သိက္ခာမဲ့ စေတဲ့ ပုံစံနှင့် အိမ်ဖော်ကြော်ငြာပုံကို စင်္ကာပူအစိုးရ သတိပေးပြီ



စင်္ကာပူနိုင်ငံမှာ အိမ်ဖေါ်အလုပ် လုပ်ကိုင်ဖို့ သွားရောက်ခဲ့ကြတဲ့ မြန်မာ အပါအ၀င် တောင်အာရှနိုင်ငံ တွေက အိမ်ဖေါ် အလုပ်သမတွေကို သိက္ခာမဲ့ တဲ့ပုံစံနဲ့ ရောင်းအားမြှင့်ကြော်ငြာနေတာတွေ အမြန်ဆုံး ရပ်တန့်ကြဖို့၊ အိမ်ဖေါ်လုပ်ငန်းကုမ္ပဏီတွေကို စင်္ကာပူအစိုးရက မနေ့က သတိပေးလိုက်ပါတယ်။

စင်္ကာပူရဲ့ လူစည်ကားရာ ဈေးရုံကြီးတွေမှာ နိုင်ငံခြားအိမ်ဖေါ်တွေကို ရောင်းကုန် ပစ္စည်းတွေသဖွယ် သဘော ထားပြီး၊ ကြော်ညာရောင်းချနေတာတွေဟာ စာနာစိတ်ကင်းမဲ့တဲ့ မတော်မတရား လုပ်ရပ်တွေဖြစ်ကြောင်း လူအင်အား ၀န်ကြီးဌာနက ပြောပါတယ်။

  ပြီးခဲ့တဲ့ ဇွန်လက စင်္ကာပူ ကုန်တိုက်ကြီးတစ်ခုမှာ အိမ်ဖေါ်လုပ်ငန်းကုမ္ပဏီတွေက နိုင်ငံခြားအိမ်ဖေါ်တွေကို ကလေးပြုစုနေဟန်၊ အ၀တ်တွေလျှော်ဖွပ် မီးပူတိုက်နေဟန်၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပြုစုနေဟန် စတဲ့ လူကိုယ်တိုင် သရုပ်ပြကြော်ငြာခိုင်း ပြီး အရောင်းမြှင့်တင်ရေးလုပ်ခဲ့ပါတယ်။

အဲသလို အရောင်းမြှင့်တင်ရာမှာ မိမိတို့ ကုမ္ပဏီက အိမ်ဖေါ်တွေ ဘယ်လောက်ဈေးချိုကြောင်း၊ အရောင်းမြှင့် လျှော့ဈေးအနေနဲ့ ဘယ်လောက် ရာခိုင်နှုန်း ဈေးချထားကြောင်း၊ သုံးပြီးလို့ ကျေနပ်မှု မရှိရင် အချိန်မရွေး လဲလှယ်နိုင်ကြောင်း စတဲ့ ကြော်ညာတွေ နဲ့အတူ ရောင်းချခဲ့ပါတယ်။

အဲဒီလုပ်ရပ်တွေဟာ လူတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားရာရောက်တဲ့အတွက် သိက္ခာမဲ့တဲ့ အပြုအမူ ဖြစ်ကြောင်း စင်္ကာပူ လူအင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး၊ မိမိတို့ ၀န်ကြီးဌာနအနေနဲ့ မဖွယ်မရာ လုပ်ရပ် ကျူးလွန်သူတွေကို လုပ်ငန်းလိုင်စင် ရုတ်သိမ်းတဲ့အထိ လုပ်ပိုင်ခွင့်ရှိကြောင်း သတိပေးလိုက်ပါတယ်။

စင်္ကာပူမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သိရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကနေ အိမ်ဖေါ်အလုပ် လာရောက်လုပ်ကိုင်နေကြသူ အမျိုးသမီး ဦးရေ နှစ်သိန်း တစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

RFA Burmese

မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အမေရိကန်တုံ့ပြန်မှု



လေယာဉ်အပျက်အစီးများကို ယူကရိန်းခွဲထွက်ရေးသူပုန်များကြည့်ရှုနေကြစဉ်
မလေးရှားလေယာဉ် MH 17 ယူကရိန်းနိုင်ငံတွင် ပစ်ချခံရသည်မှာ အလွန်ထိခိုက်ကြေကွဲစရာဖြစ်ပြီး ၎င်း၏ ပထမဆုံးဦးစားပေးလုပ်ရမည့်အလုပ်မှာ ထိုလေယာဉ်ပေါ်၌ အမေရိကန်နိုင်ငံသားများပါ၊ မပါ သိရှိရန်ဖြစ်သည်ဟု အမေရိကန်သမ္မတအိုဘားမားက ပြောကြားလိုက်သည်။ ကမ္ဘာကြီးတစ်ခု လုံးက ထိုသတင်းကို စောင့်ကြည့်နေသည်ဟုလည်း ၎င်းက ဆိုသည်။

သမ္မတအိုဘားမားသည် ဇူလိုင် ၁၇ ရက်က ဒလဲဝဲယားပြည်နယ် အခြေခံဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး ဆွေးနွေးရန်ရောက်ရှိနေခိုက်တွင် လေယာဉ်ပျက် သတင်းကြားရသည့်အတွက် ယခုကဲ့သို့ ပြောခြင်းဖြစ်ပါသည်။

‘‘ဘာဖြစ်ခဲ့တယ်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာသိရဖို့အတွက် လိုအပ်တဲ့အကူအညီတွေကိုပေးသွားမယ်’’ဟု သမ္မတအိုဘားမားက ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး ဂျန်ဇာကီက မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် ယူကရိန်းရှိ အမေရိကန်သံရုံးက ယူကရိန်းအစိုးရအာဏာပိုင်များနှင့် အနီးကပ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ဒုတိယသမ္မတဂျိုးဇက်ဗိုက်ဒင်ကလည်း ယူကရိန်းသမ္မတပက်ထရိုပိုရိုရှန်ကိုနှင့် သီးခြားစကားပြောကြားပြီး လေယာဉ်ပျက်ကျသည့်အကြောင်းရင်းကို သိရှိရန် အမေရိကန်ကကူညီပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ယူကရိန်းအစိုးရက ရုရှားနိုင်ငံက အထောက်အပံ့ပေးထားသည့် ခွဲထွက်ရေးသူပုန်တပ်ဖွဲ့များကို စွပ်စွဲထားသည်။ သူပုန်တပ်များကလည်း ယူကရိန်းအစိုးရကို စွပ်စွဲခဲ့သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ စစ်သွေးကြွများကို လက်နက်ငွေကြေးထောက်ပံ့မှုအတွက် အမေရိကနှ်င့် အီးယူဥရောပသမဂ္ဂတို့က ဇူလိုင် ၁၆ ရက်က ရုရှားကို စီးပွားရေးအရပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ မလေးရှားလေယာဉ်မှာ ယူကရိန်းအရှေ့ပိုင်းတွင် ပစ်ချခံရခြင်းဖြစ်သည်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကလည်း လေယာဉ်ပျက်ကျသည့်အကြောင်း အမေရိကန်အစိုးရရုံးစိုက်ရာ ဝါရှင်တန်မြို့တော် လွှတ်တော်သို့ အတည်ပြုပေးခဲ့သည်။

‘‘အပြစ်မဲ့သူတွေ အများကြီးသေရတယ်။ တုန်လှုပ်စရာပါပဲ။ ကျွန်တော်တို့အဖြစ်အပျက်အမှန်တွေကိုသိရအောင် စောင့်နေပါတယ်။ အခုအချိန်မှာတော့ သွားလေသူတွေနဲ့ သူတို့မိသားစုတွေအတွက် ဆုတောင်းပေးရအောင်ပါ’’ဟု အိုဟိုင်းပြည်နယ်လွှတ်တော်အမတ်ဂျွန်ဘိုနာက ပြောကြားခဲ့သည်။

(ကိုးကား-  CNN, ABC, AP)
7day daily

MOU အလုပ်သမား၂၆ဦး လုပ်အားခမရ၍ သစ်ရွက်ကိုပြုတ်စားနေရ


 ရွှေရည်ဖြိုးအောင် ကုမ္ပဏီမှ မလေးရှား နယ်စပ်ရှိ ပန်းရံ လုပ်ငန်း ခွင်တစ်ခုသို့ တင်ပို့
ထားသည့် MOU အလုပ်သမား၂၆ဦး စားစရာမရှိ၍ ဘောစကိုင်း ရွက်များကို ပြုတ်၍
 စားနေရကြောင်း အလုပ်သမားများက ပြော သည်။



 မလေးရှား နယ်စပ် စတုန်းမြို့နယ် ပန်းရံဆိုဒ်တစ်ခုမှ MOUအလုပ်သမား ၂၆ဦးတို့အား လုပ်အားခ တစ်လစာ ထုတ်မပေးပဲ ထားသဖြင့် အနီးအနားတွင် ရှိသော ကန်စွန်းရွက်နှင့် သင်္ဘောသီးတို့အား ခူးစား၍ ကုန်နေပြီ ဖြစ်သဖြင့် ယခုအခါ ဘောစကိုင်း ရွက်များကို ပြုတ်စားနေရကြောင်း အလုပ်သမား သန်းဇေါ်ဦးက ပြောသည်။

 “ကျနော်တို့ကို ရွှေရည်ဖြိုးအောင် ကုမ္ပဏီ က ပို့တာပါ။ မလေးရှားကို ကားစီးသွားရင် တစ်နာရီကျော်ဆိုရင် ရောက်တဲ့နေရာမှာ ကျနော်တို့ ဒုက္ခ   ရောက်နေတာပါ။ တစ်နှစ်အတွင်းမှာ ကျနော်တို့ဆီက ၁၉,၁၅၂ ဘတ်ဖြတ် ထားပါပြီ။ ပတ်စပို့ကို ထိုင်းကိုရောက်ကတည်းက မကိုင်ဖူးဘူး။ လုပ်အားခ ရှင်းမပေးတာ တစ်လကျော်လာပြီ။ ကျနော်တို့မှာ စားစရာမရှိလို့ အနီးအနား မှာစားလို့ရတဲ့ အသီးအရွက်တွေ အကုန်ခူးစားနေကြတာ။ မြက်ပဲရှိပြီ။ သောက်ရေ ဆိုတာလည်း ပိုက်လုံးကလာတဲ့ရေတွေ ကိုပဲသောက်နေရတာ” ဟုပြော သည်။
     
 ယနေ့နံနက်ပိုင်းက  မြန်မာအလုပ်သမားသံအရာရှိနှင့် MAT အဖွဲ့ တို့ အလုပ်သမားနှင့်အတူ ဆက်သွယ် စကားပြောကြရာတွင် ရွှေရည်ဖြိုးအောင် ကုမ္ပဏီအား အကြောင်း ကြားထားပြီး ဖြစ်ကြောင်း သံအရာရှိ ကပြောသည်။

 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ MOU နဲ့ တင်သွင်းတဲ့ ကုမ္ပဏီတွေ အတော်များများ စည်းကမ်းပျက် တာေ တွ လူကုန်ကူးသလိုဖြစ်တာ၊ ပြဿ     နာတွေ နေ့တိုင်းကျနော်တို့ ရှင်းမကုန်ဘူး။ သတ်မှတ်တဲ့စည်းကမ်းချက်နဲ့ညီအောင်လုပ်နေတဲ့ ကုမ္ပဏီက အလွန်နည်းပါ တယ်။ လုပ်ချင်တိုင်းလုပ်နေတဲ့ ကုမ္ပဏီကများတယ်။  ဒီကုမ္ပဏီက မြန်မာနိုင်ငံ မှာ အလုပ်သမားတစ်ဦးစီဆီက ကျပ်ငွေ သုံးသိန်းခွဲ ယူထားလိုက်တဲ့ အပြင် ထိုင်း ဘက်မှာလည်း နှစ်သောင်းနီးပါး ဖြတ်တောက်ထားပြီ။ အဆိုးဆုံးက   မြန်မာအစိုးရက အလုပ်သမားတင်သွင်းဖို့ လုံးဝတား မြစ်ထားတဲ့ မလေးရှား နယ်စပ်ကိုပို့ထားတယ်” ဟုပြောသည်။

