ရွှေတိဂုံဘုရားသို့ဧည့်လမ်းညွှန်တစ်ယောက်အနေဖြင့် ကျွန်တော်မကြာမကြာရောက်ပါသည်။ ထိုသို့  ရောက်တိုင်းလည်း ဗုဒ္ဓဘာသာဝင်တို့ သဘောထား၊ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ ကို တတ်နိုင်သမျှ ရှင်းပြ ပါသည်။သို့ သော် နိုင်ငံခြားသားအတော်တော်များများမှာ ဗုဒ္ဓဘာသာ မဟုတ်သော ဘာသာခြားများဖြစ်သဖြင့် ဂုဏ်တော်တွေ၊ မြတ်စွာဘုရား၏ ဆံတော်တွေ၊ ဓာတ်တော်တွေကိုစိတ်မ၀င်စား၊ သူတို့ စိတ်ဝင်စားသည် မှာ ရွှေတိဂုံဘုရားပေါ်မှ ကျောက်မျက်ရတနာများဖြစ်သည်။ ဘုရားပတ်လည် ၀င်းဝင်းလက်အောင်ချထားသော ရွှေပြားများကို သူတို့ စိတ်ဝင်စား ကြသည်။
သူတို့ စိတ်ဝင်စားတော့လည်း ကျွန်တော်တို့ဧည့်လမ်းညွှန်များက ဝေေ၀ဆာဆာရှင်းပြရသည်။
''ဒီရွှေတိဂုံဘုရားကြီးရဲ့စိန်ဖူးတော်၊ ငှက်မြတ်နား၊ ဆပ်သွားဖူး၊ ထီးတော်၊ ငှက်ပျောဖူး(ပန်းလည်တိုင်)တွေမှာ ဗုဒ္ဓဘာသာဝင်များ ခေတ် အဆက်ဆက်ကလှူဒါန်းထားတဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေ များစွာရှိပါတယ်၊ စိန်ဖူးတော်မှာဆိုရင် စိန်အလုံးရေ ၄၃၅၁ ပွင့်ရှိပြီး အကြီးဆုံးစိန်ဟာ ၇၆ ကာရက်ရှိပါတယ်၊ ငှက်မြတ်နားတော်မှာ တော့စိန်လုံးရေ ၁၀၉၈ ပွင့်ရှိပြီး အခြားပတ္တမြား၊ နီလာ၊ မြ ၊ စတဲ့ အဖိုးတန် ကျောက်မျက်တွေကတော့ ၁၃၃၈ လုံးရှိပါတယ်၊ ဆပ်သွားဖူးပေါ်မှာတော့ ကျောက်မျက်မျိုးစုံ ၈၈၆ လုံးရှိပါတယ်၊ စေတီတော်ကြီးကို တစ်ပေပတ်လည် ရွှေပြားပေါင်း ၃၃၆၉၉ ပြားနဲ့ ရွှေချထားတာမို့  ရွှေတိဂုံဘုရားမှာရှိတဲ့ ရွှေသင်္ကန်းအလေးချိန်ချည်းပဲ ၃.၀၈ တန် (၂၀၃၄.၆၈ ပိဿာ) ရှိပါတယ်၊ ထီးတော်မှာ ရွှေဆည်းလည်း ၄၀၁၆ လုံး၊ ငွေဆည်းလည်း ၄၇၄ လုံး၊ ရွှေညောင်ရွက် ၁၈၀၅ ရွက်၊ ရတနာကြုတ် ၉ခု ရှိပါတယ်''ဟု ရှင်းပြလိုက်လျှင် နိုင်ငံခြားသားများမှာ ပါးစပ် အဟောင်း သား ဖြစ်သွားကြပါသည်။ ထို့ ထက်အလွန် ရတနာပစ္စည်းများကို လက်တွေ့ မျက်မြင်ဗဟုသုတရစိမ့်သောငှာ စေတီတော်ရင်ပြင် ရာဟု ထောင့်ရှိ ဓာတ်ပုံပြတိုက်သို့ ဝင်ရောက်ကာ စိန်ဖူးတော်နှင့် ငှက်မြတ်နားပေါ်မှ ကျောက်မျက်ရတနာများ၏ အနီးကပ်ဓာတ်ပုံကိုပြလိုက်သောအခါ နိုင်ငံခြားသားများသည် အအံ့သြကြီး အံ့သြလျက် သူတို့အားလုံးတစ်ညီ တစ်ညွတ်တည်းမေးကြသောမေးခွန်းမှာ
