နောင်ချိုမြို့ ဟော်တော် ကျောင်းတိုက်ရှိ ဆင်းတုတော် တစ်ဆူပျောက်ဆုံး

ဆင်းတုတော် ပျောက်ဆုံး နေပြီးနောက် သီတင်းသုံးခဲ့သော ပလ္လင်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် ဓာတ်ပုံ − နောင်ချိုသား

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ ဟော်တော်ကျောင်းတိုက်မှ အမြင့်သုံးပေရှိ ဆင်းတုတော်တစ်ဆူပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီး နောင်ချိုမြို့နယ်တွင် ခုနစ်လအတွင်း ဘုရားဆင်းတုတော် ရှစ်ဆူမြောက် ပျောက်ဆုံးမှုဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၅ ရက်နံနက်တွင် နောင်ချိုမြို့ ဟော်တော်ကျောင်းတိုက်အတွင်းရှိ စေတီတစ်ဆူ၌ သီတင်းသုံးနေသော ပလာစတာဖြင့် ပြုလုပ်ထားသည့် အမြင့် သုံးပေရှိ ဆင်းတုတော်တစ်ဆူ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဟော်တော်ကျောင်းတိုက်ဆရာတော်၊ နောင်ချိုမြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော် ဦးဝါသေဋ္ဌက မိန့်သည်။

            ‘‘နံနက် ၁ နာရီလောက်မှာ ပျောက်သွားတာဖြစ်နိုင်တယ်။ ဦးပဉ္စင်းတို့ကျောင်းက ဆရာတော်တွေ သုံးနာရီမှာကြည့်တော့ မရှိတော့ဘူးဖြစ်နေတယ်။ ဘုန်းကြီးကျောင်းကလည်း အုတ်တံတိုင်းခတ်ထားတယ်။

အပေါ်ကနေ လူအများနဲ့ယူသွားတာ ဖြစ်နိုင်တယ်’’ဟု ဆရာတော် ဦးဝါသေဋ္ဌကမိန့်သည်။

ဆင်းတုပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါဆင်းတုပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး နောင်ချိုမြို့ နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ဆင်းတုတော်ပျောက်ဆုံးခြင်းကို မသိရှိကြောင်း နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

အလားတူ ၂၀၁၃ စက်တင်ဘာအတွင်းကလည်း နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာ ရွှေစံဦးစေတီရှိ ကြေးဆင်းတုတော်လေးဆူ နောင်ချိုမြို့နယ် နားရိုးကျေးရွာ စေတီတော်အတွင်းရှိ အမြင့်ခြောက်ပေရှိ ရှေးဟောင်း ဆင်းတုတော်သုံးဆူပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါဆင်းတုတော်များ ပျောက်ဆုံးမှုမှာလည်း တရားခံ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

            ‘‘အရင်လတွေကလည်း ဆင်းတုတော်တွေပျောက်တာ။ အခု နောင်ချိုမြို့နယ်မှာ ခဏခဏပျောက်နေလို့ သတိထားကြရမယ်။ ရဲစခန်းကလည်း ဖမ်းမိတဲ့အသံ မကြားသေးဘူး’’ဟု ဆရာတော် ဦးဝါသေဋ္ဌက မိန့်ကြားသည်။

            ‘‘ဒီနယ်မှာ ဘုရားခိုးဂိုဏ်း ရှိနေလောက်တယ်။ ပျောက်တဲ့ဘုရားတွေက အသေးလေးတွေ မဟုတ်ဘူး။ ဘုရားအကြီးကြီးတွေ ပျောက်နေတာ။ ဒီဘုရားတွေဆို သယ်ရတာမလွယ်ဘူး’’ ဟု နောင်ချိုမြို့ ဘူတာရပ်ကွက်မှ အသက် (၃၀)၀န်းကျင် လူငယ်တစ်ဦးက ပြောသည်။

Author: ငြိမ်းချမ်း
7day Daily

ဇနီးသည်က တောင်းပန်သော်လည်း အများအတွက် သေထိုက်သည်ဟုဆိုကာ လယ်ယာမြေပြဿနာကြောင့် ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြသတ်သေခဲ့သည့် အိန္ဒိယကလယ်သမား



အိန္ဒိယ နိုင်ငံတွင် မြေပိုင်ဆိုင်ခွင့် မရသည့် ကိစ္စအတွက် လယ်သမားတစ်ဦးသည် မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။ လယ်သမား တစ်ဦးဖြစ်သော ပရာဘင်ဘိုနိုသည် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။ အာဆမ်ပြည်နယ် အစိုးရက ဂူဝါဟာတီ ဒေသရှိ တောင်ကုန်းများ အနီးတွင် နေထိုင်သူများကို မြေယာပိုင်ဆိုင်ခွင့် အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည့်နောက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။ အသက်(၄၅)နှစ်ရှိ ဘိုနိုက ယင်းဆန္ဒပြပွဲတွင် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။

၎င်းကို လူအများက ကူညီမီးငြှိမ်းသတ်ပြီး ရဲများက ဆေးရုံသို့ အလျင်အမြန် တင်ပို့ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး မကြာမီမှာပင် ကွယ်လွန်ခဲ့သည်။ ဆရာဝန်များက ဘိုနို၏ ခန္ဓာကိုယ်တွင် (၁၀၀)ရာခိုင်နှုန်း မီးလောင်ဒဏ်ရာများ ရရှိနေကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ဇနီးဖြစ်သူ ပူရာနီမာက သူမအနေဖြင့် ယင်းကဲ့သို့ မလုပ်ဆောင်ရန် တောင်းပန်သေးသော်လည်း ဘိုနိုက လူအများ ကောင်းကျိုးအတွက် မိမိသေပေးရန် ထိုက်တန်သည်ဟု ပြောဆိုခဲ့ကြောင်း သတင်းထောက်များထံ ဖွင့်ဟခဲ့သည်။

"ကျွန်မရဲ့ အမျိုးသားက ဘာပဲဖြစ်ဖြစ် သူ့အသက်ကို လူအများအတွက် စတေးပေးမယ်လို့ ပြောပါတယ်။ သူသာသေသွားရင် ကျွန်မမှာ ကလေး(၃)ယောက်နဲ့ ဒုက္ခရောက်မယ့်အကြောင်း တောင်းပန်ပါသေးတယ်။ ဒါပေမဲ့ သူကတော့ လူအများစု မြေယာပိုင်ဆိုင် လုပ်ပိုင်ခွင့်အတွက် သူ့ကိုယ်သူ သတ်သေဖို့ပဲ ဆုံးဖြတ်သွားခဲ့တယ်"ဟု သူမက ကြေကြေကွဲကွဲဖြင့် ဆိုသည်။ သူမသည် ယခုအခါ ခင်ပွန်းသေဆုံးမှုနှင့် စပ်လျဉ်းပြီး နိုင်ငံရေးသမားနှစ်ဦး၊ ဒေသဆိုင်ရာ ဝန်ကြီးချုပ် တူရွန်ဂိုဂိုင်နှင့် ဘဏ္ဍာရေးဝန်ကြီး ပရီသီဘီမာဂျာဟီတို့ကို တရားစွဲဆိုထားပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်မျာြးေုကာင့် ဘိုနိုသေဆုံးရခြင်းဟု စွဲချက်တင်ထားသည်။ ဘိုနိုသေဆုံးမှု သတင်းကြောင့် အခြားသော ပြည်နယ်များတွင်ပါ ယင်းကိစ္စအပေါ် ဆန္ဒပြမှုများ ထွက်ပေါ်လာကြောင်း သိရှိရသည်။

Planet Myanmar Network

ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ရပ်ကွက်အတွင်းရှိဘောလုံးကွင်းအား နိုင်ငံခြားဧည့်သည် ဒေါ်တင်တင်ဝင်းက ဝယ်ယူလိုက်ခြင်နှင့်ပတ်သတ်၍ ရှင်းလင်း


ရန်ကုန်၊ဖေဖော်ဝါရီ ၂၆။

ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ရပ်ကွက်အတွင်းရှိ ပြည်သူများသည် ၎င်းတို့ရပ်ကွက်မှ ပိုင်ဆိုင်ထားသော ဘောလုံးကွင်းအား နိုင်ငံခြားဧည့်သည် ဒေါ်တင်တင်ဝင်းက ဝယ်ယူလိုက်ခြင်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ရက်က MJNရုံးတွင် ရှင်းလင်းခဲ့သည်။

ဦးမြင့်သန်းက “ဒဂုံမြို့သစ်ကို စတည်ကတည်းက ကွင်းနှစ်ကွင်းရှိတယ် ပန်းခြံနဲ့ဘောလုံးကွင်းပေါ့ ပန်းခြံကတော့ ဘယ်သူကရောင်းလိုက်မှန်း မသိဘူး မရှိတော့ဘူး အခုက ဘောလုံးကွင်းပဲရှိတော့တယ် အခုလည်း ပွဲစားက နိုင်ငံခြားဧည့်သည် ဒေါ်တင်တင်ဝင်းကို ရောင်းထားတယ်လို့ကြားတာနဲ့ ကျွန်တော်တို့ ဒီကိစ္စကိုက န့်ကွက်တာပါ သူရဲ့ယောက်ျားက တရုတ်လူမျိုး အစစ်ဖြစ်ပါတယ် ဒီဘောလုံးကွင်းက ကျွန်တော်တို့က စားလာတာ ၁၀နှစ်ကျော်ပြီး အခုကလေးတွေကလည်း ဘာမှမလိုချင်ဘူး ဘောလုံးကွင်းကိုပဲ လိုချင်ကျတယ် ဒီနေ့နိုင်ငံတော်ကလည်း မြန်မာအားကစား ကမ္ဘာကိုလွမ်းရမယ်လို့ ပြောနေတယ် ဒါပေမဲ့အခုလို ကွင်းသေးသေးလေးတွေကိုတောင် ရောင်းနေမှာတော့ ဘယ်လိုတိုးတက်မှာလည်း ကျွန်တော်တို့ကတော့ သက်ဆိုင်ရာကို စာတင်မယ် သမ္မတကိုလည်း စာတင်မယ် ဘောလုံးကွင်းပဲပြန်လိုချင်တယ် လျှော်ကြေး သိန်း ၃၀၀ ပေးမယ်လို့ပြောတယ် ဒါကိုကျွန်တော်တို့ မလိုချင်ဘူး ဘောလုံးကွင်းကိုပဲ ပြန်လိုချင်တယ်”ဟု ပြောသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင်ရပ်ကွက်ပေါင်း ၂၉ ရပ်ကွက်ရှိရာ အိမ်ခြေပေါင်း ၉၉၉ အိမ်ရှိပြီး ၎င်းတို့သည် ဘောလုံးကွင်းအား ပြန်လည်ရရှိ အောင် လုပ်ဆောင်နေသော ကိစ္စများကို ထောက်ခံကြောင်း သဘောတူလက်မှတ်ရေးထိုးထားကြသည်။

ယင်းကွင်းများမှာ အရှေ့ဘက်တွင် ဦးထွန်းမြင့်လမ်း၊ အနောက်ဘက်တွင် စောရန်ပိုင်လမ်း၊ တောင်ဘက်တွင် သခင်ခင်လမ်း၊ မြောက်ဘက်တွင် သခင်ဗဟိန်းလမ်းများရှိသည့် အမှတ်(၁)ကွင်းနှင့်အရှေ့ဘက်တွင် မြမဉ္ဇူ(၁)လမ်း၊ မြောက်ဘက်တွင် နွယ်သာကီ(၂)လမ်းများဖြစ်တဲ့ ကွင်းအမှတ်(၂)ဟူ၍ရှိသည်။

၎င်းဘောလုံးကွင်း ပြန်လည်ရရှိရေးအနေနဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ပြည်သူများက သက်ဆိုင်ရာဌာနများ၊ သမ္မတဦးသိန်းစိန်တို့ကို စာတင်သွားမည့်ဖြစ်သလို နောက်ဆုံးအနေဖြင့် ဆန္ဒပြသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanma Age

ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲတွေကြောင့် ဒုက္ခသည်စခန်း ၇ ခု ထပ်တိုး




 ပလောင် ဒုက္ခသည်စခန်းက မြင်ကွင်းတချို့၊ ဓာတ်ပုံ- ကျော်ခ/ ဧရာဝတီ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲ
တွေရဲ့ အကျိုးဆက် အဖြစ် ဒုက္ခသည် စခန်း ၇ ခုထပ်တိုးလာပြီး အဲ့ဒီ့ဒုက္ခသည်တွေဟာ ကူညီသူမရှိဘဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းရရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံနဲ့ နမ့်ခမ်းမြို့တွေမှာ ၂၀၁၂ ခုနှစ်က ဒုက္ခသည် စခန်း ၂ ခုပဲရှိခဲ့ရာက ၂၀၁၃ ခုနှစ်အတွင်းမှာ ဒုက္ခသည် စခန်းပေါင်း ၇ ခုထိ ထပ်တိုးလာပြီး ဒုက္ခသည် ၃၀၀၀ ကျော်ဟာ စားဝတ်နေရေး အကြပ် အတည်းတွေနဲ့ ရင်ဆိုင် နေကြတယ်လို့ တအာင်း (ပလောင်) အမျိုးသမီး အဖွဲ့ (TWO) က ဒီကနေထုတ်ပြန်လိုက်တဲ့ "လျစ်လျူရှုခံ အကြပ်အတည်းများ" စာတမ်းမှာ ဖော်ပြထားပါတယ်။


ပလောင်ဒုက္ခသည်စခန်းက စာသင်ကျောင်းငယ်တခု

"ဒီဒုက္ခသည်တွေဟာ ဒေသတွင်းမှာဖြစ်တဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံဖို့ ရောက်လာကြတဲ့သူတွေပါ၊ ဒါပေမယ့် ကူညီမယ့်သူတွေမရှိတော့ အဟာရ မလုံလောက် တာ၊ ကျန်းမာရေး စောင့်လျှောက်မှု မရတာနဲ့ ဒုက္ခတွေကို အဆင့်ဆင့် ရင်ဆိုင်နေကြရတယ်" လို့ TWO တွဲဘက်အထွေထွေ အတွင်းရေးမှူး (၂) လွေးပိုးငယ် က ဧရာဝတီကို ပြောပါတယ်။



ထပ်တိုးလာတဲ့ ဒုက္ခသည်စခန်းတွေဟာ ကွတ်ခိုင်၊ တန့်ယန်းနဲ့ နမ္မတူ မြို့နယ်တွေမှာဖြစ်ပြီး စုစုပေါင်း ဒုက္ခသည်စခန်းပေါင်း ၉ ခု ရှိပြီး အဲဒီအထဲက ၅ ခုဟာ တအာင်း (ပလောင်) လူမျိုးတွေဖြစ်ပြီး ကျန်တဲ့ စခန်းတွေကတော့ ကချင်၊ ရှမ်းနဲ့ တခြားတိုင်းရင်း သားတွေ ရောနောနေထိုင်ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီ့ဒုက္ခသည် အများစုဟာ တအာင်း (ပလောင်) ဒေသဖြစ်တဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆမ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ္မတူ စတဲ့ ဒေသတွေကဖြစ်ပြီး ၂၀၁၂ ခုနှစ်ပိုင်းထဲက စပြီး သူတို့ဒေသတွေမှာ တိုင်းရင်းသား လက်နက်ပိုင် မဟာမိတ်တပ်တွေနဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

"ဒုက္ခသည်တွေက အိုးအိမ်တွေပစ်ပြီး လာခဲ့ကြရတာဆိုတော့ ပြီးခဲ့တဲ့နှစ်ထဲမှာ တချို့တဝက် အိမ်ပြန် ကုန်ကြသေးတယ်၊ ဒါပေမယ့် သူတို့ရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ၊ မြေမြှုပ်မိုင်းတွေရှိနေ တာကြောင့် ရွာအပြင်ထွက်ပြီး အလုပ်ထွက် လုပ်လို့ မရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်" လို့
လွေးပိုးငယ် က ရှင်းပြပါတယ်။

အဲဒီဒေသတွေကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အဓိက ထိန်းချုပ်လှုပ်ရှားနေပြီး သူ့ရဲ့ ထာဝရ မဟာမိတ်ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊
နောက်ထပ် မဟာမိတ် တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) တို့နဲ့ ပူးပေါင်းပြီး အစိုးရစစ်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ပိုင်းထဲမှာ TNLA ခေါင်းဆောင်တွေနဲ့ ဝန်ကြီးဦးအောင်မင်း ဦးဆောင် တဲ့
့ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက်တွေမရရှိခဲ့ပါဘူး။

အဲဒီတွေ့ဆုံပွဲမှာ ဒုက္ခသည်တွေပြန်လည်နေရာချထားရေး ကိစ္စကို TNLA ဘက်က ထည့်သွင်းဆွေးနွေး ခဲ့ကြောင်းလည်းသိရပြီး လက်ရှိအခြေအနေမှာတော့ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေဆဲ့ ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုကလည်း နောက်ထပ်တွေ့ဆုံ ဆွေးနွေးဖို့ အခြေအနေတွေကလည်း အလှမ်းဝေးနေတုန်းပဲလို့ TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် က ပြောပါတယ်။

"ဒုက္ခသည်တွေ ခုလို အခြေအနေဖြစ်ခဲ့ရတာ တိုက်ပွဲကြောင့်ဆိုတာမှန်ပါတယ်။ ကျနော်တို့ အနေနဲ့လည်း သူတို့ကို နေရပ်ရင်းမှာ ပြန်လည်နေရာချထားရေးအတွက် အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကျနော်တို့မှာမူဝါဒ ရှိပြီး သားဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန် ရှေ့တန်း စစ်မြေပြင်မှာ အစိုးရ စစ်တပ်က တပ်အင်အားတွေ တိုးချဲ့ပြီး ထိုးစစ်ဆင်နေတဲ့အတွက် လတ်တလောအခြေ အနေမှာတော့ ပြန်လည်နေရာချထားပေးရေး ကိစ္စက မလွယ်သေးပါဘူး" လို့ မိုင်းဘုန်းကျော် က ဧရာဝတီကို ပြောပါတယ်။


ကျော်ခ ~
The Irrawaddy

ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ရပ်ကွက်အတွင်းရှိဘောလုံးကွင်းအား နိုင်ငံခြားဧည့်သည် ဒေါ်တင်တင်ဝင်းက ဝယ်ယူလိုက်ခြင်နှင့်ပတ်သတ်၍ ရှင်းလင်း


ရန်ကုန်၊ဖေဖော်ဝါရီ ၂၆။

ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ရပ်ကွက်အတွင်းရှိ ပြည်သူများသည် ၎င်းတို့ရပ်ကွက်မှ ပိုင်ဆိုင်ထားသော ဘောလုံးကွင်းအား နိုင်ငံခြားဧည့်သည် ဒေါ်တင်တင်ဝင်းက ဝယ်ယူလိုက်ခြင်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ရက်က MJNရုံးတွင် ရှင်းလင်းခဲ့သည်။

ဦးမြင့်သန်းက “ဒဂုံမြို့သစ်ကို စတည်ကတည်းက ကွင်းနှစ်ကွင်းရှိတယ် ပန်းခြံနဲ့ဘောလုံးကွင်းပေါ့ ပန်းခြံကတော့ ဘယ်သူကရောင်းလိုက်မှန်း မသိဘူး မရှိတော့ဘူး အခုက ဘောလုံးကွင်းပဲရှိတော့တယ် အခုလည်း ပွဲစားက နိုင်ငံခြားဧည့်သည် ဒေါ်တင်တင်ဝင်းကို ရောင်းထားတယ်လို့ကြားတာနဲ့ ကျွန်တော်တို့ ဒီကိစ္စကိုက န့်ကွက်တာပါ သူရဲ့ယောက်ျားက တရုတ်လူမျိုး အစစ်ဖြစ်ပါတယ် ဒီဘောလုံးကွင်းက ကျွန်တော်တို့က စားလာတာ ၁၀နှစ်ကျော်ပြီး အခုကလေးတွေကလည်း ဘာမှမလိုချင်ဘူး ဘောလုံးကွင်းကိုပဲ လိုချင်ကျတယ် ဒီနေ့နိုင်ငံတော်ကလည်း မြန်မာအားကစား ကမ္ဘာကိုလွမ်းရမယ်လို့ ပြောနေတယ် ဒါပေမဲ့အခုလို ကွင်းသေးသေးလေးတွေကိုတောင် ရောင်းနေမှာတော့ ဘယ်လိုတိုးတက်မှာလည်း ကျွန်တော်တို့ကတော့ သက်ဆိုင်ရာကို စာတင်မယ် သမ္မတကိုလည်း စာတင်မယ် ဘောလုံးကွင်းပဲပြန်လိုချင်တယ် လျှော်ကြေး သိန်း ၃၀၀ ပေးမယ်လို့ပြောတယ် ဒါကိုကျွန်တော်တို့ မလိုချင်ဘူး ဘောလုံးကွင်းကိုပဲ ပြန်လိုချင်တယ်”ဟု ပြောသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင်ရပ်ကွက်ပေါင်း ၂၉ ရပ်ကွက်ရှိရာ အိမ်ခြေပေါင်း ၉၉၉ အိမ်ရှိပြီး ၎င်းတို့သည် ဘောလုံးကွင်းအား ပြန်လည်ရရှိ အောင် လုပ်ဆောင်နေသော ကိစ္စများကို ထောက်ခံကြောင်း သဘောတူလက်မှတ်ရေးထိုးထားကြသည်။

ယင်းကွင်းများမှာ အရှေ့ဘက်တွင် ဦးထွန်းမြင့်လမ်း၊ အနောက်ဘက်တွင် စောရန်ပိုင်လမ်း၊ တောင်ဘက်တွင် သခင်ခင်လမ်း၊ မြောက်ဘက်တွင် သခင်ဗဟိန်းလမ်းများရှိသည့် အမှတ်(၁)ကွင်းနှင့်အရှေ့ဘက်တွင် မြမဉ္ဇူ(၁)လမ်း၊ မြောက်ဘက်တွင် နွယ်သာကီ(၂)လမ်းများဖြစ်တဲ့ ကွင်းအမှတ်(၂)ဟူ၍ရှိသည်။

၎င်းဘောလုံးကွင်း ပြန်လည်ရရှိရေးအနေနဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ပြည်သူများက သက်ဆိုင်ရာဌာနများ၊ သမ္မတဦးသိန်းစိန်တို့ကို စာတင်သွားမည့်ဖြစ်သလို နောက်ဆုံးအနေဖြင့် ဆန္ဒပြသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanma Age

မုဒိတာပီတိမျက်ရည်များနှင့် သာဓုအကြိမ်ကြိမ်

--------
ရေးသားသူ- သင်းရီ

“အစ်ကိုသင်းရီရေ . . အစ်ကို့အစ်မ ညွန့်ညွန့်တစ်ယောက် မျက်စိပြန်မြင်သွားပြီ အစ်ကိုရေ။ မနေ့ကပဲ ဆေးရုံကပြန်ဆင်းလာတယ်။ သူ့အင်္ကျီအရောင်လေးတွေ ဘာတွေတောင်
သူအတော်ကြည်ကြည်လင်လင်လေးမြင်ရပြီတဲ့။ နောက်ရက်ဆို ဒီထက်ပိုမြင်လာရလိမ့်မယ့်လို့ မျက်စိဆရာဝန်ကြီးကပြောလိုက်တယ်တဲ့”

