မန္တလေးတွင်ကိုယ်ပိုင်အိမ်မရှိသူများအတွက် အိမ်ရာအကောင်အထည်ဖော်မည်



မန္တလေးမြို့တွင် အခြေ ချအလုပ်လုပ်ကိုင်နေသော်လည်း ကိုယ်ပိုင်အိမ်   မရှိသေးသူများ အတွက် အခန်းပေါင်းလေးရာ ကျော်ပါဝင်သည့် အိမ်ရာတည် ဆောက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် မြ ရည်နန္ဒာမြို့သစ်တွင် လေးခန်း တွဲ၊လေးထပ်အဆောက်အအုံ၂၇ လုံးကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ်သိန်းပေါင်းခြောက် သိန်းကျော် အကုန်ကျခံကာ ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်ရန်  တိုင်းဒေသကြီးအစိုး ရအဖွဲ့ထံမှ ခွင့်ပြုမိန့်ကျလာပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူးဦးကျော်ကျော်လင်း ကပြောသည်။

‘‘စည်ပင်ကလုပ်တဲ့ တန်ဖိုး နည်းအိမ်ရာနဲ့ကပ်လျက်က ခုနစ်ဧကရှိတဲ့မြေပေါ်မှာဆောက်မှာ’’ဟု ၎င်းကပြောသည်။

မန္တလေးမြို့တွင် အခြေချနေထိုင်ပြီး ပုံမှန်ဝင်ငွေရရှိသည့် အလုပ်လုပ်ကိုင်နေသူများကို အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းမခွဲခြားဘဲ ကိုယ်ပိုင်အိမ်ရာမရှိ သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း၊   ရောင်းချမည့်ပုံစံနှင့်ဈေး နှုန်းကိုမူတည်ဆောက်မှုများပြီးစီးမှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်မည့်အိမ်ရာ များမှာ မန္တလေးစည်ပင်က တည် ဆောက်နေသည့် တန်ဖိုးနည်းအိမ် ရာများထက် ပိုမိုကျယ်ဝန်းပြီး ကားပါကင်၊ ပန်းခြံ၊ လျှောက်လမ်းများပါဝင်မည်ဖြစ်၍ တန်ဖိုးနည်းအိမ်ရာများထက်   ဈေးနှုန်းပိုမြင့်မည်ဖြစ်ကြောင်း   ဦးစီးမှူးဦးကျော်ကျော်လင်းက     ပြော သည်။

အေးမွန်ရာပြည့်
7day daily

ရက်တို အစားမစားဘဲ နေခြင်းဖြင့် ကိုယ်ခံအားစနစ် နှိုးဆွရန် ကူညီနိုင်



နှစ်ရက်မှ လေးရက်အထိ အစာမစားဘဲနေခြင်းဖြင့် သက်ကြီး ရွယ်အိုများ၏ ကိုယ်ခံအားစနစ်ကို နှိုးဆွရန်နှင့် ကင်ဆာရောဂါသည် များ ဓာတုကုထုံး၏ ဆိုးကျိုးများကို တိုက်ဖျက်ရန် ကူညီနိုင်သည်။
ကြွက်နှင့် လူတို့ကို ပထမအဆင့် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအရ အချိန်ကြာကြာ အစာမစားဘဲနေခြင်းက သွေးဖြူဥအရေအတွက်ကို လျော့ကျသွားစေသည်ဟု တွေ့ရှိရကြောင်း USC Long-evity Institute ၏ ညွှန်ကြားရေးမှူး ဒေါက်တာ ဗောလ်တာလွန်ဂိုက ပြောသည်။

အစာမစားဘဲ နေခြင်းဖြင့် သွေးနှင့် ကိုယ်ခံအားစနစ်အတွက် အရေးကြီးသော သွေးနီဥပင်မဆဲလ်များအတွက် လမ်းကြောင်းများ ပြောင်းလဲမှုကို လျင်မြန်စွာ အားဖြည့်ပေးကြောင်း ကြွက်များနှင့် စမ်း သပ်ရာတွင် တွေ့ရှိခဲ့သည်ဟု Cell Stem Cell ဂျာနယ်၌ ဖော်ပြ ထားသည်။

အစာမစားချိန်တွင် ခန္ဓာကိုယ်စနစ်က စွမ်းအင်ချွေတာရန် ကြိုးစားပြီး မလိုအပ်သော ကိုယ်ခံအား ဆဲလ်များစွာကို ပြန်လည်အသုံးချခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ပျက်စီးတော့မည့် အခြေအနေရှိသော ကိုယ်ခံအားဆဲလ်များကို ပြန်လည်အသုံးချသည်။ အချိန်ကြာအစာမစားဘဲ နေပါက ကြွက်နှင့် လူများ၏ သွေးဖြူဆဲလ်အရေအတွက် ကျဆင်းသွားပြီး အစာပြန်စားချိန်တွင် သွေးဆဲလ်များ ပြန်လည်ပြန်ပေါ်လာသည်ဟု သုတေသီများ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြသည်။

အချိန်ကြာ အစာမစားဘဲ နေပါက ခန္ဓာကိုယ်သည် ၎င်းသိုလှောင် ထားသော ဂလူးကို့စ်၊ အဆီနှင့် အော်ဂဲနစ်ဒြပ်ပေါင်းများကို အသုံးပြု ရပြီး သွေးဖြူဆဲလ်အရေအတွက်ကို လျော့ကျသွားစေသည်။ အစာအကြာကြီး မစားဘဲနေခြင်းမှာ လေယာဉ်တစ်စီးမှ ၀န်ပိုများပို ပစ်ချလိုက်သကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ဟု ဒေါက်တာ လွန်ဂိုက ပြောသည်။

ကင်ဆာရောဂါကို ဓာတုကုထုံးဖြင့် ကုသ၍ အသက်ရှင်နိုင်သော် လည်း ယင်းကုထုံးကြောင့် ကိုယ်ခံအားစနစ်ကို မရည်ရွယ်ဘဲ သိသိ သာသာ ထိခိုက်ပျက်စီးစေနိုင်သည်။ အစာမစားဘဲနေခြင်းက ဓာတု ကုထုံးကြောင့်ဖြစ်သော အန္တရာယ်ရှိသည့် ထိခိုက်မှုအချို့ကို လျော့ကျသွားစေကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။

သို့သော် ဆေးဘက်ဆိုင်ရာ လေ့လာမှု ပိုလုပ်ရန် လိုအပ်နေဆဲဖြစ်ကာ စားချိန်တစ်ချိန်နှင့်တစ်ချိန်ကြား ကွာဟသည့် အချိန်ကဲ့သို့ အချက်အလက်များကို ဆရာဝန်၏ လမ်းညွှန်ချက်အရသာ လုပ်ဆောင်သင့်ကြောင်း သိရသည်။  

  —Ref: Internet
7day daily

မောင်တောရှိ တပ်မတော်သားများအား မြန်မာ့အမျိုးသားကွန်ရက်က ပစ္စည်းနှင့်ငွေသားများလှူဒါန်း


ရန်ကုန်၊ ဇွန် ၇- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရောက် တပ်မတော် သားသုံးထောင်ကျော်အတွက် ပစ္စည်း နှင့်ငွေသား စုစုပေါင်း ၂၉သိန်း ကို မြန်မာ့ အမျိုးသားကွန်ရက်မှ ဇွန် ၇ ရက်က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေ့တန်းတွင် ရောက်နေသည့် တပ်မတော်သားများအတွက် ပြည် သူများမှ နွေးထွေးမှုပေးသည့် ရည် ရွယ်ချက်ဖြင့် သွားရောက် လှူဒါန်း ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်မှ ဥက္ကဋ္ဌ ကိုသီရိက ပြောသည်။

''ရှေ့တန်းရောက်နေတဲ့ တပ် မတော်သားတွေကို လှူချင်တဲ့အ တွက် ကျွန်တော်တို့ရော အခြားသူ တွေရော အားလုံးပေါင်းပြီး လှူဒါန်း တာပါ'' ဟု ယင်းက ဆက်လက်ပြော သည်။

ယင်းကဲ့သို့လှူဒါန်းရာတွင် အ စားအသောက်များနှင့် ပစ္စည်းများ အတွက် ငွေကျပ် ၁၉သိန်းဖိုးနှင့် ငွေသား ၁ဝသိန်းကို ပြည်သူလူထု နှင့် ပူးပေါင်း၍ စုပေါင်းလှူဒါန်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့အမျိုးသားကွန်ရက်အဖွဲ့ ကို ၂၀၁၄ခုနှစ် ဇန်နဝါရီလက စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်မှ ပြန်လည်ရောက်ရှိ လာသော ရခိုင်ပြည်သူ များအတွက်လည်း ငွေ ကျပ်သိန်း ၂ဝနှင့် အဝတ်အစား များကိုလှူဒါန်း ခဲ့ကြောင်းနှင့် ပရဟိတ အလှူများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Photo Caption :: မြန်မာ့အမျိုးသားကွန်ရက်မှ မောင်တောမြို့နယ်ရောက် တပ်မတော်သားများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်စဉ်။

MTZ
[--Democracy today Daily Newspaper--]
#Democracytoday

Yangon Media Group

မောင်တောနယ်စပ် တိုက်ပွဲများဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့် တင်းကျပ်


 မောင်တော၊ ဇွန် ၇- မေ ၁၃ရက်မှ ၂၉ရက်အထိ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် မိုင်တိုင်တစ်လျှောက် တွင် RSO လက်နက် ကိုင်သောင်း ကျန်းသူများနှင့် မြန်မာ နယ်စပ် လုံ ခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွား မှုကြောင့် မောင်တော နယ်စပ်တွင် ညမထွက်ရ အမိန့်ကို တင်းကျပ် ထား ကြောင်း သိရသည်။
''ညအချိန် လုံခြုံရေးကားတွေ အရင်ထက်ပတ်တာ တွေ့နေရတယ်၊ ရဲတွေအပြင် စစ်တပ်လဲပါတယ်၊ အ ရင်တုန်းက နားလည်မှုနဲ့ ညမထွက် ရတဲ့ အချိန်ထက် နည်းနည်းလွန် သွားရင်လဲ သွားလာလို့ ရပေမယ့် ဒီရက်ပိုင်း အတွင်းမှာ အချိန်လွန်ပြီး မနေဖို့ မနေ့ညက လုံခြုံရေးအရာ ရှိတစ်ဦးက ပြောခဲ့တယ်''ဟု မြို့ခံ တစ်ဦးက ပြောသည်။

ယခုအခါ ၂၀၁၂ခုနှစ်က မောင် တောနယ်စပ်တွင် ဆူပူအကြမ်းဖက် ခံရသည့် ဇွန် ၈ရက်နေ့သည်လည်း နီးကပ်လာနေပြီး ဆူပူ အကြမ်းဖက် မှုများ တစ်နည်းမဟုတ်တစ်နည်း ဖြစ်ပွားလာနိုင်သောကြောင့် လုံခြုံရေး ကို ဂရုစိုက်ရန် အရေးတကြီး လို နေကြောင်း ယင်း က ထပ်မံပြောကြား သည်။
''မသီတာထွေးဖြစ်စဉ်က မေ ၂၈ရက်၊ တောင်ကုတ်ဖြစ်စဉ်က ဇွန် ၃ရက်၊ မောင်တောဖြစ်စဉ်က ဇွန် ၈ ရက်ဆိုတော့ ဒီကာ လတွေ မှာ လုံခြုံ ရေးတာဝန်ယူထားတဲ့သူတွေနဲ့ ဒေသ ခံတွေက အရင်ကထက် သတိရှိဖို့ လိုပါတယ်''ဟု ဌာနဆိုင်ရာမှ တာဝန် ရှိသူ တစ်ဦးက သုံးသပ်ပြောသည်။
ယခုအခါ မောင်တောနယ်စပ်တွင် ညမထွက်ရအမိန့်ကို ည ၁၁နာရီ မှ နံနက် ၄နာရီအထိ သတ်မှတ်ထား သည့်အတွက် ဒေသခံ များ အနေဖြင့် သတ်မှတ်ထားသည့် အချိန်ထက် ကျော်လွန်ကာ လမ်းထွက်ခြင်းများ မပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။

NT
[--Democracy today Daily Newspaper--]


၉၁ နှစ်အရွယ်ချစ်သူနဲ့ Kyle Jones


ကျွန်န်ုပ်တို့ဟာ အသက်အရွယ်ကွာဟတဲ့ စုံတွဲတွေအကြောင်းနဲ့သိပ်ပြီးတော့ မစိမ်းပါဘူး။ Madonna နဲ့သူမရဲ့ချစ်သူ ကချေသည်၊ Michael Douglas နဲ့ Catherine Zeta-Jones တို့ရဲ့ ၂၅ နှစ်အသက်ကွာဟမှုစတာတွေကို သိပြီးတဲ့အတွက် အံ့သြစရာတော့မဟုတ်ပါဘူး။

ဒါပေမယ့် အသက် ၃၁ နှစ်အရွယ် Kyle Jones ဆိုသူဟာ အသက် ၉၁ နှစ်အရွယ်အဖွားအိုတစ်ယောက်ယောက်နဲ့ ချစ်ကြိုက်နေတဲ့အကြောင်းသိရင်တော့ အံ့အားသင့်ကောင်းသင့်ကြပါလိမ့်မယ်။

Augusta, Georgia က Kyle ဟာ တစ်ချိန်ထဲမှာ ပင်စင်စားအမျိုးသမီးများစွာနဲ့ တွဲနေပြီး သူတို့ကို အသက် ၅၀ အရွယ်ရှိတဲ့သူ့အမေအိမ်ကို ရံဖန်ရန်ခါခေါ်သွားပါသေးတယ်။ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာတော့ သူက အသက် ၉၁ နှစ်အရွယ် Marjorie McCool ဆိုသူနဲ့ ချစ်ကြိုက်နေလာခဲ့တာဖြစ်ပါတယ်။

အသက်ကွာဟမှု ၆၀ ရှိပေမယ့်လည်း သူတို့နှစ်ယောက်ဟာ ရှင်သန်နေသေးတဲ့ လိင်မှုဘ၀ရှိပြီး တစ်ယောက်နဲ့တစ်ယောက်လဲ မခွဲနိုင်မခွာနိုင်ဖြစ်နေပါတယ်။

‘လူတိုင်းရဲ့ ဦးနှောက်တွေက မတူညီတဲ့ပုံစဲနဲ့ ထူးဆန်းနေပါတယ်။ အချို့လူတွေက ဆံပင်အ၀ါရောက်ကောင်မလေးတွေ၊ အချို့က ဆံပင်အနက်ရောင်ကောင်မလေးတွေနဲ့ အချို့ကအခြားယောက်ျားတွေကိုကြိုက်ကြတယ်။ ကျွန်တော်ကတော့ အသက်ကြီးတဲ့အမျိုးသမီးတွေကိုကြိုက်တယ်’ လို့ Kyle ကပြောပါတယ်။

Kyle ရဲ့အသက်ကြီးသူတွေကိုကြိုက်နှစ်သက်မှုဟာ ၁၈ နှစ်အရွယ်ကစတာဖြစ်ပြီး အသက် ၅၀ အရွယ်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အဲဒီ့အချိန်တုန်းက လိင်ပိုင်းဆိုင်ရာပါတ်သတ်မှုရှိခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ Kyle ဟာ အမျိုးသမီးတွေကိုရှာဖို့နဲ့ သူ့ရဲ့နေစဉ်ဘ၀မှာ စကားစမြည်ပြောဖို့ အတွက် date လုပ်ပေးတဲ့ website တွေကိုအသုံးပြုနေတာဖြစ်ပါတယ်။

‘အကြိမ်အများဆုံးအနေနဲ့ ကျွန်တော်ရှာတဲ့ ပျမ်းမျှအသက်က ၆၀ က နေ ၈၀ ကြားပါ’ လို့ပြောပါတယ်။

Ref:dailymail.co.uk

Trend Myanmar

၁၅၀၀ ဖုန်း အင်တာနက်လျှောက်သူ နေ့စဉ် ၃၀၀ ၀န်းကျင်ရှိ



မိုဘိုင်ဖုန်းဖြင့် အင်တာနက်သုံးနေသူတစ်ဦးကိုတွေ့ရစဉ် ဓာတ်ပုံ-ဂျေမောင်မောင် (အမရပူရ)
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဆောင်ရွက်ထားသည့် Mobile Care Center တွင် MECTel 1500  ကျပ်တန် ဖုန်းများကို အင်တာနက်လျှောက်ထားမှု One-Stop Service ဆောင်ရွက်ပေးနေရာ တစ်နေ့လျှင် လျှောက်ထားသူ ဦးရေ၃၀၀ ၀န်းကျင်ခန့်ရှိကြောင်း သတင်းရရှိသည်။

ကျပ် ၁၅၀၀ တန် MECTel CDMA 800 MHz မိုဘိုင်းဖုန်းများကို Mobile Care Center တွင်သာ လက်ခံဆောင်ရွက်ပေးနေပြီး အင်တာနက် One-Stop Service ၀န်ဆောင်မှုပေးနေပြီဖြစ်ပြီး နေ့စဉ်လာရောက် လျှောက်ထားမှုများပြားကြောင်း အဆိုပါ Mobile Care Center မှ စုံစမ်းသိရှိရသည်။

‘‘တစ်နေ့ကို ၃၀၀၊ ၄၀၀ လောက် လာလျှောက်တဲ့နေ့တွေ ရှိတယ်။ အခုက လူအရမ်းများလာရင်တော့ နောက်တစ်နေ့ ကူး သွားတာပဲ ရှိတာပါ။ အားလုံးတော့ One-Stop Service လုပ် ပေးတယ်’’ ဟု Mobile Care Center မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ MECTel CDMA 800 MHz သုံးစွဲသူများသာမက အခြား သော မြို့များမှလည်း ၎င်းတို့၏ အဆက်အသွယ်များနှင့် လာရောက်လျှောက်ထားမှုများရှိနေ ကြောင်း Mobile Care Center မှ သိရသည်။

MECTel မိုဘိုင်းဖုန်းများ အင်တာနက်လျှောက်ထားမှုကို ယခင်က ရန်ကုန်တိုင်းဒေသကြီး တိုင်းမန်နေဂျာရုံးတွင်သာ လာရောက်လျှောက်ထားနိုင်သော်လည်း မေလ ၂ ရက်မှစ၍လျှောက်လွှာများ လက်မခံတော့ဘဲ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဖွင့်လှစ်ထားသည့် Mobile Care Centerတွင်သာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

အဆိုပါ Mobile Care Center ကို ဖေဖော်ဝါရီလက စတင်ဖွ

ဆွေမွန်
7day daily

တရားဝင်ငြိမ်းချမ်းရေး ယူထားသည့်အဖွဲ့မှ ဒုဗိုလ်မှူးကြီးတစ်ဦးအား အမည်မသိအဖွဲ့ တစ်ခုက ဖမ်းဆီးရိုက်နှက်


ဇွန်လ(၈)ရက်နေ့ ၊ ၂၀၁၄။ မန္တလေးမြို့။

နိုင်ငံတော် အစိုးရနှင့် တရားဝင် ငြိမ်းချမ်းရေး ယူထားသည့် National Democratic Army (N.D.A) အဖွဲ့မှ ဒုဗိုလ်မှုးကြီး စောအယ်ဆေးထူးနှင့် အခြားအရာရှိ တစ်ဦးအား အမည်မသိအဖွဲ့အစည်းတစ်ခုမှ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ယင်းဖြစ်ရပ်အား နယ်မြေခံ ရဲစခန်းများထံ အကြောင်းကြား ခဲ့သော်လည်း လာရောက် ကူညီပေးခြင်း မရှိခဲ့ကြောင်း ကို ယင်းကပြောကြားသည်။

