ယင်လပ်နှင့် အစိုးရတစ်ဖွဲ့လုံး ရာထူးမှနုတ်ထွက်ရန် ထိုင်းအတိုက်အခံခေါင်းဆောင် တိုက်တွန်း



ထိုင်းအတိုက်အခံ ခေါင်းဆောင် ဒီမိုကရက်တစ်ပါတီအကြီးအကဲ အဘီဆစ်ဗစ်ဂျာဂျီ ဗာက မကြာမီက  ထိုင်းအစိုးရက သတ်မှတ်လိုက်သောလာမည့် ဇူလိုင်တွင် ရွေးကောက်ပွဲများအသစ်ပြန် လည်ကျင်းပရေးကို  ပယ်ချလိုက်ပြီး ဝန်ကြီးချုပ်ယင်လပ်အနေဖြင့် ရွေးကောက်ပွဲမစတင်မီတွင်  ရာထူးမှနုတ်ထွက်သင့်ကြောင်း တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ပြီးခဲ့သောဒီဇင်ဘာမှစ၍ အစိုးရအနေဖြင့် လုပ်ငန်းများ အပြည့်အဝမလုပ်နိုင်ဘဲ ၎င်းတို့ ကျင်းပပေးခဲ့သည့် ဖေဖော်ဝါရီရွေးကောက်ပွဲ ရလဒ်များကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပယ်ဖျက်ခဲ့သည်။

သို့သော် ယင်လပ် ဦးဆောင် သည့် ကြားဖြတ်အစိုးရသည် ရွေး ကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ ပြီးနောက် ဇူလိုင်တွင် နောက်ထပ် ရွေးကောက်ပွဲအသစ်များ ပြုလုပ်ရန် မကြာသေးမီက ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အတိုက်အခံ ခေါင်းဆောင် အဘီဆစ်က နိုင်ငံ ရေးလိပ်ခဲတည်းလည်း ဖြစ်နေမှု ကို  ဖြေရှင်းနိုင်ရန် ယင်လပ်နှင့် ကြားဖြတ်အစိုးရတစ်ရပ်လုံး ရာ ထူးမှ နုတ်ထွက်ကာ ဆန္ဒပြသူများ တောင်းဆိုသော နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို ကြီးကြပ်မည့် ကြားဖြတ်အစိုးရသစ်တစ်ရပ် ဖွဲ့ သင့်ကြောင်း၊  ထိုအစိုးရမှတစ် ဆင့်  နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များလုပ်ရန် ကြီးကြပ်သင့်ကြောင်း တိုက်တွန်းခြင်းဖြစ်သည်။

‘‘ကျွန်တော့်တင်ပြချက်အရ ဆို ဘယ်ဘက်ကမှ ၁၀၀ ရာခိုင် နှုန်း အပြည့်မရပါဘူး။ ဒါပေမဲ့ ဘက်တိုင်းဟာ သူတို့လိုလားချက် တွေကို ဖြေရှင်းတောင်းဆိုနိုင်မှာ ဖြစ်ပါတယ်’’ဟု အဘီဆစ်က ပဋိ ပက္ခများ ရှောင်လွှဲနိုင်ရေးနှင့်ပတ် သက်၍ ၎င်း၏လမ်းပြမြေပုံကို ရှင်းပြသည်။

ထိုင်းကြားဖြတ်ဝန်ကြီးချုပ် မစ္စစ်ယင်လပ်သည် လာမည့်သီ တင်းပတ်များအတွင်း ၎င်း၏ရာ ထူးတာဝန်ကို ရပ်ဆိုင်းနိုင်သည့် တရားစွဲဆိုမှုနှစ်ခု ရင်ဆိုင်နေရသည်။

—Ref: AFP

7day

ဂန့်ဂေါမြို့တွင် လမ်းဘေးရှိနေအိမ်တစ်အိမ်ကို အရှိန်လွန်ဂျစ်ကားဝင်တိုက်




မကွေးတိုင်းဒေသကြီး၊ ဂန့် ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ ကျောတိုက် ရပ်ကွက်အတွင်း မြို့ပတ်လမ်း ဘေးရှိ နေအိမ်တစ်အိမ်ကို ဂျစ် ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိသောဖြစ်ရပ်တစ်ခု ဧပြီ ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ ၃ နာရီ အချိန်ခန့်က ဂန့်ဂေါမြို့၊ ကျော တိုက်ရပ်ကွက်မြို့ပတ်လမ်းနေ ဒေါ်လေးမေ(၅၇)နှစ်နှင့် ၎င်းင်း၏ ညီမဖြစ်သူ ဒေါ်သူဇာ(၅၁နှစ်)တို့ ၎င်းတို့၏ ၀ါးကပ်မိုး၊ ၀ါးထရံကာ၊ လေးပင်ပတ်လည်မြေစိုက်နေအိမ် အတွင်း၌ တရားတော်များကို ဗီဒီယိုအခွေထိုးလျက်နာယူနေကြ စဉ် ဂျစ်ကားတစ်စီးကစက်သံပြင်း စွာဖြင့် ၎င်းင်းတို့၏နေအိမ်ဘက်သို့ ဦးတည်မောင်းနှင်လာသည်ကို သတိထားမိ၍ ဘေးလွတ်ရာသို့ ထွက်ပြေးကြရကြောင်း၊ ခဏ အကြာတွင် အဆိုပါဂျစ်ကားမှာ နေအိမ်ထဲအထိ ဦးခေါင်းဝင်လာ သည်ကို တွေ့လိုက်ကြရကြောင်း၊ ယင်းနောက်တွင် ၎င်းတို့နှစ်ဦးမှာ ကြောက်စိတ်ကြောင့်သတိလစ်မေ့ မြောသွားခဲ့ကြကြောင်း၊ သို့ဖြစ်၍ ဆေးဝါးကုသမှုခံယူကြရသေး ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရသည်။
ယင်းဖြစ်ရပ်ကြောင့်နေအိမ် ရှေ့တွင် ရပ်တန့်ထားသော ကန်ဘို ၁၂၅ အမျိုးအစားမော်တော်ဆိုင် ကယ်တစ်စီးနှင့် နေအိမ်မျက်နှာ စာတိုင်များနှင့် ၀ါးထရံကာများ ကျိုးပဲ့ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
““ပျက်စီးသွားတဲ့မော်တော် ဆိုင်ကယ်နဲ့ အိမ်တန်ဖိုးကိုပြန် လည်အလျော်ပေးဖို့ လူမှုရေးအရ ညှိနှိုင်းနေကြဆဲဖြစ်ပါတယ်””ဟု ဒေါ်လေးမေက ပြောသည်။
ယင်းဂျစ်ကားမှာ ချင်းပြည် နယ်၊ မတူပီမြို့နယ်၊ လုံငူးကျေးရွာ နေ ယာဉ်မောင်း ဦးခန်ခိုထန့် (၂၄နှစ်)မောင်းနှင်သော ဂျစ်ကား ဖြစ်ပြီး ၎င်းဂျစ်ကားကိုဓာတ်ဆီ ထည့်ရန် လမ်းဘေး၌ရပ်တန့်ထား စဉ် ယာဉ်အကူလိုက်ပါလာသော မောင်ဆွေထွန်းလင်း(၁၈နှစ်)က တက်မောင်းရာမှ အရှိန်မထိန်းနိုင် ဘဲ လမ်းဘေးရှိသုံးဘီးဆိုင်ကယ် တစ်စီး၊ တယ်လီဖုန်းတိုင်တစ်တိုင် နှင့် နေအိမ်တို့ကိုအဆင့်ဆင့်တိုက် မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လုံငူးကျေးရွာနေ မောင်ဆွေထွန်း လင်း(၁၈နှစ်)၊ (ဘ)ဦးထွီးထန်ကို ဂန့်ဂေါမြို့ မြို့မရဲစခန်းက ယာဉ် (ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/ ၄၂၇ အရအမှုဖွင့်လှစ်ပြီး ဒုရဲအုပ် မဟိန်္ဒက တရားစွဲဆိုတင်ပို့ရန် ဆက်လက်ဆောင်ရွက်ကြောင်း သိရသည်။

ကြီးမြင့်နိုင် (လွိုင်ကော်
hot news weekly

လမ်းပေါ် မကျူးကျော်ရ



ကျူးကျော်အိမ်တွေ အဖျက်ခံရသည့် သတင်းတွေကို မကြာခဏ ကြားနေသည်။ အဖျက်ခံရသည့် အိမ်တွေက စစ်တပ်၊ ဝန်ကြီးဌာနများနှင့် အိုးအိမ်က သိမ်းထားသော မြေပေါ်တွင် နေသည့် အိမ်တွေဖြစ်သည်။

စိုပြေတို့ ရပ်ကွက်ထဲက ကျူးကျော်တွေကိုလည်း ဘယ်တော့ လာဖျက်မလဲဟု စောင့်နေမိသည်။ ကျူးကျော်နေသူတွေက အစိုရေမြေကို ကျူးကျော်နေသူတွေတော့ မဟုတ်။ ပြည်သူပိုင်မြေကို ကျူးကျော်နေသူတွေ ဖြစ်သည်။ ပြည်သူပိုင်မြေကို ကျူးကျော်သူဟု ဆိုလိုက်သဖြင့် ဝေဝေဝါးဝါး ဖြစ်သွားနိုင်သည်။
ရှင်းအံ့......

ပြည်သူပိုင်မြေ ကျူးကျော်သူတွေကို သင်တို့အနေနှင့် ကိုယ့်အိမ်ရှေ့ ကိုယ့်ပတ်ဝန်းကျင်တွင်ပင် တွေ့နိုင်ပါသည်။ အခု စာဖတ်နေသူ ကိုယ်တိုင်လည်း ပြည်သူပိုင်မြေ ကျူးကျော်သူ ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ စိုပြေတို့ လမ်းသည် ပေလေးဆယ်ကျော် ကျယ်သည့် လမ်းဖြစ်သည်။ သို့သော် အမှန်တကယ် သွားလို့ရသည့် လမ်းအကျယ်ကတော့ ၁၅ ပေလောက်သာ ရှိတော့သည်။ အိမ်တိုင်း အိမ်တိုင်းက မိမိအိမ်ရှေ့ လမ်းမပေါ် ဆယ်ပေကျော်ကျော်အထိ ကျူးကျော်လိုက်ကြသည်။ အချို့က ပစ္စည်းတွေ ထားသည်။ အချို့က လမ်းမပေါ် ဈေးဆိုင် ဖွင့်ထားသည်။ အချို့က သစ်ပင်တွေ စိုက်ထားကြသည်။ သို့နှင့် လမ်းကျဉ်းသွားခြင်း ဖြစ်သည်။ လမ်းမပေါ်တွင်တော့ လမ်းလျှောက်သူနှင့် ကားတွေ နေရာလုပြီး သွားနေရသည်။ ထို့ပြင် လမ်းမပေါ်တွင် ဓမ္မာရုံလည်း ဆောက်ထားလိုက်သေးသည်။ ထိုသို့ လမ်းမပေါ် ကျူးကျော်နေသည်ကို မရိပ်မိအောင် လမ်းထိပ်တွင် ၁၅ ပေ အကျယ်ရှိသော ကျောက်တိုင်နှစ်တိုင် စိုက်ထားလိုက်သည်။ လမ်းထဲကလူများ ရွှေဉာဏ်တော် စူးရောက်ကြပါပေသည်။

စိုပြေတို့ တစ်လမ်းတည်းလား ဆိုတော့ မဟုတ်သေးပေ။ ဂွတ္တလစ်ရပ်ကွက် တစ်ခုလုံးက လမ်းတိုင်းကို လိုက်ကြည့်တော့လည်း ထိုအတိုင်းသာ။ လမ်းအကျယ် ပေလေးဆယ်။ တကယ်သွားလို့ ရတာက ၁၀ ပေ ၁၅ ပေသာ။ အခုချိန် ကားတွေ ပေါလာတော့ ပိုဆိုးသည်။ လမ်းကြားထဲတွင်ပင် ကားတွေ ပိတ်ကုန်သည်။ လူညီတော့လည်း လမ်းကျဉ်းသွားတာပေါ့လေ။

စိုပြေတို့ တစ်ရပ်ကွက်တည်းလား ဆိုတော့ မဟုတ်သေး။ အခြားရပ်ကွက်တွေ လိုက်ကြည့်တော့လည်း ထိုနည်း ၎င်းကောင်း။ လမ်းမပေါ် ပြည်သူပိုင် မြေတွေကို ကျူးကျော်သူတွေ ဒုနှင့်ဒေးပင်။ မြို့ထဲကို လမ်းလျှောက် ထွက်လိုက်ပါက ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသူတွေကို တွေ့ရပါလိမ့်မည်။ ပြည်သူပိုင် ပလက်ဖောင်းပေါ်တွင် ဈေးရောင်းသူသည် ကျူးကျော်သူပင်။

ထိုပလက်ဖောင်းများကို ကြည့်လိုက်တော့ ၆ ပေလောက်သာ ရှိတော့သည်။ ယခင် တစ်နှစ်က ဒီလိုမဟုတ်။ ထိုပလက်ဖောင်းတွေသည် ပေ ၂၀ အကျယ် ရှိ၏။ ဒါကို မြို့တော်စည်ပင် ရွှေဉာဏ်တော် စူးရောက်ကာ ၁၄ ပေကို ကားများအတွက် ကျူးကျော်ပေးလိုက်သည်။ လမ်းသွားလမ်းလာတွေ ဒုက္ခရောက်ကုန်သည်။ ဈေးဆိုင်ပိတ်၊ ပလက်ဖောင်းက ကျဉ်းနှင့် ကားလမ်းမပေါ်ပဲ တက်လျှောက်ရတော့သည်။

ကားလမ်းမပေါ် တက်လျှောက်တော့ နောက်ကလာသည့် ကားက ဝင်တိုက်ပြန်သည်။ ကျိုးသူ၊ ဒဏ်ရာရသူ၊ သေသူ၊ ကားသမား အဆဲခံရသူတွေ နေ့စဉ်ပင်။ ပလက်ဖောင်း အကျယ်ကြီးကို စည်ပင်နှင့် ဈေးသည်က ကျူးကျော်လိုက်သဖြင့် ပြည်သူတွေ ကားတိုက်ခံရကုန်သည်။ စည်ပင်နှင့် ဈေးသည် ညီတော့ ပလက်ဖောင်း ပျောက်တာပေါ့လေ။

မြို့ထဲတင်ပဲလား ဆိုတော့ မဟုတ်သေးပါ။ အစိုးရအိမ်ရာတွေ ဖြစ်သည့် မင်းမနိုင် အိမ်ရာတို့၊ ဖဆပလ ရပ်ကွက်တို့ လမ်းသစ် အိမ်ရာတို့ကို ကြည့်ပါ။ အောက်ဆုံးထပ်တွင် နေသူက မိမိတိုက်ခန်း ပတ်ပတ်လည်မှာ ရှိသည့် မြေတွေပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ကြသည်။ အိမ်ရှေ့ ပြည်သူပိုင် မြေကွက်လပ်တွင် ဈေးဆိုင်ဖွင့်သည်။ နောက်ဖေး ပြည်သူပိုင်မြေတွင် အဖီထိုးသည်။

ဈေးဆိုင်ဖွင့်သည့်သူက ကျူးကျော်အဖီကို ပြန်ငှားစားသည်။ ပေ ၄၀ ကျော်လောက် ရှိသည့် မြေပေါ်တွင် ဖြစ်သည်။ ထိုမြေတွေက ကလေးတွေ ကစားဖို့။ ပွဲတွေဘာတွေ လုပ်ဖို့။ သာရေးနာရေး လုပ်ဖို့ အိမ်ရာ စဆောက်ကတည်းက ချန်ထားခဲ့ခြင်း ဖြစ်သည်။ အခုတော့ အောက်ဆုံးထပ် နေသူတွေက ကျူးကျော်လိုက်ချေပြီ။ အောက်ဆုံးထပ် နေသူတွေ ညီတော့လည်း ကစားစရာမြေ ပျောက်တာပေါ့လေ။

မြေလွတ်မြေရိုင်းတွေ၊ လူမနေသည့် မြေတွေပေါ်မှာ ကျူးကျော်သူတွေကိုတော့ အစိုးရက အင်တိုက်အားတိုက် မောင်းထုတ်သည်။ ပြည်သူအများ သွားလာရာ လမ်းမပေါ်။ ပြည်သူအများနှင့် သက်ဆိုင်သော မြေတွေပေါ်မှာ ကျူးကျော်နေသူတွေ ကိုတော့ အစိုးရက တွေ့နေပါလျက်နဲ့ ဒီအတိုင်း လွှတ်ထားသည်။ တကယ်နေစရာ မရှိသူတွေကို မောင်းထုတ်ပြီး နေစရာ ရှိပါလျက် မတော်လောဘကြောင့် ကျူးကျော်သူတွေ ကိုတော့ မောင်းမထုတ်သေး။ သူ့အရပ်နဲ့ သူ့ဇာတ် အဆင်ပြေနေတော့လည်း ပြည်သူပိုင်မြေ အကျူးကျော် ခံရသူတွေက ဘာပြောလို့ ရတော့မလဲ။

ဒီကိစ္စဘယ်သူ့မှာ တာဝန်ရှိသလဲ....။ အစိုးရမှာလည်း တာဝန်မရှိ။ ကျူးကျော်သူမှာလည်း တာဝန်မရှိ။ အစိုးရဝန်ထမ်းတွေ အနေနှင့်လည်း ဒီထက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်နေမပေါ့လေ။ လမ်းနှင့် အဓိကဆိုင်သော စည်ပင်ကလည်း ရေရဖို့ပဲ လုပ်နေမပေါ့လေ (နွေရာသီ ရေရှားသဖြင့် တစ်မျိုး မထင်နှင့်)။ ကျူးကျော်သူတွေ ကလည်း သူများကျူးတာ မြင်တော့ ကျူးချင်မပေါ့လေ။ နောက်ပြီး လူတိုင်းကိုယ်စီ လောဘရှိသည်။ ဝယ်စရာ မလိုဘဲ ပေ ၂၀ ပတ်လည်လောက် မြေနေရာကို ၁၉၈၈ ခုနှစ်မှ စပြီး အလကား ရခဲ့သည်ပဲ။ သူတို့နေရာတွင် စိုပြေဆိုလျှင်လည်း ကျူးကျော်မိမည်သာ။

ဒီတော့.... ပြည်သူပိုင်သည့် လမ်းကို ကျူးကျော်တာကို ဘာမှ မပြောရဲသည့် စိုပြေတို့လို ပြည်သူတွေမှာသာ တာဝန်ရှိချေသည် မဟုတ်လား....။

စိုပြေ (သံချောင်းပါတီ)
The  Voice


အန်ကယ်လပ်ကီး - ဇာဂနာ




အမှန်ကတော့ သေမှမလွမ်းချင်။ ကျွန်တော် ထောင်ထဲရှိနေစဉ် ကျွန်တော့် အဖေရော အမေပါ ကွယ်လွန်သွားကြသည်။ အဖေ့ကိုလွမ်းသော၊ အမေ့ကို တမ်းတသောစာတွေ ကျွန်တော် မရေးဖြစ်ခဲ့။ ကျွန်တော့်မိဘနှစ်ပါးသည် သူတို့ဝန်တာ ကျေခဲ့ပြီ။

အန်ကယ်လပ်ကီးဟု ကျွန်တော်တို့က ချစ်စနိုးခေါ်သော ဦးဝင်းတင်သည် ကျွန်တော်တို့ အားလုံးကို ထားခဲ့ပြီ။ မွေးကတည်းက သေဖို့ပါလာကြပြီး ဖြစ်သည်။ အန်ကယ်လပ်ကီးသည်လည်း သေရမည်။ ကျွန်တော်လည်း သေရဦးမည်။ သို့ သော် အန်ကယ်လပ်ကီးကား သူ့ဝန်တာကျေခဲ့ပြီ။

၁၉၈၈ ခုနှစ်၏ သြဂုတ်လဆန်းမှာ ဘားလမ်းထဲက စပယ်ဦး ဦးတင်စိုးရုံးခန်းထဲ လူတွေစုံကြသည်။ စာပေနှင့် အနုပညာရှင်များ စုပေါင်း လက်မှတ်ထိုးဖို့ ဆိုသည်။ ဦးဆောင်သူက ဦးဝင်းတင်။ ထိုစဉ်က သူနှင့်ကျွန်တော် ငြင်းခုန်ရဖူးသည်။ ကျွန်တော်က အနုပညာရှင်များ အဖွဲ့ (ဒါမှမဟုတ်) အနုပညာရှင်များ သမဂ္ဂလို့ ကင်ပွန်းတပ်ချင်သည်။ အန်ကယ်လပ်ကီးက ပြုံးပြုံးလေးနှင့် ခေါင်းခါသည်။ စာပေက ရှေ့မှာရှိရမည် ဟုဆိုသည်။ ဘကြီးအောင် (ဦးအောင်လွင်)၊ ဘကြီးမိုး(ဦးမိုးသူ)၊ ဦးဝင်းခက်တို့က ခေါင်းတညိတ်ညိတ်။ သို့ဖြင့် ၁၉၈၈ခုနှစ် သြဂုတ်လ (၂၂)ရက်နေ့မှာ စာပေနဲ့ အနုပညာရှင်များ သမဂ္ဂသည် လမ်းမပေါ် ရှေ့ဆုံးက နေရာယူခဲ့လေသည်။

စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပြီးလို့ ဘာလုပ်ရမှန်း ဘာကိုင်ရမှန်းမသိ ဖြစ်နေသော ကျွန်တော်တို့ကို ဆွဲခေါ်လိုက်သူကလည်း အန်ကယ်လပ်ကီး။ NLD ပါတီဖွဲ့တော့မှာမို့ အားလုံးကို ပါတီ ၀င်စေချင်ကြောင်း သူခေါ်ပြောသည်။ သူ့စကားက ၀င်ပါလို့ တိုက်တွန်းတာ မဟုတ်၊ ၀င်စေချင်တာ လို့ဆိုသည်။ ကျွန်တော်က ပါတီ နိုင်ငံရေး မလုပ်ချင်ဘူးဟု ခါးခါးသည်းသည်း ငြင်းသော်လည်း သူက အပြုံးမပျက်။ စဉ်းစားဖို့ကိုသာ ပြောသည်။ အန်ကယ်လပ်ကီးနှင့် ကျွန်တော့် မိဘနှစ်ပါးက မောင်ရင်းနှမတွေလို ခင်ကြသည်။ သူက ဖေဖေ့ကို ပြောလေ့ရှိ၏။ ဒီကောင်က စာဖတ်တယ်၊ အပြောကောင်းတယ်၊ အသံလည်း သြဇာရှိတယ်။ နိုင်ငံရေး လုပ်ရမယ်တဲ့။ ဆရာနန်း (ကျွန်တော့် အဖေကို အန်ကယ် လပ်ကီးက ဆရာနန်းဟု ခေါ်လေ့ ရှိသည်) ဆရာ့သားကို တိုက်တွန်း ဗျာတဲ့။ ဖေဖေက ကျွန်တော့်ကို ကြိမ်ဖန်များစွာ နားချသော်လည်း ကျွန်တော် နားမထောင်ခဲ့။ ခုထက်ထိလည်း နားမထောင်။

၁၉၈၉မှာ ကျွန်တော် ပထမအကြိမ် ထောင်ထဲက လွတ်လာတော့ အန်ကယ်လပ်ကီးနှင့် တွေ့ရပြန်သည်။ NLDပါတီဝင် လျှောက်လွှာလေး ထိုးပေးပြီး တစ်ခါတည်း ပုံစံဖြည့်လိုက်ဟု ပြောလာသည်။ အနားမှာ ဦးတင်ဦး နှင့် ဦးဝင်းထိန်ရှိသည်။ ကျွန်တော် မဖြည့်ဖြစ်ခဲ့။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ကျွန်တော် ဒုတိယအကြိမ် ထောင်ထဲရောက်တော့ အန်ကယ်လပ်ကီးက ဆီးကြိုနေပြီ။ နာမည်ပြောင် ပေးရတာ ၀ါသနာပါသော ကျွန်တော်က ဦးဝင်းတင်ကို အန်ကယ်လပ်ကီးဟု အမည် ပေးခဲ့သည်။ အမှန်ကတော့ သူ့အခန်းက နံပါတ်(၇)။ ဒီတော့ အင်္ဂလိပ်အယူအရ Sevenသည် Lucky Number။ ထို့ကြောင့် အန်ကယ်လပ်ကီးဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ပညတ်သွားရာ ဓာတ်သက်ပါလေသည်လားမသိ။ နာမည်မှဲ့ပြီး များမကြာမီမှာပင် အန်ကယ်လပ်ကီး (အူကျ)တော့၏။

ထောင်ထဲမှာ ညနေဘက်ဆိုလျှင် အိမ်သတိရ ရောဂါ ထတတ် ကြသည်။ မင်းကိုနိုင်နှင့် ကျွန်တော်က အငယ်ဆုံးဆိုတော့ တစ်ယောက် တစ်လှည့် သီချင်းဆိုကြရ၏။ အန်ကယ်လပ်ကီး အမြဲတမ်း ဆိုခိုင်းသည့် သီချင်းကား နွေနှောင်းဝသန် ဖြစ်သည်။ ကျွန်တော်က အန်ကယ်လပ်ကီးရာ သက်လျာဓါတုရော ရှိလို့လား ဆိုတော့ ရယ်သည်။ အန်ကယ်ကြီး ဦးတင်အောင်က အန်ကယ်လပ်ကီး နင်နေပြီဟု သတိပေးရသည်။ အန်ကယ် လပ်ကီးက လူပျိုကြီးမို့ အထင်မသေးပါနဲ့ဟု ပြန်နောက်သည်။ မည်သို့ပင်ဆိုစေ သူ့အသွေးအသားထဲမှာ သီချင်းတွေ၊ ကဗျာတွေ စီးဆင်းနေသည်။ ဆရာ ဒဂုန်တာရာ၏ ကဗျာတွေကို သူရွတ်ပြ၏။

မိုးကုပ်ကုပ်ဝယ်၊
အို ရုတ်တရက်
မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊
ဟ ဟ လာပြီး
မိုးပြာကိုဖြတ်
ပတ္တမြားရည်
စီးလည်အဟုန်
နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး။
ဝိုးတ၀ါးနေ့၊ ၀ိုးတ၀ါးညတွေကို ကျော်ဖြတ်သန်းရင်း ၁၉၉၄မှာ ကျွန်တော် ထောင်က လွတ်လာသည်။ အန်ကယ် လပ်ကီးကတော့ ကျန်ရစ်ခဲ့၏။ ကျွန်တော့ မေမေက အန်ကယ်လပ်ကီး ကြိုက်တတ် တာလေးတွေ ချက်ချက် ပို့ပေးခဲ့သည်။ ထောင်ထဲမှာ ထောင်ပြန်ကျသော မြန်မာနိုင်ငံ၌ အန်ကယ် လပ်ကီး ထောင်သက် ရှည်ခဲ့လေသည်။

၂၀၀၇ ခုနှစ် သံဃာ အရေးတော်ပုံ ဖြစ်တော့ ကျွန်တော် ထောင်ထဲ ရောက်ရပြန်သည်။ အန်ကယ်လပ်ကီးက ခုတော့ နံပါတ် (တစ်)အခန်း ရောက်နေပြီ။ စာတွေ ဖတ်နေပြီ။ ရေဒီယို(FM) နားထောင်နေပြီ။ တစ်ခေါင်းလုံးလည်း ဖွေးလို့။ သွားတွေလည်း မကောင်းတော့။ ထောင်ကပေးသော အသားပုံစံကို သူမစားနိုင်။ ဒါပေမဲ့ မပျက်မကွက် သူယူသည်။ သူ့အတွက် မဟုတ်။ သူမွေးထားသော ဇောက်ထိုးနဲ့ မိုးမျှော် အတွက် ဖြစ်သည်။ ဇောက်ထိုးနဲ့ မိုးမျှော်က ကြောင်ကလေး နှစ်ကောင်။ ထူးသည်က ကျီးကန်းတစ်ကောင်ပါ ရှိသည်။ အန်ကယ်လပ်ကီး လမ်းလျောက် ထွက်လျှင် ကြောင်နှစ်ကောင်နှင့် ကျီးကန်းက နောက်က တကောက်ကောက်။ ကျီးနှင့်ကြောင် ရန်မလုပ်ကြ။ ကျွန်တော်က အန်ကယ်လပ်ကီးရာ ဘယ်လိုမှ မတည့်တဲ့ ကျီးနဲ့ကြောင်ကိုတောင် တည့်အောင် လုပ်နိုင်သေးရင် တပ် နဲ့ NLD ဘာလို့ မတည့်နိုင်ရတာလဲလို့ မေးတော့ ရယ်သည်။ ဒါက တိရိစ္ဆာန် ဆိုတော့ ကိုယ့်စကား နားထောင်တယ်ဟလို့ ပြောကာပြောကာ ရယ်သည်။

မနက်ဆိုလျှင် အန်ကယ်လပ်ကီးက စောစောထ လမ်းလျှောက်သည်။ ဦးအေးဇော်ဝင်း၊ ကိုအေးနေ၀င်း တို့နှင့် လမ်းလျှောက်ဖော် လျှောက်ဖက်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်က ကော်ဖီ၊ ရေနွေးကြမ်းတို့ဖြင့် ဧည့်ခံသည်။ သတိုးသားလောင်း သီချင်းကို ဦးနေ၀င်းက စာသားရေးပေးတာ ဟူသော ခေါင်းစဉ်နှင့် ဆွေးနွေးဖြစ်ကြတော့ လူကြီးတွေ သီချင်းဆိုကြ တော့သည်။ ကျွန်တော်က နိုင်ငံရေး သမားတွေ ဂီတ ၀ါသနာ ပါတာကို ခေါင်းစဉ်တင်လိုက်တော့ နှစ်ယောက်လုံး သဘော တွေ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းရော၊ သခင်စိုးပါ ဂီတ ၀ါသနာပါပုံကို ပြောဖြစ်သည်။ သို့ဖြင့် မနက်စာ ထမင်းစား ချိန်သာ ရောက်သွားသည်။ စကားဝိုင်းက အမျှင်မပြတ်။ အမှန်က အန်ကယ် လပ်ကီးနှင့် အန်ကယ် ဦးဝင်းအောင်တို့ အရင်နေ့က စကား တစ်ခွန်း အဖုအထစ် ဖြစ်ခဲ့ဖူးသည်။ အန်ကယ် ဦးဝင်းအောင်က ဒေါ်အောင်ဆန်းစုကြည်သည် Impulsive ဖြစ်သည်ဟု ဝေဖန်လိုက်ရာ အန်ကယ်လပ်ကီးက ထိုစကားလုံးအပေါ် ပြန်လည် ချေပခဲ့၏။ သို့တစေ လူကြီးနှစ်ယောက်၏ စကားဝိုင်းက လှပလွန်းသည်။ မုန်တိုင်းကြားမှာ ပွင့်သော ပန်းနှယ်။ စကားလေး တစ်လုံးမှ အစပြုကာ နိုင်ငံရေး ဆွေးနွေးပွဲဆီ ဦးတည် သွားတော့သည်။ သိသိသာသာ ဘက်နှစ်ဘက် ကွဲနေခဲ့သော လူကြီး နှစ်ယောက်၏ ဘုံသဘောထား တူညီမှုက တိုင်းပြည်ကို ချမ်းသာစေချင်ကြလေသည်။

ခုတော့ အန်ကယ် ဦးဝင်းအောင်လည်း အင်းစိန်ထောင် ထဲမှာပင် ဆုံးပါးခဲ့လေပြီ။ တိုင်းပြည် အတွက် အလုပ်လုပ်ခဲ့သူ တစ်ယောက်ရဲ့ ခရီးအဆုံးဟာ ဒီလို ဖြစ်သင့်ပါရဲ့လားဟု ကျွန်တော် မကြာမကြာ တွေးမိခဲ့သည်။
၂၀၀၈ခုနှစ် အကုန်နားမှာ အန်ကယ်လပ်ကီး လွတ်သွားသည်။ ကျွန်တော့်ဆီ စာအုပ်လေးတွေ ပို့ပေးသည်။ ကျွန်တော့် အဖေဆီ၊ ကျွန်တော့် အမေဆီ သူရောက် အောင်သွားလို့ အားပေးစကား ပြောသည်။ သူကျန်းမာရေးကတော့ သိပ်မကောင်းတော့။ နှလုံး၊ အသည်း၊ ကျောက်ကပ်စုံပြီ။

ကျွန်တော် ထောင်ကထွက် လာကာစမှာ နိုင်ငံရေးကို ဦးစားပေး လုပ်မည်လို့ ပြောတော့ သူဝမ်းသာသည်။ စောစော ကတည်းက လုပ်ရမှာဟု ပြော၏။ NLD နဲ့ ပတ်သက်လို့ ကျွန်တော်က ဝေဖန်လျှင် အန်ကယ်လပ်ကီးက မဝေဖန်နဲ့၊ လာခဲ့NLDထဲ ကိုယ်တိုင် ၀င်လုပ်ပြီး၊ ကိုယ်ဖြစ်ချင်တာတွေ ပြင်လို့ ပြောလေ့ရှိသည်။

အရင်က ဆရာ(လူထု) ဦးစိန်ဝင်းအိမ်မှာ စကားဝိုင်း စုစုပြီး ပြောလေ့ရှိသည်။ ဆရာ ဆုံးပါးသွားတော့ နေရာ ပျောက်သွားပြီ။ ကျောက်ကုန်းက အန်ကယ်လပ်ကီး အခန်းလေးထဲမှာ တစ်ခါတစ်ခါ သွားဆုံဖြစ်သည်။ ကျွန်တော် လုပ်သည့် ရုပ်ရှင်ပွဲတော်တို့ ဆရာကြီး ဦးရာဇတ် ဂုဏ်ပြုပွဲတို့ကို လာတက်ပေးသည်။ မိန့်ခွန်း ပြောပေးသည်။ တွေ့တိုင်း နိုင်ငံရေး လုပ်ဖို့ကိုပဲ တိုက်တွန်းသည်။ ကျွန်တော် နိုင်ငံရေး နယ်ထဲ တစ်ကိုယ်လုံး ပုံမ၀င်လာတာကို သူမကျေနပ်။

ခုတော့ အန်ကယ် လပ်ကီး ထွက်ခွာသွားခဲ့ပြီ။ သူပြောနေကျ ဘယ်စစ်အာဏာရှင်ကမှ ငါတို့ကို မချေမှုန်းနိုင်ဘူးဟူသော စကားကို အမြဲကြားယောင်မိသည်။ တစ်ပွင့်ပြီး တစ်ပွင့်သာ ကြွေသွားလေပြီ။ သေနတ်ပြောင်းတို့က အရောင်လက်နေဆဲ။

၂၆ ဧပြီ ၂၀၁၄။

- ဇာဂနာ

( Tomorrow သတင်းဂျာနယ် အမှတ်(၉)ပါ ဆောင်းပါး )