 ရွှေရည်ဖြိုးအောင် ကုမ္ပဏီက ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က မြ၀တီမြို့ ကျောက်လုံးကြီးစခန်းတွင် စာချုပ်ချုပ်ဆို၍ အလုပ်သမား ၄၂ ဦးအား မလေးရှားနယ်စပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြော သည်။ အတူတူလာသည့်အခြားအလုပ်သမား  ၁၆ဦးကို မည်သည့်နေရာသို့ ပို့ဆောင်ထားကြောင်း ၎င်းတို့မသိဟုဆိုသည်။

 ထိုင်းနှင့်မြန်မာအစိုးရတို့ ၂၀၀၉ ခုနှစ်က စတင်အကောင်အထည်ဖေါ် ကြသည့် MOU အလုပ် သမားတင်သွင်းသည့် စည်းကမ်းချက်တွင် အလုပ် သမား တစ်ဦးစီထံမှ မြန်မာနိုင်ငံတွင် ကျပ်ငွေတစ်သိန်း နှင့်ထိုင်းနိုင်ငံဘက် တွင် ဘတ်ငွေတစ်သောင်းသာဖြတ်ရမည်ဟု သတ်မှတ်ထားသည်။ ထို့အပြင် မိမိတို့ တင်ပို့ထားသည့် အလုပ်သမားများ မည်သည့်နေရာတွင်ရှိသည်ကို  ပို့ဆောင်သည့် အေဂျင်စီက သိရှိရမည်ဟုလည်း ပါရှိသည်။

 မြန်မာအလုပ်သမားဝန်ကြီးဌာနအနေဖြင့် စည်းကမ်းချက် ကိုဖေါက် ဖျက်သည့်ကုမ္ပဏီများကို အရေးယူ ခြင်းမှာ သပ်သပ်ဖြစ်သင့်ပြီး မှန်မှန်ကန်ကန် လုပ်သည့် အေဂျင်စီများ၏ လုပ်ငန်းဆောင်တာများ ကြန့်ကြာအောင် ၀ါးလုံးရှည်   ဖြင့်ရမ်းရိုက်သလိုမျိုး ဖြစ်နေခြင်းမှာ အလုပ်သမားများ အတွက်နစ်နာ စေကြောင်း အေဂျင်စီအချို့ကပြောသည်။

 မြန်မာနိုင်ငံ၏  လက်ရှိအနေအထားများအရ ပြည်ပသို့  MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းသည် အချိန်ကာလ အတန်ကြာသည်အထိ လုပ်ကိုင်နေကြမည့်အနေအထားတွင်ရှိပါသည်။ MOU စည်းမျဉ်း ဥပဒေသ အတော်များများတို့အား ပြန်လည် ပြင်ဆင်ရန် လိုအပ်ကြောင်း ၊ အစိုးရ   အေဂျင်စီနှင့် အလုပ်သမားများ အားလုံးအတွက် အကျိုးရှိပြီး အပြစ်အနာ အဆာကင်းနိုင်မည့် အချက်အလက်များအား MATအဖွဲ့က အလုပ်သမား ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နှင့် ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် ကတင်ပြခဲ့ ဖူးကြောင်း သိရှိရသည်။

မောင်ပေါ်ထွန်း (အလွတ်သတင်းထောက်)
ရွှေလုပ်သား

ဗိုလ်ချုပ်ကို ထိုင်ရှိခိုးချင်တဲ့ လူမင်း




”ကျွန်တော် အသက် ၄ဝ ကျော်ပြီ။ ဗိုလ်ချုပ်က ၂ဝ ကျော်မှာ တိုင်းပြည် အတွက် တာဝန် ထမ်းဆောင်နေပြီ။ သူ့ သမိုင်းတွေ ကို ဖတ်ပြီး ဗိုလ်ချုပ်ဟာ အလေးပြုရုံနဲ့ မရ ဘူး။ ထိုင်ပါ ရှိခိုးထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတာ ခံစား သိမြင်လာ တယ်” ဟု လူမင်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုဇာတ်ကား မှာ စိတ်တိုင်းကျ သရုပ်ဆောင်ခွင့် ရပြီး ဗိုလ်ချုပ် လုပ်ကြံခံလိုက် ရပြီ ဆိုတဲ့ သတင်း ကြားပြီး ကြေကွဲတဲ့ အခန်းကတော့ အပြင် က ခံစားချက် နဲ့ ထပ်တူ ကျပြီး သရုပ် ဆောင်ခဲ့သည်ဟု ၄င်းက ပြောသည်။

လူမင်းက ဒီနှစ် အာဇာနည်နေ့ကို ထပ်မံ တက်ရောက် အလေးပြုမည်ဟု ၄င်းထံမှ သိရသည်။

”သမိုင်း ဆိုတာ ဖျောက်ဖျက်လို့ မရ ပါဘူး။ ဇူလိုင် ၁၉ ရဲ့သမိုင်းတွေ က ပြည်သူ ပြည်သားတွေ ရင်ထဲ မှာ အမြဲ တမ်း ရှိနေ မှာပဲ” ဟု လူမင်းကပြောသည်။

”အခု မြန်မာနိုင်ငံ အနေအထား ဆို ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးက ခြွင်းချက်မရှိ လိုအပ်ပါတယ်။ ရအောင် လည်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ ကို မြင်သိ ကြားနေ ရပါတယ်။ ဒါပေမဲ့ ပြည် သူတစ်ယောက် အနေနဲ့ ပြောရရင်တော့ ဒီထာဝရ ငြိမ်းချမ်းရေး ဆိုတဲ့ စကားရပ် ကြီးရဖို့ လမ်းကြောင်းဟာ နီးမလိုနဲ့ ဝေး သွားလိုက်၊ ဝေးမလိုနဲ့ နီးလာလိုက် ဖြစ် နေတဲ့အတွက် စိတ်ကျေနပ်မှု မရှိလောက် သေးပါဘူး” ဟု လူမင်းက ပြောသည်။

လူမင်းက ယခင်နှစ်က အာဇာနည်နေ့ကို တက်ရောက် အလေးပြုသလို ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုဇာတ်ကား တွင်လည်း အဓိက ပါဝင် သရုပ်ဆောင် ထားသည်ဟု ဆိုသည်။

ထူးထူး
Popular News

သင်္ချိုင်းမြေကို အုပ်ချုပ်ရေးမှူးက ရောင်း၍ လမ်းဘေးတွင် သဂြုင်္ိဟ်နေရ



မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာအသုံးပြုနေသော သင်္ချိုင်းမြေကို မိဘပိုင်မြေ
ဟုဆို၍ ဗိုလ်တက်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဌေးက ဧပြီလ ၅ ရက်တွင်
 ရောင်းချလိုက်သောကြောင့် သေဆုံးသူများ သင်္ဂြိုဟ်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး လမ်းဘေးတွင် မီးသင်္ဂြိုဟ်နေရသဖြင့် တိုင်းအစိုးရထံ တိုင်ကြားမည်ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

“ဒီမြေရောင်းတာ သိသိချင်းပဲ ကျွန်တော်တို့ ရပ်မိရပ်ဖတွေရယ်၊ ကျေးရွာအထောက်အကူပြုအဖွဲ့တွေရယ် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို အကြိမ်ကြိမ်သွားရောက် ညှိနှိုင်းမှုတွေ လုပ်တယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ အဆင်မပြေဘူး။ အခုရွာကသေရင် ချစရာမရှိတော့ဘူး။ လမ်းဘေးမှာ မီးရှို့နေရတယ် ဘာမှလုပ်ပေးတာ မရှိဘူးဆိုရင် တိုင်းအစိုးရကို တိုင်ကြားသွားမယ်”ဟု လက်ကောင်းကျေးရွာမှ ဦးလှသောင်က မဇ္ဈိမကို ပြောကြားသည်။

လက်ရှိ သေဆုံးသူများကို လမ်းဘေးတွင် မီးရှို့နေရသည်မှာ ခုနစ်ဦးရှိပြီဟု ဒေသခံများက ဆိုသည်။ သင်္ချိုင်းမြေ ပြန်လည်ရရှိရေးအတွက် အုပ်ချုပ်ရေးမှူးများနှင့် အကြိမ်ကြိမ်သွားရောက်တွေ့ဆုံဆွေးနွေးမှုများလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပုံစံခုနစ်လက်ဝယ်ရှိနေသောကြောင့် ဆောင်ရွက်မပေးနိုင်ကြောင်း ဒေသခံများကို ပြောသည်ဟု ဆိုသည်။



ဘိုတက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဌေးက မိမိတို့၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး သင်္ချိုင်းမြေမဟုတ်ကြောင်း ၊ ထို့ကြောင့် ဇူလိုင်လတွင် ပုံစံ ၇ လျှောက်ခဲ့ရာ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါမြေကို ခြံခတ်ပြီး ရောင်းချရန် လုပ်နေသော်လည်း သင်္ချိုင်းမြေဖြစ်နေသောကြောင့် ၀ယ်မည့်သူမရှိသေးကြောင်း မဇ္ဈိမကို ပြန်လည် ဖြေကြားထားသည်။

ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် “ရောင်းတယ်၊ မရောင်းဘူးဆိုတာတော့ မသိပါဘူး။ သင်္ချိုင်းမြေဟုတ်မဟုတ်လည်း မသိပါဘူး။ မြေစာရင်းရုံးမှာတော့ အဲဒီမြေနေရာဟာ ဦးချစ်ထွေးအမည်နဲ့ လယ်ယာမြေပုံစံခုနစ်ပေါက်ပါတယ်။ သင်္ချိုင်းမြေကတော့ မပေါက်ဘူး။ သင်္ချိုင်းမြေဆိုရင် ရောင်းလို့ မရဘူး”ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်လည်ဖြေကြားသည်။

လက်ကောင်းကျေးရွာသည် အိမ်ခြေ ၁၇၆ အိမ်ရှိပြီး လူဦးရေ ၈၀၀ ဦးကျော်နေထိုင်သည်။ ယခုအခါ သင်္ချိုင်းမြေကို ခြံခတ်ထားပြီးဖြစ်သောကြောင့် ဒေသခံများကသင်္ဂြိုဟ်ခွင့် မရှိတော့ကြောင်း ဆိုသည်။

Mizzima News Daily

နည်းမှန်လမ်းမှန် ရေချိုးမယ်ဆိုရင်


ရေကတော့ နေ့တိုင်း ပုံမှန်ချိုးနေကြတာပါပဲ။ ဒါပေမယ့် ကိုယ့်အသားအရေအတွက်၊ ဆံပင်အတွက် နည်းမှန်လမ်းမှန် ရေချိုးချင်တယ်ဆိုရင်တော့

၁။ ဆပ်ပြာ မတိုက်ပါနဲ့။

ရေချိုးရင် ဆပ်ပြာတိုက်ကို တိုက်ရမှဆိုပေမယ့် ဆပ်ပြာဟာ အသားအရေကို ခြောက်သွေ့စေတဲ့အပြင် အသားအရေအတွက် ထူးခြားတဲ့ ကောင်းကျိုးဘာမှကို မရှိပါဘူး။ ဆပ်ပြာတိုက်မယ့်အစား body wash ၀ယ်သုံးပါ။ အဆီထက်စာရင် ရေဓာတ်များများအခြေခံထုတ်ထားတဲ့ body wash မျိုးရွေးချယ်သုံးပါ။

၂။ရေနွေးနဲ့ မချိုးပါနဲ့။

အသားခြောက်စေတဲ့အရာတွေထဲမှာ ဆပ်ပြာက တစ်ခုအပါအ၀င်ဆိုရင် ရေနွေးနဲ့ရေချိုးတာကလည်း သင့်အသားအရေအတွက် ဆိုးကျိုးဖြစ်စေတာမို့ ရေနွေးနဲ့ရေချိုးတာမျိုး တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။

၃။ကိုယ်တိုက်အ၀တ်ကို ဖြစ်နိုင်ရင် တစ်လတစ်ကြိမ် ပြောင်းပစ်ပါ။

ကိုယ့်ရဲ့ကျောတွေ၊ ပေါင်တွေ တိုက်တဲ့ အ၀တ်မျိုးဟာ သန့်ရှင်းနေဖို့ လိုပါတယ်။ ကိုယ်တစ်ယောက်တည်း သုံးတာမျိုး ဖြစ်ဖို့လည်း လိုပါတယ်။ စိုနေပြီးသားကို ယူတိုက်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် တစ်လတစ်ကြိမ် ပြောင်းသင့်ပြီး တစ်နေ့တစ်ထည့်သုံးနိုင်တယ်ဆိုရင်တော့ သင့်အသားအရေအတွက် အတိုင်းထက်အလွန်ပါပဲ။

