လိင်တူချစ်သူတွေကို မုန်းတီးမှုဆန့်ကျင်တဲ့နေ့ ရန်ကုန်မှာ ကျင်းပ


လိင်တူချစ်သူတွေဖြစ်တဲ့ LGBT တွေကို မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ မှားယွင်းနေသူတွေအဖြစ် ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ ခွဲခြားဆက်ဆံနေတဲ့အပေါ် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ်ေ

မြေသယ်ယာဉ်မှရပ်ထားသည့် တိုယိုတာဟိုင်းလတ်ယာဉ်အား ရှေ့ဘီးဖြင့် ကြိတ်မိ၍ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ


နေပြည်တော်၊ မေ ၁၈
၂၀၁၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကြေးစင်တောင်လုပ်ကွက်အမှတ်(၅၇၅)တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ကြေးစင်တောင် ရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကား(မြောက်)ရွာနေ မျိုးကိုကို(၂၃)နှစ် မောင်းနှင်လာသော တန်(၁၀၀) မြေသယ်ယာဉ်အမှတ်(၇၄)သည် မြေသယ်ရန်မောင်းထွက်စဉ် ရှေ့၌ရပ်ထားသော ၇ခ/xxxx တိုယိုတာဟိုင်းလပ်ယာဉ်အား ယာဘက်ရှေ့ဘီးဖြင့် ကြိတ်မိခဲ့ကြောင်းသိရှိရသည်။ ထိုသို့ကြိတ်မိမှုကြောင့် ဟိုင်းလတ်ယာဉ်အတွင်း ထိုင်နေသည့် ဆားလင်းကြီးမြို့နယ်၊ ကြေးစင်တောင်၊ အလုပ်သမားလိုင်းခန်းနေ မင်းမင်းစိုး(၄၉)နှစ်တွင် မျက်နှာချိုင့်ဝင်၊ နှာခေါင်းသွေးထွက်၊ ရင်ဘတ်ပွန်းပဲ့ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဆားလင်းကြီးမြို့နယ်၊ တောင်ပလူကျေးရွာနေ မင်းသက်နိုင် (၂၂)နှစ်တွင် ၀ဲပေါင်ပွန်း၊ ၀ဲခြေသလုံးစုတ်ပြဲ၊ ၀ဲခြေမျက်စေ့ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မျိုးကိုကိုအား ဆားလင်းကြီးမြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းနှင့် ဓာတ်ပုံ - Ton ၁၀၀ မြေသယ်ကားကြီးမှ ကားလေးအားတက်ကြိတ်၊ ကားလေးယာဉ်မောင်းသေဆုံး (သတင်း+ဓာတ်ပုံ)

ရဲဇာနည် 

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် - အမှတ် (၅၂၅)


 ဗောဓိတထောင်ပွဲသို့
မာမာအေး
မေ ၁၇၊ ၂၀၁၄

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ... မာအေးတော့ စိတ်ကူထားတာကတခြား၊ ပြောမိနေတာက တခြားတော့ ဖြစ်နေပြန်ပြီရှင့်။ သိတယ်မို့လား ... လွတ် လပ်ရေးအတွက် မျိုးစေ့ချခဲ့တဲ့ သူတော်ကောင်းတွေအကြောင်းကို ဦးတည်ထားခဲ့တာပေမယ့် ချစ်စွာသော မမမေအကြောင်းကလဲ ပေါ် ပြန်တော့ ပြောခဲ့ရပြန်တာပေါ့ရှင်။ ပြီးခဲ့တဲ့အစီအစဉ်တွေမှာ ဆရာတော်ဦးဥတ္တမအကြောင်း ကောင်းကောင်းကြီးပြောခဲ့တာကြောင့် ရွှေနား တော်ညောင်းမယ်ဆိုလဲ ပြေစရာရစေမယ်ဆိုတဲ့ သဘောလဲဖြစ်ပါတယ်ရှင်။

ခုလဲမာအေးက ကိုယ့်မွေးရပ်မြေ ပြန်ရောက်နေပြန်ပါပြီ။ ဒီမှာ အလှူရေစက်ချစရာလေးရှိနေလို့ ခဏပြန်လာတာပြောတာပေါ့။ ဒီတခေါက်က အလုပ်သဘော ဆိုစရာ ပြုစရာကိစ္စမဟုတ်လို့ အေးအေးဆေးဆေး ကုသိုလ်လုပ်အားပေးစရာရှိရင်ပေးဘို့ စဉ်းစားမိတာနဲ့ မဟာဗောဓိ တစ်ထောင် သာသနာမြေက လက်ရှိသာသနာပြုဆရာတော်ဘုရားကို မာအေးလာဖြစ်စရာအကြောင်းရှိပါတယ်လို့ ဖုန်းဆက်လှမ်းလျှောက် ထားမိပါတယ်။ ကိုယ့်ကုသိုလ်ကိစ္စရေစက်ချဘို့ရာက ပုဂံညောင်ဦးဖြစ်တာမို့ သုံးနာရီလောက်ကားမောင်းချိန်အတွင်းမှာ မဟာဗောဓိ တစ် ထောင်တည်ရာ မုံရွာမြို့နဲ့ မနီးမဝေး သံဗုဒ္ဓေစေတီတော်ကြီးရဲ့နောက်ကျောဖက်က သာသနာ့မြေကို ရောက်နိုင်တာမို့လဲ လျှောက်ဖြစ် တာပါဘဲ။

ဗောဓိတစ်ထောင် ပထမဆရာတော် ဘဒ္ဒန္တနာရဒ- စပြီးတည်ထောင်တော်မူစဉ်ကဘဲ ရောက်တိုင်းဝင်ဖူး၊ ပြည်ပမှာကြုံပြန်တော့လဲ သွားဖူး၊ ကိုယ့်ဧရာဝတီတိုင်းထဲမှ တစ်ထောင်သာသနာတွေစခဲ့တာဟာလဲ ဆရာတော့်ကျေးဇူးရယ်လို့ သဒ္ဓါစိတ်ကရှိနေလေတော့- ဆရာတော် ရှိစဉ်ကတည်းက ကျင်းပမြဲဖြစ်တဲ့ ဆရာတော်ဘုရားမွေးနေ့ တပိုတွဲလဆန်း (၁၄) ရက် အဝင်အပါ၊ ဗုဒ္ဓပူဇနိယပွဲမဟာကို ရောက်သွားပါတယ်။

အရင်တခါရောက်ခဲ့စဉ်ကလဲ ကိုယ့်ပရိသတ်သိရအောင် အတော်အသင့်ပြောပြခဲ့ပြီးပါပြီ။ ဒီနှစ်မာအေးရောက်သခိုက်မှာ တွေ့ခဲ့ကြုံခဲ့တာ တွေကိုပြောပြရရင် ကုသိုလ်ပွားဗဟုသုတလဲ ပွားမယ်ထင်လို့ပြောပါရစေရှင်။

မာအေးရဲ့ခရီးစဉ်ကတော့ ရန်ကုန်ကနေ ညောင်ဦးကိုလေယာဉ်နဲ့သွားပြီး ပုဂံမြို့ဟောင်းက က္ကုသိပညဒေဝ ဂုရုကျောင်းမှာ တညတာဝင်နား ခဲ့တာပါ။ တန့်ကြည်တောင်ဆရာတော်ဘုရားတရားရိပ်မှာ ၁၉၉၀ ခုနှစ်လောက်ကစပြီး ဒီဇင်ဘာလတိုင်း တရားအားထုတ်လာတဲ့ သံယော ဇဉ်နဲ့ပေါ့။ ပြီးတော့ ဒီမယ် နောင်တရားဝင်တဲ့အခါ စိတ်ချမ်းသာစေချင်လို့ဆိုပြီး သားငယ်က တိုက်ဇရပ်ကလေးတလုံးဆောက်လှူချင်တာကိုလဲ အမိန့်ရှိထားတာကြောင့်၊ လိုတာများရှိရင် သိနိုင်အောာင် ဝင်ကြည့်တာပေါ့ရှင်။ လိုအပ်သည်များကို ညွှန်ကြားတဲ့သူတွေများ ပါ သွားပြီလား…မပြောတတ်ဖူး။ ဆရာတော်ဆီပြန်ချင်တာလေးလျှောက်ဖို့ ဖုန်းဆက်လိုက်ရှာတော့မှ ယိုးဒယားကြွနေသတဲ့။ ပြင်သာ ပြင်လိုက်ပါ။ ကိုယ့်သဘော ဆရာတော်သိပါတယ်လို့ အတော်ပြောယူရတယ်။ ဧရာဝတီမြစ်ပြင်ကြီးကို ငေးမယ့်တွေးမယ့်ရေးမယ့်သူမို့၊ သံတံခါးအပိတ်ကြီး မထားပါရစေနဲ့ဘုရား။ မှန်တရုတ်ကပ်ကလေးထည့်ပါရစေဘုရားလို့ လျှောက်ထားရုံဘဲ ဟာနော်။ ဒါနဲ့ မနက်တိုင်း ပုဂံသံဃာတော်များဆွမ်းလောင်းတဲ့အလှူ တမနက်စာလှူဒါန်းရခဲ့တယ်။ သာဓုခေါ်ရင် ကုသိုလ်ရလိမ့်မယ်နော်။

(ပုဂံသွားလို့ ဆွမ်းလောင်းမယ်)
ဆွတ်ဆွတ်ဖြူဆွမ်း၊ လန်းဆန်းတက်ကြွလောင်းလှူကြဘို့လာ၊ အာရုံဆွမ်း အလှူကုသိုလ်ယူဖွယ်၊ ပုဂံသွားလည် ဆွမ်းလောင်းမယ်၊ ပုဂံ သွားလည် လောင်းမယ်၊ ပုဂံသွားလည် ဆွမ်းလောင်းမယ်၊ ပုဂံကို လာတည်းခိုပါ၊ က္ကုသိပညာ့ဒေဝဂုရုကျောင်းတော်မှာ၊ အာရုံ ဆွမ်း လောင်းလှူခြင်းကို ကြည်ညိုသဒ္ဓါပွားစေရာ၊ ပုဂံဆိုသည်မှာမြန်မာ၊ မြန်မာဆိုသည်မှာ ပုဂံ၊ ပုဂံမှာ ဘုရားပေါပေသည်၊ ရှင်အရဟံအစ- အနော်ရထားမင်းကြီးအလယ်၊ ရန်အောင်ချမ်းသာ ဆရာတော် ထေရ်ဘုန်းကြွယ် အဆုံးမရှိတယ် (ပုဂံသွားလည်ဆွမ်းလောင်းမယ်)၂ ။ ။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုတာ တို့ဆွေမျိုးတိုင်းရင်းသားတွေနဲ့အတူ နေခဲ့ရဖူးတဲ့ရက်ပဲလို့၊ ဧရာကိုငေးရင်း သတိရနေမိပါတယ်။ မရောက် မရှိရောက်ခဲ့ဖူးတဲ့ ပြည်ထောင်စုနေ့တွေမှာ အတူဖျော်ဖြေခဲ့ဖူးတဲ့ အကိုတွေ မောင်တွေ အမတွေ ဂီတလောကသားတွေလဲ ဘယ်ဆီမှာလဲ-ရှိသလား မရှိကြတော့ဘူးလား။ တရားရိပ်မှာ အတိတ်တွေထင်နေတယ်။ မတည်မြဲခြင်းကို ရှင်းရှင်း တွေ့နိုင်ပြီ။ နင်ဘာလုပ်ဦးမှာလဲ တွေးဆဲမှာ အခေါ်လာတဲ့ကားရောက်ပြီဆိုမှ ဓမ္မခရီးရှိသေးတာပါလားနဲ့ လိုက်သွားခဲ့တာ မဟာဗောဓိတစ်ထောင်ကိုပါရှင်။

နှစ်နာရီခွဲသာသာ သုံးနာရီတောင်မကြာဘဲ ရောက်ပါတယ်။ ညနေ ၅ နာရီလောက်ထွက်တာမို့ လမ်းမှာ မိုးချုပ်တာပေါ့နော်။ မာအေးအစက ကိုယ့်နိုင်ငံမှာအရင်လို ကားပြန်မောင်းမယ်ဆိုတဲ့စိတ်ကူးရှိတာ ပျက်မလိုကို ဖြစ်ပါတယ်။ လမ်းမှာ သုံးဘီးအကြီးစားရော၊ ထော်လာဂျီဆို တာရော၊ တရုတ်ဆိုင်ကယ်တွေရော၊ တဗျောဗျော တက်တက်လာသကိုး။ လမ်းကကျဉ်း လမ်းဘေးရပ်ထားတဲ့ကားကြီးတွေက ရောင် ပြန်အပြားတောင် ကပ်မထားတော့ အန္တရာယ်ကြီးလှတယ်ရှင်။ ဆင်ခြင်နိုင်ပါမှ တော်ကာကျမှပါ။ လမ်းမှာဆိုင်ကယ်စီး ခရီးသွားတဲ့သူ (၈၅)ရာနှုန်းလောက်က ဦးထုပ်အမာခံ ဆောင်းမထားကြပါဘူး။ သူလဲ ယာဉ်ဥပဒေနဲ့မောင်းနှင်ရတဲ့ လိုင်စင်ရှိမယ်ထင်ပါတယ်ရှင်။ ယာဉ်စည်း ကမ်းအတိုင်းယူမယ်ဆိုရင်တော့ ကားလိုင်စင်လိုဘဲ အသက်၊ (၁၈) နှစ်နဲ့အထက်မှ မောင်းခွင့်လက်မှတ်ပေးလိမ့်မယ်ထင်ပါတယ်။ ခုမာ အေးမြင်ခဲ့တာခလေးတွေ ဆယ်နှစ်ဝန်းကျင်ဘဲရှိဦးမယ့် ခလေးငယ်တွေပါ။ မောင်းခွင့်ရှိပါရဲ့လား။ အမိအဖတွေ ခွင့်ပြုတာလား။ ဘာတွေလဲ၊ အန္တရယ်တွေဘဲဆိုတာအသိသားနဲ့ ကြည့်များလဲလုပ်ကြပါဦးလို့ ဘယ်သူ့ကိုပြောမှ ခရီးရောက်မှာလဲ၊ သိကြပြင်ကြမှာပါလဲနော်၊ မာအေးက အခုမှ ဒါတွေကို ပူပင်နေတာမဟုတ်ပါဘူး။ ဝန်ထမ်းဘဝကတည်းက အဖွဲ့တွေနဲ့ ပညာပေးသီချင်း၊ (ယာဉ်အန္တရယ်) ဆိုတာမှာ ဝင်ပါသီ ဆိုခဲ့တာပါ။ ကြားဖူးမှာပါ။

ယာဉ်အန္တရာယ် xxx စုပေါင်းကာကွယ်ပါမည် xxx
xxxx လမ်းစည်းကမ်းကို လိုက်နာဘို့လိုပါသည် xxx
ယာဉ်စည်းကမ်းကို xxx လိုက်နာဘို့လိုပါသည် xxx

အဲဒီသီချင်းလေ။

MoeMaKa Burmese

မာလာလာ၏ ပုံတူပန်းချီကားကို ဒေါ်လာ(၈၂၀၀၀)ဖြင့် လေလံတင်ရောင်းချ



ဆယ်ကျော်သက် လူ့အခွင့်အရေး လှုပ်ရှားသူ မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်၏ ပုံတူဆီဆေး ပန်းချီကို လေလံတင် ရောင်းချရာ ဒေါ်လာ (၈၂၀၀၀)ထိ ရရှိခဲ့ကြောင်း သိရှိရသည်။ ပါကစ္စတန် မိန်းကလေးများ စာတတ်မြောက်ရေးအတွက် ဆော်ဩလှုံ့ဆော်ရင်း အစ္စာလမ်မစ် အစွန်းရောက် စစ်သွေးကြွ တာလီဘန် တပ်ဖွဲ့များ၏ ပစ်မှတ် ဖြစ်ခဲ့သလို ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုနှင့်ပါ ကြုံခဲ့ဖူးသည့် မာလာလာ၏ ပုံတူကို ဂျိုနသန် ယီဝိုက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ မာလာလာသည် (၂၀၁၂)ခုနှစ်က တာလီဘန် လုပ်ကြံရေးသမား တစ်ဦး၏ ပစ်ခတ်မှုတွင် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ သူမ၏ ဓာတ်ပုံကို ဂျိုနသန်က ပုံတူရေးဆွဲပြီးနောက် အစောပိုင်းက လန်ဒန်ရှိ ဗြိတိသျှ အမျိုးသားပုံတူပန်းပြခန်းတွင် ချိတ်ဆွဲထားခဲ့သည်။

နယူးယော့ခ်တွင် ကျင်းပသည့် လေလံပွဲ၌မူ ဝယ်လက်တစ်ဦးက အဆိုပါ ပန်းချီအား အမြင့်ဆုံးဈေးအဖြစ် ဒေါ်လာ (၈၂၀၀၀)ထိ အဆိုပြု ဝယ်ယူသွားခြင်း ဖြစ်သည်။ ဂျိုနသန်၏ လက်ရာများတွင် သရုပ်ဆောင်များဖြစ်သည့် ကီဗင်စပေစီနှင့် ဆိုင်နာမီလာတို့၏ ပုံတူများလည်း ပါဝင်ပြီး စုစုပေါင်း ဒေါ်လာ (၁၀၂၅၀၀)ဖိုးထိ ပန်းချီကားများ ရောင်းချနိုင်ခဲ့သည်။ မာလာလာ ရန်ပုံငွေအဖွဲ့က ပန်းချီကား ရောင်းချရာမှ ရရှိလာသော အကျိုးအမြတ် ငွေကြေးများကို လက်ရှိတွင် အစ္စလာမ်မစ် အစွန်းရောက် ဘိုကိုဟာရမ် တပ်ဖွဲ့များက ပြန်ပေးဆွဲထားသည့် နိုက်ဂျီးရီးယားကျောင်းသူ (၂၅၀)ကျော် လွတ်မြောက်ရေးအတွက် ထည့်ဝင် အသုံးပြုသွားမည်ဟု ကြေညာထားသည်။

Planet Myanmar Network

အချိန်အကြာဆုံး ပျားစွဲခံနိုင်သည့် ကမ္ဘာ့စံချိန်သစ်ကို တရုတ်အမျိုးသား ရရှိ


တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် ခန္ဓာကိုယ်ပေါ်တွင် ပျားများစွဲကပ်လျှက် အချိန်အကြာဆုံး နေထိုင်နိုင်သူအဖြစ် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ဖန်ရှင်းဒေသမှ ယွမ်လင်မင်းသည်

