နွေရာသီသည် ကိုယ်အလေးချိန် လျှော့ချရန် အကောင်းဆုံးအချိန်




ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက် နွေရာသီ အချိန်က အကောင်းဆုံး အချိန်ဖြစ်တယ်လို့ နယူးဒေလီ လေ့လာမှုဆိုင်ရာ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ နွေရာသီဟာ လူတွေရဲ့ အစာစားတဲ့ အလေ့အထကို အလိုအလျောက် ပြောင်းလဲ စေတာကြောင့် ဖြစ်တယ်လို့ အာဟာရ ပညာရှင် ဆာမာဒါးက ဆိုပါတယ်..

''နွေရာသီဟာ ဆောင်းရာသီနဲ့ ယှဉ်ရင် ကိုယ်အလေးချိန်ကို လွယ်လွယ် လျှော့ချနိုင်ပါတယ်။ အကြောင်းကတော့ ဒီရာသီမှာ လေ့ကျင့်ခန်းကို ပိုလုပ်နိုင်ကြပြီး အစားအသောက်ကို အလွန်အမင်း မစား ဖြစ်စေတဲ့ အပြင် ခန္ဓာကိုယ်တွင်း စနစ်တွေ နှေးကွေးပြီး အရည်ကိုပဲ များများ သောက်သုံး ဖြစ်လို့ပါ။ ဒီအချက်တွေ အားလုံးက ကိုယ်အလေးချိန်ကို အဓိက လျော့ကျစေတဲ့ အချက်တွေ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် လျော့ကျဖို့ လုပ်သင့်တဲ့ ပထမဆုံးအဆင့်က နံနက်စောစောမှာ နံနက်စာစားဖို့၊ နေ့လယ်စာနဲ့ ညစာမစားခင် အဆာပြေ သရေစာ စားပေးဖို့ လိုအပ်ပါတယ်။ နံနက်စောစောမှာ ပျားရည်အနည်းငယ် ထည့်ထားတဲ့ ရေနွေးတစ်ဖန်ခွက်ကို သောက်ပေးရမှာ ဖြစ်ပါတယ်။

ပြီးရင် အခွံမာတဲ့ အစေ့အဆန် နှစ်စေ့၊ သုံးစေ့ စားပြီးမှ နံနက်စာကို အာဟာရ ပြည့်ပြည့်၀၀ ရအောင်စားပါ။ အချိန်နှစ်နာရီ ကြာတဲ့အခါ သစ်သီးစားပြီးမှ နေ့လယ်စာစားပါ။

ညစာအနေနဲ့ ဟင်းသီးဟင်းရွက် စွပ်ပြုတ်၊ သစ်သီးစတာ တွေကိုပဲ စားပေးပါ။ တကယ်လို့ ညအိပ်ရာမ၀င်ခင် ဗိုက်ဆာနေရင် နွားနို့ ပူပူ တစ်ဖန်ခွက် သောက်ပေး နိုင်ပါတယ်''လို့ ဆာမာဒါးက ရှင်းပြပါတယ်။ သစ်သီးစားတာက ကယ်လိုရီ လျော့ကျ စေပေမယ့် ဖရဲသီး၊ လိမ္မော်သီးစတဲ့ ကယ်လိုရီ ပါဝင်မှုနည်းတဲ့ သစ်သီးတွေကို အဓိက စားသင့်ပါတယ်။

အစာမစားခင် မိနစ် ၄၀ အလိုနဲ့ အစာစားပြီးမိနစ် ၄၀ အကြာမှာ သစ်သီး စားပေးပါ။ အဆီအပြည့် ပါတဲ့ နွားနို့၊ ဆီကြော်စာ၊ သကြား၊ သကြားပါတဲ့မုန့်၊ အဖြူရောင် ပေါင်မုန့် စတာတွေကို ရှောင်ရပါမယ်။

ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက် ရေနွေးပူပူကို သောက်သင့်ပါတယ်။ ရေနွေး သောက်တာက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ချောမွေ့ စေတာကြောင့်ပါ။ ''ပျားရည်နဲ့ လီမွန်သီး ထည့်ထားတဲ့ ရေနွေးပူပူကို သောက်တာက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို မြန်စေပြီး ခန္ဓာကိုယ်မှ အဆိပ်တွေ ထွက်ရှိစေတာကြောင့် ကိုယ်အလေးချိန် လျော့ကျ စေပါတယ်''လို့ ဆာမားဒါးက ရှင်းပြပါတယ်။

credit to နှင်းဆီဖူးလေးများ-Love BUDS

လန်းဆန်းဖို့ ကော်ဖီသောက်ရင် နံနက်ပိုင်း မှတ်ဥာဏ်တွေ ထိခိုက်နိုင်စေပါသလား




မေး။ ။ဆရာခင်ဗျား။ ကျွန်တော်တို့ သူငယ်ချင်း တစ်စုဟာ စာမေးပွဲနီးတိုင်း အုပ်စုဖွဲ့ စာကျက်လေ့ ရှိကြရာမှာ တစ်ညလုံး မအိပ်တမ်း စာကျက်လိုဇောနဲ့ ကော်ဖီလည်း သောက်ြက ပါတယ် ဆရာ။ ပြီးခဲ့တဲ့ ရက်ကတော့ စာကျက်ရင်း သူငယ်ချင်း တစ်ယောက် ကော်ဖီ သောက်ရင်း ညမအိပ်တမ်း စာကျက်တာဟာ စာကျက် နေတုန်းကတော့ လန်းဆန်း နေပေမယ့် နံနက်ပိုင်း စာမေးပွဲခန်းလဲ ဝင်ရော စာတွေမေ့သွားတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဒီလိုဖြစ်ပါတယ် ဆရာ။ ဒါဟာ ကော်ဖီကြောင့်ပလား။ ညပိုင်း လန်းဆန်းဖို့ ကော်ဖီသောက်ရင် နံနက်ပိုင်း မှတ်ဥာဏ်တွေ ထိခိုက်နိုင်စေပါသလား။

မောင်သားထူး (ပန်းဆိုးတန်း)

ဖြေ။ ။ကော်ဖီမှာ ကဖင်းဓာတ် ပါဝင်လို့ လူကိုလန်းဆန်း စေတာ အမှန်ပါပဲ။ ကော်ဖီအကြောင်း ပြောရရင် ပထမဆုံး လူ့ဦးနှောက်ထဲက Adenosine ဆိုတဲ့ ဟော်မုန်း အကြောင်းပါပဲ။ သူက လူတွေ အနားယူဖို့ လှုံ့ဆော်ပေးတဲ့ ဟော်မုန်းပါ။ တစ်နေကုန် အလုပ်လုပ်ပြီး ညရောက်တာနဲ့ ငိုက်မျဉ်းလာစေတာ ဒီဟော်မုန်း ကြောင့်ပါ။

ဒီဟော်မုန်းများရင် လူက အိပ်ငိုက် လာပါမယ်။ ကော်ဖီမှ ကဖင်းက အဆိုပါ ဟော်မုန်းကို တိုက်ခိုက်ပါတယ်။ ဒါကြောင့် ကော်ဖီ သောက်လိုက်ရင် မအိပ်ချင်တော့ တာပါ။ ကျောင်းသား လူငယ် အများစုကတော့ ညကော်ဖီ သောက်ရင်း စာကျက်ပြီး နံနက် စာမေးပွဲခန်း ဝင်တာက အစဉ်အလာ ဖြစ်နေပါပြီ။ တကယ်တမ်း ကျတော့ ကော်ဖီသောက်ရင်း ဦးနှောက်ပန်းအောင် တစ်ညတာလုံး ခိုင်းလိုက်တာက နောက်နေ့နံနက်မှာ မလန်းဆန်း စေတော့ပါဘူး။ ကော်ဖီက ပါတဲ့ ကဖင်းဓာတ်ကြောင့် မအိပ်ချင် တော့ပေမယ့် ဦးနှာက်ဟာ နားရမယ့် အချိန်မှာ အနား မရဘဲ ဖိစီးနေလို့ ဦးနှောက်ဝန်ပိ လာပါတယ်။ ဒီအခါကျ နံနက်ပိုင်း စာမေးပွဲခန်း ဝင်ချိန်မှာ ဦးနှောက်ရဲ့ စွမ်းရည်ဟာ သာမန်ထက် လျော့နည်းနိုင်ပါတယ်။ ဒီအခါမှာ ကျက်ပြီးသား စာတွေ မေ့လျော့ခြင်း ဖြစ်လာပါတယ်။ ဒါကြောင့် ကော်ဖီသောက်လျှင် နေ့လယ်ပိုင်းနဲ့ ညဦးပိုင်းသာ သောက်သင့်ကြောင်း၊ ညဥ့်နက်ပိုင်း မသောက်သင့်ကြောင်း အကြံပြုလိုက် ပါရစေ။ မောင်သားထူးတို့ အနေနဲ့ တစ်နှစ်တာ စာတွေကို လွယ်လွယ်ရှင်းရှင်း မှတ်သား ထားပြီး စာမေးပွဲ ဖြေရမယ့် ညမှာ အိပ်ချိန် ၆ နာရီခန့် ပေးခြင်းဖြင့် စာမေးပွဲကို တည်ငြိမ်စွာ ဖြတ်ကျော် သင့်ကြောင်းပါ။ ။

မြ၀တီ

ဇွန်လတွင် ပူပြင်းသည့် အယ်နီညို ဖြစ်နိုင်ဟု ခန့်မှန်း




နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ ။ ။ ယခု ၂ဝ၁၄ ခုနှစ် လာမည့် ဇွန်လအတွင်းတွင် ပူပြင်းသည့် အယ်နီညို ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မတ်လ ၃ရက်တွင် မဇ္ဈိမကိုပြောသည်။

ယင်းအပြင် ယခုနှစ် နွေရာသီသည် ပုံမှန်ထက် ပူပြင်းမည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံတောင်ပိုင်းတွင် ပုံမှန် အပူချိန် အောက်ရောက်ရှိမည်ဟုခန့်မှန်းထားသည်။

ဒေါက်တာထွန်းလွင် “ဒီနှစ် အယ်နီညို ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားတယ်။ ဇွန်လလောက် ဖြစ်လာနိုင်တယ်”ဟု ပြောသည်။

အယ်နီညို ဖြစ်ပေါ်ပါက မုတ်သုံ မိုးနည်းခြင်း၊ သာမန်ထက် အပူချိန် လွန်ကဲခြင်း၊ ရေခန်းခြောက်ခြင်းများ ဖြစ်ပေါ်နိုင်ခြင်းဖြစ်သည်။ အယ်နီညို ရာသီဥတု ဖြစ်ပေါ်မှုကို ပင်လယ်ပြင်ရေမျက်နှာပြင်ပေါ်ရှိ အပူချိန်မှတဆင့်
တိုင်းတာတွက်ချက်ရပြီး ပုံမုန်ထက် ဝ.၅ စင်တီဂရိတ် ပိုပါက အယ်နီညို ဖြစ်ပေါ်ကာ ဝ.၉ ဆိုပါက အားကောင်း သည့် အဆင့်သို့ ရောက်ရှိလာမည်ဖြစ်သည်။

အပူချိန် မြင့်တက်ခြင်းနှင့် ပတ်သက်ပြီး “ ကလေးသူငယ်နဲ့ အသက်ကြီးသူတွေ သတိထားသင့်တယ်။ အထူးသဖြင့် ဧပြီလမှာ ပိုသတိထားဖို့ကောင်းတယ်”ဟု လည်း ဦးထွန်းလွင်က ဆိုသည်။

လက်ရှိ ရာသီဥတုအအခြေအနေသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အပူချိန် ၄ဝဒီဂရီစင်တီဂရိတ်ခန့်ရှိနေပြီး ကျန်သည့်ဒေသများတွင် စပြီးပူစပြုနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်နှင့် ၂ဝဝ၈ ခုနှစ်တွင် အလွန်ဆိုးရွားသည့် အယ်နီညိုဖြစ်ပေါ်ခဲ့ဖူးသည်။

မတ်လ ၃ရက်တွင် နေ့အပူချိန်ခန့်မှန်းချက်မှာ မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီး တို့တွင် 37°C - 38°C ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် နေ့အပူချိန်များဟာ 35°C - 36°C ခန့်၊ နေပြည်တော်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ အရှေ့ပိုင်းတို့တွင် 30°C - 34°C ခန့်၊ ကျန်ပြည်နယ် နဲ့ တိုင်း တို့တွင် 25°C - 29°C ခန့် ရှိနိုင်သည်။

Mizzima - News in Burmese

Photo Comment ကို အလွယ်ကူဆုံးလုပ်နိုင်တဲ့ Software.Apk




Android Phone ရဲ့ Facebook မှာ Photo Comment တွေအလွယ်တကူပေးလို့ရလာပြီဆိုတော့
Photo Comment အလွယ်လုပ်လို့ရမဲ့ Software လည်းလိုလာပါပြီ ဒီ Picsay ဆိုတဲ့ Software ကတော့ Photo Comment ကို အလွယ်ကူဆုံးလုပ်နိုင်ပြီး Photo တွေကိုပါစိတ်ကြိုက်ပြုပြင်လို့ရပါတယ်

ဘော်ဒါတွေတောင်းကြလွန်းလို့ပါ.. Android Apk ပါ...
Download => Solidfiles / Miloshare
Credit => ၀င်းကမ္ဘာကျော်


မိန်းကလေးများ ရှောင်ကြဉ်ရမဲ့ ချစ်သူယောကျာ်းလေးများ အားပြောရမဲ့ စကားလေးခွန်း




၁) အရင်ရည်စားနဲ့ဘာကွာလဲ
မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူရဲ့ အရင်ရည်းစားအကြောင်းကို စိတ်ဝင်စားတတ်ကြပြီး သူမနဲ့ကိုယ်နဲ့ဘာကွာခြားချက် ရှိသလဲဆိုတာကို အမြဲလိုလို တိုင်းတာပြီး မေးမြန်းမေးတတ်ကြပါတယ်။ ဒီမေးခွန်းမေးလိုက်တဲ့အတွက် ကိုယ့်ချစ်သူက တော့ ပြန်ဖြေမှာပဲ မင်းကသာတာပေါ့ကွာ ဘာညာပေါ့။ တကယ်တမ်းလည်း မိန်းကလေးတွေက ဒီအဖြေပဲလိုချင်ကြတာပါပဲ။ အရင်ရည်းစားက ပိုသာပါတယ် သူ့ကို ပိုချစ်ခဲ့တာလို့ ဖြေမဲ့ငတိတော့ ရှိမယ်မထင်ပါဘူးနော်။

တကယ်တမ်း လိမ်မာပါးနပ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူရဲ့ အတိတ်ကို ပြန်လည်တူးဆွပြီး သူရဲ့ အရင်ရည်းစားနဲ့သွားခဲ့လာခဲ့ ချိုမြိန်ခဲ့တဲ့ နောက်ကြောင်းကို ပြန်လည် စဉ်းစားစေမှာ မဟုတ်ပဲ လက်ရှိဘ၀ကို အကောင်းဆုံးဖန်တီးပြီး အရင်တစ်ယောက်ထက်သာအောင်သာ ကြိုးစားသွားပါလိမ့်မယ်။

၂) ဘာမှကိုမပြောချင်တော့ဘူး
ချစ်သူခြင်း ရန်တွေဖြစ်လို့ ၊ စိတ်ကောက်ကြလို့ ကိုယ့်ချစ်သူကို တော်ပြီ ဘာမှကို ပြောချင်စိတ်မရှိတော့ဘူး ဆိုတဲ့ စကားတစ်ခွန်းဟာ ဘာကိုဖေါ်ပြသလဲဆိုတော့ ကိုယ်ကကိုယ့်ချစ်သူပေါ် စိတ်ကုန်နေပြီ၊ ဘယ်လိုမှဆက်တွဲ လို့မရတော့ပဲ လမ်းဆုံးရောက်နေလို့ လမ်းခွဲရမဲ့အနေထားရောက်နေပြီလို့ ထင်သွားစေပါတယ်။ ဒီစကားတစ်ခွန်းလေးဟာ ပြဿနာကို ဖြေရှုင်းရာ မရောက်ဘဲ ပိုမိုဆိုးရွားမဲ့ အခြေအနေတစ်ခုကို သာ တွန်းပို့လိုက်စေမှာဖြစ်ပါတယ်။

၃) အရမ်းများရုပ်ဆိုးနေသလား
မိန်းကလေးတွေ တော်တော်များများဟာ ကိုယ့်ချစ်သူရဲ့ ပါးစပ်ဖျားကနေ အရမ်းလှတာပဲကွာ ဆိုတဲ့ ချီးကျူးစကားကို လိုချင်ကြလို့ ကိုယ်ကတော့ တော်တော်ရုပ်ဆိုးနေပြီနော်၊ သူများလောက် မလှတော့ဘူးနော် ဆိုပြီး ချစ်သူဆီက ချိုမြိန်တဲ့ ချီးကျူးသံကြားရဖို့ အတွက် ထပ်ခါထပ်ခါ မိမိကိုယ်ကို မလှကြောင်းအရင်ပြောပြီး နှိုက်ယူလေ့ရှိကြပါတယ်။

ဒါပေမဲ့ ဒီလို မကြာခဏပြောလိုက်တဲ့အတွက် ပြောဖန်များတော့ ကိုယ့်ချစ်သူရဲ့ အမြင်မှာ ကိုယ်ဟာ ကြာလာရင် ကိုယ့်ရဲ့စကားအတိုင်း မလှဘူးလို့ မြင်လာပါလိမ့်ယ်။

၎) သူများရည်းစားတွေဆိုရင်
သူများရည်းစားတွေကြည့်စမ်း ဘယ်လိုလုပ်ပေးတာ ။ ဘယ်လိုချစ်တာ အစရှိသဖြင့် အမြဲလိုလို မိန်းကလေးတွေက တိုင်းတာလေ့ရှိကြပါတယ်။ ဘယ်လိုဖြည့်ဖြည့် မပြည့်တဲ့အိုးတွေလိုပေါ့။ သူများကောင်လေးတွေ ကောင်မလေးပေါ် ပြုမှုတာတွေပဲမြင်ကြပါတယ်။ တကယ်တမ်းသူတို့နောက်ကွယ်မှာ ဘယ်လို ပြဿနာတွေရှိတာကိုတော့ မဆန်းစစ်ပါဘူး ။
အပေါ်ယံလေးတွေကြည့်ပြီး ကိုယ့်ချစ်သူကို စိတ်ဆိုးတိုင်း စကားနာ ထိုးလေ့ရှိပါတယ်။

တကယ်လို့ ဒီလောက်တောင် သူလိုလူမျိုးကို အားကျတယ်ဆိုရင် သူ့သွားကြိုက်ပါလားဆိုရင် ကိုယ်လည်းစိတ်မကောင်းဖြစ်ရပါတယ်။
တကယ်တမ်း သင်ဟာ ပါးနပ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ယောကျာ်းတွေဟာ သူတို့ကို တခြားယောကျာ်းတွေနဲ့ ယှဉ်ပြီးပြောတာကို လုံးဝမကြိုက်တာကို သိထားရင် သူတို့မကြိုက်တဲ့ ဒီလိုစကားမျိုးကို ရှောင်ကြဉ်ပြီး အကောင်းမွန်ဆုံး လျှောက်လှမ်းရမဲ့ လမ်းတွေကို ခင်းကျင်းသွားပါလိမ့်မယ်။

ကဲ ဒီနေ့ကစပြီး မိမိတို့ချစ်ခင်တဲ့သူနဲ့ ငြိမ်းချမ်းစွာ လက်တွဲသွားနိုင်ပါစေလို့ မနုဿ မှ ရှောင်ကြဉ်ရမဲ့စကားလေးကိုတွေ လက်ဆောင်ပေးရင်း ဆုတောင်းလိုက်ပါတယ်နော်။

မနုဿ ရဲ့ စာမျက်နှာလေးများ

ဧရာဝတီနှင့် ချင်းတွင်းမြစ် ရေထု ညစ်ညမ်းမှု အန္တရာယ်ရှိ အဆင့်သို့ရောက်


ရန်ကုန်၊ မတ်၂

မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများတွင် အပါအဝင် ဖြစ်သော ဧရာဝတီနှင့် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်တွင် ရွှေတူးဖော်သည့် လုပ်ငန်းများနှင့် စက်ရုံများကြောင့် ရေထုညစ်ညမ်းမှု အခြေအနေမှာ အန္တရာယ်ရှိ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရေသုတေသန ဆိုင်ရာ လေ့လာရေး ပညာရှင်များက ပြောကြားသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် မြို့ကြီးများရှိ ရေအရည်အသွေး တိုင်းတာသည့် စခန်း ၇၄ ခုမှ ရေနမူနာများကို စစ်ဆေးရာ ရေထုအတွင်း နိုက်ထရိတ်ဓာတ်နှင့် အခြားသော ဓာတ်အချို့ ပါဝင်မှု မြင့်ကာ ရေအရည်အသွေး ကျဆင်းပြီး လူနှင့် ငါး သယံဇာတများ အတွက် အန္တရာယ် ရှိနိုင်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ရေအရည်အသွေး ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု လေ့လာခြင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ မြစ်ချောင်းများ အတွင်း ရေဆိုးများ စည်းကမ်းမဲ့ စွန့်ထုတ် နေခြင်းကြောင့် ရေထု ညစ်ညမ်းနေခြင်းကို လျှော့ချနိုင်ရန် အတွက် စက်ရုံ အလုပ်ရုံများကို ကြပ်မတ် စစ်ဆေးကာ စနစ်တကျ ဆောင်ရွက်ခြင်း မရှိသည့် စက်ရုံများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေပါ အချက်အလက်များ အတိုင်း အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ပြောကြားသည်။

ရွှေတူးဖော်ရေး လုပ်ငန်းများမှ ဓာတုပစ္စည်း အဆိပ်သင့်မှု များနှင့် စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ် ရေဆိုးများကြောင့် ဧရာဝတီမြစ် တစ်လျှောက် ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်နေရာ ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် အတွက် သုံးစွဲရန် မသင့်လျော်တော့ကြောင်း စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက သုံးသပ် ပြောဆိုသည်။
The Voice Weekly


