လက်ပစ်ဗုံး တစ်လုံးကို ဟိုဘက်ပုတ် သည်ဘက်ပုတ် မလုပ်ကြပါနဲ့


မင်းထင်ကျော်

             အခု ရက်ထဲမှာ သမ္မတ နဲ့ လွှတ်တော်ကြား ဘော်လီဘော ပုတ်တမ်း ကစားနေကြ တယ်ဆိုတဲ့ အကြောင်းတရား တစ်ခု ပေါ်ပေါက် လာခဲ့ပါတယ်။

              အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေ လေးခု ပြဋ္ဌာန်း ပေးဖို့ သမ္မတက လက်မှတ်ရေးထိုး ပေးပို့လာတဲ့ သ၀ဏ်လွှာ ကိုလွှတ်တော် က အရေးပေါ် အစည်းအဝေး ခေါ်ယူ ဆုံးဖြတ်ပြီး သမ္မတ ထံပြန်လွှဲ တယ်ဆိုတဲ့ကိစ္စပါ။ အရပ်ထဲ ရွာထဲမှာတော့ ထုံးစံ အတိုင်း ဘော်လီ ဘောပုတ် နေကြပြီ ဆိုပြီး ရယ်ပွဲဖွဲ့ပြောဆို နေကြပေမဲ့ စာရေးသူ ကတော့ ဘော်လီဘော ပုတ်နေ တာ မဟုတ်ဘူး၊

             ပင်ပြုတ်/မပြုတ် မသိရသေးတဲ့ လက်ပစ်ဗုံး တစ်လုံးကို ဟိုဘက် ပုတ်၊သည်ဘက် ပုတ်လုပ်နေကြ တာလို့ခံစားမိ ရပါတယ်။

             ဒီကိစ္စဟာ မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။ ဒါဟာ ချိန်သားကိုက် ပေါ် ပေါက်လာတဲ့ ဖြေရှင်း ရခက်ခဲလှ တဲ့ပြဿနာ တစ်ရပ် လည်း ဖြစ်ပါတယ်။ ဒီလိုသမ္မတက လွှတ်တော်ကို ပေးပို့တဲ့ ဥပဒေ လေးချက်မှာ

             ၁။ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ          ဥပဒေ

             ၂။ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ

             ၃။ တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ

             ၄။ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ လို့ပါဝင် လာတာကို တွေ့မြင် ရပါတယ်။

                      အဲဒီအထဲ ကမှ အမှတ်(၁) အချက် ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဆက် ဆက်နဲ့ငြိစွန်း ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁) ပုဒ်မ-၃၄ မှာ ဖော်ပြ တဲ့ “ငြိမ်ဝပ် ပိပြားရေးနှင့် သော် လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့် တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် သော်လည်းကောင်း ဤအခြေခံ ဥပဒေ ပါ အခြားပြဋ္ဌာန်းချက် တို့နှင့် သော် လည်းကောင်း မဆန့် ကျင်လျှင် နိုင်ငံသား တိုင်း သည် ဘာသာရေး၊ သာသနာ ရေး တွင် လွတ်လပ်စွာ ယူဆနိုင် သောအခွင့်အရေး၊ လွတ် လပ်စွာ ကိုးကွယ် ဆောက်တည် နိုင်သော အခွင့်အရေး တို့ကို အညီအမျှ ရရှိစေရမည်” လို့ အတိ အလင်း ဖော်ပြထား ပါတယ်။ အဲဒါကြောင့်  ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်း မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့လိုအပ် လာပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုပြင်ဆင် လိုက်မယ်ဆိုရင် ဒီနိုင်ငံဟာ ဒီမိုကရေစီ လမ်းစဉ် ကနေ လွဲချော်ပြီ လို့ဆိုရတော့မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံ တစ်ခုမှာ လူတစ်ဦး တစ်ယောက် ရဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို ချုပ်နှောင် တားမြစ်ခွင့် အမိန့် အာဏာ ဥပဒေ သုံးစွဲချုပ် ကိုင်ခွင့် မရှိရပါဘူး။ အဲဒီတော့ ဒီဥပဒေ ကို ပြဋ္ဌာန်းမယ် ဆိုရင် ပုဒ်မ( ၆-ဃ )နဲ့ ပုဒ်မ(၇)မှာ ထည့်သွင်း ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော် အခြေခံ မူတွေထဲက ဒီမိုကရေစီ ဆိုတဲ့ စကားလုံး ကိုပါ ပြန်လည် ပယ်ဖျက် ရပါလိမ့်မယ်။ အဲဒီနောက် ပုဒ်မ-၃၆၂ မှာ ဖော်ပြထားတဲ့ “နိုင်ငံတော် သည် ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူ ဘာသာနှင့် နတ်ကိုးကွယ်သော ဘာသာ တို့ကို လည်း ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ တည်သောနေ့၊ နိုင်ငံ တော်အတွင်းတည်ရှိနေသော ကိုးကွယ်ရာ ဘာသာများ ဟူ၍ အသိအမှတ်ပြုသည်”ဆိုတဲ့ အပိုဒ်နဲ့ ပုဒ်မ-၃၆၃ မှာဖော်ပြထားတဲ့ “နိုင်ငံတော် သည် အသိအမှတ်ပြုထား သော ဘာသာ သာသနာများကို တတ်နိုင် သရွေ့ ကာကွယ် စောင့်ရှောက်မည်”ဆိုတဲ့ ပြဋ္ဌာန်းချက် များကိုလည်း ပြင်ဆင် ဖို့ လိုလာ ပါလိမ့်မယ်။

             ဒီဥပဒေများ ကို ပြဋ္ဌာန်း လိုသူများ၊ ပြဋ္ဌာန်းရန် ကြိုးပမ်းနေဆဲ ပုဂ်္ဂိုလ်များကို လေးစား ပါတယ်။ အမျိုးကို စောင့်တယ် ဆိုတာ ကောင်းမြတ်တဲ့ ကိစ္စဆိုတာ ငြင်း စရာမရှိပါဘူး၊ ဘာသာ သာသာ သနာကို စောင့်ရှောက် တယ်ဆို တာလည်း အလွန်မွန်မြတ် တဲ့ကိစ္စမို့ သာဓု ခေါ်စရာပါ။ ဒါပေမဲ့ အမျိုးကို စောင့်တဲ့ နည်းလမ်း၊ ဘာသာ၊ သာသနာ ကို စောင့်တဲ့ လုပ်ထုံး လုပ်နည်း ကတော့ အလွန် အရေးကြီး ပါတယ်။ အဲဒီကိစ္စကို တော့ နည်းနည်း တင်ပြချင် ပါတယ်။

             စစ်အစိုးရ ကာလ တစ်လျှောက်လုံး မြန်မာနိုင်ငံ မှာ နိုင်ငံသူ နိုင်ငံသား လူငယ် လူရွယ် လုလင်ပျို၊ လုံမပျို ကလေးတွေ အတွက် အလုပ် အကိုင် အခွင့်အလမ်း အလွန် ရှားပါး လှပါတယ်။ ငွေကြေး အထိုက် အလျောက်ပြည့် စုံတဲ့ ဘွဲ့ရသူတွေမှာ တောင် အလုပ်အကိုင် ခက်ခဲလေ တော့ စည်းစိမ် ဥစ္စာ အားနည်းသူ၊ အတတ်ပညာ အားနည်းသူ၊ ဆွေမျိုး ညာတိ အားနည်းသူ၊ ပတ်ဝန်းကျင် အားနည်းသူ များအဖို့ရာမှာ အလုပ်အကိုင် တစ်ခုရဖို့ ခက်ခဲလှပါ တယ်။ ရလာတဲ့ အလုပ်အကိုင် တစ်ခုနဲ့လည်း လူ့ဘ၀မှာ ဖူလုံစွာ နေထိုင် စားသောက် နိုင်ဖို့ခက်ခဲ လှတယ်ဆိုတာ လူထုကြားထဲ ဆင်းကြည့်တဲ့၊ လူတောထဲကို တိုးတတ် တဲ့ သူတိုင်း သိနားလည်ကြ ပါတယ်။  ခေတ် အဆက် ဆက် အစိုးရများ ဟာ ကိုယ့်နိုင်ငံ သားများအတွက် အလုပ် အကိုင် များဖန်တီး ပေးဖို့ ပျက်ကွက် ခဲ့ပါတယ်။ အဲဒါ ကြောင့် ကိုယ့်နိုင်ငံ ကို စွန့်ခွာပြီး သူတစ်ပါး နိုင်ငံမှာ လုပ်ခစား သွားရောက် လုပ်ကိုင်ကြ ရတဲ့ မြန်မာနိုင်ငံ သားတွေ သန်းနဲ့ ချီရှိနေပါတယ်။ အလုပ်ကြမ်းသမား၊ အိမ်ဖော်၊ အခိုင်းအစေ ဘ၀များကို မလုပ်ချင်၊ မကိုင်ချင်ဘဲ သွားရောက် လုပ်ကိုင် နေရတာဟာ ဘာကြောင့်လဲ၊ ကိုယ့်အမျိုး ကိုယ့် ဇာတိမာန် ဟာ ဘာကြောင့် ဒီလောက် အောက်တန်း ကျခဲ့ရတာလဲ ဆိုတာဟာ အမျိုးစောင့် ဥပဒေများ ပြဋ္ဌာန်းရာမှာ ထည့်သွင်း စဉ်းစားရမဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။

             မြန်မာနိုင်ငံ မှာ အစိုးရရဲ့ စီမံခန့်ခွဲမှုအားနည်းချက် တွေက မြန်မာနိုင်ငံသား အများစုကို ရွှေ့ပြောင်း လုပ်သား များ ဘ၀ရောက် စေခဲ့ပါတယ်။ တစ်နေ့ တစ်နေ့ ပတ်စပို့ရုံးမှာ ပတ်စ်ပို့ လာလျှောက်ကြတဲ့ လူငယ် လူရွယ် တွေ ဘယ်လောက် များခဲ့ပါသလဲ၊ အဲဒီအထဲမှာ မိန်းကလေးတွေ ဘယ်လောက်များ ပါသွား ခဲ့ကြသလဲ။ အဲဒီ မိန်းကလေး တွေ သူတစ်ပါး နိုင်ငံမှာ ဘယ်လို အလုပ်မျိုး တွေ သွားရောက် လုပ်ကိုင်ကြသလဲ။ သူတို့လို မသွား နိုင်ကြတဲ့ ဆင်းရဲ နွမ်းပါးတဲ့ မိန်းကလေး တွေ ကာရာ အိုကေ၊ ကေတီဗီ ခန်းမတွေမှာ အရှက်နဲ့ရင်းပြီး ငွေကြေး ရှာနေရတာ ကိုလည်း မြင်ကြသိကြ စေချင်ပါတယ်။ အနှိပ်ခန်း တစ်ပိုင်း ဇိမ်ခန်းတွေမှာ ငွေရှာရတဲ့ မိန်း ကလေးများ၊ ကိုယ်နဲ့ရင်းစား နေကြရတဲ့ မိန်းကလေးများ ဟာလည်း ၀ါသနာပါလို့ လုပ်ကိုင် နေကြရတာ မဟုတ် ဘူးဆိုတာ သိစေချင် ပါတယ်။ အခု သမ္မတကြီး ဆီကနေ လွှတ်တော် ကိုတင်လာ တဲ့ အမျိုးစောင့် ဥပဒေမှာ အဲဒီ မိန်းကလေး တွေကို စောင့်ရှောက် ပေးမဲ့ ဘ၀မြှင့် တင်ပေးမဲ့ အချက်တွေကို ထည့်သွင်း ပါမလာတာ တော့ စိတ်မ ကောင်းဖြစ်မိ ရပါတယ်။

             ဆင်းရဲနွမ်းပါးမှု ကို ပပျောက် အောင်လုပ်မပေး နိုင်တဲ့၊ သက်သာ အောင် မစွမ်းဆောင် နိုင်တဲ့ နိုင်ငံ တစ်နိုင်ငံ မှာ ဘာသာ သာသနာ ညှိုးနွမ်း လာတတ်ပါတယ်။ မိသားစု တစ်ခုမှာ ဆင်းရဲ နွမ်းပါးမှုနဲ့ နပန်းလုံး လာရပြီ ဆိုရင် မိကြီးဖကြီးများ ဘုရား ကျောင်းကန် မှန်မှန်ရောက် နိုင်ဖို့ မလွယ် တော့ပါဘူး၊ ကလေး သားငယ်များကို လက်တို လက်တောင်း အားပြု နေရတဲ့ မိဘတွေမှာ သားငယ်များကို ဘုန်းကြီးကျောင်းများမှာ ကျောင်းသား အဖြစ်နဲ့ ထားဖို့ဆိုတာ မဖြစ်နိုင် တော့ပါဘူး။ အဲဒီလို နည်း အားဖြင့် လူကြီး တွေမှာ တရားဓမ္မနဲ့ ကင်းကွာလာ တတ်သလို၊ ကလေးငယ် တွေမှာလည်း အသိအလိမ္မာ များနဲ့ ကင်းကွာ လာတတ်ပါတယ်။ တစ်စတစ်စနဲ့ ကျောင်းက ဆရာတော် ကတောင်မှ “ဒကာကြီးတို့၊ ဒကာမကြီး တို့ ကျောင်းဘက် လည်း လှည့်လာကြဦး”လို့ ဆိုရ ပြောရတဲ့ အခြေရောက် လာတတ်ပါတယ်။ ဒါဟာ ဘာသာ တရားကို ယုံကြည်မှု ယုတ်လျော့ လာတာကြောင့် မဟုတ်ပဲ ဆင်းရဲ မွဲတေမှု ကြောင့်ဖြစ်ရတယ် ဆိုတာကို အနည်းအကျဉ်း လောက် ထည့်သွင်း စဉ်းစားမိ မယ်ဆိုရင် မြန်မာပြည်မှာ ဘာသာ သာသနာ အားနည်းမှု တွေမဖြစ်ရ အောင် ဘာကို အဓိက လုပ်ဆောင် ပေးကြရမယ်ဆိုတာ နည်းလမ်း တွေ့မယ် လို့ထင်မိ ပါတယ်။

             မြန်မာနိုင်ငံ မှာ တိုင်းရင်းသား လူမျိုးများ နဲ့ အခြားသော လူမျိုးများ၊ ဗုဒ္ဓဘာသာ ၀င်များနဲ့ အခြားသော ဘာသာ ယုံကြည် ကိုးကွယ်သူများ အတူတကွ ငြိမ်းချမ်း စွာ နေလာကြတာ နှစ်ပရိစ္ဆေဒ ကြာခဲ့ပါပြီ။ ကြီးကြီး ကျယ်ကျယ်ပြဿနာ ရယ်လို့မရှိခဲ့တဲ့ လူ့အဖွဲ့ အစည်း တစ်ခုပါ။ အဲဒီလို နေလာခဲ့ကြရာ က ဒီမိုကရေစီ နိုင်ငံတော် အဖြစ်ပြောင်းလဲ တည်ဆောက်ဖို့ ယခင် စစ်အာဏာ ရှင်အကြွင်း အကျန်များ အာဏာ ဆုပ်ကိုင် ထားကြတာကို ဖြေလျှော့ဖို့ ကြိုးပမ်း အားထုတ် လုပ်ဆောင် လာကြတဲ့ အချိန် ကာလမှာမှ တိုက်တိုက် ဆိုင်ဆိုင် လူမျိုးရေး ဘာသာရေး ပြဿနာ တွေပေါ်ပေါက် လာတာကတော့ တွေးစရာ ကောင်းလွန်း ပါတယ်။ အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက် တယ်ဆိုတာ ကောင်းမြတ် သောကိစ္စပါ။ ဒါပေမဲ့ ကိုယ့်အမျိုး ကို စောင့်ရှောက် ဖို့ အတွက် သူတစ်ပါး အမျိုးကို မထိပါးဖို့တော့ သတိကြီးစွာ ထားရပါ လိမ့်မယ်။ ကိုယ့်ဘာသာ သာသနာကို စောင့် ရှောက်ဖို့အတွက် သူတစ်ပါး ကိုးကွယ် ယုံကြည်ရာကို မထိပါး မိဖို့လိုပါ လိမ့်မယ်။ ပြဿနာ ကို အပေါ်ယံ ရှပ် တွေးပြီး လက်ပူတိုက် တဲ့ဆေးနည်း တွေဟာ အတွင်း ဒဏ်ဖြစ်စေ တတ်တယ် ဆိုတာကို သတိကြီးစွာ ထားတတ် စေချင်ပါတယ်။ အနာအမြစ် ကို မထုတ်ပယ်ဘဲ ပတ်တီး စည်းထားရင် ရိုးတွင်းချဉ်ဆီ ခိုက်သွား တတ်ပါတယ်။ အခုရေးဆွဲ အတည်ပြု ပြဋ္ဌာန်းကြဖို့ အပြင်းအထန် လုပ် နေကြတဲ့ အမျိုး ဘာသာ သာသနာ ကာကွယ်ရေး ဥပဒေ တွေဟာ တကယ်ကို ပြဿနာရဲ့အရင်း အမြစ်ကို ဖြေရှင်း နိုင်မယ့် နည်းလမ်းလား ၊ ကိုယ့်နိုင်ငံထဲ က အခြား ဘာသာဝင် တွေကို ထိပါးမိစေမဲ့ နည်းလမ်းလားဆိုတာ ကိုလည်း ကောင်းစွာ ချင့်ချိန် နှလုံးသွင်းကြ စေချင်ပါ တယ်။

             ဘာသာရေး ပြဿနာ ဆိုတာ အလွန်ပဲ သိမ်မွေ့ နက်နဲလှပါတယ်။ ကိုယ့်ပါတီ အာဏာရရေး တိုင်းပြည်ရဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ကို ဗလောင် ဆူစေတယ်၊ ဘာသာရေး ကို ခုတုံးလုပ်၊ နိုင်ငံရေး အမြတ် ထုတ်တယ် ဆိုတာဟာလည်း မလုပ်ကောင်း တဲ့အရာပါ။ အခုကာလ က ဟိုတုန်း ကလို ကိုယ့်နိုင်ငံ ကိုယ် ဘယ်နှစ်ပတ် လှည့် လှည့် လုပ်လို့ရတဲ့ အချိန် ကာလ မဟုတ်တော့ဘူး။ ကိုယ့် နိုင်ငံမှာ ကိုယ့် ဥပဒေပဲ ဆိုရင် တောင်မှ ကိုယ့် နိုင်ငံသား အားလုံးဟာ ကိုယ် နိုင်ငံအတွင်းမှာပဲ ရှိနေတာ မဟုတ်ဘူး ဆိုတာကိုလည်း ချင့်ချိန်ကြ စေလိုပါတယ်။ အဲဒီနိုင်ငံ ပြင်ပ ကို အကြောင်းအမျိုးမျိုးနဲ့ရောက်နေကြ ရတဲ့ ကိုယ့် နိုင်ငံသား များရဲ့ အနေအထား ကို ထည့်သွင်း စဉ်းစားပေး ကြစေ လိုပါတယ်။ ဒီမိုကရေစီ စနစ် ကျင့်သုံးမယ် ဆိုတဲ့ နိုင်ငံရေးလမ်း ကို ရွေးချယ် ခဲ့ပြီး ကမ္ဘာ သိကြော်ငြာပြီး ကာမှ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို ပိတ်ပင် တားမြစ် ချုပ်ချယ်တဲ့ ဥပဒေများ ကို ပြဋ္ဌာန်းမယ် ဆိုရင် ဒါဟာ ဘယ်လို နောက်ဆက် တွဲပြဿနာ တွေ ပေါ် ပေါက်လာနိုင် သလဲဆိုတာကို အသေအချာ စဉ်းစားဆုံး ဖြတ်ကြ စေချင်ပါတယ်။ ဒါဟာ လွှတ်တော် နဲ့ သမ္မတ ကြား ဘော်လီ ဘောပုတ် နေရမဲ့ ကိစ္စမဟုတ်ပါဘူး၊ အားလုံး ပါဝင်ပြီး အကောင်းဆုံး ညှိနှိုင်းအဖြေရှာရမယ့် လက်ပစ်ဗုံးကို ပုတ်နေ ရတဲ့ ပြဿနာပါ ပုတ်ရင်း ပုတ် ရင်းက အပုတ် မတော်ရင်တော့ ပြင်းထန်တဲ့ ဆိုးကျိုး တွေကို လှလှကြီး ခံစား သွားရနိုင်ပါတယ်လို့ အလေး အနက် သတိပေး လိုက်ပါ ရစေဗျာ။

