မြန်မာသံရုံး ဗုံးခွဲဖို့ ကြိုးကိုင်သူ ထောင် ၇နှစ်ခွဲချ

ဆီဂျစ် အင်ဒရာဂျစ်ကို အမိန့်ချစဉ်။


အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့က မြန်မာ သံရုံးကို ပြီးခဲ့တဲ့ နှစ် မေလက ဗုံးခွဲဖို့ ကြံစည်မှုမှာ အဓိက ကြိုးကိုင်သူ ဆီဂျစ် အင်ဒရာဂျစ် Sigit Indrajit ကို ဂျာကာတာ တောင်ပိုင်း တရားရုံး ကနေ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ဒီ စီရင်ချက်ကို လက်ခံတယ်လို့ တရားခံ အင်ဒရာဂျစ်က တရားသူကြီးကို ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်တွေ အတွက် ဘာမှ နောင်တရခြင်း မရှိဘူး လို့လည်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

အခုလ အစောပိုင်း တုန်းကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး ၂ ဦးကို ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီ တရားခံတွေက မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ အပေါ် တိုက်ခိုက် နေမှုတွေ ရှိနေတာကြောင့် လက်စားချေတဲ့ အနေနဲ့ လုပ်တာလို့လည်း ထွက်ဆိုခဲ့ကြပါတယ်။
BBC Burmese

ငါးမိုင်းခွဲရန်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်


နေပြည်တော်၊ ဇန်န၀ါရီ ၂၁
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည် ၃ နာရီ ၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နမ်းခါးကျေးရွာအရှေ့မြောက်ဘက် (၆)ဖာလုံခန့်အကွာ မြစ်သာမြစ်နံဘေးတွင် ကျော်မင်း(ခ)ကိုကောင်း(၂၂)နှစ်သည် လွန်ခဲ့သော(၁)လခန့်က ဖားကန့်သို့ ကျောက်တူးသွားရာမှ အပြန်တွင် ယူဆောင်လာသော ကျောက်တူးလုပ်ငန်းတွင် အသုံးပြုသည့် အလေးချိန် ၃ ကျပ်သားခန့်ရှိ အ၀ါရောင်ယမ်းပျော့အား Shark အချိုရည်ဗူးခွံဖြင့် ငါးမိုင်းခွဲရန်ပြုလုပ်နေစဉ် လက်ထဲ၌ ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ယမ်းပေါက်ကွဲမှုကြောင့် ကျော်မင်း(ခ)ကိုကောင်းတွင် ယာလက်ကောက်ဝတ်ပြတ် ဒဏ်ရာ၊ ၀ဲလက်ခလယ်/လက်သူကြွယ်/ လက်သန်းတို့တွင် စုတ်ပြတ်ကြွေမွဒဏ်ရာ၊ မျက်နှာပြင် တစ်ခုလုံးတွင် ယမ်းစမှန်၍ ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်ပေါင်ရင်း/ရင်ဘတ်တွင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကာ ဟံသာဝတီတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပြီး ယမ်းအားပေါ့လျော့စွာအသုံးပြု၍ မိမိကိုယ်ကို ဒဏ်ရာရရှိစေသူ ကျော်မင်း(ခ)ကိုကောင်းအား ကန်နယ်မြေရဲစခန်း (ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ပုပ်ရဟန်းမင်းကြီး မြန်မာ နိုင်ငံ လာရောက်ဖို့ ကက်သလစ် အသင်းတော် ဖိတ်ကြား


ပုပ်ရဟန်းမင်းကြီး Francis

မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကြွရောက်ဖို့ ဖိတ်ကြားထားတာကို သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့  ပူးပေါင်းဆောင်ရွက်ပေးဖို့ CBCM လို့ခေါ်တဲ့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်က လိုလားကြောင်း ပြောခွင့်ရ ခရစ်ယာန်ဆရာတော် တဦးက ဗွီအိုအေ ကိုပြောပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်က ၂၃ ရက်နေ့ အထိ မြန်မာနိုင်ငံမှာ သုံးရက်တာ ကျင်းပမယ့် ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်း မင်းကြီး ကြွရောက်ပေးဖို့ CBCM ဖိတ်ကြားထားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြထားပါတယ်။

အခုလို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံကို ကြွဖို့ ဖိတ်ကြား ကမ်းလှမ်း ထားပေမယ့် လာဖြစ် မလာဖြစ်ကိုတော့ အခုချိန်ထိ ဗာတီကန် နန်းတော် ဘက်က အကြောင်းမပြန်သေးဘူးလို့ CBCM ခေါ် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရ ဆရာတော် Father မောရစ်ညွန့်ဝေက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ ဖိတ်ကြားထားတာ မှန်ပေမဲ့လို့ ဟိုဘက် ဗာတီကန်ကနေပြီးတော့မှ တရားဝင်လာပါမယ်ဆိုတဲ့ အကြောင်းပြန်ချက်တော့ ကျနော်တို့ မရသေးဘူး ခင်ဗျ။ မနှစ် အောက်တိုဘာလကတည်းက ကျနော်တို့ ဖိတ်ထားပါတယ်။ နောက် ဒုတိယတကြိမ်လည်း ကျနော်တို့ ထပ်ဖိတ်ပါတယ်။ ဒါပေမဲ့လို့ ရဟန်းမင်းကြီး အနေနဲ့က သူ့ခရီးစဉ်တွေက အများကြီးရှိနေတဲ့အခါကျတော့ ကျနော်တို့ကို သူပေးနိုင်၊ မပေးနိုင်ကတော့ ကျနော်တို့ အတိအကျပြောလို့မရသေးပါဘူး။

ရဟန်းမင်းကြီးအနေနဲ့ကတော့ အာရှဘက်ကို လာဖို့ သူစိတ်ဝင်စားတယ်။ ဆန္ဒရှိတယ်ဆိုတာကိုပဲ သူပြောခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ပိုင်းနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ကြေညာခြင်း ဘာမှ မရှိသေးပါဘူး။"

မြန်မာနိုင်ငံကို ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်းမင်းကြီး ကြွရောက်ပေးဖို့ဖိတ်ကြားထားတဲ့ကိစ္စမှာ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့လိုလားကြောင်း Father ကပြောပြပါတယ်။

"တကယ်လို့သာ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့လည်းပဲ သူတို့က စိတ်ဝင်စားပြီးတော့ကာ သူတို့ဘက်က လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကျနော်တို့ လုံခြုံရေးကိစ္စတွေ ဘာတွေ အတွက်ပါ။ ပိုပြီးတော့ စိတ်ချရတာပေါ့လေ။ နောက်ပြီးတော့ မြန်မာပြည်ရဲ့ ဗုဒ္ဓ ဘာသာရဲ့ သဘောထားကြီးမှုနဲ့ သူတို့ရဲ့ မျက်နှာစာအမှန်ကိုလည်းပဲ သူများတွေ သိသွားတာပေါ့လေ။"

ဆက်လက်ပြီးတော့ နှစ် (၅၀၀) ပြည့်ပွဲတော်ကျင်းပရတဲ့ရည်ရွယ်ချက်ကို အခုလိုရှင်းပြပါတယ်။

" အခုလို နှစ်(၅၀၀)ပြည့် ဆိုတာကတော့ ကက်သလစ် ဘာသာဝင်တွေ မြန်မာပြည် ကို စပြီးခြေချတဲ့ အချိန်ကို အဓိက ထားပြီးတော့ကာ ပြန်ပြီးတော့ ကျင်းပတာပါ။ သာသနာလာပြုတဲ့နှစ်တွေကို ကျင်းပတာမဟုတ်ပဲနဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ မြန်မာပြည်ကို စတင်ရောက်ရှိတဲ့ နှစ်(၅၀၀)ရှိပြီ။ မြန်မာပြည်မှာ ရှိတဲ့သူတွေနဲ့ လည်း နှစ်ပေါင်းများစွာ တွဲပြီးတော့မှ အသက်ရှင်နေထိုင်ခဲ့ တယ်ဆိုတဲ့ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းကို ပိုပြီးတော့သိလာရလေအောင် အတိတ်တုန်းက ဘာသာဝင်တွေအနေနဲ့ အမှားတွေ ရှိခဲ့ရင်လည်း တောင်းပန်ဖို့ပေါ့လေ။ ကောင်းတာလေးတွေ ရှိလို့ရှိရင် လည်း နောင်လာနောင်သားတွေက အတုယူပြီးတော့ နိုင်ငံတော် တည်ဆောက်ရေးမှာ တတပ်တအားနဲ့ ပါဝင်ပြီးတော့ကာ လုပ်ဆောင်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပွဲတော်ကျင်းပခြင်းဖြစ်ပါတယ်။"

 နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် မလာရောက်နိုင်ဘူးဆိုရင်  ကိုယ်စားလှယ်အဖြစ် အခြား ဆရာတော် တစ်ပါးကို စေလွှတ်မှာဖြစ်တယ်လို့ ဗာတီကန် နန်းတော် ဘက်က ပြောဆိုထားကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ကဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်ဆုံး ဥပရောပခရီးစဉ်အတွင်းမှာလည်း  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို  ဗာတီကန် နန်းတော်မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။ အလားတူ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်န၀ပ်ကလည်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ရာမှာ ထိုင်းနိုင်ငံကို ကြွရောက်ချီးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်အနေနဲ့ ဖိတ်ကြားခဲ့ တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖေါ်ပြခဲ့ပါတယ်။
VOA Burmese News

နောက်ယာဉ်က ရှေ့ယာဉ်အားဝင်တိုက်


နေပြည်တော်၊ ဇန်န၀ါရီ ၂၁
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅/၆-၇)အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်အရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းပြင်/ထိန်းအဖွဲ့မှဝန်ထမ်းများသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်နေ နိုင်လင်းထက်(၂၅)နှစ်မောင်းနှင်လာသည့် 9F/xxxx အေဒီဗင် အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အောင်ဌေး(၅၃)နှစ် မောင်းနှင်သော 1G/xxxx ဗွီဂိုအနက်ရောင် ယာဉ်အား နောက်မှဝင်ရောက် တိုက်မိခဲ့သည်။ ထိုသို့တိုက်မိမှုကြောင့် 1G/xxxx ဗွီဂိုအနက်ရောင်ယာဉ်သည် လမ်းယာဘက်သို့ တစ်ပတ်လိမ့်တိမ်းမှောက်ခဲ့သဖြင့် အောင်ဌေးတွင် ဦးခေါင်းဝဲ/ယာနှင့် ယာခြေမျက်စိ ပေါက်ပြဲ၊ မျက်နှာယာခြမ်းပွန်းပဲ့ဒဏ်ရာများရရှိကာ လှည်းကူးဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်နီနီသွင်(၃၆)နှစ်ပါ(၅)ဦးတွင် ဖူးရောင် ပွန်းပဲ့ ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ နိုင်လင်းထက်အား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

သြစတြေးလျ-မြန်မာ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်


သြစတြေးလျက မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးအဖြစ် တော်ဝင်ရေတပ် ဗိုလ်မှူးကြီး Jon Dudley အား ခန့်အပ်ပြီး နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်လိုက်ကြောင်း သတင်းရသည်။ ယမန်နေ့က ရန်ကုန်ဆိပ်ကမ်းကို HMAS Chilers တော်ဝင်ရေတပ် သင်္ဘောဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ယင်း စစ်သံမှူး ရာထူးသည် မြန်မာနိုင်ငံ၌ ၁၉၇၉ ခုနှစ် ကတည်းက လစ်လပ်နေခြင်းဖြစ်ကြောင်း၊ ၁၉၅၉ ခုနှစ် သြစတြေးလျ ရေတပ်စစ်သင်္ဘော HMAS Quiberon နောက်ဆုံးလာရောက်ခြင်း ဖြစ်ကြောင်း ဗီအိုအေတွင် ပါရှိသည်။

Irrawaddy ဧရာဝတီ သတင်း

စနူကာ လောကမှာ Ronnie O’Sullivan ကို ဘယ်သူမှ မယှဉ်နိုင်တော့ဘူးလား

 
ခန့် မှန်းထားတဲ့အတိုင်းပဲ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ 2014 မာစတာ စနူကာပြိုင်ပွဲမှာ ကမ္ဘာ့စနူကာချန်ပီယံ Ronnie O’Sullivan က ဗိုလ်စွဲသွားခဲ့ပါပြီ။ 2014 Masters ပွဲစဉ်တစ်လျှောက်လုံး လက်စွမ်းပြလာခဲ့တဲ့ Ronnie O’Sullivan ဟာ ဖိုင်နယ်ပွဲစဉ်အဖြစ် မနေ့ က လက်ရှိချန်ပီယံ Mark Selby နဲ့ ယှဉ်ပြိုင်ကစားခဲ့ရမှာ အထူး လက်စွမ်းပြခဲ့ပြီး ၁၀- ၄  ပွဲ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့ပါတယ်။ ဒီ ဆု ဟာ အို ဆူလီဗန် ရဲ့ ကစားသမားဘ၀ ၅၃ ခုမြောက် ပရော်ဖက်ရှင်နယ်ဆုတံဆိပ်ဖြစ်ခဲ့ပြီး  ၊ Masters ဖိုင်နယ်ပွဲကို ၁၀ ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။



လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ် ပတ်ဝန်းကျင်လောက်က အိုဆူလီဗန်ဟာ ရှိသမျှပွဲစဉ်တိုင်းကို လိုက်လံကစားခဲ့တဲ့ အတွက် ပင်ပန်းနွမ်းနယ်ပြီး ပွဲပန်းတဲ့ဒဏ်ကြောင့် လက်ရည်တွေပါ ကျဆင်းခဲ့ပါသေးတယ်။ အခုနောက်ပိုင်းမှာ တော့ ဆူလီဗန်ဟာ ပွဲစဉ်တွေကို ရွေးချယ်ကစားခဲ့တဲ့အတွက်ကြောင့် သူ့ ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် သူဟာ ကမ္ဘာ့စနူကာချန်ပီယံဆု ငါးခု၊ Masters ချန်ပီယံ ငါးကြိမ်၊ UK ချန်ပီယံရှစ်မှာ လေးကြိမ် ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံး စနူကာကစားသမား စာရင်းမှာ နံပါတ် လေးနေရာကို ရရှိထားသူ ဖြစ်ပါတယ်။



Ref: starsports
Trend Myanmar

ခုလို ကားရိုက်တွေ၊ ဗီစီဒီတွေအတွက် အဆက်အသွယ်တွေ ရလာတာ ဖေ့စ်ဘွတ်ခ်က ပရိသတ်တွေကြောင့်ပါလို့ ဆိုလိုက်တဲ့ ဇွန်သဉ္ဇာ


၂၀၁၃၊ တစ်လပိုင်းလောက်ကမှ ဖေ့ဘွတ်ကနေSexy poseပုံတွေတင်ရင်းနဲ့ လူအများရဲ့စိတ်ဝင်စားမှု၊ ဝေဖန်မှုတော်တော်များများကို ခံခဲ့ရပြီး အခုချိန်မှာတော့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခွင့်ရနေပြီဖြစ်တဲ့ ဇွန်သဉ္ဇာကို လတ်တလော အနုပညာလှုပ်ရှားမှုတွေအပြင်၊ Sexy poseတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့

လတ်တလောအနုပညာလှုပ်ရှားမှု ရှိရင်ပြောပြပေးပါ။

လတ်တလောမှာတော့ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ဗီစီဒီတွေရိုက် ဖြစ်နေပါတယ်။ ပြီးတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။

ဇာတ်ကားရိုက်ကူးပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုဇာတ်ရုပ်မျိုးတွေကို ရွေးချယ်ပြီး ရိုက်ဖြစ်နေတယ် ဆိုတာပြောပြပေးပါ။

ကိုယ့်အတွက် လုပ်ကွက်ရတဲ့ဇာတ်မျိုး၊ ကိုယ်နဲ့လည်းလိုက်ပြီး ကိုယ့်အတွက်အဆင်ပြေတယ်၊ နေရာလည်းရမယ်ဆိုရင် ရိုက်ဖြစ်ပါတယ်။

သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီး လေ့လာမှုအပိုင်းတွေရှိရင် ပြောပြပေးပါ။

ဇွန့်ရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးပဲရှိပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ သင်ဆရာတွေဖြစ်တဲ့ အော်စကာသရုပ်ဆောင်သင်တန်းက ဦးထူးသာ၊ ဦးကိုကိုလေးတို့က သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်ပေးလို့ သိပ်ပြီးအခက်အခဲမရှိပါဘူး။

နောက်ပိုင်းမှာရော ဇာတ်ကားရိုက်ကူးမှုအပိုင်းနဲ့ ဘယ်လိုဇာတ်ရုပ်မျိုးတွေကိုရွေးချယ်သွားမလဲ။

ကိုယ့်အတွက်လုပ်ကွက်ရမယ်ဆိုရင် ဗီလိန်ပဲဖြစ်ဖြစ်၊ ဗန့်ကားပဲဖြစ်ဖြစ်လုပ်ကြည့်မယ်။ပြီးတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာမျိုးလဲ ဖြစ်ရမှာပေါ့။

ကိုယ်တိုင်ကရော ဘယ်လိုကာရိုက်တာမျိုးကို ရိုက်ရတာသဘောကျလဲ။

ကိုယ်တိုင်ကတော့ ဗီလိန်ပိုင်း သဘောကျပါတယ်။ ခမ်မာမာ လူမုန်းများတဲ့ နေရာမျိုးပေါ့။ အဲဒီလိုဇာတ်ရုပ်မျိုးကို ပိုလုပ်ချင်တယ်။

အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ့်အတွက် တက်လမ်းတွေက ခက်ခဲစေတယ်လို့မြင်မိသလား။

အခက်အခဲအများကြီးရှိပါတယ်။ အထူးသဖြင့် သရုပ်ဆောင်ပိုင်းပေါ့။ ဒီလောကမှာ သရုပ်ဆောင်တစ်ယောက် အဖြစ်ရပ်တည်ဖို့ပိုပြီးတော့ ခက်ခဲတယ်။ မော်ဒယ်လ်တစ်ယောက် ဖြစ်ဖို့ကတော့လွယ်တယ်။ သရုပ်ဆောင်ဖြစ်ဖို့ကျတော့ အဆက်အသွယ်တွေ၊ လုပ်ပိုင်ခွင့်တွေပေါ့။ ကိုယ်ဘယ်လောက်ပဲ တော်နေတော်နေ ကိုယ့်ကို လုပ်ပိုင်ခွင့်ပေးမှ လုပ်လို့ရမယ်။ အဲဒီအတွက် အဆက်အသွယ်တွေက အရမ်းအရေးကြီးပါတယ်။ လုပ်ခွင့်ရဖို့ကလည်း အရမ်းအရေးကြီးပြီးတော့ တော်တော်ခက်ခဲပါတယ်။                                        

အခုလိုမျိုး အချိန်တိုတိုလေးအတွင်းမှာပဲ ဇာတ်ကားတွေရိုက်လာရတာဘာကြောင့်လဲ။

ကျေနပ်ပါတယ်ရှင့်။ ဒီလိုနေရာမျိုး ထိရောက်လာရတယ်ဆိုတာ ဖေ့စ်ဘွတ်ခ်က ပရိသတ်တွေ ကြောင့်ပါပဲ။ ဖေ့ဘွတ်ကနေ ပုံတွေတင်တယ်၊ ပုံတွေတင်ရင်းနဲ့မှ လူသိများလာပြီးတော့ အဲဒီကနေ အဆက်အသွယ်တွေရခဲ့ ဂျာနယ်တွေ၊ ကားရိုက်တွေ၊ ဗီစီဒီတွေခေါ်ရိုက်လာကြတယ်။ ဒါရိုက်တာတွေကလည်း ဖေ့စ်ဘွတ်ခ်ကနေ တွေ့ပြီး သဘောကျပြီးတော့ ဆက်သွယ်လာကြတယ်။

