ဗဟန်းမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


၅.၇.၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန်တွင် ရန်ကုန်၊ အနောက်မူး ယစ်(အထူး)မှ တပ်ဖွဲ့ဝင်များသည့် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဦးချစ်မောင်လမ်းနှင့် ပုလဲ လမ်းဆုံအနီးတွင် မူးယစ်ဆေးဝါးများ ရောင်းချကြောင်း သတင်းရရှိထားသူ မဆွေဆွေ(ခ)ဆွေဆွေဟန်၊၂၅ နှစ်၊ (ဘ)ဦးဟန်ရီအားတွေ့ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်ကာ အမျိုးသမီးသက်သေ များနှင့်အတူရှာဖွေရာ ၎င်းကိုင်ဆောင် ထားသည့် စာအိတ်အတွင်း ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စားတမ်းပါ လိမ္မော် ရောင်စိတ်ကြွဆေးပြား (၉၆)ပြားအားတွေ့ရှိသိမ်းဆည်းရမိပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ စိန်ချယ်လမ်းရှိ ၎င်း၏နေအိမ်အား ဆက်လက်ရှာဖွေးရာ အိပ်ယာခေါင်းရင်း လက်ဆွဲအိတ်အတွင်းမှ ပြာရောက်ပလပ်စတစ်ကပ်ခွာအိတ်အတွင်းထည့် လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား(၂၂၄)ပြားနှင့် ၎င်းငှားရမ်းနေထိုင်သည့်တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်ရှိ နေအိမ် ဗီဒို အံဆွဲအတွင်းမှ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားပါ (၁)ထုပ်၊ (၁၅၀)ပြားပါ(၁)ထုပ်၊ စုစုပေါင်းစိတ်ကြွဆေးပြား(၆၇၀)ပြား အားသိမ်းဆည်းရမိခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်းမယ(ပ)၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့်အရေးယူထားရှိခဲ့ပါသည်။ ၎င်းအားထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါသိမ်းဆည်းရမိသောဆေးပြားများအားစမ်းချောင်း မြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်နေ မမြဥမ္မာကြွယ်၊ ၄၂ နှစ်၊ (ဘ)ဦးလေးအောင်ထံမှ ၀ယ်ယူ ရရှိကြောင်းသိရှိရသဖြင့် ရန်ကုန်အရှေ့မူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များသည် မမြဥမ္မာကြွယ်၏ နေအိမ်သို့ ၆.၇.၂၀၁၃ရက်နေ့ ၀၃၄၅ အချိန် ၀င်ရောက် ရှာဖွေခဲ့ရာ ခေါက်ပိုက်ဆံအိတ် အတွင်း ပလပ်စတစ်အကြည် ကပ်ခွာအိပ်ဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၀)ပြား တို့အား သိမ်းဆည်းရမိသဖြင့် မမြဥမ္မာကြွယ်အားစမ်းချောင်းမြို့မရဲစခန်း မယ(ပ)၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့်အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။

Ref & Credit: Yangon Police

ဗိုက်ခေါက်ထူ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်


မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေးဘဲ ဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ...
သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ရက် အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေး ရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာ ၀င်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ....

(ယခုမိတ်ဆွေ.. ၃/၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး... ကျေးဇူး တင်ကြောင်း... ထောက်ခံချက် ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်)

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ် စေပါတယ်...

တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်...

Myawady News


ကွန်ပျူတာဆက်စပ် ဝေါဟာရ


သိပြီးတဲ့ သူတွေရှိသလို မသိသေးတဲ့ သူတွေအတွက် ဗဟုသုတအနေနဲ့
သိမှတ်ရသလောက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

* AVI = Audio Video Interleave
* RTS = Real Time Streaming
* SIS = Symbian OS Installer File
* AMR = Adaptive Multi-Rate Codec
* JAD = Java Application Descriptor
* JAR = Java Archive
* JAD = Java Application Descriptor
* 3GPP = 3rd Generation Partnership Project
* 3GP = 3rd Generation Project
* MP3 = MPEG player lll
* MP4 = MPEG-4 video file
* AAC = Advanced Audio Coding
* GIF = Graphic Interchangeable Format
* JPEG = Joint Photographic Expert Group
* BMP = Bitmap
* SWF = Shock Wave Flash
* WMV = Windows Media Video
* WMA = Windows Media Audio
* WAV = Waveform Audio
* PNG = Portable Network Graphics
* DOC = Document (Microsoft Corporation)
* PDF = Portable Document Format
* M3G = Mobile 3D Graphics
* M4A = MPEG-4 Audio File
* NTH = Nokia Theme (series 40)
* THM = Themes (SonyEricsson)
* MMF = Synthetic Music Mobile Application File
* NRT = Nokia Ringtone
* XMF = Extensible Music File
* WBMP = Wireless Bitmap Image
* DVX = DivX Video
* HTML = Hyper Text Markup Language
* WML = Wireless Markup Language
* CD - Compact Disk.
* DVD - Digital Versatile Disk.
* CRT - Cathode Ray Tube.
* DAT - Digital Audio Tape.
* DOS - Disk Operating System.
* GUI - Graphical User Interface.
* HTTP - Hyper Text Transfer Protocol.
* IP - Internet Protocol.
* ISP - Internet Service Provider.
* TCP - Transmission Control Protocol.
* UPS - UninterruptiblePower Supply.
* URL - Uniform Resource Locator.
* USB - Universal Serial Bus.
* VIRUS - Vital Information Resource Under Seized.
* 3G - 3rd Generation.
* GSM - Global System for Mobile Communication.
* CDMA - Code Divison Multiple Access.
* UMTS - Universal Mobile Telecommunication System.
* SIM - Subscriber Identity Module.
* HSDPA - High Speed Downlink Packet Access.
* EDGE - Enhanced Data Rate for GSM [ Global System for Mobile
Communication] Evolution.
* VHF - Very High Frequency.
* UHF - Ultra High Frequency.
* GPRS - General Packet Radio Service.
* WAP - Wireless Application Protocol.
* TCP - Transmission Control Protocol .
* ARPANET - Advanced Research.

Khun Nay(AMMG)

ရေနစ်နေသည့် သားကြီးအား ဆင်းကယ်ရာမှ သားငယ်နှင့်မိခင်အပါ ၃ဦးလုံး ရေနစ်သေဆုံး


Saturday, July 06, 2013 | သာစည်မျိုးသန့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာနေ အသက်(၂၉)နှစ်အရွယ် ဒေါ်လုတနှင့် ၎င်း၏သားများဖြစ်ကြသည့် ကျော်လင်းထွန်း(၁)နှစ်(၈)လသား နှင့် အသက်(၉)လသားအရွယ် ကျော်လင်းအောင် တို့ သားအမိ(၃)ဦးသည် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ရေနစ်ကာ (၃)ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးချီးယိုသည် ရန်ကုန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာအဝေးရှိ ၎င်းပိုင်တောင်ယာတွင် လယ်ထွန်ရန် ညအိပ်သွားရောက်မည်ဖြစ်သဖြင့် ခင်ပွန်း ညအိပ်ရာတွင် လိုအပ်သော ပစ္စည်းများကို ဇနီးဖြစ်သူ ဒေါ်လုတနှင့် သားများဖြစ်ကြသော ကျော်လင်းထွန်း၊ကျော်လင်းအောင်တို့မှ လမ်းလျှောက်သွားရောက် ပို့ဆောင်ခဲ့ကြသည်။