မိုးလင်းလင်းချင်းလုပ်တတ်တဲ့ ဒီအကျင့်(၃)ခုက သင့်တနေ့တာကို ပျက်စီးစေနိုင်



ထက်ဆု on 2014-03-03 16:33သင့်တစ်နေ့တာရဲ့အစကို ပျက်စီးစေနိုင်တဲ့ အချက်တွေကတော့ အများကြီးပေါ့။ အလျင်လိုနေကာမှ လမ်းမှာ ကားပိတ်မိနေတာမျိုး၊ မိုးဖွားလေးတွေ ကျလာမှ ထီးမေ့ကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင် တမင် ဖန်တီးယူလိုက်ပြီး သတိမထားမိလိုက်တဲ့ ဒီအချက်လေးတွေ ကလည်း သင့်ရဲ့ စွမ်းအားအပြည့်ရှိတဲ့ နေ့တစ်နေ့ကို အစမှာတင် ဖျက်ဆီးလိုက်နိုင်ပါတယ်တဲ့။ လေ့လာကြည့် ရအောင်။
(၁)     မနက်အစောကြီးမှာ ကော်ဖီသောက်ခြင်း။
          မနက်မိုးမလင်းခင် အစောကြီးဆိုတာ ကော်ဖီအတွက် အချိန်ကောင်းတစ်ခု မဟုတ်ပါဘူး။ သင် ပထမဦးဆုံး နိုးနိုးလာချင်းမှာ သင့်ရဲ့ စွမ်းအားအခြေအနေတွေ မြင့်တက်နေပါတယ်။ ဒီအခါ ကော်ဖီမှာ ပါတဲ့ အပိုသကြားဓါတ်တွေက သင့်ကို ကတုန်ကယင်ဖြစ်ကျန်စေခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကိုတော့ Maryland မှာရှိတဲ့ Uniformed Services University မှာရှိတဲ့ ကျန်းမာရေးသိပ္ပံဌာနမှ Ph.D Steven Miller က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ကော်ဖီကို သင်အိပ်ရာထပြီးလို့ တစ်နာရီလောက်အကြာမှသာ သောက်သုံးသင့်ပါတယ်။ ဒီအခါမှာ သင့်ရဲ့ စွမ်းအင်တွေက အနည်းငယ် ပြန်လည်တည်ငြိမ်နေပြီဖြစ်လို့ ကော်ဖီက ဒီစွမ်းအင်တွေကို ညနေခင်းတိုင်အောင် ထိန်းသိမ်းထားပေးပါလိမ့်မယ်။
(၂)     မနက်စာ အလွန်နည်းပါးခြင်း။
          ဘယ်ရီသီးလက်တဆုပ်ကို ဖျော်စက်ထဲထည့်ကြိတ်လို့ ဒိန်ချဉ်တစ်ခွက်နဲ့ ရောသောက်လိုက်တယ် ဆိုတာ ကြားရတာ ကောင်းသလိုရှိပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ပြည့်စုံတဲ့ မနက်ခင်းစာ တခွက်မဟုတ်ပါဘူး။ မလုံလောက်တဲ့ မနက်စာက သင့်ကို ညနေခင်းမှာ ဗိုက်ကားအောင် အစားအများကြီး စားဖြစ်စေပါလိမ့်မယ်။ ပြီးတော့လည်း သင့်ကို အဟာရမလုံလောက်စေရုံသာမက နေ့လည်စာ မတိုင်ခင်အထိ အစာစားချင်စိတ် ပျောက်ဆုံးနေစေတတ်ပါတယ်။ မနက်စာမှာ အနည်းဆုံး ပရိုတိန်းဓါတ် (၁၅)ဂရမ် ၊ အမျှင်ဓါတ် (၂.၅ )ဂရမ်၊ ကာဗွန်ဟိုက်ဒရိတ် အနည်းငယ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီပမာဏ အနည်းငယ်လည်း ပါဝင်ရပါမယ်လို့ ဆေးပညာရှင်တွေက ဖော်ပြထားပါတယ်။
(၃)     သင့်ရဲ့ E-mail ကို အရင်ဆုံးစစ်မိခြင်း။
          ဒါကလည်း မပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။ အိပ်ရာထထချင်း သင့်ရဲ့မေးလ်ကို စစ်လိုက်တဲ့ မျက်လုံးတွေက တစ်နေ့တာလုံးအတွက် ဖိအားတွေကို အစပြုပေးလိုက်သလို ဖြစ်စေပါတယ်လို့ Ph.D Melissa McCreery က ပြောပါတယ်။ ဆိုလိုတာက မနက်ထထချင်းမှာ မေးလ်စစ်လိုက်လို့ ဖြစ်သွားမယ့် အလုပ်နဲ့ပတ်သက်တဲ့ ဖိအားတွေကို အရင်မယူသင့်ပါဘူး။ ကြည်လင်တဲ့စိတ်နဲ့ သင့်တစ်နေ့တာရဲ့ မနက်ခင်းကို အရင်စတင်သင့်ပါတယ်။ လေ့ကျင့်ခန်းအနည်းငယ်လုပ်မယ် ၊ မနက်စာ ကောင်းကောင်းစားမယ်၊ အိမ်သားတွေနဲ့ စကားစမြည်ပြောမယ် ဒါတွေလုပ်ပြီးမှ အလုပ်အကြောင်းကို ခေါင်းထဲ ထည့်သင့်ပါတယ်။ ဒီအချက်က သင့်ကို အလုပ်ထဲရောက်တဲ့အထိ စိတ်ကြည်လင်သွားစေနိုင်ဖို့ အစပြုပေးလိုက်တာပါပဲ။
          ဒီတော့ သတိမပြုမိတဲ့ ဒီအချက်လေးတွေ သင့်မှာ အလေ့အကျင့်ဖြစ်နေတယ်ဆိုရင်တော့ ပြင်သင့်ပါပြီ။  ခွန်အားအပြည့်နဲ့ လန်းဆန်းတဲ့ မနက်ခင်းလေးတစ်ခုကို အစပြုနိုင်မှသာ တစ်နေ့တာလုံး အောင်မြင် ချောမွေ့စွာ ဖြတ်သန်းနိုင်မှာပါလို့ အကြံပြုလိုက်ပါရစေ။
Ref:womenhealthmag.com
Trend Myanmar

အော်စကာဆုပေးပွဲတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်ဟု ဂျူလီဒယ်လ်ပီပြော


ဟောလိဝုဒ်၊ မတ် ၂

ပြင်သစ်-အမေရိကန် အမျိုးသမီး သရုပ်ဆောင် ဂျူလီဒယ်လ်ပီက အော်စကာဆု ရွေးချယ်ရေး ကော်မတီအတွင်းမှာ လာဘ်ပေး၊ လာဘ်ယူမှုတွေ ရှိနေတယ်လို့ စွပ်စွဲ ပြောကြားလိုက်ကြောင်း contactmusic.com မှာ ဖော်ပြထားပါတယ်။

ဇာတ်ညွှန်းရေး ဆရာမ တစ်ယောက်လည်းဖြစ်တဲ့ ဂျူလီဒယ်လ်ပီဟာ လက်ရှိအချိန်ထိ ဟောလိဝုဒ် ရုပ်ရှင်လောကမှာ အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံမှုတွေ ရှိနေသေးတာကို မချင့်မရဲ ဖြစ်မိကြောင်းနဲ့၊ အော်စကာ ဆုရွေးချယ်ရေး ကော်မတီမှာ ပါဝင်တဲ့ အဘိုးကြီးတွေဟာ တံစိုးလက်ဆောင်တွေ လက်ခံရယူပြီး ဘက်လိုက်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ငွေလိုနေတဲ့ အသက် ၇၀ ကျော် အဘိုးကြီးတွေပါ။ အဲဒီတော့ သူတို့ကို လက်ဆောင်နှစ်ခု၊ သုံးခုလောက် ပေးလိုက်ပြီး အိတ်ထဲ ထည့်လိုက်လို့ ရပါတယ်။ အဲဒါကြောင့် အော်စကာဆုကို ကျွန်မ စိတ်လည်း မဝင်စားသလို ဆုရွေးချယ်တဲ့ နေရာမှာ အမျိုးသမီးပါ မပါကိုလည်း ကျွန်မ ဂရုမစိုက်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသား သရုပ်ဆောင်တွေနဲ့ အမျိုးသမီး သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကြေးတွေ ကွာဟနေတာနဲ့ အော်စကာ ဆုချီးမြှင့်ခံရတဲ့ အမျိုးသမီး အရေအတွက် နည်းပါးနေတာ အပါအဝင် ဟောလိဝုဒ် ရုပ်ရှင်လောကမှာ အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံနေတာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ငြင်းခုံမှုတွေ ပေါ်ပေါက်လျက် ရှိတဲ့အချိန်မှာ ဂျူလီဒယ်လ်ပီက အခုလို အော်စကာဆု ရွေးချယ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဂျူလီဒယ်လ်ပီ ဇာတ်ညွှန်း ရေးသားထားပြီး သရုပ်ဆောင် အနေနဲ့လည်း ပါဝင်ထားတဲ့ Before Midnight ဇာတ်ကားဟာ ယခုနှစ် အော်စကာဆုပေးပွဲရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လျက် ရှိပါတယ်။
The Voice Weekly

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေမည့် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး



သက်အောင်(ဇေယျဝတီ)| ဖြူး၊ မတ် ၃

ကျူရှင်မှအပြန် ရေကန်တစ်ခုတွင် ရေဆင်းကူးခဲ့သည့် သတ္တမတန်း
ကျောင်းသားများထဲမှ အသက် ၁၆ နှစ် အရွယ် ကျောင်းသား တစ်ဦး ရေနစ်သေဆုံးမှုတစ်ခု ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် မတ်လ ၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဇေယျဝတီနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်သိန်းက ပြောသည်။

ဖြစ်စဉ်မှာ ဇေယျဝတီမြို့ ကျော်သာကုမဏီ၏ ဆင်ဖြူတော်အဆင့်မြင့် သကြားစက်မှ အသုံးပြုလျှက်ရှိသည့် အနက် ၁၂ ပေရှိသည့် ရေကန်အတွင်း မတ်လ ၃ ရက် မွန်းတည့် ၁၂ နာရီ ခန့်က ဇေယ၀တီမြို့ အ.ထ.က (၁)မှ ကျောင်းသား လေးဦး ရေဆင်းကူးကြရာတွင် ကျောင်သားနှစ်ဦး ရေနစ်ခဲ့သည်။ 

ယင်းသို့ ကျောင်းသားနှစ်ဦးရေနစ်နေသည်ကို ကျန်ကျောင်းသားများ က အော်ဟစ်အကူအညီတောင်းခဲ့သော်လည်း အသက် ၁၆ နှစ် အရွယ်
မောင်ဟိန်းထက်ဇော်မှာ သေဆုံးလျှက်ရှိနေပြီး ကျန်ကျောင်းသား တစ်ဦးဖြစ်သည့် မောင်နိုဗယ်ကြည်မြင့်မှာ အသက်ရှင်လျှက်
ပြန်လည်ကယ်တင်နိုင်ခဲ့ရာ ဇေယျဝတီ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားသည်ဟု ရဲမှတ်တမ်းက ဆိုသည်။

အဆိုပါ ကျောင်သားသေဆုးခြင်းနှင့် ပတ်သက်ပြီး ဇေယျဝတီ နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ် ၂/၂၀၁၄ ဖြင့် အမှုဖွင့် စစ်ဆေး
ဆောင်ရွက်လျှက်ရှိကြောင်း စခန်းမှူး ရဲအုပ်တင်သိန်းက ပြောသည်။

Mizzima Burmese

ကျန်းမာရေး ဆိုင်ရာ ကမ္ဘာ့ စကားပုံများ


အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။

အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)

အစားလွန်၍ သေဆုံးရသူ ဦးရေမှာ စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရ သူများထက် ပိုလွန်နေသည်။ (ပြင်သစ်)

တန် ဆေး၊ လွန် ဘေး။

(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။

အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်) (မြန်မာ)

ရေကို ၀ယ်ယူရသော နေရာမျိုး၌ မိမိအတွက် အိမ်မဆောက်မိပါစေနဲ့။ (စပိန်)

ညသန်းခေါင်ကျော်ပြီးသည့်တိုင် အိပ်ရာမ၀င်သေးက သေဖို့နီးပြီဟု မှတ်။ (အင်္ဂလိပ်)

အစားအသောက်က ဆရာဝန်၏ ဓားထက် သင်၏ ကျန်းမာရေးကို အကူအညီပြုသည်ကို သတိရှိပါ။(စပိန်)

အသက်ရှင်ရေးအတွက် ကြောင်ကဲ့သို့ အစားကို စားပါ။ ပြီးနောက် ခွေးကဲ့သို့ ရေသောက်ပါ။ (ဂျာမန်)

လိမ္မော်ရည် သံပုရာရည် တို့သည် ဘုရားရှိခိုးကျောင်းမှ ရေစင်ကဲ့သို့ ကောင်းမွန်၏။ (စပိန်)

ကျန်းမာနေလိုလျှင် အ၀တ်အစား နွေးနွေးထွေးထွေးကို ၀တ်ပြီး အစားကို လျှော့စားပါ။ (အင်္ဂလိပ်)

အစား လျှော့စားခြင်းက ရောဂါဘယကို ကင်းဝေးစေသည်။ (အာရပ်)

အစား တပန်းကန်ထက်မပိုက ဆေးဆရာ လိုခဲသည်။ (အင်္ဂလိပ်)

အစားအစာသည် ပထမဆုံး ဆေးဝါးဖြစ်သည်။ (အီတလီ)

ယနေ့ အစားလွန်က နက်ဖြန် အလောင်းကောင် ဖြစ်သွားနိုင်သည်။ (ပြင်သစ်)

ပေါင်မုန့်နဲ့ ဒိန်ခဲသည် ကျန်းမာသော သူတို့၏ ဓာတ်ဆေးဝါးပင် ဖြစ်သည်။ (ပြင်သစ်)

ညနေ အစာစားပြီးက ခေတ္တ အနားယူပါ။ ညစာ စားပြီးက တမိုင်ခရီးခန့် လမ်းလျှောက်ပေးပါ။ (လက်တင်)

ခြေထောက်ကို ခြောက်သွေ့အောင် ထားပြီး လည်ပင်းကို နွေးအောင် ထားပါ။ လားကဲ့သို့ အစာစားပြီး နွားကဲ့သို့ ရေသောက်ပါ။ (အီတလီ)

ရောဂါကို တအောင်စမျှ ကာကွယ်ခြင်းသည် တပေါင်ဖိုး ကုသခြင်းထက် သာလွန်သည်။ (စပိန်)

အကောင်းဆုံး ရေဟူသည် အနံ့ အရသာ အရောင် အဆင်း ကင်းရမည်။ (စပိန်)

အစဉ် ကျန်းမာလိုလျှင် လူကြီးများ၏ စိတ်နေစိတ်ထားမျိုး ထားပေးပါ။ (စပိန်)

ကြက်သွန်နီဥက ရောဂါ ၇-မျိုးကို ကုသနိုင်စွမ်းရှိသည်။ (ဂျာမန်)

ဦးနှောက်ကို အေးအေးထား၍ အစာအိမ်ကို အနားပေးကာ ခြေထောက်ကို အစဉ် နွေးထွေးအောင် ထားပါ။ (ရုရှား)

ကြက်သွန်နီဥနှင့် ရေနွေးက ရောဂါမျိုးစုံကို ကုသနိုင်စွမ်းရှိ၏။ (ဂျာမန်)

အစာလျှော့စားခြင်းကြောင့် အသက်ရှည်စေနိုင်သည်။ (စကော့)

စောစောအိပ်၍ စောစောထသူသည် ကျန်းမာချမ်းသာပြီး ပညာရှိသူဟု ဆိုရမည်။ (အမေရိကန်)

တသွင်သွင် စီးဆင်းနေသော ရေက လူတို့အသက်ကို ရန်မရှာ။ မစီးဆင်းဘဲ တည်ငြိမ်နေသော ရေကသာ ဒုက္ခ ပေးတတ်သည်။ (စပိန်)

ဤကား ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများကို ကွယ်လွန်သူ ဆရာဝန်တင်ရွှေ၏ ရှာဖွေ တင်ပြချက်များ ဖြစ်သည်။

credit to သတင်းလေးများဆုံဆည်းရာ

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းလိုမှုကို ဝေဖန်သုံးသပ်ခြင်း


Written by  မိုးသု (မန္တလေး)

ပြောဝံ့ဝံ့နဲ့ သာသနာ့ ထိပ်ခေါင်တင် အကျော်အမော် ဆရာတော် ဘုရားကြီးတွေနဲ့ ရဟန်းတော်များ ပါဝင် ဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးတွေနဲ့ အကြံပြုချင်တာလေးတွေကို ပြောပြချင်ပါတယ်။ လူတိုင်းက ဒီထင်မြင် ယူဆချက်တွေကို၊ အကြုံပြုချက်တွေကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ အယူအဆ တစ်ခုကို ချပြတဲ့ အနေနဲ့ ပြောပြရခြင်း ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာတော် ထိန်းသိမ်းစောင့်ရေး အဖွဲ့လို့ ခေါ်တဲ့ မဘသမှ ထိပ်သီး တာဝန်ရှိသူများဟာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ ကြေညာချက် မထုတ်ခင်မှာ နိုင်ငံရေး ပါတီခေါင်းဆောင်တွေနဲ့ တပ်မတော်ကိုပါ ဖိတ်ကြားပြီး တံခါးပိတ် အစည်းအဝေး ကျင်းပ၍ အကျေအလည် ဆွေးနွေးပြီးခါမှ ကြေညာချက် ထုတ်သင့်ပါတယ်။ ဒါပေမဲ့ မဘသ အဖွဲ့ဟာ ဘုန်းကြီးတွေ အကုန်ပါရင် ရတယ်၊ လူထုကို တို့တစ်တွေ စည်းရုံးနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တပ်မတော်တို့နဲ့ နိုင်ငံရေး ပါတီကို ဦးစွာ တိုင်ပင် ဆွေးနွေးခြင်း မရှိဘဲ ဘုန်းကြီးတွေပဲ ဆွေးနွေး ပြောဆိုပြီး လုပ်သွားတာဟာ မဘသအဖွဲ့ ချို့ယွင်းချက် တစ်ခုဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ ပြောခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့သာ အကျေအလည် ဆွေးနွေးပြီးမှ ပြဋ္ဌာန်းရေး ကိစ္စကို လုပ်ဆောင်မယ် ဆိုရင် ဘုန်းကြီးတွေနဲ့ နိုင်ငံရေး ပါတီတွေ၊ ဘုန်းကြီးတွေနဲ့ ဒကာ ဒကာမတွေ၊ ဘုန်းကြီးအချင်းချင်း အငြင်းပွားစရာ စိတ်ဝမ်းကွဲစရာ မလိုတော့ဘူးလို့ ထင်မြင်မိပါတယ်။

နောက်တစ်ခုက မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးဟာ အုန်းအုန်းကျွက်ကျွက် မလုပ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အုန်းအုန်းကျွက်ကျွက် မလုပ်သင့်တာကို အုန်းအုန်းကျွက်ကျွက် လုပ်ခြင်းဟာ သိပ်ကို မှားပါတယ်။ ဒီလို လုပ်လိုက်တဲ့အတွက် နိုင်ငံတကာက အမြင်စောင်းစရာတွေ ဖြစ်လာပါတယ်။ နိုင်ငံ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုရင် နိုင်ငံတကာရဲ့ ကြည်ဖြူမှု ရမှဖြစ်မယ် ဆိုတာလည်း မမေ့သင့်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နည်းပညာ စသလို အဘက်ဘက်က ခြွတ်ခြုံ ကျနေတာမို့ နိုင်ငံတကာက ငြိုငြင်စရာ ဖြစ်စေမယ့် အပြုအမူတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာပါ။ ဒါမှသာလျှင် မိမိတို့ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လိုအပ်တဲ့ အကူအညီတွေကို နိုင်ငံတကာဆီ ကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အကူအညီတွေ နိုင်ငံတကာဆီမှ ရရှိမှသာလျှင် မိမိတို့ နိုင်ငံတော်ကြီးဟာ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဘုန်းကြီးတွေ အနေနဲ့ ဒါကိုလည်း နားလည်သင့်ပါတယ်။

ဥပမာအားဖြင့် YMBA လို အသင်းအဖွဲ့ကို အသက်ပြန်သွင်းပြီး ဘုန်းကြီးတွေက နောက်ကွယ်ကနေ ကြိုးကိုင် လှုပ်ရှားရမှာကို ရှေ့ထွက်ပြီး ရုပ်လုံးပြ လိုက်တာဟာလည်း ချို့ယွင်းချက်လို့ ထင်မြင်မိပါတယ်။ ဘုန်းကြီးတွေ အနေနဲ့ YMBA ကို စနစ်တကျ ပြန်လည် ဖွဲ့စည်းကာ အသက်သွင်းလို့ပဲ ဖြစ်ဖြစ်၊ အဆိုပါ အသင်းကြီးကဲ့သို့သော အသင်းမျိုး ဖြစ်ပေါ်လာအောင် လုပ်ဆောင်လို့ပဲ ဖြစ်ဖြစ် မိမိတို့ ဆန္ဒကို အကောင်အထည် ဖော်ကြမယ် ဆိုရင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့လည်း ထိပ်တိုက် တွေ့မှာကိုလည်း တွေးပူနေစရာ မလိုတော့သလို အက်ကြောင်းတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်နေဖို့ မလိုတော့ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ ဂိုဏ်းကြီး ကိုးဂိုဏ်းမှအပ ကျန်သံဃာ အဖွဲ့အစည်း အသစ်များ ထပ်မံ မဖွဲ့စည်းရ ဆိုတဲ့ ဥပဒေ ပုဒ်မနဲ့လည်း ငြိစွန်းနေစရာ အကြောင်း မရှိတော့ပါဘူး။

နောက်ပြီးတော့ မဘသ အဖွဲ့ကြီးမှ ထိပ်ပိုင်းခေါင်းဆောင် တချို့ဟာ လူမှုကွန်ရက်တွေ ဖြစ်ကြတဲ့ Facebook မှာပဲ ဖြစ်ဖြစ်၊ တခြား လူမှုကွန်ရက်များပဲ ဖြစ်ဖြစ် မျိုးစောင့်ဥပဒေကို သဘောမတူသူတွေရဲ့ ဝေဖန်ပြစ်တင် ဆဲဆိုမှုတွေကို သည်းခံပြီး စိတ်အေးအေးထားကာ လုပ်ငန်းစဉ်တွေကို ရှင်းပြရမယ့် အစား ဆတ်ဆတ်ထိမခံ မျိုးချစ်စိတ်ဓာတ် မရှိတဲ့သူတွေ၊ မျိုးမစောင့်တဲ့သူတွေ စသဖြင့် စကားလုံး ကြမ်းကြမ်းတွေနဲ့ တုံ့ပြန် နေတာတွေဟာလည်း မှားယွင်းမှု တစ်ခုလို့ မြင်မိပါတယ်။ ဖြစ်သင့်တာက ကိုယ့်လုပ်ငန်းစဉ်ကို စနစ်တကျ ရှင်းပြပေးပြီး တစ်ဖက်သား နားလည် လက်ခံချင်လာအောင် ပြောဆိုရမှာပါ။ သေချာ ရှင်းပြလျက်နဲ့ လက်မခံဘူး ဆိုရင်လည်း ဥပေက္ခာ ပြုထားလိုက်ရမှာပါ။ ရဟန်းတော်တွေ ဖြစ်တာကြောင့် စကားလုံး ကြမ်းကြမ်းတွေနဲ့ မတုံ့ပြန်သင့်ပါဘူး။ အဲဒီလို တုံ့ပြန်မှုတွေကြောင့် ကြားနေ ပုဂ္ဂိုလ်တချို့တောင် ဘုန်းကြီးတွေကို စိတ်ပျက်သွားတာတွေ ရှိပါတယ်။

