ရုရှား လိင်တူ ဥပဒေကို ကမ္ဘာတဝန်း ဆန္ဒပြ


ရုရှား လိင်တူဥပဒေ ဆန့်ကျင်ရေး မဲလ်ဘုန်းက ဆန္ဒပြပွဲ

ရုရှားနိုင်ငံက ချမှတ်လိုက်တဲ့ လိင်တူ ချစ်သူ တွေနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ် ဥပဒေတွေ အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ ကမ္ဘာတဝန်း ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။

ရုရှားနိုင်ငံ ဆိုချီ ဆောင်းရာသီ အိုလံပစ် အားကစားပွဲ ဖွင့်လှစ်ဖို့ ၂ ရက် အလိုမှာပဲ အခုလို ဆန္ဒပြမှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမှာဆိုရင် ဆန္ဒပြသူတွေဟာ ဒီအားကစားပွဲကို စပွန်ဆာ ပေးထားတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ အနေနဲ့ ရုရှားရဲ့ ဒီဥပဒေကို ဆန့်ကျင်ဖို့ တောင်းဆိုကြပါတယ်။

ဒီ ဥပဒေဟာ လိင်တူ နှစ်သက်သူတွေရဲ့ အဖွဲ့အစည်းနဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို တားမြစ် ပိတ်ပင်တဲ့ ဥပဒေ ဖြစ်ပါတယ်။

ဆန္ဒပြမှုတွေကို နယူးယော့ခ်၊ ပါရီနဲ့ လန်ဒန် မြို့ကြီးတွေမှာလည်း ပြုလုပ်ဖို့ အလားအလာ ရှိနေပါတယ်။

အိုလံပစ် မီးရှူးတိုင်ကတော့ ဆိုချီကို အခု ရောက်ရှိသွားပြီ ဖြစ်ပြီး လမယ့် ရက်ပိုင်းအတွင်း ဆိုချီ တဝိုက်ကို မီးရှူးတိုင် လှည့်လယ်မှာ ဖြစ်တယ်လို့ အားကစားပွဲ ဖြစ်မြောက်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။


တက်တူးချစ်တဲ့ မျက်မမြင်ဖွားဖွား





မျက်မမြင်တစ်ယောက်ဖြစ်ပေမယ့်လဲ တက်တူးတွေကိုနှစ်သက်တဲ့ ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာနာရီပေါင်း ၄၁၆ နာရီအချိန်ယူပြီး သူမတစ်ကိုယ်လုံး တက်တူးတွေနဲ့အပြည့်ဖုံးစေခဲ့ပါတယ်။

ဝေလပြည်နယ် Rhyl မြို့သူ Fran Atkinson ဆိုသူအမျိုးသမီးဟာ ဘယ်လိုပုံထွက်မလဲမသိပေမယ့် တစ်ကိုယ်လုံးအပြည့်တက်တူးထိုးရင်း ပြီးခဲ့တဲ့ သုံးနှစ်တာကာလကိုဖြတ်သန်းခဲ့ပါတယ်။

ဒါပေမယ့် သူမရဲ့ခင်ပွန်းဖြစ်သူ Ron နဲ့ တက်တူးဆရာ Grez Bowman တို့က သူမရဲ့မျက်လုံးတွေအဖြစ် ဒီတက်တူးတွေရဲ့အသေးစိပ်ကိုပြန်ပြောပြခဲ့ပါတယ်။

အခုအချိန်မှာတော့သူမဟာဝေလနယ်မှာ တက်တူးအများဆုံးအမျိုးသမီးဖြစ်နိုင်တယ်လို့ထင်နေပြီး ဂင်းနစ်မှတ်တမ်းဝင်ဖို့တောင်မျှော်လင့်နေပါတယ်။

သူမဟာ ဖြည်းဖြည်းဆိုးဝါးလာတဲ့ မျိုးရိုးလိုက်တတ်ပြီး အမြင်အာရုံေ၀၀ါးကာ မျက်စိအမြင်ကိုချို့တဲ့စေပြီး Retinitis Pigmentosa ရောဂါခံစားနေရတာဖြစ်ပါတယ်။

သူမဆယ်ကျော်သက်အရွယ်ကစလို့အမြင်အာရုံချို့ယွင်းခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ မြင်နိုင်စွမ်း သုံးရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းအထိပဲရှိပါတော့တယ်။ ဒါပေမယ့်သူမဟာ တက်တူးနဲ့ပါတ်သတ်ပြီး ခုံမင်မှုရှိနေဆဲပဲလို့ပြောပါတယ်။

“ကျွန်မရဲ့ပထမဆုံးတက်တူးဖြစ်တဲ့ မြင်းပျံပုံကိုလွန်ခဲ့တဲ့ ၂၅ နှစ်ကထိုးခဲ့တာဖြစ်ပြီး အဲဒီ့တက်တူးကအဲဒီ့အချိန်ကစပြီး ထပ်တိုးလာခဲ့တာပါ။ ပြီးခဲ့တဲ့သုံးနှစ်လောက်က နေ့တစ်နေ့မှာ အိပ်ရာကထပြီးတော့ တစ်စုံတစ်ခုကစိတ်ထဲပေါ်လာတယ်။ နောက်တော့ ခန္တာကိုယ်အပြည့်တက်တူးထိုးတော့မယ်လို့ကျွန်မဆုံးဖြတ်လိုက်တယ်။ ကျွန်မ Grez ဆီကိုစသွားပြီး တစ်ပတ်ကို နှစ်နာရီထိုင်ထိုးတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်းမှာ နှစ်ဆတိုးပြီး လေးနာရီစာထိုးခဲ့တာ။ ကျွန်မကသူ့ကို နောက်ကျောမှာ အီဂျစ်ဟန်ထိုးချင်တယ်လို့ပြောခဲ့တယ်။ ကျန်တဲ့အပိုင်းကတော့သူလုပ်ချင်တာလုပ်ခွင့်ပေးခဲ့တယ်။ Grez နဲ့ Ron တို့ကကျွန်မရဲ့မျက်လုံးတွေလိုပဲ တက်တူးဘယ်လိုပုံပေါက်လဲဆိုတာကျွန်မကိုပြောပြတယ်” လို့ပြောပါတယ်။

ဒီတက်တူးဟာ ပေါင်ထောင်ပေါင်းများစွာကုန်ကျစေတာဖြစ်ပြီး အနာကျင်ဆုံးအစိတ်အပိုင်းတွေကတော့

ဒူးဒေါင်းရိုး၊ လက်မောင်အတွင်းပိုင်းနဲ့ ခြေကျင်းဝတ်တွေဖြစ်ကြောင်းနဲ့ နောက်ဆုံးအဆုံးသတ်ပြီးရင်တော့ ဘယ်တော့မှတက်တူးထပ်ထိုးတော့မှာ မဟုတ်ကြောင်း Ms Atkinson ကပြောပါတယ်။

တက်တူးတွေအများကြီးထိုးထားတဲ့ ခင်ပွန်းဖြစ်သူကလည်း “Fran ကလူသတိထားမိအောင်လုပ်တတ်တဲ့သူပါ။ သူမကလူတွေကို အထိပ်တလန့်ဖြစ်အောင်လုပ်ရတာနှစ်သက်တယ်။ သူမဘာကိုပဲလုပ်ချင်လုပ်ချင်ကျွန်တော် ထောက်ခံပေးခဲ့တာပါ။ တက်တူးတွေက စွဲလမ်းစေတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်သိပါတယ်” လို့ပြောသွားပါတယ်။

Ref:dailymail.co.uk
Trend Myanmar

ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းသူ သေဆုံးမှု အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မည်ဟုဆို


ဇွန်သီတာ၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၎

ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းသူ မနော်မေသူသူဇော်
သေဆုံးမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေရန် ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဒေါ်မီးမီးက ပြောဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး၌ ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီက
ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း
ပြောဆိုခဲ့ခြင်းဖြစ်သည်။

' ဒီအမှုမှာ ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်က အရမ်းအားနည်းတယ်။
မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေဟာ အမျိုးသမီးတွေအတွက် အကာအကွယ်မဲ့နေတယ်။ လူပျောက်လည်း တိုင်ထားတယ်။ အမျိုးသမီး အလောင်းလည်းတွေ့ထားတယ်။အထုပ်တွေထဲမှာလည်း ကျောင်းသား ကတ်တွေ၊ မှတ်ပုံတင်တွေ၊ အိမ်လိပ်စာတွေပါနေတယ်။ အဲဒါကို ရဲ တပ်ဖွဲ့က ကျောင်းကိုလည်း အကြောင်းမကြားဘူး၊ အိမ်ကိုလည်း အကြောင်းမကြားဘူး။ အဲဒါ ရဲတပ်ဖွဲ့တွေရဲ့ အားနည်းချက်တွေပဲ။
ဒီအမှုကို အမှုမှန်ပေါ်ပေါက်ဆောင်ဆက်ပြီးလုပ်ဆောင်သွားမှာပါ ' ဟု ၎င်းက ပြောဆိုသည်။

မနော်မေသူသူဇော် မသေဆုံးမီ ၂၀၁၃ ခုနှစ် ဧပြီ ၁၈ ရက်က ၁၉ ရက်တွင်
မှော်ဘီသို့ပြန်လာမည်ဟု မိဘများထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ၁၉ ရက် ညနေပိုင်း၌ ရဲမင်းဦးဆိုသူက မေသူ၏ သူငယ်ချင်းဟုဆိုကာ အိမ်ပြန်ရန် ကား ပေါ်သို့ တင်ပေးလိုက်ပြီ ရွာထိပ်မှာသွား ကြိုပေးလိုက်ပါဟု ဖုန်းဖြင့်ဆက်သွယ်ခဲ့သည့်အတွက် သွားကြိုခဲ့ရာ လုံးဝ ရောက်မလာဘဲ
ပျောက်ဆုံးနေခဲ့ကြောင်း၊ ၂၀ ရက်နေ့ ရန်ကုန်သို့ရောက်ရှိခဲ့ပြီး စုံစမ်းခဲ့ ရာတွင် ၁၉ ရက်နေ့ နံနက် ၁၁ နာရီက မမေသူ၏ ရည်းစားဆိုသူက လာရောက် ခေါ်သွားခဲ့သည်ဟု သိရသဖြင့် ကောင်လေးအိမ်သို့ သွားရောက်ခဲ့ရာ၌ ကားပေါ်တင်ပေးလိုက်ကြောင်း။ မသွားခင်မှာ
လျှောက်လည်ခဲ့သည်ဟုသာ သိရှိခဲ့ရကြောင်း မနော်မေသူသူဇော်၏
မိခင်ဖြစ်သူ ဒေါ်နော်မယ်စေးက ပြောဆိုသည်။

ဧပြီ ၁၉ ရက်က မရမ်းကုန်းရဲစခန်းသို့ လူပျောက်တိုင် ထားခဲ့ရာ အခြားရဲစခန်းများကိုပါ ချိတ်ဆက်ထားမည်ဟု ဖြေကြားခဲ့သော်လည်း ၂၀ ရက်နေ့တွင် အင်းစိန်ရဲစခန်းမှ အမျိုးသမီးအလောင်းရရှိထားပြီး လှိုင်သာယာရဲစခန်း၌ မေသူ၏ အထုပ်များ၊ ကျောင်းသားကတ်နှင့် မှတ်ပုံတင်ပါ ပိုက်ဆံအိတ် တို့ကိုရရှိထားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက အကြောင်းကြားခြင်းမရှိဘဲ ငါးရက်မြောက်နေ့မှ သိရှိခဲ့ရကြောင်း၊ ၂၁ ရက်နေ့တွင် မေသူ၏ ရည်းစားအိမ်မှ မေသူဝယ်ထားသည့်
မုန့်လက်ဆောင်ပစ္စည်းများရရှိခဲ့ကြောင်း၊ မေသူ၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံ၌ တွေ့ရှိခဲ့ရပြီး ဆရာဝန်က အဆုတ်ထဲရေ၀င်နေတယ်။
ရေနစ်သေဆုံးတယ်ဟု ပြောဆိုခဲ့ကြောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် အင်းစိန်မြို့နယ်တရားရုံး မှ မနော်မေသူသူဇော်အား အမှုအမှတ် ၁၁၂၊ သေမှုသေခင်း ပုဒ်မဖြင့် အမိန့်ချခဲ့ရာ အမှုဆုံးဖြတ်ချက်မမှန်ဟု သုံးသပ်ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်တွင် ခရိုင်ရုံးသို့ ပြင်ဆင်မှု အယူခံတက်ခဲ့သော်လည်း စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ခရိုင်တရားရုံး မှ သေမှုသေခင်းပုဒ်မဖြင့် အမိန့်ချခဲ့ကြောင်း ၎င်းက ဆက် လက်ပြောဆိုသည်။

' အလောင်းတွေ့စဉ် ရပ်ကွက်က လူတွေက ဓာတ်ပုံရိုက် ထားတာတွေကို တစ်ဆင့်တစ်ဆင့်ရတော့ မေသူမှာ ဒဏ်ရာတွေ့ရတော့ တရားရုံးကို
ပြန်သွားခဲ့တယ်။ ဒါပေမဲ့ နောက်ကျလို့တဲ့ အမှုကို လက်မခံဘူး။
ကောင်လေးက အင်းစိန်ရွာမမှာ နေတယ်။ ဒါတွေက ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှု အားနည်းလို့ပဲ။ အမှုမှန်ပေါ်ဖို့ ဆက်ပြီးလုပ်ဆောင်သွားမှာပါ ' ဟု ၎င်းက ပြောဆိုသည်။

မနော်မေသူသူဇော် သေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတရားရုံးက လျစ်လျူရှုထားမှုများရှိနေပြီးအမှုမှန် ပေါ်ပေါက်စေရန်အတွက် ကျောင်းသားသမဂ္ဂများက ကျေနပ်သည့်အဖြေထွက်သည်အထိ မဏ္ဍိုင်ဥပဒေအဖွဲ့နှင့် ပူးပေါင်းကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမှုနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးသိရှိစေရန် ပွင့်လင်းစွာ အမှုမှန်ကို ချပြစေချင်ကြောင်း
နိုင်ငံခြားဘာသာ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ မငြိမ်းချမ်းဝေက
ပြောဆိုသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ဝမ်ပေါင် ကုမ္ပဏီ ဆန္ဒပြမှုဖြင့် လက်ပံတောင်း ဒေသခံ ၉ ဦး ထပ်မံ ဖမ်းဆီးခံရ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ၂၀၁၃ မတ်လ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

လက်ပံတောင်း စီမံကိန်းနယ်မြေရှိ လျော်ကြေးငွေ မယူထားသည့် လယ်ယာမြေကို တရုတ် ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး လာခတ် မှု အပေါ် မကျေနပ်သဖြင့် ဆန္ဒပြ တားမြစ်ခဲ့ကြသော ဒေသခံ ၉ ဦးကို ယနေ့ နံနက်ပိုင်းက လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ ၀င်များက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်း သိရှိရသည်။

ဖမ်းဆီးခံရသူများတွင် ၀က်မှေးရွာမှ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း တို့ပါဝင်ကြောင်း ဒေသခံ ရွာသားများက ပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ၀က်မှေးကျေးရွာကြားရှိ လျော်ကြေးငွေ မယူထား သည့် လယ်ယာ မြေများပေါ်တွင် ယနေ့ နံနက်ပိုင်း ၅ နာရီခန့်က စတင်ပြီး တရုတ် ၀မ်ပေါင် ကုမ္ပဏီက ဘူဒိုဇာ စက်ကြီးများဖြင့် ထိုးကော်ပြီး ခြံစည်းရိုး လာခတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုလို လုပ်မယ်ကြားလို့ ရွာသားတွေက ညကတည်းက စောင့်နေကြတယ်၊ ၀မ်ပေါင်ဘက်က မနက်ပိုင်းမှာ စက်ကြီးတွေနဲ့ ရှေ့က ရှင်း၊ နောက်က တိုင်တွေစိုက်ပြီး ခြံခတ်ကြတာ။ စက်ထိုးတာ၊ ခြံခတ်၊ တိုင်စိုက်တာ လူ ၁၀၀ နီးပါးလောက် ရှိမယ်၊ အားလုံး တရုတ် လူမျိုးတွေပဲ။ တရုတ်တွေရဲ့ လုပ်ဆောင်မှုကို ရဲဝန်ထမ်းတွေက ရှေ့က ကာပေးထားတယ်”ဟု ဒေသခံ ရွာသား တဦးဖြစ် သူ ကိုတင့်အောင်စိုးက ပြောပြသည်။

ယင်းသို့ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး လာခတ်သည့်အတွက် မကျေနပ်သည့် ၀က်မှေးရွာသူ၊ ရွာသားများက စက်ကြီးများ သွားမည့် လမ်းကြောင်းတွင် သွားရောက် တားမြစ်ပြီး ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ရွာသူ၊ ရွာသားတွေကလည်း တားတယ်၊ အဲဒီလို တားလို့ မသွဲ့သွဲ့ဝင်းတို့ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား သုံးဦးကို အရင် အချုပ် ကားပေါ် တင်တယ်၊ နောက်မှ အမျိုးသမီး သုံးဦးကို ထပ်ဖမ်းပြီး ခေါ်သွားတယ်၊ အခု ဘယ်ကို ခေါ်သွားတယ် ဆိုတာ ကျနော်တို့ မသိရသေးဘူး၊ အခုတော့ အဲဒီ မြေနေရာတွေမှာ ခြံစည်းရိုးတွေ အားလုံး ခတ်ပြီးပြီ”ဟု ကိုတင့်အောင်စိုးက ပြောသည်။

မသွဲ့သွဲ့ဝင်းတို့ အဖမ်းခံရသည့် အခြေအနေနှင့် ပတ်သက်ပြီး ဆားလင်းကြီး မြို့မ ရဲစခန်းကို ဧရာဝတီမှ ဆက်သွယ် မေးမြန်းရာတွင် ရဲစခန်းမှ အထက်ပါ အခြေအနေများကို မသိရှိရသေးကြောင်း၊ ယနေ့ ဖြစ်ပွားမှုသည် တရုတ် ၀မ်ပေါင် ကုမဏီ အတွက် လုံခြုံရေး တာဝန် ယူထားသည့် ရဲများနှင့်သာ သက်ဆိုင်ကြောင်း ပြန်လည် ဖြေကြားသည်။

အဆိုပါ စီမံကိန်း အတွက် အနီးဝန်းကျင်ရှိ ၀က်မှေး၊ ဆည်တဲ၊ ဇီးတော၊ ကန်တော အပါအ၀င် ရွာပေါင်း ၂၆ ရွာ ရွှေ့ပြောင်း ခဲ့ရပြီး စိုက်ပျိုး ဧက ၇၈၀၀ ကျော် သိမ်းဆည်းခြင်း ခံခဲ့ရကြောင်း သိရသည်။

သိမ်းဆည်း ခံထားရသည့် လယ်ယာမြေများ အတွက် တရုတ် ၀မ်ပေါင် ကုမ္ပဏီက ပထမ အကြိမ် မြေယာလျော်ကြေး ပေးခဲ့သော် လည်း ရွာသူ၊ ရွာသားတချို့က လက်ခံ ရယူခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ရွာသားများအား ထောက်ပံ့ကြေး အနေဖြင့် မြေ အမျိုးအစား အပေါ် မူတည်ပြီး တရုတ် ၀မ်ပေါင် ကုမ္ပဏီက ကျပ် ၁၂ သိန်း၊ ၈ သိန်း၊ ၃ သိန်း အသီးသီး ပေးခဲ့ကြောင်းလည်း သိရသည်။

ဝမ်ပေါင် ကုမ္ပဏီက လယ်ယာမြေများ သိမ်းပိုက်ခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ၀က်မှေး ရွာသူ၊ ရွာသားများက မုံရွာမြို့ ဆုတောင်းပြည့် ဘုရားတွင် ၀တ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်နှင့် ပတ်သက်ပြီး ၀ှက်မှေးရွာသူများ ဖြစ် သည့် မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့ အဖမ်းခံ ခဲ့ရသည်။

ဧရာဝတီ

ရုပ်ရှင်ကားကောင်းများကို ပရိသတ်များစောင့်နေသည်


ရေးသားသူ- အေးသူစံ၊ ဥက္ကာကိုကို

စစ်အစိုးရလက်ထက် ဆယ်စုနှစ်နှစ်ခုကျော်ကာလအတွင်း ဆင်ဆာစနစ်ကို လက်ညှိုးထိုးရင်း တဖြည်းဖြည်းကျဆင်းလာခဲ့သည့် မြန်မာ့ရုပ်ရှင်လောကသည် ဆင်ဆာဖြေလျှော့မှုများ ပြုလုပ်ပြီးသည့်တိုင် မြန်မာပရိသတ်များအတွက် အရည်အသွေးမီဇာတ်ကားများ ထွက်မလာနိုင်သေးသည့်အပေါ် မည်သူ့တွင်တာဝန်ရှိသနည်းဟု မေးခွန်းထုတ်စရာဖြစ်လာပါပြီ။