အခုလိုသရုပ်ဆောင်လမ်းကြောင်းပေါ် ရောက်လာဖို့အတွက်ကို ဖေ့စ်ဘွတ်ခ်မှာပုံတွေတင်ခဲ့တာ အဓိကအကြောင်းအရင်းဖြစ်မလား။

ဟုတ်ကဲ့။ အဓိကအကြောင်းအရင်းကတော့ ဖေ့စ်ဘွတ်စ်မှာပုံတွေ တင်ရင်းနဲ့မှအားပေးတဲ့ သူတွေများလာတာနဲ့ ဆက်တင်ဖြစ်တယ်။ ဆက်တင်ဖြစ်ရင်းနဲ့မှ လူတွေပိုသိလာတယ်။ ဒီအနုပညာက လူတွေနဲ့ပိုခင်ပြီးတော့ အဆက်အသွယ်တွေအများကြီးရလာတဲ့အတွက် အရမ်းပဲ ဖေ့စ်ဘွတ်ခ်က အသုံးဝင်ပါတယ်။

အဲဒီလို Sexy ဓာတ်ပုံတွေရိုက်ပြီးတော့ ဖေ့စ်ဘွတ်ခ်ပေါ်တင်တဲ့အခါမှာ ပရိသတ်တွေရဲ့ တုံ့ပြန်မှုအခြေအနေကရောဘယ်လိုရှိသလဲ။

တစ်ရာမှာဆယ်ရောက်လောက်က ဝိုင်းဆဲတယ်။ မျိုးစုံတွေပြောခံရတယ်။ ဒါပေမဲ့အားပေးတဲ့သူက ၉ဝလောက်ရှိတဲ့အတွက် ဇွန်ကတော့ ဆက်လုပ်သွားဖို့ပဲရှိပါတယ်။ အားမပေးတဲ့သူတွေကိုလည်း အခုလိုဝေဖန်ပေးတဲ့အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။

အဲဒီလိုဆိုးရွားစွာ ဝေဖန်ပြောဆိုလာကြတဲ့အပေါ်မှာ ဇွန်သဉ္ဇာအနေနဲ့ စိတ်ထဲဘယ်လိုဖြစ်မိသလဲ။

အစကတည်းက အဲဒီလိုတွေပြောမယ်။ အဲဒီထက်ဆိုးတာတွေကြားရမယ် ဆိုတာကိုလည်း သိတယ်။ မျှော်လင့်ပြီးသားဖြစ်တဲ့အတွက်ဘာမှတော့ သိမ်မခံစားပါဘူး။ ကွန်းမန့်တွေက မိုက်ရိုင်းတယ်။ မိုက်ရိုင်းတဲ့ သူတွေကို Block လုပ်ပစ်လိုက်ပါတယ်။ ဘာမှတော့ပြန်ပြီး ရန်တွေ့မနေတော့ပါဘူး။

အနုပညာလောကထဲကို လျှောက်လှမ်းဖြစ်တဲ့ အဓိကအကြောင်းအရင်းလေး သိပါရစေ။

ဇွန်အရင်ကတည်းက သရုပ်ဆောင်ဖြစ်ချင်တာပါ။ ဒါပေမဲ့ သရုပ်ဆောင်ဖြစ်ဖို့ဆိုတာ ခက်ခဲပြီးတော့ ဒုက္ခတွေရောက်နေရတာများတော့ Photo မော်ဒယ်လ်ပိုင်းကို လုပ်ကြည့်ရင်းနဲ့မှ အကျိုးပေးပြီး အောင်မြင်သွားတယ်လို့ ပြောလို့ရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဇွန်သဉ္ဇာ သရုပ်ဆောင်တဲ့ အလုပ်ကိုပဲ ဦးတည်ပြီးလုပ်ကိုင်သွားမှာပါ။ Professional သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခွင့်ရပြီဆိုရင်တော့ ဇွန်အတိုင်းမသိဝမ်းသာမိမှာပါ။ အောင်မြင်ချင်တာလည်းပါပါတယ်။ သရုပ်ဆောင်အဖြစ်ရပ်တည်ချင်တာလည်းပါပါတယ်။

အခုလိုမျိုးဖြစ်လာဖို့အတွက် ဘာတွေရင်းနှီးပေးဆပ်ခဲ့ရတာတွေရှိခဲ့သလဲ။-

အများကြီးပေးဆပ်ခဲ့ရပါတယ်။ ဒီအနုပညာအလုပ်တွေစလုပ်မယ်။ Photo မော်ဒယ်လ်အဖြစ် စလုပ်မယ်ဆိုကတည်းက လုပ်ခွင့်ရဖို့အတွက်ကို မိဘတွေနဲ့အများကြီးအတိုက်အခံလုပ်ခဲ့ရတယ်။ ပညာရေးတွေဆုံးရှုးံခဲ့ရတယ်။ အလုပ်အကိုင်တွေ ဆုံးရှုးံခဲ့ပြီးတော့မှ အားလုံးရဲ့အပစ်ပယ်ခံခဲ့ရပြီးမှ တစ်ယောက်တည်း ကြိုးစားရုန်းကန်ခဲ့ပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရပြီးတော့မှပဲ ဒီအနုပညာအလုပ်တွေကိုလုပ်ခွင့်ရခဲ့ပါတယ်။

Sexy poseတွေ ရိုက်ရဲတာနဲ့ပတ်သက်ပြီးသိပါရစေ။

ဓာတ်ပုံရိုက်တာကျတော့ pose တွေအနေနဲ့သမားရိုးကျတွေအရမ်းများတယ်။ sexy ဆိုလည်းသာမာန် sexyပုံတွေပဲများတော့ ကိုယ်ကလူတွေအများကြီးကြားထဲမှာ ဘယ်လိုထိုးဖောက်မလဲ၊ ဘယ်လို ထူးခြားအောင်လုပ်မလဲပေါ့၊ သူများနဲ့တူနေရင်သူများတွေနဲ့ level တူတူလောက်သွားကျမှာ ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းလေးထူးခြား စေချင်တာကြောင့် နောက်ပိုင်းမှာလည်း ဓာတ်ပုံ ခပ်ကြမ်းကြမ်းလေးတွေ ရိုက်လာတာများတော့လေ ဓာတ်ပုံဆရာတွေကလည်း ဒီလိုတွေ ရိုက်ချင်တယ်။ ကိုယ်ကလည်း သူများထက်ထူးချင်တာနဲ့ ဓာတ်ပုံတွေကို ခပ်ကြမ်းကြမ်းရိုက်ဖြစ်သွားတယ်။



Sexy pose တွေရိုက်တဲ့အခါမှာ ဘာကိုအဓိကပြသချင်တာလဲ။

ကိုယ့်ရဲ့ဝတ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းရယ်၊ သူများတွေနဲ့မတူတဲ့ခပ်ကြမ်းကြမ်းပိုစ့်တွေရယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်အလှကောက်ကြောင်းတွေကို အဓိကပြချင်တာပါ။

Trend Myanmar

အထက်လန်အောက်လျှောဖြစ်နေတဲ့ Miley Cyrus


Miley Cyrus ဟာ ဆိုးဝါးတဲ့ အထက်လန်အောက်လျှောရောဂါဖြစ်နေပါတယ်။

Wrecking Ball ရဲ့အဆိုတော်ဟာ ၁၉ရက်နေ့ည ကစလို့ နာမကျန်းဖြစ်နေတယ်လို့ထင်ရပြီး သူမရဲ့ပွင့်လင်းတဲ့ twitter message မှာတော့ သူဒီလိုလျှင်မြန်စွာနဲ့ကြီးပြင်းလာဖို့မမျှော်လင့်ခဲ့ပဲ နေကောင်းအောင်အနားယူနေချိန်မှာ ကလေးလေးတစ်ယောက်လိုဂရုစိုက်ခံချင်ကြောင်းဝန်ခံထားပါတယ်။

၂၁ နှစ်အရွယ် pop star ဟာ သူမရဲ့နာမကျန်းဖြစ်မှုအကြောင်းကို social media မှာ Daft Punk ရဲ့သီချင်း “Get Lucky” ရဲ့စာသားတွေကို ဟာသဆန်ဆန်အနည်းငယ်ပြောင်းလဲတင်ပြပြီး သူမရဲ့၁၆ သန်းသောပရိတ်သတ်တွေကို သိစေခဲ့ပါတယ်။

“အော့အန်ဖို့အတွက် တစ်ညလုံးနိုးနေပါတယ်။ ကျွန်မတစ်သက်မှာ အဆိုးဆုံး အထက်လန်အောက်လျှောရောဂါရနေပါတယ်” လို့ tweet လုပ်ခဲ့ပါတယ်။

“ကလေးဘ၀တုန်းကလူကြီးဖြစ်ချင်ခဲ့တဲ့ အခါတိုင်းကိုနောက်တရလျှက်” လို့ထည့်သွင်းပြီး tweet ထားသေးပါတယ်။

Miley ရဲ့ပရိတ်သတ်တွေက အမြန်ဆုံးနေပြန်ကောင်းဖို့ဆုတောင်းပေးတဲ့အခါ ‘Adore You’ သီချင်းရဲ့အဆိုတော်က “အရာရာအားလုံးကနာကျင်စေပါတယ်” လို့ပြန်ကြေငြာခဲ့ပါတယ်။

သူမရဲ့ tweet တွေထဲကအများစုဟာ သူမရဲ့နာမကျန်းမှုအကြောင်းဖြစ်ပေမယ့် အဲဒီ့နေ့ညမှာသူမ စိတ်လှုပ်ရှားဒေါသထွက်နေတယ်လို့လဲထင်ရပါတယ်။ သူမရဲ့ဘ၀ထဲက ကိုယ့်ကိုကိုယ်သာ အကောင်းမြင်တတ်ပြီး သူတစ်ပါးကိုအဆိုးဝေဖန်တဲ့ ကြောင်သူတော်တွေကို ပြန်လည်ပြစ်တင်တုန့်ပြန်ခဲ့ပေမယ့် အဖြစ်အပျက်အကြောင်းအရာကိုတော့ရှင်းမပြခဲ့ပါဘူး။

“လူတွေက သူတို့လုပ်တာကိုပဲလုပ်တဲ့ လူတွေအကြောင်း မကောင်းပြောကြတယ်။ ကျွန်မနဲ့ပါတ်သတ်တဲ့အရာအားလုံးကို ကြောင်သူတော်တွေကကြီးစိုးထားတယ်။ စိတ်ပျက်နေပြီ” လို့အမှာစကားပြောကြားသွားပါတယ်။

Ref:starpulse
Trend Myanmar

အရပ်သားအစိုးရလက်ထက် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်ရှိဆဲ


မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းမှာကိုပဲ မြန်မာစစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ရှိနေတဲ့အကြောင်း "အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့်စနစ်" လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာတစောင်ကို WLB အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဇန်န၀ါရီလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ အထူးအခွင့်အရေးရနေတဲ့ မြန်မာစစ်တပ်ဟာ အပြစ်ကျူးလွန်မှုတွေကနေ ကင်းလွတ်ခွင့် ရနေတဲ့အတွက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဖြစ်ပွားနေတာဖြစ်တယ်လို့ WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး - ၂ ဂျူလီယာ မာရစ်(ပ်) က ပြောပါတယ်။ ၀ါရှင်တန်ဒီစီကို ရောက်လာခဲ့တဲ့ မဂျူလီယာကို ဗွီအိုအေရုံးမှာ မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။
VOA Burmese News

မြန်မာ့ စိမ်းပြာ ရေညှိ အထွက်နှုန်း ကျဆင်း

စိမ်းပြာ ရေညှိကို သဘာဝအတိုင်း ရနိုင်တဲ့ နေရာ လေးနေရာ ထဲမှာ မြန်မာနိုင်ငံပါဝင်

ကမ္ဘာပေါ်မှာ Spirulina စိမ်းပြာရေညှိကို သဘာဝအတိုင်း ရနိုင်တဲ့ နေရာ လေးနေရာ ထဲက တစ်ခု အပါအဝင် ဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင်မြို့နယ် တွင်းတောင်အင်းမှာ စိမ်းပြာ ရေညှိ အထွက်နှုန်းဟာ သိသိသာသာ ကျဆင်း လာနေပါတယ်။

spirulina စိမ်းပြာ ရေညှိ တစ်ခုတည်းပဲ ထူးထူးခြားခြား ထွက်တဲ့ တွင်းတောင်မှာ ပြီးခဲ့တဲ့ (၂)နှစ်လောက် ကစလို့ စိမ်းပြာရေညှိ အထွက်နှုန်းဟာ သိသိသာသာ ထိုးကျလာနေပြီး ဒါဟာ တွင်းတောင်အင်း အနီးတဝိုက်မှာ ရှိတဲ့ အစိုးရရဲ့ မြစ်ရေတင် စီမံကိန်းကနေ ရေချိုတွေ စိမ့်ဝင်လာတာကြောင့် ဖြစ်တယ်လို့ စိမ်းပြာရေညှိတွေကို တွင်းတောင်အရပ်မှာ စတင် တွေ့ခဲ့တဲ့ ရေညှိပညာရှင် ဒေါက်တာမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

တွင်းတောင်က ထွက်ရှိနေတဲ့ စိမ်းပြာရေညှိဟာ ကမ္ဘာမှာ ရှိတဲ့ တခြား စိမ်းပြာရေညှိတွေထက် အရည်အသွေး သာလွန်ပီး ဗိုင်းရပ်စ်ပိုး အမျိုးမျိုးကိုလည်း ဟန့်တားနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာ တွင်းတောင်အင်း ထိန်းသိမ်းရေးကို အစိုးရ ဝန်ကြီးဌာနတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ပူးပေါင်း ဆောင်ရွက်နေပါတယ်။

တွင်းတောင်ရဲ့ ဂေဟစနစ်ကို အချိန်မှီ မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ စိမ်းပြာရေညှိ ထွက်ရှိမှုဟာ လုံးဝ ပျက်သုန်းတော့မယ့် အနေအထားမှာ ရှိနေတာကြောင့် အစိုးရအနေနဲ့ မြစ်ရေတင်စီမံကိန်း နဲ့ တွင်းတောင် ထိန်းသိမ်းရေး တခုခုကို ရွေးချယ်သင့်တယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။

လက်ရှိမှာ တွင်းတောင်အင်း စိမ်းပြာရေညှိ စီမံကိန်းကို အစိုးရ စက်မှုဝန်ကြီးဌာန က ၈၀% ၊ ပုဂ္ဂလိက ကုမ္ပဏီဘက်က ၂၀% ပိုင်ဆိုင်ထားပြီး အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

တွင်းတောင်အင်းက ထွက်ရှိတဲ့ စိမ်းပြာရေညှိတွေကို အာဟာရ ဖြည့်စွက်စာ၊ ဇီဝ မြေသြဇာ အပြင် ဆေးဝါးထုတ်လုပ်ရေးတွေမှာပါ အသုံးပြုနေတာ ဖြစ်ပါတယ်။

BBC Burmese

စီးပွားရေး အဆင်မပြေမှုကြောင့် အမျိုးသမီးများ ဆံပင်ဖြတ်ရောင်းမှု ဧရာဝတီတိုင်းတွင် များလာ

ဆံပင်တုများနှင့် အခြားကုန်ပစ္စည်းများအတွက် ဆံပင်ကိုရောင်းကြ

ပုသိမ် ၊ ဇန်န၀ါရီ ၂၀ ။ ။ ဧရာဝတီ တိုင်းဒေသကြီး၌ အမျိုးသမီးအ များစုမှာ မိသားစုစီးပွားရေးအ ဆင်မပြေသောကြောင့် ဆံပင် ဖြတ်ရောင်းသူ ပိုမိုများလာ ကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ရှိဆံပင်အ၀ယ် ဒိုင်များမှ သိရသည်။

မြန်မာနိုင်ငံမှ ဆံပင်အ ရှည်များကို ပြည်တွင်းအလှပြင် လုပ်ငန်း များ၊ ပြည် တွင်း အနုပညာ လုပ်ငန်းများနှင့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီး ယား နိုင်ငံမှ ရုပ်ရှင်ကုမ္ပဏီကြီးများက အဓိက၀ယ်ယူအသုံးပြုနေကြ ကြောင်း ဆံပင်ဈေး ကွက် မှ သိ ရသည်။

““အရင်တုန်းကဆိုရင် ဆံ ပင်အရှည်တွေကို ရောင်းလေ့ ရောင်းထမရှိတော့ ဆံပင်ညှပ် ဆိုင်တွေမှာ ဆံပင်တိုတွေ လိုက် ကောက်ရတယ်။ အရှည်က တစ်ရက်မှာ တစ်ယောက်စ နှစ် ယောက်စလောက်တော့ ဆိုင် ကို လာရောင်းကြတယ်။ အခု လပိုင်းတွေမှာတော့ ဆံပင်ရှည် တွေ ဆိုင်ကိုလာရောင်းကြတာ တစ်နေ့ကို ဆယ်ယောက်အထိ ရှိတယ်။ တချို့က အိမ်ကနေ ဖြတ်လာကြတယ်။ တချို့က တော့ ရှက်လို့ ဆိုင်ရောက်မှ ပဲ ရောင်းချင်တဲ့ လက်မအတိုင်း ဖြတ်ခိုင်းတယ်””ဟု ပုသိမ်မြို့ မှ ဆံပင်အ၀ယ်ဒိုင်တစ်ဦးက ပြောသည်။

ဆံပင်အရှည်ရောင်းချသူ အမျိုးသမီးအများစုမှာ စီးပွား ရေး အဆင် မပြေ မှုကြောင့်ဖြစ် ပြီး တချို့မှာ ဈေးနှုန်းအတိုင်း ကိုပင် ပိုမိုလိုချင် သဖြင့် ဆံပင် ကို အလေးချိန်စီးအောင်ပြုပြင် မှုများ ပြုလုပ်လာ၍ ပြန်လည် လျှော်ဖွပ်ပြီးမှ ချိန်တွယ်ရခြင်း များ ရှိလာသည်ဟု ဆံပင်အ ၀ယ်ဒိုင်များမှ သိရှိရသည်။
ဆံပင်အရှည်မှာ ခြောက် လက်မမှစ၍ လက်မအရှည်အ လိုက် ဈေးကောင်း ရပြီး ယခု ကာလပေါက်ဈေးမှာလည်း တစ် ပိဿာလျှင် ကျပ်တစ်သိန်းခွဲ မှ ကျပ်နှစ်သိန်းအထိရှိကြောင်း ဆံပင်အ၀ယ်ဒိုင်များမှ သိရသည်။

““အမျိုးသမီးဆိုတာ ဆံပင် အရှည်ကိုကြည့်ပြီး သူ့မှာ အိမ် ထောင်ကို ဘယ်လောက် ထိန်း သိမ်းနိုင်လဲဆိုတာကို ဖော်ပြတဲ့ ပုံစံဖြစ်ပေမယ့် တကယ် တမ်း စားဝတ်နေရေး အဆင်မပြေ လာတော့လဲ ဆံပင်က မရှိဝမ်း စာ ရှိတန်ဆာ ဆိုတာမျိုးပါပဲ။ ကျွန်မတို့လဲ ဆံပင်အရှည်လေး နဲ့နေချင်ပါတယ်။ ဒါပေမဲ့ မိ သားစုနဲ့ယှဉ်လာတော့ ရောင်း လိုက်ရတာပါ””ဟု ပုသိမ်မြို့မှ ဆံပင်ဖြတ်ရောင်းခဲ့သူ အမျိုး သမီးတစ်ဦးက ပြောသည်။

မျိုးမင်းထွန်း ဧရာဝတီတိုင်း(မြစ်မခ)
Yangon Media Group

ဧရာဝတီမြစ်ရေတိုက်စားခံ အိမ်ခြေ ၃၄ လုံး အတွက် နေရာချပေးရန် မြေလွတ်မြေရိုင်းမရှိဟုဆို


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုးထောင့်ကျေးရွာအုပ်စု၊ သံဇလုံကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြို၍ နေအိမ်စွန့်ခွာခဲ့ရသော အိမ်ခြေ ၃၄ လုံးကို နေရာချထားပေးရန်အတွက် အနီးဝန်းကျင်၌ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေလွတ်မြေလပ်မရှိကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) မှ ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားသည်။

