သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်



သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစားအစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။

ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

MWD

တစ်ကိုယ်လုံး မီးစွဲလောင်မည့်ဘေးမှ လွတ်မြောက်ခဲ့သည့် ဘောလုံးပရိသတ်




လုံခြုံရေး အရာရှိက ဆိုးသွမ်းပရိသတ်များကို ဟန့်တားရာတွင် အသုံးပြုသည့် ငရုတ်ကောင်းရည်ဘူးဖြင့် လှမ်း၍ ပက်ဖျန်းလိုက်ရာ အဆိုပါ ငရုတ်ရည်ငွေ့သည် မီးရှူးနှင့် ပေါင်းစပ်ပြီး လူတစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည့် မီးဘောလုံးကြီးအသွင် ကူးပြောင်းသွား ပိုလန်နိုင်ငံတွင် မီးရှူးကိုင်၍ သောင်းကျန်းနေသော ဘောလုံးပရိသတ် တစ်ဦးသည် တစ်ကိုယ်လုံး မီးစွဲလောင်မည့် အခြေအနေမျိုးမှ ကံသီစွာ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ် အကုန်က ပိုလန်အဆင့်မြင့်တန်း ပြိုင်ပွဲတွင် ဆလက်စ်ဝရိုစကောနှင့် ဇာဂလီဘီလူဘင် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပရိသတ်များက မီးရှူးများ ကိုင်ဆောင်ကာ အားပေးခဲ့ကြသည်။ ယင်းတို့အနက် လွန်လွန်ကဲကဲ ရှိလှသည့် ပရိသတ် တစ်ဦးသည် မီးရှူးတစ်ခုကို ကိုင်ဆောင်ရင် ပွဲကြည့်စင်ပေါ် တင်ထားသည့် သံဆန်ကာကို ကျော်တက်ရန် ကြိုးစားလာခဲ့သည်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် တစ်ဦးက ထိုသို့မပြုလုပ်ရန် ပြောဆိုသော်လည်း အဆိုပါ ပရိသတ်က ဂရုမမူခဲ့ချေ။ ထို့ကြောင့်လည်း လုံခြုံရေး အရာရှိက ဆိုးသွမ်းပရိသတ်များကို ဟန့်တားရာတွင် အသုံးပြုသည့် ငရုတ်ကောင်းရည်ဘူးဖြင့် လှမ်း၍ ပက်ဖျန်းလိုက်သည်။ သို့သော်လည်း အဆိုပါ ငရုတ်ရည်ငွေ့သည် မီးရှူးနှင့် ပေါင်းစပ်ပြီး လူတစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည့် မီးဘောလုံးကြီးအသွင် ကူးပြောင်းသွားသည်။ ကံကောင်းထောက်မသဖြင့် ယင်းမီးတောက်ကြီးသည် ဆက်လက်တည်မြဲ ကူးစက်ခြင်း မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

သတင်းမီဒီယာ အချို့သည် အဆိုပါ ထိတ်လန့်အံ့ဩဖွယ် ပုံရိပ်ကို အမိအရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားနိုင်ခဲ့သည်။ ထိုပရိသတ်သည် အလွန်တုန်လှုပ်သွားဟန်ဖြင့် သံဆန်ခါပေါ်မှ ဆင်းပြေးကာ အခြားပရိသတ်များကြား ရောနှော ပျောက်ကွယ်သွားသည်။ ၎င်းအနေဖြင့် မည်သည့် ထိခိုက်မှုမျိုးမျှ ရှိခဲ့ဟန် မတူကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

planet

မြို့တွင်းနှင့် နီးကပ်သော မြို့နယ်များမှ တိုက်ခန်းများ ဈေးတိုးမြင့်လာ




ရန်ကုန်မြို့၏ အိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အိမ်ခြံမြေ အကျိုးဆောင်များကို အလုပ်ဖြစ်စေပြီး အနီး အနားတွင် ရှိနေသည့် မြေကွက်များ၏ ဈေးနှုန်းကိုလည်း မြင့်တက်လာစေသည့် အပြင် မြို့တွင်းနှင့် နီးစပ်သော မြို့နယ်များမှ တိုက်ခန်းများပါ ဈေးတိုးမြင့်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

အိမ်ရာ စီမံကိန်းများကို မြို့စွန် ဧရိယာများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး အိမ်ရာ စီမံကိန်းများကြောင့် စီမံကိန်း ပတ်ဝန်းကျင်ရှိ မြေကွက်ဈေးများသည် အဆမတန် မြင့်တက်လျက်ရှိကြောင်း၊ အိမ်ရာ စီမံကိန်းများသည် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများထဲမှ တစ်ခုဖြစ်ပြီး မူလက လယ်မြေအဖြစ် တည်ရှိခဲ့သော မြေပေါ်တွင် စီမံကိန်း အခြေစိုက် ထားခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်ရာများ၏ ဈေးနှုန်း သတ်မှတ်ချက် ဂယက်ကြောင့် အိမ်ခြံမြေ အကျိုးဆောင် ဈေးကွက်တွင် မြို့တွင်းနှင့် နီးစပ်သော မြို့နယ်များတွင်ရှိသော တိုက်ခန်းများကိုပါ ဈေးတိုးမြှင့်ခေါ်ယူ ရောင်းချမှုများ ရှိလာကြောင်း အဆိုပါ အကျိုးဆောင်များ အသိုင်းအဝိုင်းမှ သိရသည်။

''တန်ဖိုးမျှတ အိမ်ရာက အနိမ့်ဆုံး ၂၃၇ သိန်းကနေ အမြင့်ဆုံး ၃၂၉ သိန်းဆိုတော့ ကျန်တဲ့ တိုက်ခန်းတွေရဲ့ ဈေးကိုပါ ဆွဲတင် လိုက်ကြတယ်။ အရင်က တာမွေတို့၊ မင်္ဂလာတောင်ညွန့်တို့က တိုက်ခန်းတွေက အဲဒီလောက် ဈေးမပေါက်ဘူးလေ။ ဒါပေမဲ့ တန်ဖိုးမျှတ အိမ်ရာက အဲဒီလောက် ဈေးဆိုတော့ ကျန်တာ တွေလည်း ဆွဲတင်ကြတာပေါ့'' ဟု အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အခြေခံ လူတန်းစားနှင့် လူလတ်တန်းစားများ၏ ဝင်ငွေမှာ နည်းပါးလျက်ရှိပြီး စားဝတ်နေ ရေးစရိတ်များမှာ ဝင်ငွေနှင့် နှိုင်းယှဉ်လျှင် လွန်စွာ ကြီးမြင့်လျက် ရှိသည်။ အထူးသဖြင့် နေထိုင်စရိတ် ဖြစ်သည့် အိမ်ခြံမြေ ဈေးနှုန်းများမှာ အကျမရှိဘဲ တိုးတက်လာနေသဖြင့် နေထိုင်စရိတ်မှာ ပိုမိုကြီးမြင့်လာ နေကြောင်း သိရသည်။

မြ၀တီ

အင်ဂျင်ခန်းအပူရှိန်လွန်ကဲရာမှ မော်တော်ယာဉ်မီးလောင်မှုဖြစ်



ရန်ကုန်၊ ဧပြီ ၃၀

၃၀.၄.၂၀၁၄ ရက်နေ့ ၁၀၃၅ အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့မ
ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊(၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် ယာဉ်(၁)စီးမီးလောင်နေကြောင်းသတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်အတူသွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်း နိုင်လင်းသိန်း၊ (၂၃)နှစ်၊ (ဘ)ဦးမြင့်သိန်း၊ အလုံမြို့နယ်နေသူသည် ၄စ/---၊Toyota Porte ခဲရောင် ကိုယ်ပိုင်ယာဉ်အား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းအတိုင်း (၇/၈)လမ်းဆုံဘက်မှ ဒဂုံတက္ကသိုလ်ဘက်သို့
မောင်းနှင်လာစဉ် ၁၀၃၀ အချိန် ဗိုလ်စောနောင်လမ်းထိပ်အရောက် အင်ဂျင်အပူရှိန်လွန်ကဲပြီး အင်ဂျင်ခန်းအတွင်းမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ၁၀၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါယာဉ်မီးလောင်မှုကြောင့် ယာဉ်၏အင်ဂျင်ခန်းပျက်စီးကာ တန်ဖိုး
ငွေကျပ်(၂)သိန်းခန့်ဆုံးရှုံးသွားကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ
နိုင်လင်းသိန်းအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ)၂၂၄/၂၀၁၄၊
ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပဋိပက္ခများ ဖြေရှင်းရန် အစိုးရနှင့် ကေအိုင်အို မြစ်ကြီးနားတွင် သီးသန့်တွေ့မည်



ရန်ကုန်၊ ဧပြီ ၂၉

တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သော ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကို ဖြေရှင်းနိုင်ရန် အတွက် မေလ ဒုတိယပတ်အတွင်း မြစ်ကြီးနားတွင် သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

နှစ်ဖက်တိုက်ပွဲ များကြောင့် ယင်းသို့ တွေ့ဆုံရန် ကေအိုင်အိုက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ ကမ်းလှမ်းခဲ့သဖြင့် တွေ့ဆုံရန် အသေးစိတ်ကို ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“မေလ ၁၀ ရက်နေ့မှာ မြစ်ကြီးနားမှာ တွေ့ဖို့ ကေအိုင်အိုက ကမ်းလှမ်းတယ်။ အဲဒီရက်က အာဆီယံ ထိပ်သီး အစည်းအဝေး ရှိနေတော့ ၁၀ ရက် နောက်ပိုင်းမှတွေ့ဖို့ အကြောင်းပြန်ထားတယ်” ဟု ၎င်းကရှင်းပြသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းနေစဉ် နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် အစိုးရနှင့် သီးသန့်တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး လေ့လာသူအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု (NCCT) အပါအဝင် ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ နမ်ဘီးယားနှင့် တရုတ်နိုင်ငံမှ ငြိမ်းချမ်းရေး လေ့လာသူ တို့ကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း ကေအိုင်အို အဖွဲ့ထံမှ သိရသည်။

အစိုးရနှင့် ကေအိုင်အိုအကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ဆက်နွှယ်နေသဖြင့် ကေအိုင်အို၏ ဖိတ်ကြားချက်အပေါ် မူတည်ကာ ပါဝင် တက်ရောက်သွားမည် ဖြစ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

“အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်းပြီး ဖြေရှင်းပေးရမယ့် တာဝန်ရှိပါတယ်” ဟု ဦးနိုင်ဟံသာက ပြောဆိုသည်။

အစိုးရနှင့် ကေအိုင်အိုအဖွဲ့များ ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု မရသေးဘဲ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်၌ နောက်ဆုံး အကြိမ်အဖြစ် သီးသန့် တွေ့ဆုံ ထားပြီး နှစ်ဖက် သဘောတူညီချက်အရ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေး များလည်း ကျင်းပနိုင်ခဲ့သည်။

တပ်မတော်နှင့် ကေအိုင်အေအကြား ဧပြီလဆန်း တိုက်ပွဲများကြောင့် တပ်မတော် အရာရှိတစ်ဦး အပါအဝင် စစ်သည် ဆယ်ဦးခန့် ကျဆုံးခဲ့ပြီး ကေအိုင်အေ အဖွဲ့တွင်လည်း ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း နှစ်ဖက် ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

ဗိုလ်ချုပ်မှူးကြီးစောမောင် အနားပေး ခံရချိန်အထိ အတူရှိနေခဲ့သော ရဲဘော်ဟောင်းတစ်ဦး၏ ပြန်လည်ပြောပြချက်


Q - ဗိုလ်ချုပ်မှူးကြီးစောမောင် အနားယူတဲ့ အချိန်အထိ ရုံးမှာရှိခဲ့တာဆိုတော့ နိုင်ငံ့ အကြီးအကဲ တစ်ယောက်ကို အနီးကပ် မြင်ခဲ့ရတဲ့အစ်ကို့ အမြင်လေး ပြောပြပေးပါ။
A - ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တဲ့အချိန်အထိ ၃ နှစ်လောက်အနီးကပ်နေခဲ့ရတာပါ။ ဆရာတပည့်လို ဆိုတာထက် သားသမီးလိုနေခဲ့ရတာများပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အရမ်းရိုးဖြောင့်တယ်။ စစ်သားစိတ်အပြည့်ရှိတဲ့သူ။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောတယ်။ သံယောဇဉ်သိပ်ကြီးတယ်။

Q - ဗိုလ်ချုပ်မှူးကြီးက စာသိပ်ဖတ်တယ်လို့သိရပါတယ်။ တစ်နေ့ကို သုံး လေးနာရီလောက်ပဲအိပ်တယ်လို့လည်း ကြားဖူးတယ်။
A - ဟုတ်ပါတယ်။ မနက် ၈း၃၀ ဆိုရင် ၇ုံးရောက်ပြီ။ ရောက်တာနဲ့စာဖတ်တယ်။ တစ်ခုပြောစရာရှိတာက စာဖတ်ရင်း အဘကဆေးလိပ်သောက်တတ်တယ်။ စီးကရက်မသောက်ဘူး။ မန္တလေးသားဆိုတော့ နဂါးဒေါ်ဥဆေးပေါ့လိပ်ပဲ သောက်တယ်။ စာထဲစိတ်ရောက်သွားရင် ဆေးလိပ်မီးပေါက်တာတောင်မသိဘူး။ တစ်ပတ်ကို အဘရဲ့အကျီဆေးလိပ် မီးပေါက်ဖာရတာ ၄၊ ၅ ပေါက်ပဲ။ ယောက်လမ်းထဲကဆိုင်မှာ။ ထမင်းစားချိန်ဆို ဒုချုပ်(ဗိုလ်ချုပ်ကြီးသန်းရွှေပေါ့) ဆီသွားပြီး ထမင်းစားတယ်။ ၁၂း၃၀ လောက်ပြန်လာပြီး ဝင်စာတွေဖတ်မယ်။ ရုံးခန်းထဲမှာ စာအုပ်ဗီရို ၁၁ လုံးရှိတယ်။ ဘယ်ဗီ၇ိုမှာ ဘာစာအုပ်ရှိတယ်ဆိုတာသူသိတယ်။

Q - လုပ်ဖော်ကိုင်ဖက်တွေကလည်းသူ့အပေါ်လေးစားချစ်ခင်ကြတယ်လို့ကြားမိပါတယ်။
A - ဘယ်တော့မှအာဏာနဲ့ခိုင်းတာပြောတာမရှိဘူး။ အားလုံးက လေးစားကြည်ညိုကြပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ဆို တစ်နေ့ ၂ ခါ ၃ ခါ လာတွေ့တယ်။ ဗိုလ်ချုပ်ကြီးချစ်ဆွေဆိုရင် ရုံးခန်းကနီးနီးလေးဗျ။ ရုံးခန်းထဲကထွက်လာရင် ကျွန်တော်တို့ကိုလှမ်းမေးတယ်။ ဗိုလ်ချုပ်မှူးကြီးရှိတယ်ရင် ဘယ်တော့မှ ၇ုံးခန်းရှေ့ကဖြတ်မလျှောက်ဘူး။ ဒါ ကျွန်တော်တို့ ကြုံခဲ့ရသလောက်ပေါ့။

Q - အနားပေးလိုက်တဲ့အချိန်မှာ ဘယ်မှာရှိနေတာလဲ။ အကျယ်ချုပ်လိုလို ထိန်းသိမ်းလိုက်တယ်လိုလိုပဲ ကြားရခဲ့ရတာ ဆိုတော့။
A - အနားပေးလိုက်တဲ့အချိန်မှာ ဒဂုံရိပ်သာ ကာကွယ်ရေးဝန်ကြီးဌာနကတပ်မတော်ဂေဟာမှာပါပဲ။ စစ်ရုံးနဲ့လည်းနီးတယ်လေ။ အဲဒီအချိန်တုန်းက ပိုင်ဆိုင်မှုကအရမ်းနည်းပါတယ်။ နိုင်ငံတော်ကပေးထားတဲ့ ငွေကြာရံကအိမ်တစ်လုံးရယ် ဆာကူရာတာဝါ မှာအခန်းတစ်ခန်းရယ် ဒါပဲ၇ှိတယ်။ သားသမီးတွေဆိုရင်လည်း သိမ်သိမ်မွေ့မွေ့နေကြတာပဲ။ အကြီးဆုံးကိုသီဟစောက MOFA မှာ။ သမီးလတ် မချို (မကေသီစော) က ဆရာဝန်ဗိုလ်ကြီး။ ကိုသူရစောက ကွန်ပျူတာလုပ်ငန်းလုပ်တယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ဇနီး ဒေါ်စောရီဆို ဘယ်လောက်ချစ်ဖို့ကောင်းသလဲဆိုရင် ကျွန်တော်တို့ရဲဘော်သားသမီးတွေကို ကိုယ်တိုင် ထမင်းချက်ကျွေးတာ။ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုလိုနေခဲ့ရတာ။ ရဲဘော်တွေနဲ့တောင် လက်ပွန်းတတီးနေကြတာလေ။

Q - ဗိုလ်ချုပ်မှူးကြီးဖတ်တဲ့စာတွေထဲမှာ ဘယ်လိုစာမျိုးတွေအများဆုံးပါလဲအစ်ကို။
A - ၉၀ ပတ်ဝန်းကျင်ဆိုတော့ဗျာ ရွေးကောက်ပွဲနဲ့ပတ်သက်တာ နိုင်ငံရေးနဲ့ပတ်သက်တာတွေအများဆုံးဖတ်တယ်။ အဲဒီတုန်းကစာပေစိစစ်က ဒုဝန်ကြီးဦးစိုးညွှန့်က ထွက်သမျှစာအုပ်တွေပို့ပေးတယ်။ အားလုံးဖတ်တယ်။

Q - တစ်ဘက်က နိုင်ငံတော်တာဝန်တွေ ရှိတယ်။ တစ်ဘက်မှာ မိသားစု၇ှိတယ်။ အဲဒီကြားမှာ ဘယ်လိုဖြတ်သန်းခဲ့တာမြင်လဲ။
A - ၈၈ ခုနှစ်နောက်ပိုင်းမှာ မိသားစုနဲ့အချိန်ပေးတာအရမ်းနည်းပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကာလမှာ ၇ုံးမှာပဲ အိပ်ဖြစ်တာများတယ်။ ၉၀ ခုနှစ်နောက်ပိုင်းကျမှ အိမ်ပြန်အိပ်တာ။ ကျန်းမာရေးလည်း နည်းနည်းဖြစ်နေပြီ။ သွေးတိုး၊ နှလုံးနဲ့ ကျောက်ကပ်ပေါ့။ ဗိုလ်မှူးရဲသွေးတို့ အနီးကပ်ကြည့်နေရပြီပေါ့။

Q - ဗိုလ်ချုပ်မှူးကြီးပြောခဲ့သမျှထဲမှာ သမိုင်းတွင်ခဲ့တဲ့စကားပေါ့။ စစ်တန်းလျားပြန်မယ်ဆိုတာ။ အဲဒါနဲ့ပတ်သက်ပြီးတော့
A - သူကအောက်ခြေစစ်သားဘဝကလာတာဆိုတော့ တကယ့်ကိုစစ်သားစစ်စစ်ကြီးပေါ့။ နိုင်ငံေ၇းသမားမဟုတ်ဘူး။ သူ အမြဲပြောလေ့ရှိတယ်။ ငါ့ကွာ ရန်သူ့နယ်မြေမှာ ဘယ်လိုသေမလဲဆိုပြီး နေခဲ့ တိုက်ခဲ့ရတာ။ ဒီလိုအခြေအနေဖြစ်လာ လိမ့်မယ်လို့မတွေးမိပါဘူး။ သမတလည်းမလုပ်ချင်ဘူး။ ဝန်ကြီးချုပ်လည်းမလုပ်ချင်ဘူး။ စစ်သားပဲလုပ်ချင်တယ်။ေ၇ွးကောက်ပွဲပြီးရင်တော့ လုပ်စရာရှိတာလုပ်ပြီး စစ်တန်းလျားပဲပြန်မယ်ကွာတဲ့။ မိန့်ခွန်းတွေထဲမှာလည်းပါ ပါတယ်။ ရုံးမှာလည်းပြောလေ့ရှိတယ်။

