အီဘိုလာ ရောဂါ မာလီနိုင်ငံကို ကူးပြီလား


သံသယရှိတဲ့ လူ ၃ ယောက်ကို သီးခြား ခွဲထုတ် ကုသနေ

အနောက် အာဖရိကမှာ အီဘိုလာ Ebola ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်နေကြတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေဟာ မာလီ နိုင်ငံကို ဒီရောဂါ ပျံ့နှံ့လာနေပြီလား ဆိုတာကို အတည်ပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။

မာလီနိုင်ငံမှာ ရောဂါ ကူးစက်ခံရတယ်လို့ သံသယ ရှိတဲ့ လူ ၃ ယောက်ဆီက နမူနာတွေကို ရယူပြီး အမေရိကန်ကို စစ်ဆေးဖို့ ပို့ထားသလို သူတို့ကိုလည်း သီးခြား ခွဲထုတ် ကုသနေပါတယ်။

အိမ်နီးချင်း ဂီနီယာ နိုင်ငံမှာ ဒီရောဂါနဲ့ လူ ၉၀ လောက် သေဆုံးခဲ့ပြီး လိုက်ဘေးရီးယား မှာလည်း ၆ ယောက် သေထားသလို ဆီယာလီယွန်နဲ့ ဂမ်ဘီယာ တို့မှာလည်း ရောဂါ လက္ခဏာတွေ တွေ့နေရတဲ့အတွက် စိုးရိမ်နေကြပါတယ်။

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က Sam Taylor ကတော့ ဒီရောဂါ ကူးစက်ခံရတဲ့ လူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ခုတိုင်းဆို အသက်ဆုံးရှုံးဖို့ သေချာတယ်လို့ ပြောပါတယ်။ အထူး ဂရုစိုက်နိုင်မှာသာ ဒီနှုန်းထားကို လျှော့ချနိုင်မယ်လို့ သူက ပြောပါတယ်။

BBC Burmese

ရဟန်းပြစ်မှားလို့ ခွေးစားရခြင်း


       ကုသိုလ်ကံ၊ အကုသိုလ်ကံသဘောမှာ နောက်မှအကျိုးပေးတာလည်းရှိတယ်။ ဒီဘ၀မှာတင် အကျိုး   ပေးတာလည်း ရှိတယ်။ တစ်ခါတစ်လေ အရင်ဘ၀က ကုသိုလ်အရှိန်အားကြီးနေသေးလို့ အကုသိုလ်ကံ ဟာ ဒီဘ၀မှာ ချက်ချင်းအကျိုးမပေးတာလည်း ရှိတယ်။ တစ်ခါတစ်လေ အရင်ဘ၀က အကုသိုလ်ကံအရှိန် အာကြီးနေသေးလို့ ကုသိုလ်ကံဟာ ဒီဘ၀ချက်ချင်းအကျိုးမပေးပဲ နောက်ဘ၀တွေကျမှ အကျိုးပေးတာ လည်းရှိတယ်။ ဘာပဲပြောပြော အကျိုးပေးချိန်တန်ရင်တော့ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံဟာ အကျိုးပေးတာပါပဲ။ အခုတင်ပြပေးမှာက ဘုရားလက်ထက်က လက်ရှိဘ၀မှာတင် မကောင်းကျိုးခံစားရတဲ့ ဇာတ်လမ်းလေးပါ။
       ဘုရားရှင်လက်ထက်က ကောကဆိုတဲ့မုဆိုးတစ်ယောက်ရှိခဲ့တယ်။ သူဟာ ခွေးတစ်အုပ်နဲ့ နေ့ စဉ် တောလိုက်ပြီး အသက်မွေးရတဲ့သူပေါ့။ သူသိတာ တောလိုက်ဖို့ပဲ။ တစ်နေ့ တောလိုက်သွားရင်း လမ်းမှာ ရဟန်းတစ်ပါး ဆွမ်းခံကြွတာနဲ့ သွားတိုးတယ်။ "သွားပါပြီ၊ ဒီနေ့ စောစောစီးစီး အမင်္ဂလာနဲ့ လာတွေ့နေတယ်။ သားကောင်တော့ရမှာမဟုတ်ပါဘူး" တကယ်ပဲ တောလိုက်တဲ့အခါ တိုက်တိုက် ဆိုင်ဆိုင် ဘာသားကောင်မှ မရပါဘူး။ စိတ်ထဲက ရဟန်းကိုပဲ ဒေါသထွက်နေမိတာပေါ့။ စိတ်ညစ်ညစ် နဲ့ ပြန်လာတယ်။ ဆွမ်းခံပြီး ပြန်ကြွလာတဲ့ ရဟန်းနဲ့ထပ်တိုးပါလေရော။ ရဟန်းကပဲ ကံဆိုးတာလား။ ဒီတစ်ခါတော့ သူ့ဒေါသကို မမျိုသိပ်ထားနိုင်တော့ပါ။ ဒါနဲ့ သူ့ရဲ့ ခွေးအုပ်ကြီးနဲ့ ရှုးတိုက်ပါလေရော။ ရဟန်းလည်း အခြေအနေမဟန်တော့ သပိတ်ချပြီး နီးရာသစ်ပင်ပေါ် အပြေးအလွှား တက်လိုက်ရတယ်။ သစ်ကိုင်းကြီးကို ဖတ်တွယ်ထားတယ်။ ခြေထောက်နဲ့ သင်္ကန်းက အောက်ကို တန်းလန်းကျလို့။ ခွေးတွေ ကလည်း သားကောင်မကိုက်ရလို့ မဲနေတာထင်ပါတယ်။ အတင်းကို ကိုက်စားမယ်တကဲကဲ ၀ိုင်းဟောင်   တော့တာပဲ။
        မုဆိုးက စိတ်မရှည်တော့ ချွန်ထက်နေတဲ့မြားတံကိုဆွဲထုတ်၊ တန်းလန်းကျနေတဲ့ ရဟန်းခြေထောက် ကို လှမ်းထိုးတယ်။ ရဟန်းလည်း စူးရှနာကျင်တဲ့ ဒဏ်ခံစားရတော့ ခြေထောက်ကို ရှောင်တိမ်းရင်း ၀တ် ထားတဲ့ သင်္ကန်းပြုတ်ကျမှန်းမသိလိုက်ဘူး။ ဖြစ်ချင်တော့ သင်္ကန်းဟာ အောက်က မုဆိုးပေါ် သွားအုပ်မိ တယ်။ အဲဒီမှာ ခွေးတွေက ရဟန်းပြုတ်ကျလာတယ်မှတ်လို့ မုဆိုးကို ၀ိုင်းကိုက်ဆွဲကြတာ။ နောက်ဆုံး မုဆိုးဟာ အရိုးပဲ ကျန်ပါတော့တယ်။ ရဟန်းလည်း မဟန်တော့ပဲ အပေါ်ကနေပြုတ်ကျ တာ ခွေးအုပ်ပေါ် ကျသွားတယ်။ ဒီတော့မှ ခွေးတွေဟာ သူ့သခင်ကို ကိုက်စားမိမှန်းသိပြီး တောထဲ ပြေးဝင်သွားကြလေရဲ့။
        ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကတော့ ဒါပါပဲ။ အရမ်းသံဝေဂရစရာပါ။ ခုခေတ်မှာလည်း ထင်ယောင် ထင်မှားနဲ့ သံဃာအစစ်တွေကို ရိုက်နှက်တဲ့အထိ မြင်တွေ့နေရတော့ စိတ်မကောင်းဖြစ်ရတယ်။ ချက်ချင်း အကျိုးမပေးလို့ မယုံဘူးဆိုပြီး မပြစ်မှားမိပါစေနဲ့။ အချိန်တန်ရင် ပြန်ခံရမယ်ဆိုတာ သိထားဖို့ပါ။
       အားလုံး ဆရာ၊ ဒကာလက်တွဲညီစွာ သာသနာပြုနိုင်ပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ 

အသက် ၇၂ အရွယ် ထူးထူးခြားခြား အရွယ်တင်သူ


အမေရိကန်နိုင်ငံက Shea Vaughn လို့ အမည်ရတဲ့ အမျိုးသမီး တစ်ဦး ဖြစ် ပါတယ်။ တကယ် အသက် ၇၂ နှစ်ကျော်သွား ပါပြီ။ သို့ပေမယ့် အသက် ၄၀ အောက်လောက်သာ ရှိမယ်လို့ ထင်ရလောက်အောင် နုပျို နေပါတယ်။

Vince Vaughn လို့ အမည်ရတဲ့ ဟောလိဝုဒ် မင်းသားရဲ့ အမေလည်း ဖြစ် ပါတယ်။ သားသမီး လေးဦး ရှိပြီး မြေးတွေလည်း အများကြီး ရှိတဲ့ အဖွား ဖြစ်ပါတယ်။ သူမ အနေနဲ့ ယခုလို နုပျိုအောင် ယောဂ ကျင့်ခြင်း၊ ကိုယ်ခံ ပညာ သင်ကြားခြင်း နှင့် အခြားသော အားကစားနည်း ၂ မျိုးလောက် ထပ်လိုက်စား ပါသေးတယ်။ ဒါကြောင့်လည်း အသက် ၇၂ နှစ် လို့ ပြောရင် မယုံရလောက်အောင် သိသိ သာသာ နိုပျိုနေခြင်း ဖြစ်ပါ တယ်။

သူမရဲ့ နုပျိုမှုနဲ့ ပက်သက်ပြီးတော့ ကျင့်ရန် နည်လမ်း စာအုပ်နဲ့ တီဗီ အစီ အစဉ် တွေလည်း အမေရိကန်မှာ အောင်မြင် ပါတယ်။ Shea Vaughn ဟာ လက်ရှိမှာ ကမ္ဘာ့အနုပျိုဆုံး အသက်ကြီး အမျိုးသမီး စာရင်းထဲ ပါဝင် လာကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

Accor က မြန်မာနိုင်ငံတွင် ဟိုတယ် ၃ လုံး ဆောက်မည်

Accor ဟိုတယ်အုပ်စုက တည်ဆော်ကထားတဲ့ ဟိုတယ် တလုံးအား မြင်တွေ့ရစဉ်

မြန်မာနိုင်ငံ ရန်ကုန်၊ နေပြည်တော်နဲ့ အင်းလေးဒေသ ညောင်ရွှေမှာ ဟိုတယ် ၃ လုံးဆောက်မယ်လို့ ကြေညာထားတဲ့ ကမ္ဘာကျော် ပြင်သစ် Accor ဟိုတယ်အုပ်စုဟာ ညောင်ရွှေမှာ နိုဗိုတယ်အင်းလေးကန် ဟိုတယ်ကို လာမယ့် ခရီးသွားရာသီ အမီ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

Accor ဟိုတယ်အုပ်စုဟာ မြန်မာနိုင်ငံက မြတ်မင်းကုမ္ပဏီနဲ့ ပူးပေါင်းပြီး ရန်ကုန်မှာ ပေါလ်မင်း ရန်ကုန်မြတ်မင်း ဟိုတယ်၊ နေပြည်တော်မှာ စပယ်ရန်ကုန်မြတ်မင်း ဟိုတယ်တွေ ဖွင့်လှစ်ဖို့လည်း တည်ဆောက် လုပ်ကိုင်နေပါတယ်။
Accor ဟိုတယ်အုပ်စုဟာ နိုင်ငံပေါင်း ၉၂ နိုင်ငံမှာ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ တည်ဆောက် လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းစုကြီး ဖြစ်ပါတယ်။

DVB Burmese 

အလုပ်ကိစ္စစကားများကြပြီး ယာဉ်နောက်လိုက်မှ ဓါးဖြင့်ထိုး၍ ယာဉ်မောင်းသေဆုံး


ရန်ကုန်၊ ဧပြီ ၎

၃.၄.၂၀၁၄ရက်နေ့ ၂၀၂၀အချိန်ခန့်တွင် မှော်ဘီမြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်
များသည် မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ အမှတ်(၄)ရပ်ကွက်ရှိ
မောင်ညွန့်(ခ) ခင်မောင်ညွန့် ၏နေအိမ်တွင် ဓါးဖြင့်အထိုးခံရ၍ လူတစ်ဦး
သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါကျေးရွာနေ ထိန်လင်း၊ ယာဉ်မောင်း၊ (ဘ)ဦးစိန်ရင်ဖြစ်ပြီး ၎င်းတွင် ၀ဲရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀မ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊
ကျောပြင်ထိုးသွင်း ဒဏ်ရာ(၁)ချက်တို့ရရှိကာ ပလက်အနေအထားဖြင့်
သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၀၀၀အချိန်ခန့်က အခင်းဖြစ်နေအိမ်တွင် သေဆုံးသူ ယာဉ်မောင်း ထိန်လင်းနှင့် ၎င်း၏ယာဉ်နောက်လိုက်ဖြစ်သူ အိမ်ရှင်
မောင်ညွန့်(ခ)ခင်မောင်ညွန့်တို့သည် ယာဉ်ထွက်မည့် အလုပ်ကိစ္စတိုင်ပင်
ပြောဆိုရာမှ အဆင်မပြေဖြစ်ကာ စကားများရန်ဖြစ်ကြစဉ် မောင်ညွန့်(ခ) ခင်မောင်ညွန့်မှ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့သူ မောင်ညွန့်(ခ)ခင်မောင်ညွန့်၊ (၄၃)နှစ်၊ ယာဉ်
နောက်လိုက်၊ (ဘ)ဦးသိန်းရွှေကို မှော်ဘီမြို့မရဲစခန်း (ပ)၁၈၅/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

အိမ်အကူ ကလေးငယ်ကို ဆီပူအိုးထဲ လက်နှစ် နှိပ်စက်ခဲ့သည့်အိမ်ရှင်များ တိမ်းရှောင်နေ



အိမ်အကူကလေးငယ်ကို ဆီပူအိုးထဲလက်နှစ်ပြီး မတရားညှဉ်းပန်းနှိပ်စက်ခဲ့သည့်အိမ်ရှင် လင်မယားနှစ်ဦးအား ဧပြီ ၂ ရက်က ပုသိမ်မြို့နယ်မြေရဲစခန်းမှ ဗဟန်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအမှုဖွင့်အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

ဗဟန်းမြို့နယ်၊ ကိုယ့်မင်း ကိုယ့်ချင်းရပ်ကွက်တွင်နေထိုင် သော အဆိုတော်အိမ်ရှင်လင်မ ယားနှစ်ဦးမှာ ၎င်း၏အိမ်ဖော်ဖြစ် သူအသက်(၁၄)နှစ်အရွယ်မိန်းကလေးငယ်အား ဟင်းအိုးတူး၍ ဆီပူအိုးအတွင်း လက်နှစ်ဖက်ဆွဲနှစ်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ကတ်ကြေးဖြင့် လက်ကို ထိုးခြင်းစသည့်မတရား နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအိမ်ဖော်အမျိုးသမီးမှာ ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးကုသရန် ပုသိမ်မြို့ရှိ ဆေးခန်းတစ်ခုသို့ သွားရောက်ပြခဲ့ရာ ယင်းဆေးခန်းမှ ရဲအရေးပိုင်သောဒဏ်ရာများဖြစ်၍ ပုသိမ်ဆေးရုံသို့   ပြောင်းရွှေ့ကုသခဲ့သည်။

ထို့နောက် အိမ်ဖော်အမျိုးသ မီး၏ မိခင်ဖြစ်သူက ပုသိမ်မြို့အ မှတ်(၂)နယ်မြေရဲစခန်းတွင် မတ် လ ၂၉ရက်က အမှုဖွင့်ခဲ့သော် လည်း အခင်းဖြစ်ပွားခဲ့သည့် နေ ရာမှာ ဗဟန်းမြို့နယ်အတွင်းဖြစ် ပွားခဲ့ခြင်းဖြစ်၍ ဧပြီ ၂ရက်က လွှဲ ပြောင်းအမှုဖွင့်ခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ  သတင်းရရှိသည်။

 ယခုအမှုဖွင့်တိုင် ကြားခံထားရသည့် အိမ်ရှင်လင်မယားတွင် ဇနီးဖြစ်သူ၏အမည်မှာ မသီတာ(ခ) သီရိကိုကိုဟုဖော်ပြထား၍ အဆိုတော်ဗီဒီယိုသရုပ်ဆောင်သီရိကိုကိုဟု  သတင်းများထွက်ပေါ်လျက်ရှိသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာက  အတည်ပြုပြောကြားထားခြင်းမရှိသေးချေ။

‘‘ကျွန်တော်တို့ ဒီအမှုကို မ စစ်ရသေးပါဘူး။ လင်မယားနှစ် ယောက်ကို ခေါ်မစစ်ရသေးဘူးဆို တော့  သီရိကိုကိုဆိုတာအဆို တော်လား၊ ဘာလားဆိုတာ သေ ချာမသိရသေးဘူး။ စစ်လို့သိရပြီ ဆိုရင် ပြောပြပါမယ်’’ဟု ဗဟန်း မြို့နယ်ရဲစခန်းမှ အမှုစစ်ဒုရဲအုပ် ထွန်းမွှေးကပြောသည်။

ထို့အပြင် ယခုအမှုဖွင့်ခံထား ရသော အိမ်ရှင်လင်မယားနှစ်ဦး မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ ၍ သက်ဆိုင်ရာက ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။ ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်းမြို့ နယ်ရဲစခန်းတွင် အပြင်းအထန် နာကျင်စေမှုပုဒ်မဖြင့် ၎င်းတို့ကို အမှုဖွင့်ထားကြောင်း သတင်းရ ရှိသည်။

အဆိုပါအိမ်ဖော်အမျိုးသမီး သည် လွန်ခဲ့သည့် ၃လခန့်က ၎င်း တို့နေအိမ်သို့ရောက်ရှိခဲ့သည့်အ ချိန်မှစ၍ ထိုးကြိတ်ခြင်း၊အခန်း တွင်းပိတ်လှောင်ကာ  အစာ၀၀ လင်လင်မကျွေးခြင်း၊  ဟင်းအိုး တူးပါက လက်နှစ်ဖက်ကို ဆီပူအိုး  ထဲနှစ်ခြင်း၊  ပလာယာဖြင့်ညှပ် ခြင်း၊ ခေါင်းကိုတံမြက်စည်းတုတ် ဖြင့် ရိုက်နှက်ခြင်းစသည်တို့ကိုပြုလုပ်ခဲ့ကြောင်း ထွက်ဆိုထားသည်။

