လှည်းကူးဈေးအတွင်း ပဋိပက္ခဖြစ်ပွားမှု ထိန်းသိမ်းနိုင်၍ ဈေးရောင်းဈေးဝယ်တို့ဖြင့် ပုံမှန်အတိုင်း စည်ကားလျက်ရှိ


ရန်ကုန် ဧပြီ ၅

ရန်ကုန်-မန္တလေး လမ်းမကြီးကို မျက်နှာမူထားသော လှည်းကူးမြို့၏ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားမှုမှ ပဋိပက္ခအသွင်သို့ ဖြစ်ပေါ်ခဲ့ သော်လည်း ယနေ့ နံနက်တွင် ပုံမှန်အတိုင်း အေးချမ်းစွာဖြင့် ဈေးဝယ်ဈေးသည်တို့ဖြင့် စည်ကားသွားလာလျက်ရှိကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားစဉ်က မြို့နယ်မှ တာဝန်ရှိသူများ အချိန်မီရောက်ရှိ၍ မုန့်ဆိုင်အတွင်း ဝင်ရောက်သွားသော ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးထိန်းသိမ်းရန် ဆောင်ရွက်နေစဉ် အနီးဝန်းကျင်ရှိ ပြည်သူများက အော်ဟစ်ပြောဆိုလျက် မြို့ခံ မဟုတ်သော လူအချို့ရောက်ရှိလာပြီး စုဝေးမိကာ အဆိုပါမုန့်ဆိုင်ကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ပစ္စည်းများဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်နေသည့်အတွက် အကြမ်းဖက်သည့် အသွင်သို့ဆောင်လျက်ရှိပြီး တာဝန် ရှိသူများ မုန့်ဆိုင်အတွင်းရှိ ပြစ်မှု ကျူးလွန်သူသုံးဦးအား ဖမ်းဆီး ခေါ်ဆောင်စဉ် ခဲများဖြင့် ပစ်ပေါက် မှုကြောင့် လုံခြုံရေးတာဝန်ယူသူ အချို့နှင့် အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ညနေ ၅နာရီခန့်တွင် ခရိုင်မှ တာဝန်ရှိသူများ ရောက်ရှိ၍ အခြေအနေကို ထိန်းသိမ်း နိုင်ခဲ့သည်။

တိုင်းဒေသကြီးနှင့်ခရိုင်မှ တာဝန်ရှိသူများက လူစုလူဝေးအား ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ရန် နှင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။ ဆူပူသူအချို့မှာ လူစုလူဝေးအသွင်ဖြင့် ဆက်လက်တည်ရှိနေမှုကြောင့် ည ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရ အမိန့်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေကို ချိုးဖောက်၍ လှည်းကူးတံတားပေါ်နှင့် နေရာအချို့တွင် လူစုလူဝေးဖြင့် ဆူပူမှု အသွင်လုပ်ဆောင်ခဲ့သူ လေးဦးကို ထိန်းသိမ်းထားပြီး အဆိုပါအမိန့်ကို ချိုးဖောက်ခဲ့သူများကို ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မုန့်တိုက်ကို ခဲဖြင့် ပစ်ပေါက်၍ ပြစ်မှုကျူးလွန်သူများ ကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခဲဖြင့်ပစ်ပေါက်သူ နှစ်ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ လှည်းကူးမြို့နယ် အေးချမ်းသာယာ၍ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရန် တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိ မြို့နယ်၏ အေးချမ်းသာယာရေးကို နှောင့်ယှက်သူများ၊ ဖျက်ဆီးသူများ၊ လှုံ့ဆော်သူများတွေ့ရှိပါက ဝိုင်းဝန်း ကာကွယ် စောင့်ရှောက်သွားရန်လည်း လိုအပ်ကြောင်း ခရိုင်ဒုတိယရဲမှူးကြီးက ပြောကြားခဲ့သည်။

MOI Webportal Myanmar

အပြည့်အစုံသို့ »

တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဖမ်းဝရမ်းထပ်မံထုတ်ဆင့် ဖယ်ရှားပြီးသည့် ကျူးကျော်ဘုန်းကြီးကျောင်းမြေနေရာများတွင် စိန်တလုံးသရက်စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေ

နေပြည်တော် စိန်တလုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန် လုပ်ကွက် ၁ နယ်မြေအား တွေ့ရစဉ်

