ကားတက်နင်းတောင် ခံနိုင်တဲ့ မြန်မာ့ Hero





ဂင်းနစ်စံချိန်ထိ စိန်ခေါ်ရဲတဲ့ မြန်မာပြည်က မြန်မာ့ hero...
9.3.2014 မနက် ၉နာရီ တစ်ကြိမ် ညနေ ၄နာရီတစ်ကြိမ် အခမဲ့ စွမ်းရည်ပြမှာပါ...
ကြွခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်... ရန်ကုန်မှာ ပထမဦးဆုံးပြတဲ့ပွဲပါ...
နေရာက တုလွတ်အောင်မြေကျောင်းဝင်းအတွင်း ပါရမီလမ်း( ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းကြား)
၀၉ ၅၀၉၆၄၉၉ ကိုဆက်မေးလို့ရပါတယ်။
Ko Min Myat Oo

-------------------------

CM2
www.facebook.com/CarMarketInMyanmar

အပြည့်အစုံသို့ »

ကြေးမုံကဲ့သို့ ကိုယ့်ကိုယ်ကို သတိဖြင့်ကြည့်ခြင်း



      လူအများစုဟာ တစ်ခါတစ်လေမှာ အလုပ်တစ်ခုကို လုပ်ပီဆိုရင် သတိလက်လွတ်လုပ်တတ်ကြတယ်။ စကားပြောရင်လည်း ပဲ သတိလက်လွတ်ပြောတတ်ကြတယ်။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် မဖြစ်သင့်တာတွေ ဖြစ်တာပေါ့။ ခိုက်ရန်တွေ ဖြစ်တယ်။ ဆက်ဆံရေးတွေ ပျက်ပြားလာတယ်။ ခင်မင်မှုတွေ သစ္စာတွေ မေတ္တာတွေ လျော့နည်းလာတယ်။ အသက်ဆုံးရှုံးတဲ့အထိဖြစ်လာ တယ်။ မဆင်မခြင်လုပ်ရပ်ဟာ နောက်ဆုံး ကိုယ့်လူမျိုး ကိုယ့်ဘာသာဂုဏ်သိက္ခာကိုပါ ထိပါးလာတယ်။      
       သတိမမူ ပြောဆိုပြုမူခြင်းဟာ မိမိကိုရော သူများတွေကိုရော ထိခိုက်နစ်နာမူတွေကို ဖြစ်စေပါတယ်။ ဒါကြောင့်ပဲ ဘုရားရှင် ကိုယ်တော်မြတ်က မှန်ဥပမာနဲ့ သတိပေးတော်မူခဲ့ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်က သားတော်ရာဟုလာကို အောက်ပါ အတိုင်း ဆုံးမတော်မူပါတယ်။
       ရာဟုလာ၊ ကြေးမုံဟာ ဘယ်လိုအကျိုးရှိသလဲ?
       ကြည့်ရှုရခြင်းအကျိုးရှိပါတယ်ဘုရား။
       ရာဟုလာ ဤဥပမာအတိုင်း ကြည့်ရှု့ဆင်ခြင်၍ ကိုယ်အမှုကို ပြုရမယ်။ ကြည့်ရှုဆင်ခြင်၍ နှုတ်အမှုကို ပြုရမယ်။ ကြည့်ရှု ဆင်ခြင်၍ စိတ်အမှုကို ပြုရမယ်။
       ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ နဲ့ တစ်ခုခုကို ပြုတော့မယ်၊ ပြောတော့မယ်၊ ကြံတော့မယ်ဆိုရင် မပြုမီ၊ မပြောမီ၊ မကြံမီ "ဒီအလုပ်ဟာ မိမိ၊ သူတစ်ပါးကို အကျိုးမဲ့စေသလား၊ ကောင်းကျိုးတိုးပွားစေသလား"ဟု ကြည့်ရှုဆင်ခြင်ရမယ်။ အကျိုးမဲ့စေတယ်ဆိုရင် မပြုသင့်ဘူး။ ကောင်းကျိုးကို တိုးပွားစေတယ်ဆိုရင် လုပ်သင့်တယ်။
       ကိုယ်အမှုအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ ပြုမူ၊ ပြောဆို၊ ကြံစည်နေစဉ်မှာလည်း "ဒါဟာ မိမိသူတစ်ပါးနှစ်ဦးသားကို ထိခိုက်နေလား၊ ကုသိုလ်တိုးပွားစေသလား" ဟု ကြည့်ရှုဆင်ခြင်ရမယ်။ ထိခိုက်စေတယ်ဆိုရင် ချက်ချင်းရပ်လိုက်ပါ။ ကုသိုလ် တိုးပွားစေတယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာ ဆက်လုပ်ပါ။
       အကယ်၍ ကိုယ်အမှုအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ ပြုမူ၊ ပြောဆို၊ ကြံစည်ပြီးတဲ့အခါမှာလည်း "ကိုယ်လုပ်တဲ့ အလုပ်ဟာ မိမိသူတစ်ပါးကို ထိခိုက်စေခဲ့သလား၊ ကောင်းကျိုးတိုးပွားစေခဲ့သလား" ကြည့်ရှုဆင်ခြင်ရမယ်။ ထိခိုက်စေခဲ့တယ်ဆို ရင် ဆရာ၊ မိဘ၊ ပညာရှိ၊ သီတင်းသုံးဖော်တို့ထံမှာ ၀န်ချတောင်းပန်ပြီး နောက်ထပ်ဒါမျိုး ထပ်မလုပ်မိအောင် နေပါ။ ကောင်းကျိုး တိုးပွားစေခဲ့တယ်ဆိုရင်တော့ ထိုဝမ်းသာပီတိဖြင့် နေ့ရော ညဥ့်ပါ အဖန်တလဲလဲ အောက်မေ့ဆင်ခြင်ဝမ်းမြောက်ပါ။ ထပ်ခါတလဲလဲ ပြုမူ၊ပြောဆို၊ ကြံစည်ပါ။
       ထို့ကြောင့် ရာဟုလာ ဤသာသနာတော်မှာ ကြေးမုံလိုပဲ ကြည့်ရှုဆင်ခြင်၍သာလျှင် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ် အမူအရာတို့ကို ပြုမူပြောဆို ကြံစည်ရမယ်။
       အရမ်းကို သတိပြုစရာအချက်ပါပဲ။ အရှင်ရာဟုလာကို ဆုံးမခဲ့ပေမယ့် တကယ်တော့ နောင်လာနောက်သား တပည့်သား သမီးများကိုပါ ဆုံးမရာရောက်ပါတယ်။
       ဒါကြောင့် စာဖတ်သူပရိသတ်များလည်းပဲ နေ့စဉ် အိမ်မှာ ကိုယ့်ရုပ်ရဲ့ အပြစ်အနာအဆာတွေကို မှန်ထဲမြင်အောင် ကြည့်သလို မိမိတို့ ကိုယ်နှုတ်စိတ်သုံးပါး ပြုမူပြောဆိုကြံစည်တဲ့အခါမှာလဲပဲ မကြံခင်၊ ကြံဆဲ၊ ကြံပြီးနောက်တွေမှာ အပြစ်အနာအဆာတွေကို မှန်အောင်ကြည့်တတ်ဖို့လိုပါတယ်။ အားလုံး မှန်ကြည့်တတ်ပါစေ။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

