အိပ်၍ မပျော်ခြင်း



ဒေါက်တာစွမ်း (ဆေး-၁)
မေး။ ။ Dr စွမ်းရှင့်။ ကျွန်မအသက် ၅၁ နှစ်ကျော် ပင်စင်ယူခါနီး ဝန်ထမ်း တစ်ဦးပါ။ အခုတလော ကျွန်မမှာ အခက်အခဲတစ်ခု ရှိနေပါတယ် ဆရာ။ ညဆိုရင် အိပ်မပျော်တာပါ။ အိပ်ပျော်ရင်လည်း ခနလေးသာ အိပ်ပျော်ပြီး နံနက်ရုံးသွားခါနီးဆိုလျှင် လူက နုံးချိချိ ဖြစ်နေပါတယ် ဆရာ။ (မရိုမသေ ကျွန်မ သွေးဆုံးကိုင်ပြီးပါပြီ ဆရာရှင့်)။ အခုလို အိပ်မပျော်တဲ့ ဒုက္ခကို အဆုံးသတ် ချင်ပါတယ်။ ကူညီပါဦး ဆရာ။
ဒေါ်အေးအေးမြင့် (သင်္ဃန်းကျွန်း)

ဖြေ။ ။ဒေါ်အေးအေးမြင့်ရဲ့ အိပ်မပျော်ခြင်းဟာ ရောဂါကြောင့်လား၊ စိတ်ကြောင့်လား ဆိုတာ သိရန် လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူ လူကြီးအချို့မှာ လည်း အိပ်မပျော်ခြင်းကို ခံစားရ တတ်ပါတယ်။ ဒီလိုရောဂါရှိလို့ အိပ်မပျော်တာ ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းမှ ဆရာဝန် တစ်ဦး၏ လမ်းညွှန်ချက်ဖြင့် အိပ်ဆေး အနည်းငယ် မှီဝဲရမှာပါ။ အိပ်ဆေး မမှီဝဲခင် အိပ်ရာ မဝင်မီမှာလည်း လက်ဖက်ရည်၊ ကော်ဖီ သောက်သုံးခြင်းကို ရှောင်ကြဉ်ပြီး အဆီပါအစား အသောက်များ လည်း ရှောင်ကြဉ်ပေးပါ။

ခရက်ကာလို ဘီစကွတ် အနည်းငယ်နှင့် အိုဗာတင်း၊ မိုင်လို၊ နွားနို့ပူပူ တစ်ခွက် သောက်သုံးပြီး အိပ်စက်ပါ။ အိပ်ရာထဲ ရောက်သည်နှင့် ခေါင်းအစ ခြေအဆုံး ကြွက်သားတွေကို လျှော့ပေးပါ။

အလုပ်ကြောင့် အိပ်မပျော်သူ ဖြစ်လျှင် ညအိပ်ရာ ဝင်ခါနီးတိုင်း ပူပန်တတ်သော စိတ်ကို ထိန်းချုပ်ကာ ဥပေက္ခာပြု စိတ်ဖြင့် အိပ်စက်ပါ။ လုပ်ရမည့် လုပ်ငန်းဆောင်တာ သောကများကို စာရွက်ပေါ်တွင် ချရေးပြီး နံနက်နိုးလာမှ ဖြေရှင်းမယ်ဟု စိတ်ပိုင်း ဖြတ်ခြင်းဖြင့် ဖြေရှင်းပေးပါ။

မေး။ ။ဆရာခင်ဗျား။ ကျွန်တော်တို့ သူငယ်ချင်း တစ်စုဟာ စာမေးပွဲနီးတိုင်း အုပ်စုဖွဲ့ စာကျက်လေ့ ရှိကြရာမှာ တစ်ညလုံး မအိပ်တမ်း စာကျက်လိုဇောနဲ့ ကော်ဖီလည်း သောက်ြက ပါတယ် ဆရာ။ ပြီးခဲ့တဲ့ ရက်ကတော့ စာကျက်ရင်း သူငယ်ချင်း တစ်ယောက် ကော်ဖီ သောက်ရင်း ညမအိပ်တမ်း စာကျက်တာဟာ စာကျက် နေတုန်းကတော့ လန်းဆန်း နေပေမယ့် နံနက်ပိုင်း စာမေးပွဲခန်းလဲ ဝင်ရော စာတွေမေ့သွားတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဒီလိုဖြစ်ပါတယ် ဆရာ။ ဒါဟာ ကော်ဖီကြောင့်ပလား။ ညပိုင်း လန်းဆန်းဖို့ ကော်ဖီသောက်ရင် နံနက်ပိုင်း မှတ်ဥာဏ်တွေ ထိခိုက်နိုင်စေပါသလား။

မောင်သားထူး (ပန်းဆိုးတန်း)

ဖြေ။ ။ကော်ဖီမှာ ကဖင်းဓာတ် ပါဝင်လို့ လူကိုလန်းဆန်း စေတာ အမှန်ပါပဲ။ ကော်ဖီအကြောင်း ပြောရရင် ပထမဆုံး လူ့ဦးနှောက်ထဲက Adenosine ဆိုတဲ့ ဟော်မုန်း အကြောင်းပါပဲ။ သူက လူတွေ အနားယူဖို့ လှုံ့ဆော်ပေးတဲ့ ဟော်မုန်းပါ။ တစ်နေကုန် အလုပ်လုပ်ပြီး ညရောက်တာနဲ့ ငိုက်မျဉ်းလာစေတာ ဒီဟော်မုန်း ကြောင့်ပါ။\

ဒီဟော်မုန်းများရင် လူက အိပ်ငိုက် လာပါမယ်။ ကော်ဖီမှ ကဖင်းက အဆိုပါ ဟော်မုန်းကို တိုက်ခိုက်ပါတယ်။ ဒါကြောင့် ကော်ဖီ သောက်လိုက်ရင် မအိပ်ချင်တော့ တာပါ။ ကျောင်းသား လူငယ် အများစုကတော့ ညကော်ဖီ သောက်ရင်း စာကျက်ပြီး နံနက် စာမေးပွဲခန်း ဝင်တာက အစဉ်အလာ ဖြစ်နေပါပြီ။ တကယ်တမ်း ကျတော့ ကော်ဖီသောက်ရင်း ဦးနှောက်ပန်းအောင် တစ်ညတာလုံး ခိုင်းလိုက်တာက နောက်နေ့နံနက်မှာ မလန်းဆန်း စေတော့ပါဘူး။ ကော်ဖီက ပါတဲ့ ကဖင်းဓာတ်ကြောင့် မအိပ်ချင် တော့ပေမယ့် ဦးနှာက်ဟာ နားရမယ့် အချိန်မှာ အနား မရဘဲ ဖိစီးနေလို့ ဦးနှောက်ဝန်ပိ လာပါတယ်။ ဒီအခါကျ နံနက်ပိုင်း စာမေးပွဲခန်း ဝင်ချိန်မှာ ဦးနှောက်ရဲ့ စွမ်းရည်ဟာ သာမန်ထက် လျော့နည်းနိုင်ပါတယ်။ ဒီအခါမှာ ကျက်ပြီးသား စာတွေ မေ့လျော့ခြင်း ဖြစ်လာပါတယ်။ ဒါကြောင့် ကော်ဖီသောက်လျှင် နေ့လယ်ပိုင်းနဲ့ ညဦးပိုင်းသာ သောက်သင့်ကြောင်း၊ ညဥ့်နက်ပိုင်း မသောက်သင့်ကြောင်း အကြံပြုလိုက် ပါရစေ။ မောင်သားထူးတို့ အနေနဲ့ တစ်နှစ်တာ စာတွေကို လွယ်လွယ်ရှင်းရှင်း မှတ်သား ထားပြီး စာမေးပွဲ ဖြေရမယ့် ညမှာ အိပ်ချိန် ၆ နာရီခန့် ပေးခြင်းဖြင့် စာမေးပွဲကို တည်ငြိမ်စွာ ဖြတ်ကျော် သင့်ကြောင်းပါ။ ။

myawady

ငယ်စဉ်က အရိုက်ခံရသည့် ကလေးများ သာမန်ထက် ရန်လိုလေ့ရှိ


ငယ်စဉ်က မိဘများ၏ အရိုက်အနှက်ကို ခံရလေ့ရှိသည့် ကလေးများသည် အတန်ငယ် အသက်ကြီးလာချိန်တွင် သာမန်ထက် ရန်လိုလေ့ရှိကြောင်း သုတေသီများက ပြောကြားလိုက်သည်။ အသက်(၅)နှစ်မျှထိ မိဘ၏ အရိုက်အနှက်ကို ခံလာရသော ကလေးများသည် မူလတန်းအရွယ်တွင် စာသင်ကျောင်း၏ စည်းမျဉ်းများကို ချိုးဖောက်ရန် ဖြစ်နိုင်ခြေ ပိုများသလို သာမန်ထက်လည်း အတန်ငယ် ရန်လို ဒေါသထွက်တတ်ကြောင်း သုတေသန တွေ့ရှိချက်များက ဖော်ပြထားသည်။ သုတေသီများက ကလေးများကို ရိုက်နှက် ဆုံးမခြင်းထက် အချိန်ယူကာ မိမိလိုလားသည့် အနေအထားကို ညှိနှိုင်းသင်ပြပေးရန် မိဘများကို တိုက်တွန်းခဲ့သည်။ တိကျစွာ လက်ဆုပ်လက်ကိုင် အထောက်အထား မပြနိုင်သည့်တိုင် အခြေခံ အကျဆုံး ယူဆချက် တစ်ခုအဖြစ် ကလေးများကို ရိုက်ခြင်းက ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာ အမှားအယွင်း ဖြစ်စေနိုင်သည်ဟု ကောက်ချက်ဆွဲနိုင်ကြောင်း ဦးဆောင် သုတေသီ မိုက်ကယ် မက်ကန်ဇီက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ရှိ ကိုလံဘီယာ တက္ကသိုလ်မှ သုတေသီများသည် (၁၉၉၈)ခုနှစ်မှ (၂၀၀၀)ပြည့်နှစ်ကြား မွေးဖွားခဲ့သည့် အမေရိကန် ကလေးငယ် (၁၉၀၀)၏ အမူအကျင့် မှတ်တမ်းများကို လေ့လာခဲ့ကြသည်။ ယင်းတို့သည် အမေရိကန်ရှိ မြို့ပေါင်း(၂၀)တွင် ပျံ့နှံ့နေထိုင်သည့် ကလေးများ ဖြစ်ကြသည်။ ကလေးငယ်များ (၃)နှစ်မှ (၅)နှစ်အရွယ်အတွင်း မိဘများက ဆုံးမခဲ့သည့် ပုံစံနှင့် ကျောင်းနေစ အရွယ်တွင် ၎င်းတို့ ပြုမူကျင့်ကြံပုံများကို နှိုင်းယှဉ် လေ့လာခဲ့သည့်နောက် ငယ်စဉ်က အရိုက်ခံရသည့် ကလေးများသည် အတန်ငယ် ပိုမို၍ ရန်လိုပြီး စည်းကမ်းချိုးဖောက်မှုများလည်း ရှိတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

အသက်(၉)နှစ်အရွယ်တွင် ကလေးများ အနေဖြင့် စာလုံးပေါင်းသတ်ပုံ စမ်းသပ်ချက်များကို ပြုလုပ်တိုင်း ငယ်စဉ်က မိဘများ ရိုက်နှက် ဆုံးမထားသည့် ကလေးများက ပိုမို၍ အားနည်းတတ်ကြောင်းလည်း ဒေါက်တာ မက်ကန်ဇီက ဆိုသည်။ "တိကျတဲ့ ဆက်စပ်မှုကိုတော့ ကျွန်တော်တို့ ထုတ်မပြနိုင်ဘူး။ ဒါပေမဲ့ မိဘတွေက ကလေးတွေ ငယ်စဉ်မှာ ရိုက်နှက် ဆုံးမခဲ့တဲ့အခါ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုမှာ သာမန်ထက် နည်းနည်း ဘေးချော်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ (၉)နှစ် အရွယ်လောက်မှာ စမ်းသပ်ခဲ့တဲ့ ရလဒ်တွေအရ ငယ်ငယ်တုန်းက အရိုက်ခံခဲ့တဲ့ ကလေးတွေဟာ သာမန်ကလေးတွေ အမှတ်(၁၀၀)ရမယ့် မေးခွန်းမျိုးတွေအတွက် (၉၃)မှတ်လောက်ပဲ ရခဲ့ကြပါတယ်"ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။ မက်ကန်ဇီက "တကယ်လို့ ကလေးတစ်ယောက်က တခြားကလေးတစ်ယောက်ဆီက အရုပ်ကို လိုချင်တယ် ဆိုပါစို့။ မိဘတွေက သူတို့ကို ဘယ်လိုနားလည်အောင် ရှင်းပြမလဲ။ ဘယ်လို သွန်သင်မလဲ ဆိုတာက အရေးကြီးလာပါတယ်။ တကယ်တော့ ရိုက်နှက် ဆုံးမတဲ့ နည်းလမ်းက မလွှဲမရှောင်သာလွန်းမှ သုံးသင့်တယ်"ဟုလည်း ပြောကြားသွားသည်။

planet

တနင်္ဂနွေနေ့


တနင်္ဂနွေ ပိတ်ရက်အတွင်း ပန်းခြံတစ်ခုသို့ မိသားစုလိုက် လာရောက်အပန်းဖြေစဉ်
ပြက္ခဒိန် စာရွက်ပေါ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးနေ့ကို ပြပါဆိုလျှင် တနင်္ဂနွေနေ့ကို လက်ညှိုးထိုးပြ မိပေလိမ့်မည်။ ရက်ပေါင်းခုနစ်ရက်ဖြင့် ဖွဲ့စည်းထားသော ရက်သတ္တပတ်ထဲမှာ တနင်္ဂနွေနေ့သည် အထူးခြားဆုံးနေ့ဟု ထင်မိသည်။ ပျော်စရာ အကောင်းဆုံးနေ့ဟု ခံစားမိသည်။ ထို့အပြင် ချစ်စရာ အကောင်းဆုံး နေ့လို့လည်း ပြောချင်သည်။ အမျှော်လင့်ဆုံး နေ့လို့လည်း တင်စားချင်ပါသည်။
ကျွန်တော်တို့လို ကုမ္ပဏီ ၀န်ထမ်းများအဖို့ တနင်္ဂနွေနေ့ ရောက်လာဖို့ တော်တော်မျှော်လင့်ရပါသည်။ တနင်္လာနေ့မှ စနေနေ့အထိ ခြောက်ရက်တာ ကာလအတွင်း ခံစားခဲ့ရသော မောပန်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှု၊ အားအင်ကုန်ခန်းမှုတို့ကို တနင်္ဂနွေနေ့မှာ ပြန်လည်ဖြည့်တင်း ရသောကြောင့် ဖြစ်ပါသည်။ ထိုအခါ တနင်္ဂနွေနေ့သည် ကျွန်တော်တို့အတွက် ထူးခြားသည့် နေ့တစ်နေ့ ဖြစ်လာခဲ့ပါသည်။ အနောက်တိုင်းမှာတော့ ၎င်းနေ့ကို စူပါဆန်းဒေး (Super Sunday) ဟု ခေါ်ကြပါသည်။ တစ်ကမ္ဘာလုံးက တနင်္ဂနွေနေ့ကို အများပြည်သူ အပန်းဖြေ အနားယူသည့် နေ့တစ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ (တနင်္ဂနွေနေ့ပါ မနားရရှာသည့် အလုပ်သမား အချို့က လွဲလို့ပေါ့လေ။)
တနင်္ဂနွေနေ့သည် ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘုရားကျောင်းတက်သည့် နေ့ဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း ဘုရားသွား ကျောင်းတက်သည့်နေ့လည်း ဖြစ်ပါသည်။ ထို့ကြောင့် တနင်္ဂနွေနေ့သည် ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသောနေ့ ဖြစ်သလို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရသော နေ့လည်းဖြစ်ပါသည်။
တချို့က တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်သည်။ တချို့က တနင်္ဂနွေနေ့မှာ အိမ်တက်မင်္ဂလာ လုပ်သည်။ တချို့က တနင်္ဂနွေနေ့မှာ ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့ကာ မုန့်လုပ်စားကြသည်။ တချို့က တနင်္ဂနွေနေ့မှာ ပျော်ပွဲစား ထွက်ကြသည်။ တချို့က ရုပ်ရှင်ကြည့်သည်။ တချို့က ကစားကွင်း သွားသည်။ တချို့က ဘုရားဖူး ထွက်ကြသည် . . . . .
ကုမ္ပဏီ တစ်ခုမှာ အလုပ်မ၀င်ခင် အချိန်ကာလ တုန်းကတော့ တနင်္ဂနွေနေ့၏ အဓိပ္ပာယ်နှင့် အနှစ်သာရကို သတိမပြုမိခဲ့ပါ။ တနင်္ဂနွေ တစ်ရက်မှလွဲ၍ ပိတ်ရက်မရှိသည့် ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်လုပ် မိသည့်နောက်ပိုင်း တနင်္ဂနွေနေ့သည် ကျွန်တော့်အတွက် အရသာရှိသော နေ့တစ်နေ့၊ ထူးခြားမွန်မြတ်သော နေ့တစ်နေ့ ဖြစ်လာခဲ့ပါသည်။ တနင်္လာနေ့မှ စနေနေ့အထိ မိမိဘ၀ကို သူများအတွက် ပေးဆပ်ထားရသော ကျွန်တော့်အဖို့ တနင်္ဂနွေနေ့သည် မိမိဘ၀ကို မိမိပိုင်ဆိုင်သည့်နေ့ မိမိကိုယ်မိမိ ပြန်လည်တွေ့ရှိသည့် နေ့လည်းဖြစ်ပါသည်။ ထို့ကြောင့် တနင်္ဂနွေနေ့ကို ကျွန်တော်တန်ဖိုး ထားပါသည်။ တနင်္ဂနွေနေ့မှာ လည်ပတ်နေသော စက္ကန့်၊ မိနစ်၊ နာရီ လက်တံများသည် ကျွန်တော့်အဖို့ တန်ဖိုးအနဂ္ဃ ထိုက်တန်သော ကျောက်မျက်ရတနာများ ဖြစ်ပါသည်။ ထိုကျောက်မျက် ရတနာလေးများ မပျောက်ပျက်ရအောင် စနစ်တကျ ထိန်းသိမ်းဖို့ ကြိုးစားရပါသည်။ တနင်္ဂနွေနေ့သည် ပျော်စရာကောင်းသော နေ့တစ်နေ့ပါပဲ။ တနင်္ဂနွေနေ့မှာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရသည်။ ကိုယ်သွားချင်တာ သွားခွင့်ရသည်။ ကိုယ်နေချင်သလို နေခွင့်ရသည်။  တနင်္ဂနွေနေ့မှာ လေကို၀၀ ရှူခွင့်ရပါသည်။ နေထွက်ချိန်ကို လက်ဖက်ရည် တစ်ခွက်နှင့် ကြိုဆိုနိုင်ပါသည်။ နေ၀င်ချိန်ကို ကမ္ဘာဦး လူသားတစ်ယောက်လို နှုတ်ဆက်နိုင်ပါသည်။
ကျွန်တော်တို့ အားလုံးသည် တနင်္ဂနွေနေ့ကို ပုံသဏ္ဌာန် အမျိုးမျိုးနှင့် သရုပ်ဖော်ကြပါသည်။ တချို့က တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်သည်။ တချို့က တနင်္ဂနွေနေ့မှာ အိမ်တက်မင်္ဂလာ လုပ်သည်။ တချို့က တနင်္ဂနွေနေ့မှာ ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့ကာ မုန့်လုပ်စားကြသည်။ တချို့က တနင်္ဂနွေနေ့မှာ ပျော်ပွဲစား ထွက်ကြသည်။ တချို့က ရုပ်ရှင်ကြည့်သည်။ တချို့က ကစားကွင်း သွားသည်။ တချို့က ဘုရားဖူး ထွက်ကြသည်။ မည်သို့ပင် ပုံသဏ္ဌာန် ကွဲစေကာမူ တူညီသည့် ရည်ရွယ်ချက်ကတော့ မိမိ၏ ကိုယ်နှင့်စိတ်ကို အပန်းဖြေခြင်း ပါပဲ။ ထိုကဲ့သို့ အပန်းဖြေမှလည်း အပန်းပြေနိုင် ပေလိမ့်မည်။ အပန်းပြေမှ အားသစ်ရမည်။ အားသစ်ရမှ မနက်ဖြန်ကို ရင်ဆိုင်နိုင်လိမ့်မည်။ ကျွန်တော်တို့၏ တစ်ပတ်တာ အားအင်ကုန်ခန်း မောပန်းနွမ်းနယ်မှုကို တနင်္ဂနွေနေ့က ပြန်လည်ဖြည့်စွမ်းပေးသည့် သဘောပါပဲ။ ထို့ကြောင့် တနင်္ဂနွေနေ့သည် အားသစ်မွေးသည့်နေ့။ ခွန်အားဖြည့်သည့်နေ့ ဖြစ်ပါသည်။
တနင်္ဂနွေနေ့မှာလည်း လုပ်ရမည့် အလုပ်တွေကလည်း တန်းစီစောင့်နေပါသည်။ တစ်ပတ်တာလုံး မလျှော်ခဲ့ရသည့်ခေါင်းကို လျှော်ဖို့။ တစ်ပတ်တာလုံး ညစ်ပတ်နံစော်နေခဲ့သည့် အ၀တ်တွေကို လျှော်ဖို့။ တစ်ပတ်တာလုံး မဖတ်ရသေးသည့် စာအုပ်တွေကို ဖတ်ဖို့။ တစ်ပတ်တာအတွင်း မကြည့်ခဲ့ရသည့် ရုပ်ရှင်ဇာတ်ကားတွေ၊ သီချင်းတွေ ကြည့်ရှုနားထောင်ဖို့။ တစ်ပတ်တာအတွင်း တင်းမာခဲ့သည့် ကိုယ်ခန္ဓာ အကြောအခြင်တွေ ဖြေလျှော့ဖို့။ တစ်ပတ်တာအတွင်း ဖိစီးခံခဲ့ရသည့် စိတ်ကို သက်သောင့်သက်သာဖြစ်အောင် ဖြေလျှော့ဖို့။ တစ်ပတ်တာအတွင်း ကျွန်တော်တို့ မှားခဲ့တဲ့ အပြုအမူတွေ၊ စကားလုံးတွေ၊ အတွေးတွေကို ပြန်လည်သုံးသပ်ကြည့်ဖို့။ ပြန်လည်သန့်စင်အောင် ဆေးကြောဖို့။ တနင်္ဂနွေနေ့သည် တစ်ပတ်တာ ဖြတ်သန်းခဲ့သည့် မိမိကိုယ်မိမိ ပြန်လည်သုံးသပ် ဆင်ခြင်ရသည့်နေ့။ ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာကို ပြန်လည်သန့်စင်သည့်နေ့။ လက်ရှိတနင်္ဂနွေနေ့သည် ရှေ့လာမည့် တနင်္ဂနွေနေ့အတွက် ပြန်လည်ပြင်ဆင်သည့် နေ့လည်းဖြစ်ပါသည်။ ထို့ကြောင့် အတိတ်က တနင်္ဂနွေနေ့ကို ပစ္စုပ္ပန် တနင်္ဂနွေနေ့က အနိုင်ရထားမှ ဖြစ်မည်။ ထို့အပြင် ပစ္စုပ္ပန် တနင်္ဂနွေကို အလဲထိုးကာ အနိုင်ယူဖို့ အနာဂတ် တနင်္ဂနွေကလည်း စောင့်ကြိုနေပြန် ပါသည်။
တနင်္ဂနွေနေ့သည် မိုးဖွဲဖွဲလေး ရွာနေသည့် နေ့တစ်နေ့ ဖြစ်နိုင်သည်။ နှင်းတွေဝေနေသည့် နေ့တစ်နေ့လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် နေသာသည့် နေ့တစ်နေ့လည်း ဖြစ်နိုင်သည်။ တနင်္ဂနွေနေ့၏ အရှေ့မှာ ဘယ်လိုဂုဏ်ထူး ၀ိသေသတွေပဲ တပ်တပ် တနင်္ဂနွေနေ့၏ တန်ဖိုးအစစ်အမှန်ကနေ တစ်ပြားသားမှ လျော့ကျသွားလိမ့်မည် မဟုတ်။ ကျွန်တော်သည် တနင်္ဂနွေနေ့ကို မနက်မိုးလင်းမှ ညအိပ်ရာ ၀င်သည်အထိ အရိပ်တကြည့်ကြည့်နှင့် မျက်စိအောက်မှ အပျောက်မခံနိုင်ပါ။ တနင်္ဂနွေနေ့၏ အသုံးဝင်ပုံနှင့် တန်ဖိုးရှိပုံကို သတိပြုဆင်ခြင် ကြည့်နေမိပါသည်။ နေရိပ်သည့် တနင်္ဂနွေ နေ့လေးတစ်ရက် ရောက်လာဖို့ နေပူမှာ ခြောက်ရက်လောက် စောင့်စားခဲ့ရသည် မဟုတ်ပါလား။ ရွှေလိုတန်ဖိုးရှိသည့် တနင်္ဂနွေနေ့။ ဘာနဲ့မှ အစားထိုးလို့မရတဲ့ တနင်္ဂနွေနေ့။ လက်ဆောင်ကောင်းနဲ့တူတဲ့ တနင်္ဂနွေနေ့။ ကျွန်တော်တို့ အားလုံးရဲ့ ချစ်လှစွာသော တနင်္ဂနွေနေ့။
eleven

