ဇနီးဖြစ်သူကို သတ်ရန်ကြံစည်မှုဖြင့် ရော့ခ်အဆိုတော် လမ်ဘီဆစ် ထောင်ကိုးနှစ်ကျ




လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၆

နာမည်ကျော် ရော့ခ်တေးဂီတအဖွဲ့ As I Lay Dying ရဲ့အဆိုတော် တင်မ်လမ်ဘီဆစ်ဟာ ကြေးစား လူသတ်သမား ငှားရမ်းပြီး ဇနီးဖြစ်သူကို သတ်ရန်ကြံစည်မှုနဲ့ ထောင်ဒဏ်ကိုးနှစ် ချမှတ်ခံလိုက်ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

လမ်ဘီဆစ်ဟာ အစောပိုင်းတုန်းက အစိုးရရှေ့နေရဲ့ စွဲဆိုချက်တွေကို ငြင်းဆန် ခဲ့သေးပေမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကာ ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ အသနားခံခဲ့ပြီးတဲ့ နောက်မှာတော့ တရားရုံးကသူ့ကို ထောင်ဒဏ်ကိုးနှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

လမ်ဘီဆစ်ဟာ ကြေးစား လူသတ်သမားဟန် အသွင်ယူထားတဲ့ ရဲဝန်ထမ်းတစ်ဦးကို သူ့မိန်းမကို သတ်ပေးဖို့အတွက် သွားရောက် ငှားရမ်းမိတဲ့အတွက် ပြီးခဲ့တဲ့ နှစ်မေလထဲမှ စတင်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ လမ်ဘီဆစ်ဟာ လူသတ်မှု ကျူးလွန်ရန် ဆွဲဆောင် စည်းရုံးမှု၊ ရာဇဝတ်မှု ကျူးလွန်ရန် ကြံစည်မှုတို့နဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ပြစ်ဒဏ်ကို လာမယ့် မေလ ၂ ရက်နေ့မှာ စတင်ကျခံရမှာ ဖြစ်ပါတယ်။

လမ်ဘီဆစ် အဖမ်းမခံရမီက သူ့ရဲ့ဇနီးဖြစ်သူက လမ်ဘီဆစ်ဟာ အိမ်ထောင်ဖက် အပေါ်မှာထက် ခန္ဓာကိုယ် ကြွက်သားတွေ လှပဖို့ လေ့ကျင့်တဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားခဲ့ဖူးပါတယ်။

လန်ဘီဆစ် အဖမ်းခံခဲ့ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ As I Lay Dying အဖွဲ့ဟာလည်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရတဲ့အပြင် အခြားအနုပညာ လှုပ်ရှားမှုတွေကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။
The Voice Weekly

ငွေကြေးမကောက်ရန် တားမြစ်ချက် ချိုးဖောက်၍ ဆရာစံတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ထုတ်ပယ်ခြင်းဟု အစိုးရရှင်း



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ငွေကြေးနှင့် ပတ်သက်၍ မဆောင်ရွက်ရန် တားမြစ်ချက် ချိုးဖောက်သည်ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးချက်အရ စစ်ဆေး တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်စဲလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

ရပ်ကွက်နေ ပြည်သူလူထု အများစုက ထောက်ခံမှု ရရှိထားသည့် အဆိုပါ အုပ်ချုပ်ရေးမှူးကို ထုတ်ပယ်လိုက်သဖြင့် ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

ပျံကျဈေးများ ဖျက်သိမ်းရေး အစီအစဉ်အရ အစိုးရအဖွဲ့က အခွန်ကောက်ခံမှုကို ရပ်ဆိုင်းပြီး ဖျက်သိမ်းရန် စီစဉ်ထားသည့် မင်းလမ်းပျံကျဈေးကို အုပ်ချုပ်ရေးမှူး၏ သဘောဖြင့် ဈေးသာယာရေး ကော်မတီ ဖွဲ့စည်း၍ စီမံခန့်ခွဲကာ ငွေကြေး ကောက်ယူမှု၊ အခြားဈေးဆိုင်ခန်း များမှလည်း ငွေးကြေး ကောက်ခံမှု ရှိနေကြောင်း၊ ရေမြောင်း သန့်ရှင်းရေးအတွက် ကောက်ယူရာတွင် ကော်မတီကိုယ်တိုင် ပါဝင်ခြင်းမရှိဘဲ ဖွဲ့စည်း ဆောင်ရွက်သည်ဟု ဆိုသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြခဲ့ခြင်း မရှိကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ထပ်မံပြောကြားသည်။

ငွေကြေး ကောက်ယူပါက ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသဖြင့် မည်သည့် အကြောင်းနှင့်မှ ပြည်သူလူထုထံမှ ငွေကြေး ကောက်ခံခွင့် မပေးထားကြောင်း၊ ရပ်ကွက် ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများကသာ တာဝန်ယူ၍ နိုင်ငံတော် အသုံးစရိတ်ဖြင့်သာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အုပ်ချုပ်ရေးမှူး လုပ်တာက စေတနာမှန်တယ်၊ သို့သော်လည်း လုပ်ထုံးလုပ်နည်း လွဲသွားတဲ့အခါအပြစ် တစ်ခုဖြစ်သွားတဲ့ သဘောပါ” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ရေမြောင်း သန့်ရှင်းရေးနှင့် Transformer ပြင်ဆင်ရန် ငွေကြေး ကောက်ခံ ရန် ကော်မတီ ဖွဲ့စည်းပေးမှုများကို ဆရာစံ တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ၎င်း၏ ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း၊ ဆိုင်ခန်းများနှင့် ပျံကျဈေးက ကောက်ယူရရှိသည့် ငွေကြေးများကိုလည်း ဖွံ့ဖြိုးရေးအတွက် အနည်းငယ်သုံး အသုံးပြုပြီး အုပ်ချုပ်ရေးမှူးရုံးအတွက် သုံးစွဲသည်ကို တွေ့ရှိရသဖြင့် တာဝန်မှ ရပ်စဲရခြင်း ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က ဆိုသည်။
“သက်သာဆိုင်တွေနဲ့ ပျံကျဈေးတွေက ငွေတွေကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးတာ မပြောလောက်ဘူး။ ရုံးခန်းအတွက်ပဲ အများကြီး သုံးထားတာတွေ့တယ်။ ကိုယ်ရေး ကိုယ်တာအတွက် သုံးထားတာလည်း မတွေ့ဘူး” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ဆရာစံတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းကမူ ရေမြောင်း သန့်ရှင်းရေး၊ Transformer ပြင်ဆင်ရန်အတွက် ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ သဘောဆန္ဒအရ ကော်မတီ ဖွဲ့စည်းပြီး ငွေကြေး ကောက်ခံကာ လုပ်ဆောင်မည့်ကိစ္စကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို တင်ပြခဲ့ပြီး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍လည်း အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အပတ်စဉ် အစည်းအဝေးများကို ပုံမှန် တင်ပြခဲ့ကြောင်း တုံ့ပြန်ပြောဆိုသည်။

မင်းလမ်းပျံကျဈေး ကိစ္စမှာလည်း ဈေးသာယာရေး ကော်မတီသည် ယခင်ကပင် ရှိခဲ့ပြီး ငွေကြေး ကောက်ယူမှုများကို စာရင်းရှင်းလင်းခြင်း မရှိသဖြင့် ရပ်ကွက်သူ ရပ်ကွက်သားများက လက်မှတ် ရေးထိုးကာ ဖြေရှင်းပေးရန် တောင်းဆိုလာသဖြင့် ပြည်သူလူထု၏ သဘောဆန္ဒအရ ဈေးသာယာရေး ကော်မတီကို ဖွဲ့စည်း ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးမောင်မောင်ထွန်းကို ပြန်ခန့်ပေးရန်၊ စုံစမ်းစစ်ဆေး အစီရင်ခံစား အလိုမရှိ၊ ပြည်သူဆန္ဒနှင့်အညီ ရပ်ကွက်အတွင်း ဆောင်ရွက်ရေး၊ တိုင်ကြားသူ အလိုမရှိ၊ ပြည်သူ ယုံကြည်မှုကို မဖျက်ဆီးပါနဲ့ စသည့် တောင်းဆိုချက်များနှင့် ရပ်ကွက်သူ ရပ်ကွက်သား ၇၀၀ ခန့်က ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ရှေ့တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ငွေကြေးကိစ္စဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အခြားရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦးကိုလည်း တာဝန်မှ ရပ်စဲခဲ့သည်။

The Voice Weekly

အကြမ်းဖက် ဖမ်းဆီးခံရသည် ဟုဆိုကာ စစ်ကိုင်းရဲတပ်ဖွဲ့ စခန်းမှူးနှင့် အဖွဲ့ကို သမ္မတထံ တိုင်ကြား



မန္တလေး၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းမြို့နယ် အာလောင်ကျေးရွာတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးကို စစ်ကိုင်းမြို့ အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူးနှင့် အဖွဲ့က ဖမ်းဝရမ်း မပါဘဲ အင်အားသုံး ထိုးကြိတ် ရိုက်နှက် ကန်ကျောက်ကာ ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီး ခံရသည်ဟု ဆိုကာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတထံ တိုင်ကြားခဲ့ကြောင်း ယင်းတိုင်ကြားသူ ဒေါ်မိုးမိုးမြင့်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာ ဌာနခုနစ်ခုကို တိုင်ကြားထားပြီး ယင်းစစ်ကိုင်းမြို့ အမှတ် (၂) ရဲစခန်းမှူး ရဲအုပ် မင်းလွင်ထွန်းနှင့် အဖွဲ့ကိုလည်း တရားစွဲဆို သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

ယင်းစခန်းမှူးနှင့် အတူ ရဲမေသုံးဦး အပါအဝင် အင်အား ၂၀ ခန့်သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ကိုင်းမြို့ အာလောင်ကျေးရွာတွင် နေထိုင်သူ ဒေါ်မိုးမိုးမြင့်ကို လာရောက် ဖမ်းဆီးရာတွင် အင်အားသုံး အကြမ်းဖက် ထိုးကြိတ်ရိုက်နှက် ကန်ကျောက်မှုကြောင့် ဒေါ်မိုးမိုးမြင့်၏ ညာဘက်နားထင် ဖူးရောင်၊ ဘယ်ဘက်နားထင် ဖူးရောင်၊ ညာဘက်မျက်ခုံး ပေါက်ပြဲ ၊နဖူးပြင် ပေါက်ပြဲ၊ ညာဘက် လက်ကောက်ဝတ် အဆစ်လွဲ၊ ဘယ်လက်ကောက်ဝတ် လက်ထိတ်ဒဏ်ကြောင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေါ်မိုးမိုးမြင့်၏ သမ္မတထံ တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

ယင်းဖြစ်စဉ်ကို မျက်မြင် တွေ့ရှိသူ ဒေါ်ခင်ဝင်းကလည်း ယင်းသို့ ပြုမူခံရသည်မှာ အမှန်ဖြစ်ကြောင်း The Voice ၏ မေးမြန်းမှုကို ဖြေကြားသည်။

ဒေါ်မိုးမိုးမြင့်ကို ဖမ်းဆီးရခြင်းမှာ ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် ရွှေကြက်ထောင့် ကျေးရွာ သံဃနာယက အဖွဲ့၏ တိုင်ကြားချက် အရ စစ်ဆေးမေးမြန်းရန် ရှိသဖြင့် သွားရောက် ခေါ်ယူ ဖမ်းဆီးရခြင်း ဖြစ်ပြီး ရဲအရေးပိုင်သော အမှုဖြစ်သဖြင့် ဖမ်းဝရမ်း မလိုကြောင်း၊ ယင်းသို့ ခေါ်ယူရာတွင်လည်း မိမိတို့အနေနှင့် ယင်းအမျိုးသမီး စွပ်စွဲသကဲ့သို့ ပြုမူခြင်း မရှိဘဲ ယင်းအမျိုးသမီးကသာ ရဲတပ်ဖွဲ့ဝင် ရဲမေများကို ခုံဖိနပ်ဖြင့် ရိုက်ခြင်း ဒေါ်မိုးမိုးမြင့်၏ သမီးဖြစ်သူက ခရမ်းချဉ်သီး ထည့်သော သေတ္တာခွံဖြင့် ပစ်ပေါက်ခြင်းများနှင့် ၎င်းနှင့် ဆက်စပ် ပတ်သက်သူ အခြား အမျိုးသမီး အချို့ကလည်း ရဲမေများကို ဆွဲရမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းမှူး ရဲအုပ် မင်းလွင်ထွန်းက The Voice သို့ ပြောကြားသည်။

ယင်းသို့ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် ဒေါ်မိုးမိုးမြင့်နှင့် သမီး လွင်မာဦး၊ အိမ်နီးချင်း ဖြစ်သူ မအေးလေး၊ ဒေါ်ခင်ဝင်း၊ မစိမ်းစိမ်းမြင့်တို့က ရဲမေများ တာဝန် ထမ်းဆောင်နေစဉ် ဟန့်တားခြင်း၊ ဖမ်းဆီးခြင်း မပြုနိုင်ရန် ကိုယ်ထိလက်ရောက် လက်ဆွဲ တွန်းဖယ်ခြင်းများ ပြုလုပ်မှုကြောင့် ဒုရဲအုပ် ခင်ခင်လေးတွင် ဦးခေါင်း ပေါက်ပြဲ ဖူးရောင် ဒဏ်ရာ၊ ညာလက်ခလယ် နာကျင် ဒဏ်ရာနှင့် ဝတ်ဆင်ထားသော ရွှေဆွဲကြိုး ပြတ်ခြင်း၊ ဒုရဲအုပ် ဝင်းဝင်းဆွေတွင် ဝဲပါးရိုး ဖူးရောင်၊ ဝမ်းဗိုက် နာကျင် အောင့်ခြင်းနှင့် ဝဲဒူးနာကျင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

မိမိတို့ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း စစ်ကိုင်းမြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး သိန်းဆွေက ဖြည့်စွက် အတည်ပြု ပြောကြားသည်။

ယင်းသို့ ရဲတပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်စဉ် နာကျင်စေမှုများ ရရှိအောင် ပြုမူ ဆောင်ရွက်သူ ဒေါ်မိုးမိုးမြင့်၊ လွင်မာထွန်း၊ ဒေါ်ခင်ဝင်း၊ မအေးလေး၊ မစိမ်းစိမ်းမြင့်တို့ ငါးဦးကို အရေးယူပေးပါရန် စစ်ကိုင်းမြို့ မြို့မရဲစခန်း စခန်းမှူးထံ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားထားကြောင်း ယင်းတိုင်ကြားသူ စစ်ကိုင်းမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းမှူး ရဲအုပ် မင်းလွင်ထွန်းက ထပ်မံ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က အမှတ် ၂ နယ်မြေ ရဲစခန်းမှူး ရဲအုပ် မင်းလွင်ထွန်း အပါအဝင် အင်အား ၁၀ ဦးက ဒေါ်မိုးမိုးမြင့်ကို တိုင်ကြားချက်အရ သွားရောက် ခေါ်ယူ ဖမ်းဆီးမှုများ ပြုပြီး အာမခံ ပေးခဲ့ကြောင်း စစ်ကိုင်းမြို့ အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်း သိရှိရသည်။

ဒေါ်မိုးမိုးမြင့်သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်ကိုင်း-မင်းကွန်း ကားလမ်းဘေး ရွှေကြက်ထောင့် ကျေးရွာရှိ ၎င်းပိုင်ဆိုင်သော ခြံဝင်းကို ဝင်းခတ်စဉ် ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လာရောက် တားမြစ်ချိန်တွင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ဆဲရေး တိုင်းထွာခြင်း၊ တာဝန်ဝတ္တရား နှောင့်ယှက်ခြင်းများ ပြုလုပ်သောကြောင့် အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူးနှင့် အဖွဲ့က လာရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့ အာလောင် ကျေးရွာ နေထိုင်သူများက ပြောကြားသည်။