အပြည့်အစုံသို့ »

ပုဂံမြို့ဟောင်း ကမ္ဘာ့ အမွေအနှစ် စာရင်း ၀င်လာနိုင်ပြီလား


ရန်ပိုင်

ပုဂံမြို့ အ၀င် တနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာ ယဉ်ကျေးမှုများ စုဝေးရာ ပုဂံ ဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် (World Heritage List) ဖြစ်လာရေး ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ ပုဂံဒေသ ခရီးစဉ်မှာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာရေး အတွက် ယူနက်စကိုရဲ့ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ ပြင်ဆင် ဆောင်ရွက်ဖို့ သမ္မတက ညွန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အစီအစဉ်ကြောင့် ညောင်ဦး လေဆိပ်သို့ ၀င်ထွက်နေတဲ့ လေယာဉ်ပျံများ တုန်ခါမှုက ပုဂံ ဘုရားများကို ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးရေး၊ တိုးချဲ့လာတဲ့ ဟိုတယ် လုပ်ငန်းများကြောင့် ပုဂံ ရှေးဟောင်းဇုန် ထိခိုက်မှု မရှိစေရေး၊ မြို့ပြ စီမံကိန်း ရေးဆွဲ ဆောင်ရွက်ဖို့၊ ကမ္ဘာလှည့် ခရီးသွားများကို ပုဂံဘုရားများ အပေါ် တက်ရောက်ခွင့် ပြုထားခြင်းနဲ့ ပတ်သက်ပြီး စနစ်တကျ စည်းကမ်းနဲ့ အညီ ခွင့်ပြုဖို့ သမ္မတက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပုဂံ ဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ယူနက်စကို အသိအမှတ် ပြုရေး လုပ်ဆောင်တာက ဒီတကြိမ်နဲ့ဆို နှစ်ကြိမ် ရှိပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ် စစ်အစိုးရ လက်ထက်က ပထမအကြိမ် ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် ယူနက်စကိုသို့ တင်သွင်းခဲ့ရာမှာ စံသတ်မှတ်ချက်များနဲ့ မညီလို့ ဆိုပြီး ပယ်ချခြင်း ခံခဲ့ရဖူးပါတယ်။

ယဉ်ကျေးမှု ၀န်ကြီး ဌာနကတော့ ပုဂံ ဒေသ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာရေး အချိန်ယူ ပြင်ဆင်ရမှာ ဖြစ်သလို ရေရှည် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများနဲ့ ဒေသခံများကို ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများကို ရှေးဦးစွာ လုပ်ဆောင် ရဦးမယ်လို့ ဆိုပါတယ်။

ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က “ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းဖို့ အချိန် ယူရမယ်၊ ဘုရား အရေအတွက် အသေးစိတ် စာရင်း ကောက်ဖို့၊ ဒါ့အပြင် ဒီဒေသကြီးသာ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်သွားရင် ဘယ်လို စီမံခန့်ခွဲ၊ ထိန်းသိမ်းမယ် ဆိုတဲ့ စီမံကိန်းတွေ ရေးဆွဲရမယ်၊ ဒေသတွင်းက လူတွေကို ထိန်းသိမ်းချင်စိတ် ရှိအောင် ပညာပေ ရမယ်၊ အများကြီး လုပ်ရမယ်” လို့ ပြောပါတယ်။

ဒီအတွက်လည်း အီတလီ အစိုးရရဲ့ ထောက်ပံ့ ကူညီမှုနဲ့ ပုဂံဒေသမှာ စတင် အကောင်အထည် ဖော်နေပြီလို့ သိရပါတယ်။