လူမှုဝန်ထမ်းရုံးများနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးများ မြို့နယ် ၃၃၀ တွင် အသစ်ဖွင့်မည်



မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ တွင် လူမှုဝန်ထမ်း ရုံးများနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးများ အသစ်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ရုံးခွဲများ ဖွင့်လှစ်ရန် အစီအစဉ် ရှိမရှိနှင့် ပတ်သက်ပြီး ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ခရိုင်အဆင့် လူမှုဝန်ထမ်းရုံး ၆၄ ရုံး၊ မြို့နယ်အဆင့် လူမှုဝန်ထမ်းရုံး ၃၃၀ ရုံး၊ ခရိုင်အဆင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံး ၃၁ ရုံး၊ မြို့နယ်အဆင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံး ၃၃၀၊ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနတစ်ခု၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း တစ်ခုတို့ကို ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ဒေါ်စုစုလှိုင်က ဆိုသည်။

အဆိုပါရုံးများ ဖွင့်လှစ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဖွဲ့စည်းပုံ စစ်ဆေးရေး အဖွဲ့တို့ထံ တင်ပြထားပြီး ဖြစ်ကြောင်း ၎င်းကထပ်လောင်းရှင်းပြ သည်။

ဘိုးဘွားရိပ်သာများ၊ လူကုန်ကူး ခံရသူများ၊ သဘာဝဘေးကြောင့် ပျက်စီးခဲ့ရသည့် လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ပုဂ္ဂလိက အဆောက်အအုံများကို ထောက်ပံ့ ကူညီရန်အတွက် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် မြို့ကြီးများတွင်သာမက မြို့နယ်အဆင့်တွင်ပါ လူမှုဝန်ထမ်းရုံးများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးများ လိုအပ်လျက် ရှိသည်ဟု ဝမ်းတွင်း မဲဆန္ဒနယ်မှ ဦးသန်းမြင့်က ဆိုသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံရောက် မြန်မာ့ရေလုပ်သား ၁၆၀ ဦး ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည်။
The Voice Weekly

Angular stomatitis ကျီးကန်းပါးစပ်နာ


Feb 24, 2011 at 7:31 AM
ကျနော့်မှာ မကြာခဏ (၂)လတကြိမ်နီးပါး အရပ်ခေါ် ကျီးပါးစပ်နာ ပေါက်တတ်ပါတယ်။ အောက်နုတ်ခမ်းနဲ့ လျှာဖျားမှာ အဖြစ်များပါတယ်။ အဲသလိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်၊ ဘာဆေး သောက်ရမယ်ဆိုတာ -

ကျီးကန်းပါးစပ်နာကို Angular stomatitis (Cheilosis or Angular cheilitis) လို့ ခေါ်တယ်။ ပါးစပ်-ဒေါင့်စွန်း နှစ်ဖက်လုံးမှာ ဖြစ်တာများတယ်။ ကွဲကြောင်းလေးတွေ ဖျာထွက်လာမယ်။ သွေးထွက်တတ်တယ်။ အနာအထိ ဖြစ်နိုင်တယ်။ အနာကနေ မှိုပိုးဝင်လာရင် Candida albicans (Thrush) ဖြစ်မယ်။ ဗက်တီးရီးယားလဲ ဝင်နိုင်တယ်။

Vitamin B2 ဗီတာမင် ဘီ ၂ နည်းရာကနေစတယ်။ သံဓါတ်နည်း-သွေးအားနည်း ရောဂါနဲ့လဲ ဆက်နေတတ်တယ်။ သွပ်ဓါတ် နည်းတာကိုလဲ ထည့်စဉ်းစားရတယ်။ ကလေးတွေမှာ ဖြစ်ရင် Anorexia nervosa အာဟာရချို့တဲ့တာနဲ့ ဆက်စပ်နေမယ်။ ဟိုဟာ ဒီဟာတွေနဲ့ ရောနေတာကို ဆေးစာမှာ Plummer-Vinson syndrome (Paterson-Brown-Kelly syndrome) လို့ နာမယ်အရှည်ကြီး ပေးထားတယ်။ အသက်ကြီးသူတွေ မှာလဲ ဖြစ်တာဘဲ။ သွားတွေ မရှိတော့ ပါးစပ်က ပုံပြောင်းလာတယ် မဟုတ်လား။ ဆောင်းရာသီမှာ အဖြစ်များတယ်။

အစာအာဟာရ နည်းသူတွေမှာ အခုလို ကျီးကန်းပါးစပ်နာက မျက်စိနဲ့ မြင်နိုင်တယ်။ ဖြစ်တဲ့သူမှာ မျက်စိနဲ့ မမြင်နိုင်တာတွေလဲ ရှိနိုင်တယ်လို့ ပုလိပ်မျက်စိနဲ့ ကြည့်ရသေးတယ်။ ဘီ ၂ နည်းနေရင်၊ ဘီ ၁၊ ၃၊ ၆၊ ၁၂ လဲ နည်းနေလေမလား။ (စီ) တို့ (အေ) တို့ကော မနည်းပေဘူးလား။ သွားတိုက်ဆေးနဲ့ မတည့်တာလဲ မမေ့ရဘူး။

ကုတဲ့အခါ ဘာလို့ဖြစ်သလဲသိမှ တိကျတယ်။ အရေးအကြီးဆုံးက ဗီတာမင် ဘီ (၂)၊ ဆေးသောက်ပါ။ ကြွယ်ဝစာစားပါ။ Vitamin B 2, Riboflavin နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်။ တပါတည်း Vitamin C ရအောင် စိမ်းတဲ့ အသီးအရွက်-အသီးအနှံတွေလဲ စားပါ။

အနာလိုဖြစ်ရင်
• Topical antibiotic ပိုးသေဆေးတခုခု လိမ်းနိုင်တယ်။ အနာလိမ်းဆေးတိုင်းတော့ မသုံးပါနဲ့။ မျက်စဉ်းကို ထည့်ရင် ပါးစပ်ထဲဝင်လဲ ကိစ္စမရှိဘူး။ ဥပမာ Chloramphenicol ointment, Tetracycline ointment လိမ်းပါ။
• မှိုကြောင့်ဖြစ်ရင် Antifungal creams မှိုအတွက်လိမ်းဆေး Nystatin, Imidazoles, Bifonazole, Clotrimazole, Econazole, Ketoconazole, Nizoral®, Miconazole, Tioconazole တခုခုသုံးနိုင်တယ်။
• Antifungal drug မှိုအတွက်စားဆေး Imidazoles, Allylamines
• နောက်ပြီး စတီရွိုက်နဲ့ ရောထားတဲ့ဆေး Clotrimazole and Betamethasone, Nystatin and Triamcinolone Acetonide သုံးနိုင်တယ်။ ကော်တီဇုန်းဆေး
• စတီရွိုက်ဆေး 1% hydro cortisone လဲလိမ်းနိုင်တယ်။ ရေယုံဆိုရင် မသုံးပါနဲ့။

ဖြစ်တတ်သူတွေ Vitamin B Complex ဗီတာမင် ဘီ အုပ်စုဆေး ကြာကြာသောက်သင့်တယ်။ Malabsorption syndrome အစာစုပ်အား မကောင်းတဲ့ရောဂါနဲ့ တွဲနေသူကို B complex, B-12 ထိုးပေးရမယ်။

“Fissured tongue and Aphthous ulcer လျှာနာ အာနာ” ရေးထားကိုလဲ တွဲပါရစေ။

“လျှာကွဲတာ” နဲ့ “ပါးစပ်နာ” တွဲရေးပါရစေ။ Fissured or cracked tongue လျှာကွဲတာကို ပထဝီ-မြေပုံနဲ့ တူတယ်လို့ နှိုင်းကြတယ်။ ဒီလိုပြောတာ တော်သေးတယ်။ ယောက်ျား ကပ်ပဲ့အိတ်နဲ့ တူတယ်လို့ ပြောတာက သိပ်မမိုက်ဘူး။

Tongue cracks ဖြစ်တာက မွေးရာပါ ဖြစ်တတ်တယ်။ ငယ်ကတည်းကနေ စတယ်။ ကြီးလာလေ သိသာလေ။ Down syndrome ဆိုတဲ့ မွေးရာပါ ဦးနှောက် အားနည်းရောဂါရှိသူ ၁ဝ ယောက်မှာ ၈ ယောက်က ဒီလို လာဖြစ်တယ်။ ဒီအချက်က လွဲရင် အပူ-အစပ်စားတာ၊ ဆေးလိပ်၊ အရက်၊ စတာတွေ လွှဲချရတယ်။ ပါးစပ် အနံ့ပျယ်ဆေး အပြင်းသုံးတာ၊ သွားတိုက်ဆေး အပြင်းတွေကိုလဲ လက်ညှိုးထိုး မလွတ်ဘူး။ Malabsorption of Vitamin B ဗီတာမင် ဘီ ကို စုပ်မယူနိုင်တာ၊ အူမကြီး မကောင်းတာတွေကိုလဲ ထည့်စဉ်းစားရတယ်။

စိတ်ဖိအား များနေချိန်တွေမှာ အိပ်နေရင်း လျှာကိုက်မိတတ်တယ်။ စားတဲ့ အစာနဲ့ မတည့်တာ၊ အစာအိမ်-အက်စစ်ဓါတ်က အထက် တက်လာတာ၊ တချို့မှာ ဆီးချိုနဲ့ တွဲနေတတ်တယ်။ မှိုရောဂါကြောင့်လဲ ဖြစ်တတ်တယ်။ သွေးအားနည်းရောဂါ၊ ဗီတာမင်နဲ့ ဓါတ်ဆား နည်းတာတွေ ပါတယ်။ ဘာ့ကြောင့်ဆိုတာ သိဘို့ ခက်တတ်တယ်။ ဘာ့ကြောင့်ဖြစ်ဖြစ် ကင်ဆာ မဟုတ်ပါ။

တရုပ် တိုင်းရင်းဆေးနည်း အလိုအရ ဘေလုံးနဲ့ အစာအိမ် မျှခြေပျက်တာတဲ့။ တရုပ် အပ်စိုက် ဆရာတွေက အပူကဲတာနဲ့ (ယင်) အားနည်းတာလို့ ဆိုတယ်။ လျှာဘေးတွေကဖြစ်ရင် အသဲ၊ လျှာဖျားဖြစ်ရင် နှလုံး၊ လျှာလည်မှာဖြစ်ရင် ဘေလုံး၊ လျှာနောက်က ဖြစ်ရင် ကျောက်ကပ်လို့ သတ်မှတ်တယ်။

ဖြစ်စေတာက မသေခြာတော့ ကုရတာလဲ ခက်တယ်။ နောက်ဆက်တွဲ အခက်အခဲတွေ ဝင်လာနိုင်တယ်။ အစားအစာတွေ ညပ်နေတတ်တယ်။ မှိုရောဂါဝင်လာရင် Antifungal ဆေးပေးရမယ်။ Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး၊ Vitamin B Complex ဗီတာမင်ဘီအုပ်စုဆေး၊ ဗက်တီးရီးယားပိုး ဝင်ရင် ပဋိဇီဝဆေး ပေးမယ်။ ဟင်းသီးဟင်းရွက် စိုစိုစိမ်းစိမ်း စားရပါမယ်။
Dr. Tint Swe

ပါကစ္စတန် နိုင်ငံ၌ မိန်းကလေး မွေးဖွားသည့် ဇနီးသည်အား ခင်ပွန်းက အက်ဆစ်တိုက်၍ အပြစ်ပေး


ပါကစ္စတန်နိုင်ငံ ရှီကူပူရာ ခရိုင်တွင် အမျိုးသား တစ်ဦးသည် မိန်းကလေး မွေးဖွားခဲ့သည့် ၄င်း၏ ဇနီးဖြစ်သူအား အပြစ်ပေးသည့် အနေဖြင့် အက်ဆစ်ရည် အတင်းအဓမ္မ တိုက်ခဲ့ကြောင်း ပုဂ္ဂလိကပိုင် TV channel တစ်ခုက ယခုသီတင်းပတ် အစောပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ အမျိုးသားသည် ၄င်း၏ သမီးငယ်အား လုံးဝကြည့်ရှုခြင်း မရှိသည့်အပြင် ၄င်း၏ ဇနီးအား အပြစ်ပေးသည့် အနေဖြင့် အက်ဆစ်ရည် တိုက်ကျွေးရာတွင် ၄င်း၏ မိသားစု ဝင်များကလည်း ဝင်ရောက် အားပေးကူညီ ခဲ့ကြောင်းနှင့် အိမ်နီးချင်းများက အဆိုပါ အမျိုး သမီးကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ယခုအခါ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိပြီး ၄င်း၏ ခင်ပွန်းနှင့် မိသားစု ဝင်များအား တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း သိရသည်။

မြ၀တီ

Facebook အသုံးမပြုရန် တားမြစ်မှုကြောင့် အိန္ဒိယ အမျိုးသမီးငယ် တစ်ဦး မိမိကိုယ်ကိုယ် ဆုံးစီရင်



အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် အရွယ် ကောလိပ်ကျောင်းသူ တစ်ဦးအား ၎င်း၏မိဘများကFacebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုရန် တားမြစ်မှုကြောင့် အဆိုပါ ကျောင်းသူသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၁၇ နှစ်အရွယ်ရှိ အိုက်ရွှာယာအက်စ်ဒါ ဟီဝယ်လ်သည် ၎င်းအ Facebook အသုံးမပြုရန် တားမြစ်သော ၎င်း၏မိဘများနှင့် အချေအတင် စကားများ ပြီးနောက် အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခြင်း ဖြစ်သည်။

ပါ့ဘ်ဟာနီမြို့ရှိ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သူမ၏မိဘများက ဖုန်းဖြင့် Facebook အသုံးပြုမှုအား မပြုလုပ်ရန် ကြိမ်ဖန်များစွာ တားမြစ်ခဲ့ပြီး ကျောင်းစာကိုသာ အာရုံစိုက် လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊ အောက်တိုဘာ ၂၃ ရက် ညတွင် သူမ၏မိဘများနှင့် အချေအတင် စကားများပြီးနောက် အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကာ သေတမ်းစာ တစ်စောင် ရေးသားခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်း၏ သေတမ်းစာတွင် သူမသည် ကန့်သတ်ချုပ်ချယ်မှုများ များပြားလှသော အိမ်တွင် နေထိုင်လိုစိတ် မရှိကြောင်းနှင့် Facebook အသုံးမပြုဘဲ အသက်မရှင် နိုင်ကြောင်းတို့ကို ကြိမ်ဖန်များစွာ ရေးသားခဲ့ကြောင်း သိရသည်။

မြ၀တီ

ဘာမှန်းညာမှန်း မသိတဲ့ ပြည်သူ



(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))

ပြည်သူဆိုတာ

ကျွန်တော်ရေးတဲ့ဆောင်းပါး အတော်များများမှာ ပြည်သူဆိုတာကို အလျဉ်းသင့်သလို တင်ပြခဲ့ပါတယ်။ အခုလည်း ထပ်မံတင်ပြ ပါဦးမယ်။