နံနက်စောစောစီးစီး မင်္ဂလာသတင်းစကားကြားလိုက်ရဆိုသလို ကျွန်တော့်မွေးဇာတိမြို့လေးဆီမှ ညီမတစ်ယောက်က ဖုန်းဆက်လာတော့ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးဖုတွေထသွားသည်။ နှစ်ပေါင်းများစွာပင် မျက်စိအလင်းမှုန်ဝါးလာခဲ့ရာမှ လုံးဝနီးပါးအမြင်ကွယ်ခဲ့ပြီဖြစ်သော ကျွန်တော့်အစ်မရင်းလိုဖြစ်နေသူ ညွန့်ညွန့်တစ်ယောက် မျက်စိပြန်မြင်သွားပြီတဲ့။ မထင်တော့သည့်အဖြစ်မျိုးပေမို့ ကိုယ့်နားကိုမျှ ကိုယ်မယုံမိလိုက်။ မုဒိတာပီတိဖြင့် မျက်ရည်ပင်ဝိုင်းမိလိုက်ရသည်။ ကျွန်တော်က “အစ်မ”ဟုသာခေါ်လျက် ကျွန်တော်တို့တစ်မြို့လုံးလိုလိုက “ညွန့်ညွန့်”ဟု ခေါ်တတ်သည့် သူ့အသံချိုချိုနူးနူးညံ့ညံ့လေးကလည်း အဝေးတစ်နေရာဆီမှ အမောတကော ပြေးလာလိုက်သလို ကျွန်တော့်နားထဲ ဝေ့၀ဲကြားယောင်လာလိုက်သေးသည်။

“ခင်ခင်ရေ . . .ရွေပေါ်စာယူဦးမလားဟေ့။ ကျွန်းသားရွေပေါ်စာလေးတွေ ကောင်းလိုက်တာ။ ဖြတ်စတောက်စ အပိုင်းအစလေးတွေတောင်ပါရဲ့ကွယ်”

“အေးလေးရေ . . .သမီး။ ရွေပေါ်စာလေးတွေ တစ်အိတ်လောက် ယူလိုက်ပါဦးလားကွယ်။ ဒီနေ့ နှစ်အိတ်တောင်မှပါလာတာ။ ညွန့်ညွန့်ပခုံးပေါ်မှာ လေးလွန်းလို့ပါ”

ညွန့်ညွန့်က သူတို့ရပ်ကွက်ထဲတွင်ရှိသော ကျွန်းသားအိမ်ထောင်ပရိဘောဂတွေလုပ်သည့် လက်သမားအလုပ်ရုံများသို့သွားကာ ရွေပေါ်စာတွေကိုကောက်ပြီး ပီနံအိတ်တွေနှင့် စုထားတတ်သည်။ တစ်ရက်အတွက် တစ်အိတ်၊ နှစ်အိတ်ရပြီဆိုလျှင်တော့ သူ့အတွက် တစ်ရက်စာ ထမင်းစရိတ်အပါအ၀င် တိုလီမိုလီသုံးဖို့စွဲဖို့ပါ ဖူလုံပြီဖြစ်၏။ အဲ့သည် ရွေပေါ်စာအိတ်ကို ကျောမှာတင်ပိုးကာ မြို့ထဲလမ်းတွေထဲ လည်ရောင်းရသည်။ ကျွန်တော်တို့အရပ်တွင်တော့ မီးဖိုချောင်အတွက် ထင်းနှင့်မီးသွေးကိုသာ အသုံးများတတ်ကြသည်မို့ ညွန့်ညွန့်လည်ရောင်းသည့် ရွေပေါ်စာလေးတွေက မီးပျိုးသည့်နေရာမှာ အလွန်အသုံးဝင်သည်။

မွေးရပ်မြေမှ ကျွန်တော် ထွက်ခွာမလာခဲ့ခင် ဟိုဘက်ဆယ်နှစ်အကျော်လောက်ဆီတုန်းကတော့ အဲ့သည်ရွေပေါ်စာအိတ်တစ်အိတ်ကို ငွေနှစ်ဆယ်၊ အစိတ်လောက်တော့ ရောင်းရတတ်သည်ထင်၏။

အဲ့သည်အခါတုန်းက ညွန့်ညွန့်၏အသံလေးကို နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း နံနက် ၉ နာရီဝန်းကျင်လောက်ဆို ကျွန်တော်တို့ အိမ်ရှေ့ပေတစ်ရာလမ်းမဆီမှ ကြားရတတ်သည်။ အိမ်တွင် ကျွန်တော်ရှိနေခိုက်မို့ဆို သူ့အသံလာရာဆီသို့ ကျွန်တော်လှမ်းမကြည့်ဘဲမနေဖြစ်ခဲ့။ သူနှင့် ကျွန်တော်က ဆွေရယ်၊ မျိုးရယ်တော်စပ်ကြသူတွေ မဟုတ်သော်လည်း သူ့အကြောင်းကို ကျွန်တော်ငယ်စဉ် ပေါက်စနအရွယ်လေးကတည်းကပင် ကျွန်တော့်မိဘများထံမှ မကြာခဏဆိုသလို ကြားသိနေခဲ့ရသဖြင့် သူ့အပေါ် အစ်မအရင်းတစ်ယောက်လို သံယောဇဉ်ဖြစ်နေမိခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သည့်လေးငါးနှစ်တုန်းက မွေးရပ်ကို ကျွန်တော်တစ်ခေါက်ပြန်ဖြစ်တော့ ညွန့်ညွန့်နှင့် ကျွန်တော်မထင်မမှတ်နှင့်ပင် ကျွန်တော်တို့အိမ်ရှေ့မှ ပေတစ်ရာလမ်းတွင်ပင် ဆုံမိကြသေးသည်။

အဝေးကတည်းကပင် အဲဒါသည် ညွန့်ညွန့်ဖြစ်ကြောင်း ကျွန်တော်သိသည်။ ကြေးညှော်မရှိအောင် လျှော်ဖွပ်ထားသော်လည်းဟောင်းလှ၊ နွမ်းလှပြီဖြစ်သည့် အင်္ကျီနှင့် ထဘီကို ၀တ်ထားသည်။ သူ့ထဘီကတော့ ဖြစ်သလိုဝတ်လာခဲ့တတ်သဖြင့် အမြဲလိုစွန်တောင်ဆွဲဖြစ်နေတတ်သည်။ နေပူရှိန်ကိုကာကွယ်ဖို့ ညိုညစ်ညစ်ဦးထုပ်တစ်လုံးကို ဖွာလန်ကြဲနေသည့် ကပိုကရိုနိုင်လှသော ဖြူရော်ရော်ဆံပင်တွေပေါ်မှာ ခပ်ငိုက်ငိုက်တင်ပြီး ဆောင်းထားသည်။ ကျောပေါ်တွင်တော့ ထုံးစံအတိုင်း ရွေပေါ်စာပီနံအိတ်တစ်လုံး။

လမ်းပေါ်တွင် ခြေထောက်ကို ရွှေ့ရုံချိန်ဆ၍ ဖြည်းဖြည်းချင်းလှမ်းနေတာမြင်ရကတည်းက နဂိုကပင် သိပ်ကောင်းလှပုံမရသော ညွန့်ညွန့်၏မျက်လုံးတွေက အသက်အရွယ်ကြောင့်ပို၍ပင် မှုန်ဝါးခဲ့ပြီဖြစ်ကြောင်း သိသာနေသည်။ နေပူမိုးရွာမရှောင် တစ်ခါတစ်ရံဆို ဖိနပ်ပင်မပါဘဲ လမ်းပေါ်လျှောက်နေခဲ့ရသော ခက်ထန်ခဲ့သည့်ဘ၀၏ ထုထောင်းဒဏ်ကြောင့်လည်း သည်မျက်လုံးတွေက ပိုဆိုးခဲ့လေသည်လားတော့မသိ။

မောင်ဖားညီအစ်မတူသားနောင်မယ်မရှိရှာသည့် ညွန့်ညွန့်ခမျာ ရွေပေါ်စာအိတ်ကျောပိုးကာ ခုအရွယ်ထိပင် ထမင်းတစ်လုတ်အတွက် ရွေပေါ်စာရောင်းနေရဆဲပါလားဟု ကျွန်တော့်ရင်ထဲမှာ နင့်ခနဲနင်သည်။

“Dear my sister, how are you”

(အစ်မရေ နေကောင်းရဲ့လား)ဟု အနားအရောက်တွင် ကျွန်တော်မေးလိုက်သည့်အခါ မျက်မှောင်လေးကုပ် မျက်ခုံးပေါ်လက်ဝါးလေးအုပ်မိုးပြီး ကျွန်တော့်မျက်နှာဆီသို့ သဲကွဲအောင် ကြိုးစား၍မောကြည့်ရင်း ဖြူမွဲမွဲဆံစတွေဝဲကျနေသော အရေပြားလေးတွေ တွန့်လှပြီဖြစ်သည့် မျက်နှာဝိုင်းလေးပေါ်မှာ သူ့ပြုံးမြဲ ထုံးစံအတိုင်း အေးချမ်းသည့် အပြုံးလေးတစ်ပွင့်လှစ်ခနဲ ပွင့်သွားသည်ကို မြင်လိုက်ရသည်။

“Fine, thank you”

(နေကောင်းပါတယ်။ ကျေးဇူးပဲ)ဟု သူပြန်ဖြေသည်။ ဖြေလို့သာ ဖြေလိုက်ရသော်လည်း ကျွန်တော်ဘယ်သူဘယ်ဝါဖြစ်ကြောင်း သူ့အမြင်မှာသဲကွဲပုံမရ။

တကယ့်တော့ ညွန့်ညွန့်၏အသက်က အဲသည်လွန်ခဲ့သည့်လေးငါးနှစ်လောက်ကတည်းကပင် အနည်းဆုံးမရှိဘူးဆိုလျှင်တောင်မှ ခုနစ်ဆယ်နားကပ်ရော့မည်။ ကျွန်တော်သည်ပင် ခြောက်ဆယ်နားသီသီရွေ့ခဲ့ပြီပဲ။ အဲ့သည်တုန်းကတည်းကပင် သူ့မျက်လုံးတွေက ကောင်းစွာမမြင်ရတော့ဘူးလားထင်၏။

“sorry,I can't see your face clearly, please tell me your name”

(မင့်မျက်နှာကိုသဲသဲကွဲကွဲမမြင်ရဘူး။ မင့်နာမည်ပြောစမ်းပါဦး)ဆိုမှ ကျွန်တော်က ကျွန်တော်ဘယ်သူဖြစ်ကြောင်း ပြောပြရသည်။ သည်အခါတွင်တော့ ညွန့်ညွန့်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးတော့သည်။

“Oh,sorry my dear younger brother Ko Thin, I amglad to see you,I haven't seen you in long time ”(အောင်မလေးဟဲ့ မောင်လေးရယ်။ မတွေ့တာကြာပါရောလား၊ တွေ့ရတာဝမ်းသာလိုက်တာ)

အစ်မက ၀မ်းသာအားရပြောတော့ ကျွန်တော်လည်း ၀မ်းသာရသည်။ အစ်မက အလွန်မှတ်ဉာဏ်ကောင်းသူဖြစ်၏။ ဘယ်လမ်းထဲမှာ ဘယ်သူရှိသည်။ သူ့မိဘကဘယ်သူဘယ်ဝါ။ ဘာအလုပ်လုပ်သည်ကစ အကုန်မှတ်မှတ်မိမိရှိတတ်သည်။ ယခုလည်း လေးငါးခြောက်နှစ်ကြာအောင် မတွေ့ခဲ့ရသည့် ကျွန်တော့်ကို သူကောင်းကောင်းမှတ်မိသွားပြီဖြစ်သည်။

သည်တော့မှ အစ်မပခုံးပေါ်မှ ရွေပေါ်စာအိတ်ကို ကျွန်တော်ကယူကာ မြေကြီးပေါ်ချထားပေးပြီး ခဏလောက်စောင့်ပေးပါဟု ပြောရသည်။ ရန်ကုန်မှ မလာခင်ကတည်းကပင် အစ်မကိုကန်တော့ဖို့ ရည်ရွယ်လျက် ၀ယ်လာခဲ့သော အညာပင်နီဖျင်စဖြင့်ချုပ်သည့် အနွေးထည်ပုံစံအင်္ကျီတစ်ထည်နှင့် ချုပ်ပြီးသားထဘီတစ်ထည်ပါလာခဲ့သည်။ ကိုယ့်မှာကလည်း ဟိုအလုပ်၊ သည်အလုပ်တွေနှင့် တို့လို့တန်းလန်းမို့ အိမ်ရှေ့လမ်းမပေါ်မှာတွင်ပင် ကန်တော့လိုက်ဖို့ အိမ်ထဲပြေးပြီး အထည်အိတ်ကလေးယူရသည်။

“ဒီမှာအစ်မ၊ အစ်မ၀တ်ဖို့ အင်္ကျီလေးတစ်ထည်နဲ့ လုံချည်တစ်ထည်ပါ”

ကျွန်တော်ကပြောပြောဆိုဆိုပင် ညွန့်ညွန့်လက်ထဲ အထည်အိတ်ကလေးထည့်တော့ ညွန့်ညွန့်က ပြုံးနေမြဲအပြုံးဖြင့် ပြုံးနေရင်းကပြောသည်။

“Is it your donation? thanks alot”
(ဒါမင်းကန်တော့တာလား။ ကျေးဇူးအများကြီးတင်ပါတယ်)

တကယ်တော့ ညွန့်ညွန့်နှင့် ကျွန်တော်က အခုမှ အင်္ဂလိပ်လိုတွေ ပြောဖြစ်ကြသည်မဟုတ်။ ကျွန်တော်ငယ်စဉ် အင်္ဂလိပ်စာစတင်သင်ယူရသည့် ငါးတန်းသို့ရောက်သည့်အခါ အင်္ဂလိပ်စာအလွန်တော်သည့် ညွန့်ညွန့်အကြောင်း ကျွန်တော့်မိဘများထံမှ သိထားခဲ့ပြီးပြီမို့ ညွန့်ညွန့်နှင့် လမ်းမှာပဲဖြစ်ဖြစ် တစ်နေရာရာမှာတွေ့လျှင် “Hello good morning sister”တို့ “Where do you go”တို့နှင့် စကားသင်ရင်း အင်္ဂလိပ်လိုပြောကြည့်ရတာ ကျွန်တော်က ၀ါသနာပါသလို အစ်မကလည်း လိုလိုချင်ချင်နှင့်ပင် အင်္ဂလိပ်လိုပဲပြန်ပြောတတ်သည်။ သည်ကတည်းကပင် ညွန့်ညွန့်နှင့် ကျွန်တော်က ခင်မင်ခဲ့ကြခြင်းဖြစ်၏။

“မညွန့်သီကို တက္ကသိုလ်မပို့ဖြစ်ခဲ့ကြရင် အကောင်းသားကွာ။ ခုတော့ သူ့ခမျာ ဒီပရက်ရှင်ဝင်သွားတာပေါ့။ သိပ်နှမြောစရာကောင်းတယ်”ဟု ညွန့်ညွန့်အထက်တန်းကျောင်းသူဘ၀က အထက်တန်းကျောင်းဆရာအဖြစ်နှင့် စာသင်ပြပေးခဲ့ရသူ ကျွန်တော့်အစ်ကိုက တဖွဖွပြန်ပြောဖူးသည်။

ညွန့်ညွန့်က မူလတန်းကျောင်းသူဘ၀ကတည်းကပင် စတုတ္ထတန်းစကာလားရှစ်ဆုချီးမြှင့်ခံရသူဖြစ်လျက် အလယ်တန်းရောက်တော့လည်း သတ္တမတန်း စကောလားရှစ်ဆုဆက်တိုက်ရခဲ့သည့် စာအလွန်တော်သော ကျောင်းသူတစ်ယောက်ဖြစ်သည်။

၁၉၅၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်သည့်အခါ နည်းပါးလှသည့် တက္ကသိုလ်ဝင်တန်းအောင်သူတွေထဲ၌ ညွန့်ညွန့်တစ်ယောက် ထိပ်ဆုံးမှအပါအ၀င်ဖြစ်လာခဲ့သည်။

ညွန့်ညွန့်၏မိဘများက သားသမီးကို တက္ကသိုလ်ပို့နိုင်လောက်သည်ထိ ပြည့်ပြည့်စုံစုံနှင့် ဖူလုံကြလှသည်မဟုတ်သည့်တိုင် ခြစ်ကာကုပ်ကာနှင့်ပင် သမီးလေးတစ်ယောက် ထွန်းထွန်းပေါက်ဖြစ်စေလိုစိတ်နှင့်ပင် ရန်ကုန်တက္ကသိုလ်သို့ ဆည်းဆည်းပူးပူးနှင့် ရောက်အောင်ပို့ပေးလိုက်ခဲ့ကြသည်။

အဲဒါသည်ပင် စေတနာနှင့်မှားလိုက်မိသည့် အမှားတစ်ချက်ပင်လားမသိတော့။ ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာမှအစ ကွာကွာခြားခြားရှိတတ်သည့် တက္ကသိုလ်ပရိဝုဏ်အ၀န်းအ၀ိုင်းထဲသို့ တောမြို့လေးမှာ ခြစ်ခြစ်ခြုတ်ခြုတ်၊ ခြိုးခြိုးခြံခြံဘ၀နှင့် တက်လာခဲ့ရသည့် ညွန့်ညွန့်လို တက္ကသိုလ်ဝင်တန်းအောင်ပြီးစ ကျောင်းသူငယ်လေးတစ်ယောက်၏စိတ်ထဲသို့ အားငယ်စိတ်တို့ ခြေချစပြုလာခဲ့ရသည်။

ရံဖန်ရံခါတို့၌ ခွဲခွဲခြားခြားဆက်ဆံတတ်ကြသူများနှင့် မလွှဲသာမရှောင်သာ ရင်ဆိုင်ဆက်ဆံလာရသည့်အခါများတွင်တော့ တက္ကသိုလ်ပရိဝုဏ်ကို ကျောခိုင်းကာ ထွက်ပြေးချင်စိတ်တို့ကသာ ညွန့်ညွန့်ရင်ထဲသို့ ကဆုန်ပေါက်ပြေးဝင်လာခဲ့ကြသည်။

ထို့ထက်ကား ကံတရားအကြောင်းမလှသဖြင့် မွေးကတည်းကပင်ပါလာခဲ့သော မွေးရာပါတိုဝင်နေသည့်လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် လက်ချောင်းလေးများက ညွန့်ညွန့်ကို ပတ်ဝန်းကျင်က၀ိုင်းပယ်အောင် အစပျိုးတွန်းပို့ပေးခဲ့သည့် ပင်မအကြောင်းရင်းတစ်ရပ် ဖြစ်လာခဲ့ရပြန်သည်။

သည်အကြောင်းတွေနှင့်ပင် ပထမနှစ်အောင်အပြီး၌ ညွန့်ညွန့် ကျောင်းဆက်မတက်ဖြစ်တော့။ မိခင်မုဆိုးမကြီးနှင့်အတူတကွ ဇာတိမြို့လေး၏ ဈေးလေးအတွင်းတွင် ကုန်စုံလေး မစို့မပို့ရောင်းရင်းနှင့်သာ ဘ၀ကိုမြှုပ်နှံရုန်းကန်လာဖြစ်ခဲ့တော့သည်။

လွန်ခဲ့သည့်သီတင်းကျွတ်က ဇာတိမြို့လေးသို့ ကျွန်တော် ပြန်သွားတော့ ညွန့်ညွန့်မျက်လုံးတွေက ဘာကိုမျှမမြင်ရတော့ဘူးထင်၏။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော့်ရင်ထဲမှာမချိ။ မျက်စိအမြင်ကွယ်နေသည့် အသက်ခုနစ်ဆယ်ကျော် ထိုအဘွားအိုညွန့်ညွန့်မှာ ကျောပေါ်မှာ ရွေပေါ်စာအိတ်ကြီးပိုးလျက်သားနှင့် လမ်းမကြီးပေါ်မှာပင် လမ်းပျောက်ကာ တလည်လည်ဖြစ်နေသည်။ သူ့အပါးတိုင်အောင် ကျွန်တော် လျှောက်လာသည်ကိုပင် သူမမြင်တော့။

သူ့လက်ကလေးကို တယုတယကိုင်ကာ လမ်းရှိရာဦးတည်ပေးရင်း “Hello, dear my sister, how are you”

ယခင်ကလို ကျွန်တော်နှုတ်ဆက်နေကျအတိုင်းနှုတ်ဆက်တော့ ပူလောင်လွန်းလှသည့် သီတင်းကျွတ်နေထန်းတစ်ဖျားကြောင့် အရေတွန့်တွန့်ပါးပြင်ပေါ် စီးကျလာနေသည့် ချွေးစီးကြောင်းတွေကြားထဲမှာ ညွန့်ညွန့်ပြုံးသည်။

“အစ်မသိတယ်။ မင်းအသံကို အစ်မမှတ်မိတယ်။ မင်း မောင်သင်းမဟုတ်လား။ ဘယ်တုန်းက ပြန်လာတာလဲ။ မချိုရော၊ ကလေးတွေရော နေကောင်းကြရဲ့လား”

ညွန့်ညွန့်က ကျွန်တော့်ဇနီးကိုရော၊ ကလေးတွေကိုပါ မှတ်မှတ်ရရ မေးနေသည်။ သူသည် တစ်ခါ ကျွန်တော့်ကို အင်္ဂလိပ်လိုပြန်မပြောတော့။ ယခုသုံးလေးနှစ်အတွင်း ရင်ဆိုင်ခဲ့ရသည့် ဘ၀အထုအထောင်းတွေနှင့် ပို၍၊ ပို၍အိုမင်းလာသော ဦးနှောက်မှတ်ဉာဏ်တွေကြောင့် မေ့မေ့လျော့လျော့ ဖြစ်ကုန်တာများလား ထင်မိသည်။ ဘာကြောင့် အင်္ဂလိပ်လိုမပြောတော့တာလဲဟုတော့ဖြင့် သူ့ကိုမေးမနေနိုင်တော့။ သူ့အမေးစကားကို ပြန်ဖြေနိုင်ဖို့ကိုပင် ကျွန်တော့်လည်ချောင်းဝထဲမှာ နင်နေသလို ခံစားရသည်။

ကျွန်တော် ညွန့်ညွန့်ကိုကန်တော့ဖို့ ကျွန်တော့အင်္ကျီအိတ်ကပ်ထဲနှိုက်မိတော့ ကြွယ်ပိုးကြွယ်ဝမဟုတ်သည့် ကျွန်တော့်လက်ထဲကို ပိုက်ဆံလေးသုံးထောင်သာပါလာသည်။ ပါလာသမျှလေးနှင့်ပင် အစ်မကို ကန်တော့လိုက်ရသည်။