၎။ရှန်ပူကို ဆံပင်အရင်းနားက စပြီး ထည့်လျှော်ပေးပါ။

လူအများစုဟာ ခေါင်းလျှော်ပြီဆိုရင် ရှန်ပူကို ဆံပင်အဖျားတွေသာ အဓိက လျှော်လေ့ရှိပါတယ်။ အရင်းနားထိ သေချာမလျှော်မိတာမျိုးပေါ့။ ဒါဟာမှားယွင်းတဲ့ နည်းပါ။ အညစ်အကြေး၊ ဂျီးတွေ စုနေတဲ့ ဆံပင်အရင်း၊ ဦးရေပြားနား၊ လည်ကုတ်အပေါ်ပိုင်းစတဲ့ နေရာတွေကို ပိုအလေးပေးလျှော်သင့်တာကို သိရပါမယ်။

၅။ရေကို ငါးမိနစ်ထက် ကြာအောင် မချိုးပါနဲ့။

တစ်ခါတစ်လေ ခေါင်းကို ပေါင်းတင်တာမျို လုပ်တာမျိုးဆိုရင်တော့ ထားပါတော့။ အဲ့ဒီလုပ် မဟုတ်ပဲ ဇိမ်နဲ့အချိန်ဆွဲပြီး ရေချိုးတာမျိုးဆိုရင်တော့ သင့်အသားအရေဟာ ခြောက်သွေ့တာတွေ၊ အသားတွန့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

၆။moisturizer ချက်ချင်းလိမ်းပါ။

ရေချိုးခန်းထဲက ထွက်လာပြီဆိုရင် ရေသုတ်ပြီးတာနဲ့ moisturizer ကို ချက်ချင်းလိမ်းနိုင်ရင် အသားအရေအတွက် အကောင်းဆုံးပါပဲ။

Ref:womenshealthmag.com
Trend Myanmar

ဆံပင်တွေ ဘာဖြစ်လို့ ကျွတ်ရတာလဲ



ဆံပင်ဆိုးဆေးတွေ နှစ်ကြိမ်လောက်ဆိုးပြီးပြီ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့ အလုပ်ထဲ ရောက်နေပြီဆိုရင်တော့ သင့်ရဲ့ထူနေတဲ့ဆံသားတွေ သိသိသာသာပါးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ သင်နေ့စဉ် ဖြတ်သန်းရတဲ့ဘဝမှာပဲ သင့်ရဲ့ အပြုအမူ သို့မဟုတ် ကျန်းမာရေးချို့ယွင်းမှုတွေကြောင့်လည်း ဆံပင်ကျွတ်ခြင်းကို ကြုံရတတ်ပါတယ်။ အောက်မှ ဖော်ပြထားတဲ့အချက်တွေကို လေ့လာကြည့်ပါ။

ကိုယ်အလေးချိန်

ရုတ်တရတ် သင့်အလေးချိန်ကျသွားတဲ့အတွက် ခန္ဓာကိုယ်တုံ့ပြန်မှုတွေဟာ တစ်မျိုးမက ရှိနိုင်ပါတယ်။ အဲဒါကြောင့် ပညာရှိတွေ အကြံပေးချက်အတိုင်း ကိုယ်အလေးချိန် လျော့တဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ သင့်ဆံပင်တွေ အများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။

စိတ်ဖိစီးမှု

လူအများဆံပင်ကျွတ်ရခြင်း အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ ဖိစီးမှုတွေဟာ ခဏပဲ ဖြစ်နေရင်တောင်မှ သင့်ဆံပင် အမြစ်ကနေ ဦးရေပြားအထိ ရောက်လာဖို့ အချိန်သုံးလကြာမြင့်ပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်ရှည်လာနှုန်းကို နှေးကွေးစေနိုင်ပါတယ်။

ဖျားနာခြင်း

သင်ဟာ သွေးလွန်တုတ်ကွေးလို အဖျားကြီးပြီး ဖျားနာတတ်တဲ့ အကျင့်ရှိသူ ဖြစ်ရင်တော့ သင့်ဆံပင်တွေဟာ အဖျားတက်လာတဲ့ အပူချိန်ကြောင့် သိသိသာသာ ကျွတ်ကျလာတာကို သင်သတိထားမိမှာပါ။

မျိုးရိုးလိုက်ခြင်း

ဆံပင်ကျွတ်တာက မျိုးရိုးနဲ့ အလွန်ပတ်သတ်မှုရှိတဲ့ အရာတစ်မျိုး ဖြစ်ပါတယ်။ သင့်မိဘတွေဟာ ငယ်ရွယ်တုန်းက ဆံပင်တွေဖြူပြီး ကျွတ်ကျခဲ့ဖူးတယ်ဆိုရင်တော့ အဲဒီအတိုင်းပဲ သင့်မှာလည်း ဖြစ်လာနိုင်ချေများပါတယ်။

အစားအစာ

ကျွမ်းကျင်ပညာရှင်လေ့လာချက်အရ ဆံပင်ရဲ့ ၈၀% ဟာ ပရိုတင်းဓါတ်တွေ ဖြစ်ပါတယ်တဲ့။ ဒါဆို ပရိုတင်းဓါတ်စားတာ နည်းလာပြီဆိုရင် သင့်ဆံပင်က သက်ရောက်မှု အခံရဆုံး ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်  အသီးအရွက်တွေနဲ့ အနီရောင်အသားတွေ များများစားဖို့ လိုအပ်ပါတယ်။

Ref:herworldplus.com
Trend Myanmar

ကိုယ်ဝန်ရလိုသူ ဇနီးမောင်နှံများဖတ်ရန် ကိုယ်ဝန်ရစေနည်းများ



ကလေးလိုချင်တဲ့စုံတွဲတွေအနေနဲ့ ကလေး ယူဖို့ ပြင်ဆင်နေရတဲ့ အချိန်ကာလတွေဟာ စိတ်လှုပ်ရှားစရာကောင်းပြီး မိခင်လောင်းနဲ့ ဖခင်လောင်းတွေဟာ တတ်နိုင်သမျှ မြန်မြန် ကိုယ်ဝန်ရလိုကြပါတယ်။ ဒါပေမယ့် အမျိုး သမီး တစ်ယောက်ရဲ့ ကိုယ်ဝန် ရနိုင်ခြေကို လွှမ်းမိုးနေတဲ့ အချက်တွေရှိပါတယ်။ တချို့ စုံတွဲတွေ အနေနဲ့ ပထမ အကြိမ် ကြိုးစားမှု မှာပဲ ကိုယ်ဝန်ရနိုင်သလို တချို့ စုံတွဲတွေ ကတော့ ကိုယ်ဝန်မရတာက လပေါင်းများစွာ ကြာနိုင်ပါတယ်။
အောက်ပါအကြံပြုချက်တွေက လလေးလိုချင်တဲ့စုံတွဲတွေ အနေနဲ့ ကိုယ်ဝန်ရနိုင်ခြေကို ပိုများအောင် လုပ်ဆောင်နိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ ပုံမှန်ဆက်ဆံမှုနဲ့ မှန်ကန်တဲ့အချိန် ဖြစ်ပါစေ။ ကလေးလိုချင်ပြီး မရတဲ့စုံတွဲအများစုဟာ ပုံမှန်လိင်ဆက်ဆံမှုရှိတာ ဒါမှမဟုတ် လတစ်လရဲ့ မှားယွင်းတဲ့အချိန်မှာသာ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဖြစ်တတ်ပါတယ်။

အမျိုးသမီးအနေနဲ့ ဘယ်ရက်တွေမှာ မျိုးဥကြွေနိုင်လဲဆိုတာကို သိထားဖို့ လိုပါတယ်။ ယေဘုယျ အားဖြင့်တော့ မျိုးဥကြွေတာဟာ ဓမ္မတာ ရာသီစက်ဝန်းရဲ့ အလယ်၊ ရာသီ စလာတဲ့ ရက်ကနေ စရေတွက်ရင် ၁၄ ရက်မြောက်နေ့ ဝန်းကျင်ရက်တွေမှာ လိင်ဆက်ဆံမှု ရှိရင် ကိုယ်ဝန်ရနိုင်ခြေက အများဆုံးပါပဲ။
အရေးကြီးတဲ့ ဒီရက်တွေကို အတိအကျသိချင်ရင် အမျိုးသမီးရဲ့ ဆီးထဲက ဟော်မုန်း အဆင့်ကို တိုင်းတာတဲ့နည်းတွေလည်း ရှိပါတယ်။ ဒီအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါ့အပြင် လိင်ဆက်ဆံပြီးနောက်မှာ အမျိုးသမီးဟာ ပက်လက်လဲလျောင်းပြီး တင်ပါး အောက်မှာ ခေါင်းအုံးတစ်လုံးခံထားရင် သားအိမ်ခေါင်းကို သုက်ရည်နဲ့ တတ်နိုင်သမျှ များများထိတွေ့စေတဲ့ အတွက် ကိုယ်ဝန်ရနိုင်ခြေကို များစေပါတယ်။

ကိုယ်အလေးချိန်လျှော့ပြီး မျှတတဲ့ အစာအာဟာရတွေ စားပါ
အဝလွန်တဲ့ အမျိုးသမီးတွေ ဒါမှမဟုတ်ပိန်လွန်းတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန် ရနိုင်ခြေ နည်းတယ်လို့ သားဖွားမီးယပ်အထူးကုဆရာဝန်က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အလေးချိန်နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်းဟာ ဓမ္မတာရာသီ စက်ဝန်းရဲ့ မှန်ကန်မှုနဲ့ မျိုးဥကြွေမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့်ပါ။
သာမန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ဆိုတာက ခန္ဓာကိုယ် ဒြပ်ထုညွှန်းကိန်း (BMI) ၁၈ ဒဿမ ၅ နဲ့ ၂၄ ဒဿမ ၉ အတွင်း ဖြစ်ပါတယ်။ မိခင်လောင်းအနေနဲ့ ကိုယ်ဝန်ရနိုင်ခြေ ပိုများစေဖို့အတွက် ရှိသင့်တဲ့ BMI အတွင်းမှာရှိအောင် လေ့ကျင့်ခန်းလုပ်ပြီး မျှတတဲ့ အစာ အာဟာရတွေ စားဖို့လိုပါတယ်။ မိခင်လောင်းရော၊ ဖခင်လောင်းပါ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ အများအပြားပါတဲ့ အစာအာဟာရတွေကို စားပြီး လိုအပ်ရင် အားဖြည့်ဆေး သောက်ပါ။

ကဖင်းဓာတ်သောက်သုံးမှုကို လျှော့ပါ
ကဖင်းဓာတ် အများအပြားသောက်သုံးရင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကို လျော့နည်း စေပြီး ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာတွေကို လျှော့သောက်ဖို့ လိုပါတယ်။ ကဖင်းပါတဲ့အရည်တွေ မသောက်ဘဲ နွားနို့နဲ့ ဒိန်ချဉ်ကို များများသောက်ပေးရင် ကယ်လ်စီယမ်ရရှိမှုများစေပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။

ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှု ရှောင်ကြဉ်ပါ
ဒီအချက်သုံးချက်က ကိုယ်ဝန်နိုင်ခြေကို ကန့်သတ်ထားနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်းနဲ့ လမစေ့ကလေး မွေးဖွားခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပြီး အမျိုးသား မှာလည်း သုက်ပိုးအရေအတွက်ကို ကျဆင်းစေပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်က ဇင့်ဓာတ်နဲ့ ဗီတာမင်စီလိုမျိုး အရေးကြီး အာဟာရဓာတ်တွေ စုပ်ယူမှုကို တားဆီးထားပြီး သွေးထဲမှာ ကဒ်မီယမ်နဲ့ ခဲလိုမျိုး အဆိပ် အတောက်တွေရဲ့ အဆင့်ကို ပိုများစေပါတယ်။ သုတေသနတွေက တစ်ပတ်မှာ အယ်လ်ကိုဟော ငါးယူနစ်အောက် နည်းပြီးသောက်တဲ့ အမျိုးသမီးဟာ ၁၀ ယူနစ် ဒါမှ မဟုတ် ဒီထက်ပိုသောက်တဲ့ အမျိုးသမီးတွေထက် ခြောက်လကြာပြီးနောက် သန္ဓေ အောင်နိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။