အောင်ဆန်းတောရ တပ်ဦးမှာ ကျင်းပတဲ့ ပထမအကြိမ် အစည်းအဝေးကြီးမှာ မဘသ အဖွဲ့ကြီးရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ မော်လမြိုင် မြစေတီ ဆရာတော်က မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ပြဋ္ဌာန်းတဲ့အခါမှာ သဘောမတူတဲ့ အမတ်ကို မဲမပေးအောင် စည်းရုံးမယ်လို့ ခြိမ်းခြောက်ခဲ့တာ ဟာလည်း မှားယွင်းချက် တစ်ခုလို့ ထင်မြင်မိပါတယ်။ လုပ်တာ မလုပ်တာ နောက်ထား ရဟန်းတော် တစ်ပါးအနေနဲ့ ခြိမ်းခြောက်တဲ့ စကားကို တရားဝင် ထုတ်မပြောသင့်တာကတော့ သေချာပါတယ်။ ဘယ်သူနေနေ မိမိကို သူတစ်ပါးက ခြိမ်းလားခြောက်လား လာလုပ်တာကို မကြိုက်နှစ်သက်ကြပါဘူး။ လူတိုင်းမှာ မခံချင်စိတ်တို့၊ မာနတို့ ရှိကြပါတယ်။

သံဃ အဖွဲ့အစည်းကြီးဟာ အောက်ခြေကနေ ခေါင်အထိ ပျက်စီးချင်တိုင်း ပျက်စီးနေတာတွေ အများကြီးပါ။ လူပုဂ္ဂိုလ်တွေ မသိမမြင်ဘဲ ရဟန်းတော်ချင်းသာ သိမြင်တဲ့ ပျက်စီးမှုတွေလည်း ရှိနေပါတယ်။ ထင်ရှားတဲ့ ပြုပြင်စရာတွေကတော့ ရဟန်းတု ရဟန်းယောင်တွေ ပေါများလာတာ၊ လက်ဖက်ရည်ဆိုင်၊ ဈေး၊ ကားဂိတ်၊ ရထားဘူတာ၊ ကားပေါ်၊ ရထားပေါ်တို့ကို သင်္ကန်းဝတ် အများအပြား အရက်ခိုးတွေ ဝေ့နေတဲ့ မျက်နှာတွေနဲ့ ဓားပြတိုက်သလို ပိုက်ဆံ အလှူခံနေတာ၊ မလှူရင်ပဲ ဖြစ်ဖြစ် လှူတာ နည်းရင်ပဲ ဖြစ်ဖြစ် ညစ်ညမ်းစွာ ဆဲဆို ကြိမ်းမောင်းသွားတာ၊ ဘောလုံးပွဲဒိုင်၊ ချဲဒိုင်ခံတာ၊ လူမြင်ကွင်း လက်ဖက်ရည်ဆိုင်တွေမှာ နေ့လွဲ ညစာတွေ ထိုင်စားတာ၊ အရက်သေစာ သောက်စားနေကြတာ၊ နယ်စပ်က သယ်ဆောင်လာတဲ့ ကားမှောင်ခိုသမားတွေဆီက ခေါက်ကြေး ပိုက်ဆံရယူပြီး မှောင်ခိုကားတွေ သယ်ပေး နေကြတာတွေ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးတွေ အနေနဲ့ သံဃ အဖွဲ့အစည်းကို ဦးစွာ ပထမ ပြုပြင် ပြီးခါမှ လူ့အဖွဲ့အစည်းကို ပြုပြင်သင့်ပါတယ်။ သံဃအဖွဲ့အစည်းကို အရင်မပြုပြင်ပါဘဲ လူ့အဖွဲ့အစည်းကို သွားပြီး အလျင်လိုစွာ ပြုပြင်ခြင်းကြောင့် အခုအခါမှာ အရုပ်ဆိုး အကျည်းတန်စရာတွေ၊ အက်ကြောင်းတွေ များလာတာကို မြင်တွေ့ နေရပါပြီ။ အမြဲတစေ စည်းလုံး ညီညွတ်လာကြတဲ့ သံဃာထု အတွင်းမှာတောင်မှ အက်ကြောင်းရာတွေ ပေါ်လာနေပါပြီ။ အထူးသဖြင့် မဘသ အဖွဲ့ကြီးမှ ထိပ်သီး တာဝန်ရှိသူတချို့ ပါတီ နိုင်ငံရေးကို တရားဝင် စွက်ဖက်တဲ့ ပြင်းပြင်းထန်ထန် စကားလုံးတွေကြောင့် အက်ကြောင်းရာတွေက ပိုမို ကြီးမားလာပါတယ်။ ဘုန်းတော်ကြီးတွေ အနေနဲ့ မြွေပါလည်းဆုံး သားလည်းဆုံး အဖြစ်မျိုး မရောက်အောင် ခေါင်းအေးအေးနဲ့ စဉ်းစား ဆင်ခြင်ကြဖို့ လိုပါတယ်။

နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်ကြတာ မှန်ပါတယ်။ မိမိတို့ နိုင်ငံအနေနဲ့လည်း မိမိတို့ အမျိုးသား အကျိုး စီးပွားကို ရှေ့တန်းတင်ကြရမှာပါပဲ။ ဒါပေမဲ့ အခြေအနေ အချိန်အခါကိုတော့ နားလည် သဘောပေါက်ဖို့ လိုပါတယ်။ နိုင်ငံတကာကို လက်ဖြန့်ခံ တောင်းနေရတဲ့ မိမိတို့ နိုင်ငံအနေနဲ့ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်ရာမှာ နိုင်ငံတကာက မျက်စိစပါးမွေး စူးမနေဖို့ လိုအပ်ပါတယ်။ ပိကျိပိကျိ အော်ရမယ့် အချိန်မှာ ကတော်ကတော် အော်ရင် ရိုက်သတ်ခံရတတ်တယ် ဆိုတာ ဘုန်းတော်ကြီးတွေလည်း အသိ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အကူအညီကို လက်ဖြန့်ခံ နေရတဲ့ မိမိတို့ နိုင်ငံအနေနဲ့ ဘာသာခြား နိုင်ငံများမှာ လူဦးရေ သိန်းဂဏန်းအထိ အလုပ် သွားလုပ်နေရတဲ့ မိမိတို့ နိုင်ငံအနေနဲ့ ကတော်ကတော် အော်ဖို့ အချိန်မကျသေးပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က တရုတ်ပြည် Xianjang မှာ Uhier တရုတ်လူမျိုး မွတ်ဆလင်တွေရဲ့ ထကြွမှုကို တရုတ်အစိုးရက စစ်ဆင်ရေးပုံစံ လုပ်ပြီး အပြတ်အသတ် နှိပ်ကွပ်ခဲ့တာကို ဘယ်မွတ်ဆလင် နိုင်ငံကမှ အသံ မထွက်ခဲ့ပါဘူး။ မွတ်ဆလင် နိုင်ငံတွေထဲမှာ သဘောထား တင်းမာလှတဲ့ Iran လည်း တရုတ်ဆီက အကြွေးမကင်း ပါကစ္စတန် နိုင်ငံဆိုလည်း အကြွေးမကင်းတာကြောင့် တုတ်တုတ်မျှ မလှုပ်ဝံ့ပါဘူး။ တရုတ်နိုင်ငံဟာ နိုင်ငံရေးမှာ တစ်ပါတီတည်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပေမယ့် နိုင်ငံနဲ့ လူမျိုးကို ဖွံ့ဖြိုး တိုးတက်ပြီး အင်အား တောင့်တင်းအောင် လုပ်ချင်တဲ့ စိတ်ရှိပြီး နိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ပြီး အင်အား တောင့်တင်းတဲ့ Supe Power အဖြစ် ရပ်တည်လာနိုင်တော့  ဘယ်အင်အားကြီး နိုင်ငံကမှ လူ့အခွင့်အရေး ဆိုတာကြီးနဲ့ မဖိနှိပ်ဝံ့ပါဘူး။ အကယ်၍ အခုနေအခါမှာ မြန်မာနိုင်ငံသာ တရုတ်နိုင်ငံလို အမျိုးသားရေး အကျိုးစီးပွားကို ဗြောင်ရှေ့တန်း တင်လိုက်မယ် ဆိုရင် နိုင်ငံတစ်စစီ ဖြစ်သွားနိုင်ပါတယ်။ ဘုန်းတော်ကြီးတွေ အနေနဲ့ အခြေအနေ အချိန်အခါကို နားလည်ပြီး ဘယ်လို လုပ်သင့်တယ် ဆိုတာကို စဉ်းစားကြဖို့ ကောင်းပါတယ်။

ပြီးတော့ ဘာသာခြား လူမျိုးခြားကို လက်ထပ် ယူကြရတာဟာ အချစ်ကြောင့်၊ ဖြားယောင်း သွေးဆောင်မှုကြောင့် ဆိုတာတွေထက် အစာအိမ်ကြောင့် လက်ထပ်ကြရတာတွေက များပါတယ်။ ရှင်းအောင် ပြောရရင် ဘာသာခြား လူမျိုးခြားနဲ့ အိမ်ထောင်ပြုလိုက်ရင် စားဝတ်နေရေးလေး အဆင်ပြေလိမ့် နိုးနိုးနဲ့ လက်ထပ်ယူကြရတာပါ။ စားဝတ်နေရေး အဆင်ပြေအောင် ဖြေရှင်း မပေးနိုင်ရင် မျိုးစောင့်ဥပဒေကလည်း ဒီရောဂါဆိုးကြီးကို ကုစားနိုင်မှာ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါး မရောင်းဝယ်ရလို့ ထိန်းချုပ်ထားပေမယ့် စားဝတ်နေရေး အတွက်ကြောင့် ကူးသန်း ရောင်းဝယ်နေကြတာ တွေကို ကြည့်ခြင်းအားဖြင့် သိသာ ထင်ရှားပါတယ်။

ငတ်မွတ်နေတဲ့ လူတစ်ယောက်က ဘာကိုမဆို ပြုလုပ်ရဲပါတယ်။ ဘယ်ဥပဒေကို မဆို ချိုးဖောက်ရဲပါတယ်။ အကယ်၍ မျိုးစောင့်ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းလိုက်ရင်တောင် စားဝတ်နေရေးက အဆင်မပြေဘူး ဆိုရင် ဒီပြဿနာက ဆက်ရှိ နေဦးမှာပါပဲ။ အဲဒီအခါကျရင် ဗုဒ္ဓဘာသာကို စွန့်လွှတ်သူတွေ ပိုများ လာနိုင်ဖွယ် ရှိပါတယ်။ တရားဝင် မယူရင် တရားမဝင် ယူကြမှာမို့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး အများစု ဘာသာခြား၊ လူမျိုးခြားရဲ့ တရားမဝင် ပျော်တော်ဆက် မယားဘဝကို ရောက်သွားနိုင်ဖွယ် ရှိပါတယ်။ စားဝတ်နေရေးကြောင့် ဖြစ်လာတဲ့ ပြဿနာတွေမို့ စားဝတ်နေရေး အဆင်ပြေအောင် ပြုလုပ်ပေးခြင်းသည် သာလျှင် အကောင်းဆုံး ဖြေရှင်းနည်းလို့ ထင်မြင်မိပါတယ်။

မိမိတို့ နိုင်ငံဟာ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတကာရဲ့ အကူအညီကို ရယူနေရတဲ့ အခြေအနေ အချိန်အခါမှာ နိုင်ငံတကာရဲ့ ငြူစူမှုကို ခံရနိုင်တဲ့ ဒီဥပဒေကို အစိုးရနဲ့ လွှတ်တော်တို့က သဘောကျရင်တောင်မှ အတည်ပြုပေးဖို့က ခက်ခဲပါတယ်။ ဒါကို ဘုန်းကြီးအုပ်စုက ပြင်းပြင်းထန်ထန် ထပ်ပြီး ဖိအားပေးမယ် ဆိုရင်တော့ ရလဒ်တွေက မတွေးဝံ့စရာပါပဲ။ ဒါကြောင့် ဘုန်းတော်ကြီးတွေ အနေနဲ့ ပြည်တွင်းပြည်ပမှ ကျွမ်းကျင် ပညာရှင်များနဲ့ တိုင်ပင် ညှိနှိုင်းကာ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ အခြေအနေကို ဖော်ဆောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။

The Voice

မြေပေါ်မြေအောက် ပိုင်ဆိုင်သည့် ပစ္စည်းများ ပြည်သူများသိရှိရန် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအေဂျင်စီ ဖွဲ့စည်းလုပ်ဆောင်သင့်ဟု သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် အကြံပြု


အစိုးရက ဖွင့်ဟပြောလိုသည့် ဆန္ဒမရှိသည့် နိုင်ငံပိုင်လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် ထိုက်သင့်သည့်တန်ဖိုးများ ရရှိရန် နိုင်ငံတော်မှ ပိုင်ဆိုင်ထားသည့် မြေပေါ်မြေအောက် ပစ္စည်းများစာရင်းအား ပြည်သူများသိရှိရန် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အေဂျင်စီတစ်ခု ဖွဲ့စည်းတည်ထောင်သင့်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပုဂ္ဂလိကပိုင်ပြုလုပ်ရေး မျှော်လင့်ချက်နှင့် အန္တရာယ်များ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်အထိ ဘာတွေပိုင်ဆိုင်ထားလည်းဆိုတာ ဘယ်သူမှ မသိပါဘူး။ အစိုးရအနေနဲ့လည်း ပြည်သူတွေကို ဘာတွေပိုင်ဆိုင်ထားတယ်ဆိုတာ ဖွင့်ဟပြချင်ပုံလည်း မရပါဘူး။ အဓိက,က ပွင့်လင်းမြင်သာမှု မရှိတာပါ။ ဒီလိုနိုင်ငံပိုင် ပစ္စည်းတွေကို ဘယ်လောက်အထိ ပိုင်ဆိုင်ထားတယ်ဆိုတာသိဖို့ အဆိုပါအဖွဲ့ ဖွဲ့စည်းရာမှာ အစိုးရ၀န်ထမ်းများ မပါဝင်စေဘဲ လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များ၊ ရှေ့နေများ၊ စာရင်းကိုင် စာရင်းစစ်များ၊ စီးပွားရေးပညာရှင်များ၊ ကုမ္ပဏီများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကပိုင် ပြုလုပ်မည့် ပစ္စည်းအား ထိုက်တန်သည့် တန်ဖိုးအား သုံးသပ်နိုင်မည့် ရာဖြတ်အဖွဲ့ဝင်များ စသည်ဖြင့် လွတ်လပ်သော ပညာရှင်များ ပါဝင်သင့်ပါတယ်” ဟု ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်က ပိုင်ဆိုင်သည့် ပြည်သူပိုင် ပစ္စည်းများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးရာတွင် ထိုက်သင့်သည့်တန်ဖိုးများ မရရှိဘဲ အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များမှ ကာလတန်ဖိုးထက် အဆပေါင်းများစွာ နိမ့်ကျသည့် နှုန်းထားများဖြင့် ပြည်သူပိုင် လုပ်ငန်းများအား ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းရယူနိုင်သည့် ဖြစ်စဉ်များမှာ လက်ရှိကာလအထိ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရ လက်ထက်မှစ၍ ပြည်သူပိုင်မြေကွက်နှင့် အဆောက်အအုံ ၂၂၀၀ ကျော်ကို ပုဂ္ဂလိကသို့ ရောင်းချရာတွင် စုစုပေါင်း ကျပ် ၁၂၆၀ ဘီလျံကျော်သာ ရရှိခဲ့သည်။ အဆိုပါ ရောင်းချမှုမှရငွေ ၁၂၆၀ ဘီလျံပေါ်တွင် ၀င်ငွေခွန်/အမြတ်ခွန်နှင့် တံဆိပ်ခေါင်းခွန် စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကောက်ခံရမည်ဖြစ်ရာ စုစုပေါင်း အခွန်ငွေ ကျပ်ဘီလျံ ၄၆၀ ကျော်အထိ ရရှိရမည်ဖြစ်သည်။ သို့သော် လွှတ်တော်၏ အစီရင်ခံစာအရ ကောက်ခံရရှိသည့် အခွန်ငွေပမာဏမှာ ကျပ် ၂၂ ဘီလျံနီးပါးသာ ရရှိထားပြီး အခွန်တစ်မျိုးတည်း၌ပင် ကျပ်ဘီလျံ ၄၀၀ ကျော် ပေးသွင်းမှုမရှိကြောင်း သိရသည်။

အလားတူပင် ၂၀၁၁ ခုနှစ်အတွင်း နောက်ဆုံးထား ပေးသွင်းရမည့် နိုင်ငံပိုင်ဖြစ်သည့် မြေကွက်တန်ဖိုး အပါအ၀င် မြေကွက်နှင့် အဆောက်အအုံ ၁၃ ခုအတွက် ပေးသွင်းရမည့် ကျပ် ၂၃ ဘီလျံကျော်ကို ၂၀၁၃ နှစ်ကုန်ပိုင်းအထိ ပေးသွင်းခြင်း မရှိသေးကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၂ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Eleven Media Group

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဌာန်းလိုက်ပြီ


အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား စတင်ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 အဆိုပါ ပြဋ္ဌာန်းချက်တွင် ပြစ်မှုပြစ်ဒဏ်များကို လျှော့ပေါ့ထားခြင်းဖြစ်ပြီး ယင်းကိုကြိုဆိုကြောင်း၊ သို့သော်လည်း ပြည်စုံလုံလောက်မှုရှိပြီဟု မဆိုနိုင်ကြောင်း MIDO (Myanmar ICT For Development Organization) ၏ Executive Director ဦးနေဘုန်းလတ်က သုံးသပ်ပြောကြားသည်။ “ပြစ်မှုပြစ်ဒဏ်တွေ လျှော့ပေါ့လိုက်တာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒါလေးကွက်ပြင်ရုံနဲ့တော့ မပြည့်စုံ မလုံလောက်သေးပါဘူး” ဟု ပြောကြားသည်။ အဆိုပါ ဥပဒေကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ ပြဋ္ဌာန်းချက်အရ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ တွင် ပါရှိသော အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ်အထိဆိုသည့် စကားရပ်အစား အနည်းဆုံးငါးနှစ်မှ အများဆုံး ခုနစ်နှစ်အထိဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု ဖော်ပြထားသည်။


ပုဒ်မ ၃၄ တွင်ပါရှိသော ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် စကားရပ်အစား ငွေဒဏ်ကျပ်သိန်းငါးဆယ်မှ ကျပ်သိန်းတစ်ရာအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည် ဟုလည်းကောင်း၊ ပုဒ်မ ၃၅ တွင်ပါရှိသော ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် စကားရပ်အစား ငွေဒဏ်ကျပ်တစ်ဆယ်သိန်းမှ ကျပ်သိန်းငါးဆယ်အထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်အထိ ချမှတ်ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟုလည်းကောင်း ဖော်ပြထားသည်။


ပုဒ်မ ၃၆ တွင်ပါရှိသော ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် စကားရပ်အစား ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်သုံးလအထိ ချမှတ်ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု လည်းကောင်း၊ ပုဒ်မ ၃၇ တွင်ပါရှိသော ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့် စကားရပ်အစား ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟုလည်းကောင်း ဖော်ပြပါရှိသည်။



“နည်းပညာရှင်တွေရဲ့ အကြံဥာဏ်တွေယူပြီး Law တစ်ခုလုံးကို အသေအချာ ပြန်လည်ရေးဆွဲသင့်ပါတယ်။ ပြီးတဲ့အခါ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်မှုကိစ္စတွေမှာ ဥပဒေနဲ့အညီဖြစ်နိုင်ဖို့ ဥပဒေအပြင်၊ ဥပဒေကို အောင်မြင်အောင် ဆောင်ရွက်ပေးမယ့် ရဲတပ်ဖွဲ့နဲ့ တရားရေးဌာနကိုလည်း နည်းပညာ ကျွမ်းကျင်အဆင့်ဖြစ်အောင် ပျိုးထောင်ပေးသင့်ပါတယ်။ နည်းပညာအကြောင်း နားမလည်တဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေက နည်းပညာနဲ့ပတ်သက်တဲ့ အမှုအခင်းတွေကို တရားမျှတမှုရှိအောင် ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ဦးနေဘုန်းလတ်က ဆက်လက်၍ သုံးသပ်ပြောကြားသည်။ အဆိုပါ ဥပဒေကို မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားချက်အရ သိရသည်။ သမ္မတရုံးအနေဖြင့် အိုင်တီဆိုင်ရာဥပဒေ၊ အိုင်တီနှင့် ဆက်စပ်သော ဥပဒေများကို အာရုံစိုက်လာခြင်းမှာ ကောင်းမွန်သောတိုးတက်မှုဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်အမှုဆောင် ဦးအောင်အောင်က သုံးသပ်ပြောကြားသည်။



“တိုင်းပြည်မှာ လိုအပ်တဲ့ အရေးပါတဲ့ အချက်တွေဖြစ်တဲ့ Citizen ID Management, Taxation နဲ့ ပညာရေးတို့တွေကို အုပ်ချုပ်ရေးပိုင်းတွေမှာ အသုံးချနိုင်ဖို့ ပိုပြီးအလေးထား အားပေးဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲဒါတွေ မပါဘဲ ဒီလိုပုံမှန်သမားရိုးကျပုံစံအတိုင်း လူတွေရဲ့ဆုံးဖြတ်ချက်နဲ့ ရှေ့ဆက်သွားမယ်ဆိုရင် အားလုံး ကမောက်ကမဖြစ်ကုန်မှာပါ” ဟု ဦးအောင်အောင်က ဆက်လက်ပြောကြားသည်။



ထွန်းထွန်း
Internet Journal

ရှားပါး သစ် ၁၇ တန် ထီးချိုင့်မှာ ဖမ်းမိ



စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြို့တွင်း မောင်းနှင်လာသည့် ကား နှစ်စီးထံမှ ရှားပါးသစ်မျိုးဝင် တမလန် သစ် ၁၇ တန် ဖမ်းဆီးခဲ့ပြီး သစ်ကားမောင်းနှင်သူကို တရားစွဲဆို အရေးယူ မည်ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် သစ်တောဦးစီးဌာန မှ သိရသည်။