ယခုတော့ အဲ့သည် ကျွန်တော့်အစ်မညွန့်ညွန့်မျက်လုံးတွေ ပြန်မြင်ရသွားပြီတဲ့။

သီတဂူသဲကုန်းဆရာတော်ကြီး၏ကျေးဇူးတော်ဖြင့် သဲကုန်းမြို့အ၀င်တွင် ယခုဖေဖော်ဝါရီ ၁၄ ရက်ကမှ ဖွင့်လှစ်ခဲ့သော အသစ်စက်စက် “သီတဂူရွှေဥရာစုသစ်စက္ခုဒါနဆေးရုံ”၏ ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံအနှံ့မှ မျက်စိလူနာပေါင်း ၄၀၀၀ ကျော်ကို စစ်ဆေးကာ လူနာပေါင်း ၅၅၀ ကို ခွဲစိတ်ကုသပေးခဲ့သဖြင့် ပြန်၍အလင်းရခဲ့ကြသည့်အထဲ၌ ညွန့်ညွန့်သည်လည်း တစ်ယောက်အပါအ၀င်ဖြစ်ကာ နှစ်ပေါင်းများစွာ အမှောင်ဖုံးနေခဲ့ရာမှ အလင်းပြန်ရသွားပြီတဲ့။ စောစောလေးကမှ ကျွန်တော့်ထံ ဖုန်းဝင်လာသည်။

မျက်စိအကြည်ဓာတ် ပျောက်ဆုံးနေကြရာမှ အလင်းပြန်ရသွားခဲ့ကြသော ညွန့်ညွန့်အပါအ၀င် လူနာပေါင်း ၅၅၀ ကတော့ မည်မျှဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်ကြလေမည်မသိ။

ကျွန်တော်ကတော့မူ အစ်မအရင်းကဲ့သို့ ချစ်ခင်ရသော အစ်မကြီးညွန့်ညွန့်အတွက် အတိုင်းအဆမရှိသော မုဒိတာပီတိမျက်ရည်များဖြင့် သာဓုအကြိမ်ကြိမ်ခေါ်မိရသည်။

သို့သော်. . .ညွန့်ညွန့်၏ နောက်ဆုံးလက်ကျန်ဘ၀အချိန်လေးအတွက် လှမ်းမျှော်ကြည့်မိတော့ ဘယ်လိုခရီးဆက်ရမည် မရေရာသေးသည့် လူအိုတစ်ယောက်၏ ဘ၀နေ၀င်ချိန်ကမူ ရင်မောစရာတွေနှင့် အပြည့်ရှိနေဆဲပင်။

ဓာတ်ပုံ- ပူတူး (ရွှေသဲမြေ)

7Day News Journal


ဂုဏ်သိက္ခာကို မထီမဲ့မြင် ပြုသည့်မေးခွန်းမေးမြန်းဖြေကြားမှုမပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သူရဦးရွှေမန်း သတိပေး



စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းဖြေကြားရာ၌ တစ်ဖက်ဖက်၏ ဂုဏ်သိက္ခာအား မထီမဲ့မြင် ပြုသည့်အဖြစ်မျိုးမပြုလုပ်ရန် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များအားသတိပေးသည်။

ဖေဖော်ဝါရီ(၂၆)ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေက မြန်မာနိုင်ငံမှ သယံဇာတများကို တစ်ဖက်နိုင်ငံသို့ တရားမ၀င်ထုတ်ယူနေမူများအပေါ် တာဝန်မဲ့ဆောင်ရွက်နေသည့် ၀န်ထမ်းများအား မည်ကဲ့သို့ အရေးယူမည်နှင့် ဆုံးရူံးခဲ့သည့်နိုင်ငံပိုင်သယံဇာတများနှင့် ပတ်သက်၍ တရားမ၀င်ခိုးထုတ်သွားသည့် ကုမ္မဏီများထံမှ ပြန်လည်ရရှိရေး ဆောင်ရွှက်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခြင်းအား နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြန်လည်ရှင်းလင်းဖြေကြားမူများအပြီးတွင် ထို့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးမင်းဆွေ၏ မေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က စီးပွားရေးလုပ်ငန်းရှင်များနင့် ၀န်ထမ်းများ၏ စည်းကမ်းဖောက်ဖျက်မူ ၊ လာဘ်ပေးလာဘ်ယူမူ ၊ တရားမ၀င်အဖွဲ့ အစည်း ၊ လူပုဂ္ဂိုလ်များ၏ စည်းကမ်းဥပဒေ ချိုးဖောက်မူများကို လွတ်တော်ကိုယ်စားလှယ်ကြီး အနေနင့် မေးခွန်းထုတ်ရုံနင့် မလုံလောက်ဘဲ အဆိုပါမေးခွန်း၏ နောက်တွင် တာဝန်များ ကျန်ရှိနေပါကြောင်းပြောသည်။

ထို့အပြင် ဒီမိုကရေစီ ကျင့်စဉ်နင့်အညီ နိုင်ငံရေးအမြင် ၊ စီးပွားရေးအသိ ၊ လုံခြုံရေးသတိဖြင့် နိုင်ငံတော်၏ သယံဇာတများ လုံခြုံရေးအတွက် ပြည်သူတစ်ရပ်လုံးက တတ်တတ်ကြွကြွ သတင်းပေးခြင်း ၊ ဖမ်းဆီးခြင်း ၊ တိုင်ကြားခြင်း ၊ တရားလို လုပ်၍ တရားစွဲဆိုခြင်း ၊ သက်သေခံခြင်းတို့ ဖြင့် ပါဝင်ဆောင်ရွက်လာအောင် လွှတ်တော်ကိုယ်စားလှယ်ကြီးတို့ က စည်းရုံးခြင်း ၊ ပူးပေါင်းတားဆီးခြင်းနင့် တင်ပြကာကွယ်ကြမှသာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနင့် ပြည်သူတစ်ရပ်လုံးက အားမလိုအားမရ ဖြစ်နေမူများ ချုပ်ငြိမ်းသွားမည်ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေက
ဖြစ်နိုင်လျှင် ပြည်သူတစ်ရပ်လုံးပါဝင်လာရန်အတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်း၊ ပြည်နယ် ကိုယ်စားလှယ်များအနေနှင့် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော် အစိုးရအနေနှင့် ထိုက်သင့်သည့် ကာကွယ်မှုများ ချီးမြှင့်မှုများ ဆောင်ရွက်ပေးသင့်ကြောင်း ပြောသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက “ တက်ရောက်လာကြတဲ့ အစိုးရရဲ့ ကိုယ်စားလှယ်တာဝန်ရှိသူများကို အနည်းငယ်ပြောကြားလိုပါတယ်။ မေးခွန်း တစ်ခု မေးတယ်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌ ဆီကခွင့်ပြုချက်ပါမှ မေးလို့ရတာပါ”ဟုပြောသည်။

“ကြယ်ပွင့် ပြမေးတဲ့ မေးခွန်းတွေကို မေးတဲ့အခါမှာ လွှတ်တော်ထဲမှာ မေးမြန်းသူကနေပြီးတော့ လွှတ်တော်ဥက္ကဋ္ဌက တစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေကို မေးခြင်းဖြစ်သလို သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်း ကလည်း လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် လွှတ်တော်သို့ ပြန်လည်ဖြေကြားရမှာဖြစ်ပါတယ်”ဟု ၄င်းကဆိုသည်။

ဆက်လက်၍
“တစ်ချို့ မေးမြန်းတဲ့ ပုဂ္ဂိုလ်များဟာ စပြီးတော့ မေးခွန်းထဲမှာ မေးတုန်းက တစ်မျိုး၊ လွှတ်တော်ထဲ ရောက်တဲ့ အခါကျတော့ မေးမြန်းပုံက တစ်ခြား၊ ဖြစ်တဲ့ ကိစ္စများဟာလည်း မကြာမကြာတွေ့နေရတာဖြစ်ပါတယ်။ ဒီနေ့လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမေးတယ်။ မေးတဲ့ဟာကို ကြိုတင်ပြီးတော့ ပြည်ထောင်စုအစိုးရရဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပို့တယ်။ အုပ်ချုပ်ရေးအဖွဲ့က ဖြေဖို့ အသင့်ဖြစ်ပါပြီဆိုတဲ့ အခါမှာ ဒီမေးခွန်းကို လွှတ်တော်ထဲမှာ မေးစေတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

လွှတ်တော်သည် လွှတ်တော် ဂုဏ်သိက္ခာနှင့် ရှိရန်လိုသလို လွှတ်တော် ကိုယ်စားလှယ်များသည်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့်အညီ ရှိရန်လိုကြောင်း၎င်းကသတိပေးသည်။

“ဖြေကြားတဲ့အခါ မှာလည်း လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ ပြောမယ်ဆိုရင် ရှေ့မှာ ထိုင်နေတဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ဂုဏ်သိက္ခာကိုလည်း နားလည်ဖို့ လက်ခံဖို့လိုပါတယ်။ဖြေတဲ့နေရာမှာလည်း မေးတဲ့သူမေးသလို မထီတထီမေးသလို ဖြေတဲ့ အခါမှာလည်း မထီတထီ ဖြေပြီးတော့ တစ်ဖက်ဖက်ကို ဂုဏ်သိက္ခာ အားဖြင့်သော်လည်းကောင်း မထီမဲ့မြင် ပြုတဲ့ အဖြစ်မျိုးတွေ မဖြစ်ဖို့ လိုပါတယ။် အဲဒီတော့ ခုနက ဖြေသွားတဲ့ နေရာမှာ မေးခွန်းကို မေးခွန်းလိုဖြေပြီး တဲ့အခါမှာ နောက်ပိုင်းကိစ္စတွေ မလိုဘဲ ဆက်ပြောတဲ့ ကိစ္စဟာ တစ်ဖက်နဲ့ တစ်ဖက် အထင်လွဲစရာတွေရှိ ပါတယ်၊ မေးခွန်းဖြေပြီးပြီပဲ ကျန်တဲ့ တာဝန်တွေ လုပ်ဆောင်မှုအပိုင်းတွေ ဒီထဲမှာထည့်ပြီးတော့ ပြောစရာ သင့်မသင့် ထည့်ပြီးတော့ စဉ်းစားဖို့လိုတယ်”ဟုသူရဦးရွှေမန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များကလည်း မိမိတို့ ကိုယ်စားလှယ်များ၏ တာဝန် ပြည်သူများအား အမှန်တကယ်ကိုယ်စားပြုရာ ရောက်ရန် လိုအပ်သကဲ့သို့ မိမိတို့၏ ပြောဆို တင်ပြဆောင်ရွက်နေမှုများသည်လည်း အပြုသဘောမဟုတ်ဘဲ သက်သက် အဖျက်သဘော ပြောမည်ဆိုပါက နိုင်ငံအကျိုးပြည်သူ့ အကျိုးမဟုတ်သည့် ကိစ္စများ၊ မပြောမိရန် မတင်ပြမိရန် ဆွေးနွေးရန်လိုအပ်သကဲ့သို့ ဖြေကြားသည့်သူများသည်လည်း မိမိတို့ တာဝန်အရ ပြန်လည်ဖြေကြားသည့်အခါတွင် နည်းလမ်း မှန်ကန်စွာဖြင့် ဖြည်ကြားရန်လိုကြောင်း လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အသိပေးပြောကြားခဲ့သည်။

ထိုဆွေးနွေးသတိပေးများအား မှတ်တမ်းအဖြစ်ထားရှိသွားရန် ပြည်သူ့လွှတ်တော်ဥက္ကဌက ကြေညာသည်။

Popular Myanmar News Journal

သောမတ်အိုဟေးကင်တားနားနှင့် မဇ္ဈိမ အသေးစိတ် တွေ့ဆုံမေးမြန်းချက်


February 26, 2014 at 3:48pm


“အတိတ်ကာလကို ဘယ်တုန်းကမှ မေ့မထားကြပါဘူး”ဟု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အ ရေး အထူးကိုယ်စားလှယ်တစ်ဦးအဖြစ် နောက်ဆုံးအကြိမ် တာဝန်အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် မစ္စတာအိုဟေးကင်တားနားက ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့ အပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထိုကဲ့သို့ ပြော ဆိုခဲ့ခြင်းဖြစ်သည်။


နောက်ဆုံးတွင် အမှန်တရားကို ဖော်ထုတ်မည့် ကော်မရှင်တစ်ရပ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် လက်ထက်ကကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးမည့် အလားအလာမျိုး ရှိနိုင်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက ပြောခဲ့သည်။


မစ္စတာအိုဟေးကင်တားနား၏ ရာထူးသက်တမ်းမှာ မေလတွင် ကုန်ဆုံးတော့မည်ဖြစ်ရာ၊ သူသည် သူ၏ မြန်မာခရီးစဉ်နှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံသို့ မတ် လ ၁၇ ရက်တွင် တင်သွင်းမည်ဖြစ်သည်။ မဇ္ဈိမစီးပွားရေး အပတ်စဉ်မဂ္ဂဇင်း၏ Hans Hulst က ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်တွင် မစ္စတာအို ဟေးကင်တားနားနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာ မစ္စတာအိုဟေးကင်တားနားက အထူးကိုယ်စား လှယ်အဖြစ် ဆောင်ရွက်ခဲ့ရသည့် သူ၏ ခြောက်နှစ်ကြာ အတွေ့အကြုံများကို ပြောပြခဲ့ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နေစဉ်အတွင်း ရင်ဆိုင်နေရသည့် စိန် ခေါ်မှုများအကြောင်းကို ပြောပြခဲ့သည်။ ကင်တားနားနှင့် တွေ့ဆုံမေးမြန်းမှုတွင် မြန်မာနိုင်ငံအတွက် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ် သူ၏အတွေ့အကြုံများ၊ မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေးအခြေအနေ၊ ပြုပြင်ပြောင်းလဲရေးအတွက် စိုးရိမ်ဖွယ်အချက်များ၊ မြန်မာအစိုးရအဖွဲ့ဝင်များနှင့်ပတ်သက်၍ သူ၏အမြင်များ ပါဝင်ပါသည်။


ခင်ဗျားအနေနဲ့ ၂၀၀၈ ခုနှစ်မှာ ဒီတာဝန်ကို စတင်ယူခဲ့တဲ့အချိန်တုန်းက အဓိက လူ့အခွင့်အရေး ကိစ္စရပ်တွေက ဘာတွေများပါလဲ။


ကျွန်တော် ပထမဆုံး အာရုံစိုက်ပြီး ဆောင်ရွက်ခဲ့တာက နိုင်ငံရေးအကျဉ်းသားတွေကိစ္စပါ။ သူတို့ကို စကားပြောဖို့အတွက် အကျဉ်းထောင်တွေဆီကို ကျွန်တော် စပြီး သွားခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဒီလူတွေ ပါဝင်ခွင့်ရဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ အဲဒီအချိန်ကတည်းက အလားအလာရှိခဲ့ပါတယ်။ ဒါပေမဲ့ လူနည်းစု တွေရဲ့ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်လည်း တကယ်ကို စိုးရိမ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တိုက်ပွဲတွေဟာ ဒေသအနည်းငယ်မှာ ဖြစ်ပွားနေတုန်းပါ။ ရလဒ်တွေက တော့ ရွာသူရွာသားတွေအပေါ် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်တာတွေပဲ ဖြစ်ပါတယ်။ နှိပ် စက်ညှဉ်းပန်းတာတွေ၊ သတ်ဖြတ်တာတွေ၊ နေရပ်တွေကနေ မောင်းထုတ်တာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ ဖြစ်ပါတယ်။၂၀၀၈ ခုနှစ်၊ မေလမှာ ကျွန်တော် လုပ်ငန်းစတင်ခဲ့ပါတယ်။ သြဂုတ်လထဲမှာ ကျွန်တော် မြန်မာနိုင်ငံထဲ မှာရှိနေခဲ့ပြီးတော့ ပထမဆုံးတာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီကာလတုန်း က တစ်ဖက်မှာ လေးနက်ပြင်းထန်တဲ့ လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်တစ် ဦးအဖြစ် ပြောဆိုထောက်ပြရမယ့် ၀တ္တရားတွေကို မထိခိုက်စေဘဲ၊ တစ်ဖက်မှာ ချိတ်ဆက်ညှိနှိုင်းဆောင် ရွက်လို့ရနိုင်မယ့် အနေအထား နည်းနည်းလေးကို ထိန်းသိမ်းချင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဟန်ချက် ညီဖို့ ကြိုးစားခဲ့ရပါတယ်။ တချို့အတွက် ကျွန်တော်က ပျော့ပြောင်းလွန်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပထမ ဆုံးခရီးစဉ်အပြီးမှာ မြန်မာနိုင်ငံကို ကျွန်တော် ကိုးကြိမ် သွားရောက်ခဲ့ပါတယ်။


ခင်ဗျားရဲ့ ပထမဆုံး အားထုတ်မှုတွေကြောင့် ရလဒ်တစ်စုံတစ်ရာ ထွက်ခဲ့ပါသလား။


အဲဒီတုန်းက၊ အင်းစိန်ထောင်ထဲက ဦးဝင်းတင်ဆီကို ကျွန်တော် သွားလည်ခဲ့ပါတယ်။ သူဟာ မြန်မာနိုင် ငံမှာ ဒုတိယအရေးအကြီးဆုံး နိုင်ငံရေးအကျဉ်းသားပါ။ သူဟာ ၁၉ နှစ်လောက် အကျဉ်းထောင်ထဲမှာနေ ခဲ့ရတာပါ။ ကျွန်တော်ထွက်ခွာသွားပြီး သုံးလေးရက်လောက်မှာ သူ့ကို ထောင်ကနေ လွှတ်ပေးလိုက်ကြပါတယ်။


အဲဒီတုန်းက မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးကစားနေတာ ပါ။ သူတို့ဟာ အကျဉ်းသားတွေကို မဟာဗျူဟာကျကျ လွှတ်ပေးခဲ့တာပါ။ ဥပမာပြရရင် မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး အရေးကြီးလှတဲ့ ဥရောပသမဂ္ဂအစည်းအဝေးတစ်ခု မတိုင်မီလေးမှာ အကျဉ်း သားတစ်သုတ်ကို လွှတ်ပေးခဲ့ပါတယ်။ သူတို့တွေဟာ ခင်ဗျားကိုလွှမ်းမိုးဖို့ရော ကြိုးစားခဲ့ပါသလား။


ခင်ဗျားဆိုလိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အကျဉ်းသားတွေ လွှတ်ပေးနေသရွေ့ ကျွန် တော်ဝမ်းသာပါတယ်။ ခင်ဗျားရဲ့ မဟာဗျူဟာကို သူတို့ရဲ့ မဟာဗျူဟာက ကျူးကျော်ထိပါးလာမှာကို လည်း ခွင့်မပြုသင့်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကာလမတိုင်မီ ၂၀၀၉ ခုနှစ်မှာ အလွန်အရေးကြီးတဲ့ အစီရင်ခံစာတစ်စောင်ကို ကျွန်တော် ထုတ်ပြန်ခဲ့ပါတယ်။ ဒီစစ်အစိုးရဟာ သူတို့အုပ်စိုးခဲ့တဲ့ နှစ်ပေါင်း ၄၀ ကာလအတွင်းမှာ ရာဇ၀တ်မှု အများအပြားကို ကျူးလွန်ခဲ့ကြောင်း ကျွန်တော် ရေးသားခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့ဖို့ လိုအပ်ခဲ့ပါတယ်။ အစီရင်ခံစာထဲမှာ ပြင်းထန်တဲ့ စကားလုံးတွေကို သုံးခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ ကျွန်တော့်အနေနဲ့ အပြင်းအထန် တွန်းအား ပေးချင်ခဲ့တာပါ။ (စစ်အစိုးရခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး) သန်းရွှေအပါအ၀င် ရာထူးကနေ ထွက်သွားခဲ့တဲ့ ခေါင်းဆောင်တွေအနေနဲ့ ခက်ခဲတဲ့အခြေအနေတွေကနေ လွတ်မြောက်သွားမှာမဟုတ် ဘူးလို့လည်း ကျွန်တော်အချက်ပြချင်ခဲ့တာပါ။ အခြေခံဥပဒေဟာ အဲဒီရာဇ၀တ်မှုတွေအတွက် တာဝန်ရှိတဲ့သူတွေကို အကာအကွယ်ပေးနေပါတယ်။ အဲဒါဟာ ဥပဒေရေးရာဆွေးနွေးမှုတစ်ခုဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုမဟုတ်ပါဘူး။ အချက်အလက်တွေအရ ခင်ဗျားပြောတာမှန်ပါတယ်။ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇ ၀တ်မှုတွေကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်မယ့် အနေအထားမျိုး လက်ရှိကာလမှာ လုံးဝ မရှိ သေးပါဘူး။ ဒါပေမဲ့ အမှန်တရားအတွက် စုံစမ်းစစ်ဆေးမယ့် ကော်မရှင်တွေက အတိတ်ကာလနဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မယ့် အချိန်အခါတစ်ရပ် ရောက်ရှိကောင်း ရောက်ရှိလာနိုင်ပါတယ်။ အတိတ်ကာလကို ဘယ်တုန်းကမှ မေ့မထားကြပါဘူး။ ၈၈ လှုပ်ရှားမှုအတွက် ကြီးကျယ်တဲ့ သတိရ အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့ တွေ့ခဲ့ပြီးပါပြီ။ တစ်နေ့မှာ အကျဉ်းချုပ် ခြုံငုံသုံးသပ်ထားတဲ့ စာတမ်းအဖြစ် ကျွန်တော့်ရဲ့ အစီရင်ခံစာကို အသုံးပြုကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။


ခင်ဗျား အထူးတာဝန်တွေ ထမ်းဆောင်နေတုန်းမှာ ခင်ဗျားသွားချင်တဲ့ နေရာတွေကို သွားနိုင်ခဲ့တယ်လို့ ခံစားရပါသလား။


အစပိုင်းမှာတော့ မလွယ်ကူခဲ့ပါဘူး။ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ကျွန်တော့်လုပ်ငန်းတွေ စခဲ့တာ မို့၊ အကန့်အသတ်တွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်မသွားနိုင်ခဲ့တဲ့ နေရာဒေသတွေ ရှိပါတယ်။ အစီအစဉ်တစ်ရပ်ကို ကြိုတင် ပြင်ဆင်ရတာကလည်း ခက်ခဲခဲ့ပါတယ်။ ကျွန်တော့်ရဲ့အစီအစဉ်ကို သူတို့ရဲ့အစည်းအဝေးတွေနဲ့ လွှမ်းမိုးပစ်ဖို့လည်း သူတို့အမြဲတမ်း ကြိုးစားခဲ့ကြပါတယ်။ ဥပမာပေးရမယ်ဆိုရင် တစ်ရက်တည်းမှာ အစည်းအဝေး ၁၀ ခုလောက် ကျွန်တော်တက်ရေးကို သူတို့ အလိုရှိခဲ့ကြပါတယ်။ အဲ ဒါဟာ သူတို့ရဲ့မဟာဗျူဟာပါ။ အဲဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့ ကောင်းကောင်း သိကြပါတယ်။ ပထမအခေါက်တုန်းက ကျွန်တော့်ကို လူနှစ်ယောက်လောက်က စောင့်ကြပ်နေပြီးတော့ ကျွန်တော့်ကို လည်း ငါးရက်ထက်ပိုပြီး အချိန်မပေးခဲ့ပါဘူး။ ဒီလောက်ကြီးမားတဲ့ နိုင်ငံတစ်ခုမှာ လူ့အခွင့်အရေး အခြေ အနေတစ်ခုလုံးကို ငါးရက်အတွင်း ခြုံငုံမိဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။


