ထိရောက်သော အိမ်တန်ဆာဆင်ခြင်း နည်းလမ်းများ



ဧည့်ခန်း(living Room)

ဧည့်ခန်းသည် သင့်အိမ်၏ ပထမဆုံး စွဲဆောင်မှုဖြစ်သည်။ သင်၏ဧည့်ခန်းသည် သင်သည် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်သည်ဆိုတာကို ဖော်ပြနေသည်။ ဧည့်ခန်းတွင် TV ထားလျှင် ဘေးပတ်လည်တွင် ထိုင်ခုံများချထားရမည်။ ဧည့်ခန်းတွင် ဆိုဖာခုံထားလျှင် အလယ်တွင် စားပွဲခုံတစ်ခု စီစဉ်ထားရှိရမည်။ အလွန်ကြီးမားသော ဆိုဖာများကို ရှောင်ကြဉ်အပ်သည်။ ဧည့်ခန်းနှင့် လိုက်ဖက်မည့် ဆိုဖာကိုသာ ထားရှိသင့်သည်။ ထို့ပြင် ကော်ဇောကိုလည်း ခင်းထားသင့်သည်။

မီးဖိုဆောင် (The Kitchen)

“ တစ်ယောက်လူ၏ နှလုံးသားဆီကို သူ၏၀မ်းဗိုက်မှ သွားရမည်” “The way to man’s heart is from his stomach” ဟု ဆိုရိုးစကားရှိသည်။ အိမ်၏ မီးဖိုဆောင်ကို အမျိုးသမီးများကသာ ကြီးစိုးကြသည် များသည်။ ထို့ကြောင့် သူတို့စိတ်ကြိုက် လုပ်ကြမည်ဖြစ်သည်။ မီးဖိုမှသည် ခေါင်တိုင်အထိ အရာရာ အရေးကြီးသည်။ ထို့ကြောင့် တတ်ကျွမ်းသူများနှင့် တိုင်ပင်ညှိနှိုင်းသင့်သည်။

ဓာတ်ပုံများ( Photographs)

အိမ်၏နံရံများတွင် ဓာတ်ပုံများ ကပ်ထားလေ့ရှိကြသည်။ အချို့သော ဓာတ်ပုံများသည် သင့်နှင့် သင့်မိသားစု(သို့) သူငယ်ချင်း များနှင့် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသောအချိန်များရှိခဲ့သည်ကို အမှတ်ရစေသည်။ ယခုအခါ ဈေးပေါသော ဓာတ်ပုံအလှဆင်ပစ္စည်းများ ရှိပြီးဖြစ်ရာ ဟောင်းနွမ်းသော ဓာတ်ပုံများကို ဖယ်ရှားပြီး စတိုင်သစ်ဖြင့် အစားထိုးရမည်ဖြစ်သည်။

ပန်းများ(Flowers)

ပန်းများသည် အခန်းကို မွှေးကြိုင်လန်းဆန်းစေပြီး ထူးခြားသော အစွမ်းသတ္တိကို ပေးနိုင်သည်။ သင့်စားပွဲ(သို့)ထမင်းစားခန်းတွင် ပန်းများတင်ထားသင့်သည်။ ခံ့ထည်သော ပန်းအိုးများသည် အခန်းကို တင့်တယ်စေသည်။ ပန်းအတုများထားခြင်းကို ရှောင်ရှားရမည်။ ပန်းအိုးများကို ရေလဲဖို့မမေ့ပါနှင့်။

အနုပညာလက်ရာများ( Art Works)