Messenger News Journal

ဖခင်ဖြစ်သူရိုက်ကူးခဲ့ တဲ့ ဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးဖို့ စီစဉ်နေတဲ့ ထိုက်စံမော့စ်


ဟာသပညာရှင် အကယ်ဒမီ မော့စ်ရဲ့ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အမှတ်တရ ဟာသပဒေသာဖျော်ဖြေပွဲကြီးမှာ အကယ်ဒမီမော့စ်ရဲ့သားတစ်ဦးဖြစ်သူ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ထိုက်စံမော့စ်က ဖခင်ဖြစ်သူအောင်မြင်ခဲ့တဲ့ “ဒေါသလက်သီး” ဟာသပြ ဇာတ်ကို ဦးဆောင်ကပြခဲ့ပါတယ်။

” အဖေ့ပုံရိပ်တွေကို ပြန်မြင်နေမိတယ်ဗျာ။ အဖေ့ပုံရိပ်တွေကို ပြန်မြင်ရတော့ မျက်ရည်ကျမိတယ်။ “ဒေါသလက်သီး” သရုပ်ဆောင်နေတုန်းကလည်း အဖေကပြဖျော်ဖြေ ခဲ့တဲ့ ပုံရိပ်တွေကိုပဲ ပြန်မြင်ယောင်နေမိတယ်။ အဲဒါကြောင့် ကျွန်တော်တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားခဲ့တယ်” လို့ ထိုက်စံမော့စ်က ဖခင်ဖြစ်သူကို လွမ်းဆွတ် မိ တဲ့အကြောင်းကို ပြောပါတယ်။ ဖခင်ဖြစ်သူ အောင်မြင်ခဲ့တဲ့ ” မင်္ဂလာဦးည” ဟာသပြဇာတ်ကို မကဖြစ်ခဲ့ရတာက အခုမှ အနုပညာနယ်ပယ်ထဲ တိုးဝင်နေဆဲကာလမို့ အလွဲ လွဲအချော်ချော် ဖြစ်မှာစိုးမိတာကြောင့်မကဖြစ်ခဲ့ဘဲ “မင်္ဂလာဦးည” ကို ဟာသပညာရှင် လူရွှင်တော် ဒိန်းဒေါင်ကသာ ကပြခဲ့ပြီး သူကိုယ်တိုင် နိုင်နိုင်နင်းနင်းရှိတဲ့ ဖိုက် တင်ပိုင်းတွေပါဝင်တဲ့ ဒေါသလက်သီးပြဇာတ် ကိုသာ ရွေးချယ်ကပြခဲ့ရခြင်းဖြစ်တယ်လို့ ထိုက်စံမော့စ်က ပြောပြပါတယ်။

ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တဲ့ တစ်နှစ်ြ ပည့်နေ့ ဖေေ ဖ်ာဝါရီ ၁၃ ရက်နေ့ က အကယ်ဒမီမော့စ်ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ရေသုံးကန်ရွာ မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ကွယ် လွန်သူ ဖခင်အကယ်ဒမီမော့စ် အတွက်ရည်စူးပြီး စတင်ဆောက်လုပ် လှူဒါန်းနေပြီဖြစ်တယ်လို့ ထိုက်စံမော့စ်က ပြောပါတယ်။

ဖခင်ဖြစ်သူ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားအတော်များများကလည်း ဟာသဇာတ်ကား တွေများတာမို့ နောက်ပိုင်းမှာ ပြန်လည် ရိုက်ကူးသွားနိုင်ဖို့ စီစဉ်နေတယ် လို့ ထိုက် စံမော့စ်က ပြောပါတယ်။” အဖေနာမည်ကြီးခဲ့တဲ့ အက်ရှင်ကားတချို့ကို ပြန်ရိုက်ကူးဖို့ စီစဉ်နေပါတယ်။ အဖေက ဟာသကားတွေနဲ့ နာမည်ကြီးခဲ့တာလေ။ ဟာသ ပညာရှင်တွေဆိုတာမင်းသားတွေနာမည်ကြီးအောင်အကောင်းဆုံး ပံ့ပိုးပေးကြတာ။ မင်းသားတွေက ဟာသလုပ်တယ်ဆိုပေမယ့် တကယ်အရေးကြီးတာက ဟာသ ပညာရှင်တွေပါပဲ။

Supporting အနေနဲ့အဓိကနေရာကနေ ဒီဇာတ်ကိုသွက်လာအောင် ပါဝင်လှုပ်ရှားရတဲ့သူတွေပါ။ ဇာတ်လမ်းတစ်ခုမှာ မရှိမဖြစ်လိုအပ်နေ တဲ့သူတွေပါ။ ဇာတ်လမ်းတစ်ခုကို ပံ့ပိုးတဲ့နေရာမှာတအားကို စေတနာကောင်းတဲ့သူတွေလို့ ဟာသပညာရှင်တွေကိုမြင်တယ်” လို့ ထိုက်စံမော့စ်ကပြောပါတယ်။ ဖခင်ဖြစ်သူ အကယ်ဒ မီမော့စ်ဆီကနေ သိုင်းပညာအပြင် ဟာသပညာရပ်လေးတွေကိုလည်း အနည်းငယ်စီတော့သင်ယူခဲ့တာမို့ တအားကျွမ်းကျင်တဲ့ အဆင့်မျိုးတော့ မဟုတ်ပါ ဘူးလို့ ပြော ပါတယ်။

” ဟာသပညာရပ်တွေကိုတော့ သူရှိစဉ်က ရုပ်ရှင်ကားတွေ ကြည့်ရင်းနဲ့ ဒီနေရာမှာတော့ ဒီလိုလေးပြက်ရတယ်။ ပြီးတော့ဘယ်လိုလုပ်ရတယ်ဆိုတာကို လည်း ပြော ပါတယ်။ စကားပြောရာမှာလည်း အဆင်ပြေချောမွေ့အောင် ပြောဆိုဆုံးမပါတယ်” လို့ ထိုက်စံမော့စ်ကပြောပါတယ်။

ထိုက်စံမော့စ်က ဇာတ်ကားပေါင်း စုံကိုရိုက် ကူးလျက်ရှိနေပြီး ဟာသဇာတ်ကား ၄ ကား လောက် ရိုက်ကူး ပြီစီးထားကာ လက်ရှိမှာတော့ ” နွေမုဆိုး” အမည်ရ ဗီဒီယိုဇာတ်ကားထွက်ရှိထားတယ်လို့ ထိုက် စံမော့စ် က ပြောပြခဲ့ပါတယ်။

Popular Journal

ဘိုးတော် မယ်တော် ကိုးကွယ်မှု


မြန်မာနိုင်ငံတွင် ဂိုဏ်းလုပ်ငန်းကို လိုက်စား၍ ဘိုးတော် မယ်တော် အမည်ခံသူများလည်း ရှိသည်။ ထိုပုဂ္ဂိုလ် များသည် အိန္ဒိယမှလာသော ဂိုဏ်းကျင့်စဉ်တို့ကို လေ့ကျင့်လျက် ဘိုးတော် အမည်ခံနေ သူများ ဖြစ်သည်။ ထိုဘိုးတော်ဆိုသူတို့ကို ထွက်ရပ်ပေါက်သူ၊ သိဒ္ဓိမြောက်သူ၊ လူတို့၏ ဒုက္ခကို ကယ်တင်နိုင်သူ ဖြစ်သည်ဟု ဆိုကာ ကိုးကွယ်သူများလည်း ဒုနှင့်ဒေး ရှိသည်။

မြန်မာနိုင်ငံတွင် ဘိုးတော်အဖြစ်ဖြင့် နာမည်ကြီးသွားသူများလည်း ရှိသည်။ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရှင်အဇ္ဇဂေါဏ၊ ဗားမဲ့ဘုန်းကြီး၊ ရက်ကန်းစင်တောင်စသော ပုဂ္ဂိုလ်တို့ ဖြစ်သည်။

ယနေ့ခေတ်တွင်လည်း မြန်မာနိုင်ငံ၌ ဘိုးတော်နှင့် ဘိုးတော်ဖြစ်အောင် လုပ်နေသော ဂိုဏ်းဆရာများ ဆက်လက် ပေါ်ပေါက်နေသည်။ မိမိကိုယ်ကို ဘိုးတော်အမည်ခံသူလည်း ရှိသည်။ ဘိုးတော်အမည် မခံသော်လည်း ဘိုးတော်အလုပ်ဖြစ်သော ဂိုဏ်းလုပ်ငန်းကို ဆရာတစ်ဆူ လုပ်နေသူတို့လည်း ရှိသည်။

ဂိုဏ်းဆရာဆိုသူ အချို့တို့သည် ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ ဆာဒူး၊ သူရဿတီ၊ ဒေ၀ီ ၂၁-ပါး၊ အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း၊ ပေါက်ဆရာ၊ စေဆရာ အမျိုးမျိုးကို ကိုးကွယ် နေကြသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။ သို့ဖြစ်၍ ဂိုဏ်းဆရာ အချို့တို့သည် ဗုဒ္ဓဘာသာ အရိပ်ကို ခိုလှုံ၍ ဂိုဏ်းလုပ်ငန်းကို ပြုလုပ်ကြသည်။ ဗုဒ္ဓ၏ ဓမ္မဒေသနာတို့ကို သိဒ္ဓိပေါက် လုပ်ငန်းထဲသို့ သွတ်သွင်း၍ အသုံးချကြသည်။ ဖြူစင်သော ဗုဒ္ဓဘာသာကို ညစ်နွမ်းအောင် အရောင်လွှမ်းပေးနေကြသည်။

ဂိုဏ်းဆရာအမည်ခံ ဘိုးတော်အချို့တို့သည် ဓာတ်ကျသည်ဟုဆိုကာ ဓာတ်ဘုရားများကို တည်ထား ကြသည်။ ဘုရားဘွဲ့တော်ကိုလည်း သိဒ္ဓိဝေါဟာရ ပါအောင် မှည့်ခေါ်ကြသည်။ စေ၊ အောင်၊ ကပ်ကျော် စသော ဝေါဟာရတို့ဖြင့် ခေါ်ဆိုကြသည်။

ဂိုဏ်းဆရာ အချို့တို့သည် ဗုဒ္ဓဘာသာ ပရိယတ်၊ ပဋိပတ် လုပ်ငန်းနှင့် မပတ်သက်သော အလုပ်များကို သာသနာပြု လုပ်ငန်းကြီးသဖွယ် ရေးကြီးခွင်ကျယ် ကြွေးကြော်အော်ဟစ်လျက် နိုင်ငံတုန်အောင် လုပ်ဆောင်နေကြကုန်၏။ သာဝကဂိုဏ်းဝင်ဟု ဆိုသော နောက်လိုက် နောက်ပါတို့လည်း အင်အားထုထယ်နှင့် ရှိနေပြီ။

- အတွေးအခေါ် ချည့်နဲ့သော ခေတ်ပညာတတ်များ ၊
- ဆင်ခြင်ဥာဏ် အားနည်းသော စီးပွားဓနရှင်များ၊
- အသိပညာ နုန့်နဲ့သော လူပြိန်းများ၊
- စိတ်ကူးယဉ်ဘ၀ကို မျှော်လင့်သော လောဘရှင်များ-
စသည်ဖြင့် အမျိုးအစား စုံလှပေသည်။

အရှင်ဧသိက

နေပြည်တော်တွင် မောင်းနေသောကားမှ ရုတ်တရက်မီးထလောင်


နေပြည်တော်၊ မတ်လ ၈
၂၀၁၄ ရက်နေ့ မတ်လ ၇ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၂/၇)အနီးတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှပြင်ဦးလွင်သို့ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၊ (၁၈)ရပ်ကွက်နေ ၀င်းလှိုင်(၃၄)နှစ်မောင်းနှင်လာသော ၂ဂ/xxxx 4WD Tiger အနက်ရောင်ယာဉ်မှာ အင်ဂျင်စက်ဖုံးမှမီးခိုးထွက်နေသဖြင့် လမ်းဘေးသို့ချရပ်ပြီး အင်ဂျင်စက်ဖုံးအား ဖွင့်ကြည့်ရာမှ အင်ဂျင်ဝိုင်ပိုက်ပေါက်၍အိပ်ဇောပိုက်ပေါ်သို့ကျကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယာဉ်မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်တစ်စီးလုံးမီးလောင်၍ တန်ဘိုး ငွေကျပ်သိန်း(၁၂၀)ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ၀င်းလှိုင်အား သာဂရအမြန်လမ်းရဲစခန်း (ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်၍ ၄ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ


နေပြည်တော်၊ မတ် ၈
၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည ၁၂ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ သစ်ရာကောက်- ကိုးပင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆/၄-၅)ကြား၊ လက်ပံရွာသစ်ရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ မိကျောင်းရဲနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မကွေးမြို့နယ်၊ သပွတ်ကျောရွာနေ စိုးတင့်(၃၅)နှစ်မောင်းနှင်သော ၉ဌ/xxxxဖော အပြာရောင်ယာဉ်သည် ခရီးသည်နှင့်ကုန်စုံများတင်ဆောင်၍ မကွေးမြို့မှသပွတ်ကျောရွာသို့မောင်းနှင် လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် သပွတ်ကျောရွာနေသူများဖြစ်သည့် ဒေါ်စန်းဝင်း(၄၀)နှစ်၊ ဒေါ်တင်ရင်(၄၅)နှစ်၊ မသင်းသင်းလှ(၃၇)နှစ်နှင့် မစိန်စိန်နု(၃၈)နှစ်တို့ ၄ ဦးမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း စိုးတင့် ပါ(၁၄)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးတင့်အား မိကျောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မလေးရှား လေယာဉ် ပျောက်ဆုံးမှု နောက်ဆက်တွဲ သတင်း


ဒီကနေ့ စနေနေ့မနက် ၀၀:၄၁ နာရီမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်း ဆီ ပျံသန်းသွားတဲ့ မလေးရှား အဲလိုင်းလေယာဉ် တစ်စင်းဟာ လမ်းတဝက်ခန့်မှာ အဆက်အသွယ် ပျောက်ဆုံးသွား ပျက်ကျသွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန်ထွက်နေပါတယ်။

ဒါပေမယ့် ပျောက်ဆုံးနေတာ နေ့တစ်ဝက်ခန့် ကြာနေပေမယ့် အခုထိ ရေရာတဲ့ အတည်ပြုချက်မထွက်သေးသလို၊ ပျက်ကျတယ်လို့ ဆိုတဲ့ ပြောဆိုမှုတွေမှာလည်း နေရာတွေ ကွဲလွဲနေကြပါတယ်။

ဗီယက်နမ်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးကတော့ အဆိုပါလေယာဉ် ဗီယက်နမ်တောင်ပိုင်း ပင်လယ်ပြင်ထဲ ပျက်ကျသွားတယ် လို့ ပြောပေမယ့် လေကြောင်းလိုင်းတာဝန်ရှိသူတွေနဲ့ မလေးရှားအာဏာပိုင်တွေကတော့ အတည်မပြုနိုင်သေးကြောင်း ၊ အပျက်အစီးတွေကို တွေ့ရှိဖို့ ကြိုးပမ်းရှာဖွေနေကြောင်း မကြာသေးခင်က သတင်းထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ မလေးရှား၊ တရုတ်၊ ဗီယက်နမ်နဲ့ စကာင်္ပူ နိုင်ငံတွေဟာ အဆိုပါလေယာဉ် ပျက်ကျတဲ့ နေရာကို သိရဖို့ တောင်တရုတ်ပင်လယ်ပြင်ထဲ ပူးပေါင်းရှာဖွေနေကြပါတယ်။

လေယာဉ်ခရီးစဉ်အမှတ် MH370 ဖြစ်ပြီး Boeing 777-200ER လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ လေယာဉ်ပေါ်လိုက်ပါသွားသူ လေယာဉ်အမှုထမ်း ၁၂ ယောက်အပါအဝင် စုစုပေါင်း ၂၃၉ယောက် ပါရှိတယ်လို့ သိရပါတယ်။

လေယာဉ်အမှုထမ်းအားလုံး မလေးရှားလူ မျိုးတွေဖြစ်ပြီး ခရီးသည်တွေထဲမှာ တရုတ်လူမျိုး အများစုဖြစ်ပါတယ်။ နို့စို့ကလေးအရွယ်နှစ်ဦးလည်း လေယာဉ်ပေါ်လိုက်ပါသွားတယ် လို့ သိရပါတယ်။

မလေးရှားအဲလိုင်း ဟာ အာရှလေကြောင်းလိုင်းတွေထဲ လုံခြုံစိတ်ချရမှုအကောင်းဆုံးမှတ်တမ်းရှိတဲ့လိုင်းတွေထဲက တစ်ခုဖြစ်တယ်လို့ လည်း ဆိုကြပါတယ်။

Author ကိုမိုးထက်

Kumudra

ဖုန်းဖြင့်လျှပ်စစ်မီတာခ ပေးဆောင်သည့်စနစ် ယခုနှစ်စမည်


မိုဘိုင်းဖုန်းမှတစ်ဆင့် လျှပ်စစ်မီတာခ ပေးဆောင်နိုင်မည့်စနစ်ကို ယခုနှစ်အတွင်း ဆောင်ရွက်သွားရန်ရှိသည်ဟု ရတနာပုံတယ်လီပို့မှ သိရ သည်။”ဒီလထဲမှာ ဝန်ဆောင် မှုပေးတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။ ဒီလို ဆွေးနွေးမှု ထဲမှာ မိုဘိုင်းကတစ်ဆင့် မီတာဆောင် နိုင်မယ့် စနစ်တွေ ပါဝင်ပါတယ်”ဟု ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မိုဘိုင်းငွေပေးချေမှုစနစ်များအတွက် ဘဏ်အများစုကို ဆွေးနွေးညှိနှိုင်းထားပြီး အွန်လိုင်းငွေပေးချေမှုစနစ်ကို ဝန်ဆောင်မှု ပေးနေသည့် ဘဏ်များ အားလုံးပါဝင် မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။”ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးသွားမှာပါ”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ရတနာပုံတယ်လီပို့သည် လျှပ်စစ်သုံးစွဲခများကို အွန်လိုင်းမှ တစ်ဆင့်ပေးချေနိုင်မည့် ဝန်ဆောင်မှုပေးနေပြီး ဘီလ်စနစ်ဖြင့် သုံးစွဲသည့် မို ဘိုင်းဖုန်း ဘီလ် ဝန်ဆောင်မှု၊ ADSL လစဉ်ကြေးဝန်ဆောင်မှုများကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ CB ဘဏ်၊ မြန်မာအရှေ့ တိုင်းဘဏ်၊ ကမ္ဘောဇ ဘဏ်နှင့် ဧရာဝတီ ဘဏ်တို့နှင့် ပူးပေါင်း၍ ရတနာပုံ ဝက် (ဘ်) ပိုတယ်လ်မှ ဝန်ဆောင်မှု ပေးနေသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းမှ တစ်ဆင့် ငွေပေးချေမှု လုပ်ငန်းများကို ယခင်က လုပ်ကိုင်ခြင်းမရှိသေးသော်လည်း လက်ရှိတွင် မိုဘိုင်းဖုန်းကို အသုံး ပြု၍ နိုင်ငံတကာကို ဖုန်းခေါ်ဆိုနိုင်သည့် Y – talk စနစ်၊ မိုဘိုင်းဖုန်းအသုံးပြု၍ ငွေလွှဲပြောင်း လက်ခံနိုင်သည့် မိုဘိုင်းဘဏ်စနစ်များကို လုပ်ကိုင်လာသည့်အတွက် ယခုနှစ်တွင် ဝန်ဆောင် မှု ပေးတော့မည့် မိုဘိုင်းအော်ပရေတာများကြောင့် ပိုမိုတွင်ကျယ်လာဖွယ်ရှိ သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။