7day daily

ပြုတ်ကျသွားတဲ့ iPhone ဆယ်ရင်း မြောင်းပေါက်ထဲညှပ်နေတဲ့ ၁၆ နှစ်မလေး




Angel on 2014-04-04 15:27    
အင်္ဂလန်နိုင်ငံ၊ ဒိုဗာမြို့ က အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာ မြောင်းထဲ ကျသွားတဲ့ သူမရဲ့ iPhone ကို ဆယ်ရင်း မြောင်းပေါက်ထဲ ညှပ်နေတဲ့အတွက် မီးသတ်သမားတွေက ကယ်ဆယ်ပေးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဗုဒ္ဓဟူးနေ့ က ဖြစ်ပွားခဲ့ပါတယ်။

မြောင်းပေါက်ထဲ ညှပ်နေတဲ့ အယ်လာဟာ သူမရဲ့ လက်နှစ်ဖက်နဲ့ ထောက်ထားပြီး ခက်ခက်ခဲခဲ ဖြစ်နေတာကို အသက် ၂၂ နှစ်အရွယ် တင်မ်ရစ်ချတ်က ကားမောင်းလာရင်းနဲ့ မြင်လို့  ၀င်ကူပေးခဲ့တာပါ။

“ တော်တော် ကြောင်တောင်တောင်နိုင်တဲ့မြင်ကွင်းပါ။ ကလေးမက မြောင်းပေါက်ထဲကနေ လွတ်ဖို့ ထက် သူ့  ဖုန်းကို ပြန်ရဖို့ ပိုပြီး စိတ်လောနေတယ်”

အယ်လာဟာ ဖုန်းပြောနေရင်းနဲ့ မြောင်းပေါက်ထဲကို သူမ iPhone ပြုတ်ကျ သွားတာပါ။ ဖုန်းဝယ်ထားတာ မကြာသေးဘဲ အသစ်ကြီးဖြစ်နေတဲ့အတွက် သူမ ဘာသာ ဖုန်းကို ပြန်ဆယ်ဖို့ ကြိုးစားရင်းနဲ့ အခုလို မြောင်းပေါက်ထဲ ညှပ်နေတာလို့ Metro သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အနားမှာရှိတဲ့ သူမအမေက အရေးပေါ်ဌာနကို ဖုန်းလှမ်းဆက်ပြီး အကူအညီတောင်းခဲ့ရပါတယ်။ ဒါပေမယ့် အခုလို အယ်လာတစ်ယောက် မြောင်းပေါက်ထဲညှပ်နေပေမယ့် သားအမိနှစ်ယောက်က ရယ်နေကြတယ်လို့  ဆိုပါတယ်။

အယ်လာကို မီးသတ်ဝန်ထမ်းတွေက မြောင်းပေါက်ထဲကနေ ဆွဲထုတ်ကယ်နိုင်ခဲ့ပေမယ့် ဖုန်းကိုတော့ ပြန်မရခဲ့ပါဘူး။

Ref: huffingtonpost.com
Trend Myanmar

ထိုင်းဆန္ဒပြပွဲများတွင် ပါဝင်ရန် မြန်မာလုပ်သားများအား နေ့စားဖြင့်ခေါ်

ထိုင်းအစိုးရ ဆန့်ကျင်သူများ အစိုးရရုံးတစ်ရုံးရှေ့တွင် ဧပြီ ၂ ရက်က ဆန္ဒပြနေစဉ် (Nicolas ASFOURI/AFP)


လက်ရှိ ထိုင်းအစိုးရကို ထောက်ခံသည့် ထိုင်းနိုင်ငံ အလုပ်သမား ရေးရာ ဝန်ကြီးသည် စီးပွားရေး လုပ်ငန်း ရှင်များအား ဖိအားပေး၍ ဆန္ဒပြရာတွင် လူအင်အား များပြားစေရန် ရွှေ့ပြောင်း မြန်မာလုပ်သားများကို နေ့စားဖြင့် လိုက်လံ ခေါ်ယူ ခိုင်း နေကြောင်း သတင်းရရှိသည်။

အစိုးရကို ထောက်ခံသူများ နှင့် ကန့်ကွက်သူများနှစ်ဖက်လုံးက မြန်မာလုပ်သားများအား နေ့စားဖြင့် ခေါ်ယူနေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာလုပ်သားများက ပြောသည်။

လက်ရှိအစိုးရကို ထောက်ခံသော ရှပ်နီအဖွဲ့များသည် ဧပြီ ၅ ရက်တွင် ဘန်ကောက်မြို့၌ ဆန္ဒပြမှုစတင်မည်ဖြစ်သောကြောင့် ၎င်းတို့ဘက်တွင် လူအင်အားများစေရန် ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးက စီးပွားရေးလုပ်ငန်းရှင်များအား ဖိအားပေး၍ ရွှေ့ပြောင်းမြန်မာလုပ်သားများခေါ်ယူခိုင်းခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)ဥက္ကဋ္ဌဦးထူးချစ်က ပြောသည်။

‘‘ခေါ်တာက ရှပ်နီဘက်က ရော၊ ရှပ်ဝါဘက်ကရော နှစ်ဖက်လုံးက ခေါ်နေတာ။ ဒီကိစ္စက သူတို့နိုင်ငံရဲ့ နိုင်ငံရေးအုံကြွမှုဖြစ်တယ်။ အလုပ်သမားတွေအခွင့် အရေးအတွက် ဆန္ဒပြနေကြတာမဟုတ်ဘူး။ အဲဒါကြောင့် မြန်မာတွေအနေနဲ့ မပါစေချင်ဘူး။ အစိုးရကန့်ကွက်တဲ့အဖွဲ့မှာလည်း မြန်မာတွေပါနေတာတွေ့တယ်’’ ဟု ဦးထူးချစ်က ပြောသည်။

ရွှေ့ပြောင်းမြန်မာလုပ်သားများကို နေ့စားဖြင့်ခေါ်ယူရာတွင် စရိတ်ငြိမ်းဘတ်ငွေ ၃၀၀ ဖြင့် လိုက်လံ ခေါ်ယူနေခြင်းဖြစ်ကြောင်း  ဦးထူးချစ်က ဆက်လက်ပြောသည်။ အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ မြန်မာ သံရုံးသို့ ဆက်သွယ်မေးမြန်းရာ သံရုံးအနေဖြင့် မြန်မာလုပ်သားများကို ဆန္ဒပြပွဲများတွင်မပါဝင်ရန် အမိန့်စာ ထုတ်ထားပြီးပါဝင်၍ တစ်စုံတစ်ရာဖြစ်ခဲ့ပါက တာဝန်မယူနိုင်ကြောင်း ထိုင်းနိုင်ငံ၊ မြန်မာသံရုံးမှ အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင်က ပြောသည်။

ဧပြီလ ၅ ရက်တွင် စတင်မည့် ထိုင်းနိုင်ငံဆန္ဒပြပွဲများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပါဝင်ခြင်းမပြုရန် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအသင်းက လူမှုကွန်ရက်မှတစ်ဆင့် ဧပြီ ၅ ရက်တွင် သတိပေးမှုများ ပြုလုပ်ထားသည်။

ထိုင်းနိုင်ငံအစိုးရကို ကန့်ကွက်ဆန္ဒပြသူများသည် ၎င်းတို့အဖွဲ့ လူအင်အားများပြားရန်အတွက် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဇန်နဝါရီအတွင်းကပင် လိုက်လံခေါ်ယူနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

‘‘အရင်ကလည်း မြန်မာတွေကို ခေါ်နေတယ်လို့ကြားတယ်။ ခုလည်းခေါ်ပြန်ပြီလို့ကြားတယ်။ အခုက ၅ ရက်ဆို နှစ်ဖက်အပြိုင် ဆန္ဒပြမယ်လို့ ကြားနေတယ်။ အရင်လတွေကဆို ရှပ်နီအဖွဲ့မှာ မြန်မာတွေလိုက်ပြီး ဆန္ဒပြနေတာ တွေ့ဖူးတယ်’’ဟု ဘန်ကောက်မြို့ စားသောက်ဆိုင်တစ်ခုတွင် လုပ်ကိုင်နေသော ကိုအောင်စိုးက ပြောသည်။

ထိုင်းနိုင်ငံ  ဆန္ဒပြမှုများကြောင့် မြန်မာလုပ်သားများအနေဖြင့် ဆန္ဒပြရာနေရာအနီးသို့ မသွားရန် သတိပေးကြေညာချက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် တစ်စောင်၊ ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင်တစ်စောင် စုစုပေါင်းနှစ်စောင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၅ ရက်တွင် ဆန္ဒပြရာဧရိယာအတွင်းသို့ ဖြတ်သန်းသွားသော မြန်မာလုပ်သားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။

ထိုင်းအစိုးရကို ဆန္ဒပြသူများသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ ရက်မှစတင်ကာ ဘန်ကောက်မြို့တွင် ဆန္ဒပြနေပြီး နိုဝင်ဘာ ၂၉ ရက်တွင် ဆန္ဒပြသူများအား ထိုင်းနိုင်ငံအစိုးရအဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့သည်။ ထိုအကြမ်း ဖက်နှိမ်နင်းမှုကြောင့် လူငါးဦး သေဆုံးကာ ၂၅၆ ဦး ဒဏ်ရာရရှိ ခဲ့သည်။  ထိုနောက်ပိုင်းတွင်လည်း ဆန္ဒပြဧရိယာအတွင်း ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်၍ သေဆုံးမှုထပ်မံဖြစ်ပေါ်ခဲ့သည်။

Author: ငြိမ်းချမ်း

7DAY DAILY


ကတ္တရာလမ်းပေါ်တွင် အရက်မူးပြီးချော်လဲခဲ့သည့် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၎

၃.၄.၂၀၁၄ရက်နေ့ ၁၁၄၀အချိန် မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် မြောက်ဥက္ကလာပဆေးရုံတွင် ဒဏ်ရာများဖြင့် ဆေးရုံတက်ရောက်
နေသူ အမျိုးသားတစ်ဦးသေဆုံးသွား ကြောင်းကြားသိရသဖြင့် သွားရောက်
စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဇော်ထွေး(၃၇)နှစ်၊ (ဘ)ဦးထွန်းလှိုင်၊ (ည)ရပ်
ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူဖြစ်ပြီး ၎င်းတွင် ဦးခေါင်းနောက်စေ့
ပေါက်ပြဲဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၃.၄.၂၀၁၄ ရက်နေ့ ၀၃၄၀ အချိန်
ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းနှင့် ခေမာကျောင်း
လမ်းထောင့် ကတ္တရာလမ်းပေါ်တွင် အရက်မူးပြီးချော်လဲခဲ့ရာမှ ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဥက္ကလာပမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

ချစ်သူကို ဖခင်လက်မခံ၍ အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်သေဆုံး



Author:
အောင်သစ်လွင်
Location:
ရန်ကုန်


ခိုးရာလိုက်ရာမှ ပြန်အပ်သည့်နေ့တွင် ကန်တော့သည်ကိုဖခင်က မခံသောကြောင့် သမီးဖြစ်သူ အဆိပ်သောက်သေဆုံးမှု မှော်ဘီမြို့ နှောကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နှောကုန်းကျေးရွာ ရွာသစ် ကုန်းပိုင်းတွင် ဧပြီ ၁ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
သေဆုံးသူမှာအသက်(၂၁)နှစ်အရွယ်ရှိကာ ဖခင်က ကန်တော့မခံသောကြောင့်တရုတ်နိုင်ငံထုတ် ပိုးသတ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ခြင်းဖြစ်ကြောင်း မှော်ဘီမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိကပြောသည်။

‘‘ပိုးသတ်ဆေးတွေသောက်တာ သိသိချင်းဆေးရုံပို့ခဲ့ပေမယ့် အသက်မမီတော့ဘူး။ ဒီအမှုကို အသေးစိတ်စစ်ဆေးနေတုန်းပါ’’ ဟု အဆိုပါရဲအရာရှိကပြောသည်။

သေဆုံးသူမှာ လွန်ခဲ့သော ရက် ၂၀ ခန့်က ၎င်း၏ ချစ်သူနှင့် ခိုးရာလိုက်ပြေးခဲ့ပြီး ဧပြီ ၁ ရက် က ထုံးတမ်းအစဉ်အလာအတိုင်း မိဖများထံသို့ ပြန်အပ်စဉ် ယင်း ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုအား မှော်ဘီမြို့မ ရဲစခန်းတွင် သေမှုသေခင်းဖွင့်ကာစစ်ဆေးနေကြောင်း သတင်းရရှိသည်။

7 day daily

နိုင်ငံခြားသားဧည့်သည် ပြန်ပေးဆွဲခံရသဖြင့် ဖိလစ်ပိုင် ပင်လယ်အနီး မလေးရှားရဲတပ်ဖွဲ့ အင်အားသုံး ဖြန့်ကြက်ရှာဖွေ


ကွာလာလမ်ပူ၊ ဧပြီ ၃

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မလေးရှားနှင့် နီးသောနေရာတွင် သေနတ်သမားများက တရုတ်နိုင်ငံမှ လာလည်သော ခရီးသွားဧည့်သည် တစ်ဦးနှင့် ဖိလစ်ပိုင် လူမျိုးအပန်းဖြေစခန်း အလုပ်သမတစ်ဦး စုစုပေါင်း အမျိုးသမီး နှစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် မလေးရှား ရဲတပ်ဖွဲ့က အင်အား အများဆုံးသုံးကာ ပိုက်စိပ်တိုက် ရှာဖွေလျက် ရှိကြောင်း The Star သတင်းစာက ရေးသားဖော်ပြထားသည်။

ဖိလစ်ပိုင်ဘက်မှ လက်နက်ကိုင်များ လွတ်မြောက် သွားနိုင်သည့် ဖြစ်နိုင်သော ထွက်ပေါက်အားလုံးကို ရှာဖွေလျက် ရှိကြောင်း မလေးရှား လုံခြုံရေး အရာရှိများက အတည်ပြု ပြောကြားသည်။

ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသူများ အသက် ၂၉ နှစ်အရွယ် ဂေါင်ဟွာယွမ် ဖြစ်ပြီး ရှန်ဟိုင်းမှ လာရောက် လည်ပတ်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သူ၏ အမည်မှာ မာစီဒါရာဝမ်ဖြစ်ပြီး စင်ဂါမာတာ သန္တာကျောက်တန်း အပန်းဖြေစခန်းတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကာ တရုတ် အမျိုးသမီးနှင့်အတူ ည ၁၀ နာရီခွဲခန့်တွင် ပြန်ပေးသမားများက လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဖိလစ်ပိုင်တောင်ပိုင်းမှ အစိုးရ တပ်များကိုလည်း အဆင်သင့် အနေအထား ဖြစ်နေစေရန် တပ်လှန့်ထားပြီး နှစ်ဖက်ပူးပေါင်းပြီး လုပ်ဆောင်လျက် ရှိသည်။

သေနတ်သမားများသည် အမှောင်ကို အကာအကွယ်ယူကာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ တာဝီတာဝီကျွန်းများသို့ ခေါ်ဆောင်သွားဖွယ် ရှိသည်ဟု လုံခြုံရေးများက ခန့်မှန်းကြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ယခုကဲ့သို့ ပြန်ပေးဆွဲမှုတစ်ခု ဖြစ်ခဲ့ကာ ယင်းအမှုကို ကျူးလွန်သူများမှာ အယ်လ်ကေဒါနှင့် အဆက်အစပ်ရှိသော ဖိလစ်ပိုင် မွတ်ဆလင်သူပုန် အဘူဆေယက်ဖ်အဖွဲ့က ဖြစ်သည်။

ယင်းပြန်ပေးဆွဲမှု၌ ထိုင်ဝမ် စီးပွားရေးသမား မစ္စတာလီမင်ရှူး အသတ်ခံခဲ့ရပြီး ၎င်း၏ဇနီး ချန်အန်ဝေကို သေနတ်သမားများက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ချန်သည် ပြန်လည် လွတ်မြောက်လာခဲ့ပြီး ပြန်ပေးငွေ မည်ရွေ့မည်မျှ ပေးခဲ့ရသည်ကို အတိအကျ မသိရှိခဲ့ရပေ။

၎င်းကို ဖိလစ်ပိုင် အဘူဆေယက်ဖ်၏ အမာခံနယ်မြေဖြစ်သော ဖိလစ်ပိုင်ရှိ ဂျိုလိုကျွန်းတွင် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

ယခုပြန်ပေးဆွဲမှုအတွက် မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို သတင်းအတိအကျ မထုတ်ပြန်သေးဘဲ အဘူဆေယက်ဖ်အဖွဲ့က ဖြစ်နိုင်သည်ဟု ယူဆရကာ ၎င်းတို့ နယ်မြေထဲသို့ ရောက်မသွားမီ ဖမ်းမိနိုင်ရန် အစိုးရတပ်နှစ်ဖက်က ကြိုးစားလျက်ရှိသည်။

The Voice Weekly

၁၀၂ အထူးယာဉ်လိုင်း ပြေးဆွဲမှုရပ်ပြီး ဆန္ဒထုတ်ဖော်သဖြင့် ခရီးသွားများ အခက်တွေ့

ပြီး ဆန္ဒပြနေသော ၁၀၂ အထူးယာဉ်လိုင်းမှ ကားများ (ဓာတ်ပုံ − သူရကျော်)

ရန်ကုန်- ရန်ကုန်အနောက်ပိုင်း ခရိုင်(မထသ)အောက်၌ ပြေးဆွဲ နေသော ၁၀၂ အထူးယာဉ်လိုင်း မှာ ယာဉ်စီးရေ လျှော့ချပြေးဆွဲရန် ညွှန်ကြားလိုက်သည့်အတွက် ဧပြီလ ၂ ရက်က ပြေးဆွဲခြင်းရပ်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ခရီးသွားများ အဆင်မပြေဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။

‘‘နေ့စဉ် ခရီးသည် ရှစ် သောင်းလောက်ကို ပြေးဆွဲနေရ တာပါ။ ရုံးချိန်တွေကိုသာ အဓိက ထား ဆွဲရတာ။ အခု ကျွန်တော်တို့ ယာဉ်လိုင်းက ပြည်လမ်းဘက်က ပတ်နေရာကနေ စံပြဈေးဘက်ကို လိုင်းအသစ်ဆွဲတဲ့အတွက် ဒိုင်နာ သမားတွေက ဆန္ဒပြလို့ဆိုပြီး ယာဉ်အစီးရေ လျှော့ခိုင်းတယ်။ ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင် ဘူး။ အဲဒီအတွက် ဒီနေ့မထွက် ကြဘဲ ဆန္ဒပြရတာပါ’’ ဟု အဆို ပါ ယာဉ်လိုင်းမှ ယာဉ်လုပ်သား တစ်ဦးဖြစ်သူ ဦးကျော်မြင့်ဌေးက ပြောသည်။

