Black List မှ ပယ်ဖျက်ခွင့်ပြုသော ဆရာဝန် (၁၀၁၀) ဦးစာရင်း



download လုပ်ရန် >>> Black List မှ ပယ်ဖျက်ခွင့်ပြုသော ဆရာဝန် (၁၀၁၀) ဦးစာရင်း pdf
.president-office

အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်မောင်းတစ်စု ပဋိပက္ခဖြစ်


ရန်ကုန်မြို့တော်မှ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့ကြီးများသို့ အဓိက ပြေးဆွဲနေသော အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အငှားယာဉ်မောင်း တစ်ဦးကို ဖမ်းဆီးရာမှ အဆိုပါ တပ်ဖွဲ့ဝင်များနှင့် အငှားယာဉ်မောင်း တစ်စုတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အငှားယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ယာဉ်ရပ်နားစခန်း ယာဉ်ဆိုက်ရောက်ရာ ဂိတ်အမှတ် (၂) ဝင်းတွင် ခရီးသည် လာရောက် တင်ဆောင်သည့် အငှားယာဉ်မောင်း တစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးရာ ယာဉ်မောင်းက ပြန်လည် ခုခံခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက လက်ထိတ်ခတ်ကာ လုံခြုံရေး ရုံးခန်းအတွင်း ခေါ်ဆောင်ခဲ့ကြောင်း၊ အငှားယာဉ်မောင်းကို ဖမ်းဆီးချုပ်နှောင်ပြီး ၁၅ မိနစ်ခန့် အကြာတွင် အငှားယာဉ်မောင်းများ အပါအဝင် လူ ၂၀ ခန့်က ဖမ်းထားသော အငှားယာဉ်မောင်းကို ထုတ်ပေးရန် အော်ဟစ် တောင်းဆိုခဲ့ပြီး ရုံးအတွင်း ဝင်ရောက်ကာ ယာဉ်မောင်းနှင့်တွဲ၍ လက်ထိတ်ခတ် ချုပ်နှောင်ထားသည့် စားပွဲခုံကို ဖျက်ဆီးကာ အဆိုပါ ယာဉ်မောင်းကို ကယ်ထုတ်သွားခဲ့ကြောင်း အဆိုပါ ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ အငှားယာဉ်မောင်း ဦးကျော်ကြီးက ရှင်းပြသည်။
“လက်ထိတ် တစ်ဖက်ကိုတော့ လူတွေက ရဲတစ်ယောက်ကို ပြန်ဖြုတ်ခိုင်း လိုက်တယ်။ အမှတ် (၂) ကားအဝင်ဂိတ်မှာ လူ ၁၀ ယောက်လောက်က ဆဲနေကြတယ်” ဟု ၎င်းက ရှင်းပြသည်။

ယာဉ်ရပ်နားစခန်းရှိ ယာဉ်ဆိုက်ရောက်ရာ ဂိတ်အမှတ် ( ၁ ) နှင့် ( ၂ ) ဝင်းအတွင်း ဝင်ရောက်ကာ ခရီးသည် တင်ဆောင်သည့် အငှားယာဉ်မောင်းများကို ဖမ်းဆီး၍ ဒဏ်ငွေရိုက်မှုများ ရှိကြောင်း၊ အဆိုပါ ယာဉ်ရပ်နား စခန်းတွင်းရှိ အငှားယာဉ် အသင်းဝင်သူများကိုသာ ခရီးသည် တင်ဆောင်ခွင့်ပြုပြီး ပြင်ပ အငှားယာဉ်မောင်းများက ခရီးသည်များကို တင်ဆောင်ပါက ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးကြောင်း အဆိုပါ ယာဉ်ရပ်နားစခန်းတွင် ညပိုင်း အငှားယာဉ် မောင်းနှင်သူ ကိုပေါက်စက ပြောကြားသည်။
“နိုင်ငံတော်ကို အခွန်ဆောင်ထားတာချင်း အတူတူ အသင်းအဖွဲ့တွေ၊ အုပ်စုတွေဖွဲ့၊ အဲဒီဝင်းထဲမှာ Elite ကလည်း Taxi အစီး ၅၀ လောက်ကို အသင်းပုံစံ လုပ်လာတာဆိုတော့၊ တခြားကား သမားတွေက ဘယ်နား ရှာစားရမှာလဲ” ဟု အဆိုပါ ယာဉ်ရပ်နားစခန်းတွင် အငှားယာဉ် မောင်းနှင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယခင်က အဝေးပြေးယာဉ်များ ဆိုက်ရောက်ချိန်တွင် အဆိုပါ အဝေးပြေး ယာဉ်နောက်သို့ အငှားယာဉ်များက အုပ်စုလိုက် လိုက်ပါကြကာ ခရီးသည်လုရာမှ လူသတ်မှု အပါအဝင် ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပွားခဲ့သောကြောင့် ခရီးသည်များအတွက် အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းမှ တာဝန်ရှိသူများက စည်းကမ်းသတ်မှတ်ချက်ဖြင့် အငှားယာဉ်များကို အသင်းအဖွဲ့ပုံစံ ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခု ဖြစ်ပွားခဲ့သည့် ကိစ္စရပ်မှာ အသင်းဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်းကြောင့် မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း အဆိုပါ အဝေးပြေးယာဉ် ရပ်နားစခန်းမှ အငှားယာဉ် ဂိတ်အသင်းဝင် ကိုသိန်းထိုက်က ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မင်္ဂလာဒုံ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်မောင်းများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း၊ ယင်းကိစ္စရပ်အပေါ် အမှုဖွင့်ထားပြီး စစ်ဆေးဆဲ ဖြစ်သောကြောင့် အသေးစိတ်ကို မပြောနိုင်သေးကြောင်း မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြန်လည် ဖြေကြားသည်။

The Voice Weekly

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် KIO အဖွဲ့ တို့၏ သဘောတူညီချက်ထုတ်ပြန်





Popular Myanmar News Journal

၂၀၁၄ ခုနှစ်မှစ၍ Free Permit ဖြင့် ကားသစ်များ တင်သွင်းရာတွင် ဘယ်မောင်းကားများကိုသာ ခွင့်ပြုမည်


၂၀၁၄ ခုနှစ်မှစတင်၍ Free Permit ဖြင့် ကားသစ်များတင်သွင်းရာတွင် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုမည်ဟု ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။



လက်ရှိတွင် Free Permit ဖြင့် ကားသစ်များတင်သွင်းရာတွင် ဘယ်မောင်း၊ ညာမောင်းနှစ်မျိုးစလုံးကို ခွင့်ပြုပေးထားသော်လည်း ရှေ့နှစ်မှစ၍ ဘယ်မောင်းကိုသာ တင်သွင်းခွင့်ပေးတော့မည်ဖြစ်သည်။ ထိုသို့ ဘယ်မောင်းကိုသာ တင်သွင်းခွင့်ပေးရခြင်းမှာ ညာမောင်းကားများသည် လမ်းအသုံးပြုမှုနှင့် ဆန့်ကျင်နေသဖြင့် ယာဉ်အန္တရာယ်ဖြစ်နိုင်မှု များသည့်အတွက် ပြောင်းလဲခြင်းဖြစ်သည်ဟု သိရသည်။


ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ လာမည့်နှစ်အတွက် CIF တန်ဖိုးများ၊ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများနှင့် ကားအမျိုးအစား မော်ဒယ်လ်သတ်မှတ်ချက်များကို ယခုနှစ်မကုန်ခင် ရေးဆွဲသွားရန်ရှိသည်ဟု သိရသည်။


ကိုဟိန်း
myanmarinternetjournal

ဆင်းမ်ကတ် နှစ်မျိုးသုံး HTC ဖုန်းသစ်စရောင်း



ဆင်းမ်ကတ်နှစ်မျိုး သုံးနိုင်သည့် HTC Desire 600c ဖုန်းသစ်ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ HTC Concepts Store များတွင် စတင်ရောင်းချနေကြောင်း HTC Myanmar မှ အရောင်းတာဝန်ခံချုပ် ဦးခိုင်စိုးက ပြောကြားသည်။

အဆိုပါဖုန်းကို ဇော်ဂျီ မြန်မာစာစနစ်၊ မြန်မာယူနီကုတ်စနစ် စသည့်မြန်မာစာစနစ် နှစ်မျိုးစလုံး ဖတ်ရှုအသုံးပြုနိုင်ရန် ဖန်တီးထားသည်ဟု ဦးခိုင်စိုးက ဆိုသည်။
“ဒီဖုန်းမှာ ဆင်းမ်ကတ် နှစ်ကတ်စလုံး စိုက်ထားရင် CDMA နဲ့ ဖုန်းပြောနေတုန်း GSM က ဝင်လာရင် လက်ခံပေးထားနိုင်တယ်။ တချို့ဖုန်းတွေမှာ တစ်ကတ်က ဖုန်းပြောနေရင် တခြားကတ်က သုံးလို့မရဘူး။ အင်တာနက်ကိုလည်း နှစ်ခုစလုံးနဲ့ သုံးနိုင်တယ်” ဟု HTC Myanmar မှ နည်းပညာပိုင်းဆိုင်ရာ မန်နေဂျာဖြစ်သူ ဦးစံထွန်းက ပြောဆိုသည်။

အဆိုပါ HTC ဖုန်းအသစ်ကို အသုံးပြုလျှင် မြန်စေရန် Processor လေးလုံး ထည့်သွင်း တပ်ဆင်ထားပြီး အသံစနစ်နှင့် ကင်မရာစနစ်များ ကောင်းမွန်ကြောင်း ဝယ်ယူသူအချို့က မှတ်ချက်ပြုသည်။

အဆိုပါဖုန်းကို ဈေးနှုန်း ၃၄၉,၀၀၀ ကျပ် သတ်မှတ်ထားပြီး အခြား HTC ဖုန်းများကဲ့သို့ အာမခံသက်တမ်း ၁၈ လ ပေးထားကြောင်း HTC Myanmar ထံမှ သိရသည်။

The Voice Weekly

Eggs ကြက်ဥ အစရှာခြင်း



ကျနော် ဝိတ်ကစားနေတော့ ကြက်ဥပြုတ် တစ်နေ့ ၃ လုံး ပုံမှန်စားပါတယ်။ ကြာရင် ဆိုးကျိုးရှိနိုင်မလားခင်ဗျာ။ ကြက်ဥကို တစ်ပတ် ၇ လုံးထက် ပိုမစားဖို့လည်း ဖတ်ဖူးလို့ ဖြေကြားပေးပါအုံး။

လူတွေဟာ ဟိုရှေးရှေးကတည်းက ဥမျိုးစုံးကို စားသုံးခဲ့ကြတယ်။ Chicken ကြက်ဥ၊ Duck ဘဲဥ၊ Goose ငန်းဥ၊ Quail ငုံးဥ၊ Roe ငါးဥ၊ နဲ့ Caviar ငါးကြီးဥ၊ Ostriches ငှက်ကုလားအုတ်ဥ အစုံပေါ့။ အာဖရိကားမှာတော့ Pheasant eggs ရစ်ဥ၊ Guineafowl eggs ရစ်တမျိုးဥ၊ သြစတြေးလျမှာ Emu eggs အီမျူးဥတွေကို စားကြတယ်။ Gull eggs စင်ရော်ဥကို နော်ဝေနဲ့ အင်္ဂလန်မှာ Delicacy ရသာမွန်လို့ ပြောပြီး လူကြိုက်များတယ်။

ကြက်ဥရဲ့အရောင်ဆိုတာ အကောင်အမျိုးအစားအပေါ် မူတည်တယ်။ ကြက်နားသီးဖြူရင် ဥကဖြူတယ်။ နီရင် ညိုမယ်။ အရောင်နဲ့ အာဟာရတန်ဘိုးက ဆက်စပ်မှု သိပ်မရှိပါ။ အထဲက အဝါနှစ်ဟာ လတ်ဆတ်နေချိန်မှာ သေးသေး၊ မာမာနဲ့ ဝိုင်းနေတယ်။ ကြာရင် အဖြူထဲကရေကို စုပ်ယူလို့ ကြီးလာ၊ ကျဲလာ၊ ကျယ်လာမယ်။ ကြက်စားတဲ့ အစာအပေါ် မူတည်ပြီး အနှစ်ရောင်က ပြောင်းသေးတယ်။

ကြက်ဥကို ပြုတ်ရင် မြင့်တဲ့နေရာမှာဆို ပိုကြာတယ်။ မီတာ ၁ဝဝ ပိုမြင့်ရင် ၃ စက္ကန့်၊ မီတာ ၁ဝဝဝ ပိုမြင့်ရင် ၂၈ စက္ကန့် ပိုကြာတယ်။ (62.2 - 65°C) အထိ အပူပေးလိုက်ရင် အဖြူက ခဲလာမယ်။ အဝါကတော့ နဲနဲပိုပူမှ (65 - 70°C) မှ ခဲမယ်။ အပူပေးတာ များရင် အရသာတော့ မပျက်ပါ။ ပရိုတင်းကိုတော့ နဲနဲထိခိုက်စေတယ်။ အပူများသွားရင် အဝါနှစ်ဘေးမှာ ခပ်စိမ်စိမ်းအလွှာ ပေါ်လာတယ်။ သံဓါတ်နဲ့ (ဆာလ်ဖါ) ဓါတ်ကြောင့် ဖြစ်ရတယ်။ ပြုတ်တဲ့ ရေထဲမှာ သံဓါတ် များနေရင်လဲ အဲလို ဖြစ်ပါတယ်။ ကျက်ပြီးမှ ရေအေးထဲ နှစ်ထားလိုက်ရင် အစိမ်းလွှာ ပျောက်တယ်။

ဥတွေကို ကိုင်တွယ်ထိန်းသိမ်းတာ အရေးကြီးတယ်။ စနစ်တကျ မရှိရင် သူ့ထဲမှာ ပါနေတဲ့ Salmonella ဗက်တီးရီးယားပိုး ကြောင့် Food poisoning အစာဆိပ်သင့်တာ ဆိုးဆိုးဝါးဝါး ဖြစ်စေနိုင်တယ်။ အလွယ်ဆုံးနည်းက ဆားသုံးတဲ့နည်းပါ။ တရုပ်တွေက ဆားနဲ့ ရွံ့နဲ့ မံကြတယ်။ ဆားနဲ့ တလထားရင် အဝါနှစ်က ဆားပြည့်ဝသွားပြီး၊ လိမ်မော်ရောင် ဖြစ်လာမယ်၊ အဖြူရည်က ဒီအတိုင်း ကျန်နေမယ်။ ဒါကို ပြုတ်ပြီး Rice congee ဆန်ပြုတ်နဲ့ စားသုံးလေ့ရှိကြတယ်။

နောက်တနည်း ဥကိုပြုတ်၊ Vinegar ဗနီဂါရည်၊ ဆားနဲ့ ချင်းထဲစိမ်ပြီး Pickled eggs ကြက်ဥအချဉ်လုပ်ကြတယ်။ တချို့ Beetroot juice မုံလာဥနီ အရည်မှာ စိမ်ထားပြီး အရောင်လှအောင်လုပ်တယ်။ အချဉ်ဓါတ်က ဗက်တီးရီးယား ပွါးမှာကို တားဆီးနိုင်တယ်။ ဒီလိုလုပ်ထားတဲ့ ဥတွေက ရေခဲသေတ္တာမရှိဘဲ နှစ်နဲ့ချည်ပြီး အကြာကြီးထားလို့ခံတယ်။

ဥကို ဆား၊ ပြာ၊ ရွံ့၊ သံပုရာ-ရှောက်ရည် လိမ်းပြီး ထားရင် နှစ်တရာခံသတဲ့။ ကောက်ရိုးနဲ့ထားရင် လနဲ့ချည်ပြီး ထားနိုင်သတဲ့။ ကြာကြာထားတဲ့ဥက အဝါနှစ်ဟာ စိမ်းပုတ်ရောင်ဖြစ်လာစေတယ်။ (ဆာလ်ဖါ) နဲ့ (အမိုးနီးယား) ကြောင့် အနံ့တမျိုးလဲ ရစေတယ်။ အဖြူနှစ်ကလဲ ညိုမဲလာမယ်။ Transparent jelly (ဂျယ်လီ) ဖြစ်လာတယ်။

ကြက်ဥရဲ့ ထိပ်အကြီးပိုင်းမှာ Air cell လေခိုနေတယ်။ လေ နည်းရင် ကြက်ဥက လတ်ဆတ်တယ်။ လေများတာ မကောင်းပါ။ စကားသိပ်မပြောနဲ့။ ရေထဲလိုက်ထည့်ရင် ပေါ်နေလေလေ ကြက်ဥက ဟောင်းလေလေဘဲ။ ကြက်ဥကို ထားရင် အချွန်ပိုင်းက အောက်က ထားရတယ်။ အဝါနှစ်က လေရှိတာနဲ့ ဝေးအောင်လို့။

ကြက်ဥမှာ (ပရိုတင်း)၊ ဗီတာမင် (A, B2, B6, B9, B12, D, E) နဲ့ ဓါတ်ဆား သံဓါတ်၊ (ကိုလိင်း)၊ (ကယ်လ်စီယမ်)၊ (ဖေါ့စဖိတ်)၊ (ပိုတက်ဆီယမ်) တွေပါတယ်။ Choline ဆိုတာက ဦးနှောက်အတွက် ကောင်းတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် လိုအပ်တယ်။

ကြက်ဥ ခပ်ကြီးကြီးတလုံးရဲ့ အဝါက ကယ်လိုရီ ၆ဝ၊ အဖြူက ၁၅ ရတယ်။ (ကိုလက်စထော) ၃ဝဝ mg နဲ့ ဆီ ၅ gm ပါတယ်။ ၂၇% က LDL Cholesterol ဖြစ်တယ်။ အဖြူမှာ ရေ ၈၇% နဲ့ ပရိုတင်း ၁၃% ပါပြီး၊ အဆီ နဲနဲလေးသာ ပါတယ်။

ကြက်ဥနဲ့ ဆီးချို (၂) အမျိုးအစားရှိသူ မသင့်ဘူး။ ကြက်ဥစားရင် ကလေးငယ်လေးတွေ အပါအဝင် တချို့မှာ (အလာဂျီ) ရတယ်။ အဖြူကို မတည့်တာ များတယ်။ တချို့က မတည့်တာ မဟုတ်ပေမဲ့ မခံနိုင်တာ ဖြစ်တတ်တယ်။ ကြက်ဥကို ချက်-ပြုတ်လိုက်ရင် အဝါနှစ်ထဲက (ကိုလက်စထော) ကို Oxidization များစေလို့ Atherosclerosis သွေးကြောကျဉ်းတာကို ပိုဖြစ်စေနိုင်တယ်။ အင်္ဂလန်မှာ နှလုံးရောဂါ ရှိသူတွေ ၇ ရက်တပါတ်ကို ကြက်ဥ ၄ လုံးထက်ပို အစားမခိုင်းဘူး။ WHO ကတော့ ၁ဝ လုံးအထိ စားနိုင်တယ် ပြောတယ်။ ၁ဝ လုံးဆိုတာ ကြက်ဥနဲ့လုပ်တဲ့ တခြား အစားအစာတွေကိုပါ ထည့်တွက်ရမယ်။

