မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ စတင် ဖြစ်ပေါ်စေသည့် ဖြစ်စဉ် အများပြည်သူတို့ သတင်းအမှန် သိရှိစေရန် သတင်းထုတ်ပြန်



မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည်ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခအသွင် လူအုပ်စုစတင် ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး ပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။ လူအုပ်စုချင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွားခြင်းကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ဖျက်ဆီးခံရပြီး တည်ငြိမ် အေးချမ်းရေး ထိန်းသိမ်းရန် လိုအပ်လာသဖြင့် ၄-၇-၂၀၁၄ ရက်နေ့တွင် မြို့နယ် ခုနစ်မြို့နယ်၌ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့သည်။

ထိုသို့ ဖြစ်ပွားရခြင်းသည် နေပြည်တော် ပျဉ်းမနားမြို့တွင် မြန်မာ အမျိုးသမီး တစ်ဦးအား အခြားဘာသာဝင် ညီအစ်ကိုနှစ်ဦးက သားမယားအဖြစ် အဓမ္မ ပြုကျင့်ကြောင်း သတင်းကို ဇွန်လ ၃၀ ရက်နေ့ အင်တာနက်၊ လူမှုကွန်ရက် စာမျက်နှာများ၌ စတင်ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မှုခင်းဖြစ်ရပ်မှာ ၂၈-၆-၂၀၁၄ ရက်နေ့ ည ၁၀ နာရီတွင် မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ "ဆန်းကဖီး" လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး (၂၅ နှစ်) ဗန္ဓုလရပ်ကွက် ဘုတလင်မြို့နယ် နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင် (၄၄နှစ်) (ဘ) ဦးမောင်မောင် အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက် လေလာဝန်း အကွက်အမှတ် (၁၄၆) နေသူနှင့် ယင်း၏ အစ်ကို နေဝင်း (၄၅နှစ်) (ဘ) ဦးမောင်မောင် အောင်မြေသာစံမြို့နယ် ပုလဲငွေရောင် ရပ်ကွက် အကွက်အမှတ်(၁၄၇) နေသူတို့နှစ်ဦးက အမျိုးအစားနှင့် ယာဉ်အမှတ် မမှတ်မိသည့် အဖြူရောင်ယာဉ်ဖြင့် နေပြည်တော်တွင် လက်ဖက်ရည်ဆိုင် အသစ်ဖွင့်မည် ဖြစ်ကြောင်းနှင့် အလုပ်လုပ်ရမည်ဟု ပြောဆို ခေါ်ဆောင်ပြီး ၂၉-၆-၂၀၁၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်း အုပ်စု ပျဉ်းမနား- တောင်ညို ကားလမ်း တော်ဝင်နန်း စားသောက်ဆိုင် အနီး ကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက ၎င်းအား သားမယားအဖြစ် ပြုကျင့်၍ တိမ်းရှောင် သွားကြောင်း တရားလို မစိုးစိုး၏ တိုင်ကြားချက် အရ ယင်းနေ့ည ၇ နာရီခွဲတွင် ပျဉ်းမနားမြို့မ ရဲစခန်း (ပ)၂၉၃/ ၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူခဲ့မှု ဖြစ်သည်။

အဆိုပါအမှုအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ တရားလို မစိုးစိုး၏ တိုင်ကြားချက်ပါ ယင်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ "ဆန်းကဖီး" တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် အခြေအနေများ၊ အတူတကွ အလုပ်လုပ်ခဲ့သည် ဆိုသော တောင်သာ မြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ် လုပ်ကိုင်ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည့် လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ အသေးစိတ် စုံစမ်းစစ်ဆေး ခဲ့သည်။ စစ်ဆေးချက်များ အရ ၎င်း၏ အမည်ရင်းမှာ ဖြူဖြူမင်း(ခ)ကတုံးမ (၃၀နှစ်)ဖြစ်ကြောင်း၊ အဖအမည်မှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ်ဇာတိမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဖြစ်ကြောင်း၊ "ဆန်းကဖီး"တွင် အလုပ်လုပ်ကိုင်ခဲ့ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်များ အရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပ ဒဏ်ရာများလည်း မရှိကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ယင်းအား အသေးစိတ် ဆက်လက် စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက်အရ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ ငွေပေး၍ စေခိုင်းမှုအရ ဆန်းမောင်နှင့် နေဝင်းတို့က ယင်းအပေါ် သားမယားအဖြစ် ပြုကျင့်ကြောင်းဖြင့် ပျဉ်းမနားရဲစခန်းတွင် လီဆယ်အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သည်။

မှုခင်းဆိုင်ရာ စစ်ဆေးချက်များအရ မစိုးစိုးအမည်ခံ၍ လီဆယ်တိုင်ကြားသူ ဖြူဖြူမင်း(ခ) ကတုံးမသည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အဖ ဦးကျော်ဆန်း၊ အမိ ဒေါ်မာလာတို့၏သား မင်းသူရဇော်(ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးတွင် ရင်ဆိုင်နေရစဉ် အမှုမှ လွတ်မြောက်ရေး အကူအညီပေးသူ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့အား ရင်းနှီးခဲ့ကြောင်း၊ အမှုအား ၁၀-၄-၂၀၁၄ ရက်နေ့တွင် မန္တလေး ခရိုင်တရားရုံးက တရားခံ မင်းသူရဇော်(ခ) နိုမိုဟာမက်အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲတရားခံ မင်းသူရဇော်(ခ) နိုမိုဟာမက်၏ အဒေါ် ခင်မာလွင်နှင့် နီနီဌေးတို့အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် ခင်မာလွင်၏ ခင်ပွန်း ခင်မောင်ထွေး(ခ) ကိုထွေး၊ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် မင်းသူရဇော်(ခ) နိုမိုဟာမက်၏ မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ်ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းက တရားလိုပြုလုပ် တိုင်ကြားသဖြင့် အမှတ်(၃)ရဲစခန်း (ပ)၁၄၉/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/ ၅၀၆/ ၃၅၃ အရ အမှုဖွင့် အရေးယူခံရကာ ချမ်းအေးသာစံ မြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်သည်။

ထိုသို့ ပြန်လည် အမှုဖွင့် အရေးယူခံရမှုအပေါ် ခင်မောင်ထွေး(ခ) ကိုထွေး၊ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် ဒေါ်မာလာတို့က မကျေနပ်သဖြင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်အား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီး၂၁-၅-၂၀၁၄ ရက်နေ့တွင် ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့သည် ခင်မောင်ထွေး(ခ) ကိုထွေး၊ ဒေါ်မာလာနှင့် သမီး ဟေမာကျော်တို့အား နေအိမ်သို့ ခေါ်ယူ၍ လီဆယ် တိုင်ကြားမည့် အစီအစဉ်ကို သင်ကြား ပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး(ခ) ကိုထွေး၊ ဒေါ်မာလာနှင့် ၎င်း၏သမီး ဖြူမ(ခ) ဖြူဖြူဇော်၊ ဟေမာကျော်တို့သည် မော်တော်ယာဉ်ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော်အား လီဆယ် တိုင်ကြားမည့်ဖြစ်စဉ်နှင့် သက်ဆိုင်သည့် လက်ဖက်ရည်ဆိုင်၊ တည်းခိုခန်းနှင့် စတိုးဆိုင်တို့အား ပြသခဲ့ကြောင်း၊ ထို့နောက် ဒေါ်မာလာ၊ ဖြူမ(ခ) ဖြူဖြူဇော်နှင့် ဟေမာကျော်တို့သည် ပြင်ဦးလွင်မြို့မ ရဲစခန်းသို့ သွားရောက်ပြီး ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့ သင်ကြားပေးသည့် အတိုင်း ပုလဲတည်းခိုခန်းတွင် ဦးတင်မောင်ဝင်းက ၎င်းအား သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်းဖြင့် ဟေမာကျော်က တရားလို ပြုလုပ်၍ လီဆယ် တိုင်ကြားခဲ့ရာ ပြင်ဦးလွင်မြို့မ ရဲစခန်း (ပ)၁၀၇/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဦးတင်မောင်ဝင်း အပေါ် အမှုဖွင့် အရေးယူခဲ့သည်။

ထို့ပြင် ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့သည် မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်း ဆိုသူနှင့် ရင်းနှီးမှုရှိပြီး ဟာဂျီ ထွန်းထွန်းနှင့် "ဆန်းကဖီး" ပိုင်ရှင် ဆန်းမောင်၊ "နေကဖီး" ပိုင်ရှင် နေဝင်းတို့မှာလည်း လူမှုရေး ပြဿနာများကြောင့် မှုခင်းများ အပြန်အလှန် ဖြစ်ပွားမှုများ ရှိကြောင်း စစ်ဆေး သိရှိရသည်။ ဟာဂျီထွန်းထွန်းသည် ၎င်း၏ ကြက်ခြံမှ အလုပ်သမား မကေသီခိုင်(ခ) ချယ်ရီသိန်း (၂၇နှစ်) (ဘ) ဦးရဲမြင့်အား ၉-၅- ၂၀၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့ တည်းခိုခန်း၌ သားမယားအဖြစ် ပြုကျင့်ကြောင်း တိုင်ကြားခံရသဖြင့် ၁၇-၅-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့မရဲစခန်း (ပ)/၂၈၁/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အမှုဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှု အပေါ် ဆန်းမောင်နှင့် နေဝင်းတို့က သွေးထိုး မြှောက်ပင့်ခဲ့သည်ဟု ဟာဂျီထွန်းထွန်းက ယူဆ ယုံကြည်ခဲ့သည်။ ထို့နောက် ဟာဂျီထွန်းထွန်းသည် ဆန်းမောင်နှင့် နေဝင်းတို့အပေါ် ပြစ်ဒဏ်ကြီးစွာ ရရှိနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ် တိုင်ကြားနိုင်ရေး အတွက် ရဲထွဋ်(ခ) သူရရဲထွဋ်ထံ အကူအညီ တောင်းခံခဲ့သည်။ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့က ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျပြီး ငွေကြေး လိုအပ်နေသူ ဖြူဖြူမင်း(ခ) ကတုံးမအား အသုံးချ၍ သားမယား ပြုကျင့်မှုဖြင့် လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်း၌ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့သည် ဖြူဖြူမင်း(ခ) ကတုံးမအား မန္တလေးမြို့ရှိ ခေါ်ယူနေထိုင်စေကာ သားမယား ပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို အသေးစိတ် ဇာတ်လမ်းဆင် သင်ကြားပေးခဲ့ပြီး အောင်မြင်ပါက ဖြူဖြူမင်း(ခ) ကတုံးမအား ငွေကျပ် ၁၀ သိန်း ပေးမည်ဟု သွေးဆောင်စည်းရုံးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်။

ထို့နောက် ဖြူဖြူမင်း(ခ) ကတုံးမ၊ ရဲထွဋ်(ခ) သူရရဲထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော်(ခ)ဖြူမတို့သည် ဆန်းမောင်နှင့် နေဝင်းတို့အပေါ် သားမယားအဖြစ် ပြုကျင့်မှုဖြင့် လီဆယ်အမှုဖွင့်ရန် ၂၈-၆-၂၀၁၄ ရက်နေ့ညပိုင်းတွင် ပျဉ်းမနားသို့ ရဲထွဋ်(ခ)သူရရဲထွဋ်၏ တိုရိုတာမတ်တူးယာဉ်ဖြင့် အမြန်လမ်းမကြီး အတိုင်း သွားရောက်ခဲ့ကြောင်း၊ ပျဉ်းမနားသို့ ရောက်ရှိပြီး ရွှေတောင် တည်းခိုခန်းတွင် တည်းခိုခဲ့ကြောင်း၊ သားမယားအဖြစ် ပြုကျင့်ခံရသည်ဟု လုပ်ကြံဖော်ပြမည့် နေရာနှင့် ပျဉ်းမနားမြို့၏ အနေအထားကို ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့က မော်တော်ယာဉ်ဖြင့် လိုက်လံပြသခဲ့ကြောင်း၊ ၂၉-၆-၂၀၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြူဖြူမင်း(ခ) ကတုံးမအား ငွေ ၂၅၀၀၀ ပေး၍ ပျဉ်းမနားမြို့ မြင်းရတနာရုပ်တု အနီးတွင် ထားခဲ့ပြီး မန္တလေးသို့ ပြန်သွားခဲ့ကြောင်း သိရသည်။ ဖြူဖြူမင်း(ခ) ကတုံးမသည် ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနား ရဲစခန်းသို့ သွားရောက်ကာ မစိုးစိုး အမည်ခံ၍ နေဝင်းနှင့် ဆန်းမောင်တို့က ၎င်းအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ် တိုင်ကြားခဲ့သည်ကို စစ်ဆေး ပေါ်ပေါက်သည်။