အဆိုပါ ၁၀၂ အထူးယာဉ် လိုင်းမှာ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့ သစ်မှ ပြည်လမ်းအတိုင်းပတ်ကာ ပုဇွန်တောင်မြို့နယ် အေဘီစီမှတ်တိုင်အထိ ပြေးဆွဲလျက်ရှိသည်။ ယခုအခါ ထပ်မံ၍စံပြဈေးဘက်မှ ပြည်လမ်းဘက် ပတ်ကာတိုးချဲ့ပြေးဆွဲလာရာမှ စံပြဈေးသို့ ပြေးဆွဲနေသော ဒိုင်နာယာဉ်လိုင်းက ဆန္ဒပြမှုများ ရှိနေသောကြောင့် အထူးယာဉ်လိုင်းအား အစီးရေ လျှော့ချပေးရန် အနောက်ပိုင်းခရိုင်ဌာနခွဲမှ ညွှန်ကြားလိုက်ခြင်းအပေါ် ယာဉ်လိုင်းမထွက်ဘဲဆန္ဒပြကြခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့က ယာဉ်ပိုင် ရှင်တွေနဲ့ခေါ်ယူ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အထူးကားကို သာ အားကိုးပြီး အလုပ်ဆင်းရ တာက များတယ်။ တစ်ရက်မဆွဲ တာနဲ့ တစ်ရက်အလျောက်ကား စီးရတာ ဒုက္ခရောက်တယ်။ ပြေ လည်မှုကတော့ ၉၀ ရာခိုင်နှုန်း ရှိနေပါပြီ။ ဟိုဘက် ဒီဘက်အ ဆင်ပြေအောင် ညှိနှိုင်းပေးသွား မှာပါ’’ ဟု အနောက်ပိုင်းခရိုင်ဌာန ခွဲ (၁)မှ အကြီးတန်တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါ အထူးယာဉ်လိုင်းတွင် ယာဉ်စီးရေ ၃၇ စီး ပြေးဆွဲနေရာမှ ခြောက်စီးသာ ပြေးဆွဲရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ယာဉ်လိုင်းကို ပြေးဆွဲခြင်းမရှိတဲ့ ဆန္ဒပြမှု ကြောင့် ယာဉ်လိုင်းကိုအားထား လိုက်ပါသူများ အခက်တွေ့ ခဲ့ရကြောင်း၊ ယာဉ်လုပ်သားများသည် ညှိနှိုင်းမှု အဆင်မပြေပါက ပြေးဆွဲမည် မဟုတ် ကြောင်း သတင်းရရှိသည်။

‘‘ဒီကားကို ကျပ်ကျပ်တည်း တည်း စီးရတာ ဆိုပေမယ့် တစ် ဆင့်ထဲ ရောက်တဲ့အတွက် အဆင်ပြေတယ်။ ကားကဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး။ မထွက်ဘူးဆိုရင် ကြိုပြီး အကြောင်းကြား ထားသင့်တာပေါ့။ ခရီးသည်တွေက တမင်တကာ ဒုက္ခရောက်ရတယ်’’ ဟုအဆိုပါ ယာဉ်လိုင်းကို နေ့စဉ်စီး၍ မြို့တော်ခန်းမသို့ အလုပ်ဆင်းသူတစ်ဦးဖြစ်သည့် ဒေါ်သူဇာက ပြောသည်။

7 day daily

ချီလီနိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပျက်စီးမှုစာရင်း ကောက်ယူနေစဉ် အင်အားပြင်းငလျင်ထပ်မံလှုပ်


ဂျပန်နိုင်ငံအထိပင် သတိပေးချက်ထုတ်ပြန်ခဲ့ရသည့် ဆူနာမီလှိုင်း သတိပေးချက်များ ဖြစ်ပေါ်စေခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သော ရစ်ခ်ျတာစကေး ၈ ဒသမ ၂ အဆင့်ရှိ အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် ကုန်းမြင့်ဒေသများတွင် ခိုလှုံခဲ့ကြ သည့် ချီလီနိုင်ငံသား ထောင် ပေါင်းများစွာသည် ဧပြီ ၂ ရက်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။

ငလျင်၏ဗဟိုချက်နှင့် အနီး ဆုံးနေရာတွင်ရှိသော အီကွီကျူ မြို့ရှိ အမျိုးသမီးအကျဉ်းထောင် တစ်ခုမှ နံရံတစ်ဖက် ပြိုကျခဲ့သ ဖြင့် အကျဉ်းသား ၃၀၀ ခန့် ထွက် ပြေးလွတ်မြောက်သွားပြီးနောက် တိုက်ခိုက်လုယက်မှုများကို ကာ ကွယ်ရန် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ ကင်းလှည့်နေကြ သည်။

ငလျင်နှင့် ဆူနာမီလှိုင်း များကြောင့် ချီလီနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်ရှိ နေအိမ်များမှ လူပေါင်းတစ်သန်းခန့် ဘေးကင်းရာသို့ တိမ်းရှောင်ခဲ့ရ သည်။

မြို့တော် ဆန်တီယာဂို၏ မြောက်ဘက်ကီလိုမီတာ ၁,၈၀၀ အကွာတွင်တည်ရှိသော အီကွီ ကျူမြို့ရှိ နေအိမ်များမှာ ခေါင်မိုး များ ပျက်စီးသွားပြီး ပြတင်းပေါက်များ ကျိုးပျက်ကာ စူပါမားကက် များတွင် ခင်းကျင်းထားသော ပစ္စည်းများ ကြမ်းပြင်ပေါ်သို့ ပြုတ် ကျပြန့်ကျဲနေပုံကို ချီလီရုပ်သံ သတင်းဌာနများက ပြသခဲ့သည်။

အီကွီကျူမြို့အနီးရှိ အယ်လ်တိုဟော့စ်ပီစီယိုမြို့တွင် နေအိမ် ပေါင်း ၂,၀၀၀ ခန့် ပျက်စီးသွား သည်ဟု အမျိုးသားအရေးပေါ် ကယ်ဆယ်ရေးရုံးက ပြောသည်။

ယင်းငလျင် လှုပ်ခတ်မှုမှာ ပီရူးနိုင်ငံအထိ ရိုက်ခတ်ခဲ့ကာ ကုန်းတွင်းပိတ် ဘိုလီးဗီးယားနိုင်ငံ သို့ပင် သက်ရောက်ခဲ့သည်။

ချီလီနိုင်ငံမြောက်ပိုင်း ငလျင်ဒဏ်ခံဒေသ၌ ငလျင်လှုပ်ပြီး နောက်တစ်ရက်တွင် ပျက်စီးဆုံး ရှုံးမှုများ စစ်ဆေးကြည့်ရှုရန် ချီလီနိုင်ငံမြောက်ပိုင်း အာရီကာမြို့သို့ သမ္မတဘာချီလက် ရောက်ရှိနေစဉ် ရစ်ခ်ျတာစကေး ၇ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု ဒုတိယအကြိမ် လှုပ်ခတ်ခဲ့သဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ သည်။

ဒုတိယငလျင်မှာ ပထမ ငလျင်လှုပ်ခတ်ခဲ့သည့် အီကွီကျူ မြို့ တောင်ဘက် ၁၄ မိုင်အကွာ ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၃ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယငလျင် လှုပ်ခတ်ပြီး ဆူနာမီသတိပေးချက်များ ထပ်မံ ထုတ်ပြန်ခဲ့သော်လည်း ကမ်းခြေ တစ်လျှောက် လှိုင်းလုံးကြီးများ ရိုက်ခတ်ရုံမှလွဲ၍ လူသေဆုံးမှုနှင့် ပျက်စီးမှုသတင်း မကြားရသေး ပေ။

7 Day Daily

တံငါသည် မြေးအဖိုးနှင့် နတ်မနိုင် ကွက်သစ်


(၁)

သည်တလောတွင် မြေးအဖိုးနှစ်ယောက် အလုပ်မရှိ။ အိပ်လိုက် စားလိုက် လည်လိုက်နှင့်ပင် ဇိမ်ကျနေလေသည်။ ကြာလာတော့ အဖွားဖြစ်သူ မိကျင်လှိုင်မှာ အမြင်ကတ်လာပြီ ဖြစ်သည်ကို မြေးအဖိုးနှစ်ယောက် မတိုင်ပင်ဘဲနှင့်ပင် အတတ်သိနေသည်။ မဖြစ် … သည်အတိုင်းနေလို့ မဖြစ်။ တော်ကြာ ထမင်းပင် ချက်မကျွေးပဲ နေလိမ့်မည်။ သို့နှင့် …

အဖိုးဖြစ်သူမှာ သူ့အလုပ်ကိစ္စရှိသည်ဟုဆိုပြီး လှော်တက်တစ်ချောင်းဆွဲကာ လှေဆိပ်သို့ ဆင်းသွားသည်။ ကျနော်လည်း ဘယ်သွားရမှန်းမသိဖြစ်နေစဉ် လူဆိုးသူငယ်ချင်းများဖြစ်သော မောင်ပျော့ (လေးကွပစ်ရာတွင် အထူးဂုဏ်ထူးယူထားသူ)၊ ခါးတို (ခါတိုပြီး ပုကွကွဖြစ်နေလို့)၊ ပူးနောင်းဂျိန် (သူ့အိမ်၌ သူစိတ်ဆိုးရာတွင် နတ်ကနား ကသကဲ့သို့ မျောက်လို ခုန်တတ်၍)၊ သဲမောင် (ညီဖြစ်သူ) တို့ ခြံဝင်းထဲ ရောက်လာကြသည်။

မောင်ပျော့မှ “ဟေး … ငအောင် … နတ်ကပွဲ မသွားဘူးလားဟ … ဟိုမှာ စနေလောက်ပြီ”

သြော် … ဟုတ်ပါ့ … တစ်နှစ်မှ မသွားဖြစ်ခဲ့သည့် နတ်ကပွဲစသည်မှာ ဒီနေ့ပဲကိုး။

“သြော် … အေးအေး … ငါမေ့နေလို့ကွ … သွားမယ် အခုပဲသွားမယ်”

စကားပြောမဆုံးသေးခင်ပင် ရွာထိပ်မှ နတ်ဆိုင်းသံများ စတင်နေပြီဖြစ်လေသည်။ ထို့နှင့် လွယ်အိတ်ကို ပြေးလွယ်၍ုကုန်းကြောင်းဖြင့် အသော့နှင်ကြတော့သည်။

(၂)

နတ်ကရာ ခြံဝင်းသည်ကား ကျယ်ဝန်းလှသော်လည်း သက်တမ်း ၂၀၀ ကျော်ရှိနေပြီဖြစ်သော ညောင်ပင်ကြီး လေးပင်ကြောင့် အနည်းငယ်ကျဉ်းသည်ဟု ထင်ရသည်။ ရာသီဥတု ပူသော်လည်း ညောင်ပင်ကြီးများ၏ အရိပ်ကောင်းမှုကြောင့် အတော်ပင် အေးစိမ့်သည်။ ယခု ထိုညောင်ပင်ကြီးများ ရှိမရှိ မသိတော့ … နတ်မနိုင်သားများ၏ လက်ချက်ကို နတ်မနိုင်သားတို့သာ သိသည်မဟုတ်ပါလော။

ပရိတ်သတ်နှင့် နတ်ကတော်များအပါဝင် လူပေါင်း ၄၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ နတ်ဆိုင်းဝိုင်းတီးနေကြသည့် ဦးပေတိုးတို့၏ လက်သံကလည်း ကြောက်ခမန်းလိလိပင်။ အရက်မူးမူးနှင့် တီးနေသည်လားတော့ မပြောတတ်။ ဗြောသံ ဗုံသံ ဒိုးပတ်သံတိုသည့်ကား အချင်းချင်း စကားကပ်ပြောလျှင်ပင် မကြားတစ်ချက် ကြားတစ်ချက်နှင့်။

ကျနော်တို့ တစ်အုပ်စုလုံး မလှမ်းမကမ်းတွင် ရှိနေသော ရွှေဖျင်းကြီး ရွှေဖျင်းလေး နတ်ကွန်းအောက်၌ ကုန်းကွ၍ဝင်သွားကာ ထိုင်၍နေရာယူလိုက်ကြသည်။ တော်ကြာ နေရာများရှိတော့မည်မဟုတ်။ ရွာမှ နတ်ကတော်များ ဖြစ်ကြသည့် အဖွားမရှမ်း၊ ဒေါ်ပြုံးချို၊ ဒေါ်သန်းစိန်၊ ဦးတောကြီးနှင့် အခြားနှစ်ယောက်မှာ လှုပ်စိ လှုပ်စိ ဖြစ်နေပြီကို တွေ့လိုက်ရသည်။

ထိုအခြားနှစ်ယောက်မှာ မြို့မှလာသည်ဟု ပြောသော်လည်း ယောက်ျားဖြစ်ပါလျှက် မိန်းမထမီတွေ ဝတ်ပြီး ဘာတွေလူးထားမှန်းမသိ။ ကျနော်တွေ့ဖူးသည့် မြို့သားများမှာ အသားဖြူ ရုပ်ချောသော်လည်း ယခုနှစ်ယောက်ကား သူတို့ရုပ်ကိုကြည့်၍ ထမင်းစားမဝင်မှာ သေချာသည်။ သူတို့၏မျက်ခွက်ကို ဒူးရင်းသီးနှင့် ပစ်ပေါက်ချင်စိတ် ပေါက်သွားသည်။ ထားလိုက်ပါတော့ … အဓိကကား နတ်ကသည်ကို ကြည့်ဖို့ပင်။

နတ်ကတော်များကား ဘယ်နေရာ ဘယ်ဒေသေတွင် နေသည်မသိသော နတ်များကို ဦးတိုက်နေကြလေပြီ။

(၃)

ပထမပိုင်းတွင် အမျိုးအမည် မှတ်ဖို့ပင် ခက်ရလောက်အောင် များပြားလှသော နတ်များနှင့် နတ်ကတော်များ နတ်ဝင်လိုက် နတ်ထွက်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ အရက်ပိုမူးလေ လက်သံပိုပြောင်သည့် ဦးပေတိုး၏ ပတ်မတီးသံလည်း နားကွဲမတတ်။ ကျနော်တို့အုပ်စုကား စိတ်ဝင်စားစွာဖြင့် မျက်တောင်မခတ် ကြည့်နေမိကြသည်။ ဘေးမှ သူငယ်ချင်းဖြစ်သူ ပူးနောင်းဂျိန် ကား သူစိတ်ဝင်စားသည့် လိုင်းမို့လား မပြောတတ်။ နှပ်ချေးများ တွဲလောင်းကျနေသည်ကိုပင် သတိထားမိပုံမရ။

တစ်ခါတရံ ပရိတ်သတ်များထံသို့ နတ်ကတော်များထဲသို့ ပူးဝင်နေသည့် နတ်များကား အုန်းသီး ထန်းညက်များ၊ မုန့်များနှင့် အသီးအနှံမျိုးစုံတို့အား စွန့်ကြဲပေးသနား တတ်ကြသေးသည်။ သို့သော် ကျနော့်စိတ်ထဲ၌ကား သူတို့စားမကောင်း၍သာ စွန့်ကြဲပေးသည်ဟု ထင်လေသည်။ ကြည့်လေ့ … ကျနော်တို့ အုပ်စုရှေ့သို့ ကျရောက်လာသော စွန့်ကြဲခဲ့သည့်မုန့်များမှာ တစ်ခုမှ အရသာမရှိ။ မုန့်လက်ကောက်တဲ့ … စားရသည်မှာ ဖွယ်တယ်တယ်နှင့်။ အရှေ့တွင် ကျလာသည် မုန့်များအား လုစားရသည်မှာ ပျော်စရာတော့ အကောင်းသား။ တစ်ခါတရံတွင်လည်း စား၍ကောင်းသည့် မုန့်များလည်း ကျရောက်လာတတ်သည်။ ထိုအခါတွင်တော့ အချင်းချင်း (ဒါမှမဟုတ်) ကျနော်တို့အရွယ် အခြားရွာမှ လမ်းသရဲများနှင့် နပမ်းသတ်ကြပြီသာမှတ်။

(၄)

ညနေ သုံးနာရီကျော်ခန့် ရှိနေလေပြီ … အသေးအဖွဲနတ်များ ကုန်သွားပြီဖြစ်၍ နာမည်ကြီးနတ်များ ထွက်ကကြတော့မည်။ ထိုအချိန်တွင် နတ်ကတော် အချို့လည်း မူးနေလေပြီ။ နတ်သောက်သည်က နည်းနည်း။ သူတို့သောက်သည်က များသည်ကိုး … မူးပေမပေါ့။

ဟော … ရောက်ချလာပါပြီ။ ဦးမင်းကျော်တဲ့ … ကျနော့်အဖိုးက အလွန်အရက်ကြိုက်သည့် နတ်ဟု ပြောပြဖူးသည်။ ပြီးတော့ ကြက်တိုက်တာလဲ ဝါသနာ ခေသူမဟုတ်တဲ့။ အင်း … ဒါလဲ ဖြစ်နိုင်တာပဲ နတ်ကတော့ မမြင်ရလို့ မသိဘူး။ နတ်ကတော် ဦးတောကြီးကား အရက် ထန်းရည် အလွန်ကြိုက်သလို ကြက် ခဏခဏတိုက်ပြီး ရန်ဖြစ်သဖြင့် သူကြီးထိပ်တုံးနှင့် ခဏခဏ ညားခဲ့သည်မှာ အကြိမ်ပေါင်းမနည်း။

ဦးမင်းကျော်ဆိုသော နတ်ကား စတိုင်လ်ကြီးနှင့် ခါးထောက်၍ ပဲကများနေသေးသည်။ လက်တစ်ဖက်ထဲတွင်တော့ ကျနော်တို့ရွာက ချက်အရက်မဟုတ်သည်မှာ သေချာသည်။ အရောင်မှာ နီညိုရောင်ဖြစ်ပြီး ပုလင်းမှာ ကျနော်တစ်ခါမှ မတွေ့ဖူးပါ။ အဖိုးကို စစ်သားတစ်ယောက် လက်ဆောင် ပေးခဲ့ဖူးသည်နှင့် အနည်းငယ်ဆင်သည်။

