မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့် မရေရာသေး


ဂျပန်နိုင်ငံ တိုကျို မစ်ဆူဘီရှီဘဏ်လုပ်ငန်းက မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ကိုင်နိုင်ဖို့ သမ္မတဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ တောင်းဆိုခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ တိုကျို မစ်ဆူဘီရှီဘဏ်ရဲ့ ဥက္ကဋ္ဌက မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီတွေအတွက် ဖွင့်လှစ်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့တဲ့အပြင် ဖွင့်လှစ်ခွင့်ပေးမယ်ဆိုရင်လည်း မိမိတို့ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်လိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်လုပ်ငန်းနယ်ပယ်မှာ ၀င်ရောက်ခွင့်ပြုဖို့အတွက် လိုအပ်ချက်တွေ ရှိနေကြောင်းနဲ့ မြန်မာပြည်မှာ နိုင်ငံခြားဘဏ် တွေကို ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ နိုင်ငံတော်ဗဟိုဘဏ်က ဘဏ္ဍာရေး အဖွဲ့အစည်းဆိုင်ရာ (Financial Institution Law) ဥပဒေအသစ်ကို ပြန်လည်ရေးဆွဲနေကြောင်း၊ ဥပဒေသစ်ပေါ်ပြီးမှ လုပ်ကိုင်နိုင်မှာဖြစ်ကြောင်း ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။
“သူတို့ကို မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်နိုင်အောင်လို့ ကျနော်တို့ အခု ဥပဒေ ကြမ်း ရှိနေပါပြီ။ ဥပဒေ ထွက်လာတာနဲ့ Financial Institution Law ကို အသစ်ပေါ့နော် အဲဒါ ထွက်လာတာနဲ့ နိုင်ငံခြားဘဏ်တွေကို ပေးလုပ်တော့မှာပါ။”

ဗဟိုဘဏ်က အသစ်ရေးဆွဲနေတဲ့ ဥပဒေကြမ်းကတော့ ဘယ်အချိန်လောက်မှာ ပြီးစီးမယ် ဆိုတာနဲ့ လွှတ်တော်က ဘယ်အချိန် အတည်ပြု ပြဋ္ဌာန်းနိုင်မယ်ဆိုတာတော့ မသိရသေးပါဘူး။

နိုင်ငံခြားဘဏ်တွေ ၀င်ရောက်လုပ်ကိုင်လာခြင်းဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် လိုအပ်တဲ့ ငွေကြေးအရင်းနှီးတွေကို ရရှိနိုင်မှာ ဖြစ်တဲ့အပြင် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းစနစ်တွေလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူက အခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။

“အဲဒီတော့ နိုင်ငံခြားဘဏ်တွေ ဒီဝင်လာတာနဲ့ နိုင်ငံခြားမှာ သွားချေးနေစရာ မလိုတော့ဘူး။ နိုင်ငံခြားမှာ သွားချေးလို့ ရှိရင် အတိုးနှုန်းနည်းတာတော့ မှန်တယ်။ အရမ်းကြောက်ဖို့ ကောင်းတာက Exchange Rate က အရမ်းကြောက်ဖို့ ကောင်းတယ်။ နိုင်ငံခြားဘဏ်တွေကနေ တိုက်ရိုက် မြန်မာငွေနဲ့ ချေးလို့ ရမှာပါ။ လုပ်ငန်းရှင်တွေအတွက် ပိုပြီး အဆင်ပြေမယ်။ တချိန်တည်းမှာပဲ Banking System က နိုင်ငံတကာ Banking System ပုံစံ ဖြစ်လာမယ့်အတွက် ပြည်သူတွေအတွက် အများကြီး အဆင်ပြေလာမယ်။”

ကမ္ဘောဇဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ပြုလာတဲ့အပေါ် ပြည်တွင်းဘဏ်လုပ်ငန်းတွေအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။

“စိုးရိမ်စရာ မရှိပါဘူး။ လောလောဆယ်လည်း ဥပဒေတရပ်နဲ့ လုပ်နေတာလေ။ မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ဆိုတာလည်း အသစ်ပြန်ဆွဲနေတာကိုး။ အဲဒီမှာလည်း အတိအကျ ပါလာပါလိမ့်မယ်။ နိုင်ငံခြားဘဏ်တွေကို ဘယ်လို လက်ခံမလဲဆိုတာ။ ဒါလည်း စဉ်းစားနေတဲ့အပိုင်းက စဉ်းစားနေပြီ။ နောက်ပြီးတော့ လိုင်စင်ပေးတယ်ဆိုတာက ပုဂ္ဂလိက ဘဏ်နဲ့ ယှဉ်ပြိုင်နိုင်ဖို့က ဒီမှာ အခြေအနေရ ယှဉ်ပြိုင်နိုင်တဲ့ အင်အားတော့ မရှိဘူးပေါ့။ ဒါပေမယ့်လည်း ပေးတဲ့အခါမှာ အကန့်အသတ်နဲ့ ပေးလို့ရတယ်။ သူများနိုင်ငံလည်း အဲဒီလို စလက်ခံရတာပဲ။ တဆင့်ပြီးတဆင့် လက်ခံလို့ရှိရင် သိပ်စိုးရိမ်စရာ မရှိပါဘူး။”

အလားတူ ပုဂ္ဂလိကဘဏ်လုပ်ငန်းတခုဖြစ်တဲ့ အမ်အိုဘီဘဏ်ရဲ့ အထွေထွေမန်နေဂျာ ဦးစံသိန်းကလည်း နိုင်ငံခြားဘဏ်တွေ ၀င်ရောက်လာခြင်းဖြင့် ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ စိန်ခေါ်မှုနဲ့အတူ တချိန်တည်းမှာ အခွင့်အလန်းတွေလည်း ရှိလာမယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားဘဏ်တွေလာရင် ပုဂ္ဂလိကဘဏ်တွေက စိန်ခေါ်မှုတွေ ရှိသလို အခွင့်အလမ်းတွေ ရှိတယ်။ စိန်ခေါ်မှုတွေက သူတို့နဲ့ ကျနော်တို့က ယှဉ်ပြိုင်ရမယ်။ ယှဉ်ပြိုင်တဲ့ နေရာမှာ သူတို့က နည်းပညာတို့၊ ဈေးကွက်တို့ ဒီဟာတွေက အားသာချက် ရှိတယ်။ အဲဒါမျိုးတွေပဲ စိုးရိမ်စရာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အခွင့်အလမ်းတွေကတော့ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် သူတို့ရဲ့ဈေးကွက်တွေ ရရင် ရနိုင်မယ်။ သူတို့ရဲ့ နည်းပညာတွေ ရနိုင်မယ်။ အဲဒီလိုမျိုးဖြစ်အောင် ကျနော်တို့က ကြိုးစားရမယ်။”

လတ်တလော မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်ပေါင်း ၄၀ လောက်က ကို်ယ်စားလှယ် ရုံးခန်းတွေ ဖွင့်လှစ်ထားကြတာ ဖြစ်ပြီး ဒီထဲမှာ ဂျပန်ဘဏ်ကြီးတွေဖြစ်တဲ့ ဆူမီတိုမို မက်ဆုအီ (Sumitomo Mitsui) ဘဏ်၊ မက်ဆူဘစ်ရှီ ယူအက်ဖ်ဂျေ (Mitsubishi UFJ) ဘဏ်နဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ မီဇုဟို (Mizuho) ဘဏ်တွေလည်း ပါဝင်ပါတယ်။

နိုင်ငံခြားဘဏ်တွေအနေနဲ့ကတော့ လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းတွေ အပြည့်အ၀ လည်ပတ်လုပ်ကိုင်ခွင့်ရဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။
DVB Burmese

ရွှေဥတု ရတနာဆိုင်ပိုင်ရှင် ရခိုင်မှ ဆေးခန်း အတွက် ကျပ်သိန်း ၅၀၀ လှူဒါန်း


ရခိုင်ပြည်နယ် သံတွဲမြို့နယ် သပြုချိုင် ကျေးရွာက ဆေးခန်း တစ်ခုအတွက် ရွှေဥရတနာဆိုင်ပိုင်ရှင် ဒေါ်ရွှေဥက ကျပ်ငွေ သိန်း (၅၀၀) လှူဒါန်းလိုက်တယ်လို့ သတင်း ရရှိပါတယ်။

သံတွဲ သပြုင်ချိုင်မှာ တည်ဆောက်မယ့် ဆေးခန်းအတွက် ဒေါ်ရွှေဥကငွေကျပ်သိန်း (၅၀၀) နဲ့ ကျောင်းဆောင်သစ် တစ်ခုအတွက်  ဂျပန်နိုင်ငံမှ အလှူရှင် မစ္စတာ အစ်ကအကီရိနိုရိက  ငွေကျပ်သိန်း (၅၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အခု အလှူငွေတွေဟာ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင် ဥာဏိဿရ၏ ဦးဆောင် လမ်းညွန်မူနဲ့ စီစဉ်ဆောင်ရွက်တာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်မှာတော့ စာသင်ကျောင်းဆောင်နဲ့ ဆေးပေခန်း အဆောက်အအုံသစ် လှူဒါန်းပွဲနဲ့ ပန္နက်တင်ပွဲ အခမ်းအနားကို အဲဒီရွာမှာ ကျင်းပ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေသဖွံ့ဖြိုးရေးအတွက် သီတဂူအလှူရှင်များက စုပေါင်းလှူဒါန်းတဲ့ ငွေကျပ် ၂၅ သိန်းကိုလည်း ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က လက်ခံယူခဲ့ပြီး ဘာသာပေါင်းစုံ လူငယ်များအဖွဲ့ကလည်း  ဆန်အိပ် ၃၀ နှင့် အ၀တ်အထည်တွေကို သပြုချိုင် ကျေးရွာကို လှူဒါန်းခဲ့ပြီး အုပ်ချုပ်ရေးမှူးက လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

သပြုချိုင်ကျေးရွာမှာ ဒီနှစ် အောက်တိုဘာလက အကြမ်းဖက် ဆူပူ တိုက်ခိုက်မူတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် အိမ်တော်များများ မီးထဲပါသွားခဲ့ပါတယ်။
Burmesenews narinjara

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် လက်မှတ်များကို ဈေးနှုန်းလျှော့၍" ရောင်းချပေးမည်


ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင် ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ တက်ရောက်အားပေး ကြည့်ရှုလိုသည့် ပရိသတ်များအတွက် လက်မှတ်များကို ယခင်နှစ် ဈေးနှုန်းများထက် ပိုမို လျှော့ချ၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး (စီမံ) ဦးသိန်းထွန်းအောင်က ပြောကြားခဲ့သည်။ ယခင်နှစ်များက ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား လက်မှတ်ဈေးနှုန်းများကို အမြင့်ဆုံး ကျပ် ၂၅၀၀၀ အထိ ရောင်းချခဲ့ပြီး ယခုအခါ အမြင့်ဆုံး ကျပ် ၂၀၀၀၀ ဖြင့်သာ ရောင်းချသွားမည်ဖြစ်ပြီး ကျပ်တစ်သောင်းတန်နှင့် ကျပ်ငါးထောင် တန်ဖိုးရှိ လက်မှတ်များကို လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ဒီနှစ်မှာတော့ အကယ်ဒမီပွဲ ကြည့်ချင်တဲ့ ပရိသတ်တွေ အတွက် လက်မှတ်ခတွေကို ဈေးနှုန်းလျှော့ပြီး ရောင်းပေးသွားမှာပါ။ ဒါ့အပြင် ဖျော်ဖြေရေးကိုလည်း ပုံစံပြောင်းလဲသွားမှာပါ” ဟု ယင်းက ဆိုသည်။ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား လုံခြုံရေး အတွက်လည်း Best ပုဂ္ဂလိက လုံခြုံရေးအဖွဲ့မှ အမျိုးသားဝန်ထမ်း ၄၁ ဦး၊ အမျိုးသမီးဝန်ထမ်း ၉ ဦး ငှားရမ်းထားပြီး လုံခြုံရေး ပစ္စည်းများဖြစ်သည့် Walk Through ငါးစုံ၊ စီစီတီဗီခြောက်လုံး၊ Speed Doom ကင်မရာ နှစ်လုံးတို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်ခုံအရေအတွက်ကိုလည်း ယခင်နှစ်ထက် ပိုမိုထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်ထူးချွန်ဆုကို ယခင်နှစ်များက အများဆုံး ၁၁ ဆု ပေးအပ်ခဲ့ခြင်းများ ရှိသော်လည်း ယခုနှစ်အတွက်မူ ထူးချွန်ဆု ၁၂ ဆုအထိ ပေးအပ်ရန် လျာထားကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။  ""
khit lu nge

ကိုယ်ခန္ဓာအတွင်းမှာ ဆူညံသံများ ကြားနေရသလား


အသက်၄၇နှစ်ရှိပြီဖြစ်တဲ့ Julie Redfern ဟာ ပြင်းထန်ပြီး မသက်မသာဖြစ်ရတဲ့ အခြေအနေကို ခံစားနေရပါတယ်။ သူဟာ superior canal dehiscence ရောဂါစုလို့ခေါ် တဲ့ ရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ အဲဒီရောဂါဖြစ်ပွားနေတဲ့အတွက် အတွင်းနားဟာ ပုံမှန်ထက်လွန်ကဲပြီး ဆူညံသံတွေကို ကြားနေရပါတယ်။ ဒါဟာနားထင်နားမှာရှိတဲ့ temporal အရိုးပါးခြင်းကြောင့် ဖြစ်ပွားရတာပါ။
အဆိုပါရောဂါစုကြောင့် Julie Redfern ဟာကိုယ်ခန္ဓာတွင်းက အသံတွေကို တခြားသူတွေမကြားဘဲ သူတစ်ယောက်ပဲကြားနေရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်များက စက်ဘီးစီးရင်း မတော်တဆထိခိုက်မှုက စတင်ခဲ့တာလို့ သူမကယူဆနေပါတယ်။ အခုအချိန်မှာတော့ ခွဲစိတ်ကုသမှုပြလုပ်ပြီး သူမရဲ့ဝေဒနာသက်သာမှုရအောင် ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီးတွေက ကြိုးပမ်းနေကြပါတယ်။
လန်ဒန်မြို့၊ The Harley Streetem နား၊ နှာခေါင်း၊ လည်ချောင်း ဆေးခန်းကြီးမှ အတိုင်ပင်ခံ အာရုံကြောဆရာဝန်ကြီး Dr.Gerald Brookes က “အချို့သောလူတွေဟာ ကံမကောင်းစွာနဲ့ အာရုံခံစားရာမှာ ထိန်းချုပ်ပေးတဲ့ အရိုးမပါလာပဲ မွေးဖွားလာတတ်ပါတယ်။ တစ်ခါတရံ အသက်ကြီးလာတဲ့အခါမှာ temporal အရိုးပျက်စီးလာခြင်းကြောင့်လဲ အခုလိုဖြစ်တတ်ပါတယ်။ ထိခိုက်မှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါဟာ သေနိုင်လောက်တဲ့ ဝေဒနာ မဟုတ်ပေမယ့် အချိန်ကာလ ကြာမြင့်စွာကြားနေရမယ်ဆိုရင် နေ့စဉ်လုပ်ငန်းဆောင်တာတွေ ထိခိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်” လို့ ကိုယ်ခန္ဓာထဲက အသံတွေကို ကြားနေရတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။
Julie redfern ဟာ ငါးနာရီ ကြာမြင့်တဲ့ ခွဲစိတ်မှုကို ခံယူခဲ့ပြီး အသံလှိုင်း လှည့်ပတ်သွားလာရာ အရိုးမှာ အခေါင်းပေါက်ဖြစ်နေခြင်းကို ကုသခဲ့ပါတယ်။“ခွဲစိတ်မှု အန္တရာယ်တွေရှိနေပေမယ့် ကျမ ကုသမှုကို စွန့်စားပြီးခံယူခဲ့ပါတယ်။ ဒီလိုအသံတွေကို အချိန်ကြာကြာ မကြားလိုတော့ပါဘူး။ ခုဆိုရင် ကျမစိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ပါပြီ” လို့ပြောကြားခဲ့ပါတယ်။သူမဟာ ကိုယ်ခန္ဓာတွင်းက ဆူညံသံတွေကို ခုနှစ်နှစ်ကြာကြား နေခဲ့ရတာ ဖြစ်ပါတယ်။
သက်နှင်း
ref: MedIndia
Health Updates Journal

တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုအတွက် ရန်ကုန်စာတိုက်ကြီးမှာ Customer Care Centre ဖွင့်ဖို့ရှိ


တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် မြန်မာ့ဆက်သွယ်ရေးနဲ့ အမ်အီးစီတို့ ပူးပေါင်းပြီး ရန်ကုန်စာတိုက်ကြီးမှာ Customer Care Centre ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ‘လက်ရှိ တယ်လီဖုန်း အသုံးပြုသူတွေအတွက် အထွေထွေ မေးမြန်းစုံစမ်းနိုင်တဲ့ ကောလ်စင်တာတွေကို အသုံးပြုသူတွေပေါ် မူတည်ပြီး မြို့ကြီးတွေမှာ ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးနေပါတယ်၊ အခုထပ်မံ ဖွင့်လှစ်မယ့် Customer Care Centre ကတော့ တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ customer complaint တွေကို သီးသန့် ဖြေရှင်းပေးမှာ ဖြစ်ပါတယ်’ လို့ ပြောပါတယ်။ ဒီ Customer Care Centre မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု၊ ကတ်ပျက်တွေကို one stop service နဲ့ အသစ်ထပ်မံ ထုတ်ပေးတဲ့ ဝန်ဆောင်မှုနဲ့ တခြားဝန်ဆောင်မှုတွေကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေ အပြင် အမ်အီးစီဆင်းကတ် အသုံးပြုသူတွေရဲ့ ဝန်ဆောင်မှုတွေကိုပါ အမ်အီးစီက ပေးသွားမယ်လို့ သိရပါတယ်။ အမ်အီးစီမှ တာဝန်ရှိသူတစ်ဦးက ‘ရန်ကုန်စာတိုက်ကြီးမှာ Customer Care Centre ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဒီ ၂၀၁၄ နှစ်ဆန်းမှာ ဖွင့်ဖို့ စီစဉ်နေပါပြီ၊ တယ်လီဖုန်းလိုင်း ဝန်ဆောင်မှုအပြင် အမ်အီးစီရဲ့ ဖုန်းကတ်ပျက်တာတွေအတွက် ကတ်အသစ် ထုတ်ပေးတဲ့ ဝန်ဆောင်မှုကို one stop service ပေးသွားပါမယ်၊ ကတ်ပျောက်အတွက်ကတော့ ဒီ Customer Care Centre မှာ မလုပ်ပေးနိုင်သေးပါဘူး၊ ဒီဝန်ဆောင်မှု အတွက်ကတော့ တိုင်းမန်နေဂျာရုံးတွေမှာပဲ ပြုလုပ်ပေးနေဦးမှာ ဖြစ်ပါတယ်’ လို့ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
khit lu nge

ကတိအတိုင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


သမ္မတ ဦးသိန်းစိန်အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို ဒီနှစ်ကုန် လွှတ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။

ဒီနှစ်အတွင်း နိုင်ငံရေး ပြစ်မှုတွေနဲ့ စွဲဆိုခံထားရသူ ၂၀၀ အပါအ၀င် နိုင်ငံရေးအကျဉ်း သားအားလုံးကို ဒီနှစ်ကုန် ပြန်လွှတ်ပေးဖို့ အမေရိကန်အခြေစိုက် HRW အဖွဲ့က ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

HRWမြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး သိသာတဲ့ ခြေလှမ်းတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီကိစ္စဟာ မပြီးဆုံးသေးဘူးလို့ HRW အာရှ ညွှန်ကြားရေးမှူး ဖီလ်းရော်ဘတ်ဆန်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို လွှတ်ပေးပြီး အသစ်တွေကို ဖမ်းဆီးနေတဲ့ မြန်မာ အစိုးရရဲ့ ကစားကွက်ကို နိုင်ငံခြား အလှူရှင်တွေက ခွင့်မပြုသင့်သလို အစိုးရကို ဝေဖန်တဲ့ သူတွေကို တရားမ၀င် ဖမ်းဆီးမှုတွေ အဆုံးသတ်ပြီး ဥပဒေနဲ့ မူဝါဒ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးသင့်ပါတယ်လို့လည်း သူက ပြောပါတယ်။

၂၀၁၂ ဇန်န၀ါရီလကတည်းက စတင်ပြီး ဦးသိန်းစိန်က နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးခဲ့ပေမယ့် ဒီလွတ်ငြိမ်းချမ်းသာခွင့်တွေက မြန်မာကို နိုင်ငံတကာက ဧည့်သည်တွေလာတဲ့အချိန်နဲ့ ဦးသိန်းစိန် နိုင်ငံတကာကို ခရီးထွက်တဲ့ အချိန်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ရေးပါတယ်။

လတ်တလော ငြိမ်းချမ်းစွာ စီတန်းခွင့်နဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနဲ့ စွဲဆို ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၅၆ ဦး၊ ထောင်ဒဏ်ချမှတ်ခံရဖို့ စောင့်ဆိုင်းနေရသူ ၃၃ ဦးရှိနေပြီး ကချင်လွတ်မြောက်ရေး တပ်မတော်ကို ကူညီတယ်ဆိုပြီး အရေအတွက် အတိအကျ မသိရတဲ့ ကချင်အရပ်သားတွေကလည်း အကျဉ်းကျခံနေသလို ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအပြီး ရိုဟင်ဂျာ ၅၃၅ ဦး အကျဉ်းကျခံနေရတယ်လို့ ဆိုပါတယ်။

အစိုးရကဖွဲ့စည်းပေးထားတဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် ဦးရဲအောင်ကတော့ ဒီနှစ်အကုန်မှာ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာရှိတဲ့ စာရင်းဇယားတွေ လိုအပ်ချက်တွေအရ ဒီနှစ်ကုန်အပြီး သိပ်မကြာခင်မှာပဲ ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။ ဒီဟာနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်မှာ နံပါတ် ၁ အခက်အခဲကတော့ ကျနော်တို့ဆီမှာ တိကျခိုင်မှာတဲ့ စာရင်းဇယားတွေ မရှိထားတဲ့အတွက် ဒီစာရင်းဇယားတွေ ရဖို့အတွက် အချက်အလက် စုဆောင်းရှာဖွေရတာတွေ အခက်အခဲရှိတယ်။”

သူတို့ရဲ့ စာရင်းတွေအရ အကျဉ်းကျခံနေဆဲ နိုင်ငံရေး အကျဉ်းသား ၄၀ ၀န်းကျင်ရှိနေတယ်လို့လည်း သိရတယ်။

HRW အဖွဲ့ကတော့ စစ်အစိုးရလက်ထက် ဟောင်းနွမ်းနေတဲ့ ဥပဒေတွေနဲ့ စွဲဆိုထားတာတွေကို ဖြေရှင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့်ကို ပြန်လည်လုပ်ဆောင်ပေးဖို့ ဦးသိန်းစိန်ကို တောင်းဆိုထားပါတယ်။

ဒါ့ပြင် ၁၉၈၈ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် စတဲ့ဥပဒေတွေကိုလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ အစိုးရအနေနဲ့ ပြည်လည်သုံးသပ်တာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေ လုပ်ဆောင်သင့်တယ်လို့လည်း အကြံပြုတိုက်တွန်းထားပါတယ်။
DVB Burmese

ပြန်ကျင်းပမည့် လွှတ်တော်တွင် ဖွဲ့စည်းပုံကော်မတီ အစီရင်ခံစာ တင်သွင်းမည်


န၀မအကြိမ်မြောက် လွှတ်တော်အရပ်ရပ်အစည်းအဝေးတွေကို လာမယ့် ဇန်န၀ါရီလ ၁၃ ရက်မှာ ပြန်လည်ပြုလုပ်မယ်လို့ သက်ဆိုင်ရာက ဒီဇင်ဘာ ၂၃ ရက်ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံအခြခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဟာ ဒီတကြိမ်လွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းဖို့ရှိတယ်လို့ ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

“ကျနော်တို့က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အကြံပြုလွှာတွေကို နောက်ဆုံး လက်ခံမှာပါ။ လက်ခံပြီးရင် ဇန်န၀ါရီ ၁ ရက်နေ့က စပြီး လက်ခံထားတဲ့ အကြံပြုလွှာတွေကို စုစည်းပါ့မယ်။ ဇန်န၀ါရီလ ၇ ရက်နေ့မှာ ၁၀၉ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီမှာ ချပြပြီး အားလုံး ၀ိုင်းဆွေးနွေးကြပါမယ်။ ဆွေးနွေးပြီးတော့မှ အားလုံးအဖွဲ့တွေနဲ့ သဘောတူညီမှုကို သုံးသပ်ပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပါ့မယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကိစ္စ သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော် ခေါင်းဆောင်တွေ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းထား တာဖြစ်ပြီး အစိုးရကတော့ ဆွေးနွေးမယ့်ကိစ္စကို ဒီအစီရင်ခံစာ ထွက်လာတဲ့အထိ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်မယ်လို့ တုံ့ပြန်ထားတာပါ။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှုး ဦးစောလှထွန်းကတော့ ပြီးခဲ့တဲ့ လွှတ်တော်တွေထဲ ကျန်ရှိနေတဲ့ ဥပဒေကြမ်း ၂၅ ခုအပါအ၀င် ဒီလွှတ်တော်မှာ တင်သွင်းလာဖို့ရှိတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ဥပဒေကြမ်းတွေ ဒီတကြိမ်လွှတ်တော်မှာ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

“ကျင်းပတော့မယ်ဆိုပြီး ကြေညာပြီးရင် ကော်မတီက ၁၀ ရက်လောက်ကြိုပြီး ရောက်ပါတယ်။ ရောက်တော့ ပြီးခဲ့တဲ့အပတ်က ကျန်ခဲ့တဲ့ ဥပဒေကြမ်းတွေရှိမယ်။ နောက်ထပ်အသစ် ပြည်ထောင်စုအစိုးရအဖွဲ့တင်ပြတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြတဲ့ ဥပဒေတွေရှိမယ်။ အဲဒီဥပဒေကို ကြိုတင်ပြီးတော့ စိစစ်ရတာပေါ့။ စိစစ်ပြီးတော့မှ တင်ရတဲ့အနေအထားပါ။ လောလောဆယ် ကျနော်တို့က ပြီးခဲ့တဲ့ ဆက်ရှင်မှာ ကျန်ခဲ့တဲ့ ဥပဒေတွေက ၂၅ ခုလောက် ရှိမယ်။ နောက်ထပ်အသစ်ရောက်တာတွေကတော့ အစည်းအဝေးတွေ စပြီးတော့မှ သိရမှာပါ။ အဲဒီအထဲမှာမှ ဘယ်အရေးကြီးတဲ့ ဥပဒေတွေက ဘယ်လို စတင်ရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ရမယ့်ဟာတွေက အကုန်လုံးကြိုတင်ပြင်ဆင်ပြီးမှ လွှတ်တော်ကို တင်ရမှာခင်ဗျ။”

မီဒီယာဥပဒေကြမ်းတွေ၊ ကွန်ဒိုမီဒီယမ် ဥပဒေ စတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အရေးကြီးတဲ့ ဥပဒေကြမ်းတွေ ဆွေးနွေးဆုံးဖြတ်အတည်ပြုဖို့ ကျန်နေသေးတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ အဌမအကြိမ် လွှတ်တော်အတွင်း ဥပဒေကြမ်းအနေနဲ့ ဆွေးနွေးနိုင်တာ ၂၀ ခု၊ ပြီးပြတ်တာ ၁၃ ခု၊ ပြီးပြတ်ရန်ကျန် ၇ ခုနှင့် ဆွေးနွေးရန်ကျန် ၁၉ ခုရှိတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ နိဂုံးချုပ်မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။
DVB Burmese

တောင်ဆူဒန်ကို ငြိမ်းချမ်းရေးတပ်ဖွဲ့ အမြန်လွှတ်ရန် ကုလသမဂ္ဂ တောင်းဆို


ပဋိပက္ခတွေ အရှိန်မြင့်တက်နေတဲ့ တောင်ဆူဒန်နိုင်ငံဆီကို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၅၅၀၀ နဲ့ ရဲတပ်ဖွဲ့ဝင် ၄၂၃ ယောက်ကို အမြန်ဆုံး ပို့လွှတ်ဖို့ ကုလသမဂ္ဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လုံခြုံရေးကောင်စီကို ဒီဇင်ဘာ ၂၃ ရက်နေ့က စာရေး တောင်းဆိုလိုက်ပါတယ်။

UNလက်ရှိ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်အင်အားရဲ့ ၃ ပုံ ၂ ပုံ အင်အားတိုးမြင့်ပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လောလောဆယ် ငြိမ်းချမ်းရေး တပ်အင်အား ၆ ထောင် ၇ ရာနဲ့ ရဲအင်အား ၆၇၀ ရှိပါတယ်။

ပြင်သစ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ဂျရတ် အရွတ် (Gerard Araud) က အတွင်းရေးမှူးချုပ်ရဲ့စာ ပေးပို့ပြီးပြီးချင်းပဲ အမေရိကန်ကိုယ်စားလှယ်တွေက အဆိုပြုလွှာ မူကြမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီမူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအားလုံးက ညှိနှိုင်းဆွေးနွေး ပြင်ဆင်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီမှာ မဲခွဲဆုံးဖြတ်မယ်လို့ ပြောပါတယ်။

ဘန်ကီးမွန်းကတော့ လိုအပ်သေးရင် နီးစပ်ရာ အာဖရိကနိုင်ငံတွေမှာ ချထားတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေထဲကပဲ အားဖြည့်သွားမယ်လို့ ဆိုပါတယ်။

တောင်ဆူဒန်ရဲ့ ယခင် ဒုတိယသမ္မတ ရိဒ် မာချာ (Riek Machar) က သူပုန်တပ်တွေကို ဦးဆောင်ပြီး အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတာမှာ လူ ၁၀၀ ကျော် သေဆုံးသွားပါတယ်။

အစိုးရနဲ့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုပေမယ့် ထိန်းသိမ်းထားတဲ့ သူ့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကို အစိုးရက အရင်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။

မနေ့ကအထိ အရပ်သား စုစုပေါင်း ၄၅၀၀၀ ဟာ တောင်ဆူဒန် ကုလသမဂ္ဂရုံးမှာ လာရောက် ခိုလှုံနေကြတယ်လို့ ဘန်ကီးမွန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
DVB Burmese

ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ (၂၄-၁၂-၂၀၁၃)





















drlunswe

ကိုရီးယားက စီမံကိန်း ၅ ခုတွင် ဒေါ်လာ သိန်း ၁၈၀ မြှုပ်နှံမည်


၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ သိန်း ၁၈၀ တန်ဖိုးရှိ စီမံကိန်း ၅ ခု တိုးချဲ့ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၁ ရက်နေ့က ရန်ကုန် အမျိုးသား ကဇာတ်ရုံတွင် ပြုလုပ်သည့် Happiness for Myanmar အခမ်းအနားတွင် ကိုရီးယားသံတမန် Lee Baek Soon က ပြောဆိုခြင်း ဖြစ်ပြီး စိုက်ပျိုးရေး စင်တာများ၊ သီးနှံသိုလှောင် ရုံများနှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ သတင်း

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်း ၂ ခု တိုးချဲ့မည်


အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်း ၂ ခုကို ချင်းပြည်နယ် ထန်တလန်တွင် တိုးချဲ့ဆောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ ယခင်က နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ တမူးနှင့် ရိဒ် ၂ ခုသာ ရှိပြီး ယခု ထန်တလန် နယ်စပ်ကုန်သွယ်ရေး စခန်းကို ထပ်မံ တိုးချဲ့သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကုန်သွယ်ရေး စခန်းကို ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတဦး၏ ပြောကြားချက်ကို ယနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာ၌ ဖော်ပြထားသည်။
ဧရာဝတီ သတင်း

ဗိုလ်ချုပ်အောင်ဆန်း မြိတ်မြို့သို့ ခရီးတစ်ခေါက်


စစ်ပြီးကာလ ဖြစ်၍ မြို့ပြများ ပြန်လည် အသက်ဝင်စ ပြုချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး မရရင် ချမယ် ၊ တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေ့မယ်၊ ဟူသော ကြိမ်းဝါးသံဖြင့် ပြည်သူ့ ရဲဘော် တပ်ဖွဲ့များအား ပြောင်ပြောင်တင်းတင်းပင် ဖွဲ့စည်းပေးခဲ့သည်။ ထိုစဉ်က မြိတ်မြို့တွင် ပြည်သူ့ ရဲဘော် တပ်ဖွဲ့ကို ဖွဲ့စည်းရာ ပြည်သူ့ရဲဘော်များ သာမက ပြည်သူ့ ရဲမေများလည်း ပါဝင်ခဲ့လေသည်။

၁၅-၃-၁၉၄၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြိတ်မြို့သို့ ခရီးတစ်ခေါက် ရောက်ရှိလာရသည်။ အကြောင်းကား မြိတ်ခရိုင်အတွက် ပါလီမန် အမတ် (၂)နေရာ ကိစ္စ ဖြစ်လေသည် ။ မြိတ်ခရိုင် ပါလီမန် အမတ် (၂)နေရာတွင် ဗဟို ဖဆပလ အဖွဲ့ချုပ်မှ လျာထား သတ်မှတ်ပေးလိုက်သူ (၂) ဦးမှာ ဦးမောင်မောင်ခင်နှင့် ဦးဘထွန်းတို့ ဖြစ်သည်။ ထိုစဉ်က မြိတ်မြို့တွင် တက်တက်ကြွကြွ လှုပ်ရှားလျက် ရှိသော ပြည်သူ့ ရဲဘော် တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ထွန်းစိန် အမည်မှာ ထိုလျာထား စာရင်းတွင် ပါမလာ သောကြောင့် မကျေမနပ် ဖြစ်ကြသည်။ ထိုအရေး ကိစ္စကို ဖြေရှင်းရန် အတွက် ဗိုလ်ချုပ်အောင်ဆန်း မြိတ်မြို့သို့ ရောက်ရှိ လာရခြင်း ဖြစ်သည်။