ကြက်ဥကို ပြုတ်-ကျော်-ချက်တာက အစာခြေဘို့ ပိုလွယ်စေပြီး Salmonellosis အစာဆိပ်သင်တာလဲ မဖြစ်စေဘူး။ အစိမ်းက အစာကျေခဲတယ်။ ကလေး ၉ လသားဆိုရင် အဝါနှစ်ကို အစာခြေနိုင်ပြီ။ နလံထသူတွေပါ စားသင့်တယ်။ အူမကြီး သိပ်မကောင်းသူတွေလဲ စားနိုင်တယ်။ ပိန်ချင်သူတွေ (ကာဗွန်ဟိုက်ဒရိတ်) နည်းလို့ ကြက်ဥ စားနိုင်တယ်။

ကြက်မတွေကို Polyunsaturated fats and kelp meal အစာတွေ ကြွေးပြီး နာမည်ကြီး Omega 3 ပါတဲ့ ကြက်ဥတွေ ဆိုင်တင်ရောင်းနေကြပြီ။ အင်္ဂလန်မှာ ကြက်ဥရောင်းရင် Egg Code ပါတော့ အင်တာနက်ကနေ Tracker ဆိုတာ ရှာရင် ဒီကြက်ဥဟာ ဘယ်လောက်ဝေးတဲ့ ကမ္ဘာ့ဘယ်နေရာကနေ လာသလဲဆိုတာ တန်းသိစေနိုင်တယ်။ မြန်မာပြည်က ပိုသာတယ်။ နာဂစ် မုန်တိုင်းမှာ ကွဲသွားတဲ့ ကြက်ဥအရေအတွက် အတိအကျကို သိတယ်တဲ့။

လူအများသုံး ကြက်ဥတွေကို Unfertilized မျိုးမစပ်ရသေးတဲ့ဥ ခေါ်ပြီး၊ အိမ်မွေးဥကို Fertile eggs မျိုးပေါက်နိုင်တဲ့ဥလို့ ခေါ်တယ်။ အဟာရဓါတ်က နဲနဲသာကွာတာပါ။ ဒါပေမဲ့ Pastured egg အိမ်မွေး ကြက်ဥဟာ (ဆူပါမားကက်) တွေမှာ ရောင်းနေတဲ့ စက်ရုံထုတ် ကြက်ဥတွေထက် ကောင်းတဲ့အကြောင်း (ကင့်ပိန်း) လုပ်ကြတယ်။ ၂ဝဝ၇ ခုနှစ်က Mother Earth News ရဲ့ ထုတ်ပြန်ချက်ထဲမှာ Cholesterol ၃ ပုံ ၁ ပုံ၊ Saturated fat ၄ ပုံ ၁ ပုံနည်းတယ်။ ဗီတာမင် ဒီ ၄-၆ ဆ၊ Vitamin A ၃ ပုံ ၂ ပုံ၊ Omega-3 fatty acids ၂ ဆ၊ Vitamin E ၃ ဆ၊ Beta carotene ၇ ဆ ပိုများတယ်လို့ ပါတယ်။ သူတို့ နှိုင်းတဲ့ ကိန်းဂဏန်းတွေက USDA နဲ့ ဖြစ်ပါတယ်။ တခြားဟာနဲ့ မမှားပါနဲ့။ US Department of Agriculture ကို ပြောတာပါ။

စကားပုံတွေထဲက “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” ဆိုတာ နက်နဲ ရှုတ်ထွေးလို့ အမှန်းရ ခက်တယ် ဆိုတာက ခုခေတ်မှာ အဲလို ခက်တယ်လို့ မထင်စရာ ကောင်းနေပြီ ထင်တယ်။ နိုင်မယ်ဆိုတာက အနိုင်ယူလိုက်တာဘဲ မဟုတ်လား။ မခံချင်သူတွေလဲ “ကြက်ဥပြုတ် သံတုတ်နှင့်ချ” ဆိုသလို သေးသေးလေးပေမဲ့ များများကြီး ခံနေကြရတာဘဲ မဟုတ်လား။

Dr. တင့်ဆွေ
၂၃-၁၂-၂ဝ၁ဝ

မန္တလေးယာဉ်ထိန်း ရဲ တပ်ကြပ်ကြီး သန့်ဇော်မင်းက ဒီလိုပြောပါတယ်


မန္တလေးမြို့သူ/သား နှင့်သူငယ်ချင်းအပေါင်းတို့ ဂါရဝတရားရှေ့ထားပြီးမင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်ကတော့တပ်ကြပ်ကြီးသန့်ဇော်မင်းပါ၊ အမှတ်(၄) ရဲတပ်ရင်းမှာ(၆)နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊မန္တလေးယာဉ်ထိန်းရဲတပ်ဖွဲ့ကို ၂၀၁၃ ခုနှစ်မှာပြောင်းရွှေ့ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ ကျွန်တော်ယာဉ်ထိန်းရဲလုပ်ငန်းတာဝန်များကို ၀ါသနာပါသူဖြစ်သလိုမန္တလေးယာဉ်ထိန်း ရဲတပ်ဖွဲ့ကိုရောက်ရှိစဉ်က ကျွန်တော့်ဆရာသမား ရဲမှူးသိန်းကိုကိုမှမနက်(၅)နာရီတန်း စီစကားပြောတာလေးကိုရင်ထဲမှာ စွဲနေမြဲမှတ်သား နာယူခဲ့ပါတယ်။ ရဲမှူးပြောတာလေးကတော့ “ ဒို့ယာဉ်ထိန်းရဲဆိုတာဟာ မနက်လင်းမျက်စီနှစ်လုံးပွင့်ပါပြီဆိုခတည်းကလမ်းအသုံးပြုသူတွေ ယာဉ်အန္တရယ် ကင်းရှင်းရေးဆော င်ရွက်နေရတာဟာ ယူတတ်လိုရင်ကုသိုလ်ရတဲ့ အလုပ်ကိုလုပ်နေရတာ” လို့မှာကြားခဲ့ပါတယ်။ ပြီးတော့ ရဲမှူးသိန်းကိုကိုယခင်ယာဉ်ထိန်းတာ ဝန်ထမ်းဆောင်စဉ်(၁၉၈၉-၁၉၉၄)ထိ အချိန်ကာလများကမန္တလေးယာဉ်ထိန်းရဲနဲ့ မန္တလေးပြည်သူဆိုတာ တသားတည်းထပ်တူရှိခဲ့ကြကြောင်း၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေသာရေး၊ နာရေးတွေမှာလည်းမန္တလေးမြို့ခံပြည်သူတွေက ဝိုင်းဝန်ကူညီပေးခဲ့ကြတာဆိုရင်ပိုက်ဆံလုံးဝ မကုန်ဘဲကိစ္စများပြီးမြောက်ခဲ့ဖူးကြောင်း လ္ဘက်ရည်ဆိုင်ထိုင်လိုက်ရင်တောင် ဘယ်သူကပိုက်ဆံရှင်းသွားမှန်းမသိအောင်တောင် ဖြစ်ခဲ့ကြောင်း၊ပြည်သူနဲ့ယာဉ်ထိန်းတသားတည်း ချစ်ခင်ခဲ့တာ သူ၏ယာဉ်ထိန်းရဲဘဝမှာကိုယ်တွေ့ကြုံဖူးခဲ့ကြောင်းကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိ ပြောဆိုဆုံးမတာကိုကြားမိတော့ ကျွန်တော့်ရင်ထဲ မှာ အဲ့ဒီအခြေအနေမျိုး ကိုအရမ်းအားကျမိတယ် ငါတို့ခေတ်မှာလည်းအများချစ်ခင်နှစ်သက်တဲ့ ယာဉ်ထိန်းရဲတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ဝါသနာနဲ့ပေးအပ်တဲ့တာဝန်လည်းကိုက်ညီ တော့ ကျွန်တော်ယာဉ်ထိန်းရဲ အလုပ်ကို စေတနာအပြည့်နဲ့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ် ရှေ့လျှောက်ကျွန်တော်ယာဉ်ထိန်းရဲ တစ်ယောက် အဖြစ်နဲ့ မန္တလေးပြည်သူလူထုကို ယာဉ်အန္တရယ်ကင်းရှင်းအောင်ကြိုးစားဆောင်ရွ က်သွားပါ့မယ်လို့လဲပြောကြားပါရစေဗျာ။ ကျွန်တော်ဒီလိုပြည်သူအပေါ်စေတနားထားလို့ ထင်တယ် ပြည်သူက ကျွန်တော့်ကို ချီးမြှောက်ပေြး ကလို့ကျွန်တော်ရဲ့မိခင်တပ်ဖွဲ့မှ အကြီးအကဲများမှလဲယခုနှစ်ရဲတပ်ဖွဲ့နေ့မှာ ခေါ်ယူတွေဆုံ အသိအမှတ်ပြုခံခဲ့ရပါတယ်။ နောက် လောကပါလလူမှုကူညီရေးအသင်းနဲ့ စက်မှုဇုန်လုပ်ငန်းရှင်များပူပေါင်းပြီး တာဝန်ထမ်းဆောင်ရာတွင်နေပူ/မိုးရွာမရှောင် အပင်းပန်းခံစေတနာထားပြီးအမြဲပြုံးရွှင်စွာဖြင့် တာဝန် ထမ်းဆောင် လမ်းရှင်းပေးတတ်သူအဖြစ် (EVER SMILE)ဆုကိုငွေသားဆု(၄)သိန်းကျပ်နဲ့ အတူချီးမြင့်ခြင်းခံခဲ့ရတဲ့ အတွက် ကျွန်တော်ပြောမြ ပတတ်လောက်ကိုဝမ်းသာကြည်နှုးမိပါတယ်။ နောက်ဒီEVER SMILE ဆု ကိုလည်းကျွန်တော် အလွန်နှစ်သက်မြတ်နိုးမိပါတယ်၊ ဒီလိုဖြစ်လာဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြတဲ့သူတွေကိုလည်း ကျွန်တော်ကျေးဇူးတင်မိပါတယ်။ နောက်တခုကတော့ကျွန်တော်ဒီဆုကြေးငွေတွေ ကြောင့် လက်ရှိကျွန်တော်စီးနေသော ဆိုင်ကယ်ကြွေးကျေခဲ့ပါတယ်။ ကျွန်တော်ပြောမြ ပတတ်လောက်အောင်ကိုကျေးဇူးတင်တာပါဗျာ ။ ကျွန်တော်စေတနာရောင်ပြန်ဟတ်တယ်လို့ပြောရမလားဘယ်လိုပြောရမလဲဗျာ ကျွန်တော်မန္တလေးမြို့သူ/သားတွေကိုချစ်တယ် ကျေးဇူးလည်းတင်ပါတယ်။ ဒါမှန်သောသစ္စာပါ။ ကျွန်တော်လိုပဲအလုပ်အပေါ်မှာ စေတနာထားတဲ့ ညီငယ်တပ်ဖွဲ့ဝင်လေးတွေလည်းရှိပါတယ်။ သူတို့လေးတွေကလည်းကျွန်တော့်အတွက် ဂုဏ်ယူပေးခဲ့ကြတော့ သူတို့ကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ်။ နောက်များမှာလည်း ဒီလိုကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိ စောင့်ရှောက်ပေးတဲ့ပြည်သူတွေအတွက် ကျွန်တော်အကောင်းဆုံး တာဝန်ကျေအောင် စေတနာထားလမ်းရှင်ပေးပါ့မယ်လို့လဲ ဂတိပေးပါတယ်။

တပ်ကြပ်ကြီး သန့်ဇော်မင်း
News of Myanmar

ဖြူး စာတိုက်ရုံးရှေ့ ခရီးသည်တင် ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတွေ့



တောင်ငူခရိုင် ဖြူးမြို့နယ် ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ရုံးရှေ့ ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီခန့်က ရပ်ထားသော လိုက်ထရပ် အဖြူရောင် ခရီးသည်ယာဉ်ပေါ်မှ ပလတ်စတစ်အိတ်တွင်း ထည့်ထားသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း အဆိုပါမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

ညောင်လေးပင်မြို့မှ ထွက်ခွာလာသော ညောင်လေးပင် -တောင်ငူ ပြေးဆွဲသည့် လိုက်ထရပ်ယာဉ်ပေါ်မှ ယာဉ်နောက်လိုက် ဦးချစ်ကိုက ယာဉ်၏ ဘယ်ဘက်ခြမ်း ထိုင်ခုံတန်းအောက်တွင် ပလတ်စတစ်အိတ် အဝါရောင်အတွင်း အမည်းရောင် ပလတ်စတစ်ဖြင့် ထည့်ထားသော သွားတိုက်ဆေးဘူး၊ သွားတိုက်တံ နှစ်ချောင်းနှင့် အစိမ်းရောင်တိပ်ဖြင့် ပတ်လျက် နှစ်လက်မခန့်ရှိသော အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် မသင်္ကာသောကြောင့် အထုပ်ကို ဖြေကြည့်ရာတွင် နာရီစက်သံ ကြားရသဖြင့် အဆိုပါ လမ်းအနီးရှိ ဖြူး မြို့မရဲစခန်း တာဝန်ရှိသူများကို ယာဉ်နောက်လိုက်က အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
“၁၀ နာရီ ၃၀ မိနစ်လောက်မှ ဆက်သွယ်ရေးရုံးရှေ့ ခရီးသည်တင်ယာဉ်ပေါ်မှာ ဗုံးတွေ့လို့ ဆိုပြီး လူတွေ တအုပ်ကြီး သွားကြည့်ကြတယ်။ ရဲတပ်ဖွဲ့တွေ ရောက်လာပြီး ဗုံးကို သဲအိတ်တွေနဲ့ ကာနေတာတွေ့တယ်” ဟု ဖြူးမြို့နယ် ထန်းကုန်းလမ်းပေါ်ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ် အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများက ညနေ ၄ နာရီတွင် လာရောက် စမ်းသပ် စစ်ဆေးပြီးနောက် လက်လုပ်ဗုံးအဖြစ် အတည်ပြုပေးခဲ့ကာ အများပြည်သူကို ထိခိုက်နိုင်သောကြောင့် ဖြူးမြို့နယ် နယ်မြေခံတပ်ရင်းသို့ ယူဆောင်ကာ ရှင်းလင်းမည် ဖြစ်ကြောင်း အဆိုပါ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။
“လက်လုပ်ဗုံးဆိုတာ သေချာပါတယ်။ မြို့နယ် နယ်မြေခံတပ်ရင်းကို ယူဆောင်သွားပါပြီ။ လိုအပ်ရင်တော့ ခွဲပစ်ပါလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။

ဗုံးတွေ့ရှိရာ နေရာတွင် ညနေ ၄ နာရီခန့်က သဲအိတ်များချကာ စတင် စစ်ဆေးခဲ့ခြင်းကြောင့် ရန်ကုန်- မန္တလေး လမ်းဟောင်းတွင် နာရီဝက်ခန့် ယာဉ်အသွားအလာ ရပ်ဆိုင်းပြီး လက်လုပ်ဗုံးကို နယ်မြေခံ တပ်ရင်းသို့ သယ်ဆောင်ခဲ့ကြောင်း ဖြူးမြို့နယ် ဒေသခံအချို့က ပြောကြားသည်။

The Voice Weekly


ပန်းရောင် Lamborghini စီးရန် ဆန္ဒပြည့်ခဲ့သူ ကလေးငယ်




Emilia Palmer လို့အမည်ရတဲ့ အင်္ဂလန်နိုင်ငံ အသက် ၈ နှစ်အရွယ် ကလေးမလေး တစ်ဦးပါ။ ဘယ်သူမှ မဖြစ်တဲ့ အသဲနဲ့ ဆက်စပ် ရောဂါ တစ်မျိုး ဖြစ်ပွားပြီး တမလွန်ကို ခရီးသွားဖို့ သေချာနေပြီဖြစ်တဲ့ ကလေး မလေး တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့  နောက်ဆုံး ဆန္ဒ တစ်ခုက ဘာလဲ လို့ မေးလိုက်တော့ ပန်းရောင် Lamborghini ပြိုင်ကားပေါ်မှာ တစ်ပတ် လိုက်စီးရရင် တော်ပါပြီတဲ့။

သူ့ဆန္ဒ ပြည့်အောင် ဖြည့်ဆည်းပေးလိုက်သူများကတော့ Rays of Sunshine လို့ အမည်ရတဲ့ ဗြိတိန်အခြေဆိုက် ပရဟိတ အဖွဲ့တစ်ခု ဖြစ် ပါတယ်။ Make A Wish Foundation အဖွဲ့လိုပဲ ကုမရနိုင်တဲ့ ရောဂါ အမျိုးမျိုးကြောင့် ကွယ်လွန်တော့မယ့် ကလေးငယ်များကို ဆန္ဒ လိုက်လံ ဖြည့်ဆည်းပေးနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ Rays of Sunshine က ယင်းဆန္ဒကို ဖြည့်ဆည်းပေး ဖို့အတွက် ကားတစ်စီး လှူဒါန်းမှုကို လက်ခံ ရရှိခဲ့ ပါတယ်။ ကားကို ရရှိတုန်းက Lamborghini Aventador အဖြူရောင်ပါ။ ဒီတော့ ပန်းရောင် ဖြစ်အောင် ဝေပ်ရှော့ တစ်ခုမှာ ပြန်လည် ဆေးမှုတ် ပြင်ဆင်ရပါသေးတယ်။

ပြီးတာနဲ့ ကလေးငယ်လေးရဲ့  အိမ်ကို သွားပြီး ကားတစ်ပတ်လိုက်စီး ဖို့ ခေါ်ခဲ့ပါတယ်။ ဒီတော့ ငွေကုန်ကြေးကျ အကုန်ခံပြီး အလုပ်မရှိ လုပ်နေ တယ်လို့ အချို့ က စဉ်းစားပါလိမ့်မယ်။ အမှန်ကတော့ ဒီလို အသက် မသေသင့်ပဲနဲ့ သေဆုံးရမယ့် ကလေးငယ်များ၊ လူသားများကို ကမ္ဘာက ပိုမိုအာရုံစိုက်လာရန်လည်း ပါဝင်ပါတယ်။ သူတို့လေးအတွက် လိုအပ်ချက်က လက်ဆောင်ပစ္စည်းမဟုတ်ပါဘူး။ အမှန်တကယ်က ဆေးဝါးနှင့် ကုသမှု နည်းပညာ ဖြစ်ပါတယ်။ ဒါကို တစ်ကမ္ဘာလုံးက သိရှိလာပြီး စာနာ သနားမှု စိတ်ဓာတ် အပြည့်နဲ့ လှူဒါန်းမှုများ၊ ဖြေဆေး ရှာဖွေဖော်ထုတ်မှု များ ဖြစ်ပေါ် လာစေရန် ဖြစ်ပါတယ်။

Lamborghini Aventador ပန်းရောင်ပေါ်မှာ ပျော်ရွှင်နေတဲ့ ကလေးရဲ့  ဟန်ပန်အမူအရာများကို အောက်ပါ ဗီဒီယိုမှာ လေ့လာ နိုင်ပါတယ်။
.