လက်ရှိတွင် ဆိတ်ဖြူ-စလင်း ကားလမ်းဘေး၊ ပြည်သူ့ဆောက်လုပ်ရေး လမ်းဧရိယာအတွင်း ယာယီပြောင်းရွှေ့ချထားပေးထားသော အဆိုပါ အိမ်ထောင်စုများအတွက် မြေနေရာရရှိရေးမှာ အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။
အနီးပတ်ဝန်းကျင်တွင် အစိုးရစီမံခန့်ခွဲပိုင်ခွင့်မရှိသော မြေလွတ်မြေရိုင်းများ မရှိသဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲရှိ၍ ကြန့်ကြာခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်သိမ်းက ဇန်န၀ါရီ ၂၀ ရက် အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။ အဆိုပါဒေသရှိ တောင်ငယ်လုံးကျေးရွာမှ တောင်သူ ၁၄ ဦး၏ ယာမြေ ၁၈ ဧကကျော်ကို ရရှိအသုံးပြုနိုင်ရန် ညှိနှိုင်းရာတွင် ယာမြေ ကာလပေါက်ဈေးမှာ တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်း အထိသာ ရှိသော်လည်း တစ်ဧကလျှင် ကျပ်သိန်း ၆၀ မှ သိန်း ၁၅၀ အထိ တောင်းနေ၍ ၀ယ်ယူနေထိုင်ရန် အခက်အခဲရှိနေသည်ဟု သိရသည်။

နေအိမ်ပြောင်းရွှေ့လိုသူများနှင့် ယာပိုင်ရှင်များအကြား ပြေလည်မှုရရှိရေး ဆောင်ရွက်ရန်လိုအပ်ပြီး အဆင်ပြေပါက အုပ်ချုပ်ရေးအဖွဲ့အစည်းမှ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လန-၃၀ (က)နှင့်အညီ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

သံဇလုံကျေးရွာမှ ဧရာဝတီမြစ်ကမ်းပါးပြိုသဖြင့် ၂၀၁၁ တွင် နှစ်လုံး၊ ၂၀၁၂ တွင် ၃၂ လုံး၊ ၂၀၁၄ တွင် ၁၄ လုံး စုစုပေါင်း နေအိမ် ၄၈ လုံး ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ရွာတွင် ကျန်ရှိနေသော အိမ်ထောင်စုများသည် မိုးရာသီတွင် မြစ်ရေတိုက်စား၍ ထပ်မံရွှေ့ပြောင်းရမည့် အနေအထားရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဦးကပြောသည်။

Author: သန်းထူး
7 Day Daily

ဆုံးရှုံးလယ်မြေများအတွက် နစ်နာကြေးမရ၍ စေတုတ္တရာဒေသခံ ၇၀၀ နီးပါး ဆန္ဒပြ


ဆုံးရှုံးသွားသော လယ်ယာမြေများ နစ်နာကြေးမရရှိသဖြင့် ဒေသခံ ၇၀၀ နီးပါးက မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ နယ်တွင် ဇန်န၀ါရီလ ၁၉ ရက်၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

““မုန်းတမံကို ပိတ်လိုက်တော့ ရေတွေမြင့်တက်လာတယ်။ လယ်ယာမြေအပါအ၀င် လူနေအိမ်တွေ ရေထဲကိုမြုပ်သွားတယ်”” ဟု ဆန္ဒဖော်ထုတ်ပွဲ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်အောင်လွင်က ပြောသည်။

စေတုတ္တရာမြို့နယ်တွင် ကျေးရွာအုပ်စု ၂၂ စု၊ ရွာပေါင်း ၅၀ နီးပါး ရှိသည်။ မုန်းတမံ ရေထိန်းသိမ်းမှုကြောင့် လယ်ယာမြေ ဧကနှစ်ရာကျော် ရေနစ်မြုပ်ဆုံးရှုံးနေရမှုအပေါ် သက်ဆိုင်ရာအာဏာပိုင်များထံတွင် အကြိမ်ကြိမ် စာဖြင့် တင်ပြခဲ့သော်လည်း မည်သည့်အရေးယူမှုမျှ ယခုအချိန်ထိမရှိဟုဆိုသည်။

““ကျွန်မတို့မှာ လယ်လုပ်စရာမရှိတော့လို့ ကောက်သင်းကောက်စားနေရပါတယ်။ ကောက်သင်းကောက်တယ်ဆိုတာ သူများလယ်ရိတ်ပြီး ကြွေကျကျန်နေခဲ့တဲ့စပါးကို လိုက်ကောက်စားရတဲ့ဘ၀ပါ”” ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ ဒေါ်ခင်ဥက ပြောသည်။ မုန်းတမံရေလှောင်မှုကြောင့် အိမ်၊ လယ်ယာမြေများ ဆုံးရှုံးမှုမှာ သုံးနှစ်ဆက်တိုက်ဖြစ်ခဲ့ပြီး စားရမဲ့သောက်ရမဲ့ဘ၀ ရောက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စေတုတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးအား တွေ့ဆုံမေးမြန်းခဲ့ရာ ရေ၀ပ်ဧရိယာများ ကြိုတင်သတ်မှတ်၍ ဒေသခံများအား အသိပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Author: မိုးကျော်
7 Day Daily

လှိုင်သာယာအလုပ်အကိုင်ပြပွဲသို့ လူတစ်သောင်းကျော် လာရောက်လေ့လာပြီး အလုပ်လျှောက်လွှာ နှစ်ထောင်ကျော်ရရှိ


လှိုင်သာယာမြို့နယ်မှ စက်ရုံလုပ်သားများကို ဦးစားပေးအလုပ်ခေါ်ဆိုသည့် အလုပ်အကိုင်ပြပွဲတွင် အလုပ်လျှောက်လွှာ နှစ်ထောင်ကျော် ရရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

အစိုးရသစ်လက်ထက်တွင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့်အနက်  လုပ်ခစား(CMP)လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်လာသဖြင့် စက်ရုံအလုပ်ရုံလုပ်သား ထောင်နှင့်ချီ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် အစိုးရက ဦးစီးဆောင်ရွက်ပြီး ပထမအကြိမ်အဖြစ် စက်မှုဇုန်ရှိ အခြေခံလုပ်သားများအတွက် အလုပ်အကိုင်ပြပွဲကို  လှိုင်သာယာမြို့နယ်တွင် ဇန်န၀ါရီ ၁၈ရက်မှ ၂၀ရက်ထိ သုံးရက်ကြာပြုလုပ်ခဲ့သည်။

ပြပွဲ သုံးရက်အတွင်း ကြည့်ရှုလေ့လာခဲ့သူ တစ်သောင်းဝန်းကျင်ခန့်ရှိပြီး အမျိုးသမီးဦးရေပိုများခဲ့သည်ဟုဆိုသည်။ အထည်ချုပ်လုပ်ငန်းများတွင် လုပ်သားလိုအပ်ချက်နှုန်း မြင့်တက်လျက်ရှိသဖြင့် အဆိုပါပြပွဲတွင် အထည်ချုပ်စက်ရုံမှ အလုပ်ခေါ်ဆိုမှု များပြားခဲ့သော်လည်း အလုပ်လျှောက်လွှာလက်ခံရရှိမှုနှုန်းမှာ နည်းပါးသည်ဟုသိရသည်။
ယခုပြပွဲသို့ အလုပ်လျှောက်သူများကို တိုက်ရိုက်အင်တာဗျူးများ လုပ်ဆောင်မည်ဖြစ်သည့်အတွက် အလုပ်ခန့်ထားမှုလူဦးရေစာရင်း ရရှိရန် လတ်တလောတွင် အခက်အခဲရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ သတင်းရရှိသည်။
““သုံးရက်အတွင်း အလုပ်လျှောက်လွှာ၂၁၉၃ လက်ခံရရှိခဲ့တယ်။ အကုန်နီးပါး အလုပ်ခန့်ဖြစ်မှာပါ။ လတ်တလော တချို့စက်ရုံတွေက အင်တာဗျုးထပ်ခေါ်ဦးမှာတွေရှိသေးတော့ စာရင်းက အတိအကျမရသေးဘူး”” ဟု လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုအလုပ်နေရာများတွင် ခေါ်ဆိုသော စက်ရုံအများစုသည် လုပ်ငန်းတိုးချဲ့လုပ်ကိုင်မှုများ ပိုမိုပါဝင်သည့်အတွက် ခန့်ထားခြင်းခံရသူများသည် လုပ်ငန်းခွင်သို့ ချက်ချင်းဝင်ရောက်လုပ်ကိုင်ရမည်ဖြစ်သည်။ ယခုခေါ်ဆိုသော စက်ရုံလုပ်ငန်းများတွင် လုပ်သားတစ်ဦးအား တစ်လလျှင်  အနည်းဆုံးလုပ်ခလစာ ကျပ်ငါးသောင်းကျော်မှ တစ်သိန်းကျော်အထိ ကျွမ်းကျင်မှုအလိုက် နှုန်းထားသတ်မှတ်ထားကြောင်း သတင်းရရှိသည်။

အလုပ်ခေါ်ဆိုသော စက်ရုံများတွင် အထည်ချုပ်၊ ဖိနပ်၊ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၊ အစားအသောက် စသည့်လုပ်ငန်းများမှ အလုပ်ခေါ်ဆိုခဲ့ပြီး အထည်ချုပ်စက်ရုံအများစု ပါဝင်သည်။

Author: အေးမြတ်သူ
7 Day Daily

ရေစည်ပင်လူသား (သို့မဟုတ်) ရေအောက်တွင် ငွေရှိသည်


ဒလမြစ်ကမ်းဘေးရှိ အဏ္ဏဝါငါး လုပ်ငန်းအနီးရောက်လာတော့ ‘ကိုစိုး တင့်’ (အမည်လွှဲ)တစ်ယောက် သူ၏ လှေကို ကျောက်ချထားလိုက်ပြီး ရေထဲ ဆင်းရန် ပြင်လိုက် သည်။ ဆောင်းမနက်ခင်းဖြစ်၍ အအေး ဓာတ် ပိုကဲနေသော်လည်း ရေထဲဆင်း ရန်တုံ့ဆိုင်းနေ၍မဖြစ်။ ကိုယ်လက်နှေး လျင် ရေထဲရှိ ‘သံ’များ သူများလက် ထဲ ရောက် သွားနိုင်သည်။ သွက်လက်စွာပင် ရေထဲဆင်းလိုက်သည်။ ရေထဲဆင်းသွား သည့်သူ့တွင် ကိုယ်၌ဝတ်ဆင်ထားသည့် ဘောင်းဘီတိုတစ်ထည်မှအပ အခြား ပစ္စည်းတစ် စုံ တစ်ရာမပါ။ အသက်ရှူအ ထောက်အကူပြုပစ္စည်းလည်း မပါ။

သို့သော် ကျင့်သားရ ကျွမ်းကျင်မှု ဖြင့် အေးစက်နေသောရေထဲ အသက် တဝရှူပြီးငုပ်လိုက်သည်။ မည်သည့် အရာကမှ သူ့ကို တုံ့ဆိုင်းနေခွင့်မပေး။ အဘယ်ကြောင့် ဆိုသော် ဟိုးရေအောက် တွင် လူမမြင်သူမမြင်ရှိနေသော ပိုက်ဆံ များကို သူလို လုပ်ငန်းတူ အခြားသူများ လက်ဦးမသွားစေရေးက ပိုအရေးကြီး၍ ဖြစ် ပါ သည်။ရေအောက်မှ ပိုက်ဆံဆိုသည်က အခြားမဟုတ်ပါ။ သံတိုသံစများပင် ဖြစ် သည်။ ကိုစိုးတင့်ကဲ့သို့ ရေအောက်ကြမ်း ပြင်မှ ပစ္စည်းကောက်ယူရှာဖွေသူများ ကို ပတ်ဝန်းကျင်မှ သူများက ၎င်းတို့ကို ‘ရေစည်ပင်’ဟု ခေါ်ကြသည်။ ကိုစိုးတင့်သည် အသက်သုံးဆယ် အရွယ် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပြီး ဇနီး၊ သားနှင့်သမီးဆိုသည့် သူ အပါအ ဝင် မိသားစုလေးဦးကို လှေတစ်စီးဖြင့် ရန်ကုန်နှင့်ဒလအကြား မြစ်ကြမ်းပြင် အောက်မှ ‘သံ’ ရှာဖွေရောင်းချပြီး ရရှိ သည့်ငွေကြေးဖြင့် ဘဝရပ်တည်နေသူ တစ်ဦးဖြစ်သည်။

သူသည် ဝယ်ယူပြုပြင်ထားသည့် သမ္ဗန်တစ်စီးဖြင့် မနက်၆နာရီလောက် တွင် အိမ်မှထွက်ကာ ရေအောက်တွင် ‘သံ’ ရှာဖွေသည့် အလုပ်ကို စတင်လုပ် ကိုင်သည်။ မနက် ၁ဝ နာရီလောက်ထွက် အိမ်ပြန်လာပြီး ဇနီးသည်ဝယ်ထားသည့် မုန့်ဟင်းခါး၊ အသုတ်တို့ကို အဆာပြေ စားသောက်၊ ပြီးလျှင် တစ်ခေါက် ပြန် ထွက်ကာ ရန်ကုန်နှင့်ဒ လခရီး သည် ပို့သည့်အလုပ်ကို လုပ်သည်။

သူ၏ အဓိကအလုပ်မှာတော့ သမ္ဗန်တစ်စီးဖြင့် ခရီးသည်ပို့ခြင်းထက် မြစ်ကြမ်းပြင်အောက်တွင် ‘သံ’ရှာသည့် အလုပ်ကိုသာ အားထားသည်ဟုဆိုပါ သည်။ ”ဒီအလုပ်က ပိုက်ဆံရလည်းလွယ် တယ်။ ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့ အ လုပ်လည်းဖြစ်တယ်လေ”ဟု သူ့ဘဝကို သူကျေနပ်ဟန်အပြည့်ဖြင့်ဆိုပါသည်။ ယင်းသို့ မြစ်ကြမ်းပြင်ေ အာက်မှ ‘သံ’ ရှာသည့် အလုပ်သည် အများအား ဖြင့် မနက်တစ်ပိုင်းရှာဖွေသည့် ပိုက်ဆံ သည် မိသားစုစားစရိတ်အတွက် တစ် နေ့တစ်ထောင်၊ တစ်ထောင့်ငါးရာခန့်ရ ပြီး ထပ်မံ၍ခရီးသည်ပို့သည့်အခါ တစ် နေ့တာအတွက်တော့ စားစရိတ်မပူရ တော့ဘူးဟု ကိုစိုးတင့်က ပြောသည်။

”တစ်ခါတလေ သင်္ဘောတွေက နေ ပစ္စည်းကျလို့လာခေါ်ရင်လည်းလိုက် ပေးတယ်။ ဒါဆိုရင်တော့ မြိုးမြိုး မြက် မြက်လေးရတာပေါ့”ဟု ဆိုပြီး ထိုသို့ ပိုက်ဆံရရှိလာပါက ကလေးနှစ်ဦးနှင့် ဇနီးသည်တို့ထဲက တစ်ယောက်ယောက် ကိုရွှေဆင်ရန်အတွက် ရွှေဒုန်းရောင်းသည့် သာကေတရှိ ၁ဝဈေးသို့ပြေးသည်ဟုဆို ကာ စားစရိတ်အ တွက်ငွေ အလုံအလောက် ရရှိသည့်နေ့များ ‘သံ’ရှာဖွေမကောင်း သည့်နေ့များတွင် ယင်းရွှေကိုပြန်ရောင်း လိုက်သည်ဟု ရယ်ရွှင်ပြီး ပြောဆိုပုံမှာ အပူအပင်ကင်းပြီး ရိုးသားသည့် သဘော သရုပ်တစ်ခုပင် ဖြစ်နေတော့သည်။

သင်္ဘောများပေါ်မှ ပြုတ်ကျလေ့ ရှိသည့်ပစ္စည်းအများစုမှာ မော်တာ၊ ပန် ကာ၊ တက်မတို့ဖြစ်ပြီးပန်ကာသည် ‘သံ’ ပန်ကာနှင့် ကြေးပန်ကာဟူ၍ ရှိရကား သံပန်ကာ ဆင်း ရှာရသည့်အခါ လေးငါး ရှစ်ထောင်သာရ၍ ကြေးပန်ကာဆင်းရှာ ၍ ဆယ်ယူပေးနိုင်သည့်အခါ တစ်သိန်း နီးပါးရသည်ဟု ‘ကိုစိုးတင့်’က သူ အလုပ်အကြောင်း တက်ကြွစွာပင်ရှင်း ပြပါသည်။

ယင်းသို့ ပစ္စည်းဆင်းရှာဖွေပေးရ သည့်အခါ ပစ္စည်းတွေ့ပြီး ဆယ်ယူပေး နိုင်မှ ငွေကြေးရသည့်အခါရှိသကဲ့သို့ ရေထဲဆင်းပေးရုံဖြင့် ပစ္စည်းတွေ့သည် ဖြစ်စေ၊ မတွေ့ သည်ဖြစ်စေ လုပ်အားခ ပေးသူများလည်းရှိကြောင်း သိရသည်။ နေ့စဉ် စားဝတ်နေရေးအတွက် သာရှာနိုင်ပြီး နေစရာအတွက်မူ ဒေါပုံ ရှိ ကျူးကျော်မြေနေရာ၌ မိသား စုလေး ယောက်နေရုံအကျယ်တွင် အိမ်သေး သေးတစ်လုံးဆောက်ထားသည်။ တစ် ခါတစ်ရံ ရေနှင့်မျောလာသည့် သစ် များ အိမ်တွင်းထည့်အသုံးပြုနိုင်သည့် ပစ္စည်းများ ကို ကောက်ကာ တဖြည်း ဖြည်း အိမ်ကို ဖြည့်သွားရသည်။

ရပ်ကွက်လူကြီးမှာလည်း ထိုသို့ မိမိ၏ ကျူးကျော်အိမ်ကလေးအပေါ် ဘာမှတစ်စုံတစ်ရာပြောခြင်းမရှိဘဲ ဧည့် စာရင်းဖြင့် နေထိုင်ခွင့်ပေးထားသည်။ သူတို့ကဲ့ သို့ငွေကြေး မရှိသူများ၊ ရေအောက်မှ ကောက်ယူရှာဖွေနေရသည့်သူများကို တစ်ခါတစ်ရံ ပစ္စည်းပျောက်စွပ်စွဲသည့် အခါ ရပ်ကွက်နေသူများက သူတို့ဘက် မှလိုက်ပေးသည်ဟု ကိုစိုး တင့်က ရပ်ကွက် တွင်း နေထိုင်ရပုံကို ရှင်းပြပါသည်။တချို့လည်း ရေအောက်ကပစ္စည်း ရှာဖွေရင်းနဲ့ ပတ်ဝန်းကျင်က ပစ္စည်း ပျောက်တာတွေ ဘာတွေရှိတာပေါ့။ ကျွန်တော်တို့ကတော့ ဒီလိုတစ်ခါမှ မ လုပ်ဘူး။ ဒါ့ကြောင့်လဲ ပစ္စည်းတွေ၊ ဘာ တွေကျရင် ကျွန်တော့်ကိုလာခေါ်တဲ့ ဖောက်သည်တွေတောင် ရှိပါတယ်”ဟု ရိုးသား မှုကြောင့် ပြန်လည်ရရှိသည့် အလုပ်အပေါ် ဂုဏ်ယူစွာဆိုသည်။