ဖြူဖြူမင်း(ခ) ကတုံးမသည် ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ စည်းရုံးသင်ကြားပေးမှုအရ ဆန်းမောင်နှင့် နေ၀င်းတို့က ၎င်းအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့ရခြင်းဖြစ်သည်ကို အမှုစစ်ရဲအရာရှိထံ ဝန်ခံထွက်ဆိုခဲ့သည်။ ထို့နောက် ၉-၇-၂၀၁၄ ရက်နေ့တွင် ပျဉ်းမနားမြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၄/ ၃၆၄ အရ ထိုသို့ လီဆယ်အမှု တိုင်ကြားခဲ့ရသည့် ဖြစ်စဉ်အပြည့်အစုံကို ဖြူဖြူမင်း(ခ)ကတုံးမက ဖြောင့်ဆိုချက်ပေးခဲ့၍ ပျဉ်းမနားမြို့နယ် တရားရုံးမှ ပြစ်မှုသေးအမှတ် ၁၂၂/ ၂၀၁၄ ဖြင့် လက်ခံခဲ့သည်။

ထို့ပြင် ပျဉ်းမနားနှင့် ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ် ပြုကျင့်မှုများမှ ဟေမာကျော်၏ ဦးလေး တော်စပ်သူ ခင်မောင်ထွေး(ခ) ကိုထွေး၊ ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ) ဇင်လေးနှင့် ဖိုးခွား(ခ) ပြားကြီး(ခ) တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လီဆယ် တိုင်ကြားခြင်းသာ ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၄ အရ ကြိုတင် ထွက်ဆိုချက်များ ပေးခဲ့ကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးပေါ်ပေါက်ချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပြုချက်အရ စိုးစိုး(ခ) ကတုံးမက တိုင်ကြားခဲ့သော ပျဉ်းမနားမြို့မရဲစခန်း(ပ)၂၉၃/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အမှုကို ၁၇-၇-၂၀၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်းပြီး လီဆယ်တိုင်တန်းသူ ဖြူဖြူမင်း(ခ)ကတုံးမ (ဖမ်းမိ)နှင့် ထိုသို့ လီဆယ်တိုင်တန်းရန် ညွှန်ကြားစီစဉ်သူ နုနုမြတ်(ဖမ်းမိ)၊ ရဲထွဋ်(ခ) သူရရဲထွဋ်(တိမ်းရှောင်) တို့အပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ အလားတူ ပြင်ဦးလွင် မြို့မရဲစခန်း(ပ) ၁၀၇/ ၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အမှုကိုလည်း စစ်ဆေးပေါ်ပေါက်ချက်နှင့် ပြင်ဦးလွင်ခရိုင် ဥပဒေရုံး၏ ဥပဒေ အကြံပြုချက်အရ ၁၈-၇-၂၀၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်းခဲ့ပြီး လီဆယ်တိုင်တန်းသူ ဟေမာကျော် (တိမ်းရှောင်)နှင့် ဒေါ်မာလာ(တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ပျဉ်းမနားမြို့တွင် လီဆယ် တိုင်ကြားခဲ့သောအမှုကို အကြောင်း ပြု၍ မန္တလေးမြို့၌ ၁-၇-၂၀၁၄ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခ ဖြစ်စဉ်များတွင် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများ ဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှု၊ လက်နက်မှုနှင့် ရဲအက်တို့ဖြင့် အမှုပေါင်း ၁၉မှု အရေးယူနိုင်ခဲ့ပြီး တရားခံ ၄၉ ဦး ဖမ်းဆီးရမိကာ တရားခံရှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသော အမိန့်ကို ချိုးဖောက်သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့် ပြန်လည် စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူမှုမှာ ၁၇-၇- ၂၀၁၄ ရက်နေ့အထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယူခံရသူပေါင်း ၈၃၄ ဦးဖြစ်သည်။ ကျူးလွန်ခဲ့သော တရားခံများနှင့် ဆက်စပ် ပါဝင်သူများကို ဥပဒေအရ အရေးယူရန် ဆက်လက် စစ်ဆေး ဖော်ထုတ်လျက် ရှိပြီး အများပြည်သူတို့ သတင်းအမှန် သိရှိစေရန် အတွက် ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်သည်။

MOI Webportal Myanmar

အငြိမ်းစားယူပြီးနောက် သစ်သီးဝလံ စိုက်ပျိုးကာ အေးချမ်းစွာနေမည်ဟု သမ္မတဦးသိန်းစိန်ပြော



 နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က သမ္မတရာထူးမှ အငြိမ်းစားယူပြီးနောက် သူပိုင်သည့် လယ်တွင် နဂါးမောက်သီးပင်များ စိုက်ပျိုးကာ အေးချမ်းစွာနေထိုင် မည်ဟု လွှတ်တော်အမတ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များအား ပြောကြားလိုက် ကြောင်း သတင်းရရှိသည်။

‘‘သူ့မှာ လယ် ၁၀ ဧကရှိ တယ်။ အသက်ရှည်ချင်ရင် အပင်စိုက်ဆိုတော့ အငြိမ်းစားယူပြီးရင် နှစ်ရှည်ခံသီးပင်စိုက်မယ်။ စိန်တလုံး သရက်သီးကတော့ တလုံးကို ငါးရာကျပ်ပဲရတော့  မကိုက်ဘူး။ နဂါးမောက်သီးပဲ စိုက်မယ်။ နဂါးမောက်သီးက တစ်လုံး ခုနစ်ရာကျပ် ရတယ်လို့ ပြောတယ်’’ဟု သမ္မတကပြောကြောင်း ဇူလိုင် ၁၉ ရက်တွင် အာဇာနည်ခေါင်း ဆောင်များအတွက် ရည်စူးပြုလုပ်သော အလှူ၌  သမ္မတနှင့် တွေ့ဆုံခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။

(၆၇)နှစ်မြောက် အာဇာနည် နေ့ အထိမ်းအမှတ် ရည်စူးကုသိုလ်အမျှပေးဝေခြင်း အခမ်းအနားကို နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပခဲ့ ပြီး တက်ရောက်လာသူများနှင့် နိုင်ငံတော်သမ္မတက စကားစမြည်ပြောစဉ် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

‘‘သူပြောတဲ့ပုံစံကို သုံးသပ် ကြည့်ရင် ၂၀၁၅ မှာ အငြိမ်းစား ယူမယ်လို့ သုံးသပ်လို့ရပါတယ်’’ ဟု ဦးမင်းသူက ၎င်း၏အမြင်ကို ပြောသည်။အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ် တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့မှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။

7day daily

သင့်ဖုန်းရဲ့ lock screen မှာ အရေးပေါ် ခေါ်ဆိုနိုင်မယ့် ဖုန်းနံပါတ်များကို မြင်ရအောင်လုပ်ဆောင်ခြင်း(ANDROID )



ကျွန်တော်တို့အနေဖြင့် သင့်ရဲ့ Android device များကို passcode နဲ့ ခံထားဖို့ အလေးအနက်တိုက်တွန်းပါတယ်။ ယင်းကဲ့သို့ပြုလုပ်ထားခြင်းဖြင့် အခြားသူများက သင့်ရဲ့ဖုန်းကိုတွေ့ရှိတဲ့အခါမှာ အသုံးမပြုနိုင်အောင်ကာကွယ်တားဆီးထားနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် အဆိုပါဖုန်းကို တွေ့ရှိရတဲ့သူတစ်ယောက်က သင့်ကိုပြန်ပေးဖို့အတွက် သင့်ရဲ့ ဖုန်းက lock ချထားတယ်ဆိုလျှင် သူတို့က သင့်ဖုန်းရဲ့ Contacts ကို မမြင်နိုင်လို့ ပြန်လည်ဆက်သွယ်နိုင်မှာမဟုတ်ပါဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးသောနည်းလမ်းကတော့ သင့်ရဲ့ Android lock screen မှာ emergency message ကိုထားရှိဖို့ပါပဲ။
ယင်းကိုလုပ်ဆောင်ရန်အတွက် Settings->Security ကနေ ‘Owner info’ ကို တို့ထိပါ။ ‘Show owner info on lock screen’ ကို အမှန်ခြစ်ပြီး သင့်ရဲ့ lock screen မှာပေါ်ချင်တဲ့ message ကိုရိုက်ထည့်ထားပါ။

===========================

Nyein Chan (TSJ Tech Team)

Computer Active Issue 427 မှ
===========================

TechSpace Journal

အဝလွန်အမျိုးသမီးများ စွမ်းဆောင်ရည် နိမ့်ကျကြောင်း သုတေသနမှတ်တမ်းပြော


အဝလွန် အမျိုးသမီးများသည် အစားအသောက်များအား အစဉ်အတိုင်း မှတ်သားရာတွင် အားနည်းချက် ရှိနိုင်ပြီး ထိုအချက်က အဝလွန် အမျိုးသမီးများ၏ အစားအသောက်အပေါ် သဘောထားကို ရှင်းပြနိုင်မည်ဟု ယေးလ် ဆေးတက္ကသိုလ်မှ သုတေသန တစ်ခုက ညွှန်ပြနေသည်။


အဝလွန်သူများ နှင့် ပုံမှန်ကိုယ်အလေးချိန် ရှိသူများကို အုပ်စုခွဲ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ထိုစမ်းသပ်မှုသည် အစားအသောက် ရုပ်ပုံကတ်များ၏ အစီအစဉ်ကို မှတ်သားခြင်းဖြစ်ပြီး အဝလွန် အမျိုးသမီးများမှာ စွမ်းဆောင်ရည် အနည်းဆုံး ဖြစ်နေသည်ကို တွေ့ရှိခဲ့ရဟု သုတေသနက ဆိုသည်။

အမျိုးသားနှင့် အမျိုးသမီး ၁၃၅ ဦးကို စမ်းသပ်ရေးသားထားသော သုတေသန ဆောင်းပါးကို မျက်မှောက်ခေတ် ဇီဝဗေဒ ဂျာနယ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

အဝလွန်ခြင်း ပြဿနာကို ဖြေရှင်းရာတွင် ယခုတွေ့ရှိချက်များကြောင့် နည်းလမ်းသစ်များ ထွက်ပေါ်လာနိုင်ကြောင်းလည်း သုတေသန ဆောင်းပါးက ဆိုသည်။

ယေးလ် ဆေးတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ သုတေသန ဆောင်းပါးရှင် အိုင်ဖက်လယ်ဗီ (Ifat Levy) က စမ်းသပ်မှုအတွင်း အဝလွန် အမျိုးသမီးများ၏ စွမ်းဆောင်ရည် နှင့် အခြားအုပ်စုများ၏ စွမ်းဆောင်ရည် ခြားနားနေခြင်းမှာ သိသိသာသာ ပေါ်လွင်ထင်ရှားနေပြီး ထိုတွေ့ရှိချက်မှာ အရေးပါလှသည်ဟု ဆိုခဲ့သည်။