ဓာတ်ပုံ-ဧရာဝတီ


 ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထီးချိုင့်မြို့တွင်းလမ်းမ ပေါ်တွင် မောင်းနှင်လာသည့် ကား နှစ်စီးပေါ်၌ ရှားပါး သစ်မျိုးဖြစ်ပြီး အစိုးရ က ခုတ်ယူခွင့်ပိတ်ထားသည့် တမလန်သစ်အမျိုးအစား ၁၇ တန် ကို ဖမ်းဆီးရမိ ခဲ့သည်။

“ယာဉ်မောင်းရယ်၊ သူနဲ့အတူပါလာတဲ့သူကို ဖမ်းထားတယ်၊ စစ်နေတယ်၊ သူတို့ကို တရားစွဲပြီးအရေး ယူမှာပါ” ဟု ထီးချိုင့်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးမင်းလင်းနိုင်က ဧရာဝတီသို့ပြောသည်။

သူက“ပုဂ္ဂလိကပိုင် သစ်တွေပေါ့၊ ဒါပေမဲ့ ကုမ္ပဏီက ပိုင်တဲ့သစ်တွေတော့ မဟုတ်ပါဘူး၊ ကြုံတဲ့နေရမှာ ကြုံသလို ဝယ်လာတဲ့သစ်တွေပေါ့”ဟု ဆိုသည်။ သို့ရာတွင် ထီးချိုင့်မြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်း တချို့၏ အဆိုအရယင်းသစ်များသည် ဌာနဆိုင်ရာ အရာရှိတဦးမှ ပိုင်ဆိုင်သည့် သစ်များဖြစ်နေသည်   ဟု ပြောနေကြသည်။

 ဒေသတွင်း သစ်တောများ အလျင်အမြန် ပြုန်းတီးလာခြင်း၊ တရားမဝင် သစ်ထုတ်လုပ်မှုများ၊ တဖက်နိုင်ငံ များသို့ သစ် တင်ပို့မှုများ ရှိနေသော်လည်း သစ်ခိုးထုတ်မှုဖြစ်ပွားနေသည့် ဒေသများသို့ သွားရောက်ကာ ဖမ်းဆီးခြင်းမရှိဘဲ ဒေသဆိုင်ရာ အာဏာပိုင်များက လျစ်လျှုရှုထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

 “သူတို့တွေက သယ်ချင်တဲ့နေရာက သယ်လာပြီး ယူသွားချင်တဲ့နေရာကိုယူသွားမှာပေါ့၊ ဒါကိုတော့ ကျနော်တို့ စစ်ဆေး မနေတော့ဘူးလေ”ဟု သစ်တောဦးစီးအရာရှိ ဦးမင်းလင်းနိုင်က ရှင်းပြသည်။ ထီးချိုင့်၊ ဝန်းသို၊ ကောလင်း၊ ကသာ၊ မဘိမ်းနှင့်သပိတ်ကျင်းမြို့နယ်များတွင် တရုတ်ကုမ္ပဏီများနှင့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီအချို့က သစ်တောများအတွင်းတွင် သစ်ခိုးခုတ်ယူမှုများပြုလုပ်နေကြသည်ဟု ထီးချိုင့်မြို့ဒေသခံ အချို့က ပြောသည်။


 “မိတဲ့သစ်ကားတိုင်း ပိုင်ရှင်မဲ့လုပ်ပစ်ကြတာများတယ်၊ နာမည်ဖျောက်ပစ်လိုက်ကြတယ်၊ သစ်က စဝယ်ပြီ ဆိုကတည်းက ငွေထုတ်ပေးတဲ့သူရှိလို့လုပ်တာလေ၊ ကားမောင်းတဲ့သူက အဓိကမှ မဟုတ်တာဘဲ”ဟု ထီးချိုင့်ဒေသခံ တဦးက ဧရာဝတီသို့ပြောသည်။

 ထီးချိုင့်မြို့နယ်ရှိ ဒေသခံအချို့သည် လွှစက်နှင့် အခြားလိုအပ်သည့်ပစ္စည်းများယူဆောင်ကာ မဘိမ်းမြို့နယ်ဘက်ရှိ သစ်တောများတွင်ရှိသည့်တရုတ်ကုမ္ပဏီများ၏ သစ်တောလုပ်ကွက် များတွင်  
နေ့စားသစ်ခုတ်သူ များ အဖြစ်လုပ်ကိုင်နေကြသည် ဟုလည်း သိရသည်။

တမလန်သစ်မျိုး အပါအဝင် ကျွန်း၊ သင်းဝံနှင့် ပိတောက်သစ်အမျိုးအစားများကို မြန်မာနိုင်ငံအလယ် ပိုင်း
ဒေသများတွင် ရှားပါးသစ် မျိုးများ အဖြစ်သတ်မှတ်ထားပြီး ခုတ်ယူခွင့် ပိတ်ထားသည်။ သို့သော် ကုမ္ပဏီ များမှ တိတ်တဆိတ် ခုတ်ယူကြပြီး တရုတ်နိုင်ငံဘက်သို့ တင်ပို့ကြသည်ဟု သိရသည်။

 “သတင်းရရင် ရသလို ဖမ်းတယ်၊ သစ်တောဥပဒေနဲ့အရေးယူတယ်၊ တောထဲထိ သွားပြီးဖမ်းဆီးဖို့ ကြတော့လည်း လူစုလူဝေးရှိမှ အဆင်ပြေမှာပေါ့ ”ဟု ထီးချိုင့်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးမင်းလင်းနိုင်က ဆိုသည်။

 “ဂရိတ်ဝေါကုမ္ပဏီက ပိုင်တဲ့သစ်တွေဖမ်းမိထားတာ အများကြီးဘဲ၊ဘောအရေးယူမှုမှလည်းမရှိဘူး၊ ဒေသခံ   တွေတိုင်လည်း တိုင်တာပဲရှိတယ်”ဟု မောင်းကုန်းကျေးရွာဒေသခံ ဦးမြင့်အောင်က ပြောပြသည်။

မေစစ်ပိုင် ~
The Irrawaddy

မွတ်ဆလင် ဘာသာရေးခေါင်းဆောင် ဦးဆောင် ဖွင့်လှစ်သည့်ကျောင်းများ ပိတ်သိမ်းရန် တူရကီ ဥပဒေထုတ်




အစ္စတန်ဘူလ်၊ မတ် ၁

မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် ဖတ်တူလာဂူလန် ဦးဆောင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ကျောင်းများ ပိတ်သိမ်းရန် တူရကီပါလီမန်က ဥပဒေ ထုတ်ပြန်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘာသာရေးခေါင်းဆောင် ဂူလန်မှာ အမေရိကန် ပြည်ထောင်စုတွင် ပြည်ပြေး အဖြစ် ခိုလှုံနေထိုင်နေပြီး တူရကီ အစိုးရအဖွဲ့ကို ဖြုတ်ချရန် ကြံစည်သည်ဟု ဝန်ကြီးချုပ် အာဂိုဒန်က စွပ်စွဲထားသဖြင့် အာဒိုဂန်နှင့် ဂူလန်ကြား တင်းမာမှုများ ပေါ်ပေါက်နေသည်။

ပုဂ္ဂလိက စာသင်ကျောင်းများမှာ ဂူလန်၏ နှစ် ၅၀ ကျော်ကြာ သက်တမ်းရှိပြီ ဖြစ်သော ဟစ်မတ် (ဝန်ဆောင်မှု) လှုပ်ရှားမှုများအတွက် အဓိက ဝင်ငွေရှာဖွေပေးရာ လမ်းကြောင်း ဖြစ်သည်။

အဆိုပါ ကျောင်းများကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်မတိုင်မီ အပြီးပိတ်သိမ်း ရမည်ဟု တူရကီ ပါလီမန်က ဥပဒေပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။

တူရကီနိုင်ငံတွင်း ပုဂ္ဂလိက ကျောင်းပေါင်း ၄၀၀၀ ကျော်ရှိပြီး ဂူလန် နောက်လိုက်များ ဦးဆောင်နေသည့် ကျောင်းအရေအတွက်ကို အတိအကျ မသိရှိရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အစိုးရ အလယ်တန်း ကျောင်းများနှင့် တက္ကသိုလ်များတွင် ဝင်ခွင့်ရနိုင်ရန် တူရကီ ကျောင်းသား သန်းနှင့်ချီ ပြီး ဂူလန် ကျောင်းများသို့ တက်ရောက်လေ့ ရှိသည်။

တူရကီနိုင်ငံမှာ အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံများနှင့်ယှဉ်လျှင် စာပေတတ်မြောက်မှု၊ သင်္ချာနှင့် သိပ္ပံကျွမ်းကျင်မှုများ နိမ့်ကျနေခြင်းကြောင့် သန်စွမ်းမှု မရှိသည့် ပညာရေးစနစ်ကြီး တစ်ရပ်လုံး ပြုပြင်ရန် လုပ်ဆောင်ပြီး ဂူလန်ကျောင်းများ ပိတ်သိမ်းမှုသည် ယင်းအစီအစဉ် တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု တူရကီ ဝန်ကြီးချုပ် အာဒိုဂန်က ပြောကြားသည်။

မကြာသေးမီ ကာလများအထိ ဟစ်မတ်များမှာ တူရကီ နိုင်ငံရေးတွင် ပြောင်ပြောင်တင်းတင်း ဝင်ရောက်မှုကို ရှောင်ရှားခဲ့ပြီး ခေါင်းဆောင် ဂူလန်ကလည်း နိုင်ငံရေးရာ စွက်ဖက်မှုများ မလုပ်ဆောင်ကြောင်း ငြင်းဆိုထားသည်။

သို့သော်လည်း တူရကီ တရားစီရင်ရေးနှင့် ရဲတပ်ဖွဲ့တွင်းရှိ ဟစ်မတ် လှုပ်ရှားမှု လိုလားသူများ ရာထူး လျှော့ခံခဲ့ရခြင်း၊ ဝန်ကြီးချုပ်၏ မဟာမိတ်များအပေါ် ဟစ်မတ်လှုပ်ရှားမှု အဖွဲ့ဝင် ရှေ့နေများက စုံစမ်း စစ်ဆေးခြင်းတို့ ဖြစ်ပွားခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်းမှစ၍ မဟာမိတ်ဟောင်းများကြား တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။

ဟစ်မတ်လှုပ်ရှားမှုမှာ ဆွန်နီဟာနာဖစ် မွတ်ဆလင် ပညာရှင် တစ်ဦးဖြစ်သော ဂူလန်၏ သင်ကြားမှုများကို လိုက်နာသည့် လှုပ်ရှားမှုဖြစ်ပြီး ပုံမုန် ဖွဲ့စည်းမှု မရှိသော်လည်း နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ဟစ်မတ် သွန်သင်ချက်ကို လိုက်နာသူပေါင်း သန်းနှင့်ချီ ရှိနေသည်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့သည့် ၁၉၉၁ ခုနစ်နောက်ပိုင်းတွင် တူရကီနိုင်ငံမှတစ်ဆင့် ဗဟိုအာဖရိက မွတ်ဆလင် နိုင်ငံများသို့ ဟစ်မတ်လှုပ်ရှားမှု ဦးစွာ ပျံ့နှံ့ရောက်ရှိ သွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

အိမ်ရှင်များကို ဖုန်းဆက်ချိန်းဆိုပထုတ်ပြီး နေအိမ်အတွင်းရှိ ငွေကျပ်ဆယ်သိန်းခိုးယူ




ဇော်ဇော်ထွေး

ရန်ကုန် ၊ မဇ္ဈိမ။ ။ အိမ်ရှင်များကို ဖုန်းဆက်ချိန်းဆိုပထုတ်ပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ခိုးယူမှု ဖြစ်ပွားခဲ့သဖြင့် တာမွေရဲစခန်းက မတ်လ ၂ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပုဏ္ဏားရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် အရိုးကုန်းလမ်းထောင့် အမှတ် (၇၂၊ ၅ လွှာ)နေ ဆရာဝန်တစ်ဦးဖြစ်သည့် ဦးသိန်းဝင်းအောင် (၄၂)နှစ်က အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဉ်မှာ တရားလိုဖြစ်သူသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉နာရီခွဲခန့်က လသာမြို့နယ်သို့ အလုပ်ကိစ္စဖြင့် သွားရောက်စဉ် အမျိုးသမီတစ်ဦးက လမ်းဘေးဖုန်းဖြင့် လက်ကိုင်ဖုန်းသို့ ဆက်သွယ်လာပြီး ၄င်းလုပ်ကိုင်နေသည့် ရေမော်တာရောင်းဝယ်ရေးလုပ်ငန်းတွင် လုပ်ငန်းရှင်အစည်းအဝေးရှိသဖြင့် မွန်းလွဲ ၂ နာရီအချိန် လာရောက်ရန် ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။

ထို့အတူ ဇနီးဖြစ်သူသည်လည်း တူမဖြစ်သူ မဝင်းစန္ဒာအောင် (၂၇နှစ်)က အကြွေးဆပ်ရန်ဟုဆိုကာ လမ်းဘေးဖုန်းဖြင့် ဆက်သွယ်ပြီး ဗိုလ်မင်းရောင်လမ်းရှိ ရွှေထူးစားသောက်ဆိုင်သို့ ချိန်းဆိုလာသည့်အတွက် သွားရောက်နေသည်ဟုဆိုသည်။

တရားလိုဖြစ်သူသည် အစည်းအဝေးပြုလုပ်သည့် နေရာသို့သွားရာ အစည်းအဝေးမရှိသဖြင့် မွန်းလွဲ ၂နာရီ ၁၅ မိနစ်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှလာစဉ် နေအိမ်အတွင်းရှိ ဗီရိုသော့များ ပျက်ဆီးနေခြင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲစစ်ချက်တွက် ထွက်ဆိုထားသည်။

ဗီရိုအတွင်းမှ တစ်ထောင်ကျပ်တန်တစ်သိန်းအုပ် ၁ဝ အုပ် ပျောက်ဆုံးနေသဖြင့် ခိုးယူသူအပေါ် စုံစမ်းဖော်ထုတ်ပေးရန် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို တာမွေရဲစခန်းက (ပ)၁၁၄/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၈ဝ ဖြင့် အရေးယူရန် ဆောင်ရွက်နေပြီးလက်ရှိတွင်လည်း သံသယရှိထားသူ မဝင်းစန္ဒာအောင်ကို ဖမ်းဆီးစစ်ဆေးနေပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းရန် ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

ဗိုက်ခွဲပြီးနောက် ကိုယ်ဝန်ဆောင်ရခြင်း



ဆရာရှင့် သမီးက့ မှာ ဗိုက်ခွဲရပါတယ်။ ကလေးကသားဥပြွန်မှာတည်ပြီး ပေါက်ထွက်သွားလို့ အရေးပေါ် ခွဲစိတ်ဖြစ်ခဲ့ပါတယ်။ အခုသမီးမှာ ကိုယ်ဝန်ရှိနေလို့ပါ။ အဲတာ ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်ပါလဲဆရာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်။ ဗိုက်ခွဲပြီးတာ အခုမှ ၂ လပဲရှိပြီး၊ ကိုယ်ဝန်ရှိသွားတယ်ဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ ဆရာ။

သိပ်မစိုးရိမ်ပါနဲ့။ ခွဲစိတ်ပြီးနောက် ၂ လဆိုရင် ခွဲတာတွေ အားလုံး နေသားကျပါပြီ။ အခုကိုယ်ဝန်ကလဲ နောက် ၇ လ လိုသေးတာမို့ အဆင်ပြေမှာပါ။ အာလ်ထွာဆောင်းတော့ ရိုက်သင့်တယ်ထင်ပါတယ်။ လိုသေးရင်ထပ်မေးပါ။

ဝမ်းဗိုက်ကိုခွဲစိတ်ရတာတိုင်းကို အကြီးစား (မေဂျာ) ခွဲစိတ်ခြင်းလို့သတ်မှတ်ပါတယ်။ အသေးစားဖြစ်ဖြစ်၊ အကြီးစားဖြစ်ဖြစ် ခွဲစိတ်ထားတဲ့ အနာ၊ ဓါးရာ (ဒဏ်ရာ) ဟာ ခွဲပြီးနောက် ၆ ပါတ် (တလခွဲ) ဆိုရင် ၉၉% အနာကျက်ပြီးလို့ ပြောနိုင်တယ်။ ပိုးဝင်တာစတဲ့ နောက်ဆက်တွဲ တခုခုမဖြစ်ရင်ပြောတာပါ။ ၆ လဆိုရင် အကောင်းပကတိဖြစ်ပါပြီ။

ခွဲစိတ်တဲ့အနာမှာ အပေါ်ဆုံးက အရေပြား၊ အောက်မှာ အဆီ၊ အောက်မှာ ကြွက်သားနဲ့ ကြွက်သားအဖုံး + အရွတ်လွှာ ရှိတယ်။ ဗိုက်ခွဲတာဆိုရင် ဗိုက်ကိုဖုံးနေတဲ့ ပါးလျတဲ့ အဖုံးလွှာလေးရှိသေးတယ်။ အနာကျက်တာမှာ အရေပြားကိုတော့ မျက်စိနဲ့မြင်နိုင်တယ်။

သတိပြုစရာက ကြွက်သားဖြစ်တယ်။ ကြွက်သားချုပ်တာ ကျက်သွားပြီး အကောင်းပကတိဖြစ်ပေမဲ့ အရင်လိုတော့ ဆွဲတင်းနိုင်၊ ဆန့်နိုင်စွမ်းမရှိနိုင်တော့ပါ။ ဒါကြောင့် နောက်ကိုယ်ဝန်ရှိသူမှာ ဒီအချက်ကိုတော့ သတိပြုရပါမယ်။ စိုးရိမ်စရာမရှိတာက အရွယ်အစားဟာ တဖြေးဖြေးချင်းကြီးလာတာမို့ ကိုယ်ခန္ဓာကနေ အဆင်သင့်အောင် ပြုပြင်ပေးမှုလဲ ရှိပါတယ်။

ခွဲစိတ်မှုတိုင်းမှာ တွယ်ကပ်ဖြစ်စဉ်ရှိတယ်။ (စာတပုဒ်သပ်သပ်ရေးထားပါတယ်။) ခွဲစိတ်ထားသူမှာ နာရင် အဲလို တွယ်ကပ်နေတာကြောင့် ဖြစ်ပါမယ်။ ဒါလဲစိုးရိမ်စရာမဟုတ်ပါ။ အနာသက်သာဆေးသောက်တာနဲ့ရပါတယ်။ အပူကပ်တာလဲ လုပ်နိုင်တယ်။ သိပ်နာနေသူမျိုးကို ဆရာဝန်ကနေ ကိုယ်ဝန်အတွက် သတိထားပြီး၊ (ကော်တီဇုန်း) ထိုးပေးနိုင်ပါသေးတယ်။


ဒေါက်တာတင့်ဆွေ
၃-၃-၂ဝ၁၄

အိန္ဒိယမှ ထူးထူးခြားခြား ကြွက်ဘုရားကျောင်း



သာမန်အားဖြင့် ကြွက်များကို စက်ဆုပ်စရာ၊ ရွံစရာ အဖျက်အနှောင့်အယှက် သတ္တဝါများအဖြစ်သာ လူအများစုက ရှုမြင်ကြသည်။ သို့သော်လည်း အိန္ဒိယ နိုင်ငံတွင်မူ ကြွက်များကို အမြတ်တနိုး တန်ဖိုးထား ကိုးကွယ်သည့် ထူးထူးခြားခြား ဘုရားကျောင်းတစ်ခု တည်ရှိနေသည်။ အဆိုပါ ဘုရားကျောင်းထဲတွင် ကြွက်ကောင်ရေ (၂၀၀၀၀)ကျော် နေထိုင်သည်။ ရာဂျက်စ်သန်ရှိ ကာနီမာတာ ဘုရားကျောင်းသည် အမွေးထူထူ အမြီးရှည်ရှည် သတ္တဝါလေးများ ပြေးလွှားဆော့ကစားရင်း ပျော်ရွှင်ကျက်စားနေသည့် နေရာတစ်ခုအဖြစ် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်လျှက်ရှိသည်။ ကြွက်များကို ကိုးကွယ်သည့် ထူးခြားသော အယူဝါဒ ရှိသူအချို့သည် အဆိုပါ ကျောင်းတိုက်ထဲ လာရောက်ကာ ကြွက်များကို အစာကျွေးမွေးခြင်း၊ ဝတ်ပြုခြင်းတို့ လုပ်ဆောင်ကြသည့်အပြင် ၎င်းတို့ကိုလည်း ကာကွယ်စောင့်ရှောက်မှု ပေးထားသေးသည်။

ယင်းဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သူ တစ်ဦးဖြစ်သော ဆူရန်ဒါ ရှာမားက "ဒီဘုရားကျောင်းကို အရင်ဆုံး ရောက်ဖူးတာပါ။ ဒီလောက်ကြွက်တွေ အများကြီး ရှိပေမယ့် ပတ်ဝန်းကျင်မှာ ပလိပ်ရောဂါ ဖြစ်တာမျိုး ဘယ်တုန်းကမှ မကြားဖူးဘူး။ ဒီမှာ ကြွက်တွေ နေထိုင်နေကြတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ဒီနားတဝိုက်က လူတွေက ကြွက်တွေကို နတ်ဘုရားတွေ အနေနဲ့ လာပြီး ဝတ်ပြုတတ်ကြပါတယ်"ဟု ပြောကြားခဲ့သည်။ ယင်းကျောင်းတိုက်တွင် ကြွက်များကို ကျွေးမွေးသည့် အစာရေစာကိုလည်း ကြီးမားလှသည့် အိုးကြီးများတွင် ထည့်သွင်းကာ အထူးတလည် စီစဉ်လေ့ရှိသည်။

ကြွက်များသည် ဘုရားကျောင်းတွင်း၌ လွတ်လွတ်လပ်လပ် သွားလာနေပြီး ၎င်းတို့ကို တင်မြှောက်ပူဇော်ထားသည့် သလေးစပါး အကောင်းစားများကို စားသုံးကာ သတ္တုခွက်ထဲမှ နွားနို့များကို သောက်နေလေ့ရှိသည်။ ယင်းဘုရားကျောင်း၏ ထူးခြားသော အခြေအနေကြောင့် လာရောက်လည်ပတ်သူ အရေအတွက်လည်း တဖြည်းဖြည်း တိုးမြင့်လာခဲ့သည်။ အနက်ရောင်နှင့် အညိုရောင် အမွေးအမင်များ ဖုံးလွှမ်းနေသော ကြွက်များကို နေရာအနှံ့ တွေ့မြင်နိုင်သည်။ ဝတ်ပြုသူများက အဖြူရောင် ကြွက်တစ်ကောင်ကို တွေ့မြင်ရသည် ဆိုပါက မိမိတို့အတွက် လာဘ်ကောင်းသည်ဟု အယူရှိကြောင်းလည်း ရှင်းပြခဲ့ကြသည်။ အဆိုပါ ဘုရားကျောင်း၏ စည်းမျဉ်းအရ ကြွက်တစ်ကောင်ကို မတော်တဆ တက်နင်းမိပြီး ကြွက်သေသွားလျှင် အပြစ်မြောက်သည်။ ထိုအခါ အပြစ်သားသည် ရွှေသား၊ သို့မဟုတ် ငွေသားဖြင့် ထုလုပ်ထားသည့် ကြွက်ရုပ်လေးတစ်ခုကို ဝယ်ယူကာ အဆိုပါကျောင်းဆောင်တွင် လာရောက် ထားရှိခြင်းဖြင့် အပြစ်ကို ချေဖျက်နိုင်ကြောင်းလည်း သိရှိရသည်။