တရားရင်ဆိုင်ခြင်း မရှိသေးသည့် ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအား ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဝရမ်းထပ်မံ ထုတ်ဆင့်ခဲ့ကြောင်း ရွှေဝါမြိုင်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်၏ ပြောကြားချက်အရ သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ဖယ်ရှားခဲ့သည့် ဘုန်းကြီးကျောင်းမြေနေရာများတွင် နေပြည်တော် စိန်တစ်လုံးသရက် စိုက်ပျိုးရေးစီမံကိန်းဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ပြီးနောက် ဘုန်းကြီးကျောင်းမြေနေရာများတွင် အချို့ဘုန်းကြီးကျောင်း နေရာများအား လျော်ကြေးပေး ၀ယ်ယူခြင်းများပြုလုပ်ပြီး ခြံစည်းရိုးများခတ်ကာ သရက်ဇုန်အဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဝါမြိုင်ကျောင်းဆရာတော် ဦးပညာလင်္ကာရက “ဘုန်းဘုန်းက မနေ့က ရုံးချိန်းမှာမပါဘူး။ ဓမ္မာစရိယလည်း အောင်ထားပြီးပါပြီ။ ဒီနေ့ ၀ရမ်းလာကပ်တယ်။ သူတို့ အင်အားသုံးဖယ်ရှားမယ့်နေ့ကို စောင့်ပြီးရင်ဆိုင်မယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ရဲတွေလာပြောတယ်။ ဖယ်ပေးရင်ပေး မပေးရင် ဖမ်းဆိုပြီး ၀ရမ်းလည်းကပ်သွားတယ်”ဟု မိန့်ကြားခဲ့သည်။

ယင်းကဲ့သို့ ဖယ်ရှားခိုင်းသည့် ဘုန်းကြီးကျောင်းများအနီးရှိ ဘုန်းကြီးကျောင်းများအား ခွင့်ပြုချက်နှင့်အညီ ဆက်နေခွင့်ရထားသည့် ဘုန်းကြီးကျောင်းများမှာ သုခမြင့်မိုရ်ကျောင်း၊ ရွှေရတနာလကျောင်း၊ ကောသိကာရုံကျောင်း၊ သီရိမင်္ဂလာကျောင်း၊ သာသနာ့ဝေပုဏ္ဏကျောင်းများဖြစ်ကြောင်း သိရသည်။

“အဲဒီကျောင်းတွေကိုကျတော့ ဘာလို့ခွင့်ပြုချက်နဲ့အညီဆိုပြီး နေခွင့်ပေးထားတာလဲ။ အဲဒီကျောင်းတွေမှာရှိတဲ့ ဘုန်းကြီးတွေနဲ့ ဘုန်းဘုန်းတို့နဲ့က ဓမ္မာစရိယဘွဲ့ ရထားတာအတူတူပဲ။ အချို့ကျောင်းထိုင်တွေက အသက်ကြီးမှဝတ်တဲ့ ဘုန်းကြီးတွေတောင်ပါတယ်။ မနေ့က ရုံးချိန်းနေ့မှာ ဘုန်းဘုန်းက ဓမ္မာစရိယဂုဏ်ထူးတန်း ဖြေဆိုနေတာ။ ကျမ်းရင်းသုံးခုက အောင်ပြီးသွားပါပြီ။ ဒီနေ့ ရုံးချိန်းအဖြစ် ၀ရမ်းလာကပ်သွားတယ်။ ဘုန်းကြီးကတော့ မသွားတော့ဘူး။ သူတို့လာ ဖမ်းရင်လည်း ရင်ဆိုင်သွားမယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

ညောင်နှစ်ပင်ကျောင်းတိုက်ဆရာတော်က “သတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ဒီဘုန်းကြီးကျောင်းတွေက ဆရာတော်တွေက စာမတတ်၊ ပေမတတ်လို့ ဖော်ပြထားတာတွေက အမှားတွေပါ။ ဒကာ၊ ဒကာမ တွေ အကြည်ညိုပျက်အောင် ဖော်ပြထားတာဖြစ်တယ်။ ဦးဇင်းတို့မှာ အောင်လက်မှတ်တွေလည်း ရှိတယ်။ ဒီနေရာတွေက အရင်ကတောင်သူတွေ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ နေရာတွေဖြစ်တယ်။ တောင်သူတွေလှူခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်”ဟု မိန့်ကြားခဲ့သည်။

နေပြည်တော်တိုင်း သံဃမဟာနာယက အဖွဲ့မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းတွင် အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်နေထိုင်ရန် အကျိုးတော်ဆောင်ဆရာတော်က မိန့်ကြားခဲ့ကြောင်း၊ နိုင်ငံတော်သံဃနာယကအဖွဲ့၏ စာအမှတ်များအရ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့မှ စိစစ်ဆောင်ရွက်၍ ပြန်လည်တင်ပြရန်ဆိုသည့် ဆုံးဖြတ်ချက်အရ ဆောင်ရွက်မှု မပြီးဆုံးသေးသောကြောင့်လည်းကောင်း၊ မြို့နယ်သီးခြား သံဃ၀ိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမပြုသေးခြင်း ဖြစ်ကြောင်း၊ လေးစားလိုက်နာမှု မပြုခြင်းမဟုတ်ကြောင်း တရားသူကြီးမင်းထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း ရွှေဝါမြိုင်ကျောင်းဆရာတော်က မိန့်ကြားခဲ့သည်။

