နှစ်ပေါင်း ၄၀ သက်တမ်းရှိ မူလွန်ကျောင်း ဖြိုချခံရ

ရန်ကုန်၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မဒေါင်းကြီးကျေးရွာအုပ်စုရှိ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိ မူလတန်း လွန်ကျောင်းကို ဘုန်းကြီးကျောင်းအ နီးသို့ ပြောင်းရွှေ့ရန်အတွက်ဟု ဆိုကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး၏ ခွင့်ပြုချက်မယူဘဲ ဇူလိုင်လ ၁၈ ရက်နေ့က ဖြိုချ ဖျက်ဆီးခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

မဒေါင်းကြီးကျေးရွာနှင့် ရွှေကာကျေးရွာ တို့ကြားတွင် တည်ရှိသော မူလတန်းလွန်ကျောင်းကို ယင်းနေ့ နံနက် ၆ နာရီအချိန်တွင် မဒေါင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေလင်းဦးနှင့် မဒေါင်းကြီး စေတီကျောင်းတိုက် ဆရာတော် ဦးပညာသီရိတို့ အပါအဝင် လူ ၁၀၀ ခန့်က အတင်းဝင်ရောက် ဖြိုချခဲ့ကြောင်း မဒေါင်းကြီး ကျေးရွာအုပ်စု ရွှေကာရွာသား ဦးချမ်းမြေ့အောင်က ပြောကြားသည်။

ခင်ဦး မြို့နယ်ပညာရေးမှူး ဦးစိုးတင့်နှင့် ခင်ဦးမြို့နယ် ရဲစခန်းမှူးတို့ ရောက်ရှိလာပြီး ဖြိုချဖျက်ဆီးမှုများ မပြုလုပ်ရန် တားမြစ်သော်လည်း လက်မခံဘဲ ဆက်လက်ဖြိုချ ခဲ့ကြကြောင်း ၎င်းကဆိုသည်။

မဒေါင်းကြီးရွာ ဘုန်းကြီးကျောင်း အနီးရှိလယ်ကွက်သို့ ကျောင်းကို ပြောင်းရမည် ဆိုပြီး ဖြိုချဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေကာ ကျေးရွာသားတစ်ဦးက ဆိုသည်။

ဖြိုချ ဖျက်ဆီးမှုကြောင့် အလျား ၆၄ ပေ၊ အနံ ၂၉ ပေရှိ နံကပ် (အုတ်ပတ်ကား) သွပ်မိုး ပင်မကျောင်းဆောင် တစ်ဆောင်နှင့် အလျား ၄၅ ပေခန့်ရှိသော ထရံကာ၊ ထန်းရွက်မိုး ကျောင်းဆောင်တစ်ဆောင်တို့ ပျက်စီးသွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိသွားချိန်တွင် ကျောင်းကို ဖျက်ဆီးပြီးနေပြီး ယင်းပြဿနာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပညာမှူးရုံး၊ မြို့နယ်သာသနာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ကိုင်တွယ် ဖြေရှင်းနေကြောင်း ခင်ဦး ရဲတပ်ဖွဲ့စခန်းမှူး ဦးဘိုဘိုထွဋ်က ပြောကြားသည်။

The Voice Weekly

သမ္မတနဲ့ ဘာသာပေါင်းစုံတွေ့ဆုံ


သမ္မတ ဦးသိန်းစိန်ဟာ ဥရောပခရီးစဉ်ကနေ မကြာခင်က ပြန်ရောက်လာပြီးနောက် မနေ့ကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့တို့နဲ့ တွေ့ဆုံပြီး ပြည်တွင်းက ပဋိပက္ခတွေကို ပြည်ပက လူ့အခွင့်အရေးရှုထောင့်ကနေ ဘယ်လို သဘောထားတယ်ဆိုတာ တွေ့ဆုံပြောကြားခဲ့ပါတယ်။

ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ပြောကြားရာမှာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ ဝေဖန်ပြောဆိုမှုရှိသလို၊ ဘာသာတစ်ခုကို အပျောက်ရှင်းတဲ့လုပ်ရပ်လို့ ဝေဖန် ပြောဆိုတာတွေလည်း ရှိကြောင်း သမ္မတက ရှင်းလင်း ပြောကြားခဲ့တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒုဥက္ကဌ ဦးညွန့်မောင်ရှိန်က ဘီဘီစီကို ပြောပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းပြီး နိုင်ငံတကာရဲ့ အဲဒီ အမြင်တွေကို ချေဖျက်ဖို့လည်း သမ္မတက တိုက်တွန်းသွားတယ်လို့ ဆိုပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နဲ့မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းပြီး ကော်မတီ တစ်ရပ် ဖွဲ့စည်းသွားမှာ ဖြစ်ပြီး အဲဒီကော်မတီက နိုင်ငံတကာရဲ့ မြန်မာနိုင်ငံ အစိုးရအပေါ် မြင်နေတဲ့ အမြင်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း ဦးညွန့်မောင်ရှိန်က ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးခွဲမှု ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြ


ဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထားရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးခွဲမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို သံဃာနှင့် လူထုအင်အား စုစုပေါင်း ၁၅၀ ခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးတွင် ဇူလိုင်လ ၂၁ ရက်က ပြုလုပ်ခဲ့ကြသည်။

ဗုံးပေါက်ကွဲမှုမှာ ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဗုံး ၁၃ လုံး အနက် ကိုးလုံး ပေါက်ကွဲခြင်းဖြစ်သည်။ ကမ္ဘာ့ယဉ်ကျေးမှုအထိမ်းအမှတ်နယ်မြေဖြစ်သည့် ဗုဒ္ဓဂယာအား ဗုံးဖောက်ခွဲသည့် အကြမ်းဖက်သမားများကိုလည်း ဆန့်ကျင်သည်ဟု ဆန္ဒပြသူတို့က ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲသည် တရားဝင်ခွင့်ပြုချက်ရယူပြီးမှ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကာ ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် တရားခံများကို အိန္ဒိယအစိုးရက ထိရောက်စွာ အရေးယူပေးရန်လည်း မြန်မာဘုန်းတော်ကြီးအချို့က ဆန္ဒရှိနေသည်။ “အိန္ဒိယအစိုးရကို ဘုန်းဘုန်းတို့ မိန့်ချင်တာက ဖောက်ခွဲတဲ့ အကြမ်းဖက်သမားကို ထိထိရောက်ရောက် အရေးယူပေးပါ” ဟု ဒဂုံမြို့သစ်တောင်ပိုင်း တိပိဋိ ကတ်သုံးပုံ နိကယ်စာသင်တိုက် ဆရာတော် ဦးပညိန္ဒက မဇ္ဈိမကို မိန့်သည်။

ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာဝင်တို့၏ မပာာမြေဖြစ်ပြီး၊ ဘုရား၏ သမိုင်းနှင့် ယဉ်ကျေးမှုရှိသည့်နေရာဖြစ်သည့်အတွက် ထိထိရောက်ရောက်အရေးယူမှသာ နောင်တွင် ဗုဒ္ဓ၏ယဉ်ကျေးမှုသမိုင်းများကို အကြမ်းဖက်သူများ ပပျောက်သွားမည်ဖြစ်ကြောင်းလည်း ဆရာတော် ဦးပညိန္ဒိက မိန့်သည်။

ဆန္ဒဖော်ထုတ်ပွဲသည် မည့်သည့်ဘာသာကိုမျှထိခိုက်စေမည့်ပွဲမဟုတ်ဘဲ ဗုဒ္ဓဂယာအားဗုံးဖောက်ခွဲသည့် အကြမ်းဖက်သမားများကိုသာ ရှုတ်ချဆန္ဒထုတ်ဖော်သည့် ပွဲသာဖြစ်သည်ပုာ ထေရဝါဒ ဓမ္မကွန်ယက်အဖွဲ့၏ ဥပဒေအကြံပေးနှင့် အလုပ်အမှုဆောင် ရှေ့နေဦးအေးပိုင်ကပြောသည်။