ရှေးဟောင်း ဘုရား ပုထိုးများနဲ့ ပြည့်နှက်နေတဲ့ ပုဂံ ဒေသသာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ခဲ့ရင် မြန်မာပြည်ရဲ့ ပုံရိပ်ဟာ ပိုမို မြင့်တက်သွားမယ့် နည်းတူ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းလည်း ပိုမို တိုးတက် လာမယ်လို့ အများက ယူဆနေကြပါတယ်။

ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ ပုဂံ ဒေသက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေး စိန်ခေါ်မှု အများအပြား စောင့်ကြိုလျှက် ရှိနေပါတယ်။

ဒါတွေက စစ်အစိုးရ လက်ထက် ဘာသာရေး အမြင်နဲ့ ရှေးဟောင်း ဘုရားတွေကို ပြုပြင်ခဲ့တာတွေ၊ ပုဂံ ရှေးဟောင်းဇုန် အတွင်းမှာ ၎င်းတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများ တည်ဆောက်ခွင့် ပေးခဲ့တာတွေက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေးမှာ အဓိက အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီအပြင် တိုးတက်လာတဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့အတူ ဟိုတယ်များ၊ စားသောက်ဆိုင်များကို ပုဂံ မြို့ဟောင်း အတွင်း ထပ်မတိုးချဲ့အောင် ထိန်းချုပ်ဖို့ ကြိုးစား နေရတာက ယဉ်ကျေးမှု ၀န်ကြီးဌာန အတွက် ခေါင်းခဲစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေကြောင့် ပုဂံ ရှေးဟောင်းဇုန်ကြီး တခုလုံး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားမယ့် အစား၊ အာနန္ဒာ၊ ရွှေစည်းခုံ၊ ဓမ္မရံကြီး စတဲ့ လက်ရာမြောက် ဘုရား ပုထိုး တဆူခြင်းကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းဖို့ ဆိုတဲ့ အစီအစဉ်မျိုးကို သက်ဆိုင်ရာ ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့  ပြင်ပ ပညာရှင်များအကြား ပြောဆိုနေတယ် ဆိုပါတယ်။

ရှေးဟောင်း သုတေသန အငြိမ်းစား ဒုညွန်ကြားရေးမှူးချုပ်၊ လွှတ်တော် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးအောင်ကြိုင်က “ဟိုတယ်တွေ၊ ဂေါက်ကွင်းတွေ ရှိနေရင်တော့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာမှာ မဟုတ်ဘူး၊ စေတီ တဆူချင်းကိုသာ ကမ္ဘာ့ အမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုအောင် လုပ်မယ် ဆိုပြန်ရင်လည်း ပုဂံ ဆိုတဲ့ တန်ဖိုး အနှစ်သာရတွေ အကုန်လုံး ကျဆင်းသွားမယ်” လို့ ပြောပါတယ်။

၁၉၉၄ ခုနှစ်က ပထမဆုံးအကြိမ် ပုဂံ ရှေးဟောင်းဇုန်ကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရေး တင်သွင်း ခဲ့ပေမယ့် ပုဂံ ဂေါက်ကွင်းနဲ့ မြို့ဟောင်းကို ဖြတ်ဖောက် ထားတဲ့ ကားလမ်း ရှိတာကြောင့် ယူနက်စကိုက ပယ်ချခဲ့ဖူးတာကြောင့် ဟိုတယ် အများအပြား ရှိနေပြီ ဖြစ်တဲ့ ယနေ့ခေတ် ပုဂံဆိုရင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖို့ အတော် ခက်ခဲ လိမ့်မယ်လို့ ဦးအောင်ကြိုင်က သုံးသပ်ပါတယ်။

ရှေးဟောင်းဇုန် အဖြစ် သတ်မှတ်ထားတဲ့ ပုဂံ မြို့ဟောင်း ဧရိယာ အတွင်းမှာ မြန်မာ ဆိုရှယ်လစ် လမ်းစဉ် အစိုးရ လက်ထက်က တည်ဆောက်ထားတဲ့ ဆာကူရာ၊ ပုဂံ၊ သံတဲ၊ သီရိပစ္စယာနဲ့ ဧရာ ဟိုတယ်တို့ အပြင် စစ်အစိုးရ လက်ထက်က တည်ဆောက်ခဲ့တဲ့ သရပါနဲ့ နန်းမြင့် ဟိုတယ်၊ လတ်တလော တည်ဆောက် နေတဲ့ ဧဒင် ဟိုတယ်၊ Adventure ဟိုတယ်တွေနဲ့ နိုင်ငံခြားသားများ စီးဖို့ မြင်းငှားတဲ့ မြင်းဇောင်းတွေ၊ စားသောက်ဆိုင်တွေက ပုဂံ အလှ၊ တန်ဖိုးကို ရုပ်ဆိုး အကျည်းတန်မှု ဖြစ်စေတယ်လို့ ဆိုကြပါတယ်။

၁၉၉၈ ခုနှစ်မှာ စစ်အစိုးရက ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ (Protection and Preservation of Culture Heritage Regions Law) ထုတ်ပြန် ခဲ့ပေမယ့် သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး သမားများရဲ့ ဟိုတယ်ကြီးများက ပုဂံ ရှေးဟောင်းဇုန် အတွင်းကို လက်လွန်စွာ ရောက်နှင့်နေတာက ခေါင်းခဲစရာ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါအပြင် စစ်အစိုးရ လက်ထက် ပုဂံ ရှေးဟောင်း ပုထိုး စေတီများ ပြင်ဆင်ရာမှာ ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို)က ချမှတ်ထားတဲ့ ပုံစံတူ ပစ္စည်းနဲ့ အစားထိုး ပြင်ဆင် ထိန်းသိမ်းခြင်း မပြုလုပ်ခဲ့ဘဲ၊ ဘာသာရေး ရှု့ထောင့်အရ ပြင်ဆင်ခဲ့ခြင်းက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေးမှာ အခက်အခဲ တရပ် ဖြစ်လာ နိုင်တယ်လို့ ဦးအောင်ကြိုင်က ဆိုပါတယ်။