Q - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုသဘောထားမျိုးရှိခဲ့တယ်လို့အစ်ကိုထင်လဲ။
A - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့သိရသလောက်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုပြီး တပ်မတော်ရဲ့မိသားစုဝင်တစ်ယောက်လိုပဲ သဘောထားခဲ့တယ်လို့ကျွန်တော်ထင်တယ်။ ခေါ်တာတောင်မ ကလေးမလေး၊ သူငယ်မလေး ဆိုပြီးပဲခေါ်တာ။ အဲဒီအချိန်တုန်းကဆိုရင် အားလုံးအသိပဲ။ ရွေးကောက်ပွဲကာလ နိုင်ငံတကာဖိအားတွေ ရှိတယ်။ ပြည်တွင်းဖိအားတွေရှိတယ်။ ပါတီတွေနဲ့နိုင်ငံေ၇းအင်အားစုတွေရဲ့ စိန်ခေါ်မှုတွေရှိတယ်။ ပြည်တွင်းထိုးစစ်တွေ ရှိတယ်။ ၉၁ - ၉၂ မှာဆိုရင် ၇ိုဟင်ဂျာပြသနာပေါ်ခဲ့သေးတယ်။ အခုမှပေါ်တာမဟုတ်ဘူး။ အဲဒီတုန်းက ဗိုလ်ချုပ်ဝင်းမြင့်က နမခတိုင်းမှူးပေါ့။ အဲဒီလိုအချိန်မှာဒေါ်စုတို့က တစ်ခုခုလုပ်ပြီဆိုရင် `ဒီသူငယ်မလေးကတော့လုပ်ပြန်ပြီ အလုပ်တော့ရှုတ် ဦးတော့မယ်´ ဆိုပြီးပြောတတ်တယ်။ သူ့မိန့်ခွန်းတစ်ခုထဲမှာလည်းပါတယ်။ `အမိန့်အာဏာဟူသမျှဖီဆန်ကြတဲ့။ သိပ်မှား တယ်။ ကျွန်တော်ကို ပြောခွင့်ပြုပါ။ ကျွန်တော်အာဃာတနဲ့ပြောတာမဟုတ်ဘူးဆိုတာ အစောကြီးကတည်းကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကျွန်တော်ပြောတယ်။ မှန်ပါတယ်။ ဒေါ်ခင်ကြည်ဆုံးတုန်းက အန်ကယ်ရယ်မကြိုက်ရင် မကြိုက်ဘူးပြောပါ။ အဲဒါဆိုရင် ကျွန်တော်အခုပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အဲဒါမလုပ်ပါနဲ့။ ၂/၈၈ ကိုလည်း မထိပါနဲ့ဦး။ ၈/၈၈ ကိုလည်းမထိပါနဲ့ဦး။ ပုံနှိပ်ထုတ်ဝေရေးနဲ့ပတ်သက်လို့လည်း ခဏလိုက်နာပါဦး´တဲ့။ ဒါ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာပြောခဲ့တာပါ။ သူ့မှာ ဖိအားတွေအရမ်းများခဲ့ပါတယ်။ အဲဒီဖိအားတွေကြောင့်ပဲ ကျန်းမာရေးထိခိုက်ခဲ့တာပါ။

Q - ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တာနဲ့ပတ်သက်ပြီး အဲဒီတုန်းက ကောလာဟလတွေအများကြီးထွက်ခဲ့တယ်။ အဲဒီအပေါ်မှာအစ်ကိုသိသလောက်ပြောပြပေးပါဦး။
A - ပြောရမယ်ဆိုရင်တော့ ကျွန်တော့်အမြင်ပေါ့ မှားချင်လည်းမှားနိုင်ပါတယ်။ အဲဒီတုန်းက တပ်ခေါင်းဆောင်တွေကြားမှာ စီးပွားရေးကိစတွေဘာတွေမရှိသေးဘူး။ ငွေရေးကြေးရေးကိစတွေမရှိဘူး။ အပြိုင်အဆိုင်ဆိုတာမရှိဘူး။ သူ့ကိုအားလုံးက လေးလေးစားစားဆက်ဆံကြတယ်။ အကွဲအပြဲဆိုတာ နေရာလုတာ အာဏာလုတာမရှိဘူးလို့ထင်တယ်။ အဓိကအချက်က ဖိအားတွေများပြီး ကျန်းမာရေးထိခိုက်လာခဲ့တယ်။ နောက်ပိုင်းပိုပြီးဆိုးလာတယ်။ Golf တောင်မရိုက်နိုင်တော့ဘူး။ PSO တွေတောင်အိမ်မလာခိုင်းတာ။ ပြီးတော့အမြဲစိတ်တိုနေတတ်တယ်။ ဒါကြောင့်ကျန်းမာရေးအရအနားပေးလိုက်တာပါ။ ဒါအမှန်ပါပဲ။ အနားပေးလိုက်တော့ ကျွန်တော်တို့မျက်ရည်တောင်ကျခဲ့ရတယ်။

Q - အနားပေးလိုက်တဲ့နေ့ကအခြေအနေနဲ့ပတ်သက်ပြီး မှတ်မိသလောက်ပြောလို့ရမလားအစ်ကို။
A - ၁၉၉၂ ခုနှစ်၊ ဧပြီလပေါ့။ သင်္ကြန်၇ုံးပိတ်ရက်တွေမှာ ကျွန်တော်တို့ဗိုလ်ချုပ်မှူးကြီးရဲ့၇ုံးခန်းကိုပြင်ကြ ဆင်ကြပေါ့။ သင်္ကြန်အပြီးမှာ ဗိုလ်ချုပ်မှူးကြီးက၇ုံးမတက်နိုင်တော့ဘူး အဲဒီအချိန်အိမ်မှာ ဆရာဝန်ကအနားယူဖို့ပြောထားလို့။ အနားပေး လိုက်ပြီဆိုတဲ့အမိန့်စာကို ဗိုလ်ချုပ်ကြီးခင်ညွှန့်ကအိမ်ကိုသွားပေးခဲ့တာလို့သိရတယ်။ ကျွန်တော်တို့၇ုံးအဖွဲ့တွေကိုတော့ စစ်ဆင်ရေးက G1 ကြီး၊ အခုသမတကြီးဦးသိန်းစိန်ပေါ့။ လာပြီးတော့ပြောတယ်။ ရဲဘော်တို့ကိုယ်လုပ်စရာရှိတာဆက်လုပ်ပေါ့။ စစ်သားစစ်သားအလုပ်လုပ်ရမယ်ပေါ့။ နောက်ကျွန်တော်တို့လည်း စစ်ဆင်ရေးဘက်ရောက်၊ အဲဒီကနေ ထလရ နောက် ပင်စင်ယူပြီး အခုတော့ လူမူရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေပဲလုပ်တော့တယ်။ အနားပေးပြီးနောက်ပိုင်း ကိုသူရစော နဲ့တွေ့ဖြစ်တာကလွဲလို့ ဗိုလ်ချုပ်မှူးကြီးမိသားစုနဲ့ထပ်မဆုံဖြစ်တော့ဘူး။

နဒီလှိုင်(IR)တွေ့ဆုံမေးမြန်းသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

နေရေးအခက်ကြောင့် အသက်နှင့်လဲ ထွက်ပေါက်ရှာသောအခါ



မြန်မာနိုင်ငံတွင် ကျောချစရာနေရာ တစ်နေရာအတွက် အိမ်ငှားခ မပေးနိုင်သောကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်သွားမှုမျိုး ဖြစ်ခဲ့ပြီ ဖြစ်သည်။ အိမ်ပိုင်ရှင်အား အိမ်ခန်းငှားခပေးရန် သတ်မှတ်ရက် ပြည့်သည့်နေ့တွင် အိမ်ငှားနေထိုင်သည့် အသက်(၇၂)နှစ်အရွယ် အဘိုးဦးလှရွှေ(နာမည်ပြောင်း)တစ်ယောက်  အိမ်ငှားခမတတ်နိုင်တော့၍ နေအိမ်ထုပ်တန်းတွင် ဆွဲကြိုးချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတစ်ခု တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်တွင် ဧပြီ ၁၈ ရက်က ဖြစ်ပွားခဲ့သည်။

ထိုသေဆုံးမှုသည် အိမ်ငှားခမပေးနိုင်သောကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေမှု ပထမဆုံးအကြိမ်မဟုတ်ပါ။ ၂၀၁၄ နှစ်ဦးပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း အဘိုးအိုတစ်ယောက် အိမ်ငှားခမပေးနိုင်၍ ဆွဲကြိုးချသေဆုံးမှုဖြစ်ခဲ့ပါသည်။

အိမ်ငှားခမပေးနိုင်သောကြောင့် ရက်စေ့သည့်နေ့တွင် ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချ၍ သတ်သေသည့်အမှုမှာ ၂၀၁၄ ခုနှစ်အတွင်း သိသာထင်ရှားသော အမှုနှစ်မှုရှိသွားပြီဖြစ်သည်။ ထို့အပြင် အိမ်ငှားခပြဿနာဖြင့်ပင် လင်မယားချင်းစကားများကာ မောင်းနှင်လာသည့် ရထားအောက်ပြေးဝင်၍ သေဆုံးမှုမျိုးလည်း ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သေမှုသေခင်းဖွင့်တဲ့ အမှုတချို့ကို အသေးစိတ်စစ်ကြည့်တော့ စားဝတ်နေရေးကျပ်တည်းပြီး နည်းအမျိုးမျိုးနဲ့ထွက်ပေါက်ရှာကြတာ။ လာနေတဲ့ ရထားအောက်ပြေးဝင်ပြီး သေဆုံးမှုမျိုးတွေဖြစ်လာတော့ အထက်ဌာနတွေနဲ့ သီးသန့်အစည်းအဝေးထိုင်ဖြစ်တယ်။ ဥပမာ-ရပ်ကွက်တွေနဲ့ ထိစပ်နေတဲ့ ရထားလမ်းတွေကို သံဆန်ခါကာပေးဖို့နဲ့ ပညာပေးစာစောင်ကပ်ဖို့တွေ အကောင်အထည်ဖော်သွားမယ်’’ဟု အဆိုပါရဲအရာရှိကပြောသည်။

လက်ရှိဖြစ်ပေါ်နေသော အိမ်ငှားခဈေးနှုန်းများသည် စားဝတ်နေရေးအတွက် နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနေရသည့် အခြေခံလူတန်းစားများအတွက် အဓိက၀န်ထုပ်ဝန်ပိုးဖြစ်နေသည်။ နေ့စဉ်ဝင်ငွေ၏ ရာခိုင်နှုန်းအများစုမှာ အခြားအရေးအားလုံးတွင် သုံးရသော ငွေစုစုပေါင်းထက် နေရေးတစ်ခုတည်းတွင် အသုံးပြုနေရသည်။

‘‘အိမ်လခမပေးနိုင်တော့ရင် ဆင်းပေးရမယ်လို့ အိမ်ရှင်က ပြောပြီးနောက်နေ့မှာ အဘက သူ့ကိုယ်သူ ဆွဲကြိုးချသတ်သေသွားတာ’’ဟု တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက်တွင် နေထိုင်သော သေဆုံးသူအဘိုးအိုနှင့် အိမ်နီးချင်းကိုမြမောင်ကပြောပါသည်။

အိမ်ရှင်က ပုံမှန်အတိုင်း ပြောဆိုသတိပေးသွားခြင်း ဖြစ်သော်လည်း ပေးစရာငွေမရှိ၊ နေစရာအိမ်မရှိသော တစ်ကိုယ်တည်းနေ သက်ကြီးရွယ်အို အဘဦးလှရွှေကတော့ တမလွန်က မသေချာသောနေရာသို့ လည်ပင်းကြိုးကွင်းစွပ်လျက် ထွက်သွားခဲ့သည်။

ဦးလှရွှေပေးရန်မရှိခဲ့သည့် အိမ်ငှားခမှာ တစ်လလျှင် မြန်မာငွေကျပ်တစ်သောင်းခွဲဖြစ်ပြီး ၎င်းနေထိုင်ရာအိမ်မှာလည်း ဆယ်ပေခန့်သာကျယ်သည့် ယိုင်လုလုတဲအိမ်ဖြစ်ပါသည်။

ဦးလှရွှေနေထိုင်ခဲ့ရာ တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက်တွင် အိမ်ငှားနေထိုင်သူများစွာရှိပြီး ၎င်းတို့တွင်လည်း အိမ်ပိုင်မရှိသူများအား ဈေးကွက်ထဲတွင် တစ်ဖက်သတ် အနိုင်ပိုင်းထားသည့် အိမ်လခပေးချေနိုင်ရန်အတွက် အခက်အခဲပေါင်းစုံရှိနေသည်။

‘‘ပိုက်ဆံမရှိတော့လည်း အိမ်ငှားဘ၀နဲ့ နပန်းလုံးနေရတာ။ ထမင်းတစ်လုတ်စားရတော်ပြီဆိုပြီး အိမ်ငှားခကို အလျဉ်မီအောင် ပေးနေရတာပေါ့။ မပေးနိုင်ရင် ဆင်းပေးရမှာလေ’’ ဟု တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက် မြိုင်တန်းသာ (၂)လမ်းနေ ဒေါ်ကြိုင်ကြိုင်ကပြောသည်။

ဒေါ်ကြိုင်ကြိုင်တို့အိမ်တွင် မိသားစုဝင်ငါးယောက်ရှိပြီး အိမ်ဆေးသုတ်သည့် အလုပ်လုပ်ကိုင်နေသည့် ယောက်ျားဖြစ်သူ၏ တစ်နေ့ဝင်ငွေ ၇,၀၀၀ ကျပ်ဖြင့် လုံလောက်အောင် သုံးစွဲနေရခြင်းဖြစ်သည်။ ဒေါ်ကြိုင်ကြိုင်ငှားနေသည့် အလျား ၁၀ ပေ၊ အနံ ပေ ၂၀ ရှိသော သွပ်မိုးပျဉ်ထောင်အိမ်မှာ တစ်လလျှင် လေးသောင်းကျပ်ဖြင့် ခြောက်လစာချုပ်ချုပ်ကာ နေထိုင်ခြင်းဖြစ်သည်။

‘‘အိမ်ငှားစာချုပ်ချုပ်တုန်းက ခြောက်လစာ ပိုက်ဆံမရှိလို့ ဆွဲကြိုးလေးသွားရောင်းပြီး ပေးခဲ့ရတာ။ ဒီဘက်မှာ အလုပ်အကိုင်လည်းရှားတယ်။ သွားရေး၊ လာရေးလည်း ခက်တယ်။ ဒါပေမဲ့ အိမ်ငှားခနည်းနည်းသက်သာတဲ့နေရာ လိုက်ရွေးနေရတာ။ ဒီမှာ ဈေးမြင့်လာရင် နောက်ထပ်တစ်နေရာရှာရမှာပဲ’’ဟု ၎င်းကပြောသည်။

‘‘အိမ်ငှားသံသရာ ဘယ်လောက်ရှည်နေပြီလဲဆိုရင် ရွာက အမျိုးတွေနဲ့တောင် ဆွေခန်းမျိုးခန်းပြတ်တဲ့အထိပဲ။ ကိုယ်တွေက ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်နေတာလေ။ ရွာကလူတွေ ဘယ်လိုလုပ်ရှာနိုင်တော့မလဲ’’ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်နှစ်နေခဲ့ပြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အနီး ၁၅ ရပ်ကွက်သို့ ပြောင်းလာသူ ဦးလွန်းမြင့်ကပြောသည်။

လူဦးရေ သန်း ၆၀ ကျော်ရှိပြီး မြေနေရာကျယ်ဝန်းသော မြန်မာနိုင်ငံတွင် မြေဧရိယာနှင့်မျှတသော လူဦးရေရှိသော်လည်း အလုပ်အကိုင်အခွင့်အလမ်းပေါသည်ဟု ယူဆကြကာ စီးပွားရေးမြို့တော် ရန်ကုန်သို့ ဒေသအနှံ့မှ စုပြုံရောက်ရှိနေကြသည်။ ရှိနေသည့် အဆောက်အအုံအိမ်ရာနှင့် လူဦးရေမှာ မျှတမှုမရှိဘဲ အိမ်ရာနည်းပါးနေခြင်းက အိမ်ငှားဈေးကွက်တွင် အိမ်ပိုင်ရှင်တို့ အောင်ပွဲခံနေနိုင်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်နေသည်။

ငွေကြေးအတော်အသင့် တတ်နိုင်သူများက မြေလွတ်များဝယ်၍ ဈေးပေါပေါနှင့်ရသော သစ်အဟောင်းများဖြင့် ၁၀ ပေ (သို့) ပေ ၂၀ ခန့်ကျယ်သည့် အိမ်များ ပြီးစလွယ်ဆောက်၍ အိမ်ငှားသူလက်ထဲ လွှဲထားခဲ့ခြင်းဖြစ်ပြီး အိမ်အများစုမှာ ဆောက်လက်စမှာပင် နေထိုင်လိုသူများက စာချုပ်ထားပြီးဖြစ်နေသည်။

‘‘ငှားချင်တဲ့သူက အဆမတန်များနေတယ်။ အိမ်ရှင်နဲ့ အိမ်ငှားအချိုးအစားက မမျှဘူး။ ဒါကြောင့် အိမ်ရှင်တွေပြောတဲ့ ဈေးပေးနေရတာ။ ဒီအခြေအနေကို အစိုးရက စီမံချက်တစ်ခုအနေနဲ့ အလျင်အမြန်ထိန်းချုပ်သင့်တယ်’’ဟု တောင်ဒဂုံမြို့နယ်မှ စူပါအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မန်နေဂျာဦးစန်းအောင်က ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးမြင့်ဆွေက အစိုးရသစ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင် အိမ်ရာဖွံ့ဖြိုးမှုအပိုင်းပါ ကပ်ပါမလာဘဲ နောက်ကျကျန်နေကြောင်း သုံးသပ်သည်။ ရန်ကုန်မြို့တွင် တိုးတက်နေသော လူဦးရေကြောင့် တစ်နှစ်လျှင် တိုက်ခန်းပေါင်းနှစ်သောင်း လိုအပ်သော်လည်း အခန်း ၇၀၀၀ သာ တည်ဆောက်နိုင်သည်။ နိုင်ငံရေးအပြောင်းအလဲကြောင့် အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်နေရာ အများစုဖြစ်သည့် အခြေခံလူတန်းစားမှာ အိမ်ပိုင်ဝယ်နိုင်ရန် အလှမ်းဝေးသွားပြီး ငှားသည့်ဈေးကွက်ဘက်သို့သာ ဦးတည်သွားသောကြောင့် အိမ်ပိုင်ရှင်များအကြိုက် ဖြစ်နေကြောင်း ပြောသည်။

‘‘အားနည်းနေတဲ့လူမမာကို ဆေးသွင်းပေးဖို့ လိုအပ်သလိုပဲ။ အိမ်ပိုင်မ၀ယ်နိုင်တဲ့သူတွေကို အစိုးရပိုင်းကနေ ထိရောက်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးသင့်တယ်။ လူအများစုက အိမ်ရာအာဟာရပြတ်နေကြတယ်’’ဟု ဦးမြင့်ဆွေကဆိုသည်။

လက်ရှိတွင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များက တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်နေသော်လည်း အရစ်ကျပေးရန် သတ်မှတ်ထားသည့် အချိန်ကာလမှာ တိုတောင်းလွန်းသောကြောင့် မှားယွင်းသော စီမံခန့်ခွဲမှုမျိုးဖြစ်နေကြောင်း ဒိုင်းမွန်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မန်နေဂျာဦးမြသာကပြောကြားသည်။

‘‘စာချုပ်အတိုင်းမပေးရင် အရေးယူမယ်ဆိုတဲ့အပိုင်းလည်းရှိနေတာပဲ။ အိမ်ပိုင်ဝယ်လိုသူတွေကို ခိုင်မာတဲ့စာချုပ်တွေချုပ်ပြီး ကာလရှည်ငွေသွင်းခွင့်ပေးလိုက်ရင် အတော်အသင့် ပြေလည်သွားပါလိမ့်မယ်’’ဟုဆိုသည်။

မိုးရာသီ၌ထီးပြင်ကာ နွေနှင့် ဆောင်းရာသီ၌ ဖိနပ်ပြင်သည့် အလုပ်လုပ်ကာ အကြမ်းဖျင်းတစ်ရက်ဝင်ငွေ လေးထောင်ကျပ်ရသော ဦးတင့်စိန်ကလည်း ၎င်းမိသားစုအတွက် အဓိကအခက်အခဲမှာ နေရေးဟုပြောသည်။ ၎င်းကိုယ်တိုင်လည်း အသက် (၆၀) နှစ်ရှိပြီဖြစ်ပြီး အလုပ်မရှိသော အချိန်များ၌ အိမ်ဆေးသုတ်အလုပ်လုပ်သည့် သားမက်ဖြစ်သူ၏ ၀င်ငွေကိုသာ မှီခိုနေရသူဖြစ်သည်။

‘‘ဟိုမှာယိုင်နေတဲ့အိမ်က ကျွန်တော်တို့ ငှားနေတဲ့အိမ်ပဲ။ တစ်လကို နှစ်သောင်းပေးရတယ်။ ရေနဲ့မီးက ကိုယ့်ဘာသာကိုယ် ဖန်တီးရတာ။ နေလည်းပြင်း၊ အလုပ်ကလည်းပါးတော့ အပြင်မထွက်နိုင်ဘဲ သားမက်မျက်နှာရိပ်၊ မျက်နှာကဲကြည့်ပြီး ထမင်းစားနေရတာ’’ဟု နေပူပူအောက် မြေနိမ့်နေရာတစ်ခုတွင် တည်ဆောက်ထားသည့် ၁၀ ပေခန့်သာ ကျယ်သည့် အိမ်ကို လက်ညှိုးညွှန်ပြရင်း ဦးတင့်စိန်ကဆိုသည်။