“ဒီပွဲပာ အခြားဘယ်ဘာသာကိုမှ ထိခိုက်ရှုတ်ချတဲ့ပွဲ မဟုတ်ပါဘူး။ ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲတဲ့သူတွေကိုဘဲ ရှုတ်ချတာပါ။ ဒီပွဲကိုလုပ်ဖို့ သက်ဆိုင်ရာကို တင်ထားတာ ကြာပါပြီ။ အကြောင်းအမျိုးကြောင့် ခွင့်ပြုချက်ရဖို့ နောက်ကျနေတော့ ဒီနေမှ လုပ်ဖြစ်တာပါ” ဟု ဆိုသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ မဟာချုလာတက္ကသိုလ်မှ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာများ ဦးဆောင်ကာ နိုင်ငံတကာ သံဃာတော်များက ဘန်ကောက်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးရှေ့တွင် ဇူလိုင် ၁၀ ရက်က မေတ္တာပို့သ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် သံဃာတော်များ၊ သီလရှင်များနှင့် လူထုအပါအဝင် စုစုပေါင်း ၃၀ဝ ခန့်က ပူးပေါင်းပါဝင်ခဲ့ကြသည်။

ယင်းအပြင် ဇူလိုင် ၈ ရက်ကလည်း အိန္ဒိယနိုင်ငံ မာဂဓတက္ကသိုလ် ကျောင်းများ သမဂ္ဂ၊ All India Bhikhu Sangah နှင့် All India International Buddhist Council တို့က ဦးဆောင်၍ ဒေသခံများနှင့်အတူ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသေးသည်။

ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူ တစ်ဦး၏ ပုံကြမ်းကို ဇူလိုင် ၁၆ ရက်တွင် အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၉ ရက်နေ့ကလည်း သံသယရှိသူ လေးဦးကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်။

စောဇင်ညီ၊ ယုဝေ
Mizzima - News in Burmese

နှလုံးရောဂါ အတွက် သိသင့်သော အရေးကြီး လက္ခဏာ သုံးရပ်


၁။ ရင်ဘတ်အောင့်တာမပျောက်ရင်
ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။
ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။

၂။ အသက်ရှုမဝရင်

လူအများစုမှာ အသက်ရှူ မဝတာဟာ စိတ်ဖိစီးမှု များတာကြောင့် ဖြစ်တာပါ။ အသက်ရှူလို့ မရတဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့် ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ နည်းသွား ပါတယ်။ Treadmill စက်မှာ လမ်းလျှောက် နိုင်ပြီး လမ်းလျှောက် အပြီး အခြေအနေ ပိုမဆိုးရင် မစိုးရိမ် ရပါဘူး။ လူနာဟာ ဒီနေ့မှာ နေကောင်းနေပြီး နောက်တစ်နေ့မှာ လှေကားတက်ရင် လှေကားထစ်တွေမှာ နားပြီး အသက်ဝအောင် ရှူပြီးမှ လှေကား ထစ်တွေ တက်လို့ရတယ်ဆိုရင် စိုးရိမ်စရာ အခြေအနေပါ။