နံရံအလှဆင်ပစ္စည်း၊ ပန်းချီစသည်တို့ဖြစ်သည်။ ပန်းချီကားချိတ်ဆွဲထားခြင်းသည် အလွန် ကောင်းသော အတွေးတစ်ခုဖြစ်သည်။ အခန်းအရောင်နှင့် လိုက်ဖက်မည့် မည်သည့်အရာမဆို ချိတ်ဆွဲထားသင့်သည်။ သင်ကိုယ်တိုင် ဖန်တီးထားသော အနုပညာလက်ရာ သည် ပို၍ တန်ဖိုးကြီးပြီး ဆွဲဆောင်မှုရှိသည်။ သင့်ကလေး၏ လက်ရာကိုလည်း ပြသနိုင်သည်။ ယင်းသည် ကလေးငယ်များ၏ မိမိကိုယ်ကို ယုံကြည်စိတ်ကို တွန်းအားပေးသလိုဖြစ်သည်။

အီလက်ထရောနစ်(Electronics)

အီလက်ထရောနစ် ပစ္စည်းများသည် မြင်ရသူအဖို့ ရွှင်လန်းနှစ်ကြိုက်မှုကို ဖြစ်စေသည်။ ရှေးယခင်က လူအများသည် သူတို့၏ကြီးမားသော ရေဒီယိုစက်များ၊ စိတ်ဓာတ်များကို ပြသခဲ့ကြသည်။ ယနေ့အခါတွင် အိမ်တွင်းရုပ်ရှင်ရုံကလေးများ၊ ဂိမ်းစက်များ၊ အခြား အီလက်ထရောနစ် ပစ္စည်းများကိုလည်း အလှဆင် အသုံးပြုနိုင်ကြပြီးဖြစ်သည်။

မှတ်ချက်။ ၂၀၁၄ခုနှစ်၊ မတ်လထုတ် Living Fashion Magazine စာအုပ်ပါ နွေနိဒါန်း ရေးသားသည့် ဆောင်းပါးအား
ကောက်နုတ်ဖော်ပြပါသည်။

MOI Webportal

အပြည့်အစုံသို့ »

ဒုချီးရားတန်းတွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် အထောက်အထား မတွေ့ဟု ကော်မရှင်ဆို




ရန်ကုန်၊ မတ် ၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် အထောက်အထား မတွေ့ရှိရကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးသာပွင့်က ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပေးပို့လိုက်ပြီ ဖြစ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ဆိုသည်။

ဘင်္ဂါလီများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဒုချီးရားတန်း ဒေသခံများကို စစ်ဆေးရာတွင် သတ်ဖြတ်ခံရသည်ဟု ထွက်ဆိုခြင်း မရှိဘဲ ပျောက်ဆုံး နေသည်ဟုသာ ထွက်ဆိုခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်း အလယ်ရွာတွင် တိုက်ခိုက်ခံရသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဦးသာပွင့်က ပြောဆိုသည်။

“ဘင်္ဂါလီ အမျိုးသမီး တစ်ဦးက သူ့ယောက်ျား ပျောက်နေတယ်လို့ ပြောတယ်။ အဲဒီလူက အဖမ်းခံ ထားရတဲ့ အထဲမှာ ပါနေတာကို တွေ့ခဲ့တယ်” ဟု ၎င်းကဆိုသည်။

ဇန်နဝါရီလ ၂၈ရက်နေ့တွင် ဒုချီးရားတန်း အနောက်ရွာ မီးလောင်မှု ဖြစ်စဉ်တွင်လည်း စနစ်တကျ ပြုလုပ်သည့် မီးရှို့မှုဟု ယူဆရသော်လည်း မီးရှို့သူများကို မဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ဒုချီးရားတန်း ကျေးရွာအနီး ပတ်ဝန်းကျင်တွင် ဘင်္ဂါလီ လူဦးရေ သောင်းဂဏန်း ရှိပြီး တိုင်းရင်းသား ဦးရေမှာ ရာဂဏန်းသာ ရှိသဖြင့် တိုင်းရင်းသားများ လာရောက် မီးရှို့ခြင်း မဖြစ်နိုင်ကြောင်း ဦးသာပွင့်က ပြောဆိုသည်။

