ခရီးသွားစဉ် ကလေးမီးဖွားသည့်ခရီးသည်မိသားစုအား အမြန်လမ်းရဲတပ်ဖွဲ့မှကူညီပေး


နေပြည်တော်၊ မတ် ၆

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၂/၀)တွင် ၈ဈ/xxxx“ရွှေမြို့တော်”ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်တစ်ဦး ကလေးမီးဖွားကြောင်းသတင်းအရ လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးနိုင်ရန် အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ကျေးလက်ကျန်းမာရေးဌာနမှဝန်ထမ်းများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ညောင်ဦးမြို့နယ်၊ သစ်ထောင့်ကျွန်းကျေးရွာနေ ခရီးသည် မထက်ထက်လှိုင်(၁၈)နှစ်မှာ ၎င်း၏ခင်ပွန်းဖြစ်သူ သိန်းဇော်ထွန်းနှင့်အတူ ရန်ကုန်မှညောင်ဦးသို့ပြန်လာစဉ် ယာဉ်ပေါ်၌ သားယောက်ျားလေး မွေးဖွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့မိသားစုအား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းသို့ခေါ်ဆောင်၍ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများက လိုအပ်သောအကူအညီများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

HIV ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ပေါ်လာနိုင်ခြေရှိကြောင်း သုတေသနများပြော


HIV ကာကွယ်ဆေးပေါ်ပေါက် လာနိုင်ခြေ ရှိကြောင်း မျှော်လင့်ချက်များ မြင့်တက်လာနေသည်ဟု မတ်လ ၅ ရက်က Scientific American ဂျာနယ်တွင် ဖော်ပြ ထားသည်။ HIV ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ၏ အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်ဆေးဝါး (antiviral drug) တစ်မျိုးကို မျောက်များ၏ ကြွက်သားများ အတွင်းသို့ ထိုးပေးခဲ့ရာ၊ ကာကွယ်ဆေး ထိုးထားသော မျောက်များအား ရက်သတ္တပတ်များစွာ တိုင်အောင် ရောဂါကူးစက်မှု မရှိခဲ့ပေ။

ယခုအချိန်ထိမူ HIV ကာကွယ်ရေး ထိုးဆေးများအား မျောက်များဖြင့်သာ စမ်းသပ်ရသေးသည်။ သို့သော် ထိုစမ်းသပ်ချက်များမှ ကောင်းသောရလဒ်များ ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။ “ကာကွယ်ဆေး ထိုးထားတဲ့ မျောက်တွေကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တာကို သုတေသီ အဖွဲ့အား လုံးရဲ့ စမ်းသပ်ချက်တွေက ပြနေပါတယ်” ဟု သုတေသီ အဖွဲ့နှစ်ဖွဲ့၏ စမ်းသပ်မှုများကို ရည်ညွှန်း၍ ဒေါက်တာရောဘတ်ဂရန်းက ပြောခဲ့သည်။

“တကယ်လို့ အဲဒီကာကွယ်ဆေးဟာ အလုပ်ဖြစ်ပြီး၊ ဘေးအန္တရာယ်ကင်းကြောင်း သက်သေပြနိုင်မယ် ဆိုရင် HIV ကြိုတင် ကာကွယ်ရေးအတွက် သုံးလကို တစ်ကြိမ် ဖြစ်ဖြစ် ကာကွယ်ဆေး ပုံမှန်ထိုးသွင်းနိုင်ကြ တော့မှာပါ” ဟု ဆန်ဖရန်စစ္စကို ရှိကယ်လီ ဖိုးနီးယား တက္ကသိုလ်၏ လက်အောက်မှ ဖောင်ဒေးရှင်း တစ်ခုဖြစ်သည့် ဂလက်စတုန်းသိပ္ပံမှ AIDS ရေးရာ ကျွမ်းကျင်သူ ဒေါက်တာရောဘတ်ဂရန်းက ပြောခဲ့သည်။

သို့ရာတွင် AIDS အပါအ၀င် လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ (STDs) ၏ အန္တရာယ်မှ ကြို တင်ကာကွယ်နိုင်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ ကွန်ဒုံး အသုံးပြုခြင်းဖြစ်ကြောင်း သုတေသီ များက ပြောခဲ့သည်။ ကာကွယ် ဆေးတစ်မျိုးပေါ်လာကာ တိုးတက်ပီပြင် လာသောအချိန်အထိ ကွန်ဒုံးများအား ဆက်လက် အသုံးပြုသင့်ကြောင်း သုတေသီများက ဆိုကြသည်။ စမ်းသပ်ချက်အရ ရောဂါထိန်းချုပ် ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာနမှ သုတေသီများသည် မျောက်ခြောက်ကောင်အား လေးပတ်တစ်ခါ  ကာကွယ်ဆေးထိုးပေးခဲ့ကြကာ အခြား မျောက်ခြောက်ကောင်ကိုမူ အာနိသင်မရှိသော ဆေးများထိုးပေး ခဲ့ကြသည်။ ထို့နောက် ၁၁ ပတ်ကာလ အပြည့်အတွင်းတွင် ထိုမျောက်များအား ရောဂါပိုးနှင့် အကာအကွယ်မဲ့ ထိတွေ့မည့် အခြေအနေမျိုး ဖန်တီးပေးခဲ့သည်။

ဒုတိယ စမ်းသပ်ချက်မှာ ထို HIV ကာကွယ်ဆေး တစ်ကြိမ်ထိုးထားလျှင် အချိန်ကာလ မည်မျှကြာသည်အထိ အာနိသင် ရှိနေဦးမည်လဲ ဆိုသည့်အချက်ကို သိရှိရန် စမ်းသပ်ကြခြင်းဖြစ်ကာ ထိုကာကွယ် ဆေးတစ်ကြိမ် ထိုးထားသည့် မျောက် ၁၂ ကောင်အား ပျမ်းမျှ ၁၀ ပတ်ခန့်အထိ ကာကွယ်ပေးနိုင်ကြောင်း စမ်းသပ်ချက် အရ သိခဲ့ရသည်။ မျောက်များကို ထိုးပေးခဲ့သည့် ထိုးဆေးတစ်ကြိမ် ပမာဏသည် ထိုကာကွယ်ဆေးပေါ် လာပါက လူများကို သုံးလတစ်ကြိမ် ကာကွယ်ဆေး ထိုးလျှင် ရရှိမည့် ဆေးပမာဏနှင့် ညီမျှသည်။

Scientific American ဂျာနယ် (၀ါရှင်တန်)

Mizzima

မုံရွာကန်သာယာရေကန်ကြီးအနီးမှ 9 Mm ကျည်ဆံများတွေ့


မုံရွာ၊ မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ကန်တော်မင်းကျောင်းတိုက်သွားလမ်း၊ ကန်သာယာရေကြီး၏ တောင်ဘက်တာရိုးပေါ်တွင် ယခုလ ၆ ရက်နေ့ ညနေ ၃ နာရီ ၂၁ မိနစ်အချိန်က 9 Mm ကျည်ဆံများတွေ့ရှိခဲ့ရ ကြောင်း မုံရွာခရိုင် ဒုစရိုက်မှုအထူးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင်မှ ပြောကြားသည်။
အဆိုပါ ရေကန်ကြီးထဲမှ ဗေဒါပင်များကို ကမ်းပေါ်သို့ ဆယ်ယူရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အလုပ်သမားတစ်ဦးက ၎င်းကျည်ဆံများကို စတင်တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မုံရွာမြို့မရဲစခန်းမှ တာဝန်မှူး ရဲအရာရှိ ရဲအုပ် ကျေိာဝင်းလှိုင်နှင့်အဖွဲ့မှ လာရောက်စစ်ဆေးခဲ့ရာ 9 Mm ကျည်ဆံ ၁၂ (အဟောင်း)တောင့်ဖြစ်သည်ဟု သိရသည်။ အဆိုပါ ကျည်ဆံများအား ရဲစခန်း၏ ထောက်လေးကြီးပုံစံ အရ စနစ်တကျရေးသွင်းပြီး စစ်လက်နက်တပ်သို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ မေ ၃၀ ရက် မနက်ပိုင်းက အဆိုပါ ကန်သာယာရေကန်ကြီးအတွင်းမှ လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆံများတွေ့ရှိခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်ထံမှ သိရှိရသည်။
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး

ဦးသန်းရွှေပုံဖြင့် ပြည်ခိုင်ဖြိုးရွေးကောက်ပွဲဝင်ရန် ဦးဝင်းတင်တုံ့ပြန်


““ကျွန်တော်တို့ ပါတီက ၈၈ အရေးတော်ပုံမှာ ပေါ်ပေါက်လာတဲ့ ပါတီ..၊ ဦးတင်ဦးတို့လည်း သူ့ရဲ့ သမိုင်းရှိတယ်...။ ကျန်တဲ့ ပုဂ္ဂိုလ်တွေလည်း သူ့ဒေသအလျောက် အနစ်နာခံ စွန့်လွှတ်ခဲ့တဲ့သူတွေ..။ ဗိုလ်ချုပ်လမ်းစဉ်ကို ကျွန်တော်တို့လိုက်တယ်...။ ဒါကြောင့် ဗိုလ်ချုပ်ပုံ နဲ့ ပါတီဥက္ကဌ ဒေါ်စုပုံ သုံးတယ်...။ သူတို့လည်း ပြည်ခိုင်ဖြိုး သူတို့ခေါင်းဆောင် ဦးသန်းရွှပုံ နဲ့ ရွေးကောက်ပွဲဝင်လေ.....””

ဦးဝင်းတင်
လူထုပုံရိပ်

ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့


ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ -

ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာနားထောင်ကြနော်။
ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ၊ မယ်မယ်တို့ ချယ်သထား
တာက တကယ့်ပွဲလမ်းသဘင်သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ရောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်းတကြယ်
ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။

ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့
အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။

သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါကုန်းခမ်းကြသေးတာ မဟုတ်ဘူး။
ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။

ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။ မှုံနံ့သာတွေကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို
ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံကြပါကွယ်။

မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။

ဒါကြောင့်ဆရာတော်ဘုရားကြီးတွေ ဆုံးမကြတယ်။

ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု
ဘိက္ခု သေမင်း ဓားနှစ်စင်း။ တဲ့ . . . .

** အရမ်းကောင်းတယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါသည်

စစ်ဖြစ်ခဲ့ပါက တိုက်ပွဲ ဝင်နိုင်ရန် ယူကရိန်း လူငယ်ပေါင်း များစွာ တပ်သားသစ် အဖြစ် ဝင်ရောက်


ယူကရိန်း နိုင်ငံ ခရိုင်းမီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် တင်းမာမှုများ အရှိန်အဟုန် မြင့်တက် လာခဲ့ခြင်းကြောင့် ယူကရိန်း နိုင်ငံသား လူငယ်ပေါင်း များစွာသည် စစ်မှု ထမ်းဆောင်ရန် ကိယက်ဗ်မြို့ အတွင်းရှိ တပ်သားသစ် စုဆောင်းရေး ဌာန တစ်ခုတွင် အမည်စာရင်း သွင်းနိုင်ရန် တန်းစီလျက် ရှိသည်ဟု သိရသည်။

လက်ရှိတွင် ယူကရိန်းနှင့် ရုရှားတို့ အကြား အခြေအနေ တင်းမာ လာမှုကြောင့် စစ်ပွဲ ဖြစ်ခဲ့ပါက လက်နက်များ ကိုင်ဆောင်၍ အသင့်တိုက်ပွဲ ဝင်နိုင်ရန် တပ်သားသစ် အမည်စာရင်း သွင်းရခြင်း ဖြစ်ကြောင်း အသက် ၃၃ နှစ်အရွယ်ရှိ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ရိုမန်ဆာ ဇီကော့ဗ်က ပြောကြားသည်။

ခရိုင်းမီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ရုရှားတို့ သိမ်းပိုက် ထားမှုသည် ယူကရိန်း နိုင်ငံ အရေးတွင် ရုရှား နိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုကို သိသာ ထင်ရှားစေကြောင်း၊ ယူကရိန်း နယ်မြေပေါ်တွင် ယင်းကဲ့သို့ ကျူးကျော် ဝင်ရောက်မှုမှာ မဖြစ်သင့်ကြောင်း၊ အကယ်၍ စစ်ပွဲ ဖြစ်ခဲ့ပါက နိုင်ငံကို ကာကွယ်ရန်မှာ မိမိတို့၏ တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် တိုက်ပွဲ ဝင်နိုင်ရန် တပ်သားသစ် အမည်စာရင်း သွင်းရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတွင်းရှိ လူငယ် ၁ဝ သန်းခန့်မှာလည်း လက်နက်ကိုင် တိုက်ပွဲဝင်နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း ဆာဇီကော့ဗ်က ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ လက်နက် ဝယ်ယူခဲ့


6 March 2014 ရက်စွဲပါ The New Zealand Herald မှ US: Myanmar still buys N Korea weapons ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားထံမှ နျူကလီးယား မဟုတ်သော ရိုးရိုးလက်နက်များ ဝယ်ယူနေဆဲ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော မြောက်ကိုရီးယား၏ စစ်ရေးအရ စွမ်းဆောင်ရည် နှင့် ပတ်သက်၍ ကွန်ဂရက်သို့ အစီရင်ခံစာတွင် မြောက်ကိုရီးယားသည် လက်နက်ရောင်းရန် ကမ္ဘာအနှံ့ရှိ ကွန်ရက်များကို အသုံးပြုခဲ့ သည်ဟု ဆိုပါသည်။

စာရင်းတွင် ပင်မနိုင်ငံများ အဖြစ် အီရန် ၊ ဆီးရီးယား နှင့် မြန်မာတို့ ပါဝင်သော်လည်း လက်ခံသည့် နိုင်ငံ ဦးရေ မှာ လျော့ကျလျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယား နှင့် ဝေးရာသို့ ခွာနေပြီဖြစ်ကြောင်း လည်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံကမူ လက်နက်ဝယ်ယူခြင်းကို တားမြစ်ထားသော ကုလသမဂ္ဂ အရေးယူမှုကို မချိုးဖောက် ကြောင်း ငြင်းဆိုပါသည်။

အမေရိကန်သည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး အစိုးရအပေါ် မြောက်ကိုရီးယား မှ လက်နက် ဝယ်ယူခြင်း ရပ်ဆိုင်းရန် ဖိအားပေးခဲ့ပါသည်။ ယခင်ကလည်း မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ ဒုံးကျည် နည်းပညာများ ပေးခဲ့သည်ဟု သံသယ ရှိခဲ့ပါသည်။

ဝါရှင်တန်က စိတ်ပူသောအချက်မှာ မြောက်ကိုရီးယား၏ လက်နက် ကုန်သွယ်မှုသည် ၎င်း၏ နျူကလီးယား နှင့် ဒုံးကျည် အစီအစဉ်များအတွက် ငွေရလမ်း ဖြစ်မည်ကို စိုးရိမ်ခြင်း ဖြစ်ပါသည်။

ဒီဇင်ဘာလက အမေရိကန်သည် မြောက်ကိုရီးယား နှင့် လက်နက်ရောင်းဝယ်သော မြန်မာစစ်တပ်မှ အရာရှိ နှင့် ကုမ္ပဏီများကို အမည်မည်း စာရင်းသွင်းခဲ့ပါသည်။

yangon chronicle

ကြက်တိုက်လောင်း ကစားသူများ ဖမ်းမိ


ကော့သောင်း ၊ မတ် ၆

ကော့သောင်းမြို့ ၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ (၁၅)မိုင်ကျေးရွာ တွင် မတ်လ ၂ ရက်နေ့၊ညနေ (၃) နာရီ က ကြက်တိုက် လောင်းကစားဝိုင်း အား ကော့သောင်း မြို့နယ် ရဲတပ်ဖွဲ့ မှ ၀င် ရောက်ဖမ်းဆီး အရေးယူမှု တစ်ခုဖြစ်ပွား သည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့ ၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ (၁၅)မိုင်ကျေးရွာကျေးရွာမြောက်ဖက် ဥယျဉ် ခြံတစ်ခုအတွင်း တွင် ကြက်တိုက် လောင်းကစားဝိုင်း ပြုလုပ်နေကြောင်းသတင်းအရ ကော့သောင်း ရဲစခန်း မှ ဒုစခန်းမှူးရဲအုပ်အေးကြိုင် ၊ နယ်ထိန်းအဖွဲ့ဝင်(၅)ဦး ၊ နယ်မြေခံ ပြည်သူ့စစ် (၅) ဦးနှင့်အတူ သွားရောက်ဖမ်းဆီး ရာ လောင်း ကစား သူများ အနက် မှ (၁) ကုလားမဲ(ခ) စံရင် (၅၉)နှစ် ၊ (၂) ၀င်းသိန်း(၃၈)နှစ်(၃) အောင်မျိုးသက်(၂၈)နှစ် ၊ (၄) ငွေသိန်း (၅၉) နှစ် ဆိုသူ (၄)ဦးအား လက်ရဖမ်းဆီးရမိပြီး ကျန်လောင်းကစား နေသူများ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြ သည်။

အဆိုပါ ကြက်တိုက် လောင်းကစား ၀ိုင်းမှ ထွက်ပြေးလွတ်မြောက်သူများ ကျန်ခဲ့သည့် ဆိုင်ကယ် (၁၉)စီး ၊ တိုက်ကြက်(၃)ကောင် ၊ လောင်းကြေးငွေ စုစုပေါင်း (၂၇၂၀၀)ကျပ် ၊ ထိုင်းဘတ်ငွေ (၃၀၃၀)ဘတ် ၊ အံဇာခုံ(၁) ခု ၊ ဆင်၊ကျား ၊ နဂါး ၊မြင်း ၊ဒေါင်း ၊ဇောရုပ် ပုံပါ အံဇာတုံး(၉)တုံး နှင့် ဇယား ကားချပ်(၁)ခု ၊ ထိုင်းနိုင်ငံသုံးဖုန်း (၁)လုံး ၊ ဖိနပ်မျိုးစုံ(၁၂)ရံတို့ နှင့်အတူ ကြက်တိုက်လောင်းကစားခြင်း ၊ အံစာခုံလောင်းကစားခြင်း ပြုလုပ်သူ(၄) ဦး တို့ အား မမစ(ကသမ)(ပ)၄၈/၂၀၁၄ လောင်းကစားပုဒ်မ ၁၂(က) အရ အရေး ယူထားပြီး ထွက်ပြေး လွတ်မြောက် သွားသူများအား ဆက်လက် စုံစမ်း အရေးယူဖေါ် ထုတ်လျှက်ရှိကြောင်းသိရှိရသည်။

MOI Webportal Myanmar

ရဲဘက်ပြေးတစ်ဦးအား ဖမ်းမိစစ်ဆေးရာမှ ခိုးမှု(၃)မှုပေါ်


ရန်ကုန်၊ မတ် ၆

၂၄.၂.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် နယ်မြေသတင်းစုံစမ်းစဉ် ဒလမြို့၊ ဗိုလ်မင်းရောင်
လမ်း၌ ၂၀၁၂ခုနှစ်က ခိုးမှု(၇)မှုဖြင့် ထောင်ဒဏ်(၄)နှစ်ကျော် ကျခံ
နေရစဉ် ရဲဘက်စခန်းမှထွက်ပြေးလာသူ ဇာနည်အောင်(ခ)ကျော်သက် (ဘ)ဦးသံစိအားတွေ့ရှိသဖြင့်ဖမ်းဆီး စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထား သည့် ကျောပိုးအိတ်အတွင်းမှ ဖုန်းဟန်းဆက်အမျိုးအစားမျိုးစုံ(၁၄)လုံး၊ Tablet pc (၃)လုံး၊ ၅၀၀၀တန် ငွေဖြည့်ကဒ်(၁)ကဒ်၊ ငွေကျပ်(၄၇၀၀၀)၊
ငွေစုစာအုပ် (၁)အုပ်၊ ဘေးလွယ်အိတ်(၂)အိတ်၊ နိုင်ငံသားစိစစ်ရေးကဒ် (၂)ခုနှင့် ယာဉ်မောင်းလိုင်စင်(၁)ခုတို့အားလည်းကောင်း၊ ခါးကြားမှ အရိုးအသွား(၈)လက်မခန့်ရှိ ခေါက်ဓါး(၁)ချောင်းအား လည်းကောင်း
တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

၎င်းအားဖမ်းဆီးရမိစဉ်တွင် ခါးကြားမှ အရိုးအသွား(၈)လက်မခန့်ရှိ
ခေါက်ဓါးတွေ့ရှိသိမ်းဆည်းရမိမှုကို ဒလမြို့မရဲစခန်း(ပ)၇၆/၂၀၁၄၊ လက်နက်ပုဒ်မ၁၉(င)ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး၊ ကျောပိုးအိတ် အတွင်းမှတွေ့ရှိသည့်ပစ္စည်းများနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ ၂၄.၂.၂၀၁၄ရက်နေ့ ၀၃၀၀ အချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိဖုန်းအရောင်းဆိုင်မှ ခိုးယူလာခဲ့သော ပစ္စည်းများ
ဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် ယင်းနေ့နံနက်က မြောက်ဥက္ကလာပ
မြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ဦးဇော်မျိုးအောင်၏ ဖုန်းအရောင်းဆိုင်မှပစ္စည်းများ ခိုးယူခံရသောကြောင့် ဝေဘာဂီနယ်မြေ ရဲစခန်းတွင် အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိသော (ပ) ၆၀/၂၀၁၄၊ ပုဒ်မ၃၈၀အမှုအား ဖော်ထုတ်နိုင်ခဲ့ပါသည်။