ဆင်ဆာရှိစဉ်ကာလက ဆင်ဆာကိုလက်ညှိုးထိုးခဲ့ကြသည်။ ဆင်ဆာကင်းလွတ်သည့်ကာလတွင် ပရိသတ်အကြိုက်ကြောင့်ဟု လက်ညှိုးထိုးကြပြန်၏။ ထုတ်လုပ်သူများနှင့် ဈေးကွက်ကိုလည်း လက်ညှိုးထိုးကြဆဲဖြစ်သည်။ အချင်းချင်းလှည့်ပတ်လက်ညှိုးထိုးကြရင်းပင် အရည်အသွေးမမီသည့် ဇာတ်ကားများစွာထုတ်လုပ်ရင်း သံသရာလည်နေကြခြင်းဖြစ်သည်။

မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားရေးအတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေကြောင်း အစိုးရသစ်လက်ထက်တွင် ရုပ်ရှင်လောကသားအများစု မကြာခဏပြောခဲ့ကြသည်။မည်သို့ပြုပြင်ပြောင်းလဲမှုများ မြင်တွေ့ရမည်နည်းဟု စောင့်စားနေသူများအတွက်မူ အချိန်တွေသာကြာလာခဲ့ပြီး ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ဖော်ခြင်းကို မတွေ့ရပေ။

ထပ်နေသည့်ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်များနှင့်သာ ထူးမခြားနားဇာတ်ကားများ ထွက်ပေါ်လာနေဆဲဖြစ်သည်။ ဒေသတွင်းနိုင်ငံများကိုမဆိုထားနှင့်
ကိုယ့်ပြည်တွင်း၌ပင် ယက်ကန်ယက်ကန်ရုန်းနေရသော မြန်မာ့ရုပ်ရှင်သည် တိုးတက်မှုနှုန်းနှေးကွေးလွန်းနေကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလူမင်းကိုယ်တိုင်ဝန်ခံခဲ့သည်။

“ရွေ့လျားမှုတွေ နှေးကွေးနေပါသေးတယ်။ အကောင်အထည်ဖော်ဖို့ အများကြီးလိုအပ်နေပါသေးတယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်”ဟု ဦးလူမင်းက အကယ်ဒမီပေးပွဲတွင် ပြောခဲ့သည်။

စက်ပစ္စည်း၊ နည်းပညာ၊ ငွေကြေးစိုက်ထုတ်မှုတို့ မပြည့်စုံခြင်းကလည်း အရည်အသွေးမီဇာတ်ကားကောင်းများ ပေါ်ထွက်မလာရသည့်အကြောင်းရင်းဟု ဒါရိုက်တာတချို့က ကာကွယ်ပြောဆိုကြသည်။ ဆင်ဆာထိန်းချုပ်မှုလျော့သွားသော်လည်း ယိမ်းယိုင်နေသည့်ဈေးကွက်ကြောင့် ထုတ်လုပ်သူများက လိုအပ်ချက်များကိုဖြည့်ဆည်းရန် လက်တွန့်နေကြဆဲဖြစ်သည်။

ဇာတ်ကားတစ်ကား၏အသက်သည် ဇာတ်လမ်းဖြစ်ပြီး ဇာတ်လမ်းပေါ်မူတည်၍ ဇာတ်ကားဖြစ်ပေါ်စေရန် ဇာတ်ညွှန်းကို ရေးဖွဲ့ရခြင်းဖြစ်သည်။သို့သော် ယနေ့ခေတ်တွင် ရိုက်ကွင်းပေါ်ရောက်မှ မင်းသား၊ မင်းသမီးအပေါ်မူတည်၍ သင့်လျော်မည့်ဇာတ်ညွှန်းကို လက်ပူတိုက်ရေးသား၊ ဖြည့်စွက်၊ ညှိနှိုင်း၍ မင်းသား၊ မင်းသမီး အလိုတော်ကျပြုလုပ်လာကြသည်ကို တွေ့ရသည်။ မင်းသား၊ မင်းသမီးတို့ ရိုက်ကူးလိုသည့်အခန်းများကို ထပ်ဖြည့်နိုင်ရန်အတွက် ရိုက်ညွှန်းဟူ၍ ထပ်တိုးရေးသားနေကြသည့် အလေ့အထက မြန်မာ့ရုပ်ရှင်လောကအတွင်း ကြီးမားစွာအမြစ်တွယ်နေဆဲ။

“ပရိသတ်ကို ရုပ်ရှင်သမားတွေက အရမ်းလျှော့တွက်တယ်။ ကမ္ဘာမှာ ရုပ်ရှင်ဆိုတာ တိုင်းပြည်နဲ့လူမျိုးရဲ့မျက်နှာကိုကြည့်ပြီး ဖန်တီးတာ။ ဒီမှာကတော့ နာမည်ကျော်ကြားမှုနဲ့ ငွေကြေးရလိုမှုနောက်ကိုလိုက်တာ”ဟု စာရေးဆရာ ဇာတ်ညွှန်းရေးဆရာချစ်ဦးညိုကပြောသည်။

ငွေရလွယ်၍ ဇာတ်ညွှန်းကို ပြီးစလွယ်ရေးသားရိုက်ကူးသော်လည်း ဈေးကွက်ပျက်နေသည့် ယနေ့ကာလတွင် နာမည်ကြီးမင်းသား၊ မင်းသမီး သုံးလေးလက်ပေါ်မူတည်၍ ဇာတ်အိမ်ဖွဲ့ကာ ဆေးမြီးတိုနည်းဖြင့်ရိုက်ကူးသည့် ဇာတ်ကားများလည်းမတိုးသာပါ။

“ငွေနောက်လိုက်လို့ ငွေပြန်ပေါ်မယ့်ကားတွေ ရိုက်ပေမယ့်လည်း ဈေးကွက်က ပျက်စီးသလောက်ဖြစ်နေတဲ့အပြင် ပရိသတ်ကလည်း မြန်မာကားတွေကို စိတ်ပျက်နေတာကြာပြီ။ဒီတော့ ဒီကားတွေလည်း ထင်သလောက် ငွေပြန်မရတော့ဘူး”ဟု ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်ကဆိုသည်။

ငွေပြန်မပေါ်သော်လည်း ဆက်လက်ရိုက်ကူးနေကြသည့် အကြောင်းရင်းမှာ ယခင်လို အမြတ်အစွန်းမရတော့သော်လည်း အနည်းငယ်တော့ ပြန်ရနေသေးသောကြောင့်ပင်။

မြန်မာ့ရုပ်ရှင်လောက မတိုးတက်သေးသည့် အကြောင်းတစ်ခုမှာ ဖန်တီးတင်ဆက်ခဲ့သူများက ပရိသတ်အကြိုက်ဟုဆိုကာ ပေါ်ပင်ဇာတ်ကားများကိုသာ နှစ်ပေါင်းများစွာ ရိုက်ကူးလာခဲ့ကြခြင်းဖြစ်သည်။ မဲပြာပုဆိုးဇာတ်ကားများအကြား အသားကျနေသည့် အခြေခံလူတန်းစားတို့အဖို့ ထို့ထက်ပိုမိုသည့် ဇာတ်ကားများနှင့် ဝေးကွာလာခဲ့ပါသည်။ပရိသတ်အကြိုက်သာလိုက်၍ရိုက်ကူးမှ ငွေပြန်ရမည်ဟူသည့် အတွေးအခေါ်နှင့် ဆန်းသစ်တီထွင်လျှင် အကျိုးအမြတ်နည်းမည်ကို တွေးပူသည့်အတွက် ရဲရဲဝံ့ဝံ့မဖန်တီးခဲ့ကြပေ။ အဓိကအရေးကြီးသည့် ငွေကြေးစိုက်ထုတ်မှုကိုလည်း ထုတ်လုပ်သူများက မရင်းရဲကြပေ။ ထိုသို့ဖြင့် မြန်မာဗီဒီယိုဇာတ်လမ်းများသည် ဟာသနှင့် သရဲတစ္ဆေ၀ဲဂယက်အတွင်းမှာပင် နစ်မြုပ်လျက်ရှိပါသည်။

“ရုပ်ရှင်လောက တကယ်တိုးတက်ကောင်းမွန်ပြီး အဆင့်မီစေချင်ရင် ပြောနေကြတဲ့ ပရိသတ်အမြင်ဆိုတာကိုလည်း တဖြည်းဖြည်းချင်း ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ စီးပွားရေးသမားတွေကလည်း ပူးပေါင်းလာဖို့လိုတယ်။ အနုပညာရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပေးဖို့လိုပါတယ်”ဟု လူငယ်အမျိုးသမီး မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည့် ရှင်ဒေ၀ီကပြောသည်။

ရုပ်ရှင်ဇာတ်ညွှန်းများ ရေးသားလေ့ရှိသည့် စာရေးဆရာသင်းရီကလည်း “ရုပ်ရှင်လောက မပြောင်းလဲတာက မူစနစ်တွေကို တကယ်မပြင်လို့။ ငါးပွက်ရာငါးစာချတဲ့ကားတွေပဲ ရိုက်နေလို့။ ဇာတ်အိမ်မခိုင်၊ ၀တ္ထုကောင်း၊ ဇာတ်ညွှန်းကောင်းမရှိမှတော့ ဒီကားတွေ ဘယ်လိုမှမကောင်းနိုင်ဘူး။ လုပ်ယူရတာတွေများလာတဲ့အခါမှာ ရုပ်ရှင်အရသာပျက်စီးသွားတော့တာပဲ”ဟု သုံးသပ်သည်။

ရုပ်ရှင်ဇာတ်ကားဖန်တီးမှုများ တိုးတက်မလာသလို အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့၏ ရွေးချယ်မှုများအပေါ်တွင်လည်း မေးခွန်းထုတ်စရာများရှိလာပြီဟု ဝေဖန်သူတို့ကပြောကြသည်။

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုရွေးချယ်ရေးဘုတ်အဖွဲ့ကို ပြန်ကြားရေးဝန်ကြီဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ညှိနှိုင်းရွေးချယ်ခဲ့သည်။ ပြန်ကြားရေး၏ စွက်ဖက်မှုများမပါဝင်ဟု ကြေညာခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ရုပ်သေးရုပ်ဖြစ်သည့် အနုပညာရှင်ကြီးများကိုသာ ပြန်လည်အသုံးပြုခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ပြင်ပမှ ပညာရှင်ပါဝင်မှု နည်းပါးခဲ့သည့်အပေါ် အစည်းအရုံးထံသို့ အနုပညာရှင်များက တိုက်ရိုက်ကန့်ကွက်မှုများရှိခဲ့သည်။

သို့သော် အချိန်ပေးလုပ်ကိုင်နိုင်သူရှားပါးသည့်အတွက် ယခင်ကလူဟောင်းများကိုသာ ထည့်သွင်းနေရခြင်းဖြစ်သည်ဟု ရုပ်ရှင်အစည်းအရုံး၏ ပြန်ကြားရေးတာဝန်ခံ ဦးအေးကြူလေးကတုံ့ပြန်သည်။

“လက်ရှိလုပ်နေတဲ့သူတွေ ထည့်ရင်လည်း သူတို့ရိုက်ထားတဲ့ကားတွေပါနေတဲ့အတွက် ထည့်လို့မရဘူး။ အချိန်ပေးပြီးလုပ်မယ့်သူကလည်းရှားတယ်။ ဒါတောင် ဒီနှစ်ဘုတ်အဖွဲ့ထဲမှာ ကျွမ်းကျင်ပညာရှင်အသစ်တွေ ထည့်ထားပါတယ်။ ဆုမရတဲ့သူကလည်း သူမရရင်ပြောမှာပေါ့။ အကယ်ဒမီကတော့ ဘယ်သူတက်တက်၊ ဘယ်သူရွေးရွေး ပြောနေကြဦးမှာပဲ။ ကျေနပ်တယ်ဆိုတာမရှိဘူး”ဟု ဦးအေးကြူလေးကဆိုသည်။

အကယ်ဒမီဆုအတွက် အမှတ်ပေးစည်းမျဉ်းကလည်း ဒိုင်၁၇ ဦး၏ အမှတ်ပေးမှုအပေါ်တွင်သာ လုံးဝမူတည်နေပြီး မည်သည့်ဒိုင်က အမှတ်မည်မျှပေးသည်ဟု ထုတ်ဖော်ပြသနိုင်ခြင်းမရှိမှုက အားနည်းချက်ကြီးဖြစ်ကြောင်း လွတ်လပ်ခြင်းအနုပညာပွဲတော်ကို ဦးစီးကျင်းပခဲ့သည့် ဦးဇာဂနာကဝေဖန်သည်။

ဆုတစ်ဆုအတွက် ၉ မဲနှင့်အထက်မရရှိပါက ဆုပေး၍မရဟု သတ်မှတ်ထားခဲ့ရာ သတ်မှတ်သည့်မဲမရသဖြင့် ၂၀၁၂ ခုနှစ်အတွက် ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနှင့် အမျိုးသားဇာတ်ပို့ဆုတို့ နစ်နာခဲ့ရသည်။ အထူးသဖြင့် မော်ကင်းဥဒါန်းဇာတ်ကားတွင် အပိုအလိုမရှိ ကွက်တိသရုပ်ဆောင်သွားသော အမျိုးသားဇာတ်ပို့ဆုနှင့် ထိုက်တန်သည့် ညွန့်ဝင်း၊ မလေးရှားရုပ်ရှင်ပွဲတော်တွင် ဂျူရီလူကြီးမင်းများ အကြိုက်ဆုံးဇာတ်ကားဆုရရှိခဲ့သော ကယန်းအလှ၊ သရုပ်ဆောင်သစ်များ၏ သရုပ်ဆောင်မှု၊ လစ်ဟာမှုအချို့ရှိခဲ့သော်လည်း နိုင်ငံတကာအဆင့်မီပြီး ပညာရှင်များကပင် ချီးကျူးခဲ့ရသည့် ကယန်းအလှ၏ဇာတ်ညွှန်းတို့မှာ အံ့အားသင့်ဖွယ်ရာပင် ဆုနှင့်လွဲချော်သွားခဲ့ကြသည်။

“အကယ်ဒမီဆုရွေးချယ်မှုအဖွဲ့က ဓမ္မဓိဋ္ဌာန်ကျကျရွေးချယ်ရင် ခုလိုအငြင်းပွားမှုတွေဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ အကယ်ဒမီဆိုတာ အနုပညာရှင်မှ ရွေးချယ်တတ်တာမဟုတ်ပါဘူး။ အပြင်က ရုပ်ရှင်ကိုတကယ်ခံစားတတ်တဲ့ ရုပ်ရှင်ပရိသတ်ကျွမ်းကျင်သူတွေကိုလည်း ယှဉ်တွဲရွေးချယ်ခွင့်ပေးသင့်တယ်”ဟု မော်လမြိုင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က အကြံပြုသည်။

ဆင်ဆာဖြေလျှော့ပြီးနောက်ပိုင်း ဒုတိယမြောက်လိုက်လျောမှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက အကယ်ဒမီရွေးချယ်ရေးအဖွဲ့တွင် ရုပ်ရှင်နှင့်တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် ၀န်ကြီးဌာန၀န်ထမ်းများကို ဘုတ်အဖွဲ့ထဲမထည့်တော့သည့် ပြောင်းလဲမှုတစ်ခုကိုသာ ပြုလုပ်ပေးခဲ့သည်။

ယခင်နှစ်ကအထိ ညွှန်ကြားရေးမှူးချုပ်များက ဘုတ်အဖွဲ့ခေါင်းဆောင်နေရာကိုယူထားပြီး ယခုနှစ်တွင် ဒါရိုက်တာကြည်စိုးထွန်း၊ ဒါရိုက်တာမောင်နှင်းမိုးတို့ကို ခေါင်းဆောင်အဖြစ်ထားရှိခဲ့သော်လည်း ၎င်းတို့မှာ ပြန်ကြားရေး၏ လက်ကိုင်တုတ်များသာဖြစ်ကြောင်း ဝေဖန်ခဲ့ကြပြန်သည်။

“ကျွန်တော်တို့ကို လက်ကိုင်တုတ်လို့ စွပ်စွဲချင်စွပ်စွဲမှာပဲ။ ရုပ်ရှင်လောကမှာ တကယ့်ပညာရှင်က ရှားတယ်လေ။ နောက်ပိုင်းမျိုးဆက်သစ်တွေ ထွက်လာရင်တော့လည်း ဘုတ်အဖွဲ့ထဲပါချင်ပါမှာပေါ့”ဟု ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူးဦးသိန်းထွန်းအောင်ကပြောသည်။

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် ဝေဖန်မှုအများဆုံးကြုံရသည့် ဒါရိုက်တာဆုအတွက် ဒိုင်အဖွဲ့၏အကြောင်းပြချက်ကတော့ သရုပ်ဆောင်ပေါင်းများစွာကို နိုင်နိုင်နင်းနင်းကိုင်ကွယ်သွားနိုင်ခြင်းကြောင့် ထူးချွန်ဆုပေးရပါသည်ဟုဆိုကြသည်။

ဒါရိုက်တာမောင်သူရ(ဇာဂနာ)ကတော့ “ဒီအချက်ကို တော်တော်အံ့သြပါတယ်။ ဒီလိုသာဆို ကျွန်တော်တို့က ရုပ်ရှင်ရိုက်နေတာမဟုတ်တော့ဘူး။ ကလေးထိန်းကျောင်းဖွင့်ထားတာနဲ့ မတူဘူးလား။ လူအများကြီးကို ဇာတ်ခုံပေါ်တင်ပြီး တစ်ယောက်တစ်ပေါက်စကားပြောခိုင်းတာ။ ရန်ဖြစ်အော်ဟစ်နေတာကို ပရိသတ်ကိုကြည့်ခိုင်းတာက ရုပ်ရှင်မဟုတ်ဘူး။ ပြဇာတ်ပါ”ဟူ၍ ဝေဖန်လိုက်သည်။

မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုလောကတွင် လူအင်အားများစွာသုံးပြီး တစ်ယောာက်တစ်ပေါက် ဆူညံအော်ဟစ်ပြသည့် ကလိထိုးရယ်ခိုင်းသော ဟာသဇာတ်ကားများနှင့် ပီပြင်စွာမရိုက်ကူးနိုင်သောကြောင့် ဟာသကားသဖွယ်ဖြစ်နေကြသည့် သရဲဇာတ်လမ်းများက ကျယ်ပြန့်စွာနေရာယူထားခဲ့သည်။ ထုတ်လုပ်သူများကလည်း အမြတ်နည်းနည်းပြန်ရနိုင်သည့် ဖန်စီဇာတ်ကားများကိုသာ ထုတ်လုပ်ရန်ဆန္ဒရှိနေကြသည်။

“ထုတ်လုပ်ရေးဘက်မှာ ရင်းနှီးမြှုပ်နှံမှုငွေကြေးနည်းတဲ့အတွက် အနုပညာရှင်တွေဘက်မှာ လုပ်နိုင်တဲ့အင်အားနည်းသွားတယ်။ အနုပညာဝမ်းစာ ဘယ်လောက်ပြည့်ပြည့် ဒီငွေကြေးဘောင်ထဲမှာပဲ အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးနေရတယ်။ ဘယ်လောက်ပဲ လွတ်လပ်လာတယ်ပြောပြော ငွေစိုက်ထုတ်နိုင်မှုအင်အား နည်းပါးနေသေးတယ်”ဟု ဒါရိုက်တာဝင်းထွန်းထွန်းကပြောသည်။

ရုပ်ရှင်လောကတိုးတက်ရေးကို တွင်ကျယ်စွာအော်ဟစ်နေကြသည့် ရုပ်ရှင်လောကသားများထံမှလည်း တိုးတက်သည့်ဇာတ်လမ်း၊ ဇာတ်ကားများ ပြောပလောက်အောင် ထွက်ရှိမလာသေးပါ။ ရုပ်ရှင်တိုးတက်ရေးအတွက် တစ်ဦးအပေါ်တစ်ဦး လက်ညှိုးထိုးရင်းသာ ဂျာအေးသူ့အမေရိုက်ဆဲဖြစ်သည်။ အရှေ့တောင်အာရှတွင် ရုပ်ရှင်အဆင့်အတန်းနှင့်ပတ်သက်၍ မြန်မာ၏နောက်တွင် လာအို၊ ရုပ်ရှင်မထွက်သည့် ဘရူနိုင်းနှင့် အရှေ့တီမောလောက်သာ ကျန်ပါတော့သည်။

“ဆင်ဆာအရမ်းတင်းကျပ်တဲ့ နိုင်ငံတွေမှာတောင် အရည်အသွေးကောင်းတဲ့ရုပ်ရှင်တွေ ထွက်လာခဲ့ဖူးတာပဲ။ အဓိကက ဇာတ်ကားကောင်းဖို့ပဲလိုတယ်။ ပရိသတ်ကတော့ ပြရင်လက်ခံမှာပဲ။ အခုက ဒါမျိုးတွေပဲကြည့်ရတော့ ဒီသံသရာထဲမှာပဲလည်နေတယ်”ဟု ၀ဿန်ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေးမန်နေဂျာ ဒေါ်သူသူရှိန်ကသုံးသပ်သည်။

ယခုနှစ်အပိုင်းအခြားတွင် လူငယ်များအနေဖြင့် ပိုမိုဖန်တီး၊ လေ့လာမှုအားကောင်းလာပြီး တစ်နှစ်ထက်တစ်နှစ် သိသာစွာအရည်အချင်းတိုးတက်လာမှုက ၀မ်းသာစရာဖြစ်ကြောင်း ဒေါ်သူသူရှိန်ကဆက်ပြောသည်။