ထူးခြားလှသည့် ပရဟိတအောင်တော်မူစေတီတော်ကြီး






ထူးခြားလှသည့် ပရဟိတအောင်တော်မူစေတီတော်ကြီး
ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)အား ဦးစီးဦးဆောင်ပြီး အများပြည်သူလူထု လူ သားအားလုံးတို့ မလွဲမသွေ တွေ့ကြုံခံစားကြသော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး အစရှိ သည့် ဘေးဒုက္ခများကို မိမိ၏အတ္တကိုဖြုတ်၍ အနစ်နာခံပေးဆပ်ခဲ့သည်မှာ (၁၄) နှစ်တာကာလကို ဖြတ် သန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ကာလအသီးသီးအား ဖြတ်သန်းခဲ့ရသည်မှာ လွယ်ကူချောမွေ့လှသည် မဟုတ်။ အတိုက်အခိုက်၊ အနှောင့်အယှက်၊ အဟန့်အတား၊ အတားအဆီး၊ အပိတ်အပင် တို့သည်ကား ဘဝတစ်ခု လုံး စုံးစုံးမြုပ်သွားမတတ် ခံစားဖြတ်သန်းလာခဲ့ရသည်။ စာလုံးရေ (၄) လုံးမျှသာရှိသော "ပရဟိတ" တည်း ဟူသော လူသားများအတွက် ကူညီဖေးမ ပေးဆပ်ရသောလုပ်ငန်းသည် လွယ်ကူလှသည်မဟုတ်။ ထို့ ကြောင့် "အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို အမြင့်မြတ်ဆုံး နှလုံးသားရှိသူများသာ လုပ်ဆောင် နိုင်ကြသည်" ဟူသော စကားဆောင်ပုဒ် ထွက်ပေါ်လာရခြင်းဖြစ်သည်။ တောင်စလင်းတိုက်သစ် ဆရာ တော်ကြီး ဦးတိက္ခ မှမိန့်ကြားခဲ့သည်။ သို့သော် ကျွန်တော်သည် မိမိကိုယ်မိမိ မြင့်မြတ်သောသူ ဖြစ် ကြောင်း လက်မခံပါ။ မြင့်မြတ်သောသူဖြစ်သည်ဟုလည်း မခံယူပါ။ မိမိ ကူညီဖေးမပေးနိုင်သော အတိုင်း အတာတစ်ခုအထိသာ ကူညီပေးနိုင်ရန် စီစဉ်ပေးသော ဦးဆောင်သူတစ်ယောက်သာဖြစ်သည်။ တကယ် တမ်း အနစ်နာခံ အပင်ပန်းခံ၍ ပေးဆပ်နေကြသူများမှာ မိမိတို့ နာရေးကူညီမှုအသင်းရှိ ဝန်ထမ်းများ၊ အသင်းသား/သူများပင်ဖြစ်သည်။ ယခင် (၉) နှစ် ကာလခန့်အထိ မိမိ၏အသက်အရွယ်၊ စွမ်းဆောင်နိုင်မှု စွမ်းအားများကြောင့် ပြည်သူလူထုထံသို့ ထဲထဲဝင်ဝင် ပေးဆပ်ကူညီ ဖေးမမှုများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုကာလ မိမိ၏အသက် (၅၄) နှစ်အရွယ်တွင် မည်သူမျှတားဆီး၍ မရနိုင် သော ဇရာ၏ဖိအားကြောင့် ကျန်းမာသန်စွမ်းမှု ယခင်ကာလများကဲ့သို့ နုပျိုသန်စွမ်းမှု မရှိသောကြောင့် မိမိ ၏အတွေးအခေါ် အသိဉာဏ်စွမ်းအားဖြင့်သာ ပေးဆပ်မှုများကို ဦးဆောင်မှုကို ပြုလုပ်နေရသည်။
ယခုအချိန်ကာလ၌ ကျွန်တော်သည် ငြိမ်းချမ်းမှု အေးချမ်းသာယာစွာ နေထိုင်လိုသော ဆန္ဒပြင်းပြ လျှက်ရှိသည်။ မိမိကဲ့သို့ ပြည်သူ/သားအားလုံး၊ မြန်မာနိုင်ငံသူ/သားအားလုံး၊ တစ်ကမ္ဘာလုံးရှိ သက်ရှိလူ သတ္တဝါအားလုံး ငြိမ်းချမ်းသာယာသော ကမ္ဘာကြီး၊ ငြိမ်းချမ်းသာယာသောဘဝများ ဖြစ်စေချင်သော ဆန္ဒ ပြင်းပြလျှက်ရှိနေသည်။ မိမိဖြတ်သန်းခဲ့သော ပရဟိတနယ်ပယ်တလျှောက် တွေ့ကြုံခံစားခဲ့ရသော အခက် အခဲမှန်သမျှတို့အား ကျော်ဖြတ်နိုင်ခဲ့သည်မှာ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်၊ မြတ်စွာဘုရားရှင် ဟော ကြားခဲ့သော သစ္စာတရား တို့ကြောင့်ပင်ဖြစ်ကြောင်း ရဲရဲကြီး ကျွန်တော်ဝန်ခံပါသည်။ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်များတင်မက အခြားသော ဘာသာဝင်အသီးသီးတို့တွင်လည်း ဘုရားသခင်အသီးသီးတို့၏ မေတ္တာတော် သြဝါဒစကားများအား လိုက်နာကျင့်သုံးကာ အခက်အခဲပေါင်းစုံတို့အား သစ္စာတရားဖြင့် ကျော်လွှားနိုင်ခဲ့သည်မှာ မည်သူမျှ ငြင်းနိုင်မည်မဟုတ်။
ပရဟိတသမားများအဖို့ အခြားသော ဘဝရပ်တည်မှုပြုလုပ်နေကြသော သူများထက် သစ္စာဆိုရာ တွင် ပိုမိုထိရောက်သော အကျိုးခံစားနိုင်သည်ဟု ကျွန်တော်ယုံကြည်သည်။ အဘယ့်ကြောင့်ဆို ပရဟိတ သမားဟူရာ၌ သီလလုံခြုံရခြင်း၊ ဘဝတစ်ခုလုံး အနစ်နာခံ စွန့်လွှတ်စွန့်စားကြရကာ အများပြည်သူ အကျိုး အတွက် မိမိတို့၏ အတ္တများကိုဖြုတ်၍ မြင့်မြတ်လှသော လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာနာ စိတ်တို့ ဖြင့် လုပ်ကိုင်ပေးနေရသော ဘုရားချစ်သည့် သူများဖြစ်သောကြောင့်ပင် ဖြစ်တော့သည်။
လွန်ခဲ့တဲ့ (၃) နှစ်ခန့်က ကျွန်တော်၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။ ကျွန်တော်တို့ ပရ ဟိတသမားများ၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပရဟိတလုပ်ငန်းအား စိတ်ဝင်စားသူများ၊ ပရဟိတလုပ်ငန်းရပ် အား လုပ်ကိုင်နေကြသောသူများအတွက် တိုင်တည်ဆုတောင်း မေတ္တာပို့ သစ္စာဆိုနိုင်မည့် အထင်ကရ အဖြစ် နေရာဟူ၍ သတ်သတ်မှတ်မှတ် မရှိသေးချေ။ ထိုသို့မေတ္တာဖြန့်ဝေခြင်း၊ သစ္စာဆိုဆုတောင်းခြင်း၊ အဓိဌာန်ပြုနိုင်ခြင်း တည်းဟူသော ရည်ရွယ်ချက်ဖြင့်၎င်း၊ သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက်၎င်း၊ ယဉ်ကျေးလိမ္မာ၍ ဘာသာတရားကိုင်းရှိုင်းသော မျိုးဆက်သစ်လူငယ်/ရွယ်များ ပေါ်ထွန်းလာရေးအတွက် ၄င်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် စံပြနယ်မြေ တစ်ခုဖြစ်လာရေးအတွက်၎င်း၊ ငြိမ်း ချမ်းသာယာ အေးချမ်းကြည်နူးဖွယ် ကမ္ဘာသစ်ကလေးသို့ ရောက်ရှိသွားနိုင်သော နေရာတစ်ခု ပေါ်ပေါက် ရေးအတွက်၎င်း၊ ဗြဟ္မစိုရ်တရားလေးပါး လွှမ်းခြုံထားသော ကြည်နူးဖွယ်၊ နေချင်စဖွ် နေရာသစ်ကလေး တစ်ခုပေါ်ပေါက်လာရေးအတွက်၎င်း၊ ရည်ရွယ်ရည်စူး၍ စေတီတစ်ဆူတည်ထား၍ ဆန္ဒဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏ မြင့်မြတ်သောစိတ်ကူးအား အကောင်အထည်ဖော်နိုင်ရန် မြန်မာပြည်အရပ်ဒေသ အသီးသီးသို့ သွားရောက်ကာ ကျွန်တော်စတင် ကြိုးပမ်းခဲ့တော့သည်။
ယခု ၂ဝ၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကျွန်တော်ဆန္ဒ ပထမအဆင့် အောင်မြင်ခဲ့တော့သည်။ မြန်မာ ပြည်အလယ်ပိုင်းဖြစ်သော ပြည်မြို့သို့ ကျွန်တော်လူမှုရေးလုပ်ငန်းများဖြင့် ခရီးသွားစဉ် အောင်မြင်စွာ အ ကောင်အထည်ဖော်ခွင့် ရရှိခဲ့သည်။ ပြည်မြို့တစ်ဖက်ကမ်းသို့ နဝဒေးတံတားကြီးမှ ညာဘက် ကားလမ်းမ အတိုင်း ဆက်လက်မောင်းနှင်သွားပါက ရွှေဘုံသာမုနိဘုရားကြီးကို ဖူးတွေ့နိုင်သည်။ ထိုရွှေဘုံသာမုနိ ဘုရားမှ ရှေ့သို့ချောမွတ်နေသော မြေနီလမ်းမကြီးအတိုင်း မိနစ် (၂ဝ) ခန့် မောင်းနှင်ပါက မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်ကာလ၌ ခြေတော်ချကာ ဖိုးဦးတောင်စေတီတော်မြတ် တည်ရှိသည်။ ရွှေဘုံသာမုနိ ဘုရားနှင့် ဖိုးဦးတောင်စေတီတော်မြတ်အကြား တောင်ကုန်းတစ်ခုအား ကျွန်တော်စိတ်ဝင်စားမိသည်။ ထို့ကြောင့် ထိုတောင်ကုန်းပေါ်တွင် သာသနာပြုဘုရားတည်ရန်အတွက် စုံစမ်းမိသည်။ ထိုအခါ တိုက်ဆိုင် စွာဖြင့် ယင်းတောင်ကုန်းအား ဝယ်ယူထားသော ဦးအောင်ခိုင်နှင့် တွေ့ဆုံမိခဲ့ကာ အကျယ်အဝန်း (၄) ဧက ခန့်ရှိ တောင်ကုန်းအား ကျွန်တော် သာသနာပြုဘုရားတည်ရန်အတွက် လှူဒါန်းပေးခဲ့သည်။ ကျွန်တော် သည် ယခု ၂ဝ၁၄ ခုနှစ်အတွင်း သာသနာပြုလုပ်ငန်းအား အပြီးသတ်လုပ်ကိုင်လိုသော ဆန္ဒရှိသည်နှင့် အညီ ဘုရားတည်ထားရန်အတွက်၎င်း၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်ရန်အတွက်၎င်း၊ ဦးစွာ ရေရရှိရေးအတွက် လုံးပမ်းရတော့သည်။ ထိုတောင်ကုန်းပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်း များသည် ခြောက်သွေ့နေသောကြောင့် ရေတူးဖော်ရန်များစွာ အခက်တွေ့နေသည်။ တစ်ရက် ကျွန်တော် သည် ထိုတောင်ကုန်းသို့သွားရောက်စဉ် အသက်အရွယ် (၄/၅) နှစ်ခန့်ရှိသော ကလေးငယ်တစ်ဦး တောင် ပေါ်သို့ တက်ရောက်လာခဲ့ကာ "အဘတို့ဘာလုပ်နေလဲ" ဟု မေးသောကြောင့် ကျွန်တော်မှ ရေတူးဖော်ဖို့ အတွက်လာကြည့်တာ ဟု ပြန်လည်၍ပြောဆို လိုက်သောအခါ "ရေက ဟောဟိုနားမှာရှိတယ်၊ သူ့အလို အလျှောက် မြေကြီးထဲက ထွက်နေတာအများကြီးဘဲ" ဟု ပြောဆိုလိုက်သောကြောင့် သူညွှန်ပြရာ နေရာ သို့ သွားရောက်ကြည့်ရှုစဉ် ရေများကြည်လင်အေးမြစွာ ထွက်နေသည်ကို အံ့သြတကြီး တွေ့မြင်လိုက်ရ တော့သည်။ နောက်ရက်များတွင် ထိုတောင်ကုန်းပေါ်တွင် ရေများအလိုအလျှောက် ထွက်နေသော နေရာ နှစ်နေရာခန့်နှင့် တောင်ကုန်း၏ ဘယ်ဘက်လျှိုထဲတွင် စီးဆင်းနေသော ရေမြောင်းအား ပူပြင်းလှသော နွေရာသီအချိန်ကာလ၌ ထူးခြားစွာ တွေ့မြင်ရတော့သည်။ ကျွန်တော်သည် ထိုသာသနာပြုဘုရားတည် မည့် တောင်ကုန်းတော်အား "ပရဟိတတောင်ကုန်းတော်" ဟု အမည်ပေးလိုက်တော့သည်။ ထို့နောက် ဘုရားတည်ရန်အတွက် ပြည်မြို့၊ ပန်းတောင်းမြို့နယ်များရှိ ဆရာတော်ကြီးများနှင့် တွေ့ဆုံဖူးမျှော်ကာ အကြံဉာဏ်များ၊ ခွင့်ပြုချက်များအား တောင်းဆိုခဲ့ပြီးနောက် ရွှေပေါက်ပင်ဆရာတော်ကြီး(ပြည်)၏ သြဝါဒ အတိုင်း "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်" ဟူ၍ အမည်သတ်မှတ်ခဲ့တော့သည်။
ဒုတိယ ထူးခြားချက်တစ်ရပ်မှာကား "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်" အတွင်း ဗောဓိညောင်ပင် စိုက်ပျိုးလိုသောအချိန်တွင် ပခုက္ကူဆရာတော်ကြီး (အနိစ္စဆရာတော်ကြီး) မပျံလွန်စဉ်က ဆရာတော်ကြီးမှ "ဟို … နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လူကြီးကိုသွားပေးလိုက်ပါ" ဟူ၍ ဆရာတော်ကြီး ထံတွင်ရှိနေသော ဗောဓိညောင်ပင်ပေါက်အား ဆရာတော်ကြီး၏ တပည့်များအား မိန့်ကြားခဲ့ဘူးသည်။ ထိုစဉ်အခါက ဆရာတော်ကြီး မမာမကျန်းဖြစ်နေ၍ ကျွန်တော့်ထံသို့ ဗောဓိညောင်ပင် ရောက်ရှိမလာချေ။ ဆရာတော်ကြီး ဘဝနတ်ထံသို့ ပျံလွန်တော်မူချိန်အခါ ကျွန်တော်ကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင် ပေးခဲ့ သည်။ ထိုစဉ်အခါမှ ကျွန်တော်သည် ဆရာတော်ကြီး၏ တပည့်ဒါယိကာများ၏ ပြောကြားချက်ကြောင့် ထို ဗောဓိညောင်ပင်၏သမိုင်းကို သိရှိခဲ့ရသည်။ ယင်းဗောဓိညောင်ပင်ပေါက်အား ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ သွားရောက်စဉ် ယခုလက်ရှိ အိန္ဒိယဝန်ကြီးချုပ် မာန်မိုဟန်ဆင်း မှ အမှတ်တရ ထူးခြား မြင့်မြတ်သော လက်ဆောင်မွန်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗောဓိညောင်ပင်အား ဒေါ်အောင်ဆန်း စုကြည်မှ ရန်ကုန်မြို့သို့ ပင့်ဆောင်လာခဲ့ပြီး ပခုက္ကူဆရာတော်ကြီးထံ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရ သည်။ ကျေးဇူးရှင်ပခုက္ကူဆရာတော်ကြီးအား ကျွန်တော်သည် လွန်ခဲ့သော (၇) နှစ်ခန့်က နံနက် အာရုံ တက်ချိန်တွင်တစ်ဦးတည်း သွားရောက်ဖူးမျှော်ကာ ပရဟိတလုပ်ငန်းနှင့် ပတ်သက်၍ အခက်အခဲများအား လျှောက်ထားမေးမြန်းခဲ့ဘူးသည်။ ယခု ဆရာတော်ကြီးအနေဖြင့် ကျွန်တော် သံသနာပြုဘုရားတည်မည့် ကိစ္စရပ်အား မည်သို့မည်ပုံသိရှိပြီး ယခုကဲ့သို့ ဆရာတော်ကြီး၏ တပည့်ဒါယကာများအား ကျွန်တော့်ထံသို့ အရောက်ပို့ခိုင်းသည်ကိုတော့ ကျွန်တော်အဖြေရှာ၍မတွေ့။ ဆရာတော်ကြီး၏ မိန့်မှာချက်အတိုင်း ပဉ္စဂံ စာပေတိုက်မှ ဦးအောင်သူ သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကျွန်တော့်ထံသို့ ဗောဓိညောင်ပင်အား ပင့်ဆောင်၍ လာရောက်အပ်နှံခဲ့တော့သည်။ ထိုကဲ့သို့ထူးခြားသော ဗောဓိညောင်ပင်အား ယခုလာမည့် ကဆုန်လပြည့်နေ့ မေလ (၁၃) ရက်နေ့တွင် သာသနာပြုမည့် ပရဟိတတောင်ကုန်းတော်ပေါ်၌ မြေချ စိုက်ပျိုးရန် ကြည်သာအေးမြဆရာတော် (ပြည်) မှ မိန့်ကြားခဲ့တော့သည်။
တတိယ ထူးခြားချက် တစ်ရပ်မှာကား ထိုတောင်ကုန်းတော်ပေါ်သို့ ဘုရားတည်ရန်အတွက်၎င်း၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်ရန်အတွက်၎င်း၊ ဘုရားကြီးအောင်မြင် စွာ ပြီးစီးသွားသည့် အချိန်တွင် ဘုရားဖူးများ လွယ်လင့်တကူ တက်ရောက်ဖူးမျှော်နိုင်ရန်အတွက် မော်တော်ကား လမ်းဖောက် လုပ်ရန် ကိစ္စရပ်ပင်ဖြစ်သည်။ ကားလမ်းဖောက်လုပ်ရန် လူအားနှင့် ဖောက်လုပ်မည်ဆိုပါက အချိန်ကုန် လူပင်ပန်း ငွေကြေးကုန်ကျမှုများမည်။ လမ်းဖောက်လုပ်သော မော်တော်ယာဉ်စက်ကြီးများ၊ မြေညှိစက်ကြီး များ လိုအပ်နေတော့သည်။ လိုအပ်နေသော ထိုစက်ယန္တရားကြီးများသည် ပြည်မြို့ရှိ ကြည်သာအေးမြ ဆရာတော်၏ပံ့ပိုးမှုဖြင့် ကျွန်တော်တို့ ပရဟိတတောင်ကုန်းတော် အနီးသို့ရောက်ရှိလာသောကြောင့် အကူ အညီတောင်းခံခဲ့ရာ လွယ်ကူအောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သည်။ အမှန်စင်စစ် ထိုစက်ယန္တရားများအား လိုအပ်ပါက ခရီးအတော်အတန် ဝေးလံသော ဒေသ မှ မှာယူရမည်ဖြစ်၍ အခက်ကြုံတွေ့ရမည်ဖြစ်သည်။ ယခုမူ လိုအပ်သောအချိန်တွင် အစဉ်သင့် ရောက်ရှိ လာခြင်းသည်လည်း တတိယထူးခြားချက် တစ်ရပ်ပင်ဖြစ်တော့သည်။
သာသနာပြု ဘုရားတည်သည့်ကိစ္စသည် လူအား၊ စိတ်အား၊ သမာဓိအား၊ သီလအစွမ်းတို့အပြင် ငွေကြေးပိုင်းသည်လည်း အရေးပါလှသည်။ ကျွန်တော့်ထံတွင် လက်ရှိ ငွေကြေးအတိုင်းအတာဖြင့် လုံးဝ မဖြစ်နိုင်ချေ။ သို့သော်ကျွန်တော်သည် အဓိဌာန်ဝင် သီလဆောက်တည်ခြင်းနှင့် မိမိ၏ပြုခဲ့သော ကုသိုလ် ကောင်းမှုများအား ယုံကြည်စွာသစ္စာဆို၍ ထိုမြင့်မြတ်သောလုပ်ငန်းကြီးကို စတင်နေပြီဖြစ်သည်။ မြန်မာ နှစ်ဆန်း (၁) ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် ကျွန်တော့်ထံသို့ ကျွန်တော်တို့ အသင်းကြီး၏ အကြံ ပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ကိုအလင်းဆက် (IR) နှင့်ဇနီးတို့ ရောက်ရှိလာခဲ့ပြီး သူတို့ဇနီးမောင်နှံ၏ မင်္ဂလာ ရွှေလက်စွပ်နှစ်ကွင်းအား ထိုသာသနာပြုတည်ထားကိုးကွယ်မည့် "မဟာပဏ္ဍိတပရဟိတအောင်တော်မူ စေတီတော်" ကြီးအတွက် ရည်စူး၍ ပထမဦးဆုံးလှူဒါန်းပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံရှိ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အားလုံး ကိုယ်စား တည်ထားကိုးကွယ်မည့် "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်" ကြီးအား နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းထားကြသော အလှူရှင်များ၏ အလှူငွေအား လုံးဝ (လုံးဝ) အသုံးပြု မည်မဟုတ်။ ပရဟိတစိတ်ဓာတ်ရှိသော၊ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံး နေကြသော အလှူရှင်များ၊ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များမှ သီးခြားလှူဒါန်းသော သာသနာပြု အလှူ ငွေဖြင့်သာ တည်ထားကိုးကွယ်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်း မည်သူမျှတည်ထားကိုးကွယ်မှု မရှိခဲ့သေးသော၊ မြန်မာ့သမိုင်းတွင် လုံးဝမရှိခဲ့ဘူးသော ထူးခြားမှုများစွာဖြင့် တွေ့ကြုံခဲ့ရသော “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီ တော်ကြီး” အား ကျွန်တော်မှဦးစီး၍ မြင့်မြတ်သော ရည်ရွယ်ချက်များဖြင့် ဗြဟ္မစိုရ်တရား လေးပါး လက် ကိုင်ပြုကာ စတင်တည်ထားတော့မည် ဖြစ်ပါသောကြောင့် မိဘပြည်သူများ အနေဖြင့်လည်းကောင်း၊ အရပ်ဒေသအသီးသီးရှိ ပရဟိတအသင်းအဖွဲ့များ အနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း၊ သဒ္ဒါတရားနည်းများမဆို ကုသိုလ်တော်ပါဝင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတော့သည်။

လှူဒါန်းနိုင်သည့် “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီ ”သာသနာပြု အကျိုးတော်ဆောင်များ



၁။ ဦးစိုးမိုးနိုင်
မိုးမေတ္တာ - နာရေးကူညီမှုအသင်း(ပြည်)
ဝ၉ - ၄၂၃ ၆၇၅ ၉၄၅

၂။ ဦးညီညီအောင်
မိုးမေတ္တာ - နာရေးကူညီမှုအသင်း(ပြည်)
ဝ၉ - ၄၂၃ ၆၇ဝ ၁၁၁

၃။ ကိုသူရိန်ဝင်း
သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)
ဝ၉ - ၄၃ဝ ၁၆၁ ၉၇

၎။ ကိုအောင်ဇော်
ဝ၉ - ၅၁၅ ၈၈၉ဝ

၅။ မဝင်းလဲ့ဇင်
ဝ၉ - ၄၂ဝ ဝဝ၈ ၃၄၂

၆။ ကိုမျိုး(မြန်မာစာ) ပေါ်ပြူလာဂျာနယ်
အမှတ် (၁၅ဝ/၁၆ဝ)၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဝ၉ - ၅၁ဝ ၃၆၄၆

၇။ ကိုအောင်သူ (ပဉ္စဂံစာပေတိုက်)
အမှတ် (၁၆၇)၊ အေ၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဝ၉ - ၂ဝ၂ ၃၇၅၃

၈။ ဦးထွန်းဦး - ထွန်းဦးစာပေ (မန္တလေး)
မန္တလေးမြို့။
ဝ၉ - ၂ဝဝ ၅၈၂၈

၉။ ဒေါက်တာ မောင်မောင်သန်း
အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဝ၁ - ၂၂၉ ၆၅၂

၁ဝ။ ကိုညွန့်ဝင်း (ထိပ်တန်းတော်ဝင်စတိုး - နတ်တလင်း)
ဝ၉ - ၄၃ဝ ၂၈၇ ၇၇

“ဗြဟ္မစိုရ်တရား ကမ္ဘာလွှမ်းစေရမည့် မဟာပဏ္ဍိတပရဟိတ အောင်တော်မူစေတီတော်မြတ်ကြီး”

(ကျော်သူ - ပရဟိတသာသနာပြုအဖွဲ့)


Dawnmanhon( ဒေါင်းမာန်ဟုန်) 

အစပိုင်းမှာ အစိုးရက အများကြီး လိုက်လျောတယ် …. ကြောက်တာကိုးးး … အဲဒီမှာ ဖြည်းဖြည်းချင်း ရေကို စမ်းရင်းစမ်းရင်းနဲ့ အတိမ်အနက်ကို သိသွားပြီ၊ ကျွန်တော်တို့က တိမ်တိမ်လေးဆိုတာ သိသွားတဲ့အခါမှာ သူလုပ်ရဲကိုင်ရဲရှိလာတယ် (ရုပ်သံ)


“ဥပဒေတွေပြဌာန်းပြီးတော့ ပြန်ပြီးထိမ်းကွပ်မှာလား…အဲဒီလိုဆိုရင်တော့ တစ်ဖက်ကလွှတ်ပေးပြီးတစ်ဖက်ကပြန်ချုပ်ထိမ်းထားသလိုတော့
ဖြစ်လာနိုင်ပါတယ်”
Dvb Debate:How free and reliable is media? (Part A)



“တရားရေးမဏ္ဍိုင်ကစွတ်ဖက်မှုကင်းကင်းနဲ့ ဖြောင့်မတ်မှန်ကန်စွာတရား
စီရင်ပေးမှ လွတ်လပ်ခွင့်ဆိုတာ ရှိလာမှာပါ”
Dvb Debate:How free and reliable is media? (Part B)




“အစပိုင်းမှာ အစိုးရကအများကြီးလိုက်လျောတယ် …. ကြောက်တာကိုးးး…
အဲဒီမှာ ဖြည်းဖြည်းချင်းရေကိုစမ်းရင်းစမ်းရင်းနဲ့ အတိမ်အနက်ကို
သိသွားပြီ၊ ကျွန်တော်တို့က တိမ်တိမ်လေးဆိုတာသိသွားတဲ့အခါမှာ
သူလုပ်ရဲကိုင်ရဲရှိလာတယ်”
Dvb Debate:How free and reliable is media? (Part C)



DVB TV News



ကျန်းမာရေးအတွက် အကြံကောင်းများ (အပိုင်း - ၁)


နေ့စဉ်နေထိုင်မှု ဘဝမှာ မသိလိုက်မသိဘာသာနဲ့ လုပ်မိတဲ့ အမှားတွေက သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Ygn News ကလည်း ဒီလိုမသိလိုက်မသိဘာသ ဖြစ်သွားတဲ့ ကျန်းမာရေး ထိခိုက်မှုတွေကို မသိလိုက်မသိဘာသာ (ပေါ့ပေါ့ပါးပါး) နဲ့ ကုစားနိုင်မယ့် နည်းလမ်းလေးတွေ ရေးပေးလိုက်ရပါတယ်။ ၅ ချက်စီခွဲပြီး ရေးပေးသွားပါမယ်။ နောက် post တွေကျရင်လည်း လွတ်မသွားရအောင်လို့ facebook သုံးဖြစ်တဲ့ သူငယ်ချင်းများ (https://www.facebook.com/ibloggermm) ကိုသွားပြီးတော့ Add friend လုပ်ထားလိုက်ပါ။ Like လုပ်ရမှာမဟုတ်ပါဘူး၊ သူငယ်ချင်း add သလို add ရမှာပါ။ အဆင်ပြေ အသုံးတည့်နိုင်ကြပါစေ။

အခုရေးသားမယ့် ကျန်းမာရေးအတွက် လိုက်လုပ်သင့်တဲ့ အချက်တွေဟာ သာမာန်ကာ လျှံကာအကြောင်းအရာတွေ မဟုတ်ဘဲ၊ ဆေးပညာရှင်တွေ သုတေသန ပြုလုပ်ထားတဲ့အချက်တွေအပေါ် အခြေခံပြီး ရေးသားထားတာတွေကို ပြန်လည် ဘာသာပြန်ပေးလိုက်တာပါ။

၁။ ကြောင်တွေကို အတုခိုးပါ။
ကြောင်တွေ အိပ်ယာနိုးတဲ့အခါကျရင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပျင်းကြောဆန့်ပါတယ်။ သင်လည်း အိပ်ယာနိုးတာနဲ့ အပျင်းကြောဆန့်တဲ့ လေ့ကျင့်ခန်းကို လုပ်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် - သွေးလည်ပတ်မှု ကောင်းစေပါတယ်၊ အစာချေဖျက်မှု အားကောင်းစေပါတယ်၊ နောက်ကျောနာကျင်မှုကို သက်သာစေပါတယ်။




