Justin Bieberကို ဒေါသထိန်းချုပ်ရေး သင်တန်းတက်ဖို့ တိုက်တွန်းခဲ့တဲ့ Selena Gomez


Selena Gomezဟာ Justin Bieberကို ဒေါသ ထိန်းချုပ်ရေး သင်တန်းတွေ သွားတက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ အသက်၂၁နှစ်အရွယ် အလှပဂေး Selena Gomezဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အဆိုတော် Justin Bieber နဲ့ မကြာသေးမီကမှ ပြန်ပေါင်းထုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အပတ်က အိမ်နီးချင်းအိမ်ကို ကြက်ဥနဲ့ပေါက်ခဲ့တာ အပါအ၀င် အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့ Justin Bieberရဲ့ အပြုအမူဆိုးတွေ ပြုခဲ့သူဖြစ်ပါတယ်။

“အပြုအမူတွေ တိုးတက်မလာရင်တော့ ချစ်စိတ်ကူးယဉ်ဆန်စရာတွေလဲ  ရှိတော့မှာမဟုတ်ဘူး။” လို့ Selena Gomez က Justin Bieberကိုပြောခဲ့ပြီး ဒေါသထိန်းချုပ်ရေး သင်တန်းတက်ဖို့ တိုက်တွန်းခဲ့တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ “Selena က Texasကလာတဲ့ ရှေးဆန်တဲ့မိန်းကလေး၊ အပြုအမူကောင်း၊ အကျင့်ကောင်းတွေကို ယုံကြည်တယ်။ သူတို့စုံတွဲကြား တစ်ယောက်နဲ့တစ်ယောက် အရင်လိုပုံမှန်အတိုင်း အမြင်ပြန်ကြည်ဖို့ Justin Bieberရဲ့ လုပ်ပုံကိုင်ပုံတွေ ပြုပြင်ကို ပြုပြင်ရမယ်လို့လဲ Selena ကပြောခဲ့သေးတယ်။” လို့ အဲ့ဒီ့အမည်မဖော်လိုသူက ဆက်ပြောပါတယ်။
ကန်ဒေါ်လာ ၂၀၀၀၀ ပျက်စီးဆုံးရှုံးသွားမှုနဲ့ Justin Bieberရဲ့အိမ်မှာ  ဇန်န၀ါရီလ ၁၄ရက်နေ့က ရဲတွေ ၀င်ရောက်စီးနင်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။




Ref:starpulse
Trend Myanmar

၂ဝ၁၅လွန် အာဆီယံအသိုင်းအဝိုင်း မျှော်မှန်းချက် ပုဂံထိပ်သီးဆွေးနွေးပွဲ၌ စတင်ဆွေးနွေး


အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီ ၁၆ရက်နေ့က ပုဂံမြို့ ရွှေနန်းတော်ဟိုတယ် နန်းမြင့်မျှော်စင်မှာ စတင်ကျင်းပခဲ့ပြီး ၂ဝ၁၅လွန် အာဆီယံအသိုက်အဝိုင်းအတွက် မျှော်မှန်းချက်နဲ့ အာဆီယံပြင်ပဆက်ဆံရေး လမ်းညွှန်ချက်တွေကို စတင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၇ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီးကတည်းက ပထမဆုံး အာဆီယံဥက္ကဌအဖြစ် စတင်တာဝန်ယူတဲ့အချိန် မှာတော့ ဒေသတွင်းပြဿနာတွေကို ဘက်မလိုက်ဘဲ ဖြေရှင်းမှာဖြစ်တယ်လို့ မြန်မာအစိုးရ ဒုတိယပြန်ကြားရေး ဝန်ကြီးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

အာဆီယံဒေသတွင်းမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး ကျန်နိုင်ငံတွေနဲ့ ဖြေရှင်းမယ့် မူဘောင်တစ်ခုရှိတဲ့အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေကိုလည်း ပြေလည်အောင် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်တွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အနှောင့်အယှက်အတားအဆီး မဟုတ်ဘဲ နိုင်ငံအချင်းချင်းအကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ထားပြီး အာဆီယံဒေသတွင်း စိန်ခေါ်မှုတွေဟာ နိုင်ငံအလိုက် သူ့နေရာနဲ့သူရှိနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၅ရက်နေ့ကနေ ၁၈ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကိုတက်ဖို့အတွက် ဒေသတွင်းက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပုဂံမြို့ကို ဇန်နဝါရီ ၁၆ရက်နေ့မှာ ရောက်လာခဲ့ပါတယ်။
Kamayut Media

စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းရေး တောင်းဆိုချက် တောင်ကိုရီးယား ပယ်ချ


တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းဖို့ မြောက်ကိုရီးယားအစိုးရက တောင်းဆိုတာကို တောင်ကိုရီးယားဘက်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

ဖေဖော်ဝါရီနဲ့ မတ်လမှာ စီစဉ်ထားတဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုကို ရန်စတဲ့ အပြုအမူလို့ မြောက်ကိုရီးယားဘက်က ဝေဖန်ပြီး ရပ်ဆိုင်းဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူ ကင်မင်ဆွခ်က တုံ့ပြန်ရာမှာတော့ တောင်ကိုရီးယားဟာ ဒီမိုကရေစီနိုင်ငံအနေနဲ့ လက်ဦးမှုယူတဲ့ တိုက်ခိုက်မှုမျိုးကို လုပ်မှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့နောက်မှာ ကင်ဂျုံအန်းအစိုးရက အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို တိုက်ခိုက်ပြီး လက်တုံ့ပြန်မယ်လို့ ကြိမ်းဝါးခဲ့ပြီး လအတန်ကြာအောင် အပြန်အလှန် အပြစ်ဖို့ နေခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ပြီးသွားခဲ့တာ နှစ် ၆၀ ကြာခဲ့ပေမယ့် တောင်နဲ့ မြောက် ကိုရီးယားတို့ကြားမှာ စစ်ရေးတင်းမာမှုကို လျော့ချရေး သဘောတူညီချက် အခုထိ မရကြသေးပါဘူး။

လေ့လာသူတွေကတော့ နှစ်နိုင်ငံကြားမှာ စစ်ဖြစ်ခဲ့ရင် မြောက်ကိုရီးယားဘက်က ရှုံးဖို့ သေချာတာမို့ ပြုံးယမ်းဘက်က သမာရိုးကျ စစ်ပွဲတခု ဖြစ်လာတဲ့အထိ စွန့်စားမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဟာ နောက်ထပ် တာဝေးပစ်ဒုံးကျည် ဒါမှမဟုတ် နျူးကလီးယား စမ်းသပ်မှုတခုကို ပြုလုပ်နိုင်သေးတယ်လို့ ခန့်မှန်းကြပါတယ်။

အခုထိ မြောက်ကိုရီးယားဟာ နျူးကလီးယား စမ်းသပ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလမှာ နောက်ဆုံးစမ်းသပ်မှု လုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၀ က လုပ်ခဲ့သလိုမျိုး တောင်ကိုရီးယား နယ်နိမိတ်ထဲကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာမျိုး လုပ်လာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ် ကြပါတယ်။
DVB

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် အနားယူရန် စီစဉ်နေ


ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌနဲ့ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

အသစ်တက်လာမည့် ခေါင်းဆောင်များကို လမ်းဖွင့်ပေးသည့် အနေဖြင့် တာဝန်များမှ အနားယူလိုခြင်း ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)အဖွဲ့မှ ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဗဟိုဌာနချုပ် လွယ်တိုင်းလျန်း၌ ၁၄ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က အထက်ပါအတိုင်း ပြောကြားကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။

“နောက်ထပ် တက်လာမယ့် ခေါင်းဆောင် တွေကို လမ်းဖွင့်ပေး လိုက်တဲ့ သဘောပါ၊ အကယ်၍ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင် လိုတဲ့ ခေါင်းဆောင်တွေ ရှိရင် သူ့နေရာ အစားထိုးလို့ ရအောင် အခွင့်အရေး ပေးချင်းတဲ့ သဘောလို့ ပြောပါတယ်”ဟု ၎င်းက ဆို သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် RCSS/SSA အဖွဲ့ အစည်းနှင့် ပတ်သက်သည့် ၄ နှစ် တကြိမ် ဥက္ကဌ အသစ် ပြန်လည် ရွေးကောက် တင်မြှောက်မည့် ညီလာခံတရပ် ကျင်းပရန် စီစဉ်ထားပြီး ဥက္ကဌ နေရာကို ရွေးချယ်သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူး စိုင်းလက ဆက်ပြောသည်။

“သူက တပ်ထဲမှာ ရှိနေမယ်လို့လည်း မပြောဘူး၊ ဒါပေမယ့် သူက နောက်မှာနေပြီးတော့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးသွားမယ် လို့တော့ ပြောသွားတယ်”ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။

လတ်တလောတွင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နိုင်ငံရေးဘက်အပိုင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီတွင် ဥက္ကဌ ရာ ထူးယူထားပြီး စစ်ရေးနှင့်ဆိုင်သည့် တပ်ဘက်ပိုင်းတွင် ဒု ဥက္ကဌ နေရာယူထားခြင်း ဖြစ်သည်။ SSA တောင်ပိုင်း အဖွဲ့၏ မူအရ RCSS တွင် အမြင့်ဆုံး ရာထူးယူထားသူက တပ်နှင့်ဆိုင်သည့် ရာထူးအပြောင်းအလဲများကို ပြန်လည် ခန့်အပ်လေ့ရှိကြောင်း သိရ သည်။

“ကောင်စီ ဥက္ကဌကို အရွေးမခံတော့ဘူး၊ အရွေးခံရပေမယ့်လည်း အဲဒီရာထူးကို လက်မခံဘူးဆိုရင် ကောင်စီဝင်တွေအားလုံး ထွက် ပေါက်ရှာရမှာပေါ့၊ ဘယ်သူ့ကို ပြန်ပြီးတော့ ရွေးချယ်ကြမလဲ၊ သူ့ကို ပြန်ပြီးတော့ မေတ္တာ ရပ်ခံရင်တော့ တမျိုး ပြန်ထွက်လာနိုင် တယ်”ဟု ဗိုလ်မှူး စိုင်းလှက ရှင်းပြသည်။

လာမည့် ဖေဖော်ဝါရီအတွင်း ကျင်းပရန် စီစဉ်ထားသည့် ညီလာခံတွင် ဥက္ကဌ ရာထူးကို အစားထိုးမည့်သူ မရှိပါက ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဥက္ကဌ အဖြစ် ပြန်လည် လက်ခံယူရန် ပြောဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ သဘောထားအပေါ် အများကြီး မှုတည်ကြောင်းလည်း ဗိုလ်မှူး စိုင်းလက ဆိုသည်။

ချင်းမိုင်မြို့ အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN)မှ ပြောရေးဆိုခွင့်ရှိသူ မယိင်း ဟန်ဖ ကလည်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်အနေဖြင့် ခေါင်းဆောင်သစ်များကို လမ်းဖွင့်ပေးသည့်အတွက် ကြိုဆိုသော်လည်း စစ်တပ် ဘက် ကို ပိုမို ဦးဆောင်စေချင်ကြောင်း ပြောသည်။

SSA တောင်ပိုင်းအဖွဲ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။

SSA သည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာ ဦးဆောင်သည့် မော်ထိုင်း တပ်မတော်(MTA) အဖွဲ့ စစ်အစိုးရထံ လက်နက်ချပြီး နောက်ပိုင်း ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြန်လည် ဦးဆောင်၍ ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် MTA မှ ခွဲထွက်အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေး တပ် (SURA)ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် SURA မှ SSA-S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ဧရာဝတီ

နီပေါလူကုန်ကူးမှု တိုက်ဖျက်ရေး သူရဲကောင်း


နီပေါနိုင်ငံမှာ လူကုန်ကူးခြင်းဟာ ပြ​ဿနာကြီးတရပ်ဖြစ်နေတာ အချိန်အတော်ကြာနေပါပြီ။

ချာရီမာယာ တာမန်ဟာ သူ့အသက် ၁၆ နှစ်လောက်မှာ လိင်အလုပ်သမတယောက်အဖြစ် ရောင်းချခံခဲ့ရပါတယ်။ သူဟာ သူ့ရဲ့အတွေ့အကြုံတွေကို အသုံးချပြီး လူကုန်ကူးမှုကို တိုက်ဖျက်မယ့် အန်ဂျီအို အဖွဲ့အစည်း ရှက်တီ ဆာမူဟာ အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ လိင်လုပ်သားဟောင်းတွေလည်း ပါဝင်လုပ်ဆောင် ကြပါတယ်။

မနှစ်တုန်းကတော့ အဲဒီ အန်ဂျီအိုအဖွဲ့ဟာ အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ သတ်မှတ်ခေါ်တွင်ကြတဲ့ ဂုဏ်ယူစရာ ရေမွန်မက်ဆေးဆေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

လူကုန်ကူးခြင်းကို တိုက်ဖျက်ဖို့ လိင်လုပ်သားဘ၀ကနေ လွတ်မြောက်လာခဲ့တဲ့ လူဟောင်းတွေ ဖွဲ့စည်းလုပ်ကိုင်နေကြတဲ့ အန်ဂျီအို ရှက်တီ ဆာမူဟာ အန်ဂျီအိုအဖွဲ့ ဥက္ကဋ္ဌ ဆူနီတာ ဒါနူဝါ က “ကျမတို့က လူကုန်ကူးတာတွေကို သတိထားမိတာတွေ များလာ မြင့်လာအောင် လုပ်ဆောင်ဖို့ ဦးတည်ထားပါတယ်။ နောက်ပြီးတော့ ကျမတို့ဟာ သူတို့ရဲ့ အိမ်တွေ၊ ရွာတွေကို မပြန်နိုင်တဲ့သူတွေအတွက် ခိုနားစရာလေးတွေ စီစဉ်ပေးနိုင်မယ့် ဘေးကင်းလုံခြုံမယ့် နေအိမ်တွေကိုလည်း ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မီးနီပြအဆင့် သတ်မှတ်ခံထားရတဲ့ နာမည်ကျော် ကာမာတာပူရ်ခရိုင်ကို လိင်အလုပ်သမအဖြစ် ရောင်းချခံခဲ့ရ ဆူနီတာက “ကျမတို့ ကြုံခဲ့ရတဲ့ ပြဿနာတူတွေကို နောက် တခြား ဘယ်မိန်းကလေးငယ်တွေကိုမှ မကြုံစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျမ ဒီအန်ဂျီအိုအဖွဲ့ကို တည်ထောင်ခဲ့တာပါ။ ခုဆို ကျမတို့ အန်ဂျီအိုအဖွဲ့ဟာ ဒီအဖြစ်ဆိုးတွေကနေ လွတ်မြောက်လာသူတွေကိုယ်တိုင် တည်ထောင်ထားတဲ့ ကမ္ဘာ့ပထမဆုံး လူကုန်ကူး တိုက်ဖျက်ရေး အဖွဲ့အစည်းပဲလို့ ကျမတို့ ပြောနိုင်ပါပြီရှင်” လို့ ပြောပါတယ်။

ရှက်တီ ဆာမူဟာ အန်ဂျီအိုအဖွဲ့ကို တည်ထောင်သူ ချာရီမာယာ တာမန်ဟာ သူ ၁၆ နှစ်အရွယ်မှာ အဲဒီပြည့်တန်ဆာအိမ်ကို ပို့ဆောင်တာ ခံခဲ့ရပါတယ်။ သူ အဲဒီမှာ ၂ နှစ်လောက် လုပ်ကိုင်နေခဲ့ရပြီး နောက် အိန္ဒိယအစိုးရက သူနဲ့ တခြား နီပေါလ်အမျိုးသမီး ၂၀၀ ကို ကယ်တင်ခဲ့ပါတယ်။

ရှက်တီ ဆာမူဟာ အန်ဂျီအိုအဖွဲ့ကို တည်ထောင်သူ ချာရီမာယာ တာမန် က “ကျမ အဲဒီနေ့ကို မှတ်မိနေတုန်းပါပဲရှင်။ ကျမတို့ အလုပ်လုပ်နေရတဲ့ နေရာကို ရဲတွေ ရုတ်တရက်ရောက်လာတာ ၁၉၉၆ ဖေဖော်ဝါရီလ ၅ ရက်နေ့ပါ။ ကျမက နေ့လည်စာ စားနေတာလေ။ နောက်တော့ ရဲစခန်းကို ခေါ်သွားတယ်။ ကျမ ကြောက်သွားတာပေါ့။ ဒါပေမယ့် အဲဒီနေ့က ကျမဘ၀ကို အလင်းရောင် ပေးလာတဲ့နေ့ပါပဲ”လို့ ဆိုပါတယ်။

ချာရီမာယာ တယောက် နီပေါလ်ကို ပြန်ရောက်လာပြီးနောက်မှာတော့ နောက်ထပ် သူ့လို လွတ်မြောက် လာသူ ၁၅ ယောက်ရဲ့ အားပေးကူညီမှုတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အန်ဂျီအိုအဖွဲ့တခုကို တည်ထောင်ခဲ့ပါတယ်။

ချာရီမာယာ က “အဲဒီအချိန်တုန်းက ကျမတို့ကို လက်ခံဖို့ ဘယ်သူမှ အဆင်သင့် မဖြစ်ကြသေးပါဘူး။ ဒါကြောင့် ကျမတို့ စည်းလုံးညီညွတ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျမတို့ အဲဒီမျက်ရည်တွေကို အင်အားတွေအဖြစ် ပြောင်းလဲပစ်ချင်ခဲ့ကြတာပါ”လို့ ပြောပါတယ်။

ဒါပေမယ့် ပထမပိုင်းမှာတော့ ကိစ္စတွေက မလွယ်လှပါဘူးလို့ အန်ဂျီအိုအဖွဲ့ ဥက္ကဋ္ဌ ဆူနီတာက ပြန်ပြောင်း ပြောပြပါတယ်။

“အစပိုင်းတုန်းကတော့ စိန်ခေါ်မှုတွေက အများကြီးပါပဲ။ ကျမတို့တွေ ကျမတို့ရဲ့ အတွေ့အကြုံတွေကိုတောင် မပြောဖြစ်ကြပါဘူး။ ဒါပေမယ့် ခုတော့ ကျမတို့ကို လူ့အဖွဲ့အစည်းက လက်ခံလာကြပြီး အစိုးရကလည်း ကျမတို့ကို အသိအမှတ်ပြုလာပါပြီ”

ပထမဆုံးအကြိမ်မှာတော့ ချာရီမာယာဟာ သူ့ကို အဓမ္မ ခေါ်ဆောင်သွားခဲ့တဲ့ အိမ်နီးချင်းတွေကို တိုင်ကြားထားတဲ့ ရာဇ၀တ်မှုကို တင်ခဲ့ပါတယ်။ အဲဒီအမှုအတွက် လူ ၄ ယောက် ထောင် ၁၀ နှစ် ကျသွားပါတယ်။

ဘ၀တူသမားတွေကို ကူညီဖို့ ရှက်တီ ဆာမူဟာ အဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်တယ်လို့ ချာရီမာယာက အခုလို ပြောပါတယ်။

“ကျမတို့က စိတ်ပိုင်းဆိုင်ရာ အားပေးမှုတင် ပေးတာ မဟုတ်ပဲ ကျူးလွန်ခံရသူတွေအတွက် ဥပဒေရေးအရ ကူညီမှုကိုလည်း ပေးပါတယ်။ ကျမတို့ အကူအညီပေးတာတွေ ရပြီးနောက်မှာ တချို့လွတ်လာသူတွေကလည်း လူကုန်ကူးသူတွေကို ပြန်ပြိး အမှုစွဲနိုင်ဖို့ တင်ခဲ့ပါတယ်။ နောက်ပြီး လွတ်လာတဲ့သူတွေအတွက်လည်း ကျမတို့ အဖမ်းအဆီး လွတ်တဲ့ လုံခြုံဘေးကင်းတဲ့ အိမ်လေးတွေ စီစဉ်နေပြီးတော့ အဲဒီမှာ သူတို့တွေ ခဏတော့ ကာလတို မှီခိုနေထိုင်နိုင်ပါတယ်။ ကျမတို့က ကျူးလွန်ခံရသူတွေအတွက် တရားရေးကူညီမှုတွေလည်း ပေးပါတယ်။ ဒါပေမယ့်လည်း လုံတော့ မလုံလောက်ဘူးပေါ့လေ။ ဒီကျူးလွန်ခံရသူတွေကို ရေရှည် အထောက်အပံ့ ပေးနိုင်ဖို့ကတော့ ရံပုံငွေတွေ ပိုပြီး လိုအပ်နေတာပေါ့လေ။ အစိုးရကလည်း ကျမတို့ကို အထောက်အပံ့တချို့ ပေးပါတယ်။ ဒါပေမယ့်လည်း မလုံလောက်ပါဘူးရှင်။”