အောင်ခမ်း ( ColayAutomobile )

“အမျိုးဘာသာကို ဖျက်တယ်၊ လုံးဝ လက်မခံနိုင်ဘူးလို့ ဝေဖန်ခံရတယ်”


Miss International Queen 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ပထဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် သညာမောင် (ဓာတ်ပုံ – Tanya Maung facebook မှ)
ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေ၌ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တတိယလိင် အလှမယ်အဖြစ် သညာမောင်က ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တော့မည် ဖြစ်သည်။ အသက် ၂၉ နှစ် အရွယ်ရှိ သညာမောင်သည် ကရင်ပြည်နယ် မိကရင်ရွာတွင် မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂၀၀၇ ခုနှစ်တွင် စတင် ရောက်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီတခုတွင် စတင် အလုပ်ဝင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်း တခု၌ အလုပ်လုပ်ကိုင်ကာ BA. English မေဂျာဖြင့် ပညာသင်ယူဆဲ ဖြစ်ကြောင်း သိရသည်။ သညာမောင်၏ Miss Internatoinal Queen 2013 ပြိုင်ပွဲဝင်မည့် ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။     ။ Miss International Queen ပြိုင်ပွဲဝင်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်မလဲ။

ဖြေ။     ။ ပြိုင်ပွဲဝင်တွေရဲ့ အဓိက အရေးအကြီးဆုံးက ယောက်ျားဘဝကနေ မိန်းကလေး တယောက် ဘဝကို လုံးဝ ပြောင်းလဲထားတဲ့သူ တယောက် ဖြစ်နေရမယ်၊ မိန်းကလေး တယောက်ရဲ့ အသွင်ပုံစံ အပြည့်ရှိနေရမယ်၊ လူမှု ဆက်ဆံရေး လည်း ကောင်းမွန် နေရမယ်။

မေး။     ။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တတိယလိင် အလှမယ် တယောက်အဖြစ် ဘာကြောင့် ပြိုင်ပွဲဝင်ဖြစ်ခဲ့တာလဲ။

ဖြေ။     ။ အစတုန်းကတော့ ပြိုင်ပွဲဝင်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ဘူး။ စိတ်လည်း မဝင်စားဘူး။ ဘာလို့လဲဆိုတော့ တချို့ သူတွေလိုမျိုး ကိုယ့်ကို နောက်ခံ ထောက်ပံ့ပေးမယ့် စပွန်ဆာတွေလည်း မရှိဘူးလေ၊ ဒါပေမယ့် သူငယ်ချင်းတွေက
မြန်မာပြည် ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်သင့်တယ်လို့ အကြံပေးကြတယ်။ အစ်မရဲ့ ရုပ်ရည်နဲ့ ဆိုရင်လည်း ဖြစ်နိုင်တယ်လို့ ဝိုင်းပြီး အကြံပေးကြတာနဲ့ လျှောက်လွှာ တင်ဖြစ်ခဲ့တယ်။ နောက်တော့ လျှောက်လွှာတင်တဲ့ အယောက် ၈၀ ကျော်ထဲက
၃၀ ပြန်ရွေးတဲ့ အထဲမှာ ကိုယ် က အရွေးခံရတယ်ဆိုတော့ အံ့သြသွားတယ်၊ ပြီးတော့ ပြိုင်ပွဲကို ဆက်ပြီး ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသွားတယ်။

မေး။     ။ ပြိုင်ပွဲဝင်ဖို့ စပြီး လျှောက်ခဲ့တဲ့တုန်းက အတွေ့အကြုံ ပြောပြပေးပါလား။

ဖြေ။     ။ ပြိုင်ပွဲဝင်ဖို့ လျှောက်လွှာတင်တော့ အင်တာဗျူး လုပ်ရတယ်၊ အဲဒီမှာ အစ်မက မြန်မာပြည် ကိုယ်စားလှယ်အနေနဲ့ ပထမဆုံး ပြိုင်တဲ့သူ တယောက် ဖြစ်နေတယ်။ ပြိုင်ပွဲဝင်ရတဲ့ အကြောင်းရင်းကို မေးတော့ မြန်မာနိုင်ငံမှာ ကျားမ ခွဲခြား ဆက်ဆံမှုတွေ ရှိနေသေးတာရယ်၊ ပြည်သူလူထုရဲ့ တတိယလိင်တွေ အပေါ် လက်မခံနိုင်သေးတဲ့ အမြင်တွေကို ပညာပေးချင်တဲ့ သဘောပေါ့။ ပြီးတော့ ဆုရဖို့ကိုလည်း မမျှော်မှန်းထားပါဘူးလို့ အင်တာဗျူးတော့ လူကြီးတွေကို အစ်မ ပြောပြဖြစ်ခဲ့တယ်။

မေး။     ။ တတိယလိင်တယောက် အနေနဲ့ အခုလို မယ်ပြိုင်ပွဲဝင်ဖို့ လုပ်တော့ ဝေဖန်ခံရတာတွေ၊ အားပေးမှုတွေ ဘယ်လိုရှိလဲ။

ဖြေ။     ။ အစ်မရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ facebook စာမျက်နှာမှာတော့ ပရိသတ်တွေက ကွန်မန့်တွေ ပေးကြတယ်။ အမျိုးဘာသာကို ဖျက်တယ်၊ လုံးဝ လက်မခံနိုင်ဘူး ဆိုတာမျိုးတွေ ဝေဖန်ခံရတယ်။ ဒါပေမယ့် အစ်မက အကောင်းမြင် ဝါဒီသမား တယောက်အဖြစ် ခံယူထားတဲ့သူ ဆိုတော့ သူတို့တွေရဲ့ ဝေဖန်မှုတွေကို ကောင်းတဲ့ ရှုထောင့်ကနေ မြင်လိုက်တယ်။ မကောင်းတဲ့ အပိုင်းတွေရှိသေးရင် ကိုယ်က ပြုပြင်လိုက်တယ်။ အားပေးတာတွေ ကတော့ တော်တော်လေး များတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံတွင်းကရော၊ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ ရောပေါ့ ပြိုင်ပွဲဝင်တာကို အားပေးကြတယ်။

မေး။     ။ ဒါဆိုရင် နိုဝင်ဘာ ၁ ရက်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ကိုရော ဘာတွေ ပြင်ဆင်ပြီးထားပြီးလဲ။

ဖြေ။     ။ ပြိုင်ပွဲဝင်ဖို့ အတွက်ကတော့ လောလောဆယ်မှာ ရေကူးဝတ်စုံတွေ အများကြီး ပြင်ဆင်နေတယ်။ မြန်မာဝတ်စုံတွေနဲ့ ညနေခင်း ဝတ်စုံတွေလည်း အစ်မရဲ့ ဒီဇိုင်နာဆီမှာ ချုပ်နေတယ်။ Talent Show အတွက်ကိုတော့ ကရင်ဒုံးယိမ်းအက ကဖို့ ပြင်ဆင်နေတယ်၊ လေ့ကျင့်နေတယ်။ အစတုန်းကတော့ မြန်မာအကလေး ကချင်ခဲ့တာပါ။ ဒါပေမယ့် ဝတ်စုံတွေ ရှာဖို့ ခက်တယ်လေ။

မေး။     ။ ပြိုင်ပွဲဝင်မယ် ဆိုတုန်းက စပွန်ဆာပေးဖို့ ကမ်းလှမ်းခံရသေးလား။

ဖြေ။     ။ ပြည်တွင်းမှာက အစ်မရဲ့ အသိမိတ်ဆွေ သိပ်ပြီးတော့မရှိဘူး။ သူငယ်ချင်း တယောက်ကတော့ အစ်မရဲ့ အတွေ့အကြုံ တွေကို အင်တာဗျူး လာလုပ်ပြီး စပွန်ဆာ ပေးဖို့ကမ်းလှမ်းပေမယ့် အဲဒီ တယောက်ကလည်း အခုထိ အကြောင်းမပြန် တော့ပါဘူး။

မေး။     ။ အခုလို ပြိုင်ပွဲဝင်မှာကိုရော မိဘတွေက သဘောတူရဲ့လား။

ဖြေ။     ။ ဝင်ပြိုင်မယ် ဆိုတာကို မိဘတွေက မသိသေးဘူး။ ဒါပေမယ့် သတင်းတွေက ထွက်သွားတော့ အိမ်က ဖုန်းဆက် လာတယ်။ အစ်မရဲ့ အမေကတော့ အကောင်းဘက်က မြင်ပေးပေမယ့် သူ့စိတ်ထဲမှာ သိပ်ပြီးတော့ လက်မခံသေးဘူး။ ဆုံးမသင့်တာ ဆုံးမတယ်။

မေး။     ။ မြန်မာနိုင်ငံမှာ ရှိတဲ့ တတိယလိင် တွေအတွက် အခွင့်အလမ်းတွေ နည်းနေသေးတာ၊ လူတွေလက်မခံနိုင်သေးတာ ကိုရော ဘယ်လိုခံစားရလဲ။

ဖြေ။     ။ အစ်မရဲ့ အတွေ့အကြုံအရ ဆိုရင်တော့ တည်တည်တံ့တံ့ နေနိုင်တဲ့သူနဲ့ မနေနိုင်တဲ့ သူတွေရှိတယ်။ ကိုယ်လို လူမျိုးတွေ ဆိုတာက ဒီလိုမျိုးဘဝနဲ့ နေထိုင်တာဆိုတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာလေးနဲ့ အိနြေ္ဒရရလေး ရှိနေစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တတိယလိင်တွေက ကိုယ်တိုင်ကိုယ်ကျ ပွင့်ပွင့်လင်းလင်းနဲ့ ဆုံးဖြတ်နိုင်ရမယ်။ ဒီလိုမျိုး တတိယလိင် ဘဝကို ခံယူလိုက်မယ်ဆိုရင် ခံနိုင်ရည်ရှိရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်၊ ကောင်းတဲ့သူ တယောက်အဖြစ် လူမှုအဖွဲ့အစည်းကို အထောက်အကူ ပြုနိုင်မလား၊ ပတ်ဝန်းကျင်က လူတွေ လက်ခံနိုင်မလား ဆိုတာတွေ
အရေးကြီးတယ်။

မေး။     ။ သညာမောင်အနေနဲ့ တတိယလိင်ဘဝကို စပြီး ပြောင်းလဲလိုက်တုန်းက ဘယ်လိုမျိုး အခြေအနေတွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ။     ။ အခက်အခဲတွေကတော့ အများကြီးရှိခဲ့တယ်၊ အိမ်က လုံးဝလက်မခံဘူး၊ အကြီးအကျယ် ပြဿနာတက်ခဲ့ရတယ်။ အိမ်ကို ပြန်မလာနဲ့လို့ နှင်ထုတ်ခံခဲ့ရတယ်။ အရင်က ကိုယ့်ကို ရိုသေလေးစားခဲ့တဲ့ သူတွေက ရှိန်သွားတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို တဖြည်းဖြည်း သိလာတော့ ပြန်ပြီး လက်ခံပေးလာတယ်။

မေး။     ။ တတိယလိင် ဘဝရဲ့ အားသာချက်နဲ့ အားနည်းချက်ကရော ဘာတွေဖြစ်မလဲ။

ဖြေ။     ။ အစ်မတို့လိုမျိုး လူတွေရဲ့ အားသာချက်ကတော့ စိတ်ဓာတ်ကြံ့ခိုင်လာတယ်။ ဒီလိုဘဝကို ပြောင်းမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တွေးရတယ်လေ။ ဒီလိုဘဝမှာ ကြံ့ကြံ့ခံနိုင်ရဲ့လား၊ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပြီးမှ ခွဲစိတ်ပြုပြင်ကြရတာလေ။ အားနည်းချက်ကတော့ များသောအားဖြင့် ပတ်ဝန်းကျင်က သိပ်ပြီးတော့ လက်မခံကြဘူး။ ကိုယ်နဲ့ မသိတဲ့သူတွေဆိုရင် တွေ့တာနဲ့ ဟာသတခုလို မြင်ကြတယ်။ အလုပ်ကိစ္စနဲ့ တနေရာရာကို သွားလို့ အမျိုးသားတွေနဲ့ တွေ့ရင် သူတို့က ကိုယ့်ကို ရှိန်နေတတ်ကြတာမျိုးတွေ ကြုံတွေ့ရတယ်။

မေး။     ။ တတိယလိင်တယောက် ဖြစ်တဲ့ သညာမောင်ရဲ့ ခံယူချက်ကရော။

ဖြေ။     ။ အစ်မကတော့ အရာရာတိုင်းကို ကြံ့ကြံ့ခိုင်ပြီး ကိုယ့်လမ်းကို လျှောက်နေတယ်၊ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ်။ အစ်မမြင်နေတာက မြန်မာလူမျိုးတွေ မှာတင် မဟုတ်ဘဲ နိုင်ငံတကာမှာပါ တတိယလိင်ဆိုတဲ့ သူတချို့က ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မထားကြတာများတယ်။ အဲဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တန်ဖိုးရှိလာအောင်၊ အကျိုးရှိလာအောင် ကူညီသွားမယ်လို့ စဉ်းစားထားတယ်။

irrawaddy

မျက်လုံးမှ ဆေးရည် ပန်းထုတ်ပြီး အရုပ်ရေးခြယ်သူ



အာဂျင်တီးနားနိုင်ငံမှ အသက် ၂၇ နှစ်အရွယ် လင်ဒရိုဂရန်နက်တူ (Leandro Granato) ဆိုသူသည် ပန်း ချီဆွဲသည့် ရေဆေးများကို မျက်လုံးထဲမှ ပန်းထွက်လာအောင်ပြုလုပ်ပြီး ကင်း ဗတ်စပေါ်တွင် ပန်းချီရေးဆွဲနိုင်သူဖြစ် သည်။

နှာခေါင်းနှင့်မျက်လုံးအကြားတွင် ထူးခြားသည့် ဆက်သွယ်မှု ရှိနေခြင်း ကြောင့် ဆေးရည်များကို နှာခေါင်းမှ စုပ်ယူပြီး မျက်လုံးမှပန်း ထုတ်ကာယခုလို ရေးခြယ်မှုမျိုး ပြုလုပ်နိုင်သည်ဟု ယူဆ ရသည်။

ပန်းချီကားတစ်ခု ရေးဆွဲနိုင်ရန် ရေဆေး ၈ဝဝ မီလီလီတာခန့် ကို နှာ ခေါင်းမှစုပ်ယူပြီး မျက်လုံးမှပန်း ထုတ်ရသည်။ ၄င်း၏ ထူးခြားသော ပန်းချီကားတစ်ချပ်တိုင်းအတွက် စတာ လင်ပေါင် ၁၅ဝဝဖြင့် ဝယ်ယူလိုကြ သည်။

''ထူးခြားသည့် စွမ်းရည်ပိုင်ဆိုင် နေခြင်းကို ကလေးဘဝကတည်းက သတိထားမိခဲ့ပါတယ်၊ အရွယ်ရောက် လာတော့ မျက်လုံးထဲကနေ လေနဲ့ အရည်တွေကို ပန်းထုတ်နိုင်တဲ့ စွမ်းရည် ကို အသုံးချပြီး ကမ္ဘာပေါ်မှာ ပန်းချီရေး ဆွဲနည်းသစ်ကို တီထွင်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့စွမ်းရည်ကို သဘောကျသူ တွေရှိသလို သဘောမကျတဲ့သူတွေ လည်း ရှိပါတယ်။ တချို့က ကျွန်တော့်ကို ရူးမိုက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တစ်ချိန် မှာတော့ ကျွန်တော့်ကို မျက်လုံး နဲ့ပန်းချီရေးဆွဲသူလို့ လက်ခံလာမှာပါ'' ဟု
ဂရန်နက်တူက ပြောသည်။

Ref: Metro
Popular Myanmar News Journal

တရားရုံးများ စောင့်ကြည့်မည့် အဖွဲ့တွင် မီဒီယာသမားကို အတွင်းရေးမှူး အဖြစ် ခန့်ရန် ဥပဒေကြမ်းတွင် ထည့်သွင်း



တရားစီရင်ရေးတွင် အဂတိလိုက်စားမှု ရှိ မရှိနှင့် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စောင့်ကြည့်နိုင်ရန် ဖွဲ့စည်းမည့် တရားရုံး စောင့်ကြည့်ရေး ကော်မတီတွင် သတင်းမီဒီယာသမား တစ်ဦးကို အတွင်းရေးမှူးအဖြစ် ခန့်အပ်မည့် ပုဒ်မတစ်ခုကို တရားရုံးများ စောင့်ကြည့်ရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။

ပြည်သူ့လွှတ်တော်က ရေးဆွဲလျက်ရှိသော ယင်းဥပဒေကြမ်းတွင် စာနယ်ဇင်းကောင်စီက ခွင့်ပြုသော သတင်းမီဒီယာသမားများကို မြို့နယ်နှင့် ခရိုင်အလိုက် ဖွဲ့စည်းမည့် တရားရုံး စောင့်ကြည့်ရေး ကော်မတီတွင် အတွင်းရေးမှူးအဖြစ် ခန့်အပ်နိုင်ကြောင်း ဖော်ပြထားသည်ဟု ၎င်းကဆိုသည်။

တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေမှု ပြန်လည် တည့်မတ်နိုင်ရန် ယင်းဥပဒေကို ရေးဆွဲရခြင်း ဖြစ်ကြောင်း သူရဦးအောင်ကိုက ထပ်လောင်း ပြောကြားသည်။
“ဗဟိုအဆင့်ကနေ မြို့နယ်အဆင့်အထိ မီဒီယာတွေကို စောင့်ကြည့်ပြီး ပါစေချင်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကိုလည်း အားပြုတဲ့ သဘောပါ” ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ရှင်းပြသည်။

