မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး ထပ်မံအုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ



မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အလုပ်မှ ပြန်လာသော မြန်မာ အမျိုးသမီး တစ်ဦးကို လူသုံးဦးက ဖမ်းဆီးပြီး ကားဖြင့်ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လျှပ်စစ်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်သည့် အဆိုပါ အမျိုးသမီးမှာ အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီကျော်ခန်က အလုပ်မှ ပြန်လာစဉ် လူသုံးဦးက ကားပေါ်တင် ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းခေါ်ပြီးနောက် ရေစင်ဟု ယူဆရသည့် စင်မြင့်တစ်ခုတွင် မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး ရေစင်မှ တွန်းချရန် ကြံစဉ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားက အမည်မဖော်လိုသူ ၎င်းက ဆိုသည်။
“ယောက်ျားနဲ့ ကလေးရှိတယ် မသတ်ပါနဲ့လို့ တောင်းပန်တယ်။ ကံကောင်းတော့ အိတ်ထဲမှာ သူ့အစ်မ ကလေးဓာတ်ပုံ ပါလာတယ်။ အဲဒါကိုပြလို့ သူ့ကို မသတ်ခဲ့တာ” ဟု စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦး က ပြန်လည် ပြောကြားသည်။

အဆိုပါ အမျိုးသမီးကို လူသွားလူလာ မရှိသည့် နေရာတစ်ခုတွင် ပစ်ချခဲ့ပြီး မလေးရှား အမျိုးသမီးတစ်ဦး၏ ကူညီမှုဖြင့် နေအိမ်ကို ပြန်လည် ရောက်ရှိ လာကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ စီနိုင်း ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး မြန်မာသံရုံးကို အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။

ပြစ်မှု ကျူးလွန်ခံခဲ့ရသည့် အဆိုပါ အမျိုးသမီးကို ဆေးစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦးက ထပ်မံပြောဆိုသည်။

အဆိုပါ အမျိုးသမီးသည် ၎င်း၏ ခင်ပွန်းနှင့်အတူ နေထိုင်ပြီး ကလေးတစ်ဦး ရှိကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင်လည်း ယခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို ည ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်။

၂၀၁၂ ခုနှစ်ကလည်း ယင်းပြည်နယ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒ အရှက်တရားနှင့် ဂုဏ်သိက္ခာများကို ဥပဒေကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်း၊ NLD (LA) တို့က မြန်မာနိုင်ငံ အစိုးရကို တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
Kayan Times

ကမန်တိုင်းရင်းသား နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲများ တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးနေ


နယ်၊ ရွှေလှေ (လင်းသည်)ကျေးရွာတွင် ကမန်တိုင်းရင်းသား နေထိုင်သည့် နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲများ ရောနှောထည့်ထားသည့် ပုလင်းများကို စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက်ကွဲစေတတ်သော အရာဝတ္တုပစ္စည်းများ ဥပဒေပုဒ်မ (၅)ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၅ ရက်က သတင်းရရှိသည်။ ရဲတပ်ဖွဲ့မှ နေအိမ်များအတွင်း ၀င်ရောက်စစ်ဆေးခဲ့ရာ အောက်တိုဘာ ၁ ရက်က အဆိုပါ ကမန်လင်မယားနှစ်ဦး နေထိုင်သည့် နေအိမ်အတွင်း၌ ယင်းပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရွှေလှေကျေးရွာဘက်မှာ လက်ပစ်ဗုံး မိတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ဆီမှာလည်း လက်ပစ်ဗုံး မရှိပါဘူး။ ဓာတ်ဆီရယ်၊ အခြားပစ္စည်းတွေနဲ့ ရောထည့်ထားတဲ့ မီးလောင်တဲ့ ပစ္စည်းမျိုးတွေ စစ်ဆေးတွေ့ရှိ ခဲ့တာပါ။ ဒီပစ္စည်းတွေ ထားရှိတာနဲ့ ပတ်သက်ပြီး စစ်ဆေးနေပါတယ်" ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေလှေရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးကလည်း "ဆူပူမှုတွေ ဖြစ်နေချိန်မှာ လုံခြုံရေး အဖွဲ့တွေက နယ်မြေရှင်းလင်း စုံစမ်းရင်းနဲ့ ဖမ်းမိတာပါ။ အဲဒီမှာ တွေ့ခဲ့တဲ့ ပုလင်းကိုးလုံးထဲမှာ သံမှိုစ၊ ဆန်ကွဲစေ့၊ ဖန်ပုလင်းစ အကွဲစတာတွေ ရောနှောထည့်ထားပြီး ဓာတ်ဆီလည်း ထည့်ထားပါတယ်။ ဖမ်းဆီးထားတဲ့သူ နှစ်ဦးကို ရမန်ယူထားပြီ" ဟု ပြောကြားခဲ့သည်။

 ရွှေလှေ ရဲစခန်းမှ (ပ) ၃၁/၂၀၁၃၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော အရာဝတ္တု ပစ္စည်းများ ပုဒ်မ (၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းနှင့် ဖမ်းဆီးခံရသူ နှစ်ဦးမှာ တင်နောင်ထွန်းနှင့် ဒေါ်ခင်မေသန်းတို့ဖြစ်ကြောင်း သိရသည်။

                                                                           Eleven Media Group


ကျည်ကာအင်္ကျီ ဝတ်သွားဖို့လိုမယ့် အာဖန်ဂန်နစ္စတန်မှ တရားမဝင် Apple အရောင်းဆိုင် အတု



ကမ္ဘာပေါ်မှာ Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ အဆင့်မြင့် အီလက်ထရောနစ် ပစ္စည်းများကို ဘယ်လောက် လူကြိုက်များသလဲ သိပါသလား။ မေးကြည့်တာထက် ပြေးကြည့်တာက ပိုမြန်ပါလိမ့်မယ်။ ဘယ်ကိုပြေးကြည့် ရမလဲဆိုတော့ အာဖဂန်နစ္စတန်နိုင်ငံပါ။