လက်ရှိအစိုးရ ခေါင်းအခဲဆုံးဖြစ်နေသည့် ကျူးပြဿနာမှာလည်း တစ်ဦးချင်းဝင်ငွေပြဿနာနှင့် နေထိုင်မှုအတွက် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေခြင်းက တိုက်ရိုက်သက်ဆိုင်နေသည်။ ကျူးဟုနာမည်မကျော်ခင် မူလအစက အိမ်ခြေမဲ့များသည် နာဂစ်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် မူလနေရပ်ကို ကျောခိုင်းကာ စီးပွားရေးမြို့တော်သို့ ခြေချလာသူများဖြစ်သည်။ နာဂစ်အောက် ပြားပြားမှောက်ကာ ရန်ကုန်မြို့သို့ ရောက်လာကြသော လူဦးရေအများစုမှာ ရန်ကုန်မြို့တော်တွင် နှစ်ကာလကြာမြင့်သည့်အထိ အခြေမကျသေးဘဲ အိမ်ရာမဲ့ (သို့) အိမ်ငှားဘ၀နှင့်ပင် ရုန်းကန်နေသေးသည်။

‘‘နာဂစ်ပြီးကတည်းက မနေရဲတော့လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရန်ကုန်ကို ထွက်လာခဲ့တာ။ အခုတော့လည်း ဘ၀ပေးက ဖြစ်ချင်တိုင်းကို ဖြစ်နေတုန်းပဲ။ ရပ်ကွက်လူကြီးရဲ့ထောက်ခံချက်နဲ့နေရပြီး ပြောင်းဆိုပြောင်းပေးရမှာလေ’’ဟု တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက်ရှိ စက်မှုဇုန်မြေကွက်တွင် တဲထိုးနေထိုင်သူ ဒေါ်မြဦးကပြောကြားသည်။

ဒေါ်မြဦး၏သားက စက်မှုဇုန်အတွင်းရှိ ကားပစ္စည်းစက်ရုံတွင် အလုပ်လုပ်နေပြီး သား၏လစာကိုမှီခိုနေရကာ နာဂစ်အပြီး ခြောက်နှစ်ကြာသည်အထိ အိမ်ပိုင်မ၀ယ်သေးဘဲ ငှား၍ပင်မနေနိုင်သေးကြောင်း ပြောသည်။

စိန်ခေါ်မှုများနှင့် ပြည့်နေသည့် မြန်မာနိုင်ငံ၏ အပြောင်းအလဲကာလတွင် အစိုးရအနေဖြင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေသည့်အပြင် ဖြေရှင်းရမည့်ပြဿနာများအနက်မှ အိမ်ခြံမြေပြဿနာကိုလည်း မေ့လျော့နေဟန်ရှိသည်။ အိမ်ပိုင်မရှိသေးသည့် အိမ်ငှားနေထိုင်သူများက အိမ်ငှားခလစဉ်ပေးနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေရသလို ဒေါ်မြဦးတို့လို နီးစပ်ရာမြေလွတ်တွင် နားလည်မှုဖြင့် နေထိုင်နေရသူများကတော့ စားဝတ်နေရေးကို သေရေးရှင်ရေးတမျှ နေ့စဉ်ရုန်းကန်နေရပေဦးမည်။

အသက်(၇၂)နှစ်အရွယ် ဦးလှရွှေကတော့ အိမ်လခပေးရန် ရွေးချယ်စရာလမ်းမရှိသည့်အဆုံး အဖန်ငါးရာ၊ ငါးကမ္ဘာဆိုသည့် ၀ဋ်ကြွေးကိုပင် မကြောက်ရွံ့တော့ပဲ တမလွန်ကို ရွေးချယ်သွားခဲ့သည်။

 သူ၏ နောက်ဆုံးထွက်သက်တွင် စိတ်ရော၊ ကိုယ်ပါ နာကျင်နေပါလိမ့်မည်။       ။

အောင်သစ်လွင်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၈)


ရေသယံဇာတ ပေါကြွယ်ဝသော နိုင်ငံမှ ရေငတ်နေသော ပြည်သူများ




ရေအနည်းငယ်သာ ရှိသော ရေကန်မှ သုံးရေ ခပ်ယူနေသော ကလေးငယ်တစ်ဦး {ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)}
မြို့နယ်စည်ပင်က အချိန်နှင့် ပေးဝေသော ရေက သူတို့ မိသားစု အတွက်မဖူလုံ။ သူတို့မိသားစု တစ်စု တည်းမဖူလုံသည်မဟုတ် ဟာခါးမြို့တွင် နေထိုင်သူ အားလုံးအတွက် မဖူလုံ။ ထမင်းချက်၊ ဟင်းချက်ရန်အတွက် ကြံရာမရသည့်အဆုံး ပြည်မကလာသော တစ်လီတာ ရေသန့်ဘူးများ ၀ယ်၍သုံး လိုက်သည်။

မိုးတွင်းကာလ စီးဆင်းနေ သော ချောင်းမှန်သမျှ ခန်းခြောက် ကုန်သည့် ပူပြင်းလှသော ရာသီ  ဥတုကြောင့် ရေထွက်ပေါက်စိမ့် နှင့် စမ်းချောင်း မှန်သမျှလည်း ရေ ခန်းလာသည်။

‘‘ဒီနှစ်က အပူချိန်အရမ်းများ တယ်။ ခါတိုင်းနှစ်ထက်တောင်ရေ ရဖို့ ခက်ခဲလာတယ်။ အရင်ကရွာ တွေပဲ ခက်ခဲတာ။ အခု မြို့ပေါ် တွေမှာပါ ခက်ခဲလာပြီ။ ရေခက်ခဲ တော့ သန့်ရှင်းရေးကလည်းအ ဆင်မပြေဘူး။ ညစ်ပတ်လာတယ်’’ ဟုနွေရာသီတွင် တစ်နှစ်ထက်တစ် နှစ် ပိုမိုပူပြင်းလာပြီး ရေရရှိရန် ခက်ခဲလာကြောင်း ဟားခါးမြို့မှ ဦးဂျိမ်းစ်ငွန်ဟရဲက ပြောသည်။

မြန်မာနိုင်ငံတွင် နွေရာသီရေ ပြဿနာကြုံရသည့် ဒေသများမှာ မိုးနည်းရေရှားဒေသများဟုသတ် မှတ်ထားသော မန္တလေး၊ မကွေး နှင့် စစ်ကိုင်းတိုင်းဒေသကြီးဟုသာ လူသိများကြသည်။ ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်း ကျင်ယိုယွင်းလာမှုများကြောင့်ယ ခုအခါ တောင်ပေါ်ဒေသများဖြစ် သည့် ချင်း၊ ရှမ်း၊ ရခိုင်ပြည်နယ်တို့ တွင် သာမက ရန်ကုန်၊ဧရာဝတီ၊ပဲ ခူးတိုင်းဒေသကြီးများနှင့်ကရင် ပြည်နယ်တို့တွင် နွေရာသီရေရှား ပါးမှု ပြဿနာကို ကြုံတွေ့နေရ သည်။

ထို့ကြောင့် နိုင်ငံ၏ အစိတ် အပိုင်းအများစုတွင် နွေရာသီရေ ရှားပါးမှုပြဿနာကို ခံစားနေရ သည်။ ယခင်က နွေရာသီရေရှား ပါးမှုပြဿနာကို ရေပေးဝေမှုစနစ် မရှိသော ကျေးလက်ဒေသများ တွင် အများဆုံးကြုံတွေ့ခံစားနေရ သော်လည်း ယခုနှစ်များနောက် ပိုင်းတွင် မြို့များအထိပါ ကူးစက် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

မေယုတောင်တန်းရှိ သစ် တောများ ပြုန်းတီးလာမှုကြောင့် ယခင်ပေါများခဲ့သော စိမ့်စမ်းရေ များ ခန်းခြောက်ကုန်ရာယခုနှစ် တွင် တောင်ပေါ်နေကျေးရွာအ များစုသည် ရသေ့တောင်မြို့နယ် အနီး တောင်အောက်ခြေတွင် စိမ့် ထွက်နေသည့် နေရာများကိုရှာဖွေ ကာ ရေခပ်သွားနေရသည်ဟု ဒေ သခံအချို့ကပြောသည်။

‘‘အရမ်းပူတော့ ရေတွေခန်း ကုန်တယ်။ တောင်ပေါ်မှာနေတဲ့ သူတွေ မိုးလင်းတာနဲ့ တောင် အောက်ကိုလာပြီး ရေခပ်ကြ တယ်။ အရင်တုန်းက အိမ်မှုကိစ္စ ကို တစ်ယောက်တည်းလုပ်လို့ရ တယ်။ အခုက မိုးလင်းတာနဲ့ ထ မင်းချက်တဲ့လူက သက်သက်၊ ရေ ရှာတဲ့သူက သက်သက်လုပ်နေရ တယ်’’ဟု ရသေ့တောင်မြို့နယ်မှ ဒေသခံကိုကိုမောင်ကပြောသည်။

ရခိုင်ပြည်နယ်တွင်လည်း ပင် လယ်ကမ်းရိုးတန်းအနီးရှိ စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့သာမက ရခိုင်ရိုးမ နှင့် နီးကပ်နေသော ကျေးလက်ဒေ သများတွင်ပါ စိမ့်စမ်းရေများခန်း ခြောက်လာမှုကြောင့်သောက်သုံးရေမလုံလောက်မှုများကြုံတွေ့ နေရသည်။

 ‘‘လောလောဆယ်ချွေတာ သုံးနေရတယ်။ အရင်က မြို့ကန် က တစ်ရက်ကို နာရီဝက်လောက် ရေပေးတယ်။ အခုရေမရှိဘူး။ ဆယ်မိနစ်၊ ၁၅ မိနစ်လောက်ပဲ ပေးနိုင်တော့တယ်။ မေလလောက် ဆိုရင် ဘယ်လိုဖြစ်လာမလဲမပြော တတ်သေးဘူး’’ဟု ပုဏ္ဏားကျွန်းမြို့ နယ် ၀ံလက်လူမှုကူညီရေးအဖွဲ့မှ ဦးခိုင်ကောင်းစံကပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချို့မြို့နယ်၊ လားရှိုးမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်၊ အင်းလေးဒေသများတွင်လည်းနွေ ရာသီကာလ၌ သောက်သုံးရေးပြ ဿနာကို ကြုံတွေ့နေရသည်။ရေ ရရှိရေးအတွက် တစ်ရက်လျှင်နေ့ ထက်ဝက်ခန့်အချိန်ပေးနေရသည် ဟု ဒေသခံတို့ကဆိုသည်။

‘‘စိမ့်စမ်းရေတွေက ခန်းကုန် တော့ ရွာထဲမှာတူးထားတဲ့ အ၀ိစိ တွင်းတွေဆီကမျှသုံးနေရတယ်။ အ၀ီစိတွင်းကလည်း လူတိုင်း မတူး နိုင်ဘူး။ ရေထွက်ဖို့ပေနှစ်ရာကျော် လောက်တူးရတယ်။ အရင်ကနွေ သုံးလို့ရတဲ့ ချောင်းတွေကလည်း ကောကုန်ပြီ။ နွေရောက်ရင် ရေရ

ဖို့ ကြောက်နေရတယ်’’ဟု နောင်ချိုမြို့နယ်မှ ဒေသခံဦးစိုးနိုင်ကအခက်အခဲကိုဖွင့်ဟသည်။

ရှမ်းပြည်နယ်တောင်ကြီးမြို့ နယ်တွင် စိမ့်စမ်းရေကို အမှီ ပြုသုံးစွဲနေရသည့်ရပ်ကွက်၊ကျေး ရွာများတွင် နှစ်စဉ်ရေအခက်အခဲ ကြုံတွေ့နေရသော်လည်း အ၀ီစိ တွင်းရှိသည့် ဒေသများမှ လူမှုရေး အဖွဲ့အချို့က ရေစည်များတင်၍ လိုက်လံ ဝေငှသောကြောင့်လတ် တလောအဆင်ပြေကြသည်ဟုဒေ သခံအချို့ကဆိုသည်။

ကရင်ပြည်နယ်တွင် နှစ်စဉ် သံလွင်မြစ်ရေလျှံတက်မှုကြောင့် သဘာဝဘေးအန္တရာယ်ခံစားရ သည့် ဘားအံ၊ သံတောင်ကြီးမြို့ နယ်များတွင်ပင် ရေရှားပါးခြင်းရင် ဆိုင်နေရသည်။ ယခုနှစ်တွင်ဘော ကလိ၊ ပဲခူးတိုင်းဒေသကြီးတောင် ငူမြို့နယ်နှင့် နီးစပ်သောကျေးရွာ အချို့တွင်လည်း ရှေရှားပါးမှု ပြဿနာကို စတင်ခံစားနေရပြီဟု ဒေသခံအချို့ကပြောသည်။

‘‘ပဲခူးအရှေ့ခြမ်းက လူတွေ ရေမရှိတော့လို့ နွားလှည်းနဲ့ ဒီ ဘက်က ချောင်းတွေမှာလာခပ်နေ ရတယ်။ မိုးတွင်း၊ ဆောင်းတွင်းမှာ ရေက ကိစ္စမရှိပေမယ့်အခုတော့ ပြဿနာဖြစ်နေတယ်’’ဟု သံ တောင်ကြီးမြို့ခံ စောကလိုထူးက ပြောသည်။

ထို့အပြင် ကျေးလက်ဒေသ များတွင်လည်း လက်တွင်းတူးဖော် ရာ၌ ရေရရှိရေးအတွက် တစ်နှစ် ထက်တစ်နှစ် တစ်တောင်ခန့်ပို၍ ရေတွင်းနက်နက်တူးဖော်ရသည်။ နေရာဒေသကိုလိုက်၍ ထိုသို့တွင်း နက်တူးဖော်ရသည်မှာ ငါးနှစ်မှခု နစ်နှစ်အကြားရှိလာသည်ဟုဆို သည်။

‘‘မုန်းချောင်းရေက မနှစ်က ထက်စာရင်တစ်တောင် လောက်ကျသွားတယ်။ တွင်းရေကလည်း မြေကြီးထဲကိုနက်နက်တူးရတယ်။ တစ်နှစ်ကိုတစ်တောင်လောက်က ထပ်တူးရတယ်’’ဟု ပွင့်ဖြူမြို့နယ်မှ ဦးဇော်ဇော်ကပြောသည်။

ယခင်က နေရပ်ဒေသကို လိုက်၍ ခြောက်ပေ၊ ဆယ်ပေ၊ပေ နှစ်ဆယ်၊ပေရှစ်ဆယ် တူးဖော် လိုက်လျှင် ရေထွက်ရှိသော်လည်း ယခုအခါ ထိုအရပ်ဒေသများတွင် ယခင်ထက် ထက်ဝက်ခန့်ပိုတူး ဖော်မှသာ ရေတွေ့ရှိရသည်ဟု ဒေသခံတို့က ဆိုသည်။

 ‘‘ကျုပ်တို့ဆီမှာ ရေတွင်းတစ်တွင်းတူးရင် သိန်းနှစ်ဆယ် လောက်အနည်းဆုံးကုန်တယ်။ရေ ကလည်း အရင်လိုပေသုံးဆယ်၊ လေးဆယ်လောက်နဲ့မတွေ့တော့ ဘူး။ ပေငါးဆယ်ကျော်လောက်မှ ရေတွေ့တယ်။ ဒီလိုအချိန်အခါဆို ရင် ရေတွေက ဈေးကြီးတယ်။ တစ်စည်ကို ငါးရာ။ မိသားစုတစ်စု ကို ကျွဲရေ၊ နွားရေတိုက်နဲ့သုံးစည် လောက်ကုန်တယ်။တွက်ကြည့် ဗျာ။ တောင်သူဆိုတော့ ပိုက်ဆံ တစ်ရာသီပဲဝင်တယ်။ တစ်ရက် ကို ကျပ် ၁,၅၀၀ လောက်က ရေဖိုးကုန်နေပြီ။ စိတ်ညစ်စရာပဲဗျာ’’ဟု ကန့်ဘလူမြို့နယ်၊ စပယ်နံ့သာကျေးရွာမှ ဦးသန်းညွန့်ကပြော သည်။

မြန်မာနိုင်ငံတွင် မြို့ကြီး၊ မြို့ ငယ်၊ ကျေးရွာများ၌ ရေနှင့် ပတ်သက်၍ ဖိစီးမှုများ၊အကျပ်အ တည်းများကို ပုံစံမျိုးစုံဖြင့်ခံစားနေ ရသည်။ မြန်မာနိုင်ငံရှိ ကျေးရွာ ပေါင်း ခြောက်သောင်းကျော်သည် ရေမလုံလောက်မှုပြဿနာကိုနှစ် စဉ်ခံစားနေရပြီး သုံးထောင်ကျော် မှာ ယနေ့အချိန်အထိ ဖူလုံမှုမရှိ သေးကြောင်း ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများတွင်ဖော်ပြထား သည်။

‘‘ကျေးရွာရေရရှိဖို့ အစိုးရက တော့ ရေတွင်း၊ ရေကန်တွေတူး ဖော်ပေးတယ်။ အခြားရေရနိုင်တဲ့ ကိစ္စတွေလုပ်ပေးတယ်။ ရေပေး ဝေရေးကိစ္စတွေမှာ နိုင်ငံတော် ဘတ်ဂျက်နဲ့ လုပ်ပေးပါတယ်’’ဟု ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုး ကိုကိုကပြောသည်။

 ယခင် နယ်စပ်စည်ပင်ဝန် ကြီးဌာနမှ ယခုပြောင်းလဲပြီးမွေး ရေ၀န်ကြီးဌာနလက်အောက်မှနေ ၍ ရေရရှိရေးအတွက် အစိုးရက လုပ်ဆောင်ခဲ့သည့်ဆယ်စုနှစ် နှစ် ခုကျော်အတွင်းကျေးရွာပေါင်းသုံး သောင်းကျော်ကို ရေပေးဝေနည်းစနစ်တစ်မျိုး မဟုတ်တစ်မျိုး အ ကောင်ထည်ဖော် ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

အစိုးရက သောက်သုံးရေရ ရှိရေးအတွက် ကျေးလက်ဒေသ များတွင် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ ရေကန်၊ စိမ့်စမ်း ရေစသည်တို့ကို တူးဖော်ပြီးရေရရှိ ရေးလုပ်ငန်းများကိုဆောင်ရွက် ပေးလျက်ရှိသည်။

ယခင်အစိုးရအနေဖြင့် ရေ ပြဿနာကိုအနည်းငယ်လျစ်လျူ ရှုခဲ့သော်လည်း အစိုးရသစ်တက် လာပြီး ၂၀၁၃ခုနှစ်တွင် ရေရရှိရေး အတွက် နိုင်ငံတော်ဘတ်ဂျက်များ ကို နှစ်အလိုက်တိုးမြှင့်ချထား သည်။ ယခင်ကရေရရှိရေးအ တွက် အစိုးရက ကျပ်ငွေ ၆ ဒသမ ၅ ဘီလီယံ(ကျပ်သန်း ၆၅၀၀)ထုတ် ယူသုံးစွဲရာမှ ထက်ဝက်ခန့်တိုးမြင့် သုံးစွဲလာသည်။

အစိုးရ၏ စာရင်းဇယားများ တွင် ကျေးလက်သုံးသောင်းကျော် သောက်သုံးရေရရှိအောင်ဆောင် ရွက်ပေးနေသည်ဟု ဆိုသော် လည်း နှစ်စဉ်နွေကာလ၌ သောက် သုံးရေအခက်အခဲပြဿနာမှာ အ သံတိတ်သွားခြင်းမရှိချေ။ သောက် သုံးရေမဖူလုံခြင်းပြဿနာရပ်များ ကို နေရာအနှံ့ကျယ်ကျယ်လောင် လောင်ပြောဆိုနေကြဆဲဖြစ်သည်။

‘‘ကျူပ်တို့ဆီမှာ တစ်နှစ်ထက်တစ်နှစ်ရေက ပိုပိုခက်ခဲလာတယ်။ နယ်စပ်စည်ပင်ကတူးဖော်ပေးတာရှိပေမယ့်လည်း လူအင်အားနဲ့ ရေကမလုံလောက်ဘူး။ ဒုံရင်းက ဒုံရင်းပဲ။ အရင်က ဌာနဆိုင်ရာဆိုရင် ကြောက်ကြတဲ့ လူတွေက ရေရဖို့အရေးဆိုရင် ဘယ်ကိုပဲသွားရ သွားရ။ ပြောရဆိုရ။ အဲဒီလောက်တောင်ဖြစ်နေပြီ’’ဟု ကန့်ဘလူမြို့နယ် စံပယ်နံ့သာကျေးရွာမှ ဦးသန်းညွန့်ကပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ရေ အရင်းအမြစ်ပေါများသည့်နိုင်ငံ စာရင်းတွင် ပါဝင်နေပါလျက် အဘယ်ကြောင့်နှစ်စဉ်ရေချိုရရှိ ရေးပြဿနာဖြစ်ပေါ်နေရသလဲဆို သည်မှာအဓိက မေးခွန်းဖြစ်သည်။