ထိုသို့ ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လာရောက် တားမြစ်ချိန်တွင် ဒေါ်မိုးမိုးမြင့်သည် ရိုင်းပျစွာ ကြိမ်းဝါးဆဲဆိုခြင်း၊ ရဟန်းသံဃာနှင့် အများပြည်သူရှေ့တွင် ၎င်း၏အပေါ် အင်္ကျီနှင့် လုံချည်ကို ချွတ်ပြခြင်း လှစ်ဟပြခြင်း အပါအဝင် ရိုင်းစိုင်းသော ကိုယ်ဟန် အမူအရာတို့ကို ပြုလုပ် ပြခဲ့ကြောင်း ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက ပြောကြားသည်။

ယင်းအမျိုးသမီးသည် နှစ်ခါတိတိ မဖွယ်မရာ ပြသခဲ့ကြောင်း ရွှေကြက်ထောင့် ကျေးရွာ ဇီးခြံ ကျောင်းတိုက်မှ သံဃာတစ်ပါး ဖြစ်သူ ဦးပညာစက္ကက မိန့်ကြားသည်။

“ကျွန်မအနေနဲ့ သံဃာတော်တွေကို စော်ကားတာ မဟုတ်ပါဘူး။ ကျွန်မရဲ့ အသက် အန္တရာယ်နဲ့ နီးတဲ့အတွက် အင်္ကျီ အဝတ်အစားတွေ ချွတ်ပြရခြင်း ဖြစ်ပါတယ်” ဟု ဒေါ်မိုးမိုးမြင့်က ပြောကြားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးက တာဝန်ဝတ္တရား အရ သွားရောက် တားမြစ်ခဲ့စဉ် ဒေါ်မိုးမိုးမြင့်က အများပြည်သူနှင့် သံဃာတော်များ ရှေ့မှောက်တွင် သာသနာ ညှိုးနွမ်းစေမှုများ ပြုလုပ်ကာ ဆဲဆိုခြင်း ကြိမ်းဝါးခြင်း တာဝန်ဝတ္တရား နှောင့်ယှက်ခြင်းကို ပြုလုပ်ခဲ့ခြင်းကြောင့် ဒေါ်မိုးမိုးမြင့်ကို ဥပဒေအရ အရေးယူပေးပါရန် ရွှေကြက်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက တိုင်တန်း အမှုဖွင့်ခြင်း ဖြစ်ကြောင်း ဒေါ်မိုးမိုးမြင့်ကို စစ်ကိုင်းမြို့ မြို့မ ရဲစခန်းတွင် (ပ) ၈၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၅၃၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၂၉၅-က၊ ပုဒ်မ ၅၀၆ တို့အရ အမှုဖွင့် အရေးယူထားကြောင်း စစ်ကိုင်းမြို့ မြို့မ ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

ဘိုးဘွားပိုင်မြေတွင် လာရောက် စိုက်ပျိုးထားသည် ဆိုကာ ရော်ဘာပင် တစ်သောင်းနီးပါးကို ခုတ်လှဲ



မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ် သထုံမြို့ ထောင်မှူးကျေးရွာ အုပ်စုရှိ မြတ်စံ ကျေးရွာနှင့် ဒူးရင်းဆိပ် ကျေးရွာ အုပ်စုရှိ သမ္ဗန် ကျေးရွာတို့တွင် စက်မှု ဝန်ကြီးဌာနက စိုက်ပျိုးထားသည့် ရော်ဘာခြံများ၊ ဌာနဆိုင်ရာနှင့် အကျိုးတူ လုပ်ကိုင်လျက် ရှိသော ရော်ဘာခြံများနှင့် ပုဂ္ဂလိကပိုင် ရော်ဘာခြံများကို ဒေသခံများ ဘိုးဘွားပိုင် ခြံမြေများတွင် လာရောက် စိုက်ပျိုးထားသည်ဟု ဆိုကာ ရော်ဘာပင် ၉၅၄၀ ကို ဝင်ရောက် ခုတ်လှဲခဲ့ကြောင်း သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က ပြောကြားသည်။

ဖျက်ဆီးခံရသည့် ရော်ဘာခြံများမှာ စက်မှု ဝန်ကြီးဌာနမှ စိုက်ပျိုးထားသည့် ရော်ဘာခြံများ၊ အမှတ် ၅၀၂ အမြောက်တပ်ရင်းနှင့် အကျိုးတူ လုပ်ကိုင်လျက် ရှိသည့် ရော်ဘာခြံများ၊ အမှတ် ၂၀၆ ခြေမြန် တပ်ရင်းနှင့် အကျိုးတူ လုပ်ကိုင်လျက် ရှိသော ရော်ဘာ ခြံများအပြင် ပုဂ္ဂလိက ရော်ဘာ ခြံများလည်း ပါဝင်ကြောင်း အမှတ် ၅၀၂ အမြောက်တပ်ရင်းနှင့် အကျိုးတူ လုပ်ကိုင်သည့် ဦးခွန်ဝင်းဇော်ဇော်မျိုးက ပြောဆိုသည်။

ထောင်မှူးကျေးရွာ အုပ်စုတွင် ၂ နှစ်ကြာ စိုက်ပျိုးထားသော ရော်ဘာဧက ၃၀ အနက် ရော်ဘာပင် ၃၅၄၉ ပင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဒေသခံ ၃၀၀ နီးပါး၏ ဝင်ရောက် ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သထုံမြို့ နန်းခဲ ရပ်ကွက်မှ ရော်ဘာခြံပိုင်ရှင် ဒေါ်ကြည်ကလည်း ပြောကြားသည်။

ရော်ဘာပင်များ ဝင်ရောက် ခုတ်လှဲမှုသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ခုတ်လှဲ ခံရသော ရော်ဘာပင်များမှာ သက်တမ်း ၂ နှစ်သားမှ ၁၀ နှစ်သားရှိ ရော်ဘာပင်များ ဖြစ်ကြောင်းနှင့် ဖျက်ဆီးခံရသည့် အချို့ရော်ဘာ ခြံများသည် ဒေသခံများ၏ ရော်ဘာ ခြံများသာ ဖြစ်ပြီး ဆုံးရှုံး နစ်နာသူများက အမှုဖွင့် တိုင်ကြားပါက အရေးယူ ဆောင်ရွက်ပေးရန် ပြင်ဆင်ထားကြောင်း ဦးထွန်းထွန်းနိုင်က ဆက်လက် ပြောဆိုသည်။

ဘိုးဘွားပိုင် လက်ထက်က သိမ်းဆည်းထားသည့် မြေများကို ပြန်လည် ပေးအပ်ရန်၊ ယင်းမြေနေရာတွင် မြေမဲ့ယာမဲ့ ဖြစ်နေသည့် ၎င်းတို့၏ မိသားစုဝင်များကို အိမ်ခြေနေရာများ ချပေးရန်နှင့် ပုဂ္ဂိုလ်ရေး မကျေနပ်မှုများ ကြောင့်လည်း ယင်းကဲ့သို့ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက သုံးသပ်ပြသည်။

ဌာနဆိုင်ရာများက သိမ်းယူထားသော ရွာသားများ၏ ဘိုးဘွားပိုင် ခြံမြေများကို ပြန်လည် ရရှိစေရန် သထုံ ဒေသခံများ တောင်းဆိုခဲ့သည်မှာ ၂ နှစ်နီးပါး ရှိပြီ ဖြစ်သော်လည်း လက်ရှိ အချိန်ထိ အဖြေ မထွက်နိုင်သေးဟု အနမ်းပင်ကျေးရွာ အုပ်ချုပ်ရေးမှူး စောထူးဟဲက မှတ်ချက်ပြုသည်။

The Voice Weekly

ရတနာပုံတယ်လီပို့ နဲ့ ထိုင်းနိုင်ငံက True ပူးပေါင်းဖို့ ဆွေးနွေးနေ


ထိုင်းနိုင်ငံမှာ တယ်လီဖုန်း၊ အင်တာနက်၊ ဆက်သွယ်ရေး လောကမှာ နာမည်ကြီးလာနေတဲ့ True Corporation ကုမ္ပဏီနဲ့ ရတနာပုံ တယ်လီပို့ တို့ဟာ မြန်မာနိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့  ဆွေးနွေးနေပါတယ်။
ရိုက်တာ သတင်းတပုဒ် အဆိုအရ ထိုင်းနိုင်ငံက True  ကုမ္ပဏီရဲ့ အကြီးအကဲ Noppadol Dej-Udom နဲ့ ရတနာပုံ တယ်လီပို့ တို့က တာဝန်ရှိသူတွေ ဆွေးနွေးကြတာလို့ ဆိုပါတယ်။

သူတို့ ညှိနှိုင်းဆွေးနွေးလို့ အောင်မြင်မယ်ဆိုရင်တော့ True ကုမ္ပဏီက အစီအစဉ်တွေ တင်သွင်းရမှာ ဖြစ်တယ်လို့ True အကြီးအကဲက ရိုက်တာကိုပြောပါတယ်။

True Corporation  ကုမ္ပဏီကို ထိုင်းနိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ Dhanin Chearavanont က ပိုင်ဆိုင်တာဖြစ်ပြီး ထိုင်းနိုင်ငံ တလွှား တယ်လီဖုန်း၊ အင်တာနက် စတဲ့ ဆယ်သွယ်ရေး ဝန်ဆောင်မှုတွေမှာ အဖိုးနှုန်းချိုချိုသာသာနဲ့ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီကြီးတခုလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ လေဆိပ်တွေ၊ စတိုးဆိုင်တွေမှာ True Move ဆိုတဲ့ စာတမ်းလေးနဲ့ တယ်လီဖုန်း ဆင်းမ်ကတ် အခမဲ့ ပေးဝေနေတာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို လုပ်ဆောင်ခွင့်ရကြမယ်ဆိုရင် တော့ တယ်လီနော၊ အူရီဒူးတို့နဲ့ အတူ အပြိုင်အဆိုင် ဝန်ဆောင်မှုတွေပေးနိုင်ကာ မြန်မာပြည်သူတွေ ဆက်သွယ်ရေး ပစ္စည်းနဲ့ သုံးစွဲမှုတွေကို အဖိုးနှုန်း ချိုချိုနဲ့ သုံးနိုင်မှာပါ။

ရတနာပုံတယ်လီပို့ ကတော့ မြန်မာနိုင်ငံမှာ အင်တာနက် ၀န်ဆောင်မှုတွေ ပေးနေပြီး၊ ပြည်တွင်း ကုမ္ပဏီ ၁၃ ခု ရယ် မြန်မာအစိုးရတို့နဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။
The Irrawaddy

ဦးတေဇရဲ့ ပူတာအိုက အလှူဒါနနဲ့ ပတ်သက်လို့








မြန်မာမှာ သာမက ကမ္ဘာပါ ကျော်တဲ့ သူဋ္ဌေးကြီး ဦးတေဇရဲ့ ကျေးဇူးရှင်တွေကို ဦးထိပ်ထားပြီး ကချင်
ပြည်နယ် ပူတာအိုဒေသ မဒွယ်ဒေသမှာ အသက်ရှင်သန်ခွင့်ရခဲ့တာကြောင့် ဘုရားထီးတော်တင် အလှူ မင်္ဂလာ အခမ်းအနားတခုကို ကျင်းပခဲ့ပါတယ်။

ဘုရားထီးတော်တင်အလှူမင်္ဂလာ အခမ်းအနားက သူဋ္ဌေးကြီး ဦးတေဇ၊ ဓာတ်ပုံ- ဦးတေဇဖေ့စ်ဘုတ်

လွန်ခဲ့တဲ့ ၃ နှစ်က မဒွယ် တောင်ကြောမှာ ရဟတ်ယာဉ်ပျက်ကျကာ သေမင်းခံတွင်းဝကို ရောက်ခဲ့ပြီး ကံကောင်းစွာ အသက်ရှင်ခဲ့ကြလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ မလိခမြစ်လယ် နတ်ကျွန်းစေတီကို တည်ထား က ဖေဖော်ဝါရီလ ၂၄ ရက် နေ့ က ထီးတော်တင်လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဦးတေဇက သူ့ဖေ့စ်ဘုတ် မှာ ရေး ထားပါတယ်။

ဒီအပြင် မူလာရှီးဒီကျေးရွာတွင် ခရစ်ယာန်ဘုရားကျောင်းတစ်ဆောင်ကိုလည်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က ပန္နက် ရိုက်မင်္ဂလာကျင်းပပြီး ငွေကျပ်သိန်း ၂၀၀ ကိုလည်း လှူဒါန်းတယ်လို့ သူက ဆိုပါတယ်။

ပူတာအိုခရိုင်အတွင်းမှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့လျှပ်စစ်မီးရရှိရေးအတွက် ဦးတေဇရဲ့ ထူး
ဖောင်ဒေး ရှင်း ကနေ ငွေ ကျပ် သိန်းပေါင်း ၅ သောင်းကိုလည်း ထည့်ဝင်လှူဒါန်ခဲ့တယ်လို့ ဆိုပါတယ်။

ထီးတော်တင် အခမ်းအနားကိုလည်း တိုင်းမှူး၊ စစ်ဒေသမှူး နဲ့ မိသားစုတွေ၊ IC ဝိုင်းတော်သားတွေ၊ ဦးတေဇနဲ့ သူ့ ရဲ့ ရဟတ်ယာဉ်မှူးနဲ့ မိသားစုတွေ၊ မန္တလေး သိန်းဇော်စတဲ့ သူတွေတော်တော်များများ တက်ရောက်ကြတာလည်း သတိထားမိပါတယ်။

ပူတာအိုဒေသကို ဘာကြောင့် သွားခဲ့သလဲ၊ အခုလို အလှူဒါနတွေ လုပ်ဆောင်နေတာနဲ့ ဒီဒေသနဲ့ ပတ် သက်ပြီး ဘယ်လို ရည်ရွယ်ချက်တွေရှိလဲဆိုတာကိုလည်း ဦးတေဇက အခုလို ဆိုထားပါတယ်။

“မြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်ထားတဲ့ ရေခဲတောင်အလှတရားတွေကို ကမ္ဘာက သိစေချင်မိတဲ့အပြင် Tourism industry တစ်ခုဖွံ့ဖြိုးလာရင် ဒေသခံတို့အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှု မြင့်တက်လာမည့်အပြင် ဒီလုပ်ငန်းတွေနဲ့ ဆက် စပ်နေတဲ့ လုပ်ငန်းတွေပါ ဖွံ့ဖြိုးတိုးတက်လာစေမယ့် ဒေသခံတို့ ဖွံ့ဖြိုး တိုးတက်မှု အတွက် များစွာအထောက်အပံ့ဖြစ်စေ မယ့် ဒီခရီးစဉ်ဟာ ကြိုတင်တွက်ဆ မထားတဲ့ ဘဝအတွေ့အကြုံ တို့များစွာ ရစေခဲ့ပါတယ်”လို့ သူက ရေးပါတယ်။

ဒါဆို ဦးတေဇဟာ ကချင်ပြည်နယ် ပူတာအိုဒေသကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အထူးအလေး ထားပြီးသွား ရောက်ခဲ့တာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ဒီအပြင် ထူးခြားတာက ဦးတေဇဟာ ကချင်ပြည်နယ်ကို စီးပွားရေးအရ စိတ်ဝင်စားလို့ ကချင်လူမျိုး ၅၀၀ လောက်ကိုလည်း သူက အလုပ်ပေးထားတယ်လို့ ကချင် ပြည်နယ်က လာတဲ့ သတင်းတွေက သိရပါတယ်။

အခုလို ကချင်လူမျိုး ၅၀၀ လောက်ကို အလုပ်အကိုင်ပေးပြီး သူ့ရဲ့ လုပ်ငန်းတွေအတွက် ခန့်အပ်တာဝန်ပေး ထားတာ ဟာ ကချင်ပြည်နယ်က ကျောက်စိမ်း၊ သစ်တောအပါအ၀င် အခြား စီးပွားရေးလုပ်ငန်းတွေ အတွက် နယ်မြေ သိမ်းပိုက်ဖို့ အတွက် ဖြစ်လေမလားလို့ ကချင်လွတ်မြောက်ရေး KIA က စိုးရိမ်ပူ ပန်မှု
တွေ ရှိတဲ့အကြောင်း KIA ထိပ်တန်းအရာရှိ တဦးက ဧရာဝတီကိုပြောပြပါတယ်။