အရက်သောက်လိုက် ကြက်ကြော်ဝါးလိုက် အရှေ့ရွာမှ ကရင်အဖွားအို လိပ်ပေးသည့် ဆေးပေါ့လိပ်ကို မယူ … ခေါင်းခါ၍ ငြင်းသည်။ စီးကရက်မှ ရမယ်တဲ့။ တောက် ! … အလွန်ကြီးကျယ်တဲ့နတ်။ တောရွာ ဇနပုပ်ကိုမှလာပြီး စီးကရက်တောင်းရတယ်လို့။ မတတ်နိုင် … နတ်ကတော်များ ကြံဖန်ရှာ၍ ဆက်သရသည်။ ထိုအခါကျမှပင် အမျက်တော် ပြေတော့သည်။ အတန်ကြာသော် စားလိုက် သောက်လိုက်နှင့် ရေချိန်ကိုက်သွားသည်လား မပြောတတ်။ ပြန်ကြွချင်ပြီဟုဆိုကာ ဘာမပြော ညာမပြောနှင့် ထွက်သွားတော့သည်။ နတ်ကတော် ဦးတောကြီးကား အရုပ်ကြိုးပြတ် လဲကျန်ခဲ့သည်။

တစ်ဖက်သို့ လှည့်ကြည့်သော် မနှဲလေးဆိုသော နတ်ကား ဘယ်အချိန်က ဝင်လာသည်မသိ … တုန်တုန် တုန်တုန်နှင့် နတ်ကတော် အဖွားမရှမ်းနှင့် ခေါင်းချင်းကပ်၍ စကားပြောနေသည်ကို တွေ့ရသည်။ ကြည့်ရသည်မှာ အဖွားမရှမ်းအား ဘာတွေချွဲနေသည်မသိ။ ထိုနတ်သည်ကား အလွန်ချွဲတတ်ပြီး စကားပြောလျှင် ညုတုတုနိုင်လှသည်ဟု နတ်ကတော် အဖွားမရှမ်း ပြောပြဖူးသည်။

ခဏကြာသော် ဆဲသံဆိုသံကြား၍ တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။ ဒေါ်သန်းစိန် နတ်ဝင်၍ ကြမ်းနေလေပြီ။ အဆဲကြမ်းသည့်နတ်မှာ ဘာနတ်လဲမသိ။ တစ်ဖွဲ့လုံး စိတ်ဝင်စားသွားမိသည်။ အိုး … အမေဂျမ်းဆိုတဲ့ နတ်ဖြစ်ရမည်။

“မိဂျမ်းတဲ့ဟေ့ … တစ်ဂျမ်းထဲရှိသည် … ငါ့ကိုဘာမှတ်နေလို့လဲ … မအေ ! + @ _ # ) $ ( % * ^ & ” ဟု အဖွားမိကျင်လှိုင်ပင် မတတ်သည့် အဆဲနည်းပညာများကို ပါးစပ်သေနတ်မှ တရစပ် ပစ်လွှတ်လေတော့သည်။ အချို့ကလေးများနှင့် လူကြီးများကာ ကြောက်သွားပြီး နောက်သို့ရှဲသွားကြသည်။

အလွန်အဆဲကြမ်းသည့်အပြင် အနေအထိုင်ပါ ကြမ်းလှရာ နတ်ကတော် ဒေါ်သန်းစိန်၏ ထမီကိုခါး ကြိုးစည်းထားပေးရလေသည်။ ဆဲဆိုခုန်ပေါက်၍ ကြမ်းချင်ရာ ကြမ်းနေလေသည်။ ဘုရား ဘုရား … အလွန်ကြမ်းတမ်းသည့် နတ်ပါတကား။ နတ်ဘဝပင် ဤမှ်ျ ကြမ်းနေလျှင် လူ့ဘဝနေစဉ်တွင် မည်မျှ ကြမ်းခဲ့သည်မသိ။ အဆဲကြမ်းလွန်း၍ အများတကာမှ ရိုက်သတ်လိုက်သည်ဆိုတော့ အထောက် အထားကား ဤမျှလောက်ကြည့်ရုံဖြင့် လုံလောက်သည်။

ကြည့်နေစဉ် ခါးကို တစ်ဦးတစ်ယောက် လက်လာကုတ်သဖြင့် လှည့်ကြည့်ရာ သူငယ်ချင်းဖြစ်သူများ ကျနော့်အား အပြင်ခေါ်ထုတ်နေသည်ကို တွေ့လိုက်ရသည်။

နတ်ကပွဲ ခဏခဏလာဖူး၍ အတွေ့အကြုံရှိသော ညီသဲမောင်မှ “အစ်ကို … အမေဂျမ်းထွက်တော့မယ် … သူထွက်သွားပြီးရင် နတ်ပွဲပြီးပြီ … အဲဒါ အုန်းပွဲ ငှက်ပျောပွဲတွေ ရှိတဲ့နေရာကို သွားမယ်လေ … ခဏလေးကြာရင် ကြမ်းကြတော့မှာ လက်မနှေးစေနဲ့”

“စိတ်ချပါကွာ … ဒီလောက်တော့ အပျော့ပေါ့”
အပျော့ဟူ၍ မောင်ပျော့က ကျနော့်အား ဘုကြည့် ကြည့်လိုက်သေးသည်။

အုန်းပွဲ ငှက်ပျောပွဲများရှိရာနားသို့ လူကြီးရော ကလေးများပါ တစ်ဖြည်းဖြည်း တိုးကပ်လာနေသည်ကို အထာနပ်သော နတ်ထိန်းကြီးများက ကြိမ် တစ်ယောက်တစ်ချောင်းကိုင်ကာစောင့်ပြီး မိုက်ကြည့်ကြည့် နေကြသည်။ သို့သော် နတ်မနိုင် ကွက်သစ်သားများမှာ နတ်ထိန်းမပြောနှင့် မည်သည့်နတ်ပင်လာလာ ကြောက်မည့်ပုံမပေါ်။

အဆဲကြမ်းသည့် အမေဂျမ်းလဲ ထွက်ခွာလေပြီ။ ပရိတ်သတ်များ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ နတ်ကတော်များလည်း ဒူးတုပ်တန်းစီ၍ နတ်များအား နှုတ်ဆက်လျှောက်တင်ရုံပင် ရှိသေးသည်။ မည်သူမ စ၍ ညာသံပေးလိုက်သည် မသိ။

“ချတော့မယ်ဟေ့ …”

နဂိုကမှာ လက်ယားနေပြီဖြစ်သော ပရိတ်သတ်များမှာ “ဟေး” ဟူ၍ ညာသံပေးလျှက် ရောမခေတ် စစ်သည်များအလား နတ်အုန်းပွဲများရှိရာသို့ အပြေးဝင်၍ လုကြလေတော့သည်။ နတ်ကတော်များ အပေါ်မှ ခုန်ကျော်သူက ခုန်ကျော်၊ နတ်ထိန်းများ ကြိမ်လုံးဖြင့် ကြမ်းနေသည်ကို တရုတ်သိုင်းကွက်များ တတ်ထားသည့်အလား ရှောင်သူက ရှောင်ထွက်သွားပြီး မရှောင်နိုင်သည့် သူများကတော့ ကြောကော့သွားသည်ကို မြင်ရသည်။ နောက်ဆုံး အင်အားမမျှရှာသော ကြိမ်လုံးကိုင်နတ်ထိန်းများကား ပရိတ်သတ် ခြေဖဝါးအောက်သို့ ရောက်သွားရရှာလေသည်။ နတ်ကတော်များအဖို့ တွေးပင်မတွေးဝံ့။

နောက်တစ်နေ့ နံနက်တွင်တော့ လူကြီးရော ကလေးများပါ ဒဏ်ရာအသီးသီးနှင့်။ အချို့ ဒဏ်ရာပြင်းသူများကတော့ ဆေးဆရာ ဦးပိန်၏ အိမ်တွင် တန်းစီနေကြရသည်။ ဝင်လုတုန်းက ဘယ်လောက်ရသည်မသိ။ ဒဏ်ရာကတော့ အတော်ရကြသည်။ သို့သော် … လူတိုင်း အပြုံးကိုယ်စီဖြင့်သာ။

ကျနော်တို့အဖွဲ့တွင်တော့ အကောင်ရော အသက်ပါ အငယ်ဆုံးဖြစ်သည့် ပူးနောင်းဂျိန်ကတော့ ညာဖက်လက် တစ်ခုလုံး ရောင်ကိုင်းသွားသည်။ ဒါပေမယ့် သူလဲ အပြုံးမပျက်ပင်။ ဒီနှစ်မနိုင်ရင် လာမည့်နှစ် နိုင်ရမည်ဟုပင် ကြိမ်းဝါးနေသေး။

(ကဲ … ဒီလောက်ဆို ဘာကြောင့် နတ်မနိုင် ကွက်သစ်လို့ ခေါ်ရသလဲဆိုတာ သိလောက်ပြီထင်တယ်၊ ဒါတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အမှန်တကယ် အဖြစ်အပျက်လေးတွေပါ၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အဲဒီနတ်ကနား ပွဲတော်ဟာ ပျောက်ကွယ်ခဲ့ရပြီဖြစ်တယ်၊ သက်တမ်းနှစ် ၂၀၀ ကျော် သည့် ညောင်ပင်ကြီးသာ ထီးထီးကြီး ကျန်ရစ်နေခဲ့ပါပြီ)

အဉ္ဇလီ
Irrawaddy  

Facebook တွင် ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံများကို ဖော်ပြခဲ့သူ အခင်ဆုံးသူငယ်ချင်းအား ဓားဖြင့် ၆၅ ကြိမ် ထိုးသတ်မှု


မက္ကဆီကို နိုင်ငံမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသည် Facebook လူမှုရေး ၀က်ဘ်ဆိုက်တွင် ၄င်းတို့ နှစ်ဦး၏ ဓာတ်ပုံများကို ခွင့်မပြုဘဲ ဖော်ပြခဲ့သည့် အခင်ဆုံး သူငယ်ချင်းဖြစ်သူကို နာကြည်း၍ ဓားဖြင့် ၆၅ ကြိမ်တိတိ ထိုးသတ် ခဲ့ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာ တစ်စောင်တွင် ဖော်ပြခဲ့သည်ဟု သိရသည်။

အရန်ဒီအဲလိဇဘက် ဂူတာရက်ဇ် အမည်ရှိ အဆိုပါ အမျိုးသမီးငယ် သည် Facebook လူမှုရေး ၀က်ဘ်ဆိုက်တွင် ၄င်းတို့၏ အ၀တ်မပါသော ဓာတ်ပုံများကို သူငယ်ချင်း ဖြစ်သူ အေနယ်လ်ဘေ့ဇ် က ဖော်ပြခဲ့သည့် အတွက် အလွန် စိတ်ဆိုး ဒေါသထွက်ကာ အေနယ်လ် အား သတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။

သို့သော် ဂူတာရက်ဇ် ၏ ခြိမ်းခြောက်မှု ကို အေနယ်လ် က ပြက်ရယ်ပြုခဲ့ပြီး ဂူတာရက်ဇ် အား သူမနေထိုင်ရာ ဂွာမူချီမြို့ ရှိ နေအိမ်သို့ ဖိတ်ခေါ် ခဲ့သည်။ ထို့နောက်တွင် ဂူတာရက်ဇ် က အေနယ်လ် အား နာကြည်းစွာ ဓားဖြင့် ၆၅ ချက်နီးပါး ထိုးသတ် ခဲ့သည်။

ဂူတာရက်ဇ် သည် လူသတ်မှုကို ကျူးလွန် ခဲ့ပြီးနောက် သွေးစွန်းနေသော သူမ၏ အ၀တ်အစား များကို လူသတ်ရာတွင် အသုံးပြု ခဲ့သော ဓားတို့ကို ရှင်းပစ်ရန် ကြိုးပမ်းခဲ့ပြီး အခင်း ဖြစ်ပွားရာ နေရာမှ ထွက်ပြေး ခဲ့သော်လည်း သူမ၏ သူငယ်ချင်း ဖြစ်သူ အေနယ်လ် ၏ အသုဘ အခမ်းအနား ကျင်းပသည့် နေ့တွင် အာဏာပိုင် များထံ သွားရောက် အဖမ်းခံ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရှိရသည်။ (MO)

Myawady News

သမီးလေးရွာသားတွေ မြဝတီမြို့ကို ထွက်လာကြပြီ




ဒီကေဘီအေ တပ်ဖွဲ့ သယ်ဆောင်လာတဲ့ သမီးလေးရွာသား ဒုက္ခသည်တွေ မြဝတီမြို့ကို ရောက်ခါနီးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ 

ဖေါက်လုပ်ဆဲအာရှ လမ်းသစ် နဲ့ လမ်းဟောင်း လမ်းဆုံးကနေ့ သင်္ဃန်းညီနောင် စစ်တပ်ဂိတ်ကို ဖြတ်ရပါအုံးမယ်။ အဲဒီကမှ တဆင့် မြဝတီမြို့ထဲကို ဝင်မှာ ဖြစ်ပါတယ်။

သမီးလေးရွာသားတွေ မြဝတီမြို့ကို ချောမောစွာ ရောက်ပါပြီ၊ အခု လက်ရှိ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းရှေ့မှာ ရွာသားတွေ ထမင်းစားနေကြပါတယ်။ စားသောက်အနားယူပြီးရင်း မြဝတီမြို့တောင်ဘက်က ကျောက်ခက်ရွာကို ဆက်လက်ထွက်ခွာမယ်လို့လဲ သိရှိရပါတယ်။

သမီးလေးရွာသားတွေ အားလုံး ကော့ကရိတ် ကောင်းမှုရွာက ဗိုလ်ကျော်သက် စခန်းကို ချောမောစွာရောက်ပြီ၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ် မြဝတီကို ဆက်လက်ထွက်ခွာကြပြီ ဖြစ်တယ်။ အနှောက်အယှက်ကင်းကင်းနဲ့ လာပါက ညဦးပိုင်း မမှောင်ခင်မှာ မြဝတီမြို့ကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီနေ့ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်း အဆင်းရက်ဖြစ်တဲ့အတွက် လမ်းဟောင်းအတိုင်း မြဝတီကိုသွားလို့ မဖြစ်တာကြောင့် ဖေါက်လုပ်နေဆဲ အာရှကားလမ်းအသစ်ကနေ သွားကြမှာဖြစ်ပါတယ်။ သမီးလေးရွာသားတွေလိုက်ပါမယ့် ကားတန်း လမ်းလုံခြုံရေးကိုတော့ ဒီကေဘီအေ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ဖွဲ့တွေက ကူညီစောင့်ရှောက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်လို့ သိရှိရပါတယ်။

သမီးလေးရွားသားတွေကို ကြိုဆိုအားပေးတဲ့ ကော့ကရိတ်မြို့က ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း အဖွဲ့ဝင်တဦး ပြောပြတာကတော့ “ရွာသားတွေဟာ အတော်ကြီး ပင်ပန်းနေကြတယ်။ ဒါပေမယ့် သူတို့အားလုံး ဒီကေဘီအေက နေရာချထားပေမယ်ဆိုတဲ့ ကျောက်ခက်ရွာကို အရောက်သွားဖို့ စိတ်စောနေကြတယ်” လို့ ရှင်ပြတယ်။

မြဝတီကိုရောက်လာမယ့် ရွာသားတွေဟာ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းမှာ ခေတ္တနာခိုကြမှာဖြစ်ပြီး၊ မြဝတီမြို့က NLD အဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း လူ့အဖွဲ့အစည်း၊ ABSDF ကျောင်းသားတပ်မတော်၊ ကရင်လူငယ်အစည်းအရုံး KYO ၊ KUN စတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုအားပေးကြမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ 

(ဓါတ်ပုံ .. ဒေါန အောင်တိုး)

Yamoun Nar

အလုပ်မရှိဘဲ ငွေများစွာသုံးစွဲနေသူ များကို စစ်ဆေးရာမှ ခိုးမှုပေါ်ပေါက်


သန်းနိုင်စိုး

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် နေထိုင်သူသုံးဦးသည် အလုပ်အကိုင်
အတည်တကျမရှိဘဲ ငွေများစွာ သုံးစွဲနေ ကြောင်း သတင်းအရ အောင်ပင်လယ်ရဲစခန်းသို့
ခေါ်ယူစစ်ဆေးရာ ခိုးမှု ပေါ်ပေါက်ခဲ့သည်။

၎င်းတို့သုံးဦးသည် မတ်လ ၂၄ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်
မနော်ဟရီလမ်းမြောက်ဘက် ၅၈ လမ်းပေါ်ရှိ ဘိလိယက်ကစားရုံရှေ့တွင်ရပ်ထားသော ဖြူ၊
နီရောင် ဆိုင်ကယ်ကို ခိုးယူခဲ့ပြီး ၅၈ လမ်းရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် အခြားဆိုင်ကယ်၏
အစိတ်အပိုင်းများနှင့် လဲလှယ်ရန် အပ်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် အောင်ပင်လယ်ရဲစခန်းတွင် ၎င်းတို့ သုံးဦးကို (ပ)၁၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၎
အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Myanmar Times

ကြောင်စာဝယ်ရန်သွားသည့်မိန်းကလေး သားမယားပြုကျင့်ခံရ


မရမ်းကုန်းမြို့နယ်တွင် ကြောင်စာဝယ်ယူရန်သွားသည့် မိန်းကလေးတစ်ဦး သားမယား ပြုကျင့်
ခံရသည်ဆိုကာ တိုင်ကြားမှု ဧပြီလ ၃ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ ဧပြီလ ၂ ရက်နေ့ ည ၇ နာရီ
ခွဲအချိန်ခန့်တွင် အသက် ၁၃ နှစ်လေးလ အရွယ် မိန်းကလေး တစ်ဦး ကြောင်စာဝယ်ရန် အိမ်မှ
ထွက်သွားခဲ့ပြီးပြန်မလာသာဖြင့် မခင်ဖြစ်သူက လိုက်လံရှာ ဖွေခဲ့သည်။

သမီးဖြစ် သူကိုအိမ်နောက် ဖေးလမ်းကြားတွင်တွေ့ရှိသဖြင့် မေးမြန်းခဲ့ရာ လူမြင် လျင်မှတ်မိသူ
အမျိုးသားတစ်ဦးက သူငယ်ချင်းများ ခေါ်ခိုင်းသည်ဟုပြောဆိုကာ (၅) ရပ်ကွက် ဘုရင့်နောင်
လမ်းကြားသို့ခေါ်ခဲ့ပြီး သားမယားပြုကျင့်ခဲ့ကြောင်းသိရသည်ဟု ဆိုသည်။

သမီးဖြစ်သူကို သားမယား ပြုကျင့်သူကို လိုက်လံရှာဖွေခဲ့ရာ ပိတောက်ရွှေဝါ ဘုန်းကြီးကျောင်း
အနီးတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူမှာ အသက် ၂၀ အရွယ် ဇော်မင်းနိုင် ဖြစ်ကြောင်း
သိရသဖြင့် အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ မရမ်းကုန်းနယ်မြေ ရဲစခန်းက(ပ)၁၀၄/၁၄ ပြစ်မှု
ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။