အဆိုပါ ရေအရင်းအမြစ် သည် လွန်ခဲ့သော ဆယ်စုနှစ်များ စွာက တွက်ချက်တိုင်းတာထားခြင်းကြောင့် ယနေ့အချိန်ကာလ နှင့် နှိုင်းယှဉ်၍မရကြောင်း၊ မြန်မာ နိုင်ငံ၏ ရေအရင်းအမြစ်နှင့်ပတ် သက်ပြီး အချက်အလက်အသစ်ရ ရှိရန် သုတေသနလုပ်ငန်းများ စ တင်လုပ်ဆောင်သင့်နေပြီဟု ရေ နှင့် ပတ်သက်သောပညာရှင်အချို့ ကပြောသည်။

တောင်ပေါ်ဒေသများတွင် စိမ့်စမ်းရေများ ရှားပါးလာခြင်း၊မြေပြန့်လွင်ပြင်များတွင် ရေတွင်း တူးဖော်ရသည့်အခြေအနေများ ပြောင်းလဲလာခြင်းသည် တော တောင်များရှားပါးလာခြင်းကြောင့် ဖြစ်၍ အစိုးရဖြေရှင်းနေသည့် ရေပြဿနာမှာထိုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားသင့်သည်ဟု ပညာရှင်များကထောက်ပြသည်။

‘‘ရေပြဿနာကို ရေတို၊ ရေ ရှည်၊ ရေလတ် အဲဒီလိုသုံးပိုင်းခွဲပြီး ဖြေရှင်းရမယ်။ ရေလိုအပ်တဲ့နေ ရာတွေမှာ ချက်ချင်းရေပြဿနာ ဖြေရှင်းပေးတာက ရေတိုဖြေရှင်း တာပါ။ ရေရှည်ကတော့ နှစ်ကာ လတွေအများကြီးအချိန်ယူရပါ တယ်။ ပညာရပ်ဆန်တယ်။ အား လုံးပူးပေါင်းပါဝင်မှရမယ်’’ဟု ရေ ပညာရှင်ဒေါ်ခင်နီနီသိန်းကပြော သည်။

မြန်မာနိုင်ငံတွင် စီးဆင်းနေ သည့် အဓိကမြစ်ကြီး လေးစင်းဖြစ် သည့် ဧရာဝတီ၊ စစ်တောင်း၊သံ လွင်၊ ချင်းတွင်းမြစ်နှင့် အခြား မင်း တုန်း၊ ယော၊ စလင်း၊ မန်း၊ မုံး၊ မြစ်ငယ်၊ စမုံ၊ ပန်းလောင်၊ ဇော် ဂျီ၊ မူးနှင့် မြစ်လက်တက်များမှရေ ချိုတစ်နှစ်လျှင် ကုဗကီလိုမီတာ ၁၀၈၂ထုတ်ယူနိုင်သည်။ သို့သော် လည်း ငွေကြေးမလုံလောက်မှု၊ နည်းပညာခေတ်နောက်ကျမှု၊ မ ဟာဗျူဟာမရှိခြင်းတို့ကြောင့် အ မှန်တကယ်ထုတ်လုပ်နိုင်သောပ မာဏ၏ ၃ရာခိုင်နှုန်းနှင့် ၅ရာခိုင် နှုန်းလောက်သာထုတ်ယူသုံးစွဲနိုင် သည်။

ထို့အပြင် မြေအောက်ရေ ပြဿနာကို ဖြေရှင်းရန်အတွက် ရေရှည်စီမံကိန်းချပြီး သုတေသန လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ် သည်။ မြေအောက်ရေများ ခို အောင်းရာတွင် ပြန်ဖြည့်နိုင်သည့် မြေအောက်ရေလွှာနှင့် ပြန်မဖြည့် နိုင်သည့် မြေအောက်ရေလွှာ မြန် မာနိုင်ငံတွင် မည်မျှရှိသည်ကို သိ ရှိစေရန်အတွက် မြေအောက်ရေ အောင်းလွှာမြေပုံများရေးဆွဲထား ရန်လိုအပ်သည်။

ထိုလုပ်ငန်းစဉ်ကို ဒေသဆိုင် ရာ လူ့အဖွဲ့အစည်းများ၊အစိုးရနှင့် လူထု၊ ပညာရှင်တို့ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး မြေပုံများ ကို အစိုးရက ငွေကြေးစိုက်ထုတ် မှုများ ပြုလုပ်ရမည်ဟု ပညာရှင် များက အကြံပြုသည်။

‘‘အကောင်အထည်ဖော်နေ တဲ့ မွေးရေကျေးလက်တစ်ခုတည်း လုပ်လို့မရဘူး။ ရေအရင်းမြစ်တွေ ထိန်းသိမ်းပေးနေတဲ့ သစ်တော ပြုန်းတီးမှုတွေက နေရာအနှံ့ရှိနေ တယ်။ ရေချိုရှိတဲ့မြစ်ချောင်းတွေ က ဆည်တာတမံကြီးတွေနဲ့ပြည့် နေတယ်’’ဟု ရေရရှိရေးအကောင် အထည်ဖော်သည့် လုပ်ငန်းများ တွင်လုပ်ကိုင်နေသည့် အစိုးရ၀န် ထမ်းတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ရေပြ ဿနာကြုံတွေရမှုများကို ကား ဘောက်ဆာများဖြင့် ရေမလုံ လောက်သည့် အရပ်ဒေသများ တွင် ဖြန့်ဖြူးပေးခြင်း၊ မိုးကျရေ ကန်တူးဖော်ပေးခြင်းတို့သည် ရေ ပြဿနာများဖြေရှင်းရာတွင် လုပ် သင့်လုပ်ထိုက်သည့်လုပ်ငန်းများ ဖြစ်သော်လည်း ရေရှည်ရေတိုစီမံ အုပ်ချုပ်မည့်စနစ်တစ်ရပ်ရှိသင့် သည်ဟု ပညာရှင်တို့ကထောက်ပြ သည်။

မြန်မာနိုင်ငံတွင် လက်ရှိကြုံ တွေ့နေရသည့် ရေအခက်အခဲပြ ဿနာကို ဖြေရှင်းရန်အတွက် ရေ တိုဖြေရှင်းဆောင်ရွက်ရာမှ ၂၀၁၃ တွင် ရေရှည်ဆောင်ရွက်ရန် အ မျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုအဖွဲ့အစည်းက စာမျက်နှာ ၈၆ မျက်နှာပါ မြန်မာအမျိုးသားရေမူဝါဒကိုရေးဆွဲ ပြီးဖြစ်သည်။

ပထမဆုံးခြေလှမ်းတစ်ရပ် အနေဖြင့် မြန်မာအမျိုးသားရေမူ ၀ါဒကို ရေးဆွဲပြီးဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော် မှုများမတွေ့ရသေးပေ။ နိစ္စဓူဝ အတွက်ပင် အချိန်များစွာကုန်နေ သော ပြည်သူများအတွက်အစိုးရ က ပို၍အာရုံစိုက်လုပ်ကိုင်ရန်လို သည်။

မတ်လမှ ဇွန်လအထိ ရေပြ ဿနာကြုံတွေ့နေရသော ဦးဂျိမ်းစ်တို့ ချင်းတိုင်းရင်းများအတွက် ရေက ရွှေဖြစ်နေပြီး နွေရောက်မှာကိုပင်ကြောက်နေပြီဖြစ်သည်။

Author: အိဖြူမွန်

7Day Daily



တံခါးသော့ကို ဖျက်ဆီးကာ ပစ္စည်းများဝင်ရောက်ခိုးယူခဲ့သူများကို စုံစမ်း ဖော်ထုတ်အရေးယူ



ရန်ကုန်၊ ဧပြီ ၃၀

၁၂.၄.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၉)
ရပ်ကွက်ရှိ Technoland Computer Sale and Service Center ဆိုင်၏ မန်နေဂျာဖြစ်သူ ဦးထိန်ဝင်းသည် ဆိုင်ကိုပိတ်ထားခဲ့ပြီး ၁၉.၄.၂၀၁၄ရက်နေ့ ၀၉၃၀ အချိန်တွင် ဆိုင်အားပြန်လည်ဖွင့်လှစ်ခဲ့ရာ အရောင်းကောင်တာနှင့် စင်ပေါ် တွင်ထားရှိသော i Pad, Mac Book များနှင့် မိုဘိုင်းဖုန်းဟန်းဆက်
များ၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၀၈၂၃၅၉၆)ခန့်မှာ ခိုးယူခံထားရကြောင်း
တွေ့ရှိရသဖြင့် အရေးယူပေးပါရန်တိုင်တန်းချက်အရ ကမာရွတ်မြို့မရဲစခန်း
(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဖော်ထုတ်ခဲ့
ပါသည်။

အမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ အထူးမှုခင်းနှိမ်နင်းရေး
ဌာနမှတပ်ဖွဲ့ဝင်များနှင့် ကမာရွတ် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းဆောင်ရွက်လျက်ရှိစဉ် ၂၃.၄.၂၀၁၄ ရက်နေ့တွင် On Line လူမှု
ကွန်ယက်စာမျက်နှာတွင် လက်တော့များရောင်းရန်ရှိကြောင်းနှင့် မျက်မှန်
မြို့တော် မျက်မှန်ဆိုင်သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရေးသားထား
သည်ကိုတွေ့ရှိရ၍စုံစမ်းစိစစ်ခဲ့ရာမှ အမှုမှပျောက်ဆုံးသွားသောပစ္စည်းများ
အနက် Mac Book (၂)လုံးနှင့် i Pad(၁)လုံးတို့ကို ၎င်းမျက်မှန်ဆိုင်၌တွေ့ရှိ
ခဲ့ပါသည်။

ထိုသို့တွေ့ရှိသော ပစ္စည်းများနှင့်ပတ်သက်၍ ၀ဏ္ဏ(ခ)၀ဏ္ဏထွန်းဆိုသူမှ လာရောက်ရောင်းချသွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ကွင်းဆက်ရှာဖွေ
ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ၀ဏ္ဏ(ခ)၀ဏ္ဏထွန်း၊ (၂၄)နှစ်၊
(ဘ)ဦးအောင်နိုင်ထွန်း၊ တာမွေမြို့နယ်နေသူနှင့် အလီ(ခ)ကျော်ကျော်၊ (၄၀)နှစ်၊ (ဘ)ဦးမောင်စိန်၊ သန်လျင်မြို့နယ်နေသူတို့ဖြစ်ကြောင်းပေါ်ပေါက်
ခဲ့သဖြင့် ၎င်းတို့(၂)ဦးကို စုံစမ်းဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးခဲ့ရာ အလီ(ခ)ကျော်ကျော်မှာ တာမွေမြို့နယ်၊ (၁၅၇)လမ်းတွင် သော့ပြင်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ၁၄.၄.၂၀၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် ၀ဏ္ဏ(ခ)၀ဏ္ဏထွန်းမှ အလီထံ သို့သွားရောက်ခဲ့ပြီး သော့ပြင်လိုကြောင်းကိုပြောဆိုခဲ့ရာမှ အလီနှင့်
သိကျွမ်းခဲ့ကြောင်း၊ ယင်းနေ့ ၂၀၀၀ အချိန်ခန့်တွင် ၀ဏ္ဏ(ခ)၀ဏ္ဏထွန်းမှ တာမွေဈေးအနီးသို့ထပ်မံသွားရောက်၍ အလီထံသို့ ဖုန်းဖြင့်ဆက်သွယ်
တွေ့ဆုံကာ ဖုန်းဆိုင်တံခါးသော့အားဖျက်ပေးရန်နှင့် ဆိုင်ထဲရှိပစ္စည်းများ
အား တစ်ယောက်တစ်ဝက်စီယူမည်ဟု ပြောဆိုတိုင်ပင်ခဲ့ကြကြောင်း၊
၂၁၀၀ အချိန်ခန့်တွင် ၀ဏ္ဏ(ခ)၀ဏ္ဏထွန်းမှ ၎င်းပိုင်မော်တော်ယာဉ်ဖြင့် အခင်းဖြစ်ဆိုင်သို့ အလီနှင့်အတူသွားရောက်ခဲ့ကြကြောင်း၊ ၂၃၃၀ အချိန် ခန့်တွင် ဆိုင်ရှေ့သို့ ရောက်ရှိခဲ့ပြီး ၀ဏ္ဏ(ခ)၀ဏ္ဏထွန်းမှ ပလက်ဖောင်း
ပေါ်တွင်ထိုင်၍ လူစောင့်ကြည့်ပေးပြီး အလီမှ အသင့်ယူဆောင်လာသည့် အုတ်ရိုက်သံ၊ တူတို့ဖြင့် ဆိုင်၏၀ဲဘက်မှန်တံခါးအောက်ရှိ သော့အ၀ိုင်းအား ထုဖျက်ကာ အတွင်းသို့ဝင်ရောက်၍ ပစ္စည်းများခိုးယူခဲ့ကြပြီး ခွဲဝေယူခဲ့ကြ
ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယင်းကဲ့သို့ ကျူးလွန်ခဲ့ကြသူ ၀ဏ္ဏ(ခ)၀ဏ္ဏထွန်းနှင့် အလီ(ခ)ကျော်ကျော်တို့
ထံမှ အမှုမှပျောက်ဆုံးသွားသော သက်သေခံပစ္စည်းများအား ပြန်လည်
သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။


Yangon Police

ဆီချိုရှိသူများ ကြော်စားသင့်တဲ့ ကင်းပုံရွက်



ကင်းပုံရွက်ဟာ ဆေးဘက်ဝင် အသီးအနှံ့ တစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့်
ဆီးချိုရောဂါ အတွက် ကောင်းမွန်တယ်လို့ သိရပါတယ်။

အရွက်စိမ်းကို ကြော်စားခြင်း အားဖြင့် ဆီချိုရောဂါကို သက်သာပျောက်ကင်း
စေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကင်းပုံရွက်ကို အရည်ညစ်လိုက်ပါ။
ထိုအရည်ကို ရေယုန်နာပေါ်သို့ ခဏခဏ တို့ပေးခြင်းအားဖြင့် ရေယုန်နာကို
ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
ကျော်လင်းနိုင်

နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ အချိန်အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့်အစီအစဉ်ကို Skype စတင်နေ


အတွဲ (၁၅)၊ အမှတ် (၁၆)

မြန်မာနှစ်သစ်ကူး အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ ကြာ အချိန်အကန့် အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ရပ်ကို Skype စတင်လိုက်ကြောင်း ပြည်တွင်း၌ Skype အကောင့် ငွေဖြည့်ဆားဗစ် ဝန်ဆောင်မှုပေးလျက်ရှိသော APS Technology မှ သိရသည်။



အဆိုပါအစီအစဉ်အရ  Skype Unlimited World (USD 13.99$) Plan ကို မြန်မာကျပ်ငွေ ၁၂,၀၀၀ ကျပ်ဖြင့် ၂၀၁၄ ခုနှစ်၊  ဧပြီလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း Topup ပြုလုပ်နိုင်မည့်အပြင် စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဟောင်ကောင်စသည့် နိုင်ငံများအပါအဝင် မိုဘိုင်းဖုန်းခေါ်ဆိုမှု ၈ နိုင်ငံနှင့် ကြိုးဖုန်းကိုခေါ်ဆိုမှု ၆၃ နိုင်ငံစုစုပေါင်း ၇၁ နိုင်ငံသို့ မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။



Skype Unlimited တွင်  Unlimited World နှင့် Unlimited One Country ဟူ၍နှစ်မျိုးရှိ ကြောင်းကို “Skype Unlimited ဆိုတာ ကိုယ်ရဲ့ Skype အကောင့်ထဲကို ပိုက်ဆံထည့်တဲ့နေ့ကနေစပြီး တစ်လလုံးစာ မိနစ်အကန့်အသတ်မရှိ ပြောနိုင်တာမျိုးပါ။ Unlimited မှာ Unlimited World နဲ့ Unlimited One Country ဆိုပြီးနှစ်မျိုးရှိပါတယ်။ Unlimited u Skype ဝန်ဆောင်မှုပေးတဲ့ နိုင်ငံအားလုံးကို ဖုန်းခေါ်နိုင်ပါတယ်။ Unlimited One Country ကတော့ နိုင်ငံအားလုံးထဲကမှ မိမိဖုန်းခေါ်ချင်တဲ့ နိုင်ငံတစ်နိုင်ငံတည်းအတွက်ကိုသာ ခေါ်နိုင်တာမျိုးပါ” ဟု APS Technology မှ ပြောသည်။



Skype Unlimited ဖြင့် ကနေဒါ၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဂူအန်၊ ပူအတိုရီကို (Puerto Rico) စသည့် နိုင်ငံ ၈ နိုင်ငံကို မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကျန်နိုင်ငံများတွင် ကြိုးဖုန်းသာခေါ်ဆိုနိုင်ဦးမည် ဖြစ်သည်။ ထို့ ပြင် Unlimited ဝန်ဆောင်မှုမရသော နိုင်ငံများသို့ ဖုန်းခေါ်ဆိုလိုပါက နိုင်ငံအလိုက်ကို မိနစ်ဖြင့် ဝယ်ယူအသုံးပြုခေါ်ဆိုနိုင်မည်ဖြစ်ပြီး ၎င်းမိနစ်ဖြင့် အသုံးပြုခြင်းသည် Credit နှင့် ခေါ်ဆိုခြင်းထက် ထက်ဝက်နီးပါးသက်သာကြောင်း သိရသည်။



Skype Unlimited World အကောင့်တစ်လစာကို ၁၂,၅၀၀ ကျပ်နှင့် Unlimited One Country အကောင့် တစ်လ ၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံအလိုက်ကို Credit (သို့မဟုတ်) မိနစ်ဖြင့်လည်း ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ တစ်နိုင်ငံချင်းစီအလိုက် ဈေးနှုန်းများနှင့် Skype အကောင့်အသစ်ဖွင့်ခြင်း၊ ဆော့ဖ်ဝဲသွင်းခြင်း၊ ဆော့ဖ်ဝဲ Update ပြုလုပ်ခြင်းတို့နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက ဖုန်း- ၀၉-၅၀၉၁၈၂၀ နှင့် ၀၉-၂၅၀၀၈၀၃၂၄ တို့တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။



ရဲထွဋ်ဝင်း

Internet Journal

အတိုက်အခံများကို ကူညီရန် ဂျပန်အစိုးရကို ၀န်ကြီးချုပ်ဟောင်းမှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ကြယ်ပြာ

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချူပ်ဟောင်း မစ္စတာ ရိုရှီဟီကို နိုဒ ဦးဆောင်သော အဖွဲ့သည် ဧပြီ ၃၀ရက်က တွေ့ဆုံခဲ့ရာတွင် ဂျပန်နိုင်ငံအနေဖြင့် အစိုးရ၏ အတိုက်အခံအဖွဲ့အစည်းများကိုလည်း အကူအညီများ ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်ဟု NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က မဇ္ဈိမကို ပြောသည်။

ဧပြီလ ၃၀ရက် နံနက် ၁၀နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဌာနချူပ်တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီမှ တာဝန်ရှိသူ ၈ဦးတို့ ဂျပန်နိုင်ငံ ၀န်ကြီးချူပ်ဟောင်း၊ ဂျပန်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မစ္စတာ ရိုရှိဟီကို နိုဒ ဦးဆောင်သော ၎င်း၏ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကို ၁နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ ဂျပန်ဝန်ကြီးချူပ်ဟောင်းက အခုဆိုရင် ဂျပန်အစိုးရရဲ့ အတိုက်အခံပါတီမှာဖြစ်နေတော့ ဒီမှာဆိုရင် အစိုးရနဲ့ အတိုက်အခံပါတီဖြစ်တဲ့ NLD က လွှတ်တော်ထဲမှာရော အပြင်မှာပါ ဘယ်လို ရပ်တည်နေရတယ်ဆိုတာကို မေးမြန်းချင်လို့ တွေ့ဖြစ်တာပါ။ အခုက ပါတီနှစ်ခု link အရင်ဆုံးလာလုပ်တဲ့ သဘောပါ။ ကတိက၀တ်တွေ သဘောတူချက်တွေ ဘာတခုမှ မလုပ်ဖြစ်သေးပါဘူး” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

အဓိက အချက်သုံးချက်အနေဖြင့် ဂျပန်ဝန်ကြီးချူပ်ဟောင်း၏ ပါတီနှင့် NLD ပါတီတို့ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်၍ ရနိုင်သော အချက်များ၊ ဂျပန်လွှတ်တော်နှင့် မြန်မာလွှတ်တော် အချင်းချင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်၍ ရနိုင်သော အချက်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး လမ်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ NLDပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က မဇ္ဈိကို ပြောသည်။

ဧပြီလ ၂၉ရက်ကလည်း မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချူပ်ဟောင်း အဖွဲ့တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ သီလ၀ါ စက်မှုဇုန်စီမံကိန်းနှင့် သီလ၀ါ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ရေးတို့ကို အမြန်ဆုံးဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။

Mizzima

DKBA နောက် လိုက်ပါခဲ့သော အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့ လာသည့်သတင်း မဟုတ်မှန်



ရန်ကုန်၊ ဧပြီ ၂၉

လှည်းကူးမြို့နယ် ဖယ်ရှားခံ ကျေးရွာမှ အိမ်ထောင်စုများကို မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဝါးယားကုန်း ကျေးရွာအနီး ကျေးရွာ တည်ထောင်ကာ မြေကွက်နှင့် နေအိမ်များ အပိုင်ပေးပြီး ရေမီးစုံ ပေးမည် ဖြစ်သောကြောင့် DKBA နောက် လိုက်ပါသွားသည့် အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့လာသည်ဟု သတင်း ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း မြဝတီမြို့အနီး ကျောက်ခတ် ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်သူများက ပြောကြားသည်။