ဖောလစ်အက်စစ် အားဆေးသောက်ပါ
ဖောလစ်အက်စစ်ဟာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်ပွားမှုကို လျော့နည်းစေတာကြောင့် ကလေးယူဖို့ ပြင်ဆင်နေချိန်မှာ ဖောလစ် အက်စစ် သောက်သင့်ပါတယ်။ အစားအသောက်ကနေ ဖောလစ်အက်စစ် လုံလောက်အောင် ရရှိဖို့ မလွယ်တာကြောင့် ဖောလစ်အက်စစ် အားဆေးသောက်ပါ။

စိတ်ဖိစီးမှုလျှော့ပါ
အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုခံစားရရင် Prolactin ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထုတ်လုပ်မှုကို များစေပါတယ်။ ဒီဟော်မုန်းက မျိုးဥကြွေတာကို အနှောင့်အယှက်ဖြစ်စေပြီး ကိုယ်ဝန် ရနိုင် ခြေကို နည်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးနေတဲ့လူမှာ ရတဲ့စွမ်းအင် အများစုကို ခန္ဓာ ကိုယ်တွင်း စနစ်တွေ ထိန်းသိမ်းမှုနဲ့ ပြုပြင်မှုအတွက် သုံးနေရတဲ့အတွက် ကိုယ်ဝန် ရနိုင် ခြေက နည်းသွားနိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကလေးလိုချင်ရင် စိတ်ဖိစီးမှု လျော့နည်းစေဖို့ အလုပ်တွေလျှော့တာနဲ့ ယောဂကျင့်တာလိုမျိုး ဖြေလျှော့တာတွေ လုပ်ဆောင် သင့်ပါတယ်။

ဖခင်ဖြစ်လိုသူများအတွက် အကြံပြုချက်များ
ကလေးလိုချင်တဲ့ ဖခင်လောင်းတွေကလည်း ဇနီးမှာ အောင်မြင်တဲ့ ကိုယ်ဝန် ဆောင်နိုင်ဖို့ အတွက် လုပ်ဆောင်သင့်တဲ့အချက်တွေ ရှိပါတယ်။ ရေပူချိုးတာ၊ တင်းကျပ်လွန်တဲ့ အောက်ခံ ဘောင်းဘီနဲ့ အပြင်ဝတ် ဘောင်းဘီကျပ်ကျပ်တွေ ဝတ်ဆင်တာ၊ Laptop ကွန်ပျူတာကို ပေါင်ပေါ်မှာ တင်ထားပြီး သုံးတာတွေကို ရှောင်ပါ။

ဒီအချက်တွေက ဝှေးစေ့က အပူချိန်ကိုများစေပြီး သုက်ပိုးအရေအတွက်ကို ကျဆင်း စေပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာ သန္ဓေအောင်နိုင်စွမ်းတိုးစေနိုင်ဖို့အတွက် ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲမှုတွေကို ရှောင်ကြဉ်ပါ။ ကဖင်းဓာတ် သောက်သုံးမှု ကိုလည်း လျှော့ပါ။ အရေးကြီး အာဟာရဓာတ်တွေကို လုံလောက်အောင်ရရှိဖို့အတွက် အားဆေးနေ့စဉ်သောက်ပါ။
သုတေသနတွေက စုံတွဲအနည်းစုသာ ပထမအကြိမ်ကြိုးစားမှုမှာ အောင်မြင်စွာ ကိုယ်ဝန် ရကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကျန်းမာတဲ့ စုံတွဲတွေဖြစ်ပေမယ့်လည်း တစ်လမှာ ကိုယ်ဝန်ရနိုင်ခြေက ၂၀-၂၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။ ကလေးလိုချင်တဲ့ စုံတွဲ တွေဟာ ၁၂ လကျော်ကြာတဲ့အထိ ကလေးမရနိုင်ရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်ကို တိုင်ပင်ပြီး အကူအညီရယူဖို့ လိုအပ်ပါတယ်

 Good Health

တစ်နှစ်ကျော်ကြာ ကွယ်လွန်သွားတဲ့ သခင့်အိမ်မှာ ခိုကပ်နေတဲ့ ခွေးကလေး


ဗြိတိန်နိုင်ငံမှာ ဖြစ်ပါတယ်။ အသက်ကြီး အဖိုး၊ အဖွား နေထိုင်တဲ့ အိမ်မှာ ခွေးလေး တစ်ကောင် မွေးထား ပါတယ်။ သခင် နှစ်ဦးစလုံး ကွယ်လွန်သွားချိန် မှာတော့ အိမ်ကိုရောင်းချ ခဲ့ပြီး ဖြစ်ပေမယ့် ခွေးကလေးကိုတော့ မရောင်းခဲ့ ပါဘူး။

ဒါကြောင့် အိမ်ရဲ့ အောက်ခြေ ကြမ်းပြင် ကိုပဲ အမိုးအကာ အဖြစ် သဘောထားလို့ နေထိုင် အသက်ရှင် ရပါတယ်။ အိမ်နီးနား ပတ်ဝန်းကျင်က စွန့်ပစ်တဲ့ အစားအသောက် အကျန် များကို စားသုံးလို့ အသက်ရှင်နေထိုင် ပါတယ်။ လေဒဏ်၊ မိုဒဏ် နဲ့ ရာသီ ဥတု ဒဏ် အမျိုးမျိုးကို ခံစားပြီး သခင် ရှိလိုရှိညား သော့ခတ် ထားတဲ့ တံခါး ပေါက်မှာ တစ်ခါတစ်ရံ အသံပေးတ⁠တ် ပါတယ်။ ဒီလိုနဲ့ နေလာတာ တစ်နှစ်ကျော် ကြာတဲ့ အချိန်မှာတော့ တိရစ္ဆာန် ကယ်ဆယ်ရေး အဖွဲ့ တစ်ခုကို တွေ့ရှိ ခဲ့ပြီး သူ့ကို ကယ်တင် ခဲ့ ပါတယ်။

ကယ်တင်ပြီး ခွေးငယ်လေးကို အရင်လို လှလှပ⁠ပ လေး ဖြစ်အောင် ပြန်လည် ပြုစု ပြိုးထောင်ပေးနေပြီ ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

ဝမ်းတွင် အစာ မ ရှိလျှင် အခါး ရည် (လက်ဖက် ရည်ကြမ်း) သောက် သင့်မ သောက် သင့်


Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက် တတ်ပါတယ်။

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။

ဖြစ်စဉ်ကဒီလိုပါ။ ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည် က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြု သည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများ သို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက် မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

တစ်ကြိမ် နှစ်ကြိမ်မဟုတ်ပဲ လက်ဖက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင် ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။

ရိုးရာလေး

ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ အသစ်လဲ


ရန်ကုန်၊ လတ်တလောဖြစ်ပွားနေ သော ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်ကြိုး များပြတ်ကျနေခြင်းကြောင့် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ လဲလှယ်တပ် ဆင်သွားရန်စီစဉ်နေကြောင်း ရန် ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဦးမင်းမင်းက ပြောသည်။

လျှပ်စစ်ဓာတ်ကြိုးများအား ယခု အချိန်တွင် လိုအပ်သည့်မြို့နယ်များ ၌ ဦးစွာတပ်ဆင်သွားမည်ဖြစ်ကာ ဆက်လက်၍ ရန်ကုန်တစ်မြို့လုံးအား လဲလှယ်တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်း ၄င်းကဆိုသည်။

လဲလှယ်တပ်ဆင်မည့် လျှပ်စစ် ဓာတ်ကြိုးများမှာ နိုင်ငံတကာ၌ တွင် ကျယ်စွာအသုံးပြုနေသည့် Insulated Wire များဖြစ်ကာ ယခင်ဓာတ်ကြိုး များထက် ပိုမိုစိတ်ချရကြောင်း မြို့ တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ သိရသည်။

လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုမှာ ယခင်လ၌ ကမာရွတ်မြို့နယ် လှည်းတန်းဈေး၌ ဦးစွာဖြစ်ပွားခဲ့ပြီး အမျိုး သမီးနှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ ယင်းဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာ မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်အနီးရှိ ကန်စွန်းခင်း၌လည်း ဓာတ်ကြိုးပြတ်ကျကာ အမျိုးသားတစ် ဦး သေဆုံးမှုဖြစ်ခဲ့ပြီး ကျန်ရှိမြို့နယ် များနှင့် စုစုပေါင်းသေဆုံးသူ ခုနစ် ဦးထက်မနည်း ရှိခဲ့သည်။

ဓာတ်ကြိုးများ ဤသို့ပြတ်ကျရ ခြင်းမှာ ဟောင်းနွမ်းနေကာ အပူဒဏ် အား မခံနိုင်တော့ခြင်းကြောင့်ဖြစ်ပြီး သေဆုံးခဲ့သူ၌ကျန်ရစ်ခဲ့သည့် မိသားစု ဝင်များအား နစ်နာကြေးမဟုတ်ဘဲ လူမှုရေးကိစ္စများအားလုံးကို တာဝန် ယူပေးသွားမည်ဟု သိရသည်။

လျှပ်စစ်ဓာတ်ကြိုးလဲလှယ်တပ် ဆင်ခြင်းအား ယခုလဆန်းပိုင်း၌ စတင် တပ်ဆင်ခြင်းဖြစ်ကာ ဇူလိုင်လတတိယ ပတ်အား နောက်ဆုံးထား လဲလှယ် တပ်ဆင်မည်ဖြစ်ပြီး လိုအပ်ချက်ရှိနေ သည့် မြို့နယ်များအား ဦးစားပေးတပ် ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

''ဓာတ်ကြိုးတွေကို အခုမှစပြင် တာတော့ မှားတာပေါ့။ မိုးရာသီတောင် တစ်ဝက်ကျိုးတော့မယ်။ တကယ်ဆို မိုးမကျခင်လောက်ကတည်းက ပြင် ရင် ကောင်းတာပေါ့''ဟု မြောက်ဥက္က လာပတွင်နေထိုင်သူတစ်ဦးက ပြော သည်။
ယခုအချိန်မှပြင်သည့်အတွက် နောက်လူတွေအတွက် စိတ်ချရပြီး သေဆုံးသွားသည့်သူတွေအတွက် ဝမ်း နည်းရကြောင်း လှည်းတန်းမှပြည်သူ တစ်ဦးကပြောသည်။

''ရန်ကုန်မြို့တွင်း လိုက်လံတပ် ဆင်ပေးနေတဲ့ Insulated Wire တွေ က ဗို့အား ၄ဝဝ ခံနိုင်ရည်ရှိပါတယ်။ အခုလို ပြောင်းလဲတပ်ဆင်ပေးတာ ကိုလဲ နိုင်ငံတော်က အကုန်အကျခံပြီး တပ်ဆင်ပေးတာပါ။ ဒီဓာတ်ကြိုးတွေ က အရင်ဓာတ်ကြိုးတွေနဲ့ ဗို့အားချင်း တော့ တူပါတယ်။ ဒါပေမဲ့ ဓာတ်ကြိုး အပြင်ပိုင်းကို ရော်ဘာတွေနဲ့ဖုံးအုပ် ထားလို့ ပြည်သူတွေအတွက် အန္တ ရာယ်ပိုနည်းပါတယ်''ဟု ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ ဦးမင်းမင်းကပြောသည်။

ယင်းသို့ လဲလှယ်တပ်ဆင်ရာ တွင် ဓာတ်ကြိုးနှင့်မလွတ်သည့် သစ် ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်း လင်းပေးလျက်ရှိပြီး မြောက်ဥက္ကလာ ပ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မရမ်း ကုန်းနှင့် မင်္ဂလာဒုံမြို့နယ်များအပြင် အခြား လိုအပ်သည့်မြို့နယ်များ၌ လည်း လဲလှယ်တပ်ဆင်ပေးနေလျက် ရှိကြောင်းသိရသည်။