နိုင်ငံတကာမှပညာရှင်များ လာရောက်၍ ဇာတ်ညွှန်းရေးသားနည်း ရက်တိုသင်တန်းပေးမှုများ စိပ်နေသဖြင့် လူငယ်ပညာရှင် များများပေါ်ထွက်လာနိုင်ဖွယ်လည်း ရှိနေသည်။

“ဇာတ်ညွှန်းက အဓိကကျတဲ့နေရာပါ။ အဆင့်မီတွေးတောရေးသားနိုင်မယ့် လူငယ်တွေလိုပါတယ်။ ကူးချတာမျိုးမဟုတ်ဘဲ ကိုယ်ပိုင်တွေးခေါ်ဖန်တီးနိုင်ဖို့ အထူးလိုအပ်နေပါတယ်”ဟု လူငယ်အမျိုးသမီးဒါရိုက်တာရှင်ဒေ၀ီကဆိုသည်။

အရာအားလုံးပြောင်းလဲပစ်ဖို့ လိုအပ်နေသည့် မြန်မာ့ရုပ်ရှင်လောကသည် တိုးတက်ရေးကို ပါးစပ်နှင့်အော်နေရုံဖြင့်မရပါ။ အလုပ်နှင့် တကယ်သက်သေပြရန် လိုအပ်ပါသည်။ မဲပြာပုဆိုးဇာတ်လမ်းထဲမှ ရုန်းထွက်၍ အရည်အသွေးမီမီ တွေးတောဖန်တီးရေးသားနိုင်သည့် ဇာတ်ညွှန်းရေးဆရာများ လိုအပ်နေသည်။ မိမိအနုပညာကို ရဲရဲဝံ့ဝံ့ချပြရဲသည့် သတ္တိရှိသောဒါရိုက်တာများ လိုအပ်နေသည်။ မျိုးဆက်သစ်ပညာရှင်များစွာ မွေးထုတ်ပံ့ပိုးပေးနိုင်ရန် လိုအပ်နေပါသည်။ ပစ္စည်းနှင့်ငွေကြေးထောက်ပံ့နိုင်မည့် တကယ်စေတနာရှိသော ထုတ်လုပ်သူများ အဓိကလိုအပ်နေပါသည်။

အနုပညာအရည်အသွေးမြင့်မားမှုကိုအခြေခံ၍ အချိန်ယူရိုက်ကူးထုတ်လုပ်လာမည့် ဇာတ်ကားကောင်းများကို ပရိသတ်က စောင့်မျှော်နေပါပြီ။ မြန်မာနိုင်ငံမှ ရုပ်ရှင်ပညာရှင်များ မညံ့ကြပါ။ ပရိသတ်ကို အထင်မသေးဖို့လိုပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7 Days News

ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည် စခန်းများတွင် တစ်နှစ်အတွင်း ဒုက္ခသည် ၇ ရာခိုင်နှုန်း လျော့နည်းသွားဟုဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ပြည်တွင်းစစ်များ၊ ပဋိပက္ခများကြောင့် ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင် ခိုလှုံခဲ့ကြသည့် စစ်ဘေးသင့် ဒုက္ခသည် စခန်းများတွင် လတ်တလော ကောက်ယူထားသော စာရင်းများအရ ၂၀၁၃ ခုနှစ် တစ်နှစ်အတွင်း ဒုက္ခသည် ၇ ရာခိုင်နှုန်းကျော် လျော့နည်းသွားကြောင်း နယ်စပ်ဒေသ အကူအညီပေးရေး ညွှန်းပေါင်းအဖွဲ့ (TCB) မှ ပြောရေးဆိုခွင့်ရှိသူ Mr.Mike Bruce က The Voice သို့ ပြောကြားသည်။

၂၀၁၂ ခုနှစ် အကုန်ပိုင်းတွင် ကောက်ယူထားသော စာရင်းများအရ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် စုစုပေါင်း ဒုက္ခသည် ၁၂၈,၂၀၀ ဦး ရှိခဲ့သော်လည်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အကုန်ပိုင်းတွင် ကောက်ယူထားသော စာရင်းများအရ ဒုက္ခသည်ဦးရေမှာ ၁၁၉,၁၅၆ ဦးအထိ လျော့နည်းသွားပြီး ဒုက္ခသည်ဦးရေ ၁၇,၉၀၅ သည် ဒုက္ခသည်စခန်းများမှ ထွက်ခွာသွားကြောင်း ၎င်းက ရှင်းပြသည်။

ဒုက္ခသည်စခန်းများမှ ထွက်ခွာသွားသော အဆိုပါ ဒုက္ခသည် တစ်သောင်းကျော် နက် ၇,၆၄၉ ဦးသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အစီအစဉ်အရ တတိယ နိုင်ငံသားအဖြစ် လွှဲပြောင်းခံယူ သွားသူများ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ကျန်ရှိသော ဒုက္ခသည်များမှာ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခြင်း၊ သေဆုံးခြင်း၊ အလုပ်အကိုင်သစ် ရရှိသွားခြင်းတို့ကြောင့် ဒုက္ခသည် စခန်းများမှ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် နယ်စပ်ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် တစ်သောင်းခုနစ်ထောင်ကျော် လျော့နည်း သွားသော်လည်း စခန်းများသို့ ဒုက္ခသည်အသစ် ၈၀၀၀ ကျော် ထပ်မံတိုးပွား လာသောကြောင့် လက်ရှိ အနေအထားအရ အသားတင် လျော့နည်းသွားသော ဒုက္ခသည်ဦးရေမှာ ၉,၀၄၄ ဦး ဖြစ်သွားကြောင်း TCB ၏ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စဆယ်လီသွန်မ်ဆင်က ပြောကြားသည်။

ယင်းအသစ်တိုးလာသော ဒုက္ခသည် ၈၀၀၀ ကျော်အနက် ၅၀၀၀ ကျော်သည် နိုင်ငံရေး ခိုလှုံခွင့် တောင်းဆိုသည့် ဒုက္ခသည်များ ဖြစ်ပြီး၊ ကျန် ၃၀၀၀ ကျော်မှာ ၂၀၁၃ ခုနှစ်အတွင်း မွေးလာခဲ့သော ကလေးငယ်များ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ထို့ကြောင့် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအတွက် လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ဒုက္ခသည်စခန်းမှ ထွက်ခွာသွားသော ဒုက္ခသည် အများစုသည် နေရပ်ပြန်သွားခြင်း မဟုတ်ဘဲ ရွှေ့ပြောင်း လုပ်သားများအဖြစ် အလုပ်လုပ်ကိုင်ရန် ထွက်ခွာကြသူများ ပိုများကြောင်း Mr.Mike ကဆိုသည်။

TCB အပါအဝင် ကုလသမဂ္ဂ၊ မြန်မာအစိုးရ၊ ထိုင်းအစိုးရနှင့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ၏ ဘုံသဘောထားမှာ လက်ရှိ အခြေအနေသည် ဒုက္ခသည်များအားလုံး စနစ်တကျ ပြန်လည် အခြေချ နေထိုင်ရေးအတွက် အခြေအနေကောင်းများ မဟုတ်ဟု လက်ခံထားကြကြောင်း ၎င်းက ရှင်းပြသည်။

TCB သည် ၁၉၉၄ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံမှ စစ်ဘေးဒုက္ခသည်များ၊ အိုးအိမ်ပျက်စီး၍ ရွှေ့ပြောင်း နေထိုင်နေရသော ဒုက္ခသည်များကို စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း ထောက်ပံ့ခြင်း၊ စွမ်းရည် မြှင့်တင်ရေးနှင့် ရပ်ရွာအခြေပြု စီမံခန့်မှုဆိုင်ရာ သင်တန်းများ ပို့ချပေးလျက် ရှိသည်။

TCB ခေါ် နယ်စပ်ဒေသ အကူအညီ ပေးရေး ညွှန့်ပေါင်း အဖွဲ့သည် နိုင်ငံပေါင်း ၈ နိုင်ငံမှ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း ၁၀ ခုဖြင့် ပေါင်းစည် ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်သည်။

The Voice Weekly

လူငယ်တွေကို Sex အကြောင်း ပြောကြရအောင်


ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက်ရင်တောင် ယောကျာ်းလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့်ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့မိခင်၏ ဆုံးမစကားကို မပန်းအိခိုင် အလေးထားခဲ့၍ ဖြစ်သည်။

ပဲခူးက သူ့ သူငယ်ချင်းတွေကိုလည်း သူတို့ မိဘတွေက လိင်မှုကိစ္စကို ရှောင်ရှားဖို့ ဆုံးမခဲ့ကြ သည်။ “ယောကျာ်းတယောက်ကို ကျမ ထိလို့တောင် မရဘူး၊ ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ ကျမ ရာသီသွေး စပေါ်တဲ့ အချိန်တုန်းက အမေက ပြောတယ်။ ဒါကြောင့် ကျမ သိပ်ကြောက်သွားပြီး ကင်းကင်းပဲ နေခဲ့တယ်” ဟု မပန်းအိခိုင်က ပြောသည်။

သို့သော်လည်း ဒီအယူအဆကို လွန်ခဲ့သော ၃ နှစ်ခန့်က စပြီး စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်ရောက်သည့်အချိန်တွင် ကျန်းမာရေး ပညာကို လေ့လာသင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အချိန်တွင် အစိုးရဝန်ထမ်း သားဖွားဆရာမ တဦး ဖြစ်လာခဲ့သည်။ သားဆက်ခြားခြင်း အကြောင်းကို လူ့အဖွဲ့အစည်းအတွင်း ဆွေးနွေးခြင်းက အကျိုးဖြစ် ထွန်းနိုင်မည်ဟု ဆေးပညာသင်တန်းမှာ သင်ကြားခဲ့ ရသည်ကို မပန်းအိခိုင် ကိုယ်တိုင်က ယုံကြည်ထား သော်လည်း လူတွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းမပြုနိုင်ဟု သူက ဆိုသည်။ ဒီလိုလုပ်ဖို့က ကျေးရွာ အများစုတွင် အခက်အခဲဖြစ်နေသည်။

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အထူးသဖြင့် မြို့များတွင် ကျန်းမာရေးဝန်ထမ်းများက ကွန်ဒုံးများ ဝေငှပြီး လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်ခြင်း နည်းလမ်းများကို ဆွေး နွေးပေးနေသည်။ သို့သော်လည်း မပန်းအိခိုင် တာဝန်ထမ်းဆောင်နေသော ရခိုင်ပြည်နယ်၏ကျေး လက်ဒေသများနှင့် မြန်မာနိုင်ငံတလွှားမှ အခြား ဝေးလံသည့် ဒေသများတွင် မျိုးဆက်ပွား ကျန်းမာ ရေးနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုအကြောင်း များကို ဆွေးနွေးပြောဆိုခြင်း မပြုသင့်သည့် အရာ များအဖြစ် သဘောထားကြသည်။

“အကြောင်းအရာက စိမ်းနေတယ်လေ၊ ပြီး တော့ ကွန်ဒုံးကို အသုံးပြုရတာ ရှက်စရာကောင်း တယ်လို့ မြင်ကြတယ်။ ရိုးရာယဉ်ကျေးမှုအရ လက် မထပ်ခင် လိင်ဆက်ဆံတာကို မှားယွင်းတဲ့ ကိစ္စလို့ မြင်နေကြတယ်” ဟု မပန်းအိခိုင်က ပြောပြသည်။

ရန်ကုန်မြို့က လူငယ်ဆရာဝန်တယောက်ကမူ ကွဲပြားသည့် နည်းလမ်းတခုကို အကောင်အထည် ဖော်ကြည့်နေသည်။ အစဉ်အလာ ယုံကြည်မှုအရ တားမြစ်ထားသည့် အကြောင်းအရာများကို မျက်နှာ ချင်းဆိုင် ပြောဆိုပြီး စိတ်ကသိကအောင့်ဖြစ်ရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် လိင်ကျန်းမာရေးနှင့် ပတ် သက်၍ သိလိုသည့် လူငယ်ယောကျာ်းလေးများ၏ မေးခွန်းများကို တယ်လီဖုန်းထဲမှ ဖြေဆို အကြံပေး သည့် အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ ဆရာဝန် များ အသင်းကလည်း ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိခြင်း၊ သားဆက်ခြားခြင်းနှင့် လိင်ဆက်ဆံ ခြင်းမှ ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိလိုသည့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးငယ်များ ပြောဆိုဆွေးနွေးနိုင်ရန်အတွက် သီးခြားတယ်လီဖုန်းလိုင်းတခု ပြုလုပ်ပေးထားသည်။

ဖုန်းဆက်လာသူအချို့က အစပိုင်းတွင် ရှက် နေကြသည်ဟု ယောကျာ်းလေးများအတွက် ဖွင့်လှစ် ထားသော ဖုန်းလိုင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက တာဝန်ယူပေးနေသော အသက် ၂၆ နှစ်အရွယ် ကိုဇာနည်ဝင်းက ပြောပြသည်။ ဖုန်း ဆက်သူ တနေ့လျှင် ၅ ဦးခန့် ရှိသည်ဟုလည်း သိရ သည်။

“ဘာဖြစ်လို့လဲဆိုတော့ ဒါက လျှို့ဝှက်ပေးရမယ့် ကိစ္စလေ။ သူတို့ ကျနော့်ကို နာမည်ပြောပြဖို့ မလိုဘူး။ ဒါကြောင့် သူတို့ရဲ့ပြဿနာတွေကို အလွယ် တကူပဲ ထုတ်ဖော်ပြောပြကြတယ်” ဟု ကိုဇာနည်ဝင်း က ပြောပြသည်။

သို့သော်လည်း လူအများစုက မိုဘိုင်းဖုန်း ကွန်ရက်ကို သုံးစွဲနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် တယ်လီဖုန်းဖြင့် ဆွေးနွေး ဖြေကြားပေးခြင်းက အလုံးစုံ ထိရောက်သည့် နည်းလမ်းတခု မဟုတ်ပါ။ ပွင့်လင်းစွာ ဆွေးနွေးရေးအတွက် ကန့်သတ်မှုတွေ ရှိနေသည်။ များသောအားဖြင့် မိဘများက ၄င်းတို့၏ သားသမီးများကို မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ ပြောပြခြင်း မရှိကြပါ။ အမျိုးသမီးအချို့က ရာသီသွေးပေါ်ခြင်းနှင့် ပတ်သက်၍ တကယ်ဖြစ်လာသည့် အချိန်အထိ သိထားခဲ့ခြင်းမရှိကြောင်း ပြောကြသည်။ အစိုးရက ကျောင်းသင်ရိုးညွှန်းတမ်းတွင် လိင်ပညာပေး သင်ခန်းစာများ ပေါင်းစပ်ထည့်သွင်း ရန် ကြိုးစားနေသော်လည်း ဆရာ၊ ဆရာမများက လိင်အကြောင်း သင်ကြားဆွေးနွေးရန် စိုးရိမ်မှုတွေ ရှိနေကြဆဲ ဖြစ်ပါသည်။ လိင်မှုရေးရာ ဗဟုသုတများ ကို ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် သူတို့၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်လာမှာကိုကြောက်ရွံ့ နေကြသည်။

မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံ အများ အပြားမှာကဲ့သို့ပင် အငြင်းပွားဖွယ်ရာ ဖြစ်နေသေး သည့် မေးခွန်းတခုကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် အဖြေရှာနိုင်ဖို့ အားထုတ်နေရသည်။ ဆယ်ကျော် သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ဆက်ဆံ ခြင်းမှ ကူးစက်နိုင်သောရောဂါများနှင့် လိင်အကြမ်း ဖက်မှုများကို ကာကွယ်သည့် နည်းလမ်းတခုအနေဖြင့် ပြည့်စုံပြီး အားလုံးကိုလွှမ်းခြုံနိုင်သော လိင်ပညာပေး ခြင်းကို မည်သို့ ဟန်ချက်မျှတအောင် ပြုလုပ်နိုင်မည် နည်း ဆိုသည့် မေးခွန်းပင်ဖြစ်၏။

အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ကြည့် လိုက်လျှင် မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီး ရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ် အတွင်းက ကျန်းမာရေး ဝန်ကြီး၏ လူငယ်များ ကွန်ဒုံးအသုံးပြုမှု မြှင့်တင်နိုင် ရန် အားထုတ်မှုသည် ဆယ်ကျော်သက်အရွယ် လိင် ဆက်ဆံမှုကို တွန်းအားပေးသလိုဖြစ်မှာ စိုးရိမ်ကြသူ များ၏ လှောင်ပြောင်သရော်မှုခံခဲ့ရသည်။ ပညာရေး ဌာနမှ တာဝန်ရှိသူများက အထက်တန်းကျောင်းသူ များကို အပျို စစ်၊ မစစ် စစ်ဆေးရန် အဆိုပြုခဲ့ခြင်းကို လည်း အစွန်းရောက်လွန်းသည်ဟု ထင်မြင်ခြင်းခံခဲ့ရ သည်။

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တွင်မူ လိင်မှုကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမှု ပိုရှိ သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဆရာ၊ ဆရာမ များသည် သူတို့၏ ကျောင်းသူကျောင်းသားများနှင့် လိင်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြော ဆိုဆွေးနွေးရန် တွန့်ဆုတ်နေကြဆဲ ဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ပြောကြသည်။

Sex ကိစ္စ တခုတည်း မဟုတ်ပါ

အရှေ့တောင် အာရှနိုင်ငံ အများအပြားမှာ လိုပင် မြန်မာနိုင်ငံတွင်လည်း မိန်းကလေးများသည် သူတို့ လက်ထပ်သည့် အချိန်အထိ အပျိုစင်ဘဝနှင့် ရှိနေဖို့ မျှော်လင့်ကြသည်။ ကွန်ဒုံးများကို စတိုးဆိုင် များတွင် ရရှိနိုင်ပြီး ရန်ကုန်မြို့၏ စည်ကား ရှုပ်ထွေး သည့် လမ်းများဘေးတွင် ရောင်းချနေသည့် ဆိုင် များတွင်ပင် ရရှိနိုင်သော်လည်း အရွယ်ရောက်ပြီးသူ လူငယ်များသည် သူတို့အိတ်ထဲတွင် ကွန်ဒုံးတခု တွေ့သွားလျှင်ပင် လူတကာနှင့် လိင်ဆက်ဆံသည်ဟု ထင်မြင်ခြင်းခံရမှာကို စိုးရွံ့ကြသည်။ ကိုယ့်ဘာသာ စိတ်ဖြေခြင်းကိုလည်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များက လုံခြုံစိတ်ချရသည့် လိင်ပိုင်းဆိုင်ရာ အလေ့အထတခုအဖြစ် သတ်မှတ်ပြောဆိုကြသော် လည်း ညစ်ညမ်းသော ရှက်ရွံ့စရာကိစ္စတခုအဖြစ် ယူဆကြသည်။ စုံတွဲများသည် လက်ချင်းဆုပ်ကိုင် ထားသည်ကလွဲ၍ လူမြင်ကွင်းတွင် ချစ်ခင်ကြင်နာဟန်ပြသည်ကိုလည်း မြင်ရခဲသည်။ အများပြည်သူ နှင့်ဆိုင်သည့် ပန်းခြံများထဲတွင် အခြားသူများ မမြင်နိုင်အောင် ထီးနှင့်ကွယ်၍ တယောက်ကိုတယောက် ဖက်ထားသည့် စုံတွဲတွေကို ရန်ကုန်မှာ မြင်ရလေ့ရှိသည်။

“ကျမတို့ ဒီအကြောင်းကို ဘယ်တော့မှပြောမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံးအတွက် ထုတ်ပြောဖို့ ရှက် စရာ ကောင်းပါတယ်။ နောက်ပြီး ဒါက ကျမတို့ ယဉ်ကျေးမှုပါ” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူပွင့်အောင်က ပြောသည်။

သူ၏ သူငယ်ချင်းဖြစ်သူ မွန်ပြည်နယ်မှ မဖြူဖြူဝင်းသည်လည်း အသက် ၂၂ နှစ်အရွယ်ရှိပြီး ရည်းစားရှိသူလည်း ဖြစ်သည်။ သို့သော်လည်း ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို နားမလည်ကြောင်း ပြောသည်။

“ကျမတို့အနေနဲ့ လက်မထပ်ခင် အပျိုစင် ဘဝကို ထိန်းသိမ်းထားရမယ်။ ဒါ မြန်မာ့ယဉ်ကျေး မှုပါ။ လက်ထပ်တဲ့ အချိန်မှာ အပျိုမဟုတ်ဘူးဆိုရင် သိက္ခာကျမယ်လေ” ဟု မဖြူဖြူဝင်းက ဆိုသည်။

မိဘများနှင့် လိင်အကြောင်း ဆွေးနွေးရန်လည်း အခွင့်အရေးမရှိပါ။ “ဒီလို ရွံစရာကောင်းတဲ့ကိစ္စကို ဘာဖြစ်လို့ ပြောချင်တာလဲလို့ သူတို့က ကျမကို မေးကြလိမ့်မယ်။ ဒီအကြောင်းတွေပြောရတာ မရှက် ဘူးလားလို့ ပြောကြလိမ့်မယ်” ဟု သူကပြောသည်။