ဧပြီလ ၂ ရက်နေ့က DKBA အဖွဲ့နောက်သို့ လိုက်ပါ ပြောင်းရွှေ့သွား သော သမီးကလေးကျေးရွာ အပါအဝင် အင်းပတီး ကျေးရွာနှင့် ဒေါ်ကာလီ ကျေးရွာတို့မှ အိမ်ထောင်စုဝင် ၈၂ စုရှိ လူဦးရေ နှစ်ရာကျော်မှာ မြဝတီမြို့နယ် ဆုံဆည်းမြိုင်အနီး ကျောက်ခတ် ကျေးရွာတွင် DKBA အဖွဲ့၏ အကူအညီဖြင့် နေအိမ်များ ဆောက်လုပ် နေထိုင်လျက် ရှိပြီး လုပ်ငန်း အဆင်ပြေသောကြောင့် ပဲခူးတိုင်းအတွင်း ကျန်ရှိခဲ့သော မိသားစုဝင်များကို လိုက်ပါ ပြောင်းရွှေ့ရန် ပြန်ခေါ်နေမှုများ ရှိကြောင်း အဆိုပါ ကျောက်ခတ် ကျေးရွာသို့ လိုက်ပါ ပြောင်းရွှေ့လာသော သမီးကလေးကျေးရွာမှ ဦးအောင်ကြိုင်က ပြောပြသည်။

“သမီးကလေးရွာ အဖျက်ခံရတုန်းက ဦးပဉ္စင်းကျောင်းကို ပြောင်းလာတာ အိမ်ထောင်စုက ၁၅၇ စုပါ။ အိမ်ထောင်စု ၅၀ ကျော်က ပြောင်းရွှေ့ နေထိုင်စရာရှိလို့ သူတို့အစီအစဉ်နဲ့ သူတို့ပြောင်းသွားပြီး သိပ်မကြာဘူး နောက်ထပ် အိမ်ထောင်စု ၆၁ စုက ပြည်ခိုင်ဖြိုးက မြေကွက်ပေးတဲ့ဆီ ပြောင်းသွားတယ်။ ဒါပေမဲ့ မြေကွက် အပိုင်မပေးလို့ ကျောင်းကို ပြန်လာပြီး DKBA နောက် လိုက်ခဲ့တာကို ဦးပဉ္စင်းကိုယ်တိုင် လိုက်ပို့ခဲ့တာ။ ဟိုကနေ ဒီကို ပြန်ပြောင်းလာသူ တစ်ဦးမှ မရှိပါဘူး” ဟု ပဲခူးတိုင်း အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

DKBA အဖွဲ့ခေါ်ဆောင်ရာ ကျောက်ခတ်ကျေးရွာသို့ လိုက်ပါသွားသော အိမ်ထောင်စု ၈၂ စုအနက် သမီးကလေး ကျေးရွာမှ အိမ်ထောင်စု ၆၁ စု ပါရှိပြီး ပြောင်းရွှေ့ လိုက်ပါလာသူများ ပေ ၂၀၊ ပေ ၅၀ မြေကွက်များကို အကွက်လိုက် နေရာပေးပြီး နေအိမ်များ ဆောက်လုပ်နေစဉ် DKBA အဖွဲ့က တစ်လ စားဝတ်နေရေး အကူအညီ ပေးထားကြောင်း၊ သမီးကလေးကျေးရွာ ပြန်လည် ထူထောင်ရေး အမည်ဖြင့် ဆေးပေးခန်းတစ်ခု ဆောက်လုပ် ပေးထားပြီး လတ်တလောတွင် ကျောက်ခတ်ကျေးရွာမှ လျှပ်စစ်မီး သွယ်တန်း ပေးထားကြောင်း DKBA တပ်မတော်၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။

“အိမ်ငါးလုံးလောက်ပဲ ဆောက်စရာ ကျန်တော့တယ်။ လျှပ်စစ်မီးကို ထိုင်းဘက်က သွယ်ပေးမယ်လို့ ကြားရတယ်။ သောက်သုံးရေအတွက် ဘတ်ခြောက်သန်း အကုန်ခံပြီး လာမယ့်နှစ်မှာ ရေကာတာ ဆောက်ပေးမယ်လို့ DKBA တာဝန်ရှိသူတွေက ပြောတယ်။ ဒီမှာက အလုပ်အကိုင်လည်း ပေါတယ်။ နေ့စား လုပ်အားခက ယောက်ျားလေးက တစ်နေ့ ခြောက်ထောင်ရပြီး မိန်းခလေးက လေးထောင့်ငါးရာလောက် ရတယ်” ဟု ကျောက်ခတ် ကျေးရွာသို့ ပြောင်းရွှေ့ လိုက်ပါလာပြီး ကျောက်မီးသွေး ကောက်သော လုပ်ငန်းတွင် နေ့စား လုပ်ကိုင်နေသော သမီးကလေး ကျေးရွာသူ ဒေါ်နီလာဝင်းက ပြောကြားသည်။

DKBA ခေါ်ဆောင်ရာနောက်သို့ လိုက်ပါခြင်း မရှိခဲ့သော သမီးကလေး ကျေးရွာမှ အိမ်ထောင်စုများ အပါအဝင် ဖယ်ရှားခံ ကျေးရွာခြောက်ရွာမှ အိမ်ထောင် စု ၁၆၇ စုကို အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀ ရှိ ဝါးယားကုန်း ကျေးရွာအနီးတွင် သမီးကလေး တိုးချဲ့ကျေးရွာသစ် အမည်ဖြင့် လှည်းကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာသစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါ ပါတီထံမှ သိရှိရသည်။

သမီးကလေး ကျေးရွာသစ်တွင် ပေ ၂၀၊ ပေ ၅၀ မြေကွက်၌ နေအိမ်တစ်လုံးလျှင် ငွေကျပ် တစ်သိန်းကျော် ကုန်ကျသည့် အိမ်များ ဆောက်လုပ်ပေးပြီး ကျေးရွာသစ်အတွက် ဆေးပေးခန်း၊ ဓမ္မာရုံ၊ ခန်းမနှင့် လမ်းများကို ပြုလုပ်လျက်ရှိကာ လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ရှင်းပြသည်။

“လာမယ့် မေလ ၃ ရက်နေ့ လောက်ကျ နေအိမ်တွေ အပိုင်ပေးမယ်။ DKBA နောက် လိုက်သွားတဲ့ အိမ်ထောင်စု ၁၉ စုက အကူအညီ တောင်းထားတာကြောင့် သူတို့ကို စုံစမ်းစစ်ဆေးပြီး သေချာမှ နေထိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်ပေးမယ်” ဟု ၎င်းက ပြောကြားသည်။

ဖယ်ရှားခံ သမီးကလေး ကျေးရွာမှ အိမ်ထောင်စုများကို ပြီးခဲ့သော မတ်လက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် မြေကွက်များပေး၍ ကျေးရွာ အဖြစ် ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အလှူရှင် များ ပေါ်လာသောကြောင့် နေအိမ်များ ဆောက်လုပ်ပေးနိုင်ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာ အသစ်သို့ ပြောင်းရွှေ့ နေထိုင်သူများထံမှ သိရှိရသည်။

“ကျေးရွာသစ် စတည်တုန်းက သမီးကလေး ကျေးရွာကို ဦးစားပေး တည်ခဲ့ပေမယ့် ပြောင်းရွှေ့ ကုန်တာကြောင့် အခုဒီမှာ နေနေတဲ့ သမီးကလေး ကျေးရွာက အိမ်ထောင်စုက ၃၀ လောက်ပဲရှိတာ။ ကျန်တာက အခြားကျေးရွာတွေက ပြောင်းလာတဲ့သူတွေ။ တချို့ဆို အိမ်ထောင်စု တစ်စုတည်းနဲ့ မြေကွက်နှစ်ကွက် သုံးကွက် ရထားတဲ့သူတွေ ရှိနေတာကြောင့် တာဝန်ရှိသူတွေက မြေပြင်ကို ဆင်းပြီး သေချာ စုံစမ်းစစ်ဆေး ပေးစေချင်တယ်” ဟု သမီးကလေး တိုးချဲ့ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သူ သမီးကလေး ကျေးရွာမှ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

The Voice Weekly


နာဂစ်ပေးတဲ့ဒဏ်ရာ အခုထိမကျက်သေးဘူး



ထွန်းခိုင်
အတွဲ (၁၃)၊ အမှတ်(၈)
ကြိမ်ချောင်းကြီးကျေးရွာ စကားဝိုင်းများတွင် ယခုတစ်လော ထိပ်တန်းသတင်းအဖြစ် နေရာယူနေသည်က ညညရွာထိပ်နားတွင် သရဲခြောက်သည်ဆိုသည့်သတင်းပင် ဖြစ်သည်။

ညညဖြတ်သွားဖြတ်လာ လုပ်ကြသူများ၊ ရွာထိပ်တွင် ညအိပ်ရပ်နားလေ့ရှိသည့် မော်တော်ယာဉ်အစောင့်များကို ခြောက်လှန့်ခဲ့သည်ဆိုသည့် သတင်းများသည် ရွာထဲက စကားဝိုင်းများတွင် မပါမဖြစ်ဆိုသလောက်ပင်။

သည်ခြောက်လှန့်မှုများသည် လွန်ခဲ့သည့် ခြောက်နှစ်က သူတို့ရွာတွင် လူပေါင်း ၃၀၀၀ ကျော် အသက်သေဆုံးခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအတွင်း ကွယ်လွန်သွားခဲ့ပြီး မကျွတ်မလွတ်ဘဲ ဖြစ်နေသူများက ခြောက်လှန့်နေခြင်းဖြစ်ကြောင်း ရွာသားအချို့က ယုံကြည်လျက်ရှိသည်။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့အတွင်းရှိ အဆိုပါရွာကလေးသည် မုန်တိုင်းအပြီး ခြောက်နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း နာဂစ်၏အရိပ်ဆိုးက သူတို့ကို ခြောက်လှန့်နေဆဲဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် မသေမပျောက်ကျန်ရစ်သူများသည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီကြောင့် နာဂစ်အပြီး ခြောက်နှစ်အကြာတွင် နေအိမ်အဆောက်အအုံ စသည့် ရုပ်ပိုင်းဆိုင်ရာအခြေအနေများ တိုးတက်လာသော်လည်း အလွယ်တကူမမြင်နိုင်သည့် စိတ်ပိုင်းဆိုင်ရာပြဿနာများကိုတော့ ရင်ဆိုင်နေရဆဲဖြစ်သည်။

သေဆုံးသူများထဲမှ မကျွတ်လွတ်သေးသူများက ခြောက်လှန့်သည်ဟု ခံစားရခြင်း၊ အသက်မသေဘဲ ကျန်ရစ်ခဲ့သော်လည်း ကွယ်လွန်သွားခဲ့ကြသည့် မိသားစုဆွေမျိုးများကို မကယ်တင်နိုင်ခဲ့သောကြောင့် အပြစ်ရှိသည်ဟု စိတ်ထဲခံစားနေရခြင်း၊ လေပြင်းပြင်းတစ်ချက်တိုက်လိုက်တိုင်း ဆောက်တည်ရာမရဖြစ်ကြခြင်း စသည့် မျက်စိဖြင့် အလွယ်တကူ မမြင်တွေ့နိုင်သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ခံစားခဲ့ကြရခြင်းဖြစ်သည်။

ထိုအထဲတွင် ဘိုကလေးမြို့တွင် ကျပန်းအလုပ်သမားတစ်ဦးအဖြစ် အသက်မွေးနေသည့် ဦးစိုးဝင်းတစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ လွန်ခဲ့သည့်ခြောက်နှစ်က ဘိုကလေးမြို့နယ်အတွင်းရှိ ပင်လယ်ဝရွာကလေးတစ်ခုတွင် ရေလုပ်သားအဖြစ် အသက်မွေးခဲ့သည့် ဦးစိုးဝင်းသည် နာဂစ်မုန်တိုင်းအတွင်း သူ၏ဇနီး၊ သားနှစ်ဦးနှင့် သမီးတစ်ဦးတို့ ဆုံးရှုံးခဲ့ရသည်။

နာဂစ်မုန်တိုင်းအတွင်း ရုန်းကန်ရင်း အသက်ရှင်သန်ခဲ့သော်လည်း သူ၏မိသားစုဝင်အားလုံး သေဆုံးခဲ့ရခြင်းသည် သူ့တွင် တာဝန်မကင်းကြောင်း စိတ်ထဲခံစားနေရကြောင်း ဦးစိုးဝင်းကပြောသည်။ ထိုကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် သူသည်လည်း အရက်ကို စွဲစွဲလမ်းလမ်းသောက်သုံးသူတစ်ဦးအဖြစ် ရောက်ရှိခဲ့သည်။

‘‘လှိုင်းတစ်ချက်အပုတ်မှာ ကျွန်တော့်လက်ထဲက အငယ်ကောင်လေး လွတ်ထွက်သွားတယ်။ ဘယ်လိုမှ ရှာမရတော့ဘူး။ နောက်ပိုင်း ၂ နှစ်၊ ၃ နှစ်လောက် ကလေးပေါက်စလေးတွေတွေ့တိုင်း ကျွန်တော်အသုံးမကျလို့ ကလေးသေတယ်လို့ပဲ တွေးတွေးပြီး ငိုနေရတယ်။ နောက်တော့လည်း သူ့ကံပါသလောက်ပဲလို့ဆိုပြီး ဖြေသိမ့်ခဲ့ရတယ်’’ဟု ဦးစိုးဝင်းကပြောသည်။

ထိုကဲ့သို့ ခံစားခဲ့ရသည်မှာ ဦးစိုးဝင်းတစ်ယောက်တည်းမဟုတ်ခဲ့။ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားခဲ့သည့် လူပေါင်း ၁၃၈,၀၀၀ ကျော်၏ မိသားစုဝင်များလည်း အပါအ၀င်ဖြစ်သည်။

မုန်တိုင်းလာမည်ကို ကြိုတင်သိထားကြသော်လည်း ဒီလောက်ထိ ပြင်းထန်မည်ကို မသိခဲ့သောကြောင့် မြစ်ဝကျွန်းပေါ်နေသူများက ကြိုတင်ပြင်ဆင်မှု မပြုလုပ်ထားခဲ့ကြ။

‘‘မုန်တိုင်းမတိုက်ခင်အစလောက်မှာ အပင်တွေလဲတာ။ သွပ်တွေပျံနေတာကြည့်ပြီး လူတွေတောင် ပျော်နေကြသေးတယ်’’ဟု လူ ၃,၅၀၀ ခန့်ရှိသည့် သူတို့ရွာတွင်လူ ၅၀၀ ခန့်သာ အသက်ရှင်ခွင့်ရခဲ့သည့် ၂၀၀၈ နာဂစ်မုန်တိုင်းအခြေအနေကို ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာမှ ကိုသန်းထိုက်အောင်က ပြန်ပြောပြသည်။

တကယ်တမ်း မုန်တိုင်းတိုက်ခတ်သည့်အခါ တစ်နာရီလျှင် ပျမ်းမျှလေတိုက်နှုန်းမိုင် ၁၂၀၊ မြစ်ဝကျွန်းပေါ်ဒေသနေသူများအတွက် ကံဆိုးမိုးမှောင်ကျသည့်နေ့ ဖြစ်ခဲ့ရသည်။ လူပေါင်းတစ်သိန်းသုံးသောင်းသေဆုံးခဲ့ပြီး သန်းနဲ့ချီသောသူများ ဒုက္ခရောက်ခဲ့ကြရသည်။

ကော်ဇောပြင်တစ်ချပ် ဖြန့်ခင်းထားသလို ပြန့်နေသည့် မြစ်ဝကျွန်းပေါ်ဒေသ၏ မြေမျက်နှာသွင်ပြင်ကလည်း သေဆုံးစာရင်းကို တိုးစေခဲ့သည်။ မုန်တိုင်းနှင့်အတူ တက်လာသည့် မုန်တိုင်းဒီရေများဆီမှ လွတ်ရာကျွတ်ရာပြေးရန် ကုန်းမြေမြင့်ကမရှိခဲ့။ နာဂစ်မုန်တိုင်းအပြီး ၂ နှစ်အကြာ ၂၀၁၀ တွင် ရခိုင်ပြည်နယ်သို့ နာဂစ်လေတိုက်နှုန်းအတိုင်း ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့သော်လည်း ကုန်းမြေမြင့်၊ ရေကာလေကာများကြောင့် သေဆုံးသူ ၆၀ ဦးခန့်သာရှိခဲ့သည်။

မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်ကြီးအတွင်း ကျန်ရစ်ခဲ့သူများအတွက် ခြောက်နှစ်တာကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများရရှိခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ပေးမှုများအတွက်တော့ လုံလောက်သည့်အကူအညီများ မရခဲ့ကြပေ။

အချိန်ကာလကြာသွားသည်နှင့်အမျှ မေ့မေ့ပျောက်ပျောက်နှင့် ဖြေဆည်နိုင်သူများရှိသလို ယခုအချိန်အထိ မိသားစုဆုံးရှုံးမှုဒဏ်ကြောင့် စိတ်စွဲလမ်းကာ တုန်လှုပ်ချောက်ချားနေသူများလည်း ရှိနေဆဲဖြစ်သည်။

သဘာဝဘေးအပါအ၀င် တုန်လှုပ်ချောက်ချားစရာအဖြစ်အပျက်များ ကြုံတွေ့ပါက သွေးပျက်ချောက်ချားမှုများ ဖြစ်ပေါ်တတ်သည်မှာ သဘာဝဖြစ်သော်လည်း အချိန်ကာလတစ်ခုအထိ မပျောက်ဘဲ စွဲလမ်းမှုများဖြစ်ပေါ်နေပြီး စိတ်ဒဏ်ရာရသွားသည့် အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါက လုံလောက်သော ဆေးဝါးကုသမှု ခံယူသင့်ကြောင်း စိတ်ပညာရှင် ဒေါက်တာအောင်မြတ်ကျော်စိန်ကပြောသည်။

‘‘ဥပမာ ဗုံးပေါက်တာကို ကြုံတဲ့သူက နောက်တစ်ခါကားဘီးပေါက်သံကြားရင် လန့်လန့်တတ်တာမျိုးပေါ့။ ဒါမျိုးနောက်တစ်ခါ၊ နှစ်ခါကြုံရင် ဘီးပေါက်တာကိုသိပြီး ပုံမှန်အတိုင်းဖြစ်သွားတယ်ပေါ့။ ဒီလိုမှမဟုတ်ဘဲ အမြဲလန့်နေရင် စိတ်ရောဂါလိုအသွင်ပြောင်းသွားတယ်လို့ ဆိုနိုင်တာပေါ့။ နာဂစ်ဒေသက လူတွေလည်း အချိန်အတော်ကြာတဲ့အထိ ပြန်မြင်ယောင်နေတာမျိုးဆိုရင် ကုသမှုခံယူသင့်တယ်’’ဟု မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်ကပြောသည်။

လူ့အသက်ပေါင်းများစွာကို ချေဖျက်သွားခဲ့သည့် နာဂစ်ကပေးခဲ့သည့် သင်ခန်းစာများကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် မုန်တိုင်းကြိုတင်ကာကွယ်ရေးအသိပညာများ၊ မုန်တိုင်းရှောင်နိုင်သည့်နေရာများ တိုးတက်လာခဲ့သော်လည်း တကယ်တမ်းနဖူးတွေ့၊ ဒူးတွေ့ မုန်တိုင်းနှင့် ကြုံလာမည်ကိုတော့ ကြောက်လန့်နေကြဆဲဖြစ်သည်။

‘‘အနီရောင်တို့၊ အ၀ါရောင်တို့ဆို ကြောက်နေကြပြီ။ ဘယ်ပြေးလို့ပြေးရမှန်းမသိတဲ့လူတွကလည်းရှိတယ်။ တချို့ဆို နာဂစ်အပြီး ၂ နှစ်၊ သုံးနှစ်လောက်အထိ မုန်တိုင်းဆိုတုန်နေကြတဲ့သူတွေလည်းရှိတယ်’’ဟု ကြိမ်ချောင်းကြီးကျေးရွာမှ ဒေါ်အေးမြင့်ကပြောသည်။

သိန်းနှင့်ချီသောလူများ သေဆုံးသွားခဲ့သည့် နာဂစ်မုန်တိုင်းအပြီးတွင် မကျွတ်မလွတ်သေးသူများက ခြောက်လှန့်သည်ဆိုသည့် စိတ်ခံစားမှုများကလည်း အသက်ရှင်ကျန်ရစ်သူများကို ခြောက်လှန့်နေဆဲဖြစ်သည်။ နာဂစ်ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင်လည်း သရဲတစ္ဆေဇာတ်လမ်းများမှာ တစ်နေရာနှင့်တစ်နေရာ မရိုးအောင် ကြားနေရသည်။

