ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု CCTV video

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကို မှတ်တမ်းတင်ထားသည့် CCTV ဗီဒီယိုမှတ်တမ်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်ပြသလိုက်သည်။ အဆိုပါ CCTV မှတ်တမ်းဗီဒီယိုကို အိန္ဒိယရုပ်သံသတင်းဌာနက IBN က ထုတ်လွှင့်ခဲ့သည်။ ဇူလိုင်လ ၇ ရက်၊ တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံမှ သဃာတစ်ပါးနှင့် တိဗက်ဒေသမှ သံဃာတစ်ပါး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်လုပ်ဗုံး ၉ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးကို ဖယ်ရှားရှင်းလင်းခဲ့ရသည်။ ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ပြီး ၎င်းမှာ အိန္ဒိယရှိ မူဂျာဟစ်ဒင်တို့နှင့် အဆက်အသွယ်ရှိနိုင်ကြောင်း သိရသည်။ Video: IBN Live
Planet Myanmar Network


ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့ အဖွဲ အုပ်စုလိုက် ရိုက်မှု တရားလိုဘက်က မကျေအေးပေးသေး

                         ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေနဲ့ ဟစ်ပ်ဟော့ပ်အဖွဲ့သားများ (ဓာတ်ပုံ – ဂျောက်ဂျက် facebook မှ)
ဟစ်ပ်ဟော့ပ် သမားတွေဖြစ်တဲ့ ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့အုပ်စုက လူငယ် တဦးတည်းကို ၇ ယောက် ဝိုင်းရိုက်ခဲ့ကြ တယ်လို့ စွဲချက်တင်ပြီး အမှု ဖြစ်ခဲ့တာ အခု ၁ နှစ်ကျော်ကြာလာတဲ့ အချိန်မှာ စွဲချက်အတင်ခံရတဲ့ ဘက်က ကျေအေးခိုင်း ပေမယ့် တရားလိုဘက်က မကြေအေးနိုင်ဘူးလို့ ပြောလာပါတယ်။

၂၀၁၂ ဇန်နဝါရီ ၁၆ မှာ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ရွှေဇံ၊ ဘုန်းမောင်၊ ဆန်နီအောင်၊ ညီညီလွင်နဲ့ လှိုင်ကြွယ်တို့ ၇ ဦး အုပ်စုက အသက် ၂၂ နှစ်အရွယ် ညိုဝင်းထွန်း ဆိုတဲ့ လူငယ်တဦးကို အုပ်စုလိုက် ဝိုင်းရိုက်ကြလို့ ညိုဝင်းထွန်း သတိလေစ် မေ့မြောပြီး ဆေးရုံမှာ ၃ ရက်လောက် ဆေးကုသမှု ခံခဲ့ရတယ်လို့ ညိုဝင်းထွန်းရဲ့ ဖခင် ဦးထွန်းဝင်းက ပြောပါတယ်။

ဦးထွန်းဝင်းက အဲဒီကိစ္စကို မကျေနပ်တာကြောင့် ရဲစခန်းတွင် ပုဒ်မ ၃၂၅/ ၂၉၄ (၁၁၄) (ကြိုတင် ပြင်ဆင်ထားသော လက်နက်ဖြင့် နာကျင်စေမှု၊ ပြင်းထန်ဒဏ်ရာရစေမှု) နဲ့ ဆွဲချက်တင်ခဲ့ပေမယ့် ပန်းပဲတန်း တရားရုံး ရောက်တဲ့အခါမှာ ပုဒ်မ ၃၂၃/၂၉၄ (မိမိအလိုအလျောက် နာကျင်စေမှု) နဲ့ အမှုဖွင့်ထားတာ သိခဲ့ရကြောင်း၊ ဒါပေမယ့်လည်း ၁ နှစ်ကျော်ကြာတဲ့ အထိ အမှုက ထူးခြားခြင်း မရှိသေးကြောင်း ဦးထွန်းဝင်းက ဆိုပါတယ်။

စွဲချက်အတင်ခံခဲ့ရသူ တွေထဲက တဦးဖြစ်တဲ့ ကျော်ထွဋ်ဆွေကတော့ သူတို့ ရန်ဖြစ်ခဲ့ကြတာ မှန်ကန်ပေမယ့်လည်း ညိုဝင်းထွန်း တဦးတည်းကို သူတို့ တဖွဲ့လုံးက ဝိုင်းရိုက်ကြတာ မဟုတ်တဲ့အကြောင်း၊ လူငယ်သဘာဝ တဖွဲ့နဲ့တဖွဲ့ ရန်ဖြစ်ကြတာ ဖြစ်တဲ့အကြောင်း ဧရာဝတီကို ပြောပြ ပါတယ်။

ကျော်ထွဋ်ဆွေက “လူငယ်တွေ ဆိုတာတော့ အရင်ကတည်းက ရန်ဖြစ်တာတွေဘာညာတော့ ရှိတာပါပဲ။ ကျနော်တို့မှ မဟုတ်ပါဘူး၊ လူငယ်တိုင်း ရန်ဖြစ်တတ်ကြတာပဲလေ။ သူ့ဘက်က မတရားခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ သူတို့သာ လက်မြန်ရင် ကျနော်တို့ ခံရမှာပေါ့။ ကျနော်တို့က အန္တရာယ် ကာကွယ်နိုင်ခဲ့တာပေါ့။ တယောက်တည်းကို ဝိုင်း ရိုက်တာတော့ မဟုတ်ဘူး။ ကျန်တဲ့သူတွေ ထွက်ပြေးသွားလို့ပါ။ သူတို့ဘက်မှာလည်း လူတွေပါပါတယ်” လို့ ရှင်းပြပါတယ်။

ဦးထွန်းဝင်းရဲ့သား ညိုဝင်းထွန်းဟာ ဟစ်ပ်ဟော့ပ်အဆိုတော် ရဲနောင်နဲ့ သူငယ်ချင်း ဖြစ်ခဲ့ပြီး ညိုဝင်းထွန်း အလုပ်ရသွား ချိန်မှာ ရဲနောင်နဲ့ သိပ် မတွဲဖြစ်တော့ကြောင်း၊ နောက် ၆ လလောက် ကြာသွားချိန်မှာ ရဲနောင်နဲ့ ဟစ်ပ်ဟော့ပ် အဆိုတော် ရွှေဇံ (ခ) SZ တို့ နှစ်ဦး ရှိုးပွဲတခုမှာ စကားများခဲ့ကြကြောင်း၊ ရွှေဇံက ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ဘုန်းမောင်မောင်၊ ဆန်နီအောင် တို့နဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့အတွက် အခုလို ရန်ပွဲထဲမှာ အုပ်စုလိုက် ပါလာခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းဝင်းဆီက သိရပါတယ်။

“အဲဒီမှာ ရှိုးပွဲပြီး နောက်ရက် လူ ၁၅ ယောက်ခေါ်၊ သူတို့အိမ်က ဟိုင်းလတ်ကား တစီးရှိတယ်၊ နံပါတ်ပြားဖြုတ်ပြီး ရဲနောင်ကို လိုက်ရှာတယ်။ ရဲနောင် အိမ်ရှေ့ပတ်နေကြ တာပေါ့။ ခြိမ်းခြောက်တာတွေပါ အော်ဟစ် ပြောတော့ ရဲနောင်အမေက ရဲကို ဖုန်းဆက် တိုင်တယ်။ အဲဒီမှာ သူတို့က ဗိုလ်ဆွန်ပက် လမ်းကို ပတ်တာမှာ ဦးသားက အဲဒီလမ်းပေါ်မှာ လက်ဘက်ရည် ထိုင်သောက်နေတာ။ သူတို့က တွေ့သွားပြီး ဦးသားဆိုတာလည်းသိ၊ သူတို့ သူငယ်ချင်းလည်းဖြစ်တဲ့ လှိုင်ကြွယ်က ခေါ်ခိုင်းလို့ ဆိုပြီး ပြောခေါ်တော့ ဦးသား လိုက်သွားတယ်။ သူတို့ကားနားလည်း ရောက်ကော ပါလာတဲ့သူတွေက ထိုးကြ ကန်ကြတယ်။ ဆေးရုံကြီးမှာ ၂ ည ၃ ရက်နေခဲ့ရတယ်။ ကွဲပြဲဖူးရောင်ပြီး သတိပါ လစ်ခဲ့တော့တာပေါ့” လို့ ဦးထွန်းဝင်းက ပြောပါတယ်။