၈ တန်းကျောင်းသူ ဘဝတုန်းက ကျောင်းမှာ HIV နှင့် ပတ်သက်၍ သင်ကြားဖူးကြောင်း မဖြူပွင့်အောင်က ပြောသည်။ ပြည်တွင်း NGO တခုက ပြုလုပ်သည့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများအကြောင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးသော်လည်း ကြားသိခဲ့ရသည့် လုံခြုံ စိတ်ချရသည့် လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အချက်အလက်များကို မဖြူဖြူဝင်း ပြန်မပြောပြနိုင် ပါ။ အိမ်ထောင်ကျပြီးမှသာ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ ကျန်းမာရေးပညာပေး စာအုပ်တွေ ဖတ်ခြင်းဖြင့် လည်းကောင်း ကိုယ့်ဘာသာ လေ့လာကြဖို့ သူတို့ စိတ်ကူးထားသည်။

လိင်မှုကိစ္စ အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဉ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် ခြောက်ပစ်ကင်းဟု မဆိုနိုင်သည့်နေရာ ဖြစ်ပါသည်။ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တရား ဝင် မဟုတ်သည့်တိုင် ရန်ကုန်လို မြို့ကြီးများတွင် အလွယ်တကူ ရှာတွေ့နိုင်ပါသည်။ ကာမ အားတိုး ဆေးများကိုလည်း မှောင်ခိုဈေးကွက်တွင် ဈေးချိုချို နှင့် ဝယ်ယူလို့ရနေသည်။ တက္ကသိုလ်ကျောင်းများ အနီးတွင် ကျောင်းသားကျောင်းသူ စုံတွဲများအတွက် နာရီပိုင်းနှင့် အခန်းငှားပေးသည့် တည်းခိုခန်းများ ရှိနေသည်။

လိင်ပညာပေးမှု အားနည်းခြင်းကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ခဲ့ရသည်ဟု မျိုးဆက်ပွား ကျန်းမာရေးအတွက် ဆောင်ရွက်နေသူများက ပြော ကြသည်။ ငယ်ရွယ်သူများ လိင်ဆက်ဆံကြောင်း သိရှိပါက ၄င်းတို့၏ဆန္ဒမပါဘဲနှင့် အတင်းလက်ထပ် ပေးစားခြင်းခံရ၏။ မလိုချင်ဘဲ ရှိလာသည့် ကိုယ်ဝန် ကြောင့် ကလေးမမွေးချင်ဘဲ မွေးရသလို အန္တရာယ် များသည့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေလည်း ပေါ်ပေါက်လာရသည်။

အခြားသော စိုးရိမ်စရာ အကြောင်းအရာတခု ဖြစ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလိုမတူ ဘဲ သားမယားပြုကျင့်မှုများအတွက် ရန်ကုန်မြို့မှ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတဦး ဖြစ်သည့် မထားထားက ဘတ်စ်ကားပေါ်တွင် အမျိုးသမီးများ မဖွယ်မရာ စော်ကားနှောင့်ယှက်ခံနေရခြင်းကို ဆန့် ကျင်သော လှုပ်ရှားမှုတခု ဆောင်ရွက်နေကြောင်း ပြောသည်။

ငယ်ရွယ်သော မိန်းကလေးများသည် ဖြူစင်စွာ နေထိုင်လိုကြပြီး လိင်ကိစ္စနှင့် ပတ်သက်၍လည်း အလွန်ရိုးရှင်းစွာပင် နားလည်ထားတတ်ကြသည်ဟု မထားထားက ပြောသည်။ အမျိုးသားများမူ လိင် ကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ လိုချင်ကြပြီး အမျိုးသမီးများသည် ညစ်ညမ်းစာအုပ်များကို ဖတ် လေ့ရှိကြသည်ဟုလည်း သူကဆိုသည်။

မထားထားက “အခရာ”ဟု အမည်ရသည့် အမျိုး သမီးကွန်ရက်တခုကိုဦးဆောင်နေပြီး ယောကျာ်း- မိန်းမ တို့၏ အခန်းကဏ္ဍ၊ ဖိုမ သဘာဝ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခြားသော အမျိုးသမီးရေးရာကိစ္စ များကို ဆွေးနွေးရန်အတွက် လစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု သတင်းများ မှန်မှန်ကြားနေရကြောင်း ပြောပြသည်။ ဆွေးနွေးပွဲများသို့ တက်ရောက်သူ အမျိုးသမီးဦးရေ ပိုများလာပြီး အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော် အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။

“အိမ်ဖော်အမျိုးသမီးတွေကနေပြီးတော့ ကုမ္ပဏီ ဒါရိုက်တာတွေအထိ ပါဝင်ပါတယ်” ဟု မထားထား က ဆိုသည်။

အမျိုးသမီး ကွန်ရက်ကို မတည်ထောင်မီက မြန်မာနိုင်ငံတွင် HIV ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံတကာ NGO တခုဖြစ်သည့် Burnet Institute တွင် ဖိုမ သဘာဝနဲ့ပတ်သက်၍ လေ့ကျင့် သင်တန်းပေးသူ အဖြစ် လုပ်ခဲ့ပါသည်။ လုပ်ခဲ့သော်လည်း ထိုအချိန် က ဖိုမ သဘာဝနှင့် ပတ်သက်သော သူ၏သိနား လည်မှုသည် အကန့်အသတ်နှင့်သာ ဖြစ်သည်။

“ကွန်ဒုံးတွေအသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျမတို့သိတယ်။ ဒါပေမယ့် မသုံးချင်တဲ့သူအတွက် ဘာဆက်ပြောမလဲ။ ပြောဆိုဆွေးနွေးမှုက အမြဲတမ်း ရပ်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မသိ ဘူး။ ဒါမှမဟုတ် လိင်ကိစ္စရဲ့ သာယာမှုအကြောင်း ကို မပြောချင်ကြဘူး။ ကျမတို့ကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်နဲ့ အမျိုးသမီးတို့ရဲ့ လိင်သဘာဝကို ဆွေးနွေးဖို့အတွက် လေ့ကျင့်ပေးမထားဘူး” ဟု မထားထားက ပြောသည်။

၂၀ဝ၈ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ ရောက်လာ သော လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တယောက်ထံ တွင် သူ၏ မိတ်ဆွေများနှင့်အတူ အမျိုးသမီး လိင် သဘာဝနှင့် မျိုးဆက်ပွား ကျန်းမာရေးအကြောင်း သင်ကြားခွင့်ရခဲ့ပြီးနောက် သူ၏ အသိုင်းအဝိုင်း အတွင်းမှ အခြားသူများကိုလည်း ပညာပေးဖို့ မထားထား ဆုံးဖြတ်လိုက်သည်။

ယနေ့အချိန်တွင် သူက ကျောင်းများတွင် ဖြစ် နိုင်လျှင် သူငယ်တန်းအဆင့်ကစတင်ပြီး လိင်ပညာ ပေး သင်ခန်းစာများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြား ပေးဖို့ တောင်းဆိုနေသည်။

“လိင်ပညာပေး သင်ခန်းစာတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ လူတွေကပြောကြ တယ်။ အဲဒါ သူတို့ နားမလည်လို့ ပြောကြတာပါ။ သူတို့က လိင်ပညာပေးသင်ခန်းစာ ဆိုတာ လိင် ဆက်ဆံတဲ့အကြောင်းလို့ ယူဆကြတယ်။ ဒါ မဟုတ် ပါဘူး။ ကျမတို့ရဲ့ ကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်း ပါ။ ကျမတို့ စက္ကန့်တိုင်း အသုံးပြုနေရတဲ့ ကိုယ်ခန္ဓာ အကြောင်းပါ။ သူတို့ ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်လို ဂရုစိုက်ထိန်းသိမ်းရမယ်ဆိုတာကိုနားလည် ဖို့ လိုအပ်ပါတယ်” ဟု မထားထားက ဆိုသည်။

ကိုယ့်ရဲ့ ကိုယ်ခန္ဓာအကြောင်းကို သိတာဟာ ယဉ်ကျေးမှုကို ဆန့်ကျင်တာမဟုတ်ပါဘူး” ဟုလည်း သူကပြောသည်။

ဘယ်လိုပဲ ခေါ်ခေါ်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လိင်ပညာပေး ခြင်းကို HIV ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်နေသည်။ AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် အဓိက အလေးထားရမည့် အရာဖြစ်နေပြီး လိုအပ်သည့် ထောက်ပံ့မှု အရင်းအမြစ် အားနည်းမှုကြောင့် ရောဂါပိုးရှိနေသူ အများစုသည် ကုသမှုခံယူနိုင်ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် HIV ပိုးရှိနေသူ ၂ သိန်းခန့် ရှိပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းလောက်အထိ ゞင်းတို့ထဲမှ တဝက်ကျော်သည် သူတို့ အတွက်လိုအပ်နေသော ART ကုထုံးဖြင့် ကုသမှုခံယူနိုင်ခြင်းမရှိခဲ့ပါ။

“HIV ကြောင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ မှုအကြောင်း ကျနော်တို့ ပြောခွင့်ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ပဲ ပြောခွင့်ရသလိုပါပဲ” ဟု မြန်မာနိုင်ငံ တွင် မိသားစုစီမံကိန်းကို ဦးတည်ရင်း လိင်နှင့် မျိုး ဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်း ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခု ဖြစ်သည့် Marie stopes International မှ Country Director ဒေါက်တာ စစ်နိုင်ကပြောသည်။

“မြန်မာနိုင်ငံမှာတော့ သားဆက်ခြားတယ်လို့ ခေါ်ကြတယ်။ တကယ်တော့ ပဋိသန္ဓေ တားတာ ပါပဲ”

“မျိုးဆက်ပွား ကျန်းမာရေးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးလို့ အများစုက မမြင်ကြဘူး။ ဒါပေမယ့် တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်းက ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ ဩဇာရှိသူတွေ ဒါမှမဟုတ် ဘာသာရေး ခေါင်း ဆောင်တွေ သူတို့တွေကတော့ HIV ကာကွယ်တား ဆီးရေးအကြောင်း သိတဲ့အချိန်မှာ ထောက်ခံ ကူညီ ရမယ်လို့ သူတို့ယုံကြည်ကြပါတယ်” သူက ထပ်ပြော သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနက ကျောင်းများအတွက် လိင်ပညာပေး သင်ခန်းစာ သင်ရိုးညွှန်းတမ်းတခု ရေးဆွဲထားပြီး ဖြစ်ကြောင်း လည်း ဒေါက်တာစစ်နိုင်က ပြောသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စပြီးတော့ အခြေခံကျတဲ့ လိင်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ HIV တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက် တွေကို သင်ရိုးညွှန်းတမ်းထဲမှာ အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာ ကျောင်းက ဆရာအများစုက အမျိုးသမီး တွေ ဖြစ်နေတဲ့အတွက် လုံခြုံစိတ်ချရတဲ့ လိင်ဆက် ဆံရေးနဲ့ အခြေခံ လိင်ပညာပေးသင်ခန်းစာတွေ အကြောင်းကို ပြောဆိုသင်ကြားဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိကြဘူး။ သူတို့ မဝံ့မရဲ ဖြစ်နေကြတယ်။ လိင်အကြောင်းတွေ သူတို့က ပြောမယ်ဆိုရင် တပည့်တွေက မလေးစားတော့မှာကို သူတို့ အကြောက်ဆုံးပဲ” ဟု သူကဆက်ပြောသည်။

လိင်ပညာပေး သင်ခန်းစာကို အသက် ၁၀ နှစ် မှ ၁၆ နှစ်ကြားရှိ အလယ်တန်းအဆင့် ကျောင်းသား ဘဝတွင် သင်ကြားပေးပြီး လူမှုရေး ကျွမ်းကျင်မှု၊ ရောဂါ ကာကွယ်ရေးအတွက် စိတ်ခံစားမှုဆိုင်ရာ အသိအမြင်၊ လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ် သည့်ရောဂါများ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု စသည့် ခေါင်းစဉ်များ ပါဝင် သည်။ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် သင်ရိုး ကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး နှစ်ကုန်၍ အတန်း တင် စာမေးပွဲဖြေဆိုသည့်အခါ အဆိုပါဘာသာရပ် ကို ထည့်သွင်းဖြေဆိုရန် မလိုအပ်ကြောင်းလည်း သိရသည်။

မျိုးဆက်ပွားနှင့် လိင်ကျန်းမာရေးကို ၅ တန်း တွင် စတင်သင်ကြားပြီး အရွယ်ရောက်လာသည့် အချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင် ရာပြောင်းလဲလာမှုနှင့် ပတ်သက်သည့် သင်ခန်းစာ များ ဖြစ်သည်။ HIV ကူးစက်ပျံ့နှံ့မှုကိုလည်း ထို အချိန်တွင် ကျောင်းသားများ စတင်လေ့လာရသည် ဟု ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ရိုး အတွက် ကူညီပေးနေသော Unicef အဖွဲ့၏ အဆို အရ သိရသည်။ ၆ တန်းရောက်သည့်အခါ ကျောင်း သား ကျောင်းသူများကို ယောကျာ်းလေးနှင့် မိန်း ကလေးတို့၏ အသက်အရွယ်အရ မည်သို့ဆက်ဆံ နေထိုင်ရမည်ကို စဉ်းစားဆုံးဖြတ်တတ်အောင် သင် ကြားသည်။ ၉ တန်းနှင့် ၁၀ တန်း အရွယ်ရောက် သည့်အခါ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနှင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်သည့် ရောဂါများကို မည်သို့ ကာကွယ်ရမည် ဖြစ်ကြောင်းနှင့် အပျော် အပါး လိုက်စားခြင်းကို ရှောင်ရှားခြင်းသည် အထိ ရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သင်ကြားသည်။ ကိုယ်ဝန်ရှိခြင်း၊HIV နှင့် အခြား လိင်ဆက်ဆံမှု ကြောင့် ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ရာ တွင် ကွန်ဒုံးအသုံးပြုခြင်းက အထိရောက်ဆုံး ဖြစ် ကြောင်းကိုလည်း သူတို့ သင်ကြားကြရသည်။

“အရင်တုန်းက မြန်မာနိုင်ငံမှာ မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောတာကို ရှောင်ကြ တယ်။ ဆရာ၊ ဆရာမ တွေလည်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဒီလို အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေကို သိနားလည်ဖို့ ကူညီတဲ့ နေရာမှာ အခက်အခဲတွေ တွေ့ခဲ့ကြရပါတယ်။ ခုချိန် မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကျန်းမာ ရေးနဲ့ ဘဝပျော်ရွှင်မှုကို ဆိုးဆိုးရွားရွား ထိခိုက် စေပြီးတော့ အရွယ်ရောက်ပြီးချိန်အထိ မကောင်းတဲ့ သက်ရောက်မှုတွေ ဆက်ပြီး ကျန်နေစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်း လင်းပြောဖို့ အခွင့်အရေးတွေရှိလာပါပြီ”ဟု ရန်ကုန် မြို့မှ Unicef ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။

ထိုကဲ့သို့သော အကြောင်းအရာများကို တိတ် တိတ် ဆိတ်ဆိတ် လုပ်ဆောင်နိုင်သော နည်းလမ်း တခုမှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် စာအုပ် များ စီစဉ်ပေးဖို့ဖြစ်ပြီး မျိုးဆက်ပွားနှင့် လိင်ကျန်းမာ ရေးဆိုင်ရာ ကဏ္ဍများကို ကျောင်းသားများ ကိုယ့် ဘာသာ လေ့လာနိုင်ကြမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။

မြန်မာအစိုးရကလည်း ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရေး၏ အရေးပါသည့်အစိတ်အပိုင်းအဖြစ် ဖော်ထုတ် ပြသနိုင်ရန်အတွက် ပညာရေးဆိုင်ရာ ဥပဒေများကို စဉ်းစားသုံးသပ်နေပြီး ၂ နှစ်ကြာ ပြန်လည်လေ့လာခြင်း ပြုလုပ်ခဲ့သည်။

ကျောင်းပြင်ပမှ လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးရန် အားထုတ် နေမှုများလည်း ရှိပါသည်။ တယ်လီဖုန်းမှ ဆွေးနွေး ပညာပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန်များ အသင်း တခုတည်းကသာမကဘဲ အစိုးရဌာနတခု ဖြစ်သည့် ဆေးသုတေသနဦးစီးဌာန၊ ကုလသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် Population Services International နှင့် Marie stopes International တို့က လည်း ဆောင်ရွက်ပေးနေသည့်အပြင် အသံလွှင့် ဌာနတခုဖြစ်သည့် Shwe FM ကလည်း လူငယ်ဆိုင် ရာ အရေးကိစ္စများဖြစ်သည့် မမျှော်လင့်ဘဲ ကိုယ်ဝန် ဆောင်ရခြင်း၊ HIV၊ မိသားစုစီမံကိန်း၊ ဆယ်ကျော် သက် ကျန်းမာရေးနှင့် မိသားစု ပြဿနာများနှင့် ပတ်သက်သော အစီအစဉ်များ ထုတ်လွှင့်ပေးနေ သည်။ အပတ်စဉ်အစီအစဉ်ကို ကုလသမဂ္ဂ လူဦး ရေ ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ တယ်လီဖုန်းဖြင့် ဆွေးနွေး ခြင်း အစီအစဉ်ကိုလည်း အဆိုပါအဖွဲ့ကပင် ကူညီ ပေးနေသည်။

HIV ကာကွယ်ရေးအတွက် အခြား နိုင်ငံ တကာမှ ငွေကြေးထောက်ပံ့မှုများလည်း မြန်မာနိုင်ငံ ရရှိနေသည်။ ပြီးခဲ့သည့်အတွင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ပဋိသန္ဓေတားဆီးရေးနှင့် မိသားစု စီမံကိန်းအကြောင်း ပညာပေးရန်နှင့် HIV ဗိုင်းရပ် ကူးစက်ခံထားရသူများကို ကူညီရန် ဒိန်းမတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့် တည်ထောင်သည့် ဆေးခန်းတခုကို ဒိန်းမတ် တော်ဝင်မင်းသမီးက ဖွင့်လှစ်ပေးခဲ့သည်။

လူ့အဖွဲ့အစည်း အခြေပြုအဖွဲ့တခုဖြစ်သော Girl Determined ကလည်း မြို့ပြအစွန် ဒေသများ တွင် နေထိုင်ကြသည့် သက်တူ ရွယ်တူတန်း ငယ် ရွယ်သူ မိန်းကလေးများကို အဖွဲ့ဖွဲ့၍ မျိုးဆက်ပွား ကျန်းမာရေးအကြောင်း ပညာပေးခြင်းကို စတင် ဆောင်ရွက်နေသည်။ ရန်ကုန်၊ မန္တလေး ဆင်ခြေဖုံး ဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ကိုင်းနှင့် မုံရွာမြို့များမှ အသက် ၁၂ နှစ်မှ ၁၇ အရွယ်ကြား မိန်းကလေး ၁၃၀ဝ ကျော် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။

“ခုချိန်မှာတော့ အရွယ်ရောက်လာတဲ့ အချိန် မှာ အရေးပါတဲ့အကြောင်းအရာတွေကိုပဲ အဓိက ထားပါတယ်။ လိင်ကိစ္စကို မပြောသေးဘူး။ ကျမတို့ သင်ခန်းစာတွေကို ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမျိုး မိန်းက လေးတွေကို သိပ်မပြောဘူး။ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်းပြောဖို့က ခက်တယ်။ လူတွေ၊ ဆယ်ကျော် သက် မိန်းကလေးတွေ၊ အသက်အရွယ်ငယ်တဲ့ မိန်းမ တွေ၊ သူတို့မှာ လိင်မှုကိစ္စရှိပေမယ့် ထုတ်မပြောကြ ဘူး။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခြင်းမျိုးနဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေကို ကာ ကွယ်တားဆီးနိုင်ဖို့ သူတို့ ဒါတွေသိဖို့ လိုပါတယ်” ဟု မိန်းကလေးအဖွဲ့များကို ကူညီဆောင်ရွက်ပေးနေ သော Girl Determined အဖွဲ့မှ နန့်သဇင်မင်းက ပြောသည်။

အချို့သော ငယ်ရွယ်သည့် မိန်းကလေးများက အလျင်စလိုသင်ယူဖို့ စိတ်ကူးမရှိကြောင်းပြောသည်။ “ခုချိန်မှာ ဒီထက်ပိုပြီး သိသင့်တယ်လို့တော့ ကျမ မထင်ပါဘူး။ တနေ့နေ့တော့ သိဖို့လိုလာမှာပေါ့လေ။ ဒါပေမယ့် ခုထိတော့ ဒီအကြောင်းကို တခါမှ မစဉ်း စားဖူးဘူး” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူဖြူဝင်းက ပြောသည်။

မိနစ်အနည်းငယ် ကြာသည့်အခါ သူ စိတ် ပြောင်းသွားပြန်သည်။ “ဒါက ရှောင်လွှဲလို့လည်း မရဘူးဆိုတော့။ ကလေးတွေ ဘယ်လိုဖြစ်လာသလဲ။ ကျမတို့ ဘာတွေဖြစ်သလဲ။ ကျမတို့ မရှောင်နိုင်ဘူး ဆိုတော့ သိထားသင့်တာပေါ့နော်” ဟု မဖြူဖြူဝင်းက ပြောသည်။