လူတွေဟာ ရေကြည်ရာမြက်နုရာ သွားလာနေထိုင်ကြရာမှာ တစ်နေရာမှာ စုဝေးနေထိုင် လာကြပါတယ်။ အဲဒီနေရာဟာ မြို့ရဲ့အစာလေးပါး ပြည့်စုံတဲ့ နေရာဖြစ်ပါတယ်။ အစာလေးပါးက (၁) မြက်၊ ထင်း၊ ရေ ဖောဖောသီသီ ရှိခြင်း၊ (၂) သလေး၊ မုယော စသည့်စပါးမျိုး ရှိခြင်း၊ (၃) နှမ်း၊ ပဲ စသည်တို့ ပေါက်ရောက်နိုင်ခြင်း၊ (၄) ထောပတ်၊ ဆီဦး၊ ဆီဖျား၊ တင်လဲ၊ ဆားဟူသော ဆေးဖက်ဝင်များ ရနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဒါတွေပြည့်စုံမှ မြို့ပြတစ်ခု တည်ထောင်လို့ ရနိုင်ပါတယ်။

လိုအပ်ချက်တွေ ပြည့်စုံတဲ့ နေရာမှာ မတူရာ အရပ်က မတူတဲ့ လူတွေဟာ စုမိကြပြီး အတူယှဉ်တွဲ နေထိုင်ရာ နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်လာတဲ့အခါ မိတ်ဆွေ၊ ထိုမှတစ်ဆင့်တက်ပြီး ဆွေမျိုးတွေ ဖြစ်လာကြပါတယ်။ အစားတူ၊ ရာသီဥတုတူ၊ ဒီမြေ၊ ဒီရေကို သုံးစွဲလာတာချင်း တူလာရာမှာ အသွေးတူ၊ အသားအရောင်တူ၊ ယဉ်ကျေးမှုတူတဲ့ ပြည်သူဆိုတာ ဖြစ်ထွန်းလာတာပါ။

အဲဒီပြည်သူတွေဟာ ရင်ထဲမှာ အလိုလို ပေါ်ပေါက်လာတဲ့ သံယောဇဉ်ဆိုတဲ့ တွယ်တာမှုကြောင့် တစ်ဦးကိုတစ်ဦး မခွဲနိုင် ဖြစ်သလို တစ်ဦးဒုက္ခတစ်ဦး ကယ်၊ တစ်ဦးအပျော် တစ်ဦးကို မျှနဲ့ နေချင်စရာ ပျော်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ အဲဒီနေရာလေးမှာ သေတစ်ပန် သက်တစ်ဆုံး နေထိုင်ကြရာမှာ တိုင်းပြည်တစ်ခု ဖြစ်လာပါတယ်။ ပြည်သူတွေ တည်ဆောက်မှ တိုင်းပြည်ဆိုတာ ပေါ်ပေါက်နိုင်တာပါ။

ခေတ်မီတိုးတက်လာတာနဲ့အမျှ တိုင်းပြည်၊ နိုင်ငံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြည်သူကို အဓိပ္ပာယ် ဖွင့်ဆိုချက်တွေဟာ ကျယ်ပြန့်လာပါတယ်။ ပြည်သူတွေရဲ့ အလုပ်ခွဲဝေ လုပ်ကိုင်မှု၊ လုပ်ငန်းဆောင်တာ ကျယ်ဝန်းများပြားလာမှု၊ နေရာဒေသ နယ်ပယ်ကျယ်ပြောမှု တို့ကြောင့် အမည်နာမ အသစ်တွေ ပေါ်လာပါတယ်။ စစ်သား၊ ကျောင်းဆရာ၊ ဆရာဝန်၊ လယ်သမား၊ သူရင်းငှား၊ အလုပ်သမား၊ ပန်းရန်ဆရာ၊ တံငါသည်၊ တစ်နေ့လုပ် တစ်နေ့စား ကျပန်းလုပ်ကိုင်သူ၊ အင်ဂျင်နီယာ၊ စီးပွားရေး ပညာရှင်၊ ကုမ္ပဏီပိုင်ရှင်၊ သူဌေး၊ ဆင်းရဲသား စသဖြင့်ပေါ့။ ဘယ်လို အမည်နာမ အသစ်တွေနဲ့ခေါ်ခေါ် အားလုံးဟာ ပြည်သူပါပဲ။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော လူသားအားလုံးဟာ မြန်မာပြည်သူတွေပဲ ဖြစ်ပါတယ်။

ပညာတတ်မှ ပြည်သူမဟုတ်ပါဘူး။ ပညာမတတ်၊ အောက်တန်းကျတဲ့ သူတွေကိုမှ ပြည်သူမဟုတ်ပါဘူး။

ဆိုတော့ ပြည်သူတိုင်းဟာ ဘာမှန်းညာမှန်း မသိဘူးလို့ ၀ါးလုံးရှည်နဲ့ရမ်းဖို့ မသင့်တော်ပါဘူး။ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေတဲ့ Ph.D ဒေါက်တာဘွဲ့ရ မြန်မာနိုင်ငံသား တစ်ယောက်လည်း ပြည်သူတစ်ယောက် ဖြစ်သလို၊ နိုင်ငံခြားမှာ အနှိပ်အစက်ခံ အိမ်ဖော်သွားလုပ်နေတဲ့ ဘယ်သူ့အကူအညီမှ မရဘဲ ကိုယ့်ဘာသာ ဖြေရှင်းနေရတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကလည်း ပြည်သူတစ်ယောက်ပါပဲ။ ၀ါးဆစ်ဘူးနှစ်ခုကို ဗုံလိုတီးခတ်ပြီး သီချင်းဆို တောင်းရမ်းစားသောက် နေသူလည်း ပြည်သူတစ်ယောက်ပါပဲ။

ပြည်သူဆိုတဲ့ အစုထဲမှာ ပြည်သူတစ်ယောက်ချင်းစီဟာ တူညီတဲ့ အစုဝင်တွေ ဖြစ်ပါတယ်။ လက်ရှိအခြေခံ ဥပဒေပုဒ်မ ၃၄၈ မှာပင်လျှင် နိုင်ငံတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မပြုရလို့ ဖော်ပြထားပါတယ်။

ဥပဒေအရ ပြည်သူအားလုံး တန်းတူရည်တူ အခွင့်အရေး ရှိကြပါတယ်။ ဒါကို ပြည်သူအချင်းချင်း သွေးကွဲစေမယ့် သွေးခွဲချင်တဲ့၊ မရိုးသားတဲ့စိတ်နဲ့ ဆိုကြ၊ ပြောကြ၊ ရေးကြတာဟာ ရှောင်ရှားရမယ့် ကိစ္စပါ။ အကယ်၍ ပြည်သူဟာ ဘာမှန်း၊ ညာမှန်း မသိဘူးလို့ သိမ်းကျုံးပြောလိုက်တာဟာ ဒီနိုင်ငံရဲ့ ပြည်သူတစ်ယောက်ဖြစ်တဲ့ မိမိကိုယ်မိမိပါ ပြောလိုက်တာနဲ့ တူနေပါတယ်။ သူကိုယ်တိုင် ဘာမှန်းညာမှန်း မသိလို့ ဖြစ်မှာပါ။

မြန်မာပြည်သူတွေ ညံ့သလား

စင်စစ် မြန်မာပြည်သူတွေဟာ မညံ့ခဲ့ပါဘူး။ မညံ့ခဲ့လို့လည်း နှစ်ပေါင်းထောင်ချီအောင် ခိုင်ခိုင်မတ်မတ် တည်ထောင်လာခဲ့တာ အထင်အရှားပါ။

အေဒီ (၁) ရာစုကတည်းက တကောင်း၊ ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး ဒေသတွေမှာ ယဉ်ကျေးတဲ့ မြို့ပြနိုင်ငံတွေ တည်ထောင်ခဲ့တာ ပျူလူမျိုး ပြည်သူတွေပါပဲ။

ပထမ မြန်မာနိုင်ငံကို အနော်ရထာမင်း (၁၀၄၄-၁၀၇၇) က တည်ထောင်ခဲ့ပါတယ်။ အနော်ရထာမင်း တည်ထောင်တဲ့ မြန်မာနိုင်ငံဟာ မင်းဆက်ပေါင်း ၁၄ ပါး၊ နှစ်ပေါင်း ၃၂၅ နှစ်ကြာ မြင့်ခဲ့ပါတယ်။ ဒီလိုရေရှည်တည်တံ့ ရတာဟာ ဒေသခံ ပြည်သူတွေရဲ့ စုစည်းညီညွတ်မှုကြောင့် ဖြစ်ပါတယ်။

အနော်ရထာမင်းဆီမှာ ရေကြောင်းလှေ ရှစ်သိန်း၊ သူရဲရှစ်ကုဋေ၊ ကြည်းတပ်ဆင် ရှစ်သိန်း၊ မြင်းရှစ်သန်း၊ သူရဲကောင်း ကုဋေရှစ်သန်း၊ စစ်သူကြီး လေးယောက် (ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး) စတဲ့ စစ်အင်အား အရှင်ဒိသာပါမောက္ခ၊ အနန္တသူရိယ အမတ်ကြီး၊ ရာဇသင်္ကြန် အမတ်ကြီး စတဲ့ပညာရှိများ၊ လယ်တွင်းတစ်ဆယ့်တစ်ခရိုင်တွင် လယ်ယာစိုက်ပျိုးသော လယ်သမားများ၊ လူး၊ ဆပ်၊ ပဲ၊ ပြောင်း၊ သခွား၊ ဖရုံ၊ နှမ်းစိုက်သော တောင်သူများ၊ ထန်း၊ အုန်း၊ ငှက်ပျော၊ သံပရာ၊ ရှောက်စိုက်သော ဥယျာဉ်မှူးများ၊ သီဟိုဠ်ကျွန်း၊ မဇ္ဈိမဒေသသို့ ပညာသင်ယူခဲ့တဲ့ ရဟန်းပညာရှိ၊ လူပညာရှိ အစရှိတဲ့ ပြည်သူများရဲ့အားနဲ့ ပုဂံပြည်ကို တည်ထောင်ခဲ့တာ သမိုင်းမှာ အထင်အရှား ရှိခဲ့ပါတယ်။

နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်း လက်ထက်အထိ ပြည်သူတွေဟာ နိုင်ငံနဲ့ ဘုရင်မင်းမြတ်တို့ပေါ် သစ္စာစောင့်သိ ရိုသေခဲ့ကြပါတယ်။ နန်းတွင်းအရေးတော်ပုံ အစုံစုံကြောင့် တစ်ကြောင်း၊ အဘက်ဘက်က နိမ့်ကျတဲ့ နိုင်ငံအခြေအနေကြောင့် တစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် နယ်ချဲ့တွေရဲ့ လက်အောက်ကို ၁၈၈၅ ခုနှစ်မှာ ကျဆင်းခဲ့ရပါတယ်။

ဘာမှန်းညာမှန်း မသိတဲ့ ပြည်သူတွေ

တစ်ကမ္ဘာလုံးကို ခေတ်မီလက်နက်တွေနဲ့ လွှမ်းမိုးအုပ်ချုပ်ချင်တဲ့ နယ်ချဲ့ရဲ့လက်က မြန်မာပြည်လည်း မလွတ်ခဲ့ပါဘူး။ သိုးငယ်ကို အပြစ်ရှာနေတဲ့ ၀ံပုလွေလက်ထဲမှာ လည်စင်းပေးခဲ့ ရပါတယ်။ ကုန်းဘောင်ဆက်နောက်ဆုံး ဘုရင်သီပေါမင်းကို နယ်ချဲ့တို့က ဖမ်းဆီးခေါ်သွားတာကို ပြည်သူတွေခမျာ လက်သီးဆုပ်၊ အံကြိတ်၊ မျက်ရည်ဝဲပြီး ဂေါဝိန်ဆိပ်ကမ်းပေါ်က နှုတ်ဆက်ခဲ့ကြတာ မေ့ပျောက်လို့ မရခဲ့ပါဘူး။ မတတ်သာလို့ ရပ်ကြည့်နေတဲ့ ပြည်သူတွေ ဟာရသမျှ အချိန်တိုင်းမှာ တော်လှန်ပုန်ကန်ဖို့ ကြိုးစားနေခဲ့တာပါ။

နယ်ချဲ့လက်အောက် ရောက်ခဲ့ရပေမယ့် နယ်ချဲ့ပြုသမျှ နုနေရပေမယ့် တိုင်းချစ်ပြည်ချစ်စိတ်က ပျောက်ပြယ်မသွားပါဘူး။ ပထမဆုံး မြေဒူးမြို့စား ဗိုလ်မငနဲ့ ရှမ်းတိုင်းရင်းသား ၂၀၀ ကျော်နဲ့ နယ်ချဲ့ကို စတင်ပုန်ကန် ပါတယ်။ နောက်တော့ ရွှေလရောင်ခေါ် ဗိုလ်မင်းရောင်၊ မြင်းတပ်ဗိုလ် ဗိုလ်ရာညွန့်၊ ၀န်စာရေးဗိုလ်ချို၊ ဆရာတော်ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ၊ လင်းပင်မင်းသား၊ မိုင်းပွန်စော်ဘွား၊ ရွှေချိုးဖြူမင်းသား၊ ချင်းပြည်နယ် ကြွမ်ဘိစ်၊ ကချင်မှ ဒူးဝါးဆင်၀၀ါ၊ လယ်သမားခေါင်းဆောင် ဆရာစံစတဲ့ ပြည်သူများဟာ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း နယ်ချဲ့တို့ကို တော်လှန်ပုန်ကန် ခဲ့ကြပါတယ်။

ပုန်ကန်မှုတွေ မအောင်မြင်ခဲ့ပေမယ့် မြန်မာပြည်သူတွေရဲ့ ဇာတိသွေး ဇာတိမာန်ကို နယ်ချဲ့တွေ ထိတ်လန့်တုန်လှုပ် စေခဲ့ပါတယ်။

နောက်တော့ လွတ်လပ်ရေး အရယူဖို့ ပြင်ဆင်ရာမှာ ညီညွတ်တဲ့ အဖွဲ့အစည်းတွေ ရှိမှဖြစ်မှာကို အတွေ့အကြုံက သင်ခန်းစာ ရလာတဲ့အတွက် ၁၉၃၀ ပြည့်နှစ်မှာ တို့ဗမာ အစည်းအရုံးကို စတင်ဖွဲ့စည်း လိုက်ပါတယ်။ နောက်မကြာမတင်မှာပဲ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းကာ နယ်ချဲ့ကို နည်းလမ်းစုံနဲ့ ပုန်ကန်လာကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းပြီး ပြည်သူအားပေး ထောက်ခံမှုနဲ့အတူ နယ်ချဲ့ကို အပြီးသတ်ချေမှုန်းကာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။

ဖော်ပြပါ နယ်ချဲ့တော်လှန်ရေး ကာလတစ်လျှောက်မှာ ပြည်သူမပါဘဲ အောင်မြင်ခဲ့ပါသလား။ ဘာမှန်းညာမှန်း သိသိ၊ မသိသိ ပြည်သူဟာ တိုင်းပြည်ကို ချစ်ရမယ်။ တိုင်းပြည်လွတ်လပ်အောင် နယ်ချဲ့ကို တော်လှန်ရမယ်ဆိုတာကို ကောင်းကောင်းသိခဲ့ ကြတာပါ။

ဆိုတော့ ပြည်သူဟာ ဥပဒေကို သိချင်သိမယ်။ သိချင်မှလည်း သိမယ်။ သူတို့က ဥပဒေကို သင်ယူတတ်မြောက် လိုက်စားနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘ၀ကို ကောင်းစေမယ့် ဥပဒေ၊ ကိုယ့်ဘ၀ကို နိမ့်ကျစေမယ့် ဥပဒေ ဆိုတာလောက် သိနေရင် ပြည်သူတွေ တာဝန်ကျေပါပြီ။ ၁၉၉၀ ပြည့်နှစ် ရွေးချယ်တင်မြှောက်ပွဲမှာ နိုင်ငံရေးနှိပ်ကွပ်မှု ပြင်းထန်နေတဲ့ကြားက ဘယ်ပါတီကို မဲပေးရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိပြီး ပြတ်ပြတ်သားသား မဲပေးခဲ့တာ မေ့လို့မရသေးပါဘူး။

ပြည်သူကို ဘာမှန်းညာမှန်းသိအောင် လုပ်ပေးရမယ်

ဘာမှန်းညာမှန်း မသိတဲ့ ပြည်သူတွေကို ဒီအတိုင်းပဲ ပစ်ထားလိုက်တော့မလား။ ဘာမှန်းညာမှန်း မသိတဲ့ ပြည်သူတွေရဲ့ အားနည်းချက်ဟာ အသုံးချစရာ လက်နက်တစ်ခုလား။

စင်စစ် တိုင်းပြည်တစ်ခု တိုးတက်တယ်ဆိုတာ ပြည်သူတစ်ရပ်လုံး တိုးတက်မှုနှုန်းနဲ့ တိုင်းတာတာပါ။ မြန်မာပြည်မှာ ခရိုနီအချို့ အာဏာရှင်နဲ့ပေါင်းပြီး အကြီးအကျယ် ချမ်းသာနေပါတယ်။ သူတို့ဆွေမျိုး အသိုင်းအ၀ိုင်း ငွေကြေးချမ်းသာလို့ နိုင်ငံခြားမှာ ပညာသွားသင်ပြီး ပညာတတ်တွေ ဖြစ်နေပါတယ်။ သူတို့ လူလက်တစ်ဆုပ်စာကိုကြည့်ပြီး မြန်မာပြည် ဖွံ့ဖြိုးတိုးတက်နေပြီလို့ ဘယ်သူကမှ မသတ်မှတ်ကြပါဘူး။

ပြည်သူ့ ပုံရိပ်ကသာ တိုင်းပြည်ကို ပုံဖော်ပေးတာပါ။ ဆင်းရဲမွဲတေတဲ့ ပြည်သူများလို့ အဆင်းရဲဆုံးနိုင်ငံလို့ အသတ်မှတ်ခံ ခဲ့ရပြီးပါပြီ။ ဖွံ့ဖြိုးမှု အနိမ့်ဆုံးလည်း ဖြစ်ခဲ့ရပြီးပါပြီ။ ပြည်သူတွေ စာမတတ်မြောက်မှုကိုကြည့်ပြီး ပညာရေး နိမ့်ပါးတယ်။ မကျန်းမာတဲ့ ပြည်သူကို တွေ့ရှိပြီး ကျန်းမာရေး ညံ့ဖျင်းတယ်။ ဒီလိုအသတ်မှတ် ခံနေရတာ ရှက်စရာပါ။

ဆိုတော့ ပြည်သူကို ဘာမှန်းညာမှန်းသိအောင် နိုင်ငံတော်အစိုးရ အပါအ၀င် Institutions တွေ၊ ကွန်ရက်တွေ၊ တာဝန်သိ ပြည်သူတွေဟာ ၀ိုင်းဝန်းလုပ်ဆောင် ပေးကြရမှာပါ။ အခုလည်း ယခင်အစိုးရမင်းများ ပြောလေ့ရှိသလို ပြည်သူဟာ စားဝတ်နေရေးပဲ စိတ်ဝင်စားပါတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူးလို့ ဆိုလာပြန်ပါတယ်။ ဒါဟာ ပြည်သူကို အထင်အမြင်သေးလို့ ပြောတာပါ။ တစ်နည်း နိုင်ငံရေးထဲ ပြည်သူပါမလာအောင် လမ်းလွှဲထားတာပါ။

ဒီကနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ပါတီအချို့က ပြည်သူကိုချပြ၊ ရှင်းပြဖို့ ဆောင်ရွက်နေပါပြီ။ ဒါဟာ ပြည်သူကို ဗဟိုပြုတဲ့၊ ပြည်သူ့ဘက်မျက်နှာပြုတဲ့ မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းမှန် ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေ နိုင်ငံရေး စိတ်ဝင်စားလာရင် ဘာမှန်းညာမှန်းသိတဲ့ ပြည်သူတစ်ယောက် တိုးလာမှာပါ။ ဒီလိုပဲ ဘာမှန်းညာမှန်းသိတဲ့ ပြည်သူတွေ တိုးပွားလာအောင် လုပ်ဆောင်ကြရမှာပါ။

ကားလမ်းကို မျဉ်းကျားကဖြတ်ကူးအောင် အကူအညီမပေးဘဲ ချောင်းဖမ်းတာမျိုး မလုပ်သင့်ပါဘူး။ လျှပ်စစ်မီး အန္တရာယ်အကြောင်း ပညာမပေးဘဲ မီးကြိုးမီးထလောင်မှ အိမ်ရှင်ကို ဖမ်းတာမျိုး မလုပ်သင့်တော့ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ရှင်းပြ၊ ဘာမှန်းညာမှန်းသိတဲ့ ပြည်သူတွေဖြစ်အောင် လုပ်ပေးကြရမှာ အားလုံးရဲ့ တာဝန်ဖြစ်ကြောင်းပါ။