၁၅-၃-၄၇ ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ဗြိတိသျှ လေတပ်မှ လေယာဉ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မြိတ်မြို့သို့ ကြွရောက်လာရာ မြိတ်လေယာဉ်ကွင်းတွင် မြိတ် ပြည်သူ့ ရဲဘော် အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ထွန်းစိန်က ဦးဆောင်၍ မြိတ်အရေးပိုင် အမ်အေ မေဘာရီ၊ ရာဇ၀တ် ၀န်ထောက်ကြီး ဦးဘငြိမ်းနှင့် ဘရင့်ရေတပ် အရာရှိ တို့က ခရီးဦး ကြိုဆို ပြုကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ပါးစပ်ဖွင့်ဟရုံမျှ ပြုံး၍ တည်ကြည် ရွှင်လန်းသော မျက်နှာဖြင့် ကြိုဆိုနေကြသူ များအား တစ်ဦးချင်း လက်ဆွဲ နှုတ်ဆက်သည်။ အမျိုးသမီးများ အလှည့်သို့ အရောက်တွင် လက်ဆွဲ နှုတ်ဆက်ခြင်း မပြုပဲ နှုတ်ဖြင့်သာ နှုတ်ခွန်းဆက် စကားဆို၍ နှုတ်ဆက် လေသည်။

ပြီးလျှင် အနီရောင် အလံထောင့်တွင် ကြယ်ဖြူ တစ်ပွင့်ပါရှိသော အလံ စိုက်ထူထားသည့် RB – 6702 နံပတ် တပ်ထားသော မော်တော်ကားတွင် ကိုယ်ရံတော် ဗိုလ်ထွန်းလှနှင့် ဗိုလ်တစ်ဦး လိုက်ပါကြလျက် အစီအစဉ် အတိုင်း လေယာဉ်ကွင်းမှ နှစ်မိုင်မျှ ဝေးသော မြိတ်မြို့တွင်းသို့ ထွက်ခွာ လာခဲ့သည်။

ထိုသို့ ၀င်လာပြီးနောက် ကမ်းနားလမ်းသို့ ဈေးလမ်းမှ ဆင်း၍ ကမ်းနား (အေ) လမ်းထောင့် အရောက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒအရ မော်တော်ကား ရပ်ပေးရသည်။ ဗိုလ်ချုပ်သည် မော်တော်ကားပေါ်မှ ဆင်းကာ ခြေလျှင်လျှောက်၍ လမ်းဘေး ၀ဲယာတွင် စောင့်ကြိုနေကြသော လူထု အဖွဲ့အစည်းများ၊ စေတနာ့ ၀န်ထမ်း မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ ရဲမေများ၏ အလေးပြုခြင်းကို ခံယူရင်း နှစ်ဖာလုံခန့် ခရီးကို လမ်းလျှောက်၍ ပြည်သူ့ ရဲဘော် တပ်ဖွဲ့ရုံး တည်ရာ (ယခု ဦးစိန်ဝင်း ၀ပ်ရှော့ အလုပ်ရုံ ) အထိ လာခဲ့သည်။

ထမင်းစားပြီးသည်နှင့် ဘန်ဂလို (ဧည့်ရိပ်သာ)သို့ သွားကာ ဖဆပလ အမှုဆောင်များ၊ ပြည်သူ့ ရဲဘော် ခေါင်းဆောင်များနှင့် မြိတ်ခရိုင် ပါလီမန် အမတ် (၂)နေရာအတွက် ဆွေးနွေးသည်။ မြိတ်ခရိုင် ပါလီမန် အမတ် (၂) နေရာ အတွက် ဦးမောင်မောင်ခင်နှင့် ဗိုလ်ထွန်းစိန်တို့အား အတည်ပြု  ပေး သည်။ နေ့လည် (၁) နာရီ အချိန်တွင် မြို့လူကြီးများ ၊ အသင်း အဖွဲ့ခေါင်းဆောင်များကို အမှတ်(၁)  အစိုးရ အထက်တန်း ကျောင်းတွင် ဖိတ်ကြား၍ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သည်။

ထိုနေ့ည (၇) နာရီ အချိန်တွင် ကမ်းနားလမ်း သဲကွက် (ယခု ပုလဲ ရတနာ ခန်းမ နေရာ) ၌ လူထု ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး (၁၆-၃-၄၇) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာ သွားခဲ့လေသည်။

၁၉ - ၇- ၇၄ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသား ခေါင်းဆောင်ကြီးများ ဖြစ်သော သခင်မြ၊ ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွား စပ်စံထွန်းတို့ နယ်ချဲ့ အင်္ဂလိပ် တို့၏ လုပ်ကြံခံရသည့် သတင်းဆိုးကြီး တစ်ရပ်ကို ၀မ်းနည်း ကြေကွဲစွာ ကြားသိရသဖြင့် မြိတ်မြို့နယ် တစ်ခုလုံး ယူကြုံးမရ ဖြစ်ကြရသည်။ မြိတ်အတွက် ပါလီမန် အမတ် (၂)နေရာ ကိစ္စ ဖြေရှင်းပြီးမှ မြိတ်မှ ပြန်သွားခဲ့သည့်မှာ ငါးလပင် မပြည့်တတ်သေးချေ။

`` တစ်နှစ်အတွင်း လွပ်လပ်ရေး ရစေ့မယ် ´´ ဟူသော သူ၏ ကြွေးကြော်သံ၊ သူ၏ ကတိအတိုင်း တစ်နှစ်ပင် မပြည့်မီ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော ပြည်ထောင်စု သမ္မတ နိုင်ငံတော်ကြီး အဖြစ်သို့ ရောက်လာခဲ့သည် မဟုတ်ပါလား ။

 စာရေးသူ - မောင်ပြေချမ်း (မြိတ်)
(၄-၁-၂၀၁၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ကြိုဆို ဂုဏ်ပြုလုပ် ဓာတ်ပုံက ပြောသော မြိတ်သမိုင်း မှတ်တိုင်များ စာအုပ်မှ ကူးယူ ဖော်ပြအပ်ပါသည်။ )
မြိတ်ပုလဲမြေ

လူတရာကျော်သေဆုံးတဲ့ ဘင်္ဂလားဒေ့ရှ်မီးလောင်မှု တရားရုံးစစ်ဆေး


ဘင်္ဂလားဒေ့ရှ်က မီးလောင်ပျက်စီးသွားတဲ့ အထည်ချုပ်စက်ရုံအတွင်းမှာ လှည့်လည်ကြည့်ရှုနေတဲ့ မီးသတ်သမားတစ်ဦး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနှစ်က လူ ၁၁၁ ယောက်သေဆုံးခဲ့ရတဲ့ အထည်ချုပ် စက်ရုံ မီးလောင်မှုနဲ့ပတ်သက်ပြီး စက်ရုံပိုင်ရှင် ၂ ယောက်နဲ့ ၀န်ထမ်း ၁၁ ယောက်ကို မီးအန္တရာယ်ပေါ့ဆမှုနဲ့ လူသေဆုံးမှုမှာအပြစ်မကင်းတဲ့ အမှုတွေနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ပါပြီ။

စက်ရုံပိုင်ရှင် Delawar Hossain နဲ့ ဇနီး၊ မီးပေါ့ဆမှုမှာတာဝန်ရှိတဲ့ လုံခြုံရေး အစောင့်တွေနဲ့ မန်နေဂျာတွေကို ရဲတပ်ဖွဲ့က တရားစွဲဆို လိုက်တာပါ။ ကမ္ဘာ့အထည်ချုပ်လုပ်ငန်းမှာ ဒုတိယအများဆုံးထုတ်လုပ်တဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံ မှာ အာဏာပိုင်တွေက စက်ရုံပိုင်ရှင်ကို ပထမဆုံးအကြိမ်အဖြစ် အခုလို အရေးယူတာ ဖြစ်ပါတယ်။

မြို့တော် ဒါကာမြို့ပြင်ရှိ အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စိတ်ချရအောင်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကြောင်း စီရင်ချက်ချခဲ့မယ်ဆိုရင် တနင်္ဂနွေနေ့က စွဲချက်တင်လိုက်တဲ့ ၁၃ ဦးဟာ ထောင်ဒဏ်တသက်ထိ ကျခံနိုင်ဖွယ်ရှိတယ်လို့ ပြည်သူ့ ဥပဒေအကျိုးဆောင် Anwarul Kabir Babul ကပြောပါတယ်။

အဲဒီစက်ရုံဟာ အမေရိကန် Wal-Mart ကုန်တိုက်ကြီးတွေအပါအ၀င် ကမ္ဘာတ၀န်း နံမည်ကြီး ကုမ္မဏီတွေအတွက် အ၀တ်အထည်တွေ ထုတ်လုပ်ပေးခဲ့ပေမယ့် စက်ရုံမှာ အရေးပေါ်ထွက်ပေါက်မရှိသလို မီးသတ်ကားတွေဝင်နိုင်တဲ့ လမ်းမကြီပေါ်မှာမဟုတ်ဘဲ ကျဉ်းမြောင်းလှတဲ့ လမ်းမြောင်ကြားထဲမှာ စက်ရုံတည်ဆောက်ထားတာလို့ Mr. Babul ကပြောပါတယ်။
VOA Burmese News

ရန်ကုန် စက်မှုဇုန်များ၌ ရေဆိုး ရေညစ် စွန့်ပစ်သည့် စက်ရုံ ၄၀ ကျော် ရှိနေ


သန်လျင် အလွမ်းဆွတ် ကျေးရွာရှိ သီလဝါ စက်မှုဇုန် စီမံကိန်း နယ်မြေ (ဓာတ်ပုံ – ဧရာဝတီ)

ရန်ကုန် စက်မှုဇုန်များရှိ ဓာတုအညစ် အကြေး ပါဝင်သော ရေဆိုး ရေညစ်များ စွန့်ပစ်သည့် စက်ရုံ ၄၀ ကျော်အား စံချိန်မီရေ ပြန် လည် ထွက်ရှိပြီးမှ စွန့်ပစ်ရန် သက်ဆိုင်ရာက ညွှန်ကြားချက်များ ပေးပို့ထားကြောင်း သိရသည်။

“စက်ရုံတွေက ထွက်လာတဲ့ Chemical(ဓာတု)ပါဝင်တဲ့ စွန့်ပစ် ရေဆိုး၊ ရေညစ်တွေက ချောင်းတွေ မြောင်းတွေကတဆင့် မြစ်ထဲ ကို ရောက်သွားပြီး မြစ်ထဲမှာရှိတဲ့ငါးတွေကိုပါ သေစေနိုင်တယ်။ ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့လူတွေက ဒီရေကိုပြန် သုံးမိရင်၊ အဲ့ဒီ သီးနှံတွေကို စားမိခဲ့ရင် လူတွေအတွက်ပါ ဒုက္ခ ရောက်နိုင်တယ်။ အဲ့ဒါကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေရတယ်”ဟု ရန်ကုန် မြို့တော် စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ အဆင့်မြင့် တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြော သည်။

အဆိုပါ ဌာနသည် စက်ရုံ အလုပ်ရုံများမှ ထွက်ရှိသော ရေဆိုး၊ ရေညစ်များအား စစ်ဆေးရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ် ကော်မတီ တခု ဖွဲ့စည်းပြီး ၂၀၁၂ ခုနှစ် အတွင်းက စတင်၍ စစ်ဆေးမှုများကို စီမံချက်ချ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းသို့ စီမံချက်များ ချမှတ် ဆောင်ရွက်ရာတွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်ပေါင်း ၂၄ ဇုံမှ စက်ရုံပေါင်း ၃၄၀၀ ကျော်အား ခွဲခြား စစ်ဆေးရာ ရေဆိုး၊ ရေညစ် ထွက်ရှိသည့် စက်ရုံ ၂၀၀ ကျော်အား ထပ်မံ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် က ပြောသည်။

အဆိုပါ စက်ရုံများထဲမှ စက်ရုံ ၄၀ ကျော်သည် သတ်မှတ် စံညွှန်းအတိုင်း ရေဆိုးစွန့်ပစ်မှု မရှိခြင်းကြောင့် သတ်မှတ် ညွှန်ကြားချက် အတိုင်း ပြန်လည် လုပ်ဆောင်သွားရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“စက္ကူ၊ စားသောက်ကုန်၊ ရေထွက်ပစ္စည်း ငါး၊ ပုစွန်လို အအေးခန်းတွေကို အဓိကထားပြီး ခွဲခြား စစ်ဆေးတယ်၊ စီမံချက်အရ အဖွဲ့ ဖွဲ့ပြီး စစ်ဆေးတယ်။ လိုအပ်တဲ့ နည်းပညာ အကူအညီကို ဌာနကပေးတယ်။ ရေဆိုး၊ ရေညစ် ထွက်ရှိတဲ့ စက်ရုံကို ပြုပြင်ရမယ့် နည်းပညာတွေ ပေးတယ်။ ဒါမှ ဆောင်ရွက်မှု မရှိဘူး၊ မထူးခြားဘူး ဆိုရင် စီမံဌာနကို တင်ပြ အကြောင်းကြားပြီး အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ပါတယ်”ဟု အထက်ပါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ အဆင့်မြင့် တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

စက်ရုံများမှ ထွက်ရှိလာသော ရေဆိုး ရေညစ်များသည် ချောင်း၊ မြောင်းမှ တဆင့် မြစ်ချောင်း၊ အင်းအိုင်များသို့ စီးဆင်းရောက်ရှိရာ ယင်းရေတွင် ပါဝင်သည့် ဓာတု အညစ်အကြေးများကြောင့် ရေနေ သတ္တ၀ါများ အတွက် သေကြေပျက်စီးပြီး ထို ရေအား ပြန်လည် သုံးဆွဲမိသူများ အတွက်ပါ ထိခိုက်နိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေနိုင်ကြောင်း ၎င်းက ဆိုသည်။

“စက်ရုံတိုင်းကတော့ ရေဆိုး မထွက်ပေမယ့်၊ ရေဆိုးထွက်တဲ့ စက်ရုံတွေကို စာရင်းပြုစုပြီး အမြဲ စစ်ဆေးနေရတယ်။ နောက်ပိုင်း သက်ဆိုင်ရာ ဌာနတွေမှာ စစ်ဆေးမှုပြုပြီး ကျနော်တို့ဆီကို Report(အစီရင်ခံစာ)တင်ပေးတဲ့ စနစ်နဲ့ ဆောင်ရွက်သွားမယ်”ဟု လည်း အဆိုပါ အဆင့်မြင့် တာဝန်ရှိသူက ပြောပြသည်။

ယခင်နှစ်က စစ်ဆေးမှုများ ပြုလုပ်ရာတွင် တိုင်ကြားမှုများ ရှိမှသာ လိုက်လံ စစ်ဆေးမှု ပြုလုပ်ခဲ့သော်လည်း ယခုနှစ် အောက် တိုဘာ လမှစတင်ပြီး စီမံချက်များချမှတ်၍ ရေဆိုး၊ ရေညစ် ထွက်ရှိနိုင်သော စက်ရုံများအား စာရင်းပြုစုကာ စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

အနံ့ဆိုး ပြဿနာများ၊ ပတ်ဝန်းကျင် ဆူညံမှု ပြဿနာများနှင့် ရေးဆိုး၊ ရေညစ်ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်နေသည် ကို တွေ့ရှိပါက ရန်ကုန် မြို့တော် စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ တိုင်ကြားပါက အရေးယူဆောင်ရွက် ပေးကြောင်း သိရသည်။
ဧရာဝတီ သတင်း

၂၇ ကြိမ်မြောက် ဆီးဂိမ်းကို သမ္မတ ဦးသိန်းစိန် ဂုဏ်ပြုမှတ်တမ်းလွှာပို့


၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာက အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပတဲ့အပေါ် သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြု မှတ်တမ်းလွှာ ပေးပို့လိုက်ပါတယ်။

အဲဒီမှတ်တမ်းလွှာကို အခုလို ပြန်ကြားရေး ဝက်ဆိုက်က အခုလိုဖော်ပြပါတယ်။

 နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါ သည်။

ယခုအားကစားပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင် မြန်မာ အားကစား မောင်မယ်များသည် လှေခွက်ချည်ကျန် အလဲ မလှဲ သော စိတ်ဓာတ်ကို ရင်ဝယ်ပိုက်လျက် ကြိုးစား ယှဉ်ပြိုင်ခဲ့ သည့် အတွက် ရွှေတံဆိပ် ၈၆ခု၊ ငွေ တံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု စုစုပေါင်း ဆုတံဆိပ် ၂၃၃ ခု ရရှိပြီး နိုင်ငံအလိုက် ဒုတိယအဆင့် ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါသည်။

ထို့အတူ အရှေ့တောင်အာရှ အားကစားပြိုင် ကာလ အတွင်း မြန်မာတိုင်းရင်းသားများ၏ ယဉ်ကျေး မှု၊
ဖော်ရွေမှု၊ ကူညီစောင့်ရှောက်မှု၊ ကိုယ်ကျင့်တရား မြင့်မားမှုများကို လည်းကောင်း၊ မြန်မာအားကစားသမား များ စိတ်ဓာတ်၊ စွမ်းရည်၊ သန့်ရှင်းစွာ ယှဉ်ပြိုင်မှု၊ ရဲစွမ်း သတ္တိရှိမှုတို့ ကို လည်းကောင်း ပြသနိုင်ခဲ့ပါသည်။

ထိုကဲ့သို့ စွမ်းဆောင်နိုင်မှု အားလုံး သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပုံရိပ်ကို ကမ္ဘာ့အလယ် တွင် မြှင့်တင်နိုင် ခဲ့ခြင်းလည်း ဖြစ်ပါသည်။

ယခုကဲ့သို့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း သည် မြန်မာတိုင်းရင်းသား အားလုံး ၏ အောင်ပွဲဖြစ်ပြီး ထိုအောင်ပွဲ ကို ပြည်သူ အားလုံး က ပြည်ထောင်စု စိတ်ဓာတ်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များနှင့် ရယူပေးခဲ့ခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ အမျိုးသားရေးတာဝန်တစ်ရပ်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ခြင်း အတွက် (၂၇) ကြိမ်မြောက် အရှေ့တော်ငအာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယကနှင့် (၂၇)ကြိမ်
မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ၊ မြန်မာ့ ဂုဏ်ဆောင် အားကစားမောင်မယ်များ၊ အားစား အဖွဲ့ချုပ်များ၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်
ဖျော်ဖြေခဲ့ကြသော မောင်မယ်များ၊ ဆက်သွယ်ဆက်ဆံရေး အရာရှိ များ၊ စေတနာ့ ဝန်ထမ်းများ၊ လုပ်အားပေးလူငယ်များ၊ အထောက် အကူပြု အဖွဲ့များ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ စစ်သည်များ၊ ဂီတ အနုပညာရှင် များအားလည်းကောင်း၊ ယဉ်ကျေးတက်ကြွမျှတစွာ အားပေး ခဲ့ကြ
သော ပြည်သူများအား လည်းကောင်း၊ အားကစား စိတ်ဓာတ် အပြည့် အဝဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အရှေ့တောင်အာရှ နိုင်ငံများမှ အားကစား အဖွဲ့ဝင်များအားလည်းကောင်း လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြု အပ်ပါသည်။


သမ္မတ ဦးသိန်းစိန်
ဧရာဝတီ သတင်း

ဆီးဂိမ်းသတင်းဖြန့်ချိရေး ဒေါ်လာ ၆ သန်းကျော် အသုံးပြု


၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကာလမှာ ပြည်တွင်းနဲ့ ပြည်ပမီဒီယာတွေ သတင်း ဖြန့်ချိနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ သန်းကျော် အကုန်အကျခံ သုံးစွဲခဲ့ပါတယ်။

ကျင်းပ ပြီးစီးသွားတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံတကာ ရုပ်သံမီဒီယာတွေကို အားကစားနည်း ၁ မျိုးချင်းအလိုက် ရုပ်သံ စုစည်းပေးပို့ခြင်းနဲ့ နိုင်ငံအလိုက် ရုပ်သံ ပေးပို့ ဆောင်ရွက်ပေးခြင်း တွေကနေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ ရရှိခဲ့ပေမယ့် ကုန်ကျစရိတ်ကတော့ ၆ သန်းကျော်လောက် ရှိခဲ့တယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောပါတယ်။

“ဖွင့်ပွဲ ပိတ်ပွဲမှာ ကျနော်တို့ ဘာမှ ပူစရာမလိုဘူး။ သူတို့ ပစ္စည်းအကုန် ယူလာတယ်။ ဒီမှာ ရိုက်တယ်၊ ပစ္စည်းတွေ ၀ယ်တဲ့ဟာ အပါအ၀င် ၆ ဒဿမ ၁၇ မီလျံ ရှိတယ်။ MCR နဲ့ CER မှာ ရှိတဲ့ စက်ပစ္စည်းတွေ နောက်တခါ ဖွင့်ပွဲ ပိတ်ပွဲမှာ ရိုက်သွားတဲ့ ကင်မရာတွေ၊ နောက် ကျန်တဲ့ပစ္စည်းတွေက ၃ ဒဿမ ၅ လောက်ရှိတယ်။ အားလုံးပေါင်း သုံးရတာက ၆ ဒဿမ ၁၇ မီလျံ ရှိပေမယ့် ပြန်ပြီးရတဲ့ငွေ ၁ ဒဿမ ၅ အပါအ၀င် လှူသွားတဲ့ ပစ္စည်းတွေက ၅ မီလျံလောက် ပြန်ဝင်တယ်။”

ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲနဲ့ ပြေးခုန်ပစ် ရိုက်ကူးရေးအပါအ၀င် ပြည်တွင်းနဲ့ ပြည်ပသတင်း မီဒီယာတွေ သတင်းအချက်အလက် ရယူနိုင်တဲ့ မဏိရတနာကျောက်စိမ်းခန်းမ ပြင်ဆင်မှု အပိုင်းတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ပြည်တွင်းကုမ္ပဏီ တခုဖြစ်တဲ့ မက်ဂါလင့် (Megalink) ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၅ ဒဿမ ၉ သန်းနဲ့ အစိုးရက ကန်ထရိုက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းဖြန့်ချိရေးလုပ်ငန်းတခုလုံးကို ကန်ထရိုက်ရခဲ့တဲ့ မက်ဂါလင့်ကုမ္ပဏီက စီမံရေးဒါရိုက်တာ ဦးလင်းအောင်က ငွေကြေး အကျိုးအမြတ်မကြည့်ဘဲ နာမည်ရအောင် လုပ်ပေးခဲ့တာလို့ ပြောပါတယ်။

“အကျိုးအမြတ်တော့ ရှိတာမဟုတ်ဘူး။ အခုမှ ဈေးကွက်ထဲ ၀င်လာတဲ့အတွက် အစ်ကိုတို့ နာမည်ရချင်လို့ ကြိုးစားပြီး လုပ်တာပါ။ ငွေရေးကြေးရေးက အကျိုးအမြတ်က မရှိသလောက်ပါပဲ။ ကျနော်တို့ နိုင်ငံတော်ကို ၃ ဒဿမ ၅ သန်းဖိုး လှူထားတာပါ။ စက်ပစ္စည်းတွေအားလုံးကို မြန်မာ့ အသံကို လှူခဲ့တာပါ။ အရင်းကြေမယ်ဆိုရင်တော့ ကံကောင်းပေါ့ဗျာ။ ကိုယ်တို့ ရိုက်တာက ဖွင့်ပွဲ ပိတ်ပွဲနဲ့ ပြေးခုန်ပစ် ပြိုင်ပွဲတွေပဲ ရိုက်တာပါ။”

ဆီးဂိမ်းပြိုင်ပွဲအပြီးမှာ အမေရိကန်ဒေါ်လာ ၃ သန်းခွဲ တန်ဖိုးရှိတဲ့ ရုပ်သံရိုက်ကူး ထုတ်လွှင့်စက်တွေကို မက်ဂါလင့်က ပြန်ကြားရေးဝန်ကြီးဌာနကို လှူဒါန်းခဲ့ပြီး ဒီ စက်ပစ္စည်းတွေကို နေပြည်တော်တပ်ကုန်းရှိ ပြန်ကြားရေးဌာနမှာ ရုပ်သံထုတ်လွှင့်ခန်း အသစ်တခု တည်ဆောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီးစီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ နိုင်ငံတကာက မီဒီယာသမားပေါင်း ၆၀၀ ကျော် သတင်းရယူခဲ့ကြပါတယ်။
DVB Burmese

ထိုင်းရောက် တရားမ၀င် မြန်မာ အလုပ်သမားတွေ မဖမ်းဖို့ အဆိုပြု

ထိုင်းနိုင်ငံ၊ Samut Sakhon ခရိုင်အတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ဖူးရန် လမ်းပေါ်ထွက်လာကြစဉ်။ (မေ၊ ၃၀၊ ၂၀၁၂)

ထိုင်းနိုင်ငံက တရားဝင်အလုပ်သမားလက်မှတ် သက်တမ်းထပ်တိုးလို့မရသေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အထူးအခွင့်အရေးပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီးက ထိုင်းအစိုးရကို တင်ပြထားတယ်လို့ မြန်မာသံအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ တရားဝင် နေထိုင်ခွင့် မရှိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဖမ်းဆီးခြင်းမပြုဖို့ မြန်မာသံအမတ်အနေနဲ့ မေတ္တာရပ်ခံထားတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့  မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာသံအမတ်ရဲ့တောင်းဆိုချက်ကို ဒီနှစ်မကုန်ခင်မှာ ထိုင်းအစိုးရဘက် လိုက်လျောခွင့်ပြုဖို့ မျှော်လင့်ထားပေမယ့် ထိုင်းနိုင်ငံအခြေအနေ မတည်ငြိမ်သေးတာကြောင့် ထိုင်းဝန်ကြီးအဖွဲ့ရဲ့ စုံညီဆုံးဖြတ်ချက်ကို စောင့်နေရတယ်လို့ အလုပ်သမားရေးဆိုင်ရာ မြန်မာသံအရာရှိ ဦးကျော်လွင်က ပြောပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အနေနဲ့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန အကြီးအကဲနဲ့ မကြာသေးခင်က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း ဦးကျော်လွင်က ဆိုပါတယ်။

“အဓိက-ကျနော်တို့ ဖြစ်စေချင်တာကတော့ဗျာ။ ၄ နှစ်ပြည့်ပြီးသွားတဲ့ အလုပ်သမားတွေကို ထိုင်းအစိုးရအနေနဲ့ ဘယ်လို ဆက်ပြီး အခွင့်အရေး ပေးနိုင်မလဲဆိုတာကို မေတ္တာရပ်ခံတာပေါ့။ သူတို့ကတော့ လူကြီး ၂ ယောက်ရဲ့ အဓိကမေတ္တာရပ်ခံချက်ကြောင့်ဆိုပြီး ကော်မရှင်နာမင်းကြီးနဲ့ တွေ့တဲ့အချိန်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ညှိပါ့မယ်တဲ့။ ညှိပီးတဲ့အခါ ရက်ပေါင်း ၁၈၀ အတွင်းမှာ အဖမ်းအဆီးမရှိဖို့အတွက် ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ ကက်ဘိနက်ကို တင်ပေးမယ်ဆိုပြီးတော့ သူတို့က ပြောတာ။ ပြောပြီးတော့ ကက်ဘိနက်တင်ဖို့ လုပ်နေတယ်။ အဲဒါတော့ ကျနော်သိတယ်။ ဒါပေမယ့် နောက်ပိုင်း အမိန့်ထုတ်တာ မထုတ်တာတော့ ကျနော် မသိသေးဘူးဗျ။”

နှစ်ဘက်ဆွေးနွေးပွဲမှာ မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့်ရနိုင်ရေး နည်းလမ်းကို အဓိက ဆွေးနွေးခဲ့ကြတယ် လို့လည်း ဆိုပါတယ်။ မြန်မာအလုပ်သမားရေးကိစ္စနဲ့ပတ်သက်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ပူးပေါင်း ဆောင်ရွက်နေတယ်ဆိုပေမယ့် လက်တွေ့မှာ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်လို့ မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားတွေအရေးဆောင်ရွက်ပေးနေတဲ့ “မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်း ကော်မတီ (TACDB)” တာဝန်ခံ ဦးမြင့်ဝေ ပြောပါတယ်။

“ရက်ပေါင်း ၁၈၀ အတွင်းမှာ မဖမ်းဖို့ဟာ သူတို့အလုပ်သမားတွေရဲ့အမှား မဟုတ်ဘူးလေ၊ အစိုးရရဲ့အမှားသာ ဖြစ်တယ်။ အဲဒီအလုပ်သမားတွေရဲ့ အတွေ့အကြုံတွေပေါ့။ တချို့က လုပ်ငန်းခွင်မှာ ကျွမ်းကျင်သူဆိုင်ရာ သင်တန်းတွေ ပေးရမယ့်အလုပ်သမားတွေလည်း ရှိတာကိုး။ တချို့စက်ရုံတွေ မှာလေ။ ဆိုတော့ကျ ဒီအလုပ်သမားတွေကို လိုလိုလားလားနဲ့ သူ့သဘော အလျှောက် မပြန်သေးဘဲနဲ့ ပတ်စ်ပို့သက်တမ်း ကျော်လို့ဆိုပြီးတော့ ဖမ်းပြီး ပြန်ပို့တာမျိုး လုံးဝ လုပ်လို့မရဘူး။”

ထိုင်းအစိုးရ၀န်ကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ စောင့်နေတဲ့အချိန် အတွင်းမှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေကို ထိုင်းနိုင်ငံဝင်ခွင့် ဗီဇာထုတ်ပေးဖို့ ထိုင်းဘက်ကနေ စတင် လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ သံအရာရှိ ဦးကျော်လွင်က အခုလိုပြောပါတယ်။

“အဲဒါက နှစ်နိုင်ငံအစည်းအဝေးမှာ ကျနော်တို့ ညှိနှိုင်းပြီးသား၊ ညှိထားပြီးတော့မှ စခန်းတွေက သြဂုတ်လ ၁၁ ရက်နေ့ကစပြီး ခနပိတ်ထားလိုက်ရတဲ့ အခြေအနေမှာ ကလေးတွေရဲ့ ပတ်စ်ပို့တွေ ဆက်မလုပ်နိုင်တော့တာ။ အဲဒါကြောင့် ကျနော်တို့က ဒီကလေးတွေရဲ့ ပတ်စ်ပို့တွေ ဆက်လုပ်နိုင်ခွင့်ရဖို့၊ ဒီစခန်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ လုပ်ပိုင်ခွင့်ရဖို့ဆိုပြီး ကျနော်တို့သွားလုပ်တာ။ ညွှန်ကြားချက်ရှိပြီးသားဆိုတော့ ပြဿနာတော့ သိပ်မရှိနိုင်ဘူး။ စခန်းတွေ ပြန်ပွင့်လာမယ့်အချိန်မှာတော့ ပြန်လုပ်လို့ရမယ်လို့ သူတို့က ပြောပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့အရေးကို အလေးပေးဆောင်ရွက်လာပေမယ့်လည်း ထိုင်းနိုင်ငံဘက်က မြန်မာအလုပ်သမားတွေကိုပေးနိုင်တဲ့ အခွင့်အရေးတွေဟာ အကန့်အသတ်တွေနဲ့ ရှိနေအုံးမှာဖြစ်တယ်လို့ ဦးမြင့်ဝေက ပြောပါတယ်။

“ဗမာအလုပ်သမားတွေ အခွင့်အရေးတွေ အများကြီးတိုးမယ်ဆိုတာကတော့- ထိုင်းအလုပ်သမားတွေ အခွင့်အရေးမရလို့၊ အခွင့်အရေးမပေးချင်လို့ ဗမာအလုပ်သမားတွေကို ခန့်ထားတာဖြစ်တဲ့အတွက် အစားထိုးကြတာ ဖြစ်တဲ့အတွက် လက်ရှိအခင်းအကျင်းက ဘယ်လောက်ပဲ ပြုပြင်မွမ်းမံပြီး မျှော်လင့်ချက်တွေ အများကြီး ရှိတယ်ပြောပြော၊ ထိုင်းအလုပ်သမား အခွင့်အရေးကတော့ သိပ် အများကြီး တိုးစရာမရှိဘူး။”

ယာယီနိုင်ငံကူးလက်မှတ် ကဒ်ပြားတွေကို ထုတ်ပေးနေတဲ့စခန်းတွေကတော့ ကော့သောင်း၊ ထီးချိုင့်၊ ထီးခီး၊ မောတောင်၊ မြ၀တီ၊ တာချီလိတ်နဲ့ ဘန်ကောက်မြို့က မြန်မာသံရုံးတို့ဖြစ်ပါတယ်ရှင်။
VOA Burmese News

ခွဲစိတ်ခံယူထားသည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်များ ဖျက်သိမ်း


ခြေထောက်ခွဲစိတ်မှု ခံယူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခွဲစိတ်မှု အောင်မြင်ပေမယ့် ကြာရှည် မတ်တပ်ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ မသင့်တော်သေးတာကြောင့် အခုလကုန်အထိ ခရီးစဉ်တွေအားလုံး ဖျက်သိမ်းလိုက်တယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက မိသားစုဆရာဝန်အနေနဲ့ ကြေညာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ အသေးစား ခွဲစိတ်မှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
ခွဲစိတ်မှုအခြေအနေကြောင့် ဒီလအတွင်းမှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှာ ကျင်းပပြုလုပ်မယ့် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကို ဖျက်သိမ်းထားတယ်လို့ အန်အယ်ဒီပါတီရဲ့ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်န၀ါရီ ၆ ရက်ကနေ ၁၀ ရက်အထိ ချင်းပြည်နယ်ကို သွားရောက်ဖို့ ရှိပြီး ချင်းပြည်နယ်ခရီးစဉ် ဖြစ်၊ မဖြစ်ကိုတော့ သူရဲ့ကျန်းမာရေးအခြေအနေကို စောင့်ကြည်ရဦးမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
DVB Burmese

အားလုံးတာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း

HIV/AIDS ရောဂါများအပြင် တခြားကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ အားလုံးရဲ့  တာဝန်ဖြစ်တယ်လို့ HIV/AIDS ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်မှု ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း က ပြောဆိုလိုက်ပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီးတော့ HIV/AIDS ဝေဒနာရှင်တွေအတွက် နေစရာနဲ့ ဆေးဝါးကုသမှုတွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်းတို့ရဲ့  ဂေဟာ (၃) ခုမှာ အခုဆိုရင် ဝေဒနာရှင် (၃၀၀) လောက်ကို စောင့်ရှောက်ပေးနေပါတယ်။ အဲဒီလို ပြုစုစောင့်ရှောက်တဲ့အခါမှာ တွေ့ရတဲ့ အခက်အခဲတွေ၊ တခါ လွှတ်တော်အမတ် (၁) ယောက်ရဲ့  တာဝန်ကြားက ဝေဒနာရှင်တွေအတွက် ဘယ်လိုအချိန်ပေးပြီးတော့ ကူညီနေရပါသလဲ။ ဝေဒနာရှင်တွေအတွက် ရေရှည်ဘယ်လို အစီအစဉ်တွေထားရှိသလဲဆိုတာကို ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က မဖြူဖြူသင်း ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီဆေးခန်းတည်ရှိတဲ့ နေရာလေးနဲ့ ဘယ်လို၊ ဘာကြောင့် တည်ရှိနေရသလဲဆိုတာကို အရင်ပြောပြပါ။

မဖြူဖြူသင်း ။ ။ ဒီဆေးခန်းလေးကတော့ သူတို့တတွေ ဒီမှာတည်ဖို့၊ ဆေးကုသဖို့ နေစရာလေး တနေရာပေါ့။ ၂၀၀၅ နဲ့ ၂၀၀၆ ကြားထဲမှာ စပြီးတော့ လုပ်ဖြစ်တယ်။ တိုင်းနဲ့ပြည်နယ်မှာရှိနေတယ့် လူတွေက ရန်ကုန်မှာ ဆေးလာကုတဲ့အခါ နေဖို့အတွက် အရမ်းကို အခက်အခဲရှိတယ်။ အဲဒီအချိန်တုန်းကဆိုရင် ဘယ်သူကမှ လက်မခံချင်ကြဘူး။ ဘုန်းကြီးကျောင်းတွေဆိုရင်လည်း အခက်အခဲရှိတယ်။ တစ်ရက်နှစ်ရက်ထက်ပိုပြီး တည်ခိုခွင့် မရဘူး။ နိုင်ငံရေးအခြေအနေကြောင့်လည်း ပါမှာပေါ့။ ကျမတို့တတွေ အိမ်တွေအများကြီးလည်း ငှားခဲ့တယ်။ ငှားခဲ့တဲ့နေရာမှာလည်း တနေရာပြီးတနေရာ ပြောင်းရွှေ့ ရတယ်။ တချို့ ကြတော့လည်း အာဏာပိုင်အဖွဲ့အစည်းတွေက အနောက်အယှက်ပေးလို့ ပြောင်းရတယ်။ တခါတလေကြတော့လည်း အိမ်ရှင်တွေကိုယ်တိုင်က ကြောက်ပြီးတော့ ပတ်ဝန်းကျင်တွေက ပြောင်းရွှေ့ ခိုင်းလို့ ပြောင်းရွှေ့ ခဲ့ရတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရတာ အိမ်ပေါင်း (၂၅) အိမ်လောက်ရှိတယ်။ နောက်ပိုင်းကြတော့ ဒီနေရာလေးက မိသားစုပိုင်အိမ်လည်း ဖြစ်နေတဲ့အခါကြတော့ ဒီမှာစပြီးထားတာပေါ့။ အဲဒါနဲ့စပြီးတော့ စထားဖြစ်ဖို့ ဖြစ်လာတာ။

ကိုဇော်ဝင်းလှိုင် ။ ။ အခုလောလောဆယ်ဆိုရင်ကော ဒီမှာလာနေတဲ့ လူနာတွေပဲ ဆိုကြပါစို့။ သူတို့က အရေအတွက် ဘယ်လောက်ရှိမယ် ထင်သလဲ။

မဖြူဖြူသင်း ။ ။ လောလောဆယ်တော့ (၃) နေရာရှိတယ်။ မြောက်ဒဂုံမှာ တစ်နေရာရှိတယ်။ ဒီမှာ တစ်နေရာရှိတယ်။ နောက် အရမ်းအခြေအနေ ဆိုးဝါးတယ်။ တချို့ တလေကြတော့ ဒီကိုရောက်လာတဲ့အခါကြရင် ဒီကို မရောက်ခင်မှာ သူတို့ရဲ့  သက်ဆိုင်ရာနေရာတွေမှာ တော်တော်ကို အသဲအသန် ဖြစ်လာတဲ့လူနာတွေရှိတယ်။ အဲဒီအခါကြရင် ဆေးရုံတွေ ပို့ရတာရှိတယ်။ ဒါကတော့ အစိုးရဆေးရုံပေါ့။ မင်္ဂလာဒုံ အထူးကုဆေးရုံမှာတော့ အယောက် (၃၀) လောက်ရှိတယ်။ အားလုံးပေါင်းလိုက်ရင် အခုလောလောဆယ် အယောက် (၃၀၀) နီးပါးလောက်ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု မဖြူက ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းမှာ အရွေးခံပြီးတော့ လွှတ်တော်အမတ် ဖြစ်သွားတယ်။ အရင်ကတော့ မဖြူကိုယ်တိုင် ဒီမှာလာပြီးတော့ အနီးကပ် အသေးစိတ်ကြီးကြပ်ကွပ်ကဲ နိုင်တာပေါ့။ ဟိုဖက်ကို ရောက်သွားတဲ့အခါကြတော့ ဒီဖက်မှာ နည်းနည်းလစ်ဟင်သလို ခံစားရသလား။ ဒီဖက်မှာ လုပ်နေတဲ့ လုပ်ငန်းတွေအပေါ်မှာ ဘယ်လိုရှိသလဲ။

မဖြူဖြူသင်း ။ ။ အဲဒါအတွက်တော့ ကျမတို့က အတွေ့အကြုံရှိခဲ့ဘူးတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ၂၀၀၇ တုန်းက ရှောင်လိုက်ရတယ်။ ဒါကလည်း လမ်းလျှောက်ပွဲတွေ ဘာတွေနဲ့ (၈) လလောက် ရှောင်လိုက်ရတယ်။ အဲဒီအချိန်မှာလည်း ကျမ ဒီလူနာတွေနဲ့ ပတ်သက်လို့ ရပ်မသွားခဲ့ဘူး။ အဲဒီတုန်းကဆိုရင် ဒီထက် အခြေအနေဆိုးတယ်။ လူနာတွေနဲ့ တွေ့ခွင့်မရဘူး။ နောက်ပြီးတော့ တည်ဖို့ခိုဖို့အတွက် အခက်အခဲရှိတဲ့ အချိန်မှာတောင် ကျမတို့ ဒီလုပ်ငန်းကို ဆက်ပြီးအလုပ်ဖြစ်အောင်လို့ ဖုန်းနဲ့ အလုပ်လုပ်ခဲ့ရတယ်။ အဲဒီအချိန်ကလည်း မပျက်ခဲ့ဘူး။ အခုအချိန်ကတော့ ကျမ နေပြည်တော်တော့ သွားနေရတာမှန်တယ်။ ဒါပေမဲ့ ရှောင်နေရတာလဲ မဟုတ်ဘူး။ တိမ်နေရတာလဲ မဟုတ်ဘူး။ စနေ၊ တနင်္ဂနွေဆိုရင် ကျမ ရန်ကုန်ကို ပြန်လာတယ်။ ပြန်လာပြီး လူနာကိစ္စတွေ၊ မြို့ နယ်ကိစ္စတွေကိုတော့ ပုံမှန်ပြန်ပြီး အလုပ်လုပ်ဖြစ်တယ်။ နောက်ပြီးတော့ အခုနောက်ပိုင်း ဘယ်လိုဖြစ်လာသလဲဆိုတော့ ဒီမှာ ဝိုင်းဝန်ပြီး ကူညီစောင်ရွက်ပေးတဲ့လူ၊ လူနာတွေလည်းရှိတယ်။ volunteers တွေလည်းရှိတယ်။ သူ့ရဲ့ အဖွဲ့ အဆင့်ဆင့် ဆရာဝန်၊ စာရင်းကိုင် အစရှိသဖြင့် ပုံစံလေးနဲ့ ဖြစ်လာတယ်အခါကြတော့ ကျမအနေနဲ့ ဒီကို မလာဘူးဆိုရင်လည်း ဆက်ပြီးတော့ နေ့ညတာဝန်ယူပေးတဲ့လူတွေ ရှိတယ်။ ကျမတို့က အဆက်အသွယ်လည်း ပျက်မသွားဘူးပေါ့။ ကံကောင်းတာက ကျမ နေပြည်တော်ကနေ ရန်ကုန်ကို အပတ်စဉ် ပြန်လာလို့ရပြီးတော့ ပြန်ပြီးတော့ ကြည့်ရှုလို့ ရတာပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ လူနာတွေကိုကြတော့ကော ပုံမှန်လာကြည့်ပေးနေတဲ့ ဆရာဝန် ရှိသလား။ သဘောက သူ့ rotation နဲ့ပေါ့။

မဖြူဖြူသင်း ။ ။ ရှိပါတယ်။ ကျမတို့ ဒီမှာဆိုလို့ရှိရင် ဆရာဝန် (၁) ယောက်ရှိတယ်။ သူက (၃) ရက် လာထိုင်ပေးတယ်။ နောက်တချက်ကတော့ အပတ်စဉ်ဆိုလို့ရှိရင် specialist ဆရာဝန်။ အဲဒီ ဆရာဝန်က အနီးစပ်ဆုံး။ ဒီနေရာနဲ့ အနီးစပ်ဆုံးနေရာတွေမှာ ထိုင်တယ်။ ဒီနေ့ဆိုရင် ဆေးခန်းပြရက်ပဲ။ သိပ်အရေးကြီးတဲ့ လူနာတွေဆိုရင် ကျမတို့ စုပြီးတော့ စနေနေ့တိုင်း specialist နဲ့ပြတယ်။ နောက် ဒီမှာ ဆရာဝန်တယောက်ကလည်း အမြဲတမ်းရှိတယ်။ နောက်တချက်က ဒီလူနာတွေ ART ရဖို့ဆိုလို့ရှိရင် NGO ဆေးခန်းတွေကို ဆက်သွယ်ပေးတယ်။ အဲဒီ NGO ဆေးခန်းမှာလည်း ဆရာဝန်တွေရှိတယ်ဆိုတော့ ပုံမှန်အားဖြင့်ဆိုလို့ရှိရင် (၃) (၄) ခုလောက် ချိတ်တွယ်ပြီး ဆောင်ရွက်လိုက်တဲ့အခါကြတော့ လူနာတွေရဲ့  ကျန်းမာရေးအခြေအနေကတော့ သိပ်ပြီးတော့ စိုးရိမ်စရာ မရှိဘူး။ ဒီမှာဆိုလို့ရှိရင်လည်း ဆရာဝန်မရှိတဲ့အချိန်မှာ ဆရာဝန်က ပြန်ပြီးတော့ train လုပ်ထားတဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့ လူနာတွေကိုယ်တိုင်ကနေ နေ့ည (၂၄) နာရီ စောင့်ပြီးတော့ ကြည့်ပေးတာ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ အခု သွားလာရင် လူနာတွေ ကြည့်နေတာကို ကြည့်ရတာ မဖြူကိုယ်တိုင်က ကျွမ်းကျင်တဲ့ ဆရာဝန် (၁) ယောက်နီးပါး ဖြစ်နေပြီလေ။ စမ်းသပ်ကြည့်တယ်။ လူနာ အခြေအနေ ရောဂါလက္ခဏာတွေ လုပ်လာတဲ့သက်တမ်းအရပေါ့။ မဖြူ တော်တော်လေး နားလည်းနေပြီပေါ့။ လူနာတွေရဲ့  အခြေအနေကို။

မဖြူဖြူသင်း ။ ။ ပြောရရင်တော့ နှစ်ပေါင်းများစွာ ဒီလူနာတွေနဲ့ပဲ နေလာခဲ့တဲ့အခါကြတော့ ဥပမာ သူတို့ကို ကြည့်တာနဲ့ သိတာလေးတွေ ရှိတာပေါ့။ ဒါကတော့ ကျမတို့ လုပ်လာတဲ့ နှစ်တွေက ကြာလာတာပေါ့။ အစပိုင်းတော့ ကျမတို့ သိပ်နားမလည်းဘူး။ တဖြည်းဖြည်းနဲ့ ကျမတို့ specialist ဆရာဝန်တယောက်ဆိုရင် ကျမတို့ကို အားလုံးသင်ပေးထားတယ်။ ဓါတ်မှန်ကြည့်တာကစပြီး HIV နဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေအကုန်လုံး ကျမတို့ တော်တော်များများ ကုသနိုင်အောင်ဆိုပြီး ဆရာကိုယ်တိုင်က ပြန်ပြီးတော့ train လုပ်ထားတာရှိတယ်။ ကျမတို့က တဆင့်တဆင့် ပြန်ပြီးတော့ လုပ်ထားတာ။ အဲဒီအခါကြတော့ ကျမတို့ ဒီမှာ treatment ပေးတဲ့ဟာနဲ့ ဆိုလို့ရှိရင်လည်း ကျမတို့ကိုယ်တိုင်က ဒီအတိုင်းကြီး ပေးလိုက်တာ မဟုတ်ဘူး။ ဆရာဝန်တွေကို ချက်ချင်းအကြောင်းကြားပြီးတော့ ပေါင်းပြီးလုပ်တာတွေရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း လူနာတယောက် ဖြစ်လာကတည်းက အစအဆုံး ART တိုက်တဲ့အထိတော့ တော်တော်လေးတော့ အားလုံး နားလည်းနေတာပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီမှာ မဖြူလုပ်လာတဲ့ သက်တမ်းတလျှောက် လူနာတွေနဲ့ ပတ်သက်ပြီး အဆိုးဆုံး အခြေအနေ ဘယ်လိုမျိုး ကြုံခဲ့ရဖူးတာ ရှိသလဲ။ သဘောက အရေးပေါ် ဆေးရုံသွားရတာပဲဖြစ်ဖြစ်။ ရောက်လာတဲ့ အနေအထားတွေ။

မဖြူဖြူသင်း ။ ။ အဆိုးဆုံးအခြေအနေကတော့ အများကြီး ဖြတ်ကျော်လာခဲ့ရတာ။ ဘာကြောင့်လဲဆိုလို့ရှိရင် အခု ပြောရမယ်ဆိုရင်လည်း တလျှောက်လုံးလုံး စပြီးတော့ HIV ကိစ္စကို စပြီးလုပ်တဲ့အခါ ကျမတို့မှာ ပြောရရင် အဆိုးဆုံးအချိန်တွေကြီးပဲလို့ ပြောလို့ရတယ်။ ကျမတို့ စတွေ့ရတာ ပညာပေးအပိုင်းလုပ်မယ်။ ပညာပေးအပိုင်း လုပ်လို့ရသလားဆိုတော့လည်း လုပ်လို့မရခဲ့ဘူး။ အဲဒီအချိန်မှာ ကျမတို့ ဘာသွားတွေ့ရသလဲဆိုတော့ ၂၀၀၂ ခုနှစ်ကတည်းက ဆေးဝါးကုသမှုအပိုင်းကို သွားတွေ့ရတယ်။ လူနာတွေက အဲဒီအချိန်ကတည်းက ရောဂါဝေဒနာ ခံစားနေရတယ်။ အဲဒီအထဲက ကျမတို့ တော်တော်လေးကို စိုးရိမ်တယ်။ စိုးရိမ်တာက ကျမတို့ သိနေတာက ပညာပေးအပိုင်း။ ဆေးကုသမှုပေးရမယ်ဆိုတော့ ကျမတို့ တော်တော်လေးကို စိုးရိမ်တယ်။ နောက် အဲဒီကနေတဆင့် လူနာတွေကို ဆေးကုသဖို့ ကြိုးစားပေးနေရင်ကနေ လူနာတွေ အများအပြား သေဆုံးသွားတာကိုလည်း ကျမတို့ ကြုံခဲ့ဘူးတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက ကျမတို့ဆီမှာ ART ဆေးတွေဘာတွေ မရောက်သေးဘူး။ မရောက်သေးတဲ့အခါကြတော့ အဲဒီမှာလည်း လူနာတွေကို အားပေးတာလောက်ပဲ ဒီရောဂါနဲ့ ပတ်သက်ပြီး မကူးဘူး။ ဒီလို ရင်းရင်းနှီးနှီး သူတို့ကို ပြုစုလို့ရတယ်။ မိသားစုတွေ တချို့ က မကိုင်ရဲမတွယ်ရဲဆိုတော့ ကျမတို့ သူတို့နဲ့ အတူတူ နေပေးတာမျိုး။ အဲဒီလို ပုံစံမျိုးပဲ ကျမတို့ counseling နှစ်သက်ဆွေးနွေးတာမျိုး၊ သူတို့နဲ့အတူတူ နေပေးတာမျိုး နေတဲ့အခါ အဲဒီလိုမျိုးပဲ လုပ်ပေးနိုင်တယ်။ အဲဒီအခြေအနေတုန်းက ပြောရမယ်ဆိုရင် ART ဆေးဝါးမရတဲ့အခါကြတော့ လူနာတွေ အတော်များများ သေဆုံးတာကတော့ တော်တော်လေးကို အခက်အခဲဆုံးလို့ ပြောလို့ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကြည့်နေရင်တန်းလန်းနဲ့ သေသွားတာမျိုး ရှိခဲ့ဖူးတယ်ပေါ့။

မဖြူဖြူသင်း ။ ။ အများကြီး ရှိပါတယ်။ အစပိုင်းကဆိုရင် တော်တော်များများ သေဆုံးနှုန်း များတယ်လို့ ပြောလို့ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ကူနေတဲ့ ဆေးဝါးတွေက ဘယ်သူတွေက ထောက်ပံ့သလဲ။ ဒါမှမဟုတ် တယောက်ချင်းဆီက ထောက်ပံ့တာကို စုပြီးတော့ ပြန်ပြီးတော့ လုပ်သလား။

မဖြူဖြူသင်း ။ ။ ကျမတို့ NGO တွေဆီကနေ တန်းစီးတဲ့စနစ်ပုံစံမျိုး ယူရတယ်။ ဒီကနေသွားပြီးတော့ NGO ဆေးခန်းတွေမှာ တန်းစီးတယ်။ ပြီးရင် သူတို့ ဆေးရတယ်ပေါ့။ ရလို့ရှိရင် တခါတလေ သူတို့ ဆေးစမ်းတယ်။ (၁၄) ရက် ဆေးစမ်းတယ်။ နှစ်ခါစမ်းတယ်။ ပြီးရင် (၁) လစာ ပေးတယ်။ နောက်ပြီး (၃) လစာ ပေးတယ်။ လူနာတွေကတော့ ချိန်တဲ့ရက် ရက်ပတ်မှန်အောင် လာလာပြီး ဆေးထုတ်ရတာပေါ့။ (၃) လတကြိမ်။ အဲဒီလိုပဲ ဆေးပေးနေရင်နဲ့ NGO ဆေးခန်းတွေမှာ သူတို့ ဘတ်ဂျက်တွေဘာတွေ မရှိလို့ ရပ်လိုက်တဲ့အခါလည်း ကျမတို့ကိုယ်တိုင် တိုက်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒါတော့ ဒီနေ့ဒီအချိန်အထိ အယောက် (၅၀၀) လောက် တိုက်ခဲ့ပြီးပြီ။ နယ်တွေမှာပေါ့။ အဓိကတော့ နယ်ဖက်က လူနာတွေများတယ်။ နောက်ပိုင်းကြတော့ သူတို့ ပခုက္ကူဖက်က ဆေးပေးတာတို့၊ မိတ္ထီလာမှာ ဆေးပေးတာဆိုရင် အဲဒီအနားမှာ တိုက်တဲ့လူတွေကို အဲဒီလို ဆေးရုံတွေကို ကျမတို့ ပြန်လွှဲပေးလိုက်တယ်။ အခုဆိုရင် ကျမတို့ဆီမှာ (၁၀၀) ကျော်လောက်တော့ ဆေးတိုက်နေရတဲ့လူတွေ ရှိပါသေးတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ဒီမှာ လူနာတွေကို နည်းနည်းကျန်းမာရေးကောင်းတဲ့ လူနာတွေကို အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပေးနေတယ်ဆိုတော့ အဲဒါ ဘယ်လိုမျိုးတွေလဲ။

မဖြူဖြူသင်း ။ ။ အဓိကတော့ ကျမတို့ဆီမှာ ဘယ်လိုမျိုးလဲဆိုတော့ ပထမပိုင်းကတော့ ဆေးကုသတာကိုပဲ အဓိကထားလုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ အဓိကလိုအပ်ချက် ရှိတာကလဲ သူတို့တွေ ကျန်းမာရေး ပြန်ကောင်းဖို့။ ဆေးဝါးမလုံလောက်တာနဲ့ ဆေးဝါးရရှိတာ ခက်တာနဲ့ ဆေးတွေကလည်း မလုံလောက်တဲ့အခါ ဒီဆေးတွေ ရရှိဖို့ကို ကြိုးစားခဲ့တယ်။ အခုနောက်ပိုင်းကြတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ ဆေးဝါးတွေက ရန်ကုန်မှာတော့ ရလာနိုင်တယ်။ နောက်ပြီးတော့ ကျန်းမာရေးကောင်းပြီးတော့ သူတို့ဒေသကို ပြန်သွားတဲ့အခါကြရင် တခါတလေ ပတ်ဝန်းကျင်က လက်မခံတာတွေရှိတယ်။ တခါတလေ မိသားစုက လက်မခံတဲ့အခါကြတော့ ဒီလူနာတွေက ဒီပဲပြန်လာကြတယ်။ နောက် အလုပ်အကိုင် အခွင့်အလမ်း။ မြန်မာပြည်မှာက ဒီနေ့ဒီအချိန်အထိ အလုပ်အကိုင် အခွင့်အလမ်း တော်တော်လေးကို နည်းပါးနေသေးတယ်။ နည်းပါးနေတယ်ဆိုတာက သာမန်ကျန်းမာတယ် သူတွေတောင် အလုပ်အကိုင်အတွက် အရမ်းခက်နေတော့ ဒီလို ရောဂါရှိတဲ့လူတွေအတွက်က အရမ်းကိုခက်ပါတယ်။ အဲဒါကြောင့် သူတို့က အလုပ်လုပ်ချင်ပေမယ့်လည်း သက်ဆိုင်ရာဒေသတွေက လက်မခံနိုင်တဲ့အခါကြတော့ ဒီကိုပဲ ပြန်လာကြတယ်။ အဲဒီအတွက် ရည်ရွယ်ပြီး အမျိုသမီးတွေအတွက်။ အခုတော့ အမျိုးသမီးတွေ ဖွံ့ဖြိုးမှုအတွက်ဆိုပြီး စက်ချုပ်သင်တန်းကျောင်းလေးကို လေးထောင့်ကန်ဖက်မှာ ဖွင့်ထားတာ ရှိပါတယ်။ အခုဆိုရင် ဒုတိယအကြိမ် အခု (၅) ရက်နေ့ဆိုရင် ဆင်းပါပြီ။ ဒုတိယအကြိမ်ပြီးရင်လည်း ပုံမှန်ဆက်ပြီးတော့ လုပ်သွားမှာပါ။ အဓိက ဘာကြောင့်လဲဆိုတော့ HIV Positive ဖြစ်နေတဲ့ အမျိုးသမီးတွေမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီးတော့ အတတ်ပညာတခုရှိအောင်။ နောက် ဒီကနေ ဝင်ငွေရရှိအောင်လုပ်ဖို့ လိုသလို။ တခြားဒေသတွေမှာ ပြန်သိရတာတော့ အမျိုးသမီးတွေ နယ်စပ်ဖြတ်ကျော်ပြီးတော့ အလုပ်သွားလုပ်တဲ့ အမျိုးသမီးတွေ။ (၁၃) နှစ် (၁၄) နှစ်လောက်ဆိုရင် ရောင်းစားခံရတာမျိုးတွေ။ နောက် ဒီနိုင်ငံမှာ အလုပ်မရှိတော့ သွားရတာတွေ ရှိပါတယ်။ အဲဒါကြောင့် အခု ကျမပြန်သိရတာကတော့ သူတို့တွေအတွက်လည်း တချို့ ဒေသတွေက တောင်းဆိုတာတွေ ရှိပါတယ်။ ဥပမာ ပဲခူးတိုင်း အနောက်ခြမ်းဖက်၊ ဧရာဝတီတိုင်းဖက်တွေက အမျိုးသမီးတွေကိုလည်း ဒီလိုလုပ်ပေးပါဆိုလို့ HIV ရှိနေတဲ့လူတွေကို ဦးစားပေးမယ်။ နောက်ပြီးကြရင်တော့ သာမန်ကောင်းနေတယ့် လူတွေကိုလည်း အလှည့်ကျ ပြန်ပြီး အဆက်မပြတ် သင်တန်းဆက်ပေးသွားပါမယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ဆိုင်ဘုတ်ချိတ်ထားတာ ဒီဆေးခန်း၊ ဆေးရုံကြီးကြီး ဆောက်ဖို့ အလှူခံနေတယ်ဆိုတာ။ အဲဒါ ဒီနေရာမှာ ဆောက်ဖို့လား။ ဘယ်လိုပုံစံ ဆောက်ဖို့လဲ။ အလှူခံနေတာ ဟုတ်လား။

မဖြူဖြူသင်း ။ ။ အဓိကတော့ နေရာကတော့ ကျမ မြောက်ဒဂုံမှာ တနေရာ ရှိပါတယ်။ အဲဒီမှာ လယ်ကွင်းတခုထဲမှာ တဲထိုးပြီးတော့ လူနာတွေ ထားရပါတယ်။ တခါတလေတော့ လူနာတွေက အရမ်းများတဲ့အခါ သမန်တလင်းပေါ်မှာလည်း အိပ်ရတဲ့အခါရှိတယ်။ နောက် အခုလည်း မြင်တဲ့အတိုင်းပဲ တယောက်ကို တနေရာ အိပ်ဖို့အတွက်ကို ကျမတို့ အတိအကျပဲ ပေးထားနိုင်တယ်။ ဖြစ်နိုင်ရင်တော့ နည်းနည်းအဆင်ပြေပြေလေးတော့ ထားချင်တယ်။ နောက်တခုက တနေရာထဲမှာပဲ အဆင်ပြေသွားစေချင်တယ်။ အဲဒီလို ပုံစံနဲ့ ကျမတို့ အရှေ့ ဒဂုံမှာ မေတ္တာရှင်ဆရာတော်၊ ရွှေပြည်သာမေတ္တာရှင် ဆရာတော်က ဒီကိုကြွလာတယ်။ ကြွလာပြီးတော့ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက သူ့မြေကွက် လေးကွက်ကို ကျမတို့ ယူသုံးပါဆိုပြီးတော့ သူလှူထားတာရှိတယ်။ ယူပါဆိုပြီး ပေးထားတာ ရှိပါတယ်။ အဲဒါနဲ့ ကျမက စပြီးတော့ အကောင်အထည်ဖော်မှာ။ ဒီ (၃) နေရာ (၂) နေရာမှာရှိတဲ့ လူတွေကို (၁) နေရာထဲမှာစုပြီးထားမယ်။ အဆင်ပြေလို့ရှိရင် အဲဒီမှာပဲ သင်တန်းပေးတာတွေ။ သူတို့အတွက် အခုဆိုရင် တနေရာဆီ သွားနေရတယ်။ ဟိုဖက်မှာ သင်တန်းတခု၊ ဒီဖက်မှာ တနေရာ။ နေရာတွေ အကုန်လုံး ခွဲနေရတော့ ကျမတို့ လူအများကြီးလည်း သုံးရတယ်။ တနေရာထဲမှာ စုထားခြင်းအားဖြင့် သူတို့အတွက် ပိုပြီးတော့ အဆင်ပြေနိုင်တယ်ပေါ့။ အဲဒါကြောင့်မို့ ကျမတို့အနေနဲ့ အဲဒီအဆောက်အဦးကို ဆောက်မယ်။ မိုးကုန်ရင်တော့ စပြီးတော့ အဆောက်အဦး ဆောက်ဖို့အတွက်ကို လုပ်နေပါပြီ။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ သူကတော့ ဆေးကုတာ၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ သူတို့ နေဖို့အတွက် one stop ပေါ့။ အကုန်လုံး အဲဒီလိုမျိုး ကြီးကြီးမားမား ဘယ်လောက်အထိ ကြီးကြီးမားမား ဆောက်ဖို့စီစဉ်ထားသလဲ။

မဖြူဖြူသင်း ။ ။ လောလောဆယ်တော့ ပေ ၁၂၀ x ပေ ၅၀ လေးထပ်လောက်တော့ ဖြစ်ဖို့များတယ်။ အခုလောလောဆယ် ရာထားတာတော့ သုံးထပ်ရာထားတယ်။ သုံးထပ်အဆောက်အဦး ရာထားတယ်။ မြေအောက်ခန်းတွေ လုပ်မယ်ဆိုတော့ အခုတော့ လေးထပ်အထိ ရာထားတယ်။ တနေရာထဲမှာပဲ သူတို့အတွက် အားလုံးအဆင်ပြေသွားအောင် ကြိုးစားနေတာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ တခြား ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

မဖြူဖြူသင်း ။ ။ အဓိကတော့ ကျမတို့ နိုင်ငံမှာ HIV/AIDS အပြင် အခြားသော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်။ နောက်တချက်ကတော့ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ အားလုံးဆိုတာ အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်။ ပြည်သူတဦးတယောက်ချင်းကလည်း တာဝန်ရှိတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တဦးတယောက်ချင်းကလည်း ကိုယ့်ရဲ့  ရပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့  အခွင့်အလမ်းတွေသိမှ ကိုယ်ဘာတွေ လိုအပ်ချက်ရှိနေတာလဲ။ အစိုးရပိုင်းက ဘာလုပ်ပေးနိုင်မလဲ။ ဥပမာအားဖြင့် လွှတ်တော်ပိုင်းကို ဘာတွေတင်ပြပေးနိုင်မလဲဆိုတာ ကိုယ်ကိုယ်တိုင် သိရမှာပေါ့။ အခုနောက်ပိုင်းတော့ ကျန်းမာရေးကိစ္စ၊ ပညာရေး၊ စီးပွားရေး အစရှိသဖြင့် အင်အားလေးတွေကတော့ ပေါ်ပေါက်လာပြီးပေါ့။ အခုဆိုရင် ဥပဒေပြုတဲ့နေရာမှာတောင် ပြင်ပအင်အားစုတွေက လွှတ်တော်ထဲလာပြီး ဆွေးနွေးတာမျိုးတွေ ရှိလာပြီ။ အခုနောက်ပိုင်းမှာလည်း ကျမတို့ရဲ့  ကျန်းမာရေးကိစ္စတွေပဲဖြစ်ဖြစ် ပညာရေးကိစ္စတွေပဲဖြစ်ဖြစ် သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းပြီးတော့ ကိုယ့်အခွင့်အရေးရရှိရေးအတွက် ဥပဒေတရပ် ဖြစ်ပေါ်လာဖို့အတွက် ဝိုင်းပြီးကြိုးစားရမယ့် အချိန်ရောက်ပြီလို့ ကျမက မြင်မိပါတယ်။
VOA Burmese News

Digital Life Journal ( Vol-2, No-33 )




မှဲ့ခြောက် ပျောက်ကင်းစေဖို့ လွယ်ကူသက်သာ အိမ်တွင်း ဆေးနည်းကောင်းများ


မှဲ့ခြောက်ဟာ ပိုင်ဆိုင်ထားရသူရော၊ မြင်ရသူအဖို့ပါ စိတ်မချမ်းမြေ့စေတဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ မှဲ့ခြောက်ဟာ ဆယ်ကျော်သက်တွေရော၊ သွေးဆုံးပြီးစ အမျိုးသမီးတွေမှာပါ အဖြစ်များပါတယ်။ မျက်နှာတစ်ပြင်လုံးနဲ့ နှာခေါင်းပတ်လည်မှာ မှဲ့ခြောက်ပေါက်တတ်ပါတယ်။ အဖြစ်အများဆုံး အရေပြားအမျိုးအစားကတော့ အဆီပြန်တတ်တဲ့ အရေပြားပဲဖြစ်ပါတယ်။ ဂရုမစိုက်ရင် ၀က်ခြံတွေ ထူလပြစ် ထလာစေပါတယ်။ သက်သာစေမယ့် နည်းလမ်းလေးတွေကို တင်ပြပေးလို ပါတယ်။
၁။ဗာဒံစေ့scrub
ဗာဒံစေ့ကို ကျိတ်ချေပြီး besan လို့ခေါ်တဲ့ အဆီနဲ့မွှေပေးပါ။ ရလာတဲ့ အနှစ်ကို နေ့စဉ် လိမ်းပြီးမျက်နှာသစ်ပေးပါ။ နှာခေါင်းကို အထူးသဖြင့် ပွတ်လိမ်းပေးပါ။
၂။မုန့်ဖုတ်ဆိုဒါအနှစ်
မုန့်ဖုတ်ဆိုဒါကို ရေသန့်အနည်းငယ်နဲ့ ရောစပ်ပါ။ ရလာတဲ့ ခရမ်ပုံစံကို မျက်နှာပေါ်မှာလိမ်းပြီး ၂၅ မိနစ်လောက်ထားပေးပါ။ ပြီးသွားရင် ရေကျက်သီး နွေးလေးနဲ့ သစ်ပေးပါ။
၃။လီမွန်ရည်
လီမွန်ရည်ကို သကြား အနည်းငယ်နဲ့ ရောစပ်ပြီး ပျစ်ပျစ်လေးဖျော်ပေးပါ။ အဲဒါကို မှဲ့ခြောက်ပေါက်နေတဲ့ နေရာတစ်ဝိုက်ကို လိမ်းပေးပါ။ နေ့စဉ်လိမ်းပြီး မျက်နှာပုံမှန်သစ်ပေးမယ်ဆိုရင် မှဲ့ခြောက်ပျောက်ကင်းတဲ့ အပြင် အသားအရည်ဟာ တောက်ပလာစေပါတယ်။
၎။နှင်းဆီရည်
နှင်းဆီပွင့်လေးတွေကနေ ထုတ်ထားတဲ့ နှင်းဆီရည် (rose water)ကို အလှကုန်ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။ အဲဒီနှင်းဆီရည်ဟာ အရေပြားက မှဲ့ခြောက်တွေကို ပျောက်ကင်းစေပြီး အမည်းစက်တွေကို လျော့ကျစေပါတယ်။ လီမွန်ရည်နဲ့ရောစပ်ပြီး နေ့စဉ်လိမ်းပေးလို့ ရပါတယ်။
၅။ပျားရည်မျက်နှာဖုံး
ပျားရည်ကို အခြေခံထုတ်ထားတဲ့ မျက်နှာဖုံး mask တွေဟာ အဆီပြန်ခြင်းကို သက်သာစေပြီး မှဲ့ခြောက်တွေကို ပျောက်ကင်းစေပါတယ်။ သူဟာအရေပြားကိုရေဓာတ် ဖြည့်ပေးပြီး အရေပြားက ချွေးပေါက်ငယ်တွေကို ကျဉ်းစေပါတယ်။
သန့်စင်
Health Updates Journal

ရန်ကုန်မြို့တော် ဇုန်ခွဲခြားမှု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ သဘောမတူ


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်လိုက်တဲ့ မြို့နယ်အလိုက် အဆိုပြုမြေအသုံးချမှုနဲ့ အဆောက်အဦ ဆောက်လုပ်ခွင့် ဇုန် ၁၁ ခု ခွဲခြားသတ်မှတ်တာကို ဆောက်လုပ်ငန်းရေး လုပ်ငန်းရှင်များအသင်းက လက်မခံဘူးလို့ အသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းရုံးမှာ ဒီဇင်ဘာ ၂၁ ရက်က လုပ်တဲ့ အစည်းအဝေးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

စည်ပင်ရဲ့ ဇုန် ၁၁ ခု ခွဲခြားမှု လွှတ်တော်က အတည်ပြုလိုက်ရင် အဆောက်အဦ ဆောက်လုပ်ခွင့်တွေဟာလည်း ဇုန်အလိုက် ကွာခြားသွားမှာ ဖြစ်ကြောင်း၊ တချို့ မြေပိုင်ရှင်တွေဟာ သူတို့ပိုင်မြေပေါ်မှာ အထပ်မြင့် အဆောက်အဦ ဆောက်လုပ်ခွင့်ရတော့မှာ မဟုတ်သလို ဆောင်လုပ်ရေး လုပ်ငန်းရှင်တွေလည်း နစ်နာမယ့်အကြောင်း သူက ပြောပါတယ်။

ဒီအတွက် ဇုန်ခွဲခြားမှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က ပြင်ဆင် ဖြည့်စွက်ချက်တွေ တင်ပြသွားမယ်လို့ ဆိုပါတယ်။

မြို့ပြမြေ အသုံးချမှု ဇုန်ခွဲခြားတဲ့ အစီအစဉ်ကို ရန်ကုန်စည်ပင်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး အစီအစဉ် (ဂျိုက်ကာ)နဲ့ ဗိသုကာပညာရှင်တွေ ပူးပေါင်း ရေးဆွဲထားခဲ့ကြတာ ဖြစ်ပါတယ်။
DVB Burmese

သာစည်တွင် မြေသိမ်းခံ တောင်သူများ ထောင်ချခံရ


သာစည်မြို့နယ်တွင် မြေအသိမ်းခံ တောင်သူများနှင့် ၎င်းတို့အား အကူအညီပေးသူများကို ထောင် ၆ လမှ ၃ နှစ်ကျော် အထိ စီရင်ချက် ချလိုက်ကြောင်း သိရသည်။ စက်မှု ၁ နှင့် စိုက်ပျိုးရေး ၀န်ကြီးဌာန တို့က မန္တလေးတိုင်း ဒေသကြီး သာစည် မြို့နယ် အတွင်း လှိုင်းတက် စည်သွတ်စက်ရုံ ကုန်ကြမ်း စိုက်ပျိုးရန် မြေများ သိမ်းယူခဲ့ကြောင်း၊ ယင်း သိမ်းမြေများတွင် ထန်းတော၊ ရေတွင်းကြီးနှင့် အင်တိုင်သား ရွာများမှ မူလပိုင်ရှင် တောင်သူ ၁ ထောင်ကျော်တို့က ၂၀၁၃ ခုနှစ် ဧပြီလက ၀င်ရောက် ထွန်ယက်ခဲ့ကြောင်း၊ ၎င်းတို့ အား ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပိုင်နက်ကျူးလွန်မှု၊ ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ထိခိုက်မှု များဖြင့် သာစည်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဘီဘီစီ သတင်းတရပ်၌ ဖော်ပြထားသည်။
ဧရာဝတီ သတင်း

အခြေခံဥပဒေ ပြင်ဆင်ရေး မြို့နယ် ၂၇၀ မှ လူထု သဘောထား လွှတ်တော်သို့ပို့မည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀ တွင် ကောက်ယူထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကို ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါ မြို့နယ်များမှ ရရှိလာသော လူထုဆန္ဒ သဘောထားများကို NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက စိစစ်လျက်ရှိပြီး ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်း အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ မြို့နယ် ၂၇၀ မှ လူထု ဆန္ဒသဘောထားတွင် အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးထက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိုသာ ထောက်ခံမှု ရာခိုင်နှုန်း များကြောင်း၊ ရာခိုင်နှုန်းအတိ အကျကို NLD ပါတီက စိစစ်နေဆဲ ဖြစ်သည့်အတွက် ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထုထောက်ခံမှု ရရှိထားပြီး ဖြစ်သောကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ အတွက် အလားအလာ ကောင်းကြောင်း နိုဝင်ဘာလ တတိယပတ်တွင်း ပြုလုပ်ခဲ့သော မြန်မာ အမျိုးသမီးဖိုရမ်တွင် ပြောကြားထားသည်။

NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို စက်တင်ဘာ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည်ရေးဆွဲရေး အတွက် လူထုဆန္ဒ ကောက်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြံပြုချက် များကို အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ သို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့ရမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

ဘုရင့်နောင်ရှိ စကားဝါမြေ တည်းခိုခန်းတွင် ကျောက်ငရုတ်ကျည်ပွေ့ဖြင့် ထုနှက်လုယက်


ရန်ကုန်၊ ဒီဇင်ဘာ ၂၃

မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ စကားဝါမြေ တည်းခိုခန်း၏ လေးလွှာမြောက် အခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၂ ရက် နံနက် ၂ နာရီခန့်က လာရောက်တည်းခိုသူ အမျိုးသမီးနှစ်ဦးကို အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက ကျောက်ငရုတ် ကျည်ပွေ့ဖြင့် ထုနှက်ကာ ငွေများ လုယူသွားခဲ့ကြောင်း ဘုရင့်နောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးနှစ်ဦး တည်းခိုရာအခန်းကို တံခါးခေါက်သံ ကြားသဖြင့် တံခါး ဖွင့်ကြည့်ရာမှ တည်းခိုခန်းတွင် လာတည်းခိုသူ ကိုဇေယျာဦးက အခန်းအတွင်းသို့ ဝင်လာကြောင်း၊ ယင်းနောက် ကျောက်ငရုတ်ကျည်ပွေ့ဖြင့် အမျိုးသမီးနှစ်ဦးကို ရိုက်နှက်ကာ ငွေများကို လုယူခဲ့ပြီး အမျိုးသမီး နှစ်ဦးကို လေးလွှာပြတင်းပေါက်မှ အောက်သို့ ခုန်ချ စေခိုင်းသောကြောင့် အမျိုးသမီး နှစ်ဦးတွင် ဖူးရောင်သွေးထွက် ဒဏ်ရာများဖြင့် မြေကြီးပေါ် လဲကျခဲ့ကြောင်း အမှုဖွင့်လှစ်သူ၏ တိုင်ကြားချက်အရ သိရှိရသည်။

"လုယက်သူက အခန်းမှားပြီး တံခါးခေါက်သလိုနဲ့ အလစ်ဝင်လုတာ။ သူက ဘုရင့်နောင်လမ်းပေါ်မှာ ရှိတဲ့ မိုးပွင့်တည်းခိုခန်းမှာ သွားတည်းနေတာကို သတင်းရတာကြောင့် ဖမ်းမိခဲ့တာ" ဟု အမှု စစ်ဆေးသည့် ရဲအရာရှိက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် မနွယ်နွယ်စိုး နှင့် ၄င်း၏အစ်မ မရီရီချို တို့သည် ငါးခြောက်ရောင်းရန် ရောက်ရှိလာစဉ် လုယက်ခံရခြင်း ဖြစ်ပြီး လတ်တလောတွင် ၄င်းတို့သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါလုယက်မှုနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သော စကားဝါမြေ တည်းခိုခန်းကို ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကမာကျေးရွာတွင် နေထိုင်သည့် လုယက်သူဟု တိုင်ကြားခံရသည့် ကိုဇေယျာဦးကို (ပ) ၄၅၆/၁၃၊ ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာ ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် နှာခေါင်းစည်း တပ်ထားသော အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ကျောက်ငရုတ်ကျည်ပွေ့ဖြင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

The Voice Weekly

ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း


ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ။ ။ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင် ဆေးဆိုး ၊ ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့် လူငယ်လေးအများ စုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊ နားကြပ် တပ်ဆင်ကာ သီချင်း နားထောင်၊ အင် တာနက်သုံးစွဲလာသည့် ဟန်းဖုန်း ရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူငယ်လေးများ ၏ ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား လမ်းမှားသို့ တွန်းပို့ သလိုဖြစ် သွား တတ်သည်။

ဖုန်းဟန်းဆက်တစ်လုံး၏ ပေါက်ဈေးသည် ဟန်းဆက်အ မျိုးအစားပေါ်မူ တည်ပြီး ကျပ် သိန်းဂဏန်းဝန်းကျင် ပေါက် ဈေးရှိရာ လူငယ်တိုင်း သုံးစွဲနိုင် ကြသည်တော့ မဟုတ်ပေ။ ခေတ်လူငယ်လေးများ ပီပီ လှိုင်မြို့နယ်အတွင်းမှ လူ ငယ်လေး ရှစ်ဦးသည် လည်း သူ များနည်းတူ ထိုသို့သောဟန်း ဆက်များ ကို ကိုင်ချင် သုံးချင် ကြသည့် ဖုန်းခရေဇီများဖြစ်ကြ သည်။

သို့ရာတွင် ကျောင်းသား လူငယ်ဖြစ်သည်က တစ်ကြောင်း အခြေခံလူတန်း စား မိသားစု များမှ မွေးဖွား လာ ကြသူများ ဖြစ်သည်က တစ်ကြောင်း တို့ ကြောင့် သူတို့အဖို့ ဝယ်မကိုင် နိုင်ကြပေ။

ဒီဇင်ဘာ၆ရက် ညတွင် လှိုင်မြို့နယ်၊ သံလမ်းရှိ ဟန်း ဆက် အရောင်း ဆိုင်တစ်ဆိုင် ကို အဆိုပါလူငယ်ဆယ်ဦးတို့ ဝင်ရောက် ဖောက်ထွင်း ခိုးယူ ခဲ့ကြသည်။ ထိုသို့ ခိုးယူခဲ့ကြပြီး ရရှိ လာခဲ့သည့် ဟန်းဆက်များကို အချင်းချင်းခွဲဝေယူခဲ့ကြပြီး ယင်း တို့အနက်မှ သုံးဦးက ဟန်းဆက် ကိုးလုံးနှင့် ငွေ သုံးသောင်းယူကာ မွန်ပြည်နယ် ကျိုက်ထီးရိုးသို့ ဘုရားဖူး ထွက်ခဲ့ကြ သည်။

ကျိုက် ထီးရိုးတွင် ပါလာသည့်ပိုက်ဆံ များမလုံလောက်သဖြင့် ကျိုက် ထီးရိုးမုခ်ဝအနီးရှိ ရွှေနန်းကျင် နတ်နန်း အလှူခံရာနေရာမှ ငွေ ခုနစ်ထောင်ကို ခိုးယူခဲ့ရာ ကျိုက် ထီးရိုးလုံခြုံရေးရဲများက တွေ့ ရှိပြီး ယင်းတို့သုံးဦးကို ကလေး များဖြစ်နေသည့်အတွက် အပြစ် ပေးသည့် အနေဖြင့် ကတုံးတုံး ကာ ကင်မွန်းစခန်းတောင်ခြေ သို့ ပြန်လွှတ် ရာ တွင် ရန်ကုန် ၌ကျူးလွန်ခဲ့သည့် ဖောက်ထွင်း မှုနှင့်ဆက်စပ်နေကြောင်း သိ ရှိရသဖြင့် ရန်ကုန်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဒီဇင်ဘာ၁၂ရက် တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ပြစ် မှုကျူးလွန်ခဲ့သည့် အသက်၁ရ နှစ်အရွယ် ကျော်ကျော်(အမည် လွှဲ)က ''ကျွန်တော်တို့ ဟန်းဆက် အကောင်းစားနဲ့ ဖုန်းတွေကိုင် ချင်လွန်းအားကြီးလို့ အခုလို မလုပ်သင့်တာကို လုပ်မိကြတာ ပါ။ အခုတော့ နောင်တရ နေ ပြီ။ ဒါပေမဲ့ ကျွန်တော့် အသက် က ၁ရနှစ်ထဲကိုရောက်နေလို့ ကျွန်တော့်သူငယ်ချင်းတွေလို သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာမနေရဘူးတဲ့။ အင်း စိန်ထောင်ကိုပဲ ပို့မယ်လို့ပြော တယ်။ ကျွန်တော်တို့ အခုတော့ မှားမှန်း သိပါပြီ''ဟု ပြောသည်။

ကျော်ကျော်က ''ကျွန်တော် တို့ သုံးယောက်ဆီမှာ ဟန်းဆက် ကိုးလုံးနဲ့ ငွေသုံးသောင်းပဲပါ တယ်။ ဒါနဲ့ ကျိုက်ထီးရိုးတက် တာ။ ရလာတဲ့ဖုန်းတွေကို သူ ငယ်ချင်းတွေလဲ ခွဲပေးတယ်။ ကျွန်တော်တို့လဲ ယူထားတယ်။ ကျိုက်ထီးရိုးကို ရထားနဲ့သွား တာ။ ဟိုရောက်တော့ ပိုက်ဆံ မလောက်လို့ ရင်ပြင်တော်က ရွှေနန်းကျင်နတ်ရုပ်ကို ပူဇော် တဲ့ပိုက်ဆံထဲက ခုနစ်ထောင်ကို ယူခဲ့တာ။ ကင်မွန်းစခန်းတောင် ခြေမှာမိတယ်။ ဒါနဲ့ ကလေး တွေ နောက်မလုပ်နဲ့ဆိုပြီး ခေါင်း တုံးတုံးပြီး လွှတ်လိုက်တယ်။ နောက်တော့ ရဲတွေက ရန်ကုန် ဖောက်ထွင်းမှုတစ်ခုနဲ့လဲ ဆက် စပ်တယ်လို့ သတင်းရထားတယ် ဆိုပြီးတော့ ကျွန်တော်တို့ကို လာခေါ်တဲ့ ရဲတွေလက်ထဲထည့် ပြီး ရန်ကုန်ကိုရောက်လာတာ ပဲ။ အခုတော့ ကျွန်တော်တို့ မှားမှန်းသိပါပြီ''ဟု ပြောသည်။

ယင်းဖြစ်စဉ်တွင် ပါဝင် သည့် တခြားသောလူငယ်ခြောက် ဦးကို လှိုင်မြို့နယ်ရှိ ယင်းတို့ ၏နေအိမ်များမှာပင် ဒီဇင်ဘာ ၁၁ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုပြစ်မှုကျူးလွန်သော ကလေးများမှာ အသက်၁၃နှစ်၊ ၁၄နှစ်၊ ၁၅နှစ်အရွယ် လူငယ် များဖြစ်ပြီး ゞင်းတို့ထဲမှလေးဦး မှာ လှိုင်မြို့နယ် အလက(၄)၊ အထက(၁)နှင့် အထက(၄)တို့ တွင် ပညာသင်ကြားနေသော ကျောင်းသားများဖြစ်ကြောင်း၊ ゞင်းတို့မှာ လှိုင်မြို့နယ် (၁)ရပ် ကွက်၊ (၅)ရပ်ကွက်နှင့် (၇)ရပ် ကွက်တွင် နေသူများဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ အဆိုပါအမှုကိုစစ်ဆေးသော လှိုင် မြို့နယ်မှ အမှုစစ်ဒုရဲအုပ်ကိုကို ဝင်းက ''ကလေးတွေကို ကျွန် တော်တို့က အတင်းအဓမ္မဖမ်း တာလဲ မဟုတ်ပါဘူး။ ပျောက် တဲ့ကလေးတွေကိုရှာပြီး ခေါ် တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ သူတို့တွေက လူငယ်တွေစုပြီး ပျော်ပျော်ပါးပါးနဲ့ကိစ္စတစ်ခုကို အတူလုပ်လိုက်ကြတဲ့ သဘော လိုပဲ။ မေးရင်လဲ အမှန်အတိုင်း ဖြေတယ်။ ဒါပေမဲ့ သူတို့ကျူး လွန်ထားတဲ့ ပြစ်မှုတွေကိုတော့ ပိတ်သိမ်းလို့မရဘူး။ စာရိတ္တ မှုနဲ့ ဆိုင်တယ်။ အခု လှိုင်ရဲ စခန်းမှာ တစ်ယောက်ချုပ်ထား တယ်။ နောက်ရှစ်ယောက်က သန်လျင် လူငယ်ထိန်းသိမ်းရေး စခန်းမှာ။ သူတို့တွေအနေနဲ့ အမှုတော့ ရင်ဆိုင်ရလိမ့်မယ်။ တစ်ယောက်ကတော့ လွတ်နေ သေးတယ်။ သက်သေခံပစ္စည်း တချို့ကိုလဲရထားပြီးပြီ။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ ဆက်လက် ရှာဖွေနေတယ်။ သူတို့ ကလေး တွေကို အတင်းအကျပ်မေးရ တာမျိုးမရှိဘူး။ အကုန်အမှန် ဖြေတယ်''ဟုပြောသည်။

ဖောက်ထွင်းခံရသောလှိုင် မြို့နယ် သံလမ်းရှိ  family ဟန်း ဖုန်းနှင့် ဟန်းဆက်ပစ္စည်းများ အရောင်းဆိုင်ပိုင်ရှင် ကိုရာဇာ က ''ကျွန်တော်က ဆိုင်ကို နံနက် ၁ဝနာရီကနေ ည၁ဝနာရီအထိ ဖွင့်တာ။ နှစ်ယောက်ဝင်ပြီးတော့ ခေါင်မိုးကနေ ဖောက်သွားတာ။ ဟန်းဆက် ၉၂လုံးပါသွားတယ်။ ဖုန်းငွေဖြည့်ကတ်၊ စပီကာ၊ နား ကြပ်တွေနဲ့ ငွေနှစ်သိန်း စုစု ပေါင်း သိန်း၆ဝနီးပါးလောက် ခိုးခံလိုက်ရတာ။ ရဲစခန်းက အ တတ်နိုင်ဆုံး ရှာပေးလို့ အခု ဟန်းဆက်၃၁လုံး ပြန်ရပြီလို့ တော့ သိရတယ်။ တကယ့်ဝါ ရင့် ဖောက်ထွင်းသမားတွေလို လုပ်တာ။ ကျွန်တော်ကတော့ ဆိုင်က ပစ္စည်းတွေပြန်ရရင်ပြီး ပြီ။ ကလေးတွေကိုလဲ ဘာပြ ဿနာမှ မလုပ်စေချင်ဘူး။ ဒီ ကလေးတွေနဲ့ပတ်သက်ပြီး မိဘ တွေက စနစ်တကျ သွန်သင် ဆုံးမ ဖို့လို ပါတယ်''ဟု ပြောသည်။

အဆိုပါကလေးများနှင့် ပတ်သက်သည့်အမှုကို ဒီဇင်ဘာ ၃ဝရက်တွင် ရန်ကုန်ရှိ ကလေး သူငယ်များ တရားရုံးတွင်စစ် ဆေးမည်ဖြစ်ကြောင်း၊ ယင်း နေ့အမှုအခြေအနေကို ကြည့် ပြီး လုပ်ဆောင်စရာများကို ဆက် လက်လုပ်ဆောင် သွားမည်ဖြစ် ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဖခင်ဖြစ် သူက စိတ်မကောင်းဖြစ်သော အမူအရာဖြင့် ''ကျွန်တော့်သား လေးကို အဲဒီအမှုမှာပါဝင်ပတ် သက်တယ်လို့ဆိုပြီး အိမ်ကို ရဲ နဲ့ (၇)ရပ်ကွက်ဥက္ကဋ္ဌဌတွေ လာ ပြီး လှိုင်ရဲစခန်း ကို လွန်ခဲ့တဲ့တစ် ပတ်ကျော်က ခေါ်သွားတာ။ အခုတော့ ကလေးမိဘတွေစု ပြီး အခိုးခံရတဲ့ဖုန်းဆိုင်ပိုင်ရှင်ကို တောင်းပန်မယ်လို့တော့ စိတ် ကူးထားတာပဲ။ သားက အခု သန်လျင်က လူငယ်ထိန်းသိမ်း ရေးစခန်းမှာ။ ဒါပေမဲ့ ဒီဇင် ဘာ၃ဝ ရက်ကျရင် ကလေးသူ ငယ်များတရားရုံးမှာ အမှုရင် ဆိုင်ဖို့ရှိတယ်။ ဘယ်လိုတွေဖြစ် မလဲတော့မသိဘူး။ ကျွန်တော့် သားက ရှစ်တန်းတက်နေတဲ့ ကျောင်းသားလေးပါ။ စာလဲ တော်ပါတယ်။ အပေါင်းအသင်း မှားလို့ ဒီလိုမ ဖြစ်သင့် တာတွေ ဖြစ်သွားခဲ့တာပါ။ အရမ်းစိတ် မကောင်းဖြစ်ရတယ်။ သားလေး က ကျွန်တော်တို့ကိုတွေ့တော့ နောက်ဆိုရင် အပြင်ကို ထွက် မလည်တော့ပါဘူး။ မိဘစကား တွေပဲ နားထောင်တော့မယ်ဆို ပြီး ပြောတာမြင်ရတော့ အရမ်း စိတ်မ ကောင်းဖြစ်မိတယ်။ ဘယ် လိုလုပ်ရမလဲ မသိပါဘူးဗျာ''ဟု ပြောသည်။

ကျော်မြတ်ဇံ
Yangon Media Group

အင်းစိန် ပေါက်တောမီးပွိုင့်တွင် ယာဉ် ၆ စီး ဆင့်တိုက်


အင်းစိန်မြို့နယ် ပေါက်တောဝ မီးပွိုင့်တွင် မော်တော်ယာဉ် ၆ စီး ဆင့်တိုက်မှု ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၂၃ ရက် ညနေ ၇ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် လှိုင်မြစ်လမ်းအတိုင်း အောင်ဇေယျတံတားဘက်မှ ပေါက်တောမီးပွိုင့်သို့ မောင်းနှင်လာသော ဘိလပ်မြေတင်ဆောင်လာသည့် ပေ(၄၀)ကုန်တင်ကားကြီးက မီးပွိုင့်တွင် မီးနီ၍ ရပ်တန်နေသည့် ၂၄၃ အထူးယာဉ်အား စတင်ဝင်တိုက်မိရာမှ ယာဉ်ဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်တာ ၆ စီးကို ဆင့်တိုက်ပစ်တာ။ ရှေ့ဆုံးကားလေးတွေမှာ ဒဏ်ရာရတဲ့သူရှိတယ်။ အရှိန်လည်း တော်တော်ပြင်းတယ်” ဟု မျက်မြင်တွေ့ရှိသည့် လူငယ်တစ်ဦးက ပြောပြသည်။

ယာဉ်တိုက်မှုဖြစ်စဉ်တွင် ၂၄၃ အထူးယာဉ်မှ စ၍ ပရိုဘောက်ယာဉ်၊ ကင်တာအမျိုးအစား ကားတစ်စီးနှင့် ရှေ့မှ ယာဉ်ငယ် (၂)စီးတို့ကို အဆင့်ဆင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုများကြောင့် ယာဉ်(၆)စီးလုံး ပျက်ဆီးသွားခဲ့ရပြီး လူထိခိုက်ဒဏ်ရာ ရရှိသော်လည်း သေဆုံးမှု မရှိခဲ့ဟု အနီးရှိ မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“ဘိလပ်မြေကားကြီးက အရှိန်လွန်ပြီး ဝင်တိုက်ပစ်တာ။ အဲဒီကားသမားကိုလည်း ခေါင်းခန်းထဲက ဆွဲထုတ်ပေးရတယ်။ ဒါပေမယ့် နည်းနည်းပါးပါး ပွန်းပဲ့တာလောက်ပဲ ရှိတယ်” ဟု သွားရောက်ကူညီလုပ်ဆောင်ပေးခဲ့သည့် ဆိုင်ကယ် ကယ်ရီမောင်းတစ်ဦးက ဆိုသည်။

ယင်းနေ့ ညနေ့ နံနက် ၆ နာရီဝန်းကျင်ကလည်း သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်းမပေါ်တွင် ပရိုဘောက် အငှားယာဉ်တစ်စီးနှင့် ကင်တာအငှားယာဉ်တစ်စီတို့ လမ်းလယ်တွင် ဘေးချင်းပွတ်တိုက်မိရာမှ ကင်တာယာဉ် တိမ်းမှောက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် လူ (၇)ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး (၃)ဦးမှာ စိုးရိမ်ရသည့်အခြေအနေဖြင့် ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်မောင်း (၂)ဦးစလုံးကို သန်လျင်ရဲစခန်းက ယာဉ် (ပ)၁၇၅/၂၀၁၃ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့်အရေးယူရန် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ထို့ပြင် နေ့လည် ၁၂ နာရီအချိန်တွင်လည်း တွံ့တေး-ဒလ ကားလမ်းပေါ်တွင် ကားတစ်စီးကို ကျော်တက်မောင်းနှင်သည့် ဆိုင်ကယ်တစ်စီး ကားနောက်မှီးဖြင့် ချိတ်မိ၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းနှင်သူနှင့် နောက်မှ ထိုင်လိုက်သည့် အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့ပြီး သတိလစ်နေသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် စိုးရိမ်ရသည့်လူနာများအဖြစ် တင်ပို့ကုသနေရသည်။

ထို့နောက် ညနေ ၇ နာရီခွဲအချိန်တွင် စက်ဘီစီးနင်းသူတစ်ဦးအား အမျိုးအစားမသိမော်တော်ယာဉ်တစ်စီးက နောက်မှ ဝင်တိုက်မှုဖြစ်စဉ်တစ်ခု မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ ကွန်ကရစ်တံတားအဆင်းတွင် ထပ်မံဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် စက်ဘီးစီးနင်းသည့် အသက် ၁၇ နှစ်ရွယ် လူငယ်များ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ဖြင့် ဒဂုံမြောက်ရဲစခန်းတွင် ယာဉ် (ပ)၄၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄ က/၂၀၂ ဖြင့်အရေးယူရန် ထွက်ပြေးသည့်ယာဉ်မောင်းကို စုံးစမ်းရှာဖွေနေသည်။

ဒီဇင်ဘာ ၁၃ ရက်မှာ၁၉ ရက်အတွင်း တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုပေါင်း ၂၀၅ မှုဖြစ်ပွားထားပြီး လူပေါင်း ၄၀၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ၄၂ ဦး သေဆုံးထားသည်။

ယင်းဖြစ်စဉ်များတွင် ရန်ကုန်တိုင်းသည် ယာဉ်တိုက်မှုပေါင်း ၉၃ ဦးဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၉၃ ဦးနှင့် သေဆုံးသူ ၉ ဦးတို့ဖြင့် ယာဉ်မတော်တဆမှု အများဆုံးဖြစ်နေသည်။

ဇော်ဇော်ထွေး
Mizzima Burmese

ငွေနှစ်သောင်းပေးမှ ဆရာဝန်လက်မှတ် ရတဲ့အတွက် လူသေဖို့တောင် ခက်နေတဲ့ (၁၆/၂)ရပ်ကွက်


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်တွင် ရောဂါအမျိုးမျိုး ကြောင့် အိမ်တွင်ကွယ်လွန်သူ များအား သင်္ဂြိုဟ်ရာတွင်လိုအပ် သော ဒေသန္တရမှသေစာရင်းရယူ ရန်အတွက်၊ ဆရာဝန်၏ထောက် ခံချက်ယူရာ၌ ငွေနှစ်သောင်းပေး မှသာ ဆရာဝန်၏ထောက်ခံချက် လက်မှတ်ရသဖြင့် သေဖို့ပင်ခက် ခဲနေကြောင်း သိရသည်။

““၉၆ ပါးသောရောဂါနဲ့သေတဲ့ အခါမှာ အမှန်တကယ်သေကြောင်း ဆရာဝန်ရဲ့ထောက်ခံချက်လက်မှတ် ပါမှဒေသန္တရကသေစာရင်းထုတ် ပေးတာဖြစ်တဲ့အတွက် ရပ်ကွက် ထဲမှာ လူသေတဲ့အခါအရပ်ထဲက ဆရာဝန်တွေဆီကနေပြီး အမှန် တကယ်သေကြောင်း ထောက်ခံ ချက်လက်မှတ်တောင်းတဲ့အခါမှာ သူတို့ကုတဲ့လူမဟုတ်ရင်လက်မှတ် မပေးဘူး။ မသာကြီးကသင်္ဂြိုဟ်လို့ မရဘဲလည်နေရော။ ဒါပေမဲ့ ဆရာဝန်တွေကိုပိုက်ဆံပေးရင် တော့ သူတို့ကုကုမကုကုအပင်ပန်း ခံပြီး စမ်းပေးတယ်။ ထောက်ခံ ပေးတယ်။ အဲဒီလက်မှတ်တစ်ခါ ရဖို့ကို (၂)သောင်းပေးရပါတယ်။ ကျွန်တော်တို့ (၁၆/၂)ရပ်ကွက်မှာ သေဖို့တောင် တော်တော်ခက်တဲ့ အနေအထားဖြစ်နေပါတယ်””ဟု (၁၆/၂)ရပ်ကွက် ဓမ်္မာရုံဥက္ကဋ္ဌ ဦးမျိုးလွင်က ပြောကြားခဲ့သည်။

အထက်ပါအကြောင်းအရာ နှင့်ပတ်သက်၍ သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုး သားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က လွှတ်တော်တွင် အနိမ့်ဆုံးအနေဖြင့် ကြယ်ပွင့်မပြ မေးခွန်းမေးရန်အစီစဉ်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ““ဒီကိစ္စကိုကျွန်တော် တော်တော် လေးအံ့သြသွားတယ်။ ကျွန်တော် တို့တိုင်းပြည်ရဲ့ ကိုယ်ကျင့်တရားက ဒီလောက်တောင်ထိခိုက်နေပြီ လား။ ကျွန်တော်နားလည်ထား သလောက်ပြောရရင် ဆရာဝန် တစ်ယောက်ဟာ မိမိကုသည်ဖြစ် စေ၊ မကုသည်ဖြစ်စေ လူတစ် ယောက်ကွယ်လွန်တာဟုတ်မဟုတ် ဆိုတဲ့ ဆန်းစစ်မှုကိုအဖြေပေးဖို့ လိုတယ်။ ဒါဟာ လူနာဆေးကု တာမှမဟုတ်ဘဲ။ သူ့တာဝန်တစ် ရက် သူဆောင်ရွက်ပေးတဲ့အခါမှာ ကိုယ့်လိပ်ပြာသန့်သန့်နဲ့ ကိုယ့် တိုင်းပြည်အတွက် မှန်မှန်ကန်ကန် လုပ်တယ်။ လူထုအတွက်နောက် ဆုံးအချိန်မှာ ပူဆွေးနေတဲ့မိသားစု ကို ကိုယ်ကူညီတယ်ဆိုတဲ့စိတ်မျိုး ထားရင် အခုလိုငွေကြေးရမှလိုက် တယ်ဆိုတဲ့ဟာက ပညာရှင် လောကအတွက် အင်မတန်မှ ၀မ်းနည်းစရာဖြစ်ရပ်တွေပဲလို့ပြော ပါရစေ။ ကျွန်တော်အနေနဲ့ လွှတ်တော်မှာအနည်းဆုံးကြယ်ပွင့် မပြမေးခွန်းတော့ မေးရမှာပေါ့””ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြောခဲ့သည်။

ညီညီအောင်
Hot News Journal