ချာရီမာယာနဲ့ အဖွဲ့ဟာ ပြည်တွင်း၊ ပြည်ပက ချီးမြှင့်ကြတဲ့ ဆုတံဆိပ်တွေ ရရှိခဲ့တာကြောင့် ဆက်လက် အသိအမှတ်ပြု ခံခဲ့ရတာပါ။ ၂၀၀၇ ခုနှစ်မှာ နီပေါအစိုးရက ချီးမြှင့်တဲ့ ပထမဆုံး ဆုကို ချာရီမာယာ ရရှိခဲ့ပါတယ်။ နောက်ပြီး မနှစ်တုန်းကတော့ နီပေါနိုင်ငံမှာ လူမှောင်ခိုကူးခြင်းနဲ့ အမျိုးသမီးတွေကို တရားမ၀င် ကုန်ကူးခြင်းတွေကို တိုက်ဖျက်တဲ့အတွက် ဂုဏ်သိက္ခာကြီးမားတဲ့ ရေမွန်မက်ဆေးဆေး ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

ချာရီမာယာက “ကျမတို့ကို ပြည့်တန်ဆာအိမ်တွေကနေ ကယ်တင်ခံရပြီး ကိုယ့်နိုင်ငံကို ပြန်လာနိုင်အောင် ကြိုးစားနေတုန်းက ကျမတို့ကို ကျမတို့အစိုးရက လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ ကျမတို့ကို အစိုးရကိုယ်တိုင်ကတောင် ဂုဏ်ပြုခဲ့ပါပြီ။ ဒါဟာ ပြည်တွင်း၊ ပြည်ပ အသိုင်းအ၀ိုင်းတွေက ၀ိုင်းချီးမြှောက်အားပေးကြတာပါ။ ဒီတော့ ကျမတို့ အလုပ်တွေ ပိုပြီးလုပ်လာနိုင်အောင် အားတွေ ရှိလာပါတယ်”လို့ ပြောပါတယ်။

နီပေါနိုင်ငံမှာ လူကုန်ကူးခြင်းနဲ့ပတ်သက်ပြီး တိကျတဲ့ အချက်အလက် မရှိပါဘူး။ ဒါပေမယ့် အန်ဂျီအိုအတော်များများက အခိုင်အမာ ပြောတာကတော့ နီပေါနိုင်ငံကနေ တရားမ၀င် လူကုန်ကူးခံရတဲ့ အမျိုးသမီးက တနှစ်ကို အယောက် ၅ ထောင်လောက် ရှိတယ်လို့ ချာရီတာက ဆိုပါတယ်။

“ကျမ ပြည့်တန်ဆာအိမ်မှာ ၂၂ လ နေခဲ့ရတုန်းက လတိုင်းလိုလို နီပေါအမျိုးသမီးတွေကို ခေါ်သွင်းလာတာပါပဲ။ တချို့ဆို အသက် ၁၀ နှစ်လောက်ပဲ ရှိကြသေးတယ်။ တချို့ဆိုလည်း မုဆိုးမတွေပေါ့။ နီပေါက အမျိုးသမီးတွေ လူကုန်ကူးခံရတာတွေကို ပိုပြီး သတိပြုမိလာအောင်၊ နားလည်သဘောပေါက်လာအောင် လုပ်ဆောင်ဖို့အတွက် ကျမအသက် ရှင်အောင်နေဖို့ ကျမ ဆုံးဖြတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရွာမှ ပိုက်ဆံရအောင်လို့ သမီးမိန်းကလေးတွေကို အိန္ဒိယကို ပို့တဲ့အလေ့ ရှိတာကိုး။”

ရေရှည် ရင်ဆိုင်တိုက်သွားရမယ်လို့ ယုံကြည်ထားကြောင်း ချာရီမာယာက ပြောပါတယ်။

“ဒါတွေကို ပိုပြီး နားလည်သဘောပေါက်လာအောင် ကျမတို့ ကြိုးစားလုပ်ဆောင်နေသလို၊ အစိုးရပိုင်းက ကြိုးစားနေပါတယ်။ ဒါပေမယ့်လဲ ဒါမျိုးကို ထိန်းချုပ်နိုင်ဖို့ အများကြီး ပိုလုပ်ဖို့လည်း လိုအပ်နေပါတယ်။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဆူနီးလ် နိုပါနီးက ခတ္တမန္ဒုကနေ သတင်းပေးပို့ခဲ့တာပါ။
DVB

ရနံ့သစ် မဂ္ဂဇင်းရဲ့ အမှတ်တရစကားဝိုင်း


 ရနံ့သစ် လစဉ်ထုတ်  မဂ္ဂဇင်းက မနက်ဖြန် နေ့ခင်း ၁ နာရီ ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲစကားဝိုင်းကို တက်ရောက်ဖို့ သူ့ရဲ့ စာဖတ်သူများ၊ မိတ်ဆွေများကို ဖိတ်ကြားထားပါတယ်။

ရနံ့သစ် ထုတ်ဝေမှု ၅ နှစ်ပြည့် အမှတ်တရစကားဝိုင်းကို ဆိပ်ကမ်းသာလမ်း ခေါ် လွစ်လမ်းထိပ်က Asia Plaza မှာ ပြုလုပ်ပါမယ်။

စာပေမဂ္ဂဇင်းများရဲ့ အလားအလာနှင့်စိန်ခေါ်မှုများ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
The Irrawaddy

ထောက်ကြံ့တွင် တရုတ်အကူအညီဖြင့် အထူးကုဆေးရုံ ဆောက်မည်


ရန်ကုန်တိုင်း ထောက်ကြံ့မှာ တရုတ်အစိုးရ အကူအညီနဲ့ ကုတင် ၅၀၀ ဆန့် အထူးကု ဆေးရုံကြီးတရုံ တည်ဆောက်ပေးသွားဖို့ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက ပြောပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးက တိုးတက် များပြားလာတဲ့ ရန်ကုန်နေ ပြည်သူတွေအတွက် ဆေးရုံ တိုးချဲ့ဖို့ မရှိဘူးလားလို့ မေးတာကို သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါအပြင် သင်္ကန်းကျွန်း ကုတင် ၃၀၀ ဆန့် စံပြဆေးရုံကြီးကို ကုတင် ၅၀၀ ဆန့်အဖြစ် တိုးမြှင့်မယ့်အပြင် အခြား ဆေးရုံတွေကိုလည်း နည်းနည်းစီ တိုးမြှင့်သွားဖို့ ရှိတယ်လို့ သူက ဖြေ သွားပါတယ်။
DVB

ထိုင်းဝန်ကြီချုပ် နုတ်ထွက်ရေး ဆက်လက်ဆန္ဒပြ


ဇန်န၀ါရီ ၁၅ ရက်နေ့ ဆန္ဒပြပွဲ မြင်ကွင်း
ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် ယင်းလပ်ကို နုတ်ထွက်ပေးဖို့ ဒုဝန်ကြီးချုပ်ဟောင်း ဆူထေ့ပ်က ဦးဆောင်တဲ့ ပိတ်ဆို့ ဆန္ဒပြသမားတွေဟာ ဒီနေ့ လုံပနီပန်းခြံကနေစပြီး ချီတက်ကြပါတယ်။

ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းသွားစေဖို့ စခန်းချရာ အဓိက လမ်းဆုံးကြီး ၇ ခု သပိတ်စခန်းတွေ ဆီကနေ နေ့စဉ် အခုလိုပဲ ချီတက်နေကြတာ ဖြစ်ပါတယ်။
ဒီနေ့ ချီတက်ပွဲမှာတော့ ဆန္ဒပြသူ အရေအတွက် အရင်နေ့တွေကထက် လျော့ကျ သွားပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ်က အစိုးရကို အကျင့်ပျက်တဲ့အစိုးရလို့ စွပ်စွဲလိုက်ပြီး ထောင်ကျမယ်လို့ ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ ၂၀၁၁ ခုနှစ်တုန်းက စပါးဈေးကျနေချိန်မှာ လယ်သမားတွေကို ကူညီဖို့ ဆိုပြီး အစိုးရအစီအစဉ်နဲ့ စပါးဈေးကို မြှင့်ပြီး ၀ယ်ပေးခဲ့ပါတယ်။

အဲဒီ အစီအစဉ်ကြောင့် ပြည်သူ့အခွန်ငွေ ထိုင်းဘတ် ၄၂၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံ) နီးပါး ကုန်ကျခဲ့ပါတယ်။

အစိုးရဂိုဒေါင်မှာ လှောင်ထားတဲ့ ဆန်တွေကို ၀ယ်သူ ပေါ်အောင် အစိုးရ မစီစဉ်နိုင်လို့ ဆုံးရှုံးမှုပမာဏ ပိုများခဲ့တာလို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော် ဆန်စပါးကော်မတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ၀န်ကြီးချုပ် ယင်းလပ် အနေနဲ့ အမှု ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
DVB

ပုပ်ရဟန်းမင်းကြီးကို ကက်သလစ်ဘာသာ နှစ် ၅ဝဝပြည့်အတွက် မြန်မာ ပင့်ဖိတ်ထား


မြန်မာနိုင်ငံကို ကက်သလစ်ဘာသာဝင်တွေ ရောက်ရှိတာ နှစ် ၅ဝဝပြည့်အထိမ်းအမှတ် လာမယ့် နိုဝင်ဘာမှာ ကျင်းပတဲ့အခါ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဖိတ်ကြားထားတယ်လို့ မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်က ဇန်နဝါရီ ၁၇ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘရင်ဂျီလို့ခေါ်တဲ့ ခရစ်ယာန် ကက်သလစ်ဘာသာဝင် ပေါ်တူဂီတွေ၊ ကြေးစားစစ်သားတွေ၊ Missionary တွေဟာ ၁၅၁၁ခုနှစ်မှာ စတင်ရောက်ရှိခဲ့တာဖြစ်ပြီး အတိတ်ကို ကျေးဇူးဆပ်ခြင်း၊ ပစ္စုပ္ပန်မှာ ဇွဲလုံလနဲ့ သာသနာ့အကျိုး ထမ်းဆောင်လိုခြင်းနဲ့ အနာဂတ်အတွက် မျှော်လင့်အားထားမှုတွေနဲ့ ကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂ဝ၁၄ နိုဝင်ဘာ ၂၁ရက်ကနေ ၂၃ရက်နေ့အထိ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက စိန့်မေရီဘုရားကျောင်းမှာ သာသနာရောက်ရှိခြင်း နှစ် ၅ဝဝပြည့်ကို ၃ရက်ကြာ ကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၁မှာ အကြောင်းကြောင်းကြောင့် မကျင်းပနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
Kamayut Media

နွမ်းပါးသည့် ကျောင်းသား လူငယ်များ အတွက် မန္တလေး၌ ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်


ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကျောင်းတကျောင်းမှ မူလတန်း ကလေးငယ်များ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

ဆင်းရဲနွမ်းပါး ကျောင်းသား လူငယ်များ မြှင့်တင်ရေး ရန်ပုံငွေ အနုပညာ ဖျော်ဖြေပွဲ တခုကို ဖေဖော်ဝါရီလ ၁ ရက်တွင် မန္တလေးမြို့  အမျိုးသား ကဇာတ်ရုံ၌ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး (MYU) က ဦးစီး ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အနုပညာဖျော်ဖြေပွဲ ကျင်းပရန်အတွက် အကြိပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲကို ဇန်န၀ါရီ ၁၆ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့သည်။

ဖျော်ဖြေပွဲမှ ရရှိမည့် ရန်ပုံငွေများကို သုံးကာ လူငယ်ဘ၀ မြှင့်တင်ရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပပျောက်ရန် ရည်ရွယ်သည့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း တခုကို လူငယ်များ အခမဲ့နီးပါး တက်ရောက်နိုင်ရန် ဖွင့်လှစ်သွားမည် ဟု MYU ဥက္ကဌ ကိုဇွဲရန်နိုင် က သတင်း မီဒီယာများသို့ ပြောသည်။

“ဒီပွဲက အစည်းအရုံး(MYU)အတွက် လုပ်တဲ့ ရန်ပုံငွေ ရှာဖွေပွဲ မဟုတ်ပါဘူး”ဟု ကိုဇွဲရန်နိုင်က ပြောပြသည်။

မန္တလေးတွင်ပြုလုပ်မည့် ယင်းဖျော်ဖြေပွဲသည် ဒုတိယ အကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လ ပထမပတ် အတွင်း က ရန်ကုန်မြို့ မြို့မကျောင်းလမ်း အမျိုးသား ဇာတ်ရုံတွင် ပထမအကြိမ်အဖြစ် ရန်ပုံငွေ ဖျော်ဖြေပွဲတခု ကျင်းပခဲ့သေးသည်။

ရန်ကုန်မြို့ ဖျော်ဖြေပွဲမှ ရရှိသည့် ရန်ပုံငွေများကို ဧရာဝတီတိုင်း ဒေးဒရဲမြို့၌ စက်ချုပ် အတတ်ပညာဒါန သင်တန်းကျောင်း၊ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး(ရုံးချုပ်)တွင် စာရင်းကိုင် သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ၊ ကွန်ပျူတာ သင်တန်းများ ဖွင့်လှစ် ခဲ့ပြီး ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် မိဘမဲ့ ဂေဟာတခု မတည်လှူဒါန်းခြင်း ရေဘေး မီးဘေးများနှင့် ချို့တဲ့သော လူငယ် များ အတွက် ပညာသင်စရိတ် စသည်တို့ကို အသီးသီး လှူဒါန်းခဲ့ကြောင်း ကိုဇွဲရန်နိုင်က ရှင်းပြသည်။

“ကျနော်တို့ ၂ နှစ်မှာတကြိမ် ဒီလို ရန်ပုံငွေပွဲတွေ လုပ်ဖို့ အလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ထား ပါတယ်။ ဒါပေမယ့် မန္တလေးမြို့ခံတွေက တောင်းဆိုလာလို့ပါ”ဟုလည်း ကိုဇွဲရန်နိုင်က ပြောသည်။

ရန်ပုံငွေဖျော်ဖြေပွဲအတွက် တော်ဝင်စင်တာ ပိုင်ရှင်၊ ဧရာဝတီဘဏ်၊ မန္တလေးမြို့မှ လုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီငွေများနှင့် အစည်း အရုံးပိုင် ရန်ပုံငွေများကို သုံးစွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖျော်ဖြေတင်ဆက်ပွဲတွင် အနုပညာဆိုင်ရာ ပါဝင်ကူညီမည့် ဟာသ သရုပ်ဆောင် ဦးမေတ္တာက “ကျနော် မေတ္တာနဲ့ ကူညီခဲ့တာ။ ဖြူစင်တဲ့ ကလေးတွေဖြစ်တယ်။ ရိုးသားတယ်။ သူတို့ရတဲ့ အခွင့်အရေးတွေကို မယူဘဲ၊ လူမှုတာဝန်တွေကို ဘယ်သူမှပေးအပ်တာ မဟုတ်ဘဲ သူတို့ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ လုပ်တာမြင်ရတာ ၀မ်းသာပါတယ်”ဟု ပြောသည်။

ဆင်းရဲနွမ်းပါး ကျောင်းသား လူငယ်များ မြှင့်တင်ရေး ရန်ပုံငွေ ဖျော်ဖြေပွဲတွင် အနုပညာရှင်များ ဖြစ်သော ရဲလေး၊ ဟဲလေး၊ မိုးမိုး၊ ၀င်းနောင်၊ မိုးမင်း၊ ဆုပန်ထွာ၊ ချစ်စနိုးဦး၊ ခင်လေးနွယ်၊ စန္ဒီမြင့်လွင်၊ သီရိရှင်းသန့်၊ စိုးမိုးကြည်၊ နန်းမြတ်ဖြိုးသင်း၊ နဒီထိုက်၊ ၀င်းသပြေထွန်း၊ မေတ္တာမြင့်မြတ်ဟိန်း၊ နိုဘယ်လ် ကျော်ကျော်၊ ခိုင်သိင်္ဂီမော်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ပညာရှင်များ ပါဝင် ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် နိုဘယ်လ်ကျော်ကျော်က “တက်ကြွတဲ့ လူငယ်တွေနဲ့ ပါဝင်ပူးပေါင်းပြီး ဖျော်ဖြေခွင့်ရတာ ၀မ်းသာပါတယ်၊ ဒီလူငယ် အစည်းအရုံး လူငယ်တွေရဲ့စည်းလုံးမှု တက်ကြွမှုတွေကို နိုဘယ်လ် ကိုယ်တိုင် အတုယူရပါတယ်”ဟု ပြောဆိုသည်။

မန္တလေး၌ ကျင်းပမည့် ဖျော်ဖြေပွဲတွင် မြန်မာသံ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း ၊ သင်္ကြန် အကြိုအဖြစ် မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး၏ လူငယ် အကျိုးပြု တေး သီချင်းနှင့် သံချပ်၊ လူငယ်များ ကြုံတွေ့ နေရသည့် အခက်အခဲများကို ဟာသဖြင့်ရောနှောထားသည့် ပြဇာတ်၊ ငြိမ်းချမ်းရေးနှင့် ပတ် သက်သည့် တေးသရုပ်ဖော်များ၊ ဟာသပညာရှင်များ၏ တခန်းရပ် အငြိမ့်၊ မြန်မာ့ရိုးရာ နှစ်ပါးခွင်နှင့် ခေတ်ပေါ် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ အပါအ၀င် အဖွဲ့ ဝင်လူငယ်များနှင့် စေတနာ့ဝန်ထမ်း လူငယ်များ၏  တင်ဆက်မှု အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ

မလေးရှားတွင် တရားမ၀င်အလုပ်သမားများကို ဇန်န၀ါရီ ၂၁ စဖမ်းမည်


မလေးရှားနိုင်ငံတွင် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို မလေးရှားအာဏာပိုင်များ ပါဝင်တဲ့ စစ်ဆင်ရေးအဖွဲ့တွေက ဇန်န၀ါရီ ၂၁ နေ့ စတင်ဖမ်းဆီးတော့မှာ ဖြစ်ပါတယ်။

မလေးရှားအစိုးရက တရားမ၀င် အလုပ်သမားတွေကို တရားဝင်ဖြစ်ရေး 6P အစီအစဉ်လုပ်ဆောင်ပြီးဖြစ်တဲ့အတွက် အခု ဒီစီမံချက်ကို စတင်လုပ်ဆောင်တာလို့ မြန်မာအလုပ်သမား သံအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။

“သူတို့ ပထမဆုံး 6P အစီအစဉ်နဲ့ တရားမ၀င်အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးပြီးပြီ။ အဲဒီတုန်းက စာအုပ်မလုပ်လိုက်ရတဲ့ ကျန်တဲ့သူတွေကိုလည်း ၂၀၁၃ အောက်တိုဘာ ၂၁ ရက်ကနေ ၂၀၁၄ ဇန်န၀ါရီ ၂၀ အထိ ၃ လ အထူးအစီအစဉ်ဆိုပြီး လုပ်ပေးထားတယ်။ အခု အထူးအစီအစဉ် ပြီးနောက် ဇန်န၀ါရီ ၂၁ ရက်ကနေစပြီး အဖမ်းအဆီးစလုပ်တော့မယ်ဆို့ သံရုံးကို အကြောင်းကြားထားတယ်။ အလုပ်သမားတွေ သိအောင် သံရုံးမှာ ကြေညာဆိုင်းဘုတ်တွေ ကတ်ထားပါတယ်။”