ဦးသိန်းစိန်ရဲ့အစိုးရနဲ့ ဆက်ဆံရေးကရော ခြားနားမှုတွေ ရှိပါသလား။


အကန့်အသတ်တွေ နည်းသွားပါတယ်။ ကျွန်တော်သွားချင်တဲ့နေရာတွေကိုလည်း သွားနိုင်ပါတယ်။ ဥပ မာအားဖြင့် ဒီတာဝန်တွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်က လိုင်ဇာကို သွားနိုင်ခဲ့ပါတယ်။ လိုင်ဇာဟာ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ ဒေသမျိုး မဟုတ်ပါဘူး။ ကေအိုင်အိုကလည်း ကျွန်တော်နဲ့တွေ့ရလို့ ၀မ်းသာခဲ့ကြပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့တဲ့ အဲဒီဒေသကို လူ့အခွင့်အ ရေး အထူးကိုယ်စားလှယ်တစ်ယောက် သွားခဲ့ခြင်း ဖြစ်ပါတယ်။ ကေအိုင်အိုဥက္ကဋ္ဌနဲ့ ကာကွယ်ရေးဦးစီး ချုပ်နဲ့လည်း အလွန်ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခု လုပ်နိုင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို သူတို့ရဲ့ရှုထောင့်ကနေ ကျွန်တော့်ကို ပြောပြခဲ့ကြပါတယ်။ အစိုးရကို သူတို့ ဘာကြောင့် မယုံကြည်ကြသလဲဆိုတာရယ်၊ သူတို့ တောင်းဆိုနေတဲ့ နိုင်ငံရေးဒိုင်ယာလော့ဂ် (နိုင်ငံရေးဆွေးနွေးခြင်း) ဘာကြောင့် အဓိက အရေးပါသလဲဆိုတာရယ်ကို ကျွန်တော့်ကို ရှင်းပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အစိုးရဘက်က အဓိကညှိနှိုင်းရေးကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအောင်မင်းနဲ့လည်း ကျွန်တော် စကားပြောခဲ့ပါတယ်။ ကျွန် တော့်ကို ကေအိုင်အိုနဲ့ စကားပြောခွင့်ပြုရေးဟာလည်း အစိုးရရဲ့ အရေးကြီးတဲ့ ပြုမူလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း ကျွန်တော် ပြောခဲ့ပါတယ်။ နိုင်ငံရေးဒိုင်ယာလော့ဂ် လုပ်မယ့်အကြောင်း အစိုးရကလည်း ထုတ်ဖော်ပြောဆိုပြီးသားလို့ သူက ပြောခဲ့ပါတယ်။ ဘက်အားလုံးနဲ့ စကားပြောခွင့်ရလို့ ကျွန်တော် ၀မ်းသာခဲ့ပါတယ်။


ကချင်ပြည်နယ်အတွင်းက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအခြေအနေက ဘယ်လိုရှိ ပါသလဲ။


ကျွန်တော့်အနေနဲ့ နိုင်ငံရေးပြဿနာတွေကို အဓိက ကိုင်တွယ်နေပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေး အဖြေတစ်ရပ် ထွက်လာတဲ့အခါ၊ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် ယူဆလို့ပါ။ စစ်ချီလာတဲ့ အစိုးရတပ်ဖွဲ့တွေကြောင့် ထွက်ပြေးလာခဲ့ရတဲ့ ရွာသားတွေနဲ့ လိုင်ဇာမှာ ကျွန် တော် တွေ့ဆုံခဲ့ပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်စခန်း (IDP camps) တွေကိုလည်း ကျွန်တော် သွားခဲ့ ပါတယ်။ သူတို့ရဲ့လိုလားချက်တွေကို ကျွန်တော်ကြားခဲ့ရပြီး မကြာသေးခင်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတွေကိုလည်း ကျွန်တော် နားထောင်ခဲ့ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးပြော ရမယ်ဆိုရင် ကချင်ပြည်နယ်ကအခြေအနေဟာ ပြင်းထန်ဆိုးရွားနေတုန်းပါပဲ။


အစိုးရအနေနဲ့ တပ်မတော်ကို ကွပ်ကဲထိန်းချုပ် (control လုပ်) နိုင်တယ်လို့ ခင်ဗျား ခံစားရပါသလား။


ကျွန်တော့်အနေနဲ့ “control” ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ပြဿနာကတော့ အစိုးရထဲမှာ စစ် ဘက်ရဲ့ အာဏာအဆင့်အတန်းနဲ့ သက်ဆိုင်တဲ့ ပြဿနာကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကိုင်တွယ် မလဲဆိုတဲ့အရာပါ။ ဦးအောင်မင်းနဲ့ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ တစ်နိုင်ငံလုံးအတိုင်း အတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိစ္စကို ပြောနေချိန်မှာ၊ စစ်ဘက်ကတော့ ဒေသတွင်း မှာ တပ်တွေတိုးပြီးချထားနေတုန်းပဲလို့ ကေအိုင်အိုကပြောနေတယ်လို့ ကျွန်တော် ဦးအောင်မင်းကို ပြော ခဲ့ပါတယ်။ အဲဒီပြဿနာကို ခင်ဗျား ဘယ်လိုမြင်သလဲလို့ ဦးအောင်မင်းကို မေးခဲ့ပါတယ်။ ဦးအောင်မင်း ပြန်တုံ့ပြန်တာက အစိုးရအဆင့်မှာ ပိုပြီး ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုနေတဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြဿနာတစ်ခုရှိနေကြောင်းလည်း သူက အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။


ခင်ဗျားရဲ့ ရာထူးသက်တမ်းအတွင်းမှာ သတင်းကောင်းကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စအခြေ အနေ သိသိသာသာ တိုးတက်လာတာပါပဲ။ နိုင်ငံရေးအကျဉ်းသားအများစုကို လွှတ်ပေးခဲ့ပါတယ်။


ဒါပေမဲ့ လွတ်လပ်ခွင့်နဲ့ဆက်စပ်နေတဲ့ ဖမ်းဆီးမှုအသစ်တွေ ရှိနေပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် တဲ့အတွက် ဖမ်းဆီးမှုမျိုးပေါ့။ ပြီးတော့ အခုတလော စာနယ်ဇင်းသမားအချို့လည်း အဖမ်းခံခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒါကို စိုးရိမ်မိပါတယ်။ (ဓာတုဗေဒလက်နက်စက်ရုံ ဆောင်းပါးနဲ့ပတ်သက်ပြီး ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့) ယူနတီဂျာနယ်က သတင်းထောက်တွေနဲ့ ကျွန်တော် စကားပြောချင်ခဲ့ပေမယ့်၊ ကျွန်တော်မသွားခင် နှစ်ရက်အလိုမှာ သူတို့ ကို တခြားအကျဉ်းထောင်တစ်ခုကို ပို့လိုက်ကြပါတယ်။ ဒါကြောင့်၊ ကျွန်တော် သူတို့နဲ့စကားမပြောလိုက် ရတာဟာ ၀မ်းနည်းစရာကောင်းလှပါတယ်။ အဲဒီလိုမျိုးကိစ္စတွေမှာ ပြန်ကြားရေးဝန်ကြီးနဲ့ သူ့ရဲ့ ဒုဝန်ကြီး တို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ကျွန်တော် ကြားခဲ့ရတော့၊ အဲဒီကိစ္စကို သူတို့ နဲ့ ကျွန်တော် မေးမြန်းပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ ထိထိရောက်ရောက် ဆွေးနွေးခဲ့ပါတယ်။ စာနယ် ဇင်းသမားတွေဟာ ကျင့်ဝတ်နဲ့ လုပ်ငန်းဆိုင်ရာ စံသတ်မှတ်ချက်တွေကို မလေးစားကြဘူးဆိုတဲ့ စိုးရိမ်မှု ကို သူတို့က ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ပြီးတော့ စာနယ်ဇင်းသမားတွေ စွမ်းရည်မဲ့နေတာကိုလည်း သူတို့က ပြောခဲ့ကြပါတယ်။ ကျွန်တော် ပြန်ပြီး တုံ့ပြန်ပြောဆိုလိုက်တာကတော့ အစိုးရအဖွဲ့ရဲ့ တချို့အ စိတ်အပိုင်းတွေမှာလည်း စွမ်းရည်မဲ့နေကြတယ်လို့ ပြန်ပြောခဲ့ပါတယ်။ သူတို့အနေနဲ့ မီဒီယာလွတ်လပ် ခွင့်နဲ့ သူတို့ သဘောမတူနိုင်တဲ့ ဆောင်းပါးတွေကို ရင်ဆိုင်ဆောင်ရွက်ဖို့အတွက် အခက်အခဲ ရှိနေပါ တယ်။


စာနယ်ဇင်းသမားတွေကို ဖမ်းဆီးတာဟာ ပြင်းထန်တဲ့ ခံစားတုံ့ပြန်မှုရဲ့ အရိပ်လက္ခဏာ ဖြစ်နိုင်ပါ တယ်။ ပြုပြင်ပြောင်းလဲရေးတွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတုန်းပဲလို့ ခင်ဗျား ခံစားရပါသ လား။


ယေဘုယျ အကဲဖြတ်မှုတစ်ခုအရဆိုရင်၊ အသွင်ကူးပြောင်းရေးဟာ အထိအခိုက်မခံတဲ့ နုနယ်တဲ့ အခြေ အနေမှာပဲ ရှိနေသေးပေမဲ့၊ နောက်ကြောင်းပြန်လှည့်ဖို့ အခြေအနေနည်းပါတယ်လို့ ကျွန်တော် ပြောချင် ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်ဖြစ်မှုတွေဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ထိခိုက် နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြဿနာက ဘာသာရေးအကြမ်းဖက်မှုတွေ ပျံ့နှံ့သွားတာပါ။ အဲဒါ မျိုး ထပ်ဖြစ်နိုင်ပါတယ်။ အစတုန်းကတော့၊ အဲဒါဟာ ရိုဟင်ဂျာတွေ လူနည်းစုလူမျိုးစုနဲ့ပဲ ပတ်သက်ခဲ့ တာပါ။ ဒါပေမဲ့မကြာသေးခင်ကတော့ ဘာသာရေးအကြမ်းဖက်မှုပုံစံ ပြောင်းသွားပြီး မြန်မာနိုင်ငံရဲ့အခြား နေရာတွေကိုပါ ပျံ့နှံ့သွားခဲ့ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် မိတ်္ထီလာနဲ့ လားရှိုးပါ။ အဲဒီအခြေ အနေနှစ်ခုဟာ ဆက်စပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ သွေးထိုး လှုံ့ဆော် မှုတွေ ရှိခဲ့ပါတယ်။ ဘယ်နေရာကလဲဆိုတာတော့ ကျွန်တော် မပြောနိုင်ပါဘူး။ လားရှိုးမှာ အာဏာပိုင် တွေနဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူတို့ရဲ့ မြို့နယ်အပြင်ဘက်ကနေ လာခဲ့ကြတဲ့ စနစ်တကျ စု စည်းထားတဲ့ လူအုပ်ကြီးဖြစ်တဲ့အကြောင်း သူတို့ကကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ တော့၊ နိုင်ငံအတွင်းက အုပ်စုအားလုံးကို ကာကွယ်ပေးရမယ့် ၀တ္တရား အစိုးရမှာ ရှိပါတယ်။ ပြီးတော့ အဲ ဒီလို လူအုပ်ကြီးကို ဘယ်သူက စုစည်းထားတာလဲဆိုတာကို ရှာဖွေစုံစမ်းရမယ့် ၀တ္တရားလည်း သူတို့မှာ ရှိပါတယ်။


မကြာသေးခင်က သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားဖို့ တိုက်တွန်းချက်တစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ လက်ရှိ သန်းခေါင်စာရင်း မေးခွန်းပုံစံဟာ နိုင်ငံရေး အရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ ပေါက်ကွဲနိုင်တဲ့ အခြေအနေ ရှိကောင်းရှိနိုင်လို့ ဆိုပါတယ်။


သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကိစ္စကို ကျွန်တော် မဆွေးနွေးနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ (လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) ၀န်ကြီးဦးခင်ရီက အဲဒီမြို့မှာ မရှိခဲ့လို့ပါ။ ပြီးတော့ ကျွန်တော့် အနေနဲ့ UNFPA (ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့) နဲ့လည်း အဆက်အသွယ်မရခဲ့ပါဘူး။ မူအားဖြင့် တော့ အန္တရာယ်တွေကို ကျွန်တော် နားလည်ပါတယ်။ လူနည်းစုလူမျိုးစုတွေဟာ သန်းခေါင်စာရင်းကိစ္စနဲ့ ပတ်သက်တဲ့ သူတို့ရဲ့စိုးရိမ်မှုတွေကို ကျွန်တော့်ကို ပြောပြခဲ့ကြပါတယ်။


မီဒီယာတွေမှာ အမုန်းစကား/အမုန်းတရား (hate speech) တွေ အများအပြား ရှိနေပါတယ်။ ရခိုင်ပြည်နယ်မှာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိနေခဲ့ပါတယ်။ ခင်ဗျား ကို ဖိအားတစ်စုံတစ်ရာပေးတာမျိုး ရှိပါသလား။


ကျွန်တော့်အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေကို ကျွန်တော် ထပ်ခါထပ်ခါ ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်တော့ ဒီတာဝန်ကို နောက်ဆုံးထမ်းဆောင်မှုမှာ ကျွန်တော် ရခိုင်ပြည်နယ်ကို သွားချင်ခဲ့ပြီးတော့၊ အဲဒီမှာလုပ် နေတဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အဲဒီကိစ္စကို ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ ဆန့်ကျင်ဘက် ရလဒ် တွေများ ထွက်လာမလားလို့ ကျွန်တော်မေးခဲ့ပါတယ်။ မလိုမုန်းထားမှုတွေ အများအပြား ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးကောက်ချက်အရ ကျွန်တော့်အနေနဲ့ အဲဒီကိုသွားရမယ်လို့ အဖြေထွက်ပါ တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဆန္ဒပြမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပြည် နယ်အာဏာပိုင်တွေရယ်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ရယ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တချို့တွေရဲ့အဆိုအရ၊ အကြမ်းဖက်မှုလှုံ့ဆော်ရေးမှာ RNDP ဟာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒါဟာ ခဏလောက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမယ့် အပြင်းအထန် ရန်လိုဆန့်ကျင်တာတော့ မဟုတ်ပါဘူး။


အာဏာပိုင်တွေနဲ့ ဆက်ဆံရေးပျိုးထောင်ရတာကို ခင်ဗျားက တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ဒုချရာ တန်းမှာ မွတ်ဆလင် ၄၈ ဦး အသတ်ခံခဲ့ရတယ်ဆိုတဲ့ ယုံကြည်စိတ်ချရလောက်တဲ့ အထောက်အ ထားတွေ ရှိနေတယ်လို့ ဇန်န၀ါရီလ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်ထွက် ပေါ်လာအပြီးမှာ ကုလသမဂ္ဂနဲ့ အစိုးရရဲ့ဆက်ဆံရေးဟာ ဆိုးရွားသွားခဲ့ပုံရပြီးတော့ လူသားချင်း စာနာညှာတာမှုအတွက် လုပ်ကိုင်ဆောင်ရွက်လို့ရမယ့် အနေအထားကလည်း သိသိသာသာ ကျ ဆင်းသွားခဲ့ပါတယ်။


မောင်တောမြို့နယ်ဖြစ်ရပ်ဆိုးမှာ ကလေးငယ်တွေ၊ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အသတ်ခံခဲ့ရတယ် ဆိုတဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေ ကျွန်တော် လက်ခံရရှိခဲ့ပါတယ်။ အဲဒါတွေကို ထုတ်ပြောခြင်းအားဖြင့် လုပ်ကိုင်ဆောင်ရွက်လို့ရမယ့် အနေအထား ဆုံးရှုံးသွားနိုင်တယ်လို့ ခင်ဗျားအနေနဲ့ စောဒကတက်နိုင်ပါ တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကနေ ပြန်လာခဲ့ပါပြီ။ ရခိုင်ကို လည်း သွားခဲ့ပါတယ်။ အဲဒီကိစ္စတွေကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ရဲ တပ်ဖွဲ့အကြီးအကဲနဲ့လည်း တစ်နာရီကြာ ဆွေးနွေးပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။ သူကတော့ အရာရာကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ အစိုးရအနေနဲ့ ကြေညာချက်တွေကိုမနှစ် မြို့ပေမယ့် အဲဒီမှာ လုပ်ကိုင်ဆောင်ရွက်လို့ရမယ့် အနေအထား ရှိပါသေးတယ်။ အခု လိုအပ်နေတာက တော့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒါကို မြန်မာအစိုးရနဲ့ တွဲပြီးတော့ လုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ကျွန်တော်ပြောထားပါတယ်။ ဘာကြောင့်လဲဆိုတော့၊ ဖြစ်ရပ်မှာ အသက်ဆုံးရှုံးမှုမရှိဘူးလို့ဆိုတဲ့ မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ၊ လွတ်လပ်မှုကင်းမဲ့ပြီးတော့ ယုံ ကြည်စိတ်ချရမှု မရှိလို့ပါပဲ။ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ခံရမှုမရှိခြင်းဆိုတဲ့ ပြဿနာရှိနေတာကို ဒီလိုအခြေ အနေတွေက ရောင်ပြန်ဟပ်နေပါတယ်။


ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးလူတွေကို မောင်တောကိုလွှတ်ပြီး အကောင်း ဆုံး စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့လူတွေဟာ လုံလောက်အောင် ကောင်းမွန်ခြင်းမရှိ ဘူးလားလို့ မြန်မာအစိုးရက ပြောကောင်းပြောပါလိမ့်မယ်။ စုံစမ်းစစ်ဆေးမှု အသစ်တစ်ရပ်ပြုလုပ် ဖို့ တောင်းဆိုတာဟာ ထောက်ခံမှုတော့ ရမှာမဟုတ်ဘူး ထင်တယ်။


ပြည်ထဲရေးဝန်ကြီးက ဘာပြောသွားခဲ့လဲ ဆိုတာကို ခင်ဗျားသိချင်လား။ သူပြောသွားတာက “ကျွန်တော် တို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုချရာတန်းကို သွားခဲ့ပါတယ်။ ဘာမှမဖြစ်ခဲ့တာကို တွေ့ခဲ့ရပါ တယ်”ဆိုပြီး ပြောသွားပါတယ်။ အဲဒီကော်မရှင်ကို သမ္မတအမိန့်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်လို့ လွတ်လပ်မှုမရှိပါ ဘူးလို့ သူ့ကို ကျွန်တော် ရှင်းပြခဲ့ပါတယ်။ အဲဒါကို သူလက်ခံခဲ့ပါတယ်။ ဥရောပသမဂ္ဂ (EU) က လေ့လာ သူတွေကို သူက ထောက်ပြပြန်ပါတယ်။ သူတို့တွေရော ဘက်လိုက်ခဲ့သလား။ ဘက်မလိုက်ပါဘူး။ ဒါပေ မဲ့ သူတို့ဟာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒါကိုလည်း သူကောင်းကောင်း လက် ခံခဲ့ပါတယ်။ သူက “ကောင်းပါပြီ၊ အဲဒီလို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အကောင်အထည် ဖော်ဖို့အတွက် ကျွန်တော်တို့ကို ခင်ဗျား ဘယ်လိုကူညီမှာလဲ”လို့ ပြန်ပြောခဲ့ပါတယ်။


သူ့အနေနဲ့ မူလပုံစံကနေ လွတ်ကင်းသွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါမျိုးက အစိုးရရဲ့ တရားဝင် ရပ်တည်ချက်မျိုး မဟုတ်ပါဘူး။

အဲဒါလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အစီရင်ခံစာနဲ့ ကျွန်တော့်ရဲ့ ကြေညာချက်ထဲမှာ ပြည် ထဲရေးဝန်ကြီးရဲ့ မှတ်ချက်တွေ ပါမှာပါ။ လွတ်လပ်စွာ စုံစမ်းစစ်ဆေးရေးအတွက် စဉ်းစားဖို့ ဆန္ဒရှိတာ ဟာ သက်ဆိုင်တဲ့အကြောင်းအရာ ဖြစ်ပါတယ်။


ခင်ဗျားဟာ အထူးကိုယ်စားလှယ်အဖြစ် ခြောက်နှစ်လောက် လုပ်ခဲ့ပါတယ်။ စိတ်မကောင်းဖြစ်ရ တာမျိုး တစ်စုံတစ်ရာ ရှိခဲ့ပါသလား။


ကျွန်တော်တို့အားလုံးဟာ လူသားတွေပါ။ ဒါပေမဲ့ ခြုံငုံပြီးပြောရရင် ကျွန်တော် ၀မ်းသာပါတယ်။ မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ထဲမှာ လူ့အခွင့်အရေးလုပ်ငန်းဟာ ထိပ်ဆုံးနားကနေ ရှိနေတဲ့ အတွက် ကျွန်တော် အလွန်ဝမ်းသာမိပါတယ်။ လုပ်ပိုင်ခွင့်တွေကြောင့် မြင်သာမှုတွေ အများကြီး ရှိလာခဲ့ ပြီးတော့ ကျွန်တော့်အနေနဲ့လည်း မြန်မာနိုင်ငံတစ်ဝန်းကို သွားခဲ့နိုင်ပါတယ်။ လုပ်ငန်းစဉ်ဟာ လူအများ အပြားကို ကယ်ဆယ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ရလဒ်တွေချည်း တော့လည်း အမြဲတမ်း မထွက်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒါဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်က လူတွေကို အားပေးနိုင်ခဲ့ပါတယ်။ နောက်လာမယ့် အထူးကိုယ်စားလှယ်အတွက် ဘာတွေ ချန်ထားနိုင်ခဲ့မလဲဆိုတာ ကိုပြောရရင်တော့၊ လူ့အခွင့်အရေးကိစ္စကြီးကြီးမားမားတချို့ ကျန်ရှိနေဆဲဖြစ်ပြီးတော့ အသွင်ကူးပြောင်း ရေးဟာလည်း အထိခိုက်မခံတဲ့အခြေအနေမှာရှိနေဆဲပါပဲ။ အထူးကိုယ်စားလှယ်အသစ်အတွက် အဓိက စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့အရှိန်အဟုန်ကို ဆက်လက်ထိန်း သိမ်းနိုင်အောင် ကူညီနိုင်ဖို့ကိစ္စ ဖြစ်ပါလိမ့်မယ်။
 Mizzima