၂။ မနက်စာကို မလွတ်ပါစေနဲ့။
လေ့လာချက်တွေအရ သင့်တော်တဲ့ မနက်စာ စားပေးခြင်းအားဖြင့် ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် အလွန် အထောက်အကူဖြစ်ပါတယ်။ မနက်စာ မစားတဲ့သူတွေကတော့ ဝိတ် ပိုတိုးလာမှာ ဖြစ်ပါတယ်။ သင့်တော်တဲ့ မနက်စာ ဆိုရာမှာတော့
က။ လတ်ဆတ်တဲ့ သစ်သီး (သို့) သစ်သီး ဖျော်ရည်
ခ။ အမျှင်ဓာတ် ပါဝင်နှုန်းမြင့်မားတဲ့ အစေ့ (ဥပမာ။ ဂျုံ၊ ဝက်သစ်ချစေ့၊ ပြောင်းဖူး)
ဂ။ အဆီပါဝင်မှုနည်းသော နွားနို့ (သို့) ဒိန်ချဉ်
ဃ။ ပေါင်မုန့် မီးကင်
င။ ကြက်ဥပြုတ်




၃။ သွားတိုက်နည်း မှန်ပါစေ။
လူတော်တော်များများက သွားတိုက်နည်းအမှန်ဆိုတာ မသိကြပါဘူး။ သွားတိုက်နည်းမမှန်တဲ့အတွက်ကြောင့် သွားနေ့တိုင်း တိုက်ပေမယ့်၊ သင့်သွားနဲ့ သွားဖုံးတွေကို သွားလုံးဝ မတိုက်တဲ့ လူတစ်ယောက်လို ထိုခိုက် ပျက်စီးစေပါတယ်။ လူတော်တော်များများကလည်း သွားတိုက်ခြင်းအတွက် အချိန် လုံလုံလောက်လောက် မပေးကြပါဘူး၊ သွားသန့်ရှင်းရေး မလုပ်ကြပါဘူး၊ သွားဆရာဝန်နဲ့လည်း ပြလေ့ မရှိပါဘူး။
ဒါကြောင့်မို့လို့ သွားတိုက်ဖို့ သွားတိုက်တံ ကိုင်တဲ့အခါ ခဲတံတစ်ချောင်းကို ကိုင်တဲ့အတိုင်း ကိုင်လိုက်ပါ၊ အဲဒီကိုင်ထားတဲ့ ပုံစံအတိုင်း သွား၊ သွားနှစ်ခုကြား၊ သွားဖုံး၊ လျှာ နဲ့ ပါးစပ်အမိုးတို့ကို စုစုပေါင်း နှစ်မိနစ်ခန့် ပုံမှန်အားနဲ့ တိုက်ပေးပါ။
သွားတိုက်တံ ရွေးတဲ့အခါမှာလည်း လှတဲ့ သွားတိုက်တံထက် ခိုင်မာပြီး၊ အမျှင်ပျော့တဲ့ သွားတိုက်တံမျိုးကိုရွေးပါ။ တစ်လတစ်ကြိမ် သွားတိုက်တံ လဲပေးဖို့လည်း လိုအပ်ပါတယ်။




၎။ အာရုံကြော လေ့ကျင့်ခန်း လုပ်ပါ။
သင့်ရဲ့ ဦးနှောက်ကို စွမ်းအင်အပြည့်နဲ့ တက်ကြွအောင် လုပ်တာပါ။ အမေရိကန် သုတေသန ပညာရှင်တွေက ဦးနှောက်ရဲ့ ကိုယ်ပိုင် ဇီဝဓာတု လမ်းကြောင်းတွေကို နိုးကြားလာစေ၊ လမ်းကြောင်းသစ် ဖြစ်ပေါ်လာစေပြီးတော့ ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းသစ်က ဦးနှောက်ရဲ့ ပတ်လမ်းတွေကို သန်မာစေ၊ ကြာရှည်ခံနိုင်စေတဲ့ လေ့ကျင့်ခန်းလုပ်နည်းကို အာရုံကြော လေ့ကျင့်ခန်းလို့ ခေါ်ပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေကတော့ သွားတိုက်တဲ့အခါမှာ တိုက်နေကျမဟုတ်တဲ့ လက်နဲ့ တိုက်ခြင်း၊ အလုပ်သွားတဲ့အခါ သွားနေကျမဟုတ်တဲ့ လမ်းက သွားခြင်း၊ ဝတ်ဖို့ အဝတ်ရွေးတဲ့အခါ အမြင်နဲ့ ရွေးတာထက်၊ အဝတ်တွေကို ကိုင်ကြည့်ပြီး အထိအတွေ့ရဲ့ ခံစားမှုအပေါ်မှာ ရွေးချယ်ဝတ်ဆင်ခြင်း စသည်တို့ ကဲ့သို့ ဖြစ်ပါတယ်။ စိတ်လန်းဆန်း တက်ကြွနေတဲ့ လူတွေဟာ အယ်လ်ဇိုင်းမားရောဂါ (အတိတ်မေ့ရောဂါ) ဖြစ်နိုင်ခြေနည်းမှာ ဖြစ်ပြီးတော့ စိတ်ကျရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။




၅။ စိတ်လေ့ကျင့်ခန်း လုပ်ပါ။
လေ့လာချက်တွေအရ ဆေးရုံတက်ရတဲ့ လူနာတွေမှာ ကျန်းမာလာစေဖို့ ဆုတောင်းပေးမယ့်သူရှိတဲ့ လူနာတွေက (သူတို့အတွက် ဆုတောင်းပေးတယ်ဆိုတာ မသိရင်တောင်မှ) မြန်မြန် ကျန်းမာလေ့ရှိပြီးတော့ ဆုတောင်းပေးမယ့်လူ မရှိတဲ့ သူများကတော့ ကျန်းမာမှုနှုန်း နှေးကွေးတယ်လို့ ဆိုပါတယ်။ စိတ်လေ့ကျင့်ခန်း လုပ်နည်းတွေကတော့
က။ ဆိတ်ငြိမ်တဲ့ တစ်နေရာမှာ မှတ်စုစာအုပ် (သို့) (ဒိုင်ယာရီ ကဲ့သို့) ကိုယ်ပိုင်မှတ်တမ်း ယူပြီး သွားထိုင်ပါ။
ခ။ တရားထိုင်ပါ။
ဂ။ စိတ်ကို ကြည်လင်အောင် ထားပြီးတဲ့နောက်မှာ လွပ်လပ်စွာ စဉ်းစားတွေးတောပါ၊ ဒါမှမဟုတ် ခေါင်းထဲမှာ အကြောင်းအရာ တစ်ခုခုရှိနေရင် အဲဒီအကြောင်းကို တွေးပါ။ ဒါပေမယ့် အဆုံးသတ်မကောင်းမယ့်ဟာမျိုး၊ ဒေါသထွက်ရမယ့်ဟာမျိုးနဲ့ အဖြေမရနိုင်တဲ့ အကြောင်းအရာမျိုးတွေကို မတွေးပါနဲ့။ ဓာတ်ပုံကြည့်ခြင်း၊ ပုံဆွဲခြင်းတို့ကိုလည်း လုပ်နိုင်ပါတယ်။
ဃ။ ကိစ္စရပ်တိုင်းကို (ဖြစ်ရတဲ့အကြောင်းရင်း၊ ဖြေရှင်းနည်း) စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်ပါ။
င။ မိမိနေတဲ့ အရပ်ဒေသမှာနေတဲ့ သူတွေရဲ့ ယုံကြည်မှုနဲ့ ကိုးကွယ်တဲ့ ဘာသာတရားအပေါ် သုတေသန ပြုလုပ်ပါ။
စ။ ဘဝရည်မှန်းချက်တွေထားပြီး အောင်မြင်တဲ့အခါ ပျော်ပွဲရွှင်ပွဲလုပ်ပါ။
ဆ။ နောက်အကြိမ်တွေအတွက် စီမံထားပါ။
ဇ။ အိပ်ရာမဝင်မီ စိတ်ကျန်းမာအောင်၊ တက်ကြွအောင် ဘာတွေလုပ်ပြီးပြီလဲဆိုတာ မိမိကိုယ်ကို နေ့စဉ်မေးပါ။
ဈ။ မိမိရဲ့ ကိုယ်ပိုင်မှတ်တမ်းကို ဖတ်ပါ။
ည။ မိတ်ဆွေတွေနဲ့ တရားအတူထိုင်ပါ၊ မရှင်းတာ မေးပါ။
ဋ။ ဝါသနာအတိုင်း စိတ်ပျော်ရာ၊ စိတ်ဝင်စားရာကို  လုပ်ပါ။ (ဥပမာ။ ဂီတ၊ စာဖတ်၊ ...)

Ygn News (www.YgnNews.com)



နစ်မြုပ်သွားသော ကူးတို့သင်္ဘောမှ ရုပ်အလောင်းများ ဆယ်ယူမှုဆိုင်းငံ့


ဆိုးလ် မေ ၃

တောင်ကိုရီးယားနိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်၌ လွန်ခဲ့သည့်လက နစ်မြုပ်သွားသော ကူးတို့ သင်္ဘော အတွင်းမှ ရုပ်အလောင်းများ ဆယ်ယူသူသည့်လ့်လုပုပ်င်ငန်းကို လှိုင်းလေပြင်းထန်မှုကြောင့် ဆိုင်းငံ့ထား လိုက်ရ ကြောင်း ကမ်းရိုးတန်း စောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမေ ၃ရက် တွင် ပြောကြား သည်။

ကျောင်းသူ၊ ကျောင်းသားအများစုလိုက်ပါလာခဲ့သော ကူးတို့သင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ၁၇ရက်အကြာတွင် ရုပ်အလောင်းများဆယ်ယူသည့်လုပ်ငန်းကို ဆိုင်းငံ့ထားလိုက်ရခြင်းဖြစ်သည်။

ယင်းသင်္ဘောနစ်မြုပ်မှုတွင်၂၂၈ ဦးသေဆုံးပြီး ၇၄ ဦးပျောက်ဆုံးနေကြောင်း အစိုးရတာဝန်ရှိသူများက အတည်ပြုပြောကြားသည်။ ပျောက်ဆုံး နေသူ အများအပြားကိုရှာဖွေတွေ့ရှိရန် လွယ်ကူမည်မဟုတ်ဟုဆိုသည်။

မေ ၂ ရက်ညနှင့် မေ ၃ရက် နံနက်အစောပိုင်းတို့က လှိုင်းလေပြင်းထန်နေ မှုကြောင့်ရှာဖွေရေးအဖွဲ့ဝင် ရေငုပ်သမားများ
ရေငုပ်နိုင်ခြင်း မရှိကြောင်း၊ ရေစီးသန်ခြင်း၊ လေပြင်းတိုက်ခတ်နေခြင်း

တို့ကြောင့် ရေငုပ် သမားများ စောင့်ဆိုင်းနေကြရကြောင်း ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုမြောင်ဆွတ်က သတင်းထောက် များအား ပြောကြားသည်။

ရှာဖွေရေးလုပ်ငန်းတွင် ရေငုပ်သမား၁၀၀ ကျော်ပါဝင်ပြီး ၎င်းတို့သည် အသက်ဘေး အန္တရာယ်ကြီးမား သောအခြေအနေ တွင် လုပ်ကိုင်ကြရကြောင်း၊ ရေမျက်နှာပြင်အောက်မီတာ ၄၀ အနက် ပင်လယ်ကြမ်းပြင်ပေါ် တွင်ကူးတို့သင်္ဘောမှာ တစောင်းအနေအထားဖြင့်နစ်မြုပ်နေကြောင်း ၎င်းကပြောကြားသည်။

ရိုက်တာ။
MOI Webportal Myanmar

တံတားကြီးအား မြင်နေပါလျက် တံတားတက်လမ်း ရှာမရ


ပဲခူး မေ ၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိဧရာဝတီမြစ်ကူးန၀ဒေးတံတားကြီးမှာဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ သာမက ဧရာဝတီမြစ် အနောက်ခြမ်း ဒေသများအတွက်ထက်၊အောက် ကုန်စည်စီးဆင်းမှုနှင့် မိသားစု အလည်အပတ် ဘုရားစုံဖူးခရီးစဉ်များအား အချိန်တို အတွင်း အဆင်ပြေပြေ သွားလာနိုင်သောဒေသကြီး တစ်ခု လုံးအတွက် အရေးပါလှသည့်တံတားတစ်စင်းဖြစ်သည်။

ရန်ကုန်ဘက်မှ ပြည်မြို့သို့ လာရောက်ကြသော ယာဉ်ငယ်များ သည် န၀ဒေးတံတားအောက်မှ ဖြတ်ကာပြည်မြို့ တွင်းသို့ ဝင်ရောက်ကြသည်။

မြို့တွင်းမှ ဘုရားစုံဖူးအလည်အပတ်ခရီးစဉ်ပြီးဆုံး၍ န၀ဒေး တံတားကြီး ကို ဖြတ်ကာ ငပလီကမ်းခြေ၊ ဇလွန်ပြည် တော်ပြန်ဘုရား စသည်တို့နှင့် အနောက်ခြမ်းရှိဘုရားပုထိုးများ ဖူးရန်အတွက်ကား န၀ဒေးတတံ မလွဲမသွေဖြတ် သန်းရသည်။သို့သော်လည်း တံတားကြီးကိုမြင်နေရပါလျက် တံတားလမ်းညွှန်ဆိုင်းဘုတ်များမှာ မြို့အဝင် လမ်းခွဲတွင်လည်းကောင်း၊ မြို့တွင်းအထွက် လမ်းများတွင် လည်းကောင်း ချိတ်ဆွဲ စိုက်ထူထားခြင်း မရှိသည့် အတွက် တံတားပေါ်သို့ တက်ရောက်ရန် လမ်းစရှာမရဖြစ်ကာ “ဟိုမေးဒီစမ်း” နှင့်ခရီးသွားလာသူများ စိတ် အနှောင့်အယှက်ဖြစ်ကာ အချိန်ကုန်လူပန်းဖြစ်ကြရသည်။

သို့ပါ၍ ရန်ကုန်ဘက်မှ လာသောခရီးသွား ယာဉ်ငယ် များ မြင်သာစေရေး အတွက် ပြည်မြို့အဝင် မိချောင်းရဲရွာ နဝေဒးတံတားတက်ရန် လမ်းထိပ်နှင့် လည်းကောင်း၊ပြည်မြို့တွင်းမှ န၀ဒေးတံတားသို့ တက်ရာလမ်းကြောင်း တိုင်းတွင် တံတားလမ်းညွှန်ဆိုင်းဘုတ်များအား ယာဉ်မောင်း သူများမြင်သာအောင် ချိတ်ဆွဲစိုက်ထူပေးပါမှ တံတားကြီး အား မြင်နေရပါ လျက် တံတားတက်လမ်းရှာမရဖြစ်နေ သောယာဉ်မောင်းသူများဒုက္ခ၊ ခရီးကြန့်ကြာမှု ကိစ္စများ ကင်းဝေးသွားမည်ဖြစ်ပေသည်။

အောင်(ဓာတုဗေဒ)
MOI Webportal Myanmar

ဘရိတ်ပေါက်သည့်ယာဉ်မှ ယာဉ်(၃)စီးအားတိုက်မိပြီး အမျိုးသမီးတစ်ဦးကို ကြိတ်မိသဖြင့် သေဆုံး




ရန်ကုန်၊ မေ ၎

၃.၅.၂၀၁၄ ရက်နေ့ ၁၃၀၅ အချိန်တွင် လသာမြို့နယ်၊ အနော်ရထာလမ်း အတိုင်း ဆူးလေဘက်မှ လမ်းမတော်ဘက်သို့ ယာဉ်မောင်း စိုးထိုက်ဦး (ခ)မောင်ဝင်း၊ (၃၀)နှစ်၊ (ဘ)ဦးဝင်းဦး၊ ဒဂုံတောင်မြို့နယ်နေသူ မောင်းနှင်
လာသော ၆ခ/---- ဖူဆိုအမျိုးအစား မထသ(၆၂)ယာဉ်လိုင်း ခရီးသည်တင် ယာဉ်သည် လသာ မှတ်တိုင်အနီးအရောက် ဘရိတ်ပေါက်ကာ ရှေ့၌ ခရီးသည်အတင်အချပြုလုပ်နေသော၂ဂ/---ဖူဆိုအမျိုးအစား(၁၅၇)ယာဉ်
လိုင်းခရီးသည်တင်ယာဉ်၊ လမ်း၏ယာဘက်တွင် ရပ်ထားကြသည့် BB---- ပရိုဘောက် အငှားယာဉ်နှင့် 9D---- ပရိုဘောက်အငှားယာဉ်တို့အား ၀င်ရောက်တိုက်မိခဲ့ပြီး လမ်းဘေးတွင်ရပ်နေသူ ကြည့်မြင်တိုင်မြို့နယ်နေ
ဒေါ်ခင်သန်း၊ (၅၁)နှစ်ကို ယာဉ်၏ရှေ့ယာဘက်ဘီးဖြင့် ဆက်လက်ကြိတ်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၄)စီးပျက်စီးပြီး ယာဉ်တိုက်ခံရသူ ဒေါ်ခင်သန်း
မှာ ယာခြေသလုံးနှင့် ခြေခုံကျိုးကြေ၊ ၀မ်းဗိုက်အောင့်၊ ခေါင်းမူးဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်ပေါ့လျော့စွာမောင်းနှင်သူ စိုးထိုက်ဦး(ခ)မောင်ဝင်းအား လသာမြို့မရဲစခန်း ယာဉ် (ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခရီးသည်များက အငှားယာဉ်မောင်းထံမှ ငွေနှင့်ဖုန်းကို လုယက်မှုဖြစ်




ရန်ကုန်၊ မေ ၎

၃.၅.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန် ကမာရွတ်မြို့နယ်နေ အငှားယာဉ်မောင်း
ဖြစ်သူ ဦးခိုင်ဇော်ဦးမှ ၎င်းသည် ၇က/--- ကိုရိုလာအစိမ်းရောင် အငှားယာဉ် အား ဒဂုံမြို့နယ်၊ ပြည်လမ်းအတိုင်းမောင်းနှင်လာရာ စိန်ဂေဟာရှေ့ အရောက်တွင် အသက်(၂၅)နှစ်ခန့်ရှိ လူငယ်တစ်ဦးအပါအ၀င် အမျိုးသား
(၃)ဦး၊ အမျိုးသမီး(၂)ဦးတို့မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၇/၈)လမ်းဆုံ
သို့ ငွေကျပ်(၆၀၀၀)ဖြင့် ငှားရမ်းခဲ့သဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်ခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းအတိုင်း ယာဉ်အားမောင်းနှင်လာစဉ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးလမ်းဆုံ မီးပွိုင့်
အရောက် (၇/၈)လမ်းဆုံဘက်သို့မချိုးကွေ့စေဘဲ မီးပွိုင့်အား ဖြတ်သန်း
မောင်းနှင်စေခဲ့ပြီး မီးပွိုင့်အလွန်အရောက် ယာဉ်ကိုရပ်တန့်ခိုင်းခဲ့ကြောင်း၊ ယာဉ်အားရပ်ပေးစဉ် အမျိုးသမီး(၂)ဦးမှာဆင်းသွားခဲ့ပြီး ယာဉ်ပေါ်တွင်ကျန်ရှိ သည့် အမျိုးသား(၃)ဦးအနက်(၂)ဦးမှ ၎င်းအား ချုပ်နှောင်ကာ ကျန်(၁)ဦးမှ
ဘောင်းဘီအိတ်ကပ်အတွင်းရှိငွေကျပ် (၂၃၇၀၀၀)နှင့် SIM ကတ်ပါ HUAWEI G-730 အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးတို့အားလုယူထွက်ပြေး
သွားခဲ့ကြောင်းနှင့် ထိုသို့ကျူးလွန်ခဲ့ကြသူ အမျိုးသား(၃)ဦးအား အရေးယူပေး
ရန်တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၂၃၄/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အမျိုးသား (၃)ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဖေါ်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကျေးလက်လူဦးရေ ၃၀ ရာခိုင်နှုန်းသာရှိသော ရန်ကုန်တိုင်းဒေသကြီး၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ယခုဘဏ္ဍာနှစ်တွင် ကျပ် သန်း ၁၉၀၀ သုံးစွဲမည်


Written by: ကျော်ထင်

ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခုအား ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)

ကျေးလက်လူဦးရေ ၃၀ ရာခိုင်နှုန်းသာရှိသော ရန်ကုန်တိုင်းဒေသကြီး၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း ၁၉၀၀ သုံးစွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ယခုဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၁၀၀၀ ရရှိထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သာမာန်အသုံးစရိတ်တွင် ကျပ်သန်း ၉၀၀ ကို ထည့်သွင်းလျာထားခြင်းကြောင့် စုစုပေါင်း ကျပ်သန်း ၁၉၀၀ လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့ပြလူဦးရေ ၇၀ ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ ၃၀ ရာခိုင်နှုန်းသာ ရှိသည့်အတွက် အဆိုပါကျေးလက်ဒေသရန်ပုံငွေများကို ကျေးလက်လူဦးရေ ၃၀ ရာခိုင်နှုန်းအတွက်သာ သုံးစွဲနေမည်ဆိုပါက မမျှတသည့်အနေအထား ဖြစ်နေကြောင်း၊ မြို့ပြဒေသတွင်လည်း ဆင်းရဲနွမ်းပါးမှုများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြသည်။

“ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေ ၁၀၀ ရာခိုင်နှုန်းကို ကျေးလက်ဒေသပြည်သူ ၃၀ ရာခိုင်နှုန်းအတွက်ပဲ သုံးနေမယ်ဆိုရင် မြို့ပြမှာရှိတဲ့ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေအတွက် တရားမျှတမှု ရှိရဲ့လား။ မေခွန်းထုတ်စရာဖြစ်နေပါတယ်။ မြို့ပြမှာလည်း ဆင်းရဲနွမ်းပါးမှုတွေ ရှိနေပါတယ်။ အာဟာရချို့တဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားတွေ အများကြီးရှိပါတယ်”ဟု ဗဟန်းမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ထို့ကြောင့် အဆိုပါရန်ပုံငွေများကို ကျေးလက်ဒေသ ၃၀ ရာခိုင်နှုန်းအတွက် မည်သို့မည်ပုံ သုံးစွဲနေသည်ကို စိစစ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က စောင့်ကြည့်ရေးကော်မတီတစ်ခု မဖြစ်မနေဖွဲ့စည်းပေးရန် လိုအပ်လျက်သော်လည်း ယင်းကော်မတီကို ဖွဲ့စည်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက သဘောမတူခဲ့ကြောင်း ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ဘတ်ဂျက်တွင် မပါဝင်သော မဆောင်ရွက်ပေးနိုင်သော ကျေးလက်နေပြည်များအတွက် အမှန်တကယ် လိုအပ်သည့် ရေရှိရေး၊ လမ်းတံတားများတည်ဆောက်ရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများတွင် အဓိကသုံးစွဲသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌများ၊ ကျေးရွာနေပြည်သူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှ တင်ပြလာသော လုပ်ငန်းများနှင့် တိုင်းဒေသကြီးဝန်ကြီးများမှ ကွင်းဆင်းစစ်ဆေး၍ တင်ပြလာသော လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြညှိနှိုင်းဆွေးနွေး၍ စိစစ်ကာဆောင်ရွက်ပေးသင့်သည့် လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို အမှန်တကယ် အထောက်အကူဖြစ်စေမည့် လုပ်ငန်းများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ဆိုသည်။

Eleven Media

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော လူတစ်စုက အနုကြမ်းစီး၍ ရွာသူကြီးမိသားစု သုံးဦးသေ၊ ရွာသားကိုးဦးဒဏ်ရာရ


Author: အောင်သစ်လွင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မှ ခိုးဝင်လာသော လက်နက်ကိုင်လူတစ်စုက မောင်တောမြို့နယ်ရှိ သင်္ဘောကွေ့ ဘင်္ဂါလီရွာကို ၀င်ရောက်အနုကြမ်းစီးခဲ့ပြီး ရွာသူကြီးမိသားစုကို   သတ်ဖြတ်ကာ ရွာသားကိုးဦးမှာလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

 မေလ ၃ ရက် နံနက် ၂ နာ ရီခန့်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ နတ်မြစ်ကို အင်အား ၃၀ ခန့်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ စက်လှေဖြင့် ခိုးဝင် လာခဲ့ပြီး ရွာသူကြီးနှင့် မိသားစု ၀င်နှစ်ဦးကို ဓားဖြင့် ခုတ်သတ်သွားခဲ့ကြောင်း၊ အမည်မဖော်လိုသည့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ  ရဲအရာရှိတစ်ဦးက ပြောသည်။  ပြန်လည်ခုခံသည့် ရွာသားကိုးဦးကိုလည်း ဓား၊ လှံတို့ဖြင့် ခုတ်ခဲ့ကြောင်းဆိုသည်။

‘‘ဓားပြတိုက်တာလို့လည်း ကြားတယ်။ ရန်ငြိုးရန်စကြောင့် လာသတ်တာလို့လည်း ကြားနေ ရတယ်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင် တွေ  ရောက်သွားတော့  တစ် ယောက်မှ မရှိတော့ဘူး။ ဘင်္ဂလား

ဒေ့ရှ်ဘက်စက်လှေနဲ့ ပြန်ထွက်ပြေးသွားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကို စုံစမ်းနေတုန်းပဲရှိသေးတယ် ’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။ အဆိုပါရွာမှာ နတ်မြစ်သာခြားလျက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေပြီး ညအချိန် ခိုးဝင်၍ လုယက်မှုများ ရံဖန်ရံခါ ဖြစ်လေ့ရှိကြောင်း သတင်းရရှိသည်။ စက်လှေဖြင့် လာပါက နာရီဝက်ခန့်သာကြာပြီး ယခုဖြစ်စဉ်မှာမူ အလွန်ဆိုးရွားကြောင်း လုံခြုံရေးစောင့်ကြပ်နေသည့်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

 လူသုံးဦး အသတ်ခံရကာ ကိုးဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်ကို ပြည်ထဲရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကိုယ်တိုင် မေ ၃ ရက် နေ့လယ်က သွားရောက်စစ်ဆေးခဲ့ပြီး နယ်မြေခံစစ်တပ်နှင့် နယ် ခြားစောင့်တပ် အင်အားပါ တိုးမြှင့်ထားကြောင်း  သတင်းရရှိသည်။

မေလအတွင်း ပြုလုပ်မည်ဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံနယ်စပ်ရေးရာဆွေးနွေးပွဲ တွင် သင်္ဘောကွေ့ရွာဖြစ်စဉ်၌ပြစ်  မှုကျူးလွန်သူများကို ဖမ်းဆီးအ ရေးယူပေးရန် မြန်မာအစိုးရတာ ၀န်ရှိသူများက ဘင်္ဂလားဒေ့ရှ်အ စိုးရထံ တောင်းဆိုသွားမည်ဖြစ် ကြောင်းလည်း သတင်းရရှိသည်။

7day daily

ရုရှလိုလားသူ ယူကရိန်းဆန္ဒပြသမားတွေ ဒန်ညက်စမြို့ အစိုးရအဆောက်အဦတချို့ကို သိမ်းပိုက်


ရာနဲ့ ချီတဲ့ ရုရှလိုလားသူ ဆန္ဒပြသမားတွေက ယူကရိန်းအရှေ့ဘက် ဒန်ညက်စ်မြို့မှာ မေလ ၃ ရက်နေ့က အစိုးရလုံခြုံရေးဌာနချုပ်နဲ့ အုပ်ချုပ်ရေးမှူးရဲ့ စီးပွားရေးဥပစာနေရာတွေကို သိမ်းပိုက်မွှေနှောက်ခဲ့ကြပါတယ်။

တမြို့လုံးက ရုရှလိုလားသူတွေရဲ့ ထိန်းချုပ်မှုအောက် ကျယ်ကျယ်ပြန့်ပြန့် ကျရောက်နေလို့ ၀န်ထမ်းတွေတော့ အဆောက်အဦတွေထဲမှာ ရှိမနေခဲ့ပါဘူး။ ဆန္ဒပြသူတွေက အဆောက်အဦတွေထဲက စာရွက်စာတမ်းတွေရော ယူကရိန်းအလံကိုပါ မီးရှို့ခဲ့ကြပါတယ်။

လူဂန့်စ်မြို့မှာလည်း ရုရှလိုလားသူ လက်နက်ကိုင် ဆန္ဒပြသူတွေက မြို့တွင်း လုံခြုံရေးကို ထိန်းချုပ် ထားလိုက်ပါပြီ။ မေလ ၂ ရက်နေ့ည ၁၁ နာရီကစကပြီး စစ်အုပ်ချုပ်ရေးဥပဒေ စတင် အာဏာသက်ရောက်ပြီး ဒေသခံတွေက အိမ်ထဲမှာပဲ နေကြဖို့ အကြံပေး ထားပြီးပြီလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မေလ ၂ ရက်နေ့ကတော့ အာဂျက်စာမြို့မှာ ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၄၂ ယောက်သေဆုံးခဲ့တာပါ။ ယူကရိန်းအရှေ့ဘက်က လူ ၄၅ သန်းရှိပြီး ပြင်သစ်နိုင်ငံလောက် ကျယ်တဲ့ ဒေသအတွင်း မတည်ငြိမ်မှုတွေ ပိုကျယ်ပြန့်လာမယ့် အလားအလာတွေ ရှိနေပါတယ်။

ယူကရိန်း နိုင်ငံတွင်း ရုရှစကားပြောသူတွေကို ကာကွယ်ရေးအတွက် ကျူးကျော်ဖို့ အခွင့်အရေး ရှိတယ်လို့ ပြောတဲ့ ရုရှအစိုးရကတော့ နယ်စပ်မှာ ထောင်သောင်းချီတဲ့ တပ်တွေ လွှတ်ထားတာပါ။

သေဆုံးမှုတွေအတွက် ယူကရိန်းနဲ့ အနောက်နိုင်ငံက ကျောထောက်နောက်ခံ ပေးနေသူတွေမှာ တာဝန်ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

DVB Burmese

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ဆိုင်ကယ်နှင့်ကားတိုက်မိ



နေပြည်တော်၊ မေ ၎
၂၀၁၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ည ၈ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၆/၀-၁)ကြားတွင် ယာဉ်နှင့်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ကျောက်တံခါးမြို့နယ်၊ ကမ်းနားလေးကျေးရွာနေ နေမျိုးဝင်း(၁၈)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ဇေယျာဌေး(၁၇)နှစ်လိုက်ပါလာသည့် ၂၁ယ/xxxxx ဖီလင်(၁၁၀)အနက်ရောင် ဆိုင်ကယ်သည် အမြန်လမ်းအားလမ်းဖြတ်မဟုတ်သည့်နေရာ၌ လမ်းအနောက်ဘက်မှအရှေ့ဘက် သို့ ဖြတ်သန်းမောင်းနှင်စဉ် လမ်းမှန်အတိုင်း ရန်ကုန်မှရေဦးမြို့သို့ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ၀င်းဇော်မျိုးဦး(၂၉)နှစ် မောင်းနှင်လာသည့် ၈ည/xxxx “အောင်ရတနာ” ခရီးသည်တင်ယာဉ်နှင့်တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ၈ည/xxxxယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ နေမျိုးဝင်းတွင် ယာနားထင်ဖူးရောင်၊နဖူးပွန်းပဲ့၊ ယာနားရွက်/ ယာခြေသလုံးပေါက်ပြဲဒဏ်ရာနှင့် ဇေယျာဌေးတွင် ယာခြေသလုံး/ယာဒူးခေါင်းပွန်း၊ ယာဒူးခေါင်းအောက်/ ယာတံတောင်ဆစ်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဖဒိုတိုက်နယ်ဆေးရုံ သို့ တင်ပို့ကုသခဲ့ပြီး အမြန်လမ်းပေါ်ဆိုင်ကယ်စီးနင်းမောင်နှင်သူ နေမျိုးဝင်းအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

တောင်သမန်အင်းနှင့် မန္တလေးကန်တော်ကြီးတို့ကို ပြန်လည်တူးဖော်သွားမည်




၁၉၉၅ ခုနှစ်နောက်ပိုင်း တူးဖော်ခြင်းမရှိခဲ့သည့် တောင်သမန်အင်းနှင့် မန္တလေးကန်တော်ကြီးတို့အား ပြန်လည်တူးဖော်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

မိုးတွင်းကာလ မန္တလေးကန်တော်ကြီးတွင် ရေပမာဏ ပိုမိုသိုလှောင်နိုင်စေရန်နှင့် မြို့တွင်းရေကြီးရေလျှံမှု လျှော့ချနိုင်ရန် ရည်ရွယ်ပြီး သဲနုန်းတူးဖော်သည့် သောင်တူးစက်များဖြင့် တူးဖော်သွားမည် ဖြစ်သည်။
ထို့အတူ တောင်သမန်အင်း ရေထိန်းတံခါးမှ နှစ်စဉ်မိုးတွင်းကာလများတွင် ရေထိန်းနိုင်မှု အခက်အခဲများကိုလည်း ဖြေရှင်းနိုင်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၁၉၉၅ နောက်ပိုင်း တောင်သမန်အင်းကို တူးဖော်ခြင်း မရှိပါဘူး။ ကန်တော်ကြီးကတော့ ရေနည်းချိန်တွေမှာ ကန်ပေါင်နံဘေး မြေသားချဲ့တာလောက်ပဲ လုပ်နိုင်ခဲ့တယ်။ အခုသောင်တူးစက်က ရေခန်းချိန် စောင့်စရာမလိုဘဲ ရေပြင်အောက်ခြေအထိ သဲနုန်း နွံတွေကိုပါ တူးဖော်နိုင်တဲ့စက်ကို ၀ယ်ယူအသုံးပြုသွားမှာပါ”ဟု လမ်းတံတားဌာနမှ ဒေါ်ခင်မေဌေးက ပြောကြားခဲ့ပါသည်။

အဆိုပါ သောင်တူးစက်ဝယ်ယူရန် ယခုလဆန်းတွင် စတင်၍ တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်းနှင့် ယင်းသောင်တူးစက် တစ်လုံးလျှင် ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း သုံးထောင်ဝန်းကျင်ခန့် ကုန်ကျနိုင်ကြောင်း ကော်မတီဝင်တစ်ဦးထံမှ သိရသည်။

“အဓိက ကတော့ မိုးတွင်းမှာ မြို့တွင်းရပ်ကွက်တွေ ရေလျှံမှုဖြစ်စဉ်လျှော့ချနိုင်အောင် ကန်တော်ကြီးကို ဦးစားပေးလုပ်မှာပါ။ နောက်ပြီးမှ တောင်သမန်အင်းကိုပါ ပြန်လည်တူးဖော်သွားမယ်”ဟု ကော်မတီဝင်တစ်ဦးက ဆိုသည်။ တောင်သမန်အင်း ရေပြင်ဧရိယာမှာ ၁၃၀၀ဧကရှိပြီး မန္တလေးကန်တော်ကြီးမှာ ၇၀၀ ဧက ရေပြင်ဧရိယာရှိကြောင်း ထပ်မံ သိရသည်။

(တောင်သမန်အင်းနှင့် ဦးပိန်တံတားကို တွေ့ရစဉ်)


Eleven Media Group 

ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး ရစေဖို့


လူနှစ်ဦးနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေး ခိုင်မာစေဖို့အတွက် အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း တာဝန်ရှိပါတယ်။ ခိုင်မာကောင်းမွန်တဲ့ ဆက်ဆံရေး ရှိမှ သူနဲ့ကိုယ့်ရဲ့ ချစ်ခရီးလမ်းက ဖြောင့်ဖြူးမယ် ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ အဲလို ခိုင်မာတဲ့ ဆက်ဆံရေး ဖြစ်အောင် ကျွန်မတို့ အမျိုးသမီးတွေဘက်က ဘယ်လို အချက်တွေကို ရှောင်ကျဉ်ပြီး ဘာတွေ ဆောင်သင့်တယ်ဆိုတာ ကြည့်ရအောင်နော်။



ခဏခဏ ဖြစ်ရတဲ့ ငြင်းခုန်မှုတွေမှာ လက်ပါတတ်တဲ့ အမျိုးသမီးများအတွက်

ထုံးစမ်းအတိုင်း သင့်လက်ကို မြှောက်ပြီး တစ်စုံတစ်ခု( ဥပမာ စားပွဲကို ဖြစ်စေ၊ သူ့ကိုဖြစ်စေ) ရိုက်ဖို့ ရွယ်မဲ့အစား သူ့ဆီကို လျှောက်သွားပြီး ပွေ့ဖက်လိုက်ပါ။ ဟုတ်ပါတယ်။ အဲဒီအခါ အလွန်ကြီးမားတဲ့ စိတ်စွမ်းအားပေးလိုက်သလိုပါပဲ။ သင့်ရဲ့ နူးညံ့သိမ်မွေ့တဲ့ လုပ်ဆောင်မှုက  ပေါက်ကွဲ ထွက်မတတ်  ဒေါသဖြစ်နေတဲ့  အနေအထားကို အံ့သြ သွားလောက်အောင် ပြောင်းလဲပစ်နိုင်တယ်ဆိုတာ  တွေ့ရပါလိမ့်မယ်။ အကယ်၍ အဲဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ သင်လည်း လူတစ်ဦးဖြစ်တာကြောင့်  ဒေါသဖြစ်တတ်တာမို့ အရင်ဆုံး ၁၀မိနစ်လောက် ဘာမှမပြောဘဲ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် အရင်လုပ်ဖို့ အကြံပေးပါရစေ။ စိတ်တည်ငြိမ်ပြီ ဆိုမှ ပြဿနာကို သေချာဖြေရှင်းတာ ပိုကောင်းပါလိမ့်မယ်။

အရေးပေါ် အခြေအနေနဲ့ ကြုံတွေ့လာတဲ့အခါ

သူ့ရဲ့ မိသားစု ဒါမှမဟုတ် သူ့ရဲ့ အရေးပါတဲ့ သူတစ်ဦးတစ်ယောက် အရေးပေါ် အခြေအနေနဲ့ ကြုံတွေ့တဲ့အခါ (ဥပမာ သူ့မိခင် နှလုံးအမောဖောက်တယ်လို့ ကြားလိုက်ရတဲ့အခါ) သူဘာလိုအပ်လဲ။ ဘာလုပ်ပေးရမလဲ စသဖြင့် မေးနေမယ့်အစား ကိုယ့်ရဲ့ အသိဥာဏ်နဲ့ အကောင်းဆုံး ဖြစ်စေမယ့် အရာကို စဉ်းစားဆုံးဖြတ်ပြီး ကူညီပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ဦးဟာ ပြဿနာ တစ်စုံတစ်ရာ ကြုံတွြေ့ပီး အခက်အခဲရှိနေတဲ့ အချိန်မှာ အခြားသူတစ်ဦးကို ညွန်ကြားချက်ပေးဖို့၊ အကူအညီတောင်းဖို့ဆိုတာ အဆင်ပြေတဲ့ အရာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အသိစိတ်နဲ့ကို ကူညီပေးတာက ပိုပြီးထိရောက်ပါတယ်။

သူထပ်နောက်ကျပြန်ပြီလား

နောက်ကျတဲ့ အကျင့်ပါနေတဲ့သူကို ဒုတိယအကြိမ် ဒါမှမဟုတ် တတိယအကြိမ် နောက်ကျပြီးတဲ့အခါမှာတော့ အကောင်းဆုံး ထိန်းသိမ်းပြုပြင်သင့်ပါတယ်။ အဲဒီလို နောက်ကျခြင်းက သူ့အပေါ် လေးစားမှုလျော့စေပြီး အချိန်တိကျဖို့ အရေးကြီးကြောင်း ပြောပါ။ အဲလိုပြောပေမယ့် ထူးမလာဘဲ နောက်ကျမြဲနောက်ကျနေရင်တော့ သင့်က တစ်ဖန် ပြန်နောက်ကျတာမျိုး မလုပ်မိပါစေနဲ့။ အဲဒီအစား သူ အချိန်မီရောက်မလာတဲ့အခါ  ချိန်းဆိုတာကို ဖျက်မယ့်အကြောင်း သတိပေးပါ။ ဒါမှမဟုတ် ချိန်းထားတဲ့နေရာကို ကိုယ့်ဘာသာကို ထွက်လာခဲ့ပါ။ (ဥပမာ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားပြီး ရောက်မလာသေးတဲ့ သူ့ကို စောင့်မနေဘဲ ကိုယ့်ဘာသာကိုယ် ရုပ်ရှင်ကြည့်လိုက်ပါ။) ဒါက သူအချိန်မလေးစားတဲ့အတွက် သူဆုံးရှုံးရမယ့် အနေအထားတွေကို ပြသလိုက်ခြင်း ဖြစ်ပါတယ်။

စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အမှားမျိုး ကြုံတဲ့အခါ

သူ့သူငယ်ချင်းတွေနဲ့ ဖြစ်စေ၊ အခြားသူတွေနဲ့ ဖြစ်စေ ရယ်မောစရာ ဟာသ သူက ပြောပေမယ့် မှားနေတာမျိုး၊ မရယ်ရတာမျိုး ဖြစ်တဲ့အခါ သူ့ရဲ့ ဟာကွက် ကိုယ်တွေ့ပြီ ဆိုရင် သူ့ဘက်ကနေ လိုက်ပြီး ဟာသဖြစ်အောင် ပြင်ပြောပေးတာမျိုး လုပ်သင့်ပါတယ်။ ဒါမှ အခြားသူတွေ ရယ်မောပြီး သူလည်း စိတ်သက်သာရာ ရမှာဖြစ်ပါတယ်။ သူ့ကို အမှားထောက်ပြီး အပြစ်မပြောသင့်ပါဘူး။ သူနဲ့ သင်ဟာ နှစ်ဦးပေါင်းမှ တစ်စုံတွဲ (တစ်သင်း) ဖြစ်တာကြောင့် သူ့ဟာကွက်ကို ကိုယ်ဖြည့်ပေးလိုက်ခြင်းက ကိုယ့်အသင်းကို အောင်မြင်စေပါလိမ့်မယ်။

အမျိုးသမီးတိုင်း ခိုင်မာတဲ့ဆက်ဆံရေး ရရှိကြပါစေ။



ref: Rachel Ross, M.D., Ph.D.,
World-Myanmar News

တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိုကျ၊ လူ ၁၁ ဦး သေဆုံး



တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်းပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။

၅ ယောက်က ပွဲချင်းပြီး သေဆုံးတာ ဖြစ်ပြီး တခြား ၆ ယောက်ကတော့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးတာလို့ လက်ခံကုသပေးတဲ့ ဒေသခံဆေးရုံက ဆိုပါတယ်။

ဒဏ်ရာရသူ ၁၅ ယောက်ထဲက ၈ ယောက်ကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

သေဆုံးသူတွေကတော့ ပြိုကျချိန်မှာ တံတားပေါ်မှာ ရှိနေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေဖြစ်ပါတယ်။ ဒီတံတားဆောက်ဖို့ ခွင့်ပြုချက် မကျသေးဘဲ ရွာကောင်စီက ခွင့်ပြုချက်မရှိဘဲ ဆောက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတံတားဟာ လမ်းကွေ့နဲ့နီးပြီး အနားမှာလည်း တခြားမြစ်ကူးတံတားတစင်း ရှိပြီးသားပါ။ တံတားအရှည် ပေ ၆၀ လောက် ပြိုကျခဲ့လို့ အပျက်အစီးတွေက မြစ်ကြမ်းပြင်မှာ ပြန့်ကျဲနေပြီး မြစ်ကြောင်း ပိတ်ဆို့ကုန်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

တံတားပြိုကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

DVB Burmese

အပူဒဏ်ကြောင့် မွေးမြူရေးကြက်ဥနှုန်းကျ




ထားဝယ်၊ မေ ၃

ယခုနှစ်အတွင်း ပူပြင်းလာသည့် ရာသီဥတုဒဏ်ကြောင့် ထားဝယ်ဒေသတွင် မွေးမြူရေးကြက်များ ကြက်ဥ ဥနှုန်း ထိုးကျလျက် ရှိကြောင်း ထားဝယ်မြို့ ကြက်မွေးမြူရေး အသိုင်းအဝိုင်းက ပြောကြားသည်။

ယင်းပူပြင်းသော ရာသီဥတုကြောင့် ဥစားကြက်များသည် နေ့ခင်း အချိန်တွင် သောက်ရေများကိုသာ သောက်သုံးမှု များလာပြီး၊ ပုံမှန်ထက် အစာစားနှုန်း လျော့ကျသွားခြင်းကြောင့် ဥနှုန်း ကျဆင်းသွားရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။
“ယခင်နဲ့စာရင် ၁၀ ရာခိုင်နှုန်းလောက် ဥနှုန်း ကျဆင်းသွားတယ်။ ကြက်ဥ အရွယ်အစားတွေလည်း သေးကုန်တယ်” ဟု ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှ ကြက်ခြံပိုင်ရှင် တစ်ဦးက ဆိုသည်။

ယင်းသို့ ကြက်ဥ ဥနှုန်းကျဆင်းခြင်း၊ ကြက်ဥ အရွယ်အစားများ သေးလာခြင်းတို့ ကြုံတွေ့ရသော်လည်း ကြက်များရောဂါ ဖြစ်ပွား၍ သေဆုံးခြင်း မကြုံတွေ့ရသေးကြောင်း ဥစားကြက်ခြံ ရှင်များထံမှ သိရသည်။
“ကြက်တွေ အစာစားနှုန်း ကျဆင်းလာလို့ ညဘက်အေးတဲ့ အချိန်မှာ မီးထွန်းပြီး အစာထကျွေးနေရတယ်။ ညဘက် အေးတဲ့အချိန်မှာ ကြက်စာ ကျွေးကြည့်တော့ အစာစားလာတာ တွေ့ရလို့ ညဘက်ပင်ပန်းခံပြီး အစာ ထကျွေးနေရတယ်” ဟု လောင်းလုံးဒေသမှ ကြက်ခြံပိုင်ရှင် ဦးဝဏ္ဏက ဆိုသည်။

ယင်းသို့သော ရာသီဥတု ဒဏ်ကြောင့် ဥစားကြက်များ သေဆုံးနှုန်း မရှိသော်လည်း ကာလတို မွေးမြူရသည့် အသားစားကြက်များမှာ သေဆုံးမှုများ ရှိနိုင်ကြောင်း ဥစားမွေးမြူသူများက သုံးသပ် ပြောဆိုသည်။

ထားဝယ်ဒေသတွင် အသေးစား ကြက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ၆၀ ကျော်ရှိပြီး စာရင်းမဝင် သူများလည်း ထက်ဝက်ခန့်ရှိသည် ကြက်မွေးမြူရေး အသိုင်းအဝိုင်းထံမှ သိရသည်။

(Dawei Watch)

The Voice Weekly

ပြည်သူသတင်းပေးမှုကြောင့် တရားမ၀င်ပစ္စည်း ကျပ်သိန်း ၇၀၀၀ ကျော်ဖိုး ဖမ်းမိ


ရန်ကုန်ဆိပ်ကမ်းတွေမှာ ကျပ်သိန်းပေါင်း ၁ သောင်းကျော်ဖိုး တရားမ၀င်ပစ္စည်းတွေကို Mobile Team က ဖမ်းဆီးနိုင်ခဲ့ပြီး ကျပ်သိန်း ၇ ထောင်ကျော်ကတော့ ပြည်သူတွေက သတင်းပေးခဲ့လို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး မေ ၁ ရက်နေ့အထိ ရန်ကုန်ဆိပ်ကမ်း ၇ ခုကနေ တရားမ၀င်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော် ဖမ်းဆီးရခဲ့ပါတယ်။

Mobile Teamဒီအထဲမှာ ကျပ်သိန်း ၇ ထောင်ကျော်ကတော့ ပြည်သူတွေက သတင်းပေးလို့ ဖမ်းဆီးနိုင်ခဲ့တာလို့ ရန်ကုန်ဆိပ်ကမ်း Mobile Team က ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။
“ကျနော်တို့က သတင်းပေးနဲ့ စစ်ရတာလေ။ သတင်းပေးရတာလာရင် အပေါ်တင်ပြပြီး မိုဘိုင်းတင်းအဖွဲ့နဲ့ စစ်ရတာလေ။ ဆိပ်ကမ်းကတော့ လှုပ်ရှားတွေ ရှိပြီးသားလေ။ သင်္ဘော ကပ်တာနဲ့ အကောက်အခွန်မဲ့ပစ္စည်းတွေ့တာပေါ့။ အပြင်သတင်းပေးကတော့ ပြည်သူ သတင်းပေးတဲ့ အပေါ်မှာ ကျနော်တို့က ပဏာမ ကြည့်ပြီးတော့ အသေးစိတ်ပြန်လိုက်ရတာလေ။ လိုက်ပြီးတော့ တွေ့ရှိချက်အပေါ်မှာ ဆက်လုပ်ရတာလေ။”

ဖမ်းဆီးရမိမှုမှာ အမှုပေါင်း ၄၈ မှုရှိပြီး သတင်းပေးလို့ ဖမ်းဆီးတာက ၁၂ မှု ဖြစ်ပါတယ်။ အများစုကတော့ တရားမ၀င် တင်သွင်းလာသော အရက်၊ ဘီယာနဲ့ ၀ိုင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခွန်မဆောင်ခင်မှာ လိုင်စင်လုပ်ရမယ်။ လိုင်စင်လုပ်ဖို့ သတ်မှတ်ထားတဲ့ သွင်းကုန်ဖြစ်စေ ပို့ကုန်ဖြစ်စေ ပစ္စည်းကို လိုင်စင်လုပ်ရမယ်။ တချို့ပစ္စည်းက လိုင်စင်မလိုတဲ့ ပစ္စည်းကျတော့ သွင်းကုန်ကြေညာလွှာ ထုတ်ကုန်ကြေညာလွှာ ရမယ်။ ကြေညာပြီးတော့ အဲဒီအပေါ်မှာ အခွန်ဆောင်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လိုင်စင်လိုလို မလိုလို အကောက်အခွန် ကုန်သွယ်လုပ်ငန်းအခွန် ဆောင်ရမယ်။”

ရန်ကုန်ဆိပ်ကမ်း Mobile Team မှာ အင်အား ၇၀ ကျော်ရှိပြီး အကောက်ခွန်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မီဒီယာသမားတွေ ပူးပေါင်းဖွဲ့ထားတာ ဖြစ်ပါတယ်။


DVB Burmese

အွန်လိုင်းရှော့ပင်းဖွင့်လိုက်တဲ့ နိုင်နိုင်းရဲ့ဇနီး စန္ဒီချို


ရန်ကုန်
အမေရိကန်ပြည်ထောင် စု နယူးယောက်မြို့တွင် နေထိုင် လျက်ရှိသော သရုပ်ဆောင်နိုင် နိုင်း၏ ဇနီး စန္ဒီချိုသည် အမေရိ ကန်နိုင်ငံထုတ်ပစ္စည်းများကို မြန်မာနိုင်ငံမှ မှာယူသူများအား အိမ်အ ရောက်ပို့ပေးမည့် အွန်လိုင်းဈေး ၀ယ်ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခု ဖွင့်လှစ်လိုက်သည်။

Love2Shop USA အမည် ဖြင့် ဖွင့်လှစ်လိုက်သော အွန်လိုင်း ရှော့ပင်းစာမျက်နှာတွင် အမျိုးသ မီး Gucci ၊ Prada ၊ Kate Spade အမှတ်တံဆိပ် လက်ကိုင်အိတ် များ၊ ကလေးအ၀တ်အထည်များ အသုံးအဆောင်များကို ဈေးနှုန်း များနှင့်တကွ ဓာတ်ပုံများ တင် ပေးထားသည်။

ကလေး လေးဦးမိခင် စန္ဒီချို သည် ကလေးများကို ထိန်း ကျောင်းစောင့်ရှောက်ရင်း အိမ် မှာနေရင်းဖြင့် အသေးစားစီးပွား ရေးအဖြစ် လုပ်ကိုင်ခြင်းဖြစ် ကြောင်း စန္ဒီချိုက ပြောကြား သည်။ မြန်မာနိုင်ငံမှ ၀ယ်ယူလို သူများအတွက် သီးသန့်ဖွင့်လှစ် သော အွန်လိုင်းဈေးဝယ်နေရာ ဖြစ်ပြီး မှာယူသောပစ္စည်းများကို အခမဲ့ပို့ဆောင်ပေးမည်ဟု ပြော ကြားသည်။ ခင်ပွန်းဖြစ်သူ နိုင်နိုင်းက မြန်မာနိုင်ငံသို့ ပြန်လာပြီး အနု ပညာအလုပ်များ လုပ်ကိုင်နေ သည်။

MWD

ပုဂံတွင် ဆောက်လုပ်ခွင့် ရပ်နားထားသော ဟိုတယ်များထဲမှ ခုနစ်လုံးကို ပြန်ခွင့်ပြု


Author:ငြိမ်းချမ်း

ရှေးဟောင်းမြို့တော် ပုဂံရှိ စေတီပုထိုးများအကြား ကမ္ဘာ့လှည့်ခရီးသွားများစီးနင်းနေသော မီးပုံးပျံနှစ်လုံးကို ၂၀၁၄ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ)
ပုဂံမြို့တွင် စည်းကမ်းချက်နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဆောက်လုပ်ခွင့်   ပိတ်ပင်ထား သော ဟိုတယ် ၂၈လုံးထဲမှ ဟိုတယ်ခုနစ်လုံးကို  ဆက်လက် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ကျန်ဟို တယ်များကိုလည်း ဆောက်လုပ် ခွင့်ပြန်ပေးရန် စိစစ်နေကြောင်း ပုဂံရှေးဟောင်းသုတေသန ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

အသစ်တည်ဆောက်ရာ၌လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီ သည့် ဟိုတယ်၊ တည်းခိုခန်း ၂၈ လုံးကို ယာယီပိတ်ပင်ခဲ့ခြင်းနှင့် ယဉ်ကျေးမှုဒေသများ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပ ဒေပုံစံ ၇ ဖြင့် ပြန်လည်တောင်းခံ ရန် ပုဂံရှေးဟောင်းသုတေသန ဦးစီးဌာနက ယခုနှစ် ဖေဖော်ဝါရီ လအတွင်း၌ ညွှန်ကြားခဲ့သည်။

‘‘အခုလောလောဆယ် ခုနစ် လုံးကို ပြန်ဆောက်ခွင့်ပြုလိုက်ပြီ။ ကျန်ရှိတဲ့ ဟိုတယ်တွေကိုလည်း စိစစ်ပြီးတော့ ခွင့်ပြုသွားဖို့ အစီ အစဉ်ရှိပါတယ်။ ပြန်လည်ခွင့်ပြု လိုက်တာက မြို့တွင်းထဲမှာ ဖြစ် နေတဲ့ ဟိုတယ်တွေ၊  ရှေးဟောင်း ဘုရားတွေနဲ့ ဝေးနေတဲ့ ဟိုတယ် တွေ၊ ယဉ်ကျေးမှုကို မထိခိုက် နိုင်တဲ့ ဟိုတယ်တွေပါ’’ ဟု ပုဂံရှေးဟောင်း သုတေသနဦးစီးဌာ န ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

ပုဂံမြို့ရှေးဟောင်းနယ်မြေ အတွင်း  အသစ်တည်ဆောက် သောဟိုတယ်များထဲမှ  အချို့ သည် သုံးထပ်မြင့် အဆောက် အအုံများဖြစ်နေသောကြောင့် ပုဂံညောင်ဦးဒေသခံများက ပြင်း ထန်စွာ  ကန့်ကွက်ထားသည်။ ဟိုတယ်နှင့်  ခရီးသွားလာရေးဝန် ကြီးဌာန၏ ၂၀၁၄ ဖေဖော်ဝါ ရီလကုန်အထိ စာရင်းများအရ ပုဂံဒေသတွင် ဟိုတယ် ၇၇ လုံး၊ အခန်းပေါင်း ၂၃၈၆ ခန်းအား တ ရားဝင်လိုင်စင် ချပေးထားသည်။

 ‘‘ရှေးဟောင်းအမွေအနှစ် ပျက်စီးမှာကို   ဒေသခံတွေက မကျေနပ်လို့ ပြောဆိုတဲ့အချိန်မှာ ခဏပိတ်ထားလိုက်တာပဲ။ ခု တော့ ပြန်ဆောက်ခွင့်ပေးလိုက် ပြီ။ ဘာမှမထူးဘူး။ သူတို့လုပ်ချင် သလို လုပ်နေတာ။ ကျွန်တော်တို့ ကတော့ ဆက်ပြီး ကန့်ကွက်သွား ဦးမှာပဲ’’ ဟု ပုဂံမြို့ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးအသင်းမှ ကိုမင်းနိုင်အောင် က ပြောသည်။

   ‘‘ကျွန်တော်တို့ဟိုတယ် လည်းပြန်ဖွင့်တဲ့အထဲမှာ ပါပါ တယ်။ ကျွန်တော်တို့ဟိုတယ်က သုံးထပ်အမြင့်ပါ။ ပုဂံမှာ သုံးထပ် မြင့်ဟိုတယ်တွေအားလုံး ပြန်ဖွင့် ပေးလောက်ပါတယ်။ အစတည်း က လုံးလုံးပိတ်ထားတာမဟုတ် ပါဘူး။ ခွင့်ပြုချက်ပြန်တောင်းတဲ့ သဘောပါ။ အခု ဟိုတယ်တွေ အားလုံးကို  ပြန်ဖွင့်ပေးမယ်လို့ ကြားပါတယ်’’ ဟု ညောင်ဦးမြို့ အတွင်း သုံးထပ်မြင့်ဟိုတယ် အ သစ်ဆောက်လုပ်၍ ပိတ်ပင်ထား ခံရပြီး ယခု ဆောက်လုပ်ခွင့် ပြန်ပေးရာတွင် ပါဝင်သော ဟိုတယ်တစ်လုံးမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုဂံ၊ ညောင်ဦး ရှေးဟောင်း ဇုန်များတွင် ဟိုတယ်ဆောက်လုပ် ခွင့် ပြုတော့မည်မဟုတ်ဘဲ ဟို တယ်အသစ်ဆောက်လုပ်သူမှာ ချောက်မြို့သို့ သွားရာလမ်းရှိ ဟို တယ်ဇုန် (၄) နှင့် ပခုက္ကူတံတားအ နီးရှိ လက်ပံခြေပေါ်ဒေသတို့တွင် ဆောက်လုပ်ခွင့်ပြုရန် လျာထား ကြောင်း၊ ဟိုတယ်နှင့် ယဉ်ကျေး မှုဝန်ကြီးဌာန တစ်ခုတည်း ခွင့်ပြု ၍ မရတော့ကြောင်းနှင့် သက် ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီး ချုပ်နှင့် တိုင်ပင်ပြီး ဆောက်လုပ် ခွင့် ပြုရမည်ဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် 7Day သတင်းစာအား ပြောကြားသည်။

ပုဂံ၊ ညောင်ဦးမြို့တွင် အ ဆောက်အအုံဆောက်လုပ်ပါက ယခင်က အမြင့်ပေ ၃၀ ထက် မ ကျော်လွန်ရဟု သတ်မှတ်ထား ပြီး နောက်ပိုင်းတွင် အမြင့်ပေ ၄၀ အထိ ခွင့်ပြုပေးခဲ့ရာ ကန့်ကွက်မှု များရှိသောကြောင့် ယခုလက်ရှိ အချိန်တွင် အမြင့်ပေ ၃၀ အထိ သာ သတ်မှတ်ထားကြောင်း ဦး နိုင်ဝင်းက ပြောသည်။

‘‘အဆောက်အအုံဆောက် မယ့် နေရာအပေါ်မူတည်ပြီး ဆောက်ခွင့်ပေးနေတာ။ ဒီနေရာ က ဘုရားနဲ့အနီးအဝေးအပေါ် မူ တည်ပြီး လုပ်ပေးနေတာ။ အခု ပေ ၃၀ လို့ ပြောပေမယ့် သုံးထပ် အမြင့် ဟိုတယ်တွေက ပေသုံး ဆယ်ထက် ကျော်နေပါတယ်’’ဟု ညောင်ဦးမြို့  ဒေသခံတစ်ဦးက ပြောသည်။

7day daily

ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးဝန်ထမ်းနှစ်ဦး လက်နက်ကိုင်များ ဖမ်းဆီး





မြစ်ကြီးနား၊ မေ ၃

ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းနှစ်ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ အာလမ်ကျေးရွာအုပ်စု အတွင်းရှိ ဒွန်ဂန်ကျေးရွာ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းမကြီးလမ်းပိုင်း တစ်နေရာတွင် မေလ ၃ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲ အချိန်ခန့်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အာလမ်ကျေးရွာ ဒေသခံများနှင့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးမှ ဝန်ထမ်း ၁၄ ဦးနှင့် ဝန်ထမ်း မဟုတ်သူ ခြောက်ဦး ပါဝင်သော အဖွဲ့သည် အာလမ်ကျေးရွာအုပ်စု လုံဂါဇွပ်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ ကချင် ချောင်းသာ အပန်းဖြေစခန်းသို့ သွားရောက်စဉ် လုံဂါဇွပ်ကျေးရွာနှင့် ဒွန်ဂန်ကျေးရွာကြား မြစ်ကြီးနား- ဆွမ်ပရာဘွမ် ကားလမ်း၏ လမ်းပိုင်း တစ်နေရာအရောက် အရပ်ဝတ်နှင့် လူခြောက်ဦးခန့်က ဝါးလုံးဖြင့် ကားလမ်းကို ပိတ်ပင်တားဆီးကာ ရှေ့ဆုံးမှ မောင်းနှင်လျက် ရှိသော ဆိုင်ကယ်ကို နယူးရတနာဦး ရော်ဘာခြံလမ်းကြားသို့ မောင်းနှင် ဝင်ရောက်စေခဲ့ကြောင်း၊ ယင်းကဲ့သို့ ကားလမ်းကို ဝါးလုံးဖြင့် တားဆီးကာ လူခေါ်ဆောင်နေမှုကို မြင်တွေ့လိုက်သည့် အခြားဝန်ထမ်းများမှ ဆိုင်ကယ်ပြန်လှည့် မောင်းပြေးကာ အာလမ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တစ်ဦးမှ ပြောကြားသည်။

ယင်းကဲ့သို့ အကြောင်းကြားလာမှုကြောင့် အာလမ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ ဝန်ထမ်းနှစ်ဦးကို ခေါ်ဆောင်သွားခဲ့ရာ နယူးရတနာဦး ရော်ဘာခြံလမ်းကြား တစ်လျှောက် အတွင်းဘက်သို့ နှစ်မိုင်ခန့် (အင်ခိုင်ဘွမ် တောင်ခြေအနီးရှိ နာရောင်ခချောင်း) အထိ လိုက်လံစုံစမ်းခဲ့ရာတွင် လူခြောက်ဦးခန့်က လူသုံးဦးကို ကြိုးတုပ်လျက် ဒွန်ဂန်ကျေးရွာ၏ အနောက်ဘက် အရပ်သို့ ခေါ်ဆောင်သွားပြီး ခေါ်ဆောင်သူများ၏ လက်ထဲတွင် သေနတ်ဟု ယူဆရသည့် အရာများကို ပီနန်အိတ်ဖြင့် ပတ်လျက် ကိုင်ဆောင်ထားသည်ကို နယူးရတနာဦး ရာဘာခြံနှင့် ဦးယိန်းကိ၏ စိုက်ပျိုးရေးခြံတွင် နေအိမ် ဆောက်လုပ်လျက် ရှိသည့် လက်သမားများက မြင်တွေ့လိုက်သည်ဟု ဆိုကြောင်း သွားရောက် စုံစမ်းရာတွင် ပါဝင်သူတစ်ဦးမှ ပြောကြားသည်။

“လူသုံးယောက်ကို ကြိုးနဲ့ တုပ်ထားပြီး ရှေ့က သွားခိုင်းတယ်။ ဆိုင်ကယ်နှစ်စီးနဲ့ လူနှစ်ယောက်က နောက်ကလိုက်ပြီး နာရောင်ခ ချောင်းနားက တဲမှာ ခဏနားနေကြတယ်။ တခြားလူတွေလည်း ပါသေးတယ်။ ပြီးတော့ အင်ခိုင်ဘွမ် တောင်ဘက်ကို သွားလိုက်တာ တွေ့တယ်” ဟု ဦးယိန်းကိ စိုက်ပျိုးရေးခြံတွင် နေအိမ် ဆောက်လုပ်နေသည့် လက်သမားတစ်ဦးက သူမြင်တွေ့လိုက်သည်များကို ပြန်လည် ပြောပြသည်။

ယင်းကဲ့သို့ ဝန်ထမ်းများကို ဖမ်းဆီး ခေါ်ဆောင်ခံရခြင်း ဖြစ်စဉ်သည် ကေအိုင်အေ အဖွဲ့အစည်းနှင့် ပတ်သက်ခြင်း ရှိမရှိ မေးမြန်းစုံစမ်းပေးရန် အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးက ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့သို့ ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက The Voice သို့ ပြောကြားသည်။

“ပြည်နယ်အတွင်းရေးမှူးက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖုန်းဆက်လာတယ်။ အဲဒီနယ်မြေဘက်က ကေအိုင်အေ တပ်ရင်း (၁၁) နယ်မြေဆိုတော့ ကေအိုင်အေ တပ်မဟာ (၂) ကို ကျွန်တော် ဖုန်းဆက်မေးကြည့်တဲ့အခါ တပ်မဟာ (၂) က အဲဒီဘက်မှာ လူသစ် စုဆောင်းဖို့ ညွန်ကြားထားတာ မရှိဘူး။ အဲဒီလို ဝန်ထမ်းတွေကို ဖမ်းဆီးထားတဲ့ ဖြစ်စဉ်လည်း မရှိဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဒီဖြစ်စဉ်ကို ဆက်လက် ကူညီ စုံးစမ်းပေးနေဆဲပါ” ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ The Voice က ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးထံသို့ ဆက်သွယ် မေးမြန်းရာတွင် ဝန်ထမ်းများကို မေးမြန်းနေဆဲသာ ဖြစ်ကြောင်း၊ လူငယ်များ အလည်လွန်နေခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။

အာလမ်ကျေးရွာတွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလပိုင်းက ကေအိုင်အေ တပ်ဖွဲ့ဝင်များမှ ဒေသခံ လူငယ် ၄၀ ဦးခန့်ကို လူသစ်စုဆောင်းမှု တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်း အာလမ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

The Voice Weekly

စင်ကာပူရှိ မြန်မာ PRအချို့ နေရပ်ပြန်လာ


စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားများ၏ နေထိုင်ခွင့်မူဝါဒ တင်းကျပ်လာသည့်အပြင် မြန်မာနိုင်ငံတွင် ကျေနပ်ဖွယ် လုပ်ခလစာနှင့် အလုပ်များ၏ ကမ်းလှမ်းခံရမှုများကြောင့် အမြဲတမ်းနေထိုင်ခွင့်ရ (Permanent Resident) မြန်မာနိုင်ငံသား ပညာတတ်အချို့ ယခုနှစ်ဆန်းမှစ၍ နေထိုင်ခွင့်ကိုစွန့်လွှတ်ကာ ပြည်တွင်းသို့ ပြန်လာနေကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံတွင် စင်ကာပူ အခြေစိုက် ကျောင်းနှင့် ဆေးရုံ အချို့၊ ဥပဒေအကျိုးဆောင်လုပ် ငန်း၊ ဘဏ်လုပ်ငန်း။ စာရင်းအင်း လုပ်ငန်း  အပါအ၀င် ၀န်ဆောင်မှု လုပ်ငန်းအချို့ ပြန်လည်အခြေ စိုက်လာခြင်း၊ စင်ကာပူနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားမူဝါဒ တင်းကျပ်မှုများကြောင့် အလုပ်သမား၏ မိသားစုဝင်များ နေထိုင်ခွင့်ရရန်  ခက်ခဲလာခြင်း၊ PR ရပြီးသုံးနှစ်ကြာမှသာ နေအိမ်ဝယ်ယူခွင့်ပေးခြင်း စသည်ဖြင့် မူဝါဒတင်းကျပ်မှုများကြောင့် ပြန်ဝင်လာခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

လက်ရှိအချိန်တွင် နိုင်ငံခြား သားများ၏ နေထိုင်ခွင့်နှင့် အလုပ် လုပ်ခွင့် ပါမစ်များကို တင်းကျပ်ခဲ့ခြင်းကြောင့် နာမည်ကျော်နေ သည့် စင်ကာပူ လူ့စွမ်းအား ၀န် ကြီးမစ္စတာတန်လျောက်ချင်မှာ အမြဲတမ်း ၀န်ကြီးအဖြစ် မေလ  ၁ ရက်တွင် ခန့်အပ်ခံရ၍ မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ် သမားများ၏ နေထိုင်ခွင့် အလုပ် လုပ်ခွင့်ရရေးမှာ ပိုမိုကျပ်တည်း လာနိုင်ကြောင်း စင်ကာပူမြေပေါ် မြေအောက်ရထားလိုင်းပြေးဆွဲ သည့် SMRT ကုမ္ပဏီတွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေသည့် ကိုဇော်မိုးကပြောသည်။

‘‘တချို့က မြန်မာပြည်မှာ လည်း အလုပ်တွေ ပွင့်လင်းလာ ပြီဆိုတော့  PR  ကျပြီးသားကို တောင် စွန့်လွှတ်ပြီး ပြန်ကြတယ်။ MnE လိုင်းမှာလုပ်တဲ့ ကျွန်တော့် သူငယ်ချင်း ပရောဂျက်မန်နေဂျာက မနက်ဖြန်အပြီး ပြန်မယ်။ နောက်တစ်ယောက်က ဆရာဝန်။ ရန်ကုန်က ဆေးကုမ္ပဏီတစ်ခုက တစ်လဆယ်သိန်းနဲ့ ခန့်လို့ ဧပြီ ၁၂ ရက်တည်းက ပြန်သွားတာ’’ ဟု ၎င်းက ပြောသည်။

ထို့ပြင် မေလ ၁ ရက် (အ လုပ်သမားနေ့)က စင်ကာပူနိုင်ငံ သားအချို့က နိုင်ငံတွင်းလူဦးရေ ၏ ၄၀ ရာခိုင်နှုန်းမှာ နိုင်ငံခြားသား များဖြစ်နေခြင်းကြောင့် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ် အကိုင်ရေးရာမူဝါဒကို ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရသည်။

‘‘ကျွန်တော်က ဆောက်လုပ် ရေးအင်ဂျင်နီယာလုပ်တယ်။ PR ရတယ်။ အမျိုးသမီးနဲ့ ကလေး တွေက အကြိမ်ကြိမ် ကြိုးစား လျှောက်တယ်။ မရဘူး။ အခု PR က ပိုကျပ်လာတယ်။ ဒါကြောင့် ကိုယ်စုဆောင်းထားတာတွေနဲ့ မြန်မာပြည်မှာပဲ စီးပွားရေးလုပ် မယ်ဆိုပြီး PR ကို စွန့်ပြီး ပြန်လာ လိုက်တာ။ ကန်ထရိုက်လုပ်ဖို့ လေ့လာနေတယ်’’ ဟု စင်ကာပူနိုင်ငံတွင် ဆယ်နှစ်ကျော် အင်ဂျင်နီယာလုပ်ကိုင်ခဲ့သူ ကိုကျော်ဇင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံသို့ PR ကိုပင် စွန့်လွှတ်၍ ပြန်လာသူများထဲတွင် နည်းပညာကျွမ်းကျင်သူများနှင့် စာရင်းအင်းပိုင်းဆိုင်ရာ ကျွမ်း ကျင်သူ အများဆုံးဖြစ်ပြီး စင်ကာ ပူနိုင်ငံသားများအား ခန့်ထားနိုင် သည့် လုပ်ငန်းများတွင် နိုင်ငံခြား သားပညာရှင်များ မခန့်ရန် ကုမ္ပဏီများသို့ အစိုးရက စာပို့သတိပေးခြင်းများရှိကြောင်း PR  လျှောက်ထားမှု  ငြင်းဆိုခံရသူ ဆော့ဖ်ဝဲအင်ဂျင်နီယာ မအိအိက ပြောသည်။

‘‘ကျွန်မလို ဆော့ဖ်ဝဲအင်ဂျင် နီယာပို့စ်ကို Singaporean ဖြစ် ဖြစ်၊ PR ရပြီးသား ပရော်ဖက်ရှင် နယ်လူတွေကို ရွေးခေါ်ပေါ့။ ဘာ လို့မခေါ်ဘဲ ဒီလူကိုပဲ ဘာကြောင့် PR ထပ်ပေးရမလဲဆိုပြီး ကျွန်မ ရုံးကို အစိုးရကစာပို့တယ်။ ကျွန်မက ငါးနှစ်ရှိပြီး Work Permit နဲ့ နေတာ။ ဒီမှာ နည်းနည်းအနေ ကြာတဲ့ နိုင်ငံခြားသားဆို PR လျှောက်တာနဲ့ လုံးဝငြင်းပစ်တာ။ တော်တော်ဆိုးဝါးနေပြီ’’ ဟု ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ်မှစ၍ နိုင်ငံခြားသားများအား အမြဲတမ်းနေထိုင်ခွင့်နှင့် အလုပ်သမားပါမစ်တို့ကို စင်ကာပူအစိုးရက တင်းကျပ်ခဲ့ပြီး ပညာအရည်အချင်း၊ ရာထူး၊ လခကိုစစ်ဆေး၍ ကျွမ်းကျင်မှုအ လိုက်နေထိုင်ခွင့် (Skill Pass) ကို သာ ပေးခဲ့သည်။ တစ်လလျှင် စင်ကာပူဒေါ်လာ ၂,၄၀၀ လခရ သူကို S pass ဖြင့် ၂ နှစ်နေခွင့် ပေးပြီး ၂ နှစ်ပြည့်ပါက သက် ဆိုင်ရာကုမ္ပဏီနှင့် အလုပ်သမား တို့ ညှိနှိုင်း၍ သက်တမ်းတိုးကြ ခြင်း ဖြစ်သည်။

အမြဲတမ်းနေထိုင်ခွင့် (PR) နှင့် ကျွမ်းကျင်မှု အလိုက်နေထိုင် ခွင့် (SP) တို့ရရန် မလွယ်သော် လည်း စင်ကာပူနိုင်ငံသားများ မလုပ်ချင်သည့် သင်္ဘောကျင်း၊ ဆောက်လုပ်ရေးကဲ့သို့ ပင်ပန်းသည့် ကာယအခြေ ခံလုပ်ငန်းများတွင်မူ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ဖြင့် နေထိုင်ခွင့်ရနေသေးကြောင်း သိရသည်။

(မကြာမီ ရက်ပိုင်းအတွင်းကလည်း စင်ကာပူ နိုင်ငံသားများ နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။ )
7Day Daily



လက်ဆောင်ဝယ် မလာလို့ ရည်းစားကို ဓါးနဲ့ ထိုးသတ်ခဲ့သူ ကိုယ်ဝန်ဆောင် အမျိုးသမီး

ကိုယ်ဝန်ဆောင် အမျိုးသမီး Phelan



ရှောပင်းမောလ်မှာ ဈေးဝယ်ထွက်ပြီး ပြန်လာပေမယ့် သူမအတွက် ဘာလက်ဆောင်မှ ၀ယ်မလာတဲ့ ရည်းစားကို ဓါးနဲ့ ထိုးသတ်ခဲ့တဲ့ အသက် ၂၄နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။



အဆိုပါ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး အသက် ၂၈နှစ်အရွယ် Larry Martin ဆိုသူ အမျိုးသားကို သေစေလိုမှုနဲ့ အသက် ၂၄နှစ်ရှိ Miata Phelan အား ပထမအဆင့် အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ တရားသူကြီး Maria Kuriakos ကတော့ ပြစ်ဒဏ်ငွေ ၁ မီလီယံ ဒဏ်ကြေး ဆောင်ခိုင်းထားကြောင်း သိရပါတယ်။

သူမဟာ အော်ဟစ်ဆူပူ ပြီး ဓါးနဲ့ Martin ကို ထိုးနေခဲ့တဲ့ အဆိုပါ ဖြစ်စဉ်ကို အသက် ၈နှစ်အရွယ် Martin ရဲ့ သားဖြစ်သူ Lavelle က ရပ်ကြည့်နေခဲ့တယ်လို့ သက်သေများက ထွက်ဆိုထားကြပါတယ်။

အဆိုပါ ဖြစ်ရပ် မတိုင်ခင်က ဓါးထိုးခံရသူ Martin နဲ့ သူ့သား ဖြစ်သူ Lavelle ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး Phelan တို့နဲ့ အတူ Martin ရဲ့ ၀မ်းကွဲတစ်ဦးတို့ အတူအူ မောလ်မှာ ဈေးဝယ်ထွက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Martin  ဟာ တစ်ကိုယ်ကောင်းဆန်ဆန် သူ့သားအတွက် နဲ့ သူ့ဝမ်းကွဲ အတွက်သာ လက်ဆောင်တွေ ၀ယ်နေခဲ့ပြီး သူမအတွက်တော့ မ၀ယ်ခဲ့ဘူးလို့ သူမက ထွက်ဆိုပါတယ်။

ဈေးဝယ်ကနေ အပြန် လမ်းမှာလည်း Martin  ကို ရိုက်နေခဲ့တာကြောင့် ကား မတော်တဆမှု ဖြစ်လုနီးပါး ဖြစ်ခဲ့ရကြောင်း ပြောပါတယ်။ အိမ်ရောက်ပြီး ပစ္စည်းတွေ ကားပေါ်ကနေ ချအပြီးမှာတော့ Martin  ရဲ့ ၀မ်းကွဲက Phelan ကို “Martin  ကို ကန်ပြီး ကုတ်ဆွဲလို့ ရပြီလို့” ပြောခဲ့ကြောင်း ထွက်ဆိုထားပါတယ်။

အဲဒီနောက် သူမကတော့ အရင် တိုက်ခန်းထဲ ၀င်သွားခဲ့ပြီး လမ်းမမှာတော့ Martin၊ Martin ရဲ့ ၀မ်းကွဲ ဖြစ်သူ Runk နဲ့  Lavelle တို့ ကျန်ခဲ့ပါတယ်။ သူတို့ သုံးယောက်လည်း အပြေး လိုက်ဝင်ခဲ့ကြပေမယ့် သူမကတော့ အခန်းကို သော့ပိတ်ထားပြီး သူတို့ သုံးဦးကိုတော့ ပေးမ၀င်ခဲ့ပါဘူး။

အဲဒီနောက် Martin နဲ့ သူ့သားဖြစ်သူကို အခန်းထဲ ၀င်စေပြီး Martin ကို ဓါးနဲ့ ထိုးခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်တွေကို Martin ရဲ့ သားဖြစ်သူ Lavelle က မျက်မြင်သက်သေ ဖြစ်ပါတယ်။

Martin ရဲ့ အော်သံတွေကို ကြားခဲ့တဲ့ ၀မ်းကွဲဖြစ်သူက Martin ကို အပြင်ရောက်အောင် ဆွဲထုတ် ခေါ်လာခဲ့ပြီး ဒဏ်ရာကို သက်သာအောင် ပြုလုပ်ပေးခဲ့ပေမယ့် Oak Lawn ဆေးရုံရောက်တဲ့ အခါမှာတော့ Martin သေဆုံးသွားခဲ့ပါတယ်။

Phelan ရဲ့ အမဖြစ်သူကတော့ Martin ဟာ သူမရဲ့ ညီမကို ရုပ်ပိုင်းစိတ်ရာ အနေနဲ့ အကြမ်းဖက်ခဲ့ပြီး သူမတို့ရဲ့ (baby shower) ကို ဧပြီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့အတွက် စီစဉ်ခဲ့တာကို ဖျက်သိမ်းခဲ့ဖူးတယ်လို့ ထွက်ဆိုပါတယ်။


Martin နဲ့ သားဖြစ်သူ Lavelle

မနေ့က ကြာသပတေးနေ့မှာတော့ Martin ရဲ့ သားဖြစ်သူ Lavelle က သူ့ဖခင်ရဲ့ နောက်ဆုံး ဖြစ်ရပ်ကို အခုလို ပြောပြခဲ့ပါတယ်။

“အဖေသေရတော့မယ်။ ဒါပေမယ့် အဖေ သားကို ချစ်ပါတယ်” လို့ နောက်ဆုံးအနေနဲ့ ပြောသွားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် Martin ရဲ့ မိခင်ဖြစ်သူ သတိပေးလေ့ရှိပြီး ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာ အမြဲ သင်ပေးလေ့ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အခုတော့ သားကို ချစ်ပြီး အမေကို လမ်းညွန်မှုတွေ ပေးခဲ့တဲ့ Martin တစ်ယောက် ဒေါသကြီးတဲ့ ရည်းစားလက်ချက်နဲ့  သေဆုံးသွားခဲ့ပါပြီ။  တရားရုံးကတော့ ဒဏ်ကြေး ၁ မီလီယံ ချမှတ်ထားကြောင်း သိရပါတယ်။

World-Myanmar News (world-myanmar.com)

ref: dailymail.co.uk

မြန်မာဆိုတာ


(တပေါင်းလပြည့်နေ့က ရွှေတိဂုံစေတီတော်တွင် လူငယ်များစုပေါင်း၍ အအေးဒါနပြုလုပ်နေစဉ် (ဓာတ်ပုံ) အောင်မျိုးသန့်)

(ဆောင်းပါးရှင် - သဲသီရိကျော်)

မြန်မာဆိုတာ ကမ္ဘာ့နိုင်ငံတွေ အားလုံးထဲမှာ လူမှုဆက်ဆံရေးအကောင်းဆုံး၊ ရင်းနှီးဖ်ာရွေမှုအရှိဆုံးနဲ့ အချင်းချင်းကူညီဖေးမတတ်တဲ့ နိုင်ငံတစ်နိုင်ငံရယ်လို့ ခေတ်အဆက်ဆက်ပြောစမှတ်ပြုရလောက်အောင် လူသားချင်းစာနာထောက်ထားတတ်တဲ့၊ သနားတတ်တဲ့ စိတ်တွေနဲ့ပြည့်ဝနေတဲ့ လူမျိုးပါ။

ဟိုတစ်နေ့က အစ်မတစ်ယောက်က အပြင်ကပြန်လာတဲ့အခါ သူစီးလာတဲ့ ကားပေါ်က အဖြစ်အပျက်ကို တုန်လှုပ်ချောက်ချားစွာနဲ့ ပြန်ပြောပြခဲ့ပါတယ်။ သူစီးလာတဲ့ ၃၉ ဘတ်စ်ကားပေါ်ကို လူလတ်ပိုင်းအရွယ် လူသုံးယောက် တက်လာပြီး ကားစပါယ်ယာ ကောင်လေးကို ယာဉ်စီးခ ဘယ်လောက်ပေးရမလဲ မေးပါတယ်။ ကောင်လေးက ယာဉ်စီးခပြောတဲ့အခါ ဒီနားနဲ့ဒီနားသွားတာ ဈေးအဲ့ဒီလောက်ဖြစ်ရမလားဆိုပြီး ပြဿနာရှာပါတယ်။ ကားစပယ်ယာကောင်လေးကလည်း စိတ်မရှည်တော့ဘဲ သူတို့ကားမှာကပ်ထားတဲ့ စာတွေကိုလက်ညှိုးထိုးပြီး “ဒီမှာ ဈေးနှုန်းတွေလည်း ကပ်ထားတယ်။ ခင်ဗျားတို့ စာမတတ်ဘူးလား” ဆိုပြီး ပြောလိုက်တဲ့အခါ အဲ့ဒီလူသုံးယောက်က စပယ်ယာကောင်လေးကို ၀ိုင်းပြီး ထိုးကြိတ်ကြပါတော့တယ်။နောက်ထပ် အကူပါလာတဲ့ စပယ်ယာနောက်တစ်ယောက်ကလည်း မီးပွိုင့်မှာ ကားရပ်ထားတဲ့အချိန် ဖြစ်တာကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ ကားပေါ်က ဆင်းပြေးသွားခဲ့ပါတယ်။ ကားဒရိုင်ဘာကလည်း ကားရပ်ပြီး သူ့စပယ်ယာကို ကူညီဖို့ ဆင်းလာပေမယ့်လည်း ဟိုလူသုံးယောက်က ကားခေါင်းခန်း က ၀က်အူလှည့်တွေကို အမြန်ယူပြီး ထိုးဖို့ လုပ်ပါတော့တယ်။ အဲ့ဒီချိန်မှာပဲ စပယ်ယာကောင်လေးက အမြန်ပြေးထွက်လာခဲ့ချိန်မှာတော့ အဲ့ဒီလူ သုံးယောက်စလုံးက စပယ်ယာ ကောင်လေးနောက်ကို အသည်းအသန် ပြေးလိုက်သွားတယ်လို့ အစ်မက ပြောပြပါတယ်။ ပြေးထွက်သွားတဲ့ စပါယ်ယာကောင်လေးကို သူတို့မိသွားလား၊ မမိလားတော့ သေချာမသိရပေမဲ့ ဒီလိုမျိုး ပြဿနာဖြစ်နေချိန်မှာ ကားပေါ်ပါလာတဲ့သူတွေရော ကားနားမှာ လှမ်းကြည့်နေတဲ့သူတွေ ဘယ်သူကမှ တုတ်တုတ်မလှုပ် ၀င်ရောက်ကူညီခြင်းမရှိဘူးရယ်လို့လည်း သိရပါတယ်။ အများနဲ့တစ်ယောက် ထိုးကြိတ်သတ်ပုတ်နေတာကို မကူညီတဲ့အပြင် သက်ဆိုင်ရာလူတွေကအစ လာရောက်ကူညီမှု မရှိခဲ့ပါဘူး။ တကယ်လို့များ စပယ်ယာကောင်လေးကို လူတွေအများကြီးရှေ့မှာပဲ သတ်ခဲ့မယ်ဆိုရင်တောင် အားလုံးက ဒီအတိုင်းကြည့်နေဦးမှာပါ။ တချို့ကတော့ ဘာဆက်ဖြစ်မလဲရယ်လို့ စုတ်တသပ်သပ်နဲ့ ကြည့်နေကြ၊ တချို့ကလည်း ကိုယ်နဲ့ဘာမှ မသက်ဆိုင်သလို မသိချင်ယောင်တွေ ဆောင်နေကြပါတယ်တဲ့။ ဒီအကြောင်းကို ပြောပြနေတဲ့ အစ်မ ကိုယ်တိုင်က ကြောက်လွန်းလို့ သူတို့ ပြဿ နာထဲကို ပါဝင်ကူညီမပေးနိုင်ခဲ့ပါဘူးတဲ့လေ။

တကယ်တမ်းလည်း ပြဿနာတစ်ခုခုဖြစ်လို့ သတ်ကြပုတ်ကြပြီဆိုရင် သာမန်ရပ်ကွက်ထဲက ရန်ပွဲလောက်က ပါဝင်တာ ဘာမှမဖြစ်ပေမယ့် မသိတဲ့သူစိမ်းတွေ၊ အထူးသဖြင့် လူမိုက်ဆန်ဆန် တုတ်တွေ၊ ဓားတွေ၊ ချွန်ထက်တဲ့လက်နက် ပစ္စည်းတစ်ခုခုပါတဲ့သူတွေ၊ အဖွဲ့အင်အားများတဲ့ ယောက်ျားသားရင့်မာကြီးတွေဖြစ်တဲ့ ရန်ပွဲမှာတော့ မိန်းမသားတွေ မပြောနဲ့။ သာမန်ယောက်ျားတစ်ဦးက အမြင်မတော်လို့ ကူညီပါဝင်ခဲ့ရင်တောင် ၀င်ကူညီတဲ့သူရဲ့ အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ချင်းစာနာစိတ်နဲ့ သနားတယ်ဆိုပေမယ့်လည်း ၀င်ရောက်ကူညီပါဝင်ဖို့တော့ တော်တော်လေး ၀န်လေးကြရခြင်းဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။

သာမန်လူသားတစ်ယောက်အနေနဲ့ ကိုယ်တိုင်ဝင်ပါဖို့ ခက်ခဲရင်တောင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဖုန်းဆက်အကြောင်းကြားပေးရုံလောက်တော့ တတ်နိုင်မယ်ထင်ပါတယ်။ ဈေးအနီးမှာဆိုတော့ လူတွေလည်း အများကြီးရှိနေမှာပါ။
သက်ဆိုင်ရာက တာဝန်ရှိသူတွေလည်း ရှိချင်လည်းရှိနေနိုင်ကောင်းပါရဲ့လို့ ကျွန်မတော့ တွေးမိပါတယ်။ ဒါပေမဲ့လည်း ဟိုလူသုံးယောက်က စပယ်ယာကောင်လေးကို ထိုးကြိတ်နေကြတဲ့အချိန်မှာ ပါးစပ်ကအော်ကြီးဟစ်ကျယ်ပြောနေတဲ့ စကားတစ်ခွန်းလည်း ရှိပါသေးတယ်။ အဲဒါကတော့ “ငါတို့ကိုများ မင်းက စာမဖတ်တတ်ဘူးလားတွေ ဘာတွေပြောနေရအောင် မင်းက ငါတို့ကို ဘယ်သူသားသမီးတွေထင်လို့လဲ။ ငါတို့ကို ဘာကောင်တွေ မှတ်နေလို့လဲ” ဆိုတာပါပဲ။ လိုင်းကားပေါ်ကိုတက်စီးလာတဲ့ သာမန်အ၀တ်အစားလောက်နဲ့ လူတွေကလည်း “ငါ့ကိုဘယ်သူ့သားသမီး မှတ်လို့လဲ”ဆိုတဲ့ စကားမျိုးနဲ့ ခြိမ်းခြောက်ပြီး သူတို့ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အချိုးမျိုးတွေ ဖြစ်လာနေကြပါပြီ။ တကယ်တမ်း သူတို့ဟာ ဘယ်သူ့သားသမီး ဘယ်ဝါ့သားသမီးဖြစ်တာ မဖြစ်တာ အသာထား။ အခုလို ဖြစ်ပျက်နေတာကို ၀င်မကူညီတာကရော အဲ့ဒီစကားကို ကြောက်သွားတာလား။ တကယ်ပဲ လူသားဆန်တဲ့စိတ် ပျောက်ကွယ်နေတာလား ဆိုတာတော့ တော်တော်လေးစဉ်းစားစရာကောင်းပါတယ်။

ဟိုတစ်လောကလည်း ရန်ကင်းမြို့နယ်မှာ ဟင်းထွက်ဝယ်တဲ့ ကောင်လေးတစ်ယောက် ယောက်ျားလေးချင်း ပခုံးချင်းတိုက်မိလို့ဆိုပြီး ဟိုဘက်တစ်ယောက်က သူ့လက်ထဲမှာပါလာတဲ့ အရက်ပုလင်းကိုရိုက်ခွဲပြီး ပုလင်းကွဲနဲ့ ကောင်လေး ဗိုက်ကို ထိုးလိုက်ပါတယ်။နောက်ပြီး ကောင်လေးအိမ်ရှေ့နားထိရောက်အောင် တရွတ်တိုက်ဆွဲသွားပြီး သူတို့အိမ်က ဓားကိုယူပြီး ရက်ရက်စက်စက် သတ်နေတာကို အဲ့ဒီကောင်လေးအိမ်က မိသားစုဝင်တွေ ကိုယ်တိုင်ဝင်ရောက် မကူညီ၊ ၀င်မပါရဲဘဲ ကောင်လေးသေဆုံးသွားခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပါ။ အဲ့ဒီလူသတ်တရားခံက ပထမအကြိမ်တုန်းကလည်း လူသတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ တရားခံမိသားစုဝင်တွေက ငွေကြေးချမ်းသာသူတွေဖြစ်တယ်လို့တော့ သတင်းပါ အကြောင်းအရာတွေအရ သိခဲ့ရပါတယ်။ပထမအကြိမ်တုန်းကတော့ တရားရုံးကတော့ တရားခံဖြစ်သူက အသက်မပြည့်သေးလို့ဆိုပြီး ပယ်ချခဲ့ဖူးတယ်လို့လည်း သိခဲ့ရပါတယ်။ ဒုတိယအကြိမ် ကောင်လေးကို ရက်ရက်စက်စက် သတ်တဲ့သူ့ကို ချက်ချင်းဖမ်းဆီးအရေး မယူခဲ့တာကြောင့်လည်း ရန်ကင်းမြို့နယ်မှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။ အခုတော့ သူ့ကိုအရေးယူဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာလည်း အခုဆိုရင် တဖြည်းဖြည်းနဲ့ မင်းမဲ့စရိုက်ဆန်ဆန်အပြုအမူတွေကို ပြုမူလာကြတာကို တွေ့မြင်နေရပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့စိတ်၊ လူပီသတဲ့စိတ်တွေ ပျောက်ကွယ်ပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့စိတ်၊ ငါ့မိဘကဘာ၊ ငါ့အသိုင်းအ၀ိုင်းက ဘာဆိုတဲ့စိတ်တွေနဲ့ ထင်တိုင်းကြဲနေတဲ့ လူတွေရဲ့ မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူတွေဟာ သာမန်လူတွေကြားထဲကိုလည်း တစိမ့်စိမ့်နဲ့ ပျံ့နှံ့စိမ့်ဝင်လာခဲ့ပါပြီ။
သူလုပ်တာတောင် လုပ်လို့ရတာပဲ ငါလည်းလုပ်မယ် ဘာဖြစ်လဲဆိုတဲ့ လူရမ်းကားစိတ်၊ လူမိုက်စိတ်တွေ လူသားတွေ တော်တော်များများဆီ ကူးစက်ကုန်တာ အခုမှဖွံ့ဖြိုးစ ကျွန်မတို့နိုင်ငံအတွက်တော့ တကယ့်ကို အနုတ်လက္ခဏာပါပဲ။

အချင်းချင်းဒေါသစိတ်ကြောင့်လည်း မလုပ်သင့်တာကို လုပ်ရဲလာကြတယ်။ သည်းခံနိုင်တဲ့စိတ်တွေ၊ စာနာတတ်တဲ့စိတ်တွေနေရာမှာ ထစ်ခနဲရှိ သတ်မယ်၊ ပုတ်မယ်။ နောက်မှ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရမ်းကားမှုတွေ နေရာအနှံ့မှာ ဖြစ်ပွားနေပါတယ်။ ဒါဟာ ကျွန်မတို့ ပြည်သူတွေအတွက် လုံခြုံမှုကင်းမဲ့ခြင်း လက္ခာတစ်ရပ်လည်း ဖြစ်ပါတယ်။တစ်ခုခုဖြစ်လာပြီဆိုရင် ကျွန်မတို့ ကိုယ့် ကိုယ်ကိုယ်သာ အတတ်နိုင်ဆုံး ကာကွယ်ရမယ့် အခြေအနေပါ။ လူအချင်းချင်း သတ်ပုတ်နေရင်တောင် သွေးအေးအေးနဲ့ ကိုယ်နဲ့မဆိုင်သလို ကြည့်နေနိုင်တဲ့ခေတ်၊ သည်းခံစိတ်ပျောက် လူမိုက်စိတ်ရောက်နေသူတွေရဲ့ မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူတွေများပြားလာတဲ့ ခေတ်ကြီးထဲမှာ ကျွန်မတို့အတတ်နိုင်ဆုံး လွတ်လွတ်ကင်းကင်းနေနိုင်မှပဲ ဖြစ်မှာပါ။ နေထိုင်ရတာ လွတ်လပ်မှုဆိုတာလည်း မရှိတော့ပါဘူး။ ပြဿနာဆိုတာ ကိုယ်ကမရှာလည်း အနေအထိုင်နည်းနည်းလေးမှားတာနဲ့ အသက်ပေးရတဲ့ခေတ် ဖြစ်နေပါပြီ။ ကျွန်မတို့ကို ကာကွယ်မယ့်သူ မရှိပါဘူး။ ကူညီမယ့်သူ ကင်းမဲ့နေပါတယ်။ လုံခြုံမှုဆိုတာ ဘယ်မှာရှိမှန်းတောင် မသိတော့တဲ့ခေတ်ပါ။

ဒီလိုအဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် အရင်က ပြောစမှတ်တွင်ခဲ့ရတဲ့ မြန်မာဆိုတာ ယဉ်ကျေးတဲ့လူမျိုးပါ။ မြန်မာတွေဟာ နွေးထွေးမှုအရှိဆုံး၊လူမှုဆက်ဆံရေး အကောင်းဆုံး၊ စာနာထောက်ထားမှု အရှိဆုံးနဲ့ အချင်းချင်းကူညီရိုင်းပင်းမှု အရှိဆုံးဆိုတဲ့ သတ်မှတ်ချက်တွေကို ပြတိုက်မှာပဲ သွားပို့ထားရမလားတောင် မသိတော့ပါ။ အခုတော့ မြန်မာဆိုတာ။



Eleven Media Group

အ၀တ်အစား ရွေးချယ်ရာမှာ ရှောင်ကြဉ်ရမယ့် အချက်(၃)ချက်




ဖက်ရှင်ကျကျလေး နေချင်တယ်ဆိုရင် ဟိုဟာနဲ့ဒီဟာရော၊ အပေါ်အောက်အတွက် အသေခေါင်းစားခံပြီး လုပ်ယူနေစရာ မလိုပါဘူး။ ကိုယ့်မှာရှိတဲ့ အ၀တ်အစားလေးတွနဲ့လည်း ဖက်ရှင်ကျအောင် ၀တ်ဆင်လို့ရပါတယ်။ ဒါပေမယ့် တစ်ချို့အ၀တ်အစားတွေကတော့ ကိုယ့်ကိုကြည့်ကောင်းစေတာမျိုး မဟုတ်ဘဲ ကြည့်ရသူတွေအတွက် အမြင်ဆိုးစေတာမျိုးတွေ ရှိပါတယ်။ ကြည့်လိုက်တာနဲ့ သက်သောင့်သက်သာ မဖြစ်မှန်း သိသာစေတဲ့အရာတွေကို ရှောင်ကြဉ်ဝတ်ဆင်စေချင်ပါတယ်။

၁။ယောင်္ကျားလေးတွေအတွက် သီးသန့်ချုပ်လုပ်ထားတဲ့ အ၀တ်အစားတွေ

တစ်ချို့က စတိုင်လ်ဆိုပြီး ယောင်္ကျားလေးဝတ်ရှပ်အင်္ကျံကြီးတွေ၊ ကုတ်အင်္ကျံတွေ ကောက်စွပ်ထားတာ ရှိပါတယ်။ ယောင်္ကျားလေးတွေအတွက် ချုပ်လုပ်ထားတဲ့ အင်္ကျံ၊ ဘောင်းဘီဒီဇိုင်းတွေဟာ မိန်းကလေးတွေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အိမ်နေရင်းဝတ်တာမျိုး မဟုတ်ဘဲ အပြင်သွားတဲ့အခါ ၀တ်တာမျိုးကိုတော့ ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါ။ ဒါတွေဝတ်ပြီး ဖက်ရှင်ကျ လှသွားတဲ့ မိန်းကလေးမျိုးလည်း မရှိသလောက်ရှားတာကြောင့်ပါ။

၂။ဈေးပေါကြီး အထာမကျတဲ့ ဒီဇိုင်းတွေကို ရှောင်ပါ။

တစ်ချို့အ၀တ်အစားတွေက ဈေးသက်သာပြီး အထာကျတာရှိပါတယ်။ ဒါပေမယ့် ဈေးသက်သာတဲ့ အ၀တ်အစားတော်တော်များများဟာ ၀တ်တဲ့သူတွေနဲ့ အဆင်မပြေတာများပါတယ်။ သူတို့ရဲ့ အရောင်၊ ဒီဇိုင်းတွေကလည်း ကြောင်လွန်းလှတာကြောင့် ကိုယ်နဲ့ လိုက်ဖက်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ သိပ်မိုက်ပြီး ဈေးချိုနေရင်တော့ တစ်မျိုးပေါ့လေ။

၃။သိပ်ကျပ်တဲ့ အ၀တ်အစားတွေကို အတင်းမစွပ်ပါနဲ့။

ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ သိပ်ကျပ်လွန်းတဲ့ အ၀တ်အစားတွေကို မဆန့်မပြဲအတင်းမစွပ်ပါနဲ့။ ဒီလို ၀တ်ဆင်ခြင်းဟာ ကိုယ့်ဘာသာကိုယ်လည်း သက်တောင့်သက်သာ မဖြစ်တဲ့အပြင် မြင်ရသူအပေါင်းအတွက်လည်း ဘယ်လိုတောင်များလဲ ဆိုတဲ့ အတွေးတွေ ဖြစ်ပေါ်စေပါလိမ့်မယ်။

Trend Myanmar

အင်္ဂလိပ် စကားလုံးတွဲလေးများ - အပိုင်း(၂)



အင်္ဂလိပ်စာ လေ့လာတဲ့အခါ စကားလုံးတွဲတွေ (Collocations) တွေကို မဖြစ်မနေ လေ့လာကြရပါမယ်။တစ်ခါက မန္တလေးမှာနေတဲ့ ကျွန်တော့်ညီမ ဖြစ်သူ စိမ်းမို့မို့ က Collocations နဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးခဲ့ဖူးပါ တယ်.။ဒီနေ့တော့..အဲဒီအမေးအဖြေ ဒုတိယပိုင်းကို ဖော်ပြပေးလိုက်ပါတယ်

Collocations: (၇)မျိုး
------------------------------
စိမ်းမို့မို့။ ။ Collocations ဘယ်နှမျိုးလောက်ရှိလဲ..အစ်ကို။

ကျွန်တော်။ ။(၇)မျိုးလောက်ရှိတယ်။အစ်ကို သိသလောက်ပေါ့နော်။ ဘာတွေလဲ ဆိုရင်....

(၁) နာမ၀ိသေသန+နာမ် (adjective+noun) စကားတွဲ
-------------------------------------------------------
ဥပမာ..
(a) Excruciating pain = ပြင်းထန်သော နာကျင်မှုဝေဒနာ
He was writhing on the ground in excruciating pain.
သူဟာ ပြင်းထန်တဲ့နာကျင်မှုနဲ့ မြေကြီးပေါ်မှာ လူးလွန့်နေခဲ့တယ်။

(b) maiden voyage =ပွဲဦးထွက် ရေကြောင်းခရီးစဉ်
The Titanic sank on its maiden voyage.
တိုက်တန်းနစ် သင်္ဘောဟာ ပထမဦးဆုံး ခရီးစဉ်မှာပဲ နစ်မြုပ်သွားခဲ့တယ်။

(၂) နာမ်+နာမ် (noun+noun) စကားတွဲ
-----------------------------------------
ဥပမာ..
(a) ceasefire agreement = အပစ်ခတ်ရပ်စဲရေး သဘောာတူညီချက်
The ceasefire agreement came into effect at 11am.
အပစ်ခတ်ရပ်စဲရေး သဘောာတူညီချက်ဟာ နံနက်ပိုင်း ၁၁ နာရီက စပြီး အကျုံးဝင်ခဲ့တယ်။
(b) two bars of soap = ဆပ်ပြာ ၂ ချောင်း
I'd like to buy two bars of soap please.
ကျေးဇူးပြုပြီး ဆပ်ပြာ ၂ ချောင်း ၀ယ်ချင်လို့ပါ။

(၃) ကြိယာ+နာမ် (verb+noun) စကားတွဲ
-------------------------------------------
ဥပမာ..
(a) do my homework = အိမ်စာလုပ်သည်။
I always try to do my homework in the morning,.
ငါကတော့ အမြဲတမ်း မနက်ပိုင်းမှာ အိမ်စာကို လုပ်တယ်။

(b) committing murder= လူသတ်မှု ကျူးလွန်သည်။
The prisoner was hanged for committing murder.
လူသတ်မှုကျူးလွန်မှုအတွက် အကျဉ်းသားကို ကြိုးပေးခဲ့တယ်။

(၄) ကြိယာဝိသေသန+ နာမ၀ိသေသ(adverb+adjective) စကားတွဲ
---------------------------------------------------------------------
ဥပမာ..
(a) utterly stupid = လုံးဝမိုက်မဲသော
Invading that country was an utterly stupid thing to do.
အဲဒီနိုင်ငံကို ကျူးကျော်တာဟာ လုံးဝမိုက်မဲတဲ့ လုပ်ရပ်ပဲ။

(b) richly decorated = အဆန်းတကြယ် ပြင်ဆင်ထားသော
We entered a richly decorated room.
ကျွန်တော်တို့ဟာ အဆန်းတကြယ် ပြင်ဆင်ထားတဲ့ အခန်းတစ်ခုထဲကို ၀င်ခဲ့ကြတယ်။

(၅) ကြိယာ+ ၀ိဘတ်စကားစု (verbs+prepositional phrase (phrasal verbs) စကားတွဲ
------------------
ဥပမာ..
(a) run out of = ကုန်ခန်းသွားသည်။
We had to return home because we had run out of money.
ပိုက်ဆံကုန်သွားလို့ ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြရတယ်။

(b) burst into tears = ချုံးပွဲချ ငိုကြွေးသည်။
At first her eyes filled with horror, and then she burst into tears.
ပထမတော့ သူမရဲ့ မျက်ဝန်းမှာ ကြောက်ရွံ့မှုအပြည့်နဲ့။နောက် ...ချုံးပွဲချ ငိုပါလေရော။

(၆) ကြိယာ+ ကြိယာဝိသေသန (verb+adverb) စကားတွဲ
-----------------------------------------------------------
ဥပမာ..
(a) placed gently = ညင်သာစွာ ထားသည်
She placed her keys gently on the table and sat down.
သူမဟာ သော့ကို စားပွဲပေါ် ညင်ညင်သာသာ ထားပြီး ထိုင်ချလိုက်တယ်။

(b) whispered softly = တိုးတိုးတိတ်တိတ် ပြောသည်။
Moh Moh Wai whispered softly in Phyu Lay's ear.
မို့မို့ဝေက ဖြူလေးနားကပ်ပြီး တိုးတိုးတိတ်တိတ် ပြောလိုက်တယ်။

(၇) နာမ်+ ကြိယာ (Noun + Verb) စကားတွဲ
----------------------------------------------
ဥပမာ..
(a) lions roar = ခြင်္သေ့ ဟိန်းသည်။
The lion started to roar when it heard the dog barking.
ခွေးဟောင်သံကြားတော့ ခြင်္သေ့က စပြီး ဟိန်းလိုက်တယ်။

(b) plane took off = လေယဉ်ပျံတက်သည်။
Snow was falling as our plane took off.
ကျွန်တော်တို့လေယဉ် ပျံတက်တော့ နှင်းတွေ ကျနေတယ်။

(c) bomb went off = ဗုံးပေါက်ကွဲသည်။
The bomb went off when he started the car engine.
သူ ကားအင်ဂျင်ကို စနှိုးလိုက်တော့ ဗုံးပေါက်ကွဲသွားခဲ့တယ်။

-----------------(To Be Continued)--------------------



အင်္ဂလိပ်ဘာသာ လေ့လာစရာ