''ဒီရတနာပစ္စည်းတွေကိုဘယ်သူမှ မခိုးကြဘူလား''ဟူ၍ ဖြစ်သည်။
ထိုသို့ မေးတိုင်း ကျွန်တော် ဂုဏ်ယူစွာပြန်ဖြေမိသည်မှာ ဘုရားကိုလှူထားတဲ့ ပစ္စည်းတွေကို ကာယကံမြောက် ခိုးဖို့ မပြောနဲ့၊
စိတ်နဲ့ တောင် ဘယ်သူမှ မပြစ်မှားကြဘူး၊ ငါတို့ လူမျိုးက ဆင်းရဲပေမယ့် လှူဖို့ ပဲစဉ်းစားတယ် ခိုးဖို့ ကို စိတ်ကူးထဲမှာတောင်မရှိဘူး''
ထိုစကားကိုကြားလိုက်လျင် နိုင်ငံခြားသားများသည် ခေါင်း တရမ်းရမ်းနှင့်-
''မင်းတို့နိုင်ငံမှာတော့ဟုတ်မှာပေါ့၊ ငါတို့ အနောက်တိုင်းမှာဆိုရင်တော့ ကုန်တာကြာလှပြီ၊ ဒီလောက်အဖိုးတန်တာမဆိုထားနဲ့၊ ဘုရား ကျောင်းက ပရိဘောဂနဲ့ အခြားပစ္စည်းတွေတောင် အခိုးခံရလွန်း
လို့ (Church) ကို အမြဲသော့ခတ်ထားရတယ်''
''အင်း . . . ခုထက်ထိတော့ ခေတ်ကြီးကကောင်းနေသေးတယ်၊ ငါတို့ မျိုးဆက်ကိုကျော်လွန်ပြီး နောက်မျိုးဆက်တွေမှာ ဘာတွေဖြစ်မလဲ ငါတို့ မသိဘူး၊ အင်္ဂလိပ်ခေတ်ကရော၊ ဂျပန်ခေတ်ကပါ
ငါတို့ ဘိုးဘေးတွေ ဟာ ဘုရားဌာပနာတွေ မပျောက်ပျက်ရအောင် အသက်ပေးကာကွယ်ခဲ့ တယ်၊
ငါတို့ ခေတ်အထိလဲ ကာကွယ်နိုင်ဆဲပါပဲ၊ နောင်အနာဂါတ်ကိုတော့ ငါတို့ လဲမပြောနိုင်ဘူး၊ တကယ်တော့ ဒီလို ဘုရားပစ္စည်းကို မခိုးဘူးဆိုတာ လဲ ဥပဒေကြောင့်၊ ဘာကြောင့် ဆိုတာထက် လူတွေရင်ထဲမှာရှိနေသေးတဲ့ ရတနာသုံးပါးပေါ်ရှိနေတဲ့သဒ္ဓါတရား ကြောင့်ပါပဲ၊ သဒ္ဓါတရားဆိုတာ မရှိတဲ့ နေ့ ကတော့ အကုသိုလ်အလုပ်တွေ ဖြစ်လာကြမှာပေါ့။အရင်ကနဲ့ စာရင် တောင် မြန်မာနိုင်ငံမှာအခုအခါ ရာဇ၀တ်မှုတွေ ပေါများလာပြီ။ တိုးတက် တာကိုလက်ခံပေမယ့် တိုင်းသူပြည်သားးတွေရဲ့ စိတ်ဓာတ်နဲ့ စာရိတ္တပျက် လာတာကိုတော့ ငါစိုးရိမ်တယ်''ဟု ကျွန်တော်ပြန်ပြောမိပါသည်။
ဤစကားသည် အမှန်ဖြစ်ပေ၏။ ခပ်ဝေးဝေးကိုမကြည့်နှင့် ကျွန်တော်တို့ငယ်စဉ်က (၁၉၇၀ ပြည့်လွန်ကာလများ) ဆိုလျှင် လူတို့ သည် လောဘ ဒေါသ ယခုထက်များစွာနည်းသေး၏။ ခိုးမှု၊ ၀ှက်မှု၊ လုယက်မှု ဆိုသည်မှာ မေ့လောက်မှ တစ်ခါကြားရ၏။ မုဒိမ်းမှုဆိုသည်မှာ မကြားဝံ့ မနာသာကိစ္စကြီးတစ်ခုဖြစ်ပြီး ထိုအမှုမျိုးမှာလည်း ဆယ်နှစ်တွင် တစ်ခါ ကြားရခဲသည်။ လိင်တူခြင်းလက်