 မပူပါနဲ့။ ကိုယ်တိုင် သွားကြည့်စရာ မလိုအောင် ဒီသတင်းကို ဖော်ပြပေးထားတာပေါ့။ ကဲ ဒီ Apple အရောင်းဆိုင် အတုအကြောင်း လေ့လာကြည့်ရအောင်။

Apple Store Afghanistan ကို မြို့တော် ကဘူးလ်ရှိ နိုင်ငံရဲ့ အကြီးဆုံး ရှော့ပင်းစင်တာကြီးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဲဒီနေရာကလည်း ခေတဲ့နေရာတော့မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်နောက်ပိုင်း အသေခံဗုံးခွဲ တိုက်ခိုက်ခြင်း ခံရတာ ၂ ကြိမ် ရှိပါပြီတဲ့။ အဲဒီ ရှော့ပင်းစင်တာကြီးမှာ ဈေးဝယ်သူများကလည်း သူဌေးတွေနဲ့ နိုင်ငံခြားသားတွေသာ ဖြစ်ပါတယ်တဲ့။

 အာဖဂန်မှရရှိတဲ့ သတင်းများအရတော့ အဆိုပါ အရောင်းဆိုင်ရဲ့ ရောင်းအားကတော့ မကောင်းလှပဲ ပြီးခဲ့သည့်အပတ် စတင်ဖွင့်လှစ်ချိန်မှ ယခုအထိ iPhone ၆ လုံးနှင့် MacBook အချို့သာ ရောင်းချရသေးကြောင်း သိရှိရသည်။

 အရောင်းဆိုင်မှာ တရားဝင်မဟုတ်သော်လည်း ရောင်းချသည့် ပစ္စည်းများမှာမူ Apple ပစ္စည်း အစစ်များဖြစ်သည်။ သို့သော်လည်း ဈေးနှုန်းအား မူရင်းထက် ၁၀ ဒေါ်လာမှ ဒေါ်လာ ၅၀ အထိတင်ထားကာ အမြတ်ရယူနေသည်ဟု သိရှိရသည်။ ကုန်ပစ္စည်းများကို ဒူဘိုင်းမှာ မှာယူတင်သွင်းပြီး 16GB iPhone 5 ၏ ဈေးနှုန်းမှာ ဒေါ်လာ ၇၀၀ ခန့် ကျသင့်သည်ဟု သိရှိရသည်။

 ယခုကဲ့သို့ တရားမဝင် Apple အရောင်းဆိုင်များ ပေါ်ပေါက်လာခြင်းမှာ ယခုမှတင် မဟုတ်ပေ။ ၂၀၁၁ ခုနှစ် အတွင်းကလည်း တရုတ်နိုင်ငံ၌ တရားမဝင် Apple အရောင်းဆိုင် အတု စုစုပေါင်း ၂၂ ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ပိတ်သိမ်းခဲ့သည်။

                                                                                 Myanmar Consumer Guide

ဖုန်းအား အမြန်သွင်းနည်း




မိုဘိုင်းဖုန်း အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး မှာပါ။ အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။

အဲဒါကတော့ Flight mode/ Airplane mode သို့ ပြောင်းလိုက်ခြင်း ဖြစ် ပါတယ်။ Airplance mode, Flight mode ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့ Application တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS , Mobile Data အစရှိသဖြင့် ဖုန်းအား အသုံးပြု နေတဲ့ Option အားလုံးကို Flight mode က Off လုပ်ပေးသွား မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း အားမြန်မြန် ဝင်တာ ကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run နေသမျှ App တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။

နောက်ထပ်တစ်နည်းကတော့ ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းခြင်း ဖြစ် ပါတယ်။ ဖုန်းကို ပါဝါပိတ်ထားတဲ့အတွက် ဘယ် application မှ အသုံးပြုရခြင်း မရှိ တော့တာမို့ အားသွင်းတာ ပိုလို့တောင် မြန်ဆန် ပါတယ်။ သို့ပေမယ့် Power on/ off အကြိမ်များကြောင့် Data အချို့  ပျောက် ကွယ် နိုင်တာ ကြောင့် flight mode ကိုပဲ ပိုပြီးတော့ Recommend ပေး ပါတယ်။ ပြီးတော့ အားအရမ်းလိုနေရင် ကွန်ပြူတာ USB မှတစ်ဆင့် မသွင်းပါနဲ့။ Power Plug ကနေပဲိတိုက်ရိုက်သွင်းရ မှာ ဖြစ်ပါ တယ်။ အားလုံး မိုဘိုင်း ဖုန်း အားသွင်းဖို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။
.
Ref: techgek
အောင်ခမ်း ( TSJ Team )
TechSpace Journal

မွေးဖွားလူနာ တင်လာသော တပ်မတော်ယာဉ် ချောင်းအတွင်းထိုးကျ



ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်ရှိ ယန်းခတံတားတွင် မွေးဖွားလူနာ တင်ဆောင်လာသော တပ်မတော်ပိုင် ယာဉ်တစ်စီးသည် ယန်းခချောင်းအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အမှတ် (၆၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောကြားသည်။

ယင်းယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်များအနက် တစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် လူနာအပါအဝင် ငါးဦးဒဏ်ရာ ရရှိကြောင်း ၎င်းကရှင်းပြသည်။

ကိုယ်ဝန်ကာလ ၃၄ ပတ်ရှိ မိခင်သည် ယင်း ယာဉ်မတော်တဆမှုကြောင့် ကိုယ်ဝန်ကို ထိခိုက်မှု မရှိကြောင်း ကျိုင်းတုံမြို့နယ် တပ်မတော်ဆေးရုံမှ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး ဒေါက်တာလင်းဝင်းကျော်က The Voice သို့ ပြောကြားသည်။
“အပြင်ပွန်းပဲ့ ဒဏ်ရာတော့ အနည်းငယ် ရထားပါတယ်။ မစိုးရိမ်ရပါဘူး” ဟုလည်း ၎င်းကဆိုသည်။