အရောင်များပါရှိသော ကတ်ပြားများ ကြားတွင် အစားအသောက်ပုံများ နှင့် ပိုက်ဆံပုံများ ပါရှိသော ကတ်ပြားများ (‘ဆုလာဘ်’ ကတ်ပြားများ) အား ထည့်သွင်းထားရာ လူတစ်ဦးချင်းစီအား ထိုကတ်ပြားများ၏ အစီအစဉ်ကို မှတ်သားခိုင်းကာ နောက်တစ်ခေါက်တွင် ကြိုတင်ခန့်မှန်းခိုင်းခြင်းဖြစ်သည်။

ထို ‘ဆုလာဘ်’ ကတ်ပြားများပေါ်တွင် မည်သည့်အရာ ပေါ်လာသည်ဖြစ်စေ ပေးမည်ဖြစ်ကြောင်းလည်း ဖြေဆိုသူများအား ပြောကြားထားခဲ့သည်။

စမ်းသပ်မှု၏ ပထမ အဆင့်တွင် ထို ‘ဆုလာဘ်’ ကတ်ပြားများကို အရောင်တစ်ခုခုပါရှိသော ကတ်တစ်ကတ်၏ နောက်နှင့် အခြားအရောင်တစ်ခုခု ပါရှိသော ကတ်တစ်ကတ်၏ရှေ့တွင် အစီအစဉ်တစ်ခုအတိုင်း ပါလာအောင် စီစဉ်ထားသည်။

ထို့နောက်တွင် ကတ်ပြားအစီအစဉ်ကို ပြောင်းပြန် လှန်လိုက်ရာ ‘ဆုလာဘ်’ ကတ်ပြားများမှာ၊ မူလက အရောင်နှင့် ခြားနားသော အရောင်ရှိသည့် ကတ်ပြားတစ်ခု၏ နောက်သို့ ရောက်ရှိသွားသည်။

ကတ်များကို တစ်ခုချင်းစီ ပြသရင်း မည်သည့် “ဆုလာဘ်” ကတ်ပြား ပေါ်လာမည်ကို ဖြေဆိုသူများအား ကြိုတင်ခန့်မှန်းခိုင်းခြင်း ဖြစ်သည်။

စမ်းသပ်မှု ရလဒ်များအရ အဝလွန် အမျိုးသမီးများသည် မုန့်ချောင်းပုံများ နှင့် ချော့ကလက်များ အပါအဝင် အစားအသောက်ကတ်ပြားများ ပေါ်မည့် အကြိမ်အရေအတွက်ကို ပို၍ ခန့်မှန်းလေ့ ရှိကြရာ စွမ်းဆောင်ရည် အဆိုးဆုံး ဖြစ်ခဲ့သည်။ သုတေသီများအနေဖြင့် အခြား အကြောင်းရင်း အချက်အလက်များကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သော်လည်း ထိုအုပ်စုများ၏ မှတ်သားနိုင်မှု စွမ်းဆောင်ရည် များစွာခြားနားလျက်ရှိကြောင်းမှာမူ သိသာထင်ရှားလျက် ရှိနေသည်။

 မဇ္ဈိမ

Sleeping မအိပ်ဘဲနေ အသက်-မရှည် (၁)



ကျွန်တော့နာမည်က ဒေါက်တာ့ ပါ။့ ဆရာဝန်တယောက်ပါ။ အသက် ၃၆ နှစ်ပါ။ ကျွန်တော် ခံစားရတဲ့ ဝေဒနာကတော့ အိပ်မပျော်တာပါ။ 4th year စာမေးပွဲဖြေတော့ အစိုးရိမ်လွန်ပြီး အိပ်မပျော်ခဲ့ပါဘူး။ ရင်တုန်လို့ဆိုပြီး နှလုံးအထူးကုသမားတော် ဒေါက်တာ့ နဲ့ပြခဲ့ပါတယ်။ ECG လည်းကောင်းပြီး exam ကြောင့်ဆိုပြီး sove10 (အိပ်ဆေး) နဲ့ propanolol ပေးပါတယ်။ ကျောင်းပြီးသွားတော့ ပိုဆိုးလာတယ်ဆရာ။ နောက်တနေ့စောစောထရမယ့်နေ့တွေဆို အိပ်မပျော်မှာ ကြောက်ပြီး မအိပ်ရာကနေ အခုလုံးဝမအိပ်တော့ပါဘူး။ sedative တွေလည်း မသောက်ချင်ဘူးဆရာ။ ဒီအတိုင်းဆို ဘွဲ့လွန်တွေဆက်တက်ဖို့မလွယ်ဘူးဆရာ။ အရမ်းပင်ပန်းရင်တောင် လူက conscious ပါဘဲ။ တညလုံး သိနေတယ်။ အိပ်မပျော်မှာကြောက်ပြီး မအိပ်တော့တာထင်ပါတယ်။ alprazolam (sedative) တွေရေရှည်စွဲသောက်ရင် မှတ်ဥာဏ်ကိုထိနိုင်လားဆရာ။ ကျွန်တော်ကျောင်းလည်းဆက်တက်ချင်လို.ပါ။

“မေးပါများ-စကားရ၊ သွားပါများ-ခရီးရောက်၊ မအိပ်မနေ-အသက်ရှည်” ဆိုတာ ဒိသာပါမောက္ခက “အညံ့ဆုံး တပည့်” မောင်ပေါက်ကျိုင်းကို သင်ပေးလိုက်တာပါ။ စာသာ ညံ့တယ် ဘုရင်ဇာတာ ပါတော့ ဘုရင်ဖြစ်လာရော။ အိမ်ထောင်ရေး ကံမကောင်းတော့ ဖေါက်ပြားတဲ့ မိဖုရားနဲ့ ညားတယ်။ မောင်ပေါက်ကျိုင်းဟာ တနေရာမှာ မညံ့ပါ။ “မယားထိ ဓါးကြည့်” မိဖုရားနဲ့ ဖေါက်ပြားဘို့ လာတဲ့ နဂါးကို ဓါးနဲ့ ပိုင်းနိုင်လိုက်တယ်။

ဆရာဝန်တွေကတော့ “အိပ်မှ အသက်ရှည်မယ်” လို့ ပြောချင်တယ်။ “အသက်သာမက မှတ်ဥာဏ်လဲ တိုးစေပါတယ်။” အိပ်ပျော်နေရင် နဲ့ လေယာဉ်ကို အလိုအလျှောက်စက်နဲ့ ပျံနေသလိုမျိုး ဖြစ်တယ်။ လူတွေ အိပ်တာကို သေခြာ လေ့လာရင် စိတ်ဝင်စားစရာတွေ များလှတယ်။ အိပ်ပျော်သွားရင် ဦးနှောက်ကလဲ အနားယူ နေလိမ့်မယ် ထင်တာ မဟုတ်ပါ။ Rapid Eye Movement (REM) ဆိုတာကို ကြားဘူးနားဝ ရှိကြပါလိမ့်မယ်။ ၁၉၅၃ မှာ ဇီဝကမ္မဗေဒ ပညာရှင် ယူဂျင်း အဆာရင်းစကီ က စသိလာတာပါ။ အိပ်ပျော်ပေမဲ့ ဦးနှောက် လျှပ်စစ် လှုတ်ရှားမှု လှိုင်းတွေဟာ နိုးနေတုံးကလိုဘဲ ရှိနေတယ်။ လှိုင်းမြန် နဲ့ လှိုင်းနှေးသာ ကွာခြားတာမို့ အိပ်ပျော်နေပေမဲ့ တခုခုတော့ လုပ်နေတယ်ဆိုတာ သိလာရတယ်။

အိပ်စက်တာဟာ လူကို ရုပ်ကျန်းမာအောင် လုပ်ပေးတာမက စိတ်ကိုပါ အလုပ် လုပ်နေစေတယ်။ အိပ်ရင် မှတ်ဥာဏ်ကို တည်ငြိမ်စေတယ်။ မှတ်စရာတွေထဲက အနှစ်ကို ရွေးပြီး၊ ကာလတာရှည် မှတ်မိနေအောင်လဲ လုပ်တယ်။ အဲလို သိမ်းထားတဲ့ စိတ်လှုပ်ရှားစရာ၊ သတိရစရာတွေဟာ အိပ်တာနဲ့ ပိုတောင် ကောင်းစေပါသေးတယ်။ ကြာရင်တော့ ဖြေးဖြေး လျှော့လျှော့ သွားပေမဲ့ အရေးပါတာတွေ ကျန်နေစေပါတယ်။ “နဖူးပေါ်လက်တင် စိတ်ကူးယဉ် ပြီးရင်၊ အိပ်ပျော်အောင် အိပ်ပါလေ။”

အိပ်နေတုံး ဦးနှောက်ထဲက သတင်းအချက်အလက်တွေကို ပြုပြင်-ဆန်းစစ်မှုတွေ လုပ်ပေးယုံမက လိုအပ်ရင် အဖြေပါ ရှာပေးသေးတယ်။ မှတ်ဥာဏ် စုစည်းမှုကို ဖြစ်စေတာကို ၆ နာရီ အိပ်စက်နိုင်မှ ရစေနိုင်ပါတယ်။ တည မအိပ်ရရင် တညစာ မှတ်ဥာဏ် လျှော့သွားစေနိုင်တယ်။

အိပ်စက်ခြင်းရဲ့ လှုတ်ရှားမှုဖြစ်စဉ်ကို အဆင့် ၅ ဆင့်ခွဲတာမှာ အချိန်တဝက်က အဆင့် ၂ မှာ နေတယ်။ REM က နံပါတ် ၅ ဖြစ်ပြီး၊ အိပ်ချိန်ရဲ့ ၂ဝ% ယူတယ်။ ကလေးတွေဆိုရင် ၅ဝ% က REM မှာ ရှိတယ်။ လေ့လာမှုများလို့ပါ။ အဆင့် ၁ က ပြန်နိုးဘို့၊ ပြန်နှိုးဘို့ လွယ်တယ်။ မျက်လုံးက ဖြေးဖြေးလေး လှုတ်ရှားနေတယ်။ တချို့မှာ ကြွက်သားကြုံ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုးလာရင် အာရုံတချို့သာ အမှတ်ရလိမ့်မယ်။ “တရေးနိုးသော် အကြံပေါ်” ဆိုတာ မှန်တယ်။

အဆင့် ၂ ရောက်ရင် မျက်စိလှုတ်ရှားမှု ရပ်သွားပြီး၊ ဦးနှောက်လှိုင်းတွေက နှေးလာတယ်။ အဆင့် ၃ ရောက်ရင် နှေးတဲ့ အထဲမှာ သေးတဲ့ မြန်တဲ့လှိုင်းတွေ ရောနေတယ်။ အဆင့် ၄ မှာ ကိန်းဂဏန်း-လှိုင်းတွေ ဖြစ်လာတယ်။ ၃-၄ အဆင့်တွေမှာ အနိုးရခက်ပြီ၊ အိပ်မောကျချိန် ခေါ်တယ်။ မျက်စိလဲ မလှုတ်၊ ကြွက်သားလဲ မလှုတ်ဘူး။ နိုးလာရင် ရုတ်တရက် အထာမကျ ဖြစ်နေမယ်။ အိပ်မောကျနေချိန်မှာ ကလေးတွေ အိပ်ရာထဲ သေးပါတယ်။ ကြောက်စရာ အိပ်မက်ဆိုး၊ ဆောင်းအိပ်မက်မျိုး၊ အိပ်ရင်း လမ်းလျှောက်မျိုး ဖြစ်နိုင်တယ်။

