မုံရွာမြို့တွင် နေအိမ်အတွင်း ပုတ်ပွနေသော လူသေအလောင်းတစ်လောင်းတွေ့ရှိ


မုံရွာ၊ သြဂုတ် ၁၁ ရက်နေ့

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ ပန်းတမာလမ်းရှိ လူနေအိမ်တစ်လုံးအတွင်းမှ ပုတ်ပွနေသော လူသေအလောင်း တစ်လောင်းအား ယခုလ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က တွေ့ရှိခဲ့ရကြောင်း မုံရွာအမှတ်(၂) ရဲစခန်းမှူး ဦးညီညီ အောင်မှ ပြောကြားသည်။

သေဆုံးသူမှာ ဦးအောင်မျိုးကြင် အသက် (၄၀)နှစ် အဖအမည် ဦးကြင် ဆိုသူဖြစ်ကြောင်း၊ ၎င်းသေဆုံးနေသူမှာ လူပျိုကြီးတစ်ယောက်ပြီး ၎င်းနေအိမ်တွင် တစ်ဦးတည်းနေထိုင်သူဖြစ်ရာ ကျောက်ကပ်ရောဂါနှင့် ဟိုမုန်းအားနည်းရောဂါစွဲ ကပ်နေသူ ဝေဒနာရှင်တစ်ဦးလည်းဖြစ်ကြောင်း ရဲစခန်းမှုးမှ ဆက်လက်၍ ပြောပြသည်။

အဆိုပါ လူသေဆုံးနေမှုသည် မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို ဆက်လက်၍ စီစစ်နိုင်ရန်အတွက် မုံရွာ အမှတ်(၂) ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၁ / ၂၀၁၃ အရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုး(ချင်းတွင်း)

ရန်ကုန်မြို့ရှိ တရားမဝင် အနှိပ်ခန်းများ ရဲက ဆက်တိုက်ဝင်ဖမ်း


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၂၄ မိနစ်

ရန်ကုန်မြို့ရှိ တရားမဝင် အနှိပ်ခန်းများကို ဆက်တိုက်ဝင်ဖမ်းလျှက်ရှိရာ ဩ ဂုတ် ၁၁ ရက် တစ်နေ့တည်းတွင်ပင် အနှိပ်ခန်းနှစ်ခု ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ပထမဖမ်းဆီးလိုက်သည်မှာ လမ်းမတော်မြို့နယ်၊ ၅ ရပ်ကွက်၊ ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားသော အနှိပ်ခန်းဖြစ်ပြီး ယင်းနေ့မွန်းလွဲ ၅ နာရီကျော်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကာ အော်စကာ ဟူသည့် အမည်ဖြင့်  ဖွင့်လှစ်ထားခြင်းဖြစ်သည် ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုဆိုင်တွင် တာဝန်ခံအဖြစ်လုပ်ကိုင် နေသော ကိုဇော်နိုင်ဆိုသူကိုလည်း ရဲများက ဖမ်းဆီးခဲ့သလို အနှိပ်သမအဖြစ် သံသယရှိသည့် မိန်းကလေးငယ် ကိုးဦးကိုလည်း ဖမ်းဆီးခဲ့သေးသည်ဟု ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ရဲများသည် အနှိပ်ခန်းဟု သံသယရှိသည့် ထိုဆိုင်မှ မွေ့ယာ၊ ခေါင်းအုံး၊ အိပ်ယာခင်း၊ စာရင်းစာအုပ်နှင့် ငွေကျပ် ၃၂၀ဝ၀ ကိုလည်း သိမ်းဆည်းခဲ့သေးသည် ဟုလည်း ဆိုထားသည်။

ထို့အတူ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိ စင်းစင်း အမည်ရသည့် အနှိပ်ခန်းကိုလည်း ည ၈ နာရီအချိန်တွင် ရဲများက ဝင်ဖမ်းခဲ့သေးသည်။

ယင်းဆိုင်တွင် အနှိပ်သမဟု သံသယရှိသည့် အမျိုးသမီးငယ် ငါးဦးနှင့်အတူဆိုင်တာဝန်ခံ ကိုဇော်ဇော်ဆိုသူတို့ကို ဖမ်းဆီးခဲ့ပြီး သက်သေခံ ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုအမှုများကို ရဲများကပင် တရားလို ပြုလုပ်တိုင်တန်းထားပြီး ဖမ်းမိသူများကို တရားမဝင် အနှိပ်ခန်းဖွင့်သူများအဖြစ် စွပ်စွဲကာ အမှုဖွင့်ထားသည်ဟု ရဲစခန်းက ဆိုသည်။

၎င်းတို့ကို သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် ဦးတိုက်လျှောက်ထားကာ တရား စွဲဆိုသွားမည်ဟုလည်း တိုင်းရဲဌာန က ထုတ်ပြန်သည်။
Mizzima - News in Burmese

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရ နေရပ် ပြန်ပို့


မောင်တော၊ သြဂုတ် ၁၂

တိုက်ခိုက်ခံရမှုများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ်ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ခါ့ရ်ခရဆော်ရီမြို့နယ် တွင် ဘင်္ဂါလီ ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို ရခိုင် မျိုးနွယ်စုဝင်များ က ပြန်ပေးဆွဲသည်ဟူသော ကောလာဟလ သတင်း အခြေခံကာ ယင်းဒေသတွင် နေထိုင်သည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည့် မရာမာ၊ သက်၊ ဒိုင်းနက်များကို ဘင်္ဂါလီများက နေအိမ်များကို မီးရှို့၊ တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ နယ်စပ် ထရိပူရဒေသများသို့ ထွက်ပြေး ခိုလှုံနေရကြောင်း အာတီဗာသိ အဖွဲ့မှ သိရှိရသည်။

ယင်းဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် အစိုးရက နစ်နာကြေးအဖြစ် မိသားစု တစ်စုလျှင် တာကာ ၂၅,၀၀၀ (ကျပ်သုံးသိန်း ဝန်းကျင်) ကူညီပေးပြီး အိမ်မဲ့နေသူများအတွက် ယာယီ ရွက်ဖျင်တဲများ ဆောက်လုပ်ပေး ထားကြောင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ် ရိက္ခာများလည်း ကူညီထား ပြီး အိမ်ဆောက်ပေးမည်ဟုလည်း ကတိပေးထားကြောင်း ဦးဦးထွန်းလှက ဆိုသည်။

“အိမ်တွေ ပြန်ဆောက်ပေးဖို့ ပြောတာပါပဲ။ ဘင်္ဂလား အစိုးရက ဘယ်တုန်း က ကတိတည်ဖူးလို့လဲ” ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ကတိအတိုင်း လုပ်ဆောင်မှု အားနည်းခြင်းအပေါ် ၎င်းက မေးခွန်းထုတ် သည်။

သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက် ခံရမှုကြောင့် ရခိုင် မျိုးနွယ်စုဝင် ၁၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ ယင်းတိုက်ခိုက်မှု တွင် ကျေးရွာ လေးရွာမှ အိမ်ခြေ ၃၅ လုံး မီးရှို့ခံခဲ့ရပြီး နေအိမ် ၂၀၀ ကျော် ပျက်စီးခံခဲ့ရကြောင်း အာဒီဗာသိ (မွတ်ဆလင် မဟုတ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်သည့် ဌာနေ တိုင်းရင်းသားများ အဖွဲ့) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။

တိုက်ခိုက်မှုတွင် ဦးဆောင်သူဟု ယူဆရသူ လေးဦးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးပြီး သံသယရှိသူ ၃၀၀ ကျော်ကိုလည်း စာရင်း ပြုစုကာ လိုက်လံ ဖမ်းဆီးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများ တွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်း နယ်အတွင်း ဘင်္ဂါလီများက ရခိုင် မျိုးနွယ်စု များ အပါအဝင် အခြား လူမျိုးများအပေါ် တိုက်ခိုက်မှုသည် ၂၀၁၃ ခုနှစ်တွင် ယခုအကြိမ်ဆိုလျှင် ငါးကြိမ်ရှိပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ခင်မောင်အေး
The Voice Weekly

ရင်သားကင်ဆာနှင့်ဆက်စပ်နေသော အချက်များ


(၁) အသက်အရွယ် အသက်ကြီးလေလေ ရင်သား ကင်ဆာဖြစ်နိုင်ခြေ ပိုများလေလေ
ဖြစ်သည်။

(၂) နိုင်ငံဖွံဖြိုးမှု ဖွံဖြိုးပြီးနိုင်ငံသူများသည် ဖွံဖြိုးမှု အနည်းဆုံး ဖြစ်သော နိုင်ငံသူများထက် အဖြစ်ပိုများသည်။

(၃)မျိုးပွားမှုဆိုင်ရာ အချက်အလက်များ ရာသီသွေးစပေါ်သည့်အသက်အရွယ် စောလွန်းခြင်း၊
ပထမကလေးယူသည့် အသက်အရွယ် နောက်ကျခြင်း၊ ကလေးမမွေးခြင်း(သို့)ကလေးယူသည့်အရေအတွက် နည်းခြင်း၊နို့မတိုက်ခြင်း၊ရာသီသွေးဆုံးမှု နောက်ကျလွန်းခြင်း တို့သည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေသည်။

(၄)ဟော်မုန်းသုံးစွဲသူများ (သန္ဓေတားဆေးကတ်၊ ဟော်မုန်းကုထုံးများ)

(၅) ရင်သားငယ်ကျစ်သူများ

(၆) ရင်သားရောဂါအခံရှိသူများ

(၈) ရင်သားကင်ဆာ မျိုးရိုးရှိသူများသည် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများကြောင်း ဆက်စပ်တွေ့ရှိရသည်။

အခြား အချက်အလက်များမှာ

(၁) အ၀လွန်သူများ၊ ကိုယ်လက်လှုတ်ရှားမှု နည်းသူများ၊ အဆီအစားများသူ၊ ဓါတ်ရောင်ခြည်နှင့်ထိတွေ့မှုများသူ အရက်သောက်သုံးသူနှင့် ဆေးလိပ်သောက်သုံး သူများသည်လည်း ရင်သားကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။

ဒေါက်တာခင်နိုင်ဦး

Ref: Cancer Research UK

ပြည်သူ့ဆန္ဒအမှန် သိရန် နော်ဝေ ဝန်ကြီးချုပ် Taxi ဒရိုင်ဘာ ဟန်ဆောင် လေ့လာ


အော်စလို၊ သြဂုတ် ၁၂

မဲဆန္ဒရှင် ပြည်သူများက မည်သည့်အရာကို လိုလား တောင့်တနေကြသည်။ မည်သို့ တွေးတော ကြသည်ကို သိလိုသောကြောင့်ဟု ဆိုကာ နော်ဝေ ဝန်ကြီးချုပ် ဂျွန်စတော်တန်ဘာ့ဂ်က အငှား ယာဉ်မောင်း ဒရိုင်ဘာ ဟန်ဆောင်၍ နေ့တစ်ဝက် ကားမောင်းခဲ့ပြီး ခရီးသည် ပြည်သူများနှင့် စကား ပြောဆိုခဲ့သည့် ဗီဒီယို ရုပ်သံတစ်ခု နော်ဝေ လူမှုကွန်ရက် မီဒီယာများတွင် တွေ့ရကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

“ပြည်သူတွေ ဘယ်လို တွေးခေါ်နေကြတယ်ဆိုတာ သိရဖို့ ကျွန်တော့် အတွက် အရေးကြီးပါတယ်။ လူတွေက သူတို့ ထင်ရာကို ပြောကြတဲ့ နေရာ တစ်ခု ရှိပါတယ်။အဲဒါကတော့ Taxi ကားပါပဲ” ဟု ဝန်ကြီးချုပ် စတော်တန်ဘာ့ဂ်က Facebook, Twitter နှင့် Youtube တို့တွင် တင်ထားသည့် ၎င်း၏ ဗီဒီယိုဖိုင်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ် ကျင်းပမည့် နော်ဝေ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလ တွင် အဆိုပါ ဗီဒီယို ထွက်ပေါ် လာခြင်းဖြစ်ကာ နော်ဝေ ဝန်ကြီးချုပ်၏ အာဏာရ လက်ဝဲယိမ်း ပါတီက အရေးနိမ့်ဖွယ်ရှိကြောင်း နောက်ဆုံး ကောက်ယူထားသည့် စစ်တမ်းများ က ဖော်ပြထားသည်။