“ရှေးဟောင်း သုတေသနနဲ့ ဘာသာရေးက မတူဘူး၊ အဲဒီတုန်းက ကျနော်တို့က ယူနက်စကို သဘောထား အတိုင်း ပြင်ချင်တယ်၊ ဒါပေမယ့် သူတို့က တဆူလုံး အကုန်လုံး ပြင်ပစ် လိုက်တာတို့ အချွန် အတက်တွေ လုပ်တယ်၊ အဲဒါတွေက တချိန်မှာ စကားပြောလာ နိုင်တယ်” သူက ခန့်မှန်းထားခဲ့ကြောင်း ပြောပါတယ်။

စစ်အစိုးရ လက်ထက် အလှူရှင်များ ဖိတ်ခေါ်ပြီး ပုဂံ ဘုရားများကို အသစ် ပြန်လည် တည်ဆောက်ခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆင်များရှင် ဘုရား တဆူလုံးကို အသစ် ပြန်လည် ပြုပြင်ပြီး ရွှေချ ခဲ့သလို၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဓမ္မရာဇက ဘုရားကို အကုန် နီးပါး ပြုပြင်ခဲ့တာတွေလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။

ပုဂံ ဒေသခံများကတော့ လက်ရှိ အချိန်မှာ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် အဖြစ် ပုဂံ ဒေသကို ကမ္ဘာ့မှ အသိအမှတ် ပြုထားတဲ့ ထိုင်းနိုင်ငံက အယုဒ္ဒယ မြို့ဟောင်းကဲ့သို့ ယူနက်စကိုက အသိအမှတ် ပြုဖို့ လိုလားလျက် ရှိနေပါတယ်။

“ပုဂံက တဖြည်းဖြည်း ပျက်စီး ယို့ယွင်း လာနေပြီ၊ ရှေးဟောင်း သုတေသန ဌာန တခုတည်းနဲ့ စောင့်ရှောက်လို့ မရတော့ဘူး။ ငွေအား၊ လူအား၊ နည်းပညာ လိုအပ် နေတော့ ပုဂံကို ထိန်းသိမ်းချင်ရင် ယူနက်စကို ၀င်ဖို့ အရေးကြီးပြီ” လို့ ပုဂံဒေသခံ တဦးဖြစ်တဲ့ ကိုမျိုးနိုင်က ပြောပါတယ်။

မြန်မာပြည် အလယ်ပိုင်းမှာ ရှိတဲ့ ပုဂံ ရှေးဟောင်းမြို့ကို အေဒီ ၉ ရာစုမှာ စတင် တည်ထောင်ခဲ့ကာ ၁၁ ရာစုခန့် အထိ ထွန်းကားခဲ့ပြီး ပုဂံကို မင်းဆက် ၅၅ ဆက်ခန့် အုပ်ချူပ် စိုးစံခဲ့ကြောင်း သမိုင်းမှတ်တမ်း အရ သိရပါတယ်။

၁၆ စတုရန်းမိုင် ကျယ်ဝန်းတဲ့ ပုဂံ ဧရိယာမှာ ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်းပေါင်း ၃၀၀၀ကျော် ရှိပြီး၊ ငလျင်ဒဏ် သုံးကြိမ် ခံခဲ့ရပါတယ်။

၁၉၉၁ ခုနှစ် စစ်အစိုးရ လက်ထက်မှာ ပုဂံမြို့ဟောင်း အတွင်းမှာ နေထိုင်တဲ့ လူနေ အိမ်ခြေတွေကို ဖယ်ရှားခဲ့ပြီး ပုဂံမြို့သစ် တည်ခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ပုဂံ ရှေးဟောင်းဇုန် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ရေးကို သမ္မတ ဦးသိန်းစိန် သာမက ယူနက်စကို အဖွဲ့ကြီး ကိုယ်တိုင်ကလည်း လိုလားလျက် ရှိပြီး၊ စံသတ်မှတ်ချက် စည်းကမ်းများ လျော့ချပေးကာ သက်ဝင် ရှင်သန်နေဆဲ ရှေးဟောင်း ဒေသ အဖြစ် အသိအမှတ် ပြုပေးမယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

ဧရာဝတီ

အပြည့်အစုံသို့ »

IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် သံလွင်မြစ်ပေါ်ရှိ ဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကန့်ကွက်


((၀ဲကြီးရေအားလျှပ်စစ်စီမံကိန်းအတွက် လျာထားဧရိယာတွင် ပါဝင်သည့် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ သံလွင်မြစ်ကြောင်းတစ်နေရာ (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)))

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ သံလွင်မြစ်ပေါ်တွင် IGE ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည့် ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကန့်ကွက်ကြောင်း ပြောကြားကြသည်။