Planet

လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကိုယ်စား ၀န်ချတောင်းပန် လျှောက်ထားလွှာအား အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးထံ ဒေါ်အောင်ဆန်းစုကြည် ဆက်ကပ်၊ အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး ဥပဒေများ ပြဌာန်းရန် ဆောင်ရွက်ချိန်တွင် မနှောက်ယှက်ရန် ဆရာတော်ကြီးက သတိပေး




03-03-2014

အင်းစိန်ရွာမဆရာတော်ကြီး၏ ၇၅ နှစ်မြောက် ၀ိဇာတမွေးနေ့ မင်္ဂလာသို့ တက်ရောက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယင်း၏ပါတီဝင်တစ်ဦးဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ၏ သံဃာတော်များကို ရိုင်းရိုင်းစိုင်းစိုင်း ပြောကြားခဲ့ခြင်းအတွက် ၀န်ချတောင်းပန်လွှာကို ဆရာတော်ကြီးထံ ဆက်ကပ်ခဲ့ပြီး ဆရာတော်ကြီးက အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် NLD ပါတီက နှောက်ယှက်ခြင်းများ မပြုလုပ်ရန် သတိပေးဆုံးမစကား မိန့်ကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်ကျောင်းကြီး၌
ကျင်းပခဲ့သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ) (ဗဟို)၏ ဦးစီး ဆရာတော်ကြီး ဖြစ်တော်မူသော အင်းစိန်ရွာမ၊ ပရိယတ္တိစာသင်ကျောင်း ၏ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တ ဦးတိလောကဘိဝံသ၏ ၇၅ နှစ်မြောက်၊ စိန်ရတု ဝိဇာတ မွေးနေ့မင်္ဂလာ ပွဲကြီးကို နံနက် ၉ နာရီ အချိန် မှ စ၍ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့် တက်ရောက် ပူဇော်ခဲ့ပြီး ယင်းသို့ တက်ရောက်စဉ် တောင်းပန်လွှာဆက်ကပ်ခဲ့ပြီး ဆရာတော်ကြီးက မိန့်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို နံနက် ၉ နာရီ အချိန်တွင် စတင်ကျင်းပ ၍ အနုမောဒနာတရားတော်ကို ရွှေရတုတိပိဋက ဆရာတော် အရှင်သီလက္ခန္ဓာဘိဝံသ မှ "သံဃာတော် အရှင် သူမြတ်များသည် လိုအပ်လျင် တိုင်းပြည်၏ ( နိုင်ငံရေး ) မှာ ပါဝင် ဆောင်ရွက်စေ၍ ဒကာ/ဒါယိကာမတို့၏ ကောင်းကျိုးချမ်းသာ ရ ရှိလာအောင် ပါဝင် ဆောင်ရွက်နေ ရ ခြင်းသည် ရာထူးအာဏာကို ရ ယူလိုခြင်း မဟုတ်ပါကြောင်း" ဟောကြားတော်မူ၍ သီဟုဠ်ခေတ် အဘယ မထေရ် ကို အကြောင်းပြုကာ အမျိုးစောင့်တရားတော်ကို ချီးမြှင့်တော်မူသည်။

ရွာမဆရာတော်ကြီး၏ အနီးကပ်သံဃာများ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် မှ ဆရာတော်ကြီး ထံ ဝန်ချတောင်းပန်လွှာ အိတ်ပိတ် စာတစ်စောင်ကို ပေးအပ်ခဲ့ကြောင်း၊ ၎င်း ပေးအပ်ခဲ့သော တောင်းပန်လျှောက်ထားလွှာမှာ (မ.ဘ.သ) ဆရာတော်ကြီးများကို (နွား)ဖြင့် နှိုင်း၍ ရိုင်းစိုင်းခဲ့သော NLD-ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ၏ ကိုယ်စား တောင်းပန် လျှောက်ထားလွှာ ဖြစ်ကြောင်း၊ စာဖြင့် တောင်းပန်ခြင်း မပြုဘဲ လူသိရှင်ကြား တောင်းပန်လိုသော်လည်း နိုင်ငံရေး အရ ကျဆုံးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ စာဖြင့် လျှောက်ထား တင်ပြရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားထားကြောင်း သိရသည်။

အလားတူ အမျိုးစောင့်တရား ချီးမြှင့်တော်မူခဲ့သော ဆရာတော်ဘုရားကြီးက NLD ပါတီအနေဖြင့် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ကို နှောက်ယှက်တားဆီးခြင်း၊ ပြက်ရယ်ပြုခြင်း၊ ကွယ်ရာမှ ရှုတ်ချခြင်း၊ ဘာသာခြားများနှင့်ပူးပေါင်း၍ ပြည်သူများအကြား ထင်မှတ်မှားစေ ရန် ပြုလုပ်ခြင်း စသည်တို့ကို ရှောင်ကြဉ်ကြရန် အရေးကြီး ကြောင်း သတိပေးဆုံးမစကား မိန့်ကြားခဲ့သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် NLD ပါတီ လွှတ်တော်အမတ်တစ်ဦးက သံဃာတော်တွေ ကို နွားနဲ့ ခိုင်းနှိုင်းပြီး ပြစ်တင်ဝေဖန်တာဟာ ရတနာသုံးပါးကို စော်ကားခဲ့တာပါပဲ။ ဘုန်းကြီးတို့ ရင်နာတာက ကိုယ့်ဘာသာဝင်တွေကပဲ ဒီလို လုပ်နေတာကိုပါ။ ဒကာမကြီး ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အမျိုးစောင့် ဥပဒေကို စပြီး လှုံ့ဆော်ချိန်မှာ
ဘာသာရေးကို အကြောင်းပြုပြီး လူတစ်ယောက်ရဲ့ ယုကြည်မှုကို ဥပဒေဖြင့် တားဆီးဖို့ မသင့်တော်ဘူးလို့ မီဒီယာတွေကို ပြောကြားခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ ပြီးတော့ မျိုးစောင့်ဥပဒေကို ပြဌာန်းခြင်းဟာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မညီညွှတ်လို့ သူ့အနေဖြင့် လက်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာကို ပြောကြားခဲ့ပါတယ်။ မျိုးစောင့်ဥပဒေ ရဲ့ ဘယ်အချက်တွေက လူ့အခွင့်အရေးစံနှုန်းတွေနဲ့ မညီတာ ဟု လိုတော့ တိတိကျကျ မပြောပြနိုင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောကြားချက်ကို သံယောင်လိုက်ပြီး NLD ပါတီဝင်တွေ၊ NLD ထောက်ခံသူတွေနဲ့ နာမည်ကြီး အနုပညာသည်အချို့က မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်နေတဲ့ ရဟန်းသံဃာတော်တွေ လူပုဂ္ဂိုလ်တွေကို ထိုးနက် တိုက်ခိုက်ပြီး ပုံနှိုပ်မီဒီယာမှာကို ပုပ်ခတ် စော်ကား ရေးသားလာကြတာ၊ ရန်သူကြီးများသဖွယ် ဆဲဆိုရမ်းကားရေးသားနေတာ အခုချိန်ထိပါပဲ။ မျိုးစောင့် ဥပဒေကို သေသေချာချာ မလေ့လာဘဲ ဒေါ်အောင်ဆန်းစုကြည် မထောက်ခံရင် ငါတို့လည်း မထောက်ခံနိုင်ဘူးလို့ ပြောကြားနေတဲ့ လူတွေကို တွေ့လိုက်ရတော့ အတော်ကလေးကို စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်" ဟု မဘသဆရာတော်တစ်ပါးက မိန့်သည်။

"အင်တာနက်မှာလည်း NLD ပါတီအစည်းအဝေးတစ်ခုက အသံဖိုင်ဆိုပြီး ပြန့်နှံ့နေတာ ဒကာတွေ လာပြလို့ နားထောင်လိုက်ရပါတယ်။ ဒီအတိုင်းဆို NLD ပါတီဟာ ဘာသာ သာသနာအတွက် စိုးရိမ်စရာ ဖြစ်လာ လိမ့်မယ်။ အခု ဘုန်းကြီးတို့ကို ဘာဖြစ်လို့ NLD က ရန်သူတော်ကြီးလို သဘောထားပြီး တိုက်ခိုက်နေတာလဲ။ NLD အမတ်တွေ သံဃာတော်တွေကို စော်ကားတဲ့ ကိစ္စကို ပါတီဥက္ကဌက လိုက်တောင်းပန်နေတယ် ဆိုတာဟာလည်း စဉ်းစားစရာပါပဲ။ ဒီ ဦးမင်းသူ ဆိုတဲ့ ဒကာကြီး ပြောခဲ့တာ မှန်ရင် ဦးမင်းသူကို အရေးယူဖို့ လိုပါတယ်။ ပါတီစည်းကမ်းနဲ့ အညီပေါ့။ အခုဟာက ဦးမင်းသူကို ခွင့်လွှတ်ပေးဖို့ ပါတီ ဥက္ကဌက တောင်းပန်တယ် ဆိုတဲ့ စဉ်းစားစရာ အများကြီး ဖြစ်နေတယ်။ အခု ဘုန်းကြီးတို့ကို တိုက်ခိုက်နေတာတွေက NLD ပါတီဝင်တွေ၊ တစ်နိုင်ငံလုံး အတူတူ ဖြစ်နေတယ်။ ဒါက NLD ပါတီဥက္ကဌရဲ့ လမ်းညွှန်ချက်လား သံသယ ဖြစ်စရာ သိပ်ကောင်းတယ်။ ဆရာတော်ကြီးကတော့ သတိပေးရုံပဲ ပေးတာပါ။ ဘုန်းကြီးတို့ သဘောဆိုရင် လူသိထင်ရှား တောင်းပန်တဲ့အဆင့်ကို လုပ်သင့်တယ်။ ဦးမင်းသူ စော်ကားခဲ့တဲ့ နေပြည်တော်က သံဃာတော်တွေကို ကာယကံမြောက် ၀န်ချတောင်းပန်ဖို့ လိုတယ်" ဟု အင်းစိန်ရွာမ သံဃာ တစ်ပါးက မိန့်ကြားသည်။

၎င်းအပြင် သံဃာတော်များ ဆောင်ရွက်ကြိုးပမ်းနေသည့် အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို NLD ပါတီက နှောက်ယှက်ခြင်း မပြုဖို့ ကြေညာချက် တစ်စောင် လူသိထင်ရှား ထုတ်ပြန်ပေးရန် တောင်းဆိုသင့်ကြောင်း ၄င်းဆရာတော်က မိန့်သည်။

"အခု နောက်ဆုံး ကြားသိရတာက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုင်ပင်ပြီး အမျိုးစောင့် ဥပဒေ ၄ ခုကို ပယ်ချလိုက်တာ လို့ ပြောတယ်။ ဒီသတင်းသာမှန်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန် ရှိလာလိမ့်မယ်။ နိုင်ငံရေးအရ ထောက်ခံမှုတွေ ကျဆင်းမှာစိုးလို့ လူသိထင်ရှား တောင်းပန်တာမျိုး မလုပ်ချင်ဘူး ဆိုရင် အစကတည်းက သံဃာတွေကို လူသိထင်ရှား မစော်ကားနဲ့ပေါ့။ ဘုန်းကြီးခေါင်းကို တူနဲ့ထုပြီး ကန်တော့ ဆိုတာကိုလည်း စိတ်ထဲကပဲ ဆိုတယ် ဆိုတာကတော့ တော်တော် တရားကျဖို့ ကောင်းတယ် လို့ပဲ မြင်တယ်" ဟု မြန်မာအမျိုးသားကွန်ရက်မှ ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

ဥပဒေပြုပေးရန် လွှတ်တော်တွင် တာဝန်ရှိကြောင်း၊ တာဝန်မရှိ ဟု ဗြောင်ငြင်းခဲ့သော NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်သည်လည်း အမျိုးဘာသာ သာနာအကျိုးကို အနှောက်အယှက်ပြုရာ ရောက်ရှိနေကြောင်း၊ ဦးဝင်းမြင့်သာမက ဒေါက်တာ မြတ်ဥာဏစိုး အပါအ၀င် အခြားသေယာ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်ဟု သိရှိရကြောင်း၊ ဒေါက်တာမြတ်ဥာဏစိုး ဆိုလျှင် အရက်မူးပြီး အပေါက်စောင့် ဥပဒေ ဟု ပြောကြားခဲ့သည် ဟု သတင်းထောက် အချို့ထံမှ သိရှိရကြောင်း၊ ဦးဝင်းမြင့်က အမျိုးဖျက်ဥပဒေဟု ဝေဖန်ခဲ့ကြောင်း၊ ဦးမင်းသူသာမက NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးမှာ အမျိုးဘာသာ သာသနာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည် ဟု သိရှိရကြောင်း အထက်မြန်မာုပြည် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော်တစ်ပါးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)ပြင်ဆင်ရေး လူထုဆွေးနွေးပွဲများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး သံဃာများနှင့် ထိပ်တိုက်တိုးမှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိသည်။


ပုဂံအွန်လိုင်းမီဒီယာ

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ပြန်ကျင်းပ


ထိုင်းနိုင်ငံမှာ အရင်လက ဆန္ဒပြပွဲတွေကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲတွေကို ပြန်ကျင်းပနေပါတယ်။
၁ လကြာ ရွှေ့ဆိုင်းထားရတဲ့ မဲပေးတာတွေကို ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့က  ပြန်လုပ်နေပေမယ့် မဲပေးသူဦးရေ အလွန်နည်းတယ်လို့ သတင်းတွေက ဆိုပါတယ်။ မတ် ၂ ရက်နေ့ ရွေးကောက်ပွဲဟာ အနှောင့်အယှက် မရှိဘဲ ပြီးဆုံးခဲ့ပါတယ်။

ခရိုင် ၅ ခု၊ မဲဆန္ဒနယ်ပေါင်း ၁၀၁ ခုမှာ ကျင်းပတဲ့ မတ် ၂ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ၁ သိန်း ၂ သောင်း ရှိပါ တယ်လို့ ရွေးကောက်ပွဲကော်မ ရှင်က ပြောပါတယ်။

ရလဒ်တွေကိုတော့ မဲဆန္ဒနယ်တွေအားလုံးမှာ ကျင်းပပြီးမှ ကြေညာမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

အကြမ်းဖျင်းအားဖြင့် ဧပြီလလောက် မဲဆန္ဒနယ်တွေအားလုံးမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ကော်မရှင်က ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲဥပဒေအရ အောက်လွှတ်တော်မှာ အမတ်နေရာ ၅၀၀ ရှိတဲ့အထဲက ၉၅ ရာခိုင်နှုန်း မပြည့်ရင် အစိုးရသစ်ကို မဖွဲ့နိုင်ပါဘူး။

ရလဒ်တွေကို မကြေညာခင်အထိ ၀န်ကြီးချုပ် ယင်းလပ်ဟာ လုပ်ပိုင်ခွင့် အကန့်အသတ်နဲ့ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အနေနဲ့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဘန်ကောက်မှာတော့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေက လမ်းတွေပေါ်ကနေ ဖယ်ရှားသွားပြီး လုမ်ဘနီဥယျာဉ်ဆီကို ရွှေ့သွားကြပြီ ဖြစ်ပါတယ်။

 ဒီဗွီဘီ

ယူကရိန်းမြေပေါ်က ရုရှားတပ်များ ပြန်ရုပ်သိမ်းရန် သတိပေး


စစ်ဖြစ်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်ပေါက်နေတဲ့ ယူကရိန်းမြေပေါ်က ရုရှားတပ်တွေကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်နဲ့ မဟာမိတ် နေတိုးအဖွဲ့က တောင်းဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ရုရှားကို သတိပေးလိုက်ပါတယ်။

ရုရှားရေတပ် အခြေစိုက်စခန်း တည်ရှိတဲ့ ပင်လယ်နက်ကျွန်းဆွယ်ဒေသထဲက ယူကရိန်းပိုင် ကရိုင်းမီယားဒေသထဲက ရုရှားတပ်တွေ ပြန်ရုပ်ဖို့ တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဒီလို စစ်ရေးကျူးကျော်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက  ပြစ်တင် ရှုံ့ချလိုက်ပြီး နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားကို သတိပေးလိုက်ပါတယ်။

စစ်ဖြစ်လာနိုင်တဲ့အခြေအနေမှာ ယူကရိန်းအစိုးရသစ်က တပ်ဖွဲ့တွေကိုလည်း အဆင့်မြင့်ဆုံး တပ်လှန့်ထားပါတယ်။ ယူကရိန်းအစိုးရသစ်က မဟာမိတ်ဖြစ်တဲ့ နေတိုးအဖွဲ့ကို အကူအညီ တောင်းထားပါတယ်။

ဥရောပအလယ်က ယူကရိန်းနယ်မြေကို ရုရှားရဲ့ သိမ်းပိုက်မှုဟာ ဥရောပရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တာလို့လည်း နေတိုးအဖွဲ့က ရုရှားကို သတိပေးထားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံအမတ်ကြီးများ အရေးပေါ်အစည်းအဝေးအပြီး နေတိုးအတွင်းရေးမှူးချုပ်က ရုရှားရဲ့ စစ်ရေးစွက်ဖက်မှုဟာ နိုင်ငံတကာဥပဒေကို ဆန့်ကျင်တယ်လို့ သတိပေးလိုက်ပါတယ်။

russia army2ဒါ့အပြင် ယူကရိန်းနိုင်ငံရေးမပြေလည်မှုအတွင်း ရုရှားရဲ့ ၀င်ရောက်စွက်ဖက်မှုကို ရုပ်သိမ်းပြီး စစ်တပ်ကို အခြေစိုက်စခန်းဆီ ပြန်ဆင့်ခေါ်ဖို့ ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ကတော့ မတ် ၂ ရက်နေ့ညက ယူကရိန်းမြို့တော် ကိယက်မြို့ကို ရောက်သွားပြီး အကျပ်အတည်း ပြေလည်နိုင်ရေးအတွက် အဖြေရှာ ဆွေးနွေးနေပါတယ်။

လေယာဉ်ပေါ်မတက်မီ ဗြိတိန်ဝန်ကြီးက တင်းမာမှုတွေ ဖြေလျော့နိုင်မယ့် နည်းလမ်းနဲ့ ပဋိပက္ခတွေကို ရှောင်နိုင်မယ့်နည်းတွေကို သေချာအောင် ရှာဖွေဖို့ နှစ်ဖက်လုံးကို ဆော်သြခဲ့ပါတယ်။

အစောပိုင်းကတော့ ရုရှားရဲ့ ကျူးကျော်မှုဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်ဆိုင်ရာ ဂုဏ်သိက္ခာကို ချိုးဖောက်မှုအဖြစ် အပြစ်တင်ခဲ့ပါတယ်။

ဒီဗွီဘီ

နဝမတန်းကျောင်းသူတစ်ဦး လပတ်စာမေးပွဲအမှတ် နည်း၍ ပိုးသတ်ဆေးသောက် သေကြောင်းကြံ



မန္တလေး၊ မတ်လ ၂

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ ဘော်ဒါဆောင် တစ်ခုတွင် လပတ် စာမေးပွဲ အမှတ်နည်းသဖြင့် နဝမတန်း ကျောင်းသူ တစ်ဦးသည် ကြွက်သတ်ဆေး အနည်းငယ်နှင့် ပေါင်မုန့်တို့ရော၍ စားသောက်ခဲ့ပြီး သေကြောင်း ကြံစည်ခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် ရဲတပ်ဖွဲ့စခန်း ဒုရဲမှူးက ပြောကြားသည်။

ပျော်ဘွယ်မြို့ ရွှေပြည်ရန်နိုင် ရပ်ကွက်ရှိ ဘော်ဒါဆောင် နေသူသည် မတ်လ ၁ ရက်နေ့ ည ၁၀ နာရီခန့်က ကြွက်သတ်ဆေးနှင့် ပေါင်မုန့်ရော၍ စားသုံးခဲ့သဖြင့် မူးဝေအော့အန်ပြီး ပျော်ဘွယ်ဆေးရုံသို့ ပို့ဆောင် ကုသလျက် ရှိကြောင်း ပျော်ဘွယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“ကိုးတန်းကျောင်းသူလို့ သိရတယ်၊ သူက လပတ်စာမေးပွဲမှာ အမှတ်နည်းလို့ ကြွက်သတ်ဆေး သောက်ပြီး သေကြောင်း ကြံတယ်လို့ စစ်ဆေးသိရတယ်” ဟု ၎င်းက ထပ်မံဆိုသည်။

အဆိုပါ ကျောင်းသူသည် ပျော်ဘွယ် ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး သက်သာ လာသဖြင့် မတ်လ၂ ရက်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခဲ့ပြီး ကြွက်သတ်ဆေး သောက်၍ သေကြောင်းကြံသူ ယင်းနဝမတန်း ကျောင်းသူကို ပျော်ဘွယ်မြို့နယ် မြို့မရဲစခန်းက (ပ) ၆၀/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၉ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ပျော်ဘွယ်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မိဘနှင့် အုပ်ထိန်းသူများ အနေနှင့် အထက်တန်း ကျောင်းသားများနှင့် ပတ်သက်၍ စာမေးပွဲ ဖြေဆိုရန် နီးကပ်ချိန်များတွင် ဖိအားမပေးသင့်ဘဲ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် လိုကြောင်း အောင်မြေသာစံ မြို့နယ်ရှိ နေ့အထူးနှင့် ဘော်ဒါဆောင် တည်ထောင်ထားသူ ဆရာတစ်ဦးက ပြောကြားသည်။

The Voice Weekly

အသီးအရွက်သမားတွေ ဘာကြောင့်အသက်ရှည်



ထက်ဆု on 2014-03-03 13:19    
အသားချစ်သူတွေအတွက်တော့ ဒီသတင်းအပိုင်းအစလေးက သူတို့အတွက် စွန့်ပစ်ချင်စရာ ဖြစ်နေမှာပေါ့။ ဒါပေမယ့်လည်း တကယ်ကောင်းမွန်တဲ့ ကျန်းမာရေးဆိုတာ အသီးအရွက်တွေဆီက လာတာပါ။ လေ့လာတွေ့ရှိချက်တွေအရ အသီးအရွက်စားသုံးသူတွေက ယေဘုယျအားဖြင့် အသားစားသုံးသူတွေနဲ့ ယှဉ်ရင် သွေးဖိအားနည်းပါတယ်။ ဒီအချက်ကြောင့် အသီးအရွက်စားသုံးသူတွေက အလိုအလျောက်ဆိုသလို နှလုံးရောဂါဖြစ်နိုင်ဖို့ အခွင့်အလမ်း နည်းပါးသွားပါပြီ။