Samantha Micheals ၏ The Safe Sex Talk, Burmese Style ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။

HIV Information for Myanmar

မန္တလေး မြို့နယ်သုံးခုတွင် ART ဆေး အခမဲ့ပေးမည်


မန္တလေးတိုင်းဒေသကြီးရှိ မိုးကုတ်၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်မြို့နယ် တို့ရှိ ကျန်းမာရေး ဆေးပေးခန်းနှင့် ဆေးရုံများက ယနှစ်ဆန်းပိုင်းမှ စတင်၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဝေဒနာရှင်များ အတွက် ART ဆေး အခမဲ့ပေးနေကြောင်း အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ (မန္တလေး) တာဝန်ရှိသူ တစ်ဦးက The Voice သို့ပြောကြားသည်။

အဆိုပါ မြို့နယ်များရှိ AIDS ဝေဒနာရှင် များသည် ART ဆေးများကို ယခင်က မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် သွားရောက် ထုတ်ယူနေရပြီး လက်ရှိတွင် အဆိုပါမြို့နယ်များရှိ ဆေးရုံ၊ ဆေးပေးခန်း များတွင် သွားရောက် ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"ဒီမြို့နယ်တွေအပြင် ရမည်းသင်း မြို့နယ်မှာလည်း ပေးဖို့အစီအစဉ် ရှိတယ်။ ရမည်းသင်း မှာလည်း AIDS နဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေးဖို့ အစီအစဉ် လည်း ရှိပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

AIDS ဝေဒနာရှင်များအတွက် ART ဆေးကို မန္တလေးခရိုင် ခုနစ်မြို့နယ်ရှိ ဆေးရုံ၊ ဆေးပေးခန်း များတွင် ၂၀၀၉ ခုနှစ်က စတင်ဆေးပေးခဲ့ပြီး လက်ရှိအချိန်ထိ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ၊ ခုတင် ၃၀၀ သင်ကြားရေးဆေးရုံ၊ ပြင်ဦးလွင် ဆေးရုံ၊ မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ၊ ကျောက်ဆည်ဆေးရုံ၊ မိတ္ထီလာဆေးရုံ၊ ညောင်ဦးဆေးရုံ၊ မြင်းခြံဆေးရုံ တို့တွင်လည်း ထုတ်ပေးလျက်ရှိကာ ၂၀၁၃ ခုနှစ်က စတင်ကာ မတ္တရာနှင့် သာစည်မြို့နယ် တို့တွင်လည်း ထုတ်ပေးခဲ့ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

အဆိုပါရောဂါရှိသူ အချို့က ရောဂါ ဖြစ်ပွားသည်ကို ရှက်ကြောက်သဖြင့် ဆေးယူကာ ကုသမှုခံယူမှု မရှိသောကြောင့် ယင်းသို့ မဖြစ်စေရန် ဟောပြောဆွေးနွေးမှုများ ပြုလုပ်နေရကြောင်း၊ ငွေကြေးတတ်နိုင်သူ အချို့က ပြင်ပတွင် ဆေးဝယ်ယူသောက် သုံးမှုများရှိကြောင်း အဆိုပါဌာနမှ ဆရာဝန် တစ်ဦးက ပြောကြားသည်။

"ကျန်တဲ့မြို့နယ်လေးတွေ ကိုလည်း ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆေးသောက် သုံးနေတဲ့သူတွေ ကလည်း စဉ်ဆက်မပြတ် သောက်သုံးသင့်ပါတယ်။ ဆေးသောက်သုံး နေတဲ့ သူတွေကလည်း ဆေးကို စနစ်တကျ သောက်သုံးရမယ်။ ဆေးမသောက်ဘဲနဲ့ နေတဲ့ ရောဂါပိုး ရှိသူတွေကလည်း သက်ဆိုင်ရာ ကျန်းမာရေးမှူးရုံး တွေမှာ သွားပြီးလေ့လာမယ်၊ ဆွေးနွေးမယ် ဆိုရင် ကောင်းပါတယ်။ ဆေးဝါး ကိုလည်း စနစ်တကျ သောက်သုံး သင့်ပါတယ်" ဟု ART ဆေးသောက်သုံးနေသည့် သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ အမျိုးသားတစ်ဦးက ဆိုသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ART ဆေးသောက်သုံး ကုသသူ ဦးရေသည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော် ၏ ၄၃ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော်၏ ၄၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော်၏ ၆၁ ဒသမ ၃ ရာခိုင်နှုန်းတို့ ရှိကြောင်း အဆိုပါ အဖွဲ့ စာရင်းများအရ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံများနှင့် ဆေးပေးခန်း များတွင် ၂၀၁၃ ခုနှစ်အတွင်း ART ဆေးပေးဝေမှု ကလေး ၇၈၁ ဦး၊ လူကြီး တစ်သောင်းနီးပါး ရှိကြောင်း အဆိုပါဌာန စာရင်းများအရ ထပ်မံသိရသည်။

မြန်မာတစ်နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း HIV/AIDS ရောဂါ ဖြစ်ပွားပြီး ပိုးရှိ ရှင်သန်နေသူသည် ၂၀၀၇ ခုနှစ်တွင် လူဦးရေတစ်သောင်းလျှင် ၀ ဒသမ ၆၇ ရာခိုင်နှုန်း၊၂၀၀၉ ခုနှစ်တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၀ ဒသမ ၄၁ ရာခိုင်နှုန်းအထိ ရှိသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၃
HIV Information for Myanmar

Netguide Journal Vol (3) , Issue (22)

အကျယ်ချဲ့ကြည့်ရန်





အံ့အားသင့်ကြောင်းကို ပုံစံမျိုးစုံ ပြောဆိုခြင်း


အံ့သြတာ၊ ဝမ်းသာတာ၊ ရုတ်တရက် ထိတ်လန့်သွားတာတွေကို အင်္ဂလိပ်လို ဝေါဟာရ အသုံးအနှုန်းအမျိုးမျိုး ရှိတဲ့အထဲက အချို့ကို လေ့လာကြည့်နိုင်ပါတယ်။

၁) Surprised
(Be [Verb To Be] + surprised = တအံ့တသြဖြစ်သည်)
- I was surprised at how quickly she agreed.
- They were surprised to find that he'd already left.

၂) Amazed
(Be amazed = အံ့အားသင့်သည်)
- I was amazed at her knowledge of French literature.
- We were amazed by his generosity.

၃) Astonished
(Be astonished = အလွန်အမင်းအံ့သြသည်)
- He was astonished to learn he'd won the competition.
- She seemed astonished that I had never been to Paris.

၎) Startled
(Be startled = အံ့သြထိတ်လန့်သည်)
- I was startled by her question.
- The explosion startled the horse.

၅) Speechless = ဆွံ့အ မင်တက်မိသွားသော
- His words left her speechless.
- His father was speechless with anger.

၆) Unexpected = မျှော်လင့်မထားသော
- The announcement was not entirely unexpected.

၇) Taken aback
(Be taken aback = ဘယ်လိုတုန့်ပြန်ရမှန်းမသိအောင် အံ့သြမိသည်)
- She was completely taken aback by his anger.

စဉ်ဆက်မပြတ် အင်္ဂလိပ်စာစွမ်းရည်

ငါးသလောက်ဥကြော်


ငါးသလောက်ဥများကို ရေနှင့်ဖြေးဖြေးခြင်းဆေး၍ ဆားနှင့်နနွင်း အနည်းငယ်ဆီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းအနည်းငယ်ကို ထောင်းပြီး အရည်ညှစ်ထည့်ကာ အားလုံးနှံ့အောင် အသာနယ်ထားပါ။ ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။ ဒယ်အိုးထဲတွင် ဆီအနေတော်ထည့်၍ ဆီပူလာလျှင် ငါးသလောက်ဥများကို ဖြေးဖြေးခြင်းထည့်ကာ ကြော်ပေးပါ။ ၅ မိနစ်လောက် ဟိုဘက် ဒီဘက်လှန်ကာ ကြော်ပြီးလျှင် ရေမမြုတ်တမြုတ်ထည့်ကာ အိုးဖုံးကာတည်ထားပါ။ ရေထည့်ပြီးကြော်မှသာ ငါးသလောက်ဥများကျက်မှာပါ။ ရေများခမ်းလာပြီး ဆီများထွက်လာလျှင် ခဏကြာမျှ ထိုဆီများနှင့် ဟိုဘက် ဒီဘက်လှန်ကာ ကြော်ပေးပါ။ အရောင်များရဲလာပြီး အကျက်ညီလျှင် ငါးသလောက်ဥကြော်ပူပူလေးကို ထမင်းဖြူ လေးနှင့် တွဲဖက်၍ သုံးဆောင်လို့ ရပါပြီရှင်။

ဒေါ်ပုလက်ရာ

မိုက်ခရိုဆော့ဖ်ရဲ့  စီအီးအိုဖြစ်လာတဲ့ အိန္ဒိယလူမျိုး Satya Nadella


Satya Nadella လို့အမည်ရတဲ့ မိုက်ခရိုဆော့ဖ်က မထင်မရှင်း ပုဂ္ဂိုလ် တစ်ဦးက စီအီးအိုဖြစ်လို့လာပါပြီ။ ဘီလ်ဂိတ် ကိုယ်တိုင် အသစ်ခန့် အပ်ပေး လိုက်တဲ့ Microsoft ကုမ္မဏီရဲ့ စီအီးအို ဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ် ကုမ္မဏီမှာတင် လုပ်နှစ်သက်တမ်း ၂၂ နှစ်ရှိပြီ ဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် Satya Nadella ဟာ အိန္ဒိယနိုင်ငံက အိန္ဒိယ လူမျိုး တစ်ဦး ဖြစ်ပါတယ်။ Mangalore တက္ကသိုလ်မှာ လျှပ်စစ် အင်ဂျင်နီယာနဲ့ ဘွဲ့ရပြီး အမေရိကန်က University of Wisconsin မှာ Computer Science ကို မာစတာ ယူခဲ့ ပါတယ်။ ပြီးတော့ ချီကာဂို တက္ကသိုလ်မှာ MBA ဆက်တက်ခဲ့ ပါတယ်။ သူ့ရဲ့ အရင်ဆုံး ပထမ အလုပ်က Sun Microsystem ဖြစ် ပါတယ်။ ပြီးတော့မှ ၁၉၉၂ ခုနှစ်မှာပဲ Microsoft ကို ချိတ်ဆက်ခဲ့ပြီး ချက်ချင်းပဲ ရာထူးအမြင့်ကို ရရှိခဲ့ပါတယ်။ ယနေ့အထိ ဆိုရင် သူဟာ Microsoft ရဲ့  Cloud မှာ စီနီယာ အမှုဆောင် ဒုတိယ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ Bing Search Enginer မှာလည်း တာဝန်ကျခဲ့ ပါတယ်။ Microsoft Server system မှာလည်း ရာထူးကြီး ရယူပြီး ကြိုးစားလုပ်ကိုင်ခဲ့ ပါတယ်။

သို့ပေမယ့် သူ့ရာထူးအထက်မှာ ဌာနဆိုင်ရာလူကြီးများရှိနေတာကြောင့် သူ့အရည်အချင်းကို ဘယ်မီဒီယာမှ သတိမထားမိခဲ့ ပါဘူး။ သို့ပေမယ့် ဘီလ်ဂိတ် သတိထားမိလိုက်ပုံရပါတယ်။ ဒါကြောင့်ပဲ ဌာနခွဲတစ်ခုရဲ့  Vice President ကနေ Microsoft ရဲ့  စီအီးအိုအထိ ဖြစ်လာခဲ့ ပါတယ်။ Microsoft မှာ နိုင်ငံသား၊ လူမျိုးမခွဲခြားပဲ ပင်ကိုယ်အရည်အချင်းရှိသူမှန်သမျှကို ယခုလို နေရာပေးပါတယ်။ Microsoft မှ မဟုတ်ပဲ အမေရိကန်နိုင်ငံက အိုင်တီကုမ္မဏီကြီးအားလုံးဟာ အရည်အချင်းရှိသူများကို ဦးစားပေး နေရာပေးပါတယ်။ ထူးခြားချက်က အမေရိကန် အိုင်တီ လုပ်ငန်းကဏ္ဍမှာ အိန္ဒိယလူမျိုး၊ အိန္ဒိယ နိုင်ငံသားတို့ အများစု ပါဝင်နေခြင်း ဖြစ်ပါတယ်။

Satya Nadella ကို စီအီးအို ရာထူးပေးပြီးတော့ ဘီလ်ဂိတ်ကတော့ Microsoft မှာ နည်းပညာ အကြံပေးအနေနဲ့သာ ဆက်လက် ပါဝင်အုံး မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( Smart Pro Journal )

မိမိတို့သည် အစိုးရစပိုင်အေဂျင်စီများနှင့် အလုပ်တွဲမလုပ်ဟု Rovio ထုတ်ပြန်


အမေရိကန်နှင့် ဗြိတိသျှ စပိုင် အေဂျင်စီများသည် Angry Birds ကဲ့သို့ app များမှတစ်ဆင့် အချက်အလက်များ ရယူခဲ့ကြောင်းအထောက်အထားများ ထွက်ပေါ်လာခဲ့ပြီးနောက် Rovio က မိမိတို့သည် အစိုးရအေဂျင်စီများဖြင့် ပူးပေါင်းလုပ်ကိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Angry Birds ဂိမ်းဖန်တီးသည့် Rovio ကုမ္ပဏီက စပိုင်အေဂျင်စီများက Angry Birds ကဲ့သို့ app များကို ပစ်မှတ်မထားပဲ third-party ကြော်ငြာကွန်ရက်များတွင် Angry Birds သုံးစွဲသူ အချက်အလက်များကို စောင့်ကြည့်နိုင်ကြောင်း၊ အင်တာနက်ဖြင့် ချိတ်ဆက်ထားသည့် app များကို စောင့်ကြည့်နိုင်ကြောင်း ပြောကြားခဲ့သည်။

NSA နှင့်ဗြိတိသျှဆက်သွယ်ရေးဌာနချုပ်တို့သည့် Angry Birds ဂိမ်းကို စောင့်ကြည့်ခဲ့ဖွယ်ရှိပြီး အဆိုပါဂိမ်းသည် အသုံးပြုသူများကြား ရေပန်းစားကာ တစ်လလျှင် ဆော့ကစားသူ သန်း ၂၀၀ ကျော်နှင့် download ပြုလုပ်သူ ၂ ဘီလီယံခန့်ရှိကြောင်း သိရသည်။
-စိုးထက်
Ref : Gamespot
Internet Journal

Android Q & A


ကျွန်တော့်ရဲ့ဖုန်းက Samsung Galaxy S3 ဖုန်းပါ။ ဖုန်းထဲမှာ ထည့်သွင်းဖို့အတွက် Firmware Version အသစ်ကို အွန်လိုင်းကနေပြီး Download လုပ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ဖုန်းထဲမှာ ဗားရှင်းအသစ်ကို မြှင့်တင်နေတုန်းမှာ ဖုန်းကဘက်ထရီ ကုန်သွားပြီး ပါဝါကျသွားပါတယ်။ ပြီးတော့ဖုန်းက ပါဝါပြန်တက်မလာတော့ပါဘူး။ ဘာခလုတ်ကိုမှလည်း နှိပ်လို့မရတော့ဘူး ဖြစ်နေပါတယ်။ ပါဝါမ လာတော့တဲ့အတွက် ဒါက Firmware ပျက်သွားတာလား၊ ဒါမှမဟုတ် ဘာဖြစ်သွားတာလဲ ဆိုတာသိပါရစေခင်ဗျာ။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်ပါမလဲ။

Samsung Galaxy S3 ဖုန်းအတွက် Firmware ကိုအွန်လိုင်းပေါ်ကနေပြီး Download ပြုလုပ်ပြီး ဖုန်းထဲကိုထည့်သွင်းနေတဲ့ အချိန်မှာ ဘက်ထရီကုန်သွားတယ် ဆိုတာကဖြစ်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းကနေတိုက်ရိုက် Download ပြုလုပ်ပြီး ထည့်နေချိန်မှာ ဘက်ထရီကုန်သွားတာ ဆိုရင်တော့ ဒါကဖုန်းရဲ့လုပ်ဆောင်ချက် တစ်​ဝက်တစ်ပျက်မှာ ရပ်တန့်သွားတာ ဖြစ်တဲ့အတွက် Firmware ပျက်သွားတာ ဖြစ်နိုင်ပါတယ်။ ခုဖြစ်တာက Firmware ကို Download ပြုလုပ်ပြီးမှ ဖုန်းထဲကို ထည့်သွင်းတာဆိုရင်တော့ ဖုန်းကကွန်ပျူတာကနေ ပါဝါဝင်နေလျက်နဲ့ ပါဝါပျောက်တာသွားတာမျိုး
ဖြစ်နိုင်ပါလိမ့်မယ်။ ဘက်ထရီကုန်သွားတာကြောင့် ဖြစ်တာဆိုရင်တော့ ဖုန်းအတွက် Download Mode ကိုပြန်ခေါ်ကြည့် ရပါလိမ့်မယ်။ Download Mode ရသေးတယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ Download Mode မရတော့ဘူးဆိုရင်တော့ ဒါကခက်ခဲပါတယ်။ ဖုန်းကို Samsung ရဲ့ Jig လိုအရာမျိုးတွေ လိုအပ်ပါလိမ့်မယ်။ အဲဒါမှမရရင်တော့ ဒါက Android စနစ်ရဲ့ဆားကစ်ပေါ်မှာပြန်ခွာပြီးရေးရတာ မျိုးတွေထိဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် ပါဝါသေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆားဗစ်ဆိုင်မှာ ပြသသင့်ပါတယ်။

-ကိုသက်
Internet Journal

Twitter ကသတင်းများကို စိစစ်ပေးသည့် tool ကို ထုတ်ဖော်ပြသ


Twitter နှင့် CNN တို့ပူးပေါင်း လုပ်ကိုင်နေသည့် နယူးယောက်အခြေစိုက် development ကုမ္ပဏီ Dataminr က၎င်းတို့သည် Twitter ပေါ်တွင် tool တစ်ခုကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့ပြီး ၎င်းကို ဂျာနယ်လစ်များက သတင်းများရေးသားခြင်းနှင့် သတင်းလိုက်ခြင်းများတွင် ပိုမိုမြန်ဆန်စေရန် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

Dataminr ကို ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အစိုးရအေဂျင်စီများနှင့် Wall Street ကုမ္ပဏီများသို့ ပြဿနာဖြေရှင်းသည့် နည်းပညာရောင်းချနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ သို့ရာတွင် Dataminr က သတင်းဦး (scoop) များရှာဖွေနေသည့် ဂျာနယ်လစ်များအတွက် သင့်တော်သည့် tool တစ်ခုကိုပြုလုပ်ခဲ့ပြီး တစ်ရက်လျှင် tweet ပေါင်းသန်း ၅၀၀ ကျော်ခန့်ကို ပေးပို့ခဲ့ကြောင်း သိရသည်။

Twitter ပေါ်ရှိ သတင်းအချက်အလက်များကို Dataminr ကပြန်လည်တည်းဖြတ်ပေးကာ ဆက်စပ်ကြားဖြတ် သတင်းများကို alert ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ alert ပြုလုပ်ပေးသည့် သတင်းများကို desktop application, email, pop-up, instant messaging နှင့် text message များသို့ပေးပို့ ပေးနိုင်ကြောင်းသိရှိရသည်။


-စိုးထက်
Ref: USATODAY
Internet Journal

အနီရောင် Nexus 5 ရရှိပြီ။


ယခင် ထွက်ရှိခဲ့တဲ့ အဖြူရောင်နဲ့ အမည်းရောင် Nexus 5 ဖုန်းများထွက်ရှိပြီး သိပ်မကြာခင်မှာပဲ ယခုလို အနီရာင် Nexus 5 ဟာပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အနီရောင်ထဲမှာမှ 16GB နဲ့ 32GB ကို ဈေးနှုန်းအားဖြင့် ဒေါ်လာ (၃၄၉) နဲ့ (၃၉၉) ဖြင့် Google Play တို့တွင် ၀ယ်ယူရရှိနိင်မှာပဲ ဖြစ်ပါတယ်။

အခြား Specs တွေနဲ့ မဟုတ်ဘဲ ယခင် Android OS, v4.4 (KitKat), ကင်မရာ 8 MP, 3264 x 2448 pixels တို့ဖြင့်သာ တူညီစွာ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲ သူကတော့ ကျတော်တို့ သိရှိပြီးတဲ့အတိုင်း LG ကုမ္ပဏီနဲ့ Google ကုမ္ပဏီတို့ရဲ့ ပူးပေါင်းထုတ်လုပ်မူ တစ်ခုဖြစ်တဲ့ အတွက် အားသာချက်များစွာကိုတွေ့ရမှာ
ဖြစ်ပါတယ်။

မျက်နှာပြင်အားဖြင့် ၅လက်မရှိပြီး True HD IPS+ capacitive touchscreen, 16M colors ရရှိကာ အလေးချိန် အားဖြင့် (၁၃၀ဂရမ်) ရှိတဲ့

Android စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Aung Heine ( Smart Pro Journal )

မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့ သပိတ်စခန်း အင်အား ၁၀၀၀ခန့် တိုးမြှင့်မည်ဟုဆို