အခုတလော အွန်လိုင်းမှာ နယ်လှည့်ပါးရိုက်ပြီး မိန့်ခွန်းပြောနေတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ၀န်ကြီး ဦးအုန်းမြင့် ဟာ ကချင်ပြည်နယ်- မြောက်ပိုင်းတိုင်း တိုင်းမှူး ဘ၀ တုန်း က သူဋ္ဌေးကြီး ဦးတေဇနဲ့ပေါင်းပြီး ဖားကန့်က ကောင်စံရွာနဲ့ အနီး ပတ်ဝန်းကျင်ရှိ မြေဧကတော်တော်များများကို ရယူထားပြီး အခု နောက် ပိုင်း “၀”တွေကို ကျပ် သိန်းပေါင်း ၁သိန်း ကျော်နဲ့ပြန်ရောင်းခဲ့တာ သိထားတယ်လို့လည်း သူက ဆက်ပြော ထားပါတယ်။

ဒါတွေကို  ကြည့်လိုက်မယ်ဆိုရင် ဦးတေဇဟာ ကချင်ပြည်နယ်ကို စီးပွားရေးအရ မျက်စေ့ကျနေခဲ့လို့ သွား ခဲ့ရာက အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့တယ်။

အဲဒီနောက် သူ့အသက်ကို ကယ်တင်ခဲ့သူတွေ၊ သူနဲ့ ဘ၀တူ အသက်ရှင်ရေး ရုန်းကန်ရသူတွေ၊ ဒေသခံတွေ ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဘုရားတည်၊ ခရစ်ယာန်ဘုရားကျောင်းအတွက် အလှူတွေ လုပ်တယ်။

ဒါတွေက ကောင်းတဲ့ လုပ်ရပ်ဆိုပေမယ့် အဲဒီကောင်းမှုတွေရဲ့ နောက်ကွယ်မှာ အကျိုးစီးပွားတွေ တသီကြီး ရှိနေပြီလို့ ကောက်ချက်ချ သုံးသပ်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အခုတော့ နာမည်ကြီး ခရိုနီသူဋ္ဌေးကြီး ဦးတေဇဟာ ဘုရားဒကာကြီး ဦးတေဇအဖြစ် ကချင်ပြည်နယ် က ဒေသခံတွေ အတွက် ကယ်တင်ရှင်ကြီး ပုံစံလုပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာနေ တာပါ။

ဦးတေဇရဲ့ ကောင်းတဲ့ လုပ်ရပ်အတွက် သာဓုခေါ်နိုင်ပေမယ့် နောက်ဆက်တွဲ ကချင်ပြည်နယ်တွင်းက သယံဇာတနဲ့ စီးပွားရေး လုပ်ပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ် လွှမ်းမိုးချယ်လှယ်ဖို့ ဖြစ်တယ်ဆိုရင်တော့ ဒီအလှူမျိုးဟာ သန့်ရှင်းစင်ကြယ်တဲ့ အလှူမျိုး ဖြစ်ဖို့ ခဲယဉ်းပါလိမ့်မယ်။

“ဒီမဒွယ်ဖြစ်စဉ်ကြောင့် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ပြီး တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက် သွား မယ် ဆိုတဲ့ သန္ဓိဌာန်လည်း ချခဲ့ပြီး ယခုလည်း မိမိအနေနဲ့ ပူတာအိုတင် မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်း အတာ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ဒေသတွေမှာ ပညာရေး ကျန်းမာရေး ဒေသဖွံ့ဖြိုးရေး တို့ကို တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်”လို့ ဦးတေဇ က ဆိုထားပါတယ်။

ဒါကြောင့် သူ ပြောထားသလို ဒေသအကျိုး၊ ဒေသခံ ပြည်သူတွေအကျိုး၊ တိုင်းပြည် အကျိုးကို အသက်နဲ့ လဲပြီး စွမ်း ဆောင်မယ် ဆိုရင် တကယ်ပဲ နတ်၊ လူ သာဓုခေါ်ကြမှာပါ။

ဦးတေဇရဲ့ ဘုရားထီးတင် အလှူမင်္ဂလာပွဲ ဓာတ်ပုံမှတ်တမ်းတွေကိုတော့ သူ့ရဲ့ ဖေ့စ်ဘုတ် ကနေ ကူးယူပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

လင်းသန့် ~
 Irrawaddy

အော်ရီဒူးမှ ၄င်း၏ဆာဗေးဖောင်များဖြည့်သွင်းရုံဖြင့် လာမည့် မိုးရာသီကာလအတွင်း 3G စနစ်သုံးဆင်းကတ်များအခမဲ့ ပေးအပ်သွားမည်


ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၇
အော်ရီဒူးမှ ၄င်း၏ဆာဗေးဖောင်များဖြည့်သွင်းရုံဖြင့် လာမည့် မိုးရာသီကာလအတွင်း
3G စနစ်သုံးဆင်းကတ်များအခမဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်း
တာမွေမြို့နယ် Bestone မိုဘိုင်းဖုန်းဆိုင်မှသိရသည်။
အဆိုပါဆာဗေးဖောင်များကို ရန်ကုန်မြို့တွင်းရှိ Bestone မိုဘိုင်းဆိုင်ခွဲများတိုင်းတွင်
သွားရောက်ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး လျှောက်လွှာဖြည့်သွင်းခြင်း မှာလည်း အခမဲ့ပင်ဖြစ်ကြောင်း ၄င်းမိုဘိုင်းဖုန်းဆိုင် တာဝန်ခံမှပြောကြားသည်။
၎င်းလျှောက်လွှာဖြည့်သွင်းခြင်းကို ယနေ့ ဖေဖေါ်ဝါရီ ၂၇ တွင်စတင်ပြီဖြစ်ပြီး လျှောက်လွှာဖြည့်သွင်းချိန် တစ်လခွဲနီးပါးပေးထားမည်ဟုလည်းသိရသည်။
လျှောက်လွှာဖြည့်သွင်းရန် လူဦးရေကန့်သတ်မထားသော်လည်း ဆိုင်ခွဲများသို့ပေးထားသည့် လျှောက်လွှာများမှာ
အစောင်ရေ (၂၀၀)နီးပါး ခန့်သာရှိသည်ဟုသိရသည်။
အော်ရီဒူး၏ဆာဗေးဖောင်အတွင်း အဓိကအနေဖြင့် လက်ရှိတွင်
ကိုင်တွယ်နေသည့် လက်ကိုင်မိုဘိုင်းဖုန်းရှိ၊မရှိ မေးခွန်းပါဝင်သည်ဟုသိရသည်။
အော်ရီဒူးအနေဖြင့်
၎င်းအစီအစဉ်ကို ပြည်တွင်းရှိမိုဘိုင်းအရောင်းဆိုင်များနှင့် ပူးပေါင်းမည်ဖြစ်ကာ လက်ရှိတွင်
တာမွေ၊ဇ၀န၊လသာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ရေကျော်၊မြေနီကုန်း၊လှည်းတန်းနှင့် ထောက်ကြန့်ရှိ
Bestone မိုဘိုင်းဖုန်းဆိုင်များတွင်သွားရောက် ဖြည့်သွင်းနိုင်မည်ဖြစ်သည်။ သုတလင်း

Popular Myanmar News Journal

ယနေ့ (27-2-2014) ယဉ်တိုက်မှု မှုခင်းများ

မော်တော်ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၄/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်း အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရွှေကြို့ပင်ရွာနေ စောဟဲမူး(၂၀)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ဘိုလေး(၂၁)နှစ် လိုက်ပါလာသော လော့ဂျား-၁၁၀ အနက်ရောင်ဆိုင်ကယ်သည် နေပြည်တော်မှရန်ကုန်သို့ လမ်းပြောင်းပြန်စီးနင်းမောင်းနှင်လာစဉ် ရန်ကုန်မှနေပြည်တော်သို့ မကွေးမြို့၊ ဆားစည့်ရပ်ကွက်နေ ဦးသောင်းဌေး(၄၇)နှစ်မောင်းနှင်လာသော ၃ဃ/____ "မြတ်မန္တလာထွန်း" ခရီးသည်တင် မှန်လုံယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် စောဟဲမူးတွင် ဝဲနှင့် ယာပေါင်/ဝဲလက် ဖျံကျိုး၊ ဦးခေါင်းနောက်စေ့ ပွင့်ထွက်၊ မျက်နှာပိန်ချိုင့်၊ ဘိုလေးတွင် ဦးခေါင်း နောက်စေ့ ပွင့်ထွက်၊ ယာခြေသလုံး/ခါးဆစ်ကျိုး ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် (၂)ဦးစလုံး သေဆုံး သွားခဲ့သောကြောင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ စောဟဲမူးအား မြို့ချောင်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

***************************************

နောက်ယာဉ်မှ ရှေ့ယာဉ်အားဝင်တိုက်



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၆/၁-၂)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဖြူးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်နေ ထက်မြတ်ဇော်(၂၄)နှစ် မောင်းနှင် လာသော DD/-------- တိုယိုတာ ဆက်စီအဖြူရောင် ယာဉ်သည် လမ်းလယ်ကျွန်းလမ်းဖြတ်အား ကွေ့ရန်အချက်ပြ၍အရှိန်လျှော့စဉ် နောက်မှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၅)ရပ်ကွက်၊ မြကန်သာအိမ်ရာနေ ထိုက်လင်း(၂၂)နှစ် မောင်းနှင်လာသည့် 4G/-------- တိုက်ဂါးငွေ မှင်ရောင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ခဲ့ကြောင်းတွေ့ရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် တိုယိုတာ ဆက်စီအဖြူရောင် ယာဉ်၏ နောက်ဝဲဘက် ခြမ်းပိန်ချိုင့်/နောက် အချက်ပြမီးကွဲ၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့်နှင့် 4G^____ တိုက်ဂါး ငွေမှင်ရောင်ယာဉ်မှာ ဦးခေါင်းပိုင်း ပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင် သူများဖြစ်သည့် ထက်မြတ်ဇော်နှင့် ထိုက်လင်းတို့ ၂ ဦးအား ဖြူးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

**********************************

အရှိန်မထိန်းနိုင်ဘဲ လမ်းမိုင်တိုင်အားဝင်တိုက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနေ အောင်ဝင်းထွေး(၄၂)နှစ်မောင်းနှင်လာသည့် ၂စ/------ မတ်တူးအဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ မိုင်တိုင်အမှတ်(၃၁၇/၆)နှင့် သတိပေး အချက်ပြမီးတိုင်အားတိုက်မိပြီး လမ်းယာဘက် ဘေးတွင် ကာရံထားသောသံဇကာအား ဖောက်ထွက် ရပ်တန့်သွားခဲ့သည်။ ထိုသို့တိုက်မိသဖြင့် ယာဉ်ပေါ်ပါ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ တအုံရွာဦးကျောင်း ဆရာတော် ဦးစန္ဒာသီရိ၊ ဝါတော်(၅၁)ဝါ၊ သက်တော်(၇၁)နှစ်တွင် ဦးခေါင်းပွင့်ထွက်၊ ယာလက်ဖျံပွန်းပဲ့ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ပြီး၊ စဥ့်ကိုင်မြို့နယ်၊ မိကျောင်း တက်ရွာကျောင်း ဆရာတော် ဦးဝိသာလ၊ ဝါတော်(၂၈)ဝါ သက်တော်(၄၉)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ နောက်ကျောနာကျင်၊ ဝဲဒူးခေါင်းပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မှာ ဝဲ/ယာရှေ့မီးသီးကွဲ၊ ဦးခေါင်းပိုင်း ပိန်ချိုင့်ကြေမွ၊ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဘန်ဘာပိန်ချိုင့်ပျက်စီး၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံး ခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ အောင်ဝင်းထွေးအား ပြင်စည် အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

ကျူးကျော်များ အလုပ်အကိုင်မပေးသ၍ ကျုးကျော်နေထိုင်မှုဆက်ရှိနေမည်ဟု ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝန်ကြီးပြော


Written by လပြည့်ဝန်း

ရန်ကုန်၊ မဇ္ဈိမ ။ ။ ကျူးကျော်ပြသာနာသည် အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းကြောင့်ဟု ရန်ကုန်တိုင်း လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးတင်ဝင်းက ဖေဖော်ဝါရီ ၂၆ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

“ ကျုးကျော်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရက နေရာပေးမယ်ဆိုရင်တောင် ကျူးကျော်တွေက အလုပ်အကိုင်မရှိလို့ ထပ်ပြီး ကျူးကျော်မှုတွေဆက်ဖြစ်နေမှာပဲ။ သူတို့တွေကို ရှင်းပစ်ရုံနဲ့ ပြသာနာက ပြေလည်သွားမှာမဟုတ်ဘူး။ အဓိက ကတော့ အလုပ်အကိုင်အခွင့်အလမ်းမရှိလို့ပါ” ဟု ပြောသည်။

ကျုးကျော်နေထိုင်သူအများစုသည် ၎င်းတို့ မူလအရပ်ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးနေခြင်းကြောင့် အလုပ်အကိုင်ရှာဖွေရင်း ကျူးကျော်နေထိုင်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ပြီး ကျူးကျော်နေထိုင်သူများ၏ ပြသာနာကို ရှင်းလင်းမည်ဆိုပါကလည်း ၁၉၈၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့ရွာနှင့် ကျေးလက်ဥပဒေအရသာ အရေးယူရမည်ဟု ဦးတင်ဝင်းကပြောသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသော သမီးကလေးကျေးရွာမှ ဆရာတော် ဦးအဂ္ဂဓမ္မက “အလုပ်အကိုင်အခွင့်အလမ်း မရှိလို့ ကျူးကျော်နေတယ်လို့ ပြောတာထက်စာရင် ဘိုးဘွားပိုင်မြေနေရာတွေကို မတရားသိမ်းပိုက်လို့ ကျူးကျော်နေထိုင်သူ ပုံစံမျိုးဖြစသွားတာပါ။ အလုပ်အကိုင်ကတော့ ကိုယ့်နေရာမှ ကိုယ်လုပ်ကိုင် စားသောက်နေရတာ အဆင်ပြေပြီးသားပဲ ” ဟု မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် သမီးကလေးကျေးရွာမှ ဒုက္ခသည် ၁၅၇ ဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေးရွာနှင့်လေးဖာလုံခန့်နေရာ ဝါးယားကုန်းကျေးရွာတွင် နေရာချထားပေးရန် စီစဉ်လျှက်ရှိသည်။

သမီးကလေးကျေးရွာမှ ဒုက္ခသည် ကိုဝင်းညွှန့်က “ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ချပေးတဲ့မြေနေရာတွေကို သွားကြည့် တာ သွားလာရေးကလည်းခက်ခဲတယ်။ လုပ်ကိုင်စားသောက်ဖို့ ကလည်း ဘယ်လိုမှအဆင်မပြေနိုင်ဘူး” ဟု ပြောသည်။

လက်ရှိ အစိုးရက နေရာချထားပေးသည့် ကျေးရွာသည် သစ်ခုတ်၊ဝါးခုတ် လုပ်ကိုင်စားသောက်နိုင်သည့်နေရာဖြစ်ပြီး ထိုသို့ သစ်၊ဝါးခုတ်လုပ်ငန်းများ လုပ်ကိုင်ပါကလည်း တည်ဆဲဥပဒေနှင့် ငြိစွန်းနိုင်မည်ဟုလည်း သမီးကလေးကျေးရွာမှ ဆရာတော် ဦးအဂ္ဂဓမ္မကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်ဟု သတ်မှတ်ထားသည့် လူဦးရေ ၅၃၆ဝဝ ကျော်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

Mizzima Burmese

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ မလိုသေးဘူး – ဆရာ ထက်မြက်

စာရေးဆရာ ထက်မြက်

အခုအချိန်မှာ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ မလိုသေးဘူးလို့ စာရေးဆရာ ထက်မြက်က ပြောပါတယ်။

အခုအချိန်မှာ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ တင်တာဟာ ၁၉၆၀ ပထစအစိုးရလက်ထက် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းဖို့ လုပ်ဆောင်တာမျိုးနဲ့ အတူတူပဲလို့လည်း သူက ပြောပါတယ်။