Yangon Media Group

အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ထုတ်လွှင့်


Photo..The Ladies News Journal
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြုပြည်ပြုလွှတ်တော်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

"ဖဆပလ အဖွဲ့ချုပ်ကို ရန်ကုန်မှာရှိတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ရန်ကုန်မှာရှိတဲ့ နယ်အသီးသီးကို ပြန်ပြီးအစီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ပါလို့ပြောလိုက်တဲ့အခါမှာ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ကိုယ့်နယ်ဆိုင်ရာလူတွေကို ပြန်ပြီးအစီရင်ခံတဲ့အဓိပ္ပာယ် မပါတော့ပဲနဲ့ နိုင်ငံရေးရှင်းတမ်း တရားပွဲတွေ ရပ်ကွက်တွေမှာ လုပ်လာတယ်"

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ရက်နေ့ မြို့တော်ခန်းမရှေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း၊ တပ်မတော်လေတပ်မှာ ပြောကြားတဲ့ မိန့်ခွန်း၊ ၁၉၄၆ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲမိန့်ခွန်းတွေကို မနက်ဖြန်မှာ ဆက်လက်ထုတ်လွှင့်မှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိနဲ့ ဈာပနအခမ်းအနားတွေကို ရုပ်မြင်သံကြားနဲ့ ပြသသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ရဲ့ ညွှန်ကြားချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ထုတ်လွှင့်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

RFA Burmese

မလေးရှားလေကြောင်း လေယာဉ်တစ်စီး ယူကရိန်းပိုင်နက်တွင် ပစ်ချခံရ ၊ လိုက်ပါလာသူ ၂၉၅ ဦးလုံး သေဆုံး


(REUTERS/Maxim Zmeyev )
နယ်သာလန်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ပျံသန်းသည့် မလေးရှား လေကြောင်းလိုင်းမှ  ခရီးသည် ၂၈၀ နှင့် လေယာဉ်ဝန်ထမ်း ၁၅ ဦး တင်ဆောင်လာသည့် ဘိုးရင်း ၇၇၇ လေယာဉ် MH-17 သည် ရုရှားနယ်စပ်အနီး ယူကရိန်းပိုင်နက်ထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့်  ပစ်ချခံခဲ့ရကြောင်းနှင့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း  နိုင်ငံတကာသတင်းဌာနများက အရေးပေါ်ကြားဖြတ်သတင်းအဖြစ် ဖော်ပြသည်။

အဆိုပါလေယာဉ်မှာ ကြာသပတေးနေ့ ညပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားကြောင်း လေကြောင်းလိုင်းက အတည်ပြုထားသည်။ လေယာဉ်မှာ အမ်စတာဒမ်မြို့မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းသည့် လေယာဉ်ဖြစ်ကာ နောက်ဆုံးခြေရာခံရသည့် ဆက်သွယ်မှုနေရာမှာ ယူကရိန်း လေပိုင်နက်ထဲတွင်ဖြစ်ကြောင်းဆိုသည်။

ခရီးသည် ၂၈၀ နှင့် လေယာဉ်မှူးနှင့် ဝန်ထမ်း ၁၅ ဦး လိုက်ပါသွားသည့် ထိုလေယာဉ်မှာ ပစ်ချခံရခြင်းဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အကြံပေး အန်တွန်ဂါရာရှန်ကိုက အေပီသတင်းအား ပြောသည်။

(REUTERS/Maxim Zmeyev)

ရိုက်တာသတင်း၏အဆိုအရလေယာဉ်ကို ရုရှားလိုလားသည့်ခွဲထွက်ရေးသူပုန်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေးဌာနသတင်းကို ကိုးကား၍ ဖော်ပြသည်။

ဂါရာရှန်ကိုက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လေယာဉ်မှာ အမြင့်ပေ ၃၃,၀၀၀ ခန့်၌ပျံသန်းနေစဉ် Buk လောင်ချာဖြင့်ပစ်သော ဒုံးကျည်ထိမှန်ပြီး ပစ်ချခံခဲ့ရကြောင်း ဖော်ပြသည်။ ထိုဒုံးပစ်လောင်ချာမျိုးကို ကြာသပတေးနေ့အစောပိုင်းကပင် အေပီသတင်းမှ ဂျာနယ်လစ်များက ယူကရိန်းအရှေ့ပိုင်းမြို့ စနစ်ဇနီအနီးတွင် တွေ့မြင်ခဲ့ရကြောင်း ဆိုသည်။ အကြံပေးပုဂ္ဂိုလ် ဂါရာရှန်ကိုက ယာဉ်ပေါ်လိုက်ပါသွားသူအားလုံးမှာ သေဆုံးခဲ့ပြီဖြစ်ကြောင်း ရုရှားအင်တာဖက်စ်သတင်းအား ပြောသည် ။ ­

—Ref: Fox/BBC/AP/Reuters


7day daily

အစိုးရဌာနတွေ တာဝန်ကျေပွန်ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လျှပ်စစ်ကြိုးပြတ်ကျတဲ့အတွက် ဓါတ်လိုက်သေဆုံးမှုတွေ ဆက်တိုက်ပေါ်ပေါက်နေတာနဲ့
ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးကို ထိထိရောက်ရောက် အရေးတကြီး
 ဆောင်ရွက်ဖို့လိုနေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။ အများပြည်သူတွေရဲ့ အသက်အန္တရာယ်အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေအနေနဲ့ အစဉ်အမြဲ စစ်ဆေးပြီး လိုအပ်သလို မွန်းမံပြင်ဆင်ဖို့ တာဝန်ရှိတယ်လို့လည်း သူကပြောပါတယ်။

"ဒါဖြစ်မှ အရေးယူတယ်ဆိုတဲ့ ကိစ္စဟာ ဒါမဟုတ်သေးဘူးထင်တယ်၊ မဖြစ်အောင်လို့ကာကွယ်ရမှာပေါ့ ဒီ ဓါတ်ကြိုးတွေ ဓါတ်ကြိုးဟောင်းတွေ အခြေအနေတွေနဲ့ ပတ်သက်လို့ ဓါတ်တိုင်ဟောင်းတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ကျမတို့ လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ယောက်ကနေပြီးတော့ မကြာခင်တုန်းက ဓါတ်လိုက်တာတွေ အန္တရာယ်ရှိတယ် ဒီဟာတွေကို လဲသင့်တယ် ကောင်းအောင်လည်း ပြုပြင်သင့်တယ်ဆိုတာကို ပြောသွားတာ ရှိပါတယ်၊ ဓါတ်ကြိုးတွေ ဓါတ်တိုင်တွေ တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေပဲ လယ်လိုလုပ် ဒါတွေကို လှစ်လျူရှု့ထားနိုင်လဲတော့ နားလည်ရတောင်မှ ခက်နေတယ်"

RFA ကပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာသမားတွေအပေါ် လတ်တလော အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာ အစိုးရရဲ့ ဒီမိုကရေစီပြောင်းလဲမှု လမ်းကြောင်းလျောက်လှမ်းပုံနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ရမယ့်အချက် ဖြစ်တယ်လို့ ပြောပါတယ်။

"မီဒီယာတွေကနေပြီးတော့ တာဝန်သိမှု ရှိရမယ်ဆိုတာ ဒါမှန်ပါတယ် ဒါဟာလည်း လူတိုင်းက တာဝန်သိမှုရှိရမှာပဲ သို့သော်ငြားလည်း မတန်တဆပေါ့နော် မီဒီယာတွေကို အရေးယူတာဆိုတာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့် လွတ်လပ်စွာ သတင်းဖြန့်ချိပိုင်ခွင့်တွေကို ချုပ်ချယ်ချင်လို့လား ဆိုတဲ့မေးခွန်းတွေကတော့ မမေးလို့ မဖြစ်တော့ဘူး"

တဆက်တည်းမှာပဲ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ စည်ကမ်းတွေအပေါ် သဘောထားနဲ့ အာဇာနည်နေ့မှာ ပြုလုပ်မယ့် အစီအစဉ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

RFA (မြန်မာပိုင်း)

တိုင်းဆွေး ပြည်ဆွေး စနစ်ဆွေးထဲမှာ



ရန်ကုန်မိုးက သဲကြီးမဲကြီး ရွာချလိုက်သည်။ အိမ်ပေါက်ဝမှလမ်းထိပ်ဘက်ကို မျှော်ကြည့်မိပြန်တော့ လမ်းပေါ်မှလူအများသည် ဒူးလောက်ထိရှိသောမိုးရေများထဲမှာ ပုဆိုးကိုမကာ၊ လုံချည်ကိုမကာ သွားလာနေကြသည်။ ဒီ လောက်များတဲ့မိုးရေတွေနဲ့သွား ဖို့မဖြစ်သေးပါဘူး။ မိုးထဲရေထဲ ကူးရင်း၊ သန်းရင်း တော်တော် ကြာ လျှပ်စစ်မီးကြိုးတွေပြုတ်ကျ နေရင် ခက်ရချည်ရဲ့ဟု တွေးမိ ပြန်သည်။ တွေးရင်း၊ တွေးရင်း စိုးရိမ်စိတ်တွေကပိုတိုးလျက်ဝင် လာသည်။
ကျွန်မတို့ မြန်မာပြည်မှာ ယခုတစ်လော လျှပ်စစ်မီးကြိုးတွေမကြာခဏ ပြုတ်ကျသဖြင့် ဓာတ်လိုက်ပြီးသေဆုံးရသူတွေ မနည်း လှတော့ပြီမဟုတ်ပါလား။ မနည်း လှတော့ဆို ၂၀၁၄ ခုနှစ်၏ မေ၊ ဇွန်နှစ်လတာမိုးရာသီကာလ အတွင်း ရန်ကုန်မြို့ကြီးမှာပင် လူ ခြောက်ဦးသေဆုံးခဲ့ပြီ။ တစ်နိုင်ငံ လုံးအတိုင်းအတာနှင့်ဆိုပါလျှင် လူပေါင်းနှစ်ဆယ်မျှ ဓာတ်လိုက် သေခဲ့ပြီဟု သတင်းမီဒီယာများက ဆိုပါပြီကော။

ဟော . . . ယခုစာရေးနေရင်း ပင် သတင်းစာကိုကောက်ကိုင်မိ ရာ ပြည်မြို့မှာ လျှပ်စစ်ဓာတ်အား ကြိုးပြုတ်ကျ၍ နွားနှစ်ကောင် ဓာတ်လိုက်ကာ သေပြန်ပြီဆို သောသတင်း သတင်းစာမှာပါ လာသည်။ ကြောက်စရာကောင်း လှပါသည်။ လွန်ခဲ့သောနှစ် အ နည်းငယ်က ရန်ကုန်မြို့၊ စမ်း ချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက်ရှိ ကျွန်မတို့လမ်း၊ ကျွန်မ တို့အိမ်နှင့်မျက်စောင်းထိုးအိမ်မှ အသက်နှစ်ဆယ်အရွယ်လူငယ် လေးတစ်ယောက်လည်း ကိုယ့် မျက်စိရှေ့မှာပင် မိုးကာလ၊မိုးသည်းသည်းမှာ ပြုတ်ကျနေသော လျှပ် စစ်ဝိုင်ယာကြိုးကြောင့် ဓာတ် လိုက်၍သေဆုံးခဲ့ရဖူးပြီ။ ထိုစဉ် က မည်သူမှလည်းမဆွဲရဲ။ မိုးသည်းထဲမှာ ထိုလူငယ်လေးခမျာ ကယ် တင်သူမရှိဘဲ သေခဲ့ရသည်။ မိုး ရေများထဲမှာ လျှပ်စစ်ဓာတ်အားက စီးဝင်နေသည်ဖြစ်၍ မည်သူကကောကယ်တင်ရဲပါမည်နည်း။ သတ်သွားသည်က လျှပ်စစ်ဓာတ်၊လျှပ်စစ်ဓာတ်အားလေ။ ဗို့အား ၂၂၀ ရှိသည်။ သေပြီဟေ့ဆို တုံးခနဲ။ ဘုံးခနဲ။