ညိုဝင်းထွန်း ဗိုလ်ဆွန်ပက်လမ်းထဲမှာ အရိုက်ခံနေရချိန် လမ်းထဲက ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က ရဲ စခန်းကို ခေါ်ခဲ့ကြောင်း၊ အရိုက်ခံရတဲ့ တုတ်တွေ၊ သတင်းစာ ပတ်ထားတဲ့ အုတ်ခဲကျိုးတွေကို ရဲစခန်းက သိမ်းမိကြောင်း၊ တရားရုံးရောက်တော့ သတင်းစာ ပတ်ထားတဲ့ အုတ်ခဲကျိုးကို မပြဘဲ ရိုးရိုး အုတ်ခဲကိုပဲ သက်သေအဖြစ် ပြခဲ့ကြောင်း၊ ရဲစခန်းမှာ ပုဒ်မ ၃၂၅/ ၂၉၄/ ၁၁၄ နဲ့ ဆွဲချက်တင်ခဲ့ပေမယ့် တရားရုံးတင်တော့ မိမိအလိုအလျောက် နာကျင်စေမှု ဆိုပြီးဖြစ်သွားကြောင်း၊ ပုဒ်မ ပြောင်းသွားတာ ကိုလည်း မကျေနပ်ကြောင်း ဦးထွန်းဝင်းက ဆိုပါတယ်။

“အခု ရွှေဇံ၊ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်၊ ဘုန်းမောင်၊ ဆန်နီအောင်တို့ကို ၃၂၃/ ၂၉၄ နဲ့ ဆွဲတယ်၊ ညီညီလွင်နဲ့ လှိုင်ကြွယ် တို့ကိုတော့ ၁၁၄ ပုဒ်မ ချတယ်။ ဒါကိုမကျေနပ်ဘူး။ ရုံးချိန်းကလည်း ၃၁ ချိန်းရှိပြီ။ ဒီမှာလည်း ရုံးချိန်း ၂၀ လောက်ကို အကြောင်းမဲ့ ပျက်တာတွေ ရှိတယ်၊ ခွင့်ကြိုက်သလို တင်တယ်၊ ခွင့်ပေးတယ်။ အမှုဖြစ်တာက ၂၀၁၂ ဇန်နဝါရီ ၁၆ မှာ ဖြစ်တာပါ။ ၁ နှစ်ကျော်ပါပြီ။ နောက် သက်ဆိုင်ရာကို ထပ်တက်မလို့ပါ။ အမှန်က သူတို့ကကြိုတင်ကြံရွယ်ချက်နဲ့ လုပ်တယ်၊ ရန်ညှိုးမရှိဘဲ လုပ်တယ်။ သူတို့တပ်တာ ၂၉၄ ဆိုတာ ဆဲဆိုတဲ့အမှု၊ ဒါက သွားလာရင်း အခန့်မသင့် ဖြစ်တတ်တာ။ အခုက အဲဒီလို မဟုတ်ဘူး။ တရားရုံးက ပန်ပဲတန်း တရားရုံးမှာပါ။ တရားသူကြီး နာမည်က ဦးနန္ဒမျိုးပါ။ သူတို့ဘက်က ကျေအေးဖို့ ပြောတယ်၊ မောက်မာလို့ မကျေအေးပါဘူး” လို့ ဦးထွန်းဝင်းက ဆက်ပြောပါတယ်။

ကျော်ထွဋ်ဆွေကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တနှစ်ကျော် ကြာသွားပြီ ဖြစ်တဲ့အတွက် အမှုနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်တော့ဘူးလို့ ဆိုပါတယ်။

“အမှုနဲ့ ပတ်သက်ပြီး ကတော့ ဘာမှ မပြောချင်ပါဘူး။ လူငယ်အချင်းချင်း ရန်ဖြစ်တဲ့ သဘောပါ။ ပြီးတော့ အမှုက တနှစ်လောက် ရှိနေပြီ။ အခုမှ ထည့်တာ ဘာသဘောလဲတော့ မသိဘူး။ အဓိကကတော့ အခုမှ ပိုသိသွားတဲ့ သဘောပါ။  ပြဿနာက လူငယ်ဆိုတော့ ကိုယ့်ကိုကြည့်ရင်တောင် ဒီကောင် ဘာကြည့်တာလဲဆိုတဲ့ စိတ်တွေရှိပါတယ်။ လူငယ် ပြဿနာ ဖြစ်တာပါ။ ကျန်တာတော့ ဘာမှ မပြောလိုပါဘူး။ လူငယ်တိုင်း ရန်ဖြစ်ဖူးကြ ပါတယ်။ ဒီလိုပါပဲ။ နာမည်တွေသုံးပြီး သတင်းစာ တွေမှာ ရှင်းလင်းတဲ့ အတွက်ကတော့ ကောင်းပါတယ်။ မဟုတ်ရင် ကိုယ့်ဘာသာကိုယ် ပရိုမိုးရှင်း လုပ်နေရဦးမယ်” လို့ ကျော်ထွဋ်ဆွေက ဧရာဝတီကို ပြောပါတယ်။

တရားလို ညိုဝင်းထွန်းဘက်က ရှေ့နေ ဦးခင်ဇော် (ဟင်္သာတ) ဆီကို အမှုပုဒ်မတွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ တရားရုံးက ပုဒ်မပြောင်းတပ်တဲ့ အတွက် တရားလိုဘက်က နစ်နာတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဆွဲထားတဲ့ ပုဒ်မတွေက တရားရုံးမှာ ဆွဲချက်တင်တော့ ပြောင်းသွားတယ်။ တရားလိုဘက်ခြမ်း စစ်ပြီးချိန်မှာ ဆွဲချက် တင်တယ်ပေါ့။ တရားရုံးကဆွဲချက် ပုဒ်မ ပြောင်းလိုက်တာပေါ့။ တရားရုံးကို တင်တော့ ၃၂၅/ ၂၉၄ (၁၁၄) နဲ့ တင်တာမှာ ဆွဲချက် တကယ်တင်တော့ ပုဒ်မက ၃၂၃ ဖြစ်သွားတာပေါ့။ အခုတင်ထားတဲ့ ၃၂၃ က မိမိအလိုအလျောက် နာကျင်စေမှုပေါ့ဗျာ။ ပြောရရင် ထက်ထက်မိုးဦး အမှုပေါ့။ ဒဏ်ငွေ ၁၀၀၀ လောက်နဲ့ ကျေနပ်ရတဲ့ အမှုပေါ့။ အခုက ဂျောက်ဂျက်တို့က ကားနံပါတ်ပြား ဖြုတ်လာတယ်၊ တိုင်ချက်မှာလည်း ပေါ်တယ်။ စစ်ချက်မှာလည်း ပေါ်တယ်။ ၇ ယောက် ကနေ တယောက်တည်းကို ဝိုင်းရိုက်တာ။ ပထမ တရားရုံးတင်တဲ့ ဆွဲထားတဲ့ပုဒ်မ ၃၂၅ က ရန်ဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင် လာတဲ့ လက်နက်ပါတယ်။ ပြင်းထန် ဒဏ်ရာရစေခဲ့တဲ့ အတွက် ဒီပုဒ်မနဲ့ ဖွင့်တာပါ။ အခု တရားရုံးက သတ်မှတ်ထားတဲ့ ပုံက တရားခံလို့ သတ်မှတ်ခံထားရသူတွေ အတွက်တော့ သက်သာသွားတာပေါ့။ သူ့ပုဒ်မ အရက ငွေသားဆို ၁၀၀၀ ထပ် ပိုရိုက်လို့ မရဘူးလေ။ တဘက် ခံရတဲ့ ကလေးမှာက ကားပေါ်မှာ ရိုက်ဖို့အတွက် အုတ်ခဲတွေ၊ တုတ်တွေ တင်လာတယ်၊ တကယ်လည်း အရိုက်ခံ ခဲ့ရတယ်။ အခုကျတော့ ပုဒ်မ ၃၂၃ အပြောင်းခံခဲ့ရတာ ဆိုတော့ တရားမျှတမှု မရှိဘူးပေါ့။ နစ်နာတယ်လို့ သတ်မှတ်တာပေါ့။ ဒီအပေါ်မှာတော့ ဘာမှ ထင်မြင်ချက် မပေးလိုပါဘူး” လို့ တရားလိုရှေ့နေ ဦးခင်ဇော် (ဟင်္သာတ) က ဧရာဝတီကို ရှင်းပြပါတယ်။
ဧရာဝတီ