ထပ်ဖို့ နေနေသာသာ အခြောက်နှင့် တွဲသွားတွဲလာလုပ်ဖို့ ကိုပင် အရပ်ကမသတီကြပေ။ ညစ်ညမ်းရုပ်ပုံများကို မဆိုထားဘိ အမျိုးသမီးတစ်ဦး၏ မလုံ့ တလုံဓာတ်ပုံပင်လျှင် အတော်ကို ရှားရှားပါးပါးဖြစ်သည်။ သင်္ကြန်တွင်မိန်းမပျိုတစ်ဦး အရက်မူး၍လဲနေသည် ကို ကျွန်တော်တို့ ခေတ်သင်္ကြန်တွင်တစ်ခါမှမကြားဖူးပါ။ ကလေးအရွယ် လူမမည်မိန်းကလေးများကို အဓမ္မကျင့်ကြံမှုဆိုသည်ကား လုံးဝပင်မကြား ဖူးခဲ့ချေ။ ကိုယ့်အဖေကိုယ်ပြန်သတ်ခြင်း၊ ကိုယ့်အမေကိုယ်ပြန်၍ အန္တရာယ် ပြုခြင်းဆိုသည်များမှာ မည်သည့်နေရာတွင်မှ မကြားရမသိရသောအမှုများ ဖြစ်သည်။ ဖအေကသမီးအရင်းကိုပြန်၍ ကျင့်ကြံခြင်းမှာမူကား ကျွန်တော့် ကလေးဘ၀တွင် လုံးဝမကြားဖူးချေ။
ကျွန်တော်တို့ မြို့ တွင် ဘုရားပစ္စည်း ခိုးသဖြင့် ထောင်ကျသွားသော ဘုရားဂေါပကတစ်ဦးရှိရာ ထိုဂေါပကသည် ထောင်ထဲတွင်သေဆုံးသွားပြီး ကျန်ရစ်ရှာသောသူ့မိသားစုမှာ မြို့တွင် လူတောတိုး၍ မရတော့ပေ။
ကျွန်တော်နေထိုင်သော ပြည်မြို့  ဆံတော်ရပ်ကွက်တွင် အိမ်များ သည် တစ်အိမ်နှင့်တစ်အိမ် ခြံစည်းရိုးမရှိပေ။ ကျွန်တော်တို့ သည် ကိုယ့် အိမ်ထဲသို့ အိမ်ရှေ့ ပေါက်မှဝင်လာပြီးနောက်ဖေးပေါက်မှ သူများအိမ်ကို ဖြတ်၍ ပြန်ထွက်သွားလျှင်လဲ ရသည်။ ကိုယ့်အိမ်ကိုယ်ပြန်သောအခါ အိမ်ရှေ့ ဘက်မှမလာဘဲ နောက်ဖေးဘက်ရှိသူများ အိမ်ထဲသို့ ခပ်တည်တည် ၀င်သွားကာ ကိုယ့်အိမ်သို့ ပြန်လာလျှင်လဲရသည်။ အခြားကလေးများသည် လည်း ရပ်ကွက်အတွင်းသူ့အိမ် ငါ့အိမ်မခွဲခြားဘဲ ၀င်ကြထွက်ကြ ဖြတ်သန်း ကြသည်။ တစ်ခါတစ်ရံဘေးတိုက်တန်းစီနေသော အိမ်များသို့ တစ်အိမ်ပြီး တစ်အိမ် ၀င်ထွက်သွားလာကြရာ ညောင်စင်တန်းလမ်းမှ စာတိုက်တန်း လမ်းသို့ ပင် ရောက်သွား၏။ အိမ်များကိုမဆိုထားဘိ ဆံတော်ဂါတ်ဟူသော ပြည်(၂) ရဲစခန်းသို့ ပင် လူကြီးလူငယ်မရွေး တံခါးမရှိ ဓါးမရှိဝင်ထွက်နိုင် ကြသည်။ တစ်ခါတစ်ရံကျွန်တော်တို့ ကလေးများသည် ပျင်းပျင်းရှိလျှင်