ကျွန်မတို့ မြန်မာပြည်မှာ လျှပ်စစ်မီး ပုံမှန်လာလျှင်လည်း ကြောက်ရသည်။ လျှပ်စစ်မီးလာ ချိန်မှာ မီးကြိုးပြတ်ကျလျှင်ဓာတ် အားတွေစီးဝင်နေဆဲဖြစ်၍ ဓာတ်လိုက်ပြီးသေနိုင်သည်။ လျှပ်စစ်မီးမလာလိုက်၊ လာလိုက်ဖြစ်နေစဉ်ကလည်း ကျွန်မတို့ရပ်ကွက်မှာပင် လူတစ်ယောက်ဓာတ်လိုက်ကာသေဆုံးဖူးသည်။ လျှပ်စစ်မီးမှာ မလာတစ်ချက်၊ လာတစ်ချက်ဖြစ်၍ လျှပ်စစ်ပစ္စည်းပြုပြင်လုပ်ကိုင်စားသူတစ်ဦးကမီးပျက်သွားစဉ် မီးကတော်တော်နှင့်လာဦးမှာမဟုတ်ပါဘူးဟုထင် မြင်ကာ လျှပ်စစ်မီးခလုပ်ကိုမပိတ်မိဘဲ လျှပ်စစ်မီးဖိုကိုပြင်သည်။ ဖျတ်ခနဲမီးပြန်လာချိန် ဓာတ်လိုက်ပါတော့သည်။ တကယ်တော့ မီးက တစ် မိနစ်တာအချိန်မျှသာ ပြန်လာခဲ့သည်။ ထိုတစ်မိနစ်ကပင် လူ တစ်ယောက်၏ဘဝကို ဇီဝိန်ချုပ် စေခဲ့သည်။

ဆန်းစစ်ကြည့်လျှင် ကျွန်မတို့မြန်မာပြည်မှာ လျှပ်စစ်အန္တရာယ်ပညာပေးမှုလည်းမရှိ။ ကျေးလက်မှာလျှပ်စစ်ဆိုတာကို ကြားဖူးရုံ သာကြားဖူးပြီး အန္တရာယ်ကိုပြည် သူအများသိရှိစေရန် ပညာပေးမှု မရှိ၍ ပေါက်ပြဲနေသောသာမန် မီးစက်ဓာတ်ကြိုးကို တက်နင်းမိ၍ ဓာတ်လိုက်သေဆုံးသူတွေလည်း ရှိဖူးသည်။ ဒီကနေ့မှာပင် မွန်ပြည် နယ်၊ ကျိုက်ထီးဆောင်းစေတီ ရင်ပြင်တွင် ဝိုင်ယာကြိုးပေါက်နှင့် ထိနေသော သံပန်းကိုထိမိရာမှ ဓာတ်လိုက်ပြီး နှစ်ဦးသေဆုံးခဲ့ရ သည်ဟု ကြားသိရပြန်သည်။ စိတ်ထိခိုက်စရာတွေပါ။

ယခု လျှပ်စစ်ဓာတ်အားကြိုး တွေပြုတ်ကျ၊ ပြတ်ကျသဖြင့် ပြည်သူ့အသက်တွေ ချက်ချင်း လက်ငင်းဆိုသလို ဘုံးခနဲ၊ ဘိုင်း ခနဲ သေဆုံးနေကြရခြင်းများ အတွက် မည်သူ့မှာတာဝန်ရှိ သနည်း။ တာဝန်အရှိဆုံးကကော မည်သူနည်း။ နိုင်ငံရပ်ခြားမှာ တော့ လျှပ်စစ်မီးပျက်လျှင်လည်း လျှပ်စစ်မီးပျက်ချိန်ကြောင့် လုပ် ငန်းထိခိုက်နစ်နာလျှင် လျော် ကြေးရရှိရန် တရားစွဲတောင်းဆို နိုင်သည်။ ဓာတ်အားလိုင်းများ ကြောင့် အသက်သေဆုံးလျှင် တော့ လျော်ကြေးပေးရမည်။ အသက်အာမခံ စနစ်လည်းရှိ သည်။ ကျွန်မတို့မြန်မာပြည်မှ လျှပ်စစ်ဝန်ကြီးဌာနမှာမူ အခွန် ကောက်လျှင် မြန်သလောက်ထိ ခိုက်နစ်နာမှုများအတွက် တာဝန် ခံမှုမရှိသလောက်ဖြစ်နေသည်။ လှည်းတန်းဈေးမှာသေဆုံးသွား သူများအတွက် သဂြုင်္ိဟ်စရိတ် ထောက်ပံ့သည်ဟု သိရသည်။ လျော်ကြေးဟုမကြားသိရ။ အမှန် စင်စစ် သင်္ဂြိုဟ်စရိတ်မျှနှင့်မလုံလောက်။ ထိုက်တန်သောလျော် ကြေးလည်းပေးသင့်သလို လျော်ကြေးကို စနစ်တကျပေးသည့် စနစ်လည်းရှိကိုရှိရမည်။ လူတစ်ယောက်သေဆုံးသွား၍ နားလည်မှုနှင့်ကရုဏာကြေးပေးသည့်ငွေမှာ စနစ်တကျဟုမဆိုနိုင်။ အမှန်တကယ်တာဝန်ခံထားသူဝန်ကြီးဆိုသူကိုယ်တိုင်လည်း မိသားစု များကို သွားရောက်ကြည့်ရှု တောင်းပန်သင့်သည်။ ယခုဆို လျှင် နှစ်လတွင်းဆက်တိုက်ဖြစ် နေသောဓာတ်အားကြိုးပြုတ်ကျ ကာ ဓာတ်လိုက်သေဆုံးမှုများ အတွက် လျှပ်စစ်ဝန်ကြီးသည် ကိုယ်တိုင်ကိုယ်ကျ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူကို တောင်းပန်သင့်သည့် အနေအထားကိုပင် ရောက်ရှိနေပါပြီ။ အမှန်တကယ်သာဆိုလျှင် ကျွန်တော့်ညံ့ဖျင်းမှုကြောင့်ဖြစ်ရတာပါဟု တာဝန်ခံကာ တာဝန်မှပင် နုတ်ထွက်သင့်ပြီထင်မိသည်။ နှစ်လအတွင်း လူနှစ်ဆယ်မျှ သေဆုံးခဲ့ပြီမဟုတ်ပါလား။

ပြောလက်စနှင့် ပြောရဦး မည်။ တစ်ခါက အိမ်မှာမီတာသစ် တပ်ဆင်ပေးသော လျှပ်စစ်ဌာန မှဝန်ထမ်းတစ်ဦးကို (မီးဘာ ကြောင့် မကြာခဏပျက်နေသလဲ၊ ထရန်စဖော်မာတွေဘာကြောင့် မကြာခဏ ပေါက်တတ်သလဲ)ဟုမေးမြန်းဖူးခဲ့သည်။ (ကျွန်တော်တို့ဝန်ကြီးဌာနမှာ တကယ်တတ် တဲ့၊ တော်တဲ့ ဆရာသမားကြီး တွေမရှိတော့ဘူး။ စစ်တပ်ကလူ တွေရောက်လာလိုက်။ ဌာနကနေရာကောင်းတွေ ဝင်ယူလိုက်။ တော်တဲ့တတ်တဲ့သူတွေဘေးကိုအဝေးကိုလွင့်သွားလိုက်။ ဝန်ကြီးသစ်ဆိုသူက သူ့လူနဲ့သူလာတာလေ။ နောက်လူလာရင် အရင်လူကနေရာပျောက်။ လူသစ်တွေကစမ်းတဝါးဝါး လုပ်ကြရင်း နည်းနည်းလေးကျွမ်းကျင်တော့မယ်လို့ဟန်ပြင်ကာရှိသေးတယ်။ စစ်တပ်က နောက်ထပ်ဝန်ကြီးသစ်ပြောင်းလာတယ်။ နောက်လူသစ်တွေ နေရာကောင်းရ။ အရင် လူတွေချောင်ထိုး။ အရင်လူက နောက်လူကို အမြင်ကတ်ပုဒ်မနဲ့ သူတို့အတွေ့အကြုံတွေကို မသင်ခဲ့။ မပြခဲ့ကြဘူးဗျ။ နောက်တစ်ခုက ပစ္စည်းတော်တော်များများက တရုတ်ပစ္စည်းတွေသုံးတာ များတယ်။ တရုတ်စက်တစ်ရက်စုတ် ဆိုတော့ ပျက်လွယ်တာလည်း ပါတယ်။ ကျွန်တော်တို့ကတော့ ဌာနမှာ ဘာပါဝါမှရှိတာမှမဟုတ်တာ။ ကိုယ်သိလည်း မပြောရဲပါဘူးဗျာ)ဟုဆိုခဲ့သည်။

ထိုစကားမျိုးကိုကြားသိရ သည်မှာ တကယ်ပင်စိတ်ပျက် စရာ။ တတ်သူတွေကိုချောင်ထိုး၊ မတတ်သူတွေနေရာရဖို့ ပံ့ပိုး စနစ်ကြီးနှင့် ဓာတ်ကြိုးတွေက ပြုတ်ကာ ပြတ်ကာကျနေလေ သလား။ စဉ်းစားစရာဖြစ်နေပြီ။ အမှန်စင်စစ် ကျွန်မတို့ပြည်သူတွေအဖို့မှာ လျှပ်စစ်နှင့်သက်ဆိုင် သောကိစ္စများသည် နားမလည် သောကိစ္စမျှသာဖြစ်သည်။ အထူး သဖြင့်တော့ မြို့ပြလျှပ်စစ်ပေးဝေ ရေးစနစ်အကြောင်းကို လုံးဝမသိ ပါဟုသာပြောရမည်။ အိမ်သုံး လျှပ်စစ်ကိစ္စကိုပင် သတိထား ကိုင်နေရသူများသာဖြစ်သည်။ ကျွန်မတို့ တကယ်သိသည်ရှိကြ သည်မှာ မီးပျက်လျှင် စိတ်ညစ် စရာ။ မီးပြန်လာလျှင် (ဟေး)ခနဲ အော်ကာ ဝမ်းသာရမည်ကိုသာ သိသည်။ တကယ်တမ်းမြို့ပြလျှပ် စစ်ဖြန့်ဖြူးရေး စနစ်ကြီးတစ်ခုလုံး ၏ စိတ်ချလုံခြုံအောင် လုပ်ဆောင်ရန် တာဝန်ခံရမည့်တာဝန်ခံမှာ လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိလူကြီးမင်းတို့သာဖြစ်သည်။

ယခုတော့ ကျွန်မတို့ပြည်သူ တွေအဖို့ မိုးထဲရေထဲမှာ လမ်း ထွက်ဖို့ခက်နေပြီ။ လမ်းမပေါ် မထွက်လိုက်နှင့်။ လမ်းမများပေါ်မှာ မော်တော်ကားတွေကကျပ်။ ရေဆိုးမြောင်းများက ရေမစီး။ မိုးရွာချလိုက်သည်နှင့် ရေပင် လယ်။ ထိုမိုးရေတွေထဲမှာလျှပ်စစ် မီးကြိုးအဆွေးတွေက တဖြုတ် ဖြုတ်ပြတ်ကျ။ တကယ်တော့လျှပ် စစ်ဝိုင်ယာကြိုးများသာမကပါ။ ဝိုင်ယာကြိုးပေါင်းများစွာဖြင့် ငှက်သိုက်ကဲ့သို့ ရှုပ်ထွေးလှသော ဓာတ်အားတိုင်များလည်း ဆွေး မြည့်နေပါပြီ။ မဆွေးမြည့်သေးပါ ဘူးဆိုသည့်တိုင် အသစ်လဲလှယ်မှ စိတ်ချလုံခြုံမည့်အနေအထား ဖြစ်နေပြီဟုသာထင်မြင်မိသည်။

သြော် . . . ပြောရတာလည်းမောပါသည်။ နှစ်ပေါင်းငါးဆယ်ကျော်မျှ တိုင်းပြည်ကိုအုပ်ချုပ်စီမံခန့်ခွဲလာသူတွေ မည်သို့မည်ပုံလုပ်ခဲ့ကြသည်မသိ။ ရာထူးကိုယူ၊ ဘဏ္ဍာကိုနှိုက်။ အလှည့်ကျဝေ စား။ တစ်ရစ်ပြီးတစ်ရစ် လူသစ် လူဟောင်းလဲလှယ်ကာ ဝေစားမျှ စား။ နောက်လာသူက ရှေ့ကလူ ထက်ပိုဈေးကောင်း။ ပိုပြီးကိုယ် ကျိုးရှာ။ တကယ်တမ်းလုပ်သင့် လုပ်ထိုက်သည့်တာဝန်ပိုင်းကို မသိ။