ဒီ စစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီမှုမခံရရေးအတွက် နိုင်ငံခြားသားအလုပ်သမားများကို မိမိတို့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ထွက်ခွင့်ပြုဖို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာနမှာ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အပြန်လေယာဉ် လက်မှတ်နဲ့ နိုင်ငံကူး လက်မှတ် ဒါမှမဟုတ် နိုင်ငံသားဖြစ်တဲ့ အထောက်အထား လက်မှတ် လိုအပ်မှာဖြစ်ပါတယ်။

မိမိတို့ သဘောဆန္ဒအရ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားတာ ဖြစ်တဲ့အတွက် သတ်မှတ်ဒဏ်ကြေးကိုသာ ပေးဆောင်ရမှာ ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်မှာ မဟုတ်ဘူးလို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာသံရုံးအပါအ၀င် နိုင်ငံခြားသံရုံးတွေကို အသိပေး အကြောင်းကြားထားပါတယ်။

မလေးရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မလေးရှားနိုင်ငံက ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်သင့်တယ်လို့ မြန်မာသံအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။

“သူ့နိုင်ငံဥပဒေအရ ကြေညာထားရင် ကြေညာထားတဲ့အတိုင်း ကိုယ့်နိုင်ငံသား အလုပ်သမားတွေက လိုက်နာကြဖို့ လိုတာပေါ့။ ဒီဘက်နိုင်ငံကိုလာပြီး ဒီဘက်နိုင်ငံရဲ့ ဥပဒေကို မလိုက်နာလို့တော့ မဖြစ်ဘူးလေ။ သူ့နိုင်ငံရဲ့ ဥပဒေအရတော့ စစ်ဆေးမှာပဲလေ။ တကယ် တရားမ၀င်နေထိုင်တာ တွေ့ရင်တော့ ဖမ်းမှာပဲ။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အနည်းဆုံး ၃ လလောက်တော့ ထောင်ကျတာတွေ့ရတယ်။”

မလေးရှားနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာပြည်သားများအနေနဲ့ မိမိတို့ သဘောဆန္ဒအရ မြန်မာပြည် ပြန်လည်ထွက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံသားဖြစ်တဲ့ အထောက်အထားလက်မှတ်တွေကို လာရောက် ထုတ်ယူနိုင်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

မလေးရှားနိုင်ငံ ပီနန်မြို့မှာ မြန်မာပြည်သား အလုပ်သမားတွေရဲ့ သာရေးနာရေးကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းဝင် ဦးပုညကတော့ နှစ်နိုင်ငံ သံတမန်ရေးအရ လုပ်ပေးနိုင်မယ်ဆိုရင် ငွေကြေးသက်သာပြီး တရားဝင်နေထိုင်ခွင့်ရနိုင်တဲ့ အလုပ်သမားလက်မှတ်မျိုး လုပ်ပေးစေချင်တယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ သံတမန်ရေးအရ လုပ်ပေးနိုင်မယ်ဆိုရင် ငွေကြေးလည်းသက်သာတယ်၊ တရားဝင်လည်း တရားဝင်နေထိုင်ခွင့် ရနိုင်တဲ့ ထိုင်းနိုင်ငံမှာ လုပ်ပေးတဲ့ ပုံစံမျိုး မလေးရှားမှာ လုပ်ပေးစေချင်တာ။ ထိုင်းနိုင်ငံမှာ အများစုက သူတို့နိုင်ငံရဲ့ ငွေကြေးနဲ့ လူတိုင်းလုပ်နိုင်တယ်။ ပတ်စ်ပို့လည်းလုပ်နိုင်တယ်။ နေထိုင်ခွင့် အလုပ်လုပ်ခွင့်လက်မှတ်လည်း လုပ်နိုင်တယ်။ ကျနော်တို့ မလေးရှားမှာလည်း အဲဒီလို ဖြစ်စေချင်တယ်။ အခုဟာက သံရုံးကိုသွားလို့လည်း သံရုံးအနေနဲ့ အပြည့်အ၀ သူတို့တို့ ဘာမှ မလုပ်ပေးနိုင်ဘူး။ ဆိုလိုချင်တာက လူတိုင်းကို သံရုံးက welcome လုပ်ပေးဖို့ဆိုတာကလည်း လူတွေက အများကြီး မလေးရှားမှာ သိန်းနဲ့ ချီပြီး လာတဲ့လူတွေဖြစ်တဲ့အတွက် သံရုံးအနေနဲ့ လုပ်ပေးနိုင်ဖို့က အင်မတန်မှ အင်အားနည်းတယ်။ တခြားတခါ ကျန်တဲ့သူတွေ ပေးလို့ရှိရင်လည်း ပွဲစားတွေနဲ့ ညားဦးမယ်။”

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂ သိန်းကျော် ရှိပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ ပီနန် နာရေးကူညီမှု အသင်းက ဦးပုညက ဆိုပါတယ်။
DVB

အာရှ ယူ -၂၂ ပြိုင်ပွဲမှာ မြန်မာ အုပ်စု အဆင့်က လှည့်ပြန်ခဲ့ရ


ယူ-၂၂, အာရှ ဘောလုံး, မြန်မာ, အိုမန်, ဂျော်ဒန်, တောင်ကိုရီးယား, အုပ်စု (က)
ဇန်န၀ါရီ ၁၁ ရက်က ယှဉ်ပြိုင်တဲ့ အိမ်ရှင် အိုမန်အသင်း ကစားသမားတွေ ဟန့်တားမှုကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ မြန်မာ အသင်း တိုက်စစ်မှူး ကျော်ကိုကို (ဓာတ်ပုံ – The Asian Football Confederation)

အာရှတိုက်ရဲ့ ပထမဆုံး အကြိမ်ကျင်းပတဲ့ အသက် ၂၂ အောက် ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု (က) မှာ ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ အိမ်ရှင် အိုမန်၊ ဂျော်ဒန်နဲ့ တောင်ကိုရီးယား အသင်းတွေကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှာပဲ လှည့်ပြန် ခဲ့ရပါတယ်။

ဒီပြိုင်ပွဲကို ဇန်န၀ါရီ ၁၁ ရက်ကနေ ၂၆ ရက်အထိ အိုမန်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ဒီပြိုင်ပွဲကို ဒေသတွင်းအာဆီယံ နိုင်ငံတွေအနက် တသင်းတည်းသာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပေမယ့် အဖွင့်ပွဲစဉ်မှာ အိမ်ရှင် အိုမန်အသင်းကို ၄-၀ ဂိုး၊ တောင်ကိုရီးယားအသင်းကို ၃-၀ ဂိုးနဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဂျော်ဒန်နဲ့ ပွဲမှာ ၆-၁ ဂိုး စသဖြင့် အသင်းတိုင်းကို ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး လှည်ပြန်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာ့ လက်ရွေးစင်အသင်း တာဝန်ရှိသူ ဦးတင်မြင့်အောင် က“ဒီပြိုင်ပွဲမှာ ယူ-၁၉ ကစားသမား လူငယ် အများစုကို အခြေခံပြီး အတွေ့ အကြုံရရှိဖို့ အဓိက ရည်ရွယ်တာဖြစ်တဲ့အတွက် ရလဒ်ကိုတော့ မပြောလိုတော့ပါဘူး၊ ဂိုးကတော့ ပေးရတာများသွားတာ ပေါ့နော်၊ ဒါပေမယ့် အခုသွားပြိုင်တဲ့ အဆင့်ဟာ အာရှမှာ ဒုတိယ အမြင့်ဆုံးဖြစ်တော့ အာရှထိပ်သီးအသင်းတွေနဲ့ ကျနော်တို့နဲ့ ဘယ် လောက်ကွာဟလဲ ဆိုတာလဲ သိလိုက်ရတာပေါ့”လို့ ဧရာဝတီကို ပြောပါတယ်။

အာရှထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျော်ဒန်၊ တောင်ကိုရီးယား လိုအသင်းတွေနဲ့ ကစားတဲ့အခါမှာ မြန်မာအသင်းအနနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းနဲ့ နည်းစနစ်ပိုင်းတွေ အားနည်းတာကိုတွေ့ရပြီး ဒါတွေပြင်ဆင်နိုင်ဖို့အတွက် ရေရှည် အချိန်ယူ ပြင်ဆင်သွားဖို့လိုအပ် တယ်လို့ ဦးတင်မြင့်အောင် က ရှင်းပြပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအသင်းက ပြိုင်ဘက်အသင်းတွေကို ၁ ဂိုးသာပြန်သွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ပေးဂိုး ၁၃ ဂိုးပေးခဲ့ရပါတယ်။ အိမ်ရှင် အိုမန် အသင်းကလည်း မြန်မာအသင်းကိုသာ အနိုင်ရရှိပြီး ဂျော်ဒန်နဲ့ တောင် ကိုရီးယား အသင်းတွေကို ရှုံးနိမ့်ခဲ့လို့ မြန်မာအသင်းနဲ့ အတူ အုပ်စုကနေ ထွက်ခဲ့ကြရပါတယ်။

ဂျော်ဒန်နဲ့ တောင်ကိုရီးယား အသင်းတွေကတော့ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ်တူနဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်သွား ကြပြီ ဖြစ်ပါတယ်။ ဂျော်ဒန် အသင်းကတော့ ရဂိုးကွာခြားချက်အရ အုပ်စု ပထမ အဆင့်နဲ့ တက်သွားတာ ဖြစ်ပါတယ်။

နိုင်ငံကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းအနေနဲ့ အခုလိုအုပ်စုကနေ လှည့်ပြန်ခဲ့တာဟာ ရက်ပေါင်း ၃၀ အတွင်း မှာ ဒုတိယ အကြိမ် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစား ပြိုင်ပွဲမှာလည်း မြန်မာ အသင်းက အင်ဒိုနီးရှား အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး အုပ်စုက ထွက်ခဲ့ရပါတယ်။

အာရှတိုက်ရဲ့ ပထမဆုံး အကြိမ် ကျင်းပတဲ့ အသက် ၂၂ အောက် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(ခ) မှာ မြောက်ကိုရီးယား၊ ယူအေအီး၊ ဆီးရီးယား၊ ယီမင် ဖြစ်ပြီး အုပ်စု(ဂ) မှာ ဂျပန်၊ သြစတြေးလျ၊ အီရန်၊ ကူဝိတ် အသင်းတွေနဲ့ အုပ်စု(ဃ) မှာ အီရတ်၊ ဆော်ဒီ အာရေးဗီယား၊ ဥဇဘက် ကစ္စတန်နဲ့ တရုတ်တို့ ဖြစ်ကြပါတယ်။

မြန်မာအသင်းရဲ့ အုပ်ချုပ်သူအဖြစ် ငွေခေတ် လက်ရွေးစင် ဦးသန်းတိုးအောင်က တာဝန်ယူခဲ့ပြီး နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံ မစ္စတာဂတ်၊ ဦးကြည်လွင်၊ လက်ထောက်နည်းပြ အဖြစ် ဦးဇော်ဝင်းထွန်းနဲ့ ဦးအောင်ခိုင်တို့ဖြစ်ပြီး ဂိုးနည်းပြ အဖြစ် ဦးအောင်ကျော်ကျော်တို့ဖြစ်ကြပါတယ်။

ယူ-၂၂ ကစားသမားတွေ အများစုဟာ မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ မြန်မာနေရှင်နယ်လိတ် (MNL) ဆုကြေးစား ကလပ် အသင်းတွေက ကစားသမားတွေဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) က ဖော်ပြထားတာကို တွေ့ရပါတယ်။
ဂိုး-ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ နောက်တန်း- ဇော်မင်းထွန်း၊ ရဲဝင်းအောင်၊ ဇော်ရဲထွန်း၊ (ရတနာပုံ)၊ ဇာနည်ထက်၊ ဇော်ဝင်း၊ စည်သူအောင် (ရန်ကုန်ယူနိုက်တက်)၊ နန္ဒကျော် (မကွေး)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီယူနိုက်တက်)၊ ဝင်းဇင်ဦး (ဇေယျာရွှေမြေ) တို့ပါဝင်ပါတယ်။

အလယ်တန်း ကစားသမားတွေအဖြစ် ကျော်မင်းဦး၊ အောင်သူ (ဘောလုံးအကယ်ဒမီ)၊ နိုင်လင်းဦး (ဧရာဝတီယူနိုက်တက်)၊ ငြိမ်းချမ်းအောင် (မနေမြေ)၊ သက်ပိုင်ဦး၊ မျိုးမင်းဇော် (ဇေယျာရွှေမြေ)၊ ကောင်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ မောင်မောင်စိုး (မကွေး)၊ နေလင်းထွန်း (ဧရာဝတီယူနိုက်တက်)၊ မျိုးဇော်ဦး (မကွေး)တို့ ဖြစ်ကြပြီး ရှေ့တန်းမှာတော့ သက်နိုင် (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်)၊ ရန်နိုင်ထွေး (ဆောက်သမ်းမြန်မာ)၊ ရှိုင်းသူရ (ရတနာပုံ)၊ အောင်မင်းညွန့် (ဟံသာဝတီယူနိုက်တက်) တို့ဖြစ် ကြပါတယ်။
ဧရာဝတီ

ဂျပန်က မြန်မာနိုင်ငံသားများကို Multiple- entry ဗီဇာ ခွင့်ပြုပေးမည်

JapanVisa

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ဗီဇာခွင့်ပြုချက် ဖြေလျော့ပေးတဲ့အနေနဲ့ မကြာမီ Multiple- entry ဗီဇာ အမျိုးအစားကိုပါ ခွင့်ပြုပေးတော့မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီ Multiple- entry ဗီဇာ ရဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ သီးသန့် လျှောက်ထားရမှာ ဖြစ်ပြီး ဗီဇာရရှိသူဟာ ၁ ကြိမ်ကို ၁၅ ရက်နဲ့ ၃ နှစ်တာ ကာလအတွင်း ဂျပန်ကို အကြိမ်ကြိမ် ၀င်ထွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီလို Multiple- entry အပြန်အလှန်ပေးဖို့ နှစ်နိုင်ငံ သဘောတူထားပြီ ဖြစ်ပေမယ့် ဗီဇာရဖို့ ဘယ်လိုအရည်အချင်းနဲ့ ပြည့်မီရမယ်၊ ဘယ်လိုလူတွေ လျှောက်ထားနိုင်တယ်၊ ဘယ်အချိန်မှာ ဗီဇာ စ ထုတ်ပေးနိုင်မလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ရန်ကုန် ဂျပန်သံရုံး ဗီဇာဌာန တာဝန်ရှိသူတယောက်က ဖြေကြားပါတယ်။

လက်ရှိ ဂျပန်ကိုသွားတဲ့ မြန်မာနိုင်ငံသားတွေဟာ တကြိမ်အတွက် တကြိမ် ဗီဇာ လျှောက်ထားကြရတာ ဖြစ်ပါတယ်။
DVB

UWSA ဝ တပ်ဖွဲ့ဝင်တစ်ဦး တရားမ၀င်လက်နက်ကိုင်ဆောင်ပြီး ဟိုတယ် အနီး နေအိမ်ခြံဝင်း အတွင်း ၀င်ရောက်ရန် ကြိုးစား


တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု ၀ိန်းကျောက်ကျေးရွာ ၀ိန်းကျောက် ဟိုတယ်အနီးရှိ ဦးသန်းအောင် ၏ နေအိမ်ခြံဝင်းအတွင်းသို့ ဇန်န၀ါရီ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် UWSA “၀”တပ်ဖွဲ့ဝင်တစ်ဦး ၀င်ရောက် ရန် ကြိုးစားရာ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူ့စစ်နှင့် ရပ်ကွက်သူရပ်ကွက် သားများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရ ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

“ည ၉ နာရီလောက်မှာ အိမ်ငှားနေတဲ့ နှင်းနှင်းရီရဲ့ အော်သံကြောင့် ကျွန်တော်တို့ အပြေးအလွှား ထွက်ကြည့် တော့ ခြံစည်းရိုးကို လူတစ်ယောက်ကျော်တက်နေတာတွေ့လို့ ၀ိုင်းဖမ်းခဲ့ရတာပါ၊ “၀” အဖွဲ့က လို့တော့ သိရပါတယ်၊ အခုတော့ ရဲစခန်းအပ်လိုက်ပါပြီ ” ဟု အိမ်ပိုင်ရှင် ဦးသန်းအောင် က ပြောသည်။

အဆိုပါ နေအိမ်သည် ၀ိန်းကျောက်ဟိုတယ်အနီးတွင်ရှိသောကြောင့် ဥပဒေမဲ့လုပ်ရပ်တစ်ခုခုကျူးလွန်ရန် ခြံဝင်းအတွင်းသို့ ၀င်ရောက်ခြင်းဖြစ်နိုင်ကြောင်း၊ ခြံပိုင်ရှင်နှင့် ဟိုတယ်ဝန်ထမ်းများမှာလည်း ဖမ်းဆီးမိသော ``၀´´ တပ်ဖွဲ့ဝင်ဆီမှ တရားမ၀င်လက်နက် ခဲယမ်း များ တွေ့ရှိခဲ့မှုကြောင့် ဖောက်ခွဲဖျက်ဆီးရန် ကြိုးစားခြင်း ဖြစ်နိုင်ကြောင်းလည်း ပြောဆိုနေမှုများအရ သိရသည်။

ရဲအရာရှိတစ်ဦးက `` UWSA ``၀´´ အဖွဲ့၊ စစ်ဒေသ(၁၇၁)၊ တပ်မဟ ၅၁၈)၊ မိုင်းယွန်းမြို့က အိုက်လုံလို့ သိရတယ်၊ အခင်းဖြစ်တဲ့နေရာမှာ သူ့ကို ၀ိုင်းဝန်းဖမ်းဆီးမိတဲ့အချိန် လက်ပစ်ဗုံး ၂ လုံးနဲ့ စတီးခေါက်ဓါး တစ်ချောင်း သိမ်းဆည်းရမိခဲ့ပါတယ်၊ လက်ပစ်ဗုံးတွေက UWSA `` ၀´´ အဖွဲ့က လုပ်တဲ့ လက်ပစ် ဗုံးတွေပါ´´ ဟု ပြောကြားသွားခဲ့သည်။

``တကယ်လို့သာ မဖမ်းမိခဲ့ရင် အန္တရာယ်တော်တော်ကြီးပါတယ်၊ လက်ပစ်ဗုံးတွေနဲ့ ခြံစည်းရိုးကျော်တက် တယ်ဆိုတော့ ဖောက်ခွဲဖျက်ဆီးဖို့ ကြံစည်တာပဲလေ၊ ဦးသန်းအောင် အိမ်ကိုလား၊ ဒါမှမဟုတ် ဟိုတယ် ကိုလား၊ အခုလို ``၀´´ တပ်ဖွဲ့ဝင်တွေ တရားမ၀င်လက်နက်တွေ ကိုင်ဆောင်ပြီး ပြည်သူတွေကို အထိတ် တလန့်ဖြစ်အောင် လုပ်တာဟာ ဥပဒေကို ဂရုမစိုက်တဲ့သဘောဖြစ်နေပါတယ် ´´ ဟု မြို့ခံတစ်ဦးက ပြော သွားသည်။

တရားမ၀င် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသော `` ၀´´ တပ်ဖွဲ့အင်အား တာချီလိတ်ရဲစခန်းမှ တရားမ၀င် လက်နက်ခဲယမ်း ကိုင်ဆောင်မှု ဥပဒေပုဒ်မ ၁၆/၂၀၁၄ ရှမ်းလက်နက် ၁၂(ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