ခင်ပွန်းသည် သည် လက်တွန်း လယ်ထွန်စက်ဖြင့် လယ်ထွန်နေစဉ် ဒေါ်လုတနှင့်သားများ လယ်ထဲရှိ တဲထဲ၌်ခေတ္တနားနေခဲ့သည်။ နားနေပြီးခတ္တအကြာ သားကြီးကျော်လင်းထွန်းသည် လယ်တဲအနီး ရေကန်တွင် ပြေးဆော့နေစဉ် ရေကန်အတွင်းပြုတ်ကျသွားသဖြင့် မိခင်ဒေါ်လုတမှ ကလေးအငယ် ကျော်လင်းအောင်အား ကြောပိုးလျှက်ဖြင့် ရေကန်သို့ဆင်းပြီး ဆယ်ယူရာတွင် ကလေး(၂)ဦး အပါအ၀င် မိခင်ဖြစ်သူပါ (၃)ဦးစလုံး ရေနစ်ပြီး နံနက်(၁၀)နာရီတွင် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခင်ပွန်းဖြစ်သူ ဦးချီးယို မှ ဖြစ်စဉ်အား အသံကြားသလိုလိုရှိသော်လည်း လက်ထွန်နေသဖြင့် ဂရုမပြုသတိမထားမိခဲ့ကြောင်း လယ်ထွန်ပြီး လယ်တဲသို့ပြန်လာရာ ဇနီးနှင့်ကလေး(၂)ဦးကို မတွေ့ရသဖြင့် လိုက်လံရှာဖွေရာမှ ကလေး(၂)ဦးမှာ ရေပေါ်တွင်ပေါ်နေပြီး မိခင်မှာ ရေကန်အတွင်းနစ်မြုပ်နေသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့ကြောင်းသိရသည်။

သေဆုံးသူ ဒေါ်လုတနှင့် ကလေး(၂)ဦး ရေနစ်ခဲ့သော ကန်မှာ အလျှားပေ(၁၀၀) အနံ(၇၅)ပေရှိသော ကန်ဖြစ်ပြီး သေဆုံးသူ(၃)ဦးစလုံးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ကြောင်း ရဲစခန်းအနေဖြင့်လည်း သေမှုသေခင်းဖြင့်အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

သတင်းပေးပို့သူ ။ ။ သာစည်မျိုးသန့်

Tachileik Online News

ဆေးခြောက်မှုနဲ့ အဖမ်းခံရတဲ့ ရဲတိုက်ကို ဆာတိုရီ လက်တွဲမဖြုတ်

                        စိန့်မေရီ ကသီဒြယ် ဘုရားကျောင်းဝင်းအတွင်း ရဲတိုက် တကိုယ်တော် ဆန္ဒပြခဲ့စဉ်က (ဓာတ်ပုံ – စိန့်မေရီ ကသီဒြယ်)
ဆေးခြောက် တကျပ်သား လက်ဝယ် တွေ့ရှိမှုနဲ့ ဒီနေ့ပဲ အမှုဖွင့်အရေးယူ ခံထားရတဲ့ သရုပ်ဆောင် ရဲတိုက်ကို စင်တင်ပေးခဲ့သူလို့ ဆိုနိုင်တဲ့ ဆာတိုရီ ရုပ်ရှင် ထုတ်လုပ်ရေးက ရဲတိုက်နဲ့ ဆက်ပြီး လက်တွဲသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ရဲတိုက်ဟာ ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ရိုက်လက်စ ဗီဒီယို တကား ကျန်ရှိနေသေးတယ်လို့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ကိုမျိုးဇော်က ဧရာဝတီကို ပြောပါတယ်။

“လက်ရှိတော့ ရဲတိုက်နဲ့ ရိုက်လက်စ တကား ကျန်နေပါတယ်။ စာချုပ်ကတော့ အရင် စချုပ်ကတည်းက ဘယ်နှနှစ် ဘယ်နှကား ဆိုပြီး မချုပ်ခဲ့ပါဘူး။ သူက တခြားတိုက်တွေနဲ့လည်း ရိုက်လို့ရပါတယ်။ လွတ်လွတ်လပ်လပ် ချုပ်ခဲ့တာပါ။ သူနဲ့ လက်တွဲခဲ့တာ ၂၀၀၆ ခုနှစ် ကတည်းက စခဲ့တာပါ။ ဆက်လက်မတွဲတော့ဘူး ဆိုတာလည်း မဟုတ်ပါဘူး။ လက်ရှိကတော့ တကား ကျန်နေပါတယ်” လို့ ကိုမျိုးဇော်က ဆက်ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို ဆေးခြောက် တကျပ်သား လက်ဝယ်တွေ့ရှိမှုနဲ့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု ပုဒ်မ ၁၅/ ၁၆ (ဂ)၊ မူးယစ်ပုဒ်မ (ပ နံပါတ်) ၄/ ၂၀၁၃ နဲ့ အမှုဖွင့် အရေးယူထားပြီး ပဲခူးတိုင်း တရားရုံးကို ဆက်လက် တင်ပြ ထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ အမှုဖွင့် အရေးယူထားပြီး ပဲခူးတိုင်း တရားရုံးကို ဆက်လက် တင်ပြထားပါတယ်” လို့ ကျောက်တံခါး ရဲစခန်းက တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

ဇူလိုင် ၄ ရက်နေ့ မနက် ၃ နာရီအချိန်လောက်က သရုပ်ဆောင်ရဲတိုက်ကို ကျောက်တံခါးမြို့ ဒဂုန်မန်းလမ်း လက်ချမီး လက်ဖက်ရည်ဆိုင်မှာ မသင်္ကာဖွယ် တွေ့ရှိကြောင်း၊ ကျောက်တံခါး ရဲတပ်ဖွဲ့(လှည့်ကင်းအဖွဲ့) ကို ပြည်သူတဦးက သတင်းပေးခဲ့တာကြောင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့ လှည့်ကင်းအဖွဲ့က ရဲအုပ်တဦးနဲ့ သက်သေတွေက သွားရောက်ရှာဖွေ စစ်ဆေးတဲ့ အခါမှာ ကိုရဲတိုက်ရဲ့ ကျောပိုးအိတ် ထဲမှာ မူးယစ်ဆေးဝါး ဆေးခြောက် တကျပ်သားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိပါတယ်” လို့ ကျောက်တံခါး ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။

ရဲတိုက်ဟာ ကျောက်တံခါးမြို့ကို အဖော်မပါတဦးတည်း ရောက်ရှိလာပုံရပြီး အနီရောင် ဆိုင်ကယ်တစီးကို ကိုယ်တိုင် မောင်းနှင်လာတယ်လို့ ကျောက်တံခါး ရဲစခန်းရဲ့ အဆိုအရ သိရပါတယ်။

“မူးယစ်ဆေးဝါး ပုဒ်မက ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ ကျနိုင်ပါတယ်။ ၁၆ (ဂ) လက်ဝယ်တွေ့ရှိမှုကတော့ ထောင်ဒဏ် များပါတယ်။ ဒါကတော့ တရားသူကြီးရဲ့ အဆုံးအဖြတ်နဲ့ စီရင်ချက်ချမှာပါ။ ကျနော်တို့ကတော့ စီရင်ပိုင်ခွင့် မရှိဘူး။ တရားစွဲပြီးတော့ တရားရုံးကို တင်ပေးလိုက်မှာပါ” လို့ ကျောက်တံခါး တရားရုံးက တာဝန်ရှိသူ တဦးက ဖြေပါတယ်။