လက်ရှိတွင် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ရေးဆွဲထားသော အခြေခံမူ သဘောများတွင် ယင်းကဲ့သို့ ကိစ္စများနှင့် ပတ်သက်သော အချက်အလက်များ ထည့်သွင်းထားခြင်း မရှိကြောင်း၊ ကောင်စီ၏ ခွင့်ပြုချက် ဆိုသည်မှာလည်း အားလုံးကိုယ်စား ထုတ်ပြန်ပေးနိုင်သည့် အာဏာပိုင် အဖွဲ့အစည်း မဟုတ်သောကြောင့် ယင်းကိစ္စသည် လွဲချော်သည့် အချက်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးကိုကို (Yangon Media Group) က ထောက်ပြ ပြောဆို သည်။
“မီဒီယာသမားရဲ့ တာဝန်က ဒီအလုပ်လုပ်ရမှာ မဟုတ်ပါဘူး။ Police တို့၊ Inspector တို့မှ မဟုတ်တာ၊ ကျွန်တော်တို့က အဝေးကပဲ စောင့်ကြည့်ရမှာ။ အတွင်းကို ဝင်ကြည့်မယ့်သူတွေ မဟုတ်ပါဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

လက်ရှိတွင် တရားရုံးများ စောင့်ကြည့်ရေး ဥပဒေကြမ်းကို နှစ်ပိုင်း ခွဲကာ ရေးဆွဲနေခြင်း ဖြစ်ပြီး ပထမပိုင်းမှာ ရေးဆွဲပြီး ဖြစ်၍ ဒုတိယပိုင်းကို ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ယင်းဥပဒေကြမ်းကို လွှတ်တော်သို့ မတင်မီ ပြည်သူအများ သိစေရန် ချပြသွားမည် ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

ဥပဒေကြမ်း ရေးဆွဲခြင်း မပြီးပြတ်သေးသောကြောင့် ပုဒ်မနှင့် အချက်အလက်များ အားလုံး ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

The Voice Weekly


ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး




တိုက်ကြီးနယ်က ထွက်တဲ့ ဖီးကြမ်းငှက်ပျောသီးချင်း အတူတူ အနှိမ်ခံရတယ်ဗျာ။ ဆေးနဲ့မှည့်ထားတဲ့ ငှက်ပျောသီးမို့တဲ့။ နေပါဦး ကျုပ်ကများ ဆေးနဲ့မှည့်ချင်လို့ အမှည့်ခံထားတယ် ထင်နေလား။ ခြံရှင် ကိုဖိုးသာတို့ လင်မယား သူ့သမီးလေးကျောင်းအပ်ဖို့ ပိုက်ဆံလိုလို့ တဲ့ဗျာ။ သိပ်မရင့်သေးမှန်း သိရဲ့နဲ့ ဆေးစိမ်လို့ရလောက်တဲ့ အနေလောက် အခိုင်တွေ အကုန်လုံး ချိုင်ပစ်လိုက်တာ။ ကောင်းကောင်းမရင့်သေးတဲ့ ကျုပ်တို့ပါ ပါကုန်တာပေါ့။ သိပ်မရင့်လည်းပဲ ဆေးစိမ်လိုက်တော့ ဝါရောင် လိုက်လာပြီး မှည့်သွားတာပေါ့ဗျာ။

အခုဆိုင်ပေါ်မှာ ယှဉ်ရောင်းတော့ တကယ့်ငှက်ပျော အရင့်စစ်စစ်ကို သဘာဝအတိုင်း မှည့်ထားတဲ့ ငှက်ပျောသီးတွေလို ဇောင်းလေးတွေက ချော၊ အလယ်သားလေးတွေက မို့မို့ဖောင်းဖောင်း အစ်အစ်ကလေးမနေဘဲ ဇောင်းတွေကကြမ်း၊ အသားကလည်း သိပ်မပြည့် ချင်နဲ့ ဖြူဖြူဖွေးဖွေးရေဆေး ငါးနဲ့ မီးယပ်ပိန် မီးယပ်ခြောက်လို အသွင်အပြင်က ကွာချင်တိုင်း ကွာနေ တော့တာပေါ့ဗျာ။ ဒီကြားထဲ သူတို့က တစ်လုံးချင်း၊ နှစ်လုံးချင်းတဖြည်းဖြည်း မှည့်တော့ မိသားစုသိပ်မများတဲ့ အိမ်တွေဆို ငှက်ပျောတစ်ဖီးဝယ်ထားပြီး မှန်မှန်လေးစားသွားရင် အတော်ပဲ။ ကျုပ်တို့ကတော့ အားလုံးတစ်ပြိုင်တည်း မှည့်လိုက်တာ ဖီးကြမ်းဆိုတဲ့ နာမည်ကို ဖျောက်ပြီး တစ်ခိုင်လုံးရွှေ လို့တောင် နာမည်ပြောင်းဖို့ကောင်းသေး။

ခင်ဗျားတို့က ဆေးနဲ့မှည့်တဲ့ ငှက်ပျောသီးဆိုပြီး ကျုပ်တို့ကိုနှိမ်နေလို့ ပြောပြရဦးမယ်။ ကမ္ဘာမှာ နာမည်ကြီးပေ့ဆိုတဲ့ ငှက်ပျောသီးထုတ်လုပ်သူ တွေလည်း ဆေးအမျိုးမျိုးကို လိုသလိုသုံးကြတာပါပဲ။ တစ်နှစ်ကို ငှက်ပျောသီးတန်ချိန် နှစ်သန်းနီးပါးတင်ပို့တဲ့ ဖိလစ်ပိုင်လို နိုင်ငံမျိုးကနေ ကမ္ဘာအရပ် ရပ်ကို အလွန်အမှည့်မြန်တဲ့ ကျုပ်တို့လို ငှက်ပျောသီးတွေကို မှည့်ခါနီးမှ ခူးပြီး တင်ပို့လို့ ဘယ်ရမလဲဗျ။ တချို့ အင်တာနက် စာမျက်နှာတွေမှာ ရေးထားတာ ကတော့ အပင်ကနေ အစိမ်းရောင်ရှိတုန်းမှာ ခူး၊ ဆေးကြောသန့်စင်၊ ပိုးသတ်။ နောက်ပြီး မြန်မြန်မမှည့်အောင် အညှာကို ကျောက်ချဉ်ပွတ်ပြီး ခပ်အေးအေးဖြစ်အောင် ထိန်းထားတဲ့ ကွန်တိန်နာတွေနဲ့ နိုင်ငံတကာကို တင်ပို့ကြသတဲ့။ တင်သွင်းတဲ့နိုင်ငံကို ရောက်မှ လေလုံအောင် ပြင်ဆင်ထားတဲ့ အခန်းတွေထဲမှာ ငှက်ပျောသီးတွေကိုထည့် အီသိုင်လင်း (Ethylene) ဆိုတဲ့ ဓာတ်ငွေ့လွှတ်ပြီး မှည့်အောင် လုပ်ကြသတဲ့။ မှန်ကန်တဲ့ ဓာတုပစ္စည်းသုံးပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ ငှက်ပျောသီးမှည့်အောင် လုပ်တာက ပြဿနာအရင်းအမြစ် မဟုတ်ဘူးဆိုတာကို ပြောချင်တာပါဗျာ။

ဒါဖြင့် ပြဿနာအရင်းအမြစ်က ဘာလဲဆိုရင် ကျုပ်က ကျုပ်ကိုဘယ်လို ဘယ်ပုံ ဆေးနဲ့မှည့်အောင် လုပ်ခဲ့သလဲဆိုတာကိုတော့ ပြောပြမှဖြစ်မယ်။ ကျုပ်တို့ကို အဖီးလိုက် ဆစ်ပိုင်းပြီး ပလတ်စတစ်ရေပုံးထဲကို စွတ်ခနဲနေအောင် နှစ်လိုက်တာပဲ။ ခဏလေးမှ ခဏလေးပါဗျာ။ အဲဒီရေနှစ်သဘင် ဆင်ယင်ပြီးတာနဲ့ ဒီအတိုင်း ချိတ်ဆွဲထားလိုက်။ တစ်ရက် နှစ်ရက်အတွင်း မှည့်တာပဲ။ ရေပုံးထဲမှာလား။ ဆေးပါတာပေါ့ဗျာ။ ဘာဆေးလဲဟုတ်လား။ ဘယ်သိမလဲဗျ ကျုပ်ကတရုတ်စာမှ မဖတ်တတ်တာ။ ရော့ဒီမှာ တံဆိပ်။ တွေ့လား အားလုံးက တရုတ်စာချည်းပဲ။ တိုက်ကြီးဈေးထဲက စိုက်ပျိုးရေးသုံး ပစ္စည်းဆိုင်တွေကို သွားပြီး ငှက်ပျောသီးမှည့်ဆေး လို့သာမေးလိုက်။ ခင်ဗျားက တို့ဆေး လိုချင်တာလား၊ စိမ်ဆေး လိုချင်တာလား ပြောလိုက်။ ဆိုင်ရှင်က ပေးလိမ့်မယ်။ ခင်ဗျားမကုန်မှာစိုးလို့ ဘူးလိုက် မဝယ်ချင်ရင် တစ်ရာဖိုး၊ နှစ်ရာဖိုး ဝယ်လည်း ရတယ်။ ရေထဲကို ဘယ်လောက်ထည့်ရမလဲ ဟုတ်လား။ မှန်းထည့်လိုက်ပေါ့ဗျာ။ တံဆိပ်ပေါ်မှာတော့ တရုတ်လို ရေးထားမှာပေါ့။ ဒါပေမဲ့ ကိုဖိုးသာတို့ လင်မယားလည်း တရုတ်လိုမှ မဖတ်တတ်တာ။ ကျုပ်တွေ့လိုက်တာကတော့ မခင်ညို ဆေးဘူးအဖုံးနဲ့ နှစ်ဖုံးစာ ရေပုံးထဲကို လောင်းထည့်လိုက်တာ တွေ့တာပဲ။

ဟိုတစ်လောကတော့ မနေနိုင်တဲ့ သူတစ်ယောက်က တရုတ်စာဖတ် တတ်တဲ့သူတွေကို အကူအညီ တောင်းပြီး အင်တာနက်ပေါ်မှာ ရှာလိုက်ဖွေလိုက်တော့ ဓာတုပစ္စည်းက 2-chloroethyl phosphoric acid လို့ခေါ်သတဲ့။ သူလည်း တရုတ်စာလုံးချင်းတိုက်ကြည့်ပြီးတော့ ယုံလိုက်တာပေါ့ဗျာ။ အပွင့် တွေအသီးတွေကို ကြီးထွားစေတဲ့ဆေး။ ဒီဆေးကို အဓိကအသုံးပြုတာက ဝါဆွတ်တဲ့အခါ လွယ်အောင်လို့တဲ့။ ချည်ဖြစ်လာမယ့် ဝါဖြူဖြူထွေးထွေး တွေက ဝါသီးတွေ အာလာတော့မှ အသီးထဲက ထွက်လာတာမဟုတ်လား။ သဘာဝအရ ဝါသီးအာအောင်စောင့်ပြီး ဝါဆွတ်ရင် အခင်းထဲကို ခဏခဏ သွားရတယ်။ အချိန်ကုန်တယ်။ လူပန်းတယ်။ အဲဒီတော့ ဝါသီးတွေ အများကြီး တစ်ချိန်တည်းအာအောင် ဒီဆေးကို အများဆုံးသုံးကြပါသတဲ့။ ဒီဆေးက အသီးပေါ်ဖျန်းပြီး ခဏနေတာနဲ့ အီသိုင်လင်း ဓာတ်ငွေ့အဖြစ် ပြောင်းသွားတာ မို့ ဆိုးဆိုးရွားရွား အန္တရာယ်တော့ သိပ်မဖြစ်ဘူးဆိုပဲ။ ဒါပေမဲ့ အတိုင်းအဆ မရှိ ဆေးပမာဏနဲ့ ရေထဲကိုရောချင်သလို ရောနေတာက မှားနေတယ်။ ဘူးထဲကဓာတုပစ္စည်းရဲ့ သန့်စင်မှုနှုန်း တို့ဘာတို့ မသိတာကလည်း အန္တရာယ်ကင်း မကင်း မသေချာမရေရာစေတဲ့ အချက်တွေပဲ။

ကျုပ်ပြောချင်တဲ့ ပြဿနာ အရင်းအမြစ်ဆိုတာက အဲဒါဗျ။ ဘယ်သူမှ မဖတ်တတ်တဲ့ တံဆိပ်နဲ့ ဒီဆေးတွေကို တရားဝင် ရောင်းဝယ်ဖောက်ကား နေတာကို ကျုပ်ကတော့ နားမလည်ဘူး။ ဆိုင်ပေါ်မှာရောင်းတဲ့ ပစ္စည်းတိုင်းဟာ အဲဒီဈေးကွက်ကို ကြီးကြပ်ကွပ်ကဲတဲ့ အာဏာပိုင် များဆီမှာ မှတ်ပုံတင် ထားတဲ့ မှတ်ပုံတင်နံပါတ် ပါရမယ် မဟုတ်ဘူးလားဗျ။ မှတ်ပုံတင်နံပါတ် တောင်မပါဘူး ဆိုတော့ အထဲကဓာတုပစ္စည်းက မှန်ကန်မှုရှိ မရှိ၊ သန့်စင်မှု ရှိ မရှိ ဘယ်လိုလုပ်ပြီး အာမခံနိုင်မလဲ။ နောက်ပြီး သုံးစွဲဖို့ အညွှန်းကရော ဘယ်လိုလုပ်ပြီး သိရမှာလဲ။ ဆေးကိုရေနဲ့ရောပြီး ဖျန်းတာက လယ်ကွင်းထဲက ဝါပင်တွေကိုလုပ်တာ။ အပင်ကခုတ်ထားတဲ့ ငှက်ပျောသီး ကျတော့
ရေထဲရောပြီး ဆေးဖျန်းတာက မှန်တာလား၊ ဒီဆေးထဲက အီသိုင်လင်းအငွေ့ ထွက်အောင် တစ်နည်းနည်းနဲ့ လုပ်ပြီး ငှက်ပျောသီးကို အငွေ့ပေးပြီး မှည့်အောင်လုပ်ရမှာလား။
အကြောင်းတစ်ခုခုကြောင့် ငှက်ပျောသီးအသားထဲ ဆေးတွေ စိမ့်ဝင်သွားခဲ့ရင် စားတဲ့သူကို ဥပါဒ်ဖြစ်စေမှာလား။ အဲဒါတွေကရော ဘယ်သူတွေက ညွှန်ကြားမှာတုန်း။
မပြောကောင်းမဆိုကောင်းဗျာ။ ငှက်ပျောသီးစားပြီး ဗိုက်နာလို့ ဆေးရုံရောက်တယ် ဆိုပါတော့။ ဒီအတွက် ဘယ်သူ့မှာတာဝန်ရှိတာလဲ။ ဆေးစိမ်တဲ့ ကိုဖိုးသာနဲ့ မခင်ညိုလား။ ဒီဆေးကို ရောင်းလိုက်တဲ့ တိုက်ကြီး ဈေးထဲက စိုက်ပျိုးရေးပစ္စည်းဆိုင်ရှင်လား။ အဲဒီဆေးတွေကို လက်ကားဖြန့်တဲ့ သူလား။ ဒီဆေးတွေကို တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်သည်လား။ ဒီလို ပြဿနာအတွဲလိုက် မဖြစ်အောင် တာဝန်ယူ ထိန်းသိမ်းဖို့အတွက် အာဏာပိုင် အဖွဲ့အစည်းဆိုတာ ရှိရတာ မဟုတ်ဘူးလား။

ကျုပ်က ဒီလိုပြောတော့ အခုချက်ချင်း ဈေးထဲက မှတ်ပုံတင်နံပါတ် မပါတဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ သွားသိမ်းပစ်မယ် လို့များ မလုပ်လေနဲ့နော်။ ဒီနည်းက အလုပ်မဖြစ်ဘူးဗျ။ ဒီလို ကောက်သင်းကောက်တဲ့ အလုပ်တွေက ရေရှည်မခိုင်မြဲဘူး။ ဒီတံဆိပ်ကို ဖမ်းရင် နောက်တံဆိပ်ကို တင်ရောင်းမှာပဲ။ ခေါင်ကနေ စပြင်ရမှာဗျ။ စနစ်ကို ခိုင်မာအောင် တည်ဆောက်ရမှာ။ ပြည်တွင်းထုတ်တဲ့ စိုက်ပျိုးရေးသုံးပစ္စည်း ဆိုရင် မှတ်ပုံတင်ဖို့၊ ပြည်ပက တင်သွင်းတာ ဆိုလည်း တင်သွင်းခွင့်ပြုတဲ့ နံပါတ်ပါအောင် စနစ်တကျလုပ် ပေးဖို့၊ နောက်တစ်ဆင့်က မှတ်ပုံတင်နံပါတ် သို့မဟုတ် တင်သွင်းကုန်နံပါတ် စတာတွေမပါဘဲနဲ့ ဈေးကွက်ထဲမှာ မရောင်းအောင် ကြပ်မတ်ဖို့ ဘက်ပေါင်းစုံက လုပ်မှ ကြာရှည်ခံတဲ့ စနစ်တစ်ခုကို အောင်အောင်မြင်မြင် ထူထောင်နိုင် မှာပေါ့။

ငှက်ပျောသီးက လူစကားပြောတယ်လို့ ပြောလည်း ခံရမှာပဲဗျာ။ ငှက်ပျောသီးက ငှက်ပျောသီးလို လှလှပပ တင့်တင့်တယ်တယ် စားတော်ပွဲထဲ မရောက်ရဘဲ၊ ဝါရာက ညိုလာတဲ့အထိ ဝယ်သူမရှိလို့ ဆန်မှုန့်နဲ့လူး၊ ဆီပူထဲ ထည့်ကြော်ခံရတဲ့ ငှက်ပျောသီးကြော်ဘဝ ရောက်ဖို့ရာ မြင်နေတော့ စိတ်တိုတိုနဲ့ ပြောမိတာပေါ့ဗျာ။ ရှိကြီးခိုးပါရဲ့။ ကျုပ်ရဲ့နောင်လာနောက်သား တွေတော့ သဘာဝအတိုင်း မှည့်ခွင့်ပေးကြပါဗျာ။

(မစိမ့်)
Like ·  · Share · abou
The Voice Weekly

Eggs and Sprite အားဖြစ်တယ်ဆိုလို့


ကြက်ဥ နဲ့ Sprite ရောသောက်ရင် အားဖြ့ည်တယ်ဆိုလို့ နေ့တိုင်းလို သောက်ဖြစ်နေပါတယ်။ ဆိုးကျိုးတွေက ဘာတွေ ဖြစ်စေနိုင်ပါသလဲ။

“Eggs ကြက်ဥ အစရှာခြင်း” အကြောင်းတော့ ရေးထားပါတယ်။

မူလပိုင်ရှင်တွေက (ဆော့ဖ်-ဒရင့်ခ်) လို့ ခေါ်တာကို ကျွန်တော်တို့က “အအေး” လို့ ခေါ်လိုက်တယ်။ Cold drink လို့လဲ သူတို့က ခေါ်တာပါဘဲ။ အရက်တွေကို Hard drinks ခေါ်လို့ ဒါကို Soft drinks ခေါ်တာပါ။ အားဖြစ်တာလို့တော့ ဘယ်သူကမှ မခေါ်ပါ။

နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ Soda, Soda pop, Pop, Carbonated beverage, Tonic, Coke, Fizzy drink, Mineral စသဖြင့်။ သမိုင်း ရှာရင် အာရပ်ကမ္ဘာက စခဲ့တယ်။ အနောက်နိုင်ငံတွေမှာ ၁၇ ရာစုကစပြီး ဈေးကွက်ထဲ ဝင်လာခဲ့တယ်။ ၁၈ ရာစုကြမှ Carbonated drinks ဆိုတာ ပေါ်လာတယ်။ Phosphate soda (ဆိုဒါ) က ၁၉ဝဝ နောက်ကြမှ ပေါ်ပြူလာ ဖြစ်လာတယ်။

Club Soda (ကလပ်-ဆိုဒါ) ကို ဟန်ဂေရီတွေက စတယ်၊ အထဲမှာ ဆား နဲနဲပါတယ်။ သွေးတိုး ရှိရင် မကောင်းဘူး။ Tonic Water ဆိုတာ နာမယ်က အားဖြစ်စေသလိုလိုပေမဲ့ (ကာဗွန်) ပါသလို အဓိက (ကွီနင်း) နဲနဲလဲ ပါလို့ ချိုအောင် လုပ်ပေး ထားရတယ်။ ဗြိတိသျှ-ကိုလိုနီတွေ ငှက်ဖျားကြောက်လို့ သောက်တာကနေ စခဲ့တာပါ။ ကြွက်သား နာတတ်သူတွေ အတွက်လဲ ကောင်းပါတယ်။

ဘယ်အရာမဆို တာရှည်ခံ၊ နံမယ်ရ၊ ခေတ်လဲ နောက်မကျ၊ စီးပွါးရေးကလဲ တွက်ခြေကိုက်၊ မြင်လိုက်တာနဲ့ ဝယ်ချင်၊ အောင်မြင်တဲ့ လူသုံး-ပစ္စည်းတွေ အများကြီးရှိတယ်။ တံဆိပ်အတူ၊ အရည်အသွေးတူ၊ လူတွေ ဘယ်တိုင်းပြည်မှာမဆို ဝယ်ယူနိုင်ကြတာက (ဂလိုဘယ်လိုက်ဇေးရှင်း) ဖြစ်စဉ် တစိတ်တပိုင်းပါဘဲ။ ကနေ့ခေတ် လူတွေကြား ပေါ်ပြူလာ အများဆုံး ဖြစ်တဲ့ ဖျော်ရည်ဟာ ၁၉၂ဝ ကတည်းက ပေါ်ခဲ့တဲ့ 7 Up (ဆဲဗင်း-အပ်) ဖြစ်မယ်။ Bib-Label Lithiated Lemon-Lime Soda လို့ စခေါ်ခဲ့တယ်။ Mood-stabilizing drug စိတ်အခြေအနေ ထိန်းဆေးသဘောပါ။ Hangover cure အရက်-များသွားလို့ ဖြစ်တာတွေ ကုစားဘို့ ရည်ရွယ်ခဲ့ပါတယ်။

Sprite ဆိုတာက Lemon-lime flavored သံပုရာ-ရှောက်အနံ့ထည့်ထားတဲ့ Caffeine (ကေဖင်း) မပါတဲ့ Soft drink ဖြစ်တယ်။ နာမယ်ကြီး Coca-Cola Company ကနေ ၁၉၆၁ ကတည်းက 7 Up ကို ပြိုင်ထုတ်တာလဲ ဖြစ်တယ်။ ထုတ်ခါစမှာ Whiskey (ဝီစကီ) တို့ Vodka (ဗော့ဒဂါ) တို့နဲ့ ရောသောက်ဘို့ပါ။ အမေရိကားမှာ လူအများ အသဲစွဲ ဘတ်စကက် NBA ကို ၁၉၉ဝ မှာ Sponsor ရကတည်းက Sprite နာမယ် ပိုကြီးကြီးလာခဲ့တယ်။ Naturally Tart ဖြစ်ပါတယ်လို့ ကြော်ညာပါတယ်။ Tart ရဲ့ အဓိပ္ပါယ်က နှစ်ခွ-သုံးခွ ရှိတယ်။ ချဉ်စုတ်စုတ်-အရသာ၊ ဌာပနာ-သွားရည်စာနဲ့ ကြေးစား-မိန်းမတွေ ဖြစ်တယ်။ တချို့ကလဲ ဒါမျိုးမှ ကြိုက်တာကိုး။

ကုန်ပစ္စည်း ကြော်ညာစာ မဟုတ်လို့ ကျန်းမာရေးဘက် လှည့်ပါမယ်။ Sugar-sweetened အချိုကဲ အစား-အရည်မှန်သမျှ ဘေးထွက်-ဆိုးကျိုးတွေ များတယ်။ လေ့လာမှုတွေကို အကောင်းဖက်ရော၊ အဆိုးဘက်ကပါ လုပ်ပါတယ်။ အချိုဖြစ်အောင် High-fructose corn syrup ပြောင်းကထုတ်တဲ့ အချိုရည် နဲ့ Sucrose (ဆူးခရို့စ်) သကြားကို သုံးတယ်။ Caffeine (ကေဖင်း) ပါတာဆိုရင် Anxiety စိုးရိမ်စိတ်နဲ့ Sleep disruption အအိပ်ခက်တာတွေ ဖြစ်စေတယ်။ သောက်တာများမှပါ။ နဲနဲစီသာပါတဲ့ Sodium benzoate နဲ့ Benzene တွေက ဒုက္ခ ပေးလောက်အောင်တော့ မပါဘူး။

၁၉၉၈ မှာ Center for Science in the Public Interest ကနေ Liquid Candy: How Soft Drinks are Harming Americans' Health အစီရင်ခံစာတခု ထုတ်ပြန်ခဲ့တယ်။ အချိုရည်တွေကြောင့် Obesity အဝလွန်တာ၊ Type 2 Diabetes ဆီးချိုရောဂါ၊ Dental cavities သွားပိုးစားတာ၊ Heart disease နှလုံးရောဂါ နဲ့ အာဟာရ နည်းတာတွေ ဖြစ်စေနိုင်တယ်။ ၁၉၉၇-၂ဝဝ၁ အတွင်း အမေရိကားမှာ အချိုရည် သောက်တာရော အဝလွန်တာပါ နှစ်ဆတိုးခဲ့တယ်။

အချိုရည်တွေမှာ Glucose (ဂလူးကို့စ်)၊ Fructose (ဖရပ်တို့စ်)၊ Sucrose (ဆူးခရို့စ်) သကြား အမျိုးမျိုး ပါနိုင်တယ်။ ပါးစပ်ထဲမှာ နေတဲ့ ဗက်တီးယားတွေက အဲဒီ သကြားကို Ferment အချဉ်ဖေါက်တော့ Acid (အက်စစ်) ဖြစ်စေတယ်။ (အက်စစ်) ကနေ သွားအပေါ်ဖုံး ကြွေလွှာ Enamel ကို ဖျက်ဆီးတယ်။ နောက်ပြီး ဖျော်ရည် အများစုကိုနှိုက်က Acidic ဖြစ်နေသေးတယ်။ pH 3.0 လောက်သာ ရှိကြတယ်။ ပါးစပ်ထဲမှာ စုပ်သလို ကြာကြာထားရင် သွားကို ထိခိုက်စေတယ်။ ဖျော်ရည် သောက်ပြီးပြီးချင်း သွားတိုက်ပြန်ရင် ပိုဆိုးနိုင်တယ်။

နောက်ဆိုးသေးတာက သွေးထဲမှာ (ပိုတက်ဆီယမ်) နည်းစေလို့ Hypokalemia ဖြစ်စေတယ်။ အားလုံးက လက်ခံတာ မဟုတ်ပေမဲ့ ဖျော်ရည်ကြောင့် Bone density အရိုးအားနည်းတယ်လို့ ပြောတာလဲ ရှိသေးတယ်။ ဖျော်ရည်တွေကနေ အာဟာရဓါတ် ဘယ်လောက်ရသလဲ။ တမင် ထည့်ပေးမထားရင် ဗီတာမင် မပါဘူး။ ဓါတ်ဆား မပါဘူး။ ဖိုင်ဗာ၊ ပရိုတင်း တွေလဲ မပါဘူး။ ရေ၊ နွားနို့နဲ့ သစ်သီး-ဖျော်ရည် အစစ်တွေအစား ဒါတွေချည်း သောက်နေရင် အာဟာရ ချို့တဲ့စေတယ်။

USDA အမေရိကန် အစားအသောက်အဖွဲ့ကနေ သတ်မှတ်ပေးထားတာက တနေ့မှာ (ကယ်လိုရီ) ၂ဝဝဝ ရမဲ့ အစား အစာထဲမှာ သကြား လဘက်ရည်ဇွန်း ၁ဝ ဇွန်းထက် မပိုရပါ။ ဖျော်ရည် အတော်များများထဲမှာ သကြား ဒိထက် ကဲပါနေတယ်။ Caloric intake များရင် လူကိုဝစေတယ်။ လျော့ချင်ရင် လေ့ကျင့်ခန်း မလုပ်မနေ လုပ်ရလိမ့်မယ်။

အရင်က ဖျော်ရည်တွေထဲက အချိုဓါတ်ဟာ Corn syrup ကနေရတယ်။ ၂ဝ၁ဝ ကစပြီး အမေရိကားမှာ High-fructose corn syrup (HFCS) ကို ပြောင်းသုံးစေတယ်။ ဈေးချိုလို့ပါ။ HFCS ကို ဆီးချို၊ သွေးတိုး စတာတွေ အားပေတယ်လို့ ထောက်ပြကြတယ်။ ဥရောပမှာတော့ သူများတိုင်းပြည်တွေကနေ Sugarcane ကြံ-သကြား မသွင်းရအောင် ဥရောပထွက် Sugar beets ကိုသာ သုံးစေလို့ Sucrose ကနေ အချိုဓါတ်ရစေတယ်။

Non-alcoholic beverage အရက်မပါ-သောက်စရာ အရည်တွေမှာ ရေ၊ Carbonated water ကာဗွန်ရေ နဲ့ Flavoring agent အနံ့တခုခုပါတယ်။ သကြား ဒါမှမဟုတ် ပြောင်းသကြားရည်၊ Diet drinks (ဒိုင်းယက်-ဒရင့်ခ်) တွေမှာတော့ Sugar substitute သကြား-အစားထိုးတာတွေ သုံးတယ်။ တချို့မှာ Caffeine (ကေဖင်း)၊ တချို့မှာ အသီးရည်၊ တချို့မှာ အရက် Alcohol 0.5% အထိ ပါတတ်သေးတယ်။

Carbonated water ကာဗွန်ဒိုင်အောက်ဆိုက်ပါ ရေကြောင့် သွားကိုတော့ သိပ်မထိခိုက်စေပါ။ သူ့ထဲမှာပါတဲ့ (ဖေါ့စဖိတ်) ကြောင့် အရိုးကို ထိခိုက်စေမှာလဲ မပြောပလောက်ပါ။ European Journal of Gastroenterology and Hepatology ကနေပြောတာက အစာမကျေဖြစ်တာ သက်သာစေတယ်၊ ဝမ်းမချုပ်စေဘူးတဲ့။

လူ့ကိုယ်ခန္ဓာဟာ စားလိုက် သောက်လိုက်တဲ့ (ဆူးခရို့စ်) ကို (ဂလူးကို့စ်) နဲ့ (ဖရပ်တို့စ်) အဖြစ် ပြောင်းပြီးမှ အူကနေ စုပ်ယူပါတယ်။ ရိုးရိုးသကြားကိုလဲ အဲလိုပါဘဲ။ ဒါပေမဲ့ Fructose Metabolism (ဖရပ်တို့စ်) ဓါတ်ပြောင်းဖြစ်စဉ် ဆိုတာ အလွန်မြန်လို့ Fatty acid (ဖက်တီး-အက်စစ်) နဲ့ Triglyceride (ထရွိုင်-ဂလစ်ဇရိုက်) ဖြစ်တာ အသဲမှာ မြန်-များလို့ အဆီတွေ လာစုစေတယ်။ အရက် မသောက်သူတွေမှာပါ Fatty liver disease အဆီဖုံး-အသဲရောဂါ လာဖြစ်စေနိုင်တယ်။

Dr. တင့်ဆွေ
၁၄-၂-၂ဝ၁၁

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲ ပျောက်ဆေးများ


ဂျင်း

 ဂျင်းက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ် စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံး သင့်ပါတယ်။

 ကြက်သွန်ဖြူ

 ကြက်သွန်ဖြူ ကတော့ နားကိုက်တာကို ပျောက်ကင်း စေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။ ကြက်သွန်ဆီ ဆိုလို့ အခြား မဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

 လေးညှင်းပွင့်

 သွားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ လေးညှင်းပွင့် ခြောက်မှုန့်နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်း စေပါတယ်။

ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်

Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ Peppermint မှရတဲ့အဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။

 စပျစ်သီး

 စပျစ်သီးတစ်ခိုင်စာ နေ့စဉ်စားသုံးသူများအနေနဲ့ ကျောရိုးတစ်လျှောက်ဆက်စပ်တဲ့ ရောဂါများကို
 ပျောက်ကင်း စေတယ်လို့ လေ့လာ
 တွေ့ရှိထားကြ ပါတယ်။

 နာနတ်သီး

 နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။

ချယ်ရီသီး

 ချယ်ရီသီးကတော့ ဦးခေါင်းကိုက် ဝေဒနာကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီး ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။

ခရမ်းချဉ်သီး

 ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ် စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်း စေပါတယ်။

                                                                                          Ref: medic facts
                                                                                  credit to >>Royal hero media


ကိုယ်ဝန်ရှိလို့ ရှိမှန်းမသိဘဲ မွေးဖွားချိန်မှ သိသူ


ဗိတိန်နိုင်ငံတွင် အသက်(၂၂)နှစ်အရွယ် Nadia ဟုခေါ်သည့် မိန်းကလေးဟာ ကိုယ်အလေးချိန် မဆိုစလောက်လေး တက်လာတာကလွဲ၍ ကိုယ်ဝန်ဆောင်မိခင်များ ခံစားရလေ့ရှိသည့် လက္ခဏာရပ်များ လုံးဝမခံစားခဲ့ရသောကြောင့် မိမိကိုယ်မိမိ ကိုယ်ဝန်ရှိနေခဲ့မှန်းမသိဘဲ သားဖွားချင်လို့ ဗိုက်နာတာကို ရာသီသွေးပေါ်ချိန် ဗိုက်နာတယ်အထင်နဲ့ ရေချိုးခန်းအသွား နာကျင်မှုကြောင့် လဲကျရင်း (၇)ပေါင် (၁၁)အောင်စရှိသည့် သမီးလေးအား တစ်ယောက်တည်း အကူမပါ မွေးဖွားခဲ့သည်ဟု သိရသည်။


သူမ၏အဆိုအရ သူမဟာ ရာသီသွေး လစဉ်ပေါ်ခဲ့ပြီး မိမိကိုယ်မိမိ ကိုယ်ဝန်ရှိမှန်း တကယ် မသိခဲ့ကြောင်း ၊ ထို့ကြောင့်လည်း အလုပ်နှစ်ခုကို လုပ်ကိုင်နေခဲ့သူ ဖြစ်ကြောင်း ၊ ရာသီသွေးပေါ်လို့ ဗိုက်နာသည်အထင်နှင့် ရေချိုးခန်းအသွား ဗိုက်နာလွန်း၍ ရေချိုးခန်းထဲ လဲကျသွားပြီး အဆက်မပြတ်နာကျင်မှုကြောင့် ကလေးမွေးချင်လို့ နာမှန်း သူမကိုယ်သူသိ၍ သူမဘာသာ ကလေးမွေးဖွားသည်အထိ တစ်နာရီကျော်ကြာအောင် မွေးဖွားခဲ့ရကြောင်း ၊ သူမ ထိုကဲ့သို့ ဗိုက်နာပြီး အော်ဟစ် ကလေးညှစ်နေချိန်တွင် သူမ၏ အတူနေရည်းစား (သူမကလေးအဖေ)ဖြစ်သည့် Lewis မှာ ရေချိုးခန်းတဖက်က အိပ်ခန်းထဲတွင် အိပ်မောကျနေခဲ့ကြောင်း သိရသည်။


ညဘက် အလုပ်တာဝန်ပြီးဆုံးပြီး အိပ်မောကျနေခဲသော Lewis က ၎င်း၏ချစ်သူ ဗိုက်နာလွန်းလို့ အော်ဟစ် ကလေးမွေးဖွားနေခဲ့တာကို သူတကယ်ပင်မသိဘဲ အိပ်ပျော်နေခဲ့တာဖြစ်ကြောင်း ၊ Nadia က ချက်ကြိုးမဖြတ်ရသေးသော ကလေးကိုချီ၍ ငါတို့သမီးလေး မွေးပြီလို့ သူ့ကိုနှိုးပြောတာကို အိပ်မက်ဟုထင်၍ ပြန်အိပ်ခဲ့နေခဲ့တာဖြစ်ကြောင်း ဆိုခဲ့သည်။

Lewis သည် ၎င်းအိပ်ပျော်နေပါက နေအိမ်အတွင်း မီးသတ်အချက်ပေးမြည်တာကိုပင် မသိတဲ့အထိ အိပ်တတ်သူဖြစ်ကြောင်းလည်း သိရသည်။ ဗိုက်နာလွန်း၍ အော်ဟစ်နေသော Nadia က တဖက်ခန်းတွင် အိပ်ပျော်နေသည့် သူမချစ်သူ Lewis အား မနှိုးနိုင်ခဲ့ပေမယ့် အိမ်နီးနားချင်းများက Nadia ရဲ့ အချိန်ကြာကြာ အော်ဟစ်နေသံကြောင့် အရေးပေါ်ဖုန်းနံပါတ်သို့ ဖုန်းခေါ်ဆိုခဲ့ကြသည့်အတွက် ရဲကားနှစ်စီးနှင့် ဆေးရုံကားတစ်စီးဟာ သူမမွေးဖွားပြီးချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 တနင်္ဂနွေနေ့တုန်းက မွေးဖွားခဲ့သည့် ကလေးမို့ ၎င်းတို့၏ Poppy ဟု အမည်ပေးထားခဲ့ကြောင်း ၊ Poppy ၏ ချက်ကြိုးကိုမူ ဆေးရုံက ဆေးဝန်ထမ်းတွေ ရောက်လာမှ ဖြတ်နိုင်ခဲ့ပြီး သူမရော ၊ ကလေးပါ ဆေးရုံသို့ သွားခဲ့ကြရတာဖြစ်ကြောင်း သိရသည်။

