စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ

ရန်ကုန်မြို့မှ ညငှက်တချို့ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက်လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့
ကောင်မလေးတယောက် ခေါ်ချင်တဲ့အကြောင်း ကိုအကြီးကောင်ကို ပြောလိုက်တယ်။

နောက်မကြာဘူး၊ ကလပ်ထဲက အသက် ၂၀ ကျော် ကောင်မလေးတယောက် အပြင် ထွက်လာတယ်။

“အစ်ကို သူပဲ။ အားလုံး အဆင်ပြေတဲ့ ကောင်မလေးပါ။ မနက်မိုးလင်တဲ့အထိ နေပေးလိမ့်မယ်။ ကြေးကတော့ အစ်ကိုတို့ ဘာသာ စကားပြောကြ။ ကျနော်တို့က ကြားထဲက ဘာမှ ဖြတ်စားလာဘ်စား မလုပ်ဘူး။ အစ်ကိုတို့ အဆင်ပြေဖို့ပဲ လိုတာ” လို့
ကိုအကြီးကောင်က ကိုကိုအောင်ကို ပြောရင်း ကောင်မလေးကိုလည်း “ဟဲ့ခြူးခြူး၊ အဆင်ပြေအောင် နေပေးလိုက်နော်။ သူက ဖောက်သည် အသစ်၊ ဒီကို တခါမှ လာဖူးတာ မဟုတ်ဘူး” လို့ လှမ်းပြောလိုက်တယ်။

အဲဒီလိုနဲ့ ခြူးခြူးက ကိုကိုအောင်ကို တည အတွက် ကျပ် ၂ သောင်းပေးရမယ် ဆိုတဲ့အကြောင်း၊ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကိုပဲ လိုက်နိုင်မှာ ဖြစ်ပြီး နေအိမ်ကို ခေါ်မယ်ဆိုရင်တော့ လုံးဝ မလိုက်နိုင်ကြောင်း ရှင်းပြတယ်။ အဲဒီနောက်
ကိုအကြီးကောင်ရဲ့ အငှားယာဉ်နဲ့ပဲ တာမွေမြို့နယ်ထဲက ဟိုတယ်တခုကို သွားခဲ့ကြတယ်။

ခြူးခြူးဆိုတာက မြောက်ဥက္ကလာပ မြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေး ၀င်းနားက ရပ်ကွက်ထဲမှာ နေတဲ့သူပါ။ သူ့မှာ အိမ် ထောင်ရှိပေမယ့် သူအခုလို လိင်အလုပ်သမ ဘ၀ ရောက်နေတာကို သူ့ခင်ပွန်းက လုံးဝ မသိတဲ့အကြောင်း၊ သူက ဒီလုပ်ငန်းက ၀င်တဲ့ ၀င်ငွေကို ဧရာဝတီတိုင်းမှာ နေတဲ့ သူ့မိဘတွေဆီ ပိုက်ဆံ ထောက်ပံ့ပေးတဲ့ အကြောင်း ပြောပြတယ်။

သူ ရန်ကုန်ကို စရောက်တော့ လှိုင်သာယာက အထည်ချုပ် စက်ရုံတရုံမှာ အလုပ်စလုပ်ခဲ့တာ ၈ လ ကျော်လာတော့ အဲဒီ စက်ရုံက သူငယ်ချင်းတွေရဲ့ အဆက်သွယ်နဲ့ပဲ အနှိပ်ခန်းတခုမှ အလုပ်လုပ်ခဲ့တယ်။ အနှိပ်ခန်းလို့သာ ဆိုတယ်၊ တကယ့် တကယ်မှာတော့ လိင်ဖျော်ဖြေ ပေးရတာပါပဲတဲ့။

“အနှိပ်ခန်း မှာလည်း ၄ လလောက် ကြာတော့ အထည်ချုပ်မှာ လုပ်တုန်း ကြိုက်ခဲ့တဲ့သူက ကျမ လုပ်တာကို သိသွားပြီး ဆက်မလုပ်ဖို့နဲ့ သူနဲ့ယူဖို့ ဖြစ်လာရာကနေ အိမ်ထောင်ကျ ဖြစ်တယ်။ သူက အခုထိ လှိုင်သာယာမှာ အလုပ်လုပ်နေတုန်းပဲ။ သူ ညဘက် အလုပ်ဆင်းရတဲ့ အချိန်ကျမှ ကျမက ဒီကလပ်ကို လာတာ။ သူ မသိအောင်ပေါ့။ သူ့အလုပ်နဲ့က ကျမတို့ရွာက မိသားစုကို ဘယ်လိုလုပ် ပြန် ထောက်ပံ့ပေးနိုင်မှာလဲ” လို့ ခြူးခြူးက ဆိုတယ်။

ဒီလို ကလပ်တွေမှာ လုပ်ရတာက အဖမ်းအဆီးအတွက် လုံခြုံရေး ကောင်းတယ်၊ စီမံချက် ရှိတယ်ဆိုရင် ကလပ်က လုံးဝကို မဖွင့်တာ၊ သူ့အချိတ်အဆက်နဲ့ ကြိုတင် သတင်းပေးထားတော့ ဒီကိုလာကြရတဲ့ လိင်အလုပ်သမတွေ အတွက်က လမ်းဘေး
လိင်အလုပ်သမ တွေထက် ပိုလုံခြုံတယ်လို့ သူက ဆက်ပြောတယ်။

မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လုပ်ပိုင်ခွင့် မရှိတာကြောင့် တရားမ၀င် အနှိပ်ခန်းတွေ၊ အလှပြင် ဆိုင်တွေနဲ့ ကလပ်တွေ၊ လူစည်ကားရာ နေရာတွေမှာ ပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပျော်ပါးချင်တဲ့ သူတချို့က ဖုန်းနဲ့ခေါ်လိုက်ရင် ရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။

“ကျနော်တို့က အခု အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ ကောင်မလေးတချို့နဲ့ ချိတ်ထားတာ။ ကျနော့်ဖုန်းကို ဆက်လိုက်ရင် ဈေးစကားပြောပြီး ဘယ်အရွယ်တွေ ရှိတယ်ဆိုတာ ပြောပြတယ်။ တကယ်လို့ ခေါ်ချင်တယ်ဆိုရင် ကျနော့် တက္ကစီနဲ့ ဘယ်ဟိုတယ် ဆိုတာနဲ့ ပြောလိုက်ရင် လာပို့ပေးတယ်။ ပို့ပေးတာကို မကြိုက်သေးဘူးဆိုရင် ကားခတော့ ပြန်ပေးခိုင်းတယ်။
နောက်တယောက် ထပ်ခေါ်သွားတယ်။ ကျနော်က ခေါင်းတွေလိုတော့ ကောင်မလေးတွေပေါ်က ပြန်ဖြတ်ယူတာမျိုး မလုပ်ပါဘူး။ သူတို့လေးတွေက ကျနော့်ကို အဆင်ပြေရင် ပြေသလိုတော့ ပေးတာတွေရှိတယ်” လို့ တောင်ဥက္ကလာပ မြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်း ကိုကိုမြက ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် လိင်အလုပ်သမ အတော်များများကတော့ ရဲတွေနဲ့ မပက်သက်ဘဲ နေလို့ မရတဲ့အကြောင်း၊ သူတို့ လုပ်ကိုင်နေတဲ့ တာမွေလမ်းဆုံ နေရာမှာ လိုအပ်ရင် အလှည့်ကျ အဖမ်းခံရတာမျိုး အထိ ရှိကြောင်း တာမွေလမ်းဆုံမှာ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေသူ မဆင့်ဆင့်က ဆိုပါတယ်။

သူတို့ လုပ်ကိုင်နေတဲ့ နယ်မြေမှာ ရဲတွေကို အပတ်စဉ် လိုင်းကြေးပေးနေရတဲ့အပြင် တခါတခါ တာမွေလမ်းဆုံမှာ လှည့်ကင်း လာစောင့်တဲ့ ရဲတွေအတွက် လက်ဖက်ရည် ဖိုးလည်း ရှင်းပေးရတတ်ကြောင်း၊ အဲဒီလို လုပ်မှလည်း အဲဒီနေရာမှာ အေးအေးဆေးဆေး လုပ်စားလို့ရတဲ့အကြောင်း သိရပါတယ်။

“တခါက ကျမကို ဖောက်သည် တယောက်က တာမွေပလာဇာက တည်းခိုခန်းကို ခေါ်သွားပြီး အခန်းထဲရောက်မှ သဘာဝ မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး လုပ်ခိုင်းတယ်။ ကျမက မလုပ်နိုင်ဘူးလို့ ဆိုတော့ ရဲတိုင်မယ်လေး၊ ဘာလေးနဲ့ လုပ်ပြီး တာမွေ
လမ်းဆုံက ရဲတွေကို မင်းတို့ ဒီဟာမတွေကို မဖမ်းဘူးလား၊ ဘာလား သွားလုပ်တယ်။ ကျမတို့က ရယ်တောင် ရယ်ချင် သေးတယ်။ ကျမတို့နေရာက လိင်အလုပ်သမတွေက ရဲတွေဆီမှာ ပြည့်တန်ဆာ အမှုအတွက် အလှည့်ကျ အဖမ်းခံ ပေးနေရတာဆိုတော့ ဘာမှမဖြစ်ဘူး” လို့ မဆင့်ဆင့်က ဆိုတယ်။

အခုလို လိင်အလုပ်သမတွေအပေါ် အကာအကွယ် ပေးမယ့် ဥပဒေတွေ မရှိတာကြောင့် သူတို့အနေနဲ့ ရဲတွေနဲ့ မပတ်သက်လို့ မရတဲ့ အခြေအနေ ဖြစ်နေရတာ၊ ရဲတဦးအတွက် တလကို အမှုဘယ်လောက် ရအောင် ရှာရမယ်ဆိုတဲ့ စီမံချက်တွေ ကြောင့်လည်း အခုလို အလွယ်တကူ ဖမ်းဆီးလို့ရတဲ့ လိင်အလုပ်သမတွေ အပေါ်မှာ အသုံးချနေတာ ဖြစ်တယ်လို့ လိင်အလုပ်သမ တွေကို ကူ ညီစောင့်ရှောက်မှုပြုလုပ်နေတဲ့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလလို အချိန်မျိုးတွေမှာ လိင်အလုပ်သမတွေကို စီမံချက်နဲ့ အများအပြား ဖမ်းဆီးတတ် လေ့ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းကလည်း လိင်အလုပ်သမတွေ အပေါ် ဥပဒေကို အကြောင်းပြပြီး အနိုင်ကျင့်မှုတွေ ပြုလုပ်တတ်လေ့ ရှိကြောင်း သူက ဆက်ပြောပြတယ်။

“တချို့က ဖောက်သည်တွေလို ခေါ်သွားပြီးမှ နင် ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေး၊ ပိုက်ဆံ တပြားမှ ပေးမှာမဟုတ်ဘူး၊ တခါတည်း အချုပ်ထဲ ဖမ်းထည့်လိုက်မှာ” ဆိုတဲ့ အနိုင်ကျင့် စော်ကားမှုတွေလည်း ရှိတယ်။ နယ်ဘက်မှာဆို ပိုဆိုးတယ်။ လိင် ပျော်ပါးဖို့ ခေါ်သွားတာက တဦးတည်း၊ နေရာရောက်မှ လူ ၄၊ ၅ ဦးက ၀ိုင်း အနိုင်ကျင့်တာ။ လိင်အလုပ်သမ တွေမှ အဲဒီလို မျိုးဆို ဘယ်ကို သွားတိုင်ရမလဲ။ တိုင်တဲ့ အခါတောင် ကိုယ်က ပြန်အဖမ်းခံရမှာ။ သူတို့ဘက်က ရပ်တည်ပေးဖို့ ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။

ကျောက်မြောင်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် လိင်အလုပ်သမ မချိုချိုကတော့ လိင်လုပ်ငန်းအပေါ် နှစ်ခြိုက်စွာ လုပ်ကိုင်နေခြင်း မဟုတ်သော်လည်း လက်ရှိဘ၀ ရပ်တည်ရေးနှင့် မိသားစု အရေးများကြောင့် စွန့်လွှတ်နိုင်ခြင်း မရှိသေးကြောင်း၊ တည်ဆဲ ဥပဒေများကြောင့် ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း မိမိ အဆက်အသွယ်နှင့် လုပ်ကိုင်နေခြင်းကြောင့် အဆင်ပြေကြောင်း ဧရာဝတီကို ပြောပါတယ်။

အရင်က စားသောက်ဆိုင် ကြီးကြီးတခုမှာ ၀င်ရောက် လုပ်ကိုင်ခဲ့တာကြောင့် ပိုက်ဆံရှိ လူတန်းစားတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိခဲ့ တဲ့အတွက် အခုလို ဖုန်းနဲ့ ခေါ်လိုက်တာနဲ့ လိုက်နိုင်တဲ့ အဆင့်အထိ လုပ်ကိုင်နိုင်တာ ဖြစ်ကြောင်း၊ သူကိုယ်တိုင် တလကို ၀င်ငွေ ၁၀ သိန်းနီးပါးလောက် ရရှိကြောင်း သူက ဆိုတယ်။

ဒါပေမယ့် ပိုက်ဆံ နည်းနည်းပဲရတဲ့ အပြင် ကျန်းမားရေး ရှုထောင့်က ကာကွယ်မှုလည်း အားနည်းနေတဲ့ လိင်လုပ်သမ တွေလည်း အများကြီး ရှိနေပါသေးတယ်။

အသက် ၄၀ ကျော် အရွယ်ရောက်မှ လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ၀င်လာခဲ့ကြတဲ့သူတွေ အများစုက ငွေကြေး ရတာလည်း နည်းသလို အများအားဖြင့် သောက်စား မူးယစ်ထားတဲ့ သူတွေနဲ့ ဆက်ဆံမှု ပိုများရတဲ့အကြောင်း တောင်ဒဂုံ မြို့နယ်မှာ နေတဲ့ ဒေါ်အေးက ပြောပြတယ်။

“မူးလာတဲ့သူ တချို့ဆိုရင် ကွန်ဒုံးမသုံးဘူး။ ကိုယ်က ကြောက်ပေမယ့် အဆင်ပြေအောင် နေလိုက်တာပဲ။ ရောဂါဖြစ်ချင်လည်း ဖြစ်တော့၊ မတက်နိုင်ဘူး။ တချို့ဆို ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး ကိုတောင် လုပ်ကြတယ်။ ဘယ်တက်နိုင်မလဲ။ ကိုယ့် အသက်အရွယ်နဲ့က ပိုက်ဆံ ပေးနိုင်တဲ့သူတွေ ဘယ်လိုလုပ် ခေါ်မလဲ” လို့ သူက ဆိုတယ်။

မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကလို အိမ်တွေမှာ လုပ်ကိုင် ကြတာမျိုး မရှိတော့ပေမယ့်၊ အနှိပ်ခန်းလို့ အမည်တွင်ပြီး ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေမှုက များပြား လာခဲ့ပါတယ်။

တချို့ အနှိပ်ခန်းတွေက အနှိပ် သီးသန့်သာ လုပ်ကြပေမယ့် တချို့ကတော့ လိင်ဖျော်ဖြေရေး သက်သက်သာ လုပ်ကိုင်နေကြ တာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်တဲ့ အနှိပ်ခန်းတွေက မကြာခဏ နေရာပြောင်းပြီး လုပ်ငန်းကို အဖမ်း မခံရအောင် ရှောင်တိမ်းလာတာ တွေ့ရတယ်လို့ လိင်ဖျော်ဖြေရေး လုပ်နေတဲ့ အနှိပ်ခန်းကို သွားဖူးတဲ့ ကိုနောင်က ဧရာဝတီကို ပြောပြတယ်။

“အခန်းထဲရောက်တာနဲ့ ကောင်မလေးက နေမှာလား၊ နှိပ်တော့ မနှိပ်တတ်ဘူးနော်လို့ ပြောတယ်။ တခါနေရင် ကျပ် ၈ ထောင်နဲ့ ၁ သောင်းလောက် တောင်းတတ်တယ်။ တနာရီ ဆက်ရှင်ကြေးနဲ့ဆို တခါသွားရင် ကျပ် ၁ သောင်းခွဲလောက် ကုန်တယ်။ အဲဒါတောင် တခေါက်ပဲ လိင်ဆက်ဆံလို့ရမှာ။ ဒါပေမယ့် အဲဒီက ကောင်မလေးတွေက ကွန်ဒုံးမပါဘဲနဲ့ လုံးဝမနေဘူး” လို့ သူက ဆိုတယ်။

အနှိပ်ခန်းမှာ အလုပ်လုပ်နေကြသူ တချို့နဲ့ တွေ့ဆုံမေးမြန်း ကြည့်တဲ့ အခါမှာ စက်မှုဇုန် စက်ရုံ အလုပ်ရုံတွေမှာ လစာ မလောက်ငှတဲ့ အတွက် အခုလို အနှိပ်ခန်းကို ပြောင်းရွှေ့ လုပ်ကိုင်ကြရင်း နောက်ဆုံး လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ရောက်ရှိလာတာ ဖြစ်ကြောင်း၊ သူတို့ အခုလို လုပ်ကိုင်နေကြတာကို နယ်ဘက် ဒေသတွေက မိသားစုတွေက မသိကြကြောင်း ပြောဆို ကြပါတယ်။

ဧရာဝတီက မေးမြန်းခဲ့သမျှ အနှိပ်ခန်း လုပ်ကိုင် နေကြသူတွေဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းက ရရှိတဲ့ ငွေကြေးတွေကို မိသားစုဆီ ပြန်ထောက်ပံ့ ပေးရတာကြောင့် ဒီလုပ်ငန်းကို မစွန့်ခွာနိုင်ကြသူတွေ ရှိသလို၊ အနည်းစုကတော့ အခုလို ပေါပေါများများ သုံးစွဲ နိုင်တာကြောင့် ဒီလုပ်ငန်းက စွန့်ခွာလိုခြင်း မရှိတာလို့ သိရပါတယ်။

ဒါပေမယ့် သူတို့တော်တော်များများက ပုံမှန်ကျန်းမားရေး စစ်ဆေးမှုတွေ လုပ်လေ့မရှိကြသလို၊ အနှိပ်ခန်း တခုမှာလည်း အချိန်ကြာကြာ လုပ်လေ့မရှိဘူးလို့ တာမွေမြို့နယ် အတွင်းက အနှိပ်ခန်းတခုမှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ မဆူဆန်က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လိုင်စင်နဲ့ ခွင့်ပြုသင့် မပြုသင့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြခဲ့ပေမယ့် ဆွေးနွေးခွင့်တောင် မရခဲ့ပါဘူး။ အဲဒီလို တရားဝင် ရပ်တည်ခွင့် မရှိတာကြောင့်ဘဲ လိင်အလုပ်သမတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရဘဲ နေရာစုံမှာ ဖိနှိပ်မှုနဲ့ ကြုံတွေ့နေရသလို၊ ရောဂါ ကူးစက် ပြန့်ပွားမှုနဲ့ အမှုအခင်း များစွာလည်း ဖြစ်ပေါ်နေခဲ့ ရပါတယ်။

မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသမီးတွေထဲက ၀. ၄၅ ရာခိုင်နှုန်းဟာ အခကြေးငွေကို တိုက်ရိုက်ယူပြီး လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအဖြစ် ရှိနေပြီး ခန့်မှန်းခြေ ၄ သောင်းကနေ ၈ သောင်း အကြား အရေအတွက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်း ကောက်ခံထားတဲ့ ခန့်မှန်းခြေ စာရင်းတွေက ဆိုပါတယ်။ အဲဒီလို ငွေကြေးတိုက်ရိုက်ယူတဲ့ လိင်အလုပ်သမတွေထဲမှာ ကေတီဗီ၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်၊ တယ်လီဖုန်း အဆက်အသွယ်နဲ့ လုပ်ကိုင်နေကြသူတွေ ပါဝင်နိုင်ဖွယ် မရှိသေးဘူးလို့လည်း သိရပါတယ်။

