မြေသိမ်းခံရမှုကြောင့် မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေသူများအား သက်ဆိုင်ရာမှ ကတိက၀တ်ခံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက သင်္ကြန်ကာလအတွင်းပါ ဆန္ဒပြတောင်းဆိုသွားမည်



Published on: April 7, 2014
Written by:
ဝေလင်းအောင်၊ အောင်ကျော်ထက်

သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေးအတွက် မြို့တော်ခန်းမအားပတ်၍ ဆန္ဒဖော်ထုတ်နေသည်ကို ဧပြီ ၆ ရက် ညနေပိုင်းတွင် တွေ့ရစဉ်
ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် မြေအသိမ်းခံရမှုနှင့်ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသည့် မိချောင်းကန် ပြည်သူများအား သက်ဆိုင်ရာမှ ကတိက၀တ်ခံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက သင်္ကြန်ကာလအတွင်းပါ ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်ထိ သက်ဆိုင်ရာမှ တိကျသေချာသည့် ညှိနှိုင်းဆောင်ရွက်မှု မရှိသေးသဖြင့် မြေသိမ်းခံရသူများ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေရခြင်းဖြစ်ပြီး ဧပြီ ၅ ရက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့ မြေသိမ်းခံရမှုနှင့် ၎င်းတို့၏ နစ်နာမှုများကို ပြောကြားခွင့်ရရန်အတွက် သွားရောက်ခဲ့ကြကြောင်းလည်း သိရသည်။

ယင်းသို့ သွားရောက်ခဲ့ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးမကောင်းသဖြင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိသော်သည်း ကျန်းမာရေးကောင်းသည့် အချိန်တွင် မိကျောင်းကန်သပိတ်စခန်းမှ ကော်မတီဝင်ငါးဦးနှင့် တွေ့ဆုံသွားမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ဆန္ဒပြသူများက ဆိုသည်။

“အစိုးရပိုင်း တာဝန်ရှိသူတွေ အနေနဲ့ သင်္ကြန်မတိုင်မီ ဖြေရှင်းပေးမယ်လို့ ပြောခဲ့ဖူးတယ်။ သင်္ကြန်မရောက်မီအထိ ကျွန်တော်တို့အနေနဲ့ စောင့်မျှော်ရမှာပေါ့။ လာရောက် ဖြေရှင်းပေးမှု မရှိခဲ့ရင်တော့ သင်္ကြန်တွင်းလည်း ဆန္ဒထုတ်ဖော်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဆီးဂိမ်းစ်ကာလတုန်းက သပိတ်စခန်းဖွင့် ဆန္ဒပြတုန်းကလည်း တိုင်းပြည်ရဲ့ပုံရိပ်ကို ထိခိုက်မှာဆိုးလို့ဆိုပြီး သက်ဆိုင်ရာက တောင်းဆိုတဲ့အတွက် သပိတ်စခန်းကို ပိတ်ခဲ့တယ်။ ကျွန်တော်တို့ ပြည်သူတွေက တိုင်းပြည်အတွက် ကြည့်ခဲ့ပေမယ့် တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရတာဝန်ရှိသူတွေက ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်သူတွေအရေးကို မကြည့်ခဲ့ပါဘူး” ဟု ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသို့ စစ်တပ်မှသိမ်းဆည်းထားသောမြေအား ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေသည့်အပြင် နေ့စဉ်ညနေပိုင်း၌ မြို့တော်ခန်းမအားပတ်၍ ကျောက်တံတားမြို့အတွင်း ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

သပိတ်စခန်းဖွင့် ဆန္ဒပြသူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်မြို့တော် ခန်းမအတွင်း ဧပြီ ၁ ရက်က တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့သော်လည်း နှစ်ဦးနှစ်ဖက် ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။

Eleven

အပြည့်အစုံသို့ »

တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုအား လက်မခံနိုင်ကြောင်း တရုတ်ဝမ်ပေါင်မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi ပြောကြား




Published on: April 7, 2014
Written by:
ဖြိုးဝေ

ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီ ပူးပေါင်းလုပ်ဆောင်သည့် စံပါယ်တောင် ကြေးစင်တောင်စီမံကိန်းမှ မြန်မာလုပ်သားများကို တွေ့ရစဉ်
လက်ပံတောင်းတောင် စီမံကိန်းအား လုပ်ဆောင်နေသော တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုလာမှုအား လက်မခံနိုင်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi က ပြောကြားသည်။