ကျူးကျော်ဘုန်းကြီးကျောင်းဟု သတ်မှတ်ပြီး တရားရင်ဆိုင်ခဲ့သည့် ဘုန်းကြီးကျောင်း သုံးခုဖြစ်သည့် သာသနာ့အောင်လံကျောင်း၊ ဓမ္မရက္ခိတကျောင်း၊ ဗုဒ္ဓရတနာကျောင်းများမှ ကျောင်းထိုင်ဘုန်းကြီး သုံးပါး အား လူဝတ်လဲကာ ထောင်ဒဏ်ခြောက်လ သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်း ၂၄ ကျောင်း အား ဆောက်လုပ်ခွင့်မရှိဘဲ ဆောက်လုပ်ထားသည့် ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကျူးကျော်ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ၂၄ ကျောင်းမှာ ဓမ္မရက္ခိတကျောင်း၊ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ရာမညကျောင်း၊ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ နန္ဒာရာမကျောင်း၊ သပြေညိုကျောင်း၊ လှမေတ္တာကျောင်း၊ ရတနာ့သိဒ္ဓိကျောင်း၊ ဝေဠုဝန်ကျောင်း(ဥတ္တရသီရိမြို့)၊ ဇေယျာမြိုင်ကျောင်း၊ အဓိဋ္ဌာန်ကျောင်း၊ မဟာမြိုင်ကျောင်း၊ ပဏ္ဍိတာရာမကျောင်း၊ နန္ဒာရာမကျောင်း (ဥတ္တရသီရိမြို့)၊ ငှက်ပျောတောကျောင်း၊ ဝေဠုဝန်ကျောင်း(ဇမ္ဗူ/ဒက္ခိဏသီရိ)၊ လှေဆွဲမြှောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်း၊ မိတ္ထီလာကျောင်း၊ သာသနာ့အောင်လံကျောင်း၊ ဗုဒ္ဓရတနာကျောင်းများဖြစ်ကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် အဆိုပါဘုန်းကြီးကျောင်းများသည် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်းတွင် တည်ရှိကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းတစ်ကျောင်း ဖြစ်ဖို့ဆိုတာ ရေစက်ချပြီး လှူရတယ်။ ပြီးတော့ ကျောင်းသိမ်သမုတ်ရတယ်။ကျောင်းသိမ်သမုတ်တဲ့အခါမှာလည်း အရည်အချင်းရှိတဲ့ သံဃာတွေကို ပင့်ဖိတ်ပြီး သိမ်သမုတ်ရတယ်။
သိမ်သမုတ်ပြီးလို့ ကျောင်းဖြစ်သွားရင် ဘယ်သူမှ ဘာမှလုပ်လို့မရဘူး။ နိုင်ငံတော်ကလည်း မပိုင်တော့ဘူး။ အဲဒီလိုဘာသာသာသနာပိုင်ကျောင်းဖြစ်သွားရင် ကျောင်းတို့၊ မြေတို့နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို သံဃ၀ိနိစ္ဆယ(တစ်နည်း) (သံဃာ့တရားရုံး) တရားရုံးတွေနဲ့သာ ဖြေရှင်းရတယ်။ သံဃနာယက ဆရာတော်တွေနဲ့သာ အရေးယူဆောင်ရွက်ရပါတယ်။ လူသတ်မှု၊ မုဒိမ်းမှုလို ရာဇ၀တ်မှုမျိုးတွေကို သံဃာတွေက ကျူးလွန်ရင်သာ ရာဇ၀တ်တရားရုံးတွေမှာ ဖြေရှင်းရတာပါ။ ”ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ တာဝန်ခံအမှုဆောင်တရား လွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်က ပြောကြားသည်။

Eleven Media Group

အပြည့်အစုံသို့ »

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ယာဉ်ရပ်နားခ တစ်နာရီ ၂၀၀ ကျပ်ဖြင့် ဧပြီ ၆ ရက်တွင် စတင်ကောက်ခံမည်

ရန်ကုန်မြို့တွင်း လမ်းကြားတစ်နေရာ၌ ယာဉ်များ ရပ်နားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် မူလက ဧပြီ ၁ ရက်မှ စတင်၍ ယာဉ်ရပ်နပ်နားခများ ပြန်လည်ကောက်ခံရန် စီစဉ်ခဲ့သော်လည်း လုပ်ငန်းလေလံမအောင်မြင်၍ ဧပြီ ၄ ရက်အထိ မကောက်ဖြစ်ခဲ့ကြောင်း၊ ဧပြီ ၄ ရက် ညနေပိုင်းတွင် လေလံအောင်မြင်ခဲ့သောကြောင့် ဧပြီ ၆ ရက်မှစတင်၍ ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၁၉၉၆ ခုနှစ်မှစတင်၍ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် မြောက်ဘက်၌ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ဘက်၌ ကမ်းနားလမ်း၊ အရှေ့ဘက်၌ ဗိုလ်အောင်ကျော်လမ်း၊ အနောက်ဘက်၌ လမ်းမတော်လမ်း ဧရိယာအတွင်းရှိ နံပါတ်တပ်လမ်း၊ အမည်တပ်လမ်းငယ်များ၊ အမည်တပ်လမ်းမအကြီးများအား ယာဉ်ရပ်နားမှု ကန့်သတ်ဇုန်များသတ်မှတ်၍ အဆိုပါနေရာများတွင် ယာဉ်ရပ်နားပါက ယာဉ်ရပ်နားခများကို ကောက်ခံခဲ့ကြောင်းသိရသည်။ သို့သော် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားနေရာများ တိုးချဲ့ရန်၊ လမ်းတိုးချဲ့ရန်နှင့် စင်္ကြံများပြုပြင်ရန်အတွက် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ ယခုအခါ ယာဉ်ရပ်နားနေရာများ တိုးချဲ့ခြင်း၊ လမ်းတိုးချဲ့ခြင်းလုပ်ငန်းများလည်း ပြီးစီးခဲ့ပြီးဖြစ်၍ ဧပြီ ၁ ရက်မှ စတင်၍ ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းလုပ်ငန်းအား ပုဂ္ဂလိကလုပ်ငန်းရှင်များအား လေလံချထားပေးခဲ့ရာ လေလံမအောင်မြင်သေးခြင်းကြောင့် ဧပြီ ၁ ရက်နေ့တွင် မကောက်ခံဖြစ်ဘဲ ဧပြီ ၄ ရက် ညပိုင်းမှသာ လေလံအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လေလံအောင်သည့် နှုန်းထားများကိုမူ ထုတ်ပြန်၍မရနိုင်ဟု ဆိုသည်။