“အိမ်ကြီးနှစ်လုံး ကြားမှာရှိတဲ့ နွားတင်းကုတ်လို အိမ်တွေ လောင်ပြီးတော့ အိမ်ကြီးတွေကို မလောင်ဘူး။ သဘာဝအတိုင်း ဆိုရင် ကပ်နေတဲ့ အိမ်က လောင်ရမှာပေါ့။ အခုက ဟိုတစ်ကွက် ဒီတစ်ကွက် လောင်တာ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကွင်းဆင်း စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဒေါက်တာ ကျော်ရင်လှိုင်က ဆိုသည်။ လူပုဂ္ဂိုလ် ၁၀ ဦး ပါဝင်သည့် အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၆ရက်နေ့ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့သည်။

ဒုချီးရားတန်း ကျေးရွာများတွင် ဒီဇင်ဘာလ ၉ ရက်နေ့၌ ဘင်္ဂါလီ ရှစ်ဦး အသတ်ခံရမှုနှင့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဒုချီးရားတန်း အလယ်ရွာ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များတွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်၍ ဘင်္ဂါလီ ၄၀ ကျော် သတ်ဖြတ်ခံရသည်ဟု နိုင်ငံတကာ မျက်နှာစာတွင် ပျံ့နှံ့နေသည့် သတင်းများမှာ ကောလာဟလ သတင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

The Voice Weekly

အပြည့်အစုံသို့ »

အမြန်လမ်းမကြီးတွင် Express ယာဉ်ကို ခဲဖြင့်ပစ်ပေါက်သူအားဖမ်းဆီးရမိ.


(၁.၃.၂၀၁၄)နေ့ ည (၁၉း၄၈)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအတိုင်း မန္တလေးမှလာသော ထက်အောင်လင်း Express ဘုရားဖူးယာဉ်(၂)စီးမှာ ရှေ့/နောက် မောင်းနှင်လာခဲ့ရာ မိုင်တိုင် ၁၂၈/၂ နှင့် ၁၂၈/၃ ကြား (အပြန်လမ်း)အရောက် အရှေ့ဘက်လမ်းစပ်မှ ခဲနှင့်ပစ်ပေါက်ခံရတဲ့အတွက် ကိုအေးမင်းဦး မောင်းနှင်တဲ့ ယာဉ်အမှတ် ၉ဃ/၆၈၇၅ မှန်လုံယာဉ်ရဲ့ ရှေ့လေကာမှန် ကွဲသွားပြီး ကိုအေးမင်းဦးရဲ့ ခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူပဲ ကိုမိုးကျော်လွင် မောင်းနှင်လာတဲ့ 2E/5901 ယာဉ်ကိုလည်း ခဲပေါက်ခံရပေမယ့် မှန်ကွဲမသွားပဲ စတေကာသာပေါက်ပြဲသွားခဲ့ပါသည်။ ဒီဖြစ်စဉ်မှာ ယာဉ်မောင်းတွေ သတိရှိတဲ့အတွက် အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ လမ်းဘေး ချရပ်နိုင်ခဲ့ပါတယ်။ အခုလို ခဲပေါက်မှုဖြစ်စဉ်ဖြစ်ပြီး မကြာခင်မှာပဲ ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှ စခန်းမှူး ဦးစီးတဲ့ လှည့်ကင်းအဖွဲ့တွေရောက်ရှိလာပြီး အခင်းဖြစ်နေရာသို့ ချက်ချင်း ပိတ်ဆို့ ရှာဖွေနိုင်ခဲ့တာကြောင့် ပြစ်မှုကျူးလွန်တဲ့ ကျော်ကို (ခ) ဆိုင်ကြီး နှင့် သန်းဇော်ဦး သရက်တောကျေးရွာနေသူ (၂)ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပါတယ်။