တရားရုံးကတော့ သူ့ကို တွေ့ရှိခဲ့တဲ့ ဒေသအရ ပဲခူးတိုင်း ကျောက်တံတား တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ရဲတိုက် အမှုနဲ့ ပတ်သက်ပြီး သူ့ကို ဆာတိုရီရုပ်ရှင်နဲ့ ဗီဒီယို ရိုက်ကူးထုတ်လုပ် ဖြန့်ချိရေး ကလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။

“သူက လက်ဝယ်တွေ့ရှိတာပဲ ရှိသေးတယ်။ သုံးမသုံး မသိတော့ သူ့ကို မတရားပြောမိသလို ဖြစ်မှာလည်း စိုးပါတယ်။ ဒါပေမယ့် အနုပညာ သမားတယောက် မူးယစ်ဆေးကြောင့် ဒီလိုဖြစ်ရတာတော့ ဝမ်းနည်းမိပါတယ်။ ရဲတိုက်လို တော်တဲ့ အနုပညာ သမားတဦး အနေနဲ့ရော ကျနော်တို့ရဲ့ မင်းသားတဦး အနေနဲ့ပါ စိတ်မကောင်း အရမ်းဖြစ်ရပါတယ်” လို့ ကိုမျိုးဇော်က ဧရာဝတီကို ပြောပါတယ်။

ရဲတိုက်ရဲ့ ဖခင်ဖြစ်သူကတော့ ပဲခူးတိုင်းကို ရဲတိုက် အမှုကိစ္စနဲ့ သွားနေရပြီး သူ့ကိစ္စနဲ့ ပတ်သက်လို့ ရှုပ်ထွေးနေတာကြောင့် ဖုန်း လက်ခံစကား ပြောနိုင်ခြင်း မရှိပါဘူး။ ရဲတိုက်ရဲ့ လက်ကိုင်ဖုန်းကလည်း ပိတ်ထားတဲ့အတွက် ရဲတိုက်ဘက်က သတင်းတွေကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။

အနုပညာသမား ဘုန်းသျှံဟာလည်း ဆေးပြားတွေ လက်ဝယ်ဖမ်းဆီးရမိ ထားတာ မကြာသေးဘူးလို့ အနုပညာ အသိုင်းအဝန်းက သိရပါတယ်။

ရိုက်ကွင်းမန်နေဂျာ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာတဦးက “အနုပညာသမားတွေ ဒီလိုဖြစ်တာ စိတ်မကောင်းဘူး။ ဒါပေမယ့် တခုတော့ရှိတယ်၊ ဒီလို ဖမ်းဆီး ပြလိုက်တော့လည်း ကျန်တဲ့ အနုပညာသမားတွေပါ သင်ခန်းစာ ရနိုင်တယ်။ အနုပညာ လောကမှာ ဒီလိုတွေ မမြင်မကြားချင် တော့ဘူးဗျာ” လို့ ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ဟာ မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း ရန်ကုန်က စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း ဝန်းအတွင်း တကိုယ်တော် ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး လောလောလတ်လတ် အမှုရင်ဆိုင်ထားရပါတယ်။

ရဲတိုက်ဟာ လူမှုရေးလုပ်ငန်းတွေ အားတက်သရော လုပ်ကိုင်ခဲ့သူဖြစ်ပြီး ရဲတိုက်ဖောင်ဒေးရှင်းကို ထူထောင်ပြီး သဘာဝဘေးဒဏ် ခံရတဲ့ ဒုက္ခသည်တွေကို လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။
ဧရာဝတီ

မလေးရှားပြန် အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ရှာပေးပြီး ဖြစ်


လူမျိုးရေး ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူများ အလုပ်အကိုင် ရရှိရေးအတွက် ကုမ္ပဏီ ၁၄ ခုနှင့် ချိတ်ဆက်ပေးလျက်ရှိရာ အလုပ်သမား ၂၂၀ ခန့် အလုပ်ခန့်ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ စုစုပေါင်း ၁၉၃၇ ဦး ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့၏ နေရပ်လိပ်စာနှင့် ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းရယူကာ အလုပ်ခွင်အတွက် ချိတ်ဆက်ပေးလျက်ရှိကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

မိမိနိုင်ငံသို့ ပြန်လည် ၀င်ရောက်လာသူများအနက် အလုပ်လျှောက်ထားသူများအား ပြီးခဲ့သည့် ဇွန်လအတွင်း One Stop Service အစီအစဉ်ကို ၂ ကြိမ်ပြုလုပ်ခဲ့ရာ အလုပ်သမား ၈၂ ဦး အလုပ်လျှောက်ခဲ့ပြီး ၅၅ ဦးကို အလုပ်ခန့်နိုင်ခဲ့ကြောင်း၊ ယခုလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် တတိယအကြိမ် လူတွေမေးမြန်း အလုပ်ခန့်မှုများ ပြုလုပ်ခဲ့ရာ ၃ ရက်နေ့က အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၄၂ ဦးအား အလုပ်ခန့် ထားပေးခဲ့ကြောင်း၊ ၄ ရက်နေ့တွင် လာရောက် လျှောက်ထားသူ ၁၃၅ ဦးရှိကာ ၁၂၀ ဦး အလုပ်ခန့်နိုင်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ အကြံပေးပုဂ္ဂိုလ် ဦးသက်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

အလုပ်ခန့်ထားရေး လုပ်ငန်းများကို ရန်ကင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လုပ်သားများ လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်နေရာသို့ လူတွေ့မေးမြန်းရန် မလာရောက်နိုင်သူများသည် နီးစပ်ရာ မြို့နယ်အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနများသို့ ဆက်သွယ်ကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

“ပြည်တွင်းမှာနေပြီး အလုပ်လာလျှောက်တဲ့ လူတွေထက်၊ မလေးရှားက ပြန်လာတဲ့လူတွေ အလုပ်ရဖို့ ဦးစားပေး အစီအစဉ် အနေနဲ့ လုပ်သွားပါ့မယ်။ ကုမ္ပဏီတွေကိုလည်း ပညာအရည်အချင်း သတ်မှတ်ချက်နဲ့ သင်တန်းဆင်း လက်မှတ်တွေ မရှိရင်တောင် လုပ်ငန်းကျွမ်းကျင်မှုအလိုက် အလုပ်ခန့်ပေးပါလို့ ပြောထားပါတယ်” ဟု အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သည့် ဦးသက်နိုင်ဦးက ဆက်လက်ပြောသည်။

အလုပ်သမားဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် စက်ရုံအလုပ်ရုံနှင့် ကုမ္ပဏီများမှာ အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ အိမ်အလှဆင်လုပ်ငန်း၊ ပိုက်လုံးထုတ်လုပ်ရေး လုပ်ငန်းနှင့် အထွေထွေ လုပ်သားများ အဓိက လိုအပ်လျက်ရှိကြောင်း သိရသည်။