အနှိပ်ခန်းလို နေရာတွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေဟာ သူတို့ကိုယ်တိုင် စိတ်အားငယ်မှုတွေ ရှိနေတတ်တာ၊ ဆိုင်ပိုင်ရှင် တွေရဲ့ စီမံမှုတွေကြောင့် မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်လို့မရတဲ့ အနေအထားတွေ ရှိနေတာ တွေ့ရတယ်လို့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

တချို့ အနှိပ်ခန်းက လိင်အလုပ်သမ တွေဟာ အနှိပ်ခန်းတခုကနေ နောက်တခုကို ပြောင်းလုပ်မှ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ရတာ မျိုးကြောင့် အဲဒီလိုနေရာမျိုးတွေကို ကူညီပေးဖို့၊ ပညာပေးဖို့တွေ များစွာ လိုအပ်တယ်လို့ သူက ဆက်ပြောတယ်။

“ဆိုင်မန်နေဂျာတွေ၊ ပိုင်ရှင်တွေက စည်းကမ်းချက်တွေ အမျိုးမျိုးထုတ်ပြီး ဒီဆိုင်က အနှိပ်သီးသန့်ပဲ လုပ်သလိုလို စီမံထား တယ်။ ဒါပေမယ့် ဒီကိုလာတဲ့သူတိုင်းက လိင်ပျော်ပါးဖို့ ဆိုတာ သူတို့သိနေကြတာပဲ။ အလုပ်သမတွေပဲ ခံရတာ။ အပြင်တွေ မှာထက် ပိုလုံခြုံလို့ ဒီမှာ စီးပွားလာရှာတာ ဆိုတော့ ဒီလိုနေရာတွေကို မစွန့်ခွာနိုင်ကြဘူး” လို့ သူက ဆိုပါတယ်။

လိင်အလုပ်သမ တွေဟာ အများသောအားဖြင့် မိသားစုတွေကို ဦးဆောင်ဦးရွက် ပြုနေရတဲ့သူတွေ အများစုဖြစ်တာကို တွေ့ရ သလို တာဝန်ယူချင်တဲ့ စိတ်ဓာတ်၊ အနစ်နာခံချင်တဲ့ စိတ်ဓာတ်တွေ အများစု ရှိကြတယ်လို့ သူက ဆက်ပြောတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတာကို သိသွားမယ်ဆိုရင် အဲဒီလူအပေါ် ပတ်ဝန်းကျင်က နှိမ့်ချ ဆက်ဆံကြမှာကို စိုးရိမ်နေကြရတဲ့ အတွက် လိင်အလုပ်သမတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်ထဲမှာပါ စိတ်ဝေဒနာ ဖြစ်နေတာ မျိုးတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

“တကယ်တော့ လိင်အလုပ်သမတွေ တော်တော်များများက မိသားစုတွေကို တာဝန်ယူချင်တဲ့စိတ်နဲ့ ကိုယ့်ဘ၀ကိုယ် နစ်မွန်း ရင် နစ်မွန်းပါစေ ဆိုပြီး သူတို့က စွန့်လိုက်ကြတာ များပါတယ်။ သူတယောက်တည်းပဲ အနာခံလိုက်မယ်၊ သူ့မိသားစုတွေ ကောင်းကောင်းမွန်မွန် နေနိုင်ရင်ပြီးရော ဆိုပြီးတော့ ဒီဘ၀ထဲမှာပဲ လည်နေတော့တာပဲ” လို့ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

မှတ်ချက်။     ။ လိင်အလုပ်သတွေရဲ့ နာမည်တွေကို သူတို့ရဲ့ ဆန္ဒအရ ပြောင်းလဲ ဖော်ပြ ထားပါတယ်။
စနေလင်း| November 6, 2013
Irrawaddy

Sex Education for Kids ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး


Child sexual abuse ကလေးသူငယ် လိင်စော်ကားမှုကိုဖတ်ပြီး ဒီစာရေးရခြင်းဖြစ်ပါသည်ရှင့်။ ယခု မြန်မာနိုင်ငံတွင်လည်း သက်ငယ်မုဒိမ်းမှုများ အလွန်ဖြစ်ပွားနေသည်ကို စာစောင်ဂျာနယ်များမှာ မကြာမခဏဖတ်နေရပါသည်။ ယခင်ကတော့ ကျွန်မတို့မှာ ကြားပင်မကြားဖူးပါ။ အမှန်အတိုင်း ဝန်ခံရပါလျှင် ကျွန်မတို့ငယ်ငယ်ကတည်းက မိဘများက Sex Education ကို မပေးခဲ့ဖူးပါ။ ကျွန်မ ဆရာ့ရဲ့ Sex Education ဆိုတဲ့ ဆောင်းပါးလည်း ဖတ်ပြီးပါပြီရှင့်။ သို့သော်လည်း မိဘများအနေဖြင့် သမီးငယ်များအတွက် မည်သည့်အသက်အရွယ်ကစတင်ပြီး လိင်ကျန်းမာရေးနှင့်ပတ်သက်၍ မည်သို့ပညာပေးနိုင်မလဲဆိုတာကို ဆောင်းပါးလေး ရေးပေးစေချင်ပါတယ်ရှင့်။

ဒီအကြောင်းအရာကို မပြောဘဲ-မရေးဘဲနေတာကောင်းသလား၊ မကောင်းဘူးလားဆိုတဲ့မေးခွန်းမှာ အပေါင်းနဲ့ အနုတ် နှစ်မျိုးလုံးရှိတယ်။ ကျန်းမာရေးပညာပေးရေးတာကို ဖတ်ချင်သူကဖတ်၊ ယူချင်သူကယူ ကိုယ့်ဖါသာဆုံးဖြတ်ခွင့် ရှိတယ်။ လူအများနဲ့ဆိုင်တဲ့ ဥပမာ တီဗွီ၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ ဆိုရှယ်မီဒီယာတွေမှာ ထည့်ရင်တော့ အကန့်အသတ်တွေ ရှိလာပြီ။ ကျောင်းတွေမှာ သင်-မသင်ဆိုတာကြ ဥပဒေနဲ့လုပ်မှရတယ်။ ဒါလဲဘဲ နေရာတခုနဲ့တခု၊ လူမှုအသိုင်းအဝိုင်း တခုနဲ့တခု မတူဘူး။ လွန်ခဲ့တဲ့ နှစ်တွေနေ ခုခေတ်မှာ ပြောင်းလာရတာလဲရှိတယ်။

သင်ပေးသင့်တယ်ဆိုရင် ဘာတွေပါသင့်သလဲ။ တာဝန်ရှိသူတွေ၊ ပညာရှင်တွေ၊ စိတ်ဝင်စားသူတွေကြားမှာ မတူကြတာတွေ ရှိပြန်တယ်။ အသစ်တခုကိုစရင် အခြေခံအကျဆုံးကနေ စလေ့ရှိတယ်။ ဒါလဲ အငြင်းပွါးမှု အနည်းဆုံးသာ ဖြစ်ပြီး ကန့်ကွက်-ဆဲရေးတာ မခံရဘူးလို့ အာမခံချက်မရှိပါ။ ကျွန်တော်က စပါရစေ့။

စာသင်ကျောင်းတွေမှာဆိုရင် ၈ နှစ်အရွယ်ကနေစတာများတယ်။ ဒီအရွယ်လေးတွေကို သင်ပေးရမဲ့ အကန့်အသတ် ကြီးတယ်။ မေးလာရင် လိမ်မာပါးနပ်အောင်ဖြေနိုင်ဘို့ပြင်ထားရမယ်။ မိဘတွေကို မေးထားပြီး မေးခွန်းလေးတွေလဲ မရှင်းတာကို ကျောင်းမှာမေးနိုင်တယ်။ သင်ကြားပေးသူရဲ့ တာဝန်၊ စေတနာနဲ့ ပညာအပြင် သင်ကြားမှု အနုပညာလိုမယ်။

၁။ ယောက်ျားလေးနဲ့ မိန်းကလေး မတူတဲ့အကြောင်း။ မတူတာတွေထဲမှာ မွေးရာပါ မျိုးပွါးအင်္ဂါတွေရှိကြောင်း။ ငယ်သေးလို့ မဖွံ့ထွားသေးတဲ့အကြောင်း။ ပြောင်းလဲလာတာတွေဟာ ပုံမှန်သာဖြစ်တဲ့အကြောင်း။ စိုးရိမှ်ု မရှိသင့်ကြောင်း။
၂။ အရွယ်ရောက်ခြင်းဆိုတာဘာလဲ။ တယောက်နဲ့တယောက် နဲနဲမတူတာရှိကြောင်း။ ဥပမာ မိန်းကလေးတွေက စောတယ်။ ဝသူတွေက စောတယ်။ အားကစားမလုပ်သူတွေက စောတယ်။ စောတိုင်းလဲ မကောင်းကြောင်း။ ကိုယ့်မှာ စောနေလို့လဲ မစိုးရိမ်သင့်ကြောင်း။ မျိုးရိုးလဲရှိကြောင်း။
၃။ ယောက်ျားလေးတွေမှာ အခြေခံအပြောင်းအလဲတွေဆိုတာ ဘာတွေလဲ။ တနှစ်မှာ အရပ် ၄ လက္မပိုရှည်လာမယ်။ အသံသြလာမယ်။ နှုပ်ခမ်းမွေးပေါက်လာမယ်။ ဝက်ခြံပေါက်မယ်။
၎။ မိန်းကလေးတွေ အခြေခံအပြောင်းအလဲတွေဆိုတာ ဘာတွေလဲ။ ယောက်ျားလေးတွေက အရပ်ပိုရှည်တာထက် မိန်းကလေးတွေက တင်နေရာကားလာတာ ပိုသိသာတယ်။ ရင်သားထွက်-ထွားလာမယ်။ အမြဲတစေ ဖုံးအုပ်ထားရမယ်။ အထိမခံသင့်ကြောင်း။ ဝက်ခြံပေါက်မယ်။ မကြာခင် ရာသီသွေးဆိုတာဆင်းမယ်။ အောက်ပိုင်းအတွင်းခံမှာ သွေးလို စွန်းထင်းတာရှိရင် အမေ၊ အမ၊ ဆရာမကို ပြောသင့်ကြောင်း။
၅။ စိတ်ပိုင်းအပြောင်းအလဲတွေဖြစ်မယ်။ ဟော်မုန်းအသစ်တွေထွက်လို့ဖြစ်တယ်။ ပုံမှန်ဖြစ်တယ်။ စိုးရိမ်ဘို့မလိုကြောင်း။ ပြောင်းလာတဲ့အတွက် နေရထိုင်ရ၊ ပြောဆိုရတာတွေကို ပြုပြင်ရမှာဖြစ်ကြောင်း။ စိတ်ရှုပ်ထွေးတာ၊ စိုးရိမ်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာတွေ ရှိတတ်ကြောင်း။ ကလေးတိုင်းဖြစ်တာမို့ မစိုးရိမ်ဘဲ ထိန်းရမှာဖြစ်ကြောင်း။
၆။ အနေအထိုင်၊ အမူအယာသင်ပေးပါ။ ဘယ်လိုဝတ်စားဆင်ယင်တာ၊ နေထိုင်တာ၊ ပြုမူပြောဆိုတာတွေဟာ အန္တရာယ်ရှိကြောင်း။ တိတိကျကျမေးလာရင် ကိုယ်ဝန်ရှိနိုင်ကြောင်း။ အပျိုဘဝ၊ လူပျိုဘဝဆုံးသွားနိုင်ကြောင်း။ တန်ဘိုးထားမှု ကျဆင်းသွားနိုင်ကြောင်း။ ဖြစ်သွား-ပျက်သွားတာတွေက ဘယ်တော့မှ ပြန်မရတော့ကြောင်း။ တချို့မှာ တသက်လုံး စိတ်ထိခိုက်ရကြောင်း။ ဆက်မေးလာရင် တားဆီးကာကွယ်နည်းတွေ ကျန်းမာရေးနဲ့ညီတာတွေရှိနေကြောင်း တယောက်ချင်းကနေ ဆရာဝန်ကို မေးနိုင်ကြောင်း။ အရွယ်ပြောင်းလာလို့ ယောက်ျားလေး၊ မိန်းကလေးတွေ ပြောဆိုဆက်ဆံတာ၊ အတူကစားတာတွေမှာ ပြောင်းရကြောင်း။ ဘယ်လိုပြောင်းမလဲ။

အိန္ဒိယမှာ CBSE ပညာရေးစနစ်ထဲမှာ Sex education ကိုနောက်နှစ်မှာစတင်ပါမယ်။ သူငယ်တန်းကနေ ၁၂ တန်းအထိ သင်ပေးမယ်။ Adolescent education လို့ခေါ်မယ်။ Reproductive health မျိုးပွါး ကျန်းမာရေးနဲ့အတူ Drug abuse ဆေးဝါးတလွဲသုံးခြင်း၊ Homosexuality လိင်တူဆိုတာတွေလဲပါမယ်။ Adolescence and Reproductive Sexual Health Programme (ARSH) လို့ရုံးသုံးခေါင်းစဉ် တပ်ထားတယ်။ ဒီအကြောင်းအရာတွေကို ဘာသာရပ်တခုအနေနဲ့ သင်ပေးမှာ မဟုတ်ဘဲ Activity-based programmes လှုပ်ရှားမှု အစီအစဉ်တွေထဲမှာ ထည့်ပါမယ်။

• Nutrition အာဟာရ၊
• Health ကျန်းမာရေး၊
• Hygiene သန့်ရှင်းရေး၊
• Physical fitness ရုပ်ပိုင်းကျန်းမာရေး၊
• Mental health စိတ်ကျန်းမာရေး၊
• Sexual health လိင်ကျန်းမာရေးထဲမှာ HIV/AIDS လဲပါမယ်။
• Sexual changes at puberty အရွယ်ရောက်ခြင်း အပြောင်းအလဲများ၊
• Substance abuse မူးယစ်ဆေးဝါးများ၊
• Myths မျိုးပွါးခြင်းဆိုတာမှာ တလွဲအထင်အမြင်အမှားတွေ၊
• Sexually transmitted diseases လိင်ကတဆင့်ကူးစက်ရောဂါတွေလဲ ထည့်သွင်းထားပါတယ်။

အိန္ဒိယမှာ နိုင်ငံရေးစနစ်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံရှိတာမို့ ပြည်နယ်တခုနဲ့တခုမတူဘဲ ကျင့်သုံးခွင့်ရှိတယ်။ (မဟာရာစထရာ) ပြည်နယ်က အဲဒီ Adolescent Education Programme (AEP) အစီအစဉ်သစ်ကို လက်မခံပါ။ MLA ပြည်နယ် အမတ်တွေက ၁ဝ တန်းသင်ရိုးထဲ မှာထည့်မှာကို ဆန့်ကျင်နေကြပါတယ်။ ပြည်နယ်လွှတ်တော်ထဲမှာ အတိုက်အခံအမတ်တွေက အစိုးရထုတ် Kishorawastha Jivan Kaushalya Karyakram ဆိုတဲ့ စာမျက်နှာ ၂ဝဝ ကျော်ပါ ဆရာလမ်းညွှန်စာအုပ်တွေကို ထောင်ပြပြီး ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

A resource for a planned and continuous Sex Education programme conforming to DfEE guidelines ဆိုတာက ဗြိတိန်နိုင်ငံသုံး လိင်ကျန်းမာရေးလက်စွဲအစာအုပ် ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွါးရေးအခြေအနေတွေနဲ့ ကိုက်ညီတာတွေကို မြန်မာနိုင်ငံသားတွေကိုယ်တိုင်ကနေ တိုင်ပင်ဆွေးနွေးတာတွေ အဆင့်ဆင့်လုပ်ကြပြီးမှ အကောင်းဆုံးကို ဆန်ကာတင်ရွေးသင့်ပါတယ်။ ဒီအရေးကိစ္စမှာ တိုင်းတပါးသားတွေဆီက အကြံဥာဏ်အကူအညီမလို ဘူးထင်ပါတယ်။
Dr. Tint Swe

ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ ပရိဘောဂစက်ရုံ ယနေ့နံနက် မီးလောင်


ရန်ကုန်၊ နိုဝင်ဘာ ၆
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဦးရွှေဘင်လမ်းနှင့် ဦးခင်ညိုလမ်းထောင့်ရှိ ပရိဘောဂစက်ရုံတွင်ယနေ့ နံနက်၀၆း၄၅အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းYangon Policeမှသိရသည်။
အဆိုပါနေရာသို့ အုပ်ချုပ်မှုယာဉ် (၅)စီး၊ မီးသတ်ယာဉ် (၅၆)စီးတို့ဖြင့်
ရောက်ရှိငြိမ်းသတ်ခဲ့ရာ နံနက်၀၇း၁၅အချိန် မီးညွန့်ကျိုးသွားခဲ့ပြီး
၀၈း၀၀အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာဝါယာကြိုး(၂)ချောင်းပူးပြီး
ရှော့ဖြစ်၍ မီးလောင်ခဲ့သဖြင့် သစ်အချောထည်များသိုလှောင်ထားသည့် ဂိုဒေါင်မှာ မီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ်သိန်း (၁၀၀၀)ခန့်
ဆုံးရှုံးခဲ့ရသဖြင့် ပရိဘောဂစက်ရုံမန်နေဂျာအား ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ)၅၃၈/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓါတ်ပုံ-Yangon Police

မြန်မာပြည်က ဒရိုင်ဘာကင်မ်


ရေးသားသူ- ဥက္ကာကိုကို

လမ်းတွင် တက္ကစီတားနေစဉ် လာရပ်သည့်ကားပေါ်မှ ဒရိုင်ဘာမှာ ဆံပင်ရှည်ရှည် သနပ်ခါးထူထူ လိမ်းကျံထားသည့် အသားခပ်ညိုညို အမျိုးသမီးဖြစ်နေ၍ ရုတ်တရက်အံ့သြစရာပင်ဖြစ်သည်။

သူက “ကျွန်မ တက္ကစီဆွဲနေတာပါ။ ဘယ်သွားချင်လို့ပါလဲ”ဟု ခပ်ပြုံးပြုံးမေးလာသည်။ ၎င်းမှာ ကိုယ်တိုင်ကိုယ်ကျ တက္ကစီမောင်းနှင်သည့်အလုပ်ဖြင့် အသက်မွေးနေသည့် အသက် ၄၇ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းပင်။

သွားမည့်နေရာကို ပြောလိုက်သည့်အခါ (ကက/၈၈၉၉) နံပါတ်ဖြင့် Corona Van အဖြူရောင် ကားဟောင်းလေး မောင်းနှင်နေသည့် ဒေါ်ဌေးဌေးဝင်းက “ဘယ်လောက်မှန်းထားပါသလဲ”ဟု ဆက်မေးလာသည်။ ထို့နောက် ခရီးသည်ကို လိုရာခရီးသို့ ပို့ဆောင်ရန် ဂီယာကို စထိုးလိုက်သည်။

အမျိုးသမီးများကားမောင်းခြင်းမှာ မဆန်းလှပါ။ သို့သော် မြန်မာနိုင်ငံတွင် အမျိုးသမီးများ တက္ကစီမောင်းနှင်ခြင်းမှာ မကြုံဖူးသူအတွက် ထူးဆန်းပါလိမ့်မည်။ ရန်ကုန်မြို့တွင် အမျိုးသမီးအငှားယာဉ်မောင်းနှင်သူ ငါးဦးခန့်ရှိသည်ဟု တက္ကစီသမားများက ပြောကြသည်။ ဒေါ်ဌေးဌေးဝင်းသည် ထိုအရေအတွက်တွင် တစ်ဦးအပါအ၀င်ဖြစ်သည်။

သားနှစ်ယောက်မိခင် ဒေါ်ဌေးဌေးဝင်းသည် တက္ကစီမောင်းနှင်သည့်အလုပ်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့ပါသည်။ ညိုမောင်းသည့်အသားအရေကို သနပ်ခါးထူထူလိမ်းထားပြီး နေလောင်ဒဏ်ခံနိုင်ရန် ရှပ်အင်္ကျီတစ်ထည်ကို အပေါ်မှထပ်ဝတ်ထားကာ ဒီဇယ်ကားလေးကို မောင်းနှင်ရင်း ခရီးသည်များကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယောက်ျားသားများနှင့် ရင်ပေါင်တန်းကာ နေလောင်ဒဏ်ကို အန်တုလျက် မြို့ပြ၏ မွန်းကျပ်သည့်ဘ၀ထဲ သမ္မာအာဇီဝ လုပ်ကိုင်စားသောက်နေသည့် ဒေါ်ဌေးဌေးဝင်းကို လိုက်ပါစီးနင်းဖူးသူ ခရီးသည်တိုင်းက ချစ်ခင်လေးစားကြသည်။

တက္ကစီစတင်မောင်းစဉ်က မီးပွိုင့်တွင်ရပ်လျှင် အနီးအနားကားများပေါ်မှ အထူးအဆန်းအံ့သြကြည့်များကို သိပ်မခံနိုင်ဘဲ မျက်နှာလွှဲထားမိသည်ဟု သူကပြောသည်။ ယခုအခါတော့ မည်သည့်နေရာရောက်ရောက် မျက်နှာပူစိတ်မရှိတော့ဘဲ နေသားကျသွားခဲ့ပြီဟုဆိုသည်။

နံနက် ၃ နာရီထိုးလျှင် ဒေါ်ဌေးဌေးဝင်း အိပ်ရာမှနိုးပါပြီ။

တစ်နာရီခွဲခန့် ပဋ္ဌာန်းရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာပို့သခြင်းတို့ကို ပြုလုပ်ပြီးပါက ကားကို အိမ်မှထုတ်ပါသည်။ လမ်းထိပ်တွင် ရောင်းချသည့် အသုပ်တစ်ပွဲကို စားသောက်ပြီးလျှင် ပေါင်မုန့်ထုပ်နှင့် ရေဘူးကို ကားပေါ်တင်လျက် ဂီယာကို စထိုးလိုက်ခြင်းအားဖြင့် ၎င်း၏ နံနက်ပိုင်းအလုပ်ချိန်ကို စတင်လိုက်ပါသည်။ မည်သည့်နေရာတွင်မှ ဂိတ်မထိုးဘဲ မောင်းရင်းနှင့်ရရှိလာသည့် ခရီးသည်ကို ၀န်ဆောင်မှုပေးတော့မည်ဖြစ်သည်။

နံနက်ပိုင်း ၁၁ နာရီခွဲခန့်တွင် မိမိသတ်မှတ်ထားသည့် ငွေတစ်သောင်းခွဲခန့်ရရှိပါက အိမ်သို့ပြန်ကာ အသက် ၂၁ နှစ်အရွယ် ကုန်သွယ်ရေကြောင်းကောလိပ်မှ ဘွဲ့ရထားသူ သားအကြီး ဈေးမှဝယ်ယူပေးထားသည့် ဟင်းလျာအချို့ကို ချက်ပြုတ်ရဦးမည်ဖြစ်သည်။ ထမင်းစားသောက်ပြီးပါက ခေတ္တအနားယူပြီး နေ့လယ်သုံးနာရီခွဲခန့်တွင် ၎င်း၏ညနေပိုင်းအလုပ်ချိန်ကို ပြန်လည်စတင်လိမ့်မည် ဖြစ်သည်။ ည ၇ နာရီခန့်အထိ တက္ကစီမောင်းနှင်ပြီးပါက ဒေါ်ဌေးဌေးဝင်း၏ တစ်နေ့တာအလုပ်ချိန် ပြီးဆုံးပါပြီ။

တက္ကစီတားမည့် ခရီးသည်တိုင်းသည် ဒေါ်ဌေးဌေးဝင်း ကားရပ်ပြီးမေးမြန်းပါက ရုတ်တရက် အံ့အားသင့်သွားလေ့ရှိသည်။ တချို့က ချက်ချင်းမယုံကြပေ။ ထို့ ကြောင့် ၎င်းက မိမိကိုယ်ကို အရင်မိတ်ဆက်၍ တက္ကစီမောင်းနှင်နေခြင်းဖြစ်ကြောင်း ဦးစွာပြောရလေ့ရှိသည်။ သို့တိုင် တချို့ခရီးသည်က “ရှေ့ခန်းမှာထိုင်လို့ဖြစ်ရဲ့လား”ဟု မေးတတ်ပါသေးသည်။ ထိုအခါ ဒေါ်ဌေးဌေးဝင်းက “ကျွန်မ တက္ကစီမောင်းနေတာပါ။ ဘာမှမဖြစ်ပါဘူး။ ကျွန်မကို စိတ်ထဲမထားပါနဲ့။ စိတ်ချလက်ချစီးပါ”ဟု ပြန်ဖြေရသည်။

၎င်းမောင်းနှင်သည့်ကားက အပ်နှံရမည်ဖြစ်သော်လည်း ထပ်လိုက်ရမည့်စရိတ် မတတ်နိုင်သေးပါဟု သူကပြောသည်။ ဒေါ်ဌေးဌေးဝင်းသည် ယခင်က ကာကွယ်ရေးဝန်ကြီးဌာန (ငွေစာရင်းရုံး)မှ ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၎င်း၏အမျိုးသားမှာလည်း ယင်းဌာနမှ ဦးစီးအရာရှိတစ်ဦးဖြစ်သည်။ ရုံးဝန်ထမ်းအဖြစ် ၁၉၈၆ တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အိမ်ထောင်ကျခဲ့သည်။ ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ် အင်္ကျီချုပ်သည့်အလုပ်ကိုလည်း လုပ်ခဲ့သည်။၂၀၀၁ ခုနှစ်တွင် စီအင်န်ဂျီကားတစ်စီးကို သူတို့ပိုင်ဆိုင်ခဲ့သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့်၂၀၀၉ ခုနှစ်တွင် အိမ်ထောင်ရေးပြိုကွဲသွားခဲ့ပြီး အမျိုးသားမှာလည်း ပြီးခဲ့သည့်ခုနစ်လခန့်က ဆုံးပါးသွားခဲ့ပြီဖြစ်သည်။

“အမျိုးသားဆီက ဘာတစ်ခုမှ အကျိုးမခံစားဖူးဘူး”ဟု သူကပြောသည်။ ထိုစဉ်ကတည်းက သားနှစ်ဦး၏ ပညာရေးနှင့် မိသားစုစားဝတ်နေရေးကို ဒေါ်ဌေးဌေးဝင်း တစ်ဦးတည်း ဒိုင်ခံရုန်းကန်ခဲ့ရသည်။

သို့ပေမဲ့ ဒေါ်ဌေးဌေးဝင်းက သူ့အမျိုးသားနှင့်ပတ်သက်သည့် အချက်အလက်များကို ဘယ်တော့မှမမေ့။ “၁၉၉၁ ခုနှစ် နိုဝင်ဘာ ၂ ရက်မှာ အိမ်ထောင်ကျတယ်။ အမျိုးသားကတော့ ၂၀၁၃ မတ်လ ၃၁ ရက်မှာ ဆုံးသွားပါပြီ”ဟု သူကဆိုသည်။ ယခုတော့ သားကြီးဖြစ်သူက ကုန်သွယ်ရေကြောင်းကောလိပ်မှ ဘွဲ့ရရှိထားပြီး သင်္ဘောတက်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

သားငယ်ဖြစ်သူကတော့ နည်းပညာတက္ကသိုလ် ဂျီတီစီပထမနှစ် တက်ရောက်နေပြီဖြစ်သည်။

ရုံးအလုပ်မှ ပင်စင်ယူလိုက်စဉ်က ရှိသည့်စီအင်န်ဂျီကားလေးကို ဒရိုင်ဘာအငှားချထားခဲ့သည်။ ထိုယာဉ်မောင်းက ညနေပိုင်းတွင် ခပ်စောစော အလုပ်သိမ်းတတ်သည်။ ထိုအခါ ကားမောင်းတတ်နေသည့် ဒေါ်ဌေးဌေးဝင်းက ကားဖြင့် အနီးအနားသို့ ဈေးဝယ်ထွက်ခြင်းမျိုး ပြုလုပ်လေ့ရှိသည်။ တက္ကစီဆိုင်းဘုတ်တပ်ထားသည့် ကားဖြစ်သောကြောင့် မသိသူတချို့က ကားကိုလက်ပြတားတတ်သည်။ သူကလည်း လမ်းကြုံလျှင် လိုက်ပို့လေ့ရှိသည်။ နောက်ပိုင်းတွင် စီအင်န်ဂျီကားလေးကို ၆၅ သိန်းဖြင့် ရောင်းထုတ်လိုက်ပြီး ယခုမောင်းနေသည့် Corona Van ကားလေးကို ၀ယ်ယူခဲ့သည်။

“ကျွန်မအနေနဲ့ ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်မယ်ဆိုရင်တောင် တစ်လကို တစ်သိန်းလောက်ပဲရနိုင်မယ်။ တက္ကစီမောင်းရင် တစ်နေ့ကို အနည်းဆုံးခုနစ်ထောင်ဆိုရင် တစ်လကို နှစ်သိန်းလောက်ရနိုင်မယ်ဆိုပြီး ကိုယ်တိုင်ကားမောင်းဖြစ်ခဲ့တာပါ”ဟု သူကရှင်းပြသည်။

သူမောင်းသည့်ကားကို စီးဖူးသူတိုင်းက သူ့ဘ၀ကို စိတ်ဝင်တစားမေးမြန်းလေ့ရှိကြသည်။ သူ့ကားကိုစီးဖူးသူတိုင်းကို သူက မှတ်မိလေ့ရှိသည်။ “အစ်မကားကို ငှားစီးတဲ့သူတိုင်းက အစ်မနဲ့ နှစ်ကြိမ်ပြန်ဆုံတတ်တယ်။ ထူးထူးဆန်းဆန်းပါ”ဟု သူကပြောသည်။ အမျိုးသမီးဖြစ်သည့်အတွက် ညဘက် ၇ နာရီခန့်အချိန် ခရီးသည်ပို့ဆောင်ရလျှင် ရပ်ကွက်လမ်းများအထိ မ၀င်ပေးဘဲ နီးစပ်ရာလမ်းမကြီးပေါ်တွင် ချထားပေးသည်ဟုလည်း သိရသည်။

လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်တွန်းလှန်နေသည့် ဒေါ်ဌေးဌေးဝင်း၏မျက်နှာပေါ်တွင် တက်ကြွသည့်ဟန်ပန်နှင့် ခိုင်မာသည့်စိတ်ဓာတ်ကို မြင်ရသည်။ သွက်သွက်လက်လက်နှင့် ပြတ်ပြတ်သားသား စကားပြောတတ်ပြီး သားနှစ်ယောက်အပေါ်တွင်လည်း ကြီးမားသည့်ရည်မှန်းချက် ထားရှိသည်ကို တွေ့ရသည်။

သားအကြီးဖြစ်သူ သင်္ဘောတက်၍ အဆင်ပြေသည့်အချိန်တွင် တက္ကစီမောင်းနှင်ခြင်းကို အချိန်ပိုင်းသာလုပ်ပြီး အနားယူမည်ဟု သူကစိတ်ကူးထားသည်။ သို့သော်လည်း ဒေါ်ဌေးဌေးဝင်းတစ်ယောက် တက္ကစီယာဉ်မောင်းဘ၀မှ တော်ရုံနှင့်အနားယူမည့်ပုံမပေါ်။

“ယောက်ျားလေးတွေ မွေးထားတဲ့အတွက် သိပ်အားကိုးမရနိုင်ဘူး။ တတ်နိုင်သလောက်တော့ ရှာရမယ်လို့ အစ်မကားကိုငှားစီးဖူးတဲ့ အမျိုးသမီးကြီးတစ်ယောက်က အကြံပေးဖူးတယ်။ နားလို့တော့ရမယ်မထင်ပါဘူး။ စွမ်းဆောင်နိုင်သလောက်တော့ လုပ်မယ်လို့ စဉ်းစားထားတယ်”ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က အမျိုးသားများသာ လုပ်ကိုင်ကြသည့် လုပ်ငန်းခွင်အချို့ကို အမျိုးသမီးများ ၀င်ရောက်လာကြပါပြီ။ ၂၁ ရာစုတွင် အမျိုးသမီးတိုင်းသည် အိမ်ထောင်ရှင်မတာဝန်ကိုသာ မထမ်းဆောင်ကြတော့ပါ။ အမျိုးသားများနှင့်အတူ ရင်ပေါင်တန်းလျက် ဖြတ်သန်းနေကြပြီဖြစ်ပါသည်။

အမျိုးသမီးယာဉ်နောက်လိုက်များ ပေါ်လာပါပြီ။ အမျိုးသမီးလေယာဉ်မှူးများ ပေါ်လာပါပြီ။ အမျိုးသမီးရေကြောင်းပညာရှင်များ ပေါ်လာပါပြီ။ အမျိုးသမီးစစ်ဗိုလ်များ ပေါ်လာပါပြီ။ အမျိုးသမီးအဝေးပြေးယာဉ်မောင်းများ ပေါ်လာပါပြီ။ ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်အတွင်း ယောက်ျားသားများနှင့် ရင်ပေါင်တန်းလျက် ဆိုက်ကားနင်းနေသည့် ဒေါ်ခင်နှင်းစိုးက ဥပမာဖြစ်ပါသည်။

အိမ်ရှိ အလုပ်လုပ်နိုင်သည့်သူ အကုန်အလုပ်ထွက်လုပ်ပါမှ စားဝတ်နေရေး အဆင်ပြေနိုင်မည့်အခြေအနေများတွင် အိမ်ရှင်မများလည်း အ၀တ်လျှော်၊ ထမင်းချက် သီးသန့်လုပ်နေ၍ မရတော့ပါ။

“အမျိုးသမီးတွေအိမ်မှာ ယောက်ျားလုပ်စာထိုင်စားနိုင်လောက်တဲ့ ခေတ်မဟုတ်တော့ဘူး။ နောက်တစ်ခုက အမျိုးသမီးတွေရဲ့ ဘ၀ရုန်းကန်မှုပုံသဏ္ဍာန်က ခေတ်အပေါ်မူတည်ပြီး ပြောင်းလဲလာရတယ်။ ပိုပင်ပန်းလာတယ်လို့ တချို့ကပြောပေမဲ့ အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်းလုပ်လာနိုင်တော့ အရင်လို အိမ်တွင်းပုန်းအနှိမ်ခံဘ၀က ပိုလွတ်မြောက်လာတာပေါ့”ဟု အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်ပြီး အိမ်ထောင်ရှင်မတစ်ဦးလည်းဖြစ်သည့် မအိမ့်ခိုင်ဦးကသုံးသပ်သည်။

အမျိုးသားတက္ကစီယာဉ်မောင်းများကတော့ အမျိုးသမီးတချို့ တက္ကစီမောင်းနှင်နေသည့်အပေါ် ချီးကျူးကြသည်။ “တစ်ခါတလေ လမ်းမှာ ပါစင်ဂျာလိုက်ပို့ရင်း ကြုံဖူးတယ်။ အသက်ငါးဆယ်ကျော်လောက်ရှိပြီ။ အမျိုးသမီးကြီး။ မျက်မှန်အနက်တပ်ထားတယ်။ အစကမသိဘူး။ ရှေ့ကမောင်းတာနှေးနေလို့ အော်ပြီးကလိမလို့ ကျော်တက်လိုက်တာ။ သေချာကြည့်မှ အမျိုးသမီးဖြစ်နေလို့ ကိုယ့်ဟာကိုယ် ခပ်တည်တည်နဲ့ ဆက်မောင်းလာရတယ်”ဟု တက္ကစီသမားတစ်ဦးကပြောပြသည်။

ဒေါ်ဌေးဌေးဝင်းကတော့ သူ့လိုပင် တက္ကစီမောင်းနှင်နေသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းမှာ တစ်ကြိမ်ဆုံဖူးသည်ဟု မှတ်မှတ်ရရဆိုသည်။

“လသာမီးပွိုင့်မှာ ကားပိတ်နေတုန်း ပရိုဘောက်စ်မောင်းလာတဲ့ အမျိုးသမီးတစ်ယောက် ဘေးမှာဆုံဖူးတယ်။ သူရော၊ ကိုယ်ပါ ခရီးသည်ပါတယ်။ သူလည်း ကိုယ့်ကိုတွေ့တော့ လက်မထောင်ပြသွားတယ်။ အရင်က ကိုယ့်ဝမ်းရေးအတွက် တက္ကစီမောင်းနေပေမယ့် သိမ်ငယ်သလိုခံစားရတယ်။ အဲဒီအချိန်ကစပြီး သူလက်မထောင်ပြတာမြင်တော့ ငါ့လိုလူမျိုးရှိသေးပါလားဆိုပြီး အားတက်လာတယ်”ဟု ပြောပြသည်။

တက္ကစီမောင်းနှင်လာသည့်တစ်လျှောက်လုံး ယာဉ်အထိအခိုက်လုံးဝမရှိသေးဟု ဂုဏ်ယူဝင့်ကြွားစွာပြောသည့် ဒေါ်ဌေးဌေးဝင်းတစ်ယောက် ခရီးသည်ကို လိုရာခရီးသို့ ပို့ဆောင်ပြီးသည်နှင့် နောက်ထပ်ခရီးသည်ကို တင်ဆောင်ရန် ဂီယာထိုး၍ ဆက်လက်မောင်းနှင်သွားလေသည်။

လမ်းတွင် တက္ကစီတားနေစဉ် လာရပ်သည့်ကားပေါ်မှ ဒရိုင်ဘာမှာ အမျိုးသမီးတစ်ဦးဖြစ်နေပါက မအံ့သြပါနှင့်။

ရန်ကုန်မြို့လမ်းမများပေါ်တွင် ဒေါ်ဌေးဌေးဝင်းကဲ့သို့ ကြံ့ကြံ့ခံရင်ဆိုင်နေသည့် အမျိုးသမီးတချို့ တက္ကစီမောင်းနေပါသည်။

ဓာတ်ပုံ- နစ်ကီ
7Day News Journal

မီးငြိမ်းသတ်ရာမှ မီးသတ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ၍ စံပြဆေးရုံရောက်ရှိ


ရန်ကုန် ၊ နိုဝင်ဘာလ ၆

ပွင့်ဦး ပရိဘောဂစက်ရုံ မီးလောင်မှုဖြစ်ပွားရာ အရန်တပ်ကြပ်တစ်ဦး ထိခိုက်ဒဏ်ရာများရရှိကာ စံပြဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း အခင်းဖြစ်ပွားရာရှိ ဒေသခံများထံမှ သိရှိရသည်။

ဒဂုံအရှေ့ပိုင်း စက်မှုဇုန် ၁ ရှိ ပွင့်ဦးပရိဘောဂစက်ရုံသည် နံနက် ၆ နာရီခွဲတွင် ၀ါယာရှော့မှစတင်၍ မီးလောင်မှုစတင်ဖြစ်ပွားကြောင်း၊ ယင်းမီးလောင်မှုတွင် ဒဂုံမြောက်ပိုင်းရှိ အရန်တပ်ကြပ် ဦးသန့်ဇင်အောင်သည် မီးငြိမ်းသတ်ရာမှ လက်အဆစ်ပြုတ်၍ ထိခိုက်ဒဏ်ရာများရရှိကာ စံပြဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။

ယင်းမီးလောင်မှုတွင် Level-4 အဆင့်ထိရှိကာ မီးသတ်ယာဉ် ၅၆ စီး၊ မီးသတ်ရေယာဉ် ၂ စီး၊ ကွပ်ကဲမှုယာဉ် ၅ စီး၊ အထောက်အကူပြု ၄ စီး၊ ကြက်ခြေနီအင်အား ၈၀ ဖြင့်ငြိမ်းသတ်ပြီးဖြစ်ကြောင်း ရန်ကုန် တိုင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ရေးသားသူ-လင်းလင်း
တည်းဖြတ်သူ-နီတိုး
People power

နိုင်ငံတော်သံဃမဟာနာယကို ပီနန်ဆရာတော်ကြီးက တရားစွဲဆိုသွားမည်


ရန်ကုန် ၊နိုဝင်ဘာ ၆

ဝေလင်း

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယ အဖွဲ့အားတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပီနန်ဆရာတော် ဦးပညာဝံသက နိုဝင်ဘာ ၆ ရက်နေ့တွင် မီဒီယာများသို့ ပြောကြားသည်။

ဆရာတော်အနေဖြင့် ယင်းကိစ္စအား သည်းခံလာသည်မှာ ၁၀နှစ်ကျော်လာပြီးဖြစ်ကြောင်း ပိုင်ဆိုင်မှုအထောက်အထား အပြည့်စုံရှိနေသည့်အတွက် တရားဥပဒေကြောင်းလမ်းအရ စကားပြောသွားမည်ဖြစ်ကြောင်း၊ ပိုင်ရှင်မသိဘဲလှူဒါန်းသည်မှာ အလှူအထမမြောက်ကြောင်း ယင်းပြင် ကျောင်းအား ၁၉၉၉ ခုနှစ်ကတည်းက ရေစက်ချလှူဒါန်းသည့်အတွက် နောက်တစ်ကြိမ် ရေစက်ချလှူဒါန်းသည်ဟုဆိုသည်မှာ ရယ်မောဖွယ်ရာဖြစ်နေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

သံဃများအကြား အချင်းကိစ္စကြီးငယ်ပေါ်ပေါက်ပါက သံဃမဟာနာယက သံဃဝိနစ္ဆယအဖွဲ့ဖွဲ့ကာခုံရုံးတင် စစ်ဆေးလေ့ရှိကြောင်း သို့ရာတွင် ယခုမှ အဆိုပါအဖွဲ့နှင့် တိုက်ရိုက် ဖြစ်ပွားသည့် အတွက် ဥပဒေကြောင်းလမ်းအရ တရားရုံးတွင်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်ကဆိုသည်။

“ဦးခင်ညွှန်က ရေစက်ချပြီးသံဃမဟာနာယ ကို ကျောင်းအပ်တယ်ဆိုတာ တရားမ၀င်ဘူး။ သံဃမဟာနာယက ကဒီကိစ္စမှာ ကိုယ်တိုင်ဆုံးဖြတ်လို့မရပါဘူး”ဟု တရားလွှတ် တော်ရှေ့နေ ဦးထင်ကျော်က ပြောသည်။

ယင်းကျောင်းတော်ကြီးအား ဗုဒ္ဓသာသနာပြုမှုနှင့်ဆိုင်သော Training Center အဖြစ် ရည်ရွယ်တည် ဆောက်ခဲ့ပြီး ပီနန်- စင်္ကာပူကျောင်းဆရာတော်ဆိုသည်မှာ နာမည်ဖြင့်အခွန်ကင်းလွတ်စာချုပ်နှင့် သာသနာမြေ စာချုပ်နှစ်ခုကို ၁၉၉၅ ခုနှစ်တွင် ရရှိခဲ့ကြောင်း ၁၉၉၉ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဦးသန်းရွှေ၊ ဦးမောင်အေး နှင့် ဦးခင်ညွှန့်တို့က ရေစက်ချလှူဒါန်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဦးခင်ညွှန့်၏ ညွှန်ကြားချက်အရဆိုကာ သံဃမဟာ နာယကအဖွဲ့သို့ကျောင်းတော်ကြီးကို လွှဲအပ်လိုက်သည်ဆိုသည့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း ယင်း ကျောင်းထုတ်ပြန်ချက်မှ သိရသည်။
People power

မီတာခ ၂ ဆ ဖြစ်ရင် အအေးခန်းစက်ရုံများ ပိတ်ပစ်ရတော့မည်


အခု နိုဝင်ဘာလဆန်းကစပြီး ယူနစ် ၅၀၀၀ အထက်သုံးတဲ့ စက်ရုံနဲ့ အလုပ်ရုံတွေရဲ့ မီတာခတွေကို ၂ ဆ မြှင့်လိုက်တာကြောင့် အအေးခန်းစက်ရုံတွေ ပိတ်ပစ်ရတော့မယ်လို့ ရေလုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။

သူ အအေးခန်းစက်ရုံဆိုရင် နဂိုက ၁ လ မီတာခ ကျပ် သိန်း ၄၀ လောက်ကျပြီး အခုဆိုရင် ကျပ် သိန်း ၈၀ ကျသင့်တော့မယ်လို့ သူက ရှင်းပြပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က လုပ်တဲ့ ငါးလုပ်ငန်းအသင်း ရုံးချုပ် ပုံမှန် အစည်းအဝေးပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး စက်ရုံတွေ ပိတ်ရရင် အလုပ်သမားတွေလည်း အလုပ်ပြုတ်ပြီး ထိခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်ကတော့ နဂို လုပ်ငန်း သုံး မီတာ ၁ ယူနစ် ၇၅ ကျပ်ကနေ အခု ကျပ် ၁၅၀ သတ်မှတ်လိုက်လို့ မီတာခ ၂ ဆ တိုးတာကို ရန်ကုန်မှာ လုပ်ငန်းရှင် ၄ ထောင်လောက်ကပဲ ကြုံရမှာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

by DVB

တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်နယ်ရုံးချုပ်အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား


တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်နယ်ရုံးချုပ်အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်ဆုံး လူတစ်ဦး သေဆုံးသွားသည်။ တိုင်ယွမ်တွင် ယနေ့ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုမှာ တရုတ်အာဏာပိုင်များက အကြမ်းဖက်တိုက်ခိုက်မှုဟု သတ်မှတ်ခဲ့သည့် တိန်အန်မင်ရင်ပြင်တွင် မော်တော်ကားမီးလောင်မှုအပြီး သီတင်းတစ်ပတ်ကျော်အကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဘေဂျင်းမြို့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုတွင် ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းလည်း ဖြစ်သည်။ ရှန်ဇီပြည်နယ်မြို့တော် တိုင်ယွမ်ရှိ ကွန်မြူနစ်ပါတီ ပြည်နယ်ရုံးချုပ်အနီး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရက အတည်ပြုထားသည်။ ဗုံးမှာ စက်ပစ္စည်းများတွင် အသုံးပြုသည့် သတ္တုလုံးငယ်များ (ဘောစေ့များ) ထည့်သွင်းပြုလုပ်ထားသဖြင့် ပေါက်ကွဲမှုဖြစ်ပွားသည် နေရာတစ်ဝိုက်တွင် ထိခိုက်ဒဏ်ရာရရှိမှု ပိုမိုဖြစ်ပွားစေရန် ဗုံးဖောက်ခွဲသူက စီစဉ်ခဲ့ဖွယ်ရှိသည်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် အဆိုပါ သတ္တုလုံးငယ်များကို တွေ့ရှိရကြောင်း ဆင်ဟွာသတင်းဌာနက ပြောကြားသည်။ တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ပြောကြားမှုအရ ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ကွန်မြူနစ်ပါတီ၏ ပြည်နယ်ရုံးချုပ် အဆောက်အအုံ အဝင်ပေါက်အနီးရှိ ပန်းခင်းအောက်ခြေတွင် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနှင့် မီတာ ၁၀၀ အကွာတွင် ရပ်နားထားသော ကားများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဒေသခံ မီးသတ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးနှင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မျက်မြင်များ၏ အဆိုအရ ပေါက်ကွဲမှု ၇ ကြိမ်မျှ ဖြစ်ပွားခဲ့ကြောင်းနှင့် ပြင်းထန်ကြောင်း ဆိုသည်။ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာနှင့် မီတာ ၁၀၀ ခန့်ဝေးသော နေရာကပင် ပေါက်ကွဲမှုကို သိရှိခဲ့ရပြီး မြေပြင်တုန်ခါမှုကို ခံစားခဲ့ရကြောင်း အချို့သတင်းများက ဖော်ပြသည်။

Planet Myanmar Network

ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို


မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။

“ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။

မြန်မာနိုင်ငံတွင်အခြေခံလူတန်းစားများစွာနေထိုင်ပြီး လျှပ်စစ်ဓါတ်အားခကို အိမ်သုံးလျှပ်စစ်ဓါတ်အားခနှုန်း ထားကို တစ်ယူနစ် ၃၅ကျပ်ကောက်ခံနေရာမှ ယခုအခါ ယူနစ် ၁၀၀ ကျော်မှသာ ကျပ် ၅၀နှုန်းကောက်ခံမည် ဖြစ်ကြောင်း၊လက်ရှိတွင် အိမ်သုံးလျှပ်စစ်ကို အခြေခံလူတန်းစား ၅၈ ဒသမ ၈၉ ရာခိုက်နှုန်းအသုံးပြုနေသော ကြောင့် အခြေခံလူတန်းစားများမထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ ထံမှ သိရသည်။

ဓါတ်အားတစ်ယူနစ်ဆိုသည်မှာ ၁၀၀၀ ၀ပ်ရှိကာအင်အားရှိလျှပ်စစ်ပစ္စည်းအား တစ်နာရီကြာသုံးစွဲနိုင် ကြောင်း၊အခြေခ့လူတန်းစားများအတွက် တစ်လယူနစ် ၁၀၀ သက်မှတ်မည်ဆိုပါက တစ်ရက်လျှင် ၃ဒသမ၃ ယူနစ်ဖြစ်ပြီး လေးပေမီးချောင်း ၄ ချောင်း၊တီဗီတစ်လုံး၊ ပန်ကာနှစ်လုံးကို ခြောက်နာရီကြာအသုံးပြုနိုင်သော ကြောင့် အခြေခံလူတန်းစားများကိုမထိခိုက်ကြောင်း ဦးအောင်ခိုင်ကပြောကြားသည်။

အစိုးရအနေဖြင့် လျှပ်စစ်ဓါတ်အားကိုအရှုံးခံကာ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ပုဂလိကလုပ် ငန်းရှင်များဝင်ရောက်လာနိုင်မည်မဟုတ်ကြောင်း၊ယခုပြင်ဆင်လိုက်သော နှုန်းထားသည် အခြေခံလူတန်းစား များကို များစွာထိခိုက်နိုင်မည်မဟုတ်ကြောင်း စက်မှုလုပ်သန်းရှင်တစ်ဦးကပြောကြားသည်။

လတ်တလော လျှပ်စစ်ဓါတ်အားခများတိုးမြင့်ကောက်ခံခြင်းကြောင့် ရန်ကုန်မြို့တွင် အဖွဲ့ အစည်း အချို့ နှင့်ပြည်သူ အချို့က ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေစီစဉ်နေခြင်းဖြစ်သည်။

ရေးသားသူ-နီတိုး
People power

သံတွဲ ခယကမှူးကားနှင့် မတော်တဆ တိုက်မူ ဆိုင်ကယ်စီး အမျိုးသမီး ဆေးရုံတင်ရ


သံတွဲမြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် မောင်းလာသောကားနှင့် ဆိုင်ကယ်စီး လာသူ အမျိုးသမီးတစ်ဦး မတော်တဆ ယာဉ်တိုက်မူ ဖြစ်ရာမှ အမျိုးသမီးမှာ ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။
ယာဉ်တိုက်မူ ဖြစ်ပြီး ဆေးရုံတင်ထားရသူ အမျိုးသမီးမှာ သံတွဲမြို့ အရှေ့တောင်ပိုင်းနေ (ဘ)  ဦးဝင်းဇော်၏ သမီး မမိုးမိုးကျော် အသက်(၂၄)နှစ်ဖြစ်သည်။

နိုဝင်္ဘာလ ၅ ရက်နေ့ မနက် ၉ နာရီခန့်တွင် ဌာနဆိုင်ရာ ကားနံပါတ် 4F-8128 ကို ခယကမှူး ကိုယ်တိုင်မောင်းနှင်လာစဉ် တိုက်မိခြင်းဖြစ်သည်ဟု မျက်မြင် ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ခယက မှူးက ကားကို ကိုယ်ပိုင်မောင်းပြီးလာပါတယ်။ ဆိုင်ကယ်စီးတဲ့အမျိုးသမီးကလည်း လမ်းမကြီးအတိုင်း မောင်းနှင်းလာတော့ တစ်စီးနဲ့တစ်စီး ၀င်တိုက်မိတာ ဖြစ်တယ်။ ၀င်တိုက် လိုက်တာနဲ့ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးက လွင့်စင်သွားပြီးတော့ ဒဏ်ရာ ရသွားတော့ ဆေးရုံကို ယူဆောင်သွားတာ တွေ့လိုက်ရပါတယ်။”

ကားတိုက်ခံရသူ မမိုးမိုးကျော်မှာ ယခုအခါ သံတွဲဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူလျှက်ရှိသည်။

အဆိုပါ ယဉ်တိုက်မှုနှင့် ပတ်သက်ပြီး ယခု အချိန်ထိ တရားလိုဘက်မှ တစုံတရာ တရားစွဲဆိုခြင်းမရှိသေးဟု သိရသည်။
(နိရဉ္စရာ- ၆ နိုဝင်္ဘာ ၂၀၁၃) / မောင်ရမ္မာ

စစ်တွေ လူမှုကွန်ယက် အစည်းအဝေး အန်ဂျီအိုများကိစ္စ အဓိက ဆွေးနွေး


ဆွေးနွေးပွဲကို မြင်ရစဉ်။ ( ဓါတ်ပုံ- Rakhine Citizen Journalist)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရခိုင်အမျိုးသမီးတစ်ဦး အကြမ်းဖက် တိုက်ခိုက်ခံရ၍ သေဆုံးမှုနှင့် ပတ်သတ်သည့် ဆွေးနွေးပွဲ တစ်ခုကို ရခိုင်လူမှုကွန်ယက်မှ စစ်တွေမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ရာ ရခိုင်အခြေစိုက် အန်ဂျီအိုများကိစ္စကို အဓိက အလေးထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို ကိုယ်တိုင် တက်ရောက်ခဲ့သူ စည်းကမ်းထိမ်း ရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့မှ အရှင်ပညာသာမိက ယခုကဲ့သို့ ပြောသည်။

“ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ဆင်တက်မော်ကိစ္စမှာ ဘင်္ဂလီတွေက အဲဒီမှာ ရှိနေတဲ့ အန်ဂျီအိုတွေဆက်သွယ်ပြီး သူ့တို့ လူတွေကို ဆေးရုံတင်ဖို့တောင်းဆိုတဲ့အခါ  ကူညီပြီး ဆေးရုံကိုပို့တယ်။ ဦးဇင်းတို့ ရခိုင်တိုင်းရင်း သားတွေဘက်က အကူညီတောင်းတဲ့အခါ အကူအညီ မပေးတာကို တွေ့ရတယ်။ ဒါကြောင့် ရခိုင်အခြေစိုက်တဲ့ အန်ဂျီအိုတွေရဲ့ ရပ်တည်ချက်နဲ့ သူတို့ လူပ်ရှားနေတဲ့ အပိုင်းနဲ့ အဓိကထား ဆွေးနွေးကြတာပါ” ဟု ၎င်းက ဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ် အတွင်း အခြေစိုက်သော အန်ဂျီအိုများသည် သတင်းအမှားများကို ထုတ်လွှင့်ပြီး နိုင်ငံတော် အစိုးရကို နာမည်ပျက်အောင် ကမ္ဘာတွင် လိမ်လည်မူများ ရှိနေသည်ဟု ဦးဇင်းကဆိုသည်။

“ ဦးဇင်းတို့ ပြည်သူတွေ မြင်တာက မြန်မာအစိုးရနဲ့ ရခိုင်ပြည်သူတွေဟာ  မူဆလင်တွေကို ဖိနှိပ်တယ်ဆိုတဲ့ သဘောမျိုး ပြည်ပရောက် ဘင်္ဂလီအရေး လူပ်ရှားသူတွေနဲ့ နိုင်ငံတကာ အန်ဂျီအိုတွေနဲ့ ပေါင်းပြီး ကမ္ဘာကို လိမ်လည် နေကြတယ်လို့ မြင်တယ်။ ဒါကြောင့် ဦးဇင်းတို့ အန်ဂျီအိုတွေကို အစိုးရက စနစ်တကျ ကိုင်တွယ်ဖို့လိုတယ်လို့ မြင်တယ်။  ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးဖို့ လိုတယ်လို့ ဦးဇင်းတို့ တောင်းဆို ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

များမကြာမီကလည်း ရန်ကုန်အခြေစိုက် ပြည်ပ သတင်းဌာနအချို့နှင့် ရခိုင်အခြေစိုက် အန်ဂျီအိုများက ရခိုင်ပြည်နယ်တွင် အခြေစိုက်သော အစ္စလာမ်ဘာသာဝင် ၁၅၀၀ ခန့်သည် ခနော်ခနဲ့လှေများဖြင့် များမကြာမီက ရခိုင်ပြည်နယ်က ထွက်ခွာလာခဲ့ကြသည်ဟု ဖေါ်ပြရုံသာမက လူပေါင်း (၇၀) ရေနစ်သေဆုံးခဲ့သည်ဟု ဖေါ်ပြခဲ့သည်။

သို့သော်လည်း ၎င်းသတင်းကို ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများကမူ အတည် မပြုနိုင်ကြောင်း ထုတ်ဖေါ်ပြောဆိုထားသည်။ ၎င်းပြင် နိုင်ငံတကာ အန်ဂျီအိုများက ပြောဆိုသော မူလ ထွက်ခွာရာ စစ်တွေ အုန်းတောကြီးနှင့် သဲချောင်းသို့ သွားရောက် စုံစမ်းရာတွင်လည်း ထိုကဲ့သို့ ထွက်ခွာသွားသူရှိသည်ဟု သတင်းမရရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်ဟု ဦးဇင်းက ဆိုသည်။

နိုင်ငံတကာ NGOများ ကိစ္စသာမက မကြာမီ မြန်မာနိုင်ငံကို အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) မှ ကိုယ်စားလှယ် ရခိုင်ပြည်နယ်ကို လာရောက်မည့် ကိစ္စများကိုလည်း ဆွေးခဲ့ကြကြောင်း ဦးပညာသာမိက ဆက်ပြောသည်။

“စစ်တွေမြို့ပေါ်မှာ အိမ်းငှားပြီးလှုပ်ရှားနေတဲ့ NGO တွေ မသိနားမလည်တဲ့ ကိုယ်ဝန်ဆောင် ရခိုင်အမျိုးသမီးတွေကို ဆေးကုပေးမယ်ဆိုပြီး ကိုယ်ဝန်ပျက် ဆေးတွေပေးပြီး မကောင်းမှုတွေကို လုပ်နေကြ တဲ့ကိစ္စ၊ နောက်ပြီး မြန်မာနိုင်ငံကို OIC က ဒီလ ၁၃ ရက်နေ့မှာလာမယ်။ ၁၄ ရက်နေ့မှာ ရခိုင်ကိုလာမယ်လို့ ကြားရ တယ်။ အဲဒီပုဂ္ဂိုလ် ရခိုင်ပြည်ကိုလာတဲ့အချိန်မှာ ဦးဇင်းတို့ ဆန္ဒထုတ်ဖော်ဖို့ ကိစ္စတွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်။

ဆွေးနွေးပွဲကို စစ်တွေမြို့ ကျောင်းတက်လမ်းရှိ ဂြစ်ဘက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူမှုရေးကူညီမှုများ ပြုလုပ်လျက်ရှိသည့် NGO များသည် ခွဲခြားအကူအညီပေး သည်ဟူသည့် စွပ်စွဲချက်များကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ ဗစ်ကီဟော့ကင်းက တုံ့ပြန်ငြင်းဆိုသည်ဟု မိစ္ဈိမသတင်းတွင် ယနေ့ ဖေါ်ပြသည်။

(နိရဉ္စရာ- ၆ နိုဝင်္ဘာ ၂၀၁၃) / မောင်အေး

ပေါက်တော လူသတ် တရားခံလို့ သံသယရှိသူ စစ်တွေသို့ ယူဆောင်


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နိုဝင်္ဘာလ ၂ ရက်နေ့က ရခိုင်အမျိုးသမီးများအား သတ်ဖြတ် တိုက်ခိုက်ခဲ့သူဟု သံသယ ရှိသူ တစ်ဦးကို ဖမ်းဆီးရမိပြီးနောက် စစ်တွေသို့ ချက်ချင်း ယူဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

နိုဝင်္ဘာလ ၄ ရက်နေ့ ညနေ ၈ နာရီတွင် သူ့အား ဖမ်းဆီးရမိကြောင်း  ပေါက်တောရဲစခန်းမှ ရဲအရာရှိ ဦးသန်းဌေးက နိရဉ္စရာသို့ပြောသည်။

“ သံယသ ရှိသူ တရားခံတယောက် ဖမ်းမိပါပြီ၊ ၄ ရက်နေ့ ညဥ့် ၈ နာရီ ၄၅ မိနစ်က ဖမ်းဆီး မိတာပါ။ ဆင်တက်မော် ဒုက္ခသည် စခန်းကို ရောက်နေတဲ့ ငှက်ချောင်းဒုက္ခသည်စခန်းက နော်ကော်ဘီပါ။ ငှက်ချောင်း ဒုက္ခသည် စခန်းက ဆင်တက် မော် ဒုက္ခသည်စခန်းကို ခိုးဝင်လာသူ ဖြစ်ပါတယ်။ ဒုရဲမှူး ဦးကျော်စိုးတို့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူမှာ ဘင်္ဂလီ လူမျိုး  နော်ကော်ဘီ၊ အသက် (၂၅)နှစ်၊ အဘ အီချူးနော်ဘီ၏ သားဖြစ်ကြောင်း သူက ဆက်ပြောသည်။

အရေးကြီးသော တရားခံ ဖြစ်သဖြင့် နော်ကော်ဘီကို ဖမ်းဆီးရမိပြီးနောက် ပေါက်တောမြို့ကို ယူဆောင်လာခြင်းမရှိဘဲ ချက်ချင်း စစ်တွေမြို့သို့ တိုက် ရိုက် ယူဆောင်သွားသည်ဟု ဦးသန်းဌေးက ပြောသည်။

“ ပေါက်တောကို မရောက်ပါ။ စစ်တွေကို တခါတည်း ယူဆောင်သွားပါတယ်။  စစ်တွေမှာဘဲ မနေ့က ရမန်ယူပါတယ်။ သူရဲ့အမှုကို စစ်တွေကဘဲ တိုက်ရိုက် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရသူ နော်ကော်ဘီကို နိုဝင်္ဘာလ ၄ ရက်နေ့ ညဥ့်အချိန်တွင် စစ်တွေသို့ ယူဆောင်လာပြီး ယခုအခါ စစ်တွေထောင်ထဲတွင် ထိန်းသိမ်းထားကြောင်း  အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ခင်မောင်လှက နိရဉ္စရာသို့ ပြောသည်။

“ ထောင်ကိုပို့လိုက်ပြီ ဖြစ်ပါတယ်။ ညဥ့် ၁၁ နာရီမှ ကျွန်တော်တို့ဆီကို ရောက်ပီး စစ်ဆေးကြည့်တဲ့အခါ သူက ဟုတ်မှန်ကြောင်း ၀န်ခံပါတယ်။ ကျွန်တော်ခုတ်ပြီးတဲ့အခါ သူသတိလစ်သွားတယ်။ သူမှားသွားတယ် ဆိုပြီး သူကိုယ်တိုင် ၀န်ခံပါ တယ်။ စစ်ဆေးပီးတဲ့ အခါ ထောင်ကိုပို့လိုက်ပါတယ်။ နောက်ကျန်တဲ့ တရားခံတွေကို ဆက်လက် ဖမ်းဆီးဖို့ ဆောင်ရွက်နေကြပါတယ်။ မရောက်ကြသေးပါဘူး။”

အကြမ်းဖက်မှုတွင် ပါဝင်သည့် တရားခံကို တစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီးနောက် တခြားပါဝင် ပတ်သက်သူများကိုလည်း လိုက်လံ ရှာဖွေ ဖမ်းဆီးနေသည်ဟု သိရသည်။

နိုဝင်္ဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ် ဆင်တက်မော်ရွာတွင် မတည်ငြိမ်မူများ ပေါ်ပေါက်ပြီးနောက် ဆင်အိုင်ကျေးရွာမှ အမျိုးသမီးများ မြစ်ကမ်းဘေးတွင် ရေနေဂုံး ကောက်ရန် သွားစဉ်  အကြမ်းဖက်သမား အုပ်စု တစ်ခုက တိုက်ခိုက်သည့်အတွက် ဒေါ်မလှခင် (၃၈)နှစ်မှာ ပွဲချင်းပြီး သေဆုံးပြီး  မမေသန်းခင် မှာလည်း လက်မောင်းတွင် ဓါးဒဏ်ရာပြင်းထန်စွာ ရရှိသွားဖြင့် ယခုအခါ စစ်တွေ ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျှက်ရှိသည်။

ပေါက်တောမြို့နယ် အနောက်ရဲ ကယ်ဆယ်ရေးစခန်းတွင် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက လုံခြုံရေး တာဝန်ယူထားသော်လည်း ကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည်များသည်  အပြင်ထွက်ပြီး ပတ်ဝန်းကျင် ကျေးရွာများကို သွားရောက်ကာ ကျွဲနွားများ ခိုးယူခြင်း၊ အမျိုးသမီးများကို အကြမ်းဖက် တိုက်ခိုက်ခြင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် ဒေသခံ ကျေးရွာများက လုံခြုံရေး  အထူး စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု သိရှိရသည်။
(နိရဉ္စရာ- ၆ နိုဝင်္ဘာ ၂၀၁၃) / မောင်ရမ္မာ

လိင်စိတ်ခံယူမှု ကွဲပြားသူများ အတွက် အထက်မြန်မာပြည် Miss Rainbow Ribbon Contest ကျင်းပမည်


ရန်ကုန်မြို့တွင် ၂၀၁၃ မေလ ၁၇ရက်နေ့က ကျင်းပခဲ့သည့် လိင်တူချစ်သူများနေ့၌ မြင်တွေ့ရသည့် တတိယလိင်မယ်လေးများ
မန္တလေး၊ နိုဝင်ဘာ ၅

လိင်စိတ်ခံယူမှု ကွဲပြားသူများအတွက် အထက်မြန်မာပြည် Miss Rainbow Ribbon Contest 2013 ကို Rainbow Ribbon Network (Myanmar) က ဦးစီးကာ မန္တလေးမြို့တော် ဟိုတယ်မန္တလေးတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ မှ ည ၉ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ Network တာဝန်ရှိသူ မကြီးပွင့်ထံမှ သိရသည်။

အဆိုပါ Miss ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ ၅၀ ဦး ကန့်သတ်ထားပြီး နမ့်ခမ်း၊ ရွှေဘို၊ မြင်းခြံ၊ ဗန်းမော်နှင့် ရန်ကုန်မြို့တော် တို့မှ ပန်းပညာရှင်၊ မိတ်ကပ်အလှ ဖန်တီးရှင်၊ ကျောင်းသားနှင့် NGO အဖွဲ့အစည်း များမှ ၄၃ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထားပြီး ဖြစ်ကြောင်း ၄င်းကပြောကြားသည်။

“လျှောက်လွှာတင်တဲ့သူ အားလုံးကို ယှဉ်ပြိုင်ခွင့် ပေးမှာမဟုတ်ပါဘူး။ ရီဟာဇယ် ခေါ်တဲ့ အချိန်လာရမယ်၊ ဒီ Network က လုပ်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ သင်တန်း ငါးရက် လာတက်ရမယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီရမယ်။ ဒီသုံးချက်နဲ့ ညီတဲ့သူတွေ ကိုပဲ ယှဉ်ပြိုင်ခွင့် ပေးမှာပါ” ဟု ၄င်းကဆိုသည်။

အဆိုပါပွဲကို Network အတွက် ရန်ပုံငွေရရှိရန်၊ မန္တလေးမြို့ခံ များနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများကြား ခွဲခြားဆက်ဆံခံရမှု ပပျောက်စေရန် ၄င်းတို့၏ စွမ်းရည်များကို ထုတ်ဖော် ပြသနိုင်ရန်နှင့် နိုင်ငံတကာမှ မြန်မာလိင်တူ ချစ်သူများကို အသိအမှတ်ပြုလာရန် အဆိုပါ တင်ဆက်မှုကို စီစဉ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း Rainbow Ribbon Network (Myanmar) မှ ဆည်းဆာညီညီ က ပြောကြားသည်။

“ဒိုင်လူကြီးတွေ ကလည်း မန္တလေးနဲ့ ရန်ကုန်က တကယ့်နာမည်ကြီး ဒီဇိုင်နာတွေ၊ မိတ်ကပ်ပညာရှင် တွေနဲ့ နာမည်ကြီး အနုပညာရှင် တွေလည်း ပါဝင်မှာပါ။ ဒီပြိုင်ပွဲ မှာရရှိလာမယ့် Miss ကို ထိုင်းနိုင်ငံမှာ လုပ်မယ့် ၂၀၁၄ Miss International Queen မှာဝင်ပြိုင်ခိုင်းမှာပါ” ဟု ဆည်းဆာညီညီက ဆိုသည်။

အဆိုပါပြိုင်ပွဲတွင် Miss Award၊ 1st Runner Up၊ 2nd Runner Up ဆုများနှင့် Title ဆုပေါင်း ၁၀ ဆုကို ချီးမြှင့်မည်ဖြစ်ပြီး ရန်ပုံငွေပွဲ ဖြစ်သည့်အတွက် လက်မှတ်ရောင်းချမည် ဖြစ်ကာ ဈေးနှုန်းများမှာ ၅၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ်ဖြစ်ကြောင်း၊ Rainbow Ribbon Network (Myanmar) အနေဖြင့် ယခုပြိုင်ပွဲသည် ပထမဆုံးအကြိမ် ဖြစ်ပြီး နှစ်စဉ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

မန္တလေးတွင် ပေ ၃၅၀ အကျယ်ရှိ အပန်းဖြေနေရာသစ် ဖော်ထုတ်မည်


မန္တလေး၊ နိုဝင်ဘာ ၅

မန္တလေးမြို့တော်တွင် ပြည်သူများ စုစည်းစုဝေးနိုင်သည့် ပေ ၃၅၀ အကျယ်ရှိ အပန်းဖြေ နေရာသစ်တစ်ခု ဖော်ထုတ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတား ဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ အပန်းဖြေနေရာကို မဟာအောင်မြေ မြို့နယ် ၆၂ လမ်းရှိ မနော်ရမံ ဥယျာဉ်နှင့် လမ်း ၄၀ ကြားတွင် ဆောင်ရွက်မည် ဖြစ်ပြီး ပေ ၃၅၀ အကျယ်အဝန်း ရှိမည့် အဆိုပါ Public Center ကို ၂၀၁၄ ခုနှစ် မတ်လကုန် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ထပ်မံ ပြောကြားသည်။

“အရင်ဆုံး Public Center လုပ်မယ့် ဧရိယာမှာ ရှိနေတဲ့ ပျိုးခြံတွေအားလုံး ရှင်းပြီးပြီ။ မနော်ရမံ ချောင်းရှေ့က ဧရိယာကို ယူပြီး တံတားအပြည့်ခင်းမယ်။ အောက်ကချောင်း ကိုလည်း ရေစီးရေလာ မထိခိုက်အောင် လုပ်မယ်။ အားကစားပစ္စည်းတွေ ထားမယ်မထားဘူး ဆိုတာတော့ မသိသေးဘူး။ အဓိက ကတော့ ပြည်သူလူထုတွေ စုဝေးပြီး စုစည်းနိုင်အောင်ပါ” ဟု ၄င်းက ဆိုသည်။

“မန္တလေးမှာ ရန်ကုန်က ပြည်သူ့ရင်ပြင် လိုမျိုး လူ သောင်းဂဏန်းဆံ့တဲ့ ရင်ပြင်မျိုး မရှိဘူး။ အဲလိုရင်ပြင်မျိုး မန္တလေးမှာ ထားပေးဖို့ လိုတယ်။ မန္တလေးမှာ အရင်တုန်းက ရှိခဲ့တဲ့ ဥယျာဉ်တွေ ကလည်း အခုမရှိတော့ဘူး။ ကျုံးဘေးကလည်း အတွဲတွေနဲ့ ဆိုတော့ အရင်ကလို မိသားစုလိုက် အပန်းဖြေဖို့ ဆိုတာ မဖြစ်နိုင်ဘူး” ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ဆိုသည်။
The Voice Weekly

တစ်နိုင်ငံလုံး အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်များ သဘောတူ


မြစ်ကြီးနား၊ နိုဝင်ဘာ ၅

အပစ်အခတ်ရပ်စဲရေး မတိုင်မီ နိုင်ငံရေးအရ ဦးစွာဆွေးနွေးရန် ပြောဆို ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီးမှသာ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူကြောင်း မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပူးတွဲ ကြေညာသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နိုဝင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲ ကြေညာချက်တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ နိုင်ငံရေးအရ တွေ့ဆုံ မဆွေးနွေးမီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် သဘောတူ ကြသော်လည်း ယင်းသို့ မပြုလုပ်မီ နိုင်ငံရေးဆိုင်ရာ အခြေခံ အချက်အလက် များကို ကြိုတင် ဆွေးနွေးမည် ဖြစ်ကြောင်း UNFC အတွင်းရေးမှူး (၂) ဦးခွန်ဥက္ကာက ရှင်းပြသည်။

“နိုင်ငံရေး ဆွေးနွေးပွဲမှာ လက်နက်ကိုင်နဲ့ အစိုးရတင် မဟုတ်ဘဲ နိုင်ငံရေး ပါတီတွေနဲ့ အခြားအဖွဲ့ တွေလည်း ပါဖို့လိုတယ်။ ဒီတော့ အပစ်မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ဆိုတာ လက်တွေ့မကျဘူးလေ” ဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဆိုသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံး အကြိမ် အဖြစ် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးသော်လည်း ပိုမိုတိကျသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အတွက် ဒီဇင်ဘာလအတွင်း ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်းဆောင်များ နှစ်ရက်ကြာ တွေ့ဆုံမှု အပြီး ဒုတိယအကြိမ် အလားတူ ဆွေးနွေးပွဲကို ဒီဇင်ဘာလအတွင်း ဘားအံမြို့၌ ကျင်းပရန်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပနိုင်ရန် စသည့်အချက်များ အပါအဝင် အချက် ခြောက်ချက်ပါ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်လိုက်သည်။
အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အလားအလာ များအတွက် ကျေနပ်အားရမှု ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးနှင့် အစိုးရတို့ နိုင်ငံလုံးအဆင့် အပစ်ရပ်ရေး ပြုလုပ်နိုင်ရန် အပြီးသတ် ဆုံးဖြတ်ချက်များ ချမှတ်ရေး မတွေ့ဆုံမီ ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိပ်သီး အစည်းအဝေးကို KNU က အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပမည် ဖြစ်သည်။

မြစ်ကြီးနားမြို့တွင် ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များ၏ ပထမဆုံး တွေ့ဆုံပွဲတွင် အစိုးရက အခန်း ၁၄ ခန်းပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (မူကြမ်း) ကို တင်ပြပြီး အချက် ၁၁ ချက်ပါ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက် များကို တိုင်းရင်းသား အဖွဲ့များက တင်ပြခဲ့သည်။

နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များနေ၍ ဝန်ကြီးဌာနများ လွှတ်တော်တွင် ဖြေရှင်းရမည်


နေပြည်တော်၊ နိုဝင်ဘာ ၅

ပြည်ထောင်စု အစိုးရအဖွဲ့၏ ဝန်ကြီးဌာန များသည် နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များပြားနေ၍ အကြွေးပေးရန် ကျန်ရှိနေသော ဝန်ကြီးဌာနများက ပြည်ထောင်စု လွှတ်တော်တွင် လာရောက်ဖြေရှင်းရမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနများသည် နိုင်ငံတော်သို့ ကြွေးကျန်ပေးသွင်းရန် ၂ နှစ် ဆက်ကျန်ရှိ နေသောကြောင့် ကြွေးကျန်ပမာဏ ပိုမို များပြားလာခြင်း ဖြစ်သည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လအတွင်း နိုင်ငံတော်၏ အရအသုံး စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသော အချက်အလက် များကြောင့် နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်တွင် လာရောက်ရှင်းပြရန် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။

အကြွေးများ ပြန်လည်ပေးဆပ်မည့် အခြေအနေများကို သိရှိလိုပြီး ဝန်ကြီးဌာနများ အနေနှင့်လည်း တွန်းအားပေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အကြွေးကျန်ရှိနေသော ဝန်ကြီးဌာနများ လွှတ်တော်သို့ လာရောက် ရှင်းလင်းပေးရမည့် အချိန်နှင့် နေ့ရက်ကိုမူ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခြင်း မရှိသေးပေ။

အစိုးရ အဖွဲ့အစည်းများ၏ ငွေစာရင်းများကို စစ်ဆေး ဆောင်ရွက်နေသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အနေဖြင့်လည်း IT ပညာရှင်များ၊ အင်ဂျင်နီယာနှင့် လိုအပ်သည့် အတတ်ပညာရှင် များကို တိုးချဲ့ခန့်အပ် ဖွဲ့စည်းရန် လိုအပ်နေကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သို့ ကြွေးကျန်ပေးရန် ကျန်ရှိနေသော ဝန်ကြီးဌာန စုစုပေါင်း ၁၉ ဌာန ရှိကြောင်း အဆိုပါကော်မတီ၏ အစီရင်ခံစာအရ သိရှိရသည်။
အဆိုပါကြွေးပေးသွင်းရန် ကျန်နေသော ဝန်ကြီးဌာနများသည် ပြည်သူ၏ ဘဏ္ဍာငွေကို သုံးစွဲနေခြင်း ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာမှု ရှိရန်နှင့် အများပြည်သူ ယုံကြည်မှု ရှိရန် လိုအပ်ကြောင်း ယင်းကော်မတီက တင်ပြခဲ့သည်။

တိရစ္ဆာန်မွေးမြူခြင်းနှင့် သတ်ဖြတ်ခြင်းဆိုင်ရာ အပါအဝင် နည်းဥပဒေရှစ်ခု မန္တလေးတိုင်းလွှတ်တော် ဆွေးနွေးမည်


မန္တလေး၊ နိုဝင်ဘာ ၅

ပြန်လည်ကျင်းပနေသော ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် တိရစ္ဆာန် မွေးမြူခြင်းနှင့် တိရစ္ဆာန်သတ်ဖြတ်ခြင်း ဆိုင်ရာ နည်းဥပဒေ အပါအဝင် နည်းဥပဒေ ရှစ်ခု အတည်ပြုနိုင်ရန် ဆွေးနွေးမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသည့် ယင်းလွှတ်တော် အစည်းအဝေးအရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ဥပဒေအရ နည်းဥပဒေ များနှင့် စပ်လျဉ်း၍ သတ်မှတ်ရက် များတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

ယင်းနည်းဥပဒေ ရှစ်ခုအနက် နိုဝင်ဘာလ ၈ရက်နေ့တွင် မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ ရွေးချယ်ခြင်း ဆိုင်ရာ နည်းဥပဒေ၊ လမ်းတံတားနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ နည်းဥပဒေ၊ ကူးတို့လုပ်ငန်း ဆိုင်ရာ နည်းဥပဒေနှင့် တိရစ္ဆာန်မွေးမြူခြင်းနှင့် တိရစ္ဆာန် သတ်ဖြတ်ခြင်း ဆိုင်ရာ နည်းဥပဒေတို့ကို ဆွေးနွေးမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက် နေ့တွင် စီမံခန့်ခွဲရေး ဆိုင်ရာ၊ ပြစ်ဒဏ်ချမှတ်ခြင်း ဆိုင်ရာ နည်းဥပဒေ၊ စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများ၊ ကိုယ်ပိုင်ဈေးများ၊ ကျွဲ၊ နွားတိရစ္ဆာန် ဈေးပွဲနှင့် လမ်းဘေးဆိုင်ရာ နည်းဥပဒေ၊ စည်ပင်သာယာရေး အဖွဲ့ပိုင် အခွင့်အရေး လိုင်စင်များ စီမံခန့်ခွဲမှုဆိုင်ရာ နည်းဥပဒေယာဉ်များ လူစီးနှင့် ဝန်တင် တိရစ္ဆာန်များ အပေါ် အခွန်စည်းကြပ် ခြင်းနှင့် ကောက်ခံခြင်း ဆိုင်ရာ နည်းဥပဒေတို့ကို အတည်ပြုနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြမည် ဖြစ်ကြောင်း ယင်းလွှတ်တော် အစည်းအဝေးအရ ထပ်မံသိရှိရသည်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်း အဝေးမှ သတ္တမ ပုံမှန်အစည်းအဝေးအထိ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေ ၁၉ ခုကို အတည်ပြုခဲ့ကြောင်း ယင်းလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သော လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးနှင့် လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီ အစီရင်ခံစာအရ သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ခွဲခြားအကူအညီပေးသည်ဟု စွပ်စွဲချက် MSF အကြီးအကဲ တုံ့ပြန်ငြင်းဆို


ရခိုင်ပြည်နယ်အတွင်း လူမှုရေးကူညီမှုများ ပြုလုပ်လျက်ရှိသည့် NGO များသည် ခွဲခြားအကူအညီပေး သည်ဟူသည့် စွပ်စွဲချက်များကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ ဗစ်ကီဟော့ကင်းက တုံ့ပြန်ငြင်းဆိုလိုက်သည်။

နိုဝင်ဘာ၂ ရက်က ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခတွင် ဒါဏ်ရာရခဲ့သော ဘင်္ဂါလီဒုက္ခသည်များကို ဒေသတွင်းရှိ INGO အဖွဲ့အစည်းတစ်ခုဖြစ်သော MSF အဖွဲ့ဝင်များက စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးသော်လည်း ဆင်အိုင်ကျေးရွာတွင် အကြမ်းဖက်ခံရသော ရခိုင်အမျိုးသမီးများကို ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမရှိဟုဆိုသည့် စွပ်စွဲချက်များကို တုန့်ပြန်ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

“MSF အဖွဲ့အနေနဲ့ လူမျိုးခွဲခြားမှုမရှိဘဲ လူနာရဲ့လိုအပ်ချက်အရသာ ဆေးရုံဆီကို လွှဲပြောင်းပို့ဆောင် ပေးတာ ဖြစ်ပါတယ်၊ ဆင်တက်မော်အရပ်မှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့မနက်က MSF အနေနဲ့ ဒုက္ခသည်စခန်း မှ တာဝန်ရှိသူများက အရေးပေါ်လူနာရှိကြောင်း ဆက်သွယ်လာချက်အရ ပြည်နယ်ကျန်းမာရေး တာဝန် ရှိသူများနဲ့ဆက်သွယ်ပြီး လူနာများကို စစ်တွေဆေးရုံသို့ လွှဲပြောင်းပေးလိုက်ပါတယ်”ဟု မဇ္ဈိမ၏မေးမြန်း ချက်ကို ဗစ်ကီဟော့ကင်းက ပြန်လည်ဖြေကြားသည်။

အဆိုပါဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပြီးနောက် ပေါက်တောမြို့နယ်မှ လူ ၃၀၀ခန့်က NGO များ အလိုမရှိဟု နိုဝင်ဘာ ၃ ရက်တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

“NGO အဖွဲ့တွေက ဒုက္ခသည်စခန်းတွေက လူတွေကို ဆေးရုံကို ခေါ်ဆောင်သွားပြီး ဒဏ်ရာရတဲ့ ကျန် အမျိုးသမီးတွေကို ခေါ်မသွားတာဟာ သူတို့က ခွဲခြားတာပါ။ ဒါကြောင့် ဒေသကို အကျိုးမပြုတဲ့ NGO အ ဖွဲ့အစည်းတွေကို အလိုမရှိတဲ့အကြောင်း ထုတ်ပြန်ခဲ့တာပါ”ဟု ဆန္ဒပြပွဲတွင်ပါဝင်သူဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသူများ၏ စွပ်စွဲချက်များကို ဗစ်ကီဟော့ကင်းက ငြင်းဆိုသည့်အပြင် အရေးပေါ်လူနာများအတွက် အကူအညီများကိုလည်း MSF ထံ အကူအညီ တောင်းခံရယူနိုင်သည်ဟုလည်း ဗစ်ကီဟော့ကင်းကပြော သည်။ “ခေါ်ယူပို့ဆောင်ပေးဖို့ အဆင်မပြေတဲ့ မည်သည့် အရေးပေါ်လူနာအတွက်ကိုမဆို MSF ထံကို အကြောင်းကြား အကူအညီရယူဖို့ တာဝန်ရှိသူ အာဏာပိုင်တွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကို တောင်း ဆိုချင်ပါတယ်”ဟု ပြောသည်။

ဒေသခံမဟုတ်သော NGO,INGO များကို ဒေသတွင်းမှ ထွက်ခွာသွားရန် နိုဝင်ဘာ ၃ ရက် တောင်းဆိုမှု ကို ပြည်နယ်အစိုးရအဖွဲ့က ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများသည် ဒေသတွင်း ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးအ တွက် အဟန့်အတားများ ဖြစ်နေခြင်းကြောင့် ထိန်းသိမ်းရန်လိုအပ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြန် ကြားရေးကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ဆိုသည်။

“တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်လို့ရမယ် ဒါကြောင့် ဒေသခံတွေ အနေနဲ့ ထစ်ခနဲရှိ ဆူပူတာမျိုး မလုပ်သင့်ဘူး”ဟု ပြောသည်။

ဂီရိမုန်တိုင်း ကျရောက်ခဲ့သော ၂၀၁၀ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်သို့ NGO,INGO အဖွဲ့အစည်းများ စတင် ရောက်ရှိလာပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခများ ဖြစ်ပေါ်ချိန်တွင်လည်း နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းများ ထပ်မံရောက်ရှိလာခဲ့သည်။

Written by  ကေဇင်ဦး
Mizzima - News in Burmese

အပစ်ရပ်နယ်မြေ တရားဥပဒေစိုးမိုးရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူမည်


ရန်နိုင်၊ မြစ်ကြီးနား၊ နိုဝင်ဘာ-၅

အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများသည် အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါ က အပစ်အခတ်ရပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ယူသွားရန် အစိုးရ၏ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း များအကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်တွင် ဖော်ပြပါရှိသည်။

ယင်းအပေါ် တိုင်းရင်းသားအဖွဲ့ အစည်းများအားလုံးနှင့် အစိုးရ ကိုယ် စားလှယ်များသည် မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၄ ရက်မှ ၅ ရက်အထိ ဆွေးနွေး ပွဲတွင် အစိုးရ၏ မူကြမ်းကိုတင်ပြခဲ့ရာ အကျေအလည်ဆွေးနွေးခဲ့ရကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လေ့လာသူတစ်ဦးက ပြောသည်။

"အရင်ကတည်းက ဒီအချက် တွေကို KNU နဲ့ RCSS သွားဆွေးနွေး က တည်းကပါနေပြီးသားပါ။ နားလည် မှုနည်းနည်း လွဲတာမျိုးပါ။ အထူးသဖြင့် ဒီအချက်တွေ ကို နိုင်ငံရေးဆွေးနွေးပွဲမှာ ထည့်မလား။ နိုင်ငံရေးဆွေးနွေးသွား နေတဲ့အချိန်မှာ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်နေရာကိုယ်နေ၊ အုပ်ချုပ် ရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်နိုင် အောင်ကျွန်တော်တို့ ဆွေးနွေးနေတဲ့ ကာလမှာလုပ်နိုင်အောင် ဆွေးနွေးတာပေါ့။ ဒါကို နိုင်ငံရေးဆွေးနွေးပွဲမှာမထည့် ဘဲ အပစ်ရပ်စာချုပ်မှာထည့်ချင်တယ်။ ဒါမှ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာတွေ လုပ်လို့ရမယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒါကို ထည့်လိုက်ရင် ကျွန်တော်တို့ရဲ့ လက်ငုတ် လက်ရင်းအခြေခံထားတဲ့ နယ်မြေတွေ လက်လွတ်ဆုံးရှုံးကုန်မယ်။ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးကုန်မယ်။ အဲဒီမှာ နည်းနည်းလေးဖြစ်တာပါ" ဟု ဦးခွန်ဥက္ကာက ပြောဆိုသည်။

အစိုးရ၏ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအကြား တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) တွင် အခန်း (၂) နိုင်ငံတော်၏ တာဝန်များတွင် အပစ်ရပ်နယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။

ထို့ပြင် ယင်းမူကြမ်း အခန်း (၃) အပစ်ရပ် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၏ တာဝန်များတွင် ဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်သည့် ပြစ်မှုကျူးလွန်သူကို တည်ဆဲဥပဒေ နှင့်အညီသာ တရားစွဲဆိုဆောင်ရွက်နိုင် ရန်နှင့် ဥပဒေမဲ့လုပ်ဆောင်မှု မပြုလုပ်ရန်၊ အပစ်ရပ်နယ်မြေများအတွင်း နယ်ဘက်အုပ်ချုပ်ရေးကိစ္စရပ်များတွင် ဥပဒေနှင့်အညီ ပါဝင်ပူးပေါင်းဆောင်ရွက်ရန်ဟု ဖော်ပြပါရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ဆင်ဖြူတော်မုန်ယိုလို့ ပဋိပက္ခများနှင့်အတူ နိုင်ငံရေးမငြိမ်မသက်ခြင်းများဖြစ်နိုင်


တပ်မတော်အစိုးရလက်ထက် ပထမဆုံးရရှိပိုင်ဆိုင်ခဲ့သော ဆင် ဖြူတော် မုန်ယိုပြီး ဆင်ထိန်းကို အသက်သေစေမှုဖြစ်စဉ်ကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးမတည် မငြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံ တကာရေးရာန
က္ခတ်သိပ္ပံသင်တန်း ကျောင်းမှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောကြားခဲ့ သည်။

အဆိုပါဆင်ဖြူတော်မုန်ယိုမှု ဖြစ်စဉ်ကြောင့်နိုင်ငံတော်အုပ်ချုပ် သူများ၊ ပြည်သူများကံအညံ့များ  ဖြစ်ပွားနေပြီး အဆိုပါဖြစ်စဉ် ကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ လ၊ ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် အစပိုင်းတွင် လူထုလှုပ်ရှားမှုများ၊ ပဋိပက္ခများ၊ နိုင်ငံရေး မငြိမ်သက် မှုများဖြစ်နိုင်ကြောင်း ၎င်းမှ ဆက် လက်ပြောကြားခဲ့သည်။

““ဆင်ဖြူတော်တွေကို အရှေ့ တောင်အာရှနိုင်ငံတွေမှာ တိုင်း ပြည်ရဲ့ ရတနာတစ်ပါးအဖြစ်တင် စားကြတယ်။ ဆင်ဖြူတော်တွေ ဟာ တိုင်းပြည်ရဲ့ ကောင်းတဲ့ မင်္ဂလာနိမိတ်ကို ဖော်ဆောင်တဲ့ ရတနာဖြစ်တယ်။ ဒါကြောင့် ဆင် ဖြူတော်မုန်ယိုတာဟာ မကောင်း တဲ့ အမင်္ဂလာနိမိတ်တစ်ခုပါ။ ဒီ အခြေအနေနဲ့ပတ်သက်လို့နက္ခတ် သိပ္ပံအဖွဲ့ရဲ့ သုံးသပ်ချက်ကတော့ လက်ရှိရောက်ရှိနေတဲ့အချိန်ဟာ တိုင်းပြည်မှာ ဂြိုဟ်စီးဂြိုဟ်နင်း မကောင်းတဲ့ကာလဖြစ်တယ်။ တိုင်းပြည်အုပ်ချုပ်သူတွေ နေထိုင် တဲ့ ပြည်သူတွေ ကံညံ့နေတယ်””ဟု ၎င်းက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၂ ရက်၊နံနက် ပိုင်းတွင် မင်းဓမ္မဆင်ဖြူတော်ဝင်း ရှိ ရာဇဂဟသီရိပစ္စယဂဇရာဇာ အမည်ရှိ စွယ်စုံဆင်ဖြူတော် မုန်ယိုကာ စိတ်ရိုင်းဝင်ပြီး ဆင် ဦးစီး ဦးသိန်းစိန်ကို အစွယ်ဖြင့် ထိုးသဖြင့် ဆင်ဦးစီးသေဆုံးခဲ့ရ ကြောင်း သိရသည်။

နောင်နောင်
The Hot News Weekly

မိန်းမအိမ်သာရှေ့က CCTV ပြန်ဖြုတ်ပေးလို့ဆန္ဒပြမှုရပ်ဆိုင်းပြီ


အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိစေရန် သပိတ်စခန်း ဖွင့်ဆန္ဒပြကာအချက်လေးချက် တောင်းဆိုခဲ့ကြသော ဒဂုံမြို့သစ် အရှေ့ပိုင်းစက်မှုဇုန်ရှMyanmar Handsome   အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏တောင်းဆို ချက်များကို လိုက်လျောခဲ့သဖြင့် နိုဝင်ဘာလ (၄) ရက်နေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှုအားရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။

အဆိုပါသပိတ်စခန်းဖွင့်ဆန္ဒ ပြမှုခြင်းကို အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြုလုပ်ခဲ့ပြီး တောင်းဆိုခဲ့သောအချက်လေး ချက်ဖြစ်သည့်အလုပ်ဖြုတ်ခံထား  ရသော အလုပ်သမားကိုစည်သူ မင်းကိုအလုပ်ပြန်ခန့်ရေး၊ မိန်းမ အိမ်သာရှေ့တွင်တပ်ဆင်ထားသော CCTV   အားဖြုတ်ပေးရေး၊ ဆန္ဒ ပြကာလတွင် လုပ်ခလစာမဖြတ် ရေး၊ ယခင်စာချုပ်ပါအချက်များ  ကို လိုက်နာရေးစသည်တို့အား အလုပ်ရှင်ကလိုက်လျောခဲ့သဖြင့် ဆန္ဒပြမှုအားရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း ဆန္ဒပြတောင်းဆိုရာတွင်  ပါဝင်သောအလုပ်သမရှင်းသန့် ဖြူစင်ကပြောခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Myanmar Handsome အထည် ချုပ်စက်ရုံမှ အထွေထွေမန်နေဂျာ  ဦးမောင်မောင်ညိုက “အခုလို ဖြေရှင်းလိုက်တော့လည်းပြီးသွား တာပဲ”ဟုပြောခဲ့သည်။ ယင်းစက် ရုံတွင် ယခင်အောက်တိုဘာလ အတွင်းကလည်း အလုပ်သမား ဆန္ဒပြမှုများရှိခဲ့ပြီး မြို့နယ်ညိုနှိုင်း ဖျန်ဖြေရေးအဖွဲ့ရှေ့တွင် အချက် ၁၉ ချက်အား စာချုပ်ချုပ်ဆိုခဲ့ ကြောင်း အဆိုပါအချက် ၁၉ ချက်  မှ သန့်ရှင်းရေးဝန်ထမ်းတိုးမြှင့် ခန့်ထားပေးရေးOT   အချိန်ပိုလုပ် အားခနှင့် အချိန်ပိုအလုပ်ဆင်းချိန် တိတိကျကျသတ်မှတ်ပေးရေး၊ ဖယ်ရီကားကိစ္စအဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ အလုပ်ရှင်မှ အလုပ်သမားများအား ဆဲဆိုခြင်း မပြုရေးစသည့်အချက်များအား မလိုက်နာခဲ့သဖြင့်ယခုကဲ့သို့သပိတ်  စခန်းဖွင့်ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။


နောင်နောင်၊ကျော်မာဃ

The Hot News Weekly

သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ကျော်နှင့် ရွှေပိဿာ ၈၀၀ ကျော် ပေးသွင်းရန်ကျန်


၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွက် နိုင်ငံတော်၏အရအသုံးစာရင်းများကို စစ်ဆေး ရာတွင် သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ဒသမ ၅၅၄ နှင့် ရွှေစင် ၈၂၁ ပိဿကျော်ဖြင့် အများဆုံး ပေးသွင်းရန် ကျန်ရှိနေကြောင်း နိုဝင်ဘာ ၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဝေငှသော ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကာလအတွက် ဗဟိုအဖွဲ့အစည်း ရှစ်ခု၊ ၀န်ကြီးဌာန ၂၉ ခု၊ စည်ပင်သာယာရေး ကော်မတီ/အဖွဲ့ အစည်းများမှ နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိနေသည်။

ယင်းသို့ပေးဆပ်ရန်ကျန်ရှိရာတွင် မွေး/ရေ၀န်ကြီးဌာနက ကျပ် ၂၉၆ ဒသမ ၉၆၆ သန်းဖြင့် ဒုတိယအများဆုံး၊ ပညာရေးဝန်ကြီးဌာနက ၁၄၄ ဒသမ ၉၄၂ သန်း၊ လယ်ဆည်ဝန်ကြီးဌာနမှ ၉၀ ဒသမ ၄၁၀ သန်း၊ စက်မှုဝန်ကြီးဌာန မှ ၂၈ ဒသမ ၈၂၅ သန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ၁၁ ဒသမ ၉၉၄ သန်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ၇ ဒသမ ၃၀၈ သန်း အသီးသီးကျန်ရှိနေသည်။

ရွှေကြွေးကျန်များမှာ ရွှေတူးဖော်ရေးလုပ်ငန်းများမှ အကြောင်းကြောင်းကြောင့် ပေးသွင်းရန်ကျန်ရှိနေသော ရွှေ များဖြစ်ပြီး ၎င်းရွှေများကို အကြွေးလျော်ပေးရန် သြဂုတ်လအတွင်းက ပြည်သူ့လွှတ်တော်တွင် မေးမြန်းမှုများရှိခဲ့ပြီး ၀န်ကြီးဌာနက ကြွေးလျော်ပေးရန် အစီအစဉ်မရှိဟု ပြန်လည်ဖြေကြားထားသည်။

Written by  သီဟကိုကို
Mizzima - News in Burmese

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ


• ၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ မနက်လင်းအားကြီးအချိန် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိတဲ့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ မဟာဗောဓိညောင်ပင်၊ စေတီတော်ကြီးနဲ့ ဘုးန်းကြီးကျောင်းတွေမှာ ဗုံးတွေဆက်တိုက်ဖေါက်ခွဲခဲ့တဲ့ တရားခံအစစ်တွေကို ၄-၁၁-၂ဝ၁၃ နေ့က ဖေါ်ထုတ်နိုင်လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဌာန NIA ကနေ မနေ့က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

• NIA ကနေ အိန္ဒိယနိုင်ငံ (ရန်ချီ) မြို့၊ (ဟင်းဒ်ပီဒိ) ဧရိယာကနေ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းယူနိုင်ရာကနေ ဗုဒ္ဓဂယာမှာ ထောင်ခဲ့တဲ့ ဗုံး ၁၃ လုံးရဲ့ အသေးစိတ်အချက်အလက်တွေကို သိလာရတာ ဖြစ်ပါတယ်။

• ဗုဒ္ဓဂယာမှာ ဘယ်နေရာတွေကို ဘယ်သူတွေက ဗုံးထောင်တယ်ဆိုတဲ့ အသေးစိတ်တွေပါပါရှိပါတယ်။
• Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။

• ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။
• ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိထားပြီးဖြစ်ပါတယ်။ သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။
• ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံးထောင်ခဲ့တယ်။

Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်းမှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။
• စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။

Dr. Tint Swe
၆-၁၁-၂ဝ၁၃

လက်ပံတောင်း ဆန္ဒပြသူ ၄ ဦးကို တရားစွဲ


စစ်ကိုင်းတိုင်း မုံရွာခရိုင် အင်ကြင်းတောင်မှာ ထိုင်သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေကြတဲ့ သံဃာတော် ၁ ပါးနဲ့ ဒေသခံ ၃ ဦးကို အာဏာပိုင်တွေဘက်က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်တယ်လို့ လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင် ဦးမင်းမင်းက ပြောဆိုပါတယ်။

လက်ပံတောင်းတောင်ဒေသ မိုင်းကွဲမှုတွေကြောင့် လယ်တီသိမ်တော်နဲ့စေတီ ကွဲအက်မှု ရှိ မရှိကို ကြည့်ရှုခွင့်တောင်းဆိုတာ အာဏာပိုင်တွေဘက်က ကြည့်ရှုခွင့်မပေးတဲ့အတွက် အင်ကြင်းတောင်ပေါ်မှာ နိုဝင်ဘာ ၂ ရက်နေ့ ညနေ့ပိုင်းက ထိုင်သပိတ်စခန်းဖွင့်လှစ် တောင်းဆိုပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ အရ တရားစွဲဆို ခံရသူတွေကတော့ ဆရာတော် ဦးစန္ဒာသီရိ၊ ကိုခင်ညိမ်း၊ ဖိုးလပြည့်နဲ့ ဒေါ်သန်းမြ တို့ဖြစ်ပါတယ်။

by ကိုဈာန် DVB

ကုန်စည်ပြပွဲအတွက် ပြင်ဆင်သူ လုပ်သားတစ်ဦး ၁၅ ပေအမြင့် သံမဏိငြမ်းမှ ပြုတ်ကျ


မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ဃြဃ)ဝင်းအတွင်း၌ ကုန်စည်ပြပွဲအတွက် ယာယီအဆောက်အအုံအား ပြင်ဆင်ရေးအဖွဲ့က ပြင်ဆင်နေစဉ် ငြမ်းပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျခဲ့သဖြင့် အလုပ်သမားနှစ်ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ည ၈ နာရီခန့်က မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ဃြဃ)ဝင်းအတွင်း၌ မကြာမီကျင်းပမည့် ကုန်စည်ပြပွဲအတွက် ပြင်ဆင် ရေးအဖွဲ့က ယာယီ(သံဖရိန်)အဆောက်အအုံအား ပြင်ဆင်ဆောက်လုပ်နေစဉ်(အပေါ်ပုံ) အလုပ်သမား နေမျိုးအောင်(၂၂)နှစ် အိုရင်းရွာ ငါ့သရောက်မြို့နယ်နေသူသည် အမြင့် ၁၅ ပေခန့်ရှိ သံမဏိငြမ်း ပေါ်မှ ခြေချော်ပြီးပြုတ်ကျခဲ့ရာ ဝဲပေါင်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ၄င်းအောက်တွင် ငြမ်းအား ရွှေ့ပြောင်းပေးသူ မြင့်ကိုကို(၃၅)နှစ် ကျန်စစ်သားအိမ်ရာ (၆)ရပ်ကွက် လှိုင်သာယာမြို့နယ် နေသူမှာ ငြမ်းသံချောင်းဖြင့် ရိုက်မိပြီး ညာခြေထောက် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အဆိုပါ ပြင်ဆင်ရေးအဖွဲ့၏ တာဝန်ရှိသူများက ဝိတိုရိယဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယင်းဆေးရုံကြီးမှ တစ်ဆင့် အလုံမြို့နယ် အကယ်ဒမီဆေးရုံကြီးသို့ လွှဲပြောင်း၍ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

The Mirror Daily

ဆီးကျောက် တည်ခြင်းနှင့် အစာအိမ်နာ ရောဂါ


ဆီးကျောက်တည်ခြင်းနဲ့ အစာအိမ်နာခြင်းဟာ အစာကြောင့် ဗိုက်အောင့်သလို ဆီးကျောက်ကြောင့် ဆွဲဆုပ်ကိုင်ပြီး အောင့်တတ်ပါတယ်။

အစာ သို့မဟုတ် အစာမရှိလည်း အောင့်တတ်တယ်။ အောင့်တဲ့နေရာက အစာအိမ် ဆိုရင် အရှေ့ဘက်၊ ဆီးကျောက်တည်တာဆိုရင် ခါးနောက်ကျောက အောင့်တတ်တယ်။ ဆီးကျောက်တည်ရင် ခါးနှစ်ဖက်လုံး နာပြီး ပျို့အန်တာ၊ဗိုက်နာတာ ဖြစ်လို့ အစာအိမ်နဲ့ မှားပြီး ကုကြတယ်။ ကျောက်တည်တာ သေချာအောင် တီဗွီဓာတ်မှန် ရိုက်ကြည့်ပြီး ခွဲခြား သိနိုင်ပါတယ်။ ဆီးပြွန်မှာ ကျောက်တည်ရင် အင်္ဂါစပ်အထိ နာတယ်။ ဝမ်းဗိုက်အောက်ပိုင်း ဆီးလမ်းကြောင်း တစ်လျှောက်နာတယ်။ ဆီးပြွန်ရဲ့အောက်ဆုံးပိုင်း ဆီးအိမ်နားမှာ ကျောက်တည်ရင် အင်္ဂါစပ်ထိနာတယ်။ ဆီးခဏခဏ သွားတယ်။ ကျောက်ရှိရှိ၊ ပိုးပဲဝင်ဝင် အဖျားပါလာလို့ ဆီးကျဉ်တာ သတိထား ဆေးကုသင့်တယ်။ အစာအိမ်မှာက ဝမ်းခေါင်းကနေ ဘယ်ဘက်ရင်ညွန့် ကနေချက်အထိ နာတယ်။ အစာဝင်ရင် သက်သာသလိုနဲ့ ပိုဆိုးတတ်တယ်။

ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာမပေးဘူး။ဆီးကျောက်တည်တာ သေးရင် ဆီးပြွန်အတွင်း ပြုတ်ကျတာ သို့မဟုတ် ဆီးကျောက်ကြီးပြီး ကျောက်ကပ်ကို ပိတ်ဆို့ရင် ကျောက်ကပ်ကင်ဆာ အထိဖြစ်တတ်တယ်။ ဆီးအိမ်မှာ ကျောက်တည်တာ ကြာရှည်နေရင် ပွန်းပဲ့ဒဏ်ရာ ခဏခဏဖြစ်ပြီး ကာလကြာရှည် တာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ်တတ်တယ်။

ကျောက်တည်ရင် ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးတတ်တယ်။ကျောက်တည်လို့ ကင်ဆာဖြစ်တာရှားတယ်။ ကျောက်ကပ်လဲ ရသည်ထိဖြစ်တာ တခြားရောဂါလည်း ပါတယ်။ဆီးကျောက်တည်ရတာ ထုံးဓာတ်၊ ယူရစ်အက်စစ်၊ အောက်ဆဲလိတ် များတဲ့ အစားအစာနဲ့ဆီးထဲ ပိုးဝင်တာ၊ မွေးရာပါ ဆီးလမ်းကြောင်း ပုံမမှန် ချို့ယွင်းတာကြောင့် ဖြစ်နိုင်တယ်။အထူးသဖြင့် ကွမ်းစားများသူ၊ ထုံးဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်သွားပြီးအချိန်ကြာလာရင် ဆီးကျောက်တည်ဖို့ အခွင့်အလမ်း များလာတယ်။ ထုံးဓာတ်၊ သံဓာတ်များတဲ့ ဒေသမှာနေတဲ့ သူတွေ ထုံးဓာတ် ပါတဲ့ရေ သောက်မိတာကြောင့် ဆီးထဲအနည်အမှုန် များပြီး ဆီးကျောက် တည်တတ်တယ်။ ကွမ်းစားပြီး ထုံးများလို့ ကျောက်တည်နိုင်သလို တခြားရောဂါတွေ ဖြစ်နိုင်တယ်။ ကွမ်းစားတာ ကျောက်ကြောင့် ကျောက်ကပ် ပျက်စီးသလို လည်ပင်းမှာရှိတဲ့ ပါရာသိုင်းရွိုက်ဂလင်းကို ကယ်လ်ဆီယမ် မြင့်တက်ြပီး ဆီးကျောက်ဖြစ်နိုင်တဲ့ အန္တရာယ် ရှိသေးတယ်။

ဆီးကျောက်တည်တာကို ယခင်က ခွဲစိတ် ဖြတ်တောက်သော်လည်း နောက်ပိုင်းခန္ဓာကိုယ် အပြင်ကနေ တီဗွီက ကြည့်ပြီး အသံလှိုင်းသုံး စက်နဲ့ ကျောက်ချေတဲ့နည်း၊ ကိုယ်ခန္ဓာအတွင်းထဲ မှန်ပြောင်းထည့်ပြီး ချေတဲ့နည်း သုံးပြီး ကုသကြတယ်။

ဆီးကျောက်တည်ခြင်း မဖြစ်အောင်၊ ဆီးလမ်းကြောင်း ပိုးမဝင်ရအောင် သန့်ရှင်းစွာ နေထိုင် စားသောက်ရမယ်။ မှို၊ မျှစ်၊ တညင်းသီး တို့လို ယူရစ်အက်စစ်များတဲ့ အစားအစာ၊ ဟင်းနုနယ်၊ စတော်ဘယ်ရီတို့လို အောက်ဇာလိတ် များတဲ့ အစားအစာ၊ ကယ်လ်ဆီယမ်ဓာတ် များတဲ့အစားအစာတွေ အလွန်အကျွံ မစားရဘူး။ ရေကို ကျိုချက် သောက်သင့်တယ်။ တစ်နေ့ကိုရေနှစ်လီ တာသောက်ပြီး ချွေးထွက်များရင် သည့်ထက် ပိုသောက်သင့်တယ်။

ရေများများ သောက်လို့ ဆီးသွားရင် ဆီးထဲ အနည်အနှစ်တွေ ကျောက်မဖြစ်တော့လို့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ။

မြ၀တီ

နန်းခင်ဇေယျာ ပထမဆုံးဗီဒီယိုဇာတ်ကား စတင်ရိုက်ကူး


နန်းခင်ဇေယျာ ပါဝင်သရုပ်ဆောင်မည့် အက်တိုးပစ်အပျိုစင် ဗီဒီယိုဇာတ်ကားကို နိုဝင်ဘာ၎ ရက်မှစတင် ရိုက်ကူးလျက်ရှိသည်။ ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး သရုပ်ဆောင်ခန့်စည်သူနှင့်အတူ နန်း ခင်ဇေယျာက အဓိကပါဝင်မည်ဖြစ်သည်။ အဆိုပါဇာတ်ကားတွင် နန်းခင်ဇေယျာကဆရာဝန်မအဖြစ် သရုပ် ဆောင်ရမည်ဖြစ်သည်။ ယင်းဇာတ်ကားသည် စာရေးဆရာမယဉ်မင်းဦး၏၀တ္ထုကို မင်းခိုက်စိုးစံက ဇာတ် ညွန်းရေးသားထားခြင်းဖြစ်ပြီးLucky Boss ဗီဒီယိုထုတ်လုပ်ရေးမှ ဖြန့်ချိထုတ်လုပ်မည်ဖြစ်သည်။

Photo- Nang Khin Zay Yar
Mizzima - News in Burmese

စည်းကမ်းမဲ့ယာဉ်မောင်းတစ်ဦးကြောင့် ဒဏ်ရာရခဲ့တဲ့ ဆောင်းဦးလှိုင်


စည်းကမ်းမဲ့ ယာဉ်မောင်းသူတစ်ဦးကြောင့် မကြာမီရက်က ခြေထောက်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဆောင်းဦးလှိုင်ကပြောသည်။
ကားများပေါများလာသည်နှင့်အမျှ စည်းကမ်းမဲ့မောင်းနှင်မှုများကြောင့် အခြားသူများကို ထိခိုက်စေနိုင်၍ ဆင်ခြင်သင့်ကြောင်း ဆောင်းဦးလှိုင်က အကြံပြုသည်။

““စည်းကမ်းမရှိလို့ နည်းနည်းလေးထိခိုက်မိသွားတာပါ။ လမ်းပေါ်စည်းကမ်းမရှိတဲ့လူတွေ များနေတော့ ရှောင်ပေမယ့်လည်း မလွယ်ဘူး။ တစ်စီးလောက်က စည်းကမ်းဖောက်တာဆိုရင် ရှောင်လို့ရတယ်။ အခုက အများစု စည်းကမ်းမဲ့သလိုဖြစ်နေတော့ ပုံမှန်ကားမောင်းတဲ့လူတွေတောင် ရှောင်ဖို့ခက်တယ်””ဟု ၄င်း၏အတွေ့အကြုံနှင့်ပတ်သက်၍ပြောသည်။

ယင်းကဲ့သို့ထိခိုက်ခဲ့သောကြောင့် ကြီးကြီးမားမားဒဏ်ရာ မရရှိခဲ့သော်လည်း ခြေချင်းဝတ်လည်သကဲ့သို့ဖြစ်သွားခဲ့ကြောင်း ဆောင်းဦးလှိုင်ကပြောသည်။
““စည်းကမ်းမဲ့ယာဉ်က အင်မတန်ကြောက်စရာကောင်းတယ်။ ကားပေါ်မှာနေတဲ့လူက ရှောင်လို့လည်းမရဘူး””ဟု ဆောင်းဦးလှိုင်ကပြောသည်။

ဂီတအနုပညာဘက်တွင် အဲလက်စ်၊ စည်သူလွင်တို့နှင့် အတူ ၁9:18 (4) ကို မကြာမီလပိုင်းတွင် ထွက်ရှိနိုင်မည်ဖြစ်ပြီး 19:18 (1)မှ (3) အထိတွင် နာမည်ကြီး အနုပညာရှင်များ၏ သီချင်းများကို ပုံစံပြောင်းကာ ထုတ်လုပ်သော်လည်း ယခု 19:18 (4) တွင်မူ ၄င်းကိုယ်တိုင်ရေးစပ်ထားသည့် သီချင်းများသာ ပါဝင်မည်ဖြစ်ကြောင်း ဆောင်းဦးလှိုင်ကဆိုသည်။

7DAY DAILY

ကျောက်ဆည်ပရိသတ် အားပေးပုံကြမ်းခဲ့သဖြင့် အနုပညာရှင်များ စိတ်အနှောင့်အယှက်ဖြစ်


ဆီးဂိမ်းလှုံ့ဆော်ရေး ခရီးစဉ်အဖြစ် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့အနီးဝန်းကျင်ရှိ မြို့ပေါင်း ၁၆ မြို့သို့ သွားရောက်ခဲ့ရာ နိုဝင်ဘာ ၂ ရက် ညနေက ကျောက်ဆည်မြို့သို့ရောက်ရှိရာ ကျောက်ဆည်ပရိသတ်၏ အားပေးပုံ ကြမ်းတမ်းမှုကြောင့် အနုပညာရှင်များ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသော သရုပ်ဆောင်များက ပြောသည်။

““အရမ်းကြီး အားပေးတာလွန်သွားတဲ့ပုံစံပါ။  ညီမဘယ်ဘက်လက်ကိုလှမ်းဆွဲတာ နောက်ကိုလိမ်ချိုးသလိုဖြစ်ပြီး လက်ဆစ်လွဲသွားလို့ ဆေးစည်းလိုက်ရတယ်”” ဟု ယင်းခရီးစဉ်တွင်ပါဝင်သူ ခင်ရူပက ပြောသည်။ အားပေးသည့်ပရိသတ်များတွင်    အရက်သေစာသောက်စားထားသူများလည်း ပါဝင်သောကြောင့်   ယခုကဲ့သို့ဖြစ်သည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။

ယင်းခရီးစဉ်တွင် လိုက်ပါခဲ့သူ သရုပ်ဆောင် စိုးပြည့်ပြည့်စံကလည်း ခရီးစဉ်တစ်လျှောက်ရှိ မြို့များတွင် ပရိသတ်အားပေးမှု ရရှိသဖြင့် ပျော်ရွှင်ခဲ့သော်လည်း ကျောက်ဆည်မြို့မှ ပရိသတ်များ အားပေးမှုကိုမူ ၎င်းအနေဖြင့် ၀မ်းနည်းကြောင်း ပြောသည်။

နိုဝင်ဘာ ၅ ရက်ညက ယင်းကဲ့သို့ အဖြစ်အပျက်မျိုး ကြုံခဲ့ရသောကြောင့် နိုဝင်ဘာ ၃ ရက်နံ နက်တွင် စိုးပြည့်ပြည့်စံက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နှမချင်းမစာနာ အင်္ကျီကိုဆွဲ၍ ရင်နှစ်ဖက်ကို အတင်းကိုင်ကြသော ရန်သူများနှင့် ကင်းဝေးပါစေ၊ ဘောင်းဘီနှင့် စကတ်များကို အတင်းလိုက်ဆွဲနှိုက်ကြသော ရန်သူများ နှင့် ကင်းဝေးပါစေ စသည်ဖြင့် ဆုတောင်းစကားတစ်ခုကိုလည်း ရေးသားထားသည်။

ယခုခရီးစဉ်တွင် ပရိသတ်များ၏ အားပေးမှုကြောင့် ရပ်နားသည့်နေရာများတွင် လိုအပ်သည်ထက် အချိန်ပိုမိုကြာမြင့်မှုများရှိကာ ကျောက်ဆည်မြို့သို့ ရောက်ရှိချိန် နောက်ကျသောကြောင့် စောင့်နေရသည့်    ပရိသတ်များအနေဖြင့် အပျော်လွန်ကာ အချစ်ကြမ်းသွားခြင်းဖြစ်နိုင်ကြောင်း ယင်းခရီးစဉ်တွင်ပါဝင်သည့် စည်သူမောင်က ပြောသည်။ ယောက်ျားလေးများအတွက် ယင်းကဲ့သို့ အားပေးမှုများမှာ ပြဿနာမရှိသော်လည်း မိန်းကလေးများအတွက်မူ  ဣနြေ္ဒပျက်သည်ဟုယူဆရ၍ အဖြစ်မှန်ကို ကာယကံရှင်များကိုသာ မေးမြန်းသင့်ကြောင်း စည်သူမောင်က ပြောသည်။

ဆီးဂိမ်းလှုံ့ဆော်ရေး ခရီးစဉ်တွင် ဖြိုးငွေစိုး၊ မိုးအောင်ရင်၊ ဇာနည်၊ စည်သူမောင်၊ ခရစ္စတီးနား၊ စိုးပြည့်ပြည့်စံနှင့် ခင်ရူပတို့ ပါဝင်ကာ လေးရက်ကြာခရီးစဉ်အဖြစ် နေပြည်တော်၊ မန္တလေးမြို့ အနီးတစ်ဝိုက်ရှိ မြို့နယ် ၁၆ ခုတွင် ပရိသတ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

7DAY DAILY

မြန်မာ့ မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများ လျှောက်နည်း

မှာချင်တဲ့ ဝန်ဆောင်မှုတစ်ခုအတွက်ကိုပဲ စာပို့ပါ
- Call wait Service အတွက် ၁၃၃၁ နံပါတ်သို့ SMS ဖြင့် Orderdata CW လို့ ပို့လိုက်ပါ။ ပေးပို့ပြီးနောက် အတည်ပြုချက် စာတို (Notification SMS) ရရှိပါမည်။ အဲ့စာဝင်လာပြီးရင် Orderdata CH လို့ ပို့ရပါမယ်။

- CAll Forwarding အတွက် နံပါတ် ၁၃၃၁ ကိုပဲ Orderdata CF လို့ msg ပို့ပါ။ 
- Voice Mail Services အတွက် နံပါတ် ၁၃၃၁ ကို Orderdata VMS လို့ ပို့ပါ
- Missed Call Alert အတွက် ၁၃၃၁ ကို Orderdata MCA လို့ပို့ပါ။
အထက်ပါ ၃ ခုအတွက် ပေးပို့ပြီးနောက် အတည်ပြုချက် စာတို (Notification SMS) ရရှိပါမည်။

Call Wait Service နဲ့ Call Forwarding ဝန်ဆောင်မှုက တစ်ခုသုံးမယ်ဆိုရင် နောက်တစ်ခု သုံးလို့မရပါဘူး။
Voice Mail Service နဲ့ Missed Call Alert ကလည်း တစ်ခုသုံးမယ်ဆိုရင် နောက်တစ်ခုမရပါဘူး။

ကောက်ခံမယ့် ဈေးနှုန်းကတော့
CW (Call Wait Service) ------------ တစ်လ ၅၀၀ 
CF (Call Forward Service) -------- တစ်လ ၉၀၀၀
VMS (Voice Mail Service) --------- တစ်လ ၁၀၀၀
MCA (Missed Call Alert) ----------- တစ်လ ၁၀၀၀

ဝန်ဆောင်မှုကို ပြန်ပိတ်မယ်ဆိုရင် 
- 1331 ကို Cancel CF လို့ပို့ရင် Call Forwarding ဝန်ဆောင်မှုကို ဖျက်တာဖြစ်ပါတယ်
- 1331 ကို Cancel CW လို့ပို့ရင် Call Wait ဝန်ဆောင်မှုကို ဖျက်တာဖြစ်ပါတယ်
- 1331 ကို Cancel VMS လို့ပို့ရင် Voice Mail ဝန်ဆောင်မှုကို ဖျက်တာဖြစ်ပါတယ်
- 1331 ကို Cancel MCA လို့ပို့ရင် Missed Call Alert ဝန်ဆောင်မှုကို ဖျက်တာဖြစ်ပါတယ်

အဆင်ပြေပါစေ။
iBlogger



Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး


ကျမအသက် ၂၃ ပါ။ အိမ်ထောင်ရှိပါတယ်။ အခုလက်ရှိ (့) မှာပါ။ ငယ်ငယ်ကတည်းက လည်ပင်းကြီးရောဂါ ရှိပါတယ်။ ကျောင်းမှာ လာစစ်ပေးတဲ့ ကျန်းမာရေးမှူးက ပြောလို့သိရတာပါ။

၃-၄ တန်းတုန်းကလောက်ပါ အဲ့ဒီတုန်းကတော့ အိုင်အိုဒင်းဆား စားရုံကလွဲလို့ ဘာမှ မကာကွယ်ဖြစ်ပါဖူး။ ကျမ (့) ကို ရောက်တော့မှ လည်ပင်းအထူးကုနဲ့ ပြတော့ ဆေးပေးပါတယ်။ လည်ပင်းက သိသိသာသာ ကြီးတာတော့ မဟုတ်သေးပါဖူး။ ဆေးနာမည်တော့ မမှတ်မိတော့ပါဖူး။ အဲဒါက လွန်ခဲ့တဲ့ ၂ နှစ်ကပါ။ ဆေး ၁ နှစ်လောက် စားပြီးတော့ ဆေးစားတာ နားခိုင်းလိုက်ပါတယ်။ ကျမလည်း ပျောက်ပြီ ထင်သွားပါတယ်။ ဒါပေမဲ့ ဆေးဖြတ်ပြီး ၂ နှစ်လောက် ရှိတော့မှ လည်ပင်းက အရင်ကထက် နည်းနည်း ပိုကြီးလာတယ် ထင်လို့ ပျောက်-မပျောက် သေချာသွားမေးမယ်ဆိုပြီး ထပ်သွားတော့ အရင်ပြတဲ့ အထူးကုပါပဲ၊ ဆေး ၁ လစာ ထပ်ပေးစားပါတယ်။ ဆေးနာမည်က Thyrosit 100mcg ပါ။ နံနက်အစာ စားပြီး ၁ လုံးသောက်ခိုင်းပါတယ်။ ဆေးစားပြီး မသက်သာရင်တော့ အသားကိုယူ စစ်မယ်ပြောပါတယ်။ သွေးတော့ စစ်ပြီးပါပြီ။ သိချင်တာက ကျမလည်ပင်းက တဖြည်းဖြည်း ကြီးလာမဲ့သဘော ရှိပါသလား။ အသားကို စစ်ရင်ရော ပိုက်ဆံ အရမ်းကုန်မှာလား။ ခွဲရမဲ့အနေအထားရော ရှိနိုင်ပါသလား။

• လည်ပင်းကြီးနဲ့ ဆိုင်တဲ့ရောဂါတွေက အမျိုးမျိုးရှိတယ်။ ငယ်ကတည်းကဆိုရင် နေရာဒေသအလိုက် ဖြစ်တတ်တဲ့ အိုင်အိုဒင်းဆား နည်းရာ အရပ်ဒေသမှာ နေခဲ့ရသူဖြစ်မယ်။ အရွယ်အစားကြီးနေမယ်။ Simple Goiter ရိုးရိုး-လည်ပင်းကြီးရောဂါလို့ ခေါ်တယ်။ ကြည့်ရတာ တမျိုးဖြစ်နေတာကလွဲရင် ဘာမှ စိုးရိမ်စရာ မလိုဘူး။ အိုင်အိုင်ဒင်းဆား အမြဲစားနေရမယ်။ ကြီးလာတာကို တချိန်ချိန်မှာ ခွဲရတယ်။ ကင်ဆာလဲ မဖြစ်ဘူး၊ မျိုရတာလဲ မခက်ဘူး၊ အသက်ရှူလဲ မခက်ဘူး။ ပြန်သေးသွားတယ်ဆိုတာ မရှိသလောက်ဘဲ။
• နောက်အမျိုးတွေက ဟော်မုန်းတွေနဲ့ ဆိုင်တယ်။ နည်းသူရှိတယ်၊ များသူရှိတယ်။ များသူမှာ အရွယ်အစား မသိမသာသာ ကြီးနေနိုင်တယ်။ နှစ်မျိုးလုံး ဆေးအမြဲသောက်ရတယ်။ များသူဆိုရင် ခွဲတာလဲ လုပ်ရနိုင်တယ်။ အနုမြူဆေးလဲ သောက်ရတတ်တယ်။ နည်းနေသူဆိုရင် တသက်လုံးလိုလို ဆေးသောက်နေရမယ်။
• နောက်အမျိုးတွေလဲ ရှိပြန်သေးတယ်။ အသားပိုလို အကျိတ်ဖြစ်တာ။ ကြီးနေမယ်။ ကင်ဆာ နဲ့ ကင်ဆာ-မဟုတ်တာ နှစ်မျိုး ရှိပြန်တယ်။ ခွဲစိတ်ရမယ်။ ဆေးနဲ့မရပါ။
• ပြောပြတဲ့ဆေးက ဟော်မုန်း နည်းနေသူအတွက်ပေးတာ ဖြစ်တယ်။ ရေးထားတာရှိတယ်။ လည်ပင်ကြီး ခွဲပြီးနောက် ဟော်မုန်းနည်းသွားလို့ ဖြစ်တဲ့အကြောင်း ရေးဘူးတယ်။ Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁)
• ဆေးစစ်ရင် သွေးလည်းစစ်ရတယ်။ ဟော်မုန်း အနည်း-အများ စစ်တာပြောတာပါ။ နည်းနေသူကို အဲဒီဆေး Thyrosit ပေးမယ်။

Jul 5, 2011 at 10:34 AM
ကျမ ဒီရောဂါနဲ့ ကလေးယူလို့ ရ-မရ သိချင်ပါတယ်။ ကျမ (့) ပြည်နယ် (့) ကပါ။ ကျမ ရောဂါက ခွဲမှ အဆင်ပြေမှာလား။ မခွဲရင် တဖြည်းဖြည်း ကြီးလာမဲ့သဘောရှိတယ်။ နောက်ပြီး ဒီရောဂါက အစားအသောက် ရှောင်ရမလား။ ကော်ဖီ၊ လက်ဖက်၊ ice tea သောက်လို့ ရ-မရ။

• မေးတာတွေ မဖြေခင် သွေးစစ်တော့ လည်ပင်းကြီး ဟော်မုန်း အနည်း-အများ သိချင်သေးတယ်။ များများ၊ နည်းနည်း ကလေးယူလို့ ရပါတယ်။ တိတိကျကျတော့ အသေအခြာသိရမှ ပြောပါမယ်။ အစားအသောက် ရှောင်စရာ မလိုပါ။ ခွဲဘို့ဆိုတာလဲ အဲဒါသိမှ ပြောပါမယ်။ ရိုးရိုးကြီးနေသူတွေဟာ လှပချင်လို့သာ ခွဲရတာ များပါတယ်။

Jul 14, 2011 at 10:10 AM
တစ်ချို့လူတွေက ကျမကို ဒီအခုပြနေတဲ့ဒေါက်တာနဲ့ မသက်သာရင် နောက်အသစ်တစ်ယောက်နဲ့ ပြဖို့ အကြံပေးပါတယ်။ အဲ့လို ဒေါက်တာပြောင်းတာ ဘာတွေ ထူးခြားသွားပါသလဲ။ ပြောင်းဖို့ သင့်မသင့် ဖြေကြားပေးပါ။ ကျမ Thyrosit ဆေး သောက်နေတာ 10 လုံး ရှိနေပါပြီ။ ကျမပြနေတဲ့ (့) ဒေါက်တာက တစ်လစာ အလုံး 30 သောက်ခိုင်းပါတယ်။ ဆေးကုန်ပြီးမှ ဆေးရုံကို ပြန်လာခိုင်းပါတယ်။ ဆေးက မနက်အစာစားပြီး သောက်ခိုင်းပါတယ်။ ဒါပေမဲ့ ကျမအလုပ်ချိန်ရဲ့ အခြေအနေကြောင့် နေ့လယ် ၁၂ ခွဲ ၁ နာရီလောက်မှ သောက်ဖြစ်ပါတယ်။ အခု ကျမ ဖြစ်နေတာက ဆေးသောက်ပြီး နောက်ပိုင်း မနက်အိပ်ရာထတဲ့ အချိန်ကစပြီး မောပြီး ရင်တွေ တုန်နေတယ်။ ခေါင်းမူးနေတယ်။ နောက် နည်းနည်း သက်သာလို့ အလုပ် နည်းနည်းပါးပါး ပြန်လုပ်တာနဲ့ ပြန်မောပြီး မလုပ်နိုင် ဖြစ်နေပါတယ်။ အဲ့လိုဖြစ်နေတာ ဆေးနဲ့ ဆိုင်ပါသလား။ ဒါမှမဟုတ် ကျမ အားနည်းလို့ ဖြစ်တာပါလား။ ဆေးနဲ့ ဆိုင်ရင် ကျမဆေးရုံကို ပြန်သွားသင့်သလား။ အားနည်းနေရင်လည်း ဘာတွေ လုပ်သင့်ကြောင်းကို ညွန်ကြားပေးပါရှင့်။

• Thyrosit = Levothyroxine sodium salt ဆေးကို Hypothyroidism လည်ပင်းကြီး-ဟော်မုန်းနည်း ရောဂါ အတွက် ပေးတယ်။
• ဆေးစသောက်ပြီး ၄-၆ ပါတ်နေမှ ဆေးအစွမ်းပြတယ်။
• ကီလို ၇ဝ ရှိသူတယောက်ကို 100-125 mcg/day ပေးတယ်။ အသက်ကြီးရင် နည်းပေးမယ်။ 200 mcg/day အထိ ပေးရတယ်ဆိုတာ ရှားတယ်။ လူနာမှာ နှလုံးရောဂါအခံရှိနေရင် 25-50 mcg/day ကနေစပေးမယ်။
• Thyroid cancer လည်ပင်းကြီး-ကင်ဆာဖြစ်နေသူတွေကိုလဲ ခွဲစိတ်တာ၊ ဓါတ်ကင်တာတွေအပြင် ဒီဆေး ပေးတယ်။
• ကိုယ်ဝန်ရှိနေလဲ သောက်နိုင်တယ်။ ဆေးနည်းနည်းပိုပေးရတတ်တယ်။
• ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အအိပ်ပျက်၊ စိတ်တို၊ စိုးရိမ်စိတ်ကဲ၊ စိတ်လှုတ်ရှာမှုများ၊ ကိုယ်ပူ၊ မျက်နှာနီမြန်း ချွေးထွက်၊ အစားအသောက် စားချင်စိတ်ပြောင်း (ပိုစားချင်လာ)၊ လူပိန်တတ်တယ်။ အပူကို သူများလောက် မခံနိုင်။ ခြေ-လက်တုန်၊ ရင်တုန်၊ ရင်ခုန်နှုန်းမြန်၊ သွေးဖိအားတက်၊ နှလုံးရောဂါ အခံရှိသူ ဆိုးလာနိုင်။ အသက်ရှူကြပ်၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ ဆံပင်ကျွတ်၊ အရိုးအားနည်း၊ ရာသီရက်မမှန်၊ ကလေးရဘို့ ခက်ခဲ၊
• အများသုံးလေ့ရှိတဲ့ Antacids လေနာသက်သာဆေး (Aluminum & Magnesium Hydroxides) နဲ့ Ferrous Sulfate သွေးအားကောင်းဆေးတွေကြောင့် ဆေးစုပ်ယူမှာကို ထိခိုက်စေနိုင်တယ်။ ဒီဆေးတွေနဲ့ ၄ နာရီခြား သောက်ပါ။
• ဆေးမသောက်ခင် ဆရာဝန်ကို အသိပေးဘို့လိုမှာတွေ ရှိတယ်။ ကိုယ်ဝန်ရှိနေ-မနေ၊ ကလေးကိုနို့တိုက်နေ-မနေ၊ ကိုယ်ဝန်ဆောင်ချင်တယ်။ နှလုံးရောဂါရှိ-မရှိ၊ ဆီးချို၊ သွေးမခဲတတ်တဲ့ရောဂါ၊ တခြားထူးခြားရောဂါတွေ ရှိ-မရှိ။
• ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း အတိအကျသောက်ပါ။
• ဟော်မုန်းကို အစာထိုး သောက်ရတဲ့ဆေးဖြစ်လို့ transient hypothyroidism ရောဂါကလွဲရင် တသက်လုံး သောက်နေရတတ်တယ်။
• ဆေးကို အများအားဖြင့် တနေ့မှာ တကြိမ်ထဲ သောက်ခိုင်းတယ်။ ဆေးကို အစာမရှိချိန်မှာ သောက်သင့်တယ်။

• Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2012/05/thyroid-function-tests.html
• Thyroid လည်ပင်းကြီးရောဂါ http://dts-medicaleducation.blogspot.in/2012/03/thyroid.html
• Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://dts-medicaleducation.blogspot.com/2011/11/thyrosit.html
• Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း http://dts-
medicaleducation.blogspot.com/2010/05/q-and-toxic-goitre.html
Dr. Tint Swe

တစ်နှစ်နီးပါး တည်ဆောက်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတား ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်


ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်နေမှုကို နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တည်ဆောက်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ၁၁ လ အကြာတွင် ပြီးစီးမည်ဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုပါက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းမှာ လက်ရှိအနေအထားတွင် ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီး သတ်မှတ်ထားသည့် နိုဝင်ဘာ ၃၀ ရက်တွင် ရာခိုင်နှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
"ကားတွေရဲ့ ဆူညံသံတွေက မြေပြင်မှာဆိုရင် မသိသာပေမယ့် တံတားအမြင့် ဆောက်တဲ့အခါမှာ အဆောက်အအုံတွေနဲ့ နီးကပ်တဲ့အတွက် ဆူညံသံတွေက ပိုပြီးကျယ်တယ်။ ဒါကြောင့် ဆူညံမှုတွေ မဖြစ်အောင် အသံထိန်းညှိစနစ် တပ်ဆင်သွားပါမယ်" ဟု Capital Development Co.Ltd ၏ စီမံကိန်း ဒါရိုက်တာ ဦးအေးသော်က ပြောကြားသည်။
ယင်းအသံထိန်းညှိ စနစ်ကို ဂျပန်နည်းပညာဖြင့် တပ်ဆင်ခြင်းဖြစ်ပြီး လူနေအဆောက် အအုံများနှင့် နီးကပ်သည့် Excel Treasure Tower နှင့် Shwe Gon Plaza အနီးတို့တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီတံတားကို ကျွန်တော်တို့ဘက်က နိုဝင်ဘာ ၃၀ ရက် အပြီးဆောက်မှာပါ။ ဒီဇင်ဘာ ၁ ရက်ကစပြီး အသုံးပြုလို့ ရပါပြီ။ ကားတွေဖြတ်သန်း သွားလာခွင့်ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ရဲ့ ခွင့်ပြုချက်ရတာနဲ့ ဖြတ်သန်းသွားလာလို့ ရပါပြီ" ဟု Capital Development Co.Ltd ၏ စီမံကိန်းဒါရိုက်တာ ဦးအေးသော်က ဖြေကြားသည်။
ဆက်လက်ပြီး ၎င်းက "ဒီစီမံကိန်းကို နေ့ရောညပါ ဆောင်ရွက်မယ် ဆိုရင်တော့ သတ်မှတ်ထားတဲ့ ၁၁ လထက် ပိုပြီးစောပြီးနိုင်ပါတယ်။ ဒါပေမဲ့ တည်ဆောက်တဲ့ အခါမှာ အခက်အခဲ တချို့ ရှိတဲ့အတွက် အနည်းငယ် ကြန့်ကြာမှု ရှိခဲ့တာပါ" ဟု ဆိုသည်။
ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်ပြီး Capital Development Co.Ltd မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်သည့် ခန့်မှန်းကာလမှာ ၁၁ လဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ် ပြီးစီးမည်ဖြစ်ကာ ခန့်မှန်းကုန်ကျငွေမှာ ၁၇ ဒသမ ၄၄ ဘီလျံရှိကြောင်း သိရသည်။
Eleven Media Group