PN052

Popular Myanmar News Journal 

ပြည်တွင်းထုတ်အရက်၊ ဘီယာများကို လာမည့် ဘဏ္ဍာနှစ်မှစ၍ အခွန်နှုန်းထားပြောင်းမည်


ရန်ကုန်၊ မတ် ၇

ပြည်တွင်း စက်ရုံများမှ ထုတ်လုပ်သော အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးတို့ကို စက်ရုံထုတ် ဈေးနှုန်းအတိုင်း အခွန်ကောက်ခံခြင်းအစား ပြင်ပရောင်းဈေးပေါ် မူတည်၍ တန်ဖိုးစံနှုန်း သတ်မှတ်ကာ လာမည့်ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်နေ့မှ) စတင်၍ အခွန်နှုန်းထား ပြောင်းလဲ ကောက်ခံ မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

စက်ရုံထုတ် ဈေးအတိုင်း အခွန်ပေးဆောင်ခြင်းသည် တန်ဖိုးမှန်ကန်မှု မရှိခြင်းကြောင့် ပြင်ပရောင်းဈေးအပေါ် အခြေခံ၍ စံနှုန်းသတ်မှတ် အခွန်ကောက်ခံရန် စီစဉ်ခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ပြင်ပပေါက်ဈေး၏ ၆၅ ရာခိုင်နှုန်းကို တန်ဖိုးစံနှုန်း သတ်မှတ်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဇန်နဝါရီလ ကတည်းက စကောက်ခံဖို့ လုပ်တာပါ။ ဒါပေမဲ့ နောက်ဘဏ္ဍာနှစ် အစကို ရွှေ့လိုက်တယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်း အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးကို ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၅၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ကုန်သွယ် လုပ်ငန်းခွန် ဥပဒေဇယား ၆ တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်၊ ဘီယာစက်ရုံပေါင်း ၁၀၀ ကျော် ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန စာရင်းများအရ သိရသည်။

The Voice Weekly 

ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် မြောက်ဥက္ကလာ နှင့် သင်္ဃန်းကျွန်းမြို့နယ်များရှိမြေကွက်များနှင့်ပတ်သတ်၍ ဒေသခံများအား ရန်ကုန်စည်ပင်မှခေါ်ယူရှင်းလင်း



ရန်ကုန်-မတ်-၈
ရန်ကုန်စည်ပင်မှ မြေအမည်ပေါက်ချထားပေးခဲ့ခြင်း အပေါ်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် မြောက်ဥက္ကလာ နှင့် သင်္ဃန်းကျွန်းမြို့နယ်များရှိမြေကွက် များနှင့်ပတ်သတ်၍
ဒေသခံများအားခေါ်ယူရှင်းလင်းပွဲကို ယနေ့ ညနေ ၄နာရီတွင် မြို့တော်ခန်းမ ၌ပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်း ပွဲကို ရန်ကုန်စည်ပင် အတွင်းရေးမှူးဦးကျော်စိုးကဦးဆောင်၍ မြေယာ ဌာနမှူး ဦးမြသက် တို့မှ ဒေသခံများ၏မေးမြန်းမှုနှင့် မြေအမည်ပေါက်ချထားပေးခဲ့မှု ဖြစ်စဉ်များကိုရှင်းပြသည်။

သင်္ဃန်းကျွန်းမြို့နယ် မြေတိုင်းရပ်ကွက် ၁၆ တွင်ဖြစ်ပွားသော
မြေယာပြဿနာမှာမှု ပလပ်မြေသဘောရှိမြေကို မြေအမည်ပေါက်
ချထားပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုကြသည်။

ယင်းမြေကိုဒေသခံများက အားကစားကွင်းမြေနေရာထား
ရှိပေးစေလိုခြင်းဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ် ညရပ်ကွက်တွင်ဖြစ်ပွားသောမြေယာပြဿနာမှာလည်း ယခင်မီးသက်ကန်နှင့် မီးတားမြေနေရာဖြစ်ပြီး ယင်းကိုမြေအမည်ပေါက်ချထားပေးခဲ့သဖြင့် ဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါမြေများအားမြေအမည်ပေါက်ချထားပေးခဲ့ခြင်းမှာ ယခင်အစိုးရလက်ထက်ကဆောင်ရွက်ခဲ့မှုများဖြစ်ပြီး ဒေသခံများ၏ တင်ပြလာသောဆန္ဒများကိုလည်း မှတ်တမ်းထားရှိကာ သက်ဆိုင်ရာ ဌာန အသီးသီးသို့ ဆက်လက်တင်ပြပေးသွားမည်ဟု ရန်ကုန်စည်ပင်အတွင်းရေးမှူးဦးကျော်စိုးကပြောသည်။

ဝေမာထွန်း
Popular Myanmar News Journal

အပစ်ရပ်ရေး မရရအောင်လုပ်မယ်လို့ ကာချုပ်မင်းအောင်လှိုင်ပြော


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး မရရအောင် လုပ်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မတ်လ ၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ တွေ့ဆုံခဲ့ကြရာမှာ ကာချုပ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကရင် အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က သူတို့ ဆွေးနွေးပြောဆိုခဲ့တာတွေကို အခုလို ပြောပြပါတယ်။

“အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ ကာကွယ်ဦးစီးချုပ်က ပြောတယ် အပစ်အခတ် ရပ်စဲရေးကို မရ ရအောင် လုပ်မယ်။ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်မှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ ရမယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်လို့ရမယ်။ အဲဒီအပေါ်မှာတော့ သူတို့ကို ယုံကြည်ပါလို့ သူတို့ ပြောပါတယ်။”

သူနဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေရဲ့ သဘောထား အတူတူပဲ ဖြစ်တယ်လို့ ပြောကြောင်းလည်း မန်းငြိမ်းမောင်က ပြောပြပါတယ်။

ကေအန်ယူအဖွဲ့ဟာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့လည်း တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်တွေပဲ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကေအန်ယူဥက္ကဋ္ဌ စောမူတူးဆေးဖိုးနဲ့ အထွေထွေအတွင်းရေးမှူး၊ ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပြီး အခုတကြိမ်တွေ့ဆုံမှုဟာ ၄ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲ ကေအန်ယူ တဖွဲ့နဲ့ပဲ အခုလို တွေ့ဆုံ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

burmese.dvb

ဇနီးမောင်နှံ စကားများရာမှ ဇနီးကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေ




မိုင်းတုံ၊ မတ် ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းဟန် ကျေးရွာအုပ်စုရှိ နားကောင်းမူး ရဲကင်းမှ ၉ မိုင်ခန့်ကွာ ဝေးသည့် တောင်ယာတဲ တစ်ခုတွင် မတ်လ ၅ ရက် ည ၁၀ နာရီခန့်က လင်မယား စကားများရာမှ ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း မိုင်းတုံ မြို့မရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်း ရဲအရာရှိ ဒုရဲအုပ်ရွှေ့သန်းက ပြောကြားသည်။
“နားကောင်းမူးဘက်မှာ ဇနီးမောင်နှံ ကိစ္စနဲ့ လူသတ်မှုတစ်ခု ဖြစ်တယ်။ မယားကတော့ ပွဲချင်းပြီး သေတယ်။ လင်ကတော့ သူ့ကိုယ်သူ ဓားနဲ့ပြန်ထိုးလို့ ဖမ်းလာပြီး မိုင်းတုံဆေးရုံကို ပို့ထားတာ ဒီမနက် (မတ်လ ၇ ရက်) ၃နာရီခွဲမှာ ရတဲ့ဒဏ်ရာနဲ့ သေသွားပြီ” ဟု ၎င်းကဆိုသည်။

နားကောင်းမူးကျေးရွာ တောင်ယာတဲတွင် နေထိုင်သော ကျကျိုးတီးနှင့် ဇနီး မနာထောတို့ ဇနီးမောင်နှံ ယင်းနေ့ ည ၁၀ နာရီဝန်းကျင်တွင် လင်မယား စကားများရာမှ အိပ်ရာဘေးတွင် အသင့်ချထားသည့် ဓားဖြင့် မနာထော၏ ယာဘက်ရင်အုံကို ထိုးခဲ့ကြောင်း၊ ကျကျိုးတီးမှာ အိပ်ရာ၌ ပြန်အိပ်နေပြီး နံနက် မိုးလင်းခါနီးတွင် ပတ်ဝန်းကျင်မှ ဆူဆူညံညံ အသံများ ကြားရ၍ ကြောက်လန့်ပြီး အိပ်ရာဘေးတွင် ရှိသော အရိုးအသွားတပ် အရှည် ၁၂ လက်မခန့်ရှိသော ဓားဖြင့် မိမိဝမ်းဗိုက်ကို နှစ်ချက် ထိုးခဲ့ကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယမြို့နယ်မှူး ရဲအုပ် ကျော်ဇင်လတ်က စစ်ဆေးတွေ့ရှိချက်ကို ပြောကြားသည်။

ယာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသူ ကုန်းဆာကျေးရွာနေ အသက် ၂၀ ရှိ မနာထော၏ အလောင်းနှင့် ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ နှစ်ချက်ဖြင့် ဒဏ်ရာရသူ အသက် ၂၆ နှစ်ရှိ ကျကျိုးတီးတို့ကို မိုင်းတုံဆေးရုံသို့ ခေါ်ဆောင်ခဲ့ပြီး ကျကျိုးတီးကို ဆေးကုသ စေခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မိုင်းတုံ ပြည်သူဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တရားခံ ကျကျိုးတီးသည် ရရှိထားသည့် ဒဏ်ရာဖြင့် မတ်လ ၇ ရက် နံနက် ၃ နာရီ ၃၀ မိနစ်တွင် သေဆုံးသွားကြောင်း မိုင်းတုံ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မောင်မောင်ဌေးက အတည်ပြု ပြောကြားသည်။

ကျကျိုးတီးကို ပုံပါကျင် နယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ) ၂/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့်ခဲ့သော်လည်း ၎င်းသည် သေဆုံးသွားပြီ ဖြစ်သဖြင့် ရဲလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း မိုင်းတုံ မြို့မရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဝင်းဌေးထံမှ သိရသည်။

The Voice Weekly

KNU ဥက္ကဌကို ကာကွယ်ရေးဦးစီးချုပ် လက်ခံတွေ့ဆုံ

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌဌနဲ့ အဖွဲ့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ခံတွေ့ဆုံခဲ့ပါတယ်။

မနေ့က မတ်လ (၇)ရက် မွန်းလွဲ (၂)နာရီခွဲမှာ နေပြည်တော်က ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌဌ စောတူးမူးဆေးဖိုး ခေါင်းဆောင်တဲ့ အဖွဲ့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က သောကြာနေ့ ညနေ၅နာရီတုန်း ကလည်း ကေအန်ယူ ဥက္ကဌနှင့်အဖွဲ့ကို ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တို့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကလေးငြိမ်အောင် ဘိန်းအစားထိုးမူးယစ်ဆေး မက်သဒုန်း တိုက်လိုက်လို့ အသက် ၂ နှစ်အရွယ် ကလေးမလေး သေဆုံး


အသက် ၂ နှစ်အရွယ် ဆိုဖီဂျုံးစ် ဆိုတဲ့ ကလေးမလေးဟာ အင်္ဂါနေ့ ညက ရုတ်တရုတ် နှလုံးရောဂါနဲ့  သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့ သောက်ရေခွက်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ဆိုဖီ ဟာ ဘိန်းအစားထိုး မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ မက်သဒုံး (Methadone) ကို သောက်သုံးမိခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိ ခဲ့ရတာပါ။

မက်သဒုံး ဆေးဟာ ဟီရိုယင်း စွဲနေတဲ့လူတွေကို အစားထိုးပေးအပ်တဲ့ ဆေးဖြစ်ပြီး သူမရဲ့ မိသားစုဝင် တစ်ယောက်ယောက် ရဲ့ ဆေးလို့ ယုံကြည်ရပါတယ်။ ရဲတွေဟာ ကလေးမလေးသောက်သုံးခဲ့တယ်လို့  ယူဆရတဲ့ သောက်ရေခွက်ကို စစ်ဆေးအပြီးမှာ သေဆုံးရတဲ့အကြောင်းကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုလမ်းကြောင်းအရ ဆိုဖီတစ်ယောက် ငြိမ်သက်နေအောင်လို့ တစ်ယောက်ယောက် မက်သဒုန်း ကို ရေတစ်ခွက်နဲ့ တိုက်ခဲ့တယ်လို့ ယူဆရပါတယ်။

မွေးချင်းမောင်နှမနှစ်ယောက်ရှိတဲ့ ဆိုဖီသေဆုံးမှု ရဲဘက်ဆိုင်ရာစုံစမ်းစစ်ဆေးချက်အသေးစိတ်တွေကို အမှုတွဲ ဖော်ပြပြီးနောက် ဘလက်ပူးလ်တရားရုံးမှာ ခရိုင်တရားသူကြီး အန်ဒရူးဂျက်ဘ် ကိုယ်တိုင် အမှုဖွင့် စစ်ဆေးမှာ ဖြစ်ပါတယ်။

ဆိုင်္ဖီသေဆုံးမှုအတွက် အသက် ၂၉ နှစ်အရွယ် မိန်းမတစ်ယောက်နဲ့ ၄၁ နှစ်အရွယ် ယောင်္ကျားတစ်ယောက်ကို မေးမြန်းဖို့ တရားရုံးက ရဲစာ ထုတ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဘလက်ပူးလ်မြို့ ၊ ဂျိမ်းဆန်လမ်းမှာ နေထိုင်တဲ့ ဆိုဖီကို မြို့ နယ်ဆေးရုံ ဖြစ်တဲ့ ဗစ်တိုးရီးယားဆေးရုံကို ပို့  ဆောင်ခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မနေ့ ညက နောက်ဆုံးရရှိတဲ့သတင်းအရ မီချယ်လ်ကင်း (၂၉နှစ်) နဲ့ ဘယ်ရီဂျုံးစ် (၄၁) နှစ်တို့ ကို အိမ်တွင်း အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။ သူတို့ နှစ်ယောက်ကို အခုတော့ အာမခံနဲ့ လွှတ်ပေးထားပြီး မနက်ဖြန်မှာ ဘလက်ပူးလ်စီရင်စုတရားရုံးကို အရောက်လာရမယ်လို့ အမိန့် ပေး ထားပါတယ်။

ဆိုဖီင်္လေး သေဆုံးမှုဟာ မက်သဒုံးမူးယစ်အစားထိုးဆေးကြောင့်လို့ အတည်ပြုနိုင်ပေမယ့် ဘယ်လိုကြောင့် သေဆုံးသွားရတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

မက်သဒုံးမူးယစ်အစားထိုးဆေးအကြောင်း အနည်းငယ်ဖော်ပြလိုက်ပါတယ်။

Methadone (မက်သဒုံး) ဟာ ဓါတ်ခွဲခမ်းမှာ ထုတ်တဲ့ ဘိန်းဖြစ်တယ်။ ၁၉၃၇ ခုနှစ်ကတည်းက ဂျာမဏီမှာ စထုတ်ပြီး၊ အမေရိကားမှာတော့ ၁၉၄၇ ကြမှ စတယ်။ Morphine (မော်ဖိန်း) နဲ့ Heroin (ဟီရိုးယင်း) တို့လိုဘဲ သတ္တိတူတယ်။အလွန် နာတာကို သက်သာတဲ့ဆေး၊ ချောင်းဆိုး ပျောက်ဆေး တွေမှာ သုံးတယ်။ ဘိန်းဖြတ်ရာမှာ (မက်သဒုန်း) က အသုံးကျပေမဲ့ Methamphetamine (မက်သ်မင် ဖက်တမင်း) Cocaine (ကိုကိန်း)၊ နဲ့ အရက်ဖြတ်ရာမှာ အသုံးမကျပါ။ သွေးကင်ဆာကို ကုရာမှာ သုံး သေးတယ်။

(မက်သဒုံး) မှာ မကောင်းသတ္တိတွေက များလှတယ်။ သွေးခဲမယ်၊ အသက်ရှူမ၀၊ ၀မ်းချုပ်၊ ချွေးထွက် များ၊ အိုက်တာမခံနိုင်၊ အားယုတ်၊ သူငယ်အိမ်ကျဉ်း၊ ပျို့၊ သွေးဖိအားကျ၊ အမြင်-အကြား သူများနဲ့ မတူတာတွေ ခံစား၊ ခေါင်းကိုက်၊ အန်၊ နှလုံးခုန် မမှန်၊ အစားပျက်၊ လူက၀၊ ဗိုက်နာ၊ ယောက်ျား ရင်သားထွက်၊ လိင်တံ မသန်မာ၊ အာခေါင်ခြောက်၊ ချွေးများ၊ မျက်နှာနီမြန်း၊ ယားယံ၊ ခြေ-လက်တွေ ရောင်၊ စိတ်ဂနာမငြိမ်ဖြစ်၊ မူပြောင်း၊ မျက်စိေ၀၀ါး၊ အိပ်မပျော်၊ အရေပြား အနီပြင်ထွက်၊ ဆီးသွား ရခက်၊ တက်။

ဆေးဖြတ်လိုက်ရင် Withdrawal symptoms လက္ခဏာတွေ ခံစားရမယ်။ ခေါင်းထဲမှာ ပေါ့နေသလို ခံစား၊ မျက်ရည်ကျ၊ နှာရည်ယို၊ သန်းဝေ၊ နှာချေ၊ ပျို့၊ အန်၊ ၀မ်းလျှော၊ အလွန်ယား၊ ဖျား၊ ခွေးလွန်၊ ချမ်း၊ ခြေ-လက်တုံ၊ အတွင်းထဲမှာ မငြိမ်တာ ခံစားရလို့ လူကလဲ အငြိမ်မနေနိုင်ဖြစ်၊ ရင်တုံ၊ ခြေဆစ်-လက်ဆစ်တွေကိုက်ခဲ၊ နာတာကို ပိုခံစား၊ သွေးဖိအားတက်၊ အသက်ရှူနည်း။ ဆက်တွဲ ဖြစ်လာနိုင်တာတွေလဲ ရှိတယ်။ စွဲလမ်းမှုများ၊ စိတ်ဓါတ်ကျ၊ အိပ်မရတာ ကြာရှည်လာ၊ အလိုလို လိင်ဆန္ဒပြီးသွား၊ လိင်စိတ် နည်းပါး၊ ဂရောင်ချောက်ခြားဖြစ်၊ နားထဲကနေ သူများ မကြား တာတွေကြား၊ မျက်စိထဲကနေသူများ မမြင်တာတွေမြင်၊ အနံ့ကို တကယ့် အနံ့ရော စိတ်ကူးထဲမှာပါ သူများထက် ထူးနေ၊ စိတ်တို၊အကြောက်ကြီး၊ စိုးရိမ်စိတ်-ကြောက်စိတ်လွန်ကဲ၊ အမြင်သွေလွဲ၊ ကိုယ့်ကိုယ်ကို သတ်သေချင်၊အသက်ရှူနည်းတာ ၂-၄ နာရီ ကြာရင် သေနိုင်တယ်။

Ref: Mirror, HIV Information for Myanmar
Trend Myanmar

စစ်တွေ ဒါးပိုင်ဘင်္ဂလီရွာမီးလောင်၊ အိမ် ၃၆ လုံးမီးထဲပါ


ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်တွင် တည်ရှိသော ဒါးပိုင်ရွာတွင် ယနေ့ နေ့လယ်ကမီးလောင်မူ ဖြစ်ပွားရာ အိမ်ခြေ ၃၆ ဆောင်နှင့် ကြက်ခြံ (၂) ခြံ မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။

၎င်းမီးမှာ ပေါ့ဆမူ ဖြစ်နိုင်ကြောင်း အာဏာပိုင်များက ပြောကြားသော်လည်း သီးသန့် အတည်ပြုချက်များ ရရှိနိုင်ခြင်း မရှိသေးပါ။

မီးမှာ နေ့လယ် ၁၂ နာရီကျော်မှ ၂ နာရီကျော်ထိ လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

Narinjara နိရဉ္စရာ

ကလေးများ နဲ့ နှာခေါင်းသွေးယိုခြင်း


07.03.2014

မြန်မာနိုင်ငံမှာ ကလေးငယ်များ နှာခေါင်းသွေးယိုကြတာ အဖြစ်များနေတာမို့ မိဘများအနေနဲ့ ဒီ နှာခေါင်းသွေးယိုမှုမှာ အရေးကြီးတဲ့အချက်တွေကို သိနားလည်းဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုနေကြ ပါတယ်။ နှာခေါင်းသွေးယိုမှု ဖြစ်ရခြင်းအကြောင်းတွေထဲမှာ အဓိက ဖြစ်ရတာက နှာခေါင်းနေရာက အကြောင်းရင်းကြောင့် အဓိက ဖြစ်ရတာမို့ မိဘတွေအနေနဲ့ သိပ်စိုးရိမ်စရာမလိုဘဲ ရှေးဦးသူနာပြုစုနည်း သိထားဖို့ အရေးကြီးပါတယ်။

သို့သော် နှာခေါင်းနေရာက အကြောင်းရင်းကြောင့် မဟုတ်ဘဲ၊ အခြားနေရာတွေမှာ သွေးထွက်တာနဲ့ သက်ဆိုင်တဲ့ တကိုယ်လုံးဆိုင်ရာ ပြဿနာဆိုရင်တော့ အထူးဂရုပြု စစ်ဆေးဖို့ အရေးကြီးပါတယ်။ ဘယ်လို အချက်အခြေအနေတွေကို စောင့်ကြည့်ဖို့ လိုပါလဲ။

ဒီရောဂါပြဿနာအကြောင်း အသေးစိတ်သိရှိဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

VOA Burmese News

မန္တလေး ဘူတာကြီး အနီးတွင် ပြိုင်ကားတစ်စီး လမ်းလယ်ကျွန်း တိုက်မိ၍ တိမ်းမှောက်


မန္တလေး၊ မတ် ၇

မန္တလေး ဘူတာကြီး အရှေ့တွင် မတ်လ ၆ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ် အချိန်က Toyota Supra အနက်ရောင် ပြိုင်ကား တစ်စီးသည် အဝိုင်းပတ်ကို လမ်း ၃၀ ဘက်မှ မောင်းနှင်ပြီး ၇၈ လမ်းနှင့် ၃၁ လမ်းဘက်သို့ ကွေ့မောင်းစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပလက်ဖောင်းကို တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုယာဉ်တိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူနှင့် အသက် သေဆုံးသူ မရှိကြောင်း၊ ကားမောင်းနှင်သူမှာ လူငယ် တစ်ဦးဖြစ်ပြီး ကားအမျိုးအစားမှာ ၂ ဃ - - - Toyota Supra ပြိုင်ကား အမျိုးအစား ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကားပိုင်ရှင်က အသက် ၁၉၊ ၂၀ လောက်ပဲ ရှိသေးတယ်။ စစ်ဆေး မေးမြန်းတဲ့ အချိန်မှာလည်း ကောင်လေး စိတ်တွေက မတည်ငြိမ် ဖြစ်နေတယ်။ အခုတော့ စစ်ဆေး မေးမြန်းနေတယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းယာဉ် တိမ်းမှောက်မှု ဖြစ်စဉ်အား သတင်းယူနေသော ရုပ်သံ သတင်းထောက် တစ်ဦးကိုလည်း ယာဉ်မောင်း ဖြစ်သူက ယခုသတင်းကို မတင်ရန်နှင့် ယခု ဖြစ်စဉ်အား မတင်လျှင် ပိုက်ဆံမည်မျှ ပေးရမည်နည်းဟု ပြောခဲ့ကြောင်း ရုပ်သံ သတင်းထောက်က ပြောကြားသည်။

“မှောက်သွားတဲ့ ကားက ကားမောင်းတဲ့ ကောင်လေးက အရက်သောက် ထားတာလား၊ ဆေးတွေများ သုံးစွဲထား သလားတော့ မသိဘူး။ အော်ချင်တာတွေ လျှောက်အော်နေတာပဲ။ ကားမှောက်တော့ ဘေးနားက ကူညီဆောင်ရွက်ပေးတဲ့ လူတွေကိုလည်း အော်ဟစ်နေတာ” ဟု ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားစဉ် ဘေးနားတွင် ရှိသော မျက်မြင်သက်သေ တစ်ဦးက ဆိုသည်။

The Voice Weekly Myanmar

တံတားဖြူတွင် ၁၅ မိနစ်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်၊ ယာဉ်ထိန်းရဲ သုံးဦးနှင့် အမျိုးသား နှစ်ဦး ဒဏ်ရာရ


ရန်ကုန်၊ မတ် ၇

ရန်ကုန်မြို့ ပြည်လမ်းမ ပေါ်ရှိ တံတားဖြူ မှတ်တိုင် အနီးတွင် မတ်လ ၆ ရက်နေ့ ည ၁၁ နာရီခွဲ ဝန်းကျင်က ၁၅ မိနစ်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အမျိုးသား နှစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ပြည်လမ်းအတိုင်း လှည်းတန်းခုံးကျော် တံတားဘက်သို့ မောင်းနှင်လာသည့် ဧရာဝတီတိုင်း ဒေသကြီး သတင်းရဲတပ်ဖွဲ့မှ တပ်သား အောင်ဇော်ဇော် မောင်းလာသည့် BMW ဆလွန်းအမျိုးအစား ယာဉ်မှာ အရှိန်မထိန်းနိုင် ဖြစ်ပြီး ယာဉ်စစ်ဆေးရေး ဘယ်ရီဂိတ်ကို တိုက်မိခဲ့ကြောင်း၊ ယင်းနောက် ဆက်လက်၍ လမ်းလယ်ရှိ ဘလောက်တုံး လေးတုံးကို ထပ်မံ ဝင်တိုက်ခဲ့ရာ ဘယ်ရီတုံးမှ လွင့်စင် ထွက်လာသော ကျောက်ခဲများက အနီးရှိ ယာဉ်စစ်ဆေးနေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် BMW ယာဉ်ကို လမ်းဘေး ရပ်နားထားပြီး ယာဉ်စစ်အဖွဲ့က စစ်ဆေး ဆောင်ရွက်နေစဉ် ယင်းနေ့ည ၁၁ နာရီ ၄၅ မိနစ်က လှည်းတန်း ခုံးကျော်တံတားဘက်မှ မောင်းလာသော ဗင်အမျိုးအစား အငှားယာဉ်က လမ်းလယ် ဘလောက်တုံးကို တိုက်မိပြီး တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိကာ အဆိုပါ ရပ်နားထားသော BMW ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ မောင်းလာသော ပရိုဘောက်စ်ယာဉ် တစ်စီးတို့ကို ထပ်မံ တိုက်မိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ယင်းယာဉ်တိုက်မှုကြောင့် BMW ယာဉ်ကို စစ်ဆေးနေသည့် ယာဉ်ထိန်း တပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ယာဉ်စစ်ဆေးရေး အကူ အရပ်သား နှစ်ဦးတို့ကို တိုက်မိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ ရုံးထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု နှစ်ကြိမ်ကြောင့် ဘလောက်တုံးမှ လွင့်စင် ထွက်လာသော ခဲများ ထိမှန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ယာဉ်တိုက်ခံရသူ သုံးဦးတို့ကို အရေးပေါ် လူနာတင်ယာဉ်ဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း ကမာရွတ်မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ကမာရွတ်မြို့နယ် အမှတ် (၂) ရပ်ကွက် တံတားဖြူ မှတ်တိုင်အနီး ယာဉ်တိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာမှ BMW ယာဉ်မောင်း ဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး သတင်း ရဲတပ်ဖွဲ့မှ တပ်သား အောင်ဇော်ဇော်ကို ယာဉ် (ပ) ၁၂/ ၁၄၊ ပုဒ်မ ၂၇၉၊ ၃၃၇ ဖြင့် လည်းကောင်း၊ ယာဉ်တိုက်မှုကြောင့် ရပ်နားထားသော ယာဉ်အပါအယင် ယာဉ်နှစ်စီးကို ဆင့်တိုက်ခဲ့သော လှိုင်မြို့နယ်တွင် နေထိုင်သူ အငှားယာဉ်မောင်း ကိုဇေယျာဖြိုးကို ယာဉ် (ပ) ၁၃/ ၁၄၊ ပုဒ်မ ၂၇၉/ ၃၃၇ ဖြင့် လည်းကောင်း အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

The Voice Weekly Myanmar

ယူကရိန်း အကျပ်အတည်းကို သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ပူတင်ကို အိုဘားမား တိုက်တွန်း


ဝါရှင်တန်၊ မတ် ၇

ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အမေရိကန်သမ္မတ အိုဘားမားက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တိုက်တွန်း လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ ပူတင်တို့ တယ်လီဖုန်းဖြင့် အချိန်အတော်ကြာ စကားပြောဆိုရာတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ထို့အတူ အမေရိကန်-ရုရှားဆက်ဆံရေးသည် ယူကရိန်းအရေး သဘောထား ကွဲလွဲရုံဖြင့် ထိခိုက်မှု မရှိသင့်ကြောင်း အမေရိကန်သမ္မတ အိုဘားမားကို ရုရှားသမ္မတ ပူတင်က ပြောကြားသည်။

ကရိုင်းမီးယားဒေသကို ယူကရိန်းမှ ခွဲထွက်၍ ရုရှား ပြည်ထောင်စုအတွင်း ဝင်ရန် ကရိုင်းမီးယား ပါလီမန်က ကြာသပတေးနေ့က ဆုံးဖြတ်လိုက်ပြီးနောက် ယူကရိန်း အကျပ်အတည်းမှာ ပိုမိုတင်းမာလျက် ရှိသည်။

ကရိုင်းမီးယားဒေသသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်လာခြင်းသည် ယူကရိန်း အချုပ်အခြာ အာဏာကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ ပူတင်တို့အကြား ယခု တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောဆိုခြင်းသည် ယခုသီတင်းပတ် အတွင်း ဒုတိယအကြိမ်မြောက် စကားပြောဆိုခြင်းလည်း ဖြစ်သည်။

ကရိုင်းမီးယားဒေသကို ယူကရိန်းမှ ခွဲထွက်၍ ရုရှား ပြည်ထောင်စုအတွင်း ဝင်ရောက်သည့် ကိစ္စကို မတ်လ ၂၆ ရက်နေ့တွင် လူထုဆန္ဒ ခံယူပွဲ ကျင်းပမည် ဖြစ်ရာ ယင်းဆန္ဒခံယူပွဲသည် ယူကရိန်း အခြေခံဥပဒေနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။

ထို့အတူ ကရိုင်းမီးယားဒေသကို ယူကရိန်းမှ ခွဲထွက်ရေး ဆန္ဒခံယူပွဲသည် တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိဘဲ ယူကရိန်း ပြည်သူများ၏ အလိုဆန္ဒနှင့်လည်း ဆန့်ကျင်ကြောင်း ယူကရိန်း ကြားဖြတ် အစိုးရအဖွဲ့ သမ္မတ အိုလက်စ်ဇန္ဒာတာချေနော့ဗ်က ပြောကြားသည်။

ယူကရိန်း ဖွဲ့စည်းပုံ အခြခံဥပဒေ ပုဒ်မ ၇၃ အရ နယ်စပ်ဒေသများ အရေးနှင့် ပတ်သက်ပါက ယူကရိန်း တစ်နိုင်ငံလုံး၏ လူထုဆန္ဒ ခံယူပွဲ ကျင်းပရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သို့သော် ကရိုင်းမီးယားက လက်ရှိ ယူကရိန်း အစိုးရကို တရားဝင် အစိုးရဟု သတ်မှတ်ခြင်း မရှိဘဲ ကရိုင်းမီးယားသည် ယခုအခါ ရုရှား ပြည်ထောင်စုအတွင်း ရောက်ရှိသွားပြီ ဖြစ်ကြောင်း ကရိုင်းမီးယားဒေသ အစိုးရအဖွဲ့၏ ပထမ လက်ထောက် ဝန်ကြီးချုပ် ရူစတန်တန်မီယာဂယ်လိဗ်က ပြောကြားသည်။

The Voice Weekly Myanmar

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် တောင်ကိုရီးယား နိုင်ငံသူ ရေပန်းစား


ရန်ကုန်၊ မတ် ၇

တာဝန် ထမ်းဆောင်ခွင့် သက်တမ်း ကုန်ဆုံးတော့မည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်ဟိုဟေး ကင်တားနား နေရာတွင် အစားထိုးရန် လျာထားခံရသူ သုံးဦးအနက် တောင်ကိုရီးယား နိုင်ငံသူ Yanghee Lee မှာ ခန့်အပ် ခံရရန် ရေပန်းစားနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ခန့်ထားရန် လျာထားခံရသည့် တောင်ကိုရီးယား နိုင်ငံသား လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင် Ms. Yanghee Lee၊ အမေရိကန် နိုင်ငံသား Mr. Jared Gerser နှင့် ဖင်လန်နိုင်ငံသား Mr. Kimmo Kiljunen သုံးဦးတွင် Ms. Yanghee Lee မှာ ခန့်အပ် ခံရရန် နီးစပ်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ခန့်အပ်ရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် မတ်လ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ကိုယ်စားလှယ် အသစ် ဖြစ်လာမည့်ဟု ရေပန်းစားနေသည့် Ms. Yanghee Lee သည် အမေရိကန်နိုင်ငံ Missouri Columbia တက္ကသိုလ်တွင် ရှေးဦး ကလေးသူငယ် ပြုစုရေးနှင့် ပက်သက်၍ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ရရှိခဲ့ပြီး ၂၀၀၇ ခုနှစ် မေလတွင် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး ကော်မတီတွင် ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

အသက် ၅၈ နှစ် အရွယ်ရှိ Ms. Yanghee Lee သည် တောင်ကိုရီးယား နိုင်ငံ၏ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင်လည်း အကြံပေး အဖြစ် ပါဝင်ခဲ့ပြီး တောင်ကိုရီးယား တက္ကသိုလ် Sungkyunkwan University တွင် ကလေးသူငယ် စိတ်ပညာနှင့် ပညာရေးဌာန ပါမောက္ခ တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့က ပေးသည့် ထူးချွန်ဆု ရခဲ့သည်။

အရှေ့တောင်အာရှ လူ့အခွင့်အရေး ယန္တရား အကောင်အထည် ဖော်ရေးတွင်လည်း တက်ကြွစွာ ပါဝင်သူဖြစ်ပြီး ဆုံးဖြတ်ရေး အဖွဲ့ကမှု Ms. Yanghee Lee သည် တပ်မတော် အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ ကူးပြောင်းသည့် နိုင်ငံများနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိသဖြင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်ထားသည်။

လူ့အခွင့်အရေး ကိုယ်စားလှယ် ထပ်မံ ခန့်ထားခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အသိအမှတ် ပြုရန် ပျက်ကွက်ခြင်း ဖြစ်ပြီး နိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ဖိအားပေးရေး နည်းလမ်း ဆက်လက် သုံးစွဲလို၍ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တစ်ဦး၏ သက်တမ်းမှာ ခြောက်နှစ်ရှိပြီး ကင်တားနားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့ရာ ၂၀၁၄ ခုနှစ် မတ်လတွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေး ဌာနမှ သိရှိရသည်။

The Voice Weekly Myanmar

နေပြည်တော်ဘုန်းကြီးကျောင်းတွေ တရားစွဲခံနေရ


နေပြည်တော်က ဘုန်းတော်ကြီးကျောင်း ၂၀ ကျော်ကို ကျူးကျော်မြေအဖြစ် သတ်မှတ်ပြီး နေပြည်တော်ကောင်စီ သာသနာရေးဝန်ကြီးဌာနက တရားဆွဲဆိုလိုက်ပါတယ်။

နေပြည်တော်ကောင်စီ နယ်မြေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို သစ်တောကြိုးဝိုင်း ကျူးကျော်မြေအဖြစ် သတ်မှတ်ပြီး မဖယ်သေးတဲ့ ဘုန်းကြီးကျောင်းတွေမှာရှိတဲ့ ဘုန်းကြီးတွေကို ၀ိနည်းဓမ္မကံ အဓိကရုဏ်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ ၇/၁၁ ဖြင့် အခုလို တရားဆွဲလိုက်တာပါ။

ဘုန်းကြီးကျောင်းတွေကို ဖယ်ရှားတာတွေနဲ့ ဘုန်းကြီးတွေကို တရားစွဲဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က အခုလို ပြောပါတယ်။

“ဆရာတော် သံဃာတော်တွေ ကျောင်းတွေဟာ ကျူးကျော်ကျောင်းတွေဖြစ်တယ်။ သာသနာဝင် မှတ်တမ်းတွေ မရှိဘူး စတဲ့အချက်တွေနဲ့ပေါ့လေ။ တချို့ကျောင်းတွေဟာ သာသနာဝင် မှတ်တမ်းတွေ အပြည့်အစုံ ရှိတဲ့အပြင် သာသနာရေးဆိုင်ရာ ပွဲတွေဖြစ်တဲ့ ဓမ္မာစရိယ စာချတန်း၊ အကြီးတန်း အဲဒီအဆင့်မျိုးအထိတောင် အောင်မြင်ထားတဲ့ သံဃာတော်တွေလည်း တွေ့ရတယ်။ အခြေခံဥပဒေအရမှာပေါ့လေ။ ဒီဗုဒ္ဓဘာသာဟာ နိုင်ငံတော်မှာ အများစု ကိုးကွယ်တဲ့ အထွတ်အမြတ်ထားရာ ဘာသာဖြစ်တယ်ဆိုတဲ့ အချက်နဲ့ဆိုရင် အခြေခံဥပဒေနဲ့ မညီညွတ်ဘူးများ ဖြစ်နေမလား မပြောတက်ဘူးပေါ့လေ။ သံဃာတော်တွေကို။ သံဃာစစ် သံဃာမှန် ဖြစ်ရဲ့သားနဲ့ ရဟန်းတော်တွေ ထောင်ချခံရမယ့် အနေအထားမျိုး ဖြစ်တဲ့အတွက်ကို ညှိနှိုင်းတိုင်ပင် ဖြေရှင်းမှုမျိုးကို ဖြစ်သင့်တယ်။ ”

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၃ မှာတော့ နိုင်ငံတော်သည် အသိအမှတ်ပြုထားတဲ့ ဘာသာ သာသနာများကို တက်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟု ပြဋ္ဌာန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လက်တွေမှာ မြေကြီးနဲ့မြေပုံကွဲလွဲမှုတွေ ရှိနေတယ်လို့ မနေ့က လွှတ်တော်ထဲမှာ မီဒီယာတွေနဲ့ တွေဆုံချိန် ပြောကြားလိုက်ပါတယ်။

“ခိုင်လုံသော အထောက်အထားများဆိုတဲ့ ဥစ္စာက အင်မတန် အငြင်းပွားရမယ့် ပြဿနာ။ ဒါကြောင့်မို့ လွှတ်တော်ထဲမှာလည်း ပြောပါတယ် လယ်သမားတွေဆီမှာ ခိုင်လုံသော အထောက်အထား မရှိနိုင်ဘူး။ ဘာကြောင့်လဲ။ ဟိုတုန်းက ဒီဟာတွေကို ရယူတဲ့ဟာလည်း မရှိဘူး။ ဥပမာ ပြောပါတယ်၊ ဒီနားမှာ တပ်မ ဋ္ဌာနချုပ်တခု တည်တယ်၊ တည်တဲ့အခါမှာ မြေယာသိမ်းဆည်းအဖွဲ့က မြေလွတ် မြေလပ် မြေရိုင်းဆိုပြီး ပေးလိုက်တယ်။ တပ်က သွားပြီး အဆောက်အဦ တွေ ဆောက်တယ်။ အဲဒီမှာ ရွာတွေ ဖြစ်နေတယ်၊ ဘုန်းကြီးကျောင်းတွေ ဖြစ်နေတယ်။”

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်မှာရှိတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အစိုးရဘက်က တရားဆွဲဆိုလာတဲ့အတွက် အမှန်တရားပေါ်အောင် ဆက်ပြီး တရားရင်ဆိုင် သွားမယ်လို့ ဖယ်ရှားခံ ညောင်နှစ်ပင်ဘုန်းကြီးကျောင်းက ဆရာတော်ဦးအိန္ဒြ က အခုလို ပြောပါတယ်။
“လှူတန်းတဲ့ စာချုပ်စာတန်း ဦးဇင်းတို့မှာ အပြည့်အစုံ ရှိတယ်။ နောက်ပြီးတော့ သံဃာ့နာယက လုပ်ထုံးလုပ်နည်း ညွှန်ကြားလွှာနဲ့အညီ ဦးဇင်းတို့ ကျောင်းဆောက်ကြတာ။ အဲဒါကြောင့်မို့လို့ ဦးဇင်းတို့က သစ်တောကိုလည်း မကျူးကျော်ဘူး၊ လယ်ယာမြေကိုလည်း မကျူးကျော်ဘူး၊ နောက်ပြီးတော့ သံဃာ့နာယက ကိုလည်း ကျော်ပြီးတော့ မလုပ်ကြဘူး။ အဲဒါကြောင့် ဦးဇင်းတို့က တဖက်သတ် စွပ်စွဲခံထားရတဲ့ ကျူးကျော်ဆိုတဲ့ အဆုံးအဖြတ်ကို ဦးဇင်းတို့က လုံးဝ ဆန့်ကျင်ပြီးတော့ ပြန်ပြီးတော့ ချေပသွားကြဖို့ အခုအစီအစဉ် လုပ်လိုက်တာပါ။”

နေပြည်တော်ကောင်စီနယ်မြေမှာ ကျူးကျော်ဘုန်းကြီးကျောင်း ၃၇ ကျောင်းစစ်ဆေးတွေ့ရှိပြီး ၁၃ ကျောင်းကို ပံပိုးကူညီမှုတွေပေးပြီး ထွက်ခွာခိုင်းလိုက်ပြီးနောက် လက်ရှိမှာဘုန်းကြီးကျောင်း ၂၀ ကျော် မပြောင်းပေးပဲကျန်နေခဲ့တာ ဖြစ်ပါတယ်။

DVB Burmese

တရုတ်လေယာဉ်အနီး မြောက်ကိုရီးယား ဒုံးကျည်ဖြတ်သန်း လွန်စွာစိုးရိမ်ဟု ဘေဂျင်းထုတ်ပြန်


ဘေဂျင်း၊ မတ် ၇

တရုတ် လေယာဉ်ပျံသန်းရာ လမ်းကြောင်းအနီး မြောက်ကိုရီးယား ဒုံးကျည် ဖြတ်သန်းသွားသဖြင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက လွန်စွာစိုးရိမ်သည်ဟု ထုတ်ပြန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ဒုံးကျည် ဆင်းသက်ရာ လမ်းကြောင်းတွင်းသို့ တရုတ်အရပ်ဘက် လေယာဉ်တစ်စင်း ဝင်ရောက် ဖြတ်သန်းသွားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်သည်။

တရုတ် အရပ်ဘက် လေယာဉ်မှာ ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်ယန်မြို့သို့ ဦးတည် ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။
“ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စိုးရိမ်မှုကို သိရှိစေဖို့ မြောက်ကိုရီးယားကို ဆက်သွယ် ပြောကြားခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ချင်ဂန်က ပြောကြားသည်။

တရုတ်နိုင်ငံမှာ မြောက်ကိုရီးယား နိုင်ငံအပေါ် စီးပွားရေး၊ သံတမန်ရေး အဓိက ထောက်ပံ့ပေးနေသော နိုင်ငံဖြစ်သော်လည်း နျူကလီးယား လက်နက် သုံးကြိမ်တိုင်တိုင် စမ်းသပ်ခြင်း၊ တာဝေးပစ် ဒုံးကျည် ပစ်လွတ်ခြင်းတို့ လုပ်ဆောင်လာပြီးသည့် နောက်တွင် ပြုံယမ်းအပေါ် တရုတ်၏ သည်းခံနိုင်မှုမှာ နိမ့်ပါးလာခဲ့သည်။

ထို့အပြင် တရုတ်လေယာဉ်အနီး မြောက်ကိုရီးယား ဒုံးကျည် ဖြတ်သန်းသွားခြင်းကြောင့် အရပ်ဘက် လေယာဉ်များ လုံခြုံရေး သေချာဆောင်ရွက်ရန် မြောက်ကိုရီးယားနိုင်ငံကို တရုတ်နိုင်ငံက တောင်းဆိုလိုက်သည်။

တရုတ် အရပ်ဘက် လေယာဉ်မှာ တရုတ်တောင်ပိုင်း လေကြောင်းလိုင်းမှ ဖြစ်ပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော သတင်းကို ကြားသိထားသော်လည်း မတော်တဆဖြစ်ရပ် ဖြစ်ပွားခြင်း မရှိကြောင်း တရုတ် အရပ်ဘက် လေကြောင်းဦးစီးဌာန (CAAC) မှ ပြောရေးဆိုခွင့်ရှိသူက Reuters သတင်းကို ပြောကြားသည်။

The Voice Weekly Myanmar

ယန်း သန်း ၈၀၀ ကုန်ကျသည့် သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဓာတ်အားကို အရေးပေါ် ဓာတ်အား လိုအပ်ချိန်တွင် သုံးမည်


ရန်ကုန်၊ မတ် ၇

ဂျပန်နိုင်ငံ အစိုးရ၏ အကူအညီဖြင့် ဂျပန်ငွေ ယန်း သန်း ၈၀၀ အကုန်အကျခံ တည်ဆောက်ခဲ့သည့် သာကေတ လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ဓာတ်အားကို အရေးပေါ် ဓာတ်အား လိုအပ်ချိန်များ အတွက် အသုံးပြုမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်တွင် မတ်လ ၇ ရက်နေ့က ပြုလုပ်သော ၁၃ မဂ္ဂါဝပ် ဒီဇယ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သာကေတ လျှပ်စစ် ဓာတ်အားပေး စက်ရုံတွင် ဂျပန်ယန်း သန်း ၈၀၀ တန်ဖိုးရှိ ဒီဇယ်အင်ဂျင် ဓာတ်အားပေးစက် ၁၃ လုံးနှင့် စက်များ မောင်းနှင်နိုင်ရန် ဂျပန်ယန်း သန်း ၈၀၀ တန်ဖိုးရှိ ဒီဇယ်ဂါလန် ၁ ဒသမ ၉ သန်းကို ဂျပန်နိုင်ငံ အစိုးရက Emergency Grant Aid အဖြစ် ကူညီခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

ဒီဇယ်အင်ဂျင် ဓာတ်အားပေးစက် ၁၃ လုံးအနက် သာကေတ လျှပ်စစ် ဓာတ်အားပေး စက်ရုံတွင် စက်ကိုးလုံး ရှိပြီး ကျန်ရှိသည့် စက်များမှာ အခြားဒေသများ အတွက် အသုံးပြုမည် ဖြစ်ကြောင်း၊ ယခု တည်ဆောက်သည့် စက်ရုံမှ ရန်ကုန်မြို့နေ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ၉ မဂ္ဂါဝပ် ထုတ်လုပ် ဖြန့်ဖြူးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒီက လျှပ်စစ်ကို သာကေတ မြို့နယ်နဲ့ တောင်ဒဂုံ မြို့နယ်တွေ အတွက် အရေးပေါ် မီးပျက်ချိန်မှာ သုံးမယ်လို့ သိရတယ်” ဟု Mitsubishi Heavy Industry Ltd. ၏ အကြီးတန်း အရာရှိ ဦးညီညီက ဆိုသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် စီးပွားရေး အချက်အချာကျသော မြို့ဖြစ်ပြီး ရန်ကုန်မြို့၏ ဂျီဒီပီတွင် ၃၄ ရာခိုင်နှုန်း ပါဝင်သော စက်မှုလုပ်ငန်းများ၏ လျှပ်စစ်မီး လိုအပ်ချက်သည် မြင့်မားလျက် ရှိသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။
“လျှပ်စစ်ပေါ် မူတည်ပြီး တည်ငြိမ် အေးချမ်းမှုက ဖြစ်နေတာ” ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဟူသည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ကြေညာချက် အပေါ် ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဂျပန်နိုင်ငံ အစိုးရက ထောက်ပံ့သော သာကေတ လျှပ်စစ် ဓာတ်အားပေး စက်ရုံရှိ ဒီဇယ်လျှပ်စစ် ဓာတ်အားပေးစက် ၁၃ လုံးကို မစ်ဆူဘီရှီ ကုမ္ပဏီ ကော်ပိုရေးရှင်းက သယ်ယူခဲ့ပြီး Zeya & Associate Co., Ltd. က ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင် တည်ဆောက်ခဲ့သည်။

The Voice Weekly Myanmar

ယူကရိန်း သံချပ်ကာတပ်မဟာ စစ်ရေးပြင်ဆင်မှု ပြုလုပ်


ယူကရိန်းနိုင်ငံ ခရိုင်မီယာမှာ နှစ်ဖက်တင်းမာမှုတွေ ဆက်လက်မြင့်မားချိန်မှာ ယူကရိန်းနိုင်ငံရဲ့ သံမဏိတပ်မလို့ လူသိများတဲ့ အမှတ် ၂၄ သံချပ်ကာတပ်မဟာ ရုရှားနဲ့ ဖြစ်နိုင်ချေရှိတဲ့ စစ်ပွဲအတွက် မတ်လ ၇ ရက်နေ့က အဆင်သင့်ပြင်ခဲ့ပါတယ်။

သံမဏိတပ်မ ဟာ ယူကရိန်းနိုင်ငံအနောက်ပိုင်း လာဗတ်မြို့နားမှာရှိပြီး စစ်ရေးပြင်ဆင်မှုတွေ နေ့တိုင်းလုပ်နေတယ်လို့ ဆိုပါတယ်။ တပ်မမှူး အလက်ဒန်ဒရား ပါးဗလိုပ့် က တပ်မမှာ တပ်အင်အား၊ လက်နက်အင်အား ရာနှုန်းပြည့်ရှိတယ်။ စစ်ပွဲအတွက် လေ့ကျင့်ရေးတွေ လုပ်နေတယ်။ အထက်အမိန့်အတွက် အဆင့်သင့်ပါပဲလို့ ပြောဆိုခဲ့ပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းတပ်တွေထက် အဆများစွာသာပေမယ့် လိုအပ်ရင်တိုက်ပွဲဝင်ဖို့ အဆင့်သင့်ပဲလို့ ယူကရိန်းတပ်တွေက ပြောပါတယ်။ ယူကရိန်းစစ်သားတဦးက ကျနော်တို့ရဲ့ စိတ်ဓါတ်က အမြင့်ဆုံးမှာရှိနေပါတယ်။ တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါပဲ။ အမိမြေကို ကာကွယ်ဖို့ သစ္စာခံထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံသယရှိစရာမလိုပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ခရိုင်မီယာက ယူကရိန်းဒုံးကျည်ကာကွယ်ရေးတပ်ကို မတ် ၇ ရက်နေ့ညက သေနတ်တချက် မဖာက်ပဲ ရုရှားတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။ ခရိုင်မီယာအရေး မဖြစ်ပွားခင်က ရုရှား စစ်အခြေစိုက်စခန်းမှာ တပ်အင်အား ၁၁၀၀၀ ပဲ ရှိပေမယ့် အခုအချိန်မှာ ရုရှားတပ်အင်အား ၃ သောင်း ခရိုင်မီယာမှာ ရောက်ရှိနေပါတယ်။

စစ်အေးခေတ်အပြီး အရှေ့နဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ အတင်းမားဆုံး ထိပ်တိုက် ရင်ဆိုင်မှုတွေ ခရိုင်မီယာမှာ ဖြစ်ပွားနေပါတယ်။ ခရိုင်မီယာပါလီမန်က ရုရှားနိုင်ငံနဲ့ ပူးပေါင်းဖို့ မတ်လ ၆ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာ လူထုဆန္ဒခံယူဖို့ ရုရှားနောက်ခံတဲ့ ခရိုင်မီယာအစိုးရက ကြေညာထားပါတယ်။

DVB Burmese

တိုက်တန်းနစ် နှင့် သင်္ဘော နှစ်စင်း နှစ်မြှုပ်မှုမှာ ပါဝင်သော်လည်း အသက်မသေသူ


Violet Jessop အမည်ရ အိုင်ယာလန်သူ အိုင်းရစ်လူမျိုး အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ တကယ်ပဲ တိုက်တန်းနစ်အပြင် အခြားသော နာမည်ကြီး သင်္ဘော ၂ စင်းနှစ်မြှုပ်မှုမှာပါ အသက်မသေပဲ လွတ်လာသူ ဖြစ် ပါတယ်။

၁၈၈၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ဖွားပါတယ်။ မိသားစု ဆင်းရဲပြီး ကျောင်းပြီးအောင် မတက်ရပါဘူး။ ဒါကြောင့်ပဲ အင်္ဂလန် အခြေဆိုက် နာမည်ကြီး ရေကြောင်းပို့ဆောင်ရေး ကုမ္မဏီ အိုလံပစ်မှာ သူနာပြုအကူနဲ့ စားပွဲထိုးလုပ်ဖို့လျှောက်ပါတယ်။

၁၉၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ RMS Olympic သင်္ဘောကို စတက်ပြီး တာဝန် ထမ်းဆောင်ပါတယ်။ ဗြိတိန်စစ်သင်္ဘောတစ်စီးနဲ့ တိုက်မှုဖြစ်ပွားပြီး သင်္ဘောမြှုပ်လုနီးနီးဖြစ်ခဲ့ပါတယ်။ သို့ပေမ့ယ် နီးစပ်ရာကမ်းကို ကပ်နိုင် တာ ကြောင့် အားလုံး သေဘေးမှလွတ်ပါတယ်။ ယင်းနောက်ပိုင်း သင်္ဘော ကိုအချိန်အတော်ကြာပြန်ပြင်ရပြီး အိုလံပစ် သင်္ဘောလိုင်းမှာ နာမည်ကျော် အက်ဆီးဒန့် တစ်ခု ဖြစ်ခဲ့ပါတယ်။

၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ တိုက်တန်းနစ် သင်္ဘော (RMS Titanic) ကိုချိတ်ဆက်ခဲ့ပြီး တာဝန်ထမ်းဆောင်ပါတယ်။ မကြာပါဘူး။ ရေခဲ ဝင်တိုက်ပြီး လူပေါင်း ၁၅၀၀ သေတဲ့အထဲမှာလည်း သူမပါပဲ လွတ်ခဲ့ပါတယ်။

နောက်ထပ် တစ်စီး Britannic စစ်ဆေးရုံ သင်္ဘောမှာ ၁၉၁၆ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ပါတယ်။ ဒီမှာကျ စစ်သူနာပြုအနေနဲ့ပဲ ဖြစ်ပါတယ်။ ယင်းသင်္ဘောလည်း ရန်သူ ရေငုပ်သင်္ဘောရဲ့  ပစ်ခတ်မှုကြောင့် နှစ်မြှုပ်ပြီး လူ ၃၀ သေပါတယ်။ ၁၀၃၆ ဦးလွတ်ပြီး ယင်းအထဲမှာ သူမ ပါပါတယ်။

ဒီတော့ ကမ္ဘာ့ နာမည်ကြီး သင်္ဘော သုံးစင်းစလုံး နှစ်မြှုပ်မှုမှာ သူမ ပါပြီး ၃ စင်းလုံးကနေ သေဘေးမှ လွတ်မြောက်ပါတယ်။ တိုက်တန်းနစ် သင်္ဘော မှာတုန်းက အရာရှိတစ်ဦးရဲ့  ကလေးကိုချီလို့ သက်ကယ်လှေ နံပါတ် ၁၆ နဲ့ လွတ်သွားခြင်း ဖြစ်ပါတယ်။ စစ်ဆေးရုံ သင်္ဘောမှာကတော့ ရေအောက် ကျ ပြီး ဒဏ်ရာရလို့ အကယ်ဆယ် ခံရပြီးမှ လွတ်မြောက်သွား တာ ဖြစ် ပါတယ်။ RMS Olympic က ကြီးကြီးမားမား အက်ဆီးဒန့် မဟုတ် လို့ သေဘေး မှ လွတ်ပြီး Britannic က တော့ အချိန်မှီ အရေးပေါ် ကယ်ဆယ်ရေး စနစ်ကြောင့် လွတ်ပါတယ်။

အထက်တန်းလွှာ တွေကိုပဲ ဦးစာပေး ကယ်တဲ့ တိုက်တန်းနစ် သင်္ဘော ကနေ သေဘေးလွတ်သွား တယ်ဆိုတော့ သေဘေး သုံးခါတိတိမှာ သေခွင့် ကံ မကြုံသေးပဲ လွတ်ခဲ့တာကြောင့် Violet Jessop ကို နတ်ဘုရား များ စောင့်ရှောင့်သူလို့ တင်စားခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
Yoyarlay

၂နာရီကြာ ပျောက်နေခဲ့တဲ့ မလေးလေယာဉ်တစ်စီး ပယ်လယ်ထဲပျက်ကျခဲ့ပြီလို့ ရေတပ်က အတည်ပြု




8-3-2014

ကွာလာလမ်ပူ ကနေ ပေကျင်းကို ထွက်ခွာခဲ့တဲ့ လူ၂၃၉ဦးပါ မလေးလေယာဉ် တစ်စီးဟာ မတ်လ ၈ရက်နေ့ စနေနေ့ နံနက်အစောပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် ဒေသစံတော်ချိန် နံနက် ၂နာရီ ၄၀မိနစ်မှာ ၂နာရီကြာအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပေကျင်းကို ဒေသစံတော်ချိန် နံနက် ၆နာရီခွဲမှာ ဆိုက်ရောက်ရမဲ့ လေယာဉ်ပါ။
“Ca Mau ပြည်နယ် လေပိုင်နက်အရောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါ။ ဟိုချီမင်းမြို့ လေကြောင်းလမ်း ထိန်းချုပ်မှုနဲ့ အဆက်အသွယ်မရသေးခင်ပေါ့။” လို့ သတင်းထုတ်ပြန်ပါတယ်။
ဘိုရင်း ၇၇၇-၂၀၀ လေယာဉ်ပေါ်မှာ နို့စို့အရွယ် ကလေးနှစ်ဦး အပါအ၀င် နိုင်ငံပေါင်းစုံကခရီးသည် ၂၂၇ယောက် နဲ့ လေယာဉ်အမှုထမ်း ၁၂ယောက်ပါရှိပါတယ်။ အဲ့ဒီ့ထဲကမှ ၁၅၈ယောက်ဟာ တရုတ်နိုင်ငံသားတွေပါ။ လေယာဉ် စီးဖို့ တရုတ်နိုင်ငံသား အယောက် ၁၆၀ စာရင်းပေးထားပေမဲ့ ၂ယောက်ကတော့ လေယာဉ် မမှီခဲ့ဘူးလို့ ဆင်ဟွာ သတင်းတစ်ရပ်အရ သိရပါတယ်။
လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားကတည်းက ရင်တမမနဲ့ စောင့်နေခဲ့ရသူတွေဟာ လေယာဉ် ပင်လယ်ထဲပျက်ကျသွားပြီဆိုတဲ့ အတည်ပြုချက်လဲရရော ထိန်းမနိုင်သိမ်းမရ စို့နင့်လာပြီး ငိုကြွေးပူဆွေးခဲ့ကြရပါတယ်။
Ref:yahoo.com
သီဟနိုင် Trend Myanmar



တယ်လီနောမှ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ဟန်းဆက်ဝယ်ယူပါက ဆင်းမ်ကတ်အခမဲ့ ပေးမှုများပါ ပြုလုပ်မည်


တယ်လီနောမှ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် ဟန်းဆက်ဝယ်ယူပါက ဆင်းမ်ကတ်အခမဲ့ ပေးမှုများပါ ပြုလုပ်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။

တယ်လီနော မြန်မာအနေဖြင့် ဆင်းမ်ကတ်များ စတင်ရောင်းချသည့် အချိန်တွင် ဟန်းဆက်များကို အမျိုးအစား စုံလင်စွာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သင့်တော်သော ဈေးနှုန်းများဖြင့် မြန်မာနိုင်ငံမှ သုံးစွဲသူများ အဆင်ပြေစေရန် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။

“ဆင်းမ်ကတ်တွေ စရောင်းတဲ့အချိန်မှာ ဟန်းဆက်ဝယ်ရင် ဆင်းမ်ကတ်ကို အလကားပေးတာမျိုးတွေ ရှိပါမယ်။ တခြားအစီအစဉ်တွေလည်း ရှိဦးမှာပါ။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ထဲမှာ လူတိုင်းတတ်နိုင်တဲ့ နှုန်းထားနဲ့ သုံးစွဲနိုင်ရမယ် ဆိုတဲ့အချက် ပါဝင်နေပါတယ်” ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆင်းမ်ကတ်တွေ စရောင်းတဲ့အချိန်မှာ ဟန်းဆက်ဝယ်ရင် ဆင်းမ်ကတ်ကို အလကားပေးတာမျိုးတွေ ရှိပါမယ်။ တခြားအစီအစဉ်တွေလည်း ရှိဦးမှာပါ…
သုံးစွဲသူများအနေဖြင့် အရည်အသွေးမြင့် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို သင့်တော်သည့်ဈေးနှုန်းဖြင့် ရရှိနိုင်ရန်၊ ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းအား ၀န်ဆောင်မှုပေးနိုင်ရန်၊ ဆင်းမ်ကတ်များကို ဒေသအနှံ့အပြား၌ ဈေးနှုန်းသင့်တင့်ပြီး လွယ်ကူစွာရရှိနိုင်ရန်၊ ပထမအသုတ်အဖြစ် ဆင်းမ်ကတ် သန်း ၃၀ ကို စတင်ရောင်းချပေးရန် တယ်လီနောမြန်မာမှ ရည်ရွယ်ထားကြောင်း သိရသည်။

ပြည်တွင်းရှိ သုံးစွဲသူများအနေဖြင့် နိုင်ငံတကာနည်းတူ ဖုန်းအော်ပရေတာ ကုမ္ပဏီတို့နှင့် စာချုပ်ဖြင့် သုံးစွဲကာ နောက်ဆုံးပေါ် ဟန်းဆက်များကို ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရန် မျှော်လင့်မှုများ ရှိနေပြီး ယင်းကဲ့သို့ အစီအစဉ်များ ရှိသော်လည်း လက်ရှိအချိန်တွင် အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။

နေမျိုးထွန်း၊ ကေခိုင်ဝင့်
Eleven Media Group

တောင်ကိုရီးယား နိုင်ငံသည် ၂ဝ၂၂ ခုနှစ်တွင် စစ်ဘက်ရှိ အမြဲတမ်း တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချရန် စီစဉ် လျက်ရှိ



တောင်ကိုရီးယား နိုင်ငံသည် ၂ဝ၂၂ ခုနှစ်တွင် ၎င်း၏စစ်ဘက်ရှိ အမြဲတမ်းတပ်ဖွဲ့ဝင် အရေအတွက်ကို လက်ရှိ ၆၄ဝ,ဝဝဝ မှ ၅၂၂,ဝဝဝ သို့လျှော့ချရန် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အသွေးရှိသည့်

ပြန်တမ်း ဝင် အရာရှိမဟုတ်သော စစ်သည်အရေအတွက်ကို တိုးမြှင့်သွားရန် စီစဉ်လျက်ရှိကြောင်း တောင်ကိုရီးယား ကာ ကွယ်ရေး ဝန်ကြီးဌာနက မတ် ၆ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။ တောင်ကိုရီးယား အနေ ဖြင့် မွေး ဖွားနှုန်း ကျဆင်းလာခြင်းကြောင့် ၂ဝ၁၄- ၂ဝ၃ဝ ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဖော်ဆောင်ရာ၌ မြောက်ကိုရီးယား၏ ၁ ဒသမ ၂ သန်းရှိသော တပ်ဖွဲ့ဝင်များအားတုံ့ပြန်ရန် လက်ရှိအချိန် တွင် တောင်ကိုရီးယားနိုင်ငံ၌ အရွယ်ရောက်ပြီး အမျိုးသားများအနေဖြင့် စစ်မှုမထမ်းမနေရ စနစ်ဖြင့် နှစ်နှစ်ကြာ စစ်မှု ထမ်းဆောင်ရလျက် ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် တောင်ကိုရီးယား ကြည်းတပ်မှ တပ်ဖွဲ့ဝင်အင်အားကို လာမည့်ရှစ်နှစ် အတွင်း ၄၉၈,ဝဝဝ မှ ၃၈၇,ဝဝဝ သို့ လျှော့ချသွားမည်ဖြစ်ပြီး ရေတပ်၊ လေတပ်နှင့် မရိန်းတပ်ဖွဲ့ဝင် အရေအ တွက်ကို မူ မပြောင်းလဲဘဲ လက်ရှိအရေအတွက် အတိုင်းသာ ထားရှိသွားမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ စစ် ဘက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွင် ရေတပ်အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်းတွင် တန် ၃ဝဝဝ ရှိ ရေ ငုပ်သင်္ဘော ကိုးစင်း အပါအဝင် ရေငုပ်သင်္ဘော ၂ဝ စင်းပါဝင်သည့် ရေငုပ်သင်္ဘော ဌာနချုပ်တစ်ခု ဖွဲ့စည်းထူ ထောင်သွားရန် စီစဉ်ထားပြီး လေတပ်အနေဖြင့်လည်း ၂ဝ၂၂ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံ တစ်ဝန်း လုံးကို စောင့်ကြည့်နိုင်သည့် ဘက်စုံသုံးဂြိုဟ်တု ငါးစင်းပါဝင်သော ဂြိုဟ်တု ထောက်လှမ်းရေးတပ်ဖွဲ့ ထူထောင်ရန် စီစဉ် ထားကြောင်း သိရသည်။
Myanma Spectrum

အိုင်ဘီအမ်ကွန်ပြူတာစက်ရုံက တရုတ်အလုပ်သမားများ ရပိုင်ခွင့်အတွက် ဆန္ဒပြ


တရုတ်နိုင်ငံတောင်ပိုင်း ရှင်းဂျန်းပြည်နယ်က အိုင်ဘီအမ်ကွန်ပြူတာစက်ရုံက အလုပ်သမား ၁၀၀၀ ကျော်ဟာ ကုမ္ပဏီအပြောင်းမှာ ရပိုင်ခွင့်တွေကို မကျေနပ်လို့ အိုင်ဘီအမ်ကုမ္ပဏီကို မတ်လ ၇ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

အိုင်ဘီအမ်က ထုတ်လုပ်နေတဲ့ တန်ဖိုးနည်း ဆာဗာကွန်ပြူတာ ထုတ်လုပ်တဲ့ဌာနကို လီနိုဗီ ကွန်ပြူတာကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံနဲ့ ရောင်းချခဲ့ရာမှာ ဌာနလက်ရှိ လုပ်နေတဲ့ အလုပ်သမားတွေဟာ လီနိုဗိုကုမ္ပဏီမှာ ဆက်လုပ်မယ်ဆိုရင် ပိုမြင့်တဲ့လုပ်ခရလိုကြပြီး အလုပ်ထွက်မယ်ဆိုရင်လည်း လျော်ကြေးထိုက်ထိုက်တန်တန်ရချင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

တောင်းဆိုမှုတွေ မလုပ်ပေးမချင်း ဆက်လက် ဆန္ဒပြနေအုံးမယ်လို့ အလုပ်သမားတွေက ပြောဆိုနေပြီး အလုပ်တွေကို မတ်လ ၆ ရက်နေ့အထိ ၄ ရက်ဆက်တိုက် ရပ်နားထားပါတယ်။

အိုင်ဘီအမ်ကုမ္ပဏီ ပြောရေးဆိုခွင့် ဖလော်ရင့်မာက ကုမ္ပဏီသစ်မှာပေးမယ့် ရပိုင်ခွင့်ဟာ အားလုံးပေါင်းလိုက်ရင် လက်ရှိရတဲ့လခနဲ့ ယှဉ်နိုင်ပြီး အလုပ်ထွက်မယ်ဆိုရင်လည်း သင့်လျော်တဲ့ လျော်ကြေး ပေးမှာဖြစ်တယ်လို့ သူ့ရဲ့ အီးမေးလ်ကြေညာချက်မှာ ရေးသားဖော်ပြထားပါတယ်။

DVB Burmese

အင်ဒိုနီးရှား တော မီး ကြောင့် မီးခိုးမြူ ဖုံးလွှမ်း


08.03.2014

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း  အရှေ့ဘက်ကမ်းရိုးတန်း မှာရှိတဲ့  Riau ပြည်နယ်အတွင်းက သစ်တောနဲ့ စိုက်ခင်းတွေမှာ လောင်ကျွမ်းနေ တဲ့ တောမီးဟာ ပြီးခဲ့တဲ့ သီတင်းပါတ်ကစပြီး အခုထိ ဆက်လက်လောင်ကျွမ်းနေ ဆဲဖြစ်တာမို့  ပြည်နယ် တာဝန်ရှိသူတွေက အရေးပေါ်အခြေအနေ ကြေညာပြီး မီးငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

တောမီးကြောင့် မီးခိုးမြူတွေ ဖုံးလွှမ်းပြီး လမ်းပန်း ဆက်သွယ်ရေးတွေ  ပြတ်တောက်ပြီး အခက်အခဲတွေ ကြုံနေရသလို၊ ဒေသခံတွေမှာလည်း  အသက်ရှုမွန်းကြပ်မှုနဲ့အတူ  တခြားဆက်နွယ်တဲ့ ဝေဒနာတွေကို ခံစားနေကြရပါတယ်။

လူဦးရေ ၅ သန်းလောက်ရှိတဲ့ Riau  ပြည်နယ်ဟာာ  စားအုံးဆီပင်ကို အဓိကစိုက်ပျိုးတဲ့ ဒေသဖြစ်ပါတယ်။  မြေယာမီးမရှို့ဖို့ တားမြစ်ထားတဲ့ ကြားက မလိုက်နာသူတွေကြောင့်  မီးခိုးမြူတွေ ဖုံးလွှမ်းတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အရင်က နေရာ ၆၀ ဆယ်လောက်မှာ မီးလောင်နေရာကနေ အခု နေရာ ၁၃၀ ကျော်မှာအထိ များလာနေတယ် လို့လည်း ဒေသခံတွေ က ပြောပါတယ်။  တောမီးတွေလောင်ကျွမ်းခဲ့တာနဲ့ ဆက်နွယ်ပြီး လူ ၃၀ လောက်ကိုလည်း အင်ဒိုနီးရှားအာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်မယ့်  မိုးရွာလာအောင်  လေယာဉ်တွေသုံးပြီး  တိမ်တွေပေါ်ကို ဆားနဲ့ nitrium  ကလိုရိုက်ဆားတွေကို အင်ဒိုနီးရှား သဘာဝဘေးဒဏ် ထိန်းသိမ်းရေး အဖွဲ့က ဖြန်းပေးနေပါတယ်။

တောမီးကြောင့် မီးခိုးမြူတွေ  အိမ်နီးချင်းနိုင်ငံတွေဘက်ကိုပါ  ပျံ့နှံ့ခဲ့တဲ့အတွက် အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono က အိမ်နီးချင်း စကာင်္ပူနဲ့ မလေးရှားနိုင်ငံတွေကို တောင်းပန်နေရပါတယ်။

VOA Burmese News

မျက်နှာသစ်ရာမှာ အကြီးဆုံးအမှား(၁၀)ချက် - အပိုင်း (၁)


မျက်နှာသစ်တယ်ဆိုတာ အလှအပနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေထဲ ရှုပ်ထွေးမှုအနည်းဆုံး အပိုင်းလို့ ထင်တယ်မဟုတ်လား။ ဒါပေမယ့် တချို့သော ယေဘုယျအချက်တွေထဲမှာ လုပ်နေကျဖြစ်တဲ့ အကျင့်တွေက သင့်အသားအရေကို ပိုဆိုးဝါးလာစေတယ်ဆိုရင်ရော သင်သိထားပြီလား။

          ခြောက်သွေ့ခြင်း ၊ ကျိန်းစပ်ခြင်း ၊ အဆီခြောက်ခန်းခြင်း နဲ့ အက်ကွဲခြင်းတွေ ဖြစ်လာစေတတ်တဲ့ မျက်နှာသစ်နည်း အမှားတွေကို သင်မသိသေးဘူးလို့ ထင်တာကြောင့် ရေးသားဖော်ပြလိုက်ပါတယ်။

(၁)     ပထမဆုံးအချက်ကတော့ ထုတ်ကုန်ပစ္စည်း အမျိုးအစား ရွေးချယ်မှုမှားနေတာပဲ။ သင့်အသားအရေနဲ့ တကယ်ကိုက်ညီမယ့် သဘာဝပစ္စည်းအခြေခံ ထုတ်ကုန်မျိုးကို ရွေးချယ်ရပါမယ်။ ဒါကြောင့် ကိုယ့်နဲ့ သင့်တော်မယ့် organic ထုတ်ကုန်တွေကို ရွေးချယ်နိုင်စွမ်းရှိဖို့လိုပြီး ထုတ်ကုန်အမှားတွေ မသုံးမိပါစေနဲ့။

(၂)     တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် မျက်နှာသစ်ခြင်းက သင့်အတွက် ကောင်းမွန်ပေမယ့် ဒီ့ထက်ပိုလာရင်တော့ မျက်နှာ ကျိန်းစပ်ခြင်း ၊ အဆီပိုထုတ်လွှတ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီး မျက်နှာမသစ်ပါနဲ့။

(၃)     နောက်တစ်ချက်က ရေရဲ့အပူချိန်ပါ။ လူအများ ယုံကြည်နေကြသလို ပူတဲ့ရေက ချွေးပေါက်တွေကို ဖွင့်ပေးပြီး အေးတဲ့ရေက ချွေးပေါက် ပိတ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ ချွေးပေါက်တွေမှာ ဒီလို ပိတ်ဖို့ ပွင့်ဖို့ ကြွက်သားမရှိတဲ့အတွက် မလုပ်နိုင်ပါဘူး။ ပူတဲ့ရေတွေက သင့်အသားအရေကို ခြောက်သွေ့ခြင်း ၊ သဘာဝ အသားအရေကို ပျက်စီးစေခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်နှာသစ်ဖို့ အကောင်းဆုံး ရေအပူချိန်ကတော့ ကြက်သီးနွေးရုံ ရေအပူချိန် ခပ်နွေးနွေးလောက်ပါပဲ။

(၄)     မျက်နှာဂျီးချွတ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြုအမူ တစ်ခုဖြစ်ပြီး ဆဲလ်အသေတွေ ဖယ်ရှားဖို့နဲ့ လျော့နည်းစေဖို့က သော့ချက်ပါပဲ။ ဒီအတွက် scrub တွေ သုံးရတာဖြစ်လို့ တစ်ပါတ်ကို အများဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ သုံးသင့်ပါတယ်။ မျက်နှာဂျီးချွတ်ရာမှာ ရေစိုအ၀တ်တွေအစား လက်ချောင်းတွေနဲ့သာ မျက်နှာကို ပွတ်တိုက်သင့်ပါတယ်။

(၅)     ရေလုံလုံလောက်လောက် သုံးပြီး မျက်နှာမသစ်တာက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး အသားအရေကို ညစ်နွမ်းစေပါတယ်။ ဒါကြောင့် မျက်နှာသစ်ရာမှာ ပြောင်စင်နေအောင် ရေကို ခပ်ကြာကြာနဲ့ များများသစ်ပါ။ မေးရိုး ၊ နဖူးစပ်နဲ့ နှာခေါင်းတွေက ပိုပြီးဂရုစိုက်ရမယ့်အပိုင်းဖြစ်ပြီး တခါတရံ အဲ့ဒီနေရာတွေမှာ ဆပ်ပြာတွေ ကပ်ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ပိုပြီးဂရုတစိုက်နဲ့ ဆေးကြောရပါမယ်။

Ref:womenhealthmag.com
Trend

စနေ၊တနင်္ဂနွေအတွက် UV index အခြေအနေ



ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ uv index ခန့်မှန်းတန်ဘိုးများ အခြေအနေပဲ ဖြစ်ပါတယ် ။ အခုလို ပြောပြတဲ့အတွက် ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

ဒီတစ်ပတ် စနေ၊တနင်္ဂနွေအတွက် UV index အခြေအနေ။
UV index Update for this weekend
8-3-2014
5:44 am

(၈-၃-၂၀၁၄)ရက် စနေနေ့အတွက် uv index ခန့်မှန်းတန်ဘိုးများမှာ

(၁) uv index တန်ဖိုး အများဆုံး 12.6 (extreme level) ရှိနှိုင်ပါတယ်။

(၂) နံနက် (၁၁)နာရီမှနေ့(၁)နာရီအတွင်း အပြင်းထန်ဆုံးဖြစ်ပါတယ်။

(၃)  ချင်းပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်းနဲ့မကွေးတိုင်းတောင်ပိုင်း တို့တွင် ခံစားအဆိုပါလွန်ကဲအဆင့်တန်ဘိုးတွေကို တနင်္သာတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ အရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ရနှိုင်ပါတယ်။

(၄) ယခုရက်ပိုငးတွင် မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂလားပင်လယ်အော်အတွင်း မှ ရေငွေ့ ပါသောလေများတိုးဝင်နေမှုကြောင့် uv index များဆက်လက်မြင့်တက်နေမှုကို အနည်းငယ် သက်သာရာ ရနေစေပါတယ်။

ဒေါက်တာထွန်းလွင်


ပန်းရောင်ဆာရီဝတ် အိန္ဒိယအမျိုးသမီး သူရဲကောင်းများ




အိန္ဒိယနိုင်ငံ၏ အကြီးဆုံးပြည်နယ် ဥတာပရာဒေ့ရှ်တွင် ပန်းရောင်ဆာရီဝတ်ဆင်ထားပြီး သစ်သားတုတ်ချောင်းဆွဲကိုင်ထားသော အုပ်စုဖွဲ့အမျိုးသမီးများ ကိုတွေ့လျှင် သင်အံ့သြပြီး အတွေးပွားဖွယ်ရှိပါလိမ့်မည်။ ရဲဝံ့ပြတ်သားသော မျက်နှာပေးဟန်ပန်ကိုသင်နည်းနည်း တော့ဖြုံချင်ဖြုံနေမိပါလိမ့်မည်။ သို့ရာတွင်မစိုးရိမ်ပါနှင့် သင်သည် မုဒိမ်းကောင်တစ်ဦးမဟုတ်လျှင် သင့်ကို သူတို့ ရန်ပြုမည်မဟုတ်ပါ။

”ဟုတ်တယ် ကျွန်မတို့ မုဒိမ်းကောင်တွေကို ဟောဒီတုတ်ချောင်းတွေနဲ့ တိုက်ခိုက်နေကြပါတယ်”ဟု ပန်းရောင်ဆာရီဝတ်အဖွဲ့ခေါင်းဆောင် အမျိုးသမီး (Sampat Devi Pal) က ပြောသည်။ မှန်ပါသည်။ ဂူလာဘီဂိုဏ်း သို့မဟုတ် ပန်းရောင်ဂိုဏ်းဟု လူသိများထင်ရှားသော အမျိုးသမီးအဖွဲ့သည် ဥတာပရာဒေ့ရှ် ပြည်နယ်၏အမျိုးသမီးနှင့် မိန်း ကလေးငယ်တို့ အားထားရသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

”ကျွန်မတို့က မုဒိမ်းကောင် ဒါမှမဟုတ် မုဒိမ်းကျင့်ဖို့ကြိုးစားနေတဲ့သူကို တွေ့ရင် ဟောဒီတုတ်ချောင်းတွေနဲ့မှတ် လောက်အောင် ရိုက်နှက်ဆုံးမကြတယ်။ ဒါမှ သူ့ အနေနဲ့နောင်ကျင်ပြီး နောက်ထပ်ဘယ်မိန်းကလေးကိုမှ မစော်ကားရဲမှာ”ဟု ပန်းရောင်ဂိုဏ်းတည်ထောင်သူနှင့် အဖွဲ့ခေါင်းဆောင် ဒေဝီကပြော သည်။

အမျိုးသမီးများ အပေါ် အကြမ်းဖက်ချင်သော ယောက်ျားတချို့အပေါ် ဤသို့ ပြစ်ဒဏ်ခတ်ခြင်း၏ အကျိုးသက်ရောက်မှုကိုဒေဝီက ၁၉၈ဝ ပြည့်နှစ် များကတည်းက သိရှိခဲ့သည်။ ထိုစဉ်က အိမ်နီးချင်းအမျိုးသားတစ်ဦးက ဇနီးဖြစ်သူအား အကြမ်းဖက်နေခြင်းကို ဒေဝီက မခံမရပ်နိုင်ဖြစ်ကာ တုတ်တစ်ချောင်း နှင့် ဝင်ရောက်ရိုက်နှက်ပစ်ခဲ့သည်။ ထိုအကျိုး ဆက် ကား အံ့သြဖွယ်ပင်။

ဇနီးဖြစ်သူကို အကြမ်းဖက်မိတိုင်း ဒေဝီ၏တုတ်စာမိလာရသောအခါ ထိုအမျိုးသား၏အပြုအမူတို့ ပြောင်းလဲလာသည်။ ဆိုးသွမ်းသော အိန္ဒိယအမျိုးသား အပေါ် တုတ် မိုးကာဖိအားပေးပြောင်းလဲ စေခဲ့သော ဒေဝီ၏လုပ်ရပ်က ဤတွင်ရပ်မနေခဲ့။ အမျိုးသမီးများအတွက် အကာအကွယ်လုံလုံလောက်လောက် မရသော အိန္ဒိယအသိုက်အဝန်းတွင် ဒေဝီ၏တရားမျှတမှုအတွက်လုပ်ရပ်က စံနမူ နာဖြစ်လာခဲ့ပြီး ကိုယ်ထူကိုယ်ထလှုပ်ရှား မှုတို့ နိုးကြားလာခဲ့ကြသည်။ သို့နှင့်ပင် ဥတာပရာဒေ့ရှ်ပြည်နယ်၏ ခရိုင် ၁၁ ခု လုံးတွင် ဒေဝီစတိုင်ပန်းရောင်ဆာရီဝတ် ကာ တုတ်တစ်ချောင်းကိုင်စွဲပြီး အမျိုး သမီးအခွင့်အရေးအတွက် တိုက်ပွဲဝင် နေသူ ပန်းရောင်ဂိုဏ်းဝင်အရေအတွက် ၄ သိန်းခန့်ရှိနေပေပြီ။

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကို ကာကွယ်ရေး၊ အရွယ်မရောက်သေး ခင် လက်ထပ်ထိမ်းမြားပေးခြင်း၊ မေတ္တာ မျှနေသော်လည်း အသိုင်း အဝိုင်းကြောင့် ပေါင်း ဖက်ရခက်နေသူ ချစ်သူစုံတွဲတို့ အား မင်္ဂလာဆောင်နိုင်ရန်စီစဉ်ပေးခြင်း စသော အနုံချာဆုံးတို့၏ အခြေခံအ ခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော ပန်းရောင်ဂိုဏ်းသည် အိန္ဒိယနိုင်ငံလို မုဒိမ်းမှု၊ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု၊ အကြမ်းဖက်မှု၊ လာဘ်ပေးလာဘ်ယူပြီး မမှန် တရားစီရင်မှုတို့ ပြည့်နှက်နေသော အ သိုင်းအဝိုင်းတစ်ခုအဖို့ အားထား စရာ ဖြစ်လာခြင်းမှာ များစွာ ကျိုးကြောင်းဆီ လျော်ပါသည်။

”အမျိုးသမီးတစ်ယောက်က ပန်း ရောင်ဂိုဏ်းအဖွဲ့ဝင်ဖြစ်ချင်လာပြီဆိုရင် သူ့မှာသေချာတယ် မမျှမတဆက်ဆံခံခဲ့ ရလို့၊ ဖိနှိပ်ခံနေရလို့ ပြီးတော့ အားကိုး အားထားစရာ ဘာတစ်ခုမှ မရှိတော့လို့ပဲ”ဟု မာဟိုဘာခရိုင်၏ ပန်းရောင် ဂိုဏ်းဒုတိယခေါင်းဆောင် ဆူမန်ဆင်းမ်က ပြောသည်။ ”ကျွန်မတို့အမျိုးသမီးတွေ အား လုံးဟာ အမျိုးသားတွေ နဲ့ရင်ပေါင်တန်း နိုင်ရမယ်။ လိုအပ်လာရင် ဟောဒီတုတ် ချောင်းတွေနဲ့ အဲဒီလူ့ငနွားတွေကို ဒဏ်ခတ်ပစ်လိုက်မယ်”ဟု သူမကပြောသည်။

ကမ္ဘာ့ဒုတိယလူဦးရေ အများဆုံး အိန္ဒိယနိုင်ငံ၏အလယ်ပိုင်းရှိ ရှေးဟောင်း ဒေသတစ်ခုဖြစ်သော ဘန်ဒယ်လ်ခန် (Bundelkhand) သည် ဥတာပရာဒေ့ရှ် ပြည်နယ်နှင့် မတ်ဒ်ဟာပရာဒေ့ရှ်ပြည်နယ်ကို ခွလျက်တည်ရှိနေပြီး လူဦးရေ၏ ၄ဝ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုလိုင်းအောက်တွင် ရပ်တည်ရှင်သန်နေရသည်။ မိုးခေါင်မှုများ၊ စာမ တတ်မှုများနှင့် ခက်ခဲပင်ပန်းမှုတို့ကြား လုံးချာလည်လိုက်နေသော ထိုဒေသ၏ ဝိသေသတစ်ခုမှာ မုဒိမ်းမှုပင်ဖြစ်သည်။

ထိုဒေသတွင် အမျိုးသမီးတို့က ကမ်းကုန်အောင် ဆိုးဝါးခက်ထန်သောအခြေအနေနှင့် ရင်ဆိုင်နေရသည်။ အမျိုးသမီးထုကြား စာမတတ်မြောက်မှုနှုန်း က ၄၇ ရာ ခိုင်နှုန်းဖြင့် အိန္ဒိယတစ်နိုင်ငံ လုံးအမြင့်ဆုံးဖြစ်နေပြီး အရွယ်မရောက်ခင် လက်ထပ်ထိမ်းမြားခံရမှု၊ အိမ်တွင်းအ ကြမ်းဖက်ခံရမှု၊ ကလေးငယ်များအသတ် ခံရမှုတို့က ထိုဒေ သတွင် မကြားချင်မှ အဆုံး။

ထိုဒေသ၏ တစ်စိတ်တစ်ပိုင်းဖြစ် သည့် ဥတာပရာဒေ့ရှ်ပြည်နယ်သည် လည်း အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် အမျိုးသမီးများအတွက် မလုံခြုံဆုံးပြည် နယ်ဖြစ်နေသည်။ ယမန်နှစ် ၂ဝ၁၃ ခု နှစ် တစ်နှစ်တည်း၌ပင် မုဒိမ်းမှု ၁၉၆၃ မှု၊ ပြန်ပေးမှု ၇၉၁ဝ မှု၊ သတို့သားကြေး အပြည့်မပေးနိုင်၍ သတို့သမီးလောင်း အသတ်ခံရမှု ၂၂၄၄ မှု ဖြစ်ပျက် ခဲ့ခြင်းက သည်းတုန် အူတုန်ဖွယ်ပင်။ ဤသို့သော ပတ်ဝန်းကျင်မှပေါက် ဖွားကြီးပြင်းလာခဲ့သော နိုင်ငံရေးသမား မာယာဝါတီတစ်ယောက် ပြည်နယ်ဝန် ကြီးချုပ်ဖြစ်နေ သည့်တိုင် ဤအခြေအ နေကို မပြောင်းလဲနိုင်သေး။

ထို့ကြောင့်ပင် ပန်းရောင်ဂိုဏ်းက တုတ်မိုးပြောင်းလဲစေသောနည်းကို မ စွန့်လွှတ်နိုင်သေးခြင်းဖြစ်သည်။ သာမန် အားဖြင့်ဆိုလျှင် မတရားမှုတစ်ခုခုဖြစ်ပြီ ဆိုလျှင် ပန်းရော င်ဂိုဏ်းကဝင်ရောက် ညှိနှိုင်းဆွေးနွေးပေးခြင်း၊ လမ်းလျှောက် ဆန္ဒပြခြင်း၊ အစာငတ်ခံဆန္ဒပြခြင်းတို့ ဖြင့် အာဏာပိုင်တို့ တရားမျှတစွာ ဆောင်ရွက်ပေးရန် ဖိအားပေးသည့် နည်းကိုသုံးကြသည်။ သို့နှင့်တိုင် ဘာမျှထူးခြားမလာ လျှင် ပန်းရောင်က တုတ်တစ်ချောင်းနှင့် ပွဲကြမ်းရတော့မည်။

”ဘန်ဒယ်လ်ခန်ဒေသက တရားစီရင်ရေးစနစ်က ဖရိုဖရဲဖြစ်နေပြီး ယုံကြည်ကိုးစားလောက်စရာ မရှိဘူးဖြစ်နေတယ်”ဟု အိန္ဒိယအမျိုးသမီးတို့၏ ”ပန်းရောင် ဆာရီတော် လှန်ရေး” စာအုပ်ရေးသားသူ မီဒီယာသမားခန် (Amana Fontanella Khan) ကပြောသည်။

ပန်းရောင်ဂိုဏ်းထူထောင်သူ ဒေဝီ၏လုပ်ရပ်သည် ဘန်ဒယ်လ် ခန်ဒေသ တွင်အောင် မြင်နေကြောင်း ၎င်းကပြောသည်။ ”ပန်းရောင်ဂိုဏ်းဟာ အာဏာပိုင်တွေဘက်ရဲ့ပျက်ကွက်မှုကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးပြီး တရားစီ ရင်ရေးစ နစ်ကိုလည်း တစ်ဖက်တစ်လမ်းက ထိန်းကျောင်းပေးနေပါတယ်”ဟု ခန်က ဆိုသည်။

ထို့ကြောင့်ပင် ပြည်နယ်အစိုးရက ပန်းရောင်ဂိုဏ်းအား အောင့်သက်သက် နှင့် အသိအမှတ်ပြုခဲ့ရသည်။ လူမှုအဖွဲ့အစည်းအခြေပြုလာခဲ့သော ပန်းရောင် ဂိုဏ်းအကြောင်း ကို မှတ်တမ်းတင်ထားသော မှတ်တမ်းရုပ်ရှင်သည် အိန္ဒိယ၏ အကောင်းဆုံးမှတ်တမ်း ရုပ်ရှင်အဖြစ် ပြီးခဲ့သည့်လကချီးမြှင့်ခံခဲ့ရရာ အားလုံး ၏ စိတ်ဝင်စားမှုကို ဖမ်း စားနိုင်ခဲ့သည်။

”အိန္ဒိယရဲ့အနုံချာဆုံး ဒေသတစ်ခုမှာ အမျိုးသမီးတွေက မဟာပုရိသဝါဒကို မာမာထန်ထန်နဲ့တိုက်ခိုက်နေတာဟာ အလွန်ကိုထူးခြားပါတယ်။ ဒါကြောင့် ဒါ ကို မှတ်တမ်းတင်ဖြစ်တာပါ”ဟု ပန်းရောင်ဂိုဏ်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာဂျိန်း(Nishita Jain)က ဆိုသည်။

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့ နှင့်ပင် မှားယွင်းစွာလက်ခံထားနေကြဆဲဖြစ်သော ရိုးရာအစဉ်အလာအချို့နှင့် အကျင့်ပျက်ခြစား မှုတို့ကြောင့် ဒုစရိုက်မှု ပုံစံမျိုးစုံတို့ ပြည့်နှက်နေရာ နိုင်ငံကြီးဖြစ်သည်။

အထူးသဖြင့်မဟာပုရိသဝါဒကြီး စိုးရာအသိုင်းအဝိုင်းဖြစ်၍ အမျိုးသမီးတို့ အတွက် မည်သည့်အခါ ကမျှ လုံခြုံစိတ်ချ စွာနေနိုင်သောပတ်ဝန်းကျင်တစ်ခု မဟုတ် ခဲ့။ ယခုအချိန်ထိလည်း မဟုတ်သေး။ ပြစ်မှုကျူးလွန်သူတို့အား ရိုက်နှက် ခြင်းဖြင့်ဖိ အားပေးပြောင်း လဲစေခြင်းကို ဆန့်ကျင်ကန့်ကွက်သူတို့ ရှိနေသော် လည်း ဒေဝီကမူ ပညာတတ်အင်မတန် နည်းပါးသော ဤဒေသအတွက် ပန်းရောင်ဂိုဏ်း၏ လက်စွဲ ”တုတ်ချောင်း” မှာ အသုံးဝင်နေသည်ဟု ဆိုခဲ့သည်။

”အမျိုးသမီးတွေအပေါ် ကြမ်းကြုတ်ရက်စက်စွာ ပြစ်မှုကျူးလွန်ခဲ့တဲ့ ယောက်ျားတွေကို အမျိုးသမီးတွေက ရိုက်နှက်ခွင့်ရသင့်တယ်။ သူတို့ကိုဖမ်း ပြီး လည်ပင်းမှာ ”ကျွန်တော်ဟာ မုဒိမ်းကောင်ပါ”လို့ ဆေးမင်ကြောင် ထိုးပေးရမယ်”ဟု ဒေဝီကပြောသည်။

ဒေဝီ၏လမ်းစဉ်မှာ အမျိုးသားများ အပေါ်ရန်လိုဟန်ရှိနေသော်လည်း အသုံး တည့်လှသည်ကို အများစုကလက်ခံထား ကြသည်။ ဆင်းရဲမွဲတေမှုကြောင့် စိတ် အလိုမကျမှုများ နိစ္စဓူဝကြုံတွေ့နေရသည့် အခြေအနေတွင် ပညာမတတ်မှုက ပံ့ပိုး လိုက်သောအခါ ဘာမဆိုကျူးလွန်ရန် လက်မတွန့်တော့သော အမျိုးသားတို့အတွက် ပန်းရောင်ဂိုဏ်း ၏ ဒဏ်ခတ်မှုကို ခံရခြင်းက နောင်ကြဉ်စရာပင်။ ”ကျွန်မတို့ ရည် ရွယ်တာက အဲဒီလိုလူမျိုးတွေ နောင်ကြဉ်သွားဖို့ပဲ။ လက်စားချေတာမဟုတ်ဘူး”ဟု သူမက ပြောပါသည်။

ကျော်ရဲလင်း

Ref: Gulabi Gung: India’s Women Warrior
Popular Myanmar News Journal

မစ်စတာဘင်းရဲ့ လေယာဉ်မှူး ဖြစ်ခဲ့ဖူးပုံ




မစ်စတာဘင်းကို လူတိုင်းက အလွဲလွဲအချောချော်တွေချည်း လုပ်တတ်တဲ့ သူပဲလို့ ဇာတ်လမ်းတွေ့ကြည့်ပြီးတော့ တင်ရင်ထင်ပါမယ်။ သို့ပေမယ့် သေဘေးမှ လွတ်အောင် လေယာဉ်ပျံ တစ်စီးလုံးကို ထိန်းချုပ်ခဲ့ တယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

၂၀၀၁ ခုနှစ် မတ်လက ကင်ညာနိုင်ငံကို မိသားစုနဲ့ အပျော်ခရီးသွားပါတယ်။ သားသမီး ၂ ယောက်၊ ဇနီးနဲ့အတူ Private လေယာဉ်စီးလို့ မြို့ တစ်ခုမှ တစ်ခုသို့ ခရီးသွားပါတယ်။ လိုက်ပါမောင်းနှင်တဲ့ လေယာဉ်မှူးဟာ ရောဂါ တစ်ခုကြောင့် ခေါင်းမူးလဲကျပြီး လေယာဉ်တစ်စီးလို့ ပျက်ကျတော့မယ့် အခြေအနေတ တစ်ခု ဖြစ်ပါတယ်။

မစ်စတာဘင်းခေါ် Rowan Atkinson တစ်ယောက် အရင်တုန်းက လေ ယာဉ် မောင်းနိုင်တဲ့ စကေး လုံးဝမရှိပါဘူး။ တစ်ခါမှလည်း စမ်းသပ် မမောင်းနှင်ဖူးပါဘူး။ သို့သော် ရုတ်တရက် သူမောင်းရမယ့် ကံ ကြုံလာပြီး နီးစပ်ရာလေယာဉ်ကွင်းကို အဆင်ပြေပြေနဲ့ သက်ဆင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် လေယာဉ်တစ်စီးလုံးမှာပါ လာတဲ့ လေယာဉ်မှူးနဲ့ သူ့မိသားစု တစ်ခုလုံး သေဘေးမှ တကယ်လွတ်သွားရပါတယ်။

ဒါကြောင့် မစ်စတာဘင်းကို ခေတ္တ လေယာဉ်မှူး ဖြစ်ခဲ့သူလို့ ယနေ့တိုင် အမည်တွင်စေခဲ့ပါတယ်။
--
Ref: bbc
အောင်ခမ်း (ရိုးရာလေး)


လိင်တူလက်ထပ်ပွဲ နိုင်ငံရေး လှည့်ကွက်ပဲလား


အောင်ထွန်းလင်း

မြန်မာနိုင်ငံ အတွင်း HIV ကူးစက်ခံရသူပေါင်း ၂၄၀,၀၀၀ ခန့်ရှိနေပြီး ယင်းတို့အနက် ၃၇ ဒသမ ၅ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်သည် . . .  ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်ခံရနှုန်းမှာ ၁၆ ရာခိုင်နှုန်းရှိပြီး လိင်တူချင်းဆက်ဆံမှုမှ ကူးစက်ခံရသည့်နှုန်းမှာ ၂၉ ရာခိုင်နှုန်း အထိရှိ . . .

012ရန်ကုန်မြို့၊ ရွှေဂုံတိုင်မီးပွိုင့် အနီးက Excel Treasure ဟိုတယ်တွင် ၁၀ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ဆိုပြီး ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုတို့နှစ်ဦးက ကျင်းပ ပြုလုပ်ခဲ့သည့်အပေါ်  ဝေဖန်သံမျိုးစုံ ထွက်ပေါ်လျက်ရှိသည်။ လူ့အခွင့်အရေး ရှုထောင့်မှ မှန်ကန်ကြောင်း ထောက်ခံ ပြောဆိုမှုများ ရှိသလို မြန်မာ့လူမှုဓလေ့နှင့် ကိုက်ညီ သည့် လုပ်ရပ် မဟုတ်ကြောင်းလည်း ဝေဖန် ရေးသားမှုများ ရှိသည်။

ပြည်တွင်းအခြေစိုက် နေ့စဉ်ထုတ် သတင်းစာများနှင့် ဂျာနယ်များ၌လည်း အဆိုပါ လိင်တူချင်း မင်္ဂလာဆောင်မှု ၁၀ နှစ်ပြည့် သတင်းများအား အကျယ်တ၀င့် ဖော်ပြမှုများရှိသကဲ့သို ကမ္ဘာ့နိုင်ငံ အတော်များများ ကပင်လျှင် လက်ခံခြင်း မရှိသည့် လိင်တူ လက်ထပ်ခြင်းကို မြန်မာနိုင်ငံမှာ ခွင့်ပြုလိုက်ပြီလား ဆိုပြီး မေးခွန်းထုတ် ရေး သား ဖော်ပြကြသည့် နေ့စဉ်ထုတ် သတင်းစာများလည်း ရှိသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးနေသည့် ပြစ်မှုဆိုင်ရာ ရာဇသတ်ပုဒ်မ ၃၇၇ ၌ ““မည်သူမဆို ယောက်ျားနှင့် ဖြစ်စေ၊ မိန်းမနှင့် ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ၊ မိမိ အလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမ စပ် ယှက်မှုကို ပြုလုပ်လျှင် ထိုသူအား တစ်သက် တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုး မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်”” ဟု ပြဋ္ဌာန်းထားသည်။

““ယောက်ျားအချင်းချင်း လက်ထပ်ထိမ်းမြားခြင်းက ကျွန်တော့်တို့ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ မပါဘူးဗျ။ ဒီကိစ္စက ဆက်ဆံမှုအပိုင်း ရှိလာမယ်ဆိုရင် ပြစ်မှုကြောင်းအရ ငြိစွန်း သွားပါလိမ့်မယ်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ အရ ငြိစွန်း သွားပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လိင်တူဆက်ဆံမှုအတွက် လက်ထပ် မင်္ဂလာကို တရားဥပဒေအရ ခွင့်ပြု မထားဘူးဗျ။ မင်္ဂလာဆောင်တယ်ဆိုတာ ယောက်ျားချင်း လက်ထပ်ထိမ်းမြားခြင်းကို ကင်းဝန်မင်းကြီး ဦးကောင်းက ၃၆ စောင် ဓမ္မသတ်ကျမ်းမှာ ယောက်ျားချင်း၊ လိင်တူချင်း လက်ထပ်ထိမ်းမြား ခြင်းကို ခွင့်ပြုတယ်လို့ ပြဋ္ဌာန်းချက် ကျွန်တော် မတွေ့ရဘူး။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေသစ်ကို ဖော်ဆောင်ရာ ရောက်တဲ့အတွက် ဒါက ဥပဒေ ပြဿနာ ကြီးကြီးမားမား တက်တာပဲ”” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခင်ကာလများကတည်းက မြန်မာ့လူမှုပတ်ဝန်းကျင်၌ လိင်တူဆက်ဆံ ပေါင်းသင်းခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ လူသိထင်ရှား ဖော်ထုတ်မှုမျိုး မရှိခဲ့ပေ။  ယခုအခါမှာ ပထမဆုံး ဖြစ်နေသည့် အတွက် ပြည်သူများ အကြား စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ခု ဖြစ်နေသလို နိုင်ငံတကာ သတင်းဌာနကြီးများပင်လျှင် အဆိုပါ သတင်းအား အကျယ်တ၀င့် ရေးသားဖော်ပြ လာခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

သို့သော် ယခုကဲ့သို့ လိင်တူချင်း မင်္ဂလာဆောင်ပွဲနှင့် ပတ်သက်၍ နေ့စဉ်ထုတ် သတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များအား ပန်းဆိုးတန်း ကားဂိတ်၌ လက်ပွေ့ ရောင်းချပေးနေသူ တစ်ဦးကမူ   ““အရှက်မရှိကြဘူး။ ကိုယ့်မြန်မာနိုင်ငံမှာ ကိုယ့်ယဉ်ကျေးမှုနဲ့ မကိုက်ညီဘဲနဲ့ ယောက်ျားချင်း မင်္ဂလာဆောင်ရတယ်လို့။ ၀ယ်ဖတ်ကြ တစ်စောင် ၁၀၀”” ဆိုပြီး မိမိတို့ ဓလေ့ထုံးစံနှင့် မကိုက်ညီမှုအား ပေါ်လွင်အောင် သရော်ရင်း ကွက်ကွက် ကွင်းကွင်း ကြေညာ ရောင်းချခဲ့ရသည်။

အဆိုပါ လိင်တူအမျိုးသားနှစ်ဦး မင်္ဂလာပွဲကျင်းပမှုနှင့် ပတ်သက်ပြီး စစ်ဆေးသွားမယ်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိပြီး ၎င်းတို့နှစ်ဦး မင်္ဂလာပွဲ ကျင်းပရာ အပိုင်နယ်မြေ ဖြစ်သည့် ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးမြင့်လွင်စန်းကို ဆက်သွယ် မေးမြန်းရာ၌ မြန်မာသံတော်ဆင့်ကပါဟု ပြောဆိုချိန်၌ ဖုန်းချသွားခဲ့သည်။ ထပ်မံ၍ ဆက်သွယ်ခဲ့ရာ၌ ဖုန်းပိတ်သွားခဲ့သည်။ သို့သော် ပြည်တွင်းထုတ် ပြည်သူ့အာဏာဂျာနယ်၌မူ ““ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အနေနဲ့ စုံစမ်းပြီးတော့ စစ်ဆေး သွားပါ့မယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇၇နဲ့ ကိုက်ညီတယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူ သွားပါမယ်””ဟု ဒုတိယရဲမှူး ဦးမြင့်လွင်စန်းက ဖြေကြားထားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်ထွေးသို့ ဆက်သွယ် မေးမြန်းရာ၌လည်း ““သူတို့က ဘယ်လို အနေအထား နေတယ်ဆိုတာ ပြောနိုင်လို့လား။ ပြောနိုင်မှ အဲဒီလို ဥပဒေက ကြည့်လို့ရမှာပေါ့။ သူတို့က မင်္ဂလာဆောင်တယ်လို့ပဲ ပြောတယ်၊ ဘာလုပ်တယ်လို့ ပြောတာမဟုတ်ဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခုကဲ့သို့ လိင်တူချစ်သူနှစ်ဦး၏ ၁၀ နှစ်ပြည့် မင်္ဂလာပွဲကို လူသိထင်ရှား ပြုလုပ်ခြင်းမှာ မြန်မာ့လူမှု ပတ်ဝန်းကျင်အား မထီမဲ့မြင်ပြုရာ ရောက်နေကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။ ထို့ပြင် လိင်တူချစ်သူ လက်ထပ် ထိမ်းမြားမှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးနှင့် ယှဉ်တွဲ၍ အငြင်းပွားနေချိန်၌ နိုင်ငံတကာ မီဒီယာများ၏ အကျယ်တ၀င့် ရေးသား ဖော်ပြခံရခြင်းမှာ နိုင်ငံတကာ အလယ်တွင် အရှက်ရစေသည့် လုပ်ရပ် ဟုလည်း ဝေဖန်လျက် ရှိသည်။

““ဘယ်လိုပြောရမလဲဆိုတော့ သူတို့တွေက လက်ထပ်တာ မဟုတ်ဘူးလေ။ သူတို့ ဒီလို ချစ်ချစ်ခင်ခင် နေတာကို ၁၀ နှစ်ပြည့်ဆိုပြီး သူတို့က လုပ်တာလေ။ အထိမ်းအမှတ်ပွဲတစ်ပွဲကို တက်ရတယ်လို့ပဲ ခံစား ရပါတယ်။ မဖြစ်သင့်ဘူးလို့ ဝေဖန်ကြတာတော့ အန်တီလင်းတို့ အနေနဲ့ ပွဲလေးတစ်ပွဲကို တက်တယ်ဆိုတဲ့ အတွေးမျိုးလေးပဲ တွေးပြီး အဲဒါဆိုရင် ဘာမှ မဖြစ်ပါဘူး။ အရမ်းကြီးတွေးတဲ့ လူတွေကတော့ အမှန်မှန်က အများကြီးလည်း တွေးစရာ မလိုပါဘူး””ဟု လိင်တူချစ်သူ နှစ်ဦး၏ ၁၀ နှစ်ပြည့် မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သူ မိတ်ကပ်လင်းလင်း (အောင်အောင် -တောင်ကြီး)က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လိင်တူထိမ်းမြားခြင်းမှာ ဥပဒေအရ တားမြစ်ထားသည့်အပြင် ယင်းအား ခွင့်ပြုလိုက်မည်ဆိုပါက မလိုလားအပ်သည့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံအများစု၌ ခွင့်မပြုထားကြောင်း၊ ယင်း၏ နောက်ဆက်တွဲဖြင့် ထိမ်းမြားခြင်းမှ တစ်ဆင့်တက်လာပါက ဥပဒေနှင့် သက်ဆိုင်သည့် ဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်သည်ဟု ဥပဒေပညာရှင်များက သုံးသပ်လျက် ရှိသည်။

““နိုင်ငံအများစုမှာလည်း ဒီလိုကိစ္စကို ခွင့်ပြုထားတာ မရှိဘူး။ လိင်တူချင်း လက်ထပ် ထိမ်းမြားခြင်းဟာ ရှေ့ရှုတာက လိင်တူဆက်ဆံရေးကို ရှေ့ရှုတာ ဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ ဥပဒေဆိုးကျိုးတွေ သက်ရောက် လာနိုင်ပါတယ်”” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ပါတီကြီးနှစ်ခု မဲအနိုင်အရှုံး ခန့်မှန်းရ မလွယ်တဲ့ swing ဖြစ်တဲ့ ပြည်နယ်တွေ လေ့လာခွင့်ရတော့ လိင်တူ လက်ထပ်မှုများပြားတဲ့ ပြည်နယ်တစ်ခုကိုလည်း လေ့လာရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတောင် ဒီအခွင့်အရေးအတွက် အသည်းအသန် ကြိုးစားနေရဆဲပါ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့အပြင် ပုဒ်မ ၃၇၇ နဲ့ ကာကွယ်ထားတဲ့ နိုင်ငံမှာ ဒီဖြစ်ရပ်မျိုးကို အတင်းတားလို့ မရပေမယ့် အရမ်းကျယ်ပြန့်လာအောင် လှုံ့ဆော်တာကတော့ တာဝန်သိ မီဒီယာ မဆန်တဲ့ သူတွေအလုပ်ပါ။ အရင်အစိုးရ၊ အခုအစိုးရနဲ့ နီးစပ်တဲ့ ရုပ်သံတွေက သူတို့ဝင်ငွေကောင်းရေးအတွက် သွယ်ဝိုက် promote လုပ်ခဲ့ တာလည်း ကြာပါပြီ။ အခု ပုံနှိပ်မီ ဒီယာအချို့ပါ နောက်က လိုက်လာပါတယ်။ ပိုပြီး သတိထားရမှာက ၂၀၁၅ အမီ အခြေခံဥပဒေ ပြင်ရေး အရေးကြီးနေချိန်မှာ ဘာသာရေး ပြဿနာ၊ လူမှုရေး ပြဿနာတွေ ဖန်တီးသူတွေ ဖန်တီးပြီး ပြည်သူနဲ့ မီဒီယာကို အာရုံလွှဲသူတွေကို သတိထားဖို့ လိုပါတယ်””ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေး ထောက်ခံသူ မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်၏ ပေါ်လစီ ဒါရိုက်တာ ဦးမျိုးညွန့်မောင်က မှတ်ချက်ပြုပါသည်။

လက်ရှိ သတ်မှတ်ချက်များအရ လိင်တူချစ်သူ အမျိုးအစားမှာ လေးမျိုးရှိပြီး အမျိုးသားချင်း ချစ်သူ – Gay၊ အမျိုးသမီးချင်းချစ်သူ – Lesbian ၊ ကျားမလိင် နှစ်မျိုးစလုံးကို စိတ်ဝင်စားသူ – Bisexual နှင့် လိင်ပြောင်း ထားသူ- Trans- gender တို့ ဖြစ်သည်။

လိင်တူ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး လူမှုရေး ရှုထောင့်မှ မကြည့်ဘဲ ကျန်းမာရေး ရှုထောင့်က ကြည့်မည် ဆိုပါက အတူနေရုံဖြင့် ပြဿနာ မရှိနိုင်သော်လည်း အတူတကွ ပေါင်းသင်းခြင်းများ ရှိလာပါက ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ကျန်းမာရေး ၀န်ဆောင်မှု ပေးနေသူများက သုံးသပ်လျက် ရှိသည်။

““လက်ထပ်တာနဲ့ ဒီရောဂါဖြစ်တယ်ဆိုတာက မဆိုင်ဘူး။ လက်ထပ်တယ်ဆိုတာက လုပ်ပြလိုက်တာ၊ လူတွေကို ပွဲလုပ်ပြလိုက်တာ။ ဘာမှမှ မထူးတာ။ ဒါပေမဲ့ အတူတူ အချင်းချင်း နေမယ်ဆိုရင်တော့ ရောဂါကရမှာပဲ။ HIV/AIDS တွေလည်း ပါမှာပေါ့။ အဲဒီရောဂါက အတူတူနေပြီ ဆိုတာနဲ့ ရတယ်။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ်။ HIV ဖြစ်တယ်ဆိုတာ များသောအားဖြင့် မိန်းမတွေကပဲ ကူးစက်ခံ နေရတာ။ ယောက်ျားအချင်းချင်း ဖြစ်တဲ့ဟာ မရှိဘူး မဟုတ်ဘူး။ ရှိတော့ ရှိပါတယ်။ အခု အဓိကဖြစ်တာက ယောက်ျားဆီက မိန်းမတွေရနေတာကိုး။ အဲဒီ HIV/AIDS က လိင်ဆက်ဆံမှုတွေ ပါလာပြီ ဆိုတာနဲ့ ဖြစ်တယ်။ ဘယ်သူက ဘယ်သူ့ကို မဆို ကူးနိုင်တာပေါ့။ ဒါကတော့ ရှိနိုင်ပါတယ်။အဲဒါ ယောက်ျား မိန်းမရယ်လို့ မဟုတ်ဘူး။ ယောက်ျားနဲ့ မိန်းမလည်း ကူးတယ်၊ ယောက်ျား ယောက်ျားချင်းလည်း ကူးတယ်။ ဒီဟာက လက်ထပ်တာနဲ့ လိင်ဆက်ဆံတာနဲ့ မတူဘူးလေ။ ဒါက လက်ထပ်တာ၊ လိင်ဆက်ဆံတာမှ မဟုတ်တာ”” ဟု Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာစစ်နိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေး အသိပညာပေး အားနည်းမှုကြောင့် တစ်နေ့လျှင် HIV ပိုးကူးစက်သူပေါင်း အနည်းဆုံး ၂၃ ဦးခန့် ရှိကြောင်း Myanmar Positive Group (MPG) ၏ စစ်တမ်းများအရ သိရကြောင်းကိုလည်း အမျိုးသမီးကွန်ရက် အကြံပေး ဒေါ်စုစုလှိုင်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့ဖူးသည်။

ထို့ပြင် လက်ရှိ၌ မြန်မာနိုင်ငံအတွင်း HIV ကူးစက်ခံရသူပေါင်း ၂၄၀,၀၀၀ ခန့် ရှိနေပြီး ယင်းတို့အနက် ၃၇ ဒသမ ၅ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်သည်။ ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်ခံရနှုန်းမှာ ၁၆ ရာခိုင်နှုန်းရှိပြီး လိင်တူချင်းဆက်ဆံမှုမှ ကူးစက်ခံရသည့်နှုန်းမှာ ၂၉ ရာခိုင်နှုန်းအထိ ရှိသည်ဟု International HIV/AIDS Alliance မှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြထား သည့် ကိန်းဂဏန်းများအရ သိရသည်။

ယခုကဲ့သို့ လိင်တူချစ်သူနှစ်ဦး မင်္ဂလာပွဲ မကျင်းပမီကလည်း လိင်တူချစ်သူများအရေးနှင့် ပတ်သက်၍ ၂၀၁၂ မေလအတွင်းကလည်း လိင်တူချစ်သူအရေး ဆောင်ရွက်နေသူများနှင့် လူမှုအဖွဲ့တချို့မှ ကြီးမှူးပြီး Excel Tower ၌ပင် လိင်တူချစ်သူများ မုန်းတီးမှုဆန့်ကျင်ရေးနေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ သေးသည်။ ယင်းကဲ့သို့ ကျင်းပရခြင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ လိင်တူချစ်သူများအား ၁၉၉၁ ခုနှစ် မေလ ၁၇ ရက်နေ့၌ စိတ်မနှံ့သူ၊ မူမမှန်သူအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြ ခြင်းလည်း ဖြစ်သည်။

ယင်းအခမ်းအနား၌ လိင်တူချစ်သူများအား မြန်မာနိုင်ငံ၌ မှောင်ရိပ်ခိုမှု၊ ပုဒ်မ ၃၇၇ စသည့် ဥပဒေ နှစ်မျိုးဖြင့် အာဏာပိုင်များမှ အနိုင်ကျင့်စော်ကားနေကြောင်း၊ လိင်တူချစ်သူများအား  ညပိုင်းအချိန်များတွင် တွေ့ရှိပါက မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးလေ့ရှိပြီး ပြစ်မှုမမြောက်ပါက ပုဒ်မ ၃၇၇ ဖြင့် စွပ်စွဲကာ ငွေညှစ်ခြင်း၊ အနိုင်ကျင့် စော်ကားမှုများ ရှိနေကြောင်း၊ ယင်းအတွက် ပုဒ်မ ၃၇၇အား ပယ်ဖျက်ပေးရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း လိင်တူချစ်သူများမှ မီဒီယာများကို ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

 အလားတူ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကလည်း နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ဦးနှင့် ဖက်ရှင်ဝတ်စုံ ဖန်တီးသူတစ်ဦးတို့၏  လိင်တူချစ်သူချင်း သွယ်ဝိုက် မင်္ဂလာပွဲ တစ်ခုကို အလှူရေစက်ချ အခမ်းအနား ပုံစံမျိုးဖြင့် ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့ပြီး လျှပ်တပြတ်၊ အလင်းတန်းနှင့် ပေါ်ပြူလာဂျာနယ်များ၌ ဖော်ပြ ခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်သူများနှင့် ပတ်သက်ပြီး အကျယ်တ၀င့် ဖြစ်စေခဲ့သည့် ဖြစ်ရပ်တစ်ခုမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက မန္တလေးမြို့ ကျုံးပတ်လည်အနီး ညဘက်သွားလာတတ်သည့် လိင်တူချစ်သူများအား  ဖမ်းဆီးမှု ဖြစ်သည်။ အဆိုပါ ဖမ်းဆီးမှုကို ဇူလိုင်လ ၇ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စတင်ဖမ်းမိခဲ့သည့် လိင်တူချစ်သူ ကိုးဦးအား အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ထပ်မံ ဖမ်းဆီးခံရသူ နှစ်ဦးနှင့် ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းတွင်  ထပ်မံဖမ်းဆီးရမိသည့် သုံးဦးတို့အား အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေသည့်အတွက် ရဲအက်ဥပဒေပုဒ်မ ၃၅/၈ အရ တရားစွဲဆိုမှု ပြုခဲ့သည်။

ယခုကဲ့သို့ လိင်တူ လက်ထပ်ထိမ်းမြားခြင်း ကိစ္စရပ်မျိုးအတွက် တိကျသေချာသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် လွှတ်တော်များ၌ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့်အတွက် ပြည်ထောင်စု လွှတ်တော်၌သာ တင်သွင်းနိုင်ကြောင်းကိုလည်း ““အန်တီတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာက အဲဒီကိစ္စတွေ တင်လို့မရဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ဆိုတာက အဲဒီကိစ္စတွေ မပါဘူး။ အဲဒါက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စဆိုရင် ပြည်ထောင်စု လွှတ်တော်မှာပဲ တင်ရတာ””ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းမှ မြန်မာသံတော်ဆင့်သို့ ပြောသည်။

သက်ဆိုင်ရာ နယ်ပယ်များအလိုက် မည်သို့ပင် အမြင်အမျိုးမျိုး ရှိစေကာမူ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကို တို့နှစ်ဦး၏ ၁၀ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ပွဲမှာ မြန်မာလူမှုပတ်ဝန်းကျင်အတွင်း လှုပ်ခတ် သွားခဲ့သည့် အပြင် ကမ္ဘာ့မီဒီယာများ၌ပင် ဖော်ပြရသည်အထိ ဖြစ်ခဲ့ရသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ ဖြစ်လျက်ရှိ သည်။

အောင်ထွန်းလင်း
myanmarthandawsint