ကမ္ဘာကျော် သီချင်းတွေကို ကိုယ်ပိုင်ဟန်နဲ့ ဆိုပြီး အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ Group Justus နဲ့ …

Group Justus အဖွဲ့ (Justus အဖွဲ့ facebook စာမျက်နှာမှ)

ကမ္ဘာတ၀ှမ်းမှာရှိကြတဲ့ ဂီတ၀ါသနာရှင် လူငယ် လူရွယ်တို့အကြား သူတို့ ကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော် အဆိုတော်တွေရဲ့ နာမည်ကြီး တေးသီချင်းတွေကို မြန်မာလို ပြောရရင် “ပြန်ဆိုတေး” အင်္ဂလိပ်လို Cover song တွေအဖြစ် ဆန်းသစ်တဲ့ တေးသီချင်း ပုံစံ အသွင်အပြင်တွေနဲ့ ပြန်လည် သီဆိုကြလေ့ ရှိပါတယ်။ ဒီလို ပြန်ဆိုထားတဲ့ ပြန်ဆိုတေးတွေကို Youtube လို အင်တာနက် စာမျက်နှာတွေပေါ်မှာ အပျော်တမ်းဖြစ်စေ၊ မူရင်းသီဆိုမှုထက် ပိုမိုလှပ ကောင်းမွန်အောင် ကိုယ်ပိုင်တီးဝိုင်းတွေနဲ့ တခမ်းတနား တီးခတ် သီဆိုထားကြတာကို များသောအားဖြင့် တွေ့မြင်ရမှာပါ။ ဒီလို ပြန်လည် ဖန်တီးမှုတွေအကြား မြန်မာနိုင်ငံက လူငယ် ၆ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Group Justus (https://www.facebook.com/GroupJustus?fref=ts) လို့ဆိုတဲ့ လူငယ် အဖွဲ့တဖွဲ့ဟာ ကမ္ဘာကျော် တေးသီချင်းတွေကို Cover song တွေအဖြစ် ကိုယ်ပိုင် ဖန်တီးမှုအသစ်တွေနဲ့ သီဆိုထားတာတွေကို Youtube မှာ သတိထားမိလာပါတယ်။ ၂၀၁၂ ဒီဇင်ဘာလောက်က စတင် ဖွဲ့စည်းခဲ့တဲ့ ဒီလူငယ်အဖွဲ့ဟာ Micheal Jackson ရဲ့ Heal The World, Weezer ရဲ့ Island in the Sun, Maroon 5 ရဲ့ Pay Phone စတဲ့ သီချင်းတွေအပြင် တခြား ကမ္ဘာကျော်တွေရဲ့ တေးသီချင်းတွေကိုပါ Cover song အဖြစ် ပြန်လည် သီဆိုထားတာပါ။ ဒီထဲမှာ ကိုရီးယား တေးသီချင်းတွေပါ ပြန်လည်သီဆိုထားတဲ့ Justus အဖွဲ့ဟာ နိုင်ငံတကာက ပရိတ်သတ် အနည်း အကျဉ်းလည်း ရှိနေပြီလို့ သိရပါတယ်။ Youtube ကနေ ပရိသတ် သတိထားမိလာခဲ့တဲ့ ဒီအဖွဲ့ဟာ Group Justus ဆိုတဲ့ facebook စာမျက်နှာ တခုဖွင့်ထားပြီး သူတို့ Cover လုပ်ထားတဲ့ တေးသီချင်း ဗီဒီယိုဖိုင်တွေကိုလည်း အဲဒီ စာမျက်နှာမှာ တွေ့မြင်ရမှာပါ။ သူတိုရဲ့ ပြန်ဆိုတေးတွေရဲ့ ကောင်းမွန်တဲ့ ဖန်တီးမှုတွေကြောင့် ဂီတပညာရပ်နဲ့ ပတ်သက်လို့ တခြားသော နိုင်ငံခြား တိုင်းပြည်တွေမှာ ဆည်းပူးလေ့လာခဲ့တာများ ရှိခဲ့လေသလားလို့ စပ်စုကြည့်မိတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့်လည်း Justus အဖွဲ့အကြောင်းနဲ့ အတူ သူတို့ဖန်တီးထားတဲ့ Cover သီချင်းတွေ အကြောင်းနဲ့ ပတ်သက်လို့ Justus အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုတေဇမင်းဂေါင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။ Justus အဖွဲ့ဝင်တွေကတော့ ရဲဇော်မျိုး၊ တေဇမင်းဂေါင်၊ မွန်ဘွဲ့၊ ဂူတူး၊ ဥက္ကာမျိုး၊ ဘီးဂျဲ တို့ပဲ ဖြစ်ပါတယ်။

မေး။     ။ Justus ဆိုပြီး Cover သီချင်းတွေ စတင် သီဆိုဖြစ်ပုံ ပြောပြပါဦး။

ဖြေ။     ။ ဂီတပိုင်းကို ဟိုးအရင်ကတည်းက အပျော်တမ်း လုပ်နေကျပါ။ ယူကျုမှာလည်း သူများနိုင်ငံက Cover band တွေလည်း တွေ့တယ်။ အဲဒီတော့ အရမ်း စိတ်ဝင်စားသွားတာပါ။ အဲဒါကြောင့် ကျနော်တို့လည်း လုပ်ကြည့်ရအောင် ဆိုပြီး၊ မြန်မာနိုင်ငံ မှာလည်း သိပ်မတွေ့သေးတာရယ်၊ ကျနော်တို့ ကိုယ်တိုင်လည်း လုပ်နေကျဆိုတော့ ကျနော်တို့ သီချင်းလေးတွေ တီးဖြစ်တယ်။ ၂ ပုဒ်လောက် တီးပြီးတော့ ကျနော်တို့ ယူကျုပေါ်ကို စတင်ဖြစ်တယ်။ အဲဒီမှာ ပရိတ်သတ် တုန့်ပြန်မှုလေးတွေက ကောင်းတော့ ဆက်လုပ် ဖြစ်သွားတာပါ။ အဲဒီတော့ သူငယ်ချင်းတွေက ၀ိုင်းပြီး facebook page လေး လုပ်ထားပါလားဆိုတော့ ကျနော်တို့ facebook page လေး ဖွင့်လိုက်တယ်။ နောက် ခါတိုင်းထက် လူပိုသိလာတာကလည်း facebook ကျေးဇူး အများကြီး ပါပါတယ်။ ဘာကြောင့်လဲ ဆိုတော့ facebook ပေါ်က Music page တွေက ယူကျုက Download ပြန်ဆွဲပြီးတော့ သူတို့ စာမျက်နှာတွေမှာ ပြန်ရှယ်တော့ လူတရာသိမယ့်ဟာ လူတထောင်လောက် သိသွားတော့ ကျနော်တို့လည်း ဒီ စာမျက်နှာတွေကို ကျေးဇူးတင် ပါတယ်။

မေး။     ။ Cover သီချင်းတွေ ဘယ်နှပုဒ်ရှိပါပြီလဲ။ နောက် ကမ္ဘာကျော် သီချင်းတွေ အများကြီးထဲကမှ Justus အဖွဲ့အနေနဲ့ Cover ပြန်လုပ်တဲ့အခါ ဘယ်လိုသီချင်းမျိုး၊ ဘယ်လိုအဆိုတော်မျိုးရဲ့ သီချင်းတွေကို အဓိကထား ရွေးချယ်ပြီး ဆိုဖြစ်လဲ။