အမျိုး၊ ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ပေးပို့ထားတဲ့ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ပြဋ္ဌာန်းသင့်တဲ့ ဥပဒေ ၄ ခုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ ဖေဖော်ဝါရီ ၂၅ ရက်က ပေးပို့တဲ့ စာအကြောင်း ဆက်သွယ်မေးမြန်းရာမှာ ဆရာထက်မြက်က အခုလို ဝေဖန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
DVB Burmese

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းရန် သင့် မသင့် (သဘောထားအမြင်)


သမ္မတ ဦးသိန်းစိန်က လွှတ်တော်ဆီ ပေးပို့လာတဲ့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းဖို့ ပြဋ္ဌာန်းသင့်တဲ့ ဥပဒေ ၄ ခုကို လွှတ်တော်က သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအနေနဲ့ ဥပဒေကြမ်း ရေးဆွဲတင်ပြသင့်တယ်လို့ အကြောင်းပြန်လိုက်ပါတယ်။

သမ္မတက အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တင်ပြ လာလို့ လွှတ်တော်ဆီ စာပို့ခဲ့တာဖြစ်ပြီး သမ္မတ စာပို့အပြီး ရက်ပိုင်းအတွင်းမှာပဲ လွှတ်တော်က အကြောင်းပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လကတည်းက ဒီဥပဒေ ၄ ခု ပြဋ္ဌာန်းပေးဖို့ သမ္မတထံ တိုက်တွန်း တောင်းဆိုခဲ့တာ ဖြစ်ပြီး သမ္မတက အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က လွှတ်တော်ထံ စာပို့အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်သက်တမ်း ၃ နှစ်ကျော်ကာလအတွင်း သမ္မတဆီက လွှတ်တော်ထံ အခုလို ဥပဒေပြဋ္ဌာန်းဖို့ စာပို့ခဲ့ဖူးတာ မရှိဘဲ ဒီတကြိမ်ဟာ ပထမဆုံး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကတော့ သမ္မတက ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတာ မဟုတ်ဘူး၊ ပြဋ္ဌာန်းဖို့ သင့် မသင့် လွှတ်တော်ကိုယ်စားလှယ်တွေက စဉ်းစားသုံးသပ်ရမှာ ဖြစ်တယ်လို့ မဇ္ဈိမသတင်းစာကို ပြောတာ ဖတ်လိုက်ရပါတယ်။

လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ ဥပဒေပညာရှင်တဦးလည်းဖြစ်တဲ့ ဦးဝင်းမြင့်က ၁၉၅၄ ခုနှစ် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း အထူးဥပဒေဟာ ပြည့်စုံ လုံလောက်တယ်၊ အခုက အစိုးရကိုယ်တိုင် ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုလိုချင်ချင် ရှိပုံပဲလို့ ပြောပါတယ်။

လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းရေးကော်မတီ အတွင်းရေးမှူး၊ ဥပဒေပညာရှင် ဦးဝင်းမြင့်

“သမ္မတက ဒီ ၄ ခုကို သ၀ဏ်လွှာပေးတယ်ဆိုတာက ခါတိုင်း မပေးဖူးဘူးဗျာ။ ဘယ်ဥပဒေပြုစုပါဆိုတာ အခြား သ၀ဏ်လွှာတွေသာ ပေးတာ။ အခု ဒီ ၄ ခုကို သ၀ဏ်လွှာပေးပြီးတော့ လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့ သ၀ဏ်လွှာပို့တယ်ဆိုကတည်းကိုက အစိုးရဘက်က လိုလားမှုတော့ ရှိတာပေါ့။”

ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့ လုပ်လာတာတွေကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင်လို့ စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း (မြန်မာ) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကလည်း အလားတူ မှတ်ချက်ပေး ပြောပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း (မြန်မာ) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်

“အမျိုးသားပြန်လည် သင့်မြတ်ရေးပေါ့နော်။ ဒီဟာလေးကို ပထမဦးဆုံး ပြန်လည်တည်ဆောက် ပြီးတော့မှ ဒါတွေကတော့ တဖြည်းဖြည်းနဲ့လုပ်သင့်တယ်လို့ ယူဆပါတယ်။ အခုအချိန်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစည်းလုံးရေးကို လုပ်ရမယ့် အချိန်ဖြစ်ပါတယ်။”

ဒီဥပဒေကြမ်းတွေဟာ အမျိုးသမီးအခွင့်အရေးတွေကို ထိခိုက်နေတယ်လို့ Rainfall အမျိုးသမီးအဖွဲ့ ပူးတွဲတည်ထောင်သူ ဒေါ်ဇင်မာအောင်က သုံးသပ်ပါတယ်။

Rainfall အမျိုးသမီးအဖွဲ့ ပူးတွဲတည်ထောင်သူ ဒေါ်ဇင်မာအောင်

“အဲဒါ ဥပဒေ ပြဋ္ဌာန်းဖို့ မလိုဘူး။ တကယ်ကို မလိုတဲ့ဟာကို ဥပဒေ ပြဋ္ဌာန်းမယ်ဆိုရင် ချိုးဖောက်ရာ ရောက်တာပေါ့။ ဘယ်အမျိုးသမီးမှ တလင်တမယား မနေချင်တဲ့သူ မရှိဘူး။ အဲဒီကိစ္စက ဥပဒေပြဋ္ဌာန်းလောက်အောင်လည်း မလိုအပ်ဘူး။ ဒါလူ့အခွင့်အရေးကို ချိုးဖောက်တာလို့ ကျမတို့ ယူဆပါတယ်။”

မန္တလေးက စာရေးဆရာ၊ သတင်းစာဆရာ ကျော်ရင်မြင့်ကတော့ တိုင်းပြည်သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်က သွေဖည်သွားအောင် လုပ်တာလားလို့ မေးခွန်းထုတ်ပါတယ်။

စာရေးဆရာ၊ သတင်းစာဆရာ ကျော်ရင်မြင့်

“မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားမှုနဲ့ ပတ်သက်ပြီးတော့မှ ပြဋ္ဌာန်းခဲ့ပြီးသား ဥပဒေတွေဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာ အမျိုးသမီးများကို ထိန်းသိမ်းဖို့အတွက် ဥပဒေ ပြဋ္ဌာန်းပြီးသားတွေနဲ့ လုံလောက်နေပြီ ထင်တယ်။ အခုအချိန်မှာ အဲဒီဥပဒေမျိုး ထပ်ပြီး ပြဋ္ဌာန်းဖို့ မလိုအပ်သေးဘူး။ တကယ်လို့ ဒီလို အတင်းအကျပ် ဒီဟာကို ရှေ့တန်းတင်လာတာဟာ တိုင်းပြည်ကို မငြိမ်မသက်နဲ့ ဒီမိုကရေစီ လမ်းကြောင်းက သွေဖည်ထိခိုက်နိုင်တဲ့ အနေအထားမျိုး ရှိတာမို့ အခုအချိန်မျိုးမှာတော့ ဆင်ခြင်သင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။”

DVB Burmese

အဲပုဂံလေကြောင်း အရှုံးပေါ်ဟု ဦးတေဇ ၀န်ခံ

ပူတာအိုတွင် သတင်းထောက်များနှင့် တွေ့ဆုံနေသော ဦးတေဇ (ဓာတ်ပုံ – သစ်နေမိုး / ဧရာဝတီ)

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု အမည်ပျက်စာရင်းသွင်းခံထားရသူ  ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက အဲပုဂံ လေကြောင်းလိုင်း အရှုံးပေါ်နေကြောင်း ဖေဖော်ဝါရီ ၂၅ရက်နေ့ ပူတာအိုမြို့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

အဲပုဂံလေကြောင်းလိုင်းသည် လိုင်းစတင်ပြေးဆွဲကတည်းက အရှုံးပေါ်ခဲ့ကြောင်း၊ သို့ရာတွင် တိုင်းပြည် အကျိုးအတွက် အဲပုဂံလေကြောင်းပြေးဆွဲနေခြင်းဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲသော ဒေသများအထိ ပျံသန်း လျက်ရှိကြောင်း၊ ကျန်းမာရေးမကောင်းမွန်သော လူနာများကို အခမဲ့ လေယာဉ် ဖြင့် သယ်ဆောင်မှုများ လုပ်ဆောင်ပေးကြောင်း ဦးတေဇက ဆိုသည်။

“အဲပုဂံ မြတ်နေလား၊ မမြတ်နေလား ဆိုတာ Account တွေ Team တွေ ဖွဲ့လိုက်ပါ၊ Audit (စာရင်းစစ်) လုပ်ပါ၊ ပွင့်လင်းမြင်သာမှု ရှိရှိ အစစ်ခံဖို့ ခွင့်ပြုပေးမယ်၊ စကတည်းက ရှုံးနေတာ၊ National Services လုပ်နေတာ၊ ဒီလို နေရာမျိုးမှာ ကြိုက်တဲ့သူ မေးပါ၊ ဘယ်သူမှ မပျံသေးဘူး၊ ကလေးမြို့လိုမျိုး ဘယ်သူ ပျံလဲ၊ လူနာ အလကား တင်တာ အဲပုဂံ တခုပဲ ရှိတာ၊ ကြိုက်တဲ့သူကို သွားမေးလိုက်ပါ´´ဟု ဦးတေဇက ဆိုသည်။

လတ်တလော မြန်မာနိုင်ငံ၏ သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်လာ နိုင်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်တွင်း သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များအတွက် အားသာချက် နည်းပါးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခုထက် ပိုမိုကြိုးစားရန် လိုအပ်ကြောင်း၊ ၊ မြန်မာနိုင်ငံတွင် ချမ်းသာကြွယ်ဝနေသော စီးပွားရေးလုပ်ငန်းရှင် အများစုသည် ကျောက်စိမ်းနှင့် မကင်းဘဲ  လုပ်ငန်းအများစု၏ ၇၅ ရာခိုင်နှုန်းသည် ကျောက်စိမ်းက ရရှိသော အရင်းအနှီးများဖြင့် စတင်ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ကျောက်စိမ်း ဈေးကွက်သည် တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရခြင်းကိုလည်း သဘောမတွေ့ ဟု ဦးတေဇက ဆိုသည်။

“မြန်မာပြည်ရဲ့ ရှိသမျှ ဘဏ်လုပ်ငန်းတွေ၊ ဟိုတယ် လုပ်ငန်းတွေ၊ ရှိသမျှ စက်ရုံတွေ အကုန်လုံးမှာ ရင်းနှီး ထားတဲ့သူတွေ အကုန်လုံးဟာ ကျောက်စိမ်းကနေ ရတဲ့ ပိုက်ဆံနဲ့ ရင်းနှီးထားတဲ့ သူက အများဆုံးပါ၊ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆို ၇၅ လောက် ထိရှိမယ်၊ ကျောက်စိမ်း ဈေးကွက် ဒီနေ့ ကောင်းပါတယ်၊ ဒါပေမယ့် ကျောက်စိမ်း ဆိုတာက တရုတ် အပေါ်ပဲ အဓိက မူတည် နေတယ်၊ ဒါကိုတော့ သိပ်မကြိုက်ဘူး”ဟု ပြောသည်။

ဦးတေဇသည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူလည်းဖြစ်သည်။

ကချင်ပြည်နယ်၊ ပူတာအို ဒေသတွင် ဧက ၃၀၀၀၀၀ ခန့် ရှိသည့် တောင်ပေါ် သစ်တောများတွင် သစ် ထုတ်လုပ်ခွင့် နှင့် ပူတာအို မြောက်ပိုင်းရှိ မလိခ မြစ်ကမ်းပါးတွင် ရွှေ တူးဖော်ရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် မြေဧက ၆၀၀၀၀၀ ခန့် ရရှိထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသော ဦးတေဇက ပူတာအိုဒေသ ဖွံ့ဖြိုးရေးနှင့်လျှပ်စစ် မီးရရှိရေး ကျပ်သိန်းပေါင်း ၅ သောင်း အကုန်ကျခံ ပံပိုးကူညီမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ဆောင်ရန် ခွင့်ပြုချက်ရရှိထားပြီးဟု ပြောဆိုသည်။

စစ်အစိုးရလက်ထက်တွင် ချမ်းသာကြွယ်ဝခဲ့သူ ဦးတေဇက ယခင်စစ်အစိုးရခေတ်က အရာရှိအဖြစ် ရှိခဲ့သူများကိုယ်တိုင် ၎င်းကို ခရိုနီဟု ခေါ်ဝေါ် သုံးစွဲနေကြပြီး ယခင်က စည်သူဘွဲ့၊ ၀ဏ္ဏကျော်ထင်ဘွဲ့ရ စည်သူဝဏ္ဏကျော်ထင်တေဇသည် ခေတ်ပြောင်းလဲလာချိန်တွင် ခရိုနီ တေဇဟု အခေါ်ခံရကြောင်း၊ ယင်းသို့ စစ်အရာရှိဟောင်းများကိုယ်တိုင် ခရိုနီဟု ခေါ်ဆိုမှု အပေါ် မခံစားနိုင်ဟု ပြောဆိုသည်။

“ဒီဘက်ခေတ် ပြောင်းလာတယ်၊ပြောင်းတဲ့ အချိန်မှာ သူတို့လဲ ပြန်ပြီး ၀န်ကြီးတွေ ဖြစ်ကြတယ်ပေါ့၊ အပြင်လူတွေ ခရိုနီ ပြောတာ ကိုယ်တို့ လက်ခံ သေးတယ်၊ သူတို့တွေ ကိုယ်တိုင် ပြောတာကြ ခံစားလို့ မရဘူး။ အရင် အစိုးရ လက်ထက်မှာ အကို့ကို စည်သူဘွဲ့ ပေးခဲ့ပါတယ်၊ ၀ဏ္ဍကျော်ထင်ဘွဲ့ ပေးခဲ့ပါတယ်၊ ခေတ်တခေတ် ပြောင်းသွားတယ်၊ ဒီလူတွေပဲ၊ စည်သူဝဏ္ဍ ကျော်ထင်တေဇ မှသည် ခရိုနီ တေဇ ဖြစ်သွားတဲ့ အချိန်မှာ ဒီနှစ်ခုကို ဘာလုပ်ရင် ကောင်းမလဲ ထိုင်စဉ်းစားနေတာ၊ အဲ့ဒီနှစ်ခုကို အကိုက ဘယ်နား သွားထား ရမှန်းကို မသိဘူး”ဟု ဦးတေဇက ဆိုသည်။

အမေရိကန်အစိုးရက ဦးတေဇကို စစ်အစိုးရအတွက် ရုရှားနိုင်ငံလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအ၀င် စစ်လက်နက် ပစ္စည်းများ ၀ယ်ယူမှုများနှင့်ဆက်စပ်၍ ၂၀၀၈ ခုနှစ်ကတည်းက စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။

ဧရာဝတီ

မျက်မမြင်များအတွက် မိုဘိုင်းဖုန်း တစ်မျိုး


မျက်မမြင်တွေ အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်း ဆိုပြီး ဒီဇိုင်နာ Peter Lau က တီထွင်ဖန်တီးလိုက် တာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့လိုအပ်တဲ့ Feature နဲ့ UI တွေ အစုံအလင် ပါရှိပါတယ်။ ဖုန်းခလုပ်နှိပ်ဖို့အတွက်ကလည်း နိုင်ငံတကာ မျက်မမြင် သင်္ကေတ စနစ်ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လွယ်လွယ် ကူကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Message လည်း ပို့လို့ရပါတယ်။ မျက်မမြင်တစ်ယောက်အနေနဲ့ ဒီလောက် Function စုံစုံလင်လင်ဖုန်း အသုံးပြုခွင့်ရဖို့ဆိုတာ ဒီဖုန်းနဲ့မှ ပထမဆုံး ဖြစ် မယ်ထင်ပါတယ်။ ဒီဇိုင်းအရသာ ရှိသေးပေမယ့် အသုံးပြုရမယ့် နည်းပညာ များက အဆန်းအပြားတွေ သိပ်မပါတဲ့အတွက် ၂၀၁၃ ခုနှစ်အတွင်းတောင် ထုတ်လုပ်နိုင်ချေ ရှိတဲ့ ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: engadget
Smart Pro Journal

အင်တာနက် လိုင်းမကောင်းလည်း Youtube မြန်မြန်ကြည့်ရန်


မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရ ပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ် ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေ ကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Smart Pro Journal