သန်းဇော်ဦးဟာ သရက်တောကျေးရွာမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ယခင်က ဓားခုတ်မှုနဲ့ ထွက်ပြေးနေတဲ့ တရားခံပြေးတစ်ဦးဖြစ်တယ်လို့ သိရပြီး လွန်ခဲ့တဲ့ (၂)လခန့်ကလည်း မိုင်တိုင် ၁၂၈/၀ မှာရှိတဲ့ သစ်တောစိုက်ခင်းက တံတားလက်ရန်း တွေကို အရက်မူးပြီး ဖျက်စီးခဲ့လို့ အရေးယူခံရသေးတယ်လို့ သိရပါတယ်။

အမြန်လမ်းဘေးပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာ နေထိုင်သူအများစုဟာ တောင်ယာနှင့် အသက်မွေးဝမ်းကျောင်းပြုတဲ ရိုးသားသူတွေဖြစ်ကြပြီး အခုလို မကောင်းတဲ့ လူတစ်ယောက်ကြောင့် ရွာနာမည်ပျက်မှာကို သရက်တောကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ အထူးပဲ စိုးရိမ်နေခဲ့ကြပါတယ်။ ဘုရားဖူးခရီးသည်တွေ အနေနဲ့လည်း အမြန်လမ်းရဲတပ်ဖွဲ့မှာ တာဝန်ရှိသူများကိုယ်တိုင် အခင်းဖြစ်ရပ်ကို လာရောက်အားပေးပြီး တရားခံရရှိရေး၊ အနီးကပ်ကြီးကြပ်ကွပ်ကဲခဲ့ပြီး တရားခံတွေကို ချက်ချင်း ဖမ်းဆီးအရေးယူနိုင်ခဲ့မှုအပေါ် အထူးပဲဝမ်းမြောက် ကျေးဇူးတင်လျှက်ရှိကြောင်း သိရှိရပါသည်။

The Mirror Daily

အပြည့်အစုံသို့ »

လူတစ်ဖက်သားကို အရမ်းတွေးပေးတတ်တဲ့သူမို့ သူ့ကို သဘောကျ ချစ်မိသွားတာလို့ ဖွင့်ဟခဲ့တဲ့ သက်မွန်မြင့်




ခင်ဆွေသက် on 2014-03-03 11:25    
အနုပညာခြေလှမ်းစိပ်စိပ်နဲ့ သူချစ်တဲ့ပရိသတ်တွေအတွက် မနားတမ်းကြိုးစားတင်ဆက်နေသူ အကယ်ဒမီ သက်မွန်မြင့်ဟာ ခုဆိုရင် အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်နေပြီဆိုပေမယ့်လည်း သူချစ်တဲ့အနုပညာအလုပ်တွေကိုတော့ မပျက်မကွက် ကြိုးစားချပြနေဆဲပါ။ ခင်ပွန်းဖြစ်သူနဲ့ နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားတဲ့ သူမက ခင်ပွန်းအပေါ်ထားတဲ့ စိတ်ခံစားချက်နဲ့ သူတို့နှစ်ဦးဘယ်လို တွေ့ဖြစ်ခဲ့တယ်၊ ဘယ်လိုဖူးစားဆုံခဲ့တယ်ဆိုတဲ့အကြောင်းလေးတွေကို ခုလို ဖွင့်ဟသွားပါတယ်။

