အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၁) – ဗိုလ်နေဝင်း တက်လာခြင်း


 နိုင်ငံရေး, တပ်မတော်, ဗိုလ်ချုပ်ကြီး နေဝင်း, မဆလခေတ်, ဆိုရှယ်လစ်(ဒီဇိုင်း – ကာကြီး)

ပြီးခဲ့တဲ့ ရာစုနှစ် တဝက်လောက်ကာလမှာ မြန်မာနိုင်ငံကို သဘောထားတင်းမာပြီး အညှာအတာကင်းသူ နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစဉ်အဆက် အုပ်ချုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းက ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အတွေးအခေါ်တွေ လွှမ်းမိုးတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလရဲ့ ထုတ်ကုန် တခုဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာရှင်အုပ်ချုပ်ရေးနဲ့အတူ အောင်မြင်မှုမရခဲ့တဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ်ရဲ့  ထွက်ကုန်တခုပါ။

မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲဘော်တွေကလည်း အာဏာရှင်စစ်အစိုးရနဲ့ သူတို့ရဲ့ စိတ်ဓာတ်ရေးရာ အခြေခံကို ပုံဖော်ပေးခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့  နောက်ခံသမိုင်းနဲ့ လုပ်ဆောင်ချက်တွေကို ကောင်းကောင်း သိနားလည်ကြပါတယ်။ အတိုက်အခံတွေ ပြုလုပ်တဲ့တွက်ချက်မှု၊ ဆုံးဖြတ်ချက် အားလုံးဟာ ဒီအတိတ်သမိုင်းအပေါ်မှာ အခြေခံ စဉ်းစားပြီး ဆောင်ရွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ နောက်လိုက် ဗိုလ်ချုပ်တွေရဲ့ အတွေးအခေါ်ဘယ်လို ယိမ်းမယ်ဆိုတာ ဖော်ပြနေလို့ပါပဲ။ နောက်ပြီး အင်တိုက်အားတိုက် ပါဝင်နေသူပဲဖြစ်ဖြစ်၊ ထဲထဲဝင်ဝင် မသိဘဲ သရုပ်ခွဲနေသူဖြစ်ဖြစ်၊ မြန်မာ့အရေး စောင့်ကြည့်သူ ဘယ်သူမဆို နိုင်ငံကို ဒီနေ့အခြေအနေ ရောက်လာအောင် ပြောင်းလဲပစ်ခဲ့တဲ့ ဒီ အာဏာရှင်ကြီး နှစ်ယောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အကျွမ်းတဝင် ရှိထားသင့်ပါတယ်။


ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်

နာမည် မောင်ရှုမောင်လို့ ခေါ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းကို ရန်ကုန်မြို့မြောက်ဖက် မိုင် ၂၀ဝ လောက် အကွာမှာရှိတဲ့ ပဲခူးတိုင်း ပြည်ခရိုင်မှာ ၁၉၁၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အလယ်အလတ် အဆင့်အတန်းရှိတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ပြီး အမျိုးသား အထက်တန်းကျောင်းမှာ တက်ရောက် ပညာသင် ကြားခဲ့တယ်။ ကလေးဘဝတုန်းက သူဖြစ်ချင်ခဲ့တာက ဆရာဝန်ပါ။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ်တက်တဲ့ အချိန်မှာ စာကောင်းကောင်း မလိုက်နိုင်ခဲ့တဲ့အတွက် သူ့ရဲ့  ဆေးပညာအိပ်မက်တွေ ပျက်စီးခဲ့ရပါတယ်။ တက္ကသိုလ်က ထွက်ခဲ့ရပြီးတဲ့နောက် ကိုရှုမောင်ဟာ နေ့တိုင်းပဲ မြန်မာနိုင်ငံကို ဗြိတိသျှ လက်အောက်က လွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးရင်း အချိန်ကုန်တတ်တဲ့ ကျောင်းသားသူငယ်ချင်း တစုနဲ့အတူ ရန်ကုန်မှာပဲ ဆက်နေခဲ့ပါတယ်။

အဲဒီနောက်တော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနု၊ အတွင်းရေးမှူး ကိုအောင်ဆန်းတို့နဲ့အတူ ကိုရှုမောင်ဟာ အမျိုးသားရေး အဖွဲ့ အစည်းတခုဖြစ်တဲ့  ဒို့ဗမာအစည်းအရုံးဝင် သခင်ရှုမောင် ဖြစ်လာပါတယ်။

၁၉၄၁ ခုနှစ်မှာတော့ ကိုအောင်ဆန်းနဲ့ ကိုရှုမောင်ဟာ ဂျပန်နိုင်ငံမှာ စစ်ပညာသင်ကြားဖို့အတွက် “ရဲဘော်သုံးကျိပ်” လို့ လူသိများလာခဲ့တဲ့ လူငယ် ၃၀ ထဲမှာ ပါဝင်ဖို့ ရွေးချယ်ခံရပြီးတော့ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကို ဖွဲ့စည်းခဲ့ကြတယ်။ ရဲဘော် သုံးကျိပ်ဟာ မြန်မာနိုင်ငံထဲကို ပြန်လည်မဝင်ရောက်ခင် နာမည်ပြောင်းခဲ့ကြချိန်မှာ သခင်အောင်ဆန်းက “ဗိုလ်တေဇ”  ဆိုတဲ့နာမည်ကို  ရွေးချယ်ပြီး  သခင် ရှုမောင်က  တောက်ပလင်းလက်တဲ့  နေဝန်းလို့ အဓိပ္ပာယ်ရတဲ့ “ဗိုလ်နေဝင်း” ဆိုတဲ့ နာမည်ကို ခံယူခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ အငြင်းပွား ဖွယ်ရာမရှိ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်မှာ သူရဲ့နိုင်ငံရေးပြိုင်ဖက် တဦးဖြစ်သူ ဂဠုန်ဦးစောရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ နောက်မှာတော့ ဦးနု ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။ အဲဒီနှစ် မတ်လအတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (CBP) တောခိုသွားခဲ့ပြီး အနီရောင်ခေတ် (ကွန်မြူနစ်ခေတ်) ကို တည်ထောင်ဖို့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လိုက်တယ်။

အစိုးရတပ်ဖွဲ့တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ကြားမှာ  ပထမဆုံးတိုက်ပွဲဖြစ်ခဲ့တာက  ရန်ကုန် တောင်ဘက်က ပဲခူးမှာပါ။ မကြာခင်မှာပဲ တိုက်ပွဲတွေဟာ ကွန်မြူနစ်တွေ အခိုင်အမာ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ပျံ့နှံ့သွားပါတော့တယ်။  တချိန်တည်းမှာပဲ  ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် လက်နက်ကိုင်တော်လှန်ဖို့ အားထုတ်လာပါတယ်။

ဖြစ်တည်ခါစ မြန်မာ့တပ်မတော်ကလည်း ဖရိုဖရဲဖြစ်နေပြီး ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းနိုင်စွမ်းမရှိ ဖြစ်ခဲ့ရတယ်။ နယ်မြေ အမြောက်အမြား လက်လွှတ်ဆုံးရှုံးခဲ့ပြီး ကွန်မြူနစ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အင်အားက အစိုးရတပ်တွေထက် ပိုများနေပါတယ်။ ဗိုလ်နေဝင်း ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ဦးစီးချုပ်ဖြစ်လာတဲ့အခါ သူ့မှာ စစ်သား ၂၀ဝ၀ ပဲရှိတယ်။ မြန်မာပြည်ရဲ့ အမျိုးသား ရေးစိတ်ပြင်းထန်တဲ့ မျိုးချစ်လူငယ်အများစုက နိုင်ငံဟာ အန္တရာယ်ကြီးတဲ့ လမ်းကြောင်းကို ဦးတည်နေပြီလို့ တွေးခဲ့ကြပါတယ်။ ဒီကြားထဲ အခြေအနေကို ပိုပြီးဆိုးဝါးစေတဲ့ အကြပ်အတည်းအသစ် တခုကလည်း မြန်မာနိုင်ငံမြောက်ဖက်ပိုင်းကို ရောက်လာပါတယ်။ တရုတ်ပြည်ထဲမှာ ကွန်မြူနစ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသားရေးဝါဒီ ချန်ကေရှိတ်ရဲ့  ကူမင်တန် (KMT) တပ်ဖွဲ့တွေ ဆုတ်ခွာ ထွက်ပြေးရင်း နယ်စပ်ကို ဖြတ်ကျော်လို့ ရှမ်းပြည်နယ် အရှေ့ပိုင်းကို ဝင်ရောက်လာပါတယ်။ အမေရိကန်ထောက်လှမ်း ရေးအဖွဲ့  (CIA) ရဲ့  ကျောထောက်နောက်ခံ ရရှိထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ကူမင်တန် တပ်ဖွဲ့တွေဟာ ၁၉၄၉ ခုနှစ်မှာ အင်အား ၂၀ဝ လောက် ရှိရာကနေ ၁၉၅၂ မှာ ၁၂၀ဝ၀ အထိ ကြီးထွားလာခဲ့ပါတယ်။

သူတို့က တရုတ်-မြန်မာ နယ်စပ်တလျှောက် ကျိုင်းတုံနှင့် တာချီလိတ်အထိ အခြေချစခန်းတွေ တည်ထောင်တဲ့အပြင် အမျိုးအမည်မသိ လေယာဉ်တွေနဲ့ ရောက်လာတဲ့ လက်နက်နဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို လက်ခံယူနိုင်ဖို့ မိုင်းဆတ်မှာ လေတပ် စခန်းတစ်ခုလည်း တည်ဆောက်ထားခဲ့ပါတယ်။ မကြာခင်မှာပဲ ကူမင်တန်တပ်တွေဟာ သံလွင်မြစ် အရှေ့ဖက်ခြမ်းကို ထိန်းချုပ်ထားပြီး လက်နက်မပြည့်စုံတဲ့ မြန်မာအစိုးရတပ်တွေ၊ တရုတ်ကွန်မြူနစ်တပ်တွေနဲ့ ပြင်းထန်စွာ တိုက်ခိုက်လာပါတော့တယ်။ မြန်မာစစ်တပ်ရဲ့  “နဂါးနိုင်စစ်ဆင်ရေး” အပါအဝင် တွန်းလှန်အားထုတ်မှုတွေကို ကူမင်တန်တပ်တွေက ပစ်အားသာလွန်မှုနဲ့ လွယ်လွယ်ကူကူ ချေမှုန်းခဲ့ပါတယ်။

အစပိုင်းမှာ လူအင်အားနဲ့ အရင်းအမြစ် မပြည့်စုံမှုတွေ ရှိခဲ့ပေမယ့် တပ်မှူးဗိုလ်နေဝင်းမှာ စစ်တပ်တွေကို ဦးဆောင်နိုင်ဖို့အတွက် ကြီးမားတဲ့အစီအစဉ်တခု ရှိခဲ့ပါတယ်။ သူနဲ့ သူ့ရဲ့ အကြီးတန်းအရာရှိတွေဟာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း အပါအဝင် ကရင်အမျိုးသားတပ်မှူးတွေ၊ ဗြိတိသျှ လိုလားသူတွေနဲ့ တပ်ကို ထိထိရောက်ရောက် သစ္စာ မရှိဘူးလို့ ယူဆရသူ လုပ်ဖော်ကိုင်ဖက် အမြောက် အများကို တပ်ကနေ ထုတ်ပယ်လိုက်တယ်။ တပ်ချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်နေဝင်းဟာ သူဦးစီးတဲ့ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၄) က ငယ်ရွယ်တဲ့ အရာရှိ အများစုကို စစ်တပ်ရဲ့ ထိပ်ပိုင်းနေရာတွေမှာ ခန့်အပ် ခဲ့တယ်။

၁၉၅၁ ခုနှစ်မှာ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းဟာ သူ့ရဲ့ တပ်မှူးတွေနဲ့ ရန်ကုန်က စစ်ရုံးမှာ အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး ကူမင်တန် ကျူးကျော်သူများ၊ ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ရင်ဆိုင် တိုက်ခိုက်နိုင်ဖို့အတွက် စစ်တပ်ကို စနစ်တကျလေ့ကျင့်ပြီး လက်နက်တပ် ဆင်ထားတဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ စစ်တပ်တစ်ခု ဖြစ်လာအောင် အသွင်ပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းကို သစ္စာစောင့်သိတဲ့ အရာရှိတွေကလည်း အမိန့်အတိုင်း ဆောင်ရွက်ခဲ့ကြပြီး မြန်မာစစ်တပ်ကို လူရိုသေရှင်ရိုသေ စစ်တပ်တခု ဖြစ်အောင် အသွင်ပြောင်းခဲ့ပါတယ်။ သူတို့ရဲ့ ပြုပြင် ပြောင်းလဲရေးအစီအစဉ်မှာ စစ်တပ်ကို တိုးချဲ့နိုင်ဖို့ အတွက် လူသစ်စုဆောင်းရေးနဲ့ လေ့ကျင့်ရေးတို့ အပြင် ထိရောက်တဲ့ ထောက်လှမ်းရေးစနစ်ကို တည်ထောင်ဖို့၊ ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ ထူထောင်ဖို့၊  စစ်တပ်ရဲ့မူဝါဒတွေ ရေးဆွဲနိုင်ဖို့နဲ့ လက်နက်ထောက်ပံ့ရေး ကိစ္စတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဦးနေဝင်းနဲ့  သူ့ရဲ့အရာရှိတွေဟာ ပြည်သူတွေ၊ လက်နက်ကိုင် တော်လှန်သူတွေ၊ ကွန်မြူနစ် လိုလားသူတွေကို စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိုင်ဖို့အတွက်  စိတ်ဓာတ်စစ်ဆင်ရေးဌာနတခု  တည်ထောင်ဖို့လည်း သဘောတူခဲ့ကြတယ်။ ၁၉၅၂ ခုနှစ်မှာ တရားဝင်ပေါ်ပေါက်လာခဲ့တဲ့ စိတ်ဓာတ်စစ်ဆင် ရေးဌာနကို ဒုတိယဗိုလ်မှူးကြီး ဘသန်းက ဦးစီးပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေး ဌာနဟာ မှန်မှန် ဖွံ့ဖြိုးလာခဲ့ပြီးတော့ စီမံကိန်း အမြောက်အများကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ တပ်မတော် မော်ကွန်းတိုက်ကို တည်ထောင်တာ၊ ယဉ်ကျေးမှုပွဲတွေ၊ ရေဒီယိုအသံလွှင့် အစီအစဉ်တွေကို ထောက်ပံ့ပေးတာတွေ အပြင် နိုင်ငံတလွှားမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာမျိုးတွေလည်း လုပ်ခဲ့တယ်။ အစိုးရဆန့်ကျင်ရေး ရေးသားထုတ်ဝေမှုများကို တုံ့ပြန်ဖို့ မြဝတီမဂ္ဂဇင်းကို ထုတ်ဝေခဲ့ရာမှာ ယနေ့ခေတ်အထိ ဆက်လက် တည်ရှိနေပြီးတော့ လက်ရှိ စစ်အစိုးရလက်ထက်မှာတော့ ကိုယ်ပိုင်ရုပ်မြင်သံကြား  အစီအစဉ်တွေပါ ထုတ်လွှင့်နိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းဟာ စိတ်ဓာတ်စစ်ဆင်ရေး ဌာနမှာ တာဝန်ထမ်းဆောင်ဖို့ ကွန်မြူနစ်ဟောင်းတွေ ဖြစ်တဲ့ ဦးစောဦးနဲ့ ဦးချစ်လှိုင်ကို ခေါ်ယူခဲ့ပါတယ်။ ဦးစောဦးဟာ အလံဖြူကွန်မြူနစ် ခေါင်းဆောင် သခင် သန်းထွန်းရဲ့ သစ္စာရှိတဲ့ နောက်လိုက် တယောက် ဖြစ်ပါတယ်။ အစိုးရကို လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး ၁၉၅၀ အစောပိုင်းနှစ်တွေမှာ လက်နက်ချခဲ့ပါတယ်။

ဦးချစ်လှိုင်ကတော့ ဗုဒ္ဓဘာသာ အတွေးအခေါ်ကိုရော မာ့က်စ်ဝါဒကိုပါ ယုံကြည်သက်ဝင်သူဖြစ်ပြီး ကွန်မြူနစ်ပါတီရဲ့ “အလံနီအဖွဲ့” ခေါင်းဆောင် သခင်စိုးရဲ့  အမာခံ နောက်လိုက်တဦးလည်း ဖြစ်ပါ တယ်။ မာ့က်စ်ဝါဒ အတွေးအခေါ်တွေကို ဂျပန်ခေတ်အတွင်းနဲ့  ၁၉၅၀ အစောပိုင်း နှစ်တွေအတွင်း ဥရောပမှာ ခရီးလှည့်လည်စဉ် လေ့လာခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ပါရီနဲ့မော်စကိုမြို့မှာ တလှည့်စီ နေထိုင်ခဲ့ပါတယ်။ ဦးစောဦးနဲ့ ဦးချစ်လှိုင်ဟာ အရပ်သားတွေ ဖြစ်နေပေမယ့် ဦးစောဦးရဲ့ ရာထူးဟာ စစ်ဖက် ဒုတိယဗိုလ်မှူးကြီးနဲ့ အဆင့်အတန်းတူပြီး ဦးချစ်လှိုင်ရဲ့ ရာထူးကတော့ ဗိုလ်မှူးရာထူးနဲ့ ညီမျှပါတယ်။

၁၉၅၂ ခုနှစ် ဇန်နဝါရီလမှာ ဗိုလ်ကြီးဘသောင်း ဦးဆောင်တဲ့ နယ်လှည့် စိတ်ဓာတ်စစ်ဆင်ရေး အဖွဲ့ တခုဟာ ကွန်မြူနစ်လိုလားသူတွေနဲ့ ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ ကျောက်ဆည်မြို့မှာ စစ်ဆင်ရေး အစီအစဉ်တခု ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ကြီး ဘသောင်း ကျောက်ဆည်ဒေသမှာ ၂ လကြာ နေထိုင်ခဲ့စဉ်အတွင်း ထောင်ပေါင်းများစွာသော ဝါဒ ဖြန့်ချိရေး လက်ကမ်းစာစောင်တွေ၊ ကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်ရဲ့ ခြိမ်းခြောက်မှုနဲ့ တိုင်းပြည်တည်ငြိမ်မှု ကင်းမဲ့နေပုံတွေကို သရုပ်ဖော်ရေးဆွဲထားတဲ့ ကာတွန်းတွေကို ဖြန့်ဝေခဲ့ပါတယ်။ အစိုးရ မှတ်တမ်းမှတ်ရာတွေအရ ၁၉၅၂ ခုနှစ်နဲ့ ၁၉၅၃ ခုနှစ်အတွင်းမှာ နယ်လှည့် စိတ်ဓာတ်စစ်ဆင်ရေးအဖွဲ့က မြန်မာ နိုင်ငံတလွှားမှာ လက်ကမ်းစာစောင် ၁၁၅၀ဝ၀ဝ စောင် ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဘသောင်း ကျောက်ဆည်မှာ စစ်ဆင်ရေး ဆောင်ရွက်နေတဲ့အချိန်မှာပဲ ကျောက်ဆည် အစိုးရ အထက်တန်းကျောင်းက တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး မြို့နီးချင်း မိတ္ထီလာစာတိုက်မှာ စာရေးလုပ်နေတဲ့ အသက် ၂၀ အရွယ် လူငယ် တယောက်ဟာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၉ ကို တက်ရောက်ဖို့ စာရင်းသွင်းခဲ့ပါတယ်။ ဗိုလ်သင်တန်း အတူတက်ခဲ့သူတွေ ပြန်ပြောတဲ့ အတိုင်းဆိုရင် သူဟာ အပတ်စဉ် ၉ ရဲ့ အသက်အငယ်ဆုံး သင်တန်းသား ဖြစ်ပါတယ်တဲ့။

တခါတလေမှာ  ကွမ်းစားနေတတ်တဲ့ အဲဒီ လူငယ်ဟာ နည်းနည်း ငြီးငွေ့စရာကောင်းတဲ့ နှုတ်နည်းသူတယောက်ဖြစ်ပြီး ထူးချွန်တဲ့သင်တန်းသား တယောက်မဟုတ်ခဲ့တာ  သေချာပါတယ်တဲ့။  ဒီ ဗိုလ်လောင်းလေးရဲ့ နာမည်ကတော့ မောင်သန်းရွှေ ဖြစ်ပါတယ်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။
ဧရာဝတီ သတင်း