တရားခံကိုအမှုစစ်တာရဲစခန်းထဲသို့ သွားကြည့်ကြသည်။ လူတို့ သည် ကလေးများကိုမြင်သည်နှင့် မည်သူ၏ သားသမီး၊ မည်သည့်လမ်းက စသည်ဖြင့် သိကြသည်။ တစ်ယောက်အိမ်မှ သစ်ပင်များကိုအခြားတစ်အိမ် မှ ခူးဆွတ်ကြသည်။ လူတို့ တွင်လောဘ ဒေါသနည်းကြသေး၏။ အိမ် တံခါးဖွင့်၍ထားခဲ့သော်လည်း သူခိုးကားမရှိပေ။
ဤအခြေအနေသည် ၁၉၈၈ တွင်စတင်ပြောင်းလဲသွား၏။လူတို့၏ ကောင်းမြတ်သောစိတ်ဓာတ်များစတင်ကွယ်ရာတွင် ကြောက်ရွံ့ ခြင်းမှ စတင် မြစ်ဖျားခံသည်။ ၁၉၈၈ စက်တင်ဘာလ (၁၈)ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းလိုက်ကြောင်းကြေညာပြီးနောက် ခေတ်ပျက် သလိုဖြစ်သွား၏။ စစ်သားများသည် အာဏာသိမ်းသည့်ညက မြို့ ခံဆန္ဒပြ သမားများအား ပစ်ခတ်နှိမ်နင်းသဖြင့် လတို့ သေဆုံးကြသည်ကို မြို့ ခံများ သည် မျက်မြင်ဒိဌတွေ့ ကြုံရသည်မှစ၍ မိမိနှင့် မိမိမိသားစု
ထိုသို့ သတ်ဖြတ်ခံရမှာကိုကြောက်လာ၏။ ညမထွက်ရ စစ်အုပ်ချုပ်ရေး အမိန့် ကြောင့် လူတို့ သည် စစ်သားများအပါအ၀င် လူစိမ်းမြင်လျှင် ကြောက်ရွံ့ နေကြရ၏။
ထိုအခါကလေးများလည်းလွတ်လပ်စွာကစားခွင့်မရပြီ။ အိမ်များသည် ခြံစည်းရိုးစတင်ခတ်လာကြသည်။ ဟိုစဉ်ကလို တစ်အိမ်မှ တစ်အိမ် ကူးလူးဆက်ဆံဖြတ်သန်းသွားလာ၍မရတော့။ လူတို့ ၏စိတ်ထဲ တွင် မိမိနှင့် မိမိမိသားစု အသက်ရှင်ရေးကွက်ကွက်ကိုသာကြည့်သော အတ္တဗဟိုပြုဝါဒမသိမသာ ထွန်းကားလာ၏။ ထိုထက်ပို၍ စိတ်ဓာတ် ပျက်ပြားလာရခြင်းမှာ စစ်အုပ်ချုပ်ရေးကာလအတွင်း စစ်တပ်နှင့် ပလဲနံပသင့်သော လူများသည် စီးပွားရေးလုပ်ကွက်များ၊ အခွင့်အရေးများ ကို သူများထက်ပိုရ၏။
သင်သည်ပညာတတ်သည်ဖြစ်စေ၊ အတန်းပညာမဲ့ သည်ဖြစ်စေ ဒေသတွင်အာဏာရှိသော စစ်တပ်မှ အရာရှိတစ်ဦးဦးနှင့် ပတ်သက်ကြောင်း၊ ပိုင်နိုင်ကြောင်းပြနိုင်လျှင် သင်၏စီးပွားရေးလုပ်ငန်းမှာ မည်မျှ ၀ိသမလောဘနှင့် ဥပဒေဘောင်အပြင်ဘက်မှဖြစ်စေ မည်သည့် ဥပဒေဘက်တော်သားကမျှ ထိရဲတို့  ရဲမည်မဟုတ်ဟူသော မသမာသည့် အယူအဆများပျံနှံ့ လာသည်။