REM ရောက်ရင် အသက်ရှူတာ မြန်တာ၊ မမှန်တာ၊ တိမ်တာ ဖြစ်လာမယ်။ မျက်လုံးက မြန်မြန် ဆန်ဆန် ဟိုဟို ဒီဒီ လှုတ်ရှားမယ်၊ ခြေ-လက် ကြွက်သားတွေက ယာယီ မလှုတ်တော့ဘူး။ နှလုံးခုန်တာ မြန်လာမယ်။ BP သွေးဖိအား တက်လာမယ်။ ယောက်ျားဆိုရင် လိင်အင်္ဂါ သန်မာတတ်တယ်၊ ဒီအဆင့်မှာ နိုးလာရင် အဆီအငေါ်မတည့်တဲ့၊ ရှုတ်ထွေးတဲ့ အိပ်မက်တွေနဲ့ နိုးလာလိမ့်မယ်။ “အိပ်မှုန်စုံမွှား” ဆိုတာမျိုး။

ပဌမ REM က အိပ်ပျော်သွားပြီး ၇ဝ-၉ဝ မိနစ်အကြာဖြစ်တယ်။ လုံးဝအိပ်ပျော်တာက ပျမ်းမျှ ၉ဝ-၁၁ဝ မိနစ် ကြာမယ်။ ပဌမ တရေးမှာ REM အတို၊ နောက် အရှည်ဖြစ်မယ်။ ဆက်အိပ်ရင် ကြာလေလေ ရှည်လေလေ။ မနက်ပိုင်းမှာ Stages 1, 2 နဲ့ REM မှာ အချိန်ကုန်တယ်။ အိပ်တာက မိနစ်ပိုင်းလောက်သာ ဆိုရင် နောက်ဆုံး မိနစ်က အရာတွေကို မမှတ်မိဘူး။ အဲလို အိပ်ပျော်လို့ မမှတ်မိခြင်း (အမ်နီးစီးယား) ဟာ ဖုန်းနဲ့ပြောတာမျိုး၊ ညဥ့်နက်သန်းကောင် ပြောတဲ့ စကားမျိုးတွေကို မေ့နေတယ်။ နာရီနိုးစက် မကြားဘူး။

ဆေးရုံဟာသတခု “သူနာပြု-ဆရာမက လူနာကို နိုးပြီး၊ အိပ်ဆေး တိုက်တယ်” ဆိုတာ ကြားဘူးကြလိမ့်မယ်။ ဆေးဝါး၊ စားတဲ့အစာ နဲ့ ဦးနှောက်ထဲက အချက်ပြတွေကနေ အိပ်တာ၊ နိုးတာတွေ အပေါ်ကို လွှမ်းမိုးတယ်။ ကော်ဖီလို ကေဖင်း ပါတာတွေနဲ့ ပိန်ဆေး၊ နောက်ပြီး အလာဂျီဆေး တွေကြောင့် အိပ်မရတာ ဖြစ်စေတယ်။ စိတ်မကျဆေး အတော်များများကနေ REM sleep ကို နှိမ်စေတယ်။

ဆေးလိပ် စွဲသူတွေ အိပ်တာ နှစ်နှစ်ခြိုက်ခြိုက် မဟုတ်ဘဲ REM sleep ကိုလဲ နဲစေတယ်။ ၃-၄ နာရီနဲ့ ပြန်နိုးတယ်။ အရက်သောက်သူများ၊ တရေးနိုးလို့ အရက်နဲ့ ပြန်အိပ်နိုင်အောင် ညတခွက် ထပ်သောက်ပြီး ကျိုးစားရင် ခပ်ပေါ့ပေါ့တော့ အိပ်ပျော်စေမယ်။ ဒါက REM နဲ့ Deeper stages ထဲကနေ ခိုးယူလိုက်တာပါ။

REM အဆင့်မှာ ကိုယ်အပူချိန်ကို သမမျှတအောင် သိပ်မလုပ်နိုင်လို့ ပူချင် ပူ၊ အေးချင် အေးနေမယ်။ မေ့ဆေး ပေးထားသူ၊ သိလစ်နေသူတွေဟာာ နိုးနေသလိုဖြစ်တယ်။ သူတို့ကို နိုးလိုက်လို့ မရဘူး၊ ပုမှန် အိပ်စက်မှုမျိုးလို များပြား-တက်ကြွတဲ့ ဦးနှောက်လှိုင်းမျိုး မရှိဘူး။ သိပ်နှေး၊ သိပ်အားနည်းပြီး မသိသာဘူး။

ပုံစံတကျ အိပ်စက်တာမျိုးမှာ အိပ်မက်မက်နေတာ ၂ နာရီ ကြာတတ်တယ်။ ပညာရှင်တွေတောင်မှ အိပ်မက်ကို သိပ် နားမလည် ကြသေးဘူး။ အိပ်မက်ဆိုတာ ဦးနှောက် ရဲ့ (ကောတက်စ်) ကနေ REM မှာ အဆီအငေါ်မတည့် လာနေတဲ့ ပို့လွှတ်မှုတွေကို အဓိပ္ပါယ်ဖေါ်ဘို့ ကျိုးစားတာလို့ ယူဆတယ်။ (ဆစ်ကမွိုက် ဖရော့) ပြောတာက အိပ်မက် ဆိုတာ သတိလက်လွှတ် မဖြစ်စေဘို့ လုံခြုံမှုပေးတဲ့ အဆို့ရှင်ပါတဲ့။

REM ဆိုတာက ဦးနှောက်ရဲ့ အောက်နားမှာရှိတဲ့ (ပေါင်း) ဆိုတဲ့နေရာက အချက်ပြတွေ ပေးတာကနေ စတယ်။ ဒိနောက် သဲလမတ်စ် ဆိုတာကနေ သင်ကြား တတ်မြောက်မှု၊ တွေးခေါ်မှု၊ အစီအစဉ်ကျအောင် လုပ်တတ်မှုတွေကို လုပ်ပေးတဲ့ (ဆယရီဘရယ် ကောတက်စ်) ကို ရောက်လာတယ်။ တချိန်ထဲမှာ ခွးရိုးဆစ်အာရုံကြောကြီးကနေလာတဲ့ အချက်ပေးမှုတွေကို (ပေါင်း) ကနေ တန့်ပေးထားလို့ ခြေတွေ၊ လက်တွေ ယာယီ မလှုတ်နိုင်မရှားနိုင်တဲ့ လေဖြတ်သလို ဖြစ်စေတယ်။ ဒီအခြေအနေမှာ နှောင့်ယှက်မှု လုပ်လိုက်ရင် ပုံမှန် မဟုတ်တာ ဖြစ်လာစေမယ်။ REM sleep behavior disorder လို့ ခေါ်တယ်။ အိပ်မက်ထဲကဟာကို ဆက်လုပ်နေပါလိမ့်မယ်။

အိပ်စက်တာနဲ့ ရောဂါ ဆက်စပ်တာတွေ ရှိတယ်။ ဥပမာ နှလုံးရောဂါ နဲ့ ပန်းနာတွေက ညပိုင်းတို့ မနက်ထတို့မှာ အဖြစ်များတယ်။ အိပ်တာဟာ အတက်ရောဂါကိုပါ တမျိုးတမည် ဖြစ်စေနိုင်တယ်။ REM က တက်မှာကို ကာကွယ်ရာ ကျစေတယ်။ အိပ်စေတာကို ဖြစ်စေတဲ့ အာရုံကြောအစုအဝေး နူရုန်း က ခုခံအားစနစ်နဲ့ ဆက်နေတယ်။ တုပ်ကွေး ဖြစ်သူတွေ ပိုအိပ်ချင်တာက အိပ်နေရင် ခုခံနိုင်စွမ်း ပိုစေတယ်လို့ ယူဆနိုင်တယ်။ အိပ်နေရင် (အင်နာဂျီ) မကုန်စေဘူး။ စိတ်ဝဒနာသည်တွေနဲ့ (စကစ်ဇိုဖရီးနီးယား) က အအိပ်ပျက်ကြတယ်။ အအိပ်ပျက်များသူတွေမှာ ကြောက်စိတ်၊ လန့်စိတ်၊ သူများ မမြင်-မကြားတာတွေ အပေါ်မှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာစေနိုင်တယ်။

စာတပုဒ် ဖတ်ပြီးတဲ့နောက် ဆက်ပြီး အချက်အလက်တွေကို စုစည်း ခိုင်မာအောင် လုပ်တာမျိုးက မသိစိတ်ကနေ လုပ်ပေးတာပါ။ စာဖတ်နေတုံးကထက် ပိုသေးတယ်။ ဒါကို လျှာထိပ် ဖြစ်စဉ် ခေါ်တယ်။ ဆိုပါစို့ ရုပ်ရှင် ကြည့်ပြီးပြီးချင်း ပြန်အမှတ် မဖေါ်နိုင်တာကို ခဏကြာရင် ဗြုံးကနဲ ဖေါ်နိုင်လာတယ်။ ရေထဲ ခဲတလုံး ပြစ်ချလိုက်သလို ချပြီးတဲ့ နောက်လဲ ဆက်ဖြစ်နေတာမျိုးလိုဘဲ။ ညမအိပ်ခင် စာတွေ ဘယ်လောက် ကျက်ထားထား မအိပ်ဘဲ၊ စာမေးပွဲ သွားဖြေရင်တော့ မမှတ်မိတာ များလိမ့်မယ်။

REM sleep ကနေ လေ့လာမှုကို လှုံ့ဆော်ပေးတယ်။ စိတ်ပိုင်းဆိုင်ရာ လေ့လာမှုတင် မကဘူး၊ ကျွမ်းကျင်မှုကိုပါ သက်ရောက်စေသေးတယ်။ အားကစားသမားတွေ၊ စန္ဒယားတီးခတ်သူတွေ၊ ခွဲစိတ်ဆရာဝန်တွေ၊ (ဗီဒီယို-ဂိမ်း) စွဲသူတွေ အိပ်လိုက်ရမှ သူတို့ရဲ့ ပညာတွေဟာ ပိုပြီး ကျွမ်းကျင်လာစေတယ်။ တိတိကျကျ ပြောရရင် ၃၃့၅% ပိုလာ စေတယ်၊ မှားတာလဲ ၃ဝ% နည်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတခုက ဆိုတယ်။ ဒါကို ဆက်စဉ်းစားရင် လေ့လာမှုဆိုတာ လေ့ကျင့်မှု ရပ်ထားပေမဲ့ ဆက်လုပ်နေသေးတယ်။

နေ့ခင်းမှာ လေ့လာတာတွေ၊ စိတ်ကူးတာတွေ ရှိမှသာ အိပ်စက်တာကနေ ထူခြား-တိုးတက်မှုတွေ လုပ်ပေးနိုင်ပါတယ်။ “ကာလနဂါး” လိုသာ အိပ်နေရင်တော့ အကျိုးထူးမှာ မဟုတ်ပါ။

Dr. တင့်ဆွေ


ဒေါက်မြင့်ဖိနပ်တွေ မစီးပဲ အရပ်မြင့်သယောင်ဖြစ်ချင်သူတွေအတွက် သိထားရမယ့် ဖက်ရှင်တွေ


အရပ် ၅ပေ ၄လက်မအောက်ရောက်တဲ့သူတွေကို အရပ်ပုသူတွေလို့ ပြောလေ့ရှိကြပါတယ်။ အဲ့ဒီမှာမှ ၅ပေ အတိသာ ရှိတဲ့သူတွေ၊ ၅ပေ ၁လက်မလောက်ပဲရှိတဲ့သူတွေ ဆိုရင်တော့ ကိုယ့်ကိုရှိရင်းစွဲအရပ်ထက် ပိုမြင့်သယောင် ဖြစ်စေဖို့ အ၀တ်အစားပိုင်းကို ဂရုစိုက်ဝတ်ဆင်ကြရတော့မှာပေါ့။ ဒီတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး သူတို့တွေ သိထားသင့်တဲ့အချက်တွေကို အမေးအဖြေပုံစံ ရေးသားဖော်ပြပေးလိုက်ပါတယ်။