Eleven Media Group

သမ္မတမည်သူ ဖြစ်မည်နည်းနှင့် ၅၉(စ) ပြင်ဆင်ရေး


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထူးခြားအရေးပါသော နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတအဖြစ် ရွေးကောက်ခံရန် ပြင်ဆင်နေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြိုင်ဘက်သည် သူမ၏မိတ်ဆွေ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဖြစ်နေခြင်းကြောင့်လည်း လာမည့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မြင့်မားခြင်း ဖြစ်သည်။ သမ္မတမည်သူ ဖြစ်မည်ဆိုသော မေးခွန်း၏ အဖြေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် ဆက်စပ်နေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ရွေ့မည်မျှ ပြင်ဆင်နိုင်သည်ကို ဦးစွာစောင့်ကြည့် ရမည်ဖြစ်သည်။ လက်ရှိ လွှတ်တော်နိုင်ငံရေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကိုယ်စားလှယ်နေရာ အများစု ရရှိထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၂၅ ရာခိုင်နှုန်းကို ရရှိထားသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးသည် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့အပေါ် မူတည်နေသည်ဟု မှတ်ချက်ပြုနိုင်သည်။

ဒီချုပ်၏ ပြင်ဆင်ရေးအသံ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အချက် ၁၀၀ ကျော်ကို ပြင်ဆင်ရန် ဆန္ဒရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ စည်းမျဉ်းစည်းကမ်းအရ အဆိုပါ အချက် ၁၀၀ ကျော်ကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်း သတင်းမီဒီယာကို ဖြေကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ပါဝင်ပြီး ပုဒ်မ ၇၄ ခုသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၊ ထောက်ခံမှုဖြင့်သာ ပြင်ဆင်နိုင်မည့် အဓိက ပုဒ်မများဖြစ်သည်။ ကျန်ပုဒ်မ ၃၈၃ ခုသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်မည် ဖြစ်သည်။ ဒီချုပ်၏ အချက် ၁၀၀ ကျော်တွင် နှစ်ဆင့်ပြင် အဓိကပုဒ်မ မည်မျှပါဝင်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

တပ်မတော်၏ ပြင်ဆင်ရေးအသံ
ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၁၆၆ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းခွင့်အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရရှိထားသော တပ်မတော်၏ အခန်းကဏ္ဍသည်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် အလွန်အရေးပါလျက် ရှိသည်။
တပ်မတော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်မှုများ ပြုလုပ်နေပြီး ပြင်ဆင်သင့်သော အချက်များနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် ပြုစုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်သွင်းမည်ဖြစ်သည်။ တပ်မတော်မှ အဆိုပြုမည့် ပြင်ဆင်လိုသော အချက်များသည် အရေးပါမှု မြင့်မားသည်ဟု သုံးသပ်နိုင်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းပါ ပုဒ်မများအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှု မရရှိလျှင် ပြင်ဆင်ရေး အထမမြောက်နိုင်သဖြင့် တပ်မတော်မှ အဆိုပြုမည့် အချက်များသည် ပြင်ဆင်နိုင်ခြေ မြင့်မားသော ပုဒ်မများ ဖြစ်လာနိုင်သည်။ ပုဒ်မ ၄၃၅ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေးရန် တင်ပြရာ၌ လိုအပ်သော လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းထက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းက သာလွန်နေသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံလျှင် ဥပဒေကြမ်းကို လွှတ်တော်၌ လက်ခံဆွေးနွေးနိုင်မည် ဖြစ်သည်။

သမ္မတလောင်းနှင့် ၅၉(စ) ပြင်ဆင်ရေး

သူရဦးရွှေမန်းသည် သမ္မတ ဦးသိန်းစိန် အနေဖြင့် နောက်သက်တမ်းတွင် သမ္မတအဖြစ် ပြန်လည်အရွေးခံမည် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးကို ထမ်းဆောင်လိုသဖြင့် သူရဦးရွှေမန်း အနေဖြင့် သမ္မတအဖြစ် ၀င်ရောက်အရွေးခံမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သမ္မတလောင်း နေရာကို ၀င်ရောက်အရွေးခံမည့် သူများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတလောင်း ဖြစ်နိုင်၊ မဖြစ်နိုင်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ဆက်စပ်နေသည်။ အဆိုပါ အစီရင်ခံစာတွင် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရေး ပါရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းတွင် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ချက် ပါရှိရမည် ဖြစ်သည်။
အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ထောက်ခံရမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရမည် ဖြစ်သည်။ ထို့နောက် ပြင်ဆင်ချက် ဥပဒေမူကြမ်းပါ အပိုဒ်များကို တစ်ပိုဒ်ချင်း ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၆ ရာခိုင်နှုန်း ထောက်ခံမှု ရရှိရမည်ဖြစ်သည်။ ထောက်ခံမှု ရရှိသော ပြင်ဆင်မည့် ပုဒ်များတွင် ပုဒ်မ ၅၉(စ)လည်း ပါဝင်ရမည် ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်၏ ၇၆ ရာခိုင်နှုန်း ထောက်ခံမှု ရရှိပြီးသော အပိုဒ်များအနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(က)အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ထောက်ခံမှု ရယူရန် လိုအပ်သော အပိုဒ်များကို အတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်သည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပရမည်ဖြစ်ပြီး အဆိုပါ ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှုရရှိသော အပိုဒ်များကို ပြင်ဆင်နိုင်မည် ဖြစ်သည်။ အဆိုပါ အပိုဒ်များတွင် ပုဒ်မ ၅၉(စ) ပြင်ဆင်ချက်လည်း ပါဝင်ရမည် ဖြစ်သည်။ သို့မှသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒုတိယ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ သမ္မတရွေးချယ် တင်မြှောက်ပွဲတွင် ပါဝင်နိုင်မည် ဖြစ်သည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ၂၀၁၄ ခုနှစ်အတွင်း အဆင့်ဆင့် ဖြတ်သန်းရမည်ဖြစ်ပြီး အချိန်ယူ ပုံဖော်ရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ပုဒ်မ ၅၉(စ)ပြင်ဆင်မှုကို မပြုလုပ်နိုင်ပါက ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယသမ္မတ သို့မဟုတ် သမ္မတဖြစ်ခွင့် ရှိနိုင်မည် မဟုတ်ပေ။

သမ္မတရွေးချယ်မှု
လွှတ်တော်နှစ်ရပ်တွင် ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရရှိသော ပါတီမှ အမည်စာရင်း တင်သွင်းသူများသည် ဒုတိယသမ္မတများ ဖြစ်မည်။ တပ်မတော်မှ အမည်စာရင်း တင်သွင်းသော ဒုတိယသမ္မတ တစ်ဦးအပါအ၀င် ဒုတိယသမ္မတ သုံးဦးမှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်မှုကို ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး ထောက်ခံမဲ အများဆုံး ရရှိသူသည် သမ္မတ ဖြစ်လာမည်ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဒုတိယသမ္မတများနှင့် သမ္မတကို လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်သည်ဟု သတ်မှတ်နိုင်သည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများစု အနိုင်ရရှိထားသော ပါတီက ရွေးချယ်ခြင်းပင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် ဒီချုပ်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရရှိပါက ဒီချုပ်မှ အမည်စာရင်း တင်သွင်းသူများသည် သမ္မတနှင့် ဒုတိယသမ္မတများ ဖြစ်လာနိုင်ခြေ ရှိနေသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သမ္မတလောင်း နေရာကို ၀င်ရောက်အရွေးခံမည့် သူများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတလောင်း ဖြစ်နိုင်၊ မဖြစ်နိုင်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ဆက်စပ်နေသည် . . . . .
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရရှိရန် အားကောင်းနေသည့်အလျောက် ရွေးကောက်ပွဲ မတိုင်မီ ဒီချုပ်သည် ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်တို့နှင့် ညှိနှိုင်းလျက် နိုင်ငံရေး အပေးအယူကို အတိုင်းအတာ တစ်ခုအထိ ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင် သူရဦးရွှေမန်း အနေဖြင့် သမ္မတဖြစ်လာနိုင်ခြေ မြင့်မားသည်ဟု ယေဘုယျ ကောက်ချက်ပြုနိုင်သော်လည်း အပေးအယူ မပြုလုပ်နိုင်ပါက သူရဦးရွှေမန်း အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ သက်သက်၏ ထောက်ခံမှုဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရနိုင်ခြေမှာ နည်းပါးနေဆဲ ဖြစ်သည်။

ဖြစ်နိုင်ခြေနှစ်ခု
အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခဲ့လျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာနိုင်ခြေ မြင့်မားသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၆၄ ဦးတွင် ကိုယ်စားလှယ် ၃၃၃ ဦး၏ ထောက်ခံမှုကို ရရှိလျှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရမည်ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ ကို ပြင်ဆင်နိုင်လျှင် သမ္မတသည် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပုဒ်မ ၆၄ ကို မပြင်ဆင်နိုင်လျှင် သမ္မတသည် သမ္မတသက်တမ်းအတွင်း ပါတီတာဝန်ကို စွန့်လွှတ်ထားရမည် ဖြစ်သည်။ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရှိရန် လိုအပ်သော်လည်း ပုဒ်မ (၆၄) ကိုမူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံလျှင် ပြင်ဆင်နိုင်မည် ဖြစ်သည်။
ပုဒ်မ (၆၄)ကို ပြင်ဆင်ခြင်း မပြုနိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတသက်တမ်းအတွင်း ဒီချုပ်ပါတီ တာဝန်များကို ယာယီစွန့်လွှတ် ထားရမည် ဖြစ်သဖြင့် ပါတီကို ဦးဆောင်မည့် အလုပ်အဖွဲ့ကို ယခုကတည်းက ပြင်ဆင်ဖွဲ့စည်းထားရန် လိုအပ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သည့် ကာလတွင် ပါတီစည်းရုံးရေး၊ ပါတီတည်ဆောက်ရေးတို့တွင် ဖရိုဖရဲ ပြိုလဲမှု မရှိအောင် ယခုအချိန် ကတည်းက ကြိုတင်စီမံချက်ချ ပြင်ဆင်ထားသင့်သည်။ အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယသမ္မတနှင့် သမ္မတဖြစ်ရန် အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်နိုင်ခြင်း မရှိသဖြင့် ဒုတိယသမ္မတ သို့မဟုတ် သမ္မတ မဖြစ်နိုင်ပါ။ အဆိုပါ ဖြစ်နိုင်ခြေအတွက် ပြင်ဆင်မှုကိုလည်း ဒီချုပ်အနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင် ထားသင့်သည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်လျှင် မည်သူ့ကို သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် လျာထားမည်ကို ကြိုတင်ပြင်ဆင် ထားသင့်သည်ဟု ယူဆမိသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတနှင့် ဒုတိယသမ္မတ လောင်းလျာများကို ပြည်သူလူထု အကြားတွင် ပိုမိုသိရှိနိုင်အောင်လည်း ဆောင်ရွက်ပေးသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီသည် ၂၀၁၄ ခုနှစ်အတွင်း သမ္မတနှင့် ဒုတိယသမ္မတ၊ ၀န်ကြီးအဖွဲ့ဝင်များအဖြစ် လျာထားသူများကို မဲဆန္ဒရှင် ပြည်သူများ သိရှိနိုင်အောင် စနစ်တကျ ၀ါဒဖြန့်ချိရေး လုပ်ငန်းကို မဖြစ်မနေ ပုံဖော်ရမည် ဖြစ်သည်။

လွတ်လပ်တရားမျှတမှုနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် ၂၀၁၄ ခုနှစ်အတွင်း ရုပ်လုံးပေါ်လာနိုင်ဖွယ် ရှိနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် များစွာဆက်စပ်နေသည်။ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်မှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ဖွယ်ရှိသည်ဟုလည်း သုံးသပ်မှုအချို့ ရှိနေသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပြည်ထောင်စုလွှတ်တော် နာယကသာမက လွှတ်တော်များကလည်း ဆန္ဒရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။ သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြား ခရီးစဉ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အခြားကိစ္စများအပေါ် ဖိအားပေး ပြောဆိုမှုများနှင့် ပတ်သက်၍ သူမ၏ ကိစ္စသာ ဖြစ်သဖြင့် သီးခြားဝေဖန်စရာ မရှိကြောင်း၊ ပုဒ်မ ၅၉ (စ)နှင့် ပတ်သက်၍ သီးခြားမှတ်ချက်ပေးခြင်း မလုပ်လိုကြောင်း ဖြေကြားခဲ့သည်။ သူရဦးရွှေမန်းသည် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရမည်ဟု တိုက်ရိုက်ပြောကြားခဲ့ခြင်း မရှိသော်လည်း ရွေးကောက်ပွဲများကို လွတ်လပ်တရားမျှတရေးအတွက် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဆော်သြမှု ပြုခဲ့သည်။

နိဂုံး
အချုပ်အားဖြင့်ဆိုသော် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာနိုင်ပြီး ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထောက်ခံမှုကို ရရှိသူသည် သမ္မတဖြစ်လာမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် သူနိုင်ကိုယ်နိုင် နိုင်ငံရေး အပေးအယူကို ပြည်ခိုင်ဖြိုး၊ ဒီချုပ်နှင့် တပ်မတော်တို့အကြား ပုံဖော်လာနိုင်ဖွယ် ရှိနေပြီး အဆိုပါ အပေးအယူ၏ အတိမ်အနက်အပေါ် မူတည်ပြီး သူရဦးရွှေမန်း အနေဖြင့် သမ္မတဖြစ်နိုင်ခြေ ရှိ၊ မရှိကို ဆန်းစစ်နိုင်မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ၀န်းကျင် နိုင်ငံရေး အခင်းအကျင်းတွင် သူနိုင်ကိုယ်နိုင် နိုင်ငံနှင့်ပြည်သူကို အကျိုးပြုမည့် နိုင်ငံရေး သဘောတူညီချက် တစ်ရပ်ကို ရယူနိုင်ပြီး အဓိပ္ပာယ်ရှိသော နိုင်ငံရေး အပေးအယူတို့ကို ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင် ၂၀၁၅ ခုနှစ်အလွန် နိုင်ငံရေး အပြောင်းအလဲများသည် ပိုမိုစိတ်ဝင်စား အားတက်ဖွယ် ကောင်းလာမည်ဖြစ်သည်။ မည်သည့် အခြေအနေတွင်ဖြစ်စေ အပြောင်းအလဲများ၊ အပေးအယူများသည် ပြည်သူလူထုကို မျက်နှာမူနေရန်နှင့် ပြည်သူကို ဗဟိုပြုနေရန် လိုအပ်ကြောင်း မောင်းခတ်နှိုးဆော် လိုက်ရပါသည်။

Eleven Media Group

Bad breath ခံတွင်းနံ့ မကောင်းရင်





ခံတွင်းနံဆိုးဆိုးရွားရွားကို နှစ်နဲ့ချီပြီးထွက်နေပါတယ်ဆရာ။ အဲဒါရောဂါ၁ခုဆိုရင် မည်သို့ကာကွယ်ရမည်၊ မည်သည့် ဆေးကုသမှုကိုခံယူရမည်ကို သိချင်ပါတယ်ဆရာ။

လူတွေထဲက ၂၅% ဟာ အနည်းနဲ့အများ ခံတွင်းနံ့ မကောင်းကြပါ။ Bad breath ခံတွင်းနံ့ မကောင်းတာကို ဆေးစာနဲ့ Halitosis ခေါ်တယ်။ သွား-ခံတွင်းရောဂါနဲ့ တခြား ကျန်းမာရေး အခြေအနေတွေကနေ ဖြစ်စေတယ်။ အစားအသောက် ကြောင့်လဲ ဖြစ်စေတယ်။ ၈၅-ဝဝ% ဟာ ခံတွင်းနဲ့ ဆိုင်တယ်။ အသား-ငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဆေးငုံတာတွေကြောင့်လဲ အနံ့ မကောင်းစေဘူး။ လူဝလို့လဲ ဖြစ်တတ်တယ်။

• အစားအစာတွေကို ပါးစပ်ကနေ စားသောက်လိုက်ပြီးရင် ကျေချက်ပြီးနောက် သွေးထဲရောက်မယ်။ နောက်မှာ အဆုပ်ကို ရောက်ရာကနေ အသက်ရှူထုတ်တော့ ဆိုင်ရာ အနံ့ထွက်စေတယ်။ ပါးစပ်ထဲမှာ အစားအစာတွေ ကပ်သတ် ကျန်နေရင် (ဗက်တီးရီးယား) တွေ ပေါက်ဖွါးစေမယ်။ သူတို့ထဲမှာ အနံ့ ဆိုးစေတာမျိုးတွေ ရှိတယ်။ Bacteria ကနေ toxins အဆိပ်လို ဖြစ်လာစေနိုင်တယ်။ ဆေးမကုရင် သွားဖုံးရော မေးရိုးပါ ရောဂါ ရစေနိုင်တယ်။
• ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားရင် Brushing and flossing ပါးစပ်ဆေး၊ သွားတိုက်တာတောင်မှ ခဏတာ အနံ့ ဖုံးပေးတာ လောက်သာ တတ်နိုင်တယ်။
• သွားတု တပ်တာ နေရာမကျရင်၊ (ရိစ်) မှိုရောဂါရရင်၊ သွားပိုးစားရင်လဲ အနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။
• Dry mouth (Xerostomia) ပါးစပ်ခြောက်နေတာဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။ တံတွေးဟာ ပါးစပ်ကို သန့်ရှင်းပေးတယ်။ အက်စစ်ဓါတ်ကို ဖြေပေးတယ်။ သေသွားတဲ့ (ဆဲလ်) တွေကိုလဲ ရှင်းပေးတယ်။ တံတွေးနည်း-ခြောက်နေရင် အဲလို ကောင်းကျိုးတွေ မဖြစ်စေတော့ဘဲ ပုပ်နံ့ထွက်လာစေတယ်။ ပါးစပ်ခြောက်နေတာက ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ Salivary gland တံတွေး ထွက်အိတ်တွေ ရောဂါရနေလို့လဲ ဖြစ်စေတယ်။
• နူမိုးနီးယား၊ လေပြွန်ရောင်၊ နာတာရှည် (ဆိုင်းနပ်စ်) ရောဂါ၊ တာရှည်နှာရည်ယိုတာ၊ ဆီးချို၊ အက်စစ်ရည် အထက် ဆန်ရောဂါ၊ အသဲရောဂါ နဲ့ ကျောက်ကပ် ရောဂါတွေ ကြောင့်လဲ အာခေါင်ခြောက် နေနိုင်တယ်။