တိုးဝေအောင်

မြန်မာတိုင်း(မ်)

ရည်စားဖြစ်သူက ရေကန်ဘေးတွင် သားမယားပြုကျင့်ဟု တိုင်တန်း



ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် ရည်စားဖြစ်သူက သားမယားပြုကျင့်ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု ဧပြီလ
၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၇ နာရီအချိန်ခန့်တွင် ဒဂုံအရှေ့ပိုင်းမြို့နယ်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး
တစ်ဦးသည် အအေးခန်းစက်ရုံမှ အလုပ်ဆင်းပြီးပြန်လာစဉ် အအေးခန်း လမ်းမ အရောက်
ရည်စားဖြစ်သူ ဒဂုံရှေ့ပိုင်းမြို့နယ်နေ တင်ဌေး(၂၄ နှစ်)နှင့် တွေ့ရှိခဲ့သည်။

တင်ဌေးက အအေးခန်း ၀န်ထမ်းလိုင်း အနောက်ဖက်ရှိ ရေကန်သို့ စကားပြောရန် ခေါ်သဖြင့်
လိုက်ပါသွားခဲ့သည်။

ရေကန်ဘေးအရောက် တင်ဌေးက " ငါစိတ်တွေကြွလာပြီ စိတ်မထိန်းနိုင်တော့ဘူး" ဟုပြောဆိုကာ
အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ဒဂုံအရှေ့မြို့မရဲစခန်းက(ပ)၁၆၂/၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း
သိရသည်။

တိုးဝေအောင်

မြန်မာတိုင်း(မ်)

ဘန်ကောက်တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ အသတ်ခံရ " သွေးလန့်တတ်သူများ မကြည့်ရ"




၂၀၁၄ ခု ဧပြီ ၄ ရက်

ဘန်ကောက်မြို့၊ ဘန်ဘော်မြို့တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ ၂ဦး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညဥ့်နက်ပိုင်း က နေထိုင်ရာ အခန်းထဲတွင် သတ်ြ ဖတ်ခံခဲ့ရကြောင်း နာရေး ကူညီ နေကြသည့် ရခိုင်ပါတီဝင် များထံမှသိရသည်။

ဘန်ကောက်မြို့၊ အယ်ကချိုင်၇၆ လမ်း၊ တွင်ရှိသော  အလုပ်သမား အဆောင် ဒုတိယထပ် အခန်း(၅) တွင် နေထိုင်ကြသည့် ရခိုင်အလုပ်သမား ဇနီးမောင်နှံနှစ်ဦးတို့သည်  ပြီးခဲ့သည့် တနင်္ဂနွေ့နေ့ ညဥ့်နက်ပိုင်း အသတ်ခံခဲ့ ရပြီး အင်္ဂါနေ့က အခန်းမှ အပုပ်နံ့ ထွက်လာသဖြင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း ဘန်ဘော် နယ်မြေရဲ အရာရှိက ပြောသည်။
       
အသတ်ခံရသူများမှာ အသက် ၂၈ နှစ်အရွယ် မောင်စောသန်း သည် ရခိုင်ပြည်နယ်  ကျောက်ဖြူ မြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ပဂျွိန်ချောင်းဖြားကျေး ရွာမှ ဦးဖိုးတုတ်(ခ) ဦးမောင်ထွီးစံ+ဒေါ်လှစော တို့၏ သားဖြစ်သည်။  အမျိုးသမီးမှာ အသက်၂၆ နှစ်အရွယ် မိဖြူ ဆိုသူဖြစ်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှ ဖြစ်ကြောင်း နာရေးကို ကူညီဆောင်ရွက်နေကြသည့်  ရခိုင်အမျိုးသားပါတီ(အမြုတေ)ထိုင်းနိုင်ငံ၊ တာဝန်ရှိ သူများက ပြောသည်။

“ကျနော်တို့ မနေ့ကမှ ထိုင်းသတင်းမှာ ပါလာလို့သိရပါတယ်။ နယ်မြေခံရဲ စခန်း ကိုသွားပြီးတော့အလောင်း   ထုတ်ယူရေးကိစ္စနဲ့ သဂြိုဟ်ဖို့ အစီအစဉ်   တွေ လုပ်နေကြပါတယ်” ဟု ရခိုင်အမျိုးသားပါတီ(အမြုတေ) ဒု-ဥက္ကဌ ဦးမောင်မောင် ကပြောသည်။

သေဆုံးသည့်အလုပ်သမ၏ စက်ရုံမှ တာဝန်ရှိသူက လကုန်ရက် ကတည်းက ငွေလာမထုတ် သဖြင့် အတူတူအလုပ်လုပ်ကြသည့် အလုပ်သမား များအား ပြောသဖြင့် အလုပ်သမားများက အခန်းတံခါး ကိုခေါက်ကြရာအပုပ်နံ့ ရသဖြင့် အခန်းပိုင်ရှင်ကို အကြောင်းကြားခဲ့ကြသည်။  အခန်းပိုင်ရှင်က နယ်မြေရဲ များကို ခေါ်ယူ၍ အခန်းသော့ကို ဖျက်၍ ၀င်ကြည့်ကြရာ အမျိုးသား ရင်ဘတ်တွင် ထိုးသွင်းဓါးဒဏ်ရာ ၅ချက်နှင့် အမျိုး သမီး လည်ပင်းတွင်   ပြချ ဒဏ်ရာတို့ဖြင့်သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြရသည်။
       
သေဆုံးသည့်အလုပ်သမားများ၏ အလုပ်ရုံသို့ သွားရောက်စုံစမ်းရာ ယခု ရက်ပိုင်းအတွင်း အလုပ်သမား ၃ဦး ထွက်သွားကြောင်း၊ သို့ရာတွင် မည်သူ မည်ဝါဖြစ်ကြောင်း အလုပ်သမားများကို မှတ်တမ်းတင်ထားခြင်း မ ရှိကြောင်း အလုပ်ရုံမှ ထွက်ဆိုသည်ဟု ရဲကပြောသည်။ အလုပ်ရုံမှ မြန်မာနှင့်ရခိုင် အလုပ်သမား များ အား စစ်ဆေးရာတွင်လည်း မသိဟူ၍သာ ဘူးကွယ်နေကြ သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ခက်ခဲ   နိုင်ကြောင်း၊ မည်သည့်အတွက်   ကြောင့် အသတ်ခံရသည်ကို  ရဲများကပေါ်ပေါက်စေချင်ပြောသည်။

လာမည့် တနင်္ဂနွေနေ့(၂၀၁၄ ခု ဧပြီလ ၆ ရက်နေ့)၌ ဘန်ကောက်မြို့ ဖလန်းစောင်နယ်မြေ တွင် ရှိ သော ၀ပ်ထပ်ခမ်း(ဘုန်းကြီးကျောင်း) တွင် သဂြိုဟ် မည်ဖြစ်ကြောင်းသိရသည်။ နာမှု ကူညီလိုသူများ အနေဖြင့် ဥက္ကဌ ဦးခိုင်အံ့မောင် ၀၈၇ ၆၉၉ ၀၂၃၂ နှင့် ဒု-ဥက္ကဌ ဦးမောင်မောင် ၀၉၀ ၀၁၄ ၉၁၀၃ တို့ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။



မြတ်ညို(အလွတ်သတင်းထောက်)


ရွှေလုပ်သား

လှည်းကူးမြို့ မြို့မဈေးတွင်း အထိကရုဏ်း ဖြစ်ပွားနေ

လှည်းကူးမြို့၊ မြို့မဈေးအတွင်းတွင် ယနေ့ (၄ရက်၊ ၄လ၊ ၂၀၁၄)၊ ညနေ ၄နာရီ ၅၅မိနစ်ခန့်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ နေအိမ်တစ်အိမ်အား တိုက်ခိုက်နေမှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ တာပေါ်လင် (tapaulin) မိုးကာစ ရောင်းချနေသူကလေးငယ်တစ်ဦး၏ မျက်လုံးအား ဆိုင်နီးနားခြင်းတစ်ဦးမှ ကတ်ကြေးဖြင့်ထိုးရာက စပြီး ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။ ကလေးငယ် တိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်သူ၏ နေအိမ်အား ဝိုင်းဝန်းဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာတွင် လုံထိန်းရဲများလည်း ရောက်ရှိနေပြီ။ အခြေအနေကို ခဲရာခဲဆစ် ထိန်းသိမ်းနေခဲ့ရာက ယခုအချိန်တွင် ပြန်လည်တည်ငြိမ်သော အခြေအနေကို ရရှိခဲ့ပြီလို့ သတင်းရရှိပါသည်။

ဓာတ်ပုံများကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

အခင်းစဖြစ်ပွားချိန်








လုံထိန်းများ ရောက်လာချိန်






လက်ရှိအခြေအနေ






သတင်း ပေးပို့သည့် ကိုပြည်စိုးဦး အားကျေးဇူးတင်ပါသည်။
ဓာတ်ပုံများကို Helgu Tsp နှင် Shane Khant Kyaw facebook မှ ကူးယူပါသည်။
Myanmar CNN မှ တင်ဆက်သည်။

အမုန်းစကားများ မပြောဖို့ ပန်းစကားလှုပ်ရှားမှု ရန်ကုန်မြို့မှာစတင်


အင်တာနက် အွန်လိုင်း လူမှုကွန်ရက်တွေကနေ လူအချင်းချင်းအကြား အမုန်းစကားများပြောဆိုမူ ပပျောက်စေရန်ရည်ရွယ်တဲ့ ပန်းစကားလူပ်ရှားမူကို ရန်ကုန်မြို့မှာ ဒီကနေ့ ဧပြီလ ၄ ရက်နေ့က စတင်လိုက်ပါတယ်။

“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းနဲ့ ပိတောက်ပန်း ကိုက်ထားတဲ့ နှုတ်ခမ်းပုံသင်္ကေတပါ စတေကာတွေဝေငှတဲ့ ပန်းစကားအမည်ရ လှုပ်ရှားမှုကို ဒီကနေ့ ရန်ကုန်မြို့က ဘူတာကြီး၊ တာမွေ၊ လှည်းတန်းစတဲ့ နေရာတွေမှာ တက်ကြွလှုပ်ရှားသူ တွေက လှည့်လည် ဆောင်ရွက်နေတာပါ။

Pansakarအမုန်းပွားစေမယ့် စကားတွေ အန္တရာယ်များစေမယ့် စကားတွေ လျော့ပြောဖို့အတွက် အဓိက ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်လို့ ပန်းစကားလူပ်ရှားမူကို ဦးဆောင်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောပါတယ်။

ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ဘူတာကုန်းတံတားမှာ စတေကာတွေဝေခဲ့တဲ့ ပန်းစကားအဖွဲ့ဝင် ကိုဟိန်းမင်းလတ်ကတော့ ပဋ္ဋိပက္ခများနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာနဲ့ အပြင်လောက မှာပါ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောကြားစေလိုကြောင်း ပြောပါတယ်။

ပန်းတမျိုးမျိုးကိုက်ထားတဲ့ နှုတ်ခမ်းပုံသင်္ကေတနဲ့ “လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့ နှုတ်ကို စောင့်စည်းစို့ ဆောင်ပုဒ်ပါတဲ့ပုံကို ဓာတ်ပုံရိုက်၍ဖြစ်စေ၊ ဒီဇိုင်းဆွဲ၍ဖြစ်စေ ဖန်တီးပြုလုပ်ပြီး အင်တာနက်အသုံးပြုသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ပေးဖို့အတွက်လည်း ပန်းစကားအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ဆက်သွယ်ရေးလုပ်ငန်းရဲ့ သတင်းထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူ အရေအတွက် ၇ သိန်းဝန်းကျင်ရှိပြီး အများစုက လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာ အသုံးပြုကြပါတယ်။

လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွေမှာ ပဋ္ဋိပက္ခတွေနဲ့ ပတ်သက်ပြီး လက်လွတ်စလွယ် ပြောဆိုမှုတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပွားနိုင်ပြီး အမုန်းပွားစေတဲ့စကားတွေကို မပြောဖို့ လိုအပ်တယ်လို့ အင်တာနက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

အသံဖိုင် နားဆင်ရန်

DVB Burmese

မဲပေးတာဟာ တိုင်းပြည်ရဲ့ ရန်သူတွေကို လက်တုံ့ပြန်တဲ့ နည်းလမ်းဟု အာဖဂန်နစ္စတန် သမ္မတပြော


အာဖဂန်နစ္စတန်နိုင်ငံမှာ လာမဲ့ ဧပြီ ၅ ရက်နေ့ကျရင် ကျင်းပဖို့ ရှိတဲ့ သမ္မတ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ သမ္မတ ဟာမစ်ကာဇိုင်းက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ သမ္မတက မဲပေးတာဟာ တိုင်းပြည်ရဲ့ ရန်သူတွေကို လက်တုံ့ပြန်တဲ့ နည်းလမ်းတခု ဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်း

မဲပေးတဲ့ပြည်သူတွေရဲ့ အင်အားများလေလေ၊ ပြည်သူတွေအပေါ် အကြမ်းဖက်ပြီး တိုင်းပြည်ကို ဖျက်ဆီးတဲ့ လူတွေကို လက်တုံ့ပြန်တာ ပိုပြီး ထိရောက်လေလေပဲလို့ ပြောပါတယ်။
သမ္မတ ကာဇိုင်းဟာ အာဖဂန်နစ္စတန်မှာ လွန်ခဲ့တဲ့ ၁၂ နှစ်က တာလီဘန်အစိုးရကို ဖြုတ်ချပြီးကတည်းက တိုင်းပြည်ကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

သမ္မတသက်တမ်း ၂ ဆက် တာဝန်ထမ်းခဲ့တဲ့ သမ္မတဟာ ဖွဲ့စည်းပုံအကန့်အသတ်ကြောင့် တတိယသမ္မတသက်တမ်းကို ဆက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တဲ့ အစိုးရ အချင်းချင်း ပထမဆုံးအနေနဲ့ အာဏာလွှဲပြောင်းပေးမှုကို ဦးတည်သွားပါလိမ့်မယ်။

တာလီဘန်အစိုးရခေတ်အလွန် ၁၃ နှစ်တာ ကာလအတွင်း အာဖဂန်နစ္စတန်မှာ ဆူပူသောင်းကျန်းမှုတွေကို ထိန်းသိမ်းနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်သား ၃ သောင်းခွဲနီးပါး ကျဆုံးခဲ့ပြီး အာဖဂန်တပ်သား ထောင်ပေါင်းများစွာလည်း အသက်စတေးခဲ့ရပါတယ်။

ပြည်သူတွေဟာ နေ့စဉ် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေဆဲဖြစ်သလို၊ အစ္စလာမ်မ္မစ် အုပ်ချုပ်ရေးစနစ်ကို ပြန်လည်အသက်သွင်းချင်တဲ့ တာလီဘန်တွေဟာ ရွေးကောက်ပွဲကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

DVB Burmese

ပူပြင်းသောရာသီတွင် ကဖင်းဓာတ်နှင့် အချိုဓာတ်များစွာ ပါဝင်သော အချိုရည်များ မသောက်သင့်




ရာသီဥတုပူပြင်းသော နွေရာသီတွင် ကဖင်းဓာတ်နှင့် အချိုဓာတ်များစွာ ပါဝင်သော အားဖြည့်ရည်နှင့် အချိုရည်များကို မသောက်သုံးသင့်ဟု ကျန်းမာရေးဆိုင်ရာ ဆေးပညာရှင်များက အကြံပြုပြောကြားသည်။

ကဖင်းဓာတ်များစွာပါဝင်သော အားဖြည့်အချိုရည်များ သောက်သုံးလျှင် ရုတ်တရက် လန်းဆန်းသွားသောကြောင့် ခန္ဓာကိုယ်တွင် အမှန်တကယ်လိုအပ်သော ရေဓာတ်နှင့် ဆားဓာတ်များကို မသိရှိနိုင်တော့ခြင်းနှင့် အချိုဓာတ်များစွာ ပါဝင်သော အချိုရည်များ သောက်သုံးလျှင် ရေဓာတ်ပိုမိုလိုအပ်မှုဖြစ်ပေါ်နိုင်ပြီး ယခင်အချိုဓာတ်နှင့် မတည့်သော ရောဂါအခံရှိသူများအတွက်လည်း အန္တရာယ်ဖြစ်စေနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

‘‘ရေဆာရင် ရေသောက်တာ အကောင်းဆုံးပဲ။ အခြားအရည်ရွှမ်းတဲ့ ဖရဲသီးတို့၊ လိမ္မော်သီးတို့လည်း စားလို့ရတယ်။ အချိုဓာတ်နဲ့ ကဖင်းအလွန်ပါတဲ့ အချိုရည်တွေကတော့ မသောက်သင့်ဘူး။ အဲဒီဓာတ်တွေက ရာသီဥတုပူလို့ ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ ဆားဓာတ်တွေ ဘယ်လောက်လိုအပ်လဲဆိုတာတွေကို အဟန့်အတားဖြစ်စေတယ်’’ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအောင်အောင်ကပြောသည်။

ထို့အပြင် နေပူထဲမှာ ပြန်လာချိန်တွင် အလွန်အေးလွန်းသော ရေအေးသောက်သုံးခြင်းသည်လည်း လည်ချောင်းနာခြင်းနှင့် အစာအိမ်အောင့်၍ ဗိုက်အောင့်ဗိုက်နာခြင်းများ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်ဟု အကြံပြုသည်။

ရာသီဥတုပူပြင်းချိန်တွင် နေ့စဉ်ရေသုံးလီတာခန့် သောက်သုံးရမည်ဖြစ်ပြီး ဆုံးရှုံးသွားသော ရေဓာတ်နှင့် ဆားဓာတ်များ ပြန်လည်ဖြည့်စွက်ရန် ဓာတ်ဆားရည်ကို အနည်းငယ် သောက်သုံးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က လမ်းညွှန်မှုပြုထားသည်။

မြန်မာနိုင်ငံတွင် မြောက်ပိုင်းဒေသများမှလွဲ၍ ကျန်ရှိသော ပြည်နယ်နှင့် တိုင်းအားလုံးတွင် အပူရှိန်မြင့်တက်မှုမှာ လွန်ကဲအဆင့်ရောက်နေပြီး ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းမှာလည်း အန္တရာယ်အဆင့်သို့ ရောက်ရှိနေသည်ဟု မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အလှအပ

ကမ္ဘာ့ဖလား ဘောလုံးကွင်း တည်ဆောက်ရေးလုပ်ငန်းရှိ ထပ်တိုးပွဲကြည့်စင်တွေ ရက်ပိုင်းအတွင်း အပြီးသတ်မည်


