့ပြန်လည် ထောက်ပံ့ကြတဲ့အခါ


မိဘကို ပြန်လည်ထောက်ပံ့ကြတဲ့အခါမှာနည်းသိဖို့လိုပါတယ်။
တချို့က အကဲ့ရဲ့လွတ်ရုံဆိုတဲ့သဘောနဲ့ပြန်တော့ပေးကမ်းကြပါရဲ့။
ဒါပေမဲ့ သူတောင်းစားပေး ပေးနေကြတယ်။ဒီလိုမပေးကြနဲ့။အသေအချာစည်းကမ်းတကျ ဖြစ်စေရမယ်။

မိဘကို အမြင့်မှာထိုင်ခိုင်း၊သားသမီးက ရိုးသေကျိုးနွံစွာ
အောက်မှာထိုင်၊လှူမယ့်ငွေကြေးပစ္စည်းခုံပေါ်တင်၊သားသမီးက လက်အုပ်ချီကန်တော့ပြီး ပေးလှူကြ။

တို့ဘုန်းကြီးတွေကို မင်းတို့လူတွေကရှိခိုးလှူဒါန်းကြသလိုပေါ့။
မိဘကျေးဇူးကို လျစ်လျူရှုတဲ့နှလုံးသားမျိုး သိမ်းပိုက်မထားမိစေနဲ့။

(တည်တောဆရာတော်ဘုရားကြီး)


 Credit  :Young Buddhist's Associationl

သမီးလေးကိုဘယ်တော့မှ မခံစားစေချင်တဲ့ အတွေ့အကြုံ (၂၆)ခု



ကျွန်မဟာအပျိုစင် တစ်ဦးပါ။ အခါကောင်းသောနေ့တစ်နေ့မှာ ကျွန်မရင်ထဲစွဲစွဲလမ်းလမ်းချစ်နေရသော ကျွန်မချစ်သူနဲ့လက်ထပ်ပြီးလှပသောမိသားစုတစ်ခုထူထောင်ရန် စိတ်ကူးလေးတစ်ခုရှိပါတယ်။ အဲဒီစိတ်ကူးလေးထဲမှာသူမရဲ့ဖေဖေလိုပဲ နှစ်လိုဖွယ်ကောင်းတဲ့ သမီးလေးတစ်ယောက်ကို ကျွန်မမြင်မိပါတယ်။ သမီးလေးရဲ့ဘဝဟာ ကျွန်မရဲ့ စိတ်ကူးထဲကလိုပဲအမြဲသာယာလှပနေနိုင်ရင် အရမ်းကောင်းမှာပါ။ လက်တွေ့ဘဝဟာခက်ခဲကြမ်းတမ်းလှပါတယ်။ ပြဿ      နာပေါင်းသောင်းခြောက်ထောင် အနက်မှ အောက်ပါ ပြဿ     နာတွေကိုတော့ ကျွန်မသမီးလေးမခံစားရပါစေနဲ့။

၁။       သမီးအပေါ်မှာ သစ္စာမရှိတဲ့၊ သမီးရဲ့ရင်ထဲက အလှစစ်ကို နက်နက်နဲနဲ နားမလည်တဲ့ အမျိုးသားတစ်ယောက်ကြောင့် အသည်းကွဲရခြင်းကို သမီးလေးမခံစားရပါစေနဲ့။

၂။       မိတ်ဆွေမဟုတ်ဘဲ ရန်သူဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်၏ သစ္စာဖောက်ခံရခြင်းကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၃။       ကိုယ်ဘယ်အရာမဆို မလုပ်နိုင်ပါဘူးလို့ အကြိမ်ပေါင်းများစွာ ပြောခံရခြင်းကြောင့် စိတ်အားငယ်ရခြင်းကို သမီးလေးမခံစားရပါစေနဲ့။

၎။       အပြင်ပန်းကိုပဲ သုံးသပ်တတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ သိမ်ငယ်နေရခြင်းကို သမီးလေးမကြုံတွေ့ရပါစေနဲ့။

၅။       ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေကြောင့် မလုံမလဲဖြစ်နေရခြင်းမျိုး သမီးလေးမခံစားရပါစေနဲ့။

၆။       မီဒီယာတွေက ပြင်ဆင်မွမ်းမံထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ကိုယ်ကမလှပဘူးလို့ သမီးလေးမခံစားရပါစေနဲ့။

၇။       စိတ်ပျက်စရာတွေဆက်တိုက် ကြုံတွေ့နေရခြင်းကြောင့် ယုံကြည်ချက်ပျောက်ဆုံးခြင်းမျိုး သမီးလေး မခံစားရပါစေနဲ့။

၈။       ဖြစ်မလာတာတွေကို ကြောက်ရွံ့နေခြင်းကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၉။       အားကျဖို့ မထိုက်တန်တဲ့ အမျိုးသမီးတစ်ယောက်ကို အားကျနေမိခြင်းကို သမီးလေးမကြုံတွေ့ရပါစေနဲ့။

၁၀။     ကိုယ့်အပြစ်အနာအဆာတွေကြောင့် ကိုယ့်ကိုယ်ကိုရှက်နေရခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၁။     ကိုယ့်ကိုကာကွယ် ထောက်ခံပေးမယ့်လူတွေရဲ့ စိတ်ပျက်မှုခံရခြင်း သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၂။     ကိုယ့်ခန္ဓာကိုယ် အချိုးမကျမှုကြောင့် ရှက်နေရခြင်းကို သမီးလေးမကြုံတွေ့ရပါစေနဲ့။

၁၃။     ကိုယ့်ကို ထောက်ခံပေးမယ်လို့ ယူဆထားတဲ့လူတွေရဲ့ အားပေးမှုမရရှိခြင်းကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၄။     ကျင့်ဝတ်တွေကို သိရှိနားလည်မှုမရှိတဲ့ လူတွေရဲ့ လောင်ပြောင်မှုကို ခံရခြင်းကို သမီးလေး မခံစားရပါစေနဲ့။

၁၅။     လုပ်ငန်းခွင်အသစ်မှာ ယောက်ျားမိန်းမ ခွဲခြားဆက်ဆံမှုကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၆။     အနာဂတ်အတွက် ပူပန်နေရင်းနဲ့ သမီးလေး အချိန်မကုန်မိပါစေနဲ့။

၁၇။     မပြောင်းလဲနိုင်တဲ့ အရာတစ်ခုကြောင့် အပြစ်ရှိသလို သမီးလေး မခံစားရပါစေနဲ့။

၁၈။     ဒေါသမထွက်သင့်တဲ့အရာတစ်ခုကြောင့် မထီလေးစား ဆက်ဆံခံရခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၉။     ကိုယ်စွမ်းဆောင်နိုင်တဲ့ အရာတွေအပေါ် ကိုယ်ပိုင် သံသယဝင်နေခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၂၀။     နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိုးရိမ်ပူပန်နေရခြင်းကို သမီးလေးမကြုံတွေ့ရပါစေနဲ့။

၂၁။     နောက်လိုက်တွေရဲ့ မရိုးသားခြင်းကို ခံရခြင်းကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၂၂။     မျက်ရည်ကျဖို့ မထိုက်တန်တဲ့ ကိစ္စတွေကြောင့် ဝမ်းနည်းနေရခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၂၃။     တစ်စုံတစ်ယောက်အပေါ် ခံစားနာကျင်ပြီး ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်နေခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၂၄။     သေးသေးမွှားမွှားကိစ္စနဲ့ ဥစ္စာပစ္စည်းတွေအပေါ် တွယ်တာခြင်းမျိုး သမီးလေး မခံစားရပါစေနဲ့။

၂၅။     အရေးမစိုက်တဲ့လူတွေကြောင့် စိတ်လောနေရခြင်းမျိုး သမီးလေး မခံစားရပါစေနဲ့။

၂၆။     တကယ်ထိုက်တန်တဲ့အရာတွေကို ကိုယ်နဲ့ မထိုက်တန်သလို သမီးလေး မခံစားရပါစေနဲ့။


ဂန္တဝင် မဂ္ဂဇင်း

ဝန်ကြီးချုပ်ဟောင်း ရင်လတ်အား ထိုင်းဆန္ဒပြသူများ ထောက်ခံ



ထိုင်းနိုင်ငံ ဗန်ကောက်မြို့လမ်းများပေါ်ထွက် ဆန္ဒပြသူများက မကြာမီက ဖြုတ်ချလိုက်သော ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာအား ထောက်ခံဆန္ဒပြခဲ့သည်။ မေ ၁ဝရက်က ရှပ်နီဟုလူသိများသော အဆိုပါဆန္ဒပြသူများက ဝန်ကြီးချုပ်အား ဖြုတ်ချရန်ဆန္ဒပြနေသော အတိုက်အခံများနှင့်အပြိုင် ဆန္ဒပြခဲ့ကြသည်။

မိမိတို့အနေဖြင့် လက်ရှိအစိုးရကို ကာကွယ်ပေးရန်လိုအပ်၍ စုရုံးလာရောက်ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ပြောသည်။ မေ ၇ ရက်က ထိုင်းဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်ရင်လတ်အား အာဏာအလွဲသုံးစားမှုဖြင့် ရာထူးမှဖယ်ရှားလိုက်သည်။ အာဏာရပါတီက ကူးသန်းရောင်းဝယ်ရေးဝန်ကြီး နီဝပ်တန်ရောင်းဘွန်ဆွန်ပိုင်ဆန်အား ယာယီဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ထားသည်။ ထိုနေ့က ရင်လတ်၏ ဝန်ကြီးကိုးဦးကိုလည်း ရာထူးမှဖယ်ရှားလိုက်သည်။



Credit: ဘီဘီစီ

စင်္ကာပူနိုင်ငံ Sims Ave မှ နေအိမ်တိုက်ခန်းတခုတွင် အိမ်သာတက်စဉ် အိမ်သာအိုးထဲမှ မြွေထွက်ကိုက်ခံရ


အမျိုးသမီးတဦးဟာ အိမ်သာတက်နေရာမှပိုက်သွန်မြွေတကောင် အကိုက်ခံရမှုကြောင့်
 ဆေးရုံသို့ ပို့သခဲ့ရပါတယ်။

ပိုက်သွန်မြွေဟာ လွန်ခဲ့တဲ့ ကြသာပတေးနေ့ (မေလ၈ရက် ၂၀၁၄) ညနေပိုင်းမှာ Block 826 Sims Avenue နေအိမ်ရဲ့ အိမ်သာအိုးထဲမှ လျှောထွက်လာပြီး Madam Noraslinda Asat (နော်ရာစလင်ဒါအစ) အမည်ရှိ အမျိုးသမီး၏ ပေါင်ကို ကိုက်လိုက်ခြင်း ဖြစ်ပါတယ်။

အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ အိမ်ထောင်သည် အမျိုးသမီးက သတင်းဋ္ဌာနကို ပြောပြခဲ့ပါတယ်။ သူမဟာ အိမ်သာအိုးမှာ ထိုင်လိုက်စဉ် အိမ်သာအိုးထဲမှ ရေပွက်သံတွေကို ကြားခဲ့ရပါတယ်တဲ့။

သူမ ဘာကိုမှ မလုပ်မိလိုက်စဉ်မှာ သူမ၏ ပေါင်မှာ စူးရှနာကျင်မှု တခုကို ခံစာလိုက်ရပါတယ်တဲ့. အဲဒါနဲ့ အောက်ကို ငုံ့ကြည့်လိုက်တော့ မြွေတကောင်ကို တွေ့ရပါတယ်တဲ့.. ၅ပေခွဲလောက် ရှည်လျှားတဲ့ မြွေဟာ သူ့ရဲ့ သွားတွေနဲ့ သူမရဲ့ပေါင်ကို တင်းတင်းကြပ်ကြပ် ကိုက်ခဲထားတယ်တဲ့။

အဲဒါနဲ့ ကြောက်အားလန့်အား အော်ရင်း.. မတ်တတ်ရပ်ပြီး မြွေကို ဆွဲထုတ်ပါတယ်တဲ့.. ဒါပေမဲ့ မြွေက ကြီးနေပါတယ်တဲ့။

နောက်ဆုံးမှာတော့ သူမဟာ မြွေကို အတင်း ဆွဲထုတ်နိုင်ခဲပြီး အိမ်သာတံခါးကို ပိတ်ထားခဲ့ပြီး ထွက်ပြေးလာနိုင်ခဲ့ပါတယ်တဲ့။

မြွေကိုက်ခံရပြီးတဲ့ နော်ရာစလင်ဒါ ဟာ အားအင်တွေ ယုတ်လျှော့သွာသလိုခံစားရလို့ သူမ၏ အမျိုးသားက ဆေးရုံတင်ယဉ်ကို ခေါ်ယူကာ ဆေးရုံသို့ ပို့ပေးခဲ့ပါတယ်တဲ့။

တိရိစ္ဆာန် သုတေသန Animal Concerns Research & Education Society (ACRES)
မှ တာဝန်ရှိပုဂ္ဂိုလ်တေါ ရောက်လာတော့ မြွေကို ရှာလို့ မတွေ့တော့ဘူး။

အဲဒါနဲ့ နော်ရာစလင်ဒါ ရဲ့ အမျိုးသားက တိရိစ္ဆာန် ထိန်းချုပ်ရေးမှာ အလုပ်လုပ်နေကြတဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို ကူအညီတောင်ပြီး လိုက်ရှာတော့ နောက်ဆုံး မြွေကို သူတို့တိုက်ခန်းရဲ့ အပြင် လမ်းမမှာရှိတဲ့ Man hole ထဲမှာ မြွေကို သွားတွေ့တယ်။

နော်ရာစလင်ဒါ - ကတော့ မြွေကိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့ တိုက်ခန်း အိမ်မှာရှိတဲ့ အိမ်သာကို သွာဖို့ ကြောက်ရွံ့နေပါတယ်။

Credit : Dhammadownload Web Master

သိမှတ်စရာ နည်းပညာ အပိုင်း (၆)


အခု တစ်ပတ်အတွက် ကျွန်တော်ပြောပြချင်တာကတော့ မကြာသေးခင်ကမှ ကမ္ဘကျော် ကားမဂ္ဂဇင်း တစ်စောင် ဖြစ်တဲ့ MSNရဲ့ ဆီစားနှုန်းကို အကောင်းဆုံး ချွေတာပေးနိုင်မယ့် နည်းလမ်းကောင်းတွေနဲ့ ဖြစ်ပါတယ်။ ဆောင်းပါးရှင်ရဲ့ အဆိုအရတော့ အောက်ပါနည်းလမ်းတွေ အတိုင်းသာ လိုက်နာ ဆောင်ရွက်မယ် ဆိုရင် ပုံမှန် စီးနင်းနိုင်တဲ့ ဆီတစ်ဂါလံနှုန်းထက် ပိုမို ခရီးရောက်အောင် စီးနင်းနိုင်မယ်လို့ ဆိုတဲ့ အပြင် ဆီပန့်ကိုလည်း အထိခိုက် သက်သာစေနိုင်မယ်လို့ ဆိုပါတယ်။ ကောင်းပါပြီ။ ဆီစားနှုန်းကို အကောင်းဆုံး ချွေတာပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဆက်ကြည့်ရအောင်နော်။

(၁) မော်ဒယ်နိမ့်နေတဲ့ SUVနဲ့ Truckဆန်ဆန် ကားကောင်းတွေကို သုံးစွဲမောင်းနှင်ခြင်း မပြုတာဟာ အရေးအကြီးဆုံး တစ်ချက် ဖြစ်ပါတယ်။ အကြောင်းကတော့ ဆီတစ်ဂါလံကို ပျမ်းမျှ မိုင်၂၀၀န်းကျင်နဲ့ အောက်လောက်သာ စီးနင်းနိုင်သလို ဓါတ်ငွေ့ထုတ်လွှတ်မှုလည်း များပြားတာကြောင့် ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက် ပျက်စီးမှု ဖြစ်စေနိုင်တာကြောင့် တကယ်တမ်း တွက်ကြည့်မယ်ဆိုရင် ဆီဖိုးငွေ ပိုမို ကုန်ကျတာကတစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများပြီး ပတ်ဝန်းကျင် ထိခိုက်စေနိုင်တာက တစ်ကြောင်းနဲ့ မော်ဒယ်နိမ့်ကားတွေ ဖြစ်တာကြောင့် ပြင်ဆင်စရိတ် များပြားတာတွေကြောင့် ဆက်လက် သုံးစွဲဖို့ မသင့်တော်ပါဘူး။

(၂) အမြန်နှုန်း မြှင့်တင်နိုင်မှု နှေးကွေးတာနေပြီ ဖြစ်တဲ့ ကားတွေကို အသုံးပြုနေခြင်းဟာလည်း ဆီကုန်ကျမှု စရိတ်များစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဆီစားနှုန်းများပြီး အင်ဂျင်ရဲ့ စွမ်းဆောင်ရည် နိမ့်နေပြီ ဖြစ်တဲ့ မော်တော်ကားတွေဟာ အဝေးပြေး လမ်းတွေပေါ်မှာ မောင်းနှင်ရာမှာ အရှိန်မြှင့်တင်နိုင်မှု နှေးကွေးသလို ပုံမှန် အရှိန်ယူချိန်တွေထက် အချိန် နှစ်ဆလောက်ပေးရတာကြောင့် ဆီစရိတ်လည်း တက်လာတတ်ပါတယ်။

(၃) ဂီယာချော်နေတတ်တဲ့ ကားတော်တော်များများဟာ မြို့တွင်းလမ်းကြောင်းတွေမှာ မောင်းနှင်တဲ့ အချိန်တွေမှာ ဒုက္ခတွေ့တတ်ပါတယ်။ အကြောင်းကတော့ မီးပွိုင်တွေ ဖြတ်တဲ့ အချိန်တွေမှာ ဖြစ်ပြီးတော့ အင်ဂျင်က လည်ပတ်နေပေမယ့် လိုအပ်တဲ့ အရှိန်နှုန်းနဲ့ မြန်ဆန်မှု မရတာကြောင့် ဆီပိုကျွေးပြီး မောင်းနှင်ရတာမျိုး ဖြစ်လာစေပါတယ်။

(၄) မနက်ပိုင်း မိမိရဲ့ မော်တော်ကားကို မသုံးသေးချိန်မှာ ဆယ်မိနစ်လောက် စောပြီး စက်နှိုးထားခြင်းနဲ့ အသုံးပြုနေဆဲ ကားတစ်စီးကိုလည်း ခဏတာ နားပြီး ခရီးဆက်ဖို့ ရှိနေသေးတယ်ဆိုရင် လုံးလုံး ရပ်မပစ်ပဲ ဆက်နှိုးပြီး ဆက်ထားသင့်ပါတယ်။ (ချွင်းချက် အနေနဲ့တော့ ခရီးဝေးမောင်းနှင်ထားတဲ့ ကားတွေကတော့ စက်ကို ရပ်ပြီး အနားပေးသင့်ပါတယ်)။ အကြောင်းကတော့ မော်တော်ကားလို ရွေ့လျား စက်ပစ္စည်းတွေက အင်ဂျင်ပူနေလေ ဆီစားနှုန်း(စွမ်းအင် အသုံးချနှုန်း)နည်းပါးလို့ ဖြစ်ပါတယ်။

(၅) မနက်ပိုင်း စက်နှိုးမထားချင်သူတွေ အတွက်ကတော့ မိမိကားကို အသုံးပြုသွားလာတော့မယ်ဆိုရင် မိမိ သွားလာရမယ့် ခရီးတွေထဲက အဝေးဆုံး ခရီးစဉ်ကို ရွေးချယ် သွားလာခြင်းက အင်ဂျင်ကို လိုအပ်တဲ့ အပူချိန် အမြန်ဆုံး ရရှိစေနိုင်မယ့် နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။

(၆) နောက်ပိုင်း စမ်းသပ်မှုတွေ အရတော့ အရှန်မြင့် မောင်းနှင်မှုတွေ တစ်နည်း ပြောရရင် ခရီးဝေး သွားလာမှုတွေမှာ ပြတင်းပေါက်တွေ ချပြီး(ဖွင့်ပြီး) မောင်းနှင်မှုတွေက ပုံမှန် အရှိန်ထက် လျော့အောင် ဖန်တီးသလို ဖြစ်စေပါတယ်။ ဒါကြောင့် တစ်နာရီမိုင်၆၀နဲ့ အထက် ဆိုသလို အမြန်နှုန်းနဲ့ မောင်းနှင်မှုတွေ လုပ်ဆောင်ရာမှာ ပြတင်းပေါက်တွေကို ပိတ်ပြီး မောင်းနှင်သင့်ပါတယ်။

(၇) မလိုအပ်တဲ့ ၀န်တွေကို လျော့ချပြီး မိမိ မော်တော်ကားကို အပေါ့ပါးဆုံး ဖြစ်အောင် ဖန်တီးမောင်းနှင်ခြင်းကလည်း ဆီစားနှုန်းကို အကောင်းဆုံး ချွေတာစေပြီး မော်တော်ကားကို အကောင်းဆုံး အရှိန်နဲ့ ပြေးလွှားနေစေမှာ ဖြစ်ပါတယ်။

(၈) မြို့တွင်း မောင်းနှင်ခြင်းတွေမှာ ပေါင် ၃၀၀၀န်းကျင်လောက်လေးတဲ့ Toolboxကို ယူဆောင်ခြင်း မပြုပဲ မောင်းနှင်သင့်ပါတယ်။ ကားပြင်ဆင်ဆိုင်တွေ များပြားတဲ့ နေရာတွေမှာ Toolboxကို အိမ်မှာ ချန်ခဲ့ခြင်းအားဖြင့် မိမိကားရဲ့ ၀န်ကို လျော့နည်းစေမှာပါ။

(၉) အရှန်နှုန်း မြှင့်ပြီး မောင်းနှင်ခြင်း တစ်မျိုး ပြောရရင် သင့်တင့် သတ်မှတ်ထားသော အမြန်နှုန်းကို တပြေးညီ မောင်းနှင်သွားလာခြင်းကလည်း ဆီစားနှုန်းကို ချွေတာနိုင်ပါတယ်။ နှစ်နဲ့ သုံးလို ဂီယာချက်တွေကို သုံးပြီး မောင်းနှင်တာထက် အဲဒီထက် ပိုကြီးတဲ့ ဂီယာချက်တွေနဲ့သာ သွားလာ မောင်းနှင်ချင်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