“လေလံက မနေ့ကညနေပိုင်းကမှ အောင်သွားတယ်။ အဲဒါကြောင့် ယာဉ်ရပ်နားခတွေ စကောက်ပါမယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်း နှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၅ ရက် နေ့လယ်ပိုင်းက ပြောကြားသည်။

ယာဉ်ရပ်နားခများကို မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများပေါ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များက တစ်နာရီလျှင် ကျပ် ၂၀၀ နှုန်းဖြင့် နံနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း ကောက်ခံမည်ဖြစ်ပြီး ယာဉ်ရပ်နားချိန် တစ်နာရီကျော်ပါက ကျပ် ၂၀၀ ထပ်မံပေးဆာင်ရမည်ဖြစ်ကြောင်း သိရသည်။

ကားပါကင်ခများ ပြန်လည်ကောက်ခံမည့် အစီအစဉ်တွင် နံပါတ်တပ်လမ်းများ၊ အမည်တပ်လမ်းငယ်များ (ဥပမာ-ဆိပ်ကမ်း သာလမ်း၊ စဥ့်အိုးတန်းလမ်း စသည်) မပါဝင်ဘဲ အမည်တပ်လမ်းမကြီးများတွင်သာ ကောက်ခံမည်ဟု သိရသည်။

ယင်းသို့ ပြန်လည်ကောက်ခံမည့် လမ်းမကြီးများထဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတ်မှတ်ထားသည့် ယာဉ်မရပ်ရ လမ်းအချို့လည်း ပါဝင်နေရာ အဆိုပါလမ်းများတွင် ယာဉ်ရပ်နားရန် ပြုလုပ်ပေးထားသည့်နေရာ၌ ရပ်နားခပေး၍ ရပ်နားနိုင်ပြီး လမ်းမပေါ်တွင်ရပ်ပါကမူ ကရိန်းယာဉ်ဖြင့် ဖယ်ရှားခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယာဉ်ရပ်နားခကောက်ခံသည့် လုပ်ငန်းသည် ၀င်ငွေရများပြားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က အဆိုပါလုပ်ငန်းမှ ၀င်ငွေကျပ်သိန်း ပေါင်း ၁၄၀၀၀ ခန့် ရရှိခဲ့သည်ဟု သိရသည်။

Eleven Media Group

အပြည့်အစုံသို့ »

Pregnancy (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း


(၁) ဆရာ သမီးက့ မှာ အလုပ်လုပ်နေပါတယ်။ ခု ရာသီမလာတာ ၂ လနီးပါး ရှိပြီဖြစ်လို့ ဒီကဆေးခန်းတစ်ခုမှာ သွားပြပြီး သွေးစစ်ခိုင်းလို့ စစ်ကြည့်တဲ့အခါ ဆရာဝန်က ဟိုမုန်းအားနည်းနေလို့ ရှိ မရှိ မပြောသေးဘူးလို့ ပြောပါတယ်။ ဟိုမုန်းပမာဏက Beta HCG 10 ပဲရှိတယ်လို့ပြောပါတယ်။ အဲဒါ နောက်သုံးရက်နေရင် သွေးထပ်စစ်ကြည့်ပြီးမှ အဖြေသိနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီ ဟိုမုန်းအားနည်းမှုဟာ တကယ်လို့ ကလေးရှိခဲ့ရင် ဘယ်လို အကျိုးသက်ရောက်နိုင်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ် ဆရာ။
(၂) အခု အဲဒီလို (ကိုယ်ဝန်ပျက်ဆေးသောက်ပြီး) သွေးဆင်း ပြီးသွားမှ အဖြူတွေ တအားဆင်းနေတော့ ကြောက်တာလည်း ပါတယ်။ နောက်ပြီး တစ်ခါတစ်ခါ ပျို့အန်ချင်သလိုဖြစ်တော့ စိတ်က မပြီးသေးဘူး ထင်နေပါတယ်။ ဆီးစစ်ကြည့်တော့ အဲဒီ Result တွေ့တော့ ပိုပြီး စိတ်ထဲ ထင့်နေပါတယ်။ ဖြစ်နိုင်ရင် ဘယ်အချိန်လောက် ပြန်စစ်ကြည့်ရင် Result အမှန် သိရမလဲ။ အခုထိ အဖြူဆင်းနေတာ ဘာလုပ်ရမလဲဆရာ။