ကျွန်တော့်အသိတစ်ယောက်သည် ဖခင်လက်ထက်တွင် မိရိုးဖလာ ရွှေအရောင်းအ၀ယ်လုပ်ရာတွင် ချောင်ချောင်လည်လည်မရှိသော်လည်း သူ့လက်ထက်တွင် ခိုးရာပါရွှေများကိုအရည်ကျိုပစ္စည်းဖျက်သည့်လုပ်ငန်းကို လုပ်ကိုင်ရာမှနေ့ ချင်းညချင်း ချမ်းသာသွားသည်။ ထိုသို့ လုပ်နိုင်ရန် သူသည် တိုင်းမှူးနှင့်ခင်မင်ခွင့်ရဖို့ စနေ၊ တနင်္ဂနွေတိုင်း ဂေါက်ရိုက် ထွက်သည်။ တောဘက်မှရောက်လာသောထိုပုဂ္ဂိုလ်သည် ဂေါက်သီးတွေ ဘာတွေရိုက်သည်ဆိုတော့ အကြောင်းသိများက ရယ်ကြသည်။
သို့ သော်ကိစ္စမရှိ စစ်တပ်နှင့်ပိုင်ကြောင်းသက်သေပြနိုင်ဖို က အရေး ကြီးသောခေတ်ဖြစ်၍ အရှက်မရှိကြိုးစားလိုက်ရာ အတော်ပင် အခြေအနေ ကောင်းသွားသည်။ ကောင်းရောင်းဝယ်လုပ်စားသူများထမင်းမ၀ဘဲ စစ်တပ် ကိုဖားနိုင်သူများ ပညာမတတ်သော်လည်း အလုပ်ဖြစ်သည့်ခေတ်ဖြစ်ရာ လူတို့ ၏ ကံကံ၏အကျိုးကိုယုံကြည်သည့်စိတ်များ၊ ကောင်းမြတ်သည့် စိတ်ထားများ၊ မကောင်းမှုကိုရှောင်ကြဉ်လိုသည့်စိတ်ထားများသည် စစ်အစိုးရလက်ထက်တွင် ကုန်းကောက်စရာမရှိအောင်ပျက်စီးသွားကြ သည်။ ပညာမဲ့များသည် စစ်တပ်ကျောထောက်နောက်ခံဖြင့် လောက ၀ယ်လူရာဝင်တွင်ကျယ်လာ၏။ ရိုးသားသူများကျဆုံးသောခေတ်၊ သူခိုးများ တွင်ကျယ်သောခေတ်ဖြစ်လာသည်။
ဤသည်ပင်လျှင် လောဘ၊ ဒေါသ၊ မောဟတရားများ စတင်ကြီးစိုးသောအမှောင်ခေတ်၏ အစဖြစ်တော့သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာဟူသော ကောင်းမြတ်သောစိတ်တို့ အစား အာဏာ၊ ငွေကြေးနှင့် ခက်ထန်မှုတို့  ကြီးစိုးသောခေတ်၏ အစဖြစ်တော့သည်။
ဒီမိုကရေခေတ်သို့ ရောက်ပါပြီဟုပြောကြသော ယနေ့ ခေတ်အခါ သမယဝယ် ငယ်စဉ်ကကျွန်ုပ်တို့ ကြုံခဲ့ရသော မုဒိတာခေတ်သို့ ရောက်ပါပြီ လောဟု ဆန်းစစ်ကြည့်သောအခါ အောက်ပါအတိုင်းတွေ့ ရလေသည်။
ဘုရားခိုးဂိုဏ်းများသည် အနယ်နယ်အရပ်ရပ်မှ ရှေးဟောင်းဘုရားရုပ်ပွား တော်များကို လိုက်လံခိုးဝှက်နေသဖြင့် ဘုရားဆင်းတုတော်များနေရာ အနှံ့ ပျောက်ဆုံးနေလေသည်။ နေပြည်တော် ကောင်စီနယ်မြေ၀ယ် ဆည် မြောင်းဌာနပိုင်မြေနှင့်မလွတ်၍ဆိုကာ ဘုန်းတော်ကြီးကျောင်းများကို ဖျက် သိမ်းခိုင်းရုံသာမကဘုန်းကြီးများကို ထောင်ချပစ်လေသည်။ တရားရုံးသို့ မလာသော သံဃာတော်များကိုတရားခံပြေးကြေညာလိုက်လေ၏။ ရတနာ သုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာများကား ဦးသိန်းစိန် အစိုးရနှင့်တွေ့ ကာမှ တရားခံပြေးဖြစ်ရပေကုန်၏။ ဘာသာခြားတို့ က ဖျက်ဆီးစရာမလိုဘဲ လုံထိန်းတို့၏လက်ချက်ဖြင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီးပပျောက်သွားပေ၏။