၁။ကျွန်မအရပ်က ငါးပေ ၂လက်မပါ။ ခုနောက်ပိုင်း ကောင်မလေးတွေ ပြန်ဝတ်လာတဲ့ တစ်ဆက်တည်း jumpsuit လိုဟာမျိုးတွေ ၀တ်ချင်ပေမယ့် အဲ့ဒါမျိုးတွေ ၀တ်ရင် အားလုံးအမြင်မှာ ဟာသဖြစ်နေမှာ စိုးလို့ ဘယ်လို ၀တ်ရမလဲဆိုတာ အကြံဥာဏ်ပေးပါဦး။

ဟာသမဖြစ်အောင် ကိုယ်ဝတ်မယ့် jumpsuit က ကိုယ်နဲ့ကွက်တိဖြစ်တာကို ရွေးပါ။ နည်းနည်းပွတာမျိုးတွေ အောက်ကားနေတဲ့ jumpsuit မျိုးတွေ မ၀တ်မိပါစေနဲ့။ ဖြစ်နိုင်ရင် စက်ချုပ်ဆိုင်မှာအပ်ပြီး ၀တ်ပါ။ တိုတာက ကိစ္စမရှိပါဘူး။ ခြေထောက်ပေါ်လေ ပိုကောင်းလေပါပဲ။ မတိုမရှည်တွေကသာ ကိုယ့်အရပ်ကို ပိုပုသယောင် ဖြစ်သွားစေတာပါ။



၂။ဒေါက်မြင့်တွေ မစီးပဲ အရပ်ရှည်သယောင်ယောင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။

ဒါဆိုရင် ဖိနပ်အပါးလေးတွေကိုမှ ခြေဖမိုးမှာ ကြိုးခပ်များများပါတဲ့ ဒီဇိုင်းမျိုး ရှာစီးပါ။ ကာလာကိုတော့ အနုလေးတွေပဲ ရွေးစီးသင့်ပါတယ်။ အဓိကကတော့ ခြေထောက်တွေ ပိုရှည်သယောင်ဖြစ်စေမယ့် ဖိနပ်မျိုးကို ရှာရမှာပါ။

http://thewindow.barneys.com/wp-content/uploads/2011/06/shoesnew-jpg.png

၃။စကတ်ဝတ်တဲ့အခါ ဒူးကျော်ကျော်လောက်ရှိတဲ့ midi စကတ်တွေကို ၀တ်ရင်ရော ဘယ်လိုမျိုးဆို အဆင်ပြေလိမ့်မလဲ။

Midi စကတ်တွေက ဒူးကျော်ကျော်ဖြစ်နေတဲ့အတွက် ခြေထောက်ပေါ်ဖို့ကလည်း သိပ်မလွယ်တော့ဘူး။ ဒီတော့ ခါးကောက်ကြောင်းကို ပြန်အသားပေးရပါလိမ့်မယ်။ Midi စကတ်တွေကို ခါးအတို အင်္ကျံလေးတွေနဲ့ တွဲဝတ်ပါ။

၎။ဘောင်းဘီရှည်၊ အင်္ကျံလက်ရှည်တွေကရော အရပ်ပုတဲ့သူတွေအတွက် သင့်တော်ပါ့မလား။

ဖြစ်နိုင်မယ်ဆိုရင်တော့ သိပ်ပွလွန်းတဲ့ အင်္ကျံ၊ ခပ်ပွပွဘောင်းဘီမျိုးတွေ ရှောင်ဝတ်ပါ။ အင်္ကျံလက်ဆိုရင်လည်း အရှည်ဆိုတာထက် ပြန်ခေါက်ပြီး ၀တ်သင့်ရင် ၀တ်ရမှာပေါ့။ ဘောင်းဘီကိုတော့ fit size တွေပဲ ရှာဝတ်ပါ။ အတိုဆိုရင်လည်း စကောစက ကွာတာတွေ မ၀တ်ပါနဲ့။ လုံးအ၀အတို မဟုတ်ရင် အရှည်က အကောင်းဆုံးပါပဲ။ စကတ်ဆိုရင်လည်း ဒူးအထက်တွေက ပိုလိုက်ဖက်ပါတယ်။ လက်ပြတ်တွေ၊ လက်တိုတွေကတော့ အရပ်ပုသူတွေ ရွေးချယ်သင့်တဲ့ အရာတွေပေါ့။





Ref:cosmopolitan.com
Trend Myanmar

ကိုယ်ဝန်ဆောင်ကာလအတွင်း မြေပဲစားပေးပါ



မိခင်လောင်းများ အခွံမာသီးများ စားပေးခြင်းဖြင့် မွေးဖွားလာမည့်သားသမီးများတွင် ဓာတ်မတည့်ခြင်းအန္တရာယ်ကို လျော့ကျစေနိုင်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မြေပဲစားခြင်းကို စိုးရိမ်စရာမလိုကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

အခွံမာသီးများနှင့် ဓာတ်မတည့်ခြင်း မရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ မြေပဲပိုမိုစားပေးပါက ၎င်းတို့၏သားသမီးများတွင် မြေပဲနှင့် ဓာတ်မတည့်သည့် အန္တရာယ်ကို လျော့ကျသွားစေကြောင်း ဘော်စတွန်မြို့ ကလေးငယ်ကိုယ်ခံအားစနစ်နှင့် ဓာတ်မတည့်မှု ဆိုင်ရာဌာနမှ ဒေါက်တာမိုက်ကယ်ယွန်းဦးဆောင်သော လေ့လာမှုတစ်ရပ်က ဖော်ပြ သည်။

မိခင်လောင်းများ စားသော အစားအသောက်များနှင့် ၎င်းတို့၏ ကလေးငယ်များတွင် အစားအသောက် ဓာတ်မတည့်မှုတို့ကြား ဆက်စပ်မှုကို သိရှိနိုင်ရန် Growing Up Today Study ဟု အမည်ပေးထား သည့် လေ့လာမှုတစ်ရပ်က ရရှိသော အချက်အလက်ပေါင်းများစွာကို ဒေါက်တာယွန်းနှင့် ၎င်း၏ အဖွဲ့က လေ့လာစိစစ်ခဲ့သည်။

ကလေးငယ်ပေါင်း ၈၂၀၅ ဦး၏ ဆေးမှတ်တမ်းများကို စိစစ်လေ့ လာခြင်းဖြင့် သုတေသီများသည် မြေပဲ (သို့မဟုတ်) အခွံမာသီးများနှင့် ဓာတ်မတည့်သည့် ကလေးငယ် ၁၄၀ ဦးရှိကြောင်း တွေ့ရှိခဲ့သည်။ ယင်းကလေးငယ်တစ်ဦးစီ၏ မိခင်များကိုယ်ဝန်ဆောင်စဉ်က စားသုံးသော အစားအသောက်များကိုလည်း သုတေသီများ စစ်ဆေးလေ့လာခဲ့ပြီး အထူးသဖြင့် မြေပဲနှင့် အခွံမာသီးစားသုံးမှုကို လေ့လာခဲ့ကြသည်။ ယင်းရလဒ်များကို မြေပဲနှင့် ဓာတ်မတည့်ခြင်း မဖြစ်ပေါ်သည့် ကလေးငယ်များ၏ မိခင်များ ကိုယ်ဝန်ဆောင်စဉ်က အစားအသောက် အလေ့ အထများနှင့် နှိုင်းယှဉ်စစ်ဆေးခဲ့သည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း မြေပဲစားသော မိခင်များ၏ သား သမီးများတွင် မြေပဲနှင့် ဓာတ်မတည့်မှု သိသာစွာပိုနည်းကြောင်း သုတေ သီများ လေ့လာတွေ့ရှိခဲ့သည်။ ယခုလေ့လာတွေ့ရှိချက်မှာ အရေးပါသော်လည်း ယင်းအချက်အလက်မှာ မိခင်လောင်းများစားသော အစားအသောက်နှင့် ကလေးငယ်များ မြေပဲနှင့် ဓာတ်မတည့်ခြင်း အန္တရာယ်ကြားဆက်စပ်မှုကိုသာ ဖော်ပြခြင်း ဖြစ်သည်။

ယင်းလေ့လာမှုကို JAMA Pediatric ဂျာနယ်တွင် ဖော်ပြထား သည်။-Internet

7day daily



ပလက်ဖောင်းပန်းချီမောင်နှံရဲ့ အိပ်မက် (ရုပ်/သံ)




ဓာတ်ပုံ- ကျော်ဇင်သန်း
ဗိုလ်ချုပ်လမ်းပေါ်၊ ဂရန်းမီးရထားရှေ့က ပလက်ဖောင်းဘေးမှာ ပန်းချီကားချပ်တွေကို အုတ်နံရံမှာ ချိတ်ဆွဲပြီး ပန်းချီထိုင်ဆွဲနေတဲ့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအကြောင်းကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ပန်းချီဆရာတစ်ဦးက ဖော်ထုတ်တင်ဆက်ပေးခဲ့ပြီး ဒီဇနီးမောင်နှံနှစ်ဦးအကြောင်း 7Day က စုံစမ်းမေးမြန်းခဲ့ပါတယ်။

ငါးမိနစ်ခွဲစာ ဗီဒီယိုဖိုင်လေးကိုလည်း 7Day က တင်ဆက်ပေးလိုက်ပါတယ်။လင်မယားနှစ်ဦး ပန်းရန်အလုပ်လုပ်ကိုင်ရင်း ၀ါသနာပါတဲ့ပန်းချီပညာရပ်ကို
လေ့လာရာ အခုဆိုရင် လမ်းဘေးပန်းချီဆိုင်လေး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ နာမည်ကျော်ပန်းချီကားချပ်တွေကို ပုံတူကူးဆွဲပြီး တစ်ဝမ်းတစ်ခါးအတွက်ရှာဖွေနေကြရတာဖြစ်ပါတယ်

7day daily

လေယာဉ်ပစ်ချတဲ့ အထောက်အထား ရုရှားဖျက်ဆီးသလား


ဒုံးကျည်ထိမှန်ပျက်ကျသွားတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်ပျက်အပိုင်းအစများ။

ရုရှားနယ်စပ်အနီး ယူကရိန်းသူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသအတွင်း မလေးရှားလေယာဉ် ပစ်ချခံရမှုမှာ ရုရှားနိုင်ငံဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြောင်း ယုံကြည်နိုင်ဖွယ်ရှိတဲ့ အထောက်အထားတွေ ရှိထားပြီဖြစ်တဲ့အကြောင်း ယူကရိန်း တန်ပြန် ထောက်လှမ်းရေး အကြီးအကဲက ပြောပါတယ်။ ခွဲထွက်ရေးသူပုန်တွေမှာ buk 1 လို အဆင့်မြင့် နည်းပညာသုံး ဒုံးလက်နက်ကို အသုံးပြုနိုင်တဲ့ သင်တန်းမျိုးမရှိဘူးလို့ ဒီကနေ့ စနေနေ့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း  Vitaly Nada ( ဗစ်တလေ နာဒါ) က ပြောပါတယ်။

ဘက်က် ၀မ်း ဒုံးလက်နက်ကို အသုံးပြုဖို့ ဆိုရင် စစ်ရေးပညာနဲ့  သင်တန်းတွေရှိဖို့ လည်း လိုပါတယ်။  ကျနော်တို့ သေချာသိထားသလောက် ဒါ ရုရှားအဖွဲ့ပါ။ ရုရှားနိုင်ငံသားတွေ ဘက်က်ဝမ်းကို အသုံးပြုနေတာ ရှိပါတယ်။ ရုရှား ဖက်ဒရေးရှင်းနယ်မြေကနေ မစ်ဇိုင်း လက်နက်တွေနဲ့ အတူ သူတို့ လာခဲ့တာပါဆိုပြီးတော့လည်း  မစ္စတာ နာဒါက ပြောသွားပါတယ်။