“ ကျနော့်ကို စိန်ကမ္ဘာကားဝင်းထဲက တည်းခိုခန်းအရှေ့မှာ ကားထဲကနေထွက်ခိုင်းပြီးဝိုင်းရိုက်ကြတယ် ၊ အဲဒီလိုဖြစ်လို့ ကျနော့် တပ်သားတွေက မူဆယ်ရဲစခန်းကို ချက်ခြင်း လှမ်းအကြောင်းကြားပေမယ့် ကိုယ့်ဟာ ကိုယ်ရှင်းဆိုပြီးတော့ပဲ ပြန်ပြော လွှတ်လိုက်တယ် ဘာမှလုပ်မပေးခဲ့ဘူး” ဟု ဒုဗိုလ်မှုးကြီး စောအယ်ဆေးထူးက ပြောကြားသည်။

ဖြစ်စဉ်မှာ မေလ(၁၉)ရက်နေ့ နေ့လည်နှစ်နာရီဝန်းကျင်တွင် မူဆယ်မြို့ စိန်ကမ္ဘာကားဝင်း တည်းခိုခန်းအရှေ့ တွင် ကားထဲထိုင်နေစဉ်၌ လူဆယ်ဦးပါသော အမည်မသိအဖွဲ့တစ်ဖွဲ့က ကားတံခါးဖွင့်ခိုင်းပြီး အပြင်သို့ အရောက်တွင် ၀ိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ယင်းတို့ကားပေါ်သို့ တင်ဆောင်ခဲ့ကြောင်း ၊
ယင်းဖြစ်ရပ်အား အတူလိုက် ပါလာသည့် တပ်သားများက မူဆယ်ရဲစခန်းကို အကြောင်းကြား တိုင်ချက်ဖွင့်သော်လည်း တစ်စုံတစ်ရာ အရေးယူခြင်း မပြုခဲ့ကြောင်း သိရှိရသည်။

“ မူဆယ်ကနေ စစ်ကိုင်းထိကားပေါ်မှာကြိုးတုတ်ခေါ်လာတယ် ၊ စစ်ကိုင်းရောက်တော့ ကျနော့်ကိုဖမ်းလာ တဲ့လူတွေက စစ်ကိုင်းစအဖကို ဖုန်းဆက်ပြီး ကျနော့်ကိုဖမ်းလာတယ်ဆိုပြီး လှမ်းပြောတယ် ၊ သူတို့တဲထဲမှာ တစ်ရက်ခွဲလောက် အစားအသောက်မစားရပဲ ပစ်ထားတာ ၊ နောက်ရက်ကျမှ စအဖက ကျနော့်ကို လာထုတ်သွားတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

N.D.A အဖွဲ့အနေဖြင့် နိုင်ငံတော်နှင့် တရားဝင်ငြိမ်းချမ်းရေး ယူထားသည့်အဖွဲ့ဖြစ်ကာ ယခုကဲ့သို့ တရားဥပဒေမဲ့ ပြုကျင့်မှုကို သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း မည်သည့်ကူညီစောင့်ရှောက်မှုများမရရှိခဲ့ခြင်းနှင့် စအဖ အဖွဲ့သည် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့များကို စုံစမ်းထောက်လှန်းခြင်း ညှိနှိုင်းဖြေရှင်းပေးခြင်းတို့ကို လုပ်ရမည့်အစား ယခုကဲ့သို့တာဝန်မဲ့ပြုလုပ်ခြင်းကို အံ့သြမိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ဒုဗိုလ်မှုးကြိး စောအယ်ဆေးထူး အနေဖြင့် ငြိမ်းချမ်းရေး ထပ်မံရယူမည့် အဖွဲ့အစည်းများကို ၎င်းတို့အဖြစ်အပျက် အား နမူနာယူ၍ ငြိမ်းချမ်းရေးယူသင့် မယူသင့်သုံးသပ်ကြစေလိုကြောင်း ၊
လက်နက်နှင့်ငြိမ်းချမ်းရေး လဲထား သော်လည်း ပြည်သူတစ်ဦးကဲ့သို့စောင့်ရှောက်ခြင်းမခံရ၍ စိတ်မကောင်းကြောင်း ပြောဆိုခဲ့သည်။

" စဉ်းစားကြည့် ၊ မူဆယ်ရဲစခန်းကို ကျနော့်တပည့်တွေက သွားတိုင်နေတဲ့အချိန်မှာ သူတို့က ကားနှစ်ဆင့်ချိန်း ပြီးကျနော့်ကိုတောစပ်ဖက် ခေါ်သွားတယ် ၊ လူတစ်ယောက်ကိုသတ်မယ်ဆို
သေဖို့အချိန်လုံလောက်တယ် ၊ သက်ဆိုင်ရာဖက်ကတော့ ဘာအကူအညီမှမရခဲ့ဘူး " ဟု
ယင်းက ပြောကြားသည်။

မူဆယ်မြို့မှ စစ်ကိုင်းမြို့အထိ ကြိုးတုတ်ကာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်ဟု National Democratic Army ၏ ပြောကြားချက်ကိုအတည်ပြုရန်အတွက် စစ်ကိုင်းမြို့စစ်ဖက်ရေးရာနှင့်လုံခြုံရေးအဖွဲအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။

မင်းမင်းလတ်
Mandalay News Agency


သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် မည်သူ့ကို လူကြိုက်များကြောင်းသိရန် စစ်တမ်းကောက်မည်




 နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့တွင် မည်သူအား လူ ကြိုက်ပိုများသည်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ လူထုစစ်တမ်းကောက်ယူမည်ဖြစ် ကြောင်း ယင်းအဖွဲ့မှ သတင်းရရှိ သည်။
စစ်တမ်းကို လူဦးရေ ခြောက်ထောင်ခန့်အား မေးမြန်းပြီး ကောက်ယူမည်ဖြစ်၍ ယင်း ပမာဏတွင် လူတန်းစားအလွှာမျိုးစုံ၊ ပညာအရည်အချင်း၊ အသက်မွေးဝမ်းကျောင်းပြုသည့် လုပ်ငန်းများကို မူတည်ကာ ကောက်ယူသွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဘဏ္ဍာရေးမှူးဦးမြင့်အောင်ကပြောသည်။

စစ်တမ်း မကောက်ယူမီ ‘‘ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများပါ သည်’’ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ တော် ၀င်နှင်းဆီခန်းမတွင် ဇွန်လ ၁၅ ရက် နေ့လယ်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြုလုပ်သွားမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် စာရေးဆရာ ဦးဖေမြင့်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ် သော ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်၊ စီးပွားရေးပညာရှင် ဆရာ မောင်သံဒိုင်(ဘောဂဗေဒ) တို့မှ ဆွေးနွေးကြမည်ဖြစ်သည်။

‘‘ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးအရလုပ်တာ မဟုတ်ပါဘူး။ စစ် တမ်းကို ဘယ်တော့ စလုပ်မယ်၊ ဘယ်လိုမေးခွန်းတွေ မေးမယ်ဆို တာကိုလည်း အဲဒီမှာ ဆွေးနွေး ကြမှာပါ။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ လည်း အစည်းအဝေးထိုင်ဖို့ရှိ တယ်’’ဟု နိုင်/ကျဉ်းဟောင်းများ အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးမြင့် အောင်ကဆိုသည်။

တိကျသေချာသော စစ်တမ်းတစ်စောင်ရရှိရေးအတွက် နည်း ပညာပိုင်းနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီများကိုလည်း တောင်းခံသွားမည်ဟု ဦးမြင့်အောင်ကပြောသည်။

ဧပြီလဆန်းက ထုတ်ပြန်ခဲ့သည့် အမေရိကန်အခြေစိုက် In-ternational Republican Instit-ute(IRI) ၏ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူထုစစ်တမ်းမှ အချက်အလက် အချို့အပေါ် ပြန်လည်ထောက်ပြလိုသည့်အတွက် စစ်တမ်းကောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သတင်းရရှိသည်။

IRI ၏ စစ်တမ်းသည် ပြည် နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ မြို့ပြနေရာ ၉၂ နေရာ၊ ကျေး လက်ဒေသ ၂၀၈ နေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀၀၀ ကိုမေးမြန်းကောက်ယူခဲ့ ခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအပေါ် အ ကောင်းမြင်သူ အများအပြားရှိ သည်ဟု စစ်တမ်းကဆိုသည်။
ရန်မျိုးနိုင်
7day daily

တားမြစ်ဆေးသုံးစွဲခဲ့သည့် ဆီးဂိမ်းကစားသမားစာရင်း ထုတ်ပြန်မည်



၂၀၁၃ ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲ ၀င်နိုင်ငံများမှ ကစားသမားများ ကို တားမြစ်ဆေးစစ်ဆေးရာတွင် ဆေးကျခဲ့သည့် ကစားသမားများ ၏ စာရင်းကို ဇွန်လတတိယပတ် တွင် ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဆီးဂိမ်းပြိုင်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်ခဲ့သော ကစား သမားများထဲမှ ကစားသမား ငါးရာကို တားမြစ်ဆေး စစ်ဆေးရာတွင် မြန်မာကစားသမား နှစ်ဦးအပါအ၀င် ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမားသုံးဦးလည်း ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဆီးဂိမ်းမှာ တားမြစ်ဆေး ကျတဲ့ ကစားသမားတွေရဲ့ အမည်စာရင်းကို ဇွန်လတတိယပတ်မှာ ထုတ်ပြန်ပေးသွားမယ်။ မြန်မာကစားသမားနှစ်ဦးကတော့ ဆေးကျခဲ့တဲ့အတွက် ကစားခွင့် နှစ်နှစ်ပိတ်ခံရမယ်’’ ဟု ဆီးဂိမ်းပြိုင်ပွဲတွင် တားမြစ်ဆေးစစ်ဆေးရာတွင် ပါဝင်ခဲ့သည့် အဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်လေးစိန်က ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နိုင်ငံ ၁၁ နိုင်ငံမှ ကစားသမား ငါး ထောင်ကျော်ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ဆေးစစ်ရာတွင် အဆိုပါ ကစားသမားများထဲမှ ကစားသမားငါးရာကို ဆေးစစ်ခဲ့ခြင်းဖြစ်ပြီး ကစားသမားငါးဦးမှာ တားမြစ်ဆေးသုံးစွဲမှု ပေါ်ပေါက်ခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘နိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးနိုင်ခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူမိတယ်။ ဒါပေမဲ့ ဆရာ တွေမသိအောင် ရောဂါသက်သာ အောင် ဂေါက်ရူလိုက်မိတဲ့အကျိုး ကြောင့် တားမြစ်ဆေးသုံးစွဲတယ် ဆိုပြီး ပေါ်ပေါက်ခဲ့တယ်။ ဒါ့အ ပြင် တခြားဘာဆေးမှ သုံးစွဲခြင်း မရှိခဲ့ဘူး’’ ဟု ကာယဗလပြိုင်ပွဲ တွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် ကိုမင်းဇော်ဦးက ပြောသည်။

နောင်လာမည့် ပြိုင်ပွဲများ တွင် နိုင်ငံအတွက် ရွှေတံဆိပ်ဆု များ ရရှိအောင် စွမ်းဆောင်နိုင် သည့် အနေအထားများ ရှိသော် လည်း ပွဲပယ်ပစ်ဒဏ်ကြောင့် ပါဝင်ရတော့မည်မဟုတ်ကြောင်း ကစားသမားများအနေဖြင့်လည်း ယခုဖြစ်ရပ်ကို သင်ခန်းစာယူကြ ပြီး နည်းပြများ၊ ဆေးမှူးများ ခွင့်ပြု ချက်မရဘဲ မည်သည့်ဆေးမှ မသုံးစွဲသင့်ကြောင်း ၎င်းကပြောသည်။

ဆီးဂိမ်းတွင် မီတာ ၂၀ လမ်း လျှောက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် စောမာလာနွယ်နှင့် ကာလဗလပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရရှိခဲ့သည့် မင်းဇော်ဦးတို့မှာ တားမြစ်ဆေးသုံးစွဲမှုပေါ်ပေါက်ခဲ့ သောကြောင့် နိုင်ငံတကာ ပြိုင်ပွဲ များနှင့် ပြည်တွင်းပြိုင်ပွဲများ ကစားခွင့်နှစ်နှစ်ပိတ်ပင်ခြင်း ခံခဲ့ရသည်။

ချစ်ဝိုင်း
7day daily

စွန့်ပစ်သတ္တုများဖြင့် တည်ဆောက်ထားသည့် Batmobile မော်တော်ကား





တရုတ်နိုင်ငံမှ Batman ရုပ်ရှင် ပရိသတ် တစ်ဦးသည် Batman စီးနင်းလေ့ရှိသည့် နာမည်ကျော် Batmobile မော်တော်ကား ပုံစံတူကို အောင်မြင်စွာ ဆောက်လုပ်ပြခဲ့ကြောင်း သိရသည်။ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် လီဝေလိုင်သည် ၎င်း၏ အဖွဲ့နှင့်အတူ အပတ်တကုတ် ကြိုးစားခဲ့ပြီး ရလဒ်အဖြစ် Batmobile စီးတော်ယာဉ်နှင့် မော်ကြွားခွင့် ရနေပြီ ဖြစ်သည်။ ၎င်းသည် ယင်းမော်တော်ကားကို စတာလင်ပေါင် (၇၀၀၀)ကျော်မျှသာ အကုန်အကျခံပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လီသည် စွန့်ပစ် အမှိုက်သရိုက် ပစ္စည်းများအနက်မှ သတ္တု(၁၀)တန်ခန့်ကို ထုတ်နုတ်ယူပြီး Batmobileကို ဖန်တီးခဲ့ခြင်းဟု ဆိုသည်။ လီတို့အဖွဲ့သည် သတ္တုကြမ်းများကို စိတ်ရှည်လက်ရှည် အချောသတ် ညှိနှိုင်းပြီး ကားကိုယ်ထည်ကို ပုံစံချခဲ့ခြင်း ဖြစ်သည်။

Batman ဇာတ်ကားများတွင် ဘီလျံနာသူဌေး ဘရုစ်ဝိန်း အနေဖြင့် ၎င်း၏ လူသိမခံသော သိပ္ပံလူစွမ်းကောင်း ဘဝတွင် Batmobileကို စီးနင်းမောင်းနှင်ပြခဲ့ပြီး လီက ယင်းမော်တော်ကားကို အသည်းစွဲ နှစ်ခြိုက်နေခဲ့သည်။ ထို့ကြောင့်လည်း ကိုယ်ပိုင် Batmobileကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လီအနေဖြင့် ယွမ်ငွေ (၇၀၀၀၀)၊ တစ်နည်းအားဖြင့် စတာလင်ပေါင် (၇၁၀၀)နီးပါးမျှ အသုံးပြုရန်မူ လိုအပ်ခဲ့သည်။ အသက်(၂၆)နှစ်ရှိ လီသည် ငွေကြေးခြွေတာသည့် အနေဖြင့် ကားကိုယ်ထည်ကို ပေါလစ်ရှ်တိုက်ရာတွင် ကိုယ်တိုင်ပင် အပင်ပန်းခံ လုပ်ဆောင်ခဲ့သည်။ (၂)လကြာ ကြိုးစားတည်ဆောက်ပြီးနောက် Batmobileသည် အပြည့်အဝ ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။

“ကျွန်တော်တို့ Batmanကား တော်တော်များများ ဆောက်ခဲ့ပြီးပါပြီ။ နှစ်စင်းက ရှန်ဟိုင်းမှာ ပြထားတယ်။ တချို့ကားတွေက တစ်နိုင်ငံလုံးအနှံ့ ရောက်နေပြီ”ဟု လီက ဆိုသည်။ ယခုBatmobileမှာမူ နောက်ဆုံးထွက် ရုပ်ရှင်ဇာတ်ကားများမှ ပုံစံကို အခြေပြုပြီး စွန့်ပစ်သတ္တု အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရှန်ဟိုင်းမြို့၏ အစွန်အဖျားရှိ မင်ဟမ်ဒေသမှ မော်တော်ကားကို ကိုယ်တိုင်ဓာတ်ပုံရိုက်ယူခဲ့သည့် ရဲအရာရှိ ဖန်ဒိုဟန်က “ကျွန်တော်တို့ စပ်စပ်စုစုနဲ့ လိုက်စုံစမ်းကြည့်ပြီးပြီ။ Batman ပရိသတ်တွေ စိတ်ပျက်သွားမလားတော့ မပြောတတ်ဘူး။ ဒီကားက Batmobileနဲ့ အရွယ်အစားတူ တစ်ပုံစံတည်းပဲဗျ”ဟု ရယ်ရယ်မောမော ပြောကြားခဲ့သည်။

ခပ်နိမ့်နိမ့် တည်ဆောက်ထားသော မော်တော်ကားသည် (၁၀)ပေမျှ ရှည်လျားပြီး နောက်ဘီးများမှာ အရွယ်ရောက်ပြီး လူတစ်ဦး၏ ခါးစောင်းမျှထိ အမြင့်ရှိသည်။ Batman ဇာတ်ကားတွင် အမှန်တကယ် အသုံးပြုခဲ့သည့် မော်တော်ကားကို လေလံတင် ရောင်းချရန် စီစဉ်နေပြီး ယခုသံတိုသံစ ပုံစံတူကားကမူ ယင်းထက် အဆ(၁၀၀)မျှ ဈေးနှုန်းသက်သာဖွယ် ရှိသည်။ လီသည် မူပိုင်ခွင့် အခြေအနေကြောင့် ၎င်း၏ မော်တော်ကားကို Batmobileဟု တရားဝင် သုံးနှုန်းခေါ်ဆိုဖွယ် မရှိကြောင်းလည်း ဖွင့်ဟသွားသည်

planet myanmar network

တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ



မော်လမြိုင်၊ ဇွန် ၇

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပညာရေးမှူး ရုံးများ၌ ဇွန်လ ၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ရာ မွန်ပြည်နယ်အနေနှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးတွင် ခြောက်နှစ်ဆက်တိုက် ပထမ ရရှိခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဝေက ပြောကြားသည်။

မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၆,၈၇၃ ဦး ရှိသည့်အနက် ၇၄၂၀ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၄၆ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် အောင်ချက် အမြင့်မားဆုံး ဖြစ်ကြောင်း အထက်ပါရုံးမှ သိရသည်။

“မွန်ပြည်နယ်ကတော့ ခြောက်နှစ်ဆက်တိုက် အောင်ချက် အကောင်းဆုံး ရရှိလာခဲ့တယ်။ ဒါကတော့ ဆရာ ဆရာမတွေရဲ့ ကြိုးစားအားထုတ်မှု၊ ကျောင်းသူ ကျောင်းသားတွေရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် ရရှိလာခဲ့တာ ဖြစ်တယ်။ ဝမ်းလည်းသာတယ်၊ ဂုဏ်လည်း ယူပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလိုပဲ အောင်မြင်မှုတွေ ရရှိနေမှာပဲလို့ မျှော်လင့်တယ်” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ပြုံးပြုံးအေးက ပြောကြားသည်။

မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ငါးဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၃၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၅၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၈၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၁၁ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၂၂၆ ဦး ရရှိကြသည်။