အသက် ၁၈ နှစ်အောက်များသာ ဖတ်ရန်



သင်သည် အသက် ၁၈ နှစ်ပြည့်ပြီးသူ တစ်ဦးမှန်ကန်ပါသလား။
အထက်ပါမေးခွန်းအားလာမည့် ၂ဝ၁၅ ရွေး ကောက်ပွဲအတွင်းမဲထည့်နိုင်ရန် မေးမြန်းနေခြင်း မဟုတ်ပါ။ သို့သော် ထိုမေးခွန်းကိုပင်သင် သွား လေ့သွားထရှိနေ သည့် ဈေး ဆိုင်၊ကုန်စုံဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှအစ စူပါမားကက်များအဆုံးမေးလာခဲ့သည်ရှိသော် မည်ကဲ့သို့ဖြစ်မည်နည်း။
မြန်မာနိုင်ငံအတွင်း ဆေးလိပ်၊ စီးကရက်ဘူးခွံများအား သေချာစူးစိုက်ကြည့်ဖူးပါသလား။ အဆိုပါ စီးကရက်ဘူးခွံတို့၏ ဘေးတစ်ဖက်တစ်ချက်တွင် စာတန်းတစ်ခုပါရှိ သည်။ ၎င်းမှာ ”အသက် ၁၈ နှစ် မပြည့်သေးသူများကိုမရောင်းရ”  ဟူ၍ဖြစ်သည်။ အကယ်၍ သင်သည် အသက် ၁၈နှစ် မပြည့်တင်းသေးသည့် လူငယ်တစ်ဦးဆိုပါလျှင် ၎င်းစာတန်းသည် မိမိနှင့်သက်ဆိုင်သည် ဟုယူဆထားပါသလား။ သို့မဟုတ် မလိုအပ်ဟု ထင်ပါသလား။ မည်သို့ပင် ကြော်ငြာစာတမ်း ထည့်သွင်းရိုက်နှိပ် ထားစေ ကာ မူ ကျောင်းသားလူငယ်၊ အသက် ၁၈ နှစ်အရွယ် မပြည့်သေးသူတို့၏လက်ညှိုးနှင့် လက်ခလယ်အကြား၌ ‘စီးကရက်’များက စတိုင်လ်ကျစွာ နေရာ ယူထား လျက် ရှိချေပြီဖြစ်သည်။
အကြွေပြန်မအမ်းပါနှင့်
ရန်ကုန်မြို့ မြို့လယ်ကောင်နေရာများသာမက ဆင်ခြေဖုံးများအထိ စားဖွယ်စုံလက်ဖက်ရည်ဆိုင်များက ရှိသည်။ အဆိုပါဆိုင်များတွင် ပလတ် စတစ်ဘူးလေးများ အတွင်း နှစ်လိပ်၊ သုံးလိပ်ခန့် ဖြည်ထည့်ထားသည့် ‘တစ်ပွဲ’စာ စီးကရက်များက ဈေးဆိုင်ကောင်တာ၌ အသင့်ဖြစ်သည်။ ထို့ပြင်များစွာသော ကွမ်းယာဆိုင်လေးများ၌လည်း တန်းစီတင်ထားသည့် စီးကရက်ဘူးများ တွေ့နိုင်သည်။ တစ်လိပ်မှစ လိုသလောက် လွယ်ကူစွာဝယ်ယူနိုင်သည်။ အကယ်၍ ၎င်းဆိုင်များ၌ ဈေး ဝယ် ၍ ငွေ အကြွေငါးဆယ်ပြန်အမ်းရန် အခက်အခဲဖြစ်နေသည်ဆိုပါက အကြွေအစား သကြားလုံးနှင့် တစ်ရှူးထုပ်များ အမ်းတတ်ကြသည်။ သို့သော် သင်သည် စီးက ရက်သောက် သူတစ်ဦးဆိုပါက မည်ကဲ့သို့ ပြုလုပ်တတ်သနည်း။ စီးကရက်တစ်လိပ်သည် ငွေအကြွေငါးဆယ်ကျပ်နှင့်သာ ညီမျှသည်။
မသိခြင်းက ပိုခက်သည်
မြို့အလယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းဆင်းချိန်ဖြစ်သည်။ ထိုအချိန် ၎င်းကျောင်း မျက်စောင်းထိုးလမ်းကြားထဲရှိ လက်ဖက်ရည်ဆိုင် အ တွင်း ကျောင်းသားအချို့ဖြင့် စည်ကားနေလျက်ရှိသည်။ အရောင်းဆိုင်ရှင် ဦးကိုဝင်းက ထိုကျောင်းဆင်းချိန်သည် လူကျလေ့ ရှိသည့်အချိန်ဖြစ်သည်ဟုဆိုသည်။ လက် ဖက်ရည်ပြီးလျှင် ဒုတိယအရောင်းရဆုံးက စီးကရက် ဖြစ်သည်ဟု ပြောသည်။ ဆိုင်လာထိုင်ကြသူများက ကိုးတန်း၊ ဆယ်တန်းကျောင်းသားကြီး များဖြစ်သောကြောင့် ဟူ၍ လည်း ဆိုသည်။ မည်သို့ဆိုစေ သူ၏လက်ဖက်ရည်ဆိုင်သည် ကျောင်းဖွင့်ရက်၊ ရုံးဖွင့်ရက်များတွင် ဘူးနှစ်ဆယ်ပါ စီးကရက် နှစ်တောင့်နီးပါးက တတိတိကုန်သည်ဟု သိရ သည်။ အဆိုပါ ကျောင်းသားကြီးများဟူသည် အသက် ၁၈ နှစ် ကျော်လွန်ပြီးသူများ ဖြစ်ပါသလား။ စီးကရက်ဘူး များနှင့် ယဉ်ပါးနေရသော်လည်း ယင်း၏ နံဘေး ပါစာသားအတိုင်း တိကျစွာမေးမြန်းရောင်းချဖူးပါသလားဟူသည့် မေးခွန်းအတွက်ကိုမူ ဦးကိုဝင်းက အလုပ်ရှုပ်နေသည့်ကြားမှ ရုတ်တရက် ပြန်ဖြေသည်။
”ဈေးရောင်းပါတယ်ဆိုမှဗျာ အမြတ်တော့ ဘယ်ကရရလိုချင်တာပဲ။ ခင်ဗျားပြောတဲ့ ကျောင်းသားတွေကို ကျွန်တော်က မရောင်းပေးဘူးပဲထား။ သူတို့တခြားမှာ လွယ် လွယ်သွားဝယ်လို့ ရနေတာပဲ” ဟူ၍ုဖြစ်သည်။
အသက် ၁၈ နှစ် မပြည့်သေးသူများအား စီးကရက်မရောင်းပါဟူသည့် စာတန်းပါစီးကရက်ဘူးကြော်ညာသည့် ဖော့ပြားလေးများမှာ ဆိုင်ခုံ၏ ရှေ့တွင် အစီအရီ ကပ် ထားဆဲဖြစ်ပြီး လူငယ်များက လှမ်းကြည့်လျှင် မြင်သာထင်သာရှိဆဲဖြစ်သည်။ ဤသို့ဆိုလျှင် အသက်မပြည့်သေးသူများ စီးကရက်မသောက်သုံးရန် စာတန်းများဖြင့် တားမြစ်ခြင်းက ထိရောက်မှုမရှိခြင်းလော။ အကြွေငါးဆယ်ကျပ်ဖြင့် ဗိုက်ပြည့်မည့်မုန့်များ ဝယ်စား၍ မရနိုင်သော်လည်း စီးကရက်တစ်လိပ်ကိုမူ အလွယ်တကူ ဝယ်ယူဖွာ ရှိုက်ပစ်လိုက်နိုင်သည်။ သို့သော် အသက် ၁၈ နှစ် ပြည့်ပြီးသူတစ်ဦး ဟုတ်မဟုတ်ကိုမူ သင့်လိပ်ပြာသင်လုံရန်လိုသည်။
”သတိပြုရန်” ဥပဒေရှိနေသည်..သို့သော်
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်ကတည်းကပင် ပြဋ္ဌာန်းထားခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂ဝဝ၃ ခုနှစ် ဆေးရွက်ကြီးသုံးစွဲမှုထိန်းချုပ်သည့် အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းအား မြန်မာနိုင်ငံမှ သဘောတူအပြီး ၃ နှစ်အကြာတွင် ပြဋ္ဌာန်းနိုင်ခဲ့ခြင်း လည်းဖြစ် သည်။၎င်းဥပဒေ၏ အခန်း(၈)ပြစ်မှုနှင့် ပြစ်ဒဏ်အခန်း၌ ကျောင်းပရဝဏ်အတွင်း ကျောင်းပရဝဏ်မှ ပေ ၁ဝဝ အတွင်း ဆေးလိပ်ရောင်းချခြင်း မပြုရန်၊ အသက် ၁၈နှစ် မပြည့်သေးသူအား ဆေးလိပ်ရောင်းချခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုလုပ် ရန်ရေးသားထားပြီး ပြစ်မှုကျူးလွန်ပါက ပထမအကြိမ်ဆိုလျှင် ငွေကျပ်တစ်သောင်းမှ သုံးသောင်း၊ ဒုတိယအကြိမ်နှင့်အထက် ကျူးလွန်ခြင်းဆိုလျှင် တစ်နှစ်ထက် မပိုသောထောင်ဒဏ်အပြင် ငွေကျပ် အနည်းဆုံးသုံးသောင်းမှ အများဆုံးကျပ်တစ်သိန်း အထိ ချမှတ်နိုင်ကြောင်း ထည့်သွင်းရေးဆွဲထားသည်။
ထို့ပြင်စီးကရက်အား လွယ်ကူစွာဝယ်ယူနိုင်ရန် တစ်လိပ်ချင်းဖြစ်စေ၊ အလိပ်၂ဝ ထက်နည်း သော နည်းဖြင့်ဖြစ်စေ ရောင်းချခြင်းမပြုလုပ်ရဟု လည်း ပါဝင်သည်။ ယင်းအ တွက် ဒဏ်ငွေ ကျပ်သုံးထောင်မှ ကျပ်တစ်သောင်း ဖြစ်သည်။ ဤကဲ့သို့ဆိုလျှင်လက်ရှိသည် ဥပဒေအာဏာ တည်ပြီး ရှစ်နှစ်ခန့်အချိန်ပင် ရှိနေချေပြီဖြစ်သည်။ သို့သော် ဥပဒေအတိုင်းလိုက်နာမှု အားနည်းနေ ခြင်းမှာအဘယ်ကြောင့်နည်း။ မေးခွန်းထုတ်စရာ အချက်များဖြစ်သည်။ရှိရင်းစွဲဆေးလိပ်နှင့် ဆေးလိပ်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေး ဥပဒေမှာ ပြန်လည်ပြင်ဆင်ရန် မလိုအပ်သည့်ဥပဒေတစ်ခုဖြစ်ပြီး ယင်းဥပဒေအသက် မဝင်ခြင်းမှာမူ အစိုးရအပါအဝင် ကျောင်းနှင့်မိဘများ၏ ပူးပေါင်းပါဝင်မှု တိကျစွာ မရနိုင်ခြင်းကြောင့် ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကဆိုသည်။ အဆိုပါဥပဒေအား နိုင်ငံမှ ပြဋ္ဌာန်း သင့်၍သာ ရေးဆွဲထားရသည့် ဥပဒေမျိုးအဖြစ် မသတ်မှတ်သင့်ဘဲ လူငယ်ထုအပါအဝင် တစ်မျိုး သားလုံးနှင့် သက်ဆိုင်သည့် အရေးကြီးဥပဒေတစ် ခုအဖြစ် ဆောင်ရွက်သင့်သည်ဟု ၎င်းက ထောက် ပြသည်။
အာဏာတည်ပြီးဖြစ်သော်လည်းဥပဒေအတိုင်း လိုက်နာမှုမရှိနေခြင်းဟူသည့် မေးခွန်းကိုမူ တရား လွှတ်တော် ဦးသိန်းသန်းဦးက ”အပြည်ပြည်ဆိုင် ရာနဲ့ပူးပေါင်းတဲ့ လိုက် နာရမယ့်အချက်တွေ လက် မှတ်ထိုးကြတယ်။ ပြီးရင်ပြီးတာပဲဆိုပြီးထားရင် တော့ ကတိကဝတ်တို့၊ ဥပဒေတို့ဆိုတာ စာရွက်ပေါ် မှာပဲ စာလုံးအဖြစ် ဇာတ်သိမ်းသွား တာ များပါ တယ်” ဟု ဖြေကြားသည်။ သို့သော်ဥပဒေအား တိကျစွာလိုက်နာနေပြန်သည့် အချက်နှစ်ချက်လည်း ရှိလို့နေသည်။
ယင်းတို့ကား အသက် ၁၈ နှစ်မပြည့်သေးသူအား စီးက ရက်ရောင်းချခြင်းမပြုပါဟူသည့်စာတန်းနှင့် ဆေး လိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိ ခိုက်စေနိုင် ပါသည်ဟူသည့် စာတန်းများအား စာလုံးကြီးများနှင့် မြင်သာထင်ရှားစွာဖော်ပြထားခြင်းများ ဖြစ်သည်။
ကျယ်ကျယ်လောင်လောင် ပညာပေးပါ
ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်သည့် အပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဥပဒေအပိုဒ် (၁၃) ၌ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ ရောင်း ချနိုင်ရန် ကြော်ငြာ မျိုးစုံပြု လုပ်ခြင်း၊ အရောင်းမြှင့် တင်မှုအတွက် လူမှုရေး၊ ပညာရေး၊ အားကစား၊ ကျန်းမာရေး စသည်တို့ကို ပံ့ပိုးပေးခြင်းများအား အလုံးစုံတားမြစ်ရန်ဟူသည့် အစီအစဉ်များထည့် သွင်းထားသည်။ ယင်းအတွက်နိုင်ငံစုံမှ အမိန့် ထုတ်ကာ အလုံးစုံပိတ်ပင်တားမြစ်ခြင်း (ဃသာ-စမန့နညျငလန ညြေ) အဖြစ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂ဝ၁၃ ခုနှစ်အတွင်း ၇ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း အထိ သုံးစွဲမှုကျဆင်းလာသည်ကို တွေ့ရကြောင်း၊ ရန်ကုန်ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၏ ယခင် နှစ် ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် အလုပ် ရုံဆွေးနွေး ပွဲ တင်ပြချက်အရသိရသည်။ သို့သော် အချို့သော နိုင်ငံများမှာမူ တားမြစ်ချက်တချို့ တစ်ဝက်သာ ဆောင်ရွက်နေဆဲ ဖြစ်သည်ဟု သိရသည်။ ထို့ပြင် မြန် မာနိုင်ငံတွင်း ပြဋ္ဌာန်းထားသည့် ဥပဒေပါ အ ချက်များအား မသိကျိုးကျွံ ပြု၍ ရောင်းချခြင်းများ ပြုလုပ်နေဆဲဖြစ်သည်ဟု အဆိုပါဆွေးနွေးပွဲ ကနဦး အစီရင် ခံစာ၌ ထည့်သွင်းဖော်ပြထားသည်။ ဥပဒေ ရှိပါလျက် ဤကဲ့သို့ တိကျစွာ လိုက်နာမှုမရှိဘဲ နေနိုင်ခြင်းမှာလည်း အဖြေရှာရန်လိုနေသည့် အကြောင်းအချက်ဖြစ်မည်။
မြန်မာနိုင်ငံတွင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည့် ယင်းဥပဒေအသက် ဝင်၊ မဝင်ဆိုသည့် အချက် ထက် အဆိုပါဥပဒေရှိပြီးဖြစ်သည်ကို ပညာရေးဝန် ကြီးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမများကိုယ် တိုင် ထဲထဲဝင်ဝင်မသိကြသေးသည်က ပိုဆိုးကြောင်း မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးဥက္ကဋ္ဌ  ကိုဇွဲ ရန်နိုင်က ထောက်ပြ သည်။ ဆေး လိပ်သောက်သုံးသည့် လူငယ်နှင့် ဆေး လိပ်ရောင်းချသူများအကြား ဥပဒေတွင်ကျယ်လာ ရန်မှာ ပိုမိုအရေးကြီးသော်လည်း အဆိုပါ လူငယ် များအား သွန်သင်လမ်းပြမည့် ဆရာ၊ ဆရာမများ မသိရှိနေခြင်းကို အစိုးရအနေဖြင့် ဆန်းစစ်၍ ထိ ရောက်စွာ ပညာပေးသင့်ပြီဟုလည်း ဆိုသည်။ လူငယ်နှင့်ဆေးလိပ်အပေါ် လူငယ်အစည်းအရုံး ဥက္ကဋ္ဌက ”ဆေးလိပ်သောက်တာကို အဖြူ၊ အစိမ်းကျောင်းသားတွေကြားထဲမှာ များများစားစားမြင်လာရပြီ။ ဒါက အင်မတန် ဆိုးရွားပြီး၊ အန္တရာယ်ကြီးတယ်”
ဆေးလိပ်၊ လူငယ်နှင့် ခံယူချက်
တစ်နှစ်ကျော်နီးပါး ဆေးလိပ်သောက်နေခဲ့ သည့် ဆယ်တန်းကျောင်းသား မောင်ကျော်ဇင် ထက်၏ ဆေးလိပ်ခံယူချက်မှာ လွတ်လပ်မှုဟုဆို သည်။ မိဘကွယ်ရာ၌ သူငယ် ချင်းနှစ်ဦး ခိုး သောက်ရာမှ စွဲသွားခဲ့ခြင်းလည်း ဖြစ်သည်။ သူ၏ ဆေးလိပ်သောက်ရသည့်အဓိက အဓိပ္ပာယ်ဖွင့်ဆို မှုတစ်ရပ်လည်း ရှိသည်။ ယင်းက သူငယ်ချင်း များ နှင့် သက်တူရွယ်တူ အမျိုးသမီးလေးများကြားတွင် ”စတိုင်လ်” ကျနေခြင်းပင် ဖြစ်သည်ဟု ဆိုသည်။
အသက် ၁၇ နှစ်ခန့်ရှိ ပထမနှစ် မြန်မာစာ ကျောင်းသားကိုမင်းဝေကမူ အခြားသူများ ဆေး လိပ်သောက်နေသည်ကိုမြင်၍ စတင်စမ်းသပ်ကြည့် ခြင်းဖြစ်သည်ဟုပြောသည်။ သူ့ထက်  အသက်အ ရွယ်ကြီးသည့် အစ်ကိုများ၏ တိုက်တွန်းမှုများ ကြောင့်လည်း ပါသည်ဟု ဆိုသည်။ လူငယ်များအကြား ဆေးလိပ်အပေါ် ပြင်း ထန်သည့် ခံယူချက် တစ်ခုအဖြစ် သောက်သုံးခြင်း ကိုမူမတွေ့ရ။ လူငယ်တို့၏ ကိုယ်ပိုင်ခံစားချက် များနှင့် လူငယ်အရွယ် လက်တည့်စမ်းလိုသည့် အရာကြောင့်သာ ဆေးလိပ်စွဲသူ လူငယ်များ တ ဖြည်းဖြည်းများပြားလာခဲ့ခြင်းဖြစ်သည်ဟု လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောသည်။
ထို့အပြင် လက်လှမ်းမီသည့် အလွယ်တကူ နေရာများ၌ စီးကရက်များ တစ်လိပ်ချင်း ဝယ်နိုင် နေခြင်းကလည်း ပြဿနာရှိနေသည်ဟု  ကျန်းမာ ရေး ဝန်ကြီး ဌာ နမှ  ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင် ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။ ဆေးလိပ် အမြဲတမ်းသောက်ဖြစ်ခဲ့သည့် အသက် ၂ဝ အရွယ် ကိုဝေယံက ”တစ်လိပ် ချင်းသာ မရောင်းရတော့ဘူးဆိုရင် ကောင်းပါတယ်။ တစ် လိပ်၊ နှစ်လိပ်ပဲ သောက်ဖြစ်တဲ့ လူတွေအတွက် တကူးတကဝယ် မသောက်ဖြစ် ကြတော့ဘူးပေါ့” ဟု ဆိုသည်။သို့သော် သူ့အဖြေက ဤနေရာတွင် ရပ်မသွားဘဲဆက်ပြောသည့်အချက်မှာ အတွေးချဲ့ထွင်စရာကောင်းသည်ဟု ဆိုနိုင်သည်။ ၎င်းက ”ဒါပေမဲ့ဗျာ။
ပိုက်ဆံတတ်နိုင်လို့ဘူးလိုက်ဝယ် သောက်ဖြစ်မယ်ဆိုရင်တော့ ဆေးလိပ်ပိုသောက်လာတာမျိုး မဖြစ်နိုင်ဘူးလား” ဟူ၍ဖြစ်သည်။ ဥပဒေအရ တားမြစ်ချက်များ ထွက်ပေါ် လာမည်ဆိုပါက ၎င်းတို့အနေဖြင့် မကောင်းဆိုစရာမရှိဟု အထက်ပါ လူငယ်အားလုံးတို့က ဆိုသည်။ဆယ်တန်းဖြေဆိုတော့မည့် မောင်ကျော်ဇင် ထက်က ”ဥပဒေ အရတားတာကို မလိုက်နာစရာ မရှိပါဘူး။ ဥပဒေအရ အပြစ်ပေးနိုင်မယ်မှန်းကိုမသိထားတာ” ဟု ပြောသည်။ လူငယ်များအကြား ပြည်တွင်းထုတ်ဆေးလိပ် များ အပြင် နိုင်ငံခြားဖြစ်စီးကရက်များကပါ တစ်လိပ်ချင်းဝယ်ယူရနိုင်နေသည့်အတွက် လွယ်ကူစွာ ဝယ်သောက်ဖြစ်နေခြင်းဟုလည်း အကြောင်းပြသည်။ သူ၏ အကြိုက် ဆုံး က ဒန်ဟေးစီးကရက် ဟုလည်း ဆိုပြန်သည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက် သုံးမှုထိန်းချုပ်ရေး ဥပဒေကိုထုတ်ပြန်ခဲ့သည့် ရည်ရွယ်ချက်များကိုယ်၌ပင် ပြည်သူများဆေးလိပ်နှင့် ဆေးရွက်ကြီး၏ ကျန်းမာရေးထိခိုက်စေနိုင်မှုတို့ကိုသဘောပေါက်စေရန်၊ ကလေးသူငယ်နှင့် လူငယ် များအပါအဝင် ပြည်သူများကြား ဆေးလိပ်သောက် သုံးခြင်းအလေ့အထမှ တားဆီးကာကွယ်၍ ကျန်း မာသော နေထိုင်မှုဘဝရှိစေရန်ဟုပါဝင်သည်။  ဆေးလိပ်သောက်သုံးနေကြသည့် လူငယ်များ၊ လူကြီးများကိုယ်တိုင် သည် ပင်လျှင် ဆေး လိပ် ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်များအား သိရှိပြီးလည်း ဖြစ်သည်။ ကြီးမားသည့် ရောဂါအခြေအနေများအား ထဲထဲဝင်ဝင်မသိရှိသည့် တိုင်အောင် ဆေး လိပ် အနေဖြင့် အ ဆုတ်၊ နှလုံးနှင့်ခံတွင်းများအား ပြင်းထန်စွာထိခိုက်စေသည်ကိုမူ အကြမ်းဖျင်းသိရှိထားကြောင်း အထက်ပါ လူငယ်များအား မေးမြန်း ချက်အရ သိရသည်။
ဤသို့ဆိုလျှင် ဆေးလိပ်သောက်သုံးသူ လူ ငယ်များဆေးလိပ်ဖြတ်ရန် ခက်ခဲနေကြသေးသည် က အဘယ်ကြောင့်နည်း။ အလွယ်တကူဝယ်ယူနေ နိုင်ခြင်းကြောင့်လား။ စိတ်ခံယူချက်များကြောင့် လားဟူသည့် မေးခွန်းများက လည်ပတ်နေကြ သည်။ သို့သော်ဆေးလိပ်သောက်နေသည့် လူငယ်၊ လူကြီး၊ ကျား၊ မမရွေး ”ဆေးလိပ်ဖြတ်လို့ မရ သေးလို့ပါ”ဟူသည့်ခေါင်းစဉ်အောက်၌ ပုန်းခိုဆဲ ဖြစ်သည်။ ထိုသူတို့ထံတွင် ဆေးလိပ်ဖြတ်မည်ဟု ဆုံးဖြတ်ထားသည့် နေ့စွဲတချို့ကလည်း ရှိသည်။ သို့သော် ထိုနေ့ များဟူသည် ပြက္ခဒိန်၌ တိကျသေ ချာမှု မရှိသေး။
ဆေးလိပ်သောက်ရန် သီးသန့် နေရာ ရှိသည်/မရှိပါ
ဆေးလိပ်မသောက်ရမည့် နေရာများကို သင်သိပါသလား။ ထိုနေရာများ သတ်မှတ်ပေးထား ပြီးဖြစ်သည်ကို ဥပဒေ၏ အခန်း (၄) ဆေးလိပ် သောက်ခွင့် မရှိသောနေ ရာများဟူသည့် ပြဋ္ဌာန်း ချက်တွင်တွေ့နိုင်သည်။ ဆေးရုံ၊ ဆေးခန်း၊ အား ကစားရုံ၊ အားကစားကွင်း၊ ကလေးကစားရုံ၊ ကစားကွင်း၊ ကျောင်း၊ တက္ကသိုလ်၊ ရုပ်ရှင်ရုံ၊ ဇာတ် ရုံနှင့် ကုန်တိုက်၊ စတိုးဆိုင်နှင့် အမိုးအကာရှိ ဈေး ရုံများ၊ ပြတိုက်၊ စာကြည့်တိုက်၊ ဓာတ်လှေကားနှင့် မော်တော်ယာဉ်များ၊ လေယာဉ်များ၊ လေအေးစက် တပ် အများပြည် သူသုံးအခန်းများ၊ ခန်းမကြီးများ၊ သင်တန်းကျောင်း၊ ခန်းမများ အပါအဝင် ကျန်းမာ ရေးဝန်ကြီးဌာနမှ အမိန့်ကြေညာချက်ထုတ်ပြန် သတ်မှတ်သည့်နေရာများ စ သည်ဖြင့် နေရာ ၁၅ ခုခန့် ပါဝင်သည်။ ၎င်းထုတ်ပြန် ချက်များအား မလိုက်နာပါက သက်ဆိုင်ရာက ပြစ်ဒဏ်များဖြင့် အရေးယူမည်ဟုလည်း ပါဝင်သည်။ မှန်ပါသည်။ မြန် မာနိုင်ငံတွင်းရှိ ဆေးလိပ်သောက်သုံးနေသူအ များစုမှာ သတ်မှတ်ထားသည့် အထက်ပါနေရာ များ၌ ဆေးလိပ်သောက်သုံးနေခြင်းက နည်းပါး သည်။ အထူးသဖြင့် စူပါမားကက်၊ စားသောက် ခန်းနှင့် ရုပ်ရှင်ရုံများတွင် ဆေးလိပ်သောက်သုံး သည့်အလေ့အထများစွာမရှိတော့။ ယင်းက ဥပဒေ ပါ အချက်များသိ၍မဟုတ်ဘဲ အဆိုပါနေရာ များ၌  ထားရှိထားသည့် လုံခြုံရေးများ၊ တာဝန်ရှိသူများက ဟန့်တားခြင်းကြောင့်သာဖြစ်သည်ဟု အသက်သုံး ဆယ့်ငါးနှစ်အရွယ်ရှိပြီဖြစ်သည့် ဦးဇော်ဇော်ထွန်း က ဆို သည်။ ”အဲ့ဒီလို နေရာရောက်ရင် ဆေးလိပ်ထုတ် သောက်ဖို့ဆိုတာ အလိုလိုရှိန်သွားတယ်” ဟူ၍ဖြစ် သည်။
သို့သော် ထိုနေရာများတွင် သောက်သုံးမှုနည်းပါးလာသော်လည်း အများပြည်သူများ လွတ်လပ်စွာသွားလာလှုပ်ရှားနေသည့် ဧရိယာများ၊ လမ်းများတွင် ဆေးလိပ်သောက် သုံးသွားသူများ ရှိနေဆဲဖြစ်သည်။”ဘတ်စ်ကားပေါ်မှာတောင် ဆေးပေါ့လိပ် ကြီးထုတ်ပြီး သောက်နေတာ ကိုယ်တိုင်ကြုံခဲ့ဖူး တယ်။ စပါယ်ယာကလည်း မသိကျိုး ကျွံပြုနေတယ်။ ဒရိုင်ဘာကလည်း စီးကရက်သောက်ရင်းမောင်း နေတာလေ”ဟု ဆူးလေမှ မြောက်ဥက္ကလာသို့ သွားသည့် ၄၃ မထသ အထူးယာဉ်လိုင်းပေါ်တွင် တွေ့ ကြုံ ခဲ့ရသည့်အဖြစ်အပျက်ကို မဖူးဖူးက ပြန်ပြောင်းပြောပြသည်။
ဤသို့သောအဖြစ်များအား ဆေးလိပ်သောက် သုံးခွင့်ပြုသည့်နေရာများဖန်တီးကာ ပြုလုပ်ပေးသင့် သည်ဟု ဆေးလိပ်သောက်သူများက ဆိုသည်။ ရုံး၊ ဌာန၊ စက်ရုံ၊ အ လုပ်ရုံ၊ ဟိုတယ်နှင့် ဧည့်ရိပ် သာများ၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်နှင့် အ ဝေးပြေးကားဂိတ်များ၊ ပျော်ပွဲစားရုံများနှင့် အခြား သတ်မှတ်ခွင့်ပြုထားသည့် အဆောက် အ အုံများ တွင် ဆေးလိပ်သောက်သုံးခွင့်ရှိသည့် သီးသန့်နေ ရာများ စီမံထားရှိပေးရမည်ဟုလည်းဥပဒေအတွင်း ပါရှိသည်။ သို့သော် ဆေးလိပ်တရား ဝင် သောက် သုံး ရန်နေ ရာများနှင့် ဆေးလိပ်ကင်းမဲ့ဇုန်များမှာ ကား ပီပီပြင်ပြင် တည်ရှိလာခြင်း မရှိသေးပေ။
လက်လီ၊ လက်ကားဟူသည် စီးပွားရေး
ရန်ကုန်မြို့တွင်း လူစည်ကားရာ၌ဖွင့်ထား သည့် ကွမ်းယာဆိုင်များတွင် တစ်နေ့လျှင် ဆေး လိပ်ဘူး ၂ဝ ကျော်ခန့် ရောင်းချနေရပြီး ယင်းသို့ ရောင်းချခြင်းမှာ လက်လီ စနစ်ဖြင့် တစ်လိပ်၊ နှစ် လိပ်မှ စရောင်းချခြင်းဖြစ်သည်ဟု သိရသည်။ ထို့ပြင် လက်ဖက်ရည်ဆိုင်များတွင် တစ်ရက် ဆေးလိပ်ဘူး ၅ဝကျော်နှင့်အထက် ရောင်းချနေ ရပြီး တစ်ခါတစ်ရံ ဘူးလိုက်ဝယ်ယူမှုများလည်း ရှိ ကြောင်း ပုဇွန်တောင်မြို့နယ်ရေကျော်လမ်းမတန်းရှိ ကဖီးဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။
ဆိုင်အတွင်း ဆေးလိပ်ဘူးများပြသထားသည့် မှန်ပုံးအရှေ့တွင်မူ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေတတ်ကြောင်း အသိပေးစာတမ်း ကပ် ထားပေးသည် ဟုလည်း ဆိုသည်။ ရန်ကုန်မြို့ ကျောက်တံတားမြို့ နယ်အတွင်း ဆေးလိပ်နှင့်အရက်၊ ဘီယာအချို့ သီးသန့်ရောင်းချလျက်ရှိသည့် လက်လီ၊လက် ကား ဆိုင်ကမူ နောက်ပိုင်းတွင် နိုင်ငံခြားဖြစ်စီးကရက်များအစား ပြည်တွင်းမှ နာမည်ကြီးလာသည့် စီးကရက်ကိုသာ အားပြုရောင်းလာရ သည်ဟုဆိုသည်။ ၂ဝ၁၃ ခုနှစ် အတွင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ထူးကဲသောအရသာနှင့် မူလအရသာအတိုင်းဟူသည့် စီးကရက်ပင်လျှင် တစ်ချိန်က နာမည်ကြီးခဲ့သော်လည်း လက် ရှိတွင် ရောင်းအားမရှိလှဟုလည်း သိရသည်။
ဆိုင်အတွင်း စီးကရက်ဘူးများက အမျိုးအစားစုံလင်စွာရှိနေဆဲဖြစ်ပြီး ဆေးလိပ်ဘူးခွံတိုင်းတွင် ကျန်းမာရေး သတိပေးစာတန်းများ၊ အသက်မပြည့်သေးသူ မရောင်းရ စာတန်းများ ပါဝင် နေဆဲဖြစ်သည်။ နိုင်ငံခြားဖြစ် နာမည် ကြီးဆေးလိပ်ဘူးများတွင်မူ ဆေးလိပ် သောက်ခြင်း၏ ပြင်းထန်သည့် ဆိုးကျိုး များကို ပုံများနှင့်တကွ ထည့် သွင်းဖော်ပြ လာကြသည်။ သို့သော် ယင်းတို့က ဈေး ကြီးမြဲဖြစ်ပြီး အဆိုပါပုံများပါ စီးကရက် ဘူးများအား စွဲမြဲစွာ အားပေးသူများက အားပေးဆဲလည်းဖြစ်သည်။
”ဆေးလိပ်၊ အရက်လုံးဝရောင်းခွင့် မပြုဘူးဆိုတာမျိုးမဟုတ်ဘဲ အသက်မပြည့်သေးတဲ့သူတွေကို မရောင်းဖြစ်ဖို့ ဖိဖိစီးစီးတားမြစ်တာပဲ ကောင်းမှာပါ။ ကျွန်တော်တို့က စီး ပွားရေးလုပ်နေ ကြတာလေဗျာ။ လာဝယ်မယ့်လူတိုင်းကို မှတ်ပုံတင်ပြခိုင်း၊ ပိုက်စိတ်တိုက်စစ်နေလို့ဘယ်ကောင်းမလဲ။ ဝယ်တဲ့သူတွေ မဝယ်ရဲအောင် တိတိကျကျ အရေး ယူ ကြ။ ရောင်းမိရင်လည်း ဆိုင်ကိုအပြစ်ပေးပေါ့” ဟု သာကေတမြို့နယ် ၉-ရပ် ကွက်အတွင်းရှိ ယမကာနှင့် ဖျော်ရည်မျိုးစုံ အရောင်းဆိုင်ရှင်က သူ့အမြင် ကို ပြော သည်။  တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကမူ ”အခွန်တိုးကောက်တာမျိုးတို့၊ ကြော်ငြာခွင့်လည်း မပြုသင့်တာမျိုးတို့ကို တင်းတင်းကျပ်ကျပ် လုပ်သင့်ပြီ။ ဒါပေမဲ့ အဲ့ဒီရဲ့ အဓိကတာဝန်က ဈေး ရောင်းမယ့် စီးပွားရေးသမားနဲ့ လူငယ်တွေ မဟုတ်ဘူး။ အစိုးရ၊ ကျောင်းနဲ့ မိဘပဲ” ဟု မှတ် ချက်ပြုပြောကြားသည်။
၁၈ နှစ်မပြည့်လျှင် အောက်ပါအရာများ အသုံးမပြုသင့်ပါ
ဆေးလိပ်တစ်မျိုးတည်းသာ အသက် ၁၈ နှစ်မပြည့်လျှင် ခွင့်မပြုထားခြင်းမဟုတ်။ အရက်၊ ဘီယာသောက်သုံးမှုလည်း အပါအဝင်ဖြစ်သည်။ သို့သော် အသက် မပြည့်သေး သူများကိုပါ ရောင်းချနေခြင်းများရှိကြောင်း၊ ယခင်နှစ် ဒီဇင်ဘာလအတွင်းပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးတွင် ဒဂုံ အရှေ့ပိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ထူးက အဆိုတင်သွင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်းကမူ ၎င်းတို့အနေဖြင့် ယင်းသို့ ရောင်းချနေသူများအား ယစ်မျိုးဥပဒေနှင့် အညီ ဆောင် ရွက်နေလျက် ရှိပြီး ရောင်းချခြင်းသာမက ဝယ်ယူခြင်းမပြုရန်ကိုပါ ထည့်သွင်းပြဋ္ဌာန်းထားသည်ဟုဆိုသည်။ ထို့ကြောင့် လိုက်နာမှု ရှိ မရှိကိုမူ အဖွဲ့လိုက်စီမံချက်ချမှတ်ကာ ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်နေသည် ဟု သိရသည်။
ဆေးလိပ်၊ ဆေးရွက်ကြီး ဥပဒေ တွင်လည်း အသက်မပြည့်ဘဲ ဆေးလိပ် သောက်သုံးသူများအား ပထမအနေဖြင့် ပညာပေး၊ သတိပေးခြင်းနှင့် မိဘအုပ် ထိန်းသူ ကို ပြောကြားခြင်းပြုလုပ်ရမည် ဖြစ်ပြီး ထပ်မံကျူးလွန်ပါကသက်ဆိုင်ရာ ဝန်ကြီးဌာနဗဟိုအဖွဲ့၏ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ အရေးယူသွားမည်ဟု ပါရှိသည်။မြန် မာနှင့် အိမ်နီးချင်းနိုင်ငံဖြစ် သည့် စင်ကာပူနိုင်ငံအတွင်း ဆေးလိပ် မသောက်ရဇုန်များစွာ သတ်မှတ်ထားပြီး ၎င်းဇုန်များတွင် ဆေးလိပ်သောက်ခြင်း ရှိမရှိကိုမူ လျှို့ဝှက် ကင် မရာများဖြင့် မှတ်တမ်းတင်လေ့ရှိသည်ဟု သိရသည်။စင်ကာပူတွင် အလုပ်လုပ်ကိုင်နေ သည့် အသက် ၂၃ နှစ်အရွယ် မြန်မာ နိုင်ငံသား ကိုဖြိုးသုခက ဆေးလိပ်ရောင်း ချ သူများအနေဖြင့် ဝယ်ယူသူအား အ သက်မပြည့်ဟုယူဆမိလျှင် နိုင်ငံသား သက်သေခံကတ်ပြားအားတောင်းယူ၍ တိုက်ဆိုင် ကြည့်ရှုလေ့ရှိသည်ဟု ဆို သည်။ အသက် မပြည့်လျှင် လုံးဝမ ရောင်း။ စည်းကမ်းဖောက်ဖျက်၍ အသက်မပြည့်ဘဲ ဆေးလိပ်သောက်သုံး ပါက စင်ကာပူဒေါ်လာ သုံးရာဒဏ် ရိုက်သည်ဟုသိရသည်။ ထို့ကြောင့် စင် ကာပူတွင် ဆေးလိပ်သောက်သည့် လူ ငယ်ကျဆင်းလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် ဆေးလိပ်တစ်ဘူးလျှင် မြန်မာငွေ ၈၅ဝဝ ကျပ်နီးပါးရှိနေသည့် အ တွက် ဈေးနှုန်းအနေဖြင့် မတတ်နိုင် ခြင်းဖြစ်မည်ဟုလည်း ၎င်းက ထပ် လောင်း ပြောသည်။ အမှန်တကယ်ပင် ဆေးလိပ်ကင်း မဲ့ဇုန်များ ပေါ်ပေါက်နေပြီဖြစ်သည်။
ယခုမှစ၍ ဂရုပြုရန် သင့်ထံတာဝန်ရှိသည်
အသက် ၁၈ နှစ်မပြည့်သေးပါက ဆေးလိပ်မသောက်မိရန် ဥပဒေဖြင့် တားမြစ်ခြင်းသာမက ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ခံစားမှုအပါအဝင် ကျန်းမာရေး အရ ကိုယ်တိုင်ပင် ဆင်ခြင်သင့်သည်ဟု အသက် ၂၅နှစ်ခန့် ရှိပြီဖြစ်သည့် ကိုမျိုး မင်းစိုး (အမည်လွှဲ)က ဆိုသည်။ သူက လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်နှင့် ကွမ်း ယာဆိုင်များသို့ စီးကရက်များ လိုက် လံဖြန့်ဖြူးပေးရသည့် အရောင်းမြှင့်တင် ရေး ဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။ သို့သော် ၎င်းက သူကိုယ်တိုင် ဆေးလိပ်မသောက်ကြောင်း လက်မထောင်၍ ဆိုသည်။ ”စိတ်ပါပဲဗျာ။ အလုပ်အရသာ လိုက်ရောင်းပေးနေရပေမယ့် ယောင်လို့တောင် မမြည်းကြည့်ဘူး” ဟု ၎င်းက ဆိုသည်။
ကိုမျိုးမင်းစိုးကဲ့သို့ပင် ဆေးလိပ် နှင့် မနီးစပ်သည့်လူငယ်အများစုလည်း မြန်မာလူမှုပတ်ဝန်းကျင်အတွင်း ရှိနေ ဦးမည်ဖြစ်သည်။ ထို့ကြောင့် ဆေးလိပ် သောက်ခြင်းမှ ကင်းဝေးစေရန်ဆိုသည် က ခက်ခဲစွာတားမြစ်ရမည့်အရာ မဟုတ်သော်လည်း စနစ်တကျ လိုက်နာရန်အတွက်ကိုမူ တင်းကျပ်စွာလုပ် ဆောင်သင့်ပြီဖြစ်ကြောင်း ကျန်း မာရေး အသိပညာပေးစာပေများ ရေးသားနေ သည့် စာရေးဆရာများ ဆရာဝန်များက ထောက်ပြဆဲလည်း ဖြစ်သည်။
ဆေးလိပ်သောက်ခြင်း မရှိစေရန် နိုင်ငံအနှံ့အပြားတွင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေကြပေလိမ့်မည်။ မြန်မာ နိုင်ငံတွင်လည်း ဆေးလိပ်သောက်ခြင်း သည် ကျန်းမာရေးအား ဆိုးရွားစွာ ထိ ခိုက်စေကြောင်းကို အကျယ်တဝင့် ရေး သားဖော်ပြကြသည်။ အသိပညာပေး လျက်ရှိသည်။ သို့သော် ထိရောက်စွာ အရေးယူ မှုအ ပိုင်းမှာမူ မြင်သာထင်သာ မရှိဘဲ အားနည်းနေဆဲ ဖြစ်သည်။ ”စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်” ဟူသည့် အသိပေး စာတန်းနှင့်    ”အသက် ၁၈ နှစ် မပြည့်သေးသူများကို မရောင်းရ” ဟူသည့် သတိပေးချက်ကို သင်တို့ ရင်းနှီးစွာ မြင်တွေ့ဖူးပါလိမ့်မည်။
ထိုစာများသည်  အရောင်းဆိုင်မှန် ကောင်တာများပေါ်နှင့် စီးကရက်ဘူးခွံများပေါ်တွင်တော့ သေသေချာချာ နေရာယူထားမြဲဖြစ်သည်။
သုတလင်း၊ မြတ်စုငြိမ်း၊ ဖိုးလပြည့်