(၁) လျှာ
Don't let your tongue become a dirty carpet! လျှာကို ညစ်ထေးနေတဲ့ ကော်ဇောလို မဖြစ်ပါစေနဲ့လို့ တင်စား ပြောကြတယ်။ ဘာလို့လဲဆိုတော့ ခံတွင်းနံ့ မကောင်းတာကို လျှာကြောင့်ဖြစ်ရတာ ၈ဝ-၉ဝ% ရှိတယ်။ လျှာမှာနေတဲ့ (ဗက်တီးရီးယား) ကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်လာစေတယ်။ လူတိုင်းမှာရှိနေတဲ့ အဲလို ပိုးတွေက လျှာရဲ့ နောက်ပိုင်းမှာနေကြလို့ သန့်ရှင်းရေးလုပ်တာ မထိရောက်စေဘူး။ နှာရည်ယိုနေတာ၊ အာခေါင် ခြောက်နေတာတွေကြောင့် ပိုဆိုးစေတယ်။ Anaerobic bacteria အမျိုးအစားပိုးတွေက ပိုဆိုးစေတယ်။ ကြာတော့ Putrescent smell of indole, Skatole, Polyamines အနံ့တွေ ဒါမှမဟုတ် Rotten egg ဥပုပ်တဲ့အနံ့မျိုး ထွက်မယ်။ Volatile sulfur compounds (VSCs) အနံ့မျိုးဖြစ်တယ်။ Hydrogen sulfide, Methyl mercaptan, Allyl methyl sulfide နဲ့ Dimethyl sulfide တွေကို ဆိုလိုတာဖြစ်တယ်။ ဒီလိုကြောင့်ဖြစ်သူတွေက Mints, Mouth sprays, Mouthwash တွေ သုံးနိုင်တယ်။ ဒါတွေကလဲ အနံ့ဆိုကို ဖုံးပေးတာသာဖြစ်တယ်။ လျှာကို သန့်ရှင်းရေးက ပိုအရေးကြီးတယ်။
(၂) Mouth ပါးစပ်၊ ပါးစပ်ထဲမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၆ဝဝ ကျော်ရှိတယ်။ အဒီထဲက တချို့တွေက အနံ့ဆိုး ထွက်စေအောင် လုပ်နိုင်တယ်။ သူတို့ကနေ Proteins (ပရိုတင်း) တွေကို ချေဖျက်ပြီး Amino acids (အမိုင်နိုအက်စစ်) တွေ ထွက်လာမယ်။ ဆက်ပြီး Hydrogen sulfide နဲ့ Methyl mercaptan တွေ ဖြစ်တဲ့ အနံ့ဆိုး ဓါတ်ငွေ့တွေ ဖြစ်စေမယ်။ Bad mouth ဆိုတာ အာဖရိက ကလာတဲ့ ကျိန်စာသဘော ဖြစ်ပြီး ဒီခေတ်မှာ သူများအပြစ်တင်တာကို ပြောတာဖြစ်တယ်။ ဗမာတွေကတော့ ခံတွင်းနံ့ ကောင်းချင်ရင် မုသား မပြောပါနဲ့တဲ့။
(၃) Gum disease သွားဖုံးရောဂါတွေကြောင့်လဲ ဖြစ်တယ်ဆိုတာကို အားလုံးကတော့ လက်မခံပါ။
(၄) Nose နှာခေါင်း၊ ဒုတိယလိုက်တယ်။ Sinus infections (ဆိုင်းနပ်စ်) ရောဂါ ထိပ်ခပ်နာ နဲ့ Foreign bodies ပြင်ပ-ပစ္စည်း ဝင်နေတာတွေကနေ ဖြစ်စေမယ်။
(၅) Tonsils အာသီးရောဂါကနေ (ဆဲလ်) ပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုး ထွက်နိုင်တယ်။ ၃-၅% မှာဖြစ်တယ်။
(၆) Esophagus အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါရနေရင်ဖြစ်မယ်။ Zenker's diverticulum ရောဂါ ကနေလဲ ဖြစ်တယ်။
(၇) Stomach အစာအိမ်ကြောင့် သိပ်မဖြစ်စေတတ်ပါ။ လေချင်တက်တာတော့ ဖြစ်မယ်။
(၈) Systemic diseases တခြားရောဂါတွေကတော့ Fetor hepaticus ရောဂါ၊ အသက်ရှူလမ်း အောက်ပိုင်း ရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါ နဲ့ Metabolic dysfunction ရောဂါ၊ လျှာ-ကင်ဆာ၊ လည်ချောင်း-ကင်ဆာ နဲ့ အစာမြိုပြွန်-ကင်ဆာတွေ ဖြစ်တယ်။

Management ဘယ်လိုကုသမလဲ
• Good oral hygiene ခံတွင်း သန့်ရှင်းပါ။ Fluoride toothpaste (ဖလိုရိုက်) ပါတဲ့ သွားတိုက်ဆေးနဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပါ။ အစာစားပြီးရင်လဲ သွားတိုက်ပါ။ သွားပွတ်တံကို ၂-၃ လ တခါ အသစ်လဲပါ။
• Floss ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်း

Dr. Tint Swe

Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း



သမီးတနေ့က စာစောင်တခုမှာ ဖတ်လိုက်ရတာက ညံဖျင်းတဲ့ အစားအစာရယ် အရက်ရယ် အဝလွန်ခြင်းရယ်က အမျိုးသား-အမျိုးသမီးတွေကို ကလေးမရစေဘူးလို့ သိရပါတယ်။ အဲဒီ ညံဖျင်းတဲ့ အစားအစာဆိုတာ ဘယ်လိုဟာကို ပြောတာပါလဲ မသိလို့ပါဆရာ။

အမေရိကားမှာ ကလေးမရသေးတဲ့ စုံတွဲ ၆ သန်းလောက်ရှိနေတယ်။ ကျွန်တော်တို့နိုင်ငံမှာ စာရင်းမရှိသေးပါ။ Infertility ကလေးမရနိုင်သေးတဲ့အကြောင်း ၂ ပုဒ်ရေးပြီးပါပြီ။ ဒီမေးခွန်းရလို့ နံပါတ် ၃ ကို မွေးထုတ်လိုက်ပါတယ်။
အစာနဲ့ ဘာဆိုင်သလဲ။ “Fat, Carbs and the Science of Conception အဆီ-(ကာဗွန်ဟိုက်ဒရိတ်) နဲ့ သိပ္ပံနည်းကျ ကိုယ်ဝန် ရခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ လေ့လာချက်တခု ၂ဝဝ၇ ဒီဇင်္ဘာမှာ ထွက်ထားပါတယ်။

• အသက် ၃ဝ အောက် မိန်းကလေးတွေထဲက ကလေးမရနိုင်သေးတဲ့ပြဿနာဟာ ၁ဝ% ထက်နည်းတယ်။ အသက် ၃ဝ ကျော်ရင် ဒီလိုဖြစ်တာ ၃ဝ% အထိရှိလာတယ်။
• STD လိင်ကတဆင့် ကူးစက်ရောဂါတွေ အထူးသဖြင့် ကနေ့ကာလမှာ အဖြစ်ပိုလာတဲ့ Chlamydia (ကလာမိုင်ဒီယား) နဲ့ Gonorrhea (ဂနိုရီးယား) ရောဂါတွေကြောင့် ကလေးမရမှာ ဖြစ်စေနိုင်တယ်။
• ကပ်ရောဂါလိုဖြစ်လာနေတဲ့ လူအဝလွန်တာနဲ့ ဆီးချိုရောဂါတွေကလဲ အကြောင်းတရားတွေထဲမှာ ပါတယ်။
• သဘာဝပတ်ဝန်းကျင် အချက်အလက်တွေထဲက တချို့ ပိုးသတ်ဆေးတွေဟာ ဟော်မုန်းထွက်မှာကို သက်ရောက်စေတယ်။ ပလပ်စတစ် မီးရှို့လို့ ထွက်တဲ့ အနံ့အသက် တွေကနေလဲ ယောက်ျားကိုရော မိန်မကိုသာ ကလေးမရစေတာ ဖြစ်နိုင်သေးတယ်။
• စိတ်ဖိအား များတာနဲ့ စိုးရိမ်စိတ်ကဲတာတွေကလဲ ဖြစ်စေနိုင်သေးပြန်ပါတယ်။
• အာဟာရ၊ လေ့ကျင့်ခန်း နဲ့ လူနေမှုပုံစံတွေဟာ အသဲ၊ နှလုံး၊ ကင်ဆာ၊ စတာတွေကို ဖြစ်စေနိုင်တာတွေထဲမှာ ပါတယ်။

အစားအစာကို ဒီစာရင်းထဲမှာ ထည့်မလားမေးရင် ဖြစ်နိုင်စရာရှိပါမယ်လို့ဖြေပါမယ်။ ဒီအဖြေက ဆရာဝန်ဆီက မဟုတ်ဘဲ အတွေ့အကြုံရ မိန်းမကြေီးတွေကနေပြောလို့ သတ်မှတ်နိုင်ပါတယ်။ သုတေသနတွေ မများသေးပါ။

ဒါ့ကြောင့် အမျိုးသမီးပေါင်း ၁၈ဝဝဝ ကို Nurses' Health Study လေ့လာမှုပြုပါတယ်။ အစားအစာနဲ့ နှလုံးရောဂါ၊ ကင်ဆာနဲ့ တခြား နာတာရှည်ရောဂါတွေ ဘယ်လို သက်ရောက်မှုရှိတယ် ဆိုတာကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်းက “ကျမ ကလေးရချင်နေတယ်” လို့လဲ ပြောကြတယ်။ ၆ ယောက်မှာ ၁ ယောက်မှာ ကလေးမရတာ ဖြစ်တယ်။ ၈ နှစ်အကြာမှာ သူတို့ထဲက အတော်များများ ကလေးရသွားကြတယ်။ အဲဒီထဲမှာ ရာပေါင်းများစွာဟာ Ovulatory infertility မ-မျိုးဥထွက်ပေမဲ့ ကလေးမရကြဘူး။ ကလေးမရသေးသူတွေနဲ့ ရသွားသူတွေ အကြား ခြားနားတာတွေကတော့ အစားအသောက်၊ လေ့ကျင့်ခန်း နဲ့ လူနေမှုပုံစံတွေ ဖြစ်နေတယ်။

ဒါတွေကနေ ကောက်ချက်တွေဆွဲပြီး “ကလေးရနည်းဗျူဟာ” ဆိုတာ ထွက်လာတယ်။ ဒါက မ-မျိုးဥ ထွက်ပေမဲ့ ကလေး မရသေးသူတွေအတွက်သာ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီအားနည်းချက်ကြောင့်ကလေးမရတာက လေးပုံတပုံ မက ရှိပါတယ်။ တခြားအကြောင်းတွေ ဥပမာ သားအိမ်ပြွန်ပိတ်နေသူတွေကိုတော့ အထောက်အကူ မရစေနိုင်ပါ။ နောက်ပြီး အခုလေ့လာမှုကနေ အမျိုးသမီးတွေရဲ့ အဖေါ်-ခင်ပွန်းတွေကိုတော့ ဆန်းစစ်မှု မလုပ်ခဲ့ပါ။

(ကာဗွန်ဟိုက်ဒရိတ်) ကို လျှော့စားပါ၊
လူတိုင်း နေ့တိုင်း မစားဘဲမနေတဲ့ အစားအစာအမျိုးအစားဖြစ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်းတွေကနေ ချက်တဲ့-လုပ်တဲ့ ထမင်း၊ ပေါင်မုံ့၊ ရိုတီး၊ ခေါက်ဆွဲ ဆိုတာမျိုးတွေကို (ကာဗွန်ဟိုက်ဒရိတ်) အစာလို့ခေါ်တယ်။ ဒါမျိုးစားရင် (ကလိုရီ) ရစေမယ်။ အား (အင်နာဂျီ) ဖြစ်စေမယ်။ သွားနိုင်၊ လာနိုင်၊ ခုန်နိုင်-ပြေးနိုင်စတာတွေ လုပ်စေနိုင်တယ်။ လူတယောက်တနေ့တာ လိုအပ်တဲ့ (ကလိုရီ) တဝက်မကဟာ ဒါကနေရတယ်။

(ကာဗွန်ဟိုက်ဒရိတ်) ဆိုတိုင်း အတူတူမဟုတ်ဘူး
ပေါင်မုံ့ဖြူ၊ အာလူး၊ ဆိုဒါပါ အချိုရည်တွေက သိပ်မြန်မြန် ကလိုရီရစေလို့ ပိုဆိုးစေမယ်။ (ကယ်လိုရီ) ကို ဖြေးဖြေးလေးသာ ရစေတဲ့ အစာတွေမှာ Fiber (ဖိုင်ဘာ) ပါတယ်။ ပိုကောင်းတယ်။ တခြား အစာအမျိုးအစားတွေထက် (ကာဗွန်ဟိုက်ဒရိတ်) ကနေ သွေးထဲက သကြားဓါတ်နဲ့ (အင်စူလင်) အခြေအနေကို သက်ရောက်စေတယ်။ (အင်စူလင်) ဆိုတာ သွေးထဲက သကြားဓါတ်ကို ထိန်းပေးတဲ့ ဟော်မုန်းဖြစ်တယ်။ ဒါတွေသိပ်များနေရင် မျိုးပွါးကိစ္စတွေအတွက် လိုအပ်တဲ့ ဟော်မုန်း တွေကို ထိခိုက်စေတယ်။ မ-မျိုးဥ ထွက်မှာကို တားမယ်။

ဒါပေမဲ့ (ကာဗွန်ဟိုက်ဒရိတ်) ပမာဏနဲ့ မ-မျိုးဥထွက်ပေမဲ့ ကလေးမရနိုင်တာ တိုက်ရိုက်ဆက်စပ်မှု မရှိပါ။ ဆိုလိုတာက စားတဲ့ (ကာဗွန်ဟိုက်ဒရိတ်) အမျိုးအစားသည်သာ ကလေးမရမှာကို သက်ရောက်စေနိုင်ပါတယ်။ တိတိကျကျ ပြောရရင် (ကာဗွန်ဟိုက်ဒရိတ်) များတယ် နည်းတယ် ဆိုတာထက် သွေးထဲမှာသကြားဓါတ်များအောင် ဘယ်ဟာကနေ မြန်မြန် လုပ်ပေးသလဲ။ Glycemic load လို့ခေါ်တယ်။

ဒေါ်တင့်ဆွေ

မြို့ကြီးများနှင့် ကမ်းခြေများ ဟိုတယ် လုံခြုံရေးသင်တန်း တစ်ပြိုင်နက် ဖွင့်လှစ်မည်



မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၁၃ မြို့နှင့် ကမ်းခြေများတွင် ဟိုတယ်လုံခြုံရေး သင်တန်းများကို အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ ဖြစ်ပွားပြီးနောက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနတို့ကို ပထမအကြိမ် ဟိုတယ် လုံခြုံရေးသင်တန်းကိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီးမြို့တို့တွင် အောက်တိုဘာ ၂၁ ရက်နေ့က ငါးရက်ကြာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ယခု ဒုတိယအကြိမ်အဖြစ် ၁၃ မြို့နှင့် ကမ်းခြေသုံးခုတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ သင်တန်းအတွက် မန္တလေးမြို့တော် ဟိုတယ်များမှ ဟိုတယ် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူး အဆင့်ရှိသူများက တက်ရောက်နိုင်ပြီး ယင်းတို့မှတစ်ဆင့် မိမိလုပ်ကိုင်လျက်ရှိသော ဟိုတယ်များတွင် ဆင့်ကဲသင်တန်း ပေးသွားကြရမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ သင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ နယ်မြေခံ ရဲတပ်ဖွဲ့၊ မှုခင်းရဲ တပ်ဖွဲ့ (CID) နှင့် ရဲအထူးတပ်ဖွဲ့ (Special Brand) တို့က သင်ကြား ပြသပေးမည် ဖြစ်ပြီး အဆိုပါ မြို့ ၁၃ မြို့နှင့် ကမ်းခြေများတွင် ငါးရက်တာ သင်တန်း ဖွင့်လှစ်ပေးမည်ဖြစ်ကာ သင်တန်းသား အနည်းဆုံး ၃၀ မှ ၁၀၀ ဦးခန့်အထိ ဒေသအလိုက် တက်ရောက်ရန် မှန်းထားကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

ယင်းကဲ့သို့ သင်တန်းပေးမည့် မြို့နှင့် ကမ်းခြေများမှာ မြစ်ကြီးနား၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ မကွေး၊ စစ်တွေ၊ လားရှိုး၊ ပုသိမ်၊ မော်လမြိုင်၊ ဘားအံ၊ ပဲခူး၊ တောင်ငူ၊ ပြည်မြို့နှင့် ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ငပလီကမ်းခြေ စသည်တို့တွင် ဟိုတယ်လုံခြုံရေး သင်တန်း ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူထံမှ သိရသည်။

ရန်ကုန်မြို့တော် ကုန်သည်ကြီးများ ဟိုတယ်တွင် အောက်တိုဘာ ၁၄ ရက်နေ့ညက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ကာ အဆိုပါနေ့တွင် မန္တလေးမြို့တော် ရွှေဘဲ စားတော်ဆက်၌ လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့သည်။
The Voice Weekly

ပြင်သစ်၊ စစ်သား နဲ့ လက်ညှိုးတည့်တည့်မှာ နေရာယူခြင်း


ပြင်သစ် -

မြန်မာပြည်နိုင်ငံရေးအကြောင်း ဆွေးနွေးကြ လေကန်ကြရာမှာ လတ်တလော အာတွေ့နေကြတဲ့ အကြောင်းအရာတခုက ပြင်သစ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးတို့ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ရေးဆွဲထားတဲ့ အခြေခံဥပဒေကြီးဟာ ၂၀၀၈ မှာ အတည် ဖြစ်လာတာ အများ အသိပါ။

အဲဒါကြီးထဲမှာ ပြင်ဆင်စရာတွေ ရှိတယ်လို့ နိုင်ငံရေးသမားတိုင်းက  ပြောနေကြတာပါ။

ဒါဆိုရင် ဗိုလ်ချုပ်ကြီးတို့ကို အားနာစရာများ ဖြစ်နေမလား။ ဆိုခဲ့သလိုပဲ … အဲဒါကြီးကို  နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ရေးဆွဲခဲ့တာမဟုတ်လား။ အဲဒီလို တမေ့တမော အချိန်ယူရေးခဲ့မှတော့ အားနည်းချက်ရှိနိုင်ပါ့မလား၊ ပြင်ချင်တယ် ပြောရင် ကြိုးစားပမ်းစား ရေးဆွဲခဲ့သူတွေကို အားနာစရာဖြစ်နေမလား လို့ တွေးမိတာပါ။ အားနာတယ် ဆိုတာ မြန်မာ့ယဉ်ကျေးမှုဖြစ်တော့ ကြုံရင်ကြုံသလို အားနာမိတာဟာ ယဉ်ကျေးရာရောက်ပါတယ်။ ကြုံလို့ ပြောရရင် အခြေခံဥပဒေ ပြင်ဖြစ်ဖြစ်တဲ့အခါ  အားနာတဲ့အကြောင်း နည်းနည်း ထည့်သင့်ပေတယ်လို့ ယူဆပါတယ်။

အချိန်ယူ ကြိုးစားပမ်းစား ရေးဆွဲခဲ့တာဟာ စစ်ဗိုလ်တွေ စစ်တန်းလျား မပြန်ချင်လို့ အချိန်ဆွဲခဲ့တာပဲလို့ သုံးသပ်သူ အများအပြား ရှိပါတယ်။ တကယ်တော့ … အချိန်ဆွဲခြင်း မဖြစ်နိုင်ပါဘူး။ အချက် ၂ ချက် ထောက်ပြပါမယ်။

၁။ လူတသိန်းကျော် အသေအပျောက် ဖြစ်သွားတဲ့ နာဂစ်မုန်တိုင်းကြီး ဖြစ်သွားချိန်မှာတောင် ဒီ အခြေခံဥပဒေကြီးကို အများပြည်သူ ထောက်ခံကြအောင် ဆန္ဒခံယူပွဲကြီး လုပ်ခဲ့ပါတယ်။

၂။ ဗိုလ်ချုပ်ကြီးတွေ စစ်ယူနီဖောင်း ချွတ်ပြီး တိုက်ပုံ ပြောင်းဝတ်လိုက်တယ်။

ဒါဟာ အချိန်ဆွဲတာ မဟုတ်ကြောင်း သိသာထင်ရှားတဲ့ သက်သေတွေ မဟုတ်လား။

စိမ်ပြေနပြေရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကြီးကို ပြင်မယ် ဆိုရင် ဗိုလ်ချုပ်ကြီးတချို့က ဘ၀င်ကျမယ် မဟုတ်ဘူး။ မကျလည်း ပြင်ရမှာပဲဆိုပြီး ပြင်စရာအချက်တွေ ချပြသူများလည်း ရှိနေပါပြီ။

ပြင်ရုံနဲ့ အားမရသူလည်း ရှိပါတယ်၊ အဲဒါကတော့ အသစ်တခုတောင် ရေးဆွဲသင့်တယ် ဆိုတဲ့သူတွေပါ။

ပြင်မယ်၊ အသစ်ဆွဲမယ် ဆိုတဲ့ အသံတွေကြောင့် ပြင်သစ် ဆိုတဲ့ စကားလုံး ခေတ်စားနေတယ်လို့ ဆိုလိုတာပါ။

အသစ်ဆွဲမယ်ဆိုတာကို သဘောကျတယ် … သို့သော် နိုင်ငံရေးမှာ ၀င်ရှုပ်နေတဲ့ ဗိုလ်ချုပ်တွေက လက်ခံမယ်မဟုတ်ဘူး လို့ ဆိုသူက ဆိုနေပါတယ်။

အခြေခံဥပဒေမှာ ပြင်စရာတွေ များလွန်းတယ်ဆိုတဲ့ သဘောကို သိစေချင်လို့ အသစ်ဆွဲစို့ ဆိုတဲ့ အသံ ထွက်လာတာလည်း ကောင်းတယ်လို့ ဆိုသူက ဆိုပါလိမ့်မယ်။


စစ်သား -

ပြင်သစ်ကိစ္စဆိုတာ ပြောကြရင် တပ်မတော်ကို ထည့်မတွက်လို့ မရပါ။ တပ်ခေါင်းဆောင်တွေ စိတ်ကြိုက် ရေးထားတဲ့အတွက်၊ ယူနီဖောင်းပြောင်းရာမှာ အသာစီးအခြေအနေဖြစ်အောင် ဖန်တီးခဲ့တဲ့အတွက် ထည့်ကို ထည့်တွက်ရပါမယ်။

စစ်တပ်က နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာပါ လုပ်ကိုင်နေရတဲ့အတွက် ပုံရိပ် ထိခိုက်နေပါပြီ။ နိုင်ငံရေးမှာ ဆိုရင် ပါဝင်ခွင့် လုပ်ပိုင်ခွင့်တွေ ရဖို့ အခြေခံဥပဒေမှာ အသေအချာ ပိုင်ပိုင်နိုင်နိုင် ထည့်ဆွဲထားတာပါ။ အဲဒါကို ပြင်ဖို့ ပြောနေတာတွေ နားမဆံ့အောင် ကြားနေတော့ ဘယ်အချက်တွေကိုပဲ ပြင်ခွင့်ပေးမယ် ဆိုပြီး သတ်မှတ် စဉ်းစားနေလောက်ပါပြီ။

စစ်ရေးတခုတည်း ဦးစားမပေးဘဲ နိုင်ငံရေး စီးပွားရေးတွေကို ဘယ်အချိန်အထိ လုပ်သွားမှာလဲ။

ဖြည်းဖြည်းချင်း နောက်ဆုတ်ဖို့ အစီအစဉ်ရော ရှိရဲ့လား။ ဆုတ်သွားရင်တော့ အားလုံးအတွက် အကောင်းဆုံးပေါ့။ စစ်သားက စစ်သားနဲ့ တူရင် ကြည့်ရတာ ကျက်သရေ ရှိပါတယ်။ နိုင်ငံရေးသမားလိုလို စီးပွားရေးသမားလိုလို လုပ်နေတာကတော့ အင်း....

