အသားဖြူပြီး မျက်လုံးပန်းရောင်ဖြစ်နေတဲ့ကလေး(albino) လေးတွေ သတ်ဖြတ်ခံနေရ


မွေးရာပါ ရောင်ခြယ် မလုံလောက်မှုကြောင့် အသားဖြူကာ မျက်လုံးပန်းရောင် ဖြစ်နေတဲ့ကလေး (albino)တွေဟာ တန်ဇနီးယားနိုင်ငံမှာ သတ်ဖြတ်ခံရတဲ့အထိ အန္တရယ်ကြုံတွေ့ နေရပါတယ်။

ရိုးရာဆေးဆရာတွေ၊ ငါးဖမ်းသမားတွေ၊ မိုင်းတွင်းလုပ်သားတွေနဲ့ လူသတ်သမားတွေဟာ သူတို့ကို “ဝိညာဉ်မျိုးနွယ်”တွေလို သတ်မှတ်ပြီး  သတ်ဖြတ်လျက်ရှိပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ကျန်းမာရေးကောင်းစေပြီး ကံကြမ္မာကို အကောင်းဘက် ဆောင်ယူလာတယ်လို့ ၄င်းတို့က ယုံကြည်ထားကြပါတယ်။

အသက်အန္တရယ်ကို ခြမ်းခြောက်မှုတွေဖြစ်နေတာကြောင့် တန်ဇနီးယားအစိုးရက ဒီလိုကလေးတွေ ခိုလှုံဖို့ နေရာအမြောက်အများကို ဖွင့်လှစ်ပေးထားပါတယ်။ တန်ဇနီးယားသမ္မတ Jakaya Kikwete က သတ်ဖြတ်မှုတွေကို စုံစမ်းဖို့  တာဝန်ရှိအဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးခဲ့ပါတယ်။

တချို့အမှုတွေမှာ အဖေတွေကိုယ်တိုင်က သူတို့ကလေးတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။ ရရှိလာတဲ့ ငွေကြေးဟာ သာမန်တန်ဇနီးယား မိသားစုတစ်စုအတွက် အတော်များပြားတယ် လို့ဆိုပါတယ်။

ငါးဖမ်းသမားတွေက သူတို့ရဲ့ဆံပင်ဟာ ငါးပိုရစေတယ်လို့ ယုံကြည်ကြပြီး မိုင်းတွင်းသမားတွေကတော့ သူတို့ရဲ့အရိုးဟာ စိန်တွေကို ပိုရစေတယ်လို့ ယုံကြည်ကြပါတယ်။ ရိုးရာဆေးဆရာတွေကတော့ ကာမအားတိုးစေရေး လို ကုသမှုတွေ အတွက် သူတို့ရဲ့လိင်အင်္ဂါတွေကို အသုံးပြုကြပါတယ်။

တန်ဇနီးယားရဲ့ albino လူဦးရေ အရေအတွက်ဟာ တွက်ချက်ဖို့ ခက်ခဲပြီး အမျိုးမျိုးခန့်မှန်းနေကြတယ် လို့ဆိုပါတယ်။

အစိုးရက တစ်နိုင်ငံလုံးကို စစ်တမ်းကောက်ယူခဲ့ပေမဲ့ ရလဒ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ albino လှုပ်ရှားသူအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖြင်းအားဖြင့် နိုင်ငံ့လူဦးရေ ၄၈သန်းထဲမှာ ၄င်းတို့က တစ်သိန်းကျော် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် Team မှ ဘာသာပြန်သည်။

အပြည့်အစုံသို့ »

ကေအိုင်အေ ဖမ်းထား သူတွေ ပြန်လွှတ်ရေး PCG ကြားဝင်

ပြီးခဲ့တဲ့နှစ်က ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲ

  ကေအိုင်အေ တပ်ရင်း ၄ ဘက်က ဖမ်းဆီးထားတဲ့ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းနှစ်ယောက် ပြန်လည် လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ PCG ကချင် ဘက်က ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က ကြားဝင် ဆောင်ရွက်ပေးနေတယ်လို့ ကေအိုင်အေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာအစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်တို့အကြား လူတွေ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့ရာမှာ အစိုးရ စစ်တပ် ဘက်က ဖမ်းဆီးခဲ့တဲ့ ဒုက္ခသည် ၁၄ ယောက်က ပြန်လွတ် လာခဲ့ပါပြီ။