စတော်တန်ဘာ့ဂ်သည် မြို့တော် အော်စလို Taxi ဒရိုင်ဘာများ ယူနီဖောင်း ကို ဝတ်ဆင်ထားပြီး ခရီးသည်များကို အကြိုအပို့ လုပ်ပေးရင်း စကား စမြည် ပြောခဲ့ကြောင်း၊ ယင်းသို့ ပြည်သူထဲသို့ အငှား ယာဉ်မောင်း ကားသမား ဟန်ဆောင်၍ ဆင်းခဲ့ခြင်းသည် ဇွန်လအတွင်းက ဖြစ်ကြောင်း AFP က ရေးသား ဖော်ပြထားသည်။

ကားထဲတွင် တပ်ထားသော ကင်မရာက ခရီးသည်များနှင့် ဝန်ကြီးချုပ်တို့ စကားပြောနေကြပုံကို မှတ်တမ်းတင်ထားပြီး ခရီးသည် တစ်ဦးက ဆိုလျှင် “ခင်ဗျားက နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ တော်တော် တူတာပဲ” ဟု ပြောကြား သွားသေးသည်ကို ဗီဒီယိုတွင် တွေ့ရသည်။

ဝန်ကြီးချုပ်မှန်း မှတ်မိသွားသည့် အသက်ကြီး အမျိုးသမီး တစ်ဦးဆိုလျှင် လုပ်ငန်းရှင်များ လစာ အများကြီး ယူနေသည့် ကိစ္စရပ်ကို တိုင်တန်းသွားပြီး “ဒီလို သန်းနဲ့ ချီပြီးတော့ မယူသင့်ပါဘူး” ဟု ပြောဆိုသွားခဲ့သည်။

၎င်းကို မှတ်မိသွားသည့် ခရီးသည်များနှင့် တွေ့လျှင် ဝန်ကြီးချုပ် စတော်တန်ဘာ့ဂ်က ကားမမောင်း ဖြစ်သည်မှာ ရှစ်နှစ်ကြာပြီ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုသည်ကိုလည်း ရုပ်သံအရ တွေ့ရသည်။

ဝန်ကြီးချုပ်အဖြစ် အရွေးမခံရတော့လျှင် Taxi ကား ဒရိုင်ဘာ လုပ်တော့ မည်လောဟု ပြည်တွင်း သတင်းစာ တစ်စောင်က မေးမြန်းသောအခါ ဝန်ကြီးချုပ်က “ကျွန်တော် Taxi ကားသမားတစ်ယောက် ထက်စာရင် ဝန်ကြီးချုပ် အဖြစ်နဲ့ တာဝန်ယူတာက တိုင်းပြည်နဲ့ ခရီးသည်တွေအတွက် ပိုကောင်းကောင်း လုပ်ပေးနိုင်မယ်လို့ ထင်တယ်ဗျာ” ဟု ဝန်ကြီးချုပ် က ပြန်လည် ဖြေကြားခဲ့သည်။

ဝန်ကြီးချုပ် လိုက်ပို့သည့် ကားကို စီးခဲ့သော ခရီးသည်များသည် ကားခပေးရန် မလိုခဲ့ဟု ယင်းသတင်းစာက ရေးသား ဖော်ပြထားသေးသည်။
The Voice Weekly

ဒဏ်ရာကုသမှုအတွက် အစွမ်းထက်ပျားရည် ဗြိတိန်သုတေသီများ တီထွင်


Surgihoneyဟု အမည်ပေးထားသော ပျားရည်သည် ဇီဝအင်ဂျင်နီယာ နည်းပညာ၏ ထုတ်ကုန်သစ် တစ်မျိုးဖြစ်သည်။

ဒဏ်ရာကုသမှုအတွက် အစွမ်းထက်ပျားရည် ဗြိတိန်သုတေသီများ တီထွင်
ဗြိတိန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ သုတေသီများသည် ဒဏ်ရာကုသမှုအတွက် အစွမ်းထက်သော ပျားရည်တစ်မျိုးကို ဖော်ထုတ် တီထွင်ခဲ့ကြောင်း သိရှိရသည်။ Surgihoneyဟု အမည်ပေးထားသော ပျားရည်သည် ဇီဝအင်ဂျင်နီယာ နည်းပညာ၏ ထုတ်ကုန်သစ် တစ်မျိုးဖြစ်သည်။ ယင်းသည် ထိခိုက်ဒဏ်ရာများ၊ ပြည်တည်နာကဲ့သို့ အနာများအပြင် ကုသရ ခက်ခဲသော ပိုးမွှားကိုက်ခဲမှု ပြဿနာများကိုပါ ဖြေရှင်းနိုင်စွမ်း ရှိနေကြောင်း သိရသည်။ အဆိုပါ ပျားရည်၏ အာနိသင်ကို ကလေးငယ်များ၊ မီးဖွားပြီးစ မိခင်များ၊ ကင်ဆာဝေဒနာရှင်များတွင်ပါ စမ်းသပ်ထားပြီး ဖြစ်သည်။ ဟမ့်ရှိုင်းယား ဒေသရှိ ဆေးရုံများ အတွင်းတွင် အဆိုပါ ပျားရည်ဖြင့် သုတေသနပြု ကုသမှုအရ ရလဒ်များသည် ကောင်းမွန် ထိရောက်မှု ရှိခဲ့ကြောင်း သုတေသီများက ထောက်ခံထားသည်။



ပြတ်ရှဒဏ်ရာများ၊ ပြည်တည်နာများအတွက် Surgihoney ပျားရည်သည် အကောင်းဆုံး ဆေးဝါးတစ်လက်ဟု တစ်နှစ်ကျော် သုတေသန ရလဒ်များ အပြီးတွင် ဆရာဝန်များက ကြေညာခဲ့သည်။ MRSAခေါ် ဆေးဝါးဒဏ်ခံ စူပါပိုးမွှားများကို ယခုပျားရည်က လျင်မြန်စွာ ကုသချေမှုန်းနိုင်သလို ယင်းကုထုံးသစ်အရ ခွဲစိတ်မွေးဖွားပြီး ပိုးမွှားဝင်ရောက်သည့် မိခင်များကိုလည်း အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း မိုက်ခရိုဇီဝ ဆေးပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာ မက်သရူး ဒရိုင်ဒန်က ဆိုသည်။ ၎င်းသည် ဟမ့်ရှိုင်းယား ဒေသရှိ ဆေးရုံအများအပြားတွင် အကြံပေးအဖြစ် လုပ်ဆောင်လျှက်ရှိသည်။



"ဒဏ်ရာတွေကို ကုသဖို့အတွက်တော့ ထိုးထွင်းတော်လှန်တဲ့ နည်းစနစ် တစ်ခုပါပဲ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ထိထိရောက်ရောက် အသုံးချလာနိုင်ဖို့ မျှော်လင့်တယ်"ဟု မက်သရူးက ဆိုသည်။ အဆိုပါ ပျားရည်ကို စစ်ပွဲများတွင် ဒဏ်ရာရသည့် စစ်သားများအတွက် အရေးပေါ် ဆေးဝါးအနေဖြင့် အသုံးပြုရန်လည်း ရည်ရွယ်ချက် ရှိနေသည်။ ပျားရည်သည် အနာရောဂါ ကုသမှုတွင် သဘာဝအတိုင်း အာနိသင် ထက်မြက်သော်လည်း ဆရာဝန်များက ပိုးသတ်ဆေးဝါးနှင့် ပင်နီဆလင်တို့ကိုသာ နှစ်ပေါင်းများစွာ အားထားခဲ့ကြသည်။ သို့သော်လည်း Surgihoney၏ အာနိသင်ကိုမူ မျက်ကွယ်ပြု၍ မရတော့ချေ။



ယင်းပျားရည် (၁၀)ဂရမ်မျှသည် ဘက်တီးရီးယားများ၊ ကပ်ပါးပိုးများ၊ မှိုစွဲသည့် ပိုးဝင်မှုများ အပါအဝင် ဒဏ်ရာများ၊ အနာများကို လျင်မြန်စွာ ကုသပျောက်ကင်းစေသည်။ ဒေါက်တာ မက်သရူးက "ပိုးမွှား အမျိုးမျိုးကို Surgihoneyက ကုသ ပျောက်ကင်းနိုင်တာကို ကျွန်တော်တို့ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ မနှစ်က တစ်နှစ်လုံး ကျွန်တော်တို့ဟာ လူနာတွေကို ဒီပျားရည်နဲ့ ကုသခဲ့တယ်။ ရလဒ်တွေက အံ့မခန်းပါပဲ။ ဘက်တီးရီးယားတွေကို ဖျက်ဆီးကုသဖို့ ဆေးဝါးတွေ ရှိပေမယ့် တစ်သျှူးထိခိုက်မှုတွေကိုတော့ အနာကျက်အောင် မစွမ်းဆောင်နိုင်ဘူး။ ပျားရည်ကတော့ သိပ်ကောင်းတဲ့ သဘာဝ ဆေးတစ်မျိုးပါ။ Surgihoneyဟာ ဘက်တီးရီးယား ပိုးမွှားတွေကို သတ်ပစ်နိုင်တယ်။ ဒါပေမဲ့ တစ်သျှူးတွေကို လုံးဝ မထိခိုက်ဘူး"ဟု ရှင်းပြသွားသည်။

မွတ်ဆလင်နှင့် ခရစ်ယာန်များ အပြန်အလှန် လေးစားကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


ဗာတီကန်စီးတီး၊ သြဂုတ် ၁၂

အပြန်အလှန် လေးစား မြတ်နိုးခြင်းကို မြှင့်တင်ပေးနိုင်ရန်အတွက် မွတ်ဆလင်များနှင့် ခရစ်ယာန်များ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြရန် လိုကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က တိုက်တွန်းပြောကြား လိုက်သည်ဟု Times of India သတင်းတစ်ရပ်က ဖော်ပြထားသည်။

စိန့်ပီတာ ရင်ပြင်တွင် လာရောက် ဖူးမြော်သူများကို ပုပ်ရဟန်း မင်းကြီးက လေသာဆောင် ဝရန်တာမှ နေ၍ တွေ့ဆုံ တရား ဟောပြောရာမှ အဆိုပါ တိုက်တွန်းချက်ကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပေ သည်။

မွတ်ဆလင် ညီအစ်ကိုများအနေနှင့် လမြတ် ရာမာဒန်ကို ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ ဥပုသ် သီတင်း စောင့်ခြင်း၊ ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ပေးကမ်း စွန့်ကြဲခြင်းတို့ကို ပြုခဲ့ကြောင်း ခရစ်ယာန် ကက်သလစ် သာသနာပိုင်ချုပ်က ချီးကျူး ဂုဏ်ပြု ပြောကြားခဲ့သည်။

သောင်းပေါင်းများစွာသော ကမ္ဘာလှည့် ခရီးသွားများနှင့် ရိုမန် ကက်သလစ် ဘာသာဝင်များက ပုပ်ရဟန်း မင်းကြီးကို စိန့်ပီတာ ရင်ပြင်အပြည့် လာရောက် ဖူးမြော်ခဲ့ကြသည်ဟု ယင်းသတင်းက ဖော်ပြထားသည်။

ရှေးယခင် ပုပ်ရဟန်း မင်းကြီးများက နွေရာသီဆိုလျှင် ရာသီဥတုအေးသော အီတလီမြို့ တစ်မြို့တွင် သွားရောက် စံမြန်းလေ့ ရှိသော်လည်း ရဟန်းမင်းကြီး ဖရန်စစ်ကမူ နွေရာသီ အားလပ်ရက်များကို ဗာတီကန် ကျောင်းတော်တွင်သာ သီတင်းသုံးမည်ဖြစ်ကာ အလုပ် ဆက်လုပ်မည်ဟု ပြောဆို ထားသေးသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဗာတီကန်၏ ဗျူရိုကရေစီ စနစ်ကို ပြုပြင် ပြောင်းလဲရန်အတွက် ပြင်ဆင်လျက် ရှိပြီး ယခင်က ဗာတီကန်၌ ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အရှင်းများ ဖြစ်ခဲ့ဖူးကာ ကလေးများ အပေါ် ဘာသာရေး ဆရာများ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ပါ ဖြစ်ပေါ်ခဲ့ဖူး သေးသည်။

မွတ်ဆလင်များ၏ ဘာသာရေး အထွတ်အမြတ် ရာမာဒန်လ ပြီးဆုံးသည့် ဆုမွန်ကောင်း သဝဏ်လွှာ ကို သြဂုတ်လ ၈ ရက်နေ့က ဗာတီကန် ကျောင်းတော်က ထုတ်ပြန်ခဲ့ပြီးနောက် ရဟန်းမင်းကြီးက မွတ်ဆလင်-ခရစ်ယာန် ညီညွတ်ရေးတရား ဟောခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရဟန်းမင်းကြီးများ လက်ထက်တွင် ဘာသာခြား များနှင့် တွေ့ဆုံ ဆွေးနွေးစကား ပြောရေး ကောင်စီက ပုပ်ရဟန်း မင်းကြီး၏ အီးဒ် ပွဲတော်ကာလ သဝဏ်လွှာများကို ရေးပေးလေ့ ရှိပြီး ယခု အသစ် ရွေးကောက် တင်မြှောက်ခံထားရသည့် ရဟန်းမင်းကြီး ဖရန်စစ်က သဝဏ်လွှာကို သူကိုယ်တိုင်ရေးသားခဲ့သည်ဟု Radio Free Europe လွတ်လပ်သော ဥရောပအသံ ရေဒီယိုက ဆိုထားသည်။

“တခြားသူတွေအတွက် ကောင်းရာကောင်းကျိုး လုပ်ဆောင်ပေးလိုတယ် ဆိုတာ ဘုရားသခင်ရဲ့ ချစ်မေတ္တာနဲ့ အတူတူပါပဲ။ ကိုယ်တော့်အတွက် အသက်ရှင်ကြပါစို့” ဟု ပုပ်ရဟန်းမင်းကြီးက ဗာတီကန် နေရောင်အောက် တွင် လာရောက် တရားနာသော ပြည်သူများကို ပြောကြားခဲ့သည်။
The Voice Weekly

ဘယ်စမတ်ဖုန်းတွေက အကောင်းဆုံးလဲ


နိုင်ငံတကာက လေ့လာသူတွေရဲ့ကောက်ယူထားတဲ့ စစ်တမ်းများအရ
အကောင်းဆုံး စမတ်ဖုန်း ၁၇ နှစ်လုံးကိုယခုလိုကြေငြာချက်ထုတ်ပြန်ထား
ပါတယ်။သို့ပေမယ့် အဆိုပါကြေငြာချက်တွေကို လက်ခံပေးတဲ့သူတွေ ရှိသလို၊ ဝေဖန်ဆန့်ကျင်ခဲ့သူတွေလည်း အများအပြားပါပဲ။

လက်ရှိနိုင်ငံတကာဈေးကွက်မှာ အရောင်းသွက်နေပြီးဈေးနှုန်းအရကော၊
နည်းပညာဖန်တီးမှုအပိုင်းတွေကိုပါ၊အချိုးစားကျ တွက်ချက်ပြီး
ကောက်ယူထားတယ်လို့တော့ ဆိုထားပါတယ်။

ကောက်ယူထားတဲ့ စစ်တမ်းတွေမှာတော့ အကောင်းဆုံးစမတ်ဖုန်းကို
HTC One လို့ဆိုထားပြီး၊အရေအတွက်စီးရီးများတဲ့ Samsung Galaxy S4
ကတော့ နံပတ်-၂ မှာအစဉ်လိုက်ရပ်တည်နေပါတယ်။ဈေးနှုန်းအရကော၊
အရည်သွေးပိုင်းပါ လူစိတ်ဝင်စားမှုအများဆုံးရှိတဲ့ Apple ရဲ့ iPhone 5 ကတော့ နံပတ်-၃ နေရာမှာရှိနေပြီး၊မကြာသေးခင်မှာ ထွက်ထားတဲ့
Motorola ရဲ့  Motor X ကတော့ နံပတ်-၁၀ မှာသတ်မှတ်ထားပါတယ်။

ပြည်တွင်းဈေးကွက်မှာ အောင်မြင်နေတဲ့ Huawei ကတော့
Huawei Ascend Mate ဆိုတဲ့အမှတ်တံဆိပ်နဲ့ အကောင်းဆုံးစမတ်ဖုန်း တစ်လုံးအဖြစ် အမှတ်စဉ်-၁၆ မှာသတ်မှတ်ထားပါတယ်။

အစဉ်လိုက်သတ်မှတ်ထားတဲ့မှတ်တမ်းများကတော့-

(1)HTC One
(2)Samsung Galaxy S4
(3)Apple iPhone 5
(4)Sony Xperia Z
(5)Nexus 4
(6)Samsung Galaxy Note 2
(7)Samsung Galaxy S4 Active
(8)Samsung Galaxy SIII
(9)Nokia Lumia 925
(10)Motorola Moto X
(11) HTC One mini
(12)Samsung Galaxy S4 Mini
(13)Nokia Lumia 1020
(14)Nokia Lumia 620
(15)iPhone 4S
(16)Huawei Ascend Mate
(17)BlackBerry Q10

စတဲ့ စမတ်ဖုန်းအမျိုးစားတွေက အစဉ်လိုက်ရပ်တည်နေတယ်လို့ ထုတ်ပြန်
ထားပါတယ်။ပွဲဆူအောင်လုပ်သလိုဖြစ်နေပြီထင်တယ်။စာဖတ်သူတွေကော
ဘယ်လိုများမြင်ပါသလဲ။ကွန်မက်လေးပေးပြီးဝေဖန်ပေးပါဦး။

Ref:Pocket-link
Khun Nay(August Myanmar Media Group)

Samsung Galaxy Note 3 မှာ ဒါတွေပါမယ်


Alleged Galaxy Note 3 specs ဆိုပြီး SamMobile ဝဘ်ဆိုဒ်မှ ထုတ်ပြန် ချက်ပါ။ Official Samsung က တရားဝင်ပြောကြားချက် မဟုတ်ပါဘူး။ သို့ပေမယ့် SamMobile ဟာ Samsung Galaxy Note 2 မထွက်ခင် လပိုင်း လောက်ကလည်း ယခုလို Spec မှာ ထုတ်ပြန် ကြေညာ ရာမှာ အားလုံး နီးပါး တူညီနေတာကို တွေ့ရပါတယ်။

၎င်းတို့ ထုတ်ပြန်ချက်အရ Samsung Galaxy Note 3 ဟာ အရွယ် ပိုကြီး သွားပြီး ၅.၆၈ လက်မ ရှိမယ်လို့ ဆိုပါတယ်။ Full HD Super AMOLED (1920 x 1080) display ပါ။ 3G နဲ့ 4G LTE ဆိုပြီးတော့ ၂ မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး ဈေးနှုန်းလည်း ကွာသွားမှာ ဖြစ်ပါတယ်။ ကင်မရာ က 13 Megapixel ရှိပြီး Storage ကို 16GB, 32GB, 64GB လေးမျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ RAM က 3GB ပါ။ ဒါကြောင့် ကွန်ပြူတာ တစ်လုံး လိုပဲ လုပ်ဆောင်ချက် မြန်ဆန်နိုင်ပါတယ်။ Processor ကတော့ Octa-core ပါ။ Quad Core မဟုတ်တော့ပါဘူး။ မြန်နှုန်း 1.8 GHz ရှိတဲ့အတွက် Application ကြီးကြီးမားမားတွေ အမြောက်အများ အသုံးပြုလို့ရမယ့် အနေ အထား တစ်ခု ဖြစ်ပါတယ်။ micro SD ကဒ် slot မှ 64GB ထပ်ဆိုက် နိုင်ပါမယ်။

ဘက်ထရီကလည်း 3200 mAH စွမ်းအင် ထုတ်ပေး နိုင်ပြီး အရွယ် အစားကြီး၊ စွမ်းအင်အသုံးပြုမှုများလာခြင်းနဲ့အတူ တာရှည်ခံမှုလည်း ပို မြင့်မား လာမှာ ဖြစ်ပါတယ်။ ဖုန်းတိုင်းကတော့ အကောင်းချည်း မဟုတ် ပါဘူး။ သူ့မှာလည်း အားနည်းချက်များ ရှိကောင်းရှိပါလိမ့်မယ်။

3G ကို ကုဒ်နံပါတ် SM-N900, 4G ကို SM-N9005 လို့အမည်ပေး ထား ကြောင်း ဆိုပါတယ်။ Samsung ကတော့ စက်တင်ဘာလ ၄ ရက်နေ့မှ တရားဝင် ထုတ်ပြန်ကြေညာ မိတ်ဆက်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

ရေနစ်သူအား ဆင်းကယ်ရာမှ (၂)ဦးစလုံးရေနစ်သေဆုံး


ရန်ကုန်၊ သြဂုတ် ၁၃

၁၃.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ထောက်ကြန့် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ရွာမရပ်ကွက်၊ ထောက်ကြန့်တိုးဂိတ်အနီး ဆည်ရေသွင်းမြောင်း၌ လူ(၂)ဦးရေနစ် သေဆုံးကြောင်းသတင်းအရသွားရောက် စစ်ဆေးရာ သေဆုံးသူတို့မှာ မှော်ဘီမြို့နယ်၊ ရဲစုကြီးရပ်ကွက်နေ အောင်ထွန်းထူး (ဘ)ဦးနေလင်းနှင့်
ထွန်းမြင့်အောင် (ဘ)ဦးကျော်နိုင်လင်းတို့ ဖြစ်ကြောင်း သိရှိရပြီး ပြင်ပဒဏ်ရာများမတွေ့ရှိရဘဲသေဆုံးနေသဖြင့် ပတ်ဝန်းကျင်အားစုံစမ်းမေးမြန်းခဲ့ရာ သေဆုံးသူ(၂)ဦးမှာ
၀၈၃၀ အချိန်ခန့်တွင် အကျယ်(၂၀)ပေ အနက်(၉)ပေခန့်ရှိ ဆည်ရေသွင်းမြောင်း၌ ငါးမျှားနေစဉ် ထွန်းမြင့်အောင်၏ ငါးမျှားချိတ်မှာရေထဲတွင် ငြိနေသဖြင့် ဆင်း၍ဖြုတ်ရာရေနစ်
သွားသဖြင့် ၎င်းနှင့်အတူ ငါးမျှားနေသည့် ဦးလေးတော်စပ်သူ
အောင်ထွန်းထူးမှ ဆင်း၍ကယ်စဉ် နှစ်ဦးစလုံးရေနစ်သေဆုံး
ကြောင်းသိရှိရသဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းသေမှုသေခင်း
အမှတ်စဉ် ၁၃/၂၀၁၃ ဖြင့် ရေးဖွင့်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

လက်မထပ်ခင်မှာ အပျိုဘ၀တုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေ အားလုံးကို ထုတ်ရောင်းမယ့် Lee Hyori


Lee Hyori ၊ Han HyeYeon နဲ့ Song Hey Kyo တို့တတွေ လဟာပြင် ဈေးပွဲ လုပ်ပြီး အဲဒီမှာ သူတို့ ပစ္စည်းအဟောင်းတွေကို ရောင်းမယ်လို့ ဆိုပါတယ် ။ မကြာခင်မှာ လက်ထပ်တော့မယ့် Lee Hyori က သူ အပျိုဘ၀တုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေကို ရောင်းသွားမှာပါ။ '၉ ရက်နေ့ကနေ ၁၀ရက်နေ့ထိ ရောင်းသွားမှာ။ Han HyeYeon နဲ့ Song Hey Kyo တို့လည်း သူတို့ပစ္စည်းတွေကို ရောင်းသွားမှာနော။် အ၀တ်အစား၊ ဖိနပ်နဲ့ တခြား ဖက်ရှင်အသုံးအဆောင်တွေ ရောင်းသွားမှာ။ ဈေးပေါပေါနဲ့ ဖက်ရှင်ပစ္စည်း အလန်းစားတွေ ရမှာနော်။ အရမ်းပျော်ဖို့ ကောင်းမှာ' လို့ Lee Hyori က သူ့ Twitter စာမျက်နှာမှာ သြဂုတ်လ ၁ ရက်နေ့က ရေးထားပါတယ်။ ဆိုးလ်မြို့မှာ အဲဒီဈေးရောင်းပွဲကို လုပ်မှာဖြစ်ပါတယ်။ Lee Hyori က Lee Sang Soonနဲ့ လက်ထပ်တဲ့အခါ လက်ထပ်ပွဲကို အကျဉ်းချုံးပြီးပဲ လုပ်မှာလို့ ပြောခဲ့ဖူးပါတယ်။

ပြည်မြန်မာ

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြောတက်ခြင်း၏ အံ့သြဖွယ်ရာ အချက်များ


ဇက် လေ့ကျင့်ခန်း ပြုလုပ်ပါ။
အသက်ရှူသွင်းပြီး အသက်ရှူထုတ်စဉ်မှာ သင်ရဲ့ ညာဘက် နားရွက်ကို ဘယ်ဘက်ပခုံးထိ ရောက်အောင် ဖြည်းဖြည်း နှိမ့်ချလာပါ။ အသက်ရှူသွင်းရင်း ဦးခေါင်းကို မူလနေရာ ပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏ ပြုလုပ်ပေးပါ။ တခြားတစ်ဘက် ပြောင်းလုပ်ပါ။
လည်ပင်း ရွေ့လျားမှု ပြုလုပ်ပါ။
ဇက်ကြောတက်တာဟာ လည်ပင်းရဲ့ ကြွက်သားတွေ တင်းမာမှုကြောင့် ဖြစ်တာပါ။ ထိုင်ခုံတစ်ခုပေါ်မှာ သက်သောင့်သက်သာ ထိုင်ပြီး သင့်လည်ပင်းကို ရွေ့လျားမှု ပြုလုပ်နိုင်သမျှ ပြုလုပ်ပေးပါ။ ကြွက်သား Spasm ရတာ လျော့ကျသွားနိုင်ပြီး သူ့ကြောင့် ဖြစ်တဲ့ နာကျင်မှု ဝေဒနာ သက်သာနိုင်ပါတယ်။
ဆွဲဆန့်ပါ။
ဇက်ကြောတက်သူတွေ အနေနဲ့ အသက် ရှူသွင်းပြီး အသက် ရှူထုတ်စဉ်မှာ မေးစေ့ကို ရင်ဘတ်အောက်ထိ ရောက်အောင် တဖြည်းဖြည်း နှိမ့်ချလာပါ။ အဲသလို နှိမ့်ချလာစဉ်မှာ လည်ပင်း နောက်ပိုင်းမှာ တဖြည်းဖြည်း ဆွဲဆန့်လိုက်သလိုမျိုး ဖြစ်လာပါမယ်။ ပြင်းပြင်းနဲ့ ဖြည်းဖြည်း အသက်ရှူထုတ်ကာ မေးစေ့နှိမ့်ချတဲ့ လေ့ကျင့်ခန်းကို မကြာခဏ ပြုလုပ်ပေးပါ။ အသက် ရှူသွင်းနေစဉ်မှာ သင့်ဦးခေါင်းကို နဂိုနေရာ ပြန်ရောက်အောင် ပြန်လည်ပင့်တင်ပါ။
လည်ပင်းလှည့် လေ့ကျင့်ခန်း။
နားရွက်တစ်ဖက်ကို ပခုံးပေါ် ရောက်အောင် နှိမ့်ချပြီး မေးစေ့ကို အခြားတစ်ဖက်မှ ရင်ဘတ်ပေါ် ရောက်အောင် လှည့်ပြီး နှိမ့်ချသွားပါ။ အသက်ရှူသွင်းပြီး အသက်ရှူထုတ်စဉ်မှာ မေးစေ့ကို ရင်ဘတ်ပေါ်မှ ဖြတ်ပြီး တခြားတစ်ဖက် ရောက်အောင် လှည့်ပြီး နှိမ့်ချပေးပါ။
အနှိပ်ခံပါ။
ဇက်ကြောတက်ခဲ့ရင် ဇက်နေရာကို ပရုတ်ဆီ လိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ နာကျင်မှု ဝေဒနာ သက်သာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။
ကြွက်သား တင်းမာမှု လျော့အောင်။
အသက်ရှူသွင်းပြီး သင့်ပခုံးကို နားရွက်ဆီသို့ ရောက်အောင် မြှင့်တင်သွားပါ။ မြင့်နိုင်သလောက် မြင့်အောင် မြှင့်ပါ။ ''အား''လို့အော်ပြီး မူလနေရာ ရောက်အောင် ပြန်လျှော့ချပါ။ ကြွက်သား တင်းမာမှု လျော့အောင် မကြာခဏ ပြုလုပ်ပေးပါ။
ရေကူးပါ။
ဇက်ကြောတက်တာ အတွက် အကောင်းဆုံး လေ့ကျင့်ခန်းက ပက်လက်လှန်ပြီး ရေကူးတာပါ။ ရေက လည်ပင်းပေါ်မှာ ဖိအား သက်ရောက်မှု မရောက်အောင် ခေါင်းကို ထောက်ပံ့ ထားနိုင်တာကြောင့်ပါ။
ပခုံးလှည့် လေ့ကျင့်ခန်း ပြုလုပ်ပါ။
ပခုံးကို မြှင့်တင်ပြီး အနောက်ဘက်ကို လှည့်ကာ အောက်ဘက်သို့ ပြန်ချပါ။ ပြီးရင် အရှေ့ဘက်ကို လှည့်ပြီး မြှင့်တင်ပါ။ မကြာခဏ ပြုလုပ်ပေးပြီး နောက်တစ်ဖက် ပြောင်းလုပ်ပါ။
ရောဂါလက္ခဏာ အတွက် သတိထားပါ။
သင် ဇက်ကြောတက်တာဟာ အဖျားရှိတာ၊ ပိျု့အန်တာ၊ ရောင်ရမ်းတာ ဒါမှမဟုတ် နေမကောင်းတဲ့ ခံစားမှုနဲ့ တွဲဖက်ပြီး ဖြစ်ပေါ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ ကျန်းမာရေး ပြဿနာ တစ်ခုခု ဖြစ်နေတာကြောင့် ဇက်ကြောတက်နေတာ ဖြစ်နိုင်တာမို့ပါ။
ပြည်မြန်မာ

အမျိုးသားများလည်း သတိထားသင့်သည့် အမျိုးသမီးရောဂါ ခုနစ်မျိုး


မျိုးဗီဇ၊ ခန္ဓာဗေဒနဲ့ ဟော်မုန်း အဆင့် အပြောင်းအလဲကြောင့် တခိျု့ရောဂါတွေက အမျိုးသားတွေမှာထက် အမျိုးသမီး တွေမှာ ပိုပြီး ထိခိုက်မှု ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များရတဲ့ ဒီရောဂါတွေဟာ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိတဲ့အတွက် သတိပြု စောင့်ကြည့်သင့်ပါတယ်။
(၁) ရင်သားကင်ဆာ
အမျိုးသမီးတွေမှာ ရင်သားတစ်သျှူး တွေ ပိုမို ပါရှိနေတဲ့အတွက် အမျိုးသားတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေဟာ ရင်သားကင်ဆာ ဖြစ်သူတွေရဲ့ တစ်ရာခိုင်နှုန်းသာ ရှိပေမယ့် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ရှိတဲ့ အချက်ကို မေ့နေတတ်ကြပါတယ်။ ဒါ ကြောင့် အမျိုးသားတွေ အနေနဲ့ ရောဂါ ရှာဖွေရာမှာ ရင်သားကင်ဆာ စစ်ဆေးမှုကို မပြုလုပ်တတ်ပါဘူး။ အသက် ၅၀ ကျော်တာနဲ့ အ၀လွန်တာတွေဟာ အမျိုးသားတွေကို ရင်သားကင်ဆာ ဖြစ်နိုင်ခြေများ စေတဲ့ အချက်တွေပါ။
(၂) အရိုးပါး ရောဂါ
အရိုးပါးရောဂါဟာ အရိုးသိပ်သည်းဆကို လျော့နည်းစေပြီး အရိုးကျိုးလွယ်စေပါတယ်။ အမျိုးသမီး သုံးဦးမှာ တစ်ဦးနှုန်း အရိုးပါး ရောဂါ ဖြစ်နိုင်ခြေများတဲ့ အတွက် အမျိုးသားတွေ သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ အမျိုးသား ငါးဦးမှာ တစ်ဦးနှုန်း အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အသက် ၆၅နှစ် ကနေ ၇၀ ကျော်လာချိန်မှာ အမျိုးသားတွေရဲ့ အရိုးထုထည်ဟာ စတင် ဆုံးရှုံးလာပါတော့ တယ်။ ကျောက်ကပ် ပြဿနာ၊ သိုင်းရွိုက် ပြဿနာ၊ ဗီတာမင်ဒီ ခိျု့တဲ့တာ၊ စတီးရွိုက်ဆေး ကြာရှည်သောက်သုံးတာ၊ ကင်ဆာ ကုထုံးနဲ့ အတက်ကျဆေး သောက်တာတွေကြောင့် အရိုးသိပ်သည်းဆ ဆုံးရှုံးမှု အဖြစ်များပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။
(၃) သိုင်းရွိုက် ပြဿနာများ
လည်ပင်း အလယ်အောက်ခြေမှာ ရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းထွက်ရှိကာ ဇီဝကမ္မ ဖြစ်စဉ်ကို ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်း ထွက်ရှိတာကြောင့် နုံးချည့်တာ၊ ကိုယ် အလေးချိန် မြင့်တက်တာ၊ မေ့လွယ်တာ၊ အရေပြားနဲ့ ဆံပင်သား ခြောက်သွေ့တာ တို့ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း အလုံအလောက် မထွက်ရှိရင် ကြွက်သား အားနည်းတာ၊ အိပ်ရေးပျက်တာနဲ့ စိတ်တိုတာတို့ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သိုင်းရွိုက်ရောဂါ ဖြစ်နိုင်ခြေ ၅-၈ ဆ ပိုများပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေရှိတာကို သတိပြုသင့်ပါတယ်။
(၄) အစာစားခြင်းဆိုင်ရာ ပြဿနာ
အမျိုးသားတွေဟာ ကိုယ်အလေးချိန် လျှော့ချရင်း အစာစားမှုဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အစားလျှော့လွန် ရောဂါရနေသူ ၁၀-၁၅ ရာခိုင် နှုန်းဟာ အမျိုးသားတွေ ဖြစ်နေပါတယ်။ အမျိုးသားတွေဟာ အစာ အာဟာရ မလုံလောက်တာကြောင့် နှလုံးပြဿနာ၊ အရိုး သိပ်သည်းဆ ဆုံးရှုံးမှု၊ ကိုယ်အင်္ဂါထိခိုက်မှုနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေ ရှိပါတယ်။ အားကစားကို အလွန်အကျွံ ကစားသူတွေ၊ အ၀လွန်တဲ့ လူငယ်တွေနဲ့ အစားအသောက်ကို အလွန်အမင်း လျှော့သူတွေဟာ ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နိုင်ခြေ ရှိပါတယ်။
(၅) ဆီးအိတ် ပိုးဝင်ခြင်း
ဆီးအိတ်ပိုး ၀င်တာက အမျိုးသမီးတွေမှာ အဖြစ်များပေမယ့် အမျိုးသားတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် အမျိုးသားတွေက ဆီးကျိတ်ကြီးတာ၊ ဆီးကျောက်တည်တာနဲ့ ဆီးပြွန် ကျဉ်းတာတို့ ဖြစ်နေရင် ဆီးအိတ်ပိုးဝင်မှု ဖြစ်နိုင်ခြေ များပါတယ်။ ဆီးအိတ်ပိုးဝင်မှုကို ပဋိဇီဝ ပိုးသတ်ဆေးနဲ့ ကုသမှု ခံယူနိုင်ပါတယ်။ မကြာခဏ ဆီးသွားတာ၊ ဆီးထဲ သွေးပါတာ၊ ဆီးအရောင်ရင့်တာ၊ ဆီးသွား တိုင်း ပူစပ်ပူလောင်ဝေဒနာရတာနဲ့ အဖျား နည်းနည်း ရှိတာတွေဟာ ဆီးအိတ်ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
(၆) စိတ်ဓာတ်ကျခြင်း အမျိုးသမီးတွေဟာ အမျိုးသားတွေ ထက် စိတ်ဓာတ်ကျ ရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်။ ဒါပေမဲ့ ခံစားရတဲ့ လက္ခဏာတွေကတော့ မတူပါဘူး။ အမျိုး သားတွေဟာ စိတ်ဓာတ်ကျရင် ဒေါသ ထွက်တာ၊ စိတ်ဂနာမငြိမ် ဖြစ်တာနဲ့ စိတ်ပျက်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါ တယ်။ ကုသမှု မခံယူရင် စိတ်ဓာတ်ကျတဲ့ လက္ခဏာက ပိုဆိုးနိုင်ပါတယ်။
(၇) ကိုယ်ခံအား လွန်ကဲသော ရောဂါတစ်မျိုး(Lupus) ခန္ဓာကိုယ်ရှိ ကိုယ်ခံအား စနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေ ဖောက်ပြန်မှုကြောင့် ကိုယ်တွင်းစနစ်ကို ပြန်တိုက်ဖျက်တဲ့ ဝေဒနာ (Autoimmune Disorder) ဖြစ်သူ ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါ တယ်။ လက္ခဏာ အနေနဲ့ အဆစ်ရောင်ရမ်း တာ၊ အဆစ်နာတာ၊ ကြွက်သား အားနည်း တာ၊ အလွန်အမင်း မောပန်းတာ၊ အကြောင်းရင်း မရှိဘဲ ဖျားတာ၊ ဆံပင်ကျွတ်တာ၊ ခြေထောက် ရောင်တာ၊ ခံတွင်းအနာနဲ့ ဂလင်း တွေ ရောင်ရမ်းတာတို့ကို တွေ့ရတတ်ပါ တယ်။
*ဆရာဝန်နှင့် ပြပါ။
လေ့လာမှုတွေအရ အမျိုးသားတွေက အမျိုးသမီးတွေထက် ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးကြောင်း သိရပါတယ်။ အရင်က ဆရာဝန်နဲ့ ပြသမှု ၂၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး အခုအခါ ၄၀ ရာခိုင်နှုန်း နီးပါးဟာ ကျန်းမာရေး စစ်ဆေးမှု မပြုလုပ်ကြကြောင်း သိရပါတယ်။ ဒါကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ၊ ကင်ဆာရောဂါ နဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ တို့ကြောင့် သေဆုံးနိုင်ခြေ ၁ ဒသမ ၅ ဆ ပိုများပါတယ်။ သင့်အနေနဲ့ ကျန်းမာရေး မကောင်းဘူးလို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင် ပြသသင့် ပါတယ်။
ပြည်မြန်မာ

ကျောင်းရေလောင်းအိမ်သာ အောက်ခြေအင်္ဂတေကြမ်းခင်းပြိုကျ ကျောင်းသူသုံးဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

ရန်ကုန်- ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ၀မ်ကန်တွဲဖက်အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ် ၉ရက် နံနက်ပိုင်းက ကျောင်းသုံးရေလောင်းအိမ်သာ ငါးခန်းတွဲနှစ်ခု၏ အောက်ခြေအင်္ဂတေ ကြမ်းပြင် ပြိုကျခဲ့ရာ ကျောင်းသူသုံးဦးသေဆုံး၍ ၁၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ယင်းနေ့ နံနက် ၁၀ နာရီခွဲခန့် မုန့်စားကျောင်းဆင်းချိန်တွင် ပြိုကျခဲ့ခြင်းကြောင့် ယခုကဲ့သို့ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များသွားရခြင်းဖြစ်သည်။

သေဆုံးသွားသူများမှာ န၀မတန်းကျောင်းသူ နှစ်ဦးနှင့် တတိယတန်းကျောင်းသူတစ်ဦးဖြစ်သည်။

“သူတို့အဆောက်အအုံကလည်း သိပ်ခိုင်မာမှုမရှိဘူးထင်ပါတယ်။ ပြီးတော့ မိုးများတာလည်းပါတယ်။ မိလ္လာကန်ပေါ်မှာ ဆောက်ထားတဲ့အိမ်သာတွေ အိပြီးပြိုကျတာ။ ကလေးတွေအကုန်ပြုတ်ကျကုန်ပြီး အုတ်ကျိုးတွေနဲ့ ထိခိုက်ကုန်တယ်။ အောက်ဆုံးရောက်တဲ့ကလေးတွေ သေကုန်တာ”ဟု ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

အဆောက်အအုံပြိုကျသည့်နေရာသို့ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသားမိဘများက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသောကျောင်းသူ ၁၂ ဦးကို ၀မ်ကန်တိုက်နယ်ဆေးရုံ၌ ကုသပေးလျက်ရှိသည်။
ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများရှိနေခြင်းကြောင့် မြေပြိုမှုအန္တရာယ်များကြုံတွေ့ရနိုင်ပြီး အထူးသတိထားရန်လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သြဂုတ် ၈ ရက်တွင် သတိပေးပြောကြားထားသည်။
7Day News Journal

ဖုန်းကတ် ပျောက်ဆုံးသူများကို စည်းကမ်းသစ်များ တိုးမြှင့်သတ်မှတ်




ငွေကျပ် ၅ သိန်းတန် မိုဘိုင်းဖုန်းလိုင်းများ ပျောက်ဆုံးမှုအတွက် အသစ်တဖန် ပြန်လည်လျောက်ထား
ရာ၌ ယခင်ကဝယ်ယူသည့် ကုမ္ပဏီထံမှ ထောက်ခံချက် ပြန်လည်တောင်းခံခြင်း မရှိသော်လည်း ယခု
အခါ ထောက်ခံချက်ကိုတိုးမြှင့်ကောက်ခံခဲ့သည်ဟု မိုဘိုင်းဖုန်းလိုင်းအကျိုးဆောင် လုပ်ကိုင်သူ တစ်ဦး
က ပြောသည်။

“ဝ၉ ၄၃ နဲ့ စတဲ့ ဖုန်းလိုင်းတွေ ပျောက်ရင်ဘယ်ကနေဝယ်လာလဲဆိုတာကို စစ်တယ်။ ကုမ္ပဏီကနေ ဝယ်လာတာဆိုရင် ဝယ်လာတဲ့ ကုမ္ပဏီကနေပြီး ထောက်ခံချက် ပြန်တောင်းခိုင်းတယ်။

ဒီလိုမျိုး အဆင့်ဆင့် ဟိုသွားခိုင်း ဒီသွားခိုင်း လုပ်နေတာ ဘာကြောင့်လဲဆိုတာ ကျွန်တော် နားမ
လည်ဘူး။ စာချုပ်ပေါ်မှာ ဘယ်ကနေ ဝယ်လာတယ်ဆိုတာ တစ်ခါတည်း တံဆိပ်နှိပ်ပြီးသား ပါ
တာပဲ။ ဒါကိုပဲ ပြန်ပြီးတော့ ထောက်ခံချက် သွားလုပ်ခိုင်းတယ်။ ဘာမှလည်း ထူးမယ်မထင်ဘူး”
ဟု အထက်ပါ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူက ဆိုသည်။

ရွှေဂုံတိုင် မိုဘိုင်းရုံးချုပ် အနေဖြင့် မိုဘိုင်းဖုန်းကတ် လျောက်ထားသူများကို ထောက်ခံချက်တောင်း
ရာ၌ ကုမ္ပဏီများမှ ဝယ်ယူထားသည့် မိုဘိုင်းဖုန်းလိုင်းများကိုသာ တောင်းခံခြင်းဖြစ်ပြီး ၎င်းတို့ဌာနမှ ဝယ်ယူထားသည့် မိုဘိုင်းဖုန်းကတ်များ အတွက်ကိုမူ ထောက်ခံချက် တောင်းခံခြင်း မပြုလုပ်ဟု သိ
ရသည်။

ပုံမှန်အနေဖြင့် ၂ သိန်းတန် ဖုန်းလိုင်းများ ဖြစ်ကြသည့် ဝ၉ ၄၂ ဖုန်းလိုင်းများ အတွက်သာ ထောက်ခံ
ချက် တောင်းခြင်း ဖြစ်သော်လည်း ယခုတစ်ပတ် အတောအတွင်း ၅ သိန်းတန် ဖုန်းလိုင်းများ ဖြစ်ကြ
သည့် ဝ၉ ၄၃ ဖုန်းလိုင်းများကို လိုင်းကတ်ပျောက်သည့်အခါ ထောက်ခံချက် တိုးမြှင့်တောင်းခံခဲ့ခြင်း
ဖြစ်သည်။

“ပြီးခဲ့တဲ့ တစ်လလောက်က ကတ်ပျောက်လျှောက်တာ စာချုပ်ရယ်၊ မှတ်ပုံတင်မိတ္တူရယ်၊ တစ်
သောင်းကျပ်ရယ်ပဲ လိုတယ်။ လူအနည်းအများပေါ် မူတည်ပြီး ၁၅ မိနစ်အတောအတွင်းလောက်
မှာ ရလာခဲ့တယ်။ ကတ်ကတော့ ဆက်သွယ်ရေးကဝယ်ထားတဲ့ကတ်ပါ” ဟု ရွှေဂုံတိုင်ရုံးသို့ ကတ်
ပျောက်သွားရောက်လျှောက်ထားခဲ့သူ ဦးထွန်းထွန်းက ပြောသည်။ ကတ်ပျောက် လျှောက်ထားရာ
၌ တိုးမြှင့် တောင်းခံသည့် ထောက်ခံချက်နှင့် ပတ်သက်၍ ဆက်သွယ်ရေးရုံးသို့ ဆက်သွယ်မေးမြန်း
ခဲ့သော်လည်း ဖြေဆိုမည့်သူ မရှိခဲ့၍ အကြောင်းအရာများကို မသိရှိနိုင်ခဲ့သော်လည်း ရတနာပုံ Call
Center သို့ ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းသည် မှန်ကန်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

မြင့်ကျော်လှိုင်

လက်သည်း များနှင့် ကျန်းမာရေး


၁။ လက်သည်းများ အရောင် ဖျော့နေခြင်း

သွေးအားနည်းခြင်း၊ နှလုံးသွေး အိုင်၍ အလုပ်မလုပ်နိုင်ခြင်း (Congestive Heart Failure)၊ အသည်း ရောဂါနှင့် အာဟာရ မပြည့်ဝမှုတို့၏ လက္ခဏာ ဖြစ်နိုင် ပါတယ်။

၂။ လက်သည်းများ ဖြူနေပြီး လက်သည်း၏ နှုတ်ခမ်းသားများ အရောင် ရင့်နေခြင်းက အသည်း ရောဂါ လက္ခဏာ တစ်ခုဖြစ်သည့် အသည်းရောင်ခြင်း ဖြစ်နိုင်ပါတယ်။

၃။ လက်သည်းများဝါနေခြင်း

လက်သည်း ၀ါစေတဲ့ အဖြစ်များဆုံး အကြောင်းကတော့ လက်သည်းမှို စွဲခြင်းပါပဲ။ အခြား အဖြစ်နည်းတဲ့ လက်သည်းဝါ စေတဲ့အကြောင်းတွေ ကတော့ သိုင်းရွိုက် ရောဂါ၊ အဆုတ်နဲ့ ဆီးချိုရောဂါတွေ ဖြစ်ပါတယ်။

၎။ လက်သည်းများပြာနေခြင်း

ခန္ဓာကိုယ်မှာ အောက်ဆီဂျင်လုံ လာက်စွာ မရဘူးဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ နောက်ပြီး ယင်းက နမိုးနီးယားကဲ့သို့ အဆုတ်ရောဂါနဲ့ နှလုံးရောဂါတို့နဲ့လည်း ဆက်စပ် နိုင်ပါတယ်။

၅။လက်သည်း ပေါ်တွင် လှိုင်းများ ထနေခြင်း သို့မဟုတ် အချိုင့်ငယ်များ ပေါ်နေခြင်း

၎င်းဟာ အဆစ်ရောင် ရောဂါ ရဲ့ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ပါတယ်။ ထို့ပြင် လက်သည်း အရောင်များ လျော့လာပြီး လက်သည်း အောက်ခြေ အသား နီညိုရောင်ကို ပိုပြီး ထင်ထင်ရှားရှား မြင်လာရတာမျိုး ဖြစ်နိုင် ပါတယ်။

၆။ လက်သည်းများကွဲခြင်း၊ ကျိုး ခြင်း

ရောဂါနဲ့ ဆက်စပ် နေနိုင်ပါတယ်။ (ဒါပေမယ့် လက်သည်းကျိုး လွယ်ခြင်းနဲ့ လက်သည်း ၀ါခြင်းတို့ တွဲဖြစ်ပါက လက်သည်း မှိုစွဲခြင်းကြောင့် ပိုဖြစ် နိုင်ပါတယ်)။

၇။လက်သည်း ပတ်လည်ရှိ အသားများ ရောင်ခြင်း ကြွက်သား ရောဂါ ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။

၈။ လက်သည်း အောက်ခြေမှာ အနက်စင်းများ ပေါ်ခြင်း အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။ အဲဒါက အရေပြား ကင်ဆာရဲ့လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။

၉။ ကိုက်ထားသော လက်သည်းများ တချို့ကိစ္စတွေမှာ ၎င်းင်းက စိတ်ပူပန်မှုရဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်ပြီး ယင်းအကျင့်အား မဖျောက်နိုင်ပါက ဆရာဝန်နဲ့ ဆွေးနွေး သင့်ပါတယ်။

မိုင်ကိ

ref:WebMD

ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့်ပက်


အယူဝါဒ ပြင်းထန်သူ တစ်ဦးဖြစ်သည့် တရားဟောဆရာ ရှိတ်ခ်အစ်ဆာပွန်ဒါ အစ်ဆာနှင့် အပေါင်းအပါ တစ်ဦးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မိန်းကလေး (၂)ဦးကို တန်ဇန်းနီးယားနိုင်ငံ၊ ဇင်ဇီဘာကျွန်းတွင် အက်ဆစ်ဖြင့် ပက်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်မိန်းကလေး ၂ ဦးကို မွတ်ဆလင် တရားဟောဆရာက အက်ဆစ်ဖြင့် ပက် (page 15/world) ဗြိတိန်သူ မိန်းကလေး (၂)ဦးကို အက်ဆစ်ဖြင့် ပက်ခဲ့သည့် မွတ်ဆလင် တရားဟောဆရာ တစ်ဦးအား တန်ဇန်းနီးယား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အယူဝါ ဒ ပြင်းထန်သူ တစ်ဦးဖြစ်သည့် တရားဟောဆရာ ရှိတ်ခ်အစ်ဆာပွန်ဒါ အစ်ဆာနှင့် အပေါင်းအပါ တစ်ဦးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် မိန်းကလေး (၂)ဦးကို တန်ဇန်းနီးယားနိုင်ငံ၊ ဇင်ဇီဘာကျွန်းတွင် အက်ဆစ်ဖြင့် ပက် ခဲ့ခြင်း ဖြစ်သည်။ ဘက်ထရီသုံး အက်ဆစ် သည် ပြင်းထန်လွန်းပြီး မိန်းကလေး နှစ်ဦး၏ အဝတ်အစားများ မိနစ်ပိုင်းအတွင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသလို အရေပြားများပါ လောင်ကျွမ်းကုန်သည်

အစ်ဆာကို ခြေရာခံ ရှာဖွေသော ရဲများသည် နိုင်ငံ၏မြို့တော် ဒါအက်စ်ဆာလမ် အနီးတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အစ်ဆာအား မီးခုံးဗုံး သေနတ်ကျည်ဖူးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရှိရသည်။ သူငယ်ချင်း နှစ်ဦးဖြစ်သော ကေတီဂီးနှင့် ခရစ္စတီထရပ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်က ခြောက်ခြားစရာ ဖြစ်စဉ်အတွင်း လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံ၌ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ လန်ဒန်ရှိ ဝက်စ်မင်နစ်စတာ ဆေးရုံမှ ဆရာဝန်များက မိန်းကလေး နှစ်ဦး၏ အခြေအနေသည် စိတ်ချရလောက်အောင် တည်ငြိမ်နေပြီ ဖြစ်သော်လည်း သက်တောင့်သက်သာ အနားယူနိုင်အောင် စီစဉ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးသည် တန်ဇန်းနီးယား ကမ်းလွန်တွင် တည်ရှိပြီး တန်ဇန်းနီးယား အစိုးရ လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့် ဒေသအဖြစ် ရပ်တည်နေသော ဇင်ဇီဘာကျွန်းသို့ အားလပ်ရက် အပန်းဖြေ ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် မိန်းကလေး နှစ်ဦးကို မိဘများက ချက်ချင်းလိုလို လန်ဒန်သို့ ပြန်လည် ခေါ်ဆောင်လာကာ ကုသမှု ခံယူစေခြင်း ဖြစ် သည်။ ဆေးရုံမှ ဆရာဝန် တစ်ဦးက လူနာတွေဟာ လောလော ဆယ် ဆေးရုံမှာ သက်တောင့်သက်သာ အနားယူနေပါတယ်။ သူတို့ကို မိသားစုတွေက တစ်နေကုန် စောင့်ကြည့်နေကြတယ်။ နှစ်ယောက်စလုံးကို ဆက်ပြီး ကုသမှု ပေးနေဆဲပါဟု ပြောကြားခဲ့သည်။

ဗြိတိန် လွှတ်တော်ရှိ တိုရေးအမတ် ဘီလ်ကက်ရှ်က နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် တန်ဇန်းနီးယားနှင့် ဇင်ဇီဘာတို့သို့ သွားရောက် လည်ပတ်သည့် ဗြိတိန်နိုင်ငံသားများအတွက် သတိပေးချက် ထုတ်ပြန်သင့်ကြောင်း၊ ယခုဖြစ်စဉ်သည် သာမန် ရာဇဝတ်မှု တစ်ခုထက် လွန်ကဲကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနကလည်း တန်ဇန်းနီးယားသို့ လည်ပတ်မှု လမ်းညွှန် ဝက်ဘ်ဆိုက် စာမျက်နှာတွင် အဆိုပါ ဖြစ်စဉ်ကို သောကြာနေ့က ရေးသား လွှင့်တင်ခဲ့သည်။ မိန်းကလေး နှစ်ဦး၏ မိသားစုက Twitterတွင် လွှင့်တင်သော ဓာတ်ပုံ၌ အရေပြား၌ ဆိုးရွားသော လောင်ကျွမ်းမှုများကို တွေ့မြင်နိုင်သည်။

မိန်းကလေး တစ်ဦး၏ ဒဏ်ရာမှာ အခင်းဖြစ်ပွားစဉ် ကူညီသူများက ညစ်ညမ်းသော ရေများ သုံးမိသဖြင့် ပိုးဝင်ပြီး အခြေအနေ ပိုမို ဆိုးရွားခဲ့ကြောင်းလည်း သိရှိရသည်။ ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုဖြစ်သော စတုန်းတောင်းတွင် သူငယ်ချင်းများက ပင်လယ်ရေများကိုခပ်ကာ လောင်ကျွမ်းဒဏ်ရာကို ဆေးကြောပေးပြီး ကျန်တစ်ဦးမှာမူ အိမ်သာထဲမှ ရေများကို အသုံးပြုခဲ့မိခြင်း ဖြစ်သည်။ အက်ဆစ်ရယ်၊ ဆားငယ်ရေရယ်ဆိုတော့ ရလဒ်က တစ်မျိုးဖြစ်သွားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကြောက်ကြောက်လန့်လန့် ဖြစ်ပြီး လျှောက်ပြေးရာက အများသုံး အိမ်သာထဲ ရောက်သွားတယ်။ အဲဒီမှာ မသန့်ရှင်းတဲ့ ရေတွေကို သုံးလိုက်မိတယ်လေဟု ထရပ်၏ ဖခင်က ဆိုသည်။

ရဲတပ်ဖွဲ့သည် မျက်မြင်သက်သေ (၅)ဦးကို မေးမြန်းခဲ့ပြီး မော်တော် ဆိုင်ကယ် စီးလာသူနှစ်ဦးက မိန်းကလေးများ လမ်းလျှောက်လာစဉ် အက်ဆစ်ဖြင့် ပက်သွားခြင်းဟု ထွက်ဆိုခဲ့ကြသည်။ မိန်းကလေးတွေနောက် ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လိုက်သွားတယ်။ ပြီးတော့ အရည်တွေ လောင်းပက်သွားတာပဲ။ ဒါက အက်ဆစ်လို့ ထင်တယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ သူတို့ထွက်ပြေးသွားတယ်ဟု မျက်မြင်တစ်ဦးက ဆိုသည်။ မိန်းကလေးများသည် သူငယ်ချင်းများနှင့်အတူ ညစာစားရန် လမ်းလျှောက်လာစဉ် ယခုလို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

သတင်းများက အစ်ဆာသည် အစွန်းရောက် ဘာသာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် အူရမ်ရှိုနှင့် ဆက်စပ်မှု ရှိနေကြောင်း ဖော်ပြခဲ့သည်။ အစ်ဆာကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ၎င်း၏ ကြံရာပါနှင့် ပတ်သက်၍ တိတိကျကျ မသိရှိရသေးချေ။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ဇင်ဇီဘာကျွန်းသည် အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ပြီး မိန်းကလေးများက အပန်းဖြေခရီး ထွက်လာရင်း စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

စပျစ်သီးမှ ကုသပေးသော ရောဂါများ


စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်း အထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိပါတယ်။

 ၁။ ပန်းနာ ပျောက်ကင်းစေခြင်း

ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများကို ပျောက်ကင်း စေပါတယ်။ အထူးသဖြင့် စပျစ်သီး ခြောက် စားသုံးခြင်းက များက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။

၂။ ဝန်းချုပ် ရောဂါ ပျောက်ကင်းစေခြင်း

စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်ပြီး ယင်းဓာတ်များက ဝမ်းနှုတ်ဆေး သဖွယ် လုပ်ဆောင် ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်၊ ဝမ်းချုပ် ဝမ်း ပုံမှန် သွားစေပါတယ်။

၃။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ကုသခြင်း

ကောင်းတစ်ခြမ်း ကိုက်တတ်တဲ့ သူများအနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည် မှီဝဲဖို့ တိုက်တွန်း ထားပါ တယ်။ သို့ပေမယ့် ရေနည်းနည်းနဲ့ ဖျော်တဲ့ စပျစ်သီး ဖျော်ရည် ဖြစ်ရမှာ ဖြစ်ပြီး ဦးနှောက်ကို လန်းဆန်း စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် ပျောက်ကင်း စေပါ တယ်။

၎။ နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်ခြင်း

နှလုံးနဲ့ ဆက်စပ်ရောဂါ အားလုံးကို တားဆီးကာကွယ် ပေးပါတယ်။ သွေးထဲကို နိုက်ထရစ် အက်ဆစ်ဓာတ် တိုးစေတာကြေင့် သွေးလည်ပတ်မှု အားကောင်းပြီး သွေးခဲမှု မဖြစ်အောင် တားဆီး ကာကွယ် ပေးပါတယ်။ သဘာဝ antioxidant လည်း ဖြစ်တဲ့အတွက် LDL ကိုလက်စထရော level ကို လျော့ချ ပေးပါတယ်။ ဒါကြောင့် သွေးလမ်းကြောင်း ပိတ်ခြင်းကို လုံးဝ မဖြစ်စေပါ ဘူး။ နှလုံးရောဂါ ရှိသူများ အနေနဲ့လည်း စပစ်သီး ပုံမှန် မှီဝဲ စားသုံးခြင်းဖြင့် ဝေဒနာကို သက်သာ စေပါတယ်။

၅။ အစာမကြေ ဝေဒနာ ပျောက်ကင်းစေခြင်း

အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ရောဂါ ဝေဒနာ မှန်သမျှကို ပျောက်ကင်းစေ ပါတယ်။ ဒါကြောင့် အစာ စားပြီးတဲ့ အခါ မှီဝဲ စားသုံးသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ရောဂါ ဝေဒနာများကို သက်သာ၊ ပျောက်ကင်း၊ ကုသ ပေးတဲ့အပြင် စပစ်သီးမှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိနေသေးကြောင်း သိရပါတယ်။

--

Ref: medic-facts
MWD

Samsung စမတ်လက်ပတ်နာရီ တီထွင်နေပြီဟုဆို


စက်တင်ဘာလ (၄)ရက်နေ့တွင် ပြုလုပ်မည့် Samsung Unpacked Eventတွင် ယင်းနာရီကို မိတ်ဆက်လာမည်ဟု ခန့်မှန်း သတင်းများ ကျယ်ပြန့်နေ

နည်းပညာ ဝက်ဘ်ဆိုက်များထံ သတင်းပေါက်ကြားလာသည့် မူပိုင်ခွင့်လျှောက်လွှာ မှတ်တမ်း တစ်ခုအရ Samsung ကုမ္ပဏီသည် ကိုယ်ပိုင် စမတ်လက်ပတ်နာရီ (Smart Watch) တစ်ခုကို တီထွင်ဖန်တီးနေပြီဖြစ်ကြောင်း ဖော်ထုတ် သိရှိလာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးသည် အဆိုပါ စမတ်နာရီအတွက် အလုံးစုံ တီထွင်ပြီးမြောက်ပြီး ဖြစ်သည်ဟု ယူဆနိုင်ပြီး ယင်းအတွက် မူပိုင်ခွင့်ပါ လျှောက်ထားခဲ့ခြင်းဟု သတင်းများက ဆိုသည်။ ထို့အပြင် လျှောက်လွှာမှတ်တမ်း စာရွက်ပါ ဖော်ပြချက်အရ ယင်းစမတ်နာရီကို Samsungက Samsung Gearဟု အမည်ပေးထားကြောင်းလည်း သိရှိရသည်။ အမေရိကန်သို့ တင်ပို့ရောင်းချရန်အတွက် အမေရိကန်တွင် လျှောက်ထားခဲ့သော မူပိုင်ခွင့် ဖြည့်စွက်လွှာမှာ ယခုလို ပေါက်ကြားခဲ့ခြင်းဟု ဆိုသည်။ Samsungသည် မိမိတို့ အနေဖြင့် စမတ်နာရီ ဈေးကွက်ထဲ ဝင်ရောက်လာမည်ဟု မည်သည့်အခါကမျှ အတည်မပြုခဲ့သေးချေ။

သို့သော်လည်း စက်တင်ဘာလ (၄)ရက်နေ့တွင် ပြုလုပ်မည့် Samsung Unpacked Eventတွင် ယင်းနာရီကို မိတ်ဆက်လာမည်ဟု ခန့်မှန်း သတင်းများ ကျယ်ပြန့်နေသည်။ နယ်သာလန်မှ Samsung ထုတ်ကုန်များကို နှစ်သက်သူများ စုဖွဲ့ထားသည့် Galaxy Clubက Samsung Gear၏ သတင်းကို စတင် ခြေရာခံလာနိုင်ခဲ့သည်။ ၎င်းတို့က လက်တွင်ပတ်နိုင်သည့် ကိရိယာငယ် တစ်ခုသဖွယ် ဖန်တီးမည့် Samsung Gearသည် အင်တာနက် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ဖွယ် ရှိနေကြောင်း သုံးသပ်ထားသည်။

Samsung Gear၏ အသေးစိတ် အချက်အလက်များကိုမူ ကြိုတင် မှန်းဆနိုင်ခြင်း မရှိသေးချေ။ သို့သော်လည်း Samsungထုတ်ကုန် စမတ်ဖုန်းများ၊ ကွန်ပျူတာများနှင့် ချိတ်ဆက်ရန်၊ ကိုယ်ရေး အချက်အလက်များအတွက် စီမံခန့်ခွဲရန်၊ ခြေရာခံရန်စသည့် လုပ်ငန်းများအတွက် အသုံးဝင်စေမည်ဟု ယူဆထားသည်။ မူလက အဆိုပါ စမတ်နာရီ၏ အမည်ကို Galaxy Gearဟု သတ်မှတ်မည်ဟု သတင်းသဲ့သဲ့ ထွက်ပေါ်ခဲ့သော်လည်း ယခုလျှောက်လွှာအရ Samsung Gaerဟုသာ အမည်ပေးမည်ဟု ဖော်ထုတ်နိုင်ခဲ့သည်။

ဂျပန်ကုမ္ပဏီ Sonyသည် ဇွန်လက SmartWatch 2 အမည်ရှိ စမတ်နာရီကို မိတ်ဆက်ခဲ့သော်လည်း ယင်းသည် ဖုန်းခေါ်ဆိုမှု မပြုလုပ်နိုင်ဘဲ မိမိ၏ဖုန်းကို အဝေးထိန်း ကိရိယာ တစ်ခုသဖွယ် ချိတ်ဆက် ခိုင်းစေရန် အတွက်သာ စွမ်းဆောင်နိုင်မည် ဖြစ်သည်။ SmartWatch 2သည် Android OS အသုံးပြုထားသည့် ဖုန်းအားလုံးကို ချိတ်ဆက်နိုင်ပြီး ဖုန်းအတွင်းမှ အချက်အလက်များကို Syncပြုလုပ် မှတ်သားပြီး နာရီScreenပေါ်တွင် Notification ပြသခြင်းကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် ဝတ်ဆင်သူကို သတိပေး ထောက်ကူစေကြောင်း သိရှိရသည်။
Planet Myanmar Network

ကရင်လူငယ် အမျိုးသားတစ်ဦးသည် မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်


အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် သြဂုတ်လ ၈ ရက်နေ့က ဒေသစံတော်ချိန် ည ၁၂ နာရီခန့် အချိန်တွင် ကရင်လူငယ် အမျိုးသားတစ်ဦးသည် မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဆွဲကြိုးချသေဆုံးသူ ကရင်လူငယ်အမျိုးသား၏ အမည်မှာ ကညောစိုး(Ka Nyaw Soe) အသက် ၂၅ နှစ် (ဘ) ဦးရဲထူး (မိ) ဟာ့စ်အ်လဲအ်ပို (Hse Lae Paw)တို့၏သား ဖြစ်ကြောင်း သိရသည်။

မိမိကိုယ်မိမိ အဆုံးစီရင်သေဆုံးသွားသည့် ကိုကညောစိုး။ မိမိကိုယ်မိမိ အဆုံးစီရင်သေဆုံးသွားသည့် ကိုကညောစိုး။

ကညောစိုး ကြိုးဆွဲချ အဆုံးစီရင်သည့် အချိန်၊ နေ့ ၊ လမှာ ၄င်း၏ အသက် ၂၅ နှစ် ပြည့်မြောက်သည့် အချိန်၊ နေ့ ၊ လ တို့နှင့် ထူးခြားစွာ တိုက်ဆိုင်နေကြောင်း ဖခင်ဖြစ်သူ ကရင်အမျိုးသား ဦးရဲထူး ပြောကြားချက်အရ သိရသည်။

ကညောစိုး ယခုလို ဆွဲကြိုးချ အဆုံးစီရင်ရသည့် အဓိကအကြောင်းရင်းခံမှာ မင်နီဆိုးတားပြည်နယ်ရှိ ၄င်း၏ချစ်သူရည်းစားနှင့် လက်ထပ် အိမ်ထောင်ပြုမည့်ကိစ္စနှင့် ပတ်သက်၍ သူတို့အချင်းချင်း စကားများ အဆင်မပြေဖြစ်ရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဖခင်ဖြစ်သူ ဦးရဲထူးက သုံးသပ်သည်။

"သူက မင်နီဆိုးတားပြည်နယ်မှာ အလုပ်လုပ်ပြီးနေတော့ အဲဒီက သူနဲ့ ရွယ်တူ အမျိုး သမီး တယောက်နဲ့ ချစ် ကြိုက်နေကြ ပါတယ်။ ကျနော့်သား ကျနော့်အိမ်ကိုရောက်ရှိပြီးတဲ့ခါ အဲဒီက သူနဲ့ ချစ်ကြိုက်နေတဲ့ အမျိုးသမီးကို လက်ထပ်ယူဖို့ ကျနော့် ဆီမှာ ငွေရေးကြေးရေး အကူအညီတောင်းပါတယ်။ ကျနော်ကလည်း တတ်အားသရွေ့ ကူညီပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။ နောက်တနေ့ မှာ ကျနော့်တို့ သိရတာက သူ့ချစ်သူအမျိုးသမီးနဲ့  လက်ထပ်အိမ်ထောင်ပြုမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ချင်း စကားများ၊ အဆင်မပြေတော့ပါဘူးဆိုပြီး သိရပါတယ်။ ဒီအကြောင်းကိစ္စအပေါ်မှာ အခြေခံပြီးတော့ သူ စိတ်ဓာတ်တွေကျပြီး သူ့ကိုယ်သူ ဆွဲကြိုးချသေသွားတာလို့ ကျနော်တို့က ယူဆထားကြပါတယ်" ဟု ဦးရဲထူးက ဆိုသည်။

အဆိုပါ ဆွဲကြိုးချ ကရင်လူငယ်အမျိုးသားသည် အမေရိကန်ပြည်ထောင်စု မြောက်ဖက်ခြမ်း မင်နီဆိုးတားပြည်နယ် (Minesota) ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေရာမှ လွန်ခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် ၄င်း၏ မိသားစု အခြေချနေထိုင်နေသည့် တက္ကဆက်ပြည်နယ် အမာရီလိုမြို့ သစ်ပင်စိမ်းရပ်ကွက်(Green Tree)ရှိ နေအိမ်သို့ အလည်အပတ်ရောက်ရှိလာပြီးနောက် တပတ်အကြာတွင် ထိုသို့ မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးရဲထူးက ပြောသည်။

ကညောစိုး ဆွဲကြိုးချ အဆုံးစီရင်သည့်အိမ်မှာ အမာရီလိုမြို့၊ သစ်ပင်စိမ်းရပ်ကွက် (GreenTree) ဆာ့ရာ့လမ်း၊ တိုက်အမှတ် ၂၊ အိမ်အမှတ် ၅၃၁၇၊ ၄င်း၏ဖခင် ဦးရဲထူး၏နေအိမ် အိပ်ခန်းအတွင်းရှိ အင်္ကျီ၊ ဘောင်းဘီနှင့် အ၀တ်အစားများ ချိတ်ဆွဲသည့် သစ်သားတန်းတွင် ၀ါယာကြိုးငယ်ဖြင့် လည်ပင်းစွပ်ကာ ခြေဖျားဆန့်ထိုင်ချလိုက်သည့်ပုံစုံဖြင့် ဆွဲကြိုးချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ကညောစိုး ဆွဲကြိုးချသတ်သေသည့် အင်္ကျီ၊ ဘောင်းဘီနှင့် အ၀တ်အစားများ ချိတ်ဆွဲသည့် သစ်သားတန်းမှာ အမြင့်ပေ ၃ ပေခွဲခန့်၊ အလျား ၅ ပေခွဲ ခန့်နှင့် လုံးပတ် ၁ လက်မခန့်ရှိပြီး၊ ဆွဲကြိုးမှာ တီဗွီနှင့်ဗွီဒီယိုအောက်စက်ကို ဆက်သွယ်အသုံးပြုသည့် ၀ါယာကြိုးငယ်ဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

ကညောစိုး ဆွဲကြိုးချ အဆုံးမစီရင်မှီ ညနေ ၁၁ နာရီခန့် အချိန်တွင် မင်နီဆိုးတားပြည်နယ်ရှိ ၄င်း၏ ချစ်သူနဲ့  အရုပ်မြင် အသံကြားနိုင်သည့် အိုအိုဗွီအိုအို (OOVOO-Chat Room) ဖြင့် ကွန်ပျူတာ အင်တာနက်မှနေ ဆက်သွယ်စကားပြောကြားခဲ့ကြောင်း ကညောစိုး ဆွဲကြိုးချ အဆုံးစီရင်ထားသည်ကို ပထဆုံးတွေ့ မြင်သည့် တစ်အိမ်တည်းနေထိုင်ကြသော အသက် ၁၈ နှစ်အရွယ်ရှိ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

"ကညောစိုးဟာ အိပ်ခန်းထဲကို ကြာသပတေးနေ့ ည ၁၁ နာရီအချိန်လောက်မှာ ၀င်သွားပါတယ်။ သူဝင်သွားပြီး ၁ နာရီလောက်အကြာ ၁၂ နာရီအချိန်လောက်မှာ ကျမသူ့ကို သွားကြည့်တော့ သူဆွဲကြိုးချ အဆုံးစီရင်ထားတာကို တွေ့ပါတယ်။ သူ့ရဲ့ရှေ့က လက်တော့ကွန်ပျူတာ အင်တာနက်ထဲမှာ မင်နီဆိုးတားပြည်နယ်မှာရှိတဲ့ သူ့ချစ်သူအမျိုးသမီးနဲ့ အိုအိုဗွီဗွီအို ချတ်ရုန်း (Chat Room) ကနေ ဆက်သွယ် စကားပြောခဲ့တာကိုလည်း ကျမတို့ တွေ့ရပါတယ်။ ကညောစိုးဟာ သူ့ကိုယ်သူ ဆွဲကြိုးချ အဆုံးစီရင်သွားတာကို အင်တာနက် အိုအိုဗွီအိုအို ချတ်ရုန်း ကနေတဆင့် သူ့ချစ်သူအမျိုးသမီးကို ပြသွားပုံရပါတယ်။ " ဟု ၄င်းအမျိုးသမီးငယ်က ဆိုသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် မိသားစုဝင်များက အရေးပေါ်တယ်လီဖုန်းနံပါတ် နိုင်းဝမ်းဝမ်း ၉၁၁ ကို ဆက်သွယ်တိုင်ကြား ခေါ်ဆိုပြီးနောက် တာဝန်ရှိရဲဌာနမှ ရောက်ရှိလာခဲ့ပြီး သေဆုံးသူ ကညောစိုး၏ မိသားစုဝင်များထံမှ မေးမြန်းစစ်ဆေးချက်များရယူကာ ကညောစိုး၏ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးချက် ရယူရန်အတွက် အမာရီလိုမြို့၏ တောင်ဖက် ၁၂၃ မိုင်ခန့် ကွာဝေးသော လာ့ဘို့ခ်ဆေးရုံကြီး (Lubbock Hospital) သို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

ယခုအခါ ကညောစိုး၏ ရုပ်အလောင်းကို ရဲဌာနမှ လိုအပ်သည်များကို ဆရာဝန်၏ ခွဲစိတ် ဆေးစစ်ချက်မှတ်တမ်းများရယူလျက်ရှိနေပြီး၊ ရုပ်အလောင်း ပြန်ရရှိသည့်အခါမှသာ မည်သို့မည်ပုံ သင်္ဂြိုလ်သွားမည်ကို ကျန်ရစ်သူမိသားစုများက ၄င်းတို့ သက်ဝင်ယုံကြည်ကိုးကွယ်သော ခရစ်ယန်ဘာသာ အသင်းတော်၏ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ကာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
မြန်မာတိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့ စည်းတည်ထောင်ထားသော အမာရီလိုမြို့ "နာရေးကူညီမှုအသင်း" မှလည်း ကညောစိုး၏ ဈပနကို ငွေကြေးထောက်ပံ့မှုများနှင့်အခြားသော လိုအပ်မှုများကိုလည်း တတ်နိုင်သည့်ဖက်မှ ကူညီပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ ဦးကျော်သူရက ပြောသည်။

သေဆုံးသူ ကညောစိုးနှင့် သူ၏ မိသားစုမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ထိုင်းနိုင်ငံ Maelahoo ဒုက္ခသည် စခန်းမှနေ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့သို့ ရွေ့ပြောင်းအခြေချ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူ ကညောစိုး၏ မိမိသားစုတွင် ကညောစိုးအပါအ၀င် မိသားစု ၉ ယောက်ရှိပြီး ကညောစိုးမှာ သားသမီး ၇ ယောက်အနက် တစ်ဦးတည်းသော သားအကြီးဆုံးဖြစ်သည်။ ကညောစိုး သေဆုံးချိန်တွင် ညီမ ၆ ယောက်နှင့်အတူ အဘ ဦးရဲထူး+အမိ ဒေါ်ဟာ့စ်အ်လာ့အ်ပို (Hse Lae Paw)တို့  ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ကညောစိုး၏ ဆွဲကြိုးချ အဆုံးစီရင်မှုမှာ အမာရီလိုမြို့ မြန်မာကွန်မြူနတီထဲတွင် တတိယမြောက် ဆွဲကြိုးချ အဆုံးစီးရင်မှုဖြစ်ပြီး ယင်းမတိုင်မှီ ၂၀၁၂ ခုနှစ်တွင် ဆယ်ကျော်သက်အရွယ် မြန်မာအမျိုးသမီးပျိုတစ်ဦးနှင့် သက်ကြီးပိုင်းအရွယ် ကရင်အမျိုးသားတစ်ဦးလည်း အလားတူ ဆွဲကြိုးချ အဆုံးစီရင်မှုမျိုး ဖြစ်ပွားခဲ့ကြောင်းလည်း မြန်မာအသိုင်းအ၀ိုင်းထံမှ သိရသည်။

Arakan Time

ငါးမန်းတစ်ကောင်၏ ဝမ်းဗိုက်အတွင်းမှ ပေါင် ၂ဝဝ အလေးချိန်ရှိ ပင်လယ်ဖျံ



ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း ကမ်းခြေတစ်ခုတွင် ငါးဖမ်းသမားများ ဖမ်းဆီးခဲ့သော အရှည် ၁၂ ပေရှိ Mako အမျိုးအစား ငါးမန်းတစ်ကောင်ကို ငါးမန်း သုတေသီများက ခွဲစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်း၏ ဝမ်းဗိုက် အတွင်းမှ ပေါင် ၂ဝဝ အလေးချိန်ရှိ ပင်လယ်ဖျံ တစ်ကောင်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ သုတေသန အဖွဲ့မှ ဒေါက်တာ အန်တိုနယ် လာပရက်တီသည် ငါးမန်းကောင်ရေပေါင်း များစွာ၏ ဝမ်းဗိုက်များကို ခွဲစိတ် လေ့လာခဲ့ ဖူးရာ ယခု ဖမ်းမိသော ငါးမန်း၏ ဝမ်းဗိုက်အတွင်းမှ တွေ့ရှိရသော အစားအ စာမှာ အကြီးမားဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသား သမုဒ္ဒရာနှင့် လေထု ထိန်းချုပ်ရေး အဖွဲ့၏ ပြောကြားချက် အရ နှစ်စဉ် ငါးမန်းကောင်ရေပေါင်း သန်း တစ်ရာခန့် သတ်ဖြတ်ခြင်း ခံနေရပြီး ငါးမန်းတောင် ဟင်းချိုမှာ တရုတ်နိုင်ငံတွင် အလွန် ရောင်းကောင်း သော ဟင်းလျာတစ်မျိုး ဖြစ်ကြောင်း သိရသည်။

မြ၀တီ

၂၀၁၄ မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာဝင်ပြိုင်မည်


ရန်ကုန်- ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ဦး စေလွှတ် ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မယ်စကြ၀ဠာရွေးချယ်ရေး အဖွဲ့နှင့် သဘော တူညီမှု ရထားပြီးဖြစ်ကြောင်း နယူးယောက်မြို့ကို ရောက်ရှိနေသည့် စီစဉ်သူ မြန်မာနိုင်ငံ အမျိုး သမီးအား ကစား အဖွဲ့ချုပ်မှ ဒေါ်စိုးယုဝေက ပြောကြားသည်။

မယ်စကြ၀ဠာပြိုင်ပွဲ စေလွှတ်ရန် မြန်မာနိုင်ငံအဆင့် မယ်စကြ၀ဠာမြန်မာကို ပြည်တွင်းတွင် ပြိုင်ပွဲလုပ်ပြီး အသေ အချာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ အထူးသဖြင့် မြန်မာဆန်သောရုပ်ရည် နှင့် အရပ် ၅ ပေ ၆ လက်မရှိ သူကိုသာ ရွေးချယ်သွားပြီး မြန်မာပြည်အဆင့်တွင် ပြိုင်ပွဲဝင်များ မက်လောက်စရာ ထိုက်ထိုက် တန်တန် ဆုချီးမြှင့်သွားရန် စီစဉ်ထားကြောင်း ဒေါ်စိုးယုဝေက ရှင်းပြသည်။

၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့သော မယ်စကြ၀ဠာသည် ကမ္ဘာတွင် အမြင့်ဆုံး အလှမယ်ရွေးချယ်ပွဲဖြစ် ပြီး သန်းကြွယ်သူဌေးကြီး ဒေါ်နယ်လ်ထရမ့်က ထိုပြိုင်ပွဲကို ပံ့ပိုးကူညီထားသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးအစိုးရမတိုင်မီက ရှန်ဟဲမယ်၊ မေရီမြင့် စသော မြန်မာမယ်အချို့ ပြည်ပသို့ ထွက်၍ မယ်ပြိုင်ပွဲဝင်ခဲ့မှုများ ရှိပါသည်။ တော်လှန်ရေးအစိုးရလက်ထက်တွင် မယ်ပြိုင်ပွဲများ မကျင်းပခဲ့ သော်လည်း စစ်အစိုးရလက်ထက်တွင် လက်ပြတ်အင်္ကျီပုံစံများဖြင့် မယ်ပြိုင်ပွဲများကို ပြန်လည်ကျင်း ပလာခဲ့ သည်။ မယ်စကြ၀ဠာ စသော မယ်ပြိုင်ပွဲများမှာ ရက်ရှည်ကြာစွာ အဆင့်အမျိုးမျိုးနှင့် ပြိုင်ရသော ပြိုင်ပွဲ များဖြစ်ပြီး ရေကူးဝတ်စုံနှင့် သီးသန့်ပြိုင်ရသော ယှဉ်ပြိုင်မှုလည်း ပါဝင်ပါသည်။

၂၀၁၂ တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော Miss International ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု နန်းခင် ဇေယျာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပရိသတ်အားပေးမှုဖြင့် Miss Internet ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ Miss International ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနှင့် ၁၉၆၁ ခုနှစ်တွင် နောက်ဆုံးဝင်ပြိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် ကြာပြီးမှ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

7Day News Journal


အိန်္ဒိယ၌ မိသားစုဝင် ဆင်တစ်ကောင် ရထားတိုက်၍ သေဆုံးခဲ့မှု အပေါ် လက်စားချေသည့် အနေဖြင့် နေအိမ်များကို ဆင်များဖျက်ဆီး



အိန်္ဒိယ နိုင်ငံ အရှေ့ပိုင်း မာတာရီ ကျေးရွာ အနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရထား တိုက်မိမှုကြောင့် ဆင်တစ်ကောင် သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ဆင် ၁၅ ကောင်ခန့် ပါဝင်သော ဆင်အုပ် တစ်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံးခဲ့သည့် ရွာသို့ လာရောက်၍ ကလဲ့စား ချေသည့် အနေဖြင့် နေအိမ်များကို

ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆင်အုပ်သည် အနီးအနားရှိ နေအိမ်များကို ဖျက်ဆီးခဲ့ပြီး စာသင်ကျောင်း၏ အစိတ်အပိုင်း အချို့ကိုလည်း ဖျက်ဆီး ခဲ့ကြောင်းနှင့် ဆင်အုပ်ကို ဒေသခံ များက ဗျောက်အိုးများ အသုံးပြု၍ အုပ်စုခွဲ နိုင်ခဲ့ကြောင်း သိရသည်။

ဆင် ၁၅ ကောင်ခန့် ပါဝင်သော အဆိုပါ ဆင်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံးခဲ့သည့် နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ ဆင်များသည် ယင်းနေရာမှ ရက်ပေါင်းများစွာ ဖယ်ရှားခြင်း မရှိသည့် အတွက် ရထား ခရီးစဉ်များ ရပ်တန့် ခဲ့ရကြောင်း Times of India တွင် ဖော်ပြထားသည်။ ဆင်များသည် ၎င်းတို့၏ အပေါင်းအဖော် ဒဏ်ရာရရှိ ခဲ့သည်ဟု ယူဆပြီး ၎င်းကို ကယ်ဆယ်ရန် အတွက် အခင်း ဖြစ်ပွားရာ နေရာသို့ ပြန်လာရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဆင်တစ်ကောင် သဘာဝ အတိုင်း သေဆုံး ခဲ့ပါက ၎င်း၏ အပေါင်းအဖော် ဆင်များသည် သေဆုံးသည့် ဆင်၏ ခန္ဓာကိုယ်ကို သစ်ကိုင်းများဖြင့် ဖုံးအုပ်လေ့ ရှိကြောင်း တောရိုင်း တိရစ္ဆာန် ဆိုင်ရာ ကျွမ်းကျင်သူ ဒီအက်ခ်ဆရီဖက်စ်တာဗာက Times of India သို့ ပြောကြားခဲ့သည်။

မြ၀တီ

သားအိမ်ကင်ဆာကို ခွေးဖြင့် အနံ့ခံခိုင်းပြီး သိနိုင်ဟုဆို



အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် သားအိမ် ကင်ဆာကို ခွေးများ အား လေ့ကျင့်ပေးပြီး အနံ့ခံခိုင်းရုံဖြင့် သိရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား သုတေသီများက လက်တွေ့ ပြသခဲ့သည်။

လူနာများ လှူဒါန်းသည့် သွေးနှင့် တစ်သျှူး နမူနာများကို အသုံးပြုပြီး ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ရှိ ခွေး သုတေသန ဌာနသည် ခွေး သုံးကောင်ကို အနံ့ခံ တတ်စေရန် လေ့ကျင့်ပေးခဲ့ကြောင်း၊ အထူးသဖြင့် သားအိမ်ကင်ဆာကို အနံ့ခံတတ်ရန် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

မိုနဲလ် ဓာတု အာရုံခံစနစ် ဌာနကလည်း ခွေးများနည်းတူ အာရုံခံနိုင်သည့် အီလက်ထရွန်နစ် ဆင်ဆာ စနစ်ကို တီထွင်နိုင်ခဲ့ကြောင်း ဓာတုဗေဒ ပညာရှင် ဂျော့ပရက်တီက ပြောကြားခဲ့သည်။

MyanmarExpress