ကမ္ဘာ့ အရှည်ဆုံး ကီးဘုတ်


ပုံမှာ တွေ့ရတဲ့ ကီးဘုတ်ကတော့ ကမ္ဘပေါ်မှာ အရှည်ဆုံးလို့ သတ်မှတ်ထားတဲ့ ကီးဘုတ်ပင် ဖြစ်ပါတယ်။ လက်ရှိ စာရေးသူတို့ သုံးနေတဲ့ ကီးဘုတ်ထက် အဆပေါင်းများစွာ ရှည်ပါတယ်။ ထိုသို့ ရှည်ပေမယ့်လည်း ရှေ့ဆုံး သုံးတန်းကသာ အသုံးဝင်ပြီး ကျန်ရှိတဲ့ နေရာတွေဟာ အသုံးမဝင်ပါဘူး။

ကီးဘုတ်နှင့် တွဲဖက်အသုံးပြုတဲ့ ကွန်ပျူတာကိုလည်း ကီးဘုတ်ပုံသဏ္ဍန်ပြုလုပ်ပေး ထားပါတယ်။ ကီးဘုတ်နှင့် ကွန်ပျူတာဟာ အတော်လေး ဝေးကွာသော်လည်း စာရိုက်ရာတွင် ရှင်းလင်း ပြတ်သားသော် စာလုံးတွေကို မြင်တွေ့ရရန် လုပ်ပေးထား ပါတယ်။

၎င်းကီးဘုတ်ကို Jean Shin ဆိုသူက အနုပညာ လက်ရာမြောက်စွာ တီထွင်ခဲ့တာဖြစ်ပြီး ကီး စုစုပေါင်း ၂၂၅၂၈ ပါရှိပါတယ်။ ထိုကီးဘုတ်ကို အံ့သြဖွယ်ရာ ကမ္ဘာ့အရှည်ဆုံး ကီးဘုတ် အဖြစ် စံချိန်တင် သတ်မှတ်ထားကြောင်း သိရှိရပါတယ်။

Smart Pro Journal

Net Guide Journal (1-March-2014)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြန်မာငွေ (၁) သိန်းခွဲခန့်ရှိမဲ့ Huawei ရဲ့ ပထမဆုံး စမတ် လက်ပတ် ( Review )


Talkband B1 လို့ အမည်ပေးထားပြီး 1.4-inch အရွယ်အစားရှိ မျက်နှာပြင်ဖြင့် OLED display ကိုအသုံးပြုထားပါတယ်။ ထူးခြားမူတစ်ခုက လက်ပတ်ပုံစံကနေ ဖြုတ်ပြီး နားမှာ တပ်ဆင်နိင်တဲ့ Bluetooth ကရိယာလို့ အသုံးပြုလို့ရခြင်းဖြစ်ပါတယ်။ ဒါဟာဆိုရင် အခြား Brand တွေထက်သာလွန်တဲ့ Huawei ရဲ့ တီထွင်မူ တစ်ခုဖြစ်ပါတယ်။ Bluetooth 4.1 ထိကို ဆက်သွယ်နိင်ပြီး iOS နဲ့ Android OS နှစခုလုံးမှာ အသုံးပြုနိင်ခြင်းဟာလည်း ဆန်းသစ်မူတစ်ခု ဖြစ်ပြီး iOS ဆိုရင် 5.0 version အပါအ၀င် ဒီကနေအထက်ကိုသုံးနိင်ပြီး Android Version ဆိုရင် Android စနစ် 2.3 ကနေစကာ အထက်ကို သုံးနိင်မှာ ဖြစ်တဲ့အတွက် လူတန်းစားမျိုးစုံအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းမူနဲ့ အသေးစိတ်အချက်အလက်များ

သားရေပတ် လက်ပတ်က အရှင်ဖြစ်ပြီး နားမှာတပ်ဆင်နိင်တဲ့ Bluetooth ကရိယာကို ပြောင်းလဲတပ်ဆင်နိင်တဲ့အတွက် ပေါ့ပါးလှတဲ့ အလေးချိန်ရှိတာကိုလည်း တွေ့နိင်မှာပါ။ ဟုတ်ပါတယ်။ အလေးချိန်ဟာ Samsung Gear Fit ထက် ၁ ဂရမ်လျော့တဲ့ 26 ဂရမ် ဖြစ်ပါတယ်။ ဘတ္တရီက 90mAh သုံးထားပြီး Stand By ခံနိင်ရည် ရက်သတ္တပတ် ၂ပတ် ဖြစ်ပြီး စကားပြောချိန်ကတော့ (၇) နာရီ အကြာရရှိမှာ ဖြစ်ပါတယ်။ IP57 ရရှိထားကာ သံချေးတက်နဲ့ ရေထိခံပေမဲ့လို့ ရေချိုးခန်းထဲထိတော့ ယူဆောင်သွားနိင်မှာ မဟုတ်ပါဘူး။ ကွေးကောက်သော 1.4-inch OLED မျက်နှာပြင် ဖြစ်တဲ့အတွက် Touch Screen မဟုတ်တာကိုတော့ တွေ့ရပါတယ်။ လက်ပတ် မှာ USB port ပါဝင်ကာ အားသွင်းခြင်းကိုလွယ်ကူစွာ ပြုနိင်ပါလိမ့်မယ်။

သုံးသပ်ချက်

ဈေးနှုန်းပိုင်းမှာတော့ Samsung နဲ့ အခြား ၀တ်ဆင်နိင်သော စမတ်ကရိယာတွေထက် ချိုသာတာပြီး အသုံးပြုနိင်ခြင်းများတွင် ဖုန်းခေါ်ဆိုခြင်း၊ လက်ပတ်မှ လွယ်ကူစွာအားသွင်းနိင်ခြင်း၊ iOS နဲ့ Android နှစ်မျိုးလုံးအတွက် အဆင်ပြေမူရှိခြင်းတို့ကိုတွေ့ရပြီးအားနည်းချက်များ လက်ပေါ်တွင် အချိုးသိပ်မကျခြင်း၊ မျက်နှာပြင် အရွှယ်အစားသေးငယ်ခြင်း တို့ကိုတွေ့ရပါတယ်။

Aung Heine
Smart Pro Journal

ဆန္ဒပြသူများကို ဖြိုခွင်းခဲ့သော ယူကရိန်း အထူးရဲတပ်ဖွဲ့ ဖျက်သိမ်း


ကိဗ်ယက်၊ ဖေဖ်ာဝါရီ ၂၆

ရုရှား လိုလားသော ယူကရိန်း သမ္မတ ယာနျူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ယူကရိန်း ယာယီ ပြည်ထဲရေး ဝန်ကြီးက ဆန္ဒပြသူများကို သေဆုံးအောင် ကိုင်တွယ်ခဲ့သော ယူကရိန်း အထူးရဲတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ် သတင်းကို ကြာသပတေးနေ့တွင် ထုတ်ပြန်မည်ဟု ယူကရိန်း ယာယီ ပြည်ထဲရေး ဝန်ကြီး အာဆန်အာဗာကော့ဗ်က ပြောကြားသည်။

ယူကရိန်း အတိုက်အခံများက ရုရှား လိုလားသော သမ္မတ ယာနျူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက် ယာနျူကိုဗစ်ခ်ျမှာ ယူကရိန်းမှ ထွက်ပြေးလျက် ရှိပြီး မည်သည့် နေရာတွင် ပုန်းခိုနေကြောင်း မသိရသေးပေ။

လောလောဆယ်တွင် ရုရှား စကားပြော ပြည်သူများ ရှိသော ယူကရိန်း အရှေ့ပိုင်း ပြည်နယ်များနှင့် ရုရှား မလိုလားသော အနောက်ပိုင်း ပြည်နယ်များအကြား အကွဲအပြဲများ ဖြစ်ပွားလျက် ရှိသည်။

သမ္မတ ယာနျူကိုဗစ်ခ်ျ အလွန် ယူကရိန်း နိုင်ငံတွင် ခွဲထွက်ရေး ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ယူကရိန်း ကြားဖြတ် အစိုးရအဖွဲ့ ဥက္ကဋ္ဌ Olexander Turchynov က ပြောကြားသည်။

ယူကရိန်းရှိ ရုရှား လူမျိုးစုများ ရှိသော ဒေသများ၏ ခွဲထွက်ရေး ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ဥပဒေစိုးမိုးရေး အဖွဲ့များနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယူကရိန်း ပါလီမန်သို့ မိန့်ခွန်း ပြောကြားစဉ် ယူကရိန်း ကြားဖြတ် အစိုးရအဖွဲ့ ဥက္ကဋ္ဌ Olexander Turchynov က ပြောကြားသည်။

ယူကရိန်းတွင် ရုရှား စကားပြောသူ အများစု နေထိုင်သော တောင်ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်များသည် ယူကရိန်း ကြားဖြတ် အစိုးရအဖွဲ့၏ လုပ်ရပ်များကို ဆန့်ကျင်လျက် ရှိသည်။

ယူကရိန်း သမ္မတ ယာနျူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းသည် အတိုက်အခံများ၏ အကြမ်းဖက် အာဏာသိမ်းမှုဟု ရုရှားက ပုံဖော် ပြောဆိုထားပြီး၊ ယူကရိန်း လက်ယာစွန်း အမျိုးသားရေး ဝါဒီများနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလာဗရော့က ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ယူကရိန်းသည် အရှေ့နှင့် အနောက် တိုက်ပွဲများကြားတွင် ပိတ်မိနေခြင်း မရှိကြောင်း ပြောကြားလိုက်ပြီး တစ်ရက် အကြာတွင် ရုရှား နိုင်ငံခြားရေး ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။

ယူကရိန်း အတိုက်အခံများက ရုရှား လိုလားသော သမ္မတ ယာနျူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့သည့် လုပ်ရပ်ကို အမေရိကနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ထောက်ခံကြသည်။
The Voice Weekly

ပိုချစ်တင်းနှောရင် ဉာဏ်ရွှင်ထက်မြက်ရခြင်း အကြောင်းရင်း


သီဟနိုင် on 2014-02-27 16:00
နောက်တစ်ခါဆို သင့်ရဲ့ ကြင်ဖက်က ချစ်တင်းနှောဖို့ စိတ်မပါဘူးလို့ ပြောလာခဲ့ရင် “ဒါမင်းထင်သလိုမဟုတ်ဘူး၊ ဉာဏ်ပိုရွှင်စေတာ။” ဆိုပြီး ဒီအကြောင်းလေးကို ရှင်းပြနိုင်တာပေါ့။
ပရိယာယ်များတယ်လို့ ထင်ရပေမဲ့၊ ချစ်တင်းနှောတာဟာ ပိုပြီးဉာဏ်ရွှင်ထက်မြက် လာစေတယ်လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။
အရင့်အရင် သုတေသနရပ်တွေအရလည်း ချစ်တင်းနှောရင် စိတ်ဖိစီးမှုလျော့ရုံသာမက ကယ်လိုရီတွေကိုပါ လောင်ကျွမ်းစေတယ်ဆိုတာကို သိနှင့်ပြီးဖြစ်ကြပါတယ်။
ခုနောက်ဆုံးလုပ်ခဲ့တဲ့ သုတေသနရပ်မှာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ရေရှည်မှတ်ဉာဏ် ဖွဲ့စည်းမှုဆိုင်ရာ ဦးနှောက်နေရာဖြစ်တဲ့ hippocampus ထဲက ဦးနှောက်ဆဲလ်တွေဖြစ်ထွန်းလာမှုဟာ ချစ်တင်းနှောတဲ့အခါ ပွားများလာပါတယ်။
ချစ်တင်းနှောမှုကို ရပ်ဆိုင်းထားပေးတဲ့ ကြွက်တွေမှာတော့ ဉာဏ်ရည်ကျဆင်းလာတာကို တွေ့ရတယ်လို့ မေရီလန်းဒ် တက္ကသိုလ်က စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ချစ်တင်းနှောတဲ့ လှုပ်ရှားမှု တက်လာခဲ့ရင် ဦးနှောက်ဆဲလ်တွေဆီ အောက်စီဂျင်လွှမ်းသွားစေတာကိုလည်း သူတို့က သတိပြုမိပါတယ်။ ဦးနှောက်ဆဲလ် (Neurons) တွေဟာ အာရုံကြောအဖွဲ့အစည်း ဖြစ်လာဖို့အတွက် အခြေခံ တည်ဆောက်ရေးအတုံးလေးတွေပါ။
တောင်ကိုရီးယား၊ Konkuk တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်ကလည်း အခုသုတေသနရှာဖွေတွေ့ရှိချက်တွေကို ထောက်ပံ့ပေးထားပါတယ်။ ကိုရီးယား လေ့လာမှုအရ ချစ်တင်းနှောတာဟာ ဉာဏ်ရည်ပိုင်း လုပ်ဆောင်ချက်တွေကို တိုးမြင့်စေတယ်လို့ သိရပါတယ်။
Ref:dailymail.co.uk
Trend Myanmar

စက်မဖတ်တဲ့ CD / DVD များကို ငှက်ပျော်သီးနဲ့ ဖတ်အောင်လုပ်မယ်


Thursday, February 27, 2014

တကယ်ကို ကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ချို့ CD / DVD တွေဟာ အသစ်ထပ်မထွက်
တော့ဘူး ခွေကလည်း မဖတ်ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးကို သုံးလိုက်ပါ။ သင်၏ CD / DVD
ဟာ ကောင်းမွန် သွားပါလိမ့်မယ်။

အသုံးပြုပုံလေးကတော့

ငှက်ပျော်သီး အခွံခွားပြီးသား တစ်လုံးကို ယူပါ။ ထို့နောက် တစ်ပိုင်းပိုင်းကာ CD / DVD ကို ၃ မီးနစ် ၄ မီးနစ်လောက်
ပြောင်စင်အောင် တိုက်ချွတ်ပါ။ အစင်းကြောင်းတွေကို ကုန်စင်အောင် တိုက်ပါ။ ပြီးနောက် သန့်ရှင်းသော
အဝတ်စဖြင့် သုတ်လိုက်ပါက အသစ်ကဲ့သို့ ကောင်းမွန်ပြီး ကြည့်လို့ ရပါပြီ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဘရက်ပစ်ပြောရင်ဖွင့်ခဲ့တဲ့ အချစ်လျှို့ ဝှက်ချက်


ကျနော့်ဇနီး (အန်ဂျလီနာဂျိုလီ) တော်တော်လေး စိတ်ဓာတ်ကျခဲ့တယ်။ သူ့ ဘယ်နေရာမှာမှ အဆင်မပြေခဲ့ဘူးလေ။

နေ့တိုင်း သူ ငိုတယ်။ အနုပညာမှာ အဆင်မပြေဘူး။ လူမှုရေး ဘဝမှာ အဆင်မပြေဘူး။ ကလေးတွေနဲ့လည်း အခက်အခဲတွေရှိတယ်။ အဘက်ဘက်က သိသိသာသာကို ရှုံးနိမ့်လာတယ်။

နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်ပြီး ဝိတ်သိသိသာသာကို ကျသွားတယ်။ အသက် ၃၅ နှစ်အရွယ်မှာ ပေါင် ၉၀ ပဲရှိတော့တယ်။ ပေါင် ၃၀ တောင် ကျသွားတာ။ သာမန်မိန်းကလေးတစ်ယောက်မှာ ရှိရမယ့် ဝိတ်ထက် သိသိသာသာကို ကျသွားတယ်။

နှလုံးအားနည်းလာတယ်။ အအိပ်လည်းမမှန်ဘူး။ အစားလည်းမမှန်ဘူး။ ကျနော်တို့ အိပ်ကောင်းလို့ တစ်ရေးနိုးနေချိန်မှာ သူမ အိပ်မပျော်နိုင်သေးဘူး။ မနက်မိုးလင်းချိန်က သူ့အတွက် အိပ်ချိန် ဖြစ်ဖြစ်နေတတ်တယ်။ ဒီကြားထဲ ကျနော်နဲ့တောင် ပြဿနာဖြစ် လိုက်သေးတယ်။ အိမ်ထောင်ရေး ပြို လဲတော့မယ့် အထိပေါ့။ နောက်တော့ ကျနော် သူ့ကို နားလည်လာတယ်။

သူအားနည်းနေတာကို သိလိုက်တယ်။ သူဖျားတိုင်း ကျနော်ပြုစုတယ်။ ညတိုင်း သူ့ဘေးမှာ နေပြီး စကားတွေပြောပေးတယ်။ ကျနော်အပြင်သွားတိုင်း ကျနော့ဇနီးကို ဘယ်လောက်ချစ်တဲ့အကြောင်း မိတ်ဆွေတွေကို ပြောဖြစ်တယ်။ သူ့အတွက် လက်ဆောင်လေးတွေ ဝယ်ပေးဖြစ်တယ်။

ကျနော်က ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထား တာလေ။ ကျနော့အတွက်ကတော့ သူဟာ အလှဆုံးဖြစ်တယ်ဆိုတာ သိအောင် ကျနော် ပြောတယ်။ သူ့ကို ကြင်နာ နွေးထွေးယုယမှု ပေးတယ်။ သူစိတ်ဆင်းရဲစေအောင် ကျနော်မလုပ်တော့ အကြောင်း ကတိအထပ်ထပ် ပေးမိတယ်။ သူပျော်အောင် ထားမိတယ်။ သူယုံအောင်လည်း ကြိုးစားတယ်။

ခုတော့ အားလုံး အခြေအနေကောင်းတစ်ခုကို ရောက်သွားပါပြီ။ ကျနော့် ဇနီး ဂျိုလီဟာ အရင်တုန်းက မင်းသမီး ဂျိုလီလိုပဲ လှပပြီး တက်တက်ကြွကြွ ရှိတာကို မြင်တွေ့ရမှာပါ။

ကျနော်တစ်ခု နားလည်သွားတယ်။ The woman is the reflection of her man တဲ့။ ကျနော်တို့ ယောင်္ကျားလေးတွေရဲ့  ပြုစု၊ ပြုမူဆက်ဆံမှု အတိုင်း အမျိုးသမီးများက အလိုအလျောက် ပြုပြင်ပြောင်းလဲသွားပါတယ်။ မုန်းစရာ လူတစ်ယောက်လို့ သဘောထားပြီး ဆက်ဆံနေရင် မိတ်ဆွေရဲ့  အမျိုးသမီးဟာ မုန်းစရာ ရုပ်ရှည်နဲ့ ပုံစံကို သိသာပိုင်ဆိုင်နေမှာပါ။ အချစ်တွေနဲ့ လွမ်းမိုးထားတဲ့ ချစ်သူကတော့ ကမ္ဘာမှာ အလှဆုံးပဲပေါ့။"

The woman is the reflection of her man.