သံမဏိလိပ်ပြာရဲ့ အိပ်မက်ထဲက စစ်သားကြီး

လင်းလင်းရဲ့ “သံမဏိလိပ်ပြာ” အယ်လ်ဘမ်

ဂီတဟာ လူသားတို့အတွက် ဖျော်ဖြေမှုသက်သက်သာမက ဘဝရဲ့ စိတ်ဓာတ်ခွန်အားကိုပါ ရစေနိုင်တဲ့ အနုပညာရပ် တခုဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဖျော်ဖြေမှု သက်သက်ပဲဖြစ်ဖြစ်၊ စိတ်ဓာတ် ခွန်အားကို ရစေလို့ပဲဖြစ်ဖြစ် အနုပညာရပ်တွေထဲမှာ ဂီတဟာ လူနဲ့အနီးစပ်ဆုံး အနုပညာရပ် တခုဆိုတာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း တေးသီချင်းပေါင်း မြောက်များစွာဟာ လူထုကြားထဲမှာ ခေတ်အဆက်ဆက် စီးမျောသက်ဝင် ရှင်သန်နေခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီ တေးသီချင်းပေါင်း မြောက်များစွာထဲက လူထုရဲ့ရင်မှာ သူ့အကြိုက် ကိုယ့်အကြိုက်အပေါ် မူတည်ပြီး စွဲထင်ကျန်ရစ်စေခဲ့တဲ့ တေးသီချင်းတွေနဲ့ တေးအယ်ဘမ်ပေါင်းမြောက်များစွာဟာလည်း ခေတ်အဆက်ဆက် ရှင်သန်နေဆဲဖြစ်သလို၊ အဲဒီလို တေးသီချင်းကောင်းတွေကို ဖန်တီးနေတဲ့ ဂီတအနုပညာရှင်တွေ ဟာလည်း ခေတ်အဆက်ဆက်မှာ ပေါ်ထွက်လာနေတုန်းပဲ ဖြစ်ပါတယ်။

အဲဒီလို သူ့ခေတ် သူ့အခါအလိုက် ပေါ်ထွက်လာနေတဲ့ တေးအယ်လ်ဘမ်တွေထဲမှာ ၂၁ ရာစု ခေတ်ကာလရဲ့ ဂီတ ကြယ်တပွင့်ဖြစ်တဲ့ လင်းလင်းရဲ့ တတိယမြောက် တကိုယ်တော် အယ်လ်ဘမ် “သံမဏိ လိပ်ပြာ” ဟာ လင်းလင်းရဲ့  ဂီတ မှတ်တိုင် အတွက်သာမက  လူထုရဲ့ နှလုံးသားမှာပါ စွဲထင်ကျန်ရစ်နေ စေခဲ့တဲ့ အယ်လ်ဘမ်တချပ် အဖြစ် ဒီကနေ့ ဂီတ လောကမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီလို စွဲထင် ကျန်ရစ်စေခဲ့တဲ့ အကြောင်းကတော့ အဲဒီတေး အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်းပုံစံတွေနဲ့ အကြောင်းအရာတွေဟာ ဒီကနေ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေ ရှိနေခဲ့လို့ပဲ ဖြစ်ပါတယ်။

အဲဒီ “သံမဏိလိပ်ပြာ” အယ်လ်ဘမ်မှာ လင်းလင်းကိုယ်တိုင် ရေးဖွဲ့ထားတဲ့ သီချင်း ၉ ပုဒ်နဲ့အတူ လင်းလင်းနဲ့ ဇဝါ အတူတွဲရေးထားတဲ့ သီချင်း ၁ ပုဒ် အပါအဝင် သီချင်းအသစ် ၁၀ ပုဒ် ပါဝင်ပြီး “နွေအိပ်မက်” သီချင်းကို Bonus Track  အဖြစ် Version ပြောင်းကာ ပြန်လည် ထည့်သွင်းပေးထားပါသေးတယ်၊ Bonus Track သီချင်းအပါအဝင် အဲဒီ အယ်လ်ဘမ် ထဲက သီချင်း ၁၁ ပုဒ်စလုံးဟာ Music Style အားဖြင့် ထူးခြားတဲ့ သီချင်းကောင်း လေးတွေ ဖြစ်တဲ့အပြင် အကြောင်းအရာ အားဖြင့်လည်း အားကောင်းတဲ့ စကားလုံးတွေ ပါဝင်တာကို တွေ့ရပါတယ်။

အဲဒီသီချင်း ၁၁ ပုဒ်ထဲမှာမှ Music Style ကော၊ စာသားအကြောင်းအရာပါ ထူးထူးခြားခြားနဲ့ စွဲမက်ဖွယ် ဖြစ်စေခဲ့တဲ့ သီချင်းကတော့ “အိပ်မက်ထဲက စစ်သားကြီး” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ အဲဒီ သီချင်းကိုမှ ဘာကြောင့် စွဲမက်ခဲ့ရသလဲ ဆိုတော့။

အယ်လ်ဘမ် တချပ်ရဲ့ အဖွင့်သီချင်းတွေဟာ အဲဒီ အယ်လ်ဘမ်ကို စနားထောင်မိတဲ့သူရဲ့ ရင်ကို ဖမ်းစားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း နောက်က သီချင်းတွေကို ဆက်ပြီးနားထောင်ဖို့ ဆန္ဒရှိလာမှာ မဟုတ်လား။ ဒါကြောင့်လည်း လင်းလင်းက နားဆင်သူရဲ့ ရင်ကို သေချာပေါက် စွဲမက်နိုင်မယ့် “မော်ဒန်ကဗျာ” သီချင်းကို အယ်လ်ဘမ်ရဲ့ အဖွင့် သီချင်းအဖြစ် နေရာပေးခဲ့ပုံ ရပါတယ်။ ဒါကြောင့် အဲဒီအယ်လ်ဘမ်ကို ဆက်နားထောင်ဖြစ်တဲ့ အခါ ၄ ပုဒ်မြောက်ဖြစ်တဲ့ “အိပ်မက်ထဲက စစ်သားကြီး” သီချင်းကို ရောက်တဲ့နေရာမှာတော့ စစ်ပွဲတပွဲရဲ့ အနိဋ္ဌာရုံကို နိမိတ်ပုံပြုတဲ့ ပစ်သံ ခတ်သံတွေကို Sound Effect  ပုံစံနဲ့ အစပြုထားပုံက အဲဒီသီချင်းအပေါ် နားဆင်ခံစားသူရဲ့ အာရုံကို ပထမဆုံး ဖမ်းစားလိုက်နိုင်တဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။

Sound Effect  အပြီးမှာ Guitar, K.B, Drum, Instrument  သုံးခုရဲ့ အချိတ်ဆက်မိလှတဲ့ Music Scale တွေနဲ့ Intro ကို အသက်သွင်းထားပုံကလည်း ထူးကဲတဲ့ သီချင်းပုံစံအဖြစ် ပေါ်လွင်စေခဲ့တဲ့ အကြောင်းတရပ် ဖြစ်ခဲ့ပါတယ်။

Intro အပြီးမှာ ပထမ Verse အပိုဒ်ကို ဝင်ဖို့ ကြားခံပေးသွားတဲ့ Piano Mood ပုံစံက Intro ရဲ့ Tempo ကို သေသပ်လှပစွာ လျှော့ချပေးနိုင်ခဲ့ပြီး Expression အားကောင်းတဲ့ လင်းလင်းရဲ့ Vocal High Tone နဲ့ စကားလုံး တွေကလည်း ဒီသီချင်း အပေါ်ပိုပြီး အာရုံရလာစေဖို့ စွဲဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အဲဒီသီချင်း တပုဒ်လုံးရဲ့ Chord Phrasing တည်ဆောက် ချိတ်ဆက်ပုံတွေ လှပနေတာကို သတိထားမိပြီး …။

“လူကို လူလူချင်းသတ်ဖို့ သူလေစစ်သားကြီး ဖြစ်ချင်တယ်”

“လူကို လူလူချင်းသတ်ဖို့ ပညာတွေသင်ကြားသလား မေးစရာပါ” ဆိုတဲ့ စကားလုံးတွေကလည်း နားဆင်ခံစားသူရဲ့ ရင်ကိုပိုပြီး ထိရှစေခဲ့ပါတယ်။

Verse အပိုဒ်တွေမှာ Backing အနေနဲ့နောက်က အားဖြည့်ပေးသွားတဲ့ Piano Mood ကလည်း သီချင်းကို ပိုမို သက်ဝင်လှပစေခဲ့ပြီး Chorus အပိုဒ်နဲ့ ချိတ်ဆက်ဖို့  သီချင်း Tempo ကို မြှင့်ပေးသွားတဲ့ စတိုင်လ်ကလည်း ဒီသီချင်းရဲ့ အားသာချက်တခု ပဲဖြစ်ပါတယ်။

Tempo မြင့်လာတဲ့ Chorus အပိုဒ်မှာ လင်းလင်းရဲ့ Expression ပါတဲ့ Vocal High Tone ကသီချင်း Tempo နဲ့ ဟာမို နီဖြစ်လှပြီး “တို့တွေပြေး လိုက် … တို့တွေရပ်လိုက် … ဗုံးခိုကျင်းထဲတို့တွေ ဝပ်လိုက် … တောတောင်ကြားထဲ သေနတ်ကို ထမ်းပြီး လမ်းလျှောက်တုန်းမှာ ရုတ်တရက် လန့်နိုးခဲ့ပါတယ် … အိပ်မက်ထဲက စစ်သားကြီးပါကွယ်” ဆိုတဲ့ စကားလုံး တွေကလည်း တောတောင်တွေ ကြားထဲက စစ်သားတယောက်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို မြင်ယောင် ခံစားလာမိ စေပါတယ်။

ဒီသီချင်းအပေါ် အဓိက စွဲဆောင်နိုင်ခဲ့တဲ့ အချက်ကတော့ Chrous အပိုဒ်အပြီးမှာ Solo အနေနဲ့ ဖန်တီးပေးထားတဲ့ အားကောင်းလှတဲ့ K.B Solo နဲ့ San Win Aung ရဲ့ မှော်ပါတဲ့ Guitar Solo တွေ ကြောင့်ပဲဖြစ်ပါတယ်။

သီချင်းအများစုမှာ တွေ့ရလေ့ရှိတဲ့ ပုံစံအတိုင်း ဒီသီချင်းမှာလည်း  Solo အပြီးမှာ တတိယ Verse အပိုဒ်ကိုရှေ့က Verse တွေရဲ့ Flow အတိုင်း ဖန်တီးထားပါတယ်။ ဒီသီချင်းမှာ စကားလုံးတွေ ဖောင်းပွနေသယောင် ထင်ရပေမယ့် ထိမိတဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အကြောင်းအရာအားဖြင့် အားကောင်းမှုရှိတာကို တွေ့ရပါတယ်။

အထူးသဖြင့် တတိယ Verse အပိုဒ်ရဲ့ အဆုံးသတ်မှာ “လူကို လူလူချင်းသတ်တာ ဘယ်ဘာသာမှ အားမပေးပါဘူးကွယ်” ဆိုတဲ့ စကားလုံးတွေဟာ ယနေ့ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ လူအချင်းချင်း ကိုယ်ချင်းစာနာမှု ကင်းမဲ့စွာ နှိပ်စက်ကလူ ပြုနေမှုတွေနဲ့ လူအချင်းချင်း မတရား မညှာမတာ သတ်ဖြတ် နေမှုတွေအပေါ် သတိသံဝေဂ ရစေဖို့ မီးမောင်းထိုး ပြထားသလို ဖြစ်ခဲ့တာကြောင့် နားဆင်သူ ရင်ကို စူးစူးနင့်နင့်ဖြစ်စေခဲ့ပြီး ဒီသီချင်းအပေါ် ပိုမိုစွဲငြိစေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီသီချင်းရဲ့ စ၊ လယ်၊ ဆုံးတပုဒ်လုံးကို  ခြုံငုံသုံးသပ်ရရင် သီချင်းရေးဖွဲ့မှု အတတ်ပညာ၊ စကားလုံး အကြောင်းအရာ၊ အဆိုပါးနပ်မှုနဲ့ ဖန်တီး တီးခတ်မှု Arrangement  ပိုင်း စတဲ့ ကဏ္ဍလေးခုစလုံးက သူ့အနှစ်သာရနဲ့သူ အချိတ်အဆက် မိမိနဲ့ ပြီးပြည့်စုံနေတာမို့ ဒီအယ်လ်ဘမ်ရဲ့ သီချင်း တွေအားလုံးထဲမှာ “အိပ်မက်ထဲက စစ်သားကြီး” သီချင်းက နားဆင်သူ ပရိသတ်ရဲ့ရင်ကို ပိုပြီး စွဲစွဲထင်ထင် ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း “အိပ်မက်ထဲက စစ်သားကြီး” သီချင်းဟာ ခေတ်အဆက်ဆက် ဂီတရေစီးကြောင်းထဲမှာ ထာဝရ သက်ဝင်လှုပ်ရှား စီးဆင်းနေလိမ့်ဦးမယ်လို့ ခံစားယုံကြည်မိပါတယ်။

ဒါ့အပြင် ဒီအယ်လ်ဘမ်ရဲ့ Title သီချင်းဖြစ်တဲ့  “သံမဏိလိပ်ပြာ” သီချင်းဟာလည်း အမေစု (ဒေါ် အောင်ဆန်းစုကြည်) ကို ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ Melody ရော၊ စာသားအကြောင်းအရာ ပိုင်းမှာ ဆန်းသစ်ထူးခြားတဲ့ သီချင်းကောင်းလေး တပုဒ်ဖြစ်သလို၊ “Dath of Mandalay” ကို Piano Only တီးခတ်ပြီး ထည့်သွင်းပေးထားတဲ့ စိတ်ကူးကလည်း ဒီအယ်လ်ဘမ်ကို တမူထူးခြား ဆန်းသစ်စေတဲ့ အချက်ပဲဖြစ်ပါတယ်။ နားဆင်ခံစားသူရဲ့ရင်ကို ရသတမျိုး ပေးစွမ်းနိုင်ခဲ့ပြီး Piano လက်သံကလည်း စွဲမက်စရာ ဖြစ်ခဲ့ပါတယ်။

နောက်ထူးခြားချက်တခုက ဒီအယ်လ်ဘမ်ကို Dream Lover Brand နဲ့ တီးခတ်ထားပြီး Arrangement ပိုင်းကိုလည်း နာမည်ရ Brand ကြီး တခုလို သေသေသပ်သပ် တီးခတ် ပုံဖော်ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအယ်လ်ဘမ်ထဲက တချို့ သီချင်းတွေဖြစ်တဲ့ “ရောင်နီ၊ တန်ဖိုးများနဲ့လူ၊ မော်ဒန်ကဗျာ၊ အချစ်ရဲ့ ဆုလဒ်၊ လူငယ်တမ်းချင်း” စတဲ့ သီချင်းတွေဟာလည်း ဒီအယ်လ်ဘမ်ရဲ့ ထူးခြားတဲ့ သီချင်းကောင်းလေးတွေ အဖြစ် ပါဝင်နေတာမို့ လင်းလင်းရဲ့ “သံမဏိလိပ်ပြာ” အယ်လ်ဘမ်ဟာ ဂီတချစ်သူများရဲ့ ဂီတစင်မြင့် တနေရာမှာ တခုတ်တရ သိမ်းဆည်း နားဆင်သင့်တဲ့ အယ်လ်ဘမ်တချပ် ဖြစ်ပါကြောင်း ညွှန်းဖွဲ့ဖော်ပြလိုက်ပါတယ်။

တစုံတရာ မှားယွင်းမှုရှိခဲ့ရင် ခွင့်လွှတ်နားလည် ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဧရာဝတီ သတင်း

နောင်ချိုတွင်ထင်းခုတ်မှု မြင့်မားနေ၍ တားဆီးရန် လိုအပ်နေ


နောင်ချို၊ ဇန်န၀ါရီ ၈။

နောင်ချိုမြို့တွင် ထုံး၊မီးသွေးဖုတ်ရန် ထင်းအဖြစ် သစ်ပင်များခုတ်လှဲ အသုံးပြုနေသောကြောင့် ရာသီဥတုများ ဖောက်ပြန်ကာလေပြင်းတိုက်ခတ်ခြင်းများ မကြာခဏဖြစ်နေ၍ သစ်ပင်ခုတ်ခြင်းများကို တာဝန်ရှိသူများမှ တားဆီးရန် လိုအပ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့မြို့က အရင်တုန်ကဆို အေးအေးချမ်းချမ်းရှိတဲ့မြို့လေးပါ၊ အရင်နှစ်တွေကလဲ လေပြင်းတိုက်ပါတယ် အပျက်ဆီးဆုံးရှုံးတာ သိမ်မရှိဘူး၊ မနှစ်ကလေပြင်းတိုက်သွားတာဗျာ အိမ်တွေဆို ပျက်လိုက်တာ အရမ်းပဲ ကျွန်တော်တို့တွေ ဘဲကယ်ဆယ်ရေး လုပ်ပေးရတာပေါ့၊ နောက်ပြီး အဲ့ဒီနှစ်မှာပဲ ရေကလဲရှားသွားသေးတယ်၊ ဒါကိုလေ့လာကြည့်လိုက်တော့ မြို့ပတ်ဝန်းကျင်မှာ လေကာတဲ့ သစ်ပင်ကြီးတွေက မရှိတော့ဘူးလေ၊ ဒါနဲ့ကျွန်တော်တို့တေ အဖွဲ့လေးဖွဲ့ပြီးတော့ သစ်ပင်ပြန်စိုက်တယ်ပေါ့ဗျာ၊ စိုက်တာအပင်ပေါင်း နှစ်သောင်းကျော်ရှိသွားပါပြီ။ ဒါပေမယ့်ဗျာစိုက်တဲ့ အရေအတွက်နဲ့ ခုတ်တဲ့အရေအတွက်က ဆယ်ဆတစ်ဆဖြစ်နေတာပေါ့၊ ထုံး၊ မီးသွေးဖုတ်ဖို့ ခုတ်တာပါဗျာ”ဟု (အင်းစိမ်းမြေ)သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးမှ ဥက္ကဋ္ဌ ကိုအောင်ကျော်စိုးက ပြောသည်။

၎င်းထုးံ၊ မီးသွေးဖုတ်လုပ်ကိုင်သူများကို လိုင်စင်အနေဖြင့် ချထားပေးပြီး ထင်းခုတ်စေခြင်းဖြစ်သောကြောင့် လိုင်စင်မဲ့ ခုတ်နေသူများကိုလဲ တာဝန်ရှိသူမှားမှ ထိရောက်စွာ အရေးယူသင့်ကြောင်း “အခုမြို့မှာက ထုံးဖုတ်ဖို့ကို ပါမစ်တွေချထားပေးပါတယ် အဲ့ဒီနောက်မှာက ထင်းခုတ်တဲ့ပါမစ်ကိုပါ ပူးတွဲချထားပေးလိုက်တော့ ထုံးဖုတ်တဲ့သူတွေက လိုင်စင်ရှိတယ်ဆိုပြီးတော့ တစ်ဖိုအတွက်ဆိုပြီး ဆယ်ဖိုစာလောက်ခုတ်ယူနေတော့ ဘယ်မှာလာပြီး သစ်ပင်က ရှိတော့မှာလဲ သစ်ပင်တွေမရှိတော့ တိုက်လာတဲ့လေကို ဘယ်ဟာက ကာထားပေးတော့မှာလဲဗျာ၊ နွေရောက်ရင်လဲ ရေကပြတ်ရော ဒီအတိုင်းဆက်ခုတ်နေမယ်ဆိုရင်တော့ ဒီမြို့ကတော့ သေချာပေါက်ပျက်မှာပဲ၊ ခွင့်ပြတဲ့ သူတွေက ၀န်ထမ်းဖြစ်တော့ အချိန်တန်ရင်၊ တာဝန်ပြီးရင် သူတို့နေရပ်ကို ပြန်သွားကြမှာ၊ ဒုက္ခတွေကိုခံပြီး ကျန်ခဲ့မှာက နောင်ချိုမြို့သူ၊မြို့သားတွေပဲ ဆိုတော့ မြို့ခံတွေက စုပေါင်းကာကွယ်သင့်ပါတယ်”ဟု မြို့မိမြို့ဖတစ်ဦးက ပြောသည်။