ဖြေ။     ။ ယူကျုမှာ Cover ကတော့ အားလုံး ဆယ်ပုဒ်ရှိပါပြီ။ ကျနော်တို့ရဲ့ ကိုယ်ပိုင်သီချင်းလေး တပုဒ်နဲ့ အားလုံး ၁၁ ပုဒ် တင်ထား ပါတယ်။ သီချင်း ရွေးချယ်မှု အပိုင်းကတော့ ကျနော်တို့နဲ့ လိုက်မယ်ထင်တဲ့ ပုံစံတွေကော၊ ကျနော်တို့ တဦးချင်းစီ ကိုယ်ပိုင် ကြိုက်တာတွေကို ကျန်တဲ့သူတွေက ကူညီ တီးခတ်ပေးတာတွေကော အစုံပါပဲ။ သီချင်းရွေးတာကတော့ တခါတလေ ကိုရီးယား သီချင်းဆိုလည်း ကိုရီးယားလို ဆိုလိုက်တာမျိုး၊ နောက် အင်္ဂလိပ် သီချင်းလည်း ဆိုတယ်။ မြန်မာသီချင်း တပုဒ်လည်း ရှိပါတယ်။ ကျနော်တို့အဖွဲ့မှာ ကျနော်တို့ချည်းလည်း မဟုတ်ပါဘူး။ တခါတလေ ဧည့်သည် အဆိုတော်တွေကိုလည်း ခေါ်ခေါ် ဆိုလေ့ရှိတယ်ဗျ။ သူတို့အသံနဲ့ ပိုလှတဲ့ အခါမျိုးတွေမှာပေါ့။ အခု လုပ်ထားပြီးသမျှ ၁၀ ပုဒ်မှာ ၅ ပုဒ်လောက်ကို တဖွဲ့လုံး ခေါင်းချင်းဆိုင်ပြီး ဒီသီချင်းလေးဆိုရင် ကောင်းမယ်ပေါ့။ ကျန်တဲ့ ၅ ပုဒ်လောက်ကျတော့ ကျနော်တို့ တယောက်ချင်းစီမှာ အကြိုက်
လေးတွေ တမျိုးစီရှိတာပေါ့။ ကျနော်တို့ တယောက်ချင်းစီ ရွေးထားတာကို ကျန်တဲ့သူတွေက လိုက်ပံ့ပိုးပြီး တီးထား၊ ဆိုထား တာတွေ ရှိပါတယ်။

မေး။     ။ ကိုရီးယားသီချင်းဆိုလို့ ကိုရီးယားနာမည်ကြီး သီချင်း သုံးပုဒ်ကို Remix လုပ်ပြီး ပြန်ဆိုထားလေတော့ Justus အဖွဲ့အနေနဲ့ အင်္ဂလိပ်လိုအပြင်၊ ကိုရီးယားဘာသာကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုနိုင်တယ်လို့ ပြောလို့ရလား။

ဖြေ။     ။ ကိုရီးယား ဘာသာစကားကိုတော့ ကျနော်တို့မတတ်ပါဘူး ။ ဒါပေမယ့် နားရေဝနေတာမျိုးတော့ ရှိပါတယ်။ အဲဒီသီချင်း သုံးပုဒ်လုံးရဲ့ အဓိပ္ပာယ်ကို သိအောင် အရင်လုပ်ပါတယ်၊ ပြီးတော့ အင်တာနက်ကနေ သီချင်းစာသားတွေ Download လုပ်ပါတယ်။ ပြီးမှ Arrange လုပ်ကြတာပါ။ Remix ဆိုတာထက် .. Mash up ဆို ပိုမှန်ပါလိမ့်မယ်။ ဘာလို့ဆို သီချင်း ၃ ပုဒ် ကို ၁ ပုဒ်တည်း ဖြစ်အောင် ဖန်တီးရလို့ပါ။ ပြီးတော့ အက သီချင်းစစ်စစ် ၃ ပုဒ်ကို ကျနော်တို့ Acoustic ပုံစံ လုပ်ဖြစ်ခဲ့တာလည်း အမှတ်တရပါပဲ။ နောက်ပိုင်းမှာ တခြားဘာသာတွေနဲ့လည်း သီဆိုသွားဖို့ ရှိပါသေးတယ်။

မေး။     ။ Cover song တွေပြန်ဆိုတဲ့နေရာမှာ မူရင်းကိုလည်း မပျောက်ပျက်အောင် ကိုယ်ပိုင် ဖန်တီးမှု သံစဉ် အသစ်တွေလည်း ဖြစ်အောင် ဘယ်လိုအားထုတ်ရလဲ။

ဖြေ။     ။ အဲဒါကတော့ တော်တော် အားထုတ်ရတယ်။ ရှင်းရှင်းပြောရရင် ရဲဇော်မျိုးက Arrange ပိုင်းကို အရမ်းအားသန်တယ်။ ရန်ကုန်မှာရှိတဲ့ ကျနော်တို့ အဖွဲ့ လေးယောက်တွေ့ရင် ဘယ်နေရာသွားသွား သီချင်းကို ဘယ်လို Arrange လုပ်မယ်ဆိုတာပဲ ပြောနေ လုပ်နေတာဆိုတော့လေ။ Arrang ပိုင်းတွေလှနေတာလည်း ပါတယ်ဗျ။ နောက် တကမ္ဘာလုံးမှာရှိတဲ့ ကျနော်တို့ လေးစား အားကျရတဲ့ Cover band တွေကိုလည်း ကြည့်ဖြစ်တယ်။ ကျနော်တို့က အခုမှ စလုံးရေစပဲ ရှိသေးတာလေ။ အများကြီး ကြိုးစားရဦးမယ်။ Cover band တွေမှာ ကျနော်တို့ ကြိုက်တဲ့ Walk off the earth တို့ Boyce Avenue တို့ ပြောရရင် ကုန်တောင် ကုန်မှာ မဟုတ်ပါဘူး။

မေး။     ။ နိုင်ငံတကာက Cover band တွေကို ကြည့်ရင် သူတို့ဆီမှာ အစစအရာရာ တိုးတက်ခေတ်မီနေတော့ သူတို့သုံးတဲ့ တူရိယာ ပစ္စည်းတွေနဲ့ တီးခတ်ဖန်တီးမှု ပိုင်းတွေကို တခမ်းတနားနဲ့ တွေ့ရတတ်တယ်။ အရာရာမှာ နောက်ကနေ အခုမှ လိုက်နေရတဲ့ မြန်မာပြည်က ပေါက်ဖွားလာတဲ့ ဂီတ လူငယ်တွေအနေနဲ့ မပြည့်စုံတဲ့ တချို့ အရာတွေကြောင့် ကိုယ်ဖန်တီး လိုက်မှု အပေါ် အားမလို အားမရဖြစ်ခဲ့ရတာမျိုးကော ရှိလား။

ဖြေ။     ။ တူရိယာပစ္စည်း မစုံလင်လို့ ဆိုတာနဲ့ အားမလိုအားမရ ဖြစ်ခဲ့ရတာမျိုး မဖြစ်ခဲ့ပါဘူး။ ကျနော်တို့က မရှိရှိတဲ့ ပစ္စည်းနဲ့ အကောင်းဆုံး ဖန်တီးမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ ဥပမာ – ကျနော်တို့ လင်ပန်း တချပ်သုံးပြီး သီချင်း တပုဒ် ဆိုချင်ဆိုမယ်ဗျာ။ သဘောကတော့ ရှိတဲ့ပစ္စည်းကို အသုံးချတတ်ဖို့ပဲ လိုတာပါ။ ပစ္စည်းတွေ စုံစုံလင်လင် ရှိပြီးတော့ မတီးတတ်ရင်လည်း ကျနော်တို့ အတွက် အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့မှာရှိတဲ့ ပစ္စည်းတွေကို အကောင်းဆုံး တီးပြီး လုပ်ရတဲ့အတွက် ကျေနပ် ပါတယ်။ ဒါပေမယ့် တခုလေးပဲ၊ နိုင်ငံတကာနဲ့ ယှဉ်မယ်ဆိုရင် ပြောစရာရှိတာက ဗီဒီယိုတင်ရင် Upload speed အရမ်းကို နှေးပါတယ်။ အဲဒါတော့ အားမလို အားမရ ဖြစ်မိပါတယ်။ ပြဿနာ ဆိုတာကလည်း ကျနော်တို့ တဦးတယောက်တည်း ဖြစ်နေတာ မဟုတ်တဲ့အတွက် အထူးတလည်တော့လည်း မပြောချင်ပါဘူး။ ဒါပေမယ့် တချို့ ဗီဒီယိုတွေကျတော့ ဖိုင်ဆိုဒ် ၈၀၀၊ ၁၀၀၀ ရှိတာကို Speed အနေအထားအရ ၄၀၀၊ ၅၀၀ လောက် လျှော့လိုက်တဲ့အခါ Video quality ရော Audio quality ရော နည်းနည်းလေး ကျသွားတာမျိုးရှိပါတယ်။