အလုပ်သမား ၀န်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် စက်ရုံအလုပ်ရုံ ၁၄ ခုမှာ ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီ၊ United Engineering ၊ တိုးဝါ အိမ်အလှဆင်လုပ်ငန်း၊ သုခစုစံ ပြည်ပအလုပ်ရှာဖွေရေး အေဂျင်စီ၊ Asia Express, Desial Kin, Good Morning ပေါင်မုန့်စက်ရုံ၊ မင်္ဂလာဒုံ ပိုက်စက်ရုံ၊ ၀င်းဂလိုရီ အထည်ချုပ်စက်ရုံ၊ မိုးကောင်းကင် အထည်ချုပ်စက်ရုံ၊ ဧရာဝတီ အထည်ချုပ်စက်ရုံ၊ Roap Inter အထည်ချုပ်စက်ရုံနှင့် ဇီးကွက်ဖြူ အထည်ချုပ်စက်ရုံတို့ ဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်ရုံများမှ လိုအပ်လျက်ရှိသည့် အလုပ်နေရာပေါင်း ၄၀၀ ကျော်ရှိကာ လက်ရှိအချိန်အထိ ခန့်ထားပြီးသူ ၂၂၀ ဦးခန့် ရှိပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အလုပ်သမားများအား လာရောက် အင်တာဗျူးလျက်ရှိသည့် တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီမှာ တာဝန်ရှိသူတဦးက “ကျနော်တို့မှာ အင်ဂျင်နီယာ ၄ ယောက်လိုတယ်။ ဒါပေမယ့် ဒီက လျှောက်တဲ့လူအပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပေါ့။ အခုအချိန်ထိတော့ အထွေထွေလုပ်သားတွေ လျှောက်တာများတယ်။ အင်ဂျင်နီယာ လာလျှောက်တဲ့သူ မရှိသေးဘူး။ အင်ဂျင်နီယာတွေကလည်း ပြန်မလာဘူး ထင်ပါတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ၆ နှစ်ကျော် သွားရောက် အလုပ်လုပ်ပြီး ပြန်လာသည့် ကိုချမ်းမြေ့အောင်က “မလေးရှားမှာတုန်းက ၁ လကို စားပြီးသောက်ပြီး အိမ်ကို ၂ သိန်းခွဲလောက် ပြန်ပို့နိုင်တယ်။ ကျနော်က အိမ်အလှဆင်လုပ်ငန်းကို ကျွမ်းကျင်တယ်။ တိုးဝါ ကုမ္ပဏီမှာ အခုပဲ အလုပ်ရပြီ။ လစာကတော့ ၁ သိန်း ၈ သောင်းလောက် ရချင်တယ်။ ဒီထက် ပိုလိုချင်ပေမယ့် ကိုယ့်နိုင်ငံ အကြောင်းကိုယ် အသိဆုံးပဲလေ။ တဖြည်းဖြည်းတော့ တိုးမယ်ထင်တယ်” ဟု ပြောသည်။

ဧရာဝတီ

ကွမ်းတောင်းစား၍ ကွမ်းထုတ်ပေးရာမှ ဓားခုတ်မှုဖြစ်

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ် မဘော ကျေးရွာ၌ ယမန်နေ့ ညနေပိုင်းက ကွမ်းယာ ထုတ်ပေးရာမှ ဝင်ရောက် ပြောဆိုသူ ဓားခုတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မော်လမြိုင်ကျွန်း မြို့နယ်မဘော ကျေးရွာနေ သန္တာစိုး ၂၁ နှစ်(ဘ) ဦးသိန်းစိုးသည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ခင်မောင်မြင့် ၂၅ နှစ်(ဘ) ဦးမြဟန်နှင့် ညီဖြစ်သူ ကိုကိုမောင် ၂၁ နှစ်(ဘ) ဦးမြဟန်တို့ နှစ်ဦး ရောက်လာပြီး ကွမ်းယာ တောင်းစား၍ သန္တာစိုးက ထုတ်ပေးရာ ခင်မောင်မြင့်က ဆောင့် အောင့်ပေးသည်ဟု ပြောဆိုပြီး  ရိုက်နှက်မည် ပြုစဉ် သန္တာစိုး၏ ယောက္ခမ ဖြစ်သူ   ကြည်အေး ၅၁ နှစ်(ဘ) ဦးသောင်းရွှေ ရောက် လာပြီး ဝင်ရောက် ပြောဆိုသဖြင့် ကိုကိုမောင်က အသင့် ပါလာသော မှိန်းဖြင့်ထိုးပြီး ခင်မောင်မြင့်က ဓားဖြင့်ထိုးရာ ကြည်အေး၏ ယာနို့အုံ ထိုးသွင်း ဒဏ်ရာ၊ ဝဲချိုစောင်း ပြတ်ရှ ဒဏ်ရာရရှိ သေဆုံးသွားသည်။ ဖြစ်စဉ် နှင့်ပတ်သက်၍ မော်လမြိုင်ကျွန်း ရဲစခန်းမှ (ပ)၅၉/၁၃၊ ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး တရားခံ ကိုကိုမောင်နှင့် ခင်မောင်မြင့် တို့အား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

 မြ၀တီ

တာချီလိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ ကြီးပြီး တံတားအနီးတွင် ကားများ ရေထဲနစ်မြုပ်


ဇူလိုင်လ ၅ ရက် နံနက် ၂ နာရီခန့်မှစ၍ တာချီလိတ်မြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ နံနက် ၆ နာရီခန့်တွင် ထိုင်းနှင့် မြန်မာ ချစ်ကြည်ရေး တံတားအောက်ရှိ မယ်ဆိုင်ချောင်းရေကြီးခဲ့ပြီး နေအိမ်များ
အတွင်း ရေများဝင်ရောက်ကာ တံတားအောက်ရှိကားများ ရေနစ်မြုပ်
ခဲ့ကြောင်း သိရသည်။

ရေကြီးမှုကြောင့် အနိမ့်ပိုင်းများဖြစ်သော ပုန်းထွန်နှင့် တာလော့တွင် နေရာ
အနှံ့အပြား ရေကြီးခဲ့ပြီး တံတား ၁ အောက်တွင် ရေတစ်မီတာကျော် တက်ခဲ့ကာ ကားလေးစီးမှာ ရေမြုပ်ခဲ့ကြောင်း သိရသည်။

''ကားတွေနဲ့ ဆိုင်ကယ်တချို့ ရေမြုပ်တာက ကားတွေကို ဒီဘက်ကမ်း
ထားပြီး မယ်ဆိုင်ဘက်ကမ်းကို သွားအိပ်ကြတာ။ ခုက ညကနေ မိုးလင်းတဲ့
အထိ မိုးရွာပြီး ရုတ်တရက်ရေကြီးခဲ့လို့ လာထုတ်ဖို့ မဖြစ်နိုင်တော့လို့ ရေမြုပ်
ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ အိမ်ထဲမှာတော့ မနက် ၆ နာရီလောက်မှာ ခါးလောက်အထိ ရေ၀င်ခဲ့တယ်'' ဟု ပုန်းထွန်ရပ်ကွက် တံတားအနီးတွင်
နေထိုင်သော အမျိုးသမီး တစ်ဦးက ပြောကြားခဲ့သည်။

ယခုရေကြီးမှုသည် ၂၀၁၃ ခုနစ်အတွင်း ပထမဆုံးသော ရေကြီးမှုဖြစ်ပြီး
ရေကြီးမှုကို တာလော့ဈေး၊ ပုန်းထွန်၊ မေဖလားဝါး ကွက်သစ်တို့မှ အများဆုံး ခံခဲ့ကြရကာ မယ်ခေါင်ရပ်ကွက်တွင် အိမ်အချို့သာ ရေ၀င်ခဲ့ကြောင်း သိရသည်။ နံနက် ၁၀ နာရီ တွင် ချောင်းရေမှာ ပြန်ကျနေပြီ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့၌ ဆီးဂိမ်းစ်အမီ တည်ဆောက်ရန် စီစဉ်