ဘရာဇီး အားကစားဒုဝန်ကြီး လူးဝစ်ဖာနန်ဒက်က ဒီရက်သတ္တပတ်အဆုံးမှာ ဆာပေါ်လိုမြို့မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့ဖလား ဘောလုံးကွင်းတည်ဆောက်ရေးလုပ်ငန်းမှာ ထပ်တိုး ပွဲကြည့်စင်တွေကို အပြီးသတ်နိုင်မယ်လို့ ဧပြီ ၃ ရက်နေ့က ပြောပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားဖွင့်ပွဲကို ဆာပေါ်လိုမြို့ ဘောလုံးကွင်းမှာ ဇွန် ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ အခုထိ မပြီးပြတ်သေးတာပါ။

ဘောလုံးကွင်းမှာ ပွဲကြည်စင်တွေကို တိုးချဲ့ဆောက်လုပ်တဲ့ လုပ်ငန်းတွေ မပြီးသေးရုံသာမက အသံလွှင့်မယ့်ခန်းမနဲ့ နိုင်ငံတကာ မီဒီယာသမားတွေကို နေရာချထားရေး အတွက်လည်း နေရာအဆင်သင့် မဖြစ်သေးပါဘူး။

ဘောလုံးကွင်း တည်ဆောက်ရေးမှာ နှောင်းနှေးနေတဲ့ကြားက မတ် ၂၉ ၇က်နေ့မှာလည်း ဆောက်လုပ်ရေးအလုပ်သမား ၁ ယောက် ၂၅ ပေ အမြင့်ပေါ်က ပြုတ်ကျ သေဆုံးခဲ့ပြန်ပါတယ်။

ဒီ ၁ ယောက်ပါဆိုရင် ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးကွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ သေဆုံးသူ ၇ ယောက် ရှိသွားပါပြီး။

မနှစ် နိုဝင်ဘာလတုန်းကလည်း ဒီဘောလုံးကွင်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှာပဲ ၀န်ချီစက် မတော်တဆဖြစ်မှုအတွင်း အလုပ်သမား ၂ ယောက် သေဆုံးခဲ့ပါတယ်။

ဘောလုံးကွင်းမှာ ပင်မပွဲကြည့်စင်မှာ ထိုင်ခုံ ၄ သိန်း ၈ ထောင်စာ တည်ဆောက်ထားပြီး နောက်ဆုံးပွဲစဉ်အတွက် ရည်ရွယ်ပြီး ထိုင်ခုံ ၂ သောင်းကို ထပ်ဖြည့် တည်ဆောက်နေတာ ဖြစ်ပါတယ်။

DVB Burmese 

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသားပျက်စီးနိုင်


အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဓာတုဗေဒဆေးများပါဝင်သော အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သုံးစွဲပါက သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးထံမှ သိရသည်။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဓာတုဗေဒပစ္စည်းများပါဝင်သော ပစ္စည်းများ မကြာခဏသုံးစွဲပါက သန္ဓေသားကို ခြေပျက်လက်ပျက်ဖြစ်စေခြင်းနှင့် သန္ဓေသား၏ မျိုးရိုးဗီဇတစ်သျှူးများ ပျက်စီးစေနိုင်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို တတ်နိုင်သလောက် ရှောင်စေချင်တယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုကြပါ ကလေးမွေးပြီးရင်လည်း နို့မှုန့်တွေမှာ Chemical ပါတဲ့အတွက် သဘာဝဖြစ်တဲ့ မိခင်နို့နဲ့နွားနို့ပဲတိုက်စေချင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက်က ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အစားအသောက်ကိစ္စများတွင် သာမက အသုံးအဆောင်ပစ္စည်းများ အသုံးပြုရာတွင်လည်း သတိပြုရန်လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းဆံပင်ဆေးဆိုးခြင်းသည်လည်းသန္ဓေသားကို အန္တရာယ်ဖြစ်စေသည့်အတွက် လုံးဝမပြုလုပ်သင့်ကြောင်း ၎င်းကဆက်ပြောသည်။

ဆံပင်ဆိုးဆေးတိုင်းတွင် ဓာတုပစ္စည်းများပါဝင်နေပြီး ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အသုံးပြုမိပါက ကိုယ်ဝန်ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အတိအကျစမ်းသပ်ထားခြင်းများ မရှိသော်လည်း အဆိုပါဓာတုပစ္စည်းများသည်လူ၏အရေပြားမှတစ်ဆင့် သွေးကြောအတွင်းသို့စိမ့်ဝင်လာသည့်အတွက် သန္ဓေသားအား အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ဆေးဆိုးတာက သန္ဓေသားကို ထိခိုက်စေပါတယ် ဒါကိုအမျိုးသမီးတွေက သိပ်သတိမထားကြဘူး အရမ်းဆိုးချင်နေရင်တောင် ကိုယ်ဝန် (၃)လအရွယ်မှာ လုံးဝမဆိုးမိပါစေနဲ့ ၆လကျော်ရင် ဆိုးချင်ဆိုးလို့ရပါတယ် ဒါပေမယ့် အန္တရာယ်ကင်းတယ်လို့တော့ မဟုတ်ဘူး အကြံပေးချင်တာက ကိုယ်ဝန်ဆောင်နေစဉ်မှာ လုံးဝမဆိုးတာ အကောင်းဆုံးပါပဲ” ဟု ဒေါက်တာသန်းထိုက်ကဆက်ပြောသည်။

ကိုယ်ဝန်(၃)လအရွယ်သည် သန္ဓေသား၏ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိသည့် အဓိကအင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်ချိန်ဖြစ်ကြောင်း သိရသည်။

“ အစားအသောက်ကို ဆင်ခြင်စားသောက်ရမယ်လို့ သိထားပေမယ့် ဒီလို အန္တရာယ်များမယ်လို့ မထင်ထားဘူး။ ဆံပင်ဆိုးတာက ကလေးကိုထိခိုက်စေတယ်လို့ မကြားဖူးဘူး အမျိုးသမီးတိုင်းလည်း ဒါကိုသတိထားမိမှာ မဟုတ်ဘူးသိထားရင် ရှောင်သင့်တာရှောင်လို့ရတာပေါ့ ”ဟု ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။

Myitma Kha

ပက်ပ်စီ ဖြန့်ပြီ


ဈေးကွက်ထဲမှာ အချိုရည်တွေ ပုလင်း စတင်ဖြန့်ဖြူးရောင်းချနေပြီ ဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန် ကြေညာပါတယ်။ လက်ရှိ ဖြန့်ဖြူးနေတာဟာ ၃၃၀ မီလီဝင် ပုလင်းတွေ ဖြစ်ပြီး ၁ ပုလင်း ကျပ် ၂၀၀ နဲ့ ရောင်းချတယ်လို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် ပိုင်ရှင်တယောက်က ပြောပြပါတယ်။

ကမ္ဘာကျော် ပက်ပ်စီ အချိုရည်ဟာ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်မှာ လာရောက် ထုတ်လုပ် ရောင်းချခဲ့ဖူးပြီး အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံထဲက ပြန်လည် ထွက်ခွာသွားပါတယ်။

အခု ပြန်လည် ၀င်ရောက်လာတဲ့ ပက်စီ အချိုရည်ကို ကိုရီးယား အခြေစိုက် LOTTE chilsung Beverage ကုမ္ပဏီနဲ့ ဦးသိန်းထွန်းပိုင် MGS ကုမ္ပဏီတွေက ပူးပေါင်း ထုတ်လုပ်တာဖြစ်ပါတယ်။

လက်ရှိ ပုလင်းတွေနဲ့ ထုတ်လုပ်ဖြန့်ချိနေပြီး သိပ်မကြာခင် သံဗူးတွေနဲ့ပါ ထုတ်လုပ်ဖြန့်ချိသွားမယ် လို့ ဆိုပါတယ်။

ကမ္ဘာကျော် ကိုကာကိုလာ ကုမ္ပဏီကတော့ ဒီထက်စောပြီး ဈေးကွက်ထဲ ၀င်ရောက်နေပြီး သံဗူး၊ ပုလင်း၊ ပလပ်စတစ်ဗူးကြီးနဲ့ ဗူးငယ် ၄ မျိုး ထုတ်လုပ်ဖြန့်ချိနေပါတယ်။

DVB Burmese

ဘင်္ဂလားဒေ့ရှ် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး


၁၉၄၇ခုတွင် အိန္ဒိယတိုက်အတွင်းရှိ မူဆလင်ဘာသာဝင် အများစုသည် ဟိန္ဒူများလွှမ်းမိုးသည့် အိန္ဒိယနိုင်ငံ အတွင်းမှ သီးခြားခွဲထွက်ကာ ပါကစ္စတန်နိုင်ငံကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ပန်ချာပီ၊ မွတ်ဆလင် အများစုနေထိုင်ရာ ပန်ဂျဟပ် (PUNJAB) ပြည်နယ်သည် အနောက်ပါကစ္စတန် ဖြစ် လာခဲ့ပြီး အိန္ဒိယ အရှေ့တောင်ဘက်ရှိ ဘင်္ဂါလီမွတ်ဆလင် အများစုနေထိုင်ရာ ဘင်္ဂေါ(BANGAL) ပြည် နယ်သည် အရှေ့ပါကစ္စတန် ဖြစ်လာခဲ့၏။ အနောက်ပါကစ္စတန်နှင့် အရှေ့ပါကစ္စတန်တို့ အကြားတွင် မိုင် တစ်ထောင်ခန့် ရှည်လျားသော အိန္ဒိယကုန်းမြေကြီး ကြားခံလျက် ရှိ၏။ ထို့ကြောင့် အနောက်နှင့် အရှေ့ ပါကစ္စတန်တို့အကြား ဆက်သွယ်ရေးလမ်းကြောင်းမှာ အလွန်ရှည်လျား ခက်ခဲခဲ့ပေသည်။ သို့တိုင် ဗဟိုရုံး စိုက်ရာဖြစ်သော အနောက်ပါကစ္စတန်က အရှေ့ပါကစ္စတန်ကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေးအရ၊ မမျှမတဖြစ်အောင် တစ်ဖက်စောင်းနင်း ကြီးစိုးဗိုလ်ကျ လွှမ်းမိုးခဲ့ကြ၏။

အရှေ့ပါကစ္စတန်က ထုတ်လုပ်သော ဂုံလျှော်ကုန်ကြမ်းများကို အနောက်ပါကစ္စတန်မှ ဂုံလျှော်ကုန်ချော ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချခဲ့ကြ၏။ အရှေ့ပါကစ္စတန်တွင် စစ်အင်အား ငါးသိန်းကျော်မျှ ဖွဲ့စည်း နေရာချထားပေးခဲ့ကြ၏။ အရှေ့ပါကစ္စတန်တွင် စစ်သည် တပ်ရင်းလေးရင်းမျှကို ဖွဲ့စည်း နေရာချထားပေး ခဲ့စဉ် အနောက်ပါကစ္စတန်က စစ်အင်အား ငါးသိန်းကျော်မျှ ဖွဲ့စည်းထူထောင်ထား၏။ ဤသည်ထက် အနောက်ပါကစ္စတန်က ၎င်းတို့အများစုသုံးစွဲသည့် အူရဒူ (UR- UDU) ဘာသာစကားကို တစ်ခုတည်း သော နိုင်ငံတော် ဘာသာစကားအဖြစ် ပြဋ္ဌာန်းလိုက်သည့်အခါ အရှေ့ပါကစ္စတန်ရှိ ဘင်္ဂါလီများက မကျေ မနပ်ဖြစ်ကာ အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ကြတော့သည်။

ထိုအခါ အရှေ့ပါကစ္စတန်မှ ရှိတ်မူ ဂျီဘူရာမန် (SHIEK MUJIBURMAM)ခေါင်းဆောင်သည့် အ၀ါမီလိဂ် (AWAMI LEAGUE) ခေါ် ဘင်္ဂါလီ အမျိုးသားနိုင်ငံရေး ပါတီက အနောက်ပါကစ္စတန် ဆန့်ကျင်ရေး အမျိုး သားလှုပ်ရှားမှုများကို စည်းရုံးလှုံ့ဆော်ခဲ့ကြ၏။ ထို့ကြောင့် ၁၉၇၀ ပြည့်နှစ်၊ အရှေ့ပါကစ္စတန်ရွေးကောက် ပွဲ ကျင်းပသည့်အခါ အ၀ါမီလိဂ်ပါတီက အမတ်နေရာ အားလုံးနီးပါးရရှိခဲ့ပြိး အနောက်ပါကစ္စတန်လိုလား သူများဘက်မှ အမတ်နေရာ တစ်နေရာသာ ရရှိခဲ့၏။ ထိုအခါ အနောက်ပါကစ္စတန်ရှိ စစ်အစိုးအရက အရှေ့ပါကစ္စတန် အမျိုးသားလွှတ်တော်ကို လုံးဝ ဖျက်သိမ်းကြောင်း ကြေညာလိုက်တော့သည်။ သို့ဖြင့် အနောက်ပါကစ္စတန်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့် အဓိကရုဏ်းများ အရှေ့ပါကစ္စတန် တစ်လွှားတွင် အနှံ့အပြား ပေါ်ပေါက်လာခဲ့သည်။

၁၉၇၁ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် အနောက်ပါကစ္စတန် တပ်များက အရှေ့ပါကစ္စတန် တပ်ကို ထိုးစစ် ဆင်ဝင်ရောက် တိုက်ခိုက်ကြတော့သည်။ နောက်တစ်နေ့တွင် အရှေ့ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို တရားဝင် ထူထောင်လိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။ ထိုအချိန်မှစတင်၍ အရှေ့ ပါကစ္စတန်တွင် ပြင်းထန်သည့် မျိုးဖြုတ်ပြည်တွင်းစစ်ပွဲကြီး အပြင်းအထန် ဖြစ်ပွားတော့သည်။ ၁၉၇၂ ခုနှစ် တွင်မူ အိန္ဒိယတပ်မတော်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၀င်ရောက် တိုက်ခိုက်လာသည့်အခါတွင်မူ အနောက်ပါကစ္စတန်တပ်များ ရှုံးနိမ့် ဆုတ်ခွာခဲ့ကြရ၏။ ဤပြည်တွင်းစစ်ပွဲအတွင်း လူတစ်သန်းကျော် သေ ၏။ နှစ်သန်းနီးပါး ဒဏ်ရာရကာ နိုင်ငံသား ဆယ်သန်းကျော်မျှ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြ ရ၏။ ထိုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှာပင် ရှိတ်မူဂျီဘူရာမန်သည် ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။

သို့တိုင် ပြည်တွင်းစစ်ဒဏ်ကြောင့် ဖရိုဖရဲ ဖြစ်နေခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုန်ထုတ်လုပ်မှုကျဆင်း ခြင်း၊ အလုပ်လက်မဲ့ ထူပြောခြင်း၊ ပြည်သူအကြား ဆင်းရဲမွဲပြာ ကျနေရခြင်းစသည့် စီးပွားရေးပြဿနာ  မျိုးစုံ တို့ကြောင့် ဆန္ဒပြပွဲနှင့် အဓိကရုဏ်းများကို အဆက်မပြတ် ရင်ဆိုင်နေကြရသည်။

ပြည်တွင်းစစ်လွန်ကာလတွင် အိန္ဒိယတပ်မတော် အကူအညီဖြင့် ထူထောင်ခဲ့ရသော ဘင်္ဂလားဒေ့ရှ် တပ် မတော်တွင် ပါဝင်နေသည့် ဂိုဏ်းအုပ်စုများ၏ အခြေအနေအပေါ် မကျေနပ်မှုကြောင့် အာဏာသိမ်းရန် ကြိုး ပမ်းမှု နှစ်ကြိမ်တိုင် ပေါ်ပေါက်ခဲ့၏။ ၁၉၇၅ ခု သြဂုတ်လအတွင်း ပေါ်ပေါက်ခဲ့သည့် စစ်ဖက်အာဏာသိမ်း မှုတွင်မူ ၀န်ကြီးချုပ် ရှိတ်မူဂျီဘူရာမန် ကိုယ်တိုင်လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတော့သည်။ သို့ဖြင့် ဘင်္ဂလား ဒေ့ရှ် သမ္မတနိုင်ငံတွင် အရပ်ဘက်အစိုးရအသွင်မှ စစ်ဘက်အစိုးရအသွင်သို့ ကူးပြောင်း သွားတော့၏။

ထိုစဉ်က သမ္မတတာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးဇီယာအူမန် (ZIARA-HMAN)) သည် စစ်အုပ် ချုပ်ရေး ကြေညာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ငြိမ်အေးချမ်းမှုရရှိအောင် ထိန်းသိမ်းခဲ့၏။ ထို့ပြင် ဆိုဗီယက် တို့၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ် တပ်မတော် ခေတ်မီအင်အား တောင့်တင်းရေးအတွက် ပြုပြင်ပြောင်း လဲရေးများ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့၏။ သို့သော် ထို ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လက် မခံနိုင်သည့် ပြိုင်ဘက်စစ်အုပ်စုတချို့၏ မအောင်မြင်သော အာဏာသိမ်းပွဲအတွင်း ၁၉၈၁ ခု၊ မေလ ၃၀ ရက်တွင် ဗိုလ်ချုပ်ကြီး ဇီယာရာမန် လုပ်ကြံသတ်ဖြတ် ခံလိုက်ရတော့သည်။ သူ၏နေရာတွင် ဒုတိယ သမ္မတ အဗ္ဗဒူဆတ်တားဆိုသည့် အရပ်သား နိုင်ငံရေးသမားတစ်ဦးက ဆက်ခံခဲ့သည်။ သို့သော် အရပ် ဘက်အုပ်စိုးမှုကို စစ်ဘက်က လက်မခံနိုင်သဖြင့် ၁၉၈၂ ခုနှစ်၊ မတ်လမှာပင် ဗိုလ်ချုပ်ကြီး အာရှတ် (ERSHAD) ဦးဆောင်သည့် စစ်ဘက်မှ ပြန်လည် အာဏာသိမ်းယူလိုက်ပြန်သည်။ ၁၉၈၈ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစ္စလာမ်သမ္မတနိုင်ငံအဖြစ် ထူထောင်လိုက်ကြောင်း ကြေညာလိုက်သည်။