ကိုယ်ဝန် ရှိ-မရှိ သိချင်ရင် ဆေးဆိုင်ကနေ Urine pregnancy test ဆေးဘူးလေးတခု ဝယ်ပြီး အလွယ်လေး စစ်နိုင်ပါတယ်။ ဆရာဝန်-ဆရာမ မလိုကြဘူး။ အမှန်က ဆီးထဲမှာ Human Chorionic Gonadotropin (hCG) ခေါ်တဲ့ ဟော်မုန်း ရှိ-မရှိကို စစ်တာ ဖြစ်တယ်။ ကိုယ်ဝန်ရှိလို့ ဖြစ်လာတဲ့ အချင်းကနေ HCG ဟော်မုန်းကို ထုတ်ပေးနေတယ်။ ဆီးကို စစ်ရင် မနက်ခင်းဆီးက အမှန်ဆုံးဖြစ်တယ်။ ဒါမှမဟုတ် ဆီးကို ၄ နာရီ အောင့်ထားပြီးမှ သွားရတယ်။

သွေးကို စစ်တာလဲ ရှိတယ်။ တချို့စစ်နည်းက ဟော်မုန်း ရှိ-မရှိကိုသာ စစ်ပြီး တချို့စစ်နည်းတွေက အတိအကျ သွေးထဲမှာ (hCG) ဘယ်လောက် ရှိနေတယ်အထိ စစ်ရတယ်။ အထဲကကလေးမှာ ချို့ယွင်းချက် ပါ-မပါကို သိနိုင်တယ်။ ကင်ဆာတချို့ ကနေလဲ များစေတယ်။ ဥပမာ Germ cell tumors မျိုး။ ယောက်ျားတွေမှာ ကျား-အစေ့ ကင်ဆာ ဖြစ်နေရင် တွေ့မယ်။ Molar pregnancy ဆိုတဲ့ စပျစ်သီး-ကိုယ်ဝန်ဆိုလဲ အပေါင်းပြမယ်။ Choriocarcinoma ခေါ်တဲ့ သားအိမ်-ကင်ဆာ ရှိနေရင်လဲ တွေ့မယ်။

မ-မျိုးဥ နဲ့ ကျား-သုက်ပိုးတွေ ထိတွေ့-ပေါင်းစပ်ပြီးနောက် မျိုးစပ်ပြီးသားမျိုးဥဟာ ၉ ရက်အကြာမှာ သားအိမ်ပြွန် ကနေတဆင့် သားအိမ်ထဲဝင်လာပြီး သားအိမ်အတွင်းနံရံကို တွယ်ကပ်တယ်။ အဲဒီနောက်မှာ အချင်းဆိုတာ ဖြစ်လာတယ်။ အချင်းကနေ hCG ကို ထုတ်ပေးတော့မယ်။ သွေးထဲမှာ ပါနေတော့မယ်။ ဆီးထဲမှာလဲ ပါနေတော့မယ်။ မျိုးဥက သားအိမ် အတွင်းနံရံကို လာတွယ်အပြီး ၆ ရက်ကြာရင် စစ်တော့တွေ့မယ်။

ကိုယ်ဝန် ၈၅% မှာ hCG levels က ၄၈-၇၂ နာရီတိုင်း ၂ ဆတိုးလာတယ်။ ၆-၁၁ ပါတ်မှာ အများဆုံး။ ကိုယ်ဝန် ၁၄ ပါတ်ကနေ ၁၆ ပါတ်အထိ ဟော်မုန်းက တက်တက်လာတယ်။ တဖြေးဖြေး ကျလာတယ်။ မွေးပြီး မကြာခင် စမ်းလို့ မတွေ့နိုင်တော့ဘူး။

ကလေးရဲ့ မွေးရာပါချို့ယွင်းချက်ရှိ သိချင်ရင် ၁၅-၂ဝ ပါတ်မှာ အများဆုံး စစ်တယ်။ (၁) Triple screen ၃ မျိုးစစ်နည်းမှာ Alpha-fetoprotein (AFP), Human chorionic gonadotropin (hCG) နဲ့ Unconjugated estriol (uE3) တွေကို စစ်တယ်။ (၂) Quad screen ၄ မျိုးစစ်နည်းမှာ Hormone inhibin A ကိုပါစစ်တယ်။ မိခင်လောင်းရဲ့ အသက်နဲ့ တခြားအချက်တွေကိုပါ ကြည့်ပြီး ကလေးမှာ ချို့ယွင်းချက် ရှိနေတာကို ဆုံးဖြတ်ရတယ်။