လူကူးခုံးကျော်တံတား တည်ဆောက်မည့် နေရာများထဲတွင် တစ်ခုအပါအ၀င် ဖြစ်သည့် ဒလ-ပန်းဆိုးတန်း အနီးတစ်ဝိုက်အား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့တော်၌ ဆီးဂိမ်းစ်ပြိုင်ပွဲအမီ တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
အဆိုပါ လူကူးခုံးကျော်တံတား သုံးစင်းကို ဒလ-ပန်းဆိုးတန်းမှ ဆူးလေဘက်သို့ လာသည့်နေရာအနီး တစ်စင်း၊ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေးဘုရားနှင့် ဂမုန်းပွင့် ကုန်တိုက်အနီး တစ်စင်း၊ လမ်းမတော် စဥ့်အိုးတန်းအနီး တစ်စင်း တည်ဆောက်ရန် လျာထားသည်ဟု သိရသည်။
အဆိုပါ တံတားများ တည်ဆောက်ရန်အတွက် လုပ်ငန်းစတင်ချိန်ကို မပြောနိုင်သော်လည်း ဆီးဂိမ်းစ်အမီ တည်ဆောက်မည် ဖြစ်ကြောင်း၊ ယခုအခါ မြေသားစမ်းသပ်မှုအချို့ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
''ဆောက်ဖို့စီစဉ်ထားတဲ့ လူကူးခုံးကျော် တံတားတွေက လူတွေသက်သောင့် သက်သာ အတက်အဆင်း လုပ်နိုင်အောင် စက်လှေကား ပါမှာဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာ လိုပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲလုပ်ရင် နိုင်ငံခြားက ဧည့်သည်တွေလည်း လာတဲ့အခါ ဒါမျိုးတွေက လိုအပ်လာမှာ မို့လို့ပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဆီးဂိမ်းစ်အမီ လူကူးခုံးကျော် တံတားများ တည်ဆောက်ခြင်းအပြင် လမ်းသားချဲ့ထွင်မှု အချို့ကိုလည်း ပြုလုပ်လျက် ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တော်တွင် ယာဉ်သွားလမ်းအဖြစ် အသုံးပြုသည့် ခုံးကျော်တံတား သုံးစင်းကိုလည်း တည်ဆောက်ခဲ့ရာ လှည်းတန်းခုံးကျော် တံတားမှာ ပြီးစီး၍ အသုံးပြုနေပြီ ဖြစ်သော်လည်း ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားမှာမူ လက်ရှိတည်ဆောက် နေဆဲပင်ဖြစ်ပြီး ရွှေဂုံတိုင်ခုံးကျော် တံတားမှာမူ တည်ဆောက်မှု အပိုင်းတွင် ကြန့်ကြာမှုများ ရှိနေပြီး ယာဉ်ကြောပိတ်ဆို့ မှုများလည်း ဖြစ်ပွားနေသည်ဟု သိရသည်။

Myawady News

"လေဒီဂါဂါက ချစ်သူအတွက် တန်ဖိုးကြီးကျောပိုးအိတ် မွေးနေ့လက်ဆောင်ပေး"


လေဒီဂါဂါသည် သူမ၏ ချစ်သူအတွက် တန်ဖိုးကြီး ကျောပိုးအိတ် တစ်လုံးကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ဂါဂါ၏ စိတ်ကူးသည် ဆန်းသစ်ပြီး ဟောလီးဝုဒ် မင်းသား တေလာကင်နီအတွက် ကျောပိုးအိတ် တစ်လုံးကို သီးခြား မှာယူကာ ချုပ်လုပ်ထားစေခြင်း ဖြစ်သည်။

ဂါဂါသည် အဆိုပါ ကျောပိုးအိတ်အတွက် ပေါင်စတာလင် (၃၇၀၀၀)မျှ အကုန်အကျ ခံခဲ့ရသည်။ ယင်းကျောပိုးအိတ်များ ပုံစံတူ (၁၁)လုံးသာ ရှိမည်ဟု သိရသည်။ အသက်(၂၇)နှစ်ရှိ Popဂီတစတား အဆိုတော်သည် ဒီဇိုင်းပညာရှင် ဒါမီယန်ဟာ့စ်ထံသို့ ယခုကျောပိုးအိတ်အတွက် သီးခြား ချုပ်လုပ်ပေးရန် မှာယူခဲ့ခြင်း ဖြစ်သည်။

ကင်နီ၏ မွေးနေ့သည် ဇူလိုင်လ (၁၅)ရက်နေ့တွင် ကျရောက်ပြီး အသက်(၃၂)နှစ် ပြည့်မြောက်မည် ဖြစ်သည်။ ကျောပိုးအိတ်သည် ရောင်စုံစက်ဝိုင်းများဖြင့် အလှဆင်ထားသည့် အနက်ရောင် သားရေကို အခြေခံ ချုပ်လုပ်ထားခြင်းဖြစ်ပြီး အတွင်း ကိုယ်ထည်၌ ကြေးဝါသားပေါ်တွင် ရွှေပြားထပ် အုပ်ထားကြောင်း သိရသည်။

ဂါဂါနှင့် နီးစပ်သူများက "ကင်နီကတော့ ကျောပိုးအိတ်ကို ကြည့်ပြီး သဘောကျနေပါတယ်။ ပြောရရင် သူက အရင်ကတည်းက ကျောပိုးအိတ်တွေကို တန်ဖိုးထား စုဆောင်းတတ်သူပါ။ ဒီလိုအိတ်မျိုးက တကယ့် တစ်မျိုးတစ်စားတည်း ထိပ်တန်းအဆင့် ဖြစ်ပါတယ်။

စုစုပေါင်းမှ (၁၂)လုံးပဲ ရှိတယ်"ဟု ပြောကြားခဲ့သည်။ ဂါဂါသည် ကင်နီ၏ မွေးနေ့တွင် ပါတီပွဲကြီးတစ်ခု ကျင်းပပေးရန်လည်း စီစဉ်ထားသည်။ ထို့အပြင် ကင်နီကို မိသားစုများ ရှိနေသည့် ချီကာဂိုသို့ အလည်အပတ် ခရီးထွက်နိုင်အောင်လည်း လေယာဉ်လက်မှတ် မှာယူပေးထားကြောင်း သိရှိရသည်။

Myawady News

ကျိုင်းတုံတွင် ဓားဖြင့်မသေမချင်း ခုတ်သတ်သော လူသတ်မှုဖြစ်

ရွှတြိဂံဒေသ ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင်ကျေးရွာ တွင် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဓားဖြင့် မသေမချင်း ခုတ်သတ်သော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးရဲကြည်က The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင်ကျေးရွာတွင် နေထိုင်သော ဦးတူးတယ်ကို နေအိမ်၌ လာရောက်တည်းခိုသူ ဦးအိုက်အွန်က အရှည် ၂၁ လက်မခန့်ရှိ ဓားဖြင့်မသေမချင်း ခုတ်သတ်ခြင်း ဖြစ်ကြောင်း ယင်းမြို့ ရဲစခန်းမှတ်တမ်းများ အရ သိရသည်။

"အိုက်အွန်က အရင်တစ်ခေါက်ပဲ သူ့အမျိုးတွေနဲ့ အိမ် အလည်လာဖူးတာ၊ အခုသေတဲ့သူက ခါးနာလို့ ဘေးအိမ်က အဘွားကို လာနှိပ်ခိုင်းတာ။ အဘွားနဲ့ မတွေ့လို့ ကျွန်တော်တို့နဲ့ စကားထိုင်ပြောနေရင်း သူကမပြောမဆိုနဲ့ ဓားနဲ့ဝင်ခုတ်တာ၊ ကျွန်တော်တို့လည်း ကြောက်လို့ ထွက်ပြေးရတယ်" ဟု မျက်မြင် တွေ့ရှိသူ ဦးအားဖြိုက The Voice သို့ ပြောကြားသည်။