၃။ တစ်ခါမှမခံစားရဖူးသောခန္ဓာကိုယ်အထက်ပိုင်းနာကျင်ရင်

တစ်ခါတစ်ရံ နှလုံး တိုက်ခိုက် ခံရတာဟာ ရင်ဘတ်အောင့်တဲ့ လက္ခဏာ မပြတတ် ပါဘူး။ ရှေးဦးစွာ မေးရိုး မှာနာတာ၊ တံတောင်ဆစ်မှာ နာတာ၊ ဒါမှမဟုတ် သွားနာတာတွေ အနေနဲ့ လက္ခဏာ ပြတတ်ပါတယ်။ ဒါဟာ နှလုံးသွေးကြော ပိတ်တာကြောင့် နာကျင်တာ ဖြစ်ပြီး အာရုံကြောမှ တစ်ဆင့် ဘယ်ဘက်လက် ဒါမှမဟုတ် မေးရိုးကို နာကျင်တာတွေ ရောက်သွား တာပါ။ ဒီလို တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှု အသစ်တွေ ခံစားရရင် လျစ်လျုရှု မထားပါနဲ့။

ခွဲခြားနိုင်သောနည်းလမ်းနှစ်ခု

အောက်ပါတို့မှာ သင်ခံစား နေရတဲ့ ဝေဒနာကို လျစ်လျူရှုသင့်သလား ဒါမှမဟုတ် ဆရာဝန်ကို ပင့်ရမလား ဆိုတာကို ခွဲခြားနိုင်တဲ့ နည်းလမ်း နှစ်ခုပါ။

၁။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

နှလုံးသန်မာဖို့ လေ့ကျင့်ခန်း မှန်မှန် လုပ်နေရင် ကောင်းတဲ့ နာကျင်တာနဲ့ မကောင်းတဲ့ နာကျင်တာ တွေကို သင်ခွဲခြား သိရှိ နိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား လုပ်နေရင်းနဲ့ ခံစားရတဲ့ ဝေဒနာ ပိုဆိုးလာရင် ဆရာဝန် ပင့်သင့်ပါတယ်။

၂။ သင့်မှာရှိသောဖြစ်နိုင်ချေများကိုလေ့လာပါ။

သင့်မိဘတွေဟာ အသက်၉၀ အရွယ်ထိ အသက်ရှင်နေပြီး သင့်ရဲ့သွေးတွင်း ကိုလက်စထရော အဆင့်ဟာ ပုံမှန်ဖြစ်နေရင် တံတောင်ဆစ်မှာ နာနေတာဟာ တင်းနစ်ကစား တာကြောင့် ဖြစ်နိုင်ပါတယ်။ သင်ခံစားရတဲ့ ဝေဒနာဟာ နှလုံး ရောဂါမှန်း မသေချာရင် ဆရာဝန်နဲ့ ပြဖို့ အမြဲ သတိရပါ။

Good Health ဂျာနယ်
Myawaddy

ဒူဘိုင်းတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ


နော်ဝေးမှ အမျိုးသမီး တစ်ဦးသည် သူမကို မုဒိမ်းကျင့်သည့်အတွက် ဒူဘိုင်း တရားရုံးတွင် တိုင်တန်းခဲ့သော်လည်း တရားရုံးက သူမကို ထောင်ဒဏ် (၁၆)လ ချမှတ်ခဲ့
Posted on Jul 22 13 - 11:13 AM | Hits : 1517

ဒူဘိုင်းတွင် မုဒိမ်းကျင့်မှုလည်းခံရ၊ ထောင်ချခြင်းလည်း ခံရသည့် နော်ဝေး အမျိုးသမီး တစ်ဦးအတွက် မကြာသေးမီက ဥရောပ မီဒီယာများက အလေးအနက် ဖော်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ နော်ဝေးမှ အမျိုးသမီး တစ်ဦးသည် သူမကို မုဒိမ်းကျင့်သည့်အတွက် ဒူဘိုင်း တရားရုံးတွင် တိုင်တန်းခဲ့သော်လည်း တရားရုံးက သူမကို ထောင်ဒဏ် (၁၆)လ ချမှတ်ခဲ့သည်။ မာတီဒိုဘရာ ဒီလက်ဗ်ကို တရားရုံးက စွဲချက်(၃)ခု တင်ခဲ့သလို သူမအနေဖြင့် မုဒိမ်းကျင့် ခံရသည် ဆိုသည်ကိုလည်း ပယ်ချခဲ့ကြောင်း သိရသည်။ အသက်(၂၄)နှစ်ရှိ မာတီက သူမကို လုပ်ဖော်ကိုင်ဖက် တစ်ဦးက မုဒိမ်းကျင့်ကြောင်း တရားရုံးသို့ တိုင်ကြားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုအမှု ပလပ်ခံရသည့်အပြင် စွဲချက်(၃)ခုနှင့်ပါ ရင်ဆိုင်ခဲ့ရသည်။