If you love her to the point of madness, she will become it. " -
Ref: AP

အောင်ခမ်း (ရိုးရာလေး)

ကိုးနဝင်း စေတီ ဘုရား ပုရဝုဏ် အတွင်းမှ ကျူးကျော်အိမ်များ






ကျောက်ဆည် တက္ကသိုလ် တည်ရှိရာ တောမရွာ
ကိုးနဝင်း စေတီ ဘုရားပုရဝုဏ်အတွင်းမှ ကျူးကျော်
အိမ်များကြောင့် စိတ်ဒုက္ခရောက်ကြရသည့် တောမ
ရွာသားမျာ_ _ _
အဆိုပါကျူးအိမ်များဖြစ်ပေါ်လာပုံမှာ တောမရွာ
ကျောင်းထိုင်ဘုန်းတော်ကြီးမှ နေစရာအခက်အခဲ
ဖြစ်နေသူတစ်ချို့ကို ကိုးနဝင်း စေတီ ဘုရားပုရဝုဏ်
အတွင်း ယာယီ နေထိုင်ခွင့် ပြုလိုက်ခြင်းမှ စခဲ့ခြင်း
သည် ။
ကျောင်းထိုင်ဘုန်းဘုန်းအနေဖြင့် ထို့သို့ယာယီနေခွင့်
ပြုခဲ့ခြင်းမှာ နေစရာမရှိသေးသူများအနေဖြင့် သူများကို
အိမ်လခ မပေးရစေရန် ၊ထိုသို့ အိမ်လခမပေးရသဖြင့်
လုပ်အားခများကို မြန်မြန် စုမိပြီးကိုယ်နိုင်ရာနိုင်ရာ
မြေလေးများကို မြန်မြန် ဝယ်နိုင်စေရန်ဖြစ်သည် ။
ထိုသို့ ဝယ်နိုင်ပါက ဘုရားကျောင်းဝန်းထဲမှ ထွက်ရန်
ဖြစ်သည် ။
သို့ရာတွင် ကျူးကျော် နေသူများသည် ဘုန်းတော်ကြီး ၏
ဆန္ဒအတိုင်း တစ်ယောက်မှ ဘုရားဝိုင်းထဲမှ မထွက်တော့
ဘဲ ကျူးကျော် နေသူများသာ တစ်နေ့ထက်တစ်နေ့
ပိုမို များပြားလာနေပါသည် ။
ကျူးကျော် အိမ်တွေများလာသည်နှင့်အမျှ ၎င်းအိမ်များ
မှာ အိမ်သာ မရှိသည့် အိမ်များရော ၊အိမ်သာရှိပေမယ့်
ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသည်များကြောင့်ရော
ယခုအခါ ကိုးနဝင်း စေတီ ဘုရားပုရဝုဏ်အတွင်းမှာ
လွန်စွာမှပင် ညစ်ပေရှုပ်ပွလျက်ရှိနေပါသည် ။
ယခုအချိန်တွင်မူ အဆိုပါ ကျူးကျော် အိမ်များမှာ
ဘုရားဝိုင်းထဲတွင် ကျူးကျော်ရုံဖြင့် အားမရတော့ဘဲ
၎င်းတို့ နှင့် ဆက်စပ်လျက်ရှိသောရွာထဲမှအိမ်မြေများ
ကိုပါ မြေခိုးခြင်း၊မြေကျူးခြင်းများ ပြုလုပ်လျက်ရှိနေပါ
သဖြင့် သက်ဆိုင်ရာ စဥ့်ကိုင် စည်ပင်မှတစ်ဆင့်
ဆိုင်ရာဆိုင်ရာလူကြီးများ သိစေရန်တင်ပြရခြင်းဖြစ်ပါ
သည်။
ကျူးကျော် အိမ်များကြောင့် စိတ်အနှောင့်ဖြစ်နေကြရသည့် တောမရွာသားများ ။

ooredoo မှ မိုဘိုင်းဆင်းကဒ်များကိုယခုနှစ်ဇူလိုင်လတွင် စတင်ရောင်းချပေးတော့မည်ဟုဆို


ရန်ကုန်-ဖေဖော်ဝါရီ ၂၇
ooredoo မှ မိုဘိုင်းဆင်းကဒ်များကိုယခုနှစ်ဇူလိုင်လတွင် စတင်ရောင်းချပေးတော့မည်ဟု ကာတာအခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီ ooredoo မှ သိရသည်။
` ဆင်းကဒ်ဈေးနှုန်းဘယ်လောက်နဲ့ရောင်းမယ်၊ဖုန်းခေါ်ခ ဘယ်လောက်ဖြစ်မလဲဆိုတာ မပြောနိုင်သေးပေမဲ့ရောင်းမဲ့အချိန်ကတော့ ဇူလိုင် သေချာသလောက် ရှိပါတယ်´ဟု ooredoo မှ သတင်းပြန်ကြားရေးတာဝန်ခံ မသီရီကြာညိုကပြောသည်။၊
ဆင်းကဒ်များကို ရန်ကုန်၊နေပြည်တော်၊ မန္တလေး မြို့ကြီးများတွင်စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း 2G ၊ 3G စနစ်များပါဝင်မည် ဖြစ်ကြောင်း ၊ အလွယ်တကူ ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း ၊ဖုန်းခေါ်ဆိုခကိုသက်သာသောနူန်းဖြင့်ကောက်ခံမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှသိ ရသည် ။az

Popular Myanmar News Journal

MSF ၏ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများကိုတရားဝင်ရပ်ဆိုင်းလိုက်ပြီဟု ပြည်နယ်အစိုးရမှ အတည်ပြုပြောကြား


(နိရဉ္စရာ- ၂၇ ဖေဖေါ်ဝါရီလ ၂၀၁၄)

နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF ( AZG) ၏ ရခိုင်ပြည်နယ်လုပ်ငန်းများကို တရားဝင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှသိန်းက ယနေ့ တရားဝင် ပြောကြားသည်။

“ သူတို့အထဲက တာဝန်ရှိသူတွေကို မနေ့ကတည်းက ခေါ်ယူပြီး လုပ်ငန်းတွေကို ရပ်ဖို့ တရားဝင် ပြောဆိုလိုက်ပြီဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူပေါင်းရာနှင့်ချီပြီး ၎င်းအဖွဲ့အား ကန့်ကွက်မူများ ပေါ်ပေါက်ပြီး ၄ ရက်မြောက်နေ့တွင် MSF ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသော လုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းရန် ပြည်နယ် အစိုးရ၏ ကျေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းရပါသလဲ ဟု ဆိုသော မေးခွန်းအပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ပြုစုရေး ဆပ်ကော်မီတီ ဥက္ကဌ ပြည်နယ် တရားဥပဒေချုပ် ဦးလှသိန်းမှ ပြောဆိုရန် ငြင်းဆိုသော်လည်း ကျန်းမာရေး ၀န်ကြီးနှင့် ပြည်ထဲရေး ၀န်ကြီးမှ နားလည်မူ စာချွန်လွှာကို သက်တမ်းမတိုးကြောင်းကို ရခိုင်ပြည်နယ် အစိုးရကို အကြောင်းကြားလာသဖြင့် MSF ၏ လုပ်ငန်းများကို ရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း ယခုလို ပြောသည်။

“ MSF နဲ့ ကျန်းမာရေး စောင့်ရှောက်မူ အတွက်ကို ကျန်းမာရေး ၀န်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းကိုတော့ ပြည်ထဲရေး ၀န်ကြီးဌာနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ အခုတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း သူတို့နဲ့ စာချုပ်ကို သက်တမ်းမတိုးတော့သလို ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့လည်း သူတို့ စာချုပ်ချုပ်ဆိုထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ထားတာကို ရပ်ဆိုင်း လိုက်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရနဲ့တော့ ဘာမှ လက်မှတ်ရေးထိုးထာ မရှိတဲ့ အတွက် ကျွန်တော်တို့က ဘာမှ တခြား ပြောစရာမရှိတဲ့ အတွက် သူတို့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သော်လည်း နိရဉ္စရာမှ လက်ခံရရှိခဲ့သော ညွှန်ကြားချက် စာတစ်စောင်တွင် ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ MSF Holland ( MEDECINA SANS FRONTIERS- HOLLAND) အဖွဲ့မှ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်း လူံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခ မဖြစ် ဖြစ်အောင် သွေးတိုးစမ်းဖန်တီးမူများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သုံးသပ်ရရှိသဖြင့် INGO အဖြစ် မှတ်ပုံတင် ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MoU သက်တမ်း ထပ်မံတိုးမြင့်ခြင်းအား ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ် အတွင်း ၀င်ရောက် လူပ်ရှားမူများအား ပြည်နယ် အစိုးရမှ လက်ခံခြင်း မပြုလုပ်ရန် ဟု ပါရှိသည်။

Narinjara

တောင်ကုတ်ရွာမ တာဝါတိုင် မြေပိုင်ရှင်ကို အသိမပေးဘဲ ကျူးကျော်ဝင်ရောက်တည်ဆောက်


 ဦးမောင်ခင်အေးပိုင် တောင်တွင် တာဝါတိုင် တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမကျေးရွာတွင် တာဝါတိုင်တစ်ခု တည်ဆောက်နေရာ မြေပိုင်ရှင်အား လျော်ကြေး မပေးသည့် အပြင် တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်းလည်း မရှိဘဲ ကျူးကျောက် ၀င်ရောက် တည်ဆောက်နေသည်ဟု မြေပိုင်ရှင် ဖြစ်သူ ဦးမောင်ခင်အေးက နိရဉ္စရာသို့ ပြောသည်။

“ ဘိုးစဉ် ဘောင်စဉ် ကျွန်တော် လုပ်ကိုင်းစားသောက်တဲ့ တောင်မှာ တယ်လီဖုန်း တာဝါတိုင်တစ်ခု စိုက်ထူဖို့ အတွက် အဆောက်အဦးကြီး တစ်ခုကို တည်ဆောက်နေပါတယ်။ ကျွန်တော်ကိုလည်း ဘာမှ အသိမပေးသလို လျော်ကြေးလည်း မပေးပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုသွားပြောတော့ တိုင်ချင်တဲ့ နေရာမှာ သွားတိုင်လို့ ပြောတဲ့ အတွက် မီဒီယာကို တိုင်ကြားရတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

အားမာန်သစ် ကုမ္ပဏီမှ  သူ့၏ မြေနေရာတွင် ၎င်းတာဝါတိုင်ထောင်မည့် အဆောက်အဦးတစ်ခုအား အခိုင်အမာ တည်ဆောက်နေကြောင်း သူက ပြောသည်။

“ ဒီတာဝါတိုင်က အစိုးရပိုင်လား၊ ပုဂ္ဂလိကပိုင်လားဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ တောကလူတွေမှာ ဒီတိုင်ဘယ်ကပိုင်တယ်ဆိုတာ မသိပါဘူး။ အခု ဆိုင်းဘုတ်ထောင်ထားတာက အားမာန်သစ်လို့ ဆိုင်းဘုတ်ထောင်ထားပါတယ်” ဟု မြေပိုင်ရှင် က ဆက်ပြောသည်။

ယခု တာဝါတိုင်တည်ဆောက်နေသော  မြေအား ပလပ်မြေဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် တည်ဆောက်နေသည်ဟု အမည် မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးက ဆိုသည်။

“ ဒီမြေက ဦးမောင်ခင်အေး ပိုင်တယ်ဆိုပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပလပ်မြေဆိုပြီး အထက်ကို တင်ပြထားတယ်လို့တော့ကြားပါတယ်” ဟု ဆိုသည်။

၎င်းတောင်မှာ မိမိဘိုးဘွားလက်ထက်ကတည်း လုပ်ကိုင် စားသောက်လာသော တောင်ဖြစ်ပြီး ကျွန်းနှင့် သီဟိုပင်များကိုလည်း စိုက်ပျိုးထားသည်ဟု ဦးမောင်ခင်အေးမှပြောဆိုသည်။

“ ကျွန်တော်ပိုင်တောင်မှာ ခုလို ၀င်ရောက် ကျူးကျော်ပြီး တာဝါတိုင် စိုက်ထူဖို့လုပ်နေတဲ့ အတွက် ဒီကနေ့ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားလိုက်ပါတယ်။ တိုင်ကြားစာကို လက်ခံထားလိုက်ပြီး တစ်စုံတစ်ရာတော့ အကြောင်းပြန်ကြားခြင်း မရှိသေးပါ” ဟု သူက ဆိုသည်။

ဦးမောင်ခင်အေးမှ သက်ဆိုင်ရာ အထက် လူကြီးများ အနေဖြင့် ယခု ပြသနာကို တရားသဖြင့် ဖြေရှင်း ပေးစေလိုသည်ဟု ဆိုသည်။

ရွာမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် နိရဉ္စရာမှ ဆက်သွယ်သော်လည်း ဖုံးမှားနေသည်ဟု အကြောင်းပြန်ကာ တစ်စုံတစ်ရာ ဖြေကြား မရှိပါ။

Narinjara
(နိရဉ္စရာ- ၂၇ ဖေဖေါ်ဝါရီလ ၂၀၁၄) / တင့်ဆွေမောင်

ရွှေအခွန်ရရန် ဒါရိုက်တာများကို အိမ်ထိ လိုက်ရှာနေ


၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့

အစိုးရဆီကို အခွန်ပေးဆောင်ဖို့ ရှိပေမယ့် ရွှေ လာမသွင်းဘဲ ကုမ္ပဏီဖျက်သိမ်း ခြေရာဖျောက်နေတဲ့ ကုမ္ပဏီ ၃၅ ခုနဲ့ ပတ်သက်ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ နေရပ်လိပ်စာတွေအထိ လိုက်လံ စုံစမ်းပြီး ရွှေအကြွေးကျန်တွေရအောင် တောင်းခံနေတယ်လို့ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသန်းထွန်းအောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က လုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး ရွှေလုပ်ငန်း ကုမ္ပဏီတွေရဲ့ နိုင်ငံတော်ဆီ အခွန်ပေးဆောင်ရမယ့် ရွှေတွေ ရအောင် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့ သူက ရှင်းပြပါတယ်။
ရွှေအခွန်ကြွေး တချို့တ၀က်ကျန်သူတွေကို ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ်မှာ ပေးဆောင်လာအောင် လုပ်တာ၊ အချို့ မပေးပဲနေသူတွေကို တရားရုံးတွေမှာ တရားစွဲတာ လုပ်နေတယ်လို့ သူက ပြောခဲ့ပါတယ်။