ဦးစိုးတင့်၏ ဖခင်သည် သမ္ဗန် သမားကြီးတစ်ဦးဖြစ်သောကြောင့် သူ ငယ်စဉ်ကပင် ဖခင်နောက်လိုက်ကာ ကျောင်းလည်း နှစ်တန်းအထိသာ တက် ခဲ့ပြီး ဖခင်ဘေးမှ ကူ ညီပေးခဲ့ရသူဖြစ် သည်။ ထိုမှစတင်ကာ ရေနှင့်လှေ အကျွမ်း တဝင်ရှိခဲ့ပြီး မြစ်ကြမ်းပြင်သည်လည်း မစိမ်းသော ဖွားဖက်တော်တစ်ဦးအဖြစ် ကြီးပြင်လာခဲ့သူပင်ဖြစ် သည်။ ထို့အ တွက်ကြောင့် ”ကျွမ်းကျင်ရာလိမ္မာ”ဖြစ် ကာ အောက်ဆီဂျင်မပါ မိမိအသက်အ တွက် တခြားအထောက်အကူပြုပစ္စည်း တစ်စုံတစ်ရာမပါ ဘဲ ရေငုပ်ခြင်း ကို ကြောက် စရာတစ်ခုအဖြစ် မသတ်မှတ် ဟု ပြောသည်။

ကိုစိုးတင့်သည် ယင်းသို့ ‘သံ’ရှာ ဖွေသည့် အလုပ်ကို သူ့အလုပ်စတင် လုပ်ကိုင်နိုင်သည့် အရွယ်ကပင်စတင်ပြီး လုပ်ခဲ့ခြင်းဖြစ်သည်ဟု သူနှင့် မြစ်ကြမ်း ပြင်အောက်မှ သံရှာဖွေခြင်း ရင်းနှီး ကျွမ်းဝင်ပုံကို ရှင်းပြသည်။ ယခုဆိုလျှင် ရေထဲ ဆင်းပါများလာသည့်အတွက် နားသိပ်မကောင်းဟု ကျန်းမာသော ကိုယ်ခန္ဓာရှိပြီး ကြေး နီရောင်ေ ပါက်နေ သည့် အသားအရည်နှင့် ကိုစိုးတင့်က တော်ရုံ ခေါ်ပြောသည့်အသံနှင့် သူ့နားက မကြားဟု ဆိုသည်။

ကိုစိုးတင့်၏ ဇနီးသည် မငယ်က ”သူက ကလေးတွေကိုတော့ ပညာတတ် သိပ်ဖြစ်စေချင်တယ်။ ကလေးတွေ ကျောင်းမသွားရင် မင်းတို့တွေ ကျောင်း မတက်ကြဘူး လား ဆိုပြီး အော်ရော၊ တခြားတော့ဘာမှ မပြောဘူး”ဟု ကိုစိုး တင့်မှ ကလေးများအပေါ်ထားရှိသည့် မေတ္တာနှင့် သူကဲ့သို့ ပင်ပန်းစွာလုပ်ကိုင် ရှာဖွေခြင်းမျိုးမဖြစ်စေချင်၍ ပညာ တတ် ဖြစ်စေချင်ပုံကို ရှင်းပြပါသည်။ကိုစိုးတင့်ကဲ့သို့ သံရှာဖွေသူများ သည် များသောအားဖြင့်အဏ္ဏဝါငါးလုပ် ငန်းအနီးရှိ ရေအောက်တွင် ရှာဖွေကြသူ ကများသည်။ ယင်းနေရာသည် အဏ္ဏဝါ ငါးလုပ်ငန်းနှင့် သင်္ဘောများပြုပြင်သည့် အခါ အသုံးမလိုတော့သည့် သံထည် များကို နီးစပ်ရာရေအောက်သို့ လွှင့်ပစ် တတ်ပြီး သံရှာသူများ လာရောက် ကောက် ယူခြင်းကိုလည်း ခွင့်ပြုပေးထားသည်။

”အတိုအစဆိုတော့ သူတို့လည်း ရောင်းမစားဘူး။ ကျွန်တော်တို့က အဲ့ဒီ ပစ္စည်းလေး ပေးပါလားဆိုရင်လည်း မ ပေးဘူး။ ရေထဲပစ်ချတယ်။ ရရင်တော့ ယူသွား။ သူဌေးကို က မပေးခိုင်းတာ။ သူတို့လည်း ရောင်းမစားဘူး။ အကျင့် ပျက်သွားမှာစိုးလို့ ရေထဲပစ်ချတော့ အဲ ဒီနားမှာရေငုပ်ပြီး သံရှာတဲ့သူတွေ အများ ကြီး”ဟု သံရှာဖွေသူတစ်ဦးက ဆိုသည်။ရေအောက်မှ သံရှာသူများသည် ရေထဲသို့ မဆင်းဘဲ လှေပေါ်မှ သံချွန် ဖြင့်ထိုး၍ ရှာသူများလည်း ရှိသည်ဟု ကိုစိုးတင့်က ပြောသည်။ ၎င်းတို့သည် သံချွန်ထိပ်ကိုကြည့်ကာ ရေအောက်ရှိ ပစ္စည်းသည် ဒန်လား၊ သံလား၊ ကြေး လားဆိုသည်ကို သိနိုင်သည်ဟုဆိုသည်။ သံချွန်ဖြင့်ရေအောက်ရှိ ပစ္စည်း၏ အ ကြီးအသေး၊ အမျိုးအစားကိုလည်း ခန့် မှန်းနိုင်ကြသည်။ သံပြား ဖြစ်နိုင်လား၊ ဟိုတုန်းက သင်္ဘောပျက်ဖြစ်နိုင်လား ကိုလည်း ခန့်မှန်းတတ်ကြသည်။

တစ်ခါတစ်ရံ သံရှာရန်အတွက် ရေအောက် မဆင်းချင်သည့်အခါများ တွင် သံလိုက်နှင့်ပစ်၍ ရှာသူများလည်း ရှိသည်ဟုသိရသည်။ ရရှိသည့်သံထည် များ ကိုပြန်ရောင်း သည့်အခါ တစ်ပိဿာ လျှင် ကျပ် ၄ဝဝ ခန့်ရရှိကြသည်။ ”ကျွန်တော်ကတော့ သုံးလေး ပိဿာလောက် အနည်းဆုံးရအောင် ရှာတယ်။ ဒီထက်ပိုရ တဲ့နေ့တွေလည်း ရှိတော့ရှိပါတယ်”ဟု သူ၏ တစ်နေ့တာ လုပ်အားကို ကိုစိုးတင့်ကပြောပြသည်။

ယင်းသို့ သံရှာခြင်း ပစ္စည်းရှာဖွေ ခြင်းများအပြင် လှေအတက်အဆင်း၌ ဖုန်းပြုတ်ကျပါကလည်း ပြုတ်ကျ သည့် နေရာအတိအကျပြောနို င်ပါက တွေ့ အောင် ရှာဖွေေ ပးနိုင်ပြီး ရှာပေးသည့် အတွက် အခကြေးငွေကိုမူ သတ်မှတ် ထားကြခြင်းမရှိဘဲ ဖုန်းကျသူမှ ပေး သော ငွေကြေးကိုသာ ယူကြသည်ဟု သိရသည်။ရေအောက်တွင် ကိုစိုး တင့်ကဲ့သို့ အသက်အတွက် အထောက်အကူပြု ပစ္စည်း တစ်စုံတစ်ရာ မပါဘဲ ရေငုပ်ရှာ ဖွေသူများရှိသကဲ့သို့ အောက်ဆီဂျင်တပ် ၍ ပစ္စည်းရှာသူများလည်းရှိကြသည်။

တစ်နေ့တာလုံး ပင်ပန်းစွာ ရေ အောက်တွင် ရှာဖွေလုပ်ကိုင်ကြသော သူများ အတွက်တော့ တစ်နေ့တာကို မည်သို့အပန်းဖြေကြသည်မသိ။ ကိုစိုး တင့်ကတော့ တစ်နေ့ လျှင် လက်ဖက် ရည် သုံးခွက်လောက်တော့ အနည်းဆုံး သောက်သည်။ ညရောက်လျှင်သားသမီး နှင့် ဇနီးသည်လက်ကိုဆွဲကာ ရပ်ကွက်ရှိ လက်ဖက်ရည် ဆိုင် တွင် လေးငါးရာဖိုးမှာ ယူစားသောက်၍ ယင်းဆိုင်မှ ပြသည့် ဗီဒီယိုတစ်ခွေပြီးအောင်ကြည့်သည်။ ပြီးလျှင် အိမ်ပြန် အိပ်ပြီး မနက်လှေဖြင့် သံရှာရန် ထွက်ပါသည်။

ဒီနေ့ အဖို့တော့ ကိုစိုးတင့် တစ် ယောက်ဝင်ငွေကောင်းသည်။ သံရှာဖွေ ရာတွင်လည်းငါးပိဿာရပြီး ခရီးသည် တစ်ယောက်မှ လှေအတက်အဆင်းတွင် ဖုန်းပြုတ် ကျသွားသောကြောင့် သူဆင်း ဆယ်ပေးရာ မုန့်ဖိုးတစ်သောင်းရလိုက် သည်ဟု ရွှင်လန်းတက်ကြွနေဟန်ဖြင့် ရှင်းပြပါသည်။ ထို့နောက် ကိုစိုးတင့်သည် စားပွဲ ထိုးလေး လာချပေးသော နွားနို့နှင့် မုန့် ကို ဇနီးနှင့် ကလေးများဘက်တိုးပေးရင်း လက်ဖက်ရည်ကိုတော့ နှစ်ခြိုက်စွာမော့ သောက်နေတော့သည်။ ပြီးလျှင် သူ ပြော လိုက်သော စကားမှာ ”သားသမီး တွေကိုတော့ ဆရာဝန်ကြီး၊ အင်ဂျင်နီ ယာကြီးဆိုပြီးဖြစ်ရမယ်ဆိုပြီး အများ ကြီး မျှော်လင့်မထားဘူး။ ဒါပေမဲ့ သူ တို့ကို ကျောင်း သွားခိုင်းတာက ကိုယ့် လိုမျိုး စားဝတ်နေရေးအတွက် ပင်ပင် ပန်းပန်းမရှာဖွေစေချင်ဘူး” ဟု ဘေး နားရှိ သားနှင့် သမီးခေါင်းကို ပွတ်သပ် ရင်း ကိုစိုးတင့် ဆိုလိုက်သည်။

အိမ်စည်စိုးစံ၊ ခိုင်နွယ်ဦး
Popular Journal

မိုးကုတ်တွင် ရွှေဆိုင် ၂ ခု ဓားပြတိုက်ခံရမှု ၁ ဦးသေဆုံး

ဓားပြတိုက်ခံရသော မိုးကုတ်ရွှေဆိုင် (ဓာတ်ပုံ – ပြန်ကြားရေး ၀န်ကြီးဌာန)

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပတ္တမြားဈေးတွင် ဖွင့်လှစ်ထားသောရွှေဆိုင် ၂ ခုကို  လူ ၁၀ ဦးခန့်က အနုကြမ်းစီး ၀င်ရောက်လုယက် ဓါးပြတိုက်မှုတခု ယနေ့ နေ့လည် ၂ နာရီခန့်ကဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် လူ တဦးသေဆုံးသွားကြောင်း မိုးကုတ်မြို့ မြို့မရဲစခန်းက ပြောသည်။

မိုးကုတ်မြို့ရှိ မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင်ကို  ယနေ့ နေ့လည် ၂ နာရီ ၀န်းကျင်တွင် မျက်နှာဖုံး အမည်းများ ၀တ်ဆင်ထားသော ခန့်မှန်း လူ ၁၀ ဦးခန့် ရှိသော လူတစုက  ဓားပြတိုက်ခဲ့ပြီး လက်ဝတ်ရတနာများကို လုယူခဲ့ကြောင်း၊ ဓားပြတိုက်ပြီးနောက် ဆိုင်ထဲမှ ပြန်အထွက် ပါလာသော သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ လမ်းတဖက်ခြမ်းရှိ မှန်ဆိုင်မှ ဂေါ်ရခါးအမျိုးသားတဦးနှင့် အခြားသူ တဦးကို သေနတ်ထိမှန်ခဲ့ကြောင်း၊ သေနတ်ထိမှန်သွားသော ဂေါ်ရခါး အမျိုးသား သည် ဆေးရုံသို့ အရောက်တွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း မိုးကုတ်မြို့ခံ မနန်းက ဧရာဝတီသို့ ပြောသည်။

“လုတဲ့ လူတစုက မျက်နှာဖုံး အမည်းတွေ ၀တ်ထားတယ်။ ရွှေဆိုင်က မှန်တွေကို ရိုက်ခွဲပြီး ပစ္စည်းတွေ ယူသွားတာ။ ဓါးပြတိုက်မှန်း သိလို့ လူရုတ်ရုတ် ဖြစ်တော့ ရမ်းပစ်တာ လူတွေ ထိကုန်တယ်။ ရဲကတော့ ဖြစ်ပြီးမှ ရောက်လာတာ”ဟု  မနန်းက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနကမူ မိုးကုတ်မြို့၊ ပတ္တမြားဈေးရှိ မီလီယံရွှေဆိုင်နှင့် နဂါးရွှေဆိုင်တို့အား ယနေ့မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင် ဓါးပြတိုက်မှု တခု ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့နေ့လည် ၁၃း၄၅ အချိန်ခန့်တွင် မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့အားလုယက်မှု တချိန် တည်းဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်မှာဓါးပြ ၇ ဦး ခန့်က သေနတ် ၂လက်ဖြင့် ရွှေဆိုင် ၂ ဆိုင် ကို တပြိုင်နက် တည်း ၀င်ရောက်လုယက်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် သေနတ်ဖြင့် ပစ်ခတ်ရာဦးဒမ်းဗဟာဒူုး (၅၃) နှစ် နှင့် မောင်ပြည့်ကျော် (၂၆) နှစ်တို့ မှာဒဏ်ရာများရရှိခဲ့ပြီးဦးဒမ်းဗဟာဒူး သည် ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း၊ နဂါးရွှေဆိုင်မှ ရွှေပိဿာချိန် ၄ ပိဿာနှင့် အပေါင် ခံပစ္စည်းငွေကျပ် သိန်း ၅၀၀ ဖိုး၊ မီလျံရွှေဆိုင်မှ ရွှေ ၂ ပိဿာတို့ကိုလုယက်ပြီး CZI ဆိုင်ကယ် ၃ စီးဖြင့် သေနတ်ပစ်ဖောက် ထွက်ပြေးသွားသည်ဟု သတင်းထုတ်ပြန်သည်။

Irrawaddy ဧရာဝတီ သတင်း

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၉)


မေး။    ။ ကျွန်တော်က လိင်တူဆက်ဆံသူပါ...ကျွန်တော်အမြဲတမ်း ကွန်ဒုံးသုံးပါတယ်။ လွန်ခဲ့တဲ့ သုံးလကျော်လောက်က ကျွန်တော့်စအို တစ်ဝိုက်မှာ အဖုလေးတွေ ပဲစေ့လောက် (အကြီးဆုံး) ဖြစ်လာပါတယ်။ HIV နဲ့ ကာလသား စစ်ကြည့်တော့လဲ မရှိဘူးလို့ အဖြေထွက်ပါတယ်။ အခု သုံးလကျော်ပြီးတော့ HIV ထပ်စစ်တော့ မရှိဘူးပဲ အဖြေထွက်ပါတယ်။ ကာလသားမှာ HIV လို window period ရှိပါသလား။ နောက်တစ်ခေါက် ထပ်စစ်တော့ ကာလသား မစစ်ဖြစ်ခဲ့ပါဘူး။ အဲလို အဖုလေးတွေ မဖြစ်ခင်က ကျွန်တော်စအိုမှာ ယားယံတာမျိုးဖြစ်ပြီး အနံ့ တစ်ခုပါတဲ့ အချွဲလိုမျိုး ထွက်ပါတယ် အများကြီးမဟုတ်ပါဘူး။

ယားယံလို့ လက်နဲ့ ပွတ်လိုက်မှ သိတာမျိုးပါ။ အဲနောက်မှ အဲလိုမဖြစ်တော့ဘဲ အဖုလေးတွေ ဖြစ်လာတာပါ။ ဘယ်သူ့ ကိုမေးရမှန်းလဲ မသိပါဘူး။ ငွေကြေး ကုန်ကျမှုကိုလဲ သိပ်မတတ်နိုင်လို့ပါ။ ဘယ်လိုလုပ်ရင် ပျောက် ကင်းနိုင်မလဲ ဖြေကြားပေးပါ။ အသိ ဆရာဝန် အစ်ကိုတစ်ယောက်ကို မေးကြည့်တော့သူက အရေပြားအထူးကုကို မေးမှ အဆင်ပြေမယ်လို့ပဲ ပြောပါတယ်။ ကာလသား လိုရောဂါတွေဖြစ်ရင် ဖြစ်တတ် တယ်လို့ ပြောပေမယ့် ကျွန်တော့်မှာ မရှိဘူးလို့ ပြထားတော့ ဘာဖြစ်တာလဲ သိလိုပါတယ်။ ရိုင်းသွားရင် ခွင့်လွှတ်ပေးပါ။ အမြန်ဆုံး ဖြေကြားပေးဖို့ မျှော်လင့်ပါတယ်။

ဖြေ။    ။ အခုပြောပြပုံအရဆိုရင် လိင်အင်္ဂါကြွက်နို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မမြင်ရတဲ့ အတွက် အတိအကျတော့ မပြောနိုင်ပါဘူး။

ကာလသားရောဂါဆိုတာ လိင်ဆက်ဆံတာကနေကူးတဲ့ ရောဂါအားလုံးကို ခေါ်တာပါ။ ရောဂါပေါင်း အမျိုး ၄၀ ကျော် ရှိပါတယ်။ အဖြစ်များတာတွေကတော့ -
၁) ဆစ်ဖလစ်
၂)ဂနို (ဆီးပူညောင်းကျ)
၃) လိင်အင်္ဂါကြွက်နို့
၎)လိင်အင်္ဂါရေယုံ
၅) ဘင် အကြိတ်ထွက်ခြင်း
၆) ကလိုက်ဒီးယား ဆီးပူညောင်းကျ
၇) ဖာကြိုးနာ ခေါ် လိင်အင်္ဂါ အနာ
၈) အသည်းရာင်အသားဝါ ဘီ
၉)အသည်းရောင် အသားဝါ စီ
၁၀) အိတ်ခ်ျအိုင်ဗွီ.... စတာတွေ ဖြစ်ပါတယ်။

ဒီရောဂါတွေမှာ ဘက်တီးယီးရား ပိုးတွေကြောင့် ဖြစ်တဲ့ နံပါတ် ၁၊ ၂၊ ၇ နဲ့ ကပ်ပါးကြောင့် ဖြစ်တဲ့ ၆ တို့ကို အမြစ်ပြတ်အောင် ကုနိုင်ပါတယ်။ ဓာတ်ခွဲခန်းမှာ ရှာဖွေနိုင်ပါတယ်။ ဒါကို မြန်မာပြည်မှာ အလွယ်ပဲ ကာလသားရောဂါ စစ်တယ်ပဲ ပြောပါတယ်။ တကယ်တော့ ဘက်တီးရီယားကိုပဲ စစ်တာပါ။ ဗိုင်းရပ်စ်ပိုးတွေ မပါသေးပါဘူး။ ဗိုင်းရပ်စ်ပိုးတွေဖြစ်တဲ့ နံပါတ် ၈၊၉၊ ၁၀ ကို မြန်မာနိုင်ငံမှာ စစ်လို့ ရပေမယ့် နံပါတ် ၃၊ ၄ ကို မြန်မာနိုင်ငံက ဓာတ်ခွဲခန်းမှာ စစ်လို့မရပါဘူး။

ဒီတော့ လိင်အင်္ဂါကြွက်နို့ကို စစ်လို့ မရပါဘူး။ အရေတွေထွက်တယ် အဖုလေးတွေ အကြီး အသေး ဖြစ်နေတာက ကြွက်နို့ရဲ့ လက္ခဏာပါ။ ဒါက လိင်ဆက်ဆံမှ မဟုတ်ပါဘူး။ တခြားလူဆီက ကြွက်နို့ကထွက်တဲ့ အဲဒီအရည်ချွဲချွဲကို ကိုင်မိရင်တောင် ကူးစက်နိုင်ပါတယ်။ ဒီအဖုတွေက ထွက်တဲ့ အရည်တွေကို လက်နဲ့ မထိပါစေနဲ့။ သူများကို ကူးတတ်သလို ကိုယ်ခန္ဓာ တခြားနေရာတွေကိုလည်း ကူးစက်တတ်ပါတယ်။ အထူးသဖြင့် လိင်တံ၊ ကပ်ပယ်အိတ်၊ ပေါင်ခြံတွေကို ကူးစက်တတ်ပါတယ်။

လုပ်ရမှာက ကာလသားရောဂါ အထူးကု သို့မဟုတ် အရေပြား ဆရာဝန်နဲ့ ပြပါ။ ရန်ကုန်မှာဆိုရင်တော့ အန်ဂျီအိုဆေးခန်းတွေမှာ ပြသလို့ရပါတယ် ဥပမာ- PSI, MDM စတဲ့ ဆေးခန်းတွေမှာ လိင်တူဆက်ဆံသူတွေ အတွက် အထူး ၀န်ဆောင်မှုပေးပါတယ်။ HIM Website မှာ ဆေးခန်းတွေရဲ့ လိပ်စာတွေကို ရယူနိုင်ပါတယ်။

မှာလိုတာက ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံရင် ပါးစပ်ကို အသုံးမပြုပါနဲ့။ ဒီကြွက်နို့တွေက လည်ချောင်း၊ စအိုလမ်းကြောင်းတွေ ထဲမှာပါ ပေါက်တတ်ပါတယ်။ ကိုယ့်ရဲ့ လိင်ဆက်ဆံဘက်ကို မကူးမိအောင် သတိပြုပါ။ ကုသဖို့ အတွက် ဒီကြွက်နို့ကို သက်သာအောင်တော့ လုပ်လို့ရပါတယ်။ လုံးဝပျောက်အောင်တော့ ကုသလို့မရသေးပါဘူး။ ဒီကြွက်နို့တွေက စိတ်ဖိစီးမှုများရင်၊ အလုပ်ပင်ပန်းရင် ပိုထတတ်ပါတယ်။ ခုခံအားကောင်းအောင်နေပါ၊ အနားယူပါ။

မေးလိုတာရှိလည်း HIM ထပ်ကို မေးနိုင်ပါတယ်။

လမင်းကို
HIV Information for Myanmar

ပုသိမ်တွင် ကလေးစစ်သားတဦး တပ်ပြေးမှုဖြင့် ထောင် ၁ နှစ် ချမှတ်ခံရ

ကလေးစစ်သားနှင့် ပတ်သက်သည့် အသိပေး ဆိုင်းဘုတ်တခုကို ပုသိမ်မြို့ ကမ်းနားလမ်းတွင် ဤသို့ စိုက်ထူထားသည် (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) က သက်ဆိုင်ရာနှင့် ညှိနိုင်း ကာကွယ် ပေးထားသည့် ဧရာဝတီတိုင်း ပုသိမ်မြို့မှ ကလေးစစ်သား တဦးကို တပ်မတော် အာဏာပိုင်များက တပ်ပြေးမှုဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ လျှပ်စစ်နှင့် အင်ဂျင်နီယာ တပ်ရင်း အမှတ် (၉) က ထို ကလေး စစ်သားကို တပ်ပြေးမှုဖြင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ပုသိမ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

အသက်မပြည့်မီ စစ်တပ်ထဲဝင်ခဲ့သည့် အဆိုပါ ကလေးစစ်သား မောင်ရဲမြတ်ဦးမှာ ILO က Protection Letter (ကာကွယ်စာ) ထုတ်ပေးထားသူတဦး ဖြစ်သော်လည်း ၎င်းကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်း ဖမ်းဆီးပြီးနောက် စစ်ခုံရုံးတွင် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) ခေါင်းဆောင် ကိုမြင့်နိုင်က ဧရာဝတီသို့ ပြော သည်။

“ILO ရုံးက Protection Letter ထုတ်ပေး ထားတယ်။ အဲဒီစာကို စစ်တပ်၊ ရဲစခန်း၊ ရပ်ကွက် ရုံးတွေ အကုန်လုံး ကမ်းပြီးသား။ ဒါပေ မယ့် ကောင်လေး အဖမ်းခံရပြီး တပ်ပြေးမှုနဲ့ ထောင် ၁ နှစ် ကျသွားတယ်”ဟု သူက ပြောဆိုသည်။

ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့၌ ILO ၏ ကာကွယ်စာဖြင့် အလုပ်လုပ်နေသူ မောင်ရဲမြတ်ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယပတ် အတွင်းက စစ်တပ်နှင့် နယ်မြေခံ ရဲစခန်းတို့ ပူးပေါင်း ဖမ်းဆီးခဲ့ပြီး ယခုလ ၇ ရက်နေ့တွင် တပ်ပြေးမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ရာ လက်ရှိတွင် မောင်ရဲမြတ်ဦးမှာ ပုသိမ်ထောင်၌ အကျဉ်းကျခံနေရသည်။

မောင်ရဲမြတ်ဦးနှင့် တရပ်ကွက်တည်းသား ဖြစ်သည့် ဒေသခံတဦးက “ကောင်လေးက အဖေရော၊ အမေရော ဆုံးသွားပြီ။ ညီအစ်ကို ၂ ယောက်တည်းပဲ ရှိတယ်။ နေတာက ဦးလေးအိမ်မှာ နေရတယ်။ နေရတာ အဆင်မပြေတော့ တပ်ထဲကို ဝင်သွားတာ။ အခု သူ့ညီလေးက ထောင်ဝင်စာ သွားတွေ့ နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မောင်ရဲမြတ်ဦးအား ဖမ်းဆီးပြီး တပ်ထဲ၌ အချုပ်ချထားစဉ်ကလည်း HRWDN မှ ဦးထွန်းထွန်းဦးနှင့် ဦးထွန်းရွှေတို့ တပ်ထဲသို့ လိုက်သွားပြီး တပ်မှအရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ဒီကလေးက မနှစ်ကလည်း တပ်ထဲက ထွက်ပြေးဖူးတယ်။ အဲဒီတုန်းကတည်းက စစ်ပြေး ကြေညာထားတယ်တဲ့”ဟု ဦးထွန်းရွှေက ပြောသည်။

ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ငဝန်ကျွန်းသာ ၁ လမ်းနေ မောင်ရဲမြတ်ဦးမှာ ၁၉၉၂ ခုနှစ်တွင် မွေးဖွားသူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ၂၀၀၉ ခုနှစ်က တပ်မတော်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၇ ရက်စွဲဖြင့် ILO ရုံးက ထုတ်ပေးထားသည့် ကာကွယ်စာတွင် “မောင်ရဲမြတ်ဦးမှာ အသက် မပြည့်မီ တပ်မတော်သို့ စုဆောင်းခံရမှုကို တိုင်တန်းထားကြောင်း၊ ယင်းတိုင်ကြားမှုကို မြန်မာအစိုးရနှင့် ILO ဌာနတို့မှ ၎င်းအား စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း”ရေးသားထားသည်။

တပ်မတော်သို့ စုဆောင်းခံရပြီးမှ စစ်ပြေးမှုဖြင့် စွပ်စွဲ ခံနေရမှုအပေါ် အကြောင်းပြု၍ စုံစမ်းစစ်ဆေးဆဲ ကာလအတွင်း ကာယကံရှင် မောင်ရဲမြတ်ဦးကို သော်လည်းကောင်း၊ မိသားစုဝင်များကို သော်လည်းကောင်း နှောင့်ယှက် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း မပြုလုပ်ရန် ဥပဒေအရ ပြဌာန်းထားကြောင်း ILO ရုံး၏စာတွင် ဖော်ပြထားသည်။

အထက်ဖော်ပြ သကဲ့သို့ တနည်းနည်းဖြင့် အရေးယူမှု ပြုလုပ်လာပါက ကျူးလွန်သူအား ဥပဒေကြောင်းအရ အရေးယူသွားမည် ဖြစ် ကြောင်း ဖော်ပြထားပြီး ILO ရုံးမှ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိဗ် မာရှယ်က လက်မှတ် ရေးထိုးထားသည်။

၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်မှ စတင်ကာ  မြန်မာအစိုးရနှင့် ကုလသမဂ္ဂ တို့အကြား ကလေးစစ်သား ပပျောက်ရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အသက်မပြည့်ဘဲ စစ်မှုထမ်းနေရသည့် ကလေးစစ်သားများကို သိရှိ၍ ဆက်သွယ်လာပါက ပြန်ထုတ်ပေးမည် ဖြစ်ကြောင်း အစိုးရ ပိုင် တီဗီ၊ ရေဒီယို၊သတင်းစာများ၊ စစ်တပ်ပိုင် မြဝတီရုပ်သံနှင့် သတင်းစာတို့တွင် တပ်မတော်က ကြေညာ ပြောဆိုထားသော်လည်း လက်တွေ့တွင် အပြောနှင့်အလုပ် ကွဲလွဲနေကြောင်း HRWDN အဖွဲ့က ဝေဖန်ထောက်ပြသည်။

“အသက်မပြည့်ရင် စစ်မှုမထမ်းစေရဘူးဆိုတာ အစိုးရနဲ့ ILO နဲ့လည်း သဘောတူ လက်မှတ် ထိုးပြီးသား။ အဲဒါကို အမှန်တကယ် အသက်မပြည့်ဘဲ တပ်ထဲရောက်ထားတဲ့ ကလေးကို ပြန်ထုတ်ဖို့အရေးကို ကလေးပါ ထောင်ကျတယ် ဆိုတော့ ပြောတာနဲ့လုပ်တာ က တလွဲစီ ဖြစ်နေတယ်လို့ပဲ မြင်တယ်”ဟု ဦးထွန်းရွှေက ပြောသည်။

ပုသိမ်အခြေစိုက် HRWDN အဖွဲ့သည် ၄ နှစ်တာ ကာလအတွင်း ကလေးစစ်သားပေါင်း ၃၀ ကျော်ကို တပ်မတော် အတွင်းမှ ပြန် ထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိတွင်လည်း ကလေးစစ်သား ၈ ဦး ကို ILO ရုံးနှင့်ချိတ်ဆက်၍ ကာကွယ်စာ ရရှိအောင် ကူညီပေးထားကြောင်း သိရသည်။

အစိုးရ စစ်တပ်များအတွင်း စစ်မှုထမ်းနေရသည့် ကလေးစစ်သား ၉၆ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံသည့် ပွဲတခုကိုလည်း  ယခုလ ၁၈ ရက်က ရန်ကုန်မြို့၊ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုစခန်းတွင် ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ ပြန်လည် အပ်နှံခြင်းမှာ ၅ ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်မှ စတင်၍ ယခုချိန်ထိ ကလေးစစ်သား စုစုပေါင်း ၂၇၂ ဦး ပြန်လည် လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သား အဓိက စုဆောင်းခံရဆုံး နေရာများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် မကွေးတိုင်းတို့ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်း မြို့နယ်ပေါင်း ၁၅၇ မြို့နယ်တွင် လူ့အခွင့်အရေး ကိစ္စများ ကိုင်တွယ် ဆောင်ရွက် နေ သည့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်သူများ ကွန်ရက်(HRDP)မှ သိရသည်။
ဧရာဝတီ

မသန်စွမ်းကစားသမားများ ရေရှည် အောင်မြင်မှုရရေး အစိုးရက ပံ့ပိုးရန်လို


မသန်စွမ်းအားကစားသမားတွေ ရေရှည်မှာ အောင်မြင်မှုတွေ ရရှိဖို့ ပြိုင်ပွဲတွေ ရှိမှ ခေါ်ယူ အသုံးပြုတာမျိုးမဟုတ်ဘဲ အစိုးရအနေနဲ့ ဖိဖိစီးစီး ပံ့ပိုးကူညီ လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

ကျင်းပ ပြီးစီးခဲ့တဲ့ မသန်စွမ်းသူတွေရဲ့ ပါရာဂိမ်းပြိုင်ပွဲမှာ အိမ်ရှင်မြန်မာအသင်းက အဆင့် ၅ နေရာသာ ရရှိခဲ့ပါတယ်။

မသန်စွမ်းကစားသမားတွေ စွမ်းဆောင်ရှင်တွေအဖြစ် ဂုဏ်ယူနိုင်ဖို့ အစိုးရအနေနဲ့ စီမံကိန်းတွေထားပြီး ဆောင်ရွက်ပေးသင့်တယ်လို့ ပေါ်ပြူလာဂျာနယ်နဲ့ ပေါ်ပြူလာနယူးဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) က ပြောပါတယ်။

“လိုအပ်ချက်တွေက အခုအချိန်မှာ ဘယ်သူ့ကိုမှ လက်ညှိုးထိုး မနေသင့်တော့ဘဲ ကျနော်တို့နိုင်ငံမှာ တဖက်သားကို အားပေးတတ်တဲ့၊ စာနာနားလည်တတ်တဲ့ စိတ်ဓာတ်ကောင်း မသန်စွမ်းကြသေးတာကို အမြန် ပြင်ဆင်ပြီး သန်စွမ်းအောင် စိတ်လေ့ကျင့်ခန်းများများလုပ် ကုစားကုသကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတော်ပိုင်းက ဘယ်အစိုးရတက်တက် အခုလို ပွဲရှိမှ အသုံးချတာမျိုး မဟုတ်ဘဲ အမြဲ အသုံးဝင်၊ လောကကို တထောင့်တနေရာက အလှဆင်နိုင်ကြတဲ့ မသန်စွမ်းတွေ ဖြစ်အောင် ဂုဏ်ဖော်ပေးနိုင်ဖို့ ဘ၀အကြောင်း မသင့်လို့ မသန်စွမ်းဘ၀ ဖြစ်ရပေမယ့် အားမငယ်ရသူ စွမ်းဆောင်ရှင်တွေအဖြစ် ဂုဏ်ယူနိုင်ဖို့ စီမံကိန်းတွေထားပြီး ဆောင်ရွက်ပေးသင့်ပါတယ်။”

အကြားအာရုံ မသန်စွမ်းသူ ဦးနိုင်လင်းက “အစိုးရက အသိအမှတ်ပြုမှုနဲ့ ထောက်ပံ့ပေးမှုတွေ အကာအကွယ် ပေးမှုတွေကိုလည်း ဖြည့်ဆည်းပေးနိုင်မှု မရှိသေးတာရယ်၊ မသန်စွမ်းသူတွေရဲ့ တကယ်ဘ၀ ဖြတ်သန်းမှုနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲ၊ မသန်စွမ်းသူတွေမှာ ရှိနေတဲ့ အရည်အချင်းတွေကို ထုတ်ပြနိုင်မယ့်အခွင့်အလမ်းတွေလည်း နည်းပါးနေတာ ရယ်ကြောင့် လူစိတ်ဝင်စားမှု နည်းတာလို့ ယူဆပါတယ်။ တကယ်လို့ အစိုးရက ဖိဖိစီးစီးနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးမယ်ဆိုရင်တော့ မသန်စွမ်းအားကစားပြိုင်ပွဲတွေသာမကဘဲ မသန်စွမ်းသူတွေရဲ့ ဘ၀တွေကိုပါ လူတွေ ပိုပြီး စိတ်ဝင်စားလာပါလိမ့်မယ်” လို့ ပြောပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူ ဗိုလ်ကြီးဟောင်းတဦးကတော့ အစိုးရမှာ မသန်စွမ်းတွေအတွက် ရည်ရွယ်ချက်ရှိပုံမရဘူးလို့ ပြောပါတယ်။

“ပြိုင်ပွဲကတော့ တင်ဆက်ပုံ၊ အစီအစဉ်တွေက ဆီးလ်ဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲလို့ တူတူပါဘဲ။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် ပိတ်ပွဲကို လာရောက် အားမပေးဘူး။ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် တော်တော်များများ မတက်ရောက်ကြဘူး၊ သူတို့မှာ မသန်စွမ်းတွေအတွက် ရည်ရွယ်ချက်မရှိဘူး။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့ကနေ ၁၉ ရက်အထိ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာက ရွှေ ၃၄ ခု၊ ငွေ ၂၆ ခုနဲ့ ကြေး ၃၈ ခုနဲ့ အဆင့် ၅ နေရာသာ ရရှိပါတယ်။

ဆုတံဆိပ်အများဆုံးက အင်ဒိုနီးရှား၊ ဒုတိယက ဗီယက်နမ်နဲ့ ထိုင်းက တတိယ အသီးသီး ရရှိခဲ့ကြပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဖြစ်ပါတယ်။

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းလ်)နဲ့ ၈ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာပါ။
DVB

ရှမ်းပြည်နယ်အတွင်း ခရိုင်အချို့ဖျက်သိမ်းခြင်း လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်


နေပြည်တော်၊ မဇ္ဈိမ။ ။ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့၏ ထောက်ခံချက်ဖြင့် ကွမ်းလုံ ခရိုင်ကို ဖျက်သိမ်းကာ လားရှိုးခရိုင်နှင့် ပူးပေါင်းရန် ကိစ္စအား ပြည်ထောင်စုအစိုးရက သဘောတူ လိုက်ခြင်းကို ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်လိုက်သည်။

ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်ရှောက်ထမ်းက ဇန်နဝါရီလ ၂၁ရက် က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ ကွမ်းလုံခရိုင်ကို ဖျက်သိမ်း၍ လားရှိုးခရိုင်အဖြစ် ပူးပေါင်းရန်နှင့် မိုင်းဖြတ်ခရိုင်ကို ဖျက်သိမ်း၍ တာချီလိတ်ခရိုင်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စကို ပြည်ထောင်စု အစိုးရအဖွဲ့ က ပြည်ထောင်စု လွှတ်တော်တွင် မှတ်တမ်းတင်ရန် ပေးပို့လာခြင်းကို ဦးဟော်ရှောက်ထမ်းက ကန့်ကွက်ခြင်းဖြစ်သည်။

“အများပြည်သူ သဘောမတူပါဘူး။ ဆိုင်းငံ့ပေးဖို့ တောင်းဆိုပါတယ်”ဟု ဦးဟော်ရှောက်ထမ်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း ကန့်ကွက်မှုကို မှတ်တမ်းတင် ထားရှိ ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပြန်လည်အကြောင်း ကြားပေးမည်ဟု ပြောခဲ့သည်။

Mizzima - News in Burmese

တောင်ကြီးမြို့ သားငါးကုန်ခြောက်ဈေးသစ်ရှိ ပျံကျဈေးဆိုင်များ ပြောင်းရွှေ့ ရန်ညွှန်ကြား


တောင်ကြီးမြို့၊ မြို့မဈေးကြီးအနီးရှိ အသစ်ပြန်လည် တည်ဆောက်လျက်ရှိသော သားငါး ကုန်ခြောက် ဈေးနေရာအတွင်း ဈေးမရောင်းရဟု တားမြစ်ဆိုင်းဘုတ်များ ချိတ်ထားသော် လည်း ဈေးရောင်းချနေမှု များရှိနေသေးရာ ဇန်န၀ါရီ ၂၁ ရက်တွင် အဆိုပါပျံကျဈေးတန်း ကို ရွှေ့ပြောင်းမည်ဟု မြို့မဈေးကြီးတာ ၀န်ခံဦးခင်အေးက မဇ္ဈိမကို ပြောသည်။

“သည်ဈေးသည်တွေလည်း ဘေးကင်းအောင် သူတို့စားဝတ်နေရေးလည်း မပျက်အောင် ကျွန်တော်တို့ လမ်းမတော်ရပ်မှာရှိတဲ့ အထက (၃) ကျောင်း လမ်းဘေးမှာ ထုံးစည်းတွေ ဆွဲပေးထားပါတယ်၊ အဲဒီဘက် ကို မနက်ဖြန် ကစတင်ပြီး ပြောင်းရွှေ့ ရောင်းချခိုင်းပါမယ်”ဟု ဇန်န၀ါရီ ၂၀ ရက်တွင် ၎င်းက ပြောသည်။

ပြောင်းရွှေ့ရောင်းချခြင်း ပြုလုပ်နိုင်ရန်အတွက်လည်း သားငါးကုန်ခြောက်ဈေးနေရာအတွင်း အပြင် ဘက် ၌ ဈေးမရောင်းရဟု တားမြစ်ဆိုင်းဘုတ်များအောက်၌ ရောင်းချနေကြသည့် ပျံကျဈေး သည်များ အား ဇန် န၀ါရီ ၁၉ ရက်က ခေါ်ယူတွေ့ ဆုံ ပြောပြပေး ပြီးဖြစ်ကြောင်း ဦးခင်အေးက ဆိုသည်။

အသစ်ပြန်လည် တည်ဆောက်လျက်ရှိသော သားငါးကုန်ခြောက်ဈေး အပြင်ဘက်နံရံဘေးတွင် ထွက် နေသည့် ပြန်ကျဈေးသည် ၂၈ ဦးခန့် ရှိနေသေးကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာ နစာရင်းများအရ သိရသည်။

ပျံကျဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဈေးသည်တစ်ဦးက “အဆောက်အအုံဆောက်နေလို့ အန္တ- ရာယ်ရှိမှန်းတော့ သိပါတယ်၊ စားဝတ်နေရေး အဆင်မပြေလို့ ရောင်းနေရတာပါ။ သည်နေရာမှာ ရောင်း လာတာလည်း ငါးနှစ်လောက်ရှိနေပါပြီ”ဟု ပြောသည်။

အထက(၃) ကျောင်းလမ်းဘက်သို့ ရွှေ့ပြောင်းရောင်းချရမည့် ဈေးသည်များသည် ဟင်းသီးဟင်းရွက် ကုန်ခြောက်ရောင်းသူများဖြစ်ပြီး သားငါးရောင်း ချနေသူများကိုမူ တပင်ရွှေထီးလမ်း နာရီစင်အနီးတွင် ယာယီ တည်ဆောက်ပေး ထားသည့် သားငါးရောင်းချရာနေရာ သို့ ရွှေ့ပြောင်းနိုင် ရန် ပြောဆို သွားမည်ဖြစ် ကြောင်း တောင်ကြီးမြို့၊ မြို့မဈေးကြီးတာဝန်ခံ ဦးခင်အေးက ပြောသည်။

တောင်ကြီးမြို့သားငါးကုန်ခြောက်ဈေး အသစ်တည်ဆောက် ရန် တောင်ကြီးမြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် မေ ၃ ရက်က တင်ဒါရွေးချယ်ပွဲပြုလုပ်ခဲ့ပြီး တင်ဒါလျှောက်လွှာ ကုမ္ပဏီပေါင်း ခု နစ်ခုဖြစ်သည့် Creation Myanmar Group Co., Ltd၊ ရှမ်းရိုးမကုမ္ပဏီ၊ Maroon Matrix Company၊ သီဟ ဆောက်လုပ်ရေးကုမ္ပဏီ ၊ တောင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီ၊ အိမ်တော်ကြီး ဆောက်လုပ်ရေးကုမ္ပဏီ၊ ATM Group Company တို့ထဲမှ သီဟ ဆောက်လုပ်ရေး ကုမ္ပဏီက သားငါးကုန်ခြောက်ဈေး တည် ဆောက်ရန် တင်ဒါအောင်မြင်ခဲ့သည့်အတွက် တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်သည်။

Mizzima - News in Burmese

အိပ်ရာမဝင်ခင် အာဟာရ မှီဝဲမှုနှင့် ပတ်သက်၍ သိကောင်းစရာ


ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ အစာက စွမ်းအင်ပေးနိုင်တာကြောင့် တစ်နေ့တာ လုပ်ရမယ့် လုပ်ဆောင်မှုတွေကို အဆင်ပြေပြေ လန်းလန်းဆန်းဆန်း လုပ်နိုင်စေ ပါတယ်။ အစားအသောက်က အိပ်စက်မှုမှာလည်း အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။ အိပ်ရာမဝင်ခင်မှာ သင့်တော်တဲ့ အာဟာရ မှီဝဲမှုကြောင့် သင့်ကို အလွယ်တကူ အိပ်မောကျစေနိုင်သလို ရွေးချယ်တဲ့ အစာမမှန်တာကြောင့်လည်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ပြီး အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။

အိပ်ရာမဝင်ခင် မှီဝဲသင့်သော အာဟာရဓာတ်များ

၁) ထရစ်ပတိုဖန် (Tryptophan)
ထရစ်ပတိုဖန်ဆိုတာ အမိုင်နိုအက်စစ် တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အိပ်စက်မှုကို ဖြစ်စေတဲ့ ဆီရိုတိုတင်နဲ့ မယ်လတိုနင် ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ ညနေခင်းမှာ ထရစ်ပတိုဖန် ပါဝင်တဲ့ အစားအစာတွေကို စားပေးတာကြောင့် ဦးနှောက်ဟာ ထရစ်ပတိုဖန်ကို ရရှိစေပြီး ဆီရိုတိုနင်နဲ့ မယ်လတိုနင်တို့ ထွက်ရှိစေပါတယ်။ အဆီနည်း အသား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ပဲပိစပ် ထုတ်ကုန် စတဲ့ ပရိုတင်းဓာတ် ပေါများစွာ ပါဝင်တဲ့ အစာတွေထဲမှာ ထရစ်ပတိုဖန် ပါဝင်မှု များပါတယ်။ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုစတဲ့ ကောက်ပဲသီးနှံတွေထဲမှာလည်း ထရစ်ပတိုဖန် ပါဝင်မှု များပါတယ်။

၂) ကာဗိုဟိုက်ဒရိတ်(Carbohydrate)
ကာဗိုဟိုက်ဒရိတ်ဟာ အင်ဆူလင် ထွက်ရှိမှုကို လှုံ့ဆော်ပေးတာကြောင့် အိပ်မောကျစေတဲ့ ထရစ်ပတို ဖန်ရဲ့အကျိုးကျေးဇူးကို ကောင်းစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ် အစာတွေက အခွံချွတ်မထားတဲ့ ပေါင်မုန့်၊ ခရက်ကာမုန့်၊ သစ်သီးဝလံ စတာတွေပဲ ဖြစ်ပါတယ်။ ထရစ်ပတိုဖန်နဲ့ ကာဗိုဟိုက်ဒရိတ် တွဲဖက်ရရှိစေဖို့ ပေါင်မုန့်ညိုကို မြေပဲထောပတ်သုတ် စားတာမျိုး လုပ်ပေးနိုင်ပါတယ်။

၃) ကယ်လ်စီယမ် (Calcium)
ကယ်လ်စီယမ်ဟာ ဦးနှောက်ရဲ့ ထရစ်ပတိုဖန် အသုံးပြုမှုကို ကူညီပေးပါတယ်။ ဒါကြောင့် အိပ်ရာမဝင် ခင်မှာ ထရစ်ပတိုဖန်ရော ကယ်လ်စီယမ်ပါ ပါဝင်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတာက အကောင်း ဆုံး ဖြစ်ပါတယ်။ ညဘက်မှာ အဆီနည်းနို့၊ ဒိန်ခဲ၊ ဒိန်ချဉ် စတဲ့ သရေစာကို စားပေးနိုင်ပါတယ်။

၎) ပရိုတင်းဓာတ် (Protein)
ပရိုတင်းဓာတ်ကိုတော့ အသင့်အတင့် စားပေးဖို့ လိုပါတယ်။ အိပ်ရာမဝင်ခင် ပရိုတင်း များများစား လိုက်ရင် အစာမကြေဖြစ်ကာ အိပ်မပျော်နိုင်လို့ပါ။ ဗိုက်ဆာဆာနဲ့ အိပ်ရာဝင်ရင်လည်း အိပ်မပျော် တာမျိုး ဖြစ်တတ်တာကြောင့် ညစာမှာ ပရိုတင်းပါတဲ့ အစာ အနည်းငယ်ကို စားပေးသင့်ပါတယ်။

အိပ်ရာမဝင်ခင် ရှောင်သင့်သော အရာများ

ဟင်းခတ် အမွှေးအကြိုင်ကဲတဲ့ အစားအစာတွေ၊ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောတို့ကို အိပ်ရာမဝင် ခင် ရှောင်ပါ။ ဟင်းခတ် အမွှေးအကြိုင် ကဲတဲ့ အစားအစာတွေက အိပ်မပျော်တာ၊ အိပ်ရင်း ရင်ပူ တာကြောင့် လန့်နိုးတာတွေ ဖြစ်စေနိုင်ပါတယ်။ ကဖင်းဓာတ်ကလည်း သောက်ပြီး အချိန်ခြောက် နာရီလောက်အထိ ခန္ဓာကိုယ်တွင်း စနစ်ထဲမှာ ရှိနေတာကြောင့် အားနည်းတာကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောကတော့ သောက်ပြီးချိန်မှာ အိပ်ပျော်စေပေမယ့် နောက်ပိုင်း အနားရစေတဲ့ အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေပါတယ်။ ဒါကြောင့် အရက်နာကျတဲ့ ဝေဒနာကို နံနက်ခင်းမှာ ခံစားရတာ ဖြစ်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ရေကိုလည်း များများ မသောက်သင့်ပါ။ ရေသောက်များရင် အိမ်သာသွားချင်စိတ်ကြောင့် ညမှာ လန့်နိုးနေနိုင်ပါတယ်။


ကြယ်စင်
by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)

မြန်မာနိုင်ငံတွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရန် ကုလသတိပေး


မြန်မာနိုင်ငံမှာ ခွေးရူးရောဂါကို ကြိုတင်ကာကွယ်ဖို့ ကုလသမဂ္ဂက သတိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက လေလွင့်ခွေးတွေရဲ့ လေးပုံသုံးပုံကျော်မှာ ခွေးရူးရောဂါရှိတယ်လို့ အတည်မပြုနိုင်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့က ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု သတင်းဌာနတခုဖြစ်တဲ့ IRIN (အီးရင်း) က ထုတ်ပြန်တဲ့ အစဉ်ရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူဦးရေသန်းပေါင်း ၆၀ ခန်ရှိတဲ့ မြန်မာနိုင်ငံမှာ ခွေး ၄ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီအထဲက လူ ၆ သိန်းလောက်ဟာ အကိုက်ခံခဲ့ရပြီး အများစုက ကလေးငယ်တွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။

ခွေးရူးရောဂါ အများစုဟာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း နဲ့ မွန်ပြည်နယ်တွေမှာ အဖြစ်များပြီး အသိပညာပေးတာတွေ လုပ်ဆောင်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

ကမာ့္ဘကျန်းမာရေးအဖွဲ့က ဒေါက်တာ Vinod Kumar Bura က- ကြိုတင်ကာကွယ်ခြင်းဟာ ထိန်းချုပ်တာထက် ပိုကောင်းကြောင်းနဲ့ ပတ်ဝန်းကျင်ကလူတွေပါဖို့ လိုသလို ပြည်သူ့ ကျန်းမာရေး ဌာနတွေကနေလည်း အသိပညာပေးဖို့လိုကြောင်း ပြောပါတယ်။

Dogs copyကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ အာရှေ့တောင်အရှ ဒေသမှာ နှစ်စဉ် လူ ၂၅၀၀၀ လောက်ဟာ ခွေးရူးရောဂါကြောင့် သေဆုံးပြီး ကမ္ဘာတ၀န်းသေဆုံးမှုရဲ့ ၄၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ နှစ်စဉ် လူ ၁ ထောင်လောက် သေဆုံးနိုင်ပြီး မဖော်ထုတ်နိုင်သေးတဲ့ ခွေးရူးရောဂါကြောင့် သေရတဲ့ ကိစ္စတွေ အများကြီးရှိသေးတဲ့ အကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တနှစ်ကို ခွေးရူးကာကွယ် ဆေး ၁ သောင်း ၆ ထောင်သာ ထုတ်ပေးထားပြီး လုံလောက်မှု မရှိသလို ကာကွယ်ဆေးတခါစာဟာ ၈ သောင်းလောက်ပေးရတဲ့အတွက် ဒီငွေပမာဏကို အသုံးပြုနိုင်သူ နည်းနေတယ်လို့လည်း ဒေသအတွင်း အစီရင်ခံစာက ဆိုပါတယ်။

ခွေးရူးရောဂါ နဲ့ ပတ်သက်ပြီး တိရစ္ဆာန်ချစ်သူတွေက အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာရှိပေမယ့် ခွေးရူးရောဂါ လျော့ကျစေဖို့အတွက် ကာကွယ်ဆေးထိုးတာ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး အာဏာပိုင်တွေလည်း ပါဝင်ဆောင်ရွက်ဖို့လိုကြောင်း တိရစ္ဆာန်ချစ်သူတွေက ပြောနေကြပါတယ်။

ခွေးရူးရောဂါဟာ ကမ္ဘာ့လူသားတရပ်လုံးကို ခြိမ်းခြောက်လျက်ရှိပြီး ကမ္ဘာတွင် ဆယ်မိနစ်လျှင် ၁ ယောက်နှုန်း၊ ၁ နှစ်လျှင် လူ ၅၅,ဝဝဝ လောက် ခွးရူးရောဂါဖြစ်ပွားပြီး သေဆုံးနေပါတယ်။ ခွေးရူးရောဂါဖြစ်ပွားသူ ၉၉ ရာခိုင်နှုန်းဟာ ခွေးရူးရောဂါဖြစ်တဲ့ ခွေးကိုက်လို့ သေဆုံးရတာ ဖြစ်ပါတယ်။

ခွေးရူးရောဂါဟာ လူအပါအ၀င် သွေးနွေးသတ္တ၀ါတွေရဲ့ ဦးနှောက်နဲ့အာရုံကြောတွေကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပြီး ရောဂါလက္ခဏာပြပါက ကုသလို့ မရတော့ဘဲ သေဆုံးနိုင်ပါတယ်။

ခွေးရူးရောဂါဖြစ်နေတဲ့ ခွေးရဲ့သွားရည်မှာ ခွေးရူးရောဂါ ဗိုင်းရပ်စ်ပိုးရှိနေပြီး အဲဒီ သွားရည်နဲ့ ထိခိုက်၊ ရှနာ၊ ပွန်းပဲ့နာတွေကတဆင့် ကူးစက်နိုင်သလို မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကတဆင့်လည်း ခွေးရူးရောဂါကူးစက်စေနိုင်ပါတယ်။
DVB

လူကြီးမင်းခေါ်ဆိုသော...


လူကြီးမင်းခေါ်ဆိုသော ... စတဲ့ စတဲ့ အသံချိုချိုလေးကို လက်ကိုင်ဖုန်းသုံးသူတွေ မကြာခဏ ကြားရပါလိမ့်မယ်။ ဒီအသံတွေဟာ မြန်မာပြည်ရဲ့ လက်ရှိ ဆက်သွယ်ရေးအခြေအနေ ဘယ်လိုရှိတယ် ဆိုတာကို တခါတလေ ဖော်ပြနေပါလိမ့်မယ်။

တယ်လီဖုန်းသည် တရုတ် နည်းပညာ ကုမ္ပဏီများ ဖြစ်သော ZTE နှင့် HUAWEI ၏ ဖုန်းလိုင်း ချိတ်ဆက်မှုများ အသစ်ပြန်လည် တပ်ဆင်နေသောကြောင့် ယခုလကုန်ပိုင်း အထိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းများ နှေးနေဦးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။

“အခုက Network နှစ်ခု ဖြစ်နေတော့ လိုင်းချိတ်တဲ့ အခါမှာ အခက်အခဲလေး ရှိတယ်။ အခု မြန်မာပြည် အောက်ပိုင်းကို ZTE Network အစား HUAWEI နဲ့ အစားထိုးဖို့ လုပ်နေတယ်။ အဲဒီကာလမှာ ဖုန်းလိုင်း ပြဿနာ ရှိနိုင်တယ်”ဟု ဦးမျိုးဆွေက ဆိုသည်။

မြန်မာပြည် အထက်ပိုင်းတွင် ZTE Netwok နှင့် မြန်မာပြည် အောက်ပိုင်းတွင် HUAEWI Netwok တို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းလိုင်း ဆက်သွယ်မှုနှင့် ပတ်သက်ပြီး အဆင်မပြေမှုများ ရှိပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဖုန်းနံပါတ် ၁၈၇၆ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

ဖုန်းသုံးစွဲသူများ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ပြီး ဖုန်းလိုင်း တပ်ဆင်မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတင်း အချက်အလက်များကို နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြော ဆိုသည်။

“ဒီတလလုံး မိုဘိုင်းဖုန်း လိုင်းတွေက စက်တွေလဲနေတယ်ဆိုပြီး ပြောလိုက် မကြားလိုက်၊ ကျသွားလိုက်နဲ့။ ဒီလို အားနည်းချက် အတွက်လည်း ဘာမှ အလျော်အစား မရှိဘူး”ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သူ တဦးက ပြောသည်။

ယခုလပိုင်း အတွင်း မိုဘိုင်းဖုန်း ဆက်သွယ်မှုလိုင်းများ နှေးခြင်း၊ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေခြင်း၊ ဖုန်း မက်ဆေ့ခ်ျများ အ၀င်အထွက် ခက်ခဲနေခြင်းများ ရင်ဆိုင်နေရသည်ဟု ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း သုံးစွဲသူများက ဧရာဝတီသို့ ပြောသည်။

ဖုန်း ဖွင့်ထားသော်လည်း တဖက်မှ ဖုန်းခေါ်ဆိုသည့် အခါ ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေသည်ဟု ပြောဆိုခြင်း၊ ဖုန်းခေါ်ဆို ရာတွင် တိုက်ရိုက် လိုင်းမ၀င်ဘဲ စက္ကန့် ၄၀ ခန့်အထိ ခေါ်ဆိုရပြီး နောက်ပိုင်းတွင် ဖုန်းလိုင်း ကျသွားခြင်း၊ ထပ်ခါ တလဲလဲ ခေါ်ဆိုရခြင်းများကြောင့် မိုဘိုင်းဖုန်း သုံးစွဲမှုကို စိတ်ပျက်မိကြောင်း မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူ ကိုဘိုဘိုက ပြောပြသည်။

“ကျနော်တို့က ပိုက်ဆံ ပေးထားရဲ့သားနဲ့ ၀န်ဆောင်မှု ကောင်းကောင်း ပြန်မပေးဘူး။ ထိုက်တန်တဲ့ ၀န်ဆောင်မှု ပြန်မပေးတာဟာ ပိုက်ဆံတွေ အခိုးခံရသလိုပဲ”ဟု ကိုဘိုဘိုက ပြောသည်။

ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်းတွင် နေထိုင်သူ ဦးမြင့်ကျော်က “ကျနော်တို့ လစဉ် အသုံးစရိတ်ထဲက ရာခိုင်နှုန်း အတော်များများ ပေးလိုက်ရတာ တယ်လီဖုန်း ပြောခတွေပဲ။ တလကို ကျပ် ၁ သောင်း ကနေ ၂ သောင်း အထိ ကုန်ပြီး ၀န်ဆောင်မှုကျတော့ ညံ့ လိုက် တာ နှိုင်းစရာ မရှိလောက်အောင်ပဲ။ ၀င်ငွေနိမ့်တဲ့ တိုင်းပြည်မှာ ဖုန်းပြောခက ဖွံ့ဖြိုးပြီးနိုင်ငံတွေ နီးပါး ပေးနေရတာ အတော် ကို မတရားတဲ့ ကိစ္စပါ။ အခု ဂျပန် ကုမ္ပဏီနဲ့ ပေါင်းလုပ်မယ်။ ကော်ပိုရေးရှင်း ပြောင်းမယ်၊ အများပိုင်ပြောင်းမယ် ဆိုပြီး အမျိုးမျိုး ပြောနေတယ်။ တကယ်တော့ ပုဂ္ဂလိက ပေးလိုက်တဲ့ နည်းကလွဲပြီး တခြားဘာမှမရှိဘူး”ဟု ပြောဆိုသည်။

ယခုအခါ အစိုးရက ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း MEC ဖုန်း လိုင်းကတ်များကို အကန့်အသတ်မရှိ ဆက်တိုက် ချထားပေးမှုများကြောင့် ဖုန်းလိုင်း ကျပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုမှုများမှာ မမှန်ကြောင်း ဆက်သွယ်ရေး လုပ်ငန်းမှ ဦးမျိုးဆွေက ငြင်းဆို သည်။

“ကျနော်တို့ ဖုန်းလိုင်းတွေ ထပ်ချပေးတာနဲ့ အညီ ဖုန်းတိုင်တွေ ထပ်တိုးချဲ့ပါတယ်။ အခုနှစ်မှာ ဖိုင်းလိုင်း ၁.၄ သန်းကျော် ထပ်ချဲ့ထားပါတယ်။ အဲဒီ ထပ်ချဲ့တဲ့ အထဲက ပေးနေတာပါ” ဟု ဦးမျိုးဆွေက ဆိုသည်။

တရုတ် နည်းပညာ ကုမ္ပဏီများ ဖြစ်သော ZTE နှင့် HUAWEI ၏ ဖုန်းလိုင်းများကို မြန်မာနိုင်ငံ အတွင်း ၂၀၀၃ ခုနှစ်ခန့်က စတင် တပ်ဆင် အသုံးပြုခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဖုန်းလိုင်း ၄ သန်း စီမံချက်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် ဖုန်းလိုင်းများ နှေးနေသကဲ့သို့ အင်တာနက် ၀န်ဆောင်မှု လိုင်းများမှာလည်း မြန်ဆန်မှု မရှိသေးဘဲ နှေးကွေးမြဲ ဖြစ် ကြောင်း အင်တာနက် အသုံးပြုသူများက ပြောဆိုလျက် ရှိသည်။
Irrawaddy

Screen အရွယ်အစား ကြီးမားသည့် iPhone 6 နှစ်မျိုးကို ဇွန်လတွင် တွေ့မြင်ရဖွယ်ရှိ


Apple ၏ iPone 6 သည် အရွယ်ကြီးမားသော screen နှစ်မျိုးဖြင့် ထွက်ရှိလာဖွယ်ရှိပြီး ၎င်းကို ဇွန်လတွင် မိတ်ဆက်ပြသသွားဖွယ်ရှိကြောင်း တရုတ်နိုင်ငံမှ လေ့လာဆန်းစစ်သူ Sun Changxu ၏ ဖော်ပြချက်ကို Apple insider က ပြန်လည် ဖော်ပြချက်အရ သိရသည်။

ChangXu ၏ ပြောကြားချက်အရ iPhone 6 ကို ၄.၇ လက်မအရွယ်ရှိ 1,136 pixel x 640 pixel display ဖြင့် စတင် ထုတ်လုပ်သွားဖွယ်ရှိပြီး နောက်ပိုင်းတွင် resolution မြင့်မားသည့် ၅.၇ လက်မ display ဖြင့် ထုတ်လုပ်သွားဖွယ်ရှိကြောင်း သိရသည်။

သတင်းများအရ Apple သည် ၎င်းတို့၏ စမတ်ဖုန်း အသစ်ကို ဇွန်လတွင် ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ Developer များ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြသသွားဖွယ် ရှိနေသည်။ အခြား သတင်းရင်းမြစ်များကလည်း Apple ၏ အသစ်ထွက်ရှိလာမည့် iPhone သည် ကြီးမားသော အရွယ်အစား ရှိကြောင်း ခန့်မှန်းထားကြပြီး screen အရွယ် ၅.၇ လက်မမှ ၆ လက်မအထိ ရှိနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။

Ref: CNET
Internet Journal

တရုတ်တွင် ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူ ၂၁ ဦး ရှိပြီ


တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က H7N9 ကြက်ငှက်တုပ်ကွေးက လူကို ကူးစက်မှုအသစ် ၃ ခု ထပ်တွေ့ခဲ့လို့ ပြည်နယ်တွင်း ကူးစက်ခံရသူ စုစုပေါင်း ၂၁ ဦး ရှိသွားပြီလို့ ပြည်နယ် ကျန်းမာရေးအာဏာပိုင်တွေက ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

H7N9ကူးစက်ခံ ရှန်းကျန်းမြို့က အသက် ၆၂ နှစ်အရွယ် အမျိုးသား တဦးနဲ့ အသက် ၅ နှစ် အရွယ် မိန်းကလေးတဦးဟာ လောလောဆယ်တော့ အခြေအနေ တည်ငြိမ်ပြီး အသက် ၈၃ နှစ်အရွယ် အမျိုးသမီးကတော့ အသည်းအသန် ဖြစ်နေ တယ်လို့ ကြေညာချက်က ဆိုပါတယ်။

မိန်းကလေးကတော့ ကွမ်တုံရဲ့ ပထမဆုံး ကြက်ငှက်တုပ်ကွေး ကူးစက်ခံ လူနာရဲ့ သမီး ဖြစ်ပါတယ်။

ကွမ်တုံဈေးထဲမှာ တို့ဟူးရောင်းတဲ့ဆိုင်ရှင်ရဲ့ သမီး ဖြစ်ပြီး ဆိုင်ကို ဖခင်နဲ့အတူ သွားခဲ့တယ်လို့ အစီရင်ခံ ထားပါတယ်။ ပိုးသတ်ဖို့ ဈေး ၃ ရက် ပိတ်ပြီးတဲ့နောက် ဈေးရဲ့ကြက်ငှက်အရောင်း ဈေးတန်းကို ပြန်ဖွင့်ပြီး ဖြစ်ပါတယ်။

ဆိုင်တန်းတွေကို နေ့တိုင်း အကြိမ်များစွာ ပိုးသတ်တယ်၊ လက်အိတ်တွေ မျက်နှာဖုံးတွေ ၀တ်ပြီး အားလုံးကို သေသေချာချာ ဆေးတယ်လို့ ကြက်ငှက်အရှင် ရောင်းသူ ဈေးသည်က ပြောပါတယ်။

ကွမ်တုံပြည်နယ်မှာ ကြက်ငှက်တုပ်ကွေး လူကို ကူးစက်မှုဟာ သြဂုတ်လကနေ ခုထိ ၂၁ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။

DVB Burmese

ဥပဒေ ၂ ခု အမြန် ပြဋ္ဌာန်းပေးရန် တင်ပြ

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်)

မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့အတွက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ ငွေကြေးတိုက်ဖျက်ရေး ခ၀ါချမှု ဥပဒေ ၂ ရပ်ကို လာမယ့် ဖေဖော်ဝါရီ မတိုင်မီ ပြဋ္ဌာန်းပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက အမျိုးသားလွှတ်တော်မှာ တင်ပြလိုက်ပါတယ်။

ဇန်န၀ါရီ ၂၀ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ သူက ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဒုဝန်ကြီးက လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ FATF အစည်းအဝေး ကျင်းပမှာဖြစ်ကြောင်း၊ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို ထပ်မံဆွေးနွေးမှာဖြစ်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှု မရှိပါက တန်ပြန်အရေးယူမှု ပြုလုပ်နိုင်တဲ့အကြောင်း၊ တန်ပြန် အရေးယူမှုလုပ်ရင် စီးပွားရေးပိတ်ဆို့မှု ခံရနိုင်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးစ စီးပွားရေးအခြေအနေ ထိခိုက်စေနိုင်တယ်လို့ ရှင်းလင်းပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနဟာ ဒီ ဥပဒေကြမ်း ၂ ခုကို ပြည်သူ့လွှတ်တော်မှာ ၁ ခု အမျိုးသားလွှတ်တော်မှာ ၁ ခု စပြီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

DVB Burmese

စောလူးမင်း ကျောက်စာ သမိုင်းကွက်လပ်ကို ဖြည့်ပေးနိုင်မလား


စောလူးမင်းကျောက်စာ မှတ်တမ်းစာစောင်

မြန်မာ ရှေးဟောင်းသုတေသန ပညာရှင်များနဲ့ သမိုင်းပညာရှင်များဟာ လွန်ခဲ့နှစ်ပေါင်း ၉၀၀ ကျော်ကရေးထိုးခဲ့တဲ့ ရှေးဟောင်းကျောက်စာ တချပ်ကိုသုတေသနပြု ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ (၁၄.၁.၂၀၁၄) ရက်နေ့ကပြောပါတယ်။ အဲဒီကျောက်စာကြောင့် မြန်မာ့သမိုင်းမှာထင်ရှားတဲ့ အနော်ရထာမင်းကြီးရဲ့သားတော် စောလူးမင်းရဲ့ လူအများမသိရသေးတဲ့ ဘ၀အကြောင်းအရာတွေကိုပိုမိုသိနိုင်မယ်လို့ သုတေသနပြုသူတွေကဆိုပါတယ်။

ပညာရှင်တွေက ဒီရှေးဟောင်းကျောက်စာကို မန္တလေးတိုင်း မြစ်သားမြို့ ပေတောကျောင်းတိုက်မှာတွေ့ခဲ့တယ်၊ ကျောက်စာမှာ မွန်၊ ပျူ၊ ပါဠိ နှင့် ဂုံရှမ်းဘာသာတွေနဲ့ရေးထိုးထားပြီး ဒါဟာ ရှားပါး လူသိနည်းတဲ့ ကျောက်စာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲ့ဒီကျောက်စာကို ၁၁ ရာစု အစောပိုင်းမှာ ရေးထိုးခဲ့တာလို့ ယူဆရပြီး စောလူးမင်းရဲ့ မိဖုရားရဲ့ ကောင်းမှုတော်ဖြစ်တဲ့ မဟာအနုရုဒ္ဓါ ဒေ၀ါရာမကျောင်းဆောက်လုပ် လှူဒါန်းမှုကို မှတ်တမ်းပြု ရေးထိုးတာလို့ ဆိုပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရ ကျောက်စာတိုင်တွေမှာ ထုထွင်းရေးသားချက်တွေဟာ စာကြောင်းအနည်းစုကိုသာ ရှင်းရှင်းလင်းလင်းဖတ်နိုင်ပြီး တချို့မှာဖတ်မရအောင် ပျက်စီးနေတဲ့အကြောင်း၊ ကျောက်စာတချပ်လုံး အပိုင်းပိုင်း ဖြစ်နေတဲ့ပုံ ရှိပြီး ကျောက်စာချပ် ၄ ချပ်သာရှာတွေ့ခဲ့တဲ့ အကြောင်း၊ ကျန်တဲ့အပိုင်းတွေကတော့ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

“မွန်ဘာသာနဲ့ ရေးထားတဲ့စာတွေထဲက တချို့တ၀က်ကို ဖတ်နိုင်သလောက်မှာ စောလူးမင်းဟာ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း အုပ်စိုးတဲ့မင်းလို့ ပါတာကို တွေ့တယ်။ အဲဒီ အချက်ကြောင့် စောလူးမင်းဟာ ကျနော်တို့အများစု သိထားမှတ်ယူထားတဲ့ သမိုင်းထဲကလို အမြဲသေရည်မူးနေတဲ့ မင်းဆိုးမင်းညစ် မဟုတ်ဘူးလို့ ဆိုလိုတဲ့ သဘောဆိုတာ သိလာရပါတယ်” လို့ ရှေးဟောင်း သုတေသနဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူ မွန်ကမ္ပည်းကျောက်စာ ပညာရှင် ဦးနိုင်ဘရှင်က ဆိုပါတယ်။

“ကျနော်တို့ ဒီထက်ပိုပြီး ဖတ်နိုင်မယ်၊ တခြားပျောက်ဆုံးနေတဲ့ ကွင်းဆက်တွေကို ဆက်စပ်ယူနိုင်မယ် ဆိုရင်တော့ စောလူးမင်းနဲ့ သူ့ရဲ့ မိဖုရားတို့ရဲ့ တိမ်မြုပ်နေတဲ့ အချက်တွေ ဖော်ထုတ် တင်ပြနိုင်မှာ ဖြစ်ပြီး သူနဲ့ပက်သက်တဲ့ သမိုင်းဆိုင်ရာ အချက်တချို့က ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တယ်” လို့ သူက ပြောပါတယ်။

မြန်မာ့သမိုင်းထဲမှာတော့ စောလူးမင်းဟာ ပထမမြန်မာနိုင်ငံနဲ့ ပုဂံမင်းဆက်ကိုထူထောင်ခဲ့တဲ့ အနော်ရထာမင်းရဲ့ အရိုက်အရာကိုဆက်ခံဖို့ အရည်အချင်း ပြည့်မီသူ မဟုတ်ဘူးလို့ မှတ်ယူထားကြတာပါ။ စောလူးမင်းဟာ သောက်စားမူးယစ်ပြီး လောင်းကစားများနဲ့ အချိန်ကုန်နေတာကြောင့် တော်လှန်ပုန်ကန်သူတွေက သူ့ကိုနန်းချပြီး ကျန်စစ်သားကို မင်းအဖြစ်တင်မြှောက်ခဲ့တာ ဖြစ်တယ်လို့ သမိုင်းမှာ ဖော်ပြထားပါတယ်။

စောလူးမင်း ပုဂံပြည်ကိုအုပ်စိုးတဲ့ ဆယ်စုနှစ်တောင်မရှိတဲ့အချိန်ကာလအတွင်း သူ့အရင်နန်းတက်သူ၊ သူ့နောက်မှ နန်းကိုဆက်ခံသူ စသူတွေနဲ့ စောလူးမင်းတို့ သက်ဆိုင်ဆက်နွယ်တဲ့ နန်းတွင်း အဖြစ်သနစ်တွေ အပါအ၀င်စောလူးမင်းရဲ့ မိဖုရား အကြောင်းကို သမိုင်းမှတ်တမ်းတွေမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားတာမျိုး မရှိခဲ့ပါဘူး။

သမိုင်းပညာရှင်တွေကတော့ စောလူးမင်းရဲ့အကြောင်းဟာ ထင်ရှားတဲ့ သူ့ခမည်းတော် အနော်ရထာမင်း၊ သူ့နောက်မှာ နန်းတက်လာတဲ့ ကျန်စစ်သားမင်းတို့ရဲ့ ကျော်ဇောမှုအောက်မှာ မှေးမှိန်ပျောက်ကွယ်ခဲ့တယ် လို့ ဆိုပါတယ်။

ပညာရှင်တွေက မြန်မာနိုင်ငံအ၀ှမ်းက စောလူးမင်းလှူဒါန်းခဲ့တဲ့ ဘုရား၊ ကျောင်းကန်၊ စေတီတွေမှာ ရေထိုးထားတဲ့ ကျောက်စာ အနည်းအကျဉ်း၊ စောလူးမင်းကိုယ်တိုင် ထုလုပ်လှူဒါန်းတယ် ဆိုတဲ့ သူ့ရဲ့လက်ရေး မှတ်တမ်းတိုတွေ ပါတဲ့ အုတ်ခွက် ဆင်းတုတော်တွေကို လေ့လာကြည့်တဲ့အခါ စောလူးမင်းဟာ ခမည်းတော် အနော်ရထာမင်းနဲ့ အတူတိုင်းခန်း လှည့်လည်ရာမှာ လိုက်ပါပြီး ခမည်းတော်နည်းတူ အုတ်ခွက်ဘုရား စတာတွေ လှူဒါန်းခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ဆိုပါတယ်။ အခု မြစ်သားမှာ တွေ့တဲ့ စောလူးမင်း ကျောက်စာဟာ ဒီကနဦး လေ့လာချက်တွေကို အထောက်အပံ့ ပေးမယ့် အရေးပါတဲ့ တွေ့ရှိချက် ဖြစ်တယ်လို့ ဆိုကြပါတယ်။

“ကျနော်တို့ဟာ စောလူးမင်း ရေးထိုးခဲ့တယ် ဆိုတဲ့ အုတ်ခွက်စာတွေ၊ ကျောက်စာကို သုတေသန ပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီစာတွေကနေ သူ့အကြောင်း လေ့လာဖို့က ရတဲ့ အချက်အလက် အလွန်နည်းပါးပါတယ်။ အခုတွေ့ရှိမှုက သူနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ အထောက်အကူတွေ ပိုရလာပါတယ်” လို့ ပျူဘာသာကျွမ်းကျင်ပညာရှင် ဦးမြင့်ဆန်းက ပြောပါတယ်။

ဒီကျောက်စာရဲ့ ပြန့်ကြဲနေတဲ့ အပိုင်းအစ ၃ ခုကို မြစ်သားမြို့ပေတောဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာ ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ ကျောင်းဝင်းကို ရှင်းလင်းတုန်း တွေ့ရှိခဲ့တဲ့အကြောင်း မန္တလေး ရတနာပုံသတင်းစာမှာ ပါလာတာကြောင့် သွားရောက်ပြီး လေ့လာရှာဖွေတဲ့ အခါ စတုတ္တအပိုင်းကို ကျောင်းဆောင်သစ် အတွက် ဖောင်ဒေးရှင်း တူးမယ့် နေရာကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကျောက်စာတိုင်ရဲ့ အပိုင်းအစတွေကို စပ်ဆက်ကြည့်တော့ အမြင့် ၄ ပေ ၃ လက်မ၊ အကျယ် ၂ ပေခွဲရှိပြီး၊ အထူက ၅ လက်မခန့် ရှိတယ်လို့ ဆိုပါတယ်။ ကျောက်စာဟာ မျက်နှာပြင် နှစ်ဖက်စလုံးမှာဘာသာစကား အမျိုးမျိုးနဲ့ ရေးထိုးထားတဲ့ ကျောက်စာဖြစ်တယ် လို့ ဆိုပါတယ်။

သုတေသနပြုသူတွေ ဖတ်လို့ရတဲ့ အနည်းငယ်သော စာကြောင်းတွေကနေ ရတဲ့ အချက်အလက်တွေအရ မဟာအနုရုဒ္ဓါ ဒေ၀ါရာမ ကျောင်းတော်ကြီးကို စောလူးမင်းနဲ့ သူ့ရဲ့မိဖုရား သီရိစန္ဒာဒေ၀ီက နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ရေးသားဖော်ပြ ထားတယ်လို့ ဆိုပါတယ်။

“ကျောက်စာမှာ မြန်မာသက္ကရာဇ် ၄၂၅ (ခရစ်သက္ကရာဇ် ၁၀၅၂ အေဒီ) လို့ ရှင်းရှင်းလင်းလင်းဖော်ပြထားတာတွေ့တယ်။ ပြီးတော့ ရေးထိုးထားတဲ့ စကားအသုံးအနှုန်းတွေကလည်းအဲဒီခေတ်ကရေးထိုးခဲ့တဲ့ အခြားကျောက်စာတွေနဲ့ အလွန်နီးစပ် ပါတယ်။ ဒါကြောင့် ဒီကျောက်စာဟာလွန်ခဲ့ နှစ်ပေါင်း ၁၀၀၀ လောက်ကရေးထားတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်” လို့ ဦးမြင့်ဆန်းက ပြောပါတယ်။

သို့ပေမယ့် သုတေသနသမားတွေကတော့ အခုတွေ့ရှိချက်တွေဟာ ပျက်စီးလုလု ဖြစ်နေတဲ့ စာကြောင်းတွေကို ဖတ်ရှုရာက ရတဲ့အချက် အနည်းအကျဉ်းမျှသာ ရှိနေသေးတာရယ်၊ အရေးကြီးတဲ့ အချက်အလက်တွေ ပါနိုင်ဖွယ်ရှိတဲ့ ကျောက်စာရဲ့ အစိတ်အပိုင်း တော်တော်များများက ပျက်စီးနေတာရယ်၊ တခြားအပိုင်းအစတွေဟာ ပျောက်ဆုံးနေဆဲ ဖြစ်တာတွေရယ် ကြောင့် ဒီကျောက်စာပါ အချက်အလက်တွေနဲ့ စောလူးမင်းရဲ့ သမိုင်းကြောင်းဟာ ဆက်ပြီးဆွေးနွေး လေ့လာစရာ၊ အငြင်းပွားစရာ ဖြစ်နေဦးမယ် လို့ ဆိုပါတယ်။