Nadia က မွေးဖွားချိန် တစ်နာရီ (သို့မဟုတ်) နှစ်ရာရီ အချိန်အတွင်း မွေးဖွားခဲ့သည့် Poppy လေး၏ မွေးဖွားချိန် အတိအကျအား မသိခဲ့သည့်အတွက်တော့ ဝမ်းနည်းသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။


                                                                               ပုံရိပ်(burmesehearts.com)

မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကို ရိုက်နှက်



5 Seriesရုပ်သံလိုင်းတွင် ပြသမည့် လက်သန်းပြတ်တစ်ချောင်းရဲ့ ရာဇ၀င် ရုပ်သံဇာတ်လမ်းရိုက်ကူးစဉ်ပြဿနာဖြစ်၍ သရုပ်ဆောင်မင်းရာဇာ က အမျိုးသမီးသရုပ်ဆောင်အသစ် အိမ့်နိုင်းဟန်ကို ရိုက်နှက်ပြုလုပ်
 ခဲ့ကြောင်း အိမ့်နိုင်းဟန်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

“အမှုကို မကြီးချင်ဘူး။ ရိုက်ကွင်းမန်နေဂျာက လျော်ကြေး လာပေးတယ်။ လျော်ကြေးကို မမက်ပါဘူး။ အခြားဘယ်ကိုမှလည်း မတိုင်ထားပါဘူး။ ရုပ်ရှင်အစည်းအရုံးကဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု သရုပ်ဆောင်သစ်ဖြစ်သူ အိမ့်နိုင်းဟန်က ပြောကြားသည်။

 ရုပ်ရှင်ရိုက်ကွင်းတွင် မင်းရာဇာ၏ ဆဲဆိုမှုကြောင့် ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး ရှုတင်အဖွဲ့သားများ၏ ဖျန်ဖြေမှုကြောင့်ပြဿနာပြန်လည်ငြိမ် သက်နေချိန်တွင် မင်းရာဇာ၏ မိန်းမဆိုသူက သရုပ်သစ် အိမ့်နိုင်းဟန်ကို ပါးရိုက်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်ကြောင့် သရုပ်ဆောင် အိမ့်နိုင်းဟန်က
 မင်းရာဇာ၏ မိန်းမကို ပါးပြန်လည်ရိုက်နှက်ခဲ့မှုကြောင့်မင်းရာဇာက လူအုပ်ကြားထဲမှ ထွက်လာပြီး သရုပ်ဆောင်သစ် အိမ့်နိုင်းဟန်ကို ပါးနှင့် မျက်နှာတစ်ဝိုက်ကို ပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၎င်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

“လက်ခုပ်ဆိုတာ တစ်ဖက်ထဲ တီးလို့မရပါဘူး၊ ဒီနေ့ မနက်မှာပဲ နှစ်ဖက်စလုံးလာတိုင်သွားတယ်၊ ဒီကိစ္စကိုအောက်တိုဘာ ၁၅မှာ ကျွန်တော် တို့ စပြီးတော့ စစ်ပေး မှာပါ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးခင်မောင်ချင်းက People Powerသတင်းစာကို
 ပြောကြားသည်။

 အနုပညာလောကတွင် အဆိုပါ ဖြစ်စဉ်မျိုးသည် မကြာခဏဖြစ်ပွားတတ်ပြီး အစည်းအရုံးအနေဖြင့် မှန်သည်ဘက်မှရပ်တည်ပြီး တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 ယင်းကိစ္စနှင့် ပတ်သတ်၍ သရုပ်ဆောင် မင်းရာဇာသို့ ဆက်သွယ်မေးမြန်းရာ
 တယ်လီဖုန်း စက်ပိတ်ထားသည်။

                                                                                   ရေးသားသူ - အေးငြိမ်းသူ
                                                                                  People power (ညနေခင်းသတင်းစာ)

                                                                                  from=Myanmar Online News

သင်ဘီယာအကြောင်း ဘယ်လောက် သိသလဲ



ဘီယာအကြောင်း ဘယ်လောက် သိသလဲ

“ဘီယာဟာ အရက်တော့ မ ဟုတ်ပါ”
ဆိုတဲ့သီချင်းလိုပဲ။အရက်မဟုတ် ဘူးလို့ အတင်း ဇွတ်ကန်ငြင်းပြီး လူတွေက ဘီယာ ကို နှစ်နှစ်ခြိုက်ခြိုက် သောက်လာ ကြပါတယ်။ယောက်ျားလေး တွေသာမကဘဲ မိန်းကလေး တွေလည်း သောက်လာ ကြတာပါ။ အဲဒီလို ဖက်ရှင်လိုရော၊ သောက်ချင်လို့ ရောနဲ့ အကြောင်းအ မျိုးမျိုးနဲ့ သောက်ကြတဲ့ သူတွေဘီ ယာ အကြောင်း သိပါရဲ့လား။ ဘီယာ နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ကိုပြောပြပါ့မယ်။



Light (or) Lite ဘီယာမှာ
ကယ်လိုရီ ၁၀၀ ထက်ပိုပါတယ်။ ပျမ်းမျှ ၁၂ အောင်စပဲရှိတဲ့ lite ဘီ ယာတိုင်းမှာ ကယ်လိုရီ ၁၀၀ က နေ ၁၃၀ အထိပါပါတယ်။ ရိုးရိုးဘီ ယာဆိုရင် ၁၅၀ ကနေ ၂၀၀ ကယ် လိုရီပါပါတယ်။ ရိုးရိုးဘီယာ နဲ့ lite ဘီယာက အနည်းဆုံး ကယ်လီုရီ ၂၀ ကနေ ၁၀၀ အထိ ကွာပါတယ်။


ဘီယာက အဆီ ဓာတ်ကင်း တယ်။
ဘီယာက ၀ိုင်လိုပဲ အဆီဓာတ် ကင်းပါတယ်။ နောက်ပြီး အာဟာရ ဓာတ်အနည်းငယ် လည်းပါဝင်ပါ တယ်။ ဘာတွေလဲ ဆိုရင် ပရိုတင်း၊ ပိုတတ်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၁၂ နဲ့ ဆီလီယမ် တွေ ပါ။ ဒါပေမယ့် အမေရိကန်အမျိုး သား အစားအစာ ညွှန်ကြားမှုဌာ န ကတော့ ဘီယာဟာ ကယ်လိုရီ အများဆုံး အစားအစာငါးမျိုးမှာပါ ၀င်နေပြီးတော့ အာဟာရဓာတ်လုံးဝ မရှိ ဘူးလို့ ကြေညာ ထားပါတယ်။


နေ့စဉ်ဘီယာသောက်လို့ရသလား
ဘီယာကို နေ့စဉ် သောက်ရင် ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ အထိရှိ လာတတ် လာမယ်။ ဒါက ဟမ်ဘာ ဂါစား တာရဲ့ နှစ်ဆ၊ ရိုစ့်ဆင်းဒ၀တ် နဲ့ ချိစ်ပီဇာနှစ်ခုစားသလောက်ကို တက်မှာပါ။
ဘီယာမှာ အယ်လ်ကိုဟောဘယ်လိုပါဝင်လဲ
အယ်လ်ကိုဟောမှာ ကယ်လိုရီ ၇ ဂရမ်ပါဝင်ပါတယ်။ ဒီတော့ အယ်လ်ကို ဟောများလေ ကယ်လိုရီ များ လေပါ။ ကိုယ်အလေးချိန် လျှော့ ချချင်သူတွေကတော့ အယ်လ်ကို ဟောရော ဘီယာကိုပါရှောင်ရမှာပါ။


အရောင်တွေက ဘယ်လိုကွာသလဲ
ကယ်လိုရီဟာ အယ်လ်ကိုဟော ဘယ်လောက်ပါ သလဲ အပေါ်မှာမူ တည်တာပါ။ အရောင်အရင့်၊ အ ရောင် အနုပေါ်မှာ မူမတည် ပါဘူး။ အရောင်နုရင် ကယ်လိုရီ နည်းတာ လည်းမဟုတ်ပါဘူး။
ယောက်ျားတစ်ယောက်ဘီယာဘယ်လောက်သောက်ရမလဲ
လုံးဝ မသောက်ရင်ကောင်းပေ မယ့် မသောက်ရ မနေနိုင်ဘူးဆိုရင် တော့ နှစ်ခွက် ထက်ပိုမသောက်သင့် ပါဘူး။ တစ်ခွက်က ၁၂ အောင်စ ထက် မပိုရပါဘူး။


မိန်းမတွေကရော
မိန်းမတွေက လည်းနေရာတကာ လိုက်ပြီး ရင်ပေါင်တန်း ချင်တယ်။ သောက်ချင်တယ်ဆိုရင် တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။  ၀ိုင်ဆိုရင် ငါးအောင်စ တစ်ခွက်ပဲ သောက်သင့်ပါတယ်။


ဘာရောသောက်မလဲ
ဘီယာကို ပေါ့အောင်ဆိုပြီး တခြားအရည်ရော သောက်ရင် ကယ် လိုရီပို တတ်ပါတယ်။ ကိုလာလိုအ ရည်မျိုးရော သောက်မိပြီဆိုရင် ကယ် လိုရီ ၁၅၀ ကနေ ၂၀၀ လောက် အထိ ပိုသွားမှာပါ။
ဘီယာမသောက်လည်း ဗိုက်ပူတယ်
 တချို့ ယောက်ျားတွေက အ သက်ရ လာရင် ဘီယာ သောက်ပြီး ဘီယာဗိုက် ဖြစ်လာကြပါတယ်။ အ မှန် ကတော့ ဘီယာမ သောက်လည်း ကယ်လိုရီ များရင်ဗိုက်ပူ တတ်ပါတယ်။


ကောင်းတာဘာရှိလဲ
ဒီတော့ ဘီယာဆိုင် ထိုင်၊ ဘီ ယာသောက်ရင် ကောင်းတာဘာရှိ လဲ။ အပေါင်းအသင်း တိုးတယ်၊ လူ မှုရေး အကျိုးရတယ်လို့ အများက တော့ဆင်ခြေ ပေးကြပါတယ်။ နောက် တစ်ချက် ရှိပါသေးတယ်။ ရေများများ သောက်ဖြစ်တဲ့ အတွက် ကျောက် ကပ် ကျောက်တည်တာ ကိုတော့လျော့ ကျစေ တာပါပဲ။

                                                                                                 သဘာဝရဲ့အားအင်





အင်ဒိုနီးရှား ရေပိုင်နက်သို့ ကျူးကျော်မှုကြောင့် ထိန်းသိမ်းခံခဲ့ရသော ထိုင်းငါးဖမ်း ရေယာဉ်များမှ မြန်မာရေလုပ်သား ၃၇ ဦး ပြန်လည်ရောက်ရှိ




အင်ဒိုနီးရှား ရေပိုင်နက်သို့ ကျူးကျော်မှုကြောင့် ထိန်းသိမ်းခံခဲ့ရသော ထိုင်းငါးဖမ်းရေယာဉ်များမှ မြန်မာရေလုပ်သား ၄၀ ဦးအနက် ၃၇ ဦးမှာ အောက်တိုဘာ ၉ ရက်က မလေးရှား လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိလာသည်။

မြန်မာရေလုပ်သား ၄၀ ဦးအနက် ၃၇ ဦးသာ ပြန်လည် ရောက်ရှိလာခဲ့ပြီး ကျန်ခဲ့သည့် ရေလုပ်သား သုံးဦးမှာ မူလ ငါးဖမ်းလုပ်ငန်းတွင် ပြန်လည်လုပ်ကိုင်ရန်အတွက် ထွက်သွားကြောင်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ရောက်ရှိလာသည့် ရေလုပ်သားများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မြန်မာရေလုပ်သားများမှာ ထိုင်းနိုင်ငံ ငါးဖမ်းလှေများပေါ်တွင် အလုပ်လုပ်ကိုင်နေသည်မှာ ငါးနှစ်ခန့်ရှိနေပြီး ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ထိန်းသိမ်းခံရသည်မှာ ခုနစ်လခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

''ထိုင်းငါးဖမ်း လှေပေါ်မှာတော့ ညှဉ်းပန်းနှိပ်စက်တာတွေတော့ မရှိဘူး။ အင်ဒိုနီးရှားနိုင်ငံမှာ ထိန်းသိမ်းခံရတာက ကျွန်တော်တို့ လှေလေးစင်းနဲ့ အဲ့ဒီနိုင်ငံပိုင်နက်ထဲကို ရောက်သွားတာ ဖြစ်တယ်။ ကျွန်တော်တို့ လှေသားတွေကိုတော့ အပြစ်မပေးဘူး။ ပဲ့နင်းတဲ့ လူလေးဦးကို အပြစ်ပေးတာပါ။ ကျွန်တော်တို့ အကျယ်ချုပ် သဘောမျိုးနဲ့ပဲ ထိန်းသိမ်းထားတာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ထိန်းသိမ်းခံရတာက ခုနစ်လလောက် ရှိပါတယ်။ အဲဒီမှာ တခြား ဘာအခက်အခဲမှ မရှိပါဘူး'' ဟု တနင်္သာရီတိုင်းဒေသကြီးမှ ရေလုပ်သားဖြစ်သူ ဦးလှဦးက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာရေလုပ်သားများမှာ မိမိသဘောအရ သွားရောက် လုပ်ကိုင်ခဲ့သူများရှိသလို ပွဲစားများမှတစ်ဆင့် ငါးဖမ်းရေယာဉ်ပေါ်သို့ ရောက်သွားပြီး လုပ်အားခေါင်းပုံဖြတ်ခံရသူများ ပါဝင်ကြောင်း သိရသည်။

''ပွဲစားက ကျွန်တော်ရသမျှ လုပ်အားခတွေကို အကုန်ယူတယ်။ ကျွန်တော့်ကို သုံးဖို့လောက်ပဲ ပေးတယ်။ လုပ်အားခ ခေါင်းပုံဖြတ်ပြီး လူကုန်ကူးခံရတဲ့ သဘောမျိုးဖြစ်တယ်။ ထိုင်းမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတာ ငါးနှစ်လောက်ရှိပြီ။ အင်ဒိုနီးရှားနိုင်ငံတော့မှာ ကျွန်တော်တို့ကို အကျယ်ချုပ် သဘောမျိုးပေါ့ ၀င်းကြီးထဲမှာထားတယ်။ ထမင်းပုံမှန် ကျွေးတယ်''ဟု ပဲခူးတိုင်းဒေသကြီး ရေလုပ်သားတစ်ဦးက ပြောကြားသည်။

အဆိုပါ ရေလုပ်သား ၃၇ ဦးအား မြန်မာနိုင်ငံအစိုးရမှ အကုန်ကျခံကာ ပြန်လည်ခေါ်ခဲ့ကြောင်း သိရပြီး ၎င်းတို့မှာ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ရေလုပ်သားများ ဖြစ်ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိလာသော မြန်မာရေလုပ်သားများကို တွေ့ရစဉ်
Eleven Media Group

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အောက်တိုဘာ ၁၀ ရက်တွင် ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူမည်




၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံက ဘရူနိုင်း နိုင်ငံထံမှ လွှဲပြောင်းရယူမည်ဖြစ်ကြောင်း သိရသည်။

(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို ဘရူနိုင်း နိုင်ငံတွင် အောက်တိုဘာ ၉ ရက် (ယနေ့) ၌ စတင်ပြုလုပ်နေပြီး အောက်တိုဘာ ၁၀ ရက် ဒုတိယနေ့ အစီအစဉ်တွင် ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲနှင့်အတူ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ပူးတွဲပြုလုပ်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာမည့်ဇန်န၀ါရီလတွင် စတင်ထမ်းဆောင်ရမည် ဖြစ်သော်လည်း အာဆီယံထိပ်သီး ဆွေးနွေးပွဲများ၏ အစဉ်အလာအရ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကြိုတင်လက်ခံ ရယူခြင်း ဖြစ်ပါသည်။

၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့သော မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန်အတွက် အချိန် ၁၇ နှစ် ကြာမြင့်ခဲ့ပါသည်။ ထိုသို့ ကြာမြင့်မှုသည် အာဆီယံ သမိုင်းတစ်လျှောက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် အရှည်ကြာဆုံး စောင့်ခဲ့ရသည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ ပါသည်။

အာဆီယံ၏ ဖွဲ့စည်းပုံအရ အဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီ၏ ရှေ့အက္ခရာ အစီအစဉ်အတိုင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူရခြင်းဖြစ်ကာ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန် အခွင့်အလမ်း ပေါ်ခဲ့ပါသည်။

သို့သော် ထိုအချိန်က မြန်မာနိုင်ငံ၏ အခြေအနေအရ မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးသည်နှင့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများ အပါအ၀င် အာဆီယံနှင့် ဆက်နွှယ်သော ကိစ္စရပ်များ အားလုံးကို အမေရိကန်နှင့် ဥရောပနိုင်ငံများ သပိတ်မှောက်မည် ဆိုခြင်းကြောင့် ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို စွန့်လွှတ်ရန် မြန်မာနိုင်ငံက ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံအား ပေးအပ်ရန် အာဆီယံ ခေါင်းဆောင်များက သဘောတူခဲ့ ကြပါသည်။

"၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပထမဆုံး အကြိမ်အဖြစ် အာဆီယံဥက္ကဌ ရာထူးကို လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အခွင့်အရေးသစ် တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ဘက်စုံပြုပြင် ပြောင်းလဲမှုတွေ၊ ဒီမိုကရေစီ တန်ဖိုးတွေနဲ့ ကျင့်သုံးပုံ နည်းလမ်းတွေကို ဖော်ပြလိုက်တာပါပဲ။ မြန်မာနိုင်ငံဟာ လူပေါင်း သန်း ၆၀ နေထိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်တွေကို ဆောင်ရွက်ရင်း နိုင်ငံရေး စိတ်ဆန္ဒတွေနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ကုန်ခန်းသွားတာမျိုး မဖြစ်နိုင်ပါဘူး။ မိတ်ဆွေနိုင်ငံတွေရဲ့ အကူအညီကြောင့် မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန်ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဒေါ်ယဉ်ယဉ်မြင့်က အောက်တိုဘာ ၇ ရက်ထုတ် The Brunei Times သတင်းစာတွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမည့်အပေါ် ပြောကြားသည်။