          ဒီတော့ သင့်အနေနဲ့ အသား၊ ငါးတွေကို မနှစ်သက်တော့တဲ့ အချိန် ၊ အသီးအရွက်တွေကိုပဲ ပြောင်းလဲ စားသောက်ဖို့ အစီအစဉ်ရှိနေတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြပေးမယ့် အချက်တွေက သင့်ကို အထောက်အကူပြုပါလိမ့်မယ်။

(၁)     သေစေနိုင်တဲ့ ရောဂါဖြစ်ပွားမှုနှုန်း နည်းခြင်း
    အသီးအရွက်တွေက သင့်ကို အ၀လွန်စေတဲ့ အဆီနဲ့ ကိုလက်စထရောဓါတ်တွေ အပြည့်အသိပ် ယူဆောင်မပေးနိုင်ပါဘူး။ ဒီတော့ သင့်ရဲ့ သွေးပြန်ကြောတွေကို ပိတ်ဆို့မိလို့ ဖြစ်ရတဲ့ အသေအပျောက် ကိစ္စတွေလည်း မရှိနိုင်တော့ဘူးပေါ့။ နောက်ပြီး ဒီရောဂါတွေနဲ့ ဆက်စပ်တဲ့ နာတာရှည်ရောဂါတွေလည်း မဖြစ်ပွားနိုင်ပါဘူး။ ဒါကြောင့် အဆုံးမှာတော့ သေခြင်းတရားဆိုတာ သက်သက်လွတ်သမားတွေအပေါ် စောစောစီးစီး မကျရောက်နိုင်တော့ပါဘူး။

(၂)     ကင်ဆာဖြစ်နိုင်ချေ နည်းခြင်း

          အသီးအရွက်တွေက သင့်ရဲ့ ပန်းကန်ထဲမှာ အရောင်စုံနေစေဖို့တင် မဟုတ်ဘဲ C နဲ့စတဲ့ ရောဂါကနေ ကင်းဝေးအောင်လဲ သင့်ကို စောင့်ရှောက်ပေးပါတယ်။ အသီးအရွက်စားသုံးမှု ပုံစံက ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကနေ သင့်ကို ထိန်းသိမ်းပေးတယ်လို့ ဆိုပါတယ်။

(၃)     သွေးဖိအား နည်းခြင်း (သွေးမတိုးခြင်း)

          အသီးအရွက်စားခြင်းရဲ့ ကောင်းခြင်းတွေထဲက နောက်တစ်မျိုးက ဆေးခန်းပြေးပြီး ခဏခဏ သွေးပေါင်ချိန်နေစရာ မလိုတာပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ အသီးအရွက်တွေက သွေးဖိအားကို မမြင့်တက်စေဘဲ ပျှမ်းမျှအခြေအနေမှာသာ ထိန်းထားပေးနိုင်ပါတယ်။

(၄)     ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေနည်းခြင်း

          အသီးအရွက် သမားတွေအနေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေမရှိဘူးလို့ တိုက်ရိုက်တွေ့ရှိထားတာတော့ မရှိပါဘူး။ ဒါပေမယ့် အသီးအရွက် စားသောက်မှုပုံစံဟာ သင့်ရဲ့ဝိတ်ကို ကျစေနိုင်ရုံသာမက သင့်ရဲ့ သွေးတွင်း သကြားဓါတ်နှုန်းကိုပါ ထိန်းညှိပေးတဲ့အတွက် ဆီးချိုရောဂါ ဖြစ်နိုင်ချေနည်းတယ်လို့ သုံးသပ်နိုင်တာ ဖြစ်ပါတယ်။

          ဒီတော့ သင်လည်း အသီးအရွက်သမားအဖြစ် ပြောင်းလဲတော့မယ်ဆိုရင်တော့ ဒီလို ကောင်းကျိုးလေးတွေလည်း ရရှိနိုင်တာကြောင့် “အသီးအရွက်သမားတွေ အသက်ရှည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ရပါတယ်။

Ref:mensxp.com
Trend

Dallas Buyers Club၊ Gravity နဲ့ 12 Years A Slave ဇာတ်ကားတွေ ဆုအများဆုံးရရှိသွားတဲ့ ၂၀၁၄ အော်စကာဆုပေးပွဲ




Jack the Ripper on 2014-03-03 13:58    


Dallas Buyers Blub နဲ့ Gravity ကတော့ ၂၀၁၄ ခုနှစ်အော်စကာဆုပေးပွဲမှာအောင်မြင်မှုအရဆုံးဇာတ်ကားတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟောလိဝုဒ်ရဲ့အကြီးကျယ်ဆုံးညမှာ အကောင်းဆုံးရုပ်ရှင်ဆိုကိုဆွတ်ခူးသွားတာကတော့ 12 Years a Slave ဇာတ်ကားပဲဖြစ်ပါတယ်။

ကျွန်စနစ်ကိုနောက်ခံထားတဲ့ ဒါရိုက်တာ Steve McQueen ရဲ့ဒရာမာဇာတ်ကား 12 Years a Slave ဟာ ဆု ၃ ကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုအဖြစ် Lupita Nyong’o နဲ့အကောင်းဆုံး ပြန်လည်မှီငြမ်းထားတဲ့ရိုက်ကွင်းဇာတ်ညွှန်းအဖြစ် John Ridley ကရယူခဲ့တာဖြစ်ပါတယ်။

AIDS ရောဂါဝေဒနာရှင်များအကြောင်းဖြစ်တဲ့ ဒရာမာဇာတ်ကား Dallas Buyers Club ဟာလဲအမျိုးသားသရုပ်ဆောင်ခေါင်းစဉ်အောက်မှာ ဆုနှစ်ဆုရခဲ့ပါတယ်။ Matthew McConaughey ကသူ့ရဲ့ပထမဆုံး အော်စကာအနေနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနဲ့ Jared Leto ကအကောင်းဆုံးအမျိုးသားဇတ်ပို့ဆုကိုရရှိခဲ့ပါတယ်။ Cate Blanchett ကတော့ Blue Jasmine ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးအမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပါတယ်။

ဒါပေမယ့် ဆုတွေအများဆုံးသိမ်းကျုံးရယူသွားတာကတော့ Gravity ဇာတ်ကားဖြစ်ပါတယ်။ ဆုပေါင်း Alfonso Cuaron ရဲ့ အကောင်းဆုံး ဒါရိုက်တာဆုနဲ့အခြားနည်းပညာဆိုင်ရာဆုတွေအပါအ၀င် ဆုပေါင်း ၇ဆုရနိုင်ခဲ့ပါတယ်။

၈၆ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာရရှိခဲ့တဲ့ဆုစာရင်းကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

Best Motion Picture of the Year: 12 Years A Slave

Best Performance by an Actor in a Leading Role: Matthew McConaughey, Dallas Buyers Club

Best Performance by an Actress in a Leading Role: Cate Blanchett, Blue Jasmine

Best Performance by an Actor in a Supporting Role: Jared Leto, Dallas Buyers Club

Best Performance by an Actress in a Supporting Role: Lupita Nyong'o, 12 Years A Slave

Best Achievement in Directing: Alfonso Cuaron, Gravity

Best Writing, Original Screenplay: Spike Jonze, Her

Best Writing, Adapted Screenplay: John Ridley, 12 Years A Slave

Best Animated Feature Film: Frozen - Chris Buck, Jennifer Lee & Peter Del Vecho

Best Foreign Language Film of the Year: The Great Beauty (Italy)

Best Achievement in Cinematography: Gravity - Emmanuel Lubezki

Best Achievement in Film Editing: Gravity - Alfonso Cuaron & Mark Sanger

Best Achievement in Production Design: The Great Gatsby - Catherine Martin & Beverley Dunn

Best Achievement in Costume Design: The Great Gatsby - Catherine Martin

Best Achievement in Makeup and Hairstyling: Dallas Buyers Club - Adruitha Lee & Robin Mathews

Best Achievement in Music Written for Motion Pictures, Original Score: Gravity - Steven Price

Best Achievement in Music Written for Motion Pictures, Original Song: Let It Go from Frozen - Kristen Anderson-Lopez and Robert Lopez

Best Achievement in Sound Mixing: Gravity - Skip Lievsay, Niv Adiri, Christopher Benstead & Chris Munro

Best Achievement in Sound Editing: Gravity - Glenn Freemantle

Best Achievement in Visual Effects: Gravity - Timothy Webber, Chris Lawrence, David Shirk & Neil Corbould

Best Documentary, Feature: Twenty Feet From Stardom - Morgan Neville, Gil Friesen & Caitrin Rogers

Best Documentary, Short Subject: The Lady in Number 6: Music Saved My Life

Best Short Film, Animated: Mr Hublot - Laurent Witz & Alexandre Espigares

Best Short Film, Live Action: Helium - Anders Walter & Kim Magnusson

Jean Hersholt Humanitarian Award: Angelina Jolie

Ref:starpulse.com

Trend

ယောက္ခမကြီးနဲ့ ပထမဆုံးတွေ့တော့မယ်ဆိုရင်




ထက်ဆု on 2014-01-23 13:10    
          သင်နှစ်သက်တဲ့ အမျိုးသမီးရဲ့ ဖခင်နဲ့တွေ့ဆုံရမယ့် ပထမဆုံးအကြိမ်ဆိုတာ သင့်အတွက်အလွန်ပဲ တုန်လှုပ်စရာကောင်းပါတယ်။ သင့်ကောင်မလေးဖခင်ရဲ့ အထင်ကြီးမှုကို ရယူဖို့ဆိုတာ ပြောသလောက် လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ရုပ်ရှင်တွေထဲကနဲ့ အပြင်လောကမှာ တထပ်တည်းကျတဲ့ ဇာတ်ဝင်ခန်းက ဒီဇာတ်ဝင်ခန်းပါပဲ။

          ဖခင်တိုင်းက သူတို့သမီးရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်မချတတ်ကြပါဘူး။ အထူးသဖြင့် သူမတို့ဘ၀ကို အခြားအမျိုးသားတစ်ဦးရဲ့ ဦးဆောင်မှုနောက်ကို ထည့်လိုက်ရမယ်ဆိုတဲ့အခါမှာပေါ့။ ဒါကြောင့် အကောင်းဆုံးဆိုတာတွေထဲက အကောင်းဆုံးတစ်ယောက်ကို ရွေးပေးချင်တတ်ကြပါတယ်။ ဒီအခါ သူနဲ့တွေ့တဲ့ ပထမဆုံးအကြိမ်မှာ သင့်အပေါ်ကို အထင်ကြီးသွားစေဖို့က အလွန်ပဲအရေးကြီးတာကြောင့် ဒီအချက်လေးတွေကို အနည်းငယ်လေ့လာထားဖို့တော့ လိုပါလိမ့်မယ်။

လက်ဆောင်တစ်ခုယူသွားပါ

          လိုအပ်တဲ့ ကြိုတင်လေ့လာမှုတွေ ပြုလုပ်ပြီး သူ့အတွက် လက်ဆောင်တစ်ခုပါအောင် ယူသွားပါ။ သစ်သီးခြင်းတွေနဲ့ ၀ိုင်ပုလင်းတွေဟာ သင့်တော်ပြီးအမြင်လှပေမယ့် အရမ်း ပုံမှန်ဆန်ပါတယ်။ အဲဒီအစား သူနှစ်သက်တတ်တဲ့အရာ ၊ သူ့အတွက် တကယ်လိုအပ်မယ့် အရာတစ်ခုကို အချိန်ယူလေ့လာပြီးမှ ယူသွားပေးပါ။ သင့်ကောင်မလေးကလည်း သင့်ရဲ့လက်ဆောင်ဟာ သူ့ဖခင်ရဲ့အကြိုက်နဲ့ ကိုက်မကိုက် ဆုံးဖြတ်ပေးပါလိမ့်မယ်။ တကယ်လို့များ သူ့အကြိုက်နဲ့အမှန်တကယ်ကိုက်တဲ့ လက်ဆောင် ရွေးချယ်ပေးခဲ့ နိုင်ရင်တော့ ဒီညစာစားပွဲ ချိန်းဆိုခြင်းမှာ သင့်အတွက် ပထမဆုံးအောင်မြင်မှုကြီး ရလိုက်တာပါပဲ။ တာထွက် ကတော့ကောင်းခဲ့ပါပြီ။

အကောင်းဆုံးဖြစ်အောင် ၀တ်ဆင်ပါ

          သူ့အနေနဲ့ သူ့ရဲ့သမက်လောင်းကို တစ်ခါမှမမြင်ဖူးပါဘူး။ သူ့သမီးရဲ့ ပြောပြချက်တွေနဲ့ သင့်ကို စိတ်ကူးပြီးပုံဖော်ကြည့်နေပါလိမ့်မယ်။ ဒါကြောင့် အသက်ရွယ်နဲ့လိုက်ဖက်အောင် ၀တ်ဆင်ပါ။ အထက်တန်းပြီးခါစ ဆယ်ကျော်သက်လေးလို မသပ်မရပ် (ဒါမှမဟုတ်) မရင့်ကျက်တဲ့အသွင်နဲ့ မသွားမိပါစေနဲ့။ သပ်ရပ်စွာနဲ့ ပုံစံကျစွာ ၀တ်စုံပြည့်ဝတ်ဆင်သွားပါ။

ပုံမှန်သာ နေထိုင်ပါ

          သူမရဲ့ဖခင်ဟာ သင်အလွန်လေးစားရတဲ့ သူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုပါစို့။ သူ့ရဲ့အထင်ကြီးမှုကို ရယူချင်တာကြောင့် အရမ်းကြီးပြာယာခတ်အောင် ကြိုးစားလေလေ အခွင့်အရေး ပိုနည်းလေလေပါပဲ။ ဒါကြောင့် လူတွေရဲ့နှစ်သက်မှုနဲ့ လိုက်လျောညီထွေဖြစ်အောင်သာ ကြိုးစားပါ။ သူဟာလည်း သင်ရဲ့နေရာကို ကျော်ဖြတ်လာသူတစ်ဦးဖြစ်တာကြောင့် သင့်အကဲကို ဖမ်းနိုင်ပါတယ်။

အေးခဲနေမှုကို ချိုးဖျက်ပါ

          သင်ဟာ အနည်းငယ်နေရထိုင်ရခက်ပြီး ခပ်ရွံ့ရွံ့ဖြစ်နေမယ်ဆိုရင် စကားဝိုင်းတစ်ခုကို စတင်လိုက်ပါ။ သင့်ရဲ့ စိုးရွံ့တုန်လှုပ်နေတဲ့ပုံစံက အားနည်းချက်ရဲ့ လက္ခဏာတစ်ခုဖြစ်လို့ မမြင်သာအောင် ဖုံးဖိထားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ အမျိုးသားအများစုပြောလေ့ရှိတဲ့ အန္တရာယ်ကင်းတဲ့ ခေါင်းစဉ်နဲ့ စတင်ဆွေးနွေးပါ။ ဥပမာ - နိုင်ငံရေး (သို့) အားကစား စတာမျိုးပေါ့။

နားထောင်သူ ကောင်းတစ်ယောက် ဖြစ်ပါစေ

စကားဝိုင်းစတင်တဲ့အခါ သင်က ဦးဆောင်သူမဖြစ်ပါစေနဲ့။ သူမဖခင်ရဲ့ အတွေးအမြင် ၊ ယူဆချက်တွေကို ဂရုတစိုက်နားထောင်ပေးတတ်တဲ့ နားထောင်သူကောင်းတစ်ယောက်ပဲ လုပ်ပါ။ သူစကားပြောကောင်းအောင် ထောက်ခံပြောဆိုပေးခြင်းမျိုးတော့ ရှိသင့်ပါတယ်။ တကယ်လို့များ သင်ဟာ အနည်းငယ် တုန်လှုပ်နေခဲ့ရင် နားထောင်ခြင်းက စကားပြောခြင်းထက် ပိုပြီးတော့တောင် အန္တရာယ်ကင်းပြီး အမှားနည်းပါတယ်။ စကားကို လုမပြောပါနဲ့။ ကြားဖြတ်မပြောပါနဲ့။ ပြီးဆုံးသည်အထိ စိတ်ရှည်လက်ရှည် နားထောင်ပြီးမှ ပြန်လည် ဆွေးနွေးပေးပါ။

သင့်ရဲ့ အနာဂတ်အစီအစဉ်တွေကို ပြောပြပါ

          သင့်မှာ အစီအစဉ်တွေတော့ အမှန်အကန်ရှိမှာပါ။ စီးပွားရေး ၊ လူမှုရေး စသည်ဖြင့် သင့်ရဲ့အနာဂတ်မှာ လုပ်ဆောင်မယ့် အစီအစဉ်တချို့ကို သူ့အနေနဲ့ စိတ်ဝင်စားမှာအမှန်ပါ။ သူကစမေးဖို့ အခက်အခဲဖြစ်နေတတ် တာကြောင့် သင့်ဘက်က အလိုက်တသိနဲ့ပြောပြဖို့လိုပါတယ်။ သင့်ရဲ့စီးပွားရေး ရည်မှန်းချက် ၊ ပန်းတိုင်တွေနဲ့ အောင်မြင်မှုအပေါ် အားတက်သရောရှိပုံတွေကို ပြသဖို့လိုပါတယ်။

သင့်ကောင်မလေးကို အလေးထားဆက်ဆံပါ

          အပေါ်အချက်တွေအားလုံးကို ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်ခဲ့ပါစေ အဖေတစ်ယောက်ဟာ သူ့သမီးအပေါ်ဆက်ဆံတဲ့ သင့်ရဲ့အပြုအမူတွေကို အသေးစိတ်ကြည့်ပြီး သင့်ကို အကဲဖြတ်ဦးမှာပါ။ သင့်ဟာသူမပေါ် ဘယ်လောက်အလေးထားတယ် ၊ ကြင်နာတယ် ၊ ဦးစားပေးဆက်ဆံတယ် ဆိုတာတွေကိုကြည့်ပြီး ကျေနပ်မှသာ သင့်ကိုအမှတ်ပြည့်ပေးမှာဖြစ်ပါတယ်။ အမှတ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဒီအချက်နဲ့ ရယူနိုင်တယ်ဆိုတာမမေ့ပါနဲ့။

          ဒီအချက်တွေကို လေ့လာပြီး ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ လူနှစ်ဦးတွေ့ဆုံရာမှာ အလွန်အရေးပါတဲ့ first impression ဆိုတာကို သင်ကောင်းကောင်းကြီး သိမ်းပိုက်နိုင်ပါပြီ။ ဒီလိုဆို သင်တို့ချစ်သူနှစ်ဦးရဲ့ ရှေ့ခရီးလမ်းလဲ အများကြီးအလားအလာ ကောင်းသွားပြီပေါ့။

Ref:mensxp.com
Trend

သမ္မတ ဦးသိန်းစိန်ထံ “၀” က ပြည်နယ်တောင်းမည်


တရုတ်-မြန်မာ နယ်စပ်အနီး “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ထိန်းချုပ်သည့် ပန်ဆန်းမြို့ (ဓာတ်ပုံ – ဧရာဝတီ)
နေပြည်တော်သို့ သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စများ ဆွေးနွေးရန် ရောက်ရှိနေသော “၀” ဒေသ ကိုယ်စားပြုအဖွဲ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခွင့်ရပါက “၀” ပြည်နယ်ရရှိရေး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရရှိသည်။

“၀” ဒေသ ကိုယ်စားပြုအဖွဲ့သည် ၄င်းတို့၏ နေပြည်တော် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံလိုသော်လည်း သမ္မတဘက်မှ လက်ခံတွေ့ဆုံရန် ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးပေ။

“ဝ ပြည်နယ် တောင်းဖို့က ဟိုးသမိုင်းတကည်းက ရှိပြီးသားပါ။ “ဝ” ပြည်နယ် တောင်းဖို့ ဘာမှ လက်နက်အားကိုးစရာ မလိုဘူး။ ဘယ်သူကမှလည်း ပေးကမ်းထားတာ မဟုတ်ဘူး။ ကိုယ့်ပစ္စည်းကိုယ် ပြန်တောင်းတာပါ။ ခွဲထွက်ဖို့လည်း မဟုတ်ဘူး” ဟု “၀” အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးအောင်မြင့်က ဧရာဝတီသို့ ပြောကြားသည်။

အင်္ဂလိပ်ခေတ် မှတ်တမ်းများအရ “၀” လူမျိုးများသည် “၀” ပြည်နယ်အား ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်ကို တွေ့နိုင်ကြောင်း၊ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကျင်းပချိန် “၀” ဒေသမှာ စီးပွားရေး နိမ့်ကျနေသောကြောင့် ရှမ်းနှင့် ပေါင်းပြီး ရှမ်းဒေသဖွဲ့လိုက်ခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် “၀” ပြည်နယ် ပြန်တောင်းနေသည်မှာ ခွဲထွက်ရန် မဟုတ်ကြောင်း “၀” ခေါင်းဆောင်များက ပြောသည်။

“ကျနော်တို့ မူလရှိရင်း ဝ ပြည်နယ်ကို ရှမ်းကနေထွက်ပြီး သီးသန့် ဖြစ်အောင် တောင်းဆိုတာပါ။ ကိုယ့်ဟာကိုယ့် ပြန်တောင်းတာပါ။ ဒီကိစ္စအတွက် လွန်တယ်၊ ကျူးတယ်ဆိုတာ မရှိပါဘူး” ဟု ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်တွင် တာဝန်ရှိသူ အဆက်ဆက်သည် “ဝ” ဒေသကို လျစ်လျူရှု့ခဲ့ကြကြောင်း၊ “၀” လူမျိုးများသည် ကိုယ့်ဖာသာကိုယ် ရပ်တည်ခဲ့ရကြောင်း ၊ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော်လည်း မော်တော်ကားလမ်းများကို ၅ နှစ် စီမံကိန်းဖြင့် ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသား အင်အားစုများ တောင်းဆိုနေသော ဖက်ဒရယ် တပ်မတော်ကိစ္စကို “၀” ခေါင်းဆောင်များ အနေဖြင့် သဘောမကျကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် သေချာဆုံးဖြတ်သင့်ကြောင်း၊ သို့သော် တိုင်းရင်းသားမျိုးနွယ်စု တခုအနေဖြင့် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည်ဟုလည်း ပြောသည်။