လှိုင်းဘွဲ့မြို့နယ်ရှိ ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး IGE ကုမ္ပဏီ၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ EGAT နှင့်တရုတ်ကုမ္ပဏီ (Sinohydro Corporation) ကုမ္ပဏီတို့မှ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး မီဂ္ဂါဝပ် ၁၃၆၀ ထုတ်လုပ်နိုင်မည်ဟု သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ သား ဦးနေအောင်ပိုင်ဆိုင်သော IGE ကုမ္ပဏီမှာ တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားသည့် စီမံကိန်းရှစ်ခုထဲတွင် မြန်မာနိုင်ငံ၌ စက်တပ်ဆင်အား အကြီးဆုံးဖြစ်လာမည့် မဂ္ဂါဝပ် ၇၁၁၀ ရှိသည့် အထက်သံလွင်(မိုင်းတုံ)စီမံကိန်း၊ မဂ္ဂါဝပ် ၁၃၆၀ စက်တပ်ဆင်အားရှိမည့် ဟက်ကြီးစီမံကိန်းနှင့် မဂ္ဂါဝပ် ၁၂၀၀ရှိသည့် နောင်ဖစီမံကိန်း စသည့် စီမံကိန်းကြီးပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

ဖာပွန်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ အိတုထဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးဖြစ်သူ ဒေါ်နော်သာရှီးက “ဒီရေအားလျှပ်စစ်စီမံကိန်းဖြစ်သွားရင် အသက်မွေးဝမ်းကျောင်း ထိခိုက်ရုံသာမကဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်ပါတယ်။ ရေကာတာ ကျိုးပေါက်မှုဖြစ်လာခဲ့ရင် တစ်ရွာလုံးရေမြုပ်သွားမှာ သေချာတယ်။ ဒီမှာရှိနေတဲ့ သူတွေက စစ်ပွဲကြောင့် ဒုက္ခရောက်ပြီး လာနေ နေရတာ။ ဒီကနေ ရေကာတာကြောင့် ထွက်ပြေးရမယ်ဆိုတာမျိုး မကြုံတွေ့ချင်ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် ဟက်ကြီးရေကာတာစီမံကိန်း တည်ဆောက်မည့်ဧရိယာအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် DKBA နှင့် KNU တို့ကလည်း ရေကာတာစီမံကိန်းကို အပစ်အခတ်ရပ်စဲရေး မခိုင်မာသေးသည့်အချိန် ငြိမ်းချမ်းရေး သဘောတူညီချက် မသေချာသေးသည့်အချိန်တွင် တည်ဆောက်မည့်အပေါ် ကန့်ကွက်ကြောင်းလည်း ပြောကြားကြသည်။

KNU ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသော်သီဘွယ်က “ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းက ကျွန်တော်တို့ နယ်မြေထဲမှာပါ ပါတယ်။ ကျွန်တော်တို့ ရပ်တည်ချက်က နိုင်ငံရေးဆွေးနွေးဖို့ အာမခံချက်မရှိမချင်း ဒီလိုကြီးကျယ်တဲ့ စီမံကိန်းတွေကို လုပ်ကိုင်ခွင့် မပြုပါဘူး။ နိုင်ငံရေးအာမခံချက် ရှိလာပြီးနောက်ပိုင်းမှပဲ ပြည်သူ့အကျိုးကြည့်ပြီး တကယ်လို့ လိုအပ်မယ်ဆိုရင် အဲ့ဒီနောက်ပိုင်းမှပဲ ဆက်လုပ်ဆောင်သွားဖို့ ရှိတယ်။ လက်ရှိကာလမှာ အပစ်အခတ်ရပ်စဲရေးကလည်း တိကျသေချာမှု မရှိသေးဘူး။ နိုင်ငံရေးကလည်း ဘာတစ်ခုမှ မဆွေးနွေးရသေးဘူး။ အာမခံချက်ဆို ဝေးရော။အဲ့ဒီလို အချိန်ကာလမှာ ခွင့်ပြုလိုက်မယ်ဆိုရင် အစိုးရလောက်ပဲ ကောင်းကျိုးခံစားရပြီး ကျွန်တော်တို့ ကရင်ဒေသခံတွေက ဘာတစ်ခုမှ အကျိုးခံစားရမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ဒီဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းကို လက်မခံနိုင်ဘူး”ဟု ပြောကြားသည်။

ထို့အတူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလို့ ထူးဘောအခြေ စိုက်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောမောင်ကြာ က “ဒီရေကာတာစီမံကိန်းကို ကျွန်တော်တို့ DKBA ရဲ့ရပ်တည်ချက်ကတော့ ဟက်ကြီး ရေကာတာစီမံကိန်းကို လုံးဝ ခွင့်မပြုပါဘူး။ရေကာတာစီမံကိန်းကို အကြောင်းပြုပြီး တပ်တွေတိုးချဲ့လာရင် ပြဿနာက ပိုကြီးလာနိုင်တယ်။ ကုမ္ပဏီအဖွဲ့ကတော့ ခဏခဏ လာညှိတယ်။ ထိုင်းပါတယ်။ တရုတ်ပါတယ်။ကျွန်တော်တို့ဘက်ကတော့ လက်ရှိအခြေအနေမှာ ခွင့်မပြုနိုင်ပါဘူး။ ရေကာတာကို အတင်းဆောက်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်မှာ သေချာတယ်”ဟု ပြောကြားသည်။