ဒေသခံများ၏ လယ်ယာမြေဧက ၆၄၉၀ ကျော်အား လက်ပံတောင်းတောင် စီမံကိန်း လုပ်ဆောင်ရန် သိမ်းယူခဲ့ပြီးနောက် အလုပ်လက်မဲ့ဖြစ်လာသည့် ဒေသခံ မိရိုးဖလာ လယ်ယာလုပ်ကိုင်သူများ အနေဖြင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတွင် လစာငွေ အလွန်နည်းပါးစွာဖြင့် အလုပ်လုပ်ကိုင်နေရသဖြင့် မတ်လ ၂၂ ရက်က အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဆန္ဒပြတယ်လို့ သုံးလို့မရပါဘူး။ သူတို့က ကျွန်တော်တို့ဝန်ထမ်း မဟုတ်သေးပါဘူး။ အလုပ်သင် သင်တန်းသားအဆင့်ပဲ ရှိပါသေးတယ်။ သူတို့က ကျွန်တော်တို့ တရားဝင်ဝန်ထမ်း မဟုတ်သေးပါဘူး။ သူတို့ သင်တန်းတက်နေတာ ငါးလရှိပါပြီ။ သင်တန်းပြီးသွားမှ အလုပ်ခန့်ရမှာပါ။ ဒီလို မခန့်ခင်မှာ သူတို့ရဲ့ဆန္ဒပြမှု ဖြစ်လာတာပါ။ သူတို့ရဲ့ တောင်းဆိုမှုကို လက်မခံနိုင်ပါဘူး။ ကိုယ်ကလည်း သူတို့ကို ကြိုက်မှခန့်မယ်။ သူတို့ကလည်း ကိုယ့်ကိုကြိုက်မှ လာလုပ်ပေါ့။ တဖြည်းဖြည်းနဲ့ ဒေါ်လာ ၁၈၀ လောက်အထိ ရလာနိုင်ပါတယ်။ သင်တန်းတက်နေရင်းနဲ့လည်း ထောက်ပံ့ကြေး ကျပ်တစ်သိန်းကျော် ပေးထားပါတယ်။ ကုမ္ပဏီအနေနဲ့ ပိုက်ဆံရင်းထားတာ ရှိပါတယ်။ သင်တန်းပြီးသွားရင်လည်း လုပ်ငန်းခွင်မှာ ပြန်ဝင်ဖို့ မျှော်လင့်ပါတယ်” ဟု Mr.Geng Yi က ဆိုသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြသူ အငယ်တန်းလုပ်ငန်းအော်ပရေတာ သင်တန်းသားများအား ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာအား မတ် ၂၉ ရက်ရက်စွဲဖြင့် သင်တန်းသားဝန်ထမ်းများထံ ပေးပို့ခဲ့သည်။

အဆိုပါ ပေးပို့စာတွင် လုပ်သားများအတွက် ရွေးချယ်စရာ နည်းလမ်းသုံးခုအား ဖော်ပြထားကြောင်း သိရသည်။  

Eleven

အပြည့်အစုံသို့ »

စစ်တပ်ရဲ့မြေသိမ်းမှုကိစ္စ ဆန္ဒပြသူတွေ ဒေါ်စုနဲ့တွေ့ခွင့်မရခဲ့၊ NLD ရုံးမှာ ညှိနှိုင်းကြမယ်


မြန်မာစစ်တပ်က အဓမ္မသိမ်းဆည်းခဲ့တဲ့ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ကမြေတွေကို လုံးဝပြန်မပေးနိုင်ဘူးဆိုတဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ သဘောထားထွက်လာပြီးနောက်မှာတော့ သပိတ်မှောက်သူတွေဟာ အားကိုးရာအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ရှေ့ကို ရောက်သွားခဲ့ပါတယ်။