(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့်အတူ ဆက်စပ်အစည်းအဝေး ကိုးခုပြုလုပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ခဲ့သော အစည်းအဝေး အစီအစဉ်များအရ သိရသည်။
နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများအနက် အောက်တိုဘာ ၉ ရက်တွင် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ၊ (၁၆) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးဆွေးနွေးပွဲ၊ (၁၆) ကြိမ်မြောက် အာဆီယံ-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ၊ (၁၆)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးဆွေးနွေးပွဲနှင့် ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်တွင် (၁၆) ကြိမ်မြောက် အာဆီယံ+၃ (ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား) ထိပ်သီးဆွေးနွေးပွဲ၊ (၈)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ၊ (၁၁) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲ၊ (၅) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ အစရှိသည်တို့ ပါဝင်ကြမည် ဖြစ်သည်။ ထိုအစည်းအဝေး အားလုံးကို ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ International Convention Center ၌ ပြုလုပ်သွားမည် ဖြစ်ပါသည်။

(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တွေ့ရစဉ်

Eleven Media Group

အထက်မြန်မာပြည်တစ်ခုလုံး၏ ရာသီဥတုအခြေအနေကို စောင့်ကြပ် ကြည့်ရှုနိုင်ရန် အမေရိကန်ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိ မိုးလေ၀သ ရေဒါစခန်းကြီးတစ်ခုအား မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းတွင် တည်ဆောက်မည်




အထက်မြန်မာပြည် တစ်ခုလုံး၏ ရာသီဥတု အခြေအနေကို စောင့်ကြပ် ကြည့်ရှုနိုင်ရန် အမေရိကန်ဒေါ် လာ ၁၂ သန်း တန်ဖိုးရှိ မိုလေ၀သ ရေဒါစခန်းကြီးတစ်ခုအား မန္တလေးတိုင်းဒေသကြီးရှိ ချမ်းမြသာစည် လေယာဉ်ကွင်းတွင် တည်ဆောက်မည်ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင် မေးမြန်းသည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် လေယာဉ်ကွင်းနှင့် စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုလေ၀သ ရေဒါစခန်းကြီးကို ဂျပန်နိုင်ငံ JICA အကူအညီဖြင့် တည်ဆောက်မည်ဖြစ်ပြီး အထက်မြန်မာပြည် တစ်ခုလုံး၏ ရာသီဥတု အခြေအနေကို စောင့်ကြပ် ကြည့်ရှုနိုင်ရန်အတွက် ဧရိယာအချင်း ၉၀၀ ကီလိုမီတာ အထိ လွှမ်းခြုံ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဦးဇင်ယော်က ဆိုသည်။

ထို့ပြင် ချမ်းမြသာစည် လေယာဉ်ကွင်းအား နိုင်ငံတော်ပိုင် မြန်မာ့လေကြောင်း၏ လေယာဉ်ငယ်များ အခြေပြု ပျံသန်းပြေးဆွဲရန် စီစဉ်ထားကြောင်း၊ ၎င်းအပြင် မြန်မာနိုင်ငံအပေါ်မှ နေ့စဉ် ဖြတ်ကျော် ပျံသန်းလျှက်ရှိသော အပြည်ပြည်ဆိုင်ရာ လေယာဉ် ၁၅၀ စီးခန့်၏ ဆုံရပ်/သတင်းပို့ရပ်အဖြစ် ချမ်းမြသာစည် လေယာဉ်ကွင်းတွင် လေကြောင်းလမ်းညွန် စက်ကြီးများ တပ်ဆင်ထားရှိ၍ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် ICAO မှ အတည်ပြု သတ်မှတ်ထားပြီး ဖြစ်ကြောင်း ဦးဇင်ယော်က ဆက်လက် ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးရှိ ချမ်းမြသာစည် လေယာဉ်ပြေးလမ်းအား အောက်တိုဘာလဆန်းက တွေ့ရစဉ်

Eleven Media Group

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတဦးသိန်းစိန် ပြောကြား




၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား မြန်မာနိုင်ငံက ထမ်းဆောင်ချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားသည်။

(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်မှစတင်ပြီး ဘရူနိုင်း နိုင်ငံ International Convention Center ၌ ပြုလုပ်လျှက် ရှိနေကာ အဆိုပါနေ့ နံနက်ပိုင်း ကပွဲဦးထွက် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အာဆီယံ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ အာဆီယံရဲ့ လက်ရှိလုပ်ငန်းတွေကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်ပြီး အာဆီယံအသိုက်အ၀န်း ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ရင်း အာဆီယံရဲ့ အနာဂတ်အတွက် အဆွေတော်များနဲ့ အတူတကွ လုပ်ဆောင်သွားပါမယ်။ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန် ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အ၀န်းဆီကို ညင်သာစွာ လွှဲပြောင်းပေးနိုင်ဖို့ မိမိတို့ အစွမ်းကုန် ကြိုးစားသွားပါမယ်''ဟု ဦးသိန်းစိန်က ပြောကြားသည်။

ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံ၏ အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အာဆီယံ အသိုက်အ၀န်းထူထောင်ရေးကို အထောက်အပံ့ဖြစ်စေရန် အချက်များအပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတက ဆိုသည်။

''နိုင်ငံရဲ့ အမျိုးသားရေး ဦးတည်ချက်တွေနဲ့အညီ အာဆီယံ အသိုက်အ၀န်း ထူထောင်ရေးကို အထောက်အပံ့ဖြစ်ဖို့ ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲခြင်း၊ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် ကိစ္စရပ်များ၊ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပေါင်းစပ်ဆက်သွယ်ရေးတို့အပြင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဦးသိန်းစိန်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရေးအတွက် ကျန်ရှိသော အာဆီယံနိုင်ငံများ၏ အားပေးထောက်ခံမှုကို အထူး ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ၏ ညီညွတ်မှုနှင့် ဗဟိုပြုမှုကို ထုတ်ဖော်ပြသပြီး တိုးတက်မှုကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဘရူနိုင်းဘုရင် ဆူလတန်ဟာဂျီဟာဆန်နယ်လ်ဘိုကီးယားမူ အစ်ဇာဒင်ဝါဒူလာက ပြောကြားသည်။

''အာဆီယံဟာ ညီညွတ်မှုနဲ့ ဗဟိုပြုမှုကို ထုတ်ဖော်ပြသမှသာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေး ရရှိနိုင်မယ့်အပြင် အင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွားနဲ့ ယှဉ်တဲ့ကိစ္စရပ်တွေ ဒါမှမဟုတ် ကုန်သွယ်မှု သဘောတူညီချက်တွေ ဖော်ဆောင်ရာမှာ အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်''ဟု ဘရူနိုင်းဘုရင် မူအစ်ဇာဒင်ဝါဒူလာက ဆိုသည်။

အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများတွင် တန်းတူညီမျှသော လူမှုလုံခြုံရေးစနစ် ဖော်ဆောင်ရန်၊ အာဆီယံမျိုးဆက်သစ် လူငယ်များအား ပြုစုပျိုးထောင်ရန်၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်စေရန်၊ သဘာဝဘေးအန္တရာယ် ထိန်းသိမ်းရေးလုပ်ငန်းများကို အာဆီယံ နိုင်ငံများအကြား အထောက်အပံ့ပြုရန် သဘောတူညီခဲ့ကြသည်။

အောက်တိုဘာ ၉ ရက်က ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော (၁၆)ကြိမ်မြောက် ဂျပန်-အာဆီယံ ဆွေးနွေးပွဲသို့ သမ္မတဦးသိန်းစိန်တက်ရောက်စဉ်

Eleven Media Group

အများပြည်သူ အလုပ်ပိတ်ရက် ကြေညာ

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်

ပြည်ေ်ထောင်စု အစိုးရအဖွဲ့

အမိန့်ကြော်ငြာစာအမှတ်၊ ၆၆/၂ဝ၁၃

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ရက်

(၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်)

ပြည်ထောင်စုအစိုးရ အဖွဲ့သည် ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ရက် (၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ရက်)ဗုဒ္ဓဟူးနေ့မှာ အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ဖြစ်သည့်အတွက် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများ ပြည်သူတို့၏ အလုပ် ပိတ်ရက်ဖြစ်ကြောင်း ကြေညာ လိုက်သည်။

အမိန့်အရ

(ပုံ) ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရ အဖွဲ့

Myawaddy

မလေးရှားရဲများအား လူသတ်ခွင့်လိုင်စင်ပေး



[ Ref-BBC/ACSP ၊ အောက်တိုဘာ ၈ ၊ ကွာ လာလမ်ပူ ၊ ရန်ကုန်တိုင်းမ်နေ့စဉ် ]

ရာဇဝတ်ဂိုဏ်းသားများ နှင့် မျက်နှာချင်းဆိုင်တွေ့ပါက ရဲများဘက်မှ အရင်ပစ်ခတ်မိန့် အား မလေးရှားပြည်ထဲရေးဝန် ကြီးမှ ထုတ်ပြန်ခဲ့ကြောင်းသိရ သည်။ မကြာသေးမီက ဖြစ်ပွား ခဲ့သော ရာဇဝတ်ဂိုဏ်းနှင့်ဆက် နွှယ်သော အကြမ်းဖက်မှုများကြောင့် ပြည် ထဲရေးဝန်ကြီးဌာနမှ ရဲများအား အရင်ပစ် နောက်မှရှင်းဆိုသော အမိန့်ကို ထုတ်ပြန်လိုက်ရသည်။

ရာဇဝတ်ဂိုဏ်းသား လေး သောင်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး တစ်ဝက်ကျော်မှာ အိန္ဒိယနွယ်ဖွား မလေးရှားလူမျိုးများဖြစ်ကြောင်း သိရသည်။ ယခုအမိန့်သည် ရဲများ အား တရားလက်လွတ် သတ်ခွင့် ပြုသည့်အမိန့်နှင့် ဘာမှမခြားဟု အတိုက်အခံပါလီမန်အမတ် N Surerdran မှ တုံ့ပြန်ဝေဖန်ခဲ့ သည်။

၂၀၁၁ခုနှစ်က ဖျက်သိမ်း ခဲ့သော နာမည်ဆိုးဖြင့်ကျော် ကြားခဲ့သော ပြည်တွင်းလုံခြုံရေး ဥပဒေအား ပြန်လည်အသက် သွင်းခြင်းဖြစ်ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့များကဝေဖန်ကြသည်။ပြည်ထဲရေးဝန်ကြီး Zahid က သံသယရှိသူများနှင့် အပေး အယူလုပ်ရန်မလိုတော့ကြောင်း အစည်းအဝေးတစ်ခုတွင် မိနစ် ၂ဝကြာ အသံသွင်းထားခဲ့သော ၎င်း၏မိန့်ခွန်းအားဖော်ပြသည့် မည်သည့်သတင်းစာမဆို ပိတ် ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ Prevention of Crime Act ပြင် ဆင်ချက်အား ဝန်ကြီးမှရည်ညွှန်း သွားခြင်းဖြစ်သည်။

Yangon Media Group

မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်လှူဒါန်းသွားမယ့် ခင်ဝင့်ဝါ



နာရေးကူညီမှုအသင်းတွင် အလောင်းသယ်ကာကုသိုလ်ယူခဲ့သော နန်းခင်ဇေယျာနှင့်ခင်ဝင့်ဝါ


Miss Myanmar Supranational ဆုရ ခင်ဝင့်ဝါက ၎င်း၏ မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

““မျက်ကြည်လွှာရယ်၊ ခန္ဓာကိုယ်ရယ်လှူဖို့ အစီအစဉ်ရှိတယ်။ မျက်ကြည်လွှာ လှူမယ့်နေရာတော့ သိပြီ။ ခန္ဓာကိုယ်လှူမယ့်နေ ရာက သေချာပြန်စုံစမ်းတုန်းပါ။ ညီမ အရင်ကတည်းကလှူမယ်လို့ ရည်ရွယ်ချက်ထားတာ။ ညီမ စာမေးပွဲပြီးရင် တစ်ရက်ရက်မှာ သွားလှူဖို့ ရှိပါတယ်”” ဟု ခင်ဝင့်ဝါက ပြောသည်။

အောက်တိုဘာ ၇ ရက်က နာရေးကူညီမှုအသင်း၏ ၂၀၁၃ ခုနှစ်အတွက် သင်္ဂြိုဟ်ပေးသည့် ရုပ်အလောင်းတစ်သောင်းပြည့် နေ့တွင် နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါက အခေါင်းသယ်ကာ လုပ်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Miss Supranaitonal 2013 ပြိုင်ပွဲဝင် ပရိသတ်များက မဲပေး၍ ရရှိခဲ့သော Miss Internet ဆုကြေး ဒေါ်လာ ၅၀၀ (ငါးသိန်းကျပ်) ကို အောက်တိုဘာ ၆ ရက်က နာရေးကူညီမှုအသင်းတွင် လှူဒါန်းခဲ့ပြီး ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာတွင်လည်း ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။

““ဆုရတဲ့ငွေလည်းပါတယ်။ ညီမအနုပညာကြေးလည်းပါတယ်။အဲဒါ သွားလှူဖြစ်ခဲ့ပါတယ်။ ပထမက စာမေးပွဲပြီးမှ အေးအေးဆေးဆေး သွားလှူမယ်လို့ လုပ်ထားပေမယ့် အခုလှူချင်တော့ စာမေးပွဲနားတဲ့ တနင်္ဂနွေမှာပဲ သွားလှူဖြစ်တာ”” ဟု ခင်ဝင့်ဝါက ပြောသည်။

အောက်တိုဘာ ၁၀ ရက် စာမေးပွဲဖြေဆိုပြီးပါက လစဉ် လူမှုပရဟိတ အလုပ်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ပရိသတ်များကိုလည်း ၄င်းနှင့်အတူပါဝင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ပြောသည်။ ခင်ဝင့်ဝါက အောက်တိုဘာ ၁၁ ရက်တွင် လှည်းကူးမြို့၊ ငါးဆူတောင်ကျေးရွာအနီး၊ အင်ကြင်းတောင်ရှိ မြန်မာစိမ်းလန်းမြေ ပရဟိတကျောင်းသို့ သွားရောက်ကာ မိဘမဲ့ကလေးသူငယ်များအတွက် လိုအပ်မည့်အရာများ လှူဒါန်းရန်ရှိပြီး ထိုနေ့တွင် ခင်ဝင့်ဝါ နှင့်အတူ လိုက်ပါလှူဒါန်းလိုသည့် ပရိသတ်များအနေဖြင့် ၀၉-၄၃၁၂၉၄၄၀ နှင့် ၀၉-၃၁၂၅၂၀၀၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

7Day Daily

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း


နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်၊ သောကြာနေ့တွင် အဘဦးမောင်ဖြိုး၊ အမိဒေါ်ခင်ညွှန့်တို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာတွင်မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက်အငယ်ဆုံး ဖြစ်ပြီး အစ်မဖြစ်သူမှာ ဒေါ်ရင်လှိုင်နှင့် အစ်ကိုဖြစ်သူမှာ ဦးထွန်းမြင့်တို့ဖြစ်သည်။ ဆင်းရဲသော ကျေးလက်မိသားစုဘ၀တွင် ရှင်သန်ကြီးပြင်းခဲ့ပြီး မိဘများ၏ အားပေးထောက်ပံ့မှုဖြင့် ပညာရေးကိုကြိုးစားသင်ယူခဲ့သည်။

မူလတန်းပညာကို ကျုံကူးကျေးရွာရှိ ဆရာဦးမောင်ဦးကျောင်း၌ သင်ကြားခဲ့သည်။ အလယ်တန်းပညာရေးကို မိဘများဆင်းရဲနွမ်းပါးမှုကြောင့် တစ်နှစ်နောက်ကျမှ တက်ရောက်ခွင့်ရခဲ့ပြီး အလက(၁) ပုသိမ်နှင့် ပြင်ခရိုင်၊ ချောင်းဝအလယ်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ အထက်တန်းပညာရေးအား အထက(၁) ပုသိမ်တွင် တက်ရောက်သင်ကြားခဲ့သည်။ တက္ကသိုလ်ဝင်တန်းအား သင်ကြားနေစဉ် စာသင်နှစ် နှစ်ဝက်၌ DSA ၀င်ခွင့်ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ်(၉) တက်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် B.A(DSA) ဘွဲ့ကို ရရှိခဲ့သည်။ စစ်တက္ကသိုလ်မှသင်တန်းဆင်းပြီး ရှမ်း(၁) တွင်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၆ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ခမရ(၁၀၉) နှင့် ခလရ(၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တပ်ရင်းမှူးအဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။

၁၉၇၀ ခုနှစ်တွင် ဒေါ်ခင်ခင်ဝင်းနှင့် အိမ်ထောင်ပြုပြီး သားသမီးသုံးဦး ထွန်းကားခဲ့သည်။

၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း) တွင် စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယင်းနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ချီးမြှင့်ခြင်းခံရ သည်။ စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီးအခြေစိုက် စကခ(၄) တွင် တပ်မမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့် ခန့်ထားခြင်းခံရသည်။ ၁၉၉၇ ခုနှစ်တွင်ပင် ဗိုလ်ချုပ်ရာထူးရရှိခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၌ စစ်ရေးချုပ်တာဝန်ယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး(၂) တာဝန်နှင့် ၂၀၀၄ ခုနှစ်တွင် အတွင်းရေးမှူး(၁) တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။ ယင်းနှစ် ဧပြီလတွင် ယာယီဝန်ကြီးချုပ်ဖြစ်လာပြီး အောက်တိုဘာလတွင် တရားဝင်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံပြည်သူများထံ အစိုးရ အကြီးအကဲများထဲမှ ပထမဆုံးသွားရောက်သူဖြစ်ပြီး အမျိုးသားသဘာဝဘေးကာကွယ်တားဆီးရေးဗဟိုကော်မတီ၏ ဥက္ကဌတာဝန်ကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၄-၄-၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာအနိုင်ရရှိခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မဲအများဆုံးဖြင့်အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ၍ နိုင်ငံတော်အနာဂတ်ဆောင်ရွက်ချက်များအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့သည်။

၂၀၁၁ခုနှစ်စက်တင်ဘာလတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ပြည်သူများ၏ဆန္ဒဖြင့်၎င်း၏အစိုးရသက်တမ်းကာလအတွင်းရပ်ဆိုင်း
သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ ကတိပြုပြောကြားခဲ့ပြီး မြစ်ဆုံစီမံကိန်း ဆောင်ရွက်နေမှုများကို အမှန်တကယ်ရပ်ဆိုင်းရန် ဆောင်ရွက်ခဲ့သည်။

သံတမန်ဆက်ဆံရေး အေးစက်နေခဲ့သော မြန်မာ-အမေရိကန်နှစ်နိုင်ငံဆက်ဆံရေးအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးလာရောက်ခြင်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်။
ထို့ပြင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာဘားရက် အိုဘားမားသည်မြန်မာနိုင်ငံသို့ လာရောက်ခဲ့ သကဲ့သို့ နိုင်ငံတော်သမ္မတသည်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် မေလတွင် တစ်ကြိမ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။