မတော်တဆမှု ဖြစ်ပွားခဲ့သော ယာဉ်မှာ မိုင်းဖြတ်မြို့ အမှတ် (၁) တပ်မတော် စစ်ဆေးရုံမှ ကျိုင်းတုံမြို့ အမှတ် (၃) တပ်မတော် စစ်ဆေးရုံသို့ မွေးဖွားလူနာ လာပို့သော အမှတ် (၉၁၃) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ISUZU အမျိုးအစား အစိမ်းရောင် ယာဉ်အမျိုးအစား ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ မှုခင်း မှတ်တမ်းများအရ သိရသည်။
“မိုင်းဖြတ် စစ်ဆေးရုံမှာ မီးမဖွားနိုင်လို့ ကျိုင်းတုံစစ်ဆေးရုံကို လွှဲပေးတဲ့ လူနာကို လာပို့ရင်း အရှိန်လွန်ပြီး ချောင်းထဲ ထိုးကျတာ။ မွေးလူနာက ဘာမှမဖြစ်လို့ တော်သေးတယ်။ ဒဏ်ရာရတဲ့ သူတွေကိုတော့ ကျိုင်းတုံ စစ်ဆေးရုံမှာ တင်ထားတယ်” ဟု ဒုရဲမှူးအောင်လွင်က ဆိုသည်။

ယာဉ်မောင်း တပ်သားမှာ အခင်းဖြစ်နေရာမှ တိမ်းရှောင် သွားသော်လည်း ၎င်းကို ယာဉ် (ပ) ၃၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄ -က အရ အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
The Voice Weekly


အမေရိကန် ဖို့ဒ်ကားကုမ္ပဏီ အရောင်းဌာနဖွင့်ပြီ




ကမ္ဘာကျော် အမေရိကန် ဖို့ဒ် မော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံမှာ ပထမဆုံးအရောင်းဌာနကို သောကြာနေ့ မနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

ဖို့ဒ်ကားကုမ္ပဏီက လက်ရှိရောင်းချတဲ့ဈေးနှုန်းတွေကို မြန်မာပြည်သူအများစုအနေနဲ့ လက်လှမ်းမှီမှာ မဟုတ်ပေမယ့် အရောင်းပြခန်းကို လာရောက်ကြည့်ရှုသူ များပြားကြောင်းနဲ့ အနာဂတ်အလားအလာကောင်းကြောင်း ကုမ္ပဏီက ပြောပါတယ်။

မြန်မာအစိုးရဟာ လက်ရှိမှာ နိုင်ငံခြားကနေ တင်ပို့တဲ့ကားတွေကို အခွန်ငွေများပြားစွာ ကောက်ယူနေတဲ့အတွက် ကားဈေးတွေ အလွန်အမင်းကြီးမားနေပြီး ဖို့ဒ်ကုမ္ပဏီက အခုရောင်းချနေတဲ့ Ford Explorer ကားတစင်းကို အမေရိကန်ဒေါ်လာ တသိန်းကျော်ပေးရမယ်လို့ သိရပါတယ်။ အဲဒီကားဟာ အမေရိကန်မှာ ဒေါ်လာ ၂ သောင်း ၆ ထောင်ပဲပေးရတဲ့ကားဖြစ်ပြီး တစ်လကို ဒေါ်လာ ၅ဝဝ ခန့်ပေးရင် အလွယ်တကူ အရစ်ကျဝယ်ယူနိုင်တဲ့ကားဖြစ်ပါတယ်။
RFA Burmese

မြစ်ကြီးနား ဒေသခံအများအပြား ကြိုဆိုစောင့်ဆိုင်းခဲ့ကြသော်လည်း သမ္မတ၏ မြစ်ကြီးနားခရီးစဉ် ရာသီဥတုကြောင့် ဖျက်သိမ်း




နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၅ ရက်တွင် သွားရောက်ရန် စီစဉ်ထားသော ပထမဆုံးအကြိမ် ကချင်ပြည်နယ် ခရီးစဉ်အား ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် ဖျက်သိမ်းခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သမ္မတ၏ ခရီးစဉ်အား နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှု့အဖွဲ့အစည်းများ၊ အစိုးရ ၀န်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ထောင်ချီပြီး မိုးရေထဲတွင် ၃ နာရီကျော်ကြာ ကြိုဆိုနေစဉ် ခရီးစဉ် ဖျက်သိမ်းကြောင်း သိခဲ့ရခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် လာရောက်မည်ဖြစ်သဖြင့် အောက်တိုဘာ ၅ ရက်နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်မှစ၍ မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျောင်းသားကျောင်းသူများ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၀၀၀ ၀န်းကျင်ခန့် စောင့်ဆိုင်းလျက်ရှိပြီး မြစ်ကြီးနားမြို့တော် ခန်းမတွင်လည်း လူဦးရေ ၁၀၀၀ နီးပါး စောင့်ဆိုင်းလျက်ရှိကြောင်းသိရသည်။ သမ္မတ၏ ခရီးစဉ်ဖျက်သိမ်းကြောင်းကိုမူ နံနက် ၁၁ နာရီကျော် အချိန်ခန့်တွင်မှ သိခဲ့ရကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

သမ္မတခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ် ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးနောင်တိန်က "ရာသီဥတုက လေယာဉ်ဆင်းလို့ မရလို့ပါ။ တခြား ဘာအကြောင်းမှ မရှိပါဘူး။ နောက်ပြန်လာမယ့်ရက်လည်း အတိအကျ မသိသေးပါဘူး" ဟု ဆိုသည်။