သူမကို ဒူဘိုင်း တရားရုံးက တရားမဝင် လိင်ဆက်ဆံမှု၊ လိမ်လည်တိုင်ကြားမှု၊ ခွင့်ပြုချက်မရှိဘဲ အရက်သေစာ သောက်စားမှုများဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ တရားရုံးက မုဒိမ်းမှု စွဲချက်သည် မှားယွင်းခြင်းဖြစ်ပြီး သူမအနေဖြင့် လုပ်ဖော်ကိုင်ဖက်နှင့် လူ့ကျင့်ဝတ်အရ မဖြစ်သင့်သော လိင်ဆက်ဆံမှု ပြုလုပ်ခဲ့ခြင်းဟုသာ ဆုံးဖြတ်ခဲ့သည်။ ထို့အတွက် ထောင်ဒဏ်(၁)နှစ်၊ ခွင့်ပြုချက် မရှိဘဲ အရက်သေစာ သောက်စားမှုအတွက် ထောင်ဒဏ်(၃)လနှင့် မုဒိမ်းကျင့် ခံရကြောင်း လိမ်လည်တိုင်တန်းသည့်အတွက် ထောင်ဒဏ်(၁)လ အသီးသီး ချမှတ်ခဲ့ခြင်းဟု သိရှိရသည်။

ဒူဘိုင်းရှိ အယ်လ်ဆာဖာတွင် ဖြစ်ပွားခဲ့သော ကိစ္စတွင် မာတီနှင့် လုပ်ဖော်ကိုင်ဖက် ဖြစ်သူတို့သည် နိုက်ကလပ် တစ်ခုတွင် အတူရှိခဲ့ကြောင်းနှင့် အရက်အတူ သောက်ခဲ့ကြောင်း အတည်ပြုထားသည်။ နောက်ပိုင်းတွင် မာတီသည် လုပ်ဖော်ကိုင်ဖက်၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်းနှင့် ဒူဘိုင်းဥပဒေအရ ခွင့်မပြုသည့် ကိုယ်လက်နှီးနှောမှုများ ရှိခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ယင်းတို့နှစ်ဦးကြား သဘောတူ လိုက်လျောသည့် လိင်ဆက်ဆံမှုသာ ဖြစ်ခဲ့ပြီး မုဒိမ်းမှု မမြောက်ကြောင်းလည်း ဆုံးဖြတ်ကာ မာတီကို ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မာတီကလည်း သူမအနေဖြင့် အရက်သောက်ထားမှုကို ဝန်ခံခဲ့ပြီး ကိစ္စတိုင်းကို ကြည်ကြည်လင်လင် မမှတ်မိဟု ဆိုသည်။ သူမသည် ဒီဇိုင်းကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ရန်အတွက် (၂၀၁၁)ခုနှစ် ကတည်းက အရှေ့အလယ်ပိုင်း ဒေသသို့ ရောက်ရှိနေခဲ့သည်။ သူမသည် အခင်းဖြစ်ပြီးနောက် ဟိုတယ်သို့ ပြန်လာကာ အမှုထမ်းထံမှတစ်ဆင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ဒူဘိုင်းတွင် အစ္စလာမ် ဘာသာရေးနှင့် ဆက်နွယ်သည့် ဥပဒေများ ပြဋ္ဌာန်းထားသည်ကို နားလည်သော ဟိုတယ်ဝန်ထမ်းက ရဲများကို ယခုကိစ္စတွင် ဆက်နွယ်စေရန် သေချာ၊ မသေချာ သူမကို မေးမြန်းခဲ့သေးကြောင်း သိရသည်။

