ရဟတ်ယာဉ်ဖြင့် ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်း ခွင့်ပြုပေးတော့မည်


မကြာမီ ကာလတွင် စီးပွားရေး လုပ်ငန်းရှင်များသည် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်လို ပါက ပို့ဆောင်ရေးဝန်ကြီးဌာန  လေကြောင်းသယ်ယူ ပို့ဆောင်ရေးဌာန အနေဖြင့် မှ ခွင့်ပြုပေးသွားရန်ရှိကြောင်း မတ်လ ၂၅ ရက်က သိရသည်။

မတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ အလံပြဘုရားလမ်းရှိ ကုန်သယ်ကြီးများဟိုတယ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ လေကြောင်း ညီလာခံတွင် လေကြောင်း သယ်ယူပို့ဆောင်ရေးမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ကပြောသည်။

“နိုင်ငံတော်အတွက် အကျိုးရှိမယ်ဆိုရင် အစိုးရကော ပုဂ္ဂလိကကိုပါ လုပ်ကိုင်ခွင့်ပေးမှာပါ ကန့်ကွက်စရာ မရှိပါဘူး သတ်မှတ်ချက်တွေနဲ့တော့ ကိုက်ညီဖို့လိုပါတယ်”ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။

ပြီးခဲ့သည် ၂၀၁၂ ခုနှစ်အတွင်းကလဲ ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးဌာန အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် ခရီးသည်လေယာဉ်များအား စင်းလုံးငှားရမ်းခွင့်အား ခွင့်ပြုပေးခဲ့ပြီး ယခုတွင်လဲ ရဟတ်ယာဉ်များအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် ထပ်မံခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ လုပ်ကိုင်ခွင့်ကတော့ အမြန်ဆုံးပေးမှာပါ။ ဒါပေမယ့် သက်ဆိုင်ရာလေကြောင်း ဦးစီးရဲ့ ထောက်ခံချက်ကတော့ ပါရမယ် ”ဟု ဦးတင်နိုင်ထွန်း ထပ်လောင်း ပြောဆိုသည်။

ယခုလက်ရှိတွင် ရဟတ်ယာဉ်များအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် အသုံးပြုရာတွင် သက်ဆိုင်ရာ အစိုးရ နှင့် လေဆိပ်များကိုသာ အသုံးပြုခွင့်ပေးထားပြီး လာမည့်လအနည်းငယ်၌ ပုဂ္ဂလိက လုပ်ငန်းရှင်များပါ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age

ရုရှားကို G7 မူဘောင်အတိုင်း ကိုင်တွယ်သွားဖို့ရှိ


ယူကရိန်း အရေးအခင်းနဲ့ပတ်သက်ပြီးတော့ စက်မှုထိပ်သီး ၇ နှစ်နိုင်ငံရဲ့ ဥပဒေဘောင်အတွင်းမှာ ပူးပေါင်းကိုင်တွယ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က အမရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry ကို ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

ဂျပန် နိုင်ငံ ခြားရေး ၀န် ကြီး ဟာ မြန်မာ နိုင်ငံကို ရောက်ရှိ နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကို ဖုန်းဆက် ပြောဆို လိုက်တာ ဖြစ်ပါတယ်။
ယူကရိန်း အရေးနဲ့ ပတ်သက်ပြီးတော့ စက်မှု ထိပ်သီးနိုင်ငံက ခေါင်းဆောင်တွေ အနေနဲ့ အကောင်းဆုံး ဖြစ်အောင် ဘယ်လို ကိုင်တွယ် သွားကြမလဲ ဆိုတဲ့ အကြောင်းကို ဆွေးနွေးပြော ဆိုခဲ့ကြတာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာ ရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက သ တင်း ထောက် တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
တနင်္လာနေ့ ကစပြီးတော့ နယ်သာလန် နိုင်ငံ The Hague မြို့မှာ စက်မှုထိပ်သီး ၇နှစ်နိုင်ငံ ခေါင်းဆောင်တွေက နျူကလီးယား လုံခြုံရေးဆိုင်ရာ ညီလာခံကို ကျင်းပ နေကြတာဖြစ်ပြီး အဲဒီညီလာခံ ထဲမှာပဲ ယူကရိန်း အရေးကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသကို ၀င်ရောက် သိမ်းပိုက်ခဲ့တဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဖိအားပေးမှု တွေလုပ်ဆောင် နိုင်ဖို့အတွက် စက်မှုထိပ်သီး ၇နိုင်ငံက ခေါင်းဆောင်တွေကို နယ်သာလန်နိုင်ငံမှာ အစည်းအဝေးပြုလုပ်ဖို့ အမေရိကန် သမ္မတ Barack Obama က အဆိုတင်သွင်း ခဲ့တာဖြစ်ပါတယ်။
စက်မှုထိပ်သီး ၇နှစ်နိုင်ငံထဲမှာ Britain, Canada, France, Germany, Italy, Japan နဲ့ အမေရိကန် ပြည်ထောင်စုတို့ ပါဝင်ပါတယ်။

Today Myanmar

ADSL လိုင်း ယာယီပိတ်ခြင်း၊ ဖွင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ


ADSL လိုင်းအား အသုံးပြုသူမှ ယာယီပိတ်သိမ်းခြင်း၊ ဖွင့်ခြင်းများ ဆောင်ရွက်လိုပါက ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ထိုကဲ့သို့ ဆောင်ရွက်လိုသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာန၊ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း) မှ ကြွေးကျန်ကင်းရှင်းကြောင်း အထောက်အထားများနှင့်အတူ အင်ဂျင်နီယာချုပ် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသို့ လိပ်မူလျှောက်ထားနိုင်ကြောင်း သိရသည်။

လိုင်းယာယီပိတ်ခြင်းနှင့် ဖွင့်ခြင်းများအား လစဉ် လဆန်းရက်တိုင်း ဆောင်ရွက်ပေးကြောင်း၊ သုံးစွဲသူများအနေဖြင့် လကုန်ရက်များမတိုင်မီ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ လိုင်းယာယီပိတ်ခြင်းများအတွက် သုံးစွဲသူများမှ လစဉ်ကြေး ကျသင့်ငွေများ ပေးဆောင်ရန်မလိုအပ်သော်လည်း နှစ်စဉ်ကြေး ကျသင့်ငွေကျပ် ငါးသောင်းကို နှစ်စဉ်ဧပြီလတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန (ADSL) ဌာနစိတ်မှ သိရသည်။ လိုင်းအပြီး ပိတ်သိမ်းလိုပါက ငွေစာရင်းဌာန၊ မောင်ထော်လေးလမ်းမှ ကြွေးကျန်ကင်းရှင်းကြောင်း အထောက်အထားများနှင့်အတူ အင်ဂျင်နီယာချုပ်၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနသို့ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

“လိုင်းယာယီဖြုတ်လို့ရတယ်ဆိုပေမယ့်လည်း နှစ်စဉ်ကြေးကတော့ ပေးရမှာပဲလေ။ အဲတော့ တကူးတက လိုင်းယာယီဖြုတ်ဖို့ ဆောင်ရွက်တာမျိုး မရှိခဲ့ဖူးပါဘူး။ မသုံးဘဲနေလိုက်တာပဲရှိတယ်။ သုံးရတာ အဆင်မပြေရင်တော့ လိုင်းအပြီးဖြုတ်မှာပေါ့။ အခုကတော့ ADSL ရော၊ ဖိုင်ဘာရောနှစ်မျိုး စလုံး သုံးနေပါတယ်” ဟု ADSL လိုင်း အသုံးပြုသူ ကိုမင်းမင်းလတ်က ပြောသည်။ ADSL လိုင်း အပြီးပိတ် သိမ်းခြင်းအား လစဉ်လဆန်းရက်တိုင်း ဆောင်ရွက်ပေးကြောင်း၊ သုံးစွဲသူများအနေဖြင့် လကုန်ရက်များမတိုင်မီ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်း
Internet Journal 

ဘရိတ်ပေါက်သည့်ကား ပရိုဘောက်စ်နှင့် ဓာတ်တိုင်ဝင်တိုက်


မောင်ပြည်သူ၊ မန္တလေး၊ မတ်-၂၄

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၇၁ လမ်းဆုံတွင်
မတ်၂၃ ရက် နံနက် ၀၀ နာရီ ၅၀မိနစ်ခန့်က ၃၅ လမ်းအတိုင်း အရှေ့မှ အနောက်သို့ ဖေရင် (၂၃) နှစ် ၃၂ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား
ချမ်းအေးသာစံမြို့နယ်နေသူ အရှိန်ပြင်းစွာ မောင်းနှင်သည့် ၉ခ/--- ဆလွန်းယာဉ်သည် ဘရိတ်ပေါက်ပြီး ၃၅လမ်း တောင်ဘက်ခြမ်း မဟာနွယ်စဉ်အားကစားကွင်းရှိ ရပ်ထားသည့် 1G--- ပရိုဘောက်ယာဉ်
အား တိုက်မိပြီး ဆက်လက်၍ လမ်းဘေးပလက်ဖောင်းရှိ ဓာတ်တိုင်ကို ၀င်တိုက်ပြီး ရပ်တန့်သွားခဲ့သည်။

ယာဉ်နှစ်စီးမှာ ပျက်စီးသွားခဲ့သဖြင့် ယာဉ်မှုစစ်ရဲစခန်းမှ ဒုရဲအုပ်
အောင်ကျော်ကျော်ဦးက ယာဉ်မောင်းဖေရင်အား မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွင် ယာဉ် (ပ) ၁၅/၂၀၁၄ ပြစ်မှု ပုဒ်မ-၂၇၉ အရ အမှုဖွင့်
အရေးယူထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ဗိုလ်ချုပ်စောထိန်မောင် ဆေးကုသမှု ခံယူ


ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စောထိန်မောင်  ရန်ကုန် ရွှေဂုံတိုင်မှာ ရှိတဲ့ SSC ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

အသက် ၈၇ နှစ်ရှိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင်ဟာ ဆီးချို၊ သွေးချိုရောဂါနဲ့ ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ကတည်းက SSC ဆေးရုံက အရေးပေါ် အခန်းမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ရောဂါအခြေအနေ သက်သာလာလို့ အရေးပေါ်အခန်းကနေ ရိုးရိုးအခန်းကို ဒီကနေ့ ပြောင်းသွားပြီလို့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စောထိန်မောင်ဟာ  ၂၀၀၇ ခုနှစ် ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ) လက်အောက်ခံ တပ်မဟာ ၇ မှ ခွဲထွက်ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီလို အလားတူပဲ  ဒီမိုကရစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ လည်ချောင်းဝေဒနာ စင်ကာပူနိုင်ငံမှာ ဆက်လက် ဆေးကုသနေရဆဲ ဖြစ်တယ်လို့ အဖွဲ့ဝင်တယောက်က ပြောပါတယ်။

DVB Burmese

မန္တလေးမြို့တွင်း ညအချိန် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု တစ်ညအတွင်း ဆိုင်ကယ် အစီးရေ ၂၀၀ ကျော် အရေးယူ


မန္တလေး၊ မတ် ၂၄

မန္တလေးခရိုင်အတွင်း ညပိုင်းအချိန် ယာဉ်မတော်တဆ ဖြစ်ပွားမှု များပြားလာသောကြောင့် ယာဉ်မတော်တဆမှု လျော့ကျစေရန် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးက မတ်လ ၂၃ ရက်နေ့ ညမှ စတင်ကာ ရှောင်တခင် စစ်ဆေးခဲ့ရာ တစ်ညအတွင်း ဆိုင်ကယ်စီးရေ ၂၀၆ စီးနှင့် ကားနှစ်စီးတို့ကို စစ်ဆေး အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဆိုင်ကယ်၊ ကား အကုန်လုံးကို စစ်ဆေးတာပါ။ ဆိုင်ကယ်ကတော့ အဓိက ဦးထုပ်နဲ့ ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင် စစ်တယ်။ ကားကတော့ လိုင်စင်မဲ့ ကားလား၊ ယာဉ်မောင်းလိုင်စင် ဒါတွေကို စစ်ဆေးတယ်။ တစ်ညအတွင်းမှာ ဆိုင်ကယ် ၂၀၆ စီးနဲ့ ကားနှစ်စီး စစ်ဆေး အရေးယူနိုင်ခဲ့တယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ဆိုင်ကယ် မောင်းနှင်သူ အများစုမှာ ဦးထုပ် မဆောင်းခြင်းကြောင့် အပြစ်ပေး အရေးယူခံရခြင်း များပြီး လိုင်စင်မဲ့ ဆိုင်ကယ်လေးစီး ဖမ်းဆီးရမိခဲ့ကာ ရုံးတွင် ထိန်းသိမ်းထားပြီး ယာဉ်မောင်းလိုင်စင် မပါဘဲ မောင်းနှင်သော ကားနှစ်စီးကိုလည်း အရေးယူခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“လိုင်စင်မဲ့ ဆိုင်ကယ် လေးစီးကို ဌာနက သိမ်းသွားမှာ မဟုတ်ပါဘူး။ ဆိုင်ကယ် ပိုင်ရှင်တွေကိုတော့ လိုင်စင်မဲ့ ဆိုင်ကယ် မဟုတ်ကြောင်း အထောက်အထား လာပြခိုင်းပြီး ရုံးမှာ လာရွေးခိုင်းထားတယ်။ တကယ်လို့ အထောက်အထား မပြနိုင်ရင်လည်း ဆိုင်ကယ်ကို မသိမ်းဘူး။ သူတို့ကို ဒဏ်ငွေ ရိုက်ပြီးတော့ ဆိုင်ကယ်လိုင်စင် သွားရောက် ပြုလုပ်ခိုင်းမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးရမိသည့် ဆိုင်ကယ်များကို ဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းအထိ ဒဏ်ရိုက်နိုင်သော်လည်း ကျပ်တစ်သောင်း ကျပ်သာ ဒဏ်ငွေရိုက်ခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

တစ်ခါမှ ဒီလို အဖွဲ့လိုက်ကြီး ညပိုင်း ဖမ်းတာ မကြုံဖူးဘူးလေ။ အခုတော့ ဘာမှ သတင်းမထုတ်ပြန်ဘဲ ရှောင်တခင် အနေနဲ့ စစ်ဆေးတာ။ ကျွန်တော်တို့လည်း အရင်တိုင်းပဲ ညဆို ဆိုင်ကယ်ဦးထုပ် မဆောင်းဖြစ်ဘူး။ နောက်နေ့ ညတွေ ဆိုရင်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆိုင်ကယ်ဦးထုပ် ဆောင်းမှ ဖြစ်တော့မယ်” ဟု ယင်းနေ့ညပိုင်းက ဆိုင်ကယ်ဦးထုပ် မဆောင်းသဖြင့် အရေးယူခံရသော အသက်၂၀ ကျော် အရွယ်ရှိ ဦးအောင်လင်းက ဆိုသည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ယာဉ်မတော်တဆ ဖြစ်ပွားမှု ၆၁ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈ ဦး၊ ဒဏ်ရာရသူ ၉၅ ဦး ရှိကာ ယာဉ်မတော်တဆ ဖြစ်ပွားသည့် အချိန်နှင့် အမှုများမှာ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြစ်ပွားမှု ၁၅ မှု၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်ပွားမှု ၁၃ မှု၊ ညနေ ၆ နာရီမှ ညသန်းခေါင် ၁၂ နာရီအထိ ဖြစ်ပွားမှု ၂၄ မှု၊ ညသန်းခေါင် ၁၂ နာရီမှ နံနက် ၆ နာရီအထိ ဖြစ်ပွားမှု ကိုးမှု ရှိကြောင်း အဆိုပါ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly 

တပ်မတော်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယအကြိမ် ဖိတ်ကြားမည်


၂၀၁၃ မတ်လ ၂၇ ရက်တွင် ကျရောက်ခဲ့သော (၆၈)ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ပထမဆုံးအကြိမ် တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါအခမ်းအနား၌ တွေ့ရစဉ် (Photo : AFP)

လာမည့် (၆၉) ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌများအား ဖိတ်ကြားရန်ရှိကြောင်း သတင်းရရှိသည်။

‘‘မနှစ်ကလည်း လွှတ်တော်က ရေးရာကော်မတီဥက္ကဋ္ဌတွေကို ဖိတ်တော့ ဒီနှစ်လည်း ဖိတ်မှာပဲ’’ဟု တပ်မတော်မှ အဆင်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

သို့သော် ယခုအချိန်ထိ လွှတ်တော်သို့ ဖိတ်စာမရောက်ရှိသေးကြောင်းနှင့် မတ်လ ၂၄ ရက်တွင်မူ ဖိတ်စာရောက်ရှိလာနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

‘‘ဖိတ်စာက အခုထိမရောက်သေးဘူး။ ဖိတ်စာရောက်မှပဲ တက်၊ မတက် ဆုံးဖြတ်မယ် ထင်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်ကပြောသည်။

 လက်ရှိကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများသည် တပ်မတော်နေ့မတိုင်မီ တစ်ရက်အလို မတ်လ ၂၆ ရက်တွင် ကျင်းပပြီးစီးမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် တပ်မတော်နေ့အခမ်းအနားသို့ ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး ထိုအချိန်က စစ်ထောက်ချုပ်တာဝန်ရယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လာရောက်ကြိုဆိုခဲ့ကာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဇော်ဝင်းနှင့် အတူထိုင်ခဲ့သည်။

7 Day Daily

ဝေဟင်ပိုင်နက်ချိုးဖောက်ခဲ့သော ဆီးရီးယားလေယာဉ်တစ်စီး တူရကီပစ်ချ


နယ်စပ်ဖြတ်လမ်း တစ်ခုကို ထိန်းချုပ်ခွင့်ရရေး သမ္မတဘာရှားအယ်လ်အာဆတ် ၏ တပ်ဖွဲ့များနှင့် ဆီးရီးယားသူပုန်များ တိုက်ခိုက်နေသော ဒေသတစ်ခုအတွင်း ၎င်းတို့ လေပိုင်နက်ထဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဆိုကာ ဆီးရီးယားလေယာဉ်တစ်စီးကို တူရကီလေတပ်က မတ်လ ၂၃ ရက်တွင် ပစ်ချလိုက်သည်။

‘‘ကျွန်တော်တို့ လေပိုင်နက် ကို ဆီးရီးယားလေယာဉ်တစ်စီး ချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အက်ဖ်-၁၆ လေယာဉ်တွေက အဲဒီလေယာဉ် ကို ပစ်ချလိုက်ပါတယ်’’ဟု တူရကီဝန်ကြီးချုပ်အာဒိုဂန်က နိုင်ငံ အနောက်မြောက်ပိုင်း ရွေး ကောက်ပွဲ မဲဆွယ်မှုတစ်ခုတွင် ပြောကြားသည်။

ယင်းလေယာဉ်မှာ ဆီးရီး ယားနိုင်ငံတွင်းရှိ သူပုန်တိုက်ခိုက် ရေးသမားများနောက်ကို လိုက် သွားခြင်းဖြစ်သည်ဟု ပြောကာ ယင်းလုပ်ရပ်ကို ဆီးရီးယား အစိုးရက ရှုတ်ချလိုက်သည်။

မိမိတို့၏ ထိန်းချုပ်ရေးစခန်းများအနက် တစ်ခုက ဆီးရီးယား MIG-23 လေယာဉ်နှစ်စီး တူရကီနယ်စပ်သို့ ချဉ်းကပ်လာစဉ် သတိပြုမိပြီး လေးကြိမ်တိုင် သတိပေးခဲ့သည်ဟု တူရကီစစ်ရုံးကပြောသည်။

လေယာဉ်တစ်စီးမှာ နယ်စပ်ဖြတ်လမ်း ကာဆက်ဒေသ အရှေ့ ဘက် ယေလာဒါဂီမြို့၌ တူရကီ လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ သည်ဟု တူရကီစစ်ရုံးက ပြော သည်။

တူရကီ F-16 တိုက်လေ ယာဉ်တစ်စီးက ယင်းဆီးရီးယား လေယာဉ်ကို ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်ပြီးနောက် ဆီးရီးယားနယ်နိ မိတ်အတွင်း မီတာ ၁,၂၀၀ ခန့် တွင် ပျက်ကျသွားသည်။

သမ္မတအာဆတ်၏ ညီဝမ်း ကွဲနှင့် သူပုန်များနှိမ်နင်းရာတွင် အစိုးရစစ်တပ်ကို ကူညီတိုက်ခိုက်ပေးသော အမျိုးသားကာ ကွယ်ရေးတပ် ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက မတ်လ ၂၃ ရက်တွင် ကာဆက်မြို့အနီး သတ်ဖြတ်ခံလိုက်ရကြောင်း နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ကြေညာသည်။

မြို့တော်ဒမတ်စကတ်စ်နှင့် ဟွမ်းစ်မြို့တစ်ဝိုက် ဆီးရီးယား နိုင်ငံ၏ ဗဟိုချက်မှ သူပုန်များကို အာဆတ်စစ်သားများက အီရန်၏ အကူအညီ၊ အီရတ်မှ ရှီးဟိုက် မွတ်စလင်တပ်ဖွဲ့များနှင့် လက် ဘနွန်နိုင်ငံမှ ဟစ်ဘိုလာအဖွဲ့တို့ ၏ အကူအညီများဖြင့် တိုက်ထုတ် လျက်ရှိသော်လည်း ဆီးရီးယား မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသ အများစုတွင် အစိုးရစစ်သား အနည်းငယ်သာရှိသည်။

—Ref: Reuters
7 Day Daily

ကိုယ်ခံအား


ဒီဘက်ခေတ်မှာ မြန်မာလူငယ်အတော်များများ နိုင်ငံခြားသားတွေနဲ့ အထိအတွေ့များလာ တယ်။ နိုင်ငံခြားသားတွေက လည်း ဒီကိုအရောက်အပေါက်များလာတယ်။ နိုင်ငံခြားသားတွေ ဟာ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်အနေနဲ့လာကြသလို တချို့ကလည်း အလုပ်အကိုင် အခွင့်အလမ်းအတွက်လာကြ တာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေကြောင့် အထူးသဖြင့် နိုင်ငံတကာသုတေသီတွေ၊ အလုပ်သင်တွေအတွက် မြန်မာနိုင်ငံဟာ စားကျက်အသစ်ပါပဲ။

ဒီတော့ မြို့မှာလည်း မြို့ အလျောက်၊ နယ်မှာလည်းနယ် အလျောက် မြန်မာလူငယ်တွေနဲ့ နိုင်ငံခြားသားတွေ  ထိတွေ့မှုပိုများ လာတယ်။ နောက်လည်းပိုများ လာဖို့ရှိပါတယ်။ ဒီတော့ မြန်မာလူငယ်တွေရဲ့ နိုင်ငံခြားသား အ ပေါ်အမြင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားတွေရဲ့ သဘောသဘာဝကို နည်းနည်း ဆွေးနွေးချင်တယ်။

ဒီလိုဆွေးနွေးတာအကြောင်း ရှိတယ်။ တချို့ မြန်မာလူငယ်တွေ ဟာ နိုင်ငံခြားသားဆို သိပ်အထင် ကြီးတတ်တယ်။ နိုင်ငံခြားသား ပြောတာမှ အမှန်လို့ထင်တတ် တယ်။ နိုင်ငံခြားသားက လူ့အခွင့် အရေးတစ်လုံးပြောရင် သူတို့က ၁၀ လုံး၊ ၁၅လုံးလောက်ပြော တတ်တယ်။ ဒီလိုလေကြီးမိုးကြီး လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ ပြောမှ လူရာဝင်မယ်၊ နေရာရ မယ်လို့အထင်ရောက်နေသူတွေ ရှိတယ်။ ဒီလိုနဲ့ အနောက်ရဲ့ အတွေးအခေါ်ထဲမှာ မှိုင်းမိပြီး တစ်ဖက်ပိတ်အတွေးအခေါ်တွေ ဖြစ်သွားတတ်ကြတယ်။

တကယ်တော့ အနောက် နိုင်ငံသားတွေကိုအထင်ကြီးတယ် ဆိုတာ ဒီမှာတင်မဟုတ်ဘူး။ အာရှနိုင်ငံအတော်များများမှာလည်း ဒီလိုပါပဲ။ စာရေးသူတို့ အာရှတိုက်သားအများစုက ခပ်ကုပ်ကုပ်နေတတ်တယ်။ ခပ်အေးအေးနေတတ်တယ်။ ရုံးပြီးရင် အိမ်၊ အိမ်ပြီးရင် ရုံးသမားတွေ များတယ်။ မိသားစုသံယောဇဉ်ကြီး တယ်။ အနောက်နိုင်ငံသားတွေ ကျတော့  သူတို့ရဲ့လူနေမှုဝန်းကျင် ကိုက ကိုယ့်အားကိုယ်ကိုးဖို့  အခြေ အနေတွေ ငယ်ငယ်ကတည်းက ဖန်တီးထားတယ်။ (၁၈) နှစ်ကျော် တာနဲ့ အိမ်ကထွက်ပြီးအလုပ် လုပ်၊ ရတဲ့ပိုက်ဆံနဲ့ ကျောင်း တက်၊မိဘကိုပြန်ဆပ်၊ ဒါမျိုးတွေရှိတယ်။ သူတို့ပညာရေး စနစ်ဆိုလည်း ဆရာသင်တာတစ်ဝက်၊ အပြန်အလှန်ဆွေးနွေးတာ တစ်ဝက်ဖြစ်တယ်။ လုပ်ငန်းခွင်ထဲမှာဆိုလည်း အဆင့်တွေသာခွဲထားတာ၊ အကြီးအကဲကအစ အောက်ခြေအလုပ်မျိုးတွေ ဝင်လုပ်ရတာမျိုး၊ ကိုယ့်အိတ် ကိုယ်ဆွဲ ကိုယ့်ဝန်ကိုယ်ထမ်းရတာမျိုးဖြစ်တယ်။ ဒီတော့ အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်မှာကိုယ့်အားကိုယ်ကိုးဖို့ဆိုတာ မဖြစ်မနေဖန်တီးထားတယ်။ ဒီတော့ သူတို့ဆီမှာ အသက် (၂၀) ကျော်၊ (၃၀)ကျော်ပြီဆိုတာနဲ့ ကမ္ဘာလှည့်ပြီး အလုပ်လုပ်ကြ တယ်။ အလုပ်ရှာကြတယ်။ ဒီ တော့ အတွေ့အကြုံပေါင်းစုံက တစ်ဆင့် လူရည်လူသွေးက ပို တက်လာတယ်။ ပိုကောင်းလာ တယ်။ ဆိုရရင် ဖွံ့ဖြိုးဆဲနိုင်ငံက လူငယ်တွေနဲ့ အနောက်ကလူငယ် တွေဆိုတာ အများကြီးဟနေ တယ်။ ဒီလိုနဲ့ တစ်ဦးချင်းစီကနေ လူ့အဖွဲ့အစည်းနဲ့ချီပြီး စဉ်းစား လိုက်တော့ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲဆို ပြီး ဖြစ်လာတယ်။

ဂျပန်လို၊ ကိုရီးယားလိုနိုင်ငံ သားတွေတောင် သူတို့ကိုယ်သူတို့ လူရည်လူသွေး၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ ဖွံ့ဖြိုးဆဲလို့ပဲ သတ် မှတ်တယ်။ ဖွံ့ဖြိုးဆဲဆိုတာ မ လွတ်လပ်တာ၊ လူရာမဝင်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအား နည်းတာ၊ သဘောထားမကြီးတာ အားလုံးပါတယ်။ စာရေးသူတို့ အာရှလူ့အဖွဲ့အစည်းက အနည်း အများဆိုသလို မိဘအုပ်ထိန်းမှုနဲ့ ကင်းခဲတယ်။ ဆရာသမားဆိုတာ နဲ့ ကင်းကွာလို့မရဘူး။ အလုပ်ထဲ မှာလည်း အထက်လူကြီးဆိုရင် အတော်ကို ရိုရိုကျိုးကျိုးရှိရတာ ကလား။ ဒီတော့ အိမ်မှာ၊ ကျောင်း မှာ၊ အလုပ်မှာ မှီခိုဖို့၊ မလွတ်လပ် ဖို့ဆိုတာ ဖန်တီးထားသလိုဖြစ်နေ တယ်။ ဒီတော့ စာရေးသူတို့ အရှေ့တိုင်းလူ့အဖွဲ့အစည်းမှာ အများစု လက်ခံထားတဲ့အယူ အဆနဲ့ ကင်းကွာသွားသူဟာ၊အုပ်စုကနေခွဲထွက်သွားသူဟာ မရှင်သန်တတ်ဘူး။ ဒါကြောင့် အရိပ်အခြည်ကြည့်ပြီး လုပ်ကျင့် ကစွဲနေတယ်။ ဘယ်စာနယ်ဇင်း က ဘာကိုဇောင်းပေးလဲ၊ လိုက် သာရေး၊ ဘယ်လူကြီးကဘာ ကြိုက်လဲ၊ အလိုက်တသိသာပံ့ပိုး ပေး၊ ဘယ်နိုင်ငံရေးသမားက ဘာဖြစ်ချင်လဲ၊ ဖြစ်အောင်သာ လုပ်ပေး၊ OK ပဲ၊ ရှင်သန်တယ်။ ရှင်သန်ရုံမက ကြီးထွားတယ်။ ဒါကြောင့် ဂျပန်လိုနိုင်ငံမျိုးမှာ ရုပ် ဝတ္ထုသာတိုးတက်တယ်။ ဂျပန် တွေဟာ အရှေ့ရဲ့ဆန့်ကျင်ဘက် အနောက်နိုင်ငံသားတွေဆို သိပ် အထင်ကြီးတတ်တယ်။ ဒါက လည်း သူတို့လူ့အဖွဲ့အစည်းကို က မွန်းကျပ်ပြီး အဲဒီလိုမမွန်း ကျပ်ချင်လို့ အုပ်စုကခွဲထွက်သွား လည်း မရှင်သန်နိုင်ဘူးလေ။ဒါ ပေမဲ့ ဂျပန်က အနောက်ကိုအထင် သာကြီးတာနော်၊ အနောက်က ကောင်းတာတွေ အတုခိုး၊ သူတို့ နိုင်ငံသဘောသဘာဝနဲ့  သင့် လျော်မယ့်အရာတွေကို ဂျပန်မှုပြု လိုက်တာများတယ်။

  အခုစာရေးသူတို့ မြန်မာ ပြည်ဆီမှာ လူငယ်အများစုဟာ ယုံကြည်မှုတွေ ပျောက်ဆုံးနေ တယ်။ မြန်မာအချင်းချင်း အထင် ကြီးလေးစားမှုဆိုတာမရှိလှဘူး။ နိုင်ငံခြားသားဆို အထင်တကြီးရှိ တယ်။ နိုင်ငံတကာအဖွဲ့အစည်း တွေဆို လေးစားယုံကြည်မှု ပို တယ်။ စာနည်းနည်းဖတ်ပြီး ခပ် ကြီးကြီးတွေးတယ်။ တကယ် တော့ အားလုံးကလူသားတွေပဲ။ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ ဦး နှောက်တစ်ခုနဲ့ပဲ။ အပြန်အလှန် လေးစားမှုကလွဲရင် အထင်တကြီးရှိစရာမလိုဘူး။

သို့သော် ကိုယ်မလုပ်နိုင်တာ သူလုပ်နိုင်တဲ့အတွက် လေးစားအားကျမှုမျိုးတော့ရှိရမယ်။  ဘာကြောင့် သူတို့မှာ ဒီလိုစွမ်းဆောင်ရည် (Capacity) မျိုးရှိပြီး ငါတို့မှာ ဒါမျိုးမရှိတာလဲ တွေးရမယ်။ ဖြစ်နိုင်ခြေကိုသုံးသပ်ရမယ်။ ဆိုလိုတာ လက်ရှိကိုယ်နေထိုင်ကြီးပြင်းရာဝန်းကျင်ကနေမှ ကိုယ့်ခွင်ကိုကိုယ်ချဲ့ယူရမယ်။ မဟုတ်ဘဲနဲ့ အနောက်ပုံစံ၊ အနောက်အချိုး၊ အနောက် အတွေးအခေါ်နဲ့ ကိုယ့်အဖွဲ့ အစည်းမှာတွေးခေါ်ပြုမူနေထိုင် ကျင့်သုံးမယ်ဆိုရင် အတွင်းက လူတွေညံ့ရင်တော့ အကြောင်း မဟုတ်၊ မညံ့ရင်တော့ ထိပ်တိုက် တွေ့ကြရလိမ့်မယ်။

စာရေးသူအတွေ့အကြုံ အရ အနောက်နိုင်ငံသားတွေဟာ သည်းခံနားလည်စွမ်းအားမြင့်မား ကြတယ်။ အားနည်းသူတွေဘက် ကရပ်ခံကြတယ်။ မတရားဘူးလို့ ထင်တာမျိုးကို မသိကျိုးကျွံမပြု တတ်ဘူး။ သူတို့ဝန်းကျင်လိုမျိုး တခြားလူ့အဖွဲ့အစည်းဝန်းကျင် တွေကို ဖန်တီးစေချင်ကြတယ်။ သူတို့သင်ကြားကြီးပြင်းရတဲ့ဝန်း ကျင်ကလည်း ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဝန်းကျင်သာဖြစ် တယ်။ ဒီတော့ သူတို့ဆီကကြားရ မှာလည်း ဒီမိုကရေစီနဲ့လူ့အခွင့် အရေးသာဖြစ်တယ်။ အမှန် တရားဆန်ဆန်တွေသာဖြစ် တယ်။ ငြင်းပယ်ရခက်ခဲတဲ့အရာ တွေဖြစ်တယ်။ ဒီတော့ သာမန် နိုင်ငံခြားသားနဲ့ အဆက်အဆံ နည်းတဲ့၊ ဆက်ဆံရေးများသည့် တိုင် အမျိုးသားရေးအခြေခံစိတ် ဓာတ်အားနည်းတဲ့သူတွေအဖို့ နိုင်ငံခြားသားတွေကို အထင် တကြီးရှိကြတာ အဆန်းတော့ မဟုတ်ဘူး။

စာရေးသူက နိုင်ငံတကာ အဖွဲ့အစည်းတွေမှာအလုပ်လုပ် တော့ သူတို့အကြောင်းသိလေ ပိုအထင်မကြီးလေပဲ။ တစ်ခါ တလေ နိုင်ငံခြားသားဆိုသူတွေ ဟာ စာရေးသူတို့နိုင်ငံမျိုးမှာ အချဉ်ဆိုပြီး လေ့ကျင့်ရေးကွင်း သာသာ လာအလုပ်လုပ်နေတာ မျိုးရှိတယ်။ ဒီကအတွေ့အကြုံ တွေယူသွား၊ နောက်တစ်နိုင်ငံ ပြောင်း၊ ဒီလိုနဲ့ နိုင်ငံတကာအဖွဲ့ အစည်းဆိုတာသူတို့နိုင်ငံတွေရဲ့ လူသား ရင်းမြစ်စွမ်းရည်ဖွံ့ဖြိုးဖို့ လေ့ကျင့်ရေးကွင်းသာသာရှိ တယ်။ ဒီလိုနဲ့ သူတို့ဆီမှာ အသက် (၃၀)ဝန်းကျင်ဆို နိုင်ငံတကာ အဖွဲ့အစည်းတွေမှာအကြီးအကဲ ရာထူးတွေရနေပြီ။ တစ်နိုင်ငံလုံး ရဲ့စီမံချက်တွေ (Project)ကို စီမံခန့်ခွဲနိုင်နေပြီ။ ရောက်တဲ့ နိုင်ငံမှာ အဲဒီကနိုင်ငံသားဝန်ထမ်းတွေကို ဘယ်လိုလှည့်ပတ်အုပ်ချုပ်၊ ဦးနှောက်ဖောက်စားရမယ် ဆိုတာသိနေပြီ။

  နိုင်ငံတကာအဖွဲ့အစည်း တွေမှာအလုပ်လုပ်ရင်း နိုင်ငံသား ဝန်ထမ်းတချို့ စိတ်ညစ်လို့ထွက် သွားတာတွေ ခဏခဏရှိတယ်။ စာရေးသူဆီ စာရေးမှန်းသိတော့ လာရင်ဖွင့်ကြတာတွေရှိတယ်။ ဒီတော့ ဇာတ်လမ်းပေါင်းစုံမရိုး အောင်ကြားရတယ်။ စာရေးသူ က ကိုယ်နဲ့ရင်းနှီးတဲ့သူတွေဆို အဲဒီလိုထွက်သွားတာမျိုးကို အား မပေးဘူး။ မတရားဘူးထင်ရင် အတွင်းကပဲ ပြန်တိုက်စေချင် တယ်။ တချို့ကမေးချင်မှာပေါ့။ ဘယ်လိုပြန်တိုက်ရမလဲ။ နိုင်ငံ ခြားသားနဲ့တိုက်ရင် ကိုယ်ပဲရှုံးမှာ ပေါ့လို့။ စာများများဖတ်ပါလို့သာ ဖြေပါရစေ။ တကယ်တော့ နိုင်ငံ တကာအဖွဲ့အစည်းဆိုတာ သဘောသဘာဝက မွန်မြတ်ပြီး သား။ အတွင်းကလူတွေကြောင့် စိတ်ပျက်စရာတွေဖြစ်နေတာ။ ဒီတော့ သူတို့လွှမ်းသလို ကိုယ် ကလည်းလွှမ်းအောင်ကြိုးစားရ မည်။ သူတို့အတွေးအခေါ်တွေ ကိုယ့်ကိုသွတ်သွင်းဖို့ကြိုးစားရင် ကိုယ့်အတွေးအခေါ်တွေလည်း သူတို့ဆီပြန်သွတ်သွင်းဖို့ကြိုးစား ရမယ်။ ဘယ်လိုသွတ်သွင်းရမလဲ ဆိုရင် စာများများဖတ်ပါလို့ပဲ ဖြေပါရစေ။

ဒီတော့ လူလူချင်းအတူတူ ဘယ်သူ့ဘယ်သူမှအထင်ကြီး စရာမလိုဘူး။ အထင်သေးစရာ လည်းမလိုဘူး။ အမျိုးသားရေး ကိုယ်ခံအားကောင်းဖို့ပဲလိုတယ်။ အဲဒီလိုကိုယ်ခံအားကောင်းဖို့ ကိုယ့်ဘက်ကကြိုးစားမှုရှိဖို့တော့လို တယ်။ နိုင်ငံခြားသားတွေလို ကမ္ဘာပတ်အတွေ့အကြုံတော့ မရှာနိုင်ဘူးပေါ့။ သူတို့ရှင်သန်ရာ ဝန်းကျင်မျိုးလည်း မဖန်တီးနိုင် ဘူးပေါ့။ သို့သော် ကိုယ့်မှာရှိတဲ့ အင်အားနဲ့၊ အသိဉာဏ်နဲ့ ကိုယ့်  ကိုယ်ကိုယ်ဖြည့်ဆည်းတည် ဆောက်ဖို့တော့ လိုလိမ့်မယ်။ ကိုယ်ခံအားကောင်းတဲ့သူက ပြော သမျှကို ချင့်ယုံတယ်။ကိုယ့်အမျိုး သားအကျိုးစီးပွားကိုဦးစားပေး တယ်။ ရေရှည်ကိုကြည့်တယ်။ ကိုယ့်အတွက် အန္တရာယ်ရှိမယ် မှန်းသိသည့်တိုင် အမျိုးသား အကျိုးစီးပွားအတွက်ဆို အမုန်းခံတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ   လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ် ကိုယ်လည်းဖြည့်ဆည်းတည် ဆောက်ရင်း အမျိုးသားရေးကိုယ် ခံအားတွေကိုလည်းများများမွေး မြူ၊ အဲဒီလိုမွေးမြူနိုင်ကြဖို့ ပြည် တွင်းလူမှုရေးအဖွဲ့အစည်းတွေ၊ မီဒီယာတွေကလည်း ဝိုင်းဝန်း ပံ့ပိုးကူညီကြပါလို့ ဒီဆောင်းပါး ကတစ်ဆင့် တိုက်တွန်းနှိုးဆော်ပါရစေ။


   အောင်အောင်(IR)
7 Day Daily

ဘာစီလိုနာအသင်း ကစားသမား ၁၂ ယောက်ဖြင့် ကစားခဲ့ဟု စီရော်နယ်ဒို လှောင်ပြောင်ပြောဆို


လင်းကို ဘာသာပြန်သည်

မက်ဒရစ်၊ မတ် ၂၄

ရီးယဲလ်အသင်း၏ တိုက်စစ်မှူး ရော်နယ်ဒိုက ဘာစီလိုနာအသင်းအား ၃-၄ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ရသည့် အယ်လ် ကလက်စီကို ပွဲစဉ်တွင် ရီးယဲလ်အသင်းဘက်သို့ အနီကတ်တစ်ကတ်ကို အသုံးပြုခဲ့ကာ ပင်နယ်တီနှစ်လုံး သတ်မှတ်ပေးခဲ့သော ကွင်းလယ်ဒိုင် မာလန်ကိုအား ဝေဖန်ပြောဆိုလိုက်ပြီး ဘာစီလိုနာအသင်းအနေဖြင့် ပြိုင်ပွဲတွင် ၁၂ ယောက်ဖြင့် ကစားသွားခဲ့သည်ဟု လှောင်ပြောင်ပြောဆိုလိုက်သည်။

လာလီဂါ အမှတ်ပေးဇယားအား ဦးဆောင်နေသည့် ရီးယဲလ်အသင်းအနေဖြင့် တတိယနေရာမှ လိုက်ပါဖိ အားပေးနေ သော ဘာစီလိုနာအသင်းအား ရှုံးနိမ့်ခဲ့မှုသည် အထိနာသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး အမှတ်ပေးဇယားအား ဦးဆောင်ခွင့်ကိုလည်း မြို့ခံပြိုင်ဘက် အက်သလက် တီကိုအသင်းထံ လွှဲပေးခဲ့ ရသည်။

ကွင်းလယ်ဒိုင် မာလန်ကိုသည် ရီးယဲလ်အသင်းမှ ၃-၂ ဂိုးဖြင့် ဦးဆောင်နေခဲ့သည့်အချိန်၊ ပွဲချိန် ၆၃ မိနစ် တွင် ရီးယဲလ် နောက်ခံလူ ရာမို့စ်ကို ထုတ်ပယ်ခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ဘောကိုလည်း သတ်မှတ်ပေးခဲ့ သည်။ ထို့နောက် ပွဲချိန် ၈၃ မိနစ်တွင်လည်း အင်နီယေစတာအား အလွန်ဆို၏ တားဆီးမှုအပေါ် ပင်နယ် တီထပ်မံသတ်မှတ်ပေးခဲ့၍ ပွဲအပြီးတွင် ရီးယဲလ်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ရော်နယ်ဒိုက “ကျွန်တော်တို့က ၁၂ ယောက်ပါဝင်တဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ကွင်းလယ် ဒိုင်လူကြီး မာလန်ကိုဟာ အကြိတ်အနယ်ရှိတဲ့ပွဲတွေကို ကိုင်တွယ်ဖို့ အရည်အချင်းမမီဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါတွေက ဖြစ်နေကျပါ။ ကျွန်တော်တို့ဟာ ဒိုင်လူကြီးတွေရဲ့ မျက်နှာသာပေးမှုကို ဘယ်တုန်း ကမှ မရခဲ့ပါဘူး။ မာလန်ကိုဟာ ဘာစီလိုနာအသင်းကို ချန်ပီယံလုပွဲဆီ ပြန်ပို့ပေးလိုက်တာပါပဲ” ဟု ဒေါသ ထွက်နေသော ပေါ်တူဂီ တိုက်စစ်မှူးက ဆိုသည်။

လက်ရှိအချိန်တွင် လာလီဂါ အမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာအား အက်သလက်တီကိုအသင်းမှ ရမှတ် ၇၀ ဖြင့် ဦး ဆောင်ထားပြီး ရီးယဲလ်အသင်းမှာမူ ရမှတ်တူညီခဲ့သော်လည်း ထိပ်တိုက်တွေ့ဆုံမှုအရ ဒုတိ ယနေရာသို့ ကျဆင်းသွားခဲ့သည်။ ဘာစီလိုနာအသင်းမှာမူ ရမှတ် ၆၉ မှတ်ဖြင့် တတိယနေရာတွင် ရပ် တည်နေပြီး ချန်ပီယံဆုအတွက် အသင်းသုံးသင်းဖြင့် အကြိတ်အနယ်ရှိလာပြီဖြစ်သည်။

ရည်ညွှန်း-Mizzima Burmese

မော်တော်ယာဉ်အတွင်းမှ ကျောက်မျက်ရတနာများနှင့်ငွေများထည့်ထား သည့် လက်ကိုင်အိတ် ခိုးယူခံရမှုကို ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ မတ် ၂၅

၂၃.၃.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်နေ ဒေါ်ဝင်းသန္တာ
(၄၅)နှစ်သည် အမျိုးသမီး သူငယ်ချင်းနှင့်အတူ ကမ္ဘာအေးဘုရားလမ်း၊
မြကျွန်းသာသို့ မတ်တူးခဲရောင် ကိုယ်ပိုင်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ယာဉ်ကိုပါကင်တွင် ခေတ္တရပ်ထားခဲ့ကာ သူငယ်ချင်းနှင့်အတူရေသန့်ဘူး
သွားရောက်ဝယ်ယူခဲ့ပါသည်။ ထိုသို့သွားရောက်ခဲ့ပြီး ပြန်လာရောက်ရှိစဉ် ယာဉ်၏နောက်တံခါးမှာ အနည်းငယ်ပွင့်နေသည်ကိုတွေ့ရ၍ စစ်ဆေး
ကြည့်ရာ နောက်ခန်းတွင်ထားသော ၎င်းပိုင် အသားရောင်လက်ကိုင်အိတ်
မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိခဲ့ရပါသည်။

အဆိုပါပျောက်ဆုံးသွားသည့်အိတ်အတွင်း၌ ကျောက်မျက်ရတနာမျိုးစုံ၊
မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာများ၊ စုစုပေါင်းတန်ဘိုးငွေကျပ်
(၁၁၅၃၈၈၀၀၀)ခန့် ပါဆုံးသွားခဲ့ပါသည်။

ယင်းသို့ခိုးယူခံရသည့်အတွက် စုံစမ်းအရေးယူပေးပါရန် ဒေါ်ဝင်းသန္တာမှ တိုင်တန်းခဲ့သဖြင့် မရမ်းကုန်းမြို့မရဲစခန်း (ပ)၈၁/၂၀၁၄၊ ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် အမှုနှင့် ပတ်သက်၍ ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိစဉ် ၂၄.၃.၂၀၁၄ ရက်နေ့ ၁၇၄၅ အချိန်တွင် အမျိုးသားလူငယ်တစ်ဦးမှာ ပန်းဘဲတန်းမြို့နယ်၊ (၇)ရပ်ကွက်၊ အနော်ရထာ
လမ်းနှင့် ရွှေဘုံသာလမ်းရှိ န၀လီရွှေဆိုင်သို့ ရတနာမျိုးစုံကို လာရောက်
ရောင်းချနေကြောင်း မသင်္ကာဖွယ် သတင်းရရှိသဖြင့် ၎င်းလူငယ်ကို
ခေါ်ယူစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၎င်းမှာ ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့နေ မင်းမင်းဇော်(ခ)မင်းမင်း၊(၁၇)နှစ်၊ (ဘ)ဦးသိန်းမောင်ဖြစ်ပြီး အခင်းဖြစ်
နေ့ကမြကျွန်းသာသို့သွားရောက်လည်ပတ်စဉ် အဆိုပါယာဉ်၏ အနီးသို့ အရောက် ယာဉ်အတွင်း၌လက်ကိုင်အိတ်ကိုတွေ့ရ၍ ခိုးယူရန်အတွက် တံခါးအားဆွဲကြည့်ရာ လော့ချထားခြင်းမရှိဘဲ ပွင့်သွားသဖြင့် ခိုးယူခဲ့ခြင်း
ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

အမှုမှ ပါဆုံးသက်သေခံပစ္စည်းများဖြစ်သည့် ကျောက်မျက်ရတနာများနှင့်
ငွေများကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ၎င်းကို အမှုဖြင့် ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကာ အခြားခိုးမှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

လက်ပံတောင်းအရေးလှုပ်ရှားသူ ဦးသော်ဇင်ကို ထောင်ချ


စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသတွင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားသူ  နိုင်ကျဉ်းဟောင်း ဦးသော်ဇင်ကို မုံရွာမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

မုံရွာတရားရုံးကနေ လက်ပံတောင်း ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားသူတွေထဲက ကိုသော်ဇင်ကို မတ် ၂၄ ရက်နေ့က အမှု ၃ မှု နဲ့ ထောင်ဒဏ် ၁ နှစ် ၃ လ ချမှတ်လိုက်ပါတယ်။

ဖခင်ဖြစ်သူ ဦးသိန်းတန်က “မြင်မိထင်မိတဲ့အနေအထားကတော့ တရားဥပဒေ စိုးမိုးရေးပိုင်းဆိုင်ရာတွေမှာ တိကျမှန်ကန်မယ်လို့ ကိုယ်က ထင်မိတာပေါ့လေ။ ဒီရောက်တော့ တခြားစီ တခြားစီ ဖြစ်နေတာ တွေ့ရတဲ့အတွက် နည်းနည်းတော့ ၀မ်းနည်းမိပါတယ်။ ၀မ်းနည်းပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲ” လို့ ပြောပါတယ်။

ဦးသော်ဇင်ကို ၂၀၁၄ ခု ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ကာ ရုံးချိန်း ၈ ကြိမ် ချိန်းဆိုအပြီး ရက်ပေါင်း ၄၂ ရက်အကြာမှာ အခုလို စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပုဒ်မ ၄၄၇ အရ ထောင်ဒဏ် ၃ လ၊  ပုဒ်မ ၁၄၃ အရ ထောင်ဒဏ် ၆ လနဲ့ ပုဒ်မ ၁၈၈ အရ ထောင်ဒဏ် ၆ လတို့ကို သီးခြားကျခံစေပြီး အရင်စွဲထားတဲ့ ပုဒ် ၅၀၅(ခ) ဆူပူရန် လှုံ့ဆော်မှုကိုတော့ ပယ်ဖျက်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “မတရားသဖြင့် အမိန့်ချလိုက်တယ်လို့ မြင်ပါတယ်။ အန်တီတို့ဘက်က သက်သေအထောက်အထား တင်ပြပေမယ့် တဖက်သတ် ဆုံးဖြတ်တာအတွက် လုံးဝ မကျေနပ်ဘူး” လို့ ပြောပါတယ်။

ဦးသော်ဇင် ဖမ်းဆီးခံထားရစဉ်က ပြန်လွှတ်ပေးဖို့ ဒေသခံတွေ ညောင်ပင်ကြီးရဲစခန်းရှေ့မှာ သွားရောက်တောင်းဆိုခဲ့တဲ့အတွက်  ရဲမှူး အောင်ကျော်က ၅၀၅ (ခ) နဲ့  ထပ်မံ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အခု အမိန့်ချမှတ်တဲ့ ပုဒ်မ ၄၄၇၊ ၁၄၃ နဲ့ ၁၈၈ တို့ကတော့ ဆည်တည်း၊ မိုးကြိုးပြင် ကျေးရွာမှ ဒေသခံတွေက လျော်ကြေးမယူထားတဲ့ ယာမြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးရင်း အာဏာပိုင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းနဲ့ ဆားလင်းကြီးမြို့နယ် ရဲမှူးအောင်ကျော်တို့က  တရားစွဲဆိုထားတာပါ။

BBC

ရင်းနှီးမြှုပ်နှံသူများ စွန့်ခွာထွက်ပြေးမှုအပေါ်တွင် ရုရှားမှ သတိပေး


ရင်းနှီးမြှုပ်နှံသူများမှ အမေရိကန် ဒေါ်လာ ဘီလျံ ၇၀ ကျော်ကို ယခုနှစ် ပထမ သုံးလအတွင်း နိုင်ငံအတွင်းမှ ထုတ်ယူသွားမည်ဟု ရုရှားမှ မျှော်လင့်ထားသည်။

ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ယူကရိန်းအရေး တင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများမှ စိုးရိမ်ပူပန်လျက် ရှိသည်။

စီးပွားရေး ရပ်တန့်နေမှုနှင့် ငွေကြေးဖောင်းပွလာမှုများအတွက် သတိထားရမည် ဖြစ်ကြောင်း တနင်္လာနေ့က သတင်းထောက်များအား ရုရှား၏ စီးပွားရေးဝန်ကြီး အန်ဒရေးကလဲပတ်ခ်ျမှ ပြောဆိုခဲ့သည်။

ပထမ သုံးလတာ ကာလအတွက် စီးပွားရေး တိုးတက်မှုနှုန်းကို သုည ရာခိုင်နှုန်း ဝန်းကျင်တွင်သာ မျှော်လင့်ထားကြောင်းလည်း ပြောဆိုသွားသည်။

ပြီးခဲ့သော နှစ်က ရုရှား စီးပွားရေးမှာ ၁.၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး မစ္စတာ ကလဲပတ်ခ်ျမှ စီးပွားရေး ရပ်တန့်နေမှုမှ ပြန်လည် ကောင်းမွန်လာရန် စောနေသေးကြောင်း ပြောဆိုခဲ့သည်။

“ စီးပွားရေး ကျဆင်းမှုတော့ ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ စီးပွားရေး ရပ်တန့်နေမှုရဲ့ အတိုင်းအတာကတော့ ပြဿနာ တစ်ရပ်ပါပဲ။ ကံဆိုးစွာနဲ့ပဲ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဆက်လက် ကျဆင်းနေတယ်။ ဒီပြဿနာတွေ ဘယ်လောက်ထိ ဆက်ရှိနေဦးမလဲ ပြောဖို့ ကျွန်တော် အဆင်သင့် မဖြစ်သေးပါဘူး ” ဟု မစ္စတာ ကလဲပတ်ခ်ျမှ ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၆၅ ဘီလျံနှင့် ၇၀ ဘီလျံကြား ပမာဏသည် ယခု သုံးလပတ်အတွင်း ပြန်လည် ထုတ်ယူသွားမည် ဖြစ်ကြောင်း စီးပွားရေး ဝန်ကြီးဌာနမှ ခန့်မှန်းထားသော်လည်း မစ္စတာ ကလဲပတ်ခ်ျမှ ယင်းပမာဏသည် အမေရိကန် ဒေါ်လာ ၇၀ ဘီလျံ အနီးတွင် ဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းပမာဏမှာ ၂၀၁၃ ခုနှစ်ထက် သိသာထင်ရှားစွာ မြင့်တက်လာခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် တစ်နှစ်လုံးတွင် ရင်းနှီးမြှုပ်နှံမှု ပြန်လည် ထုတ်ယူခြင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၆၃ ဘီလျံသာ ရှိခဲ့သည်။

ယူကရိန်း ပြဿနာအတွက် အမေရိကန်နှင့် ဥရောပမှ စီးပွားရေး ပိတ်ဆို့မှုများသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှု မရှိသေးသော်လည်း “ ဆက်ဆံရေးတွေ ပိုမို ဆိုးရွားလာတာကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဆုတ်ခွာသွားစေနိုင်ပါတယ် ”မစ္စတာ ကလဲပတ်ခ်ျမှ ပြောဆိုခဲ့သည်။

REF: BBC
The Myanma Age

အိုဘားမားမှ NSA ၏ ဖုန်းမှတ်တမ်း အများအပြား သိမ်းဆည်းမှုကို အဆုံးသတ်ရန် ပြောဆို


အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ ဖုန်းမှတ်တမ်း အများအပြား သိမ်းဆည်းမှုကို အဆုံးသတ်ရန် အမေရိကန် သမ္မတ ဘားရက်အိုဘားမားမှ ကွန်ဂရက်သို့ ပြောဆိုရန် ပြင်ဆင်နေကြောင်း အကြီးတန်း အုပ်ချုပ်မှု ဆိုင်ရာ အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ သို့ရာတွင် လိုအပ်လာလျှင် အစိုးရအနေဖြင့် ၎င်းသတင်း အချက်အလက်များကို ဖွင့်ဆိုထားသော အချက်အလက်များကို ရယူနိုင်ခွင့်ကို ခွင့်ပြုထားကြောင်းလည်း ပြောဆိုခဲ့သည်။

အကယ်၍ ကွန်ဂရက်မှ အတည်ပြုခဲ့လျှင် သတင်း အချက်အလက် စုဆောင်းမှုကို အိုဘားမား၏ အုပ်ချုပ်ရေးဆိုင်ရာမှ ရပ်တန့်သွားမည် ဖြစ်သည်။ ၎င်းသတင်း အချက်အလက်များသည် အမေရိကန်တွင် ခေါ်ဆိုထားသည့် သန်းပေါင်းများစွာသော ဖုန်းခေါ်ဆိုမှုများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ပြီးခဲ့သော နှစ်အတွင်းက NSA၏ ကန်ထရိုက်တာဟောင်း အက်ဒဝပ် စနိုးဒင်၏ ၎င်းစောင့်ကြည့်မှု အစီအစဉ်ကို ဖွင့်ချခဲ့မှုကြောင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ လွတ်လပ်ခွင့် အခွင့်အရေးပေါ်တွင် နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာခဲ့သည်။

အစောပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်နွယ်နေသည့် ဖုန်းခေါ်ဆိုမှုများကို စောင့်ကြည့်ရန် အတွက်သာ အစိုးရသည် တရားရုံးမှ ခွင့်တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း နယူးယောက်တိုင်းမ်မှ ထုတ်ပြန်ခဲ့သည်။

စနိုးဒန်၏ ဖော်ထုတ်မှုကြောင့် အမေရိကန် အစိုးရ၏ သတင်းအချက်အလက်များ သိမ်းဆည်းမှု ပေါ်ပေါက်ခဲ့သည့်အတွက် အစိုးရ အပေါ်တွင် ပြစ်တင်ဝေဖန်မှုများစွာ ပေါ်ပေါက်လျက် ရှိသည်။

စနိုးဒင်သည် လက်ရှိတွင် ရုရှား၌ ယာယီ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံပြီး နေထိုင်လျက် ရှိသည်။

ကွန်ဂရက်မှ တရားဝင် ခွင့်ပြုသည့် အချိန်တွင် အိုဘားမား အစိုးရမှ NSA ၏ သတင်းအချက်အလက် စုဆောင်းမှု အစီအစဉ်ကို အသစ် ပြန်လည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။

အစီအစဉ်နှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ရင်နှီးသော မဟာမိတ် နိုင်ငံခေါင်းဆောင်များ အပေါ်တွင် ခိုးယူနားထောင်မှု ပိတ်ပင်ခြင်းကို ဇန်နဝါရီလ အတွင်းတွင် အိုဘားမားမှ  ပြုလုပ်ခဲ့သည်။

အစီအစဉ် ပြောင်းလဲမှုတွင် တယ်လီဖုန်း ကုမ္ပဏီများ အနေဖြင့် တယ်လီဖုန်း မှတ်တမ်းများကို ပုံမှန်အတိုင်း သိမ်းဆည်းထားနိုင်ကြောင်း ပါဝင်သည်။ အစောပိုင်း ကာလများက တယ်လီဖုန်း ကုမ္ပဏီများ အနေဖြင့် ဖုန်းမှတ်တမ်းများကို ၁၈ လ ကျော်အထိ သိမ်းဆည်းထားရမည် ဖြစ်သော်လည်း သတင်းအချက်အလက်သစ် စုဆောင်းမှုမှာ ပိုမိုအရေးကြီးကြောင်း ဆုံးဖြတ်ပြီး ၎င်းအစီအစဉ်ကို ပယ်ချခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အစိုးရ အနေဖြင့် သတင်း အချက်အလက်များ စုဆောင်းခြင်းကို စက်တင်ဘာ ၁၁ ရက် ၂၀၀၁ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ကာကွယ်ရေး ဥပဒေ ကဏ္ဍ ၂၁၅ အရ တရားဝင် ကြီးကြပ်မှုဖြင့် သတင်းအချက်အလက်များကို ရယူနိုင်ကြောင်း စောင့်ကြည်လေ့လာရေး ဆိုင်ရာ တရားရုံးမှ အခွင့်အာဏာ ပေးခဲ့ခြင်း ဖြစ်သည်။

NSA မှ အရာရှိများနှင့် ဆီးနိတ်အမတ် ဒိုင်ယန်းဖိန်းစတိန်းတို့ ကဲ့သို့သော ဥပဒေပြု ပုဂ္ဂိုလ်များမှ ၎င်းသတင်း အချက်အလက် စုဆောင်းမှုများအပေါ်ကို ကာကွယ်ခဲ့ကြပြီး ၎င်းအချက်အလက်များကြောင့် အစိုးရ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကြားကို ခြေရာခံနိုင်ခဲ့ပြီး အမေရိကန် အတွင်းရှိ ပူးပေါင်း ကြံစည်သူများကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် အများစုက ၎င်းလုပ်ဆောင်မှုမှာ အလွန်အကျွံ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့ကြပြီး အာဏာရှင်ဆန်ဆန် ကျုးကျော် တိုက်ခိုက်မှု ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယခု အုပ်ချုပ်ရေးပိုင်းမှ တင်သွင်းမည့် အဆိုပြုလွှာတွင် အမျိုးသား ကာကွယ်ရေး ဥပဒေ ကဏ္ဍ ၂၁၅ ကို အနာဂတ်ကာလ သတင်း အချက်အလက် စုဆောင်းမှုတွင် အသုံးပြုခြင်း၊ မပြုခြင်းကို စဉ်းစားသွားရန် ပါဝင်ကြောင်း နယူးယောက်တိုင်းမှ ဖော်ပြခဲ့သည်။

REF: Reuters
The Myanma Age

သစ်ဆိုင်ရှေ့ ဖုန်းရပ်ပြောနေသူများနှင့် သစ်စက်အလုပ်သမားများ စကားများရန်ဖြစ်ရာမှ (၁)ဦးသေ (၅)ဦးဒဏ်ရာရ


ရန်ကုန်၊ မတ် ၂၅

၂၄.၃.၂၀၁၄ ရက်နေ့ ၂၁၀၀အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုပြည့်စုံနိုင်မှ ၎င်း၏ညီဝမ်းကွဲတော်စပ်သူများသည် (၂၁)ရပ်ကွက်၊
လှော်ကားလမ်းထိပ်ရှိ မိဘဂုဏ်ရှိန်သစ်စက်ရှေ့၌ ရပ်၍ဖုန်းပြောနေစဉ် သစ်ဆိုင်သို့လာသောယာဉ်နှင့်မလွတ်သဖြင့်ဖယ်ခိုင်းရာမှစတင်ကာ သစ်စက်အလုပ်သမားများနှင့် စကားများရန်ဖြစ်နေကြောင်းကြားသိရ၍
သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ အဆိုပါနေရာတွင် ညီဖြစ်သူများဖြစ်ကြသော ငြိမ်းချမ်းအောင်၊ ရန်နိုင်ထွန်း၊ နိုင်မင်းထွန်း၊ ဇင်ဖြိုးအောင်နှင့် ရဲမင်းထွန်း
တို့မှာ သစ်စက်အလုပ်သမားများနှင့် စကားများရန်ဖြစ်နေကြသည်ကို
တွေ့ရှိရကြောင်း၊ ထိုသိုရန်ဖြစ်နေသဖြင့် ၎င်းမှဝင်ရောက်ဖျန်ဖြေပေးနေစဉ် သစ်စက်အလုပ်သမားများမှ တုတ်၊ ဓါးများဖြင့် ၀ိုင်းဝန်းရိုက်နှက် ထိုးခုတ်ခဲ့
ကြကြောင်း၊ ထိုသို့ဖြစ်ပွားခဲ့သဖြင့် နိုင်မင်းထွန်း၊ (၂၈)နှစ်၊ (ဘ)ဦးဇော်ဝင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေသူမှာ ယာနားထင်ပြတ်ရှဒဏ်ရာ၊ ၀မ်းဗိုက်အူထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့
ကြောင်း၊ ၎င်းပါ(၅)ဦးတွင်လည်း ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့၌ တက်ရောက်ကုသလျက်
ရှိကြောင်းနှင့် ယင်းသို့ပြစ်မှု ကျူးလွန်သူများကို အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ ဒဂုံတောင်မြို့မရဲစခန်း(ပ)၂၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၄/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်သည့် အဆိုပါသစ်စက်အလုပ်သမားများဖြစ်ကြသော ဟိန်းထက်စိုး (ဘ)ဦးအေးမောင်၊ကိုဇင်(ဘ)ဦးထွန်းငွေ၊ ခင်မောင်စန်း(ဘ)ဦးသောင်းရှိန်၊
အောင်ဖြိုးဝေ(ဘ)ဦးထွန်းကျော်နှင့် စိုးသူ(ဘ)ဦးနက်ကျော်တို့(၅)ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းနှင့် ကျန်ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံ၌ ကားမီးလောင်မှုဖြစ်


ရန်ကုန်၊ မတ် ၂၅

၂၅.၃.၂၀၁၄ ရက်နေ့ ၁၂၅၀ အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး
ဘုရားလမ်းအတိုင်း ကမ္ဘာအေးဘုရားဘက်မှ (၈)မိုင်လမ်းဆုံဘက်သို့
ဒဂုံမြောက်မြို့နယ်၊ (၃၆)ရပ်ကွက်နေ ယာဉ်မောင်း ဦးသိန်းနိုင်၊(၅၃)နှစ်၊ (ဘ)ဦးမြင့်အေးမောင်းနှင်လာသော ၉င/---- Toyota Porte ငွေရောင် ကိုယ်ပိုင်ယာဉ်သည် (၈)မိုင်လမ်းဆုံမီးပွိုင့်အရောက် မီးနီ၍ရပ်ထားစဉ် ဓါတ်ဆီတိုင်ကီပိုက်ပြုတ်ထွက်ပြီး အင်ဂျင်အပူရှိန်ဖြင့်မီးစတင်လောင်ကျွမ်း
ခဲ့ရာ ဘက္ထရီ၊၀ါယာကြိုးများ၊ ပန်ကာကြိုးများသို့မီးကူးစက်လောင်ကျွမ်းခဲ့၍ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းကျင်မှဝိုင်းငြှိမ်းသတ်ခဲ့သဖြင့် ၁၂၅၂ အချိန် မီးငြိမ်း
သွားခဲ့ပါသည်။

မီးလောင်မှုကြောင့် မော်တော်ယာဉ်၏အင်ဂျင်ခန်း ပျက်စီးခဲ့ပြီး တန်ဖိုး
(၁၅၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ဦးသိန်းနိုင်အား မရမ်းကုန်းမြို့မရဲစခန်း (ပ)၈၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

အီဂျစ် မွတ်ဆလင်ညီအကို အဖွဲ့ဝင် ၅၂၉ ဦး သေဒဏ်ပေးခံရ


မွတ်ဆလင်ညီအကိုအဖွဲ့ဝင် ၅၀၀ ကျော်ကို သေဒဏ်စီရင်ချက် ချခဲ့ပြီးနောက် ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတဟောင်း Mohammed Morsi ကိုထောက်ခံသူတွေက Ain Shams တက္ကသိုလ်ဝင်းအတွင်း ကန့်ကွက်ကြွေးကြော်ဆန္ဒဖော်ထုတ်နေကြစဉ်။ (မတ်လ ၂၄၊ ၂၀၁၄)

အီဂျစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးကို သတ်ဖြတ်မှု၊ ရဲစခန်းကို တိုက်ခိုက်မှု၊ အခြား အကြမ်းဖက်မှုတွေ အပါအဝင် စွဲချက်တွေနဲ့ မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့ဝင် ၅၂၉ ဦးကို အီဂျစ်တရားရုံးက သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ကိုင်ရိုမြို့တော်တောင်ဘက် မိုင် ၁၂၀ လောက်က Minya မြို့မှာ ဒီကနေ့ စတင်တဲ့ တရားခွင်မှာ တရားသူကြီးက အခုလို အမိန့်ချသွားတာပါ။ ဒီဆုံးဖြတ်ချက်ကို အယူခံ ဝင်ခွင့်ရှိပါတယ်။ တရားခံ စုစုပေါင်း ၁၀၀ ကျော်ဟာ ထိန်းသိမ်းခံထားရပြီးတော့ အများစုကိုတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ၁၆ ဦးကိုတော့ တရားသေ လွှတ်ပေးလိုက်ပါတယ်။

Minya မြို့မှာ မနှစ်က သြဂုတ်လက ဖြစ်ခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ သူတို့အပေါ် စွဲချက် တင်ထားတာဖြစ်ပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ကိုင်ရိုမြို့တော်က မွတ်ဆလင် ညီအစ်ကိုတော်များအဖွဲ့ရဲ့ သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီးတဲ့နောက် ဖြစ်ပွားတာပါ။ အဲ့ဒီ့စီးနင်းမှုတွေအတွင်းမှာ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။

VOA (မြန်မာဌာန)

ခရိုင်မီးယားက ယူကရိန်းတပ်တွေ ဆုတ်ခွာခိုင်းပြီ


Donuzlav ပင်လယ်အော်မှာရှိတဲ့ Konstantin Olshansky ရေတပ်သင်္ဘောကနေ ထွက်ခွာနေကြတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်များ။ (မတ်လ ၂၄၊ ၂၀၁၄)

ယူကရိန်းနိုင်ငံ၊ ခရိုင်မီးယားဒေသက စစ်စခန်းသုံးခုကို လွန်ခဲ့တဲ့သုံးရက်အတွင်း ရုရှားတပ်တွေက သိမ်းလိုက်ပြီးတဲ့နောက် တပ်ဖွဲ့ တွေအကုန်လုံး ဆုတ်ခွာဖို့ ယူကရိန်း ယာယီအစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

ခရိုင်မီးယားကို ရုရှားပိုက်နက်ထဲ ထည့်သွင်းလိုက်ပြီးတဲ့နောက် တပ်ဖွဲ့တွေကို ရုပ်သိမ်းတာဖြစ်တယ်လို့ ယူကရိန်းအစိုးရက တနင်္လာနေ့မှာပြောပါတယ်။ ပင်လယ်နက်ကျွန်းဆွယ်ကနေ ယူကရိန်းတပ်ဖွဲ့တွေထွက်ခွာဖို့ ကာကွယ်ရေးဝန်ကြီးချုပ်ဌာနကို ညွှန်ကြားထားတယ်လို့ ယူကရိန်းယာယီသမ္မတ Oleksandr Turchynov က ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်ကို ရုရှားတပ်တွေက ခြိမ်းခြောက်တဲ့အတွက် အခုလိုလုပ်ဆောင်တာလို့ သူကဆိုပါတယ်။

တပ်ဖွဲ့တွေဆုတ်ခွာမယ့်ကိစ္စ ယူကရိန်းက တနင်္လာနေ့မှာ ကြေညာခဲ့တာနဲ့အမျှ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ဟာ Sevastopol က ရုရှား စစ်ဌာနချုပ်ဆီ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ တပ်ဖွဲ့တွေကို စစ်ဆေးပြီး ယူကရိန်းရေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး Denis Berezovsky နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီရေတပ်ဗိုလ်ချုပ်ကြီးဟာ ယူကရိန်းဘက်ကနေ ရုရှားဘက် ကူးပြောင်းခဲ့သူဖြစ်ပြီး ပင်လယ်နက် ရေတပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူး ဖြစ်လာသူပါ။ ယူကရိန်းတာဝန်ရှိသူတွေကတော့ သူ့ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ စွဲဆိုထားပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင် ဘယ်နှစ်ဦးဟာ အဲဒီကနေ မထွက်ခွာဘဲ ရုရှားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားဖွယ်ရှိသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

VOA (မြန်မာဌာန)

လက်ပံတောင်း လုပ်ခလစာ ညှိနှိုင်းမရသေး

ညှိနှိုင်းရခက်ဆဲ လက်ပံတောင်း အရေး

လက်ပံတောင်း ကြေးနီ စီမံကိန်းမှာ ဝင်လုပ်ဖို့ ဝမ်ပေါင် ကုမ္ပဏီက စာတွေ့ လက်တွေ့ သင်တန်းပေး နေတဲ့ ဒေသခံ ၂၆ ရွာက ဘွဲ့ရ လုပ်သား တွေ ကုမ္ပဏီနဲ့ လစာ ညှိနှိုင်းမရ ဖြစ်နေပါတယ်။

မတ်လ၂၆ ရက် နေ့ သင်တန်း ပြီး ချိန်မှာ အလုပ် ဝင် မှာ မဟုတ်ဘဲ ဝမ်ပေါင် ကုမ္ပဏီ ဝန်ထမ်း တွေ နည်းတူ လစာ ရမှ အလုပ်ဝင်မယ်လို့ သူတို့က ပြောပါတယ် ။

အဲဒီ သင်တန်းသား ဝန်ထမ်း တွေက လက် ပံတောင်း ကြေးနီ စီမံကိန်း ဧရိယာမှာ နေကြတဲ့ တောင်သူတွေရဲ့ သားသမီး တွေပါ။

ဒီစီမံ ကိန်းမှာ ပထ မ ဆုံး အကြိမ် အများ ဆုံး ဝင်လုပ်ကြ မယ့် ဒေသခံ ဝန်ထမ်း တွေ ဖြစ်ပြီး ဘွဲ့ရ အမျိုးသမီး ၈ဝ နဲ့ အမျိုးသား ၁၅ဝ ကျော် ပါပါ တယ်။

မေ လ ၂၆ ရက် က စပြီး ဒီစီမံ ကိန်းမှာ လုပ် ဖို့ သင်တန်းတွေ ပေးခဲ့ ပါတယ် ။

သင်တန်း အပြီး စာချုပ် ချုပ်ဖို့ ပြင်ချိန် မှာတော့ အလုပ် အန္တရာယ် များလို့ သူတို့အရင် အလုပ် ဝင်သူတွေ ရတဲ့ နှုန်းထား အတိုင်းပေးဖို့ ညိနှိုင်း ခဲ့ပေမယ့် အဆင် မပြေ ခဲ့ပါဘူး ။

ဒေသခံ တွေ အလုပ် အကိုင် အခွင့်လမ်း တွေ ရမယ် လို့ ကော်မရှင် အစီ ရင်ခံ စာမှာ ပါပေမယ့် အလုပ် ဝင်ချိန်မှာ လက် တွေ့ သူတို့ရမယ့် လစာက သန့်ရှင်းရေး ဝန်ထမ်း တွေထက် ကျပ် တသောင်း လောက် ပဲပို တယ် လို့ သင်တန်းသား တွေ ဘက်က ပြော ပါတယ်။

ဝမ်ပေါင် တာဝန် ရှိသူတွေကို ဆက်သွယ် ပေမယ့် ဆက်သွယ် လို့ မရပါဘူး။

BBC

သင်္ကြန်ရက်အတွင်း အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည်


ရန်ကုန်၊ မတ် ၂၄

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် အတွင်း ရေကစားခြင်းကြောင့် ပြည်သူများ ရေပြတ်လပ်မှု မရှိစေရန် အတွက် ရန်ကုန်မြို့တော်၏ မြို့နယ် ကိုးခုတွင် အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည့် မြို့နယ် ကိုးခုအနက် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်တို့တွင် နံနက် ၇ နာရီမှ ၁၁ အထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ကြိမ် ရေပေးဝေမည် ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်း မြို့နယ်တို့တွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်သာ ရေပေးဝေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေခြင်းကို ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ ဧပြီလ ၁၆ ရက်အထိ လေးရက် ဆောင်ရွက်မည် ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့တွင် မြို့နယ်အားလုံးကို ယခင် ပုံမှန်အတိုင်း ရေပေးဝေသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရေက အခုလည်း အချိန်နဲ့ပဲ လာတာ များတယ်။ မနက်စောစောပိုင်းနဲ့ ညပိုင်းတွေပဲ လာတာပါ။ အချိန်ပိုင်း ဖြစ်မယ် ဆိုရင်လည်း အခက်အခဲတော့ အများကြီး မရှိနိုင်ဘူး၊ ရေလာမယ့် အချိန်ကို ကြေညာပေးဖို့တော့ လိုပါတယ်” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ဦးအောင်ကျော်မြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ရေလှောင်ကန်များမှ တစ်ရက်လျှင် ရေဂါလန်သန်း ၁၆၀ ခန့်ကို နေ့စဉ် ဖြန့်ဝေပေးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှသိရှိသည်။

The Voice Weekly

ရန်ကုန်မြို့တော် အမှိုက်သိမ်းစနစ် ပုဂ္ဂလိကထံ လွှဲပြောင်းမည်


ရန်ကုန်၊ မတ် ၂၄

ရန်ကုန်မြို့တော်တွင်း ထွက်ရှိသော စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်က လုပ်ကိုင်လျက် ရှိရာမှ လာမည့်နှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်တွင် ရှိသော မြို့နယ် ၃၀ ကျော်ကို ခရိုင်လေးခု ခွဲခြားကာ အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက် များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

“နိုင်ငံတကာမှာလည်း အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းတွေကို ပုဂ္ဂလိကပဲ လုပ်နေတာ ဆိုတော့ ရန်ကုန်က အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကိုလည်း ပုဂ္ဂလိက လွှဲပေးတာပါ” ဟု (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။

အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက်များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေနှင့် အဆိုပါ ဌာနထံ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံး ထားကာ တင်ဒါ လျှောက်ထားရမည် ဖြစ်ကြောင်း၊ အဆိုပါ ဌာနထံမှ သိရှိရသည်။

“အမှိုက်သိမ်းတဲ့ လုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေက လုပ်ကိုင်ရင် စည်ပင်ထက် ပိုကောင်းလာမယ်လို့ ထင်တယ်။ အပြိုင်အဆိုင်နဲ့ အကောင်းဆုံးနဲ့ ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ အခုလို အမှိုက်ပုံးထဲမှာ ပြည့်လျှံနေတာတို့၊ အနံ့ဆိုးတွေ ထွက်နေတာမျိုး မရှိနိုင်တော့ဘူး” ဟု အလုံမြို့နယ် ဌာနရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး လုပ်ကိုင်ခွင့် သက်တမ်း ၁၀ နှစ် ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရှိရသည်။

အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကို ခရိုင်အလိုက်သာ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး၊ မြို့နယ်တစ်ခုချင်းစီ လုပ်ကိုင်ခွင့် မပြုကြောင်း၊ တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများ အနေနှင့် အာမခံကြေး ကျပ်သိန်း ၅၀ ပေးသွင်းရမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင် ထွက်ရှိသော အမှိုက်များမှ စွမ်းအင် ထုတ်လုပ်မည့် လုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့် ပြုခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်မှ တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly

ပျောက်ဆုံး မလေးရှားလေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျသွားခြင်း ဖြစ်သည်ဟု မလေးရှား ဝန်ကြီးချုပ် ပြောကြား


ကွာလာလမ်ပူ၊ မတ် ၂၄

ပျောက်ဆုံးနေလျက် ရှိသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်မှာ တောင်ဘက်လမ်းကြောင်း အတိုင်း ပျံသန်းခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း၌ ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်ဟု ဂြိုဟ်တုမှ တစ်ဆင့် စိစစ် လေ့လာတွေ့ရှိချက်များကို ကိုးကားပြီး မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က တနင်္လာနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။

မစ္စတာ နာဂျစ်ရာဇတ်၏ ပြောကြားချက်အရ တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မလေးရှား လေကြောင်းလိုင်း၏ ကိုယ်စားလှယ်များသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ ဆွေမျိုးများနှင့် တွေ့ဆုံပြီးပြီ ဖြစ်ကြောင်း သိရသည်။

“လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ သူအားလုံး အသက်ဆုံးရှုံးသွားတယ်လို့ သူတို့က ပြောတယ်” ဟု ခရီးသည်တစ်ဦး၏ ကျန်ရစ်သူ ဆွေမျိုးက ပြောကြားသည်။

ပျောက်ဆုံး မလေးရှားလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်သော အရာဝတ္ထုများကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်တွင် တရုတ်ရှာဖွေရေး လေယာဉ်တစ်စီးနှင့် သြစတြေးလျ ရှာဖွေရေး လေယာဉ်တစ်စီးတို့က သီးခြားစီ ရှာဖွေတွေ့ရှိသည့် နေ့မှာပင် ယခုကဲ့သို့ မလေးရှား ဝန်ကြီးချုပ်က ပျောက်ဆုံး လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း၌ ပျက်ကျ သွားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသည်မှာ သုံးပတ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေရာ၌ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော တရုတ်စစ်လေယာဉ် တစ်စီးပေါ်မှ ရှာဖွေရေး တပ်ဖွဲ့ဝင် များသည် ပျောက်ဆုံးလေယာဉ်၏ အစိတ်အပိုင်းဟု ယူဆရသော အရာဝတ္ထုများ သမုဒ္ဒရာ ရေပြင်ထက်တွင် ပေါလော ပေါ်နေသည်ကို တနင်္လာနေ့ နံနက်ပိုင်းက လေယာဉ်ပေါ်မှ လှမ်း၍ တွေ့ရှိခဲ့သည်။

ထိုကဲ့သို့ တွေ့ရှိခဲ့သော အရာဝတ္ထုများအနက်မှ အရွယ်အစား ကြီးမားသော နှစ်ခုမှာ လေးထောင့် ပုံသဏ္ဌာန် ဖြစ်ပြီး အရောင်မှာ အဖြူရောင် ဖြစ်ကြောင်း၊ အရွယ်အစား သေးငယ်သော အရာများမှာမူ ကြီးမားသော အရာဝတ္ထု နှစ်ခုနှင့် ကီလိုမီတာ အနည်းငယ် အကွာတွင် ပြန့်ကျဲလျက် တည်ရှိနေကြကြောင်း တရုတ်သတင်းဌာန တစ်ခုဖြစ်သော Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပျောက်ဆုံးလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်သော အရာဝတ္ထုများ တရုတ်လေယာဉ်က တွေ့ရှိပြီး မကြာမီမှာပင် သြစတြေးလျ ရှာဖွေရေး လေယာဉ်တစ်စီးကလည်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် အရာဝတ္ထု နှစ်ခု ထပ်မံရှာဖွေ တွေ့ရှိခဲ့သည်။

သြစတြေးလျ ရှာဖွေရေး လေယာဉ်ပေါ်မှ တွေ့ရှိခဲ့သော အရာဝတ္ထု နှစ်ခုမှာ စက်ဝိုင်းပုံသဏ္ဌာန် အစိမ်းရောင် (သို့မဟုတ်) မီးခိုးရောင် အရာတစ်ခုနှင့် ထောင့်မှန်စတုဂံ ပုံသဏ္ဌာန်၊ လိမ္မော်ရောင် အရာတစ်ခု ဖြစ်ကြောင်း သြစတြေးလျ အာဏာပိုင်များ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ရှာဖွေရေး လေယာဉ်များပေါ်မှ အရာဝတ္ထုများ တွေ့ရှိရာ နေရာများသို့ သွားရောက် ရှာဖွေနေသော တရုတ်သင်္ဘော တစ်စီးနှင့် သြစတြေးလျ ရေတပ်သင်္ဘော တစ်စီးတို့မှာ အင်္ဂါနေ့ နံနက် အစောပိုင်းတွင် ၎င်းတို့ ဦးတည်ရာ နေရာများသို့ ရောက်ရှိပြီး အဆိုပါ အရာဝတ္ထုများကို ရှာဖွေ ဆယ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ကြီး ပျောက်ဆုံးခဲ့သည်မှာ ၁၆ ရက်ခန့် ကြာမြင့်ခဲ့သည့် နောက်တွင် ယခုကဲ့သို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျ သွားခြင်း ဖြစ်သည်ဟု ကောက်ချက်ချ ပြောကြားလိုက်ခြင်း ဖြစ်သည်။

The Voice Weekly

အင်းစိန်မြို့နယ် ပေါက်တောဝမီးပွိုင့်အနီး လမ်းဘေးဈေးဆိုင်နှင့် လူခြောက်ဦးကို တက္ကစီဝင်တိုက်


ရန်ကုန်၊ မတ် ၂၄

တက္ကစီယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ အင်းစိန်မြို့နယ် ပေါက်တောဝ မီးပွိုင့်အနီးတွင် မတ်လ ၂၃ ရက်၊ ည ၉ နာရီဝန်းကျင်က လမ်းဘေးဈေးဆိုင်များနှင့် လူခြောက်ဦးကို ၀င်တိုက်မှု ဖြစ်ပွားခဲ့သည်။

“အရှိန်ကတော့ တော်တော်ပြင်းတယ်။ အတိုက်ခံရတဲ့အထဲမှာ ဗိုက်ကြီးသည် တစ်ဦးလည်းပါတယ်။ နောက် ကောင်မလေးတစ်ဦးကတော့ ကားအောက်က ဆွဲထုတ်ရတယ်”ဟု အနီးရှိ မျက်မြင်ဈေးသည် တစ်ဦးက ပြောပြသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၀က်သားတုတ်ထိုးဆိုင်နှင့် ကွမ်းယာဆိုင်တို့မှာ လုံးဝပျက်စီးသွားခဲ့ပြီး တက္ကစီ ယာဉ်မှာလည်း ပလက်ဖောင်းပေါ်သို့ ရောက်ရှိနေခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် အဆိုပါ တက္ကစီယာဉ်မောင်းမှာ အရက်သောက်ထားကြောင်းနှင့် ယာဉ်တိုက်မှုကြောင့် အနီးရှိလူ တချို့က ၀ိုင်းဝန်းထိုးကြိတ်မှုများရှိခဲ့သည်ဟုလည်း မျက်မြင်တွေ့ရှိသူများက ပြောပြသည်။

အဆိုပါ ယာဉ်မောင်းကိုလည်း အင်းစိန်ရဲစခန်းက ယာဉ် (ပ) ၃၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၃၈/ ၂၇၉ တို့ဖြင့် အရေးယူရန် စစ်ဆေးလျက်ရှိသည်ဟု အဆိုပါ အမှုစစ်က ပြောသည်။

ဇော်ဇော်ထွေး
Mizzima Burmese

ဂျင်းက ဒီလို အကျိုးကျေဇူးတွေ ပေးပါတယ်


(၁) သားအိမ် ကင်ဆာကို ကာကွယ်နိုင်ပါသည်။

(၂) အူမကြီး ကင်ဆာကို ကာကွယ်နိုင်ပါသည်။

(၃) ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်လည်း ကောင်းမွန်ပါသည်။

(၄) ကိုယ်လက် ကိုက်ခဲမှုကိုလည်း ကောင်းမွန်းစေပါသည်။

(၅) ရင်ပှုခြင်းကိုလည်း သက်သာစေပါသည်။

(၆) ဆီချိုရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါသည်။

(၇) ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။

(၈) အမျိုးသမီးများ ဗိုက်အောင့်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။

(၉) တုပ်ကွေးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

(၁၀) မျိုးအောင်နှုန်းကို ကောင်းစေပါသည်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အစာအဆိပ်သင့်မှု အတွက် နံနံစေ့အစွမ်း


နံနံစေ့က အစာအဆိပ်သင့်မှု အတွက် အထူးပင် ကောင်းမွန်စေ ပါတယ်။ အီဂျစ် လူမျိုးများဟာ ဗိုက်နာတဲ့ ဝေဒနာတွေကို သက်သာစေရန် နံနံပင်ကို
အသုံးပြုခဲ့ကြ ပါတယ်။ နံနံစေ့ဟာ ကျန်းမာရေး အတွက် အထောက်အကူပြုတဲ့ ဆေးဝါးတစ်လက်ပါ။ အူလမ်းကြောင်း
ပိုးဝင်တဲ့ ဝေဒနာကို နံနံစေ့က အမြန်သက်သာစေနိုင်
ပါတယ်။

အသုံးပြုပုံလေး ကတော့

နံနံစေ့ကို ပြုတ်ပြီး ငါးမိနစ်ခန့် နှပ်ထားလိုက်ပါ။ ထို့နောက် တစ်နေ့ သုံးခွက်သောက်ပေးပါက အစာအဆိပ်သင့်မှု အတွက် သာမကဘဲ အူလမ်းကြောင်း ပိုးဝင်တဲ့ ဝေဒနာကိုပါ သက်သာစေနိုင်
ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာများ လူသုံးဦးထံမှ လိမ်လည်သွား


ရန်ကုန်၊ မတ် ၂၄

လူတစ်ဦးက လူသုံးဦးထံမှ စိန်၊ ရွှေရတနာများကို လိမ်လည်သွားသည်ဟု လိမ်လည်ခံရသူများက အမှု ဖွင့်တိုင်တန်းမှု တစ် ခုကို မတ် ၂၃ တွင် ပန်းဘဲတန်းရဲစခန်းက အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ပထမအမှုမှာ စိန်ပွင့်များလိမ်လည်ခံရခြင်းဖြစ်ပြီး တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင် မင်္ဂလာလမ်းနေ ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ ကိုဇော်အောင်လင်း (၄၀)နှစ်က အမှုဖွင့်တိုင်တန်းထား ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အမှုမှာ ကမာရွတ်မြို့နယ်၊ အေးရိပ်မွန် (၁)လမ်းနေ သန့်ဇင်ဦး (ခ)သစ်အောင်ဇံဆိုသူသည် ပန်းဘဲတန်း မြို့နယ်ရှိ အစ်ကိုဖြစ်သူ ကိုဂျစ်၏ တော်ဝင်ရွှေဆိုင်တွင် စိန်ပွင့်များကို ပြန်လည်ရောင်းချပေးမည်ဟု ပြောဆို သဖြင့် သက်သေများရှေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ကျပ်သိန်း ၆၅၆ သိန်းတန်ဖိုးရှိ စိန်ပွင့်များနှင့် စိန်ထည် ပစ္စည်းများကို ငါးကြိမ်တိုင် ယုံကြည်စွာအပ်နှံခဲ့သည်ဟု ရဲထံတွင် တိုင်တန်းထားသည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးမျိုးမြင့် (၂၆)နှစ်ကလည်း ကိုသန့်ဇင်ဦး (ခ) သစ်အောင်ဇံကို ကျပ် သိန်း ၂၇၈ သိန်း တန်ဖိုးရှိ စိန်ပွင့်များအား လိမ်လည်ရယူမှု နှင့် အရေးယူပေးရန် တိုင်တန်းထားသည်။

အမျိုးသမီးတစ်ဦးကလည်း ကျပ်သိန်း ၁၂၃ သိန်း တန်ဖိုးရှိ လက်ဝတ်ရတနာများ လိမ်လည်မှုဖြင့် သန့်ဇင် ဦး(ခ) သစ်အောင်ဇံကို ထပ်မံတိုင်ကြားထားသဖြင့် ပန်းဘဲတန်းရဲစခန်းက ပင် (ပ)၉၈/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၄၂၀ ဖြင့် အရေးယူရန် ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း အဆိုပါ ပစ္စည်းတန်ဖိုး ငွေများကို ယခုအချိန်ထိ ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် သန့်ဇင် ဦး(ခ) သစ်အောင်ဇံကို လိမ်လည်မှုဖြင့် အရေးယူပေးရန် ကိုဇော်အောင်လင်းက စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။ ယင်းတိုင်တန်းမှုကို ပန်းဘဲတန်းရဲစခန်းက (ပ)၉၇/၂၀၁၄ ဖြင့် အမှုဖွင့် စုံစမ်းရှာဖွေလျက်ရှိ သည်။

Mizzima Burmese

တစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုနှုန်း မြင့်တက်လာခြင်းကြောင့် PCO အသုံးပြုသူ လျော့နည်းလာ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နေရာအနှံ့တွင် ဖွင့်လှစ်ပေးထားသည့် အများပြည်သူသုံး တယ်လီဖုန်းဆိုင် (PCO) များတွင် နေ့စဉ်ဖုန်းဆက်သူအရေအတွက် ကျဆင်းမှုမှာ ယခုနှစ်ဆန်းပိုင်းကာလများတွင် ပိုမိုသိသာလာကြောင်း ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် အဆိုပါ ဖုန်းဆိုင်အချို့မှ စုံစမ်းသိရသည်။



မြို့ကြီးများတွင် မိုဘိုင်းဖုန်းသုံးစွဲလာနိုင်သူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေခြင်းကြောင့် ယခုကဲ့သို့ အများပြည်သူသုံး တယ်လီဖုန်းဆိုင်ကို အသုံးပြုသူဦးရေ ကျဆင်းလာရခြင်းဖြစ်ပြီး လူတစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့် အခြေအနေ ရောက်လာပါက အဆိုပါဖုန်းဆိုင်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရှိရသည်။



“တစ်ရက်တစ်ရက်ကို ဖုန်းဆက်တဲ့သူ အတော်ကိုနည်းလာတယ်။ အရင်ကဆို တစ်ရက်ကို မိနစ်နှစ်ရာကျော်၊ သုံးရာလောက်အထိ ပြောကြတယ်။ အခုဆို တစ်နေ့ကို မိနစ်တစ်ရာလောက်တောင် မပြည့်ချင်ပြည့်ချင်ဖြစ်လာတယ်။ လူတိုင်းက ဖုန်းကိုင်လာနိုင်တော့ ဒီလိုဖုန်းဆိုင်တွေက သိပ်အသုံးမဝင်တော့ဘူး” ဟု ရန်ကုန်မြို့လယ်တွင်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အများပြည်သူသုံး တယ်လီဖုန်းဆိုင်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။



ထိုကဲ့သို့ အများပြည်သူသုံး တယ်လီဖုန်းဆိုင်များကို အသုံးပြုသူနည်းပါးလာခြင်းကြောင့် အဆိုပါဖုန်းဆိုင်များမှ ဝန်ထမ်းများ၏ နေ့စဉ်ရရှိနေသော အပိုဝင်ငွေများလည်း ကျဆင်းလာနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။



“အရင်လို ဖုန်းဆက်တဲ့သူကသိပ်မရှိတော့ အလုပ်လုပ်ရတာ ပျင်းလာတယ်။ နေကလည်းပူ၊ ဖုန်းဆက်တဲ့သူကလည်းမလာနဲ့ဆို အလုပ်လုပ်နေရတာ အဆင်မပြေတော့ဘူး။ အစိုးရလစာဆိုတော့ ဝင်ငွေကလည်းနည်းတော့ ဒီအလုပ်ကနေ ထွက်မလားစဉ်းစားနေတယ်” ဟု ကမာရွတ်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အများပြည်သူသုံး တယ်လီဖုန်းရုံမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကလည်း သူမ၏ အလုပ်နှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ပြောသည်။



၂၀၁၀ ခုနှစ် ဝန်းကျင်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဆိုပါ ဖုန်းဆိုင်များသည် ကိုယ်ပိုင်မိုဘိုင်းဖုန်း အသုံးမပြုနိုင်သည့် လူများအတွက် အရေးပါသော ဆက်သွယ်ရေးရုံများဖြစ်ခဲ့သည်။ ထိုအချိန်များတွင် အဆိုပါ ဖုန်းဆိုင်များတွင် အသုံးပြုရသောသူများအနေဖြင့် အစိုးရက သတ်မှတ်ထားသည့် တစ်မိနစ်လျှင် သုံးဆယ်ကျပ်ထက် ပိုမိုသည့်ပမာဏများကို အမြဲပေးဆောင်ခဲ့ရသည်။ “အရင်က လူတွေက ဖုန်းမကိုင်နိုင်တော့ ပီစီအိုတွေပဲ အားကိုးရတယ်ဗျာ။ ကျွန်တော်တို့မှာ အဲ့ဒီအချိန်တွေကဆို ဖုန်းနဲ့ဆက်သွယ်မှုတွေ ပြုလုပ်ဖို့က မြန်မာ့ဆက်သွယ်ရေးရဲ့ ဒီဖုန်းဆိုင်တွေကလွဲလို့ တခြားရွေးချယ်စရာမရှိခဲ့ဘူး။ အဲ့ဒီတော့ အစိုးရက ဘယ်လောက်ပဲ ဖုန်းပြောခဈေးကို သတ်မှတ်ပေးပေး ကျွန်တော်တို့တွေ ပိုပေးရပါတယ်။ အခုလို လူတိုင်းဖုန်းကိုင်လာနိုင်တော့ အဲ့ဒီဆိုင်တွေဘယ်အလုပ်ဖြစ်တော့မလဲ” ဟု မိုဘိုင်းဖုန်းအသုံးပြုသူ အမျိုးသားတစ်ဦးကလည်း သူ၏အများပြည်သူသုံးတယ်လီဖုန်းရုံများ၏ အတွေ့အကြုံကို ပြောသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ လုပ်ငန်းများ စတင်ပြီးနောက်ပိုင်း လူတစ်ဦးချင်းမိုဘိုင်းဖုန်း အသုံးပြုလာနိုင်မှု သိသိသာသာတိုးတက်လာသည့် အချိန်တွင် မြို့ကြီးများပေါ်တွင် ဖွင့်လှစ်ထားသော အဆိုပါဖုန်းဆိုင်များကို ပိတ်သိမ်းမည်ဖြစ်ပြီး ဝေးလံခေါင်ဖျားသည့်ဒေသများတွင်သာ ထားရှိပေးထားမည်ဟုပြောကြားသည်။



ယခုကဲ့သို့ အများပြည်သူသုံး တယ်လီဖုန်းဆိုင်များကို အသုံးပြုသူနည်းပါးလာခြင်းကြောင့် အဆိုပါ ဖုန်းရုံများတွင် အလုပ်လုပ်ကိုင်ကြသည့် ဝန်ထမ်းများအနေဖြင့် အခြားအလုပ်အကိုင်များကို ပြောင်းလဲလုပ်ကိုင်ရန်စဉ်းစားနေကြပြီး ပြီးခဲ့သည့်နှစ်အတွင်းမှ စတင်ကာ အလုပ်ထွက်ခဲ့သည့် ဝန်ထမ်းများလည်း ရှိခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရသည်။



ယခင်က ရန်ကုန်မြို့တွင်း၌ အများပြည်သူသုံးတယ်လီဖုန်းဆိုင် နှစ်ရာကျော်ရှိခဲ့ရာမှ ယခုလက်ရှိအချိန်တွင်မူ အဆိုပါအရေအတွက်ထက် လျော့နည်းနေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိ မိုဘိုင်းဖုန်းအသုံးပြုနေသည့်အရေအတွက်မှာ ခြောက်သန်းနီးပါး ရှိလာပြီဖြစ်ပြီး ယင်းတို့ထဲမှ တစ်သန်းကျော်သော ပမာဏသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲနိုင်နေကြပြီဖြစ်သည်။



ယုဇနကိုကို
Internet Journal 

ကလေးသုံးဦးကို ထမင်းမကျွေးဘဲ ကြိုးဖြင့်ချည်ထားသူများကို ဖမ်းဆီး


သည် ဟာဖင်တန်ပို့စ်

ကယ်လီဖိုးနီးယား၊ မတ် ၂၄

အမေရိကန် ပြည်ထောင်စု မြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ရှိ အမျိုးသမီး နှစ်ဦးနေထိုင်သည့် အိမ် တစ်အိမ်တွင် အစာမကျွေးဘဲ သံကြိုးဖြင့် ချည်နှောင်ခြင်းခံရသော ကလေးငယ်တစ်ဦး အပါအ၀င် အစာ ငတ်နေသည့် ကလေးသုံးဦးကို ပြီးခဲ့သည့်လက တွေ့ရှိခဲ့ပြီး ယခုအခါ သံသယရှိသူများကို ဖမ်းဆီးလိုက် ပြီဖြစ်သည်။

ကလေးငယ်သုံးဦးကို ကာကွယ်စောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက် တစ်ဦးသည် ဆေး ရုံတွင် ဆေးကုသမှု ခံယူနေကြောင်း မွန်တီရေးခရိုင် အရာရှိက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ကလေးငယ်များမှာ ယောက်ျားလေး နှစ်ဦးနှင့် မိန်းကလေးတစ်ဦး ဖြစ်သည်။

အာဏာပိုင်များသည် ကယ်လီဖိုးနီးယားပြည်နယ် ဆာလီနက်စ်ဒေသရှိ နေအိမ်တွင် ကလေးငယ်များကို ရှာဖွေတွေ့ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာများတွင် ဖော်ပြထားသည်။

ယောက်ျားလေး နှစ်ဦးမှာ အသက်သုံးနှစ်နှင့် ငါးနှစ်အရွယ်ရှိပြီး မိန်းကလေးငယ်မှာ အသက်ရှစ်နှစ်နှင့် ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကိုခံခဲ့ရသည့်အပြင် ရုပ်ပိုင်းဆိုင်ရာမှာလည်း ညှဉ်းပန်း နှိပ်စက်မှုများ ခံခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ အီရာကာ ဒီဝန်ကာနှင့် အသက် ၄၄ နှစ်အရွယ်ရှိ ခရစ္စတင်း ဂျက်ဆီကာဒီနာတို့ သည် ကလေးငယ်များ ညှင်းပန်းနှိပ်စက်မှုတွင် ပါဝင်သည်ဟု သံသယရှိမှုနှင့် အခြားသော စွဲချက်များဖြင့် ဖမ်းဆီးထားသည်။

Mizzima Burmese

ခံတွင်းသန့်စင်သည့် ပလုပ်ကျင်း ဆေးရည်များက နှလုံးကို ထိခိုက်စေနိုင်


ဆေးရည်များတွင် ပါရှိသည့် ပိုးသတ်ဆေးများက လူ့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် အကျိုးပြု ဘက်တီးရီးယားများကိုပါ သေစေတတ်ကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့

ခံတွင်းသန့်စင်ပလုပ်ကျင်း ဆေးရည်များသည် ရေရှည်တွင် နှလုံးကျန်းမာရေးကို ထိခိုက်သည့် ဆိုးကျိုးမျိုး သက်ရောက်စေတတ်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ အဆိုပါ ဆေးရည်များတွင် ပါရှိသည့် ပိုးသတ်ဆေးများက လူ့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် အကျိုးပြု ဘက်တီးရီးယားများကိုပါ သေစေတတ်ကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။ ဗြိတိန်နိုင်ငံမှ သုတေသီများက ဈေးကွက်ထဲရှိ ခံတွင်းသန့်စင် ပလုပ်ကျင်း ဆေးရည် အမှတ်တံဆိပ် အများအပြားကို စုဆောင်းလေ့လာပြီး အကျိုးသက်ရောက်မှုများကို စိစစ် မှတ်သားခဲ့ကြသည်။

ယင်းတို့အနက် Corsodyl အမည်ရှိ အမှတ်တံဆိပ်သည် နေ့စဉ်ပျမ်းမျှ (၂)ကြိမ်အထက်သုံးစွဲခြင်းဖြင့် သွေးတိုးလာတတ်သည်ကိုပါ တွေ့ရှိခဲ့ရသည်။ Corsodylသည် ရောဂါပိုးမွှားများကို သေစေပြီး အနာကျက်စေသည့် ဓာတုဆေးဝါးမျိုး အားကောင်းပြင်းပြစွာ ထည့်သွင်းထားသည့် ပလုပ်ကျင်းဆေးရည်ဖြစ်သည်။ ယခုသုတေသန စစ်တမ်းကို ဦးဆောင်သည့် ပရော်ဖက်ဆာ အမ်ရီတာ အော်လူဝါလီရာက Corsodylကဲ့သို့ ပလုပ်ကျင်းဆေးရည်မျိုးသည် အသုံးပြုပြီး နာရီအနည်းငယ်အတွင်း သွေးဖိအားကိုသိသိသာသာ မြင့်တက်လာစေတတ်ကြောင်း သတိပေးခဲ့သည်။ "ပြောရမယ်ဆိုရင် နေ့တိုင်းနေ့တိုင်း ပိုးတွေကို သတ်ပစ်နေတယ် ဆိုတာက ကပ်ဘေးတစ်ခုပါပဲ။ ဒီထဲမှာ လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေပါ ပါကုန်ကြတယ်။ ပြီးတော့ ဒီဆေးရည်တွေ အသုံးပြုပြီးချိန်မှာ သွေးတိုးနှုန်း နည်းနည်းတက်လာတာက နှလုံးရောဂါတွေနဲ့

လေဖြတ်မှုတွေ ဖြစ်နိုင်ခြေကို အားပေးအားမြှောက် ဖြစ်စေကြောင်း ထင်ရှားတဲ့ ညွှန်ကိန်းတစ်ခုပါပဲ"ဟု သူမက ပြောဆိုသွားသည်။ သုတေသီများက ကျန်းမာရေး ကောင်းသူ (၁၉)ဦးကို နေ့စဉ်နေ့တိုင်း Corsodyl နှစ်ကြိမ် အသုံးပြုစေပြီး စမ်းသပ်ခဲ့သည်။ ထိုအခါ သွေးပေါင်ချိန်သည် (၂)မှ (၃.၅)ကြား ယူနစ်မျှ တိုးပွားလာသည်ကို တွေ့ရှိ အဖြေထုတ်နိုင်ခဲ့သည်။ သွေးပေါင်ချိန် (၂)ယူနစ် တိုးခြင်းသည် နှလုံးဖောက်ပြန် သေဆုံးနိုင်ခြေကို သာမန်ထက် (၇)ရာခိုင်နှုန်း မြင့်တက်စေသည့် အချိုးအစားဟု သုတေသီများက ယူဆထားသည်။

MWD

ထိုင်းတွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ အယောက် ၃၀ သေဆုံး


ထိုင်းနိုင်ငံ တာ့ခရိုင်မြောက်ပိုင်းမှာ မတ် ၂၄ ရက်နေ့ ညဦးပိုင်းက ခရီးသည်တင် ဘတ်စ်ကားတစီး ချောက်ထဲ ထိုးကျလို့ အနည်းဆုံး ခရီးသည်အယောက် ၃၀ သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။

တာ့ခရိုင်ထဲက နိုင်ငံဝန် ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အူဘွန်ရက်ဌာသာနီခရိုင်နဲ့ လာအိုနိုင်ငံကို လေ့လာရေး ခရီးထွက်ခွာနေကြ တာကြောင့် ထိခိုက်သေဆုံးသူ အများစု ဟာ နိုင်ငံဝန် ထမ်းတွေပဲ ဖြစ်ဖို့များတယ်လို့ တာ့ခရိုင် မယ်တိုမြို့နယ်ရဲမှူးက ပြောပြီး ကလေး ၂ ဦးလည်း ဒဏ်ရာရသူတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားဟာ ဘရိတ်ပေါက်ပြီး ကားလမ်းဘေးက ကွန်ကရစ်အရံအတားကိုပါ ကျော်ပြီး ၁၅၀ မီတာနက်တဲ့ ချောက်ထဲကို ကျသွားတာလို့ ရဲမှူးက ပြောပါတယ်။

မတ် ၂၅ ရက် ဒီနေ့မနက်အထိ သေဆုံးသူ အယောက် ၃၀ ရှိသွားပြီလို့ အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဟိုင်းဝေးလမ်းမတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လမ်းမတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၀ ခုနှစ်က လူ ၁ သိန်းမှာ ၃၈ ဦး ကားတိုက်မှုတွေမှာ သေဆုံးခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့နောက်မှာ ဒိုမိုနီကန်သမ္မတနိုင်ငံနဲ့ တောင်ပစိဖိတ်က နယူဝီ (Niue) ကျွန်းနိုင်ငံတွေပဲ ကျန်ပါတော့တယ်။

အာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှကားတိုက်သေဆုံးနှုန်းဟာ ၁၈ ဒဿမ၊  ၅ ဦးပဲရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသားတွေရဲ့ ဘတ်စ်ကားနဲ့ ကုန်ကား ၁ စီး တိုက်မိပြီး ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင်း ကားတိုက်မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ကားမောင်းသူတွေရဲ့ ပေါ့ဆမှုတွေကြောင့် ဖြစ်တယ်လို့ အစိုးရအာဏာပိုင်တွေက ဆိုပါတယ်။

DVB Burmese

ထိုင်းအလှကုန် ၉ မျိုး ဘေးအန္တရာယ်ရှိဟု အက်ဖ်ဒီအေ ကြေညာ


မြန်မာ့အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန(အက်ဖ်ဒီအေ)ဟာ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ အလှကုန်ပစ္စည်း ၂၁ မျိုးကို စစ်ဆေးခဲ့ရာမှာ အဆီချ ခရင်မ်နဲ့ အသားလှဆီ အမျိုးအစား ၉ မျိုးမှာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ် ဓာတုပစ္စည်းတွေ ပါဝင်နေတာ တွေ့ရှိလို့ အများပြည်သူ သုံးစွဲဖို့ မသင့်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

အဲဒီ အလှကုန်ပစ္စည်း ၉ မျိုးကတော့ Mellano, Polla, Baschi နဲ့ Nineteen nano 19 အမှတ်တံဆိပ်တွေ ဖြစ်ကြပြီး အဆီချနဲ့ အသားလှခရင်မ်တွေ ဖြစ်ကြ ပါတယ်။

ဒီအလှကုန်ပစ္စည်းတွေ ဟာ မြန်မာ့အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (အက်ဖ်ဒီအေ)မှာ မှတ်ပုံတင်ထားတာလည်း မရှိပဲ တရားမ၀င် တင်သွင်းလာတာတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စားသုံးသူကာကွယ်ရေး ဥပဒေ မရှိသေးဘဲ လွှတ်တော်တွင်း တင်ထားတဲ့ အဆင့်မှာပဲ ရှိနေသေးပြီး နောင် အဲဒီ ဥပဒေ အတည်ဖြစ်လာရင် တင်သွင်းသူတွေကို ဥပဒေအရ အရေးယူနိုင်မယ်လို့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေအရ သိရပါတယ်။

DVB Burmese

အစိုးရရုံးများကို ၀င်ရောက်ရန် ကြိုးပမ်းနေသော ဆန္ဒပြသူများကို ထိုင်ဝမ်ရဲများ ဖမ်းဆီး


အေအက်ဖ်ပီ

တိုင်ပေ၊ မတ် ၂၄

အငြင်းပွားဖွယ်ကုန်သွယ်မှု သဘောတူညီချက်ကိုဖျက်သိမ်းရန် ထိုင်ဝမ်သမ္မတက ငြင်းဆန်လိုက်ပြီးနောက် တိုင်ပေမြို့တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး ဒါဇင်နှင့်ချီသောလူ များ ထိန်းသိမ်းခံခဲ့ရသည်ဟု မတ်လ ၂၄ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယမန်နေ့ည သန်းခေါင်ယံကျော်ကျော်ခန့်က ဆန္ဒပြသူ ရာပေါင်းများစွာတို့သည် ကုန်သွယ်မှု သဘောတူညီ ချက်ကို ဆန့်ကျင်ဆန္ဒပြနေရာမှ ရဲတပ်ဖွဲ့ဝင်များကို တွန်းဖယ်က အစိုးရရုံးချုပ်များအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ကြသည်။

သို့ရာတွင် မကြာမီ ရဲတပ်ဖွဲ့ဝင်များ၏ လူစုခွဲခြင်းကို ခံခဲ့ရသည်။ အင်္ဂါနေ့က လူငယ်အများအပြားပါဝင် သည့် ဆန္ဒပြသူ ၂၀၀ ခန့်သည် လုံခြုံရေးအကာအရံများကို ချိုးဖျက်ကာ ပါလီမန် အဆောက်အအုံအတွင်း သို့ဝင်ရောက်ရန် ကြိုးစားခဲ့ကြရာမှ တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ထိုင်ဝမ်ကျွန်းတွင် ပါလီမန်ကို ထိုသို့ အင်အားဖြင့် ချင်းနင်းဝင်ရောက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

တရုတ်နှင့် ကုန်သွယ်မှု သဘောတူညီချက်စာချုပ် ချုပ်ဆိုမည်ကို ကန့်ကွက်ဆန္ဒပြနေသော ကျောင်းသားများ ၏လုပ်ရပ်ကို ထိုင်ဝမ်သမ္မတမားယင်ကျိုးက တရားမ၀င်သော စီးနင်းဝင်ရောက်မှုအဖြစ် တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

အစိုးရအဆောက်အအုံများ ပတ်ပတ်လည်ရှိ သံဆူးကြိုးများဖြင့် ပြုလုပ်ထားသည့် အကာအရံ အတားအဆီး များကို ဆန္ဒပြသူများက ဖျက်ဆီးရိုက်ချိုးနေပုံများကို ထိုင်ဝမ်ရုပ်သံလိုင်း TVBS news က လွှင့်ထုတ် ပြသခဲ့ သည်။ လူများကလှေကားများကို အသုံးပြုပြီး အဆောက်အအုံ ဒုတိယအထပ်သို့ ၀င်ရောက်ရန် ကြိုးစားခဲ့ ကြသည်။

ဆန္ဒပြသူများနှင့်ဒိုင်းများ ကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆံခတ်မှု များကိုသာမက ဒဏ်ရာရသည့် ဆန္ဒပြသူ အမျိုးသားတစ်ဦးကို ကျန်းမာရေးလုပ်သားတစ်ဦးက ပြုစုနေ ပုံကိုလည်း အသံလွှင့်ဌာနက ထုတ်လွှင့် ပြသခဲ့သည်။

မတ်လ ၂၄ ရက် အစောပိုင်းကလည်း ထိုင်ဝမ်အဓိကရုဏ်း နှိမ်နင်းရေးရဲများက အစိုးရဌာနချုပ်များကို ၀င်ရောက်ရန် ကြိုးပမ်းနေသည့် ဆန္ဒပြသူများကို မီးသတ်ပိုက်များအသုံးပြု၍ လူစုခွဲရန် ကြိုးပမ်းနေသည်။ ရဲတပ်ဖွဲ့ဝင်တစ်ထောင်ကျော်ကိုလည်း အစိုးရရုံးများက စောင့်ကြပ်ရန် ချထားပြီး ဖြစ်သည်။

Mizzima Burmese

အာလူးစိမ်းရည်ဓာတ်စာ


အရွယ်အစားတူ အာလူးစိမ်း ၃ လုံးကိုရေစင်အောင်ဆေးပါ။ (အခွံမနွှာပါနှင့်)
အာလူးကို Blender နဲ့ကြိတ် (သို့) သခွားခြစ်နဲ့ဖြစ်ဖြစ်ခြစ်ပါ။
... သန့်ရှင်းသောပိတ်စိမ်းပါးလေး နှင့် အရည်ညှစ်ယူပါ။ (အုန်းနို့ညှစ်သလို) အဲဒီအရည်ကို အရသာကောင်းချင်ပါက ပျားရည်အနဲငယ်ထဲ့သောက်ပါ။
မနက်တိုင်း တစ်ခွက်နှုန်း သောက်ပေးနိုင်ပါတယ်။

အဲဒီအရည်ကို တခွက်ကနေ နှစ်ခွက်အထိနေ့စဉ်သောက်နိုင်မယ်ဆိုရင်တော့ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပခုံးနာ၊ ကျီးပေါင်းရောဂါ တွေပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။

လူအများအတွက် ကျန်းမာရေးဓာတ်စာအဖြစ် ထုတ်ဖော်ဆော်သြခဲ့သူကတော့ ဂျပန်ဗုဓ္ဒဘာသာဘုန်းတော်ကြီး အရှင်တိုမီဇာဝ ဖြစ်ပါတယ်။

ကိုယ်တိုင်လွယ်ကူစွာဖော်စပ်နိုင်တာကြောင့်
အကျိုးများစေနိုင်မယ်ထင်လို့ ဝေမျှလိုက်ပါတယ်။

Good Health

မြန်မာနှင့် ကမ္ဘောဒီးယား မြေယာ သိမ်းဆည်းခံရမှု ပြဿနာများ အချိန်ဆွဲ ဖြေရှင်းလျက်ရှိဟု အာဆီယံ ပြည်သူ့ဖိုရမ် ဒုတိယဥက္ကဋ္ဌ ပြောဆို


ရန်ကုန်၊ မတ် ၂၄

အာဆီဒေသတွင်း နိုင်ငံများအတွင်း မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများသည် မြေယာ သိမ်းဆည်းခံရမှု ပြဿနာများကို အစိုးရများက အချိန်ဆွဲ ဖြေရှင်းနေကြောင်း အာဆီယံ ပြည်သူ့ဖိုရမ် ဒေသတွင်း ဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ မစ္စဖရီမရူဒီဒေါင်ရွန်က ပြောကြားသည်။

အင်းစိန်မြို့နယ် City Gold Resort ဟိုတယ်တွင် မတ်လ ၂၄ ရက်နေ့က ပြုလုပ်သော အာဆီယံ ပြည်သူ့ဖိုရမ် ရလဒ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားသည်။

အဆိုပါ နိုင်ငံများမှ မြေယာ ပြဿနာ အများစုမှာ အစိုးရက သိမ်းဆည်း ခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပြီး ပြန်လည် ဖြေရှင်းရာတွင်လည်း အချိန်ကြာမြင့်စွာ ဆောင်ရွက်နေရသည်ကို တွေ့ရှိရကြောင်း မစ္စဖရီမရူဒီဒေါင်ရွန်က ပြောကြားသည်။

“ဒီနှစ်နိုင်ငံမှာ ဆိုးရွားတဲ့ ပြဿနာတွေကို အချိန်ဘယ်လောက်အထိ ယူပြီး ဖြေရှင်းရမလဲ အာဆီယံ ဖိုရမ်မှာ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး ပြဿနာတွေ ပြေလည်အောင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ပါဝင်မှုကိုလည်း အုပ်ချုပ်သူ အစိုးရတွေအနေနဲ့ အတိုင်းအတာ တစ်ခုအထိ လက်ခံဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မြေယာ ပြဿနာများ အပါအဝင် အာဆီယံ ပြည်သူ့ဖိုရမ်မှ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန် ပန်ကြားစာ တစ်စောင် ပေးပို့ထားကြောင်း အာဆီယံ ပြည်သူ့ဖိုရမ် ဦးဆောင် ကျင်းပရေး ကော်မတီထံမှ သိရသည်။

ယင်းကဲ့သို့ ယခင်အစိုးရ လက်ထက်မှ ကျန်ရှိနေခဲ့သော လယ်ယာမြေ ပြဿနာများကို ကျန်ရှိသည့် အစိုးရသစ် သက်တမ်းအတွင်း အပြီးသတ် ဖြေရှင်းရန်အတွက် လယ်ယာမြေ အသုံးချမှု စီမံခန့်ခွဲရေး ကော်မတီများကို ဖွဲ့စည်းထားပြီး လွှတ်တော် ကိုယ်စားလှယ်များက ပူးပေါင်း ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် သုံးရက်တိုင် ကျင်းပခဲ့သော အာဆီယံ ပြည်သူ့ဖိုရမ်တွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် အာဆီယံလူထု သွေးစည်းညီညွတ်မှု မြင့်မားရေးနှင့် သက်ဆိုင်သော အလုပ်ရုံ ဆွေးနွေးပွဲ ၃၅ ခုကို ပြုလုပ်ခဲပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာနိုင်ငံမှ လူပေါင်း ၃၀၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်း အာဆီယံ ပြည်သူ့ဖိုရမ် ဦးဆောင် ကျင်းပရေး ကော်မတီထံမှ သိရသည်။

The Voice Weekly Myanmar

မီတာခ တိုးမြှင့်မှု ပြန်သုံးသပ်ဖို့တောင်းဆို


အစိုးရက လာမယ့်ဧပြီလကစပြီး လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ပြန်ပြီးသုံးသပ်ပေးဖို့ အတွက် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုများအဖွဲ့က  မြို့တော်ခန်းမရှေ့မှာ မနေ့က ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

အောက်ခြေပြည်သူတွေအနေနဲ့ စားဝတ်နေရေးရုန်းကန်နေရချိန်မှာ မီတာခတိုးမြှင့်လိုက်တာဟာ ကုန်ဈေးနှုန်း ကြီးမြင့်လာနိုင်တာကြောင့် ပြည်ထောင်စုအစိုးရက ပြန်ပြီး သုံးသပ်ပေးဖို့ ဆန္ဒပြရတာလို့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုများအဖွဲ့က ကိုသိန်းအောင်မြင့်က အာအက်ဖ်အေ ကိုပြောပါတယ်။

"တိုင်းပြည်မှာ ပြည်သူလူထုက ရုန်းကန်နေရတဲ့အချိန်မှာ ဒီလျှပ်စစ်မီတာခတွေ တိုးမြှင့်လိုက်သည့် အတွက်ကြောင့်ပေါ့နော် ကုန်ဈေးနှုန်းတွေက ထိုက်သလောက်တက်လာမှာ အဲ့ဒီတော့ ကုန်ဈေးနှုန်းဒဏ်ကို ခံစားရမှာက ငါတို့ဆီမှာရှိတဲ့ပြည်သူတွေ ဒါကိုပြန်ပြီးတော့ ပြည်ထောင်စု အစိုးရက ဖြေရှင်းပေးဖို့ လိုအပ်တာဖြစ်သည့်အတွက် မီတာခ ပြန်လည်လျော့ချရေးအတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်၊ နောက်ဆက်တွဲအနေနဲ့ ဒီစက်မှုဇုံမှာပေါ့နော် အလုပ်ရှင်အလုပ်သမား မပြေလည်မှုတွေ အများကြီးရှိတယ်၊ လျှပ်စစ်မီတာခတိုးမြှင့်လိုက်သည့် အတွက်ကြောင့် ဒီနောက်ဆက်တွဲပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်၊ ဒါတွေကိုကျွန်တော်တို့အရမ်းစိုးရိမ်တယ်"

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်တင်သွင်းတဲ့ မီတာခတိုးမြှင့်ကောက်ခံမယ့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် လာမယ့် ဧပြီ ၁ ရက်နေ့က စပြီး တိုးမြှင့် ကောက်ခံ တော့မှာပါ။

အခု အတည်ပြုလိုက်တဲ့ မီတာခ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁ဝဝ အထိ ၁ ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၂ဝဝ အထိ ကျပ် ၄ဝ၊ ယူနစ် ၂ဝဝ အထက် ကျပ် ၅ဝ နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံး မီတာတွေအတွက် ယူနစ် ၅ဝဝ အထိ ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁ဝဝ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅ဝ ကျပ်နဲ့ ယူနစ် ၂ သိန်းကနေ ၃ သိန်းအထိ ၁၂၅ ကျပ် ဖြစ်ပါတယ်။  ယူနစ် သုံးသိန်းနဲ့ အထက်ကိုတော့ ၁ဝဝ ကျပ် အဖြစ် ပြန်ပြီး လျော့ချ သတ်မှတ် ထားပါတယ်။
အခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ ယူနစ်ကို ၅၂ ပြား၊ ၁ နှစ် ကို ကျပ်ငွေ သန်း ၇၇ဝ ရှုံးဦးမယ်လို့ လွှတ်တော်မှာ တွက်ချက်ပြထားကြောင်း သိရပါတယ်။

RFA Burmese

မြန်မာအိမ်ဖေါ် လခ သတ်မှတ်


စင်္ကာပူ၊ ဟောင်ကောင် စတဲ့ နိုင်ငံရပ်ခြား ကို မြန်မာအိမ်ဖေါ်တွေ တရားဝင် တင်ပို့ရာမှာ ကာကွယ် စောင့်ရှောက်မှုဆိုင်ရာ ဥပဒေတွေ ကိုအစိုးရက ရေးဆွဲပြဌာန်းကြောင်း သိရပါတယ်။အဲဒီ ဥပဒေတွေထဲမှာ မြန်မာ အိမ်ဖေါ်တွေဟာ လစဉ် အနည်းဆုံးလုပ်ခ အမေရိကန်ဒေါ်လာ ၄၅ဝ ရရမယ်၊ တစ်လကို အနည်းဆုံးတစ်ရက် အနားပေးရမယ် စတဲ့ ပြဌာန်းချက်တွေပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအတွင်း ဟောင်ကောင်အစိုးရဟာ အဓမ္မ ခိုင်းစေမှု နဲ့ ဆက်စပ်နေတဲ့ လူမှောင်ခိုလုပ်ငန်းကို ထိထိ ရောက်ရောက် တားဆီးဖို့ ပျက်ကွက်နေတယ် ဆိုတဲ့ အစိရင်ခံစာတစ်စောက်ထွက်လာခဲ့ပါတယ်။

ဟောင်ကောင်မှာလက်ရှိအနေနဲ့ ပြည့်တန်ဆာ လုပ်ငန်းအတွက် လူမှောင်ခိုတာကိုသာ တားဆီးထားပြီး၊ ခေတ် သစ်ကျေးကျွန်လို့ ခေါ်ကြတဲ့ အဓမ္မ ခိုင်းစေမှု နဲ့ ဆက်စပ်နေတဲ့ အလုပ်တွေကိုတော့ ဥပဒေ နဲ့ တားဆီး ကာကွယ်ပေးထားတာမရှိဘူးလို့ အာရှ လွတ်လပ်ရေး နဲ့ ဟောင်ကောင်တရားရေးဌာန က ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အလွန်အမင်း မှီခိုနေရတဲ့ ဟောင်ကောင်မှာ အိမ်ဖေါ်လုပ်သားပေါင်း သုံးသိန်းနီးပါးရှိပြီး အများစုဟာ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် နိုင်ငံတွေက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတော့ ပထမဆုံးမြန်မာအိမ်ဖေါ်တွေ ဟောင်ကောင်ကို တရားဝင် စတင်ရောက်ရှိခဲ့ကြ ပါတယ်။ လာမယ့်သုံးလအတွင်း နောက်ထပ် မြန်မာအိမ်ဖေါ် နှစ်ရာ လောက် ထပ်ရောက်လာစရာ ရှိပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့မြန်မာအိမ်ဖေါ်တွေဟာ အင်္ဂလိပ်စကား နဲ့ ကန်တုံ တရုတ်စကား တတ်မြောက်မှု အားနည်းတာ၊ အင်တာနက်အပါအဝင် တခြားလိုအပ်တဲ့ ဗဟုသုတတွေအားနည်းတာကြောင့် အနိုင်ကျင့် နှိပ်စက် ခံရမှာကို စိုးရိမ်ကြောင်း ပြောဆိုကြပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့မြန်မာအိမ်ဖေါ်တွေဟာ အင်္ဂလိပ်စကား နဲ့ ကန်တုံ တရုတ်စကား တတ်မြောက်မှု အားနည်းတာ၊ အင်တာနက်အပါအဝင် တခြားလိုအပ်တဲ့ ဗဟုသုတတွေအားနည်းတာကြောင့် အနိုင်ကျင့် နှိပ်စက်ခံရမှာကို စိုးရိမ်ကြောင်း ပြောဆိုကြပါတယ်။

RFA Burmese 

ဟံသာဝတီလေဆိပ် စီမံကိန်းတင်ဒါ ထပ်မံခေါ်ယူ


ဟံသာဝတီ နိုင်ငံတကာလေဆိပ် တည်ဆောက်ရေး စီမံကိန်း အတွက် ဘဏ္ဍာရေးဆိုင်ရာ လေလံတင်ဒါတွေ ကို အစိုးရက ထပ်မံခေါ်ယူနေပါတယ်။

ဟံသာဝတီလေဆိပ် စီမံကိန်းလုပ်ကိုင်ခွင့် လေလံတင်ဒါ အောင်မြင်ခဲ့တဲ့  IIAC ခေါ် တောင်ကိုရီးယား အင်ချီယွန် နိုင်ငံတကာလေဆိပ် ကော်ပိုရေးရှင်း ဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့နဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅ဝဝ ရင်းနှီးမြှုပ်နှံရေးကိစ္စနဲ့ ပတ်သက်ပြီး အင်ချီယွန်ကုမ္ပဏီနဲ့ မြန်မာအစိုးရကြား ညှိနှိုင်းရာမှာ အခက်အခဲတချို့ရှိနေတဲ့အတွက် လေလံတင်ဒါ ကို ယာယီ ရပ်ဆိုင်းထားတာဖြစ်ကြောင်း၊ အင်ချီယွန် ကုမ္ပဏီမှာ နည်းပညာနဲ့ပတ်သက်ပြီးအတွေ့အကြုံ အများကြီးရှိကြောင်း၊ ဒါကြောင့် ဘဏ္ဍာရေးဆိုင်ရာ လေလံတင်ဒါတွေကိုသာ ထက်မံခေါ်ယူပြီး ၊နည်းပညာဆိုင်ရာတင်ဒါတွေ မခေါ်ယူကြောင်း လေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောပါတယ်။

အဲဒါကြောင့် တောင်ကိုရီးယား အင်ချီယွန်နဲ့အတူ ပထမလေလံအောင်ခဲ့ကြတဲ့ စင်္ကာပူ ချန်းဂီလေဆိပ် ၊ ပြင်သစ် ဗင်စီလေဆိပ် နဲ့ ဂျပန် တာအီဆာအီလေဆိပ်တွေရဲ့ စီမံရေးကုမ္ပဏီတွေဟာ ဘဏ္ဍာရေးဆိုင်ရာ လေလံတင်ဒါ ကို ထပ်ပြီးတင်ကြရမှာဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီးတင်ကြရမှာပါ။
ဟံသာဝတီ နိုင်ငံတကာလေဆိပ် တည်ဆောက်ရေး စီမံကိန်းဟာလက်ရှိ ရန်ကုန်လေဆိပ်ကို ဝန်ပေါ့သွား အောင် ရည်ရွယ်တာဖြစ်ကြောင်းလည်း ဦးတင်နိုင်ထွန်းက ပြောပါတယ်။

ရန်ကုန်လေဆိပ်ဟာ တစ်နှစ်ကို ခရီးသည် နှစ်သန်း ခုနစ်သိန်း သာ လက်ခ့နိုငပေမဲ့ ၂ဝ၁၃ ခုနှစ်အတွင်း ခရီးသည်သုံးသန်း ခုနစ်သိန်း ရှိခဲ့တယ်လို့ဆိုပါတယ်။ ရန်ကုန်နဲ့မိုင်ငါးဆယ်အကွာက ဟံသာဝတီလေဆိပ်မှာ ခရီးသည်ပေါင်း တစ်နှစ် ၁၂ သန်းလောက် လက်ခံနိုင်အောင် တည်ဆောက်မယ်လို့ သိရပါတယ်။
ရန်ကုန်လေဆိပ်ဟာ တစ်ချိန်ကဒေသတွင်းမှာ အဓိကရလေကြောင်းသွားလာရေးဗဟို ဖြစ်ခဲ့သလို၊ လာမယ့် ၂ဝ၃ဝ မှာ မူလနေရာပြန်ရောက်ရမယ်လို့ မျှော်မှန်းထားကြောင်းလည်း ဦးတင်နိုင်ထွန်းက ပြောပါတယ်။

RFA Burmese

မောင်တော- ဘူးသီးတောင်တွင် အရွယ်မတိုင်မီ အိမ်ထောင်ပြုသူများပြား


(နိရဉ္စရာ- ၂၅ မတ်လ ၂၀၁၄)

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်း ဒေသများတွင် နေထိုင်သော ဘင်္ဂလီ ကျေးရွာများတွင် အရွယ်မတိုင်မီ အိမ်ထောင်ပြုသူ အလွန် များပြားနေသည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် တာဝန်ယူခဲ့သော နစက တပ်ဖွဲ့အား ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းတွင် အိမ်ထောင်ပြုခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းချုပ်မူ မရှိတော့သဖြင့် အသက်မပြည့်သူ အိမ်ထောင်ပြုသူများ အလွန်များပြားနေခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ အသက် ၁၃ နှစ် ၁၄ ဆိုရင်လည်း ယူတာပါဘဲ။ နေ့တိုင်း နေ့တိုင်း မင်္ဂလာဆောင်က ရွာတိုင်းမှာ ရှိတယ်။ ကျွန်တော်တို့ သိရသလောက် နောင်ဆိုရင် ဘယ်လို စည်းကမ်းတွေ အစိုးရက ထုတ်လာမယ်ဆိုတာကို မသိရတဲ့ အတွက် အခွင့်အရေး ရတဲ့ အချိန်မှာ အသက်ပြည့်တာရော၊ အသက်မပြည့်တာရော အိမ်ထောင်ပြုနေကြတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ ပတ်ဝန်းကျင်ရှိ ဘင်္ဂလီကျေးရွာများတွင်လည်း အိမ်ထောင်ပြုမူနုန်း အထူးမြင့်တက်နေပြီး တစ်နေ့ တစ်နေ့ကို ဈေးဆိုင်များတွင် အိမ်ထောင်ပြုရန် ပစ္စည်းလာဝယ်သူ ဆယ်ဂဏန်းနှင့် ချီပြီး ရှိနေသည်ဟု သိရသည်။

“ အိမ်ထောင်ပြုတာက ဘင်္ဂလီရွာတွေမှာနေ့တိုင်းပါဘဲ။ အိမ်ထောင်ပြုဖို့ လာဝယ်တဲ့သူတွေက အထူးများပြားနေပါတယ်။ ဒီင်္အထဲမှာ  အသက်အရွယ် မပြည့်တဲ့ မိန်းခလေးတွေ အများကြီးပါတယ်လို့ သိရပါတယ်။ ဘယ်သူ့ကမှ သွားရောက်စစ်ဆေးတာ မရှိတဲ့ အတွက် တံခါးမရှိ ဓါးမရှိ ဖြစ်နေကြပါတယ်” ဟု စေတီပြင်ကျေးရွာ ရွာသား တစ်ဦးက ပြောသည်။

အိမ်ထောင်ပြုသူများကို နောက်ကွယ်မှ ငွေကြေး ထောက်ပံ့နေသော အဖွဲ့အစည်းများလည်းရှိကြောင်း၊ သို့အတွက် အိမ်ထောင်ပြုသူ အရေအတွက်မှာ အထူးများပြားနေကြောင်းသူက ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး တစ်ဦးအနေဖြင့် အသက် ၁၈ နှစ် မပြည့်ဘဲ အိမ်ထောင်မပြုရဟု ဥပဒေထုတ်ထားကြောင်း၊ သို့သော်လည်း လိုက်နာရန် ပျက်ကွက်နေကြကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင်လည်း အသက်အရွယ် မပြည့်ဘဲ အိမ်ထောင်ပြုသူ ဘင်္ဂလီ အမျိုးသမီးများ အလွန်များပြားနေသည်ဟု ဘူးသီးတောင် ဒေသခံ  ဦးထွန်းလိုင်က ပြောကြားသည်။

“ အခုက စိစစ် တားဆီးမယ့်သူ မရှိတော့ ထင်သလို လုပ်ကြတယ်။ အခု ကျနော်တို့ ကြားရတာက အိမ်ထောင်ပြုမယ်ဆိုရင် အထက်ကိုလည်း တိုင်ကြားစရာ မလိုတဲ့ အတွက် အိမ်ထောင်ပြုသူက အရမ်းများနေတယ်” ဟု ဆိုသည်။

ဘူးသီးတောင်မြို့မှ ဥပဒေအရာရှိ တစ်ဦး ဖြစ်သူ ဦးကိုကိုဇော်မှ အသက်ပြည့်သူများ အိမ်ထောင်ပြုမူကို တစ်စုံတစ်ရာ မပြောလိုသော်လည်း အသက်မပြည့်ဘဲ အိမ်ထောင်ပြုသူများကို အရေးယူသင့်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အသက်မပြည့်ဘဲ အိမ်ထောင်ပြုနေကြခြင်းအား အမြန်ဆုံး တားဆီးပိတ်ပင်သင့်ကြောင်း ပြောကြားသည်။

ယခုကဲ့သို့ အိမ်ထောင်ပြုကြခြင်းမှာ နောင်တွင် အစိုးရ ပေါ်လစီ မည်သို့ ပြောင်းလဲလာမည်ကို မသိသဖြင့် ရတုန်းရခိုက် အခွင့်အရေးကို လက်လွှတ်မခံဘဲ အိမ်ထောင်ပြုနေကြခြင်း ဖြစ်ကြောင်း ဒေသအတွင်းက ဘင်္ဂလီလူမျိုးများကို ကိုးကားပြီး ဦးကိုကိုဇော်က ပြောကြားသည်။

Narinjara 

မယား ( ၇ ) မျိုး ၊ လင် ( ၈ ) မျိုး


မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊ကျွန့်နှယ်အလား ၊ထိုမယားမူ ၊ ယောကျာင်္းဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။

( က ) ခိုးသူနဲ့တူတဲ့မယား ၊

( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊

( ဂ ) သူသတ်ကောင်နဲ့တူတဲ့မယားအဲ့ဒီသုံးမျိုးမကောင်းဘူးတဲ့ သေတဲ့အခါ ငရဲသွားရမယ်တဲ့ …

( ဃ ) အမေနဲ့တူတဲ့မယား ၊

( င ) နှမနဲ့တူတဲ့မယား ၊

( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊

( ဆ ) ကျွန်မနဲ့တူတဲ့မယား ၊ဒီလေးမျိုးကောင်းတယ်သေတဲ့ အခါနတ်ပြည်ရောက်မယ်တဲ့ သူငယ်ချင်းတို့ရေ …

တစ်ခါက မြတ်စွာဘုရားရှင်ဟာ အနာသပိဏ် သူဌေးအိမ် ကြွတော့ အိမ်သူအိမ်သာတွေဟာ အော်ကြီးဟစ်ကျယ် ပြောဆိုနေကြပါတယ် ။ဒါနဲ့ဘုရားရှင်က သူဌေးကြီးကို ဒီလိုမေးတယ်

“ ဒါယကာ .. ငါးလုနေကြတဲ့ တံငါတွေလိုသင့်ရဲ့ အိမ်သူ အိမ်သားတွေ ဘာကြောင့် အော်ကြီးဟစ်ကျယ် ပြောဆိုနေကြတာလဲ” မေးတော့ -အနာသပိဏ်သူဌေးကြီးဟာ အရှက်ရတဲ့မျက်နှာနဲ့ -“ မြတ်စွာဘုရား တပည့်တော်ရဲ့ ချွေးမသူဇာတာ ဖြစ်ပါတယ် ။ ဒီကလေးမဟာ ယောက္ခမလင်သား ၊ တခြားမိသားစုများကို ရှိတယ်လို့တောင် သူ့စိတ်ထဲထားပုံမပေါ်ဘူး ၊ ဘယ်သူ့ကိုမှ ရိုသေလေးစား ဂရုမထား ၊ မမြတ်နိုးမပူဇော်ပါဘုရား” လို့လျှောက်ပါတယ် ။“ ကဲသူဌေးကြီး သုဇာတာကို ခေါ်လိုက်ပါဦး” ဆိုပြီး မြတ်စွာဘုရားရှင်က သူဇာတာကို မယား ( ၇ ) မျိုး အကြောင်းဟောပြပါသတဲ့ …

( က ) ခိုးသူနဲ့ တူတဲ့မယား ၊လင်သားရှာဖွေတဲ့ ပစ္စည်းကို တိတ်တဆိတ်ခိုးယူခြင်း ၊ လင်သားမသိအောင် ၀ယ်ခြမ်းစားသောက် ၀တ်ဆင်ပေးကမ်းခြင်း ၊ ကိုယ်ကကောင်းတာတွေ စားသောက်လို့ လင်သားကို ဖြစ်သလို ကြွေးမွေးခြင်း ။

( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊အပျင်းကြီးပြီး အလုပ်မလုပ်လိုတာ ၊ ရိုင်းပျ ကြမ်းတမ်းစွာ နိုင်လိုမင်းတက်ယောကျာင်္းကို ပြောဆိုဆက်ဆံတာ ၊ လင်သားရဲ့ ဆွေးမျိုးအသိုင်း အ၀ိုင်းကိုပါ မောက်မာစွာဆက်ဆံတာ ၊

( ဂ ) သူသတ်ကောင်နဲ့ တူတဲ့မယား ၊လင်သားအပေါ် ပြစ်မှားလိုစိတ်ရှိတာ ၊ ပြဿနာပေးတာ ၊ ဂျီတိုက်တာ အလေးမထားတာ ၊တခြားယောကျာင်္းတစ်ဦးအပေါ်တပ်မက် တာ ၊ လင်သားအပေါ်ငြူစူနေတာ ။

( ဃ ) အမေနဲ့တူတဲ့မယား ၊လင်သားရဲ့အကျိုးစီးပွားကို အမြဲကြည့်တာ ၊ တိုးတက်အောင်အကြံပေး ကူညီစောင့်ရှောက်တာ ၊ အမိက သားကိုကြင်နာစွာ အပြောဆိုသလို လင်သားနားဝင်ချိုအောင် ပြောဆိုတတ်တာ ။

( င ) နှမနဲ့တူတဲ့ မယား ၊အမကြီးက ညီမများကို စောင့်ရှောက်သလို မိမိလင်သားကို ရိုသေထိန်းသိမ်း ၊ စောင့်ရှောက်တာ ၊ အရှက်အကြောက်စိတ်ထားပြီး လင်သားအလိုသိတတ်တာ၊

( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊လင်သားနဲ့တွေ့တဲ့အခါ အချိန်ကြာ ကွဲကွာနေတဲ့ မိတ်ဆွေနဲ့ တွေ့ရသလိုဝမ်းသာလှိုက်လှဲရှိတာ ၊ မျိုးရိုးဂုဏ်နဲ့ ကိုယ်ကျင့်တရားရှိတာ ၊ မလေးမစားမပြုတတ်တာ ။

( ဆ ) ကျွန်မနဲ့ တူတဲ့မယား ၊လင်သားက ပြစ်တင် ပြောဆိုသတ်ပုတ်မယ် ခြိမ်းခြောက်ပေမယ့်သည်းခံ ငြိမ်သက်နေတာ ၊ ပြန်လှန်မပြောတာ ၊ ကက်ကက်လန် ပြန်ရန်မတွေ့တာ ၊ စိတ်မဆိုး စိတ်မကောက်ဘဲ ကျင့်သုံးတာ ။

“ သုဇာတာ - ဒီ ( ၇ ) မျိုးမှာ သင် ဘယ်လိုအမျိုးအစားထဲ ပါဝင်လဲ” လို့ဘုရားရှင်ကမေးတော့ “ မှန်လှပါဘုရား ၊ တပည့်တော်ကျွန်မနဲ့တူတဲ့ ဇနီးဖြစ်အောင်နေထိုင်ပါ့မယ်လို့ ၀န်ခံခဲ့သတဲ့ ။

ဇနီးသည်ရဲ့ရိုသေလေးစားခြင်း မခံရတဲ့ အရည်အချင်းညံ့ညံ့ လင် ( ၈ ) မျိုး ၊

- လင်မွဲ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက် လင်ဖျင်း ၊- လင်ပျင်း လင်အို ၊ အလိုမဖြည့် ၊ မပြည့်ဆန္ဒ ၊ ရှိတုံကလျှင် ၊- မိန်းမဟူသည် ၊ ဤရှစ်မည်ကြောင့် ၊ မကြည်မသာ ၊- အနာဒရ ၊ ပြုတတ်စွာရှင့် ။
( မဃဒေ၀ / ၂၉၇ )

( က ) ဆင်းရဲတဲ့လင် ၊ စီးပွားဥစ္စာရအောင် ရှာဖွေမပေးနိုင်ဘဲ မိန်းမလုပ်စာမှီခိုစားသောက်တဲ့ လင်ကို ဇနီးသည်က မလေးစားဘူး ။

( ခ ) အနာရောဂါ စွဲကပ်နေတဲ့လင် ၊ ကုသလို့မပျောက်နိုင် ၊ နာတာရှည် ရောဂါစွဲ ။ ရသမျှ ငွေကြေးလည်း ဆေးဖိုးဝါခနဲ့ ကုန်နေရတဲ့လင်ကို ဇနီးသည်က မလေးစားဘူး၊

( ဂ ) အရက်သေစာ အလွန်အကျွံသောက်စားတဲ့လင် ၊ ပြဿနာတွေပေါ် ၊ စီးပွားပျက် အရှက်ရစရာဖြစ်လို့ အဲ့ဒီလင်မျိုးကိုလည်း ဇနီးသည်က မလေးစားဘူး ၊

( ဃ ) ပေတေမိုက်မဲတဲ့လင် ၊ လူကြီးမိဘ ဆရာသမား ရိုသေလေးစားရမှန် ၊ ပူဇော်မြတ်နိုးရမှန်း မသိတဲ့ လင်မျိုး ၊ ပြောဆိုညွှန်ပြ ဆုံးမစကား နားမ၀င်တဲ့လင်မျိုး ။

( င ) ဖျင်းတဲ့ အ , တဲ့လင် ၊ သူများခေါ်ရင်သွား ၊ ခိုင်းရင်လုပ် ၊ အ, တယ် န, တယ်တဲ့ ၊ အ, တာက အောက်တန်းကျတာ ၊ န, တာက နောက်တန်းနေရာရောက်နေတာ ။

( စ ) ပျင်းတဲ့လင် ၊ လက်ကြောတင်းအောင်အလုပ်မလုပ်ချင်ဘဲ ဘိုးတော် မယ်တော်ကူလိမ့်နိုး သူတစ်ပါးမျှော်ကိုးပြီး ၀ီရိယ လုံ့လမရှိတဲ့လင် ။

( ဆ ) အားအင်ယိုယွင်း အိုမင်းနေတဲ့လင် ၊ ဇနီးက ငယ်ငယ်လင်သယ်က အသက်ကြီးအရွယ်မတူကြရင်လည်း တကယ်မကြည်ဖြူလှဘူးတဲ့ သူငယ်ချင်းတို့ရ ။

( ဇ ) ပစ္စည်းဥစ္စာ အလိုဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းမပေးတဲ့လင် ၊ အမျိုးသမီးရဲ့ဝတ်စားနေမှုနဲ့ အလိုရမ္မက်ကို မဖြည့်ဆည်းတဲ့ လင်ကိုလည်း ဇနီးကမလေးစားဘူးတဲ့ ။

ဒီ မိုးသား