မြို့တော်ခမ်းမနားမှာ သပိတ်စခန်းဖွင့်ထားတာ နှစ်ပတ်လောက်ရှိလာပြီး အစိုးရကလည်း အင်အားသုံးဖြိုခွင်းမှုကို နှစ်ကြိမ်တိတိလုပ်ခဲ့လို့ တရားဥပဒေအကာအကွယ်ရဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရင်ဖွင့်ချင်လို့ ရောက်လာခဲ့တာပါလို့ ဧပြီ ၅ရက်နေ့က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ ပါတီဝင်တွေ နည်းပါးနေပြီး ဒီမိုကရေစီခေါင်းဆောင်ကိုယ်တိုင်က ကျန်းမာရေးအခြေအနေအရ ထွက်မတွေ့နိုင်တဲ့အကြောင်း လွှတ်တော်အမတ် ဦးဝင်းထိန်နဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့က ဆန္ဒပြသူတွေကို ရှင်းပြခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးချုပ်မှာတော့ သပိတ်စခန်းဦးဆောင်သူ ၅ယောက်နဲ့ တရားဝင်ညှိနှိုင်းဆောင်ရွက်ပေးဖို့ သဘောတူညီချက်ရပြီးတဲ့အခါမှာတော့ ည၇ နာရီကျော်မှာ သပိတ်စခန်းက ဆန္ဒပြသူတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့ကနေ ပြန်လည်ထွက် ခွာသွားခဲ့ပါတယ်။

ရန်ကုန်စည်ပင်၊ လုံထိန်းနဲ့ စွမ်းအားရှင် တစ်ထောင်ကျော်က မိကျောင်းကန် သပိတ်စခန်းကို မတ်လ ၃ဝနဲ့ ၃၁ရက်နေ့ မနက်လင်းအားကြီးတွေမှာ အင်အားသုံးဖြိုခွင်းခဲ့မှုဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာ လွှတ်တော်နဲ့ အစိုးရကို သိစေချင်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ရှေ့ကို မရမ်းကုန်း မြေသိမ်းခံရသူတွေ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်တွေ့ခဲ့ပြီးနောက်ပိုင်း အစိုးရနဲ့ စစ်တပ်ရဲ့ အဓမ္မလုပ်ဆောင်မှုတွေ ကို တိုင်ကြားဖို့ ဆန္ဒပြသူ နောက်ထပ်နှစ်ဖွဲ့ လာရောက်ကြိုးစားခဲ့တာဖြစ်ပါတယ်။


Kamayut Media

အပြည့်အစုံသို့ »

ကာချုပ် ရှမ်းပြည်နယ်ခရီး လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံ


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့-SSPP-SSA နဲ့ UWSA တို့နဲ့ တဖွဲ့ချင်းစီ တွေ့ဆုံစဉ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ကို တပ်မတော်အနေနဲ့ လိုလားတဲ့အကြောင်း မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးက ပြောဆိုပါတယ်။ ဒီကနေ့ ရှမ်းပြည်နယ်မှာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ UWSA-ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီတို့နဲ့ တွေ့ဆုံချိန် အဲ့ဒီလို ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မနက်ပိုင်းက ရှမ်းပြည်နယ် လားရှိုးမြို့မှာ SSPP-SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ UWSA ဝပြည်သွေးစည်းညီညွတ်ရေးပါတီတို့နဲ့ တဖွဲ့ချင်း သီးသန့်စီ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီလို တွေ့ဆုံချိန် မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထားတွေကို ရှင်းပြခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ပြောပါတယ်။

“တပ်မတော်ရဲ့စိတ်ရင်းအခံပေါ့နော်- သူကိုယ်တိုင်အပါအဝင်ပေါ့။ အဲဒီ ငြိမ်းချမ်းရေးကို တပ်မတော်ကလည်း လိုလိုလားလား ရှိတာပေါ့။ သူပြောချင်တာကတော့ ငြိမ်းချမ်းရေးကို ချီတက်မယ်ဆိုရင် အဲဒီ လက်နက် မကိုင်စေချင်တော့ဘူးပေါ့။ ပြီးတော့ သူပြောနေတဲ့ အဲဒီ ၆ ချက်ပေါ့- အဲဒါလည်း သူရှင်းပြတယ်။ ပြီးတော့ ခဏခဏပြောသလို တပ်မတော်ကလည်း အဲဒီ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့လည်း ပြည်သူတွေက လိုလားနေကြတော့ ပြည်သူ့စိတ်ဆန္ဒအတိုင်း သူတို့က ဖြည့်စွက်ပေးတာပေါ့- အဲဒါတွေ သူရှင်းပြတာပါ။”

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တော်တော် များများနဲ့ အစိုးရကြားမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြတာပါ။ ဒါပေမဲ့လည်း တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ဘက်က တပ်အင်အား တိုးချဲ့တာတွေ၊ တိုက်ပွဲတွေဖြစ်နေဆဲ အခြေအနေတွေကိုလည်း ဒီတွေ့ဆုံမှုအတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ဆက်ပြောပြပါတယ်။