ကြာသပတေးနေ့က လူပေါင်း ၃၀၀ နီးပါး တင်ဆောင်လာတဲ့ မလေးရှား လေယာဉ်ကို ပစ်ချလိုက်ပြီးတဲ့နောက်  လေယာဉ်ပျက်ကျရာနေရာက အထောက်အထားတွေကို ရုရှားလိုလားတဲ့ ယူကရိန်းသူပုန်တွေက ဖျောက်ဖျက်ပစ်ဖို့ လုပ်ဆောင်ရာမှာ ရုရှားနိုင်ငံက ကူညီခဲ့တယ်လို့လည်း ယူကရိန်းဘက်က စွပ်စွဲပါတယ်။ သူပုန်တွေဟာ အလောင်း ၄၀ နီးပါးကိုလည်း လေယာဉ်ပျက်ကျရာနေရာကနေ သူတို့ ထိန်းချုပ်ရာ ဒေါညန့်စ်မြို့ ကို ယူဆောင်သွားခဲ့တဲ့အကြောင်း အစိုးရက ဒီကနေ့ စနေနေ့ မှာ ပြောပါတယ်။ ယူကရိန်းခွဲထွက်ရေးသမားတွေကို သယ်ယူပို့ဆောင်ရေးအတွက် ကူညီပေးနေသူတွေဟာ ရုရှားသံဝဲ၀ဲနဲ့ ပြောဆိုတယ်ဆိုပြီးတော့လည်း ပြောပါတယ်။ အခုလို စွပ်စွဲချက်တွေအပေါ် ရုရှားဘက်ကတော့ တုံ့ပြန်ပြောဆိုတာမျိုး မရှိပါဘူး။

ထူးခြားမှုတခုကတော့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဂျာမန် ၀န်ကြီးချုပ် အန်ဂလာ မာကဲလ်တို့အကြား လေယာဉ်ပစ်ချခံရမှုနဲ့  ပတ်သတ်ပြီး နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့  သဘောတူညီချက် ရလိုက်တာပါ။ နိုင်ငံခေါင်းဆောင် ၂ ယောက်ဟာ ဒီကနေ့ စနေနေ့မှာ တယ်လီဖုန်းနဲ့  ဆက်သွယ်ပြောကြားခဲ့ပြီး နိုင်ငံတကာ မြို့ပြ လေကြောင်းဆိုင်ရာ အဖွဲ့အနေနဲ့သာ ဒီစုံစမ်းစစ်ဆေးမှုကို လုပ်သင့်တယ်ဆိုပြီး သဘောတူညီခဲ့ကြတဲ့အကြောင်း ဂျာမနီအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

မြေဝယ်မကျ- ကျော်သူ





၁၉ ဂျူလိုင်မမေ့နိုင်” ဆိုသည့်စကား “အာဇာနည်နေ့ ဒို့မမေ့” ဆိုသည့်စကားများအရ ယနေ့ ဂျူလိုင်လ (၁၉) ရက်နေ့သည် ကျွန်တော်တို့ တိုင်းပြည်ဖခင် ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ အာဇာနည် ကြီးများ ကျဆုံးခဲ့ရသည့် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ ဖြစ် ပေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသ၊ ပြည်နယ်၊ မြို့နယ်အသီးသီး တို့တွင် အာဇာနည်ကြီးများအား ဝမ်းနည်းဂုဏ်ပြု လွမ်းဆွတ်သောအနေဖြင့် မြို့အသီး သီးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှိရာနေရာ၊ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက် တိုင် ရှိရာနေရာ၊ မြို့နယ်ရုံး အခြေစိုက်ရာနေရာများနှင့် စာသင်ကျောင်းများတွင် လွမ်း ဆွတ်ပန်းခွေများ၊ ပန်းခြင်းများချ၍ အာဇာနည်ကြီးများအား အလေးပြုကြသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လည်း အာဇာနည်ကြီးများ ကျဆုံး သည့်အချိန် နံနက် (၁ဝး၃၇) နာရီအချိန်တွင် အသင်းရှိ မော်တော်ယာဉ်များ ဟွန်းတီး ခြင်း၊ ဥသြဆွဲခြင်းများကို အာဇာ နည်ကြီးများအား အမှတ်ရသည့်အနေဖြင့် ပြုလုပ်ခဲ့ သည်။ ထို့အပြင် နံနက် (၉းဝဝ) နာရီ အချိန်မှစ၍ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများအား သုခခန်းမအတွင်း၌ အသင်းဝင်းတစ်ခုလုံး ကြားသိနိုင်ရန် ဖွင့်လှစ် ထားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကြသော အလှူရှင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများအပြင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် ကုသကြ သော လူနာများ၊ လူနာရှင်များပါ မကျန် နားထောင်နိုင်ခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း ဖ.ဆ.ပ.လ ညီလာခံတွင် ဟောကြားခဲ့သော "တိုင်းပြည်တစ်ပြည်ဟာ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးနေတယ် ဆိုရင် အဲဒီတိုင်းပြည်ဟာ ကပ်ဘေးအမျိုးမျိုးနဲ့ ကြုံတွေ့ရမှာပဲ" "တိုင်းပြည်လွတ်လပ်ရေးရပြီဆိုပြီး လမ်းမထွက်ပြီး ဆေးရိုးတွေလှန်း နေလို့ မဖြစ်ဘူး" "ခင်ဗျားတို့ရဲ့ အကျင့်ဆိုး အကျင့်ပျက်တွေကို ပြင်ဖို့လိုပြီ၊ ခပ်ရိုင်းရိုင်း ပြောရရင် ခင်ဗျားတို့ရဲ့ စောက်ကျင့်တွေကို ပြင်ဖို့လိုပြီ" ဟူသော မှတ်သားဖွယ်ရာ လိုက်နာကျင့်သုံးဖွယ်ရာ ထိမိသော မိန့်ခွန်းများအား ကျွန် တော်တို့အနေဖြင့် လိုက်နာ အကောင်အထည်ဖော်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် အာဇာနည်ကြီးများအား ယနေ့ ဂျူလိုင်လ (၁၉) ရက်နေ့တွင် လွမ်းဆွတ်နေရုံနှင့်မပြီး၊ အလေးပြုနေရုံနှင့်မပြီးချေ။ ဗိုလ်ချုပ် မှာကြားထားသည့် မိန့်မှာချက်များအား ကျွန်တော်တို့ ပြည် သူပြည်သားအားလုံး လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရန် အရေးကြီးလှသည်။ ထို့ကြောင့် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဗိုလ်ချုပ် မှာကြားထားသည့် မိန့်မှာချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြရန်အတွက် နေ့လည် (၂းဝဝ) နာရီအချိန်တွင် အသင်း သူ/သားများ၊ ဝန်ထမ်းများ နှင့် သုခအလင်း ပညာဒါနသို့ လာရောက်ပြီး ပညာသင် ကြားနေကြသော ကျောင်းသူ/ သားများ၊ ကွန်ပျူတာသင်တန်း၊ ဟိုတယ်သင်တန်း များမှ သင်တန်းသူ/သားများ၊ ဆရာများပါမကျန် ကန်တော်ကြီးရှိ ဗိုလ်ချုပ် ကြေးရုပ်တု ရှိရာသို့ သွားကြပြီး မိုးထဲလေထဲ၌ "ကျွန်ုပ်တို့သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြား ခဲ့သော ဗြဟ္မစိုရ်တရားလေးပါးအား ရိုးမြေကျသည်အထိ လက်ကိုင်ပြု ကျင့်သုံးသွားပါ မည်" ဟူ၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှေ့တွင် ကတိသစ္စာဆိုခဲ့ကြကာ အာဇာနည် ကုန်းမြေရှိ လာရောက်၍ အလေးပြု ဂါရဝပြုခဲ့ကြသော သူတစ်ချို့ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခဲ့သော အမှိုက်များအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စည်းလုံးညီညွတ် တက်ကြွစွာဖြင့် ကောက်ယူခဲ့ကြပြီး အာဇာနည်ကြီးများအား ဦးညွှတ်ဂါရဝပြုခဲ့ကြ သည်။

မိမိတို့ ချစ်ခင်ခဲ့သောလူ၊ မိမိတို့ လေးစားခဲ့သောသူ၊ မိမိတို့ ဂုဏ်ယူခဲ့သောသူရဲ ကောင်း၊ မိမိတို့ ကြည်ညိုခဲ့ကြသော ပုဂ္ဂိုလ်တို့အား လွမ်းဆွတ်သတိရနေရုံ၊ လွမ်း ဆွတ်ပန်းခွေ/ပန်းခြင်းချနေရုံ၊ ဟောပြောပွဲ၊ ကဗျာရွတ်ပွဲများ ကျင်းပနေရုံနှင့် မိမိတို့၏ တာဝန်များ မကျေပွန်နိုင်ချေ။ သူတို့ချမှတ်ခဲ့သော၊ သူတို့ လမ်းညွှန်ခဲ့သော၊ သူတို့ ဟောကြားခဲ့သော မှန်ကန်သည့် မွန်မြတ်သည့်လုပ်ငန်းရပ်များအား ကျွန်တော်တို့ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ကြဖို့ အရေးကြီးလှပေသည်။ သို့မှသာ ကျွန်တော်တို့ ချစ်ခင်လေးစား ဂုဏ်ယူကြည်ညိုရာ ရောက်ပေလိမ့်မည်။ ကျွန်တော်တို့ တာဝန်ကျေပွန်ရာ ရောက်ပေတော့မည် ဖြစ်တော့သည်။

(ကျော်သူ)
Dawnmanhon( ဒေါင်းမာန်ဟုန်)

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)



ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက  ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက်   ဥပဒေအရခံသွားပြီပဲ။   ကျန်တဲ့လူမှာ   ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး



_ဒေါ်အောင်ဆန်းစုကြည်

လီလီပန်းအဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက်ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲတစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင်မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ်ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့်ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့ ၏ သမီးဒေါ်ဘေဘီစောမှမွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်းငွေဖလားတွင် လီလီပန်းကိုသာ  ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ်ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

ထိုပန်းများကိုတစ်မြို့လုံးတွင်  မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်းအဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့ သော နှစ်ပေါင်းသုံးဆယ်ကျော် ကဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခုဖြစ်ခဲ့လေသည်။

“ပန်းတွေသွားခူးတဲ့နေ့က လာခူးတဲ့လူတွေကို အန်တီဒေါ် ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာ ဆောင်လဲလို့ မေးတယ်တဲ့။ ဦး စော၊ ဒေါ်သန်းခင်မြေးမင်္ဂလာ ဆောင်ပါလို့ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေ နဲ့ဆိုတော့ ကျွန်မထက် သူက တောင်  ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေ က မှတ်မှတ်ရရပါပဲ”ဟု ဒေါ်မွန်မွန် ရင်ကသူ့မင်္ဂလာဆောင်အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည်စိုက်ပျိုးထားသော အဖြူရောင်လီလီပန်း လေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်းမရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း  ကွယ် လွန်သွားပြီဖြစ်သည်။ အချိန်ကာလဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စုဖြတ်ကျော်ခဲ့ပြီဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှုအောက်မှ တဖြည်းဖြည်းရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံမိသားစု အဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့်ကာလများမှာအချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများလက် ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည်ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊  “ဦးစောမြစ်တဲ့”ဆိုသည့် တစ်ကျောင်းတည်းနေကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက်  ဒေါ်မွန်မွန်ရင်စိတ်ပူကာ   နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက   အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစောနေထိုင်ခဲ့ရာ အေဒီလမ်းရှိအိမ်ခြံဝင်းနှင့်တစ်ခြံကျော်၌လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့    ဇနီးမောင်နှံပုံတူ ကျာက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ  ရေပူရေအေး ဆက်ကပ်ထား သည်ကိုလည်း တွေ့ရသည်။

သမိုင်းတရားခံတစ်ဦးဖြစ်သော် ငြား  မိသားစုဝင်များကမူ  ဦးစော ကြိုးစင်မတက်ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ   ထိုစာများ အရအဘိုးဖြစ်သူဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း   သမိုင်းသင်ခန်းစာများပေး သွားခဲ့သူတစ်ယောက်ဖြစ်သည့်အ ပြင် တိုင်းပြည်ကိုချစ်မြတ်နိုးခဲ့သူတစ် ယောက်အဖြစ်လည်း  လက်ခံထားကြ သည်။