မေး။     ။ သီချင်းတွေကို အသံသွင်း အသံဖမ်းဖို့ ကိုယ်ပိုင် စတူဒီယိုရယ်လို့ ရှိလား။ သံစဉ်တွေ ဖန်တီးမှုပိုင်းနဲ့ ပတ်သက်လို့ Guide line ချပေးမယ့်သူရော ရှိလား။

ဖြေ။     ။ ကျနော်တို့မှာ ကိုယ်ပိုင် Home studio ဆန်ဆန် အခန်းလေး ရှိပါတယ်။ အဲဒီမှာပဲ လုပ်တာများပါတယ်။ ကျနော်တို့ ကိုယ်ပိုင် သီချင်းတပုဒ်ဖြစ်တဲ့ You got today (Hooray) ဆိုတဲ့ သီချင်းကိုတော့ တကယ့် စတူဒီယိုတခုကို သွားပြီး တီးထား ဆိုထားတာပါ။ ကျန်တဲ့ ဆယ်ပုဒ်ကတော့ Home studio မှာပါပဲ။ Guide line ချပေးမယ့်သူ မရှိပါဘူး။ ကျနော်တို့ တယောက်နဲ့ တယောက် တချိန်လုံး ရန်ဖြစ်ပြီး တယောက်က ဒီလိုလုပ်မယ်၊ မဟုတ်ဘူး နောက်တယောက်က ဒီလိုလုပ်မယ်ဆိုပြီး ရန်ဖြစ်လိုက်၊ Arrange လုပ်ကြည့်လိုက်နဲ့ ခဏ ခဏ ရန်ဖြစ်တော့ Arrange ကလည်း ခဏခဏ ပြောင်းတယ်။ အဲဒီတော့ သီချင်းက ပိုပိုပြီး ဆန်းလာတယ်လို့ ထင်ပါတယ်။

မေး။     ။ ကိုယ်ပိုင်သံစဉ် အင်္ဂလိပ်သီချင်းတပုဒ် ရေးဖြစ်၊ ဆိုဖြစ် တာကရော။

ဖြေ။     ။ ကျနော်တို့ Cover ကိုးပုဒ်လောက် တင်ပြီးတဲ့အခါမှာ ကျနော်တို့ရဲ့ ပရိသတ်လေးတွေက တောင်းဆိုလာကြတယ်။ ကိုယ်ပိုင် သီချင်းများရှိရင် သူတို့ အရမ်း နားထောင်ချင်တာပဲ ဆိုပြီးတော့ပေါ့။ အဲဒါကြောင့် ကျနော်တို့လည်း သူတို့ အလိုကို ဖြည့်ပေးချင်တာနဲ့ ကိုယ်ပိုင် သီချင်းလေးကို တခုတ်တရ သွားတီးပြီးတော့ တင်ပေးလိုက်တာပါ။ အကုန် အတူတူ ရေးကြတာပါပဲ။

မေး။     ။ ကိုယ်ပိုင်သီချင်းနဲ့ Cover သီချင်းအပေါ် ပရိသတ် အားပေးမှုက ဘယ်ဟာ ပိုအားသန်တယ်လို့ ထင်လဲ။

ဖြေ။     ။ အတူတူပါပဲ။ ပရိသတ်က ကျနော်တို့ အရင် ဖန်တီးခဲ့တဲ့ ငါးပုဒ်ကို ကြိုက်တဲ့အတွက် နောက်ဖန်တီးတဲ့ ငါးပုဒ်ကို ဆက်ပြီး အားပေးကြတယ်။ အဲဒီအတွက် ကျေးဇူးတင်တဲ့ အကြောင်းလည်း ပြောချင်ပါတယ်။ ဒါပေမယ့် Cover ဆိုတော့ ပရိသတ် ပို စိတ်ဝင်းစားတာ ပေါ့နော်။ နိုင်ငံတကာ ပရိသတ်ကော၊ ဒီက ပရိတ်သတ် ကောက သူတို့ကြားဖူးပြီးသား သီချင်းကို ဒီကောင်တွေ ဘယ်လို ပြန်ဆိုမလဲဆိုတဲ့ သိချင်စိတ်က ကိုယ်ပိုင်သီချင်း ထက်တော့ နည်းနည်း ပိုတာပေါ့။ ကျနော်တို့ အဖွဲ့ကို လူပြောများ တာကတော့ ၄ ပုဒ်လောက် ရှိတယ်။ အဲဒါက ကျနော်တို့ ကိုရီးယား သီချင်း သုံးပုဒ်ကို တပုဒ်တည်း ပြန်ပြီး ပေါင်းလုပ်ထားတဲ့ သီချင်း၊ နောက် Heal the world၊ Pay phone၊ နောက် ကျနော်တို့ ဆိုတဲ့ “အောင်မြင်ကျော်ကြားမမများ” ဆိုတဲ့ သီချင်းတွေပါ။ ဒီလေးပုဒ်ကတော့ ကျန်တဲ့ သီချင်းတွေထက် ခရီးရောက်တယ်လို့ ပြောလို့ရပါတယ်။

မေး။     ။ ကိုယ်ပိုင် တေးစီးရီးထုတ်ဖို့ရော စိတ်ကူးရှိလား။

ဖြေ။     ။ ကျနော်တို့ အိမ်မက် စိတ်ကူးယဉ်ထားတာ လေးတော့ ရှိတာပေါ့။ ကိုယ်ပိုင်သံစဉ်တွေ ချည်းပဲ လုပ်ဖို့ ရှိပါတယ်။ကျနော်တို့ ကိုယ်ပိုင်စီးရီးရယ်လို့ ဖြစ်လာရင်တော့ မြန်မာသီချင်းကို နှစ်ပုဒ်လောက် ထည့်ဖို့ စဉ်းစားထားတယ်။

မေး။     ။ Justus အဖွဲ့ရဲ့ အိမ်မက်ကရော ဘာဖြစ်မလဲ။ နိုင်ငံတကာ ဆိုတဲ့ အနေအထားအထိ ဖန်တီးသွားဖို့ ဆက်လျှောက် သွားဖို့ရှိမလား။

ဖြေ။     ။ နိုင်ငံတကာ အထိကတော့ သွားချင်တာပေါ့ဗျာ။ ကျနော်တို့ မက်ထားတဲ့အိပ်မက်ပဲ။ ကျနော်တို့ တတ်စွမ်း သလောက်ကို တတ်နိုင်တဲ့ တူရိယာလေးတွေနဲ့ ဆက်ပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျနော်တို့က အဝေးဆုံးတော့ သွားချင်တာပေါ့နော်။ ကျနော်တို့ အခု လောလောဆယ် တတ်နိုင်တဲ့ ကာလလေးမှာ တတ်နိုင်သလောက် ပရိသတ်ကို အကောင်းဆုံး လုပ်ပေး နေရတာနဲ့တင် ကျနော်တို့ ကျေနပ်နေပါပြီ။ ဂီတကို သစ္စာရှိရှိ ဆက်သွားမယ်ဆိုရင်တော့ ဂီတကလည်း ကျနော်တို့ကို ပြန်ကြည့်မယ် ထင်ပါတယ်။ အခုထိ အားပေးလာတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်တယ်။ နောက် ရှေ့လျှောက် ကိုလည်း လုပ်ပြီးတာတွေထက် ပိုပြီး ကောင်းအောင် လုပ်သွားဖို့ပဲ ရှိပါတယ်။ ဆက်ပြီး အားပေးပါဦး။     ။

The Irrwaddy

ရုပ်ရှင် လောကသား ရဲတိုက်ကို ဥပဒေ ဘောင်အတွင်း က ကူညီ ပေးသွားမည် ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်းပြောကြား