DVB

ဆန္ဒပြသူများ စခန်းချနေသည့် နေရာများအား သေနတ်သမာများမှ ပစ်ခတ်


ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၇

ယမန်နေ့က ဘန်ကောက်မြို့တွင် ဆန္ဒပြသူများ စခန်းချဆန္ဒပြနေသည့် နေရာသုံးနေရာအား သေနတ်သမား များမှ ပစ်ခတ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် ကုန်တိုက်များနှင့် အဆင့်မြင့် ဟိုတယ် များရှိရာ လူစည်ကားသည့်နေရာများတွင် စခန်းချကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
အမည်မသိသော သေနတ်သမားများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း၊ ခြိမ်းခြောက်သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ဟန်တူကြောင်း၊ သေနတ်သမားသည် မည်သည့်နေရာမှ ပစ်ခတ်ခဲ့သည်ကို မိမိတို့အနေဖြင့် မသိရှိသေးပါကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Anucha Romyanan က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

နိုင်ငံခြားသားများကိုလည်း ညအချိန်တွင် ဆန္ဒပြမှုများ ဖြစ်ပွားသောနေရာများသို့ သွားရောက်ခြင်းမပြုရန် တိုက်တွန်းထားသော်လည်း၊ ၎င်းတို့သည် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည့် နေရာများစွာကို လှည့်လည် သွားလာနေလျက် ရှိဆဲပင်ဖြစ်သည်။
ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝတ်အနေဖြင့် ရာထူးမှ နှုတ်ထွက်ရေးအတွက် ဖိအားပေးခံနေရဆဲဖြစ်သည့်အပြင် ဆန္ဒပြသူများကလည်း ရွေးကောက်တင်မြှောက်ခြင်းမပြုရသေးသည့် ပြည်သူ့ကောင်စီအနေဖြင့် အကျင့်ပျက် ခြစားမှုများနှင့် ငွေကြေးဆိုင်ရာမူဝါဒများကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုလျက် ရှိသည်ဟု သိရသည်။
ဝန်ကြီးချုပ်အား ထောက်ခံသူများက ဆန္ဒပြသူများအနေဖြင့် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ဖြုတ်ချ ရေးကို မိမိတို့အနေဖြင့် လက်ခံနိုင်ဖွယ်မရှိပါကြောင်း ပြောဆိုခဲ့ကြသည်။

ဝန်ကြီးချုပ်အား ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆန်ထောက်ပံ့မှုစီမံချက်နှင့်ပတ်သက်သည့် အကျင့်ပျက် ခြစားမှုကို ကိုင်တွယ်ဖြေရှင်းရန် လျစ်လျူရှုမှုဖြင့် တရားရုံးမှ ဆင့်ခေါ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
အကယ်၍ ၎င်းအနေဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရပါက ရာထူးမှ ဖယ်ရှားပေးရမည့်အလားအလာရှိပြီး၊ နိုင်ငံရေး လုပ်ဆောင်မှုမှ ငါးနှစ် ပိတ်ပင်တားဆီးခံရမည်ဖြစ်ကြောင် သိရသည်။
ဝန်ကြီးချုပ်သည် အစိုးရမှလုပ်ဆောင်နေသည့်အဆိုပါစီမံကိန်းများအပေါ် စုံစမ်းမှု ပြုရန် Chiang Rai မြို့သို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထွက်ခွာခဲ့ပြီး၊ ၎င်းအနေဖြင့် အမျိုးသားအကျင့်ပြတ်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် NACC မှ ကြားနာမှုကို တက်ရောက်နိုင်မှာမဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

MOI Webportal Myanmar

မင်္ဂလာဦးအလှူငွေဖြင့် ပြုပြင်ထားသည့် ဆောမြို့ အထက က ပုပ္ပါးကျောင်းဆောင် ကလေး


ဆော ဖေဖော်ဝါရီ ၂၆

ဟောင်းနွမ်းနေပြီဖြစ်သည့် ဂန့်ဂေါခရိုင် ဆောမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ပုပ္ပါးဆောင် အမည်ရှိ မူလ တန်းကျောင်းဆောင်ကို စေတနာရှင် တစ်ဦး၏ လှူဒါန်းငွေဖြင့် ပြန်လည်ပြင် ဆင် ဆောက်လုပ် ပြီးဖြစ်သည်ကို တွေ့ရသည်။

ရုရှားနိုင်ငံတွင် ပညာသင်ရောက်ရှိနေသည့် အဆိုပါကျောင်းမှ ကျောင်းသားဟောင်း တစ်ဦးဖြစ်သည့် ဗိုလ်ကြီး ကျော်မြတ်သူ၏ သူငယ်ချင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာ တက္ကသိုလ် သင်္ချာဌာနမှ ဗိုလ်ကြီးသန်းထူးနှင့် ဇနီးမခိုင်တို့က ပုပ္ပါးဆောင်ပြန် လည်ပြုပြင်နိုင်ရန်အတွက် မင်္ဂလာဦးအလှူဒါနအဖြစ် မြန်မာ့စီးပွါးရေး ဘဏ်မှ တစ်ဆင့် ပေးပို့လှူဒါန်းသည့် အလှူငွေကျပ် ၁၀ သိန်းဖြင့် ပြန်လည်ပြင်ဆင် ဆောက် လုပ်ထားခြင်းဖြစ်ကြောင်း အဆိုပါကျောင်းမှ ဆရာမတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပုပ္ပါးကျောင်းဆောင်မှာ ၅ ခန်းတွဲ ကျောင်းဆောင်ဖြစ်၍ အဆိုပါကျောင်းဆောင် ကို မင်္ဂလာဦး အလှူငွေ အပြင် စေတနာရှင်များ စုပေါင်း လှူဒါန်းသည့် ငွေကျပ် ၃ သိန်းကိုပါဖြည့်စွက်ကာ ဥပဓိရုပ် ပိုမို တင့်တယ်စေရန် မူလ ကပ်မိုးကို သွတ်မိုးကျောင်းဆောင် အဖြစ် ပြန်လည်ပြင်ဆင် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

အမတ်များနှင့်ဝန်ကြီးများ တစ်ဦးနှင့်တစ်ဦး မထီမဲ့မြင်မပြုရန် လွှတ်တော်ဥက္ကဋ္ဌသတိပေး


ဝင်းကိုကိုလတ်

နေပြည်တော်၊ မဇ္ဈိမ။ ။ လွှတ်တော်တွင်း ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာတွင်လည်းကောင်း ဖြေကြားသူ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တစ်ဦးနှင့်တစ်ဦး မထီမဲ့မြင်ပြုသည့် အပြု အမှုမျိုး မပြုလုပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သတိပေးလိုက်သည်။

“လွှတ်တော်ဟာ လွှတ်တော်ဂုဏ်သိက္ခာရှိဖို့လိုသလို လွှတ်တော် ကိုယ်စားလှယ်များဟာလည်း လွှတ် တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့ ရှိဖို့လိုပါတယ်။ ဖြေကြားတဲ့အခါမှာလည်း လွှတ်တော်ရဲ့ ဂုဏ် သိက္ခာ ပြောမယ်ဆိုရင် ရှေ့မှာထိုင်နေတဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ဂုဏ်သိက္ခာကိုလည်း နားလည်ဖို့၊ လက်ခံ ဖို့လိုပါတယ်။ ဖြေတဲ့နေရာမှာလည်း မေးတဲ့သူမေးသလို မထိတထိမေးသလို ဖြေတဲ့အခါမှာလည်း မထိ တထိ ဖြေပြီးတော့ တစ်ဖက်ဖက်ကို ဂုဏ်သိက္ခာအားဖြင့်သော်လည်းကောင်း မထီမဲ့မြင်ပြုတဲ့ အဖြစ်မျိုး တွေမဖြစ်ဖို့ လိုပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ဒိုက်ဦးမြို့ နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေ၏ မေးမြန်းမှုကို သမ္မတရုံး ဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဖြေကြားခဲ့ပြီး ဦးမင်းဆွေ၏ ထပ်ဆင့်ပြော စကားအပြီး သူရဦးရွှေမန်းက သတိပေးခဲ့ခြင်း ဖြစ်သည်။

“အဲဒီတော့ ခုနက ဖြေသွားတဲ့နေရာမှာ မေးခွန်းကို မေးခွန်းလိုဖြေပြီးတဲ့အခါမှာ နောက်ပိုင်းကိစ္စတွေ မလို အပ်ဘဲ ဆက်ပြောတဲ့ကိစ္စဟာ တစ်ဖက်နဲ့တစ်ဖက် အထင်လွဲစရာတွေ ရှိပါတယ်။ မေးခွန်းဖြေပြီးပြီပဲ။ကျန် တဲ့တာဝန်တွေ လုပ်ဆောင်မှုအပိုင်းတွေ ဒီထဲမှာထည့်ပြီးတော့ ပြောစရာ သင့် မသင့် ထည့်ပြီးတော့ စဉ်း စားဖို့ လိုတယ်။ မေးခွန်းကို မေးခွန်းအတိုင်းဖြေဖို့နဲ့ ရိုးသားစွာ၊ ပွင့်လင်းစွာ တာဝန်ယူပြီး ဖြေဖို့ပဲ ဖြစ်ပါ တယ်။ မေးတဲ့ပုဂ္ဂိုလ်များကလည်း ဒီအတိုင်းပဲမိမိတို့ရဲ့မေးခွန်းတွေဟာ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးအတွက် ဖြစ်ဖို့၊ အုပ်ချုပ်ရေးအဖွဲ့က မသိဘူးဆိုရင် သိတဲ့အခါ မှာ လိုအပ်တာတွေ လွှတ်တော်က ကူဖို့ဆိုတာ တစ် ဖက်က ရှိပါတယ်” ဟု ပြောသည်။

သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က “လွှတ်တော် ကိုယ်စားလှယ်ကြီးအနေနဲ့ မေးခွန်းထုတ်ရုံနဲ့ မလုံလောက်သေးပါ၊ မေးခွန်းရဲ့နောက်မှာ တာဝန်တွေ ကျန်ရှိနေတယ်လို့ ယူဆပါ တယ်။

နိုင်ငံရေးအမြင် စီးပွားရေးအသိနဲ့ ပြည်သူတစ်ရပ်လုံးက တက်တက်ကြွကြွ သတင်းပေးခြင်း၊ ဖမ်း ဆီးခြင်း၊ တိုင်ကြားခြင်း၊ လိုအပ်လျှင် တရားလိုလုပ်၍ တရားစွဲဆိုခြင်း သက်သေခံပေးခြင်းတို့ဖြင့် ပါဝင် ဆောင်ရွက်လာအောင် လွှတ်တော်ကိုယ်စားလှယ်ကြီးတို့က စည်းရုံးခြင်း၊ ပူးပေါင်း တားဆီးခြင်းနှင့် ကာ ကွယ်ကြမှသာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ တစ်ရပ်လုံး အားမလိုအားမရ ဖြစ်နေ မှုများ ချုပ်ငြိမ်းသွားမည် ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်”ဟုဖြေကြားချက် အဆုံးသတ်တွင် ပြောခဲ့ခြင်း ဖြစ်သည်။

မေးခွန်းမေးမြန်းသူ ဦးမင်းဆွေကလည်း ယခင်က မှောင်ခိုသတင်းပေးသည့်အခါ သတင်းပေးသည့်သူများ ကို မှောင်ခို ပစ္စည်းတန်ဖိုး၏ ၁၂ ရာခိုင်နှုန်း ပြန်ပေးသည်ဟု ပြောကြားသည်။

၎င်းက “ကိုယ်စားလှယ်တွေအနေနဲ့ မိမိရဲ့ပြည်သူတွေ၊ မိမိရဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးဖို့ဆိုရင်တော့ အလကားတော့ မရဘူးခင်ဗျ” ဟု ပြောသည်။

သူရဦးရွှေမန်းက လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်း၊ ပြန်လည် ဖြေကြားခြင်းများကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ပြုလုပ်ခြင်းဖြစ်သည့်အတွက် ယင်းစည်းမျဉ်းစည်းကမ်းကို အားလုံးက လိုက် နာရန်လိုအပ်သည်ဟု ပြောကြားခဲ့ပြီး လွှတ်တော်တွင် မှတ်တမ်းအဖြစ် ထားရှိမည်ဟု ပြောသည်။

Mizzima Burmese

ကယားပြည်နယ်တွင် အသက် ၁၃ နှစ်အရွယ် ကလေးများ စိတ်ကြွဆေးသုံးစွဲလာ


ကေဇူး|ဖေဖော်ဝါရီ ၂၇ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

ကယားပြည်နယ်ရှိ မြို့နယ်တော်တော်များတွင် အသက် ၁၃ နှစ်အရွယ် ကလေးများ စိတ်ကြွဆေးသုံးစွဲမှု များလာပြီး အစိုးရအဖွဲ့က ဖမ်းဆီးမှု လျော့နည်းနေသည်ဟု ကယားပြည်လူမှုရေးအဖွဲ့အစည်းနှင့် လက် နက်ကိုင်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကယားပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းကို ဒေသဆိုင်ရာအာဏာပိုင်များက ဖမ်း ဆီးမှု လျော့နည်းနေသည်ဟုလည်း ဒေသတွင်း အကူညီပေးနေသည့် လူမှုအဖွဲ့အစည်းများက ဝေဖန် ပြောဆိုလိုက်သည်။

ကယားပြည်နယ်သို့ ရှမ်းပြည်တောင်ပိုင်းမှ ၀င်ရောက်လာသည်ဟု အစိုးရနှင့် အပစ်ရပ်ထားသည့် ကရင် နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF မှ ဗဟိုကော်မတီဝင် ဦးဟက်စတန်က ဆို လိုက်ပြီး “ကွမ်းယာဆိုင်မှာ ရောင်းတဲ့သူတွေကို ဖမ်းပြီး ဒိုင်အကြီးကြီးတွေကို မဖမ်းတဲ့အတွက် မူးယစ် ဆေးသုံးစွဲမှုက ပိုမြင့်လာတယ်”ဟု ပြောသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးဦးစိန်ဦးကမူ “ဒေသတွင်းက အဖွဲ့အစည်းတွေအနေနဲ့ ဒီလိုသ တင်းတွေရတယ်ဆိုရင် ကျွန်တော်တို့ကို အချိန်မရွေးတိုင်ကြားပြီး ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ရပ်ကွက်တွေအထိ ထောက်လှမ်းရေးတွေ သတင်းပေးတွေထားပြီး ဖမ်း ဆီးမှုများ ပြုလုပ်လျက်ရှိပါတယ်”ဟု ပြောသည်။

ကယားပြည်နယ်တွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုများမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ဖမ်းဆီးရရှိ သော စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၂၈၄ ပြား၊ ဘိန်းမဲ ၁၃၅ ဒသမ ၀၅ ဂရမ်၊ ဘိန်းဆီမဲ ၇၀၅ ဒသမ ၄၅ ဂရမ်၊ ဘိန်းချေး ၅၅ ဒသမ၂၅ ဂရမ်၊ ဘိန်းစိမ်း ၁,၀၈၈ ဒသမ ၃၊ ဆေးခြောက် ခြောက်ဂရမ် ဖမ်းဆီးရရှိခဲ့ သည်ဟု ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

Mizzima Burmese

ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်သူ အလုပ်နဲ့ထောင်ဒဏ်(၁၀)နှစ်ကျ


မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်တရားသူကြီးရုံးကဇနီးဖြစ်သူ ကို ဓားဖြင့် ထိုးသတ်သူ ကျော် သန်းကို လူသတ်မှုဖြင့် အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် (၂၀-၂-၂၀၁၄) ရက်နေ့က အမိန့် ချမှတ်လိုက်ပြီဖြစ်ကြောင်းသတင်း ရရှိသည်။

ဖြစ်စဉ်မှာ  (၃-၇-၂၀၁၃) ရက် ည(၇း၃၀)အချိန်ခန့်က ရွှေ အိုး(၁)ရပ်ကွက်၊ အပိုင်း (၃) နေ ရာအိမ်မှူး ဦးတင်ဝင်းသည် နေ အိမ်တွင်ရှိနေစဉ် ဦးလေးတစ်ဝမ်း ကွဲတော်စပ်သူဦးအောင်စိုးရောက် ရှိလာပြီး ၄င်း၏သမီး မအေးအေး သင်းကို ခင်ပွန်းဖြစ်သူကျော်သန်း မှ ဓားဖြင့်ထိုး၍ တောင်တွင်းကြီး ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ နေကြောင်း ပြောပြသိရှိရသဖြင့် ဆေးရုံသို့ လိုက်သွားခဲ့ရာ မအေး အေးသင်း၏ ယာနို့အုံဘေး၊ ယာ နံဘေး၊ နောက်ကျောယာဘက် ခြမ်း၊ နဖူးယာဘက် ခြမ်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသည်ဆို၏။ အဆိုပါ အချင်းမဖြစ်ပွားမီ ထိုနေ့ ည (၇း၀၀) အချိန်ခန့်က ကျော် သန်းမှာ ဇနီးဖြစ်သူ မအေးအေး သင်းကို မိဘများနှင့်အတူ မနေ ဘဲ အိမ်ခွဲနေရန် ပြောကြားရာမှ လင်မယားချင်း စကားများပြီး ကျော်သန်းက ဇနီးဖြစ်သူ မအေး အေးသင်းကို ဓားဖြင့် ထိုးသတ် ခဲ့ကြောင်း မအေးအေးသင်း၏ ဖခင်ဦးအောင်စိုး၊ မိခင်ဒေါ်ကြင် နှင့် မောင်ဖြစ်သူ သန်းထွန်း အောင်တို့၏  ပြောပြချက်အရ သိရသည်ဆို၏။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ညီမတစ်ဝမ်းကွဲတော်စပ်သူ မအေးအေးသင်းကို ဓားဖြင့်ထိုး သတ်သူ ကျော်သန်း (၃၅)နှစ်၊ (ဘ)ဦးထွန်းကြည် ရွှေအိုး (၁) ရပ် ကွက် တောင်တွင်းကြီးမြို့နေသူ ကို ဥပဒေနှင့်အညီ အရေးယူပေး ပါရန် ရာအိမ်မှူး ဦးတင်ဝင်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၁၃၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ ထိုနေ့ည (၈း၁၅)အချိန် အမှု ဖွင့်အရေးယူထားပြီး၊ အမှုစစ် ဒုရဲမှူး တင်မောင်ဆွေက အမှုကို ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ခိုင်မာစွာတည်ဆောက်၍ မကွေး ခရိုင်တရားရုံးသို့ ရဲစွဲချက်အမှတ် ၁၃၈/၂၀၁၃ ဖြင့် ၃၀-၇-၂၀၁၃ ရက်က တရားစွဲတင်ပို့ခဲ့ရာ ခရိုင် တရားရုံးက ပြစ်မှုကြီးအမှတ် ၁၉/၂၀၁၃ ဖြင့် လက်ခံကြားနာ စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် တရားခံ ကျော်သန်းကို ခရိုင် တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့် ထောင်ဒဏ်(၁၀) နှစ်ကျခံစေရန် (၂၀-၂-၂၀၁၄) ရက်တွင် အမိန့်ချမှတ်လိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။    





ဟင်္သာ(တောင်တွင်းကြီး)
Hot News Journal

Apple Siri နောက်ကွယ်က အသံပိုင်ရှင်


၂၀၁၁ ခုနှစ် အောက်တိုဘာလက စလို့ iPhone 4S မှာ Siri ဆိုတဲ့ အသံဖြင့် စေခိုင်း Application တစ်ခု ပါဝင် လာပါတယ်။ ယင်းထဲက အမေရိကန် အသံပိုင်ရှင် ကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ Susan Bennett လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။


သူမဟာ အသံပိုင်းဆိုင်ရာ အနုပညာ ဂီတမှာ ပရော်ဖက်ရှင် လုပ်ကိုင်နေ သူ ဖြစ်ပြီး စာလည်း ပြန်သင် ပါတယ်။ သူမရဲ့ အသံကို Delta Airline လို ကမ္ဘာ့အကြီးဆုံး လေကြောင်းလိုင်းထဲမှ တစ်ခုကလည်း အသုံးပြုခဲ့ ပါတယ်။ ဒါ့အပြင် Coca Cola, McDonald, CN Cartoon, Discovery Channel အစရှိသဖြင့် ကမ္ဘာ့ အကြီးဆုံး အအောင်မြင်ဆုံး ကုမ္မဏီများရဲ့ ကြော်ငြာ၊ စက်ရုပ်လုပ်ငန်း၊ ရုပ်သံ အစီအစဉ် နဲ့ စက်ပစ္စည်း အတော်များများ မှာ ပါဝင်ခဲ့ ပါတယ်။

Apple ရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး Siri မှာ အသံသွင်းပြီးနောက် ဆူဆန် (Susan Bennett ) ဟာ အောင်မြင်တဲ့ အသံ အနုပညာရှင် တစ်ဦး ဖြစ်လာ ခဲ့ ပါတယ်။
.
Ref: wiki
International news for Myanmar

သမ္မတရုံးဝန်ကြီး ဦးစိုးမောင်အား လွှတ်တော်၏ ဂုဏ်သိက္ခာကို ထောက်ထား၍ ဖြေကြားခြင်းပြုရန် လွှတ်တော်ဥက္ကဋ္ဌ သတိပေး


သမ္မတရုံးဝန်ကြီး ဦးစိုးမောင် ပြည်သူ့လွှတ်တော်၌ လာရောက်ဖြေကြားနေသည်ကို ဖေဖော်ဝါရီ ၂၆ ရက် လွှတ်တော်အစည်းအဝေး၌ တွေ့ရစဉ်

လွှတ်တော်သည် ဟန်ပြရုပ်ပြ တည်ဆောက်ထားခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ ဂုဏ်သိက္ခာကိုထောက်ကာ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများ ပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ သတိပေး ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးမင်းဆွေ၏ မေးမြန်းမှုကို သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြားပြီးနောက် ဥက္ကဋ္ဌက ထိုသို့သတိပေး ပြောကြားခဲ့ရခြင်းလည်း ဖြစ်သည်။

ဦးမင်းဆွေက မြန်မာနိုင်ငံမှ သယံဇာတများကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် ထုတ်ယူနေမှုများအပေါ် တာဝန်မဲ့ ဆောင်ရွက်နေသည့် ၀န်ထမ်းများအား မည်ကဲ့သို့ အရေးယူမည်နှင့် ဆုံးရှုံးခဲ့သည့် နိုင်ငံသယံဇာတများနှင့် ပတ်သက်၍ ခိုးထုတ်သွားသည့် ကုမ္ပဏီများထံမှ ပြန်လည်ရရှိရေး ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် အဆိုပါကိစ္စအား မေးခွန်းမေးမြန်းရုံနှင့် မလုံလောက်ဘဲ ပြည်သူများ ပါဝင်ဆောင်ရွက်ရန် ကိုယ်စားလှယ်များအနေဖြင့် စည်းရုံးခြင်း၊ ပူးပေါင်းတားဆီးခြင်းနှင့် တင်ပြကာကွယ်ကြမှသာ ဖြစ်မည်ဟု ထည့်သွင်းပြောကြားသည်။

ဦးမင်းဆွေကလည်း ယင်းသို့ပြောကြားမှုကို ထပ်ဆင့်ပြန်လည်တုံ့ပြန် ပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေးခွန်းမေးမြန်းသည်မှာ လွှတ်တော်ဥက္ကဋ္ဌက မေးသင့်သည်ဟု ထင်မြင်သောကြောင့် ခွင့်ပြုခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့်လည်း ဖြေနိုင်သည်ဟု အကြောင်းပြန်လာသည့်အတွက် အစီအစဉ်တွင် ထည့်သွင်းခြင်းဖြစ်ကြောင်း၊ မေးမြန်းခြင်း၊ ဖြေကြားခြင်းမှာ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်သည် ဆိုသည်ကို နားလည်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်၏ ဂုဏ်သိက္ခာ၊ ဥက္ကဋ္ဌ၏ ဂုဏ်သိက္ခာကို နားလည်လက်ခံ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ်များကဲ့သို့ ကျင့်သုံးဆောင်ရွက်ရန်၊ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း လွှတ်တော်တွင်း၌ ဆောင်ရွက်ရမည့် ကိစ္စများကို တစ်ဖက်နှင့်တစ်ဖက် လေးစားတန်ဖိုးထား ဆောင်ရွက်ရန်လည်း ထည့်သွင်းပြောကြားသည်။

“မေးတဲ့နေရာမှာ မထီတထီ မေးသလို မထီတထီ ဖြေပြီးတော့ တစ်ဖက်ဖက်ကို ဂုဏ်သိက္ခာအားဖြင့် လည်းကောင်း၊ မထီမဲ့မြင်ဖြစ်တဲ့ အဖြစ်မျိုးတွေ မဖြစ်ဖို့ လိုပါတယ်။ ခုနကဖြေသွားတဲ့ နေရာမှာ မေးခွန်းကို မေးခွန်းလိုဖြေပြီးတဲ့ အခါမှာ နောက်ပိုင်းကိစ္စတွေက မလိုဘဲ ဆက်ပြောတဲ့ကိစ္စက တစ်ဖက်နဲ့တစ်ဖက် အထင်လွဲစရာတွေ ရှိပါတယ်။ မေးခွန်းဖြေပြီးပြီပဲ။ ကျန်တဲ့တာဝန်တွေ လုပ်စရာတွေကို ထည့်ပြီးတော့ ပြောစရာ သင့်မသင့် စဉ်းစားဖို့ လိုပါတယ်။ မေးခွန်းကို မေးခွန်းအတိုင်းပဲ ဖြေဖို့နဲ့ ရိုးသားစွာ ပွင့်လင်းစွာဖြေဖို့ပဲ လိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ထို့အပြင် မေးခွန်းမေးမြန်းသူကလည်း မေးခွန်းများမှာ ပြည်သူ့အကျိုး နိုင်ငံအကျိုးအတွက်ဖြစ်ရန်၊ လိုအပ်ပါက လွှတ်တော်ကကူညီရန် လိုအပ်သည်ဆိုသည်ကို သိရှိရန် လိုအပ်ကြောင်း၊ သို့မှသာ ဒီမိုကရေစီစနစ်ကို ပိုမိုပီပြင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံ့အကျိုး ပြည်သူ့အကျိုးအတွက် မဟုတ်ဘဲ မတင်ပြဖို့ လိုအပ်သကဲ့သို့ ဖြေကြားသူ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း တာဝန်အရ ပြန်လည်ဖြေကြားရာတွင် နည်းလမ်းမှန်ကန်စွာနှင့် ပြန်လည်ဖြေကြားရန် လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ပြီး မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

Mizzima Burmese

သမ္မတပေးပို့ထားသည့် မျိုးစောင့်ဥပဒေကိစ္စ လွှတ်တော်တွင် ရှင်းလင်း


အမျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကတဆင့် ဥပဒေကြမ်း တင်ပြ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတက ပေးပို့လာတဲ့ အမျိုးဘာ သာသာသနာဆိုင်ရာ ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတဆီ သ၀ဏ်လွှာ ပြန်လည်ပေးပို့ရာမှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒန္ဒ တိလောကာဘိဝံသ လက်မှတ်ထိုး ပေးပို့ထားတဲ့ ဥပဒေ ၄ ရပ်ကို ဥပဒေပြဋ္ဌာန်းပေးဖို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တာ ဖြစ်ပါတယ်။

ဒီဥပဒေတွေက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။

ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဥပဒေကြမ်း ရေးဆွဲ ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့တာလို့ လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

“သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပေါ့။ ဥပမာ ကိုးကွယ်တဲ့ဘာသာ ကူးပြောင်းရေးဆိုင်ရာ ဥပဒေကျတော့ သာသနာရေးဝန်ကြီးဌာန၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ကျတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လူဦးရေ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေကျတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ အဲဒီဌာနတွေကို ပြန်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနက လူ့အခွင့်အရေးကော်မရှင်နဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ရမယ်ဆိုပြီး သူက သ၀ဏ်လွှာပို့တယ်။”

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)အနေနဲ့ ဒီဥပဒေ ၄ ရပ် ပြဌာန်းပေးဖို့ တနိုင်ငံလုံးရှိ သံဃာတော်တွေအပါအ၀င် နိုင်ငံသား ၁ သန်းကျော်တို့က လက်မှတ်ရေးထိုး ဆန္ဒပြုထားတွေပါ ပူးတွဲ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရဲ့ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်ရှိ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခတွေ ဆက်မဖြစ်ပွားဖို့ ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတယ်လို့ မိန့်ပါတယ်။

“မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ငြိမ်းချမ်းချင်တယ်၊ ဘာသာရေးပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ မဖြစ်ချင်ဘူးဆိုရင် ဒီဥပဒေကို ပြဋ္ဌာန်းပေးလိုက်ရင် မျိုးစောင့်ဥပဒေက ထိန်းသိမ်းသွားပါလိမ့်မယ်။ အဲဒီပဋိပက္ခတွေ မဖြစ်ပေါ်ရေးကို လိုလားမယ်ဆိုရင် ဒီဥပဒေကို ပြဋ္ဌာန်းပေးပါ။ ဘာသာရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ထွန်းချင်တယ်၊ တိုင်းပြည် မငြိမ်မသက်ဖြစ်စေချင်တယ်ဆိုရင် ဒီဥပဒေကို မပြန်ဋ္ဌာန်းပေးပါနဲ့။”

လက်မှတ်ကောက်ခံရာမှာ မြို့နယ်နဲ့ ရပ်ကွက်အဆင့်အထိ ဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွေက ကွင်းဆင်း ကောက်ခံတာ ဖြစ်တယ်။ အခုချိန်ထိ လက်မှတ်ပေါင်း ၄ သန်းလောက် ကောက်ခံ ရရှိထားပြီလို့လဲ မိန့်ပါတယ်။

စာရေးဆရာ ထက်မြက်ကတော့ အခုချိန်မှာ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းဖို့ မလိုအပ်သေးဘူးလို့ ပြောပါတယ်။

“ဒီအမျိုးစောင့်ဥပဒေတင်ရတာကလည်း ပထမတင်တဲ့ ဆရာတော်တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေ ဖတ်ရတဲ့အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပိတ်ပင်သလို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကိုလည်း ထိပါးတယ်လို့ ယုံကြည်ယူဆတယ်။ ယူဆတဲ့အတွက် မျိုးစောင့်ဥပဒေက ဒီကနေ့ အခြေအနေမှာ မလိုအပ်သေးဘူး။ တိုင်းပြည်မှာ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းလောက်တဲ့ ဗုဒ္ဓဘာသာကို ထိပါးမှုတွေ၊ အမျိုးသမီးတွေကလည်း ထင်ရာစိုင်းနေတဲ့ အခြေအနေမျိုးတွေ ရှိတယ်လို့ မယူဆပါဘူး။ ဒါကြောင့် အမျိုးစောင့်ဥပဒေကို အခုချိန်မှာ မပြဋ္ဌာန်းသင့်သေးဘူးလို့ ယုံကြည်ပါတယ်။”

သမ္မတရဲ့ စာထဲမှာ ဥပဒေ ၄ ခုပြဌာန်းရေးကိစ္စဟာ အင်မတန် နက်နဲသိမ်မွေ့တဲ့ ဘာသာ သာသနာရေးကိစ္စရပ်တွေ ဖြစ်တယ်။ ဖွဲ့စည်းပုံမှာ ဖော်ပြမထားတဲ့ ကိစ္စရပ်တွေလဲ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

DVB Burmese