တိုင်းရင်းသားခေါင်းဆောင်များ ရေးဆွဲထားသော အပစ်ခတ်ရပ်စဲရေး မူကြမ်းကိုလည်း တောင်းယူပြီး “၀” ခေါင်းဆောင်များ ဆွေးနွေးနေကြောင်း၊ ၂၀၁၄ ခုနှစ်ထဲတွင် ပြုလုပ်မည့် သန်းခေါင်စားရင်း ကောက်ယူရေး ကိစ္စများတွင်လည်း “၀” ဒေသမှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းကို “၀” ပြည်နယ်အဖြစ် အသိအမှတ်ပြုရန် “၀” အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် “၀” ဒီမိုကရက်တစ် ပါတီတို့က တောင်ကြီးမြို့ တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြသေးသည်။

arrawaddy

မေးလ်( ပို့တဲ့ ) နာမည်ပြောင်းကြမယ်


မိတ်ဆွေ ဟာ ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်နေခဲ့လို့ရှိရင် အလုပ်နဲ့ သက်ဆိုင်သော စာတွေကို မေးလ်နဲ့ ပေးပို့မူဟာ ကြိမ်းသေ ကြုံရမှာ ဖြစ်ပါတယ်။ တစ်ချို့ကုမ္ပဏီတွေက ကိုယ် Staff ရဲ့ ကိုယ်ပိုင်နာမည်နဲ့ မေးလ်ကိုခွင့်ပြုတာရှိသလို တစ်ချို့တွေကျတော့လည်း ကုမ္ပဏီနာမည်နဲ့သာ သုံးဖို့ ဆိုထားကြပါတယ်။ ပို့တာကဘယ်နာမည်နဲ့ပဲ ဖြစ်ဖြစ်ပို့လို့ အဆင်ပြေပါတယ်။ သို့ပေမဲ့ တကယ်တမ်း အလုပ်ခွင်မှာ အမည်တွေကို ဘယ်သူဘယ်သူ ပို့တယ်ဆိုတာ မှတ်ထားဖို့က နည်းနည်းတော့ခက်ပါလိမ့် မယ်။

ဥပမာ - ကျတော့ဆို [email protected] ကိုအလုပ်မေးလ်အဖြစ် သုံးပါတယ်။အဲဒီလိုသုံးတဲ့အခါ ကျတော် နာမည်ကို By name နဲ့ ပေးထားပါတယ်။ အဲလိုဆိုတော့ ကျတော့မေးလ်ပို့လိုက်တိုင်း ကျတော်နာမည်ကို တစ်ဖက်မှ မေးလ်လက်ခံတဲ့လူတွေကသိနိင်ပြီး အလွယ်တကူ ဆက်သွယ်နိင်ပါတယ်။ ပြီးတော့ ကျတော်တို့အ၇င် က အပျော်သဘောနဲ့ ပေးထားတဲ့ မေးလ် နာမည်တွေကလည်း နည်းနည်း ရီဖို့ကောင်းပြီး ရုတ်တရက် အခြားလူတွေ သိဖို့ခက်တယ်မလား ။ အဲလို အခြေအနေတွေမှာ ကိုယ်သိစေချင်တဲ့ နာမည်ကို ပြောင်းထည့်ထားခြင်း ဖြင့် အဆင်ပြေကာ အခြားသူတွေ အလွယ်တကူသိနိင်မှာပါ။ နို့မို့ရင်အရင်ပေးထားတဲ့ မေးလ်နာမည်တွေအတိုင်းသာ ပေါ်နေမှာ ဖြစ်ပါတယ်။ အများအဆင်ပြေအောင် G mail , Yahoo, နဲ့ Outlook တွေမှာပါ မေးလ်နာမည်ပြောင်းလို့ရအောင် ဖော်ပြပေးလိုက်ပါ တယ်နော် ။

G mailညာဖက်အပေါ်ထောင့်ဆုံးနားမှာ ရှိတဲ့ Gear ( စကြာ) ပုံလေးကိုနှိပ်ပြီး Setting ကိုရွေး >> ပြီးလျှင်ပေါ်လာတဲ့ Accounts ကိုနှိပ်ပါမယ်။ ပြီးလျှင် Send mail as ဆိုတဲ့အပိုင်းရဲ့ ဘေးမှာရှိတဲ့ "edit info" ကိုနှိပ်ပါမယ်။ နောက်ပြီး ပေါ်လာတဲ့ box လေးထဲမှာ ကိုယ်မေးလ်ပို့တဲ့ အခါပေါ်စေချင်တဲ့ နာမည်ကိုရိုက်နှိပ်ပြီး Save Changes ကို နှိပ်ပြီး ရင်တော့ အဆင်ပြေပါပြီ။

Yahoo Mail Gear

Gear >> Setting >> Account >> Yahoo account section >> Edit ကိုနှိပ်ပါမယ်။ ပေါ်လာတဲ့ Sending name box မှာ နာမည်အသစ်ထည့်ပါမယ်။ ပြီးရင်တော့ Save နှိပ်လိုက်ပါ.။ ဒါဆိုရင်တော့ အဆင်ပြေပါပြီ။

Outlook.com

Gear >> More mail settings >> Managing your account အောက်မှာရှိတဲ့ Account details ကိုနှိပ်ပါ။ ပေါ်လာတဲ့ "Edit display name" မှာ လိုအပ်တဲ့ နာမည်ရှေ့စာလုံးနဲ့ နောက်စာလုံးကို ထည့်ပါ။ ပြီးရင်တော့ Save လိုက်ပေါ့ ။ ဒါဆိုရင်တော့ ရပါပြီ။ ယခုလို အဆင့်ဆင့် ပြုလုပ်ပြီး ရင်တော့ မိတ်ဆွေတို့ပို့လိုက်တဲ့ မေးလ်တိုင်းမှာ မိတ်ဆွေတို့ရဲ့ ကိုယ်ပိုင်နာမည်တွေနဲ့ စိတ်ကြိုက် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အဆင်ပြေကြပါစေဗျာ ။

Aung Heine ( www.smart.com.mm )

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၉) – ဗိုလ်သန်းရွှေ တိုင်းပြည်ကို အုပ်ချုပ်ခြင်း



ဝန်ကြီးချုပ် (လက်ရှိ သမ္မတ) ဦးသိန်းစိန်ဟာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အယုံကြည်ရဆုံး သူတွေထဲက တယောက်ဖြစ်ခဲ့တယ် (ဓာတ်ပုံ – ရွှေအင်းသား ခင်မောင်ဝင်း)
၁၉၉၅ ခုနှစ် ဇူလိုင်လမှာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် လူတိုင်း အံ့အားသင့်ခဲ့ရပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း အမှတ်ပြည့်ရသွားပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ဆီကို ပြန်လည်သင့်မြတ်ရေး သတင်းစကားတခုပို့ခဲ့ပြီး အကန့်အသတ်မရှိ လုံးဝပြန်လွှတ်ခြင်း ဖြစ်တဲ့အကြောင်း အသိပေးခဲ့ပါတယ်။ ဒီသတင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူဖြစ်တဲ့ ဗိုလ်မှူးကြီးကျော်ဝင်းကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို သွားပို့ခဲ့ပါတယ်။

အဲဒီ ၁၉၉၅ ခုနှစ် ဇူလိုင်လအတွင်းလောက်မှာပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာပိုရှိလာပြီး နေရာ ပိုယူလာနိုင်တာကြောင့် သူနဲ့ ဗိုလ်ချုပ် ခင်ညွန့်ကြားထဲက အာဏာအားပြိုင်မှုကလည်း အကြိတ်အနယ် ပိုပြီး ရှိလာနေပါပြီ။ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ အာဏာရှင်ဟောင်းကြီး ဦးနေဝင်းကလည်း နိုင်ငံရေးမှာ လုံးလုံးလျားလျား စိတ်မဝင်စားတော့ဘူးလို့ သူနဲ့ ကာလရှည်လက်တွဲခဲ့တဲ့ လက်ထောက်တွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။

မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို  ပုံစံချခဲ့တဲ့ ဦးချစ်လှိုင်၊ ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်းတို့နဲ့ တွေ့တဲ့အချိန်မှာ ဦးနေဝင်းက နိုင်ငံရေးနဲ့ ပတ်သက်လို့ သူ ဘာမှမကြားချင်တော့ဘူး၊ ဘာသာရေး အကြောင်းနဲ့ တရားအားထုတ်တဲ့ အကြောင်းတွေကိုပဲ စိတ်ဝင်စားတော့တယ်လို့ပြောခဲ့ ပါတယ်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဦးချစ်လှိုင်က ဦးနေဝင်းကို လယ်တီ ဆရာတော်ဘုရားကြီးရဲ့ စာအုပ်တအုပ် လက်ဆောင် ပေးခဲ့ပါတယ်။ အများရဲ့ ကြည်ညိုလေးစားခြင်း ခံရ တဲ့ လယ်တီဆရာတော်ကြီးက ဝိပဿနာတရား အားထုတ်ခြင်းကို မြန်မာနိုင်ငံမှာ ပြန့်ပွားထွန်းကား အောင် ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဦးနေဝင်းကလည်း ၁၉၉၀ လောက်ကစပြီး တရားထိုင်ခဲ့ရာမှာ သူ့ရဲ့စိတ်ထဲမှာ သန့်စင်ငြိမ်းချမ်းမှု တွေရခဲ့တယ်လို့ ဦးချစ်လှိုင်ကိုပြောပါတယ်။ တကယ် လို့ လယ်တီဆရာတော် ဘုရားကြီးရဲ့ စာအုပ်ကို အစောကြီးကတည်းကသာ ဖတ်ခဲ့ရမယ်ဆိုရင် တိုင်း ပြည်ကို အကြီးအကျယ် ထိခိုက်နစ်နာ ပျက်စီးစေတဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေ လုပ်ဖြစ်မှာမဟုတ်ဘူးလို့ လည်း ဦးနေဝင်းက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစောပိုင်းကာလတွေမှာ ဦးနေဝင်း ဖတ်သင့်တာက လယ်တီဆရာတော်ရဲ့တရားဓမ္မတွေ မဟုတ်ဘူး၊ စီးပွားရေး သဘောတရား စာအုပ်တွေ ဖြစ်တယ်လို့ အများကပြောကြပါလိမ့်မယ်။ တကယ်လို့ နိုင်ငံရဲ့စီးပွားရေးကို ထိန်းကျောင်းနိုင်ဖို့အတွက် ဆူဟာတိုနဲ့ လီကွမ်ယူတို့လိုမျိုး Berkley Mafia (အင်ဒိုနီးရှားနိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်လည်ထူထောင်ပေးနိုင်ခဲ့တဲ့၊ အမေရိကန်မှာပညာ သင်ယူခဲ့တဲ့ စီးပွားရေးပညာရှင်များအစုအဖွဲ့) လို့ ခေါ်တဲ့ စီမံခန့်ခွဲရေးပုံစံအသစ်မျိုးကို ခန့်အပ်တာဝန် ပေးနိုင်ခဲ့မယ်ဆိုရင် နိုင်ငံကိုချွတ်ခြုံကျစေသူ ဆိုတဲ့ အမြင်အစား  နိုင်ငံကို  အောင်မြင်ကြီးပွားစေခဲ့တဲ့ အာဏာရှင်တယောက်အဖြစ် သူ့ကို မှတ်မိနေကြ မှာပါ။

သူ့ရဲ့ နိုင်ငံရေး အယူအဆတွေကို အများက မနှစ်သက်ကြပေမယ့် သူ့ကို ဆက်ခံသူတွေရဲ့ လုပ် ဆောင်မှုတွေအပေါ်မှာ ဦးနေဝင်းရဲ့ ဩဇာသက် ရောက်မှုက ရပ်တန့်မသွားပါဘူး။ ၁၉၉၇ ခုနှစ်မှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အာဏာရှင် ဟောင်းကြီးက အင်ဒိုနီးရှားနိုင်ငံကိုသွားပြီး သမ္မတ ဆူဟာတိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြန်ရောက်လာပြီး မကြာခင်မှာပဲ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ ထိပ်ပိုင်း ၄ ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွန့်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးတို့ကို သူ့ အိမ်ကိုလာဖို့ ခေါ်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက အစိုးရအဖွဲ့တွင်းက ပြဿနာတွေအကြောင်းမဟုတ် ဘဲ အကျင့်ပျက်ခြစားမှုကိုနှိမ်နင်းဖို့ ဦးနေဝင်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ရလဒ်က တော့ ထပ်တူနီးပါးပါပဲ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ဖို့ စိတ်ဝင်စားခဲ့ကြတဲ့ အင်ဒိုနီးရှားသမ္မတ ဆူဟာတို ရဲ့ မိသားစုဝင်တွေက စစ်အစိုးရ ထိပ်တန်းအဖွဲ့ဝင် တွေအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အကျင့် ပျက် ခြစားမှုတွေအကြောင်း တိုင်ကြားလိုက်တယ်လို့ လေ့လာအကဲခတ်သူ အချို့က ယုံကြည်ကြပါတယ်။ အကျိုးဆက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်အောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ အပါအဝင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တွေ သူတို့ရာထူးတွေကနေ ဖယ်ရှားခံလိုက်ရပါတယ်။

စစ်တပ်ကပိုင်တဲ့ ဂေါက်ကွင်းက ပြန်လာတဲ့ အချိန်မှာ သူ့ကို ရာထူးကဖယ်ရှားခံလိုက်ရပြီ ဆိုတာ ကို ကုန်သွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းကြည် သိလိုက်ရပါတယ်။ သူ့ကို စစ်ကြောရေးစခန်းခေါ် သွားပြီး အဲဒီမှာ လက်ဖက်ရည်ဖိုးနဲ့ လာဘ်ပေးလာဘ် ယူမှုတွေအကြောင်း ထွက်ဆိုရင်းနဲ့ မျက်ရည်တောင် ကျခဲ့ရတယ်လို့ သိရပါတယ်။ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည် က ရုပ်ရှင်မင်းသမီးငယ်လေးတွေကို ဝန်ကြီးရုံးကို ခေါ်ပြီး အဝတ်အစားချွတ်ပြီး မော်ဒယ်ကိုယ်ဟန်ပြ သလို လမ်းလျှောက်ခိုင်းဖူးတယ်လို့လည်း ကောလာ ဟလတွေ ထွက်ခဲ့ဖူးပါတယ်။

ပထမပိုင်းမှာ စစ်အစိုးရက ရာထူးကနေ ဖယ် ရှားလိုက်တဲ့ ဝန်ကြီးတွေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ အကြံပေးအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အစိုးရ နာမည်ကိုလည်း “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC)” လို့ ပြောင်းလဲလိုက် ပါတယ်။ ဒါပေမယ့် အကြံပေးနေရာကိုလည်း မကြာခင်မှာပဲ ရုပ်သိမ်းလိုက်ပြီး အရှိန်အဝါကြီးတဲ့ ဒီ ဝန်ကြီးတွေကို အကျင့်ပျက်ခြစားမှုကြောင့် ထုတ်ပယ်ခံလိုက်ရတယ်ဆိုတာ သိသာထင်ရှားစွာပေါ်လွင် လာပါတယ်။ ရာထူးက ဖယ်ရှားခံရတဲ့သူ အချို့ဟာ နေအိမ်အကျယ်ချုပ် ကျခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ယူဆကြတဲ့ အာဏာပြောင်းလဲမှုကို အစိုးရအဖွဲ့အတွင်းက တခြားသူတွေကလည်း ဆန့်ကျင်ခြင်းမရှိဘဲ ငြိမ်သက်နေခဲ့ကြပါတယ်။ နောင်တချိန်မှာ သူ့ကို ဒုက္ခပေးလာနိုင်တဲ့ ပြိုင်ဘက်တွေကို ဖယ်ရှားလိုက်နိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတွက်ကတော့ ဒီအပြောင်းအလဲက အများကြီး အကျိုးဖြစ်စေခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘယ်သူ့ကိုမဆို ရာထူးခန့်ထားနိုင်ခွင့်၊ ထုတ်ပယ်နိုင်ခွင့် ရှိသွားတဲ့အတွက် သူယုံကြည်တဲ့သူတွေကို အရေးပါတဲ့ ထိပ်တန်းနေရာတွေမှာ ခန့်ထားခြင်းအားဖြင့် စစ်ရုံးမှာ သူ့ရဲ့အာဏာကို အခြေခိုင်အောင် စုစည်းနိုင်သွားပါတယ်။ အကြွင်းမဲ့အာဏာကို ပထမဆုံး အကြိမ်အဖြစ် အသုံးချပြီး သူယုံကြည်အားထားတဲ့ အရာရှိတွေဖြစ်တဲ့ ဗိုလ်ချုပ် စိုးဝင်း၊ ဗိုလ်ချုပ် ရွှေမန်း၊ ဗိုလ်ချုပ် သိန်းစိန်နဲ့ ဗိုလ်ချုပ် မြင့်ဆွေတို့ကို အဆင့်မြင့် ရာထူးတွေမှာ ခန့်အပ်လိုက်ပါတယ်။ အရင်က မြင်တောင်မမြင်ရခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လက်ဟာ အခုတော့ တက်မကို မြဲမြဲဆုပ်ကိုင်မိသွားပါပြီ။

၁၉၉၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အတက်အကျတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ အနောက်အုပ်စု မဟာမိတ်တွေ ဝေဖန်ကြပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်လာပါတယ်။ သမ္မတ ကလင်တန်ရဲ့ အမေရိကန်အစိုးရက စစ်အစိုးရကို အရေးယူ ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ် ကျနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်လည်း အသက် ၆၈ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ စစ်အစိုးရက သူတို့ရဲ့ ပြည်သူ့ စစ်ပွဲမူဝါဒမှာ တန်ပြန်တိုက်ခိုက် ချေမှုန်းရေးနည်းဗျူ ဟာတွေ ပေါင်းစပ်တဲ့အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကြည်း၊ ရေ၊ လေ စစ်ရေးပူးပေါင်း လေ့ကျင့်မှုတခု ပြုလုပ်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့ကလည်း အားဖြည့်ပါဝင်ခဲ့ကြရပါတယ်။

နိုင်ငံတော် ကာကွယ်ရေးကိစ္စရပ်များ လေ့လာ သူပညာရှင် မောင်အောင်မျိုးက သူရေးသားခဲ့တဲ့ “တပ်မတော်ကိုတည်ဆောက်ခြင်း” ဆိုတဲ့ စာအုပ်မှာ “နိုင်ငံခြား ကျူးကျော်ဝင်ရောက်မှုများကို ခုခံကာ ကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တန်ပြန်တိုက်ခိုက် ချေမှုန်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ခြင်းဖြစ် သည်” လို့ ရေးခဲ့ပါတယ်။  မောင်အောင်မျိုးရဲ့ အဆို အရ စစ်အစိုးရက ဖော်ဆောင်လာတဲ့ ပြည်သူ့စစ်ပွဲ မူဝါဒသစ်ဟာ ပုံမှန်တပ်ဖွဲ့တွေက ကျူးကျော်လာသူ ကို ကမ်းတက်လာတဲ့နေရာမှာဖြစ်စေ၊ လေကြောင်းချီ အဖွဲ့ ဆင်းသက်လာတဲ့ ဒေသမှာဖြစ်စေ ခုခံချေမှုန်းလို့ မအောင်မြင်ခဲ့ဘူးဆိုရင် ခုခံမှုကို ကျေးရွာအဆင့် ကနေစပြီး ဒေသအလိုက်၊ နောက်တော့ တနိုင်ငံလုံး အတိုင်းအတာအထိ စည်းရုံးပြီး ကျူးကျော်တပ်တွေ စိတ်ဓာတ်ရေးရာ ချည့်နဲ့သွားအောင် လုပ်ဆောင်နိုင် ရေးပဲ ဖြစ်ပါတယ်။

ပြည်ပကျူးကျော်တပ်တွေ စိတ်ဓာတ်ကျဆင်း သွားပြီး တပ်တွေပြိုကွဲ၊ စွမ်းဆောင်ရည် အားနည်း လာလို့ စစ်ပန်းသွားတဲ့အချိန်မှာ မြန်မာ့တပ်မတော်က လုံလောက်တဲ့အင်အားစုစည်းမိပြီဖြစ်လို့ ထိုးစစ်ဆင်နွှဲ ချေမှုန်းပြီး ကျူးကျော်လာသူတွေကို မြန်မာ နိုင်ငံထဲက မောင်းထုတ်ဖို့ရည်ရွယ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ထူးခြားဆန်းကြယ်တဲ့ စိတ်ကူးကမ္ဘာထဲမှာတော့ ပြင်ပက ရန်သူတွေဟာ မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ဖို့ အခွင့်ကောင်းကို အမြဲတမ်း စောင့်ဆိုင်းနေကြပါတယ်။ သူ့မှာ ဘာမှမဝေးသေးတဲ့ ကာလတုန်းက အင်္ဂလိပ်နဲ့ ဂျပန် ကျူးကျော် သိမ်းပိုက်ခဲ့တဲ့ နမူနာတွေကလည်း ရှိနေပါတယ်။

၂၀ဝ၂ ခုနှစ်ထဲမှာတော့ ဦးနေဝင်းရဲ့ ပြန်လည်ပေးဆပ်ရမယ့် ကာလဟာ မြန်မာစစ်တပ်ရဲ့ ရိုးရာထုံးတမ်းနဲ့ အညီ ရောက်ရှိလာပါတယ်။ အဲဒီအချိန်အထိ စစ်အစိုးရက “အဘိုးကြီး” ရဲ့ စကားကို နား ထောင်နေရတုန်းပါပဲ။ သူရဲ့ အချစ်ဆုံးသမီးဖြစ်တဲ့ ဒေါ်ခင်စန္ဒာဝင်းကလည်း အရေးပါနေတုန်းပါပဲ။ ဒေါ်ခင်စန္ဒာဝင်းက သူ့ရဲ့ခင်ပွန်းဖြစ်သူ ဦးအေးဇော်ဝင်းနဲ့အတူ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းမှာ ဝင်ပါနေပါတယ်။ ဦးနေဝင်းရဲ့ အချစ်ဆုံးမြေးတွေ အရွယ်ရောက်လာကြပြီးတော့ ရန်ကုန်မြို့ရဲ့ နေရာတိုင်းမှာ ခြေရှုပ်နေကြပြီး အလွန်အစွမ်းထက်တဲ့ စကော်ပီယံဂိုဏ်းကို တည်ထောင်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ၁၉၉၀ နောက်ပိုင်းနှစ်တွေနဲ့ ၂၀ဝ၀ အစော ပိုင်းနှစ်တွေအတွင်း ရာဇဝတ်မှု၊ လူသတ်မှု၊ အုပ်စုဖွဲ့ အကြမ်းဖက်မှု၊ မူးယစ်ဆေးနဲ့ တခြားသော မာဖီးယား ဒုစရိုက်ဂိုဏ်းဆန်တဲ့ ပြစ်မှုတွေကျူးလွန်ခဲ့ကြတယ်လို့လည်း ပြောဆိုစွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