“တိုက်ပွဲတွေ ဖြစ်နေတဲ့ အကြောင်းရင်းကလည်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု သိပ်မရှိသေးလို့ပေါ့နော- အရင်ကလည်း တပ်မတော်အစိုးရလက်ထက်တုန်းကလည်း စည်းလုံးညီညွတ်မှုတွေ၊ ယုံကြည်မှု တည်ဆောက်တဲ့အပိုင်းမှာ အားနည်းခဲ့လို့ပေါ့နော်။ သူဆိုလိုချင်တာက တစ်ဖွဲ့နဲ့တစ်ဖွဲ့ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ မတူကြဘူးပေါ့။ အဲဒါတွေ ကွဲလွဲနေတာတော့ ရှိတာပေါ့။ နောက်ဆုံး ကျနော်တို့ တိုင်းရင်းသားတွေကလည်း ငြိမ်းချမ်းရေးလိုလားတယ်။ သူတို့ကလည်း ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ အဲဒါကို ပြောတာပေါ့။”

အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လာရောက် တွေ့ဆုံမှုအပေါ် SSPP က ကြိုဆိုခဲ့ပေမဲ့ သူရှင်းပြခဲ့တဲ့ တပ်မတော် မူ ၆ ချက်နဲ့ ပတ်သက်လို့တော့ SSPP ရဲ့ သဘောထားကို အခုလို ပြောဆိုပါတယ်။

“ကျနော်တို့ ဒု-ဥက္ကဋ္ဌဦးဆောင်ပြီး သွားတယ်ဆိုတော့ ဒု-ဥက္ကဋ္ဌကပဲ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် တွေ့ဆုံခွင့်ပေးတာတော့ ကျနော်တို့လည်း ကြိုဆိုတယ်၊ ဝမ်းသာတဲ့အကြောင်း၊ ကျနော်တို့လည်း ၆ ချက်စလုံးတော့ လက်ခံနိုင်တဲ့ အနေအထားတော့ သိပ်မရှိသေးဘူး၊ ဘာလို့ မရှိသေးဘူးလဲဆိုတော့ အဲဒီ ၂၀၀၈ ဥပဒေနဲ့အညီ လုပ်ဆောင်သွားရမယ်ဆိုတဲ့ အချက်တွေ ပါနေတော့ ကျနော်တို့က ၂၀၀၈ ဥပဒေကို လက်မခံတဲ့ အနေအထားမှာ ရှိနေသေးတာပေါ့နော်။”

ဒီတပ်မတော်မူ ၆ ချက်ထဲမှာတော့ - တပ်သားသစ် မစုဆောင်းရ၊ အခွန်မကောက်ရ၊ ခွင့်ပြုချက်မရဘဲ စခန်းဆောက်တာ၊ သွားလာတာ မလုပ်ရ၊ အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက် မစွက်ဖက်ရ၊ လူမသတ်ရ၊ ပြည်သူ့စစ်အဖွဲ့တွေကို မထိရ ဆိုတာတွေ ပါဝင်နေတာကြောင့် တိုင်းရင်းသားအဖွဲ့တွေဘက်ကလည်း ဒါကို ဝေဖန်ကန့်ကွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တဲ့ဓာတ်ပုံတွေ သူ့ရဲ့ facebook လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဗွီအိုအေကနေ UWSA ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။

အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရှမ်းပြည်နယ်ကိုသွား ရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တွေ့ဆုံနေတဲ့အချိန်ဟာ ရန်ကုန်မှာလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ နဲ့ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ NCCT တို့ တွေ့ဆုံနေကြတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာပါ။ ဒီရန်ကုန်ဆွေးနွေး ပွဲကို UWSA အဖွဲ့ကလည်း ပထမဆုံးအကြိမ် တက်ရောက်လာတာဖြစ်တာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ ထူးခြားမှုရှိတယ်ဆိုပြီး တချို့က သုံးသပ်နေကြတာဖြစ်ပါတယ်။

VOA

အပြည့်အစုံသို့ »

ရခိုင်ပြည်နယ် မြို့နယ်လူငယ်ကွန်ယက်တို့၏ လူပ်ရှားမူ စတင်


မင်းပြား လူငယ်ကွန်ယက်ရဲ့ လူပ်ရှားမူ (ဓါတ်ပုံ- မတင်တင်သွယ်)