အဆိုပါထုံး၊ မီးသွေးဖုတ်ရန်အတွက် ထင်းခုတ်သူမျာသည် မူလကတောထဲ ယင်းနောက်တောင်ယာများ၊ ယခုအခါ ရွာထဲ၌ ရှိသည့် ညောင်ပင်ကြီးများကိုပါ ထင်းအဖြစ် အသုံးပြုရန် ခုတ်လှဲနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စိုးမင်းနိုင်
The Myanma Age

ဓာတု လက်နက်တင်သင်္ဘော ဆီးရီးယားက ထွက်ပြီ

သင်္ဘော အီတလီကို ခုတ်မောင်း သွားပြီ

ဆီးရီးယား ဓာတု လက်နက် ဖျက်သိမ်းရေး အတွက် နိုင်ငံ တကာ သဘော တူညီမှု အရ ပထမဆုံး ထုတ်ယူ လာနဲ့ ဓာတု လက်နက် တွေ တင်ဆောင် လာတဲ့ သင်္ဘော ဆီးရီးယား က ထွက်ခွာ လာပါပြီ။

ဆီးရီးယား နိုင်ငံ Latakia ဆိပ်ကမ်း က ကွန်တိန်နာ သေတ္တာ ၉ လုံးနဲ့ ဒိန်းမတ် ကုန်သင်္ဘော တစင်း ပေါ်ကို တင်ပေး လိုက်တယ်လို့ ဓာတု လက်နက် ပိတ်ပင်ရေး အဖွဲ့က လေ့လာ စောင့်ကြည့်သူ တွေက ဆိုပါတယ်။

ဒီသင်္ဘော ကမ်းက ခွာသွားပြီလို့ ကုလ သမဂ္ဂ ပြောခွင့်ရ Farhan Haq က အတည်ပြု ပြောကြား ပါတယ်။

သင်္ဘော ကို ဒိန်းမတ် ၊ နော်ဝေး၊ ဆီးရီးယား ၊ ရုရှနဲ့ တရုတ် ရေတပ် သင်္ဘော တွေက လိုက်ပါ စောင့်ကြပ် ပေးနေပါတယ်။

ဒီသင်္ဘောကို အီတလီကို ခုတ်မောင်း သွားပြီး အဲဒီမှာ အမေရိကန် ရေတပ် သင်္ဘောက နိုင်ငံ တကာ ရေပိုင်နက်ထဲ သယ်ယူ ဖျက်ဆီး ပစ်မှာ ဖြစ်ပါတယ်။

ဆီးရီးယား စစ်သွေးကြွ စစ်ကြေညာ

ISIS အဖွဲ့ က ဆီးရီးယား ညွန့်ပေါင်းကို စစ်ကြေညာ

ISIS လို့ခေါ်တဲ့ အီရတ်နဲ့ မြေထဲ ပင်လယ် အရှေ့ခြမ်း အစ္စလာမ္မစ် သမ္မတ နိုင်ငံ အဖွဲ့က အယ်ခိုင်းဒါး အနွယ် စစ်သွေးကြွ တွေက သူတို့ကို မထောက်ခံတဲ့ ဆီးရီးယား အတိုက်အခံ အုပ်စု တွေကို တိုက်ခိုက်ဖို့ သူတို့ နောက်လိုက် တွေကို တောင်းဆို လိုက်ပါတယ်။

ဆီးရီးယား အမျိုးသား ညွန့်ပေါင်း ကို စစ်ကြေညာ လိုက်ပြီလို့ ISIS အဖွဲ့က ပြောပါတယ်။

မကြာခင် ကပဲ တခြား အစ္စလာမ္မစ် အုပ်စုက ခေါင်းဆောင် ဖြစ်တဲ့ Mohammed al-Golani က အပစ်အခတ် ရပ်စဲရေး ရဖို့ တောင်းဆို ခဲ့ပါသေးတယ်။

ဒီလို တောင်းဆို ခဲ့ပေမယ့် ပစ်ခတ်မှု ရန်ပွဲ တွေက ဆက်လက် ဖြစ်ပွားနေတယ် လို့ သတင်းများ ရရှိ ပါတယ်။

ISIS စစ်သွေးကြွ တွေက ဖမ်းထားတဲ့ ဓားစာခံ ၅ဝ လောက်ကို သတ်ပစ်လိုက်ပြီး သေသူ တွေထဲမှာ ဆေးဘက် လုပ်သားတွေ၊ ဒေသခံ သတင်းထောက် တွေနဲ့ ပြိုင်ဘက် သူပုန်တွေ ပါတယ်လို့ အလက်ပိုက အတိုက်အခံ လှုပ်ရှားသူတွေက ဆိုပါတယ်။

အစ်ဒလစ်ဘ် ခရိုင်က ပြင်းထန်တဲ့ တိုက်ပွဲတွေ အပြီးမှာတော့ ISIS စစ်သွေးကြွ ၃ဝ ကျော်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ် လို့ သိရပါတယ်။


ချင်းပြည်နယ်ပညာရေး အရေးတကြီး ဦးစားပေးဖို့ ဒေါ်စုနှိုးဆော်


ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်သို့ ထွက်ခွာစဉ်။
မြန်မာနိုင်ငံမှာ လမ်းပန်းဆက်သွယ်မှု အခက်ခဲဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ်အတွင်းမှာ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား ဦးစားပေး လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်ရှိနေတဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း အဲ့ဒီလို ပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မဆုမွန်က တင်ပြထားပါတယ်။

ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ ချင်းပြည်နယ်တွင်း စာသင်ကျောင်းတွေ ပိုမို ဖွင့်လှစ်ပြီး ပညာရေးမြင့်မားအောင် ဆောင်ရွက်ဖို့နဲ့ ပညာရေးကွန်ယက်တွေ ပြုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘမင်းကပြောပါတယ်။

“ချင်းတောင်ကတော့ ပညာရေးကလည်း အနိမ့်ဆုံး၊ စီးပွားရေးကလည်း အနိမ့်ဆုံးလို့ ပြောရမှာပဲပေါ့နော်။ ပြည်နယ်အားလုံးထဲမှာ သူက အနိမ့်ဆုံးပြည်နယ်ပေါ့ဗျာနော်။ ဘာလို့လဲဆိုတော့ တောင်တတောင်မှာ ကျောင်း တကျောင်းလည်း မထားနိုင်၊ ရွာတရွာမှာ ကျောင်းတကျောင်းလည်းမထားနိုင် အဲ့ဒီလို အခြေအနေမျိုး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပညာရေးပွင့်ရေးအနေနဲ့ ကျောင်းတကျောင်း အရှင်ဆန္ဒာဒိကနဲ့ ပတ်သက်ပြီး ကျောင်းတကျောင်း လှူပေးတယ်ပေါ့နော်။ အဲဒီလိုပဲ နောက်မှာလည်းပဲ တိုးတက်မှု၊ ဖွံ့ဖြိုးမှု အနည်းဆုံး နေရာတွေကို အဓိကအားဖြင့်ကတော့ ပညာရေးပွင့်ရေးကို အဓိက ဦစားပေးပြီး သူဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ ကျနော်မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ် ဒုတိယမြောက်နေ့မှာတော့ ကလေးမြို့ကနေ တီးတိန်မြို့ကို ခရီးဆက်ပြီး မနက်ပိုင်းမှာ တီးတိန်မြို့နယ် ဂျွန်လွန်ဇွန်းရွာကို သွားရောက်ပြီး ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဒိကနဲ့အတူ စာသင်ကျောင်းဖွင့်လှစ်ခဲ့ပါတယ်။

အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ ချင်းပြည်နယ်အတွင်း ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တယ်လို့  ဦးဘမင်းက ဆက်ပြောပါတယ်။

“ပြည်နယ်အတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ဆိုတာလည်း သိပ်ကြီးကြီးမားမား မရှိတဲ့အခါကျတော့ ချင်းပြည်နယ် စီးပွားရေးက မလေးရှားတို့၊ အင်ဒိုနီးရှားတို့၊ စင်္ကာပူတို့ ထွက်လုပ်ရတဲ့ စီးပွားရေးမျိုးလောက်ပဲ ရှိနေတာ၊ ဖြစ်နေတာကိုးဗျ။ အဲဒီတော့ အဲဒီအခြေအနေကနေပြီးတော့ ကင်းလွတ်အောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က စကားတခွန်းပြောပါတယ်ဗျာ။ အထူးသဖြင့် ဆင်းရဲတဲ့ ပြည်နယ်တွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို အထူးသဖြင့် ပါတီဝင်များက စာရင်းပြုစုပြီး တင်ရမယ်တဲ့။ ဒီကိစ္စကို အထူးဦးစားပေးပြီး လုပ်ဆောင်ရမယ်လို့ သူပြောပါတယ်ခင်ဗျ။”

တီးတိန်မြို့ကိုရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချင်းတိုင်းရင်းသားတွေနဲ့ မျိုးနွယ်စုများက တိုင်းရင်းရိုးရာ ဝတ်စုံပြည့်တွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဇော် က ပြောပါတယ်။

“ကလေးကနေ တိုက်ရိုက်ပေါ့နော် တီးတိန်ကို သွားတယ်ခင်ဗျ။ တီးတိန်မြို့နယ်ထဲက ဂျွန်လွန်းဆန် ရွာလေးမှာ အရှင်ဆန္ဒာဒိကနဲ့ ကျောင်းဖွင့်ပွဲလုပ်တယ်ခင်ဗျ၊ သိန်း ၅၀၀ လှူဒါန်းထားတာလေ။ အဲဒီမှာ အမေစုနဲ့သွားပြီးတော့ မနက် ၇ နာရီမှာ သွားဖွင့်တယ်၊ ဖွင့်ပဲလုပ်တယ်။ တီးတိန်မှာ ညနေ ၄ နာရီမှာ လူထုဟောပြောပွဲ လုပ်မယ်တဲ့။ နာဂတောင်တန်းကလည်းလာတယ်။ ချင်းလူမျိုးကလည်း အများကြီးရှိတာလေ။ တီးတိန်၊ ဟားခါး၊ ဖလမ်း၊ လူရှိုင်း ဆိုတာ အမျိုးစုံလာတယ်။ သူတို့ရိုးရာဝတ်စုံတွေနဲ့လေ။ ပန်းစည်းတွေ ပေးကြတယ်။ ချင်းတိုင်းရင်းသားတွေက ၀တ်စုံအပြည့်နဲ့ကို လာကြိုတယ်၊ အများကြီးပဲ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်းမှာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိကဖော်ဆောင်နေတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တိုင်းရင်းသားတွေဘက်ကလည်း ကြိုဆိုခဲ့ကြတယ်လို့ ကလေးခရိုင်ဥက္ကဋ္ဌ ဦးဘမင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် သူလိုချင်တာက တိုင်းရင်းသားအားလုံးဟာ ဒီပြည်ထောင်စုစနစ်ကို ပျော်ဝင်ဖို့၊ ပြည်ထောင်စုစနစ်ထဲမှာ တကယ် စနစ်တကျ ပါဝင်နိုင်ဖို့ပေါ့နော် ကျနော်တို့ အသိပညာ မြှင့်တင်ပေးဖို့၊ ပြည်ထောင်စုစနစ်ကို တကယ် စစ်မှန်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးရဖို့ ဒီရည်ရွယ်ချက်နဲ့ လာတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

ချင်းပြည်နယ် ခရီးစဉ်အတွင်း ကလေး၊ တီးတိန်၊ ဟားခါး စတဲ့မြို့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ချင်းပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ ကျင်းပပြီး ဆွေးနွေးနေသလို၊ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး  ချင်းလူထုကို လိုက်လံ တွေ့ဆုံရှင်းလင်းထားတယ်လို့ တမူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဇော် က ပြောပါတယ်။

“သူတို့က ၂၀၀၈ အခြေခံဥပဒေဆိုတာ ကျနော်တို့ ဘာမှမသိကြဘူးလေ။ ပြည်သူတွေလည်း မသိဘူး။ ရှင်းပြလိုက်တော့ သူတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တော်တော်လေး နားလည်လာတာပေါ့နော်။ နားလည်တာကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်အတွက် ရေးဆွဲထားတယ် ဆိုတာတွေ ဘာတွေ နားလည်လာတာပေါ့။ အမေစုက ပိုရှင်းပြလိုက်တော့ ပိုပြီးတော့ ပြည့်စုံသွားတာပေါ့ဗျာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီလ ၇ ရက်နေ့မှာ တီးတိန်မြို့နယ်၊ ဇန်နဝါရီလ ၈ရက်နေ့မှာ ဖလမ်းမြို့နယ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ ဟားခါးမြို့နယ်တွေမှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုဟောပြောပွဲတွေ ကျင်းပမှာဖြစ်ပြီး ကလေးမြို့နယ်ကို ၉ ရက်နေ့မှာ ပြန်လည်ရောက်ရှိပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကလေးမြို့နယ်မှာလည်း လူထုတွေ့ဆုံပွဲ ကျင်းပမှာဖြစ်ပြီး ၁၀ ရက်နေ့မှာပဲ ချင်းပြည်နယ်ခရီးစဉ် အဆုံးသတ်မှာ ဖြစ်ပါတယ်။
VOA Burmese News

ထိုင်းနိုင်ငံရေးသမား တွေကို စွဲဖို့ပြင်


အကျပ်ဆိုက် နေတဲ့ ဝန်ကြီးချုပ် ရင်းလတ်

ထိုင်းဖွဲ့စည်းပုံ ဥပဒေကို ပြင်ဖို့ ကြိုးစားတဲ့ နိုင်ငံရေး သမား ၃ဝဝ ကျော်ကို တရားစွဲမယ်လို့ ထိုင်း ခြစားမှု တိုက်ဖျက်ရေးက ဆိုပါတယ်။

ထိုင်းဆီးနိတ် အထက် လွှတ်တော် တခုလုံးကို ရွေးကောက် တင်မြှောက်သူ တွေနဲ့ ခန့်အပ်ဖို့ အာဏာရ Pheu Thai ပါတီက အဆိုပြု ချက်တွေဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ အတိုက်အခံ ဘက်က ကန့်ကွက် ထားပါတယ်။

တရားစွဲ ခံနေရတဲ့သူ အများစုက Pheu Thai ပါတီ က ဖြစ်ပေမယ့် ဝန်ကြီးချုပ် ရင်းလတ် ကိုတော့ တရားစွဲမှာ မဟုတ်ဘူးလို့ ထိုင်း အမျိုးသား ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆိုပါတယ်။


ကျေးလက် ဖွံ့ဖြိုးရေး နိုင်ငံတကာ အကူအညီ ဒေါ်လာ သန်း ၁၅၀ ကျော် ရှိ


ကချင်ပြည်နယ် ဒေသခံ စစ်ပြေး ဒုက္ခသည် မိသားစု တစုအား ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ – လဖိုင် / ဧရာဝတီ)

မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေ ပမာဏ အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော် ရှိကြောင်း သိရသည်။

လက်ရှိ ဆောင်ရွက်နေဆဲနှင့် လုပ်ဆောင်ရန် သဘောတူညီမှု ယူထားသော စီမံကိန်းပေါင်း ၁၀ ခု ရှိနေပြီး ယင်းစီမံကိန်းများ အတွက် ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူပေါင်း ဆောင်ရွက်လျက် ရှိသော မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ စိစစ်ချက်များ၌ ဖော်ပြပါရှိသည်ကို တွေ့ရသည်။

ယင်းသို့ ဆောင်ရွက်နေသည့် စီမံကိန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော  ကမ္ဘာ့ဘဏ်(Word Bank)မှ ဒေါ်လာသန်း ၈၀၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှ ဒေါ်လာ ၄သန်း၊ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန် လည် ထူထောင်ရေး အစီအစဉ် (UN-HABITAT) မှ ဒေါ်လာ ၁၂.၁၆ သန်း၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF)
မှ ဒေါ်လာ၂.၀၆၇၇ သန်း၊ အာရှ-ဂျပန် ပေါင်းကူးရေး အဖွဲ့ (BAJ) မှ ဒေါ်လာ ၁.၅၆ သန်း၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) မှ ဒေါ်လာ ၃ သိန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဒေါ်လာ ၁၂ သန်း၊ ဂျာမနီ ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ယူရိုငွေ ၇ သန်း၊ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (IRD) မှ ဒေါ်လာ ၃ သန်း နှင့် အီတလီနိုင်ငံ အစိုးရတို့မှ ယူရိုသန်း၂၀ ထောက်ပံ့မည် ဖြစ်ပြီး စီမံကိန်းအသီးသီးအား လက်ခံ သဘောတူထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းများ၏ သက်တမ်းမှာ သဘောတူညီထားမှု အမျိုးအစား အလိုက် နှစ်သက်တမ်း ကွာခြားပြီး ကမ္ဘာ့ဘဏ် အထောက် အပံ့နှင့် စီမံကိန်းမှာ နှစ်အကြာဆုံး ဖြစ်မည်ဟု ဆိုသည်။

ကမ္ဘာ့ဘဏ်၏ စီမံကိန်း အမည်ကို လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းဟု သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အတွင်း ပြည် နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုရှိ မြို့နယ် တမြို့နယ်စီတွင် လုပ်ဆောင် ပေးသွားမည် ဖြစ်ကာ ၂၀၁၉ ခုနှစ်အထိ ကြာမြင့်မည် ဖြစ် ကြောင်း သိရသည်။

“ကမ္ဘာ့ဘဏ် စီမံကိန်း ဆိုရင် ပြည်နယ်နဲ့တိုင်း ၁၅ ခုမှာ တမြို့နယ်စီ လုပ်ပေးမယ်၊ အဲ့ဒါကိုမှ သန်း ၈၀ ပေါ့၊ ဒီသန်း ၈၀ က တနှစ် တည်း လာတာ မဟုတ်ဘူး၊ သူက ၆ နှစ်ပြီးမှ သန်း ၈၀ အကုန်ပြည့်မှာ၊ ADB နဲ့ဆို ၃ နှစ် စီမံကိန်း လုပ်မယ်။ ၂၀၁၄-၁၅ က စမယ်၊ ၁၂ သန်းလောက် ကျနော်တို့ ခန့်မှန်း ထားတယ်”ဟု ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးခန့်ဇော်က ပြောသည်။

လက်ရှိ သဘောတူပြီး ဖြစ်သော စီမံကိန်းများ အပြင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းနေဆဲ အခြေအနေများလည်း ရှိကြောင်း ၄င်းက ဆက်ပြောသည်။

“UNDP နဲ့လည်း ကျနော်တို့ ညှိနှိုင်းနေဆဲပါ၊ အခြား နိုင်ငံတကာ အကူအညီတွေလည်း လာဖို့ ရှိနေပါတယ်”ဟုလည်း ဦးခန့်ဇော်က ပြောသည်။

လက်ရှိ လုပ်ဆောင်နေဆဲနှင့် လုပ်ဆောင်ရန် သဘောတူပြီးဖြစ်သော စီမံကိန်းများမှာ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး နေရာ အနှံ့အပြားတွင် ပါဝင်ပြီး အပူပိုင်းဇုန် ရေရရှိရေး၊ ကျေးလက် ကုန်ထုတ်လမ်းများ ပြုပြင် တည်ဆောက်ခြင်း စီမံကိန်းများ ပါဝင် သည်။ ယင်းစီမံကိန်းများတွင် ပြည်တွင်းစစ် ဖြစ်ပွားရာဒေသများတွင် တခုအပါအ၀င် ဖြစ်သည့် ကချင်ပြည်နယ် အတွင်း ပြန်လည် ထူထောင်ရေး အစီအစဉ်များလည်း ပါရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကျေးလက်ဒေသနေ ပြည်သူ ၇၀ ရာခိုင်နှုန်းရှိကြောင်း ဇန်န၀ါရီ ၆ ရက်က ကျင်းပသည့် နိုင်ငံခြား အကူအညီ အထောက်အပံ့ ဗဟိုကော်မတီ အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။
ဧရာဝတီ သတင်း

ချက်ချင်းပြင်ဖို့နဲ့ နောက်မှပြင်ဖို့ ခွဲခြားသိစေလို


၂၀၁၃ ခုနှစ် ကျော်လွန်၍ ၂၀၁၄ ခုနှစ်ထဲသို့ ချင်းနင်း ဝင်ရောက်လာသော အခါသမယတွင် လူပြောသူပြော အများဆုံး ဖြစ်နေဆဲကိစ္စမှာ အခြေခံဥပဒေ ပြင်ဆင်ရေးပင် ဖြစ်သည်။ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် မဖြစ်မနေ ပြင်ဆင်ရမည့် အချက်များ အကြောင်းကို စာရေးသူ ရှေးမဆွကပင် ရေးသားခဲ့ဖူးပြီ ဖြစ်သည်။

မကြာမီ အချိန်အတွင်းတွင် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီမှ အစီရင်ခံစာ တင်သွင်းတော့မည် ဖြစ်ရာ ၂၀၁၅ မတိုင်မီနှင့် ၂၀၁၅ နောက်ပိုင်း ခွဲခြားသတ်မှတ်၍ ပြင်ဆင်နိုင်ရန် အတွက် စဉ်းစားချက် များကို ဆွေးနွေး တင်ပြလိုပါသည်။

အခြေခံဥပဒေ တစ်ခုကို ပညာရပ်ရှုထောင့်မှ လေ့လာ သုံးသပ်ကြည့်ပါက အပိုင်းသုံးပိုင်း ပါဝင်သည်ကို တွေ့နိုင်ပါသည်။ တည်ဆောက်ပုံအပိုင်း (Structure)၊ အာဏာခွဲဝေမှုအပိုင်း (Power) နှင့် အခြေခံ အခွင့်အရေးများ (Right) ဟူ၍ ဖြစ်သည်။ ဤသုံးပိုင်းတွင် မြန်မာနိုင်ငံအတွက် အဓိက ပြင်ဆင်ရန် လိုအပ်ချက်မှာ အာဏာခွဲဝေမှုအပိုင်း ဖြစ်သည်။ သို့သော်လည်း အပိုင်းတစ်ခုချင်းစီတွင် ပြင်ဆင်နိုင်ရန် အကြောင်းများ ရှိနေသည်ဖြစ်ရာ ယင်းသုံးပိုင်း တစ်ပိုင်းစီကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ရမည် ဖြစ်သည်။

တည်ဆောက်ပုံအပိုင်း

အခြေခံ တည်ဆောက်ပုံအရ စာရေးသူတို့ မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေမှာ Quasi-Federal (တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်) စနစ် ကျင့်သုံးထားသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိက ဒီဘိတ်ကြီးတစ်ခု ဖြစ်သော ဖက်ဒရယ် စစ်၊ မစစ်ဟူသော အငြင်းအခုံ၏ အခြေခံမူ တစ်ခုလည်း ဖြစ်သည်။ တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်စနစ်ဟု ဆိုရခြင်းမှာ ဖက်ဒရယ်စနစ်၏ အခြေခံဖြစ်သော အခြေခံဥပဒေအရ အနည်းဆုံး အစိုးရနှစ်ရပ် ပိုင်းခြားသတ်မှတ် ပေးထားခြင်း (ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ)၊ ယင်းအစိုးရ နှစ်ရပ်အတွက် အခြေခံ ဥပဒေအရ အာဏာခွဲဝေထားခြင်း (ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း၊ (၂) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဥပဒေပြုစာရင်း၊ (၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ)၊ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် သီးခြား လွတ်လပ်သော၊ အမှီအခိုကင်းသော အဖွဲ့အစည်းတစ်ခု ထားရှိခြင်း (အခြေခံဥပဒေ ခုံရုံး) ဟူသည့် အချက်သုံးချက်နှင့် ပြည့်စုံနေ၍ ဖြစ်သည်။

သို့သော်လည်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရများကို သမ္မတက ခန့်အပ် တာဝန်ပေးရခြင်း၊ အခြေခံဥပဒေ ခုံရုံး၏ တာဝန် ဝတ္တရားများ ပျောက်ကွယ်နေခြင်း၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ၏ လုပ်ပိုင်ခွင့် အာဏာကို ပြည်ထောင်စု အစိုးရအဖွဲ့မှ ထိန်းချုပ်ထားသည်များ ရှိနေခြင်းတို့ကမူ ဖက်ဒရယ်စနစ်မဆန် ဖြစ်နေသေးသောကြောင့် ဖက်ဒရယ်ဟု ဆိုသော်လည်း တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်သာ ဖြစ်သည်ဟု သတ်မှတ်ကြခြင်း ဖြစ်သည်။

အထက်ပါ အချက်များကို ပြန်ကြည့်ပါက ၂၀၁၅ မတိုင်ခင် ပြင်ဆင်သင့်သည့် တည်ဆောက်ပုံ အပိုင်းမှာ မည်သည့်အပိုင်း ဖြစ်သည်ကို မြင်တွေ့နိုင်မည်ဟု ထင်ပါသည်။ တစ်စိတ်တစ်ပိုင်းမှသည် အပြည့်ဖက်ဒရယ်ဆီသို့ ပိုမိုနီးစပ် လာစေရန် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများကို ယင်းဒေသရှိ ပြည်သူလူထုက တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်၏ သဘောဆန္ဒဖြင့် ရွေးကောက် တင်မြှောက်ခွင့် ရရှိလျှင် ယင်းပြည်နယ်/တိုင်းဒေသကြီး အစိုးရများမှ မိမိဒေသကို ယခုထက်ပို၍ လွတ်လပ်စွာ စီမံခန့်ခွဲမှုပြုခွင့် ရရှိမည် ဖြစ်သည်။ သူ့ဒေသတွင် သူရွေးချယ် ခန့်အပ်ထားသော ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သူ့ဒေသ တိုးတက်ရေးအတွက် သူ့အစွမ်း ရှိသလောက် မည်သည့် ပယောဂမျှမပါဘဲ စွမ်းဆောင်နိုင်ရမည် ဖြစ်သည်။ ဤသည်ကား ဖက်ဒရယ်၏ အနှစ်သာရတစ်ရပ် ဖြစ်သည်။

အာဏာခွဲဝေမှု

ဤအပိုင်းမှာ ရှုပ်ထွေး နက်နဲသလောက် အချိန်ယူရမည့်အပိုင်း ဖြစ်သည်။ လက်ရှိ ဖြစ်ပေါ် တိုးတက်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်လည်း ဆက်စပ်နေသကဲ့သို့ တိုင်းရင်းသား အရေးကိစ္စများနှင့် တိုက်ရိုက် ပတ်သက်နေသည့် သယံဇာတ ခွဲဝေရေးပါ ပူးတွဲ ပါရှိသည့်အတွက် တစ်ကြိမ်တည်းနှင့် ကိစ္စပြီးနိုင်မည် မဟုတ်ပါချေ။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေပါ အာဏာခွဲဝေရေး ဇယားများဖြစ်သော ဇယား ၁၊၂၊ ၅ တို့တွင် ဖော်ပြပါရှိသည့် စာရင်းများမှာ ယေဘုယျသဘော ဆောင်နေသလို သယံဇာတ ခွဲဝေခြင်းအပိုင်း ပြဋ္ဌာန်းထားသည်ကို စိုးစဉ်းမျှ မတွေ့ရပါ။ အချို့ကလည်း ဇယား ၂ ပါ အချက်များမှာ ဇယား ၁ နှင့် ယှဉ်လျှင် အလွန်မမျှတဟု ဆိုကြသည်။

အချို့လည်း ပေးထားသော လုပ်ပိုင်ခွင့်များကိုပင် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များက ဥပဒေ မပြုနိုင်သေး၊ အကောင်အထည် မဖော်နိုင်သေးဟု ဆိုကြသည်။ တစ်ဖန် ထိုသို့ အကောင်အထည် မဖော်နိုင်သေးခြင်းမှာ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၏ ပြည်ထောင်စု အစိုးရအပေါ် မှီခိုနေရမှုကြောင့် ဖြစ်သည်ဟု ဆိုကြပြန်သည်။

ထို့ပြင် ယင်းအာဏာ ခွဲဝေမှုများမှ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးအပြီး ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများ အပေါ်တွင်လည်း မူတည်မည် ဖြစ်သည်။ ထို့ကြောင့် အာဏာခွဲဝေမှု ဆိုင်ရာ ဇယား ၁၊ ၂၊ ၅ တို့ပါ အချက်အလက်များကို ပြင်ဆင်နိုင်ရန်မှာ သက်ဆိုင်ရာ Stakeholders အသီးသီး၏ ညှိနှိုင်းဆောင်ရွက် အဖြေရှာမှု အပေါ်တွင် အခြေပြုမည် ဖြစ်သည်။

အခြေခံအခွင့်အရေးများ


လတ်တလော လူပြောအများဆုံး ဖြစ်နေသော ပုဒ်မ ၅၉ (စ) မှာ ဤအပိုင်းတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ နိုင်ငံသားတို့၏ အခွင့်အရေးများမှာ ထူးပြောစရာ မလိုအောင် သင့်တင့်သဖြင့် ယနေ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်များ ရရှိနေသည်ကို မြင်တွေ့ရသည်။ သို့သော် သမ္မတဖြစ်ခွင့် အရည်အချင်း တစ်ခုဖြစ်သော အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) မှာ ဒေါ်အောင်ဆန်းစုကြည်၏ အခွင့်အရေးကို ကန့်သတ်ထားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ အပါအဝင် တညီတညွတ်တည်း ဆိုကြသည်။ ဤပုဒ်မကို ပြင်ဆင်နိုင်ရန်မှာလည်း လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုအပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအထိ ပြုလုပ်ရမည်ဖြစ်ရာ ခက်ခဲမှုများ ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း အခြေခံဥပဒေကို ပြင်ဆင်ရမည်ဟု တစ်ချောင်းတည်းသော စိတ်ဖြင့် ဆောင်ရွက်နေသည်မှာ ပြည်တွင်း၊ ပြည်ပ မျက်မြင်ထင်ရှားပင် ဖြစ်သည်။ ဤပုဒ်မမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ရရှိရန်အတွက် ၂၀၁၅ မတိုင်မီ ပြင်ဆင်နိုင်ရမည့် ပုဒ်မဖြစ်သည်။ သို့သော်လည်း အကယ်၍ အကြောင်းကြောင်းကြောင့် ဤပုဒ်မကို မပြင်ဆင် နိုင်ပါကလည်း ၂၀၁၅ နိုင်ငံရေး တည်ငြိမ်မှုအတွက် ရင့်ကျက်၍ သဘောထားကြီးသော ပြင်ဆင်မှု တစ်စုံတစ်ရာ ရှိနေရမည် ဖြစ်သည်။ မကြာသေးခင်ကပင် လွှတ်တော်တွင် အင်အားအများဆုံး နေရာယူထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယင်းပုဒ်မ ပြင်ဆင်ရန် သဘောတူကြောင်း ၎င်းတို့၏ ပါတီ ညီလာခံတွင် ဆုံးဖြတ်လိုက်ရာ အားလုံးအတွက် သားရွှေအိုးထမ်း အခြေအနေမျိုး ဖြစ်လာနိုင်မည်ဟု မျှော်လင့်ရသည်။

၂၀၀၈ အခြေခံဥပဒေက ပေးထားသော အခြေခံ အခွင့်အရေးများအနက် လိုနေသည် မဟုတ်ဘဲ ပိုနေသည်ကိုလည်း တွေ့ရသည်။ တပ်မတော်သားများအတွက် အခွင့်အရေးများ လွန်ကဲစွာ ပေးအပ်ထားသည်။ အကြောင်းပြချက်မှာ မြန်မာ့နိုင်ငံရေး ဖြစ်စဉ် တစ်လျှောက်လုံး တပ်မတော်၏ ပါဝင်ခဲ့မှုနှင့် သက်ဆိုင်နေသည်။ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်း ငြိမ်းချမ်းရေး ဆုံးရှုံးခဲ့ရသော မြန်မာနိုင်ငံတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးပါ အရာရောက်လွန်း နေသည်မှာ မဖြစ်သင့်သည့် ကိစ္စတစ်ခုတော့ မဟုတ်ပါချေ။ သို့သော်လည်း စစ်မှန်သော ဒီမိုကရေစီဟု ဟစ်ကြွေးသံများ ညံစီလာသော ယနေ့ခေတ် အချိန်တွင်မူ နိုင်ငံရေးတွင် တပ်မတော် ပါဝင် ပတ်သက်နေမှုမှာ မျက်စိစပါးမွှေး စူးစရာ ဖြစ်လာခဲ့သည်။

ထို့အတွက် အခြေခံဥပဒေပါ တပ်မတော်သားများ၏ အခွင့်ထူးများကို ဖယ်ရှားပစ်ရမည်ဟု ဒီမိုကရေစီ ဝိုင်းတော်သားများက တောင်းဆိုကြသည်။ တပ်မတော်သည် ပရော်ဖက်ရှင်နယ် ဆန်ရမည်။ နိုင်ငံရေးတွင် ပါဝင်ရန် အကြောင်းမရှိ။ သို့သော်လည်း မေးခွန်းတစ်ခုမှာ ဤကိစ္စကို ၂၀၁၅ မတိုင်ခင် အပြီးအပြတ် ဆုံးဖြတ်ချက်ချရန် လိုအပ်ပါသလော။ လိုအပ်သည်ဆိုလျှင် မည်သည့် အတွက်ကြောင့်နည်း။ ၂၀၁၅ မှာ နီးကပ်လွန်းနေပြီ ဖြစ်သည်။ မလိုအပ်သေး ဆိုပါကလည်း ၂၀၁၅ မှ ၂၀၂၀ အတွင်း ဆက်လက် ဆွေးနွေးကြလျှင်ကော ဖြစ်နိုင်ခြေရှိ မရှိ ဆွေးနွေးကြည့်ကြဖို့ လိုပေမည်။

နိဂုံးကောက်ချက်

စာရေးသူသည် ၂၀၁၅ အလွန်နိုင်ငံရေးကို ယခုအချိန်ခါ ကဲ့သို့ပင် ဒီမိုကရေစီဆန်သော အငြင်းအခုံများဖြင့် မြင်တွေ့ချင်ပါသည်။ လွတ်လပ်စွာ ထုတ်ဖော် ရေးသားကြသည်။ လွတ်လပ်စွာ ပြောဆို ငြင်းခုံကြသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များ ရှေ့သို့ ဦးတည် ရွေ့လျားနေသည်။ ယခု ၂၀၁၄ သို့ ချင်းနင်း ဝင်ရောက်လာပါပြီ။ မကြာတော့သော ကာလများတွင် တိုင်းပြည် တိုးတက်ရေး လုပ်ငန်းစဉ်များထက် ရွေးကောက်ပွဲ မဲဆွယ်မှုများက ပိုနေရာယူ လာပါတော့မည်။ အခြေခံဥပဒေ ပြင်ဆင်ရေး လေသံများ ပိုမိုပြင်း ထန်လာပါတော့မည်။ လေသံတွင် ပြင်းထန်သည်က ကိစ္စမရှိပါ။ ပြဿနာ များမြောင်လှစွာသော စာရေးသူတို့ မြန်မာနိုင်ငံတွင် လေသံမှသည် ဂိုဏ်းဂဏစွဲ အကွဲအပြဲများအထိ ဖြစ်ပေါ်ကာ နိုင်ငံရေး မတည်ငြိမ်မှုများ ပေါ်ထွန်းလာမည်ကို လွန်စွာ စိုးရိမ်ပါသည်။ သတ္တိနည်းသည်ဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။ စာရေးသူတို့ မျက်စိရှေ့တွင်ပင် အာရပ်နွေဦး၏ အီဂျစ် သင်ခန်းစာ ရှိသည်။ ဂိုဏ်းဂဏစွဲ ပြင်းထန်မှု၏ နောက်ဆက်တွဲ ထိုင်းသင်ခန်းစာ ရှိသည်။

စာရေးသူတို့ မြန်မာနိုင်ငံ၏ ၂၀၁၅ မတိုင်မီ အခင်းအကျင်းကို ထိုသို့ မဖြစ်လိုပါ။ ထို့ကြောင့် ချက်ချင်း ပြင်လို့ရသည့်၊ ပြင်လည်း ပြင်ရမည့် ကိစ္စများကို ပြင်ဆင်ပါ။ လောလောဆယ် မပြင်ဆင်နိုင်သည့် ကိစ္စများကို မပြင်ဆင်နိုင်ကြောင်း အကျိုးအကြောင်း ခိုင်လုံစွာ ပြည်သူကို ချပြပါ။ ပြည်ထောင်စု လွှတ်တော်ကဖွဲ့စည်းထားသည့်အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်မှုများ ပြုလုပ်နေသည့်
 ကော်မတီကို တောင်းဆို လိုပါသည်။ လွှတ်တော်တွင်းတွင် ငြင်းခုံကြပါ။ လက်တွေ့ကျ၊ ရေရာသော ဆုံးဖြတ်ချက်ကို ပြည်သူများကို ထုတ်ပြပါ။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် လွှတ်တော်မှာ အခရာအကျဆုံး အခန်းကဏ္ဍတွင် ရှိနေသည့် မဏ္ဍိုင်တစ်ရပ် ဖြစ်ကြောင်း သတိပြုစေ လိုပါသည်။
The Voice Weekly Myanmar

အီဂျစ်သမ္မတဟောင်းကို ဒီနေ့ ရုံးထုတ်မည်

အီဂျစ်သမ္မတဟောင်း မော်စီ (ဓာတ်ပုံ - ရိုက်တာ)

အာဏာသိမ်းခံရတဲ့ အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း သမ္မတအိမ်တော်ရှေ့ လူထုစုရုံးပွဲအတွင်း ဆန္ဒပြသမားတွေ သေဆုံးခဲ့မှုအတွက် ဒီနေ့ တရားရုံးထုတ်မှာ ဖြစ်ပါတယ်။

သမ္မတဟောင်း မိုဟာမက်မော်စီနဲ့ အခြား မွတ်စလင်ညီအစ်ကိုတော်များပါတီ ခေါင်းဆောင် ၁၄ ဦးကို အကြမ်းဖက်မှုတွေနဲ့ မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ်မှုတွေအတွက် အီဂျစ်အစိုးရက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ညီအစ်ကိုတော်များပါတီက အာဏာတည်ဆောက်မှုတွေကို လူထုက မကျေနပ်တာကြောင့် သမ္မတမော်စီဟာ သမ္မတသက်တမ်း ၁ နှစ်ပြည့်ပြီးချိန်မှာပဲ လူထုဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မိုဟာမက်မော်စီကို သမ္မတရာထူးက ဖြုတ်ချခံရပြီးချိန်မှာ အီဂျစ်နိုင်ငံ ခေတ်သစ်သမိုင်းမှာ အဆိုးဆုံး အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတမော်စီကို ထောက်ခံသူတွေရဲ့ ဆန္ဒပြစခန်း ၂ ခုကို အစိုးရအာဏာပိုင်တွေက ဖြိုခွင်းရာမှာ ဆန္ဒပြသူ ပြည်သူအနည်းဆုံး ၉၀၀ ပစ်သတ်ခံခဲ့ရပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၁၀၀ လည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

ဆိုင်းနိုင်းပင်လယ်အော်ဒေသမှာ အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးလာပါတယ်။

မွတ်စလင်ညီအစ်ကိုတော်များပါတီဟာ ယခင် နှစ်ပေါင်း ၈၀ ကျော် လှုပ်ရှားခဲ့တဲ့အတိုင်း မြေအောက်ပါတီအဖြစ် ပြန်လည် ရောက်ရှိသွားပါတယ်။

အီဂျစ်စစ်တပ်က နိုင်ငံရေးလှုပ်ရှားသူတွေကို အကြမ်းဖက်သမားတံဆိပ် တပ်ပြီး အကြမ်းဖက် ဖြိုခွင်းနေပါတယ်။

စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ယာယီအစိုးရကတော့ ပြည်သူ့ဆန္ဒခံယူပွဲ၊ လွှတ်တော်နဲ့ သမ္မတရွေးကောက်ပွဲသစ်တွေကို ကျင်းပပြီး အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီကို ပြန်လည် အသက်သွင်းမယ်လို့ ပြောထားပါတယ်။
DVB Burmese

ကျောက်ဖြူ-မအီ မဟာဓါတ်အားလိုင်း ဓါတ်တိုင်များစိုက်ထူမူကြောင့် လယ်မြေများပျက်စီး


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် မအီအကြား မဟာဓါတ်အားလိုင်းအတွက် ဓာတ်တိုင်များ စိုက်ထူနေရာ လယ်မြေများကို ဖြိုချ တူးပစ်သဖြင့် လယ်မြေများ ပျက်စီးနေသည်ဟု လယ်သမားများက နိရဉ္စ္ဂရာသို့ ရေးသားသောစာထဲတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ လယ်မြေများထဲသို့ ၀င်ရောက်ပြီး ဓာတ်မီးတိုင်များ စိုက်ထူရန်အတွက် လယ်မြေများကို ဖြိုချတူးပစ်နေသော်လည်း လယ်ပိုင်ရှင်များထံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာ အကြောင်းကြားခြင်း၊ အသိပေးခြင်းများမရှိကြောင်း လယ်သမားများက ပြောဆိုသည်။

မဟာလျှပ်စစ်လိုင်းအတွက် ဓာတ်မီးတိုင်များ စိုက်ထူမူကြောင့် လယ်မြေများ ပျက်စီးသည့်အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပိုင်ရှင် လယ်သမားများကို တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်း မရှိဘဲ လယ်မြေများကို ကျူးကျော်ဝင်ရောက် လုပ်ကိုင်နေခြင်းသည် နိုင်ငံသားများ၏ ရပိုင်ခွင့်ကို အသိအမှတ်မပြုရုံမျှမက မထီမဲ့မြင် ပြုလုပ်ရာရောက်သည်ဟု ခံစားမိကြောင်း လယ်သမားများက သူတို့၏ ပေးပို့သောစာထဲတွင်ဖေါ်ပြထားသည်။
Burmesenews narinjara

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတရေး ဂျပန်-မြန်မာ ဆွေးနွေး


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ အီချီရိုအာရိုစာဝါ နှင့် ယမန်နေ့က တွေ့ဆုံကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထား သည်။ ယင်းသို့ ဆွေးနွေးရာ၌ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အဖြစ် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ၊ ပြည်တွင်း ပြည်ပမှ လေ့လာရေး အဖွဲ့များ လာရောက် လေ့ လာ ခွင့်ဆိုင်ရာများ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ ပြည်သူလူထု၊ နိုင်ငံရေးပါတီများ၊ အရပ် ဘက် လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ ဆွေးနွေးကြောင်း သိရသည်။
ဧရာဝတီ သတင်း

အစိုးရအာဘော်သတင်းစာကို ခပ်ကြီးကြီးထုတ်မယ်


အစိုးရအာဘော်သတင်းစာဖတ်နေသူတဦး (ဓာတ်ပုံ - Simon Roughneen / The Irrawaddy)

အစိုးရအာဘော်သတင်းစာ The New Light of Myanmar ကို မကြာခင် ဆိုက်ကြီးပုံစံပြောင်းပါတော့မယ်။

ခန့်မှန်းချေ လာမယ့် မတ်လဆန်းမှာ ဖြစ်ပါလိမ့်မယ်လို့  အယ်ဒီတာချုပ် ဦးသန်းမြင့်ထွန်းက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

လက်ရှိသတင်းစာအရွယ်ထက် ပိုကြီးပါလိမ့်မယ်။ သတင်းတွေ ပိုပြီး စုံပါလိမ့်မယ် တဲ့။

ပြီးခဲ့တဲ့နှစ်ကတော့ သတင်းစာ ပုံစံ အပြောင်းအလဲကို ဆီးဂိမ်းကာလမှာ လုပ်ကြဖို့ အစီအစဉ်ရှိကြောင်း သတင်းစာမှာလုပ်ကိုင်နေတဲ့ အရာရှိတွေ၊ အစိုးရဝန်ကြီးတွေက ပြောပါတယ်။

အခုတော့ အသွင်ပြောင်းမယ့်အချိန်ကို နောက်ဆုတ်လိုက်ပါပြီ။ မြန်မာပြည်မှာ အာဆီယံထိပ်သီးဆွေးနွေးပွဲကာလရောက်မှ ပြောင်းပါတော့မယ်။

The New Light of Myanmar  အတွက် စက်ပိုင်းဆိုင်ရာအကူအညီကို မကြာသေးခင်ကပဲ ကျိုဒိုသတင်းဌာနကနေ ရရှိထားတယ်လို့
အယ်ဒီတာချုပ် ဦးသန်းမြင့်ထွန်းက ပြောပါတယ်။

ကျိုဒိုက The New Light of Myanmar ဝန်ထမ်းတွေကို ပုံနှိပ်ပိုင်းဆိုင်ရာနည်းပညာတွေပေးတာဖြစ်တယ်၊ ငွေကြေးအကူအညီမဟုတ်ပါဘူး တဲ့။

မနှစ်က ဝန်ထမ်းနှစ်ယောက် ဂျပန်သွားပြီး ကျိုဒိုသတင်းဌာနမှာ စာနယ်ဇင်းပညာ သင်ယူခဲ့တယ်လို့ ဆိုတယ်။

သတင်းသမားတွေ  ထပ်ခန့်ဖို့ရှိတယ်၊ အင်္ဂလိပ်စကားပြောနိုင်ငံခြားသားတွေကိုလည်း စာတည်းအဖြစ် ခန့်ဖို့ ရှိပါတယ် တဲ့။

ဧရာဝတီ သတင်း

၂၀၁၄ ခုနှစ်တွင် မုန်တိုင်း အန္တရာယ်၊ မြူအန္တရာယ် ကြုံနိုင်


မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ၂၀၁၄ ခုနှစ်တွင် လေဖိအားနည်း ရပ်ဝန်းများ ဖြစ် ပေါ်မှု မြင့်တက်နေခြင်းကြောင့် မုန်တိုင်း အန္တရာယ်ကို သတိထားရမည် ဖြစ်ကြောင်း ပြောကြားသည်။ မုတ်သုံမိုး ရရှိမှု နည်းပါး၍ ရေရရှိမှု နည်းမည်ဖြစ်ကြောင်း၊ ဆောင်းတွင် အအေးပိုပြီး၊ နွေတွင် အပူလွန်ကဲနိုင်ကြောင်း၊ ယခုနှစ် နွေရာသီတွင် မြူကျဆင်းမှု ပိုမိုနိုင်သဖြင့် လေကြောင်း၊ ရေကြောင်း ခရီးစဉ်များ သတိထားသင့်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မုန်တိုင်း ၈ ကြိမ် ဖြစ်ပေါ်ပြီး၊ မဟာစင်၊ ဖိုင်လင်း၊ ဟဲလန်၊ မဒီနှင့်လီဟာကဲ့သို့ အမည်ပေး မုန်တိုင်း ၅ ခုနှင့် မုန်တိုင်းငယ် ၃ ခု၊ ဆိုင်ကလုန်းမုန်တိုင်း ၁၀ ကြိမ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းသည် နှစ်ပေါင်း ၁၀၀ အတွင်း မုန်တိုင်းကြီးများ ၀င်ရောက်မှု အများဆုံးဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ဧရာဝတီ သတင်း

ဆင်းရဲမှု လျော့ကျရေး အရပ်ဘက်အဖွဲ့များ ပါဝင်ရန် အစိုးရ အားပေးမည်


မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် အသစ် ပြန်လည်ဖွဲ့စည်းထားတဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပိုမို အားကောင်းလာစေဖို့နဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်တွေ မြင့်မားလာစေဖို့ ကူညီပံ့ပိုးပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အစိုးရတခုတည်းရဲ့အားနဲ့ မလုံလောက်ဘဲ ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ အားကိုလည်း ရယူပြီး လုပ်ဆောင်မှသာ ရေရှည်ဖွံ့ဖြိုးမှုကို ရရှိမယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ရန်ကုန်မှာ သတင်းမီဒီယာတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ပြောဆိုလိုက်တာပါ။

ဒါကြောင့် မိမိတို့ ၀န်ကြီးဌာနအနေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အကြံဥာဏ် အကူအညီတွေကို ရယူပြီးတော့ ပြည်သူဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ့်အပြင် လိုအပ်တာ တွေကို ပံ့ပိုးပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ဆက်လက် ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလစလို့ ဆောင်ရွက်ခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုက မရရှိခဲ့ပါဘူး။ ဒီအတွက် ဆင်းရဲမွဲတေမှုလုပ်ငန်းကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ပြီးခဲ့တဲ့နှစ် သြဂုတ် ၉ ရက်နေ့က အသစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

ဒီဝန်ကြီးဌာနက ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းကို အကောင်အထည် ဖော်တဲ့နေရာမှာ ကဏ္ဍကြီး ၈ ခုအတွက် focal minister အနေနဲ့ ဦးဆောင်သွားမှာ ဖြစ်ပေမယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ကျေးလက်နေ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ပြေလည်ဖို့နဲ့ စဉ်ဆက်မပြတ် လူမှုဘ၀ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

“အရင်တုန်းက အလုပ်အားလုံးကို အစိုးရက သူလုပ်မှ ဖြစ်မယ်လို့ စတယ်။ အခု အစိုးရသစ်မှာတော့ လုပ်ရင်းနဲ့ ပြောင်းသွားတယ်။ အများပါမှ ရမယ်။ စတက်လာတော့ ကျနော်တို့က စဉ်းစားတယ်။ ဘယ်လိုနည်းနဲ့ ရွှေ့ရမလဲ။ လူမှုလူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ သန်း ၆၀ ပါမှ ရွှေ့လို့ ရမယ်။”

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနဲ့ ပတ်သက်လို့ ၀န်ကြီးဌာနက လာမယ့်၂၀၁၅ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်းအထိ လျော့ချဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

ဒီရည်မှန်းချက်အတိုင်း ပြည့်မီအောင် လုပ်ဆောင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနက ဒုတိယအင်ဂျင်နီယာချုပ် ဦးခန့်ဇော်က အခုလို ပြောပါတယ်။

“ဒီအသစ်ရေးဆွဲတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှာ ဖွံ့ဖြိုးမိတ်ဘက်အဖွဲ့အစည်းတွေ ဖွဲ့မယ်။ ဖွဲ့ပြီးတော့ အဲဒီကနေ ဘဏ္ဍာငွေ အရင်းအမြစ်တွေ ထပ်ရှာမယ်။ ထပ်ရှာပြီးတော့ လိုအပ်နေတဲ့ ဧရိယာတွေမှာ အန်ဂျီအို၊ စီအက်စ်အိုတွေ အားကို သုံးမယ်၊ အလုပ်တွေကို စီမံချက်အသစ်တွေ ထပ်ဆွဲမယ်။ ဘယ်လို စီမံချက်အသစ်တွေ ထပ်ဆွဲမလဲဆိုတော့ အခုဆိုရင် မြစိမ်းရောင် စီမံကိန်း ဆိုပြီးတော့ ကျေးရွာတရွာကို သိန်း ၃၀၀ လောက် စရင်းနှီးမြှုပ်နှံမယ်။ ၀င်ငွေ တက်စေမယ့် စိုက်ပျိုးရေး မွေးမြူရေး အခြေခံတဲ့ လုပ်ငန်းတွေကို ဒေသလိုအပ်ချက်ပေါ်မူတည်ပြီးတော့ စီမံချက်လေးတွေ သူတို့ ဆွဲကြလိမ့်မယ်။”

ဝန်ကြီးဌာနအနေနဲ့ ယခု ဘဏ္ဍာရေးနှစ်မှာဆိုရင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ ၇၅ ဘီလီယံကို ရရှိထားပြီးတော့ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ ရှမ်းပြည်နယ် နမ့်စန်မြို့နယ်တွေမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

ဒါပေမယ့် အစိုးရအနေနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ အားနည်းချက်တွေက ရှိနေလို့ ပီပီပြင်ပြင် လုပ်ဆောင်ဖို့လိုတဲ့အကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက အခုလို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“အဓိကတော့ ကျနော်တို့က လက်ရှိ ကျေးလက်ဒေသမှာ တကယ်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သေးဘူးပေါ့နော်။ လက်ရှိ သွားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အကုန်လုံးက လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေတယ်။ လယ်ယာကဏ္ဍနဲ့ ပတ်သက်ရင်လည်း ပြီးခဲ့တဲ့အပတ်က လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြတဲ့အထဲမှာ နေပြည်တော်တ၀ိုက်တော့ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်သော်လည်း ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်မှာ ရှိနေတဲ့ လယ် ၁၅ သန်းကို ပြုပြင်ပြောင်းလဲမှု လုပ်နိုင်တာ မတွေ့ရသေးဘူး။ အဲဒီတော့ အစိုးရပိုင်း အနေနဲ့ ဒါကို အာရုံစိုက်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုမှာပေါ့။”

သန်း ၆၀ ကျော်ရှိတဲ့ မြန်မာလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေ ဖြစ်ပြီး ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့နေရပါတယ်။
By သိုက်ဇင်
DVB Burmese

အမျိုးသား ငယ်ငယ်ချောချောလေးများကို ထည်လဲတွဲနေသည့် မက်ဒေါနား




အသက်(၅၅)နှစ်ရှိ နာမည်ကျော် Popဂီတ အဆိုတော်သည် ယခုအခါ သူမကို ထောက်ပံ့ပေးနေသည့် အကအဖွဲ့ဝင် တစ်ဦးဖြစ်သော တီမောစတီဖန်စ်နှင့် တွဲနေကြောင်း သိရသည်။
မက်ဒေါနား အနေဖြင့် ကိုယ်တိုင်က အသက်ရနေပြီ ဖြစ်သော်လည်း အမျိုးသား ငယ်ငယ်ချောချောလေးများကို စွဲလမ်းနေသူဟု ဝေဖန်ခံနေရပြီ ဖြစ်သည်။ အသက်(၅၅)နှစ်ရှိ နာမည်ကျော် Popဂီတ အဆိုတော်သည် ယခုအခါ သူမကို ထောက်ပံ့ပေးနေသည့် အကအဖွဲ့ဝင် တစ်ဦးဖြစ်သော တီမောစတီဖန်စ်နှင့် တွဲနေကြောင်း သိရသည်။ တီမော၏ အသက်မှာ (၂၆)နှစ်သာ ရှိသေးသည်။ မက်ဒေါနားသည် ယခင်ကတည်းက သူမအသက်၏ ထက်ဝက်မျှသာရှိသော လူငယ်လေးများနှင့် တွဲခဲ့ဖူးသူ ဖြစ်သည်။

တီမောနှင့် မတွဲမီကလည်း မက်ဒေါနားသည် အသက်(၂၅)နှစ်သာ ရှိသေးသည့် ဘရာဟင်မ်ဇိုင်ဘတ်နှင့် ဇာတ်လမ်းဖြစ်ခဲ့သည်။ ဘရာဟင်မ်နှင့် မက်ဒေါနားတို့ လမ်းခွဲပြီး တစ်လမပြည့်မီမှာပင် ယခုတစ်ဖန် တီမောနှင့် ချိတ်မိခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ Material Girlစတား အဆိုတော်၏ အသက်(၁၃)နှစ်အရွယ် သားဖြစ်သူ ရော့ကိုနှင့် တီမောတို့သည် ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနှင့်ပြီး ဖြစ်သည်။ တီမောသည် မက်ဒေါနား၏ မိသားစုနှင့်လည်း အကျွမ်းတဝင် ရှိနေပြီဟု ယူဆရသည်။ တီမော၏ Twitter Accountတွင် ၎င်း၏ အလုပ်အကိုင်ကို Creative Director၊ Choregrapher၊ Actorဟူ၍ ဖော်ပြထားသည်။

၎င်းသည် Twitterတွင် Followerပေါင်း (၂၄၀၀၀၀)ကျော် ရရှိထားပြီ ဖြစ်သော်လည်း မက်ဒေါနားနှင့် သတင်းကြောင့် ပိုမိုလူသိများလာမည်မှာ သေချာနေသည်။ တီမောသည် မက်ဒေါနားတို့ မိသားစု ဆွစ်ဇာလန်တွင် နှင်းလျှောစီး အပန်းဖြေခရီး ထွက်ခဲ့ရာ၌လည်း လိုက်ပါသွားခဲ့သည်။ မက်ဒေါနားသည် ဒီဇိုင်နာ ရူဒေါ့ဖ်ဗလန်တီနို၏ နှစ်သစ်ကူး ပါတီပွဲတွင် တီမောကို သူမ၏ ချစ်သူသစ်အဖြစ် စတင်ပွဲထုတ်ခဲ့ကြောင်းလည်း သိရှိရသည်။
Planet Myanmar Network

ဗုဒ္ဓဂယာ ဖောက်ခွဲမှု မြန်မာကို လက်စားချေခြင်း ဖြစ်ကြောင်း တရားခံ ထုတ်ဖော်ဝန်ခံ


နယူးဒေလီ

ဗုဒ္ဓဂယာရှိ မဟာဗောဓိကျောင်းအနီးတစ်ဝိုက်တွင် ၂၀၁၃ ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာမှ လာရောက်ကြသည့် ဗုဒ္ဓဘာသာ ကမ္ဘာလှည့်ခရီးသွားများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင်များကို သတ်ဖြတ်မှုအပေါ်  လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် မိုဟာမက်အူမီစီဒီကီက ဖြောင့်ချက်ပေးခဲ့သည်။

အေဂျင်စီများစွာ၏ မေးမြန်းချက်များအပြီး စုံစမ်းစစ်ဆေးရေးမှတ်တမ်း အစီရင်ခံစာအသေးစိတ်ကို ထုတ်ပြန်ရန် ပြင်ဆင်နေသည်။ မိုဟာမက် အူမီစီ ဒီကီကို ချာတီဂါရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဂယာမှ ပေါက်ကွဲမှုနှင့် ၂၀၁၃ အောက်တိုဘာ ၂၇ ရက် ပတ်တနာတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအတွက် သံသယရှိခဲ့သည်။ မိုဟာမက် အူမီစီဒီကီ၏ အနီးကပ်တပည့်ဖြစ်သူ သံသယရှိသူနောက်တစ်ဦးဖြစ်သည့် ဟိုင်ဒါအလီက ၂၀၁၃ မေလတွင် အူမီစီဒီအား မြန်မာနိုင်ငံ၏ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် အကြမ်းဖက်မှုများအကြောင်း ပြောဆိုခဲ့ကြောင်း စစ်ဆေးမှုများအရ သိခဲ့ရသည်။

““ဗုဒ္ဓဂယာကို တိုက်ဖို့ ကျုပ်က အကြံပေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက နိုင်ငံတကာကသိတဲ့နေရာဖြစ်နေလို့ပဲ။ ဟိုင်ဒါကို ပြောလိုက်တယ်။ လူ နှစ်ယောက်၊ သုံးယောက်ကို ပစ်မှတ်ထားလို့တော့ ကိုယ်လိုချင်တဲ့သတင်းပါးလို့ မရဘူး။ ကျုပ်တို့က သာမန်လူတွေကို ပစ်မှတ်မထားချင်ပါဘူး။ ဟိုင်ဒါက ဗုဒ္ဓဂယာကိုလာတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားဖို့ အကြံပေးတယ်”” ဟု မိုဟာမက်အူမီစီဒီကီ၏ ပြောဆိုချက်ကို စစ်ဆေးမှုမှတ်တမ်းတွင် ကိုးကားဖော်ပြထားသည်။

ဒေသခံများ  ထိခိုက်မှုမှ ရှောင်ရှားနိုင်ရန်  နံနက်စောစောတွင် ဖောက်ခွဲရန် ဆုံးဖြတ်ခဲ့ကြောင်း၊ နိုင်ငံခြားသံဃာများကသာ နံနက်စောစော ၀တ်ပြုပွဲတွင် လာရောက်လေ့ရှိကြောင်း စစ်ဆေးမှု အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၁၃ ဇွန်လပိုင်းတွင် ဟိုင်ဒါက မိုဟာမက်အူမီစီဒီကီကို ချာတီဂါပြည်နယ်ရှိ ရိုင်ပါတွင် တွေ့ဆုံပြီး ဗုံးဖောက်ခဲ့ရာတွင် လိုအပ်သည့်ပစ္စည်းများကို ၀ယ်ယူထားပြီးဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသည့် လူငယ်တစ်စုကလည်း ဖောက်ခွဲမှုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဗုဒ္ဓဂယာတွင် ဖောက်ခွဲမှု လုပ်ခဲ့ပြီးနောက် သြဂုတ်လတွင် ၎င်းတို့ နှစ်ဦး ထပ်မံတွေ့ဆုံခဲ့သည်။
““မိုဒီ (Modi) ကို  ပစ်မှတ်ထား ရှင်းပစ်ရမယ်။ မိုဒီကို ၀န်ကြီးချုပ်လောင်းစာရင်းမှာ ကြေညာထားတယ်”” ဟု ဟိုင်ဒါက ၎င်းအား ပြောဆိုကြောင်း မိုဟာမက်အူမီစီဒီကီက ၀န်ခံပြောကြားသည်။

အလားတူပင် ဂယာ-ဒေလီ ရထားကိုလည်း တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။ ရထားနှင့်ပတ်သက်သော အချက်အလက်များကို စုဆောင်းခဲ့ပြီး ရထားပေါ်အထိ သွားရောက် လေ့လာပြင်ဆင်ခဲ့ကြောင်း၊ သို့သော် ဖောက်ခွဲမှု မလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။

ကိုးကား-India Today, New Delhi, January 6, 2014
7 Day Daily

ခရီးသည်တင်ယာဉ် ရှေ့ကားကျော်တက်စဉ် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ


အမြန်လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်တစ်စီးက ရှေ့မှကားကို ကျော်တက်စဉ် ရှေ့မှ ယာဉ်၏ အနောက်ဘက်ကို ၀င်တိုက်မိသောကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်မှရန်ကုန်သို့ မောင်းလာသည့် ရွှေမြင်းပျံမှန်လုံယာဉ်သည် အမြန်လမ်း မိုင်တိုင်အမှတ် ၇/၂ နှင့် ၇/၃ ကြားတွင် ကားတစ်စီးကို ကျော်တက်စဉ် အရှိန်လွန်၍ အနောက်ဘက်ခြမ်းအားတိုက်မိပြီး အတိုက်ခံရသည့်ကားမှာ လမ်းဘေးသို့ မှောက်သွားကြောင်း ရဲဇာနည် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

ကားမှောက်မှုကြောင့် အတိုက်ခံရသောကားပေါ်မှ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးမှာ လှည်းကူးမြို့နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားပြီး ရှမ်းပြည်နယ်၊ ဖောင်တော်ဦးဘုရားကျောင်းတိုက်မှ ဆရာတော်ကြီးတစ်ပါးနှင့် အမျိုးသားနောက်တစ်ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ရွှေမြင်းပျံယာဉ်မောင်းအား အမှတ် ၃ လမ်းဆုံ အမြန်လမ်းရဲစခန်းမှ ယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ-၃၀၄(က)/ ၃၃၇/ ၃၃၈/၂၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ ဇန်န၀ါရီ ၄ ရက် နံနက်ကလည်း ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်းမောင်းလာသည့် ပါဂျဲရိုးကားသည် မိုင်တိုင်အမှတ် ၃၃၅ တွင် ဘယ်ဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကာရံထားသည့် ကွန်ကရိဘယ်ရီယာတုံးကို ၀င်တိုက်ကာ တစ်ဖက်ယာဉ်ကြောပေါ်သို့ ပက်လက်လန် တိမ်းမှောက်ခဲ့သည်။ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားသုံးဦး ဒဏ်ရာရရှိသွားသောကြောင့် တံတားဦးဆေးရုံသို့ တင်ပို့ထားရကြောင်း သတင်းရရှိသည်။

အမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ လူဦးရေမှာ ၂၀၀၉ တွင် ၄၇ ဦး၊ ၂၀၁၀ တွင် ၃၈ ဦး၊ ၂၀၁၁ တွင် ၄၇ ဦး၊ ၂၀၁၂တွင် ၅၄ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၁၀၀ ကျော်ရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

7 Day Daily

ဘန်ကောက်ပိတ်ဆို့မှုတွင် မြန်မာရွှေ့ပြောင်း လုပ်သားများ ဘေးကင်းလုံခြုံရေး မြန်မာသံရုံး သတိပေး


ရန်ကုန် ဇန်နဝါရီ ၇

ယခုလ၁၃ရက်တွင်ပြုလုပ်မည့် ဘန်ကောက်မြို့တစ်မြို့လုံးကို ပိတ် ဆို့ဆန္ဒပြခြင်း Bangkok Shutdown ဆန္ဒပြလှုပ်ရှားမှုနှင့်၎င်းရက် မတိုင်မီ ရှေ့ပြေးပြုလုပ်ကြမည့် နိုင်ငံရေးနှင့်ပတ်သက်သည့် လူစု လူဝေးပြုလုပ်ခြင်းများ၊ ဆန္ဒပြမှု များနှင့် စုရုံးချီတက်ခြင်းများတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများမပါဝင်ကြရန် မြန်မာသံရုံး ဘန်ကောက်မြို့က ယမန်နေ့ ရက်စွဲဖြင့် သတိပေးနှိုးဆော်ချက် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ အမှုဆောင်ဒါရိုက် တာ ဦးကျော်သောင်းက ထိုင်းနိုင်ငံ ရောက်ရွှေ့ပြောင်းမြန်မာလုပ်သား များနှင့်ပတ်သက်၍ ''နိုင်ငံခြားမှာ မြန်မာလုပ်သားတစ်ယောက်မတော် တဆသေရင်လျော်ကြေးမရဘူးဆို တော့ ကျွန်တော်တို့မြန်မာတွေအနေ နဲ့အလွန်နစ်နာတယ်။ အချိန်မရွေး သေသွားနိုင်တယ်။ ထိုင်းမှာက သေနတ်ကိုင်နိုင်တဲ့ အနေအထား တွေရှိတယ်။ ပိုအန္တရာယ်များလာ တယ်။ မြန်မာလုပ်သားတွေကို အရေးကြုံရင် ကယ်တင်ဖို့လုပ်ငန်း စဉ်တွေ အစိုးရဘက်ကပံ့ပိုးထားဖို့ အများကြီးလိုသေးတယ်။ မြန်မာ တွေရဲ့အခြေအနေကအရမ်းဝမ်းနည်း ဖို့ကောင်းတယ်''ဟု ပြောသည်။

မြန်မာသံရုံး ဘန်ကောက်မြို့ ၏ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ အတွင်းလတ်တလောဖြစ်ပွားလျက် ရှိသော ပြည်တွင်းနိုင်ငံရေး အခြေ အနေများနှင့်ပတ်သက်၍ထိုင်းနိုင်ငံ သို့အကြောင်းအမျိုးမျိုးဖြင့်ရောက် ရှိ နေကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးပျက်ပြားစေမည့်အပြု အမူများကို ရှောင်ရှားနိုင်ကြရန်နှင့် ဆန္ဒပြလူစုလူဝေးပြုလုပ်သည့်နေရာ ဒေသများ သိရှိနိုင်ရေး အ တွက်ဒေသ ဆိုင်ရာ သတင်း မီဒီယာများအား မပြတ်လေ့လာ ကြပါရန် အသိပေး တိုက်တွန်းနှိုး ဆော်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

မြန်မာသံရုံး ဘန်ကောက်မြို့ သို့ဆက်သွယ်ကာမြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် 132 Sathon Nuea Road .Bangkok 10500.Thailand တယ်လီဖုန်း (662)2332337,2337250, 2344698,2377744 တွင် အကူအညီတောင်းခံ နိုင်ကြောင်း သိရသည်။

တာရာရန်ကင်း
The Union Daily

ယောင်္ကျားဖြစ်သူက ခြေထောက်နဲ့ ၂ ချက်ကန်မှုအောက်မှာ အသက်ဆုံးခဲ့ရတဲ့ ဇနီးသည်


စစ်ကိုင်းဒေသကြီး၊ ပင်လည် ဘူးမြို့၊ မိုးကောင်းရပ်ကွက်တွင် ဒီဇင်ဘာ ၃ ရက်က လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းပေးပို့ သဖြင့် ပင်လည်ဘူးရဲစခန်းတွင် ခေတ်္တတာဝန်ထမ်းဆောင်နေသော စခန်းမှူးရဲအုပ်အောင်အောင်သည် ဒီဇင်ဘာ ၅ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်တွင် သွားရောက်၍ စစ်ဆေးရာသေဆုံးသူမှာ မစန်း ထွေး၊ ၃၈ နှစ်၊ မိုးကောင်းရပ် ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်း သေဆုံးမှုမှာ ဓမ္မတာအတိုင်းသေ ဆုံးခြင်း ဟုတ်၊ မဟုတ်ကိုစစ်ဆေး ခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ပင် လည်ဘူးရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၄/၂၀၁၃ဖြင့် အမှု ဖွင့်စစ်ဆေးခဲ့သည်။ ယင်းနောက် မည်သည့်အတွက်ကြောင့် သေဆုံး ရခြင်းဖြစ်ကြောင်းကို မြို့နယ် ကျန်းမာရေးဦးစီးမှူးထံ ဆေးစာ ထင်မြင်ချက်တောင်းခံခဲ့ရာ ၎င်းင်း၏ ဆေးစာပြန်ကြားချက်တွင် သေ ဆုံးသူ မစန်းထွေး၏ ဘယ်ဘက် နံဘေးတွင် ပြင်းထန်သောထိခိုက် ဒဏ်ရာကြောင့် ဘေလုံးကွဲဒဏ် ရာရရှိပြီး ၀မ်းခေါင်းအတွင်းပိုင်းသို့ သွေးယိုစီးမှုဖြစ်ပေါ်ကာ သေဆုံး ရခြင်းဖြစ်ကြောင်း ထင်မြင်ချက် ပြန်ကြားခဲ့သည်။

ထို့ကြောင့် အမှုစစ်ကသေဆုံး သူနှင့်ပတ်သက်၍ ထောက်လှမ်း စုံစမ်းခဲ့ရာ သေဆုံးသူ မစန်းထွေး နှင့် ခင်ပွန်းဖြစ်သူ ရန်မျိုးအောင် တို့မှာ ဒီဇင်ဘာ ၃ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က လင်မယား အချင်းများခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုတွင် ခင်ပွန်းဖြစ် သူက ဒေါသအလျှောက်စိတ်လိုက် မာန်ပါဖြင့် ဇနီးဖြစ်သူ မစန်းထွေး ၏ ၀မ်းဗိုက်ဘယ်ဘက်နံဘေးကို ခြေထောက်ဖြင့်နှစ်ချက်ကန်ခဲ့ ကြောင်း၊ ထိုကန်ချက်ကြောင့် မစန်းထွေးမှာ ဘေလုံးကွဲသွားပြီး ၀မ်းခေါင်းအတွင်းပိုင်းသို့ သွေး ယိုစီးကာသေဆုံးခဲ့ရခြင်းဖြစ်နိုင် ကြောင်း စုံစမ်းသိရသဖြင့် ပင် လည်ဘူးမြို့နယ်ရဲစခန်းသို့ ရန် မျိုးအောင်ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါအမှုကို ပင်လည်ဘူး မြို့နယ်ရဲစခန်းမှ (ပ)၁၅၂/၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေ ကြောင်း သိရသည်။

ရွှေလင်းပြည့်စုံ
Hot News Journal

သီရိမင်္ဂလာ ဈေးသစ်တွင် ပျံကျ ဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခဖြစ်


ရန်ကုန်၊ ဇန်နဝါရီ ၇

မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်းဈေးကြီးဖြစ်သော ရန်ကုန်မြို့တော် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ပိတောက်ချောင်း မှတ်တိုင်ရှိ သီရိမင်္ဂလာ ဈေးသစ်တွင် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၂နာရီခန့်က ပျံကျ ဈေးရောင်းချသူများနှင့် စည်ပင်မှ ဝန်ထမ်းများ အကြား နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဈေး၏ မျက်နှာစာရှိ ကားရပ်နားရန် နေရာများတွင် ပျံကျဈေးသည်များ ဈေးမရောင်းရန် ဈေးတာဝန်ခံရုံးက ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သော်လည်း ပျံကျဈေးသည်များ ဆက်လက် ဈေးရောင်းချနေကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းက စည်ပင်ဝန်ထမ်း ၂၀၀ ခန့်က ဈေးရောင်းချမည့် ပျံကျ ဈေးသည်များကို တားဆီးခဲ့ရာမှ နှစ်ဖက် အခြေအနေ တင်းမာလာခဲ့ပြီး ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဈေးရောင်ခွင့် မရသော ပျံကျဈေးသည်များက ခဲများဖြင့် စည်ပင် ဝန်ထမ်းများကို ပစ်ခတ်ခဲ့ကြောင်း အဆိုပါဈေးတွင် ကုန်စိမ်း ဈေးရောင်းချသူများက ပြောကြားသည်။

“ညနေ ၆ နာရီလောက် ကတည်းက ဈေးသည်တွေက ဈေးရောင်းဖို့ ပြင်နေပေမယ့် စည်ပင်က ခွင့်မပြုဘူး။ မနက်ပိုင်း ရောက်တော့ ဖြစ်တော့တာပဲ။ ရပ်ထားတဲ့ ကားတွေကိုလည်း ရန်ရှာမှာစိုးလို့ ခဲနဲ့ ထုနေတဲ့အချိန် ကားတွေလည်း မောင်းပြေးရတယ်” ဟု ကုန်စိမ်း သယ်ယူရေးယာဉ်မှ အငှားယာဉ်မောင်း တစ်ဦးက ပြောဆိုသည်။

ပျံကျ ဈေးသည်များက ခဲများဖြင့် ပစ်ခတ်မှုကြောင့် စည်ပင်သာယာ ဝန်ထမ်းများ ထွက်ပြေးခဲ့ရပြီး စည်ပင် ဝန်ထမ်းတစ်ဦး၏ လက်တွင် ဒဏ်ရာရရှိကာ စည်ပင်ပိုင်ယာဉ်တွင် မှန်များ ကွဲရှခဲ့ကြောင်း မျက်မြင်များက ပြောဆိုသည်။

အဆိုပါဈေးတွင် ပျံကျဈေးသည်များ ရှင်းလင်းရေးကို အထူးစီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ပျံကျဈေး ရောင်းချသူများကို ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ သတ်မှတ် နေရာများတွင် ဈေးရောင်းချရန် ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ စည်ပင်သာယာက စီမံချက်အတိုင်း ဆောင်ရွက်ခဲ့ရာမှ ဖြစ်ပွားသည့် ပြဿနာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားလိုခြင်း မရှိကြောင်း သီရိမင်္ဂလာဈေး၏ ဈေးသာယာရေးရုံးခန်းမှ တာဝန်ရှိသူများက ပြောဆိုသည်။

စည်ပင်သာယာ ဝန်ထမ်းများ ခဲဖြင့် ထုနှက်ခံရမှုနှင့် ပတ်သက်၍ ဆက်လက် လုပ်ဆောင်မည့် အခြေအနေကို သီရိမင်္ဂလာဈေးသစ်ရှိ ဈေးတာဝန်ခံ ရုံးခန်းသို့ သွားရောက် မေးမြန်းရာတွင် တာဝန်ရှိသူက ပြောကြားခြင်း မရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများ ဌာနမှ အကြီးတန်းအရာရှိ တစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းအနေနှင့် အဆိုပါ ကိစ္စကို အသေးစိတ် မသိရသေးကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

အဆိုပါ စည်ပင်ဝန်ထမ်းများကို ခဲဖြင့် ထုနှက်ခဲ့မှုနှင့် ပတ်သက်၍ ပျံကျ ဈေးသည်များကို (ပ)၇/၁၄၊ ပြစ်မှုပုဒ်မ ၂၉၄၊ ၃၃၂ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း လှိုင်မြို့နယ်၊ပိတောက်ချောင်း နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖြေကြား ပေးသော်လည်း လူဦးရေကိုမူ ပြောကြားခြင်း မရှိပေ။

သီရိမင်္ဂလာဈေးသစ်မှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်း လက်ကားဈေးကြီးပြီး ဈေးရုံပေါင်း ကိုးရုံ၊ တရားဝင် ဆိုင်ခန်းပေါင်း ၂၀၁၇ ခန်းရှိပြီး အဆိုပါ ဈေးရုံများ၏ ဘေးဘက်နှင့် နောက်ကျောဘက် များတွင် ပျံကျ ဈေးသည်များအတွက် နေရာများ သတ်မှတ် ပေးထားသော်လည်း ယင်းနေရာ များထက် ဈေးရှေ့တွင်ရှိသည့် ကားရပ်နားရန် နေရာ များတွင်သာ ရောင်းချရန် လိုလားကြကြောင်း အဆိုပါဈေးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly Myanmar

နိုင်ငံ့ဝန်ထမ်းနှင့် ပင်စင်စားများအားလုံး လစာတိုးမြှင့်မည်


ရန်ကုန်၊ ဇန်နဝါရီ ၇

လုပ်ခလစာ မပြည့်စုံမှုကြောင့် အကျင့်ပျက်ခြစားမှု ပိုမိုဖြစ်ပွားရကြောင်း ပညာရှင်များ ထောက်ပြ ဝေဖန်ထားသည့် မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းနှင့် ပင်စင်စား အားလုံး၏ လစာငွေကို ဧပြီလမှ စတင်ကာ တိုးမြှင့်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ထုတ်ပြန် ပြောကြားသည်။

နေပြည်တော် သမ္မတအိမ်တော်ရှိ အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ၁/၂၀၁၄ တွင် လစာနှင့် ပင်စင်ဆုကြေးငွေများ တိုးမြှင့်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်း အားလုံး၏ လစာကို ကျပ်နှစ်သောင်း တစ်ပြေးညီ တိုးမြှင့်ခြင်းနှင့်အတူ ပင်စင်နှင့် ဆုကြေးငွေများကိုပါ အချိုးကျ တိုးမြှင့်ရန် လျာထားခြင်း ဖြစ်သော်လည်း ယင်းသို့ တိုးမြှင့်နိုင်ရန် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက် လိုအပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေ ငွေစာရင်းမှာ နိုင်ငံ့ ဝန်ထမ်းများရဲ့ လစာငွေကို ကျပ်နှစ်သောင်း တိုးမြှင့်ပေးဖို့နဲ့ ပင်စင်လစာနှင့် ဆုကြေးများကို အချိုးကျ တိုးမြှင့်ပေးဖို့ ထည့်သွင်း လျာထားတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားကြောင်း ဦးရဲထွဋ်က ဆိုသည်။

ယင်းသို့ လစာငွေနှင့် ပင်စင်နှုန်းထားများ တိုးမြှင့် လျာထားနိုင်ခြင်းမှာ အခွန်ငွေများ တိုးမြှင့် ကောက်ခံရရှိခြင်းနှင့် အစိုးရ အသုံးစရိတ် တိုးတက်ရရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဝန်ထမ်း လစာများနှင့် ပင်စင် ဆုကြေးငွေများ တိုးမြှင့်ရန် စီစဉ်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကမူ ယင်းသို့လစာများ တစ်ပြေးညီ တိုးမြှင့်ပေးခြင်းမှာ မဖြစ်သင့်ဘဲ လုပ်သက်နှစ်ရှည် ဝန်ထမ်းများနှင့် ဝန်ထမ်းသက် ရက်ပိုင်းလပိုင်းသာ ရှိသူများကို တန်းတူ မသတ်မှတ်သင့်ကြောင်း အကြံပြု ပြောကြားသည်။
“လုပ်သက်အလိုက် အချိုးကျ တိုးပေးတာဆို ပိုကောင်းတယ်။ မဟုတ်ရင် နှစ်ရှည်လများ အနစ်နာခံ လုပ်လာခဲ့တဲ့ ဝန်ထမ်းတွေအတွက် နစ်နာပါတယ်” ဟု ဒေါ်တင်နွယ်ဦးက ဆိုသည်။

အစိုးရ ဝန်ထမ်းများ၏ လစာနှင့် ပင်စင်ချီးမြှင့်ငွေများ တိုးမြှင့်မည့် အစီအစဉ်မှာ လွှတ်တော်က ဆောင်ရွက်နေသည့် လွှတ်တော် ကိုယ်စားလှယ်များ လစာအသုံးစရိတ် ချီးမြှင့်ငွေ တိုးမြှင့်မည့် အစီအစဉ်ကို တုံ့ပြန်သည့် သဘောဟု ယူဆနိုင်ဖွယ် ရှိသော်လည်း ကိုယ်စားလှယ်များ၏ အမှန်တကယ် လိုအပ်ချက်မှာ ကျွမ်းကျင် ဝန်ထမ်းနှင့် အသုံးအဆောင် (Equipments) သာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဝန်ထမ်းလစာများ တိုးမြှင့်ပေးခြင်းမှာ ကောင်းမွန်သည့် ကိစ္စရပ် ဖြစ်သော်လည်း ယင်းတိုးမြှင့် လစာငွေကို ဝန်ထမ်းများ ခံစားနိုင်စေရန် ကုန်ဈေးနှုန်းနှင့် ငွေကြေး ဖောင်းပွမှုများကို ထိန်းချုပ်ရမည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင် အငြိမ်းစားပါမောက္ခ ဦးမော်သန်းက ထောက်ပြသည်။
“ဝန်ထမ်းတွေကို တိုးပေးလိုက်တဲ့ လစာအတွက် လိုတဲ့ငွေကို ကာမိအောင် အစိုးရ အသုံးစရိတ်ကိုလည်း ထိန်းချုပ်ဖို့ လိုတယ်” ဟု ၎င်းကရှင်းပြသည်။

လစာတိုးမြှင့်မည့် အစီအစဉ်ကြောင့် ဈေးကွက်အတွင်း အတန်ငယ် လှုပ်ခတ်မှု ရှိနိုင်သော်လည်း ခေတ္တသာ ဖြစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က သုံးသပ် ပြောဆိုသည်။
“ဘာလို့လဲဆိုတော့ နှစ်သောင်းဆိုတဲ့ ငွေက ဘယ်လောက်များများ သုံးလို့ရမှာမို့လဲ။ ဝယ်လိုအားလည်း တက်သွားစရာ အကြောင်းမရှိဘူးလေ။ လှုပ်ခတ်တာတော ရှိတတ်တာပေါ့။ ဖြစ်လေ့ဖြစ်ထ ရှိတာကို။ ဈေးတက်သွားလည်း ခဏပါပဲ” ဟု ၎င်းကဆိုသည်။

အစိုးရ၏ လစာတိုးမြှင့်မည့် အစီအစဉ်ကို ကြိုဆိုရမည် ဖြစ်သော်လည်း ဝန်ထမ်းများ၏ လစာငွေမှာ လူမှုဘဝအတွက် အမှန်တကယ် လောက်ငမှု မရှိကြောင်း၊ အလယ်အလတ် ဝန်ထမ်းတစ်ဦး၏ လစာငွေသည်ပင် တစ်ကိုယ်ရေ အသုံးစရိတ် အတွက်သာ ကာမိကြောင်း လစာ ၈၀၀၀၀ ကျပ်နှင့် ထပ်ဆောင်း ချီးမြှင့်ငွေ ၃၀၀၀၀ ကျပ် စုစုပေါင်း တစ်သိန်းတစ်သောင်းကျပ် ရရှိသူ အစိုးရ နည်းပညာကောလိပ်မှ သရုပ်ပြ ဆရာမတစ်ဦးက ဖွင့်ဟသည်။

တပ်မတော်သားများ အပါအဝင် အစိုးရ ဝန်ထမ်းများ၏ လစာ၊ ပင်စင်၊ စရိတ်နှင့် နေ့စား လုပ်ခများကို ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင်လည်း တိုးမြှင့်ပေးခဲ့ပြီး ယင်းသို့ တိုးမြှင့်ရန် ငွေကျပ် ၃၈၅ ဘီလီယံ သုံးစွဲခဲ့သည်။

၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်ရေးကို ပြည်ထောင်စု လွှတ်တော်က တာဝန်ယူ လုပ်ဆောင်သင့်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရောက်မှသာ တိုးမြှင့်ပေးနိုင်မည် ဖြစ်ကြောင်း သဝဏ်လွှာ ပြန်လည် ပေးပို့ခဲ့သည်။

The Voice Weekly Myanmar

နိုင်ငံ့ဝန်ထမ်းများ လစာကျပ်နှစ်သောင်း တိုးမည်


ရန်ကုန် ၊ ဇန်နဝါရီ ၇ ။ ။ နိုင်ငံ့ဝန် ထမ်းများအား အခြေခံ လစာ ကျပ်၂ဝဝဝဝစီ လာမည့်ဧပြီလ တွင်စတင်၍ တိုးမြှင့်ပေးသွား မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြား လိုက်သည်။

ဇန်နဝါရီရရက်တွင် နေ ပြည်တော် ရှိ နိုင်ငံတော်သမ္မတ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ် သောဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး (၁/၂၀၁၄)တွင် လာမည့်ဧပြီတွင် စတင်မည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံ့ဝန်ထမ်းလစာများ အား ကျပ်၂ဝဝဝဝ စီတိုး မြှင့်ပေး သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

''၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်မှာ ပြည်ထောင်စုအစိုး ရအနေနဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့်စရိတ်၊ ပင်စင်လစာနှင့် ဆုကြေးများကို တိုးမြှင့်သတ် မှတ်ပေးခဲ့ပါတယ်။ အခုလာမယ့် ဘဏ္ဍာရေးနှစ်အရ အသုံးခန့် မှန်းခြေငွေစာရင်းမှာလဲ နိုင်ငံ့ ဝန်ထမ်း များရဲ့လစာငွေကို ကျပ် ၂ဝဝဝဝတိုးမြှင့်ပေးရန်နှင့် ပင်စင် လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့် သွင်းလျာထားပါကြောင်း ပြော ကြားလိုပါတယ်''ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြား ခဲ့သည်။

နိုင်ငံ တော်၏ တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန် ထမ်းများ၏ လစာနှင့်ထောက် ပံ့ကြေးများကိစ္စနှင့် ပတ်သက် ၍ တိုင်းပြည်၏စီးပွားရေး အ ခြေအနေ၊ ရငွေနှင့် သုံးစွဲရမည့် ငွေ၊ ဘတ်ဂျက်အခြေအနေပေါ် တွင် တွက်ချက်၍ အခါအား လျော်စွာ တိုးမြှင့်ထောက်ပံ့ပေး သွားမည်ဟု မိမိပြောကြားခဲ့ ကြောင်း၊ ယခုကဲ့သို့ နိုင်ငံ့ဝန် ထမ်းများ၏လစာနှင့် ထောက် ပံ့ကြေးများ တိုးမြှင့်ပေးနိုင် ရန် အတွက် နိုင်ငံတော်၏ဘဏ္ဍာ ငွေ အခြေအနေ၊ ငွေကြေးဖောင်း ပွမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက် နိုင်မှုအလားအလာ၊ ဖြစ်ပေါ် ရိုက်ခတ်လာနိုင်သည့် အကျိုး သက်ရောက်မှုများ စသည့်အ ခြေအနေအကြောင်း အရာများ ကို စဉ်းစားသုံးသပ်တွက်ချက် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

''လစာတိုးမယ် ဆိုတော့ ပျော်ပါတယ်။ ဒီထက်ထပ်တိုးဖို့ မျှော်လင့်ပါတယ်။ ကုန်ဈေးနှုန်း နဲ့ပတ်သက်လို့ကတော့ လစာ တိုးတာကို အခွင့်ကောင်းယူပြီး လိုက်မတိုးဖို့တော့ မျှော်လင့် ပါတယ်။ ဒီလိုကုန်ဈေးနှုန်းတွေ လိုက်မတိုးဖို့လဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဝိုင်းဝန်းထိန်း ပေးဖို့ပြောချင်ပါတယ်။ သမ္မတ ကြီးကို ကျေးဇူးတင်ပါတယ်''ဟု ရဲတပ်ဖွဲ့ဝန်ထမ်းတစ်ဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌဌ ဦးသိန်းညွန့် က ''လွှတ်တော်တွေစကတည်း က ဝန်ထမ်းတွေရဲ့စားဝတ်နေ ရေးအခက်အခဲကိုတွေကို ဖြေ ရှင်းပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ လခတိုးပေးတာကို ကြိုဆိုပါ တယ်။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရ အနေနဲ့ နိုင်ငံအတွင်းမှာ ငွေကြေးဖောင်းပွမှုတွေ ဘယ် လို ဖြေရှင်းမလဲဆိုတာကိုလဲ စဉ်းစားသင့်ပါတယ်''ဟုပြော သည်။

စီးပွားရေး ပညာရှင် ဦးလှ မောင်က ''နိုင်ငံ့ဝန်ထမ်းတွေအ တွက်တော့ ဝမ်းသာတာပေါ့။ ကြာတော့လဲ ဒုံရင်းပဲဖြစ်သွား တာများတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကုန်ဈေးနှုန်းကလိုက် တက်နေလို့ပါ။ လစာတိုးမယ် ဆိုရင် အစိုးရရဲ့ဘဏ္ဍဍာငွေ ဘယ် လောက်ရှိလဲ၊ ဘယ်ကငွေနဲ့တိုး ပေးမှာလဲက သိပ်အရေးကြီး တယ်။ မီတာခတိုးကောက်ပြီး လစာတိုးပေးတာတော့ ကုန် ဈေးနှုန်းတက်လာမှာပဲ။ ဘတ် ဂျက်ငွေပိုလို့၊ တိုင်းပြည်ရဲ့ဝင် ငွေတွေ၊ နိုင်ငံခြားသုံးငွေတွေ ပိုဝင်လာလို့ တိုးပေး တာ ဆိုရင် ချီးကျူးရမှာပေါ့။ အဲဒါမှာမဟုတ် ရင် ဝန်ထမ်းနှစ်သန်းရှိရင် နှစ် သောင်းနဲ့ မြှောက်ရင် တစ်လ သန်း လေးသောင်း၊ တစ်နှစ် ၄ဒသမ၅ဘီလီယံက ဘယ်က ရမလဲ အရေးကြီးပါတယ်''ဟု  သုံးသပ်ပြောသည်။  ပြင်ဦး လွင်မြို့ စစ်တက္က သိုလ်တွင် တာဝန်ထမ်းဆောင် နေသောဗိုလ်ကြီးတစ်ဦးက ''လခ တိုးပေးတယ်ဆိုတော့ ဝန်ထမ်း အားလုံးအတွက် ကောင်းတာ ပေါ့ဗျာ။ ဒါပေမဲ့ ဖြစ်နေကျအ တိုင်း ကုန်ဈေးနှုန်းက လိုက် တက်ဦးမယ်ဆိုရင်တော့ ဝန်ထမ်း တွေကို သိသိသာ သာထိခိုက် မှာမဟုတ်ပေမယ့် အောက်ခြေ လူတန်းစားဘဝတွေကိုတော့ ရိုက်ခတ်မှုရှိလာနိုင်ပါတယ်'' ဟု ပြောသည်။

သန့်ကျော်ဇင် ၊ ငယ်ထွေး
Yangon Media Group

ရန်ကုန်မြို့နယ် ငါးခုရှိ လမ်းဘေးဆိုင်တချို့မှ အစားအစာများတွင် အစာအဆိပ်သင့်စေသော ပိုးများ တွေ့ရှိခဲ့ရဟုဆို


ရန်ကုန် ၊ဇန်နဝါရီ ၇ ။       ။ ရန်ကုန် တိုင်းဒေသကြီး မြို့နယ်ငါးခုရှိ လမ်းဘေးဆိုင်တချို့မှ အစား အစာ များအား သုတေသနပြု လုပ်ခဲ့ရာ အစာအဆိပ်သင့်စေ သော အဆိပ်ထွက်ပိုးများကို တွေ့ရှိခဲ့ရကြောင်း ဆေးသုတေ  သနဦးစီးဌာန (အောက်မြန်မာ ပြည်)၏ သုတေသနပြုချက်များ အရသိရသည်။

ယင်းသို့သုတေသနပြု လုပ်ခဲ့ရာတွင် မြို့နယ်တစ်ခုမှ အစားအစာနမူနာ၃၀၊ စုစုပေါင်း ၁၅ဝအား စမ်းသပ်ခဲ့ခြင်းဖြစ် ကာ ယင်းလမ်းဘေးဆိုင်များ တွင် ရောင်းချနေသော အစား အစာများတွင် အစာအဆိပ်သင့် စေသော အဆိပ်ထွက်ပိုးများ ဖြစ်သည့် စတက်ဖိုင်လိုကော ကပ်၊ အောရိယပ်နှင့် ဘက်ဆီး လပ်ဆီးရီးယပ်ပိုးများပါ ရှိနေ တတ်ကြောင်းအား ဖော်ထုတ် လိုသည့်ရည်ရွယ်ချက်ဖြင့် သု တေသနပြုခဲ့ ခြင်းဖြစ်ကြောင်း  ဇန်နဝါရီ၆ရက်က အဆိုပါဌာန တွင်ကျင်းပခဲ့သည့် (၄၂)ကြိမ် မြောက် ဆေးသုတေသနညီလာ ခံတွင် ဆေးသုတေသနဦးစီး ဌာန(အောက်မြန်မာပြည်)၊ အ မျိုးသားအဆိပ်ထိန်းချုပ်မှုဌာန၊ ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှတင် သွင်းသည့် စာတမ်း တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါအစားအစာနမူ နာ ၁၅ဝတွင် ပူတင်း၊ ဆင်းဒ ဝစ်၊ ကြက်အူချောင်း၊ ပေါင်မုန့် ထောပတ်သုတ်၊ ထမင်းကြော်၊ ရေခဲမုန့် အစရှိသည်တို့ပါဝင် ကာ ယင်းတွေ့ရှိချက်အရ အ စာအဆိပ်သင့်စေသည့် အဆိပ် ထွက်ပိုးများအား တွေ့ရှိရခြင်း သည် အစာတစ်ခုကို စတင်သည့် လယ်ယာ၊ မွေးမြူရေးခြံမှသည် စားသုံးသည့်နေရာအထိ ကြား ကာလတစ်လျှောက်တွင် သန့် ရှင်းရေးညံ့ဖျင်းခြင်း အပါအ ဝင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာ များ ခေါင်းပါးမှု ကြောင့်ဖြစ် ကြောင်း ပါဝင်ပြီး သုတေသန ပြုလုပ်ခဲ့သည့် မြို့နယ်ငါးခုကို မူ ဖော်ပြခဲ့ခြင်းမရှိပေ။

''ဗက်တီးရီးယားပိုးတွေ ကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့် ခြင်းက ကာကွယ်လို့ရပါတယ်။ အစားအစာပြင်ဆင်ကိုင်တွယ် သူ၊ ရောင်းချသူနဲ့ စားသုံးသူ တွေကို ကျန်းမာရေးပညာပေး ဖို့ လိုအပ်နေပါတယ်''ဟု ဆေး သုတေသနဦးစီးဌာန (အောက် မြန်မာပြည်)၊ အမျိုးသားအဆိပ် ထိန်းချုပ်မှုဌာန ဇီဝအဆိပ်ဗေဒ သုတေသနဌာနခွဲမှ တာဝန်ရှိ သူက ပြောသည်။ ယင်းသို့ဆောင်ရွက်ရာ တွင် အရေးပေါ်ကုသမှုလုပ်ငန်း များတွင် အစာအဆိပ်သင့်ခြင်း သည် တစ်ခုအပါအဝင်ဖြစ်နေ ကြောင်း လည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး အ ထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအောင်ဆန်းဝင်းက ''အစာအဆိပ်သင့်ပြီဆိုတာနဲ့  မူးတာတို့၊ အန်တာတို့၊ တချို့ ဆို ဝမ်းလျှောတာတို့ဖြစ်တတ် သလို မူးပြီးအန်တဲ့သူတွေကျ တော့ သူတို့မှာ ရေဓာတ်၊ ဆား ဓာတ်ဆုံး ရှုံးမှုဖြစ်ပြီး အသစ်ပြန် လည်မရနိုင်တော့ဘူးဆိုရင် အသက်အန္တရာယ်အထိတောင် ဖြစ်လာနိုင်တယ်''ဟု ပြောသည်။

ယင်းကဲ့သို့ အစားအစာတိုင်း လိုလို ဓာတုပစ္စည်းပါဝင်မှုနှင့် မကင်းလွတ်နိုင်သည်က မရှိ သလောက်ရှားလာကာ သန့် ရှင်းမှုပိုင်းမှာလည်း အားနည်း လာခြင်း၊ ကူးစက်ရောဂါများ လည်း အဖြစ်များလာခြင်းတို့ ဖြစ်လျက်ရှိရာ အစားအစာစား မည်ဆို ပါက အေးနေသော ထမင်း၊ ဟင်းများ စသောအ စားစာများကို စားသောက်ခြင်း မှ ရှောင်ကြည့်ရမည်ဖြစ်ကာ စားမည်ဆိုပါက ပူအောင်နွှေး ခြင်းများပြုလုပ်ပြီးမှသာ စား သင့်သည်ဟု ယင်းကဆက် လက်ပြောသည်။

''ဒီဥစ္စာက သုတေသန ပြောပြချက်မှမဟုတ်ဘူး။ မြန်မာ နိုင်ငံမှာ အစာအဆိပ်သင့်တာ က အများကြီးပဲ။ အဓိကရောင်း သူတွေ Control လုပ်နိုင်ရမယ်။ စေတနာပါပါနဲ့ စားသုံးသူအ ပေါ်လုပ်ပေးရမယ်။ စားသုံးသူ ကလဲ မိမိကိုယ်ကိုယ် Control လုပ်နိုင်ရမယ်။ ဥပမာ ကြက်အူ ချောင်းတို့ ဘာတို့ ထုတ်လုပ်ပိုင်း ကနေပြီး တစ်ဆင့်ပြီးတစ်ဆင့် သတိနဲ့ ကျန်းမာရေးပိုင်းကိုပါ ထိခိုက်မှုမရှိအောင် ထုတ်လုပ် ပေးရမှာဖြစ်တယ်''ဟု ဆီးချို နှင့် အထွေထွေရောဂါကုသမား တော် အဆိပ်သင့် ကုသမှုဌာန ဒေါက်တာရဲမြင့်က ပြောသည်။

ဇင်မျိုးထက်
Yangon Media Group

အန်တီစုအနေနဲ့  အသက်အရမ်းငယ်လွန်းတဲ့ ကလေးတွေကို နိုင်ငံရေးလုပ်လာဖို့ တွန်းအားပေးတာ မဖြစ်သင့်ကြောင်း ဆရာမတစ်ဦးမှဆို


ဒေါ်အောင်ဆန်းစုကြည်သည် ဘောလုံးကွင်းတွင် ပြုလုပ်သော ဟောပြောပွဲမတိုင်မီတီးတိန်မြို့နယ် ဇိုနွမ်ဇမ်ကျေးရွာရှိ ဆရာတော် ရှင်ဆန္ဒာဓိက၏ မူလွန်ေ ကျာင်းဆောင် ဖွင့်ပွဲအခမ်းအနားတွင် ဆရာ/ဆရာမများအနေနဲ့ ကျောင်းသားတွေကို နိုင်ငံရေးကို ကြောက်လန့်စေအောင် မလုပ်ဖို့ ပြောကြား သွားကြောင်း သိရှိရသည်။
ထိုပြောဆိုချက်အပေါ် အဆိုပါကျောင်းတွင် တာဝန်ကျနေသော ဆရာမတစ်ဦးက"ကျမတို့အနေနဲ့ ကလေးတွေကို နိုင်ငံရေးကိုကြောက်အောင်လည်း မလုပ် ပါ ဘူး။ လုပ်လာအောင်လည်း မသင်ပေးပါဘူး။ဘာလို့ဆိုတော့ ဒီကလေးတွေက အရွယ်က မူလွန်အရွယ်တွေလေ။ အသက်အရမ်းငယ်တဲ့ ကလေးတွေ ကို နိုင်ငံရေးအကြောင်း ပြောလည်း သူတို့နားလည်မှာ မဟုတ်ဘူး။ ဒီအရွယ်မှာ ပညာသင်ဖို့သာ အဓိကပဲ။ ပညာတတ်တွေ ဖြစ် လာမှ နောင် တချိန် နိုင် ငံရေးနယ်ပယ်မှာ စဉ်းစားတွေးခေါ်တတ်တဲ့ လူတွေဖြစ်လာပါလိမ့်မယ်။ ကျမတို့ကတော့ ကလေးတွေကို ပညာတတ်ဖြစ်အောင်ပဲ သင်ပေးပါတယ်။ အန်တီစု ကို လေးစားပါတယ်။ ဒါပေမဲ့ အသက်အရမ်းငယ်လွန်းတဲ့ ကလေးတွေကို နိုင်ငံရေးလုပ်လာဖို့ တွန်းအားပေးတာကိုတော့ မဖြစ်သင့်ဘူး လို့ မြင်ပါ တယ်" ဟု ပြောဆိုသွားခဲ့သည်။

မျိုးထက်(ဖလမ်း)

ကေအိုင်အေက ခေါ်သွားသည့် မန်စီရွာသားအချို့ ပြန်မရောက်သေး


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဖကျေးရွာက ရွာသားတွေ ပြန်မရောက်သေးဘူးလို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ်ထဲမှာ ကေအိုင်အေက ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရွာသားတွေထဲက တချို့တလေသာ လွှတ်လာခဲ့ပြီး မန်ဖရွာသား ၁၇ ဦး ပြန်မရောက်သေးဘူးလို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမှာ ရှိတဲ့ ကေအိုင်အိုရဲ့ နည်းပညာထောက်ပံ့ရေးရုံးကို မေးမြန်းရာမှာ ရုံးအဖွဲ့တာဝန်ခံ ဦးဒေါင်းခါးက ဖမ်းထားသူအားလုံး ပြန်လွှတ်ပေးလိုက်ကြောင်း၊ လွှတ်ပေးလိုက်တဲ့ လူဦးရေနဲ့ နေ့ရက်အချိန်နဲ့ အသေးစိတ်ကိုတော့ ကေအိုင်အေ ဌာနချုပ်ကို မေးမြန်းဖို့ ပြောပါတယ်။

“ကျနော်တို့ဆီမှာ ရောက်လာတဲ့စာရင်းအရ ပုဂ္ဂိုလ်အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ၊ ဖမ်းထားတယ်ဆိုတဲ့တာက ဘယ်သူကို ပြောတာလဲဆိုတာ ကျနော်တို့ မသိဘူး၊ ဘယ်နေ့က လွှတ်ပေးလိုက်သလဲဆိုတာတော့ သူတို့ ဟိုတခေါက်က စာပို့ထားတယ်လေ၊ စာပို့ပြီးတဲ့ နောက်ပိုင်း ချက်ချင်း အရေးယူပြီးတော့ ပြန်လွှတ်ပေးလိုက်တာ။ အတိအကျ သိချင်ရင် ရုံးချုပ်ကို မေးကြည့်လိုက်။ ကျနော်က မြစ်ကြီးနားမှာ ရုံးထိုင်တာဆိုတော့ နေ့ရက်နဲ့ အချက်အလက် အတိအကျကို ကျနော် မပြောနိုင်ဘူး။”

ကေအိုင်အေဌာနချုပ်ကိုတော့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးစိုင်းထိန်လင်းကတော့ ပြန်လွတ်လာတဲ့သူတွေနဲ့ သွားတွေ့ရာမှာ အသက်ငယ်သူ၊ မသန်စွမ်းသူ နဲ့ စိတ်မနှံ့သူတို့ကိုသာ တွေ့ရှိခဲ့ပြီး မန်ဖွရွာသား ၁၇ ဦးဟာ ကေအိုင်အေ အင်ဘာပါတပ်စခန်းမှာ စစ်သင်တန်း တက်နေတယ်လို့ ပြောပါတယ်။

“မန်စီမြို့နယ် မန်ဖရွာကတော့ ဖမ်းထားတဲ့ ၂၁ ယောက်မှာ ၄ ယောက်ပဲ လွတ်တယ်။ ၄ ယောက်ဆိုတာ ၁ ယောက်က ခြေထောက်မကောင်းဘူး၊ တယောက်က ဦးနှောက်မကောင်းဘူး၊ နောက် ၂ ယောက်က တရုတ်ပြည်ဘက် ထွက်ပြေးသွားတယ်။ ၁၇ ယောက် ကျန်တယ်။ ၁၇ ယောက်က အခု အင်ဘာပါ တပ်စခန်းမှာ သူတို့ သင်တန်းဆင်းနေတယ်။ အင်ဘာပါ တပ်စခန်းဆိုတာ ကေအိုင်အေတပ်စခန်းလေ။ မန်စီမြို့နယ်ရဲ့ တောင်ဘက်မှာ ရှိတယ်။”

ဖမ်းဆီးခံရွာသားတွေ ပြန်လွတ်လာရေးအတွက် သက်ဆိုင်သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပေးဖို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဆီကို စာနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက အကြောင်းကြားထားတယ်လို့လည်း ဦးစိုင်းထိန်လင်းက ပြောပါတယ်။

ရွာသားတွေ လွတ်မြောက်ရေးအတွက် သူတို့ဘက်က ကြိုးစားနေတာကို သိလာတဲ့အတွက် အရင်က တပ်သား အဓမ္မစုဆောင်းခံခဲ့ရသူတွေလည်း သူတို့ဆီကို ထပ်မံ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အများအားဖြင့် ၀ိုင်းမော်၊ ရွှေကူ၊ မန်စီနဲ့ မိုးမောက် စတဲ့ မြို့နယ်ထဲက ဖြစ်ပြီး တောထဲ သစ်ခုတ်သွားရင်း၊ ရွှေကျင်ရင်း ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်းနဲ့ အချက်အလက် အပြည့်အစုံကို နောက်ထပ် စုဆာင်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရွာသားတွေ ပြန်လွှတ်ပေးရေးနဲ့ ဆက်ကြေး ကောက်ခံမှု ရပ်တန့်ရေးတို့အတွက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ဒေသခံရွာသားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ကေအိုင်အို ဆက်ဆံရေးရုံးကို ချီတက်တောင်းဆိုဖို့ စီစဉ်ထားပေမယ့်လည်း ခွင့်ပြုမိန့်မရခဲ့တဲ့အတွက် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်မှာပဲ ထောင်နဲ့ချီတဲ့ လူထု စည်းဝေးပွဲကြီးကို ကျင်းပခဲ့ပါတယ်။

By နန်းမြနဒီ (DVB Burmese)

မန္တလေးမြို့ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူကို လုယက်မှုအပြင် မူးယစ်ဆေး ဝါးမှုဖြင့်ပါ အမှုဖွင့်


ရန်ကုန် ၊ ဇန်န၀ါရီ ၇ ။ ။ မောင် ကိန်းရွှေဆိုင်ကိုသေနတ်ကိုင် ဆောင်၍ ဓားပြတိုက်ခဲ့သူအား လုယက်မှုအပြင် မူးယစ်ဆေး ဝါးမှုဖြင့်ပါ အမှုဖွင့် စစ်ဆေး နေကြောင်း အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီးဝင်းကြည်က ပြော သည်။

ရွှေဆိုင်များ၏လုံခြုံရေး နှင့်ပတ်သက်ပြီး ဇန်နဝါရီ ရ ရက်က ဝါးတန်းလမ်း ပန်ဒါဟို တယ်၌ပြုလုပ်ခဲ့သည့် ရဲတပ် ဖွဲ့နှင့် ရွှေလုပ်ငန်းရှင်များအ သင်းတို့တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုရဲမှူးကြီးဝင်းကြည်က ''သူက မူးယစ်ဆေးဝါးသုံးပြီး တော့ သေနတ်ကိုင်ပြီး အကြမ်း ဖက်လုယက်ခဲ့တယ်ဆိုတာ ဝန် ခံပါပြီ။ သူ့ကိုလုယက်မှု၊ လက် နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေး ဝါးသုံးစွဲမှုတွေနဲ့ အမှုဖွင့်စစ် ဆေးနေပါတယ်။ မကြာခင်မှာ ပဲ ရုံးတင်စစ်ဆေးနိုင်တော့မှာ ပါ''ဟုပြောသည်။

မန္တလေးမြို့ချမ်းအေးသာ ဇံမြို့နယ်ရှိ မောင်ကိန်းရွှေဆိုင် သို့ ဒီဇင်ဘာ၂၄ရက် ညနေ ပိုင်းတွင် သေနတ်ကိုင်ဆောင် ပြီး ရွှေဆိုင်မှန်ကောင်တာ ကို သေနတ်ဒင်ဖြင့်ရိုက်ခွဲကာ ရွှေ ကလစ်ဆယ်ခုခန့်ကို ယူဆောင် ခဲ့ပြီး ဆိုင်ကယ်ပေါ်တက်ချိန် တွင် ဆိုင်ဝန်ထမ်းများက ဝိုင်း ဝန်းဖမ်းဆီးခဲ့ကြောင်း၊ ၎င်းကိုင် ဆောင်သောသေနတ်မှာ ကိုး ကန့်လွှတ်တော်ကိုယ်စားလှယ် ၏ လုံခြုံရေးတာဝန်ရှိသူများထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ သိရသည်။

ယင်းကိစ္စများနှင့် ပတ် သက်၍ နယူးရွှေစင်ရွှေဆိုင် မှဦးစိုးမြတ်က ''ကျွန်တော် တို့ ရွှေဆိုင်တွေ အနေနဲ့ လုံခြုံရေး ကိုအထူးဂရုပြုဖို့ လိုအပ်ပါ တယ်။ ရွှေဆိုင်တွေရဲ့လုံခြုံ ရေးကို ရဲတပ်ဖွဲ့ဝင်တွေလဲ အ ထူးဂရုပြုစောင့်ကြပ်ပေး ဖို့ တောင်းဆိုချင်ပါတယ်။ ရွှေ ဆိုင်တွေဘက်ကလဲ လုံခြုံရေး တွေကို ဒီထက်ပိုလုပ်ဖို့ရှိပါတယ်'' ဟုပြောသည်။

ကျော်မြတ်ဇံ
Yangon Media Group

အအေးလွန်ကဲမှုကြောင့် အမေရိကန်မြို့ကြီးတွေမှာ သတိပေးချက်ထုတ်ပြန်


မြောက်ဝင်ရိုးစွန်းဖက်က အေးခဲလှတဲ့လေတွေ ဝင်ရောက်လာတဲ့ဒဏ်ကြောင့် အမေရိကန်ပြည်ထောင်စု မြို့တော်တော်များများမှာ အင်္ဂါနေ့တုန်းက ပုံမှန်ထက်ကို အေးခဲရာသီဥတု အခြေအနေ ဖြစ်ခဲ့ပါတယ်။

အသက်အန္တရာယ် ရှိတဲ့အထိကို အေးတဲ့ ဒေသတွေမှာဆိုရင် လူတွေကို အိမ်အပြင် မထွက်ကြဖို့အထိ သက်ဆိုင်ရာက သတိပေးနေပါတယ်။ အပူချိန် ၀ အောက် အနှုတ် ဒီဂရီ Celsius အထိ အေးနေတဲ့နေရာတွေမှာ အအေးဒဏ်ခံနိုင်အောင် ဘယ်လို ပြင်ဆင် ရင်ဆိုင်နေကြသလဲဆိုတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ပုံမှန်အားဖြင့် မြောက်ဝင်ရိုးစွန်း ဒေသတဝိုက်မှာရှိတဲ့ အေးခဲလှတဲ့ လေအေးလှိုင်းကြီး အမေရိကန်ပြည်ထောင်စုဘက်ကို ဝင်ရောက်လာတဲ့အတွက် အမေရိကန်က မြို့အများစုမှာ အေးခဲတဲ့ဒဏ်ကို အင်္ဂါနေ့က ခံခဲ့ကြရပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်မှာဆိုရင် အင်္ဂါနေ့ နေ့လည်ပိုင်းက အပူချိန်ဟာ အနှုတ် ၈ ဒီဂရီ Celsius လောက် ရှိပါတယ်။

ပုံမှန်အားဖြင့် နွေးတဲ့ရာသီဥတုရှိတဲ့ ဖလော်ရေဒါပြည်နယ်၊ တက္ကဆက်ပြည်နယ် တောင်ပိုင်းဘက်မှာတောင် အပူချိန်ဟာ ပုံမှန်ထက်ကို ၂၀ ဒီဂရီအောက် ရောက်မယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။

မြို့တော်တော်များများမှာ ကျောင်းတွေ၊ ရုံးတွေကို ပိတ်ထားရပြီး အထူး သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားရပါတယ်။ လေအေးတွေ တိုက်နေတာကြောင့် တကယ်ရှိနေတဲ့ အပူချိန်ထက်ကို ပိုပြီး အေးခဲနေတယ်လို့ ခံစားနေရတာကို အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းမှာရှိတဲ့ နယူးယောက်ပြည်နယ်ထဲက Buffalo မြို့မှာနေတဲ့ ကိုမျိုးသန့်က အခုလို ပြောပြပါတယ်။

“အခုလောလောဆယ် ရာသီဥတု အအေးဒဏ်က Celsius - 16 ဖြစ်နေတယ်။ ဒါပေမဲ့ တကယ်တမ်းခံစားရတဲ့နှုန်းက အနှုတ် ၄၀ အထိကို အေးမယ်လို့ သူတို့ပြောနေကြပါတယ်။ လောလောဆယ် လေက အရမ်းတိုက်တယ် တနာရီကို မိုင် ၃၀ နှုန်းနဲ့ တိုက်နေတယ်။ နှင်းနဲ့လေနဲ့က ရောနေတဲ့အခါကျတော့ အပြင်ကို မမြင်ရဘူး။ ၀ါးတလံလောက်ပဲ မြင်ရတယ်။ အဲ့ဒီကကျော်ပြီးတော့ ရှေ့မှာ ဘာမှမမြင်ရဘူး။ လောလောဆယ် ကားအသွားအလာ၊ လမ်းလျှောက်တဲ့လူ ဘယ်သူမှ ဘာမှမရှိဘူး။ အကုန်လုံးက ဖြူဖြူကြီးဖြစ်နေတယ်။ Snow က အနိမ့်ဆုံး ၃ ပေအထိ ကျလိမ့်မယ်။ အဲ့ဒီအတိုင်းလည်း Snow တွေက တောက်လျှောက်ကျနေတယ်။ မနက်ဖြန်မနက် ၆ နာရီအထိ အဲ့ဒီမုန်တိုင်းက တောက်လျှောက်သွားလိမ့်မယ်လို့ သူတို့ပြောတယ်။ အဲ့ဒီအတိုင်းလည်း အခု ဖြစ်နေပါတယ်။ နောက်တခုက မနက်ဖြန် ၆ နာရီပြီးသွားတာနဲ့ သူတို့ Lake Attacks Snow ဆိုပြီး သူတို့ပြောတယ်။ အဲ့ဒါက ကန်ကြီးအကြီးကြီးရှိတယ် ကျနော်တို့နားမှာ။ အဲ့ဒီကန်ကြောင့်ဖြစ်တဲ့ နှင်းမုန်တိုင်း ထပ်လာလိမ့်မယ်။ အဲ့ဒါက ၁ နာရီကို ၄ လက်မ ကျလိမ့်မယ်။”

အခုလို ရာသီဥတုအခြေအနေကြောင့် ကလေး လူကြီးသာမက အိမ်မွေးတိရစ္ဆာန်တွေကိုပါ အိမ်ပြင်မထွက်ကြဖို့ တာဝန်ရှိသူတွေက ကြိုတင် သတိပေးထားပါတယ်။

“ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်ကတည်းက ကနေဒါမြောက်ဘက်ပိုင်းက အအေးက အောက်ဘက်အထိ ဆင်းလာမယ်ဆိုတာ သူတို့ ခန့်မှန်းထားတယ်။ ခန့်မှန်းထားတဲ့အတွက် ကြိုပြီးတော့ပေါ့နော် အရေးပေါ် ခရိုင်အဆင့်ရော၊ ပြည်နယ်အဆင့်ရော သူတို့ အရေးပေါ် ကြေညာတဲ့ ခရီးမသွားဖို့၊ နောက်တခါ ကျန်းမာရေးအတွက်ရော၊ အသက်အန္တရာယ်အထိပါ ရှိတယ်ပေါ့နော်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ မကျန်းမာတဲ့သူတွေ၊ နောက် အိမ်မွေးတိရစ္ဆာန်တွေကအစ အပြင်မထွက်ဖို့ သူတို့ ကြေညာတယ်။ နောက်တခါ ကျောင်းတွေ၊ အလုပ်တွေ၊ အစိုးရရုံးတွေကအစပေါ့နော် ပိတ်တယ်ဆိုတာကို ကြိုပြီးတော့ ကြေညာတယ်။ နောက်တခါ Snow ကို သူတို့ ဘယ်လိုမျိုး ရှင်းမလဲပေါ့ ပြင်ဆင်ထားတာတွေ အပြည့်အစုံ သူတို့ လုပ်ထားပါတယ်။”

အင်ဒီးယားနားပြည်နယ်မှာဆိုရင်လည်း အအေးဒဏ်ကြောင့် ကျထားတဲ့ နှင်းတွေကလည်း မပျော်သေးဘူးလို့ Fort Wayne မြို့မှာနေတဲ့ မသင်းအေးချိုက ပြောပြပါတယ်။

“ဒီနေ့ Celsius ဆိုရင်တော့ အခု လောလောဆယ် အနှုတ် ၁၈ - ၂၀ လောက်ရှိမယ်။ နှင်းက တနင်္ဂနွေနေ့က ၁ ပေလောက် ကျထားတာဆိုတော့ ရာသီဥတု အရမ်းအေးတော့ အဲ့ဒီနှင်းတွေက မပျော်တော့ဘူး။ မပျော်တဲ့အခါ လမ်းတွေဆိုရင်လည်း သူတို့ Snow ခြစ်ပေးတဲ့အခါ ဘေးတွေမှာ နှင်းပုံ ကြီးတွေ ဖြစ်နေတာပေါ့။ အိမ်ရှေ့တွေ ဘေးတွေဆိုရင်လည်း နှင်းတွေ မခြစ်နိုင်တော့ အရမ်းအေးလွန်းလို့ ထွက်မခြစ်နိုင်တော့ နှင်းက ဒီအအေးနဲ့ကတော့ ဘယ်လိုမှ ပျော်ဖို့ဆိုတာ မရှိဘူး။”

အခုလိုဖြစ်မယ်ဆိုတာ ကြိုတင်သတိပေးထားလို့ ဒေသခံတွေဘက်ကလည်း အအေးဒဏ်ခံနိုင်ကြဖို့ ကြိုတင် ပြင်ဆင်ထားကြပါတယ်။

“ပြီးခဲ့တဲ့တပတ် ကြာသပတေးလောက်ကတည်းက သူတို့ တီဗွီမှာလည်း ကြေညာတယ်။ နောက်ပြီးတော့ သတင်းတွေမှာကော သတင်းစာတွေမှာကော အားလုံးကို ကြေညာတယ်လေ။ အစားအသောက်တွေ၊ အ၀တ်အထည်၊ စောင်တွေပေါ့နော် ရေတို့ဘာတို့ အဆင်သင့် စုထားကြဖို့ အကုန်လုံး သူတို့ ကြေညာထားတယ်။ အရမ်းအေးမယ်ပေါ့ တနင်္လာနေ့မှာ။ တနင်္ဂနွေမှာ Snow ကျမယ် သူတို့ အဲ့လိုပြောတော့ အမတို့လည်း ပထမရက်ကတည်းက ကြိုတင်ပြီး အားလုံး ၀ယ်ထားတယ်။ ဒီမှာ ဈေးဆိုင်တွေဆိုရင်လည်း လူတွေ အပြည့်ပဲ။ အများကြီးပဲ ၀ယ်ကြတာမှ ကြာသပတေး၊ သောကြာနေ့လောက်ကတည်းက စပြီးတော့။ ကိုယ်လည်း အဆင်သင့်လုပ်ထားရတာပေါ့ ဒီက ရာသီဥတုဒဏ်ကို ခံနိုင်ဖို့အတွက်။ တတ်နိုင်ရင် အိမ်ထဲမှာပဲနေဖို့ အမတို့ကို ပြောထားတယ်လေ။”

“သူတို့အကြံပြုထားတာက ပုံမှန်ထက်ပိုပြီး Heat ကို မြှင့်ထားပါလို့ သူတို့ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ရေပိုက်တွေက ခဲသွားနိုင်လို့တဲ့။ ရေပိုက်တွေ ခဲသွားတဲ့အခါကျရင် ရေမလာတာတွေ၊
နောက် ရေကြီးတာတွေ များလာပြီး အဲ့ဒီရေထဲကို အေးတဲ့အတွက် ပြန်ခဲတာတွေ အဲ့လိုမျိုးပြဿနာတွေ တောက်လျှောက်ဖြစ်လာနိုင်တယ်။ အဲ့ဒီအတွက်ကြောင့် ရေပိုက်ခေါင်းကို ပုံမှန် နည်းနည်းလေး ဖွင့်ထားပြီးတော့ ရေကို ဆက်တိုက်လာအောင် လုပ်ထားပြီးတော့ အပူချိန်ကို အပူစက်ကို မြှင့်ထားပေးဖို့ သူတို့ အဲ့ဒါကို အကြံပြုတယ်။ အဲ့ဒီအတိုင်းပဲ ကျနော်တို့ နေနေတာပေါ့လေ အခု လောလောဆယ်မှာ။”

မြောက်ဝင်ရိုးစွန်းဘက်ကလာတဲ့ လေအေးလှိုင်းကြီးရဲ့ အအေးဒဏ်က ပုံမှန်နှင်းမုန်တိုင်းထက်ကို နေရာဒေသ ကျယ်ကျယ်ပြန့်ပြန့်မှာ ခံကြရပါတယ်။ အမေရိကန်မှာတော့ ဒီသီတင်းပတ်နှောင်းပိုင်းကျရင် ရာသီဥတု ပုံမှန် ပြန်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

စုမြတ်မွန်(VOA Burmese News)