အိုက်စံ
Shan News

ပညာသင်ကြားရေး မထိခိုက်ရင် နိုင်ငံရေးလုပ်တာ မတားမြစ်ဟု ဦးဇော်ဌေး ဝန်ခံပြောဆို


ဒီမိုကရေစီအသွင် ကူးပြောင်းနေတဲ့ မြန်မာပြည်မှာ ဘယ်သူမဆို နိုင်ငံရေးလုပ်ခွင့်ရှိတာကြောင့် တက္ကသိုလ်တွေမှာ ပညာသင်ကြားရေး မထိခိုက်ရင် နိုင်ငံရေးလုပ်တာကို မတားမြစ်ဘူးလို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ဇန်နဝါရီ ၁၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ သတိပေးချက်တွေ အဆင့်မြင့်ပညာ ဦးစီးဌာနက သူတို့ အဆညအနေနဲ့ ထုတ်ပြန်ထားတာမရှိဘူးလို့ ပြောဆိုခဲ့ပြီး ပညာရေးကို ထိခိုက်ရင် တားမြစ်မယ်ဆိုတဲ့ သွယ်ဝိုက်သတိပေးမှုကို အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံက တက္ကသိုလ်ကောလိပ်ကျောင်း ၃၅ခုက ပါမောက္ခချုပ်တွေ၊ အဆင့်မြင့်ပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်တွေ၊ ပညာရေးအကြံပေးအဖွဲ့ဝင်တွေဖြစ်တဲ့ အငြိမ်းစား အရာရှိ ၃၃ယောက်စုပေါင်းပြီး ပညာရေးမြှင့်တင်မှု ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

စိတ်ပါဝင်စားတဲ့ ဘယ်ပညာရှင်မဆို ပါဝင်လို့ရတယ်လို့ ဖိတ်ခေါ်ထားပေမယ့် နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက် NNER က တက်ရောက်တာမရှိဘဲ အစိုးရအရာရှိတွေပဲ ဆွေးနွေးခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ မကုန်ခင်အထိ ၄ကြိမ် ကျင်းပမယ်လို့ ဆိုပါတယ်။

ဆေးတက္ကသိုလ်တွေက ကျန်းမာရေးဝန်ကြီးဌာနအောက်ကနေ ခွဲမထွက်လိုဘူးလို့ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍသုံးသပ်ရေးလုပ်ငန်းအဖွဲ့က အတွင်းရေးမှူး ဒေါက်တာမျိုးသိမ်းကြီးက ဆိုပါတယ်။

ပညာရေးမြှင့်တင်မှုလုပ်ငန်း အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မာထွန်းက မြန်မာပြည်ပညာရေးဟာ သင်ရိုးညွှန်းတမ်းတွေက အပြစ်ပြောစရာမရှိပေမယ့် သင်ကြားမှုပုံစံက အဓိကလွဲချော်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
Kamayut Media

ရခိုင်ပညာရည်ချွန်ဆုနှင့် ထူးခြားထူးချွန်ဆုပေးပွဲ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ကျင်းပမည်


(နိရဉ္စရာ- ၁၇ ဇန်န၀ါရီ ၂၀၁၄)

ရခိုင်ပညာရည်ချွန်ဆုနှင့် ထူးခြားထူးချွန်ဆုပေးပွဲကို ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဟု သတင်း ရရှိသည်။

၎င်းဆုပေးပွဲကို နှစ်စဉ် ပူးပေါင်းကျင်းပနေသော ရခိုင်သဟာယအသင်းနှင့် ရခိုင်အမျိုးသမီးအသင်းတို့မှ ပူးပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဆုချီးမြှင့်သူများအထဲတွင် ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ၅ ဘာသာာနှင့် အထက်ရရှိကြသော ရခိုင်ပြည်နယ်နှင့် အခြား တိုင်းနှင့်ပြည်နယ်များမှ ကျောင်းသူ-ကျောင်းသားများကိုသာမက  ဂုဏ်ထူး ၃ ဘာသာနှင့် အထက်ရရှိသူ အသင်းနှစ်သင်း၏ အသင်းဝင်မိသားစု ကျောင်းသူ ကျောင်းသားများကိုလည်း ဆုများချီးမြှင့်သွားမည်ဟု သိရသည်။

ယင်းပြင် နိုင်ငံတကာ အဆင့်နှင့် နိုင်ငံတော် ဗဟိုအဆင့်တို့တွင် ဆုရရှိခဲ့ကြသည့် အားကစား၊ စာပေ၊ ဂီတ၊ အနုပညာနယ်ပယ်တွင် ဆုရရှိသူများကို ချီးမြှင့်သွားမည်ဟု ဆိုသည်။

၎င်းသတ်မှတ်ချက်နှင့် ပြည့်မှီသော ကျောင်းသား ကျောင်းသူများနှင့် သက်ဆိုင်သူများသည် သက်ဆိုင်ရာ ဆု၊ ဂုဏ်ပြုလက်မှတ် အထောက်အထားများနှင့်အတူ ဇန်န၀ါရီလ ၃၁  ရက်နေ့ကို နောက် ဆုံးထား၍ သဟာယ အသင်းရုံး၊ အမှတ်(၄၈၁)၊ ဒု-ထပ်၊ ကျိုက္ကဆံလမ်း၊ တာမွေအခွန်လွတ်ဈေးအနီး၊ တာမွေမြို့နယ် ဖုန်း-၀၁-၄၃၀၁၇၊ ရခိုင်အမျိုးသမီးအသင်းမှ ဒေါ်မြ၀င်း ဖုန်း-၅၇၃၁၄၃၊ ဒေါ်ခိုင်နု ဖုန်း-၃၇၄၄၉၀တို့ထံသို့ ဆက်သွယ် လျှောက်ထားကြောင်း သိရှိရသည်။
Narinjara

အာဆီယံဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမည်


အာဆီယံဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားဖြစ်နေတဲ့ အသေးစားစီးပွားရေး လုပ်ငန်းတွေကို မြှင့်တင်ဖို့နဲ့ အာဆီယံနိုင်ငံတွေအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းအောင် လုပ်ဆောင်ရေး ဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်ပါတယ်။

ပုဂံမြို့မှာ ဒီနေ့ စတင် ပြုလုပ်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအကြို သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

ဒီကိစ္စတွေအပေါ် အားလုံးသဘောတူညီလက်ခံနိုင်တဲ့ အမြင်တခုကို ဆွေးနွေးပြီး ကမ္ဘာကို စည်းလုံးညီညွတ်တဲ့အကြောင်း ပြသမယ်လို့လည်း ဆိုပါတယ်။

မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတွနဲ့ အာဆီယံနိုင်ငံတွေကြား ဆက်သွယ်ဆက်ဆံရေး တိုးမြှင့်အောင် ဆောင်ရွက်ဖို့ ရှိတယ်လို့ ပြောပါတယ်။

အဆင့်မြင့် အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးတွေကို လက်ခံကျင်းပဖို့လည်း မြန်မာက အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံထားတဲ့ကာလအတွင်းမှာ နေပြည်တော် ကြေညာစာတမ်းတစောင် ထုတ်ပြန်သွားဖို့လည်း ရှိပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကတော့ သူတို့ရဲ့ ပြည်တွင်းရေး အခြေအနေတွေကြောင့် နိုင်ငံခြားရေး ဒုဝန်ကြီးတွေပဲ တက်ရောက်လာပါတယ်။

ပြီးခဲ့တဲ့နှစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘရူနိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အာဆီယံအဖွဲ့မှာ အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်ပြီး အရှေ့တီမောက အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲဖြစ်ပါတယ်။







DVB

ဘယ်လမ်းက သွားနေသလဲ


မြတ်စွာဘုရားက ဘယ်လို ဥပမာပေးလဲဆိုတော့
တောင်ထိပ်က မျက်စိအမြင်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဟာတဲ့
ဟိုးအဝေးကရှိတဲ့ သဲကန္တာရကြီးထဲကို လှမ်းပြီးကြည့်လိုက်တယ်။
ကြည့်တော့ အပေါ်ကလဲ နေကပူလိုက်တာ အောက်က သဲတွေကလဲ
ပူကျက်ပြီးတော့ လောင်ကျွမ်းနေတဲ့ ဒီခရီးကို ကြည့်နေတုန်းမှာပဲ
လူတစ်ယောက် ခရီးသွားနေတယ် ၊ အဲဒီကန္တာရကြီးထဲမှာ
သူက ဖိနပ်မပါ အပေါ်က အဆောင်းမပါ သွားနေတာ။
အဲဒါကို အမြင့်ကနေ ကြည့်တဲ့သူက မြင်တယ်။
ဒီလူ ဘယ်သွားနေတာလဲလို့ ကြည့်လိုက်တော့
ဒီလူဟာ မီးကျီးတွင်းကြီးရှိတဲ့ဆီ ဦးတည်ပြီး သွားနေတာတဲ့။
အဲတော့ အပေါ်ကလူက ဒီလူ လမ်းကြောင်းမပြောင်းရင်တော့ေ
သေချာပေါက် မီးကျီးတွင်းထဲ ကျတော့မှာပဲ ၊ သူက
အမြင့်ကဆိုတော့ မြင်တယ်၊ အောက်ကနေ သွားနေတဲ့လူကတော့
ရှေ့ ကနေ အဝေးကြီးကို မမြင်နိုင်ဘူးလေ။

အဲဒါ အပေါ်ကလူက လမ်းကြောင်းမပြောင်းရင်တော့
သေချာပေါက်ကျတော့မှာပဲ ။ အဲဒီလိုကြည့်နေတုန်း
ဟိုလူကလည်း လမ်းကြောင်းမပြောင်းဘူး။
အဲတော့ လမ်းလည်းဆုံးရော မီးကျီးတွင်းထဲကျသွားတယ်။
အဲဒီလူ ပူပူလောင်လောင်နဲ့ ဒုက္ခရောက်နေတာကို အပေါ်ကလူက မြင်တယ်။

ဘာပြောတာလဲဆိုတော့ ဟောဒီ ၃၁ ဘုံဆိုတဲ့
အထက်ကပူ အောက်ကပူနေတဲ့ ဒီကန္တာရ ခရီးလမ်းကြမ်းကြီးထဲမှာ
တချို့ သော သတ္တ၀ါတွေသည် ငရဲရောက်ရာ ရောက်ကြောင်း
အလုပ်တွေကို လုပ်ရင်း မီးကျီးတွင်းရှိတဲ့ဆီကို ဦးတည်ပြီး
တစ်လှမ်းချင်းလှမ်းနေတယ် တဲ့။ ရှိတယ်နော် လောကမှာ
တချို့ လုပ်နေ ပြောနေ ကြံနေကြတာတွေဟာ ငရဲကိုရောက်ကြောင်း
အလုပ်တွေလုပ်နေတယ်။ မီးကျီးတွင်းဆီဦးတည်ပြီးသွားနေတဲ့သူဟာ
လမ်းကြောင်းမပြောင်းရင် မီးကျီးတွင်းထဲ ကျတော့မယ်။
ဒါကြောင့် ငရဲလမ်းဆိုတာကိုလဲ မြတ်စွာဘုရားသိတယ်။

လာပြန်ပြီ နောက်တစ်ယောက် ၊ အမြင့်ကလူက မြင်တယ်တဲ့။
ဘယ်ကို ဦးတည်နေတာလဲ ဒီခရီးသည်ကဆိုတော့
မစင်တွင်းကြီးဆီကို ဦးတည်နေတယ်တဲ့။ ဒီလူလမ်းကြောင်း
မပြောင်းဘူး၊ ခဏနေတော့ မစင်တွင်းကြီးထဲ ကျသွားတယ်တဲ့။
အဲဒီလိုပဲ ၃၁ ဘုံထဲမှာ တချို့ သော သတ္တ၀ါတွေဟာ
တိရစ္ဆာန်ဖြစ်ကြောင်းကံတွေကို လုပ်ပြီးတော့ ခရီးသွားနေတယ်။
သချိင်္ုင်းကုန်းသွားတာကို ရိုးရိုးမသွားဘူး၊ တိရစ္ဆာန်ဖြစ်ကြောင်း
အလုပ်တွေကို လုပ်ရင်းနဲ့ သွားနေတာ။ အဲဒါလမ်းကြောင်းက
မပြောင်းဘူးဆိုတော့ တိရစ္ဆာန်ပဲ ဖြစ်သွားတယ်တဲ့။
ဒါကြောင့် တိရစ္ဆာန်ဖြစ်ရတယ်ဆိုတာ မစင်တွင်းထဲကို
ကျရတာနဲ့ တူတယ်။ တိရစ္ဆာန်တွေရဲ့ ဘ၀မှာ သန့် ရှင်းတယ်၊
စင်ကြယ်တယ်၊ မြင့်မြတ်တယ်ဆိုတာ မရှိသလောက်ရှားတယ်။
အချင်းချင်းနိုင်ရာစား နိုင်ရာနှိပ်စက် ဘာဥပဒေမှ မရှိဘူးနော်။
ဒါကြောင့် တိရစ္ဆာန်တို့ ရဲ့ ဘုံဘ၀ကို မြတ်စွာဘုရားက
မစင်တွင်းကြီးနဲ့ ဥပမာပေးတယ်။ အဲဒီတိရစ္ဆာန်ဖြစ်ကြောင်းလမ်းကိုလည်း
မြတ်စွာဘုရားသိတယ်။
လာပြန်ပြီ နောက်တစ်ယောက် ဒီလူကတော့ ဘယ်ကိုဦးတည်နေလဲဆိုတော့
အထက်ပူ အောက်ပူလမ်းက လာတဲ့သူက ဘယ်ကို ဦးတည်နေလဲဆိုတော့
သစ်ရွက်ကျဲတဲ့ အရိပ်နည်းတဲ့ သစ်ပင်အို သစ်ပင်ခြောက်ဆီကို ဦးတည်နေတယ်တဲ့။
အဲဒါ အဲဒီအောက် သူရောက်သွားတာပဲ။ မောမောပန်းပန်းနဲ့ လာတယ်၊
အမောမပြေဘူး။ သစ်ပင်က စိုစိုပြေပြေမှ မဟုတ်ဘဲကို။ သစ်ပင်ခြောက်ကြီးဖြစ်နေတာကို၊
အဲသလိုပဲတဲ့ တချို့ သတ္တ၀ါတွေ သွားတော့သွားနေတာပဲ၊ ပြိတ္တာဘုံဘ၀ ဘုံဌာနကို
ရောက်ဖို့ အလုပ်လုပ်ရင်းနဲ့ သွားနေတာ။ အဲဒါငတ်ရင်းနဲ့ အဆာမပြေရင်းနဲ့ 
ပူနေရမယ့်ဘ၀မျိုး။ ဒါကြောင့် ပြိတ္တာဘ၀ကို သစ်ပင်အိုလို့ ဥပမာပေးတယ်။
ဘာမှ မှီခိုစရာ အရိပ်ခိုစရာ မရှိဘူးတဲ့ ။ အဲဒီလမ်းကိုလည်း မြတ်စွာဘုရားသိတယ်။
လာပြန်ပြီနောက်တစ်ယောက်၊ ဘယ်ကို ဦးတည်နေသလဲ။
အရိပ်အာဝါသနဲ့ ပြည့်စုံတဲ့ သစ်ပင်ပျိုဆီကို ဦးတည်နေတယ်။
တချို့ သတ္တ၀ါတွေဟာ လူဖြစ်စေတတ်တဲ့ ကံတွေကို ပြုရင်းနဲ့ သေရွာသွားတာ။
သစ်ပင်ပျိုဆိုတော့ အရိပ်အာဝါသနဲ့ ပြည့်စုံတယ်၊ သို့ သော်လည်း
နေပူထဲကလာတဲ့သူအတွက် ရေသောက်ရမှ ရေချိုးရမှသာ အဆင်ပြေမယ်မလား။
နောက်တစ်ယောက်ကတော့ ပြဿာဒ်ဆောင်ရှိရာဆီ ဦးတည်နေတယ်။
သူကတော့ သစ်ပင်ပျိုထက် ပိုပြီး အရိပ်အာဝါသနဲ့ ပြည့်စုံတာပေါ့။
အဲဒါဘာပြောတာလဲဆိုတော့ တချို့ သတ္တ၀ါတွေဟာ နတ်ပြည်ရောက်ကြောင်း ကောင်းမှုတွေကို ပြုရင်း
သေရွာသွားနေတယ်တဲ့။
နောက်တစ်ယောက်ကတော့ အဲဒီ (၅) ခုကို ဘယ်ဟာမှ ဦးမတည်ဘူး။
သူဘယ်ကို ဦးတည်နေသလဲဆိုတော့ ကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့
ရေကြည် ရေအေး ရေချို နဲ့ ပြည့်စုံတဲ့ မင်္ဂလာနဲ့ ပြည့်စုံတဲ့ ရေကန်ကြီးဆီကို
ဦးတည်နေတယ်တဲ့။
အပေါ်ကနေပူတယ်၊ အောက်က သဲပူတယ်၊ ရေကလည်း ငတ်လှပြီ၊
အာခေါင်တွေလည်း ခြောက်လှပြီ။ လူကလည်း ရေချိုးချင်လှပြီ။
အဲဒီရေကန်ထဲလည်း ရောက်ရော ရေကို အားရှိပါးရှိသောက်မယ်။
အားပါးတရသောက်မယ်၊ ပြီးရင် စိမ်ပြီးတော့ချိုးမယ်။
အခုကျမှပဲ အဆာပြေတော့တယ်။ အခုကျမှပဲ အပူအအိုက်ပြေတော့တယ်
ဆိုတဲ့ ခံစားချက်သည် ရေကန်တွေ့ တဲ့သူမှသာလျှင် ဖြစ်နိုင်မယ်မလား။
အဲဒါ ဘာပြောတာလဲဆိုတော့ ဂတိဝိမုတ္တလို့ ခေါ်တဲ့ နိဗ္ဗာန်ကို ပြောတာ။
အဲဒီ နိဗ္ဗာန်ကို ဘယ်လမ်းကလျှောက်ရမလဲ ဆိုတာလဲ မြတ်စွာဘုရားသိတယ်။
ဒါကြောင့် မြတ်စွာဘုရားက လမ်းသိသူ လို့ သူ့ ကိုယ်သုဝန်ခံထားတာနော်။

( သစ္စာရွှေစည် ဆရာတော် )

Credit To : အနှိုင်းမဲ့စာတိုပေစများ

ဒုတိယအကြိမ် ပြည်တော်ပြန်ခရီးစဉ် (၅)


ထက်အောင်ကျော် (၁၇-၀၁-၂၀၁၄)

တောင်ခြေက ကင်ပွန်းစခန်းဆီရောက်တော့ မနက် ၉ နာရီကျော်ရုံပဲရှိပါသေးတယ်။ ရန်ကုန်ဖက်သွား တဲ့ဘုရားဖူးကားတွေက နေ့လည် ၁၂ နာရီကျော်မှထွက်မှာတဲ့။ နီးတဲ့စားသောက်ဆိုင်တခုရဲ့အပေါ် ထပ်ဆီတက်ပြီး ခဏနားပါတယ်။ ဒီလိုနားတဲ့နေရာကို တည်းခိုခန်းလို့ခေါ်ကြပါတယ်။ ဒါပေမဲ့ အခန်းထဲ မှာ ကုတင်၊ စောင်၊ ခေါင်းအုံး စသဖြင့် ဘာမှမရှိ။


ကင်ပွန်းစခန်း-ရန်ကုန် ဘုရားဖူးကားတွေရဲ့ ဈေးနှုံးတွေကတော့ ၅၀၀၀ ကနေ ၇၀၀၀ အထိရှိပါတယ်။ ကျနော်လာတုန်းက ၆၀၀၀ တန်ကားစီးပြီး အပြန်မှာတော့ ၅၀၀၀ နဲ့ဈေးတည့်သွားပါတယ်။ မြို့ထဲအထိ ဒီကားတွေကသွားတဲ့အတွက် အဝေးပြေးကားဂိတ်ဆီသွားရတဲ့စရိတ် မကုန်တော့ပါ။ တခါတလေဆိုရင် တခြားမြို့ဆီသွားတဲ့ အဝေးပြေးဘတ်စ်ကားခထက် မြို့ထဲကနေ အဝေးပြေးကားဂိတ်ဆီလာတဲ့ တက္ကစီ ခက ပိုများနေတတ်ပါတယ်။ ဥပမာ ရန်ကုန်-နေပြည်တော် အဝေးပြေးအကောင်းစားကားခက ၆၀၀၀-တည်း။ ဒါပေမဲ့ ကိုယ်တည်းတဲ့မြို့လယ်ဟိုတယ်ကနေ မြောက်ဥက္ကလာရှိ အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်ဆီ တက္ကစီခက ၇၀၀၀ ပေးရပါတယ်။