“တခြား ရှာဖွေတွေ့ရှိတဲ့ သမိုင်းအထောက်အထားပြု ကျောက်စာတွေလိုပဲ ရေးထိုးတဲ့ နှစ်ကာလ၊ ပြီးတော့ ရေးထွင်းထား တဲ့ ဘာသာစကား၊ အဲ့ဒီခေတ်ကာလတုန်းက လူတွေရဲ့အကြောင်းစတဲ့ အချက်တွေမှာ ကွဲလွဲချက်တွေ ရှိနေဦးမှာပဲ။ ဒီလိုပဲ အစပိုင်းမှာ ငြင်းကြခုံကြ၊ ဆွေးနွေးကြ၊ လေ့လာကြ၊ အဖြေရှာကြနဲ့ နောက်ဆုံးတော့လည်း အဖြေမှန်ပေါ်လာမှာပဲ။ တကယ်တော့ ဒီလိုကွဲလွဲကြ၊ လေ့လာကြ၊ ဆွေးနွေးကြတာတွေဟာ ရှေးဟောင်းသုတေသီတွေနဲ့ သမိုင်းသုတေသီတွေရဲ့ အလုပ်ပဲ” လို့ နိုင်ဘရှင်က ပြောပါတယ်။

စောလူးမင်းကျောက်စာ သုတေသနပြုလေ့လာရေး အဖွဲ့ဝင် တဦးဖြစ်တဲ့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်က သုတေသီတွေ လေ့လာတွေ့ရှိချက်အရ ကျောက်စာမှာ ရေးထိုးထားတဲ့ မွန်၊ ပျူ၊ ပါဠိနဲ့ ဂုံရှမ်းဘာသာစကားတွေက အခိုင်အမာ ဖြစ်ကြောင်း၊ သို့ပေမယ့် ကျောက်စာရဲ့ အစပိုင်းမှာတော့ အမျိုးအမည် မသိရသေးတဲ့ ဘာသာတခု ပါဝင်ကြောင်း ပြောဆိုပါတယ်။

“ဒါကလည်း ရေးထိုးတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ ကျောက်စာချပ်ကြီးကလည်း အပိုင်းပိုင်းကွဲနေတယ်။ ဆိုတော့ အခုအထိ ဒီမှာရေးထိုးထားတဲ့ထဲက တချို့က ဘာ ဘာသာစကားလဲ ဆိုတာ အတည်မပြုနိုင်သေးဘူး။ ဒါကြောင့် ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ဆက်လေ့လာဖို့ လိုတယ်” လို့ သူက ပြောပါတယ်။

သုတေသီတွေက ကျောက်စာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက် ရှာဖွေ ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေကြသလို ပေတောကျောင်းကျောင်းထိုင် ဆရာတော်နဲ့ မြစ်သားမြို့က သမိုင်းဝင် ရှေးဟောင်းပစ္စည်း မြတ်နိုးသူ လူကြီးလူငယ်တွေ ကတော့ အဲဒီ ရှေးဟောင်းကျောက်စာတိုင်ကို ထိန်းသိမ်းဖို့နဲ့ လေ့လာလိုသူတွေ လေ့လာနိုင်အောင် ကျောက်စာတိုက် တဆောင်ဆောက်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

မြန်မာမှု ဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်က “သမိုင်းတန်ဖိုး ကြီးမားတဲ့ ဒီကျောက်စာတိုင်နဲ့ ပတ်သက်ပြီးပညာရှင် သုတေသီတွေရဲ့ အကူအညီတွေ လိုပါတယ်။ တခြားကျန်နေတဲ့ ကျောက်စာတိုင် အစိတ်အပိုင်းတွေကိုလည်း ရှာဖွေ ဖော်ထုတ်တင်ပြနိုင်မယ် လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

Irrawaddy ဧရာဝတီ သတင်း

ပထမဆုံး Myanmar Instrumental Show ကျင်းပမည်


မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည့် Myanmar Instrumental Show ကို ဇန်န၀ါရီ ၂၆ ရက်နေ့တွင် မိုင်ဒါကွင်း၌ အခမဲ့ ဖျော်ဖြေ မည် ဖြစ်ကြောင်း ပွဲစီစဉ်သူ ကပြောသည်။ ယင်းဖျော်ဖြေပွဲ အစီအစဉ် အရ ညနေ ၅ နာရီခွဲတွင် ချစ်စမ်းမောင်၊ တိုးတိုး၊ နိုင်ဇော်၊ ဇော်မျိုးထွဋ်၊ ပက်ထရစ်၊ အောင်သူ၊ ရန်နိုင် တို့နှင့် အတူ မြန်မာ ဂစ်တာအကျော်အမော် ၂၃ ဦးတို့က ဂီတသက်သက် တီးခတ်ဖျော်ဖြေမည် ဖြစ်ကြောင်း၊ သီချင်းမပါဘဲ ဂီတ (Music) သီးသန့် တင်ဆက်သည့် ပွဲဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီ ပွဲဖြစ်ရန် စီစဉ် ထားကြောင်း၊ နိုင်ငံတကာ ဂီတပညာရှင်များလည်း လာရောက်လေ့လာ နိုင်မည် ဖြစ်ကြောင်း သိရသည်။

Irrawaddy ဧရာဝတီ သတင်း

လောခီးလာ ညီလာခံ၌ အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရေး သဘောတူညီချက် ရယူမည်


လောခီးလာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံ ဒုတိယနေ့ အဖြစ် ယနေ့ ကျင်းပနေစဉ် (ဓာတ်ပုံ – မေခ / ဧရာဝတီ)

အစိုးရဘက်မှ တောင်းဆိုထားသည့် အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးမူဘောင် ဆက်လက်ဆွေးနွေးမည်ဟူသည့် အချက်ကို ယနေ့ကျင်းပသည့် လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံ ဒုတိယမြောက်နေ့တွင် ဆွေးနွေးရန်ရှိကြောင်း သိရသည်။

ယင်းဆွေးနွေးချက်ကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT) က ဦးဆောင် ချပြကာ တိုင်းရင်းသား အဖွဲ့အများ ၏ သဘောတူညီချက်ကို ရယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

“အစိုးရသဘောကို လိုက်တာ မဟုတ်ဘူး။ ကျနော်တို့ ဘက်ကလည်း အခြေအနေတခုကိုသုံးသပ်ပြီးမှ လုပ်ဆောင်တာပါ။ နိုင်ငံ ရေးမူ ဘောင်ပြီးမှ အပစ်အခတ်ရပ်ဖို့ကျတော့ တော်တော်လေး ခက်ပါတယ်။ ဒီချိန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်။ ဒီတော့အပစ် အခတ် ရပ်ပြီးမှ ဆိုလည်း အရင်အခြေအနေတွေဖြစ်လာမလား ဆိုတာတွေရှိတော့ ဒီအပစ်အခတ်ရပ်ရေး စာချုပ်မှာဘယ်လို အာမခံချက် တွေပါသင့်သလဲ။ ခိုင်မာအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ အဲဒီထဲမှာ ခိုင်မာအောင် ထည့်သွားမယ်”ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းက  ပြောသည်။

လက်ရှိဆွေးနွေးပွဲ ဒုတိယနေ့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားများထံမှ အမြင်သဘောထား ရယူသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ်တွင် ခိုင်မာသည့် အချက်အလက်များထည့်ရန်အတွက်လည်း ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသား အစည်းအရုံး(KNU)ဌာနချူပ် လောခီးလာ၌ ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံတွင် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဓိက အချက် ၅ ချက်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအချက်များမှာ အခြေခံမူများ၊ ကြားကာလ စောင့်ကြည့်ရေး အစီစဉ်များ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံရေး မူဘောင်နှင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာများ စသည်တို့ကို ဆွေးနွေးခြင်း ဖြစ်သည်။

လောခီးလာ တိုင်းရင်းသား ညီလာခံကို ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ၃ ရက် ကျင်းပမည် ဖြစ်ပြီး ရရှိလာသည့် သဘောတူ ညီချက်ကို အစိုးရနှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံ ဖွင့်ပွဲတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက မြန်မာနိုင်ငံ၏ ထိလွယ်ရှလွယ်နေသော နိုင်ငံရေး အခြေအနေတွင် အောင်မြင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ရဲရဲဝံ့ဝံ့ လက်မှတ်ထိုး သမိုင်းမှတ်တိုင် တင်ကြရန် ပြောသည်။

“ကျနော်တို့ တဦးချင်းဆီမှာ ဘယ်အနှောင်အဖွဲ့မှ မထားဘဲ လွတ်လွတ်လပ်လပ် တွေးခေါ်ပြီး ကောင်းတဲ့ အနာဂတ်ကို ဖန်တီးဖို့လို ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းချိန်မှာ ပြတ်သားတဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ နာခံမှုကောင်းကောင်းနဲ့ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုရှိအောင် ပံ့ပိုးဖို့လိုတယ်”ဟုလည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဆက်လက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ စိတ်ကောင်းစေတနာကောင်း ထားရန်လိုကြောင်း၊ ပဋိပက္ခကို အကြမ်းဖက် ဖြေရှင်းခြင်းဖြင့် သမိုင်းဆိုးကို အသက်မသွင်းရန် လိုကြောင်း စသည်တို့ကိုလည်း ပြောသည်။

နှစ်ပေါင်း (၆၀)အတွင်း တိုင်းရင်းသားများ မနားတမ်း တိုက်ပွဲဝင်ရခြင်းမှာ မြန်မာနိုင်ငံ စစ်အုပ်ချုပ်မှု အဆက်ဆက်တွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန်နှင့် ဥပဒေဘောင် အတွင်းဝင်ရန် တဖက်သတ် အမိန့်ပေးခြင်းဖြင့်သာ ရပ်တည်ခဲ့သည့်အတွက် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ နိုဝင်ဘာလ လိုင်ဇာတိုင်းရင်းသား ညီလာခံ အပြီးတွင် အစိုးရဘက်မှ သမ္မတ၊ တပ်မတော်၊ လွှတ်တော် ပူးပေါင်း ရေးဆွဲထားသည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းကို တိုင်းရင်းသားများသို့ ချပြရာတွင် တိုင်းရင်းသားများဘက်မှ ကန့်ကွက်ခဲ့ကြပြီး အဆိုပါမူကြမ်းကို ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ယင်းမူကြမ်းအား အစိုးရဘက်က ၂၀၁၃ ဒီဇင်ဘာ၂ ရက်တွင် ပယ်ဖျက်ပေးခဲ့ပြီး လိုင်ဇာ တိုင်းရင်းသား ညီလာခံတွင် ရေးဆွဲခဲ့သည့် တိုင်းရင်းသားများဘက်မှ တင်ပြလာသည့် မူကြမ်းကို အခြေခံ၍ အစိုးရက မူကြမ်းအသစ် ပြန်လည်ရေးဆွဲပြီး ဒီဇင်ဘာ၂၉ ရက်တွင် တိုင်းရင်းသားများထံ ပြန်လည် ပေးပို့ထားကြောင်း သိရသည်။

“ဒီတခေါက်ကလည်း သမ္မတ၊ တပ်မတော်နဲ့ လွှတ်တော်ပြန် ရေးဆွဲတယ်လို့ ပြောတယ်။ သူတို့အပိုင်းက အခုရေးဆွဲတာက တိုင်း ရင်းသားတွေ သဘောနဲ့ တော်တော်ကိုက်ညီ လာပါပြီ”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT)မှ ဒေါက်တာ ဆလိုင်းလျန်မုန်း က ပြောသည်။

တိုင်းရင်းသား ဆွေးနွေးပွဲများနှင့် အပစ်အခတ် ရပ်စဲရေးတို့တွင် အစိုးရစစ်တပ်ပိုင်းက ယခင်ကထက် ပိုမိုပါဝင်လာကြောင်း ညှိနှိုင်း မှုများတွင်လည်း ယခင်ကထက် ပိုမိုပွင့်လင်းလာကြောင်း ဒေါက်တာ ဆလိုင်းလျန်မုန်းက ဆက်ပြောသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တပ်မတော် မပါလို့ မရဘူး။ အခုပြည်ထောင်စု အခန်းကဏ္ဍ တွေမှာလည်း ပါဝင် ဆွေးနွေးလာတယ်။ သူတို့ ပါဝင်တဲ့ ငြိမ်းချမ်းရေးရမှ ရေရှည်တည်မြဲမယ်။ အဓိက ကတော့ အခုနောက်ဆုံး ရထားတဲ့ မူကြမ်းနှစ်ခုထဲက တူညီတာ စုမယ်။ မတူညီတာကို အခုညှိကြတဲ့ သဘောပါပဲ။ နောက်ဆုံးမှာတော့ မူကြမ်းဟာ တခုပဲ ဖြစ်လာမှာပါ”ဟုလည်း ၎င်းက ပြော သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်(RCSS/SSA)က တိုင်းရင်းသားများ လက်ခံ ထားသည့် လိုင်ဇာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသကဲ့သို့ တိုင်းရင်းသား အများစု ပါဝင်ဖွဲ့စည်း ထား သော NCCT အဖွဲ့တွင်လည်း ပါဝင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။

RCSS/SSA အနေဖြင့် အစိုးရ၏ လုပ်ထုံးလုပ်နည်းကို လက်ခံထားကြောင်း အစိုးရ ပြောကြားသည့် အပစ်အခတ် ရပ်စဲပြီးမှသာ နိုင်ငံရေး သဘောတူညီချက်ကို ဆက်လက် ဆွေးနွေးလိုကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။

“တိုင်းရင်းသားတွေ သဘောကို မဆန့်ကျင်ဘူး။ မူနဲ့ ရပ်တည်ချက်ကတော့ အတူတူပါပဲ။ ဒီဆွေးနွေးပွဲမှာ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ဆွေးနွေးသွားမှာပါ”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

လော်ခီးလာ တိုင်းရင်းသား ညီလာခံသို့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA/KIO)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘၀’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် (MNDA) နှင့် ရခိုင်ပြည် တပ်မတော် (AA)တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က လေ့လာသူ အဖြစ် တက်ရောက်ကြောင်း သိရသည်။

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)နှင့် မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် တို့က တက်ရောက်နိုင်ခြင်း မရှိကြောင်း သတင်းများ၌ ဖော်ပြထားသည်။

Irrawaddy ဧရာဝတီ သတင်း

အစိုးရပိုင် မော်တော်ယာဉ်စက်ရုံ ပုဂ္ဂလိကသို့ ငှားရမ်းမည်


ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီးရှိ အစိုးရပိုင် မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံကို ပုဂ္ဂလိကသို့ ငှားရမ်းခြင်းနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခြင်းများ ခွင့်ပြုမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ထံမှ စုံစမ်း သိရှိရသည်။

ငှားရမ်းမည့် လုပ်ငန်းရှင်များကို ပေးအပ်လုပ်ကိုင်ခြင်းဖြင့် မြုပ်နေသည့် လုပ်ငန်းများ ပြန်လည် ဖြစ်ထွန်းလာ စေလိုကြောင်း စက်မှုဝန်ကြီးဌာန ပစ္စည်းစီမံဌာနခွဲ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

စက်ရုံများမှာ ကြီးမားခြင်း၊ ပစ္စည်းများ ပြန်လည်ထည့်သွင်းခြင်းနှင့် ပြန်လည် မွမ်းမံခြင်းများ ပြုလုပ်ရမည် ဖြစ်သည့် အတွက် လုပ်ကိုင်နိုင်သူ နည်းပါးကြောင်း ၄င်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အမှတ် ၁၁ အကြီးစားစက်ရုံ၏ စက်ရုံခွဲ ထောက်ကြန့် မြို့နယ်ရှိ ၂၀ ဧကအကျယ်ရှိ မြေဧရိယာနှင့် ၉၈၄၁ စတုရန်းမီတာ အကျယ်ရှိ အဆောက်အအုံ တစ်လုံးတို့ကို မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ငှားရမ်းနိုင်ရန် အဆိုပြုလွှာများ ခေါ်ယူနေကြောင်း အဆိုပါဌာနထံမှ သိရသည်။

"အခုငှားပေးမှာက စက်ရုံခွဲပါ။ ပင်မစက်ရုံကြီး ကိုလည်း ငှားရမ်းပေးဖို့ ရှိပါတယ်" ဟု အဆိုပါဌာန အကြီးတန်း အရာရှိက ဆိုသည်။

ယခုငှားရမ်းမည့် မော်တော်ယာဉ် စက်ရုံမှာ လူဦးရေ ၂၉ ယောက်စီး မီနီဘတ်စ် မော်တော်ယာဉ်များ ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး ပုဂ္ဂလိကသို့ ငှားရမ်းမည် ဖြစ်သည့်အတွက် ထုတ်လုပ်မှုကို ရပ်တန့်ထားခြင်း ဖြစ်ကာ အဆိုပါ ငှားရမ်းမှုကို ယခုဘဏ္ဍာနှစ် အတွင်း အပြီးသတ် လုပ်ဆောင်မည် ဖြစ်ကြောင်း ပစ္စည်းစီမံဌာန ထံမှ သိရသည်။

The Voice Weekly Myanmar

ကလေးတွင် ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၃ သိန်းကျော် ဖမ်းမိ


ကလေး၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တွင် ဇန်နဝါရီလ ၂၀ ရက်နေ့က စိတ်ကြွဆေးပြားများ ချက်လုပ်ရာတွင် အသုံးပြုသော ဆူဒိုအက်ဖီဒရင်း ဆေးပြား အရေအတွက် ၁၃ သိန်းကျော်အား ဖမ်းဆီးရမိ ခဲ့ကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လှဟန်က ပြောကြားသည်။

ကလေးမြို့နယ် အိတ်စွပ်ကျေးရွာနေ ဦးမိန်းလျန်နာ၏ နေအိမ်သို့ သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ ၄င်းနှင့်အတူ ရှိနေသော ဦးထန်ကဲပ်ရောလ်တို့မှာ ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ဦးထန်ကဲပ်ရောလ်ကိုသာ ဖမ်းဆီးရမိခဲ့ကြောင်း၊ ခြံဝင်းအတွင်း အိမ်ရှေ့မြေကွက်လပ်တွင် ၄င်းတို့ ချထားသော ပီနံအိတ်လေးအိတ်နှင့် စင်းသံချိန်ခွင် တစ်ခုအား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း၊ ပီနံအိတ်အတွင်း ထုပ်ပိုးထားသော ဆူဒိုအက်ဖီဒရင်း ဆေးပြားစုစုပေါင်း (၁,၃၇၈,၂၀၀) ပြား၊ (ကာလတန်ဖိုး ကျပ် ၁၃၇,၈၂၀,၀၀၀) သိန်းအားတွေ့ရှိခဲ့ပြီး ၄င်းတို့ပစ္စည်း ဖြစ်ကြောင်း ဝန်ခံသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဒုရဲအုပ်လှဟန်က ပြောကြားသည်။

ဖမ်းဆီးရမိသူ ထန်ကဲပ်ရောလ် (ခ) ပါကပ် (၃၂ နှစ်) နှင့် ထွက်ပြေးတိမ်းရှောင်နေသူ မိန်းလျန်နာ (၃၄ နှစ်) တို့ကို မယ(ပ) ၆/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ- ၁၅/၁၆/(ခ)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ကလည်း ကလေးမြို့ ပျဉ်းခုံကြီးကျေးရွာတွင် ကာလတန်ဖိုး ကျပ် (၁၁၂,၆၆၀,၀၀၀) သိန်းတန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား (၁,၁၂၆,၆၀၀) ပြားကို ဖမ်းဆီးရရှိခဲ့ ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီး ရရှိမှုမှာ ၁၅၈ မှုရှိပြီး တရားခံ အမျိုးသား ၂၃၃ ဦးနှင့် အမျိုးသမီး ၄၉ ဦးရှိကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly Myanmar