းပါ ဦးဗျာ လှည်ကူးမြို့ နယ် သမီးကလေးကျေးရွာက အိမ်လေးတစ်လုံးပါ  ကြည့်ကြပါ ဒီဗွီဒီယို ဖိုင်ကို  ကျွန်တော်ကြည့်ရင်း အဲဒီအိမ်က မိသားစုဝင် တစ်ယောက်အနေနဲ့ ခံစားမိတယ် ယူကျုံးမရ ဖြစ်မိတယ် စိတ်မကောင်းဘူး ။ မူရင်း video from - Ei Ei Theint

သစ်ထူးလွင်

အပြည့်အစုံသို့ »

စစ်တပ်က ပြန်ပေးမြေ မူလပိုင်ရှင်တွေ မရ



စစ်တပ်က သိမ်းထားတဲ့ မြေဧက ၂ သိန်း ကျော်ကို မူလ ပိုင်ရှင်တွေ လက်ထဲ စတင် ပြန်လည် ပေးအပ် နေပြီဖြစ်ပေမဲ့ အတော် များများက ပြန်မရ သေးဘူးလို့ ပြည်ထောင်စု လွှတ်တော် မြေယာကော်မရှင်က ပြောပါတယ်။

စစ်တပ်က မြေဧက ၅ သောင်းကျော်ကို ပြန်ပေး ခဲ့ပြီး ဖြစ်ပြီး နောက်ထပ် ပြန်ပေးမှာနဲ့ဆိုရင် ဧက ၂ သိန်းကျော် ဖြစ်မယ်လို့ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က ပြည်ထောင်စု လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ စစ်တပ်က သိမ်းထားတဲ့ မြေဧက ဘယ်လောက် ရှိတယ် ဆိုတာကိုတော့ သူက ထုတ်ဖေါ် မပြောခဲ့ ပါဘူး။

စစ်တပ်က သိမ်းတဲ့ မြေတွေကို စုံစမ်း စစ်ဆေးတဲ့ အထဲမှာ ပါတဲ့ အမျိုးသား လွှတ်တော်အမတ် တစ်ယောက်ကတော့ မကွေးတိုင်းအတွင်း စစ်လက်နက် စက်ရုံ တစ်ခု ဆောက်ဖို့ ဆိုပြီး အနေနဲ့ သိမ်းတာတင် ဧက ၁ သိန်းကျော် ရှိတယ်လို့ ပြောပါတယ်။

အခုပြန်ပေးမယ့် မြေဧက ၂ သိန်းကျော်ဆိုတာ ကလည်း လွှတ်တော်ကို ရောက်လာတဲ့ တိုင်ကြားစာ ၂ ထောင်ကျော်ထဲက တိုင်စာ ၃ဝဝ အပေါ်မှာ ဆောင်ရွက်ပေးတဲ့ အရေ အတွက် ဖြစ်ပါ တယ်။

ဒီမြေတွေကို စစ်တပ်က ပြည်နယ်နဲ့တိုင်း အစိုးရ တွေကိုပြန် ပေးတာ ဖြစ်ပြီး သူတို့က တဆင့် မြို့နယ် မြေယာ ကောင်စီကို ပြန်ချပေးတဲ့ လုပ်ငန်း အဆင့်ဆင့်မှာ လက်ရှိ သီးစားခနဲ့ လုပ်ကိုင်နေကြသူတွေကိုသာ ပြန်ပေး တာကြောင့် မူလ ပိုင်ရှင်တွေ ပြန်မရကြသေးတာလို့ ပြည်ထောင်စု လွှတ်တော် မြေယာကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောပါတယ်။

မြေတွေကို စစ်တပ်က သိမ်းယူပြီးတဲ့နောက်မှာ သီးစားချပေး ထားလိုက်တဲ့ သူတွေကိုသာ ပြန်ပေးတဲ့ အတွက် မူလ ပိုင်ရှင်တွေက မကျေနပ်လို့ မြေယာကော်မရှင်ကို ထပ်မံ တိုင်ထားတာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်ဖို့ လွှတ်တော်မှာ အဆိုထပ်တင်ထားပြီး လာမယ့် တစ်ပတ်မှာ ဆွေးနွေးကြမယ်လို့လည်း ဦးသိန်းထွန်းက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အပြည့်အစုံသို့ »

မြန်မာနဲ့ နိုင်ငံတကာမှာ ဘာသာရေး လွတ်လပ်ခွင့် အရေးကြီးကြောင်း အိုဘားမားပြော



အမေရိကန်သမ္မတ Barack Obama ဟာ ဒီကနေ့ မနက် ၀ါရှင်တန် ဒီစီမြို့မှာ ပြုလုပ်တဲ့ National Prayer Breakfast နှစ်ပတ်လည် နံနက်စာ စားရင်း ဆုတောင်းပွဲပြုလုပ်တဲ့ အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောကြား တဲ့အထဲ ကမ္ဘာအနှံ့အပြားမှာ ဘာသာရေး လွတ်လပ်ခွင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ တာနဲ့ပတ်သက်ပြီး ပြောကြားသွားရာမှာ အာရှဒေသက မြန်မာနဲ့ တရုတ်နိုင်ငံ တို့ကိုလည်း ထည့်သွင်း ပြောကြား သွားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဘာသာရေး လွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ပါဝင်လာနိုင်ရေးအတွက် အခရာ ကျသလို အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အတွက်လည်း အရေးကြီးတဲ့ အကြောင်း သမ္မတ အိုဘားမားက  ၀ါရှင်တန်မြို့တော် မှာကျင်းပတဲ့ အမေရိကန် ရိုးရာ National Prayer Breakfast ခေါ် နှစ်ပတ်လည် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

နှစ်ပေါင်းများစွာ အမှောင်ဖုံးခဲ့တဲ့ခေတ်ကနေ လူထုကိုယ်စားပြု အစိုးရ အုပ်ချုပ်ရေး ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံက သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်၊ မြန်မာနိုင်ငံ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ပြန်လည် ပါဝင်လာနိုင်ရေးဟာ ခရစ်ယာန်နဲ့ မူဆလင်တွေရဲ့ အခွင့်အရေးတွေ အပါအ၀င် အခြေခံ လွတ်လပ်ခွင့်တွေကို ဘယ်လောက် လေးစားတယ်ဆိုတဲ့ အပေါ် မူတည်တဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သမ္မတအိုဘားမား ပြောဆိုသွားတာပါ။

ဘာသာရေးလွတ်လပ်ခွင့်ဟာ အမျိုးသားလုံခြုံရေးအတွက် အရေးပါသလို အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးဆက်ဆံရေးမှာ အဓိက လက်ခံထားတဲ့ မူဝါဒ တခုဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ သူ တရုပ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်ကလည်း ခရစ်ယာန် ဘာသာဝင်တွေ၊ တိဘက် ဗုဒ္ဓဘာသာဝင်တွေနဲ့ Uyghur မူဆလင်တွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ လိုတဲ့အကြောင်း အလေးအနက် ပြောဆိုခဲ့ တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

ဝါရှင်တန်မြို့တော်မှာ နှစ်စဉ် ဖေဖော်ဝါရီလရဲ့ ပထမဆုံး ကြာသာပတေးနေ့တွေမှာ ကျင်းပလေ့ရှိတဲ့ National Prayer Breakfast ခေါ် နှစ်ပတ်လည် ၀တ်ပြု ဆုတောင်းပွဲ အခမ်းအနားကို ဘာသာတရား အယူအစွဲ မရှိတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အသိုင်းအ၀ိုင်းက အထူးဧည့်သည်တော်တွေအပြင် ပြည်တွင်းနဲ့ ပြည်ပက ဘာသာရေးခေါင်းဆောင်တွေကို လည်း ဖိတ်ကြားလေ့ရှိပါတယ်။

အမေရိကန် သမ္မတနဲ့  လွှတ်တ်ာအမတ်တွေ၊ ပြည်နယ်ပေါင်းစုံက စီးပွားရေးလုပ်ငန်းရှင်တွေ ခေတ် အဆက်ဆက်ပါဝင် တက်ရောက်လေ့ရှိပြီး ဒီနှစ် အခမ်းအနားဟာ ၆၁ နှစ်မြောက် ကျင်းပတဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။

ဇော်ဝင်းလှိုင် (VOA)

အပြည့်အစုံသို့ »

ဝန်ကြီး ဦးအုန်းမြင့် ပြောကြားချက်ကိစ္စ အရေးယူရေး လွှတ်တော် စောင့်ကြည့်နေဆဲ


မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး သစ်ရာကောက်ကျေးရွာမှာ ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေအပေါ် အစိုးရအနေနဲ့ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေမယ်ဆိုရင် အရေးယူလာတဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ဒီကနေ့ ပြောပါတယ်။

ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ပေးဖို့ ဖေဖော်ဝါရီ ၄ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုပေါ်မှာ ပြန်ကြားရေးဝန်ကြီးဌာရဲ့ ၀န်ကြီး ဦးအောင်ကြည်က အစိုးရအနေနဲ့ အလေးထားဆောင်ရွက်နေကြောင်း၊ အချိန်ပေးဖို့လိုအပ်ကြောင်း လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့တဲ့အပေါ် ဘယ်လောက်ထိ အရေးယူဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်နေဆဲဖြစ်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ပြောပါတယ်။

“ပထမဆုံး ဦးအောင်ကြည် တုန့်ပြန်ချက်ကိုတော့ ကျနော်တို့ လက်မခံဘူးခင်ဗျ၊ ကျနော်အဆိုပြုတာနဲ့ သူဖြေတာ တခြားစီခင်ဗျ၊ ဝန်ကြီးတစ်ယောက်ရဲ့ ပြန်သူတွေကို လုပ်ပေးတဲ့အလုပ်တွေနဲ့ သူရဲ့စေတနာအမှား ဘယ်လိုမှမဖြစ်ပါဘူးခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ကြိမ်လည်း မဟုတ်ဘူး၊ နှစ်ကြိမ်လည်း မဟုတ်ဘူး၊ ဝန်ကြီးတစ်ယောက်က ဒီလိုစကားမျိုးပြောတာ သာမန်အရပ်သားတစ်ယောက်တောင် ပြောလို့လက်မခံတဲ့စကားပါ၊ ဒါကို အရေးယူဆောင်ရွက်ဖို့အတွက် သူ့ကိုအချိန်နည်းနည်းပေးပါ ဆိုတဲ့အတွက် ကျနော်တို့ကလည်း လွှတ်တော်ဥက္ကဌကလည်း ဒါကိုအချိန်ပေးပြီးတော့ စတင်ဆောင်ရွက်နေပြီဆိုတာတော့ ကျနော်တို့ အတိုင်းအတာတစ်ခုအထိ လက်ခံလိုက်ပါတယ်၊ ကျနော်တို့ စောင့်ကြည့်သွားမယ်၊ စောင့်ကြည့်လို့မှ ဟိုဟာမဖြစ်ရင် ကျနော်တို့ ထပ်ပြီးတော့ ဆောင်ရွက်သွားပါမယ်”

ဝန်ကြီး ဦးအုန်းမြင့်ရဲ့ပြောကြားချက်တွေဟာ နိုင်ငံတော်အစိုးရကိုရော လွှတ်တော်အပြင် နိုင်ငံရေးသမားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေရှိတဲ့အတွက် အစိုးရအအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောပါတယ်၊

“အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ လွှတ်တော်က စောင့်ကြည့်မယ်၊ စောင့်ကြည့်လို့ မဖြစ်လာဘူးဆိုရင်တော့ ကျနော်တို့ အဆိုထုတ်ပြန်တင်သွင်းရမှာပေါ့၊ သူတို့ကတိပေးထားခဲ့ပြီးသား၊ ဒါပေမဲ့ သူတို့အရေးယူပုံယူနည်းက ဘယ်လောက်ဖြစ်မလဲ၊ ဥပမာ ရွာသားတွေကို သွားပြီးတောင်းပန်မလား၊ အခြားနိုင်ငံရေးသမားတွေကို တောင်းပန်မလား၊ လွှတ်တော်မှာ လာတောင်းပန်မလား၊ ဒါကိုကျနော်တို့ စောင့်ကြည့်ရမယ်၊ ဘယ်လိုအခြေအနေမျိုး၊ သိသိသာသာလား၊ ညင်ညင်သာသာလား၊ ဝတ်ကျေတန်းကျေနဲ့ အရေးယူမှု ဟန်ဆောင်ပန်ဆောင်လုပ်တာလား ကျနော်တို့က ကြည့်ရမယ်လေ၊ ကျနော်တို့က ဘာပဲပြောပြော ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ထင်ပါတယ်”

ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ပြောပြသွားတာပါ၊ ၀န်ကြီး ဦးအုန်းမြင့်ရဲ့ စကားတွေထဲမှာ နိုင်ငံရေးသမားတွေကို စော်ကားမှုတွေ ပါဝင်တဲ့အတွက် အရေးယူပေးဖို့ဆိုပြီး လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပါတယ်၊

RFA Burmese

အပြည့်အစုံသို့ »