‘သူနဲ့က မပုံ့နဲ့ ပတ်သတ်ပြီး သိတာပေါ့။ ကိုယ်က အိမ်ဆောက်မယ်။ ဒီဇိုင်းအပ်ချင်တယ်ဆိုတော့ မပုံ့က မိတ်ဆက် ပေးရင်းနဲ့သိသွားကြတယ။် သူက သက်မွန်တို့အိမ်ကို ဒီဇိုင်းဆွဲပေးတယ်ပေါ့။ သူ့အပေါ် သက်မွန်သဘောကျမိတာက နှစ်ယောက်စလုံးက ကာရိုက်တာတူတယ်။ အလုပ်လုပ်တဲ့အချိန်မှာသာ လူကြီးတစ်ယောက်လိုနေပေမဲ့ အပြင်မှာ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပဲ နေတယ်။ သူ့ကို သဘောကျတာက လူတစ်ဖက်သားကို အရမ်းတွေးပေးတတ်တယ်။ကိုယ့်ကိုကိုယ် အရမ်းအနစ်နာခံတယ်။ ကိုယ်က ဘာပဲဖြစ်ဖြစ် သူများကို ကူညီလိုက်ရမှ တအားလူကြီးဆန်တယ်။ သက်မွန်နဲ့သူက ကာရိုက်တာတူတယ်။ အတွေးတူတယ်။ မတူတာဆိုလို့ ကိုယ်ကကလေးဆန်တယ်။ သူက လူကြီးဆန်တယ်။ ကျန်တာ တော်တော်များများတူတယ်။ ပရဟိတအပိုင်းကိုလဲ တက်ညီလက်ညီပဲတူတယ်။ အနုပညာဆိုလဲသူက ၀ါသနာပါတယ်။ အပြင်က ဆိုပေမဲ့ အနုပညာအသိုင်းအ၀ိုင်းနဲ့ နီးစပ်တယ်။

သူနဲ့ရည်းစားဖြစ်တဲ့နောက်ပိုင်းမှာ သူက ကိုယ့်အကြိုက်တွေကို လိုက်လေ့လာတယ်။ သက်မွန်က ပိတောက်ပန်းကြိုက်တယ်ဆိုတော့ ပိတောက်ပန်းပွင့်တဲ့ ရာသီဆို မရမက ခူးပြီးလာပေးတယ်။ ပိတောက်ပန်းဆိုတာသူနဲ့ကျမှ သက်မွန်လက်ဆောင်ရဖူးတာ။ တကယ်ဘ၀မှာတော့ သူနဲ့ပတ်သတ်ခဲ့တာတွေက အမှတ်တရပါပဲ။ ကိုယ်ကလဲ အလုပ်အရမ်းများတဲ့သူဆိုတော့ ကိုယ်ကိုတိုင်က အနုပညာရှင်ဆိုတော့ လူစိတ်ဝင်စားတာကို ခံနိုင်တယ်။ သူကျတော့ အပြင်လူဖြစ်နေတဲ့အတွက် လူစိတ်ဝင်စားရင် နေတတ်မှာ မဟုတ်တဲ့အတွက် သူ့အတွက် စဉ်းစားပေးခဲ့ပြီး သိပ်သွားသွားလာလာလဲမရှိခဲ့ဘူး။ နှစ်ယောက်က အလုပ်များတာလဲပါပါတယ်။ သက်မွန်ကတော့ စပြီး အလုပ်လုပ်ကတည်းက ကိုယ်တာဝန်ယူရတဲ့အပိုင်းကို အကောင်းဆုံးကြိုးစားသွားမှာပဲ။ သူကတော့ နားလည်ပေးတယ်။ ခွင့်ပြုပေးတဲ့အတွက်တော့ ကျေးဇူးအများကြီးတင်တယ်။ အားပေးနေတဲ့ပရိသတ်တွေကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်။ကိုယ့်ကိုတောင်အိမ်ထောင်အစောကြီးကျသလားလို့တွေးမိတယ်။နောက်တော့မှ အသက်က ၃၂ နှစ်ရှိပြီဆိုတာ သတိရတယ်။ ငါမငယ်တော့ဘူးပေါ့။ ကိုယ်ကကလေးလိုပဲနေတယ်ဆိုတော့ ကိုယ့်အသက်ကိုကိုယ်မေ့နေတယ်။ တကယ်တမ်း ကိုယ်ရင့်ကျက်ရမယ့်အရွယ်မှာ မရင့်ကျက်တော့ ပရိသတ်အမြင်မှာလဲ ဒါမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်ကတော့ ဒီအလုပ်ကို ဆက်လုပ်သွားမယ်။ ဆက်ပြီးအားပေးကြပါ’လို့ သူမက ပြောသွားပါတယ်။

Trend

အပြည့်အစုံသို့ »