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ တစ်ဖက်ကမ်းနှင့် ကြိမ်ချောင်းကြီးကျေးရွာသို့ တစ်နာရီကျော်ကြာ သွားရောက်ရသည့် လမ်းတစ်လျှောက်သည် နာဂစ်တစ္ဆေဇာတ်လမ်းများနှင့် ပြည့်နှက်နေသည့် လမ်းတစ်ခုဖြစ်သည်။ လမ်းတစ်လျှောက် နေရာလေးခုထက်မနည်းတွင် နာဂစ်မုန်တိုင်းကြောင့် သေဆုံးပြီး မကျွတ်မလွတ်သေးသူများ ခြောက်လှန့်နေကြောင်း လူအများက ယုံကြည်လျက်ရှိသည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးပြီး မကျွတ်မလွတ်သေးသူများကို ဘာသာရေးအရ နှစ်စဉ်ရည်စူးပြီး အမျှအတန်းပေးဝေခဲ့သော်လည်း မကျွတ်မလွတ်သေးသူများ ရှိနေဆဲဖြစ်ကြောင်း လူအချို့၏စိတ်ထဲတွင် ယုံကြည်ထိတ်လန့်နေဆဲဖြစ်ကြောင်း ကြိမ်ချောင်းကြီးကျေးရွာမှ ဆရာတော်ဦးကောဝိဒကမိန့်သည်။

လာမည့်ရက်အနည်းငယ်အတွင်း နာဂစ်မုန်တိုင်းတိုက်ခတ်မှုမှာ (၆)နှစ်ပြည့်မည်ဖြစ်သည်။ ခြောက်နှစ်တာကာလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြောင့် နေအိမ်အဆောက်အအုံကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာအခြေအနေများ တိုးတက်လာခဲ့ပြီး မုန်တိုင်းအသိပညာများလည်း တိုးတက်လာခဲ့ကြသည်။ သို့သော်လည်း မုန်တိုင်းကပေးသည့် စိတ်ဒဏ်ရာများကတော့ သူတို့ခံစားနေရဆဲဖြစ်သည်။

နာဂစ်မုန်တိုင်း (၂၀၀၈ မေ ၂/၃)

မုန်တိုင်းအမည်- နာဂစ်
သေဆုံး/ပျောက်ဆုံး- ၁၃၈,၃၇၃ ဦး
ပျက်စီးဆုံးရှုံးမှုတန်ဖိုး- ကျပ်သန်း ၁၁ ဒသမ ၇ ထရီလီယံ
တစ်နာရီပျမ်းမျှလေတိုက်နှုန်း- မိုင် ၁၂၀
ထူးခြားချက်များ-   မြန်မာ့သမိုင်းတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ်။
-  ကမ္ဘာပေါ်တွင် ရှစ်ခုမြောက် လူအသေအပျောက်အများဆုံး ဆိုင်ကလုန်းမုန်တိုင်း။

7 day daily

သူငယ်ချင်း ဆိုရာဝယ်




မေသော် on 2014-04-29 16:00    
သူငယ်ချင်းဆိုတာ ကိုယ်နဲ့ ဆိုးတူ၊ ကောင်းဖက်၊ ကိုယ့်အခက်အခဲတွေ ရင်ဆိုင်လာရချိန် ကိုယ့်ဘေးမှာ ဖေးမပေးလေ့ရှိတဲ့သူ၊ ကိုယ်ပျော်တဲ့အချိန် ကိုယ်နဲ့အတူ ပျော်ပေးပြီး၊ ကိုယ် ၀မ်းနည်းတဲ့အချိန်၊ ပူဆွေးတဲ့အချိန် ပူဆွေးမှု သောကတွေကို ကိုယ်နဲ့အတူ မျှဝေခံစားပေးသူပါ။ ကိုယ်စံစားပျော်ရွှင်ချိန် ကိုယ့်အနားရှိနေပြီး အခက်အခဲလည်း ကြုံရော ဘယ်နားရောက်နေမှန်း မသိတဲ့သူဆိုရင်တော့ ဒါဟာ သာပေါင်းညာစား အဆင့်ပဲ ရှိမှာပေါ့။ အဲ့ဒီတော့ သူငယ်ချင်းကောင်းရဖို့ ဘယ်လိုများ ရွေးချယ်ရမလဲ၊ လူတစ်ယောက်ဟာ အသက် ၂၀ ၀န်းကျင်လောက် ရောက်လာပြီဆိုတာနဲ့ ဘယ်လိုလူမျိုးကို ရွေးချယ်ပေါင်းသင်းရမယ်ဆိုတာကိုပါ သိလာကြတယ်လို့ ဆိုတာကြောင့် သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုလူမျိုးဟာ သူငယ်ချင်းကောင်း ဖြစ်လာမလဲဆိုတဲ့ အချက်လေးတွေ ကြည့်လိုက်ရအောင်။

၁။တစ်ချို့ သူငယ်ချင်းတွေက အပေါ်ယံမို့လို့ ကိုယ့်အချိန်တွေကို ပေးဖို့ မတန်ပါဘူး။

သူငယ်ချင်းဆိုတာက အမျိုးမျိုးပါ။ ကျောင်းတုန်းက သူငယ်ချင်း၊ တက္ကသိုလ်က သူငယ်ချင်းနဲ့ အလုပ်က သူငယ်ချင်း စသဖြင့်ပေါ့။ အဲ့ဒီအထဲကမှ မေးထူးခေါ်ပြောလောက်သာရှိတဲ့ သူငယ်ချင်းမျိုးက ဘယ်လိုမျိုးလဲဆိုတာ သင်သိပြီးသားပါ။ ကိုယ်နဲ့ဆက်ပြီး ပေါင်းသွားလို့ အိုကေမလား၊ ဒါမှမဟုတ်သူက ကိုယ့်ကို အပေါ်ယံလောက်ပဲ ပေါင်းတာလားဆိုတာကို ခွဲခြားပြီး ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ကိုယ့်အတွက် တန်ဖိုးရှိတဲ့သူတွေအတွက်သာ အသုံးချပါ။

၂။ကိုယ့်အတွက် အရေးပါသူတွေကို လျစ်လျူမရှုမိပါစေနဲ့။

ကိုယ့်ကို စိတ်ရင်းနဲ့ပေါင်းနေတဲ့ သူငယ်ချင်းတွေ၊ ကိုယ့်အပေါ် ကောင်းတဲ့သူငယ်ချင်းတွေကို လျစ်လျူမရှုမိပါစေနဲ့။ ကိုယ်စိတ်ညစ်တဲ့အချိန် သူတို့က ကိုယ့်အတွက်ရှိပေးပေမယ့် သူတို့အခက်အခဲတွေ့ချိန် ကိုယ်က အကြောင်းအမျိုးမျိုးပြပြီး မတွေ့ပဲမနေပါနဲ့။

၃။သူငယ်ချင်းတွေကို ရွေးချယ်ပေါင်းပါ။

ကလေးဘ၀တုန်းကတော့ ကောင်းလား၊ ဆိုးလား ခွဲခြားနိုင်စွမ်းနည်းနေသေးတာမို့ ဘယ်သူကတော့ ကောင်းတယ်၊ ဘယ်သူကတော့ မကောင်းဘူးဆိုတာ သိဖို့မလွယ်ပါဘူး။ အရွယ်ရောက်လာတာနဲ့အမျှ ခွဲခြားတတ်လာပါပြီ။ ဘယ်သူကတော့ ယုံကြည်ရတယ်၊ ဘယ်သူကတော့ မယုံကြည်ရတဲ့အတွက် မေးထူးခေါ်ပြော အဆင့်ပဲထားမယ် စသဖြင့်ပေါ့။

၎။အသက် ၂၀နောက်ပိုင်းရောက်လာလေလေ၊ သူငယ်ချင်းကောင်းတွေ ရရှိနိုင်လာလေလေပါပဲ။

အသက်ကလေး ရလာပြီဆိုတော့ ရွေးပေါင်းလာတဲ့ သူငယ်ချင်းတွေထဲကမှ ကိုယ့်စိတ်နဲ့ အဆင်မပြေတဲ့ သူတွေကိုပါ ထုတ်နုတ်ပစ်လိုက်တဲ့အခါ ကိုယ့်အပေါ် အကောင်းဆုံးဆိုတဲ့ သူငယ်ချင်းတွေချည်း ကျန်ခဲ့တော့တာပါပဲ။

၅။ငယ်သူငယ်ချင်းတွေကို တန်ဖိုးထားပါ။

ကိုယ့်ဆီမှာ သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်းလောက်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေ ရှိတယ်။ သူတို့ကလည်း ကိုယ့်ကို သိပ်ခင်တယ်ဆိုရင်တော့ သူတို့ကို တန်ဖိုးထားပေးပါ။ သူတို့ဟာ ကိုယ်နဲ့ မောင်နှမအရင်း မဟုတ်ပေမယ့် မောင်နှမအရင်းသဖွယ်ဆိုတာ မမေ့ပါနဲ့။

၆။ကိုယ့်ချစ်သူရဲ့သူငယ်ချင်းတွေနဲ့ သူငယ်ချင်းတွေဖြစ်နေဖို့ဆိုတာ အရေးမကြီးပါဘူး။

ကိုယ့်ချစ်သူပေါင်းတဲ့ သူငယ်ချင်းတွေနဲ့ သူငယ်ချင်းဖြစ်မှရမယ်ဆိုတာ မှားတဲ့အချက်ပါ။ သူတို့နဲ့ အဆင်ပြေဖို့လိုပါတယ်။ ဒါပေမယ့် သူငယ်ချင်းဖြစ်ကိုဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး။

၇။သူငယ်ချင်းတွေလုပ်လိုက်တဲ့ အရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးရှိရင် သူတို့ကို ပွင့်ပွင့်လင်းလင်းပြောပါ။

လူဆိုတာ ကိုယ့်ဘာသာကိုယ်တောင် စိတ်တိုင်းကျတဲ့အမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်စိတ်အတိုင်း သူတို့ဖြစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ သူငယ်ချင်းတွေနဲ့ သဘောထား မတိုက်ဆိုင်တဲ့ အချိန်ဆိုတာ ရှိမှာပါပဲ။ ဒါမှမဟုတ် သူတို့ပြုလုပ်နေတဲ့ အရာတွေက ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တော့ သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောရုံပါပဲ။

၈။အမေဆိုတာ သင့်ရဲ့အကောင်းဆုံး သူငယ်ချင်းပါပဲ။

ကိုယ့်အကြောင်း အသိဆုံး၊ ကိုယ့်ကိုနားလည်မှုအပေးနိုင်ဆုံးနဲ့ ကိုယ်လုပ်သမျှအားလုံးကို ဘာဖြစ်ဖြစ် ခွင့်လွှတ်ပေးနိုင်သူကတော့ ကိုယ့်ရဲ့ အမေပဲပေါ့။



Trend Myanmar

အဝေးပြေးခရီးသည် အထူးခရီးသွားအာမခံ မဖြစ်မနေ ဝယ်ရမည်




ရန်ကုန်၊ ဧပြီ ၂၉

အဝေးပြေး ခရီးသည်တင်ယာဉ် စီးနင်းကြသည့် မြန်မာနိုင်ငံရှိ ခရီးသွား ပြည်သူအားလုံး မေလ ၁ ရက်နေ့မှ စတင်ကာ အထူးခရီးသွား အာမခံကို မဖြစ်မနေ ဝယ်ယူရမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

ယင်းခရီးသွား အမခံကြေးကို မိမိစီးနင်းမည့် ယာဉ်လိုင်း လက်မှတ် ဝယ်ရာတွင် တစ်ပါတည်း ပေးဆောင်ရမည် ဖြစ်ပြီး အာမခံကြေးကို ၃၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ပြီး အသက်သေဆုံးခဲ့ပါက ယင်းအာမခံအတွက် တစ်ဦးလျှင် လျော်ကြေးငွေ ကျပ်သိန်းသုံးဆယ် ပေးလျော် သွားမည်ဟု ၎င်းက ရှင်းပြသည်။

“မိုင်တစ်ရာနဲ့အထက် ပြေးဆွဲနေတဲ့ အဝေးပြေး လိုင်းတွေအားလုံး မဖြစ်မနေ ရောင်းရမှာ။ ဘုရားဖူးကားတွေ လည်း မဖြစ်မနေ၀ယ်ယူရမယ်။ လက်ရှိ သေဆုံးသူတွေကို သူတစ်ပါး ထိခိုက်မှု အာမခံအတွက် ငါးသိန်း လျော်ပေးနေတော့ စုစုပေါင်း ၃၅ သိန်း ဖြစ်သွားမယ်” ဟု ၎င်းကဆိုသည်။

အဝေးပြေး လမ်းမများတွင် မမျှော်လင့်သော ဘေးအန္တရာယ် များကြောင့် ခရီးသွား ပြည်သူများ မကြာခဏ အသက်သေဆုံးမှုများ ရှိနေသဖြင့် ယင်းအာမခံစနစ်ကို အကောင်အထည် ဖော်ရခြင်း ဖြစ်ပြီး အဝေးပြေး ယာဉ်လိုင်းများ သာမက သာမန် ခရီးသွား ကားများပါ ဝယ်ယူနိုင်အောင် စီစဉ်ပေးသွားမည်ဟု ၎င်းကဆိုသည်။

အထူးခရီးသွား အာမခံလုပ်ငန်းကို မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများနှင့် လက်တွဲ လုပ်ဆောင် သွားဖြစ်ပြီး လတ်တလောတွင် မြန်မာ့ အာမခံလုပ်ငန်းက ဦးဆောင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly


၁၉၇၄ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့သူတွေကို မေဒေးနေ့တွင် ဂုဏ်ပြုမည်

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(ယာယီ)က အလုပ်သမားအခွင့်အရေးအတွက်  ၂၀၁၄ ခုနှစ် မတ်လ  က ဆန္ဒထုတ်ဖော်နေစဉ်


မနက်ဖြန် မေလ ၁ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကို နိုင်ငံတ၀ှမ်းက နေရာတော်တော်များများမှာ ကျင်းပဖို့ရှိပါတယ်။


မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(ယာယီ)က အလုပ်သမားအခွင့်အရေးအတွက် ၂၀၁၄ ခုနှစ် မတ်လ က ဆန္ဒထုတ်ဖော်နေစဉ်

မေလ ၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ ၁၉၇၄ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့တဲ့သူတွေကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကနေပြီး ဂုဏ်ပြုမယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောပါတယ်။
“မနက်ဖြန်ကို ၇၄ ပထမ အလုပ်သမားသပိတ်ရဲ့ အသက် ၇၀ ကျော် ၈၀ သပိတ်ခေါင်းဆောင်ဟောင်းကြီးတွေကို မနက်ဖြန်မှာ သွားရောက် မေဒေးနေ့ အထိမ်းအမှတ် အမှတ်တရ ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ တောင်ဥက္ကလာပ မဂ္ဂင်ကျောင်းတိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။”

ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ ၁၉၇၄ ခုနှစ် ဇွန် ၆ ရက်ကလည်း မေ့မရတဲ့ သပိတ်ကြီးဖြစ်ပြီး ဒီသပိတ်ကြီးကို မဆလ စစ်အာဏရှင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် သွေမြေကျမှုတွေ ဖြစ်ရပါတယ်။ ဒါကြောင့် ဒီအလုပ်သမားသပိတ်မှာ ပါဝင်ပြီး ကျန်နေတဲ့ သူတွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

ပဲခူးတိုင်း ဝေါမြို့မှာလည်း အလုပ်သမားနေ့အခမ်းအနား ကျင်းပမှာဖြစ်ပြီး ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းလည်း တက်ရောက်ဖို့ရှိတယ်လို့လည်း ဦးအောင်လင်းက ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက်ရှိ အောင်မြင်သာယာ ဘောလုံးကွင်း မှာလည်း နိုင်ငံတ၀ှမ်းလုံးက အလုပ်သမား ၆ ထောင်လောက်ပါဝင်ပြီး အလုပ်သမားနေ့ အခမ်းအနား ကျင်းပသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီအခမ်းအနားမှာ အလုပ်သမားအလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်အို)ရန်ကုန်ရဲ့ ဆက်သွယ်ရေးအရာရှိနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (တီတီယူစီ) မြန်မာရုံး ဒါရိုက်တာလည်း တက်ရောဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။ မေဒေးနေ့ အခမ်းအနားကို မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမားတွေဟာ လုပ်ခလစာအပါအ၀င် အခြား လုပ်သား အခွင့်အရေးတွေ မြှင့်တင်ဖို့ လိုအပ်နေသေးတယ်လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောဆိုပါတယ်။

“လက်ရှိ အလုပ်သမားတွေရဲ့ ဘ၀ကတော့ နိမ့်ပါးနေတုန်းပဲ။ အခြေခံအချက်တွေကို အများကြီး မြှင့်တင်ရပါလိမ့်ဦးမယ်။ လုပ်ခလစာအပါအ၀င် အခြား လုပ်သားအခွင့်အရေးတွေနဲ့ အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေ တရားဥပဒေ စိုးမိုးမှုတွေ မရှိသေးတဲ့ အခြေအနေတွေ အများကြီး ဖြစ်ပေါ်နေပါသေးတယ်။ ဒါတွေကို အများကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါလိမ့်မယ်။ လုပ်ခလစာ အလွန်အမင်းနည်းပါးတဲ့အတွက်ကြောင့် စားဝတ်နေရေးတွေ မပြေလည်ကြဘူး။ အနိမ့်ဆုံးလုပ်ခလစာ ဥပဒေကလည်း ရေးဆွဲဖို့ ပြင်ဆင်နေဆဲ ကာလမှာပဲ ရှိသေးတဲ့အတွက် လုပ်သားတွေရဲ့ လိုအပ်ချက်တွေက လောလောဆယ် မပြည့်မီသေးဘူး။ လုပ်ခလာစာ နိမ့်ပါးတဲ့ အတွက်ကြောင့်မို့လို့ အလုပ်သမားတွေ အခွင့်အရေးတောင်းဆိုတဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာတယ်။ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ ဒီအလုပ်သမားတောင်းဆိုမှုတွေကို ကိုယ်စားပြုပြီးတော့ တောင်းဆိုပေးရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ တော်တော်များများ အလုပ်ကနေ ရပ်စဲခံနေရတယ်။ ဥပဒေအရ အရေးယူပေးဖို့ ဥပဒေတွေ ပုဒ်မတွေ အထင်အရှား ရှိနေပေမယ့်လည်း အခုအချိန်မှာ အလုပ်ရှင်တွေကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက အရေးယူခြင်း မရှိပဲ လစ်လျူ ရှုနေတဲ့ အနေအထားတွေ အများကြီး ရှိနေတယ်။ ဒီအခြေအနေမျိုးမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေဦးမှာ ဖြစ်ပါတယ်။”

DVB Burmese

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်တွင် မီးဘေးသင့်ပြည်သူများ အကူအညီလိုအပ်


ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က တရွာလုံးနီးပါး မီးဘေးသင့်ခဲ့တဲ့ ငါးဟေရွာက ရွာသူရွာသားတွေ အကူအညီတွေ အများကြီး လိုနေသေးတယ်လို့ လားဟူအမျိုးသမီးအဖွဲ့က ပြောပါတယ်။

အိမ်ခြေ ၇၂ လုံးရှိတဲ့ အဲဒီရွာမှာ အိမ် ၃ လုံးလွဲပြီး အားလုံးနီးပါးမီးလောင်သွား ပါတယ်။ လောလောဆယ် အိမ်ပြန်မဆောက်နိုင်သေးဘဲ လူပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါးဟာ ယာယီမိုးကာတဲ ရွက်ဖျဉ်တဲတွေမှာ နေနေရပြီး စောင်၊ အ၀တ်အစားနဲ့ အသုံးအဆောင် ပစ္စည်းတွေ လိုအပ်နေတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ လားဟူအမျိုးသမီး အဖွဲ့အစည်း ပြောခွင့်ရ နာဗစ်ဘွန်က ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်ပြီးချိန်က မြို့နယ်အုပ်ချုပ်ရေးဘက်ကရော အခြားလူမှုအဖွဲ့အစည်းတွေကပါ စားနပ်ရိက္ခာ အသုံးအဆောင်တချို့ လာရောက်လှူ ခဲ့ပေမယ့် ရွာသားအများစုက အ၀တ်တထည် ကိုယ်တခုသာ ကျန်ခဲ့တာမို့ နောက်ထပ် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

သူတို့ကို မြို့နယ်အုပ်ချုပ်ရေးဘက်က နေအိမ်ပြန်ဆောက်ပေးမယ်လို့ ပြောသွားခဲ့ပေမယ့် ဒီနေ့ထိ ဘာမှလာလုပ်ပေးတာ မရှိသေးဘူးလို့ နာဗစ်ဘွန်က ဆက်ပြောပါတယ်။

ငါးဟေရွာမှာ လားဟူတိုင်းရင်းသား အများစု နေထိုင်ပြီး တောင်ယာအလုပ်ကို အဓိကထား လုပ်ကာ မီးလောင်တဲ့နေ့က လူကြီးတွေက တောင်ယာသွားနေတဲ့အတွက် မီးဟာ ဘယ်ကနေ ဘယ်လိုစလောင်တာ အတိအကျ မသိရဘဲ ရွာသားအများစုကတော့ တောမီးကနေတဆင့် ကူးစက်တာလို့လည်း ပြောဆိုနေကြပါတယ်။