နိုင်ငံတော် သမ္မတကြီးသည် မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) နှင့် တွေ့ဆုံရန်ရှိပြီး ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးစန်းအောင်က "ကျွန်တော်တို့ အဖွဲ့က မေလဆွေးနွေးပွဲ ရလဒ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းဖို့ ရှိတယ်။ သမ္မတကြီးကိုယ်တိုင် ကချင်ပြည်နယ်ရဲ့ အခြေအနေကို မြင်သိစေချင်တယ်။ ပြည်သူတွေ အားလုံးကတော့ မိုးထဲရေထဲတောင် စောင့်ကြိုနေကြတာ" ဟု ဆိုသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေး လှုပ်ရှားသူများက သမ္မတ ခရီးစဉ်သည် လာမည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် များစွာအထောက်အပံ့ ဖြစ်နိုင်ပြီး တိုင်ရင်းသားများနှင့် အစိုးရကြား မယုံကြည်မှုများကို လျှော့ချနိုင်လိမ့်မည်ဟု ခန့်မှန်းပြောဆို နေကြသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက "သမ္မတကြီး ရောက်မလာတာကတော့ ကချင်ပြည်နယ်အတွက် ဆုံးရှုံးမှု တစ်ရပ်ပါ။ ဒီခရီးစဉ်က ငြိမ်းချမ်းရေးကိုလည်း အများကြီး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ထားတာ။ သမ္မတကြီးကို ကချင်ပြည်နယ် လာစေချင်တယ်။ သမ္မတကြီးက ပြောချင်တာလည်း ရှိမယ်။ ပြည်သူတွေ အနေနဲ့လည်း တင်ပြချင်တာတွေ ရှိမှာပေါ့" ဟု ဆိုသည်။

မြစ်ကြီးနား မြို့တော်ခန်းမတွင် လူတစ်ထောင်ခန့်နှင် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်တွင် ရပ်မိရပ်ဖများ၊ ကျောင်းသားကျောင်းသူများ ထောင်နှင့်ချီ ကြိုဆိုနေကြသော်လည်း နံနက် ၁၁ နာရီခန့်တွင် ရာသီဥတု ဆိုးဝါးမှုကြောင့် သမ္မတကြီး၏ ခရီးစဉ် ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။

(နိုင်ငံတော် သမ္မတ၏ မြစ်ကြီးနား ခရီးစဉ်အား ကြိုဆိုစောင့်ဆိုင်း နေကြသူများအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်))
Eleven Media Group

ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ


ထမင်းစား စားပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။
၁။ ဆေးလိပ် မသောက်ရ

ထမင်းစား စားပြီးချင်း ဆီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ်သောက် တာနဲ့ ညီမျှတယ်လို့ သက်သေပြ ထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက် ချင်တယ် ဆိုရင်တောင်မှ အစာ စားပြီးချင်း မသောက်သုံး သင့်သေးပါဘူး။

၂။ အသီးချက်ခြင်း မစားရ

အချို့ က ထမင်းစားပြီးရင် အချိုတည်းအနေနဲ့ သစ်သီးဝလံတို့ကို ချက်ချင်းစားကြ ပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အထတော့ မဟုတ်ပါဘူး။ ဝမ်းမှာ လေခံတတ်ပါတယ်။ ဒါကြောင့် ဝမ်း လေထိုးလေအောင် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမှီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ သစ်သီးဝလံ စားသုံးဖို့ တိုက်တွန်း ထားပါတယ်။

၃။ လက်ဘက်ရည် မသောက်ရ

လက်ဘက်မှာ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် အစားစားပြီး လက်ဘက်ရည် သောက်ရင် စားထားတဲ အစာများကို ပရိုတိန်းဓာတ် တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲသွားပါတယ်။ အစာမကြေ၊ ရင်ပြည့် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။

၎။ ခါးပတ် မလျော့ရ

အချို့ က အစားစားနေတုန်းတော့ ဘာမှ မလုပ်ပဲနဲ့ အစားစားပြီးမှ ခါးပတ်လျော့တတ်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်း ပိတ်တာတွေ ဖြစ်တတ်ပါတယ်။
မြ၀တီ

Adobe ဝက်ဘ်ဆိုက် အဟက်ခံရ။



ကွန်ပြူတာ ဆော့ဝဲလ် တွေ ထုတ်လုပ်တဲ့ ကမ္ဘာကျော် အမေရိကန်က Adobe ကုမ္ပဏီ ရဲ့ ဝက်ဘ်ဆိုက် တိုက်ခိုက်ခံခဲ့ရပြီး ဖောက်သည် ၂.၉သန်း ရဲ့ Passwards နဲ့ ကိုယ်ရေး အချက်အလက် အပြင် ၊ ငွေချေတဲ့ ဘဏ်ကဒ်ပြားရဲ့ လျှို့ဝှက်ချက်တွေ ကိုပါ ကြားဖြတ် ခိုးယူခံခဲ့ရတယ်လို့ အဒိုဘီ ကုမ္ပဏီက ပြောပါတယ်။
BBC Burmese

သံတွဲပဋိပက္ခ အစိုးရထုတ်လွှင့်ချက် လက်မခံကြောင်း ရဟန်းတော်များ တုံ့ပြန်




ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေမှာ သာသနာ့အလံတွေ ထောင်ထားတာဟာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က အောက်တိုဘာလ ၄ ရက် မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က အစိုးရပိုင် ရုပ်သံမီဒီယာတွေက သံတွဲမြို့နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ထုတ်လွှင့်သွားချက်ကို လက်မခံတဲ့အတွက် ဒီသဘောထားကြေညာချက်ကို ထုတ်ပြန်ရတာလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ကောသလ္လက RFA ကို မိန့်ပါတယ်။

“သာသနာ့အလံတွေ ထောင်ပြီးတော့ အကြမ်းဖက်မှုတွေ လုပ်ဆောင်တယ်လို့ အဲလိုထုတ်ပြန်တယ်၊ တကယ်တော့မဟုတ်ဘူး၊ ၂၆ ရက်နေ့က နိုင်ငံတော် ဗုဒ္ဓဘာသာနေ့ ကျင်းပတဲ့အချိန်အခါမှာ သာသနာ့အလံတွေ ဗုဒ္ဓဘာသာအိမ်တွေမှာ စိုက်ထူထားတယ်၊ စိုက်ထူထားတာကို မရုပ်သိမ်းပဲနဲ့ ဒီအတိုင်းထားခဲ့တာ၊ အဲဒါကို အမျိုးဘာသာသာသနာ ထိန်းသိမ်းရေးအဖွဲ့ကနေပြီးတော့ တစ်ဖက်သတ်ကောက်ချက်ချပြီးတော့ မြန်မာ့အသံမှာ ကြေညာတာ မှားယွင်းတယ်၊ ကန့်ကွက်တယ်လို့ သဘောထားထုတ်ပြန်တယ်”