သံလွင်မြစ်ကြောင်းပေါ်တွင် တည်ဆောက်မည့် ဟက်ကြီးရေကာတာကြောင့် ဖြစ်ပေါ်လာမည့် ရေလွှမ်းမိုးမှု၊ စိုက်ပျိုးရေ မရရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းအပါအ၀င် ဆိုးကျိုးများကို ဒေသခံပြည်သူများအနေဖြင့် ခံစားရပြီး ကုမ္ပဏီများ၊ ပါဝင်သူပုဂ္ဂိုလ်များအနေဖြင့် ရေကာတာစီမံကိန်းကြောင့် အကျိုးအမြတ်များကို ရရှိမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း လက်ရှိအချိန်တွင် ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသေးကြောင်း ကရင်မြစ်ချောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့KRW (Karen Rivers Watch ) အဖွဲ့မှ ကို စောသာဘိုးက ဆိုသည်။

ကိုစောသာဘိုးက “ဒီရေကာတာ ဆောက်မယ်ဆိုတာ ပြည်သူတွေကို အစိုးရက ခုထိ ပွင့်ပွင့်လင်းလင်း ချပြခြင်းမရှိသေးဘူး။ နောက်တစ်ခုက ဒီရေကာတာကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဒေသခံပြည်သူတွေပဲ ခံစားရမှာ။ ဒီသံလွင်မြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ရွာတွေမြို့တွေက သံလွင်မြစ်ရဲ့ နုန်းတင်မြေနုတွေနဲ့ စိုက်ပျိုးရေးကို အဓိကထားလုပ်ကြတာ။ ရေကာတာဆောက်လိုက်လို့ ရေနည်းသွားရင် ဒီစိုက်ပျိုးမြေတွေ အကုန်လုံး အလကားဖြစ်သွားပြီ။ နောက်ပြီး ရေကာတာကျိုးပေါက်လို့ ရေကြီးမယ်ဆိုရင် သံလွင်မြစ်အောက်ပိုင်းက မြို့တွေ၊ ရွာတွေအကုန် ရေမြုပ်သွားမှာ သေချာတယ်။ ဒီရေကာတာစီမံကိန်းကို ဆန့်ကျင်တဲ့ ဒေသခံတွေရဲ့ လက်မှတ်တွေကို ကျွန်တော်တို့ စုဆောင်းကောက်ခံနေတယ်။ ဘယ်လောက်အတိုင်းအတာထိ ရပြီလဲဆိုတာတော့ မသိသေးဘူး။ ရလာရင် သတင်းထုတ်ပြန်သွားမှာပါ”ဟု ပြောကြားသည်။

ဘားအံမြို့နယ်၊ ကော့ကူးကျေးရွာနေ တောင်သူတစ်ဦးဖြစ်သူ ဒေါ်ဝင်းသန်းက “ကျွန်မတို့ ရွာကတော့ အဓိက စိုက်ပျိုးရေးလုပ်တာပါ။ ပဲ၊ ပြောင်း၊ စပါး အဓိကစိုက်တယ်။ မိုးရာသီဆိုရင် သံလွင်မြစ်က ရေကြီးလာတယ်။ ရေပြန်ကျသွားလို့ တင်ကျန်နေ တဲ့ နုန်းတင်မြေတွေမှာ မြေပဲစိုက်တယ်။ ဒီရေကာတာစီမံကိန်းလုပ်လို့ နုန်းမြေတွေ မရရှိတော့ဘူးဆိုရင် စိုက်ပျိုးမြေတွေကို ထိခိုက်လာနိုင်တယ်။ ကျွန်မတို့က ဒီကိုင်းအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟုဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် Karen Environm- ental and Social Action Network (KESAN) မှ သုတေသီနှင့်ပညာပေးတာဝန်ခံဖြစ်သူ SteveThompson က“ဒီရေကာတာစီမံကိန်း ဆောက်မယ်ဆိုရင် ပြောင်းရွှေ့နိုင်ရတဲ့ ရွာတွေကလည်း အမြောက်အမြား ရှိနေပါတယ်။နောက်ပြီး ဒီရေကာတာစီမံကိန်းကြောင့် နောက်ဆက်တွဲအနေနဲ့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ပဋိပက္ခတွေလည်း ပြန်ဖြစ်လာနိုင်ပါတယ်။ သာဓကတစ်ခုက ကချင်မြစ်ဆုံစီမံကိန်းကြောင့် ကချင်ဒေသမှာ စစ်ပွဲပြန်ဖြစ်လာ တယ်။ နောက်တစ်ခုက ဒီဟက်ကြီး ရေကာတာဆောက်မယ့်နေရာက ငလျင်ကြောရှိတဲ့ နေရာလည်းဖြစ်တယ်။ ဒီရေကာတာ ဆောက်လိုက်ပါပြီတဲ့။ မပြိုနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ။ တကယ်လို့ အဲ့လိုဖြစ်လာခဲ့လို့ ရွာတွေ၊ မြို့တွေ ရေလွှမ်းမိုးခံရပြီး လူ့အသက်တွေ သေကြေပျက်စီးပြီဆိုရင် ဘယ်သူ့မှာ တာဝန်ရှိနိုင်မှာလဲ။ အစိုးရလား၊ ကုမ္ပဏီတွေလား။ ဒါကို သေချာစဉ်းစားသင့်တယ်”ဟု သုံးသပ်သည်။



Eleven Media Group

အပြည့်အစုံသို့ »

အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာ့ ဘဏ်လုပ်ငန်း အနိမ့်ကျဆုံးဟု GIZ ဆို