ထိုပုံစံအတိုင်း တစ်တိုင်း ပြည်လုံးကို နှစ်ပေါင်းငါးဆယ် ကျော်မျှ ခပ်တည်တည်မှိန်း၍ပစ် ပယ်ထားခဲ့ကြသမျှ ယခုအချိန်မှာ တိုင်းပြည်အတွင်းက စာသင် ကျောင်းများလည်းဆွေး၊ ရေနုတ် မြောင်းများလည်းဆွေး၊ ဓာတ် တိုင်လည်းဆွေး၊ ဝိုင်ယာကြိုး လည်းဆွေးနေကြပြီဟုသာပြော ချင်သည်။ ထိုထက်ပိုပြောရလျှင် စစ်တပ်မှဗိုလ်ချုပ်ကြီးများနေရာ တကာမှာပါလေရာပဲခူးဆားစနစ် ကြီးလည်းဆွေးပြီဟုသာဆိုချင် သည်။ မည်မျှပင် ကျောင်းဆွေး၊ မြောင်းဆွေး၊ ဓာတ်တိုင်ဆွေး ဆွေး၊ ဓာတ်ကြိုးဆွေးဆွေးရှိနေ ပါစေ။ ငါ ငါ ငါတို့အုပ်ချုပ်မှု အာဏာနေရာတိုင်းမှာ မရှိမဖြစ် ပါနေချင်သေးသူတွေရှိနေလေတော့ တိုင်းပြည်၏အနာဂတ်အရေး ရွှေရင်တကယ်လေးမိပါ သည်။

မပြောတတ်တော့ပါဘူး။ မြန်မာပြည်၏နေရာတိုင်း၊ ဌာန တိုင်း၊ ကိစ္စတိုင်းမှာ ပျက်ယွင်း ဆွေးမြည့်လေသမျှကိုထောက်ပြ ရလျှင် မြန်မာပြည်သားတစ် ယောက်မှာ ပါးစပ်ဆယ်ပေါက်ပါ လျှင်ပင် ပြော၍မကုန်ဟု ဆိုသူ တွေလည်းရှိနေပြီ။ တိုင်းဆွေး ဆွေး၊ ပြည်ဆွေးဆွေး၊ ခေတ် စနစ်ဆွေးဆွေးအောက်မှာ နေ ထိုင်နေရသော ပြည်သူဆိုတော့ လည်း ကိုယ်မသေချင်လျှင် ကိုယ့် အသက် ကိုယ်စောင့်ရှောက်ပြီး လမ်းထွက်လျှင် တောင်ကြည့်၊ မြောက်ကြည့်။ ဘယ်ကြည့်၊ ညာ ကြည့်။ မော်တော်ကားတိုက်မည့် အရေး ဝေးဝေးကရှောင်။ ပုဆိုး ကိုမ၊ လုံချည် မချနှင့်။ အောက် မှာမြောင်းပေါက်။ လူတစ်ယောက်စာ အသာကလေးကျနိုင်သည်။ ဟောဟိုးနားက မြောင်းဆွေးကြီး က မြောင်းဖုံးမရှိတော့ဘူး။ ကျိုး ပဲ့ကုန်ပြီ။ မြောင်းကျိုးအပေါက်ထဲ ကားခနဲကျရင် ရေစီးနဲ့ပါသွား နိုင်သည်။ အောက်ကိုချည်းလည်း ကြည့်မနေကြနှင့်။ အထက်က ဓာတ်ကြိုး ဖြုတ်ခနဲပြတ်ကျ။ သုံး မိနစ်နဲ့ဘဝပြောင်းသွားနိုင်တယ်။ သတိထားကွယ်ရို့။


မယ်ငွေဥ

7day daily

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ပြည်တွင်းဒါရိုက်တာများသာ ရိုက်တော့မည်


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို မူလက ပြည်ပဒါရိုက်တာများနှင့် ပူးပေါင်းရိုက်ကူးရန် စီစဉ်ထားသော်လည်း အမြင်ကွဲပြားမှုများရှိနေ၍ ပြည်တွင်းဒါရိုက်တာများကသာ တာဝန်ယူရိုက်ကူးတော့မည်ဟု ဇာတ်ကားဖြစ်မြောက်ရေး အဖွဲ့ဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇူလိုင် ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဇာတ်ညွှန်းထဲက ဗိုလ်ချုပ်ဇာတ်ကောင်က ပြီးပြည့်စုံ(Perfect) နေတယ်လို့ သူတို့ ထင်ကြတယ်”ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။

ဇာတ်ညွှန်းရေးသားပြီးစီးသည့် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် နိုင်ငံတကာဒါရိုက်တာနှင့်ထုတ်လုပ်သူများကို ရှာဖွေခဲ့ရာ အမေရိကန် ဟောလိဝုဒ်မှထုတ်လုပ်သူ၊ ကနေဒါမှ ဒါရိုက်တာ၊ ပြင်သစ်မှ အသံနှင့် အမြင်ဆိုင်ရာကျွမ်းကျင်သူများကို ချိတ်ဆက်နိုင်ခဲ့ပြီး ပူးပေါင်းရိုက်ကူးရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။

၁၉၁၅ ခုနှစ်၊ ၁၉၄၀ ခုနှစ်၊ ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ် တက္ကသိုလ်မရောက်ခင်နှင့် တက္ကသိုလ်ရောက်ပြီး နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့ပုံများအပြင် ဗိုလ်ချုပ်လုပ်ကြံခံရသည့် နောက်ဆုံးကာလများအထိ အပိုင်းသုံးပိုင်းခွဲကာ သမိုင်းအခြေခံထားသည့် ဇာတ်ညွှန်းကို ချစ်ဦးညို၊ ကြည်စိုးထွန်းနှင့် မြမြင့်မိုရ်တို့က ရေးပေးထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇူလိုင် ၁၂ ရက် ပခုက္ကူတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲအတွင်း ရုပ်ရှင်ဆိုင်ရာ မေးမြန်းမှုတစ်ခုကို ပြန်လည် ဖြေကြားရာတွင် ပြည်တွင်းဒါရိုက်တာများဖြင့်သာ ရိုက်ကူးတော့မည်ဟု ဆိုထားသည်။

“ကျွန်မတို့ရဲ့ အမြင်ချင်းက မတူဘူး။ကျွန်မတို့ ရုပ်ရှင်အဖွဲ့ ရှင်းပြတာက ဗိုလ်ချုပ်ရုပ်ရှင်ကို သမိုင်းအနေနဲ့ မြင်တယ်။ နိုင်ငံတကာရုပ်ရှင်ပညာရှင်တွေက ရုပ်ရှင်တစ်ခုအနေနဲ့ မြင်တယ်။ နောက်ဆုံးကျတော့ ကျွန်မတို့ ရုပ်ရှင်အဖွဲ့က သတ္တိရှိရှိနဲ့ ကိုယ့်ဘာသာကိုယ် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ရိုက်မယ်ဆို ပြီး ဆုံးဖြတ်လိုက်တယ်”ဟု ၎င်းက ပြောသည်။

ရုပ်ရှင်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်တွင် ပြသနိုင်ရန် မူလက စီစဉ်ထားသော်လည်း ယခုမူ ၂၀၁၅ ခုနှစ်အတွင်းရောက်မှသာ ရိုက်ကူးမှု စတင်နိုင်တော့မည်ဟု ဖြစ်မြောက်ရေး အဖွဲ့ဝင်များက ပြောသည်။ ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူထားခြင်းဖြစ်သည်။

ဇာတ်ကားရိုက်ကူးမှုကို ဖြစ်မြောက်ရေးအဖွဲ့ဝင်များဖြင့် အကောင်းဆုံးဆောင်ရွက်နိုင်မည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။ အဖွဲ့တွင် ဦးသူရ(ဇာဂနာ)၊ လူမင်း၊ အရိုင်း၊ ဇော်သက်ထွေး၊ ၀ိုင်း၊ အိအိခိုင်၊ ကြည်ဖြူသျှင်၊ သူရကျော်၊ ဝေဠု ကျော်၊ ဦးမော်လင်းနှင့် ထွန်းအိန္ဒြာဗို စသည်ဖြင့်ပါဝင်ကြသည်။

Credit: Mizzima Burmese

ခင်ပွန်းကို အမှုဆင်ရန်အတွက် အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးစားသည့် အမျိုးသမီး ထောင်ဒဏ်(၁၈)နှစ် ချမှတ်ခံရ



ခင်ပွန်း(ဟောင်း)ကို အမှုဆင်ရန် အတွက် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးပမ်း ခဲ့သည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို တက္ကဆက်စ် တရားရုံးတစ်ခုက ထောင်ဒဏ် (၁၈)နှစ် ချမှတ် လိုက်ကြောင်း သိရသည်။ Walking Dead ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ အပါအဝင် ဇာတ်ကား အချို့တွင် မထင်မရှား ဇာတ်ဝင်ခန်း အချို့မှ ပါဝင်သရုပ်ဆောင် ဖူးသည့် ရှန်နွန်ဂက်စ် ရစ်ချတ်ဆန်ကို ဓာတုလက်နက် ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှု စွဲချက်များအတွက် အပြစ် ရှိကြောင်း ခရိုင် တရားသူကြီး မိုက်ကယ် ရှနေးဒါးက ဆုံးဖြတ်ကာ နှစ်ရှည်ထောင်ဒဏ် အပြင် နစ်နာကြေး အဖြစ် ၃၆၇၂၂၂ ဒေါ်လာ သီးခြားပေးဆောင်ရန် အမိန့်ချ မှတ်ခဲ့သည်။


အသက်(၃၆)နှစ်ရှိ ရှန်နွန်သည် စီရင်ချက် မချမှတ်မီတွင် တရားသူကြီးကို တောင်းပန်စကား ဆိုခဲ့ပြီး “ဘယ်သူ့ကိုမှ နာကျင်ထိခိုက်စေဖို့ ကျွန်မ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မက လူဆိုးတစ်ယောက်လည်း မဟုတ်ဘူး။ ကျွန်မနိုင်ငံကို ချစ်သလို သမ္မတကိုလည်း လေးစားပါတယ်”ဟု ပြောကြားခဲ့သည်။ သူမသည် ပဲစေ့မှ ထုတ်လုပ်သည့် Ricin ခေါ် အဆိပ်တစ်မျိုး သုတ်လိမ်းထားသည့် စာများကို ခင်ပွန်းဖြစ်သူ နေသန်ရစ်ချတ်ဆန်၏ အမည်ဖြင့် အိုဘားမား၊ နယူးယော့ခ် မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွမ်းဘာ့ဂ်နှင့် သေနတ်ကိုင်ဆောင်မှု လျှော့ချရေး တက်ကြွလှုပ်ရှားသူ မာ့ခ်ဂလေ့ဇ်တို့ထံ ပေးပို့ခဲ့သည်။ ပြီးခဲ့သည့်နှစ်၊ ဇွန်လက ရဲများက ဖမ်းဆီးခဲ့သည်။ ရှန်နွန် အဖမ်းခံရချိန်တွင် ခင်ပွန်းဖြစ်သူ နေသန်ကလည်း သူမကို ကွာရှင်းရန် တရားရုံးတွင် လျှောက်ထားခဲ့သည်။

ရှန်နွန်သည် အဆိပ်ပြုလုပ်ရန် လိုအပ်သည့် ပဲစေ့နှင့် အချို့သော ပစ္စည်းများကို ခင်ပွန်းသည်၏ အမည်ဖြင့် ပြုလုပ်ထားသည့် Email အသစ်၊ PayPal Account အသစ်တို့ဖြင့် Online မှ တစ်ဆင့် မှာယူခဲ့သည်။ Ricin သည် ရှူရှိုက်မိပါက အသက်ရှူ ကျပ်စေပြီး အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသည့် ဇီဝအဆိပ်တစ်မျိုး ဖြစ်သည်။ သေစေနိုင်သည်အထိ အာနိသင်ရှိသော အဆိုပါ အဆိပ်အတွက် သီးသန့်ဖြေဆေး ထုတ်လုပ်နိုင်ခြင်း မရှိသေးချေ။ (၂၀၁၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က ရှန်နွန်သည် ခင်ပွန်းဖြစ်သူ အလုပ်သို့ သွားရောက်သည့် အချိန်ထိ စောင့်ဆိုင်းပြီးနောက် အိုဘားမား၊ ဘလွမ်းဘာ့ဂ်နှင့် ဂလေ့ဇ်တို့ထံ လိပ်မူသော စာ(၃)စောင်ကို ပေးပို့ခဲ့သည်။