အစိုးရအာဏာပိုင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုခရီးသွားနေကြသလဲတော့ မသိပါ။ အားလုံး ကိုယ်ပိုင်ကားတွေနဲ့ချည်းသွားနေလို့ သာမန်ပြည်သူတွေရဲ့ဘ၀ကို မသိတာလဲ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို လွတ်တော်ထဲမှာ ဆွေးနွေးတာ မကြားမိသေးပါ။ ရန်ကုန်မြို့ရဲ့ အများပြည်သူ ခရီးသွားဝန် ဆောင်မှု Public Transportation က အခြေနေ အတော်ဆိုးပါတယ်။ ရန်ကုန်လေဆိပ်ကနေ မြို့ထဲ သွားဖို့ လေဆိပ်ရထား။ လေဆိပ်ဘတ်စ်ကား မရှိသေးပါ။ အလားတူ အဝေးပြေးကားဂိတ်တွေကနေ မြို့ထဲသွားဖို့ ရထားလဲမရှိ၊ ဘတ်စ်ကား လဲမရှိသေးပါ။ ဒီလို Public Transportation မရှိတဲ့မြို့မျိုး ကမ္ဘာ မှာ သိပ်မကျန်တော့ဘူးလို့ ထင်ပါတယ်။

လောလောဆယ်တော့ ဘာမှမတတ်နိုင်။ သာမန်အများပြည်သူဘ၀နဲ့ တထပ်တည်းဖြစ်ချင်လှပါတယ် ဆိုတဲ့သတင်းသမားကျနော် ၇၀၀၀ ပေးရတဲ့ တက္ကစီကားကိုဈေးကြီးပေးပြီးမစီးချင်ရင် ၂၀၀ ကျပ်တန် ဘတ်စ်ကားကို တိုးစီးဖို့ပဲရှိပါတယ်။ ဒါပေမဲ့ ဒီကဘတ်စ်တွေက နော်ဝေးကဘတ်စ်တွေလို ကျယ်ကျယ် ၀န်းဝန်းမဟုတ်။ အထုတ် အပိုးများစွာနဲ့ဆိုရင် ဘယ်လိုမှတိုးစီးဖို့မလွယ်။ ဒီတော့ အဝေးပြေးကားခ ထက် ပိုဈေးများတဲ့ တက္ကစီကိုပဲ မလွဲမရှောင်သာစီးခဲ့ရပြန်ပေါ့။

တက္ကစီခဈေးများလွန်းတယ်လို့ ညီးနေတဲ့ကျနော် ဆူးလေ၀န်းကျင်က ဟိုတယ်ခနဲ့တွေ့မှ ''လေ'' သွား ပါတယ်။ ''Local (မြန်မာနိုင်ငံသား) ဆိုရင် လေးသောင်း၊ နိုင်ငံခြားသားဆိုရင်တော့ ဒေါ်လာ ၈၀ ယူ တယ်အကို။ ဒါတောင် အကိုမို့လို့ Discount (ဈေးလျော့) ပေးထားတာ'' တဲ့။ အဲဒါ ဆူးလေးဝန်းကျင်ရှိ ဟိုတယ်ကြီးကြီးတွေဘေးနားက ဟိုတယ်ခပ်သေးသေးလေးတခုရဲ့ ကောင်တာဝန်ထမ်းကပြောတာပါ။ သေပြီဆရာပေါ့။ အရင်ခရီးစဉ်တုန်းက သုံးသောင်းပေးရတာကိုတောင် အသည်းအသန်ညီးဖူးတဲ့ ကျ နော် ဒီတခေါက်မှာ ကောင်းကောင်းသင်ခန်းစာပေး ခံလိုက်ရပါတယ်။

သာမန်နေ့စားလုပ်သားတဦးရဲ့ဝင်ငွေက တနေ့ ၃၀၀၀ ကျပ်။ တရက်မှမနားပဲ တလလုံးလုံး အလုပ်ဆင်း ရင်တောင် လစာ ၉ သောင်းပဲရမဲ့ကိန်း။ အဲဒီလောက်ပဲအခြေခံဝင်ငွေရှိတဲ့တိုင်းပြည်မှာ ဟောဒီဟို တယ်ခက တညတည်းအတွက် ၈ သောင်းတဲ့။ ဘယ်ကရတဲ့ဝင်ငွေနဲ့ ဘယ်လိုလူတွေတည်းနေကြမှန်း မသိပေမဲ့ ကြိုတင် booking လုပ်မထားရင် အခန်းမရနိုင်တဲ့အထိ ဟိုတယ်ခန်းတွေက ပြည့်နှက်လို့။


''ဟိုတယ်ဆိုတာ နေ့စားလုပ်သားတွေအတွက် ဖွင့်ထားတာမှမဟုတ်ပဲ'' ဆိုပြီး ဆင်ခြေပေးကြမလား။ ''သူ့ ကံတရားနဲ့သူလာတာ၊ လူတိုင်းတော့ ဘယ်ချမ်းသာနေပါ့မလဲ'' ဆိုပြီးပြောကြမလား။ ဘယ်လိုပဲ ပြောပြော ကျနော့်ရွာက အလုပ်သမားတဦးက ကျပ်ငွေ ၃၀၀၀ ရဖို့ တနေကုန်အသည်းအသန်အလုပ် လုပ်နေရစဉ်မှာ အဲဒီရွာသားတွေဘ၀တိုးတက်ရေးအတွက် တိုက်ပွဲဝင်မယ်ဆိုပြီး တချိန်က ကြွေးကြော် ခဲ့ဖူးတဲ့ကျနော်က တညတာအိပ်ဖို့အတွက် ကျပ်ငွေ ၈ သောင်းပေးပြီး တည်းသင့်ပါသလား။

ထားတော့။ လောလောဆယ်တော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်သေး။ အောင်ပွဲနဲ့ အတူ ပြန်လာနိုင်တဲ့အခြေနေ မဟုတ်သေးတော့လဲ မပြောင်းလဲနိုင်သေးတဲ့စနစ်ဆိုးထဲမှာ သို့မဟုတ် အများ ပြောနေကြစကားလုံးအတိုင်းဆိုရင် လက်ရှိစနစ်ကိုခွာမတိုက်ပဲ ပူးတိုက်တဲ့နည်းထဲမှာ ဆက်လက် စ ခန်းသွားရဦးမှာပေါ့။ ဒါမေပဲ့ အာဏာရှိသူ၊ ချမ်းသာသူတွေနဲ့ အာဏာမရှိသူ သာမန်အရပ်သားတွေ ကြား ဒီလောက်အထိ လူနေမှုအဆင့်တန်း ကွာခြားသွားကတော့ တခုခုလွဲနေတယ်လို့ ထင်ပါတယ်။ နော်ဝေးမှာ ဒီလိုကွာခြားမှုမရှိပါ။ ထိုင်းမှာလဲ ဒီလောက်အထိ မကွာကြပါဘူး။ ဒါဆို မြန်မာနိုင်ငံမှာ ဘာ တွေလွဲနေလို့လဲ။

တကယ်တော့ ဒီလောက်ဈေးကြီးတဲ့ဟိုတယ်မှာ ကျနော်တည်းဖို့အစီစဉ်မရှိပါ။ နှစ်ပေါင်းများစွာခွဲခွါနေရ တဲ့ ကျောင်းနေဖက်သူငယ်ချင်းလဲဖြစ်၊ တောပြန်သူငယ်ချင်းလဲဖြစ်တဲ့ အခြားပြည်တော်ပြန်တဦးနဲ့ တွေ့ ချင်လို့ သူတည်းတဲ့ဟိုတယ်မှာ တညတာတည်းမယ်ဆိုပြီး ကျိုက်ထီးရိုးကအပြန် တန်းပြီးရောက်လာ ခြင်းသာဖြစ်ပါတယ်။ ဘာကြောင့်များ ပြည်တော်ပြန်တွေကို ခွဲခြားဆက်ဆံဖို့၊ ဈေးနှစ်ဆယူဖို့ အမိန့် ထုတ် ထားပါလိမ့်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ဒါမျိုးခွဲခြားဆက်ဆံတာမရှိ။ ဘယ်သူလာတည်း တည်း အားလုံးတဈေးတည်း။

ဟိုတယ်ကောင်တာဝန်ထမ်းကို ကျနော်မေးဖို့မေ့ကျန်ခဲ့တာကတော့ ကျနော်တို့ပြည်တော်ပြန်တွေကို ဒီ လိုနှစ်ဆယူရမယ်လို့ အစိုးရက အတိအကျ အမိန့်ထုတ်ထားသလား။ ဒီကကောက်လို့ရတဲ့ အပိုငွေ တ ၀က်ကို အစိုးရဆီ အခွန်ဆောင်ရတာလား။ အဲဒီငွေတွေကို အစိုးရက ဘယ်မှာသုံးတာလဲဆိုတဲ့အချက် တွေပါ။

မေးခွန်းတွေသာများလာပြီး အဖြေမရတဲ့ရန်ကုန်ညကို မွန်းကျပ်စွာဖြတ်သန်းပြီးတဲ့နောက် ထားဝယ်မြို ဆီသွားဖို့ လေယဉ်ကွင်းဆီကျနော်ထွက်လာပါတယ်။ အရင်တခေါက်က ပေါင်ချိန်စက်မှာ ၅၀၀ ပေးရ တာကို လာဘ်စားတယ်ဆိုပြီးသတင်းရေးမိတဲ့ကျနော် ဒီတခေါက်မှာ ၂၀၀၀ ပေးလိုက်ရပါတယ်။ ဖြစ်ပုံ ကဒီလို။ ကွင်းထဲဝင်တာနဲ့ အပြာရောင်ယူနီဖောင်းဝတ်ပုဂ္ဂိုလ်တဦးက ကျနော်ရဲ့ခရီးဆောင်အိတ်တွေကို ကူသယ်ပေးပါတယ်။ သယ်ပေါ့၊ မြန်မာတွေ စေတနာကောင်းတယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မှာပေါ့။

''စေတနာရှိသလောက်ပဲ ပေးပါအကို'' ဆိုတော့မှ ငါတော့ ထိပြီဆိုတာကိုသိလိုက်ပါတယ်။ ၅၀၀ တန် ကလဲမရှိတော့ တထောင်ပေးလိုက်ရပါတယ်။ ပြီးတော့ အရင်တခေါက်ကထိပြီးသားဖြစ်တဲ့ ပေါင်ချိန် စက်။ ၅၀၀ တန်မရှိတော့ တထောင် ထပ်ထွက်သွားပြန်ပေါ့။ ''တနေ့တနေ့ ဒီလိုတောင်းတာ ဘယ် လောက်ရလဲ'' ဆိုပြီး ကျနော်ကမေးမိတော့ အဲဒီလူတွေ သိပ်ကြိုက်ပုံမရ။ ပြန်ဖြေစရာမလိုတဲ့မေးခွန်းကို မေးတယ်လို့ သဘောထားလားမသိပါ။ ဘယ်သူမှ ဘာမှပြန်မဖြေကြ။

ထားတော့။ လခနဲ့ မလောက်လို့ ဒီလိုတောင်းနေကြတာဖြစ်မှာပေါ့။ ဒါကို လာဒ်စားတယ်လို့မခေါ်ရင် ဘယ်လိုခေါ်မလဲ။ နိုင်ငံခြားသားတွေအမြင်မှာ ဘယ်လိုရှိမလဲ။ တခြားနိုင်ငံက လေဆိပ်တွေမှာ ဒါမျိုး မရှိတော့ပါ။ ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်ဆိုတဲ့ ဆရာ့ဆရာတွေ ဒါလေးတွေကိုလဲ ပြုပြင်ပေးကြ ပါဦးလို့ အော်ပြောရတော့မလား။

Professional မဖြစ်တာက အထမ်းသမားနဲ့ ပေါင်ချိန်စက်သမားတင် မက။ လေယဉ်လုံခြုံရေးအတွက် သိပ်အရေးကြီးလှတဲ့ Check in ကောင်တာက စစ်ဆေးရေးအရာရှိတွေကလဲ နမော်နမဲ့ပါပဲ။ ကျနော့် ကွန်ပြူတာအိတ်ထဲ ရေပုလင်းပါလာတာကို ပြန်မထုတ်ခိုင်းပါ။ တီ-တီ-တီ- မည်နေပေမဲ့ သော့တွဲတွေ၊ ပစ်ဆံအိတ်တွေ၊ လက်ကိုင်ဖုန်းတွေ၊ ဘောင်းဘီခါးပတ်တွေကို ပြန်မထုတ်ခိုင်းပါ။ အင်း... ဒီ ၀န်ထမ်း တွေကိုယ်တိုင် နိုင်ငံတကာဆီ ခရီးမသွားဖူးဘူး။ နိုင်ငံတကာလေဆိပ်တွေမှာ တခါမှအစစ်မခံရ ဖူးဘူးနဲ့ တူပါရဲ့။

အကျန်းဖက်သမားတွေသာ ဖေါက်ခွဲရေးပစ္စည်းတွေကို ယူသွားမယ်ဆိုရင် ဒီလိုစစ်ဆေး ရေးဝန်ထမ်း တွေနဲ့တော့ ခက်ရချည်ရဲ့။ လေယဉ်အမြဲတန်းစီးနေတဲ့ အစိုးရအရာရှိတွေ၊ လွတ်တော် ကိုယ်စားလှယ် တွေကကော ဒီကိစ္စကိုဘာမှမပြောကြဘူးလား။ နိုင်ငံတကာလေ့လာရေးလွတ်တဲ့အထဲ အစိုးရအရာရှိနဲ့ လွှတ်တော်ကိုယ်စားလှယ်အပြင် ဒီလို အောက်ခြေ၀န်ထမ်းတွေကိုလဲ ပို့ပေးဖို့လိုမယ်ထင်ပါတယ်။


အဲဒီလိုစဉ်းစားပြီး လေယဉ်စောင့်နေတုန်း လွတ်တော်အမတ်နှစ်ဦးနဲ့တည့်တည့်လာတိုးပါတယ်။ ပထမ တဦးက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေ။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အစောပိုင်းက လွတ်တော်ဥက္ကဌဦးရွှေမန်းတို့နဲ့အတူ နော်ဝေးနိုင်ငံအော်စလိုမြို့ဆီရောက်ခဲ့ ဖူးသူ။ ''စစ်တွေကိုလေယဉ်နဲ့သွားပြီး အဲဒီကတဆင့်မှ ရသေ့တောင်ကိုသွားရမှာလေ။ ဟိုမှာ သိန်း ၁၀၀၀ တန် ဖွံဖြိုးရေးကိစ္စတွေ သွားလုပ်ရဦးမယ်'' လို့ သူကရှင်းပြပါတယ်။

မဲဆန္ဒနယ်တခုအတွက် သိန်း ၁၀၀၀ စီ လွှတ်တော်ကနေချပေးလိုက်ပြီး အဲဒီအတွက် ဒေသတွင်းရှိ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွတ်တော်၊ ပြည်နယ်လွှတ်တော်က လွတ်တော်အမတ် ၄ ဦး ပူးပေါင်း ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ အရင်ခေတ်နဲ့စာရင် အစစအရာရာတိုးတက်စပြုနေပြီလို့ သူကထင် မြင်ယူဆနေပြီး လွှတ်တော်ဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့ပြောပါတယ်။

''အစိုးရဖက်ကတင်သွင်းတဲ့ နေပြည်တော်ရေကန် ရောင်စုံမီးပြုပြင်ရေး၊ စစ်မှုထမ်းဟောင်းအဆောင် အ သစ်ဆောက်လုပ်ရေးတွေကို လွှတ်တော်ကနေကန့်ကွက်နိုင်ခဲ့တယ်။ ပြီးတော့ ကျေးလက်က အများ ပြည်သူဘ၀ ဖွံ့ဖြိးရေးအတွက် ဘတ်ဂျက်ချပေးနိုင်ခဲ့တယ်'' လို့ ရခိုင်အမတ်ကပြောပါတယ်။

စစ်တွေလေယဉ် ထွက်ခါနီးမှရောက်လာတဲ့ နောက်ထပ်အမတ်တဦးကတော့ ကြံ့ခိုင်ရေးပါတီမှ မလှိုင် မြို့နယ်ကိုယ်စားလှယ် ဦးအေးမောက်ဖြစ်ပါတယ်။ သူကတော့ နေပြည်တော်ကနေတဆင့် မန္တလေး တိုင်း မလှိုင်မြို့ဆီ ကားနဲ့သွားပြီး ရှေ့မှာဒေါ်ခင်စောဝေပြောခဲ့တဲ့ သိန်း ၁၀၀၀ ဖွံဖြိုးရေးကိစ္စကို သွားလုပ် မယ်လို့သိရပါတယ်။ နေပြည်တော်မှာကျင်းပဖို့ပြင်နေတဲ့ အရှေ့တောင်အားကစားပွဲကို မတက်ကြဘူး လားမေးတော့ ကျေးလက်က မဲဆန္ဒနယ်အထိပြန်ပြီး လူထုနဲ့တွေ့ဖို့က ပိုအရေးကြီးတယ်လို့ သူတို့ နှစ် ဦးစလုံးကပြောပါတယ်။

တကယ်ဆိုရင် ဦးအေးမောက်ကို အရင်ကကျနော်မတွေ့ဖူးပါ။ ဒါပေမဲ့ ဗွီအိုအေ-က ကိုကျော်ဇံသာရဲ့ တိုက်ရိုက်လေလှိုင်းအပါဝင် ဥပဒေဆိုင်ရာကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်ရေးကိစ္စတွေမှာ အချက် လက်အခိုင်မာ၊ ယုံကြည်ချက်အပြည့်အ၀နဲ့ပြောလေ့ရှိတဲ့ သူလေသံကိုကျနော်မှတ်မိနေပါတယ်။ သူက လဲ ကျနော်အသံနဲ့ ရုပ်ကိုမှတ်မိနေတယ်လို့ဆိုပါတယ်။

''ခင်ဗျားတို့အကဲခတ်တွေပြောနေတဲ့ အစိုးရနဲ့လွှတ်တော် နှစ်သင်းခွဲပြီးကစားနေတယ်ဆိုတာ မဟုတ် ပါဘူးဗျာ။ တကယ့်ကို ယုံကြည်တဲ့အတိုင်း ကျနော်တို့ပြောနေကြတာပါ'' လို့နီဒါန်းချီပြီး ကြံ့ခိုင်ရေးပါတီ ကလဲ လူထုအကျိုးလုပ်နေပါတယ်လို့ သူကဆိုပါတယ်။ ပြီးတော့ အစိုးရအဖွဲ့ထဲက လူတချို့ဟာ အရင် ခေတ်ဟောင်းကအတိုင်း အာဏာပြနေဆဲဖြစ်ပေမဲ့ လွှတ်တော်ကတော့ ပြည်သူလူထုဖက်မှာရပ်နေ တယ်၊ ပြည့်သူ့အသံကိုနားထောင်နေတယ်လို့ သူကပြောပါတယ်။

''ကျနော်ပြောတာကိုမယုံရင် ဟောဒီမှာကြည့်'' ဆိုပြီး Messenger ဂျာနယ်မှာပါတဲ့ သူရဲ့ အင်တာဗျုး ကိုထုတ်ပြပါတယ်။ ''ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အများဆန္ဒနဲ့မညီရင် ပြင်ရမှာပေါ့ဗျာ။ ကျနော် က တော့ ကျနော်ယုံတဲ့အတိုင်းပြောမှာပဲ'' လို့လဲ သူကအခိုင်အမာပြောနေပါတယ်။

အမတ်မင်းနှစ်ပါးနဲ့ အဲဒီ လိုပြောလို့ကောင်းတုန်း လူတွေထရပ်တာတွေ့လို့လှမ်းကြည့်လိုက်တော့ နာ မယ်ကြီးမော်ဒယ် ''မိုးစက်ဝိုင်'' ကိုမြင်လိုက်ရပါတယ်။ သူကလဲ နေပြည်တော်မှာကျင်းပမဲ့ Sea Game ဖွင့်ပွဲဆီ သွားမယ်ထင်ပါတယ်။ လေယဉ်တွေတစီးပြီးတစီးထွက်သွားကြပေမဲ့ ထားဝယ်သွားမဲ့လေယဉ် က ရာသီဥတုအခြေနေအရဆိုပြီး မီနစ် ၃၀ နောက်ကျမယ်လို့ဆိုပါတယ်။