မွန်ပြည်နယ်သည် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် ၄၂ ဒသမ ၅၀ ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် ၄၂ ဒသမ ၀၈ ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် အောင်ချက် ၄၃ ဒသမ ၃၃ ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံး ရရှိလာခဲ့သည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း သံဖြူဇရပ်မြို့နယ်သည် အောင်ချက် အကောင်းဆုံး ဖြစ်ပြီး အောင်ချက် ၆၀ ဒသမ ၆၀ ရာခိုင်နှုန်း၊ ဒုတိယအောင်ချက် အကောင်းဆုံးအဖြစ် မုဒုံမြို့နယ် အောင်ချက် ၆၀ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် တတိယအောင်ချက် အကောင်းဆုံးအဖြစ် မော်လမြိုင်မြို့နယ် အောင်ချက် ၅၄ ဒသမ ၅၁ ရာခိုင်နှုန်း အသီးသီး ရရှိကြသည်။

“မြို့နယ်တွေ အနေနဲ့က ဒီနှစ် ထူးခြားတာက သံဖြူဇရပ်မြို့နယ် ပထမ ရသွားတယ်။ ခါတိုင်း နှစ်တွေကျတော့ မုဒုံက ပထမ ဖြစ်နေတယ်။ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် သုံးမြို့နယ်ထဲကပဲ လည်နေတာ” ဟု ဒေါ်ပြုံးပြုံးအေးက ပြောသည်။

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ်တွင် ဝင်ရောက်ဖြေဆိုသူ ၈၇၂၁ ဦးတွင် ၇၀၄ ဦး အောင်မြင်သဖြင့် အောင်ချက် ၈ ဒသမ ၀၇ ရာခိုင်နှုန်းသာ ရှိကြောင်း ချင်းပြည်နယ် ပညာရေးမှူး ရုံးထံမှ သိရသည်။


The Voice Weekly

မြန်မာယူ-၁၆ အသင်း ဖနွမ်းပင်ခရောင်းကို အဝေးကွင်းတွင် အနိုင်ရ


ရဲရင့်ဋ္ဌေး
Asia Champions Trophy U-16 2014 ပြိုင်ပွဲ ပွဲစဉ်(၄)တွင် မြန်မာယူ-၁၆ အသင်းမှာ ကမ္ဘောဒီယား ဖနွမ်းပင်ခရောင်းအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီး အုပ်စုတွင်း ပထမဆုံး နိုင်ပွဲ စတင်ရယူနိုင်ခဲ့သည်။
မြန်မာယူ-၁၆ အသင်းမှာ ပြိုင်ပွဲအဖွင့်ပွဲတွင် လာအိုကလပ် တိုယိုတာအသင်းနှင့် နှစ်ဂိုးစီသရေ၊ ထိုင်းကလပ် ချောင်ဘူရီအကယ်ဒမီအသင်းကို ၁-၅ ဂိုးတို့ဖြင့်ရှုံးနိမ့်ထားသည်။ မြန်မာယူ-၁၆အသင်းမှာ Asia Champions Trophy U-16 2014 ပြိုင်ပွဲ အုပ်စု(ခ) တွင် လာအိုတိုယိုတာ၊ ကွမ်တုံးအက်ဖ်အေ၊ ချောင်ဘူရီအက်ဖ်စီ၊ ဖနွမ်းပင်ခရောင်း၊ Frenz United အသင်းတို့နှင့်တစ်အုပ်စုတည်းကျရောက်နေသည်။ လက်ရှိအချိန်တွင် အုပ်စု (ခ)၌ ချောင်ဘူရီအသင်းက ပွဲတိုင်းအနိုင်ရထားပြီး ဦးဆောင်နေကာ မြန်မာအသင်းက ရမှတ် လေးမှတ်ရရှိထား သည်။ Asia Champions Trophy U-16 2014 ပွဲစဉ် (၅)တွင် မြန်မာယူ-၁၆အသင်းမှာ ရမှတ် လေးမှတ် ရရှိထားသည်။ Asia Champions Trophy U-16 2014 ပြိုင်ပွဲမှာ ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သော အသက် ၁၅ နှစ်အောက်အာဆီယံလူငယ်ပြိုင်ပွဲ (2013 Asean Under-15 Champions Trophy)ကို ပိုမိုကျယ်ပြန့်လာစေရန် ပုံစံပြောင်းလဲကျင်းပနေခြင်းဖြစ်သည်။


Mizzima Sport 

Graffiti Artist အာကာကျော် လမ်းပေါ်ကနေ ပြခန်းထဲထိ သူ့လက်ရာတွေကို သယ်ဆောင်မယ်


မြန်မာနဲ့အမေရိကန်သမ္မတနှစ်ယောက်ရဲ့ ရုပ်ပုံတွေကို Graffiti အဖြစ်ရေးဆွဲပြီး Street Artist အဖြစ် နာမည်ကျော်ခဲ့တဲ့ အာကာကျော်ဟာ မကြာခင်မှာ ပန်းချီပြပွဲကို ကျင်းပတော့မှာပါ။ လမ်းပေါ်မှာဆွဲတဲ့ပန်းချီတွေကို ပြခန်းထဲပြမယ့်အပေါ် အာကာကျော် ဘယ်လိုသဘောထားရှိလဲ။

လမ်းပေါ်မှာ ဆွဲနေတဲ့ကားတွေကို ပြခန်းထဲမှာ ပြလို့ရတယ်ဆိုတာ သိစေချင်တဲ့စိတ် အရင်ကတည်းကရှိနေတယ်လို့ ပန်းချီကား ၁၅ကားကနေ ၂ဝအထိ ပြဖို့ ပြင်ဆင်နေတဲ့ အာကာကျော်က ဆိုပါတယ်။ Street Art ဟာ ပုံမှန်ပန်းချီပါလို့ သူက ဆိုပါတယ်။

သူ့ရဲ့ ပွဲကို ဇူလိုင် ၁၁ရက်ကနေ ၁၈ရက်နေ့အထိ The River Gallery မှာ ပြသဖို့ရှိပြီး လမ်းပေါ်မှာ ဆွဲရတာလောက် အရသာမရှိဘူးလို့ ခံစားနေပါတယ်။ ဒါပေမယ့် မြို့ပြအလှကို ဖျက်စီးတယ်လို့ ပြောပြီး ပိတ်ပင်တားဆီးမှုတွေကြုံရတာကြောင့် အသုံးချတဲ့သူအပေါ်မှာ မူတည်ပါတယ်လို့ သူက မြင်ပါတယ်။

နိုင်ငံတကာမျာလည်း Street Arts တွေကို ပြခန်းတွေမှာ ပြနေကြတာ အသစ်အဆန်းမဟုတ်ဘဲ လမ်းကြောင်းအတိုင်းပဲ ပြတာဖြစ်ပြီး သူ့အနုပညာကို လေးစားတဲ့သူတွေအတွက် ပြပွဲလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ်တစ်ကိုယ်တော်ပြပွဲမလုပ်ခင် စပ်ကြားမှာတော့ နိုင်ငံခြားပွဲတွေ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

Kamayut Media

Contraceptive implant ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း




(၁) ဆရာခင်ဗျာ ကျွန်တော့်အမျိုးသမီးက လက်ထဲမှာ တားဆေးချောင်းထည့်ပြီးကတည်းက ရာသီလာတာ မရပ်တော့ဘူး ဖြစ်နေတယ်။ အဲ့ဒါဘယ်လိုလုပ်ရမလည်းမသိဘူးဖြစ်နေလို့ပါ။ ကျတော်တို့ကလည်း အခုသူများနိုင်ငံမှာဆိုတော့ စကားကလည်း သိပ်မပြောတတ်နဲ့ဆိုတော့ဒုက္ခရောက်နေလို့ပါ။ ကူညီပါအုံးဆရာ။ ကျေးဇူးတင်ပါတယ်။
(၂) ကျွန်မ အသက် ၃၁ နှစ်ပါ။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ Implant ခေါ် လက်မောင်းအရေပြားအောက်တွင် ထည့်မည့် ကိုယ်ဝန်တားဆေးချောင်း ထည့်ချင်လို့ပါ။ သူ၏ ဆိုးကျိုး ကောင်းကျိုးများကိုသိချင်ပါသည်။ ထိုတားဆေးသည် ၅ နှစ်ခံလို့ ပြောပါသည်။ သောက်ဆေးများကဲ့သို့ ဆိုးကျိုးမရှိဘူးလို့ ပြောပါသည်။ ဟုတ်ပါသလား။ ကိုယ်မလိုချင်လို့ ပြန်ထုတ်လျှင် ချက်ချင်း ကလေးပြန်ရသည် လို့လည်း ပြောပါသည်။ ဟုတ်ပါသလား ဆရာ။
(၃) ဒေါက်တာရှင့် ကလေးက ၁၆ လရှိပါပြီ။ သားဦးပါ။ ကလေးမွေးပြီး ၂ လမှာ လက်မောင်းထဲကိုထည့်တဲ့ သားဆက်ခြား အချောင်းလေး ထည့်ထားပါတယ်။ ထည့်ပြီး ၁ နှစ်ကျော်လောက် ရာသီသွေးလုံးဝ မပေါ်ပါဘူးဆရာ။ ပြီးခဲ့တဲ့ တလကျော်က တခါလာလိုက်ပါတယ်။ သိပ်မများပါဘူး။ အခုလကတော့ ၆ ရက်နေ့ကစပြီး နည်းနည်းလာပါတယ်။ ကိုယ်တွေ လက်တွေ အရမ်းလည်း ကိုက်ပါတယ်။ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အတော်များပါတယ်။ ပြီးတော့ ၂ ရက်လောက် ခြားပြီး ဆက်လာနေတာ အခု ၂၂ ရက် နေ့အထိ လာနေလို့ပါ။ ရာသီသွေးလည်း များပါတယ်။ ရာသီသွေးပေါ်တဲ့ရက်က ကြာနေတော့ စိတ်ပူလိ့ပါ။ အရင်တုန်းကလည်း တခါမှ မဖြစ်ဘူးတော့ အခုလို အကြာကြီးလာနေတာ တခုခုများ မှားလို့လားလို့ စိုးရိမ်လို့ပါ။ လူကလည်း အားနည်းသလို ဖြစ်ပြီး မူးမူးနေပါတယ်။ အခုလို သားဆက်ခြားတဲ့နည်းသုံးရင် အဲ့လို ဖြစ်တတ်လား သိချင်လို့ပါ။ ရာသီသွေးက ပုံမှန်မပေါ်ဘူးဆိုတာ ဟုတ်ပါသလား။ အခုလို အားနည်းပြီး မူးနေတာကို ဆေးသောက်လို့ရလား သိချင်လို့ပါ။

ကိုယ်ဝန် တားနည်းတွေ အများကြီး ရှိတယ်။ အရေပြားအောက်မှာ ထည့်ထားရတဲ့နည်းကို အမျိုးသမီး အတော်များများ စိတ်ဝင်စားကြတယ်။ သားအိမ်ထဲလိုမျိုး အတွင်းကျကျမှာ လုပ်ရတာ မဟုတ်တော့ ရှက်စိတ် နည်းစေတယ်။ သူများလဲ မြင်တာ မဟုတ်ဘူး။ တနေ့တလုံး ဆေးသောက်ရတာမျိုးလဲ မဟုတ်။ သုံးလတခါ ဆေးထိုးနေဘို့လဲမလို အကြာကြီး ခံတယ်။ အခါတိုင်း အခါတိုင်း သုံးဘို့ (ကွန်ဒွမ်) တွေလဲ ဝယ်နေစရာ မလိုဘူး။ (ကွန်ဒွမ်) သုံးပါ ပြောလို့ အဖေါ်-ခင်ပွန်းက ငြင်းနေမှာလဲ မပူရဘူး။

Implants ဆိုတာ အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းလေးပါ။ ဆံညှပ်အရွယ်၊ ကွေးနိုင်ဆန့်နိုင်တဲ့ ပြွန်ချောင်းကလေးတခု ဖြစ်တယ်။ လက်မောင်းအတွင်းဖက် အရေပြားအောက်မှာ ထုံဆေး-ပိုးသန့်ဆေးသုံးပြီး ထည့်ထားရတယ်။ သူကနေ Progestogen ဟော်မုန်းကို ၃ နှစ်ကြာအောင် ထုတ်ပေးနေမယ်။ လစဉ် မ-မျိုးဥအိမ်ကနေ မ-မျိုးဥမထွက်စေအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲကျိတဲ့ အရည်ကိုလဲ ပြစ်စေးလာစေလို့ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် ထားမယ်။ သားအိမ် အတွင်းသား နံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားဆီးပေးမယ်။

၉၉% မက ထိရောက်တယ်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့က စထည့်ထားရင် ချက်ချင်းထိရောက်တယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ရှိမနေစရေဘူး။ ကလေးဖွါးပြီးစမှာလဲ ထည့်နိုင်တယ်။ သားပျက်ပြီးစလဲထည့်နိုင်တယ်။ ကလေးနို့တိုက်တာကိုလဲ သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီ လက္ခဏာတွေကိုလဲ သက်သာစေတယ်။

ဘာဘဲလုပ်လုပ် သတိကြီးစရာတွေတော့ ရှိပါတယ်။ မတော်တာ၊ မထင်တာ ဖြစ်လာတတ်တယ်။ ရာသီ မမှန်တာ၊ ထည့်ထားတဲ့နေရာ ပိုးဝင်တာ၊ နာကျင်တာ၊ ထည့်ပေးတာက နေရာမကျတာ၊ ထည့်ထားတဲ့ ပစ္စည်းက ဟိုရောက် ဒီရောက်သွားတာ စသဖြင့်။ ၁၉၉ဝ ကျော်မှာ စပေါ်တုံးက အလွန်ဆွဲဆောင်မှုရှိတဲ့ ကိုယ်ဝန်တားနည်းဖြစ်လာရာကနေ ၂ဝ၁၁ အစပိုင်းရောက်တော့ ကိုယ်ဝန် ရသွားသူပေါင်း ၆ဝဝ ရှိတယ်လို့ ဗြိတိန် တီဗွီတွေမှာ ပြောလာတယ်။ မကြာခင်မှာဘဲ အဲလိုပြောတာ မဟုတ်တဲ့အကြောင်း မီဒီယာက နားလည်မှုလွဲတာပါလို့ (ဂါးဒီးယန်း) သတင်းစာကနေ ပြန်ရေးတယ်။ ၁ဝ နှစ်အတွင် ကိုယ်ဝန်ရသူပေါင်း ၅၄၈ ယောက်ရှိတယ် ဆိုတာဟာ မအောင်မြင်မှုနှုန်း တနှစ်မှာ ဝ့ဝ၁၄% သာဖြစ်တယ်။ အောင်မြင်မှုနှုန်းက ၉၉့၉၈% ဖြစ်တယ်။

1. Nexplanon ဆိုတာ Organon ကုမ္ပဏီကထုတ်ပြီး Etonogestrel ပါတယ်။ ၃ နှစ်ခံတယ်။
2. Norplant ကနောက်မှပေါ်လာတာ။ ၁၉၈၃ ကတည်းက ဖင်လန်နိုင်ငံမှာ စသုံးခဲ့တယ်။ Levonorgestrel (Progestin) 36 mg ပါပြီး (2.4 mm × 34 mm) အရွယ်ရှိတဲ့ Silicone capsules (၆) ခု ဖြစ်တယ်။ ၅ နှစ် ခံတယ်။ ယပ်တောင် ပုံလေးလို လှလှပပလေး ထည့်ပေးတယ်။ အပေါ်ကနေ မြင်နေရတတ်တယ်။ သေခြာစမ်းရင် သိနိုင်တယ်။ အိန္ဒိယကထုတ်တဲ့ Norplant capsules ၆ တောင့်ထဲမှာ Aprogestin ပါတယ်။ ဝတဲ့သူတွေလဲ ရတယ်လို့ ပြောတယ်။ ၅ နှစ်ထားနိုင်တယ်။
3. Jadelle (Norplant II) နာမည်နဲ့ တခြားနိုင်ငံတွေမှာ ရှိတယ်။ (2.5 mm × 43 mm) အရွယ် (စီလီကွန်) (၂) ချောင်းထဲမှာ 75 mg Levonorgestrel ပါတယ်။ ၁၉၉၆ က စသုံးတယ်။ အစက ၃ နှစ် နောက်တော့ ၅ နှစ် အာမခံတယ်။ အစနှစ်မှာ တနေ့ကို 100 µg/day နောက်၊ 40 µg/day နဲ့ 30 µg/day နှုန်းနဲ့ ၅ နှစ်ကြာ ထုတ်ပေးနေမယ်။ လက်မောင်း အတွင်းဖက်၊ အရေပြားအောက်မှာ (ဗွီ) ပုံသဏ္ဌာန် ထည့်ပေးမယ်။ ထည့်နည်းကို http://www.rxlist.com/jadelle-drug.htm မှာ အတိအကျ ပြပေးထားတယ်။
4. Implanon (Etonogestrel) ကို ဗြိတိန်မှာ ၁၉၉၉၊ ကတည်းက စသုံးတယ်။ 4 cm x 2 mm အရွယ်ရှိတယ်။ တတောင်ဆစ် အောက်နား အရေပြားအောက်မှာ ထည့်လေ့ရှိတယ်။ အခု အဲဒါ Nexplanon နဲ့ အစားထိုးလိုက်ပြီ။ ခပ်ဆင်ဆင်ပါဘဲ။ ဒါပေမဲ့ ဓါတ်မှန်မှာ ပေါ်နိုင်တာ လုပ်ထားတယ်။ Applicator ပါလို့ ထည့်ရတာလဲ လွယ်တယ်။ အရင်ဟာကို ၃ နှစ် ကျော်ရင်တော့ အသစ်နဲ့ အစားထိုးတာ ကောင်းတယ်။ Implanon ကိုသာ USA မှာ ၂ဝဝ၆ ဇူလိုင်ကစပြီး လိုင်စင်ပေးထားတယ်။ Etonogestrel 68 mg ပါပြီး၊ ၃ နှစ်ခံ၊ (၁) ချောင်းထဲ ဖြစ်တယ်။ ထုံဆေးသုံးပြီး လူနာက ညာသန်ဆိုရင် ဘယ်လက်ဖျံမှာ တဒေါင်ဆဆစ် အထက် လက်မောင်း အတွင်းဘက် ၈-၁ဝ စင်တီမီတာ နေရာမယ် ထည့်ပေးတယ်။ ၅-၁၅ မိနစ်အလုပ်သာ ဖြစ်တယ်။ ၄% လောက်မှာ သွေးခြည်ဥတာ၊ ဖေါင်းတာ၊ နီရဲတာ၊ နာနေတာ ဖြစ်တတ်တယ်။

မထည့်ခင် ကိုယ်ဝန်ရှိမနေတာ သေခြာစေသင့်တယ်။ ဆီးစစ်ပါ။ ရာသီစလာတဲ့ရက်ကနေ ၅ ရက်အတွင်း လုပ်သင့်တယ်။ ကလေး ဖွါးပြီးစ၊ ကလေး ၃ ပါတ်အရမှာ လုပ်နိုင်တယ်။ ကလေးနို့တိုက်တာမှာ ပြဿနာမရှိစေဘူး။ နို့ထဲမှာ ဟော်မုန်း နဲနဲလေးတော့ ပါနေနိုင်တယ်။ ကိုယ်ဝန်ပျက်ပြီးသူက ချက်ချင်းထည့်နိုင်တယ်။ ထည့်ပြီး ၂၄ နာရီကစပြီး သက်ရောက်မှု ရှိမယ်။ ပြန်ထုတ်ပြီးရင် မကြာခင် ကိုယ်ဝန် ရနိုင်လာတယ်။