ကေအိုင်အေ ဘက်က မေလ ၃ ရက်နေ့က စတင် ဖမ်းထားတဲ့ အုပ်ချုပ်ရေး ဝန်ထမ်း နှစ်ယောက်ကို မေလ ၆ ရက် ညနေ ၆နာရီ အထိပြန်လွှတ် မပေးရင် အင်အားသုံးဖြေရှင်းမယ်လို့ မြောက်ပိုင်းတိုင်း တိုင်းမှူးက ပြောခဲ့ ရာမှာ အခု သူပြောတဲ့ ရက် ကျော်လာ ခဲ့ပေမဲ့ အဖမ်း ခံရသူတွေ ပြန်လွတ် မလာကြသေးပါဘူး။

စစ်တပ် ဘက်ကလည်း အင်အားသုံး လုပ်ဆောင်မှု တစုံတရာ မရှိသေးတာ တွေ့ရ ပါတယ်။

ကေအိုင်အို Technical Team ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ တာဝန်ခံ ဦးဒေါင်းခါးက သူအပါအဝင် လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ တာဝန်ခံ တွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကလူတွေက မြောက်ပိုင်းတိုင်း တိုင်းမှူးနဲ့ မေလ ၆ ရက် ညနေက တွေ့ခဲ့ရာမှာ အခြေ အနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ကေအိုင်အေ ဘက်က တပ်သား စုဆောင်းမှု၊ တပ်သားဟောင်း တွေကို ပြန်စုစည်းမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာ တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်စဉ် အဲဒီ ဝန်ထမ်းတွေ ပါသွားတာ ဖြစ်တယ်လို့ ကေအိုင်အို Technical Team တာဝန်ခံ ဦးဒေါင်းခါးက ပြောပါတယ်။

bbc burmese

အပြည့်အစုံသို့ »

မြစ်ဆုံအနီး တန်ဖဲကျေးရွာတွင် နေထိုင်သူ ၃၂ ဦးအား KIA က ဖမ်းဆီးခေါ်ဆောင်သွားဟုဆို


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအနီးတန်ဖဲကျေးရွာတွင် နေထိုင်သူ ၃၂ ဦး အား
 မေ ၇ ရက် ညပိုင်းတွင် ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြောက်ပိုင်းတိုင်း
 စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးမှု၌ မူလက ၃၉ ဦး ဖြစ်ပြီး ခုနစ်ဦးမှာ ကလေးငယ်များ ဖြစ်နေသဖြင့် ပြန်လည်လွှတ်ပေး ခဲ့ကြောင်းနှင့် တိုင်းရင်းသားလူမျိုးစုံ ပါဝင်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ပြောကြားသည်။

"ည ၁၂ နာရီလောက် လာဖမ်းသွားတာ။ ကေအိုင်အေက အင်အား ၅၀ လောက် ပါတယ်လို့ သိရတယ်။ လက်ရှိကတော့ PCG တို့ ကေအိုင်အို နည်းပညာအကြံပေး အဖွဲ့တို့ကို ဆက်သွယ်ပြီး အကြောင်းကြားထားတယ်။ ဘာမှတော့ အကြောင်းမပြန်သေးဘူး" ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ပြောကြားသည်။

ကေအိုင်အေအနေဖြင့် ယခုဖမ်းဆီးသူများအပြင် မေ ၃ ရက်က ဖမ်းဆီးသွားသော မြစ်ကြီးနားမြို့ အစိုးရအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦး အပါအ၀င် ယခင်ဖမ်းဆီးထားသူမှာ ၁၈ ဦးရှိပြီး စုစုပေါင်း ၅၀ ထိရှိကြောင်း သိရသည်။

ထိုကဲ့သို့ တန်ဖဲရွာတွင် လူများဖမ်းဆီး ခေါ်ဆောင်မှုများနှင့် ပတ်သက်၍ ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးသို့ ဆက်သွယ်မေးမြန်းရာ ကေအိုင်အေမှ ဟုတ်မဟုတ် မသိရှိရသေးကြောင်း ဖြေကြားသည်။

"ကေအိုင်အေစစ်သား စုဆောင်းတယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း အဲဒါစိစစ်နေတုန်းပဲရှိတယ်။ ဒါပေမဲ့ဒီအချိန်မှာ စစ်သားစုဆောင်းတာ အစိုးရနဲ့ ကေအိုင်အေပဲ ရှိတယ်လေ။ ဒီနှစ်ဖွဲ့ပဲပေါ့။ သူတို့မဟုတ်ရင် ကျွန်တော်တို့ပဲ။ ကျွန်တော်တို့ မဟုတ်ရင် သူတို့ပဲ။ ကေအိုင်အေ ဟုတ်မဟုတ် နှစ်ရက်သုံးရက်ကြာရင်တော့ သေချာသိရပါမယ်" ဟု ဦးဒေါင်ခါးက ဆိုသည်။

ထို့အပြင် ကေအိုင်အေမှ ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းအား မသိရှိကြောင်း၊ အကယ်၍ ဖမ်းဆီးခေါ်ဆောင် သွားပါကလည်း တန်ဖဲရွာမှ မဖြစ်နိုင်ကြောင်း၊ တန်ဖဲရွာမှ ရွာသူရွာသားများအား ယခင်မြစ်ဆုံစီမံကိန်း လုပ်ဆောင်ရန် တရုတ်ကုမ္ပဏီမှ မောင်းထုတ်ထားလိုက်သဖြင့် ရွာသားများ မရှိတော့ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) မှ အဖွဲ့ဝင် ဦးဆန်းအောင်က ပြောကြားသည်။

"ရွှေတူးတဲ့လူတွေပဲ ဖြစ်မှာပါ။ ရွာသားတွေက မရှိလောက်ဘူးဗျ။ မှော်မှာရွှေတူးနေတဲ့ သူတွေကို စစ်သားစုဆောင်းရင်းနဲ့ ပါသွားတာ ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် အဲဒီလိုပဲ ခန့်မှန်းမိတယ်။ ရွာသားတွေက ရှိမှမရှိတာ။ စစ်သားစုဆောင်းရေးကတော့ ရွှေမှော်တွေတို့ ကျောက်မှော်တွေတို့မှာ အမြဲတမ်းဆွဲလေ့ ဆွဲထရှိတယ်" ဟု ဦးဆန်းအောင်က ပြောကြားသည်။

ယင်းသို့ ဖမ်းဆီးခေါ်ဆောင် ခံရသူများထဲမှ မေ ၃ ရက်က ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦး ပြန်လည်လွတ်မြောက်ရေးအား PCG မှ ၀င်ရောက်ဆောင်ရွက် ပေးလျက်ရှိပြီး ကေအိုင်အေအပေါ်ပိုင်းမှ အောက်ခြေတပ်များသို့ ပြန်လွှတ်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်ဟု ဦးဆန်းအောင်က ပြောကြားသည်။

ဖိုးသူတော်(www.phothutaw.com)
Credit : Eleven Media Group

အပြည့်အစုံသို့ »

ကုသိုလ်တော် ဘုရားဝင်း ကျောက်စာများကို ကမ္ဘာ့  အမွေအနှစ်အဖြစ် UNESCO မှ အသိအမှတ်ပြု ကျောက်စာ စိုက်ထူ


          ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီး အဖြစ်  ကမ္ဘာကျော်ခဲ့သော  မန္တလေးမြို့ရှိ   ပဉ္စမသင်္ဂါယနာတင် တိလောကမာရဇိန်စေတီ ကုသိုလ်တော် ဘုရား ကို UNESCO    မှ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း အဖြစ်   တရားဝင်    အသိအမှတ်ပြုသည့်  ကျောက်စာကို မေလ (၈) ရက်နေ့ နံနက် (၉) နာရီ အချိန် က စိုက်ထူခဲ့သည်။     မှတ်တမ်း ဆိုင်ရာ အမွေအနှစ် များဟာ လူသား အားလုံးနဲ့ သက်ဆိုင် သောကြောင့်    ဒီအမွေ အနှစ်တွေကို ပြုပြင် ထိန်းသိမ်းရန်၊  ကာကွယ် စောင့်ရှောက်ရန်၊    ဒေသ အလိုက် နိုင်ငံအလိုက်   နိုင်ငံတကာ ဆိုင်ရာ အဆင့်များတွင်  မှတ်တမ်း အမွေအနှစ်များ ကို သိမြင် အလေးထားမှု  မြှင့်တင်ရန်၊ အပြန်အလှန် နား လည် အလေးထားရန် ၎င်း တို့ အတွက် နိုင်ငံတကာက ပူးပေါင်း ဆောင်ရွက်ရန် နဲ့ အကူအညီ အထောက် အပံ့ပေးရန် တို့ကို ဆောင်ရွက်ရန်ဖြစ်ပါတယ်  ဟု ယဉ်ကျေးမှု ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဒေါ်စန္ဒာခင် က ပြော သည်။    ကမ္ဘာ့  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့    UNESCO သည်   ကမ္ဘာ့  မှတ်တမ်း အမွေအနှစ် အစီအစဉ် (Memory of the World)    အဖြစ် စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်း တိုက်ဆိုင်ရာ   ထိန်းသိမ်း စောင့်ရှောက်မှု များတွင်    ကျောက်စာများ၊   လက်ရေးစာများ၊  တန်ဖိုးမဖြတ် နိုင်သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့် ပန်းချီကားများ၊  ဖလင်များ၊ အသံ နှင့်    ဗွီဒီယို ခွေများ၊       စာရွက်စာတမ်း  အထောက်အထား များ စသည် တို့ကို ကမ္ဘာ့ အမွေအနှစ် အဖြစ် ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ထိန်းသိမ်းမှုကို  ၁၉၉၂ ခုနှစ်က စတင်ခဲ့ကာ ယခုနှစ် ၂၀၁၄ ခုနှစ် အထိ    ကမ္ဘာ တစ်ဝန်းလုံး တွင် မှတ်တမ်း အမွေအနှစ် ဆိုင်ရာ ထိန်းသိမ်းမှု (၃၀၀) ခုရှိပြီ ဖြစ်ကြောင်း ၎င်း က ပြောကြားသည်။

          မြန်မာနိုင်ငံတွင်  UNESCO  မှ    ကမ္ဘာ့   မှတ်တမ်း အမွေအနှစ် အစီအစဉ်   (Memory of the World)   အဖြစ် ပထမဆုံး အသိ အမှတ်ပြုရန် ၂၀၁၂ ခုနှစ်၊ မတ်လ (၃၁) ရက် နေ့က စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အစည်း အဝေးတွင် အတည်ပြုချက် ရရှိ ခဲ့သည်။          အဆိုပါ ကျောက်စာချပ် များသည် ဗုဒ္ဓ ဘာသာဝင်များ အတွက် အတုမရှိ တန်ဖိုးထားအပ်သော ပိဋကတ် တော်များဖြစ်သကဲ့သို့ (၁၉) ရာစုခေတ်မြန်မာနိုင်ငံ၏    သမိုင်းနှင့်  ယဉ်းကျေးမှုကို ဖော်ပြ နေကြောင်း ဒုတိယ ၀န်ကြီးက ပြောသည်။   မန္တလေးမြို့တည်  နန်းတည်ဘုရင် မင်းတုန်းမင်းကြီးသည် ၁၈၇၁ ခုနှစ်တွင် ပဉ္စမသင်္ဂါယနာတင်မှု ပြုလုပ်ခဲ့ပြီး၊       ပိဋကတ် သုံးပုံ စာသားများကို    ကျောက်စာချပ် (၇၂၉) ချပ်တွင် ကျောက်ထက် အက္ခရာ တင်ရေးထိုးခဲ့ပြီး၊   ကျောက်စာ တစ်ချပ်ချင်း စီကို   ကျောက်စာရုံ အတွင်း ထားရှိကာ   ကုသိုလ်တော်ဘုရားဝင်းအတွင်း ကျောက်စာရုံ  (၇၂၉) ဆူ စိုက်ထူထားရှိခဲ့သည်။

The Messenger  

အပြည့်အစုံသို့ »

အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ


ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူး ယာဉ်လိုင်းတွေမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့စီစဉ်နေပြီး လက်ရှိမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါ နေပြီလို့ သိရပါတယ်။ မကြူကြူခိုင်ဟာ ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက် ယခုလိုယာဉ်နောက် လိုက်အလုပ်ကို လုပ်ကိုင်လာတာဖြစ်ပါတယ်။

မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စကားလိုင်းတွေမှာ ခရီးသည်နဲ့စပါယ်ယာတွေကြား ဆက်ဆံရေးဟာ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလိုမျိုး အဆင်မပြေမှုတွေ ပြေလည်စေဖို့အတွက် အခုလိုမျိုး အမျိုးသမီးယာဉ်နောက်တွေထားရှိမှုကို စီစဉ်တာ ဖြစ်တယ်လို့ (၄၈)အထူးယာဉ်လိုင်းကားပိုင်ရှင် ဦးသက်တင်ဦးက ပြောပါတယ်။

အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးတွေဟာ လူမှုဆက်ဆံရေးပိုမိုပြေပြစ်တဲ့အတွက် ခုလိုအမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိခြင်းဟာ ခရီးသွားတွေအတွက်ပိုမို အဆင်ပြေနိုင်တယ်လို့ ရန်ကုန်မြို့တွင်း သွားလာသူတွေက ပြောကြပါတယ်။ ယခုလို အမျိုးသမီးယာဉ်နောက်လိုက်တွေကို စတင်ခန့်အပ်တာဟာ အဆင်ပြေမှုရှိ၊ မရှိ စမ်းသပ်နေဆဲကာလဘဲဖြစ်ပါတယ်။

ဒီစမ်းသပ်မှုဟာ အောင်မြင်ခဲ့ပါက အမျိုးသမီးယာဉ်နောက်လိုက်တွေအတွက် မ.ထ.သရုံးမှ ယာဉ်လိုက်ခွင့်လိုင်စင်တွေ ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

MRTV-4

အပြည့်အစုံသို့ »

မင်္ဂလာဆောင်မှာ ၀မ်းကွဲအကို သတ်လို့ သေဆုံးသွားတဲ့ သတို့သမီး


မေလ ၈ရက်နေ့က အိန္ဒိယမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကနေ ထိတ်လန့်စရာကောင်းတဲ့ အမင်္ဂလာပွဲကို ကူးပြောင်းသွားခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။

အပြည့်အစုံသို့ »

RCSS/SSA နဲ့ ဆက်သွယ်သူ မတရားသင်းပုဒ်မနဲ့ တရားစွဲခံရ


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ငြိမ်းချမ်းရေး ဆွေးနွေး။

  ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းက စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်ကို ဒီကနေ့ ကျိုင်းတုံရဲစခန်းကို ပြန်လည်လွှဲပြောင်းလိုက်ပြီး  အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ဆက်သွယ်လို့ ဆိုပြီး မတရားသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းက SNLD ပါတီဥက္ကဋ္ဌ ကတော့ ပြည်သူတယောက်အနေနဲ့ မလိုလားအပ်ဘဲ ဓားစာခံဖြစ်ရတယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ SNLD ပါတီဝင်ဟာ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင့်ရွာမှာ နေထိုင်သူ ဦးစိုင်းကျင်ဖြစ်ပြီး သူ့ကို ဒီလ ၅ရက်နေ့ည၈နာရီလောက်က ခလရ ၂၄၅ က တပ်ဖွဲ့ဝင် ၂၀လောက်က နေအိမ်ကနေ ဖမ်းဆီး သွားခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဦးစိုင်းကျင်ကို တပ်မတော်က ကျိုင်းတုံရဲစခန်းကို လွှဲအပ်လိုက်ပြီး မတရားသင်းနဲ့ဆက်သွယ်မှု ပုဒ်မ နဲ့ အမှုဖွင့်ထားတယ်လို့  ရှမ်းပြည်နယ် အရှေ့ပိုင်းက SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံက အခုလို ပြောပါတယ်။

"မနေ့ကတုန်းက သူတို့ ကနေ့ ၉နာရီမှာ လွှတ်မယ်လို့ပြောပြီးတော့ မလွှတ်ပဲနဲ့ ရဲစခန်းကို လွှဲထားပါတယ်။ ဒီနေ့မှာတော့ သူ့ကို ပြစ်မှုအမှတ် ၅၁၊ ၂၀၁၄နဲ့ ရဲအမှုဖွင့်ထားပြီးတော့ ၁၇/၁ နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။ ၁၇/၁ ဆိုတာ တရားမဝင် အသင်းအဖွဲ့နဲ့ ဆက်သွယ်ခြင်း၊ သောင်းကျန်းသူနဲ့ ဆက်သွယ်ခြင်း၊ သောင်းကျန်းသူအား ရိက္ခာလက်နက်ထောက်ပံ့ခြင်း၊ ရိက္ခာ၊ ဆက်ကြေးများထောက်ပံ့ပြီး ကောက်ခံပေးခြင်းဆိုတဲ့ သူက အဲ့သလို စွတ်စွဲထားတယ်ခင်ဗျ။"

ကျိုင်းတုံရဲစခန်းက တာဝန်ကျ အရာရှိတဦးကလည်း ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ အပစ်အခတ်ရပ်ထားတဲ့အဖွဲ့အစည်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့အပေါ်မှာတော့ ဦးစိုင်းလုံက အခုလို မေးခွန်း ထုတ်ထားပါတယ်။

" RCSS/SSA ဟာ ပြည်နယ်အဆင့်လည်း လက်မှတ်ထိုးပြီးပြီ။ ပြည်ထောင်စု အဆင့်လည်း လက်မှတ်ထိုးပြီးထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ မြို့ထဲမှာ ဆက်ဆံရေးရုံးတွေဖွင့်ထားတယ်။ တာချီလိတ်မှာလည်း ဖွင့်တယ်။ ကျိုင်းတုံမှာလည်း ဖွင့်တယ်။ နောက်ပြီးတော့ တောင်ကြီးမှာလည်း ဖွင့်တယ်။ မိုင်းပန်မှာဖွင့်တယ်။ နေပြည်တော်မှာလည်း ရှိတယ်။ ရန်ကုန်မှာလည်း ရှိတယ်။ အဲ့လို ဆက်ဆံရေးရုံးတွေ ဖွင့်ထားပြီးတော့ MPC မှာလည်း တွေ့ဆုံ ထားပြီးပြီ။ နောက်ပြီးတော့မှ နိုင်ငံတော်အဆင့် လက်မှတ်ထိုးဖို့ လည်း ပြင်ဆင်ထားပြီးပြီ။ ဒီအဖွဲ့ကို တရားမဝင်ဘူးဆိုရင် ကျနော်တို့ ဘယ်လိုအဖွဲ့ကို တရားဝင်တယ်လို့ ပြောရမလဲဗျ။ ကျနော်တို့ သိချင်တာကတော့လေ။"

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေစဉ်ကာလမှာ အခုလို ဖမ်းဆီးတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဦးစိုင်းလုံက ဆက်ပြောပါတယ်။

" ကျနော်တို့ ကျေးရွာမှာနေတဲ့ ပြည်သူလူထုကတော့ ငြိမ်းချမ်းရေးကို ဖြစ်စေ ချင်ကြတယ်။ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ တိုင်းရင်းသားအားလုံးက ကိုယ်စီပံ့ပိုးကြတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးမျှော်လင့်ထားတဲ့အချိန်မှာ မလိုလားအပ်ပဲနဲ့ ကျနော်တို့ပြည်သူပြည်သားက ကြားက ညှပ်ပြီး ဓားစာခံဖြစ်ရတယ်ဆိုတာ တိုင်းသူပြည်သားတစ်ယောက်အနေနဲ့ရော တိုင်းရင်းသားတစ်ယောက်အနေနဲ့ရော ပါတီအနေနဲ့ရော ကျနော်တို့ အများကြီး စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အကြောင်းတော့ ပြောချင်ပါတယ်။"

လောလောဆယ်မှာတော့ ဦးစိုင်းကျင်ကို တရားစွဲမယ်ဆိုရင် ဒီအမှုကို ရင်ဆိုင်ဖို့ အတွက် ပြင်ဆင်ထားတယ်လို့ ဦးစိုင်းလုံက ပြောပါတယ်။

အခုလို ဦးစိုင်းကျင် ကို ဖမ်းဆီးပြီးနောက်တရက်မှာ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)အပါအ၀င် ရဲနဲ့ စစ်တပ်တွေဟာ RCSS/SSA တောင်ပိုင်းရဲ့ ကျိုင်းတုံ ဆက်ဆံရေးရုံးကို ၀င်ရောက် ရှာဖွေခဲ့ပါတယ်။ ဒီလို ရှာဖွေစဉ်မှာ ရုံးတာဝန်ခံကို စရဖရုံးကို ခေါ်ဆို ထားတယ်လို့လည်း ကျိုင်းတုံဆက်ဆံရေး ရုံးတာဝန်ခံ ဒုဗိုလ်မှုးကြီး စိုင်းစိုးမိန်းက ပြောပါတယ်။

ဆက်ဆံရေးရုံးကို ၀င်ရောက်ရှာဖွေတာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်စဉ်မှာ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုကို ပျက်ပြားစေ တာကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ကို စာပေးပို့ထားတယ်လို့ RCSS/SSAရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးကြီး စိုင်းလက ပြောပါတယ်။

"ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ နားလည်မှုတွေ ဖော်ဆောင်ပေးဖို့ UPWC ထံကို ကျနော်တို့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ စာတစ်စောင် ပေးပို့ထား ပါတယ်။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းထံ လိပ်မူပြီးတော့ ပေးပို့ထား ပါတယ်။ ကျနော်တို့ အစိုးရနဲ့ ဆက်ဆံရေး၊ တပ်မတော်နဲ့ ဆက်ဆံရေး ပြေလည်အောင် UPWC ကနေ ညှိနှိုင်းဆောင်ရွက်ပေးနိုင် ပါလိမ့်မယ်လို့ ကျနော်တို့က အဲ့သလိုပဲ မျှော်လင့်ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဒီလို မပြေလည်မှုတွေ ဖြစ်နေချိန်မှာ ကချင်ပြည်နယ်ဖက်မှာတော့ ကြို ကြားဆိုသလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဒီလ ၃ရက်နေ့က ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားတဲ့ ပြည်နယ်အုပ်ချုပ်ရေးဝန်ထမ်း၂ဦးဟာလည်း ဒီနေ့ ထိ ပြန်မလွတ်သေးပါဘူး။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့ ၆ရက်နေ့ ညနေမှာ ပြန်မလွှတ်ရင် အင်အားသုံး ဆောင်ရွက်မယ်လို့ အကြောင်းကြား ထားပါတယ်။

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က အခြေအနေတွေဟာ လာမယ့်အပတ်မှာ ကျင်းပမယ့် အစိုးရနဲ့ KIAအကြား ဆွေးနွေးပွဲနဲ့ တတိယပတ်မှာ ကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးပွဲကို  တစုံတရာ ထိခိုက်စေမလားလို့ စိုးရိမ်တာတွေလည်း ရှိနေပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ကတော့ ဆွေးနွေးပွဲတွေဆက်လက်ကျင်းပဖို့ ရှိပြီး ပြဿ    နာတွေကို ဒီဆွေးနွေးပွဲတွေက တဆင့် ဖြေရှင်းနိုင်မယ်လို့ လည်း မျှော်လင့်ထားပါတယ်။

voa burmese


အပြည့်အစုံသို့ »