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က သံတွဲမြို့ပေါ်မှာကျင်းပခဲ့တဲ့ နိုင်ငံတော်ဗုဒ္ဓဘာသာနေ့ အခမ်းအနားမှာ မြို့ပေါ်နဲ့ ကျေးလက်အချို့မှာ သာသနာ့အလံတွေကို နေအိမ်အတော်များများမှာ စိုက်ထူခဲ့ကြပြီး အဲဒီသာသနာ့အလံတွေကို ဒီကနေ့အထိ ပြန်မချပဲ ရှိနေသေးတာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

အဲဒါကြောင့် မြန်မာ့အသံက ထုတ်လွှင့်ချက်ဟာ ဗုဒ္ဓဘာသာဝင်တွေအပေါ် စွပ်စွဲ၊ ပုတ်ခတ်သလိုဖြစ်တဲ့အတွက် သံတွဲမြို့နယ် အမျိုးဘာသာသာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့အနေနဲ့ ကန့်ကွက်ကြောင်းအဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီသဘောထားကြေညာချက်ကို နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေဆီ ပေးပို့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
RFA Burmese

စည်းလုံးမှ ပြောင်းလဲနိုင်မယ်လို့ မင်းကိုနိုင်ပြော




အားလုံးစည်းစည်းလုံးလုံးပါဝင်မှ နိုင်ငံအပြောင်းအလဲလုပ်ဖို့ ဆွေးနွေးလို့ရနိုင်မယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က မနေ့က ပြောကြားလိုက်ပါတယ်။ ချက်သမ္မတနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာမိသားစုတွေနဲ့ Prague မြို့မှာ ဦးမင်းကိုနိုင် တွေ့ဆုံဆွေးနွေးချိန်မှာ အဲဒီလိုပြောကြားသွားတာလို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ Prague မြန်မာ့အဖွဲ့အစည်း ညွှန်ကြားရေးမှူး ဒေါ်စပယ်စိုးက ပြောပါတယ်။

အခမ်းအနားမှာ နိုင်ငံအကျိုးဆောင်ရွက်တဲ့အခါ စိတ်ကောင်းစေတနာကောင်းနဲ့ သတ္တိရှိဖို့ လိုအပ်ရုံမက ပညာလည်း တတ်ဖို့လိုမယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။ ဦးမင်းကိုနိုင်ဟာ ချက်သမ္မတနိုင်ငံကို အောက်တိုဘာ ၁ ရက်နေ့မှာ ရောက်ရှိလာပြီး Prague မြို့က ဗားဇလပ်ဟာဗဲလ် စာကြည့်တိုက်က ကျင်းပတဲ့ နိုင်ငံတကာညီလာခံမှာ တက်ရောက်ဆွေးနွေးပါတယ်။ ဒါ့အပြင် People in Need အဖွဲ့က သူ့ကို ၂၀၀၀ ပြည့်နှစ်က ချီးမြှင့်တဲ့ Homo Homini လူ့အခွင့်အရေးဆုကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံကို မနေ့က ပြန်လည်ထွက်ခွာသွားပါတယ်။
RFA Burmese

လှိုင်သာယာမြို့နယ်၊ လူသတ်မှုမှ တရားခံများအား (၁၂)နာရီအတွင်းဖမ်းဆီးရမိ




၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း
ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ
KTV ဆိုင်၏အခန်းအတွင်း၌ သားဖြစ်သူမောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း
(ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်
ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့သည် သတင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ယာဉ်အမှတ် ၇ဃ/---၊ ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊
ကရင်ပြည်နယ်ရဲတပ်ဖွဲ့များသို့ တရားခံများအားကူညီဖမ်းဆီးပေးနိုင်ရေး ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ သံလွင်တံတား(ဘားအံ) တာဝန်ကျတပ်ဖွဲ့ဝင်များမှ ယာဉ်များအားစစ်ဆေးဆောင်ရွက်စဉ် ၄.၁၀.၂၀၁၃ရက်နေ့ ၁၁၅၀အချိန်ခန့်တွင် ၇ဃ/----၊ ပရိုဘောက် အဖြူရောင်ယာဉ်မှာ သံလွင်တံတား(ဘားအံ)သို့ ရန်ကုန်ဘက်မှ ၀င်ရောက်လာ၍ တားဆီးစစ်ဆေးစဉ် စစ်ဆေးမှုမခံဘဲ တံတားမောင်းတံအားတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် တံတားတာဝန်ကျတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဂျိုင်း(ဇာသပြင်)တံတားတာဝန်ကျ
တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာရှိ လှည်းလမ်း၌
အဆိုပါယာဉ်နှင့် ယာဉ်ပေါ်ပါ Music Box KTV ဆိုင်ပိုင်ရှင် ကံဝင်းဇော်(ခ)ကံကြီး(ခ)မိုက်မိုက်၊ (ဘ)ဦးကြင်သောင်း၊ ဆိုင်မန်နေဂျာ ရဲထွဋ်ကျော်(ခ)ရဲကြီး၊ (ဘ)ဦးအောင်ခင်၊ ဆိုင်ဝိတ်တာများဖြစ်ကြသော စိုးမိုးကျော်(ခ)ကရင်လေး၊ ကိုထိုက်(ခ)နေလင်းထိုက်၊
အောင်သူရ(ခ)အောင်ကျော်သူ၊ ကျော်စွာဝင်း (ခ)ကျော်ကျော်၊ ကိုကိုနိုင်(ခ)ကိုနိုင်၊ မင်းခန့်၊ စစ်နိုင်(ခ)တင့်နိုင်ဦး၊ မျိုးမင်းထိုက်(ခ) ကိုအောင်၊ မနော်ထူးဖွဲ့ဆဲ(ကံဝင်းဇော်၏ဇနီး)၊ မရင်ရင်ထိုက်တို့ (၁၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလူသတ်မှုမှ တရားခံများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အခင်းဖြစ်ပြီး (၁၂)နာရီအတွင်း စုံစမ်းဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police