သေဆုံးသူ ဦးတူးတယ်သည် ညာဘက်မျက်လုံး၊ ဘယ်ဘက်နားထင်၊ နဖူးနှင့် ဦးခေါင်းနောက်စေ့တို့ကို ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ယင်းနေအိမ်တွင်ပင် ပွဲချင်းပြီးသေဆုံး သွားခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အရ သိရသည်။

"ဦးလေးကို ဓားနဲ့ခုတ်သတ်တာ သိလို့ ရွာကလူတွေ ဝိုင်းဖမ်းတော့ပါလာတဲ့ ဓားနဲ့ ပြန်ရန်မူလို့ ရဲစခန်းကိုဖုန်းဆက် အကူအညီ တောင်းရတယ်" ဟု ယင်းတရားခံကို ဖမ်းဆီးရာတွင် ပါဝင်သူ သေဆုံးသူ၏ တူမတော်စပ်သူ မအားမီက The Voice သို့ ပြောဆိုသည်။

ယင်းသို့ ဓားဖြင့် ခုတ်သတ်သည့် အကြောင်းအရင်းနှင့် ယင်းသို့ဖြစ်ပွားစဉ် ဦးအိုက်အွန်၏ စိတ်အခြေအနေတို့ မည်သို့ ရှိသည်ကို မသိရှိရသေးပေ။

ပြစ်မှုကျူးလွန်သူကို ဆယ်မိနစ်အတွင်း ဖမ်းဆီးရ မိခဲ့ပြီး(ပ) ၈၅/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂၊ အမှုကြီးအမှတ်စဉ် ၅/၂၀၁၃ ဖြင့် စစ်ဆေးအရေးယူလျက် ရှိကြောင်း ယင်းမြို့ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရန်နိုင် (သီလဝ)

The Voice Weekly

တောင်ဒဂုံ ၅၆ ရပ်ကွက်တွင် သာမန်ခိုက်ရန် ဖြစ်ပွားရာမှ ပဋိပက္ခအသွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့

တာင်ဒဂုံမြို့နယ် အမှတ် ၅၆ ရပ်ကွက်အတွင်း သာမန်ခိုက်ရန် ဖြစ်ပွားရာမှ ပဋိပက္ခအသွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူခဲ့
ရကြောင်း သိရသည်။

အစ္စလာမ် ဘာသာဝင်များ နေထိုင်ရာ ၅၆ ရပ်ကွက်၊ ရတနာ့ထိပ်ခေါင် ၁ လမ်း၊ အမှတ် ..... နေအိမ်ရှေ့တွင် ဇူလိုင် ၅ ရက် နံနက်က ငါးမျှားနေသော လူနှစ်ဦးက ထိုမိသားစုဝင်များ နေအိမ်တွင်း ၀တ်ပြုဆုတောင်း နေသည်ကို ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း ထိုအခါ အဆိုပါ နေအိမ်၌ နေထိုင်သူ အစ္စလာမ် ဘာသာဝင်ငါးဦးက ထိုသူနှစ်ဦးကို မကျေမနပ်ဖြစ်ကာ ထိုးကြိတ်ရာမှ
ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြဿနာဖြစ်ပွားရာ နေရာသို့ ရပ်ကွက်အတွင်း နေထိုင်သူတို့သည် ယင်းနေ့နံနက်မှ မွန်းလွဲ ၂ နာရီခန့်ထိ လူစုလူဝေးဖြင့် ရှိနေခဲ့ပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှ လူစုကွဲသွားကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းလှိုင်က ''သာမန် ခိုက်ရန်ဖြစ်ပွားမှု တစ်ခုပါ။ အခု ကျူးလွန်သူ ငါးဦးကို ဖမ်းဆီးပြီး အမှုဖွင့် အရေးယူဖို့
ဆောင်ရွက်နေပါတယ်။ ပဋိပက္ခတွေ မဖြစ်ပွားအောင် ကျွန်တော်တို့ လုံခြုံရေး ယူထားပါတယ်'' ဟု ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းက ပြော
ကြားသည်။

ထိုသို့ ထိုးကြိတ်ခံရသူ ဦးဌေးလှိုင်နှင့် အပေါင်းပါ တစ်ဦးမှာ ဒဏ်ရာအချို့ ရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ကုသမှု ခံနေရကြောင်း သိရသည်။ အဆိုပါ အစ္စလာမ် ဘာသာဝင်များ နေထိုင်နေသည့် နေအိမ်သည် ယခင်ကလည်း တရားမ၀င် ၀တ်ပြုခြင်းနှင့် အခြားသော ဘာသာရေး ကိစ္စရပ်များ ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုသို့ မဆောင်ရွက်ရန် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ ရှေ့မှောက်တွင် အိမ်ထောင်ဦးစီးမှ လက်မှတ် ရေးထိုးထားကြောင်း သိရသည်။

''အဲဒီ ငါးဦးကို အင်းစိန်ထောင် ပို့လိုက်ပါပြီ။ လက်ရှိမှာ တောင်ဒဂုံ၊ မြောက်
ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း ရဲစခန်းတွေပေါင်းပြီး လုံခြုံရေး တိုးမြှင့်ထား
ပါတယ်'' ဟု တောင်ဒဂုံ မြို့မရဲစခန်း တာဝန်မှူးက ဇူလိုင် ၅ ရက် ည ၁၁ နာရီက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကောလာဟလ သတင်းအချို့ ထွက်ပေါ်
ခဲ့သော်လည်း ဇူလိုင် ၅ ရက် ည ၁၂ နာရီခန့် အချိန် စုံစမ်းမေးမြန်းမှုများ
အရ မည်သည့် ပြဿနာမျှ ထပ်မံဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။

eleven media group

အီးပီအေ ဓာတ်ပုံသတင်းထောက်နှင့် ရွှေတိဂုံ ဂေါပက အဖွဲ့တို့ အပြန် အလှန် တရားစွဲမည်

ဇူလိုင် ၂ ရက်က ထိုင်းဘုရင့်သမီးတော် ချက်ကရီသီရိဒုံ ရွှေတိဂုံစေတီ တော်သို့ လာရောက်ဖူးမြော်စဉ် က ရွှေတိဂုံစေတီတော်တွင် လာ ရောက်သတင်းယူသည့် EPA သတင်းထောက် ကိုလင်းဘိုဘို  နှင့် ရွှေတိဂုံဂေါပက ရုံးမှ တာဝန် ရှိသူတို့ တစ်ဖက်နှင့်တစ်ဖက် အ ပြန်အလှန် တရားစွဲဆိုရန် စီစဉ် လျက်ရှိကြောင်းသိရသည်။