ပဲခူး ခရိုင် ၊ကျောက်တံခါးမြို့ စာတိုက် ရပ်ကွက် ၊ဒဂုံ-မန်း ကားလမ်းမပေါ်ရှိ လပ်ခ်ျမီး လက်ဖက်ရည်ဆိုင်၌ ဇူလိုင် ၄ရက်၊ နံနက် ၃နာရီ ခန့်တွင် သရုပ်ဆောင် ရဲတိုက် ကို ဆေးခြောက် ဟု ယူဆရသော အရွက်ခြောက် များနဲ့အတူ ဖမ်းဆီးရ မိခဲ့ကြောင်း သိရှိရသည်။ ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်တွင် ဆေးခြောက် များနှင့် အတူ ဖမ်းဆီး ရမိခဲ့ပုံနှင့် ပတ်သက်ပြီး ကျောက်တံခါး ရဲစခန်းသို့ ဇူလိုင် ၅ ရက်နေ့က ပေါ်ပြူလာ ဂျာနယ်မှ ဆက်သွယ်မေးမြန်းရာ အဆိုပါစခန်းမှ တာဝန်ကျ ရဲအရာရှိ တာဝန် မှူး တစ်ဦးက ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး “၄ရက်နေ့၊ မနက် ၃နာရီ အချိန်လောက်က တာဝန်ကျ အဖွဲ့တွေ ကင်းလှည့်နေတုန်း သတင်း ရတော့ သွားပြီးတော့ ဖမ်းဆီး တယ်။ သွားပြီး ဖမ်းတုန်းကတော့ ဘယ်သူဘယ်ဝါရယ်လို့ မသိဘူး။ သူ့ကို ရှာဖွေကြတယ်။ ရှာဖွေ ပြီးတော့မှ သူ့ကို ရဲတိုက်မှန်း သိကြတာ။
အခုတော့ အရေးယူ ထားပါ တယ်။ မူးယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲစေတဲ့ အက် ဥပဒေ ပုဒ်မ (၁၅/၁၆(ဂ))နဲ့ အရေးယူ ထားပါတယ်။ အခုလက်ရှိ အချိန် မှာတော့ ကျောက် တံခါး ဆေးရုံမှာ တင်ထားပါတယ်။ သူ့ကို ညနေပိုင်းလောက်က စပြီးတော့ ကျောက်တံခါး ဆေးရုံကို ပို့ထားပါတယ်” လို့ ၄င်းကပြောပြသည်။ ရုပ်ရှင် လောကသား တစ်ဦး ဖြစ်သည့် သရုပ်ဆောင် ရဲတိုက် ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေဖြင့် မည်သို့ ဆောင်ရွက် ပေးသွားမည် ဆိုသည်ကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ထံ ဆက်သွယ် မေးမြန်းရာ “ပထမစိန့်မေရီ ကာသီဒြယ် ခရစ်ယာန်ကျောင်း မှာဖြစ်တဲ့ ပြဿနာတုန်းက အစည်းအရုံး က အဖွဲ့ဝင်တွေ သိသိချင်း သွားရောက် ဖြေ ရှင်းပေး ခဲ့ပါတယ်။
 အခု ကိစ္စကိုလည်း အစည်းအရုံး အနေ နဲ့ ဥပဒေဘောင် အတွင်းက ကူညီလို့ ရတာ ကူညီသွားမှာပါ။ တရား ဥပဒေ အထက်မှာ အစည်း အရုံးလည်း မရှိပါဘူး”ဟု ပြောပြခဲ့သည်။ သရုပ်ဆောင် ရဲတိုက်သည် ၂ဝ၁၃ခုနှစ် မေလ(၂၈) ရက်နေ့က ဗိုလ်တစ်ထောင် မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်း အတွင်း တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း အတွက် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က)ဖြင့် ဗိုလ်တထောင် တရားရုံးတွင် တရားစွဲ ဆိုခံရပြီး ယင်း အမှုအတွက် ပထမ ရုံးချိန်းကို ဇွန်၁ဝရက်၊ ဒုတိယ ရုံးချိန်းကို ဇွန်၂၁ ရက်နှင့် တတိယ ရုံးချိန်းကို ဇူလိုင် ၁ရက်နေ့ အထိ အမှု ရင်ဆိုင်နေရပြီး စတုတ္ထမြောက် ရုံးချိန်း ကို ဇူလိုင်(၁၁) ရက်နေ့၌ အမှု ရင်ဆိုင်ရမှာဖြစ်ကြောင်း သိရသည်။

ပေါ်ပြူလာမြန်မာ

ကိုရီးယားအနုပညာရှင်များ မြန်မာနိုင်ငံသို့ ယဉ်ကျေးမှုဖလှယ်ရန် လာရောက်မည်

ကိုရီးယားနိုင်ငံမှ ပန်းချီ ၊ ပန်းပု ၊ ဓါတ်ပုံ ၊ ဆောင်းပါးရေးသူများ ပါဝင်သော ကိုရီးယားအနုပညာရှင် (၈) ဦးမှာ မြန်မာပြည်သို့ ဇူလိုင်လ (၉) ရက် မှ သြဂုတ်လ (၂)ရက်နေ့ အထိ လာရောက်လည်ပတ်မည်ဟု သိရသည်။

ကိုရီးယား အနုပညာရှင်များသည် မြန်မာနိုင်ငံ ရန်ကုန် ၊ မန္တလေး ၊ ပုဂံ ၊ ညောင်ဦးဒေသများသို့ လေ့လာရေးခရီး သွားကာ ပန်းချီဆွဲ ၊ ပန်းပုထု ၊ ဓါတ်ပုံရိုက်ကူးကြမည်ဖြစ်သည်။

ကိုရီးယား အနုပညာရှင်များမှာ မြန်မာပြည်သို့ လေ့လာရေးခရီးသွားရောက်ရာ၌ ရွှေအလင်းတန်း မြန်မာ အသင်း (ကိုရီးယား) မှ ပံ့ပိုးကူညီပေးရမည့်အချက်များကို တာဝန်ရှိသူများနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။

ဇူလိုင်(၂၂) ရက်နေ့ နောက်ပိုင်းတွင် လှော်ကား တပ်ဦးကျောင်းရှိ ကလေးငယ်များအတွက် စာအုပ် ၊ ခဲတံ ၊ အကျီ ၊ ပန်းချီဆွဲသည့် ကိရိယာများ ၊ ကစားစရာပစ္စည်းများကိုလည်း ကိုရီယား အနုပညာရှင်များမှ လှူဒါန်း သွားမည်ဟု သိရသည်။

ဇူလိုင်(၂၇) နေ့တွင် လေ့လာရေးခရီးအတွေ့အကြုံများအား New Zero Art Space တွင် ပန်းချီ ၊ ပန်းပု ၊ ဓါတ်ပုံများကို ပြပွဲ တစ်ရပ် ပြုလုပ် ကျင်းပမည် ဖြစ်ကြောင်းနှင့် အဆိုပါ ပြပွဲသို့ ပြည်တွင်း မီဒီယာများမှ သတင်းများ လာရောက် ရယူနိုင်ကြောင်း သိရှိရသည်။

အဆိုပါ လေ့လာရေးခရီးကို ဂျောန်ငန်းယောင်း ၊ ဆောဂျူန်ဟို တို့မှ ဦးဆောင်ပြီး ကိုရီးယား အနုပညာရှင် (၈) ဦးတို့ လာရောက်ကြမည်ဖြစ်သည်။

အဖွဲ့ဝင် (၈)ဦးပါ မြန်မာပြည်လေ့လာရေးခရီးလာရောက်ရခြင်း ရည်ရွယ်ချက်မှာ   မြန်မာ-ကိုရီးယား ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်ကြောင့် ဖြစ်သည်ဟု သိရသည်။

ရွှေမြစ်မခ

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုကြောင့် ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတိုးမြှင့်ချထား


အိန္ဒိယနိုင်ငံဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံ စေတီတော်တွင် လုံခြုံရေးတိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ သိရှိရသည်။

လုံခြုံရေးတိုးမြှင့် ချထားမှုအား သက်ဆိုင်ရာ ဂေါပကအဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့ပူးပေါင်းကာ လုံခြုံရေး ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိယူထားတဲ့ လုံခြုံရေးထက်ကို ပိုတိုးပြီးတော့ လုံခြုံရေးယူသွားမယ်။ ကျွန်တော်တို့ လုံခြုံရေးချထားဖို့ ကိစ္စကိုလည်း အစည်းအဝေးလုပ်ပြီး တိုင်ပင်ဆွေးနွေးနေပါတယ်” ဟု ဂေါပကရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပါက်ကွဲမှုမှာ ဇူလိုင်လ (၇)ရက် နေ့တွင် ဗုံး(၈)လုံး အတွဲလိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရဟန်း သံဃာတော် (၂)ပါးနှင့် လူ(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“လုံခြုံရေးယူဖို့ကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူပြီးလုပ်နေတယ်။ အင်အားဘယ်လောက်တို့ ဘာတို့ကတော့ မသိဘူး။ ရဲတပ်ဖွဲ့ရဲ့ အခြေခံအုပ်ချုပ်မှုအောက်ကနေပဲ လိုက်တာပါ”ဟု ဂေါပကရုံးမှာ တာဝန်ရှိသူ တစ်ဦးကပြောသည်

ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သည့် ရဟန်းသံဃာတော်မှာ မြန်မာနိုင်ငံမှ စာလာသင်သော ဘုန်းကြီးတစ်ပါး၊ တိဘက်ဘုန်းကြီးတစ်ပါးနှင့် လူ(၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကာ မပါက်ကွဲသေးသော ဗုံး(၄)လုံးအား တွေ့ရှိခဲ့ကြောင်း အိန္ဓိယနိုင်ငံ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရန်ကုန်နှင့် အလားတူ မန္တလေးတိုင်းအတွင်းရှိ တန်ခိုးကြီးဘုရားများ ဖြစ်သော မဟာမြတ်မုနိဘုရားကြီး၊ စွယ်တော်မြတ်စေတီ၊ ပြင်ဦးလွင်ရှိ မဟာအံ့ထူးကံသာစေတီနှင့် တန်ခိုးကြီးဘုရားများတွင် ပေါက်ကွဲမှု မဖြစ်ပေါ်စေရန် တိုးမြှင့်ကာ လုံခြုံရေးချထားကြောင်း သိရသည်။

ဗုံးအတွဲလိုက်ဖောက်ခွဲခဲ့သည့် တရားခံအား အမြန်ဆုံးအရေးယူပေးရန် သီရိလင်္ကာ သမ္မတက အိန္ဒိယ အစိုးရထံ တောင်းဆိုထားကြောင်းကိုလည်း သိရှိရသည်။

ရွှေမြစ်မခ

ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် အိမ်စီးကားနှင့် မန္တလာမင်း အဝေးပြေးယာဉ်တို့ တိုက်မိပြီး လေးဦးသေဆုံး


ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် surf အိမ်စီးကားကို တွေ့ရစဉ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲက surf အိမ်စီးကား တစ်စီးနှင့် မန္တလာမင်း အဝေးပြေးယာဉ် တစ်စီးတို့ တိုက်မိမှုကြောင့် surf အိမ်စီးကားပေါ်တွင် ပါသော ယာဉ်မောင်းတစ်ဦးနှင့် မိသားစုသုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်-မန္တလေး အမြန်လမ်းကြီး မိုင်တိုင်အမှတ် ၂၆၂ မိုင်၊ ၃ ဖာလုံ ပျော်ဘွယ်မြို့နယ်အတွင်း ရန်ကုန်မှ မိတ္ထီလာသို့ မောင်းနှင်နေသည့် surf အိမ်စီးကား (အဖြူရောင်) ယာဉ်ကို ရန်ကုန်-မန္တလေး ပြေးဆွဲနေသော မန္တလာမင်း ခရီးသည်ယာဉ် တစ်စီးက လက်ဝဲဘက်မှ ကျော်တက်စဉ် surf အိမ်စီးကား၏ ဘယ်ဘက်ခြမ်း နောက်ပိုင်းအား ၀င်တိုက်မိကြောင်း သိရသည်။
ယင်းသို့ ၀င်တိုက်မှုကြောင့် surf အိမ်စီးကားမှာ မန္တလာမင်း ခရီးသည်တင်ယာဉ်၏ အရှေ့သို့ ရောက်ရှိသွားခဲ့သဖြင့် ထပ်မံတိုက်ခံရကာ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် surf အိမ်စီးကားတွင် ပါရှိသည့် မိသားစုဝင် သုံးဦးဖြစ်သည့် ဦးညိုဝင်း (၄၅) နှစ်၊ ဒေါ်နီနီစိုး (၄၄) နှစ်၊ မဖြိုးဖြိုးလွင် (၂၈) နှစ်နှင့် ယာဉ်မောင်း အပါအ၀င် စုစုပေါင်း လေးဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ အတိုက်ခံရသော surf အိမ်စီးကားပေါ်ရှိ မိသားစုဝင်များမှာ မိတ္ထီလာမြို့တွင် ရောက်ရှိနေသူ မိခင်ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှု ခံယူရန်အတွက် ရန်ကုန်သို့ ခေါ်ဆောင်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
''အခင်းဖြစ်ပြီး ကျွန်တော်ရောက်သွားတော့ ပျော်ဘွယ်လေး ရဲစခန်းမှာ စစ်ချက်ယူတယ်၊ ဖြစ်တဲ့နေရာမှာ ကျွန်တော်တို့ဘက်က လေးယောက်လုံး ပွဲချင်းပြီးသေတယ်'' ဟု အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့သူ ကိုဝဏ္ဏက ဆိုသည်။
ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် သေဆုံးသူ ယာဉ်ပိုင်ရှင် ကိုညွန့်ဝင်း၏ ဇနီးဖြစ်သူက ''ဒါနဲ့ပတ်သက်ပြီးတော့ ပျော်ဘွယ်လေး ရဲစခန်းကတော့ စစ်ချက်ယူထားတယ်၊ အမှုလဲ မဖွင့်ရသေးပါဘူး။ ကားမောင်းတဲ့ ကိုခိုင်မောင်လတ်က ကိုညွန့်ဝင်းရဲ့ သူငယ်ချင်း၊ နောက် ကျွန်မအစ်မနဲ့ အိမ်က ကလေးရယ် အားလုံးလေးယောက်သွားတာ အကုန်ပွဲချင်းပြီးတယ်'' ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမာက ဆိုသည်။
ဇူလိုင် ၃ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၄ လယ်ဝေးမြို့ အနီးတွင် အမျိုးသား ဆရာဝန်လေးဦးနှင့် ယာဉ်မောင်း အမျိုးသားတစ်ဦး စီးနင်းလိုက်ပါလာသော လန်ခရူဆာ ကားတစ်စီး တံတားတစ်ခုပေါ်မှ အရှိန်လွန်ပြုတ်ကျသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယာဉ်ပေါ်ပါသူ ဆရာဝန်လေးဦးမှာ ဒေါက်တာအောင်မြင့် ၆၈ နှစ်၊ ဒေါက်တာမြအောင် ၆၇ နှစ်၊ ဒေါက်တာအောင်မြတ်စိုး ၆၁ နှစ်၊ ဒေါက်တာကျော်စိုး ၅၁ နှစ်တို့ဖြစ်ပြီး ယာဉ်မောင်းမှာ ဦးသန်းဦး ၅၇ နှစ်တို့ ဖြစ်သည်။

Eleven

တည်ဆောက်ဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မကွန်ကရစ်တိုင် ပြိုကျမှုဖြစ်ပွား