၎င်းအား အခြားအမှုများကျူးလွန်ထားခြင်း ရှိ/မရှိဆက်လက်စစ်ဆေးရာ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလကုန်ပိုင်းက ညအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဖုန်းဆိုင်အတွင်းမှ ဖုန်းဟန်းဆက်(၁၇)လုံးနှင့် Laptop ကွန်ပျူတာ(၁)လုံးတို့အားလည်းကောင်း၊ ဖေဖော်ဝါရီလဆန်းပိုင်း က ညအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်ရှိလမ်းပေါ်တွင်
သော့တန်းလန်းဖြင့် ရပ်ထားသော SUZUKI Smashနက်/ပြာရောင်
ဆိုင်ကယ် (၁)စီးအားလည်းကောင်း ခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်
ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုများထပ်မံဖွင့်လှစ်ကာ
သက်သေခံပစ္စည်းများသိမ်းဆည်းပြီး အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကင်ဆာရောဂါရှင်တွေအတွက် မျှော်လင့်ချက်ဖြစ်လာမယ့်သတ္တု Implant


မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ကင်ဆာရောဂါရှင်တွေအတွက်တော့ သတင်းကောင်းပါပဲ။ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ခန္ဓာအတွင်းမှာ ထည့်သွင်းရမယ့် implant  တစ်မျိုးဟာ ကင်ဆာဆေးသွင်းကုသမှုရဲ့ ဆိုးကျိုးတွေကို လျှော့ချပေးနိုင်မယ်လို့ သိရှိရပါတယ်။
တွေ့ရှိမှုကတော့ မူလကုသမှုတွေကို ပိုမိုထိရောက်စေပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့မောပန်းခြင်း၊ ဆံပင်ကျွတ်ခြင်း နဲ့ မူးဝေခြင်းတွေကို လျော့ပါးသက်သာစေပါတယ်လို့ သိရှိရပါတယ်။ ကင်ဆာဆေးသွင်းကုသရင် အဆိုပါ ဆိုးကျိုးတွေကိုခံစားရပြီး သွေးတွင်း ကင်ဆာဆဲလ်တွေရော ကျန်းမာတဲ့ ဆဲလ်တွေကိုရောနှိမ်နင်းစေပါတယ်။
အင်္ဂလန်နိုင်ငံ၊ အီဒင်ဘာ့ဂ် ကင်ဆာ သုတေသနဌာနမှ Dr Asier Broceta က “ဒီသုတေသနဟာ မူလရှိပြီးသား ကင်ဆာကုသမှု တွေရဲ့ ဒဏ်ကိုရောဂါရှင်တွေပိုပြီး ခံ နိုင်ရည်ရှိစေဖို့ ရည်ရွယ်ထားပါတယ်။ ကင်ဆာဆေးသွင်းကုသမှုနဲ့ ဓာတုဖွဲ့ စည်းမှုတွေကြောင့် ကျန်းမာတဲ့ ကိုယ် ခန္ဓာယိုယွင်းမှုကို လျော့ပါးစေမယ့် palladium့ သတ္တုနဲ့ ပြုလုပ်ထားတဲ့ implant့ကို တီထွင်ခဲ့တာဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
အဲဒီသတ္တု ကိရိယာငယ်ကို ကင်ဆာအကျိတ်မှာတပ်ဆင်မယ်ဆိုရင် အခြားအစိတ်အပိုင်းတွေကို ကင်ဆာဆေးက တိုက်ခိုက်မှုကို ကာကွယ် နိုင်ပြီး ကင်ဆာဆေးရဲ့ အာနိသင်ကို ကင်ဆာဆေးရဲ့ အာနိသင်က ကာကွယ်နိုင်ပြီး ကင်ဆာဆေးရဲ့ အာနိသင်က ကင်ဆာဆေးရဲ့ အပေါ်မှာပဲ သက်ရောက်စေမှာဖြစ်ပါတယ်။ ဒီသုတေသနကို အီဒင်ဘာဂ်ကင်ဆာ သုတေသနဌာနနဲ့အတူ MRC မျိုးဗီဇနဲ့ မော်လီကျူးဆိုင်ရာ ဆေးပညာသိပ္ပံ၊ အီဒင်ဘာဂ်တက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီသုတေသနကို Journal Nature Communications မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ငြိမ်းအေး
ref: IANS
Health Updates Journal

လွှတ်တော်အမတ်များ ခွင့်ယူပျက်ကွက်မှုများနေခြင်း ပါတီများက ထိန်းကျောင်းရန် ပြည်ထောင်စုလွှတ်တော်နာယက သတိပေး ပြောကြား


ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

ခွင့်ယူပျက်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ် များပြားနေမှုကို သက်ဆိုင်ရာပါတီများက ထိန်းကျောင်းကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတိပေးပြောကြားလိုက်သည်။

မတ် ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ခွင့်ယူပျက်ကွက်သူ တစ်ရာကျော်ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်နာယကက သတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။
         
‘‘အစည်းအဝေးတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရှေ့မှာ ပြောရတာဖြစ်ပေမယ့် မတက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အဓိက ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါတယ်။ အစည်းအဝေးမတက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာပါတီအသီးသီးက အသိပေးဆောင်ရွက်ဖို့လိုပါတယ်’’ဟု သူရဦးရွှေမန်းကဆိုသည်။
         
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အရေးကြီးဥပဒေကြမ်းများဖြစ်သည့် စီမံကိန်း အရအသုံးဆိုင်ရာဥပဒေကြမ်း၊ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကြမ်း စသည့် ဥပဒေများ မဲခွဲဆုံးဖြတ်ရာတွင် ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ဆန္ဒမဲပေးနိုင်ကြရန် လိုသော်လည်း အစည်းအဝေး ပျက်ကွက်သူများနေသဖြင့် အခက်အခဲဖြစ်လာနိုင်ကြောင်း လွှတ်တော်နာယကကဆိုသည်။
         
‘‘အခုနောက်ပိုင်း အစည်းအဝေးတွေက ကြာလာလို့လားမသိဘူး။ ပျက်တဲ့သူတွေများလာတယ်။ ဒီလိုပျက်ကွက်တာများလာရင် မဲခွဲဆုံးဖြတ်တဲ့နေရာမှာ ကွဲလွဲမှုတွေဖြစ်လာနိုင်တယ်။ ဆိုလိုတာက တပ်မတော်သား ကိုယ်စားလှယ်တွေက ပျက်ကွက်တာနည်းတယ်လေ။ သူတို့နဲ့ သဘောကွဲလွဲတဲ့အချက်တွေဆိုရင် ဒီဘက်ကလည်း ပျက်တဲ့သူများရင် ကျွန်တော်တို့ ရှုံးသွားနိုင်တယ်’’ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
         
မတ် ၄ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ ၆၄၀ ဦး အနက် ၄၄၄ ဦးသာ တက်ရောက်ခဲ့ပြီး ၁၉၆ ဦးမှာ ခွင့်တိုင်ကြား ပျက်ကွက်ခဲ့သည်။ ရာခိုင်နှုန်းအားဖြင့်  ၆၉ ဒသမ ၃၈ ရာခိုင်နှုန်းသာရှိပြီး လွှတ်တော်အစည်းအဝေးသက်တမ်းတစ်လျှောက် အစည်းအဝေးတက်ရောက်မှုအနည်းဆုံးရက်များတွင် ပါဝင်ခဲ့သည်။

7 Day Daily

အားကစားသမားများအနေဖြင့် အမြင်အာရုံ ထက်မြက်လာစေမည့် လေ့ကျင့်ခန်း


လေ့လာမှုအသစ်တစ်ခုအရ အားကစားသမားများအနေဖြင့် ကွန်ပျူတာ၊ တက်ဘလက်များအား အသုံးပြု၍ ဦးနှောက်ကို လေ့ကျင့်ပေးခြင်းက အမြင်အာရုံပိုမိုထက်မြက်လာစေကြောင်း သိရသည်။University of California။ မှ သိပံ္ပပညာရှင်များက ဘေ့စ်ဘောအားကစားသမားများအား စမ်းသပ်မှုတွင် ပါဝင်စေခဲ့ပြီး တစ်ရက်လျှင် ၂၅မိနစ်၊ တစ်ပတ်လျှင် လေးရက်နှုန်းနှင့် နှစ်လခန့်ကွန်ပျူတာဖြင့် ဦးနှောက်လေ့ကျင့်ခန်းဂိမ်းများအား ကစားစေခဲ့ သည်။ နှစ်လကြာလေ့ကျင့်မှုပြီးသည့် နောက်တွင် ပါဝင်သူများသည် အခြားသော ကစားသမားများထက် အမြင်အာရုံပိုမိုစူးရှလာပြီး ဘောလုံးကို ပိုမိုမြင်လာရုံသာမက မျက်စိရှေ့ တည့်တည့်ကြည့်နေသော်လည်း ဘေးဖက်သို့မြင်ရသည့်မြင်ကွင်း ပိုကျယ်လာကြောင်း သိရသည်။ လေ့လာသူများက ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ကျွန်တော်တို့အားကစားရုံများတွင် လေ့ကျင့်ခြင်းဖြင့် ကာယစွမ်းအားပိုမိုလာသကဲ့သို့ပင် ဦးနှောက်အား လေ့ကျင့်ခန်းပေးခြင်းဖြင့် စိတ် စွမ်းအား ပိုမိုကောင်းမွန်လာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အ၀င်း
ref:Netdoctor.co.uk
Health Updates Journal

ကလေးမွေးပြီးနောက် သွေးခဲဖြစ်ပေါ်နိုင်သည့်အချိန်မှာ ထင်ထားသည်ထက်ပိုကြာ


US  မှ တွေ့ရှိချက်အရ အမျိုးသမီးများတွင် ကလေးမွေးပြီးသည့်နောက် သွေးခဲဖြစ်ပေါ်နိုင်သည့် ကာလမှာ ယခင်တွေ့ထားတာထက် ပိုမိုကြာမြင့်ကြောင်းသိရသည်။ New York’s  Brain and Mind Research Institute  မှအဖွဲ့၏လေ့လာချက်အရ အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင် စဉ်နှင့်ကလေးမီးဖွားပြီးစတွင် သွေးခဲဖြစ်ပေါ်နိုင်သည့် အန္တရာယ်မှာ လွန်စွာများကြောင်း သိရသည်။ သို့သော်လည်း ကလေးမွေးပြီးသည့်နောက်တွင် ကလေးမွေး ပြီး ခြောက်ပတ်အကြာထိ သွေးခဲဖြစ်ပေါ်သည့်နှုန်းမှာ သာမန်အမျိုးသမီးများထက် ၁၀.၈ ဆပိုများပြီး မွေးပြီး ၇ ပတ်မှ ၁၂ ပတ် အတွင်းတွင် ၂.၂ ဆပိုများကြောင်း သိရသည်။ သွေးခဲသည့်နှုန်းမှာ ပုံမှန်နီးပါးအခြေအနေသို့ ပြန်ရောက်ရန် ၂၄ ပတ်ခန့်ကြာပြီး ၁၃ ပတ်မှ ၁၈ ပတ်ကြားတွင် သွေးခဲဖြစ်ပေါ်၍ အန္တရာယ်ရှိနိုင်သည့် နှုန်းမှာ ၁.၄ ဆခန့်ပိုများကြောင်း သိရသည်။ ယင်းကဲ့သို့ သွေးခဲများဖြစ်ပေါ်ခြင်းကြောင့် အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီးစ၌  သွေးခဲပိတ်၍ အသက်ဆုံးရှုံးမှုများ၊ မသန်မစွမ်းဖြစ်မှု ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

အ၀င်း
ref:Netdoctor.co.uk
Health Updates Journal

ပျင်းရိခြင်းကို ကုသနိုင်မယ့် ဆေးပြား


အနာဂတ်မှာတော့ ပျင်းရိနေပြီဆိုရင် ဆေးပြားသောက်ပြီး ပျောက်ကင်းစေနိုင်တော့မှာ ဖြစ်ပါတယ်။ တရုတ်နဲ့စကော့တလန်မှ သုတေသီအုပ်စုဟာ ရုပ်ပိုင်းဆိုင်ရာ ပျင်းရိငြီးငွေ့မှုကို ထိန်းချုပ်နိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းကို သက်ရောက်စေတဲ့ ဆေးဝါးကို တီထွင်နိုင်ခဲ့ပါတယ်။
ရှာဖွေတွေ့ရှိမှုမှာတော့ ပုံမှန် ကြွက်တွေရယ်၊ SLC35D3  လို့ခေါ် တဲ့ မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ အဲဒီမျိုးဗီဇပြောင်းလဲပြီဆိုရင် ဦးနှောက်ရဲ့ ဒိုပါမင်းစနစ်မှာ အရေးပါတဲ့ပရိုတင်းကို ထုတ်လွှတ်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုကို ထိန်းချုပ် နိုင်ပါတယ်။
မျိုးဗီဇတစ်မျိုးဖြစ်တဲ့ SLC35D3 ပြောင်းလဲပြီဆိုရင်တော့ ဒိုပါမင်းကိုအာရုံခံနိုင်တဲ့ receptor တွေ ပျက်စီးပြီးဦးနှောက်ဟာ ပျင်းရိမှုကြောင့် ဖြစ်တဲ့ မလုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ အမြဲတစေ အိပ်နေလိုခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်းစတဲ့ မူမမှန်ခြင်းတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေကို ပြောင်းလဲပစ်နိုင်တဲ့ ဆေးဝါးကို အခုလေ့လာမှုမှာ တီထွင်နိုင်ခဲ့ပါတယ်။
ဒီဆေးပြားကိုမှီဝဲစေခဲ့တဲ့ ကြွက်တွေဟာ ကိုယ်အလေးချိန်တက်လာခြင်း၊ လှုပ်လှုပ်ရှားရှားနေလာခြင်း၊ ပျင်းရိခြင်းတွေ လျော့ပါးလာခြင်းတွေကို ခံစားရလာတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ လူသားများမှာလည်း အောင်မြင်စွာ စမ်းသပ်နိုင်ဖို့ကြိုးပမ်းနေကြပါတယ်။
ဒီတွေ့ရှိမှုကို Journal PLOS Genetics မှာ ဖော်ပြထားပါတယ်။

သန့်စင်
ref;ANI
Health Updates Journal

မိုင်းထောင်သူ မိုင်းကွဲသေဆုံး


မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာနေ (အဘ)ဦးလင်ခွန်နော်+(အမိ)ဒေါ်ဇိန်ခံကော့၊ (ဇနီး)ဒေါ်ခွန်မိုင်၏ ယောကျာ်းဖြစ်သူ KIA တပ်သား ဦးအင်ခွန်တန်သည် ၄င်းဟိုကပ်ကျေးရွာအနီး ရွာသူ/သားများ လယ်ယာလုပ်ငန်းခွင်သွားရာနှင့် တပ်မတော်နှင့် တာလောကြီးဒေသ ဌာနေပြည်သူ့စစ်များ လှုပ်ရှားသွားလာသည့် လမ်းကြောင်းတွင် မိုင်းထောင်ရာ မိုင်းပေါက်ကွဲသဖြင့် (၃-၃-၂၀၁၄)ရက်နေ့ ညနေ (၃း၀၀)နာရီကျော်အချိန်တွင် ဟိုကပ်ကျေးရွာ မန်ကွေ့လယ်ထိပ် လူသွားလမ်းကြောင်း၌ မိုင်းထောင်သူ ဦးအင်ခွန်တန် သေဆုံးနေကြောင်း ကျေးရွာပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ မိုင်းထောင်သူ KIA တပ်သား ဦးအင်ခွန်တန်သည် မိုင်းကွဲ၍ သေဆုံးသည်မှာ မှန်ကန်ပါကြောင်း ဟိုကပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းမြင့်နှင့် တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူးတို့က အတည်ပြု ပြောဆိုပါသည်။

ဧရာဝတီမြစ်ဖျားဆီက

၅၁ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့သော်လည်း လက်ဝှေ့ ကစားသမားဘ၀ကို စွန့် ခွာမှာမဟုတ်ဘူးဆိုတဲ့ ဗြိတိန် လက်ဝှေ့ သမား ရော်ဘင်ဒီကင်




Angel on 2014-03-06 15:16    
၂၀၀၆ ခုနှစ် ပရော်ဖက်ရှင်နယ် လက်ဝှေ့ ကစားသမားဘ၀စတင်ပြီးကတည်းက တစ်ပွဲမှ နိုင်ပွဲမရရှိခဲ့တဲ့ ဗြိတိန်ရဲ့ အဆိုးရွားဆုံးလက်ဝှေ့ သမား အသက် ၂၇ နှစ်အရွယ် ရော်ဘင်ဒီကင် ဟာ ဘာပဲဖြစ်ဖြစ် လက်ဝှေ့ သမား ဘ၀ကို စွန့် ခွာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ကြေးစားလက်ဝှေ့ လောကမှာ အဆိုးရွားဆုံးစံချိန်ကို ရရှိထားတဲ့ ရော်ဘင်ဒီကင်ဟာ မကြာသေးမီက ပိုးလ်ဒါမီယန်လောနစ်ဇက် ကို ရှုံးနိမ့်ပြီး သူ့ ရဲ့ ၅၁ ပွဲဆက်တိုက် အရှုံးစံချိန်ကို တင်နိုင်ခဲ့ပါတယ်။

အခုလို ဆိုးရွားတဲ့ ရှုံးပွဲစံချိန်ကြောင့် သူ့ ရဲ့ ကျန်းမာရေးအသက်အန္တရာယ်ထိခိုက်မှာစိုးတဲ့အတွက် ဗြိတိန် လက်ဝှေ့ လိုင်စင်ကို ရုတ်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့်သူကတော့ “ကျွန်တော်က လူသားလက်ဝှေ့ အိတ်ကြီး ပါဗျ” လို့ ကြွားဝါထားပါတယ်။

ရော်ဘင်ဟာ ရက်သတ္တပတ် ၂၄ ပတ်အတွင်း ပွဲပေါင်း ၁၉ ပွဲထိုးသတ်ခဲ့ပြီး စနေနေ့ ညက ဂျာမန်လက်ဝှေ့  လိုင်စင်နဲ့  လောနစ်ဇက် ကို နောက်ဆုံးထိုးသတ်ခဲ့ရာမှာလည်း ရှုံးနိမ့်ခဲ့ပြန်တာပါ။

ရော်ဘင်ဟာ မွေးရာပါ ခြေတစ်ဖက်ခွင်နေမှုကြောင့် အသက် ခြောက်နှစ်အရွယ်ထိ လမ်းမလျှောက်နိုင်ခဲ့ဘဲ ခွဲစိတ်ကုသမှုပေါင်း ၆၀ ကျော်ခံယူခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရော်ဘင်ဟာ ကြိုးဝိုင်းကို ဘယ်တော့မှ စွန့်  ခွာမှာမဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသူပါ။

ဒီအပါတ်ကုန်မှာ ထိုးသတ်မယ့်ပွဲမှာ ဗြိတိန်လက်ဝှေ့ အသင်းက သိမ်းဆည်းထားတဲ့ သူ့ ရဲ့ လက်ဝှေ့ လိုင်စင်ကို ပြန်ရဖို့ မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်တော် ဒီတစ်ပတ်ကုန်မှာ ပြန်ထိုးမှာပါ။ ကျွန်တော် စိတ်ကူးအိပ်မက်တွေထဲမှာ ဆက်နေထိုင်နိုင်ဖို့ အတွက် ဗြိတိန်လက်ဝှေ့ အသင်းဘုတ်အဖွဲ့ က ကျွန်တော့် လိုင်စင်ကို ပြန်ပေးမယ်လို့ မျှော်လင်ပါ့တယ်”

ကြေးစားဘ၀မှာ ရော်ဘင်ဒီကင်တစ်ယောက် ရုန်းကန်နေရပေမယ့် အပျော်တမ်းလက်ဝှေ့ သမားဘ၀မှာတော့ ရော်ဘင်ဟာ အောင်မြင်ခဲ့သူပါ။ ဗြိတိန်လူငယ်ချန်ပီယံရှစ် အကြိုဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ကူးပြောင်းခဲ့ပြီးနောက်မှာတော့ လက်ဝှေ့ သမိုင်းရဲ့ အဆိုးရွားဆုံး စံချိန်မှတ်တမ်းကို တင်ခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ် ပထမဆုံးကြေးစားဘ၀ လက်ဝှေ့ ပွဲမှာ တစ်ပွဲ အနိုင်ရရှိပြီးကတည်းက အခုထိ နောက်ထပ် နိုင်ပွဲမရရှိတော့တာ ဖြစ်ပါတယ်။

Ref: Mirror
Trend

ကလေးများ နဲ့ နှာခေါင်းသွေးယိုခြင်း


မြန်မာနိုင်ငံမှာ ကလေးငယ်များ နှာခေါင်းသွေးယိုကြတာ အဖြစ်များနေတာမို့ မိဘများအနေနဲ့ ဒီ နှာခေါင်းသွေးယိုမှုမှာ အရေးကြီးတဲ့အချက်တွေကို သိနားလည်းဖို့ လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုနေကြပါတယ်။ နှာခေါင်းသွေးယိုမှု ဖြစ်ရခြင်းအကြောင်းတွေထဲမှာ အဓိက ဖြစ်ရတာက နှာခေါင်းနေရာက အကြောင်းရင်းကြောင့် အဓိက ဖြစ်ရတာမို့ မိဘတွေအနေနဲ့ သိပ်စိုးရိမ်စရာမလိုဘဲ ရှေးဦးသူနာပြုစုနည်း သိထားဖို့ အရေးကြီးပါတယ်။