ပုဂံသူပုဂံသားတို့ လွန်ခဲ့သောနှစ်ပေါင်း ကိုးရာ၊ တစ်ထောင်ကတည်ထားခဲ့သော ဘုရားစေတီအချို့မှာ ယခုအခါ ပုဂံရှိဟိုတယ်ကြီး အချို့ ၏ အုတ်တံတိုင်းအတွင်းရောက်ရှိသွားကာ မည်သူမျှ ဖူးခွင့်မရသော ကျိတ်ပုန်းဘုရားများဖြစ်ကုန်ကြပြန်၏။ အနှစ်နှစ် ဆယ်ကျော် တပ်မတော်သာ အမိ၊ တပ်မတော်သာအဖဟကြွေးကြော်ခဲ့ရာမှ စိတ်ကူးပြောင်းကာ ပြည်သူသားအမိ၊ ပြည်သူသားအဖဟု ကြွေးကြော်သံ ပြောင်းပါတော့မည်ဟုပြောသော်လည်း မိဘပြည်သူများနှင့် တူသော ပြည်သူလူထု၏မြေများကို ယခင်ကသိမ်းခဲ့သည်ကိုလုံးဝပြန်မပေးနိုင်ပါဟု မိကျောင်းကန် အပိုင်း (၂) ပြည်သူများ၏သပိတ်စခန်းကို ဖြိုခွင်းအပြီး တပ်မတော်က ဗြောင်ကြေညာလိုက်လေသည်။ ပြည်သူကိုအခြေပြုသော ဒီမိုကရေစီခေတ်ကြီးရောက်ပါပြီဟု ရေဒီယိုမှတစ်လတစ်ခါပုံမှန် ကြေညာ သော်လည်း ယခင်စစ်အာဏာရှင်အစိုးရလက်ထက်က လုပ်ရပ်အတိုင်း နံနက်မိုးမလင်းမီ အမင်္ဂလာအချိန်တွင် ဆန္ဒပြသူများ၏သပိတ်စခန်းကို ဘယ်ကမှန်းမသိသော လက်ပတ်အနီဝတ်အရပ်သားများကိုခေါ်လာကာ ဖျက်ဆီးစေသောလုပ်ရပ်များလည်းနှစ်ရက်ဆက်တိုက်ဖြစ်ခဲ့ပေ၏။ (လုပ်ပုံ ကိုင်ပုံမှာ ဒီပဲယင်းအရေးအခင်းတွင်အရပ်ဝတ်လူမိုက်များကိုသုံးကာ လုပ်သွားပုံနှင့် ခပ်ဆင်ဆင်ဖြစ်၏)။
တည်မိသည့်ဘုရား ဠင်းတပဲနားနားဟု မြန်မာစကားပုံရှိသော်လည်း ရဟန္တာကိုယ်တော်မြတ်ကြီးဟု နာမည်ကျော် သော လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့ရာ သိမ်ကျောင်းကို ဘူဒိုဇာနှင့် ထိုးချဖျက်ဆီးခဲ့သည်မှာလည်း ရှေးအင်္ဂလိပ်ခေတ်ကမဟုတ် ယခုခေတ်ပင်ဖြစ်ပါသည်။ သစ်တစ်ပင်ခုတ်အချုပ်သုံးနှစ်ဟု ဆင်းရဲသား များ ကြောက်လန့်အောင် တောစပ်တွင် စာသားများချိတ်ဆွဲထားသော်လည်း သစ်လုံးကားကြီးများ နေ့စဉ်တရုတ်ပြည်သို့ ဗြောင်ခို (မှောင်မခိုဘဲ ဗြောင်လုပ်နေကြသဖြင့် ဗြောင်ခိုဖြစ်ပါသည်) ထွက်နေကာ စီးပွားဖြစ်သူတို့ ပန်းပန်နေဆဲမှာလည်း ဖက်ဆစ်ဂျပန်ခေတ်မဟုတ် ယခုခေတ်ပင် ဖြစ်ပါသည်။ အရက်ဆိုင်များ မီးတထိန်ထိန်နှင့် ဆောင်းဘောက်များဖွင့်ကာ ခြိမ့်ခြိမ့်သဲသဲရောင်းချလာကြသည်မှာလည်း ယခုခေတ်ဖြစ်သည်။
လူတို့ ၏လောဘ၊ မောဟများကား တစ်နေ့ ထက်တစ်နေ့ ပျက်လာ ကြပေပြီ။ ယခင်ကဆိုလျှင် ကျွန်တော်တို့သည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ အပေါ်တွင် အတော်ပင်စေတနာရှိကြပေ၏။ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကလည်း ပြည်သူလူထုကို အတော်ပင် ယုံကြည်အားထားခဲ့ပါသည်။ ရှေ့ တန်းပြန် တပ်မတော်သားများကို ပြည်သူလူထုကကြိုဆိုကြသည်။ ရဲစခန်းထဲသို့  မည်သူမဆို အစစ်ဆေး အမေးအမြန်း မရှိဘဲ ၀င်နိုင်၏။
တပ်မတော်တွင်လည်း တက္ကသိုလ်ကျောင်းသားများ ပါဝင်နိုင်သော တက္ကသိုလ် လေ့ကျင့်ရေးတပ် (University Training Corps) ဆိုတာ ရှိသည်။ ရန်ကုန်တက္ကသိုလ်သို့  ကျွန်တော်စရောက်ကာစက စစ်ယူနီဖောင်းဝတ်ထားသော လူငယ်များကိုကျောင်းထဲ၌ မကြာခဏတွေ့ ရာ စစ်သားတွေ တက္ကသိုလ်ထဲဘာလာလုပ်သလဲဟု မေးမိတော့မှ ထိုသူများမှာ UTC တွင် တက်ရောက်လေ့ကျင့်နေသော တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြောင်း သိရပါသည်။ ယခုအခါ တပ်မတော်သည် ကျောင်းသားများကိုမယုံတော့၍လားမသိ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဆိုတာကို ဘယ်တော့မှ ပြန်ဖွဲ့ မပေးတော့ပေ။ ကျောင်းသားကိုမယုံသည်မှာ ပြည်သူလူထုကို မယုံဟု ပြောသလိုဖြစ်နေပေသည်။ ပြည်သူလူကိုမယုံသည်မှာ ကိုယ့်မိဘကိုကိုယ်မယုံတော့သော အဖြစ် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ပြည်သူသာအမိ ပြည်သူသာအဖဟု ပြောထားခဲ့သည် မဟုတ်ပါလား။
ပြည်သူ့ ရဲများကိုလည်း ယခင်ကလူတို့သည် အတော်ပင် အားကိုး ခဲ့ကြပါ၏။သို့ သော် အရာရာကား ပြောင်းလဲခဲ့ပြီ။ တရားခံကို နှိပ်စက်ရာမှ လက်လွန်သေဆုံးသော အမှုများစွာကြားလာရသည်။ ရဲကကျူးလွန်သော မုဒိမ်းမှုများပင် ဖြစ်လာသည်။ လောဘ၊ ဒေါသများလာသောခေတ် ဖြစ်သည်။ မကြာမီက လှည်းကူးတွင် အဓိကရုဏ်းဆန်ဆန် အုပ်စုဖွဲ့ ရုန်းရင်းဆန်ခတ်မှုတစ်ခုဖြစ်သည်။ ထိုရုန်းရင်းဆန်ခတ်မှုတွင် လူအုပ်က ခဲဖြင့်ပေါက်သောကြောင့် ရဲတစ်ယောက်ခေါင်းပေါက်သွားသော သတင်းကို ကြားရသည်။ ထို့အတူပင် ထွက်မပြေးပါဘဲ လက်မြောက်အဖမ်းခံနေသော လူတစ်ယောက်ကို ရဲက နံပါတ်တုတ်ဖြင့် အငြိုးတကြီး ရိုက်နှက်နေသော ဓာတ်ပုံကိုလည်း 7 Day Daily သတင်းစာ( ၆-၄-၂၀၁၄ ) မျက်နှာဖုံးတွင်တွေ့  မြင်ရရာ စိတ်မကောင်းစရာဖြစ်သည်။ အရိုက်ခံရသော လူငယ် အတွက်လည်း စိတ်မကောင်း၊ ဥပဒေဘက်တော်သားဟု ပြည်သူလူထုက ကျွေးသော ရိက္ခာလစာခံစားနေပါလျက် ရဲတပ်ဖွဲ့နာမည်ပျက် ရဲတပ်ဖွဲ့ဝင်အတွက်လည်း စိတ်မကောင်းပါ။ လောဘ၊ ဒေါသ၊ မောဟ လွန်ကဲသောခေတ်ဖြစ်လာပေပြီ။
ဤသို့ မကောင်းသော စိတ်ထားများကိုသာဆက်၍ လွှတ်ပေးထားပါက မြန်မာနိုင်ငံသည် အနောက်တိုင်း နိုင်ငံသားများ မကြာခဏမေးလေ့ရှိသော ရွှေတိဂုံဘုရားမှ အဖိုးတန်ရတနာ များ အခိုးမခံရဘူးလားဟူသော စိုးရိမ်ကြောင့်ကြမှုသည် အကုသိုလ် ကွင်းဆက်လိုက်ကာ တစ်နေ့ နေ့ တွင် ဖြစ်လာလိမ့်မည်။ ရတနာသုံးပါး အပေါ် ယုံကြည်မှုသဒ္ဓါတရားမရှိတော့သောအခါ ဘာသာရေးတန်ဖိုး ထားမှုများလည်း ကွယ်ပျောက်သွားပါလိမ့်မည်။ ထိုအခါ မကောင်းမှုကို လုပ်ရမှာရှက်ကြ ကြောက်ကြတော့မည်မဟုတ်ပါ။
ယခုအခါ အစိုးရဘက်ကရော တိုင်းသူပြည်သားဘက်ကပါ ကောင်းမြတ်သောစိတ်ထားများနည်း သထက်နည်းလာပေပြီ။ အစိုးရဘက်မှဝန်ကြီး ၀န်ကလေး၊ အရပ်ဘက်၊ စစ်ဘက်၊ ရဲဘက်မှပုဂ္ဂိုလ်များသည် ငါနှင့်ငါသာ နှိုင်းစရာ၊ ငါတို့သာ နိုင်ငံတော်ကို ချစ်သည်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည်ဟူသော တစ်လမ်းသွား လောဘ မောဟ မာန်မာနများကိုလျှော့ချ၍ ဘာသာ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကောင်းမြတ်သော စိတ်ဓာတ်ကို မွေးမြူကာ ဟီရိသြတပ္ပတရားတို့ဖြင့် နှစ်သစ်ကို လျှောက်လှမ်းနိုင်ပါစေကြောင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါသမယ၀ယ် မျှော်လင့်ဆုတောင်းလိုက်ရပါသည်။
သရ၀ဏ်(ပြည်)
ကိုးကား-မောင်ဆုရှင် (မြတ်ဘုရားရွှေတိဂုံ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)