အဲဒီလိုနောက်ကျမယ်ဆိုတာကို တီဗွီ စခရင်တွေနဲ့ ထိုးပြနိုင်ခြင်းမရှိသေး။ Information ပေးတဲ့စနစ် အတော်အားနဲနေဆဲဖြစ်ပါတယ်။ ဘယ်လေယဉ် ဘယ်အချိန်ထွက်မယ်ဆိုတာကိုပြသတဲ့ တီဗွီ စခရင် တွေ ပြည်တွင်းလေကြောင်းဖက်မှာ မရှိသေးပါ။ လျှပ်စစ်မီးမနိုင်လို့ တီဗွီ စခရင်နဲ့မပြန်နိုင်ရင်လဲ ကျောက်သင်ပုန်းဖြစ်ဖြစ်၊ White board ဖြစ်ဖြစ်မှာ ရေးပြထားသင့်ပါတယ်။ အခုတော့ ဘာမှရေးမထား တဲ့အတွက် Information ကောင်တာက အမျိုးသမီးလေးအော်ပြောနေတဲ့ အသံကို မနဲအာရုံစိုက်နား ထောင်နေရပါတယ်။

ထူးခြားတာကတော့ မြန်မာနိုင်ငံကပြည်တွင်းလေကြောင်းလိုင်းတွေဟာလဲ အဝေးပြေးဘတ်စ်ကားတွေ လိုပါပဲ။ အားလုံး မနက်ပိုင်းမှာ ရန်ကုန်ကနေထွက်ပြီး ညနေပိုင်းမှာ ရန်ကုန်မြို့ဆီပြန်ဝင်ကြပါတယ်။ ဒါ ကြောင့်မနက်အစောကြီး ၅ နာရီလောက်ကတည်းက ဟိုတယ်ကနေထွက်ပြီး လာစောင့်နေရတာပါ။ ဈေးနှုံးတွေကလဲ ဘတ်စ်ကားထက် ၅ ဆလောက်များပါတယ်။ ဥပမာ ထားဝယ်ကို ၆ သောင်းခွဲပေးရ ပြီး ဘတ်စ်ကားနဲ့ဆို တသောင်းကျော်လောက်ပဲပေးရပါတယ်။ ဒါပေမဲ့ လေယဉ်ကတနာရီနဲ့ရောက်ပြီး ကားနဲ့ဆို တညအိပ်ခရီးပေါ့။

၆ သောင်းခွဲပေးရတာကိုဈေးများတယ်ဆိုပြီညီးနေတဲ့ကျနော် ထားဝယ်ရောက်မှ ပက်လက်လန်သွား ပါတယ်။ ပြီးခဲ့တဲ့အခေါက်ကရော၊ အခုအခေါက်ပါ ရန်ကုန်ကအသိတယောက်က တယ်လီဖုန်းဆက်ပြီး လက်မှတ်ဝယ်ပေးတဲ့အတွက် ကျနော်ကဘာမှလုပ်စရာ၊ ပြောစရာမလိုပါ။ ဒါပေမဲ့ အခု ထားဝယ် ရောက်ပြီး ရန်ကုန်ပြန်လက်မှတ် ကြိုဝယ်မှ ပြသာနာတက်ပါလေရော။ ''အကိုက နိုင်ငံခြားသားဆိုရင် ၂ ဆပေးရမယ်အကို။ ၁၂၇ ဒေါ်လာကျပါတယ်'' တဲ့။ သေပြီဆရာပေါ့။

တကယ်က ကျနော်ကို နိုင်ငံခြားသားမှန်း ဘယ်သူမှမသိ။ ထားဝယ်က ၈၈ ကျောင်းသားတွေနဲ့ ကျောင်းနေဖက်သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ၀ိုင်းကျပ်ရာကနေ လေယဉ်လက်မှတ်ရောင်းဌာန ကသိသွားတာပါ။  နိုင်ငံခြားသားဖြစ်ရတဲ့ဒုက္ခကလဲ မလွယ်ပါလားနော်။ ၁၂၇ ဒေါ်လာဆိုတာ ဘယ်နဲ မလဲ။ တသိန်း ၃ သောင်းနီးပါး ကျတာပေါ့။ တရက်မှ ၃၀၀၀ ရတဲ့လူတဦးရဲ့ တလစာ ၀င်ငွေထက် ပို များသွားပြီလေ။ ဘန်ကောက်-ရန်ကုန် လေယဉ်ခထက်တောင် ပိုများသွားတဲ့သဘော။


နိုင်ငံခြားသားဖြစ်ရတဲ့ ဒုက္ခက ဟိုတယ်ခနဲ့ လေယဉ်ခ နှစ်ဆယူရုံနဲ့တင်မပြီးသေး။ ရွာက ကျနော့်အိမ် ရောက်တော့ ထုံးစံအတိုင်း နယ်ထိမ်းရဲအရာရှိက အိမ်ကိုလာပြီး နိုင်ငံခြားသားစာအုပ်အမှတ်၊ ဗီဇာ အ မှတ်တွေမေးပါတယ်။ ဒီလောက်ကတော့ ကိစ္စမရှိ။ ပြီးခဲ့တဲ့အခေါက်ကလဲ ဒါမျိုးဟန်ရေးပြခံရဖူးပြီးသား ဆိုတော့ သူ့အလုပ် သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ် (အာဏာပိုင်တွေ ဒီလိုမျိုးလိုတာထက်ပိုလုပ်ပြနေ တယ်ဆိုတာကို ပရိသတ်အား အသိပေးတာကိုဆိုလို) ရုံပေါ့။

ဒါပေမဲ့ ဟန်ရေးပြမှုက ဒီလောက်နဲ့မပြီး။ ညဖက်မှာ ရဲ အရာရှိတဦးရောက်လာပြီး လောင်းလုံးမြို့နယ် လ.၀.က ရုံးဆီ အိမ်ရှင်နဲ့အတူလာကာ သတ်မှတ်ဖောင်တွေ ဖြည့်ဖို့လိုတယ်။ နိုင်ငံခြားသားတွေလုံခြုံ ရေးအတွက် ဒါတွေလုပ်ဖို့ သူတို့ဖက်က ကူညီပေးနေတယ်လို့ ပြောပါတယ်။        ။
Htet Aung Kyaw

ရိုဟင်ဂျာဆိုသည့် လူမျိုးမရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်


မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ မွန်စသည့် နှစ်ပေါင်း များစွာကတည်းက စုပေါင်းနေထိုင်ခဲ့ကြ သည့် တိုင်းရင်းသားလူမျိုးများရှိခဲ့သည်။ ယခုအခါ ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ ပြည်သူများအဖြစ် နိုင်ငံတော်အစိုးရ အတွက်ပါ အနှောင့်အယှက်သဘွယ်ဖြစ်နေ သည်ကို တွေ့ရသည်။

၂၀၁၄၊ ဇန်နဝါရီ ၁၆ ရက်နေ့က ပုဂံရှေးဟောင်းမြို့တော်တွင် ပြန်ကြားရေး ဌာန ဒုဝန်ကြီး ဦးရဲထွဋ်က-
ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သဖြင့် အခြား အာဆီယံနိုင်ငံများက အာဆီယံ အစည်းအဝေးများတွင် ဆွေးနွေးရန် တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေး သွားမည်မဟုတ်ဟု ပြောကြားလိုက် သည်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ အစိုးရရော ပြည်သူတွေကပါ လက်မခံဘူးဆိုတာ ရှင်းလင်းပြီးသားပါ။ ပြီးတော့ ဒီဘင်္ဂါလီအရေးဟာ ကျွန်တော် တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့ ကျန်တဲ့နိုင်ငံ တွေက တောင်းဆိုလာလျှင်လည်း ကျွန် တော်တို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်မှာ အာဆီယံအစည်းအဝေးတွေမှာ လက်ခံ ဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ အကြံပေး တာဆိုရင်တော့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက် ညီတာကို လက်ခံသွားမှာပါဟု ထပ်မံ ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် အာဆီယံသီးသန့်အစည်း အဝေးကို ဇန်နဝါရီ ၁၆ ရက်က ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် ကျင်းပသည်။ ဇန်နဝါရီ ၁၅ ရက်နေ့က အာဆီယံ အဆင့်မြင့်အရာရှိများ၏ ညစာစားပွဲကို ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်တွင် အစည်း အဝေးစတင်ဖွင့်လှစ်ပြီး ဇန်နဝါရီ ၁၇ ရက် နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၏ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိ ဆိုသည့်အဆိုကိုတော့ မြန်မာပြည်သူပြည် သား အများက လက်ခံကြိုဆိုကြကြောင်း သိရသည်။

ရိုဟင်ဂျာကိစ္စအား ၂၀၁၄ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး၌ ဆွေးနွေးသွားရန်မရှိကြောင်း၊ ရိုဟင်ဂျာဟူသော အသုံးအနူန်းကို လက်မခံကြောင်းနှင့် အခြားအာဆီယံနိုင်ငံများက ဖိအားပေးလာပါက လက်ခံမည် မဟုတ်ကြောင်းကို ပုဂံမြို့ ရွှေနန်းဟိုတယ် နန်းမြင့်ဆောင်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဖြေကြားခဲ့သည်။

`ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ရော၊ အစိုးရအနေနဲ့ပါ လက်မခံပါဘူး။ ဒါ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်။ ပြောင်းလဲစရာ မရှိဘူး။ ကျွန်တော်တို့ဆီမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပြဿနာတွေကိုဖြေရှင်းခြင်းသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူတွေကသာ ဖြေရှင်းသွာမှာဖြစ်တယ်။ သို့သော် တခြားနိုင်ငံတွေမှာ ဒီလို လူ့အသိုင်းအ၀ိုင်းကြားမှာ ဖြစ်ခဲ့တဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြတာမျိုးဆိုရင်တော့ ကျွန်တော်တို့ နားထောင်မယ်။ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီရင် ကျင့်သုံးမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းကိစ္စကို ဘယ်သူကမှ ဒီလိုလုပ်ပါ စသဖြင့် ပြောဖို့တော့ အကြောင်းမရှိဘူး။ အစိုးရအဖွဲ့ရယ်၊ ပြည်ထောင်စုလွှတ်တော်ရယ်၊ ပါဝင်ပတ်သက်တဲ့ လူအသိုင်းအ၀ိုင်းတွေရယ်၊ မြန်မာပြည်သူတွေကနေပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ဆောင်ရွက်သွားဖို့ရှိတယ်။´

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

နိုင်ငံရေး ပဋိပက္ခကြောင့် ထိုင်းနှင့် မြန်မာ ဗီဇာကင်းလွတ်ခွင့်ရွှေ့ဆိုင်း


ပုဂံ၊ ဇန်နဝါရီ ၁၆

ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

ပုဂံတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အကြို မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး မည်သည့် အချိန်ထိ ရွှေ့ဆိုင်းထားသည်ကိုမူ ပြောဆိုခြင်း မရှိပေ။

ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ်ကို စတင်ရန် အဆင်သင့် ဖြစ်ပြီးဟု ထိုင်းနိုင်ငံ အစိုးရကို အသိပေးထားသော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံအစိုးရက တစ်စုံတစ်ရာ ပြန်လည် အကြောင်းပြန်ခြင်း မရှိသေးကြောင်း ဦးဝဏ္ဏမောင်လွင်က ဆိုသည်။

“လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင်း အစိုးရပိုင်းမှာ ဆက်လက်ညှိနှိုင်းနေတယ်။ အပြုသဘောဆောင်တဲ့ ရလဒ်ရဖို့ မျှော်လင့်တယ်” ဟု ၎င်းကဆိုသည်။

ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြပြီး အစိုးရရုံးများကို ပိတ်ဆို့ရန် ကြိုးပမ်းနေသော အတိုက်အခံ တို့ကြောင့် ထိုင်းအစိုးရမှာ ဗီဇာကင်းလွတ်ခွင့် ကိစ္စကို လက်မှတ်ထိုးရန် ကြန့်ကြာနေခြင်း ဖြစ်ပြီး စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအရပါ ကူးလူးဆက်သွယ်မှု အများဆုံးဖြစ်သော ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ရပါက နှစ်နိုင်ငံ ဆက်ဆံရေးတွင် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည်။

ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်ရန် အာဆီယံဒေသတွင်း နိုင်ငံများနှင့် သဘောတူညီမှု ရရှိထားသော်လည်း လက်ရှိတွင် ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည်တို့နှင့်သာ သွားလာခွင့် ရရှိထားသည်။

The Voice Weekly

နှစ်စဉ်အခွန်လျာထားချက် တိုးမည်ဟုဆို


ရန်ကုန်၊ ဇန်နဝါရီ ၁၆

လူဦးရေ တိုးတက်လာခြင်းနှင့်အတူ အခွန်ထမ်းဦးရေ တိုးတက်လာခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် အခွန်လျာထားချက်များ တိုးလာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အဓိက အကြောင်းရင်းကတော့ စီးပွားရေးလုပ်ငန်းတွေ တိုးလာလို့ပါ” ဟု ၎င်းကပြောဆိုသည်။

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွက် အခွန်လျာထားမှု ပမာဏမှာ ကျပ် ၅၉၀ ဘီလီယံဖြစ်ပြီး အခွန်ကောက်ခံ ရရှိမှုမှာ လျာထားချက်ထက် ကျော်လွန်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစမှ ဒီဇင်ဘာလအထိ လျာထားချက်ထက် ၇၀ ရာခိုင်နှုန်းခန့် အခွန်ကောက်ခံ ပြီးစီးပြီ ဖြစ်ပြီး ကောက်ခံ ရရှိမှုသည် ပြီးခဲ့သည့်နှစ်ထက် မြန်ဆန်ကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရသည်။

လာမည့်နှစ် များတွင်လည်း အခွန်သတ်မှတ်မှုများ ပိုမို များပြားလာဦးမည်ဖြစ်ကာ အခွန်ထမ်းများကလည်း ပုံမှန်အခွန် ပေးဆောင်ကြကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

စသုံးလုံး အငြိမ်းစားတစ်ဦးထံမှ ကျပ်သိန်း ၉၀ ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ


ဇန်န၀ါရီ ၁၇၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

သာကေတမြို့နယ်တွင် စသုံးလုံးမှ အငြိမ်းစားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၉၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်န၀ါရီ ၁၅ ရက် နံနက်က ဖမ်းဆီးရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ယင်းနေ့နံနက် ၈ နာရီ ၅၀ မိနစ်က မူးယစ်ဆေးဝါးဖမ်းဆီးရေး တပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စောင့်ဆိုင်းနေစဉ် ဦးကြည်ညွန့်မောင်းနှင်သော တက္ကစီယာဉ် သည် ရုံးရှေ့သို့ ရောက်လာခဲ့သည်။

ထို့ကြောင့် ယာဉ်ပေါ်၌ပါလာသော စသုံးလုံးမှ စုံစမ်းရေးမှူး အငြိမ်းစားဖြစ်သူ ဦးစိုးသိန်း (၆၇)နှစ် ရှမ်း ပြည်နယ်နေသူနှင့် ရဲအောင်စိုး (၃၇)နှစ် ရှမ်းပြည်နယ်နေသူတို့ နှစ်ဦးကို ရုံးအတွင်းသို့ ခေါ်ဆောင်စစ် ဆေးခဲ့သည်။

၎င်းတို့ နှစ်ဦးသယ်ဆောင်လာသည့် နီညိုရောင် ခရီးဆောင်အိတ်အတွင်းတွင် ပလတ်စတစ်အကြည်ဖြင့် ထုတ်လျက် ငွေကျပ် ၉၈ သိန်းတန်ဖိုးရှိသော ၈၈/၁ စာတမ်းပါ စိတ်ကြွဆေးပြားပေါင်း ၁,၉၆၀ကို ဖမ်း ဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ စသုံးလုံးအငြိမ်းစားနှင့် ရဲအောင်စိုးတို့ နှစ်ဦးကို အရေးယူပေးရန် ရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ်တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို သာကေတနယ် မြေရဲစခန်းက မူးယစ်(ပ)၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အရေးယူရန် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေသည်။

ထို့ပြင် အထက်ပါနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ကလည်း တာမွေတရားရုံးမှ ရုံးထုတ်လာသည့် မူး ယစ်ဆေးဝါးမှုဖြင့် တရားစွဲတင်ခြင်းခံရသူတစ်ဦးထံမှ ငွေကျပ် ၇၅,၀၀၀ ခွဲတန်ဖိုးရှိ ဘိန်းဖြူမှုန့်များနှင့် တစ်စီစီ ဆေးထိုးအပ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို အခြားအမျိုးသားတစ်ဦးက အချုပ်သားအားပေးဆောင်ထွက်ပြေးသွား သောကြောင့် အဆိုပါအချုပ်သားနှင့် မူးယစ်ဆေးဝါးပေးသွင်းသူကို တာမွေရဲစခန်းက မူးယစ်(ပ)၁/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/၂၁ တို့ ဖြင့် အရေးယူရန်စစ်ဆေးနေသည်။ ထို့ပြင် မူးယစ်ဆေးပေးသွင်းသူကိုလည်း ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

နိုင်/ကျဉ်းများအား လွှတ်ပေးရန်မရှိတော့ ဟု သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပြောကြား


ပုဂံ ၊ ဇန်နဝါရီ ၁၆ ။ ။ နောက်ထပ် နိုင်ငံ ရေး အကျဉ်းသားများအား လွှတ်ပေးရန် မရှိတော့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲ ထွဋ် က ပြောသည်။

““နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်ပေးဖို့ မရှိပါ ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေမှ မရှိတော့ တာ။ အားလုံးလွှတ်ပေးပြီးပြီ”” ဟု မြန်မာနိုင်ငံက အာဆီယံအ လှည့်ကျဥက္ကဋ္ဌတာဝန် ယူသည့် နှစ်တွင် ပထမဆုံး ကျင်းပ သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပုဂံမြို့ ရွှေနန်းတော်ဟိုတယ် ၌ ဇန်နဝါရီ၁၆ရက်ကပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ တွင် ရန်ကုန်တိုင်းမ်သတင်းစာ ၏ မေးမြန်းချက်အား ဦးရဲထွဋ် က အထက်ပါ အတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။

““အဲဒါလှည့်ပတ်ပြီး ပြော တာပဲ။ နိုင်ငံရေးအကျဉ်းသား တွေကျန်နေပါသေးတယ်။ အ ရင်အစိုးရလက်ထက်က နိုင်ငံ ရေးသမားတွေကို ဖမ်းဆီးရင် တခြားပုဒ်မတွေနဲ့စွဲပြီး အကျဉ်း ချထားတာ။ ဒါကို နိုင်ငံရေးအ ကျဉ်းသားလို့ပဲခေါ်ရမှာပဲ။ ဒါ ဗြောင် ငြင်းတာပါ””ဟု လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိ စစ်ရေးကော်မတီမှ ဦးရဲအောင် က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။

အကျဉ်းထောင်များတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၃ဦး ကျန်နေသေးကြောင်း၊ ယင်းတို့လွတ်မြောက်ရေးအ တွက် ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မကြာမီလက် ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအ ဝေးပြု လုပ်ပြီး အဆိုပါကိစ္စကို ဆွေးနွေးသွားမည်ဟု ဦးရဲအောင် က ဆက်ပြောသည်။ နိုင်ငံတော်သမ္မတ၏လွတ် ငြိမ်းချမ်းသာခွင့်အမိန့်အမှတ် ၁/၂၀၁၄ဖြင့် အကျဉ်းသား ၁၃၂၇၄ဦးကို ပြန်လွှတ်ပေးခဲ့ ကြောင်း နိုင်ငံတော်အစိုးရက ဇန်နဝါရီ ၃ရက် က ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းတွင် နိုင်ငံ ရေးအကျဉ်းသား ၁ရဦးသာပါ ဝင်ခဲ့ကြောင်း ၃၃ဦး ကျန်ရှိနေ သေးကြောင်း ဦးရဲအောင်က ပြောသည်။