လှိုင်သာယာမြို့နယ်၊ လူသတ်မှုမှ တရားခံများအား (၁၂)နာရီအတွင်းဖမ်းဆီးရမိ




၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း
ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ
KTV ဆိုင်၏အခန်းအတွင်း၌ သားဖြစ်သူမောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း
(ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်
ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့သည် သတင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ယာဉ်အမှတ် ၇ဃ/---၊ ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊
ကရင်ပြည်နယ်ရဲတပ်ဖွဲ့များသို့ တရားခံများအားကူညီဖမ်းဆီးပေးနိုင်ရေး ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ သံလွင်တံတား(ဘားအံ) တာဝန်ကျတပ်ဖွဲ့ဝင်များမှ ယာဉ်များအားစစ်ဆေးဆောင်ရွက်စဉ် ၄.၁၀.၂၀၁၃ရက်နေ့ ၁၁၅၀အချိန်ခန့်တွင် ၇ဃ/----၊ ပရိုဘောက် အဖြူရောင်ယာဉ်မှာ သံလွင်တံတား(ဘားအံ)သို့ ရန်ကုန်ဘက်မှ ၀င်ရောက်လာ၍ တားဆီးစစ်ဆေးစဉ် စစ်ဆေးမှုမခံဘဲ တံတားမောင်းတံအားတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် တံတားတာဝန်ကျတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဂျိုင်း(ဇာသပြင်)တံတားတာဝန်ကျ
တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာရှိ လှည်းလမ်း၌
အဆိုပါယာဉ်နှင့် ယာဉ်ပေါ်ပါ Music Box KTV ဆိုင်ပိုင်ရှင် ကံဝင်းဇော်(ခ)ကံကြီး(ခ)မိုက်မိုက်၊ (ဘ)ဦးကြင်သောင်း၊ ဆိုင်မန်နေဂျာ ရဲထွဋ်ကျော်(ခ)ရဲကြီး၊ (ဘ)ဦးအောင်ခင်၊ ဆိုင်ဝိတ်တာများဖြစ်ကြသော စိုးမိုးကျော်(ခ)ကရင်လေး၊ ကိုထိုက်(ခ)နေလင်းထိုက်၊
အောင်သူရ(ခ)အောင်ကျော်သူ၊ ကျော်စွာဝင်း (ခ)ကျော်ကျော်၊ ကိုကိုနိုင်(ခ)ကိုနိုင်၊ မင်းခန့်၊ စစ်နိုင်(ခ)တင့်နိုင်ဦး၊ မျိုးမင်းထိုက်(ခ) ကိုအောင်၊ မနော်ထူးဖွဲ့ဆဲ(ကံဝင်းဇော်၏ဇနီး)၊ မရင်ရင်ထိုက်တို့ (၁၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလူသတ်မှုမှ တရားခံများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အခင်းဖြစ်ပြီး (၁၂)နာရီအတွင်း စုံစမ်းဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police

အာရှလူငယ်ဘောလုံးပွဲတော်တွင် မြန်မာလူငယ်အသင်းများ အနိင်ရ



တောင်ကိုရီးယားနိုင်ငံ အင်ချွန်တွင် ကျင်းပနေသည့် အာရှလူငယ် ဘောလုံးပွဲတော်မှ မြန်မာလူငယ် အသင်းများ၏ အောက်တိုဘာ၎ရက်နေ့ပွဲစဉ်ရလာဒ်များမှာ

U12 Myanmar 4:1 Korea (Chungra)
Myanmar 2:0 Korea (Chung-Yong)
နှင့်
U10 Myanmar v Korea (Choonchun)
Myanmar 9:0 Korea (Gurumsan)


၎င်း အာရှလူငယ် ဘောလုံးပွဲတော် ပထမနေ့တွင် မြန်မာလူငယ် အသင်းများ၏ ရလဒ်များမှာ
အသက် (၁၀)နှစ်အောက် ပြိုင်ပွဲတွင်

မြန်မာ (၁-၂) ကူဝိတ်
မြန်မာ (၆-၁) Hope FC (Korea Club)
နှင့်
အသက်(၁၂)နှစ်အောက် ပြိုင်ပွဲတွင်

မြန်မာ (၁-၀) ကော်ရန်ဒီယို ကလပ်
မြန်မာ(၁-၀) ဥဇဘတ် ကစ္စတန်ဖြစ်ကြောင်းMyanmar Football Federation မှသိရသည်။
Popular Myanmar News Journal

အိမ်ဖြူတော်အနီး အရှိန်ဖြင့်လာသော ကားတစ်စီးကို ပစ်ခတ်တားဆီး၊ ကားမောင်းသူ အမျိုးသမီး သေဆုံး


အမေရိကန်ပြည်ထောင်စု ဝါရှင်တန် မြို့တော် သမ္မတနေ အိမ်ဖြူတော်ရှေ့နှင့် လွှတ်တော်အနီးတွင် ရဲကားနောက်မှ လိုက်လာပြီး တလကြမ်း မောင်းလာသည့် ကားတစ်စီးက အိမ်ဖြူတော် လုံခြုံရေး ဂိတ်ကိုပါ ဝင်တိုက်သွားသဖြင့် ရဲကပစ်ခတ် တားဆီးခဲ့ရာ ကားမောင်းသူ အမျိုးသမီး သေဆုံးသွားခဲ့ပြီး ရဲအရာရှိ နှစ်ဦးဒဏ်ရာ ရရှိသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ကားပေါ်တွင် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ပါလာသော လူမည်း အမျိုးသမီး၏ ကားကိုတားဆီးရန် ကြိုးစားကြရာမှ ရဲများက ပစ်ခတ်စဉ် အနီးတစ်ဝိုက်တွင် ရှိနေသော ဥပဒေပြုအမတ်များ၊ ခရီးသွား ဧည့်သည်များ ကျည်ကွယ် မျက်ကွယ်ရှာပြီး အမြန် တိမ်းရှောင်ခဲ့ရသည်။