သို့သော် နှာခေါင်းနေရာက အကြောင်းရင်းကြောင့် မဟုတ်ဘဲ၊ အခြားနေရာတွေမှာ သွေးထွက်တာနဲ့ သက်ဆိုင်တဲ့ တကိုယ်လုံးဆိုင်ရာ ပြဿနာဆိုရင်တော့ အထူးဂရုပြု စစ်ဆေးဖို့ အရေးကြီးပါတယ်။ ဘယ်လို အချက်အခြေအနေတွေကို စောင့်ကြည့်ဖို့ လိုပါလဲ။

ဒီရောဂါပြဿနာအကြောင်း အသေးစိတ်သိရှိဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

နားဆင်ရန်

VOA


ရတနာပုံ တယ်လီပို့က အချက်အလက် ပြည့်စုံစွာ တင်ပြလာပါက စိစစ်ပြီး တစ်ပါတ်အတွင်း လုပ်ငန်းလိုင်စင် ချထားပေးမည်


စချိုကို

ရန်ကုန် ၊ မဇ္ဈိမ။         ။ ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်မည့် ရတနာပုံတယ်လီပို့ အနေဖြင့် လုပ်ငန်းလိုင်စင်အတွက် အချက်အလက်ပြည့်စုံစွာ ဖြင့်တင်ပြလာပါက တစ်ပါတ်အတွင်း စိစစ်ကာ ဆက်သွယ်ရေး လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးသွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီး ဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာ ၏ ညွှန်ကြားရေးမှုး ဦးသန်းထွန်းအောင်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ရတပုံတယ်လီပို့က ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်အတွက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန သို့ တင်ပြပေးထားခြင်း မရှိသေးပေ။

ဦးသန်းထွန်းအောင်က “ရတနာပုံတယ်လီပို့ဘက် လိုင်စင်တင်ဖို့အတွက် အချက်အလက် မပြည့်စုံသေးပါဘူး။ သူတို့ ( ရတာနာပုံတယ်လီပို့) ဘက်ကနေ ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနဘက်ကို ပြန်လည်မလျှောက် ထားရသေးပါဘူး။ သူတို့ဘက်က တင်ပြပြီးတာနဲ့တစ်ပါတ်အတွင်း ပြန်လည်စိစစ်ပြီး လုပ်ငန်းလိုင်စင် ချထားပေးသွားမှာပါ ” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ ရတနာပုံတယ်လီပို့နှင့် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ၊ ကာတာနိုင်ငံအခြေစိုက် အူရီးဒူးတို့ကို ရွေချယ်ထားသည်။ ရွေးချယ်ထားသောအော်ပရေတာများတွင် အခြားအော်ပရေတာများမှာ လုပ်ငန်းလိုင်စင် ရရှိထားပြီး ဖြစ်သော် လည်း ရတနာပုံတယ်လီပို့ကိုမူ လုပ်ငန်းလိုင်စင်ချထားပေးခြင်း မရှိသေးပေ။

ရတနာပုံတယ်လီပို့သည် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အများပိုင် ကုမ္မဏီအဖြစ်ပြောင်း လဲထားပြီး လက်ရှိတွင်လည်း ကုမ္မဏီ၏ အစုရှယ်ယာများကို ရောင်းချပေးနိုင်ရန်အတွက် စီစဉ်နေသည်ဟု ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ပြည်ပအော်ပရေတာတစ်ခုနှင့်ပူပေါင်းရန်ပြင်ဆင်နေပြီး အဆိုပါ   အော်ပရေတာကို ရွေးချယ်ရန် စိစစ်နေဆဲ ဖြစ်သည်ဟု ၄င်းကဆိုသည်။

ရတာပုံတယ်လီပို့သည် ထိုင်းနိုင်ငံ ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်နေသော True Corporation Public Company Limited နှင့်ညှိုနှိုင်းမှုများ ပြုလုပ်နေသည်ဟုလည်း ရတနာပုံ တယ်လီပို့ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောထားသေးသည်။

ပြည်ပအော်ပရေတာ တယ်လီနောနှင့် အူရီးဒူးတို့သည် ဖေဖော်ဝါရီ ၅ ရက်ကစတင်ပြီး ၁၅ နှစ်သက်တမ်း ရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ကို ရှိထားခဲ့ပြီး  လိုင်စင်ရရှိပြီး ခြောက်လနှင့် ရှစ်လ အကြာ တွင် ဆင်းမ်ကတ်များ စတင် ရောင်းချနိုင်မည်ဟုလည်း အဆိုပါကုမ္မဏီများက သတင်းထုတ်ပြန် ထားသည်။

မဇ္ဈိမ

ဘီလီလျံနာ Sir James Dyson တီထွင်လိုက်တဲ့ အသံတိတ် ဒလက်မဲ့ ပန်ကာ


တီထွင်ဖန်တီးသူ ဘီလီလျံနာ Sir James Dyson ဟာ  ဒလက်မဲ့ ပန်ကာ တစ်မျိုး တီထွင်လိုက်ပါတယ်။

ခြင်တွေ တ၀ီဝီပြန်နေသလိုမျိုး ဆူညံသံတွေနဲ့ ဒလက်ပါ ပန်ကာပုံစံက ခွဲထွက်ပြီး အသံတိတ် ဒလက်မဲ့ ပန်ကာကို တီထွင်နိုင်ဖို့အတွက် အင်ဂျင်နီယာ ၆၅ယောက်နဲ့အတူ စတာလင်ပေါင် သန်း ၄၀ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။

ဘီလီလျံနာ Sir James Dyson ဦးဆောင်ခဲ့တဲ့ သိပ္ပံပညာရှင်များအဖွဲ့ဟာ ၂နှစ်ကြာအောင် ဖန်တီးခဲ့ရပြီး နောက်ဆုံးမှာတော့ အကန့်အတွင်းက လေဖိအားကို တိုးစေပြီး လည်တိုင်ကျဉ်းလေးကို ဖြတ်ပြီး နှုန်းတစ်ခုနဲ့ လေတွေတိုက်ခတ်စေဖို့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အသံလှိုင်းတွေကို တစ်ခုနဲ့တစ်ခု တန်ပြန်တိုက်ခတ်မှု ဖြစ်စေတဲ့အတွက် ဆူညံမှုပမာဏကို လျှော့ချပေးထားနိုင်တာပါ။

၁၈၅၀ခုနှစ်မှာ Hermann von Helmholtz ဆိုသူ တီထွင်ခဲ့တဲ့ Helmholtz cavity ကို အခြေခံထားကြောင်းနဲ့ အားကောင်းကောင်း လေစီးဆင်းမှုပါ အသံတိတ် ပန်ကာဖြစ်စေဖို့ Dyson အင်ဂျင်နီယာများဟာ ရည်မှန်းလုပ်ဆောင်ခဲ့ကြောင်း Sir James ကပြောပြခဲ့ပါတယ်။

Dyson Cool ပန်ကာသစ်တွေကို ဒီနေ့ကစပြီး စတာလင်ပေါင် ၂၂၀ ကနေ ၃၀၀ ကြား ဈေးနဲ့ ဖြန့်ချိပေးထားတယ်လို့ သိရပါတယ်။

Ref:mirror.co.uk
Trend Myanmar

လွယ်ကူမြန်ဆန်ပြီး အဟာရပြည့်ဝတဲ့ (၅)မိနစ်ကြာ မနက်စာ


          မနက်စာစားဖို့ အချိန်မရှိတာ ၊ အိပ်ရာထနောက်ကျတာ တွေနဲ့ပဲ မနက်စာလွန်ပေါင်းများခဲ့ရပါပြီ ဆိုသူများအတွက် အချိန်ကုန်သက်သာ ၊ လွယ်ကူပြီး လိုအပ်တဲ့ အဟာရလည်း အပြည့်အ၀ရရှိမယ့် မနက်စာ ပြင်ဆင်နည်းလေးတွေ ရှိပါတယ်။ ဒီအတွက်တော့ အချိန်ငါးမိနစ်လောက် ပေးရင် လုံလောက်ပါပြီ။

(၁)     မြေပဲထောပတ်နဲ့ စတော်ဘယ်ရီသီး မုန့်လိပ်
          မြေပဲထောပတ်တွေက နေ့လည်အဆာပြေစာအတွက်ပဲလို့ ဘယ်သူကများ ပြောလဲ။ မနက်စာအတွက် လိုအပ်တဲ့ ပရိုတိန်းဓါတ် အပြည့်အ၀ ပါရှိပြီး စတော်ဘယ်ရီနဲ့ လိပ်ထားတာကြောင့် မနက်ခင်းမှာ အီတာတွေ မစားနိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

(၂)     ဒိန်ချဉ်နဲ့ ဘယ်ရီသီး
          စူပါမားကတ်မှာ မနက်စာအတွက် အတော်လေး ခြေညောင်းအောင် ပတ်ရှာရပြီဆိုရင်တော့ ဒိန်ချဉ် တစ်ဗူးနဲ့ ဘယ်ရီသီးတစ်ထုပ်သာ ဆွဲခဲ့လိုက်ပါ။ သင့်က ၀ိတ်လျော့ဖို့ ကြိုးစားနေသူ တစ်ယောက်ဆိုရင်တော့ ဒီမနက်စာက အချိန်ကုန်သက်သာပြီး အတော်လေး အသုံးဝင်ပါတယ်။

(၃)     စတော်ဘယ်ရီ စမုသီ
          အလုပ်နောက်ကျနေပြီပေါ့။ စတော်ဘယ်ရီသီး တစ်ခွက်စာလောက် ကြိတ်စက်ထဲထည့်ပြီး နို့နဲ့သာ ဖျော်သောက်လိုက်ပါ။ ၀ါးနေစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာတဲ့ မနက်စာတစ်ခွက်ပေါ့။

(၄)     ပေါင်မုန့်မီးကင် ၊ အသားပြား ၊ ချိစ်
          ဒီထက်ပိုလွယ်တဲ့ မနက်စာမရှိတော့ပါဘူး။ ပေါင်မုန့်တစ်ချပ်မီးကင်လိုက်ပြီး အသားပြားနှစ်ချပ်နဲ့ ချိစ်ကြိုက်ရင် ချိစ်တစ်ခုပ်ညှပ်လို့ နှစ်သက်ရာ နို့ ၊ ကော်ဖီ တစ်မျိုးမျိုးနဲ့ သောက်သုံးနိုင်ပါတယ်။

(၅)     ချယ်ရီ ၊ ကီဝီဖျော်ရည်
          ချယ်ရီသီး ၊ ကီဝီသီးတွေ ပေါ်ချိန်ရောက်ရင်တော့ အုန်းနို့ဖျော်ရည်နဲ့ ရောပြီးသောက်ကြည့်ပါ။ ဒီအသီးတွေက သင့်ရဲ့ ငြီးငွေ့ဖွယ် မနက်စာခွက်ကို ပိုပြီးစိုပြည်စေနိုင်မှာပါ။

Ref:womenhealthmag.com
Trend Myanmar

တရားပွဲစီစဉ်သည့် လူမှုရေးအဖွဲ့ ဥက္ကဋ္ဌ တရားစွဲဆိုခံရ


ကျော်ဖုန်းကျော်   |   Wednesday, 05 March 2014

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်တွင် ရွှေည၀ါဆရာတော် အရှင်ပညာသီဟနှင့် ရှင်သောမ
တို့ဟောကြားသည့် တရားပွဲကို စီစဉ်ခဲ့သည့် ဂရုဏာမြင့်မိုရ် လူမှုရေးအဖွဲ့ဥက္ကဋ္ဌ ကိုဇော်မြင့် (ခ)
ကိုကျော်ဟိန်းကို ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၆ အရ တရားစွဲဆိုခံထား
ရပြီး မတ်လ ၇ ရက်တွင် မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်ရန် သမ္မန်စာဖြင့် ဆင့်ခေါ်ထားကြောင်း
ကိုဇော်မြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဆရာတော်နှစ်ပါးသည် ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊
မြစပယ်လမ်း၌ တရားဟောကြားခဲ့ခြင်းဖြစ်ပြီး ထိုတရားပွဲကို ဒေသခံလူငယ် ၄၈ ဦး ဖြင့် ဖွဲ့စည်းထား
သည့် ဂရုဏာမြင့်မိုရ်လူမှုရေး အဖွဲ့အစည်းက ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

တရားပွဲ၌ ဆရာတော် ငါးပါးက ဟောကြားရန် ဂရုဏာမြင့်မိုရ်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်သံဃ နာယက၊ မြို့နယ် သံဃနာယကစသည့်အဖွဲ့ အစည်းများထံ
တင်ပြခဲ့ရာ ဆရာတော်သုံးပါးကို အဖွဲ့အစည်းအားလုံးက ခွင့်ပြုခဲ့သော်လည်း ရွှေည၀ါဆရာတော်နှင့်
ဆရာတော် ရှင်သောမ တို့ကိုမူ ဟောကြားခွင့် မပေးနိုင်ကြောင်း မြို့နယ် သံဃနာယကအဖွဲ့က
မိန့်ကြားခဲ့သည်ဟု ကိုဇော်မြင့်က ပြောသည်။

ထိုသို့တားမြစ်ခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ၏ လိုလားချက်ကြောင့် မူလစီစဉ်ထားသည့်
အတိုင်း ထိုဆရာတော် နှစ်ပါး တရားဟောရန် အဖွဲ့ကဆက်လက်စီစဉ်ခဲ့ကြောင်း ၎င်းက ပြောသည်။

"ရွှေည၀ါဆရာတော်က နိုင်ငံရေးတွေ ပြောတယ်။ ရှင်သောမ ကျတော့ ဓမ္မာစရိယ မအောင်ဘူးလို့
မြို့နယ်သံဃနာယက ဆရာတော်က မိန့်တယ်" ဟု ကိုဇော်မြင့် ကပြောသည်။

တရားဆွဲဆိုထားသည့် ပုဒ်မသည် ရပ်ကွက်နှင့် ကျေးရွာများတွင် အခမ်းအနားများ၊ ဖျော်ဖြေပွဲများ၊
ဓလေ့ထုံးတမ်းဆိုင်ရာ ပွဲလမ်းများကို ပြုလုပ်လျှင် သက်ဆိုင်ရာ တာဝန်ရှိသူထံမှ ခွင့်ပြုချက်ယူရမည်
ဖြစ်သလို သတ်မှတ်သည့် စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ကာ မလိုက်နာလျှင်
ထောင်ဒဏ်ခြောက်လ (သို့)ငွေဒဏ် ကျပ် ငါးသောင်း (သို့) ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း
ပြဋ္ဌာန်းထားသည်။

ရွှေပြည်သာမြို့နယ်အတွင်း၌ပင် အခြား ရပ်ကွက်များ၌ အဆိုပါ ဆရာတော်နှစ်ပါး ဟောကြားခွင့်ပြု
ခဲ့သော်လည်း ၎င်းတို့ရပ်ကွက် တရားပွဲတွင်သာ ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ကိုဇော်မြင့်က
ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ရွှေည၀ါဆရာတော် ဦးပညာသီဟက "ဘာသာရေးကလည်း ဘာသာရေး
သီးသန့်ပဲ ကောင်းတယ်။ အမျိုးသားရေးကလည်း အမျိုးသားရေးပဲ ကောင်းတယ်။ သီးသန့်စီပဲ
ကောင်းတယ်။ ပါတီနိုင်ငံရေးတွေ ထွေးရောယှက်တင်မဖြစ်ဖို့၊ ဘာသာရေးသက်သက်သွားတဲ့
သူတွေက ပါတီနိုင်ငံရေး ကင်းရှင်းဖို့၊ ဒါမှ တိုင်းပြည်ကောင်းလိမ့်မယ်။ တစ်ခုနဲ့တစ်ခု ထွေးရော
ယှက်တင် အကွက်ချပြီးတော့ ချောင်းလုပ်ကြမယ်ဆိုရင် ဘာသာရေးဟာ နိုင်ငံရေးကစားဖို့၊
နိုင်ငံရေး အမြတ်ထုတ်ဖို့ အကောင်းဆုံး အကွက်ပဲ။ ဒါတွေကို ပြည်သူတွေသိအောင် ချပြတယ်လေ။
နောက် ရဟန်းသံဃာတွေကိုလည်း စည်းလုံးရေး မပျက်အောင်၊ ပါတီနိုင်ငံရေး ကင်းအောင်နေကြပါ
လို့ ဟောတယ်။ အဲဒါတွေ ထည့်ဟောတော့ ငါတို့ကိုနိုင်ငံရေးဟောတယ်လို့ လုံးထွေးပြီး စွဲချက်ပြု
တာပေါ့" ဟု မြန်မာတိုင်း(မ်) ကိုမိန့်ကြားသည်။

ယခုအမှု၏ တရားလိုဖြစ်သူ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေထံ
မြန်မာတိုင်း(မ်)က ရှစ်ကြိမ်တိုင် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာတွင်လည်း တာဝန်ခံဖြေကြားမည့်သူ
မရှိကြောင်းသာ ဖြေကြားခဲ့သည်။

Myanmar Times

အမေရိကန်၏ မောင်းသူမဲ့ လေယာဉ် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သား ငါးဦး သေဆုံး


မောင်းသူမဲ့ လေယာဉ် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သား ငါးဦး သေဆုံးပြီး ရှစ်ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ကြာသပတေးနေ့ မနက်ခင်းတွင် အာဖဂန် အစိုးရမှ ထုတ်ပြန် ကြေငြာခဲ့သည်။

တိုက်ခိုက်မှုသည် တော်လှန်တိုက်ခိုက်မှုများ ပြင်းထန်နေသည့် အာဖဂန်နစ္စတန် အရှေ့ပိုင်း လိုဂါ ခရိုင် ဂျာ့ခ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ ဒီတိုက်ခိုက်မှုရဲ့ အကျိုးဆက်ဟာ မြေပြင်ပေါ်က လူတွေနဲ့ ဒရုန်းကို ထိန်းချုပ်နေတဲ့ လူတွေရဲ့ကြား နားလည်မှု ကွဲလွဲခဲ့တာကြောင့် ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ပါတယ် ” ဟု လိုဂါခရိုင် အုပ်ချုပ်ရေးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဒင်မိုဟာမက် ဒါဝစ်ရှ်က ပြောဆိုခဲ့သည်။

“ ဒီဒေသမှာ မကြာခဏ ဆိုသလိုပဲ နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေကြောင့် ဆူပူမှုတွေ ဖြစ်တယ်။ ဂျာ့ခ်ဒေသ အတွင်းမှ အဲ့ဒီ နေရာကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုလည်း ခဏ ခဏ ဖြစ်တယ် ” ဟုလည်း မစ္စတာ ဒါဝစ်ရှ်မှ ပြောဆိုသွားသည်။

အမေရိကန်မှ ၎င်းတို့အနေဖြင့် သေဆုံးမှုများကို စုံစမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ဒီမနက်တုန်းက အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အနည်းဆုံး အာဖဂန် အမျိုးသား စစ်မှုထမ်း ငါးယောက်ဟာ မတော်တဆ သေဆုံးခဲ့တာ အတည်ပြုနိုင်ပါတယ်။ မိတ်ဖက် အာဖဂန်တွေနဲ့ ခိုင်မာတဲ့ စစ်ဆင်ရေးကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ နောက်ပြီး ဒီလိုမျိုး မတော်တဆမှုတွေ ဆက်မဖြစ်ပွားအောင် တားဆီးသွားဖို့လည်း ဆုံးဖြတ်ထားပါတယ် ” ဟု အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်မှုး ကတ်သလင်းစနိုးမှ ပြောကြားခဲ့သည်။

အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇေဟားအဇီမီမှလည်း ၎င်းမောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် မတော်တဆ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

ခိုင်မာသော သတင်းအချက်အလက်များ ရရှိမှု မရှိပဲ အရပ်သားများ သေဆုံးမှုကို ကာကွယ်ရန်အတွက် လေကြောင်းတိုက်ခိုက်မှုများ ကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီးနောက် အမေရိကန် စစ်တပ်အနေဖြင့် အာဖဂန်နစ္စတန်တွင် မောင်းသူမဲ့လေယာဉ် ဒရုန်းများကို ပိုမို အသုံးချလာလျက် ရှိသည်။

အာဖဂန် စစ်တပ်မှလည်း ၎င်းတို့၏ စစ်ဆင်ရေးများအတွက် သင့်လျော်သည့် လေကြောင်းထောက်ပံ့မှုများကို ရရှိမှု မရှိကြောင်း ညည်းညူလျက်ရှိသည်။

REF: The NewYork Times
The Myanma Age

ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် လူသတ်မှုဖြစ်ပွား


ဘားအံမြို့ ၊ မတ်လ (၅)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင်မြေ(၂)လမ်း မချောချောခက်၏ နေအိမ်တွင် မတ်လ(၅)ရက် နေ့က လူသတ်မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက် ၊ရန်အောင်မြေ(၂)လမ်းနေ (ဘ)ဦးတင်မြင့်၏ သမီး မချောချောခက် အသက် (၃၅)နှစ်နှင့် ခင်ပွန်းဖြစ်သူ (ဘ)ဦးမြအောင်၏သား မောင်အောင်ကျော် အသက်(၂၉)နှစ်တို့ လင်မယားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ပါသည်။

၅-၃-၂၀၁၄ ရက်နေ့ နံနက် (၈း၃၀)နာရီအချိန်တွင် ညီမဖြစ်သူ မဇာဇာခိုင်မှ ဘားအံမြို့ မြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားချက်အရ ဒုရဲမှူး စိုးဝင်း မှ အခင်းဖြစ်ရာ နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မချောချောခက် မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ၀ဲလက်မောင်းပြတ်ရှ ဒဏ်ရာ (၁)ချက်၊ ၀ဲလက်မောင်းအတွင်း ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲလက်မကြားပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာလက် ဖနောင့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ လည်ပင်းရှေ့ဘက်ပြတ်ရှဒဏ်ရာ (၁)ချက် ရရှိခဲ့ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင် နေသော တရားခံ မောင်အောင်ကျော် အား လိုက်လံဖမ်းဆီးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOI Webportal Myanmar

ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်း၍ လယ်ယာသုံးစက်ပစ္စည်း ငါးနှစ်အရစ်ကျ ရောင်းချရန် စီစဉ်


မြန်မာ့ စက်မှုလယ်ယာကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လယ်ယာသုံး စက်ပစ္စည်း ကိရိယာများကို ငါးနှစ်အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်ရန် ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းထံမှ သိရသည်။

လယ်ယာသုံး စက်ပစ္စည်း ကိရိယာများကို ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အပါအဝင် ဒေသငါးခု
တွင် ရှေ့ပြေးစီမံချက် အနေနှင့် ရောင်းချပေးရန် ဆောင်ရွက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုးဝင်းက ပြောကြားသည်။

“အနည်းဆုံး ငါးနှစ်အရစ်ကျစနစ်နဲ့ ရောင်းမှာပါ။ ဘယ်တော့ ရောင်းမလဲ
ဆိုရင် အချိန်ကာလ အတိအကျ ပြောဖို့တော့ နည်းနည်းခက်တယ်။ သိပ်တော့ မကြာတော့ပါဘူး။ ကျွန်တော်တို့ ဆွေးနွေးဆဲမို့ပါ” ဟု ၎င်းကဆိုသည်။

ရောင်းချပေးမည့် လယ်ယာသုံး စက်ပစ္စည်းများတွင် လယ်ထွန်စက်၊ စပါးအခြောက်ခံစက်၊ ခြွေလှေ့စက်တို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ နည်းတူ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်တွင်း အသေးစားနှင့် အလတ်စား ဆန်စက် လုပ်ငန်းများအတွက် ဆန်သန့်စင်စက်များ (Color Sorter) နှင့် ဆန်အခြောက်ခံစက်များကို
ဖြန့်ဖြူးရောင်းချ ပေးခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

The Voice Weekly

မြစ်သားမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ထင်း ၄.၇၅ တန် အခမဲ့ ဖြန့်ဝေ


မြစ်သား၊ မတ် ၆

မြစ်သားမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သံယံဇာတ ရေရှည်တည်တံ့စေရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် လုပ်ငန်းစဉ်မှ ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်းဖြင့် ဆောင်ရွက်ထားသည့် ဧက (၁၀၀) မှ ထွက်ရှိလာသည့် ထင်းများကို ဒေသခံပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခြင်းကို မောင်းကွေ့ကန် ကြိုးဝိုင်းအတွင်းရှိ သဘာဝတောကျန် ထိန်းသိမ်းရေး ပင်မစခန်းတွင် မတ်လ (၅) ရက် နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျေးလက်နေပြည်သူများအား ထင်းအခမဲ့ဖြန့်ဝေရာသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဦး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမျိုးအောင်၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးထက်၊ ကျီတိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့် ဒေသခံပြည်သူ (၅၀) ဦး တက်ရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများအား ထင်း ၄.၇၅ တန်ကို အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar

ရော်နယ်ဒိုအပါအ၀င် ရီးယဲလ်မက်ဒရစ်ကစားသမားတွေဟာ ကစားပွဲမစမီ မှန်ရှေ့ မှာ အလုအယက် တန်းစီနေတတ်ကြောင်း နဲ့ အခုခေတ်ဘောလုံးသမားတွေကို ရှုတ်ချပြောဆိုလိုက်တဲ့ မော်ရင်ဟို



စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ သုံးနှစ်ကြာ လက်တွဲခဲ့တဲ့ မော်ရင်ဟိုဟာ ဒီဘက်ခေတ် ဘောလုံး ကြယ်ပွင့်တွေရဲ့ ဂုဏ်ပကာသနမက်မောမှု၊ မောက်မာမှုတွေကို ဖွင့်ဟရှုတ်ချခဲ့ပြီး သူတို့ ဟာ အောင်မြင်မှု ထက် ငွေကြေးကို ပိုမိုမက်မောနေကြကြောင်း ရှုတ်ချပြောဆိုခဲ့ပါတယ်။

“ ကျွန်တော် ရီးယဲလ်မက်ဒရစ်မှာ ရှိတဲ့ အချိန်တွေတုန်းက၊ ကစားသမားတွေဟာ ကစားပွဲမစမီ ဒိုင်လူကြီးတွေက သူတို့ ကို ၀င်ပေါက်ဥမင် ထဲမှာ စောင့်နေတဲ့ အချိန်တွေမှာတောင် မှန်ရှေ့ မှာ တန်းစီနေတတ် ကြပါတယ်။” လို့ မော်ရင်ဟိုက Esquire မဂ္ဂဇင်းကို ဖွင့်ဟခဲ့ပါတယ်။

“ ဒါပေမယ့် ဒါက အခုခေတ် လူနေမှုပုံစံလိုပါပဲ။ လူငယ်တွေဟာ ဒီကိစ္စကို တော်တော် ဂရုစိုက်ကြတယ်။ သူတို့  အသက် က နှစ်ဆယ် ဒါမှမဟုတ် နှစ်ဆယ်ကျော်ကျော်ပေါ့။ ကျွန်တော်ကတော့ ၅၁ နှစ်ရှိနေပါပြီ။ အခု ကလေးတွေနဲ့ ကျွန်တော်တူတူအလုပ်လုပ်ချင်တယ်ဆိုရင် သူတို့ ဘ၀ ကို နားလည်ဖို့ လိုပါတယ်။”

“ ဘတ်စ်ကားပေါ်မှာ ကျွန်တော့်ကစားသမားတွေ ဟိုဟာ -ဟာ -ခင်ဗျားတို့ ဘယ်လိုခေါ်တာ - တွစ်တာ အင်း အဲ့လို ဟာတွေ သုံးနေတာကို ကျွန်တော် ဘယ်လို တားရမလဲ။ တကယ်လို့ ကျွန်တော့် သမီးနဲ့ သားကလည်း အဲ့လိုပဲ ဆိုပါစို့ - ကျွန်တော်ဘယ်လို တားရမလဲ။ ဒါကြောင့် ကျွန်တော် လိုက်လျောညီထွေ ဖြစ်အောင်နေရမှာပါ။”

လက်ရှိ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက “ အရင်တုန်းက ကျွန်တော်ဘယ်လို ထင်လဲဆိုတော့ ကစားသမားတွေဟာ ကစားသမားဘ၀ပြီးရင် ချမ်းချမ်းသာသာ နေနိုင်ဖို့  သူတို့ ကစားသမားဘ၀အတွင်းမှာ ငွေတွေရှာတယ်ပေါ့”

“ ဒါပေမယ့် အခုတော့ ကစားသမားတွေ ကစားသမားဘ၀ မစခင်ထဲကကို သူတို့ ဘေးနားမှာ ရှိနေတဲ့ ကောင်တွေက သူတို့ ချမ်းသာလာအောင် လုပ်ပေးနေကြတယ်။ ပထမဆုံးစာချုပ်ကို လက်မှတ်ထိုးလိုက်တာနဲ့  သူတို့ ပရီးမီးယားလိဂ်ပွဲစဉ်လေးတစ်ပွဲလောက် ပါဝင်မကစားခဲ့တာနဲ့ ၊ သူတို့ ချန်ပီယံလိဂ် မကစားရတာနဲ့  အဲ့ကောင်တွေက သူတို့ ချမ်းသာအောင် လုပ်နေကြတယ်” လို့  ရှုတ်ချဝေဖန်သွားခဲ့ပါတယ်။



Ref: metro
Trend Myanmar

မြန်မာအိမ်ဖော် ၁၈ ဦး ဟောင်ကောင်သို့ ထပ်မံစေလွှတ်မည်


မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ ဒုတိယအကြိမ်အဖြစ် အိမ်အကူ၁၈ ဦး ကိုထပ်မံစေလွှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ အိမ်အကူ စေလွှတ်သည့်လုပ်ငန်းကို တရားဝင် ဆောင်ရွက်ခွင့် ရရှိထား သည့် Gold Mine ကုမ္ပဏီမှ ဦးဖုန်းမြင့်က ပြောသည်။

မတ်လ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Gold Mine ကုမ္ပဏီမှ ဦးဖုန်းမြင့်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီ ၂၄ ရက်မှာ အိမ်အကူ ၁၉ ဦး ဟောင်ကောင်ကို ပို့ပြီးပါပြီ။ ကျွန်တောတို့ ပိုတဲ့လူတွေက ဟောင်ကောင်ကို ရောက်ရောက်ချင်း အလုပ်ဝင်ရတာမျိုး မဟုတ်ပါဘူး။ ဟောင်ကောင်မှာရှိတဲ့ Gold Mine ကုမ္ပဏီမှာ သင်တန်း နှစ်ပတ် တက်ရပါသေးတယ်။ အဲဒီသင်တန်းမှာ Bus ကားစီးနည်း၊ ဈေးဝယ် နည်းအစရှိတဲ့ ပညာရပ်တွေ သင်ပေးမှာပါ။ အဲဒီမှာ မြန်မာဝန်ထမ်းတွေလည်း ရှိပါတယ်။

အခြေခံလစာအဖြစ် ဟောင်ကောင် ဒေါ်လာ ၄,၀၁၀၊(မြန်မာငွေကျပ် ငါးသိန်း နီးပါး) ရရှိပါတယ်။ ခရီးစဉ် စ-ဆုံး စရိတ်က အမေရိကန်ဒေါ်လာ ၁,၅၀၀ကုန်ကျမှာဖြစ်ပြီး ကုန်ကျစရိတ်ကို ကုမ္ပဏီကချေးငွေသဘော အဖြစ် ထုတ်ချေးပေးပါတယ်။ ဟောင်ကောင်မှာ အလုပ်လုပ်နေစဉ်အတွင်း တစ်လဒေါ်လာ ၂၀၀ နဲ့ ရှစ်လ တိတိ ပြန်လည်ဖြတ်တောက် သွားမှာပါ။ အလုပ်ချိန်က တစ်နေ့ကို ၁၀ နာရီ ပါ။ တစ်ပတ်မှာ ပိတ်ရက် ၁ ရက် ရရှိမှာ ဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

လက်ရှိတွင် ဟောင်ကောင်သို့ ပို့ဆောင်ရန် မြန်မာအမျိုးသမီး အယောက် ၆၀ကို သင်တန်းပေးလျက် ရှိသည်ဟု သိရသည်။၎င်းတို့အထဲတွင် မဟာဘွဲ့အတွက် ဘွဲ့လွန်တက်ရောက်နေသူ တစ်ဦးလည်း ပါဝင်နေပြီး၊ ပညာဆက်လက် သင်ကြားရန် အခက်အခဲရှိသဖြင့် အိမ်အကူအလုပ်ကို လာရောက်လျှောက် ထားခြင်းဖြစ်သည်ဟု သိရသည်။

ရွှေ့ပြောင်းလုပ်သားများရေးရာ ကော်မရှင်၏ ၂၀၁၃ ခုနှစ် တိုင်းတာမူတစ်ရပ်တွင် ဟောင်ကောင်ရှိ အိမ်အကူများ၏ ၅၈ ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာနိုင်ထက် စီးနင်းပြုကျင့်ခံရကြောင်း၊ ၁၈ ရာခိုင်နူန်းသည် ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမူနှင့် ခြောက်ရာခိုင်နှုန်းမှာ လိင်အလွဲသုံးစား ပြုကျင့်ခံရကြောင်း ဟောင်ကောင်အခြေစိုက် ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းက ဖေဖော်ဝါရီလ၂၄ ရက်တွင် ရေးသားဖော်ပြခဲ့ ဖူးသည်။

အိမ့်သဉ္ဇာဇင်
Mizzima Burmese

သမိုင်းထဲမှာ အောင်မြင်ခဲ့တဲ့ အချစ် ကာတွန်း Wall E


Wall E ဆိုတာ ၂၀၀၈ ခုနှစ်က ထွက်ရှိတဲ့ romantic science fiction အမျိုး အစား ရုပ်ရှင် ဖြစ်ပါတယ်။

ကမ္ဘာကြီး ပျက်ဆီးလို့ လူသားတွေ ဆက်နေလို့ ရမရ စစ်ဆေးဖို့ ထားခဲ့တဲ့ Wall E အမည်ရ စက်ရုပ်လေး
ကျန်ရှိပါတယ်။ Wall E ဟာ နောက်ထပ် အသစ် ရောက်လာတဲ့ EVE အမည်ရ စက်ရုပ် မလေးနဲ့ သံယောဇဉ် တွယ်ပြီး ချစ်ကြိုက် သွားခဲ့ ပါတယ်။ သဘာဝ ပတ်ဝန်းကျင် အကြောင်းကော၊ ခေတ် လွန် နည်းပညာနဲ့ အချစ် သံယောဇဉ် တို့ကို သေချာ ချပြ သွားနိုင်ခဲ့တဲ့ Wall E ဟာ သမိုင်း တစ်လျှောက် အကောင်းဆုံး Animation ရုပ်ရှင် စာရင်းထဲ ပါဝင်စေခဲ့ ပါတယ်။

အမေရိကန်ရဲ့ ၈၁ ကြိမ်မြောက် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာရော၊ အခြား မီဒီယာ အဖွဲ့အစည်းများက ပေးတဲ့ ဆုတံဆိပ် များကိုရော Wall E က ရရှိခဲ့ ပါ သေးတယ်။
.
Ref: wiki
International news for Myanmar

အီရန်ရော့စ်ကတ်များကို အစ္စရေးရေတပ်က ဖမ်းဆီး


ဓာတ်ပုံ - Reuters

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း စစ်သွေးကြွတွေအတွက် သယ်ဆောင်လာတဲ့ ဆီးရီးယားနိုင်ငံလုပ် အီရန်ရော့စ်ကတ်တွေကို အစ္စရေးရေတပ်က ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က လမ်းက ဖြတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

ပနားမားနိုင်ငံအလံ လွှင့်ထားတဲ့ ကုန်တင်သဘောင်္ပေါ်မှာ အီရန်နိုင်ငံက ထောက်ပံ့တဲ့ အဆင့်မြင့်ရောစ့်ကတ်တွေကို တင်ဆောင်လာတာ ဖြစ်ပြီး သင်္ဘောသား ၁၇ ဦးကလည်း သိရှိခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

လျှို့ဝှက် ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီး အစ္စရေးရေတပ်က လက်ဦးမှုရှိရှိ စစ်ဆင်ရေးတခုကို နိုင်ငံတကာရေပိုင်နက်မှာ လုပ်ဆောင်ခဲ့တာလို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ပီတာလာနာက ဆိုပါတယ်။
ဒါဇင်နဲ့ချီတဲ့ အဆင့်မြင့်ရော့စ်ကတ်တွေ ဂါဇာကို ရောက်ရှိသွားရင် အစ္စရေးနိုင်ငံသားတွေ အတွက် အကြီးအကျယ် အန္တရာယ်ရှိစေမယ်လို့ ဆိုပါတယ်။

အစ္စရေးကာကွယ်ရေးဦးစီးချုပ် ဘမ်နီဂန်ဇ်က အီရန်ရော့စ်ကတ်တွေကို ဖမ်းဆီးမိအပြီး အီရန်နိုင်ငံကို အရေးယူစရာရှိရင် လက်ဦးမှုရှိရှိ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အစ္စရေးနိုင်ငံကို ကာကွယ်ဖို့ စစ်ဖြစ်တဲ့ အချိန်အထိကို စောင့်နေမှာမဟုတ်ဘဲ အချိန်မရွေး၊ နေရာမရွေး ခြိမ်းခြောက်မှုတွေကို အတတ်နိုင်ဆုံး ဝေးနိုင်သမျှဝေးအောင် တားဆီးထားရမယ်လို့ ပြောဆိုပါတယ်။

အခုလို အီရန်ရော့စ်ကတ်တွေကို ဖမ်းဆီးရမိတာဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူ အမေရိကန်နိုင်ငံကို သွားရောက်ပြီး အီရန်နဲ့ မွတ်စလင်အကြမ်းဖက်တွေကို ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ နိုင်ငံတကာကို တောင်းဆိုချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

DVB Burmese

ကျွန်မမိသားစုက ကျွန်မကိုကလေးတစ်ယောက်လိုခံစားမိစေခဲ့ပါတယ် လို့ပြောလိုက်တဲ့ Angelina Jolie


သူမကိုကလေးတစ်ယောက်လိုခံစားမိစေတဲ့အတွက် Angelina Jolie ဟာသူမရဲ့မိသားစုကိုချီးကျူးပြောဆိုခဲ့ပါတယ်။

Angelina ဟာပြီးခဲ့တဲ့နှစ်က ရင်သားကင်ဆာဖြစ်နိုင်ချေအလွန်များပြားနေတဲ့အတွက် ရင်သားနှစ်ခုလုံးခွဲစိပ်ဖြတ်တောက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ သူမရဲ့သားသမီးတွေဖြစ်တဲ့ Maddox ၁၂ နှစ်၊ Pax ၁၀ နှစ်၊ Zahara ကိုးနှစ်၊ Shiloh ၇နှစ်နဲ့ ၅နှစ်အရွယ် အမွှာတွေဖြစ်တဲ့ Vivenne နဲ့ Knox တို့ကို သာအာရုံစိုက်ခဲ့တဲ့အတွက် အဲဒီ့ကျန်းမာရေးပြသနာကို ကျော်လွှားနိုင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

“အပြင်မှာဆိုရင်တော့ ကျွန်မအတည်အခန့်ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်မမိသားစုနဲ့ကြတော့ ရယ်မောကြတယ်၊ ဆော့ကစားကြတယ်။ ပြီးတော့ ကျွန်မပေါ့ပေါ့ပါးပါးပြန်ဖြစ်သွားတယ်။ ပြီးတော့ ကျွန်မကလေးပြန်ဖြစ်သွားတယ်။ ကျွန်မချစ်ခင်တတ်ပြီးနူးညံ့တဲ့သူတစ်ယောက်ပြန်ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အဲဒီ့အရာကို ကျွန်မဘ၀ထဲပြန်လည်ခေါ်ဆောင်လာလို့ပါပဲ” လို့ Angelina ကပြောပါတယ်။

လက်တွဲဖေါ်ဖြစ်တဲ့ Brad Pitt နဲ့အတူတူ ကလေခြောက်ယောက်ကို အုပ်ထိန်းနေတဲ့ ၃၈ နှစ်အရွယ် Angelina ဟာ သူမရဲ့အငယ်ဆုံးသမီး Vivienne ကို Maleficent ဇာတ်ကားမှာ အခန်းတိုသရုပ်ဆောင်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်သူမဟာ သူမရဲ့ကလေးတွေကို နာမည်ကြီး သရုပ်ဆောင်ဖြစ်မှာမလိုလားတဲ့အကြောင်းပြောပါတယ်။

“ကျွန်မတို့ကလေးတွေ ရုပ်ရှင်ထဲမှာဇာတ်လမ်းတိုတွေမှာပါဝင်ပြီး ရိုက်ကွင်းမှာ ကျွန်မတို့နဲ့အတူတူအလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်လို့ ကျွန်မတို့ထင်ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်တွေဖြစ်ဖို့မဟုတ်ပါဘူး။ ကျွန်မနဲ့ Brad တို့ရဲ့ရည်မှန်းချက်ပန်းတိုင်က ဒါမဟုတ်ပါဘူး။ သူတို့သရုပ်ဆောင်တွေမဖြစ်တာကို ကျွန်မတို့ပိုနှစ်သက်လိမ့်မယ်လို့ကျွန်မထင်ပါတယ်” လို့ Entertainment Weelky မဂ္ဂဇင်းကိုပြောပါတယ်။

Ref:starpulse.com
Trend Myanmar

သေဆုံးသူ တောင်ကိုရီးယားများ အထိမ်အမှတ် အာဇာနည်ကုန်းမှာ မဟုတ်ဟု ဆို



၁၉၈၃ ခုနှစ်က မြောက်ကိုရီးယားတွေရဲ့ အာဇာနည်ကုန်း ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရ တဲ့
တောင်ကိုရီးယားနိုင်ငံသားတွေအတွက် အထိမ်းအမှတ်ပြုလုပ်ခွင့် မြန်မာအစိုးရက တည်ဆောက် ခွင့်
ပေးတာ မှန်ပေမယ့် အဲဒါဟာ အာဇာနည် ဗိမာန်အတွင်းမှာ မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူ တဦး က ပြောပါတယ်။


အဆိုပါ အထိမ်းအမှတ်ဟာ အမိုး၊ အကာတွေ မပါ၊ အမြင့် ၅ ပေသာ ရှိတဲ့ နံရပ်တခုကို သွေးဆေးကန် လမ်းဘေး၊ ရွှေတိဂုံမြောက်ဘက်မုဒ် ၊ အရှေ့ဘက် ယာဉ်ရပ်နားကွင်းနဲ့ လုံခြုံရေးအဆောက်အဦကြား မှာ ဖြစ်ပါတယ်တဲ့။

ဒါဟာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က နားလည်မှု စာချွန်လွှာထိုးပြီး သဘောတူ ဆောက် လုပ် ခွင့် ပေးခဲ့တာဖြစ်တယ်လို့ မြန်မာအစိုးရ ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်နဲ့ မနေ့လုပ် တဲ့တွေ့ဆုံ
မေးမြန်းခန်းမှာ အခုလို ပြောလိုက်တာကို ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာ ပါတယ်။

မကြာသေးခင်က အဲဒီ တောင်ကိုရီးယား အထိမ်းအမှတ်ကို မြန်မာအစိုးရက အာဇာနည်ဗိမာန်ထဲမှာ တည်ဆောက်ခွင့်ပေးတယ်ဆိုတဲ့ ကောလဟာလတွေနဲ့ အတူ ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။  

၁၉၈၃ ခုနှစ်က တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နဲ့ အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံကို အလည်အပတ် လာခိုက်ေ ရန်ကုန်မြို့ရှိ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်တည်ရှိရာ အာဇာနည်ကုန်းမှာ ဂါရပြုမယ့် အောက်တိုဘာလ ၉ ရက်နေ့ မနက် ၁ဝ နာရီ ၂၅ မိနစ် အချိန်မှာ မြောက်ကိုရီးယား အသေခံ ကွန်မန်ဒို ၃ ဦးက လုပ်ကြံသည့် ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဗုံးဖောက်ခွဲမှုကြောင့် မြန်မာတချို့အပါအဝင် တောင်ကိုရီးယား အစိုးရ အဖွဲ့ ကိုယ်စားလှယ် ၁၇ ဦး
သေဆုံးသွားခဲ့ကြပါတယ်။

အဲဒီကိစ္စအပေါ် တောင်ကိုရီးယာသမ္မတနိုင်ငံဘက်က အထိမ်းအမှတ် ကျောက်ပြား တည်ဆောက်ခွင့်
ပေးဖို့ တောင်းဆိုလာမှုအပေါ် မြန်မာနိုင်ငံဘက်က သံတမန်ဆက်ဆံရေးအတွက်နဲ့ သေဆုံးသွား တဲ့ တောင်ကိုရီးယားတွေရဲ့ မိသားစုတွေအတွက် မြန်မာနိုင်ငံကလည်း စာနာမှုကို ဖော်ပြတဲ့အနေနဲ့ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။


အိမ့်သံစဉ် ~


The Irrawaddy

၂၀၁၅ ရခိုင် အမျိုးသားပါတီ အနိုင်ရပါက ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားနိုင်ဟု ဆို


၂၀၁၅ ရွေးကောက်ပွဲ, ရခိုင်နိုင်ငံရေး ပါတီများ, ကြံ့ခိုင်ရေး ပါတီ, ဘင်္ဂါလီ, မွတ်စလင်, RNDP, ALD, ANP
ပဋိပက္ခ ပြီးခါစ စစ်တွေမြို့ကို ဤသို့တွေ့ရသည် (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

ရခိုင်ပြည်နယ်တွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်နိုင်ငံရေးပါတီများ အနိုင်ရပါက ဒေသတွင်း ပဋိပက္ခဖြစ်ပွားလာနိုင် သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြော သည်။

ရခိုင် အမျိုးသားရေးပါတီများ အပြတ်အသတ် အနိုင်ရသွားပါက ရခိုင်ဒေသတွင်း ပဋိပက္ခများဖြစ်ပွားလာနိုင်သည့် အတွက် ဒေသကွက်၍ စစ်အုပ်ချုပ်ရေး ဖြစ်လာနိုင်ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားလျှင်လည်း ကြံ့ခိုင်ရေး ပါတီကသာ ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကြံ့ခိုင်ရေး ပါတီကိုသာ မဲပေးကြရန် တိုက်တွန်းကြောင်း စစ်တပ် အရာရှိဟောင်း တဦးလည်း ဖြစ် သူ ဦးလှဆွေ က ဧရာဝတီ ကို ပြောသည်။

၎င်းက “ကျနော်တို့ပါတီက အနိုင်ရရင် ဘင်္ဂါလီ(မွတ်စလင်)တွေက ခေါင်းမထောင်ရဲဘူးဗျ၊ ငြိမ်အောင် ထိန်းထားနိုင်တယ်၊ တကယ်လို့ ရခိုင်ပါတီတွေ နိုင်ပြီး တခုခုလုပ်ရင် ပြဿနာရှာနိုင်တယ်၊ ဗလီတွေ ထဲမှာ သွေးထားတဲ့ ဓားတွေ အများကြီး ရှိတာကို ကျနော်ကိုယ်တိုင် တွေ့ဖူးခဲ့တယ်၊ ရှင်းလင်းခဲ့ဖူးတယ်၊ ကျနော်က ရခိုင်မှာ ၉ နှစ် နေခဲ့ဖူးတဲ့ အတွေ့အကြုံအရ ပြော တာပါ”ဟု ဆိုသည်။

ထို့အတူ ကြံ့ခိုင်ရေးပါတီသည် စစ်တပ်မှ ဆင်းသက်လာပြီး စစ်တပ်၏ ကျောထောက်နောက်ခံ ရှိသည့် ပါတီဖြစ်၍ ရခိုင်ပြည် တွင်းရေး ပြဿနာများ ဖြစ်ပွားပါက တည်ငြိမ်ရန် ထိန်းထားနိုင်မည်ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးကြရန် ပြောဆို ရခြင်း ဖြစ်ကြောင်း ဦးလှဆွေ ၏ ပြောကြားချက်ကိုလည်း Hot News ဂျာနယ်တွင် ဖော်ပြထားသည်။

ဦးလှဆွေ၏ ပြောဆိုမှုနှင့်ပတ်သက်၍ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က “ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က ကိုယ့်ပါတီ အနိုင်ရရေးအတွက် တခြားပါတီကို တိုက်ခိုက်တာ၊ အပုပ်ချ စည်းရုံးတာ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက် စည်းရုံးတာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ပါ၊ အဲဒီလိုမျိုး စည်းရုံးရေး မလုပ်ရဘူးလို့ ကော်မရှင် ဥပဒေမှာ ပြဌာန်းထားတယ်၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ဒီလို ပြောဆိုနေတာဟာ ဥပဒေနဲ့ငြိနေတယ်”ဟု ဧရာဝတီ ကို ပြောသည်။

ရခိုင်နိုင်ငံရေး ပါတီများသည် အမျိုးသားရေး ဆောင်ရွက်နေသည့် ပါတီများ ဖြစ်သော်လည်း အစွန်းရောက် ပါတီများ၊ ပုဂ္ဂိုလ် များ မဟုတ်ကြောင်း၊ အမျိုးသားရေး ဆောင်ရွက်ရာတွင်လည်း ရခိုင်လူမျိုးများ အတွက်သာမက တိုင်းရင်းသား အားလုံး တန်းတူ အခွင့်အရေး၊ ပြည်ထောင်စု အရေး အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဦးအေးသာအောင် က ဆက်ပြော သည်။

၎င်းက“ကိုယ်စားလှယ် တဦးအနေနဲ့ လှုံ့ဆော်တဲ့ စကားမျိုး လုံးဝ မပြောသင့်တဲ့အပြင် ကော်မရှင် ဥပဒေကိုလည်း လိုက်နာဖို့ လိုအပ်တယ်၊ ဒီမိုကရေစီ နိုင်ငံမှာ အနိုင်ရတဲ့ပါတီကပဲ အစိုးရ ဖွဲ့တာ၊ ဦးဆောင်တာဟာ ဒီမိုကရေစီ စံနှုန်းပါ၊ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် ပြည်သူ ထောက်ခံတဲ့ပါတီ၊ ပုဂ္ဂိုလ်ကပဲ အနိုင်ရမှာပါ၊ ဒါဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ရှိတယ်”ဟုလည်း ၎င်းက ဆို သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဋ္ဌ နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ကလည်း ဒီမိုကရေစီ သဘောတရားအရ မည်သူမဆို လွတ်လပ်စွာ ပြောဆိုနိုင်ကြောင်း၊ ဦးလှဆွေ အနေဖြင့်လည်း ၎င်း၏ လွတ်လပ်ခွင့်အရ မည်သို့ပင် တိုက်ခိုက်၊ ပုတ်ခတ် စေကာမူ တုံ့ပြန်မည် မဟုတ်ကြောင်း ဧရာဝတီ ကို ပြောသည်။

၎င်းက“ဦးလှဆွေ ပြောတာကို ဗွေမယူပါဘူး၊ လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိလို့ ပြောတယ်ပဲ မှတ်ယူပါတယ်၊ ရခိုင်ပြည်ကို ရခိုင် အမျိုးသားပါတီက ဦးဆောင်နိုင်မှ ဖွံ့ဖြိုးရေးကို လုပ်နိုင်မယ်၊ အမျိုးသား ပါတီကြီး တခုဖြစ်ပေါ်လာအောင် လုပ်တာဟာလည်း ဖက်ဆစ် စနစ်ကို သွားဖို့ မဟုတ်ဘူး၊ ရခိုင်ပါတီက အစိုးရဖွဲ့နိုင်၊ ဒေသ လွှတ်တော်ကို လွှမ်းမိုးနိုင်ရင်လည်းပဲ ထင်ရာစိုင်းလို့ မရဘူး၊ ဥပဒေ ဘောင်အတွင်းကပဲ အရာရာကို လုပ်ဆောင်ရမှာပါ”ဟုလည်း ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ အနိုင်ရပြီး အစိုးရတရပ် ဖွဲ့စည်းနိုင်လျှင်လည်း ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ မိမိတို့ ဒေသတွင် နေထိုင်သည့် မည်သည့် လူမျိုး၊ မည်သည့် နိုင်ငံသားကိုမဆို လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးရမည်သာ ဖြစ်ကြောင်း ရခိုင် ခေါင်းဆောင်များ က ပြောသည်။

ဦးလှဆွေက “ရခိုင်တွေအနိုင်ရလို့ မတည်ငြိမ်ရင် စစ်အုပ်ချုပ်ရေး ဖြစ်ပေါ်လာမယ်၊ ရခိုင်လူမျိုးတွေကပြောတယ် သူတို့လူမျိုး ဦးရေ ၁၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့ ပျောက်သွားမှာ စိုးရိမ်တယ်လို့ ပြောတယ်၊ ဘင်္ဂါလီတွေ ကြီးစိုးသွားပြီလို့ ပြော တယ်၊ ဒီတော့ ရခိုင်လူမျိုးတွေကို အဲဒီ ရာခိုင်နှုန်းထက် လျော့သွားမှာ စိုးလို့ ကျနော်က စေတနာနဲ့ ပြောတာ၊ ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်ရင် ဘင်္ဂါလီတွေက မလှုပ်ရဲကြဘူး”ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ တိုင်းရင်းသား ဒေသ အများစုသည် သယံဇာတ ပေါကြွယ်ဝသော်လည်း နှစ်ပေါင်း ၆၀ ကျော် စစ်အုပ်ချုပ်ရေး စနစ်ကြောင့် ဆင်းရဲနေကြကြောင်း၊ ထို့ကြောင့် ဒေသ အားလုံး ဖွံ့ဖြိုးရေး၊ တန်းတူရေး ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား အား လုံးပါဝင်သည့် ပြည်ထောင်စု ပါတီကြီး တခုကိုလည်း ဖွဲ့စည်းထားကြောင်း၊ မြန်မာ နိုင်ငံ၌ လူမျိုးကြီး ၀ါဒကို ကျင့်သုံးလိုသည့် ပုဂ္ဂိုလ် တချို့က နောက်ပြန် သွားလိုကြောင်း ဒေါက်တာ အေးမောင် က ပြောဆိုသည်။

“အတိတ်က သမိုင်းကြောင်းတွေအရ ရခိုင်ဒေသမှာ ရခိုင်တွေ နိုင်ငံရေး အားကောင်းလာရင်၊ ရခိုင်တွေ အုပ်ချုပ်လာရင် နိုင် ငံ က ခွဲထွက်သွားလိမ့်မယ်ဆိုတဲ့ အတွေးဟာ ဗမာအမျိုးသားရေးဝါဒီ တချို့ရဲ့စိတ်ထဲမှာ စွဲနေတယ်၊ ဒါကိုပဲ လက်ဆင့် ကမ်း လာတော့ အမျိုးသားရေး ပြင်းထန်သူတွေက စိတ်ထဲ စွဲနေတဲ့ အတွက် ရခိုင်ဒေသကို ထိန်းချုပ်ထားဖို့ နည်းလမ်းစုံ နဲ့ ကြိုး ပမ်းတယ်၊ နိုင်ငံရေးအရ ထိန်းညှိဖို့ ဘင်္ဂါလီတွေကို မွေးထားတယ်၊ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာတယ်”ဟု ဒေါက် တာ အေးမောင် က ဆိုသည်။

ရခိုင်ဒေသ ပြဿနာသည် ယခုအခါ ရခိုင်ဒေသ တခုတည်းနှင့်သာသက်ဆိုင်ခြင်း မဟုတ်တော့ဘဲ တနိုင်ငံလုံးနှင့် ဆက်စပ် နေပြီး ပြည်ပနိုင်ငံများသို့ပါ သက်ရောက်မှု ရှိနေကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဖြေရှင်းနိုင်မှသာ နိုင်ငံ တည်ငြိမ် အေးချမ်းမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရခိုင်ပါတီများ အနိုင်ရပါက ဖြစ်ပေါ်လာမည့် ပြဿနာ အများအပြားရှိ၍ အန္တရယ်ကြီးသည့်အတွက် စစ်အုပ်ချုပ်ရေး ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ရခိုင်ပါတီနှင့် ကြံ့ခိုင်ရေး မျှမျှတတ အုပ်ချုပ်ရလျှင် အဆင်ပြေမည် ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ ကိုယ်စားလှယ် ဖြစ်သည့် ဦးလှဆွေက ပြောသည်။

ALD နှင့် RNDP တို့သည် ပြည်တွင်း ပြည်ပရှိ ရခိုင်ပြည်သူများ၊ ဆရာတော်၊ သံဃာတော်များ၏ တိုက်တွန်းချက်အရ ရခိုင် အမျိုးသားပါတီ (Arakan National Party-ANP) အဖြစ် တည်ထောင်ရန် ပြီးခဲ့သည့် နှစ်အတွင်း သဘောတူညီမှု ရရှိခဲ့ကြ သည်။ ANP ပါတီအား ပေါင်းစည်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုထားပြီး ဖြစ်ကာ တရားဝင် မှတ်ပုံ တင်ခွင့်ကို လျှောက်ထားဆဲ ဖြစ်ကြောင်း သိရသည်။

ALD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရခိုင်ဒေသတွင် အနိုင်ရခဲ့ပြီး RNDP ပါတီသည် ၂၀၁၀ ရွေးကောက် ပွဲ၌ အပြတ်အ သတ် အနိုင်ရထားသည့် ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရှုံးနိမ့်ခဲ့သည့် အတွက် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်ပါတီကို အနိုင်ရရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပါတီ၏ ပြည်နယ်တာဝန်ခံ ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦး က လမ်းညွှန်ထား ကြောင်း၊ အနိုင်ရရေး မလုပ်ဆောင်နိုင်သည့် ပါတီဝင်များကို ထုတ်ပယ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ရခိုင်ဒေသခံများ က ဧရာဝတီ ကို ပြောဆိုကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ရခိုင်တိုင်းရင်းသားများနှင့် အစ္စလမ် ဘာသာဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူအသေအပျောက် နှင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် အစိုးရ အာဏာပိုင်များက အရေး ပေါ် အခြေအနေ ကြေညာခြင်း၊ ညမထွက်ရ အမိန့် ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သည်။ ယနေ့ အချိန်အထိလည်း တည်ငြိမ်မှု မရှိသေးပေ။

ဧရာဝတီ

ကျောက်တန်း မင်းကျောင်းလမ်းတွင် မျက်နှာဖုံးစွပ် အမျိုးသားက ဓားထောက်ကာ ကျပ်သိန်း ၈၀ ကို လုယက်


ကျောက်တန်း၊ မတ် ၅

ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက် မင်းကျောင်းလမ်းရှိ အိမ်တစ်လုံးတွင် မတ်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်က မျက်နှာဖုံး စွပ်ထားသော အမျိုးသားတစ်ဦး ဓားကိုင်ကာ အသက် ၆၀ နှစ်အရွယ် အိမ်ရှင် အမျိုးသမီး ဒေါ်စန်းဝင်း၏ ခြေလက်တို့ကို ကြိုးတုပ်၍ ငွေကျပ် သိန်း ၈၀ လုယက်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အဆိုပါအိမ်တွင် ဒေါ်စန်းဝင်း တစ်ဦးတည်း ရှိနေစဉ် ကလေးကစားသည့် သရဲရုပ်ပုံ မျက်နှာဖုံးကို စွပ်ထားသော အမျိုးသားတစ်ဦးက ဓားရှည် ကိုင်ဆောင်၍ နေအိမ်ပေါ် တက်လာပြီး ဒေါ်စန်းဝင်း၏ ခြေနှင့် လက်တို့ကို ကြိုးဖြင့်တုပ်၍ ဗီရိုအတွင်း သိမ်းဆည်းထားသော ငွေကျပ် သိန်း ၈၀ ကို လုယက်ကာ ထွက်ပြေးခဲ့ကြောင်း ကျောက်တန်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“အိမ်မှာ လင်မယား နှစ်ဦးတည်း နေတာ။ ယောက်ျားက လမ်းထိပ် လက်ဖက်ရည်ဆိုင် ထွက်ထိုင်တုန်း ဝင်လုခံရတာ။ အော်ရင် သတ်ပစ်မယ် ပြောပြီး ငွေတွေ ယူသွားတာ။ ပြီးတော့ မီးဖိုချောင် တံခါးပေါက်နားမှာ ခြေလက်တွေ ကြိုးတုပ်ပြီး ထားခဲ့တာကို ယောက်ျားဖြစ်သူ ပြန်လာမှ တွေ့တာ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

မျက်နှာဖုံးစွပ်ပြီး လုယက်ခဲ့သော အဆိုပါ အမျိုးသားမှာ ခါးကိုင်းနေသူ ဖြစ်ပြီး အင်္ကျီအဖြူ လက်ရှည်၊ ပုဆိုးအဝါဖျော့ ဝတ်ဆင်ထားကာ အရပ်ရှည်သူ တစ်ဦးဖြစ်ကြောင်း လုယက်ခံရသူ အိမ်ရှင်အမျိုးသမီး၏ ထွက်ဆိုချက် အရ သိရှိရပြီး လတ်တလောတွင် သံသယ ရှိသူများကို စခန်းသို့ ခေါ်ယူ စစ်ဆေးလျက် ရှိကြောင်း အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“အိမ်ထဲမှာ ငွေတွေ ဘယ်နေရာမှာ သိမ်းထားတယ် ဆိုတာကို အခု လုတဲ့သူက သိနေတာကြောင့် အိမ်အဝင်အထွက် ရှိခဲ့ဖူးသူထဲက တစ်ဦးဦး ဖြစ်နိုင်တယ်လို့ ရဲအရာရှိက ယူဆတယ်။ ငွေလုယက်သွား သူကိုတော့ လတ်တလော မမိသေးဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မျက်နှာဖုံးစွပ်ပြီး ငွေကျပ် သိန်း ၈၀ ကို လုယူ ထွက်ပြေးခဲ့သော အမျိုးသားကို ကျောက်တန်းမြို့မ ရဲစခန်းမှ (ပ) ၃၇/ ၁၄၊ ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

The Voice Weekly

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မှ ကိုယ်စားလှယ်များကို စာရွက်စာတမ်း အတုများဖြင့် ကျပ်သိန်း ၇၀၀ ကျော် လိမ်လည်ခဲ့သူကို အမှုဖွင့်


ရန်ကုန်၊ မတ် ၅

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အထူးဒေသ (၂) ကိုယ်စားလှယ်များထံမှ အိမ်ခြံမြေနှင့် အကောက်ခွန် စာရွက်စာတမ်း အတုများဖြင့် ငွေကျပ် သိန်း ၇၀၀ ကျော် လိမ်လည်ခဲ့သော အထွေထွေ အကျိုးဆောင် ကုမ္ပဏီမှ အသက် ၃၁ နှစ်အရွယ်ရှိ မန်နေဂျင်း ဒါရိုက်တာ အမျိုးသားတစ်ဦးကို မြို့နယ်နှစ်ခုမှ ရဲစခန်းတွင် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ သိရှိရသည်။

မရမ်းကုန်းမြို့နယ် ရန်ကုန်စီးတီး ဟိုတယ်ဝင်းရှိ သုံးလွှာတွင် ဖွင့်လှစ်ထားသော အထွေထွေ အကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာတစ်ဦးက အစိုးရဌာနဆိုင်ရာ ရုံးစာအတုများဖြင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အထူးဒေသ (၂)၊ တောင်ပိုင်းအဖွဲ့ စီးပွားရေး ကိုယ်စားလှယ် တစ်ဦးထံမှ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ နိုင်ငံတော်ပိုင် မြေကွက်များကို ငွေကျပ် သိန်း ၇၀၀ ဖြင့် လိမ်လည် ရောင်းချခဲ့မှုကြောင့် မတ်လ ၄ ရက်နေ့က အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း မရမ်းကုန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“မြေကွက်တွေ ရောင်းခဲ့တာက ၂၀၁၃ ခုနှစ်ကလို့ သိရတယ်။ စာရွက်စာတမ်းတွေ အတုမှန်း နောက်မှသိပြီး မရမ်းကုန်းရဲစခန်းမှာ ဒီအမှုကို စသုံးလုံးက တရားလိုပြု တိုင်ကြားထားတာ။ အမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းဆဲအဆင့်ပဲ ရှိပါသေးတယ်” ဟု မရမ်းကုန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

အဆိုပါ စာရွက်စာတမ်း အတုများဖြင့် လိမ်လည်ခဲ့သူ အမျိုးသားက “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အထူးဒေသ (၂)၊ တောင်ပိုင်းအဖွဲ့မှ အခွန်လွတ်ယာဉ် ၁၀ စီးနှင့် အခွန်ဆောင်ယာဉ် အစီး ၂၀ တို့ကို ၂၀၁၃ ခုနှစ် ဇွန်လက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၌ ကနဦး ယာဉ်မှတ်ပုံတင်ခွင့် ပြုလုပ်ပေးရန် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ ဆောင်ရွက်ခိုင်း ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အကောက်ခွန် သွင်းကုန် ကြေညာလွှာ စာရွက် ၆၄ ရွက်ကို အတုပြုလုပ်ပြီး ကျပ် ၁၂ သိန်းကျော် လိမ်လည်ခဲ့မှုနှင့် ပတ်သက်၍ စသုံးလုံးအဖွဲ့က ကျောက်တံတား မြို့မရဲစခန်းတွင် ၎င်းအပါအဝင် အမျိုးသားသုံးဦးကို တရားလိုပြု တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

“စာရွက်စာတမ်း အတုတွေနဲ့ ငွေတွေ လိမ်လည်ခံရလို့ “ဝ” အထူးကိုယ်စားလှယ်တွေက စသုံးလုံးကို တိုင်ခဲ့တာ။ စသုံးလုံးက ကနဦး စစ်ဆေးတဲ့ အခါမှာ စာရွက်စာတမ်း အတုပြုလုပ်ပြီး လိမ်ခဲ့တာ မှန်ကန်တာကြောင့် သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်ခဲ့တာ။ ခုအမှုဖွင့် ထားသူတွေကို မမိသေးဘူး” ဟု ကျောက်တံတား မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ စာရွက်စာတမ်း အတုများဖြင့် ငွေကျပ် သိန်း ၇၀၀ ကျော် လိမ်လည်ခဲ့သူကို မရမ်းကုန်းမြို့မရဲစခန်းက (ပ) ၃၂/၁၄၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ ဖြင့်လည်းကောင်း၊ ကျောက်တံတား မြို့မရဲစခန်းက (ပ)၇၃/၁၄၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

မြောက်ကိုရီးယားနှင့် စစ်ရေး ပတ်သက်မှုမရှိဟု မြန်မာအစိုးရ ပြော


မြန်မာနိုင်ငံက မြောက်ကိုးရီးယားထံကနေ လက်နက်ဝယ်ယူနေတယ်လို့ အမေရိကန် ပြည်ထောင်စုကာကွယ်ရေး ၀န်ကြီးဌာနရဲ့ စွပ်စွဲချက်အပေါ် မြန်မာအစိုးရက ငြင်းဆိုလိုက်ပါတယ်။

၆၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ရိုက်တာ)

မြန်မာက မြောက်ကိုရီးယားနဲ့ ဝေးဝေးနေဖို့ ကြိုးစားနေပေမယ့် လက်နက်ဖောက်သည် ဖြစ်နေတုန်းပဲလို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ကွန်ဂရက်ကို မတ်လ ၅ ရက်နေ့ မှာ အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။
“မြောက်ကိုးရီးယားရဲ့ စစ်ရေး စွမ်းရည်ဆိုင်ရာ အစီရင်ခံစာ”မှာ ဖော်ပြရေးသားချက်ဖြစ်ပြီး ဒီဖော်ပြချက်အပေါ် သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်က ငြင်းဆိုလိုက်တာပါ။
“မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးကလွဲပြီးတော့ စစ်ရေးအရ ဆက်ဆံမှု မရှိတော့ဘူးဆိုတာ အတိအလင်း ပြောထားပြီး ဖြစ်တယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အားလုံးလည်း လိုက်နာဆောင်ရွက်နေတယ်။ အဲဒါကို ခေါင်းဆောင်အချင်းချင်း တွေ့တဲ့အခါမှာရော၊ အခြားအဆင့်မြင့်အရာရှိတွေနဲ့ တွေ့တဲ့အခါမှာရော ဒါကို ကျနော်တို့ဘက်က အကြိမ်ကြိမ်ပြောပြီးပြီပေါ့။ ခင်ဗျားပြောတဲ့ အစီရင်ခံစာမှာ အတိအကျ ဘာတွေ ပါသလဲ၊ စကားလုံး အသုံးအနှုန်းက ဘယ်လိုလဲဆိုတာကို ကျနော်တို့ မတွေ့ရတဲ့ အတွက်ကြောင့်မို့လို့ အသေးစိတ်တော့ မှတ်ချက် မပေးနိုင်ဘူး။ ”

မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ ကွန်ရက်တွေကို အသုံးပြုပြီး လက်နက် ရောင်းဝယ်နေတယ်လို့ ဒီအစီရင်ခံစာက ရေးသားထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ပြုပြင်ပြောင်းလဲရေးဖော်ဆာင်နေတဲ့ မြန်မာအစိုးရကို မြောက်ကိုးရီးယားကနေ လက်နက်ဝယ်ယူတာ ရပ်ဖို့ ဖိအားပေးခဲ့ပါတယ်။

အရင်ကလည်း မြောက်ကိုးရီးယားက မြန်မာကို ဒုံးကျည်နဲ့ ပတ်သက်တဲ့ နည်းပညာတွေ ပံ့ပိုးနေတယ်လို့ အမေရိကန်က သံသယရှိခဲ့ဖူးပါတယ်။

မနှစ်ဒီဇင်ဘာလတုန်းက မြောက်ကိုရီးယားနဲ့ လက်နက်တွေ ဆက်ကုန်သွယ်မှုလုပ်နေတဲ့ အတွက် အမေရိကန်က မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တဦးနဲ့ ကုမ္ပဏီတွေကို အမည်ပျက်စာရင်း ထည့်သွင်းခဲ့ပါတယ်။

dvb

ကြေးနီအားရွှေအထပ်ထပ်စိမ်၍ ရွှေအဖြစ်လာရောက်ပေါင်နှံသူအား ဖမ်းဆီးရမိ



ဖြူး မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကြေးနီအား ဆွဲကြိုးပုံနှင့် ဟန်းချိန်း ပုံပြုလုပ်ပြီး ရွှေအထပ်ထပ်စိမ်၍ ကာလပေါက် ဈေးနှုန်းဖြင့် လိမ်လည်ကာ ရွှေအဖြစ် လာရောက် ပေါင်နှံသည့်အမှု ၂၀၁၄ ခုနှစ်၊ မတ်လ(၄) ရက်၊ မွန်းလွဲ (၄) နာရီအချိန်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဖြူးမြို့တွင်း ရန်ကုန်- မန္တလေး ပုံမှန်ကားလမ်းဘေး စိုးစံလိုင်စင်ရ အပေါင်ဆိုင်ပိုင်ရှင် ဦးကျော်စိုး (၆၀) နှစ်၊ (ဘ) ဦးချစ်ဟန်သည် နေအိမ်အပေါင်ဆိုင်တွင် ရှိနေစဉ် ကိုသက်ပိုင် ဆိုသူနှင့် အခြား အမျိုးသားတစ်ဦး ကားဖြင့်ရောက်ရှိလာပြီး MC ဟန်းချိန်း (၁) ကျပ်သားခန့် တစ်ခုနှင့် MC ဆွဲကြိုး (၁) ကျပ်သားခန့် တစ်ကုံးတို့အား ပေါင်နှံစဉ် ဦးကျော်စိုးမှ ငွေမရှိသေး၍ ခဏစောင့် ရန်ပြောပြီး ဖြူးမြို့မ ရဲစခန်းသို့ သွားရောက် အကြောင်းကြားသဖြင့် ဖြူးမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ဦးကျော်စိုးနေအိမ်သို့ သွားရောက် စစ်ဆေးခဲ့သည်။ လာရောက် ပေါင်နှံသူမှာ သက်ပိုင် (၂၅) နှစ်၊ (ဘ) ဦးကြည်သိန်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနေသူနှင့် နိုင်သူရ (၂၃) နှစ်၊ (ဘ) ဦးသောင်းညွန့်၊ ကြံခင်းအုပ်စု၊ မင်္ဂလာဒုံ မြို့နယ်နေသူ ဖြစ်ကြောင်း သိရှိခဲ့ရပြီး ၄င်းတို့နှစ်ဦး ယခု ပေါင်နှံသော ဟန်းချိန်း နှစ်ကုံးနှင့် ဆွဲကြိုးနှစ်ကုံးမှာ ကြေးနီအား ရွှေအထပ်ထပ် စိမ်ထားသော ပစ္စည်းများဖြစ်ကြောင်း ဦးကျော်စိုးမှ မှတ်ကျောက်တင်၍ သိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကြေးနီအား ဆွဲကြိုးပုံနှင့် ဟန်းချိန်းပုံပြုလုပ်ပြီးရွှေအထပ်ထပ်စိမ်၍ ကာလပေါက်ဈေးဖြင့် လိမ်လည်၍ ရွှေအဖြစ် လာရောက်ပေါင်နှံသူ သက်ပိုင်နှင့် နိုင်သူရတို့နှစ်ဦးအား အရေးယူပေးပါရန် ဦးကျော်စိုးမှ တိုင်တန်းသဖြင့် ဖြူးမြို့မ ရဲစခန်းမှ (ပ) ၁၀၀/၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

အရုပ်စစ်သားတွေကြည့်ဖို့ … “ဖိတ်ကြားထားသူများသာ”



ငြိမ်းချမ်းဆု၏ Found Art များ (ဓာတ်ပုံ - ငြိမ်းချမ်းဆု)ငြိမ်းချမ်းဆု၏ Found Art များ (ဓာတ်ပုံ - ငြိမ်းချမ်းဆု)

ပြခန်းအဝမှာ ကပ်ထားတဲ့ “ဖိတ်ကြားထားသူများသာ” လို့ အင်္ဂလိပ်လို ရေးထားတဲ့ ပိုစတာက ရောက်ရှိသွားသူကို တချက်တော့ တန့်သွားစေပါတယ်။ အဲဒီပိုစတာ ဘေးမှာလည်း “လက်နက်၊ ကင်မရာ ကိုင်ဆောင်ထားသူများ အခန်းထဲ မဝင်ရ” ဆိုတဲ့ အဓိပ္ပာယ်ရ စာလုံးတချို့ကို အနီအောက်ခံမှာ အနက်စာလုံးနဲ့ အင်္ဂလိပ်လို ရေးထားပြန်တယ်။

အမှောင်ချထားတဲ့ အခန်းထဲ ရုတ်တရက် ဝင်လိုက်ရင်ပဲ ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားရသလို ဖန်တီးထားတဲ့ အသံ အမျိုးအစားတခုက ကြိုဆိုလို့၊ မှောင်နေတဲ့ အခန်းထဲမှာ လွှတ်ထားတဲ့ စပေါ့လိုက် အမျိုးအစား တခုကလည်း ဝင်ရောက် သွားသူကို အနှောင့်အယှက် ပြုနေပြန်တယ်။ နံရံမှာ ပြသထားတဲ့ တီဗီမှာတော့ အရင် စစ်အုပ်ချုပ်ရေး ကာလက မြဝတီ ရုပ်မြင်သံကြား မလာခင် ပြသလေ့ရှိတဲ့ ချီတက်နေတဲ့ တပ်မတော်သားတွေ၊ စစ်အုပ်ချုပ်ရေး ခေတ်ရဲ့ ဆောင်ပုဒ်တချို့ တလှည့်စီ ပြသထားတယ်။

ငြိမ်းချမ်းဆုရဲ့ “Toy Soldiers” လို့ အမည်ပေးထားတဲ့ ခေတ်ပြိုင် အနုပညာ ပြပွဲတခု ဖြစ်ပါတယ်။ အင်စတော်လေးရှင်း အနုပညာ အမျိုးအစားတွေထဲက တခုလို့ ပြောနိုင်တဲ့ ရယ်ဒီမိတ် ပစ္စည်းတွေနဲ့ စုစည်းတပ်ဆင်ထားတဲ့ Found Art ပြပွဲပါ။

စစ်သားအရုပ် ပုံစံအမျိုးမျိုးက ဝန်းရံပြီး အလယ်မှာတော့ ကြွက်ထောင်ချောက်၊ ရဲဒင်း၊ အသားကြိတ်စက်၊ ဘူဒိုဇာကား၊ ကြေးမီးပူ၊ တယ်လီဖုန်း၊ ဗီဒီယို ကင်မရာ၊ ရွှေဘော်၊ ကက်ကြေး စတဲ့ ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖန်တီး တင်ဆက်ထားတဲ့ အနုပညာပစ္စည်း ၁၂ ခုကို ပြသထားတာပါ။ စစ်သားရုပ် ကလေးတွေထက် ကြီးမားတဲ့ အလယ်က ပစ္စည်းတွေကို နှစ်လက်မ သံချောင်းကြီးတွေနဲ့ ပြန်ချုပ် ထားပါသေးတယ်။

အမှောင်ခန်းထဲမှာ ပြသထားတဲ့ အနုပညာ ပစ္စည်း တခုချင်းစီအတွက် စပေါ့မီးတခုစီ ပေးထားပါတယ်။ ပစ္စည်း အမျိုးအစား တမျိုးစီကို အိမ်ရှင်မတွေ သုံးတဲ့ သစ်သားစဉ်းတီတုံး တခုစီပေါ်မှာ တပ်ဆင်ထားတာပါ။ သူဟာ ဒီလိုပြသနိုင်ဖို့အတွက် ၂၀၀၈ ခုနှစ်လောက် ကတည်းက စတင်ဖန်တီးခဲ့တာလို့ သိရပါတယ်။

“ဖိတ်ကြားထားသူများသာ” ဆိုတဲ့ အဝင်ဝက စာတန်းကို တွေ့ရတော့ ဖိတ်ကြားသည်ဖြစ်စေ၊ မဖိတ်ကြားသည်ဖြစ်စေ၊ အနုပညာရှင်က ကျေနပ်သည် ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ တာဝန်အရ အနုပညာပြခန်းတွေကို လာကြသူတွေ ရှိခဲ့ဖူးတဲ့ ခေတ်ကို ပြန်ပြောင်း မစဉ်းစားဘဲ မနေနိုင် ဖြစ်မိပါတယ်။

“ဒါကတော့ ကျနော့်ရဲ့ အနုပညာ လွတ်လပ်ခွင့်ပါ။ ထင်မြင်ယူဆချက် လွဲမှာလည်း စိုးတယ်၊ ကျနော်ဟာ ကမ်ပိန်းလုပ်နေတာ မဟုတ်ဘူး၊ ဆန္ဒပြနေတာလည်း မဟုတ်ဘူး၊ အနုပညာကို ပြနေတာဖြစ်တယ်၊ ဒါကြောင့် အနုပညာကို ခံစားနိုင်မယ်လို့ ထင်တဲ့သူတွေကိုပဲ ဖိတ်ပါတယ်” လို့ ငြိမ်းချမ်းဆုက ရှင်းပြပါတယ်။

စိစစ်ရေး ကာလကဆိုရင် ပန်းချီအနုပညာပြခန်းတွေကို ပရိသတ်တွေက မကြည့်ရှုခင်၊ မခံစားရသေးခင် စိစစ်ရေး အဖွဲ့က အရင်လာရောက် ကြည့်ရှုပြီး အနုပညာ ပစ္စည်းတွေကို ဖြုတ်တာ၊ ပယ်တာ၊ မပြဖို့ ပြောတာတွေ အနုပညာရှင်ပေါင်း များစွာ ခံစားခဲ့ရပါတယ်။ အခုတော့ ငြိမ်းချမ်းဆုက သူ့ရဲ့ တကိုယ်တော် အနုပညာ လွတ်လပ်ခွင့်ကို သရုပ်ဖော် လိုက်ပါပြီ။

ငြိမ်းချမ်းဆုဟာ ပန်းချီကားတွေ၊ အနုပညာ ပစ္စည်းတွေကို စိစစ်ဖြတ်တောက် ခဲ့သူတွေ အပေါ်မှာလည်း အာဃာတ မထားပါဘူး။ သူတို့တတွေကို သူ့ရဲ့ အနုပညာ ပြပွဲတွေဆီ လာစေချင်တယ်၊ ပြီးတော့ သူ့အနုပညာတွေကို သိချင်တယ် ဆိုရင်လည်း သေသေချာချာ ရှင်းပြချင်တယ်၊ သူတို့ ရှင်းပြတာတွေကိုလည်း နားထောင်စေချင်တယ်လို့ ဆိုပါတယ်။

“ကျနော် မှတ်ထားတာ တခုရှိတယ်။ ပြောတဲ့သူက ဘီအီးဒီအောင်သိုက်လို့ ထင်ပါတယ်၊ လူတိုင်းနားလည်တဲ့ အနုပညာဆိုတာ အနုပညာ အကြမ်းစားတဲ့။ ဒါကြောင့် ကျနော် သူတို့ကို ရှင်းပြချင်တယ်၊ အနုပညာသည် အနုပညာပါလား၊ အနုပညာကို ခုတုံးလုပ်ခြင်းသည် အနုပညာကို ခုတုံးလုပ်တာပါလားလို့ ရှင်းပြချင်တာ။ ရှင်းပြမှလည်း သိမယ်၊ သိမှာလည်း တန်ဖိုးထားတတ်မယ်၊ ငါအကုန် သိပြီးသားဆိုတာမျိုးတော့ မရဘူးပေါ့၊ အနုပညာဟာ အရမ်း သိမ်မွေ့ပါတယ်” လို့ ငြိမ်းချမ်းဆုက ပြောပါတယ်။

ပန်းချီကား တချပ်ချင်းစီ၊ အနုပညာ ပစ္စည်း တခုချင်းစီကို ဘာအဓိပ္ပာယ်လဲဆိုပြီး လိုက်မေး၊ လိုရာဆွဲတွေးပြီး အနုပညာရှင်ကို ရန်သူလို သဘောထားခဲ့တဲ့ ခေတ်တခုကတော့ စွန်းစွန်းကလေး လွန်မြောက်ခဲ့ပြီလို့ ဆိုရမယ် ထင်ပါတယ်။

“နေရာတိုင်းမှာ အဓိပ္ပာယ်လိုက်ဖွင့်ခိုင်းနေရင်တော့ မဟုတ်သေးဘူးပေါ့။ အလံမှာ အနီရောင်ပါတာနဲ့၊ အနီရောင်ဆိုတာ ရဲရင့်ခြင်း၊ တော်လှန်ရေးစိတ်ဓာတ်လို့ ဖွင့်ဆိုပြီး အနီရောင်ကဲတဲ့ ပန်းချီကားကို ဖြုတ်ခိုင်းတာမျိုးကတော့ မဟုတ်ဘူးပေါ့ဗျာ။ ပန်းချီကား ဆိုတာ အလံမှမဟုတ်တာ၊ ပြီးတော့ တိုင်မှာလွှင့်ထားတာမှ မဟုတ်တာ၊ ထဘီချုပ်ဝတ်တာမှ မဟုတ်တာ” လို့ ငြိမ်းချမ်းဆုက ဆက်ပြောပါတယ်။

မီးဖိုချောင်းသုံး စဉ်းတီတုံးတွေပေါ်မှာ သူရဲ့ ပစ္စည်းတွေကို တပ်ဆင်ထားတာဟာ အဓိပ္ပာယ် တစုံတခုများ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ သူက ဒါကို သီးခြား အဓိပ္ပာယ် မဖွင့်ဆိုချင်ဘူးလို့ ဆိုလာပါတယ်။

ငြိမ်းချမ်းဆုက သူ့ရဲ့ အနုပညာ ပစ္စည်းတွေကို ကြည့်ရှုသူတွေ လွတ်လပ်စွာ ခံစားနိုင်တယ် ဆိုပေမယ့် တာဝန်ယူမှု ကင်းတဲ့ လွပ်လပ်စွာ ခံစားစေခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။ သူဆိုလိုတာကတော့ ခံစားချင်သလို ခံစားဆိုပြီး ကြည့်ရှုသူ ဘက်ကို လျစ်လျှူရှုတဲ့ ပုံစံမဟုတ်ဘူးလို့ ယူဆရပါတယ်။

“အနုပညာရှင်ဆိုတာ သေသေချာချာ တွေးတောခံစား ဖန်တီး တည်ဆောက်ပြီးမှ ပရိသတ်ကို ချပြတာပါ” လို့ သူက ပြောပါတယ်။

သူခင်းကျင်း ပြသထားတဲ့ အနုပညာ ပစ္စည်းတွေက နားလည်ရ ခက်ခဲတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်ရှုသူရဲ့ အသက်အရွယ်၊ ဖြတ်သန်း ကျင်လည်ရတဲ့ ဘဝတွေ ကွာခြားသလို ခံစားပုံခြင်းလည်း ကွာခြားနိုင်ပါတယ်။

Marcel Duchamps က ၁၉၁၇ ခုနှစ်က စတင်ပြသခဲ့တဲ့ Found Art ခေါ် ရယ်ဒီမိတ် အနုပညာ ခေါ် ရှိပြီးသား ပစ္စည်းတွေနဲ့ တည်ဆောက် ဖန်တီးပြသတဲ့ အနုပညာ ပုံစံတရပ်ဟာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလတွေကမှ မြန်မာအနုပညာရှင်တချို့ရဲ့ မိတ်ဆက်ပေးမှုကြောင့် မြန်မာပြည်က ပရိသတ်ဟာ မျက်ဝါးထင်ထင် မြင်တွေ့ ခံစားခွင့် ရခဲ့ပါတယ်။ အဲဒီလို မိတ်ဆက် ပေးတဲ့ အနုပညာရှင်တွေထဲမှာ ပန်းချီငြိမ်းချမ်းဆုလည်း တဦး အပါအဝင် ဖြစ်ပါတယ်။

ငြိမ်းချမ်းဆုဟာ ၁၉၉၃ ခုနှစ်မှာ ရန်ကုန် ပန်းချီပန်းပုကျောင်းက ဆင်းခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ တကိုယ်တော် ပန်းချီပြပွဲ စတင်ပြသခဲ့ပြီး ဒီနေ့အချိန်အထိ တကိုယ်တော် ပြပွဲ ၁၄ ပွဲ ကျင်းပပြီးပြီ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်က စတင်ပြီး အင်စတော်လေးရှင်း၊ ပါဖောမန့်၊ Video Art ၊ ဗီနိုင်း အနုပညာစတဲ့ ခေတ်ပြိုင် အနုပညာများစွာကိုလည်း ခင်းကျင်း ပြသခဲ့ ပါတယ်။ ဒီလို ခေတ်ပြိုင် အနုပညာတွေကို ဖန်တီး ပြသပေမယ့် သူ့ရဲ့ ပင်မရေစီးကတော့ ပန်းချီပါလို့ ဆိုပါတယ်။ ပန်းချီငြိမ်းချမ်းဆုကို သိတဲ့သူတွေကတော့ သူ့ရဲ့ အခရိုင်းလစ် Landscape ပန်းချီကားတွေနဲ့ တွဲမိကြပါလိမ့်မယ်။

ရန်ကုန် ပုလဲကွန်ဒိုမှာ ရှိတဲ့ Studio Square အနုပညာပြခန်းမှာ ၂ ရက်တည်း ပြသခဲ့တဲ့ Toy Soldiers အနုပညာ ပြပွဲက ငြိမ်းချမ်းဆုရဲ့ လက်ရာတွေကို ပြသရုံပြသပြီး ရောင်းချမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကလည်း စစ်သားရုပ်ကလေးတွေက ပလတ်စတစ်လို မခိုင်မာတဲ့၊ ကျိုးပဲ့နိုင်တဲ့ ရယ်ဒီမိတ် ပစ္စည်းနဲ့ လုပ်ရတာကြောင့်လို့ ဆိုပါတယ်။ ခိုင်မာတဲ့ ကြားခံပစ္စည်း အသုံးပြုနိုင်ရင်တော့ သူ့ရဲ့ အနုပညာ ပစ္စည်းတွေကို ရောင်းချမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းဆု ပြသထားတာဟာ သူ တပ်ဆင်ထားတဲ့ အနုပညာ ပစ္စည်းတွေသာ မဟုတ်ဘဲ အသံနဲ့ အလင်းရဲ့ ဆက်စပ်မှုလည်း ပါရှိနေပါတယ်။

“လူဟာ တယောက်တည်း တိတ်ဆိတ်နေတဲ့ အချိန်မှာ ကြားရတဲ့ အသံကို သတိမပြုမိကြဘူး၊ အဲဒါကြောင့် နှလုံးခုံသံနဲ့ တူတဲ့ အသံကို လွှတ်ပေးထားတာ။ ဒါပေမယ့် အဲဒီအသံကို လူက အကြာကြီး မကြားချင်ဘူး၊ ပြီးတော့ မီးအစက်အပျောက်တွေက အမှောင်ခန်းထဲမှာ ကြည့်နေရတဲ့ လူကို အနှောင့်အယှက် ပေးနေတယ်။ ကြည့်တဲ့သူက ဒီအနုပညာ ပစ္စည်းတွေကို ကြည့်ချင် နေပေမယ့် ဒီအခန်းထဲမှာ အကြာကြီး မနေချင်ဘူး။ ကျနော်က လူတွေကို ဖိတ်တယ်၊ ဒါပေမယ့် အကြာကြီးလည်း မနေစေချင်ဘူး၊ အဲဒီသဘောကိုပါ ဆက်စပ် ပြချင်တာ” လို့ ငြိမ်းချမ်းဆုက ရှင်းပြတယ်။

လာလည်း လာစေချင်တယ်၊ အကြာကြီးလည်း မနေစေချင်တဲ့ နေရာဟာ ဘယ်နေရာ ဖြစ်မလဲ။

စစ်သားဟာ စစ်သားချည်း ဖြစ်မနေဘဲ သံနဲ့ပြန်အချုပ်ခံထားရတဲ့ ရွှေဘော်၊ မီးပူ၊ တယ်လီဖုန်း၊ ကင်မရာ၊ ရဲဒင်း၊ ကက်ကြေး၊ ဘူဒိုဇာကား စတဲ့ စစ်သားနဲ့ မသက်ဆိုင်သင့်တဲ့ ပစ္စည်းတွေနဲ့ တွဲဖက် ခင်းကျင်းထားတဲ့အတွက် ဒီပြပွဲဟာ စစ်အုပ်ချုပ်ရေး ကာလ တခုလုံးရဲ့ မြန်မာနိုင်ငံ အခြေအနေကို ဖော်ပြချင်တာလား … ဆိုတဲ့ မေးခွန်းကိုတော့ သူက ပြန်ဖြေပါတယ်။

“ကျနော် ကြီးပြင်းစ စိတ်ကစားတဲ့ အရွယ်၊ သာမန်ကနေ ကျော်တွေးတတ်တဲ့ အချိန်၊ ပတ်ဝန်းကျင်ကို စတင် စိတ်ဝင်စားတဲ့ အချိန်၊ ဆန့်ကျင့်ဘက်လိင်ကို စ စိတ်ဝင်စားတဲ့ အချိန်၊ စာပေဂီတ စတဲ့ အနုပညာကို စခံစားတတ်တဲ့ ဆယ်ကျော်သက် အရွယ်မှာ အရင်ဆုံး ကြားလိုက်ရတာက သေနတ်သံတွေပဲ။ အခု ကျနော့် အသက် ၄၀၊ ကျနော် ရှစ်တန်းနှစ်မှာ ၈၈ အရေးအခင်း ဖြစ်တယ်၊ ဆီကိုင်တဲ့လက်က ဆီစွန်းမှာပဲလေ” လို့ ငြိမ်းချမ်းဆုက ပြောပြပါတယ်။

ဆယ်ကျော်သက် အရွယ်ကနေ အသက် ၄၀ နီးပါးအထိ နှစ်ပေါင်း နှစ်ဆယ်ကျော် ခံစားတွေ့ကြုံခဲ့သမျှကို အနုပညာ ပစ္စည်းများ အဖြစ် ပြန်လည် ဖန်တီးထားတဲ့ ငြိမ်းချမ်းစုရဲ့ Toy Soldiers ဟာ အကယ်၍များ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရခဲ့ရင် မြန်မာပြည်မှာ တချိန်က တကယ်ကို ဖြစ်ခဲ့ ရှိခဲ့တာတွေကို သင်္ကေတ အဖြစ် ပြန်လည်ကြည့်ရှု အမှတ်ရစေနိုင်မယ့် အနုပညာ ပစ္စည်းများလည်း ဖြစ်နိုင်ပါတယ်။

ဧရာဝတီ

မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူလေးဦးကို ဖမ်းဆီးရမိပြီး ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့်ပတ်သက်၍ အဓိကထားစစ်ဆေး




၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ဇန်န၀ါရီ ၂၁ ရက်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ မီလျှံနှင့်နဂါးရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူ လေးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ကနဦး ဓားပြတိုက်ရာတွင် ပါဝင်သူခြောက်ဦးဟု အခင်းဖြစ်ပွားစဉ် ရွှေဆိုင်ဝန်ထမ်းများက ထွက်ဆိုခဲ့သော်လည်း ကြံရာပါ ကူညီသူတစ်ဦး အပါအ၀င် တရားခံခုနစ်ဦးဖြစ်ကြောင်းနှင့် လက်ရှိလေးဦးအား စစ်ဆေးနေကြောင်း သိရသည်။

“ပထမဦးဆုံး ငွေထွန်းဆိုတဲ့သူကို ကချင်ပြည်နယ် တနိုင်းမြို့မှာ သွားဖမ်းခဲ့တာပါ။ သူကမှတစ်ဆင့် တခြားပါဝင်တဲ့ တရားခံတွေဖြစ်တဲ့ အိုက်နုတ်၊ အိုက်တုတ်နဲ့ တာလန်တို့ကို ရှမ်းအရှေ့ခြမ်း ရွာတွေကမှ ထပ်မံဖမ်းဆီး ရမိတာပါ။ ဒါပေမယ့် သူတို့က ၀န်ခံထွက်ဆိုပေမယ့် ကျန်တဲ့သုံးဦးကို မဖော်သလို ရွှေထည်ပစ္စည်းထားတဲ့ နေရာနဲ့ ဘယ်သူ့ဆီ ပါသွားလဲဆိုတဲ့ အရာတွေကို မသိဘူးပဲ ငြင်းနေတယ်။ အခင်းဖြစ်ပွားစဉ် ကျူးလွန်ခဲ့တဲ့ တရားခံလေးဦးဆိုတာတော့ အနီးစပ်ဆုံး သေချာပါတယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကဆိုသည်။

ယင်းဓားပြတိုက်မှု ဖြစ်စဉ်အတွက် မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနတပ်ဖွဲ့မှ စတင်ဖြစ်ပွားစဉ် ကာလကတည်းက သွားရောက်စုံစမ်းနေကြောင်းနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော လက်နက်ကို မည်သည့်နေရာမှ ရရှိသည်ကို အဓိကထား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

“သူတို့တွေက ဟုတ်တယ်ဝန်ခံပြီး ရွှေတွေထားတဲ့နေရာကို လုံးဝမပြောတဲ့အတွက် ကိုယ့်နည်းကိုယ်ဟန်နဲ့ စုံစမ်းပြီးရတဲ့ သက်သေခံ ရွှေထည်ပစ္စည်းတွေကလည်း အရည်ကျိုပြီးသား ဖြစ်နေတယ်။ နောက်ပြီး ထပ်ပြီးစုံစမ်းရမိတဲ့ ရွှေထည်ကိုလည်း သူတို့ရဲ့ မိသားစုဝင်တွေက ရွှေဝယ်တဲ့ဘောင်ချာပြတယ်။ အဲဒီဘောင်ချာကလည်း အသစ်ကြီးဖြစ်နေသလို မင်ခံမပါတဲ့အတွက် ခိုင်မာမှုရှိအောင် ထပ်စုံစမ်းနေရတယ်” ဟု ဒုတိယရဲမှူးကြီးက ဆက်လက်ပြောကြားသည်။

အဆိုပါ မိုးကုတ်ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှုဖြစ်စဉ်ကြောင့် မီလျှံရွှေဆိုင် သားမက်ဖြစ်သူ သေနတ်ဒဏ်ရာရရှိကာ အနီးနားမှန်ဆိုင်မှ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကာ ရွှေခြောက်ပိဿာခန့် ပါသွားခဲ့ခြင်းဖြစ်သည်။

Eleven Media Group


ရေပန်းမစားသော တရုတ်စီမံကိန်းများ


၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံကြီးတခုဖြစ်သော်လည်း မြန်မာပြည်သူများ၏ခံစားချက်၊ ဘဝအခြေအနေ များကို စာနာထောက်ထားမှု မပြခဲ့ဘဲ နှစ်ပေါင်းများစွာ တရုတ်အကျိုးစီးပွားကိုသာ အဓိကထားသောမူဝါဒဖြင့် မြန်မာအစိုးရ အဆက်ဆက်ကို ဆက်ဆံခဲ့သည်။ မိမိအကျိုးစီပွားကိုသာ ဦးထိပ်ထားသော တရုတ်နိုင်ငံ၏ မူဝါဒကြောင့် စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ် မြန်မာနိုင်ငံအသွင်ပြောင်းလဲလာချိန်၊ ယခင်နိုင်ငံရေး အခြေအနေထက် ပိုမိုပွင့်လင်းလွတ်လပ်လာချိန်တွင် မြန်မာပြည်သူများက နိုင်ငံတွင်းလုပ်ဆောင်လျက်ရှိသော တရုတ်စီမံကိန်းများကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကန့်ကွက်လာကြသည်။

တရုတ် ရင်းနှီးမြှုပ်နှံမှုအစ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  ဦးဆောင်သော အာဏာရှင် စစ်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံ သည် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း အရှိန်အဟုန် ဖြင့်လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် မြန်မာပြည်သူများ အလုပ်အကိုင်နှင့် နည်းပညာများစွာ ရရှိနိုင် သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုဘဲ မြန်မာ့သဘာဝ သယံဇာတကိုသာထုတ်ယူသုံးစွဲသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ ရေအား လျှပ်စစ်စီမံကိန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းကဲ့သို့ သော မြန်မာပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူမပြုသည့် လုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံ ရာတွင် မမှန်ကန်သော နည်းလမ်းများကို အသုံးပြု ခဲ့ပြီး အထူးသဖြင့် အာဏာရှိ မြန်မာစစ်ဗိုလ်ချုပ်များ နှင့် ၄င်းတို့နှင့် နီးစပ်သော ကုမ္ပဏီများကို ချဉ်းကပ်ကာ ခြစားမှု၊ လာဘ်ပေးမှုကျူးလွန်၍ စီမံကိန်း လုပ်ကိုင်ခွင့်များ ရယူခဲ့သည်။  လူ့အခွင့်အရေးချိုး ဖောက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် နိုင်ငံရေး ဖိနှိပ်မှု များကြောင့် အမေရိကန်၊ ဥရောပအပါအဝင် အနောက်နိုင်ငံကြီး ပိတ်ဆို့ခံရပြီး အထီးကျန်ဆန် သော မြန်မာစစ်အစိုးရကို တရုတ်အစိုးရက ဆွေမျိုး ပေါက်ဖော်ဟု ခေါ်ဝေါ်သုံးနှုန်းဆက်ဆံခဲ့သည်။

စစ်အစိုးရ၏ ဥပဒေမဲ့ လုပ်ရပ်များကြောင့် ကုလသမဂ္ဂ ညီလာခံတွင် မြန်မာစစ်အစိုးရကိုအရေး ယူရန် ကြိုးစားခဲ့စဉ် တရုတ်အစိုးရက ဗီတိုအာဏာ သုံးပြီး မြန်မာစစ်အစိုးရကို အကွယ်အကာပေးခဲ့ သည်။ ရလဒ်အနေဖြင့် တရုတ်နိုင်ငံသည် ယှဉ်ပြိုင် သူမရှိ မြန်မာနိုင်ငံတွင် စီမံကိန်းများစွာ လုပ်ခွင့်ရ သွားခဲ့သည်။ မြန်မာပြည်သူ သန်းပေါင်းများစွာ မုန်း တီးနေသော စစ်အစိုးရကို ကာကွယ်ခြင်းကြောင့် ပြည်သူများတွင် တရုတ်ဆန့်ကျင်သော စိတ်ဓာတ် များ စတင်ကိန်းအောင်းခဲ့သည်ကို တရုတ်အစိုးရ သတိမပြုဘဲ လျစ်လျူရှုခဲ့သည်။

မြန်မာ့နွေဦးနှင့် မြစ်ဆုံစီမံကိန်း

တရုတ်နိုင်ငံသည် စစ်အစိုးရလက်ထက်မှစ၍ သဘာဝ သယံဇာတတူးဖော်ထုတ်လုပ်ရေး စီမံကိန်း များတွင် ရင်းနှီးမြှုပ်နှံခဲ့ရာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ  မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက ဆောင်ရွက်လျက်ရှိသော စီမံကိန်း ၅၆ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၂၂၇ ဒသမ ၅၉၉ ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိ ကန်ဒေါ်လာ ၄၅၂၃၇ ဒသမ ၈၃၀ ရှိရာ တရုတ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၃၁ ဒသမ ၃၉ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံသော နိုင်ငံ အဖြစ် တရုတ်နိုင်ငံက ရပ်တည်လျက်ရှိသည်။

ယခင်စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေက ၂၀၁၁ ခုနှစ်၊ မတ်လတွင် နိုင်ငံ တော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ကိုဖျက်သိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲအရ ဖြစ်ပေါ် လာသော သမ္မတဦးသိန်းစိန်အစိုးရထံ အာဏာ လွှဲပြောင်းလိုက်ခြင်းဖြင့် မြန်မာ့နွေဦး စတင်ခဲ့သည်။

မြန်မာ့နွေဦးစတင်သည်နှင့်တပြိုင်နက် တရုတ် နိုင်ငံက ဆောင်ရွက်လျက်ရှိသော စီမံကိန်းတခုဖြစ် သည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုများ စတင်ပေါ်ပေါက်လာသည်။ တရုတ်နိုင်ငံ၏ မြန်မာ ပြည်သူများကို စာနာထောက်ထားမှု ကင်းမဲ့ခဲ့မှုနှင့် မြန်မာပြည်သူတို့၏ သဘာဝပတ်ဝန်းကျင် မဆုံးရှုံး လိုသော စိတ်တို့ကြောင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် မြန်မာ ပြည်သူများက  မြစ်ဆုံစီမံကိန်း  ရပ်ဆိုင်းပေးရန် ကျယ်ကျယ်လောင်လောင် စတင် တောင်းဆိုခဲ့ကြ သည်။ မြစ်ဆုံစီမံကိန်းကို ၂၀ဝ၆ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး၂၀ဝ၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက မြစ်ဆုံစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး မေခ၊ မေလိခ မြစ်များပေါ်ရှိ ရေကာတာ  စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံမည်ဟု သိရှိရသည်။ မြစ်ဆုံ စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆၀ဝ၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်ရရှိသော လျှပ်စစ် ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိမည့် စီမံကိန်းဖြစ်သည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတအကြံပေးဒေါက်တာ ဦးမြင့် စသည့် ထင်ပေါ်ကျော်ကြားသော ခေါင်းဆောင်များမှအစ အရပ်သား ပြည်သူများအဆုံး လူမှုနယ်ပယ်ပေါင်းစုံက  မြစ်ဆု စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ တောင်းဆိုလာကြသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်ကမြစ်ဆုံစီမံကိန်း ၄င်း၏ သမ္မတ သက်တမ်းအတွင်း   လုံးဝဆောင်ရွက်ခြင်းမပြုဘဲ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့ရာ တရုတ် CPI(China Power Investment)၊ မြန်မာအစိုးရ လျှပ် စစ်ဝန်ကြီးဌာန၊ အေးရှားဝေါလ်ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မြစ်ဆုံစီမံကိန်း လုံးဝရပ် ဆိုင်းသွားခဲ့သည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက် သောသမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကြောင့်နိုင်ငံ တကာတွင် ပြုပြင်ပြောင်းလဲသူအဖြစ် နာမည်ရ လာပြီး ပြည်သူအများစု၏ ယုံကြည်မှုကို စတင်ရရှိခဲ့ သည်။ တရုတ် CPI  ကုမ္ပဏီက မြစ်ဆုံစီမံကိန်းပြန် လည်စတင်နိုင်ရေး ကြိုးပမ်းလျက်ရှိသော်လည်း ဒေသခံကချင်ပြည်သူများနှင့် ပြည်သူအများစုက CPI ကုမ္ပဏီအပေါ်ယုံကြည်မှု ပျောက်ဆုံးနေဆဲပင် ဖြစ်သည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ထားသည့်အတွက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထိခိုက်စေကြောင်း၊ စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းသည် သမ္မတဦးသိန်းစိန်အနေဖြင့် ကန့်ကွက်မှုများကို ကြောက်ရွံ့သည့်အတွက် ဖြစ်ကြောင်း ယခင်အာဏာရှင် ဝန်ကြီးဟောင်းတချို့က ထုတ်ဖော်ပြော ဆိုလာကြသော်လည်း ပြည်သူအများစုက မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် လုပ်ဆောင်မှု မှန်သမျှကို ခါးသီးစွာ ဆန့်ကျင်ကြသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် တရုတ်အစိုးရ၏ People’s  Daily သတင်းစာက မြစ်ဆုံစီမံကိန်း ပြန်စရန်  တိုက်တွန်းခဲ့သည်။ မြစ်ဆုံစီမံကိန်းရပ် ဆိုင်းရေးသည် သမ္မတဦးသိန်းစိန် သမ္မတသက် တမ်းကာလအတွင်း၌သာ ဖြစ်သောကြောင့် တရုတ်က မျှော်လင့်ချက်ထား နေခြင်းဖြစ်သည်။ သို့သော် ပွင့်လင်းမြင်သာမှု မရှိသည့် အစိုးရလက်ထက် အတွင်း သဘောတူလုပ် ဆောင်ချက်ဖြစ်၍ မြန်မာ ပြည်သူများက လက်ခံခြင်းမရှိပေ။ တဖက်တွင် လည်း ဤကဲ့သို့သော တရားဝင်သဘောတူစာချုပ် ကို ဖောက်ဖျက်ရပ်ဆိုင်းလိုက်ခြင်းကြောင့်နိုင်ငံရင်းနှီး မြှုပ်နှံမှုနှင့် ဥပဒေအရ အကာအကွယ် ပေးမှုအပေါ် သံသယရှိလာနိုင်သည်။

၂၀၁၂ ခုနှစ် အတွင်းက ဖိလစ်ပိုင်နှင့် တရုတ်တို့ကြားတွင်လည်း မြစ်ဆုံနှင့်အလားတူ ကိစ္စမျိုး ဖြစ်ခဲ့ဖူးကြောင်း Asia Times တွင် ဆောင်းပါးရှင် Yun Sun  ကရေးသားခဲ့သည်။ တရုတ်အစိုးရ ဖောက်လုပ်မည့် မြောက်ပိုင်း ရထားလမ်းဖောက် လုပ်ရေး စီမံကိန်းတွင် ဂလိုရီယာ မာကာပါဂယ် အာရိုယို အစိုးရလက်ထက်က လာဘ်စားမှုများရှိ သဖြင့် အကွီနိုအစိုးရက စီမံကိန်းကို ပယ်ဖျက်ခဲ့ဖူး သည်။ သို့သော် ဖိလစ်ပိုင်အစိုးရက တရုတ်ပို့ကုန် သွင်းကုန်ကုမ္ပဏီသို့ အဆိုင်းလေးဆိုင်း ခွဲကာ ဒေါ်လာ ၁၈၅ သန်းပြန်အမ်းခဲ့သည်။ ကိုယ်စီအကျိုး စီးပွားနှင့် နှစ်ဦးနှစ်ဖက်  ဆက်ဆံရေးတို့ အတွက် တရုတ်နှင့် မြန်မာတို့သည် မြစ်ဆုံရေးတွင် အမှန် တရားကို ရင်ဆိုင်ရမည့် အချိန်ဖြစ်သည်ဟု ဆောင်း ပါးရှင် Yun  Sun  က ထောက်ပြထားသည်။

လက်ပံတောင်းတောင်စီမံကိန်း

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူ အများစု အြွုံကဆန့်ကျင်ကြသော ဒုတိယမြောက် တရုတ်စီမံကိန်းမှာ  စစ်ကိုင်းတိုင်း၊  မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်း တောင်ကြေး နီစီမံကိန်းဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းဆန့်ကျင်ဆန္ဒပြမှုတွင်မူ အစိုးရက ပြည်သူများ၏ ဆန္ဒကိုမလိုက်လျောတော့ဘဲ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

ဆားလင်းကြီးမြို့ နယ်တွင် ကြေးနီတူးဖော်သည့် လုပ်ငန်းများကို ၁၉၈၀ ခုနှစ်မှ စတင်၍ ယူဂိုဆလား ဗီးယားနိုင်ငံမှ သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ကနေဒါ နိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီ စသည်တို့ဖြင့် သတ္တုတွင်းဝန်ကြီး ဌာနကပူးပေါင်းကာ ကြေးနီတူး ဖော်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းရန် လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး လုပ်ကိုင် ခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းအတွက် ပတ်ဝန်းကျင်ရှိ  ဝက်မှေး၊ ဆည် တည်း၊ ကန်တောနှင့် ဇီးတောစသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀ဝ ကျော် သိမ်းဆည်းခဲ့သည်။

လယ်မြေသိမ်းဆည်းခံရမှု၊ စက်ရုံမှ စွန့်ပစ်ရေ များကြောင့် ပတ်ဝန်းကျင် လယ်ယာမြေများတွင် ညစ်ညမ်းမှု၊ စိုက်ပျိုးရန် ခက်ခဲမှုများနှင့် ကြေးနီတူး ဖော်မှုများကြောင့် ကြေးစင်တောင်နှင့် စပယ်တောင် များမှာ ပျောက်ဆုံးသွားခဲ့မှု၊ လယ်တီဆရာတော်၏ သိမ်ကျောင်း ဖျက်ဆီးမည်ကို စိုးရိမ်မှုများကြောင့် ဒေသခံများ၏ ဆန္ဒပြမှုများ တောက်လျှောက်ဖြစ် ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းခဲ့ သည်။ မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုကြောင့် ဆန္ဒပြ သံဃာတော်များ၊ ပြည်သူများထိခိုက် ဒဏ်ရာရခဲ့ပြီး ပြည်သူများအကြား တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် များ ပိုမိုပျံ့နှံ့ကာ တောက်လျှောက်ဆိုသလို နှစ်ပတ် လည် ဆန္ဒပြပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။

သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ကို လက်ပံတောင်းစုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ကော်မရှင်က လက်ပံတောင်းတောင်စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့မှုကြောင့် မုံရွာ ဒေသခံများနှင့် ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့သည်။

လက်ပံတောင်းစုံစမ်းရေး ကော်မရှင်အစီရင် ခံစာကို သမ္မတရုံးဝန်ကြီး ဦးလှထွန်းဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင်အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီက ကြေးနီစီမံ ကိန်းကြောင့် ဖြစ်ပေါ်လာသောမြေသိမ်းမှုနှင့် ပြဿနာ များကို ဖြေရှင်းဆောင်ရွက်နေသော်လည်း လက်ရှိ အချိန်အထိ ဒေသခံများနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ အကြား ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ရန်ကုန် မြို့၊ တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းအကြမ်း ဖက်ခံရမှု တနှစ်ပြည့်ဆန္ဒပြပွဲကျင်းပခဲ့ပြီး ယင်း ဆန္ဒပြပွဲတွင်  ပထမဦးဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ အလံကို ဆန္ဒပြသူများ မီးရှို့ခဲ့ဆန္ဒပြခဲ့သည်။

ကန့်ကွက်ခံနေရသော တရုတ်စီမံကိန်းများ

မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်း တို့သာမက တရုတ်အမျိုးသားပိုင် ရေနံကော်ပိုရေး ရှင်း(CNPC) က ဆောင်ရွက်နေသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံပိုက်လိုင်း၊ ရွှေ သဘာဝဓာတ် ငွေ့စီမံကိန်း၊ တရုတ် North Mining Investment ကုမ္ပဏီက ဆောင်ရွက်နေသော ချင်းပြည်နယ်၊ မြွေတောင် ဖားတောင် သတ္တုစီမံကိန်း၊ ရခိုင်ပြည်နယ် ရသေ့တောင်နှင့် မောင်တောဒေသ တလျှောက် တရုတ်ကုမ္ပဏီတခုက ဆောင်ရွက်လျက်ရှိသော  တိုက်တေနီယမ် သတ္တုရှာဖွေရေး စီမံကိန်းများမှာ လည်း ဒေသခံများ၏ ကန့်ကွက်ခဲ့မှုများနှင့် ကြုံတွေ့ နေရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အကောင် အထည်ဖော်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံများမှာမြေသိမ်းမှု၊ လုပ်ကိုင် စားသောက်စရာ လယ်ယာမြေဆုံးရှုံးမှုများကြောင့် လယ်မဲ့၊ ယာမဲ့၊ အလုပ်လက်မဲ့ဖြစ်ကာ ဒုက္ခမျိုးစုံကြုံ တွေ့နေရသည်။ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ဒေသခံများ ဆန္ဒပြကန့်ကွက်မှုနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက မှားယွင်းသော လုပ် ရပ်အဖြစ် ပြောဆိုရှုတ်ချပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု ကြောင့် မြန်မာနိုင်ငံ အကျိုးဖြစ်ထွန်းသည်ဟု ပြောဆိုခဲ့သည်။

ကျောက်ဖြူ-ယူနန်  သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည်လည်း မြေကြီးထဲ၌ စနစ်တကျ မြှုပ်နှံမှုမရှိခြင်းကြောင့် တချို့သော နေရာများတွင် ပေါက်ကွဲမှု၊ ဓာတ်ငွေ့ယိုစိမ့်မှုများ ရှိနေပြီး၊ ပိုက်လိုင်းအနီး နေထိုင်ကြသည့် ပြည်သူများအတွက် အချိန်မရွေး အန္တရာယ်ကျ ရောက်နိုင်သည်။

ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ် စသည်တို့မှ ဒေသခံပြည်သူများသည် ပိုက်လိုင်းလုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့် စွာ နေထိုင်နေရကြောင်း ပိုက်လိုင်းစောင့်ကြည့်ရေး အဖွဲ့များကဆိုသည်။ ဓာတ်ငွေ့ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်းပါ တည်ဆောက်ထားသည်။

တရုတ်စီမံကိန်းများတွင် လုပ်ကိုင်နေသော တရုတ်လူမျိုးများနှင့် ဒေသခံမြန်မာများအကြား မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားမှု များရှိနေသည်။

ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ် သို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်း၏ ကြားခံ စခန်းတခုတည်ရှိရာ အမ်းမြို့နယ်အတွင်း၌ တရုတ်တချို့နှင့် မြန်မာဒေသခံများအကြား ပြဿနာများ ဖြစ်ပွားကာ အဆောက်အအုံ တချို့နှင့် ဆီသိုလှောင် ကန်တခုကိုပါ မီးရှို့သည့် ဖြစ်ရပ်တခု ၂၀၁၃ ခုနှစ် အတွင်း ပေါ်ပေါက်ခဲ့သေးသည်။

ထိုသို့ဖြစ်ပွားရခြင်းသည်ပိုက်လိုင်းတွင်တာဝန် ထမ်းဆောင်နေပြီး တအိမ်တည်းတွင် အတူနေကြ သည့် တရုတ်-မြန်မာ ဝန်ထမ်းများအကြား မကျေနပ် မှုဖြစ်ပွားရာက စတင်ခဲ့သည်။ အပေါ်ထပ်တွင်နေ ထိုင်သည့် တရုတ်လူမျိုးများက အောက်ထပ်တွင် နေထိုင်သည့် မြန်မာအလုပ်သမားကို အပေါ်ထပ်မှ ရေသွန်ပစ်ချခြင်း၊ အညစ်အကြေးများ ပစ်ချခြင်း၊ စသည့်အပြုအမူများကို စဉ်ဆက်မပြတ် ပြုလုပ်လာခဲ့မှုအပေါ် ဒေါသထွက်၊ ပေါက်ကွဲရာမှ မီးရှို့သည်အထိ ဖြစ်ပေါ်ခဲ့သည်။

ထိုပြဿနာကြောင့်  မြန်မာ အလုပ်သမား ၂၀ ကျော်ကိုသာဖမ်း ဆီးထားပြီး ပြဿနာ စတင်မီးမွှေးခဲ့သည့် တရုတ်လူမျိုးများကို အရေးယူမှုမရှိသည့် အပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။

ထို့အတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်ရန်စီစဉ်နေသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရသေ့တောင်၊ မောင်တောဒေသ ကမ်းခြေတလျှောက် ရှာဖွေတူးဖော်ရန် ပြင်ဆင်နေ သည့် တိုက်တေနီယမ်သတ္တု တူးဖော်ရေး စီမံကိန်း တို့တွင်လည်း တရုတ်နိုင်ငံပါဝင်မှု လျှော့ချရန် ဒေသခံ များက လိုလားနေကြောင်းသိရသည်။ တိုက်တေနီ ယမ်စီမံကိန်းအတွက် တရုတ်ကုမ္ပဏီတခုကို ခွင့်ပြု ထားပြီးလည်းဖြစ်သည်။

တိုက်တေနီယမ် စီမံကိန်းတွင် တရုတ်နှင့် ပြိုင် ဆိုင်မည့် ဂျပန်ကုမ္ပဏီတခုအား ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ရာ စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

“တရုတ်တွေကို ဒေသခံတွေက လုံးဝမလိုလား ကြဘူး၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဒေသတွင်း မှာရှိတဲ့ တရုတ်စီမံကိန်းတွေဟာ ဒေသခံတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးပဲ ရစေတယ်လို့ ဆိုကြ တယ်၊ အဲဒါကြောင့် ဂျပန်ကုမ္ပဏီတချို့ကို တိုက်တေ နီယမ် ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပြီး လိုက်ပြတော့ စိတ်ဝင်စားမှုရှိတယ်၊ ဒါပေမယ့် အစိုးရ နဲ့တော့ ဆွေးနွေးရဦးမှာပါ” ဟု ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီကိုပြောသည်။

ချင်းပြည်နယ်အတွင်း အကောင်အထည်ဖော် မည့်ြွေမတောင် ဖားတောင် သတ္တုစီမံကိန်းတွင် တရုတ်ကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံမည်ကို ချင်းပြည်သူများက မလိုလားကြောင်း ချင်းအမျိုးသား ပါတီ (CPN) ၏ အထွေအထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘစ်ခ်ထောင်းက ဧရာဝတီကို ပြောသည်။

“တရုတ်ကုမ္ပဏီတွေကိုမလိုလားတာက ကျနော် တို့ဒေသကို တရုတ်ရဲ့အစိတ်အပိုင်း တခုဖြစ်သွားမှာ ကို စိုးရိမ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ နိုင်ငံထဲက တခြားနေရာတွေမှာ ဖြစ်နေတာတွေကို ကြည့်ပြီးပြောတာပါ” ဟု ၄င်းကဆိုသည်။

တရုတ်စီမံကိန်းကို ဘာကြောင့် ကန့်ကွက်ကြသလဲ

တရုတ်စီမံကိန်းများကို  ပြည်သူများက မလို လားခြင်းသည် စီမံကိန်းနှင့်ပတ်သက်၍ တာဝန် ယူမှုနည်းပါးခြင်း၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အပေါ် အလေးမထားခြင်း၊ စီမံကိန်းဧရိယာရှိ ပြည်သူများကို ရိုင်းစိုင်းစွာဆက်ဆံခြင်း၊ စီမံကိန်း တည်ရှိရာ ဒေသများမှ ပြည်သူများ၏ လူမှုဘဝများ တိုးတက်ပြောင်းလဲလာခြင်းမရှိဘဲ ပြဿနာမျိုးစုံ ဖြစ်ပွားနေခြင်းတို့ကြောင့် ဖြစ်သည်။

မြန်မာပြည်တဝန်း ဆန့်ကျင်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံတွင် ထပ်မံ ရင်းနှီး မြှုပ်နှံမည့် တရုတ်စီမံကိန်းများအတွက် စိန်ခေါ်မှု တခုလည်း ဖြစ်နေပေသည်။

တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဲ့သို့သော လောင်စာစွမ်းအင် စီမံကိန်းများကို မြန်မာပြည် တွင်းရှိ ပြည်သူများနှင့်နီးစပ်ရာ နေရာဒေသတချို့ တွင် တည်ဆောက်လည်ပတ်နေပြီဖြစ် သော်လည်း ထိုစီမံကိန်းများမှထွက်သည့် ဘေးထွက်ဆိုးကျိုး များကိုမူ စနစ်တကျ ဆောင်ရွက်ခြင်း၊ စွန့်ပစ်ခြင်း မရှိဟု သိရသည်။

တရုတ် CNPC ကုမ္ပဏီက ကျောက်ဖြူမြို့တွင် တည်ဆောက်ထားသည့် ရွှေသဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံမှ ထွက်ရှိသည့် ဓာတုပစ္စည်းများပါဝင် သော အညစ်အကြေး စွန့်ပစ်အရည်များကို သို လှောင်ကန်မှတဆင့် ပင်လယ်ပြင်ထဲသို့ ရေမြောင်း ဖောက်လုပ် စွန့်ပစ်လျက်ရှိသည်။

ပင်လယ်ထဲသို့ သွယ်တန်းထားသည့် စွန့်ပစ် ရေမြောင်းဘေးတွင် ဒေသခံများ အသုံးပြုနေသည့် ရေကန်သည် ယခုအခါ သောက်သုံးမရတော့ကြောင်း၊ ထို့အတူ ကျွဲ၊ နွားများ သောက်သုံးနေသည့် ချောင်းရေ သည်လည်း အဆိပ်အတောက်ဖြစ်စေသည့် ဓာတု အဆိပ်ငွေ့ပါ အရည်များကြောင့် အသုံးမပြုနိုင်တော့ ကြောင်း ဒေသခံများက ဧရာဝတီကိုပြောသည်။

“ဓာတုပစ္စည်းတွေပါတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပင်လယ်ထဲစွန့်ပစ်တာကို ဒေသခံတွေက ကန့်ကွက် တော့ ညဘက်တွေမှာ ခိုးပြီးစွန့်ပစ်တယ်။ စက်ရုံနား ကရွာတွေ သောက်သုံးနေတဲ့ရေကန် အသုံးမပြုနိုင် တော့ဘူး။ ပင်လယ်ထဲက ငါးတွေလည်း  အများအပြား သေကုန်ကြမှာပါ။ နောင်တနှစ် နှစ်နှစ်လောက်ဆိုရင် ဒီနားတဝိုက်မှာ ငါးတွေ မျိုးတုံးသွားနိုင်တယ်” ဟု ဒေသခံ ဦးခင်မောင်လှက ပြောသည်။

ကျောက်ဖြူ မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဓာတ်ငွေ့သန့်စင် စက်ရုံထွက်ဘေး ထွက်ဆိုးကျိုးများအား စနစ်တကျ စွန့်ပစ်မည့် အစီ အစဉ်များ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း လွှတ်တော်၌ မေးမြန်းခဲ့ရာ စနစ်တကျ စွန့်ပစ်နေကြောင်းသာ အစိုးရကဖြေဆိုခဲ့ပြီး အသေးစိတ် ဖြေဆိုခြင်းမရှိခဲ့ပေ။

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့်ဆက်စပ် ၍ ပြဿနာတခုခု ဖြစ်ပွားပါက မြန်မာ အစိုးရသည် တရုတ်စီးပွားရေး ကုမ္ပဏီများဘက်ကသာ ကာကွယ် ပေးလေ့ရှိသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ကန့်ကွက်နေဆဲဖြစ်သည့် ဒေသခံပြည်သူတချို့ကို ဇန်နဝါရီလအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး တရားစွဲ အရေးယူထားသည်။ တရုတ်စီမံ ကိန်းများကို စစ်အစိုးရ လက်ထက်မှ လက်ရှိ အရပ်သားအစိုးရအထိ ဆက်လက် ကာကွယ်ပေးနေသည်။

တရုတ်စီမံကိန်းများအတွက် အဖြေ

မြန်မာအစိုးရအနေဖြင့် တရုတ်စီမံကိန်းများကို  ပြန်လည် သုံးသပ်ရမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် နိုင်ငံနှင့် ပြည်သူအပေါ် ကျရောက်နိုင်သည့် ထိခိုက်မှုများကို စုံစမ်းဖော်ထုတ်ရမည် ဖြစ်သည်။ စုံစမ်းဖော် ထုတ်ချက်များအရ ဆက်လက်ဆောင် ရွက်သင့်သော တရုတ်စီမံကိန်းများကို ပြည်သူကို ချပြ၊ ပြည်သူ့ ဆန္ဒခံယူကာ ပြည်သူ၏ သဘောတူညီ ချက်ဖြင့် ပွင့်လင်းမြင်သာမှုရှိသော စာချုပ်များချုပ် ဆိုပြီး ဆောင်ရွက်သင့်သည်။ ပြည်သူနှင့် နိုင်ငံကို ထိခိုက်မည့် ဆက်လက်ဆောင်ရွက်ရန် မသင့်သော  တရုတ်စီမံကိန်းများကို  ထာဝရရပ်ဆိုင်းကြောင်း အစိုးရက ထုတ်ပြန်ကြေညာသင့်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း လက်ပံတောင်းဒေသခံများနှင့်တွေ့ဆုံစဉ်”တရုတ်ကို ကြောက်နေရတယ်” ဟုပြောဆိုမှုကဲ့သို့ သူရဲဘော ကြောင်သော စိတ်ဓာတ်များဖျောက်ဖျက်ထားရန် လိုပါသည်။

တရုတ်ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက် နေသော စီမံကိန်းများ မြန်မာပြည်သူများ ကိုယ် တိုင်ကြည်ကြည်ဖြူဖြူဖြင့်  ခွင့်ပြုမှု ရှိလာစေရေး အတွက် ဆောင်ရွက်နေသည့် စီမံကိန်းများကိုပြန် လည်သုံးသပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေ ရေး ၊ သဘာဝပတ်ဝန်းကျင်မထိခိုက်ရေးနှင့် ဒေသခံ ပြည်သူများ၏ အခွင့်အရေးများအပြည့် အဝရရှိစေ ရေးတို့ကို  နိုင်ငံတကာ ဥပဒေ၊ စံချိန်စံနှုန်းများနှင့် အညီ ဆောင်ရွက်သင့်သည်။

တရုတ်အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် တံခါးတခုအဖြစ်သုံးစွဲလိုသည့် ပထဝီဝင် နိုင်ငံရေး ဗျူဟာ၊ အမေရိကန်ပြည်ထောင်စုနှင့် အပြိုင် မြန်မာ နိုင်ငံကို ဩဇာလွှမ်းမိုးလိုသည့် မူဝါဒ တနည်းအား ဖြင့်ဆိုရသော် ကျွဲနှစ်ကောင်ကြားမှ မြေစာပင်နိုင်ငံ အဖြစ် သဘောထားသည့် ပေါ်လစီတို့ကိုစွန့်လွှတ်ပြီး စစ်မှန်သော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထူ ထောင် ရမည်ဖြစ်သည်။

သို့မှသာ မြန်မာနိုင်ငံတွင် နောင်အနာဂတ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တရုတ် စီမံကိန်းများအတွက် မြန်မာပြည်သူများကြည်ကြည် ဖြူဖြူ ခွင့်ပြုမှုနှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းမှုများ ပေါ်ပေါက်နိုင်မည်ဖြစ်သည်။

သာလွန်ဇောင်းထက်နှင့် ခင်ဦးသာ ပူးတွဲရေးသားသည်။
ဧရာဝတီ