ကိုယ်ဝန် ပဌမ ၃ လမှာ Ultrasound ရိုက်ပြီး Nuchal translucency ကလေးရဲ့ ဂုတ်ပိုးက အရေပြားအထူကို တိုင်းတာရယ် Pregnancy-associated plasma protein A စစ်တာရယ် hCG အနည်း-အများရယ် ပေါင်းပြီး ကလေးမှာ Down syndrome (ဒေါင်းန်-ဆင်ဒရုမ်း) ဥာဏ်မမှီရောဂါ ရှိနေတာကို သိတယ်။

သွေးထဲက (hCG) ဟော်မုန်း ပုံမှန် ကိန်းဂဏန်းတွေက ဓါတ်ခွဲခန်းတခုနဲ့တခု သုံးတာမတူဘူး။ ကိုယ်ဝန်ဆောင်နေသူ နောက်ဆုံး ရာသီလာပြီးနောက်
၃ ပါတ်မှာ = 5-50 IU/L
၎ ပါတ်မှာ = 50-500 IU/L (5 - 426 mIU/ml)
၅ ပါတ်မှာ = 100-10,000 IU/L (18 - 7,340 mIU/ml)
၆ ပါတ်မှာ = 1080-30,000 IU/L (1,080 - 56,500 mIU/ml)
၇-၈ ပါတ်မှာ = 7, 650 - 229,000 mIU/ml
၈-၁ဝ ပါတ်မှာ = 3500-115,000 IU/L
၉-၁၂ ပါတ်မှာ = 25,700 - 288,000 mIU/ml
၁၃-၁၆ ပါတ်မှာ = 13,300 - 254,000 mIU/ml
၁၄ ပါတ်မှာ = 12,000-270,000 IU/L
၁၅-၁၈ ပါတ်မှာ = Up to 200,000 IU/L
၁၇-၂၄ ပါတ်မှာ = 4,060 - 165,400 mIU/ml
၂၅-၄ဝ ပါတ်မှာ = 3,640 - 117,000 mIU/ml

များနေရင် အမွှာကိုယ်ဝန်၊ စပျစ်သီးကိုယ်ဝန်၊ (ဒေါင်းန်-ဆင်ဒရုမ်း) တွေကို စဉ်းစားရမယ်။ နောက်ဆုံးရာသီလာရက် တွက်မှားတာလဲ ချန်မထားသင့်ဘူး။ ယောက်ျားတွေနဲ့ ကိုယ်ဝန်မရှိတဲ့ မိန်းမတွေမှာ များနေရင် ကျား-အစိ ဒါမှမဟုတ် မ-မျိုးဥက ကင်ဆာတွေကို စဉ်းစားရမယ်။ အစာအိမ်၊ သရက်ရွက်၊ အူမကြီး အသဲ နဲ့ အဆုပ် ကင်ဆာတွေမှာလဲ များနေတယ်။

နည်းနေရင် သားအိမ်ပြင်ပ ကိုယ်ဝန် နဲ့ ကလေးသေနေတာတွေကို စဉ်းစားရမယ်။ ရာသီမလာတဲ့ရက်အတွက် လွဲတာလဲ မမေ့ရဘူး။

စစ်တဲ့အခါ သတိထားရမှာတွေ ရှိတယ်။ ကိုယ်ဝန်ပျက်သွားတာနဲ့ ကိုယ်ဝန်ဖျက်တာ ဖြစ်ပြီးရင် ၄ ပါတ်အထိ အပေါင်းပြနေမယ်။ ကလေးမရနိုင်သေးတာကို ကုသဘို့ရာ Injection of hCG ထိုးပေးထားရင် များနေမယ်။ ဆီးထဲမှာ သွေးပါနေရင်၊ ဆပ်ပြာပါနေရင် အမှန်မရနိုင်ဘူး။ Diuretics, Promethazine, Heparin, Ambien, Prochlorperazine, Promethazine ဆေးတွေကနေ အဖြေမှားစေနိုင်တယ်။

- မ-မျိုးဥနဲ့ ကျား-သုက်ပိုး ပေါင်းစပ်အပြီး သွေးကိုစစ်ရင် အစောဆုံး ၁၁ ရက် နဲ့ ဆီးကိုစစ်ရင် အစောဆုံး ၁၂-၁၄ ရက်မှာ သိနိုင်တယ်။
- ကိုယ်ဝန်နုချိန် ၅-၆ ပါတ်မှာ hCG numbers အရေအတွက်ထက် Ultrasound က ပိုမှန်တယ်။
- သွေးထဲမှာ 5mIU/ml ထက်နည်းရင် ကိုယ်ဝန်မဟုတ်နိုင်ဘူး။ 25mIU/ml များမှသာ ကိုယ်ဝန်။
- 1,000 - 2,000mIU/ml ရှိလာမှသာ Transvaginal ultrasound မွေးလမ်းကြောင်း (အာလ်ထွာဆောင်း) ရိုက်ရင် အထဲက Gestational sac သန္ဓေအိတ်ကို မြင်ရမယ်။
- တကြိမ်ထဲစစ်တာကို ပိုသေခြာချင်ရင် နောက် ၂-၃ ရက်မှာ တခါထပ်စစ်ရမယ်။

ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ စပျစ်သီး-ကိုယ်ဝန် မဟုတ်တာသိဘို့လဲ သွေးဆက်စစ်နေရတယ်။ ကိုယ်ဝန်ပျက်ပြီးနောက် ဒီဟော်မုန်းဟာ ၄-၆ ပါတ်အထိ ရှိနေနိုင်တယ်။ ကိုယ်ဝန် ပျက်နည်း-ဖျက်နည်းတွေအရ မတူတာဖြစ်တယ်။ ပျက်တဲ့အချိန်မှာ ဟော်မုန်းက ဘယ်လောက်အထိ များနေခဲ့သလဲအပေါ် မူတည်တယ်။

Dr. တင့်ဆွေ
၅-၄-၂ဝ၁၄

အပြည့်အစုံသို့ »

အပစ်အခတ်ရပ်စဲရေး အပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည်


တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်သွားပြီးတဲ့နောက်မှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးဟာ အစိုးရရဲ့ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရေးဆွဲရေး ပထမနေ့ ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှာ ဒီနေ့ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီး ဦအောင်မင်းက အခုလို ပြောသွားတာပါ။

"တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို စာချုပ်လက်မှတ်ရေးထိုးပြီးတာနဲ့ တပြိုင်နက်တည်းမှာ ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသော အမျိုးသား ပြန်လည်စည်းလုံး ညီညွှတ်ရေး လုပ်ငန်းစဉ်များ စတင်နိုင်ဖို့အတွက် လိုအပ်မည့် ကျယ်ပြန့်သော နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ရေးပဲဖြစ်ပါတယ်၊ မိမိတို့အနေဖြင့် အထက်ပါရည်မှန်းချက် ၃ ခုထားရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်"

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးရဖို့ လက်တွေ့အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့လိုကြောင်း၊ ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးတဲ့နောက်ပိုင်း တကျော့ပြန်စစ်ရေး ပဋိပက္ခတွေကိုကြည့်ရင် နိုင်ငံရေးဆွေးနွေး မှုတွေ မဖြစ်ပေါ်ခဲ့လို့ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခု ရေးဆွဲရေးအတွက် အစိုးရဖက်က တင်ပြလာမယ့်မူကြမ်းနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဖက်က တင်ပြလာမယ့်မူကြမ်းကို နှစ်ဦးနှစ်ဖက် သဘောတူနိုင်မယ့် မူကြမ်းတစ်ခုရရှိရေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီခေါင်းဆောင် ဦးသိန်းဇော်၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက  ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းညှိနှိုင်းရေး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ပဒို စောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်ကြပါတယ်။

ဒါ့အပြင် NCCT အဖွဲ့ဝင်မဟုတ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

နားဆင်ရန်

RFA Burmese

အပြည့်အစုံသို့ »

အာဖဂန်သမ္မတရွေးကောက်ပွဲ ခြိမ်းခြောက်မှုတွေကြားက မဲပေးကြ


အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲ မဲထည့်ရန် တန်းစီစောင့်ဆိုင်းနေသူများ။ (ဧပြီ ၅၊ ၂၀၁၄)

နားဆင်ရန်

လုံခြုံရေးအထူအထပ်ချထားတဲ့ကြားက Afghanistan သမ္မတသစ်ရွေးချယ်ရမဲ့ ရွေးကောက်ပွဲအတွက် အာဖဂန်ပြည်သူအများအပြား ဒီကနေ့ မဲပေးနေကြပါတယ်။

ရာထူးကနေ ဆင်းပေးရတော့မဲ့ သမ္မတ Hamid Karzai ကလည်း မနက်အစောပိုင်းမှာပဲ မဲပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ခေါင်းဆောင်ကို ကိုယ်တိုင် ရွေးချယ်နိုင်ကြဖို့ ပြည်သူတွေကို မဲပေးကြရေး သူက ခုလိုတိုက်တွန်းသွားပါတယ်။

လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေရှိနေတယ်၊ ရာသီဥတုချမ်းအေးပြီး မိုးတွေရွာနေပေမယ့် သမ္မတလောင်းတွေထဲက ကိုယ်ကြိုက်ရာကို
ရွေးချယ်နိုင်ကြဖို့ မဲလာထည့်ကြဖို့ ပြည်သူတွေကို တိုက်တွန်းပါတယ်လို့ သမ္မတကာဇိုင်းက သူမဲထည့်အပြီး မဲရုံမှာ Dari ဘာသာနဲ့ ပြောသွားတာ ဖြစ်ပါတယ်။ သမ္မတခါဇိုင်းကတော့ သမ္မတတာဝန်ကို ၁၂ နှစ် ကြာ ထမ်းဆောင်ခဲ့ပြီးဖြစ်လို့ ဖွဲ့စည်းပုံဥပဒေအရ နောက်ထပ်
သမ္မတအရွေးခံခွင့် မရှိတော့ပါဘူး။

ခြိမ်းခြောက် နှောင့်ယှက်မှုတွေရှိနေတဲ့ကြားက အများအပြားမဲလာပေးကြတဲ့အပေါ် ကုလသမဂ္ဂရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် Jan Kubis ကချီးကျူးခဲ့ပါတယ်။

နိုင်ငံတဝန်းမဲလာပေးကြသူတွေဟာ အံ့အားသင့်စရာကောင်းအောင်များတယ်လို့ သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲကလည်း ပြောပါတယ်။

မဲလာပေးသူတွေများလွန်းတာကြောင့် မဲရုံတချို့မှာ မဲပြားတွေ မလောက်ဖြစ်ခဲ့တယ်လို့ အာဖဂန်နစ္စကလာတဲ့ သတင်းတွေက ပြောပါတယ်။ ဒီကနေ့
ရွေးကောက်ပွဲရလဒ်တွေကို နောက် သတင်းပတ်တွေအကြာမှ သိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတလောင်းဝင်အရွေးခံသူ ၈ ယောက်မှာ တယောက်မှ မဲ ၅၀% ကျော်မရရင်တော့ ဒုတိယအကြော့မဲပေးပွဲတွေကို လုပ်ရမှာဖြစ်ပါတယ်။ ဒီကနေ့
နိုင်ငံတဝန်းကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲတွေကို ပျက်အောင်လုပ်မယ်လို့ တာလီဘန်တွေ ခြိမ်းခြောက်ထားတဲ့အတွက် လုံခြုံရေးကိုတော့
တော်တော်လေးတင်းကြပ်ထားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်တလျှောက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိခဲ့တာမှာ သောကြာနေ့ကပဲ ဂျာမန်ဓါတ်ပုံ သတင်းထောက်တယောက် ပစ်သတ်ခံခဲ့ရပြီး ကနေဒါက ဝါရင့်သတင်းထောက်တယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ မဲပေးကြတဲ့နေ့မှာတော့ အကြမ်းဖက်မှုတွေ မရှိသလောက် နည်းပါတယ်။

မဲဆန္ဒရှင် ၁၂ သန်းကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတဝန်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် သိန်းနဲ့ချီကို ဖြန့်ချထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကလည်း အာဖဂန်နစ္စတန်မှာ ရွေးကောက်ပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် အာဖဂန် နဲ့နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်ထားလိုက်ပြီး တပ်တွေတိုးချထားတယ်လို့ ပြောပါတယ်ရှင်။

VOA Burmese News

အပြည့်အစုံသို့ »

အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အပစ်ရပ်ဆွေးနွေးပွဲစ

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာဖို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ( NCCT )တို့ ဒီကနေ့ ရန်ကုန်မြို့မှာ ထပ်မံ တွေ့ဆုံနေကြပါတယ်။

ဒီတခေါက် ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်(၁၆)ဖွဲ့ကို ကိုယ်စားပြုတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ NCCT အပြင် RCSS / SSA တောင်ပိုင်း၊ UWSP ဝ အဖွဲ့၊ NDAA မိုင်းလားအပါအဝင် သီးခြားဖိတ်ကြားထားတဲ့ လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့က ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ တက်ရောက်လာတဲ့အတွက် ထူးခြားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲ စတဲ့ ဒီကနေ့မှာတော့ အစိုးရနဲ့ NCCT ဘက်က တင်ပြထားတဲ့ အပစ်ရပ်မူကြမ်း(၂)ခုထဲက (၂)ဘက်ခေါင်းဆောင်တွေ
ပြင်ဖို့ သဘောတူထားတဲ့ အချက်တွေ ဆွေးနွေးခဲ့တယ်လို့ NCCT အဖွဲ့ ရဲ့ ဒုတိယခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

တခုတည်းသော တနိုင်ငံလုံးအပစ်ရပ်ရေး စာချုပ်မူကြမ်း ထွက်လာဖို့ ရည်ရွယ်တဲ့ ဒီဆွေးနွေးပွဲဟာ (၂)ရက်ကြာမယ်လို့ ဆိုပေမယ့် လုပ်ငန်းအခြေအနေအရ ဆွေးနွေးပွဲမပြီးပြတ်ဘူးဆိုရင်တော့ ဒီထက်ရက် ပိုကြာနိုင်တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။

ဒီအစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက်လိုင်ဇာ နဲ့ လောခီးလာ လို ညီလာခံကြီးတွေ ကျင်းပဆွေးနွေးခဲ့ပြီး ခုချိန်အထိလည်း (၂)ဘက်သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး မူကြမ်းထွက်လာဖို့ ခေါင်းဆောင်တွေ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် တိုင်းရင်းသားတွေ လက်နက်ကိုင်တွေဘက်က အဖွဲ့အစည်းအစုံအလင် နဲ့အစိုးရဘက်က စစ်တပ် နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများအပြား တက်ရောက်လာတဲ့ အခုမူကြမ်းဆွေးနွေးပွဲကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ ကိုတော့ အများက မျှော်လင့်နေကြပါတယ်။

BBC

အပြည့်အစုံသို့ »