သို့သော်လည်း မာတီအနေဖြင့် အခြေခံ ဓလေ့ထုံးစံ ကွဲပြားသော နိုင်ငံနှစ်ခု၏ ကွဲပြားသော ဥပဒေရေးရာ တုံ့ပြန်မှုနှင့်သာ ကြုံခဲ့ရသည်။ APသတင်းဌာနသည် သူမ၏ အမည်ကို အစောပိုင်းက မဖော်ပြခဲ့သော်လည်း မာတီကိုယ်တိုင်က လူအများ သိရှိစေရန် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ သူမ၏ အခက်အခဲကို ချပြခဲ့ခြင်း ဖြစ်သည်။ သူမသည် ရဲထံ တိုင်ကြားပြီးနောက် လက်မထပ်ထားဘဲ လိင်ဆက်ဆံမှုဖြင့် အချုပ်ထဲတွင် (၄)ရက် နေခဲ့ရသည်။ အချုပ်ခန်းထဲတွင် အခြားအမျိုးသမီး တစ်ဦးထံမှ ဖုန်းကတ်ကို ငှားရမ်းကာ နော်ဝေးရှိ ပထွေးဖြစ်သူထံ ဆက်သွယ်ပြီး လွတ်လမ်းရှာနိုင်ခဲ့သည်။ နော်ဝေး သံအရာရှိများသည် မာတီ၏ လွတ်မြောက်မှုအတွက် လုပ်ဆောင်နိုင်ခဲ့ပြီး သူမက နော်ဝေးတွင် မိမိ၏ အဖြစ်အပျက်ကို လူအများထံ သိရှိစေရန် မျှဝေခဲ့ခြင်း ဖြစ်သည်။ UAEနိုင်ငံမှ အာဏာပိုင် အဖွဲ့အစည်းများကမူ ယခုကိစ္စအတွက် မှတ်ချက်ပေးခြင်း မရှိခဲ့ချေ။ UAEတွင် ယခင်ကလည်း အလားတူ ပြဿနာမျိုးများ ကြုံခဲ့ပြီး ကိစ္စအများစုတွင် အမျိုးသမီးများသာ နစ်နာခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

ပြည်လမ်း၌ ပြိုင်ကား ပက်လက်လန်


ရန်ကုန်၊ ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းမကြီး လှိုင်မြို့နယ် တံတားဖြူ မှတ်တိုင် အနီးတွင် ဇူလိုင်လ ၂၁ ရက် နံနက် ၄ နာရီခန့်က ပြိုင်ကား တစ်စီး အရှိန်လွန်ကာ ပက်လက်လန် တိမ်းမှောက်ခဲ့ကြောင်း အဆိုပါ ယာဉ်တိုက်မှု ကို စစ်ဆေးသည့် လှိုင်မြို့နယ် ရဲစခန်းမှ အမှုစစ် အရာရှိက ပြောကြားသည်။

အဆိုပါ ပြိုင်ကားသည် ဂျာမနီနိုင်ငံ ပိုရှေး (Porsche) ကုမ္ပဏီထုတ် Panamera 4 အမျိုးအစားဖြစ်ပြီး ရှစ်မိုင်မှ လှည်းတန်းသို့ ဦးတည် မောင်းနှင်ခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကွန်ကရစ်တုံးကို ဝင်ရောက် တိုက်မိရာမှ ပက်လက်လန် တိမ်းမှောက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ယာဉ်က ပက်လက်လန် မှောက်ခဲ့ပေမယ့် ကားထဲက လေအိတ်တွေ ထွက်သွားလို့ လူ ဘာမှ မဖြစ်ဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ယာဉ် မောင်းနှင်သူသည် ရန်ကင်း မြို့နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ၎င်းကို ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် ထားကြောင်း လှိုင်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ဇူလိုင်လ ၁ ရက်နေ့မှ ၁၈ ရက်အတွင်း ယာဉ်တိုက်မှုပေါင်း ၅၃၃ မှု ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှုပေါင်း ၁၀၇ မှု ဖြစ်ပွားခဲ့ပြီး ၁၅ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဟိန်းသွင်ထက်
The Voice Weekly

မန္တလေးမှာ ဦးဝီရသူ တရားပွဲအနီး ဗုံးပေါက် ၄ ဦး ဒဏ်ရာရ

အခင်းမဖြစ်ခင် တရားဟောစဉ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း၊ ၈၄×၈၅ လမ်းကြား၊ ဦးဝီရသူ တရားပွဲအနီးမှာ ဗုံးပေါက်ကွဲမှု ကြောင့် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိပါသည်။

ယနေ့ 21.7.2013 ရက်နေ့ ည 8:35 နာရီတွင် စတင်ပြီး မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူက "ဆွေမျိုးဆိုတာ များလေကောင်းလေ" တရားဟောကြားနေစဉ် ၉း၀၀ နာရီခန့်တွင် တရားမဏ္ဍပ်နောက်ကျောမှ ရုတ်တရပ်ပေါက်ကွဲမှုကြီး တစ်ရပ် ဖြစ်ပေါ်ခဲ့ရာ ဦးဝီရသူက တရားဆက်မဟောဘဲ ရပ်ထားလိုက်သည်။

ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေစဉ် တရားနာပရိသတ်များမှ ဆရာတော်ကို ပစ်တာ "အောက်ကိုဆင်းပါဘုရား အောက်ဆင်းပါဘုရား" ဟု အော်ဟစ်လျှောက်ထားကြ၍ ပလ္လပေါ်မှဆင်း၍ စင်ပေါ်တွင် ခဏထိုင်နေခဲ့သည်။

သံဃာတော်တ်ာများ အမျိုးသားများ စင်ပေါ်တက်လာပြီး ဦးဝီရသူကို ၀န်းရံကာကွယ်ထားကြသည်။
နိဗ္ဗာန်ဆော်မှ ကားဘီးပေါက်သည်ဟု ကြေညာသည်။ ဦးဝီရသူ တရားပြန်ဟောသည်။

တရားနာပရိတ်သတ်များ သုံးပုံတစ်ပုံသာ ကျန်တော့သည်။ ပလ္လင်နောက်ကျောမှာ ရုတ်ရုတ်သဲသဲဖြစ်နေဆဲ။ ရေစက်ချ အမျှဝေအပြီး တရားနာပရိသတ်များက ၀န်းရံကာ အနီးရှိ သစ္စပါရမီ တိုက်အိမ်ထဲ ပင့်ဆောင်ခဲ့ကြသည်။

ပရိသတ်ရှေ့ဆုံးမှ နာယူနေသော မပန်းနုအောင် အသက် (၂၁) နှစ် ညာဘက်ခြေထောက်ထိမှန်သွား၍ ပတ်တီးစည်းထားသည်ကို တွေ့ရသည်။

ထိမှန်စဉ် မနာကျင်၊ နောက်မှ ပူလောင်နာကျင်လာ၍ ဆေးခန်းသွားပြခဲ့ကြောင်း လျှောက်ထားသည်။
အဖွားကြီးတစ်ယောက် ပေါင်ရင်း ဗုံးစထိမှန်သွားသည်။

မြတောင်တိုက် ခေမာဝန်းကျောင်း မှ ကိုရင်ပညာသာမိ ပေါင်နှင့် ဒူးခေါင်ဒဏ်ရာရသွားသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ဃသ(၁၃)ရပ်ကွက်၊ အိမ်အမှတ် က(၃၀)နေ (အသံချဲ့စက် ဆရာ) ဦးကျော်ဝင်း (၃၆)နှစ် ခါးမှာ ဒဏ်ရာရသွားသည်။

ခဲယမ်းအစအနလေးများ အသားထဲစူးဝင်နေ၍ ၀ိုင်းဝန်းဖယ်ရှားပေးရသည်။

တရားပလ္လင်နောက်ကျောတွင် ချိတ်ဆွဲထားသော ဗီနိုင်းစ အစအန ထိမှန်ပေါက်ပြဲသွားသည်။ SE ကားဖြူ နောက်ဘီး နှစ်ဘီးနှင့် ရှေ့ဘီး ညာဘက်ဘီး ထိမှန်ပေါက်ကွဲသွားသည်။ ကားအောက် ဆီတိုင်ကီ ယိုစိမ့်ထွက်ကျလာသည်။ ကားမှန်ပေါက်ပြဲ၊ ကားနောက်ခန်းဘေး အစအန ထိမှန်ပေါက်ပြဲသွားသည်။

ပေါက်ကွဲရာနေရာလမ်းမပေါ်တွင် ချိုင့်ငယ်တွင်းငယ်တစ်ခုလို ချိုင့်ဝင်သွားသည်။
၅င/၈၆၆၅ နောက်ပိုင်း ကိုယ်ထည် ယမ်းအစအနများ စင်၍ ပေါက်ပြဲသွားသည်။
ဦးဝီရသူ အပြန်အတွက် ကားတစ်စင်း သီးသန့်စီစဉ်ရင်း ဦးဝီရသူ၏ တပည့် လူငယ်နှစ်ယောက်နှင့် တရားပွဲပင့်သူ လူငယ်အချို့ စကားများကြ၍ ပရိသက် ရုတ်ရုတ်သဲသဲ ထပ်ဖြစ်သည်။
လုံခြုံရေး အရ ကားကိုစစ်ဆေးရာမှ စကားများရင်း လက်ပါသွား၍ ဦးဝီရသူ၏ တပည့် မောင်ဆံရှည် လက်သီးနှင့်အထိုးခံရသည်။

ကိုပြာလောင် ခြေနှင့် အကန်ခံရသည်။

နောက်ဆုံး ဦးဝီရသူ၏ ဒကာရင်းကားဖြင့် လာကြို၍ ကျောင်းသို့ ချောမောစွာ ပြန်ရောက်သည်။
၁၀း၃၀ နာရီ တရားပွဲပြီး၍ ၁၁း၀၀ နာရီမှ ကျောင်းရောက်သည်။

ယခု ည ၁၁း၃၀ နာရီအထိ ပေါက်ကွဲနေရာတွင် လုံခြုံရေးတင်းကျပ်ထားပြီး ကြိုးဝိုင်းထားကာ သေချာစစ်ဆေးနေပြီး၊ မပန်းနုအောင် ခြေထောက်ထဲ ယမ်းစနှုတ်မရ၍ ဆေးရုံကြီး OPT သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးသတင်းအရ ယ္ခုည ၁၂း၀၅ နာရီတွင် အောင်မြေသာဇံမှ ဒေါ်အေးခင်၊ အမည်မသိ အမေကြီးတစ်ဦး၊ ကိုရင်ပညာသာမိ၊ ဦးကျော်ဝင်း (အသံချဲ့စက်ဆရာ)၊ မပန်းနုအောင် တို့ ဆေးရုံတက်နေကြောင်း ဦးဝိရသူ ၏ facebook အင်တာနက် စာမျက်မှာ လည်း ဖော်ပြထားပါသည်။

 အခင်းဖြစ်ပြီးမှ ပြန်လည်ဟောကြားစဉ်။

 အသံချဲ့စက်ဆရာ ဦးကျော်ဝင်း၏ ဗိုက်ခေါက်ထဲ နစ်ဝင်နေသော ခဲယမ်းစ တစ်ခု။


ဒေါ်အေးအေးခင် ၏ ပေါင်တွင် စူးနစ်ဝင်နေသော ခဲယမ်းစ တစ်ခု။

by Myanmar News Now