“သူမသေခင်ရေးခဲ့တဲ့   စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။     ဒေါသစိတ် ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာမဟုတ်ခဲ့ရင် တိုင်းပြည်လည်းဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကိုချစ်တဲ့သူတစ်ယောက်ပဲဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကိုကြည့်ရင်သိ နိုင်ပါတယ်”ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည် မှုပြည့်ဝစွာဖြင့် ပြောပြသည်။

မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအ တွက်   ယနေ့အချိန်ထိ   ပေးဆပ်ရ လျက်ရှိဆဲဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ သြော်.. ဒီမိသားစု  သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုးဖြစ်အောင် နေရ ပါတယ်။ အန်တီ့မေမေနဲ့အဘွားတုန်း ကဆိုရင်  သူတို့တွေက  ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့စီးပွားရေးတွေဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။  အဘိုးထားခဲ့ တဲ့ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေလက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေဖြစ်လာ တာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရ သည့် အတိတ်ပုံရိပ်တို့ကိုပြန်ပြောင်းပြောပြသည်။

ယခုတော့   တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင်ကျယ်ပြန့်လာခဲ့သည် မှာ  သားကြီးကပြည်သူတွေနဲ့  ထိ တွေ့ဆက်ဆံရသည့်အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင်   လန့်သွားရသည်ဟုဆိုသည်။

“သရုပ်ဆောင်ပဲ  ၀ါသနာပါတယ်။   သရုပ်ဆောင်ပဲလုပ်မယ်ဆို တော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင်လန့်သွားတယ်။ အမလေး၊ အမလေး ဘယ့်နှယ့်တစ်မိသားစုလုံးလူမသိသူမသိနေလာရပါတယ်ဆိုမှမင်းကျမှ  သရုပ်ဆောင်လုပ်မယ်ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှမရတာ။ ဒါပေမဲ့သူတို့ အဖေက   ၀ါသနာပါတာလုပ်ပါစေ ဆိုပြီးကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ”ဟုဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း  အချို့ကဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာလုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာအရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့    ဦးစောမိသားစုကို သိရှိဆက်ဆံရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင်စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့်  ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင်    ဒေါ်မွန်မွန်ရင်မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။

ဦးစော၏မြေးမှန်း   မြို့ကလူ များရော ကျောင်းကပါသိကြသည့် မို့ မိဘများက အာဇာနည်နေ့အကြို နေ့မျိုးတွင်ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။   ထိုအကြောင်းကို  ကျောင်းမှအကြီးတန်း ကျောင်းသားများကသိ ကြသည့်အခါ  သူ့ထံလာရောက်၍အားပေးနှစ်သိမ့်စကား  ပြောခဲ့ဖူးသည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့အားပေးနှစ် သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အ တော်ပင်အားတက်စေခဲ့သည်။
“ကျောင်းဟောပြောပွဲတွေမှာ ဆို အတန်းကြီးတွေက ပြောတာကိုး။အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့ကနောက်နေ့ အတန်းထဲကိုလာပြောတယ်။ ဒါကသမိုင်းကိုပြောတာပေါ့နော်။ နင်တို့နဲ့မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲမနေနဲ့။ နောက်ဆိုရင်လာတက်။နားထောင်ပေါ့ဆိုတာနဲ့ နောက်နှစ်တွေကစပြီး အဲလိုပွဲတွေသွားတက်ဖြစ်တယ်”ဟုမိဘများကစိတ်ပူသော်လည်း ကလေးအချင်းချင်းပြဿနာ မရှိခဲ့ဘဲ နား လည်မှုရခဲ့ပုံကို    ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း(စိန်ဖလိုး)သို့  ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ်ကာ   ကျောင်းပြောင်းစတွင်  သူ့ကိုအတန်းကြီးများက ဦးစောမြေးအဖြစ်  လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။   အုပ်စုလိုက်လာကြည့်ပြီးမှ အားနာသွားပြီး သြော်အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါ ပဲ”ဟု ဒေါ်မွန်မွန်ရင်ကပြောသည်။

သေနတ်ဒဏ်ရာတစ်ဆယ့် သုံးချက်ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၏ မိသားစုနှင့် ထိုလုပ်ကြံသတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစုကြားတွင်လည်းသည်ဆယ်စုနှစ်များစွာအတွင်းတွေ့ဆုံဆက်ဆံမှု တစ်စုံ တစ်ရာမရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှု တို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည်စိုက်ပျိုးထားသည့်   လီလီပန်းများကို ဦးစောမြေးမင်္ဂလာဆောင်တွင် အသုံးပြုရန်    ငြင်းပယ်ခြင်းမရှိခဲ့သည့်အဖြစ်အပျက်တစ်ခုကသာပြ သနေသည်မဟုတ်။  ဦးစောမိသားစုအတွက်  အမြဲကျေးဇူးတင်နွေးထွေး နေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရစကားတစ်ခွန်းလည်း ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍    ဒေါ်ခင်ကြည်အား နစ်နာကြေးတောင်းခံနိုင် ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း   ထိုအချိန်က ဒေါ်ခင်ကြည်ပြောခဲ့သည့်စကားကို ဒေါ်မွန်မွန်ရင်အဘွားမှ သည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက   ဂုဏ်ရှိပြီးကျန်ခဲ့ရတဲ့မုဆိုးမပါ။ ဒါကြောင့်  ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှမယူလိုတော့ပါဘူးတဲ့။ အဘွားကအဲဒီစကားကို အခုထက် ထိမမေ့ပါဘူး”ဟုဆိုလေသည်။

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက်အဖြူရောင်  လီလီပန်းလေးများကပင်  မိသားစုနှစ်စု ကြားအဃာတတရားမရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က    ဗိုလ်ချုပ်အောင်ဆန်း၏သမီး   ဒေါ်အောင်ဆန်းစုကြည်ကိုအပြင်တွင် မတွေ့မ မြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါကတွေ့လိုစိတ်ပြင်းပြင်းပြပြဖြစ်မိသော်လည်း တကယ်တမ်းတွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့မ၀ံ့ရဲကြောင်းဖွင့်ဟသည်။

“ကိုယ်က  ဒီမှာတောင်ငုံ့နေ ရတဲ့သူလေ။ ဒေါ်စုကတော့ Imageအရမ်းကြီးတယ်။  ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူဆိုတော့ လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ မိသားစုသမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းကဆိုရင်တော့ တစ်မျိုးပေါ့လေ”ဟု ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားကြောင်းနှင့် ပြောစရာမရှိအောင်ပင်   ကွာခြားမှု များပါကြောင်း ဒေါ်မွန်မွန်ရင်ကဆို သည်။

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုး ဆက်မိသားစုဝင်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူမိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း  ကရုဏာစကားဆိုပါ သည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက    ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက်   ဥပဒေအရခံသွား ပြီပဲ။   ကျန်တဲ့လူမှာ   ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း    အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က   ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ်  ဦးစောအပေါ်ကိုပင်မည်သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍“ဖေဖေနဲ့ပတ်သက်ပြီးတွေးရင် ဦးစောကြောင့် ဖေဖေဆုံးသွားတယ်လို့ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲဖြစ်တတ်ပါတယ်”ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခု ကြား၌ ဖြစ်တည်ကွာခြားချက်များစွာရှိသော်လည်း ထိုကွာခြားမှုကြားတူညီမှုတစ်ခုရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့်ပြောပြသည်။

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ဖြစ်လေသည်။



(၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်ထုတ် 7DayNews Journal အတွဲ (၁၀)၊ အမှတ်(၂၇)တွင်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည်)

ခွေးတစ်ကောင်ကို တရွတ်တိုက်ဆွဲကာ နှစ်မိုင်နီးပါး မာင်းနှင်ခဲ့တဲ့အမျိုးသားကို ထောင်ဒဏ် ၁ဝ နှစ်ချ



ကယ်ရိုလိုင်းနား၊ ဇူလိုင် ၁၈- အမေရိကန်နိုင်ငံတောင်ပိုင်း ကယ် ရိုလိုင်းနားပြည်နယ်မှာ ခွေးတစ်ကောင်ကို ကားနောက်ကနေ တ ရွတ်တိုက်ဆွဲကာ နှစ်မိုင်နီးပါး ကားကိုမောင်းနှင်ခဲ့တဲ့အမျိုးသားကို ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားဟာ ခွေးရဲ့လက်ကို သူ့ရဲ့ကားအ နောက်မှာ ချည်နှောင်ကာ တရွတ်တိုက်ဆွဲ မောင်းနှင်ခဲ့ပါတယ်။ ယင်းအမျိုးသားရဲ့အမည်ကတော့ Roger Owens လို့အမည်ရပြီး သူ့ရဲ့ ရူးကြောင်ကြောင်နိုင်တဲ့လုပ်ရပ်တွေကြောင့် ပြည်နယ်တရား ရုံးတော်က သူ့ကို ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ ရှေ့နေတစ်ဦးကတော့ သူ့ အနေနဲ့ ဒီလိုမျိုးလုပ်ရပ်ကို တစ်ခါမှမမြင်ဖူးပါလို့ ပြောဆိုခဲ့ပါတယ်။
Roger ရဲ့ ထွက်ဆိုချက်အရ ''ကျွန်တော် အဲဒီခွေးရဲ့ လက်ကို ကားအနောက်မှာ ချည်နှောင်ခဲ့ပြီး နှစ်မိုင်နီးပါး တရွတ် တိုက်ဆွဲ မောင်းနှင်ခဲ့တယ်''လို့ ထွက်ဆိုထားပါတယ်။
Roger ဟာ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်ဒဏ် ငါးနှစ်၊ ကားလမ်းပိတ်ဆို့မှုများ ပြုလုပ်တဲ့အမှုနဲ့ ထောင်ဒဏ်ငါးနှစ် ကျခံခဲ့ရတယ်လို့ အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Yangon Media Group

မလေးရှားတွင် မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရပြီးနောက် မလေးရှားရဲများက မြန်မာအလုပ်သမားများအား ပတ်(စ်)ပို့စစ်ကာ ဖမ်းဆီးမှုများပြုလုပ်နေ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပေါ်ရှိ မြန်မာစားသောက်ဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

မလေးရှားနိုင်ငံတွင် မကြာသေးမီက မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရသည့် ဖြစ်စဉ်ပြီးနောက် မြန်မာအလုပ်သမားများကို မလေးရှားရဲများက ပတ်(စ်)ပို့ (နိုင်ငံကူးလက်မှတ်)စစ်ကာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း မလေးရှားနိုင်ငံ၊ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရသည့် ဖြစ်စဉ်အပေါ် တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မလေးရှားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနအား တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း မြန်မာအလုပ်သမားများကို မလေးရှားရဲများက ပတ်(စ်) ပို့စစ်ကာ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း ဦးဆန်းဝင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကြောင့် မလေးရှားရှိ မြန်မာအလုပ်သမားများမှာ အပြင်မထွက်ရဲဖြစ်နေပြီး အပြင်ထွက်ပါကလည်း မလေးရှားရဲများက ပတ်(စ်)ပို့(နိုင်ငံကူးလက်မှတ်) စစ်ဆေးဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

“အခြေအနေကတော့ ငြိမ်နေတယ်။ ငြိမ်နေတယ်ဆိုတာ အကောင်းတော့မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး မြို့လယ်ကို မထွက်ရဲဘူး။ အသတ်ခံရမှာ ကြောက်နေတယ်။ အသတ်ခံရမှာကြောက်လို့ အပြင်မထွက်ဘူး။ အပြင်ထွက်ရင်လည်း မလေးရဲက ပတ်(စ်) ပို့စစ်ပြီး ဖမ်းတယ်။ ငွေတောင်းတယ်။ မလေးရှား-ထိုင်းနယ်စပ်မှာဆို မလေးရှားရဲက တော်တော်လေးကို အဖမ်းအဆီးကြမ်းနေပါတယ်” ဟု ဦးဆန်းဝင်းက ပြောကြားသည်။

မလေးရှားတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ ပတ်(စ် )ပို့(နိုင်ငံကူးလက်မှတ်)နှင့် အလုပ်လုပ်ခွင့် လက်မှတ်များကို အလုပ်ရှင် အတော်တော်များများက သိမ်းဆည်းထားလေ့ရှိခြင်းကြောင့် အလုပ်သမားများအနေဖြင့် အပြင်ထွက်ရာတွင် အခက်အခဲဖြစ်နေသည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်သမားများ ပပျောက်ရေး စီမံချက်အနေဖြင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က စတင်၍ တရားမဝင် မြန်မာအလုပ်သမားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ စီမံချက်ကြောင့် မြန်မာအလုပ်သမား အများအပြား ဖမ်းဆီးခံခဲ့ရပြီး အလုပ်သမား အများအပြား နေရပ်သို့ ပြန်ရောက်လာခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ပီရိုင်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးကို ၎င်းနေထိုင်ရာ အိမ်အနောက်ဘက်၌ သေဆုံးလျက်ရှိနေသည်ကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ပြီး သေဆုံးသူ ကိုအောင်ခင် (ကိုတိုနီ)သည် နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ညာဘက်လက်ကောက်ဝတ်မှာလည်း ပြတ်တောက်လုနီးပါး အလှီးခံထားရသည်ဟု သိရသည်။

အလားတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သေဆုံးသည့် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးနေသည့် ကွာလာလမ်ပူ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်သည် ဇူလိုင် ၉ ရက် ည ၈ နာရီက ပူချွန်မြို့မန်ချူးချိုင့်၌ အသတ်ခံခဲ့ရသည်။

“သံရုံးက ဘာမှအကူအညီမပေးဘူး။ သတိထောက်လွှာ သွားပို့တာလည်း မထိရောက်ဘူး။ ဒါ့အပြင် မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ဖြစ်စဉ်တွေ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး” ဟု ၎င်းကဆိုသည်။

နန်းစုနှင်းထွေး
Eleven Media



မန္တလေးမြို့တွင် ဆူပူမှုဖြစ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်


အခင်းစတင်ဖြစ်ပွားသည့် ဇူလိုင် ၁ ရက်ညက ဆန်း ကဖီးဆိုင်ရှေ့ မြင်ကွင်းကို တွေ့မြင်ရစဉ်
မန္တလေးမြို့တွင် ဆူပူမှုဖြစ်ပေါ်စေရန် စတင်ခဲ့သော မုဒိမ်းမှုဖြစ်စဉ်မှာ လီဆယ်တိုင်တန်းမှုသာဖြစ်ကြောင်း အစိုးရက ဇူလိုင် ၁၉ ရက် ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာ များမှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

မှုခင်းဖြစ်စဉ်မှာ ဇွန် ၂၈ ရက်ည ၁ဝ နာရီတွင် မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီးလက်ဖက်ရည်ဆိုင်ရှိ ဆိုင်ဝန်ထမ်း မစိုးစိုး ၂၅ နှစ် ဘုတလင်မြို့ နယ်နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ အသက် ၄ဝ ကျော်အရွယ်ရှိ ဆိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့ ညီအစ်ကိုနှစ်ဦးက ယာဉ်အမှတ် မမှတ်မိသည့် အဖြူ ရောင်ယာဉ်နှင့် နေပြည်တော်ရှိ လက်ဖက်ရည် ဆိုင်သစ်တွင် အလုပ်လုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်သွားခဲ့ပြီး ဇွန် ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနား တောင်ညိုကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက သားမယားပြုကျင့်၍ တိမ်းရှောင်သွားကြသည်ဟု ပျဉ်းမနားမြို့မရဲစခန်းတွင် တိုင်ကြားခဲ့သည်။

ယင်းမှုခင်းဖြစ်စဉ်အား မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ စစ်ဆေးချက်များအရ ၎င်း၏အမည်အရင်းမှာ ဖြူဖြူမင်း(ခ) ကတုံးမ အသက် ၃ဝ နှစ် ဖြစ်ကြောင်း မွေးရပ်ဇာတိမှာလည်း မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ဆန်းကဖီးတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း မရှိကြောင်းနှင့် မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်များ အရလည်း အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း၊ စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့နောက် ၎င်းအားရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးခဲ့ရာ ဝန်ခံချက်အရ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်ဆိုသူတို့၏ ငွေပေးစေခိုင်းမှုအရ ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့က ၎င်းကိုသားမယားအဖြစ် ပြုကျင့်ကြောင်း ပျဉ်းမနားရဲစခန်းတွင် လီဆယ်တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မစိုးစိုးအမည်ခံ လီဆယ်တိုင်ကြားသူ မဖြူဖြူမင်း(ခ) ကတုံးမသည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မင်းသူရဇော် (ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် စက်တင်ဘာတွင် ခင်ပွန်းမှာ မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရစဉ် အမှုမှ လွတ်မြောက်ရေး ကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ်၊ နုနုမြတ်တို့နှင့် ရင်းနှီးခဲ့ကြောင်း၊ အမှုကို မန္တလေးခရိုင် တရားရုံးက ၂ဝ၁၄ ခုနှစ် ဧပြီတွင် တရားခံမင်းသူရဇော် (ခ) နိုမိုဟာမက်အား ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲတရားခံ မင်းသူရဇော်၏အဒေါ် ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီဌေးတို့အား ထောင်ဒဏ် ၁၂ နှစ် အသီးသီးချမှတ်ခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် အပေါ်တွင် ဒေါ်ခင်မာလွင်၏ခင်ပွန်း ခင်မောင်ထွေး(ခ) ကိုထွေး၊ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် မင်းသူရဇော်၏မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ်ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မန္တလေးခရိုင် တရားရုံးမှ စာရေးဦးတင်မောင်ဝင်းက တရားလိုပြုလုပ်ပြီး အမှတ်(၃) ရဲစခန်း(ပ) ၁၄၉ / ၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅ဝ၆ -၃၅၃ အရ အမှုဖွင့် အရေးယူခဲ့ပြီး ယင်းအမှုမှာလည်း ချမ်းအေးသာဇံမြို့နယ်တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

ပြန်လည်အမှုဖွင့်ခံရမှု အပေါ်ကိုလည်း ခင်မောင်ထွေး၊ ရဲထွဋ်နှင့် ဒေါ်မာလာတို့က မကျေနပ်သဖြင့် တရားလိုပြုလုပ်သူ ခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်ဆိုသည့် အမျိုးသမီးအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီးနောက် ဒေါ်မာလာ၊ ဖြူမ (ခ) ဖြူဖြူဇော်နှင့် ဟေမာကျော်တို့သည် ပြင်ဦးလွင် ရဲစခန်းသို့ သွားရောက်ပြီး ဟေမာကျော်က ရဲထွဋ်နှင့် နုနုမြတ်တို့ သင်ကြားပေးထားသည့်အတိုင်း ပုလဲတည်းခိုခန်းတွင် ခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းက သူမအား သားမယား ပြုကျင့်ခဲ့ကြောင်း တရားလိုပြုလုပ်၍ လီဆယ်တိုင်တန်းခဲ့သည်။

ရဲထွဋ်နှင့် နုနုမြတ်တို့မှာ မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်းဆိုသူနှင့်လည်း ရင်းနှီးမှုရှိပြီး ဟာဂျီထွန်းထွန်းမှာ ဆန်းကဖီးပိုင်ရှင် ဦးဆန်းမောင်၊ ဦးနေဝင်းတို့နှင့် လူမှုရေးပြဿနာများကြောင့် မှုခင်းအပြန်အလှန် ဖြစ်ပွားနေသည်။ ဟာဂျီထွန်းထွန်း သည် ၎င်း၏ကြက်ခြံမှ အလုပ်သမား မကေသီခိုင် (ခ) ချယ်ရီသိန်း (၂၇ နှစ်) အား မေလအတွင်းက သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မေ ၁၇ ရက်တွင် စစ်ကိုင်းရဲစခန်းက (ပ)၂၈၁/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှုအပေါ် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့က သွေးထိုးမြှောက်ပင့်ခဲ့သည်ဟု ဟာဂျီထွန်းထွန်းက ယူဆ၍ ၎င်းတို့နှစ်ဦး ပြစ်ဒဏ်ကြီးစွာကျခံနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ်တိုင်ကြားနိုင်ရန် ရဲထွဋ်(ခ)သူရရဲထွဋ်ထံ အကူအညီ တောင်းခံခဲ့သည်။

ရဲထွဋ်နှင့် နုနုမြတ်တို့ကလည်း ခင်ပွန်းမူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျပြီး ငွေလိုနေသူ ဖြူဖြူမင်း(ခ) ကတုံးမအား အသုံးချပြီး သားမယားပြုကျင့်မှုဖြင့် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့အား လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်းက ၎င်းတို့၏နေအိမ်သို့ ဖြူဖြူမင်းကို ခေါ်ယူနေထိုင်စေကာ သားမယားပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို အသေးစိတ် ဇာတ်လမ်းဆင်သင်ပေးပြီး အောင်မြင်ပါက ငွေဆယ်သိန်းပေးမည်ဟု သွေးဆောင်စည်းရုံးခဲ့သည်။

ထို့နောက် ဖြူဖြူမင်း၊ ရဲထွဋ်၊ နုနုမြတ်နှင့် ဖြူဖြူဇော်တို့သည် ဆန်းကဖီးပိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေဝင်းတို့အပေါ် လီဆယ်အမှုဖွင့်ရန် ဇွန် ၂၆ ရက် ညနေပိုင်းတွင် ပျဉ်းမနားသို့ သွားရောက်ခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ခံရသည်ဟု လုပ်ကြံဖော်ပြမည့်နေရာ ပျဉ်းမနားမြို့အနေအထားတို့ကို ဖြူဖြူမင်းအား ပြသခဲ့သည်။ ဇွန် ၂၉ ရက် နေ့လယ်ပိုင်းတွင် ဖြူဖြူမင်းအား ငွေ ၂၅ဝဝဝ ပေး၍ ပျဉ်းမနားမြို့ မြင်းရုပ်အနီးတွင် ထားခဲ့ပြီး ဖြူဖြူမင်းသည် ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနားရဲစခန်းကို သွားကာ ဦးနေဝင်းနှင့် ဦးဆန်းမောင်တို့က သူမအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု အမှုစစ်အရာရှိထံ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးချက်များနှင့် ရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပြုချက်များအရ ပျဉ်းမနားမြို့တွင် ဖြူဖြူမင်း(ခ) ကတုံးမ လီဆယ်တိုင်တန်းသော အမှုအား ဇူလိုင် ၁၇ တွင် ပိတ်သိမ်းခဲ့ပြီး ပြင်ဦးလွင်ခရိုင်ရုံး၏ ဥပဒေအကြံပြုချက်အရ လီဆယ်တိုင်တန်းသူဟေမာကျော်နှင့် ဒေါ်မာလာတို့အား ဥပဒေနှင့်အညီအရေးယူရန် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။ လီဆယ်တိုင်တန်းသူ ဖြူဖြူမင်း(ခ) ကတုံးမ၊ လီဆယ်တိုင်တန်းရန် ညွှန်ကြားသူ နုနုမြတ်တို့အား ဖမ်းမိထားပြီး ရဲထွဋ်(ခ) သူရရဲထွဋ်၊ ဟေမာကျော်နှင့် ဒေါ် မာလာတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။          

news-eleven