D.မင်း(ပုဂံမှ ပေးပို့သည်)

Yangon Media Group

သီတဂူဆရာတော် ခြုံခိုတိုက်ခိုက်ခံရ


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်၊ သမ္မတဦးသိန်းစိန်ကိုသာ မဲပေးပါဟု သီတဂူဆရာတော် မိန့်ကြားသည်ဆိုသည့် သတင်း သီတဂူဆရာတော် အရှင်ညာဏိဿရက ပြတ်ပြတ်သားသားငြင်းပယ်

ယခုအခါ မြန်မာ့ဒီမိုကရေစီနှင့် ပတ်သက်၍ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ တိုက်ခိုက်မှုများကို ဆန့်ကျင်ဘက် အုပ်စု တစ်စုက သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်လည်းကောင်း ခြုံခိုတိုက်ခိုက်မှု များရှိနေကြောင်းသိရသည်။

မြန်မာပြည် ဒီမိုကရေစီစနစ် ဖြစ် ထွန်းရေးကို မလိုလားသောသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု ကို ကွဲကွာသွားအောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတစ်ရပ်လုံး အထင်မှား၊ အမြင်မှားဖြစ်ပြီး နာကြည်း မုန်းတီးအောင် ဘာသာရေး၊ လူမျိုးရေးနှင့် ဦးတည် တိုက်ခိုက်နေသည်ကို ပြည်သူများကလည်း သိရှိကြသည်။

ယခုလောလောလတ်လတ်မှာမူ ပြည်သူ ပရိသတ်အပေါ်မှာ ဩဇာရှိသော ဘာသာရေးဘက်တွင် အလွန်ထင်ရှားသော အရှင်ညာဏိဿရကို အကြောင်းပြုပြီး တိုက်ခိုက်လာပြန်သည်။

မွန်းတည့်နေအမည်ရှိ ဂျာနယ်တွင် လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာ မှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် သီတဂူဆရာတော်က မိန့် ကြားလိုက်ကြောင်း ဟု ရေးသားထားသည်။
ယခုကိစ္စတွင် အရှင်ဝီရသူ ကိုယ်တိုင်ကလည်း သတင်းလုပ်ကြံဖြန့်ခဲ့ကြောင်း သိရသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဆရာတော်ဘုရား အရှင်ညာဏိဿရထံလျှောက်ထားရာ ဆရာတော်က ၁၅ ရက်နေ့ကဟောတဲ့တရားRecord မှာ ၁၉ ရက်နေ့ ရန်ကုန်ကိုယူလာတယ်။ အဲဒီအခွေကိုနာထောင်ကြည့်ရင် အားလုံးရှင်းသွားမယ်။ ဦးဇင်းဝီရသူကိုလည်း ကျုပ်ရှင်းခိုင်းထားတယ်။ ဝီရသူ အဲဒါတော့ရှင်းပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကို မဲမထည့်နဲ့လို့ ဟောသလား၊ ဆရာတော်က ပြောသလား၊ မင်းတို့ရှင်းကြကွာလို့ ပြောလိုက်တယ်၊ မင်း ငါ့ကိုအသုံးချတယ်၊ မင်းတို့ ဘယ်လိုလုပ်မလဲလို့ပြောလိုက်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘုန်းဘုန်းဖုန်းဆက်ပြော ပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ နားလည်မှုရှိပါတယ်။ ဆရာတော် ဟောခဲ့တဲ့တရားကို နာလိုက်ရင်ပြီးတာပဲ။ ကျုပ်ဒီကိစ္စမှာပါလဲမပါဘူး၊ ပြောလဲမပြောဘူး။

ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိတယ်။ ကျုပ်ဟာလဲ ပြည်သူလူထု ကျန်းမာရေး၊ ချမ်းသာရေး လုပ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူလူထုအကျိုး ဆောင်ရွက်နေသူပဲ။ ဘယ်သူ့ကို မဲထည့်ပါ၊ ဘယ်သူ့ကို မထည့်ပါနဲ့ဆိုတာ ကျုပ်ပြောကို မပြောဘူး ဟု ဆရာတော်ဘုရားက မိန့်ကြားလိုက်ပါသည်။

ဆရာတော် ဝီရသူသည် လက်ရှိ အာဏာရသူတို့ဘက်က ရပ်တည်ဟောပြော လုပ်ဆောင်နေသူဖြစ်သည်ဟု ပြည်သူကြားထဲမှာ ယုံကြည် နေသည်ကို ယခုကိစ္စက ပို၍သေချာခိုင်မာအောင် သက်သေပြလိုက်ခြင်းပဲ ဖြစ်သည်ဟု ဝေဖန်နေကြသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု ရန်ကုန်တွင် ခမ်းနားစွာ ကျင်းပမည်


၁၃၀၀ ရာပြည့် အရေးတော်ပုံ အခမ်းအနား ရန်ကုန်တွင် ကျင်းပမည့် ဖိတ်စာ

သမိုင်းဝင် ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ပတ်သက်ပြီး ပြည်သူများ ပြန်လည် နိုးကြား ခံစားနိုင်ရန်အတွက် ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုပွဲကို ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ မင်းဓမ္မလမ်း MCC ခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူ ပြည်သူများအနေနဲ့ ၀င်ကြေးအခမဲ့ လာရောက်ဆင်နွှဲနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုပွဲကို ပြည်သူများနဲ့ အသင်းအဖွဲ့ အသီးသီးက ပုံစံမျိုးစုံနဲ့ ကျင်းပ ကြရာမှာ အခုပြုလုပ်မယ့် စိန်ရတုပွဲမှာတော့ အဖွဲ့အစည်းပေါင်း ၂၇ ဖွဲ့ ပါဝင်ကြမှာဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဒီမိုကရေစီ အင်အားစု၊ စာရေးဆရာ အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ပန်းရဲ့လမ်း၊ ရွှေသံစဉ်၊ Vaiolenz စတဲ့ အဖွဲ့တွေ ပါဝင်ကြမှာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦ်းထွန်းကြည်က ပြောပါတယ်။

“အဲဒီအဖွဲ့တွေ အားလုံး စုပေါင်းပြီးတော့ လုပ်တဲ့ပွဲမှာ နိုင်ငံရေးဦးတည်ချက် ၅ ရပ်ရှိပါတယ်။ ပွဲချိန်က မနက် ၉ နာရီ ကနေပြီးတော့ ညနေ ၄ နာရီခွဲအချိန်အထိ ဖြစ်တဲ့အတွက် ၁၃၀၀ ပြည့် သမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်းများဖတ်ပွဲ၊ အလုပ်သမားနဲ့ ပတ်သက်တဲ့ စာတမ်း၊ လယ်သမားနဲ့ ပတ်သက်တဲ့စာတမ်း၊ ကျောင်းသားနဲ့ ပတ်သက်တဲ့ စာတမ်းတွေကို ဖတ်ကြားကြမှာ ဖြစ်တဲ့အပြင်၊ ဘာသာကြီး ၄ ဘာသာက ခေါင်းဆောင်တွေက မုဒိတာစကားတွေ ပြောကြားမယ့် အစီအစဉ်တွေ ပါဝင်ပါမယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ပတ်သက်တဲ့ သီချင်းကို စန္ဒယား တင်ဝင်းလှိုင်နဲ့အတူ မင်းသားကြီး ဦးခင်မောင်ချင်း တို့က ဖျော်ဖြေကြမှာ ဖြစ်ပြီး ရွှေသံစဉ်တေးဂီတ၊ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့နဲ့ Vaiolenz တို့ကလည်း တေးဂီတများနဲ့ ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်ပါတယ်။ ပရိသတ်တွေ မငြီးငွေ့စေဖို့အတွက် အပိုင်း ၂ ပိုင်းခွဲပြီး မနက် ၉ နာရီကနေ ၁၁ နာရီအထိ တပိုင်းနဲ့ နေ့ခင်း ထမင်းစားပြီးချိန်ကနေ ညနေ ၄ နာရီခွဲအထိ တပိုင်းစီခွဲပြီး ပြုလုပ်ကျင်းပ ကြမယ်လို့လည်း ဦးဝင်းကြည်က ဆိုပါတယ်။

အဆိုပါပွဲကို လာတဲ့ ပရိသတ်တွေအတွက် စာအုပ်များ ရောင်းချခြင်း၊ သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်တဲ့  အမှတ်တရများ၊ ဦးထုပ်၊ တီရှပ်၊ ပြက္ခဒိန်၊ မဂ္ဂဇင်းတွေကို ရောင်းချပေးမှာ ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးက လာရောက် ရောင်းချမယ်ဆိုရင်လည်း ခွင့်ပြုမယ်လို့ သိရပါတယ်။

“အရင်တုန်းက ဒီလိုမျိုး ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ရတော့ အခု ပြောပြလို့ မရအောင် ပီတိဖြစ်ရတယ်။ ဒီပွဲက သူ့ထက် ကောင်းတာတောင်၊ သူ့လောက်ကောင်းမယ်လို့ မထင်ဘူး။ အခုလည်း ရွှေသံစဉ်တို့၊ ပန်းရဲ့လမ်းတို့က ကျနော်တို့နဲ့အတူ အပြည့်အ၀ ပူးပေါင်းပါဝင် ဆောင်ရွက်နေတယ်။ မြို့နယ်တိုင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကလည်း ပူးပေါင်း ဆောင်ရွက်တယ်။ မိဘပြည်သူတွေ အားလုံးကလည်း ဒီပွဲဖြစ်မြောက်ရေး ကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက် တာကို ကြည့်ခြင်းအားဖြင့် စိန်ရတု အခမ်းအနားကြီးကတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်” လို့ အထက်ပါပုဂ္ဂိုလ်က ဆိုပါတယ်။

အဆိုပါပွဲ ဖြစ်မြောက်ဖို့အတွက် ဇန်နဝါရီ ၅ ရက်နေ့ကနေစပြီး အလှူငွေ ကောက်ခံခဲ့ကြောင်း၊ အလှူငွေ ကောက်ခံခြင်းအပြင် တိုင်းရင်းသား အဖွဲ့များ ဖက်ဒရယ်ကောင်စီ (UNFC )၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်တို့ ပူးပေါင်းပြီး တက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေကို ဒံပေါက်၊ အချိုရည်တို့နဲ့ ဧည့်ခံကာ သံဃာတော် များကို ဆွမ်းဆက်ကပ် လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေသံစဉ် တေးဂီတက ဦးဝင်းမော်က “ကျနော်တို့ ဒီပွဲအတွက် တတ်နိုင်တဲ့ ဂီတပညာနဲ့ ကူညီဖြစ်တာပေါ့နော်။ ကျနော်တို့က ဆိုင်တွေမှာ ဂီတနဲ့ လိုက်ပြီး အလှူငွေခံတာ ဆိုင်တော်တော် များပြီ။ ၁၃၀၀ ပြည့် အရေးတော်ပုံက ကျနော်တို့ ရင်နှီးခဲ့ပေမယ့် မမီခဲ့ပါဘူး။ အခါတိုင်း နှစ်တွေကတော့ မထူးခြားဘူးပေါ့။ အခုကတော့ ၇၅ နှစ်မြောက်ဆိုတော့ စိန်ရတုကို ကြီးကျယ်စွာ လုပ်ကြမယ်၊ မြန်မာပြည် သမိုင်းမှာ အရေးတော်ပုံ အကြီးကြီးက နှစ်ခုပဲရှိတယ်လေ။ ချောက်တို့ ဘာတို့မှာလည်း လုပ်ပြီး သွားကြပြီ။ သူတို့ မြို့ အစဉ်လိုက် အတိုင်းဆိုတော့ ရန်ကုန်ကို ၁၉ ရက်နေ့မှာ ရောက်တာဆိုတော့ အဆင်ပြေတဲ့ ရက်ကို ရွေးပြီး လုပ်ဖြစ်တာပေါ့။ ပန်းရဲ့လမ်းနဲ့ လုပ်ဖြစ်တာက အဆိုတော်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သီချင်းကလည်း မရှိဘူးလေ။ ပန်းရဲ့လမ်း သီချင်းတွေ အများစုက နိုင်ငံရေးသီချင်းတွေ ဖြစ်နေတော့ ပူးပေါင်း လုပ်ဖြစ်တာပါ။ ဘယ်နှပုဒ် ဖျော်ဖြေဖြစ်မလဲ မသိသေးပါဘူး။ နိုင်ငံရေး သီချင်းတွေပဲ ဆိုကြမှာပါ” လို့ ဧရာဝတီကို ပြောပါတယ်။

ပန်းရဲ့လမ်းလူမှုကွန်ရက်က ကိုသားထွေးကလည်း နိုင်ငံရေးပွဲတွေမှာ ပါဝင်ဖျော်ဖြေဖြစ်ပေမယ့် အခုလိုပွဲမျိုးတော့ မကြုံဖူးသေးကြောင်း၊ အလှူငွေရှာဖွေရေးအတွက် နိုင်ငံရေး သီချင်းတွေနဲ့သာ ဖျော်ဖြေခဲ့ပြီး ၁၃၀၀ ရာပြည့် အရေးတော်ပုံ စိန်ရတုပွဲမှာလည်း ပါဝင် ဖျော်ဖြေဦးမှာဖြစ်ကြောင်း ပြောပါတယ်။ သူက ဆက်ပြီး မြန်မာ အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ နိုင်ငံတကာ အဆင့်မမီသေးတဲ့အတွက် ဒီပွဲကို အလုပ်သမား ပြည်သူများ အများဆုံး လာရောက် ကြည့်ရှုစေချင်တယ်လို့ ဆိုပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံဟာ ချောက်ရေနံမြေ အလုပ်သမား လှုပ်ရှားမှုကနေ ဆင့်ပွားလာပြီး တနိုင်ငံလုံး အတိုင်းအတာ အထိ ကျယ်ပြန့်ခဲ့ကာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် ကြီးမားတဲ့ တွန်းအားတခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီစိန်ရတု အမှတ်တရပွဲကို လူတန်းစားအလွှာ အသီးသီးက ပါဝင်ဆင်နွှဲစေချင်ကြောင်းလည်း ပွဲစီစဉ်သူများက တိုက်တွန်းတယ်လို့ သိရပါတယ်။
ဧရာဝတီ

မုဒိန်းကျင့်ရန် ခံခဲ့ရသော စတုတ္ထတန်း ကျောင်းသူ မအိအိငြိမ်းနှင့် ရဲစခန်းမှုး


“ရဲစခန်းမှုး ဦးလှစိုးက မှန်တာမပြောလျှင် ထောင်ချပြစ်မည်ဟု ပြောဆို စစ်ဆေးမှုကို ခံရရှာသော စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း “
........

စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊မရိုးတုန်းကျေးရွာ အခြေခံမှုလ တန်းလွန်ကျောင်း က ဆရာ၊ ဆရာမများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် စတုတ္ထတန်း အတန်းတင်စာမေးပွဲသည် မြို့နယ်စစ် စာမေးပွဲ ဖြစ်သည်အလျှောက် ပညာရေး တိုးတက်စေခြင်းငှာ ရည်ရွယ်၍ ကျောင်းသား၊ကျောင်းသူများကို အနီးကပ်ကြီးကြပ်နိုင်ရန် စာသင်ကျောင်းသို့ ညအိပ် ခေါ်ယူ စာကြည့် စေခဲ့ပါသည်။

အချိန်ကာလ အားဖြင့်လည်း (၁)လ ခန့် ကြာမြင့်ခဲပြီး ဖြစ်ပါသည်။

၂၄.၁၂.၂၀၁၃ နေ့ ည အချိန်မတော်တွင် ယာယီကျောင်းအုပ် ဆရာဦးမျိုးနိုင်ထွန်း က စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း၏ အိပ်ယာသို့ ၀င်ရောက်ကာ မအိအိငြိမ်းအား ရင်သားများကို ဆွဲကိုင် ပြီး တကိုယ်လုံးကို ပွေ့ဖက် နမ်းရှိုက်၍ ၊ လုံချည်ကို ချွတ်ကာ ကာမ ဆက်ဆံရန် ကျိုးစားခြင်းကို ခံခဲ့ရပါသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ၇.၁.၂၀၁၄ ရက်နေ့တွင် မိဘအုပ်ထိန်း သူများနှင့် တကွ ၊စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ၊ချစ်ပြစ်ရဲစခန်းသို့ သွားရောက် တိုင်ကြား စစ်ဆေးခံခဲ့ပါသည်။

” ထိုသို့စစ်ဆေးရာတွင် ရဲစခန်းမှုး ဦးလှစိုး ဆိုသူနှင့် ကျွန်မ တစ်ဦးတည်း အခန်းကျဉ်းလေးထဲသို့ ခေါ်ယူပြီး အချိန်(၂) နာရီခန့် ကြာ အစစ်ဆေး ခံခဲ့ ရပါသည်။ အစစ်ဆေးခံနေစဉ် တွင် ရဲစခန်းမှုးဆိုသူမှ ကျွန်မအား
အမှန်ကို ပြောလျှင် ပြော ၊ မမှန်တာကိုပြောလျှင် ထောင်ချပြစ်မည်ဟု ပြောဆိုစစ်ဆေး ခံခဲ့ ရပါသည်။”  ..
ဟု စတုတ္ထတန်း ကျောင်းသူလေး မအိအိငြိမ်းမှ ပြန်လည် ပြောပြပါသည်။

ဤကဲ့သို့ အသက်အရွယ်မပြည့်သေးသော ကလေးသူငယ် မိန်းကလေး တစ်ဦးတည်းနှင့် အမှုစစ်အရာရှိ နှစ်ကိုယ်တည်း ခေါ်ယူ စစ်ဆေးခြင်းသည် ရဲလုပ်ထုံး၊ လုပ်နည်းများ ကိုက်ညီခြင်း ရှိမရှိနှင့်  တရားဥပဒေ စိုးမိုးရေး အတွက် လည်း မေးခွန်းထုတ်စရာများ  ဖြစ်လာပါသည်။

လာရောက်တိုင်ကြားသော မိဘ အုပ်ထိန်းသူနှင့် ကလေးမလေး ကိုလည်း ပျူပျူငှာငှာ ဆက်ဆံ ခြင်း မခံရသည်ကိုလည်း တွေ့ရှိရပါသည်။ တရားလိုကို အဘယ့်ကြောင့် တစ်ဘက်သတ် ပြုမှုပြောဆို ဆက်ဆံရသလဲ ဆိုတာကိုတော့ စခန်းမှုး ဦးလှစိုး  ဆိုသူသည် သာ အသိဆုံး ဖြစ်ပါလိမ့်မည်။

ဗန့်ဂျီမောင်
Thit Htoo Lwin

ကုလညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ် မြန်မာ လက်မှတ်ရေးထိုးတော့မည်


ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေးစာချုပ် United Nations Convention Against Torture (UNCAT) အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးဖို့ ကြိုးစားနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းဝေးမှာ ပြောလိုက်ပါတယ်။

အစိုးရအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ညှင်းပမ်းနှိပ်စက်မှုကို ဆန့်ကျင်ရေးစာချုပ်ကို လေးစားလိုက်နာဖို့အတွက် ဘယ်အချိန်မှာ လက်မှတ်ရေးထိုးမယ်ဆိုတာကို သိရှိလိုကြောင်း ပွင့်ဖြူမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုရဲ့ မေးမြန်းမှုကို ဒုတိယ၀န်ကြီး ဦးသန့်ကျော်က အခုလို ပြန်လည်ဖြေဆိုခဲ့တာပါ။

"ညှင်းပန်းနှိပ်စက်မှုနဲ့ အခြားသောလူမဆန်သည့်(သို့မဟုတ်) လူ့သိက္ခာညှိုးနွမ်းစေသည့်ပြုကျင့်မှု (သို့မဟုတ်) ပြစ်ဒဏ်ပေးမှုတို့အား ဆန့်ကျင်တဲ့စာချုပ်ကို ဆောလျှင်စွာပါဝင်ရေးရှေ့ရှုလျက် လေ့လာသုံးသပ်အကောင်အထည်ဖော်မှုများကို ပြည်သူ့လွှတ်တော်နဲ့ အခြားသက်ဆိုင်တဲ့ ဝန်ကြီးဌာနများက ဤစာချုပ်ပါဝင်ရေးအား ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းခြင်း၊ ထောက်ခံခြင်း၊ ဆွေးနွေးခြင်းပြုခဲ့ပြီ ဖြစ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ယခု ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ပါဝင်ပြီးလက်မှတ်ရေးထိုးနိုင်ရန်အတွက် ရည်မှန်းချက်ထားပြီး ညှိနှိုင်းမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်"

လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂရဲ့ ၆၅ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ အစပိုင်းမှာပြုလုပ်မယ့် နိုင်ငံတကာစာချုပ်စာတမ်းများ လက်မှတ်ရေးထိုးပွဲမှာ လက်မှတ်ရေးထိုးနိုင်အောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ လွှတ်တော်မှာမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက မြန်မာအစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွေ့အကောင်ထည်ဖော်ချင်တယ်ဆိုရင် အဲဒီစာချုပ်မှာ မြန်မြန်လက်မှတ်ရေးထိုးနိုင်ဖို့ လိုအပ်တယ်လို့ လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

"လေ့လာသုံးသပ်နေပါတယ်တဲ့။ စာချုပ်တစ်ခုကို လေးစားလိုက်နာပါမယ်ဆိုပြီးတော့ လက်မှတ်ထိုးပြီးကာမှ မလေးစား၊ မလိုက်နာနိုင်ရင် သိက္ခာကျပါတယ်တဲ့။ အမျိုးသားစီးပွားရေးနဲ့ ကိုက်ညီ၊ မညီ စဉ်းစားရပါတယ်တဲ့။ ကျနော်ကတော့ တင်ပြခဲ့တာ အမျိုးသားအကျိုးစီးပွားကို ဆန့်ကျင်တယ်လို့ မထင်ဘူး။ ဒီလိုစာချုပ်မျိုးတွေကို လက်မှတ်ထိုးမှ၊ တရားဥပဒေစိုးမိုးမှုရှိမှ၊ ကျနော်တို့နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေလာမယ်။ လူရိုသေ ရှင်ရိုသေဘဝကိုရောက်မယ်။ ဒီလိုမျိုးစာချုပ်တွေကို လက်မှတ်ရေးထိုးရန်ပျက်ကွက်နေသ၍ တရားစီရင်မှုစံနစ်၊ တရားဥပဒေစိုးမိုးမှုစံနစ်ကို လုံးဝယုံကြည်ကြမှာ မဟုတ်ဘူး။ ခုထက်ထိအောင် လက်မှတ်ရေးထိုးခြင်းမရှိတဲ့အတွက် ကျနော်တော့ အင်မတန်ဝမ်းနည်းပါတယ်"

UNCAT လို့ခေါ်တဲ့ ဒီစာချုပ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၈၁ နိုင်ငံက လက်မှတ်ရေးထိုးထားတာပါ။ လက်မှတ်ထိုးတဲ့အဆင့်ဟာ လိုက်နာပါမယ်လို့သာ ပြောတဲ့အဆင့်ဖြစ်ပြီး ညှင်းပန်းနှိပ်စက်မှုရှိ မရှိဆိုတဲ့ အစီရင်ခံစာတင်တဲ့ အဆင့်ထိတောင် မရှိသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီစာချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ရောက်မှသာ နှစ်စဉ်အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၁၅၄ နိုင်ငံက စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယားတို့ဟာ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး ဗီယက်နမ်နဲ့ လာအိုနိုင်ငံကတော့ စာချုပ်လက်မှတ်ထိုးထားတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။

RFA Burmese

အကွဲအပြဲ တကယ်ပဲ ရှိနေတယ်


အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ
ဦးအောင်သောင်းက သူ့ပါတီ အတွင်းရေးကိစ္စတွေ ပြောတာဟာ အတော်စိတ်ဝင်စားဖို့
ကောင်းပါတယ်။

ဦးအောင်သောင်းရဲ့ ပြောစကား၊ မကြာသေးမီက ဆွေးနွေးဆုံးဖြတ်ပြီး လွှတ်တော် ပူးပေါင်း
ကော်မတီကို တင်လိုက်ပြီဖြစ်တဲ့ ပြည်ခိုင်ဖြိုးရဲ့ ဖွဲ့စည်းပုံထဲက ပြင်လိုတဲ့ အချက်တွေ၊ ၂၀၁၃ ခုနှစ်
အတွင်း ပြည်ခိုင်ဖြိုးပါတီ တစ်ဖွဲ့တည်း အတူတူ အစိုးရဘက်အခြမ်းနဲ့ လွှတ်တော်ဘက်အခြမ်း
ဖြစ်ပွားတဲ့ အခြေအတင် ဖြစ်မှုတွေ၊ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အကြား
ပေါ်ပေါက်တဲ့ အငြင်းပွားမှုတွေ အားလုံးကို ဆက်စပ် သုံးသပ်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းမှာ
အကွဲအပြဲပြဿနာတစ်ခု အပီအပြင် ပေါ်ပေါက်နေခဲ့ပြီ ဆို တာပါပဲ။ ဘယ်အချက်တွေကြည့်ပြီး
ဒီလို ပြော နိုင်တာပါသလဲ၊ ဘာတွေဖြစ်နေကြပါသလဲ၊ နောက်ထပ် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ
ခုတစ်ပတ်ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ဦးအောင်သောင်းရဲ့ ပြောစကားတွေအရ ဆိုရင် လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌနဲ့
လွှတ်တော်၊ ပါတီတာဝန်ရှိသူတွေ ဆိုတာ အရင်စစ်အစိုးရရဲ့ နောက်ဆုံးအချိန်တုန်းက စနစ်တကျ
စီစဉ်နေရာချခဲ့တာတွေလို့ သိရပါတယ်။

ပြောရရင် အဓိကအားဖြင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားနဲ့ စီစဉ်နေရာ ချထားခဲ့တာပါ။
ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၊ ဒုသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာရင် ပါတီလုပ်ငန်း
တွေမှာ မပါဝင်ရတော့ဘူးဆိုတဲ့ အချက်နဲ့ တစ်ဦးချင်းရသွားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေအောက်မှာ
အုပ်စုအသွင်သဏ္ဌာန် ဖြစ်သွားစေတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးအောင်သောင်းရဲ့ ပြောစကားတွေထဲမှာလည်း ကောက်ယူလို့ ရနိုင်တာတွေပါ
ပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ သူတာဝန်ယူပြီးနောက်ပိုင်း ၀န်ကြီးအဖွဲ့ထဲက ဖြုတ်တာ၊ အသစ်ခန့်တာ၊
အစားထိုးတာတွေကို ပြည်ခိုင်ဖြိုးပါတီ သဘောထားရယူသင့်တာ မှန်ပေမယ့် အဲလို မလုပ်ခဲ့ဘူးလို့
ဆိုပါတယ်။

ဒါကြောင့် နောက်ပိုင်းကိစ္စတွေ ပါတီဘက်က ဘာမှမသိရတော့ဘူးလို့ သိပ်မကျေလည်တဲ့
သဘောပြောပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန်ရော သမ္မတ ဖြစ်ချင်တယ်လို့ ပြောထားတဲ့ သူရဦးရွှေမန်းပါ သမ္မတ
လုပ်ချင်တယ်ဆိုရင် ပါတီရဲ့ သဘောထား ခံယူရမယ်လို့ ဆိုပြန်ပါတယ်။

ပါတီက လက်မခံသူဟာ သမ္မတ မလုပ်နိုင်ဘူးဆိုတဲ့ သဘောပါ။

ဒါတွေက လတ်တလော ဦးအောင်သောင်း ပြောသွားတာတွေထဲက အစိုးရအဖွဲ့ဘက် ရောက်နေတဲ့
ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေနဲ့ လွှတ်တော်ဘက်နဲ့ ပါတီ တာဝန်ယူထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်
တွေ အကြားသဘောထား ကွဲမှုတွေပါ။

ဒီအချက်ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြတဲ့ နောက်ထပ် သက်သေကတော့ ပြည်ခိုင်ဖြိုးက
ဖွဲ့စည်းပုံထဲက ပြင်ချင်ပါတယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ဒုသမ္မတအပါအ၀င် ၀န်ကြီး တွေခန့်မယ်ဆို လက်ရှိ ဖွဲ့စည်းပုံထဲပါသလို အရည်အချင်း
ပည့်ဝသူ မည်သူ့ကိုမဆို သမ္မတက ခန့်နိုင်တယ် ဆိုတာမျိုး မဟုတ်ဘဲ လွှတ်တော်အမတ်ထဲကပဲ
ခန့်ဖို့ ဆိုပြီး ပြင်ချင်တယ်လို့ ဆိုပါတယ်။

ဒါဟာ သမ္မတ ကိုရော လက်ရှိ အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေ အားလုံးကို ရည်ရွယ်တဲ့သဘောြ
ဖစ်ပါတယ်။

တကယ်လို့ သမ္မတ ဦးသိန်းစိန်ဟာ ပါတီရဲ့ အစီအစဉ်နဲ့ မဲဆန္ဒနယ်မြေ တစ်ခုခုမှာ ရွေးကောက်ပွဲ
ဝင်မထားဘူးဆိုခဲ့ရင်လာမယ့် ရွေးကောက်ပွဲအပြီး လွှတ်တော် အစည်းအဝေးတွေ ကျင်းပ၊ အစု
အဖွဲ့တစ်ခုစီက ဒုသမ္မတ တစ်ယောက်စီ ရွေးတဲ့အခါ တပ်မတော်သား အမတ်တွေဘက်က
ဦးသိန်းစိန်ကို ဒုသမ္မတအဖြစ် တင်ချင်ဦး၊ တင်လို့ မရနိုင်ဘူးဆိုတဲ့ သဘောဖြစ်သွားမှာ ဖြစ်ပါတယ်။

အလားတူပါပဲ။ လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ထဲက ၀ါရင့် ၀န်ကြီးတချို့ကို ပြည်ခိုင်ဖြိုး
ပါတီက ရွေးကောက်ပွဲ ၀င်မ၀င် သဘောထားမေးတဲ့အခါ မ၀င်တော့ဘူးလို့ ဖြေထားတဲ့သူတွေ
ရှိနေပါတယ်။

တကယ်လို့သာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်၊ ဒါမှမဟုတ် ဦးမင်းအောင်လှိုင် တစ်ယောက်
ယောက် သမ္မတ ဖြစ်ခဲ့ရင်တောင် အဲဒီဝန်ကြီးဟောင်းတွေကို ၀န်ကြီးပြန်ခန့်လို့ရတော့မှာ
မဟုတ်ပါဘူး။

ရွေးကောက်ပွဲမ၀င်၊ အမတ်မဟုတ်လို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအချက်တွေပြင်ဖို့ ကာကွယ်ရေးဦးစီးချုပ်ဘက်က ပြင်ချင်တဲ့ဆန္ဒရှိမှ ပြင်လို့ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါကို ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း အကွဲအပြဲ ပြဿနာကို ထင်ဟပ်ပေါ်လွင်စေတဲ့
အချက်အဖြစ်တော့ ရှုမြင်နိုင်ပါတယ်။

ဒီမတိုင်ခင် ၂၀၁၃ ခုနှစ် တစ်နှစ်လုံးမှာလည်း သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်က တစ်ဖက်၊
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က တစ်ဖက် သဘောမတူမှုတွေ၊ အငြင်းပွားမှုတွေ
တောက်လျှောက် ရှိခဲ့ပါတယ်။

တချို့ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့တာတွေ လည်း ရှိပါတယ်။ နမူနာတွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံး နှုတ်ထွက်သွားစေသည် အထိ ဖြစ်ပွားတဲ့ ပြဿနာ၊ အဲဒီ ဥပဒေကို
ပြင်ဖို့ လွှတ်တော်ထဲ ဆွေးနွေးတဲ့အခါ ဖွဲ့စည်းပုံနဲ့ ညီမညီအပြင်းအထန် အငြင်းပွားကြတာ၊
ဥပဒေကြမ်းကို သမ္မတက လက်မှတ်မထိုးတာ စသဖြင့် အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

နောက်ပိုင်း သမ္မတ ပေးပို့တဲ့ သ၀ဏ်လွှာကိုလက်မခံတာ၊ သမ္မတနဲ့ အစိုးရအဖွဲ့ လစာကို ဥပဒေပါ
ပြဋ္ဌာန်းချက်ထက် အများကြီးနိမ့်တဲ့လစာ သတ်မှတ်ဖို့ ဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားသည်အထိ
ဖြစ်ခဲ့ပါတယ်။

သမ္မတက ဥပဒေပါပြဋ္ဌာန်းချက်ထက် နည်းတဲ့လစာ ယူနေတာဟာ ဥပဒေချိုးဖောက်သလို ဖြစ်နေ
တယ်ဆိုပြီး ပြောဆိုသည်အထိ ကျယ်ပြန့်ခဲ့ပါတယ်။

အထင်ရှားဆုံး ဖြစ်ပွားခဲ့တဲ့ ပြဿနာကတော့ သမ္မတ ဦးသိန်းစိန် အနေနဲ့ နောက်သက်တမ်း
သမ္မတ မလုပ်တော့ဘူးလို့ သူ့ကို ပြောတယ်ဆိုပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဒါပေမဲ့ သမ္မတဘက် ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သမ္မတအနေနဲ့ သူ့ကိစ္စ သူပဲ ပြောမယ်၊
တခြားဘယ်သူမှ ပြောဖို့မလိုဘူး၊ အချိန်တန်ရင် သမ္မတ ဆက်အရွေးခံမယ် မခံဘူး သူကိုယ်တိုင်
ပြောလိမ့်မယ်လို့ ဆိုလိုက်တဲ့အခါ သဘောကွဲလွဲမှုကြီး ငြင်းမရအောင် ပေါ်သွားခဲ့ပါတယ်။

ဒီပြဿနာတွေနဲ့ ပတ်သက်ရင် သမ္မတ ဘက်ကရော၊ သူရ ဦးရွှေမန်းဘက်ကပါ အစိုးရဘက်နဲ့
လွှတ်တော်ဘက် ဖြစ်ရိုးဖြစ်စဉ်အတိုင်း တိုးမိတိုက်မိတာလောက် ပြောဆိုနေကျြပေမယ့်
တကယ့်တကယ် ဆန်းစစ်ကြည့်ရင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် နှစ်ယောက် အကြား၊
ထိပ်ပိုင်း အင်အားစု နှစ်ခုအကြား အကြီးအကျယ် ကွဲပြဲနေကြတယ်ဆိုတာ ငြင်းမရလောက်အောင်
ထင်ရှားလာပါတယ်။

ဒီလို ပါတီထိပ်ပိုင်းမှာ အကွဲအပြဲ ဖြစ်ပေါ်နေ သလိုလာမယ့် ရွေးကောက်ပွဲမှာလည်း ပြည်ခိုင်ဖြိုး
ပါတီက ရွေးချယ်သူ တစ်ယောက်ယောက် သမ္မတဖြစ်ဖို့ မလွယ်သလို၊ သမ္မတ မဖြစ်ရင် အစိုးရ
အဖွဲ့ဖွဲ့ဖို့ကလည်း မဖြစ်နိုင်ပါဘူး။

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် တစ်ယောက်ယောက် ဒုသမ္မတ အဆင့်လောက် ဖြစ်ဖို့ဆိုရင်တောင်
လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် အမတ် ၅၀ ရာခိုင်နှုန်းအထက် အနိုင်ရမှ
ဖြစ်မှာပါ။

အလားတူ အမျိုးသားလွှတ်တော် အတွက်ဆိုရင်လည်း ၅၀ ရာခိုင်နှုန်း အထက် အနိုင်ရမှ ဖြစ်မှာပါ။

အင်န်အယ်လ်ဒီ ၀င်ပြိုင်တဲ့ ၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြုံအရ တကယ်တော့ အဲဒီလိုဖြစ်ဖို့
အလွန် မလွယ်ပါဘူး။

တိုင်းရင်းသားတွေ အလုံးအရင်းနဲ့ ရွေးကောက်ပွဲ ၀င်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဆိုရင် ပိုပိုပြီး
မလွယ်ကူပါဘူး။

ဒီအခါ လွတ်လွတ်ကျွတ်ကျွတ် ဒုသမ္မတ တစ်ယောက် ရွေးနိုင်တဲ့ တပ်မတော်သား အမတ်တွေ
ဘက်ကတင်တဲ့ ဒုသမ္မတ တစ်ယောက်ကိုပဲ သမ္မတ ဖြစ်အောင် မဲပေးပူးပေါင်းရမယ့် သဘော
ဖြစ်လာနိုင်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ဒီနေ့ သူ့ပါတီတွင်း ပေါ်ပေါက်နေတဲ့ ထိပ်ပိုင်းခေါင်းဆောင် အုပ်စုနှစ်စု အကြား
သဘောထားကွဲလွဲမှုတွေကို ရင်ကြား မစေ့နိုင်ရင် အင်အားပိုမို ချည့်နဲ့သွားနိုင်ပြီး တပ်မတော်သား
အမတ်တွေကို ၀န်းရံရတဲ့၊ တစ်နည်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို ကူညီပံ့ပိုးပေးရတဲ့ပါတီ
တစ်ရပ်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

စည်သူအောင်မြင့်

မြန်မာတိုင်း(မ်)

အင်ဒိုနီးရှား နိုင်ငံရှိ ဆီနာဘွန် မီးတောင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၆ဦး သေဆုံး


ဂျကာတာ ဇန်နဝါရီ ၁၆

အင်ဒိုနီးရှား နိုင်ငံမြောက် ဆူမတြား ကာရိုခရိုင် အတွင်းရှိ ဆီနာဘွန် မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည်သူ အနည်းဆုံး ၁၆ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၅ရက်တွင် ပြောကြား ခဲ့သည်။

အဆိုပါ မီးတောင်သည် ယခုသီတင်းပတ် အကုန်မှစ၍ ဇန်နဝါရီ ၁၅ရက်အထိ ဆက်လက် ပေါက်ကွဲလျက် ရှိခြင်းကြောင့် နေအိမ်များမှ စွန့်ခွာထွက်ပြေး လာပြီး ကယ်ဆယ်ရေး စခန်းများနှင့် ဆေးရုံများသို့ တက်ရောက် ခိုလှုံ နေရသည့် ပြည်သူအနည်းဆုံး ၁၆ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသား သဘာဝဘေး အန္တရာယ် စီမံ ခန့်ခွဲရေး အေဂျင်စီမှ အကြီးအကဲ ဖြစ်သူ ဆာယန်မာရစ်က ပြောကြားထားသည်။

ယင်းမီးတောင်သည် ပြာမှုန်များကို ကောင်ကင်အထက် ၇ဝဝဝအမြင့်သို့ မှုတ်ထွက်လျက်ရှိပြီး တစ်ချိန်တည်းမှာပင် မီးတောင်မှ ကျဆင်းလာသည့် ချော်ရည်များမှာ ဒေသအတွင်းရှိ မြစ်များအတွင်းသို့ စီးဆင်းလျက် ရှိသောကြောင့် ကျေးရွာအများ အပြားအား ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

အာဏာပိုင်များသည် အဆိုပါ ဒေသအတွင်းရှိ ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးအဖြစ် ဒေါ်လာ ၂ဒသမ ၁သန်းကို လျာထားခဲ့ပြီး ယခုအချိန်တွင် ဘေးအန္တရာယ် ကင်းရှင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသူ ဦးရေမှာ ၂၆ဝ၈၈ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်း သိရသည်။

အမြင့် ၁၄၇၅ မီတာရှိ ဘွန်မီတောင်သည် နှစ်ပေါင်း ၄ဝဝခန့်အကြာ ငြိမ်သက် နေခဲ့ပြီးမှ လွန်ခဲ့သည့်နှစ် စက်တင်ဘာမှ စတင်၍ ပြန်လည်လှုပ်ရှား လာခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစ၍ မကြာခဏ ပေါက်ကွဲမှုဖြစ်ပွား လာခဲ့သည်ဟု အာဏာပိုင်များက ပြောကြား ထားသည်။

မြ၀တီ