ရန်ကုန်၊ မတ် ၈

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ကဏ္ဍသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆယ်စုနှစ် တစ်ခုအတွင်း ဖွံ့ဖြိုးမှု မရှိသလောက် ဖြစ်ခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် အနိမ့်ကျဆုံး ဖြစ်ကြောင်း ဂျာမနီ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (GIZ) မှ စီမံကိန်း ခေါင်းဆောင် (Head of Project) Mr. Thomas Foerch က ပြောကြားသည်။

မြန်မာ့ဘဏ်လုပ်ငန်း စနစ်သည် ၂၀၀၆-၂၀၀၇ ခုနှစ်မှ စတင်ကာ ဘဏ်အပ်ငွေနှင့် ချေးငွေများ ပုံမှန် တိုးတက်နေသော်လည်း ငွေစက္ကူ အခြေခံ စနစ်တွင် ရှိနေသေးကြောင်း ၎င်းကဆိုသည်။

မြန်မာ့ဘဏ်လုပ်ငန်း အနေနှင့် လက်ရှိအချိန်တွင် သင့်လျော် ကောင်းမွန်သည့် ဥပဒေများ ပြဋ္ဌာန်းရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး တို့သည် အဓိက စိန်ခေါ်မှု ဖြစ်နေကြောင်း ၎င်းကဆိုသည်။

“ဘဏ်တွေမှာ လူတော်တွေ ရှားတာကလည်း ခုနောက်ပိုင်း ဘဏ်အသစ်တွေ အများကြီး ပေါ်လာချိန်မှာ တကယ် လုပ်နိုင်တဲ့သူက နည်းနေတယ်။ ဒီကြားထဲ သမင်မွေးရင်း ကျားစားရင်း ဆိုသလို လစာ အမြင့်ကြီး ပေးပြီး ခေါ်တာတွေလည်း ရှိတာပေါ့” ဟု ပထမ ပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ဆိုသည်။

မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍတွင် ဗဟိုဘဏ်၏ ထိန်းချုပ် ကန့်သတ်မှုများ ဖြေလျှော့ပေးရန်၊ ပုဂ္ဂလိက ဘဏ်ခွဲများကို ကိုယ်တိုင် စီမံခန့်ခွဲခွင့် ပြုရန်၊ ဘဏ်လုပ်ငန်း လိုင်စင် ချထားပေးမှု ရှင်းလင်းလွယ်ကူ ထင်သာမြင်သာ ဖြစ်စေရန်တို့ လိုကြောင်း Mr. Thomas Foerch က ဆိုသည်။

ဘဏ်လုပ်ငန်း လိုင်စင် ချထားပေးရာတွင် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ အကြား ရှင်းလင်းမှု မရှိသည်ကို လက်ခံသော်လည်း ယင်းလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များကို ရှင်းလင်း လွယ်ကူမှု ရှိစေရန် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ (IMF) မှ အကြံပေး ပုဂ္ဂိုလ်နှင့် အတူ ပြန်လည် သုံးသပ်ကာ ပြုပြင်ပြောင်းလဲလျက် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍတွင် နိုင်ငံပိုင် ဘဏ်များသည် ပိုင်ဆိုင်မှု အများဆုံး ဖြစ်ပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ် အားလုံးပေါင်း ပိုင်ဆိုင်မှု တန်ဖိုးမှာ ကျပ် ၂၃,၀၀၀ ဘီလီယံ ရှိကာ တိုင်းပြည် ဂျီဒီပီ၏ ၅၀ ရာခိုင်နှုန်းအထိ ရှိကြောင်း GIZ ၏ စာတမ်းတွင် ဖော်ပြထားသည်။

နိုင်ငံပိုင် ဘဏ်များ၏ ပိုင်ဆိုင်မှုသည် ကျပ် ၁၅,၀၀၀ ဘီလီယံ ရှိသော်လည်း ပုဂ္ဂလိကဘဏ်များ ကြီးထွားလာမှုကို အမီလိုက်နိုင်ရန် ခက်ခဲနေပြီး ဈေးကွက် ဝေစု လျော့ကျလျက် ရှိကြောင်း Mr. Thomas Foerch ဆိုသည်။

မြန်မာ့စီးပွားရေး ဘဏ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ဘဏ်ဖြစ်ပြီး ဘဏ်ခွဲပေါင်း ၃၀၀ ကျော်၊ ဝန်ထမ်း ၉၀၀၀ နီးပါးနှင့် လုပ်ကိုင်နေသော်လည်း ဆယ်စုနှစ် တစ်စုကြာ အရှုံးဆက်တိုက် ပြနေသော နိုင်ငံပိုင် ဘဏ်တစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မြန်မာ့စီးပွားရေး ဘဏ်က Policy Bank ဖြစ်တဲ့အတွက် အရှုံးခံပြီး လုပ်ရတာတွေလည်း ရှိတယ်။ တချို့လိုအပ်တဲ့ နေရာတွေမှာ စိုက်ထုတ် သုံးစွဲရတာတွေ ရှိတာကြောင့် ဒီလိုဖြစ်ရတာ” ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ဆိုသည်။

သင့်လျော် ကောင်းမွန်သည့် ကြီးကြပ်ကွပ်ကဲမှု၊ ကောင်းမွန်သည့် အုပ်ချုပ်မှု၊ ယုံကြည်ရလောက်သော ကိန်းဂဏန်း အချက်အလက် များနှင့် ပွင့်လင်းမြင်သာ ရှိမှုတို့သည် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးရေးတွင် အဓိက အရေးကြီးကြောင်း GIZ ၏ စာတမ်းတွင် ဖော်ပြထားသည်။

The Voice Weekly

အပြည့်အစုံသို့ »