ကားမောင်းသူ အမျိုးသမီး သေဆုံးသွားပြီ ဖြစ်ကြောင်း၊ အဘယ့်ကြောင့် ယင်းသို့ ရဲကားနောက်က လိုက်လာသည်၊ အစိုးရ ရုံးများရှေ့သို့ ယင်းအမျိုးသမီးက ဦးတည် မောင်းလာသည်ကို အကြောင်းရင်း မသိရသေးကြောင်း၊ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဝါရှင်တန် ရဲချုပ် ကေသီလာနာက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကလေးက တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ အခြေအနေ ကောင်းပါတယ်။ သူ့ကို ကာကွယ် ထိန်းသိမ်းထားပါတယ်” ဟု ရဲချုပ်က ကားပေါ်ပါ ကလေးငယ်နှင့် ဆက်စပ်ပြီး ပြောကြားသည်။

“အိမ်ဖြူတော်နဲ့ လွှတ်တော် အဆောက်အအုံတို့မှာ လုံခြုံရေးစည်း ရှိပါတယ်” ဟု ပြောကြားရင်း ရဲချုပ်လာနာက လွှတ်တော်လုံခြုံရေး ရဲအရာရှိတစ်ဦးနှင့် လျှို့ဝှက် လုံခြုံရေးတစ်ဦးတို့ ဒဏ်ရာရရှိ သွားကြောင်း ထပ်လောင်းပြောဆိုသည်။

ကားမောင်းလာသူ အမျိုးသမီးမှာ လူမည်းအရွယ်ရောက် အမျိုးသမီးဖြစ်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်၍ မည်သူမည်ဝါ ဆိုသည်ကို မပြောနိုင်သေးကြောင်း အမေရိကန် ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရ အရာရှိ ဘရိုင်ယန်လယ်ရီက ဆိုသည်။

အိမ်ဖြူတော် လုံခြုံရေး ဧရိယာ၏ အပြင်ဘက်တွင် ရဲကားက အဆိုပါ အမျိုးသမီး၏ ကားကို လိုက်ခဲ့ခြင်း ဖြစ်သော်လည်း ယင်းကားက လုံခြုံရေး အကာများနှင့် ဂိတ်ကို ဝင်တိုက်သည့်အပြင် ယူနီဖောင်းဝတ် လုံခြုံရေးဝန်ထမ်းတစ်ဦးကို ပါတိုက်သွားသဖြင့် ပစ်ခတ် တားမြစ်ရခြင်း ဖြစ်ကြောင်း အရာရှိများက ဆိုသည်။

ယခုဖြစ်ရပ်သည် မြို့တော် ဝါရှင်တန်တွင် သုံးပတ်အတွင်း ဒုတိယအကြိမ်မြောက် လုံခြုံရေးဆိုင်ရာ တပ်လှန့်မှု မတော်တဆ ဖြစ်ရပ် ဖြစ်ပြီး မကြာသေးခင်က သေနတ်သမား တစ်ဦးက ရေတပ်ဝင်း အတွင်းသို့ ဝင်ရောက် ပစ်ခတ်သွားသဖြင့် ၁၂ ဦး သေဆုံးထားသည်။

ရဲအရာရှိများနှင့် FBI အဖွဲ့ဝင်များက ကွန်နက်တီကပ်ရှိ စတန်းဖို့အရပ် နေအိမ်တစ်အိမ်ကို ဝင်စီးခဲ့ပြီး ယင်းအိမ်ကို အဆိုပါ အမျိုးသမီး နေသည့်နေအိမ်ဟု ယူဆကြရသည်။

မည်သည့် အတွက်ကြောင့် ယင်းသို့ ပြုမူရသည်ကို ယခုအချိန်အထိ မရှင်းလင်းသေးသော်လည်း အကြမ်းဖက်မှု၊ မတော်တဆမှု မဟုတ်ကြောင်းကိုမူ ရဲအရာရှိများက အတည်ပြုကြသည်။
The Voice Weekly

တက္ကသိုလ်များချန်ပီယံဖွင့်ပွဲနဲ့ MissUniverseMyanmarမိုးစက်ဝိုင်




တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲအားအောက်တိုဘာ ၅ ရက်နေ့  ၃း၃၀ နာရီက
ရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာရန်ကုန်တိုင်း
ဝန်ကြီးချုပ်ဦးမြင့်ဆွေ တက်ရောက်ပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်အတူ
အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ဗိုလ်ချုပ်မှူးကြီး
(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်( ဖိုးလပြည့်)တို့ က
အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။
“2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များ
ချန်ပီယံလိဂ်ဆုဖလားကြီးကို အဖွင့်ပွဲစဉ်အခမ်းအနားတွင်
ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း”
ဟုတင်ကြိုအသိပေးခဲ့တဲ့အတိုင်း
ပြိုင်ပွဲချီးမြှင့်မည့် တက္ကသိုလ်များ ချန်ပီယံလိဂ်ဆုဖလား အား
ပူပူနွေးနွေး Miss Universe Myanmar ဆုရှင် မိုးစက်ဝိုင်
ကပြိုင်ကားဖြင့် ကွင်းတစ်ပတ်ပတ်ပြီး သယ်ဆောင်လာကာ
ဆုဖလားကိုစင်မြင့်ထက်သို့ သယ်ယူပို့ ဆောင်ပေးခဲ့ပါသည်။
ဖွင့်ပွဲနေ့ တွင် ဆေး(၁) နှင့် WYTU တို့ စတင်ယှဉ်ပြိုင်ကစားကြပြီး
အဆိုပါ ပြိုင်ပွဲတွင်ချန်ပီယံဆုရအသင်းအားကိုနေရွှေသွေးအောင်
မှသိန်း ၅၀ ဆုချီးမြှင့် မည်ဟု လည်းသိရပါသည်။
ရန်ကုန်ယူနိုက်တက်ကွင်း၊တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့ တွင်
ယှဉ်ပြိုင်ကစားကြမည့်တက္ကသိုလ်များ ချန်ပီယံလိဂ်ဘောလုံး
အားကစားပွဲကိုအောက်တိုဘာ ၂၇ ထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။
၁။ရွှေရုပ်တု (တန်ဖိုး - 700 US$)။၂။ရွှေဖိနပ်ဆု (တန်ဖိုး - 320 US$)။
၃။ကြယ်တံဆိပ်ရုပ်တု (တန်ဖိုး - 165 US$) ။၎။လည်ဆွဲတံဆိပ်ပြားများ (၁ခုလျှင် - 5 US$ )-ဖြစ်ပြီးဆုတံဆိပ်များအားလုံးကို စင်ကာပူနိုင်ငံမှ
သီးသန့်မှာယူတင်သွင်းထားခြင်းဖြစ်ပြီး နှစ်ရှည်လများခံစေရန် သတ္တုဖြင့်ပြုလုပ်ထားကြောင်းလည်းUniversities Champions League ဆုတံဆိပ်များ၏တန်ဖိုးကိုUniversities Champions Leagueမှသိရပါသည်။