DVB Burmese

အခွန် နှုန်းထားသစ် အရ လစာ ဝင်ငွေခွန် ပေးဆောင် ရမည့် သတ်မှတ် ဝင်ငွေ ပြောင်းလဲ



မကြာမီက အတည်ပြုလိုက်သော အခွန်နှုန်းထားသစ်အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်နှစ်စာ သတ်မှတ်ဝင်ငွေ ပြောင်းလဲသွားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ယခင်က တစ်နှစ်စာဝင်ငွေ ငွေကျပ် တစ်ဆယ့် လေးသိန်း လေးသောင်း ရရှိပါက သတ်မှတ်အခွန် ရာခိုင်နှုန်းအတိုင်း အခွန်ပေးဆောင်နေရာမှ ယခုနှုန်းသစ်အရ တစ်နှစ်လုံးတွင် ငွေကျပ် သိန်းနှစ်ဆယ်နှင့် သိန်းနှစ် ဆယ်အောက် ဝင်ငွေရှိသူများမှာ အခွန်ပေးဆောင်ရန် မလိုတော့ကြောင်း သိရသည်။

အဆိုပါ အခွန်နှုန်းထားသစ် အရ လစာဝင်ငွေခွန် ပေးဆောင်ရ
မည့်သူများ လျော့နည်းသွားသော်လည်း အခွန် ပေးဆောင်ထိုက်သော လစာဝင်ငွေ ရှိသူများ၏ အခွန်ပေးဆောင်ရမည့် အခွန်ရာခိုင်နှုန်းမှာ များလာကြောင်း သိရသည်။

လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများမှာ တစ်နှစ်စာဝင်ငွေ ငွေကျပ် သိန်းနှစ်ဆယ်အထက် ရရှိသူများ ဖြစ်ကြောင်းနှင့် ငွေကျပ် သိန်းနှစ်ဆယ်မှ သိန်းငါးဆယ် ဝင်ငွေရှိသူများမှာ အခြေခံ သက်သာခွင့်နုတ်ကာ အိမ်ထောင်ရှိသူ ဆိုလျှင် အကျိုးခံစားခွင့်နုတ်ပြီး အခွန် ၅ ရာခိုင်နှုန်း ပေး သွင်းရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တစ်နှစ်ဝင်ငွေ ငွေကျပ် သိန်းငါးဆယ်မှ သိန်းတစ်ရာ ဝင်ငွေ ရှိသူများမှာ အခြေခံ သက်သာခွင့်နှင့် အကျိုးခံစားခွင့်များ နုတ်ပြီး အခွန် ၁ဝ ရာခိုင်နှုန်း၊ ငွေကျပ် သိန်းတစ်ရာ မှ သိန်းနှစ်ရာကြား ဝင်ငွေရှိသူများ မှာ အခွန် ၁၅ ရာခိုင်နှုန်း၊ ငွေကျပ် သိန်းနှစ်ရာမှ ငွေကျပ် သိန်းသုံးရာအတွင်း ဝင်ငွေရသူများမှာ အခွန် ၂ဝ ရာခိုင်နှုန်းနှင့် သိန်းသုံးရာအထက် ဝင်ငွေရှိသူများမှာ အခွန် ၂၅ ရာခိုင်နှုန်း တို့ကို လစာဝင်ငွေခွန် အဖြစ် ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

REF ; မြ၀တီ
Yatanarpon Call Center


ဆိုက်ရောက်ဗီဇာပြဿ နာ



အတွဲ (၁၃)၊ အမှတ်(၈)
အောင်သူရ၊ခန့်ထက်

ခရီးသွားကုမ္ပဏီတစ်ခု၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သော ဒေါ်ဒါလီက ဆိုက်ရောက်ဗီဇာ(Arrival Visa)နှင့်ပတ်သက်၍ ခရီးသွားများကို နားလည်အောင် ရှင်းမပြတတ်ဟု ပြောပါသည်။

ခရီးလှည့်လည်ရေးကုမ္ပဏီတစ်ခုလျှင် ဧည့်သည်ဆယ်ဦးနှင့်အထက် လျှောက်ထားမှသာ ကြိုတင်ပြုလုပ်သော ဆိုက်ရောက်ပြည်ဝင်ခွင့်ပြုမည့်ပေါ်လစီအပေါ် Tour De Myanmar အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဒါလီက မေးခွန်းထုတ်သည်။

‘‘၀န်ကြီးဌာနရဲ့ပေါ်လစီကို လုံးဝနားမလည်ဖြစ်ရတယ်’’ဟု ဒေါ်ဒါလီကပြောသည်။ ထိုသို့ မူဝါဒချမှတ်ထား၍ ခရီးသွားများ နားလည်လက်ခံအောင် သူရှင်းမပြနိုင်ခြင်းဖြစ်သည်။

‘‘ဆယ်ယောက်ဖြစ်ဖို့ဆိုတာဟာ သဘာဝမကျဘူး။ အားလုံးကို လိမ်ခိုင်းသလိုဖြစ်နေတယ်’’ဟု RubyLand ခရီးလှည့်လည်ရေးကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးကျော်ကဆိုသည်။

ထိုအစီအစဉ်ပြောင်းလိုက်သည့်အချိန်မှစ၍ မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်ထားသော ကမ္ဘာလှည့်ခရီးသည်များမှာ ခရီးစဉ်ဖျက်သိမ်းခြင်းနှင့် ခရီးစဉ်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်လာကြသည်ဟု ခရီးလှည့်လည်ရေးကုမ္ပဏီများထံမှ သတင်းရရှိသည်။

မတ်လမှ ဧပြီလအတွင်း Nature Dream ကုမ္ပဏီဖြင့် လာရောက်ရန် ပြင်ဆင်ထားသော ကမ္ဘာလှည့်ခရီးသွား ၁၅ ဖွဲ့မှာ ခရီးစဉ်များဖျက်သိမ်းသွားခဲ့သည်ဟု အဆိုပါကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စံပယ်အောင်ကပြောသည်။

မတ်လဆန်းမှစ၍ နှစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ချင်သူများ ပြည်ဝင်ခွင့်ရရှိရန် ခရီးသွားကုမ္ပဏီများအနေဖြင့် အာမမခံရဲဖြစ်နေကြသည်။

လာရောက်လည်ပတ်ရန် စုံစမ်းသူများအား နီးစပ်ရာသံရုံးတွင် ဗီဇာလျှောက်ထားပြီးမှသာ လာရောက်ရန် အကြောင်းပြန်နေကြရသည်။ ထို့အပြင် မြန်မာနိုင်ငံသံရုံးများမှာလည်း မြို့ကြီးများတွင်သာရှိကြပြီး မိုးတွင်းကာလတွင် အဓိကလာရောက်သော စပိန်နိုင်ငံ၌ မြန်မာသံရုံးမရှိပေ။

ပြည်ပနိုင်ငံများတွင်ရှိသော မြန်မာသံရုံးများတွင် ပြည်ဝင်ခွင့်ရရှိရန် လျှောက်ထားသည့်ကိစ္စမှာလည်း ထင်သလောက်မလွယ်သည့်ကိစ္စဖြစ်သည်။

မေလဆန်းတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် တက်ရောက်သတင်းယူရန်အတွက် အင်ဒိုနီးရှားနိုင်ငံထုတ် Kompas သတင်းစာမှ သတင်းထောက်တစ်ဦးသည်ပင် ပြည်ဝင်ခွင့်ဗီဇာမရရှိသဖြင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနသို့ အကူအညီတောင်းခံနေရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုမြင့်တက်လာပြီးနောက် လက်ရှိမြန်မာနိုင်ငံ၏ ဟိုတယ်အခန်းများလည်း ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးကြီးနေသဖြင့် လာမည့်နှစ်အတွက် မြန်မာနိုင်ငံသို့ လာရောက် ရန် စုံစမ်းမှုများ လျော့နည်းလာကြောင်း ခရီးသွားကုမ္ပဏီများကပြောသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့တက်လာပြီး မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံသို့ ခရီးသည်ရောက်ရှိမှုသည် ၂၀၁၂ ခုနှစ်တွင် ၁ ဒသမ ၀၆ သန်းရှိခဲ့ပြီး တိုးတက်မှု ၃၀ ရာခိုင်နှုန်းရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၀၄ သန်းရှိ၍ တိုးတက်မှု ၉၃ ရာခိုင်နှုန်းထိ ရှိလာသည်။ ခရီးသွားလုပ်ငန်းမှ အမျိုးသားဝင်ငွေရရှိမှုသည်လည်း ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃၄ သန်းရရှိမှုမှ ၂၀၁၃ ခုနှစ်တွင် ၉၂၆ သန်းအထိ တိုးတက်လာကြောင်း ဟိုတယ်ခရီးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုသို့ မြင့်တက်လာသော ကမ္ဘာလှည့်ခရီးသွားများထဲတွင် ပြည်ပနိုင်ငံတွင် အခြေစိုက်သော ခရီးသွားကုမ္ပဏီများမှ ရောင်းချသော Package Tour များမှတစ်ဆင့် လာရောက်သူများထက် မိမိအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်လာရောက်သော FIT ဧည့်သည်များမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားခဲ့သည်။

FIT ဧည့်သည်အများစုမှာလည်း အုပ်စုလိုက် လာရောက်ခြင်းမျိုးမဟုတ်ဘဲ တစ်ဦး၊ နှစ်ဦးမှသည် ငါးဦး၊ ခြောက်ဦးခန့်သာရှိကြသည်။

ရန်ကုန်လေဆိပ်ဝင်ပေါက်မှ Package Tour ဖြင့် လာရောက်သူမှာ ၂၀၁၃ ခုနှစ်တွင် ၁၄၈,၅၅၇ ဦးရှိပြီး FIT ဖြင့် လာရောက်သူမှာ ၂၉၄,၂၁၈ ဦးအထိ ရှိသည်။

ထို့ကြောင့် ကိုယ်ပိုင်အစီအစဉ်ဖြင့် လာရောက်သော တစ်ဦးချင်း ခရီးသွားဦးရေက ခရီးစဉ်ကြိုတင်စီစဉ်ကာ အဖွဲ့လိုက်လာရောက်သောဦးရေထက် နှစ်ဆကျော်များသည်။

မြန်မာနိုင်ငံအနေဖြင့် တပ်မတော်အစိုးရလက်ထက်ကပင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအတွက် ကြိုတင်ပြုလုပ်သော ဆိုက်ရောက်ပြည်ဝင်ခွင့်စနစ်ဖြင့် ခွင့်ပြုပေးခဲ့သည်။ ဗီဇာလျှောက်ထားရာတွင်လည်း ငါးရက်အတွင်း ရရှိခဲ့သည်။

 သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ထိုစနစ်အပြင် စီးပွားရေးဗီဇာဖြင့် လာရောက်သူများနှင့် လူမှုရေးဗီဇာဖြင့် လာရောက်သူများအား ဆိုက်ရောက်ပြည်ဝင်ခွင့်ဗီဇာဖြင့် လာရောက်ခွင့်ပြုခဲ့သည်။

စီးပွားရေးဗီဇာဖြင့် ဝင်ရောက်လာသူများအား ဗီဇာကြေး ဒေါ်လာ ၅၀ ကောက်ခံ၍ ရက်ပေါင်း ၇၀ နေထိုင်ခွင့်ပေးခဲ့သည်။

သို့သော် ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်မှစတင်၍ ယခင်ခွင့်ပြုပေးခဲ့သော ဆိုက်ရောက်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာတွင် ကုမ္ပဏီတစ်ခုလျှင် ၁၀ ဦးနှင့်အထက် လျှောက်ထားမှသာ ခွင့်ပြုပေးမည်ဟု ပြောင်းလဲခဲ့သည်။

ထို့ကြောင့် ခရီးသွားကုမ္ပဏီများအနေဖြင့် နှစ်ပတ်အတွင်း လာရောက်လိုသူများအား ခရီးစဉ်ရောင်းချခြင်း မပြုကြတော့ပေ။

အချို့သော ကုမ္ပဏီများကမူ ကမ္ဘာ့လှည့်ခရီးသွားများအား စီးပွားရေးဗီဇာလျှောက်ထားပြီး စီးပွားရေးလုပ်ငန်းရှင်ပုံစံဖြင့် ၀င်ရောက်နေကြသည်။

‘‘ဧည့်သည်ကိုတော့ ကြိုပြောထားရတယ်။ စီးပွားရေးလုပ်ဖို့ လာတာပါလို့ လေဆိပ်မှာပြောဖို့’’ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ အချို့သော ခရီးသွားကုမ္ပဏီများကမူ သက်ဆိုင်ရာနှင့် နားလည်မှုပြုလုပ်ကာ ပြည်ဝင်ခွင့်ရရှိအောင် ဆောင်ရွက်နေကြသည်ဟု သတင်းရရှိသည်။ ထိုကဲ့သို့ နားလည်မှုပြုလုပ်ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများကို စာရွက်စာတမ်းကြေးသဘောမျိုး ပေးဆောင်ရသည်ဟုလည်း ကိုယ်တိုင်ဆောင်ရွက်နေသော ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများကပြောသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကလည်း ခရီးသွားကုမ္ပဏီများမှ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူအများစုက ၁၀ ဦး ပြည့်ပါက သက်ဆိုင်ရာဝန်ကြီးဌာနသို့ လျှောက်ထားပေးနေသည်။

‘‘ဗီဇာကိစ္စက အခုလက်ရှိ ၁၀ ယောက်အဖွဲ့ဆိုရင် ပေးတုန်းပဲ ၁၀ ယောက်အဖွဲ့ဆိုရင် ဟိုတယ်ခရီးက လ.ဝ.ကကို ထောက်ခံပေးပြီးတော့ ခွင့်ပြုချက်တောင်းခံပေးရတယ်။ အခုကတော့ ခရီးသွားရာသီ Low Season ဆိုတော့ သိပ်ပြဿနာမရှိတော့ပါဘူး’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဗီဇာဌာနမှ ဦးဇော်မင်းနောင်ကဆိုသည်။

လာမည့်ခရီးသွားရာသီအစဖြစ်သော အောက်တိုဘာတွင် E-Visa စနစ် စတင်အကောင်အထည်ဖော်နိုင်ပါက လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း ဦးဇော်မင်းနောင်ကဆိုသည်။

 E-Visa စနစ် အကောင်အထည်ဖော်နိုင်ပါက လက်ရှိကမ္ဘာလှည့်ခရီးသွားများ ကြုံတွေ့နေရသော အခက်အခဲများ အဆင်ပြေသွားမည်ဟုလည်း ခရီးလှည့်လည်ရေးကုမ္ပဏီများက ယုံကြည်နေကြသည်။ သို့သော် ထိုစနစ်မစတင်နိုင်မီ ကမ္ဘာလှည့်ခရီးသွားများ၏ ပြည်ဝင်ခွင့်ဗီဇာနှင့်ပတ်သက်၍ တိကျသည့် မူဝါဒတစ်ခုရှိရန် လိုအပ်သည်။ လက်ရှိအခြေအနေတွင် အဆင်ပြေရန်အတွက် နားလည်မှုများ၊ လိမ်လည်မှုများ ဆောင်ရွက်နေကြရသည့် အခြေအနေကို ခရီးလှည့်လည်ရေးကုမ္ပဏီများက မနှစ်သက်ကြပေ။

ထို့ကဲ့သို့ မပြတ်သားသော ပေါ်လစီကြောင့် စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် သိက္ခာမရှိဖြစ်စေသလို တိုင်းပြည်၏ ဂုဏ်သိက္ခာလည်း ကျစေခဲ့သည်။

ဆိုက်ရောက်ဗီဇာ မူဝါဒပြောင်းလဲမှုများ

၂၀၁၄ ဖေဖော်ဝါရီ ၁၄ ရက်
ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (VOA) ထုတ်ပေးခြင်းကို စတင်ရပ်ဆိုင်း။

၂၀၁၄ မတ်လ ၁၀ ရက်
ကမ္ဘာလှည့်ခရီးသွားများ ဆိုက်ရောက်ဗီဇာလျှောက်ထားရာ ကုမ္ပဏီတစ်ခုလျှင် ၁၀ ဦးနှင့်အထက် လျှောက်ထားမှသာ ခွင့်ပြုမည်ဖြစ်ပြီး လျှောက်ထားရာတွင်  ဗီဇာကြေးကြိုတင်သွင်းရမည်ဟု ထုတ်ပြန်။

၂၀၁၄ မတ်လ ၁၄ ရက်
ခရီးသွားကုမ္ပဏီများ ဆိုက်ရောက်ဗီဇာ လျှောက်ထားရာတွင် မိမိတို့ Package Tour မှအပ အခြားခရီးသည်များအား အခကြေးငွေယူပြီး ဆောင်ရွက်ပေးပါက အရေးယူမည်ဟု ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ထုတ်ပြန်။

7Day News Journal

လူငယ်များကြားရေပန်းစားနေသည့် အဆိုတော်မလေး ပိုပို အဆိုတော် မဖြစ်ရင် သတ်သေလိုက်မယ်လို့ တွေးခဲ့ဖူးသည်ဟုဆို




‘ပိုဒီအခွေလေးကို စီဒီကနေ အမ်တီဗီလုပ်နေတဲ့ကြားထဲမှာ ၁ နှစ်နဲ့၃ လကြာပါတယ်ရှင့်။ MTV ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက ကိုထွန်းထွန်း၊ ကိုမြင့်မြတ်၊ ကိုကျော်ကျော်ဗို၊ ကိုနေဒွေး၊ စူးရှ၊ မမိုခမ်း၊ ဦးဝက်မ၊ စိုးပြည့်ပြည့်စံတို့အများကြီးပဲပါပါတယ်ရှင်။ ဒါရိုက်တာတွေအနေနဲ့ကတော့ ကိုဇော်ကြီးရယ်၊ ပိုကိုယ်တိုင်လဲ ရိုက်ထားတယ်။ ဒီခွေထဲမှာဆို ကိုထွန်းထွန်းနဲ့ ဆိုထားတဲ့ သီချင်းလေး ပိုအ၇မ်းအားရတယ်။ ဟိုင်းဝေးလမ်းမှာလဲ သွားရိုက်ထားတယ်။ အိုင်ဒီယာအသစ်လေးနဲ့ပေါ့နော်။ ချစ်ဖူးခဲ့သမျှ ဆိုလဲ တကယ့်ကို ခံစားချက်အစစ်နဲ့ရိုက်ထားပါတယ်’လို့ ပိုပိုက ပြောပါတယ်။

ဂီတကို အရင်ကတည်းက ရူးသွပ်ခဲ့ရတဲ့ သူမက သူမ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ‘ဂီတကို ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ ၀ါသနာပါရုံဆို ဒီအဆင့်ထိတောင် ရောက်မယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုဖြတ်သန်းခဲ့ရတာတွေက အရမ်းကိုခက်ခဲပါတယ်။ တကယ်ကို ရူးသွပ်ပြီး မြူးဇစ်မရှိရင်မဖြစ်တဲ့အနေအထားမို့လို့ပါ။ တစ်ခါတစ်လေဆို အဆိုတော်မဖြစ်ရင် ငါသတ်သေလိုက်မယ်ဆိုတဲ့ အတွေးမျိုးဝင်တဲ့အထိပါပဲ။ ဒုတိယအခွေအတွက်လဲကြိုးစားနေသလို သင်္ကြန်အခွေလေးလဲလုပ်ဖြစ်မယ်ထင်ပါတယ်။ ပိုရဲ့ပရိသတ်ကြီးအားလုံး ပိုပိုလို့သိတဲ့သူတွေကတော့ ပိုပိုဘယ်လိုလေးကြိုးစားရတယ်။သီချင်းလေးတွေက ဘာလေးတွေလဲဆိုတာကအစ သိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်ကြီးမရှိရင် ပိုပိုဆိုတာဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီတော့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်’လို့ဖွင့်ဟသွားပါတယ်။
By Trend Myanmar

မိုက်ခရိုဆော့ဖ် အင်တာနက် Browser IE ကို အသုံးမပြုရန် အမေရိကန်အစိုးရ သတိပေး



ဝါရှင်တန်၊ ဧပြီ ၂၉

အမေရိကန်ပြည်ထောင်စု အင်တာနက် လုံခြုံရေး စောင့်ကြည့်အဖွဲ့က နာမည်ကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် အင်တာနက် Browser တစ်ခု ဖြစ်သော IE (Internet Explorer) ကို လုံခြုံရေးအတွက် အားနည်းချက်များ ရှိနေပြီး ဟက်ကာများ တိုက်ခိုက်နိုင်သဖြင့် အသုံးပြုရန် မသင့်ကြောင်း သတိပေးထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အစိုးရကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ှ- US-CERT (Com-puter Emergency Response Team) သည် IE browser ထုတ်လုပ်ခဲ့သည့် hf version 6 မှ version 11 အထိ လုံခြုံမှု မရှိသောကြောင့် သုံးစွဲသူများ သတိထားကြရန် နှိုးဆော်ထားသည်။

