လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်ရေး အလားအလာအပါအ၀င် မြန်မာ့နိုင်ငံရေးကို ဗြိတိသျှအိမ်ရှေ့စံ ချားလ်စ်မင်းသား စိတ်ဝင်တစားမေးမြန်း၊ မြန်မာနိုင်ငံကို အလည်သွားရောက်ချင်ကြောင်းပြောကြား



13-2-2014 (First Media Group)

ဗြိတိသျှတော်ဝင်အိမ်ရှေ့စံချားလ်စ်မင်းသားဟာ သူ့ရဲ့ကြင်ယာတော် နဲ့အတူလန်ဒန်မြို့လယ်မှာရှိတဲ့ ဘီဘီစီရုပ်သံဌာနကို ဖေဖော်ဝါရီလ ၁၁ ရက် မနက်ကသွားရောက်လေ့လာခဲ့ကြောင်းနဲ့ နိုင်ငံတကာသတင်းဌာနကြီးဖြစ်တဲ့ ဘီဘီစီသတင်း မြန်မာပိုင်းအစီအစဉ် ထုတ်လွှင့်မှုတွေကို အထူးပြုလေ့လာရင်း မြန်မာနိုင်ငံသားဝန်ထမ်းတွေနဲ့ ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့ ကြောင်း သိရှိရပါတယ်။

“အိမ်ရှေ့စံမင်းသားက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ အင်္ဂါနေ့ မနက် ပိုင်းမှာ သူ့ရဲ့ကြင်ယာတော်နဲ့အတူ New Broadcasting House ရှိ ဘီဘီစီ သတင်းဌာနရုံးသစ်ကြီးကို လာရောက်လေ့လာရင်း ကျွန်တော်တို့ မြန်မာသတင်း ဌာနကိုဝင်ရောက်လာပြီးမြန်မာနိုင်ငံသားဝန်ထမ်းတွေကို ရင်းရင်းနှီးနှီးနှုတ်ဆက် ပါတယ်။ ပြီးတော့ မြန်မာသတင်းဌာနကနေ ဘာတွေထုတ်လွှင့်သလဲ၊ မြန်မာ နိုင်ငံရဲ့ လက်ရှိနိုင်ငံရေးပြောင်းလဲလာတဲ့အချိန်မှာ မြန်မာသတင်းဌာနအနေ နဲ့ ဘယ်လိုသတင်းမျိုးတွေကို ထုတ်လွှင့်နိုင်သလဲဆိုတာတွေကို စိတ်ဝင်တစား သူကမေးပါတယ်” လို့ ဘီဘီစီသတင်းဌာန မြန်မာပိုင်းအစီအစဉ်တင်ဆက်သူ ၀န်ထမ်းတစ်ဦးက First Weekly ကိုပြောပါတယ်။

ဗြိတိသျှအိမ်ရှေ့စံချားလ်စ်မင်းသားက လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးအခင်းအကျင်းသစ် အပြောင်းအလဲများအပြင် မြန်မာနိုင်ငံရဲ့နိုင်ငံရေး အလား အလာတွေကိုလည်း မေးမြန်းခဲ့သလို အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံတော် မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သမ်္မတဖြစ်နိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကအစ နိုင်ငံရေးအလားအလာတွေကို ဘီဘီစီရုပ်သံဌာန မြန်မာပိုင်းအစီအစဉ်မြန်မာဝန်ထမ်းတွေကို စိတ်ဝင်တစားမေးမြန်းခဲ့သလို သူ့ အနေနဲ့လည်း မြန်မာနိုင်ငံကို အလည်သွားရောက်ချင်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့တယ်လို့ သိရှိရပါတယ်။

၁၃-၂-၂၀၁၄ နေ့ထုတ် First Weekly Journal မှ

အပြည့်အစုံသို့ »

ပညာရေး ဝန်ကြီး အမျိုးသမီးခန့်အပ်၊ ဒုဝန်ကြီးတဦး ဌာနပြောင်းရွှေ့မိန့်ထွက်


နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့စွဲနဲ့ ဒေါက်တာ ဒေါ်ခင်စန်းရီကို ပညာရေး ဝန်ကြီး ဌာနရဲ့ ပြည်ထောင်စု ဝန်ကြီး အဖြစ်တာဝန်ပေးအပ်လိုက်သလို ပညာရေး ဒုဝန်ကြီး ဒေါက်တာ စန်းလွင် ကိုတော့ အမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။

သမ္မတ ရုံး အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ထားတဲ့ အမိန့်အပြည့်အစုံတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄ / ၂၀၁၄)

၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် (၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်)

●ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း●

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့ပါ ပြဋ္ဌာန်းချက်များအရ ဒေါက်တာခင်စန်းရီ အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၅ / ၂၀၁၄)

၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် (၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၃ ရက်)


● ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း ●

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစန်းလွင် အား အမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။

(ပုံ)သိန်းစိန်

 နိုင်ငံတော်သမ္မတ
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

The Irrawaddy


အပြည့်အစုံသို့ »

စိန်ဗလက်တိုင်း (သို့) ချစ်သူများနေ့



စိန်ဗလက်တိုင်းသည် ချစ်ခြင်းမေတ္တာ၊ လက်ထပ် ထိမ်း မြား ခြင်း၊ စေ့စပ်ကြောင်းလှမ်းခြင်း၊ နှုတ် ဆက်ခြင်း၊ လူငယ်များ၊ ခရီး သွားများ၊ပျားမွေးမြူ သူများနှင့် ဦးနှောက်ထိခိုက်၍ ဝေဒနာ ခံစားနေ ရသူများအား ကာ ကွယ်စောင့်ရှောက် ပေးနေသည့် ရဟန္တာ တစ်ပါးပင် ဖြစ်ပါသည်။ အထူးသဖြင့် သူ့အား ချစ်သူများအား ကာကွယ်စောင့်ရှောက်သူ အဖြစ် လူသိများပြီး သူ၏ပွဲနေ့အား ဗလက် တိုင်းနေ့ (ချစ်သူများနေ့)ဟုပင် သတ်မှတ် ကျင်းပလာကြသည့်ဓလေ့မှာ နှစ်ပေါင်း ၆၀၀ ခန့်ရှိနေပါပြီ။

ဗလက်တိုင်းသည် ကက်သလစ် ရဟန်းတစ်ပါးဖြစ်ပြီး ဆရာဝန်တစ်ဦးလည်း ဖြစ်ပါသည်။ တတိယရာစု အတွင်း အီတလီတွင်နေထိုင် အသက်ရှင်ခဲ့ပြီး ရောမမြို့တွင် ရဟန်းတစ်ပါးအဖြစ် အစေခံ ခဲ့လေသည်။ သူ၏ ငယ်စဉ် ဘ၀ကို သမိုင်းပညာရှင်တို့မသိကြပေ။ ကက်သလစ်ရဟန်းတစ်ပါးအဖြစ် အစေခံနေသည့် အချိန်မှ စ၍ သူ့အကြောင်းအား သိခဲ့ရသည်။ ထိုအချိန်က ရောမမြို့အား အင်ပါယာမင်း ကလောဒီရုစ် (၂)အုပ်ချုပ်နေ ပြီး သူ၏တပ်မတော်အတွက် လူငယ်များစွာကို စစ်သားအဖြစ်လိုအပ်နေသည့် အချိန်ဖြစ်သည်။ ထိုကြောင့် လက်ထပ်ထိမ်းမြားခြင်းသည် စစ်သားအင်အား စုစောင်းရန် အတားအစီး တစ်ခုဟု ယူဆ၍ လက်ထပ်ခြင်းကို တရားဝင်ခွင့်မပြုပေ။ ရှိနှင့်ပြီးဖြစ်သော စစ်သားများကိုပင် လက်ထပ်ခွင့် ပြုရန် ခေါင်းမာသည်။ ထိုကြောင့် လူငယ်များစွာအား အချစ်ရေးထက် စစ်ဘက်၌ အာရုံစိုက်စေဖို့ ခရစ်ယာန် ဘုန်းတော်ကြီးများအား လက်ထပ်ခြင်း စက္ကရမင်တူးမပေးရန် တားမြစ် ခဲ့လေသည်။

ထိုအချိန်မှာပင် ချစ်သူစုံတွဲများ ပေါင်းဖက်နိုင်ဖို့အရေးကို စွမ်းဆောင်ပေးသူမှာ ဗလက်တိုင်းဟုခေါ်သော ဘုန်းတော်ကြီးပင်ဖြစ်ပါသည်။ ချစ်ကြိုက်နေကြသော စုံတွဲများအား လက်ထပ်ပေးရင်း ဗလက်တိုင်းဟာ လက်ထပ်ပေးသည့် ဘုန်းတော်ကြီးအဖြစ် နာမည်ကြီးလာခဲ့သည်။ ထိုအကြောင်းကို ကြားသိရသော အင်ပါယာ မင်းသည်လည်း အမျက်ဒေါသထွက်၍ သူ့အားထာင်ဒဏ် အပြစ် ပေးပြီး ထောင်ချ ထားခဲ့လေ သည်။ သို့သော် ဗလက်တိုင်းသည် ထောင်ထဲ၌ ရှိနေသော်လည်း အပြင်၌လူငယ်များစွာအား လက် ထပ်ပေးနေ ဆဲဖြစ်ပေသည်။ ထောင်ထဲ၌လည်း ထောင်သားများနှင့် ရင်းနှီးကာ သြစတဲရီးရုစ်ဟု ခေါ်သော ထောင်သား က သူ၏ သမီးငယ်အတွက် အကူအညီတောင်းခံခဲ့လေသည်။ သူ၏သမီးငယ်မှာ ဂျူလီ ယာဖြစ်ပြီး မျက်စိအလင်း ကွယ်ပျောက်နေသူပင် ဖြစ်ပါသည်။ သူမသည် ထောင်ထဲသို့ဖခင်အား လာတွေ့ရာ မှ စိန်ဗလက်တိုင်းနှင့် ရင်းနှီးခွင့်ရခဲ့သည်။

အင်ပါယာမင်း ကလော့ဒီရုစ် (၂)လည်း ဗလက်တိုင်း၏အစွမ်းကို သဘောကျလာကာ သူ့၏ အမှား အတွက် ပင် တောင်းပန်ခဲ့လေသည်။ သို့သော်လည်း ခရစ်ယာန် ဘာသာကိုစွန့်၍ ရောမဘုရားများကို ကိုးကွယ် မှ သာလျှင် ထောင်မှ လွတ်လပ်ခွင့် ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။ ဗလက်တိုင်းသည် သူ၏ခရစ်တော် ၌ ယုံကြည်ခြင်းအား မစွန့်လွတ်နိုင်ကြောင်း၊ အင်ပါယာမင်းကိုလည်း ခရစ်တော်၌သာ ယုံကြည်သင့်ကြောင်း တရားဟောခဲ့လေသည်။ သို့သော်လည်း ရောမအင်ပါယာမင်းအတွက် ရောမဘုရားကို မကိုးကွယ်လျှင် အင်ပါယာပျက်မည့် အရေးကြောင့် လက်မခံခဲ့ပေ။ ဗလက်တိုင်းကိုလည်း ရောမဘုရားတို့၏ ပရော်ဖက် ဖြစ်စေချင်လွန်း၍ သိမ်းသွင်းရာမှ နောက်ဆုံး ခေါင်းဖြတ်ကွပ်မျက်ခဲ့ရသည်အထိ ဖြစ်ပျက်ခဲ့လေသည်။ အေဒီ၂၇၀၊ ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ တွင် ဗလက်တိုင်း ပျံလွန် တော်မူ ခဲ့လေတော့သည်။

ဗလက်တိုင်း မကွယ်လွန်ခင် ဂျူလီယာထံသို့ နောက်ဆုံးစာရေးခဲ့ပြီး ထိုစာ၏အောက်ခြေ၌ From your Valentine (သင့်ဗလက်တိုင်း) ဟု အဆုံးသပ်ခဲ့ရာမှ ခေတ်အဆက်ဆက် လူငယ်များစွာသည် သူတို့၏ချစ်သူများထံ စာပို့ရာ၌ From your valentine (သင့်ဗလက်တိုင်းထံမှ) ဟုသုံးနှုန်းလာခဲ့ကြသည်။ ထို့အပြင် ချစ်သူများနှင့်ပေါင်းဖက်နိုင်ဖို့အရေး လူငယ်များစွာသည် စိန်ဗလက်တိုင်းထံသို့ ဆုတောင်း လာခဲ့ကြသည်။ ဆုတောင်းများလည်း ပြည့်လာကြပြီး ယနေ့အချိန်တွင် ဗလက်တိုင်းနေ့အား ချစ်သူများနေ့အဖြစ်ပင် တကမ္ဘာလုံး၌ ကျင်းပလာခဲ့ကြလေသည်။

(Valentine ဟူသော အမည်မှာ ဗာလာ (Valar) ခွန်အားသတ္တိဟု အနက်အဓိပ္ပာယ်ရှိသည်။ ရာစုနှစ်ပေါင်း များစွာကတည်းက ချစ်သူများဟာ မိမိတို့အချစ်ရေးမှာ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း စိန့်ဗယ်လင်တိုင်းထံ ခွန်အားကျေးဇူးကို တောင်းခံလေ့ရှိကြသည်။

မှ/ သင့်ဗလက်တိုင်း
Myanmar Forward

အပြည့်အစုံသို့ »

ဖွဲ့စည်းပုံပြင်ရာတွင် တပ်မတော်ပါဝင်ရန် ၈၈ ငွေရတုကော်မတီ စည်းရုံးမည်



နန်းလွင်နှင်းပွင့်|ဖေဖော်ဝါရီ ၁၄ ရက်၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်နှင့် ပြည်သူအားလုံး ပါဝင်လာနိုင်ရန် ရှစ် လေးလုံး ငွေရတုကော်မတီက နယ်လှည့်စည်းရုံးရေးဆင်းမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဝင် ဦးကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

၈၈ ငွေရတုကော်မတီအနေဖြင့် လာမည့်လများတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ စည်းရုံးမှုများ ကို အဖွဲ့ခွဲအလိုက်တာဝန်ယူကာ မြန်မာနိုင်ငံတစ်ဝန်းလုံး နယ်လှည့် လုပ်ဆောင်သွားရန် စီစဉ်နေသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဥပဒေပါအချက်တွေကိုပဲ အသေဆွဲကိုင်ပြီး လုပ်မယ်လို့မရဘူး၊ သက်ဆိုင်ရာ တာဝန်ရှိတွေက ဒီပြုပြင်ပြောင်းလဲရေးမှာ ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်လာအောင် ကြိုးစားရ မယ်၊ ပြည်သူတွေကိုလည်း ပါဝင်လာအောင် လုပ်ဆောင်ရမယ်”ဟု ၎င်းက ဆိုသည်။

၈၈ ငွေရတုကော်မတီမှာ ၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးငွေရတုကြေညာစာ တမ်းပါ လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ရန် နိုင်ငံရေးတက်ကြွလှုပ်ရှားနေသည့် အဖွဲ့အစည်း ကိုယ် စားလှယ် ၃၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပြည်သူလူထုပါဝင်နိုင်ရေးအပြင် တပ်မတော်အင်အားစုမှာ မပါမဖြစ် အဖွဲ့အ စည်းတစ်စုဖြစ်ပြီး နိုင်ငံရေးပြဿနာများ ဆွေးနွေးသည့်အခါတွင် နိုင်ငံရေးအင်အားစုများနှင့်အတူ တပ် အင်အားစု ပါဝင်လာနိုင်ရေးကိုလည်း အလေးအနက်ထား ဆောင်ရွက်မည်ဟု ဦးကိုကိုကြီးက ဆိုသည်။

“နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အပစ်အခတ်ရပ်စဲရေး ငြိမ်း ချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စအသီးသီးတို့မှာ ဆက်စပ်နေသဖြင့် အင်အားစုတိုင်း ပါဝင်နိုင်ရန် ဆောင်ရွက်ကာ ညီလာခံတစ်ရပ်ကို လုပ်ဆောင်သွားရန်ကူညီမည်ဟု ငွေရတုကော်မတီက ပြောကြား ထားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သတ်၍ ဦးမင်းကိုနိုင်က “ပြင်ဆင်ရေးနဲ့ တစ်ဆက်တည်းမှာပဲ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ကိစ္စက ရှိနေတယ်။ ဒီလိုဖြစ်ဖို့ တစ်မျိုးသားလုံး ညီညွတ်စွာ စုစည်း မိဖို့ ပြန်စုမိနိုင်မယ့် ပြည်ထောင်စုညီလာခံတစ်ခုတော့ လိုနေပြီ”ဟု ဆိုသည်။

၈၈ မျိုးဆက် အဖွဲ့အစည်းအနေဖြင့် ညီလာခံခေါ်ယူရေးများကို လုပ်ဆောင်သွားမည်မဟုတ်ဘဲ နယ် လှည့်စည်းရုံးရေးတွင် ရလာသည့် သဘောထားများ ညှိနှိုင်းမှုများကို NLD မှ လုပ်ဆောင်ချက်များ၊ တိုင်း ရင်းသားတို့ လုပ်ဆောင်ချက်များ၊ အစိုးရလုပ်ဆောင်ချက်များနှင့် ပြန်လည်ဆက်စပ်သွားမည် ဖြစ်သည်။

၈၈ အနေဖြင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်များကို ကျယ်ပြန့်စွာ ပူးပေါင်းလုပ်ဆောင်ရန်ဟုဆိုကာ နေပြည် တော်တွင် ဖေဖော်ဝါရီ ၄ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းလုပ်ဆောင် သွားမည်ဟုလည်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

Mizzima

အပြည့်အစုံသို့ »

စင်္ကာပူဝန်ကြီးချုပ်နဲ့ အင်ဒိုသမ္မတတို့ Facebook မှာ ဘာဖြစ်သွားပြီလဲ


စာနယ်ဇင်းတွေမှာပါတဲ့ သတင်း၊ ဆောင်းပါး၊ ရာသီဥတုအခြေအနေတွေကို ကိုးကားပြီး သတင်းအဖြစ် ရေးသား ဖော်ပြကြတာကို တွေ့ဖူးမှာပါ။
 -


ပြီးခဲ့တဲ့နှစ် ဘာလီကျွန်း ဆွေးနွေးပွဲရောက် စင်္ကာပူဝန်ကြီးချုပ်နဲ့ အင်ဒိုသမ္မတ (Photo: Reuters / Murdani Usman)
 -
 အင်ဒိုနီးရှားနိုင်ငံ အွန်လိုင်းသတင်းတပုဒ်ကတော့ သရော်စာတပုဒ်ကို ကိုးကား ရေးသားမိလို့ ပြောစရာ ဖြစ်နေပါပြီ တဲ့။

နိုင်ငံသစ် New Nation’s ဆိုတဲ့ စင်္ကာပူ အွန်လိုင်းစာမျက်နှာက သရော်စာ တပုဒ်ကို ကိုးကားတာပါ။
ကိုးကားရေးသားတာကတော့ အင်ဒိုနီးရှားသတင်းစာ Tribun News  ရဲ့ အွန်လိုင်းမှာဖြစ်ပါတယ်။

အင်ဒိုသမ္မတ ဆူဆီလို ဘန်ဘန်း ယူရိုယူနိုက စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကို Facebook သူငယ်ချင်း အဖြစ်ကနေ ရပ်စဲလိုက်ပြီ ဆိုတဲ့ အကြောင်းအရာပါ။
ရွှတ်နောက်နောက် ရေးထားပေမယ့် အဲဒါကို အတည်ထင်ပြီး ကိုးကားခြင်း ဖြစ်ပါလိမ့်မယ်။


အင်ဒိုနဲ့ စင်္ကာပူခေါင်းဆောင်တွေကြား တင်းမာတဲ့ အခြေအနေတွေကြောင့် Facebook မှာပါ ဆက်ဆံရေးပျက်သွားကြပြီ လို့ သရော်စာထဲ ရေးထားတာပါ။

အင်ဒိုစာမျက်နှာသတင်းကို စာဖတ်သူ တသောင်းခွဲလောက်က လူမှုကွန်ရက်အွန်လိုင်းမှာ လက်ဆင့်ကမ်းခဲ့ကြတာပါ။

ဒီသတင်းကြောင့် စင်္ကာပူဝန်ကြီးချုပ်နဲ့ အင်ဒိုသမ္မတတို့ Facebook မှာ ဘာဖြစ်သွားပြီလဲ ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။

အဖြေကတော့ ဘာမှ မဖြစ်၊ အရင်အတိုင်းပဲ လို့ ဆိုရပါမယ်။

ပြီးတော့ ... ဒီလူကြီးတွေ Facebook ကို သုံးချင်မှ သုံးကြမှာပါ။

သရော်စာဆိုတာ ရယ်ချင်လို့ ဖတ်တာပဲ ဖြစ်ရပါမယ်။ ကိုးကားချင်လို့ ဖတ်တာ ဆိုရင်တော့ မြောင်းထဲကျွံကျသလို ဖြစ်သွားပြီပေါ့။

သရော်စာကို တကယ့်ဖြစ်ရပ်မှန်၊ ရာနှုန်းပြည့် အချက်အလက်မှန် ထင်မိလို့ ဒုက္ခရောက်တာကတော့ မကြာခဏဆိုသလိုပါပဲ ... ဧပြီဖူးနေ့ နောက်ပြောင်တဲ့နေ့ဝန်းကျင် ဆိုရင်တော့ ခပ်စိတ်စိတ် တွေ့ရမှာပါ။

- ဖော့တုံးထူထူ၊ အရောင်စုံစုံ ဘရာဇီယာတွေကို ပါကစ္စတန် အစ္စလာမ်မစ်ကောင်စီ ပိတ်ပင် ဆိုတဲ့ လုပ်ကြံရေးထားတာကို Fox News ရုပ်သံက သတင်းလုပ်ပြီး ရေးခဲ့တယ်။

- အမေရိကန် ကော်လိုရာဒိုပြည်နယ်မှာ ဆေးခြောက်သုံးတာများသွားလို့ သေဆုံးသူ အရေအတွက် ၃၇ ဦးရှိတယ်၊ တပတ်အတွင်း သေဆုံးမှု ၃၀၀ အထိ ရှိသွားနိုင်တယ်။

- ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသားအဖြစ် မြောက်ကိုရီးယားခေါင်းဆောင် အရွေးခံရ။


- စစ်တမ်းတခုအရ ဆိုရင် အမေရိကန် ကျေးလက်ဒေသ လူဖြူတွေက အိုဘားမားထက် အီရန်သမ္မတကို ပိုနှစ်သက်။

အဲဒါတွေကတော့ အတည်ပေါက်ရေးထားတဲ့ သရော်စာတွေ စာပြောင်တွေကို သတင်း အတည်ပေါက် ရေးမိတာတွေ ဖြစ်ပါတယ်။

အနာဂတ်မှာလည်း ဒီလို ဖြစ်ရပ်တွေ ပေါ်လာဦးမယ်လို့ ယူဆရပါတယ်။


The Irrawaddy

အပြည့်အစုံသို့ »

ဗိုလ်ချုပ်ကို အများချစ်ခင်လေးစားသည့် အကြောင်းရင်းကို ရှာရန် ဒေါ်စုတိုက်တွန်း



မဇ္ဈိမသတင်းအဖွဲ့|ဖေဖော်ဝါရီ ၁၄ ရက်၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပုဒ်ကို ကြည့်ခြင်းထက် ပြည်သူများက လေးစားချစ်ခင် ကြည်ညိုသည့် အကြောင်းရင်းကို သေချာလေ့လာရန် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မွေးနေ့နှင့် ကလေးများနေ့အထိမ်းအမှတ်ပွဲတွင် ကလေးများသို့ တိုက်တွန်း ပြောဆိုလိုက်သည်။

အဆိုပါအထိမ်းအမှတ်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ဖေဖော်ဝါရီ ၁၃ ရက်တွင် ၉၉ နှစ် မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် ကလေးများနေ့အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပခဲ့သည်။ ထိုအ ထိမ်းအမှတ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သည့် အသံဖိုင်မိန့်ခွန်းတွင် တိုက်တွန်းပြောကြားသွား ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နာမည်ကြီးတယ်၊ ကျော်ကြားတယ်၊ ဂုဏ်ရှိတယ်။ အဲဒီလိုဘက်က မကြည့် ပါနဲ့။ ဗိုလ်ချုပ်အောင်ဆန်းကို ဘာဖြစ်လို့ ပြည်သူတွေက ချစ်ခင်တယ်၊ လေးစားတယ်၊ ကြည်ညိုတယ်။ အဲဒီအကြောင်းရင်းတွေကို သေသေချာချာ လေ့လာပါ။ နောက်ပြီး ကိုယ်ဟာ ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းမှာ လူတွေချစ်ခင်တဲ့ ပုဂ်္ဂိုလ်တစ်ယောက်၊ လူတွေလေးစားတဲ့ ပုဂ်္ဂိုလ်တစ်ယောက်ဖြစ်ချင်ရင် အဲဒီလို ကိုယ့် ကိုယ်ကိုယ်ဖြစ်အောင်လို့ ပြုစုပျိုးထောင်ကြပါ”ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၉၉ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ် ကွက်၊ ဗိုလ်ချုပ်ပြတိုက်သို့ ယခင်အချိန်များထက် လာရောက်လေ့လာသူများခဲ့ကာ လေ့လာသူ ၅၀၀ ကျော်ရှိကာ ကျောင်းသား ၂၀၀ ကျော် လာရောက်လေ့လာခဲ့သည်ဟု ပြတိုက်တာဝန်ခံ ဦးကျော်အေးက ပြောသည်။ ထိုနေ့က ဗိုလ်ချုပ်ပြတိုက်တွင် ထူးခြားသည့် အထိမ်းအမှတ်ပွဲမျိုး ပြုလုပ်ခြင်း မရှိသကဲ့သို့ မည်သည့်နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်းများမှ လာရောက်လေ့လာခြင်းမရှိကြောင်း ၎င်းက ပြော သည်။

လက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သည့် နေအိမ်ဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့သည်။ အဆိုပါနေအိမ်၌ ၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းမိသားစု စတင်နေထိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးသည့်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ထံမှ ဗိုလ်ချုပ်အောင်ဆန်းရန်ပုံငွေအဖွဲ့က ငွေကျပ်သုံးသောင်းဖြင့် ၀ယ်ယူခဲ့ပြီး ၁၉၅၇ ခုနှစ် တွင် ပြတိုက်အဖြစ်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ပြတိုက် ကြံ့ခိုင်ရေးအတွက် ပြုပြင်မှုများ ဆောင်ရွက်ခဲ့သဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ပြတိုက်ကို ပိတ်ထားခဲ့သည်။ ၂၀၁၂ မတ်တွင် ပြ တိုက်ကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား များသမဂ္ဂမှ ကြီးမှူး၍ တက္ကသိုလ်ပရ၀ဏ်၌ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပထမဆုံးအကြိမ်ကျင်း ပခဲ့သည်။

အဆိုပါပွဲတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သမဂ္ဂဒေါင်းအလံကို ဂုဏ်ပြုခြင်း၊ ကဗျာရွတ် ပြိုင်ပွဲကျင်းပခြင်း၊ ဗိုလ်ချုပ်၏ ဘ၀မှတ်တမ်းဓာတ်ပုံများ ပြသခြင်း၊ တက်ရောက်လာသော ကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများကို ပဲပြုတ်နှင့် နံပြားကျွေးခြင်း၊ ဗိုလ်ချုပ်၏ ငယ်ဘ၀မှ စ၍ ကွယ်လွန်သည့်တိုင် ပုံရိပ်များနှင့်ပတ်သက်၍ သံချပ်ထိုးဖျော်ဖြေခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲကျင်း ပခြင်း၊ ဗိုလ်ချုပ်၏အတ္ထုပ္ပတ်္တိ ဉဏ်စမ်းပဟေဠိ မေးမြန်းသည့် အစီအစဉ်တို့ဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။

Mizzima

အပြည့်အစုံသို့ »

ကျဆုံးသူတွေအတွက် မကဒတ ထောက်ပံ့ငွေပေးအပ်


  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၂၅နှစ်မြောက် ငွေရတုအထိမ်းအမှတ်နဲ့ ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ကတ်သလစ်အောက်မေ့ဖွယ်ဓမ္မာရုံမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဒီနေ့အခမ်းအနားမှာ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်ဟောင်းတွေကို သူတို့မွေးရပ်ဒေသတွေမှာ ဂုဏ်ပြုပွဲကျင်းပပေးတာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။

“ဒီမိုကရေစီရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲမှာပေါ့၊ အထူးသဖြင့် ဒီဘက်ရှမ်းပြည်နယ်၊ နောက်တစ်ခုကတော့ ကယားပြည်နယ်ဒေသတွေမှာ တာဝန်ထမ်းဆောင်သွားခဲ့ကြတဲ့ ရဲဘော်တွေရှိပါတယ်၊ ဒီရဲဘော်တွေထဲက ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် သူတို့ရဲ့မိခင်ဒေသမှာ ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုကို ကျင်းပရတာဖြစ်ပါတယ်”

ဒီနေ့အခမ်းအနားမှာ ရှမ်းပြည်နယ်အခြေစိုက် ABSDF တပ်ရင်း ၄ မှာ ကျဆုံးသွားတဲ့ ရဲဘော် ၁၀ ဦးအတွက် ကျန်ရစ်တဲ့မိသားစုတွေကို ဂုဏ်ပြုဆုတွေ ပေးအပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ အလားတူ အခမ်းအနားကျင်းပခဲ့ပြီး ကျန်တဲ့ပြည်နယ်တွေမှာလည်း အလားတူ အခမ်းအနားတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ABSDF မှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၇၀၀ ကျော်နဲ့ ဒဏ်ရာရရဲဘော် ၅၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

RFA Burmese


အပြည့်အစုံသို့ »