Photo ZMT,credit-Universities Champions League,Ko SaiSai

U$3800 ကာလပေါက်ဈေးအရမြန်မာငွေကျပ်၃၂ ကျော်သိန်းတန်ဖိနပ်


မော်ဒယ်ခေတ်ဦးကိုမြန်မာပြည်မှာဦးဆောင်လမ်းဖောက်ခဲ့ကြ
သူတွေထဲကတစ်ဦးဖြစ်တဲ့ဦးဂျွန်လွင်ရဲ့ မီဒီယာတွေ့ ဆုံပွဲတစ်ခုမှာ မီဒီယာသမားတစ်ဦးဖြစ်တဲ့ကိုဇေယျာမြတ်ခိုင်ကဂျွန်လွင့်အနေနဲ့ 
မော်ဒယ်ခင်ဝင့်ဝါထံကရရှိတဲ့လျှော်ကြေးငွေသိန်း(၃၀)မှအချို့ ကို
သာပရဟိတအတွက်လှူပြီးငွေ၂၈သိန်းနဲ့ ဖိနပ်ဝယ်စီးမယ်လို့ ပြော
ကြောင်းစင်ပေါ်ကနေအသိပေးပြောကြားခဲ့တာကြောင့်လူအများကြား
အံ့သြစရာ၊စိတ်အချဉ်ပေါက်စရာ၊လိုသူမလိုဆိုစကားတွေညံ့ဆာခဲ့ရ
ပေမဲ့၂၈သိန်းတို့ ၂၅သိန်းတို့ တန်ဖိုးရှိတဲ့ဖိနပ်ဆိုတာကိုအထူးစိတ်ဝင်
စားခဲ့ကြရပါတယ်။ခုတော့John Lwin ကသူ့  Winter collectionဖိနပ်
ရောက်ပြီလို့ ဆိုလိုက်သလိုသူ့ ပရိသတ် အမေးရှိတဲ့
၂၅သိန်းတန်လားဆိုတာကိုအဲ့ဒီထက်ပိုကြောင်းပြောကြား
ကာU$3800လို့ ဆိုတဲ့အတွက်ကာလပေါက်ဈေးအရမြန်မာငွေကျပ်၃၂
ကျော်သိန်းတန်ဖိနပ်ဖြစ်လို့ မော်ဒယ်ခင်ဝင့်ဝါထံကရရှိတဲ့လျှော်ကြေးငွေ
ထပ်ပင်နှစ်သိန်းကျော်နေလို့ အံ့တွေသြကြရပြန်သတဲ့လေ...။
(၂၈သိန်းတန်ဖိနပ်အကြောင်းဇာတ်လမ်းအစမှာမော်ဒယ်ခင်လပြည့်ဇော်
တရုတ်ပြည်သွားမယ့်သတင်းစာနယ်ဇင်းရှင်းလင်းပွဲမှာဖြစ်ပြီး၊မော်ဒယ်ခင်ဝင့်ဝါမှာ
ဦးဂျွန်လွင်ရဲ့ မော်ဒယ်အေဂျင်စီမှာတက်ရောက်ခဲ့သူဖြစ်တဲ့အတွက်အေဂျင်စီ
စည်းကမ်းအရလျှော်ကြေးပေးနှုတ်ထွက်ခြင်းဖြစ်ကာငွေကျပ်သိန်း(၃၀)
ပေးလျှော်ခဲ့ခြင်းဖြစ်ပါတယ်။ဖိနပ်ကိစ္စအပေါ်မှာတော့ဦးဂျွန်လွင်က
မြန်မာပြည်ကတစ်ချို့ သူဋ္ဌေးမတွေနိုင်ငံခြားကမှာစီးတဲ့
ဖိနပ်ဈေးနဲ့ ဆိုရင်သူ့ ဖိနပ်ကဘာမျှမပြောပလောက်ပါဘူးလို့ ဆိုပါတယ်။)

Popular Journal

သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက်မီးရှို့မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ။


ကွာလာလမ်ပူတွင် မနေ့က သောကြာနေ့ ၀တ်ပြုအပြီး ဆန္ဒပြ ကြွေးကြော်သံတိုင်ပေးနေတဲ့ မလေးရှားရောက်
မြန်မာ မွတ်စလင်တဦး၊ ဓာတ်ပုံ- အေပီ

မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက်ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးအနေနဲ့ လွန်ခဲ့တဲ့ လအနည်း ငယ်ကလည်း မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြုပြင်ပြောင်း လဲရေးကိုလည်း ထိခိုက်ပြီး ဒေသတွင်းသာမက ပြည်ပ နိုင်ငံတွေထိပါ သက်ရောက်စေတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘရပ်ဆဲလ် အခြေ စိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ (ICG) အဖွဲ့က အစီရင်ခံစာ ထုတ် ပြန်ခဲ့ပါတယ်။

အခုလည်း မလေးရှားမှာ မြန်မာပြည်က မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရတာကို မကျေနပ် လို့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တဆက်တည်း မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်စရာဖြစ်လာရ
ပြန်ပြီ လို့ မလေးရှားရောက် မြန်မာတချို့က ပြောကြပါတယ်။


အိမ့်သံစဉ် ~
irrawaddy