popularmyanmar

စစ်သားနှင့် ကတိစကား (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီး စောမောင် ၏ အခြေခံဥပဒေအပေါ် သဘောထား




   ထင်ရှားကျော်ကြားသည့် နိုင်ငံ ရေးခေါင်းဆောင်အတော်များများက အပြောကောင်းလှသည်ကိုတော့စာဖတ် သူတို့ သိရှိပြီး ဖြစ်ပါလိမ့်မည်။
အမေရိကန်သမ္မတ လင်ကွန်း၊ အိန္ဒိယဝန်ကြီးချုပ် ပဏ္ဍစ်ဂျဝါဟလာ နေရူး၊ အမေရိကန်လူမည်းခေါင်းဆောင် မာတင်လူသာကင်း၊ ဗိုလ်ချုပ်အောင် ဆန်း၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု စသူ တို့ ပြောကြားခဲ့သော မိန့်ခွန်းများကို ယနေ့တိုင် ပြန်လည်ကိုးကားပြောဆို ရေးသားနေကြဆဲလည်း ဖြစ်ပါသည်။
ခေါင်းဆောင်ဆိုသည်နှင့် နိုင်ငံ ရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် တို့မည်သည် ဆိုခဲစေမြဲစေ ဆိုသလို မိမိတို့ ပြောဆိုလိုက်သည့် စကားကို မိမိ တို့ တာဝန်ယူကြ ရသည်မို့ လက်လွတ် စပယ် ပြော၍မရ။ ပြောပြီးလျှင်လည်း မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ တာ ဝန်ယူရသည်။ ပြောသလို လုပ်ရသည်။ လုပ်သလို ပြောရသည်။ အပြောနှင့်အ လုပ် ထပ်တူကျဖို့ လိုသည်။ အပြောတစ် မျိုး၊ အလုပ်တခြားဆိုလျှင်တော့ အနာ ဂတ် ပျောက်ဆုံးရတော့သည်။
သည်အထဲတွင် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ကွယ်လွန်ခဲ့ ပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးစောမောင် ကို ကျွန်တော် သတိရသည်။ သူ့ခေတ် သူ့အခါက မြန်မာနိုင်ငံ ၏ အုပ်ချုပ်ရေး တွေပျက်ပြားမှုကို စစ်ဥပဒေ  (Marshal Law) ဖြင့် ထိန်းသိမ်းခါစ ကာလလည်း ဖြစ်သည်။ အဘက်ဘက်မှ ကျဆင်းလာ သော အခြေအနေ အရပ်ရပ်ေ ကြာင့် ပြည်သူများမှ ဒီမိုကရေစီတောင်းဆိုမှု များ၊ ဒီမိုကရေစီအရေးတော်ပုံများ ပေါ် ပေါက်လာချိန်တွင် ကာကွယ်ရေးဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရ သော ဗိုလ် ချုပ်မှူးကြီးစောမောင်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် တွင် နိုင်ငံတော်အာဏာကို ရယူလိုက် ပြီးနောက် တိုင်းပြည်သို့ မိန့်ခွန်းပေါင်း မြောက်မြားစွာပြော ဆိုခဲ့ရသည်။