၂၀၁၁ ခုနှစ် မေလ ၁၆ ရက်၊ အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နှင့် ၁၃ ရက်၊ ဇူလိုင်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်၊ မေလ ၁၇ ရက်နှင့် ဇူလိုင်လ ၂၃ ရက်တို့တွင် ထင်ရှားသောနိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားပေါင်းများ စွာတို့အား နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

သမ္မတသက်တမ်း ရက် ၁၀၀ အတွင်း ယခင်ကုန်သွယ်မှုကောင်စီကို ဖျက်သိမ်းခြင်း၊ ပို့ကုန်အခွန်ကောက်ခံမှု ရာခိုင်နှုန်းလျော့ချခြင်းမှ လုံးဝကင်းလွတ်ခွင့်ပေးခဲ့ခြင်း၊ အငြိမ်းစားဝန်ထမ်းတို့၏ ပင်စင်လစာအား ခေတ်ကာလနှင့်အညီဖြစ်အောင် တိုးမြှင့်ပေးခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီး မှတ်ပုံတင်ကြာမြင့်ယာဉ်များအား ပယ်ဖျက်၍ မော်တော်ယာဉ်များတင်သွင်းခွင့်ကို အဆင့်ဆင့်ဆောင်ရွက်ပေးခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် Time မဂ္ဂဇင်း အွန်လိုင်းက စီစဉ်သည့် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ရာ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမှတ်စဉ် ၆၇ တွင် ရွေးချယ်ဖော်ပြခံရသည်။ ၎င်းအပြင် Time မဂ္ဂဇင်း၏ Special Report အဖြစ် ရေးသားဖော်ပြခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်နိုင်ငံ ယန်လင်းစိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ် က မြန်မာနိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေးပေါ်လစီ (Foreign Policy) မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ပူးတွဲပထမရရှိခဲ့သည်။

The International Crisis Group က၂၀၁၃ခုနှစ် အတွက် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆု In Pursuit of Peace Award ကို မြန်မာသမ္မတဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ကို The Straits Times သတင်းစာက Asian of the Year အဖြစ် ရွေးချယ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတသက်တမ်း တစ်ဝက်ကျော်အတွင်း အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ပေးသည့် အခြေအနေသို့ရောက်ရှိခဲ့ပြီး ဥရောပသမဂ္ဂမှလည်း လက်နက်ရောင်းဝယ်မှုမှအပ ကျန်ပိတ်ဆို့မှုအလုံးစုံကို ဆိုင်းငံ့ပေးခြင်းဖြင့် ပိတ်ဆို့မှုများဖယ်ရှားပေးခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ် ဇွန်လတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ကန့်သတ်မှုများအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး တင်းပြည့် ကျပ်ပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကြိုတင်သတ်မှတ်ချက်မထားဘဲ စေ့စပ်ညှိနှိုင်းရေးမူဝါဒဖြင့် ဆောင်ရွက်ခဲ့ရာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်ပေါင်း ၃၇ ခု ချုပ်ဆိုနိုင်ခဲ့ပြီး မကြာခင်ကာလတွင် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်သမ္မတဟောင်းဂျင်မီကာတာ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် စသည့် နိုင်ငံတကာမှ သြဇာရှိ ပုဂ္ဂိုလ်များတက်ရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ခေတ်အဆက်ဆက်က တင်ရှိနေသော နိုင်ငံခြားကြွေးမြီများအနက်မှ အမေရိကန်ဒေါ်လာသန်းပေါင်းခြောက်ထောင်ကျော်ကိုလည်း လျှော်ပစ်ပယ်ဖျက်ခွင့်ရရှိခဲ့ပြီး ဖြစ်သည့်အပြင် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ODA တို့မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများကိုလည်းရရှိတော့မည်ဖြစ်
သည်။

နိုင်ငံတော်သမ္မတရုံး Website

ကေအိုင်အိုနဲ့ အစိုးရ ဒုတိယမြောက်နေ့ ဆက်လက်ဆွေးနွေး




ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ဒီနေ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ ရှေ့လအတွင်းပြုလုပ်ဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကေအိုင်အို တက်ရောက်နိုင်ရေးကိစ္စ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်ဖက်တပ်တွေ နေရာချထားရေးနဲ့ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက RFA ကိုအခုလိုပြောပါတယ်။

"ကျနော်တို့ မြေပုံနဲ့ပတ်သက်ပြီးတော့ မပြတ်သေးတဲ့ဟာလေးတွေ ပြန်ကြည့်တာပါ၊ ကျနော်တို့တပ်တွေနေရာကို မြေပုံမှာပြန်ကြည့်ပြီးတော့ ဆက်လုပ်တဲ့ဟာလေးတွေ ရှင်းလင်းတာပေါ့၊ တပ်နေရာတွေမှာ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာလေးတွေပေါ့၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ မြေပုံနဲ့ပြန်ပြီးတော့ရှင်းတာ၊ တပ်နေရာချထားမှုဆိုတာက အပစ်အခတ်ရပ်စဲရေးလုပ်မှ တပ်နေရာချထားမှုတွေက အသေးစိတ်ဆွေးနွေးလို့ရမှာ၊ လက်တလောကတော့ အပစ်အခတ်ရပ်စဲရေးအတွက် သွားမယ့်အနေအထားပဲရှိသေးတယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်ပါ့မယ်ဆိုတဲ့ သဘောတူညီချက်ကတော့ နည်းနည်းဆက်ပြီးတော့ ကြိုးစားရဦးမယ်၊ "

ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း ဒီနေ့ပြုလုပ်ခဲ့တဲ့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ အစည်းအဝေး အစီအစဉ်အရ တပ်ပိုင်းဆိုင်ရာကိစ္စတွေရယ်၊ IDP ရယ် ပြီးတော့ တခြားလိုအပ်တဲ့ကိစ္စရပ်များရယ်ဆိုပြီးမှ ခေါင်းစဉ် ၃ ခုဆွေးနွေးတာဖြစ်ပါတယ်၊ အဓိကက တပ်ပိုင်းဆိုင်ရာကလည်း တိုက်ပွဲတွေလျှော့ချမယ်၊ အရင်ဆွေးနွေးပွဲကအချက်တွေ လိုက်နာမယ်စသဖြင့် သဘောတူတာရှိပါမယ်၊ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ဖို့အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိုလုပ်မယ်ဆိုရင် ကျနော်တို့ကို စီမံချက်တွေပေးဖို့နဲ့ ဒီအပေါ်မှာ ကေအိုင်အိုကဆွေးနွေးပြီးတော့ ပြန်ပြီးအကြောင်းကြားမယ် ဆိုတဲ့အချက်တွေကို ဆွေးနွေးတာဖြစ်ပါတယ်၊ ဒီနေ့ဆွေးနွေးတဲ့ အခြေအနေကတော့ ရလာဒ်ကောင်းတွေရရှိတယ်လို့ ပြောလို့ပါတယ်"

မနက်ဖြန် ဆွေးနွေးပွဲအပြီးမှာ သဘောတူညီချက် ၅ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆွေးနွေးပွဲတက်ရောက်နေသူတွေက ပြောပါတယ်။

RFA Burmese

ရန်ကုန်မြို့လယ်ဧရိယာကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စောင့်ကြည့်စာရင်းတွင် ထည့်သွင်း




ရန်ကုန်မြို့တွင် သမိုင်းဝင်အဆောက်အအုံ ၁၈၉ လုံးရှိသည့်အနက် ၈၉ လုံးမှာရန်ကုန်မြို့လယ်တွင် တည်ရှိခြင်းကြောင့် ယင်းမြို့လယ်ဧရိယာအား ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုအဖြစ် ၂၀၁၄ ခုနှစ် World Monument Watch က စောင့်ကြည့်မည့် စာရင်း ထည့်သွင်းရန် ရွေးချယ်လိုက်ကြောင်း World Monument Fund ၏ အောက်တိုဘာ ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ စောင့်ကြည့်စာရင်းဝင် နေရာများကို နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစိုးရတာဝန်ရှိသူများ အပါအ၀င် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်သူများအဖွဲ့ က အဆိုပြုခြင်းဖြစ်သည်။

ရန်ကုန်မြို့လယ်သည် သမိုင်းအထောက် အထားနှင့် ဗိသုကာတန်ဖိုးများ မြင့်မားစွာ စုဝေးနေသည့် အချက်အချာနေရာတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ သမိုင်းဝင် အဆောက်အအုံများစာရင်းဝင် အဆောက်အအုံ ၈၉ လုံးမှာ ယင်းနေရာတွင် တည်ရှိနေသည့်အပြင် ကမ္ဘာပေါ်တွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်သည့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့၏ အတူတကွ ယှဉ်တွဲနေထိုင်သည့်ပုံစံကိုလည်း တွေ့ရမည်ဖြစ်သည်။ ထို့ပြင် ရန်ကုန် မြို့လယ်သည် အရှေ့တောင်အာရှတွင် ဘာသာရေးဆိုင်ရာ အမွေအနှစ်များသာမက ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်း ကိုလိုနီခေတ် ဗိသုကာလက်ရာများကိုပါ အများဆုံးစုဝေး တွေ့ရှိနိုင်မည့် နေရာလည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကမ္ဘာအနှံ့ အပြားရှိ ဗိသုကာလက်ရာများနှင့် ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်သည့် ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်သော အမေရိကန်နိုင်ငံအခြေစိုက် World Monument Fund တည်ရှိရာ နယူးယောက်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စောင့်ကြည့်စာရင်းသည် အနာဂတ် မျိုးဆက်များအတွက်သာမက ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများနှင့် စီးပွားရေး အရင်းအမြစ်အသစ်များအဖြစ် ထိန်းသိမ်းနိုင်ရန် လိုအပ်နေသော ကမ္ဘာအနှံ့မှ ယဉ်ကျေးမှုအမွေအနှစ်များအား တစ်စုတစ်ဝေးတည်း စုစည်းထားခြင်းဖြစ်ကြောင်း World Monument Fund ၏ ဥက္ကဋ္ဌဖြစ်သူ Bonnie Burnhanm ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များအား ထိန်းသိမ်းရန်နှင့် ပြန်လည်ရှင်သန်လာစေရန် လက်ရှိ ဗိသုကာလက်ရာ အခင်းအကျင်းကို မဖြစ်မနေ ပေါင်းစပ်ထည့်သွင်းပြီး ၂၁ ရာစု ရန်ကုန်မြို့အဖြစ် ဖြစ်ပေါ်လာစေရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း Yangon Heritage Trust (YHT) ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦး၏ ပြောကြားချက်အရ သိရသည်။

''ရန်ကုန်မြို့ရဲ့ သမိုင်းအလှည့်အပြောင်းကို ရောက်နေပါပြီ။ ဒီလို စောင့်ကြည့်စာရင်းထဲ ထည့်သွင်းခံရတာကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ပိုမိုဆွဲဆောင်စေနိုင်မှာဖြစ်သလို မြို့အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးပုံကို ပြသနိုင်မယ့် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်'' ဟု ဒေါက်တာသန့်မြင့်ဦးက ပြော ကြားသည်။

World Monument Fund သည် ၁၉၉၆ ခုနှစ်မှ စတင်ကာ ကမ္ဘာ့အမွေအနှစ်များ စောင့်ကြည့်စာရင်းကို နှစ်နှစ်လျင်တစ်ကြိမ် ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။ World Monument Fund မှ ထုတ်ပြန်သည့်
စောင့်ကြည့်စာရင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများ၊ စီးပွားရေးတိုးတက်လာမှု၊ သဘာဝဘေးဒဏ်နှင့် ရာသီဥတု အပြောင်းအလဲ စသည်တို့၏ ခြိမ်းခြောက်မှုများ ခံစားနေရသော၊ ဥပက္ခာပြုခံထားရသည့် ကမ္ဘာအနှံ့ရှိ ယဉ်ကျေးမှုအမွေအနှစ်နေရာများအား နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပိုမိုရရှိစေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်ဘူတာကြီးနှင့် အနီးတစ်ဝိုက်မြင်ကွင်း (ဓာတ်ပုံ- အောင်မျိုးသန့်)
Eleven Media Group

လူထုအသံကိုနားထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို




ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်လား ဒါမှမဟုတ် အသစ်ရေးဆွဲသင့်သလားဆိုတာ ပြည်သူလူထုကို ရှင်းလင်းပြောဆိုဖို့နဲ့ ပြည်သူ့အသံကိုနားထောင်ပြီး လွှတ်တော်ကိုတင်ပြဖို့ မိမိတို့ပါတီမှာတာဝန်ရှိကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲသင့်တယ် ဆိုတာကတော့ အများကလက်ခံတဲ့ကိစ္စပါ၊ ဒါပေမယ့် တချို့ကတော့ ပြုပြင်ပြောင်းလဲရုံနဲ့ မရတော့ဘူး၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက တစ်ခုလုံးကိုပြန်ပြီးတော့ ရေးဖို့လိုတဲ့အခြေအနေ ရောက်နေပြီလို့ ပြောတဲ့လူလည်းရှိပါတယ်၊ တချိန်တည်းမှာ ပြည်သူတွေအနေနဲ့လည်း ဒီပြဿနာကို ရှင်းရှင်းလင်းလင်း နားလည်အောင်လို့လည်း ရှင်းပြဖို့ရာ ကျမတို့မှာတာဝန်ရှိတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ကျမတို့ NLD က ပထမဦးဆုံးအနေနဲ့ ဒါတရားဝင် နိုင်ငံရေးပါတီတစ်ခုရဲ့မူအရ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တာပါ၊ တခြားပါတီတွေက ဒီမူနဲ့ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တာမဟုတ်ဘူး"

RFA လွတ်လပ်တဲ့အာရှအသံက နှစ်ပတ်တစ်ခါ တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဒဟူးနေ့ မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ကိုယ်ပိုင်အမြင်ကို မေးမြန်းရာမှာတော့ လက်ရှိဖြေဆိုဖို့ မဖြစ်နိုင်သေးကြောင်း NLD က ကော်မရှင်ကို တင်ပြတဲ့အခါအားလုံးကို အသိပေးမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ဒ့ါအပြင် လက်ရှိဆက်လက်ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေးပြသနာတွေကို ဖြေရှင်းဖို့အတွက် ရှုဒေါင့်စုံက စဉ်းစားဆင်ခြင်သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

"ဒီလိုအစွန်းရောက်ရတယ်ဆိုတဲ့ အခြေအနေကိုက ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ မကျေနပ်တာတွေပါတယ်၊ ကိုယ့်ရဲ့ဘဝနဲ့ မကျေနပ်တာတွေပါတယ်၊ စိုးရိမ်မှုတွေကြောင့် ဖြစ်ရတာတွေပါတယ်၊ ကိစ္စတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာ အကြောင်းတွေက တခါတလေ အများကြီးရှိတတ်ပါတယ်၊ တစ်ခုနှစ်ခုတည်းကြည့်လို့မရပါဘူး"

တဆက်တည်းမှာပဲ အရင်လက သူ ခရီးထွက်ခဲ့တဲ့ ဥရောပ နိုင်ငံတွေဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေးကို အားတက်သရော ထောက်ခံကြသလို၊ လက်တွေ့ပကတိအားဖြင့် မြန်မာပြည်မှာ တိုးတက်မှုတွေ သိပ်ပြီးမရှိသေးတာကိုလည်း ကောင်းစွာသိရှိ နားလည်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
RFA Burmese

အရက်၊ အချိုရည် အတုပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းလာသည့် ကျပ် ၁၁၄ သန်းကျော် တန်ဖိုးရှိ ပုလင်းအရေအတွက် ကိုးသိန်းကျော်ကို တရားမ၀င် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့များက အရေးယူ



အရက်၊ အချိုရည်အတုပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းလာသည့် ကျပ် ၁၁၄ သန်းကျော် တန်ဖိုးရှိ ပုလင်းအရေအတွက် ကိုးသိန်းကျော်ကိုတရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လှုပ်ရှားအဖွဲ့များ(Mobile Team)က ရန်ကုန်ဆိပ်ကမ်းနယ်မြေအတွင်း တားဆီးအရေးယူနိုင်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန(Dcca) မှ သိရသည်။

ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ကမ်းရိုးတန်းဆိုင်ရာ ဆိပ်ကမ်းများနှင့် ရန်ကုန်မြစ်ကြောင်း တစ်လျောက်ရှိ ဆိပ်ကမ်းနယ်မြေများတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့(Mobile Team)များက သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှစတင်ကာ အရေးယူကာလအဖြစ် သတ်မှတ်ပြီး ယုဇန၊ သာကေတ၊ ကျန်းမာရေး၊ ၀ါးတန်း၊ ချောင်းဝ၊ ဗားကရာနှင့် ဘုရင့်နောင်ဆိပ်ကမ်းများတွင် စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရေးယူကာလ စတင်ခဲ့သည့်စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ ဖမ်းဆီးခဲ့သည့် ပစ္စည်းအများစုတွင် တစ်ဖက်နိုင်ငံလုပ် ပုလင်းခွံများဖြစ်ပြီး ဆီပုံးခွံများကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခဲ့သည့် ပုလင်းခွံများမှာ ခန့်မှန်း တန်ဖိုး ကျပ် ၁၁၄ သန်းကျော်တန်ဖိုးရှိ ပုလင်းခွံ ၈၃၇၉ အိတ်၊ ပုလင်းအရေအတွက် ကိုးသိန်းကျော် ဖြစ်ကြောင်း သိရသည်။
ပုလင်းခွံများ၊ ဆီပုံးခွံများအား ဖမ်းဆီးရခြင်းမှာ တစ်ဖက်နိုင်ငံမှ စွန့်ပစ်ပစ္စည်းများ ၀င်လာခြင်း၊ ဓာတုပစ္စည်းများ ပြည်တွင်းသို့ ပါလာနိုင်ခြင်း၊ အရက်/အချိုရည် အတု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းများကို တားဆီးနိုင်ရန်အတွက် အရေးယူ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများမှာ ရေကြောင်းဖြင့် တနင်္သာရီတိုင်းဒေသကြီးမှ ရန်ကုန်သို့ သယ်ဆောင်လာသည့် ရေယာဉ်များတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် ဒီဇင် ဘာလအတွင်း ဖွဲ့စည်းပေးခဲ့ပြီး ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်မှုစခန်းများနှင့် နေရာအသီးသီး၌ တရားမ၀င် ကုန်သွယ်မှု တားဆီးရေးအတွက် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Mobile Team အဖွဲ့မှ ရန်ကုန်ဆိပ်ကမ်းနယ်မြေတွင် ဖမ်းဆီးရမိသည့် ပုလင်းခွံများအား တွေ့ရစဉ် (ဓာတ်ပုံ-Dcca )
Eleven Media Group