နန်းမြင့် | ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီလ ၅ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင် ရပ်ကွက်တွင် မူလနေထိုင်သူဟု ဆိုသူများက နစ်နားကြေး ရရှိရန်အတွက် အိမ်ရာရှေ့သပိတ်စခန်းကို လက်ရှိ လူအင်အား ၆၀၀မှ နောက်ထပ် ၁၀၀၀ ခန့် တိုးမြှင့် ဆန္ဒဖော်ထုတ်သွားမည်ဟု ဆန္ဒပြဦးဆောင်သူ ဦးအောင်နိုင်ထွန်းက ဖေဖော်ဝါရီ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြန်မာ့ဂုဏ်ရောင်ရပ်ကွက်တွင် မူလနေထိုင်သူဟုဆိုသူများက နစ်နာမှုကြေး ရရှိရန်အတွက် သပိတ်စခန်း ခြောက်ရက်မြောက်နေ့အထိ ထူးခြားမှုမရှိသေးပေ။

ဦးအောင်နိုင်ဝင်းက “တိကျတဲ့အဖြေမထွက်ဘူးဆိုရင် ဒီဝင်းကြီးကို ဒီလူအင်အားနဲ့ ပိတ်ပြီး ဆန္ဒထုတ်ဖော်သွားမယ်။ မြန်မာဂုဏ်ရောင်အိမ်ရာ အနောက်မှာ ကျန်နေတဲ့ မြေကွက်အလွတ်တွေ အများကြီးရှိပါတယ်။ အဲဒီနေရာကို ကိုယ်နေရာကိုယ်ပြန်ယူဖို့အထိ အစီအစဉ်ရှိပါတယ်” ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မြန်မာဂုဏ်ရောင်ရပ်ကွက်ကို ဝါဝါဝင်းကုမ္ပဏီနှင့် ရပ်ကွက်ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်ညွန့်နှင့် ဦးညွန့်ခင်တို့က ၁၉၉၄ ခုနှစ်တွင် ယင်းရပ်ကွက်မြေနေရာအား တပ်မတော်မှ စစ်တန်းလျားဆောက်လုပ်ရန် အကြာင်းပြခဲ့ပြီး သတ်မှတ်ရက်အတွင်း မဖျက်သိမ်းပါက တပ်မတော်မှ ဘူဒိုဇာဖြင့် ထိုးမည်ဖြစ်၍ ဖယ်ရှားခဲ့ရသည်ဟု ယင်းရပ်ကွက်မှ ပြောင်းရွှေ့ခံရသူများက ဆိုသည်။

နစ်နာကြေးတောင်းဆိုသည့် ဆန္ဒပြသူများနှင့်ပတ်သက်ပြီး ဝါဝါဝင်းကုမ္ပဏီပိုင်ရှင် ဦးရွှေကြိုင်က “ဒီကိစ္စကို တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်သွားမယ်”ဟု မဇ္ဈိမ၏ ဖုန်းဖြင့်ဆက်သွယ်မှုကို ပြန်လည် ဖြေကြားသည်။

ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီက အိုးအိမ်ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဌေးဝင်းနှင့် ဆန္ဒဖော်ထုတ်သူတို့ တာမွေမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သော်လည်း ထူးခြားသည့် အဖြေမရရှိခဲ့ကြပေ။ ဇန်န၀ါရီ ၃၁ ရက်တွင် အိုးအိမ်က ဒုတိယညွှန်ကြားရေးမှူး၊ တာမွေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝါဝါဝင်းကုမ္ပဏီပိုင်ရှင်၏ ညီမတို့က ဆန္ဒပြသူများကို လာရောက်တွေ့ဆုံခဲ့သော်လည်း တိကျသည့်အဖြေမရရှိခဲ့ပေ။

မြန်မာ့ဂုဏ်ရောင် ရပ်ကွက်သားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ပထမအကြိမ်ဆန္ဒပြခဲ့ပြီး ၂၀၁၃ခုနှစ် ဇူလိုင်လ ၂၇ ရက်က ဒုတိယအကြိမ်ဆန္ဒပြခဲ့သည်။ ပထမအကြိမ် သပိတ်စခန်းကို လူအင်အား ၆၀၀ ကျော်ဖြင့် မြန်မာဂုဏ်ရောင်အိမ်ရာရှေ့တွင် ဇန်န၀ါရီ ၃၀ ရက် နံနက် ၈ နာရီက ဖွင့်လှစ်သည်။

Mizzima - News in Burmese

လက်ပံတောင်း အက်စစ်စက်ရုံကို ပိတ်ရန် တောင်းဆို


စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသ မိုးကြိုးအက်စစ်စက်ရုံက အက်စစ်ငွေ့တွေဟာ ရွာသားတွေရဲ့ကျန်းမာရေးကို ထိခိုက်တယ်ဆိုပြီး စက်ရုံ ပိတ်သိမ်းဖို့ တောင်းဆိုကြပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းအတွက် လည်ပတ်နေတဲ့ ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုး ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကြောင့် စက်ရုံနဲ့ ကိုက်တရာအကွာလောက်မှာ ရှိတဲ့ ကံကုန်း ကျေးရွာအတွင်း အက်ဆစ်ငွေ့တွေ ကျရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အက်ဆစ်ငွေ့တွေကြောင့် ရွာထဲမှာ လူ ၂၀၀ လောက် ချောင်းဆိုးအော့အန်ကြတဲ့အတွက် ဒေသခံ ကျေးရွာသား ၅၀၀ လောက်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းက အက်ဆစ် စက်ရုံ ရပ်ဆိုင်းပေးဖို့ သွားရောက် တောင်းဆိုခဲ့ပါတယ်။

ကံကုန်းကျေးရွာ ဒေသခံတဦးက “ကျမမှာ ၈ နှစ် သမီးလေးရှိပါတယ်။ သူက မေမေ အာခေါင်တွေ ယားပြီး ဗိုက်တွေ နာလာတယ်လို့ ကျမကို လာ ပြောတယ်။ ကျမလည်း စကားပြောရင်းနဲ့ဆိုတော့ ကလေးကိုလည်း ပြန်မကြည့်မိဘူး။ ခဏကြာတော့ မေမေ သမီး မျက်လုံးတွေပါ စပ်တယ်လို့ ပြောတယ်။ ကျမတို့လည်း ထိုင်စကားပြောနေရင်းနဲ့ ဟုတ်မှပဲ နည်းနည်းပြဆိုပြီး ကြည့်ရင်းနဲ့ အငွေ့တွေ အငွေ့တွေက လေနဲ့ လွှင့်ပါလာတယ်။ အဲဒီအချိန်မှာ မျက်လုံးတွေထဲကို ဖုန်တွေ ၀င်လာသလို ယားယံလာတယ်၊ စပ်လာတယ်။ အာခေါင်တွေလည်း ခြောက်လာတယ်။ ချက်ချင်းပဲ ရင်ဘတ်တွေ အောင့်လာသလို ဖြစ်လာတယ်”လို့ ပြောပါတယ်။

သွားရောက်တောင်းဆိုခဲ့တဲ့အထဲက ၄ ဦးနဲ့ ဒေသအာဏာပိုင်တွေ၊ စက်ရုံတာဝန်ရှိသူတွေ ဆွေးနွေးပြောဆိုခဲ့ကြပြီးနောက် စက်ရုံရှေ့မှာ စောင့်ဆိုင်းနေတဲ့ ဒေသခံတွေကို အခုလို ပြန်လည် ရှင်းလင်းပြောဆိုပါတယ်။
ဦးပိုင်ကုမ္ပဏီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦး “လက်ရှိ အခြေအနေကို ဒီက လူကြီးတွေကို ပြောပြီးပြီ။ အခုဖြစ်နေတဲ့ အခြေအနေကို ၀န်ကြီးချုပ်ကိုလည်း သေချာသွားရှင်းပြမယ်။ ဒါ့အပြင် ဒီနေ့ မလေ့လာရသေးတဲ့ အခြေအနေတွေကို မနက်ဖြန် ထပ်ပြီး လူကြီးတွေကို ထပ်ရှင်းပြမယ်။ ဒီကနေပြီး မကျေမလည် ဖြစ်နေတဲ့ ကိစ္စတွေကိုလည်း ဦးပိုင်နဲ့ သေချာဖြေရှင်းပြီး ငါတို့ အုပ်ချုပ်ရေးအဖွဲ့က ဒီကို ပြန်လာပြီး ကျေနပ်တဲ့အထိ ရှင်းပြမယ်” လို့ ပြောပါတယ်။
ရာသီအကူးအပြောင်းမှာ လေထုစိုထိုင်းဆ နည်းလာပြီး ခြောက်သွေ့လာတာနဲ့အမျှ အက်စစ်ဓာတ်ငွေ့ကြောင့် လေထုညစ်ညမ်းမှု ပိုမိုသိသာလာပြီး လူထုကျန်းမာရေး စိုးရိမ်ပူပန်ရတဲ့ အနေအထားဖြစ်ပေါ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တချို့က သုံးသပ်ထားပါတယ်။
ခွင့်ပြုမိန့်မရသေးဘဲ လည်ပတ်နေတဲ့ ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ် စက်ရုံကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာမှာ အန္တရာယ်ရှိတဲ့ စက်ရုံအမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ဆက်လက်ထုတ်လုပ်မယ်ဆိုရင် စက်မှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ် ရယူရဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း စုံစမ်းရေးကော်မရှင်က အကြံပေးထားပါတယ်။

By ဒီဗွီဘီ

ဝန်ကြီးတချို့၏ ပြည်သူကို ရိုင်းပျစော်ကားမှု အာဏာရှင်စိတ်ဓာတ် ရှင်သန်မှုကို သက်သေပြ


နယ်တကာလှည့် ပါးရိုက်ရဲသည်ဆိုသော ၀န်ကြီးဦးအုန်းမြင့်သည် စစ်အစိုးရခေတ်တွင် ဗိုလ်ချုပ်ရာထူး ထမ်းဆောင်ခဲ့သော စစ်ခေါင်းဆောင်တဦးဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ခန့်အပ်ထားတဲ့ ပြည်ထောင်စု ၀န်ကြီးတချို့က စစ်အစိုးရခေတ် အမူအကျင့်တွေကို မဖျောက် ဖျက်နိုင်ဘဲ ပြည်သူတွေကို စကားပြောဆိုရာမှာ ရိုင်းပျ စော်ကား မလေးမစား ဆက်ဆံ ပြောဆိုတဲ့ အတွက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲနေပါတယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ကို မကြာခဏ အရှက်ရစေခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလနှောင်းပိုင်း တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံ စဉ်က လည်းကောင်း မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သူ့အနေ နဲ့ ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ကြောင်း၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဟု ပြောဆိုသည့် အပြင်၊ နိုင်ငံရေးအရ အစိုးရကို စော်ကားရင် တွယ်မှာပဲ ဆိုပြီး ပြောဆိုခဲ့ပါတယ်။

“ ကျနော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့”လို့ ၀န်ကြီးဦးအုန်းမြင့်က မကွေးဒေသခံတွေကို ပြောဆိုခဲ့ပြီး လက်ရှိ အစိုးရအပေါ် စေတနာပျက်အောင် မလုပ်ဖို့နဲ့ ဘုဂလန့် မလုပ်ဖို့နဲ့ ဘုဂလန့်လုပ်မယ်ဆိုရင်တော့ ငွေကြေး အထောက်အပံ့ လုံးဝပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ၀န်ကြီးဦးအုန်းမြင့်က “ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျနော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး´´ ဟူ၍ လည်းကောင်း၊ “ နိုင်ငံရေး စကားဆိုတာ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ၊ ပါးစပ်နဲ့တွယ်လို့ မရရင် အချုပ်ထဲထည့်မှာပဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ် ထဲသွားနေ၊ ငါတို့အစိုးရ ထွက်ရင် မင်းထွက် ဒါပဲ၊ အဲဒါ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက် ကျနော် ပြောတယ်´´ ဟုလည်းကောင်း ဒေသခံတွေကို ဒေါသတကြီးလေသံနဲ့ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးဦးအုန်းမြင့်ရဲ့ ပြောဆိုချက်တွေကို ပြည်တွင်း သတင်းစာဂျာနယ်တွေက ဖော်ပြခဲ့သလို လူမှုကွန်ရက် ဖေ့ဘုတ် စာမျက်နှာတွေမှာလည်း ဝေဖန်မှုတွေ တော်တော်များများရှိခဲ့တဲ့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့က ၀န်ကြီး ရာထူး ကနေ နုတ်ထွက်ပေးဖို့ အထိပါ တောင်းဆိုလာလို့ နောက်ဆုံးမှာ သမ္မတဦးသိန်းစိန်က ဦးအုန်းမြင့်ကို ခေါ်ယူ တွေ့ဆုံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ဦးအုန်းမြင့်ရဲ့ စကားတွေက လွှတ်တော်နဲ့ ပြည်သူတွေကို စော်ကားချက် ဖြစ်လို့ အရေးယူဆောင်ရွက်ဖို့ အရေးတကြီးအဆို တင်သွင်းခဲ့ပါတယ်။

ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်က ဦးအုန်းမြင့်ဘက်က ကာကွယ်ပြောဆိုခဲ့ပြီး ဦးအုန်းမြင့်ရဲ့ ပြောစကား တွေနဲ့ ပတ်သက်လို့ အချိန်ယူ စိစစ်ပါမယ်လို့ လွှတ်တော်ကို ကတိပေးခဲ့ပါတယ်။

“ ဝေဖန်မှုတွေထွက်ပေါ်နေတာ ကျနော်တို့အားလုံး သိပါတယ်။ မပြောသင့်စာလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် လမ်းဘေးလက်ဘက်ရည်ဆိုင်တစ်ဆိုင်ကလူ ၁၅ ယောက်လောက်က ထွက်ပြီးတော့ ပြည်ထောင်စုဝန်ကြိးရဲ့ကားကိုတားတယ်။ ပြည်ထောင်စုဝန်ကြီးကျေနပ်စွာရပ်ပေးပြီး ဘယ်ကလဲ။ ဘာလို့လဲ၊ ဘာလုပ်ပေးရမလဲ လို့ မေးကြောင်း စတဲ့စကားများကိုလည်း ကြားကြမှာဖြစ်ပါတယ်။ အကူအညီ မပေးချင် လို့ရှိရင် ကားတောင် ရပ်ပေးစရာမလိုပါဘူး စကားပြောဆိုကြတော့လည်း ရင်းရင်းနှီးနှီး ပြောဆိုကြတာဖြစ်တယ်´´ လို့ ၀န်ကြီးဦးအောင်ကြည်က ကာကွယ်ပြောဆိုပါတယ်။

ဦးအုန်းမြင့်ကို အရေးယူဖို့ကလည်း သေချာစိစစ်ဖို့လိုတဲ့အပြင် အချိန်ပေးဖို့လည်း လိုတယ်လို့ ဦးအောင်ကြည်က လွှတ်တော်မှာ ဆက်လက်ပြောဆိုပါတယ်။

“ဖြစ်စဉ်နှစ်ရပ်စလုံးမှာ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ပြောခဲ့တာလား ဒါမှမဟုတ် ကောက်ကျစ်သော အကြံနဲ့ စေတနာမသန့်ဘဲနဲ့ ပြောတယ်ဆိုတဲ့အချက်ဟာ ဒီကိစ္စမှာ အရေးတကြီးထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကိုလေ့လာသုံးသပ်တဲ့နေရာမှာ ဖြစ်နိုင်သမျှတရားမျှတမှုရှိနိုင်ဖို့ အတွက် ကျနော်တို့ က အပေါ်ယံကလေးလေ့လာသုံးသပ်မလုပ်ချင်ပါဘူး။ နောက်ခံအကြောင်း တရားတွေနောက်ဖြစ်စဉ်ပေါ်ပေါက်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ နောက်ဖြစ်စေဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေ နောက် နယ်မြေ ခံလူထု ပင်ရင်း စိတ်နေသဘောထားတွေ ဒါတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မိုလို့ ဒီအတွက် ကျနော်တို့ လုံလောက်တဲ့အချိန်ပေးပါ´´လို့ ဦးအောင်ကြည်က ဆိုပါတယ်။

ဦးအုန်းမြင့် အပြင် သမ၀ါယမ၀န်ကြီးဦးကျော်ဆန်း၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဦးမြင့်လှိုင်၊ လျှပ်စစ် ၁ ၀န်ကြီးဦးဇော်မင်း စတဲ့ ၀န်ကြီးတွေက ပြည်သူတွေကို စော်ကားတဲ့စကားတွေ မကြာခဏ ဆိုသလို ပြောဆိုခဲ့ကြသူတွေဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင် ဆိုရင်လည်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို “ဘုန်းကြီးရူးနဲ့ လှေလူးလွှတ်တော်´´၊ “လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ၁၀တန်း မအောင်ဘဲ လာထိုင်နေတယ်။ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆိုနှိပ်၊ ဘာမှ မသိ၊ ဘာမှနားမလည်၊ ရမ်းပြီးလုပ်တာ ” ၊“လက်ညိုးထောင်၊ ခေါင်းညိတ်လွှတ်တော်´´ လို့ ဝေဖန်ခဲ့လို့ လွှတ်တော်က ၀န်ကြီးဦးမြင့်လှိုင်ကို အယုံအကြည်မရှိအဆို တင်သွင်း ဖြုတ်ချဖို့ အထိ ဖြစ်လာနိုင်တာမို့ နောက်ဆုံး ဦးမြင့်လှိုင်က လွှတ်တော်ကို ၀န်ချ တောင်းပန်ခဲ့ပါတယ်။

ဦးမြင့်လှိုင်က လွှတ်တော်ကိုမှ မဟုတ်ပါဘူး။ လယ်သမားတွေကို အကြွေးဆပ်နိုင်အောင် ထမင်းတနပ်လျှော့စားဖို့ ဦးမြင့်လှိုင်က တိုက်တွန်းစော်ကားခဲ့လို့ “ တနပ်စား ” ၀န်ကြီးလို့ နာမည်ကြီးခဲ့ပါသေးတယ်။ လယ်သမားတွေကို စော်ကားတဲ့ စကားလုံးတွေနဲ့ ဖိနှိပ်ခဲ့ပေမယ့် အဲဒီစကားလုံးအတွက်တော့ တောင်းပန်မှု တစုံတရာ မလုပ်ဆောင်ခဲ့ပါဘူး။

နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင်ကလည်း ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့က ပြည်သူအချို့ လျှပ်စစ်မီး မကြာခဏပျက်လို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တဲ့အခါ “ လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင်
ထွန်းနေကြ” လို့ ဖယောင်းတိုင် ကိုကိုလှိုင်ရယ်လို့ ပြည်သူတွေက ပျက်ရယ်ပြုခဲ့ကြပါတယ်။

ဒီလို အစိုးရ၀န်ကြီးတွေ၊ အကြံပေးတွေက ပြည်သူတွေကို စော်ကားတဲ့ စကားလုံးတွေ ထွက်ပေါ်နေတာက အာဏာရှင် စိတ်ဓာတ်နဲ့ အမူအကျင့်တွေ သူတို့ဆီမှာ ရှိနေဆဲဆိုတာ သက်သေပြတဲ့အပြင် အရေးကြုံလာရင် ပြည်သူကို နှိပ်ကွပ် ဖိနှိပ်ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက်နေတာ မြင်သာ ထင်သာရှိစေတယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

Samsung ၏ Windows Phone 8.1 ဟန်းဆက် ဓာတ်ပုံများ ပေါ်ထွက်လာ


Samsung က မိတ်ဆက် ကြေညာထားခြင်း မရှိသည့် “Huron” Windows ဖုန်း၏ ဓာတ်ပုံများကို Evleaks က ဖော်ထုတ်ပြသခဲ့သည်။

အဆိုပါ ဓာတ်ပုံများအရ ဟန်းဆက်တွင် Verizon တံဆိပ်ပါရှိပြီး Samsung ၏ အခြားထုတ်ကုန်များ ဖြစ်သော Ativ S, Galaxy S3/S4 များနှင့် ဆင်တူမှုရှိကြောင်း တွေ့ရသည်။ ၎င်း Samsung “Huron” ဟန်းဆက်တွင် home ခလုတ်တစ်ခုသာ ပါဝင်ပြီး Microsoft အနေဖြင့်လည်း Windows Phone 8.1 ဟန်းဆက်များတွင် virtual ခလုတ်အသုံးပြုသွားရန် စီစဉ်နေကြောင်း ပြောကြားထားသည်။

Samsung အနေဖြင့် ၎င်းဟန်းဆက်သစ်တွင် hardware နှင့် virtual ခလုတ်တို့ကို ပေါင်းစပ် အသုံးပြု ဖွယ်ရှိသော်လည်း ၎င်း၏ ထွက်ရှိပြီးသား Windows ဖုန်းများတွင် hardware ခလုတ်ကိုသာ အသုံးပြုခဲ့သည်။

Samsung ၏ Huron ဟန်းဆက်တွင် ၅ လက်မ (သို့မဟုတ်) ၄.၃ လက်မ အရွယ်ရှိ 1080p display ပါဝင်လာဖွယ်ရှိနေသည်။ ထို့အပြင် Bluetooth 3.0 ကို စမ်းသပ်ထားပြီး Windows ဖုန်းကို ခြေရာခံသည့် Ad Duplex ကိုလည်း Verizon က စမ်းသပ်နေကြောင်း သိရသည်။

Ref: TheVerge

လွှတ်တော်သက် သုံးနှစ်ပြည့်သောအခါ


လွှတ်တော်ဟူသည့် နိုင်ငံရေးဆိုင်ရာ ဥပဒေပြုအဖွဲ့နှင့် မြန်မာပြည်သူများ အလှမ်းကွာခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ၃၁ ရက်တွင် လွှတ်တော်များ ပြန်လည်အသက်ဝင်လာခဲ့သည်။

စစ်အာဏာရှင်အသွင်ပြောင်း မဆလတစ်ပါတီအစိုးရ၏ ကျောက်ရုပ်လွှတ်တော်များနှင့် အကျွမ်းတ၀င်ရှိခဲ့ဖူးခြင်းကြောင့် ယခုပေါ်ပေါက်လာသည့် လွှတ်တော်ကိုလည်း ပြည်သူများက မည်ကာမတ္တလွှတ်တော်သာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် လွှတ်တော်များသည် ပြီးခဲ့သည့်ဇန်န၀ါရီ ၃၁ ရက်က သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ နိုင်ငံကို နှစ်ပေါင်းနှစ်ဆယ်ကျော် ထင်တိုင်းကြဲအုပ်စိုးခဲ့သည့် စစ်အာဏာရှင်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့က ဦးဆောင်သူများအဖြစ် ပါဝင်ခဲ့သဖြင့် ပြည်သူများက ထိုကဲ့သို့ စွဲမြဲမှတ်ထင်ကြသည်မှာမလွန်။

စစ်အစိုးရလက်ထက် နံပါတ် ၃ နေရာတွင် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်း ဦးဆောင်သည့် ပြည်သူ့လွှတ်တော်နှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင်တို့ ဦးဆောင်သည့် အမျိုးသားလွှတ်တော်တို့အပေါ် ပြည်သူများသာမဟုတ် နိုင်ငံရေးစောင့်ကြည့်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ သံသယဖြင့် ကြည့်နေခဲ့ကြသည်။

လွှတ်တော်စတင်ခဲ့စဉ်အချိန်က ပြည်သူများအတွက် အစိမ်းသက်သက်ဖြစ်နေခဲ့သော်လည်း သုံးနှစ်လွန်မြောက်ခဲ့သည့် ယနေ့ကာလတွင် လွှတ်တော်သည် ပြည်သူများနှင့် ပိုမိုရင်းနှီးမှုရှိလာခဲ့သည်။

အထူးသဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၄၂ ဦး လွှတ်တော်ထဲရောက်ရှိခဲ့ပြီး ပြည်သူများက လွှတ်တော်အပေါ် စိတ်ဝင်စားမှုပိုမိုခဲ့သည်။

သို့သော် လွှတ်တော်များအပေါ် ယနေ့အချိန်အထိ သံသယဖြင့်စောင့်ကြည့်နေသူများ ရှိနေသကဲ့သို့ ယုံကြည့်လာကြသူများလည်း ရှိလာပြီဖြစ်သည်။ သံသယဖြင့် စောင့်ကြည့်ကြရခြင်း၏ အဓိကအကြောင်းရင်းသည် သာမန်ပြည်သူများက ကိုယ်စားလှယ်တစ်ဦးအတွက် တစ်ကြိမ်သာ မဲပေးရွေးချယ်ခွင့်ရှိသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသူက အကြိမ်ကြိမ်ဖြုတ်တပ်ရွေးချယ်နိုင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကြောင့်ပင်။

“ပြောရမယ်ဆိုရင်ဗျာ လွှတ်တော်တွေစတုန်းက ဟန်ပြ၊ ရုပ်ပြလို့ပဲ ထင်ထားတယ်။ ဥက္ကဋ္ဌတွေက စစ်သားဟောင်းတွေပဲ ဆိုတော့လေ။ အခုအချိန်မှာတော့ လွှတ်တော်တစ်ခုလုံးအနေနဲ့ကြည့်ရင် ကျွန်တော်ထင်ထားတာထက် အများကြီး ပိုအောင်မြင်တယ်လို့ဆိုရပါမယ်”ဟု လွှတ်တော်အပေါ် အကောင်းမြင်သူတစ်ဦးဖြစ်သူ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သည့် အထက်တန်းရှေ့နေ ဦးထွန်းဦးကပြောသည်။

ပြည်သူများက ထိုကဲ့သို့ပြောကြားသော်လည်း ၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်တွင် သုံးနှစ်ပြည့်မြောက်ခဲ့သော လွှတ်တော်နှစ်ပတ်လည်နေ့၌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မိမိတို့အနေဖြင့် လွှတ်တော်လုပ်ငန်းများကို မျှော်မှန်းထားသလောက် လုပ်ကိုင်နိုင်ခြင်းမရှိသေးဘဲ လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရေစီကျင့်သုံးသောနိုင်ငံများရှိ ဒီမိုကရက်လွှတ်တော်တစ်ရပ်အဖြစ် အသက်ဝင်လာစေရေး များစွာကြိုးပမ်းရဦးမည်ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သုံးသပ်သည်။

မိမိတို့နိုင်ငံအနေဖြင့် လွှတ်တော်နိုင်ငံရေးဖြင့် ကင်းကွာနေခဲ့ပြီးနောက် လွှတ်တော်များ ပေါ်ပေါက်လာခြင်းသည် ကောင်းသောအပြောင်းအလဲဖြစ်ပြီး ဒီမိုကရေစီနိုင်ငံများအတွက် လွှတ်တော်သည် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီကပြောသည်။

“လွှတ်တော်က အရင်စလုပ်တဲ့ကာလထက်စာရင် အခုက ပိုပြီးတိုးတက်လာပါတယ်။ အရင်ကဆို ရပ်ကွက်အဆင့်မေးခွန်းတွေပါ လွှတ်တော်မှာမေးတာလေ။ ဒါပေမဲ့ ဒီမိုကရက်တစ်လွှတ်တော်တစ်ရပ်ဖြစ်ဖို့ကတော့ ဒီထက်ပိုပြီး ကြိုးစားဖို့လိုတယ်”ဟု ဦးဂျင်မီကဆိုသည်။

ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံတစ်ခု၏ ဥပဒေပြုရေးအာဏာကို ကိုင်စွဲရသည့် လွှတ်တော်များအနေဖြင့် ဥပဒေပြုမှုဆောင်ရွက်ရာတွင် အတွေ့အကြုံအားနည်းမှုကြောင့် အစိုးရအဖွဲ့တင်သွင်းသော ဥပဒေများကိုသာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များမှ တင်သွင်းသောဥပဒေများ အတည်ပြုပြဋ္ဌာန်းနိုင်မှုနည်းပါးခဲ့သည်။

“အခုလွှတ်တော်သက်တမ်းသုံးနှစ်အတွင်းမှာတော့ ဥပဒေပြုရေးကဏ္ဍမှာ အားရကျေနပ်လောက်စရာ မရှိသေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ”ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က ၎င်း၏အမြင်ကိုပြောသည်။

သုံးနှစ်တာကာလအတွင်း ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဥပဒေပေါင်း ၆၀ ကျော် ပြဋ္ဌာန်းနိုင်ခဲ့ပြီး ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် လက်တွေ့နယ်ပယ်တွင် အသုံးဝင်သုံးစွဲမှုနည်းပါးနေပြီး ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်သော ဥပဒေတစ်ရပ်သာလျှင် လူထုအတွင်း ခေတ်စားသောဥပဒေတစ်ရပ်ဖြစ်လာကြောင်း ဝေဖန်သူများလည်းရှိသည်။

လွှတ်တော်သက်တမ်းသုံးနှစ်အတွင်း ရေးဆွဲခဲ့သည့်ဥပဒေများနှင့်ပတ်သက်၍ “ဥပဒေရေးဆွဲတာက အနုပညာတစ်ခုပဲ။ အရင်က Stakeholder တွေမပါဘဲ ရေးခဲ့တဲ့ဥပဒေတွေက အများကြီးပဲ။ ဒီတော့ လက်တွေ့မဆန်ဘူး။ အခု Stakeholder တွေနဲ့ရေးတဲ့ဥပဒေတွေ အများကြီးပဲ။ ဒါကြောင့် ပိုလက်တွေ့ဆန်တယ်။ အဆင့်မီတယ်ဆိုတာထက် လက်တွေ့ဆန်ဖို့ အရေးကြီးတယ်”ဟု ဦးမင်းတေဇညွန့်တင်က ဆက်လက်ပြောကြားသည်။

ပြုပြင်ပြောင်းလဲရေးအတွက် သုံးနှစ်ဟူသောသက်တမ်းသည် နည်းပါးသည်ဟုဆိုနိုင်သော်လည်း ထိုကာလအတွင်း လွှတ်တော်၏လုပ်ငန်းစဉ်ဟူ၍ ပီပီပြင်ပြင်အကောင်အထည်ပေါ်လာမှုမှာ လွှတ်တော်ဥက္ကဋ္ဌများ၏ အရည်အချင်းကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

ယခင်က ပြည်သူများ သိရှိခွင့်ပင်မရခဲ့သော နိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက် ရသုံးမှန်းခြေငွေစာရင်းများကို လွှတ်တော်များပေါ်ပေါက်လာပြီးနောက် မီဒီယာများ၏ သတင်းထုတ်ပြန်မှုဖြင့် ပြည်သူများ နှစ်စဉ်မှန်မှန်သိရှိခဲ့ရသည်မှာ သုံးနှစ်ကာလတိုင်ခဲ့ပြီဖြစ်သည်။

ထို့အပြင် လွှတ်တော်သို့တင်ပြခဲ့သော စာရင်းစစ်ချုပ်၏ စာရင်းစစ်ဆေးချက်များကြောင့်လည်း အစိုးရဌာနများအတွင်းရှိ ငွေကြေးအရှုပ်တော်ပုံများကိုလည်း ပြည်သူများ သိရှိခွင့်ရှိလာသည်။

လွှတ်တော်စတင်သည့် ၂၀၁၁ ခုနှစ်၌ စတင်ကိုင်တွယ်ခဲ့ရသော ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်၏ ရသုံးမှန်းခြေငွေစာရင်းကို လွှတ်တော်အတွေ့အကြုံနည်းပါးသေးသည့်အတွက် ကောင်းစွာမကိုင်တွယ်နိုင်ခဲ့သော်လည်း ၂၀၁၂-၁၃ ဖြည့်စွက်ရန်ပုံငွေမှစတင်ကာ လွှတ်တော်အတွင်း ချက်ကျလက်ကျ ထောက်ပြဝေဖန်မှုများကြောင့် ၀န်ကြီးဌာနအချို့ ဘီလီယံနှင့်ချီ၍ ဘတ်ဂျက်ဖြတ်တောက်ခံရမှုများ ဖြစ်ပေါ်ခဲ့သည်။

လယ်/ဆည်ဝန်ကြီးဌာနမှ ပြုလုပ်မည့် ဆည်တာတမံစီမံကိန်းကြီးများ ရပ်ဆိုင်းခံရခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဘတ်ဂျက်အသုံးစရိတ်အချို့တို့ ဖြတ်တောက်ခံခဲ့ရပြီး အခြားလိုအပ်သော ၀န်ကြီးဌာနများနှင့် နိုင်ငံအတွက်အရေးကြီးသော ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်များကို ဖြည့်တင်းမှုများပြုလုပ်ပေးနိုင်ခဲ့သည်။

“လွှတ်တော်က အစပိုင်းမှာတော့ ဘယ်သူမှ အတွေ့အကြုံမရှိကြဘူးလေ။ ဒီလိုဖြစ်လာတာ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်ရဲ့ ကြိုးပမ်းမှုကြောင့်လည်း ပါပါတယ်။
အခုတော့ လွှတ်တော်သက်တမ်းလေးလဲ ရလာတာနဲ့အမျှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေလည်း တက်လာတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်းကပြောသည်။

သမ္မတကန့်ကွက်သော မှတ်ချက်အများစုအားပယ်ချ၍ အတည်ပြုခဲ့သော ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များ မိမိတို့မဲဆန္ဒနယ်အတွင်း ဒေသဖွံ့ဖြိုးရေးများ ပိုမိုလုပ်ဆောင်ရန် တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်ချထားပေးခြင်းကိုလည်း လွှတ်တော်သက်တမ်းသုံးနှစ်မပြည့်မီ လပိုင်းအလိုတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

မြို့နယ်တစ်ခုချင်းစီအလိုက် ချထားပေးခြင်းဖြစ်၍ မြို့နယ်များကိုကိုယ်စားပြုသော ပြည်သူ့လွှတ်တော်များမှာ အရေးပါသောအခြေအနေရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်အချို့မှာ မဲဆွယ်ကာလတွင်သာ မိမိတို့မြို့နယ်သို့ရောက်ရှိခဲ့ပြီး ကျန်အချိန်များတွင် လုံးဝလာရောက်ခြင်းမရှိသဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကိုသာ အားကိုးနေရသော မြို့နယ်အချို့လည်းရှိလာသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ မဲဆန္ဒရှင်တစ်ဦးဖြစ်သူ ကိုဝေလင်းက “ကျွန်တော်တို့မြို့နယ်မှာ လာပြီးအရွေးခံထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုရင် မှတ်မှတ်ရရ သုံးနှစ်အတွင်း တစ်ခါမှ ကျွန်တော်တို့ဆီလာတာမရှိဘူး။ ဘာတွေအခက်အခဲရှိလဲဆိုတာလည်း မေးမြန်းစုံစမ်းခြင်းမရှိဘူး။ ဒီမြို့နယ်မှာလည်းမနေဘူး။ အဲလိုဖြစ်နေတော့ ဒီမှာနေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကိုပဲ အားကိုးနေရတယ်”ဟု အခက်အခဲများကိုပြောပြသည်။

ထိုကဲ့သို့သော ဖြစ်စဉ်များအပြင် အခြားဖြစ်စဉ်အချို့ကြောင့် မိမိတို့တင်မြှောက်ထားသော ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းလိုကြသော်လည်း လွှတ်တော်ကိုယ်စားလှယ်များအား ရုပ်သိမ်းသည့် ဥပဒေကြမ်းမှာ လွှတ်တော်တွင် သောင်တင်နေဆဲဖြစ်သည်။

ထိုဥပဒေပေါ်ပေါက်လာမှသာ လွှတ်တော်ကိုယ်စားလှယ်များကို ပြန်လည်ရုပ်သိမ်းနိုင်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကော်မရှင်မှလည်း ၎င်းဥပဒေ ပေါ်ထွက်လာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ကြီးမားသောလူတန်းစားတစ်ရပ်ဖြစ်သော တောင်သူလယ်သမားများအတွက် ကြီးမားသောအခက်အခဲဖြစ်နေသည့် မြေယာသိမ်းဆည်းခြင်းခံရသောကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာပြီး အစိုးရသို့ အစီရင်ခံစာများကို အပိုင်းလိုက်တင်သွင်းနိုင်ခဲ့သည်။

“လယ်ယာမြေကတော့ တော်တော်ကိုရှုပ်ထွေးပြီး ဖြေရှင်းရခက်တဲ့ပြဿနာပဲ။ ဒါကိုဖြေရှင်းနိုင်တဲ့အစိုးရကတော့ လက်ခမောင်းခတ်တော့ပဲ။ လွှတ်တော်ကလုပ်ပေးတယ်ဆိုတာ အရင်အာဏာရှင်ခေတ်ကလို ဘာမှမလုပ်ပေးတာထက်စာရင် ပိုပြီးတိုးတက်လာတယ်လို့ သုံးသပ်နိုင်ပါတယ်”ဟု ဦးဂျင်မီကပြောသည်။

ရေးသားသူ- သီဟ၊ မင်းဟိန်းကျော်၊ ရန်မျိုးနိုင်

7Day News Journal

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ကျောင်းပြင်ပ ဈေးဆိုင်များရှိ အစားအသောက်များ အန္တာရယ် ကင်းရှင်းရေး မြို့နယ်စည်ပင်များ ကြပ်မတ်ကွပ် ကဲပေးရန်လို


ရန်ကုန်၊ဖေဖော်ဝါရီ ၄ ။ ။ ကျောင်းပြင်ပရှိဈေး ဆိုင်များ ဘေး အန္တရာယ် ကင်းရှင်းသော အ စားအသောက်များ ရောင်းချစေ ရန်အတွက် သက်ဆိုင် ရာမြို့နယ် စည်ပင်များအနေဖြင့် ကြပ်မတ် ကွပ်ကဲပေးရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ကျောင်း ကျန်းမာရေး ဆရာဝန်ကြီး ဒေါက် တာခင်စော ရီ ကပြောကြားလိုက် သည်။

မြို့နယ်ကျာင်းကျန်းမာရေး ကော်မတီများအနေဖြင့် ဘေး အန္တရာယ်ကင်းရှင်းသော အစား အသောက် များ ရောင်းချ ရန်အ တွက် ကျောင်းတွင်းဈေး ဆိုင်များ ကိုသာ ကြပ်မတ် ကွပ်ကဲနိုင်သ ဖြင့် အခြေခံပညာကျောင်းများ အရှေ့ရှိ ဈေး ဆိုင်များ အနေဖြင့် ကျန်းမာရေးနှင့် မညီညွတ်သော အစား အသောက်များ ကို ရောင်း ချမိပါက စားသောက်မိသည့် က လေးသူငယ်များတွင် အန္တရာယ် ရှိနိုင်သဖြင့် ယင်းသို့ကြပ်မတ်ကွပ် ကဲခြင်းကို နှီးနွယ် ဌာနဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးကော် မတီများ ကသာ လုပ်ဆောင်ပေး ရမည်ဖြစ်ကြောင်း သိရသည်။

““ကျောင်းကျန်းမာရေးကော် မတီက ကျောင်းပြင်ပမှာ ရောင်း ချနေတဲ့ အစားအသောက်တွေ ကို ဘေးအန္တရာယ် ကင်းအောင် တော့ မလုပ်ဆောင်နိုင်ပါဘူး။နှီးနွယ်ဌာနဖြစ်တဲ့ စည်ပင်ကျန်း မာရေးဌာနမှာပဲတာဝန်ရှိပါ တယ်။ တချို့ကျောင်းတွေ ရဲ့ ရှေ့နားမှာအသုပ်စုံတွေကို လ က် အိတ်မပါဘဲရောင်းနေတာ ကိုတွေ့ရတယ်။ရောင်းတဲ့သူ ရဲ့လက်မသန့်ရှင်းရင် လက်မှာရှိတဲ့ပိုးတွေဝမ်း ဗိုက်ထဲ ရောက်သွားပြီးကလေး တွေ ၀မ်းပျက် ၀မ်းလျှောဖြစ် နိုင် တယ်။အစာအဆိပ်သင့် တာတွေ ဖြစ် နိုင် တယ်””ဟုဒေါက်တာ ခင်စောရီ ကဆို သည်။

ကျောင်းတွင်းတွင် ရောင်း ချလျက်ရှိသော ဈေးသည်များ အား အစားအသောက်များကိုင် တွယ်ရောင်းချရာတွင် လက်အိတ် များ အသုံးပြုရန်၊သန့်ရှင်းလတ် ဆတ်သောအစားအစာများကို ရောင်းချရန်၊ခြင်ယင်မနားစေရန် အစားအသောက်များအား အဖုံး အအုပ်များဖြင့် ထားရန် တိုင်း ကျောင်းကျန်မာရေးဆရာဝန် ကြီးက လမ်းညွှန် ထားကြောင်း သိ ရသည်။

ထို့ပြင် ကျောင်းပြင်ပတွင် ရောင်းချသည့် ဈေးသည်များအ နေဖြင့် အစားအစာများကိုရောင်း ချရာတွင် သန့်ရှင်းစွာထုပ် ပိုးရောင်း ချရန်လိုအပ်ပြီး အစားအစာများ ကိုထုပ်ပိုးရာ တွင် ကြတ်ကြတ် အိတ်၊ ဖော့ဗူးများဖြင့် ထုပ် ပိုး ရောင်းချခြင်း ကိုလည်း ရှောင် ကြဉ်ရန်လိုအပ်ကြောင်း သိရ သည်။

““ကြွတ်ကြွတ်အိတ်တွေနဲ့ မရောင်းနဲ့ဆိုလည်း ရောင်းနေ တာပဲ။ ဖော့ဗူးတွေ၊ ကြွတ်ကြွတ် အိတ်တွေ မသုံးနဲ့ဆို လဲသုံးနေ တာပဲ။ ဒါကိုထိထိရောက်ရောက် ပိတ်ပင်တာတွေ လုပ်ဖို့လိုတယ်”” ဟု ဒေါက်တာဒေါ်ခင်စောရီ က ဆက်လက်ပြောကြား ခဲ့သည်။

ကျောင်းပြင်ပတွင် အများ စုရောင်းချသောအစားသောအစား အသောက်များတွင် ကိုရီးယားအ ကင်များ၊ ၀က်သားဒုတ် ထိုးများ၊ အသုပ်စုံများ အများစုပါဝင်ပြီး အဆိုပါအစား အစာများ ကို ကလေးများ အလွန်နှစ်ခြိုက် ကြ ကြောင်း၊ ၀က်သားဒုတ်ထိုး များ နှင့် တို့စား ရန်ဖျော်စပ်ထားသည့် အချဉ်ရည်နှင့် အသုတ်သုပ် ရာ တွင်အသုံးပြုသည့်အချဉ်ရည် သည် မသန့်ရှင်းပါက ၀မ်းပျက် ၀မ်းလျှောဖြစ်နိုင်ပြီး ကိုရီးယား အကင်များမှာလည်း ဆီပူပူနှင့် အချိန်ကြာမြင့် စွာကြော်ထား ပါ က ရေရှည်တွင် ကင်ဆာရော ဂါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

““ဆီတွေကို အချိန်ကြာကြာ နဲ့အပူပေးရင် အသွင်ပြောင်းဆီ တွေဖြစ်သွားတယ်။ ကိုရီးယား ကင် တွေ၊အကြော်တွေ၊ ၊ကြက်ကြော်တွေက ဆီပူပူနဲ့ ကြော်ထားတာ။အသွင်ပြောင်း ဆီတွေက ကင်ဆာရောဂါဖြစ်နိုင် တယ်။ ဒါတွေကိုနေ့စဉ်စား ရင် ရေရှည်မှာအန္တရာယ်ရှိတယ်””ဟု ကျန်းမာရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး (အာဟာရ)ဒေါက်တာထင်လင်းကဆိုသည်။

ကျောင်းပြင်ပ၌ပါ ကျောင်း သားများအား အစား အသောက် ဘေးအန္တရာယ်ကင်းစေရန် စည်ပင် သာယာရေးကော်မ တီနှင့် အခြား သောနှီးနွယ် ဌာနများ အနေဖြင့် ပူးပေါင်းဆောင် ရွက်သင့်ပြီး ကျောင်း အနီးတွင်ရောင်းချသော ဈေးဆိုင်များကို ကြပ်မတ်ကွပ်ကဲ ရုံသာမက အိမ်တွင်ဝယ် ယူချက် ပြုတ်စားသောက် ရသည့် အစား အသောက်များရောင်းချသည့် နေ ရာများတွင် လည်း ဘေး အန္တရာယ် ကင်းရှင်းစေရေးကို ပါပူးပေါင်း ဆောင် ရွက် သင့်ကြောင်း ပညာရှင် များကပြော ဆိုထား သည်။

NOL [--Myanmar News Network--]

ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ရဲက စစ်မေး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းတယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

ရခိုင်ပြည်နယ် ဒုချီးရားတန်းအနောက်ကျေးရွာ မီးလောင်ကျွမ်းမှုမှာ ရဲတွေပါဝင်ပတ်သက်တယ်လို့ နယ်မြေခံတွေက သူ့ထံကို အကြောင်းကြားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ရွေးချယ်ခံရသူ ဦးရွှေမောင်က ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ် ပြည်နယ်အစိုးရကရော၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကပါ ပယ်ချငြင်းဆိုခဲ့ပြီး ဘင်္ဂါလီတွေ ကိုယ့်အိမ်ကိုယ် ရှို့သွားတာလို့ ထုတ်ပြန်ထားပါတယ်။

လွှတ်တော်ကျင်းပတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက မေးမြန်းဖို့ ကိစ္စကို သမ္မတရုံးက ပြည်ထောင်စုလွှတ်တော် နာယကထံကို သ၀ဏ်လွှာပေးပို့ ခွင့်တောင်းခဲ့ကြောင်းနဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်န၀ါရီ ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဦးရွှေမောင်ကို မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်က ရှင်းပြပါတယ်။

“အဓိကကတော့ ဒုချီးရားတန်းအနောက်ရွာမှာ မီးလောင်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ ဒီဗွီဘီနဲ့ ပြောတဲ့အချိန်မှာ ဒါဟာ ရဲတွေရှို့တယ်၊ ရွာသားတွေက တယ်လီဖုန်းနဲ့ ပြောတဲ့ အထောက်အထားတွေ သူ့မှာရှိတယ်၊ ဘာညာဆိုပြီးတော့ ပြောခဲ့တာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်က သိချင်တာတချက်ပေါ့။ ခိုင်မာတဲ့ အထောက်အထားရှိရင် သူတို့ကိုပေး။ မှန်ကန်တယ်ဆိုရင် တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်ပြီးအရေးယူမှာပေါ့။ နှစ်ကတော့ သူက မခိုင်မာဘဲပြောတယ်ဆိုရင် သူ့ရဲ့ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေသလို ရခိုင်ပြည်နယ်အပါအ၀င် ကျန်တဲ့မြန်မာနိုင်ငံရှိတဲ့ ဒေသတွေမှာလည်း အစ္စလာမ်ဘာသာဝင်နဲ့ ကျန်တဲ့လူတွေကြားထဲမှာ တင်းမာမှုတွေ မြင့်တက်စေနိုင်တယ်။ ပဋိပက္ခတွေ ပြန်ဖြစ်စေနိုင်တယ်ဆိုတာကို သူ သဘောပေါက်မပေါက်ပေါ့ဗျာ။ ဒါလေးကို သူ နားလည်မလည် ဒါမျိုးလေးလည်း မေးချင်တာ အဓိက” လို့ ပြောပါတယ်။

 မနေ့က ခေါ်ယူစစ်မေးတဲ နောက်ပိုင်းအခြေအနေကိုတော့ သူမသိရှိသေးဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

 မနေ့က ခေါ်ယူစစ်ဆေးမခံရမီ ဦးရွှေမောင်က သူ့ကို ခေါ်ယူစစ်မေးမယ်ဆိုတာကို သိရှိကြောင်းနဲ့ သမ္မတရဲ့စာမှာ သူ့အင်တာဗျူးဟာ နိုင်ငံတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အသရေပျက်စေတယ်၊ ပဋိပက္ခဖြစ်စေတယ်လို့ ဖော်ပြထားကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အင်တာနက်စာမျက်နှာတွေပေါ်မှာ ဒုချီးရားတန်းကျေးရွာဖြစ်စဉ်အတွင်း ဘင်္ဂါလီ ၁၀၀ ကျော် သေဆုံးတယ်ဆိုပြီး လူစာရင်းတွေ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က အခြေအမြစ်မရှိဘူးလို့ ထပ်မံဖြေရှင်းသွားပါတယ်။

“အီးယူသံအမတ်တွေလည်း ပြန်လာပါပြီ။ အီးယူသံအမတ်ရှေ့မှာ အမျိုးသမီးတယောက်က သူ့အမျိုးသား ပျောက်နေတယ်လို့ ပြောလို့တောင်မှ အဲဒီအမျိုးသားဟာ ရဲစခန်းမှာရှိကြောင်း ရဲက ရှင်းပြပေးပါတယ်။ ကျန်တဲ့သူတွေအားလုံးက မိန်းမတွေအားလုံးက ဒီကိစ္စကို မသိပါဘူးလို့ ပြောပါတယ်။”

လွန်ခဲ့တဲ့ရက်ပိုင်းက အဲဒီမောင်တောဒေသကို သွားရောက်စစ်ဆေးခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က လူသေဆုံးမှုနဲ့ ပတ်သက်ပြီး အထောက်အထားမတွေ့ရှိကြောင်းနဲ့ ရက်ပိုင်းအတွင်း ရှင်းလင်းထုတ်ပြန်မယ်လို့ ဖြေဆိုပါတယ်။

ဒီဗွီဘီက သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်ကို ယူနတီအပတ်စဉ်ထုတ်ဂျာနယ်တိုက်က သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက်သတင်းဖော်ပြခဲ့မှုနဲ့ စစ်မေးတာနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ ဂျာနယ်က ရေးသားသလို ဓာတုလက်နက်စက်ရုံ မဟုတ်ဘဲ ကာကွယ်ရေးနဲ့ ဆိုင်တဲ့စက်ရုံသာဖြစ်တယ်လို့ ဖြေဆိုပါတယ်။

ဒီအမှုကို ဥပဒေအတိုင်း ဆောင်ရွက်နေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

“ဒီအမှုက သုံးဆယ်ရက်နေ့ (ဇန်န၀ါရီ) မှာ သက်ဆိုင်ရာဌာနက ပေါက်မြို့နယ်ရဲစခန်းမှာ တိုင်ချက်ဖွင့်တယ်။ ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၄၊ ၁၆၁ အရ သူတို့ကို ခေါ်ပြီးတော့မှ မေးမြန်းမှုတွေ လုပ်တယ်။ အဲဒီအခါမှာ ၂၄ နာရီထက် ကျော်ပြီးတော့မှ ခေါ်ယူမေးမြန်းလို့ မရတဲ့အတွက်ကြောင့်မို့လို့  သက်ဆိုင်ရာတရားရုံးထဲမှာ ဖေဖော်ဝါရီလ ၁ ရက်ကနေစပြီးတော့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ နှစ်ပတ် ရမန်ယူပြီးတော့မှ ကျနော်တို့ မေးမြန်းနေတာရှိတယ်။ ခင်ဗျားမေးတဲ့ ဓာတုလက်နက်စက်ရုံ ဟုတ်လားလို့မေးရင် ကျနော်တို့နိုင်ငံက ဓာတုလက်နက်နဲ့ပတ်သက်တဲ့ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒါဟာ ကာကွယ်ရေးနဲ့ဆိုင်တဲ့ စက်ရုံသာဖြစ်ပါတယ်။ ဓာတုလက်နက်ထုတ်တဲ့စက်ရုံမဟုတ်ပါဘူး” လို့ ဖြေပါတယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄  ပထမသတင်းပေးတိုင်ချက် ရေးဖွင့်ခြင်း၊ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၁ အရ သက် သေများ စစ်ဆေးခြင်း တွေဆောင်ရွက်တာလို့ ပြောသွားပါတယ်။

ဒီကနေ့မနက်ပိုင်းက ယူနတီဂျာနယ်တိုက်က အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးကို ပုဇွန်တောင်မြို့နယ် နေကြာလမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ရဲက လာရောက်ခေါ်ဆောင်ပြန်တာကြောင့် ဖမ်းဆီးခံထားရသူ ငါးဦးထိရှိနေပြီဖြစ်ပါတယ်။

By အေးနိုင် (DVB)

ဦးပဇင်းတစ်ဦးမှ မကျေနပ်၍ အမျိုးသမီးတစ်ဦးအား ဓါးဖြင့်ထိုး


တောင်ငူ ဖေဖေါ်ဝါရီ ၅

တောင်ငူမြို့၊ (၁၃)ရပ်ကွက်၊ ဈေးလမ်း၊ နေရှင်နယ် ဘုန်းကြီးကျောင်းတွင် ဖေဖေါ်ဝါရီလ (၃) ရက်၊ (၂၃း၅)နာရီ အချိန်က မမြင့်မြင့်စိုးလွင်(၄၆)နှစ်၊ (ဘ)ဦးစိုးလွင်၊ ဈေးရောင်း၊ ၁၃ရပ်ကွက် တောင်ငူမြို့ နေသူသည် ဈေးဆိုင်သိမ်း၍ ဈေးပစ္စည်းများအား ကျောင်းဝန်းအတွင်းရှိ ဆွမ်းစားဆောင် အောက်ထပ်အခန်းထဲတွင် သိမ်းဆည်းနေစဉ် အဆိုပါကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ဦးပဇင်း ဥူးကုသလ သက်တော်(၃၁)နှစ်၊ ဝါတော် (၂) ဝါ၊ လူအမည် ဖိုးချမ်း(၃၁)နှစ်၊ (ဘ)ဦိးစံထွန်းလင်း၊ ရွှေညာမြေလမ်း၊ (၄)ရပ်ကွက်နေသူသည် လက်ထဲ၌အသင့်ပါလာသော အရိုးအသွား (၉)လက်မခွဲရှိ စတီးဓါးမြှောင်တစ်ချောင်းကိုင်၍ အခန်းအတွင်းသို့ ဝင်လာပြီး မမြင့်မြင့်စိုးလွင်အား (၃/၄)ချက်ခန့်ဆင့်ထိုးရာ မမြင့်မြင့်စိုးလွင်တွင် ဦးခေါင်းနောက်စေ့ ပြတ်ရှ ဒဏ်ရာ(၁) ချက်၊ ကျောကုန်းထိုးသွင်းဒဏ်ရာ(၃)ချက်၊ ယာလက်မောင်းပြတ်ရှဒဏ်ရာ (၁)ချက် (အတွင်းလူနာ၊ မစိုးရိမ်ရ) ရရှိခဲ့သည်။

ဖြစ်စဉ်မှာ မမြင့်မြင့်စိုးလွင်၏ ဦးလေး တော်စပ်သူ ကျောင်းထိုင် ဆရာတော် ဥူးဇာဂရ သက်တော်(၆၂)နှစ်၊ ဝါတော်(၃၂)ဝါနှင့် ဦးပဇင်း ဥူးကုသလတို့ စကားများသည့်ကိစ္စအား မမြင့်မြင့်စိုးလွင်မှ ကျောင်းထိုင် ဆရာတော် အား မချေမငံပြန်မပြောရန် ဝင်ရောက်ပြောဆိုခဲ့သည်ကို မကျေမနပ်ဖြစ်ကာ ဓါးဖြင့်ထိုးခဲ့ကြောင်း သိရှိရသည်။

ဦးပဇင်း ဥူးကုသလအား အရေးယူပေးပါရန် မမြင့်မြင့်စိုးလွင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်ငူ အမှတ်(၂)ရဲစခန်းမှ ပြစ်မှုပုဒ်မ(၃၂၆)အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

ဟဲဟိုးမြို့တွင်း တပ်သိမ်းယာမြေများ ပြန်ရရန် ကယန်း-ပဒေါင်လူမျိုးများ ဆန္ဒထုတ်ဖော်

ဟဲဟိုးမြို့တွင်း တပ်သိမ်းယာမြေများ ပြန်ရရန် ကယန်း-ပဒေါင်လူမျိုးများ ဆန္ဒထုတ်ဖော်





တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံရတဲ့ လယ်ယာမြေကိစ္စကို ဖြေရှင်းပေးဖို့ အစိုးရဌာနအဆင့်ဆင့်နဲ့ သမ္မတရုံးအထိ စာတင်ခဲ့ပေမယ့် သက်ဆိုင်ရာက လာရောက်ဖြေရှင်းပေးခြင်း မရှိတဲ့အတွက် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက မိုးဗြဲမြို့မှာ ဒေသခံလယ်သမား နှစ်ရာလောက်က ပထမဆုံးအနေနဲ့ ဒီနေ့မနက်မှာ ဆန္ဒထုတ်ဖော်နေကြစဉ် / photo: RFA/ Nay Thwae

ရန်ကုန်၊ မဇ္ဈိမ။ ။ စစ်တပ်က သိမ်းဆည်းထားသည့် ယာမြေဧက ၁၅၀၀ ကျော် ပြန်လည် ရရှိရန် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟဲဟိုးမြို့ ၊ မိုးဗျဲ ကျေးရွာက ကယန်း-ပဒေါင် လူမျိုး တောင်သူ ၂၀၀ ကျော်တို့သည် ခမရ ၄၂၂ တပ်ကို ဖေဖော်ဝါရီလ ၅ ရက်က ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ ဦးစိုးပိုင်က မဇ္ဈိမကို ပြောသည်။

“သိမ်းခံရတာတော့ ၂၂ နှစ် ရှိပြီ၊ အရင်က ပြောဆိုခွင့် ပြန်တောင်းခွင့် မရှိခဲ့ဘူး၊ အခုတော့ တရားဝင် ဆန္ဒထုတ်ဖော်တောင်းဆိုတာ၊ ဒီမြေတွေက ကျွန်တော်တို့ ဘိုးဘွားပိုင် မြေတွေ ၊ ပြန်လိုချင်တယ်”ဟု ဦးစိုးပိုင်က ပြောသည်။

ခမရ ၄၄၂တပ်ရင်းမှ တာဝန်ရှိသူများက ယာမြေများကို သိမ်းဆည်းခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၅ရက် နံနက် ၉နာနရီမှ ၁၁နာရီ ၁၅မိနစ်အထိ မိုးဗျဲကျေးရွာတွင် တောင်သူ ၂၀၀ကျော်က ထိုခမရ ၄၄၂တပ်ကို ဟဲဟိုးမြို့နယ် ရဲစခန်း၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဆန္ဒပြခဲ့သည်။

လယ်သမားအနေဖြင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းကြောင့် ၂၀၁၃ခုနှစ် ဇွန်လ ၂၅ရက်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံသို့ တိုင်စာပို့ခဲ့ပြီး စက်တင်ဘာလ ၁၄ရက်တွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုတင်ခဲ့ပြီး စက်တင်ဘာ ၂၇တွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့ကို စာဖြင့် တိုင်ကြားခဲ့သော်လည်း ထူးခြင်းမှု မရှိသဖြင့် ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၇ရက်တွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ကို ထပ်မံတိုင်ကြားခဲ့သည်ဟု ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်မျိုးခန့်က ပြောသည်။

၁၉၉၂ခုနှစ်တွင် ကယန်း-ပဒေါင်လူမျိုး လယ်သမားများ၏ မိုးဗျဲမြို့ အရှေ့ဘက်ခြမ်းက ယာ ဧက ၅၀၀နှင့် အနောက်ဘက်အခြမ်းက ဧက ၁၀၀၀ကျော်ကို သိမ်းဆည်းသွားခဲ့ခြင်းဖြစ်ပြီး လျော်ကြေးတစ်စုံတစ်ရာ ပေးလျော်ခြင်းမရှိခဲ့ဟုလည်း ၎င်းက ပြောသည်။

သိမ်းဆည်းခဲ့စဉ်က ယာမြေများပေါ်တွင် ပဲ၊ ပြောင်းဖူးကို အဓိက စိုက်ပျိုးခဲ့ပြီး စစ်တပ်မှ ထိုနေရာကို စီမံကိန်း နယ်မြေအဖြစ် သတ်မှတ်ကာ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

ရန်ကုန်၊ မဇ္ဈိမ။ ။ စစ်တပ်က သိမ်းဆည်းထားသည့် ယာမြေဧက ၁၅၀၀ ကျော် ပြန်လည် ရရှိရန် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟဲဟိုးမြို့ ၊ မိုးဗျဲ ကျေးရွာက ကယန်း-ပဒေါင် လူမျိုး တောင်သူ ၂၀၀ ကျော်တို့သည် ခမရ ၄၂၂ တပ်ကို ဖေဖော်ဝါရီလ ၅ ရက်က ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ ဦးစိုးပိုင်က မဇ္ဈိမကို ပြောသည်။

“သိမ်းခံရတာတော့ ၂၂ နှစ် ရှိပြီ၊ အရင်က ပြောဆိုခွင့် ပြန်တောင်းခွင့် မရှိခဲ့ဘူး၊ အခုတော့ တရားဝင် ဆန္ဒထုတ်ဖော်တောင်းဆိုတာ၊ ဒီမြေတွေက ကျွန်တော်တို့ ဘိုးဘွားပိုင် မြေတွေ ၊ ပြန်လိုချင်တယ်”ဟု ဦးစိုးပိုင်က ပြောသည်။

ခမရ ၄၄၂တပ်ရင်းမှ တာဝန်ရှိသူများက ယာမြေများကို သိမ်းဆည်းခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၅ရက် နံနက် ၉နာနရီမှ ၁၁နာရီ ၁၅မိနစ်အထိ မိုးဗျဲကျေးရွာတွင် တောင်သူ ၂၀၀ကျော်က ထိုခမရ ၄၄၂တပ်ကို ဟဲဟိုးမြို့နယ် ရဲစခန်း၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဆန္ဒပြခဲ့သည်။

လယ်သမားအနေဖြင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းကြောင့် ၂၀၁၃ခုနှစ် ဇွန်လ ၂၅ရက်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံသို့ တိုင်စာပို့ခဲ့ပြီး စက်တင်ဘာလ ၁၄ရက်တွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုတင်ခဲ့ပြီး စက်တင်ဘာ ၂၇တွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့ကို စာဖြင့် တိုင်ကြားခဲ့သော်လည်း ထူးခြင်းမှု မရှိသဖြင့် ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၇ရက်တွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ကို ထပ်မံတိုင်ကြားခဲ့သည်ဟု ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်မျိုးခန့်က ပြောသည်။

၁၉၉၂ခုနှစ်တွင် ကယန်း-ပဒေါင်လူမျိုး လယ်သမားများ၏ မိုးဗျဲမြို့ အရှေ့ဘက်ခြမ်းက ယာ ဧက ၅၀၀နှင့် အနောက်ဘက်အခြမ်းက ဧက ၁၀၀၀ကျော်ကို သိမ်းဆည်းသွားခဲ့ခြင်းဖြစ်ပြီး လျော်ကြေးတစ်စုံတစ်ရာ ပေးလျော်ခြင်းမရှိခဲ့ဟုလည်း ၎င်းက ပြောသည်။

သိမ်းဆည်းခဲ့စဉ်က ယာမြေများပေါ်တွင် ပဲ၊ ပြောင်းဖူးကို အဓိက စိုက်ပျိုးခဲ့ပြီး စစ်တပ်မှ ထိုနေရာကို စီမံကိန်း နယ်မြေအဖြစ် သတ်မှတ်ကာ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

နန်းလွင်နှင်းပွင့်
Mizzima - News in Burmese