 အဆိုပါဖြစ်စဉ်မှာ ရွှေတိ ဂုံစေတီတော်သို့ ဇူလိုင် ၂ ရက် က ထိုင်းဘုရင့်သမီးတော် သီရိ ဒုံ လာရောက်စဉ်က ရွှေတိဂုံစေတီတော်တွင် လာရောက်သတင်း ယူသည့် EPA သတင်းထောက် ကိုလင်းဘိုဘိုနှင့် ရွှေတိဂုံဘုရား ရဲများ နှင့် ရုန်းရင်းဆန်ခတ် ဖြစ် ပွားမှုနှင့် ပတ်သက်၍ EPA သ တင်းထောက် ကိုလင်းဘိုဘိုက ''ကျွန်တော့်ကို ရွှေတိဂုံဘုရားရဲ တွေက တွန်းထုတ်လိုက်တာ ရှေ့ ကို မှောက်ထိုးလဲ ပြုတ်ကျသွား တာပါ။ ကျွန်တော့်မှာ သူတို့ တွန်းတယ် ဆိုတာ ပစ္စည်းသက်သေ ရော၊ လူသက်သေရောရှိပါတယ်။ ကျွန်တော်က ကင်မရာမှန်ဘီလူး ကွဲသွားတာ သူတို့ကို မလျော်ခိုင်း ပါဘူး။ ဒီကိစ္စကို သူတို့ဘက်က မှားပါတယ်ဆိုတာ ဝန်ခံခိုင်းတာ ပါ။ သူတို့ဘက် က ဝန်မခံ ရင် တော့ ကျွန်တော့် ဘက်က တရားစွဲမှာ ပါ''ဟု ပြောသည်။

ကိုလင်းဘိုဘို ကဆက်လက် ၍'' ရွှေတိဂုံစေတီတော် အနေဖြင့် လဲ ထိုင်းဘုရင့်သမီးတော်လို အ ရေးကြီးပုဂ္ဂိုလ် လာရောက်တဲ့အ ချိန်မှာ CCTV ကို မိုးရွာလို့ ပိတ် ထားတယ်ဆိုသည်မှာ မဖြစ်သင့် ကြောင်း။ CCTV မှာသာ ပြန် ကြည့်လို့ ကျွန်တော်မှားတယ်ဆို ရင် ကျွန်တော် သူတို့ကို တောင်း ပန်မှာပါ''ဟု ပြောသည်။

''ဦးတို့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေအတိုင်း ပဲ ဆောင်ရွက်မှာပါ၊ CCTV က မိုးတွင်းကာလမှာ မိုးကြိုးပစ်လို့ ဖြုတ်ထားပါတယ်။ မိုးရွာနေချိန် မှာပိတ်ဖို့ အထက်က ပြောထား လို့ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကို လင်းဘိုဘို ဘက်က တရားစွဲရင် ပြန်စွဲမှာပါ။ ငြိမ်ခံနေရင်ကျွန် တော်တို့က ဟုတ်လို့ငြိမ်ခံနေတယ် ထင်မှာစိုးလို့ပါ''ဟု ဦးဝင်းကြိုင် ကပြောသည်။

ရွှေတိဂုံစေတီတော်ဂေါပ ကရုံးမှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ''ထိုင်းဘုရင့်သမီးတော်နဲ့ ဧည့် သည်တော်တွေက ကျောက်စိမ်း တန်ဆောင်းနားမှာ ဖူးမြော်နေ တဲ့အချိန်မှာ သတင်းထောက် ကိုလင်းဘိုဘိုက ချော်လဲသွားပါ တယ်၊ ကျောက်စိမ်း တန်ဆောင်း က အမြင့်နှစ်ပေရှိပါတယ်၊ ဧည့် သည်တော်နဲ့ သင်တန်းသား ၇၀ ပါ,ပါတယ်၊ ဘုရားရဲတွေ လက် ယှက်ထားတဲ့နားမှာ သူကအလျင် စလိုရှိနေတဲ့အတွက် နောက်ကို ချော်လဲသွားတာပါ၊ လည်ပင်းက ကင်မရာ နဲ့ ကြမ်းပြင်နဲ့ ရိုက်မိပါ တယ်။ ကျွန်တော်တို့ဆီက လုံ ခြုံရေးက ထူပေးလိုက်ပါတယ်၊ သူက ကျွန်တော်တို့ဆီက တွန်းလို့ ဖြစ်တယ်ဆိုပြီး ပြောပါတယ်''ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေ တိဂုံစေတီတော် ဂေါပကရုံးမှရုံး အဖွဲ့မှူး ဦးဝင်းကြိုင်က '' သူက ဘယ်ကောင်တာဝန်ယူမလဲ၊ ဘယ် ကောင်ရှင်း မလဲဆိုပြီး ပြောပါ တယ်။ ဧည့်သည်တော်ရှိလို့ တောင်း ပန်ပါတယ်၊ သူက တောင်း ပန်လို့ ဖြစ်တာ မဟုတ်ပါဘူး၊ ဘုရားက ရဲတွေ ဗိုလ်ကျတာ၊ သူကကင်မ ရာကွဲ တာ ဘယ်သူတာဝန်ယူမှာ လဲလို့ ပြောပါတယ်၊ ဒါကို ဘယ် သူ ဖြေရှင်းပေးမှာလဲလို့ တောက် လျှောက်ပြောပါတယ်၊ အင်္ဂါထောင့် က ဧည့်သည် တော် ပြန်သွား ပါတယ်၊ အဲဒီအချိန်မှာ ဘုရားရဲကို သူက ဘယ်ကောင်တာဝန် ယူမှာ လဲမေးပါတယ်။ ဘုရားရဲက မင်း ဟာမင်း လဲတာလို့လဲပြောရော သူက ခင်ဗျားအသက်ကြီးပြီ၊ ကျုပ် အဖေလောက်ရှိတာ၊ ဘုရား ပေါ် မှာ မလိမ်ပါနဲ့ဆိုပြီး ပြောပါ တယ်'' ဟု ဆက်လက်ပြော ကြားသည်။

သက်သျှိုင်းသူ
yangonmedia group

စားဝါးနေသော တရားသူကြီးအချို့ကို လျှို့ဝှက်စုံစမ်းမည်


လာဘ်ပေးလာဘ်ယူမှုများနှင့်ပတ်သက်၍ တိုင်ကြားခံထားရသည့် ခရိုင်အဆင့်တရားသူကြီးအချို့၏ ပိုင် ဆိုင်မှုများကို အထူးအဖွဲ့ဖွဲ့ပြီး လျှို့ဝှက်စုံစမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးမှ အဆင့် မြင့် တရားသူကြီးတစ်ဦးက ထုတ် ဖော်ပြောကြားလိုက်သည်။

ယင်းကဲ့သို့စစ်ဆေးရာတွင် ခရိုင်အဆင့်တရားသူကြီး အချို့ ၏ ပိုင်ဆိုင်မှုများနှင့်အတူ မိသားစုများ၏ လုပ်ငန်းလုပ်ကိုင်မှုများ ကိုစစ်ဆေးသွားမည်ဖြစ်ကာ လာဘ်ပေးလာဘ်ယူမှုများနှင့် မသမာမှုများပြုလုပ်မှုများတွင် ပါဝင် ပတ်သက် ခြင်းများရှိပါက ဥပဒေအရ စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။  ယင်းနှင့်ပတ်သက်၍ အဆို ပါအဆင့်မြင့်တရားသူကြီးက ''တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့ နယ်အဆင့်ဆိုပြီး တရားသူကြီး တွေရှိ တယ်။ ပြည်သူလူထုအချို့ ရဲ့တိုင်ကြားမှုကိုခံထားရတဲ့ ခရိုင် အဆင့် တရားသူကြီးအ ချို့ရဲ့ ပိုင်ဆိုင်မှုနဲ့ အလုပ်လုပ်ပုံတွေကို လျှို့ဝှက်စစ်ဆေးမှာပါ။ ဘယ်တိုင်း ဒေသကြီးက စစစ်မလဲဆိုတာတော့ ပြောလို့မရဘူး။ အခု အဲဒီလိုလုပ် မယ့် အစီအစဉ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရေးဆွဲနေတုန်း ပါ''ဟု ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တွင် ကလေးနှင့် တမူးရဲစခန်းများ သို့ ဒုရဲချုပ် ဦးဆောင်သော အထူး အဖွဲ့က ရှောင်တခင်ဝင်ရောက် ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ''တရား သူကြီး အချို့ရဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးသင့်တာပေါ့။ တကယ်လို့ မှန်မှန်ကန်ကန်သာ စစ်ဆေးမယ်ဆိုရင် ထောင်ထဲဝင် ရမယ့်သူတွေ အများကြီးပဲ''ဟု ပြောသည်။ မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက်ပိုင်း တရား သူကြီး များနှင့် အစိုးရရှေ့နေများ ကို အမှုကိစ္စများ မှန်မှန်နှင့်မြန် မြန်ဆောင်ရွက်ရန်၊ လာဘ်ပေး လာဘ်ယူမှုကင်းရှင်းစေရန် ညွှန် ကြားချက်များဖြင့် ပိုမိုတင်းကြပ် လာပြီး သက်ဆိုင်ရာတိုင်း၊ ခရိုင်၊ မြို့နယ်ရှိ တရားရုံးများ တွင်လည်း အမှုကိစ္စ များ၌ သက်ဆိုင်ရာတရား သူကြီးများ လာဘ်ပေးလာဘ်ယူ မှုများပြုလုပ်ပါက တိုင်ကြားရန် ဖုန်းနံပါတ်များကို ဖော်ပြပေးထား ကြောင်း သိရသည်။