သူသည် စစ်သားဖြစ်၍သွယ်ဝိုက် မနေဘဲ တဲ့တိုးပြောဆိုမှုများကြောင့် ထိုစဉ်က ပြောစမှတ်ဖြစ်ခဲ့သည့် စကား တွေ လည်းရှိသည်။  ၂၅ နှစ်ခန့် ကြာ မြင့်လာသည့် ယခု အချိန်တွင် ဗိုလ် ချုပ်မှူးကြီး စောမောင်ပြောကြားခဲ့သည့် မိန့်ခွန်းများ၌ သူ၏ သဘောထားနှင့်ရပ် တည်ချက်တို့ကို တွေ့မြင်ရသည်။
၁၉၈၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁ဝ နာရီကကာကွယ်ရေးဝန်ကြီး ဌာန ဧည့်ရိပ်သာ၌ ပြည်တွင်း ပြည်ပ စာနယ်ဇင်းဆိုင်ရာ ပုဂ္ဂိုလ်များနှင့် တွေ့ ဆုံစဉ် ဗိုလ်ချုပ်မှူး ကြီးစောမောင်က -
‘ကျွန်တော်ဟာ တကယ့်တကယ် တော့ စကားပြောကောင်းတဲ့လူ မဟုတ် ပါဘူး။ စကားလည်းပြောဖို့ဟာ အင်မ တန် ဝန်လေးပါတယ်။ စကားပြောမိရင် အမှားပါမှာ လည်း အင်မတန်ကြောက် ပါတယ်။ ကျွန်တော်တို့ ဒီတာဝန်ကို ယူ ကြတာဟာ မလွှဲမ ရှောင်သာယူတယ်ဆို တာကို ယုံကြည်စေလိုပါတယ်။’ ဟု နိုင်ငံတော်အာဏာ ရယူခြင်းနှင့် ပတ် သက်၍ ပြောဆိုခဲ့သည်။
ထိုစဉ်က ရွေးကောက်ပွဲမလုပ် ရသေး။ ရွေးကောက်ပွဲလုပ်မည်ဆိုလျှင် အချိန်နှစ်နှစ်ခန့် လိုအပ်ကြောင်း ပါတီ ခေါင်းဆောင်များက ပြောဆိုနေချိန်မှာ ပင် ၁၉၉ဝ ပြည့်နှစ်   မေလ ၂၇ ရက်၌ ပါတီပေါင်း ၉ဝ ကျော်ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့သည်။
    သူ၏ အကျင့်စာရိတ္တ၊ လုပ်ဆောင် ချက်များနှင့် ပတ်သက်၍လည်း-
‘ကျွန်တော်တို့အနေနဲ့ ကျွန်တော် တို့ရဲ့ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဆိုတာ တကယ်တမ်း ကျတော့ တပ်မတော်ပါပဲ။ ကျွန်တော်တို့ လုပ်ကြ ကိုင်ကြတဲ့အခါမှာ ဒီနေ့အထိ ကျွန်တော့် ကိုယ်ကျွန်တော် ယုံကြည်တာ တစ်ခုရှိပါ တယ်။ ကျွန်တော်ဟာ ဥပဒေကို လက် လွှတ်ထားပြီးတော့ ဘယ်ကိစ္စကိုမှ ကျွန် တော်မလုပ်ခဲ့ပါဘူး။ ဟုတ်လား။ ကျွန် တော်ဟာလွတ်လပ်ရေးရပြီးမှ ကျွန်တော် တပ်ထဲ ရောက်ပါတယ်။ ၁၉၄၉ ခုနှစ်က ဝင်ပါတယ်။ အခုဆိုရင် ၁၉၈၉ ဖြစ် ပါတယ်။ နှစ်ပေါင်း ၄ဝ အတွင်းမှာ ကျွန်တော့်မှာ စစ်စည်းကမ်းအရသော် လည်းကောင်း၊ ဥပဒေအရသော်လည်း ကောင်း ကျွန်တော့်မှာ အားလုံး ကင်း ကင်းရှင်းရှင်းပဲ ကျွန်တော်နေခဲ့ပါတယ်။ ဒါ ဒီလိုပြော တဲ့အတွက် ဒီကောင်ကိုယ့် ကိုယ်ကိုယ် ကိုယ်ရည်သွေးလှချည်လား လို့ ဒီလိုလည်း မယူဆသင့်ဘူး။’ ဟု ပြောခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး စောမောင်က ရွေးကောက်ပွဲကော်မရှင်ကို တရားမျှ တစွာနှင့် လွတ်လပ်စွာလုပ်ဆောင်ဖို့ ပြောဆိုထားသည်။ ပြည်သူများမှ စစ် အစိုးရကို မယုံ။ သို့သော် လည်း ရွေး ကောက်ပွဲတကယ်လုပ်ပေးခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီ ၁၉၉ဝ ပြည့်နှစ်ကပြုလုပ်ခဲ့သော အင်တာဗျူးများ၊ မိန့် ခွန်းများ၌ အတိအလင်းပြောဆိုထား သည်။ ယင်းစကားမှာ -
‘၁၉၉ဝ ရွေးကောက်ပွဲပြီးလို့ပြည် သူက ရွေးချယ်ပေးလိုက်တဲ့အစိုးရတစ် ရပ်ပေါ်ပေါက်လာရင် စစ်တပ်ကစစ် တန်းလျားကိုပြန်သွားကြမယ်။ ‘ကျွန်တော် အာဏာလိုချင်ရ င် ပါတီထောင်မယ်၊ ကျွန်တော် ဒီနေ့ပါတီမထောင်ဖူး၊ ကျွန် တော့်မှာ background ပါတီမရှိဘူး’ ဟူ၍ ဖြစ်သည်။
ရွေးကောက်ပွဲပြီးလျှင် စစ်တန်း လျားကို ပြန်မည်ဟု ပြောဆိုခဲ့သော ဗိုလ်ချုပ်မှူးကြီးစောမောင်က အာဏာ ကို ဖြတ်လမ်းနည်းဖြင့် ရယူလိုခြင်း မရှိ။ တိုင်းပြည်အုပ်ချုပ်ရေး တွင် အခရာကျ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် များကသာ ရေးဆွဲကြရမည်။ သူက တာ ဝန်ယူရေးဆွဲမည်မဟုတ်ဟုလည်း အတိ အလင်း ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံနှင့် ပတ်သက်၍-
‘constitution ကျွန်တော်ရေး။ကျွန်တော် ပြည်သူ့ကိုယ်စားလှယ်မှ မဟုတ်ဘဲ။ ကျွန်တော် ဘာလို့ ရေးရ မလဲ။ ကျွန်တော် တရားခံလား။ အဲဒီ လို မလုပ်ပါနဲ့။ အာဏာ ရဖို့အတွက် ပါတီတွေ၊ မဲနိုင်အာဏာရဖို့ ကျွန်တော် က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဟ။ နောက် အနှစ် ၂ဝ လောက်ဆိုရင် သွား ပြီ။ ဒီ Constitution  က။ စောမောင် နဲ့ နဝတဆိုတဲ့ကောင်က ရေးသွားတာ။ သောက်သုံးကို မကျဘူး။ ကန်တော့ပါရဲ့ ခင်ဗျာ။ ဟုတ်လား တရားခံ၊ ဘာမှ လည်း မဟုတ်ဘူး။ စဉ်းစားကြည့်စမ်းပါ ဦးဗျာ။’ ဟု ဖွဲ့စည်းပုံ ရေးဆွဲရေးကို ငြင်းပယ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ ပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမည်ဆိုသော ကတိကိုပေးကာ ထို ကတိအတိုင်း လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ခဲ့ သည်။
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်းက’မိမိကိုယ်ကို နာမည် ကြီးအောင်၊ ကြွယ်ဝအောင်လုပ်တတ် သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည် ကောင်းအောင် လုပ်တတ်မှ နိုင်ငံရေးဖြစ် ၏’ ဟု ဆိုခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကတော့ သူအာဏာမမက် ကြောင်းကို ယခုလို ပြောခဲ့သေးသည်။
‘အခု ကျွန်တော် ဒီအလုပ်က burden ပဲ။ ကျွန်တော် နေ့မအိပ် ည မအိပ် လုပ်ရပါတယ်။ ကျွန်တော် လုပ် တဲ့ အကြောင်းလေးတော့ ပြောပါရစေ။ တစ်ညမှာ အလွန်ဆုံး တစ်ခါတလေ သုံးနာရီခွဲအိပ်၊ တစ်ခါတလေ လေးနာရီ ပဲ အိပ်။ ပိန်ချုံးကျသွားတဲ့ အခါကျတော့ ပြောမှာပေါ့။ ကျွန်တော့်မှာ အပူအပင်ရှိ တယ်။ ကျွန်တော့်မှာ ဝန်ထုပ်ဝန်ပိုးရှိ တယ်။ ကျွန်တော်ဒီလိုပဲခံယူတယ်။ ဘာ အာဏာမှမလိုချင်ဘူး။ဘာမှမက်လောက် စရာ မရှိပါဘူး။ ဒါ ကျွန်တော် ပွင့်ပွင့် လင်းလင်းပြောနေတာ။’ဟု ဆိုပါသည်။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မဲအပြတ်အသတ်ဖြင့်နိုင် သည်။ အများပြည်သူတွေက အနိုင်ရပါတီကို အာဏာလွှဲပေးတော့ မည်ဟု ထင်မြင်ခဲ့ ကြသည်။
၁၉၉၁ခုနှစ် သြဂုတ်လတွင် ဗိုလ် ချုပ်မှူးကြီးစောမောင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့စဉ် ထိုစဉ်ကတရုတ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်လီပင်း နှင့်တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ်လီပင်း က တရုတ်နိုင်ငံသည် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ရုပ်လုံးဖော်ခဲ့သော တံ ခါးဖွင့်ဝါဒကို ဆက်လက်ကျင့်သုံး လျက် ရှိပြီး မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ် မှူးကြီးစောမောင်၏ ပြောဆိုချက်အ များအပြားသည် မိမိနှင့်သဘောထား တူညီပြီး နီးစပ်သောအမြင်များရှိသည် ဟု တရုတ် ဝန်ကြီးချုပ်လီပင်းက ပြော ဆိုခဲ့လေသည်။
မြန်မာနှင့်တရုတ်တို့၏ နိုင်ငံရေး ခေါင်းဆောင်များ၏ ကံကြမ္မာကို နှိုင်း ယှဉ်လေ့လာကြည့်လျှင် တရုတ်ခေါင်း ဆောင်ကျောက်ကျိယန်နှင့် မြန်မာအ ကြီးအကဲ ဗိုလ်ချုပ် မှူးကြီးစောမောင်တို့ ဘဝကံကြမ္မာ နီးစပ်မှု ရှိနေသည်ကို လည်း တွေ့ရပါသည်။
နဝတဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူး ကြီးစောမောင် တာဝန်ယူနေစဉ် အ တွင်းအရှေ့ဥရောပနိုင်ငံများရှိ ကွန်မြူ နစ်အစိုးရအဖွဲ့များ တစ်နိုင်ငံပြီး တစ် နိုင်ငံပြုတ်ကျခဲ့ပြီး နောက် ဆုံးတွင်ကွန် မြူနစ်အရှေ့ဂျာမနီနှင့် ဒီမိုကရက်တစ် အနောက်ဂျာမနီတို့အကြားပိုင်းခြား ထားသော ဘာလင်တံတိုင်းကြီး ပြိုကျ သွားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေ ကျင်းတွင်လည်း ၁၉၈၉ ခုနှစ် ဧပြီလ တွင် စီးပွားရေးနှင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ကျောင်း သားများက ဆန္ဒပြခဲ့ကြ သည်။ ယင်း ဆန္ဒပြမှုများကို ကိုင်တွယ်ရန် ပျော့ ပျော့ပျောင်းပျောင်း ကိုင်တွယ်လိုသည့် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင် ကျောက်ကျိယန်နှင့် ပြတ်ပြတ်သား သားကိုင် တွယ်လိုသော ပါတီထိပ်တန်း ခေါင်းဆောင်လီပင်းတို့အကြား နှစ် ခြမ်းကွဲခဲ့သည်။  ထို့နောက်အစိုးရက ဆန္ဒပြမှုများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့ ပြီး ကျောက်ကျိယန်ကို လည်း ကွယ်လွန်သည်အထိ နေအိမ်အကျယ် ချုပ်ချထားခဲ့သည်။
ထိုသို့ နေအိမ်အကျယ်ချုပ်ချထား ခြင်းခံရစဉ်ကာလအတွင်း သူရေးသား ခဲ့သော Prisoner of the State; The Secret Journal of Zhao Ziyang  ကို ၂ဝဝ၉ ခုနှစ် သူကွယ်လွန်ပြီးမှ ထုတ်ဝေခဲ့ရာ ကမ္ဘာကျော်စာအုပ်တစ် အုပ်လည်း ဖြစ်ခဲ့သည်။
ရာဇဝင်တွင်အောင် ပြည်သူတို့ က မဲပေးရွေးချယ်လိုက်ကြသည့် ပါတီ ကြီး ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရစဉ်က ‘ပိတောက်တွေလှိုင်တဲ့နှစ်၊ ခမောက် တွေနိုင်တဲ့ခေတ်’ဟု ဆရာတင်မိုးက လှလှပပလေး ရေးဖွဲ့ခဲ့သည်။ ရွေး ကောက်ပွဲရလဒ်က ထင်သလို ဖြစ်မလာတော့ ရွေးကောက်ပွဲလုပ်ခြင်းသည် တိုင်းပြည်အာဏာကို ပေးအပ်ရန်မ ဟုတ်။ အနိုင်ရ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေရေးရန်သာ ဖြစ်သည်ဟု ဆိုလာသည်။
ဆက်လက်ဖော်ပြပါမည်
ညီမင်းနောင်

popularmyanmar

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရ

ဓာတ်ပုံ - Yangon Heritage Trust

ရန်ကုန်မြို့ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ဖိအားတွေက အဓိက စိန်ခေါ်မှု ဖြစ်နေတယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ တမူထူးခြားတဲ့ ကိုလိုနီခေတ် မြို့ပြ ဗိသုကာလက်ယာ အဆောက်အုံ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်မြှင့်တင်ပေးဖို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က (YHT) လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စတင် ဦးဆောင်ကြိုးပမ်းနေတာပါ။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပြင်ပက ရင်းနှီးမြှုပ်နှံမှုတွေက ၀င်ရောက်လာမှာ ဖြစ်သလို ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ထွန်းကားလာမှာဖြစ်လို့ မြို့ပြအမွေအနှစ်ကို ထိန်းသိမ်းဖို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ဖိအားတွေက အဓိက စိန်ခေါ်မှုဖြစ်နေတယ်လို့ YHT အဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်မို့မို့လွင်က ပြောပါတယ်။
မြို့ကြီးတိုင်းမှာ စနစ်တကျဖွံ့ဖြိုးဖို့အတွက် အစီအစဉ်က ရှေ့က ကြိုတင်ချမှတ်ရတာ ဖြစ်သလို လူတွေကလည်း သိရှိနားလည်ဖို့ လိုပေမယ့် မြန်မာနိုင်ငံမှာတော့ အစီအစဉ်ကို ရှေ့ကနေ သွားနိုင်ဖို့ မလွယ်ဘူးလို့ ဒေါ်မို့မို့လွင်က ပြောပါတယ်။
“ကျမတို့ ဒီမှာက Plan ကို ရှေ့ကနေ သွားနိုင်မယ့် အခွင့်အလမ်းက မရခဲ့ဘူး။ အခု Plan တွေ စလုပ်တာနဲ့ တကယ် ဖွံ့ဖြိုးတိုးတက်မှု လာတာနဲ့က တပြိုင်နက်ဖြစ်နေတယ်။ ဆိုတော့ တခုနဲ့ တခု အမီလိုက်နေတဲ့ဟာမျိုး အခြေအနေ ဖြစ်နေတယ်။ မြို့တွေက တိုင်းပြည်နဲ့လည်း ဆိုင်တယ်။ ဒါကို မှန်မှန်ကန်ကန် ခန့်ခွဲနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ပြီးတော့ မီးခိုးမထုတ်တဲ့ စက်ရုံပေါ့။ မြို့ရဲ့ ဆွဲဆောင်မှု ရှိတဲ့ဟာ စိတ်ဝင်စားမှုရှိတဲ့ဟာကို ထပ်ပြီး အရောင်တင်ထားခြင်းအားဖြင့် အခြား ကမ္ဘာလှည့် ခရီးသွားတွေ ဘက်ကနေ လာနိုင်တယ်။ အခြားစီးပွားရေးတွေက မျက်စိကျနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ အခုလက်ရှိ တိုးတက်မှုကိုပဲ ကြည့်မယ်၊ ရေရှည်မကြည့်ဘူးဆိုရင် အခုရတဲ့အခွင့်အရေးနဲ့ ဆောက်တာကိုပဲ ဆောက်သွားမယ်။ တကယ့်စီမံခန့်ခွဲမှု မရှိဘူးဆိုရင် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး သွားမှာတွေ ရှိမယ်။ တိုင်းပြည်အတွက် ရေတိုပဲ ရပြီး ရေရှည်မရတဲ့ဟာမျိုးတွေလည်း ရှိမယ်။ တကယ်ကတော့ ရေရှည် အကျိုးရှိမယ့်ဟာမျိုးကို Plan ချပြီးတော့ လုပ်သွားဖို့ လိုပါတယ်။ အရေးကြီးတာနဲ့ တန်ဖိုးထားတဲ့ဟာကို သဘောပေါက်ဖို့လည်း လိုပါတယ်။”

ရန်ကုန်မြို့ပြ စီမံခန့်ခွဲတဲ့ကိစ္စဟာ မြန်မာနိုင်ငံ တွေ့ကြုံနေရတဲ့ အဓိက စိန်ခေါ်မှုတွေ အနက် တခုအပါအ၀င် ဖြစ်တယ်လို့လည်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ကြေညာထားပါတယ်။

အဖွဲ့တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးကတော့ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်မြို့လယ်ဟာ နိုင်ငံရဲ့ ဘီလီယံနဲ့ချီပြီးတန်တဲ့ ပိုင်ဆိုင်မှုတွေထဲက တခုဖြစ်သလို ဒီတန်ဖိုးကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်တာဟာ ရန်ကုန်ကို အာရှရဲ့ မြို့ကြီးတမြို့အဖြစ် အသွင်ပြောင်းစေမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုလည်း ပြောင်းလဲစေပါလိမ့်မယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ဟောပြောပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

နယူးယောက်မှာ ရုံးစိုက်တဲ့ ဗိသုကာလက်ရာနဲ့ အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကမ္ဘာ့ထိပ်တန်းပုဂ္ဂလိကအဖွဲ့အစည်းဖြစ်တဲ့ World Monuments Fund က ရန်ကုန်မြို့လယ်ကို ဖွံ့ဖြိုးတိုးတက်မှု ခြိမ်းခြောက်ခံရတဲ့ အမွေအနှစ်ဒေသအဖြစ် ၂၀၁၄ ခုနှစ်မှာ စောင့်ကြည့်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

DVB Burmese

မိုးထိမိုးမိရွှေလုပ်သားများ ဆန္ဒပြ


မန္တလေးတိုင်း ရမည်းသင်းခရိုင်က မိုးထိမိုးမိရွှေလုပ်သားတွေကို ရွှေတူးဖော်တဲ့ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီက လျော်ကြေးပေးတယ်ဆိုပြီး သတင်းတွေဖော်ပြနေတာ မဟုတ်မှန်တဲ့အကြောင်း ရွှေတွင်းလုပ်သားတွေက ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးက တရားရုံးချုပ်ရှေ့မှာ လျော်ကြေးမရသေးတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေနဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ပူးပေါင်းပြီး ဒီနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက မြေယာလျော်ကြေးကိစ္စကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့၊ နိုင်ငံပိုင်သတင်းစာမှာ ပါတဲ့ မိုးထိမိုးမိရွှေလုပ်သားတွေကို လျော်ကြေးပေးပြီးပြီဆိုတဲ့အပေါ် မရသေးကြောင်း လာရောက် ဆန္ဒထုတ်ဖော်ကြတာလို့ ပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ မိုးထိမိုးမိရွှေလုပ်သားတဦးက “ဒီနေ့ ကြေးမုံသတင်းစာထဲမှာ ရွှေလုပ်သား အင်းပိုင် ၅၄ ယောက်ကို သိမ်းပေါင်း ၃၀၈၄ သိန်း လျော်ပေးပြီးဖြစ်ကြောင်း ပြောထားပါတယ်။ ကျနော်တို့ဆီကို ဒီနေ့အချိန်ထိ ၅၄ ယောက်လုံးတပြားမှ မရသေးဘူး။ တပြားမှလည်း ယူထားခြင်း မရှိသေးပါဘူး” လို့ ပြောပါတယ်။

မိုးထိမိုးမိရွှေလုပ်သားတွေဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ဆန္ဒပြခွင့် လျှောက်ထားခဲ့ပေမယ့် မရခဲ့ပေမယ့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အခု ဆန္ဒပြပွဲပြီးရင် စခန်းကိုသွားပြီး အဖမ်းခံမယ်လို့ ရွှေလုပ်သားတွေက ပြောပါတယ်။

DVB Burmese

သတိမိုင်းရှိသည်


ရေးသားသူ- အောင်ခိုင်

နမ့်ဆမ်ယန်တံတားအကျော် စရာနှင့် လဲလုံရွာကြားရှိ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမကြီး၏ ဘေးတစ်နေရာတွင် ယင်းကဲ့သို့ ဆိုင်းဘုတ်စိုက်ထူထားသည်ကို မြင်တွေ့နိုင်ပါသည်။

ဆိုင်းဘုတ်နှင့်အတူ ကားလမ်းမကြီးဘေးတစ်နေရာကို သွပ်ပြား၊ ထရံ၊ ၀ါးရုံပင်များနှင့်အတူ ထွက်မရအောင် ကာရံပိတ်ဆို့ထားပါသည်။ လမ်းမကြီးဘေးအခြားတစ်ဖက်ကိုလည်း ၀ါးရုံများဖြင့် ပိတ်ဆို့ထားသည်ကို တွေ့ရသည်။ ယင်းနေရာသည် ဧရာဝတီမြစ်ရိုးဘက်မှတစ်ဆင့် လိုင်ဇာအနီးရှိ မဆမ်ပန်၊ ယင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ သစ်မှောင်ခိုတင်ပို့သည့် လမ်းကြောင်းတစ်ခုပင်ဖြစ်သည်။

ပြီးခဲ့သည့်လအနည်းငယ်မှစ၍ မြန်မာ့တပ်မတော်က သစ်မှောင်ခိုတင်ပို့၍မရနိုင်အောင် မိုင်းထောင်ပြီး ယင်းတောလမ်းကို ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။ ထိုနေရာကို သွပ်ပြားများဖြင့် ကာရံထားပြီး “မိုင်းရှိသည်”ဟု ရေးထားသည်ကို တွေ့ရသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်းမကြီးတစ်လျှောက်တွင် ယင်းကဲ့သို့ တရုတ်နိုင်ငံသို့တင်ပို့သည့် သစ်မှောင်ခိုလမ်းကြောင်း ခုနစ်ခုခန့်ရှိပြီး သစ်ခိုးထုတ်၍မရနိုင်အောင် ပိတ်ဆို့ထားရသည်ဟု ရှေ့တန်းစစ်မြေပြင်မှ မြန်မာ့တပ်မတော်အရာရှိတစ်ဦးကဆိုပါသည်။