နိဂုံးချုပ်ပါမယ် ...

ဆရာ ထင်လင်းဦး (Wisdom Villa) ရဲ့ ဂျာနယ်တစောင်မှာ ရေးသားချက်က ဒီလိုပါ -

"တပ်မတော်ကို အမြဲတမ်း လက်ညှိုးထိုးနေတာ မကောင်းဘူး ဆိုရင် တပ်မတော်ကို လက်ညှိုးတွေရှေ့မှာ နေရာမပေးကြပါနဲ့၊ တပ်မတော်ကလည်း ထိုးလာမယ့် လက်ညှိုးတွေရဲ့တည့်တည့်မှာ နေရာမယူပါနဲ့" တဲ့။

ဒီတပတ်ထုတ် Politics ဂျာနယ်မှာ ရေးထားတာပါ။

စစ်သားများ ဆင်ခြင်သင့်တဲ့ ကောက်ချက် ဖြစ်ပါတယ်။
irrawaddy

တန်ဖိုးနည်းအိမ်ရာ စီမံကိန်း မြေသိမ်းခံရသူများ စတုတ္ထအကြိမ် ဆန္ဒထုတ်ဖော်



ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ဖယ်ရှားခံရမည့်လူ ၁၀၀ ခန့်က တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူခွင့် ရရှိရေးအတွက် စတုတ္ထအကြိမ် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် ဒေါ်မြင့်မြင့်ဝေက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၆၇) ရပ်ကွက် အပိုင်း (၃) တွင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့က အကောင်အထည်ဖော်မည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်ရန် နေအိမ် ဖယ်ရှားပေးရန် ဖိအားပေး ခံနေရခြင်း၊ ပြောင်းရွှေ့ရမည့် နေရာ မှာလည်း ဝေးကွာလွန်းခြင်းနှင့် တန်ဖိုးနည်း အိမ်ရာတွင်လည်း ပြန်လည် ဝယ်ယူခွင့် မရခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

အဆိုပါမြေယာတွင် နေထိုင်သူများကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ကနောင်ခန်းမတွင် တွေ့ဆုံကာ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပြီးပါက တိုက်ခန်းကို အရစ်ကျ ရောင်းမည်ဟု ဆိုသောကြောင့် နာမည်စာရင်းများ ပေးထားသော်လည်း ယင်းနောက်တွင်မူ သတိပေးစာ ငါးကြိမ်ထုတ်ကာ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ချောင်ကျသည့် (၁၃၈) ရပ်ကွက်နှင့် (၁၅၅) ရပ်ကွက်တို့တွင် ငွေနှစ်သိန်းနှင့် ပေ၂၀၊ ပေ ၆၀ မြေကွက်များကိုသာ ချထားပေးကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

ကိုယ့်မြေအပိုင် မဟုတ်သူများကို ကျူးကျော်ဟု သတ်မှတ်ကြောင်း၊ တန်ဖိုးနည်းအိမ်ရာ ဆိုသည်မှာလည်း လူတိုင်းလျှောက်ခွင့်ရှိကာ တိုက်ခန်း နေရာချထားရေး ကော်မတီက စိစစ်နေရာချထား ပေးကြောင်း၊ အစိုးရအဖွဲ့ အနေနှင့် ၎င်းတို့နေရာအတွက် ဖန်တီးပေးခဲ့ကြောင်း၊ ပြီးနောက် ကနောင်ခန်းမတွင် ပြောကြားစဉ်က လူတိုင်း လျှောက်ထားခွင့် ရှိကြောင်း ပြောကြားခဲ့ ခြင်းဖြစ်ကာ အိမ်ရာ မဆောက်လုပ်မီက အခြားနေရာတွင် မြေနေရာ ချထားခြင်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန မြေခွန်မြေတိုင်းဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။
“တန်ဖိုးနည်းအိမ်ရာက အဲဒီမြေကွက်မှာ နေတဲ့သူတွေ အတွက်တင် မဟုတ်ပါဘူး။ အခြားပြည်သူတွေ အတွက်လည်း ပါတယ်” ဟု ဆိုသည်။

တန်ဖိုးနည်အိမ်ရာ ဆောက်လုပ်ရန်အတွက် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စီမံကိန်းစတင်ခဲ့ကာ မြေယာပိုင်ဆိုင်သူများမှာ သတိပေးစာ ရရှိပြီးနောက် ဆန္ဒသုံးကြိမ် ထုတ်ဖော်ခဲ့ပြီး မြေယာ ပြန်လည် ရရှိရေးအတွက် ယခုတစ်ကြိမ် ဆန္ဒထုတ်ဖော်မှုသည် စတုတ္ထအကြိမ်မြောက် ဖြစ်ကြောင်း အိမ်ထောင်စု လေးရာကျော်အနက် အိမ်ထောင်စု လေးရာမှာ သတ်မှတ်ထားသည့် နေရာသို့ ပြောင်းရွှေ့ သွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

သုဝဏ္ဏ အားကစားဝင်းအတွင်း အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ အားကစားဝင်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးရောင်းချသူ အမျိုးသမီးတစ်ဦးသည် စီးပွားရေး မပြေလည်သောကြောင့် အဆိပ်သောက်ကာ သေဆုံးခဲ့မှု အောက်တိုဘာလ ၂၆ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက The Voice သို့ ပြောကြားသည်။

သေဆုံးသူ အသက် ၂၂ နှစ်အရွယ် မငြိမ်းသင်းမှာ သုဝဏ္ဏ အားကစားဝင်း အတွင်းတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကာ မိသားစု ငါးဦးနှင့်အတူ နေထိုင်ကြောင်း၊ ၎င်းတွင် အခြားသော လူမှုကိစ္စ ပြဿနာများ မကြားမိသောကြောင့် စီးပွားရေး အဆင်မပြေ၍ မိမိကိုယ်ကိုယ် သတ်သည်ဟု ယူဆရကြောင်း အဆိုပါ အားကစားဝင်းတွင် သီးပင်စားပင်များ စိုက်ပျိုးရောင်းချနေသူ ဦးတင်မျိုးဝင်းက ဆိုသည်။

သေဆုံးသူ မိသားစုမှာ ယခင်က ရန်ကင်းမြို့နယ် ဘောက်ထော် မှတ်တမ်းရုံးတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လခန့်မှစ၍ သုဝဏ္ဏ အားကစားဝင်းအတွင်းသို့ ပြောင်းရွှေ့လာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ယခုစိုက်ပျိုးနေသည့် နေရာမှာ မြေနိမ့်ပိုင်း ဖြစ်သဖြင့် မိုးရာသီတွင် ရေဝပ်သောကြောင့် စိုက်ပျိုးရန် ခက်ခဲ့သည့်အတွက် စီးပွားရေး မပြေလည်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“အိမ်မှာလူတွေမရှိတုန်း ရွှေအင်ဒို ပိုးသတ်ဆေးကို သောက်လိုက်တာ။ သိသိချင်း တက္ကစီငှားပြီး လိုက်ပို့တာ ဘုရားလမ်းမှာ ကားတွေပိတ်နေလို့ စံပြဆေးရုံထိ လမ်းလျှောက်ပြီးသွားတာ အကောင်းကြီးပဲ ရှိသေးတယ်။ ဆေးရုံရောက်တော့ အဆိပ်တွေ ထုတ်နေရင်းနဲ့ နှလုံးရပ်ပြီး သေသွားတာ” ဟု သေဆုံးသူကို ဆေးရုံသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

၎င်းမသေဆုံးမီ မိသားစုများထံတွင် စီးပွားရေး မပြေလည်သည့် ကိစ္စရပ်နှင့် ပတ်သက်၍ မကြာခဏ ညည်းညူလေ့ ရှိကြောင်း၊ သုဝဏ္ဏ အားကစားကွင်းတွင် Sea Games ပြိုင်ပွဲများ ကျင်းပမည် ဖြစ်သဖြင့် ၎င်းတို့ နေထိုင်သည့် နေအိမ်များ ပြောင်းရွှေ့ပေးရမည် ဖြစ်၍ စိတ်ဓာတ်ကျကာ ယင်းကဲ့သို့ မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်သည်ဟု ထင်ကြေး ပေးကြသူများလည်း ရှိကြောင်း အဆိုပါ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်ဝင်းက ပြောကြားသည်။
“နေအိမ်တဲတွေကို ခေတ္တပြောင်းခိုင်းတာပါ။ အရင်စိုက်နေကျအတိုင်း ဆက်လုပ်ကိုင်လို့ ရပါတယ်။ Sea Games ပြီးရင် အရင်လို တဲထိုးပြီး ပြန်နေခွင့် ပေးထားပါတယ်” ဟု ၎င်းကထပ်မံ ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်း မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၁၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ပြင်ဆင်ရေး၊ အသွင်ကူးပြောင်းရေးနှင့် အချစ်မပါသော အိမ်ထောင်ရေး


နိဒါန်း
အမျိုးသားရေးနိုးကြားမှု အသွင်ဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ အသစ်ရေးဆွဲမလား ဟူသည့် မေးခွန်းသည်လည်း လက်ရှိကြား သိရသည့် သတင်းများအရ ပြင်ဆင်ရေးလမ်းကြောင်း ကိုသာ သွားကြတော့မည့် သဘောသို့ တိမ်းညွတ်နေသည်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွဲ့စည်းဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော်လမ်းကြောင်း ကသာ လျှောက်လှမ်းသွားမည့် ရည်မှန်းချက်ကို လူသိထင်ရှား ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေခံဥပဒေပါ ပေးထားချက်များအတိုင်း ဆောင်ရွက်သွားမည် ဟူ၍ ဖြစ်သည်။

အစောဆုံး ပြောကြားခဲ့သူ
နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ကျိန်ဆိုပြီး နိုင်ငံ့တာဝန်ကို လွှဲ ပြောင်းရယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာပင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ ပေးထားချက်အတိုင်း ပြင်ဆင်ကြရန် ထုတ်ဖော် ပြောကြားခဲ့သည်။ ဆိုရလျှင် နိုင်ငံတော်သမ္မတကြီး သည် စတင် တာဝန်ထမ်းဆောင်ချိန်မှာပင် ပြင်ဆင်ရေးလမ်းကြောင်းကို ဖော်ညွှန်းခဲ့ခြင်း ဖြစ်သည်။ ပိုမိုထင်ရှားစေရန် အတွက် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းပါ ကောက်နုတ်ချက်ကို အောက်ပါအတိုင်း ပြန်လည်ဖော်ပြလိုသည်။

per_psyatkpy_HZ“အမျိုးသား ပြန်လည် ပေါင်းစည်းညီညွတ်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ မူဝါဒလမ်းစဉ်(၇)ရပ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်း ပြည်ပရှိ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ဥပဒေ ပြင်ပရှိ အဖွဲ့အစည်းများ ရှိနေကြပါတယ်။ ဒီပုဂ္ဂိုလ် အဖွဲ့အစည်းများဟာ မိမိတို့ နိုင်ငံသားများ ဖြစ်ကြပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဖြစ်ကြသလို ကျွန်တော်တို့ အစိုးရအဖွဲ့ ကိုလည်း ကိုယ့်တိုင်းရင်းသားတွေနဲ့ အဆင့်ဆင့် ပါဝင်ဖွဲ့စည်းထားတဲ့ ကိုယ့်အစိုးရအဖြစ် မြင်ဖို့ လိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂)မှာ လုပ်ထုံးလုပ်နည်း များနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ အခွင့်အရေး ပေးထားပြီး ဖြစ်ပါတယ်။”

ဤသည်မှာ စတင်တာဝန်ယူချိန်မှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ထားရှိသော နိုင်ငံတော်သမ္မတကြီး၏ သဘောထားကို အတိအလင်း ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။ ပေးထားချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က)နှင့် (ခ)တို့သည် ပြင်ဆင်ပုံ ပြင်ဆင်နည်းကို သတ်မှတ်ပေးထားခြင်းသာ ဖြစ်သည်။ ပြင်လိုသော် ဤအတိုင်းပြင်ဟု ဆိုထားသည့် ပြင်ဆင်ရေးဆိုင်ရာ ပေးထားချက်များလည်း ဖြစ်သည်။

ဘယ်လိုပြင်ကြမလဲ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပုဒ်မပေါင်း ၄၅၇ ခု ရှိပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရန် ပြဋ္ဌာန်းထားသည့် ပုဒ်မပေါင်း ၉၅ ခု ရှိရာ ၂၀ ဒသမ ၇၉ ရာခိုင်နှုန်း ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင်းမှာပင် ပြင်ဆင်နိုင်သည့် ပုဒ်မပေါင်း ၃၆၂ ခု ၇၉ ဒသမ ၂၁ ရာခိုင်နှုန်း ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိကကျသည်မှာ ပုဒ်မ ၁ မှ ၄၈ အထိ ဖြစ်သော အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ ဖြစ်သည်။ အဆိုပါ အခြေခံမူများ (Basic Principles) ကို အခြေခံ၍ ကျန်ပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်ကိုလည်း ပုဒ်မ ၄၈ တွင် “နိုင်ငံတော် အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေ ပြဋ္ဌာန်းရာတွင် လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ် ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့် လမ်းညွှန်ချက်များ ဖြစ်သည်” ဟူ၍ ပြဋ္ဌာန်းထားကြောင်း တွေ့ရှိနိုင်သည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲခဲ့ရာတွင် ပထမဦးစွာ အခြေခံမူများကို ဆွေးနွေးညှိနှိုင်းပြီး ယင်းအခြေခံမူ များကို အခြေခံ၍ အသေးစိတ် အခြေခံရမည့်မူများ ဟူ၍ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။ ယင်းမူများ အတည်ပြု သဘောတူညီပြီးနောက် ပြဋ္ဌာန်းချက်များ အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အခန်း(၁)ကို အခြေခံ၍ အခန်း(၂)မှ အခန်း(၁၅)အထိ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဤသို့ ရှင်းလင်းနေရခြင်း အကြောင်းရင်းမှာ အခန်း(၂)မှ အခန်း(၁၅)အထိ ပါရှိသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ယင်းပုဒ်မများကိုသာ ကွက်၍ မပြင်သင့်ဘဲ မူလအခြေခံထားသည့် အခြေခံမူကိုပါ ပြင်ဆင်ရမည် ဖြစ်သည့်အတွက် အခန်း(၁) ပါ ပုဒ်မပေါင်း(၄၈)ခုကို ကိုင်တွယ်ရမည်ဟု ရည်ညွှန်းလိုခြင်း ဖြစ်သည်။

တစ်ဖန် အခန်း (၁) ပါ ပုဒ်မပေါင်း ၄၈ ခုသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံး၏ မူဘောင် Spirit of Constitution ဖြစ်သည့်အတွက် မူဘောင်ကို ဦးစွာအကျေအလည် ညှိနှိုင်းဆွေးနွေးရန် လိုအပ်မည် ဖြစ်သည်။ ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြလာသည့် တင်ပြချက်များအပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လွှတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာမည့် မူဘောင် သဘောတူညီချက် တို့ကို ပြန်လည်တိုက်ဆိုင်၍ စိစစ်သုံးသပ်ရမည့် သဘောရှိသည်။