စစ်အေးခေတ် ပြီးဆုံးသည့် ၁၉၉၁ ခုနှစ်သို့ ရောက်သည့်အခါ ပါလီမန်ဒီမိုကရေစီ ကျင့်သုံးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အာရှတ်ကကြေညာပြီး ရွေးကောက်ပွဲများ ကျင်းပပေးခြင်းဖြင့် သမ္မတကြီး အာရှတ် ဖြစ်လာခဲ့ တော့သည်။ သို့သော် ထိုနှစ်မှာပင် ကြုံတွေ့လိုက်ရသည့် ဆိုင်ကလုံး လေမုန်တိုင်းဒဏ်ကြောင့် ပြည်သူ တစ်သိန်း သုံးသောင်းကျော် သေကြေခဲ့ရပြီး ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံမျှရှိသော ပြည်သူလူထု အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရ၏။ ထို့နောက် ဆက်လက် ဖြစ်ပေါ်လာသည့် စီးပွားရေး ပြဿနာ၊ နိုင်ငံရေး ပြဿနာများကြောင့် လူထုအုံကြွမှု အဓိကရုဏ်းများ ဆက်တိုက် ဖြစ်ပေါ်လာတော့သည်။ သို့ဖြင့် နောက်ဆုံး သမ္မတအာရှတ်သည်လည်း လူထုလှုပ်ရှားမှုများကြောင့် ရာထူးမှ နုတ်ထွက် ပေးခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ယနေ့တိုင် ရှင်သန်နေသည့် ပါလီမန်ဒီမိုကရေစီစနစ်၏ အခြေခံများကို လူဝတ်လဲထား သည့် စစ်သားဟောင်း သမ္မတကြီးအာရှတ် ချမှတ်ပေးခဲ့ခြင်းပင် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၁၆၀ နီးပါးမျှရှိ၍ ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် လူဦးရေ အထူထပ် ဆုံးနိုင်ငံ ဖြစ်၏။ တစ်စတုရန်းမိုင်အတွင်း နေထိုင်သူ လူဦးရေ ၃,၀၀၀ ကျော်မျှ ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မွေးဖွားနှုန်းမှာလည်း တစ်နှစ်လျှင် ၆ ဒသမ ၃ ရာခိုင်နှုန်းမျှရှိ၍ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့၏။ သို့ သော် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အရပ်သားအစိုးရခေတ်တွင် မွေးဖွားနှုန်းလျှော့ချ ရေး ပညာပေးလှုပ်ရှားမှုများ နောက်ပိုင်းတွင်မူ ၂ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂါလီ ၉၈ ရာခိုင်နှုန်းမျှရှိပြီး ၎င်းတို့၏ ၈၈ ရာခိုင်နှုန်းမှာ မွတ်ဆလင်ဘာသာဝင် များ ဖြစ်ကြ၏။ စီးပွားရေးတွင် လယ်ယာလုပ်ငန်း ၆၃ ရာခိုင်နှုန်း၊ ၀န်ဆောင်မှုလုပ်ငန်း ၂၆ ရာခိုင် နှုန်းနှင့် စက်မှုလုပ်ငန်း ၁၁ ရာခိုင်နှုန်း ပါဝင်၏။ နိုင်ငံနှစ်စဉ် လူတစ်ဦးချင်း ၀င်ငွေမှာ ဒေါ်လာ ၁,၃၀၀ ၀န်းကျင်မျှ သာရှိ၍ ဖွံ့ဖြိုးမှု နည်းပါးသောနိုင်ငံသာ ဖြစ်၏။ ထို့ပြင် ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများ၏ဒဏ်ကြောင့် သဘာဝကပ်ဘေးနှင့် မကြာခဏ ရင်ဆိုင်နေရသော နိုင်ငံတစ် နိုင်ငံလည်း ဖြစ်ပေသည်။

ထို့ကြောင့် လူဦးရေသန်း ၁၆၀ ကျော် မျှရှိသော နိုင်ငံကြီးတစ်နိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏တပ်မတော်မှာ တပ်အင်အား နှစ်သိန်းကျော်မျှသာ ရှိသည်အထိ အင်အား အချိုးအစား နည်းပါးလျက် ရှိနေရသည်။ ထို့ပြင် ၁၉၇၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော ဘင်္ဂလားဒေ့ရှ်တပ်မတော်သည် အမြဲတမ်းတပ်မတော်တစ်ရပ်မှ ပေါက်ဖွားလာသည့် တပ်မတော်တစ်ရပ် မဟုတ်ပေ။ ပါကစ္စတန်တပ်မတော်၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် ထူထောင်ပေးထားသည့် ဘင်္ဂလားတပ်ရင်းအချို့နှင့် အိန္ဒိယတပ်မတော်မှ လေ့ကျင့်ပေးထားသည့် ပျောက်ကျားများ၊ ပါကစ္စတန်တပ်များကို တန်ပြန်တိုက်ခိုက်ရန် အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဖွဲ့စည်းထား သည့် ဘာဟီနီ (BAHANI) ပျောက်ကြားများကို ပေါင်းစပ် ဖွဲ့စည်းထားသည့် တပ်ဖွဲ့များသာ ဖြစ်သည်။

ထို့ကြောင့် ဖြတ်သန်းမှု မတူသည့်အလျှောက် လေ့ကျင့်တည်ဆောက်ရေးနှင့် စစ်ရေး အတွေ့အကြုံများ လည်း မတူကြပေ။ ထိုအခါ ဘင်္ဂလားဒေ့ရှ် တပ်မတော်အတွင်းတွင် ဂိုဏ်းအုပ်စု ဖွဲ့မှုများ၊ ဂိုဏ်းအုပ်စု ပြိုင်ပွဲများနှင့် ဂိုဏ်းအုပ်စု ပဋိပက္ခများ၊ သဘာဝကျစွာပင် ဖြစ်ပေါ်နေတတ်လေ့ ရှိ၏။ တစ်သွေးတစ်သံ၊ တစ်မိန့် နာခံတတ်အောင် စည်းလုံးညီညွတ်မှု အားနည်းခဲ့ကြ၏။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်အရာရှိများ အုပ်စုတို့မှာလည်း အများအားဖြင့် စနစ်တကျ လေ့ကျင့်တည်ဆောက် ထားသည့် ဗြိတိသျှ အိန္ဒိယတပ်မတော်မှ ဆင်းသက်လာသူများ မဟုတ်ကြပေ။ ပါကစ္စတန်တပ်မတော်မှ ထူထောင် ဖွဲ့စည်းပေးထားသည့် အရှေ့ပါကစ္စတန် တပ်ရင်းအချို့မှ အရာရှိ အနည်းငယ်မျှသာ ဖြစ်ကြ သည်။ ထို့ကြောင့် ဗြိတိသျှတို့ လေ့ကျင့်တည်ဆောက်ပေးခဲ့သည့် ပါကစ္စတန် တပ်မတော်၏ PROFES-SIONAL ARMY  စိတ်ဓာတ်မျိုးကိုပင် ဘင်္ဂလားဒေ့ရှ် တပ်မတော်တွင် မထူထောင်နိုင်ခဲ့ကြပေ။ ဘင်္ဂလား ဒေ့ရှ် အရာရှိများအုပ်စုတွင် ပါကစ္စတန်တပ်မတော်မှလာသူ ဘာဟီနီ ပျောက်ကြားအဖွဲ့မှ လာသူ၊ မျိုးချစ် တော်လှန်ရေးအဖွဲ့မှလာသူ စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေခဲ့ကြ၏။

မည်သို့ပင်ဆိုစေ ၁၉၇၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်တပ်မတော် ထူထောင်ခဲ့သည့်အခါ အဆိုပါ အုပ်စုအသီး သီးမှ လာသူများကိုသာ စုစည်းကာ စစ်ဘက်ဆိုင်ရာ အီလစ်များအပြင် နေရာပေးလာခဲ့ရခြင်း ဖြစ်၏။ ထို စစ်ဘက် အီလစ်များကို အခွင့်ထူးခံ အဆင့်နေရာပေးခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ တာဝန်ခွဲချထားခြင်းစသည့် လုပ်ငန်းအဆင့်အတိုင်းမှာပင် ပြဿနာကြီးငယ် ပေါ်တတ်သဖြင့် အစိုးရက တိမ်းစောင်းမှုများကို အထူးသတိ ထားကြရ၏။ ဘက်အသီးသီး အုပ်စုအမျိုးမျိုးနှင့် ညှိနှိုင်းဆောင်ရွက်ရမြဲ ဖြစ်သည်။

ယင်းသို့ တိမ်းစောင်းမှုများ၏ အကျိုးဆက်ကို ၁၉၇၅ ခုနှစ် ရှိတ်မူဂျီဘူရာမန် လုပ်ကြံခံရသည့်ကိစ္စမှ ၁၉၈၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဇီယာအူမန် သတ်ဖြတ်ခံရသည့်အဖြစ်အထိ တောက်လျှောက် ဖြစ်ပေါ်ခဲ့သည့် အာ ဏာသိမ်းပွဲမျိုးစုံတွင် တွေ့မြင်နိုင်ပေသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ် ဗိုလ်ချုပ်များသည် သူတို့၏ လက်ဦးဆရာ ပါကစ္စတန်ဗိုလ်ချုပ်များကဲ့သို့ ပညာတတ်များ မဟုတ်ကြပေ။ အနောက်တိုင်းမှ SANDHURST, WEST, POINT စသည့် စစ်တက္ကသိုလ် သင်တန်းဆင်းများလည်း မဟုတ်ခဲ့ကြ။ ထို့ကြောင့်ပင် ဘင်္ဂလားဒေ့ရှ် တပ် မတော်ကို စတင် ဖွဲ့စည်းစဉ်က စစ်တပ်အီလစ်များထဲတွင် ပညာတတ်ဟူ၍ လူတစ်ရာပင် မပြည့်ခဲ့ကြပေ။

ထိုအခါ သဘာဝကျစွာပင် အရပ်ဘက် နိုင်ငံရေးသမားများ၏ မင်းပရိယာယ်ကို ၎င်းတို့ ကောင်းစွာ နားမ လည်ခဲ့ကြပေ။ သို့ဖြင့် အာဏာရလာသည့်အခါ အရပ်ဘက် ခေါင်းဆောင်များကဲ့သို့ နိုင်ငံရေးကိုကျွမ်းကျင် လိမ္မာစွာ အသုံးမချတတ်သည့်အပြင် နိုင်ငံရေးသမားများလောက်ပင် ကျွမ်းကျင်လိမ္မာစွာ လာဘ်မစား တတ်ခဲ့ကြပေ။ ခြုံပြောရလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးမှာ တည်ငြိမ်ချော မွေ့လှသည်ဟု မဆိုနိုင်သည့်တိုင် အရပ်ဘက်က နိုင်ငံရေးလုပ်ငန်းတွင် စစ်တပ်ကို အသုံးချနိုင်ရန် အပြိုင် ဆိုင် ကြိုးပမ်းနေကြသည်ကို ရင်မောဖွယ် တွေ့မြင်နေကြရပေသည်။

၁၉၉၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် ဒီမိုကရေစီစနစ် အခြေခံများကို ချမှတ်ပေးခဲ့သူ ဗိုလ်ချုပ်ကြီး တဖြစ်လည်း သမ္မတကြီး အာရှတ်အစိုးရကို အုပ်ချုပ်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ နေထိုင်မှုစရိတ် မြင့်မားပြီး ပြည်သူများအား ဆင်းရဲမွဲတေပြာကျခြင်း၊ အလုပ်လက်မဲ့ ထူပြောခြင်းစသည့် အကြောင်းပြချက်များဖြင့် အ၀ါမီ (AWAMI) ပါတီနှင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) တို့ ဦးဆောင်ဆင်နွှဲသည့် လူထုတိုက်ပွဲများဖြင့် ဖြုတ်ချပစ် နိုင်ခဲ့သည်။ အ၀ါမီပါတီ၏ ခေါင်းဆောင်မှာ ၁၉၇၅ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထူထောင်ခဲ့သူ ရှိတ်မူဂျီဘူရာမန်၏သမီး ရှိတ်ဟာဇီနာ (SHEIK HASINA) ဖြစ်၍ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP ပါတီ၏ ခေါင်းဆောင်မှုမှာ ၁၉၈၁ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီး ဇီယာအူမန်၏ဇနီး ခါလီဒါဇီယာ (KHALIDAR ZIA) တို့ပင် ဖြစ်ကြသည်။ ၁၉၉၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် ဆယ်စုနှစ် နှစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့နေရာကို အဆိုပါ အဖွဲ့ နှစ်ဖွဲ့က ရွေးကောက်ပွဲ အပြိုင်နွှဲရင်း အာဏာရယူခဲ့ကြသည်။

ယင်းသို့ ပါတီနှစ်ရပ်အပြိုင်နွှဲ၍ အစိုးရ အဖွဲ့နေရာများကို တစ်စစီလုယူခဲ့ကြမှု အကျိုးဆက်အဖြစ် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု အတောမသတ် ပြန့်ပွားလာခြင်း အာဏာရှင်သန်လာခြင်း အပြန် အလှန် ပုတ်ခတ်အပြစ်တင်ခြင်းတို့ အနှံ့အပြား ဖြစ်လာခဲ့၏။ နောက်ဆုံး အပြန်အလှန် နိုင်ငံရေး လုပ်ကြံ သတ်ဖြတ်မှုများ အတောမသတ် ကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်သဖြင့် ကုလသမဂ္ဂကပင် ၀င်ရောက် ထိန်းသိမ်းပေးပါရန် ဘင်္ဂလားဒေ့ရှ် တပ်မတော်သို့ မေတ္တာရပ်ခံခဲ့ရသည်။ ယင်းသို့ ကုလသမဂ္ဂ မေတ္တာရပ် ခံချက်ကြောင့် အရပ်ဘက်နိုင်ငံရေးပါတီများ အချင်းချင်း ပဋိပက္ခ အဓိကရုဏ်းများအထိ ပေါက်ကွဲထွက်ပေါ် ခြင်းမျိုး မဖြစ်စေရန် ၂၀၀၇ ခုနှစ်စ၍ နှစ်နှစ်ကြာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းရန် တပ်မတော်က ဆုံးဖြတ်ပါဝင်ခဲ့ရ သည်။ သို့တိုင် ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် အရပ်ဘက်နိုင်ငံရေး၏ အရှုပ်အထွေးများတွင် ပါဝင်ပတ် သက်မှု မပြုဘဲ ၂၀၀၉ ခုနှစ်တွင် ရွေးကောက်ပွဲအသစ် ကျင်းပပေးခြင်းဖြင့် နိုင်ငံရေးနယ်ပယ်မှ တပ်ဆုတ် ပေးခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အ၀ါမီလိဂ်ပါတီ အနိုင်ရခဲ့ပြီး ရှိတ်စ်ဟာဆီနီ ၀န်ကြီးချုပ် ပြန်ဖြစ် လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် မည်သို့သော အားနည်းချက် ရှိသည်ပင်ဖြစ်စေ ဒီမိုက ရေစီ နိုင်ငံရေးအင်အားများ၏ ပဋိပက္ခနှင့် အာဏာပြိုင်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး နယ်ပယ်တွင် အဓိကကျ အရေးပါသည့် ခုံသမာဓိ လူကြီးမင်းများ ဖြစ်နေကြရသည်။

အရပ်ဘက်အစိုးရသည် တပ်မတော်ကို ထိန်းချုပ်ရန် အားထုတ်မှုများရှိသည့်တိုင် အခြားတစ်ဖက်တွင် နိုင်ငံရေးပါတီများက စစ်တပ်အပေါ် ချော့မြူရေးဝါဒသုံးကာ အပြိုင်စည်းရုံးနေကြဆဲပင် ဖြစ်သည်။ သို့ပြင် အစိုးရအဖွဲ့တိုင်းသည် တပ်မတော် ခေတ်မီရေးစီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ပေးနေကြရ၏။ နှစ်စဉ် စစ်ဘက်ဂျက်များ တိုးမြှင့်သုံးစွဲနေကြ၏။ အငြိမ်းစား စစ်ဗိုလ်ချုပ်များကို အစိုးရတပ်ဖွဲ့အတွင်း သွတ် သွင်းကာ ၀န်ကြီးနေရာများတွင် ရာထူးခန့်ထားနေကြ၏။

မည်သို့ပင်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရမူ သမ္မတတွင် စစ်တပ်ကို အမိန့်ပေးပိုင်ခွင့်အာဏာရှိပြီး စစ် ဦးစီးချုပ်ကို ပြည်သူ့လွှတ်တော်မှ ရွေးချယ်တင်မြှောက်ခြင်း ဖြစ်ပေသည်။ သို့ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ဒီမိုကရေစီဘောင်ထဲတွင် အသွင်သဏ္ဍာန်အရ တည်ငြိမ်ချော မွေ့မှု ရှိသော်လည်း တောင့်တင်းခိုင်မာသည့် အခြေခံ မရှိပေ။ ဘင်္ဂလားပင်လယ်အော်တွင် ပြင်းထန် သည့် နိုင်ငံရေးမုန်တိုင်းတစ်ရပ် ရိုက်ခတ်လာသည်နှင့် အချိန်မရွေး ဖရိုဖရဲ ပြိုလဲသွားနိုင်ခြေ ရှိပေသည်။

Mizzima Burmese

ချောင်းအတွင်း ရေဆင်းချိုးသည့် ခုနစ်နှစ်အရွယ် မိန်းကလေး ရေနစ်သေဆုံး


ရန်ကုန်၊ ဧပြီ ၃

တွံတေးမြို့နယ်တွင် ချောင်းအတွင်း ရေဆင်းချိုးသည့် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ သဖြင့် မြို့နယ်ရဲစခန်းက ဧပြီ ၂ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ စူးကလဲ့ ရေကျော်ကျေးရွာတွင် ဧပြီ ၂ရက် ညနေ ၅ နာရီခွဲအချိန်က ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ မမေသဇင်ဖူး (ခ) ဖူးဖူး (၇)နှစ် ပထမတန်း ကျောင်းသူသည် နေအိမ်နောက်ဖေးရှိ ရေကျော် ချောင်းအတွင်း ရေးဆင်းချိုးခဲ့သည်ဟု မိခင်ဖြစ်သူကဆို ထားသည်။

သေဆုံးသူနှင့်အတူ ရေဆင်းချိုးသည့် မသင်းမြတ်မွန် (၆)နှစ်က ချောင်းထဲမှ ပြေးတက်လာပြီး မသဇင်ဖူး(ခ) ဖူးဖူး ရေနစ်နေကြောင်း အော်ဟစ်ပြောဆိုခဲ့ရာ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ရီက သမီးဖြစ်သူကို သွားရောက် ဆယ်ယူခဲ့ပြီး ဆေးရုံသို့ ပို့အပ်ရာလမ်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းသေဆုံးမှုကိုလည်း မြို့နယ်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ဓမ္မတာတိုင်း ရေနစ်သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးလျက်ရှိသည်။