ရေရှည်မှာ ဘာဖြစ်သလဲ။ ကင်ဆာ မဖြစ်တာတော့ သိထားတယ်။ တခြားဆိုတာတွေ သိပ်မသိလှသေးပါ။ ဘေးထွက်-ဆိုးကျိုး မရှိတော့ မဟုတ်ပါ။ ဟော်မုန်း တန်ခိုးက ကြီးတယ်။ တခုကောင်းတာက တခုခုဖြစ်ရင် ထုတ်ပြစ်လိုက်ယုံဘဲ။ ဆေးထိုးတာသူတွေနဲ့ မတူဘူး။ ဆေးသတ္တိက ချက်ချင်း ရပ်သွားတာ။ မွေးလမ်းကြောင်းကနေ သွေးဆင်းနေချိန်၊ အသဲရောဂါရှိနေရင်၊ သွေးခဲပိတ်ရောဂါရှိနေရင် မသုံးရဘူး။ မျိုးဥအိမ် အကျိတ်ရှိသူတွေလဲ မသုံးသင့်ဘူး။ လူကောင် ဝလွန်းသူတွေအတွက်လဲ ကိုယ်ဝန်တားဘို့ မသေခြာလှဘူး။ ဥပမာ Body mass index ဆိုတာက 35kg/sq metre ကျော်နေရင်။ ကိုယ်ဝန် ရှိနေရင်၊ အသဲရောဂါ ရှိနေရင်၊ အခု ဒါမှမဟုတ် လွန်ခဲ့တဲ့ ၅ နှစ်က ရင်သား-ကင်ဆာရှိရင်၊ (မိုင်ဂရင်း) အမူးရောဂါ ရှိရင် မသုံးသင့်ဘူး။

ဘေးထွက်ဆိုးကျိုးတွေ = ခေါင်းကိုက်၊ ခေါင်းမူး၊ သွေးနဲနဲစွန်းမယ်၊ ရာသီများမယ်၊ မဆင်းဘဲနေမယ်၊ ကိုယ်အလေးချိန်တိုး၊ ရင်သားနာ၊ စိတ်ကျ၊ စိတ်မူပြောင်း၊ ပျို့ချင်မယ်၊ ရာသီမလာတာ လူတိုင်းတော့ မဟုတ်ပါ။ ကိုယ်ရောင်သလိုဖြစ်မယ်၊ ဝက်ခြံပိုထွက်မယ်၊ လူကပိုဝလာ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ စိတ်မူပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)၊ လိင်စိတ် ပြောင်းလဲ၊ (မဟုတ်ဘူးပြောတာလဲရှိတယ်)။

မသုံးသင့်သူတွေ = မွေးလမ်းကနေ ဘာမှန်းမသိဘဲ သွေးဆင်းနေသူ၊ အသဲရောဂါဆိုးရှိနေသူ၊ သွေးခဲပိတ်ရောဂါရှိနေသူ၊ မျိုးဥအိမ်-အကျိတ် ရှိနေသူတွေ၊ St John's wort (Hypericum perforatum, Tipton's Weed, Chase-devil, Klamath weed) ခေါ်တဲ့ စိတ်ကျရောဂါ အတွက် သုံးတဲ့ တိုင်းရင်းဆေး ပေးနေသူတွေ၊ Rifampicin, Rifabutin, Phenytoin, Carbamazepine, Phenobarbital နဲ့ Primidone ဆေးတွေ သောက်နေရသူတွေ HIV ဆေးပေးနေသူတွေမှာ သတိထားရမယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်တာ သမိုင်းကို ဆန်းစစ်တဲ့အခါ စိတ်မသက်သာစရာတွေ တွေ့လာရတယ်။ ၆-၁-၂ဝ၁၁ လန်ဒန်က လာတဲ့ သတင်းတပုဒ်မှာ ၃ နှစ်ခံ Implanon implant သုံးတဲ့ အမျိုးသမီး ၅ဝဝ မယ် ကိုယ်ဝန်ရခဲ့တယ်လို့ ဆိုတယ်။ (တီဗွီ-စတိုရီ) တွေလည်း ပြကြတယ်။ နောက်ထပ် ဒါပေမဲ့တခု ဆက်လာပါတယ် (မီဒီယာ) သမားတွေဟာ အခြေခံသင်္ချာကို နားလည်မှု လွဲနေတယ်တဲ့။ ပြောတဲ့သူက Medical statistician ဆေးပညာ-စာရင်းဇယား ပညာရှင်ပါ။ ၁ဝ နှစ်အတွင်း ကိုယ်ဝန် ၅၈၄ ဆိုတာဟာ Failure rate မအောင်မြင်နှုန်း ဝ့ဝ၁၄% သာဖြစ်ပါတယ်၊ Success rate အောင်ချက်က ၉၉့၉၈၆% ပါတဲ့။

UK မှာ ၁၉၉၉ တည်းက အမျိုးသမီးပေါင်း ၁့၎ သန်း Implanon ထည့်ထားကြတယ်။ ၁၆ဝ၇ က (ကွန်ပလိန့်) တက်တယ်။ ၉၉% ထိရောက်တယ်။ ညွှန်ကြားချက်လဲ ထုတ်ထားလိုက်တယ်။ လူနာတွေကို သတင်းအချက်အလက် အစုံ အသိပေးပါ။ အကျိုးနဲ့ အပြစ်တွေ၊ တခြားနည်းနာတွေ၊ ဘေးထွက်-ဆိုးကျိုးတွေ ပါစေရမယ်။ ပြဿနာပေါ်ရင် ရှင်းလင်းချက်၊ တောင်းပန်ချက်၊ ဘယ်လို ကိုင်တွယ်မလဲ၊ ထည့်ပေးထားသူတွေကို (ဖေါလိုအပ်) ခေါ်ယူစစ်ဆေးမှု စီစဉ်ပေးပါ၊ မထည့်ခင်က ကိုယ်ဝန်ဟာ သားအိမ်ထဲ၊ သားအိမ်ပြင်ပမှာ ရှိနေ-မနေ သေခြာစေပါ။

Dr. တင့်ဆွေ

Stitches ချုပ်ရိုး



သမီးက ဗိုက်ခွဲပြီး ကလေးမွေးထားတာ ၈ ရက်မြောက်နေ့ရှိနေပါပြီ။ ချုပ်ရိုးက နာပြီး စပ်သလိုဖြစ်ပါတယ်။ ခွဲပြီးစမှာ အဲဒီလို ဖြစ်တတ်ပါလားရှင့်။ ချုပ်ရိုးက ဘယ်အချိန်လောက်မှာကျက်ပြီး သွားနိုင်လာနိုင်ပါသလဲရှင့်။ ဘေးစောင်းအိပ်လို့လဲ မရသေးပါဘူးရှင့်။

• ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွါးတာဆိုရင် သားအိမ်ကိုပါ ၃ ထပ်ချုပ်ပေးရတယ်။
• နာတာမှာ ခံစားမှု မတူတာရှိတယ်။ ဗိုက်ကို တခါမကခွဲရသူတွေဆိုရင် သတိထားစရာတခုရှိတယ်။ တခါခွဲတိုင်း တွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ “Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှု ဖြစ်တယ်” စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေးပြုပြင်ပေးမယ်။
• ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျ ပြောနိုင်တယ်။
• အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဘို့ (၈) ရက်ထက်မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်သာ ကြာတယ်။ STO ချုပ်ရိုးဖြေတဲ့ရက်တွေဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။
• အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရက်တူလောက်မှာ အနာကျက်ပါတယ်။
• အကြမ်းဖျဉ်း နှစ်ပါတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင်ပြောတာဖြစ်ပါတယ်။
• ဗိုက်ကိုအကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟပွင့်ထွက်ထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာဘဲ ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး (၃) ယောက်လောက်တွေ့ရဘူးတယ်။ ပြန်ချုပ်ရာမျာ အထူးစီမံပြီး ချုပ်ပေးရတယ်။ အဲလိုလူမျိုးကတော့ နောက်တခါ ချုပ်ရိုးဖြည်ဘို့ ရက်ပိုစောင့်ရမယ်။
• ချုပ်ရိုးမှာ လုံးလုံးလေးတွေလိုစမ်းတွေ့တာက စိုးရိမ်စရာမရှိပါ။ အရေပြားကိုချုပ်တဲ့ အပ်ခြည်၊ အောက်က အလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး (ကက်ဂတ်) တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာဖြစ်ပါမယ်။ ကြာလေ အသားကျလေ ဖြစ်မယ်။ တကယ်လို့ နေရာတခုစီလောက်မှာ အနာလို ပန်းရောင်၊ အနီရောင် နေရာလေးတွေ ရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့နေမယ်။ ထုတ်ပေးလိုက်ရင် ပျောက်သွားပါမယ်။
• ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလဲစသင့်တယ်။ (ဟာနီယာ) အူကျတာကို ခွဲစိတ်တာ၊ (ပလပ်စတစ်) ခွဲစိတ်တာစတဲ့ တချို့ ချွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။
• အသက်ကြီးသူတွေဆိုရင် ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်စေတယ်။ လမ်းလျှောက်နိုင်တာလဲ ရက်မကြာပါ။
• လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်း-အများနဲ့ အပြင်း-အပြော့ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။
• ၄ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။
• အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွါးလမ်းမှာ ခွဲစိတ်ရသူဆိုရင် (ကီဂယ်လ်) လေ့ကျင့်ခန်းလိုမျိုးကတော့ (၂) ပါတ် ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း (ဗဂျိုင်းနား)၊ ဆီးလမ်းအားကောင်းစေဘို့လုပ်နည်းကို ဆိုလိုတာပါ။ သားအိမ်-ဆီးအိမ်ကျတာ သက်သာစေတယ်။ စာတပုဒ်သပ်သပ် ရေးထားပါတယ်။
• လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမဲ့ဆေးတွေလဲ ကူသင့်တယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ (တစ်ရှူး) တွေ အသစ်ဖြစ်စေအောင် (ပရိုတင်း) ဓါတ် မနည်းစေရပါ။ ကြွက်သား အားကောင်းအောင် (ပိုတက်ဆီယမ်) အပိုဆောင်းလိုနိုင်တယ်။ (ပိုတက်ဆီယမ်) များတဲ့အစားအသောက်တွေ လိုမယ်။ ဗီတာမင် (စီ) လဲ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။
• Chimose လိုဆေးပေးတာအတွက် ခွဲစိတ်ဆရာဝန်တိုင်းက ကောင်းတယ်-မကောင်းဘူးဆိုတာ သဘောထားမတူကြပါ။
• ခွဲစိတ်မှုနည်းနာတွေ ပါဖက် ဖြစ်ရင် ခွဲစိတ်တာအတွက် ပိုးသေဆေး မပေးတာလဲရှိတယ်။ တချို့ ခွဲစိတ်မှုတွေမှာတော့ မခွဲခင်ကတည်းက ပိုးသေဆေးပေးထားရတယ်။

ဒေါက်တာတင့်ဆွေ

တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်းများထက် ၁၀ ဆခန့် ပိုမြန်မည်


တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Cardများတွင် တစ်ပါတည်း ပါဝင်လာမည့် 3G
 မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည်လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
 ရောင်းချ ပေးထားသည့် မိုဘိုင်းလ် ဖုန်းများတွင်


ရှိသည့် အင်တာနက် စနစ်ထက် ၁၀ ဆခန့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

“3G အင်တာနက် စနစ်နဲ့ သုံးမယ်ဆိုရင် သုံးတဲ့သူတွေ အရမ်းကျပ်နေရင်တောင် 1Mbps လောက်ရမယ်။ သုံးတဲ့သူ နည်းတဲ့ အချိန်ဆိုရင် 4Mbps မှ 6Mbps လောက်အထိ ရမယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

တယ်လီနော SIM Card ဝယ်ယူသူများ အနေနှင့် ကုန်ကျစရိတ် ပိုမိုသက်သာသည့် 2G အင်တာနက် စနစ်ဖြင့် သုံးစွဲပါက အသုံးပြုသူ များသော အချိန်တွင် 100 Kbps မှ 150 Kbps ထိ ရရှိနိုင်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို 512 Kbps အမြန်နှုန်းဖြင့် အင်တာနက် သုံးစွဲနေရသည်ကို အတိအကျ သိရှိရခြင်း မရှိဘဲ တစ်ခါတစ်ရံ 1Kbps (Kilo Byte per Second) အောက်အထိ ကျဆင်းမှုများ ရှိနေကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။

ထို့အပြင် တယ်လီနော အနေနှင့် မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေပေါ် မူတည်၍ မကြာမီ ကာလများတွင် 46 LTE ဆက်သွယ်ရေးစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့ ဝန်ဆောင်မှု ပေးသွားရန် စီစဉ်နေကြောင်းလည်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲစေမည် ဆိုပါက သုံးစွဲသူ အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်အချင်းချင်း ဆက်သွယ်ရန် Fiber Cable များကို အမြန်ဆုံး ပြီးစီးစေရန် တပ်ဆင်သွားမည် ဖြစ်ပြီး Fiber Cable ဖြင့် ချိတ်ဆက် သုံးစွဲပါက ဆက်သွယ်မှု လိုင်းကောင်းမွန်မှု ပြဿနာကို စိတ်ပူရန် မလိုအပ်ကြောင်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

“2G စနစ်နဲ့ သုံးရင် Gmail တို့ Facebook တို့ Youtube တို့ကို စိတ်ကြိုက် သုံးလို့ရမယ်။ 3G စနစ်နဲ့ သုံးရင်တော့ ပိုကောင်းတဲ့ ပိုမြန်တဲ့ အင်တာနက် အမြန်နှုန်း လိုအပ်တဲ့ Website တွေ နောက် Download ချတာတွေကို သုံးစွဲနိုင်မှာပေါ့။ နောက်ပြီး ကတိပေးနိုင်တာက အင်တာနက်သုံးလို့ ကုန်ကျစရိတ် ပိုများမှာကို စိုးရိမ်နေစရာ မလိုပါဘူး။ သက်သာတဲ့ ဈေးနှုန်းပဲ ဖြစ်စေရမယ်” ဟု Petter Furberg က ဆိုသည်။

မိုဘိုင်းလ် အင်တာနက်စနစ် ပိုမိုကောင်းမွန်စေရန် မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေနှင့် ကိုယ်ပိုင် အင်တာနက်လိုင်းများ ချိတ်ဆက်သွယ်တန်း လုပ်ကိုင်လိုပါက လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ ဒါပေမဲ့ အားလုံး အပြိုင်အဆိုင် လုပ်ကြမှာ ဖြစ်တဲ့အတွက် သူတို့ချည်းပဲ ကောင်းလာမှာ မဟုတ်ပါဘူး။ အားလုံး ကောင်းလာမှာပါ။ ပိုကောင်းတဲ့ SIM Card ကိုတော့ ရွေးချယ် သုံးရမှာပေါ့” ဟု ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သူ ဦးရဲဝင့်အောင်က ဆိုသည်။

The Voice Weekly


မိုးကြိုးမုန်တိုင်းကြောင့် အင်္ဂလန်၏ခြေစမ်းပွဲ မိနစ် ၄၀ ခန့်ရပ်ဆိုင်းခဲ့ရ


ဝေဘုန်းလူ မီယာမီ၊ ဇွန် ၈ ကမ္ဘာ့ဖလားအကြို အင်္ဂလန်အသင်း၏ နောက်ဆုံးခြေစမ်းပွဲတွင် ဟွန်ဒူးရပ်စ်အသင်းနှင့် ဂိုးမရှိသရေကျ ခဲ့ရာတွင် ရာသီဥတုဆိုးရွားမှုကြောင့် ပွဲကို မိနစ်အတန်ကြာ ရပ်နားခဲ့ရသည်။ မီယာမီတွင် ရာသီဥတာဆိုးရွားနေပြီး အန္တရာယ်ရှိသော မိုးကြိုးမုန်တိုင်းကြောင့် ခြေစမ်းပွဲ ပထမပိုင်း၌ မိနစ် ၄၀ ကျော်ခန့်ပွဲရပ်နားခဲ့ရခြင်းဖြစ်သည်။ သို့သော် ပွဲပြန်စချိန်တွင် ရာသီဥတုမှာ ရွိုင်းဟော့ဒ်ဆန်အလိုရှိ သည့် ပူပြင်းပြီး ရေငွေ့များသော ရာသီဥတုမျိုး ဖြစ်ပေါ်ခဲ့သည်။ အင်္ဂလန်အသင်းမှာ ဘရာဇီးရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိရန် မီယာမီ၌ ပြင်ဆင်နေခြင်းဖြစ်သည်။ ဟွန်ဒူးရပ်စ်နှင့်ခြေစမ်းပွဲတွင် အဂ်လန်အသင်းမှာ အနိုင်ရရန်နီးစပ်ခဲ့သော်လည်း တိုက်စစ်မှူး စတူးရစ်ခ်ျ အကောင်းဆုံးအခွင့်ရေး နှစ်ကြိမ်လွဲချော်ခဲ့၍သာ ဂိုးမရှိသရေကျခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းမှာ ကမ္ဘာ့ ဖလားပြိုင်ပွဲကြိုအဖြစ်ခြေစမ်းသော နောက်ဆုံး သုံးပွဲတွင် ပီရူးတစ်သင်းကိုသာ ၀င်ဘာလေကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရပြီး မီယာမီတွင်ကစားသော ခြေစမ်းပွဲနှစ်ပွဲ၌ အီကွေဒေါနှင့် နှစ်ဂိုးစီသရေ၊ ဟွန်ဒူးရပ်စ်နှင့် ဂိုးမရှိသရေကျ ခဲ့သည်။ ရည်ညွှန်း BBC

Mizzima Burmese

ပါတီတစ်ခုနှင့်တစ်ခု ရန်ဘက်ကဲ့သို့ သဘောထားကာ အပြုတ်တိုက်မည်ဆိုသည့်စိတ်များ ရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား



ပါတီတစ်ခုနှင့်တစ်ခု ရန်ဘက်ကဲ့သို့ သဘောထားကာ အချင်းချင်းအပြုတ်တိုက်မည်ဆိုသည့်စိတ်များ ရှိနေပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဇွန် ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဥပဒေပညာရှင်များတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ပါတီတိုင်းပါတီတိုင်း ကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိဖို့လိုတယ်။ တစ်ပါတီနှင့် တစ်ပါတီ ရန်ဘက်တွေလိုသဘောထားပြီး အပြုတ်တိုက်မယ်။ အပြတ်ရှင်းလိုက်မယ်ဆိုတဲ့ ဟိုးအရင်က စိတ်ထားမျိုးတွေရှိမယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်သွေးစည်းညီညွတ်ရေး ဘယ်လိုမှမရဘူး။ ဒါတွေမရရင် ငြိမ်းချမ်းမှု မရနိုင်ဘူး။ ငြိမ်းချမ်းမှုဆိုတဲ့နေရာမှာ လက်နက်ကိုင်ပြီး တစ်ဖက်နဲ့ တိုက်ခိုက်နေတာကိုသာလျှင် တွက်လို့မရဘူး။
အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အတွင်းမှာလည်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ လိုတယ်။ အဲဒီအတွက် ကျွန်တော်ခုနပြောတဲ့ ဘယ်ပါတီပဲဖြစ်ဖြစ် အချင်းချင်းရန်မဖြစ်ဖို့လိုတယ်။ ထိုနည်းတူစွာပဲ ကိုယ့်ပါတီကိုယ့်မူဝါဒအရ ပြိုင်ပွဲဖြစ်တဲ့ ရွေးကောက်ပွဲကျရင် နိုင်အောင်လုပ်ကြ။ အဲဒီအခါကျရင် ပြိုင်ကြ။တစ်နည်းအားဖြင့်ဆိုရင် ပေါင်းစည်းယှဉ်ပြိုင်နိုင်ဖို့ ဒါကိုလည်း လွှတ်တော်ထဲမှာ ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာသူများသည် ဥပဒေကို သိရှိရုံမျှသာမက ကျွမ်းကျင်သူများဖြစ်ကြောင်း၊ ဥပဒေကို မသိ၊ မတတ်ပါက အမှားများကိုအမှန်ဟု ထင်နိုင်ကြောင်း၊ အုပ်ချုပ်ရေးနယ်ပယ်၌ ဥပဒေကျွမ်းကျင်သူများ ခေါင်းဆောင်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏အခြေအနေမှာ တိုးတက်လာမည်ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ တက္ကသိုလ်များရှိ ဥပဒေဌာနများမှ ပါမောက္ခများ၊ ရှေ့နေများနှင့် ဖိတ်ကြားထားသူ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပြင် မြန်မာနိုင်ငံ၌ ပါတီစုစုပေါင်း ၆၅ ခုရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဟောပြောမှုများနှင့် လူထုဆန္ဒခံယူလက်မှတ်ရေးထိုးပွဲများ ပြုလုပ်လျက်ရှိသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၅၉(စ)မပြင်ရေး ဆန္ဒပြမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်နေခြင်းမဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယ ဥက္ကဌ ဦးဌေးဦးက ဇွန် ၆ ရက်တွင် ပြောကြားသည်။

Eleven Media

တရုတ်နိုင်ငံတွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၂ ယောက် သေဆုံး


အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှု တရပ်ကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြား ၆ ယောက် နေမကောင်းဖြစ်မှုတရပ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ခရိုင်က နီကယ်သတ္ထုတွင်း တခုမှာ ဇွန်လ ၇ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံ ဘေးကင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံရှိ သဘာဝဓာတ်ငွေ စက်ရုံ

ခရိုင်တွင်း ဖင်အန်းချင်းဟိုင် သယံဇာတ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင် ယွမ်ရှိရှန်း နီကယ်စက်ရုံမှာ ညသန်းခေါင်ကျော် မနက် တနာရီလောက်မှာ ဆိုင်ယာနိုဂျင် ဆာလဖိုဒ် ဓာတ်ငွေ့ယိုစိမ့်မှုကို ထောက်လှမ်း တွေ့ရှိခဲ့တာလို့ ခရိုင်ဘေးကင်းမှု စီမံရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

မတော်တဆမှု ဖြစ်ဖြစ်ချင်း ကယ်နိုင်ပြီး အဆိပ်ငွေ့ရှူမိသူ ၈ ယောက်ကို ဆေးရုံ တင်ပို့နိုင်ခဲ့ပေမယ့် ၂ ယောက်ကတော့ လမ်းမှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။ ဓာတ်ငွေ့ ယိုစိမ့်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်ရုံက တောင်ထူတဲ့ဒေသထဲမှာ ရှိပြီး အနီးဆုံး ရွာနဲ့ ငါးကီလိုမီတာ ဝေးပါတယ်။ စက်ရုံလုပ်သားအားလုံးကို နေရာက ဖယ်ထုတ်ပြီးပါပြီ ဒေသခံတွေဘေး ကင်းပြီး နေရာရွှေ့စရာ မလိုဘူးလို့ သိရပါတယ်။

ဒေသခံ သဘာဝပတ်ဝန်းကျင်ဌာနက စစ်ဆေးသူတွေကတော့ စက်ရုံတွင်းလေထုကို စစ်ဆေးခဲ့ပြီး ရလဒ်တွေကို ထုတ်ပြန်မှာဖြစ်ပါတယ်။ ဆိုင်ယာနိုဂျင်ဓာတ်ငွေ့ဟာ အရောင်မရှိဘဲ အနံ့စူးရှပါတယ်။ ရှူရှိုက်မိရင် ခေါင်းကိုက်တာ မူးဝေအော့အန်တာ သတိလစ်တာ အကြော ဆွဲတာနဲ့ အသက်သေဆုံးတာထိ ဖြစ်စေနိုင်ပါတယ်။

 DVB

ကံကောင်းခြင်းရတနာ အလုပ်သမားများအရေး


မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာမှာ တည်ရှိတဲ့ ကံကောင်းခြင်း ရတနာ သစ်အချောထည်စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ မန္တလေးမြို့ကို လမ်းလျှောက်ချီ တက်လာနေတုန်း စဥ့်ကိုင်နဲ့ ပလိပ်မြို့အကြားက တိုးဂိတ်တခုမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀ လောက်က ဇွန်လ ၇ရက်နေ့က ပိတ်ဆို့ဟန့်တားထားတာ ခံရပါတယ်။

အဲဒီ့မှာ အလုပ်သမားခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေနဲ့ အလုပ်သမားတွေအကြား စေ့စပ်ညှိနှိုင်းပေးသူ ၂ဦးလည်း အပါအ၀င် စုစုပေါင်း ၁၂ ဦးကို အဖမ်းခံလိုက်ရပါတယ်။ သူတို့ကို မန္တလေးတိုင်းဒေသကြီး ကာလုံက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုဖို့ လုပ်ဆောင်နေပါတယ်။

ရာနဲ့ချီတဲ့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားတွေ အခုလို လမ်းပေါ် ဘာကြောင့် ရောက်လာတာပါလဲ။ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက အခုလို ပြောပြပါတယ်။

“အလုပ်သမားသပိတ်က ၄ ကြိမ်လောက်ဖြစ်ခဲ့တယ်။ ပထမ သပိတ်က တနင်္ဂနွေပိတ်ရက် မသတ်မှတ်ပေးလို့ ၁၇ ရက် ၆ လ ၂၀၁၂ မှာ နေ့ဝက်သပိတ် ဖြစ်ခဲ့တယ်။ ဒုတိယ သပိတ်က အလုပ်သမားသမဂ္ဂဖွဲ့ပြီးတဲ့အခါမှာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းကို ဖြိုခွဲဖို့ ကြိုးစားလာတဲ့လုပ်ရပ်တွေကြောင့်မို့လို့ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုခိုင်မင်း ၁၄ ရက် အချုပ်ချတယ်။ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုခိုင်မင်း ကို မတရားအမှုဆင် ဖမ်းဆီးမှုကြောင့် အလုပ်သမားတွေ သပိတ်မှောက်တာ ၂ ရက်နဲ့ ၂ ည ကြာပါတယ်။ အဲဒီမှာ ကိုခိုင်မင်းကို အာမခံနဲ့ ပြန်ထုတ်ပေးပြီး အလုပ်ပြန်ခန့်ပါတယ်။ တတိယ သပိတ်ကတော့ မြို့နယ်ဖြန်ဖြေရေးမှာ အလုပ်ရှင် အလုပ်သမား စာချုပ်မှာ အလုပ်ရှင်ဘက်က ဖောက်ဖျက်တဲ့အတွက် ဖြစ်လာတဲ့ သပိတ်ပါ။ ၁၁ရက် သပိတ်မှောက်ပါတယ်။ ၁၀ ရက် ၃ လ ၂၀၁၄ မှာ ဖြစ်တာပါ။ အခုနောက်ဆုံး စတုတ္ထသပိတ်ကတော့ စာချုပ် အသစ်ချုပ်ရာကနေ အဆင်မပြေဖြစ်ပြီး သပိတ်မှောက်တာပါ။”

မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ နှင့် လုံခြုံရေးဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အလုပ်သမားတွေ တွေ့ဆုံခဲ့ရာမှာ လျော်ကြေးယူပြီး အလုပ်ထွက်ပေးရမယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေကလဲ သဘောမတူဘဲ သပိတ်စခန်းဖွင့်မယ်လို့ ဆိုပါတယ်။

အလုပ်ရှင်အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ကို အတင်းအဓ္ဓမ လက်မှတ်ရေးထိုးခိုင်းလို့ အလုပ်သမားအများစုမှ သဘောမတူကြဘဲ ဇွန်လ
၆ရက်မနက် ပိုင်းကတည်းက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို ထွက်ခွါလာရာ စဥင့်္်ကိုင်တိုးဂိတ်မှာ အပိတ်ခံရခြင်းဖြစ်ပါတယ်။

ရိုက်ကူး - ဘကြီးအောင်
DVB TV News

နေရာအချို့တွင် မိုးကြီးနိုင်




ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအလွန်ကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အချို့ဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မမှ ၈ လက်မအထိ မိုးရွာသွန်းနိုင်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

‘‘မုတ်သုံလေက တစ်ကျော့ပြန်အားကောင်းလာတာ။ ဒါကြောင့် ဒေသတချို့ နေရာကွက်ပြီး မိုးကြီးနိုင်လို့ ခန့်မှန်းသတိပေးချက်ထုတ်ထားတာပါ’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သကဲ့သို့ မိုးနည်းနေသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအပါအဝင် တစ်နိုင်ငံလုံးအနှံ့ နေရာကျဲကျဲ (သို့မဟုတ်) နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း ပြောသည်။

ကမ်းရိုးတန်းဒေသများတွင်လည်း လေပြင်းအန္တရာယ်ရှိနေပြီး မွန်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းအမြင့် ၁၀ ပေခန့်အထိရှိနိုင်ကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခိုက်နိုင်ကြောင်း သတိပေးထားသည်။

မိုး/ဇလဌာန၏ ဇွန်လ ၈ ရက်ညနေအထိ ခန့်မှန်းချက်တွင် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

7day daily

ကြယ်ငါးပွင့် ဝယ်ယူ ခဲ့သည့် တန်ချိန် ၁ဝဝဝဝ ခန့် တင်ဆောင်နိုင်သော ဟံသာသင်္ဘော ရန်ကုန်ရောက်ရှိ


ရန်ကုန်သို့ ရောက်ရှိလာသည့် ဟံသာသင်္ဘောကို တွေ့ရစဉ်။
ရန်ကုန်၊ ဇွန် ၇- မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ဝယ်ယူခဲ့သော ကုန်တန်ချိန် ၉၉၃၄တန်တင်ဆောင် နိုင်သည့် ဟံသာသင်္ဘော ရန်ကုန် ဆိပ်ကမ်းသို့ ဇွန် ၆ရက်တွင် ရောက် ရှိလာခဲ့ ကြောင်း သိရသည်။ အဆိုပါသင်္ဘော ကို စင်ကာပူ နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သင်္ဘော သက်တမ်းမှာ ငါးနှစ်သာရှိသေးကြောင်း မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း မှ သိရသည်။
မြန်မာ့ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေ ဂျာက ''ကျွန်တော်တို့က ၁၉၅၉ ခု နှစ်ကစပြီးတော့ ကုမ္ပဏီ တည်ထောင် တဲ့အတွက် ဒီမှာရှိနေတဲ့ သင်္ဘော တွေမှာ နှစ်ပေါင်း၃၀ ကြာတဲ့သင်္ဘော တွေရှိနေပါတယ်။ ဒါကြောင့် အပြည် ပြည်ဆိုင် ရာက သင်္ဘောအစင်းတစ်ရာ လောက်ကြည့်ပြီး မြန်မာနိုင်ငံကသွား မယ့်လမ်းကြောင်းနဲ့ ချိန်ပြီး တော့ ဒီ ဟံသာ သင်္ဘော ကို စင်ကာပူနိုင်ငံတရား ရုံးကနေ လေလံဆွဲတာ နှစ်ကြိမ်ဆွဲ ပေမယ့် သူတို့သတ်မှတ်တဲ့နှုန်း မရ တာကြောင့် မြန်မာ့ ကြယ်ငါးပွင့် အနေ နဲ့ အမေရိ ကန်ဒေါ် လာ ၄ ဒသမ၂ သန်းနဲ့ ဝယ်ယူလိုက်တာဖြစ်ပါတယ်။ သင်္ဘောကို ဂျပန်နိုင်ငံမှာ တည် ဆောက်တာဖြစ်ပြီး သက်တမ်းက ငါးနှစ် ပဲရှိပါ သေးတယ်။ သင်္ဘောက အထွေ ထွေ ကုန်ပစ် စည်း တွေ တင်ဆောင် နိုင်ပါ တယ်။ အာရှနိုင်ငံတွေကို ပြေး ဆွဲသွားမှာပါ''ဟု ပြောသည်။


ယင်းအပြင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ လုပ်ငန်းခွင်တွင် အသုံးပြုလျက်ရှိသော သက်တမ်းရင့် သင်္ဘောများကို ပယ်ဖျက်၍ သက် တမ်းနုသင်္ဘောများအစားထိုးသွား မည်ဖြစ် ကြောင်း သိရသည်။
ယင်းက ''သက်တမ်း၃ဝကျော် တဲ့ သင်္ဘောတွေ ပယ်ဖျက်ပြီးရင် နောက် ထပ်သင်္ဘောတွေ ထပ်ဖြည့်ရမှာမို့ အနည်းဆုံး နောက် ထပ်နှစ်စင်းဝယ် ဖို့ လုပ်ထားပါတယ်။ များသောအား ဖြင့် ဥပရော နိုင်ငံက သင်္ဘောတွေ မှာ တည်ဆောက်တဲ့စနစ်လဲ အင် မတန်ကောင်း တယ်။ ဈေးနှုန်းလဲ အင်မတန်ကြီးတယ်။ ဂျပန်ရဲ့ပစ္စည်း က သက်တမ်းက ထိုက်သင့်သလောက် ရှိပေမယ့် ဈေး ကလဲ သက်သာတယ်။ မြန်မာနိုင်ငံရဲ့လုပ်ငန်းနဲ့လဲ ကိုက်ညီ တယ်။ တွက်ခြေကိုက်တဲ့အတွက် ကြောင့် ဂျပန်ကသင်္ဘောတွေကိုပဲ ဦးစားပေးဝယ်ဖို့ စဉ်းစားထားပါတယ်။ ဒီသင်္ဘောတွေကို အာရှ အတွင်း နိုင်ငံ များ ပြေးဆွဲတာရယ်၊ အရှေ့ဖျားခရီး စဉ်ပြေးဆွဲတာ ရယ်၊ ပြည်တွင်းခရီး စဉ်ပြေးဆွဲတာရယ်လိုတဲ့နေရာတွေ မှာ သုံးသွားမှာပါ''ဟု ပြောသည်။

မြန်မာ့ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာက ''မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း မှာ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်း အဖြစ် ရှိနေတုန်းက အခက်အခဲအ မျိုးမျိုး ကြောင့် လုပ်ငန်း ခွင်မှာ အသုံး ပြုလျက်ရှိနေတဲ့ သင်္ဘောကြီးတွေ သက်တမ်း ရင့်လာတဲ့အထိ သက်တမ်းနု သင်္ဘောတွေနဲ့ အစားထိုးတာမှာ နှောင့် နှေးကြန့်ကြာခဲ့တယ်။ အခု မြန်မာ့ စီးပွား ရေး ဦးပိုင်လီမိတက်အောက် ကို ရောက်ရှိတဲ့အချိန်မှာတော့ ဒါရိုက် တာအဖွဲ့ဝင်တွေရဲ့ ကုမ္ပဏီဆန်ဆန် လုပ်ဆောင်မှုတွေကြောင့် သက်တမ်း ရင့်သင်္ဘောတွေကို ရောင်း ချခဲ့ပြီး သက် တမ်းနုသင်္ဘောတွေနဲ့ ဖြည့်တင်း ဆောင်ရွက်ခဲ့ပါတယ်''ဟု ပြောသည်။
ဟံသာကုန်တင်သင်္ဘော ရန်ကုန် ဆိပ်ကမ်းသို့ ဝင်ရောက်လာခြင်းကို ကြိုဆိုဂုဏ်ပြုသောအခမ်းအနားကို ဇွန် ရရက်က ရန်ကုန်မြို့ ဗိုလ် အောင်ကျော်တံတားတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။


TEEP [--Democracy today Daily Newspaper--]

မိဘသဘောမတူသောသူနှင့်ယူသည့်အတွက် ဖခင်က ပစ်သတ်ခဲ့သည့် ဆယ်ကျော်သက် မိန်းကလေးအသက်ရှင်


ပါကစ္စတန်နိုင်ငံတွင် အသက် (၁၈)နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို မိသားစုသဘောမတူသူနှင့် လက်ထပ်ခဲ့သည့်အတွက် ဖခင်က သေနတ်ဖြင့်ပစ်ပြီး မြောင်းထဲသို့ပစ်ချသော်လည်း မိန်းကလေးမှာ ကံကောင်းထောက်မစွာ အသက်ရှင်နေသေးသည်ဟု သိရသည်။

ဒေသခံရဲအရာရှိ အလီအကဘာ၏ ပြောကြားချက်အရ အဆိုပါမိန်းကလေး၏ ဖခင်သည် အမျိုးများနှင့်အတူ အစ္စလာမ်မာဘတ်နှင့် ကီလိုမီတာ ၂၀၀ အကွာရှိ ဟီဖာစဖတ်မြို့တွင် သမီးဖြစ်သူအား ပစ်ခတ်ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

မိန်းကလေးဆာဘာမက်ဆွဒ်က အနီးအနားမြို့မှ ယောက်ျားတစ်ယောက်နှင့် ချစ်ကြိုက်ခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်က လက်ထပ်ခဲ့သည်။ ဖခင်ဖြစ် သူက ဆာဘာကိုမရိုက်နှက်ပါဟု ကတိပေးပြီး အိမ်သို့ပြန်ခေါ်သွားခဲ့သည်။ သို့သော် မိသားစုဝင်များက ဆာဘာကိုရိုက်နှက်ခဲ့ကြပြီး နောက်နေ့တွင် ဖခင်ဖြစ်သူက လူပြတ်သောနေရာတစ်နေရာသို့ခေါ်သွားကာ သတ်ရန်ကြိုးစားခြင်းဖြစ်သည်။

ဖခင်ဖြစ်သူက ၎င်းကို သေနတ်ဖြင့် ပစ်ချိန်တွင် ဦးလေးများကကြည့်နေခဲ့ကြပြီး ၎င်းအား ဖျင်အိတ်ထဲထည့်ကာ မြောင်းထဲပစ်ချခဲ့သည်ဟု ဆာဘာက ပြောကြောင်း ရဲအရာရှိအကဘာက ရှင်းပြသည်။

‘‘သူ့အဖေနဲ့ အမျိုးတွေက သူ့ကိုသေပြီလို့ထင်ကြတယ်။ ဒါပေမဲ့ သူက သတိပြန်ရလာပြီး အိတ်ကိုခွဲပြီး မြောင်းထဲကနေထွက်လာခဲ့တာ’’ဟု ၎င်းရဲအရာ ရှိက ပြောသည်။

မြောင်းထဲကနေလွတ်လာသော ဆာဘာမှာ လုံခြုံရေးများရှိသည့် ဓာတ်ဆီဆိုင်သို့ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ ရဲများက ယခုအခါ ဖခင်ဖြစ်သူနှင့် ဆာဘာကို ဝိုင်းရိုက်ခဲ့သော ဆွေမျိုးများအား နေရာအနှံ့လိုက်ရှာနေသည်။

ပါကစ္စတန်နိုင်ငံ ဥပဒေများအရ အမျိုးသမီးများကိုသတ်လျှင် မိသားစုနှင့် ဆွေမျိုးများကို သွေးလျော်ကြေးဟုခေါ်သော လျော်ကြေးငွေပေးပြီး အမှုကိုကျေအေးနိုင်သည့်ထုံးစံရှိပါသည်။ ပြီးခဲ့သည့်အပတ်ကလည်း ပါကစ္စတန်လာဟိုးမြို့တွင် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုသဘောမတူသူနှင့် လက်ထပ်မှုဖြင့် မိဘဆွေမျိုးများက ကျောက်တုံးဖြင့်ပေါက်သတ်ခဲ့သည်။ ထိုကဲ့သို့ မိဘဆွေမျိုးမိသားစုဆန္ဒကို ဆန့်ကျင်သည့် အမျိုးသမီးများအား အဆုံးစီရင်ခြင်းကို ဂုဏ်သိက္ခာအတွက် အဆုံးစီရင်ခြင်းဟု ယူဆလေ့ရှိသည်။

(အေပီသတင်းကို ဘာသာပြန်ဆိုထားပါသည်။)
7day daily

ဟိုတယ်ခ ဈေးမြင့်သည်ဟု ဆိုကာ နိုင်ငံခြားသားတစ်ဦး ကလေးတွင် ဆန္ဒပြ




ကလေး၊ ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇွန်လ ၆ ရက်နေ့က ဟိုတယ် အခန်းခများ ဈေးနှုန်း မြင့်မားသောကြောင့် တည်းခိုနိုင်ခြင်း မရှိဟုဆိုကာ ပြင်သစ်နိုင်ငံသားတစ်ဦး ဆန္ဒပြမှု ဖြစ်ခဲ့ကြောင်း အောင်ရတနာ ဟိုတယ်လုပ်ငန်းရှင် ဦးအေးဖေက ပြောကြားသည်။

ယင်းပြင်သစ်နိုင်ငံသားသည် ကလေးမြို့ မင်္ဂလာဥယျာဉ် ရပ်ကွက်ရှိ အောင်ရတနာ ဟိုတယ်သို့ နံနက် ၈ နာရီခန့်က ရောက်ရှိခဲ့ပြီး တစ်ရက် တည်းခိုခ အမေရိကန်ဒေါ်လာ ၂၀ သည် တည်းခိုခ ဈေးနှုန်း မြင့်မားသည်ဟု ဆိုကာ ဟိုတယ်ရှေ့ရှိ “နိုင်ငံခြားသားများကို ကူညီစောင့်ရှောက်ပါ” ဟု ရေးထားသည့် ဆိုင်းဘုတ်အောက်တွင် ဖျာခင်း၍ နေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“တခြားဟိုတယ်တွေကို မေးပြီးမှ ကျွန်တော့်ဟိုတယ် ရောက်လာတယ် ပြောတယ်။ ဟိုတယ်ခက ကျွန်တော်တို့ ပေးတဲ့ ဝန်ဆောင်မှုနဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းပါ။ ဘယ်နိုင်ငံခြားသားမဆို ဒီဈေးပဲ” ဟု ၎င်းက ရှင်းပြသည်။

မြစ်ကြီးနားမှတစ်ဆင့် မန္တလေး၊ ထိုမှတစ်ဆင့် ကလေးမြို့သို့ ကုန်းလမ်းခရီးဖြင့် ရောက်ရှိခဲ့သူ ဖြစ်ကြောင်း၊ ထိုမြို့များတွင် တစ်ည တည်းခိုခမှာ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ (ရှစ်ထောင်ကျပ်) ခန့်သာ ရှိကြောင်း၊ ကလေးမြို့တွင်မူ ဈေးနှုန်း မြင့်သောကြောင့် တည်းခိုနိုင်ခြင်း မရှိ၍ ယခုကဲ့သို့ နေခြင်းဖြစ်ကြောင်း ဆန္ဒပြသည့် ပြင်သစ်နိုင်ငံသား Mr. FACQUES CUILLAUME JEAN CLAUDE က ပြောကြားသည်။

ချင်းပြည်နယ်သို့လည်း ဆက်လက် သွားရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ အလည်လာရောက်ခြင်း ဖြစ်ကြောင်း၊ ချင်းတောင်သို့ သွားရောက်ရန်အတွက် ကလေးမြို့တွင် တည်းခိုခြင်း ဖြစ်ရာ ဟိုတယ်ခ ဈေးကြီးသဖြင့် ညမအိပ်နိုင်သောကြောင့် ကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ ညှိနှိုင်းပေးချက်ဖြင့်သာ တည်းခိုခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ရတနာ ဟိုတယ်ပိုင်ရှင်နှင့် ညှိနှိုင်းကာ နေထိုင်ရေး အဆင်ပြေစေရန် စီစဉ်ပေးခဲ့ကြောင်း ကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်က ပြောကြားသည်။

ယင်းသို့ ညှိနှိုင်းပေးခြင်းနှင့် ပတ်သက်၍ “တစ်ယောက်ကို ဈေးလျှော့ပြီး တည်းခိုင်းလိုက်တယ် ဆိုရင် နောက်ထပ် ဒီလိုမျိုး ဖြစ်လာမှာ စိုးရိမ်တယ်” ဟု အောင်ရတနာ ဟိုတယ်ပိုင်ရှင် ဦးအေးဖေက ညည်းတွား ပြောဆိုသည်။

ဟိုတယ်များ၏ တည်းခိုခ ဈေးနှုန်း သတ်မှတ်ချက်မှာ လုပ်ငန်းရှင်များနှင့်သာ သက်ဆိုင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန အနေနှင့် နိုင်ငံခြားသား အဝင်အထွက်သာ စာရင်းပြုခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ကလေးမြို့နယ် မြို့နယ်ဦးစီးအရာရှိ ဦးခိုင်မွန်က ပြောကြားသည်။

ကလေးမြို့တွင် တည်းခိုခဈေးနှုန်း ကြီးမြင့်သည်ဟု ဆိုကာ လာရောက် တည်းခိုသူများ ဆန္ဒပြမှု မရှိခဲ့သောကြောင့် ယခုဖြစ်ရပ်သည် ကလေးမြို့တွင် ပထမဆုံး ဖြစ်ကြောင်း၊ နိုင်ငံခြားသား တစ်ဦးလျှင် တစ်ည တည်းခိုက အမေရိကန်ဒေါ်လာ ၃၀ သတ်မှတ်ထားကြောင်း ကလေးမြို့တွင် နိုင်ငံခြားသားအများစု အဓိကတည်းခိုရာ ဟိုတယ်ဖြစ်သည့် တောင်ဇလပ်ဟိုတယ် မန်နေဂျာက ပြောကြားသည်။

The Voice Weekly

ရဟတ်ယာဉ် အကူအညီဖြင့် ထောင်ဖောက်ပြေးသော အကျဉ်းသားသုံးဦးကို ကနေဒါရဲတပ်ဖွဲ့ ရှာဖွေနေ


Photo Credit- AP


ကွီဘက်ခ်- ကနေဒါရဲတပ်ဖွဲ့သည် ရဟတ်ယာဉ်တစ်စီး၏ အကူအညီဖြင့် ကွီဘက်ခ်မြို့ အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သော အကျဉ်းသားသုံးဦးကို ရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ဇွန်လ ၇ ရက် ညတွင် ပြောသည်။
ယိဗ်ဒန်းနစ်၊ ဒန်းနစ် လီဖက်ဗ်ရီနှင့် ဆာ့ဂ်ပိုမာလူးတို့သည် အစိမ်းရောင်ရဟတ်ယာဉ်ဖြင့် ည ၇ နာရီ ၄၅ မိနစ်တွင် Orsainville အကျဉ်းထောင်မှ လွတ်မြောက်သွားခဲ့သည်။

ကနေဒါရဲတပ်ဖွဲ့သည် အကျဉ်းသားများ လွတ်မြောက်မှု အသေးစိတ်အခြေအနေများကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း အကျဉ်းသားများအား မြင်တွေ့လျှင် ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန် သတိပေးနှိုးဆော်ထားသည်ဟု ကနေဒါနိုင်ငံ စီဘီစီသတင်းက ဖော်ပြသည်။

ကွီဘက်ခ်မြို့ အမျိုးသားရဲ တပ်ဖွဲ့သည် အကျဉ်းသားများ လွတ်မြောက်မှုကို စုံစမ်းနေကြောင်းနှင့် နံပါတ်တစ် ဦးစားပေးမှာ ရဟတ်ယာဉ်ကို ရှာတွေ့ ရန်ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များသည် အနီရောင်နှင့် အဖြူရောင်အမှတ်အသားများပါသော အစိမ်းရောင် ရဟတ်ယာဉ်ကို ရှာဖွေနေသည်ဟု အမေရိကန် အင်န်ဘီစီသတင်းက ဖော်ပြသည်။

လွတ်မြောက်သွားသော အကျဉ်းသားများမှာ လူသတ်မှု၊ မူးယစ် ဆေးဝါးမှောင်ခိုကူးမှုတို့ဖြင့် တရားစွဲခံထားရသူများဖြစ်သည်ဟု The Barrier Examiner သတင်းက ဖော်ပြသည်။

၎င်းတို့ကို လာမည့် စက်တင်ဘာလတွင် အမှုစစ်ဆေးရန် စီစဉ်ထားပြီး အကြိုစစ်ဆေးမှုကို ဇွန်လ ၁၇ ရက်တွင် စတင်မည်ဖြစ်သည်။

ရဟတ်ယာဉ်ဖြင့် ထောင်ဖောက်ပြေးမှုမှာ ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး ၂၀၁၃ မတ်လကလည်း ကွီဘက်ခ်ဒေသ St- Jerome အကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးသည် ရဟတ်ယာဉ်၏ အကူအညီဖြင့် ထောင်ဖောက်ပြေးခဲ့ဖူးသည်။

ယင်းဖြစ်စဉ်တွင် လူနှစ်ဦးသည် ရဟတ်ယာဉ်မောင်းကို သေနတ်ဖြင့် ခြိမ်းခြောက်၍ ထောင်ဖောက်ရာတွင် ကူညီခိုင်းခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ရဟတ်ယာဉ်ဖြင့် ထောင်ဖောက်ပြေးမှုတွင် ပါဝင်ခဲ့သူ လေးဦးလုံးကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့သည်ဟု သိရသည်။

—Ref: Daily Mail, AP
7Day Daily

မိုးတိမ်တောင် ဖြစ်ပေါ်မှုများလာမြန်မာပြည်အနှံ့ မိုးကြိုးပစ်မှုများနိုင်



ကြယ်စင်လင်း(မြစ်မခ)၊ ရန်ကုန်၊ ဇွန်-၇

ယခုနှစ် ရာသီဥတုပူပြင်းလာမှုကြောင့် မုတ်သုံအ၀င်နောက်ကျကာ မိုးတိမ်တောင်ဖြစ်ပေါ်မှုများလာပြီး မြန်မာနိုင်ငံအနှံ့အပြား၌ မိုးကြိုး
ပစ်မှုများနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က
ပြောကြားခဲ့သည်။

" မိုးတိမ်တောင်က မိုးတွင်းမှာ မဖြစ်ဘူး။ မိုးကြိုကာလမှာဖြစ်တာ။
အခု မိုးကြိုကာလကလည်း ရှည်လာတယ်။ ဒါကြောင့် မိုးတိမ်တောင်
ပိုဖြစ်တယ်။ မိုးတိမ်တောင်ကြောင့် မိုးကြိုးပစ်တာ " ဟု ၎င်းက ပြော
ဆိုသည်။

ယခုနှစ်အတွင်း မိုးကြိုးပစ်ခြင်း အပါအ၀င် မိုးတိမ်တောင်များကြောင့်
ဖြစ်ပေါ်သော လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊
မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေခြင်း၊လေဆင်နှာမောင်း
တိုက်ခြင်း၊ ပင်လယ်မီးစုန်းများဖြစ်ခြင်း စသည့် ရာသီဥတုအခြေအနေ
များ ပိုမို ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။တွံတေးမြို့နယ် ထင်းကျေးရွာတွင်
ဇွန် ၄ ရက် ည ၈ နာရီခန့်က မြက်ခုတ်ရာမှ ပြန်လာသည့်အမျိုးသားနှစ်ဦး
ကို မိုးကြိုးပစ်ခံရသည့်အတွက် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

" ခုသတင်းစာတွေထဲမှာ ဖတ်လိုက်ရရင် မိုးကြိုးပစ်တဲ့သတင်းတွေချည်းပဲ။
အရင်ကဆို ရာသီဥတုအကြောင်း နားမလည်တော့ မိုးကြိုးပစ်ခံရတဲ့သူကို
သူမိုက်လို့သူခံရတာ။ အပစ်ခံရသူလည်းနည်းတော့ သတင်းကြားရင်
ဘယ်လောက်ဝေးဝေးအထူးအဆန်း သွားကြည့်ရတာ။ ခုမှ ရာသီဥတု
ကြောင့်ဆိုတာ နားလည်လာတာ "ဟု ဧရာဝတီတိုင်းဒေသကြီး ကြံခင်း
မြို့မှ ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မိုးကြိုးပစ်ခြင်းကြောင့်
တစ်နှစ်လျှင် လူ ၄၀ မှ ၁၀၀ အထိ သေဆုံးနေကြောင်း သိရသည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကာလအလိုက် မုန်တိုင်းဖြစ်ပေါ်မှုကို
လေ့လာကြည့်ပါက မုတ်သုံကာလတွင် မုန်တိုင်းဖြစ်ပေါ်မှု နည်းလာပြီး
မိုးကြိုနှင့်မိုးလွန်ကာလများတွင် ပိုဖြစ်လာကာ မိုးတိမ်တောင်များဖြစ်ပေါ်
မှုမှာ ကာလရှည်လာသည်ကို တွေ့ရှိလာရကြောင်း ပညာရှင်တို့၏ ခန့်မှန်းပြောဆိုမှုများအရသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် စစ်တွေမြို့တွင် ရဟန်းတော် တစ်ပါးက တစ်ကိုယ်တော် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်

ဓာတ်ပုံ-လမ်းလျှောက်ဆန္ဒဖော်ထုတ်စဉ်/လင်းမြတ်(နိရဉ္စရာ)



ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် စစ်တွေမြို့တွင် ရဟန်းတော် တစ်ပါးက တစ်ကိုယ်တော် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းရဟန်းတော်မှာ စစ်တွေမြို့ အဘယရက္ခိတကျောင်းတိုက်မှ ဦးစက္ကိန္ဒဖြစ်သည်။ ယနေ့နံနက် (၇) နာရီ က စတင်ကာ စစ်တွေမြို့အဘယရက္ခိတကျောင်းတိုက်မှ လမ်းမကြီးအတိုင်း မြို့တစ်ပတ် လမ်းလျှောက်ကာ သာသနာတော်အလံအား ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့သည်။

လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သက်၍ ဦးစက္ကိန္ဒက နိရဉ္စရာသို့  ယခု လိုမိန့်ကြားသည်။

“စစ်တွေမြို့တစ်ပတ် ဦးဇင်းလမ်းလျှောက်တဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ပေး ဖို့ပါ။ စစ်တွေမြို့မှာ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်အနေနဲ့ ဇော်မတတ်၊အုန်းရည်ဖော်စတဲ့ရွာနှစ်ရွာ သုံးရွာ လောက်ပဲ ဆောင်ရွက်တာတွေ့ရပါတယ် ။စစ်တွေမြို့ပေါ်မှာ စက်ရုံအလုပ်ရုံတွေ ဖန်တီးဖို့ရယ်၊စာသင်ကျောင်းတွေ၊ သောက်ရေကန်တွေနဲ့ ရွာကြားလမ်း ပြုပြင်တာစတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ မပါသေးတဲ့အတွက် စစ်တွေ မြို့ပေါ်မှာလည်းဖွံ့ဖြိုးရေး ဆောင်ရွက် ဖို့လိုနေတယ်” ဟု မိန့်ကြားသည်။

စစ်တွေမြို့မှာ ရခိုင်ပြည်နယ် မြို့တော် ဖြစ်သော်လည်း လမ်းများကို ပြုပြင်မူ မရှိသဖြင့် ရှု့ခင်းသာလမ်းနှင့် လမ်းမကြီးမှ အပ မင်းဗာကြီးလမ်း အပါအ၀င် မြို့ထဲရှိ လမ်းအများအပြားမှာ ဆိုးဆိုးရွားရွား ပျက်စီးနေသည်ဟု သိရသည်။

ရခိုင့်အရေးပြဿနာများသည် ရခိုင်ပြည်နယ်တွင်း၌သာ ဖြစ်ပေါ်နေခြင်း မဟုတ်ကြောင်း၊ပြည်ပရောက် ရခိုင်လူမျိုးများ နေ့စဉ်ဘဝတွင်ကြုံတွေ့နေရသည့် ပြဿနာများကိုပါ ဖြေရှင်းရန်လိုကြောင်း ဦးစက္ကိန္ဒမှ
မိန့်ကြားပြန်သည်။

“ဒီအချိန်ဟာ ရခိုင်အရေးကို ကမ္ဘာကအာရုံစိုက်နေတဲ့အချိန်ဖြစ်ပါတယ်။ကိုင်တွယ်ရလည်း တော်တော်ခက်နေဆဲပေါ့။ ရခိုင်ပြည်ထဲမှာတော့ နေ့တိုင်းပြဿနာဖြစ်နေတာမျိုးမဟုတ်ဘူး။ မလေးရှာနိုင်ငံမှာဆိုရင် မြန်မာနိုင်ငံ က လူတွေ တစ်ရက်ကို တစ်ယောက်နှစ်ယောက်ဆိုသလို အသတ်ခံနေရတယ်၊အမျိုးသမီးတွေ မုဒိန်းကျင့်ခံaနရတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာဆိုရင်လည်း ရခိုင်လူမျိုးတွေရှိတဲ့ ရွာတွေ ရွာလုံးကျွတ်လိုလို ပြောင်းရွှေ့လာ ရတော့မယ့် အခြေအနေတွေအထိ ဖိအားပေးခံနေရပါတယ်။ ဆိုလိုချင်တာက ရခိုင်အရေးဆိုတာ ရခိုင်ပြည်တွင်းမှာပဲ ဖြစ်နေတာမဟုတ်ဘဲ နိုင်ငံရပ်ခြားတွေမှာလည်းပြန့်ကြဲဖြစ်ပေါ်နေတာပါ၊ ဒါတွေကိုလည်း အစိုးရနဲ့ နိုင်ငံတကာက အလေးထားဆောင်ရွက်ဖို့လိုပါတယ်” ဟု မိန့်ကြားသည်။

သို့ရာတွင် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာမှ ရခိုင်အရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တစ်ခုတည်းကိုသာ အာရုံစိုက်နေသဖြင့် ယင်းပြဿနာအခြေအနေအရပ်ရပ်ကို ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရ၊ နိင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအထိ မှတ်တမ်းပြုစုကာ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ဦးစက္ကိန္ဒမှ မိန့်ကြားသည်။

ဦးစက္ကိန္ဒသည် ပထမအကြိမ်အဖြစ် စစ်တွေမြို့မှ မြောက်ဦးမြို့အထိ လမ်းလျှောက်ကာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး ရေးဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ပြီး ယခုဆန္ဒထုတ်ဖော်မှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သတင်းရရှိသည်။

Narinjara

ကိုယ့်ချစ်သူအတွက် ကိုယ့်ဘက်က မလိုက်လျောသင့်တဲ့ အရာများ



မေသော် on 2014-05-30 16:19    
ချစ်သူနှစ်ဦး တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိတာ၊ ချစ်ခင်ကြင်နာကြတာ ကောင်းတဲ့အချက်ပါ။ ကိုယ့်ချစ်သူအပေါ် အနစ်နာခံတယ်၊ ပေးဆပ်တယ်ဆိုတာလည်း ကောင်းတာပါပဲ။ သို့ပေမယ့် အတိုင်းအတာလေးတစ်ခုတော့ ထားသင့်ပါတယ်။ ကိုယ်က ချစ်လွန်းလို့ အရာအားလုံးကို ပေးဆပ်ချစ်နေပေမယ့် တစ်ဘက်လူက ကိုယ့်အပေါ် ဆက်ဆံတဲ့အနေအထားကရော ဘယ်လိုများပါလဲ။ အိုဗာတွေဖြစ်အောင် မနေလဲ သင်တို့ရဲ့အချစ်ရေးက ဖြောင့်ဖြူးနေဦးမှာ သေချာတယ်ဆိုရင် ကိုယ့်ရဲ့ခံစားခွင့်၊ ကိုယ့်အကြိုက်၊ ကိုယ်ဝါသနာ ဆိုတာတွေကို ချစ်သူအတွက် စတေးပစ်စရာ မလိုပါဘူး။ အဲ့ဒီအရာတွေက ဘယ်လိုအချက်မျိုးတွေပဲ။

၁။ချစ်သူ့နာမည်၊ ပုံတက်တူးထိုးတာမျိုးတွေ မလုပ်ပါနဲ့။

ချစ်သူကို ဘယ်လောက်ချစ်ကြောင်း သက်သေပြဖို့အတွက် ချစ်သူနာမည်၊ ချစ်သူရဲ့ပုံတူတွေကို ကိုယ့်အသားပေါ် တစ်သက်လုံးစွဲထင်သွားစေအောင် တက်တူးထိုးပစ်ဖို့ လိုအပ်လို့လား။ အသည်းနှလုံးမှာ သူအမြဲရှိနေဖို့က ပိုအရေးကြီးပါ တယ်။ နှစ်ဦးကြားပြဿ နာကြီးကြီးမားမားတက်တိုင်း ထိုးထားတဲ့ တက်တူးကိုကြည့်ပြီး ရင်တထိတ်ထိတ်ဖြစ်နေရမယ့် ဘ၀မျိုးတော့ ကိုယ့်ဘာသာကိုယ် မဖန်တီးပါနဲ့တော့။

၂။ချစ်သူနဲ့အပြင်ထွက်တိုင်း ကုန်ကျသမျှကို ကိုယ်ချည်းပဲ မရှင်းပါနဲ့။

ဘယ်သွားသွား ကိုယ်ချည်းပဲ ပိုက်ဆံထုတ်ရှင်းတာမျိုး၊ ဘာဝယ်ဝယ် ကျသင့်ငွေကို ကိုယ်ကချည်းပေးတာမျိုးတွေ မလုပ်ပါနဲ့။

၃။ကိုယ်မကြည့်ချင်တဲ့ ရုပ်ရှင်ဇာတ်ကားကို အထပ်ထပ်မကြည့်ပါနဲ့။

သူနဲ့အတူရှိချိန်အတိုင်း ကိုယ်မကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို အထပ်ထပ်အခါခါကြည့်တာမျိုးကို သည်းမခံနိုင်တော့ကြောင်း သူ့ကိုဖွင့်ပြောပါ။ ဒီလိုမကြည့်ပေးနိုင်တော့တာဟာ သူ့ကို မချစ်လို့ မဟုတ်ဘူးဆိုတာပါ ပြောပြလိုက်ပါ။

၎။သူ့ သူငယ်ချင်းတွေနဲ့ အချိန်တိုင်း အတူရှိနေဖို့ အဆင်မပြေကြောင်းပြောပါ။

သူနဲ့ကိုယ်နဲ့ ဒိတ်လုပ်တိုင်း ဘေးနားမှာ အမြဲပါလာတတ်တဲ့ သူငယ်ချင်းတွေ၊ ဒါမှမဟုတ် သူ့ဆီသွားတိုင်း သူငယ်ချင်းတွေဆီ ခြေဦးလှည့်လှည့်သွားတတ်တဲ့ ကိုယ့်ချစ်သူကို အချိန်တိုင်း သူငယ်ချင်းတရုန်းရုန်းနဲ့ နေသွားဖို့ အဆင်မပြေဘူး ဆိုတာပြောပြပါ။

၅။သူ့ဝါသနာအတိုင်း ကိုယ်ပါလိုက်ပြီး သဘောကျပြုမူရတာမျိုး ရှောင်ပါ။

သူက ငါးမျှားဝါသနာပါလို့ ကိုယ်ပါ ၀ါသနာလိုက်ပါနေရပြီလား။ ဒါမှမဟုတ် သူဂေါ့ဖ်ရိုက်လို့ ကိုယ်ပါလိုက်ရိုက်တော့မလို့လား။ သူလုပ်နေတာတွေ ကိုယ်လုံးဝ ၀ါသနာမပါဘူးသေချာရင် သူ့ကိုရှင်းအောင်ပြောပါ။ သူလုပ်သမျှအရာ အားလုံးကိုယ်လိုက်လုပ်စရာတော့ မလိုပါဘူး။

၆။နေ့ကြီး၊ ရက်ကြီးတွေမှာ သူ့မိသားစုနဲ့ အချိန်ဖြုန်းရတာမျိုးကို ပြောင်းလဲခိုင်းပါ။

ရုံးပိတ်ရက်တွေ၊ အခါကြီးရက်ကြီးတွေတိုင်း သူ့မိသားစုနဲ့အတူ မုန့်လုပ်စားရတာမျိုး၊ သူ့အိမ်မှာ သွားနေပေးရတာမျိုးတွေဆိုရင် ကိုယ့်အတွက် ကိုယ်ပိုင်အချိန်လေးတွေ မရှိတော့ဘူးပေါ့။ ဒီလိုဆိုရင် သူ့ကို နားလည်အောင်ပြောပြီး ကိုယ့်မိသားစုနဲ့ အတူရှိချင်တဲ့အကြောင်း၊ အိမ်မှာ ကိုယ်လုပ်ချင်တာလေးတွေ လုပ်နိုင်ဖို့ အချိန်မရှိကြောင်း ပြောပြပေးပါ။

၇။သူ့အကြိုက်အတိုင်း ကိုယ့်ရဲ့ဖက်ရှင်ကို ပြောင်းလဲပစ်လိုက်တာမျိုး မလုပ်ပါနဲ့။

ကိုယ်က လူတွေအမြင်ရိုင်းအောင် ၀တ်ဆင်နေတာမျိုးလည်း မဟုတ်ဘဲ ကိုယ့်ဖက်ရှင်နဲ့ပတ်သက်ပြီး ဟိုဟာမ၀တ်နဲ့ ဒီဟာ မ၀တ်နဲ့ဆိုပြီး ကိုယ့်ကိုဝေဖန်တားမြစ်နေတာမျိုးကိုလည်း နားလည်အောင် ပြောပြီး မဖြစ်နိုင်ကြောင်း ရှင်းပြလိုက်ပါ။                    

Ref:.womenshealthmag.com
Trend Myanmar

စီရော်နယ်ဒို လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ


အောင်ငြိမ်းသွေး
ပေါ်တူဂီ၊ ဇွန် ၈
ပေါ်တူဂီအသင်း၏အဓိက တိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် အသင်းနှင့် အတူလေ့ကျင့်ခန်းပြန်လည် ပြုလုပ်နိုင်ပြီဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် အက်သလက်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် နောက်ပိုင်း ဒူးဒဏ်ရာကြောင့်အနားယူနေခဲ့ရသူဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် ပေါ်တူဂီအသင်းတွင် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ဂရိ၊ မက္ကဆီကိုတို့နှင့် ကစားခဲ့သော ခြေစမ်းပွဲစဉ်များကို လွဲချော်ခဲ့ရသည်။

ဂါနာမှော်ဆရာတစ်ဦး၏ပြုစားခြင်းကို ခံထားရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော စီရော်နယ်ဒိုသည် ယခုအခါ အသင်းနှင့်အတူ လေ့ကျင့်ခန်း အပြည့်အ၀ ပြန်လည် ပြုလုပ်နေပြီဖြစ်သည်။

ပေါ်တူဂီအသင်း၏အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ပေါင်ဒဏ်ရာရရှိနေသော ဖီနာဘာချီကွင်းလယ်လူ မီရာလက်စ်သည်လည်း လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီဖြစ်သည်။

စီရော်နယ်ဒိုနှင့် မီရာလက်စ်တို့ အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်သည်ကို ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပေါ်တူဂီနည်းပြ ဘင်တိုအတွက် စိုးရိမ်ပူပန်စရာတစ်ခုမှာ အဓိကနောက်ခံကစားသမား ပီပီ၏ခြေသလုံးဒဏ်ရာ မသက်သာသေးခြင်း ဖြစ်သည်။ ပီပီသည် ယခုအချိန်အထိအသင်းနှင့်ပူးပေါင်းနိုင်ခြင်းမရှိသေးဘဲ ဒဏ်ရာသက်သာစေရန် ကိုယ်ပိုင်လေ့ကျင့်ခန်းများကိုသာ ပြုလုပ်လျက်ရှိသည်။

ပေါ်တူဂီအသင်းသည် လာမည့် အင်္ဂါနေ့တွင် အိုင်ယာလန်အသင်းနှင့် နယူးဂျာစီပြည်နယ်တွင် နောက်ဆုံးခြေစမ်းပွဲ ကစားမည်ဖြစ်ပြီး ထိုပွဲအပြီးတွင်မှ ဘရာဇီးသို့ သွားရောက်မည် ဖြစ်သည်။ ပထမဆုံး ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို ဇွန်လ ၁၆ ရက်နေ့တွင် ဂျာမနီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ရည်ညွှန်း ဂိုးဒေါ့ကွန်း
Ref: goal (5 photos)
mizzima Sport

မယ်စကြ၀ဠာမြန်မာ အွန်လိုင်းမဲစတင်ပေးနိုင်



မေစနိုး၊ ရန်ကုန်၊ ဇွန်-၇

လာမည့်ဇူလိုင် ၂၆ရက်တွင်ကျင်းပမည့် မယ်စကြ၀ဠာမြန်မာပြိုင်ပွဲကြီးတွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်ဆန်ခါတင် ၂၀ကို Miss Famous Title
Award အတွက် စတင်၍ အွန်လိုင်းမဲပေးနိုင်ပြီဖြစ်ကြောင်း မယ်စကြ၀ဠာ
မြန်မာအဖွဲ့အစည်းမှ ကိုချမ်းလင်းသူက ဇွန် ၆ရက်တွင် စံတော်ချိန်သို့ ပြောဆို
ခဲ့သည်။

အဆိုပါပြိုင်ပွဲဝင် ဆန်ခါတင် ၂၀ ကို ဇွန် ၄ရက်က ရွေးချယ်မှုပြုလုပ်ခဲ့ပြီး လျှောက်
ထားသည့်လျှောက်လွှာ ၁၅၀ ခန့် မှ ၄၀ခန့်ကို ရွေးချယ်ပြီး အယောက် ၂၀ကို
ဆန်ခါတင်စိစစ်ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခု မယ်စကြ၀ဠာ
မြန်မာပြိုင်ပွဲဝင်များအဖြစ် တောင်ကြီး၊မန္တလေး၊ မော်လမြိုင်စသည်ဖြင့် ဒေသအစုံမှ
ရွေးချယ်ထားခြင်းဖြစ်ကြောင်းသိရသည်။

" ဆန်ခါတင်မယ်တွေကို Miss Universemyanmar.comမှာ ၀င်ပြီး
ကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို Like လုပ်ပြီး မဲပေးနိုင်မှာဖြစ်ပါတယ်။
ဆန်ခါတင်မယ်တွေအနေနဲ့ကလည်း ပြိုင်ပွဲမစမီ ဆောင်ရွက်မှုတွေအနေနဲ့
လူမှုရေးခရီးစဉ်အဖြစ် မြစ်ကြီးနားဘက်ကို သွားဖို့ရှိပါတယ် " ဟု ၎င်းက
ပြောဆိုသည်။

ယခု ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူများတွင် ယခင်နှစ် မယ်စကြ၀ဠာ
မြန်မာပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် ပြိုင်ပွဲဝင်များ နှင့် Top 10
အထိဝင်ခဲ့သော ပြိုင်ပွဲဝင်များလည်း ထပ်မံပါဝင်နေကြောင်း သိရသည်။

ဆုကြေးသတ်မှတ်မှုကို ယခင်နှစ်အတိုင်း Title (winner)ဆုကို ကျပ်
သိန်း ၁၀၀၊ 1st runner up ကို ကျပ်သိန်း ၅၀၊ 2 nd runner up ကို ကျပ်
၂၅သိန်းသတ်မှတ်ပေးထားပြီး ကုမ္ပဏီများက ပံ့ပိုးသည့် အခြား Title ဆုသတ်
မှတ်ထားမှုငါးဆုရှိနေပြီး ထပ်တိုးချီးမြှင့်သွားရန်လည်းရှိနေကြောင်း မယ်စကြ၀ဠာ
မြန်မာအဖွဲ့အစည်းမှ သိရသည်။

စံတော်ချိန်နေ့စဉ်သတင်းစာ

ယူကရိန်းနိုင်ငံ အရှေ့ဘက်က ခွဲထွက်ရေးသမား ၁ ဦး ဒန်ညက်စ်မြို့လယ်မှာ အသတ်ခံရ


ယူကရိန်းနိုင်ငံ အရှေ့ဘက်က ခွဲထွက်ရေးသမားတွေ သူတို့ဘာသာခေါ်ဆိုတဲ့ ဒန်ညက်စ် ပြည်သူ့သမ္မတ နိုင်ငံရဲ့ခေါင်းဆောင်တွေရဲ့ လက်ထောက်တယောက် ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဒန်ညက်စ်မြို့လယ်မှာ အသတ်ခံရတယ်လို့ ခွဲထွက်ရေးသမားတွေရဲ့ ပြောခွင့်ရက ပြောပါတယ်။

ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ် ပူရှိလင်ရဲ့ လက်ထောက် မက်ဇင် ပေထရူရှင်စီးလာတဲ့ကားကို အမည်မသိ လုပ်ကြံရေးသမားတွေက ပစ်ခတ်ခဲ့တာလို့ ယူကရိန်း မီဒီယာက အစီရင်ခံပါတယ်။

သူဟာ ဧပြီလကတည်းက ခွဲထွက်ရေးသမားတွေ တပ်စွဲထားတဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးနဲ့ မဝေးတဲ့ မြို့လယ်က ပူရှကင်လမ်းပေါ်မှာ အသတ်ခံခဲ့ရတာပါ။ ဒါဟာ ပညာရှင် ကြေးစား လူသတ်သမားတွေရဲ့ လုပ်ချက်ဖြစ်ပုံရတယ်လို့ ခွဲထွက်ရေးခေါင်းဆောင်တွေက ဇွန်လ ၇ ရက်နေ့ ညနေ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ရိုးရှင်းတဲ့ အရပ်ဖက် လူသတ်မှုမဟုတ်ဘူးလို့ သံသယ နည်းနည်းရှိတယ်လို့ ခွဲထွက်ရေး ခေါင်းဆောင် ပူရှိလင်က ပြောပါတယ်။

ဒန်ညက်စ် သမ္မတနိုင်ငံရဲ့ ၀န်ကြီးချုပ်လို့ ကြေညာထားသူ အလက်ဇန်းဒါး ဘိုရိုဒိုင် ကတော့ “ပူရှိလင်နဲ့ ပေထရူရှင်တို့ ရုပ်ချင်း အတော်ဆင်လို့ လူမှားတာ ဖြစ်နိုင်တယ်”လို့ မှတ်ချက်ပေးပါတယ်။ အဲဒီနေ့မှာပဲ ရုရှလိုလားသူ ခွဲထွက်ရေးသမားတွေ ရှိတယ်လို့ အခိုင်အမာ ပြောထားတဲ့ စလာဗီယန့်စ်မြို့မှာ ယူကရိန်း တပ်တွေက နေရာတခုကိုတိုက်နေပုံကို ရိုက်ကူးထားတာဆိုတဲ့ ရုပ်သံမှတ်တမ်းတခု အင်တာနက် စာမျက်နှာပေါ် ရောက်လာပါတယ်။

လူမှုကွန်ယက်မီ ဒီယာအင်တာနက်စာမျက်နှာပေါ်ကရတဲ့ရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။ ဒီတိုက်ခိုက်မှုဟာ ယူကရိန်း သမ္မတသစ် ပေထရို ပိုရိုရှန်ကို ရာထူးလက်ခံ ကျမ်းသစ်စာ ကျိန်ဆိုတဲ့ နေ့မှာဖြစ်တာပါ။

ရွေးကောက်ပွဲ စတည်းက အစိုးရတပ်တွေဟာ ယူကရိန်းကခွဲထွက်ပြီး ရုရှနဲ့ ပူးပေါင်းချင်တဲ့ ခွဲထွက်ရေးသမားတွေကို တိုက်ခိုက်မှုတွေတိုးလုပ်လာပါတယ်။ သူပုန်တွေကပြန်တိုက်နေလို့ ရုရှစကားပြော တဲ့ ယူကရိန်းအရှေ့ပိုင်း ဟာ စစ်မြေပြင် ဖြစ်နေတာပါ။ ကျမ်းသစ္စာ ကျိန်ဆိုမိန့်ခွန်းမှာတော့ သမ္မတသစ်က ရုရှ တိုက်ခိုက်ရေးသမားတွေ အိမ်ပြန်ဖို့ ဘေးကင်းတဲ့ စင်္ကြန်လမ်း စီစဉ်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

ယူကရိန်းနိုင်ငံတွင်း ဧပြီလကတည်းက ခွဲထွက်ရေး လိုလားတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ အစိုးရတပ်တွေ အပါအ၀င် လူတွေဟာ အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးနေခဲ့တာပါ။

ယူကရိန်းသမ္မတကတော့ ယူကရိန်းရဲ့ ငါးဆက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန် ဒုသမ္မတ ဂျိုးဘစ်ဒင်နဲ့ တခြားနိုင်ငံတကာ ခေါင်းဆောင် ၃ ယောက်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ဘစ်ဒင်က ယူကရိန်းနဲ့ ရုရှ လတ်တလော ပဋိပက္ခအတွက် ယူကရိန်းကို ပံ့ပိုးမယ်လို့ ထပ်ပြောပါတယ်။ ဥရောပက နိုင်ငံတိုင်း ဘယ်သူနဲ့ ပူးပေါင်းမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ် ဘယ်သူ့မှာမှ ဒါကို တားမြစ်ပိုင်ခွင့် မရှိဘူးလို့ ဘစ်ဒင်က ယူကရိန်းအစိုးရနဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။ သူဟာ အစောပိုင်းက ယူကရိန်းဝန်ကြီးချုပ် အာဆန်နီယာဆဲ ညက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်းသမ္မတဟာ ကနေဒါ ၀န်ကြီးချုပ် စတီဖင် ဟာပါ လစ်သူအေးနီးယား သမ္မတ ဒါလီယာ ဂရေဘောက်စကိုက်တီ နဲ့ ဂျာမန် သမ္မတ ယွာခင်ဂေါက်ခ် တို့နဲ့လည်း ဇွန်လ ၇ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

DVB Burmese

MH370 နှင့် ပတ်သက်၍ ခိုင်လုံသော သတင်းပေးနိုင်သူကို ဆုချီးမြှင့်ရန် ရန်ပုံငွေမြှင့်တင်ရေးလှုပ်ရှားမှု စတင်



မဇ္ဈိမ

လွန်ခဲ့သော သုံးလအကြာတည်းက ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် MH370 ပေါ်တွင် လိုက်ပါသွားခဲ့သူများ၏ မိသားစုဝင် အများစုက ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်၍
တိကျခိုင်လုံသည့် သတင်းအချက်အလက် ပေးနိုင်သူ မည်သူ့ကိုမဆို ဒေါ်လာ ၅သန်းဆုချီးမြှင့်နိုင်ရန် ရန်ပုံငွေ မြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဇွန်လ ၈ရက်က စတင်ခဲ့သည်။

“MH370 ဆုငွေ” လှုပ်ရှားမှုကို ရန်ပုံငွေမြှင့်တင်ရေး ဝက်ဘ်ဆိုဒ်ဖြစ်သည့် Indiegogoတွင် ပြုလုပ်မည်ဖြစ်ကာ၊ အနည်းဆုံး ဒေါ်လာ ၅ သန်းအထိ ရန်ပုံငွေမြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် အရေးကြီး သတင်းအချက်အလက် ပေးနိုင်သူကို ဆုချီးမြှင့်ရန် ဖြစ်ကြောင်း ကြေညာချက်တစ်စောင်ထဲတွင် မိသားစုဝင်များက ဆိုထားသည်။

လူ စုစုပေါင်း ၂၃၉ဦး လိုက်ပါသွားခဲ့သော မလေးရှားလေကြောင်းလိုင်းပိုင် ဂျက်လေယာဉ်မှာ မတ်လ ၈ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေကျင်းသို့ အသွားလမ်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သူ ၂၃၉ ဦးအနက် သုံးပုံနှစ်ပုံခန့်မှာ တရုတ်များ ဖြစ်ကြသည်။

ဘိုးအင်း ၇၇၇ အမျိုးအစား ပျောက်ဆုံးလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့ကြောင်း ယူဆရပြီး၊ ပိုက်စိပ်တိုက် ရှာဖွေမှုများ အကြီးအကျယ် ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ
လေယာဉ်ပျက် အပိုင်းအစ ဘာတစ်ခုမျှ မတွေ့ရသေးရာ ထိုခရီးသည်များ၏ မိသားစုဝင်များမှာ မချင့်မရဲဖြစ်ကာ ဒေါသထွက်နေကြပြီး ဖုံးကွယ်မှု တစ်ခုခု ရှိလိမ့်မည်ဟု သံသယ ဝင်နေကြသည်။

“တစ်နေရာရာမှာ တစ်စုံတစ်ယောက်ဟာ တစ်ခုခုကို သိရှိလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီဆုငွေဟာ အဲဒီသူ ထုတ်ဖော်ပြောကြားလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့
ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု နည်းပညာကုမ္ပဏီ တစ်ခု၏ အကြီးအကဲတစ်ဦးဖြစ်ကာ၊ “MH370 ဆုငွေ” စီမံကိန်းကို ဦးဆောင်နေသည့် Ethan Hunt က ဆိုသည်။

အမေရိကန် ခရီးသည် ဖိလစ်ဝု(ဒ်) (Philip Wood) ၏ ချစ်သူ Sarah Bajc ကလည်း၊ ထိုလှုပ်ရှားမှု၏ နောက်တွင် ပျောက်ဆုံးလေယာဉ်ပေါ်မှ ခရီးသည်များ၏ မိသားစုဝင်အချို့ ရှိနေကာ၊
မကြုံစဖူးသော လေယာဉ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆန္ဒဇော အသစ်များဖြင့် လှုပ်ရှားဆောင်ရွက်ကြလိမ့်မည်ဟု ဆိုခဲ့သည်။

“အစိုးရတွေနဲ့ အေဂျင်စီတွေဟာ အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့် လေယာဉ်ပျက် အပိုင်းအစ အထောက်အထား တစ်ခုတောင်မှ မတွေ့ခဲ့ကြပါဘူး၊ အဲဒါဟာ ချဉ်းကပ်ပုံ အမှားကြောင်း ဖြစ်နိုင်သလို၊ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက် ပိုတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်း လွှဲလိုက်လို့လည်း ဖြစ်နိုင်ပါတယ်” ဟု ကြေညာချက်ထဲတွင် သူမက ဆိုထားသည်။

Ref: AFP


Mizzima Burmese

အမျိုးသမီး KIA တပ်ဖွဲ့ဝင် တစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဌာနဆိုင်ရာရုံးသို့ ဇွန် ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)အဖွဲ့မှ အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦး လက်နက်မဲ့အလင်းဝင် ရောက်ခဲ့ကြောင်း သိရသည်။
လက်နက်မဲ့ အလင်းဝင်ရောက်လာသူမှာ မစံပယ်ဦး (ခ) စံပယ်အေး၊ (၂၁)နှစ် ၊(ဘ)ဦးလှဟန်၊ ပင်လုံကျေးရွာအုပ်စု၊ မိုးညှင်း မြို့နယ် နေသူဖြစ်ကြောင်း ယင်းရုံးမှ ဦးစီးအရာရှိ တစ်ဦး က ပြောသည်။

မစံပယ်ဦးသည် မိုးညှင်းမြို့နယ်၊ နန့်စီအောင်ကျေးရွာ၏ အရှေ့ဘက်ရှိ နန့်ပမောင်း ရွှေမှော်၌ ရွှေကျင်လုပ်သား ထမင်း ချက်အဖြစ် လုပ်ကိုင်စဉ်၊ ၂၀၁၂ခုနှစ် အေပြီလထဲတွင် KIA အဖွဲ့မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူ တစ်ဦးက ဆိုသည်။

`` ကျွန်မနဲ့အတူ လူငါးယောက်ကို KIA အဖွဲ့က မှော်ထဲမှာလာဖမ်းသွားပါ တယ်၊ ဟိုရောက်တော့ ကျွန်မအပါအ၀င် လူ ၇၀ ကျော် စစ်သင်တန်း တက်ရပါတယ်၊ ၂ လလောက်တော့ကြာမယ်ထင်ပါတယ်၊ သင်တန်းဆင်းတော့ KIA အရာရှိကြီး တစ်ဦးရဲ့အိမ်မှာ ထမင်းချက်ရပါတယ်´´ ဟု နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် မစံပယ်ဦးက ပြောသည်။

ထမင်းချက်တာဝန်ထမ်းဆောင်နေစဉ် မစံပယ်ဦးမှ KIA အရာရှိကြီးအား အိမ်သို့ပြန်လိုကြောင်း မကြာခဏ တောင်းပန်ခဲ့ သဖြင့် ယခုကဲ့သို့ အလင်းဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

``ကျွန်မကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲက ၂ မိုင်ကျေးရွာအထိ လိုက်ပို့ပေးပါတယ်၊ ၂ မိုင်ကျေးရွာ ကနေတစ်ဆင့် မိုးညှင်းကိုပြန်လာခဲ့တာပါ၊ ကျွန်မနဲ့အတူ အဖမ်းခံရတဲ့ လူတွေထဲမှာ လည်း သေတဲ့လူလည်း သေကုန်ပါပြီ၊ KIA တပ်ဖွဲ့ထဲမှာ ဆန္ဒမပါဘဲနဲ့ နေရတဲ့သူတွေ အများကြီးရှိပါတယ်၊ ကျွန်မလိုပဲ သူတို့လည်း ပြန်လွတ်လာပါစေလို့ ဆုတောင်းနေပါတယ်´´ ဟု ၄င်းက ဆက်လက်ပြောကြားသွားသည်။

အယ်လ်နော်ဆိုင်း
Kachin Daily News

ဒေါ်အောင်ဆန်းစုကြည်၏ ထိထိမိမိ ဟောပြောချက်များ (video)





၂၀၁၄ အတွင်း သျှမ်းပြည် တောင်ပိုင်း NLD ပါတီဝင် ၂ ဦး သတ်ဖြတ် ခံရ

လုပ်ကြံသတ်ဖြတ်ခံရသော ဟိုပုံးမြို့နယ် NLD ပါတီ ဒုဥက္ကဌ စိုင်းစံထွန်း

၂၀၁၄ ခုနှစ် အတွင်း သျှမ်းပြည် တောင်ပိုင်းတွင် လုပ်ကြံ သတ်ဖြတ် ခံရသည့် NLD ပါတီဝင် ၂ ဦး ရှိပြီဖြစ် ကြောင်း တောင်ကြီး မြို့နယ် NLD အသိုင်း အဝိုင်းများ ထံမှ သိရသည်။

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု NLD ပါတီ ဒုဥက္ကဌ  ဦးစိုင်းစံထွန်းသည်လည်း ၄င်း၏ နေအိမ် အနောက်ဖက်တွင် လွန်ခဲ့သည့် ၂ ရက်ခန့်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။

ဇွန်လ ၄ ရက်နေ့ ညသန်းခေါင်တွင် ဦးစိုင်းစံထွန်းနေအိမ်သို့ အမည်မသိလူနှစ်ဦးကရောက်ရှိလာပြီး သူကြီးခေါ်သည် ဟုဆိုကာ ၄င်းအား ခေါ်ဆောင်သွားပြီး အိမ်နောက်ဖက်တွင် သေနတ် သုံးချက်ပစ်သတ်လိုက်ကြောင်း  အတူ သွေးအိုင်ထဲတွင် သေဆုံးနေကြောင်း NLD ပါတီ တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးကပြောသည်။

 “ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့တွေ ရောက်လာပြီးအလောင်းကို စစ်ဆေးတယ်။ ကျည်ဆံခွံ သုံးခုတွေ့တယ်။ တရာခံကိုတော့ မဖမ်းမိသေးဘူး။ အမှုမှန်  တရားခံ ပေါ်အောင်ဖော်ထုတ်ပေးစေချင်ပါတယ်။ ဒီလိုဖြစ်တာပထမအကြိမ်မဟုတ်တော့ဘူး ”  ဟု သျှမ်းသံတော်ဆင့်အားပြောပါသည်။

ဟိုပုံးရဲစခန်းမှ ပုဒ်မ  ၃၀၂  ဖြင့်အမှုဖွင့်ထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း ဟိုပုံးရဲစခန်းမှ ဒုရဲအုပ် ကျော်မင်းစိုး ထံမှသိရပါသည်။

သေဆုံးသူ ဦးစိုင်းစံထွန်း အသက် ၄၇ နှစ်တွင် သားသမီငါးယောက်ရှိပြီး သုံးဦးမှာ ကျောင်းသား များဖြစ်ကြောင်း တောင်ကြီးခရိုင် NLD အနေဖြင့် ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ကြေးများရရှိရေးစီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ဧပြီလ   ၂၅  ရက်  ၂၀၁၄ တွင်လည်း ယင်းကဲ့သို့နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်  ခွန်ထင်ကျော်  လည်း ဓါးထိုးလုပ်ကြံသတ်ဖြတ်ခံခဲ့ရဖူးပြီး ယခုတိုင် အမှုမှန်နှင့် တရားခံ မပေါ်သေးကြောင်း တောင်ကြီးမြို့ NLD အသိုင်းအဝိုင်းများထံမှ  သိရှိရပါသည်။

သျှမ်းသံတော်ဆင့် ၊ ယိင်းတိုင်း

တပ်မ ၇၇ နှင့် မူးယစ် သုံးစွဲ ရောင်းဝယ်သူ များအဖွဲ့ ပစ်ခတ် မှုဖြစ်

ရွာပြင်ဘက်မှတောအုပ်သည် ပစ်ခတ်မှုဖြစ်ပွါးခဲ့သော မန်စံအုပ်စု နမ့်ဆီလင်းချောင်းဦး ရေထိန်းတောတန်းဖြစ်ပါသည်။ (Photo: Numtu Group)

သျှမ်းပြည် မြောက်ပိုင်း နမ္မတူ မြို့နယ် မန်စံ ရေထိန်းတောတန်းဘက် စစ်ကြောင်း လှည့်သည့် အစိုးရ တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်း နှင့် မူးယစ် ဆေးဝါး ရောင်းဝယ် သုံးစွဲသူ များအဖွဲ့  ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည်။

၂၀၁၄ ဂျွန် ၆ ရက် နံနက် ဝ၆.၂၂ နာရီအချိန်တွင် နမ္မတူမြို့ မန်စံ ရပ်ကွက် ၁ အထွက် နမ္မတူ - လားရှိုးလမ်းမ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများအတွက် ကင်းစောင့်ပေး သူသုံးယောက်နှင့် အစိုးရ တပ်မတော် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းတို့ ရင်တိုက်ခိုက်မှု ဖြစ်ပွားကာ မူးယစ် ဆေးဝါးနှင့် ပတ်သက် ဆက်နွယ်သူ ၇ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ သို့သော် သေဆုံးဒဏ်ရာရသူတယောက်မျှမရှိကြောင်း အမည်မဖေါ်လိုသည့်ဒေသခံတဦးကပြောသည်။

“ကင်းစောင့်ပေးတဲ့သူက အစိုးရတပ်ကို အရင်ပစ်တာ။ ထွက်ပြေးလွှတ်မြောက်တဲ့သူလဲများတယ်။ ၇ ဦးဖမ်းမိတယ်။ ကျနော်တို့ နမ္မတူမြို့နယ်ထဲက ၃ ယောက်၊ နမ့်ဆန်မြို့ နယ်ဘက်က ၁ ယောက်၊ ကျပ်ငွေ သန်းဂဏန်း လက်ဝယ်ရှိသူ တရုတ်အမျိုးသားတဦး၊ လာရင်းဒေသ မသိရသူ တဦးတို့ ဖမ်းမိတယ်။ သူတို့ဆီကနေလဲ မော်တော်ဆိုင်ကယ်၊ တူမီးသေနတ်၊ လေသေနတ်၊ ဒုတ်တွေ၊ ဓါးတွေအပြင်၊ ယာဘတွေ၊ ဘိန်းဖြူတွေ၊ အများကြီးဘဲဖမ်းမိတယ်” - ဟု ပြောသည်။

သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ - အဆိုပါဖမ်းဆီးရ မည့်သည့်သူ ၇ ဦး အနက် ရဲတပ်ဖွဲ့ဝင်အသိုင်းအဝိုင်းတဦးလည်းပါဝင်သည်ဟုပြောသည်။

မန်စံ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည် (ခေါ် ) ဦးဖိုးထောင်ကမူ - “ကျနော်ကိုယ်တိုင်သွား ကြည့်ခဲ့ ပါတယ်။ လေးယောက်ဖမ်းမိတယ်။ ယာဘတွေ၊ နံပါတ်ဖိုးတွေ ပါဖမ်းမိတယ်” - ဟု ပြောသည်။

မန်စံအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်က မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူ၊ မှီဝဲသုံးစွဲသူ တရက်တခြားပေါများလာသည်နှင့်အမျှ၊ ရပ်ရွာအသက်အိုးအိမ်လုံခြုံရေးအတွက်လည်း အထူးစိုးရိမ် ရကြောင်း၊ ထို့ကြောင့် အာဏာပိုင်များအနေဖြင့် မကြာခဏ ဝင်ရောက်ဖမ်းဆီးပေးသင့်ကြောင်း ဤကဲ့သို့ ဆက်ပြောသည်။

“ကျနော်တို့က အုပ်ချုပ်ရေးပိုင်းကမှန်ပေမယ့်လဲ။ ပူးပေါင်းအဖွဲ့အစည်းရှိမှဘဲ ကျနော်တို့က ဒီဟာတွေ ဖမ်းလို့ရမှာလေ။  ဒီတိုင်းလက်နက်မဲ့ကြီးနဲ့တော့ ဘာမှသွားလုပ်လို့မရဘူး။ ဒါကြောင့် တာဝန်ရှိအဖွဲ့ အစည်းတွေ၊ ပူးပေါင်းအဖွဲ့အစည်းတွေ ဒီလိုမကြာမကြာ ဖမ်းဆီးပေးစေချင်တာပေါ့ဗျာ။

နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နမ့်စီလင်းချောင်းဦးရေထွက် တွင် မူးယစ်ဆေးဝါးများ တရား ဝင်ဈေးကဲ့သို့ရောင်းချနေကြောင်း၊ ကင်းစောင့်ပေးသူများ ရှိသကဲ့သို့ ဒုတ်များ၊ ဓါးများ၊ တူမီးသေနတ်၊ လေနတ်နှင့် အခြားသောလက်များလဲ ကိုင်ဆိုင်ထားကြောင်း၊ ဒေသခံများအတွက် ထိုဒေသဘက် ဖြတ်သန်းသွားလာအလုပ်လုပ်ကိုင်ရေးအတွက်ပင်ခက်ကြောင်း ခိုးမှု၊ လုယက်မှု၊ ဖေါက်ထွန်းမှုလည်း မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်းဒေသခံများပြောပြချက်အရသိရသည်။

 သျှမ်းသံတော်ဆင့်

ရာမာဒီ တက္ကသိုလ်ကို စစ်သွေးကြွတွေ ဝင်စီး

လုံခြုံရေး တွေကို သတ်ပြီး တက္ကသိုလ်ဝင်စီး

 အီရတ် နိုင်ငံ အနောက်ပိုင်း ရာမာဒီမြို့ က တက္ကသိုလ် တခုကို ဝင်စီးထားတဲ့ စစ်သွေးကြွ တွေက သူတို့ ဖမ်းထားတဲ့ ရာနဲ့ချီတဲ့ ကျောင်းသား တွေနဲ့ ဆရာ တွေကို ပြန်လွှတ် ပေးခဲ့ပါတယ်။

စစ်သွေးကြွတွေ လွှတ်ပေးပြီးနောက် ကျောင်းသား ၁၃ဝဝ လောက် တက္ကသိုလ် ထဲက ထွက်လာကြတယ်လို့ ဒေသ ကောင်စီ အကြီးအကဲက ပြောကြား ပါတယ်။

စစ်သွေးကြွ အများအပြားကိုလဲ အစိုးရတပ် က ချေမှုန်း ခဲ့ပြီး ကျန်တဲ့ စစ်သွေးကြွတွေ ဆုတ်ခွာသွားပြီလို့ ရာမာဒီက လုံခြုံရေး သတင်း ရပ်ကွက်က ဘီဘီစီကို ပြောပါတယ်။

ကျောင်း လုံခြုံရေး တွေကို သတ်ဖြတ်ပြီး တက္ကသိုလ်ကို ဝင်စီးထားတဲ့ သေနတ် သမား တွေဟာ ISIS စစ်သွေးကြွ အဖွဲ့ကလို့ ယူဆရပါတယ်။

သောကြာနေ့ ကလဲ အစွန်းရောက် တွေက မိုဆူးလ်မြို့ကို အပြင်းအထန် တိုက်ခိုက် ခဲ့ပြီး အသေခံ ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့ သလို ဆမာရာ မြို့ ကိုလဲ အကြီးအကျယ် ထိုးစစ် ဆင်ခဲ့ပါတယ်။

ရာမာဒီမှာ လုံခြုံရေးနဲ့ စစ်သွေးကြွ တွေကြား လတွေနဲ့ ချီပြီး တိုက်ခိုက် နေကြပါတယ်။

bbc burmese