ရန်စလှုံ့ဆော်သည့် အသုံးအနှုန်းများ ပါရှိသော အဆိုပါ စာများကို နေသန်၏ အမည်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး သူမကို အာဏာပိုင်များက ဖမ်းဆီးချိန်တွင် ရှန်နွန်က ခင်ပွန်းသည်အား အမှုဆင်ရန် အားထုတ်ခဲ့ခြင်းဟု ဝန်ခံခဲ့ရသည်။ ရှန်နွန်သည် စာများပေးပို့ပြီး (၁၀)ရက်အကြာတွင် အဆိုပါကိစ္စသည် နေသန်၏ လုပ်ကြံဖန်တီးမှုအဖြစ် ရဲများထံ သွားရောက် တိုင်ကြားခဲ့ရာမှ ဆက်စပ် စစ်ဆေးမှုများကြောင့် အမှုမှန် ပေါ်လာခြင်း ဖြစ်သည်။ ထိုဖြစ်ရပ် တစ်ခုလုံးတွင် နေသန်အနေဖြင့် တစ်စုံတစ်ရာ သိရှိပါဝင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ ရှန်နွန်တွင် သားသမီး (၆)ဦးရှိသည်။

7Day News

ကမ္ဘောဇဘဏ်က အပ်ငွေအတိုးနှုန်း တိုးမြှင့်ပေးလိုက်ပြီ


ကမ္ဘောဇဘဏ်က ဘဏ်တွင် Deposit အပ်နှံထား သော အပ်ငွေများအပေါ် ပေးသော အတိုးနှုန်းများကို စက်တင်ဘာ ၁ ရက်မှစကာ တိုးမြှင့်ပေး တော့မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။


Deposit အပ်ငွေများအပေါ် တွင် အတိုးနှုန်းတိုးမြှင့်ရာတွင် ငွေ စုဘဏ်အပ်ငွေနှင့် စာရင်းသေ အပ်ငွေနှစ်မျိုးစလုံးပေါ်တွင် တိုး မြှင့်လိုက်ခြင်းဖြစ်သည်။

‘‘အဓိက,က ကိုယ့်ဘဏ်နဲ့ အမြဲလုပ်နေတဲ့ Customer တွေ အဆင်ပြေအောင် တိုးပေးတာ။ အခုက ကုန်ဈေးနှုန်းတွေကလည်း တက်သွားတယ်ဆိုတော့ ပင်စင် စားတွေအားလုံး အဆင်ပြေ အောင် အခုလိုတိုးပေးလိုက်တာ ပါ’’ဟု အဆိုပါဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်ချောစုက ပြော သည်။

ငွေစုဘဏ်အပ်ငွေအပေါ် လက်ရှိကာလအတိုးနှုန်း ၈ ရာ ခိုင်နှုန်းပေးနေရာမှ ၈ ဒသမ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေး သွားမည်ဖြစ်သည့်အတွက် ငွေစု ဘဏ်အပ်ငွေအဖြစ် အပ်နှံထား သူများမှာ ယခင်က ကျပ်တစ် သိန်းအပ်နှံပါက တစ်လလျှင် အတိုးနှုန်း ၈,၀၀၀ ကျပ်ရရှိရာမှ ယခုအခါ ၈,၂၅၀ ကျပ်ရရှိတော့ မည်ဖြစ်သည်။

ထို့အတူ စာရင်းသေအပ်ငွေ အဖြစ် အပ်နှံသူများက တစ်လ အပ်ငွေအပေါ် ယခင် ၈ ရာခိုင် နှုန်းပေးနေရာမှ ၉ ရာခိုင်နှုန်းသို့ မြှင့်လိုက်သည့်အတွက် ကျပ်တစ် သိန်းအပ်နှံထားလျှင် အတိုးယခင် ၈,၀၀၀ ကျပ်ရရှိသူမှာ ယခု ၉,၀၀၀ ကျပ်ရရှိမည်ဖြစ်သည်။

စာရင်းသေအပ်ငွေ သုံးလ အပ်နှံသူမှာ ယခင်က ၈ ဒသမ ၅၀ ရာခိုင်နှုန်းမှ ယခု ၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လအပ်နှံ သူမှာ ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၅၀ ရာခိုင်နှုန်း၊ ကိုးလအပ်နှံသူမှာ ၉ ဒသမ ၅၀ ရာခိုင်နှုန်းရရှိနေရာမှ ၉ ဒသမ ၇၅ ရာခိုင်နှုန်းအထိရရှိ မည်ဖြစ်သည်။

စာရင်းသေအပ်ငွေတွင် လပိုင်းအပ်နှံမှုများအပေါ် အတိုးနှုန်းမြှင့်လိုက်သော်လည်း တစ်နှစ် (၁၂ လ)အပ်နှံမှုအပေါ်တွင် ယခင် ၁၀ ရာခိုင်နှုန်းအတိုင်းသာ ပေး သွားမည်ဖြစ်သည်။

‘‘ဒီလို အတိုးနှုန်းတွေ တိုးပေးလိုက်တာ အပ်တဲ့သူတွေအတွက် ကောင်းသွားတာပေါ့။ ဒါကလည်း ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ဘောင်အတွင်းမှာပဲ ထပ်တိုးလိုက်တာဆိုတော့ ဒီလိုတိုးလိုက်တာဆို တော့ ဗဟိုဘဏ်အနေနဲ့ကတော့ ဘာမှပြောဖို့မရှိပါဘူး’’ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဗဟိုဘဏ်အနေဖြင့် ပြည် တွင်းဘဏ်များသည် အပ်ငွေများ အပေါ် အနည်းဆုံး ၈ ရာခိုင်နှုန်းမှ အများဆုံး ၁၃ ရာခိုင်နှုန်းအထိ ပေးနိုင်သည်ဟု သတ်မှတ်ထား သည်။

‘‘ဒီလိုအပ်ငွေအပေါ်မှာ အတိုးနှုန်းမြှင့်ပေးလိုက်တော့ အပ် တဲ့သူတွေကလည်း အပ်ချင်သွား တယ်။ အပြင်မှာလှည့်နေတဲ့ငွေ တွေဘဏ်ထဲကိုဝင်သွားပြီး ဘဏ်က လိုတဲ့သူတွေကို ပြန်ချေးလို့ရ တော့ ငွေကြေးလည်ပတ်မှုတွေ လည်း ကောင်းသွားတာပေါ့’’ ဟု စီးပွားရေးလုပ်ငန်းရှင်ဒေါက်တာ စိုးထွန်းက ပြောသည်။

‘‘အခုအတိုးနှုန်းတွေ တိုးပေး လိုက်သလို ချေးငွေအပေါ်မှာယူ တဲ့ အတိုးနှုန်းတွေကိုလည်း လျှော့ချသင့်ပါတယ်’’ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၎င်း၏အမြင်ကို ဆိုသည်။

ယခုကဲ့သို့ အပ်ငွေအပေါ် တွင် ကမ္ဘောဇဘဏ်မှစတင်ကာ အတိုးနှုန်းများကို တိုးမြှင့်ပေးလိုက် ပါက အခြားသောဘဏ်များ၏ အတိုးနှုန်းများမှာလည်း တိုးလာနိုင် ဖွယ်ရှိသည်။

7Day Daily

ဦးတေဇပိုင်ဆိုင်သော ဗိုလ်ချိုလမ်းက သရဲခြောက်သည့်အိမ်ကြီး


ရန်ကုန်၊ သရဲခြောက်သည်ဟု နာမည်ကြီးနေသော ဗိုလ်ချိုလမ်းထောင့်ရှိ ရှေးဟောင်းအဆောက်အအုံအား နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းဧည့်သည်များသွားရောက်ကြည့်ရှုသူများပြားနေကြောင်း သိရသည်။


အဆိုပါအိမ်ကြီးသည် နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်နေသော ရှေးဟောင်း အိမ်ကြီးဖြစ်ပြီး တစ်အိမ်လုံးကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသည်။

”ဒီအိမ်ကြီးကို စိတ်ဝင်စားတဲ့သူတွေ လာကြည့်ကြတယ်။ နိုင်ငံခြား ခရီးသွားတွေရော ပြည်တွင်းကလူတွေပါ တစ်လလေးငါးရှစ်ယောက် လောက် ဝင်ကြည့်ကြတယ်။ အခုက တရားဝင်ကြည့်ခွင့်ပေးထား တာမဟုတ်သေးပါဘူး။ တရားဝင်ခွင့် ပြုမယ်ဆိုရင်တော့ နေ့တိုင်းဝင်နိုင်တယ်။ အိမ်ကြီးကကျွန်း သစ်တွေနဲ့ ဆောက်ထားတယ်။ နှစ်ပေါင်းတစ်ရာ ကျော်ရှိပါပြီ”ဟု ရှေးဟောင်းအိမ်အား စောင့်ရှောက်ပေးသော ဝန်ထမ်းဦး ထွန်းဝင်းက ပြောသည်။

အိမ်ကြီးကိုစိတ်ဝင်စားသူများ သည်အိမ်ကြီးအပြင်မှ ဓာတ်ပုံရိုက် ခြင်း၊ အိမ်ခြံတံခါး အပြင်ဘက်မှအထဲ သို့ကြည့်ရှုလေ့လာခြင်းများပြုလုပ် ကြသည်။

”အိမ်ကြီးက စိတ်ဝင်စားဖို့ ကောင်းတယ်။ အိမ်ထဲလဲ ဝင်ကြည့် ချင်တယ်။ သရဲခြောက်မလားလို့လဲ ကြောက်မိတယ်။ အပြင်ကနေတော့ ခဏခဏဓာတ်ပုံရိုက်ဖူးတယ်”ဟု ရှေး ဟောင်းအဆောက်အအုံများကို စိတ်ဝင်စားသူတစ်ဦးကပြောသည်။

အိမ်ကြီးအားလာရောက်လေ့ လာသူနိုင်ငံခြားသူတစ်ဦး၏ခရီး သွားလမ်းညွှန်တစ်ဦးကလည်း ”သူ က အိမ်ကြီးကိုစိတ်ဝင်စားတယ်ဆိုပြီး ဒီကိုအတင်းလာတာ။ ကိုယ့်ဘာသာ ကိုယ်ဆိုရင်ဝင်ရဲမှာမဟုတ်ဘူး။ သူက တော်တော်လေးသတ္တိရှိတယ်။ သူက စာရေးဆရာမတစ်ဦးပါ”ဟု ပြောသည်။

ရှေးဟောင်းအိမ်ကြီးမှာ ညောင် ပင်များကပ်ပေါက်နေပြီး မှောင်မည်း နေသောကြောင့် သရဲခြောက်သည် ဟုအများက ထင်မြင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

”ကျွန်တော်တို့က ညဘက်ဆို မီး သိပ်မထွန်းတော့မှောင်နေပြီး ကြောက် စရာကောင်းနေတာပါ။ မီးတစ်ပွင့်ပဲ ထွန်းထားတယ်။ သရဲကတော့ သိပ်မခြောက်ပါဘူး။ ခြောက်လဲ မကြောက်ပါ ဘူး။ တစ်ခါတလေကိုယ့် နားမှာရိုးတိုး ရိတ်တိတ်လေး ဖျတ်ခနဲ ဖြတ်သွားတာ မျိုးလောက်ပဲကြုံဖူး တယ်”ဟု အိမ်ကြီး တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ယင်းအိမ်ကြီးအားယခင်က သစ်တောဝန်ထောက် ဦးမောင်မောင် မှပိုင်ဆိုင်ခဲ့ပြီး ယခုအခါမြန်မာ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦး တေဇပိုင်ဆိုင်သော အိမ်ကြီး ဖြစ်ကြောင်း ဦးထွန်းဝင်းက ပြောသည်။

Yangon Media Group