ဘယ်လောက်အထိ ပြင်မလဲ
ပြင်ဆင်ရေး စားပွဲဝိုင်းတို့တွင် သူ့လိုလားချက်၊ ကိုယ့်လိုလားချက် စသည်အားဖြင့် နိုင်ငံရေး အင်အားစု အသီးသီးတို့၏ ဆန္ဒပေါင်းများစွာ၊ ပြင်ဆင်ချက်ပေါင်းများစွာ ရှိနေကြမည်မှာ မုချဖြစ်၍ ဆန္ဒပေါ် အခြေပြုသော ပြင်ဆင်ရေးအစီအစဉ် တို့လည်း ကိုယ်စီကိုယ်စီ ရှိနေကြပေလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေကို လက်တွေ့ ကျင့်သုံးလာကြသည်မှာ (၂)နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၍ တွေ့ကြုံလာရသော အခက်အခဲများကို ပြေလည်စိမ့်သောငှာ လည်းကောင်း၊ အမျိုးသားညီညွတ်ရေးကို ရှေးရှုစေခြင်းငှာ လည်းကောင်း ဦးစားပေး ရည်မှန်းချက် ပန်းတိုင်များကို ဆစ်ပိုင်းလေ့လာပြီး ပြင်ဆင်ရေးဆိုင်ရာ ဘုံသဘောတူညီချက် ရှာဖွေဖော်ထုတ်သော် မသင့်လောဟု တွေးမိသည်။ အကြောင်းရင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရမည်မှာ (၂၀.၇၉ ရာခိုင်နှုန်း) ရှိသည် ဖြစ်၍ ပြင်ဆင်ရေးဒိုင်ယာလော့ မည်မျှအထိ ခရီးရောက်မည်နည်း ဟူသော မေးခွန်းကြောင့် ဖြစ်သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရမည့် ပုဒ်မများကို လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရသည်-
(၁) အခန်း (၁) ၊ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၁ မှ ၄၈ အထိ၊ (တစ်ခန်းလုံး)
(၂) အခန်း (၂) ၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၄၉ မှ ၅၆ အထိ၊ (တစ်ခန်းလုံး)
(၃) အခန်း (၃) ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ (ပုဒ်မ ၅၉) ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း (ပုဒ်မ ၆၀)
(၄) အခန်း (၄) ၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၇၄) ၊ ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၁၀၉)၊ အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၁၄၁) ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၁၆၁)
(၅) အခန်း (၅) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၀၀)၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၀၁) ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၄၈) ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၇၆)
(၆) အခန်း (၆)၊ တရားရုံးများဖွဲ့စည်းခြင်း (ပုဒ်မ ၂၉၃) ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဖွဲ့စည်းခြင်း (ပုဒ်မ ၂၉၄) ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်များ ဖွဲ့စည်းခြင်း (ပုဒ်မ ၃၀၅) ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်၏ ကြီးကြပ်မှုအောက်ရှိ တရားရုံးများ (ပုဒ်မ ၃၁၄) ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းခြင်း (ပုဒ်မ ၃၂၀) ၊
(၇) အခန်း (၁၁) ၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ (တစ်ခန်းလုံး)
(၈) အခန်း (၁၂) ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရန် လိုအပ်သည့် ပုဒ်မများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅% ကျော်ဖြင့် ပြင်ဆင်နိုင်သော ပုဒ်မများ(ပုဒ်မ ၄၃၆)
အထက်ပါ ပြဋ္ဌာန်းချက်များကို လေ့လာခြင်းအားဖြင့် အခန်း (၇) တပ်မတော်၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း၊ အခန်း (၁၀) နိုင်ငံရေးပါတီများ ဟူသည့် အခန်း (၄) ခန်းပါ ပြဋ္ဌာန်းချက်များမှာ လွှတ်တော်တွင်း ပြင်ဆင်ရေးဖြင့် ပြီးမြောက်နိုင်မည်။ သို့သော် အခန်း (၁) အခြေခံမူနှင့် ညီညွတ်ရမည်ဟူ၍ တွေ့ရှိနိုင်သည်။ လွှတ်တော်တွင် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ဘုံသဘောတူညီချက် များကို တည်ဆောက်နိုင်လျှင် များစွာ လူးသာလွန့်သာ မည်ကို တွေ့ရှိနိုင်သည်။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး။ ပြည်နယ် လုပ်ပိုင်ခွင့်များ ခွဲဝေထားသော နောက်ဆက်တွဲ ဇယားများမှာ ဖက်ဒရယ် စစ်ရေးအတွက် အဓိကဖြစ်နေပြီး လွှတ်တော်တွင်း ပြင်ဆင်ရေး လမ်းကြောင်းနှင့်ပင် ပြီးပြတ်မည်၊ သို့သော် အခန်း (၁) အခြေခံမူနှင့် ညီညွတ်ရမည်၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု လိုအပ်မည် ဖြစ်သည်။
လွှတ်တော်တွင်း အင်အား ချိန်ခွင်လျှာကို မိမိတို့ဘာသာ ဆင်ခြင် သုံးသပ်တော်မူ နိုင်ကြရန်သာ လိုသည်။ သို့ဆိုလျှင် အဖြေမှန်နှင့် နီးစပ်နိုင်ကြ ပေလိမ့်မည်။
ဘယ်ဟာကို စပြင်မလဲ
ဤတွင် လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျွမ်းကျင်သူများ စသည့် Stakeholder အားလုံး၏ ဘုံသဘောထား တစ်ရပ် ထွက်ပေါ်နိုင်ရန် မည်သည့်ကို အစပြုမည်နည်း ဟူသော မေးခွန်းတစ်ရပ် ပေါ်ထွက်လာသည်။ ပြည်တွင်းစစ် နိဂုံးချုပ်ရေးသို့ သွားလိုသော် ပြည်နယ်-ပြည်ထောင်စု အငြင်းပွားမှုများကို ဦးစွာ ရှင်းရန် လိုအပ်မည်။ တပ်မတော်အနေနှင့် နိုင်ငံရေးမှ အပြီးဆိုင် ဆုတ်ခွာရေးသည် ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝ ရ-မရ ဟူသောအချက်နှင့် တိုက်ရိုက် ဆက်နွှယ်နေသောကြောင့် ယခုပြင်ဆင်သည့် အဆင့်တွင် အပြီးတိုင် ဆုတ်ခွာရေးအထိ မမှန်းသင့်ဘဲ ရှေ့တစ်ဆင့်ဖြစ်သည့် ငြိမ်းချမ်းရေးကိုသာ ရှေးရှုသင့်ကြောင်း တွေ့ရှိနိုင်သည်။
Politics is The Art of Possible ဟု ဆိုကြသည့်အတိုင်း ဆန္ဒထက် အမြော်အမြင်ကို ဆင်ခြင် ခွဲခြားလျက် ဈာန်သမာပတ် ဝင်စားနိုင်မှသာ ဖြစ်နိုင်ခြေအနုပညာကို ဖန်တီးနိုင်ကြမည် ဖြစ်သည်။ ၂၀၁၅ မတိုင်မီ ဟူသော အချိန်ဇယားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု မှန်သမျှ အပြတ်ဖြတ်နိုင်-မဖြတ်နိုင် ကိုလည်း အင်အားနှင့် အလုပ်နှိုင်းယှဉ် ချိန်ဆကြရန် အရေးကြီးပေမည်။
နိုင်ငံရေးခေါင်းဆောင်များ သတိပြုရမည်မှာ လက်ရှိအနေအထားသည် အသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေကြဆဲ ဖြစ်၍ စတန်းဖို့ တက္ကသိုလ်ပါမောက္ခ တယ်ရီကား၏ အဆိုအတိုင်း “အသွင်ကူးပြောင်းရေး ဟူသည်မှာ အချစ်မပါဘဲ ပြုလိုက်ရသော အိမ်ထောင်ရေး” ဟူသည်ကို သတိချပ်ကြရန် ဖြစ်သည်။ အသွင်ကူးပြောင်းရေးကို အသွင်ကူးပြောင်းရေး ဟူ၍ နားလည်နိုင်ခြင်း မရှိခဲ့ပါလျှင် မိမိစံနှင့်အညီ၊ မိမိ စရွေးနှင့်အံကိုက် ဟူသော စိတ်ကူးစံများဖြင့် မချစ်သော်လည်း အောင့်ကာမနမ်းနိုင်ဘဲ အိမ်ထောင် တကွဲတပြား အဖြစ်ခံရမည့်ကိန်း ဆိုက်နိုင်ပေသည်။ သန်း ၆၀ မိသားစုကြီး၏ အိမ်ထောင်ရေး ဖြစ်သောကြောင့် ဆန္ဒထက် ဉာဏ်အမြော်အမြင် တို့ကသာ ဖြစ်နိုင်ခြေ အနုပညာကို ဖန်ဆင်းနိုင်မည် ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။
မှူးဇော်

thevoicemyanmar

ကချင်ဒေသအရေး အမေရိကန်သံအမတ်ကြီးနဲ့ စစ်တိုင်းမှူး ဆွေးနွေး




ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ဒီနေ့ မနက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် မလိခရိပ်သာမှာ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နဲ့ တွေ့ဆုံပြီး ကချင်ဒေသ ငြိမ်းချမ်းရေးအခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း ကချင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကိုပါ အလေးထားဆွေးနွေးခဲ့တယ်လို့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပြပါတယ်။

“တိုက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ အခြေအနေက ဒီလိုဒီလိုပဲ၊ အဲဒီမှာကျနော်တို့သွားတဲ့အခါ ဖြစ်ချင်တော့ တရုတ်နိုင်ငံကို တရားမဝင်ထုတ်မယ့်သစ်တွေ ပုံထားတယ်၊ ကျနော်တို့က ဖမ်းဆီးရမိတဲ့ အခြေအနေလေးတွေ ပြောပြလိုက်ပါတယ်၊ သံအမတ်ကြီးကပြောတယ် အောက်ခြေမှာတော့ ချွတ်ယွင်းမှုရှိမယ်ဆိုတာတော့ လက်ခံပါတယ်တဲ့၊ သူပြောတာက အချင်းချင်းလိုအပ်တဲ့ အကူအညီရှိရင်လည်းပြောဖို့ပေါ့၊ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် နှစ်ဖက်စလုံးက ဆောင်ရွက်ကြရမယ်တဲ့”

အမေရိကန်သံအမတ်ကြီးဟာ မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အိုနည်းပညာအကြံပေး အလုပ်အဖွဲ့ ရုံးကိုသွားရောက်ပြီး ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

ဒါ့အပြင် အမေရိကန် သံအမတ်ကြီးဟာ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတစ်ချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်ရဲ့ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ မြစ်ကြီးနားမြို့ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။
RFA Burmese

Facebook သည် သတင်းနှင့်ပတ်သက်၍ အဓိကရင်းမြစ်ဖြစ်လာ


လူမှုဆက်သွယ်ရေးကွန်ရက်ဝက်ဘ်ဆိုက် Facebook သည် အသုံးပြုသူများအတွက် သတင်းနှင့်ပတ်သက်၍ အဓိကရင်းမြစ်တစ်ခု ဖြစ်လာကြောင်း လေ့လာမှုစစ်တမ်းတစ်ခုက ကြာသပတေးနေ့တွင် ဖော်ပြသည်။ Pew Research Center နှင့် Knight Foundation တို့ ပူးပေါင်းပြုလုပ်သည့် စစ်တမ်းသစ်အရ အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား ၆၄ ရာခိုင်နှုန်းမှာ Facebook သုံးလေ့ရှိကာ ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းခန့်က သတင်းများကို Facebook မှပင် ဖတ်ရှုကြကြောင်း သိရသည်။ သို့သော် စစ်တမ်းအရ အသုံးပြုသူ ၇၈ ရာခိုင်နှုန်းမှာ အဓိကအားဖြင့် Facebook တွင် သူငယ်ချင်းများနှင့် ဆက်သွယ်ပြောဆိုမှု၊ ဓာတ်ပုံမျှဝေမှု စသည့် အခြားအကြောင်းအရာများ ဆောင်ရွက်ရင်းဖြင့် သတင်းများကို သိရှိနိုင်ခြင်း ဖြစ်သည်။

"လူတွေက Facebook ပေါ်မှာ သူတို့ရဲ့ပုဂ္ဂိုလ်ရေး လှုပ်ရှားမှုတွေ မျှဝေဆောင်ရွက်ရင်းနဲ့ သတင်းတွေကို ဖတ်မိသိရှိသွားတတ်ကြတာမျိုးပါ"ဟု Pew Research Center ရှိ Journalism Research ဒါရိုက်တာ အမ်မီ မစ်ချယ်က ပြောကြားသည်။ အသုံးပြသူများအနေဖြင့် သတင်းထူး၊ သတင်းဦးများ သိရလေ့ရှိခြင်းကြောင့် Facebook မှာ သတင်းအတွက် အဓိကရင်းမြစ်တစ်ခု ဖြစ်လာကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။ သတင်းများ အဓိက ဖတ်ရှုလေ့ရှိသူ အများစုမှာ လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာတို့အတွက် Facebook က ၎င်းတို့၏ အဓိက သတင်းရင်းမြစ်ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောဆိုလေ့မရှိဟုလည်း စစ်တမ်းကဆိုသည်။


အကြမ်းဖျင်းအားဖြင့် Facebook ပေါ်တွင် သတင်းဖတ်ရှုသူအများစုမှာ မူရင်းသတင်းအပြည့်အစုံ ဖတ်ရှုနိုင်မည့် Link ကို ကလစ်နှိပ်ကာ ဖတ်ရှုလေ့ရှိပြီး ၆၀ ရာခိုင်နှုန်းမှာ အဆိုပါ သတင်းပို့စ်တွင် Like သို့မဟုတ် Comment ရေးသားလေ့ရှိသည်။ Facebook မှတစ်ဆင့် သတင်းဖတ်ရှုသူ ၁၀ ဦးလျှင် ၄ ဦးမှာ သတင်းများကို ကိုယ်တိုင် ပို့စ်တင်ခြင်း၊ သတင်း Link ကို မျှဝေခြင်းတို့ ပြုလုပ်လေ့ရှိပြီး ၃၂ ရာခိုင်နှုန်းမှာ သတင်းတစ်ပုဒ်အပေါ် Facebook တွင် အခြားလူများနှင့် ဆွေးနွေးလေ့ရှိကြောင်း သိရသည်။ Facebook အသုံးပြုသူများသည် သတင်း Link တစ်ခုကို ကိုယ်တိုင်စိတ်ဝင်စား၍ဖြစ်စေ၊ သူငယ်ချင်းတစ်ယောက်က ဖတ်ရှုကြည့်ရန် မျှဝေတိုက်တွန်းထား၍ဖြစ်စေ သတင်းများ ဖတ်ရှုလေ့ရှိကြောင်းလည်း စစ်တမ်းရလဒ်တွင် ဖော်ပြသည်။ ၎င်းတို့အနက် ၂၀ ရာခိုင်နှုန်းမှာမူ မီဒီယာအဖွဲ့အစည်းများက မျှဝေမှုမှတစ်ဆင့် သတင်းများ ဖတ်ရှုလေ့ရှိသည်။

Facebook သတင်းဖတ်ရှုလေ့ရှိသူ ၃ ပုံ ၁ ပုံခန့်မှာ သတင်းမီဒီယာအဖွဲ့အစည်းများ သို့မဟုတ် သတင်းထောက်များနှင့် ချိတ်ဆက်ထားလေ့ရှိကြောင်းလည်း Pew စစ်တမ်းကဆိုသည်။ Facebook အသုံးပြုသူ ၄၂ ရာခိုင်နှုန်းမှာ ရုပ်မြင်သံကြားသတင်းများကိုလည်း မကြာခဏ ကြည့်ရှုလေ့ရှိပြီး ၂၁ ရာခိုင်နှုန်းမှာ ပုံနှိပ်သတင်းစာများ မကြာခဏ ဖတ်ရှုလေ့ရှိကြောင်း စစ်တမ်းရလဒ်တွင် ဖော်ပြသည်။ ယခုစစ်တမ်းမှာ Faebook အသုံးပြုသူ ၃,၂၆၈ ဦး အပါအဝင် အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား ၅,၁၇၃ ဦးကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိ မေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

planet

တပ်သိမ်းမြေများအတွက် ကျပ်သိန်း ၄၅၀၀ ကျော် ပေးလျော်



စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ရွှေဘိုမြို့ရှိ အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ်က သိမ်းယူခဲ့သော လယ်မြေ ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာမှု လျော်ကြေး ကျပ်သိန်း ၄၅၉၅ ကျော်ကို ပေးအပ် ခဲ့ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။

ရွှေဘိုမြို့နယ် တဲကြီး၊ ရွာမိတ်သာ၊ ဖွတ်ကုန်း၊ ပိတ်တောကျေးရွာနှင့် ခင်ဦးမြို့နယ် ဝါးရုံကုန်း ကျေးရွာတို့မှ သိမ်းယူထားသည့် လယ်မြေဧက ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာကြေးငွေကို အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေဘိုအမှတ် (၈) အခြေခံစစ် လေ့ကျင့်ရေး တပ်တွင် တောင်သူများသို့ တိုက်ရိုက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
“အသက်တွေ ကြီးလာလို့ ကိုယ့်လယ်မြေတွေ ပြန်မရတော့ဘူး ထင်ထားတာ။ အခုလို တစ်ဧက ခုနစ်သိန်း ပေးမယ်ဆိုတဲ့ ကတိအတိုင်း ခုနစ်သိန်းရလို့ ကျေနပ်တယ်။ နှစ်ပေါင်း ၂၀ ကျော်မှ ပြန်ရလာတာ” ဟု လယ်မြေဧက ၂၀ သိမ်းခံရတဲ့ ရွှေဘိုမြို့နယ် ရွာမိတ်သာကျေးရွာ ဒေသခံတောင်သူ ဦးဘစက ဆိုသည်။

တပ်သိမ်း လယ်မြေများနှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် လယ်ပိုင်ရှင် ၁၁ ဦး ပိုင်ကွင်းအမှတ် ၂၈၂၈ ဖွတ်ကုန်းကျေးရွာရှိ လယ်မြေဧက ၅၅ ဒသမ ၈၅ ဧကအတွက် ကျပ် ၃၉၀ ဒသမ ၉၅ သိန်း ပေးလျော်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် လယ်ပိုင်ရှင် ၈၂ ဦးအတွက် ကျပ် ၄၂၀၄ ဒသမ ၅ သိန်းကို လျော်ကြေး ပေးအပ်ခဲ့ရာ စုစုပေါင်းလယ်ပိုင်ရှင် ၉၃ ဦးအတွက် လျော်ကြေးကျပ် ၄၅၉၅ သိန်းကျော် ပေးအပ်ပြီး ဖြစ်ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။

အဆိုပါ လယ်မြေ ၆၅၀ ဧကကို ပြီးခဲ့သည့် ၁၉၉၃ ခုနှစ် အတွင်းက ရွှေဘိုမြို့ လေ့ကျင့်ရေး (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ် အတွက် တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ လယ်သိမ်းခံ တောင်သူများထံမှ သိရသည်။
The Voice Weekly


အမျိုးသားပရိသတ် အကြိုက်တွေ့မည့် ဟယ်လန်ဖလာနာဂန်၏ ပြက္ခဒိန်သစ်



ဟယ်လန် ဖလာနာဂန်၏ ပြက္ခဒိန်အသစ်သည် သူမကို နှစ်သက် အားပေးသည့် အမျိုးသား ပရိသတ်များအတွက် ပေးရသည့် ငွေကြေးနှင့် လုံးဝ ထိုက်တန်စေကြောင်း ဟောလီးဝုဒ် သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ Fizzy Daysစတား ဗြိတိသျှ မော်ဒယ်လ် မင်းသမီးသည် (၂၀၁၄)ခုနှစ်အတွက် ညှို့ချက်ပြင်းပြင်း ဓာတ်ပုံများ ပါဝင်သည့် ပြက္ခဒိန်အသစ်ကို စတင် ထုတ်ဝေလိုက်ပြီ ဖြစ်သည်။ ဟယ်လန်သည် ဆွဲဆောင်မှု ပြင်းပြသည့် အတွင်းခံ အဝတ်အထည်များနှင့် ဓာတ်ပုံများ ရိုက်ကူးခဲ့သလို ယင်းထက်ပို၍ ရင်သိမ့်တုန် ဖြစ်စေမည့် ရိုက်ချက်များပါ ပါဝင်ကြောင်း သတင်းများက ဆိုသည်။ အသက်(၂၃)နှစ်ရှိ ဟယ်လန်သည် ယခုနှစ် အစောပိုင်းက FHM မဂ္ဂဇင်း၏ ပရိသတ်များ မဲပေးမှုအရ (၂၀၁၂)ခုနှစ်၏ ညှို့အားအပြင်းဆုံး အမျိုးသမီးအဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်သည်။

ဟယ်လန်သည် ဟောလီးဝုဒ် ရုပ်ရှင်ရပ်ဝန်းတွင် အထင်ကရ ကြယ်တစ်ပွင့် ဖြစ်မလာသေးသော်လည်း ယင်းအတွက် အထူးတလည် အာရုံစိုက် ကြိုးစားနေခဲ့သည်။ Daily Mirrorက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဟယ်လန်သည် လော့စ်အန်ဂျလိစ်တွင် သရုပ်ဆောင်နှင့် မော်ဒယ်လ် အေဂျင်စီ အချို့တို့၌ မွမ်းမံသင်တန်းများ တ်က်ရောက်ခဲ့ကြောင်း သိရှိရသည်။ အမျိုးသားကြိုက် FHM မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် ရင်သားအလှဆုံး အမျိုးသမီးအဖြစ် ဟယ်လန်ကို ရွေးချယ် ဖော်ပြခဲ့ဖူးသည်။ ဟောလီးဝုဒ် အတင်းအဖျင်း သတင်းဝက်ဘ်ဆိုက်များက ဟယ်လန်၏ ပြက္ခဒိန်သည် အမျိုးသားများအတွက် စိတ်ကူးယဉ်ချင်စရာ အကောင်းဆုံး ခရစ္စမတ်လက်ဆောင် ဖြစ်လာမည်ဟုလည်း ရေးသားခဲ့ကြသည်။

planet

ရမ်းဗြဲမြို့မှာ လူငယ်စွမ်းရည် မြှင့်တင်ရေးသင်တန်း ပိတ်ပင်ခံရ




ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကစီစဉ်တဲ့ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် သင်တန်းမလုပ်ဖို့ မနေ့ကခေါ်ယူတားမြစ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဒီပိတ်ပင်မှုနဲ့ ပတ်သက်လို့ ဝံလက်ဒေသဖွဲ့ဖြိုးရေးဖောင်ဒေးရှင်း၊ လူငယ်စွမ်းရည်မြှင့် သင်တန်းရေးရာတာဝန်ခံ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခိုင်ကောင်းစံက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ သင်တန်းလုပ်တာက လူငယ်တွေကို စွမ်းရည်မြှင့်ပေးတဲ့ သင်တန်းပါ၊ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးတို့ပါမယ်၊ ဒါကိုအုပ်ချုပ်ရေးမှူးက သင်တန်းမလုပ်ဖို့ ပိတ်တာပါ”

မနေ့ကစတင်ပြီး ၆ ရက်တာကြာမြင့်မယ့် လူငယ်စွမ်းရည်မြှင့်သင်တန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးကို အသိပေးပြီးမှ ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမနေ့အစီအစဉ်အပြီးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြုလုပ်ခြင်းမပြုဖို့ အခုလို ခေါ်ယူတားဖြစ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဟာ လူငယ်စွမ်းရည်မြှင့်သင်တန်းတွေကို ရခိုင်ပြည်နယ် မြောက်ဦး၊ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူစတဲ့ မြို့နယ် ၁၁ ခုလောက်က ဒေသခံလူငယ်တွေကို သင်တန်းတွေပို့ချပေးနေတာလို့ သိရပါတယ်။

RFA Burmese

ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်မှုကြောင့် ကျင်းပနေသည့် ဒုရဲအုပ်လောင်း စာမေးပွဲတွင် ဦးရေ ၄၀၀၀ ကျော် ၀င်ရောက်ဖြေဆို




မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအသစ်အရ ရဲတပ်ဖွဲ့ဝင် လိုအပ်မှုကြောင့် ဒုရဲအုပ်လောင်း စာမေးပွဲ ဖြေဆိုမှုတွင် ၀င်ရောက်ဖြေဆိုသည့် ဦးရေမှာ ၄၀၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်မှုကြောင့် ဒုရဲအုပ်လောင်း စာမေးပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးများတွင် အောက်တိုဘာ ၂၆ ရက်မှ စတင်၍ ကျင်းပနေကြောင်း သိရသည်။

"အခု ဒုရဲအုပ်လောင်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုတာ အယောက် ၄၀၀၀ ကျော် ရှိပါတယ်။ အဓိကကတော့ အဲ့ဒီစာမေးပွဲမှာ ရဲတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ ဥပဒေနဲ့ ဆိုင်ရာတွေကို အဓိက မေးမြန်းတာ ဖြစ်ပါတယ်။ နောက်လမှာလည်း ဒုရဲအုပ်ကနေ ရဲအုပ်အဆင့် ရာထူးတိုး စာမေးပွဲကို ကျင်းပသွားဖို့ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ပြောကြားသည်။

ဒုရဲအုပ်လောင်း စာမေးပွဲ ဖြေဆိုမှုတွင် အသက်ကန့်သတ်ထားမှု မရှိသော်လည်း ဘွဲ့ ရရှိပြီးသူများသာ ၀င်ရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့များ၊ တပ်ဖွဲ့များ၊ ရဲလေ့ကျင့်ရေး ဌာနကြီး၊ အရန်ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ရင်းများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၌ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာယာတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ စသည့်တပ်ဖွဲ့များကိုလည်း ဖွဲ့စည်းထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။

(ရှမ်းပြည်နယ်၌ ကျင်းပသည့် ဒုရဲအုပ်လောင်း စာမေးပွဲ ဖြေဆိုနေမှုအား အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ်)
Eleven Media Group

ခုမလုပ်ပဲ နောင်ရွှေ့ခြင်းနှင့် ကွန်ပြူတာ




အောင်ခမ်း ( TSJ Team )

ရုံးမှာ အသုံးပြုနေတဲ့ ကွန်ပြူတာ တစ်လုံးက အတော်လေးကို ဟန်းနေပါပြီ။ ဟန်းတယ်၊ ဟန်းတယ်လို့ ပြောတယ်ဆိုတာ ဘယ် ပရိုဂရမ်၊ app တွေကိုဖွင့်တိုင်း၊ ဖွင့်တိုင်း ရပ်သွားလိုက်၊ မောက်စ်က လှုပ်ပေမယ့် Arrow key က ရွှေ့ မသွားပဲ ရပ်နေ။ ပြီးတော့ Not responding လို့ ပေါ်လိုက ပေါ် ဖြစ်ပါလေရော။ နောက်တော့ မရတဲ့ အဆုံး စက်ကို Power buttom အကြာကြီးနှိပ်ပြီး ပိတ်လိုက်တယ်

ပြန်ဖွင့်လိုက်တဲ့အချိန်မှာ စက်က အစောက အနေအထားထက် စာရင် သုံးလို့ ပိုကောင်းတဲ့ အနေအထား တစ်ခု ဆိုတော့ ဆက်ပြီး သုံးနေလိုက်တယ်။ နောက်နေ့လည်း အဲဒီလို ထက်ဖြစ်တော့ ထုံးစံအတိုင်း စောင့်ကြည့်လိုက်တယ်။ Respond ပြန်မလာရင် စက်ကို Power buttom ကိုအကြာကြီး နှိပ်တယ်။ ပြန်ဖွင့်တယ်။ ပြန်ကောင်းတယ်။

ဒီလိုပဲ လုပ်လာလိုက်တာ တစ်လကျော်ကြာသွားတာပေါ့။ စက်ကထူးမလာပဲ။ ဖြစ်တဲ့ အကြိမ်အရေအတွက်က တစ်ရက်ကို အနည်းဆုံး ၃ ခါ လောက်အထိ ဖြစ်တဲ့အထိပါပဲ။ Web Browser ဖွင့်တာတောင် Tab ၅ ခုထက် မဖွင့်ရဲတဲ့ အထိပါပဲ။ နောက်ဆုံးတော့ AVG နဲ့ Thread တွေကို Detect လုပ်ကြည့်လိုက်မှ Corrupted ဖြစ်နေတဲ့ file တွေပေါ်ပြီး အားလုံးကို ဖြတ်ပေးလိုက်တယ်။

Trash တွေကို Clean လိုက်တယ်။ Regiestry error တွေ ရှင်းလိုက်တယ်။ စက်က ပြန်ကောင်းသွားတယ်။

ဒီလိုပါပဲ -

လူအများစုက ( ကျနော်အပါအဝင်) ခဏတာ အဆင်ပြေမယ့် နည်းလမ်းကို ရွေးပြီး ပြဿနာကို ဖြေရှင်းလေ့ ရှိပါတယ်။ လက်တလော အဆင်ပြေရင်ပြီးရော အလွယ်လမ်းကို လိုက်ပြီး ဘယ်ပြဿနာကို မဆို ဖြေရှင်း လိုတယ်။ အဖြေကို မသိလို့ လုပ်တာက တစ်မျိုး။ အဖြေကိုသိလျက်နဲ့။ အစောက လိုဆိုရင် စက်ဟန်းတဲ့အခါ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်လို့ ဆရာလုပ်၊ စာရေးစားနေတဲ့ ကျနော်ကိုယ်တိုင်က ဘာမှမလုပ်ပဲ အမြန်နည်း သုံးတော့ ဒုက္ခရောက်တာ လနဲ့ချည်တာပေါ့။ အင်တာနက်လိုင်းမကောင်းလို့ သတင်း ရှာမရတဲ့ ကြားထဲ။ စက်ကပါ ဆုပ်တော့ တစ်နေ့လုပ်စာတွေ အတော်ပျက်တာ အမှန်ပါပဲ။

ဒါကြောင့်ကို ဘယ်အရာကိစ္စကိုမဆို တစ်နှပ်စား အဆင်ပြေမယ့် နည်းလမ်းထက် တစ်သက်စား အိုကေမယ့် soluction ကိုသာ ရှာဖွေ အသုံးပြုသင့်ကြောင့် အကြံပြု တိုက်တွန်း လိုက်ရ ပါတယ်။
TechSpace Journal

နိုင်ငံလုံးချီ အပစ်ရပ်ကြိုးပမ်းမှု အကြား မြန်မာ့တပ်မတော် နိုင်ငံတကာဇာတ်ခုံ စတက်မည်


့ပြုပြင် ပြောင်းလဲရေးကဏ္ဍ၏ ထူးခြားသော လက္ခဏာအဖြစ် မြန်မာ့တပ်မတော်မှာ နိုင်ငံတကာ စင်မြင့်သို့ ဝင်ရောက်ရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ တပ်မတော် အစိုးရလက်ထက်က မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ စသောနိုင်ငံများက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် မြန်မာ့တပ်မတော်ကို လေ့ကျင့် သင်ကြားပေးရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော်ကို နိုင်ငံတကာ ဇာတ်ခုံပေါ်သို့ ပြန်လည် တက်ရောက်နိုင်ရန် လမ်းဖွင့်ခဲ့ကြသည်။
အဆိုပါ ကမ်းလှမ်းမှုများအနက် နောက်ဆုံး ကမ်းလှမ်းမှုများမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အချို့ကမူ စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်လျက် ရှိသည်။
“အမှန်တကယ်ကတော့ မလုပ်သင့်ဘူး။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ လုပ်နေတဲ့ ခုအချိန်မှာ ဒီလိုမျိုးတွေ စစ်အင်အားနဲ့ ပတ်သက်ပြီး အရည်အသွေးကော အရည်အချင်းတွေပါ တိုးချဲ့တာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး” ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO အတွင်းရေးမှူး ဦးခွန်သောမက်စ်က ဝေဖန်သည်။
ယင်းကဲ့သို့ တပ်မတော်ကို သီးသန့် စစ်အင်အားတိုးချဲ့ရန် ကူညီခြင်းသည် တိုင်းရင်းသားအားလုံး ပါဝင်မည့် ပြည်ထောင်စု တပ်မတော်ဖြစ်ရေးကို ဆန့်ကျင်သည့်သဘော သက်ရောက်သွားနိုင်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။
ယင်းအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မစိုးရိမ်ရန် ယခင်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က မြန်မာ့တပ်မတော် အရာရှိအချို့ကို နာမည်ကျော် ဆင်းဟတ်စ် စစ်တက္ကသိုလ်တွင် လေ့ကျင့် သင်ကြားပေးခဲ့သည့် ဗြိတိန်က ဆိုလိုက်သည်။
“ဗြိတိန်မှာ ခိုင်မာအားကောင်းသော တပ်မတော် ပိုင်ဆိုင်ပါတယ်။ အဲဒီ တပ်မတော်မှာ ဒီမိုကရေစီစနစ်၏ အစိတ်အပိုင်း တစ်ရပ်လည်း အဲဒါကို မြန်မာ့တပ်မတော် အဆင့်မြင့် အရာရှိများက ထိတွေ့ နည်းယူနိုင်ဖို့ သင်တန်းပေးပို့ စီစဉ်ရခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ၏ ကိုလိုနီ အရှင်သခင်ဟောင်း ဗြိတိန်နိုင်ငံ၏ သံအမတ်ကြီးက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မစိုးရိမ်ကြရန် ရည်ရွယ် ပြောကြားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တပ်ကိစ္စ ဆွေးနွေးထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဒုတိယဥက္ကဋ္ဌ ဦးခူဦးရယ်ကမူ “ဒီကိစ္စက တရားသေပြောလို့ မရဘူး။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အဆင်မပြေဘူး ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ဖြစ်လာနိုင်တယ်။ ငြိမ်းချမ်းရေးကို ပိုမိုဝေးကွာ သွားစေနိုင်တဲ့ သက်ရောက်မှု ဖြစ်လာမယ်” ဟု သုံးသပ် ပြောကြားသည်။
“စစ်ရေးအရ ဆက်ဆံရေးတွေ မြှင့်တင်တယ်လို့ တရားသေ ပြောလို့မရဘူး။ စစ်တပ်က ဘာတွေ ဆက်ပြီးလုပ်မယ် ဆိုတာကို စောင့်ကြည့်ရမယ့် အခြေအနေပဲ” ဟု UNFC ဒုတိယဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကဘောက ဆိုလေသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချို့က မြန်မာ့တပ်မတော်ကို နိုင်ငံတကာ အသိုင်းအဝိုင်း ကူညီခြင်းကို စိုးရိမ်စိတ်ဖြင့် ကြည့်မြင်နေကြသော်လည်း မြန်မာ့တပ်မတော် လေ့ကျင့် သင်ကြားပေးရန် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ အိန္ဒိယ၊ ရုရှား၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စသည့် ဒေသတွင်းနှင့် ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံများက မြန်မာ့တပ်မတော်ကို ကူညီမည်ဟု ပြောဆိုထားသည်။
သမ္မတဦးသိန်းစိန် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ သွားစဉ်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ ဗြိတိန် ကာကွယ်ရေးဝန်ကြီး Philip Hammond တို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့က မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝ တာဝန်ယူနိုင်သော တပ်မတော် ဖြစ်လာစေရန်အတွက် ဗြိတိန် တပ်မတော်က မြန်မာ့တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ၊ စစ်ရေး လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ကမ်းလှမ်း ပြောကြားခဲ့သည်။
ထို့ပြင် ဥရောပသမဂ္ဂတွင် သြဇာကြီးသည့် ဗြိတိန် အစိုးရသည် ဥရောပသမဂ္ဂ (အီးယူ) က ပိတ်ပင်ထားသည့်ကြားမှ မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၅ သန်း (ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ စစ်ရေးနှင့် ကယ်ဆယ်ရေးကဏ္ဍသုံး လက်နက်များ တင်သွင်းခွင့် လိုင်စင်ကို ပေးအပ်ကြောင်း ဗြိတိန်က ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အလားတူပင် တစ်ဦးတည်းသော ကမ္ဘာ့ မဟာအင်အားကြီး နိုင်ငံနှင့် စစ်အင်အား အကြီးဆုံး ခေတ်အမီဆုံး တပ်မတော် ပိုင်ဆိုင်ထားသည့် အမေရိကန် ပြည်ထောင်စုက ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံ တပ်မတော်ကို ပဋိပက္ခ ကိုင်တွယ် ဖြေရှင်းရေးအတွက် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
မြန်မာ့တပ်မတော်ကို ခေတ်မီကျွမ်းကျင် တပ်မတော် ဖြစ်စေရေးအတွက် အမေရိကန် တပ်မတော်က လေ့ကျင့်သင်တန်းများ ပေးအပ်သွားမည် ဖြစ်ပြီး လက်နက်ခဲယမ်းများဖြင့် လေ့ကျင့်ပေးမည့် သင်တန်း မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားထားသည်။
မြန်မာနိုင်ငံကို စစ်ရေး၊ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ခဲ့သော စစ်အင်အားကြီး နိုင်ငံများက မြန်မာနိုင်ငံ စစ်ရေးဆိုင်ရာ အကူအညီများ ပြန်လည် ပေးအပ်မည်ဟု ဆိုနေချိန်တွင် နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ပိုမိုပူးပေါင်းနိုင်ရေး သဘောတူညီချက် ရရှိရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ် အစရှိသည့် နိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။
ယခုလအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်တွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရန်နှင့် မြန်မာ-တရုတ် တပ်မတော်နှစ်ရပ် ပူးပေါင်းမှု မြှင့်တင်ရေး တရုတ်ပြည်သူ့တပ်မတော် စစ်ဦးစီးချုပ် General Fang Fenghui နှင့် လက်မှတ် ရေးထိုးခဲ့ကြသည်။
အဆိုပါ သဘောတူညီချက် များအရ နှစ်နိုင်ငံ တပ်မတော်များ ပူးတွဲလေ့ကျင့်ရေးနှင့် မြန်မာ့တပ်မတော် အရာရှိများကို တရုတ်နိုင်ငံသို့ စက်ဘက်ဆိုင်ရာ သင်တန်းများ စေလွှတ်တက်ရောက်ရန် စသည့် အချက်များ ပါဝင်ကြောင်း တရုတ်နိုင်ငံ People’s Daily သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းအချက်များတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် မြန်မာအစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့များ မထားရှိရန်လည်း သဘောတူခဲ့သည်ဟု ယင်းသတင်းစာ ဖော်ပြချက်အရ သိရှိရသည်။
လက်နက်ကိုင် တပ်ဖွဲ့များအနက် ကေအိုင်အေနှင့် ဝ လက်နက်ကိုင် တပ်ဖွဲ့တို့သည် တရုတ်နိုင်ငံနှင့် တိုက်ရိုက် ထိစပ်နေသည့်အတွက် တရုတ်၏ သဘောတူညီမှု မရှိလျှင် ရပ်တည်ရေး ခက်ခဲနိုင်ပြီး တရုတ်၏ မှောက်ထားသော ဖဲချပ်များ ဖြစ်လာနိုင်သည်ဟု တရုတ်ရေးရာ သုတေသီအချို့က သုံးသပ်ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ကျယ်ပြန့်စွာ ထိစပ်လျက်ရှိသော အိန္ဒိယနိုင်ငံကလည်း မြန်မာနယ်စပ် တစ်လျှောက်ရှိ ၁၉၆၄ ခုနှစ်မှစတင်၍ ခြေကုပ်ယူထားသော အိန္ဒိယအစိုးရ ဆန့်ကျင် သောင်းကျန်းသူများကို မြန်မာနိုင်ငံတွင် လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန်အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာအေကေအန်တိုနီက ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းခဲ့သည်။
နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ရန်နှင့် သောင်းကျန်းသူများ၏ အကြမ်းဖက်မှုများကို တန်ပြန်ချေပမည့် ဗျူဟာများနှင့် ပတ်သက်သည့် အိန္ဒိယ-မြန်မာနယ်စပ် ဒေသနှစ်နိုင်ငံ ဆွေးနွေးပွဲကို ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ အိန္ဒိယနိုင်ငံ အင်ဖာမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ယခုနှစ် ဇူလိုင်လကုန်ပိုင်းက အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာရေတပ်မှ တပ်မတော် အရာရှိများကို အိန္ဒိယ တပ်မတော်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန်နှင့် ကမ်းလွန်ပင်လယ် ကင်းလှည့် သင်္ဘောများ ဆောက်လုပ်ရေးအတွက် အကူအညီပေးရန် အိန္ဒိယ တပ်မတော်က သဘောတူညီထားသည်။
ထိုအတူ မြန်မာနိုင်ငံနှင့် တပ်မတော် အစိုးရ လက်ထက်ကတည်းက စစ်ရေးအရ ဆက်ဆံမှုများ ရှိခဲ့သော ရုရှားနိုင်ငံသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် စက်တင်ဘာလအတွင်း သွားရောက်ခဲ့ပြီး ရုရှား ကာကွယ်ရေးဝန်ကြီး Sergry K Schoigu နှင့် တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ရုရှားနိုင်ငံမှ စစ်ဘက်ဆိုင်ရာ နည်းပညာများ ရယူရန်နှင့် ရုရှားနိုင်ငံတွင် မြန်မာကျောင်းသားများ စစ်ပညာ သင်ကြားခွင့် ရရှိရေးအတွက် ပညာသင်ဆုများ ပေးရန် သဘောတူညီထားသည်။
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မကြာမီ လပိုင်းအတွင်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမည်ဟု ဆိုထားရာ မြန်မာတပ်မတော်၏ ကမ္ဘာဆန့် ခြေလှမ်းအပေါ် စိုးရိမ်သူများ ရှိသလို အကောင်းမြင်သူများလည်း ရှိသည်။
မြန်မာ့တပ်မတော် ဆက်ဆံရေး ခြေလှမ်းတိုးခြင်းမှာ ဖြစ်သင့်သည်ဟု မြင်သူမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကျိုးဆောင် ပေးနေသူ ဦးလမိုင်ဂွန်ဂျာ ဖြစ်သည်။
“သူတို့လုပ်သင့်တာကို လုပ်တယ်လို့ ပဲထင်ပါတယ်။ နိုင်ငံတော်မှာ လိုအပ်နေတဲ့ စစ်ရေး မြှင့်တင်ရေးအတွက် လုပ်တယ်ပဲပြောပြော ဒါဟာ နိုင်ငံတော် အကြီးအကဲတွေ လုပ်တာပဲလေ၊ ဘာအတွက်ပဲလုပ်လုပ် ငြိမ်းချမ်းရေးကို မထိခိုက်နိုင်ပါဘူး” ဟု ၎င်းကဆိုသည်။
ယင်းသို့ နိုင်ငံတကာ တပ်မတော် အသိုင်းအဝိုင်းက မြန်မာ့တပ်မတော်ကို ခေတ်မီ တပ်မတော် ဖြစ်ရေးအတွက် အကူအညီ ပေးခြင်းသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မထိခိုက်နိုင်ကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၇) မှ ဗိုလ်မှူးဇော်ရှိုးက ပြောကြားသည်။
“သူတို့စစ်ရေး ပူးပေါင်းတာက ပြည်တွင်းစစ်ကို တိုးလာမယ်လို့ မယူဆပါဘူး” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် စစ်ရေးအင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားတွင် တည်ရှိနေသည့်အတွက် တပ်မတော် အရည်အသွေးကို မြှင့်တင်ခြင်းနှင့် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ခေတ်မီတပ်မတော် ဖြစ်ရေး အတွက် အကူအညီများ ပေးခြင်းသည် လက်နက်ကိုင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် အန္တရာယ်ဖြစ်မည် မဟုတ်ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ဒုတိယဥက္ကဋ္ဌ ဦးခူဦးရယ်က ထောက်ပြသည်။
မြန်မာ့တပ်မတော်ကို ခေတ်မီအောင် နိုင်ငံတကာက ထိတွေ့ဆက်ဆံ လာချိန်တွင် မြန်မာနိုင်ငံ တည်ရှိသည့် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံအချင်းချင်း တင်းမာမှုများ မြင့်မားကာ၊ စစ်အသုံးစရိတ် ကြောက်ခမန်းလိလိ မြင့်တက်လာပြီး ကမ္ဘာ့စစ်လက်နက် ကုန်သွယ်ရေးကို မီးထိုးပေးနေသည်ဟု ကမ္ဘာ့စစ် အသုံးစရိတ်များ သုတေသန၊ The Balance of Trade က ဖော်ပြထားသည်။
The Voice သတင်းအဖွဲ့