ရခိုင်ပြည်နယ်မှ မြို့နယ်အတော်များများတွင် လူငယ်များ ဦးစီးတည်ထောင်ထားသော လူငယ်ကွန်ယက် အဖွဲ့များ၏ လူပ်ရှားမူများကို ဧပြီလ ၆ ရက်နေ့က စတင်ခဲ့ကြောင်း သတင်းရရှိသည်။

သူတို့ လူပ်ရှားမူမှာ လူငယ်ကွန်ယက် အဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့နေထိုင်ရာ မြို့များတွင် စုပေါင်း  အမှိုက်များ ကောက်ပြီး မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းများကို ပထမဆုံး လုပ်ကိုင်ခဲ့ကြဖြစ်သည်။

“ ဒီလို လူငယ်တွေက အမိုက်တွေ၊ ပလစ်စတစ်တွေကို ကောက်ပြီး သန့်ရှင်းရေး လုပ်တာမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။ အခုလို လူငယ်တွေ ပရဟိတ လုပ်ငန်းတွေမှာ စိတ်ဝင်တစားနဲ့ လုပ်လာကြတာကို မြင်တော့ အရမ်းအံ့သြမိပါတယ်။ ၀မ်းလည်းသာပါတယ်။ အားလည်း ပေးပါတယ်” ဟု မင်းပြားမြို့သူ မနုနုစိန်က ပြောသည်။

ယင်းလူပ်ရှားမူကို ရခိုင်ပြည်နယ်မှ မင်းပြားမြို့တွင်သာမက  ရသေ့တောင် ၊ မြေပုံ ၊ ရမ်းဗြဲ နှင့် တခြားမြို့ အချို့တွင်လည်း ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်ဟု သိရှိရသည်။

မင်းပြားမြို့တွင် လူငယ်ကွန်ယက် အဖွဲ့ဝင်များက ဓမ္မာရုံ နှင့် ၎င်းအနီးပတ်ဝန်းကျင်အား သန့်ရှင်းရေး လုပ်ခဲ့ကြကြောင်း၊ ကိုယ့်မြို့ကိုယ်ရွာ သာယာလှပေစလိုသည့် လူငယ်များ၏ ပထမဆုံး လူပ်ရှားမူ ခြေလှမ်းဖြစ်ကြောင်း မင်းပြား လူငယ်ကွန်ယက်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မတင်တင်သွယ်က နိရဉ္စရာကို ပြောသည်။

” ကျမတို့တွေက ကိုယ့်မြို့ကိုယ့်ရွာ သန့်ရှင်းသာယာ လှပတိုးတက်ဖို့တွက် လုပ်နေကြတာ ဖြစ်ပါတယ်။ ကိုယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျမတို့လူငယ်တွေမှာလည်း ပိုပြီး တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ် မြို့အတော်များများမှာလည်း ခုလို ပြုလုပ်ကြတယ်လို့ ကျမတို့ကြားရပါတယ်။ ဝမ်းလည်းသာပါတယ်။ နောက်ဆိုလည်း ဒီထက်အများကြီး လူငယ်တွေ ပူးပေါင်း ကြိုးစားဆောင်ရွက်သွားမှာပါ။ တစ်ပြည်နယ်လုံးက လူငယ်ကွန်ယက်တွေနဲ့လည်း ချိတ်ဆက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာပါ ” ဟု သူမက ဆိုသည်။

ရသေ့တောင်မြို့တွင် ရသေ့တောင် လူငယ်ကွန်ယက်မှ ဦးစီးပြီး စေတီတောင် ဘုရားတောင်ခြေရင်းမှ မြို့မဈေးထိ အမိုက်များကို ကောက်ပြီး သန့်ရှင်းရေးလုပ်ခဲ့ကြသည်။

၎င်းလူပ်ရှားမူကို ညနေ ၅ နာရီ မှ ၇ နာရီခွဲခန့်ထိပြုလုပ်ခဲ့ကြသည်ဟု ရသေ့တောင်လူငယ်ကွန်ယက်မှ ကိုသိန်းသိန်း ကဆိုသည်။

ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ထိမြောက်ဦးမြို့တွင် ကျင်းပခဲ့သည်။ ယင်းမှတစ်ဆင့် ပြည်နယ်ကိုယ်စားပြု ၁၇ မြို့နယ်မှ လူငယ်ကိုယ်စားလှယ်များကို ရွေးချယ်ပြီး မော်လမြိုင်မြို့တွင် ကျင်းပသည့် မြန်မာလူငယ်ဖိုရမ် သို့ စေလွှတ်ကာ ဒေသတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက်ပိုင်း ကိုယ်မြို့ကိုယ်ရွာ၊ ကိုယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် မြို့နယ် အသီးသီးမှ ရခိုင် လူငယ် မောင်မယ်များက စုပေါင်းပြီး ညီညီညွှတ်ညွှတ်ဖြင့် အားတက်သရော လူပ်ရှားလာကြခြင်း ဖြစ်သည်။

Narinjara

အပြည့်အစုံသို့ »

ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ



လူထုဆန္ဒခံယူပွဲကျင်းပပေးဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ယူကရိန်းနိုင်ငံအတွင်းက ရုရှားလိုလားသူများ။ (ဧပြီလ ၆၊ ၂၀၁၄)

ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရအဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး ရုရှားအလံတွေ လွှင့်ထူပြီး ဒေသဆန္ဒခံယူပွဲတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံအရှေ့ပိုင်း မြို့ကြီးတခုဖြစ်တဲ့ Donetsk မှာ ကြီးမားတဲ့လူတစုဟာ ဒေသခံအစိုးရ အဆောက်အဦးထဲကို အတင်းဝင်ရောက်သွားကြပြီး တခါးတွေကို ပိတ်ဆို့ထားကာ ပြူတင်းပေါက်ကနေ ရုရှားအလံတခုကို လွှင့်ထူလိုက်ပါတယ်။

ဒီရုံးအောက်က မြို့ရင်ပြင်မှာလည်း ရာနဲ့ချီတဲ့ လူတွေစုဝေးနေကြပြီး ရုံးထဲကလူတွေကနေ ယူကရိန်းအလံကို ပြူတင်းပေါက်ကနေ လွှတ်ပစ်ချလိုက်တာကို ဝိုင်းပြီး သြဘာပေးနေကြပါတယ်။

အနီးနားက နောက်မြို့ကြီးတခုဖြစ်တဲ့ Luhansk မှာလည်း ဆန္ဒပြသူတွေက အစိုးရအဆောက်အအုံတခုထဲဝင်ရောက်နိုင်ခဲ့ပြီး အပြင်ဘက်မှာတော့ တုတ်ကိုင်ထားတဲ့လုံထိန်းတွေနဲ့ မျက်နှာဖုံးစွပ်ဆန္ဒပြသူတွေ အပြန်အလှန်တိုက်ခိုက်နေကြပါတယ်။ ဆန္ဒပြသူတွေဘက်က လေထဲမှာ ဗျောက်အိုးတွေ ပစ်ဖောက်လိုက်ပြီး တချို့ကဆိုရင် လုံထိန်းတွေရဲ့ အကာအရံ သတ္တုဒိုင်းတွေကို ခြေထောက်နဲ့ကန်ပြီး ဆွဲလုခဲ့ကြပါတယ်။

ယာယီ ယူကရိန်းသမ္မတရဲ့ ပြောခွင့်ရသူ Oleksandr Turchnyov က ဒီဆန္ဒပြပွဲတွေကြောင့် သူ့အနေနဲ့ တနင်္ဂနွေနေ့သွားမယ့် လီသူရေနီးယားနိုင်ငံခရီးစဉ်ကို ဖျက်လိုက်ရပြီး Kyiv မြို့တော်မှာ လုံခြုံရေးအရာရှိတွေနဲ့ အရေးပေါ်အစည်းအဝေး ထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov ကလည်း ဒီဆူပူမှုတွေဖြစ်အောင် ရုရှားသမ္မတ Vladimir Putin နဲ့ ယူကရိန်း သမ္မတဟောင်း Victor Yanukovych တို့နောက်ကနေ လှုံ့ဆော်ပြီး ငွေထောက်ပံ့ပေးနေတယ်လို့ လူမှုရေးအင်တာနက်စာမျက်နှာမှာ စွပ်စွဲလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အပြည့်အစုံသို့ »

အလုပ်ကို မလိုအပ်တဲ့နေရာမှာ ကြိုးစားခြင်းကြောင့် ဖြစ်ရတဲ့ အမှားတွေ



ဒီအချိန်မှာ သင့်အတွက် ကမ္ဘာပျက်မတတ် အရေးကြီးနေတဲ့အရာဟာ နောက် (၅)နှစ်လောက် အကြာမှာ ရယ်စရာတစ်ခု ဖြစ်ချင်ဖြစ်သွားနိုင်တာမျိုးပါ။ ပူပန်မှုကြောင့် ရှုပ်ထွေးသွားတဲ့ သင့်စိတ်ဟာ ဆုံးဖြတ်ချက် အမှားတွေကို ချမိတတ်ပါတယ်။

ထက်ဆု on 2014-02-07 11:37
          သင့်ရဲ့အလုပ်နဲ့ပတ်သက်ပြီး သင်လုပ်နေရတာတွေကို မကျေမနပ်တဲ့စိတ် ဖြစ်ပေါ်နေပါသလား။ အဖြေကတော့ သင်တတ်နိုင်တဲ့ဝန်ထက် ပိုပြီးလုပ်နေရလို့ပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အသက်မွေးဝမ်းကြောင်းကို ပုံမှန်လုပ်နေကျ အနေအထားထက် ပိုပြီးသည်းသည်းထန်ထန် လုပ်နေကြတာ တွေ့ရပါတယ်။

လူတွေပြောလေ့ရှိကြတာ မှန်ကန်တဲ့လမ်းက အမြဲတမ်းခက်ခဲပါတယ်တဲ့။ ဒါပေမယ့် သေချာ စဉ်းစားရမှာက ခက်ခဲတိုင်းလည်း မှန်တယ်လို့ ပြောလို့မရပါဘူး။ အလုပ်မှာ နာရီနှစ်ဆယ်လောက်နေပြီး အလုပ်လုပ်တာက သင့်ကို ကောင်းတဲ့အရာ ဘာတစ်ခုမှ ယူဆောင်လာပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အလုပ်ကို ဘာကြောင့် အလွန်ပြင်းပြင်းထန်ထန်လုပ်ဖို့ မလိုကြောင်း အကြောင်းပြချက်တချို့နဲ့ ရှင်းပြပါရစေ။

(၁)     အရည်အတွက်နဲ့ အရည်အချင်းကြား ဗျာများရခြင်း

အများစုမှာကြုံနေရတဲ့ ပြဿနာက အရေအတွက်နဲ့ အရည်အချင်းကြား မျှခြေဖြစ်အောင် ရုန်းကန်နေရတာပါပဲ။ အရေအတွက်များများရဖို့ ဦးတည်ချက်ထားပြီး အာရုံစိုက်လေလေ အကောင်းဆုံး  အရည်အသွေးတွေရဖို့ အခွင့်အရေးနည်းလေလေပါပဲ။



(၂)     အိပ်ချိန် ချို့တဲ့ခြင်း

(၂၄)နာရီထဲမှာ သင်တကယ်အလုပ်လုပ်နိုင်တဲ့ အချိန်အပိုင်းအခြားဆိုတာ ရှိပါတယ်။ အောင်မြင်မှုကို အိပ်ချိန်ထဲက လိုက်ခိုးယူတာကတော့ မဖြစ်သင့်တဲ့အရာပါပဲ။ အိပ်ချိန် မလုံလောက်ခြင်းဟာ သင့်ကို မောပန်းနွမ်းလျမှု ၊ မျက်တွင်းဟောက်ပက် ဖြစ်မှုတို့ကိုသာ ပေးပါတယ်။ ကျန်တဲ့ ဘာအောင်မြင်မှုမှ မယူဆောင်ပေးနိုင်ပါဘူး။

(၃)     အရေးကြုံပါက သက်လုံမကောင်းနိုင်ခြင်း

မလိုအပ်တဲ့ presentation တစ်ခုအတွက် အချိန်တွေအချဉ်းနှီးအဖြစ်ခံပြီး ကြိုးစားထားသမျှ တကယ်တမ်း ရောင်းချရတော့မယ်ဆိုတော့ သင့်ဦးနှောက်ထဲ ဘာတီထွင်ဆန်းသစ်မှုမှ မကျန်နိုင်တော့ပါဘူး။ ဦးနှောက်ခွန်အားမှန်သမျှ အာဏာကုန်ခိုင်းစေထားတဲ့အတွက် စိတ်ကူးဥာဏ်ကွန့်မြူးဖို့ဆိုတာ အိမ်မက်မက်မှပဲ ရတော့မယ့်အဖြစ်မျိုး ကြုံရတတ်ပါတယ်။



(၄)     စိတ်ဆိုး ဒေါသထွက်လွယ်လာခြင်း

အလုပ်ကို မတန်တဆ လုပ်လာတဲ့အခါ သင့်စိတ်က အလိုလို မကြည်မသာနဲ့ ရှုပ်ထွေးနေတတ် ပါတယ်။ အချိန်ကြာကြာစိတ်က ကောင်းတဲ့အခြေအနေမှာ ရှိမနေတဲ့အခါ အလိုလိုစိတ်တိုနေတတ်ပြီး ဘာမဆို ကြိုတင်ဒေါသထွက်ဖို့ ပြင်ထားပြီးသား ဖြစ်နေတတ်ပါတယ်။

(၅)     ရှေ့ဆောင်လမ်းပြကောင်း မဖြစ်ခြင်း

သင့်ကို စောင့်ကြည့်နေတဲ့သူတွေရဲ့ အလုပ်နဲ့ဘ၀ကို ရှေ့ဆောင်လမ်းပြနေရသူတစ်ယောက် ဆိုရင်တော့ သင်နည်းလမ်းအမှားတွေကို ချပြနေမိပါပြီ။ သင့်အတုကိုယူပြီး နောက်ကလိုက်လုပ်မယ့် တပည့်တွေနဲ့ပါဆိုရင် သင်တို့အလုပ်ခွင်ကြီးက ခက်ခဲတဲ့အခြေအနေတစ်ခု မကြာခင် ကြုံရပါလိမ့်မယ်။

(၆)     သင်တကယ်လိုအပ်တဲ့ အရာတွေနဲ့ တဖြည်းဖြည်းဝေးကွာလာခြင်း

အလုပ်ဇောကပ်နေတဲ့ သင့်အတွက် ပတ်ဝန်းကျင်ကို သတိပြုမိဖို့လည်း အချိန်မရပါဘူး။ သင့်ဘ၀အတွက် တကယ်အရေးပါတဲ့ မိသားစုဆိုတာကြီးကို မေ့လျော့နေမိတတ်ပါတယ်။ ပိုက်ဆံတစ်မျိုးတည်း နဲ့ ဖြည့်ဆည်းပေးလို့မရတဲ့ အရာတွေ အများကြီးရှိနေသေးတာကိုလည်း သင်သတိရဖို့လိုပါတယ်။ ဒီလိုနဲ့ သင့်အတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ တဖြည်းဖြည်းဝေးကွာသွားတတ်ပါတယ်။



(၇)     သင်ထင်ထားသလောက် အရေးကြီးတဲ့အရာ လောကကြီးမှာ မရှိခြင်း

ဒီအချိန်မှာ သင့်အတွက် ကမ္ဘာပျက်မတတ် အရေးကြီးနေတဲ့အရာဟာ နောက် (၅)နှစ်လောက် အကြာမှာ ရယ်စရာတစ်ခု ဖြစ်ချင်ဖြစ်သွားနိုင်တာမျိုးပါ။ ဒါကြောင့် ပြဿနာတစ်ခုကို အေးအေးဆေးဆေး ဖြေရှင်းနိုင်အောင်နဲ့ သည်းသည်းထန်ထန် အရေးတကြီး မလုပ်ဖြစ်ဖို့ကြိုးစားပါ။ ပူပန်မှုကြောင့် ရှုပ်ထွေးသွားတဲ့ သင့်စိတ်ဟာ ဆုံးဖြတ်ချက် အမှားတွေကို ချမိတတ်ပါတယ်။

ဒါကြောင့် ဘ၀ကို ရှင်းလင်းစွာမြင်တတ်ပြီး အရေးကြီးတဲ့အရာနဲ့ အရေးမကြီးတဲ့အရာတွေကို ခွဲခြား သိနိုင်ပါစေ။ ဒါမှသာ မလိုအပ်ဘဲ သင့်အင်အားတွေကို အချည်းနှီးဖြုန်းတီးနေခြင်းမှ ကင်းဝေးပြီး အောင်မြင်မှု အစစ်အမှန်ကို နည်းမှန်လမ်းမှန်နဲ့ ဆွတ်ခူးနိုင်မှာပါ။

Ref:mensxp.com

Trend Myanmar

အပြည့်အစုံသို့ »