ပစ်တ်နှင့် ပူးပေါင်းပြီး အနုပညာ အပိုင်းအစတစ်ခု ဖန်တီးနေသည့် ဂျိုလီ


သူမနှင့် ဘရတ်ပစ်တ်တို့သည် အနုပညာ တစ်ခုကို ပူးပေါင်းဖန်တီးရန် စမ်းသပ်နေကြောင်း အန်ဂျလီနာ ဂျိုလီက ပြောကြားခဲ့သည်။ ဟောလီးဝုဒ်၏ အကျော်ကြားဆုံး စုံတွဲအနေဖြင့် နှစ်ဦးအတူတွဲဖက်ပြီး သရုပ်ဆောင်မည့် ဇာတ်ကားတစ်ခုကို စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေရာ ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဂျိုလီက အရိပ်အမြွက် မှတ်ချက်ပေးလာခြင်း ဖြစ်သည်။ ယင်းဇာတ်ကားသည် ဂျိုလီ စိတ်ကူးရေးသားသည့် ဇာတ်လမ်းကို ဖန်တီးရန်ဖြစ်ပြီး ယခင်က နှစ်ဦးအတူ တွဲဖက်သရုပ်ဆောင်ခဲ့သည့် Mr. and Mrs. Smith ဇာတ်ကားကဲ့သို့မူ အထူးတလည် လူပြောများသည့် ရုပ်ရှင်မျိုး ဖြစ်လာမည် မထင်ကြောင်း သူမက ဖွင့်ဟခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်တော်တော်ကြာတုန်းက ကျွန်မစပြီးတော့ ရေးဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေး ဆိုပါတော့။ ကျွန်မနဲ့ ဘရတ်တို့ နှစ်ယောက်တည်းအတွက် ရည်ရွယ်တဲ့ အပျော်သဘော ကိစ္စလေးပါ။ ဒါပေမဲ့ တစ်ဖက်က စဉ်းစားကြည့်ရင် ဒါဟာ လွတ်လွတ်လပ်လပ် တွေးခေါ်ထားတဲ့ အနုပညာ အပိုင်းအစလေး တစ်ခုလည်း ဖြစ်တယ်လေ။ ကျွန်မတို့ လုပ်ဆောင်နေသမျှ အခြေအနေတွေကနေ ကင်းလွတ်တဲ့ အနေအထားမျိုး ဆိုပါတော့။ ဒါဟာ သေးသေးငယ်ငယ် ကိစ္စလေးပါ။ ဒါပေမဲ့ ကျွန်မတို့ လက်တွေ့စမ်းသပ် အကောင်အထည် ဖော်ဖို့တော့ စိတ်ကူးရှိနေတယ်လေ”ဟု ဂျိုလီက ပြောကြားခဲ့သည်။

Maleficentစတား မင်းသမီးတွင် မွေးစားကလေးငယ်များ အပါအဝင် သားသမီး (၆)ဦးထိ ရှိနေသည်။ သူမက မိမိရော၊ ဘရတ်တို့ပါ ကလေးများကို သရုပ်ဆောင် မဖြစ်စေချင်ကြောင်း ဖွင့်ဟခဲ့သည်။ “ကျွန်မတို့ရဲ့ ကလေးတွေကို ရုပ်ရှင်မရိုက်စေချင်ဘူး။ ဒါပေမဲ့ ဒါဟာ ကျွန်မတို့ ရွေးချယ်လို့ မရနိုင်တဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် မိသားစုထက် ရိုက်ကွင်းပေါ်မှာ အချိန်ပိုကုန်ရတဲ့ ဘဝမျိုးကို ကလေးတွေ မပိုင်ဆိုင်စေချင်ဘူးလေ”ဟု ဂျိုလီက ပြောကြားသွားသည်။

Planet Myanmar Network

ဘိုကိုဟာရမ်ကို တိုက်ဖျက်ဖို့ ပြင်သစ်ညီလာခံမှာ သဘောတူ


နိုင်ဂျီးရီယားသမ္မတ ဂွတ်လပ် ဂျိုနသန်နဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်း တို့ ပဲရစ်မှာ တွေ့ခဲ့
နိုင်ဂျီးရီးယား နိုင်ငံက ဘိုကိုဟာရမ် အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ကို ပူးပေါင်း တိုက်ဖျက်ဖို့ ပြင်သစ် နိုင်ငံမှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ အနောက် အာဖရိက နိုင်ငံ ခေါင်းဆောင်တွေ သဘောတူ ခဲ့ကြ ပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ကို ပူပေါင်း တိုက်ဖျက်ဖို့ အတွက် ထောက်လှမ်းရေး သတင်းတွေ ဖလှယ် ကြမယ်၊ ညှိနှိုင်း ဆောင်ရွက် ကြမယ် ဆိုပြီး အာဖရိက ခေါင်းဆောင်တွေ သဘောတူ ခဲ့ကြ တာပါ။

ဘိုကို ဟာရမ်ကို ချေမှုန်းဖို့ ဒေသတွင်း မှာရော၊ တကမ္ဘာ လုံးနဲ့ ဆိုင်တဲ့ အဆင့် မှာပါ ဆောင်ရွက်မယ့် အစီအစဉ် တွေကို ချမှတ် ခဲ့ကြ တယ်လို့ အစည်းဝေး အပြီးမှာ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်း က ပြော ပါတယ်။

ဗြိတိန်၊ အီးယူနဲ့ အမေရိကန် ကိုယ်စားလှယ် တွေလည်း အစည်းဝေး တက်ရောက် ခဲ့ကြပါတယ်။

ဘိုကိုဟာရမ် အဖွဲ့မှာ နိုင်ဂျီးရီးယားက လူတွေသာ မကဘဲ၊ နီဂျဲ၊ ကင်မရွန်းနဲ့ ချဒ် နိုင်ငံက လူတွေလည်းပါ ဝင်ဖွဲ့စည်း ထားတာမို့ တကမ္ဘာလုံး အတွက် အန္တရာယ် ပေးနိုင်တဲ့ အဖွဲ့ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် မာ့ခ်ဒွိုင်းလ် က ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ လက နိုင်ဂျီးရီးယား ကျောင်းသူ ၂၂၀ကျော်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။

သူတို့ ရဲ့တိုက်ခိုက်မှု တွေကြောင့် မကြာသေးခင် နှစ်တွေအတွင်း သေဆုံးသူ ထောင်ချီ ရှိခဲ့ပါတယ်။

နောက်ဆုံး တိုက်ခိုက်မှု တခုမှာ တော့ ကင်မရွန်း နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ တရုတ်အင်ဂျင်နီယာ ကုမ္ပဏီတခု ကို ပစ်မှတ် ထားခဲ့ပြီး တရုတ် အလုပ်သမား ၁၀ ယောက်ကို ဖမ်းခေါ် သွားခဲ့ ပါတယ်။

ကင်မရွန်း စစ်သား တဦးလည်း သေဆုံး ခဲ့ပါတယ်။

bbc burmese

ဘော်လ်ကန်ဒေသ ရေကြီးမှု ၂၀ ကျော် သေ

ဘော့စ်နီးယား၊ ဆာရာယေဗိုမှာ ရလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ မီးရထားလမ်းမြင်ကွင်း (မေ ၁၇၊ ၂၀၁၄)

Balkan ဒေသမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် ဆားဘီးယားနဲ့ Bosnia-Herzegovina မှာ လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီး
ထောင်ပေါင်းများစွာ ရေဘေးဒုက္ခရောက်နေကြပါတယ်။

ဥရောပအလယ်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ၄ လစာနဲ့ညီမျှတဲ့ မိုးရေပမာဏနဲ့ မိုးရွာသွန်းခဲ့တဲ့အတွက် အကြီးအကျယ်ရေကြီးနေတာကြောင့် သေဆုံးတဲ့အရေအတွက် ပိုများလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ လေယာဉ်ပျံတွေနဲ့ ဝေဟင်ကနေ မြင်ရတဲ့အတိုင်းဆိုရင် အိမ်တွေ၊ လမ်းတွေ ရထားလမ်းတွေအပါအဝင် Bosnia ဒေသရဲ့ ၃ ပုံဟာ ရေလွှမ်းနေတယ်လို့ တာဝန်ရှိသူတွေက စနေနေ့က ပြောကြားခဲ့ပါတယ်။

ရေကြီးနေတဲ့ ဒေသမှာ လူပေါင်း ၁ သန်းလောက် နေထိုင်ကြမယ်လို့ Bosnia အစိုးရပြောခွင့်ရသူက ခန့်မှန်းပါတယ်။ ရေကြီးမှုကြောင့် မြေပြိုကျတဲ့ အန္တရာယ်လည်း ပိုများလာသလို ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက Bosnia စစ်ပွဲအတွင်း ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲနိုင်တဲ့အန္တရာယ်လည်း ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Bosnia အရှေ့မြောက်ဖက်နား ဆင့်ကဲဗုံးတွေနဲ့ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေရှိတဲ့ နေရာတွေနားမှာ သတိပေးထားတဲ့ ဆိုင်းဘုတ်တွေ အများအပြား ရေနဲ့အတူ မျောပါသွားတယ်လို့ AP သတင်းက ပြောပါတယ်။

voa burmese

ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်သမ္မတ မပြင်ဆင်လိုဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


ရန်ကုန်၊ မေ ၁၇

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဝေဖန်ပြောကြားသည်။

“နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းတွေကို နားထောင်ကြည့်လိုက်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက်တည်စေချင်တဲ့ သဘောထားတွေ ပါနေပါတယ်။ အဓိကကျတဲ့ ပုဒ်မတွေ မပြင်ဘဲနဲ့ တိုင်းရင်းသားတွေအကြား သွေးခွဲတဲ့ ပုဒ်မတွေကို ပြင်ဖို့ မကြိုးစားပါနဲ့။ မပြင်ချင်ဘူးဆိုရင် မပြင်ချင်ဘူး ပြောပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် အစိုးရ အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ဝေဖန်သင့်သည်များကို သိက္ခာရှိရှိ အဆင့်မြင့်မြင့် ဝေဖန်ရန် အရေးကြီးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်ရေး အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များအတိုင်း ပြင်ဆင်ရမည် ဖြစ်ကြောင်း မတ်လ နောက်ဆုံးပတ် နိုင်ငံတော်သမ္မတ သက်တမ်း သုံးနှစ်ပြည့် မိန်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်း ပြောကြားထားသည်။

ထို့အပြင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစနစ် ချွတ်ခြုံကျခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အစိုးရ အဖွဲ့အစည်းများမှ ပူးပေါင်း လုပ်ဆောင်ရန် အချိန်ကျနေပြီ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
“အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြည်သူများရဲ့ အင်အား၊ အရည်အသွေးနဲ့ ရွေးချယ်တက်မှုကို အဓိက ထားရမယ့် အချိန်ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ဗဟိုပူးပေါင်းကော်မတီကို မေလ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းကို ပူးတွဲဟောပြောမည် ဖြစ်ကြောင်း NLD ပါတီက သတင်းထုတ်ပြန်သည်။

“၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေး ပေးထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီ ၄၃၆ အရဆိုရင် တပ်မတော်သားတွေရဲ့ သဘောတူညီချက် မရှိဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အဓိက ပုဒ်မတွေကို ကျွန်မတို့ ပြင်လို့ မရဘူး။ တပ်မတော်သားတွေကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ စဉ်းစားကြည့်ပါ။ အခြား ပြည်သူပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေး ရနေတာ တကယ်ပဲ ဝမ်းသာစရာကိစ္စ ဟုတ်ရဲ့လား ဆိုတာ ကျွန်မ စဉ်းစားစေချင်ပါတယ်” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းသို့ ပူးတွဲဟောပြောပွဲများ လုပ်ဆောင်ခြင်းသည် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ကို လွှတ်တော်ပြင်ပမှ လူထုအားဖြင့် ဖိအားပေးခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ထောက်ပြသည်။
“တစ်ဖက်နဲ့ တစ်ဖက် ဝေဖန်နေကြတာထက် တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို တက်လှမ်းနိုင်ရင် ပိုကောင်းပါမယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် အချုပ်အခြာအာဏာ အထိခိုက်မခံဘဲ ဥပဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ မန္တလေးမြို့တွင် ပြုလုပ်သည့် ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုညစာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးထံ ဆက်သွယ်မေးမြန်းရာ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အခြေခံဥပဒေမှ ပေးအပ်ထားသော ပြင်ဆင်ခြင်း စည်းမျဉ်းများကို မကျော်လွန်ဘဲ တရားဥပဒေစိုးမိုးရေးနှင့်အညီ ပြင်ဆင်ရန် နိုင်ငံတော် အကြီးအကဲ တစ်ယောက်အနေနှင့် သတိပေးခြင်းသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အခြေခံဥပဒေ ပြင်ဆင်ဖို့ အခွင့်အာဏာက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို အခွင့်အရေး ပေးထားတာ။ အဲဒီတော့ လွှတ်တော်အတွင်းမှာပဲ ဆွေးနွေးခြင်းဖြင့် ပြင်ဆင်ရေးကို လှုပ်ရှားသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly 

ကယားပြည်နယ် ကျေးရွာတွေ ကိုယ်ထူကိုယ်ထ လျှပ်စစ်ရဖို့ သိန်း ၁၀၀ ပေးရ


ကယားပြည်နယ်က ကျေးရွာတွေဟာ လျှပ်စစ်မီးရဖို့အတွက် တရွာကို သိန်းတရာစီ ပေးရတယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပြည်ထောင်စု အစိုးရက ကယားပြည်နယ်ကို လျှပ်စစ်ပေးနိုင်ဖို့အတွက် ကျေးရွာတွေအရောက် ဓာတ်အားလိုင်း သွယ်မပေးနိုင်တဲ့အတွက် ပြည်နယ်အစိုးရနဲ့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ လုပ်ဆောင်နေရတာပါ။

ဒီနှစ်မှာ ကယားပြည်နယ်တွင်းက ကျေးရွာ ၄၇ ရွာကို လျှပ်စစ်သွယ်တန်းနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရက ၁၁ ကီလိုဗို့ ဓာတ်အားလိုင်းကိုပဲ သွယ်တန်းပေးတာပါ လို့ ဒီမော့ဆိုးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမြင့်ဌေးဦးက ပြောပါတယ်။

အဲဒါကြောင့် လိုအပ်တဲ့ မီးလိုင်းတွေနဲ့ ထရန်စဖော်မာတွေအတွက် ပြည်နယ်အစိုးရက စီစဉ်နေပါတယ်လို့ ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။

လုပ်ဆောင်နေတဲ့ လက်ရှိအခြေအနေကိုတော့ ဦးစောဟူးဟူးက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကျေးရွာ ၄၇ ရွာ မီးရရှိအောင် ကျနော်တို့ ဆောင်ရွက်တဲ့နေရာမှာ ကျေးရွာ တရွာကို သိန်း ၁၀၀ စီ ထည့်ဝင်ဖို့ ရှိပါတယ်။ သိန်း ၁၀၀ ဆိုတာ စအလုပ်လုပ်ရအောင်ပေါ့။ ဒါက အပြီးအစီးလို့ ပြောလို့ မရသေးဘူး။ တချို့ကျေးရွာလေးတွေက ငွေအပြည့်အ၀ မသွင်းနိုင်သေးတော့ လောလောဆယ် သူတို့ကို စာရင်းထဲတော့ ထည့်ထားတာပေါ့။ ပြည့်လို့ရှိရင် ဆောင်ရွက်ပေးမယ့် အနေအထားတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပထမဦးစားပေး ဒုတိယဦးစားပေး သူတို့ကို ချပြတယ်။ အခုကတော့ သတ်မှတ်ထားတဲ့ ရက်ကျော်သွားပြီပေါ့။ တော်တော်များများ သွင်းနိုင်ပါတယ်။ မသွင်းနိုင်တာက ၁ ရွာ ၂ ရွာ ပဲရှိတယ်။”

ကျေးရွာတွေက အိမ်တိုင်းလိုလို မီတာ တပ်ဆင်ခွင့်ရနိုင်ပြီး လက်ရှိမှာတော့ မီတာလျှောက်လို့ မရသေးဘူးလို့ ဒီမော့ဆိုးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမြင့်ဌေးဦးက ပြောပါတယ်။ ၁၁ ကီလိုဗို့ ဓာတ်အားလိုင်း သွယ်တန်းတာကတော့ ၉၀ ရာခိုင်နှုန်းပြီးစီး နေပါပြီလို့လည်း သူက ဆက်ပြောပါတယ်။

အခုလို လျှပ်စစ်သွယ်တန်းပေးတဲ့အပေါ်မှာ ဒီမော့ဆိုးမြို့နယ် ဒေသခံ မရှားမြာက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“တရွာကို သိန်း ၁၀၀ ကောက်တယ်ပေါ့နော်။ ရွာ ဘယ်လောက် ငယ်ငယ်၊ ဘယ်လောက် ကြီးကြီး အိမ်ခြေ နည်းတာ ကြီးတာ မပြောဘူး။ တရွာကို သိန်း ၁၀၀ သတ်မှတ်ထားတယ်တဲ့။ သူတို့က ဘာတွေ လုပ်ပေးလဲဆိုတော့ အခုဆို တိုင်တွေလာချပေးပြီ ဒါပေမယ့် မီးတော့ မရသေးဘူး။ သိန်း ၁၀၀ ဆိုတာက ရွာသူကြီးတွေ ပြောတဲ့အရ ဒီရွာထဲမှာ ဖြတ်သွားတဲ့ မီးတိုင်တို့ မီးကြိုးတို့အတွက်လို့ ပြောတယ်။ ရွာကလူတွေက သိပ်မပေးချင်ဘူး။ ဒါပေမယ့် အခွင့်အရေးက ဒီတခေါက်ပဲ ရတယ်ဆိုတော့ ပေးလိုက်ရတယ်။”

မြန်မာနိုင်ငံရဲ့ လေးပုံ သုံးပုံလောက်ဟာ မဟာဓာတ်အားလိုင်းက လျှပ်စစ်ဓာတ်အား မရရှိဘူးလို့ မဲခေါင်ဒေသ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထား ပါတယ်။

DVB Burmese 

မြန်မာ့အိမ်ခြံမြေကဏ္ဍမှ တစ်နှစ်လျှင် အခွန်ငွေစုစုပေါင်း ကျပ် ဘီလျံ ၁၀၀ သာ ရရှိသည်ဟု ဆို

ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍမှ အခွန်ငွေစုစုပေါင်း တစ်နှစ်လျှင် ကျပ်ဘီလျံ ၁ဝဝ သာ ရရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးထွဋ်က “အိမ်ခြံမြေကရတာက တံဆိပ်ခေါင်းခွန်ရယ်၊ ဝင်ငွေခွန်ရယ်ပေါ့။ အဲဒါနှစ်ခု ပေါင်းလိုက်ရင်တော့ တစ်နှစ်ကို ဘီလျံ ၁ဝဝ လောက်တော့ ရှိတယ်”ဟု မေ ၁၇ ရက်က မြန်မာ့အာမခံလုပ်ငန်းရုံးတွင် ပြောကြားခဲ့သည်။

အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုနှုန်းထားမှာ နည်းနေသေးသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိတွင် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုကို ပိုမိုစိစစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“အခုဘာလုပ်နေရသလဲဆိုရင် ဈေးနှုန်းအတိအကျလည်း မသိဘူး။ မြေအရောင်းအဝယ်ပဲဖြစ်ဖြစ်၊ ခြံအရောင်းအဝယ်နဲ့ပဲဖြစ်ဖြစ်ပေါ့။ ရပ်ကွက်စာချုပ်အလိုက် လုပ်နေကြတာများတယ်။ ဒါပေမဲ့ အခုလည်း ဘာလုပ်နေလဲဆိုရင် ရဲတပ်ဖွဲ့အပါအဝင် ရပ်ကျေး၊ ထွေအုပ်၊ မြို့နယ်အခွန်ရုံးတွေရယ်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေပေါင်းပြီး စိစစ်ဖို့လုပ်နေပါပြီ” ဟု ဦးမျိုးထွဋ်က ဆက်လက်ပြောကြားခဲ့သည်။

ယင်းအပြင် အခွန်နှုန်းဥပဒေများကို တစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် အိမ်ခြံမြေ အခွန်ကောက်ခံမှုများကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုစိစစ် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ပြည်တွင်းအခွန်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်း လုံးချင်း၊ ကွန်ဒို၊ မြေကွက်၊ တိုက်ခန်း၊ စက်မှုဇုန်မြေကွက် ငှားရမ်း၊ ရောင်းချမှုများတွင် လူနည်းစုကသာ ချုပ်ကိုင်ထားကြပြီး နှစ်စဉ် ငှားရမ်းခ၊ ရောင်းချနှုန်းများကို အဆမတန် တိုးမြင့်တောင်းခံနေပြီး ကျပ်ဘီလျံပေါင်းများစွာ ရရှိနေကာ ငှားရမ်း၊ ဝယ်ယူနေထိုင်ကြသူများမှာ နှစ်စဉ်ပိုမို စိုက်ထုတ်နေကြရသည်။

သို့သော်လည်း ငှားရမ်း ရောင်းချမှုများမှ ရရှိသည့် ဝင်ငွေအပေါ် အခွန် လာရောက်ပေးဆောင်သူမှာ လွန်စွာနည်းပါးလျက် ရှိနေပြီး မဖြစ်မနေ ဥပဒေအရ မြှုပ်နှံသူများမှ တံဆိပ်ခေါင်းဖြင့် စာချုပ်ချုပ်ဆိုရသည့်အပေါ်တွင်သာ အနည်းအကျဉ်းရရှိခြင်းဖြစ်ရာ နိုင်ငံတော်အနေဖြင့် အခွန်များစွာ နစ်နာလျက်ရှိသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးထွဋ်က “ရပ်ကွက်ထဲမှာပဲ အိမ်ငှားငှား၊ ရောင်းပဲ ရောင်းရောင်း နောက်ဆိုရင် ရပ်ကျေးကလူတွေ သိဖို့လုပ်နေတယ်။ အဲဒီအတွက်လည်း တိုင်းနဲ့ပြည်နယ် အစိုးရကိုလည်း ရရှိတဲ့ ဝင်ငွေခွန်ကို အချိုးကျပေးဖို့အတွက်လည်း စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

Eleven Media Group 

လမ်းဖြတ်ကူးသူကို ယာဉ်တိုက်မိသဖြင့် လဲကျသွားစဉ် နောက်ယာဉ်မှ ထပ်မံတိုက်မိ ဒဏ်ရာရ


ရန်ကုန်၊ မေ ၁၈

၁၇.၅.၂၀၁၄ ရက်နေ့ ၂၀၄၅ အချိန် ဒေါပုံမြို့နယ်၊ ယမုံနာလမ်းအတိုင်း
ဒေါပုံမြို့နယ်ဘက်မှ သာကေတမြို့နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)
မောင်းနှင်လာသော 8L----တောင်းအေ့စ်အမျိုးအစား အဖြူရောင်ကိုယ်ပိုင် ယာဉ်သည် ဧရာဝတီရေတပ်လိုင်းခန်းရှေ့အရောက် လမ်းဖြတ်ကူးသူ
ဒေါပုံမြို့နယ်နေ ကိုအေးမင်းဇော်၊ (၃၀)နှစ်အား ၀င်ရောက်တိုက်မိကာ
မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ယာဉ်ကိုရှုခင်းသာလမ်းမ၊(၁၅၀)ကွေ့တွင် ရပ်ထားခဲ့ကာ ယာဉ်မောင်းမှာထွက်ပြေးသွားခဲ့ပါသည်။

ထိုသို့တိုက်မိခဲ့သဖြင့် ကိုအေးမင်းဇော်မှာလဲကျသွားစဉ် 8L---- ယာဉ်၏
နောက်မှ ယာဉ်မောင်း ကိုစံသူရ၊ (၃၂)နှစ်၊ လှိုင်မြို့နယ်နေသူမောင်းနှင်
လာသည့် ၈ဃ/---- တောင်းအေ့စ်အဖြူရောင် ကိုယ်ပိုင်ယာဉ်မှထပ်မံ တိုက်မိကာ ယာဉ်နှင့်အတူပါသွားခဲ့ပါသည်။

ယာဉ်တိုက်ခံရသူ ကိုအေးမင်းဇော်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ
ဒဏ်ရာ၊ ၀ဲ/ယာခြေလက်တို့တွင် ဖူးရောင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူများဖြစ်သည့် 8L---- ယာဉ်မောင်းနှင့် ၈ဃ/---- ယာဉ်မောင်း ကိုစံသူရတို့(၂)ဦးအား
ဒေါပုံမြို့မရဲစခန်းယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး 8L---- ယာဉ်မောင်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မောင်တောနပ်စပ် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်က လုံခြုံရေးတာဝန်ယူထား


ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မောင်တော နယ်စပ်တွင် မေ ၁၇ ရက် နံနက်ပိုင်းက ကင်းလှည့်နေသည့် လုံခြုံရေး ရဲဝန်ထမ်းများနှင့် RSO အဖွဲ့တို့ တိုက်ခိုက်မှုတစ်ဖြစ်ပွားခဲ့သဖြင့် နယ်စပ်လုံခြုံရေးကို ဒေသတွင်းရှိ စစ်တပ်က တာဝန်ယူထားရသည်ဟု မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှူးဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက မေ ၁၈ ရက်တွင်
မဇ္ဈိမကို ပြောသည်။

မောင်တော မြို့နယ် မြောက်ပိုင်းရှိ မိုင်တိုင် ၅၂ အနီး နယ်စပ် ခြံစည်းရိုးတစ်လျှောက် လုံခြုံရေး ကင်းလှည့်နေစဉ်
တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။
“ကင်းလှည့်နေချိန်မှာ အလစ်ဝင်တိုက်ခိုက်တဲ့အတွက် ထိတွေ့မှုဖြစ်ခဲ့ပါတယ်၊ ရဲတပ်သား လေးဦးကျပါတယ်”ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့(RSO) ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝှု လေးဦး ကျဆုံးပြီး
အရာရှိတစ်ဦး ဒဏ်ရာရရှိကာ နှစ်ဦးမှာ လက်နက်နှင့်အတူ ပျောက်ဆုံးနေသည်ဟုဆိုသည်။
လက်ရှိတွင် မောင်တောနယ်စပ်လုံခြုံရေးကို ခမ ၃၅၂ တပ်ရင်းက တာဝန် ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မောင်တောနယ်စပ်ဒေသ လုံခြုံရေးနှင့်ပတ်သက်၍ နယ်စပ်တောင်ပိုင်းရှိ
နယ်စပ် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ခံ ဗိုလ်ကြီးသန့်ဇင်က “နယ်စပ်ဒေသ လုံခြုံရေးယူတဲ့ တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအတွေ့အကြုံပြည့်ဝတဲ့ တပ်ဖွဲ့ဝင်တွေ တပ်မတော်သားတွေပဲ ဖြစ်သင့်တယ်”ဟု
ဝေဖန်ထောက်ပြသည်။

“ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းမှာ အဓိကရုဏ်း နှိမ်နှင်းတာ၊ ဒေသတွင်း လုံခြုံရေးရယူတာကို ကျွမ်းကျင်ပေမယ့် စစ်ရေးနဲ့ ပတ်သက်လာရင်တော့ အတွေ့အကြုံ နည်းတာကို တွေ့ရတယ်”ဟု သူကဆက်ပြောသည်။
လက်ရှိတွင် မောင်တော မြို့နယ်လုံခြုံရေးမှာ တည်ငြိမ်လျှက်ရှိသည်ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်မြင့်စိုးက
ပြောသည်။ ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးကို ရဲမှူးချုပ် တင်ကိုကို ဦးဆောင်သည့် ရဲတပ်ဖွဲ့ကတာဝန်ယူထားသည်။

စစ်အစိုးရ လက်ထက်က ရခိုင်ပြည်နယ် နယ်စပ်ဒေလုံခြုံရေးကို စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်မှ စ၍ နယ်စပ်ဒေသ
လူဝင်မှုကွက်ကဲရေး စစ်ဆေးရေးဌာနချုပ် (န.စ.က) က တာဝန်ယူခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ရက်က နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေညာစာထုတ်ပြန်၍ ဖျက်သိမ်းခဲ့ပြီး ယင်းနေရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ယူထားခဲ့ခြင်းဖြစ်သည်။

ကေဇူး
Mizzima - News in Burmese

အင်းလျားကန်အတွင်း တီလားပီးယားငါးများသေဆုံး ရှိရင်းငါးများမဟုတ်ဘဲ ဘေးမဲ့လွှတ်သောငါးများဖြစ်


အေးလှိုင်၊ ရန်ကုန်၊ မေ-၁၇

ရန်ကုန်မြို့ ပြည်လမ်းခြောက်မိုင်ခွဲရှိ အင်းလျားကန်ရေပြင်
၌ မေ ၁၆ ရက် နံနက်ပိုင်းက တီလားပီးယားငါးမျိုးများ သေဆုံးခဲ့
ပြီး ရေကန်ရှိ မူလငါးမျိုး မဟုတ်ဘဲ အခါကြီး ရက်ကြီး များက
ဘေးမဲ့လာလွှတ်သည့် ငါးများသာဖြစ်ကြောင်း ပန်းဥယျာဉ်နှင့်
အားကစားကွင်းများဌာနမှ အင်းလျားကန်တာဝန်ခံအင်ဂျင်နီယာ
ဦးဇော်ဝင်းထွန်းက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

'ကန်ထဲမှာ ငါးတွေ သေဆုံးတာတော့ မှန်ပါတယ်။
ဒါပေမဲ့ နဂိုရှိပြီးသားငါးတွေ သေတာမဟုတ်ပါဘူး။ အခါကြီး
ရက်ကြီးတွေမှာ ဘေးမဲ့လာလွှတ်ပေးလေ့ရှိတဲ့ တီလားပီးယား
ငါးတွေသေတာပါ။ အများကြီးသေတာလည်း မဟုတ်ပါဘူး။
၁၄၊ ၁၅ ကောင်လောက်ပဲ သေတာပါ။ ဒီကရေနဲ့ ဓာတ်မတည့်
လို့ အခန့်မသင့်ဘဲ သေကုန်တာ' ဟု ၎င်းက ပြောဆိုသည်။

အဆိုပါငါးများ သေဆုံးမှုကြောင့် နံနက်ပိုင်းတွင် စည်ပင်
ဝန်ထမ်းများက ဆယ်ယူသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း
သိရသည်။

'ငါးတွေက အခုရက်ပိုင်းမှ သေတာပါ။ ဘေးမဲ့လာလွှတ်
တဲ့ငါးတွေ ဖြစ်မယ်ထင်တယ်။ ဒီကန်မှာ ငါးမျှားလို့လည်း မရ
ပါဘူး။ ဒီလိုငါးတွေ သေတာမျိုးလည်း မကြားမိပါဘူး' ဟု
အင်းလျားကန်ပေါင်အနီး ဈေးရောင်းသူတစ်ဦးက ပြောဆိုခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ 

သံပုရာ ကြက်သားကင် (ပြုလုပ်နည်း)


ကြက်သားကို သံပရာသီးရယ်၊ ပူစီနံနဲ့ နံနံပင် နိုင်းချင်းတို့နဲ့နှပ်ပြီး ကင်တဲ့နည်းလေးပါ။
လွယ်လွယ်လေးချက်လို့ရတဲ့ ဟင်းဖြစ်သလို အရသာကလည်း ကောင်းပါတယ်။

ချဉ်စပ်မွှေးလေးမို့ ဒီလိုအိုက်စပ်စပ်ရာသီဥတုမှာ ခံတွင်းတွေ့စေမယ့် ဟင်းတစ်ခွက်ပါ။

သံပရာကြက်သားကင်
ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

ကြက်သားပေါင်သား ၁၂ ခု
သံပရာသီး စားပွဲဇွန်း ၇ ဇွန်း
သံလွင်ဆီ စားပွဲဇွန်း ၂ ဇွန်း
ငရုတ်သီးစိမ်း အရှည် ၁ တောင့်
ပူစီနံအရွက် ၁ စည်း (၂ ခွက်စာနီးပါး/ လက်တစ်ခုပ်စာ)
နံနံပင် ၁ စည်း (၂ ခွက်စာနီးပါး/ လက်တစ်ခုပ်စာ)

ဟင်းပွဲပြင်ရန်အတွက်

သံပရာသီး ၃ လုံး
ငရုတ်သီးစိမ်း အရှည် ၂တောင့်

ပြင်ဆင်ပုံ

ကြက်သားပေါင်သားများကို ရေဆေး၊ အဆီများကို ဖြတ်ထုတ်ပါ။

နောက် ရေဆေးပြီး ခြောက်အောင် ရေစစ်ထားပါ။

ပြီးလျှင် တစ်ရှူးစက္ကူဖြင့် ရေခြောက် အောင်သုတ်ပါ။

ကြက်သားများကို နှပ်ဖို့အတွက် ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ကာ နုပ်နုပ်စဉ်းပါ။

ပူစီနံရွက်နဲ့ နံနံပင် (အရိုးရော၊ အရွက်ပါ) ပေါင်းပြီး နုပ်နုပ်လှီးကာထားပါ။

နောက်အားလုံးကိုပေါင်းပြီး သံလွင်ဆီ၊ သံပရာရည်တို့နဲ့ ဖန်ဇလုံတစ်ခုထဲမှာ ရောနယ်ပါ။

အသားများကို နှပ်မယ်ဆိုလျှင် ဖန်ခွက်၊ ဖန်ဇလုံတို့ကို သုံးပါက ပန်းကန်ခွက်များမှာ အနံ့များစွဲပြီး
ကျန်မနေခဲ့ပါဘူး။

ပြီးရင် ကြက်သားများကို ထည့်ကာ နှံ့အောင်နယ်ပြီး အနည်းဆုံး ၄ – ၅ နာရီမျှ ရေခဲသေတ္တာထဲ
ထည့်ပြီး နှပ်ထားပါ။

ကြက်သားများ အဆင်သင့်ဖြစ်လောက်ပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှထုတ်ပြီး နာရီဝက်လောက်
အပြင်မှာထားပြီးမှ ကင်ပါ။

အကင်ဒယ်ပြားကို မီးဖိုပေါ်မှာတင်ကာ မီးပြင်းပြင်းဖြင့် အပူပေးပါ။

ဒယ်ပြားပူလာပြီဆိုရင် နှပ်ထားတဲ့ကြက်သားများကို ကင်ပါ။ အသားဘက်ကို အရင်ဆုံး မှောက်ပြီး
ကင်ပါ။

အသားများ အပေါ်ယံကျက်သွားမှ တစ်ဖက်သို့လှန်ပြီး ဆက်ကင်ပါ။

တစ်ခါ မှောက်ထားတဲ့ဘက်မှ အသားများ အပေါ်ယံကျက်သွားပြီဆိုရင် တခြားတစ်ဖက်သို့ လှန်ပါ။

နောက်ပြီး ကင်နေစဉ်အတွင်း အပေါ်ဘက်ခြမ်းကို ဆီလေးသုတ်သုတ်ပေးပါ။

ဒါမှ ကြက်သားအသားများ ခြောက်မသွားမှာဖြစ်ပါတယ်။

ကြက်သားများကို မကြာခဏ လှည့်ပေးပြီး ကြက်ပေါင် အထဲထိ ကျက်တဲ့အထိကင်ပါ။

ကြက်သားကျက်မကျက်ကို စမ်းဖို့အတွက် ဓားဦးချွန်လေးကို ထိုးထည့်ပြီး ဆွဲထုတ်ကြည့်ပါ။

ဓားထိုးထည့်ရတာလွယ်ပြီး ဓားဦးမှာ ဘာမှကပ်မနေတော့ဘူးဆိုရင် ကြက်သားကျက်လောက်
ပါပြီ။

နောက်ပြီး ကြက်သားများကို အကင်ဒယ်ပြားပေါ်မှ ပန်းကန်ပြားပေါ်ပြောင်းကာ အလူမီနီယံအပြား
နဲ့ လုံအောင်အုပ်ထားပါ။

အနည်းဆုံး ၁၀ မိနစ်လောက် စောင့်ပါ။

အသားများ အပူရှိန်ကြောင့် တဖြည်းဖြည်းကျက်သွားပါလိမ့်မယ်။

နောက်ပြီး အထဲကအသားများလည်း ခြောက်ကပ်သွားမှာ မဟုတ်တော့ပါဘူး။

သူ့ကို သံပရာသီးစိတ်လေးတွေ၊ ငရုတ်သီးစိမ်းလေးတွေ ပါးပါးလှီးထားတာနဲ့ တည်ခင်းနိုင်ပါပြီ။

ထမင်းနဲ့ စားစား၊ အနောက်တိုင်းဆန်ဆန် အရွက်အသုပ်လေးတွေနဲ့ စားစား ကြိုက်နှစ်သက်သလို
သုံးဆောင်နိုင်ပါတယ်။

အီတလီစတိုင် နွေရာသီစာထမင်းသုပ်

အသီးအရွက်စိမ်းများနဲ့ သံလွင်သီးချဉ်ချဉ်ရယ်၊ balsamic vinaigrette dressing ရယ်က နေ့စဉ်
စားနေတဲ့ထမင်းကို တစ်မူထူးခြားစေမှာပါ။

နောက်ပြီး သူ့ကို တခြားအသားကင်တွေ၊ အသားဟင်းတွေနဲ့လည်း တွဲစားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ
(၆ ယောက်စာ)

ထမင်း (ချက်ပြီးသား) ၃ ခွက်
ခဲထားသောပဲစိမ်းလုံး ၁ ခွက်
ဘိုစားပဲ ၁၀၀ ဂရမ်
ကညွတ် ၁ စည်း
ကြက်သွန်နီဥသေး ၁ လုံး
သံလွင်သီး ၁ ခွက် (အစေ့ထုတ်ပြီးသား)
အီတာလျံ basil (သို့) Asian basil ၁၂ ရွက်လောက်

Dressing အတွက်

ကြက်သွန်ဖြူ ၁ မြွှာ (ညက်ညက်ထောင်း/ညှစ်လျက်)
သံလွင်ဆီ ၁/၂ ခွက်
Balsamic vinegar ၁/၄ ခွက်
သကြား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်း အနက်မှုန့်နဲ့ ဆား အနည်းငယ် (အရသာအတွက်)

ပြင်ဆင်ပုံ

Dressing အတွက် ပါဝင်ပစ္စည်းများ အားလုံးကို ဖန်ပုလင်းအသေး တစ်လုံးထဲထည့်ကာ
အဖုံးပိတ်ပြီး ခပ်နာနာလေးလှုပ်ပေးပါ။ ပြီးရင် ခဏသိမ်းထားပါ။

ခဲထားတဲ့ ပဲစိမ်းလုံးများကို အခန်းအပူချိန်ဖြင့် အရည်ဖျော်ပါ။

ပြီးရင် ပဲစိမ်းလုံး၊ ဘိုစားပဲနဲ့ ကညွတ်များကို ရေနွေးဖျောပါ။

အိုးတစ်လုံးထဲမှာ ရေနွေးအိုးတည်ကာ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ရေဆူလာသည်
အထိ တည်ထားပါ။