(၁၀) E15အဆင့်ရှိတဲ့ ဆီတွေထက် E10အဆင့်ရှိတဲ့ စက်သုံးဆီမျိုးကို ရွေးချယ် သုံးစွဲတာကလည်း ဆီစားနှုန်းကို သက်သာစေမှာပါ။ အကြောင်းကတော့ E15ဟာ E10ထက် စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု အပိုင်းမှာ ၃၀ရာခိုင်နှုန်းလောက် နိမ့်တာကြောင့် ဖြစ်ပါတယ်။

(၁၁) မျက်နှာပြင် ကျယ်ဝန်းတဲ့ တာယာတွေဟာ ကားတစ်စီးရဲ့ အရှိန်ကို လျော့ကျစေနိုင်တာကြောင့် တကယ်တမ်း သုံးစွဲမယ်ဆိုရင်တော့ မျက်နှာပြင် သေးငယ် ကျဉ်းမြောင်းတဲ့ တာယာတွေကို ၀ယ်ယူ တပ်ဆင် သုံးစွဲသင့်ပါတယ်။

(၁၂) နောက်တစ်ချက်ကတော့ အင်ဂျင်ရဲ့ အသံကို နားထောင်ခြင်း ဖြစ်ပါတယ်။ အလွယ်တမ်း မှတ်ထားနိုင်စရာ ရှိတာကတော့ အင်ဂျင်သံ ဆူညံတဲ့ ကားတွေဟာ အင်ဂျင်သံ တည်ငြိမ် တိုးဆိတ်တဲ့ ကားတွေထက် ဆီစားနှုန်း ပိုများတယ်ဆိုတာပါပဲ။

(၁၃) နောက်ဆုံး တစ်ချက်ကတော့ အစားထိုး သုံးစွဲခြင်း ဖြစ်ပါတယ်။ MSNရဲ့ အလိုအရတော့ သူတို့နိုင်ငံမှာ စက်ဘီးကိုလည်း မြို့တွင်း အလွယ် သွားလာရေး ပစ္စည်း အဖြစ် လက်ခံ သုံးစွဲတာကြောင့် ခရီးတစ်မိုင်လောက်ထိအောင် ခရီးနီးသွားလာမှုတွေ အတွက် စက်ဘီးကို အစားထိုး သုံးဖို့ ပြောထားတာ ဖြစ်ပေမယ့် ကျွန်တော်တို့ဆီမှာတော့ စက်ဘီးကို အစားထိုး သုံးစွဲမှု နည်းပါးတာကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အစားထိုး သုံးစွဲမှု တစ်ခုကို အတုယူနိုင်အောင် ရေးသားပေးလိုက်တာပါ။ ပြောခဲ့သလို ခရီးနီး သွားလာမှုတွေ အတွက် စက်ဘီးကို အစားထိုး သုံးစွဲ သွားလာခြင်းကလည်း ချွေတာရေး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

=========

လင်းလင်း (IA)
TechSpace Journal 

ကိုယ်ခန္ဓာအပူချိန်ကိုအသုံးပြု၍ ဖုန်းအားသွင်းနိုင်တော့မည်


ယနေ့အချိန်အခါတွင် ဖုန်းများကို အားသွင်းရန် သကြားကိုအသုံးပြု၍ သော်လည်းကောင်း၊ တုန်ခါခြင်း ဖြင့်သော်လည်းကောင်း၊ အစရှိသည်ဖြင့် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ လုပ်ဆောင်လာသည်ကို သိရှိနေရ ပါသည်။ ယခုအခါတွင်လည်း မိမိတို့၏ ကိုယ်ခန္ဓာအပူချိန်ကို အသုံးပြု၍ ဖုန်းများကို အားသွင်းနိုင်ရန်အလို့ငှာ တောင်ကိုရီးယားသုတေသနသမားများက Glass နှင့် Fabric ကိုအခြေခံထားသော သာမိုအီလက်ထရစ် ဂျင်နရေတာတစ်ခုကို တည်ဆောက်နေကြပါသည်။

ပါမောက္ခ Byung Jin Cho နှင့် Korea Advanced Institute of Science and Technology University မှ သုတေသနသမားများက Thermoelectric (TE) ဂျင်နရေတာတစ်ခုကို တီထွင်ထုတ်လုပ်ခဲ့ကြပြီး ၄င်းအနေဖြင့် သင့်ကိုယ်ခန္ဓာ အပူချိန်ကိုအသုံးပြုကာ အီလက်ထရောနစ်ပစ္စည်းများကို အားသွင်းပေးနိုင်မည် ဖြစ်ပါသည်။ အဆိုပါပစ္စည်းအနေဖြင့် Heart Monitors၊ Smartglasses နှင့် အခြားသော Wearable များကို အားသွင်းပေးရန် သင့်တော်မည် ဖြစ်သည်။

သာမိုအီလက်ထရစ်ဂျင်နရေတာသည် သေးငယ်၍ အေ၇ပြားနှင့် လေအကြား ဖြစ်ပေါ်လာသော အပူခြားနား ချက်ကို လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်မည့် ပစ္စည်းကိရိယာ တစ်ခုဖြစ်ပါသည်။ ထို့အပြင် အသုံးပြုသူအနေဖြင့် အားသွင်းရန် တပ်ဆင်ထားပါကလည်း အလွန်ပေါ့ပါးခြင်း၊ သက်တောင့် သက်သာဖြစ်ခြင်းများကို ခံစားရရှိစေနိုင်မည် ဖြစ်သည်။
ယခုတီထွင်ခဲ့သော ကိရိယာသည် စမတ်ဖုန်းများကို သေချာပေါက် အားသွင်းနိုင်မည်ဖြစ်ပြီး နောက်တစ်ဆင့်အနေဖြင့် ဆေးဝါးကုသမှုဆိုင်ရာ အာရုံခံစနစ်များကိုပါ စွမ်းအားပေးနိုင်ရန် ကြိုးစားလုပ်ဆောင် နေကြကြောင်း Cho မှ ပြောပါသည်။ လက်ရှိတွင် TE ဂျင်နရေတာ ပုံစံနှစ်မျိုးကိုတီထွင်ထုတ်လုပ်ထားပြီး ၄င်းတို့မှာ Organic နှင့် Inorganic ဒြပ်ပစ္စည်းများကို အခြေခံ၍ biological စနစ်နှင့် geological စနစ်ဟူ၍ တည်ဆောက်ထားခြင်းဖြစ်သည်။

TE ဂျင်နရေတာသည် လူ၏ အသားအရေနှင့် လုံးဝသင့်တော်မှုရှိအောင်ပြုလုပ်ထားနိုင်သော်လည်း အားနည်းချက်အနေဖြင့် စွမ်းအင်ထွက်ရှိမှု နည်းခြင်းပင်ဖြစ်သည်။ Inorganic ကို အခြေခံထားသော TE ဂျင်နရေတာအနေဖြင့် မြင့်မားသောစွမ်းအင်ကို ထုတ်လုပ်ပေးနိုင်သော်လည်း ၄င်းတို့မှာ လေးလံခြင်း၊ မာတောင့်ခြင်း နှင့် အရွယ်အစားကြီးမားခြင်း အစရှိသည့် ကန့်သတ်ချက်များကို ဖြစ်ပေါ်စေပါသည်။

ထို့ကြောင့် ပါမောက္ခ Cho အနေဖြင့် Organic နှင့် Inorganic ဒြပ်ပစ္စည်းနှစ်မျိုးပေါင်းကာ ပေါ့ပါး၍ လူ့အရေးအပြားနှင့်လည်း သင့်လျော်ပြီး စွမ်းအင်လုံလောက်စွာ ထွက်ရှိပေးနိုင်မည့် နည်းလမ်းများကို စဉ်းစားလုပ်ဆောင်လျက်ရှိပါသည်။ ယခုနည်းပညာသည် ဂျင်နရေတာပုံစံထုတ်လုပ်ခြင်းဆိုင်ရာအတွက် ပြောင်းလဲလာသော လုပ်ဆောင်မှုဖြစ်ပြီး ၄င်းကိုသာ သေချာပေါက်လုပ်ဆောင်နိုင်ပါက ကျွန်ုပ်တို့လက်ရှိ အသုံးပြုနေသော ဂျင်နရေတာများ၏ အလေးချိန်ကို လုံးဝလျှော့ချနိုင်မည်ဖြစ်သလို Wearable Electronics များအတွက်လည်း အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်စေနိုင်မည် ဖြစ်ပါသည်။

TE အနေဖြင့် လျှပ်စစ်စွမ်းအင် 40 Miliwatts သာ ထုတ်လုပ်နိုင်စွမ်းရှိနေသေးသော်လည်း ၄င်းနည်းပညာအနေဖြင့် ကားများ၊ စက်ရုံများ၊လေယာဉ်များနှင့် ရေယာဉ်များ အတွက် စွမ်းအင်ပေးမှုဆိုင်ရာ ၌ အထောက်အပံဖြစ်လာစေနိုင်မည်ဟု ပါမောက္ခ Cho မှ ယုံကြည်နေပါသည်။

Ref:DM
WorldWide(BMSTU)
TechSpace Journal 

Samsung Galaxy S5 အကြောင်း (Special review)


HAN(TechRangoon)

စမတ်ဖုန်းလောကရဲ့ ပြိုင်ပွဲက တဖြည်းဖြည်းပိုကြမ်းလာတယ်။ Android ဖုန်းကုမ္ပဏီတွေဟာ ပိုကြီးတဲ့၊ feature ပိုများတဲ့၊ camera megapixel ပိုများတဲ့ ဖုန်းတွေ၊ screen ppi များတဲ့ဖုန်းတွေ အပြိုင်အဆိုင် ဝုန်းဒိုင်းကြဲ ထုတ်လုပ်လာကြတယ်။ ဒါပေမယ့် သတိထားစရာကောင်းတာက Apple ရဲ့ အောင်မြင်မှုက iPhone camera ကြောင့်လည်းမဟုတ်၊ သူ့ OS ကြောင့်လည်းမဟုတ်၊ ဘထ္ထရီသက်တမ်းကြောင့်လည်း မဟုတ်ပဲ အသုံးပြုသူတွေ အဆင်ပြေပြေနဲ့ ဖုန်းကို လှလှပပ၊ ချောချောမွေ့မွေ့သုံးနိုင်ဖို့ဆိုတဲ့ သုံးစွဲသူတွေတောင် တခါတလေသတိမထားမိတဲ့ သေးငယ်တဲ့အရာတွေကိုအစ ဂရုစိုက်လုပ်ပေးတဲ့ Apple ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ။ Apple ကုမ္ပဏီဟာ ဖုန်းတမျိုးထုတ်တိုင်း ထုတ်တိုင်း အကြီးကြီးတွေပြောင်းလဲတာထက် သေးသေးငယ်ငယ်အရာတွေကိုပဲ ပိုမိုကောင်းမွန်အောင်၊ ပြည့်စုံအောင်လုပ်တာက ၄င်းအောင်မြင်မှုရဲ့ အဓိကအချက်လို့ ထင်တယ်။

သေးသေးငယ်ငယ်တွေကို ပိုဂရုစိုက်တယ် Apple ရဲ့ လုပ်ဆောင်မှုဟာ Samsung နဲ့တော့ ပြောင်းပြန်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ It’s big ဆိုတဲ့ ၄င်းတို့ရဲ့ ဆောင်ပုဒ်အတိုင်း Samsung ကကြီးကြီးမားမားပြောင်းလဲမှုလုပ်တာကိုပဲ ပိုအလေးပေးပါတယ်။ ၄င်းဟာ ကြီးမားတဲ့ မျက်နှာပြင်ရှိတဲ့ ကြီးမားတဲ့ဖုန်းတွေထုတ်တယ်။ကြီးမားတဲ့ အိုင်ဒီယာအသစ်တွေနဲ့ စမတ်ဖုန်းတစ်လုံးလုပ်ဆောင်နိုင်တာထက် လွန်တဲ့ အခြားထပ်တိုးလုပ်ဆောင်မှုတွေကို များများပြားပြား ပစ်ထည့်ထားတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Samsung က ၄င်းတို့ရဲ့ နည်းကို နည်းနည်းပြောင်းလာပြီလို့ ထင်တယ်။ ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Samsung ဟာ ၄င်းတို့ရဲ့ Galaxy S5 မျိုးဆက်သစ်ကို features ပေါင်းမြောက်များစွာနဲ့ အမွှမ်းတင်တာထက် အကောင်းမွန်ဆုံး စမတ်ဖုန်းတစ်လုံးရဲ့ အခြေခံလိုအပ်ချက်ကိုပဲ ပြန်ဂရုစိုက်လာပြီလို့ မြင်လာတယ်။

လွန်ခဲ့တဲ့တစ်နှစ်က HTC ကထုတ်ခဲ့တဲ့ အလူမီနီယံကိုယ်ထည်နဲ့ HTC One ဟာ Samsung ရဲ့ ဈေးပေါဟန်ရှိတဲ့၊ ပလတ်စတစ်နဲ့ လုပ်ထားတဲ့၊ feature ပေါင်းများစွာနဲ့ နစ်မြှုပ်နေတဲ့ S စီးရီးဖုန်းတွေကို မကျော်လွှားနိုင်ရင်တောင် ဈေးကွက်ထဲမှာ ၄င်းရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်ဘက်အဖြစ် ဖြစ်ခဲ့မယ်လို့ ကျနော်မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီနှစ်လည်း s5 ဆိုတဲ့ ဖုန်းအသစ်ကို ထပ်မံထုတ်လုပ်ခဲ့တယ်။ ဒီတစ်ခေါက်လည်း ယခင် စီးရီးဖြစ်တဲ့ S4 ထက်အနည်းငယ်ကြီးသွားတဲ့ မျက်နှာပြင်၊ အနည်းငယ်ရှည်ပြီး ကျယ်သွားတဲ့ ဖုန်းကိုယ်ထည်နဲ့ ပါးပါးလွှာလွှာ ပေါ့ပေါ့ပါးပါးနဲ့ s4 နဲ့ တည်ဆောက်ပုံသိပ်မကွာလှတဲ့ ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

S5 မှာ သင်ဖုန်းနဲ့ ထိတွေ့လို့ရတဲ့ နေရာအားလုံးက ပလတ်စတစ်နဲ့ လုပ်ထားတာချည်းပါပဲ။ S5 ကို အနက်၊ အဖြူ၊ ရွှေရောင်နဲ့ အပြာရောင် ၄မျိုးနဲ့ ထုတ်လုပ်လာပြီး ဘေးထောင့်တွေက ယခင် S3 နဲ့ S4 လို ဝန်းပြီးကွေးနေတာထက် S2 or Note series တွေလို့ အနည်းငယ်သာဝန်းဝန်းလေးရှိတော့တာကို တွေ့ရပါတယ်။ ကိုင်တွယ်ရတာကတော့ ယခင် S4 နဲ့ သားရေအတု Note 3 ထက် ပိုမို သက်တောင့်သက်တာရှိပြီး ဖုန်းကိုယ်ထည်ဟာလည်း အနည်းငယ် အဆင့်အတန်းရှိသလို ခံစားရပါတယ်။ Samsung ဟာလည်း ပလစ်စတစ်ကိုယ်ထည်ကို တခြားဖုန်းတွေဖြစ်တဲ့ Nokia နဲ့ Apple လိုအဆင့်မှီတဲ့ ဒီဇိုင်းအရည်အသွေးနဲ့ တည်ဆောက်မှုဘက်ကို အနည်းငယ် အလေးပေးလာပြီလို့ ထင်ပါတယ်။

S5 မှာ သိသိသာသာထူးခြားလာတာက ပိုပေါ့လာတယ်၊ ပိုပါးလာတယ်၊ နောက်ပြီး ရေစိုခံလာတယ်။ Samsung ဟာ ရေစိုခံဖုန်းဈေးကွက်ထဲကို နောက်ကျမှ ဝင်ရောက်လာတယ်လို့ ဆိုရပါမယ်။ ၄င်းမတိုင်ခင်က ဂျပန်ကုမ္ပဏီ SONY ဟာ ရေစိုခံဖုန်းမြောက်များစွာကို ဈေးကွက်ထဲ တင်ပို့ရောင်းချပြီးဖြစ်သလို ရေစိုခံတယ်ဆိုတာကလည်း SONY စမတ်ဖုန်းတွေရဲ့ သိသာတဲ့ အသွင်အပြင်တစ်ခုလို့တောင် အသုံးပြုသူတွေက မှတ်ယူထားပါတယ်။ Samsung ကလည်း ဒီလိုကြီးမားတဲ့ ရေစိုခံဖုန်းဈေးကွက်ကို မျက်စပစ်လာသလိုပါပဲ။ S5 ရဲ့ ရေစိုခံနိုင်တဲ့အဆင့်က IP 67 ရှိပါတယ်။ ဆိုလိုတာက ရေအနက် တစ်မီတာထဲကို မိနစ် ၃၀ခန့် ဖုန်းကို နစ်မြှုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ရေအောက်မှာတော့ ဖုန်းကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Touchscreen ဟာ ရေထဲမှာဆိုရင် အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် ရေစိုခံတာကြောင့် သင့်ရဲ့ S5 ပေါ်ကို ကော်ဖီမှောက်ကျတာဖြစ်ဖြစ်၊ မိုးထဲလေထဲ ဟန်မပျက်ပဲ ဖုန်းဆက်နေတာဖြစ်ဖြစ်၊ ယုတ်စွအဆုံး အိမ်သာခွက်ထဲ ပြုတ်ကျသွားတာဖြစ်ဖြစ် ဖုန်းရေဝင်ပြီး ပျက်မှာကို သင်စိတ်ပူစရာမလိုတော့ပါဘူး။ မနေ့ညကပဲ ရုံးက မိတ်ဆွေတွေနဲ့ ဘီယာသောက်တုန်း ဖုန်းပေါ်ကို ဘီယာအနည်းငယ် မှောက်သွန်ကြည့်ပါသေးတယ်။ ဘာမှ ပျက်စီးသွားတာမရှိပါဘူး။ ဒါကြောင့် ရေနဲ့ ပတ်သတ်တဲ့ မတော်တဆမှုရန်တွေကနေ S5 ကတော့ ကာကွယ်နိုင်သွားပြီဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ S5 ဟာ အရင် Samsung ဖုန်းတွေအတိုင်း ဈေးပေါတဲ့ဟန်ရှိတုန်းပါပဲ။ HTC One နဲ့ iPhone 5S စတဲ့ဖုန်းတွေလို ကိုင်မိတာနဲ့ အဆင့်မှီတဲ့ အလူမီနီယံကိုယ်ထည်နဲ့ ခန့်ညားတဲ့ ဒီဇိုင်းအသွင်အပြင်တစ်ခုလို ခံစားရတာမျိုးတော့ S5 မှာ မပါလာပါဘူး။ Galaxy S5 ဆိုတဲ့ လိုဂိုတစ်ခုကိုလည်း ဖုန်းကျောဘက် အောက်နားမှာ ရိုက်နှိပ်ထားတာကလည်း ကျနော့်အတွက်တော့ ရုပ်ဆိုးလွန်းလှပါတယ်။ ကျနော်က ဖုန်းရဲ့ ကျောဘက်ကို ရှင်းရှင်းလင်းလင်းဖြစ်တာာမျိုးကို ပိုနှစ်သက်ပါတယ်။ S5 နဲ့အတူ ထွက်ရှိခဲ့တဲ့ Sony ရဲ့ Z2 နဲ့ HTC One M8 ဖုန်းတွေကတော့ capacitive home button key တွေထည့်သွင်းခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် S5 မှာတော့ ယခင် series တွေအတိုင်းပဲ Home Button တခု၊ back and menu capacitive key ၂ခု ပုံမှန်အတိုင်း ဆက်လက်ပါဝင်လာပါတယ်။ အကယ်၍ သင်သာ Samsung စတိုးမှာ S5 ကိုကောက်ကိုင်ကြည့်မယ်ဆိုရင် ဒီဇိုင်းအသွင်အပြင်ပိုင်းမှာ ယခင် S4 နဲ့ ထူးထူးခြားခြား ကွာခြားတာမျိုးတော့ ခံစားရမှာ မဟုတ်လောက်ပါဘူး။ Samsung အနေနဲ့ ၄င်းတို့ရဲ့ S series စမတ်ဖုန်းတွေကို ပိုမိုထူးခြားတဲ့ဒီဇိုင်းနဲ့ စမတ်ကျပြီး ခန့်ညားတဲ့ ကိုယ်ထည်မျိုးနဲ့ တည်ဆောက်ဖို့သင့်ပါပြီ။ Apple နဲ့ ယှဉ်ကြည့်ရင် iPhone တွေဟာ series တခုနဲ့ တခုကြားမှာ ဒီဇိုင်းအသွင်အပြင်က ထူးထူးခြားခြားကြီးကို ပြောင်းလဲပြီး ခန့်ညားတာကို တွေ့ရမှာပါ။ iPhone 3G, iPhone 4, iPhone 5 တွေစတဲ့ ဖုန်းဒီဇိုင်းတွေဟာ ကွဲပြားတဲ့ တီထွင်မှုဆန်းသစ်တဲ့ ဒီဇိုင်းမျိုးရှိပေမယ့် Samsung ကတော့ ထူးထူးခြားခြားဖြစ်အောင် လုပ်နိုင်ခြင်းမရှိဘူးလို့ပဲ သုံးသပ်ရပါလိမ့်မယ်။

Hardware ပိုင်းကိုကြည့်မယ်ဆိုရင် Samsung ဟာ ကွာလတီထက် သူ့ဖုန်းရဲ့ လုပ်နိုင်စွမ်းကို ပိုမိုတိုးမြှင့်ထားတာကို တွေ့ရပါတယ်။ S5 မှာ iPhone 5S လို Fingerprint Sensor ပါရှိလာပါတယ်။ ဒါပေမယ့် သူက iPhone လို Home Key ပေါ်တင်ပြီး လုပ်ရတာမဟုတ်ပေမယ့် Home Key အပေါ်နားမှာရှိတဲ့ Screen အောက်ပိုင်းကို swipe လုပ်ရတာပါ။ ယင်းမှတဆင့် ငွေပေးချေမှုတွေ ပြုလုပ်နိုင်ပါတယ်။ သတိထားရမှာက Home Key အပေါ်မှာရှိတဲ့ Screen တည့်တည့်ကို သေသေချာချာ Swipe လုပ်ရမှာဖြစ်ပြီး အကယ်၍ လွဲချော်သွားရင်တော့ သာမန် password ဖြည့်ခိုင်းတာမျိုးတက်လာပါလိမ့်မယ်။ ဒီနေရာမှာ Apple ရဲ့ Touch ID နဲ့ နှိုင်းယှဉ်ကြည့်ရင် Touch ID က Home button ပေါ်မှာ ပြုလုပ်ရတာမို့ ပိုမိုလွယ်ကူပြီး စမတ်ကျတာကို တွေ့ရပါမယ်။

ဖုန်းတည်ဆောက်မှုအပိုင်းကိုကြည့်ရင် S5 မှာပါရှိတဲ့ ၅.၁ လက်မရှိ 1080 p AMOLED မျက်နှာပြင်ဟာ ထူးခြား ကောင်းမွန်လှတာကိုတွေ့ရပါတယ်။ တခြားဖုန်းတွေထက် မျက်နှာပြင်ဟာ တောက်ပတဲ့အရောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကို ကောင်းမွန်စွာ ဖော်ပြပေးနိုင်ပါတယ်။ ဂိမ်းဆော့ဖို့၊ ဗီဒီယိုကြည့်ဖို့အတွက် S5 ရဲ့ ကောင်းမွန်လှတဲ့ မျက်နှာပြင်ဟာ သင့်တော်လှပါတယ်။

နောက်ထပ်ပိုပြီးကောင်းမွန်လာတာ တစ်ခုရှိပါသေးတယ်။ ဘထ္ထရီသက်တမ်းပါ။ အင်တာနက်သုံး၊ ဗီဒီယိုတစ်နေကုန်ကြည့်တာတောင် S5 ရဲ့2800MAh ရှိတဲ့ ဘထ္ထရီဟာ နောက်နေ့နေ့လည်လောက်ထိ ကောင်းကောင်ခံတာကို တွေ့ရပါတယ်။ ဘထ္ထရီကလည်း တခြား Samsung ဖုန်းတွေအတိုင်း ဖြုတ်လဲ နိုင်ပါတယ်။ စွမ်းဆောင်ရည်မြှင့်မားတဲ့ Quad-core Processor နဲ့ RAM 2GB ပါလာပေမယ့် ဘထ္ထရီစွမ်းရည်ကလည်း လျော့နည်းမသွားပဲ ကြာရှည်ခံတာကိုတွေ့ရပါတယ်။ ဖုန်းအားကုန်ခါနီး အရေးပေါ်အသုံးပြုနိုင်ရန်အတွက်လည်း Ultra-Power Saving Mode ဆိုတဲ့ feature လည်းပါပါသေးတယ်။ ဖုန်းအားလည်းကုန်ခါနီးဖြစ်နေပြီး ဖုန်းအားသွင်းဖို့ အခက်အခဲဖြစ်တဲ့အချိန်မှာ ဒီ feature က တော်တော် အသုံးဝင်ပါလိမ့်မယ်။

နောက်ပြောင်းလဲမှုတစ်ရပ်ကတော့ ပိုမိုကောင်းမွန်လာတဲ့ ကင်မရာစနစ်ပါရှိလာတာပါပဲ။ 16 megapixel ရှိတဲ့ ကင်မရာဟာ ရုပ်ပုံထွက်မှုပြတ်သားတဲ့၊ တောက်ပတဲ့၊ အသေးစိတ်ကျတဲ့ ကောင်းမွန်လှတဲ့ ဓါတ်ပုံတွေရရှိအောင် ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ ယခင် S4 မှာ ပါခဲ့တဲ့ ကင်မရာအထူးပြုလုပ်ချက် featureတွေအတိုင်း ယခုလည်း ၄င်းကိုပိုမိုအဆင့်မြှင့်ထားတဲ့ effect တွေ ပါရှိလာတာကိုတွေ့ရပါတယ်။ S5 မှာပါရှိလာတဲ့ auto-focus feature က S4 ထက်လုပ်ဆောင်ပိုင်းဆိုင်ရာမှာ ပိုမိုမြန်ဆန်တာကိုတွေ့ရပါတယ်။ ရှုခင်းတွေရိုက်ရာမှာ အသုံးဝင်လှတဲ့ Real Time HDR mode ကလည်း သင့်ရှေ့က ရှုခင်းပုံတွေကိုအကောင်းမွန်ဆုံးရိုက်ကူးပေးပါလိမ့်မယ်။

ဖုန်းကင်မရာတွေဟာ ဘယ်လောက်ပဲအဆင့်မြှင့်လာလာ၊ အလင်းရောင်နည်းတဲ့ Low Light condition မှာ ကောင်းမွန်တဲ့ပုံတစ်ပုံရဖို့ ခက်ခဲလှပါတယ်။ HTC ရဲ့ Ultra pixel ကင်မရာဟာ Low Light အခြေအနေမှာ ပိုမိုတောက်ပတဲ့၊ အရောင်ဖျော့တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်စွမ်းရှိပေမယ့် ကောင်းမွန်လှခြင်းတော့ မရှိပါဘူး။ အခု S5 မှာလည်း အနည်းငယ် အရောင်ဖျော့တဲ့ ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို ရိုက်ကူးနို်င်စွမ်းရှိပါတယ်။ Low Light အခြေအနေမှာ ဖုန်းကင်မရာတွေကနေ ပုံကောင်းတွေရဖို့ မျှော်လင့်တယ်ဆိုတာ ခက်ခဲလှပြီး အားလုံးထဲမှာတော့ IPhone 5S ရဲ့ Low Light ပုံတွေကတော့ ပိုပြီးကောင်းမွန်ဆဲပါပဲ။ ကင်မရာပိုင်းကို ခြုံပြီးပြောရရင်တော့ S5 ကင်မရာဟာ feature ပေါင်းများစွာနဲ့ ပိုမိုကောင်းမွန်လာတယ်လို့ပဲ သုံးသပ်ရမှာပါ။

Hardware ပိုင်းပြီးတော့ Software ပိုင်းကို တချက်ကြည့်ရအောင်ဗျာ။ ထုံးစံအတိုင်း Samsung ရဲ့ TouchWiz UI က ကျနော့်အတွက်တော့ ရုပ်ဆိုးမြဲ ဆိုးလျှက်ပါပဲ။ Samsung အနေနဲ့ UI ဒီဇိုင်းပိုင်းကို ဒီထက် ပိုထူးခြားတဲ့ ပိုကောင်းမွန်တဲ့ ဒီဇိုင်းဖြစ်ဖို့ ပြင်ဆင်ဖို့လိုပါဦးမယ်။ ဥပမာ- HTC ရဲ့ Sense UI ဟာ Android ဖုန်းတွေထဲမှာ တော်တော်ကောင်းတယ်လို့ သုံးသပ်လို့ရပါတယ်။ S5 မှာလည်း အသုံးဝင်တဲ့ feature တွေ၊ အသုံးမဝင်တဲ့ feature တွေကို တပြုံတပင်ထဲ ပစ်သွင်းထားသလိုပါပဲ။ သုံးစွဲမှုပိုင်းမှာ user-friendly မရှိသလို user တွေကို ယင်း feature များအား အကျိုးရှိရှိအသုံးပြုနိုင်အောင် ပြုလုပ်ဖို့လည်း လိုအပ်ပါသေးတယ်။
S5 ရဲ့ menu setting မှာတင် item ပေါင်း ၆၁ ခုပါရှိပြီး အဝိုင်းပုံသဏ္ဍာန်နဲ့ ရှည်လျားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Notification pull-down menu မှာလည်း Airplane mode ကအစ Toolbox အဆုံး မတူညီတဲ့ Option ရွေးချယ်မှုပေါင်း အခု ၂၀ခန့် ပါဝင်ပါတယ်။ Camera menu မှာလည်း အချက်ပေါင်း ၂၇ ချက်ပါဝင်ပြီး ရှုပ်ထွေးလှတာကို တွေ့ရပါတယ်။ Samsung အနေနဲ့ user တွေလွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်မယ့်၊ တကယ့်အသုံးတည့်တဲ့ feature နဲ့ ဒီဇိုင်း UI ကို ဒီထက် ပြင်ဆင်ဖို့ လိုအပ်ပါသေးတယ်။

S5 မှာပါရှိလာတဲ့ build-in app တွေက များပြားလှပြီး တချို့သော app များဟာလည်း တကယ်အသုံးဝင်တာကို တွေ့ရပါတယ်။ S Health app ဟာ fitness တွေ ပြီးပြည့်စုံတဲ့ app တခုလို ဆိုရမှာဖြစ်ပြီး အပြေးလေ့ကျင့်တာကအစ calories လျှော့ချတာအဆုံး သင့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို ရရှိနိုင်ပါတယ်။ သင့်မှာ Gear fit တလုံးသာ ရှိခဲ့ရင်တော့ heart rate monitor feature ကိုပါ နာရီလက်ပတ်နဲ့တကွ အတူ အသုံးပြုနိုင်ဦးမှာပါ။

ခြုံငုံသုံးသပ်ချက်
ဖုန်းတွေရဲ့ အဓိကအသုံးဝင်လှတဲ့အချက်တွေကတော့ screen၊ ဘထ္ထရီနဲ့ ကင်မရာပါပဲ။ S5 မှာတော့ ဒီအရာအားလုံးကို အဆင့်မြှင့်ထားပါတယ်။ ကောင်းမွန်တောက်ပလှတဲ့ မျက်နှာပြင်၊ ကြာရှည်ခံတဲ့ ဘထ္ထရီနဲ့ ရုပ်ထွက်ကောင်းပြီး feature များစွာပါဝင်တဲ့ ကင်မရာအပြင် ရေစိုပါခံနိုင်လာတဲ့အတွက် S5 ကို ဝယ်ယူဖို့ ရွေးချယ်မယ်ဆိုရင် အထက်ပါအချက်တွေနဲ့ ရွေးချယ်နိုင်ပါတယ်။ ကျနော်မကြိုက်တဲ့အချက်တွေကတော့ S5 ဟာ HTC One နဲ့ iPhone 5S တို့လို လှပပြီး သတ္ထုကိုယ်ထည်နဲ့ ခန့်ညားတဲ့ဖုန်းအမျိုးအစားတော့ မဟုတ်ပါဘူး။ S5 ဟာ ယခင် S4 ထက်ပိုမိုကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်တယ်။ ဒါပေမယ့် မထွက်ခင်က ကျနော် ဒီထက် ပိုပြီး မျှော်လင့်ခဲ့ပါတယ်။ Samsung အနေနဲ့ ဖုန်း ဒီဇိုင်းကို ပိုမိုဂရုစိုက်ဖို့လိုသလို feature တွေများစွာထည့်ပြီး လွန်လွန်ကဲကဲကြော်ငြာနေတာထက် အဆင့်အတန်းရှိတဲ့ loyalty ရှိတဲ့ ဖုန်းဖြစ်ဖို့ ကြိုးစားရပါဦးမယ်။ ကျနော်တို့ဟာ ကျနော်တို့ဝယ်ယူမယ့်ဖုန်းကို တခြားဖုန်းတွေထက် ထူးခြားရမယ်၊ ကောင်းမွန်ရမယ်၊ လှပနေရမယ်ဆိုတာတွေ မျှော်လင့်ပေမယ့် Samsung ကတော့ ဒီအရာတွေကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကျနော် ဒီ Galaxy S5 ကိုနှစ်သက်ပါတယ်။ ထုတ်ပြီးမကြာမှာလည်း ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော သုံးစွဲသူတွေကလည်း ဝယ်ယူကြပါလိမ့်မယ်။ S5 ဟာကောင်းမွန်တယ်။ ဒါပေမယ့် အကောင်းမွန်ဆုံးတော့ မဟုတ်သေးပါဘူး။ ကျနော်တို့လိုချင်တာက ပိုထူးခြားပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ special ဖုန်းတွေကို လိုချင်တာပါ။ Samsung အနေနဲ့ နောက် S6 မှာဖြစ်ဖြစ် Note 4 မှာဖြစ်ဖြစ် ဒီထက်ပိုထူးခြားတဲ့အရာတွေကို ဖြည့်ဆည်းပေးလာမယ်လို့ မျှော်လင့်မိပါတယ်။


What’s GOOD

ကောင်းမွန်တဲ့ မျက်နှာပြင်
မြင့်မားတဲ့စွမ်းဆောင်ရည်
ထူးခြားပြီးအဆင့်မြှင့်ထားတဲ့ ကင်မရာ
ရေစိုခံခြင်း

What’s BAD
များပြားလှပြီး ရှုပ်ထွေးလှတဲ့ feature များ
ပလတ်စတစ်ကိုယ်ထည်နဲ့ ညံ့ဖျင်းတဲ့ဒီဇိုင်း
Low Light အခြေအနေတွင်ပုံကောင်းမရနိုင်ခြင်း

techspace journal

ရေရှားပါးမှုကြောင့် တောဆင်ရိုင်းများ ကျေးရွာများအထိ ဝင်ရောက်


ပုသိမ်၊ မေ ၁၀

  ပုသိမ်-မော်တင် ကားလမ်းပေါ်ရှိ ကျေးရွာအချို့တွင် ညဘက်အချိန်၌ တောဆင်ရိုင်းများ ဝင်ရောက်လျက် ရှိကြောင်း ယင်းလမ်းတစ်လျောက်ရှိ ဒေသခံ ကျေးရွာသားများက ပြောကြားသည်။
“တောဆင်ရိုင်းတွေက ပုံမှန်ဆိုရင် စပါးပေါ်ချိန်မှ ရွာနားအထိ ရောက်လာပြီး စပါးခင်းတွေထဲအထိ ဝင်တတ်ကြတာ၊ အခုက ရွာနီးဝန်းကျင်အထိ ရောက်လာပြီး ရေကို အဓိကထား ရှာဖွေကြပါတယ်။ အစာအတွက် မဟုတ်ဘဲ ရေရှာဖို့ လာကြတယ်လို့ ထင်တယ်” ဟု ငပုတောမြို့နယ် ထန်းတပင်ရွာက တောင်သူ ဦးရဲက ပြောဆိုသည်။

ပုသိမ်-မော်တင်ကားလမ်းမှာ အရှည်မိုင် ၉၀ ခန့်ရှိပြီး ကားလမ်း တစ်လျှောက်တွင် တောဆင်ရိုင်းများ ကျက်စားရာနယ်မြေ ဖြစ်၍ ဆင်အန္တရာယ်ကို ရှောင်ရှားရန် သတိပေး ဆိုင်းဘုတ်များ စိုက်ထူထားကြောင်း ဒေသခံများက ပြောကြားသည်။
“သစ်ထုတ်လုပ်ရေးလမ်းမှာ ကျွန်တော်တို့ လင်မယား ဆိုင်ကယ် စီးသွားတုန်း တောဆင်ရိုင်းနဲ့ တွေ့သေးတယ်။ ရွာနဲ့ တစ်မိုင်လောက်ပဲ ဝေးမယ်၊ ဆိုင်ကယ်စက်နှိုးပြီး ဖုန်တောထဲ ပစ်ချထားလိုက်တာ စက်သံကြောင့် ဖုန်ထနေတဲ့အချိန် ထွက်ပြေးခဲ့ရတယ်” ဟု တောဆင်ရိုင်းနှင့် မျက်မြင် တွေ့ ကြုံခဲ့ရသည့် ထန်းတပင် ကျေးရွာသား ဦးဌေးအောင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ယင်းသို့ တောဆင်ရိုင်းများ ရွာနီးနားအထိ ရောက်ရှိလာခြင်းမှာ ၎င်းတို့နေထိုင်သည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာခြင်းကြောင့် ဖြစ်ကြောင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးမှုကြောင့် မြေဆီလွှာ ပျက်စီးပြီး တာရှည် ထိန်းထားနိုင်သည့် ကန်ရေများ ခန်းခြောက် လာခြင်းကြောင့် ဖြစ်ကြောင်း၊ စပါးပေါ်ချိန်တွင် ရောက်လာတတ်သည့် တောဆင်ရိုင်းများမှာ ယခုအခါ သောက်ရေ အတွက်ပါ ရှာဖွေရသောကြောင့် လူနေထိုင်သည့် ကျေးရွာများအထိ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပုသိမ်မြို့နယ် သစ်ထုတ်လုပ်ရေး အငြိမ်းစား ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

ယင်းဖြစ်ရပ်မျိုးနှင့် ဒေသခံ ကျေးရွာသားများ ရင်ဆိုင်နေရသော်လည်း ခရိုင်သစ်တော ဦးစီးဌာနသို့ ဆင်အန္တရယ် ကာကွယ်ပေးရန် တင်ပြထားခြင်း မရှိကြောင်း ပုသိမ်ခရိုင် သစ်တောဦးစီးဌာနမှူးက ပြောကြားသည်။
“အခုထိတော့ သတင်း တက်မလာသေးဘူး။ ရွာထဲ ဆင်ဝင်တယ်လို့ ပြောတာနဲ့ ဒေသခံတွေက သစ်တောဦးစီးဌာနကို ခေါင်းစဉ်တပ်တယ်၊ ဆင်နဲ့ ပတ်သက်ရင် သစ်ထုတ်လုပ်ရေး ဦးစီးဌာနနဲ့ပဲ ဆိုင်ပါတယ်။ အဲဒီမှာ ဆင်မောင်းအဖွဲ့၊ ဆင်ဆရာဝန်တွေ ရှိကြပါတယ်” ဟု ၎င်းကရှင်းပြသည်။

လက်ရှိအချိန်၌ သစ်တောများတွင် ရွက်နုဝေချိန် ဖြစ်သောကြောင့် ဆင်များအတွက် အစာပူပင်ရခြင်း မရှိသော်လည်း စိမ့်စမ်းများနှင့် ချောင်းများတွင် ရေခန်းခြောက်မှုကြောင့် ရေရှာဖွေရန် လူနေကျေးရွာများသို့ ဆင်များ လာရောက်ခြင်း ဖြစ်ကြောင်း သစ်တော ဦးစီးဌာနများသို့ တင်ပြခဲ့သော်လည်း ဝန်ထမ်း မလုံလောက်ဟုဆိုကာ ရှောင်လွှဲ တတ်ကြကြောင်း ငပုတောမြို့နယ် ဝက်ကော်ကျေးရွာနေ ကရင်အမျိုးသားကြီး တစ်ဦးက ပြောကြားသည်။

The Voice Weekly

ဒီမိုကရေစီ ကျန်းမာပါစေ



(ဆောင်းပါးရှင် - မောင်ကြည်)

တစ်ခါတုန်းက ဇာတ်သင်္ဘောရေမြုပ်လို့ မရှိမဲ့ရှိမဲ့ ဇာတ်သူဇာတ်သားတွေနဲ့ ဇာတ်သေတ္တာလေး တစ်လုံးကိုပိုက်ပြီး ဇာတ်ကမယ့်ရွာကို ဖြစ်သလို ရောက်လာခဲ့ကြတဲ့ ဇာတ်အဖွဲ့တစ်ဖွဲ့ ရှိခဲ့ဖူးပါတယ်။ ဖြစ်ချင်တော့ အဲဒီညက ဇာတ်ကရမယ့်ည။ ဘာပဲဖြစ်ဖြစ် ကကိုကရတော့မယ်ဆိုတော့ တစ်လုံးတည်းသော ဇာတ်သေတ္တာကို ဖွင့်ကြည့်လိုက်တော့ ဇာတ်ဝတ်ဇာတ်စားက တစ်စုံတည်းရှိတော့တယ်။ ကိုင်း မထူးပါဘူးလေ။ ရှိတဲ့တစ်စုံနဲ့ပဲ ရှိတဲ့လူဝတ်ပြီး ဖြစ်သလို ကရတော့မှာပေါ့လေ။ ဘယ်တတ်နိုင်မလဲ။

ဒါနဲ့ အဲဒီညက ရွှေပွဲလာပရိသတ်ကို ပထမဆုံး ဖျော်ဖြေတဲ့ဇာတ်က ရသေ့ဝတ်စုံနဲ့ ထွက်လာတဲ့ ဇာတ်ပါပဲ။ ရသေ့တစ်ပါးက သူ့အလှည့်ကပြီးတော့ ထွက်သွားတယ်။ နောက်တစ်ပါး တက်လာတယ်။ ရသေ့ဝတ်စုံနဲ့ပါပဲ။ စောစောက၀တ်သွားတဲ့ ရသေ့ဝတ်စုံနဲ့ပါပဲ ။ဒီလိုနဲ့ ရသေ့တွေတစ်ပါးပြီး နောက်တစ်ပါး။ နောက်တစ်ပါးပြီးတော့ နောက်ထပ်တစ်ပါး။
ကြာတော့ ပရိသတ်ထဲက လူတစ်ယောက်က မနေနိုင်တော့ဘူး။ “ဟေ့ ဘယ်လိုလဲကွ မင်းတို့ဇာတ်က ဒီရသေ့တွေပဲ ရှိလား။ တခြားလူတွေ မရှိတော့ဘူးလား” လို့ ထမေးပါလေရော။ ကန့်လန့်ကာကြားထဲက အသံတစ်သံ ထွက်လာတယ်။ “ဟုတ်ကဲ့ သည်းခံကြပါခင်ဗျာ။ ဒီနေ့ည ကမယ့်ဇာတ်က ရသေ့ရှစ်သောင်းဇာတ်ပါ” တဲ့။ ကြည့်ပေရော့ မိုးအလင်း။ တစ်ညလုံးထိုင်ကြည့်တောင် ရသေ့ရှစ်သောင်းက ကုန်နိုင်ပါ့မလားမသိ။ တစ်ခါလာလည်း ဒီရသေ့။ နောက်တစ်ခါလာလည်း ဒီရသေ့။ မဆုံးနိုင်တဲ့ အဲဒီရသေ့တွေကို ပြည်သူတွေ ကြည့်ခဲ့ရပေါင်း များပါပြီ။ ကျွန်တော်တို့ပြည်သူတွေ ဘယ်အချိန် ဘယ်ကာလအထိ ရသေ့ရှစ်သောင်းဇာတ်ကို ဆက်ကြည့်နေရဦးမှာလဲ။

မြန်မာပြည်ဆိုတဲ့ ဇာတ်ရုံတော်ကြီးမှာ ရသေ့ရှစ်သောင်းဇာတ်ကို ကပြအသုံးတော်ခံလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပါပြီ။ စင်ပေါ်ကိုတက်လာတာ ဒီဝတ်စုံနဲ့ဒီလူ။ နောက်တစ်ကြိမ် စင်ပေါ်ကို ထပ်တက်လာတာလည်း ဒီဝတ်စုံနဲ့ ဒီလူပါပဲ။ မပြောင်းလဲသော စကားလုံးများကို မပြောင်းလဲသော လူတွေက မရိုးနိုင်စွာ ပြောနေပေမယ့် ပြည်သူတွေကတော့ ရိုးအီလွန်းလို့ သမ်းဝေနေကြပါပြီ။ အင်း ဒီဇာတ်ရုံကြီးမှာ ဒီလူတွေနဲ့ ဒီဇာတ်ကိုကြည့်နေရတာ ဒီလိုပုံနဲ့ မိုးလင်းတော့မယ် ထင်ပါရဲ့။ လင်းကြက်က တွန်တော့မယ်။ ရောင်နီလည်း လာတော့မယ်။ ဒီမိုကရေစီမင်းသားက မထွက်နိုင်သေး။ မင်းသားဝတ်စုံ ပျောက်နေတာပဲလား။ အရင်ကတည်းက မင်းသားဝတ်စုံ မပါလာတာပဲလား။ ကမယ့်မင်းသားကိုက မရှိတာလား။ ဒါမှမဟုတ် အဲဒီမင်းသားက မင်းသားဝတ်စုံချွတ်ပြီး လူကြမ်းဝတ်စုံ ပြောင်းဝတ်ဖို့ စိတ်ကူးနေတာလား။ ဘီလူးခေါင်းနဲ့ မင်းသားလေးများ ဖြစ်နေမလား။

ပြည်သူတွေမှာတော့ အိပ်ရေးပျက်တဲ့ မျက်လုံးတွေနဲ့ ဇာတ်စင်ရှေ့မှာ ငုတ်တုတ်လေးတွေ ထိုင်လို့။ “ကပါတော့ဗျို့” “နှစ်ပါးသွား ကပါတော့။ ဘယ်တော့ ကမှာလဲ” လို့ အော်ရလွန်းလို့ အသံတွေလည်း ပြာနေပြီ။ တစ်ညလုံး ငုတ်ထုတ်ထိုင်နေရလို့ တစ်ကိုယ်လုံးလည်း ညောင်းညာကိုက်ခဲနေပြီ။ ဒီမိုကရေစီမင်းသားနဲ့ မင်းသမီးက မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကားနေတုန်းပါပဲ။ သြော် ဒီမိုးဒီလေ ဒီလူတွေနဲ့ ဒီဇာတ်ရုံကြီးထဲမှာ ဒီညတော့ ငုတ်တုတ်ထိုင်ပြီး မိုးလင်းတော့မယ် ထင်ပါရဲ့။

တစ်လောက ဖတ်လိုက်ရတဲ့ ဒီလှိုင်းဂျာနယ်ထဲမှာတော့ ဆရာတော် အရှင်ဝီရိယ (တောင်စွန်း) က မြန်မာပြည်ရဲ့ ဒီမိုကရေစီက သံကြားအဆင့်ပဲ ရှိသေးတယ်လို့ ရေးသားခဲ့ပါတယ်။ ရုပ်မြင်တဲ့အဆင့်ကို မရောက်သေးပါဘူးတဲ့။ မြန်မာပြည်သူတွေရဲ့ အဖြစ်က ဘာနဲ့တူသလဲဆိုတော့ ရွာတွေမှာ အလှူအိမ်ကဖွင့်တဲ့ သီချင်းသံကြားရာနောက် လိုက်နေတဲ့ လူတွေနဲ့ တူပါတယ်။ အသံကြားတဲ့နေရာမှာ အလှူရှိလောက်ရဲ့ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့။ ဖက်ဖက်သာ မောပါလေရော။ အသံသာကြားပြီး အလှူ အိမ်ကို မမြင်ရသလို ဖြစ်နေတယ်။ ဆရာတော် ရေးသလိုပါပဲ။ ဒီမိုကရေစီအသံတော့ ကြားနေရပါရဲ့ ဒီမိုကရေစီကို ကိုယ်လုံးကိုယ်ထည်နဲ့ ထင်ထင်ရှားရှား ပေါ်ထွက်လာမယ့် ရုပ်လက္ခဏာကို ခုချိန်ထိ ကောင်းကောင်းမမြင်ရသေးပါဘူး။

ခုတော့ ရပ်ထဲရွာထဲ တစ်ယောက်နဲ့တစ်ယောက် လက်တို့ပြီး “ဒီမိုကရေစီဆိုတာ ဘယ်လိုမျိုးလဲ။ ပိန်ပိန်လား၊ ၀၀လား။ ရုပ်ချောရဲ့လား၊ သဘောကောင်းရဲ့လား” ပြည်သူတွေခမျာ မျှော်ရလွန်းလို့ လည်ပင်းညောင်ရေအိုး ဖြစ်တော့မယ်။ ခက်တာက တကယ်လာမယ့်သူကို မျှော်ရတာက မျှော်ရကျိုး နပ်ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်ပါစေ အချိန်တန်လို့ ကိုယ်မျှော်ရတဲ့သူကို တွေ့ရရင် မျှော်မောမောပြီး ပျော်ရပါတယ်။ ခုတော့ ကျွန်တော်တို့ပြည်သူတွေက တကယ်မရှိတဲ့သူကို မျှော်သလိုများ ဖြစ်နေပြီလားလို့ တွေးပူမိပါတယ်။

တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား ဖြစ်မှာကို စိုးရိမ်မိပါတယ်။ ဒီမိုကရေစီ ရွှေရည်စိမ်ထားတာကို ဒီမိုကရေစီ အစစ်ထင်ပြီး ပြည်သူတွေ အလိုက်မှားမှာကို အစိုးရိမ်ဆုံးပါပဲ။ သို့သော် ဒီနေ့ဒီအချိန် ဒီကာလအထိတော့ ပြည်သူတွေရဲ့ရင်ထဲမှာ နွမ်းယဲ့ယဲ့ မျှော်လင့်ချက်လေးနဲ့ ရေးတေးတေးတော့ မျှော်လင့်နေမိတုန်းပါပဲ။ မောင်မင်းကြီးသား ဒီမိုကရေစီ ကျန်းမာလို့ချမ်းသာပါစေ။ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေလို့ နေ့စဉ်ဆုတောင်းမေတ္တာ ပို့သနေရပါတယ်။

Eleven Media Group

အိမ်ထောင်သက် တစ်လ ကျော်ပြီ ဖြစ်သော်လည်း ရင်သွေးမလိုချင်သေးတဲ့ ၀ိုင်းစု




အနုပညာအလုပ်များကို ပိုလုပ်ချင်သေးသောကြောင့် အိမ်ထောင်သက် တစ်လကျော်ရှိပြီဖြစ်သော်လည်း ရင်သွေးမယူချင်သေးကြောင်း ၀ိုင်းစုခိုင်သိန်းကဆိုသည်။

‘‘ရင်သွေးမယူသေးဘူး။ အလုပ်လုပ်ချင်သေးတယ်။ အာဘွားအတွက် အမ်တီဗီရိုက်စရာရှိတယ်။ စုံတွဲခွေထွက်စရာရှိတယ်။ နောက်ထပ်တစ်ခွေလည်း ထုတ်ချင်သေးတယ်’’ဟု အဆိုတော်၊ သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းကပြောသည်။

ထွက်ရှိထားသော တတိယခွေ‘‘အာဘွား’’အတွက် အမ်တီဗီရိုက်ကူးရန် လတ်တလောတွင် ဒါရိုက်တာအောင်မြတ်နှင့် ၀င်းလွင်ထက်တို့ထံ အပ်ထားပြီး ပါဝင်သရုပ်ဆောင်မည့် မော်ဒယ်များကို မရွေးချယ်ရသေးကြောင်း ၀ိုင်းစုခိုင်သိန်းကပြောသည်။

ဧပြီလ ၅ ရက်မှာ ‘‘မင်းရဲ့ရွေးချယ်မှု’’သီချင်းတစ်ပုဒ်ရိုက်ဖို့ ချိန်ထားတယ်။ Story Board ရပြီဆိုတော့ မင်းသား၊ မင်းသမီး ရွေးမယ်။ အစ်မလည်းပါမယ်။ အစ်မရိုက်ချင်တဲ့ဟာလေးတွေ ဒါရိုက်တာကိုပြောပြတယ်’’ဟု ၎င်းကပြောသည်။

မက်လောက်စရာ၊ မျက်လှည့်အခွေများထက် ရိုက်ကူးမှုပုံစံ ဆန်းဆန်းပြားပြားဖြစ်အောင် ရိုက်ကူးရမည့် သီချင်းများက အာဘွားအခွေတွင် မပါသည့်အတွက် ပုံမှန်ထက် အနည်းငယ်ထူးခြားအောင်သာ ရိုက်ကူးမည်ဟု ၀ိုင်းစုခိုင်သိန်းကပြောသည်။

ဝိုင်းစုခိုင်သိန်း၏ ထွက်ရှိထားသော တစ်ကိုယ်တော်ခွေများမှာ ပရိသတ်များ၏ အစဉ်အမြဲအားပေးမှုကိုရနေပြီး ဂီတဆုများစွာကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်သည်။
7Day News

အာဆီယံမျှော်မှန်းချက်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များအခန်းကဏ္ဍကိုအလေးထားထည့်သွင်းစေလိုကြောင်း သမ္မတတိုက်တွန်း



နေပြည်တော်၊ မေ ၁၁

၂၀၁၅အလွန်အာဆီယံမျှော်မှန်းချက်တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အခန်းကဏ္ဍကို ပိုမိုမြင့်မားသည့်
စီမံချက်များအလေးထားထည့်သွင်းပေးစေလိုကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယနေ့ထိပ်သီးအစည်းအဝေးတွင်တိုက်တွန်းပြောကြားခဲ့သည်။

အာဆီယံကြေညာချက်ပါအမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုပပျောက်ရေးကို ပိုမိုအကောင်အထည်ဖော်နိုင်ရန် အာဆီယံအမျိုးသမီးများနှင့်ကလေးများအခွင့်အရေးကာကွယ်မြှင့်တင်ရေးကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်း ကိစ္စမှာ အင်ဒိုနီးရှားနိုင်ငံမှအလှည့်ကျဥက္ကဌတာဝန်ယူခဲ့ချိန်တွင် သမ္မတ ဒေါက်တာ ဆူစီလိုဘမ်ဘမ်းယူဒိုရိုနိုဖော်ပြခဲ့သည့်
အာဆီယံ၏ ၂၀၃၀ ခုနှစ် ဖွံ့ဖြိုးမှုနှစ်ဆမြှင့်တင်ရေးနှင့် ဆင်းရဲမှုထက်ဝက်လျှော့ချရေးမျှော်မှန်းချက်များနှင့်လည်း ဆက်နွယ်ပြီး
အရေးပါလှကြောင်း ပြောကြားခဲ့သည်။



သုတလင်း၊ မြတ်စုငြိမ်း

Popular

နိုင်ငံတော်၏ အလုပ်သမားများ



‘‘အ၀တ်လျှော် ပေးရ တယ်။ မီးပူတိုက်ပေးရတယ်။ လုံချည်တောင် လျှော်ခိုင်းတယ်။ သနပ်ခါးသွေးပေးရတယ်။ ချက်တာပြုတ်တာ၊ သန့်ရှင်းရေးကိစ္စအားလုံး လုပ်ပေးရတယ်။ နင်းနှိပ်ပေးရတယ်။ အိမ်ဖော်မဟုတ်ဘဲ အိမ်ဖော်တစ်ယောက်လို လုပ်နေရတယ်။ ဒီကြားထဲ အပြစ်မလွတ်ဘူး။ မထင်ရင် မထင်သလို အပြောအဆိုခံရပါတယ်။

ရုံးရောက်ရင်လည်း ဝေယျာဝစ္စအကုန်လုပ်ပေးရတယ်။ ရေပူရေအေး တောင်းတာပေးရတယ်။ ကော်ဖီ ဖျော်ပေးရတယ်။ ထမင်းချိုင့်ဖွင့်ပေး၊ သိမ်းပေးရတယ်’’

ဒီစကားတွေ ပြောပြတာက သာမန် အရပ်သူတစ်ယောက် မဟုတ်ဘူး။ အိမ်အကူ လုပ်သား တစ်ယောက်မဟုတ်ဘူး။ ဆယ် တန်းမအောင်၊ ဘွဲ့မရဘဲ အလုပ် ၀င်လုပ်နေတဲ့သူ မဟုတ်ဘူး။ ဆွေမျိုးတော်စပ်လို့၊ ကျေးဇူးခံ၊ ကျေးဇူးစား မကင်းရာ မကင်း ကြောင်းမို့ လုပ်ပေးနေရတဲ့သူ လည်း မဟုတ်ဘူး။ အတန်းပညာ အားဖြင့် မဟာဘွဲ့တစ်ခု ရထား တယ်။ အစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကနေ တိုက်ရိုက် ရွေးချယ်ခန့်ထားတဲ့ ဆရာမငယ်တစ်ဦး ဖြစ်ပါတယ်။

ကျုပ်မိတ်ဆွေ ဆရာမလေး က သူကိုယ်တိုင် ကြုံတွေ့ရတာ ကို ပြန်ပြောပြနေတာပါ။ ကျုပ် ဖြင့် အံ့ကိုသြလို့။ သူ့အထက်လူ ကြီးက အပျိုကြီးတဲ့။ နယ်မှာလာ ပြီး တာဝန်ထမ်းတာမို့ ရုံးကပေးတဲ့ လိုင်းခန်းမှာ နေတယ်လို့ဆိုပါ တယ်။ ဌာနမှာရှိတဲ့ အငယ်တန်း ၀န်ထမ်းတွေကို နိုင်ရာနိုင်ရာ ခေါ် ခေါ်ပြီး အလှည့်ကျ ခိုင်းတတ် တယ်လို့ သိရပါတယ်။ အချို့က လည်း အကျင့်ပါ အရိုးစွဲနေတဲ့ ‘‘ဖား’’စိတ်ဓာတ်နဲ့ လိုလိုလားလား လုပ်ပေးတတ်ကြတယ်လို့ ပြောပြ ပါတယ်။ မလွှဲမရှောင်သာလို့ အလုပ်အကိုင်နဲ့ ဘ၀အခြေအနေ တွေကို လာပြီးထိခိုက်ပတ်သက် မှာစိုးလို့ လုပ်ပေးကြရတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ကျုပ်နားလည်ထားတာက အစိုးရ၀န်ထမ်းဆိုတာ ခန့်အပ် ထားတဲ့ ရာထူးအဆင့်တာဝန်နဲ့ အညီ အစိုးရရဲ့ ယန္တရားလည်ပတ် မှုမှာ ပါဝင်လုပ်ဆောင်ဖို့ ပြည်သူ ကို အလုပ်အကျွေးပြုဖို့ ဖြစ်ရပါ မယ်။ ရာထူးကြီးမြင့်သူတွေအ တွက် သီးသန့်ခန့်အပ်ထားတဲ့ ယာဉ်မောင်း၊ ထမင်းချက်၊ ဥယျာဉ်မှူးဆိုသူတွေတောင် သူတို့တာဝန်ယူရတဲ့ အရာရှိကြီးတွေ နိုင်ငံ့ တာဝန်ကို တင်းပြည့်ကျပ်ပြည့် ထမ်းရွက်နိုင်ဖို့ အထောက်အပံ့ ပေးရမှာ အဓိကဖြစ်ပါတယ်။

အရာရှိကြီးများရဲ့ ဇနီး မယား၊ သမီးသားမြေးများ ဈေးဝယ်လိုက်ပို့ဖို့၊ ကျောင်းပို့ ကျောင်းကြိုလုပ်ဖို့ ဘုရားဖူးအလှူအတန်းသွားဖို့၊ ညရေးညတာ ကိုယ်ရေးကိုယ်တာကိစ္စကအစ အချိန်မတော်လင်းအားကြီး ခေါ်တဲ့အချိန်တိုင်း ထသွားကြရတာကလည်း ၀န်ထမ်းငယ်တွေရဲ့ ဘ၀တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ၀န်ထမ်းငယ်တွေခမျာ သူတို့ အထက်အဆင့်ဆင့်အရာရှိကြီးများရဲ့ ကိုယ်ရေးကိုယ်တာနဲ့ မိသားစုကိစ္စများကို တွဲဖက်ထမ်းဆောင်နေကြရတာ။ ကျုပ်တို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့နိုင်ပါတယ်။

တချို့ ၀န်ထမ်းငယ်တွေ မှာ နိုင်ငံတော်က ခန့်အပ်ထားတဲ့ မူလတာဝန်ဝတ္တရားများကို လုံးဝ ထမ်းဆောင်စရာ မလိုတော့ဘဲ သူတို့ကို ကင်းလွတ်ခွင့် (Pass) ပေးထားတဲ့ အထက်လူကြီးအနား မှာပဲ တစ်ချိန်လုံး နေပေးကြရ တာလည်း ရှိပါတယ်။ လူကြီးဗေ ဒင်မေးသွားရင်လည်း လိုက်ပို့ရ တယ်။ တရားထိုင်သွားရင်လည်း လိုက်ပြီး စောင့်ပေးရတယ်။ ဆံပင်ညှပ်ဆိုင်၊ ဗြူတီပါလာဆိုင် သွားရင်လည်း အဖော်လိုက်ပေး ကြရတယ်။ ရုံးအားရက်မျိုးမှာ လူ ကြီးက စီးပွားရေးလုပ်ငန်းချဲ့ထွင် ဖို့၊ အိမ်ခြံမြေကွက် ၀ယ်ယူဖို့ စုံ စမ်းမေးမြန်းလှည့်လည်ရာမှာ လည်း မငြင်းဆန်နိုင်ဘဲ လိုက်ကြ ရတယ်။ ဒီလိုဖြစ်စဉ်တွေ အများ ကြီးရှိပါတယ်။

မြန်မာ့ဝန်ထမ်း အဖွဲ့အစည်းများအကြားမှာ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ လုပ်ပိုင်ခွင့် တွေနဲ့အတူ လွဲမှားပြီး ဘက်လိုက်မှုရှိတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုများကြောင့် နိုင်ငံတော်ရဲ့ ၀န်ဆောင်မှု၊ ထုတ်လုပ်မှုကဏ္ဍများစွာမှာ ဆုံးရှုံးမှုများစွာ ရှိနေတယ်လို့ ဆိုချင်ပါတယ်။ မြန်မာ့လူနေမှုပုံစံ အရင်းခံအကြောင်းတရားများနဲ့ အပြန်အလှန် နားလည်မှုများ၊ အပေးအယူလုပ်မှုများ။ အဂတိလိုက်မှုများ ပေါင်းစပ်လိုက်တဲ့အခါ ‘အကျင့်ပျက်ဝန်ထမ်းများ’ လို့ ဆိုနိုင်မယ့် အလွှာကြီးတစ်ခု အားကောင်းစွာ တည်ရှိနေပါတော့တယ်။

ရာထူးငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ၀န်ထမ်းအား လုံးသည် နိုင်ငံတော်ရဲ့ လခစား အလုပ်သမားများ ဖြစ်ပါတယ်။ အလုပ်သမားဆိုတာ ကိုယ်ယူ ထားတဲ့ အခကြေးငွေနဲ့ ညီမျှ အောင် အလုပ်လုပ်ရပါမယ်။ ပို၍ပို၍ ကောင်းအောင်၊ လုပ်နိုင်အောင်လည်း အားထုတ်နေရပါ မယ်။ ခိုမယ်၊ ကပ်မယ်၊ အခွင့်အရေးယူမယ်ဆိုရင် မသင့်တော်ပါ ဘူး။ နိုင်ငံတော်ရဲ့ အလုပ်သမားတွေထဲမှာ တောင်သူလယ်သမား တွေ၊ ကာယဉာဏလုပ်သားတွေ၊ ပုဂ္ဂလိက၊ အစိုးရ၀န်ထမ်းတွေ၊ စီမံကွပ်ကဲအုပ်ချုပ်သူတွေ အားလုံးပါပါတယ်။

လုပ်ငန်းတစ်ခုဟာ ပိုင်ရှင် က စိတ်စေတနာကောင်းရှိမယ်၊ ဖွဲ့စည်း လည်ပတ်ရပ်တည်မှု လည်း ခိုင်မာမယ်၊ အလုပ်သမား တွေကလည်း ကြိုးစားမယ်ဆိုရင် အောင်မြင်မှာ သေချာပါတယ်။ နိုင်ငံတော်ကို ပိုင်တာက အထက် မှာ ဖော်ပြခဲ့တဲ့ အလုပ်သမားတွေ အပါအ၀င် ကျုပ်တို့ပြည်သူတစ် ရပ်လုံး ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံ တော်ရဲ့ ပိုင်ရှင်ဟာ နိုင်ငံတော်ရဲ့ အလုပ်သမားတွေပဲ ဖြစ်နေပြန် ပါတယ်။ ဒါကြောင့် ကျုပ်တို့ အားလုံးရဲ့ တာဝန်က ပိုပြီးကြီးပါ တယ်။

ယိုယွင်းချည့်နဲ့မှုများစွာကို တည့်မတ်ဖို့ ပြန်လည်အရှိန်ယူစ ပြုနေတဲ့ ကျုပ်တို့နိုင်ငံတော်ကို ဆက်လက်လည်ပတ်ခရီးနှင်ဖို့ ပိုင်ရှင်တစ်ဖြစ်လဲ ကျုပ်တို့ အ လုပ်သမားတွေ ညီညီညွတ်ညွတ် ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါပေ မဲ့ အလုပ်သမားဆိုတာ ထိုက်သင့် တဲ့လစာ၊ ထိုက်သင့်တဲ့ အခွင့်အ ရေးရမှ အလုပ်လုပ်ချင်စိတ်ရှိမှာ ဖြစ်ပါတယ်။ လစာနဲ့ အသုံးစရိတ် မကာမိ၊ မလုံလောက်တဲ့အခါ အ လုပ်သမားတွေက ထွက်ပေါက် ရှာတတ်ကြပါတယ်။ ရပိုင်ခွင့် တွေ၊ လုပ်ပိုင်ခွင့်တွေကို လောဘ မသတ်နိုင်တဲ့အခါ အကြီးအကဲ အသီးသီးက ထင်တိုင်းကြဲတတ် ကြပါတယ်။

ဒီဆောင်းပါး စစချင်းမှာ ကျုပ်တင်ပြခဲ့သလိုပဲ ကိုယ့်အ လုပ်ကို မလုပ်ရ၊ ကိုယ့်တာဝန်ကို မထမ်းရ၊ မိသားစုအရေးကိစ္စ ထက် ကိုယ့်အထက်က လူကြီး မင်းများရဲ့ ပိုင်စိုးပိုင်နင်း စေခိုင်း မှုများကြောင့်လည်း နစ်နာထိ ခိုက်နေရသူတွေ အများကြီးရှိပါ တယ်။ နိုင်ငံ့ဝန်ထမ်း အကြီးအကဲ တွေကလည်း အာဏာကို အလွဲ သုံးစား မလုပ်သင့်ပါဘူး။ လက် အောက်ငယ်သား အစိုးရ၀န်ထမ်း တွေကလည်း တာဝန်ကို ရှောင် လွှဲပြီး လူကြီးအနားမှာ ကပ်မနေ သင့်ပါဘူး။

တစ်လတစ်လ နိုင်ငံတော် နဲ့ ပြည်သူအတွက် ဘာမှ မလုပ် လိုက်ရဘဲ လစာမှန်မှန် ထုတ်နေ သူတွေများနေဦးမယ်ဆိုရင် ဒီမို ကရေစီနိုင်ငံတော်သစ်အတွက် အဟန့်အတားဖြစ်နေဦးမှာပါပဲ။ ကျုပ်တို့ အားလုံးဟာ တက်ညီ လက်ညီ ရုန်းကန်နေကြရမယ့် နိုင်ငံတော်ရဲ့ အလုပ်သမားတွေ ဖြစ်တယ်ဆိုတာ မမေ့ဖို့ အရေး ကြီးပါတယ် ။   ။

7day


ရုရှားသမ္မတ ရေခဲဟော်ကီကစားပွဲ ပါဝင်ကစား၊ ယူကရိန်းအရှေ့ဘက်က အကြမ်းဖက်မှုကြောင့် သေဆုံးသူတွေအတွက် ငြိမ်သက်ဆုတောင်း


ရုရှား သမ္မတ ဗလာဒီမာပူတင်က မေလ ၁၀ ရက်နေ့က ကျင်းပတဲ့ ဆိုချီမြို့က ရေခဲဟော်ကီ ကစားပွဲကို ပါဝင်ကစားနေတာပါ ပွဲမစခင်ကတော့ ယူကရိန်းအရှေ့ဘက်က မာရိအူပယ်မြို့တွင်း အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် ငြိမ်သက် ဆုတောင်းမှုမှာ ပါဝင်ခဲ့တယ်လို့ ရုရှားသတင်းဌာန အစ်တာ တက်စ်က ဆိုပါတယ်။

နိုက်ဟော်ကီ အသင်း ကစားသမားတွေထဲမှာ ရုရှားသမ္မတ ပူတင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် ရှိုင်ဂူ၊ အားကစားသမား ပညာရှင်ဟောင်းတွေလဲ ပါတယ်လို့ ဆိုပါတယ်။ နိုက်ဟော်ကီအသင်းကို ၂၀၁၁ မှာ သမ္မတပူတင်က ဖွဲ့စည်းခဲ့ပြီး အသက် ၄၀ ကျော် အားကစားသမားတွေ ဆက်ပြိုင်ပွဲဝင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကစားပွဲအပြီးမှာတော့ ပူတင်က ကျနော်တို့မှာ အနိုင်အရှုံး မရှိဘူး ရင်းရင်းနှီးနှီးကစားပွဲလေးပါ အားလုံးပျော်ရတဲ့ပွဲပေါ့လို့ သတင်းထောက်တွေကို ပြောပါတယ်။ အားကစားရုံထဲမှာတော့ ရုရှားအလံနဲ့ ယူကရိန်းအလံကို ယှဉ်တွဲ လွှင့်ထူထားပါတယ်။

ယူကရိန်းအရှေ့ဘက် ဆိပ်ကမ်းမြို့ မာရိအူပယ်မှာတော့ ယူကရိန်းတပ်တွေနဲ့ ရုရှားလိုလားသူ ပြည်သူ့စစ်တွေကြား ရဲစခန်းတခုထဲမှာ အကြမ်းဖက်မှု ဖြစ်ခဲ့လို့ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရပါတယ်။ သေဆုံးသူ ၇ ယောက်ကနေ အယောက် ၂၀ ကျော်ကြား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

DVB Burmese

ထိုင်းအစိုးရ အိမ်တော်ထဲက အဆောက်အဦကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် အသုံးပြုခွင့်ရ


ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းစုဘန်က အစိုးရ အိမ်တော်ထဲက အဆောက်အဦတလုံးကို သူ့ရဲ့ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (ပီဒီအာရ်စီ) ရဲ့ ကွပ်ကဲညွှန်ကြားရေးရုံးအဖြစ် အသုံးပြုခွင့် ရသွားပါပြီ။

ဆန္ဒပြခေါင်းဆောင်ဟာ ဒီရုံးကို စောင့်ကြပ်နေတဲ့ ရဲနဲ့စစ်တပ် အကြီးအကဲတွေဆီက ခွင့်ပြုချက် ရအပြီး ရုံးထဲကို ၀င်ရောက်ခဲ့ပါတယ်။ ဒီရုံးထဲမှာ သူတို့ရဲ့ နေ့စဉ် ကြေညာချက်တွေ ထုတ်ပြန်ဖို့နဲ့ ဆန္ဒပြခေါင်းဆောင်တွေကြား အစည်းအဝေးလုပ်ဖို့ စီစဉ်ထားပါတယ်။ အပြန်အလှန်အနေနဲ့ ရုံးပြင်က ဆန္ဒပြသူတွေကို ထိန်းထားဖို့ ကတိပြုခဲ့ကြပါတယ်။

ဆူထေ့ပ် ကတော့ သူအဆိုပြုထားတဲ့ အိမ်စောင့်အစိုးရကို ဖွဲ့စည်းဖို့ အထက်လွှတ်တော်နဲ့ တရားရုံးက ပျက်ကွက်ရင် တဖက်သတ်လှုပ်ရှားမှုအနေနဲ့ ပြည်သူ့အစိုးရကို မေလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းဖို့ ခြိမ်းခြောက်ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လခ်ရှင်နာဝပ်နဲ့အတူ အစိုးရအဖွဲ့ အကြွင်းအကျန် အစအနတွေ အားလုံးကို ဖယ်ရှားဖို့ ဆန္ဒပြခေါင်းဆောင်က တောင်းဆိုထားပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက မနှစ်က နိုဝင်ဘာလ ကတည်းက အစိုးရအိမ်တော်ရှေ့မှာ စီတန်းလှည့်လည်နေ ခဲ့ပြီး စစ်တပ်နဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေကို အဲဒီအချိန်တည်းက တာဝန်ချထားခဲ့ပါတယ်။

ဆူထေ့ပ်ရဲ့ဘက်မလိုက်ဝန်ကြီးချုပ်ရရေး တောင်းဆိုမှုကြောင့် ၀န်ကြီးချုပ်ဟောင်း ယင်လခ်ကို ထောက်ခံသူတွေက မေလ ၁၁ ရက်နေ့မှာ ဘန်ကောက်မြို့စွန်မှာ သပိတ်စခန်း ချလိုက်ကြပါ တယ်။

ထိုင်းနိုင်ငံရေးသမားတွေကတော့ ဘုရင်စနစ်ကို သစ္စာခံသူတွေနဲ့ ထင်ပေါ်ကျော်ကြားရေး ၀ါဒီ ၀န်ကြီးချုပ်တွေ ဖြစ်တဲ့ ရှင်နာဝပ်မောင်နှမကို ထောက်ခံသူတွေကြား နိုင်ငံရေး ကွဲပြားမှုကို မစေ့စပ်နိုင်တာ ဆယ်စုနှစ် တခုနီးပါး ရှိနေပါပြီ။

ဝန်ကြီးချုပ်ဟောင်း ယင်လခ် အာဏာအလွဲ သုံးစားလုပ်မှုနဲ့ အခြေခံဥပဒေခုံရုံးမှာ ရင်ဆိုင်နေရတဲ့ ၆ လတာအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဒေါ်လာ ဘီလျံရာချီ လျော့ကျသွားခဲ့ပြီး ကမ္ဘာလှည့်ခရီးသည် လည်ပတ်မှု ဦးရေလည်း ကျခဲ့ရပါတယ်။

ယင်လခ်ကို ထောက်ခံသူတွေကတော့ သူ့ကိုဖယ်ရှားမှုကို တရားရေးနဲ့ အာဏာသိမ်းမှုလို့ ပြောရင်း ပြက်ရယ်ပြုခဲ့ပါတယ်။ ယင်လခ်ရဲ့အကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာလည်း ၂၀၀၆ ခုနှစ်က စစ်တပ်အာဏာသိမ်းတာ ခံခဲ့ရတာပါ။

ထိုင်းနိုင်ငံရေးအတွင်း သက်ဆင်ရဲ့ သြဇာလွှမ်းမှုကို အပြီးသတ် ဖယ်ရှားဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရေး အစိုးရဆန့်ကျင်ရေး ဆန္ဒပြအဖွဲ့(ပီဒီအာရ်စီ)က တောင်းဆိုနေပါတယ်။ အစိုးရ ဆန့်ကျင်သူနဲ့ ထောက်ခံသူ သပိတ်စခန်း ၂ ဘက်လုံးမှာ ရာထူးလက်ရှိ လက်နက်ကိုင်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိနေပါတယ်။

အားလပ်ရက်အတွင်း အပြိုင်အဆိုင် ဆန္ဒပြမှုတွေက နေရာချင်း ဝေးပေမယ့် ပဋိပက္ခတွေအတွက် ကြောက်ရွံ့မှုတွေတော့ မြင့်နေပါတယ်။

DVB Burmese

ရှမ်းမြောက် ဒေသ နမ့်ဆန်မှာ ဒီနှစ် လက်ဖက် ထုတ်လုပ်မှု ထက်ဝက်လောက်လျော့


ဒေသတွင်း စစ်ပွဲတွေနဲ့ လုပ်သားအင်အားလျော့လာလို့ နမ့်ဆန်ဒေသမှာ ဒီနှစ် လက်ဖက်ထုတ်လုပ်မှု လျော့သွားခဲ့ပါတယ်။

ဒသခံ လုပ်သားတွေက တရုတ်နိုင်ငံကို အလုပ်သွားလုပ်ကြပြီး လက်ဖက်ရာသီမှာ ပုံမှန်လာရောက် လုပ်ကိုင်လေ့ရှိတဲ့ အညာဒေသက လုပ်သားတွေ လာရောက်တာကလည်း အများကြီးလျော့သွားခဲ့တာပါ။

“လက်နက်ကိုင်အဖွဲ့ကလည်း ဒေသခံလူတွေကို ခေါ်တယ်။ စစ်တပ်ကလည်း ပေါ်တာဆွဲတော့ တခြားက လူတွေက မလာရဲတော့ဘူး” လို့ နမ့်ဆန်ဒေသ ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ အသင်းက ကိုသန်းဇော်က ပြောပါတယ်။

အရင်နှစ်တွေကဆိုရင် ကျောက်ပန်းတောင်းဘက်က ရွှေ့ပြောင်းလုပ်သား လေးငါးရာလောက် လာခဲ့ပေမယ့် ဒီနှစ်မှာတော့ တစ်ရာကျော်ပဲ ရောက်လာခဲ့ပါတယ်။

အဲဒီလို လုပ်သားရှားပါးတာကြောင့် ရွှေဖီချိန်မှာ လက်ဖက်တွေ ထွက်သလောက် မခူးနိုင်ပဲ လျော့သွားတဲ့အတွက် လက်ဖက်ဈေး တက်သွားတယ်လို့လည်း ကိုသန်းဇော်က ပြောပါတယ်။

နမ့်ဆန်ဒေသဟာ မြန်မာတစ်နိုင်ငံလုံးက လက်ဖက်ထုတ်လုပ်တာရဲ့ ၆၀ ရာခိုင်နှုန်းကို စိုက်ပျိုး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။


DVB Burmese

ယူကရိန်းရှိ လူဟန့်စ်နှင့် စလာဗီယန့်စ်မြို့တွင် ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲလုပ်ရန် ပြင်ဆင်


ယူကရိန်းနိုင်ငံအရှေ့ဘက်က လူဟန့်စ်နဲ့ စလာဗီယန့်စ်မြို့တွေမှာ ယူကရိန်းကနေ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲလုပ်ဖို့ မေလ ၁၀ ရက်နေ့ ပြင်ဆင်နေပါတယ်။ ဒေသခံတွေက မဲပေးကြဖို့ လှုံ့ဆော်ထားတဲ့ လက်ကမ်းစာစောင်တွေနဲ့ ပိုစတာတွေကို မြို့အနှံ့တွေ့ရပါတယ်။

မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မဲပုံးတွေနဲ့ မဲပြားတွေကို ဝေပြီးသား ဖြစ်သင့်တယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီမဲပြားတွေနဲ့ မဲပေးသူ စာရင်း စစ်မှန်မှုကို ထိန်းချုပ်မယ့်သူက ဘယ်သူဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီအရေးဟာ ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ယူကရိန်းနဲ့ ဆက်ဆံရေးအတွက် အရေးကြီးတဲ့ နောက်ဆက်တွဲ ပြဿ နာ ဖြစ်လာနိုင်ပါတယ်။ လူဟန့်မြို့က မဲပေးပွဲကို မေလ ၁၁ ရက်နေ့ မနက် ၈ နာရီကနေ ည ၈ နာရီကြား ကျင်းပမှာပါ။

စလာဗီယန့်စ် မြို့တော်ဝန်လို့ သူ့ကိုယ်သူကြေညာထားသူကတော့ မဲပေးချင်သူတွေက လက်ရှိ မှတ်ပုံတင်ကိုပြဖို့ လိုတယ်လို့ ပြောပါတယ်။ မဲပြားတွေကို မဲပေးခွင့်ရှိသူ အယောက် ၃ သန်းကျော်အတွက် ပုံနှိပ်ပြီးပြီ ဖြစ်ပေမယ့် ယူကရိန်းအစိုးရကတော့ တရားမ၀င်ဘူးလို့ ကြေညာခဲ့ပါတယ်။

ရုရှားလိုလားသူ သူပုန်တွေက သူတို့ခေါ်တဲ့ ပြည်သူ့သမ္မတနိုင်ငံ နယ်နိမိတ်အတွင်း ပြင်ပလေ့လာသူတွေကို ဖိတ်ခေါ်မှုမရှိသလို မဲရလာဒ်အတွက် လိုအပ်တဲ့ မဲပေးသူ ဘယ်လောက် အနည်းဆုံးရှိမှ ဆိုတဲ့ ကန့်သတ်ချက်လည်း မရှိပါဘူး။ ဒါ့အပြင် မဲပေးခွင့်ရှိသူ စာရင်းကလည်း လွန်ခဲ့တဲ့ ၂ နှစ်က ကောက်ယူထားတဲ့စာရင်း ဖြစ်နေပါတယ်။

ဒေသခံတွေကတော့ အမြင်အမျိုးမျိုး ကွဲပြားနေပြီး အမာခံတွေက ရုရှားအစိုးရသာ သူတို့ အနာဂတ်လို့ ဆိုပါတယ်။ တချို့ကတော့ ပြည်ထောင်စုနိုင်ငံ တချို့ကတော့ ဗဟိုခွဲဖြန့်အုပ်ချုပ်မှု ပုံစံတွေကို လိုချင်နေကြတာပါ။

စလာဗီယန့်စ်မြို့မှာတော့ ဒေသစံတော်ချိန် မနက် ၈ နာရီကနေ ည ၁၀ နာရီထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဒန်ညက်စ်မြို့မှာတော့ မနက် ၇ နာရီကနေ ည ၉ နာရီထိ မဲပေးမှာ ဖြစ်ကြောင်း ဂျာမန်မီဒီယာ ဒွိုက်ခ်ျ ၀ယ်လယ် က ဖော်ပြပါတယ်။

ဒီလူထုဆန္ဒခံယူပွဲ မဲပေးမှုဟာ ယူကရိန်းနိုင်ငံတွင်း ပြည်တွင်းစစ် အလားအလာတွေ ရှိနေတယ်လို့ အကဲဖြတ်တွေက သုံးသပ်ထားပါတယ်။

လူထုဆန္ဒခံယူပွဲ မကျင်းပမီစနေညက ယူကရိန်းအရှေ့ဘက်တလွှား အဓိကမြို့တွေမှာ အခြေအနေ တင်းမာနေပေမယ့် မနက်ခင်းမှာတော့ တိုက်ပွဲ အစီရင်ခံမှု မရှိသေးပါဘူး။

DVB Burmese 

အမုန်းစကားမပြောဖို့ ဖျာပုံတွင် လှုပ်ရှားမှု ပြုလုပ်

ဓာတ်ပုံ - ပိုင်စိုး

အမုန်းတရားများ ပွားများစေတဲ့ အန္တရာယ်ရှိသော ပြောဆိုမှုများ တားဆီးရေး လှုပ်ရှားမှုတရပ် ဖြစ်တဲ့ ပန်းစကားအဖွဲ့သားတွေဟာ ရန်ကုန်ပြင်ပ ခရီးတခုအဖြစ် ဧရာဝတီတိုင်း ဖျာပုံမြို့ကို သွားရောက်ပြီး အမုန်းတရား မပွားရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဖျာပုံမြို့ခံ လူငယ်တွေရဲ့ ဖိတ်ကြားချက်အရ မေလ ၁၀ရက်က သွားရောက်ခဲ့ကြတာ ဖြစ်ပြီး သူတို့အဖွဲ့ လှုပ်ရှားမှုကို ပန်းစကားအဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က အခုလို ပြောပြပါတယ်။
“ဒါပထမဦးဆုံး ခရီးစဉ်ပေါ့။ မနက် ၉ နာရီခွဲလောက် ရောက်သွားပြီးတော့ ဒေသခံလူငယ်တွေကို ပန်းစကား လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ ရှင်းပြပြီး ဒေသခံလူငယ်တွေနဲ့ ကျနော်တို့ ရန်ကုန်က သွားတဲ့ အဖွဲ့တွေ ပေါင်းပြီး တူညီဝတ်စုံတွေ ၀တ်ဆင်ပြီးတော့ မြို့ကို ပတ်ပြီး စတေကာတွေ လိုက်ကပ်တယ်။ ပိုစတာတွေ ဝေတယ်။ လက်ကမ်းစာစောင်တွေ ဝေတယ်။ လူစည်းကားတဲ့ တချို့နေရာတွေမှာ ကျနော်တို့ ရေးထားတဲ့ လူလူချင်းပဲဆိုတဲ့ သီချင်းကို ဂစ်တာတီးပြီးဆိုဖြစ်တယ်။ စိတ်ဝင်စားပါတယ်။ သူတို့အတွက်တော့ နည်းနည်းတော့ စိမ်းနေတဲ့ သဘောတော့ ရှိတာပေါ့။ ကျနော်တို့အဖွဲ့အနေနဲ့ ဒါ ပထမဦးဆုံး စလုပ်တာဆိုတော့ ဂစ်တာလေးတလုံးတည်းနဲ့ တီးပြတာမျိုးပေါ့နော် အဲဒီအခါကျတော့ နည်းနည်းစိမ်းသလို ဖြစ်နေတာပေါ့။ ဒါပေမယ့် စတေကာတွေ ပိုစတာတွေ ဝေတဲ့အခါကျတော့ ကျနော်တို့စာသားဖြစ်တဲ့ လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့ နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့ စာသားကို တွေ့တဲ့အခါကျတော့ တော်တော်များများက သဘောကျကြပါတယ်။”

အဆင်ပြေရင် တနိုင်ငံလုံးအနှံ့ အခုလိုမျိုး သွားရောက်ပြီး အမုန်းတရာမပွားရေး လှုပ်ရှားမှုတွေ ဆက်လုပ်သွားချင်တယ်လို့လည်း ပြောပါတယ်။

“ကျနော်ကတော့ ဖြစ်နိုင်ရင်တော့ သွားချင်တာပေါ့။ ဒီဘက်မှာက လူအင်အားအခက်အခဲ နည်းနည်းရှိတာပေါ့။ အရမ်းဝေးတဲ့ ဒေသတွေမှာ ဒေသခံတွေက ဖိတ်တယ်ဆိုပေမယ့် ကားခတွေ ဘာတွေက ကျခံရတာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ဖွဲ့စည်းထားတာလည်း စေတနာ့ ၀န်ထမ်းလူငယ်တွေပဲဆိုတော့ အရမ်းဝေးတဲ့နေရာတွေ ကျနော်တို့ သွားနိုင်ပါ့မလားပေါ့။ အဲဒီလိုမျိုးလေးတွေတော့ စဉ်းစားမိတယ်။ ဖြစ်နိုင်ရင်တော့ တနိုင်ငံလုံးအနှံ့ ဒီအကြောင်းလေးကို သေချာရှင်းပြချင်တာပေါ့ဗျာ။ နောက်ပိုင်းလည်း တတ်နိုင်သလောက် သွားဖြစ်မှာပါ။”

ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီနဲ့ သင်္ကြန်တွင်းမှာ ရန်ကုန်၊ မန္တလေးနဲ့ မြို့တချို့မှာ လူအချင်းချင်းအကြား အမုန်းတရားပွားစေမယ့် စကားတွေ မပြောကြဖို့ စတစ်ကာတွေ ဗီနိုင်းပိုစတာတွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုစတင်ခဲ့ကြတာ ဖြစ်ပါတယ်။

DVB Burmese 

ဗင်နီဇွဲလားသမ္မတကို ဆန့်ကျင်သည့် ဆန္ဒပြသူတွေနှင့် ရဲတွေ ပဋိပက္ခ ဖြစ်ပွား


ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကာရာကတ်စ်က လမ်းတွေပေါ်မှာ ရာနဲ့ ချီတဲ့ အတိုက်အခံ ဆန္ဒပြသူတွေ မေလ ၁၀ ရက်နေ့က ချီတက်နေတာပါ အရင်အပတ်က ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို အစိုးရက နှိမ်နင်းပြီး လူငယ် အယောက် ၂၀၀ ကျော် ဖမ်းဆီးသွားတာကို ပြန်လွှတ်ရေး တောင်းဆိုနေပါတယ်။

ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေကို သုံးခဲ့ပြီး တချို့ ဆန္ဒပြသူတွေက အတားအဆီးတွေကို မီးရှို့ရင်း ရဲတွေနဲ့ ရုန့်ရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

အရင်အပတ်က ကာရာကတ်စ်မြို့တွင်း ကျောင်းသားလှုပ်ရှားသူတွေရဲ့ သပိတ်စခန်း ၄ ခုကို အမျိုးသား အစောင့်တပ်က မနက်အာရုံမတက်ခင် စီးနင်းခဲ့ပြီး လူငယ် ၂၄၃ ယောက်ကို ဖမ်းဆီးခဲ့တာပါ။ ဒါကြောင့် နို်င်ငံတွင်း တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပြီး ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေက မေလ ၁၀ ရက်နေ့က ချီတက်ခဲ့တာ ဖြစ်ပါတယ်။

“ကျောင်းသားတွေ အားလုံးကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ ရှိလာတဲ့နေ့ မရောက်မချင်း လမ်းပေါ်ဆက်နေမယ်”လို့ ဆန္ဒပြကျောင်းသား ဒီယေဂိုက ပြောပါတယ်။

ဖေဖော်ဝါရီလက ဗင်နီဇွဲလား ဆန္ဒပြမှုအတွင်း လူ ၄၂ ယောက် သေဆုံးခဲ့ပြီးပါပြီ။ လူအယောက် ၈၀၀ လောက် ဒဏ်ရာရပြီး အယောက် ၃၀၀၀ လောက် အဖမ်းခံခဲ့ရပါတယ်။

သမ္မတ မာဒူရိုကတော့ ဆန္ဒပြမှုတွေဟာ သူ့ကို အာဏာသိမ်းအောင် အကွက်ဆင်တာလို့ ပြောပြီး အတိုက်အခံတွေကတော့ ဖိနှိပ်မှု လှိုင်းလုံးလို့ ပြောပါတယ်။

အမေရိကန် လွှတ်တော်အမတ် တချို့က ဗင်နီဇွဲလား အရာရှိတွေကို ဒဏ်ခတ်ဖို့နဲ့ စီးပွားရေး ဒဏ်ခတ်မှု တိုးလုပ်ဖို့ တိုက်တွန်းပေမယ့် သမ္မတ အိုဘားမား အစိုးရကတော့ ဒီလုပ်ရပ်ဟာ ဗင်နီဇွဲလားနိုင်ငံရေး ပြန်လည်ပေါင်းစည်းမှု အလားအလာကို ထိခိုက်စေမယ်လို့ ပြောပါတယ်။

DVB Burmese 

တပ်မတော်အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တာဝန်အရပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တာဝန်အရ ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဧရာဝတီတိုင်း မအူပင်မြို့မှာ မေလ ၁၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒရယူပွဲမှာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော်သားများ အားလုံးလည်း တတ်တတ်ကြွကြွနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ တာဝန်အရ ပါဝင်ကြပါလို့ ကျမပြောချင်ပါတယ်။ ပထမ စမွေးကတည်းက တပ်မတော်သား မဟုတ်ပါဘူး။ နိုင်ငံသူ နိုင်ငံသားအနေနဲ့ မွေးဖွားလာပါတယ်။ နံပတ် ၁ က ဒီနိုင်ငံသားတွေ ဖြစ်ပါတယ်။ နောက်တော့မှ တပ်မတော်ထဲကို ရောက်သွားလို့ တပ်မတော်သားဖြစ်သွားတာပါ။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံသူ နိုင်ငံသား တာဝန်ဟာ နံပတ် ၁ ဖြစ်ပါတယ်ဆိုတာ ကျမအနေနဲ့ တပ်မတော်သားတွေကို သတိပေးချင်ပါတယ်။ နံပတ် ၁ အဓိက အကျဆုံးတာဝန်ကို မကျေပွန်ပဲနဲ့ အခြားတာဝန်တွေကိုလည်း ဘယ်လို ကျေပွန်နိုင်မှာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် မေးခွန်း ထုတ်ကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မအူပင်လူထု ဟောပြောပွဲမိန့်ခွန်းဟာ အရင် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဟောပြောပွဲတွေထက် ပိုပြီး ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ရှိလာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်လိုတဲ့သူတွေရှိနေပြီး လူတစုတဖွဲ့အကျိုးအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တာကြောင့် ပြင်ကိုပြင်ရမယ်လို့ ပြောခဲ့ပါတယ်။

DVB Burmese 

ကျမ စိန်ခေါ်လိုက်ချင်ပါတယ် - ဒေါ်အောင်ဆန်းစုကြည် (ရုပ်သံ)


အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မအူပင် လူထုဆန္ဒကောက်ယူပွဲမှာ မေလ ၁၀ရက်နေ့က ပြောကြားသွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ကောက်နှုတ်ချက်။


ရိုက်ကူး - ယမင်းဦး၊ မျိုးမင်းဦး
တည်းဖြတ် - ပြည့်စုံ
DVB TV News

မိုးပျံကျောပိုးဂျက်ကိရိယာကို Google စမ်းသပ်တီထွင်






Google အနေဖြင့် တစ်ကိုယ်ရေ အသုံးပြု ကျောပိုးဂျက် ပျံသန်းမှု ကိရိယာငယ်တစ်မျိုးကို ဖန်တီးထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ Google၏ လျှို့ဝှက် ဓာတ်ခွဲခန်း X Labမှ အကြီးအကဲဖြစ်သူ အက်စ်ထရိုတဲလာက ယင်းကို အတည်ပြုခဲ့သော်လည်း လက်ရှိအနေအထားအရမူ လက်တွေ့အသုံးပြုနိုင်ရန် ဝေးကွာနေဆဲ အခြေအနေ၌သာ ရှိသေးကြောင်း ဝန်ခံခဲ့သည်။ နယူးယော့ခ်တွင် ပြုလုပ်သည့် TechCrunch Disrupt နည်းပညာ ညီလာခံတွင် တဲလာက ယင်းကိစ္စကို ဖွင့်လှစ်ပြောဆိုလာခြင်း ဖြစ်သည်။ “တကယ်လို့ ဘေးကင်းရန်ကင်း ပျံသန်းနိုင်တဲ့ ကျောပိုးဂျက်လေး တစ်လုံးစီလောက် ပိုင်ဆိုင်ထားမယ်ဆိုရင် အရမ်းမိုက်နေမယ် မဟုတ်လား”ဟု တဲလာက ဆိုသည်။

Microsoftသည် Haloဂိမ်းအသစ် စတင်ရောင်းချမှု အစီအစဉ်အရ လန်ဒန်တွင် ကျောပိုးဂျက် ကိရိယာတစ်ခုဖြင့် ပျံသန်းပြခဲ့သေးသော်လည်း Googleက လူအများ အသုံးပြုနိုင်သည့် အခြေအနေမျိုးထိ ကျယ်ပြန့်လာရန်မှာ အချိန်ယူရဦးမည်ဟု သုံးသပ်ခဲ့သည်။ တဲလာက “လောလောဆယ် ကြုံနေရတဲ့ ပြဿနာက ဒီကိရိယာအတွက် ဖြည့်တင်းပေးရမယ့် စွမ်းအင်ကို လက်ရှိထက်ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လိုနေတာပါပဲ။ ကျွန်တော်တို့ ဒီကိစ္စကို မဖြေရှင်းနိုင်သေးဘူး။ နောက်ပြီး ကျောပိုးဂျက်က မော်တော်ဆိုင်ကယ် မောင်းသွားသလို အသံအကျယ်ကြီး မြည်နေလိမ့်မယ်”ဟုလည်း ရှင်းပြခဲ့သည်။


Google၏ နည်းပညာ ဓာတ်ခွဲစမ်းသပ်မှုများတွင် စိုက်ပျိုးရေးကဏ္ဍ၌ ပိုမိုအကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများလည်း ပါဝင်နေကြောင်း သိရှိရသည်။ ၎င်းက Google၏ မိုဘိုင်းလ်ဖုန်း နယ်ပယ်သို့ ချဉ်းနင်းဝင်ရောက်နေမှု ခြေလှမ်းကိုလည်း အတည်ပြုခဲ့သည်။ “မိုဘိုင်းလ်ဖုန်းတွေရဲ့ ပုံစံက ဒီထက်ပိုပြီး ဆွဲဆောင်မှု ရှိလာမယ်၊ ကြည့်ကောင်းလာမယ်ဆို ပိုကောင်းမယ် မဟုတ်လား။ နောက်ပြီး အလေးချိန်လည်း ပိုပေါ့သွားမယ်၊ ဘက်ထရီသက်တမ်း ပိုရှည်လာမယ်ဆိုရင် စိတ်ဝင်စားစရာပဲ။ ပြောရမယ်ဆိုရင် ကိုယ့်အတွက် ဖုန်းဆိုတာ သယ်ယူစရာ ပစ္စည်းတစ်ခု မဟုတ်သလိုကို ဖြစ်နေရင် ပိုပြီးကောင်းသွားပါလိမ့်မယ်”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

လုယက်မှုကျူးလွန်ခဲ့သူကို တွေ့ရှိသဖြင့် ၀ိုင်းဝန်းဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျက်ရှိ



ရန်ကုန်၊ မေ ၁၁

၉.၅.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် သာကေတမြို့နယ်၊
၂/တောင် ရပ်ကွက်နေ ကိုတိုးမှ ၎င်းသည် နေအိမ်မှ မေတ္တာ
လမ်းထိပ်သို့ ၃/ရန်ပြေရပ်ကွက်၊ မင်းနန္ဒာလမ်းအတိုင်းသွား
ရောက်ခဲ့ရာ အ.မ.က(၄၃)ကျောင်းရှေ့ရှိ မှောင်နေသည့်နေရာ
အရောက် အမည်မသိလူငယ်(၂)ဦးမှ ၎င်းအား တားဆီးပြီး
တစ်ဦးမှ ဓါးဖြင့်ဝမ်းဗိုက်အားထောက်ကာ ငွေတောင်းသဖြင့်
(၂၀၀၀)ကျပ်ပေးလိုက်ကြောင်း၊ အခြားလူငယ်(၁)ဦးမှ လည်ပင်း
အားညစ်ပြီး လက်သီးနှင့်ထိုး၊ ခြေထောက်ဖြင့်ကန်ကာ
၎င်းဝတ်ဆင်ထားသော ဂျင်းဘောင်းဘီနောက် ယာဘက်
အိတ်ကပ်အတွင်းမှ ငွေ(၂၅၀၀၀)ကျပ်ကိုလုယူ၍ ထပ်မံထိုးကြိတ်
ခံခဲ့သဖြင့် အပေါ်သွား(၁)ချောင်းကျိုး၊ သွား(၁)ချောင်းနဲ့သွားခဲ့ကြောင်း နဖူးတွင်လည်းဖူးရောင်ညိုမဲဒဏ်ရာများရရှိခဲ့ကြောင်း၊ ၁၀.၅.၂၀၁၄
ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် ၂/တောင်ရပ်ကွက်၊ သုမနလမ်း၌
ငွေများကိုလုယူသွားခဲ့သူ လူငယ်(၂)ဦးအနက်တစ်ဦးကိုတွေ့ရှိသဖြင့် သာကေတမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်အားအကြောင်းကြား
ခဲ့ပြီး ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ၎င်းမှာ ကိုကိုလွင် (၂၂)နှစ်၊ (ဘ)ဦးလှသီ၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွား
စဉ်က ကိုကိုလွင်နှင့်အတူကျူးလွန်သူမှာ ပေါက်ပေါက်(ခ)ချစ်စန်းဦး
(စိစစ်ဆဲ)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၂)ဦးကိုအရေးယူပေးရန်
တိုင်တန်းခဲ့ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ သာကေတမြို့မရဲစခန်း (ပ)၂၂၈/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ချစ်စမ်းဦး(ခ)
ပေါက်ပေါက်အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Bill Gates ပြောတဲ့ အနာဂတ် အစီအစဉ်


လူတွေအတွက် အနဂတ် ဘဝဟာ အရေးကြီးတယ်။ ကျွန်တော်တို့ဟာ အနာဂတ်မှာ ယခုထက် ပိုကောင်းအောင် ပြုလုပ်နိုင် ရလိမ့်မယ်။ အနာဂတ်မှာ ယခုထက် ပိုကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတဲ့ လမ်းစဉ်တွေကို ရှာဖွေရမယ်။။ ဒါကြောင့် ယနေ့မှစပြီး အနာဂတ်ကို ဆေးရောင်လှလှခြယ်ရအောင်။

အပေါ်က စာကတော့ Bill Gates ကပြောတဲ့ နိဒါန်း စာကြောင်းလေး ဖြစ်ပါတယ်။ သူသည် အစီအစဉ်များ ချမှတ်ပြီး အလုပ်လုပ်ရတာကို ယခုချက်ချင်း ထပြီး လုပ်တာထက် ပိုပြီး စွဲလမ်းပါတယ်လို့ ဆိုပါတယ်။ သူဟာ အစည်းအဝေးတစ်ခုကို သွားရင် အရေးကြီးတဲ့ အရာတွေကို ထိပ်ဆုံးမှာ ထားပြီး ပြောပါတယ်လို့ ဆိုပါတယ်။ နောက်မှ အရေးမကြီးတဲ့ အရာတွေကို ပြောပါတယ်။ ဘာကြောင့် အရေးကြီးတာတွေကို အရင်ပြောသလဲ ဆိုတော့ လူတွေဟာ စကားတွေ အရမ်းနားထောင် ရတာများရင် ငြီးငွေ့သွားတတ်လို့ပါလို့ သူကဆိုပါတယ်။

Bill Gates က သူများတွေ မလုပ်တဲ့ အလုပ်တွေကို လုပ်ရတာကို ပို၍ နှစ်သက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ အလုပ်က မှန်ကန်သော အလုပ် ဖြစ်ဖို့တော့ လိုပါတယ်လို့သူကပြောပါတယ်။ ကမ္ဘာပေါ်မှာ လူငါးယောက်ရှိရင် နှစ်ယောက်လောက်ပဲ ကိုယ်ပိုင် ထုတ်ကုန်ကို ထုတ်နိုင်ကြတယ်။ ဥပမာ – လူတစ်ယောက်သည် ဖုန်းပြင်တတ်သည်။ လူတစ်ယောက်သည် ကွန်ပျူတာ ပြင်တတ်သည်။ အဲဒါကို ထုတ်ကုန်ဟုခေါ်ပါသည်။

လူတိုင်းမှာ အကောင်းဆုံး အတွေးခေါ်ကောင်းတွေ ရှိဖို့ဟာ အလွန်အရေးပါတယ်။ သို့မှသာ အနာဂတ်အတွက် ကောင်းစွာ ဖန်းတီးနိုင်လိမ့်မယ်။ တီထွင်မှုတွေ ပြုလုပ်ရာမှာ အမှားတွေ ဖြစ်မှာကို စိုးရိမ်နေစရာ မလိုပါဘူး။ အမှားတွေဟာ အမှန်တွေဆီကို ရောက်ရှိစေဖို့ လမ်းစဖြစ်တယ်လို့Bill Gates က ဆိုပါတယ်။

ကျော်လင်းနိုင်


ကိုယ့်အသင်းတန်းဆင်းသွားရင် ကလေးမွေးရသလောက် နာကျင်ခံစားရတယ်



ကိုယ်အားပေးတဲ့အသင်း တန်းဆင်းသွားတဲ့အခါ ပရိသတ်တွေအတွက် ဒီအဖြစ်ကို လက်ခံဖို့ တော်တော်ခက်ခဲပါလိမ့်မယ်။ ဒီသီတင်းပတ်အတွင်း ထွက်ပေါ်လာတဲ့ စစ်တမ်းတစ်ရပ်အရ ကိုယ့်အသင်း တန်းဆင်းသွားရင် ဖြစ်ပေါ်လာတဲ့ နာကျင်မှုက ကလေးမွေးသလိုမျိုး ခံစားရတယ်လို့ ဖော်ပြထားပါတယ်။

တစ်ရာသီစာလက်မှတ် ၀ယ်ယူထားကြတဲ့ အမျိုးသား၊ အမျိုးသမီး ၁၂၀၀ကို TLF က စစ်တမ်းကောက်ယူရာမှာ သုံးပုံ၊ နှစ်ပုံက ကိုယ်အားပေးတဲ့အသင်း တန်းဆင်းသွားတဲ့အခါ ကလေးမွေးရင် ခံစားရတဲ့ နာကျင်မှုမျိုးဖြစ်ပေါ်လာတယ်လို့ ဖြေထားပါတယ်။ အဲဒီအထဲမှာ တစ်ယောက်ကတော့ အခုလိုပြောတယ်။ “အချိန် နာရီပိုင်းလောက်ပဲ ကြာပေမယ့် ကလေးမွေးရတာ အရမ်းနာကျင်မယ့်ပုံပါပဲ။ တန်းဆင်းသွားတဲ့အခါ အဲဒီဝေဒနာကို တစ်ရာသီလုံး ခံစားနေရတော့တာပဲ”လို့ ဆိုပါတယ်။

@z (ရိုးရာလေး)

ဗီဒီယိုဂိမ်းကို အချိန်ကြာကြာဆော့တဲ့ ဆယ်ကျော်သက်ကောင်လေးတွေဟာ အရိုးအားနည်းပြီး နောင်မှာ အရိုးပွလာနိုင်




အပြင်လောကမှာ ဆော့ကစားပြီး အချိန်ဖြုန်းတဲ့ ဆယ်ကျော်သက်တွေရဲ့ အရိုးဟာ ပိုသန်မာပါတယ်။ အိမ်ထဲမှာထိုင်ပြီး ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်းတွေ ဆော့နေတဲ့ ဆယ်ကျော်သက်တွေကတော့ အရိုးတွေ အားနည်းပြီး နောက်ပိုင်း အသက်အရွယ်ရလာတဲ့အခါ အရိုးပွရောဂါ ဖြစ်လာနိုင်ပါတယ်။

မော်နီတာ နဲ့ တီဗွီ ဖန်သားပြင်ရှေ့မှာ အထိုင်များတဲ့ ဆယ်ကျော်သက် ကောင်လေးတွေရဲ့ BMI (Body Mass Index) ခန္ဓာကိုယ်သိပ်သည်းဆ ညွှန်းကိန်းဟာ တခြား ဆယ်ကျော်သက်တွေထက် ပိုမြင့်ပါတယ်။

ထူးခြားတဲ့အချက်ကတော့ မော်နီတာ နဲ့ တီဗွီ ဖန်သားပြင်ရှေ့မှာ အထိုင်များတဲ့ ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ အရိုးက ဂိမ်းအဆော့နည်းတဲ့ ကောင်မလေးတွေရဲ့ အရိုးထက် ပိုပြီး သန်မာနေတာပါပဲ။

ဒီလေ့လာမှုကို နောဝေနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၁၅နှစ်မှ ၁၈နှစ်အတွင်း ကောင်လေး ၄၈၄ယောက် နဲ့ ကောင်မလေး ၄၆၃ယောက်တို့ ပါဝင်ကူညီခဲ့ကြပါတယ်။

Ref:dailymail.co.uk
Trend Myanmar




သွားနဲ့ခံတွင်း သန့်ရှင်းဖို့အတွက် လိုက်နာသင့်တဲ့ အချက်(၅) ချက်




လူတွေကြားထဲ အားရပါးရ ရယ်ပြုံးနိုင်ဖို့အတွက်ဆိုရင် အခြေခံအကျဆုံးအချက်ကတော့ သွားနဲ့ခံတွင်းကို ဂရုစိုက်ပေးရမှာပေါ့။ ဒါဟာ သွားကျန်းမာရေးအတွက်သာမကပဲ လူမှုဆက်ဆံရေးပိုင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့အချက် လည်းဖြစ်နေတာမို့ သွားနဲ့ခံတွင်းကို ဘယ်လိုဂရုစိုက်ပေးနိုင်သလဲဆိုတဲ့ အခြေခံအကျဆုံးနဲ့ လိုက်နာဖို့လွယ်ကူတဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။သွားတစ်ခါတိုက်ရင် အနည်းဆုံး နှစ်မိနစ်ခန့် ကြာမြင့်ရမှာဖြစ်ပြီး တစ်နေ့ကို နှစ်ကြိမ်ပုံမှန် တိုက်ရမှာပါ။

၂။သွားတိုက်တံကို လေးလတစ်ကြိမ် အသစ်လဲပေးပါ။

၃။တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် ပလုတ်ကျင်းပေးပါ။

၎။တစ်နှစ်မှာ နှစ်ခါလောက်တော့ သွားဆရာဝန်ဆီမှာ ကိုယ့်သွားကျန်းမာရေးအတွက် စစ်ဆေးသင့်ပါတယ်။

၅။အက်ဆစ်ဓာတ်ပါတဲ့ အစားအသောက်တွေ စားပြီးတဲ့အခါ မိနစ်သုံးဆယ်ခန့်လောက်ခွာပြီးမှသာ သွားတိုက်သင့်ပါတယ်။

Ref:womenshealthmag.com
Trend Myanmar

တောင်သူများ သဘောတူညီချက် မရရှိဘဲ မြေအောက်ကေဘယ်ကြိုး သွယ်တန်းပါက အရေးယူမည်ဟုဆို



မန္တလေး၊ မေ ၁၀

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် မြေအောက် ကေဘယ်ကြိုးများ တပ်ဆင်ရန် ကန်ထရိုက် ရယူထားသော ကုမ္ပဏီများအနေနှင့် လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများအောက်မှ ကေဘယ်ကြိုးများ ဖြတ်သန်းခြင်း ကိစ္စကို ဒေသခံ တောင်သူများ သဘောတူညီချက် မရရှိဘဲ ဖြတ်သန်း ပြုလုပ်ပါက ယင်းကုမ္ပဏီများကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ရေး မန်နေဂျာရုံးမှ စီမံကိန်းမန်နေဂျာ ဦးဌေးလှက ပြောကြားသည်။
“တောင်သူတွေကလည်း မိမိလယ်ယာမြေတွေ ထဲကဖြတ်ရင်၊ မကျေနပ်ရင် ရပ်ခိုင်းတာ၊ ဆက်လုပ်တယ်ဆိုရင် သက်ဆိုင်ရာကို တင်ပြပြီး အဲဒီကုမ္ပဏီကို အရေးယူမယ်” ဟု ၎င်းကဆိုသည်။

မည်ကဲ့သို့ အရေးယူ သွားမည်ကိုမူ မသိရပေ။ ပုသိမ်ကြီးမြို့နယ် ငွေတောင်အုပ်စု ကုလားကြီးခြံ ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများတွင် ဧပြီ ၈ ရက်နေ့မှ စတင်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငွေဆောင်-မူဆယ် မြေအောက် ကေဘယ်ကြိုး တပ်ဆင်ရန် လုပ်ပိုင်ခွင့် ရထားသည့် MFCOM ကုမ္ပဏီက မြေအောက် ကေဘယ်ကြိုးများ တပ်ဆင်ရန် တောင်သူများ ပိုင်ဆိုင်သော လယ်ယာမြေ ဥယျာဉ်ခြံမြေများအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် အာဏာပိုင် အဖွဲ့အစည်းများ မပါဝင်ဘဲ၊ မြေပိုင်ရှင်များကို အကြောင်းတစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ အချင်းတစ်ပေအနက် လေးပေကျော် မြောင်းများကို တူးဖော်ခဲ့ကြောင်း၊ ထိုသို့တူးဖော်ခြင်းကို မတူးရန် ခြံပိုင်ရှင်များက ကန့်ကွက်သော်လည်း တစ်စုံတစ်ရာ ညှိနိုင်းခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင်နေကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောဆိုကြသည်။

“ဒီကုမ္ပဏီ မတိုင်မီက DIGICOM ကုမ္ပဏီဆိုတာ လာလုပ်ဖူးတယ်။ အဲဒီတုန်းက ဒေသခံတွေကို ပျက်စီးသွားတဲ့ သီးနှံတွေအစား ပြန်ပေးတယ်။ ဒေသခံတွေလည်း ကျေနပ်တယ်။ ဒီ MFCOM ကုမ္ပဏီကျတော့ ကျွန်တော့်ကိုတော့ လာတွေ့တယ်။ အထက်မှာ အားလုံးညှိနှိုင်းပြီးပြီလို့ ပြောတယ်။ တောင်သူတွေကို ဘာမှလည်းမပေးဘူး။ ကျွန်တော့်လယ်ထဲက ဖြတ်သွားတာတောင် ခုနစ်ဧကလောက် ရှိတယ်။ ဘာမှလည်း မညှိနှိုင်းဘူး။ ဘာမှလည်းလုပ် မပေးဘူး။ အခုတောင်သူ ၂၀ ကျော်လောက် ခြံတွေထဲက ဖြတ်သွားတယ်” ဟု ကုလားကြီးခြံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံထွန်းက ဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး The Voice က DIGICOM ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ ကုမ္ပဏီအနေနှင့် အုန်းချောကျေးရွာမှ သမ္မတော ကျေးရွာအအထိ မြေအောက် ကေဘယ်ကြိုး မြှုပ်နှံတင်ဆင်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေခြင်း ဖြစ်ပြီး အုန်းချော၊ ငွေတောင်၊ ကျောက်မီး၊ လက်ကောင်း၊ သမ္မတော ကျေးရွာတို့မှ နစ်နာသူရှစ်ဦးကို အလျော်ပေးထားကြောင်း၊ သစ်ပင်မထိခိုက်သည့် တောင်သူများကို လျော်ကြေး မပေးကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်ပါ ကတိကဝတ်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ ညှိနှိုင်းရေးမှူး ဦးကျော်နိုင်က ပြန်လည် ဖြေကြားသည်။

ငွေဆောင်-မူဆယ် မြေအောက် ကေဘယ်ကြိုး တပ်ဆင်ခြင်းလုပ်ငန်းကို DIGICOM နှင့် MFCOM ကုမ္ပဏီတို့က မြန်မာဆက်သွယ်ရေး လုပ်ငန်းမှ ကန်ထရိုက်ရယူကာ တရုတ်ပညာရှင်များနှင့် ဆောင်ရွက်လျက်ရှိပြီး မေလတွင် လုပ်ငန်းအပ်နှံရမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ ထပ်မံသိရှိရသည်။

The Voice Weekly

စိတ်ဖိစီးလာလို့ ဖေ့စ်ဘွတ်ခ်ကို ကျောခိုင်းသွားတဲ့ မီးမီးခဲ



အနုပညာလှုပ်ရှားမှု၊ အိမ်ထောင်ရေးနှင့်ပတ်သက် သော ခံစားချက်များ၊ သမီးဘာဘီ အကြောင်းရင်ဖွင့်စရာနေရာတစ် ခုအဖြစ်သုံးခဲ့သော ဖေ့စ်ဘွတ်ခ် စာမျက်နှာကို စိတ်ဖိစီးမှုများလာ သောကြောင့် လွန်ခဲ့သော နှစ် ရက်ကပိတ်လိုက်ကြောင်း အဆို တော်မီးမီးခဲက ပြောသည်။

‘‘မသုံးချင်တော့ဘူး။ အစ်မ လည်း စိတ်ဖိစီးမှုတွေ အရမ်းများ နေတယ်။ ဘာလို့လဲ။ အစ်မက ပိုခံစားရတဲ့သူလေ။ စိတ်ဒုက္ခ ရောက်ခဲ့ရတဲ့သူဆိုတော့ ပွင့်ပွင့် လင်းလင်း၊ ရိုးရိုးသားသား ဖေ့စ် ဘွတ်ခ်မှာပြောတယ်။ အစ်မကို အားပေးနေတဲ့သူတွေက ကိုယ် တအားပင်ပန်းနေတဲ့အချိန်မှာ ‘ညီမကြိုးစားထားနော်၊ အား မငယ်နဲ့’ဆိုတဲ့ စကားလေးက အားဖြစ်စေလို့၊ ဖေ့စ်ဘွတ်ခ်သုံး ပေမယ့် ပုတ်ခတ်တဲ့သူက ပုတ် ခတ်နေလို့ မခံနိုင်ဘူး။ အစ်မ ဒီလောက်ကြီးခံနိုင်ရည်ရှိတဲ့သူ မဟုတ်ဘူး။ အစ်မ ဒီဖေ့စ်ဘွတ်ခ် လေးကို တအားချစ်ပါတယ်’’ဟု မီးမီးခဲက ပြောသည်။

ခင်ပွန်းဟောင်း အဆိုတော် ထူးအယ်လင်းအပေါ် ဇနီးတစ် ယောက်အနေဖြင့်   ကောင်းခဲ့ သလို  သမီးအပေါ်လည်း မိခင် ကောင်းတစ်ယောက်  လုပ်သင့် သည်များကို လုပ်ဆောင်ပေးခဲ့ ကြောင်း မီးမီးခဲက ပြောသည်။

‘‘နောက်ပိုင်းဆို သူနဲ့ပတ် သက်နေတဲ့ မိန်းကလေးကပါ ဘာတွေပြောနေမှန်းမသိဘူး။ အစ်မ သူတို့နှစ်ယောက်ကို ထိခိုက်စော်ကားချင်တဲ့စိတ် လည်းမပါဘူး။ အစ်မ သမီးလေး ကို ချစ်တဲ့စိတ်နဲ့ ပြောတာပဲရှိတာ။ အစ်မတို့က ခရစ်ယာန်တွေဆို တော့ သူတစ်ပါးကို ပုတ်ခတ်ချင် တဲ့ စိတ်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချချင်တဲ့ စိတ်ပဲရှိတယ်။ အရာ အားလုံးကိုလည်း ခွင့်လွတ်ပြီး သားပါ’’ဟု မီးမီးခဲက ပြောသည်။

အဆိုတော်မီးမီးခဲသည် အဆိုတော်   ထူးအယ်လင်းနှင့် ကွာရှင်းခွင့်ရရန်    လွန်ခဲ့သော တစ်နှစ်ကျော်က တရားရင်ဆိုင်ခဲ့ ပြီး ဧပြီ ၃၀ ရက်တွင် ရန်ကုန် အနောက်ပိုင်းခရိုင် ဒုခရိုင်တရား ရုံးတွင် မီးမီးခဲက အမှုအနိုင်ရရှိခဲ့ သည်။

7day

ဧရာဝတီမြစ်ထိန်းသိမ်းရေး ကမ္ဘာ့ဘဏ် ဒေါ်လာ သန်း ၁၀၀ ကူညီရန် စီစဉ်




ကမ္ဘာ့ဘဏ်က ဧရာဝတီမြစ်ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကူ အညီပေးရန် အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေ ကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်အတွင်း ရေ ကြောင်းပို့ဆောင်ရေးကဏ္ဍ၊ နုန်း ပို့ချမှုအခြေအနေ၊  ဆည်မြောင်း များတွင် စိုက်ပျိုးရေ ရရှိမှုအခြေ အနေနှင့် မြစ်ကြောင်းတစ် လျှောက် မိုးလေ၀သစခန်းများ တည်ဆောက် သုတေသနပြုလုပ် ရန် စသည်တို့အတွက် ကူညီရန် ဖြစ်သည်။

ကမ္ဘာ့ဘဏ်က အကူအညီ နှင့်ပတ်သက်၍ ဒုတိယသမ္မတ ဦးဆောင်ပြီး ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ရေပညာရှင်တို့ ပါဝင်သည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအဖွဲ့ဝင်များက မေလ ၁၀ ရက်တွင်ဆွေးနွေးညှိနှိုင်းကြသည်။

စီမံကိန်းအကောင်အထည် ဖော်မည့် အဆိုပါကော်မတီက ဆွေးနွေးညှိနှိုင်းနေစဉ်အတွင်း ကမ္ဘာ့ဘဏ်က ရေးဆွဲထားသည့် စီမံကိန်းပရိုပိုဆယ်တွင် ဧရာဝ တီမြစ်ရေဝေရေလဲဒေသနှင့် ပတ် သက်၍ ပညာရှင်များအကြား အငြင်းပွားဖွယ်ရာဖြစ်ပေါ်ခဲ့သည်။

‘‘သူတို့က နိုင်ငံတကာမြစ် ဖြစ်တယ်။ မြန်မာမြစ် မေခနဲ့ မလိခကို တရုတ်အမည် ဒါရင်း- ဂျီယမ်ကို သုံးနှုန်းထားတယ်။ ဒီ မြစ်ဟာ တရုတ်ကစသလိုလို လုပ်ထားတယ်။ လုံးဝလက်မခံပါဘူး။ ကမ္ဘာ့ဘဏ်က ဘာသဘောနဲ့ ပရိုပိုဆယ်မှာရေးတာလဲ။ ဖျက် ပေးပါလို့ ပြောထားတယ်။ မဖျက် ပေးဘူးဆိုရင် သူကူညီတဲ့ သန်း ၁၀၀ ကိစ္စကို လုံးဝကန့်ကွက်ပါ တယ်’’ ဟု အဆိုပါ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ အမျိုးသား အဆင့် ရေအရင်းအမြစ် ကော်မ တီအဖွဲ့ဝင် ဦးအုန်းက ပြောကြားသည်။

အကူအညီတာဝန်ယူလက် ခံမည့်အဖွဲ့က ယင်းကိစ္စကို သတိပြုသင့်ကြောင်း၊ ကမ္ဘာက ထိုသို့ လက်ခံပါက မြန်မာဧရာဝတီမြစ် သည် တရုတ်နိုင်ငံတွင် မြစ်ဖျားခံ သည်ဟု လက်ခံသည့် သဘော ဆောင်မည်ဖြစ်ကြောင်း၊ မြစ်နာမည် မပြောင်းလဲပေးပါကထောက်ပံ့မည့်ငွေများကို လက်မခံရန် ဦး အုန်းက ဆက်လက်တိုက်တွန်း သည်။

‘‘ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ကူညီမှာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီမြစ်ကို တရုတ် မြစ်ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်မှာ အဲဒီနာမည်မသုံးနှုန်းထားပါဘူး’’ ဟု အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီ အကြံပေး ဒေါက်တာ ခင်နီနီသိန်းကပြော ကြားသည်။

ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ် နည်းအရ မည်သည့်စီမံကိန်း လုပ်ဆောင်သည်ဖြစ်စေ စီမံကိန်း ၏ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားရသည့် အ ချက် (၁၀) ချက်ရှိသည်။ ယင်းအချက် (၁၀) ချက်တွင် ပတ်ဝန်း ကျင်ထိခိုက်မှုစစ်တမ်း၊ လူမှုပတ် ၀န်းကျင်ထိခိုက်မှုစစ်တမ်းအပါ အ၀င် နယ်နိမိတ်ဆက်စပ်မှုအရ ထည့်သွင်းစဉ်းစားရမည့်အချက် များကို ထည့်သွင်းရသည်လည်း ရှိသည်။

အဆိုပါစီမံကိန်းမှာ ပြင်ဆင် နေဆဲဖြစ်ပြီး ကမ္ဘာ့ဘဏ်အနေ ဖြင့် အရပ်ဘက်အဖွဲ့အစည်း၊ ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူများ၊ အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် မေလ ၁၆ နှင့် ၁၉ ရက်များတွင် မန္တ လေးမြို့နှင့် ရန်ကုန်မြို့၌ တွေ့ ဆုံမည်ဟု သတင်းရရှိသည်။

7day daily

အမေ



ယနေ့ မေလ ၁၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမေများနေ့တွင် ကမ္ဘာတစ်ဝန်းရှိ အနှိုင်းမဲ့မိခင်အားလုံးသို့ ဂုဏ်ပြုတင်ဆက်လိုက်ပါသည်

စက်သုံးဆီအရောင်းဆိုင်အတွင်း ၀ိုင်ယာရှော့ကြောင့် ရုတ်တရက်မီးထလောင်စဉ် ပြေးထွက်လာခဲ့သည့် မသီတာ(အမည်လွှဲ) တစ်ယောက်ဆိုင်ထဲတွင် မိခင်ဖြစ်သူ ရှိနေသေးသည်ဟူသည့် အသိကြောင့်မီးလောင်နေရာအဆောက်အအုံထဲသို့ နောက်တစ်ကြိမ်ပြေးဝင်ခဲ့သည်။ မီးလောင်နေသည့် ဆိုင်အတွင်း ထွက်ပြေးရန်ပင် သတိမရဘဲ ကြောင်၍ ရပ်နေသည့် မိခင်ကို အဆောက်အအုံအပြင်ဘက်သို့ တွန်းထုတ်ခဲ့သည်။

ထိုအချိန်မှာပင် ခါးလယ်ခန့် ရှည်သည့် မသီတာ၏ ဆံပင်နှင့် ၀တ်ထားသည့် အင်္ကျီတို့ကို မီးစွဲ ကာ လူတစ်ကိုယ်လုံးအရေပြား၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်ကို မီး လောင်ခဲ့ပါသည်။ ဒဏ်ရာများ ကြောင့် အရေးပေါ်အခြေအနေ ဖြင့် ဆေးရုံသို့တက်ခဲ့ရပြီး ကုသမှု ကောင်းမွန်၍သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။

 မသီတာ၏ ဖြစ်စဉ်မှာ နယ် မြို့လေးတစ်မြို့တွင် မေလ ပထ မပတ်က စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ခြင်း၏ နောက် ကွယ်က အကြောင်းအရာတစ်ခု ဖြစ်ပါသည်။ မသီတာသည် ၎င်း ရွေးချယ်ထားသည့် ခင်ပွန်းဖြစ်သူ နှင့် သုံးနှစ်အရွယ်သမီးလေး တစ် ယောက်မွေးဖွားထားပြီး မိသားစု အတွင်းဖြစ်လေ့ရှိသည့် အိမ်တွင်း ရေးပြဿနာအချို့ကြောင့် မိဘ များက ၎င်းအားလိမ္မာရေးခြားမရှိ သူဟု သတ်မှတ်ခံထားရကာ သွေးအေးအေးဆက်ဆံခံနေရသူဖြစ် သည်။

သို့သော်မီးလောင်နေသည့် အဆောက်အအုံအတွင်း မိခင်ဖြစ် သူ ရှိနေသည်ဟု သိလိုက်ရချိန် တွင် သားသမီးက မိဘများအပေါ် ထားသည့် မေတ္တာတရား၏ စေ့ ဆော်မှုကြောင့် မီးတောက်များကို သတိမထားနိုင်တော့ဘဲ မီးတော ထဲဝင်တိုးခဲ့သည်။ မိခင်ဖြစ်သူ ဒဏ်ရာအနာတရမရဘဲ လွတ် မြောက်ခဲ့သော်လည်း ၎င်းမှာမူ မျက်နှာပြင်နှင့် ကိုယ်ခန္ဓာအနှံ့ မီးလောင်ဒဏ်ရာများရရှိခဲ့သည်။

‘‘မိဘတွေ ဘယ်လိုပဲ အထင် လွဲခဲ့၊ လွဲခဲ့၊ အမေ့အသက်ကို ကယ်ဖို့အရေး လုပ်ရပ်နဲ့သက်သေပြနိုင်တဲ့အတွက် ဒီတစ်သက်မှာ သေပျော်ပါပြီ’’ဟု မသီတာက ဆိုပါသည်။

လူငယ်သဘာဝအတိုင်း မိမိ ကိုယ်ကိုယ်စိတ်ကြီးဝင်နေသည့် လူငယ်၊လူရွယ်တိုင်းနှင့် မွေးကင်း စမှသည် ပညာစုံလူလားမြောက် သည်အထိ ရုန်းကန်ကျွေးမွေးခဲ့ သည့် မိဘများအကြား မျှော်လင့် မထားသည့် အထင်အမြင်လွဲမှား မှုအချို့မိသားစုတိုင်းတွင် ရှိတတ်ပါသည်။ ဖခင်ဖြစ်သူက မိသားစုတစ်ခုလုံး၏ စားဝတ်နေရေးအတွက် ကိုယ်တိုင်ရုန်းကန်နေရပြီး သားသမီးများနှင့် ထိပ်တိုက်တွေ့မှုနည်းပါးသော်လည်း ယင်းပြဿနာကို အမြဲတစေဖြေရှင်းပေးနေရသူမှာ မိခင်များပင်ဖြစ်သည်။

ရောက်ရှိနေသည့် အသက် အရွယ်နှင့် စိတ်အပိုင်းအခြားပေါ် မူတည်၍ ခံစားမှုကို ဦးစားပေး ကာ မိဘများအပေါ် အထင်အမြင် လွဲပြီး မိသားစုအတွင်း ဆက်ဆံ ရေးအေးစက်နေသည့် မိသားစု များ လူ့အသိုင်းအ၀ိုင်းအတွင်း မည်မျှများနေပြီလဲ။ ဆင်ခြင်တုံ တရားဖြင့် ပြင်ဆင်ခွင့်ရှိသည့် ယင်းအခြေအနေကို အချိန်မ ဆိုင်းဘဲ ပြင်ဆင်သင့်ပါသည်။

‘‘အမေ့ကို စိတ်ဆိုးပြီး အိမ် ကနေ ထွက်လာခဲ့တာ အခုဆိုရင် သုံးနှစ်ပြည့်ပြီ။ အခုအချိန် အရာ ရာအဆင်ပြေလို့ စောင့်ရှောက် ခွင့်ရချင်လို့တောင် အခွင့်အရေး မရှိတော့ပါဘူး။ ဘ၀မှာ နောင်တ အရဆုံးကတော့ အမေ့ကို ပြုစု ခွင့်မရခဲ့တာဘဲ’’ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာရွှေ့ပြောင်းအ လုပ်သမား ကိုဝေယံကပြောပါ သည်။

ကိုဝေယံသည် မိခင်ကို စိတ် ဆိုးကာ ၂၀၁၁ ခုနှစ်က နေအိမ်မှ ဆင်းကာ ထိုင်းနိုင်ငံသို့ တရားမ ၀င်ခိုးဝင်လာခဲ့သူဖြစ်သည်။ ထိုင်း နိုင်ငံတွင် ရရာအလုပ်လုပ်ကိုင်နေစဉ် မြန်မာနိုင်ငံရှိ အသက် (၇၀) အ ရွယ် မိခင်ဖြစ်သူမှာ လူကြီးရောဂါ ဖြင့် သေဆုံးသွားခဲ့သည်။ ပြုစု ခွင့်မရဘဲ အမေဖြစ်သူသေဆုံး သွားခြင်းသည် ၎င်းအား အမြဲတ စေခြောက်လှန့်နေသည့် အိပ်မက် ဆိုးဖြစ်ကြောင်း ကိုဝေယံကဆို သည်။

      ‘‘သားကို မွေးခဲ့တဲ့အချိန်တုန်းက သေမတတ်နာကျင်ခဲ့ပေမယ့် သူလေးရဲ့ ငိုသံကြားလိုက်ရတဲ့အချိန်မှာ ငါက မိခင်တစ်ယောက်ဖြစ်သွားပြီဆိုတဲ့ အသိက နာကျင်မှုတွေအားလုံး မေ့သွားစေတယ်။ အခုအချိန်မှာတော့ အဖေနဲ့သားကြားဗျာများနေရတဲ့  အနေအထားကို ရောက်နေပြီ။ လူငယ်နဲ့ လူကြီး၊ အမှန်နဲ့အမှား ကြားမှာ အမေတွေက အရမ်းပင်ပန်းရပါတယ်’’ဟု အသက် (၁၆) နှစ်အရွယ် လူပျိုပေါက်အသားကို ထိန်းကျောင်းနေသူ ကမာရွတ်မြို့နယ်၊လှည်းတန်း (၇) လမ်းမှ ဒေါ်အေးအေးလှိုင်ကပြောသည်။

မိဘနှင့် သားသမီးကြား နှစ် ကာလများစွာ အထင်အမြင်လွဲခဲ့ ပြီး မိခင်ဖြစ်သူ မီးလောင်ပြင်ထဲ ရောက်ကာ ၀င်ကယ်သည့် သမီး ဖြစ်သူ  သေရာပါဒဏ်ရာရခါမှ နားလည်မှုရခဲ့သည့်အဖြစ်မျိုး မည်သူမျှ မကြုံစေလိုကြောင်း မသီ တာကပြောပါသည်။ မသီတာ တွင် သုံးနှစ်အရွယ် သမီးလေး တစ်ယောက်ရှိပြီး မီးလောင်ဒဏ် ရာများရခဲ့သည့် မျက်နှာအား သမီးဖြစ်သူ မမှတ်မိမည်ကို စိုးရိမ်စိတ် ဖြင့် အတွေ့မခံခဲ့ပေ။

 သို့သော်မိခင်အသက်ကို ကယ်ခဲ့သည့် မသီတာအား ကံကြ မ္မာက မျက်နှာသာပေးခဲ့ပါသည်။ မီးလောင်ဒဏ်ရာရခြင်းက မျက်နှာကို မမှတ်မိလောင်အောင် ဒဏ် ရာ အခြေအနေဆိုးရွားခဲ့သော်လည်း  တစ်ပတ်ခန့်အကြာတွင် မျက်နှာမှ အနာဖေးများကွာကျကာ မူလနီးပါးမျက်နှာအနေအထားကို ပြန်ရခဲ့သည်။

‘‘ကိုယ့်ကိုယ်ကိုယ်လည်း အံ့ သြရပါတယ်။ ပျက်သွားပြီထင်တဲ့ မျက်နှာက အချိန်တိုအတွင်း မူလ နီးပါးပြန်ကောင်းခဲ့တယ်။ ငါ့ဘ၀ ကတော့ ဆုံးပါပြီဆိုတဲ့အတွေးနဲ့ ဆေးရုံပေါ်မှာ နေ့တိုင်းငိုခဲ့ရတာ။ အခုလိုပြန်ကောင်းလာတာက အမေ့အပေါ် ကိုယ့်ရဲ့ ပေးဆပ်နိုင် မှုနဲ့ အမေက ပြန်ပို့ပေးတဲ့ မေတ္တာ တရားတွေကြောင့်လို့ ယုံကြည်ပါ တယ်’’ဟု မသီတာက ပြောပါ သည်။

နောင်တဟူသည် နောင်မှရ သည်ဟု အပ်ကြောင်းထပ်အောင် ပြောဆိုနေသော်ငြား မွေးမိခင်နှင့် ဖခင်အတွက်မူ အချိန်လွန်မှ နောင်တမရသင့်ကြောင်း မိဘ ကျေးဇူးတရားများ ဟောကြား လေ့ရှိသည့် ဆရာတော်ဦးပညာ ၀ရက မိန့်ကြားပါသည်။ မိဘများ သက်ရှိထင်ရှားရှိနေချိန်တွင်  ပြုစုစောင့်ရှောက်မှုပေးခြင်းက ဘုရားရှင်ကို မျက်မြင်ကိုယ်တွေ့ ဖူးမြော်ရသည်ထက် ကုသိုလ်ထူး ကြောင်း ဘာသာတရားအဆုံး အမေနှင့် ခိုင်းနှိုင်း၍ ဆရာတော်က မိန့်ပါသည်။

‘‘ကိုယ့်ကို အထောက်အပံ့ မပေးနိုင်ဘူးဆိုဦးတော့ လူစဉ်မီ အောင် မွေးပေးထားတာကိုက မိခင်မေတ္တာပါပဲ။ ကိုယ်ဝန်လွယ် စဉ်မှာ အနေအထိုင်ဆင်ခြေပေး ခဲ့တာကိုက မေတ္တာပါပဲ။ မိဘ မေတ္တာဆိုတာ ဘယ်တော့မှကို ညွှန်းမကုန်နိုင်တဲ့ အရာပါ’’ဟု မိဖများ အိမ်ထောင်ကွဲသွားပြီး နောက် မိခင်နှင့် နှစ်ဦးတည်းနေ ထိုင်သူ အသက် (၂၃) နှစ်အရွယ် မဆုမီကပြောပါသည်။

ယနေ့သည် နိုင်ငံတကာမှ တရားဝင်သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာမိခင်များနေ့ (International Mother's Day) ဖြစ်ပါသည်။ မြန်မာနိုင်ငံက တရားဝင်သတ်မှတ်ထားသည့် အမေများနေ့မှာ ပြာသိုလပြည့်နေ့ဖြစ်သော်လည်း နိုင်ငံတကာတွင်မူ နှစ်စဉ်မေလ၏ ဒုတိယပတ် တနင်္ဂနွေနေ့ကို အပြည်ပြည်ဆိုင်ရာမိခင်များနေ့အဖြစ် သတ်မှတ်ထားပါသည်။

သား၊ သမီးအတွက် ရိုးသား ပြီး ရဲရင့်သည့် မိခင်ကို ကိုယ်စား ပြုထားသော အနီရောင်နှင်းဆီ ပန်းများဖြင့် အမေကို တန်ဖိုးထားသူများစုပေါင်း၍ ကျင်းပမည့်အပြည်ပြည်ဆိုင်ရာ မိခင်များနေ့အခမ်းအနားများကို ကမ္ဘာကြီးပေါ်ရှိ နိုင်ငံအများစုတွင် ယခုအချိန် ကျင်းပနေပါလိမ့်မည်။

အင်္ဂလိပ်စာ သင်တန်းဖွင့်၍ ကလေးငယ်များအား သင်ပြပေး နေသူ မမေမျိုးဟန်ကတော့ အ ပြည်ပြည်ဆိုင်ရာ မိခင်များနေ့တွင်ကိုးကွယ်ရာဘာသာတရား၏ အဆုံးအမအတိုင်း သောက် တော်ရေအိုးထဲမှ ရေကိုယူကာ အမေ့အား လက်ဆောင်အဖြစ်ပေး၍ ဘုရားရှင်ကို သောက်တော်ရေကပ်စေခြင်းဖြင့် အမေ့ကျေးဇူးဆပ်ကုသိုလ်ယူရန် ကလေးများအား သင်ကြားလိုက်ကြောင်း ပြောပါသည်။

‘‘ဝေးချင်သလောက် ဝေးပါ စေ။ မိသားစုလိုက်အိပ်နေတဲ့ ခုတင်အပြင်ဘက်ရောက်အောင် တော့ မဝေးပါစေနဲ့’’ဟု တစ်အိမ် တည်းအတူနေထိုင်ကာ ပြဿနာ အချို့ကို အခြေခံ၍ နားလည်မှု ချင်းလွဲနေသည့် မောင်နှင့် နှမ၊ သားနှင့် အမိကြား ချစ်ချစ်ခင်ခင် နေသင့်သည့် အခြေအနေကို စာ ရေးဆရာတို့က ညွှန်းဆိုကြပါ သည်။

 မိခင်မေတ္တာကို ညွှန်းဆို သည့် စာအုပ်အများဆုံးရေးနေသည့် စာရေးဆရာမ နိုင်းနိုင်း စနေက ‘‘ငယ်ရွယ်ချိန်မှာ ကိုယ့် လက်ကို တွဲခဲ့တဲ့ မိခင်ကို သူတို့ အိုမင်းလို့ မသွားမလာနိုင်တဲ့အခါ မှာလည်း သူတို့ရဲ့ လက်ကိုတွဲနိုင် ကြပါစေ။ အမေ့အပေါ် ကျွန်မတို့ နွဲ့ဆိုးဆိုးခဲ့ဖူးသလို စိတ်တို၊စိတ် ကောက်ချိန်၊ အမေနဲ့ ခွန်းကြီး ခွန်းငယ်ပြန်အော်ငေါက်ချိန်လည်းရှိဖူးကြပါလိမ့်မယ်။ ကျွန်မတို့ဘယ်လိုဆိုးဆိုး အမေကတော့ အပြုံးမပျက်၊ မေတ္တာမလျော့ဘဲ ကျွန်မတို့ကိုချစ်ခဲ့ပါတယ်’’ဟု ဆို ပါသည်။

မိခင်ကို မီးလောင်ပြင်ထဲမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု မိမိ ကိုယ်မိမိယုံကြည်ထားသည့် မသီတာကတော့ မျက်နှာနှင့် ကိုယ်ခန္ဓာအနှံ့ရခဲ့သည့် ဒဏ်ရာများကို ဆေးရုံတွင် ကုသနေရင်း မွေးမိခင်ကျေးဇူးကိုဆပ်ဖူးပြီဟူသောအသိဖြင့် သုံးနှစ်အရွယ် သမီးလေးကို ရင်ခွင်ပိုက်ထားရင်း ပြုံးရွှင်နေပါသည်။

7day daily

အလယ်ကလူ ရနံ့မခိုးရ





ဟိုးရှေးရှေးတုန်းက အလွန်သာယာလှပတဲ့ ရေကန်ကြီးတစ်ကန်ရှိသတဲ့။ အဲဒီရေကန်ကြီးဟာ ကြာမျိုးစုံဖူးပွင့်နေပြီး ရေကလည်း  ကြည်လဲ့စိမ်းမြနေသတဲ့။ ဒီရေ ကန်ကြီးမှာ ကျေးငှက်သာရကာ တွေ၊ တိရစ္ဆာန်လေးတွေပါ ပျော် မြူးနေကြတာပေါ့။ ကြာတွေရဲ့ သင်းရနံ့ဟာ ပတ်ဝန်းကျင်တစ်ခု လုံးကို မွှေးပျံ့နေတာပဲတဲ့။ တစ်နေ့မှာတော့ အဲဒီရေကန်ကို ရဟန်းတစ်ပါးရောက်လာတယ်။ အဲဒီရဟန်းဟာ ကမ္မဋ္ဌာန်းစီးဖြန်း နေလေ့ရှိပြီး သီလစင်ကြယ်တယ်လို့ ထင်ရှားတဲ့သူဖြစ်တယ်။ ရေ ကန်ပေါ်ရောက်ရင်ပဲ ရဟန်းဟာ သင်းပျံ့လှတဲ့ ကြာရဲ့ရနံ့ကို အမှတ်တမဲ့ရှူရှိုက်မိပါလေရော။ အဲဒီလိုရှူလိုက်မိတဲ့ တစ်ပြိုင်နက်တည်းမှာပဲ ရေကန်စောင့် နတ်သမီးတစ်ပါးပေါ်လာပါတော့တယ်။ ကန်စောင့်နတ်သမီးက ရဟန်းကို ပိုင်ရှင်မသိဘဲ ရနံ့ကို ရှူရှိုက်တဲ့ ရနံ့သူခိုးလို့စွပ်စွဲပါလေရော။ အဲဒီလို စွပ်စွဲခံရတဲ့ အခါရဟန်းက ‘‘အို.. နတ်သမီး ကျွန်ုပ်က သင့်ရေကန်တွင်းမှ ကြာရဲ့ရနံ့ကို ရှူရှိုက်မိရုံသာဖြစ်တယ်။ ရေကန်တွင်းမှာ ကြာပန်း၊ ကြာဖူးတွေကိုကိုယ်တိုင်ဆင်းခူးနေသူတွေကို တော့ ခိုးသူလို့ မစွပ်စွဲဘဲဘာကြောင့် ကျွန်ုပ်ကိုစွပ်စွဲရတာလဲ’’လို့ ပြန်မေးသတဲ့။ ဒီတော့မှ နတ်သမီးက ‘‘ရဟန်း..ရေကန်တွင်းဆင်းပြီး ကြာဖူး၊ ကြာစွယ်၊ ကြာပန်းတွေကို ဆင်းခူးနေသူဟာ သာမန်လူသာဖြစ်တယ်။ သင်ရဟန်းကတော့ကိလေသာရာဂတွေ ကုန်စင်အောင် အားထုတ်နေသူဖြစ်တယ်။ သင့်လိုသီလစင်ကြယ်တဲ့ ရဟန်းမျိုးက ကြာပန်းရနံ့ကို နှစ်သက်ရှူ ရှိုက်မိလို့ စွဲလမ်းမက်မောမှုတွေ ဖြစ်လာရင်သင့်ရဲ့အဇ္ဈတ္တမှာ ကိလေသာတွေနဲ့ ညစ်နွမ်းတော့မယ်။ ဒါကြောင့်သင့်ကိုသတိပေးရခြင်း ဖြစ်တယ်လို့လျှောက်သတဲ့။ ရဟန်းလည်း ရေကန်စောင့်နတ်သမီးကို ကျေးဇူးတင်ကြောင်း ပြောသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်က ဘုရားဟော သုတ္တန် တစ်ခုထဲကကွ။ ရွှေသီးရေ.. ငါ တော့ ဒီပုံပြင်ကို ဖတ်မိမိချင်းပဲ လွှတ်ကြိုက်သွားတော့တာက လား။ တကယ့် တကယ်ကြာပန်း ကို ဆင်းခူးနေတဲ့သူက သူခိုးမစွဲ ခံရဘဲ ရနံ့ကို ရှူရှိုက်မိရုံနဲ့ သူခိုးလို့ စွဲခံရတဲ့ ရဟန်းကို နတ်သမီးရဲ့ အကြောင်းပြချက်က ခိုင်လုံရဲ့ လား။ မင်းဘယ်လိုထင်သလဲ ရွှေ သီး။ ငါတော့ ဒီပုံပြင်ကိုဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ် စရာတွေများလာခဲ့တယ်။ မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသတ် မှတ်လဲ။ ပတ်ဝန်းကျင်က မင်းကို ဘယ်လို သတ်မှတ်သလဲပေါ့။ ရဟန်းလား၊ ကြာဆင်းခူးတဲ့သူ လားပေါ့။

တစ်ခါတစ်ရံမှာ သာမန်လူ တွေအတွက် အပြစ်တစ်စုံတစ်ရာ ကျူးလွန်ရာမရောက်တဲ့ကိစ္စမျိုး မှာတောင် ကိုယ်ကျင့်သိက္ခာအရ၊ ရာထူးဂုဏ်သိန်အရ မြင့်မားတယ် လို့ အများက သတ်မှတ်လက်ခံ ထားတဲ့လူတွေမှာ အပြစ်ဖြစ်နေ တတ်တယ်။ ဆိုပါစို့ လမ်းဘေးမှာ မူးရမ်းနေတဲ့ ကလေကချေတစ် ယောက်က ဘယ်သူ့ကိုမှ သောက် ဂရုမစိုက်ဘူး။ အားလုံးကိုပါးရိုက် ပစ်မယ်။ ပုဆိုးလှန်ပြလိုက်မယ် ဆိုတာမျိုးပြောရင် ဒါကလေက ချေတစ်ယောက်ရဲ့ စရိုက်လက္ခ ဏာပဲလို့သတ်မှတ်ပြီး အဖက် မလုပ်ဘဲနေလိုက်ကြတယ်။ ဒီ စကားမျိုးကိုပဲ နိုင်ငံတော်အဆင့် လူကြီးတစ်ယောက်ကပြောတော့ ပွက်လောရိုက်ကုန်တာပေါ့။

အပြစ်ဆိုတာမှာလည်း နှစ် မျိုးနှစ်စားရှိတယ်တဲ့။ လောက ဝဇ္ဇဆိုတဲ့ လောကကြီးကတားမြစ်  ထားတဲ့ တရားတွေနဲ့ ပဏ္ဍိတဝဇ္ဇ လို့ခေါ်တဲ့ ပညာရှိတွေကဲ့ရဲ့ပြစ် တင်တာမျိုး၊ တချို့ကိစ္စတွေမှာ လောကသဘာဝအရ အပြစ်တစ် စုံတစ်ရာ မကျူးလွန်ပေမယ့် ပညာရှိတွေကဲ့ရဲ့တတ်ကြတယ်။ ခုနတ်သမီးစွပ်စွဲတဲ့ ဥပမာလိုပေါ့။

ပြောရရင် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စတဲ့ မျက်နှာစာတွေမှာရှိနေတဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ နေရာဌာနအသီး သီးရဲ့ ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေဟာ ကြာပန်းဆင်းခူးဖို့မပြောနဲ့ ကြာနံ့ လေးတောင် ခိုးရှူလို့မရဘူး။ သူ တို့ကို စောင့်ကြည့်နေတဲ့ ကန် စောင့်နတ်သမီးနဲ့တူတဲ့ လူတွေရှိ တယ်။

 အလွယ်ဆုံး ဥပမာပေးရ ရင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ဝတ်တာ၊ စားတာကအစ စောင့် ကြည့် လေ့လာနေတဲ့သူတွေရှိ တယ်။ သူဟာ လုံးဝအပြစ်ကင်း စင်တဲ့ နတ်ဒေဝတာတစ်ပါးမဟုတ် ဘူး။

တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ ကံသုံးပါးထဲကတစ်ခုခု ချွတ်ချော်တိမ်းပါးသွားနိုင်တယ် ဆိုတာကို လူအများစုကမေ့ထား ကြတယ်။ ပြောရရင် ဒေါ်စုဖိနပ် ချွတ်တဲ့ကိစ္စမျိုးတောင် ဖေ့စ် ဘွတ်ခ်ပေါ်မှာ ပွသွားသေးတယ် လေ။ ဒါဟာ အကြီးအကဲလုပ်သူ တွေ သတိမူရမယ့်အချက်ပဲ။

တစ်ခုတော့ရှိတယ် ရွှေသီး။ နတ်သမီးကတော့ သူ့ရဲ့ တန်ခိုး ဣဒ္ဓိပါဒ်နဲ့ ဒီရဟန်းက သီလစင် ကြယ်သူဆိုပြီးမြင်တယ်။ ဒါ ကြောင့်လည်း ရဟန်းသီလညှိုး နွမ်းမယ့်အရေးကို သတိပေးတာ လေ။ မင်းတို့ ငါတို့က ဘာတန်ခိုး မှမရှိ၊ ဘာဣဒ္ဓိပါဒ်မှလည်းမရ တော့ သီလစင်သူမှန်း၊ မစင်သူ မှန်း ဘယ်လာသိမှာလဲ။ ရာထူး ကြီးကြီး၊ နေရာကြီးကြီး ယူထား ရင်ကို တို့က စင်ကြယ်တဲ့သူလို့ပဲ ထင်တတ်တာကိုး။ နောက်ကြာ ပန်းတွေဆင်းခူးမှ ဟာ-ဟင် တွေ ဖြစ်ကုန်ကြတာဟ။

ခုပဲကြည့်လေ ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကြီး။ အရင် တုန်းကတော့ စစ်တပ်က ထိပ် တန်းခေါင်းဆောင်၊ လက်ရှိအာ ဏာရပါတီရဲ့ ထိပ်ပိုင်းကလူ။ မြန်မာတို့ရဲ့ အချစ်တော်ဦးပိုင်ရဲ့ ဥက္ကဋ္ဌဆိုတဲ့ ဂုဏ်ပုဒ်ကနေ ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရာထူး ကြီးရလိုက်တော့ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲကြီးကတော့ သွားပါပြီမှတ်တာ။ အထင်နဲ့ အမြင် တက်တက်စင်ကိုလွဲရော။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အရှိန်နဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ လုံးဝတရားမျှတရမယ်လို့ သူ ပြောတော့ ဘယ်သူမယုံယုံ ငါ တော့ယုံတယ်။ ၂၀၁၂ ကြားဖြတ် နဲ့ သက်သေပြပြီးပြီလေ။ စစ်ဗိုလ် ချုပ်ဘဝကလာတိုင်း အာဏာရှင် စိတ်ရှိရမှာလား။ ဒီလိုပြည်သူ့ မျက်နှာကြည့်တဲ့၊ အမှန်တရားကို ချစ်တဲ့ ဗိုလ်ချုပ်တွေအများကြီးလို့ ချီးကျူးလို့မှမဆုံးသေးဘူး။ လာ မယ့်ကြားဖြတ်ရွေးကောက်ပွဲက စပြီး ကိုယ့်မဲဆန္ဒနယ်က ကိုယ်စား လှယ်ကလွဲရင် ဘယ်ပုဂ္ဂိုလ်မှ လာပြီး မဲဆွယ်မစည်းရုံးရဘူး၊ မဟောပြောရဘူးလို့ ဥပဒေထုတ် ဖို့ပါတီတွေဆီစာပို့တယ်ဆိုပါ လား။ ဥက္ကဋ္ဌကြီးနှယ် ဘယ်နိုင်ငံ က ဥပဒေကိုများမှီငြမ်းလိုက်ပါ လိမ့်။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် မြန်မာနိုင်ငံတစ်နံ တစ်လျားသွားနေရတာ ပင်ပန်းပါ တယ်လို့များတွေးမိလေသလား။ ဒါမှမဟုတ် ၉၂ ဒသမ ၄ ရာခိုင် နှုန်းထောက်ခံထားပါတယ်လို့  သူတို့အမြဲညွှန်းပြီး ကိုးကားနေကျ ဖွဲ့စည်းပုံကြီးရဲ့ ပုဒ်မ ၃၅၄ ကို များ အဓိပ္ပာယ်ကောက်လွဲနေရော့ သလားပဲ ရွှေသီးရေ။ ငါတော့ ကြာနံ့ရှူရုံတင်မကဘူး ကြာပန်း ဆင်းခူးဖို့ရေကန်စပ်ရောက်နေတဲ့ ကော်မရှင်ဥက္ကဋ္ဌကြီးပုံကို သွား မြင်မိတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၄ မှာ နိုင်ငံသား တိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင်အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့် ရှိသည်ဆိုပြီး ပုဒ်မခွဲ(က)မှာ မိမိ ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆ ချက်များကို လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေ ခွင့်ရှိသည်လို့ အတိအလင်း ပြဋ္ဌာန်းထားပြီးတော့မှ ပုဒ်မ ၃၅၄ နဲ့ ဆန့်ကျင်ဘက်ဥပဒေကို ကော်မရှင်က ပြဋ္ဌာန်းမယ်ဆိုတော့ ဒီဖွဲ့စည်းပုံကြီးကို ကော်မရှင်ဥက္ကဋ္ဌကြီးကိုယ်တိုင်များ မယုံကြည်ရော့လေသလား။ ဒါမှမဟုတ် စစ်အစိုးရအဆက်ဆက် အသုံးပြုခဲ့တဲ့ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးဆိုတာတွေကိုပဲ အကြောင်းပြလေဦးမလားလို့ စဉ်းစားမိတယ်။

ရွှေသီးရေ.. ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ ရာထူး တာဝန်ဟာ အင်မတန်မှ အရေး ကြီးတဲ့လုပ်ငန်းတာဝန်ပါ။ နိုင်ငံ တစ်နိုင်ငံရဲ့အုပ်ချုပ်သူ အစိုးရ မဟုတ်ပေမယ့် ပြည်သူ့ဆန္ဒနဲ့ အညီ အုပ်ချုပ်သူအစိုးရ တစ်ရပ် ပေါ်ထွန်းဖို့ ပြည်သူက လေးလေး စားစား ယုံယုံကြည်ကြည်အားကိုး ရမယ့်တာဝန်ကြီးပေါ့။ ဒီတာဝန် ကိုထမ်းဆောင်ရတဲ့သူဟာ စင် ကြယ်တဲ့ရဟန်းတစ်ပါးလိုပဲ နည်း နည်းလေးမှ အညစ်နွမ်းခံလို့မရ ဘူး။ ပြည်ခိုင်ဖြိုးဟာ ငါ့ရဲ့ကျေး ဇူးရှင်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဗိုလ်ချုပ်အောင်ဆန်းသမီး၊ ငါတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဆိုတာ ငါတို့လိုကြာပန်းဆင်းခူး တဲ့ ပြည်သူတွေရဲ့အလုပ်ပါ။ ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး ကတော့ အတိတ်မှာဘာတွေဖြစ် ခဲ့ဖြစ်ခဲ့ လက်ရှိတာဝန်နဲ့ ရာထူး ထမ်းဆောင်နေအချိန်မှာ ဘယ် ပါတီကိုတော့ နှိပ်လိုက်ဦးမှဆိုတဲ့ မကောင်းတဲ့ကြာ ရနံ့လေးတောင် မရှူမိဖို့။

 လောကကြီးက ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေကိုမချိုးဖောက်ဖို့လိုသလို ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်စေတဲ့ အရာမျိုးတွေကိုလည်း ရှောင်ရှားဖို့လိုတယ် မဟုတ်လား။ ဒါမှသမာသမတ်ကျတဲ့ အလယ်ကလူစင်စစ်ဖြစ်တော့မှာပေါ့။ အလယ်ကလူဆိုတာ တခြားဟာတွေကိုမပြောနဲ့ အနံ့တောင်ခိုးမရှူရဘူး ရွှေသီးရေ။  ။

7day daily