၂၀ဝ၂ ခုနှစ်အတွင်းမှာပဲ ဦးနေဝင်းနဲ့ မိသားစုဝင်တွေဟာ နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှုနဲ့ စွပ်စွဲခြင်းခံရပါတော့တယ်။ စစ်အစိုးရက ဦးနေဝင်းရဲ့ လုံခြုံရေးအရာရှိတွေကို ဖယ်ရှားလိုက်ပြီး သူနဲ့ သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီး သမက်ဖြစ်သူနဲ့ ချစ်စွာသော မြေး ကလေးတွေကိုတော့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ် လိုက်ပါတယ်။ ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မှာတော့ ဦးနေဝင်း သူ့ရဲ့နေအိမ်မှာပဲ တိတ်ဆိတ်စွာ သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့အလောင်းကို မိသားစု ဝင်တွေ စောင့်ဆိုင်းနေတဲ့ သုသာန်မှာ ဘာအခမ်းအနားမှ မပါဘဲ သယ်ယူသွားခဲ့ကြပါတယ်။ ပြည်သူကို အသိပေးကြေညာခြင်း မရှိသလို နိုင်ငံတော် ဈာပနလည်း ကျင်းပခြင်း မရှိခဲ့ပါဘူး။


arrawaddy

တရားလက်လွတ် စကားများနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၅ အလားအလာ

သူ့အတွေး သူ့အမြင်

ခင်ဦးသာ| March 3, 2014 | Hits:497


“လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” (သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်)
ပြည်ထောင်စုအဆင့် ၀န်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့ဟာ မိမိတို့ရဲ့ ရာထူးတာဝန် အဆင့်နဲ့ မသင့်လျှော်၊ ယဉ်ကျေးမှု မရှိတဲ့ စကားလုံးတွေကို အဆင်အခြင် ကင်းမဲ့စွာ ပြောဆိုနေတာဟာ တနေ့တမျိုး မရိုးရအောင်ထွက် ပေါ်နေဆဲပါ။

ဝန်ကြီးတွေရဲ့  ပြည်သူတွေအပေါ် ကြမ်းတမ်းတဲ့ ပြောစကားတွေအနက် ဝေဖန်ခံရမှု အများဆုံးကတော့ “နယ်လှည့်ပါး ရိုက်ရဲတယ်” ဆိုတဲ့ ၀န်ကြီး ဦးအုန်းမြင့်ရဲ့ ပြောစကားပါပဲ။

ဦးအုန်းမြင့်က “ငါ ဗိုလ်ချုပ် အုန်းမြင့်ကွ၊ နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး နယ်လှည့် မိန့်ခွန်း ပြောလာတာ” လို့ မကွေးတိုင်း၊ သစ်ရာကောက်ကျေးရွာ ဒေသခံတွေနဲ့ တွေ့စဉ်မှာ ပြောဆိုခဲ့ပါတယ်။ အဲဒီ ရုပ်သံ ဗီဒီဖိုင်ဟာ အင်တာနက် စာမျက်နှာတွေမှာ လူကြည့်အများဆုံး ဖြစ်သွားပြီး၊ လွှတ်တော်မှာ ရှင်းလင်းရတဲ့ အခြေအနေထိ ရောက်ရှိသွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့အထိ အရေးယူတာ၊ ပြည်သူတွေကို တောင်းပန်းတာ လုံးဝ မရှိသေးပါဘူး။ နိုင်ငံရေးသမား တချို့ကိုတော့ တောင်းပန်တယ်လို့ သိရတယ်။

စစ်သားဟောင်းတွေမို့လို့ စကားလုံး ကြမ်းကြမ်းတွေ ပြောတာပါလို့ တချို့ကဆိုပေမယ့် တိုင်းပြည် အပြောင်းအလဲ လုပ်နေချိန်မှာ ဒါဟာ လက်ခံနိုင်စရာ မရှိဘူးလို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။ ၀န်ကြီးတွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိ အချိန်မှာ စစ်တပ်တာဝန် ထမ်းဆောင်နေတာ မဟုတ်ဘဲ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်တာမို့ ပြည်သူတွေအပေါ် လေးစားမှုဟာ အရေးကြီးပါတယ်။

စကားကို မဆင်မခြင် ပြောတဲ့သူ အများစုဟာ ၀န်ကြီးတွေထဲကရော လွှတ်တော် ကိုယ်စားလှယ်တွေထဲကပါ စစ်တပ်အရာ ရှိဟောင်းတွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်နေတာကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အပေါ် လူထုရဲ့ ထောက်ခံမှု ကျဆင်းစေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။

၂၀၁၀ တုန်းကလို ကြိုတင်မဲတွေ၊ မဲမသာမှုတွေ မရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်တော့ ၂၀၁၅ အလွန်မှာ ကြံ့ခိုင်ရေးပါတီဟာ အစိုးရ တရပ်ဖွဲ့နိုင်ဖို့ မသေချာတော့ပါဘူး။ ဒါတွေကို ကြိုမြင်ထားတဲ့ အတွက်လည်း ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေဟာ စည်းရုံးရေးတွေ ဆင်းရင်း မပြောသင့်တဲ့ စကားတွေ ပြောမိလာတာ ဖြစ်ပါတယ်။ ယခင်က စစ်အာဏာရှင် ခေတ်တုန်းက လေသံတွေအတိုင်း ပြောဆိုလာလည်း တာတွေ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း မြန်မာ့နိုင်ငံရေးကို ကြံ့ခိုင်ရေးပါတီကပဲ ဦးဆောင်ရမယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ နိုင်ကိုနိုင်ရမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြုလုပ်တဲ့ ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။ ဦးရွှေမန်းရဲ့ ပြောစကားနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၂၀၁၀ တုန်းကလို မဲမသမာမှုတွေ၊ တခြားနည်းလမ်းတွေနဲ့ အနိုင်ရရေး လုပ်ဆောင်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တပ်မတော် နာမည်ပျက်ရတာဟာ စစ်ထောက်လှမ်းရေးတွေကြောင့် ဖြစ်တယ်၊ တခြား တပ်မတော်သားတွေ တိုက်ပွဲဝင်နေချိန်မှာ စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေဟာ တပ်ကြပ်ကြီး အဆင့်ကအစ ခွေးချည်တဲ့ ကြိုးလောက်ရှိတဲ့ ဆွဲကြိုးကြီးတွေ ဆွဲပြီး ဇိမ်ခံနေကြတယ်လို့ စစ်အရာရှိဟောင်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကလည်း Hot News ဂျာနယ် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ စစ်ထောက်လှမ်းရေး ဟောင်းတွေကတော့ ကန့်ကွက်ရှုချခဲ့ကြပြီး စကားကို ဆင်ခြင်ပြောဆိုဖို့ ဦးလှဆွေကို သတိပေးထားတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ပါတီမှာ ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် ကလွဲရင် တယောက်မှ သုံးစား မရဘူးဆိုတာရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် ပုတ်ခတ် ပြောဆိုမှုတွေကိုလည်း Hot News ဂျာနယ်ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာကြောင့် ဦးလှဆွေအပေါ် ဝေဖန်မှု၊ ကန့်ကွက်မှု အမျိုးမျိုးထွက်ခဲ့ပါတယ်။

“NLD ကို သုံးစားမရဘူး ပြောတာဟာ ကျနော်ကပဲ ပြောတာဖြစ်လို့ ထူးဆန်းနေတာ ဖြစ်ပါလိမ့်မယ်၊ NLD ဆိုရင် ဘယ်သူမှ မကောင်း မပြောရဲဘူး၊ ထွက်သမျှ ဂျာနယ်တွေကလည်း အစောင် ၁၀၀ မှာ ၉၉ စောင်က NLD ကိုပဲ ထောက်ခံရေးနေကြတယ်၊ ကြံ့ခိုင်ရေး ကောင်းတာ တယောက်မှ မရေးကြဘူး” လို့ ဦးလှဆွေ က ဧရာဝတီကို ပြောပါတယ်။

NLD နဲ့ တခြားအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို ဝေဖန်မှုကြောင့် ကြံ့ခိုင်ရေးပါတီကို ထိခိုက်မှု မရှိနိုင်တဲ့အပြင် ဂုဏ်တောင် တက်ဦးမယ်လို့လည်း ဦးလှဆွေက ဆိုပါတယ်။

“ကျနော့်ရဲ့ ပြောဆိုမှုတွေကြောင့် ကြံ့ခိုင်ရေးပါတီကို ဘယ်လိုမှ မထိခိုက်နိုင်ဘူးဗျ၊ ပိုတောင် ဂုဏ်တက်ဦးမယ်၊ ကြံ့ခိုင်ရေး ပါတီမှာ အဲဒီလိုပြောရဲတဲ့ သူက ခပ်ရှားရှားရယ်” လို့ ပြောပါတယ်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်ကတော့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေနဲ့ ၀န်ကြီးတွေကို ယဉ်ကျေးလိမ္မာသင်တန်း တက်သင့်တယ်လို့ ပြောထားပါတယ်။

ဦးလှဆွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နဲ့ အဖွဲ့ဝင် တချို့ ကိုလည်း ပုပ်ခတ် ပြောဆိုခဲ့ပါတယ်။ UNFC ဆိုတာကို “ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဘောလုံးအသင်း” (United Nations Football Club) လို့ပဲ သူသိတယ်လို့ ဆိုပါတယ်။

UNFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာကတော့ “လွှတ်တော် ကိုယ်စားလှယ်တဦး၊ နိုင်ငံရေး သမားတဦးဖြစ်ပြီးတော့ UNFC ကိုတောင် မသိဘူးဆိုရင်တော့ နိုင်ငံရေးသမား မဟုတ်ဘူး၊ တိုင်းရင်းသားအရေး စိတ်မ၀င်စား၊ အလေးမထားဘူး ဆိုတာ ပြနေတယ်၊ ငြိမ်းချမ်းရေး လုပ်နေတဲ့အချိန်မှာ စကားကို လက်လွတ်စပယ် မပြောသင့်ဘူး၊ အပြန်အလှန်လေးစားမှုရှိဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် UNFC ရဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးခွန်ဥက္ကာကိုလည်း ပအို့ဝ်ဖြူအဖွဲ့ကိုလည်း ကိုယ်စားမပြု၊ ပအို့ဝ်နီအဖွဲ့ကိုလည်း ကိုယ်စားပြုသူ မဟုတ်တဲ့အတွက် ပအို့ဝ်ကြောင်ကျားသာ ဖြစ်တယ်လို့ ဦးလှဆွေက ဆိုပါတယ်။

ဦးခွန်ဥက္ကာက “သူ့ဘ၀၊ သူကြီးပြင်း ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်က ဦးလှဆွေရဲ့ အတွေးအခေါ်တွေကို ပြုပြင် ထိန်းကျောင်းသွားတာပါ၊ အဲဒီလို ပတ်ဝန်းကျင် နောက်ခံသမိုင်းက လာတဲ့သူက ဒီလိုပဲ ပြောမှာပါ၊ အထူးအဆန်းတော့ မဟုတ်ဘူး၊ စိတ်ဆိုးစရာ၊ သူနဲ့ပြိုင်ပြီး တုံ့ပြန်နေစရာ မလိုပါဘူး” လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေဟာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကိုလည်း ရွှေလက်နဲ့ခေါ်တုန်းလာပါ၊ ဘုလက် (Bullet ) မလွှတ်ရစေနဲ့လို့ လွှတ်တော် အစည်းအဝေးခန်းမထဲမှာ ပြောဆိုခဲ့တာကြောင့် ဘုလက် လှဆွေလို့ နာမည်တွင်ခဲ့ရသူပါ။

ဦးလှဆွေ၊ ဦးအောင်သိန်းလင်း အပါအ၀င် ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တချို့၊ ၀န်ကြီးတချို့ရဲ့ ပြောစကားတွေဟာ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ အနည်းငယ် ပြောင်းလဲလာပြီး ၂၀၁၅ ရွေးကောက်ပွဲ နီးလာလေ တခြားပါတီတွေ၊ လူပုဂ္ဂိုလ်တွေအပေါ် ပုပ်ခတ်မှုတွေ များလာကို တွေ့ရပါတယ်။ ပြည်သူတွေအပေါ်မှာလည်း ယဉ်ကျေးမှု မရှိပြောဆိုတာတွေ ရှိခဲ့ပေမယ့် ထိရောက်တဲ့ အရေးယူမှုတော့ မတွေ့ရသေးပါဘူး။

ကြံ့ခိုင်ရေးပါတီက တောင်ဥက္ကလာပ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကလည်း “တိုက်လေယာဉ်တွေ ၀ယ်ထားတာဟာ စစ်တိုက်ဖို့ ၀ယ်ထားတာ ဖြစ်တယ်၊ အလှကြည့် ငှားစားဖို့ ၀ယ်ထားတာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

အဲဒီလို စစ်သွေးကြွတဲ့ ပုဂ္ဂိုလ်မျိုးတွေကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဆဲလို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

ဝန်ကြီး ဦးအုန်းမြင့်ဆိုရင် မကွေးတိုင်းမှာ ပါးရိုက်ဖို့ ပြောခဲ့သလို ယခင်ကလည်းပဲ တနင်္သာရီတိုင်း ခရီးစဉ်တခုမှာ ကြမ်းတမ်း ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ပြည်သူတွေကို ပြောဆိုခဲ့တာကြောင့် အစိုးရအဖွဲ့အနေနဲ့ မည်သို့ အရေးယူဆောင်ရွက်မည်ကို သိလိုကြောင်း လွှတ်တော်မှာ အရေးကြီးအဆိုကို ပြီးခဲ့တဲ့လက တင်ခဲ့ပါတယ်။

ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောစကားဟာ သဘောရိုးနဲ့ပြောဆိုတာသာ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ အရေးယူဖို့ မရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က အစိုးရအဖွဲ့ကိုယ်စား ကာကွယ် ဖြေဆိုခဲ့ပါတယ်။

လျှပ်စစ် ၀န်ကြီးဟောင်း ဦးဇော်မင်း ကိုတော့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး မဆင်မခြင်ပြော ဆိုခဲ့တာကြောင့် အနားပေးခံရပြီး၊ ဦးဇော်မင်းဟာ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ အပြောအဆို မတတ်သူများအနက် ထုတ်ပယ်ခံခဲ့ရတဲ့ တဦးတည်းသော ၀န်ကြီးလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကလည်း ပြည်သူတွေကို အလိုလိုက်ခဲ့လို့ တိုင်းပြည်ဆင်းရဲနေတာ ဖြစ်ကြောင်းနဲ့ စီးပွား/ကူးသန်း ၀န်ကြီး ဦးဝင်းမြင့်ကလည်း ၀န်ကြီး ဆိုပေမယ့် မြေကွက်လေး တကွက်တောင် မပိုင်ဘူးဆိုတဲ့ စကားတွေဟာ လူ မှုကွန်ရက် စာမျက်နှာတွေမှာ လူပြောများတဲ့ စကားလုံးတွေ ဖြစ်ခဲ့ပါတယ်။

ဝန်ကြီး သို့မဟုတ် ကိုယ်စားလှယ် တဦးဦးရဲ့ ပြောစကားကြောင့် ပွဲဆူနေပြီဆိုရင် တခြားတဘက်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခလိုမျိုး ကိစ္စတွေကလည်း တိုက်ဆိုင်စွာ ပေါ်လာတတ်တာလည်း တွေ့ရတယ်။

၂၀၁၂-၁၃ ခုနှစ် လောက်က စပြီး ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို လူအများက အာရုံထားနေကြတဲ့ အချိန်တွေမှာ ၀န်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ပြောင်မြောက်တဲ့ စကားတွေဟာ  ဖွဲ့စည်းပုံအရေး၊ ငြိမ်းချမ်းရေးထက် သူတို့စကားတွေကပဲ လူတွေရဲ့ အာရုံကို ဖမ်းစားသွားနိုင်တာလည်း တွေ့ရတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက်  ပါတီအသီးသီးရဲ့ ကြိုတင် ပြင်ဆင်မှုတွေနဲ့အတူ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ နိုင်ငံတော် သမ္မတ ဖြစ်ရေး ကန့်သတ်ချက် ၅၉ (စ) လို ပုဒ်မ မျိုးကို ထောက်ခံသူ၊ ကန့်ကွက်သူတွေက အပြန်အလှန် ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်နေကြပါတယ်။ ဒီမိုကရေစီ သဘောတရားအရ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပေမယ့် အဲဒီသဘောထား မတူညီမှုကိုပဲ ငါ့နဲ့မတူ ငါ့ရန်သူ ဆိုပြီး ပြဿနာတွေ ကြီးထွားလာမှာကိုလည်း စိုးရိမ်သူတွေရှိနေပါတယ်။

အများပြည်သူ အကြည်ညို ပျက်အောင် ပြောဆိုနေကြတဲ့  ကြံ့ခိုင်ရေးပါတီဝင် ခေါင်းဆောင်တွေကြောင့် ပါတီအပေါ် အများပြည်သူရဲ့ ယုံကြည်လေးစားမှု ကျဆင်းစေပါတယ်။ ၂၀၁၀ မှာ အင်အားကြီးပါတီ ပြိုင်ဘက်မရှိခဲ့တာကြောင့် အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် ၂၀၁၅ မှာတော့ NLD လို အတိုက်အခံ ပါတီကြီးနဲ့ပြိုင်ဆိုရင်မှာမို့ ကြံ့ခိုင်ရေးပါတီအတွက် စိန်ခေါ် မှုတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ လူထု ထောက်ခံမှု ရှိ၊ မရှိ ဆိုတာကို ကြားဖြတ်ရွေးကောက်ပွဲက သက်သေပြပြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၅ မှာ အနိုင်ရရေးကို ကြံ့ခိုင်ရေးပါတီက နည်းလမ်းစုံနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

တိုင်းရင်းသား ဒေသတွေမှာလည်း သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားပါတီတွေကသာ အများစု အနိုင်ရနိုင်ခြေ များတာကြောင့် ကြံ့ခိုင်ရေးပါတီ အနေနဲ့ နိုင်ဖို့မသေချာသလို ပြည်မဒေသတွေမှာလည်း NLD နဲ့ ပြိုင်ရမှာမို့ အနိုင်ရရေးအတွက် အများကြီး ကြိုးပမ်းရမှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း အပြောင်းအလဲကို လိုလားနေကြပြီး အတိုင်းအတာ တခုအထိ လွတ်လပ်ပွင့်လင်းလာပြီးမို့ အပြောအဆို ရိုင်းတဲ့ ကိုယ်စားလှယ်တွေ၊ ၀န်းကြီးတွေကိုတော့ နောက်တကြိမ် ရွေးချယ်ဖို့ ဆန္ဒရှိကြတော့ မဟုတ်ပါဘူး။

ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဆိုရင်လည်း စကားကို အလွယ်ပြောလေ့ရှိပြီး လက်တွေ့မှာ လုပ်ဆောင်တာ နည်းတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောလေ့ရှိပါတယ်။ သူပြောတာတွေကို မီဒီယာတွေက ရေးကြ၊ ပြောကြတဲ့အတွက် မီဒီယာကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မပြောတော့ဘူးလို့ ဦးအောင်မင်းက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောဆိုခဲ့ပါတယ်။

လက်ပံတောင်းတောင် ပဋိပက္ခပြဿနာကို သွားရောက်ဖြေရှင်းတုန်းကလည်း တရုတ်ဟာ ကျေးဇူးရှင်၊ တရုတ်ကို ကြောက်ရတဲ့ အကြောင်း ပြောဆိုခဲ့တာကြောင့် ပြစ်တင်ဝေဖန်မှု ခံခဲ့ရပါတယ်။ သမ္မတရုံး ၀န်ကြီး ဖြစ်တဲ့ ဦးစိုးသိန်း ဆိုရင်လည်း တရုတ်ဟာ ကျေးဇူးကြီးကြောင်း မကြာခဏ ထုတ်ဖော် ပြောဆိုလေ့ရှိတယ်။ အစိုးရ အာဏာပိုင်တွေဟာ ပြဿနာ ပေါင်းစုံနဲ့ကြုံနေရတဲ့ တရုတ် စီမံကိန်းတွေနဲ့ ပတ်သက်လာရင် တရုတ်ဘက်က အမြဲတမ်း ကာကွယ် ပြောတတ်ကြပါတယ်။

လယ်/ဆည် ၀န်ကြီး ဦးမြင့်လှိုင်ဆိုရင်လည်း လွှတ်တော် ကိုယ်စားလှယ်တွေကို စာမတတ်ပေမတတ်ဘဲ လွှတ်တော်ထဲ ရောက်လာကြပြီး လက်ညှိးထောင် ခေါင်းညိတ်တဲ့ အဆင့်ပဲ ရှိတယ်လို့ ပြောခဲ့တာကြောင့် လွှတ်တော်မှာ ပြန်လည် တောင်းပန်ခဲ့ရပါတယ်။ ဒါ့အပြင် လယ်သမားတွေနဲ့ တွေ့ဆုံစဉ်မှာလည်း အကြွေးတွေ အမြန်ဆပ်နိုင်ဖို့ ထမင်းတနပ် လျှော့စားကြဖို့ ပြောဆိုခဲ့တာကြောင့် “တနပ်စား မြင့်လှိုင်” ဆိုတဲ့ ဘွဲ့တခုကို ရရှိထားသူ ဖြစ်ပါတယ်။

ဝန်ကြီးတွေ အပြင် သမ္မတ အကြံပေး ဦးကိုကိုလှိုင် ဆိုရင်လည်းပဲ လျှပ်စစ်မီး ရရှိဖို့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို ဖယောင်းတိုင် ထွန်းနေကြဖို့ ပြောဆိုခဲ့တာကြောင့် “ဖယောင်းတိုင် ကိုကိုလှိုင်” လို့ ဘွဲ့တံဆိပ်ပေးတာ ခံခဲ့ရပါတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ကတော့ အရက်အစား နွားနို့သောက်ကြဖို့ တိုက်တွန်းထားသူပါ။

အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် စည်းရုံးရေး ကာလတွေမှာ ၀န်ကြီးတွေ၊ ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူတွေ အပေါ် လေးစားမှု၊ စစ်မှန်၊ ရိုးသားတဲ့ ကူညီမှုမျိုး မဟုတ်ဘဲ စစ်အုပ်ချုပ်ရေး စနစ်ပုံစံတုန်းက အတိုင်းပဲ သဘောရိုးနဲ့ ဆဲဆို ကြိမ်းမောင်းပြီး မဲဆွယ်ကြမယ် ဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာပဲ အဖွဲ့လိုက် အနားယူရဖွယ် ရှိနေပါတယ်။

arrawady