ဘုရင့်နောင်ခုံးကျော်တံတား ပင်မကွန်ကရစ်တိုင် ပြိုကျမှုအား ဇူလိုင်  ၈ ရက်က တွေ့ရစဉ်
သမိုင်းမှ လှိုင်သာယာသို့ ချိတ်ဆက်ပေးမည့် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မကွန်ကရစ်တိုင် ပြိုကျခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြိုကျခဲ့သော ကွန်ကရစ်တိုင်မှာ သမိုင်းမှ လှိုင်သာယာသို့ ဆက်သွယ်မည့် အဓိက ပင်မကွန်ကရစ်တိုင် အမှတ် ပီစီ-၁၇ ဖြစ်ကြောင်း ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ပင်မကွန်ကရစ်တိုင် ပြိုကျရခြင်းမှာ လုပ်ငန်းခွင်အတွင်း အသုံးပြုလျက်ရှိသည့် ကရိန်းမှ တိုက်မိခဲ့သောကြောင့် ဖြစ်ကြောင်း၊ ဆောက်လုပ်သည့် အရည်အသွေး မပြည့်မီခြင်း မဟုတ်ကြောင်း တာဝန်ယူတည် ဆောက်နေသည့် FMI ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်ကျော်၏ ပြောကြားချက်အရ သိရသည်။
ယင်းဖြစ်စဉ်အား တွေ့ရှိခဲ့သူ တစ်ဦးက ''အကြီးအကျယ် တိုက်တာ မဟုတ်ဘဲနဲ့ လဲကျသွားခဲ့တဲ့ တည်ဆောက်မှုတွေကို နည်းနည်း စိုးရိမ်ရတယ်။ နောက်ပြီး ပြိုကျခဲ့တဲ့တိုင်က အောက်ခြေ ကွန်ကရစ်လောင်းတဲ့ အဆင့်ထိပဲ ရှိသေးပေမယ့် အပေါ်သံတိုင်တွေ အများအပြား တင်ထားတဲ့အတွက်ကြောင့် ခံနိုင်ရည်အား မရှိခဲ့တာ ဖြစ်ဖို့များပါတယ်'' ဟု ပြောသည်။
ပင်မကွန်ကရစ်တိုင် ပြိုကျမှု ဖြစ်စဉ်ကြောင့် သမိုင်းမှ လှိုင်သာယာ-အင်းစိန်သို့ ဆက်သွယ်ထားသည့် ကားလမ်းကြောများ နှစ်နာရီခန့် ပိတ်ထားခဲ့ရခြင်းကြောင့် ပြိုကျသည့် ဖြစ်စဉ်အနီး ဆက်စပ်နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှစ၍ FMI ကုမ္ပဏီမှ အဓိက တာဝန်ယူ တည်ဆောက်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ ၂၆ ဘီလီယံခန့် ရှိမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

Eleven

အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ် ကတည်းက ရဲထံထွက်ဆိုထားပြီး ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးအား ထပ်မံဖမ်းဆီး


ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဗုဒ္ဓဂယာနယ်မြေအတွင်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များ ကြည့်ရှုစစ်ဆေးနေစဉ်။(ဓာတ်ပုံ-AFP)
အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ်ကတည်းက အိန္ဒိယ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပြီး ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးကို ထပ်မံဖမ်းဆီး လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
ဇူလိုင် ၇ ရက်နံနက်ပိုင်းက ဗုဒ္ဓဂယာ ကျောင်းဝန်းအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများ အတွက် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ပြန်လည် စစ်ဆေးခဲ့ရာမှ အိန္ဒိယရဲများက ဇူလိုင် ၈ ရက်တွင် လူတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗုံးဖောက်ခွဲမှုများ အတွက် လူနှစ်ဦးက ဖောက်ခွဲရေး ပစ္စည်းများအား နေရာချခဲ့သည့် ပုံများကို လုံခြုံရေး ကင်မရာများတွင် တွေ့ရှိခဲ့ရာမှ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
''လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကနေ ဗုံးထောင်ခဲ့သူ နှစ်ဦးစလုံးကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်'' ဟု ဂယာမြို့ ရဲအရာရှိ ချန်ဒန်ကူရှဝါဟာက အေအက်ဖ်ပီသို့ ပြောကြားသည်။
''ဖမ်းဆီးထားတဲ့သူရဲ့ အမည်က ဗင်နော့မီစထရီလို့ သိရပါတယ်'' ဟု ရဲအရာရှိ အက်စ်ကေဘာရာဒွာဂျာက ပြောကြား ခဲ့သည်။
မီစထရီကို ဘီဟာပြည်နယ်၊ မြို့တော် ပတ္တနား တောင်ဘက် မိုင် ၈၀ အကွာရှိ မော်သူပုန်များ၏ အဓိက ခြေကုပ်ဒေသဖြစ် သည့် ဘရာချတ်တီ ဧရိယာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာ ၀င်များအကြား ဖြစ်ပွားနေသည့် ပြဿနာများအပေါ် ကလဲ့စားချေရန် အတွက် ဗုဒ္ဓဂယာ ကျောင်းတော်ကို အစ္စလာမ္မစ် စစ်သွေးကြွများက ပစ်မှတ်ထား တိုက်ခိုက်ဖွယ်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များကို ကြိုတင်သတိပေး ထားခဲ့သည်ဟု ဒေလီမြို့တော်ရဲများက ပြောကြားခဲ့သည်။
အိန္ဒိယတွင် ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ခံရမှုမှာ ရှားပါးသော်လည်း မြန်မာ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဒေသအများအပြားတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ဗုဒ္ဓဂယာကို တိုက်ခိုက်ရန် သတင်းအချက်အလက်များကို တိတ်တဆိတ် စုဆောင်းနေမှုကြောင့် အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များအား ဖမ်းဆီးခဲ့ပြီးနောက် ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်မှုသည် ဟိုက်ဒရာဘတ်မြို့၏ ဒါစုခန်ဂါအရပ်တွင် ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အချက်အလက် စုဆောင်မှုများ လုပ်ဆောင်နေသည့် အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့ဝင်များကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီးနောက် ဖောက်ခွဲမှုများ ဖြစ်ပေါ်လာခြင်းသည် အဆိုပါ ဖောက်ခွဲမှုများတွင် ၎င်းတို့အဖွဲ့ ပါဝင်နေခြင်းကို ဖော်ပြနေရုံသာမက ဒေလီနှင့် မွမ်ဘိုင်းမြို့များတွင် ၎င်းတို့အဖွဲ့ကပင် တိုက်ခိုက်ဖွယ်ရှိကြောင်း အချက်အလက်များက ဖော်ပြနေသည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားထားသည်။
နယူးဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့မှ ဆာယက်မက်ဘော၊ အာဆတ်ခန်း၊ လန်ဒီအီရာဖန်နှင့် အီမာရန်ခန်းတို့အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အတွင်းက စစ်ဆေးမေးမြန်းရာတွင် အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဟိုက်ဒရာဘတ်မြို့၏ ဒါစုခန်ဂါအရပ်နှင့် ဗုဒ္ဓဂယာရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းများကို တိုက်ခိုက်ရန် အတွက် အချက်အလက်များအား စုဆောင်းရန် ပါကစ္စတန်အခြေစိုက်၊ အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ကို တည်ထောင်သူ ရီယက်ဘတ်တယ်က ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။
ထို့ပြင် Lashkar-e-Taiba ၏ အမေရိကန်-ပါကစ္စတန် အကြမ်းဖက်သမား ဒေးဗစ်ကိုးလ်မန်းဟတ်လေး ကလည်း FBI နှင့် NIA တို့၏ စစ်ဆေးမှုအတွင်း အကြမ်းဖက်ပစ်မှတ် တစ်ခုအဖြစ် ဗုဒ္ဓဂယာကို လျာထားကြောင်း ထွက်ဆိုခဲ့သည်။
ယခုအခါ ယင်းနေရာ နှစ်ခုစလုံး၌ပင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ၎င်းတို့ ထွက်ဆိုချက်များတွင် ပါဝင်သည့် အခြားနေရာများ၌လည်း လုံခြုံရေးများ တင်းကျပ်စွာ ချသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
၎င်းတို့၏ ထွက်ဆိုချက်များအရ နောက်ထပ်ပစ်မှတ်များမှာ ဒေလီမြို့နှင့် မွမ်ဘိုင်းမြို့များဖြစ်ပြီး ဒေလီမြို့ရှိ ဆာဒါဈေးနှင့် ချန်နီအရပ်တို့တွင် ၎င်းတို့လေးဦးက စုံစမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ နေရာများသည် လူထူထပ်သောကြောင့် သေဆုံးသူများ များနိုင်သောကြောင့် ဖောက်ခွဲရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။
ထို့ပြင် မွမ်ဘိုင်းမြို့၊ အန်ဒါရီ ဘူတာရှိ မက်ဒေါ်နယ်ဆိုင်၊ ဆန်တာခရုဇ် ဘူတာအနီးရှိ ဆာရီဆိုင်များနှင့် စားသောက်ဆိုင်များ၊ ဒါဒါဘတ်စ်ကားမှတ်တိုင်၊ စီအက်စ်တီဘူတာနှင့် ပန်ဗယ်ဘူတာတို့အပြင် လူများသည့် နေရာအချို့ကိုလည်း တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။
အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့အနေဖြင့် ၎င်းတို့ကို နိုင်ငံတကာက အာရုံစိုက်လာစေရန်အတွက် ဗုဒ္ဓဂယာကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေလီရဲတပ်ဖွဲ့က ပြောကြားသည်။

Eleven