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့တွေ့မည်



ရန်ကုန်၊ မတ် ၈

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်မည့် ရက်သတ်မှတ်နိုင်ရန် မျှော်မှန်းထားသော ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိုအဖြစ် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ ယနေ့ (မတ်လ ၉ ရက်) တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များထံမှ သိရသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) ၌ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးခြောက်ဦး၊ တပ်မတော် ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် လေးဦးနှင့် ဗိုလ်ချုပ်အဆင့် နှစ်ဦး စုစုပေါင်း ခြောက်ဦးနှင့် လွှတ်တော် ကိုယ်စားလှယ် လေးဦးတို့ ပါဝင်မည် ဖြစ်ကြောင်း MPC မှ အကြီးတန်း အကြံပေး တစ်ဦးက ပြောကြားသည်။

“ဒီပွဲက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နောက်ဆုံး ညှိနှိုင်းမယ့် ဘားအံ ပွဲအတွက် အဓိက ဆွေးနွေးမှာ ဆိုတော့ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကိုယ်စားလှယ်များ အဖြစ် အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း အပါအဝင် ထိပ်သီးခေါင်းဆောင် အများအပြား ပါဝင်ကြောင်း NCCT ထံမှ သိရသည်။

ယနေ့ ဆွေးနွေးပွဲတွင် တိုင်းရင်းသားများက တင်ပြထားသည့် လော်ခီးလာ အပစ်ရပ် မူကြမ်းအပေါ် အစိုးရက ၈၀ ရာခိုင်နှုန်းခန့် သဘောတူပါက ဘားအံ ဆွေးနွေးပွဲကို အမြန်ဆုံး ခေါ်ယူသွားမည် ဖြစ်ပြီး ဇွန်လ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ကြိုးပမ်းမည် ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

ဘားအံ ဆွေးနွေးပွဲ အတွက် ရက်သတ်မှတ်နိုင်ဖွယ် ရှိသည့် ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်ရန် NCCT ခေါင်းဆောင် အချို့မှာ ရန်ကုန်မြို့သို့ ရက်အတော်ကြာ ကြိုတင် ရောက်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ဆက်တိုက် တွေ့ဆုံခဲ့သည်။

ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ အပါအဝင် ထိပ်သီး ခေါင်းဆောင်များနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံထားသည့် အပြင် KNU ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ရှိ ကရင်လူထု အဖွဲ့အစည်းများ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးထားသည်။
The Voice Weekly

အပြည့်အစုံသို့ »

ကမ်းနီးငါးဖမ်း ဧရိယာအတွင်း ငါးဝင်ဖမ်းသည့် ၀ါးလတ်လှေ နှစ်စီးအား တပ်မတော်(ရေ)မှ ဖမ်းဆီး


၂၀၁၄ခုနှစ် မတ်လ (၇) ရက်နေ့ ည(၉) နာရီ အချိန်ခန့်တွင် ကျွန်းစုမြို့နယ် ဒုံးကျွန်း၏ အရှေ့တောင်ဘက် (၁)မိုင်ခန့် အကွာ ကမ်းဝေးလှေများ ငါးမဖမ်းရ နေရာ အဖြစ် သတ်မှတ်ထားသည့် ကမ်းနီး ငါးဖမ်း ဧရိယာ အတွင်း ၀င်ရောက် ငါးခိုးဖမ်းနေသော အလျား (၇၀)ပေ (၈)လက်မ၊ အနံ (၁၅)ပေ ၊ (၅) လက်မ ၊ မြင်းကောင်ရေ (၂၈၀)ခန့် HENO EK – 100 (၆)လုံးထိုး စက်မကြီး တပ်ဆင်ထားသည့်  အောင်ချစ်ကိုကို (တ-၂၅၈) အမည်ရှိ စည်းပျက် ၀ါးလတ် ငါးဖမ်းလှေ တစ်စီးအား လှေသား (၁၄) ဦးဖြင့် လည်းကောင်း ၊ ည (၉)နာရီ ခွဲ အချိန်ခန့်၌ ဒုံးကျွန်း အရှေ့ဘက် (၁)မိုင်ခွဲခန့် အကွာတွင် အလျား (၇၃)ပေ၊ (၂)လက်မ၊ အနံ (၁၇)ပေ (၂)လက်မ ၊ ၊ မြင်းကောင်ရေ (၂၈၀)ခန့် HENO EK – 100 (၆)လုံးထိုး စက်မကြီး တပ်ဆင်ထားသည့် မြင့်မြတ်သိန်း - ၅ (တ-၂၆၃) အမည်ရှိ စက်ပျက် ၀ါးလတ် ငါးဖမ်းလှေ တစ်စီး စုစုပေါင်း (၂) စီးအား တနင်္သာရီ ရေတပ် စခန်း ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ ဗိုလ်ကြီး သက်ထွန်းအောင် ဦးစီး အမှတ် (၆၁၁) ထောက်ပံ့ရေး ရေယာဉ်မှ ပင်လယ်ပြင် စိုးမိုးရေး ဆောင်ရွက်နေစဉ် ဖမ်းဆီး ရမိကြောင်း သိရသည်။

အဆိုပါ စည်းပျက် ၀ါးလတ် ငါးဖမ်းလှေ နှစ်စီးအား လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန မြိတ်မြို့ သို့ လွှဲပြောင်းပေးအပ် ထားကြောင်း သတင်းရရှိသည်။



မြိတ်ပုလဲမြေ 

အပြည့်အစုံသို့ »