“သစ်ခိုးထုတ်တဲ့ ကားတန်းကြီးက ဒီကထွက်လာတယ်။ ပြီးတော့ ကားလမ်းမကိုဖြတ်ပြီး ဟိုဘက်ဝင်သွားတယ်။ သူတို့တောလမ်းကို လူမမြင်နိုင်အောင် ပြန်ပိတ်ခဲ့တယ်။ ၀ါးပင်တွေနဲ့ နောက်ဆုံးကားမှာ လမ်းပြန်ပိတ်ဖို့ အလုပ်သမားတွေ ဆယ်လေးငါးယောက်တင်လာတယ်”ဟု ပခုံးတွင်အနက်ရောင်ကြယ်ပွင့်တပ်ဆင်ထားသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးကပြောသည်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ့တပ်မတော်က သတင်းစာ၊ ဂျာနယ်နှင့် မီဒီယာတိုက်ငါးတိုက်မှ သတင်းထောက်ခြောက်ဦးကို ကချင်ပြည်နယ်ရှိ ရှေ့တန်းစစ်မြေပြင်သို့ လိုက်ပါသတင်းယူခွင့်ပြုပြီး ကေအိုင်အေနှင့် မကြာခင်ကဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသောခရီးစဉ်တွင် အထက်ပါအရာရှိက ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ယင်းကဲ့သို့ သစ်မှောင်ခိုထုတ်သည့် တောလမ်းများကို တရုတ်ကုန်သည်များက ငွေကြေးစိုက်ထုတ်၍ ဖောက်လုပ်ခြင်းဖြစ်သည်ဟုလည်း ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားများကဆိုပါသည်။

သယံဇာတပေါများကြွယ်ဝသည်ဟု သတ်မှတ်ထားသော ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများတစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်မှာ သုံးနှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ အလွတ်သဘောအပါအ၀င် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်နေသော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးနိုင်သေးပါ။

ယခုနှစ် နှစ်လအတွင်းမှာပင် အစိုးရတပ်နှင့် တိုက်ပွဲပေါင်းအကြိမ် ၃၀ ခန့် ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေဘက်မှ ပြောကြားခဲ့သည်။

လတ်တလော ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် မြန်မာ့တပ်မတော်ဘက်မှ သစ်မှောင်ခိုရှင်းလင်းခြင်းသာဖြစ်ပြီး အင်အားသုံးထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ ကေအိုင်အေဘက်မှ သစ်မှောင်ခိုခိုးထုတ်ရာတွင် ပါဝင်ပတ်သက်ခြင်း၊ စတင်ပစ်ခတ်ခြင်းတို့ကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရကြောင်း အစိုးရဘက်မှဆိုပါသည်။

သစ်မှောင်ခိုများသည် အစိုးရထိန်းချုပ်နယ်မြေများဘက်မှ ၀င်ရောက်လာခြင်းဖြစ်၍ ယင်းဒေသများတွင်ပင် ဟန့်တားပိတ်ဆို့၍ရနိုင်သည်။ ထို့ကြောင့် ယခုပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးမီ အစိုးရဘက်က ကေအိုင်အေတပ်များကြား အဆက်အသွယ်ဖြတ်တောက်ချင်၍ လူအင်အားနည်းပါးသည့်စခန်းများကို ယခုကဲ့သို့ သိမ်းဆည်းနေခြင်းဖြစ်သည်ဟု ကေအိုင်အေထိပ်တန်းအရာရှိတစ်ဦးက တုံ့ပြန်ထားသည်။

ဒေါဖုန်းယန်မြို့နယ်ခွဲရှိ ဂျာအိန်ယန်ကျေးရွာ
ဂျာအိန်ယန်ကျေးရွာသည် နယ်မြေမတည်ငြိမ်မှုကြောင့် ဒေသခံအများစု စွန့်ခွာသွားသည့် ရွာဟောင်းတစ်ခုဖြစ်သည်။ ယင်းရွာတွင် ကေအိုင်အေ၏ စခန်းငယ်တစ်ခုရှိသည်။ မြစ်ကြီနား-ဗန်းမော်ကားလမ်းမကြီးမှ စရာလမ်းခွဲအတိုင်း တစ်နာရီခွဲဝန်းကျင်ခန့် ၀င်ရောက်သွားရသော ဂျာအိန်ယန်ကျေးရွာသည် ဧရာဝတီမြစ်အနောက်ဘက်ကျောမှ လိုင်ဇာအနီး လမယန်၊ ယင်းမှတစ်ဆင့် တရုတ်ပြည်သို့ သစ်မှောင်ခိုတင်ပို့သည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။

သတင်းအရ သစ်မှောင်ခိုရှင်းလင်းရန် တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီ ၁၀ ရက်တွင် ဂျာအိန်ယန်ကျေးရွာကို စတင်ဝင်ရောက်ခဲ့ကြောင်း တပ်မ ၉၉ တံဆိပ် တပ်ဆင်ထားသော အရာရှိတစ်ဦးကဆိုပါသည်။

ယင်းနေ့ညနေ ၄ နာရီခန့်တွင် ကေအိုင်အေဘက်မှ စတင်ပစ်ခတ်သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဂျာအိန်ယန်ကျေးရွာရှိ သစ်ကွင်းတွင် ပြင်းထန်သောခုခံမှုနှင့် ကြုံတွေ့ခဲ့ရကာ စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်းပြောသည်။

နယ်မြေရှင်းလင်းမှုများကြောင့် ကေအိုင်အေတပ်များဆုတ်ခွာသွားခဲ့ပြီး သစ်မျိုးစုံတန်ချိန် ၃၇၀၀ နှင့် ၄၀၀၀ နီးပါးနှင့်အတူ တရုတ်နိုင်ငံလုပ် ယန်နန် (YaNan)မော်တော်ယာဉ်များ၊ ကရိန်းကားများ၊ တူမီးသေနတ်များအပါအ၀င် ကေအိုင်အေယူနီဖောင်းနှင့် တံဆိပ်များပါ သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါအရာရှိက သက်သေခံပစ္စည်းများကို ပြသရင်းရှင်းပြပါသည်။

“ကျွန်တော်တို့က လက်နက်ကိုင်စီးပွားရေးလို့ခေါ်တယ်။ စီးပွားရေးမှာ သူတို့ပါဝင်ပတ်သက်နေရင်တော့ ဖြစ်နေမှာပဲ”ဟု မပခရှေ့တန်းအရာရှိတစ်ဦးကဆိုသည်။

ကေအိုင်အေဘက်ကမူ ယခုလပိုင်းအတွင်း စခန်းငယ်သုံးခုအသိမ်းခံခဲ့ရပြီး နောက်ဆုံးအသိမ်းခံရသည့်စခန်းတွင် သစ်မှောင်ခိုလုံးဝမရှိကြောင်းနှင့် အစိုးရတပ်မှ သစ်မှောင်ခိုအကြောင်းပြ၍ နယ်မြေစိုးမိုးမှုပြုလုပ်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

(၁၇)နှစ်ကျော် အပစ်အခတ်ရပ်စဲထားပြီးမှ တိုက်ပွဲများတစ်ကျော့ပြန်ဖြစ်ပွားခဲ့သော ကချင်စစ်ပွဲငြိမ်းချမ်းရေးရရှိရန်မှာ သယံဇာတအကျိုးအမြတ်များကြောင့် မလွယ်ကူနိုင်သေးကြောင်း ယခုနှစ်အတွင်းထုတ်ပြန်ခဲ့သည့် နိုင်ငံတကာစစ်တမ်းအချို့တွင် ဖော်ပြထားပါသည်။

ဒေသတွင်းအဖွဲ့အစည်းများနှင့် ကချင်အရေးလေ့လာစောင့်ကြည့်သူများကမူ ယခုပြန်လည်ဖြစ်ပွားခဲ့သောတိုက်ပွဲများသည် မြန်မာ့တပ်မတော်မှ သစ်မှောင်ခိုအကြောင်းပြ၍ နယ်မြေစိုးမိုးမှုပြုလုပ်နေခြင်းကြောင့်ဖြစ်ပြီး သစ်မှောင်ခိုများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်)တို့မှ ၀င်ရောက်လာခြင်းကြောင့် ယင်းဒေသများတွင် ပိတ်ဆို့ထားပါက တိုက်ပွဲမဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

အစိုးရနှင့် ကေအိုင်အိုကြား ယမန်နှစ်အောက်တိုဘာအတွင်းကပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitaring Committe)များကို ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံးအကျုံးဝင်စေမည့် အဖွဲ့အဖြစ်ဖွဲ့စည်းသွားရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလကပင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော ရှေ့တန်းအရာရှိတစ်ဦးကမူ သူ့၏သဘောထားကို အောက်ပါအတိုင်းပြောပြပါသည်။

“စစ်တိုက်နေတဲ့ စစ်သားတွေအားလုံးလိုလို ငြိမ်းချမ်းရေးကိုလိုလားပါတယ်။ ကျွန်တော်တို့က ပိုလိုချင်ပါတယ်”

ဓာတ်ပုံ- အောင်ခိုင်
7Day News Journal

အမဲသားဆီပြန်


အမဲသားဆီပြန်ဟင်းလေးပါ ဒီဟင်းအသားတွေက မာမာတို့အိမ်မှာ သိပ်ပြီးချက်လေ့မရှိပါဘူး တခါတရံမှသာ ချက်တတ်ပါတယ် အခု ဒီအမဲသားဆီပြန်ဟင်းလေးကို ချက်တဲ့အချိန်မှာ ကွယ်လွန်သွားပြီးဖြစ်တဲ့ မာမာ့ရဲ့ အမေချက်တဲ့နည်းလေး အတိုင်းချက်ထားပါတယ်။

အမေက အမဲသားဟင်းချက်ရင် ငံပြာရည်ဘယ်တော့မှ မသုံးပါဘူး ဆားဘဲသုံးပါတယ် ဟင်းမချက်ခင်မိနစ်နှစ်ဆယ်လောက်ကကြို ပြီး အရသာနယ်ကာနှပ်ထားတတ်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းတို့ကို ညက်နေအောင်ထောင်းပါတယ် အားလုံးပြီးပြီဆိုရင်တော့ ဆီကို မီးအနေတော်နဲ့ အပူပေးပြီးမှငရုတ်သီးထောင်းကို မွှေးလာတဲ့ထိဆီသတ်ပေးပါတယ် ငရုတ်သီးဆီသတ်တာမွှေးလာတာနဲ့ အရသာနယ်ထားတဲ့ အမဲသားကိုထဲ့ပြီး အသားမာလာတဲ့ထိ ဆီသတ်ပေးပါတယ် ပြီးမှ ရေကို မြုပ်အောင်ထဲ့ပြီး ပထမတရည်ခမ်းအောင်တည်ပါတယ်။

သားကြီးငါးကြီးဖြစ်တဲ့အတွက် အနည်းဆုံး နှစ်ရည်ခမ်းအောင်တော့တည်ပေးရပါတယ် အသားနူးပြီးရေခမ်းကာဆီပြန်ပြီဆိုရင် အပေါ့အငံမြည်းပြီးမီးပိတ်လို့ ပြီးရင်တော့ အမဲသားဆီပြန်လေးရပါပြီ။
ပါဝင်ရမှာလေးတွေက
အသားအရသာနယ်ရန်

ရေစင်အောင်ဆေးပြီး အနေတော်တုံးထားသော အမဲသား - 400g
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမရှိတရှိ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
နှစ်သက်ရာ မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
ကရဝေးရွက် - နှစ်ရွက်
ငရုတ်သီးနှင့်တွဲပြီးထောင်းရန်
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ချင်း - လက်တစ်ဆစ်သာသာ
ကြက်သွန်နီ - အနေတော် တစ်ဥ
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
စပါးလင် - ၃လက်မလောက်တစ်ပင်
ဆီသတ်ရန်
ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

Credit: စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

ငါး သံပုရာပေါင်း ချဉ်ငံစပ်မွှေးမွှေးလေး (ချက်ပြုတ်နည်း)




မာမာ ဒီနေ့ ငါးကို သံပုရာသီး ငရုတ်သီးစိမ်း ကြက်သွန်မိတ် ကျူဆိုင် ကြက်သွန်ဖြူ ကြက်သွန်နီတို့နဲ့ချဉ်ငံစပ်မွှေးမွှေးလေး ပေါင်းထားပါတယ်။
ပေါင်းရလွယ်သလောက် စားလို့ကောင်းတဲ့ငါးပေါင်းလေးမို့ မျှဝေလိုက်တာဖြစ်ပါတယ်နော်။
ငါးလေးကို ပေါင်းတယ်ဆိုတာထက် အရမ်းလွယ်တဲ့နည်းလေးနဲ့လုပ်ထားပါတယ် အသားငါးကင်တဲ့ aluminum foil နဲ့ပါတ်ပြီး oven ထဲမှာ ထဲ့တာမို့ ကတိကထ မများလှပါဘူး။
မာမာ လုပ်တဲ့နည်းလေးပြောပြမယ်နော်
ငါးအရသာနယ်ရန်

သန့်စင်ပြီးသောငါးတစ်ကောင် - 400g
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားမှုန့်ကို သုံးထားပါတယ်)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ငါးအရသာနယ်ပြီးသော အထဲသို့ထဲ့ရန်
လက်တစ်ဆစ်ခန့် လှီးထားသောကြက်သွန်မိတ် - သုံးပင်
လက်တစ်ခန့်လှီးထားသော ကျူဆိုင် - ဆယ်ပင်ခန့်
ပါးပါးလှီးထားသောကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တစ်ဥ
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - သုံးတောင့်
ပါးပါးလှီးထားသော သံပုရာသီး တစ်လုံး
၁၂လက်မခန့်ရှည်သော aluminum foil - တစ်ခု

Aluminum foil ကိုခင်းပြီး အရသာများနယ်ထားသော ငါးကိုအကောင်လိုက်တင်လိုက်ပါ
အရသာ အရွက်နှင့်အသီးများကို ငါးဗိုက်ထဲနှင့် အပေါ်အောက်တို့မှာ အဆင်ပြေသလို ပြင်ပေးပါ
အားလုံးပြီးပါက aluminum foil ကို လုံအောင်ထုတ်ပေးပါ
Oven ကို ငါးမထဲ့ခင်မိနစ်နှစ်ဆယ်လောက် ကြိုပြီး 250 ဒီဂရီနဲ့ဖွင့်ထားပေးပါ
မုန့်ဖုတ်သည့်ဗန်းတစ်ခုပေါ်တင်ပြီး oven ထဲထဲ့ပေးပါ
45 မိနစ်လောက်ထဲ့ပေးပြီးရင် ငါးပေါင်းမွှေးမွှေးလေးရပါပြီ

Credit: စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

ကြက်ပြုပ် ဟင်းခါး


မာမာ ဒီနေ့တော့ ရာသီဥတုလေးနည်းနည်းအေးတာနဲ့ကြက်ပြုပ်ဟင်းခါးရည်လေး ချက်သောက်ဖြစ်ပါတယ်
သောက်လို့ကောင်း ထမင်းလဲမိန်စေခဲ့ပါတယ် ချက်ရတာတော့ အရမ်းလွယ်တဲ့ ဟင်းခါးရည်အမျိုး အစားလေးပါ ငယ်ငယ်ထဲက ကြိုက်ခဲ့တဲ့အရည်ဟင်းလေးမို့ ခနခချက်ဖြစ်ခဲ့ပါတယ်။
ဒီနေ့ချက်တဲ့ ဟင်းခါးရည်ကိုမာမာ ကြက်ရင်ပုံသားလေးနဲ့ပြုပ်ပြီးချက်ထားပါတယ် မြည်းစမ်းပြီးသောက်ဖို့ ချက်ကြည့်ချင်တယ်ဆိုရင်တော့

ကြက်ရင်ပုံသား - 100g
ပဲပြားအစိမ်း - အနေတော် တစ်တုံး (သင့်တော်သလို ပိုင်းပေးထားပါ)
ရွှေပဲသီး - ၅တောင့်
ရေစိမ်ပြီးသော ပဲကြာဇံ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ဆား - ညက်ဖက်ရည်ဇွန်း တစ်ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ချက်ရန်
ကြက်ရင်ပုံသားကို အရင်ဆုံးဆားနှင့်အရသာမှုန့် အနည်းငယ်စီနယ်ပြီး ရေမြုပ်ရုံထဲ့ပြီးပြုပ်ပေးပါ
ရေခမ်းသွားပါက အသားမြှောင်းလေးများရအောင်ထွင်ပေးပါ
ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးနှင့်တစ်ဝက်သာသာထဲ့ပေးပါ
ဆားနှင့်အရသာမှုန့်ထဲ့ပြီး ရေဆူအောင်တည်ပေးပါ
ရေဆူလာပါက ပဲပြားလေးများအရင်ထဲ့ပြီးတည်ပေးပါ
ငါးမိနစ်လောက်ဆူပြီးပါက ပဲကြာဇံ ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့်ထဲ့ပြီး အပေါ့အငံမြည်းပေးပါ
မီးပိတ်ခါနီးမှ ရွှေပဲသီးထဲ့ပြီးအဖုံးမအုပ်ဘဲထားပေးပါ
မီးပိတ်ပြီးတာနဲ့ဟင်းခါးရည်ပူပူလေး သောက်သုံးနိုင်ပါပြီ။

Credit: စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

ပလောင် ဒေသ ဘိန်းစိုက်ပျိုးမှု အစိုးရနှင့် ခရိုနီများ ပတ်သက်နေဟု ဆို


ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သည့် “လျစ်လျူရှုခံ အကြပ်အတည်းများ” စာတမ်း သတင်းစာ ရှင်းလင်းပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ပလောင်(တအာင်း) ဒေသခံများ နေထိုင်သည့် ဒေသများတွင် တိုက်ပွဲ အများဆုံး ဖြစ်ပွားရခြင်းသည် ဘိန်း စိုက်ပျိုးမှုနှင့် ပတ် သက်နေပြီး အစိုးရနှင့် ပြည်တွင်း စီးပွားရေးသမား ခရိုနီများက ဘိန်း စိုက်ပျိုးမှု၏ နောက်ကွယ်တွင် ပါဝင်နေကြောင်း ပလောင်(တအာင်း)အမျိုးသမီး အဖွဲ့အစည်းက ပြောသည်။

“ကျမတို့ ပလောင်(တအာင်း) ဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေ ၉၁ ရာခိုင်နှုန်းလောက် ပျက်စီး နေပါတယ်၊ ကျမတို့ဘက်မှာ ဘိန်းမည်းတွေ ရတယ်၊ ဘိန်းဖြူတွေ ရတယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ အစုံ၊ အကုန်ရတယ်၊ စိုက်ပျိုးတဲ့ မြေကို ကြည့် ရင် တရုတ်တွေ များတယ်၊ အစိုးရနဲ့ ခရိုနီတွေ ပါဝင်နေတာကို တွေ့ရတယ်”ဟု ပလောင် အမျိုးသမီး အဖွဲ့မှ မဒီဒီပိုးကျိန်က ဆိုသည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် ပလောင် အမျိုးသမီး အဖွဲ့က သုတေသန ပြုထားသည့် ပလောင် ဒုက္ခသည်များနှင့် ပတ်သက်သည့် “လျစ်လျူရှူခံ အကြပ်အတည်းများ” စာတမ်း အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

“ဒီလ အတွင်းမှာပဲ UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု ဆိုင်ရာရုံး) က ကျမတို့ ပန်ဆေး ဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လို စိုက်ပျိုးမှုတွေ ရှိနေသလဲ ဆိုတာကို လာရောက် လေ့လာ စစ်ဆေးတဲ့ အခါမှာ အဲဒီ အဖွဲ့ဝင်တွေ အရိုက်ခံ ရတယ်၊ ရိုက်တဲ့သူတွေက ပြည်သူ့စစ်တွေ ဖြစ်တယ်၊ ဒါကို ကြည့်ချင်းအားဖြင့် အစိုးရ ပါဝင်နေတယ် ဆိုတာ လုံးဝ မငြင်းနိုင်ဘူး” ဟု မဒီဒီပိုးကျိန်က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ဒေသများ၌ တိုက်ပွဲ ဖြစ်ပွားမှု အများဆုံး အချိန်သည် ဘိန်းစေးခြစ်သည့် ရာသီချိန် ဖြစ်ပြီး ဘိန်းခြံများ ရှင်းလင်းချိန်တွင် နှစ်ဘက်တပ်များ ထိပ်တိုက် တွေ့ဆုံမှု များကြောင်း၊ ဘိန်း စိုက်ပျိုးမှု အများဆုံး ဒေသဖြစ်သည့် ပန်ဆေး ဒေသသည် အစိုးရ စစ်တပ်များ လုံခြုံရေး အများဆုံး ယူထားသည့် နေရာ ဖြစ်ကြောင်း ယင်းစာတမ်းတွင် ဖော်ပြ ထား သည်။

ယခု ရက်ပိုင်း အတွင်း၌ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် အစိုးရတပ် အကြား ဖေဖော်ဝါရီ ၂၄ ရက် အထိ နမ့်ခမ်း နယ်မြေ ပန်ဆေး ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ TNLA နှင့် အစိုးရတပ်များ ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲ ဆယ်ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ယင်းဒေသတွင် ဒုက္ခသည် စခန်း ၇ ခု ထပ်တိုးလာပြီး ဒုက္ခသည်များသည် ကူညီထောက်ပံ့မှု မရကြဘဲ အကြပ် အတည်းနှင့် ရင်ဆိုင်နေရကြောင်း ပလောင် အမျိုးသမီး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံနဲ့ နမ့်ခမ်းမြို့များ၌ ၂၀၁၂ ခုနှစ်တွင် ဒုက္ခသည် စခန်း ၂ ခုရှိရာက ၂၀၁၃ ခုနှစ်အတွင်း ဒုက္ခသည် စခန်းပေါင်း ၇ ခု အထိ ထပ်တိုးလာပြီး စခန်း ၉ ခုအထိ ရှိလာသည်။

ဒုက္ခသည် ၃၀၀၀ ကျော် စားဝတ်နေရေး အကြပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း “လျစ်လျူရှုခံ အကြပ်အတည်းများ” စာ တမ်း တွင် ပါရှိသည်။

ဒုက္ခသည် အများစုသည် ပလောင် ဒေသဖြစ်သည့် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆမ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ္မတူ စသည့် ဒေသများက ထွက်ပြေး လာကြသည့် ဒေသခံများ ဖြစ်ပြီး ၂၀၁၂ ခုနှစ်က စတင်ပြီး ယင်းဒေသများတွင် တိုင်းရင်းသား လက်နက် ကိုင် မဟာမိတ် တပ်များနှင့် အစိုးရ စစ်တပ် အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်လာကြသူများ ဖြစ်ကြောင်း သိရသည်။

ယင်းဒေသများကို TNLA က အဓိက ထိန်းချုပ်ထားပြီး မဟာမိတ်တပ်များ ဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) တို့ ပူးပေါင်းပြီး အစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း ဒေသခံများက ပြောဆိုသည်။

ဧရာဝတီ