ကျော်မြတ်ဇံ
yangonmedia group

Kanebo တံဆိပ် အလှ ကုန် ဆယ်မျိုးခန့် မြန်မာဈေးကွက်မှ ပြန်သိမ်း


 နာမည်ကြီး အလှကုန်တံဆိပ်တစ်ခုထဲတွင်ပါ ဝင်သော Kanebo တံဆိပ် အလှ ကုန် ၅၄မျိုးအား အာရှဒေသ တွင် ပြန်လည်သိမ်းဆည်းနေပြီး မြန်မာနိုင်ငံတွင်လည်း အဆိုပါတံ ဆိပ်ပစ္စည်း ဆယ်မျိုးခန့် အား ဇူလိုင် ၄ရက် ညနေပိုင်းမှ စတင်၍ ဈေး ကွက်အတွင်းမှ ပြန်လည်သိမ်း ဆည်းနေပြီဖြစ်ကြောင်း သိရ သည်။

ဂျပန်နိုင်ငံရှိနာမည်ကြီး အလှကုန် ထုတ်လုပ်သော  Kanebo ကုမ္ပဏီ သည် ယင်းနိုင်ငံမှပြည်သူများ၏တိုင်ကြားချက်အရ အာရှဒေသ၌ ဖြန့်ချိထားသည့် အသားဖြူမိတ် ကပ် ၅၄ မျိုးအား မြန်မာနိုင်ငံအ ပါအဝင် အာရှဒေသ များမှ ပြန် လည် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားသတင်း မီဒီယာများတွင် ဖော်ပြပါရှိပြီးနောက်တွင် ယင်း သို့ သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။ ''အလှကုန်ပစ္စည်း ၅၄မျိုး ကိုတော့ ကွန်ပလိန်းတက်နေပြီ လို့ ဂျပန်က နေ လှမ်း အကြောင်း ကြားတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကတော့ အဲဒီ ၅၄ မျိုးထဲကတင် သွင်းထားတာ ပစ္စည်းဆယ်မျိုး လောက်ပဲရှိတော့ ဒီနေ့ညနေက နေစပြီး သိမ်းနေပါပြီ''ဟုမြန်မာ နိုင်ငံတွင် Kanebo တံဆိပ် တရား ဝင်ရောင်းချ ခွင့်ရ Ever Seiko  ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါတံဆိပ် အသားဖြူ မိတ်ကပ် ၅ဝကျော်သည် သုံးစွဲ သူများ၏အရေပြားပေါ်တွင် အဖြူကွက်များနှင့် အရောင်များ ဖြစ်ပေါ်စေနိုင်သည် ဟူသော သံ သယရှိ သဖြင့် ဂျပန်မှ ကုမ္ပဏီအ နေဖြင့် ပြန်လည်သိမ်းဆည်းရန် ဆောင်ရွက်ခြင်းဖြစ်ကာ မြန်မာ နိုင်ငံအပါအဝင် ထိုင်ဝမ်၊ ဟောင် ကောင်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် အစရှိ သည့် အာရှနိုင်ငံများရှိ ဈေးကွက် များမှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါတံဆိပ်ကို သုံးစွဲနေ သူ စမ်းချောင်းမြို့နယ်မှ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ငြိမ်း ငြိမ်းထွဋ်က ''ကျွန်မ ဒီသတင်းကို ကြားတော့ လန့်သွားပါတယ်။ ဒီ တံဆိပ်ဟာ အမြဲသုံးနေတဲ့ တံ ဆိပ်လဲဖြစ်တော့ ကြားကြားချင်း တော့ လန့်သွားတယ်။ ဒါပေမဲ့ အခုသုံးတာက ခရင်ပတ်ရယ်၊ နို့ ရည်ရယ်ဆိုတော့ မပါပေမယ့် နည်းနည်းကြောက်မိတယ်။ အခု သုံးနေတဲ့ ပစ္စည်းတွေကတော့ ကိုယ်နဲ့လဲ တည့်ပါတယ်။ကြိုက် လဲ ကြိုက်တော့ သိမ်းတဲ့အထဲ မပါရင် ဆက်သုံး မှာပါ''ဟု ဆို သည်။ အဆိုပါ Kanebo  အလှ ကုန်ပစ္စည်းများတွင် 4HPB  ခေါ် ပစ္စည်းများပါဝင်ပြီး သုံးစွဲသူ ပြည်သူများ၏ အရေပြား ပေါ် တွင် အဖြူကွက်များနှင့် အရောင် များကို ဖြစ်ပေါ်စေခြင်းနှင့် စပ် ဆက်မှု ရှိမရှိသိရှိနိုင် ရန်နှင့် ပြည် သူများ ထိခိုက်မှုမရှိရန် ပြန်လည် သိမ်းဆည်းရခြင်းဖြစ်ကြောင်း လည်း နိုင်ငံခြား သတင်းမီဒီယာ များတွင် ဖော်ပြချက်များ အရ သိရသည်။

အဆိုပါ 4HPB ခေါ် ပစ္စည်းများနှင့် ပတ်သက်၍အရေ ပြားအထူးကုဆရာဝန် ဒေါက်တာ စိုးဝင်းဦးက ''4HPB  ဆိုတာ အ လှကုန်တွေထဲမှာ ပါတဲ့ပစ္စည်း၊ ဒါပေမဲ့အသုံးများတာ မဟုတ်ဘူး၊ နာမည်အရှည် မရှိဘူး၊ ကုတ်အ နေနဲ့ လျှို့ဝှက် နာမည် ပေးထား တာ၊ ဓာတုပစ္စည်းတော့ မဟုတ် ဘူး၊ သဘာဝပစ္စည်း၊ 4HPB ပါ တဲ့ အလှကုန်တွေက လိမ်းလိုက် ရင် ခရုသင်းလို အဖြူအကွက် တွေ ထွက်လာတယ်။ ဒီကောင် ကြောင့် ဖြစ်မယ်ထင်''ဟု ရှင်းပြ ခဲ့သည်။

ငွေစန္ဒီ ၊ နွေဦးလင်း
yangon media group