ငြင်းခုန်ခြင်းဟာ သင့်တို့နှစ်ဦးဆက်ဆံရေးမှာ ဘယ်လိုအကျိုးပြုပါသလဲ




ထက်ဆု on 2014-03-03 10:41    
            အိမ်ထောင်ရေးအဆင်ပြေဖို့အတွက် သော့ချက်တစ်ခုကတော့ ငြင်းခုန်ဒေါသထွက်ခြင်းပါပဲ။

           မကြာသေးခင်က  ဖလော်ရီဒါတကသိုလ်ရဲ့ လေ့လာမှုပြုလုပ်သူတွေက အချို့ ပတ်သက် ဆက်ဆံ မှုတွေဟာ ကြာရှည်တည်မြဲပြီးတော့ အချို့က ဘာလို့မတည်မြဲရတာလဲ ဆိုတာကို အဖြေရှာခဲ့ပါတယ်။ သူတို့ရှာတွေ့ခဲ့တဲ့အရာကတော့ “အပေါင်းလကဏာဆောင်တဲ့ စိတ်ပညာ”ဆိုင်ရာ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ အတွဲတွေ အတော်များများအထင်က ခွင့်လွှတ်ခြင်း၊ အကောင်းမြတ်စိတ်ရှိခြင်း၊ ကြင်နာယုယခြင်းတွေဟာ ပျက်စီးနေတဲ့ ဆက်ဆံရေး အတော်များများကို အထောက်အကူပြုတယ်လို့ လက်ခံထားကြပါတယ်။

           သုတေသနပြုသူတွေရဲ့ အဆိုအရ “တစ်ခါတစ်ရံမှာ စကားများခြင်းဟာ သက်တောင့်သက်သာ မရှိ ဖြစ်စေနိုင်ပေမယ့် ပွင့်လင်းတဲ့ ဆွေးနွေးမှုကိုတော့ ရနိုင်ပါတယ်”တဲ့။ ဒီပွင့်လင်းမှုကနေတဆင့် ဆက်ဆံရေးကို ကြာရှည်တည်မြဲဖို့ ပြန်အစပျိုးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

         ယေဘုယျအားဖြင့် ညှိယူရမလွယ်တဲ့ အငြင်းအခုန်ပြုလေ့ရှိတဲ့ အမျိုးသားတွေဟာ သူတို့အဖော်ရဲ့ ကောင်းမွန်တဲ့သဘောသဘာဝနဲ့ ခွင့်လွှတ်လွယ်မှု၊ မေ့ပျောက်ပေးနိုင်မှု စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရတတ်ပါတယ်။ ဒေါသထွက်ခြင်းဟာ မိမိမနှစ်သက်တဲ့ အပြုအမူတစ်ခုကို အချက်ပြ ဖော်ပြတဲ့နေရာမှာ အရေးပါတဲ့ကဏ္ဍကပါဝင်ပါတယ်။ ဒေါသထွက်ခြင်းမှာ စဉ်းစားချိန်နဲ့ ပြုမူလိုက်ဖို့တွေးတောချိန်တွေ မရှိတဲ့အတွက် မာယာကင်းတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။

       ကျွန်ုပ်တို့ရဲ့ ပတ်သက်ဆက်ဆံရေးမှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှန်သမျှရဲ့ အကျိုးတရားတွေဟာ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်အခြေအနေ အပေါ်မှာမူတည်ပါတယ်လို့ လေ့လာသူတွေက သြဂုတ်လ ပထမပတ်ထဲမှာ အော်လန်ဒိုပြည်နယ်မှာရှိတဲ့ အမေရိကန် စိတ်ပညာကျွမ်းကျင်သူများ အဖွဲ့အစည်းကို ပြောကြားသွားပါတယ်။

www.seventeen.com
trend myanmar

အပြည့်အစုံသို့ »