Mizzima Burmese

ဝရိန်ဆော်နေစဉ် လျှပ်စစ်ဝါယာကြိုးနှင့်ထိမိကာ ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ ဧပြီ ၎

၃.၄.၂၀၁၄ရက်နေ့ ၁၆၀၀အချိန် ရွှေပြည်သာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ရွှေပြည်သာဆေးရုံသို့ အမျိုးသားတစ်ဦးဓါတ်လိုက်၍ သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သုတ (၂၂)နှစ်၊ ရွှေပြည်သာမြို့နယ်နေသူဖြစ်ပြီး ၀ဲခြေပွန်း၊ ယာမျက်ခုံးပွန်း ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံးစမ်းရာ ၎င်းသည် ၀ရိန်ဆော်သည့် လုပ်ငန်းလုပ်ကိုင်သူ
ဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားချိန်က နေအိမ်တွင် ၀ရိန်ဆော်သည့်အလုပ် လုပ်ကိုင်နေစဉ် ၀ရိန်ပုံးအား ခြေဖြင့်ခွကျော်ခဲ့ရာမှ လျှပ်စစ်ဝါယာကြိုးနှင့်
ခြေထောက်တို့ထိမိကာ ဓါတ်လိုက်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၁၃/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

လှည်းတန်း ခုံးကျော်တံတား ကွန်ကရစ်ဘောင်များ ပဲ့ကျမှုကြောင့် အရေးပေါ် ပိတ်ဆို့ထား ဆိုသည့် အွန်လိုင်း သတင်းမှားကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့


လှည်းတန်းခုံးကျော် တံတား ကွန်ကရစ် ဘောင်များ ပဲ့ကျမှုကြောင့် အရေးပေါ် လမ်းပိတ် ဆို့ထားကြောင်း ဓာတ်ပုံနှင့် တကွ သတင်းတစ်ခု အွန်လိုင်း လူမှုကွန်ရက် တွင် ပျံ့နှံ့ခဲ့၍ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ကြသည်။

အဆိုပါ သတင်းတွင် ဓာတ်ပုံနှင့် တကွ ”မကြာသေးခင်က တည်ဆောက် ပြီးစီးခဲ့သည့် လှည်းတန်း ခုံးကျော် တံ တားအပေါ်ဘောင် အောက်ခြေမှ ကွန် ကရစ်များ ပဲ့ကြွေကျ ခဲ့ပြီး အက်ကွဲကြောင်း များ ဖြစ်ပေါ်လာသည့် အတွက် တံတား ဖြတ်သန်း သွားလာခွင့်ကို ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်မှ စတင်ကာ အရေးပေါ် ပိတ်ပစ် ခဲ့ရသည်” ဟု ဖော်ပြ ထားရာ ရန်ကုန်မြို့ ပေါ်တွင် ဆောက်လုပ်ထားသော ခုံးကျော် တံတားလေးစင်း အပေါ် အွန်လိုင်း အသုံး ပြုသူတို့က ဝေဖန်ပြစ်တင် မှုများရှိခဲ့သည်။

အဆိုပါ သတင်းဓာတ်ပုံမှာ ယခင် နှစ်က တံတား စဖွင့်မည့်နေ့တွင် ခုံးကျော် တံတားအား စတင် အသုံးပြုနိုင်မည် ဖြစ် ကြောင်း ကြိုတင် အသိပေး အကြောင်းကြား အပ်ပါသည် ဆိုသည့် အသိပေး စာကပ် ထားသည်ကို ရိုက်ကူးထားသည့် ဓါတ်ပုံ အား အထူးပြုလုပ် ချက်ဖြင့် ပြင်ဆင် ထား ခြင်းဖြစ်သည်။

ထိုသို့ သတင်းမှားနှင့် စာသားပြင် ဆင်ထားသည့် ဓာတ်ပုံကို ဧပြီလ ၁ ရက် နေ့ April Fool နေ့ဖြစ်သဖြင့် နောက် ပြောင် လို၍ ဖြန့် ခဲ့ခြင်း ဖြစ်နိုင် သည်ဟု တချို့က သုံးသပ်သည်။

လှည်းတန်း ခုံးတံတား အနီးတွင် နေထိုင်သူ တစ်ဦးကမူ ”ကျွန်တော့်ကို April Fool လာလုပ်နေတာလား။ ကျွန်တော်က ဒီနားမှာ ပဲနေတာ။ တစ်ခုခုဆို ကြားမှာပါ။ ဘာမှဖြစ်သံမကြားပါဘူး”ဟုဆိုပြီး ကား များသွား လာမှု မပျက်ကြောင်း ပြောသည်။

ထို့အပြင်ယင်းနေ့မှာ ပင်ဆရာတော် ဦးဝီရသူ လူထွက်၍ နိုင်ငံရေး ဇောက်ချ လုပ်မည် ဆိုသည့် သတင်း၊ စင်ကာပူ နိုင်ငံမှ မြန်မာနိုင်ငံ အား ဗီဇာကင်း လွတ်ခွင့်ပေး လိုက်ပြီ ဆိုသည့်မဟုတ်မမှန် သတင်း များလည်း အွန်လိုင်း တွင် ပျံ့နှံ့ခဲ့သည်။

ဧပြီလ ၁ ရက်နေ့ ရောက်တိုင်း April Fool ပြုလုပ်ခြင်းသည်အနောက် နိုင်ငံ များမှ ကူးစက်လာသည့် ယဉ်ကျေးမှု တစ်ခုဖြစ်ပြီး မဟုတ် မမှန်သည့် ဖြစ် ရပ် များကို အမှန် တကယ် ယုံမှတ်သွားစေရန် ဖုန်းဖြင့် တစ်ဆင့်ဖြစ်စေ ၊အွန်လိုင်းမှ တစ်ဆင့် ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ပြော ဆိုနောက် ပြောင်လေ့ရှိကြသည်။

ဖိုးလပြည့်
Popular Myanmar News Journal 

လက်ပတ်အနီရောင်ဝတ်ထားသူများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု


Written By - သစ်ထွဋ်

အစိုးရသက်တမ်း သုံးနှစ်ကျော်လာတဲ့ ယနေ့အချိန်အထိ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အပေါ် အကောင်းမြင်သူများရှိသလို ဝေဖန်သူများလည်း အများအပြား ရှိနေခဲ့ပါတယ်။ ဝေဖန်သူများက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် မေးခွန်းထုတ်ရာမှာ အစိုးရရဲ့ပြုပြင် ပြောင်းလဲမှုများဟာ အများပြည်သူများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အောက်ခြေအဆင့်တွေအထိ ရောက်ရှိခြင်းမရှိတဲ့ ဖြစ်ရပ်များကို အရေးကြီးတဲ့ အချက်များအဖြစ် ရှုမြင်ကြလေ့ရှိပါတယ်။

လက်ပတ်အနီရောင်ဝတ်ထားသူများ

ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များဟာ အများပြည်သူများနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အဆင့်ထိရောက်ရှိခြင်း မရှိဟု သုံးသပ်နိုင်တဲ့ ဖြစ်ရပ်အများအပြား ရှိနေခဲ့ရာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့တော်ရဲ့ မြို့လယ်ကောင်ရှိ သပိတ်စခန်းတစ်ခုကို အင်အားသုံး ဖယ်ရှားခဲ့သော ဖြစ်စဉ်အတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လုပ်နည်းလုပ်ဟန်များဟာ ယခင်အာဏာရှင် အစိုးရလက်ထက်က လုပ်နည်းလုပ်ဟန်များနဲ့ အသွင်တူနေတဲ့ ဖြစ်ရပ်က ပြုပြင်ပြောင်းလဲမှုများ ဖြစ်စဉ်များအပေါ် မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။ ယင်းဖြစ်စဉ်အတွင်း မြေအသိမ်းခံရမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေးမှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတစ်ခုကို ပြီးခဲ့တဲ့ မတ် ၃၀ ရက်နဲ့ ၃၁ ရက် နှစ်ရက်ဆက် နံနက် ၃ နာရီကျော်လင်းအားကြီး အချိန်တွေမှာ သက်ဆိုင်ရာက အင်အားရာနဲ့ချီကာ အသုံးပြုပြီး အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။ သပိတ်စခန်းကို ဖယ်ရှားရာမှာ ပါဝင်ခဲ့သော ရာနဲ့ချီတဲ့ လူအုပ်ကြီးထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝန်ထမ်းအချို့ ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်ခဲ့ပြီး အများဆုံး ပါဝင်သူတွေကတော့ လက်မောင်းမှာ လက်ပတ်အနီရောင် ၀တ်ထားတဲ့ ဘယ်ဆီဘယ်ဝယ်ကမှန်း မသိတဲ့ အရပ်ဝတ်အ၀တ်အစား ၀တ်ဆင်ထားသူများ ဖြစ်ပါတယ်။

စောင့်ကြည့်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ

သပိတ်စခန်းကို ဖယ်ရှားရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ အမိုးအကာပြုလုပ် နေထိုင်ခြင်း၊ ၀ါးတိုင်များ ထောင်ခြင်းများကြောင့် စည်ပင်သာယာဥပဒေနဲ့ ငြိစွန်းမှုကြောင့် ဖျက်သိမ်းရခြင်း ဖြစ်တယ်လို့ စည်ပင်သာယာ ၀န်ထမ်းများက အသံချဲ့စက်များနဲ့ အော်ဟစ်ပြီး နောက်မှာတော့ လက်ပတ်အနီရောင် ၀တ်ဆင်ထားသူများက သပိတ်စခန်းရဲ့ အမိုးအကာများကို အတင်းဝင်ရောက်ဆွဲချ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ကြည့်ရှုခဲ့ရသည့် သပိတ်စခန်းကို ဖျက်သိမ်းတဲ့ ရုပ်သံမှတ်တမ်းများအရ နှစ်ရက်ဆက် အင်အားသုံး ဖျက်ဆီးခဲ့ရာတွင် ရဲတပ်ဖွဲ့အင်အားအချို့က နံပါတ်တုတ်များ၊ ဒိုင်းများကိုင်ဆောင်ကာ သပိတ်စခန်းကို ၀င်ရောက်ဖျက်ဆီးတဲ့ အနီရောင်လက်ပတ်ဝတ် လူအများနောက်မှာ စောင့်ကြည့်တဲ့ အနေအထားသာ ရှိခဲ့တာတွေ့ရပါတယ်။ ဖျက်ဆီးရာမှာ စည်ပင်ဝန်ထမ်းများ မပါဝင်ပေမယ့် အဓိကစေခိုင်းသူက စည်ပင်ဝန်ထမ်းဝတ်စုံ ၀တ်ထားသူများ ဖြစ်တယ်လို့ ယူဆနိုင်တဲ့ ရုပ်သံအဖြစ်အပျက်များကို တွေ့ရှိရပါတယ်။ လက်ပတ်အနီဝတ် လူများတွင်မူ လူလတ်ပိုင်း အမျိုးသား အများစုပါဝင်ပြီး အမျိုးသမီးအချို့နဲ့ အသက်ငယ်ရွယ်သူ အချို့လည်းပါဝင်တာ တွေ့ရပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ မတ် ၃၁ ရက်ဖျက်ဆီးရာမှာတော့ လက်ပတ်အနီများအပြင် လက်မောင်းမှာ ရောင်ပြန်စတေကာများ ကပ်ထားသူ အရပ်ဝတ်များလည်း ပါဝင်ခဲ့ပြီး သပိတ်စခန်းမှ ဆန္ဒပြသူများနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူအချို့တွင် အသေးစားဒဏ်ရာများ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဘယ်သူက တာဝန်ခံမည်လဲ

ဒီနေရာမှာ သပိတ်စခန်းကို ၀င်ရောက်ဖျက်ဆီးရာမှာ အသုံးပြုခဲ့တဲ့ လက်ပတ်အနီရောင် ၀တ်ထားတဲ့ အရပ်ဝတ်လူများနဲ့ ပတ်သက်ပြီး မေးစရာရှိလာပါတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ဘယ်ကလဲ၊ ဘယ်အတွက်ကြောင့် အခုလို သပိတ်စခန်းဖယ်ရှားတဲ့ ဖြစ်စဉ်မှာ အဓိကဆောင်ရွက်သူများအဖြစ် ပါဝင်ခဲ့သလဲဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ အရပ်ဝတ်တွေ ၀တ်ထားပေမယ့် လက်မောင်းမှာ အားလုံးရဲ့ အနီရောင်လက်ပတ်တွေ ၀တ်ဆင်ထားတာကြောင့် ယင်းတို့ဟာ သာမန်အရပ်သားတွေလား၊ စနစ်တကျလေ့ကျင့်ထား သူတွေလား၊ ဌာနဆိုင်ရာ တစ်ခုခုက ၀န်ထမ်းတွေလားဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။ ရုပ်သံတွေမှာ တွေ့ရတာကတော့ သပိတ်စခန်းကို ၀င်ရောက်ဖျက်ဆီးရမှာ ရဲရဲတင်းတင်း ၀င်ရောက်ဖျက်ဆီး ခဲ့တာတွေ့ရပြီး တာဆီးတဲ့ ဆန္ဒပြသူတွေကိုလည်း တွန်းထိုးဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ယင်းကဲ့သို့ဆောင်ရွက်မှု ဖြစ်စဉ်မှာထပ်ပြီး မေးစရာရှိလာတာက အဆိုပါ အရပ်ဝတ်ဆင်ထား သူများဟာ သပိတ်စခန်းကို ဖယ်ရှားရာမှာ ဆောင်ရွက်နိုင်ခွင့်ရှိသူများ ဖြစ်ပါသလား၊ သူတို့ဟာ ဘယ်လို တာဝန်ခံမှု၊ တာဝန်ယူသူများ ဖြစ်ကြပါသလဲ ဆိုတဲ့အချက်ပါ။ အကယ်လို့ သပိတ်စခန်းကို ဖယ်ရှားရင်း ဆန္ဒပြသူများ အပါအ၀င် တစ်ဦးတစ်ယောက် ထိခိုက်နစ်နာမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင် သူတို့က တာဝန်ခံမှာလား၊ ဘယ်သူတွေက တာဝန်ခံကြမှာလည်းဆိုတာ သူတို့ကိုစေခိုင်းသူတွေ ဖြေပေးရမယ့် အဖြေဖြစ်ပါတယ်။

နိုင်ငံတကာအဓိကရုဏ်း နှိမ်နင်းရေးစံနှုန်းများဖြင့်သာ

နိုင်ငံတကာမှာတော့ အဓိကရုဏ်းဖြစ်စဉ်များ၊ သပိတ်စခန်းဖြိုခွဲမှု ဖြစ်စဉ်များကို ဆောင်ရွက်ရာမှာ စနစ်တကျ လေ့ကျင်ထားတဲ့ နှိမ်နင်းရေးတပ်ဖွဲ့များ၊ အများအားဖြင့် ရဲတပ်ဖွဲ့ဝင်များကိုသာ အသုံးပြုဆောင်ရွက်လေ့ ရှိကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာလည်း သပိတ်စခန်းဖြိုခွဲမှု ဖြစ်စဉ်များကဲ့သို့ အဓိကရုဏ်း ဖြစ်စဉ်များကို နိုင်ငံတကာစံနှုန်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ဥရောပသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံခြားသားကျွမ်းကျင် ပညာရှင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များကို သင်တန်းများပို့ချပေးလျက် ရှိသလို ရဲတပ်ဖွဲ့တာဝန်ရှိသူ တွေကလည်း စနစ်ကျတဲ့ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့များပေါ် ထွက်လာဖို့ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ယခုသပိတ်စခန်း ဖြစ်စဉ်မှာလည်း သပိတ်စခန်းကို ဖယ်ရှားဖို့ မဖြစ်မနေ လိုအပ်လာပါက စနစ်တကျ လေ့ကျင့်ထားတဲ့ ရဲတပ်ဖွဲ့ဝင်များသာ သုံးသင့်တယ်လို့ ယူဆမိပါတယ်။ သို့မှသာဖြစ်ပေါ်လာသော ကိစ္စရပ်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့အတူ နိုင်ငံတကာ အဓိကရုဏ်း နှိမ်နင်းရေး စံနှုန်းများနဲ့အညီ ဆောင်ရွက်ခြင်းလို့ အများရှုမြင်ကြမှာ ဖြစ်ပါတယ်။

စွမ်းအားရှင်များမလိုချင်

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့ဆိုတဲ့ ခေတ်ကြီးမှာ ယခင်တစ်ချိန်က အများပြည်သူတွေအကြား နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စွမ်းအားရှင်လို ကြေးစားလူမိုက်ဆန်ဆန် အဖွဲ့အစည်းမျိုးတွေကို ပြည်သူတွေက မတွေ့မြင်လိုကြတော့ပါဘူး။ ဘယ်က ဘယ်လို ရောက်လာမှန်းမသိသော၊ ဘယ်အဖွဲ့ အစည်းက လူတွေမှန်းမသိသော သူတွေက အငြင်းပွားမှု ဖြစ်စဉ်တွေမှာ ၀င်ရောက်ဆောင်ရွက်တဲ့ အပြုအမူတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဆောင်ရွက်သော ဒီမိုကရေစီ ကျင့်သုံးနေတဲ့ အစိုးရလက်အောက်က အဖွဲ့အစည်းတွေအနေနဲ့ ကျင့်သုံးဖို့ မသင့်တော်ပါဘူး။ ယခုသပိတ်စခန်း ဖယ်ရှားမှုဖြစ်စဉ် အပါအ၀င် နောင်လာလတ္တံသော အဓိကရုဏ်းဖြစ်စဉ်များ၊ သပိတ်စခန်းဖြိုခွဲမှု ဖြစ်စဉ်များမှာလည်း ယခုကဲ့သို့ လုံလောက်သော တာဝန်ခံမှု၊ တာဝန်ယူမှု မရှိနိုင်ဖွယ်ရှိတဲ့သူများ၊ အဖွဲ့အစည်းများကို အသုံးမပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေကို ရှောင်လွှဲနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ တဖွဖွပြောကြားနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ရဲ့အောင်မြင်မှု၊ မအောင်မြင်မှု များဟာလည်း သမ္မတကအစပြုပြီး အောက်ခြေ၀န်ထမ်းများအထိ ဒီမိုကရေစီစံနှုန်းများကို မည်မျှအကောင်အထည်ဖော် ဆောင်ရွက်နိုင်သလဲဆိုတဲ့ အချက်ဖြင့်သာ တွက်ဆနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ မိကျောင်းကန်သပိတ်စခန်းအား မတ် ၃၀ ရက် နံနက်အစောပိုင်းတွင် သက်ဆိုင်ရာက အင်အားသုံးဖယ်ရှား

Eleven Media Group