ပြီးရင် ပဲစိမ်းလုံး၊ ဘိုစားပဲနဲ့ ကညွတ်များကို တစ်လှည့်စီ ရေနွေးဖျောပြီး ကျက်ရင် ရေခဲရေထဲသို့
ချက်ချင်းထည့်ကာ အပူများ ချက်ချင်း လျော့ကျစေရန် စိမ်ထားပါ။

ဒါမှ အစိမ်းရောင် မပျောက်သွားမှာဖြစ်ပါတယ်။

နောက် ရေစင်အောင်စစ်ပါ။

စားကာနီးရင် ထမင်းများကို ပန်းကန်ကြီးကြီး တစ်ခုထဲထည့်၊ အသီးအရွက်များထည့်၊ သံလွင်သီး
ကိုထည့်ကာ dressing ဆမ်းပြီး နှံ့အောင်နယ်ပါ။

Myanmar Times

တစ်လလျှင် (၁၅)နာရီအထက် မိုဘိုင်းလ်ဖုန်း ပြောသူများ ဦးနှောက်အကြိတ် ဖြစ်နိုင်ခြေပိုများ


တစ်လလျှင် မိုဘိုင်းလ်ဖုန်း (၁၅)နာရီအထက် အသုံးပြုသူများတွင် ဦးနှောက်တွင်း အကြိတ်ဖြစ်ပေါ်နိုင်ခြေ သာမန်ထက် ပိုမို များပြားလာတတ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ထို့ကြောင့် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနှင့် ဦးနှောက်တွင် ကင်ဆာဖြစ်နိုင်ခြေ ဆက်စပ်မှုရှိမရှိ အငြင်းပွားနေသည့် အခြေအနေများကို ပိုမို၍ တွန်းအားဖြစ်ပေါ်လာစေသည်။ ပြင်သစ်သုတေသီများက နှစ်ရှည်လများ မိုဘိုင်းလ်ဖုန်း အသုံးပြုပြီး အလုပ်လုပ်ခဲ့ရသူများ၏ ဦးနှောက်အခြေအနေကို စစ်ဆေးပြီး ယခုကောက်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

နာရီ(၉၀၀)ကျော်မျှ မိုဘိုင်းလ်ဖုန်းနှင့် ထိတွေ့ပြောဆိုမှုမျိုး ရှိခဲ့သူ တစ်ဦးသည် ဦးနှောက်တွင် အကြိတ်များ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ခုခံနိုင်သည့် သဘာဝ ကိုယ်ခံစွမ်းအား လျော့နည်းနေတတ်ကြောင်း သိရသည်။ အလုပ်ခွင်တွင် မိုဘိုင်းလ်ဖုန်း တစ်လုံးဖြင့် အဆက်မပြတ် အချိန်းအချက် ပြုလုပ်ပြီး အလုပ်ရှုပ်လေ့ ရှိသူများသည် ယင်းကဲ့သို့ အားနည်းချက်မျိုးကို အများဆုံး ပိုင်ဆိုင်ကြုံတွေ့ရတတ်ကြောင်း သုတေသီများက ဆိုသည်။ ပြင်သစ်မှ ပညာရှင်များသည် (၂၀၀၄)ခုနှစ်နှင့် (၂၀၀၆)ခုနှစ်ကြား သုတေသနပြုခဲ့သည့် မှတ်တမ်းများကို အခြေခံကာ ယခုစစ်တမ်းကို လေ့လာပြုစုခဲ့ခြင်း ဖြစ်သည်။

ဖုန်းကို ရေရှည်အသုံးပြုရသည့် အခြေအနေအတွက် ဘေးထွက်ဆိုးကျိုးသည် ပျမ်းမျှ (၂)နှစ်မှ (၁၀)နှစ်ကြား အချိန်အတွင်း သိသာစွာ ထွက်ပေါ်လာတတ်ကြောင်းလည်း သုတေသီများက ယူဆထားသည်။ ယခုစစ်တမ်းကို ဘောဒိုးစ် တက္ကသိုလ်ရှိ သုတေသန ဌာနက ဆန်းစစ်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်ထုတ် Occupational and Evironmental ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ယခင်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ နိုင်ငံတကာ ကင်ဆာသုတေသန ဌာနကလည်း မိုဘိုင်းလ်ဖုန်းမှ ထွက်ပေါ်လာသည့် လျှပ်စစ်သံလိုက် လှိုင်းမျးသည် ကင်ဆာဆဲလ်များကို လှုံ့ဆော်သည့် အခြေအနေမျိုး ရှိနိုင်ကြောင်း ကြေညာထားခဲ့ဖူးသည်။

Planet Myanmar Network

သူဌေးဖြစ်တဲ့ အမျိုးသမီးတွေရဲ့ တူညီတဲ့ စည်းကမ်း ၅ ချက်


သူဌေးဖြစ်ချင်တယ်ဆိုပြီး ဘုရားမှာ ဆုတောင်းနေရံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နေ့စဉ်လိုက်နာဆောင်ရွက်ရမဲ့ ကိစ္စလေးတွေကို မမေ့မလျှော့ပဲ လုပ်ဆောင်သွားမယ်ဆိုရင် မအောင်မြင်စရာ အကြောင်း မရှိပါဘူး။ လိုက်နာရမဲ့ အဓိက အချက်လေးတွေကတော့ အောက်ပါအတိုင်းပါဘဲ။

၁. ကျန်းမာရေးသာလျှင် အဓိက

နေ့စဉ်နေထိုင်မှု ဘဝမှာ ကျန်းမာရေးက အဓိက ကဏ္ဏမှာ ပါဝင်ပါတယ်။
ကျန်းမာမှသာလျှင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မှာပါ။

၂. အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွ နေထိုင်နိုင်ခြင်း

နေ့တိုင်းပိုက်ဆံမရှိဘူးဆိုပြီးထိုင်ပြီးစိတ်ညစ်နေလို့လဲဘာမှဖြစ်မလာပါဘူး။ဒါကြောင့်စဉ်းစားနေတာထက်ပြုံးပြုံးရွှင်ရွှင်နေတက်မှသာလျှင်လူချစ်လူခင်ပေါလာပြီး ကံကောင်းခြင်းနဲ့ အလုပ်လည်းအဆင်ပြေလာမှာပါ။

၃. ဈေးအဝယ်တော်တာကလည်း သူဌေးဖြစ်မယ့် အမျိုးသမီးတွေ အတွက် မရှိမဖြစ်တဲ့ အချက်

ပိုက်ဆံကိုချွချွေတာတာနဲ့လိုအပ်တဲ့နေရာမှာလိုအပ်သလိုအသုံးချတက်တဲ့သူဟာ သူဌေးဖြစ်ကိုဖြစ်မှာပါ။

၎. အမျိုးသမီးဖြစ်တဲ့အတွက် လှလှပပနေထိုင်ဖို့ဆိုတာဟာလဲ မမေ့နဲ့

ကိုယ်က မိန်းကလေးတယောက်ဆိုတာကိုလည်း မမေ့ထားပါနဲ့။ လှလှပပ နေထိုင်တက်တယ်ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။

၅. အိမ်ရဲ့ ဝင်ငွေထွက်ငွေ စာရင်းကိုလည်း သေသေချာချာ ပြုစုရန်

အိမ်ရဲ့လိုအပ်ချက်က ဘာလဲဆိုတာကို သေသေချာချာ လေ့လာပြီး လိုအပ်တဲ့နေရာမှာ ပိုက်ဆံကို သုံးပြီး ပိုရင်စုဖို့ဆိုတာကိုလည်း မမေ့ဖို့လိုပါတယ်။

အားလုံး အဆင်ပြေဖို့ အမြဲစဉ်းစားလျက်
Credit: Clemo

အမျိုးသားတစ်ဦး (၇)လွှာတိုက်ခန်းမှ ပြုတ်ကျသေဆုံး


ရန်ကုန်၊ မေ ၁၈

၁၇.၅.၂၀၁၄ ရက်နေ့ ၀၄၄၅ အချိန်တွင် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊ မလွှကုန်း
လမ်းတွင် တိုက်(၇)လွှာပေါ်မှ အမျိုးသားတစ်ဦးပြုတ်ကျသေဆုံး
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်နေ ဦးဝင်းအောင်၊ (၄၃)နှစ်
ဖြစ်ကြောင်းသိရှိရပြီး တိုက်ခန်းနောက်ဘက်လမ်းကြားတွင် ဦးခေါင်း
ယာဘက်ပေါက်ပြဲ၊ နှာခေါင်းနှင့်ပါးစပ်တို့မှသွေးထွက်၊ ၀ဲလက်မောင်း
နှင့်ပေါင်တို့၌ ဖူးရောင်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အခင်းဖြစ်တိုက်ခန်းနေ အစ်မ၀မ်းကွဲ
တော်စပ်သူ၏နေအိမ်သို့ ၁၆.၅.၂၀၁၄ ရက်နေ့ညနေပိုင်းတွင် အလည်
အပတ်ရောက်ရှိလာပြီး ညပိုင်းတွင် အရက်သောက်စားခဲ့ကာ အိပ်ယာ
ဝင်ခဲ့ကြောင်း၊ ၁၇.၅.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် အိမ်ရှင်အစ်မ
ဖြစ်သူမှ အိပ်ယာမှနိုး၍ကြည့်ရှုရာ ၎င်းကို မတွေ့ရှိသဖြင့် လိုက်လံ
ရှာဖွေခဲ့ကြောင်း၊ တိုက်ခန်းနောက်ဘက်ရှိအကာမရှိသောပြူတင်းပေါက်
မှ ဓါတ်မီးဖြင့်ထိုးကြည့်ရှာဖွေခဲ့ရာမှ အောက်သို့ပြုတ်ကျနေသည်ကို
တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

MOI Webportal Myanmar

အာဏာအလွဲသုံးစားမှု တိုင်ကြားစာ တစ်ရက်ပျမ်းမျှ ၅ စောင်နှုန်း ရောက်ရှိ


ရန်ကုန်၊ မဇ္ဈိမ။ ။ အာဏာအလွဲသုံးစားမှုနှင့် ပတ်သက်၍ တိုင်ကြားစာ တစ်ရက်ပျမ်းမျှ ၅ စောင်နှုန်း ရောက်ရှိ
သည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုင်ကြားစာများသည် အာဏာအလွဲသုံးစာမှုကြောင့် တရားစီရင်ရေးမမျှတခြင်း၊ အုပ်ချုပ်ရေးတွင် မမှန်မကန်
ဆောင်ရွက်ခြင်းများကို လာရောက်တိုင်ကြားမှုများဖြစ်ပြီး လွှတ်တော်တိုင်ကြားစာ ကော်မတီမှတစ်ဆင့် သက်ဆိုင်ရာ
ဌာနများသို့ ပေးပို့သွားမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ မေ ၁၁ အထိ သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနအသီးသီးသို့
ပို့ထားသည့် တိုင်ကြားစာ ၁၇၃ စောင်ရှိကာ ကာယကံရှင်များသို့ ဥပေဒကိစ္စဆောင်ရွက်ရန် အကြောင်းပြန်ကြားစာ ၅၀
ကျော်ရှိသည်။

ဦးသိန်းညွန့်က “ရုံးအဖွဲ့ သုံးယောက်လောက်ပဲရှိတော့ မနိုင်မနင်းလောက်ကို ဖြစ်နေတယ်။ လူထုရဲ့ တိုင်ကြားစာကို
နားလည်တယ်။ သဘောပေါက်တယ်။ အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်တဲ့ နေရာမှာ အားနည်းတယ်”ဟုပြောသည်။

ယင်းတိုင်ကြားစာများသည် မြန်မာတစ်နိုင်ငံလုံးမှ လာရောက်ကြပြီး မန္တလေး၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့မှ လာရောက်တိုင်ကြားမှု အများဆုံးဖြစ်သည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီပါတီသစ်တွင် လာရောက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ ၀န်ကြီးဌာနအသီးသီးသို့ ပို့ခဲ့သည့် တိုင်ကြားစာ ၂၇၈ စောင်ရှိပြီး အကြောင်းပြန်ကြားစာ ၅၀ ခန့် ရှိခဲ့သည်။

နန်းမြင့်
Mizzima Burmese

ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်


ပုသိမ်၊ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ယင်းစည်သွတ် စက်ရုံသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိပြီး အခန်း ၁၀ ခန်း ပါဝင်ရာ အရှည်ပေ ၁၅၀ ရှိပြီး ရှမ်းတရုတ် အမျိုးသား ဦးကျော်မြင့်၏ အမဲစည်သွတ်စက်ရုံ ဖြစ်ကြောင်း၊ ယင်းစက်ရုံ ပတ်လည်တွင် ဒေသခံကျေးရွာ ၁၅ ရွာ ရှိခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူ တားဆီးပေးရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများသို့ မေလပထမပတ် အတွင်းက စုပေါင်း လက်မှတ်ရေးထိုး၍ အကြောင်းကြားစာ ပေးပို့ထားကြောင်း ကန့်ကွက်သူများအဖွဲ့ကို ဦးဆောင်သည့် ငရုတ်ကောင်းမြို့နယ်ခွဲ ဓမ္မိကာရုံကျောင်း တိုက်ဆရာတော် ဦးဉာဏက မိန့်ကြားသည်။

“ဦးကျော်မြင့်ဆိုတဲ့ ဒကာကြီးက အမဲသတ်လိုင်စင် ၂၇ ခုကို အမည်အမျိုးမျိုးနဲ့ ရထားတယ်။ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲနဲ့ ငရုတ်ကောင်း မြို့နယ်ခွဲတွေမှာလည်း သားသတ်လိုင်စင်တွေ ရထားတယ်။ ဒီစည်သွတ်စက်ရုံ ဖွင့်ပြီဆိုရင် နေ့စဉ် ကျွဲ၊ နွားကောင်ရေ ၁၅၀ ထက်မနည်း အသတ်ခံရတော့မယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ၊ ငပုတောမြို့နယ် မော်တင်စွန်း ဒေသနှင့် မြစ်တစ်ရာ တိုက်နယ်အတွင်းရှိ ကျေးရွာများရှိ တောင်သူများမှာ လယ်ယာလုပ်ငန်းအတွက် ကျွဲ၊ နွားများကိုသာ အားထားနေရကြောင်း ရေနက်ကွင်းနှင့် တောတောင်လျှိုမြောင် များပြားသောဒေသ ဖြစ်ခြင်းကြောင့် ဆီထွက်သီးနှံ (ဆောင်းမြေပဲ) စိုက်ပျိုးခြင်းနှင့် တောတောင်ကို အမှီပြု၍ လုပ်ကိုင် နေရခြင်းတို့ကြောင့် ကျွဲနွားရှားပါးမည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံ တောင်သူများထံမှ စုံစမ်းသိရှိရသည်။

“လူတစ်ဦးနှစ်ဦးက အချိန်တိုအတွင်းမှာ အလွန်ချမ်းသာ သွားနိုင်ပေမယ့် ဒေသခံ တိုင်းရင်းသားတွေရဲ့ လူမှုဘဝတွေကတော့ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်” ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောကြားသည်။

The Voice Weekly 

အိန္ဒိယ ရွေးကောက်ပွဲ ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီ၏ BJP ပါတီ အနိုင်ရ


နယူးဒေလီ၊ မေ ၁၇

အိန္ဒိယ ရွေးကောက်ပွဲတွင် အတိုက်အခံ BJP ပါတီက ဆယ်စုနှစ် သုံးခုအတွင်း မဲအပြတ်အသတ် အသာဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ပါတီခေါင်းဆောင် မိုဒီက နယူးဒေလီမြို့တော်တွင် အောင်ပွဲခံ အခမ်းအနား ကျင်းပနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ ပါတီဖြစ်သော ကွန်ဂရက်ပါတီမှာ အရေးနိမ့်သွားပြီး လာမည့် ရက်ပိုင်းအတွင်း ရာထူးမှ နုတ်ထွက်သွားမည်ဟု မျှော်လင့်ရသည်။

ဟိန္ဒူအမျိုးသားရေး ဝါဒီတစ်ဦးဖြစ်သူ မိုဒီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စီးပွားရေး ပြန်လည်ဆန်းသစ်နိုင်ရေး လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲတွင် ကတိပြုထားသည်။
ထို့အပြင် ပါလီမန်နေရာ အများစုကို BJP ပါတီက အနိုင်ရရှိထားသဖြင့် ညွန့်ပေါင်းအဖွဲ့များ မပါဘဲ အစိုးရအဖွဲ့သစ် တစ်ရပ် ဖွဲ့စည်းနိုင်မည်ဟု ရွေးကောက်ပွဲ ရလဒ်များတွင် ဖော်ပြထားသည်။

သို့သော်လည်း မိုဒီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဂူဂျာရတ်ပြည်နယ်၌ ၂၀၀၂ ခုနစ်တွင် ဖြစ်ပွားခဲ့သော လူ့အဖွဲ့အစည်းများကြား ပဋိပက္ခတွင် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ အများစုမှာ မွတ်ဆလင်များ ဖြစ်သဖြင့် မိုဒီ၏ ဦးဆောင်မှုကို အချို့သော အိန္ဒိယနိုင်ငံသားများက စိုးရိမ်နေသည်။
ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီအပေါ် စွပ်စွဲပြောကြားမှုများ ပေါ်ပေါက်ခဲ့သော်လည်း စွပ်စွဲချက်များကို မိုဒီက အမြဲငြင်းဆိုခဲ့ပြီး တရားစွဲဆိုခြင်းလည်း မခံခဲ့ရပေ။

ရွေးကောက်ပွဲ အောင်ပွဲခံ အခမ်းအနား ဆင်နွှဲနိုင်ရန် နယူးဒေလီမြို့တော်သို့ ရောက်ရှိလာသော မိုဒီကို ထောက်ခံအားပေးသူများက အလံများ၊ ဗုံများ ကိုင်ဆောင် ကြိုဆိုခဲ့သည်။

ယင်းကဲ့သို့ အောင်ပွဲခံ အခမ်းအနား ကျင်းပနေသော်လည်း ရွေးကောက်ပွဲ မဲရေတွက်မှုမှာ မပြီးဆုံးသေးဘဲ BJP ပါတီက လက်ရှိအချိန်ထိ ပါလီမန် အမတ်နေရာ ၂၇၂ နေရာ ရရှိထားပြီး မဟာမိတ် ပါတီများပါ ထည့်သွင်း ရေတွက်ပါက နေရာပေါင်း ၃၃၀ နေရာအထိ ရရှိမည်ဖြစ်သည်။
“အိန္ဒိယ အနိုင်ရရှိခဲ့ပါပြီ။ ကောင်းမြတ်တဲ့နေ့တွေ ရောက်လာတော့မှာပါ” ဟု မိုဒီက ပြောကြားခဲ့သည်။

ကက်ရှမီးယား ဒေသမှသည် တောင်ပိုင်း ကန်ရာကူမာရီ ဒေသရှိ နိုင်ငံတစ်ဝန်းလုံးမှ ပြည်သူများက အစိုးရအဖွဲ့သစ်ကို ပိုင်ဆိုင်ကြောင်း အိန္ဒိယနိုင်ငံသားများ အားလုံးအတွက် စစ်မှန်သော အစိုးရဖွဲ့ပြီး နိုင်ငံသားအားလုံးကို အုပ်ချုပ်သွားမည် ဖြစ်ကြောင်း မိုဒီက ပြောကြားလိုက်သည်။

မွတ်ဆလင်အများစု သေဆုံးခဲ့သော ၂၀၀၂ ခုနစ် အဓိကရုဏ်းဖြစ်ရပ် အပြီးတွင် ဂူဂျာရပ် ပြည်နယ်ဝန်ကြီးချုပ် မိုဒီကို အမေရိကန်နှင့် ဗြိတိန်တို့က လိုလားခြင်း မရှိခဲ့သော်လည်း လက်ရှိတွင် မိုဒီ၏အောင်ပွဲကို အမေရိကန်သမ္မတ အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းတို့က ချီးကျူး ဂုဏ်ပြုလိုက်သည်။
“နိုင်ငံရေးအကွဲအပြဲခေတ် နိဂုံးချုပ်သွား ပါပြီ။ ဒီနေ့ကစပြီး လူထုတွေကို စုစည်းပေးမယ့် နိုင်ငံရေး စတင်လာပါပြီ” ဟု ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူ မိုဒီက ပြောကြားသည်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ကာလမှစ၍ ပြည်တွင်း နိုင်ငံရေးလောကကို လွှမ်းမိုးထားသော ကွန်ဂရက် ပါတီမှာ အကျင့်ပျက်လာဘ်စားမှု သတင်းများ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများ၊ ခေါင်းဆောင်မှု အားနည်းမှု များကြောင့် ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၄ နေရာသာ အနိုင်ရနိုင်သည်ဟု ခန့်မှန်းထားသည်။

The Voice Weekly

အလယ်ဥရောပ ၃ နိုင်ငံ အဆိုးရွားဆုံး ရေကြီးမှုဒဏ် ခံနေရ


အလယ်ဥရောပ ၃ နိုင်ငံဖြစ်တဲ့ ဆားဘီးယား၊ ဘော့စ်နီးယားနဲ့ ခရိုအေးရှားနိုင်ငံတွေမှာ ရာစုနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးတဲ့ဒဏ်ကို ခံနေရပါတယ်။

ဆားဘီးယားနိုင်ငံ အိုဘရန်နိုဗက်စ် မြို့မှာ ရေကြီးနေလို့ မေလ ၁၇ ရက်နေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ ရေဘေးအဆိုးဆုံးခံရတဲ့ တချို့နေရာတွေမှာ ရေက ၆ ပေကျော် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံ ၂၅၀၀၀ လောက်ကို နေရာရွှေ့ပေးရမယ့်ပုံ ပေါ်တယ်လို့ ဆိုပါတယ်။

မေလ ၁၇ ရက်နေ့ကတော့ လူအယောက် ၄၀၀၀ ကို မြို့တော် ဘယ်လ်ဂရိတ်က အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေဆီကို နေရာရွှေ့ပေး ခဲ့ပါတယ်။ ရေကြီးမှုကြောင့် ဆားဘီးယား နိုင်ငံ တလွှား အိမ်ခြေ ၁ သိန်း ၃ သောင်းခွဲလောက် လျှပ်စစ်မီးပြတ်တောက်နေပြီး အစိုးရကတော့ အရေးပေါ်လျှပ်စစ်မီး တင်ပို့ဖို့ အတည်ပြုပြီးပါပြီ။

ဒေသတွင်း လူ ၃ ယောက်သေဆုံးတယ်လို့ အတည်ပြု ပြီးပါပြီ။ ဆားဘီးယား မိုးလေ၀သ ပညာရှင်တွေကတော့ စနေ၊ တနင်္ဂနွေနေ့တွေမှာ အဓိက မြစ်တွေမှာ ရေမျက်နှာပြင် မြင့်တက်လာဖို့ မျှော်လင့်ထားလို့ ထောင်နဲ့ချီတဲ့လူတွေကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

အစ္စရေး၊ တူရကီ၊ စလိုဗေးနီးယား၊ ခရိုအေးရှား၊ သြစတြီးယားနဲ့ လူဇင်ဘတ်နိုင်ငံတွေက ပညာရှင်အဖွဲ့တွေ ရေစုပ်စက်တွေ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလှေတွေ အပါအ၀င် အကူအညီတွေ ပို့ပေးမယ်လို့ ကတိပြုခဲ့ပြီး အမေရိကန်ကတော့ နေရာရွှေ့ပြောင်းရေး လိုအပ်တဲ့ မော်တော်ဘုတ် ၁၃ စီး ပို့ပေးမယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း ဘော့စ်နီးယား နိုင်ငံမှာတော့ ရေကြီးလို့ မေလ ၁၇ ရက်နေ့က အလောင်း ၆ လောင်း ထပ်တွေ့တဲ့အတွက် သေဆုံးသူ အရေအတွက် ၁၁ ယောက်ထိ မြင့်သွားပါတယ်။

ဘော့စနီးယား အရှေ့မြောက်နဲ့ မြောက်ဘက်တွေမှာ လူတွေကို ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ ရပါတယ်။ ရေဘေးအဆိုးဆုံး ထိတဲ့နေရာတွေမှာ ကုန်ကားတွေ မြေတူးစက်တွေနဲ့ အစားအစာ တွေကို ပို့ပေးနေရပါတယ်။ မြေပြိုမှုကြောင့် ရာနဲ့ချီတဲ့အိမ်တွေ ပြိုကျကုန်လို့ လူ ၁၀၀၀ လောက်ကို ဘော့စ်နီးယား အလယ်ပိုင်းကို ရွှေ့ပြောင်း ပေးထားရပါတယ်။

ခရိုအေးရှားအရှေ့ပိုင်းက ရွာတွေမှာ အိမ်တွေ ရေနစ်ကုန်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ရာနဲ့ချီတဲ့ လူတွေကို မေလ ၁၇ ရက်နေ့က နေရာ ရွှေ့ပေးနေရပါတယ်။

မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဆာဘာမြစ်ရေက ဘော့စနီးယားနဲ့ ဟာဇီကိုဘီးနားနယ်စပ်မှာ တာကျိုးခဲ့လို့ ရာနဲ့ချီတဲ့လူတွေကို အရေးပေါ်ကယ်ဆယ်ရေးစခန်းဆီ လွှဲပေးထား ရပါတယ်။ ရေက ရုတ်တရက် မြင့်တက်လာလို့ အိမ်ခေါင်မိုးတွေပေါ်က တဆင့် ဒေသခံတွေကို ဘေးကင်းရာ ခေါ်ထုတ်ခဲ့ရပါတယ်။ ခရိုအေးရှား စစ်တပ်က ပိုကျယ်တဲ့ဒေသအတွင်း ကပ်ဘေးသက်သာရေး ကူညီဖို့ စစ်သည် အယောက် ၁၀၀၀ တာဝန်ချထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ၃လစာ ရွာခဲ့တဲ့ မိုးလောက် မကြုံစဖူး ထူးထူးကဲကဲ မိုးရွာမှုကြောင့် ရေကြီးခဲ့တာပါ မိုးလေ၀သပညာရှင်တွေကတော့ နှစ်ပေါင်း ၁၂၀ အတွင်း အဆိုးရွားဆုံးလို့ ဆိုပါတယ်။

DVB Burmese 

ပြည်သူကို ကတိ မတည်တဲ့သူ ခေါင်းဆောင်နေရာ မထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်သူကိုပေးတဲ့ကတိ မတည်တဲ့သူတွေကို ခေါင်းဆောင်နေရာမှာ မထားဖို့ ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

မေလ ၁၈ ရက်က မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ပြည်သူကို တကယ်လေးစားတယ်ဆိုလို့ ရှိရင် နံပတ် ၁ က လူတယောက်ကို လေးစားတယ် အဲဒီလူကို မှန်မှန်ကန်ကန်ပြောရတယ်။ မှန်မှန် မပြောတာဆိုတာ မလေးစာရာ ရောက်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ ဘာပြောပြော လက်ခံရမယ်ဆိုလည်း ဒါမလေးစားတာပဲ။ ငါတို့ မမှန်တာပြောရင် လည်းပြောမှာပဲ သူတို့က အရေးကြီးလို့လား ငါတို့ ပြောချင်တာ ပြောမယ်ဆိုရင် ဒါလည်း မလေးစားရာ ရောက်တာပဲ။ ဒါကြောင်မို့ ပြည်သူကို ပေးတဲ့ ကတိတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူကိုပေးတဲ့ကတိတွေ မတည်နိုင်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ခေါင်းဆောင်နေရာ မထားပါနဲ့လို့ ကျမ ပြတ်ပြတ်သားသား ပြောချင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ လက်တွဲ ပြုလုပ်တဲ့ အထက်ဗမာပြည် မန္တလေး လူထုဟောပြောပွဲကို မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့က ပြည်သူတွေ အပြင် ကယားပြည်နယ်၊ ချင်းပြည်နယ် စတဲ့ ပြည်နယ်တိုင်းတို့က ပြည်သူတွေ သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုဟောပြောပွဲပြီးတဲ့နောက် မန္တလေးမြို့၊ မန္တလေး-ပြင်ဦးလွင်လမ်း၊ လမ်း ၃၀၊ ၃၁လမ်းရှိ ရွှေပြည်သာဟိုတယ်မှာ မြို့မိမြို့ဖတွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီပါတီက မေလ ၂၇ ရက်မှာ စတင်ပြုလုပ်မယ့် ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ရေး လက်မှတ်ထိုးလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ ဆွေးနွေးခဲ့တယ်လို့ မန္တလေးတိုင်း အန်အယ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးလှကောင်းက ပြောပါတယ်။

“လက်မှတ်တိုးပြီးတော့ signature camping လုပ်တဲ့နေရာမှာ ရပ်ကျေးရုံးတွေမှာ ဖြစ်စေ၊ ရပ်ကွက်က ပါတီဝင်တဦးဦးချင်းမှာ ဖြစ်စေ စာအုပ်ကို ထားပြီးမှ လာထိုးစေချင်ပါတယ်။ အဲဒီလို စီစဉ်ထားတာကို တချို့ကလည်း အိမ်တိုင်ရာရောက် လိုက်ထိုးဖို့ ပြောတဲ့အခါမှာ ဒေါ်စုက အဲဒါကို လက်မခံပါဘူး။ လာထိုးရဲတဲ့ သတ္တိရှိရမယ်။ တအိမ်တက်ဆင်း လိုက်ထိုးရင် အနှောင့်အယှက် ဖြစ်မယ်။ အစွပ်စွဲ ခံရနိုင်တယ် ဆိုတဲ့အတွက် အဲဒါကို အချေအတင် ပြောကြပါတယ်။ တချို့က ကြောက်တဲ့ ၀န်ထမ်းတွေ ရှိပါတယ်။ သူတို့ဆီသွားထိုးရင် သူတို့ ထိုးပေးပါမှာပေါ့။ အဲဒီကြောက်တဲ့ စိတ်ကို ဖယ်ရမယ်ဆိုပြီး ဒေါ်စုက အားပေးပြောပါတယ်။”

အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲတွေကို ရန်ကုန်မှာ မေလ ၁၇ ရက်၊ မန္တလေးမြို့မှာ မေလ ၁၈ရက်တို့မှာ ဆက်တိုက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူလူထု သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

DVB Burmese 

ဘင်္ဂလားဒေ့ရှ်တွင် ခရီးသည်တင် ရေယာဉ်တစီး နစ်မြှုပ်မှု၊ အလောင်း ၅၄ လောင်းတွေ့ရှိ


ဘင်္ဂလားဒေ့ရှ် နိုင်ငံ အလယ်ပိုင်း မန်ရှိဂန် ခရိုင်မှာ ခရီးသည်တင် ရေယာဉ်တစီး နစ်မြှုပ်မှုကို ကယ်ဆယ်သူတွေက မေလ ၁၇ ရက်နေ့ ညနေ ၅ နာရီမှာ အလောင်း ၅၄ လောင်း ရှာတွေ့ ထားတယ်လို့ ပြောပါတယ်။ သင်္ဘောပေါ် ပါသူတွေကိုတော့ ဆက်လက်ရှာဖွေနေဆဲပါ။

ပျောက်နေတဲ့ ခရီးသည်တွေကို ပိုရှာနိုင်ဖို့ ရေယာဉ်အောက်ကို ကယ်ဆယ်ရေးသမားတွေ ငုပ်နိုင်ဖို့ မေလ ၁၇ ရက်နေ့က ရေယာဉ်ကို ဆယ်တင်ခဲ့ပါတယ်။ လွန်းပျံရေယာဉ်ဟာ မြို့တော် ဒါကာ တောင်ဘက် ကီလို ၁၀၀ ကျော်ကနေ ခရီးထွက်လာပြီး မေလ ၁၅ ရက်နေ့က နစ်မြှုပ်ခဲ့တာပါ။

လူဘယ်လောက် ပျောက်နေတယ်ဆိုတာ တိတိကျကျတော့ အရာရှိတွေက မသိကြပါဘူး။ ဒေသခံရဲတွေကတော့ ရေယာဉ်ဟာ ခရီးသည် အယောက် ၂၀၀ လောက် တင်လာတယ်လို့ အစောပိုင်းက ပြောပါတယ်။

အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့ ခရီးသည်တွေရဲ့ မိသားစုတွေ သူငယ်ချင်းတွေက မေလ ၁၇ ရက်နေ့က မတော်တဆဖြစ်ရာနေရာကို ရောက်လာပါတယ်။ သူတို့ထဲက တချို့က အစိုးဟာ ခရီးသည်တွေကို အချိန်မီကယ်ဖို့ ပျက်ကွက်တယ်လို့လည်း စွပ်စွဲပါတယ်။

ခရီးသည်တချို့ကတော့ အနားက မြစ်ထဲမှာ ရေယာဉ်အများစုက မုန်တိုင်းလာနေလို့ ကျောက်ချထားပေမယ့် ဒီရေယာဉ်ရဲ့ ကပ္ပတိန်က သွားမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ လူအယောက် ၁၅၀ ကို တင်ဖို့ ပုံစံထုတ်ထားတဲ့ ရေယာဉ်ဟာ တိမ်းမှောက်ချိန်က လူ ၂၀၀ ကျော် တင်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ မန်ရှိဂန် ခရိုင်ရဲအရာရှိ နိုရူးလ် ဆာကာက မတော်တဆမှု ဖြစ်ရတဲ့ အဓိက အကြောင်းပြချက်က မုန်တိုင်းလို့ ပြောပါတယ်။ ပျောက်ဆုံးခရီးသည်တွေ ရှာဖွေရေး အားထုတ်မှုတွေ ဆက်လုပ်နေဆဲပါ။

DVB Burmese

Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ


ဆရာခင်ဗျာ၊ ကလေးကို ရေပိုတိုက်ပေးပါဆိုတာကို မေးပါရစေ။ ကျွန်တော်တို့ ပိုစတာတွေနဲ့ကို ကြေငြာနေတာ တွေ့ဖူးပါတယ်။ ၆ လအထိမိခင်နို့သာ တိုက်ဖို့၊ ရေလုံးဝမတိုက်ဖို့ ဖတ်ရပါတယ်။ ဘာကြောင့် ရေမတိုက်ခိုင်းပါသလဲ၊ ဖြေပေးပါဦးခင်ဗျာ။

ကျွန်တော် Pediatrician ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

သက်ရှိလူတွေနဲ့ တိရစ္ဆာန်မှန်သမျှ ရေသောက်မှ အသက်ရှင်တယ်။ ဒါကအခြေခံ။ “ကလေးကို မွေးလာပြီး ဘယ်တော့ ရေ စတိုက်မလဲ” ဆိုတာ အရင်ကတော့ မေးစရာမလိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကလေးအထူးကု ဆရာဝန်တွေ မပေါ်ခင်ကတည်းက လူသန်းထောင်ပေါင်းများစွာဟာ ကမ္ဘာမှာ မွေးလာခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ ကလေးမိဘတွေ၊ အသိမိတ်ဆွေတွေ၊ ဆရာဝန်တွေအကြား အမြင်မတူကြပါ။ ဘယ်ဟာ ယူမလဲ။ အယူအဆတွေ၊ အတွေးအမြင်တွေဆိုတာ ကာလရွေ့လျောတာနဲ့ ပြောင်းတယ်။ သိပ္ပံပညာ၊ ဆေးပညာမှာလဲ ပြောင်းတယ်။ ကျန်းမာရေး အသိရှိသူတွေက ကလေး ၆ လပြည့်မှ ရေတိုက်ရတယ်လို့ ပြောကြတယ်။ ဆရာဝန်တွေက “မိခင်နို့ဖြစ်ဖြစ်၊ နို့ဗူးဖြစ်ဖြစ်မှာ ကလေးလိုအပ်တဲ့ရေ အလုံအလောက်ရတာမို့ ၆ လအောက်ကလေးကို ရေအပိုတိုက်စရာ မလိုပါ” တဲ့။ တချို့က ၂ လ မပြည့်ခင် မတိုက်ချင်ပါနဲ့တဲ့။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလဲ “ကလေး ၆ လအတွင်းမှာ ရေတောင်မှ တိုက်စရာမလိုပါ” လို့ အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ဟာ Breast milk မိခင်နို့ရဲ့ ပြည့်စုံမှုကို အလေးပေး ဖေါ်ညွှန်းချက်ဖြစ်တာ သတိပြုပါ။ ရေရဲ့ ဘေးထွက်-ဆိုးကျိုးအနေနဲ့ ပြောတာ မဟုတ်ပါ။ မအေနို့က အဆင်မပြေမှသာ Formula နို့မှုံ့တိုက်ပါလို့ ဆက်ရေးထားပါတယ်။

မိခင်နို့ထဲမှာ ရေ ၉ဝ-၉၈% ပါတယ်။ Colostrum နို့ဦးရည်ကြည်ဟာ ကလေးမွေးပြီး ၃၇ စီစီ ထွက်တယ်။ ၅ ရက်သားမှာ တနေ့ကို နို့ရည် ၅ဝဝ စီစီ ထွက်တယ်။ ၃-၅ လ ရှိရင် တနေ့မှာ ၇၅ဝ စီစီ ထွက်တယ်။ ၆ လ မှာ ၈ဝဝ စီစီ ထွက်တယ်။ နို့ဦးရည်ကြည်မှာ (အင်တီဘော်ဒီ) ခေါ်တဲ့ ရောဂါခံနိုင်စွမ်း ပါတယ်။ နို့မှုံ့မှာ ဒါမပါဘူး။

American Academy of Pediatrics အမေရိကန် ကလေးဆရာဝန်များ အကယ်ဒမီကပြောတာက “အစားမာမစားမချင်း ကလေးက ရေအပိုလိုဘူး” တဲ့။ ကလေး ၆ လပြည့်တဲ့နောက် ရေတိုက်ဘို့ ဘာလို့လိုသလဲဆိုတဲ့ အချက်တွေထဲမှာ (ဖလိုရွိုက်) ဓါတ်ဆား လိုအပ်လာတာဖြစ်တယ်။

Debbi Donovan ဆိုတဲ့ လက်မှတ်ရ နို့တိုက်အတိုင်ပင်ခံကပြောတာက “ရေထဲမှာ ဘာအာဟာရဓါတ်မှ မပါလို့ ဘာ (ကယ်လိုရီ) မှ မရစေဘူး။ ကယ်လိုရီ မပါတာ တိုက်လို့ ကလေးကိုယ်အလေးချိန် ကျစေမယ်။” ဒါပေမဲ့ အိန္ဒိယကလူတွေ ရေအတော်သောက်ကြတယ်။ ဧည့်သည်လာရင် ရေအရင်တိုက်ရတယ်။ တချို့ဧည့်သည်က ရေတခွက်နဲ့ အားမရလို့ ထပ်တောင်းသေးတယ်။ သူတို့ဆီမှာ ယောက်ျား၊ မိန်းမ ဗိုက်ထွက်အောင် ဝကြတယ်။

ကလေးအထူးကု တချို့ကတော့ ရေကြောင့် ကျောက်ကပ်ကနေ ဓါတ်ဆားတွေပါ ထုတ်ပေးရမှာမို့ ဓါတ်ဆားနည်းစေမယ်။ Sai Sanjeevini Foundation (ဆိုင်း ဆန်ဂျီးဗီနီ ဖေါင်ဒေရှင်း) ကနေ ထောက်ပြထားတာတခု ရှိပါတယ်။ “ကလေး ၆ လ မပြည့်ခင် ရေမတိုက်ပါနဲ့ဆိုတာ အန္တရာယ်ရှိတဲ့ အကြံပြုချက်ဖြစ်တယ်” တဲ့။ “ဘာလို့လဲဆိုတော့ အဲလိုသာ ရေမတိုက်ရင် ကလေးရဲ့ ကျောက်ကပ်ဟာ ပြန်ပြင်မရတဲ့ ပျက်စီးမှု ဖြစ်စေနိုင်တယ်” လို့ ဆိုပါတယ်။

ကလေးကို ရေခဏခဏတိုင်ရင် နို့စို့တာနည်းမယ်၊ နို့ထွက်နည်းမယ်။ ရေတိုက်ရင် Bilirubin (ဘီလီရူဘင်) တက်စေပြီး Jaundice အသားဝါစေမယ်။ တချို့ပညာရှင်တွေက အတော်ကြောက်စရာကောင်းတဲ့ ရောဂါတွေနဲ့ ထောက်ပြတယ် (ခြောက်ကြတယ်)။ ရေကတဆင့် ကူးစက်ရောဂါတွေ ရစေနိုင်တယ်။ အာဟာရ ချို့တဲ့မယ်။ ဝမ်းပျက်မယ်။ မျက်နှာတခြမ်း လေဖြတ်မယ်။ သွေးထဲ ပိုးရောက်မယ်။ ဦးနှောက်မှေး ရောင်မယ်။ ရေအပိုတိုက်လို့ သွေးထုထည်တိုးပြီး နှလုံးက အလုပ်ပို လုပ်ရမယ်။ နောက်ပြီး ရေဆိပ်သင့်တာ ဖြစ်စေမယ်။ ဒါက (သီအိုရီ) သာ ဖြစ်ပါတယ်။ ဘယ်မိဘတွေကမှ အဲလောက်အထိ ကလေးကို ရေမတိုက်ကြပါ။ ကလေးကလဲ မသောက်ပါ။

“မိခင်နို့မှာ ရေပြည့်စုံနေပြီးဖြစ်တယ်” ဆိုတဲ့အချက်ကို သတိပြုရမယ် ထင်ပါတယ်။ တကယ်လို့ မိခင်က မအားလပ်၊ ကလေးကဆာ၊ ငိုနေရင် ဘာလုပ်မလဲ။ မိခင်နို့တိုက်တာမို့ နို့ဗူးလဲအဆင်သင့်မရှိတော့ ရေတိုက်တာထက် ကောင်းတာ ဘာရှိပါသလဲ။ အဆာလဲပြေအောင် အချို (ပျားရည်) နည်းနည်းလေးပါရောတိုက်ပြီး ကြီးလာခဲ့တဲ့ကလေး သန်းပေါင်း များစွာရှိတယ် မဟုတ်ပါလား။ အထက်ကထောက်ပြထားတဲ့ ရောဂါတွေ တခုချင်းအကြောင်းကို ဖတ်ကြည့်ပါ။ ရေ (ရေသန့်) တိုက်လို့ ဖြစ်ပါတယ်ဆိုတာ တနေရာမှ မတွေ့ပါ။

ကလေးမွေးကတည်းက -
• နေမကောင်းရင်၊ ကိုယ်ပူရင် ရေလိုမယ်။
• ရာသီဥတု ပူပြင်းချိန်မျိုးမှာ ရေလိုတယ်။
• ဝမ်းချုပ်နေတာဟာ ရေလိုလို့ဖြစ်တယ်။
• ဝမ်းပျက်ရင် ORS ဓါတ်ဆားရေ မလွဲမသွေ တိုက်ရပါမယ်။ နို့နဲ့မဖျော်ပါ ရေနဲ့ဖျော်ရတာပါ။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂ဝ၁၂
၁၈-၅-၂ဝ၁၄

အိတ်ခ်ျအိုင်ဗွီပိုး ရှိနေရင် (အမေးအဖြေ)


မေး။    ။ သွေးစစ်ကြည့်ပြီး အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတာ သိရင် ဘာဆက်လုပ်ရပါမလဲ။
ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပြီလို့ သိလိုက်တာနဲ့ ထိတ်လန့်မသွားပါနဲ့။ မကြာခင် သေရတော့မှာပဲလို့ တွေးပြီး စိတ်ဓါတ်မကျပါနဲ့။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတာနဲ့ ချက်ချင်း အေအိုင်ဒီအက်စ် မဖြစ်ပါဘူး။ ရောဂါပိုး ရှိနေတာကို လူတကာ ပြောပြဖို့လည်း မလိုပါဘူး။ မိသားစုထဲက ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းထဲက ဖြစ်ဖြစ် ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ကို ရင်ဖွင့်ပါ။ ဆွေးနွေးတိုင်ပင်ပါ။ သူရဲ့ နှစ်သိမ့်အားမေးမှုကို ခံယူပါ။ ဆရာဝန် ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါအကြောင်း ပိုနားလည်အောင် ကြိုးစားပါ။
မေး။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူကို အေအိုင်ဒီအက်စ် ရောဂါဖြစ်နေပြီလို့ ပြောလို့ရပါသလား။
ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူကို အေအိုင်ဒီအက်စ် ရောဂါဖြစ်နေပြီလို့ ပြောလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူရဲ့ ခန္ဓာကိုယ်ထဲမှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ရောဂါလက္ခဏာ မပြသေးတော့ လူကောင်း တစ်ယောက်လိုပါပဲ။ ဖျားတဲ့နာတဲ့ လက္ခဏာ လုံးဝမရှိပဲ သာမန်လူကောင်း တစ်ယောက်လို သွားလာလှုပ်ရှား အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတဲ့ အတွက် သူကနေ တဆင့် ရောဂါပိုးတွေ ကူးနိုင်ပါတယ်။
အဲဒီလူကို “အိတ်ခ်ျအိုင်ဗွီပိုး ရှိသူ” ဒါမှမဟုတ် “အိတ်ခ်ျအိုင်ဗွီပိုး သယ်ဆောင်သူ” လို့ ခေါ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ချက်ချင်း အေအိုင်ဒီအက်စ် မဖြစ်ပါဘူး။ ပိုးဝင်ပြီး နှစ်တော်တော်ကြာမှ သွေးဖြူဥတွေ ပျက်ပြီး၊ ကိုယ်ခံအားတွေ ကျဆင်းလာပြီး တခြားရောဂါပိုးတွေ ခန္ဓာကိုယ်ကို ဝက်ရောက် ဒုက္ခပေးတဲ့ အခါကျမှသာ ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ အဲဒီ အဆင့်ကို ရောက်မှသာ “အေအိုင်ဒီအက်စ်” လို့ ခေါ်ပါတယ်။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIV information for Myanmar

အမြန်လမ်း ခရီးသည်များအား အသက်အာမခံကြေး စတင်ကောက်


ယာဉ်တိုက်မှုနှင့်ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်နေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား သွားလာနေသောခရီးသည်များအတွက်
အမြန်လမ်းမကြီးများဆိုင်ရာ အသက်အာမခံ လက်မှတ်များအား ကားဂိတ်များနှင့် ကုမ္ပဏီများပေါင်းကာ စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကမြန်မာအာမခံလုပ်ငန်းများသို့ ညွန်ကြားခဲ့ခြင်းကြောင့် ယင်းကဲ့သို့လုပ်ဆောင် ခြင်းဖြစ်ပြီး  အမြန်လမ်းမကြီးများဆိုင်ရာ
အသက်အာခံလုပ်ငန်း မှ တာဝန်ရှိသူအရောင်းဝန်ထမ်းတစ်ဦးက မေလ ၁၈ ရက် က ပြောသည်။

“တချို့ခရီးသည်တွေကတော့ နားလည်တယ်၊ ပြောစရာသိမ့်မလိုဘူး တစ်ခါထဲဝယ်သွားတယ်၊  တချို့ခရီးသည်တွေကျတော့ အစောကြီးထဲက ဒီလမ်းဟာ
နမိတ်မကောင်းပါဘူးဆိုနေမှ မင်းတို့ဒီလိုရောင်းနေရင် ငါတို့ပါ နမိတ်မကောင်း ဘူးဆိုပြီးတော့ ပြောကျတဲ့သူတွေတောင်ရှိတယ်”ဟု အမြန်လမ်းမကြီးများဆိုင်ရာ
အာမခံလက်မှတ်ရောင်းချနေသူ ဝန်ထမ်းတစ်ဦးကဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း အထူးခရီးသွားအာမခံကြေးသည် ရန်ကုန်မြို့ပြင်ပ မိုင် ၁၀၀ မှ စတင်ကာ အကျုံးဝင်မည်ဖြစ်ပြီး အဆိုပါအမြန် လမ်းပေါ်တွင်
ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခြင်းပါက အသက်အာမခံကြေးထားရှိသူသည် အသက်သေဆုံးပါက နစ်နာကြေးငွေ သိန်း ၃၀ ဒဏ်ရာရှိခဲ့ပါက ၂၄ သိန်းအား
အာမခံထားရှိသည့်ကုမ္ပဏီမှ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“သေဆုံးတာဆိုရင်တော့ အာမခံကြေး  ၃၀ သိန်းရမှာမှာပါ။ ဒဏ်ရာရရုံသက်သက်ပဲဆိုရင်တော့ ၂၄ သိန်းပါ” ဟု အထက်ပါဝန်ထမ်းတစ်ဦးကဆိုသည်။

အဆိုပါအာမခံလက်မှတ် တစ်စောင် ၃၀၀ အား အချို့သောကားဂိတ်များသည် လတ်မှတ်ဝယ်ယူအချိန်တွင် လက်မှတ်ဖိုးထဲ၌ ထည့်သွင်းသွားမည်ဖြစ်ပြီး အချို့သော
ကားဂိတ်များသည် ခရီးသည်အားမေးမြန်းပြီးမှသာ ဖြတ်တောက်သွားမည်ဖြစ်ကြောင်းသိရသည်။

“အရင်ထဲက အာမခံကြေးဆိုပြီးတော့ ၁၀၀ ကောက်ခဲ့တာရှိတယ်။ ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ခရီးသည်ဆီကမတောင်းခဲ့ဘူး”ဟု ရာဇာမင်း ခရီးသည်ပို့ဆောင်ရေးမှ
ဦးစိုးဝင်းအောင် ကဆိုသည်။

ယင်းလက်မှတ်များအား အဝေးပြေးဂိတ်အားလုံးတွင် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

နှင်းနွယ်
The Myanma Age

တောင်တရုတ် ပင်လယ် အကျပ်အတည်း တရုတ်နှင့် ဗီယက်နမ် စတင်ဆွေးနွေး


ချင်းတောင် မေ ၁၇

တရုတ်နှင့် ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည်တောင် တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲချက်များ ဖြေရှင်းရန် အစည်း အဝေးတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးကိုဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားပြီးနောက် သောကြာ နေ့က တရုတ်မြို့ချင်းတောင်၌ ကျင်းပခဲ့သည်။ဗီယက်နမ်နှင့် ဖိလစ်ပိုင်ဆန္ဒပြသူများသည် မနီလာမြို့ တရုတ် သံရုံး အပြင်ဘက်၌ ဆန္ဒပြခဲ့ရာတရုတ်နိုင်ငံက အဆိုပါ နှစ်နိုင်ငံက ပိုင်ဆိုင်ထားသော နယ်မြေများကို ကျူးကျော် နေသည်ဟု ဆိုသည်။

ယင်းတို့က ဗီယက်နမ်ပြည်သူများနှင့် ဖိလစ်ပိုင်တို့က တရုတ်နှင့်မပေါင်းရန် တိုက်တွန်းဆော်ဩလိုက်သည်။ ယင်းအဓိကရုဏ်း၌ဆက်နွှယ်သူ ၅၀၀ အား ဖမ်းဆီးထားကြောင်းအာဏာပိုင်များက ပြောသည်။

ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများကို လုံခြုံရေးအာမခံပေးရန် တောင်းဆို လိုက်ကြောင်း တရုတ် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှန်ဒန်ရန်း က ပြောသည်။

တရုတ်နိုင်ငံသားများ သေဆုံး မှုရှိပြီး ၉၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောသည်။

တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ကာလ အတန်ကြာ ကပင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခဲ့သည်။
တရုတ်တို့က တောင်တရုတ် ပင်လယ်ကြီးတစ်ခုလုံးကို ၎င်းပိုင် ဆိုင်ကြောင်း ပြောဆိုထားသည်။သို့သော်လည်း ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ရှိသည်။ ယင်းရေပိုင်နက် နယ်မြေအတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်တွေ့ ရှိလိမ့်မည်ဟု ယုံကြည်ထားကြသည်။

(ဘီဘီစီ)
MOI Webportal Myanmar

ဒေါ်အောင်ဆန်းစုကြည် ဗိုလ်စိန်မှန်ကွင်း ဟောပြောချက် (အစအဆုံး) - ရုပ်သံ



DVB TV News



အခြေခံဥပဒေ ပြင်ဆင်ရေး မန္တလေးမြို့ အောင်ပင်လယ်ကွင်း ဟောပြောပွဲက ၈၈မျိုးးဆက် ဦးမင်းကိုနိုင်ရဲ့ ဟောပြောချက်



ရိုက်ကူး - ဘကြီးအောင်
DVB TV News



ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ် ဟောပြောချက် ကောက်နှုတ်ချက်များ


"ပြည်သူကိုပေးတဲ့ ကတိမတည်နိုင်တဲ့ သူတွေကို ခေါင်းဆောင် နေရာမှာ မထားကြပါနဲ့လို့ ပြောချင်ပါတယ်"

ဓာတ်ပုံ - အိမ်ခိုင်မြဲ




"ကျမတို့အမြင်က တပ်မတော်ဆိုတာ ပြည်သူကိုကာကွယ်ဖို့ ပြည်သူကိုအုပ်ချုပ်ဖို့မဟုတ်ဘူး။ တပ်မတော်ဟာ အမှန်တရားကိုရင်ဆိုင်လိုက်ပါ၊ အာဏာမက်မောလို့ နေရာလိုချင်လို့ အခွင့်ထူးယူနေတာ မဟုတ်ပါဘူးလို့ ဝန်ခံလိုက်ပါလို့ကျမတိုက်တွန်းပါတယ်၊ တိုက်တွန်းတယ်ဆိုတာထက် ကျမစိန်ခေါ်လိုက်ပါတယ်။ ဒီနှစ်အတွင်း လွှတ်တော်အတွင်းကနေ ပြင်နိုင်အောင် တပ်မတော်သားတွေကို တိုက်တွန်းပါတယ်"

ဓာတ်ပုံ - ဇော်ဇော်



တပ်မတော်က မိုးပေါ်ကကျလာမဟုတ်ပါဘူးပြည်သူကပေါက်ဖွားလာတာပါ
ဓာတ်ပုံ - ဇော်ဇော်



ရွေးကောက်ပွဲအောင်နိုင်ရေးထက် ဒီမိုကရေစီအောင်နိုင်ရေးကို အဓိကလုပ်ဆောင်ရမယ်
ဓာတ်ပုံ - ကျော်ဇေယျာဝင်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲမှာ စတင်ဟောပြောနေပါပြီ။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း

DVB TV News

လေးနှစ်အရွယ်သမီးကို ဖခင်အရင်းက မီးဖိုနှင့်ကပ်၊ သံတူဖြင့်ထုရိုက်


ဂျွန်ချစ်ငြိမ်း

တောင်ကြီး၊ မဇ္ဈိမ။ ။ ဖခင်အရင်းဖြစ်သူက လေးနှစ်အရွယ်ကလေးငယ်အား မီးဖိုနှင့်ကပ်၊ သံတူဖြင့်ရိုက်ကာ ညှင်းပန်းနှိပ်စက်မှု တစ်ခု တောင်ကြီးမြို့တွင်
ဖြစ်ပွားခဲ့သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ညှင်းပန်းနှိပ်စက် ခံရသည့် ကလေးငယ်မှာ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်၊ အောင်သာယာလမ်းတွင် နေထိုင်သော ဦးနေလင်းအောင်(ခ) ဦးဖိုးချို နှင့် မိထွေးဖြစ်သူ မဆုခိုင်ကြည်တို့၏ သမီးဖြစ်ပြီး အသက်လေးနှစ်သာ ရှိသေးသည်။ ထိုကလေးငယ်အား လွန်ခဲ့သည့် ၁၅ရက်ခန့်က တောင်ကြီးမြို့
ချမ်းမြသာစည်ရပ်ကွက်တွင် ငှားရမ်းနေစဉ်က ၎င်း၏ ဖခင်ဖြစ်သူက အုတ်မီးဖိုနှင့် ကလေးငယ်၏လက်ကို ကပ်သဖြင့် အရည်ကြည်ဖု ဒဏ်ရာများ ရရှိခဲ့သည်။

ထို့နောက် ရွှေတောင်ရပ်ကွက်သို့ ပြောင်းရွှေ့လာစေ မေလ ၁၆ရက် ည၈နာရီခန့်က ဖခင်ဖြစ်သူကပင် ကလေးငယ်၏ နဖူး၊ ဒူးခေါင်းတို့ကို ထုရိုက်ခဲ့သည်ဟု ကလေးငယ်က လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် ရဲအရာရှိများကို ပြောပြသည်။

ကလေးငယ်သည် ဒဏ်ရာများဖြင့် ရပ်ကွက်အတွင်း လျောက်သွားနေ၍ မေလ ၁၇ရက် နံနက် ၈နာရီခန့်က ရွှေတောင်ရပ်ကွက် ရင်သွေးငယ်များအသင်း
ဥက္ကဋ္ဌ ဦးသိန်းဖေက တောင်ကြီးမြို့ လူမှုဝန်ထမ်းဦးစီးဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဆိုထားသည်။ ကလေးငယ်သည် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

ကလေးငယ်ကို လူမဆန်စွာ နှိပ်စက်ညှင်းပန်းသော အုပ်ထိန်းသူ နေလင်းအောင် (ခ)ဖိုးချိုကို ၁၉၉၃ခုနှစ် ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆(ယ) အရ အရေးယူပေးရန် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ် ဒု-ဦးစီးမှူး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး ဒေါ်ချယ်ရီက ရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် တောင်ကြီးမြို့ မြို့မရဲစခန်း အမှတ်စဉ် (၄၄/၂၀၁၄) ဖြင့် မေ၁၈ ရက်တွင် မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် အမှုဖွင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

"ကျွန်မ ကလေးအဖေကို တရားစွဲလာပြီး ဖမ်းထားလိုက်ပါပြီ၊ ကလေးလက်တွေကို မီးနဲ့ရှို့၊သံတူနဲ့ထုထားတော့ ဒဏ်ရာတွေက အရည်ခွံ့ လန်နေတယ်၊ ဆေးရုံမှာ တပတ် ဆယ်ရက် နေရပါဦးမယ်၊ ကျန်းမာရေးလည်း ကောင်းပါတယ်"ဟု လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ် ဒု-ဦးစီးမှူး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး ဒေါ်ချယ်ရီက မဇ္ဈိမကို ပြောသည်။

ကလေးငယ် ဆေးရုံက ဆင်းလာပါကလည်း စိတ်ဒဏ်ရာ မရရှိစေရန်အတွက် ပရဟိတ လူမှုအဖွဲ့အစည်းများနှင့်အတူ စိတ်ဓာတ်မြင့်တင်ပေးရန်
ဆောင်ရွက်ပေးသွားမည်ဟု ဒေါ်ချယ်ရီက ပြောသည်။

Mizzima Burmese

ရဲချုပ်နဲ့ တိုင်းရဲမှူးဖတ်ဖို့ ပေးစာ


ဓားထောက် အဓမ္မ ပြုကျင့်တဲ့ အမှုတခုကို အခုထိ ထိထိရောက်ရောက် အရေးမယူသေးတဲ့ အတွက် ရဲချုပ်နဲ့ တိုင်းရဲမှူး တွေကို တာဝန်သိပြည်သူတဦးက ပေးပို့ထားတဲ့ ပေးစာတစောင် ဧရာဝတီ က လက်ခံရရှိ ထားပါတယ်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့သိရှိစေရန်

အကြောင်းအရာ။ ။ ဓါးထောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်သည့်အမှုအား ရဲတပ်ဖွဲ့မှ စစ်ဆေးအရေး ယူဆောင်ရွက်ခြင်းမရှိသည့် အပေါ် အထက်လူကြီးမင်းများ သိရှိအောင်တင်ပြခြင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကြက်သွန်းခင်း အုပ်စု-ကျေးရွာနေ အမျိုးသမီးတဦးကို ၁၃၇၅ ခုနှစ် သီတင်းကျွတ်လ တွင် မိဘများခရီးသွားစဉ် နေအိမ်တွင် တစ်ယောက်တည်းရှိသည့်အချိန် ည (၁၁)နာရီ အချိန်တွင် တစ်ရွာ တည်းနေသူတဦးက ဓါးထောက်ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ခဲ့ပါသည်။

၎င်းအဓမ္မပြုကျင့်သည့်ကိစ္စအား ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်ဖွဲ့စခန်းသို့ တိုင်တန်းခဲ့သော်လည်း ယနေ့(၁၇-၅-၂၀၁၄)အထိ အမှုအား ဥပဒေနှင့်အညီ လက်ခံဖွင့်လှစ် အရေးယူ
ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဥပဒေအကာကွယ်မဲ့မှုများ အခက်ခဲများနှင့်ရင်ဆိုင်ကြုံတွေနေရ သည့်အကြောင်း လူကြီးမင်းများ သိရှိအောင် တင်ပြအပ်ပါသည်။

တာဝန်သိပြည်သူတစ်ဦး

ဆက်သွယ်ရန် -

ကိုထွန်းထွန်း ၀၉ ၄၂၂၅၄၂၁၆၅

Irrawaddy  

ဆီးပင်ငုတ်နဲ့ ယာလုပ်သူ

The hunger Games ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း

ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်တာ ဒေါ်လာသန်းရှစ်ဆယ် ကုန်ကျပြီး သန်းခုနစ်ရာလောက် ပြန်ရသွားတဲ့ ဇာတ်ကားတစ်ကားအကြောင်း ရေးထားတဲ့ သတင်းတစ်ပုဒ်ကို ဟိုတစ်နေ့က အမှတ်မထင် တွေ့လိုက်ရလို့ အဲဒီရုပ်ရှင်ဇာတ်ကားကို ရအောင်ရှာပြီး ကြည့်မိပါတယ်။ အဲဒီလို ကြည့်ဖြစ်လိုက်တဲ့အခါမှာ ကမ္ဘာပေါ်ကလူတွေ ဘယ်လိုတွေးခေါ် ခံစားနေကြသလဲ ဆိုတာကို သိလိုက်ရလို့လည်း အံ့သြခဲ့ရပါတယ်။

ဒီဇာတ်ကားအကြောင်း ပြောတော့မယ်ဆိုရင် ဂိမ်း game တွေအကြောင်း အရင်ကြိုပြောထားမှ ဖြစ်မှာပါ။ ဟိုတစ်လောတုန်းက တောင်ကိုရီးယားမှာ ညားခါစ ဇနီးမောင်နှံနှစ်ဦး ဆိုင်ထဲမှာ ခြောက်ရက်တိတိ မရပ်မနား ဂိမ်းကစားလိုက်ကြတာ ရင်ခွင်ပိုက်ရက်သားလေး အဟာရပြတ်ပြီး ဆိုင်ထဲမှာပဲ အသက်ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဂိမ်းတွေကို အဲဒီလို ကစားတာ အကျိုးမရှိပေမယ့် လူတွေကို တစ်နည်းတစ်ဖုံနဲ့ အကျိုးပြုနေတဲ့ ဂိမ်းတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် အရှေ့အိန္ဒိယ ကုမ္ပဏီဂိမ်း East India Company Game ဆိုရင် အိန္ဒိယကိုသာမက မြန်မာပြည်ကိုပါ သိမ်းယူခဲ့တဲ့ ကုမ္ပဏီရဲ့ လုပ်ရပ်တွေကို အခြေခံပြီး လုပ်ထားတဲ့ဂိမ်းမို့ တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီဂိမ်းရဲ့ အခြေခံ သဘောတရားကတော့ အင်္ဂလန်ကနေ သင်္ဘောသုံးလေးစီးလောက်နဲ့ စထွက်၊ အိန္ဒိယသမုဒ္ဒရာထဲမှာ ပေါ်တူဂီ ဒတ်ခ်ျစတဲ့ စစ်သင်္ဘောတွေနဲ့တွေ့ဆုံ တိုက်ပွဲတွေဖြစ်၊ နောက်အိန္ဒိယကိုရောက်၊ ဘုရင်ခံနဲ့ တည့်အောင်ပေါင်း၊ ဟင်းခတ်အမွှေးအကြိုင် ၀ါဂွမ်း၊ မဲနယ်၊ လက်ဖက်ခြောက်၊ ယမ်းစိမ်း စတာတွေကို တစ်ဦးတည်း မောင်ပိုင်စီးပြီး ကုန်သွယ်ခွင့်ရအောင် စာချုပ်တွေချုပ်၊ အဲဒီကမှစပြီး ကုန်းပေါ်မှာ ကိုယ်ပိုင်ဆိပ်ကမ်းနဲ့ တပ်စခန်းတွေ ဆောက်ခွင့်ရအောင်ကြိုးစား ကိုယ်ပိုင်တပ်ဖွဲ့တွေကို ဒေသခံတွေနဲ့ ရအောင်ဖွဲ့ ဒေသခံအုပ်ချုပ်သူတွေကို စိတ်ဝမ်းကွဲအောင်လုပ် ဒေသခံအစိုးရ တပ်ဖွဲ့တွေကို ဖြိုခွဲပြီး တစ်နိုင်ငံလုံး သိမ်းမိတဲ့အချိန်မှာ ဂိမ်းကစားတာ ပြီးသွားတာပါပဲ။ တော်တာညံ့တာပေါ် မူတည်ပြီး အများဆုံး အမှတ်လေးဆယ်ထိ ရပါမယ်။ ဂိမ်းတီထွင်သူတွေက သမိုင်းကို သေသေချာချာ သုတေသနလုပ်ပြီးမှ အမှတ်ပေးစည်းမျဉ်းတွေကို ပြုစုထားခဲ့ကြတာ ဖြစ်တယ်။

ဒီလိုဂိမ်းမျိုးတွေဟာ လက်တွေ့ဘ၀ရဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာလည်း အထောက်အကူ ဖြစ်နိုင်တယ်ဆိုတာကို လူတွေသိလာကြတယ်။ ဒါ့ကြောင့်လည်း ဒီဂိမ်းတွေကို လူတွေစွဲကြတာပဲပေါ့။ ဒီလိုနဲ့ ဂိမ်းတီထွင်သူတွေဟာ ချမ်းသာလာကြတယ်။ ဂိမ်းတွေကိုလည်း ချဲ့ထွင်ပြီး လုပ်လာကြတယ်။ ဂိမ်းတွေဟာ နိုင်ငံရေးလောကထဲအထိ ၀င်လာကြပြီး ဘယ်သူ့ကို ဘယ်လိုလုပ်လိုက်ရင် နိုင်ငံရေး အမြတ်ရမယ်၊ ဘာတွေမှားလုပ်လိုက်ရင် ရွေးကောက်ပွဲ မနိုင်တော့ဘူး စတာတွေအထိ လုပ်လာကြတော့တယ်။ အခုကြည့်လိုက်ရတယ်ဆိုတဲ့ ဇာတ်ကားကလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး စာနာမှုကင်းမဲ့တာတွေ ဖျံကျကြတာတွေကို အဓိကအခြေခံထားတဲ့ ဂိမ်းတစ်မျိုးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ပန်နမ်နိုင်ငံမှာရှိတဲ့ ဆယ့်နှစ်ပြည်ထောင်က တိုင်းရင်းသားပြည်သူတွေလည်း ပန်နမ်နေပြည်တော်က ပုဂ္ဂိုလ်များလို တန်းတူရည်တူ အခွင့်အရေးတွေ ရကြပါစေ၊ ပန်နမ်ပြည်ထောင်စုနိုင်ငံ သမ္မတကြီးလည်း မိဘပြည်သူများရဲ့ လိုအပ်ချက်တွေကို အစစအရာရာ အမှန်အကန် ဖြည့်ဆည်းပေးနိုင်ပါစေ၊ တစ်ပြိုင်တည်းမှာပဲ မိဘပြည်သူများရဲ့ ချစ်ခင်လေးစား ယုံကြည်အားကိုးမှုကို ရနိုင်ပါစေ . . . . . 

‘ပန်နမ်’ ဆိုတဲ့ နိုင်ငံတစ်နိုင်ငံမှာ အင်မတန်မှ ကြွယ်ဝချမ်းသာတဲ့ မြို့တော်ကြီး (Capitol) နဲ့ အလွန်တရာ ဆင်းရဲတဲ့ပြည်နယ် ဆယ့်နှစ်ပြည်နယ်ရှိတယ်။ မြို့တော်နဲ့ ပြည်နယ်တွေဟာ သစ္စာမဖောက်ကြေး စာချုပ်တွေ ချုပ်ထားတယ်။ ဒါပေမဲ့ ပြည်နယ်တွေဟာ ဆင်းရဲလွန်းလို့ ပုန်ကန်ခြားနားကြတဲ့ အခါမှာ မအောင်မြင်ဘဲ ချမ်းသာပြီးအင်အားကြီးတဲ့ မြို့တော်ရဲ့ နှိမ်နင်းတာကို ခံရတယ်။ ဒါ့ကြောင့် စာချုပ်တွေ ထပ်ချုပ်ရတယ်။ နောက်တစ်ခါ မပုန်ကန်တော့ပါဘူးပေါ့။ နောက်ပြီး တစ်နှစ်တစ်ခါလည်း လက်ဆောင်ပဏ္ဏာ ဆက်သပါမယ်ပေါ့။ ဒါပေမဲ့ အဲဒီ ဆက်သရမယ့် လက်ဆောင်ပဏ္ဏာက ရွှေငွေကျောက်သံပတ္တမြား မဟုတ်ဘူး၊ လူဖြစ်နေတယ်။ အသက်ဆယ့်နှစ်နှစ်နဲ့ ဆယ့်ရှစ်နှစ်ကြားရှိတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ပေါင်းနှစ်ယောက် ပြည်နယ်ဆယ့်နှစ်ခုအတွက် စုစုပေါင်း နှစ်ဆယ့်လေးယောက်ကို မြို့တော်ကို ပို့ပေးရမှာဖြစ်တယ်။ မြို့တော်ရောက်တဲ့အခါ မြို့တော်က သတ်ကွင်းလို့ခေါ်တဲ့ တောအုပ်ထဲမှာ အဲဒီနှစ်ဆယ့်လေးယောက်ကို လွှတ်ပေးလိုက်ပြီး နောက်ဆုံးတစ်ယောက်တည်း ကျန်တဲ့အထိ အချင်းချင်းမသေမချင်း ကြိုက်ရာနည်းနဲ့ သတ်ခိုင်းတာပါပဲ။ နောက်ပြီး အဲဒီလူသတ်ပွဲကို တစ်နိုင်ငံလုံးက ကြည့်လို့ရအောင် ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပေးတယ်။ တစ်ယောက်သေတာနဲ့ အမြောက်တစ်ချက် ဖောက်ပြလေ့ရှိတာမို့ အမြောက်သံတစ်ချက် ကြားလိုက်ရပြီဆိုတာနဲ့ ဘယ်ပြည်နယ်ကလဲဆိုတာ ချက်ချင်းမသိနိုင်သေးပေမဲ့ လူငယ်တစ်ယောက်တော့ တောအုပ်ထဲက တစ်နေရာရာမှာ သေသွားပြန်ပြီဆိုတာကိုတော့ သိနိုင်ကြတယ်။ အဲဒီလူသတ်ပွဲကို သမ္မတက The Hunger Games လို့ နာမည်ပေးထားပြီး ဒီနာမည်ဟာ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်လည်း ဖြစ်လာပါတယ်။

တစ်နှစ်တစ်ခါလုပ်တဲ့ ဒီဂိမ်းဟာ ပြည်နယ်ကလူတွေကို သွေးပျက်စေပါတယ်။ တစ်ပြည်နယ်ကို နှစ်ယောက်ရွေးတဲ့အခါမှာ မဲစနစ်နဲ့ရွေးတယ်။ ဂိမ်းချိန်မရောက်ခင် အချိန်ကတည်းက ပြည်နယ်ကလူငယ်တွေဟာ ငါများအရွေးခံရတော့မလားဆိုပြီး အိပ်မက်ဆိုးတွေ မက်ကြတယ်။ လူကြီးတွေလည်း ငါ့သားသမီးများ မဲပေါက်လေမလားဆိုပြီး ကယောင်ချောက်ချားတွေ ဖြစ်ကြရတယ်။ မြို့တော်ကြီးဟာ တစ်နာရီ ကီလိုမီတာ နှစ်ရာနှုန်းနဲ့ ပြေးနေတာတောင် စာရေးလို့ရလောက်အောင် ငြိမ်နေတဲ့ ခေတ်ပေါ်လျှပ်စစ် အမြန်ရထားကြီးတွေ၊ မိုးထိုးနေတဲ့ တိုက်တာအဆောက်အအုံကြီးတွေ၊ အင်မတန်မှကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေနဲ့ ချမ်းသာချင်တိုင်း ချမ်းသာနေတဲ့အချိန်မှာ ပြည်နယ်တွေမှာတော့ မီးပြတ်ရေပြတ် စားစရာပြတ်နဲ့ ဆင်းရဲချင်တိုင်းဆင်းရဲ ငတ်ချင်တိုင်းငတ်နေကြတာကို ရုပ်ရှင်ကားအစပိုင်းမှာ ရိုက်ပြပါတယ်။ အဲဒီပြည်နယ်က ပြည်သူတွေ ဆင်းရဲတဲ့အခန်းတွေကို ကြည့်ပြီး ‘မစားရ၊ ဟ,လို့ပင်သေသေ၊ ဆီးပင်ငုတ်ကယ်နဲ့ ယာလုပ်သူ တောင်သူမွဲကို ပျိုလွဲပါစေ’ ဆိုတဲ့ အညာအကြေဘက်မှာ တောင်သူတွေဆိုလေ့ရှိတဲ့ စာသားလေးကို ပြေးသတိရမိတယ်။ ပန်နမ်နိုင်ငံက ပြည်နယ်သားတွေဟာ ဆီးပင်ငုတ်တွေကိုခုတ်ပြီး ယာလုပ်ကြရတယ်လို့တော့ ရုပ်ရှင်ထဲမှာ ရိုက်ပြမထားပါဘူး။ ကိုယ့်ဟာကိုယ် အလိုလိုတွေးမိသွားတာကို ပြောပြတာပါ။ နောက်ပြီး ပြိုင်ပွဲဝင်ဖို့ လူရွေးပြီး မြို့တော်ဆီကို ပြည်နယ်က ပို့ပေးခံရတဲ့ လူငယ်တွေကို ရုပ်ရှင်ထဲမှာ အင်္ဂလိပ်လို tribute လို့ သုံးထားတယ်။ အခေါ်ရခက်လွန်းလို့ အဲဒီပြိုင်ပွဲဝင်ဖို့ အရွေးခံရတဲ့ ဆင်းရဲသားလူငယ်တွေကို အဲဒီလိုမခေါ်ဘဲ မှတ်ရလွယ်အောင် ‘ပဏ္ဏာ’ လို့ တင်စားပြီး ခေါ်ဝေါ်သုံးစွဲသွားရင်တောင် ကောင်းမလားပဲ။ ဘယ်ပြည်နယ်မှာမဆို မဲပေါက်သွားတဲ့ ပဏ္ဏာအစား ကိုယ်စားလိုက်ပေးနိုင်ခွင့်ရှိတယ်။ ဇာတ်ကားထဲက အဓိကဇာတ်ဆောင် မင်းသမီး မြားပစ်တော်တဲ့ ‘ကတ်နစ်စ်အယ်ဗာဒင်း’ (Jennifer Lawrence) ဟာ သူ့ညီမ ‘ပရင်း’ ပဏ္ဏာအဖြစ် မဲပေါက်သွားလို့ ညီမကိုယ်စားလိုက်ပေးဖို့ စာရင်းသွင်းလိုက်တယ်။ နောက်ကတ်နစ်စ်တို့ပြည်နယ် ဆယ့်နှစ်ကပဲ မဲပေါက်သူ ယောက်ျားလေး ပဏ္ဏာကတော့ မုန့်ဖုတ်သမားရဲ့သား ‘ပီတာ’ ဖြစ်တယ်။ အဲဒီ ပဏ္ဏာနှစ်ယောက်ရယ် အရင်ပြိုင်ပွဲတစ်ခုတုန်းက ပြည်နယ်ကိုယ်စားပြုယှဉ်ပြိုင်ရာမှာ အနိုင်ရခဲ့ဖူးပြီး အခု အရက်သမားကြီးဖြစ်နေတဲ့ နည်းပြ ‘ဟေးမစ်ခ်’ ရယ်၊ ကတ်နစ်စ်အတွက် မိန်းမထိန်းတစ်ယောက်ရယ် ပေါင်းလေးယောက်ဟာ မြို့တော်ဆီကို ထွက်လာခဲ့ကြတယ်။

အဲဒါနဲ့ နောက်ဆုံး ပြိုင်ပွဲပြီးခါနီးတော့ အားလုံးသေကုန်ပြီး ပြည်နယ်နံပါတ်ဆယ့်နှစ်က ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီး ပဏ္ဏာနှစ်ယောက်ပဲ ကျန်ပါတော့တယ်။ အဲဒါ သူတို့နှစ်ယောက်က တစ်ယောက်တည်း ကျန်တဲ့အထိ အချင်းချင်းတော့ အသေသတ်မနေတော့ဘူး၊ နှစ်ယောက်စလုံးဟာ တောထဲက အဆိပ်ရှိတဲ့ ဘယ်ရီသီးတွေကိုပဲစားပြီး နှစ်ယောက်အတူ သေလိုက်တော့မယ်လို့ ဟန်ပြင်လိုက်ကြတယ်။ အဲဒီမှာ တီဗီကြည့်နေကြတဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေ ၀ိုင်းအော်ပြီး ဆန္ဒပြကြလို့ သမ္မတက အလျှော့ပေးပြီး ဒီနှစ်အတွက်တော့ အောင်နိုင်သူကို တစ်ယောက်တည်းအစား နှစ်ယောက်အဖြစ် သတ်မှတ်ပေးပါ့မယ်ဆိုပြီး ရုတ်တရက် ကြေညာလိုက်တော့မှ ပြည်သူလူထုက ကျေနပ်သွားတယ်။ အဲလိုဖြစ်သွားရလို့ သမ္မတက ဂိမ်းတည်ထွင်သူကို ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး ပြည်နယ်နံပါတ်ဆယ့်နှစ်က ပဏ္ဏာနှစ်ယောက် မစားဖြစ်တဲ့ အဆိပ်သီးတွေကို စားခိုင်းပြီး သေခိုင်းလိုက်ပါတယ်။ နောက်မှသမ္မတက နောက်နှစ်မှာ ပြည်နယ်တွေကို အခုနှစ်မှာလို မဖြစ်ဘဲ ပိုင်ပိုင်နိုင်နိုင် နှိပ်ကွပ်သွားနိုင်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားခန်းဝင်နေတဲ့ အချိန်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။

ဒီဇာတ်ကားကို ကြည့်ပြီးပြီးချင်းမှာပဲ ပန်နမ်နိုင်ငံမှာရှိတဲ့ ဆယ့်နှစ်ပြည်ထောင်က တိုင်းရင်းသားပြည်သူတွေလည်း ပန်နမ်နေပြည်တော်က ပုဂ္ဂိုလ်များလို တန်းတူရည်တူ အခွင့်အရေးတွေ ရကြပါစေ၊ ပန်နမ်ပြည်ထောင်စုနိုင်ငံ သမ္မတကြီးလည်း မိဘပြည်သူများရဲ့ လိုအပ်ချက်တွေကို အစစအရာရာ အမှန်အကန် ဖြည့်ဆည်းပေးနိုင်ပါစေ၊ တစ်ပြိုင်တည်းမှာပဲ မိဘပြည်သူများရဲ့ ချစ်ခင်လေးစား ယုံကြည်အားကိုးမှုကို ရနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

ကိုကြွက်ကျော် တာရွှေပြီလား


ရွှေသီးရေ…တစ်နေ့ အမေက ငါ့ကိုဇာတ် လမ်းတစ်ခု ပြော ပြတယ်။ သူတို့ရွာက ကိုကြွက်ကျော်ဆိုတဲ့ လူအကြောင်း။ အဲဒီတုန်းက အမေတို့က ငယ်သေးတော့ သူတို့ထက်ကြီးတဲ့ ကိုကြွက်ကျော်အကြောင်းကို ခုထိ ကြုံတိုင်း ပြန်ပြောနေတုန်း။ သူက ရွာမှာ အပြေးသမားကွ။ တစ်ရွာလုံး ဘယ်သူနဲ့ပန်းပြေးပြေး ကိုကြွက်ကျော်ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။ ဒါကြောင့်လည်း ရွာမှာရော၊ ရွာနီး ချုပ်စပ်မှာပါ အကြောပေးပြီး ပြိုင်ရင်တောင် သူနဲ့ပန်းပြိုင် ပြေးဝံ့တဲ့လူ မရှိဘူးတဲ့။ တစ်နေ့တော့ ရွာကလူတစ်ယောက် မြို့တက်ရင်း မြို့မှာသူတို့ရွာက ကိုကြွက်ကျော်အကြောင်း ကြွားပါ လေရော။ မြို့ကလူတွေကလည်း ‘‘ဟာဒီလောက်တော့လည်း ပိုလွန်းပါတယ်ကွာ ’’ ဆိုပြီး ကိုကြွက်ကျော်နဲ့ လောင်းကြေးထပ် ပြိုင်ပြေးဖို့ မြို့က အပြေးသမား တစ်ယောက် ရှာလာတယ်တဲ့။ ရွာတစ်ရွာလုံး ရှိသမျှ လှည်းနွားတွေကအစ ပေါင်နှံပြီး ကိုကြွက်ကျော်ဘက် ပုံအောလိုက်ကြတာပေါ့။  တာစထွက်ပြီ ဆိုတာနဲ့ မြန် လိုက်တဲ့ ကိုကြွက်ကျော်။ မြို့က အပြေးသမားကို အပြတ်ဖြတ်ပြီး ပြေးလိုက်တာ ကွင်းလယ် ဘယ် လို ရောက်သွားမှန်းတောင် မသိ ဘူးတဲ့။ တစ်ရွာလုံး လက်ခေါက် တွေ မှုတ်ကြ၊ အော်ကြဟစ်ကြ နဲ့ပေါ့။ ပြေးရင်းပြေးရင်း ရုတ်တ ရက် ဘာဖြစ်သွားမှန်းကို မသိဘဲ ပန်းတိုင်ကို ပြေးနေတဲ့ ကိုကြွက် ကျော်က ညာဘက်ကို ချိုးချ လိုက်ပြီး ပြေးပါလေရောတဲ့။ တစ်ရွာလုံး ဟင်ခနဲ ဟာခနဲဖြစ် သွားပြီး ‘‘ကြွက်ကျော် တာရွှေ ပြီကွ’’ လို့ ထအော်ကြသတဲ့။ တာရွှေတယ်ဆိုတာ အမေတို့ရွာရဲ့ ဒေသိယစကား။ ပန်းတိုင် ကနေ သွေသွားတာကို ပြောတာ။ ကိုကြွက်ကျော် တာရွှေတဲ့အ မှုက တစ်ရွာလုံးကို ပြုတ်ပြုတ်ပြုန်း တော့တာပဲတဲ့။

ငါဒီဇာတ်လမ်းလေးကို ဘာ လို့ ပြန်သတိရတာလဲဆိုရင် ဒီ ရက်ပိုင်း မန္တလေးမှာလုပ်တဲ့ အ ခမ်းအနားတစ်ခုမှာ သမ္မတကြီး က တိုင်းပြည်ဆူဆူပူပူ ဖြစ်မှာကို စိုးရိမ်ကြောင်း ပြောတယ်ဆိုတာ ကို ကြားရလို့ပဲ။ အေးပေါ့…သမ္မ တကြီးလည်း စိုးရိမ်မှာပေါ့။ သူ အုပ်ချုပ်နေတဲ့ တိုင်းပြည်ကြီး ဆူ ဆူပူပူဖြစ်တယ်ဆိုရင် အာဆီယံ ဥက္ကဋ္ဌကြီးဖြစ်ပြီး ဒါလေးတောင် ငြိမ်အောင် မထိန်းနိုင်ဘူးလားဆို ပြီး အဆူခံနေရရင် ခံနေရမှာ။ ဒါ ကြောင့် သမ္မတကြီးခမျာ နိုင်ငံကို ချစ်တဲ့ ရဟန်းရှင်လူပြည်သူများ ၀ိုင်းဝန်းကာကွယ်ဖို့ လိုအပ် ကြောင်း ပြည်သူလူထုကိုပါထည့် ပြီး အပါခေါ်သွားရှာသေးတယ်။

သမ္မတကြီးစိုးရိမ်တာက အ ခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ရွေး ကောက်ပွဲကျင်းပရေးဆိုတာတွေ ကို ဇောင်းပေးပြီး ပြောသွားတယ်။ အင်း…ပြောမယ့်သာ ပြောတာ သမ္မတကြီး ဘာအတွက်ကြောင့် စိုးရိမ်တယ်ဆိုတာကို ငါတော့ သ ဘောမပေါက်ဘူး။ အခြေခံဥပဒေ ပြင်ဖို့ သမ္မတကြီး အပါအ၀င် အ စိုးရက လိုလိုလားလားရှိရဲ့လား။ လွှတ်တော်ကလည်း ဟန်ရေးပြ နေပြီး နောက်ဆုံးတပ်မတော် သား ၂၅ ရာခိုင်နှုန်းနဲ့ပဲ အဆုံး သတ်ကိန်း ဖြစ်နေ၊ နောက်ဆုံးပြည်သူ့တပ်မတော်ကြီးက အလွတ်ကျက်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကာကွယ်စောင့်ရှောက်ရေး ဆိုတာနဲ့ပဲ တည့်တည့်တိုးမှာမို့ အင်န်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက်တို့ ပေါင်းပြီး လွှတ်တော်ပြင်ပ လူထုဆန္ဒခံယူပွဲတွေလုပ်ပြီး ပုဒ်မ ၄၃၆ ပြင်ဖို့ ကြိုးစားနေတာကိုများ သမ္မတကြီး ရည်ညွှန်းလေသလား။ တကယ့်တကယ် အစိုးရကိုယ်တိုင် အခြေခံဥပဒေပြင်ဆင်ဖို့လိုလားရင် အခြေခံဥပဒေကိစ္စဟာ အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်လား။ ခေတ်အဆက်ဆက် ကြုံခဲ့ရတဲ့ အခြေခံဥပဒေတွေ ဆိုပဲကြည့်။ လိုလားတဲ့ အချိန်တုန်းက ခေါင်းပေါ်တင်ဖူးဖူးမှုတ်ထားပြီး မလိုတဲ့နေ့လည်းကျရော တစ်ရက်တည်းနဲ့ စက္ကူစုတ်ဖြစ်သွားခဲ့ရတာပဲလေ။ ငါတစ်ခုတော့ နားမ လည်ဘူးရွှေသီးရ။ အခြေခံဥပဒေ ပြင်ဖို့ အခြေခံဥပဒေဘောင်ထဲက ပဲ စဉ်းစားရမယ်ဆိုတာလေ။ ဒီအ ခြေခံဥပဒေကြီးက ပြင်ဖို့လိုတယ် ဆိုတာ အားလုံးလက်ခံထားပြီးပြီ ပဲ။ ပြင်ဖို့လိုတယ်ဆိုကတည်းက မပြည့်စုံလို့ပေါ့။ အဲဒီမပြည့်စုံတဲ့ အခြေခံဥပဒေ ဘောင်ထဲက စဉ်း စားရမယ်ဆိုမှတော့ ဘယ်လိုလာ ပြည့်စုံတဲ့ အဖြေကို ရမှာလဲ။

နောက်ရွေးကောက်ပွဲကိစ္စ လည်းကြည့်။ သမ္မတကြီးက တ ရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပ နိုင်ရေးလို့ ပြောတယ်။ သမ္မတ ကြီးရဲ့ တပည့်ကြီးခမျာ သူကော် မရှင်ဥက္ကဋ္ဌဖြစ်နေချိန်လေး သန့် ရှင်းမျှတတဲ့ ရွေးကောက်ပွဲမဖြစ် မှာစိုးလို့ ရှိစုမဲ့စု အကြံဉာဏ်လေး နဲ့ မြန်မာ့နည်းမြန်မာ့ဟန် ရွေး ကောက်ပွဲ စည်းမျဉ်းတွေ ထုတ်ဖို့ ကြိုးစားနေရရှာတယ်။ ဒီအချိန်မှာ ပါတီတွေကို ထိန်းချုပ်ဖို့လိုလို့ ထိန်းချုပ်နေရတာလို့လည်း ပြော သေးဆိုပဲ။ သူ့မျက်စိထဲမှာတော့ ဟုတ်မှာပေါ့။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲလေး လုပ်ပေးပါ တယ်။ ရွေးကောက်ပွဲလေး နိုင် တာများ အောင်ပွဲခံနေလိုက်ကြ တာ။ ရှေ့က မဲအပြတ်အသတ်နိုင် ဖူးတဲ့ လူကိုမှ အားမနာတာကိုး။ ဟိုတစ်ချိန် ဒီမိုကရေစီလိုလားသူ တွေ ပုန်းကွယ်နေရ၊ ပြေးလွှားနေ ရချိန်မှာ အဖြူနဲ့အစိမ်းတွေ၊ အ၀ါ အစိမ်းတွေ ကြက်ပျံမကျ စည်း ကားခဲ့တာတွေ ပြန်မြင်ရင်း ဟတ် ထိသွားပုံရပါတယ်။

ရွှေသီးရေ… သမ္မတကြီးပူချင်လို့ပူနေတာ တကယ်တော့ဘာမှကို လှည့်ကြည့်စရာမှမလိုတာ။ အစိုးရ အဖွဲ့ထဲမှာလည်း စိတ်ချရပြီးသား။ ၀န်ကြီးတွေ ပြောချင်တာပြော၊ လုပ်ချင်တာလုပ် အချိန်တန်ရင် တစ်လတစ်ခါ မိဘပြည်သူများခင်ဗျာလို့ သမ္မတကြီးထွက်ပြော လိုက်ရင်ပြီးသွားတာပဲ မှုတ်လား။ လွှတ်တော်ဘက်ကလည်း အေးဆေး၊ အစိုးရနဲ့ ရန်ဖြစ်ချင်ဖြစ်မယ်။ ပါတီမူကိုတော့ ကျော်မလုပ်နဲ့။ တပ်မတော်ကလည်း ယပ်ခပ်နေရုံပဲ။ လေးပွင့်ဆိုင်တွေ့ဖို့တောင် အစီအစဉ်မရှိသေးပါဘူးဆိုအခြေခံဥပဒေပြင်ဖို့တော့ စိတ်ကူးထဲတောင်ရှိပုံမပေါ်ဘူး။ သူတို့ဇာတ် သူတို့နိုင်အောင် က နိုင်ပါတယ်။ သမ္မတကြီးနှယ် ပူတတ်ရန်ကော။

ရွှေသီးရေ…သမ္မတကြီးနဲ့ ငါတို့နဲ့ ပူတာချင်း မတူဘူးကွ။ သူပူမယ့်သာပူတာ အခြေခံ ဥပဒေကိစ္စရော၊ ငြိမ်းချမ်းရေးကိစ္စ၊ လယ်ယာမြေကိစ္စ၊ တရားဥပဒေစိုးမိုးရေး၊ အထွေထွေ မကျေနပ်မှုဆိုတာတွေက တိုင်းပြည်ဆူဆူပူပူ ဖြစ်စေနိုင်တဲ့ ယေဘုယျပြဿနာတွေတော့ မှန်တယ်။ ဒီပြဿနာတွေကို ကိုင်တွယ်ပြီး နိုင်ငံရေးအရ ကစားရင်လည်း ရေရှည်အသုံးချဖို့ ခက်ခဲတယ်။ ပြောရရင် အစိုးရတစ်ရပ် အရည်အချင်းပြည့်ဝပြီး စိတ်ထားနဲ့ စေတနာကောင်းရင် ကောင်းသလို ဒီပြဿနာတွေက အနှေးနဲ့အမြန် ဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့ တိုင်းပြည်တစ်ပြည်မှာ လူမျိုးရေး၊ ဘာသာရေးကို အသုံးချဖို့ ကြိုးစားပြီး မီးမွှေးလာပြီဆိုရင်တော့ အဲဒီမီးကို လုံးဝဥဿုံ ပြန်ငြိမ်းအောင် ငြှိမ်းဖို့ အင်မတန်ခက်ခဲပါတယ်။ နိုင်ငံကို တကယ်ချစ်တဲ့လူတိုင်း စိုးရိမ်ပူပန်နေတာက အဲဒီကိစ္စပါ။ သမ္မတကြီးကတော့ ဒီပြဿနာတွေကို ပူပန်တဲ့ပုံ သိပ်မရဘူး။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေဖြစ်တိုင်းမှာ တရားခံဆိုတာ ဝေလာဝေး၊ နောက်ကွယ်ကနေ ကြိုးကိုင်သူဆိုတာမျိုးပဲပြောပြီးဒီမီးကို မျှဉ်းမျှဉ်းလေးများထားလေသလား။

အမျိုးဘာသာ သာသနာဆို တဲ့ စကားလုံးက လူအများစုကြီး ကို အလွယ်ဆုံးနဲ့ အမြန်ဆုံး စည်း ရုံးနိုင်တာမို့ အာဏာရှင်တွေ၊ လူ ပေါ်လူဇော်တွေက မျိုးချစ်စိတ်ဆို တဲ့ စကားလုံးမြားနဲ့ ဖလှယ်ပြီး ပစ်ကြတယ်။ ဒီမြားက ပစ်မလွဲပဲ လေ။ ဒီမြားမှန်မိပြီဆိုတာနဲ့ ကျန် တာတွေကို ဘာမှမမြင်တော့ဘဲ အမုန်းတွေ၊ အာဃာတတွေ၊ သံ သယတွေနဲ့ပဲ တိုင်းပြည်ကို မျိုး ဆက်အဆက်ဆက် ဒုက္ခနွံထဲ တွန်းပို့ကြတော့တာပဲ။ ကိုယ့်ကို မထောက်ခံသူ၊ ဝေဖန်သူမှန်သမျှ အမျိုးသားရေး သစ္စာဖောက်ဆိုပြီး ရန်သူတော် စာရင်းသွင်းကြတော့ တာပဲ။ များသောအားဖြင့် တစ် ကမ္ဘာလုံးမှာ ပညာတတ်တွေ၊ ဒီမို ကရေစီနဲ့လူအခွင့်အရေး လိုလား သူတွေဟာ အဲဒီစာရင်းထဲ သွင်းခံ ရတတ်တယ်။ တို့သမ္မတကြီးကတော့ မျိုးချစ်စိတ်မရှိသူ၊ အ မျိုးသားရေး သစ္စာဖောက်ဆိုတဲ့ စကားထက် သာသနာပြုမင်းကြီး ဆိုတာကို ပိုနှစ်သက်ပုံရတယ် နော်။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေး ဖို့ ကြိုးစားတာပဲကြည့်။ မိဘပြည်သူများခင်ဗျာဆိုပြီး မိဘပြည်သူများယုံလို့ ပုံသမျှကိုကြွက်ကျော်လိုများတာရွှေသွားရင်တော့ တစ်နိုင်ငံလုံး လောင်းကြေးရှုံးပြီပေါ့။ ရွှေသီးရေ… ငါတော့ ပန်းတိုင်ကိုပဲ မမှိတ်မသုန်နဲ့ ကြည့်နေရတယ်။ အခြေခံဥပဒေကြောင့်၊ ရွေး ကောက်ပွဲကြောင့် စိတ်ပူနေရတဲ့ သမ္မတကြီး ဒီမိုကရေစီပန်းတိုင်က နေ တာရွှေသွားရင် အမေတို့ရွာ မှာ နှစ်လေးငါးခြောက်ဆယ်ထိ ကိုကြွက်ကျော်အကြောင်း ပြော မဆုံးသလို မြန်မာနိုင်ငံမှာလည်း ကို ကြွက်ကျော်တစ်ယောက် တိုးပြန်ပြီပေါ့။ ။

7day daily