လုံခြုံရေး ဌာနကလည်း လက်ရှိ IE Browser ကို အသုံးပြုနေသူများသည် အကာအကွယ်များ ပြုလုပ်ထားသင့်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီအနေနှင့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီး လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်း အာမ မခံမချင်း မသုံးစွဲသင့်သေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

IE ကို "Operation Clandes-tine Fox" အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးဖြင့် ဟက်ကာများကို တိုက်ခိုက် နေကြကြောင်း အင်တာနက် လုံခြုံရေး ဝန်ဆောင်မှုများ လုပ်ဆောင်နေသည့် FireEye ကုမ္ပဏီကလည်း အတည်ပြု ပြောကြားသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အနေနှင့် ယခင်ထုတ်ခဲ့သော ကွန်ပျူတာ လည်ပတ်ရေး စနစ်ဟောင်း ဖြစ်သည့် Windows XP ကို အထောက်အပံ့ အကူအညီ မပေးတော့ကြောင်း ကြေညာပြီးသည့် နောက်တွင် ယခုပေါ်ပေါက်ခဲ့ရသည့်
ပြဿ နာ မှာ အကြီးကျယ်ဆုံး ဖြစ်ပြီး ယင်းစနစ်ကို သုံးစွဲနေသူများထံမှ တစ်ဆင့် လုံခြုံရေး အားနည်းမှုအပေါ် အခွင့်ကောင်းယူကာ ဟက်ကာများ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားသည်။

The Voice Weekly

အိမ်အကူကိုနှိပ်စက်ခဲ့သည့် ဇနီးဖြစ်သူ ၂နှစ်ကျော်ကြာ တိမ်းရှောင်နေဆဲဖြစ်သော်လည်း ခင်ပွန်းဖြစ်သူမှာ မြို့နယ်တရားသူကြီးအဖြစ် ရာထူးတိုးမှုအပေါ် ဝေဖန်ခံနေရ



အိမ်အကူအမျိုးသမီးငယ်အားထိခိုက်နာကျင်အောင်ပြုမူခဲ့ပြီး နှစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည့် ဒုတိယမြို့နယ်တရားသူကြီး၏ ဇနီးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း ခင်ပွန်း ဖြစ်သူမှာမူ မြို့နယ် တရား သူကြီးအဆင့်သို့ ရာထူးတက်ခဲ့ ခြင်းအပေါ်ဝေဖန်မှုအချို့ရှိလာခဲ့သည်။

၂ဝ၁၂ ခုနှစ်မတ်လ ၂၅ ရက်နေ့ က ပဲခူးမြို့ရဲစခန်းတွင် ပုဒ်မ ၃၂၄ (သာ မန်ထိခိုက်နာကျင်စေသောအမှု ပုဒ်မ)နှင့် အမှုဖွင့်ခံရပြီး အမှုလာ မရင်ဆိုင် သောကြောင့် ပဲခူးတရားရုံးက ပုဒ်မ ၅၁၂ ဖြင့် တရား ခံပြေးအဖြစ်ထပ်မံကာ ကြေညာခံထားရသော ယင်းအမျိုးသမီး ကိစ္စနှင့်ပတ်သတ်ကာ တရားဥပဒေစိုးမိုးဖို့ လိုလားနေသူတို့က

ဝေဖန်နေ ချိန်တွင်တရားခံပြေး၏ခင်ပွန်းဖြစ်သူက တောင်တွင်းကြီးမြို့ တရားရုံးတွင် ရာထူး ပင်တိုးသွားသည်က ထောက်ပြစရာဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်က ဆိုသည်။

''သာမန်လူ မဟုတ်ဘူးလေဗျာ။ ဘက်မလိုက်ဘဲ တကယ့်ကို တရားစီရင်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးက သူ့အမျိုးသမီးကို တောင် ဥပဒေဘောင်ထဲရောက်အောင် မစည်းရုံးနိုင်သေးဘဲ ရာထူးတိုးသွားတာ လူဝေဖန်စရာကြီးပါပဲ''ဟု ၎င်းကပြောသည်။ ယင်းသို့ ဖမ်းဆီးရမိခြင်းမရှိသေးသည့်အိမ်ဖော်အား မတရားနှိပ်စက် သောအမှုမှာ ပဲခူးတိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ ၏ နေအိမ်တွင် ငှားရမ်းနေထိုင်သော ဒုတိယ မြို့နယ်တရားသူကြီး၏
ဇနီးက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရသိရသည်။

ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းက''တရားရေးမဏ္ဍိုင်က သီးခြားဖြစ် နေတဲ့အတွက် ဒီအပေါ်ဘာမှမဝေဖန် ချင်ဘူး။ သို့သော်လည်း ကျူးလွန်သူလို့ ယူဆရသူကို ဖမ်းမိဖို့ သူနေနိုင်တဲ့နေရာ တွေက ရဲစခန်း၊ ကုန်ကုန်ပြောရရင် နယ်စပ်၊ လေဆိပ်အထိကို ပုံနဲ့တကွ ပို့ ထားပါတယ်၊ ဖမ်းမှာပါ''ဟုပြောသည်။ လက်ရှိအချိန်အထိ ယင်းအမျိုး သမီးအား မမိသေးမှုအပေါ် ၎င်းက မိသားစုဝင်များ ပူးပေါင်းပါဝင်ဖို့ လိုနေသည် ဟု ထောက်ပြနေပြီး၊ယခုလိုရှောင် ပြေးနေခြင်းက ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ အများဝေဖန်စရာ ဖြစ်နေသည်ဟု ထောက်ပြသည်။ ''မဖြစ်သင့်ဘူးဗျာ''ဟု ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းက
ဆက်ပြော သည်။

ထို့အပြင် အိမ်ဖော်မှာ မီးပူဖြင့်အပြင်းအထန် နာကျင်အောင်လုပ်ခံခဲ့ ရပြီး အမှုကို ပုဒ်မ ၃၂၆(အပြင်းအထန် နာကျင်အောင်လုပ်မှု)ဖြင့် အမှုဖွင့်သင့် သော်လည်း၊ သာမန်ထိခိုက်နာကျင်စေ သောအမှု ပုဒ်မဖြစ်သော ဥပဒေပုဒ်မ ၃၂၄(သာမန်ထိခိုက်နာကျင်စေသော အမှုပုဒ်မ) နှင့်သာ အမှုဖွင့်ခြင်းက လူ့အခွင့်အရေးတက်ကြွသူတို့၏
နောက် ထပ်ဝေဖန်စရာအဖြစ် ရှိနေသေးသည် ဟုလည်းသိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ''မှားနေတယ် ထင်တယ်နော်။ ဥပဒေကို လက်တစ်လုံးခြားလုပ်တာပဲ၊ ဒါက သာမန်နာကျင်စေမှုလို့ ခေါင်းစဉ်တပ်တာက အံ့သြစရာပဲ'' ဟု ဝေဖန်လိုက်သည်။ အမှုကို လက်ခံခဲ့ သော ရဲစခန်းမှရဲအရာရှိဖြစ်
သူက ၃၂၆ နှင့် ဖွင့်သင့်သည့်အတွက် ဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် သာမန်ထိခိုက်

မှုဟု ဥပဒေတပ်ရန်ဖြစ်လာခဲ့သည်ဟု ထုတ်ပြောသည်။ တနင်္သာရီတိုင်းဒေသ ကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြင့်ဝင်းက ရာထူးတိုး မှုမှာ ဖြစ်သင့် ဖြစ်ထိုက်သူကိုသာ တိုးခြင်းဖြစ်သည့်အတွက် ၎င်းနှင့်ပတ်သက်သူတစ်ဦးကြောင့် မတိုးပေးဟုဆိုပါလျှင် မဖြစ်သင့်ပါကြောင်း ပြောသည်။ ''သူကကျူးလွန်သူမဟုတ်ဘူး'' ဟု တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြောသည်။

PN -051
Popular Myanmar News Journal

စာကြည့်တိုက်ကို ကလေးတွေ ခေါ်သွားသင့်တဲ့ အကြောင်းရင်း



စာကြည့်တိုက်သို့ ပုံမှန်သွားဖြစ် သော မိဘများ အနေဖြင့် သားသမီးများ အား စာကြည့်တိုက်သို့ အတူခေါ်ယူ သွားသင့်ကြောင်း ပညာရှင်တို့က သုံး သပ် အကြံပြု ထားပါ တယ်။ ကလေးငယ် များကို စာကြည့်တိုက် သို့ ခေါ်ဆောင် သွားသင့်ကြောင်းကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး တင်ပြ ထားပါတယ်။

၁။ စာကြည့်တိုက်သို့ ပုံမှန်သွားခြင်းဖြင့် စာပိုဖတ်ဖြစ်မည်မှာ မလွဲတမ်းရမယ့် အားသာချက်ပါ။

၂။ သားသမီးများကို စာကြည့်တိုက် ခေါ်သွားခြင်းဖြင့် သင်ဝယ်ယူနိုင်သည် ထက် ပိုများသော စာအုပ်၊ မဂ္ဂဇင်း များနှင့် သူတို့ကို ထိတွေ့ခွင့် ရစေပါ လိမ့်မယ်။

၃။ စာကြည့်တိုက်က စာကြည့်တိုက်မှူး ဟာ သင်မသိတဲ့ သင် မတွေးမိတဲ့၊ ကလေးငယ်တွေ အတွက် သင့်တော်တဲ့ စာအုပ်၊ စာဖတ် နည်းလမ်းတွေကို အကြံ ပြုပေးနိုင် ပါတယ်။ အသက်အရွယ် အလိုက်၊ စာဖတ်သက် အလိုက် စာပေ ရသစုံကို ဖတ်ရှု ခံစားစေခြင်းဖြင့် အသိ ဥာဏ်နှင့် ဝေါဟာရကို ကြွယ်ဝ လာစေပါ လိမ့်မယ်။

၎။ စာကြည့်တိုက် အချိန်ဟာ ပျင်းရိစရာ ကောင်းမနေတော့ပါဘူး။ ကလေးတွေ အတွက် စာကြည့်တိုက် ဆိုတာ စာဖတ် ရတဲ့ နေရာထက် ပိုပါတယ်။ စိတ်ဝင် စားစရာ အရုပ်တွေ၊ စာအုပ်တွေ နဲ့ ဆော့ လို့ရတဲ့ နေရာပါ။ သူတို့ ပျော်ရွှင် ရပါ လိမ့်မယ်။

၅။ စာကြည့်တိုက် အဖွဲ့ဝင် ကတ် လုပ် ပေးထား လိုက်တာဟာ သင့်ကလေး ငယ် ကို တာဝန်ယူစိတ် စမွေးမြူစေနိုင်ပါလိမ့် မယ်။ ကလေး တစ်ယောက် အတွက် စာ ကြည့်တိုက် ကတ်ဟာ ဘဝ မှတ်တိုင်တစ် ခု ဖြစ်နေပါလိမ့်မယ်။

KYL
Ref: 5 good reason to take your kids to the Library today.
Popular Myanmar News Journal


Hilux ယာဉ်ငယ် နှင့်ပတ်သက်၍ ရွှေပြည်သာအပါအဝင် မြို့နယ် ၄ မြို့နယ်မှ ယာဉ်မောင်းများ ဆန္ဒပြ


ရန်ကုန်၊ဧပြီ ၃၀။

ရွှေပြည်သာအပါအဝင် မြိုနယ် ၄မြို့နယ်မှာ ဟိုင်းလပ်ယာဉ်ငယ်(၈၀)စီး၊လူအင်အား (၂၅၀) နှင့် မဟာဗန္တုလပန်းခြံအနောက်ဘက် အမေရိကန်သံရုံးရှေ့တွင် ကျောက်တံတားမြို့နယ်ရဲစခန်းခွင့်ပြုချက်နှင့် (ယနေ့)ဧပြီ ၃၀ရက်က ကြွေးကြော်သံ အချက်(၃)ချက်ဖြင့်
ဆန္ဒပြခဲ့သည်။

လက်ရှိယာဉ်လိုင်းများအား ယခင်လမ်းကြောင်းအတိုင်း ဆက်လက်အသုံးပြု ပြေးဆွဲခွင့်ပြုရေး၊ ဥပဒေဘောင် အတွင်း လွတ်လပ်စွာ
စီးပွါးရှာပိုင်ခွင့်ပြုရေး၊ မ.ထ.သ (ဗဟို) မှ ထုတ်ပြန်ထားသော ယာဉ်လိုင်းပိတ်သိမ်းမည့် အချိန်အား (၁၈) လ တိုးမြှင့်ပေးရေး စသည့်
ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြကြောင်းသိရသည် ။

၎င်းဆန္ဒပြခြင်း၌ (၁)ဟိုင်းလပ်ယာဉ်ငယ်များမူလလမ်းအတိုင်းပြန်လည်ပြေးဆွဲခွင့်ပေးရန်၊(၂)ဟိုင်းလပ်နှင့် မီနီဘတ်ပြောင်းလည်
ပြေးဆွဲခြင်းအား အချိန်(၁၈)လ ပေးရန်၊(၃)လွတ်လပ်စွာ စီးပွားရှာခွင့်ပေးရန်ဆိုသော အချက်(၃)ချက်ဖြင့် ရွှေပြည်သာမြို့နယ်၊တာမွေမြို့နယ်၊
တိုက်ကြီးမြို့နယ်၊သန်လျင်ကျောက်တန်းမြို့နယ်မှ ဟိုင်းလပ်ယာဉ်ငယ် (၈၀)စီးနှင့် လူအင်အား (၂၅၀)ဖြင့်လာရောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“ အခုလိုမျိုးလုပ်လိုက်လို့ တာဝန်ရှိလူကြီးထဲကနေ နည်းနည်းပြန်စဉ်းစားပြီးတော့ ကျွန်တော်တို့တောင်းဆိုတဲ့ အချိန်ကာလလေးများ ထပ်ပေး
လာခဲ့မယ်ဆိုရင် မောင်းရောင်းယာဉ်တွေ အဓိက စားဝတ်နေရေးအားလုံး အဆင်ပြေအောင်လုပ်တဲ့သဘောပါပဲ နောက်တစ်ခုကယာဉ်ပိုင်ရှင်
တွေကို သူတို့ထုတ်ပြန် ထားသလို မီနီဘတ်စ်မလဲနိုင်ကြတဲ့ ယာဉ်ပိုင်ရှင်တွေကိုလည်း ၆ လဖြစ်ဖြစ် ၁ နှစ်ဖြစ်ဖြစ် ကျွန်တော်တို့ တောင်းထားတဲ့
အချိန်ကာလလေးများထပ်ရခဲ့ရင် ဒီကြားထဲမှာရတဲ့ဝင်ငွေလေးနဲ့စုဆောင်းပြီးတော့ မီနီဘတ်ကို ဝယ်နိုင်အောင် လဲနိုင်အောင် အဲဒီအတွက်
ရည်ရွယ်ပြီးတော့ အခုလို ဆန္ဒထုတ်ဖော်ရခြင်းလည်းဖြစ်ပါတယ် ”ဟု ဦးဆောင်သူ ကိုသန်းဇော်မင်းကပြောသည်။

၎င်းဟိုင်းလပ်ယာဉ်ငယ်များအား စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမပြေးဆွဲရန် ပြီးခဲ့သည့်နှစ် ၂၀၁၃ ဒီဇင်ဘာလက စတင်ပိတ်ပင်ခဲ့တာဖြစ်ပြီး
ယခုအချိန်ဆိုရင် အချိန်ကာလ(၄)လရှိသွားပြီးဖြစ်၍ အနည်းငယ်သာ ဟိုင်းလပ်ယာဉ်ငယ်အစား မီနီဘတ်စ်များကို ပြောင်းလဲပြေးဆွဲနိုင်ခဲ့ကြောင်း
သိရသည်။

စည်ပင်သာယာနယ်နိမိတ်အပြင်ဘက်တွင် ပြေးဆွဲရန်အတွက် ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တွေကို သွားရောက် လေ့လာကြည့်ခဲ့သော်လည်း
သူယာဉ်လိုင်း ကိုယ်ယာဉ်လိုင်းရှိတာကတစ်ကြောင်း၊ ဂတ်စ်လုံလောက်မှုမရှိတာ တစ်ကြောင်း၊မောင်းရောင်းတွေအနေနဲ့ ဝေးလို့သွားရောက်
မပြေးဆွဲနိုင်တဲ့ အခက်အခဲများ ကြုံတွေ့နိုင်သော ကြောင့် မူလပြေးဆွဲနေသော လမ်းအတိုင်းပြန်လည်ပြေးဆွဲနိုင်အောင် ဆောင်ရွက်ပေးစေလိုကြောင်း
ကိုသန်းဇော်မင်းက ဆက်လက်တောင်းဆိုခဲ့သည်။

ချစ်မင်းထွန်း

ဓာတ်ပုံ-သီဟသစ်


The Myanma Age

ရော်နယ်ဒို ချန်ပီယံလိဂ် သွင်းဂိုးစံချိန်သစ်တင်




ဘိုင်ယန်မြူးနစ်ကို (၄)ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် (၂)ဂိုး သွင်းယူခဲ့သည့် ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုမှာ ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းစံချိန်သစ် တစ်ရပ် ရေးထိုးနိုင်ခဲ့သည်။ ဘေးလ်၏ ဖန်တီးမှုမှ တစ်ဆင့် တတိယမြောက် သွင်းဂိုး ရရှိခဲ့သည့် ရော်နယ်ဒိုမှာ ပွဲချိန် (၈၉)မိနစ်တွင် ပြစ်ဒဏ်ဘော အနိမ့်ကန်ချက်ဖြင့် ပွဲသိမ်းဂိုးသွင်းယူခဲ့ကာ ယခုရာသီ (၁၆)ဂိုးမြောက် ချန်ပီယံလိဂ်ဂိုး သွင်းယူနိုင်ခဲ့သည်။

မက်ဆီသည် (၂၀၁၁-၁၂)ရာသီတွင် ချန်ပီယံလိဂ် သွင်းဂိုး(၁၄)ဂိုး သွင်းယူနိုင်ခဲ့ပြီး ထိုစံချိန်ကို ရော်နယ်ဒိုက (၂)ဂိုး အသာဖြင့် ကျော်ဖြတ်ခဲ့ကာ ကစားသမားဘ၀ ချန်ပီယံလိဂ် သွင်းဂိုး(၆၇)ဂိုးမြောက် ရယူနိုင်ခဲ့သည်။ ယင်းအတွက် ရော်နယ်ဒိုသည် ချန်ပီယံလိဂ်တွင် ဂိုးအများဆုံး သွင်းယူထားသည့် ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်၏ စံချိန်ကို အမှီလိုက်ရန် (၄)ဂိုးသာ လိုအပ်ကြောင်း သိရသည်။


@z (ရိုးရာလေး)

မိတ္ထီလာတွင် ရင်ချင်းဆက် နွားအမြွှာပူး မွေးဖွား၊ မိနစ် ၂၀ခန့်အကြာတွင် သေဆုံး

ဓာတ်ပုံ - အင်တာနက်မှ မွေးကင်းစ နွားသားပေါက်

မိတ္ထီလာ ဧပြီ ၂၉

မိတ္ထီလာမြို့ ရုံးတောကျေးရွာ အုပ်စု ရုံးတောကြီးကျေးရွာရှိ ဒေသခံ တစ်ဦး မွေးမြူထားသည့် နွားမ (မတမ်း) မှ ဧပြီ ၂၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ရင်ချင်းဆက် နွားအမြွှာပူးနှစ်ကောင် မွေးဖွားပြီး မိနစ် ၂ဝ ခန့်အကြာတွင် သေဆုံးသွား ကြောင်း သိရသည်။

“ထူးထူးခြားခြား နွားရင်ချင်းဆက် အမြွှာမွေးတာဆိုတော့ ပတ်ဝန်းကျင် ကျေးရွာတွေက လာကြည့်တဲ့ သူတွေကလည်း စည်ကားနေတာ။ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မွေးတာ။ မွေးပြီးတော့ မိနစ် ၂ဝ ခန့်အထိ နှစ်ကောင် စလုံးအသက်ရှူတယ်၊ ပြီးမှသေသွားတာ။ မွေးတဲ့ မိခင်နွားမက ပထမဆုံး သားကျတဲ့ (မတမ်း) ဖြစ်ပါတယ်။

အသက် သုံးနှစ်လောက်ပဲရှိသေးတယ်။ မွေးဖွားတဲ့ရက်ကလည်း ရက် ပြည့်ပြီး လေး၊ ငါး၊ ၁ဝ ရက်တောင် လွန်နေပါသေးတယ်။ တန်ခူးလပြည့် ကျော် ၁ဝ ရက်လောက်က ကိုယ်ဝန်ဆောင်တာ ၁ဝ လပြည့်တာလေ” ဟု မိခင်နွားမပိုင်ရှင် ဒေါ်ကြည်မြက ပြောသည်။

အဆိုပါ နွားရင်ချင်းဆက် အမြွှာနှစ်ကောင်မှာ ထူးခြားစွာဖြင့် ဦးခေါင်းနှစ်လုံး၊ ခန္ဓာကိုယ်နှစ်ခု ပါရှိသော်လည်း ခြေခုနစ်ချောင်းသာ ပါရှိပြီး နှစ်ကောင်စလုံးမှာ အမဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar