တစ်ဦးချင်းအပေါ် ဖုန်းကြားဖြတ် နားထောင်မှုများကို ကာကွယ်သွားမည်ဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ အစိုးရက တိကျသည့်စည်းမျဉ်း ထုတ်ပြန်ပေးရန် တယ်လီနော်လိုလား


မိုဘိုင်းဖုန်းများမှာ နေ့စဉ်ဘ၀တွင် အရေးပါလာပြီး လူငယ်များ မိုဘိုင်းအသုံးပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကေခိုင်ဝင့်)
တယ်လီနော် ကုမ္ပဏီ၏ ဖုန်းလိုင်းတွင် ကြားဖြတ်နားထောင်မှုများကို လူတစ်ဦး တစ်ယောက်ချင်းစီအပေါ် မပြုလုပ်နိုင်ရန် ကာကွယ်ပေး သွားမည်ဖြစ်ပြီး အစိုးရအနေနှင့် ဖုန်းကြားဖြတ် နားထောင်မှုများနှင့် ပတ်သက်၍ တိကျသည့် စည်းမျဉ်းများ ထုတ်ပြန်ပေးရန် လိုလားကြောင်း တယ်လီနော် မြန်မာ၏ စီအီးအို မစ္စတာပတ်တာဖားဘတ်က ပြောကြားသည်။
''တရားဥပဒေအရ ဖုန်းလိုင်းဖြတ် နားထောင်ခွင့်ကို ဘယ်သူက ဘယ်အချိန်မှာ အမိန့်ပေးနိုင်တယ်၊ ဘယ်လိုလူက စောင့်ကြပ်ကြည့်ရှုမယ်ဆိုတာ တိတိကျကျ ထုတ်ပြန်ပေးဖို့ ၀န်ကြီးထံ စာတင်ထားပါတယ်။ ရာဇ၀တ်မှု အကြီးကြီး ကျူးလွန်တယ်လို့ ဆုံးဖြတ်ခံရသူအတွက် ဖုန်းလိုင်းဖြတ် နားထောင်မယ် ဆိုတာကတော့ လုပ်သင့်ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပေးမယ်လို့ မျှော်လင့်ပါတယ်'' ဟု မစ္စတာပတ်တာဖားဘတ်က ပြောကြားသည်။
တယ်လီနော် ကုမ္ပဏီအနေနှင့် ၎င်းလုပ်ကိုင်သော နိုင်ငံတိုင်းတွင် ဥပဒေကို လိုက်နာကြောင်းနှင့် အဆိုပါ ဥပဒေကလည်း ရှင်းလင်းပြတ်သားသည့် ဥပဒေဖြစ်ရန် လိုကြောင်း ၎င်းကဆိုသည်။
''တယ်လီနော်က တစ်ဦးတစ်ယောက်ချင်းကို ကာကွယ်ပေးသွားမယ်။ ဥပဒေကိုတော့ လိုက်နာပါမယ်။ ဥပဒေအရ ကြားဖြတ် နားထောင်ခြင်းဟာ ပြစ်မှုကြီးတွေကို ကာကွယ်ပေးရာမှာ အထောက်အကူ ပေးနိုင်တာလည်း ရှိပါတယ်'' ဟု တယ်လီနော် မြန်မာ၏ စီအီးအိုက ဆက်လက် ပြောကြားသည်။
မကြာသေးမီက အော်ရီဒူးကုမ္ပဏီက ၎င်းတို့၏ ဖုန်းလိုင်းများကို ကြားဖြတ်နားထောင်ခြင်း မပြုလုပ်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ပြည်တွင်း စာနယ်ဇင်း အချို့တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် တယ်လီနော်ကုမ္ပဏီနှင့် အော်ရီဒူး ကုမ္ပဏီများကို ရွေးချယ်ထားပြီး ဆက်သွယ်ရေး နည်းဥပဒေများလည်း ပေါ်ထွက်လာပြီ ဖြစ်သဖြင့် ၂၀၁၃ ခုနှစ် မတိုင်မီ လိုင်စင်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
၎င်းကုမ္ပဏီနှစ်ခုက လိုင်စင်ရရှိအပြီး ရှစ်လအကြာတွင် ၎င်းကုမ္ပဏီများ၏ ဆင်းမ်ကတ်များကို စတင်ရောင်းချမည် ဖြစ်သဖြင့် ၂၀၁၄ နှစ် နှစ်လယ်ခန့်တွင် ၎င်းတို့၏ ၀န်ဆောင်မှုများကို စတင်ရရှိဖွယ် ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် တယ်လီနော် အနေနှင့် ကွန်ရက်များ တည်ဆောက်ရန် သက်ဆိုင်ရာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဆွေးနွေးနေပြီး ၎င်းတို့၏ ဆင်းမ်ကတ်များ ဖြန့်ချိပေးမည့် ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။
Eleven Media Group

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်း


နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ အစိုးရအနေဖြင့် စာချုပ်ပြင်ဆင် ချုပ်ဆိုသင့်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းခဲ့သည်။
''တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခနဲ့ ဆိုင်ခန်းငှားရမ်းခငွေကျပ် ၇၀ ဒသမ ၈၄၀ သန်း ကိစ္စကို ကျွန်မအနည်းငယ် ဆွေးနွေးရမယ်ဆိုရင် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရက ဆောင်ရွက်တယ်လို့ သိရပါတယ်။ တိရစ္ဆာန်ဥယျာဉ်ဟာ ၀င်ကြေးတစ်ယောက်ကို ၁၀၀၀ ကျပ် ကောက်နေတာ ဖြစ်ပါတယ်။ မြေဧက အကျယ်အ၀န်းက အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အဲဒီထဲမှာလည်း ဆိုင်ခန်းတွေ အများကြီး ပါပါတယ်။ ငှားရမ်းထားတဲ့ တစ်နှစ်သန်း ၇၀ နဲ့ ယှဉ်ကြည့်ရင် ကန်တော်ကြီးက ငါးပြတိုက် ကလေးကို ငှားရမ်းတာ သန်း ၁၂၀ ရတယ်ဆိုတော့ ကြီးမားတဲ့ ကွာဟချက်ကြီး ဖြစ်နေတာကို တွေ့ရပါတယ်။ ပြည်ထောင်စု အစိုးရက နည်းပါးတဲ့ ဈေးနှုန်းနဲ့ ဒီကုမ္ပဏီကို ငှားရမ်းထားတယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ အစိုးရတစ်ရပ်က အရင်အစိုးရ လုပ်ထားတဲ့ မမျှတတဲ့ အနေအထားတွေကို ဆက်ခံစရာ မလိုပါဘူး။ မမျှတတဲ့တာဝန်တွေကို ယူစရာ မလိုပါဘူး။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအသစ် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ ပါ အခွင့်အရေးဖြစ်တဲ့ အတွက်ကြောင့် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခ၊ ဆိုင်ခန်းငှားရမ်းခတွေနဲ့ ပတ်သက်ပြီးတော့ သင့်တင့်မျှတတဲ့ ခေတ်ကာလ ပေါက်ဈေးနဲ့ ပြန်ရဖို့အတွက် ကျွန်မအနေနဲ့ ပြည်ထောင်စု အစိုးရက မူလစာချုပ်ချုပ်ဆိုတဲ့ တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခနဲ့ ဆိုင်ခန်းငှားရမ်းခငွေများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပြန်လည်စိစစ် သုံးသပ်ရေး စာချုပ်အသစ်ချုပ်ဆိုရန် အဆိုတင်သွင်းပါတယ်'' ဟု ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားသည်။
''ဒီလောက်နဲ့ ငှားရမ်းထားတာဆိုတော့ ဒီကုမ္ပဏီက အခွင့်ထူးခံလိုမျိုး ဖြစ်နေတာပေါ့။ သန်း ၇၀ (သိန်း ၇၀၀ ကျော်) ကို ဆယ်နှစ်စာချုပ်နဲ့ အစိုးရသစ် မတက်မီ သုံးရက်အလိုဖြစ်တဲ့ ၂၀၁၁ ခုနှစ် မတ် ၂၈ ရက်မှာ စာချုပ်ချုပ်ခဲ့တယ်။ ခေတ်ကာလ ဈေးနှုန်းနဲ့ မကိုက်ညီဘူး။ ဒါကြောင့် ပြန်လည်သုံးသပ်ရမယ်။ ဒီလောက် အကျယ်ကြီးကို သိန်း ၇၀၀ ဆိုတော့ အဓိပ္ပါယ် မရှိဘူး။ ဆိုင်ခန်းငှားရမ်း ခတွေလည်း မနည်းဘူး ရမှာလေ။ ၀င်ကြေးကလည်း ၁၀၀၀ လေ။ ဒီလိုအစိုးရက ငှားခနှုန်းထားတိုးလို့ သူတို့လည်း ၀င်ကြေးကို လိုက်မတိုးအောင် အစိုးရက ၀င်ကြေးကို သတ်မှတ်ပေးရမယ်။ ကြိုက်ရင်ငှား၊ မကြိုက်ရင်မငှားနဲ့၊ ၀င်ကြေးကို ဘယ်လောက်အထိပဲ ကောက်ရမလဲဆိုတာ အသေးစိတ်ကျတဲ့ အချက်တွေနဲ့ စာချုပ်ချုပ်ဖို့လိုတယ်'' ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
ယင်းသို့ အဆိုတင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လက်ခံခဲ့ပြီး ပြန်လည်စိစစ် သုံးသပ်ပေးရန် ကတိပြုခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။
Eleven Media Group

ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေကျပ် ၃၃၄ ဘီလျံကျော်အနက် အချို့အား ပြန်လည်စိစစ် သင့်ကြောင်း ထောက်ပြဆွေးနွေးမှုအပြီး တိုင်းဒေသကြီး လွှတ်တော်ကခွင့်ပြု


၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားငွေ ကျပ် ၃၃၄ ဒသမ ၉၀၈ ဘီလျံအနက် အချို့အသုံးစရိတ်များအား ပြန်လည်စိစစ် သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ ထောက်ပြဆွေးနွေးမှုအပြီး နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် အတည်ပြုခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရငွေကျပ် ၁၆၅ ဘီလျံရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ရငွေကျပ် ၁၇၁ ဘီလျံအထိ တိုးတက်လာခဲ့ကြောင်း၊ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ရငွေကျပ် ၂၇၈ ဘီလျံအထိ ရှိမည်ဟု ခန့်မှန်းထားခြင်းကြောင့် ရငွေများ တိုးတက်လာကြောင်း၊ သို့သော် အချို့မှတ်ပုံတင်ကြေးကဲ့သို့ငွေများ၊ ရငွေများသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ခေါင်းစဉ်ဖြင့် ၀င်ရောက်လာခြင်းမရှိ၍ တိုင်းဒေသကြီးအတွင်း လိုငွေများစွာ ဖြစ်နေကြောင်း၊ ကညနမှ မှတ်ပုံတင်ကြေးများ ရန်ကုန်တိုင်း ဒေသကြီးသို့ ၀င်လာခြင်းမရှိဘဲ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းခြင်း၊ လမ်းများပြုပြင်ခြင်း များပြုလုပ်နေရသည့် အတွက် ကြွေးမြီနှင့် လိုငွေများစွာ ပေါ်ပေါက်နေရကြောင်းလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးခဲ့သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ သုံးငွေလျာထားချက်မှာ ကျပ် ၃၃၄ ဒသမ ၉၀၈ ဘီလျံ ဖြစ်သော်လည်း ရငွေလျာထားချက်မှာ ကျပ် ၂၇၈ ဒသမ ၁၉၅ ဘီလျံ ဖြစ်သောကြောင့် လိုငွေကျပ် ၅၆ ဒသမ ၇၁၉ ဘီလျံရှိမည်ဟု လျာထားသည်။
ထို့ပြင် အချို့ဝန်ကြီးဌာနများ အနေဖြင့် တောင်းခံသည့် သာမန်အသုံးစရိတ်များထဲတွင် ၎င်းတို့၏ မရိုးသားသည့် အသုံးစရိတ်များကို ထည့်သွင်း တောင်းခံမှုများ ရှိကြောင်း၊ ခရီးသွားလာသည့် အသုံးစရိတ်၊ ဧည့်ခံစရိတ်များအပေါ် ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ရငွေဝင်ငွေများ ပြန်လည်တင်ပြရာတွင် အချို့မှာ သိသာစွာ နည်းပါးနေ၍ မေးခွန်းထုတ်စရာများ ဖြစ်နေကြောင်း၊ မြို့ဝင်ကြေး ဂိတ်ကဲ့သို့ ကောက်ခံခြင်းမှ တစ်နှစ် ငွေကျပ် ၃ ဒသမ ၄ သန်းသာ ရရှိမည် ဆိုခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ထောက်ပြ ဆွေးနွေးခဲ့သည်။
''စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးနေဖို့ လုံးချင်းအိမ်ရာ သုံးထပ်အဆောက်အအုံအတွက် ကျပ်သိန်း ၁၅၀၀ တောင်းထားပါတယ်။ လေးဦးအတွက် လေးလုံးဆောက်ဖို့ ကျပ်သိန်း ၆၀၀၀ (ကျပ်သန်း ၆၀၀) တောင်းထားတာ။ ဒါလည်း စိစစ်ပေးချင်ပါတယ်။ ပြီးတော့ ၀န်ထမ်းအိမ်ရာတွေ ဆောက်ဖို့အတွက် ၁ စတုရန်းပေကို ကျပ် ၂၅၀၀၀ နဲ့ တင်ပြလျာထားငွေ ကျပ်သန်း ၅၄၀ ကိုလည်း ပြန်လည်စိစစ် သုံးသပ်စေချင် ပါတယ်'' ဟု ဒေါက်တာညိုညိုသင်းက ဆွေးနွေးခဲ့သည်။
ထိုသို့ထောက်ပြ ဆွေးနွေးမှုများအပေါ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ တာဝန်ရှိသူ များကလည်း ပြန်လည်ဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ပြဆွေးနွေး မှုများအား ထည့်သွင်းစဉ်းစား၍ ပြန်လည်ရေးဆွဲ ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားချက်ငွေကျပ် ၃၃၄ ဒသမ ၉၀၈ ဘီလျံကို လွှတ်တော်က အတည်ပြုခဲ့သည်။
Eleven Media Group

လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်

နိုဝင်ဘာ ၆ ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
လျှပ်စစ်ဓာတ်အားဈေးနှုန်း တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။
နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ မြှင့်တက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများသည် ယနေ့ဆွေးနွေးနေသည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူမည့် ကိစ္စများနှင့် မသက်ဆိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြန်လည်လျှော့ချပေးရန် လိုအပ်သည်ဟု ယုံကြည်ချက် ရှိပါက သီးခြားအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းရန်လိုကြောင်း'' ဟု ပြောကြားသည်။
လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ တာတွေအပေါ် ပြည်သူလူထုရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ ဥပမာ မီတာခ တစ်ယူနစ် ၃၅ ကျပ်နှုန်းက ယူနစ် ၁၀၀ အထိ သတ်မှတ်တယ်ဆိုရင်...
၎င်းအရေးကြီး အဆိုအား မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က တင်သွင်းမည်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဦးအေးမောက်က ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ တာတွေအပေါ် ပြည်သူလူထုရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ ဥပမာ မီတာခ တစ်ယူနစ် ၃၅ ကျပ်နှုန်းက ယူနစ် ၁၀၀ အထိ သတ်မှတ်တယ်ဆိုရင် အခုအဆိုအရ ယူနစ် ၂၀၀ အထိ ပြောင်းလဲသတ်မှတ်ပေးဖို့၊ ဈေးနှုန်းလျှော့ချပေးဖို့၊ နိုင်ငံတကာလို စနစ်တွေပြောင်းဖို့ တင်ပြသွားမှာပါ။ နိုင်ငံတကာမှာက ဇိမ်ခံတဲ့ လုပ်ငန်းတွေဆို တစ်မျိုးယူတယ်။ SME လို Primary Production လုပ်တဲ့ သူတွေကျတော့ လျှော့ယူပေါ့။ အဲလိုမျိုးတွေပါမယ်။ နောက်လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေကို ပြည်နယ်နဲ့တိုင်း Average နှုန်းထားအတိုင်း ခံစားနိုင်စေဖို့အဆို တင်သွင်းသွားမှာပါ'' ဟု ပြောကြားသည်။


နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး
လွှတ်တော်သို့ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုကြောင်း ဆုံးဖြတ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုများနေပါက ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်မည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားနိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ အလေအလွင့် မဖြစ်ရေးကို အာရုံစိုက် လုပ်ဆောင်ပြီးမှသာ လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို အလျှော့အတင်း ပြုလုပ်သင့်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားခ လျှော့ချရေး ဆန္ဒပြမှုများ နိုဝင်ဘာ ၆ ရက်က ဖြစ်ပွားခဲ့သည်။
Eleven Media Group

ပြည်သူနှင့် လွှတ်တော်အား အစိုးရ တောင့်ခံနိုင်ပါ့မလား


အများပြည်သူသို့ အချိန်လုံလောက်စွာ ကြိုတင်အသိပေးခြင်း၊ ရှင်းလင်းပြခြင်း၊ ပြည်သူ့ဆန္ဒအား မေးမြန်းလေ့လာခြင်း၊ လွှတ်တော်သို့ တင်ပြခြင်း မရှိဘဲ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အောက်တိုဘာ ၂၉ ရက်တွင် မီတာခများအား ရုတ်တရက်တိုး မြှင့်လိုက်သည်။
တိုးမြှင့်ပြီး နောက်တွင်လည်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်က ''ဒီဈေးနှုန်းက အခြေခံ ပြည်သူလူထုအတွက် ထိခိုက်မှု မဖြစ်နိုင်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ၉၉ ရာခိုင်နှုန်းကျော်ဟာ ဒီတိုးမြှင့်လိုက်တဲ့ ဓာတ်အားခအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။ အဓိက ထိခိုက်မှာက ၀ ဒသမ ၃၉ ရာခိုင်နှုန်း ရှိတဲ့ စက်မှုလုပ်ငန်းရှင်၊ စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ နီးပါး လောက်ကိုပဲ ထိခိုက်မှာပါ'' ဟူ၍လည်းကောင်း၊ ''မီးမရတဲ့ ပြည်သူ ၇၀ ရာခိုင်နှုန်းကို မီးပေးဖို့ ကုန်ကျစရိတ်လိုတယ်။ မီတာခတက်လို့ ဆန္ဒပြမယ်ဆိုတဲ့ လူတွေကို မေးချင်တာက သူတို့ဘယ်သူ့ကို ကိုယ်စားပြုပြီး ဆန္ဒပြတာလဲ ဆိုတာပဲ'' ဟူ၍လည်းကောင်း ပြည်သူမခံ မရပ်နိုင်မည့် စကားအချို့ကို ထပ်မံပြောကြား ခဲ့ပြန်သည်။
လျှပ်စစ်ဓာတ်အားခကို အိမ်သုံးဆိုပါက ၁၀၀ ယူနစ်အထိ သုံးသူများ တစ်ယူနစ် ၃၅ ကျပ်၊ ၁၀၁ ယူနစ် အထက်သုံးသူများ တစ်ယူနစ် ၅၀ ကျပ်၊ စီးပွားရေး လုပ်ငန်းများအား ယူနစ် ၅၀၀၀ အထိ သုံးစွဲသူများအား တစ်ယူနစ် ၁၀၀ ကျပ်၊ ယူနစ် ၅၀၀၁ အထက် သုံးစွဲသူများအား တစ်ယူနစ် ၁၅၀ ကျပ်အထိ တိုးမြှင့်လိုက်သည်။
ထိုသို့တိုးမြှင့် လိုက်သည့်အတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အသေးစား အလတ်စား လုပ်ငန်းများ ထိခိုက်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ကာ ကျပ်တည်းနေသည့် ပြည်သူအပေါ်ပို၍ ၀န်ပိစေခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ယင်းသို့သက်ရောက်ခြင်း မရှိစေရန် လျှပ်စစ်ဓာတ်အားခ ပြန်လည်လျှော့ချရေးအတွက် ဆန္ဒပြမှုများကိုလည်း ဆက်တိုက်ပြုလုပ် လာခဲ့သည်။
နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် လျှပ်စစ်ဓာတ်အားခ ပြန်လည်လျော့ချပေးရေး အတွက်ရန်ကုန်မြို့တွင် လူထုဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ် လာခြင်းဖြစ်ပြီး လျော့ချပေးမှု မပြုမခြင်း ပြည်သူများဆန္ဒအရ ဆက်လက် ဆန္ဒပြသွားကြမည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် ညနေတွင်လည်း မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ထပ်မံဆန္ဒဖော်ထုတ် သွားကြဦးမည်ဟု ဆန္ဒပြနေသူများက ဆိုသည်။
လက်ရှိ ဆန္ဒပြရသည့် အကြောင်းရင်းများမှာ ပြည်သူများ အနေဖြင့် နေမှုစားမှု စရိတ်များ မြင့်တက်ပြီး နေ့စဉ်ဝင်ငွေနှင့် မမျှခြင်းကြောင့် အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ တိုးမြှင့်ခြင်းဖြစ်ရာ နောက်ထပ်ကုန်ဈေးနှုန်း ထပ်မံကြီးမြင့်မည့် ဒဏ်ကိုပါထပ်မံ ခံစားရနိုင်ခြင်း၊ လစာနည်းပါးသည့် အစိုးရ၀န်ထမ်းများ၊ တပ်မတော်သားများ သည်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ပိုမိုခံစားရနိုင်ခြင်း၊ ဒီမိုကရေစီ အစိုးရဖြစ်သော်လည်းအများ ပြည်သူဆန္ဒအပေါ် လေးစားမှုမရှိခြင်း၊ အများပြည်သူဆန္ဒနှင့် ဆန္ဒဖော်ထုတ်မှုအပေါ် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်မှ လက်လွတ်စပယ် စကားများ ပြောကြားခဲ့ခြင်းတို့အပေါ် အခြေခံ၍ လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချပေးရေး ဆန္ဒပြခြင်းဟု ဆန္ဒပြသူများက ပြောကြားသည်။
နေ့စဉ်ဝင်ငွေနှင့် မမျှခြင်းကြောင့် အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ တိုးမြှင့်ခြင်းဖြစ်ရာ နောက်ထပ်ကုန်ဈေးနှုန်း ထပ်မံကြီးမြင့်မည့် ဒဏ်ကိုပါထပ်မံ ခံစားရနိုင်ခြင်း၊ လစာနည်းပါးသည့် အစိုးရ၀န်ထမ်းများ၊ တပ်မတော်သားများ သည်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ပိုမိုခံစားရနိုင်ခြင်း၊ ဒီမိုကရေစီ အစိုးရဖြစ်သော်လည်း အများ ပြည်သူဆန္ဒအပေါ် လေးစားမှုမရှိခြင်း၊ အများပြည်သူဆန္ဒနှင့် ဆန္ဒဖော်ထုတ်မှုအပေါ် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်မှ လက်လွတ်စပယ် စကားများ ပြောကြားခဲ့ခြင်းတို့အပေါ်...
နိုဝင်ဘာ ၇ ရက်ညက ရန်ကုန်မြို့တော် လျပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ ရုံးရှေ့အထိ ဆန္ဒပြရာတွင်လည်း လမ်းတစ်လျှောက် နေထိုင်သူ အများပြည်သူတို့အား ဆန္ဒပြသူများမှ ဓာတ်အားခ လျော့ချရေးအတွက် မိမိတို့ ဆန္ဒပြမှုမှာ ဦးအောင်ခိုင် ပြောသကဲ့သို့ ဟုတ် မဟုတ်၊ အများပြည်သူများ၏ ဆန္ဒအတိုင်း ဟုတ်မဟုတ် မေးမြန်းခဲ့ကြရာ လာရောက်ကြည့်ရှုသည့် လမ်းတစ်လျှောက်နေထိုင်သူ ပြည်သူများမှ ဦးအောင်ခိုင် ပြောသကဲ့သို့ မဟုတ်ဘဲ ပြည်သူကိုယ်စားပြုကြောင်း၊ မီတာခ ပြန်လည် လျော့ချရေး ဆန္ဒမှာလည်း ပြည်သူတို့၏ ဆန္ဒဟုတ်မဟုတ် မေးမြန်းရာ ဟုတ်မှန်ကြောင်း ဆန္ဒပြသူများ ဘက်မှသာ ထောက်ခံပြောကြား ခဲ့ကြသည်။
ယခုအခါ ဓာတ်အားခ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြည်သူတို့၏ ဆန္ဒဖော်ထုတ် နေမှုများအပြင် လွှတ်တော်သည်လည်း ထပ်မံပါဝင်လာပြီဖြစ်ပြီး အရေးကြီးအဆို တစ်ရပ်ကို တင်သွင်းကာ လွှတ်တော်၏ အတည်ပြုချက်ရယူ လုပ်ဆောင်သွားတော့မည် ဖြစ်သည်။
လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် တောင်းခံခြင်းအပေါ် ပြည်သူလူထုဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်(ယနေ့) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။
နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြန်လည် လျော့ချပေးရန် လိုအပ်သည်ဟု ယုံကြည်ချက် ရှိပါက သီးခြားအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းရန်လိုကြောင်း'' ဟု ပြောကြားသည်။
၎င်းအရေးကြီး အဆိုအား မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က တင်သွင်းမည်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဦးအေးမောက်က ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံတာ တွေအပေါ် ပြည်သူလူထု ရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါ တယ်။ လက်ရှိသတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည်လျှော့ချပေးဖို့ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
လွှတ်တော်သို့ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုကြောင်း ဆုံးဖြတ်ပါက ပြည်ထောင်စု အစိုးရ အဖွဲ့အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာ ဘီလျံများစွာ၊ သတ္တုတွင်းထွက်များမှ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရရှိပြီး စာရင်းပေါ်တွင် ချမ်းသာနေသည့် မြန်မာနိုင်ငံ၌ အစိုးရသစ် သက်တမ်းအထိပင် အများပြည်သူ ချောင်လည်ခြင်း၊ စီးပွားရေး လုပ်ငန်းအများစု ထိုးတက်ခြင်းမရှိဘဲ လုပ်ပိုင်ခွင့်ရ လူတချို့သာ ထိုးတက်ပြီးရင်း ထိုးတက်နေခဲ့သည်။
အများပြည်သူ နေမှုစားမှု စရိတ်နှင့် ၀င်ငွေမမျှတ၍ ခက်ခဲကျပ်တည်းနေသည့် အချိန်တွင် အခွင့်အရေးပေါင်း များစွာဖြင့် ကြီးပွားပြီးရင်း ကြီးပွားနေသည့် ခရိုနီများလက်သို့ ပုဂ္ဂလိက ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုပေးပြီးချိန်မှ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားခကို ရုတ်တရက် တိုးမြှင့်လိုက်ခြင်း အတွက်ယခုအခါ ပြည်သူအပြင် လွှတ်တော်ပါ ပါဝင်လာပြီ ဖြစ်သည်။
အများဆန္ဒကို အလေးထားရသည့် ဒီမိုကရေစီ အစိုးရဟုခေါ်သော လက်ရှိအစိုးရ အနေဖြင့် ဓာတ်အားခ ပြန်လည်လျော့ချမှု မပြုမချင်း ဆက်တိုက်ဆန္ဒ ဖော်ထုတ်သွားမည့် ပြည်သူတို့၏ ဆန္ဒအင်အားအပြင် လွှတ်တော်၏ အားကိုပါ ရင်ဆိုင်ရတော့မည်ဟု ဆိုရမည်သာဖြစ်သည်။
ဆက်လက်တောင့်ခံခြင်း သို့တည်းမဟုတ် လိုက်လျောခြင်းမှာ အစိုးရ၏ အများပြည်သူနှင့် လွှတ်တော်အပေါ် ထားရှိသော သဘောဆန္ဒသာ ဖြစ်ပါတော့မည်။
မာန်သူရှိန်
Eleven Media Group

ညနေခင်းဝတ်စုံ အလှမယ်ငါးဦး စာရင်း မိုးစက်ဝိုင် ပါဝင်


မေစနိုး၊ ရန်ကုန်၊ နိုဝင်ဘာ-၆

နိုဝင်ဘာ ၅ ရက်ည၌ ရုရှားနိုင်ငံ Crocus မြို့တော်ခန်းမ၌ ကျင်းပခဲ့သော ရေကူး ၀တ်စုံနှင့် ညနေခင်းဝတ်စုံဖြင့် ပြိုင်ပွဲကြီး၌ ပြိုင်ပွဲဝင်မယ်များထဲမှ ညနေခင်းဝတ်စုံ အလှ ဆုံးမယ်ထိပ်ဆုံးငါးဦးစာရင်းတွင် မြန်မာနိုင်ငံကိုယ်စားပြုမယ် မိုးစက်ဝိုင်သည် အဆင့်သုံး နေရာ၌ Pageantary and beauty Queen ရုရှားဝက်ဘ်ဆိုက်ကြီး၏ ရွေးချယ်ခြင်းခံရပြီ ဖြစ်ကြောင်း မယ်စကြ၀ဠာ မြန်မာအဖွဲ့အစည်းကြီး၏ ပြန်ကြားရေးဆိုင်ရာ မန်နေဂျာ ကိုချမ်းလင်းသူက နိုဝင်ဘာ ၆ ရက်၌ စံတော်ချိန်သို့ ပြောဆိုသည်။

အဆိုပါ ပြိုင်ပွဲကြီး၌ ထိပ်ဆုံးငါးဦးတွင် ဖိလစ်ပိုင်မယ်လည်း ရွေးချယ်ခြင်းခံရပြီးပြိုင်ပွဲကြီး၏ ရေကူးဝတ်စုံဖြင့် အလှဆုံးစာရင်း သုံးဦးစာရင်း၌လည်း ဖိလစ်ပိုင်မယ်က ထပ်မံရွေးချယ်ခံထားရကြောင်း သိရသည်။
" အခု ရွေးချယ်လိုက်တယ်ဆိုတာက မယ်စကြ၀ဠာအဖွဲ့အစည်းကြီးက မဟုတ်ပေမယ့် သူတို့ရဲ့ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေက ပဲ ရွေးချယ်လိုက်တာပါ။ အခု ထွက်ပေါ်နေတဲ့ ဆန်ခါတင်မယ် ၁၆ ဦးကို ဆီမီးဖိုင်နယ် ရွေးချယ်လိုက်ပြီ။ မြန်မာမယ်မပါဘူးဆိုတာလည်း အတည်မဟုတ်ပါဘူး။ တကယ့်ဆန်ခါတင် ၁၆ ဦးကို နိုဝင်ဘာ ၉ ရက်နေ့ကျမှ စင်ပေါ်မှာ ဆွဲရွေးသွားမယ့် သဘောရှိပါတယ်။ အခုရက်ပိုင်းထွက်ပေါ်နေတာက မယ်စကြ၀ဠာအဖွဲ့ အစည်းကြီးက တရားဝင်ရွေးချယ်ထားတာမဟုတ်ပါဘူး" ဟု ရှင်းပြသည်။

ညနေခင်းဝတ်စုံဖြင့် အလှဆုံးမယ် ရွေးချယ်ခံထားရသူများမှာ ကနေဒါမယ်၊ ဒိုမေနီ ကန်ရီပတ်ဘလစ်မယ်၊ မြန်မာမယ်၊ ပြင်သစ်မယ်နှင့် ဖိလစ်ပိုင်မယ်တို့ ဖြစ်ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အသက်ကြီးသူတို့တွင် အတွေ့ရများသော ကျန်းမာရေး အခက်အခဲများ


အစာခြေခြင်း
အသက်ကြီးလာတဲ့အခါမှာ အစာ ခြေစနစ်ရဲ့ လုပ်ငန်းဆောင် တာတွေက နှေးလာတာကြောင့် တံတွေးနဲ့ အစာ အိမ်အက်စစ် အထွက်နည်းကာ ဗီတာမင် B12, B6 ၊ ဖောလစ် အက်စစ်လို တချို့ ဗီ တာမင်နဲ့ သတ္တုဓာတ် တွေကို ရယူတည် ဆောင်နိုင်ဖို့ ပိုခက်ခဲ လာပါတယ်။ ဒီဗီတာ မင်နဲ့ သတåုဓာတ်တွေက စိတ်တက်ကြွ တာ၊ မှတ်Óဏ်ကောင်းတာနဲ့ သွေးလှည့် ပတ်မှု ကောင်းမွန်တာစတဲ့ ကောင်းကျိုး တွေကို ရရှိစေပါတယ်။
ခံတွင်းခြောက်ခြင်း အာခြောက်ခြင်း
အသက်ကြီးလာချိန်မှာ တံတွေးအ ထွက် နည်းပြီး အာခြောက်လာနိုင်ပါ တယ်။ ဒီလို မဖြစ်စေဖို့ ရေ ရှစ်- ၁ဝခွက် ခန့် သောက်ပေးပါ။ အစာတစ်လုပ်စားပြီး တိုင်း ရေသောက်ပေးရင် အစာကို စိုစွတ် စေပြီး အစာကြေညက်အောင် ကူညီပေး နိုင်ပါတယ်။
နာမကျန်းမှု
နာမကျန်းမှုဖြစ်ရင် အသက်ကြီးသူ တွေမှာ အစာစားချင်စိတ်ကို လျော့ကျ စေသလို နာမကျန်းမှုအတွက် ဆေးကုသ မှုခံယူရင်လည်း ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုးအနေနဲ့ အစာစားချင်စိတ် လျော့ နည်းရတတ်ပါတယ်။ အသက်ကြီးသူတွေ အနေနဲ့ အရသာခံအာရုံက မကောင်းတာ ကြောင့် သူတို့စားတဲ့ အစားအသောက် ထဲကို ဆား၊ သကြားတွေ များများ ထည့် တတ်ပါတယ်။ ဒါက ကျန်းမာရေးအ တွက် သင့်တော်မှုမရှိတာကြောင့် ဆေး ကုသမှု ခံယူနေရရင် ဆေးဝါးတွေရဲ့ ဘေး ထွက်ဆိုးကျိုးကို ဘယ်လိုကျော်လွှားအ နိုင်ယူမလဲဆိုတာကို ဖြေရှင်းသင့်ပါတယ်။
အာဟာရ ချို့တဲ့မှု
အသက်ကြီးသူအများစုက သွား မကောင်းတာ၊ အရသာခံနိုင်စွမ်း လျော့ နည်းတာ၊ အစာခြေစနစ် အားနည်းတာ တို့ကြောင့် အာဟာရချို့တဲ့မှု ဖြစ်တတ်ပါ တယ်။ အသက်ကြီးသူတွေအနေနဲ့ အာ ဟာရချို့တဲ့မှုမဖြစ်စေဖို့ အောက်ပါအ ချက်တွေကို လိုက်နာသင့်ပါတယ်။
- အာဟာရပြည့်ဝတဲ့ အစားအသောက် စားပါ။
- အရသာရှိတဲ့ အစားအသောက်တွေ ပြင်ဆင်ပါ။ - ထမင်းစားချိန်တစ်ချိန်နဲ့ တစ်ချိန်ကြား သရေစာ စားပါ။
- ဖြစ်နိုင်ရင် မိသားစုဝင်တွေနဲ့အတူ စား ပါ။
အိပ်စက်မှု
အသက်ကြီး သူတွေ အနေနဲ့ တစ်နေ့ မှာ အနည်းဆုံး အချိန် ၁ဝနာရီပေးပြီး အိပ် စက် အနားယူသင့် ပါတယ်။ ညဘက်မှာ တစ်ခါတည်း ၁ဝနာရီ ဆက်တိုက် အိပ်မ ပျော်ရင် နေ့ခင်း ဘက်မှာ တစ်ရေးအိပ် ပေးပါ။

ဇွန်
BY GOOD HEALTH

လင်းခေးမြို့ ဆွမ်းတော်ပွဲမှ လူသတ်မှုဖြစ်ပွါး


၇ နိုဝင်ဘာ ၂၀၁၃

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ဝါကျွတ်ဆွမ်းတော်ကြီးပွဲ မှ ခိုက်ရန်ဖြစ် ပွါးကာ ရွာသားတဦးအား မှားယွင်းရိုက်နှက်မိသည့် လူငယ်များအနက် တချို့အား ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း လင်းခေးမြို့ မြို့နယ်ရဲစခန်းကပြောပါသည်။

“ဒီ ရန်ဖြစ်တဲ့လူငယ်တွေက ဒီ နှစ်ယောက်တည်းမက ပါဘူး။ အဖွဲ့ဝင်တွေရှိနေပါသေးတယ်။ အခု ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျနော်တို့စုံစမ်းနေဆဲဖြစ်ပါတယ်” - ဟု လင်းခေးမြို့ရဲစခန်းမှ တာဝန်
ကျရဲတဦးက ဖြေကြားပါသည်။

ပြီးခဲ့သည့်လ အောက်တိုဘာ ၂၄ ရက် ညက လင်းခေးမြို့လယ်ကျောင်းတိုက်သို့ ရပ်ကွက်အလှည့်ကျ ဆွမ်းတော်ကြီးပို့သည့်ပွဲကျင်းပရာ မြို့တွင်းလူငယ်တစု အချင်းချင်းစကားများ ခိုက်ရန်ဖြစ်ပွါးပြီး တချို့ မှာ ထွက်ပြေးကြောင်း၊ တချို့ကနောက်မှလိုက်ကြောင်း၊ ထို့စဉ် လျှပ်စစ်မီးမရှိသော လမ်းကြားထဲ ရောက်သွားစဉ် ပွဲသွားမည့် မြို့ဦးရပ်ကွက်မှ ရပ်ကွက်သား ဦးဇောတိက ဆိုသူအား မှားယွင်းရိုက်နှက် ခဲ့ကြောင်း အမည်မဖော်လိုသည့်အဆိုပါ ပြည်သူ့ရဲက သျှမ်းသံတော်ဆင့်အား ရှင်းလင်းပြောပြသည်။

“ကြားကနေ ဓါးစာခံထိသွားတဲ့ ဦးဇောတိက ကအသက် ၄၁ နှစ်လောက်ရှိပါပြီ။ သူအရိုက်ခံရပြီးပြီးချင်း ဆေးရုံပို့ပါတယ်။ နောက်တနေ့တော့ ဆုံးသွားပါရော။ ရန်ဖြစ်တဲ့ကလေး ၂ ယောက်ကိုတော့ ကျနော်တို့ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ သူတို့ရဲ့ ကျန်တဲ့ အဖော်တွေကိုလဲ ကျနော်တို့ ဆက်လက်စုံစမ်း နေဆဲဖြစ်ပါ တယ်။ တရားဥပဒေအတိုင်း အမှုဖွင့်အရေးယူသွားမှာပါ” - ဟု အဆိုပါရဲက ဆိုပါသည်။

သေဆုံးသူ ဦးဇောတိကမှာ မူးယစ်သောက်စားမှုနှစ်သက်သူဖြစ်ကြောင်း ၊ အခင်းဖြစ်ပွါးစဉ်တွင်လည်း မူးနေကြောင်း၊ လင်းခေးမြို့တွင် အဆိုပါ ရိုက်နှက်သတ်ဖြတ်သည့် အမှုမျိုး မရှိခဲ့ဖူးသလောက် ရှားပါးကြောင်း မြို့နယ်ရဲ စခန်းမှူးမှ အတည်ပြုပြောဆို ပါသည်။

လင်းခေးမြို့နယ်သည် ဝိပဿနာ ကမ္မဌာန်း သာသနာထွန်းကားသည့်မြို့ဖြစ်သည်နှင့်အညီ ယခင်က အဆိုပါအမှုမျိုးမရှိခဲ့ဖူးကြောင်း ဒေသတွင်းလူထုက ပြောဆိုပါသည်။


ယခု ခိုက်ရန်ဖြစ်ပွါးကြသော လူငယ်များအားလည်း မြို့နယ်ရဲစခန်းက ပုဒ်မ (၃၀၂) လူသတ်မှုဖြင့် အမှုဖွင့်ထားသည် ဟု လင်းခေးမြို့ မြို့နယ်စခန်းမှူး ကပြောဆိုပါသည်။

သျှမ်းသံတော်ဆင့်/ ယိင်းအုမ်မွေ

ရွှေနှင့် ကျန်းမာရေး


- ရွှေတွင် ဘက်တီးရီးယားများကို တိုက်ထုတ်နိုင်သည့် စွမ်းအင်ရှိသည်။

-ရောင်ရမ်းမှုကို မဖြစ်စေဘဲ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ခြင်း၊ နေလောင်ကွက်၊ အရွယ်ကြောင့်ဖြစ်သော အစက်အပြောက်များကို ပယ်ရှားပေးနိုင်သည်။

- Collagen  နှင့် အရေပြား ဆန့်ကျုံ့မှု စွမ်းအင်ကုန်ခမ်းခြင်းကို လျှော့ချပေးနိုင်ပြီး အသားအရေကို ရေရှည်နုပျိုစေသည်။

- ဆဲလ်ကလာပ်စည်းများ ကြီးထွားမှုကိုလည်း အခြေခံမှစ၍ တိုးတက်လာစေသည်။ ရလဒ်အနေနှင့် အသားအရေတင်းခြင်း၊ အရေးအကြောင်းနှင့် ပါးရေတွန့်ခြင်းတို့ကို လျော့ပါးစေသည်။

-အောက်ဆီဂျင် မော်လီကျူးများ အသားပေါ်ကို တိုက်ရိုက်ရောက်ရှိစေပြီး၊ ငယ်ရွယ်နုပျိုသော အသားအရေကို အသစ်တစ်ဖန်ဖြစ်စေသည်။ အမှန်စင်စစ် ရွှေသည် အောက်ဆီဂျင်ဓာတ်ပေါင်းပြုမှု ပျက်စီးခြင်းကို ထိန်းသိမ်းထားဖို့ အထောက်အကူဖြစ်စေသည်။

-သငံရည်၊ သွေးဖြူဥများနှင့် သွေးလည်ပတ်စီးဆင်းမှုကို ကောင်းစေသည်။ အချို့ spa  များတွင်ရွှေကို အခြေခံထား၍ ကျန်းမာရေး၊ အလှအပအတွက် ထည့်သွင်းအသုံးပြုသည်။

- ရွှေမှုန်တို့သည် အသားအရေတွင်ရှိသော ညစ်ညမ်းပစ္စည်းများကို စုပ်ယူပေးခြင်း၊ အရေပြား၏ ionic balance ကိုပုံမှန်ဖြစ်စေခြင်း၊ အသား အရေတောက်ပြောင်မှုကို ဖန်တီးပေးခြင်းတို့ကို ပေးစွမ်းနိုင်သည်။
- အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲသည့်ရောဂါများတွင် ရွှေကိုထည့်သွင်း၍ ကုသခြင်းဖြင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်သည်။

Health Updates Journal No. 90

တစ်ရက်အတွင်း ကလေးငယ် အဓမ္မကျင့်ခံရ၍ တိုင်တန်းမှု နှစ်ခုထိရှိ


ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၄ ရက် တစ်ရက်တည်းတွင် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသဖြင့် တိုင်တန်းထားမှု နှစ်ခုထိရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်ကဖြစ်ပွားထားပြီး ကာယကံရှင်၏ မိသားစုက နိုဝင်ဘာ ၄ ရက်တွင် အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် အသက် ၁၃ နှစ်ရှိ ကလေးငယ်ကို အစ်မအရင်းတော်စပ်သူ၏ ခင်ပွန်းဖြစ်သူ ၂၅ နှစ်ရှိ အမျိုးသားက သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ယင်းအဓမ္မပြုကျင့်သူကို ကာယကံရှင် ကလေးငယ်၏ အစ်မ၀မ်းက အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲ စခန်းက ပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် ရှာဖွေနေသည်။

အခြားတစ်ခုမှာ ၁၃ နှစ် ကလေးငယ်အား ဆော့ကစားနေစဉ် ရည်းစားဖြစ်သူက ကြည့်မြင်တိုင်မြို့နယ်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ်နေထိုင်ခဲ့သဖြင့် ကလေးငယ်၏မိဘများက အသက်မပြည့်သေး သည့်အတွက် အဓမ္မပြုကျင့်မှုဖြင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကိုလည်း လှိုင်သာယာ ရဲစခန်းက ပုဒ်မ ၃၆၃/၃၇၆ တို့ဖြင့် အရေးယူရန် တိုင်တန်းခံထား ရသူကို ရှာဖွေနေသည်။

ထို့ပြင် ကွမ်းခြံကုန်းမြို့နယ်တွင်လည်း အသက် ခုနစ်နှစ်ခန့်သာရှိသော ကလေးငယ်တစ်ဦးကို အသက် ၂၀နှစ် လူငယ်တစ်ဦးက သားမယားပြုကျင့်ရန် ကြံစည်လုပ်ဆောင်မှုတစ်ခု နိုဝင်ဘာ ၄ ရက်က ဖြစ်ပွား ခဲ့သေးသည်။

ယင်းဖြစ်စဉ်တွင် နေအိမ်နောက်ဖေးခန်းတွင် ခုနစ်လသားအရွယ် ကလေးငယ်နှင့် ရှိနေသော အဆိုပါ ခုနစ်နှစ်အရွယ် ကလေးငယ်ကို တစ်ရွာတည်းနေ အမျိုးသားက အိမ်ခန်းထဲထိဝင်ရောက်လာပြီး သား မယားပြုကျင့်ရန်ကြံစည်နေသည်ကို အဒေါ်တော်စပ်သူကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတကာစံနှုန်းမှာတော့ အမျိုးသမီးတွေကို အကြမ်းဖက်ရင် လုံးဝကို သီးညည်းခံစရာမလိုဘူးလို့ ပြဋ္ဌာန်းထားတယ်၊ ပြစ်မှုကျူးလွန်သူကို ပြင်းထန်ပြီး ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချကို ချပေးရမှာ၊ ဒါမှလည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်မှာ၊ ဒီမှာ ဒီလိုဥပဒေမျိုးတွေ လိုအပ်နေတာ” ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညို ညိုသင်းက ပြောသည်။

ထို့ပြင် ဆေးပညာရှုထောင့်အရ ရိုက်ကူးထားသော လိင်ပညာပေး ဗီဒီယိုများအား တလွဲအသုံးချနေခြင်း များနှင့် လိင်ကိစ္စပျော်ပါးနိုင်ရန် ပြည့်တန်ဆာဥပဒေများအား သတ်မှတ်ပြဋ္ဌာန်းပေးနိုင်မှု မရှိခြင်းတို့ ကြောင့် အမျိုးကောင်းသားသမီးငယ်များတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ ဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု စီးပွားရေးနှင့် ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ထောက်ပြပြောဆိုသည်။

အရွယ်မရောက်သေးသူ ကလေးငယ်များ အဓမ္မပြကျင့်ခံရခြင်း၏ အဓိကအကြောင်းအရင်းများမှာကလေး ငယ်အား အုပ်ထိန်းသူမပါဘဲ တစ်ဦးတည်း ပြင်ပသို့ ခိုင်းစေခြင်း၊ နေအိမ်တွင် အဖော်မဲ့တစ်ဦးတည်း ထားခြင်း၊ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း(သို့မဟုတ် )ဆွေမျိုးများအား အပ်နှံမှုမရှိခြင်းတို့ကြောင့် ဖြစ် သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက မဇ္ဈိကို ပြောပြထားသည်။

၂၀၁၃ ဇန်န၀ါရီလ မှ ဇူလိုင်လထိ အဓမ္မပြုကျင့်မှုပေါင်း ၆၀ မှု ဖြစ်ပွားခဲ့ရာတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရမှုမှာ ၃၀ မှုထိပါဝင်နေသည်။

ထို့ပြင် အဓမ္မပြုကျင့်မှု ကျူးလွန်သူများတွင်လည်း ဖခင်အရင်းက ပြုကျင့်မှုသုံးမှု၊ ပထွေးက ပြုကျင့်မှု ငါးမှု၊ ဆွေမျိုးက ပြုကျင့်မှု ၁၅ မှုနှင့် သူစိမ်းကပြုကျင့် မှု ၃၇ မှုထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ရန်ကုန်တိုင်းတွင် ၂၀၁၁ ခုနှစ်တွင် အဓမ္မပြုကျင့်မှု ၁၀၅ မှု၊ ၂၀၁၂ တွင် ၁၁၂ မှုထိ ဖြစ်ပွားထားသည်။

Written by  ဇော်ဇော်ထွေး

Mizzima - News in Burmese

ဘာသာရေးပွဲတော်များအတွက် လုံခြုံရေးတိုးမြှင့်မပေးနိုင်ဟု ရန်ကုန်လုံခြုံရေးဝန်ကြီးပြော


ရဲတပ်ဖွဲ့အင်အား အလုံလောက်မရှိ အကြောင်းပြချက်ဖြင့် ရန်ကုန်တိုင်းအတွင်း ဘာသာရေးပွဲတော်များ ပြုလုပ်ရာတွင် လုံခြုံရေးအင်အားတိုးမြှင့် ချထားပေးနိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက နိုဝင်ဘာ ၅ ရက် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

“ရန်ကုန်တိုင်း နေရာအနှံ့အပြားမှာရှိတဲ့ ဗုဒ္ဓပူဇနိယပွဲတော်များ တစ်ခြားပွဲတော်များနှင့် ပတ်သက်ပြီးတော့ မှ လုံခြုံရေးကို ကျွန်တော်တို့ တပ်ရင်း အင်အားနဲ့ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဘူး” ဟု ဦးတင်ဝင်းကပြော သည်။

ခရမ်းမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးမြင့်ဦးက “ဗုဒ္ဓပူဇနိယ ပွဲတော်များ ပြုလုပ်သည့်အခါ ရဲတပ်ဖွဲ့မှ လုံခြုံရေးအင်အားဖြည့်ပေးရန်ရှိမရှိ” မေးခွန်းထုတ်မှုအပေါ် ဦးတင်ဝင်းက အဖြေပေးခြင်းဖြစ်သည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းနှင့်ဦးမြင့်ဦးတို့ အောက်တိုဘာ ၂၃ ရက်ကတွေ့ဆုံစဉ် ရန် ကုန်တိုင်းအ တွင်းရှိ ဘာသာရေးပွဲတော်များ ကျင်းပသည့်အခါ လုံခြုံရေးတာဝန်ယူနိုင်မှသာ ကျင်းပကြရန် ပြောဆိုမှုအပေါ် ထောက်ပြပြောဆိုသွားသေးသည်။ “မိမိဘာသာ ဆောင်ရွက်ကြ၊ လုပ်နိုင်မှလုပ်ကြဟု ပြောနေခြင်းမှာ လွန်စွာနားလည်ရခက်ပါတယ်” ဟု ဦးမြင့်ဦးက ပြောသည်။

လက်ရှိရန်ကုန်တိုင်းရဲတပ်ဖွဲ့အင်အားမှာ တိုင်းအတွင်းရှိ လူဦးရေ ၁၁၃၇ ဦးတွင် ရဲတပ်ဖွဲ့တစ်ယောက်နှုန်း သာရှိသည်ဟုလည်း ဦးတင်ဝင်းက လွှတ်တော်တွင် ပြောဆိုသွားခဲ့သည်။ ထို့ကြောင့် ဘာသာရေးပွဲများ ကျင်းပသည့်အခါ ဂေါပကများအနေဖြင့် သက်ဆိုင်ရာမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီးသာ ဆောင်ရွက်ကြရန်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အောက်တိုဘာ ၂၃ ရက် ဘုရားဂေါပကများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အဓိကရုဏ်းနှိမ်နှင်းရေးနှင့် စွမ်းရည်မြှင့် သတင်းတန်းများကို ရန်ကုန်မြို့ မင်္ဂလာဒုံရဲတပ်ရင်း ၈ တွင် ဥရောပသမဂ္ဂမှ သင်တန်းပို့ချပေးလျက်ရှိသည်။

Written by  မင်းမင်း
Mizzima - News in Burmese

ပဲခူးလမ်းပိုင်း သတ်မှတ်ချိန်တွင် မပြီးသည့် ရွှေလွင်လွင် ကုမ္ပဏီကို အရေးယူရန် လွှတ်တော် အတည်ပြု


နေပြည်တော်၊ နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး နတ္တလင်း-ဒမငယ်ကျောက်ချောလမ်းကို လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေလွင်လွင် ကုမ္ပဏီကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ အရေးယူရန် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဦးသိန်းဝင်းက တင်သွင်းထားသော အဆိုပါ လမ်းပိုင်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရက အရေးယူ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်က ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုကို ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဦးသိန်းဝင်းက အောက်တိုဘာလ ၂၆ ရက်နေ့တွင် တင်သွင်းထားခြင်း ဖြစ်ပြီး ရွှေလွင်လွင် ကုမ္ပဏီကို ယင်းလမ်းပိုင်း ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်ပြီး လွှတ်တော်သို့ လာရောက် ရှင်းလင်းရန် ဆုံးဖြတ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းနေ့တွင် ပြောကြားသည်။

အဆိုပါ ကုမ္ပဏီသည်ကို ပြည်နယ်အစိုးရက သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် အကြိမ်ကြိမ် ညွန်ကြားထားသော်လည်း လိုက်နာခြင်း မရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေက ဆိုသည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် နတ္တလင်း-ဒမငယ်လမ်းအရှည် ခုနစ်မိုင်ကို ကျပ်သန်း ၄၂၃ ဒသမ ၄၃ သန်း ဖြင့် အစိုးရအဖွဲ့၏ တင်ဒါဖြင့် အဆိုပါ ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ရွှေလွင်လွင် ကုမ္ပဏီသည် ကျေးလက်လမ်းတံတား လုပ်ငန်းများအတွက် ကျပ်သန်း ၁၁၅၇ သန်း ထုတ်ယူထားသော်လည်း အောက်တိုဘာ ၁၅ ရက်နေ့အထိ လုပ်ငန်းပြီးစီးမှု တန်ဖိုးကျပ် ၁၀၁၃ ဒသမ ၉၆၅ သန်းသာ ရှိသေးကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

ထို့ပြင် တင်ဒါဖြင့် စတင်လုပ်ကိုင်ခွင့် ပြုထားသော အချိန်တွင် အာမခံစပေါ်ငွေ ၁၁၄ ဒသမ ၁၃ သန်းကိုလည်း စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

The Voice Weekly

မင်္ဂလာကိတ်ကို သတိုးသားနှင့် သတို့ သမီးတို့ ၏ ခေါင်းပြတ်များပုံ ပြုလုပ်


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် မင်္ဂလာဇနီးမောင်နှံ နှစ်ဦးသည် မင်္ဂလာပွဲကို ၄င်းတို့ ၏ ခေါင်းပြတ်များ သဏ္ဍာန်ပြုလုပ် ထားသော ကိတ်မုန့် ဖြင့် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
၈-၁၁-၁၃ ရက်(သောကြာနေ့)ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာမှ --

မင်္ဂလာသတင်း သေချာသွားရင် ပရိသတ်ကို အသိပေးပါ့မယ်ဆိုသူ ချစ်သုဝေ


ချစ်သုဝေက လင်းလင်းရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပရိသတ်တစ်ဦးအနေနဲ့ သွားရောက် အားပေးရင်းနဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ‘နားလည်မှု’ သီချင်းကို လင်းလင်းနဲ့ စုံတွဲသီဆိုခဲ့ပါတယ်။ သီဆိုခဲ့ရပုံကို ချစ်သုဝေက “ပွဲက ဖေဖေလည်း သွားတယ်ဆိုတော့ ထရီဇာလည်း လိုက်သွားတယ်။ ဖေဖေက ဒူးခွဲစိတ်ထားရ ပေမယ့် သူတအားကြည့်ချင်တော့ ထရီဇာတို့ ညီအစ်မနှစ်ယောက်စလုံး လိုက် သွားတယ်။ ကြော်ငြာထားတာက Solo Show  ပွဲလေ။ ဆိုဖို့လည်း အစီ အစဉ်မရှိဘူး။

သီချင်းကလည်း Dream Lover တီးဝိုင်းနဲ့ တိုက်မ ထားဘူး။ အဲဒီနေ့မှာပရိသတ်က’နားလည်မှု’ ကို တအားတောင်းတယ်။ ချစ်သုဝေ နားလည်မှုဆိုပြီး ထရီဇာ နာမည်ကို တအားအော်တယ်။ အစ်ကိုက အစကတော့သူလည်း မကြားချင်ယောင်ဆောင်ပြီး ဆက်ဆိုနေတာပေါ့။ ဒါပေမဲ့ ကိုယ့်နာမည်လည်းအော်တယ်။ သီချင်း နာမည်လည်း   အော်ပြီး တောင်းတော့ အစ်ကိုက စင်ပေါ်ကခေါ်လိုက်တယ်။ထရီဇာကလည်းစင်ဘေးတင် ကပ် ကြည့်နေတာ။ စင်ပေါ်ကနေ ရုတ်တရက်ခေါ်တာ ဆိုတော့အောက်က ပရိသတ်တွေကလည်း အပြည့်ပဲ။

စိတ်ထဲမှာထူပူပြီးတက်သွားတာစလွယ်သိုင်း အိတ် ကြီးတောင်ပါသွားတယ်။ဒါလေးက အမှတ် တရဖြစ်သွားတာပေါ့” လို့ပြောပါတယ်။ ဝါကျွတ် အချိန်အခါမှာ ချစ်သူစုံ တွဲ တွေ အနေနဲ့ မင်္ဂလာ ပွဲဆင်နွှဲကြတာ ကြောင့်ချစ်သုဝေရဲ့ မင်္ဂလာ သတင်းကိုလည်းမေး တော့ “အားလုံးစီစဉ် ပြီးရင် ပရိသတ်တွေကို ပြောပြမှာပါ။  Personal  တွေ ကို ပြောပြလေ့ မရှိဘူး ဆိုတာက ဘာမှမဟုတ်ဘဲ ဂယက်တွေထတာ၊ အပြောများ တာတို့ဖြစ်မှာစိုးလို့။ ဒါပေမဲ့ သေသေချာချာ Plan တွေလုပ်၊ အကုန်လုံးတိတိကျကျဖြစ် သွား ရင် အရင်ဆုံးစပြီးပေးသိမယ့် သူကထရီဇာ့မိဘပြီးရင်ထရီဇာ့ ပရိသတ်တွေပါပဲ။ အမျိုးစုံ ပြော နေကြတာတော့ ထရီဇာ ပြန်ကြား ပါတယ်။ထရီဇာပရိသတ်တွေကို ကတိပေးနိုင်တာ တစ်ခုရှိတယ်။ ထရီဇာ့ပရိသတ်ဆိုတာထရီဇာ့ ကျေးဇူး ရှင်ပါပဲ။မိဘပြီးသွားရင်အသိပေးမယ့်သူကထရီဇာ့ပရိသတ်ပါပဲ။ ရက်စွဲ တိကျတဲ့အခါ၊နေရာတိကျ တဲ့အခါ၊လုပ် မယ့် ပုံစံတွေတိကျတဲ့အခါ အသိပေး ပါ့မယ်။ ထရီဇာက သိပ်ပြီး ကြိုတင် စီစဉ်ရတာကိုတော့မကြိုက်ဘူး။ ထရီဇာ လုပ်ရင်တော့ဝုန်းဒိုင်းကြီး ထလုပ် ဖြစ်မယ် ထင်ပါရဲ့” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal

တိုးမြှင့်သည့် မီတာခနှုန်းထားများ လျှော့ချ မပေးမချင်း ရက်အကန့်အသတ်မရှိ ဆန္ဒပြမည်ဟု ဆို


နိုဝင်ဘာလတွင် စတင် တိုးမြင့်ကောက်ခံမည်ဖြစ်သော မီတာခနှုန်းထားများကို လျော့ချပေးမချင်း ရက်အကန့်အသတ်မရှိ ဆန္ဒထုတ်ဖော်သွားမည်ဟု ရန်ကုန်မြို့တွင် နိုဝင်ဘာ ၇ ရက်ညနေပိုင်း၌  ဒုတိယနေ့အဖြစ် ဆန္ဒထုတ်ဖော်သူများက ပြောကြားလိုက်သည်။

ဆန္ဒဖော်ထုတ်ရာတွင်  ဒီမိုကရေစီအင်အားစု၊ Generation Youths၊ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့တို့မှ ပါဝင်သော်လည်း အဖွဲ့ကိုယ်စားပြုအနေဖြင့် ဆန္ဒပြခြင်းမဟုတ်ဘဲ ပြည်သူကိုယ်စားပြုအနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၄င်းတို့က ဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဒီမိုကရေးစီအင်အားစုမှ ဦးသန်းဆွေက “ မီတာခ ဈေးတွေ မလျော့ပေးမချင်း ဆက်တိုက် ဆန္ဒထုတ်ဖော်သွားမယ်။ အခုလို ဆန္ဒထုတ်ဖော်တာ ပြည်သူကို ကိုယ်စားပြုပြီး ထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု သတင်းထောက်များကို  ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများသည် မြေနီကုန်း စီတီးမတ်အနီးမှ စတင်လမ်းလျှောက် ထွက်ခွာပြီး အလုံမြို့ နယ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံးသို့ ဖယောင်းတိုင်များ ကိုင်ကာ စီတန်းလှည့်လည် လမ်းလျှောက်ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ဆန္ဒပြသူများသည် ပြည်သူကို ကိုယ်စားမပြုဟု ပြောခြင်းနှင့် ပတ်သက်၍လည်း “ လျှပ်စစ်မီတာ ဈေးနှုန်းလျော့ကျစေချင်တဲ့ ပြည်သူတွေကို စစ်တမ်းကောက်ကြည့်ပါ။ ပြည်သူတွေက ဈေးနှုန်း မလျော့ကျချင်ဘူးဆိုရင် ကျွန်တော်တို့ အဖမ်းခံလိုက်မယ်၊အမှန်တကယ် လျော့ကျချင်တယ်ဆိုရင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင် ရာထူးက နုတ်ထွက်ပေးပါ”ဟုလည်း ဆန္ဒထုတ်ဖော်သူများက မြေနီကုန်းမှ စတင်ထွက် ခွာရာတွင် အများပြည်သူသို့ အသိပေး ပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်မှုတွင် ပြည်သူများလည်း ပူးပေါင်းပါဝင်ပြီး စုစုပေါင်း ဦးရေ  ၅၀ ခန့် ဆန္ဒဖော်ထုတ်ကြ သည်။

မီတာခများ လျော့ချပေးရန်အတွက် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့နှင့် Generation Youths အဖွဲ့တို့က နိုဝင်ဘာ ၆ ရက်တွင်လည်း တစ်ဖွဲ့စီ ဆန္ဒထုတ်ဖော်ခဲ့သေးသည်။

အဆိုပါဆန္ဒထုတ်ဖော်ကြသူများသည် ကြိုတင်ခွင့်ပြုချက်မရယူဘဲ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ပြီးသည်။ ပထမနေ့က(နိုဝင်ဘာ ၆ ရက်)တွင်လည်း ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ်မှုကြောင့် Generation Youths မှ အဖွဲ့ခေါင်းဆောင် ကိုတင်ထွဋ်ပိုင်ကို ည ၇ နာရီခန့်က ကျောက်တံတား ရဲစခန်းမှ လာရောက် ခေါ်ဆောင် သွားခဲ့ပြီး နိုဝင်ဘာ ၇ ရက်တွင် ပြန်လည်လွတ်မြောက်လာကာ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုတွင် ထပ်မံပါဝင်ခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေအဖွဲ့က လျှပ်စစ်ဓာတ်အားသုံးစွဲခ ပြင်ဆင်သည့်နှုန်းထား ပြင် ဆင်ခြင်းကို အောက်တိုဘာ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး အိမ်သုံးဖြစ်ပါက တစ်ယူနစ်မှ ယူနစ်တစ်ရာ အထိအား ၃၅ ကျပ်ဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ပြီး ၁၀၁ ယူနစ်မှစတင်ကာ တစ်ယူနစ် ၅၀ကျပ်နှုန်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ကြောင်း ပါဝင်သည်။

စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားနှုန်းထားများကို တစ်ယူနစ်မှ ယူနစ် ငါးထောင်အထိအား တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှုန်းဖြင့် တွက်ချက်မည်ဖြစ်ပြီး ၅၀၀၁ ယူနစ်မှစတင်ကာ တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် တွက်ချက် ကောက်ခံမည်ဖြစ်ကြောင်းထုတ်ပြန်သည်။ ယင်းသတ်မှတ်ချက်မှာလည်း နိုဝင်ဘာလမှစတင် အကြုံးဝင်မည်ဖြစ်သည်။
ကြာသပတေးနေ့၊ နိုဝင်ဘာလ 07 ရက် 2013 ခုနှစ် မဇ္ဈိမ သတင်း - မဇ္ဈိမသတင်းဌာန

RNDP သံတွဲမြို့နယ် ဥက္ကဌ အပါအ၀င် ၁၁ ဦးကို ရုံးတင် စစ်ဆေး


( ဓါတ်ပုံ- အင်တာနက်)

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဦးစောလိုင် အပါအ၀င် လူပေါင်း (၁၁) ဦးကို ယမန်နေ့က ရုံးတင် စစ်ဆေးခဲ့သည်ဟု သိရသည်။

သူတို့အားလုံးသည် အောက်တိုဘာလ (၁)ရက်နေ့က သံတွဲတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အတွင်း ဖမ်းဆီး ခံထားရသူများ ဖြစ်ကြသည်။

နိုဝင်္ဘာလ ၇ ရက်နေ့က သံတွဲ မြို့နယ်တရားသူကြီး ဦးမြင့်ဟန်က တရားလိုရော၊  တရားခံပါ နှစ်ဖက်စလုံးကို စစ်ဆေးခဲ့သည်ဟု သံတွဲမြို့ RNDP အတွင်းရေးမှူး ဦးမောင်ဖြူက နိရဉ္စရာသို့ ပြောသည်။

“ မနေ့က  ကျနော်တို့ မြို့နယ် ဥက္ကဌအပါအ၀င် ၁၁ ယောက်ကို စစ်ဆေးပါတယ်။ မြို့နယ်တရားသူကြီး ဦးမြင့်ဟန်က စစ်တာပါ။ အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်ပြီး လှုံဆော်တဲ့ အမှုရယ်၊ နောက်တစ်ခုက  ၀တ္တရား နှောင့်ယှက်မှုရယ်၊ ဒါတွေကို စစ်ဆေးပါတယ်။ နောက်ပြီး တရားလို ရဲမှူး ခင်ဇော်ကိုလည်း စစ်ပါတယ်” ဟု ယင်းက ဆိုသည်။

သံတွဲမြို့နယ်ဥက္ကဌ ဦးစောလိုင် (ခေါ်) ဦးမောင်ပုနှင့် နောက်ထပ် သံတွဲ ဒေသခံ (၁၀) ဦးအား သံတွဲမြို့နယ် ရဲတပ်ဖွဲ့က တရားလိုလုပ်ကာ ဝတ္တရား နှောင့်ယှက်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၆၊ ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ  ၅၀၅(ဂ) ဖြင့် တရားစွဲဆိုထားသည်။

မနေ့က ရုံးတင် စစ်ဆေးမူသည် ဒုတိယ အကြိမ်  ဖြစ်ပြီး လာမည့် တတိယ အကြိမ် ရုံးချိန်းကို နိုဝင်္ဘာလ ၁၁ ရက်နေ့ကို ပေးလိုက်သည်ဟု ဦးမောင်ဖြူက ပြောသည်။

စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခတွင် ဖမ်းဆီးခံထားရသူ ၇၀ ကျော် ရှိပြီး သူတို့ အား လုံ့ဆော်မူ၊ ၀တ္တရား နှောင့်ယှက်မူ၊ လူသတ်မူ၊ မီးရှို့မူ စသည့် အမူတို့ဖြင် အမူတွဲအလိုက် အုပ်စုခွဲကာ တသုတ်ပြီး တသုတ် ရုံးတင် စစ်ဆေးနေခြင်း ဖြစ်သည်။

သံတွဲပဋိပက္ခသည် စက်တင်္ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး ထိုပဋိပက္ခ အတွင်း လူ (၇) ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၁၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
(နိရဉ္စရာ- ၈ နိုဝင်္ဘာလ ၂၀၁၃) / မောင်ရမ္မာ

အပိုင်းလေး အပေးလိုင်း၊ ပုဒ်မလေး ပေးမှလုပ်တို့ကို ပြုပြင်မယ် ဆိုရင်


 ဌာနဆိုင်ရာတွေနဲ့ပတ်သက်ရင် ပြည်သူတွေဆီက ကြားနေရဆဲ အသံတချို့ကတော့
“ဒီမိုကရေစီက နေပြည်တော်မှာ ရတာပါ။ ဒို့ဆီမှာတော့ အရင်အတိုင်းပါပဲ”
“အပိုင်းလေး - အပေးလိုင်း”
“ပုဒ်မလေး - ပေးမှလုပ်”
ဆိုတာတွေ ဖြစ်ပါတယ်။


ဒီအသံတွေက အစိုးရအဆင့်ဆင့်ရဲ့ ပြုပြင်ပြောင်းလဲရေး အခင်းအကျင်း ဘယ်လို ရှိနေသလဲဆိုတာကို ညွှန်းနေတာလား။

ဧရာဝတီတိုင်းလွှတ်တော်မှာတော့ ဒီအခင်းအကျင်းနဲ့ ဆက်စပ်မယ်လို့ ယူဆရတဲ့ အဆိုတခုကို ၆ ရက်နေ့က  တင်သွင်းခဲ့ပါတယ်။

အဲဒါကတော့ ... သမ္မတဦးသိန်းစိန်၊ ဧရာဝတီတိုင်းအစိုးရတို့ရဲ့ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေကို  တချို့သော အုပ်ချုပ်ရေးအဖွဲ့၊  ဌာနဆိုင်ရာတို့က
မလိုက်နာ မဆောင်ရွက်ရင် တိုင်းအစိုးရက ကြပ်မတ်ပေးရေး ဆိုတာပါပဲ။

ငပုတောမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ဒီအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

“မူဝါဒကောင်းတွေနဲ့ လမ်းညွှန်မှုတွေ ချပေးပေမယ့် အောက်ခြေအဆင့်ဌာနဆိုင်ရာတချို့တွေက အခုချိန်ထိ လိုက်နာ ဆောင်ရွက်ခြင်း မရှိသေးဘူး။ တချို့ဌာနဆို အရင်အစိုးရလက်ထက်ကထက် ဆိုးလာတာ တွေ့နေရလို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ လိုအပ်သလို ကြပ်မပ်စီမံပေးဖို့ တင်တာဖြစ်ပါတယ်” လို့    ဦးအေးကြည်က ဧရာဝတီကို ပြောပါတယ်။


(အဆိုတင်သွင်းသူ  ဦးအေးကြည်)

 ပြည်သူတွေဟာ ဆယ်အိမ်မှူးကအစ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာ အပိုင်စာရေး၊ မြေတိုင်းစာရေး၊ အခွန်အခကောက်သူတွေနဲ့  နီးရာဓားကြောက်နေရဆဲ ဖြစ်နေတဲ့အတွက် အောက်ခြေမှာ ပြုပြင်ပြောင်းလဲခြင်း မရှိသေးဘူး လို့ သူက  လွှတ်တော်မှာတင်ပြသွားပါတယ်။

အဆိုတင်သူရော ထောက်ခံသူပါ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုသူတွေပါ။

ထောက်ခံသူက   ဒေးဒရဲမြို့နယ် အမှတ် ၂ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းထွန်း ဖြစ်ပါတယ်။

ဦးသိမ်းထွန်းက လွှတ်တော်မှာ ပြောသွားတာ ဒီလိုပါ...

“အစိုးရအဖွဲ့ရဲ့အပြောင်းအလဲဆောင်ရွက်ချက်တွေကို ပြည်သူ့ဝန်ထမ်းနဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေက အကောင်အထည်ဖော်ရာမှာအားနည်းမှုတွေရှိနေတယ်လို့ ပြောဆိုကြားသိ နေရပါတယ်။
နိုင်ငံတော်သမ္မတကြီးနဲ့ဝန်ကြီးချုပ်တို့သည်မိမိနိုင်ငံနဲ့မိမိဒေသအကျိုးအတွက် မူဝါဒနဲ့ လမ်းညွှန်ချက်များကို ပြင်ဆင်ချမှတ်ဆောင်ရွက်ထားသော်လည်း အုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းတချို့ဟာ ရှေးရိုးစွဲအတိုင်းစီမံဆောင်ရွက်နေပြီး ပြုပြင်ပြောင်းလဲမှု မရှိသေးကြောင်း တွေ့မြင်ကြားသိနေရပါတယ်”


(ထောက်ခံသူ  ဦးသိမ်းထွန်း)

ဒီအဆိုနဲ့ပတ်သက်လို့ လွှတ်တော်ဥက္ကဋ္ဌဦးတင်စိုးက တိုင်းအစိုးရရဲ့သဘောထားကို မေးမြန်းခဲ့ပါတယ်။

တိုင်းအစိုးရကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်း  ပြန်လည်ဖြေကြားခဲ့တာက...

“ကျနော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ဒီအဆိုအပေါ်မှာမူတည်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်များက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ ဌာနဆိုင်ရာနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ဘယ်လိုကြပ်မတ်ဆောင်ရွက်သွားမလဲဆိုတဲ့ အချက်တွေ သိလာရမှာဖြစ်ပါတယ်။
ဒါကြောင့်လွှတ်တော်မှာဆွေးနွေးဖို့ ထောက်ခံအပ်ပါတယ်”


(ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဗိုလ်မှူးကြီးမောင်မောင်ဝင်း)

 ကိုယ်စားလှယ်အားလုံးကလည်း  ထောက်ခံကြတဲ့အတွက် မကြာခင် တိုင်းလွှတ်တော်မှာ ဆွေးနွေးကြတော့မှာပါ။

ဒီမိုကရေစီအပြောင်းအလဲမှာ မလိုက်ပါနိုင်သေးတဲ့ ဌာနဆိုင်ရာတွေကို ကိုင်တွယ်ဖို့   ဘယ်လိုအစီအမံတွေများ ချမှတ်နိုင်မလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကြပ်မတ် ထိန်းကျောင်းသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေပါပြီ။

ဧရာဝတီနည်းတူ တခြားလွှတ်တော်တွေမှာလည်း   အခုလိုအဆိုတွေတင်သွင်းပြီး တိုင်းနဲ့ပြည်နယ်အဆင့်အစိုးရကနေ အောက်ခြေဌာနဆိုင်ရာတွေကို ဒီမိုကရေစီ ကျင့်စဉ်အတိုင်း ပြည်သူ့အကျိုးစီးပွားအလေးထားဆောင်ရွက်ပေးဖို့ ကြပ်မတ်ပေးနိုင်မယ် ဆိုရင်တော့ ပြည်သူတွေအတွက် အတော့်ကိုဝမ်းသာရမှာပါ။


(၆ ရက်နေ့က  လွှတ်တော် အစည်းအဝေးမှာ တွေ့ရတဲ့ ဥက္ကဋ္ဌ)

အပိုင်းလေး - အပေးလိုင်း၊ ပုဒ်မလေး - ပေးမှလုပ် ဆိုတဲ့ လက်ရှိအခြေအနေ ပြောင်းလဲဖို့ ဘာတွေ လုပ်ကြမယ် ဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဆလိုင်းသန့်စင်

တရုတ်ကုန်သည်များ မြန်မာဆန် တန်ချိန်တစ်သိန်း ဝယ်ရန် ကမ်းလှမ်း


ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာ့ဆန် အဓိက ဝယ်လက်ဖြစ်သော တရုတ်နိုင်ငံက ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့မှတစ်ဆင့် ဧည့်မထ ၂၅ မတ် ဆန်ကြမ်း တန်ချိန်တစ်သိန်း ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။
တရုတ်ကုန်သည်များက မိုင်းလားမြို့မှတစ်ဆင့် မြန်မာ့ဆန် ဝယ်ယူရန် ကမ်းလှမ်းမှုတွင် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပြီး မည်သည့် အတွက်ကြောင့် ဝယ်ယူမည် ဆိုသည်ကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။
“ဘာအတွက်ဝယ်မယ် ဆိုတာက လေ့လာဆဲပါ။ အဲဒီ့ဘက်ကနေပြီး ဝယ်လေ့ဝယ်ထ မရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။

မြန်မာ့ဆန်ကြမ်းကို တရုတ်နိုင်ငံက စားသောက်ကုန် ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုရန်နှင့် အရက်ချက်ရန်အတွက် အဓိက ဝယ်ယူလေ့ ရှိသည်ဟု မူဆယ်အခြေစိုက် ဆန်ကုန်သည်များက ဆိုသည်။

မြန်မာ့ဆန်ကြမ်းကို တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အဓိက တင်ပို့လျက် ရှိကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ရှင်းပြသည်။
“မူဆယ် ဘက်ကနေတော့ ပုံမှန်လောက်ပဲ သွားနေတယ်။ ထူးထူးခြားခြား လျော့ဝယ်လာတာမျိုး မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ထို့ပြင် လက်ရှိအချိန်တွင် ပြည်တွင်း၌ မိုးကြီးရေလျှံမှုများနှင့် ကမ္ဘာ့ဆန်ဈေး ကျဆင်းမှု တို့ကြောင့် မြန်မာ့ဆန် ပြည်ပ တင်ပို့မှုမှာ ကျဆင်းလျက် ရှိသည်ဟုလည်း ၎င်းကဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရမူ ပြည်ပ ဆန်တင်ပို့မှုသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်စ ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ တန်ချိန် သုံးသိန်းကျော် တင်ပို့ထားပြီး ယမန်နှစ် အလားတူ ကာလတွင် ဆန်တန်ချိန် ခြောက်သိန်းငါးသောင်းကျော် တင်ပို့ခဲ့သောကြောင့် ယခုနှစ်ဆန် တင်ပို့မှုမှာ တန်ချိန် သုံးသိန်းကျော် လျော့နည်းနေသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ခုနစ်သိန်းကျော် တင်ပို့ထားသည်။
The Voice Weekly

သတင်းမီဒီယာဥပဒေမှ ပယ်ဖျက်ထားသော ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ ပြည်သူ့လွှတ်တော် အတည်ပြု


နေပြည်တော်၊ နိုဝင်ဘာ ၆

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ၎င်းတို့ ပယ်ဖျက်ထားသော သတင်းမီဒီယာဥပဒေမှ ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တင်သွင်းခဲ့သော သတင်းမီဒီယာ ဥပဒေပုဒ်မ ၁၂ ပါ “ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်” ဟူသော အချက်နှင့် ပုဒ်မ ၃၂ ပါ “ဥပဒေအရ တားမြစ် ပိတ်ပင်ထားပြီး ပြစ်မှုဖြင့် အရေးယူခံရသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်” ဟူသော မီဒီယာကဏ္ဍအတွက် အရေးကြီးသော အချက်တို့ကို အောက်တိုဘာလ ၁၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်း ကော်မတီက ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

သို့သော် ဥပဒေကြမ်း ကော်မတီ၏ ပယ်ဖျက်မှုကို စာနယ်ဇင်းကောင်စီနှင့် မီဒီယာများက လက်မခံခဲ့ပေ။ ကောင်စီနှင့် မီဒီယာတို့၏ ဝေဖန်မှုများ ပေါ်ထွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည် ထည့်သွင်းခြင်း ဖြစ်သည်။
“စာနယ်ဇင်းကောင်စီက ကန့်ကွက်လို့တော့ မဟုတ်ပါဘူး၊ ဝေဖန်တာတော့ ရှိတယ်၊ ပြန်ကြားရေးနဲ့ ကော်မတီတချို့နဲ့ အစည်းအဝေးလုပ်ပြီး ပြန်ထည့်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဦးစောလှထွန်းက ဆိုသည်။

ယခုပြန်လည် ထည့်သွင်းထားသော အဆိုပါ ဥပဒေ၏ ပုဒ်မ ၁၂ မှ “ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်” ဟူသော အချက်မှ “တစ်ခုတည်းသော” ဟူသည့် စာသားကိုမူ ထည့်သွင်းထားခြင်း မရှိပေ။

ယင်းသတင်းမီဒီယာ ဥပဒေကို နိုဝင်ဘာ ဒုတိယပတ်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေး အစီအစဉ်များအရ သိရသည်။
The Voice Weekly

အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများက Apple ထုတ်ပစ္စည်း အသုံးပြုသူများ၏ သတင်းအချက်အလက် တောင်းခံ


ဝါရှင်တန်၊ နိုဝင်ဘာ ၆

အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများက အိုင်တီ နည်းပညာကုမ္ပဏီ Apple ထံမှ ၎င်း ကုမ္ပဏီထုတ် ပစ္စည်းများကို အသုံးပြုသူများနှင့် ပတ်သက်သော သတင်း အချက်အလက်များကို တောင်းခံခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ တောင်းခံရာတွင် ခြောက်လအတွင်း အမေရိကန် အစိုးရက Apple ကုမ္ပဏီထုတ် ပစ္စည်းများကို အသုံးပြုသူ လူ ၁၀၀၀ မှ ၂၀၀၀ ထိရှိသော လူများ၏ သတင်း အချက်အလက်များကို တောင်းခံခဲ့ပြီး၊ သတင်း အချက်အလက် တောင်းခံသည့် အစိုးရများတွင် အများဆုံး ဖြစ်သည်။

အမေရိကန် အစိုးရက တောင်းခံသည့် Apple Account အသုံးပြုသူဦးရေ ၃၀၀၀ ခန့်လောက်တွင် ၁၀၀၀ ခန့်၏ သတင်း အချက်အလက်များကို ပေးခဲ့ကြောင်း Apple ကုမ္ပဏီက ပြောကြား သည်။

အမေရိကန် အစိုးရ၏ သတင်းအချက် တောင်းခံသူများမှာ ဓားပြမှု၊ ရာဇဝတ်မှုများနှင့် ပတ်သက်၍ လူပျောက်ရှာခြင်း အတွက် တောင်းခံခြင်း ဖြစ်ကြောင်း Apple က ပြောကြားသည်။

ကမ္ဘာတစ်ဝန်းရှိ အစိုးရများက Apple Account အသုံးပြုသူများ၏ iTune၊ iCloud များကို တောင်းခံလေ့ ရှိပြီး၊ တခါတစ်ရံတွင် ဓာတ်ပုံများ၊ အီးမေးလ်များကိုလည်း တောင်းဆိုလေ့ ရှိသည်။

Apple ကုမ္ပဏီ အကောင့်များနှင့် ပတ်သက်သော သတင်းအချက်အလက် တောင်းခံသည့် အစိုးရများတွင် အမေရိကန် ပြီးလျှင် ဗြိတိန်က ဒုတိယ အများဆုံး ဖြစ်ပြီး တောင်းဆိုသည့် အကောင့်အရေအတွက် ၁၂၇ ခု ရှိသည်။

ထို့ပြင် စပိန်၊ ဂျာမနီနှင့် သြစတြေးလျ နိုင်ငံတို့မှာလည်း သတင်း အချက်အလက် တောင်းဆိုမှု အများဆုံး ထိပ်ဆုံး ငါးနိုင်ငံ စာရင်းတွင် ပါဝင်သည်။

လောလောဆယ်တွင် အမေရိကန် အစိုးရက တောင်းခံခဲ့သော အကောင့်များနှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုခြင်းကို အမေရိကန် အစိုးရက ခွင့်မပြုကြောင်း Apple ကုမ္ပဏီက ပြောကြားသည်။

အမေရိကန် အစိုးရက တောင်းခံခဲ့သော ကိစ္စနှင့် ပတ်သက်၍ ကမ္ဘာတွင် အသုံး အများဆုံးဖြစ်သော Google Facebook Microsoft တို့က လူအများကို ဖွင့်ချ အသိပေးရန် ယခုနှစ် အစောပိုင်းကလည်း အမေရိကန် အစိုးရကို တောင်းဆိုခဲ့ သော်လည်း အမေရိကန် အစိုးရက ခွင့်မပြုခဲ့ပေ။
The Voice Weekly

ဂျပန် အထည်ချုပ်လုပ်ငန်းနှစ်ခု ရန်ကုန်တွင် လုပ်ကိုင်မည်


ရန်ကုန်၊ နိုဝင်ဘာ ၆

ပြည်ပ အထည်ချုပ်လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမှု ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာသော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ အခြေစိုက် အထည်ချုပ် လုပ်ငန်းနှစ်ခုကို စက်ရုံတည်ဆောက် လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် အဆိုပါ အထည်ချုပ်လုပ်ငန်း နှစ်ခုတွင် Flex Japan ၏ ကုမ္ပဏီခွဲ White Owl Fashion Co., Ltd. က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ Honeys Garment Industry Ltd. ကိုလည်း အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခွင့် ချထားပေးပြီး ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

CMP စနစ် လုပ်ငန်းများသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်သည်မှာ မှန်သော်လည်း ပြည်တွင်းရှိ လုပ်သားအများစုမှာ လုပ်ငန်းများနှင့် အလှမ်းဝေး၍ ကျွမ်းကျင်မှု မရှိသူများသောကြောင့် အချိန်ယူရကြောင်း ပဲခူးတိုင်းဒေသကြီးအတွင်း Coach၊ Gucci၊ DKNY အစရှိသော ပိုက်ဆံအိတ်များကို CMP စနစ်ဖြင့် ထုတ်လုပ်ရန် ပြင်ဆင်နေသော MGS ကုမ္ပဏီမှ တာဝန်ရှိသူ ဦးသန့်ဇင်ကြိုင်က ပြောဆိုသည်။

လက်ရှိတွင် CMP ဖြင့် လုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းအသီးသီး ဆက်တိုက် ဝင်ရောက် နေသော်လည်း လျှပ်စစ်ဓာတ်အား၊ လုပ်အားခ၊ ကျွမ်းကျင်လုပ်သား ပြဿနာ များကြောင့် လုပ်ငန်း လုပ်ကိုင်ရာတွင် အခက်အခဲများ ရှိနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ CMP စနစ်ဖြင့် လုပ်ကိုင်မည့် အထည်ချုပ်နှင့် အခြားဆက်စပ် လုပ်ငန်းပေါင်း ၅၀ ကျော်ကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
The Voice Weekly

Mobile Banking စည်းမျဉ်းများ ဗဟိုဘဏ် ရေးဆွဲပြီးဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၆

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည့် ဘဏ်စနစ် ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် လိုအပ်နေသည့် Mobile Banking စနစ်အတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း (Regulation) များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရေးဆွဲပြီး ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ စည်းမျဉ်း စည်းကမ်းများကို ဗဟိုဘဏ်က ရေးဆွဲပြီး ဖြစ်သော်လည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံးတို့၏ မှတ်ချက်နှင့် အတည်ပြုရရှိရန် လိုအပ်ကြောင်း၊ ထွက်ရှိမည့် အချိန်ကိုမူ မပြောနိုင်သေးကြောင်း ၎င်းကရှင်းပြသည်။
“ဘယ်လောက်ကြာမယ် ဆိုတာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ပဲ ဆိုင်တယ်။ ဗဟိုဘဏ်ဘက်က လုပ်စရာရှိတာ အကုန်လုပ်ပြီးသွားပြီ။ ထွက်လာတာနဲ့ စသုံးနိုင်မယ်” ဟု ၎င်းကဆိုသည်။

Mobile Banking စနစ် ကျင့်သုံးနိုင်ပါက ဘဏ်များ မဖွင့်လှစ်နိုင်သည့် နေရာများတွင် ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းများ လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ရန်လည်း လိုအပ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းထွဋ်က သုံးသပ်သည်။
“Communication ကောင်းဖို့လည်း လိုတယ်။ ခဏခဏ လိုင်းကျနေလို့ မရဘူး” ဟု ၎င်းကဆိုသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်များ Mobile Banking စနစ်နှင့် Online Banking စနစ်များ အကောင်အထည် ဖော်ပြီးလျှင် အာဆီယံဘဏ်များနှင့် အဆင့်အတန်း တူညီသွားမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။
The Voice Weekly

မီတာခ တိုးကောက်မှု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူ ငါးဦးကို ဖမ်းဆီး


ရန်ကုန်၊ နိုဝင်ဘာ ၆

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပြည်သူလူထုကို အသိပေးခြင်း မရှိဘဲ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရုတ်တရက် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ မကျေနပ်သောကြောင့် နိုဝင်ဘာလ ၆ ရက်နေ့က သိမ်ကြီးဈေးရှေ့နှင့် မြို့တော်ခန်းမရှေ့ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင် ပါဝင်သူ ငါးဦးကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းနှစ်ခုက အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း အဆိုပါ ရဲစခန်း တာဝန်ရှိသူများထံမှ စုံစမ်းသိရှိသည်။

သိမ်ကြီးဈေးရှေ့တွင် နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူ ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင်များဖြစ်သော ဦးဇေယျာလင်း၊ ဦးသိန်းအောင်မြင့်၊ ဦးနောင်နောင်နှင့် ဦးတင်မောင်ကြည်တို့ကို ပန်းဘဲတန်း ရဲစခန်းက ဆန္ဒပြခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်က မြို့တော်ခန်းမရှေ့၌ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူများဖြစ်သည့် Generation Youth အဖွဲ့မှ ဦးတင်ထွဋ်ပိုင်နှင့် ၂၀၀၇ ခုနှစ်ကုန် ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ဦးသိန်းအောင်မြင့်တို့ကို ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်သဖြင့် ကျောက်တံတားရဲစခန်းက ဆန္ဒပြခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး အရေးယူခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ပြည်သူလူထု အများစုကို ကိုယ်စားပြုသော လွှတ်တော်တွင် လျှပ်စစ် မီတာခများ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခြင်းမရှိဘဲ အစိုးရအဖွဲ့က ရုတ်တရက် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ခြင်းသည် လွှတ်တော်ကို မျက်ကွယ်ပြုရာ ရောက်သောကြောင့် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း၊ ပြည်သူကိုယ်စား ဆောင်ရွက်မည့် ပြည်သူ့ ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်ထောင်စု အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း သိမ်းကြီးဈေးအနီးတွင် ဆန္ဒဖော်ထုတ်သူ ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင် ဦးသိန်းအောင်မြင့်က ဆိုသည်။

လျှပ်စစ်မီတာခများ ရုတ်တရက် တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ရာတွင် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာအောင် နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ EPC ရုံးအထိ ချီတက် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သူ Generation Youth အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သိမ်ကြီးဈေးရှေ့မှ ဆူးလေဘုရားအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင်လေးဦး ပါဝင်ပြီး မြို့တော်ခန်းမရှေ့ ဆန္ဒဖော်ထုတ်မှုတွင် ၎င်းတို့ အပါအဝင် Generation Youth အဖွဲ့ဝင်များနှင့် ပြည်သူ စုစုပေါင်း ၁၂၀ ကျော် ပါဝင်ခဲ့သည်။
The Voice Weekly

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် အပြောင်းအလဲ ဒီဇင်ဘာတွင် ကြေညာမည်


ရန်ကုန်၊ နိုဝင်ဘာ ၆

လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပတော့မည့် အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးအဆင့် ပြောင်းလဲရေး အတည်ပြု ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလအတွင်း တရားဝင် ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက အဆိုပါ စာမေးပွဲစနစ်ကို သဘောတူ လက်ခံထားပြီး ပညာရေး မြှင့်တင်ရေး ပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ရန် ကျန်ရှိသောကြောင့် စာမေးပွဲစနစ်သစ် ပြောင်းလဲရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ရန် ယခုနှစ်မကုန်ခင် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယခင်က စတုတ္ထတန်း၊ အဋ္ဌမတန်းနှင့် ဒသမတန်း စာမေးပွဲတို့ကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ လက်အောက်တွင်ထားပြီး စစ်ဆေးခဲ့သော်လည်း ယခုအခါပြောင်းလဲမည့် စာမေးပွဲစနစ်များကို မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီ၊ ပြည်နယ်ကျောင်း အဆင့်လိုက်သာ စစ်ဆေးမည် ဖြစ်ကြောင်း ဦးမျိုးညွန့်က ပြောဆိုသည်။
“စာမေးပွဲစနစ် ပြောင်းလိုက်တော့ အောင်မြင်တဲ့ ကျောင်းသားတွေအတွက် အဆင့်အတန်း သတ်မှတ်ပြီးသား ဖြစ်သွားသလို ကျောင်းတွေရဲ့အဆင့်ပါ ခွဲခြားပြီးသား ဖြစ်တယ်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ ဆွေးနွေးချက်အရ စာမေးပွဲ ဖြေဆိုသူများကို ဒသမတန်း စာမေးပွဲတွင် အသုံးပြုသော Code စနစ် မစစ်ဆေးဘဲ ခုံအမှတ်ဖြင့်သာ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အမှတ်ပေး စည်းမျဉ်းတွင်လည်း အဆင့် အေ၊ ဘီ၊ စီ သုံးမျိုးခွဲခြားပြီး အဆင့်စီ စနစ်နှင့် အောင်မြင်သူများကို အတန်းတင်ပေးခြင်း ရှိ၊ မရှိ ဆက်လက်ဆွေးနွေးသွားရန် ရှိကြောင်း ယင်းအစည်းအဝေး မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများသည် အစိုးရကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အားလုံး အကျုံးဝင်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ဝန်ကြီးဌာနအဆင့် အခြေခံပညာကျောင်းများ စာမေးပွဲ စစ်ဆေးခြင်း ညှိနှိုင်း ဆွေးနွေးပွဲများကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အပတ်စဉ် ဆွေးနွေးပွဲများလည်း ဆက်တိုက် ကျင်းပလျက် ရှိသည်။
The Voice Weekly

Symbol of medicine ဆေးပညာ သင်္ကေတ


ဆရာဝန့်ကားဆိုရင် ကားမှန်မှာ မြွေရုပ်လေးရှိတာ သတိထားမိသူများမှာပါ။ မြန်မာပြည်မှာသာ အဲလိုများတယ်။ တချို့တိုင်းပြည်တွေမှာ ကြက်ခြေနီတဆိပ်သုံးတာလဲရှိတယ်။ ကြက်ခြေဖြူ (ဆွစ်ဇာလန်) အလံကို ကပ်တာလဲရှိတယ်။ ကျွန်တော်က ပန်းချီလေးဘာလေး ဝါသနာပါတော့ ဆေးကျောင်းသားဘဝတုံးက ဆရာတယောက်ရဲ့ ပေါ်ကာစ (မာဇဒါ-ဖင်မလီယာ) ကားသစ်လေးမှာ စက်ဝိုင်းထဲမယ် မြွေသဘောမျိုး မျဉ်းကြောင်း (ဇစ်-ဇက်) နဲ့ဆွဲပြီး၊ မြွေမျက်စိအဖြစ် ထိပ်နားလောက်မှာ အနီစက်ကလေးတခု ချပေးလိုက်ပါတယ်။ အဲဒီတုံးက ဒီသင်္ကေတာဟာ သမိုင်းနဲ့အညီဖြစ်တာကို မသိခဲ့ပါ။

ဘယ်တိုင်းပြည်မှာမဆို ဆေးညာနဲ့ပတ်သက်ရင် အများဆုံးသုံးကြတဲ့ သင်္ကေတဟာ မြွေပတ်နေတဲ့ တုတ်ချောင်းလေး ဖြစ်တယ်။ ဒါဟာ ပဟေဠိတခုလဲ ဖြစ်ပါတယ်။ ဆရာဝန်တွေတောင် လုံးစေ့ပတ်စေ့ မသိသူကများတယ်။ ဖတ်မှတ် လေ့လာသူတွေကြားမှာလဲ အမြင်တွေခြားနားတယ်။ ဆေးတောင်ဝှေးလား၊ တုတ်ကောက်လား၊ ဆေးထိုးအပ်လား၊ မြွေက တကောင်လား။ နှစ်ကောင်လား၊ မြွေမှာ အဆိပ်ရှိလား၊ မရှိလား။ ဘယ်တုံးက ဘာကြောင့်သုံးခဲ့တာလဲ။ တောင်ပံပါတာ နဲ့ မပါတာ။ ဘာ-ညာ၊ စသဖြင့့်။

နိုင်ငံတကာမှာ အများစုလက်ခံသုံးစွဲနေတာက Rod of Asclepius (အက်စကလိပီးယပ်စ်) အချောင်းဖြစ်တယ်။ ဂရိဒဏ္ဍာရီအရ Rod of Asclepius ဟာ Serpent-entwined rod မြွေ ဒါမှမဟုတ် မြွေလို တွားသွားတဲ့ အကောင်ပါတဲ့ တုတ်ချောင်းလို့ အဓိပ္ပါယ်ရတယ်။ ဒီမြွေကအဆိပ်မရှိဘူး။ မကျန်းမာသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ လဲလျှောင်းရာ ကြမ်းပြင်မှာ တွားသွာနေကြလေ့ ရှိကြတယ်။ ဒီလို ရောဂါဘယတွေကို ပျောက်စေနိုင်စွမ်းကို ယုံကြည်လာရာကနေ ပိုပြီး ရေပမ်းစားလာခဲ့တယ်။ Asklepian လို့လဲ ခေါ်သေးတယ်။ အေသင်ဒဏ္ဍာရီတပုဒ် အလိုအရ (အက်စကလိပီးယပ်စ်) ဟာ ကြောက်စရာကောင်းလှတဲ့ မိန်းမ Gorgon (ဂေါ်ဂွန်) ရဲ့ သွေးကို ဆေးအဖြစ်ရခဲ့တယ်လို့ ဆိုထားတယ်။ ဒီမိန်းမရဲ့ ဘယ်ဘက်ကရတဲ့သွေးဟာ လူတွေကို သေစေပြီး ညာဘက်ကရတဲ့သွေးက သေသူကိုပြန်ရှင်စေနိုင်တယ်။

အဓိပ္ပါယ်ဖွင့်ဆိုမှုတွေက ကွဲပြားကြတယ်။ ဘာသာရေး၊ စာပေနဲ့ ဒဏ္ဍာရီတွေထဲမှာ ဒီလို မြွေလိုအကောင်းမျိုးကို သားသမီး ထွန်းကားစေရေး ဒါမှမဟုတ် အသက် ဖန်တီးဖြစ်တည်မှုအတွက် ကိုယ်စားပြုတယ်။ မြွေဟာ အရေခွံလဲတတ်တာမို့ အသစ်ဖြစ်ခြင်း မွေးဖွါးခြင်း၊ ပြောင်းလဲခြင်း၊ မသေနိုင်ခြင်း၊ ကုစားပေးခြင်းဆိုတဲ့ အဓိပ္ပါယ်တွေကို ဆောင်စေတယ်။ တချို့က "သေခြင်းတရား၊ ရှင်သန်ခြင်း နဲ့ ရောဂါဝေဒနာတွေကြား တာဝန်များရတဲ့ သမားတော်" လို့ ယူဆတယ်။ နောက်ပြီး ဆေးဝါး နဲ့ အဆိပ် ဆိုတဲ့အစွန်းနှစ်ပါးကို ချိန်ဆရတဲ့ပညာကိုလဲ ကိုယ်စားပြုတယ်။

မြွေဆိပ်ဟာ ဆေးဘက်မှာ သုံးနိုင်တယ်။ အနာကျက်စေအာင်၊ သတိလစ်စေအောင် လုပ်နိုင်တယ်။ သွေးကြောထဲ သွေးခဲပိတ်နေတာ၊ ကင်ဆာ၊ ဆီးချို နဲ့ ဦးနှောက်ရောဂါတချို့မှာသုံးတယ်။ သုတေသနတွေလဲ လုပ်နေတယ်။ မြွေဟာ အသိဥာဏ်ကြီးမားတယ်လို့လဲ ယုံကြည်ကြတယ်။

ဒီသင်္ကေတကိုအသုံးပြုတာဟာ အမေရိကားမှာ ဆေးပညာနဲ့ပတ်သက်တာအားလုံးထဲက ပညာပိုင်းဆိုင်ရာမှာ ၆၂% နဲ့ ဆေးပညာ + ငွေကြေးနဲ့ဆိုင်တာတွေမှာ ၇၆% သုံးတယ်လို့ သုတေသနတခုကဆိုပါတယ်။ မမှန်ဘူး၊ မသင့်ဘူးလို့ ဝေဖန်တာတွေလဲရှိတာပါဘဲ။ သူတို့သုံးနေတာမျိုးက Caduceus (ကဒူးစီးယပ်စ်) ဆိုတာ ဂရိ အိုလံပစ်နတ်ဘုရား Hermes (ဟားမီစ်) ရဲ့ လက်စွဲတော် ကိုင်ဆောင်ရတဲ့ အဆောင်ဖြစ်တယ်။ ရောမသမိုင်းမှာတော့ ဘုရားရဲ့တမန်တော် Mercury (မာကျူရီ) လက်ဝဲလက်ထဲမှာ ကိုင်ရတဲ့ အဆောင် ဖြစ်တယ်။ ဒီခေတ်ပေါ်သင်္ကေတမှာ မြွေနှစ်ကောင်ပါတယ်။ လက်စွဲတော်မှာ တောင်ပံပါတာဟာ တမန်တော်သဘောဖြစ်တယ်။ တကယ်က ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ အငြင်ပွါးမှုတွေမှာ ဘက်မလိုက်စေရအောင် လမ်းညွှန်မှုပေးရတာဖြစ်တယ်။ ဒါကြောင့် ဒီသင်္ကေတတုတ်ချောင်းကို Symbol of medicine ဆေးပညာသင်္ကေတ၊ Medical practice ဆေးကုသမှုကိုယ်စားပြု သုံးနေကြတာဟာ မှားတယ်လို့ ဆိုတယ်။

ဆရာဝန်တွေ ရွတ်ဆိုလိုက်နာကြရတဲ့ Hippocratic Oath (ဟစ်ပိုခရေးတီးစ်) ပဋိညာဉ် မူရင်းမှာ ဒီလိုစထားတယ်။ “ကျွန်ုပ်သည် သမားတော်ကြီး Apollo (အပိုလို) အားလည်းကောင်း၊ Asclepius (အက်စ်ကလိပီးယပ်စ်) အားလည်းကောင်း၊ Hygieia (ဟိုက်ဂျီယာ) အားလည်းကောင်း၊ Panacea (ပင်နာစီးယပ်) နှင့် နတ်ဘုရားများ အားလည်းကောင်း တိုင်တည်လျှက့့်”

၁။ Apollo (အပိုလို) ဟာ ကုသပေးသူ၊ မကောင်းဆိုးဝါးတွေရန်က အကာကွယ်ပေးသူ အဖြစ် ရှေးဟောင်းဂရိနဲ့ ရောမက ဒဏ္ဍာရီတွေထဲမှာ အရေးအပါဆုံး နတ်ဘုရားတဆူဖြစ်တယ်။ (အိလိယက်) မဟာကဗျာကြီးထဲမှာ ဘုရားသမားတော် အဖြစ် ဖေါ်ညွှန်းထားတယ်။ သူကတော့ မြားတံကိုသုံးတယ်။

၂။ (အပိုလို) ရဲ့သား ဆေးပညာဖခင် Aesculapius (အက်စကလိပီးယပ်စ်) ရဲ့ လက်စွဲတော်ကိုင်ရတဲ့ ဆေးတောင်ဝှေး ဖြစ်လာတယ်။ မရဏကို မြွေဆီက နေရခဲ့တာဖြစ်တယ်။ သူကနေ လူတွေကို မသေအောင် ဆေးကုသပေးခဲ့တော့ လူတွေကိုသေမျိုးဖြစ်စေအောင် (ဇီးယပ်) ဘုရင်ကြီးကနေ ဆေးဆရာကို မိုးကျိုးလက်နက်နဲ့ သေစေခဲ့တယ်။ "ဒီဒဏ္ဍာရီကနေ လူတွေဟာ သဘာဝတရားကို မလွန်ဆန်နိုင်ဘူးဆိုတာ သက်သပြေလိုက်တာဖြစ်တယ်။"

၃။ (အက်စကလိပီးယပ်စ်) ရဲ့သမီးတော်ဟာ Hygieia (ဟိုက်ဂျီယာ) ဖြစ်ပြီး ဆေးဝါး နတ်ဘုရားမဖြစ်တယ်။ သူ့သင်္ကေတာကတော့ Bowl of Hygieia (ဟိုက်ဂျီယာ) ခွက်ဖြစ်ပြီး၊ မြွေတကောင်လဲပါတယ်။

၎။ Panacea (ပင်နာစီယာ) ဆိုတာကတော့ Universal remedy ၉၆ ပါး ရောဂါအားလုံးကို ပျောက်ကင်းစေတဲ့ဆေးဝါး နတ်သမီးဖြစ်တယ်။

ကောက်ချက်ချရရင် ဆေးပညာ၊ ဆရာဝန်၊ ဆေးဝါး၊ ဆေးကုသမှုတွေဟာ (ဟားမီစ်) နဲ့ (မာကျူရီ) တို့နဲ့မသက်ဆိုင်ဘဲ (အပိုလို)၊ (အက်စ်ကလိပီးယပ်စ်)၊ (ဟိုက်ဂျီယာ)၊ (ပင်နာစီယာ)တို့သာ ဆိုင်တယ်။ ဒါကြောင့် မြွေတကောင်တည်း ပတ်နေတဲ့ တုတ်ချောင်းကို ဆေးပညာမှာသုံးနေတာဟာ သမိုင်းနဲ့ညီတယ်။ အဆိပ်မရှိတဲ့မြွေဖြစ်ပြီး၊ တောင်ပံလဲ မပါရပါ။

Dr. Tint Swe

Genital Warts (1) လိင်အင်္ဂါကြွက်နို့ (၁)


(၁) မင်္ဂလာပါ ဆရာရှင့် လိင်အင်္ဂါမှာဖြစ်တဲ့ ကြွက်နို့အကြောင်း သိချင်ပါတယ်ရှင့်။
(၂) Human Papillomavirus (HPV) က ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသလဲ ခင်ဗျာ။ ကျွန်တော့်ရဲ့ အဂါင်္မှာ ကြွက်နို့လေး တစ်ခု ထွက်လာပါတယ်။ ဆရာဝန် သွားပြတော့ အက်ဆစ် ပါပုံရတဲ့ လိမ်းဆေးပေးပါတယ်။ တနေ့ နှစ်ကြိမ့် ခိုင်းပါတယ်။ စသုံးတော့ နဲနဲစပ်ပါတယ်။ ဆက်မသုံးရဲဘူးခဗျာ။ သိချင်တာက ဒီဆေးနဲ့ လုံလောက်မလား။ ဆက်ရော သုံးသင့်ပါလား။
(၃) အက်ဆစ်ပါတဲ့ဆေးနဲ့တင် လုံလောက်မလား။ သုံးတာ ၂ လကျော် ၃ လထဲ ရောက်နေပါပြီ။ ဆက်သုံးသင့်ပါလား။ ဆေးအသုံးပြုပုံ မှားနေတာလား။ နိုက်ထရိုဂျင်ပါတဲ့ အေးခဲစေတဲ့ ဆေးဘက် ပြောင်းသင့်သလား။ ပြောင်းသင့်တယ်ဆိုလျှင် နိုက်ထရိုဂျင်ပါတဲ့ဆေး အမည် တိတိကျကျ သိချင်ပါတယ်။ အပြင်မှာ ဝယ်လို့ ရ-မရ။ ယောက်ျားများအတွက် (Gardasil) ထိုးဆေးတယ် လိင်အင်္ဂါကြွက်နို့ကို ကာကွယ်တယ် ဆိုတာရော အခုအချိန်ကျမှ ထိုးသင့်ပါသလား။ ဆေးထိုးဘို့ နောက်ကျသွားပြီလား။ သို့မဟုတ် ဂျယ် ကဲ့သို့ မပူမစပ်တဲ့ လိမ်းဆေးများ ရှိပါသလား။ မည်တဲ့ သောက်ဆေးကို သောက်သင့်ပါသလဲ။ သို့မဟုတ် AIDS ကဲ့သို့ ကုရာနတ္တိဆေးမရှိဆိုသလို ဖြစ်သွားပြီလား။ အက်စစ်နဲ့ တို့တာက ကွာကျသွားတာနဲ့  ပြန်ထွက်လာတာနဲ့ ၁ ရက် ၂ ရက်ဘဲ ဆိုတော့ တော်တော် အခံရခက်နေလို့ပါ။ ကွာကျသွားပြီး တပတ် နှစ်ပတ်လောက်နေမှ ပြန်ထွက်တယ်ဆို နည်းနည်းအခံရ သက်သာဦးမယ်။ ပြန်ထွက်တာ နောက်ကျအောင် လုပ်နိင်တဲ့ လိမ်းဆေးများ ရှိမလားလို့ပါ။ မြန်မာပြည်မှာ ဒီကိစ္စတွေ သိချင်ရင် အရမ်းခက်ခဲလို့ပါ။

Human papillomavirus (HPV) ဟာ ဗိုင်းရပ်စ်တမျိုးဖြစ်တယ်။ အမျိုးအစားပေါင် ၂ဝဝ ခန့် တွေ့ထားပေမဲ့ တချို့ကသာ လူတို့ကို ရောဂါရစေတယ်။ တချို့ဗိုင်းရပ်စ်တွေက ရှားရှားပါးပါး အမျိုးသမီး လိင်အင်္ဂါများတဝှိုက် နဲ့ ယောက်ျားများ လိင်တံနှင့် စအိုတို့မှာ ကင်ဆာ ဖြစ်စေတယ်။ အမျိုးအစား ၃ဝ-၄ဝ တို့က လိင်ဆက်ဆံလို့ ကူးစက်တယ်။ လိင်အင်္ဂါနေရာ ကြွက်နို့ Warts (Verrucae) ဖြစ်စေတဲ့ ဗိုင်းရပ်စ်လည်း အပါအဝင်ဖြစ်တယ်။

လိင်အင်္ဂါ မဟုတ်တဲ့ အရေပြားမှာ ဖြစ်တဲ့ ကြွက်နို့တွေက HPV-1 နှင့် HPV-2 တို့ကြောင့် ဖြစ်တယ်။ လိင်အင်္ဂါ-ကြွက်နို့ဟာ လိင်မှတဆင့် ကူးစက်ရောဂါများမှာ အများဆုံးဖြစ်ပြီး၊ အမေရိကားမှာ လူပေါင်း သန်း ၂ဝ သို့မဟုတ် လိင်ဆက်ဆံနိုင်တဲ့ အရွယ်ရှိသူပေါင်းရဲ့ ၁% မှာ ရှိနေတယ်။

သားအိပ်အဝ-ကင်ဆာ ဖြစ်စေတဲ့ပိုး နဲ့ လိင်အင်္ဂါကြွက်နို့ ဖြစ်စေတဲ့ပိုးတွေ မတူကြပါ။ အခြားနေရာတွေမှာ ကြွက်နို့ ဖြစ်စေတဲ့ပိုးနဲ့လည်း မတူပါ။ တချို့မှာ ပိုးရှိနေပေမဲ့ ကြွက်နို့ မပေါ်သေးဘူး။ ပါးစပ်၊ အာခေါင်၊ လျှာတို့မှာလည်း ကြွက်နို့ ဖြစ်လာနိုင်တယ်။ ကြွက်နို့ ပေါက်မနေသူထံမှလည်း ကူးလာနိုင်တယ်။ လိင်ဆက်ဆံနည်း မျိုးစုံ (ရိုးရိုး နှင့် စအို၊ ပါးစပ်) လမ်းတို့မှလည်း ကူးနိုင်တယ်။ ပိုးရှိသူနှင့် ဆက်ဆံပြီးနောက် အချိန်တို သို့မဟုတ် ကြာမှလည်း ကြွက်နို့ ဖြစ်လာတတ်တယ်။ မိခင်မှာ ကြွက်နို့ရှိနေစဉ် မွေးလာမည့်ကလေးအား ကူစက်နိုင်မှုမှာ လွန်စွာ နည်းပါးလှပါတယ်။

(ကွန်ဒွန်) က HIV အတွက်သာမက လိင်အင်္ဂါကြွက်နို့ နဲ့ သားအိမ်အဝ-ကင်ဆာတို့အတွက်ပါ ကာကွယ်ရာကျတယ်။ ဒါပေမဲ့ ကြွက်နို့ ပေါက်ရာနေရာကို (ကွန်ဒွန်) က ဖုံးမထားနိုင်ရင် ကြွက်နို့မှန်သမျှကို ကာကွယ်မှု မပေးနိုင်ပါ။ လိင်ဆက်တဲ့ အဖေါ်ဆိုတာ သတ်သတ် မှတ်မှတ် ရှိသင့်တယ်။ ကိုယ့် အဖေါ်၊ ဇနီး၊ ခင်ပွန်းကို သစ္စာရှိပါလေ။

လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်ကို သတ်မဲ့ဆေး မရှိပါ။ ကြွက်နို့ဖြစ်လာရင် ကုသနည်း အမျိုးမျိုးတော့ ရှိတယ်။ အလွယ်ဝယ်ယူရရှိတဲ့ ဆေးဆိုင်ကောင်တာပေါ်က ဆေးကို အားမကိုးပါနှင့်။ ဘယ်နည်းက အကောင်းဆုံးလို့ မပြောနိုင်ပါ။ ပျောက်သွားမယ်လို့လဲ ရာနှုန်းပြည့် အာမမခံနိုင်ပါ။ ကုသမှုလုပ်ရင် မြန်မြန်သက်သာစေပါမယ်။ ကျန်နေသေးမဲ့ ပိုးတွေကိုလဲ ထိန်ထားရာ ကျပါမယ်။ ဆေးဆိုင်ကဖြစ်ဖြစ် လမ်းဘေးကဖြစ်ဖြစ် ဝယ်ရတာကို အားမကိုးစေချင်ပါ။

သိထားရမှာက ကြွက်နို့ မျက်စိအောက်က ပျောက်သွားပေမဲ့ သူ့ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ရှင်းထုတ် မရပါ။ ဒါ့ကြောင့် ပြန်ပေါ်နိုင်တယ်။ မကုဘဲထားရင် သူ့အလိုလို ပျောက်သွားချင် သွားမယ်။ ရှေ့မတိုး နောက်မဆုတ် ရှိနေမယ်။ တိုးချင် တိုးလာမယ်။ ကင်ဆာ ဖြစ်မသွားပါ။ ၉ဝ%လောက်မှာ ကိုယ်ခံအားကနေ တိုက်ဖျက်ပေးနိုင်တယ်။ ဆေးမကုဘဲ ၂ နှစ် ဆိုလျင် ပျောက်သွားနိုင်တယ်။

၁။ Fluorouracil topical (Carac, Efudex, Fluoroplex) အရေပြားကင်ဆာအတွက်လဲသုံးတယ်။ Cream 0.5%, 1% and 5%, Solution 2%
၂။ Imiquimod (Aldara) အရေပြား-ကင်ဆာအတွက်လဲ သုံးတယ်။ ၁၂ နှစ်အောက် ကလေးတွေ မပေးရပါ။ Actinic keratoses ၇ ရက် တပတ်မှာ ၂ ခါလိမ်း၊ ၁၆ ပတ်ကြာ။ Basal cell carcinoma ၇ ရက် တပတ်မှာ ၅ ခါလိမ်း၊ ၆ ပတ်ကြာ။ ကြွက်နို့ ၇ ရက် တပတ်မှာ ၃ ခါလိမ်း၊ ၁၆ ပတ်ကြာ။ ဘေးထွက် ဆိုးကျိုး = နီရဲ၊ ရောင်၊ ယား၊ နာ၊ အရေထူ၊ အရေကွာ၊ အရောင်ပြောင်း၊
၃။ Interferon alfa-n3 (Alferon N) ဆေးကို တခြားနည်းတွေနဲ့ မရသူတွေအတွက် သုံးတာ များတယ်။ ဘေးထွက် ဆိုးကျိုး = မတည့်လို့ အလာဂျီ ရတတ်တယ်။ တုပ်ကွေးလိုဖြစ်မယ်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အဆစ်-ကြွက်သားနာ၊ ပျို့-အန်ချင်၊ အိပ်ရေးပျက်၊
၎။ Podophyllin resin or Podofin 5% to 25% lotion or gel လိမ်းဆေးကို လိမ်းပြီး ၁-၄ နာရီအကြာမှာ ဆေးပြစ်ရတယ်။ ဘေးထွက်ဆိုးကျိုးနည်းစေတယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက်လိမ်း၊ ၄ ရက် နား၊ ပေါင်း ၄ ပတ်ကြာ။ ကိုယ်ဝန်ဆောင်နေချိန် မလိမ်းရပါ။ ၄၅-၇၇-၈၈% ထိရောက်တယ်။ ဘေးထွက်ဆိုးကျိုး = လောင်နိုင်တယ်၊ နီရဲလာမယ်၊ နာမယ်၊ ယားမယ်၊ ရောင်မယ်၊ Condylox® 0.5% Topical Solution စသုံးသူ ၇၉%၊ ပြန်ဖြစ်သူ ၃၅%၊ ကောင်းသွားသူ ၆ဝ%။
၅။ Trichloroacetic acid or Bichloroacetic acid တပတ် ၁ ခါသာလိမ်းရတယ်။ ကြွက်နို့မဟုတ်တဲ့နေရာ မထိစေရ။ ၆-၁ဝ ပတ်အကြာ ၈၈% ပျောက်တယ်။

ခွဲစိတ်ကုသနည်းတွေလဲ ရှိတယ်။ 25%-55% ပျောက်နိုင်တယ်။ Cryosurgery အေးခဲနည်း၊ Electrocauterization လျှပ်စစ်နည်း၊ Laser therapy လေဆာနည်းနဲ့ Surgical excision ခွဲစိတ်ဖြတ်ထုတ်နည်းတွေဖြစ်တယ်။

အိမ်မှာတင် လုပ်လို့ရတာတွေလဲ ရှိတယ်။ ကြွက်နို့ပေါက်တဲ့နေရာကို မထိခိုက်မိပါစေနဲ့။ သွေးထွက်မယ်၊ ကူးစက်မယ်။ လိင်ဆက်ဆံဘက် အဖေါ်အတွက် ထည့်စဉ်းစားပါ။ အကာအကွယ်သုံးပါ။ ထိကိုင်တာ ရှောင်ရှားပါ။ ကူးစက်မယ်။ ကလိမနေပါတဲ့၊ ဇာဂနာ စတာနဲ့ ဆွဲနုတ်တာ မလုပ်ပါနဲ့။ ၁ဝ-၂ဝ% လောက်က ၃-၄ လနေရင် ပျောက်သွားနိုင်တယ်။

တယောက်မှာ လိင်လမ်းကြွက်နို့ ရှိနေရင် သူ့အဖေါ် (မိန်းမ-ယောက်ျား) ကိုလဲ ဆေးစစ်ရမယ်။ အမျိုးသမီးမှာ ဖြစ်နေတာဆိုရင် Pap smears သားအိမ်ဝ-ကင်ဆာ ရှိ-မရှိ စစ်ဆေးတာကို အနည်းဆုံး ၁ နှစ် လုပ်သင့်တယ်။ တကယ်လို့ ကြွက်နို့က သားအိဝမှာ ဖြစ်နေသူဆိုရင် ၃-၆ လတခါ Pap smears စစ်နည်း လုပ်ရမယ်။

ကာကွယ်ဆေးရှိတယ်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းတယ်။ အမျိုးသမီးများအတွက် Cervarix နဲ့ Gardasil သားအိမ်ကင်ဆာ ကာကွယ်ဆေး ၂ မျိုးထဲက (Gardasil) က ကြွက်နို့ကိုပါ ကာကွယ်တယ်။ ယောက်ျားတွေအတွက် (Gardasil) ဟာ လိင်အင်္ဂါကြွက်နို့ကို ကာကွယ်တယ်။
• ယောက်ျားလေး၊ မိန်းကလေး ၉ နှစ်သမီးကနေ ၂၆ နှစ်သမီးအထိ ထိုးပေးသင့်တယ်။
• ကြွက်နို့ ပေါက်နေသူ ထိုးဘို့ မလိုပါ။
• HPV ကြောင့်ဖြစ်တဲ့ လိင်လမ်း-ကြွက်နို့ ဖြစ်မှာကို ကာကွယ်နိုင်တယ်။
• ဒီပိုးတွေထဲက ၄ မျိုးကိုသာ ကာကွယ်တယ်။
• Gardasil ဆေးကို ၆ လ အတွင်းမှာ ၃ ခါထိုးရတယ်။
• ဘေးထွက်-ဆိုးကျိုး ဆိုးဝါးတာ မရှိပါ။
Dr. Tint Swe