ရေအောက်တွင် 4K ဗီဒီယိုရိုက်နိုင်သည့် Sony Xperia Z2


အတွဲ (၁၅)၊ အမှတ် (၁၀)
Mon, 03/03/2014 - 10:55

ဘာစီလိုနာမြို့တွင် ကျင်းပခဲ့သည့် Mobile World Congress တွင် Sony သည်ရေစိုခံ Android ထုတ်ကုန်များဖြစ်သည့် Xperia Z2 စမတ်ဖုန်းနှင့် Z2 tablet များကိုထုတ်ဖော် ပြသခဲ့သည်။

အဆိုပါ Z2 ထုတ်ကုန်များတွင် Sony ၏ HDTV များတွင်ပါဝင်သော Live Color LED နည်းပညာကို အသုံးပြုထားသောကြောင့် ၁၀.၁ လက်မရှိ tablet နှင့် ၅.၂ လက်မရှိဖုန်းများတွင် HD များကိုကြည့်ရှုနိုင်သည်။ Sony ကအခြားထုတ်ကုန်များထက် ပိုမိုထင်းကာကြွယ်ဝသော အရောင်ကိုမြင်တွေ့ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ Z2 ဖုန်းတွင် 20.7 megapixel sensor ပါဝင်လျက်ရှိသောကြောင့် ဗီဒီယိုရိုက်ကူးနိုင်သလို ရေအောက်တွင် high definition ဗီဒီယိုရိုက်ကူး၍လည်းရသည်။

Z2 tablet တွင်မူဖုန်းကဲ့သို့ megapixel မြင့်မားသောကင်မရာ ပါရှိသော်လည်း Sony ၏ဆူညံသံလျှော့ချပေးခြင်း၊ ဆူညံသည့်နေရာများတွင် ပိုမိုကောင်းမွန်သည့် အသံထုတ်လွှင့်ပေးခြင်းစသည့် feature များပါဝင်သည်။ အဆိုပါ ထုတ်ကုန်နှစ်ခုစလုံးကို လာမည့်လတွင် တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

-စိုးထက်
Ref: Yahoo
myanmarinternetjournal

အပြည့်အစုံသို့ »

မိတ္ထီလာတွင် အကြွေးတောင်းရန် အဖော်လိုက်ပါလာသူအား ဓားမဖြင့်ခုတ်မှုဖြစ်ပွား


မိတ္ထီလာ၊ မတ် ၃

မိတ္ထီလာမြို့နယ် လူးခင်းကြီးကျေးရွာတွင် မတ်လ ၁ ရက်နေ့ ည ၈ နာရီခွဲခန့်က အကြွေးတောင်းခံရန် အဖော်အဖြစ်လိုက်ပါလာသူအား အကြွေးပေးရန်ရှိသူမှ ဓားမဖြင့် ခုတ်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ ကိုမင်းသိန်း ၃၈ နှစ် (ဘ) ဦးစံထွေး လူခင်းကြီးကျေးရွာနေထိုင်သူသည် တစ်ရွာတည်းနေ တစ်တို ၁၈ နှစ် (ဘ) ဦးကျော်လွင် ထံသို့ အကြွေးသွားရောက်တောင်းခံစဉ် ရန်ဖြစ်စကားများကြပြီး အကြွေးတောင်းခံရန် အဖော်အဖြစ်လိုက်ပါလာသည့် မင်းသူ ၂၇ နှစ် (ဘ) ဦးဝင်းမြင့် လူးခင်းကြီးကျေးရွာနေထိုင်သူအား တစ်တိုမှ ဓားမဖြင့်ခုတ်သည့်အတွက် နဖူးထိပ်ပေါက်ပြဲဒဏ်ရာနှင့် နှာခေါင်းသွေးထွက် ဒဏ်ရာ ရရှိသွားသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ တစ်တို အား အရေးယူဆောင်ရွက်ပေးရန် ကိုမင်းသိန်းက တိုင်ကြားသဖြင့် (ပ) ၁၀၆/၂၀၁၄ ၊ ပုဒ်မ ၃၂၆ ဖြင့် မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »