ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ဖို့ ဘာစားရမလဲ


ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ပေးနိုင်ဖို့ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေကို စားသုံးပေးသင့်ကြောင်း သုတေသနတစ်ခု မှာ ဖော်ပြထားပါတယ်။ ဒီသုတေသနကို Royal Holloway University, St George’s University, လန်ဒန် တက္ကသိုလ်နဲ့ Kingston University London တို့က ပူးပေါင်းလေ့လာမှု ပြုခဲ့တာဖြစ်ပါတယ်။

ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာ ကျွဲကောသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ရှောက်သီး၊ လီမွန်သီးတွေလို အချဉ်ကဲတဲ့ အသီးတွေအပြင် ကီဝီသီး၊ စတော်ဘယ်ရီ၊ နဲ့ခရမ်းချဉ်သီးတွေ ပါဝင်ပါတယ်။
ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာပါဝင်တဲ့ naringenin ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်နိုင်ပြီး PKD2 ဆိုတဲ့ ပရို တင်းကိုတားဆီးပေးနိုင်ပါတယ်။ အဲဒီ PKD2ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် Polycystic Kidney့ လို့ခေါ်တဲ့ ကျောက်ကပ်မှာ ရေအိတ်၊ ပြည်တွေနဲ့ ပြည့်နှက်ပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာ ပျက်ယွင်းသွားမယ့် အခြေအနေကို ဗီတာမင်စီကြွယ်ဝတဲ့ အသီးတွေ စားသုံးပေးပြီး ကာကွယ်နိုင်ပါတယ်။

ဒီလေ့လာမှုမှာ ကျောက်ကပ်ရေအိတ်တည်နေတဲ့ ကြွက်တွေကို သုတေသနပြုခဲ့ပြီး naringenin ကို ထိုးသွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ PKD2 ပမာဏ သိသိသာသာ လျော့ကျလာတာကို တွေ့ရပြီး ကျောက်ကပ်မှာရှိနေတဲ့ ရေအိတ်တွေ လဲလျော့ကျသွားပါတယ်။ ဒါ့အပြင် အသစ်ဖြစ်ပေါ်လာမယ့် ရေအိတ်အခြေအနေကိုလည်း ကာကွယ်နိုင်တယ်လို့သိရပါတယ်။

Kingston University ရဲ့ဆေးဝါးဗေဒဆိုင်ရာ ပါမောက္ခ Dr.Mark Carewuna ringenin ရဲ့အာနိသင်ကို ဆက်လက်လေ့လာနေပြီး ဆေးဝါးအဖြစ် ထွက်ပေါ်လာဖို့ ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။
အခုလေ့လာမှုကို British Journal of Pharmacology မှာ ဖော်ပြထားတာဖြစ်ပါတယ်။

သက်ကို
ref: ANI
Health Updates Journal

မိသားစုများ၏ စီးပွားရေးလုပ်ငန်းကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အချိန်မရွေးလာရောက် စစ်ဆေးနိုင်ဟု သူရဦးရွှေမန်းပြောပြီ


နေပြည်တော်၊အောက်တိုဘာ၂၄

မိမိအပါအ၀င်၊မိသားစုများ၏ စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက်
အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြောသည်။
“အလုပ် မလုပ်ပဲနဲ့ ဘာနဲ့စားမလဲ။
နိုင်ငံသားတစ်ယောက် အခွင့်အရေးဆုံးရှုံး ခံလို့ မဖြစ်ဘူး
လုပ်တဲ့အခါမှာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့အခါမှာ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတယ်။ ဥပဒေ အပြင်မရောက်ရဘူး။
လူကြီးသားသမီးမို့လို့ အခွင့်အရေး ပို မယူရဘူး။ ဒီလိုသတ်မှတ်ပြီးတဲ့အခါမှာ ဆောင်ရွက်ခိုင်းတယ်
ဒီနေ့ သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီး ပြောရဲတယ် သေချာတယ်။ ကိုယ်ကိုကိုယ် ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့
သူတို့ တစ်တွေကို တပ်နဲ့ ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းမှာ မလျှော် သြဇာ သုံးပြီး တစ်ခုမှ မခိုင်းခဲ့ဘူး။
အဲဒီ အတိုင်းပဲ နယက အဖွဲ့ဝင် တစ်ယောက် အနေနဲ့ လဲ သူတို့ကို ပိုပြီးတော့ အခွင့်အရေးပေးခိုင်ခဲ့တာလဲ တစ်ခုမှ မရှိဘူး။ မိမိ ဘက်က
ဒီနေ့ သူတို့ စီးပွားရေး လုပ်နေကြတယ် ဘာတွေ လုပ်နေကြတယ်
ဆိုတာ တရားဝင်လုပ်နေကြတယ်။
အဲဒီအတိုင်းပဲ သူတို့ တတွေ စီးပွားရေးလုပ်ပြီးတော့ ရတဲ့ ၀င်ငွေ က အခွန် အကောက် ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း
သူတို့ကို ဥပဒေနဲ့ အညီ ဆောင်ရွက်ခိုင်းထားတယ် ဆောင်ရွက်ထားတယ်လို့ပြော တယ်။
ဒါနဲ့ ပတ်သတ်လို့
မိမိ အတွက်သော်လည်းကောင်း၊ မိမိ မိသားစု အတွက်သော်လည်ကောင်း အဓိက မိမိ ကိုယ်ကို မိမိတာဝန်ယူတယ်။
ကလေးတွေ အတွက် ကလေးတွေ တာဝန်ယူနိုင်အောင်လုပ်ထားတယ် ။ အချိန်မရွှေး စစ်ခံနိုင်တယ်။ အချိန်မရွှေး လာရောက်လေ့လာနိုင်တယ်”ဟု ၎င်း ကပြောသည်။
၂၀၁၅ ခုနှစ်တွင်သမ္မတ ဖြစ်ချင်သူတစ်ဦးအနေဖြင့်၊သားသ္မီးများ၏ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အသံအမျိုးမျိုးထွက်နေခြင်း၊မိသားစု၏
ပိုင်ဆိုင်မှုများနှင့် ပတ်သတ်ပြီး အမျိုးမျိုးဝေဖန်မှု များရှိနေသည့် အတွက် Clear ရှိနိုင်ပါမလား ဟု သတင်းမီဒီယာ သမားများ၏ မေးမြန်းမှုကို အထက်ပါ
အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ယခုလက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၀င်ရောက်အရွေးချယ် ခံခြင်း ပြုတော့မည် မဟုတ်ဟု
မိမိကို ပြောဆိုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မီဒီယာသမားများ ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ယနေ့နေပြည်တော်တွင်ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးပြီးမြောက်ချိန် နောက်ပိုင်း မွန်းလွဲ(၁း၀၀)နာရီ ခန့်တွင်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများနှင့် ဇမ္မူသီရိ အဆောင် မီဒီယာခန်း တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Credit: စိုင်းနောင်, Popular Myanmar News

ဂျာမန် ဘောက်စ်ဝက်ဂွန်ကားကုမ္ပဏီ မြန်မာကို ပြန်လည် ၀င်ရောက်ပြီ

THURSDAY, OCTOBER 24, 2013
မြန်မာနိုင်ငံဟာ အခုဆိုရင် နိုင်ငံရေး အခြေအနေပြောင်းလဲလာမှုတွေကြောင့် ပြည်ပက စီပွားရေး လုပ်ငန်း ကြီးတွေလဲ ပြည်တွင်းကို ဦးလှည့်လာနေကြပါတယ်။

နောက်ဆုံးပေါ် Beetle ၊ ဓာတ်ပုံ- ၀ီကီ

အခုဆိုရင် မြန်မာပြည်မှာ အမေရိကန်ကား ကုမ္မဏီတွေလဲ လာရောက်ဖွင့်လှစ်နေကြပါပြီ။ အရင်အချိန်တွေ ကဆိုရင် စစ်အစိုးရလက်ထက် စီးပွားရေး ဒဏ်ခတ် အရေးယူမှုတွေကြောင့် ရင်းနှီးမြုပ်နှံမှုတွေရပ်ဆိုင်းခဲ့တဲ့ ဂျာမန်ဘောက်စ် ၀က်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ရင်းနှီးမြုပ်နှံတော့မှာပါ။

အခုပြန်လည် ရင်းနှီးမြှုပ်နှံမယ့် ဂျာမန် ဘောက်စ်ဝက်ဂွန် ကုမ္ပဏီဟာ မြန်မာနိုင်ငံနဲ့ လုပ်ထားတဲ့  Yoma Strategic Holdings နဲ့ အကျိုးတူ ပူးပေါင်းမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထား ပါတယ်။

ဒီလထဲမှာဘဲ  ရန်ကုန်မှာ မော်တော်ကား ၀န်ဆောင်မှု စင်တာ ဖွင့်လှစ်သွားမှာ ဖြစ်တာကိုလည်း ယနေ့ ထုတ် ဘန်ကောက်ပို့စ်က  ဖော်ပြထားပါတယ်။

ဘောက်စ်ဝက်ဂွန် ကားကုမ္ပဏီကို ဂျာမဏီနိုင်ငံ ၀ူးဖ်စ်ဘုဂ် ( Wolfsburg)  မြို့မှာ ၁၉၃၇ ခုနှစ်က စတင် တည်ထောက်ခဲ့ တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ ကမ္ဘာတ၀န်း ရင်းနှီးမြှုပ်နှံမှု ယူရို ဘီလျံ ၁၀၀ ကျော် ရှိပါ တယ်။

အိမ့်သံစဉ် ~
Irrawaddy

ဗိုလ်ချုပ်မှူးကြီးဟောင်း အုတ်ခဲနှင့် ပြင်၊ သစ် ပြဿနာ


အခြေခံဥပဒေပြင်သင့်သလား၊ အသစ်ရေးဆွဲသင့်သလား။ သည်ပြဿနာ အခုတလောမှာ ရှေ့တန်းရောက်လာသည်။ တချိန်တည်းတွင် အသစ် မရေးဆွဲသင့်ကြောင်း၊ အသစ်ရေးဆွဲလျှင် အန္တရာယ် သိပ်ကြီးကြောင်း နည်းအမျိုးမျိုးဖြင့် နှပ်ကြောင်းပေး ခြောက်လှန့်လာသည်ကိုလည်း တွေ့ရသည်။

အခြေခံဥပဒေ အသစ်မဆွဲရေး ပြောဆိုဟန့်တားချက်များနှင့်အတူ စစ်တပ်မကြိုက်တာ ဘာမှ မလုပ်ရေးကို အတွေးအခေါ်တရပ်အဖြစ် ထူထောင် ဝါဒဖြန့်လာသည်ကိုလည်း တွေ့ရသည်။

စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်ထူထောင်နိုင်ရန်အတွက် အတူတွဲဆောင်ရွက်လာသော အလုပ်တခုမှာ စစ်တပ်နှင့် အားပြိုင်ရင်ဆိုင်ခြင်းမှာ ရည်ရွယ်ဆောင်ရွက်သည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ရင်ဆိုင်တိုးမိသည်ဖြစ်စေ၊ ထိုသို့ တိုးမိသော ဖြစ်ရပ်မှန်သမျှ ယခုလည်းအကျိုးမရှိ ယခင်ကလည်း အကျိုးမရှိခဲ့ ဟူသော အတွေးအခေါ် ဖြစ်သည်။ ယခုအကျိုးမရှိဟူသောအချက်ကို အားကောင်းလာစေရန်၊ ယခင်ကလည်း အကျိုးမရှိဟု ဆက်စပ်ပြောဆိုလာရခြင်းဖြစ်သည်။ စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်ခိုင်ခန့်လာစေရန် ထိုသို့ တိုးချဲ့ထူထောင်လာခြင်း ဖြစ်သည်။
ယခင်က အကျိုးမရှိခဲ့ကြောင်း ပြောဆိုသောအခါ ၈၈ အရေးတော်ပုံကြီးသည် ပြည်သူတွေ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရသော်လည်း အကျိုးမရှိဟူသော ပြောဆိုချက်မျိုး၊ ၂၀၀၇ လှုပ်ရှားမှုကြီးသည်လည်း အရှုံးသက်သက်လှုပ်ရှားမှုကြီးဆိုသော ပြောဆိုချက်မျိုးတွေ ဆက်စပ်ပါဝင်လာသည်။

စင်စစ် ဒါတွေအားလုံးသည် ပြည်သူကို စစ်ကျွန်စိတ်ဓါတ်သွတ်သွင်းပေးရန် စနစ်တကျအားထုတ် ကြိုးပမ်းမှုတွေသာ ဖြစ်သည်။ စစ်ကျွန်ဘဝမှာ နေထိုင်ခြင်းသည်သာ အကောင်းဆုံးဆိုသော သဘောအထိ သက်ရောက်လာအောင် တဖြည်းဖြည်း သိမ်းသွင်းပြောဆိုနေခြင်း ဖြစ်သည်။

မောင်ထွန်းသူ ဘာသာပြန်သော ဇစ်မြစ်စာအုပ်ကို အမှတ်ရမိသည်။ Alex Haley ရေးသော Roots စာအုပ် ဘာသာပြန် ဖြစ်သည်။ လူမည်း ကျွန်စနစ်အကြောင်း ရေးထားသော စာအုပ်ဖြစ်သည်။ လူမည်းများသည် စီမံခန့်ခွဲသည့် အလုပ်များကို ဘယ်တော့မှ လုပ်နိုင်မည်မဟုတ်ဟု
လူမည်းများကိုယ်တိုင်က ထင်မြင်နေကြကြောင်းကို ပေါ်လွင်အောင် ရေးသားဖော်ပြထားသည်။ အလုပ်ကြမ်းလုပ်သော လူမည်းများကိုစီမံခန့်ခွဲပေးဖို့ ရာလူဖြူတွေရှိဖို့လိုအပ်သည်ဟု လူမည်းတွေတော်တော်များများကပင် အမှန်တကယ်ယုံကြည်ခဲ့ကြသည်။ ထိုအတွေးအခေါ်ကား ကျွန်စနစ်ကို ကျားကန်ပေးသော အတွေးအခေါ် ဖြစ်သည်။

ခေတ်တိုင်းခေတ်တိုင်းတွင် လူတစုက တခြားလူတစုကို ကာလရှည်ကြာ ဖိနှိပ်ထားလို့ ရနေခြင်းမှာ စင်စစ် အဖိနှိပ်ခံရသူတွေကိုယ်တိုင်က ဖိနှိပ်သောစနစ်ကို လက်ခံနေသောကြောင့်သာဖြစ်သည်။ တနည်းအားဖြင့် ဆိုရလျှင် ဖိနှိပ်သောစနစ်တခု တည်မြဲဖို့ဆိုလျှင် ဖိနှိပ်မှုကို လူထုလက်ခံအောင် ရှေ့နေလိုက်သော အတွေးအခေါ်တရပ် လိုအပ်သည်။ ထိုအတွေးအခေါ်ကို အဖိနှိပ်ခံတွေထဲမှ အရေအတွက် တော်တော်များများကလည်း လက်ခံနေဖို့ လိုအပ်လေသည်။ သို့မှသာ အဖိနှိပ်ခံတွေ ငြိမ်သက်ကြပေလိမ့်မည်။ ထို့ကြောင့် အုပ်ချုပ်သူ၊ ဖိနှိပ်သူ လူတန်းစား အဆက်ဆက်တို့သည် သူတို့ဖိနှိပ်မှုကို လူထုလက်ခံလာအောင် ရှေ့နေလိုက် ဖေးမပေးသော အတွေးအခေါ်မျိုးကို ရှာဖွေလေ့ရှိသည်။ ကြိုးစားထူထောင်လေ့ ရှိသည်။ အခုလည်း မြန်မာနိုင်ငံတွင် ဖိနှိပ်သူဘက်က ထောက်ခံသော အတွေးအခေါ်တရပ်ကို ညီညီညာညာ ထူထောင်လာကြတာ တွေ့လာရသည်။ ထိုအတွေးအခေါ်၏ အခြေခံမှာ စစ်တပ်မကြိုက်တာ ဘာမှမလုပ်သင့်ဘူးဟူသော အခြေခံဖြစ်သည်။ စစ်အာဏာရှင်ဟောင်းများနှင့် အလိုတော်ရိ ပညာရှင်ဆိုသူတွေက ပူးပေါင်းထူထောင်ကြသော ထိုအတွေးအခေါ်ကို အတိုက်အခံထဲကလည်း တော်တော်လေး လက်ခံလိုက်နာလာသည်ကို တွေ့ရသည်။

စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်၏ အဓိကမဏ္ဍိုင်မှာ စစ်ခေါင်းဆောင်ဟောင်းကြီးများ ဖြစ်ပြီး ထိုအတွေးအခေါ်ကို လက်ခံကျင့်သုံးလာသူ အတိုက်အခံများထဲတွင် အရေးပါဆုံးပုဂ္ဂိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သို့သော် စစ်တပ်မကြိုက်တာ ဘာမှ မလုပ်ရေးကို အတွေးအခေါ်တရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် ကျယ်ကျယ်လောင်လောင် ဖြန့်ချိအပေးဆုံးပုဂ္ဂိုလ်မှာ ဦးကျော်ဝင်းဖြစ်သည်။ ထို့ကြောင့် ဦးကျော်ဝင်းကနေ စပြောချင်ပါသည်။

အခုနောက်ပိုင်း သူ့စာတွေ ဆောင်းပါးတွေထဲတွင် ဒီအတွေးအခေါ်ကို အလုပ်တခုလို သဘောထားပြီး ဝါဒ ဖြန့်ချိရေးဆန်ဆန် တွင်တွင်ကျယ်ကျယ် လုပ်လာတာကို သတိထားမိသည်။ အခုသူက လွှတ်တော် ကော်မရှင်တခုတွင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် စစ်ခေါင်းဆောင်တို့၏ ကျောထောက်နောက်ခံ အားပေးမှုကိုရလာသောအခါ ဝါဒဖြန့်ချိရေးနှင့် ပိုတူလာသည်။ ဦးကျော်ဝင်းက သူ့ကို မလိုသူ မိတ်ဆွေဟောင်း လက်ဝဲသမားတွေက စစ်အာဏာရှင်တွေနဲ့ ပေးစားကြသည်ဟု အရင်က ခါးခါးသီးသီး နာနာကျည်းကျည်း ပြောဆိုလေ့ရှိသည်။ သို့သော် နောက်ဆုံးတော့လည်း စစ်အာဏာရှင်တို့နှင့် ညားသွားသည်ဟုသာ ဆိုရမလိုဖြစ်နေသည်။ မစွန်းရင်းရှိသူမို့သာ ကန်စွန်းခင်းငြိခြင်း ဖြစ်တန်ရာပါသည်။

လက်ပန်တောင်း ခယောင်းလမ်း ပြန်မလည်မိစေဖို့ ဆောင်းပါးတွင် ဦးကျော်ဝင်းက “လက်ပံတောင်း သပိတ်စခန်းများ အရေးမှာ ဘယ်ဘက်က ကြည့်ကြည့် မဖြစ်သင့်ပါချေ” ဟု ရေးခဲ့သည်။ ဗိုလ်အောင်ဒင် ဇာတ်ကားထဲက အပြောမျိုးနှင့် ပြောရလျှင် “ဒါကတော့ ပုလိပ်အမြင်ကို ဦးဘချစ်ရဲ့” ဟု ဆိုရမည် ထင်သည်။ ဘယ်ဘက်က ကြည်ကြည့် ဟု ဆိုသော်လည်း လယ်သမားဘက်က မကြည့်ခဲ့သည်မှာ ထင်ရှားလှပါသည်။

တကျော့ပြန် ရယ်ဒီကယ်လှိုင်းဆိုသည့် ဆောင်းပါးထဲတွင်မူ “ရယ်ဒီကယ်လှိုင်းများကား အခါအခွင့်သင့်တိုင်း တဝုန်းဝုန်း ရိုက်ခတ်ဆဲ။ ဥပမာ လက်ပန်တောင်းကိစ္စ၊ မန္တလေး ရှစ်လေးလုံးငွေရတု” ဟု ဆိုထားပြန်သည်။ လက်ပန်တောင်းအရေးကိုတော့ သူတော်တော် စိုးရိမ်ပုံရသည်။
သူစိုးရိမ်သည်မှာ လက်ပံတောင်း အရေးကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေ ငြိုငြင်မှာကို စိုးရိမ်ခြင်း ဖြစ်ပုံရသည်။ မန္တလေး ရှစ်လေးလုံး ငွေရတုပွဲကိုတော့ ဘာ့ကြောင့် ရယ်ဒီကယ်ထဲထည့်လိုက်သလဲ ဆိုသည်ကို အသေးစိတ်ရှင်းမထား။ သို့သော် ဖြစ်ပုံရသည်မှာ သူတို့ ပြုပြင်ပြောင်းလဲရေး ဝန်ကြီးတွေတက်သည့် ရန်ကုန်ပွဲနှင့် ပုံစံချင်းမတူသောကြောင့် ဖြစ်လောက်သည်။

စစ်ဗိုလ်ချုပ်ကြီးတွေ ငြိုငြင်မည်ကို သူစိုးရိမ်ကြောင်းကို ဧရာဝတီနှင့် အင်တာဗျူးတွင် သူက အထင်အရှား အတိအလင်း ထုတ်ပြောသည်။
“အပြောင်းအလဲကို စတာ အရင်အစိုးရ၊ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး” ဟု သူက ထုတ်ပြောထားသည်။ ဒီစကားတခွန်း သိပ်အရေးကြီးသည်။ ဘာ့ကြောင့် အရေးကြီးသနည်းဆိုသော် စစ်တပ်မကြိုက်တာ မလုပ်ရေး အတွေးအခေါ်တခုလုံး၏ အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်သော ပထမဆုံးအုပ်ချပ်၊ တနည်းအားဖြင့် ဖောင်ဒေးရှင်း အုတ်ခဲ (foundation stone) ဖြစ်နေသောကြောင့်ပင်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခွင့်မပြုရင် ဘာမှမတတ်နိုင်ဘူးဟု သူကယူဆသည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မကြိုက်တာ ဘာမှ မလုပ်နဲ့ဟူသော ကောက်ချက်သည် နောက်ဆက်တွဲ အလိုလိုထွက်ပေါ်လာသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြိုက်တာကို လုပ်တာမှန်သမျှသည် အပြောင်းအလဲကို ပျက်စီးအောင်လုပ်ခြင်းဆိုသည့် ကောက်ချက်လည်း အလိုလို ထွက်ပေါ်လာတော့သည်။ ဒီတော့ လက်ပန်တောင်းကိစ္စသည် အပြောင်းအလဲကို  ပျက်စီးစေမည့် အရာဟု သူမြင်လာသည်မှာ မဆန်းတော့ချေ။ စစ်ခေါင်းဆောင်ဟောင်းတွေကို မဖိတ်သည့် မန္တလေး ရှစ်လေးလုံးပွဲကို အန္တရာယ်ဟု မြင်လာသည်မှာလည်း မဆန်းတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့အမြင်အားလုံးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြိုက်မကြိုက် ဆိုသည့် အချက်အပေါ် အခြေခံတွေးခေါ်နေသောကြောင့် ဖြစ်သည်။ သူအတွေးအခေါ်သည် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ကြိုက်မကြိုက်ဆိုသည့် အခြေခံဖောင်ဒေးရှင်း အုတ်ခဲအပေါ်တွင် တည်ဆောက်ထားခြင်း ဟုတ် မဟုတ်၊ ဒီအချက်နှင့် ဆီလျော်ညီညွတ်မှုရှိမရှိကို ဆက်လက် ဆန်းစစ်ကြည့်ပါမည်။

ဧရာဝတီနှင့် အင်တာဗျူးထဲတွင် သူကယခုလို ဆက်ပြောထားပါသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သူခွင့်ပြုလို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဖြစ်လာတာ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ အာဏာဆက်ယူထားတာလည်း အမှန်ပဲ။ သို့သော် ဒါကို ရန်လုပ်နေလို့ မရဘူး။ သူ့ဟာသူ သဘာဝကျကျ ဖြစ်လာတဲ့ အချင်းရာ။” ဟု ဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အခြေခံအတွေးအခေါ်နှင့် တွေးခေါ်လိုက်သောအခါ အရင် အစိုးရ လူဟောင်းတွေ အာဏာဆက်ယူထားတာသည်လည်း သဘာဝကျကျ ဖြစ်လာသည့် အချင်းအရာဟု သူလက်ခံသွားနိုင်ပါတော့သည်။ သည်မျှသာလော။ မကသေးပါ။
အတိုက်အခံဘက်က အလွန်အကျွံ တောင်းဆိုလာလျှင် ပြဿနာရှိလာလိမ့်မည်ဟုလည်း ထိုအင်တာဗျူးတွင်ပင် ဆက်ပြောပါသည်။
“အခြေခံဥပဒေ လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ်ဆိုတာမျိုး တောင်းခဲ့ရင်တော့ တပ်က တခုခုတုန့်ပြန်လိမ့်မယ်။ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘာမှ လုပ်လို့ မရဘူး” ဟု ဆက်ပြောသည်။ ဤနေရာတွင် တပ်ဟုပြောခြင်းသည် စစ်အာဏာရှင်တွေကိုပဲ ဆိုလိုခြင်း ဖြစ်နိုင်ပါသည်။ စစ်အာဏာရှင် ဆိုရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အခေါင်အချုပ်ဖြစ်သည်။ ဒီတော့ တပ်ရဲ့ သဘောတူညီမှု မရှိဘဲနှင့် ဘာမှ လုပ်လို့မရဘူးဟူသော ယူဆချက်သည်လည်း စောစောက ပြောခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုတ်ခဲက ဆက်လက်ပွားထွက်လာသော အတွေးအခေါ်ပင် ဖြစ်သည်။

လှံဖျားပုစဉ်းနား၊ ကျီးကန်းက ချေးပါဖြစ်နေသော သူ့အတွေးအခေါ်သည် အခြေခံဥပဒေနှင့်သာမက ဒီ့ထက် ပိုကျယ်ပြန့်သော အကြောင်းအရာများနှင့်လည်း ပတ်သက်သေးသည်။ ဖက်ဒရယ်လည်း ပါ ပါသေးသည်။

“အာဏာသိမ်းနိုင်တဲ့ အလားအလာက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆက်စပ်နေတယ်၊ ဖက်ဒရယ်ကိစ္စနဲ့ ဆက်စပ်နေတယ်” ဟု ထိုအင်တာဗျူးမှာပင် သူက ဆက်လက်ပြောသည်။

သို့ဖြစ်ရာ လက်ပန်တောင်းကလူတွေ ဆန္ဒမပြကြနဲ့၊ အခြေခံဥပဒေ အသစ်မရေးနဲ့၊ ဖက်ဒရယ်မူကိစ္စ အလွန်အကျွံမတောင်းနဲ့ဟု ပြောနေသော ဦးကျော်ဝင်းတယောက်ကို ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်က မရမက လိုက်ခေါ်ကာ လွှတ်တော်ကော်မရှင်မှာ ခန့်ထားလိုက်သည်ဟူသော အချက်မှာ ဘာမှ အံ့သြစရာ မရှိပါ။ ဘာ့ကြောင့် ဒုဝန်ကြီး မဖြစ်သေးတာပါလိမ့်ဆိုသော အချက်ကိုသာ အံ့သြချင်အံ့သြဖို့ ရှိပေလိမ့်မည်။

ဦးကျော်ဝင်း စိုးရိမ်နေသည်များမှာ သည်လောက်တွင်ပဲလားဆိုတော့လည်း မကသေးပြန်ချေ။ NLD က လွှတ်တော် နေရာအများကို တလုံးတခဲကြီး အနိုင်ရသွားမှာကိုလည်း သူကစိတ်ပူပြန်သေးသည်။ ဒါသည်လည်း ဗိုလ်ချုပ်မှူးကြီး အုတ်ခဲ အတွေးအခေါ်နှင့် ကိုက်ညီပြန်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ်လောက်သည့်ဟာတွေ မှန်သမျှကို သူက ခန့်မှန်းပြီး အကုန်လိုက်စိုးရိမ်ကြောက်ရွံ့ပေးနေလေပြီ။ စိုးရိမ် ကြောက်ရွံ့ရုံမျှသာမက ကြောက်ရွံ့ခြင်းက ကင်းဝေးရမည့် နည်းလမ်းကိုလည်း သူကရှာပေးလိုက်ပြန်သေး သည်။ ထိုနည်းလမ်းကား အခြား မဟုတ်။ ပီအာစနစ် ဟူသတည်း။ ပီအာစနစ်အောက်မှာဆိုလျှင် မည်သူမျှ မဲအများစု အနိုင်မရနိုင်တော့သည့်အတွက် NLD လည်း အများစုမဲ မရနိုင်တော့ဟု ပီအာလုပ်ဖို့ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပင် သူကလှမ်းပြီး အကြံပေးလိုက်ပြန်ပါသေးသည်။ (ပီအာစနစ်အပေါ်ကျွန်တော့ အမြင်ကိုတော့ လူထုပုံရိန်ဂျာနယ်မှာ ပြည့်ပြည့်စုံစုံ ပြောပြီးဖြစ်သောကြောင့် ဤနေရာတွင် အကျယ်မဆွေးနွေးလိုတော့ပါ။)

သူ၏ အင်တာဗျူးထဲတွင် ဖြေဆိုသွားချက်များအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ဆိုးမည်ကို စိုးရိမ်တတ်သော သူ၏ စိတ်ဇောအဟုန် မည်မျှကြီးမားကြောင်း ဖော်ပြသည့် နောက်ထပ်တချက်ကို ထောက်ပြချင်ပါသေးသည်။ ထိုအချက်မှာ မိတ္ထီလာအရေးနှင့် ပတ်သက်သော သုံးသပ်ချက်ဖြစ်သည်။  “မိတ္ထီလာမှာ ရဲတွေရပ်ကြည့်နေတယ် ဆိုတာ အနောက်မီဒီယာတွေက ဖွတာ ဟုသူက ဖြေသွားသည်။ အစိုးရက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကျနော်လက်မခံဘူး” ဟု ပြတ်ပြတ်သားသား ရပ်တည်ကာကွယ်ပေးသွားသည်။ သို့သော် ဒါမျိုးကိစ္စသည် သဘောထား (opinion) မဟုတ်။ အချက်အလက် (fact) ဖြစ်သည်။ အထောက်အထားရှိနေလျှင် လက်မခံချင်ပေမဲ့ လက်မခံလို့ မရ။ အထောက်အထား မရှိဘဲနှင့်လည်း စွပ်စွဲချင်တိုင်း စွပ်စွဲလို့မရ။ မိတ္ထီလာတွင် လူတယောက်ကို ဝက်လာ တောထဲ၌ ဓါးနှင့်ခုတ်၊ တုတ်နှင့်ရိုက်နေကြသော အချိန်တွင် ရဲကရပ်ကြည့်နေသည်မှာ သက်သေအထောက် အထားအခိုင်အလုံနှင့်ရှိသည်။ မသေမရှင်လူတွေကို မီးရှို့နေချိန်တွင် ရဲကရပ်ကြည့်နေသည်မှာလည်း အထောက်အထားရှိသည်။
ဦးကျော်ဝင်း ကြည့်ချင်လျှင် ဗီဒီယိုကလစ်နှင့် အသေအချာ ပြနိုင်သည်။ ဦးကျော်ဝင်း မတွေ့ဖူးသည်မှာ မလေ့လာသောကြောင့် ဖြစ်မည်။
တကယ်တော့ဒါတွေအားလုံး (Documented) ဖြစ်သည်။ ထိုဗီဒီယို အစစ်အမှန် (Genuine) ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက စစ်ဆေးပြီးကြပြီ။
သည်တချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ဆိုးမှာကို သူစိုးရိမ်လွန်းအားကြီးပြီး အကာအကွယ်ပေးချင်စိတ် များလွန်းအားကြီးသွားသည်ဟု ကျွန်တော် ထင်သည်။ သည်လောက်ကြီးအထိ မျက်စိမှိတ်ပြီး တဘက်စောင်းနင်းကြီး ဘက်လိုက်ပြောဖို့တော့ မကောင်းလှ။ ဦးကျော်ဝင်းသည် သူ့ဝန်ထမ်းဖြစ်လာသောကြောင့် သူ့ဆန်စားရဲမှ သဘောမျိုးပင်ပြောလာပြီလား မဆိုတတ်။

အခုဆက်လက်ပြီး အခြေခံဥပဒေ ပြင်ရေး၊ သစ်ရေးနှင့် ပတ်သက်သော သူ့အယူအဆကို ဆက်လက် ဆန်းစစ်ကြည့်ပါမည်။ ဧရာဝတီနှင့် အင်တာဗျူးတွင် “၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီ လုံးဝမဆန်လို့ ဒါကိုဖျက်ပြီး အသစ်ပြန်ဆွဲဖို့ပြောတဲ့ လမ်းကြောင်း၊ လူကြိုက်များနိုင်တယ်။ ဘာလို့လည်း ဆိုတော့ Radical အစွဲကြီးတာကိုး။ အဲဒီတော့လက်ခုပ်သံ တဖြောင်းဖြောင်း ရနိုင်တယ်။ အဖြေတော့ ရနိုင်မှာ မဟုတ်ဘူး။” ဟု ဖြေထားသည်။

တကျော့ပြန် ရယ်ဒီကယ်လှိုင်းဆောင်းပါးထဲတွင်လည်း “နိုင်ငံရေးဓလေ့ ကိုယ်တိုင်မှာပင် ရယ်ဒီကယ် အစွဲသန်သော မြန်မာနိုင်ငံအတွက် ဒုတိယလမ်းကြောင်း (အသစ်ပြန်လည် ရေးဆွဲရေး) မှာ လူကြိုက်များနိုင်သည်၊ လက်ခုပ်သံ ရနိုင်သည်ကို ဆဝါးမိပါသည်။ သို့တစေ သမိုင်းအတွေ့အကြုံများအရ အန္တရာယ်ရှိနိုင်သည်။ လက်ရှိ ဒီမိုကရေစီ  အပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။” ဟု ရေးသည်။

ရယ်ဒီကယ် အစွဲသန်မသန်ဆိုသောအချက်ကို ကျွန်တော် မငြင်းခုန်လို။ ဒါက သူ့ ယူဆချက် (assumption) သာဖြစ်သည်။ လူထုတရပ်လုံးနှင့်ချီပြီး၊ လူမျိုးတမျိုးလုံးနှင့်ချီပြီး စွပ်စွဲထားသော ဧရာမစွပ်စွဲချက်ကြီးဖြစ်ပင် ဖြစ်လင့်ကစား လောလောဆယ် သည်နေရာ၌ သည်အချက်အပေါ် ရှည်ရှည်ဝေးဝေး ပြောနေခြင်းဖြင့် ပေမရှည်ချင်သေး။ ရယ်ဒီကယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် သူ့အတွက် ပြဿနာကြီးတခုဖြစ်သော်လည်း ကျွန်တော့်အတွက် ပြဿနာမဟုတ်သောကြောင့် ထိုအချက်အပေါ်တွင် အချိန်ကုန်ခံပြီး အငြင်းမပွားလို။ သို့သော် လူကြိုက်များနိုင်၊ လက်ခုပ်သံ တဖြောင်းဖြောင်းရနိုင်ပါလျှက်နှင့် အန္တရာယ်ရှိနိုင်သည်ဆိုသော အချက်မှာမူ အငြင်းပွားစရာဖြစ်သည်။ လူအများကြိုက်သော်လည်း သမိုင်းအတွေ့အကြုံရှိသောသူ (ဦးကျော်ဝင်း) က မကြိုက်နိုင်၊ အန္တရာယ်ရှိသည်ဟု ဆိုနေခြင်းဖြစ်သည်။ လူအများစုကြီးသည် သူ့လောက်နားမလည်ဟု ဆိုနေခြင်းဖြစ်သည်။ NLD က ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူမည် ဆိုသောအချက်ကိုလည်း သူကလက်မခံနိုင်။ “NLD ၏ ကြေညာချက်ကို ဖတ်ရသောအခါ အပျော်တွေ လွင့်စဉ်သွားသည်၊ အတော်ကြီးကို စိတ်ပျက်မိသည်” (တကျော့ပြန် ရယ်ဒီကယ်လှိုင်း ဆောင်းပါး) ဟု ဆိုသည်။

ထိုဆောင်းပါးမှာပင် “ဆန္ဒခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော။ လူထုဆန္ဒအမှန်ကို ရရှိလျှင်ပင်ထား၊ ပြည်သူလူထုအနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်း ရှိနိုင်ပါမည်လော” ဟု ဆိုသည်။ အဓိပ္ပါယ်မှာ NLD က ဆန္ဒခံယူပွဲ လုပ်မှာကို ဦးကျော်ဝင်း သိပ်ကြောက်နေသည်။ ဆန္ဒခံယူပွဲလုပ်လျှင် လူအများက အသစ်ရေးဆွဲရေးကို ထောက်ခံလိမ့်မည်ဟု သူထင်သည်။
ထိုသို့ထောက်ခံလျှင်လည်း ထိုရလဒ်သည် လူထုဆန္ဒအမှန်မဟုတ်ဟု သူကဆိုပြန်သည်။ ထို့အပြင် “ပြည်သူလူထုအနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်းရှိနိုင်ပါမည်လော” ဟုလည်း သူက ဆက်ဆိုပါသေးသည်။ ပြည်သူလူထုသည် မဟာဗျူဟာပြဿနာများကို မချမှတ်နိုင်သော ငတုံးငအများဟု သူက သတ်မှတ်လိုက်ပြန်သည်။ ဒီမိုကရေစီနည်းကို ကြိုက်လှပါသည်ဟူသော ဦးကျော်ဝင်းသည် သည်နေရာတွင်တော့ ပြည်သူလူထု၏ ဆန္ဒတောင်းခံမည့်နည်းကို လက်မခံနိုင်သည်မှာ အံ့သြစရာဖြစ်သည်။ ပြည်သူလူထုက ပေးသောအဖြေကို သူ့လိုဘနှင့် ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ လက်ခံလိုက်မည်ဟူသော ဒီမိုကရေစီ သတ္တိမျိုးကို သူမမွေးမြူနိုင်။ ပြည်သူလူထုသည် ငတုံးငအများ ဖြစ်သောကြောင့် ပြည်သူလူထု အနေနှင့် ဘယ်လိုသဘောထားပင်ရှိစေကာမူ၊ အသုံးမကျသော ထိုသဘောထားတွေကို ဘေးချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကသာ ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်လိုက်ပါဟု သူက တိုက်တွန်းနေခြင်းဖြစ်သည်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် တဦးချင်းအနေဖြင့် ဘယ်ဘက် တိမ်းညွှတ်သည်ကိုလည်း သူသိပြီးဖြစ်သည်။ ထို့ကြောင့်လည်း “လက်ပန်တောင်းအရေးကို ကိုင်တွယ်ခဲ့သော အမြော်အမြင်ဖြင့် ယခုကိစ္စကိုလည်း ပြန်လည်စဉ်းစားပေးပါ” ဟု သူက ဆောင်းပါးကို နိဂုံးချုပ်လိုက်သည်။

မှန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်တောင်းအရေးတွင် ဗိုလ်ချုပ်ကြီးများ ငြိုငြင်မည့် အရေးကို ရှောင်ရှားခဲ့သည်။ ဦးကျော်ဝင်းလိုပင် ဗိုလ်ချုပ်မှူးကြီးအုတ်ခဲပေါ်တွင် တည်ဆောက်ထားသော အမြင်မျိုးဖြင့် လက်ပံတောင်းတောင်စီမံကိန်း ဆက်လုပ်ဖို့ ခုံသမာဓိလူကြီးမင်းလုပ်ပြီး အဆုံးအဖြတ်ပေးခဲ့သည်။ သည်တပွဲတွင်လည်း ဗိုလ်ချုပ်မှူးကြီး ငြိုငြင်မည့် အလုပ်မျိုးမလုပ်ဖို့ ဦးကျော်ဝင်းက လက်ပံတောင်းကို မျက်စပစ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ စင်စစ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောမှာလည်း ပြင်ရေးဘက် အလေးသာသည်မှာ NLD ကြေညာချက် ကြည့်ရုံနှင့်ပင် သိသာပြီး ဖြစ်ပါသည်။ NLD ကြေညာချက်တွင် ဘယ်ဘက်ကိုမှ ဘက်လိုက်ပြီး မပြောလိုဟု ဆိုသည်။ ပြင်ရေးနှင့် အသစ်ရေးဆွဲရေးတို့၏ ကောင်းကျိုး ဆိုးကျိုးများကိုသာ ထောက်ပြပါမည်ဟု ဆိုသည်။ တကယ်တန်းထောက်ပြထားသည်မှာ ပြင်ရေး၏ ကောင်းကျိုးနှင့် အသစ်ရေးဆွဲရေး၏ ဆိုးကျိုးကိုသာ ဖြစ်သည်။ ပြင်ရေးက ဥပဒေနှင့် အညီဟုဆိုပြီး၊ အသစ်ရေးဆွဲရေးက စစ်တပ်နှင့် ထိပ်တိုက်တွေ့ရနိုင်သည်ဟု ဆိုသည်။ သည်ကြေညာချက်ကို ကြည့်ရုံနှင့်ပင် NLD ဘယ်ဘက်ယိမ်းကြောင်း၊ ဒေါ်စုဘယ်ဘက် ယိမ်းကြောင်း သိနိုင်သည်။ ဒေါ်စုက သူဘက်ဘက် ယိမ်းကြောင်း ဘာကိုလိုလားကြောင်း အချက်ပြပြီး သူ့အား၊ သူ့ဝိတ်ကိုယူကာ လူထုအား သူ့ကို ထောက်ခံခိုင်းမည်ဟု စိတ်ကူးပုံရသည်။ ဒါကိုပင် ဦးကျော်ဝင်းက စိတ်မချနိုင်။ လက်မခံနိုင်။ လူထုဆန္ဒကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။

ဦးကျော်ဝင်း စိတ်မချနိုင်သလို စစ်တပ်ခေါင်းဆောင်တွေကလည်း စိတ်မချပါ။ ဦးဌေးဦး က အခြေခံဥပဒေ အသစ်ဆွဲဖို့ ၂၀၀၈ အခြေခံဥပဒေမှာ မပါ၊ အခြေခံဥပဒေအသစ်ဆွဲချင်လျှင် စစ်တပ်နှင့်တွေ့မည်ဟု ခြောက်သည်။ မဆလဟောင်း ဦးဟန်ရွှေကလည်း အသစ်ရေးဆွဲလျှင် အန္တရာယ်ရှိသည်ဟု ဆိုသည်။ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခြေခံဥပဒေကိုကာကွယ်မည်ဟု ဆိုသည်။ ဦးအောင်သောင်းကလည်း အခြေခံဥပဒေ အသစ်ရေးဆွဲလျှင် အာဏာသိမ်းမှုဖြစ်လိမ့်မည်။ သို့သော် သည်တခါသိမ်းလျှင် လက်လွတ်စပယ်လုပ်မည် မဟုတ်ဟု ဆိုသည်။
ကြံ့ဖွံ့ခေါင်းဆောင် ဦးအောင်သောင်းသည် ဘယ်လို capacity ဘယ်လို authority နှင့် သည်စကားကို ပြောသည်ကိုကား မသိ။ (ဘယ်လို ပြောရေးဆိုခွင့်ရှိလို့ သည်စကားမျိုးကို ပြောသည်မသိ။) သေချာသည်မှာကား အားလုံး အတိုင်အဖောက်ညီလှသည်။ အခြေခံဥပဒေ ပြင်လျှင် အာဏာသိမ်းလိမ့်မည်ဟူသော အသိကို လူတိုင်းစိတ်ထဲတွင် ယုံလာအောင် အားလုံးက မီးနီ၊ မီးဝါ တွေပြနေကြခြင်းသာဖြစ်သည်။ လူထုကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေအားလုံး ၂၀၀၈ အခြေခံဥပဒေမကောင်းသည်ကို အားလုံးသိသည်။ ဦးကျော်ဝင်းလည်း သိသည်။ သည်အချက်ကို သူမငြင်း။ အခြေခံကစ၍မကောင်းသော အခြေခံဥပဒေဖြစ်သောကြောင့် အားလုံးဖျက်ပြီး အသစ်ရေးဆွဲတာက အကောင်းဆုံးဆိုတာလည်း အားလုံးသိသည်။ ထိုသို့သိသည့်ကြားကပင် အသစ်မရေးဆွဲပါနှင့်ဟု ပြောနေကြခြင်း ဖြစ်သည်။ မကောင်းပင် မကောင်းသည် မှန်သော်ငြားလည်း စစ်တပ် ငြိုငြင်မှာမို့ (တကယ်တော့ စစ်အာဏာရှင်တွေ ငြိုငြင်မှာမို့ ) မလုပ်ပါနှင့်ဟု ဆိုနေကြခြင်း ဖြစ်သည်။

ကျွန်တော်တို့၏ ဒီမိုကရေစီခေါင်းဆောင်များသည် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ် ထူထောင်မည်ဟု ဆိုသည်။ သို့သော် လူထုကိုတော့ စစ်အာဏာရှင်တွေ ငြိုငြင်မည့်အရာများကို မလုပ်ဖို့ တားမြစ်နေပြန်သည်။ ထူးဆန်းလှပါပေသည်။

တကယ်တော့ ဒီမိုကရေစီလမ်းကြောင်းကိုသွားလျှင် စစ်အာဏာရှင်တွေ ကြိုက်မည် မဟုတ်ဆိုသောအချက်ကို လူထုက သိပြီးသားပင် ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း အစိတ်ကျော် ၈၈ အရေးအခင်းကာလ ကတည်းက ဒီမိုကရေစီရေး တောင်းဆိုလျှင် စစ်အာဏာရှင်တို့ ကြိုက်မည် မဟုတ်ဟူသောအချက်ကို လူထုက သိသည်။ သိသိနှင့်ပင် စစ်အာဏာရှင်စနစ်အောက်တွင် မနေချင်သောကြောင့် နှစ်အစိတ်လုံးလုံး အပင်ပန်းအဆင်းရဲခံကာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်ခဲ့ကြသည်။ အခု နှစ်ပေါင်းအစိတ်ကြာ ဒုက္ခဆင်းရဲခံခဲ့ပြီးတော့မှ  စစ်အာဏာရှင်တွေ ငြိုငြင်မှာကို မလုပ်နှင့်ဟု ဆိုသူက ဆိုလာကြသည်။ စစ်အာဏာရှင်တွေပေးသလောက်သာရမည် ဟု အလံရှူးလုပ်သူက လုပ်သည်။

၈၈ အရေးခင်းကြီးဆင်နွှဲပြီး လူတွေ အသက်သွေးပေးဆပ်ခဲ့သော်လည်း ဘာမျှမရ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေးလို့သာ ပြုပြင်ပြောင်းလဲရေးရသည်ဟု ကျေးဇူးရှင်ရှာတွေ့သူက ရှာတွေ့ကုန်လေပြီ။ ၂၀၀၇ အရေးအခင်းကြီးတွင် သံဃာတော်တွေ အသက်ပေးခဲ့ကြသည်မှာလည်း အလကား၊ အရင်စစ်အစိုးရက စတင်လို့သာ အပြောင်းအလဲဖြစ်လာတာဟု အတွေးခေါ်သစ်ရသူက ရကုန်ကြလေပြီ။ ဒီမိုကရေစီရရေး မရရေးမှာ စစ်တပ်အပေါ်မှာသာ မူတည်သည်ဟု သီအိုရီသစ်ဖြန့်ချိနေလေပြီ။ ထိုအရာသည် စစ်အာဏာရှင် စနစ်သက်ဆိုးရှည်ရေးအတွက် နောက်ဆုံးပေါ် ဝါဒဖြန့်ချိနည်းသာ ဖြစ်ပါသည်။

သူတို့လောဂျစ်နည်းကား စပါတာကပ်စ် ဦးဆောင်ခဲ့သော ကျွန်တော်လှန်ရေးကြီး ကျရှုံးခဲ့သည်ဟူသော အပြောမျိုးနှင့်တူပါသည်။ ဆရာစံနှင့် တောင်သူလယ်သမားများ အင်္ဂလိပ်နယ်ချဲ့ကို တွန်းလှန်ခဲ့သော်လည်း ထိုမိုက်မဲသော လယ်သမားများ ခေါင်းဖြတ်အသတ်ခံလိုက်ရတာသာ အဖတ်တင်သည်။ ဘာတခုမှ အောင်ပွဲမရဟု ပြောနေသည်နှင့် အလားသဏ္ဌာန်တူသည်။

စပါတာကပ်စ်၏ ကျွန်တော်လှန်ရေးသည် ကျွန်ပိုင်ရှင်တွေကို မချေမှုန်းနိုင်ခဲ့သည်မှာ မှန်ပါသည်။ စပါတာကပ်စ်၏ ကျွန်တော်လှန်ရေးသာမက ကမ္ဘာပေါ်တွင် ပေါ်ပေါက်ဖူးသမျှ ဘယ်ကျွန်တော်လှန်ရေးမှ ကျွန်ပိုင်ရှင်တွေကို ချေမှုန်းပြီး နိုင်ငံရေးအာဏာကို ရယူနိုင်ခဲ့ဖူးသည် မရှိခဲ့ပါ။ သို့သော် ယနေ့ ကမ္ဘာပေါ်တွင် ကျွန်စနစ်ရှိပါသေးသလား။ ကျွန်စနစ် ရှိသင့်သည်ဟု ယူဆသောသူ ရှိပါသေးသလား။ ကျွန်စနစ် ဘာ့ကြောင့် ပျောက်ကွယ်သွားသနည်း။ ထိုအချက်သည် အဖြေဖြစ်ပါသည်။ မှန်ပါသည်။ စပါတာကပ်စ် မနိုင်ခဲ့ပါ။ သို့သော် ကျွန်တော်လှန်ရေး အောင်မြင်ခဲ့ပါသည်။

ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမား သူပုန်ကြီးလည်း အာဏာမရယူနိုင်ခဲ့ပါ။ ခေါင်းဆောင်တွေ ရက်ရက်စက်စက် ခေါင်းဖြတ် အသတ်ခံခဲ့ကြရသည်။ ကြိုးပေးအသတ်ခံခဲ့ရသည်။ သို့သော် ထိုဆရာစံတော်လှန်ရေးကြောင့်သာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင် ရုန်းထွက်ရမည်ဟူသော နိုင်ငံရေးအသိစိတ်ဓါတ်ကို နောက်မျိုးဆက်သို့လက်ဆင့် ကမ်းနိုင်ခဲ့သည်။ ထိုစိတ်ဓါတ်ဖြင့်သာ လွတ်လပ်ရေးရသည်အထိ လက်ဆင့်ကမ်း ချီတက်နိုင်ခဲ့သည်။ ဆရာစံသူပုန် အချီးအနှီး မဖြစ်ခဲ့ပါ။

၈၈ အရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင်စနစ်ကို လူထုက လက်မခံတော့ဟူသောအချက်ကို ကမ္ဘာက သိခဲ့သည်။ နောက်မျိုးဆက်က သိခဲ့သည်။ စစ်အာဏာရှင်တွေကိုယ်တိုင် သိလာကြသည်။ ယနေ့ စစ်အာဏာရှင်တွေကိုယ်တိုင် သူတို့လည်းဒီမိုကရေစီသမားပါဟု သံယောင်လိုက် အော်ဟစ်လာရသည်။ ဘာ့ကြောင့်ပါနည်း။

၂၀၀၇ သံဃာတော်လှုပ်ရှားမှုကြီးတွင်လည်း သံဃာတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။ သို့သော် တကယ်တန်း သွေးပျက်ခြောက်ခြားခဲ့ရသူတို့မှာ စစ်အာဏာရှင်တွေသာ ဖြစ်ခဲ့သည်။ သွေးပျက် ခြောက်ခြားရုံသာမက စစ်အာဏာရှင်အချင်းချင်းကြား စိတ်ဝမ်းကွဲပြားလာခဲ့ကြသည်။ ၂၀၀၇ သံဃာတော်လှုပ်ရှားမှုအပြီး ကမ္ဘာတဝန်းတွင် အာရပ်တော်လှန်ရေးနှင့် နိုင်ငံတကာ သိမ်းပိုက်ရေး လှုပ်ရှားမှုတို့ ထပ်ဆင့်ဖြစ်ပေါ်လာသောအခါ မပြောင်းလျှင် မဖြစ်တော့ဆိုသည် ကို စစ်အာဏာရှင်များ လက်မခံချင်ဘဲ လက်ခံလာရသည်။ သို့သော် ယခုအခါတွင် ဒီမိုကရေစီလိုလားသည်ဆိုသူများက ပန်းမဝင်ခင် တက်ထောင်ချင်ကြလေပြီ။ ရှစ်လေးလုံးအရေးခင်းကြီးတွင်ကျခဲ့သော သွေးတွေကိုပင် အားမနာ၊ နှစ်ပေါင်းအစိတ်လုံးတွင် စွန့်လွှတ်အနစ်နာခံလာရသော ပြည်သူများကိုလည်း အားမနာဘဲ၊ “အခြေခံဥပဒေကြီးမှာ ကောင်းတော့မကောင်း သို့သော် စစ်အာဏာရှင်တွေ အမျက်သိုမှာ စိုးသောကြောင့် မကောင်းသော်လည်း လက်သင့်ခံလိုက်ပါ” ဟု နွားမရွှံ့ပိတ် ထိုးပေးနေလေပြီ။

သေချာသည်ကား ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူတို့ကို ကောင်းကျိုးပေးမည့် ဥပဒေမဟုတ်။ ထိုအခြေခံဥပဒေသည် အခြေခံကပင် မကောင်းသောကြောင့် မည်သို့ပင် ဖာထေးသုံးစွဲသော်လည်း ကောင်းလာဖွယ်မရှိ။ ထိုအချက်ကို အားလုံးအသိပင်ဖြစ်သည်။ ထိုအချက်အပေါ်တွင် အငြင်းမပွား။ အငြင်းပွားနေကြသည်မှာကား ထိုမကောင်းမှန်းသိသော လှည်းကျိုးကြီးကို ခဏတဖြုတ်တော့ထမ်းထားပါကွာ၊ မဟုတ်ရင် တိုင်းပြည် ချောက်ထဲကျလိမ့်မယ်ဟု ခြိမ်းခြောက်ပြောဆိုနေခြင်းကို ကျွန်တော်တို့ လက်ခံမလား၊ လက်မခံဘူးလားဆိုသော အချက်ကသာ အငြင်းပွားနေသော ပြဿနာ ဖြစ်ပါသည်။

စစ်စစ် ကျွန်တော်တို့ကို ကျွန်စိတ်သွင်းပေးနေခြင်းဖြစ်သည်။ အညံ့ခံခိုင်းနေခြင်းဖြစ်သည်။ ဆောင်းပါး အစပိုင်းတွင် ပြောခဲ့သောအပိုင်းကို ပြန်ကောက်လိုပါသည်။ ကျွန်စနစ် သက်ဆိုးရှည်ခြင်းမှာ ကျွန်တွေကိုယ်တိုင်က ကျွန်ပိုင်ရှင်တွေရှိမှ သူတို့ရပ်တည်နိုင်မည်ဟု ထင်နေသောကြောင့် ဖြစ်သည်။ တချိန်တွင် ကျွန်တွေက လက်မခံဘဲ တော်လှန်ကြသောအခါ လက်နက်အင်အားမမျှသောကြောင့် အာဏာမရခဲ့သော်ငြား၊ ဖိနှိပ်သူတွေ၏ အတွေးအခေါ် ပြိုလဲပျက်စီးခဲ့သည်။ ကျွန်စနစ်လည်း ပျက်စီးခဲ့သည်။

ယခု စစ်အာဏာရှင်နှင့် စစ်အာဏာရှင်အလိုတော်ရိ ပညာရှင်တွေက စစ်အာဏာရှင်မကြိုက်တာ မလုပ်ရေး အတွေးအခေါ်သွတ်သွင်းပေးနေလေပြီ။ စစ်အာဏာရှင်တို့အလိုကျ ၂၀၀၈ အခြေခံဥပဒေကိုလက်ခံလိုက်ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း၊ တနည်းအားဖြင့်ဆိုရလျှင် ဖိနှိပ်ရေးအတွေးအခေါ်ကသာ မှန်ကန်ကြောင်း သက်သေထူဖို့ ကြိုးစားနေလေပြီ။ justify လုပ်နေလေပြီ။ ပြည်သူတွေကို စစ်ကျွန်စိတ် သွတ်သွင်းပေးနေလေပြီ။

စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုချုပ်ချယ်မှုအောက်တွင် နေထိုင်ခြင်းကသာ အကောင်းဆုံးပါဟု ပြည်သူတွေက လက်မခံမချင်း ၈၈ တော်လှန်ရေး မရှုံးနိမ့်သေးပါ။ ရှေ့ဆက်နေဦးမည်သာ ဖြစ်ပါသည်။ စစ်အာဏာရှင်တွေနှင့် ပြည်သူတွေ တဘက်ဘက်က အညံ့မခံမချင်း ဆက်နေပါဦးမည်။ သို့သော် စစ်အာဏာရှင်တွေ မကြိုက်တာမလုပ်တော့ပါဟု ပြည်သူတွေက အညံ့ခံလိုက်ပါမူ၊ အညံ့ခံသည်နှင့် တပြိုင်နက်မှာ ကျွန်တော်တို့၏ တော်လှန်ရေး ရှုံးနိမ့်ပြီ ဖြစ်ပါသည်။ ရယ်ဒီကယ်တွေ၊ လစ်ဘရယ်တွေ အဓိကမဟုတ်။ ဆွေးနွေးသောယဉ်ကျေးမှု ရှိမရှိ ဆိုတာတွေလည်း အဓိက မဟုတ်။ တော်လှန်ရေးလုပ်ရမှာလား၊ တည်ဆောက်ရေးလုပ်ရမှာလား၊ နိုင်ငံရေးလုပ်ရမှာလား ဆိုတာတွေလည်း အဓိကမဟုတ်။ ဒါတွေက နည်းလမ်းတွေသာ ဖြစ်သည်။ နည်းလမ်းတွေသာမက ထောက်ပံကြေးယူ သင်တန်းဖွင့်စားသော ကာလပေါ် သင်တန်းဆရာတို့ စုန်းတောက်စားကြသည့် ဝေါဟာရ လျှပ်ပေါ်လော်လီမှုတွေအဖြစ်နှင့်လည်း တခါတလေ တွေ့ရတတ်သည်။ တကယ်အရေးကြီးသည်မှာ ဒီမိုကရေစီစနစ်လား၊ အာဏာရှင်စနစ်လား ဆိုတာသာ ဖြစ်သည်။ ဒါကို တကယ် ရွေးချယ်ရမည့်သူတွေမှာလည်း ပြည်သူတွေသာ ဖြစ်ပါသည်။

စိမ်းမြင့် (မန္တလေး)

Credit: NaytThit

ခရီးသည်တွေကို ဒုက္ခပေးနေတဲ့ အောင်မင်္ဂလာ အဝေးပြေး အငှားယာဉ်ဂိတ်


ကျွန်မဟာ လှိုင်မြို့နယ်မှ ကျောင်းဆရာမ တစ်ဦး ဖြစ်ပါတယ်၊ ယနေ.(24.10.13) နေ.မနက် ၅နာရီခွဲမှာ ထားဝယ်မြို.ကနေ ရွှေဝယ်ရတနာ ယာဉ်လိုင်း နဲ.ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ဂိတ်ကို ရောက်ပါတယ် ၊ ပစ္စည်းများချပြီ်း နံနက်6 နာရီမှာ တက္ကစီငှားပါတယ်။

ကားဆရာက အဝေးပြေးဂိတ်မှ လှိုင်မြို့နယ်၊အင်းစိန်လမ်း၊ သံလမ်းမှတ်တိုင်အထိ လေးထောင်ကျပ်တောင်းပါတယ်။ ကားပေါ်ရောက်တဲ့အချိန်မှာ ကားမထွက်သေးဘဲ နောက်ထပ်ခရီးသည် တင်ရဦးမယ်ပြောပါတယ်။

ဒီလိုနဲ့ ခရီးသည်များ ထပ်တင်ရာမှာ ဒရိုင်ဘာဘေး ရှေ့ခန်းမှာနှစ်ယောက် ၊ နောက်ခန်းမှာ ၃ယောက်
ထပ်မံတင်ပါတယ်။ထပ်မံတင်နေလို့ နံနက် ၇ နာရီတိတိ မှာ ကားစထွက်ဖြစ်ပါတယ်။ ၁နာရီကြာ စောင်.ရပါတယ်။

ခရီးသည်များမှာလည်း ရှေ့ခန်း၂ယောက် ၊ နောက်ခန်း လေးယောက်နှင့် အထုပ်အပိုးများနှင့် ကျပ်သိပ်စွာ စီး နင်းကြရပါတယ်။ အလွန်ဒုက္ခရောက်ကြရပါသည်။

ကားသမားမှာတော့ ခရီးတစ်ကျော့ကို နှစ်သောင်းကျပ် ခန့် ရရှိပါတယ်။

ထိုကဲ့သို့ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ဆိုက်ရောက် လာသော ခရီးသည်များ သွားလာရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးပါရန်နှင့် လက်ရှိတာဝန်ကျနေသော ဂိတ်မှူးများကို အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ် ပါသည်။

ကျောင်းဆရာမတစ်ဦး
(လှိုင်မြို့နယ်)
သစ်ထူးလွင် 

မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်


မန္တလေး၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံ၌ ၁၆ နှစ်အောက် ကလေးသူငယ်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချပြီး လူကုန်ကူးမှု ပြုလုပ်သူများ များပြားလာ၍ ယင်းလုပ်ရပ်များ နှိမ်နင်း ကာကွယ်တားဆီး အရေးယူနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် UNICEF တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် တပ်ဖွဲ့ဝင်များ (သီးခြား) ဖွဲ့စည်း ထားရှိတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်စုထံမှ သိရသည်။
“လက်ရှိအနေအထားနဲ့လည်း ဆောင်ရွက်နေတယ်။ နိုဝင်ဘာလလောက် ဆို နေပြည်တော်မှာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး သင်တန်းတွေ ပေးပါတော့မယ်” ဟု အထက်ပါဌာနမှ ဒုရဲအုပ် အေးအေးဝင်းက The Voice သို့ ပြောကြားသည်။

လူကုန်ကူးသူများသည် မြန်မာနိုင်ငံ မြို့နယ်အများစုရှိ ကလေးသူငယ်များကို ပစ်မှတ်ထားကာ ဇနီးမောင်နှံအသွင်၊ သမီးရည်းစား အသွင်များ ဆောင်လျက် လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်များတွင် အလုပ်အပ်နှံပေးမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်မှုများ ရှိလာ၍ ယင်းသို့ ပြောဆို ခေါ်ဆောင်ခြင်းများ ရှိလာလျှင် သတိထားရန် လိုအပ်ကြောင်း အဆိုပါ ဒုရဲအုပ်က သတိပေး ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိပ် ၁၁ ခု၊ တပ်ဖွဲ့စု ၁၈ ခုနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စုသုံးခု စုစုပေါင်း ၃၂ ဖွဲ့အထိ ဖွဲ့စည်းထားရှိသည်။

အမျိုးသမီးနှင့် ကလေးသူငယ်များကို လူကုန်ကူးပါက ၂၀၀၅ခုနှစ် ဥပဒေ ပြဋ္ဌာန်းချက် အခန်း ၉ ပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သဖြင့် ယင်းဥပဒေ အတိုင်း ဆောင်ရွက်ရန် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်တားဆီး နှိမ်နင်းရေး တပ်ဖွဲ့များ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးတို့တွင် သီးခြား ဖွဲ့စည်းထားရှိတော့မည် ဖြစ်ကြောင်း ဒုရဲအုပ် အေးအေးဝင်းက အောက်တိုဘာလ ၂၂ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ လူကုန်ကူး ခံရသူများတွင် အများဆုံးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဦးတည်မှုများပြီး တရုတ်အမျိုးသားနှင့် ကိုယ်တိုင် ချစ်ကြိုက်၍ အိမ်ထောင်ပြုသူများ၊ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် သဘောတူပြီး ပွဲစားက ခေါ်ဆောင်စဉ်လမ်း၌ အဖမ်းခံရသူများ၊ အလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ခံရသူများ၊ အလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်ပြီးမှ တရုတ်အမျိုးသားထံ ရောင်းစားရန် ခေါ်ဆောင်စဉ် အဖမ်းခံရသူများ၊ အလုပ်လုပ်ကိုင်ရန် လာရောက် သူများ၊ ဖျော်ဖြေရေးလုပ်ငန်း လုပ်ရန် ခေါ်လာပြီး ပြည့်တန်ဆာ အဖြစ် စေခိုင်းခံရသူများ ပါဝင်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မှတ်တမ်းများအရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်တွင် လူကုန်ကူးမှု ခုနစ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရှိရသည်။

၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ ၁၁၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်င လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဆင့်မြင့် အရာရှိကြီးတစ်ဦးက မေလအတွင်း ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

(သန်းဖေသား)

The Voice Weekly

တစ်နိုင်ငံလုံးတွင် ကျေးလက်အိမ်ရာ တည်ဆောက်နိုင်ရေး ကျပ်သန်း ရှစ်ထောင်ကျော် သုံးစွဲမည်ဟုဆို


မြန်မာတစ်နိုင်ငံလုံးတွင် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျေးလက်အိမ်ရာ ၂၉၀၀ ကျော် တည်ဆောက်ရေးအတွက် ကျပ်သန်း ရှစ်ထောင်ကျော် သုံးစွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေ၏ ပြောကြားချက်အရ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရအဖွဲ့ ဆပ်ကော်မတီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကော်မတီဝင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့တော် အောင်မြေသာစံမြို့နယ် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပစဉ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကျေးလက်အိမ်ရာ တည်ဆောက်မည် ဆိုပါက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ်တွင် ငလျင်ဒဏ် ခံရခြင်းကြောင့် အဆိုပါ မြို့နယ်ကို ဦးစားပေး အနေဖြင့် တည်ဆောက်ပေးစေ လိုကြောင်း ပြင်ဦးလွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

ယင်းအပြင် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ညောင်ပင်သာ ကျေးရွာတွင် ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အိမ်ခြေ ၈၄ အိမ် ပြောင်းရွှေ့ထားပြီး အဆိုပါ အိမ်ထောင်စုများအတွက် မြေနေရာ သတ်မှတ်ပေးရန် လိုအပ်နေကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးကလည်း ပြောကြားသည်။

The Voice Weekly

မြန်မာအလုပ်သမားများထံ ငွေတောင်းသည့် ထိုင်းရဲများကို အမှုဖွင့်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာအလုပ်သမားတွေ အများဆုံး နေထိုင်တဲ့ မဟာချိုင်မှာ မြန်မာနိုင်ငံသားတွေဆီကနေ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ငွေတောင်းခံတဲ့ ဖြစ်ရပ်တွေ ဆိုးဝါးလာတဲ့အတွက် စမွတ်စခွန်ခရိုင် ရဲစခန်းကို မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက အောက်တိုဘာ ၂၁ ရက်နေ့မှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။

၂ နိုင်ငံ အစိုးရ ထုတ်ပေးထားတဲ့ အလုပ်သမား မှတ်ပုံတင်နဲ့ တရားဝင် အလုပ်လုပ်ခွင့်ရှိတဲ့ မဟာချိုင်က မြန်မာ အလုပ်သမားတွေဆီကနေ ငွေတောင်းခံတဲ့ ထိုင်းရဲတွေကို မြန်မာသံရုံး အကူအညီနဲ့ အခုလို တိုင်ချက်ဖွင့်လိုက်တာလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဦးကျာ်သောင်းက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က အလုပ်က ပြန်လာတဲ့ တရားဝင် မြန်မာအလုပ်သမား ၄ ယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးပြီး ပါလာတဲ့ ငွေတွေကို ယူဆောင်ခဲ့သလို အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ပေါင်နှံကာ ငွေတွေယူဆောင်သွားတဲ့နောက် အခုလို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ရှေ့နေ၊ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့တွေကို ပြသတိုင်ပင်ရာမှာ လူမှုရေးအဖွဲ့အစည်းအနေနဲ့ အမှုဖွင့်လို့ မရတဲ့အတွက် မြန်မာသံရုံးကို အကူအညီသွားရောက် တောင်းခံရမှာ လိုလိုလားလား ကူညီခဲ့တဲ့အတွက် ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှာ သွားရောက် အမှုဖွင့်ရာမှာ လက်ခံခဲ့တာလို့ ဆိုပါတယ်။

“မဟာချိုင်ပုလိပ်တွေ မတရားလုပ်တာတွေ ကြာပြီ။ အလုပ်သမားတွေ ခရမ်းသီး၊ ၀က်သား၊ ငါးခြောက် ၀ယ်စားတဲ့စာရင်းတွေကိုလည်း ဆေးဆိုပြီးဖမ်းတယ်။ ကျနော်တို့ဆီမှာ အထောက်အထားရှိ ဗွီဒီယို၊ ဓာတ်ပုံဆိုပြီး ရှေ့နေရော၊ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုရော တိုင်ပင်ကြည့်တယ်။ သူတို့က အကြံပေးတယ်။ အဲဒါလူမှုရေးအဖွဲ့အနေနဲ့ ကိုင်တွယ်လို့မရဘူး။ ထိုင်းအာဏာပိုင်ကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်နေတာ။ ဒါကြောင့် သံရုံးမှာ လာပြီး အမှုဖွင့်မှာဖြစ်မယ်ဆိုပြီး ကျနော်တို့ သံရုံးကို အကူညီတောင်းတယ်။ သံရုံးကလည်း လိုလိုလားလားပဲ ထိုင်းပုလိပ်ဌာနချုပ်ကိုသွားပြီး သံရုံးထောက်ခံစာနဲ့ အမှုဖွင့်ကြတယ်။”

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနည်းတူ အခွင့်အရေးပေးဖို့ ပြောဆိုထားပေမယ့် တန်းတူအခွင့်အရေး မရသလို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို သွားရောက်ပါကလည်း လမ်းမှာရှိတဲ့ စစ်ဆေးရေး ဂိတ်တွေက ရဲတွေကလည်း ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ ဦးကျာင်သောင်းက အခုလို ရှင်းပြပါတယ်။

“ပတ်စပို့ရှိတဲ့ မြန်မာအလုပ်သမားတွေကို လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ရှိတယ်။ ထိုင်းအလုပ်သမားနည်းတူ အခွင့်အရေးရမယ်လို့ ထိုင်း-မြန်မာအစိုးရတွေက ပြောခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် နေရပ်ပြန်တဲ့အလုပ်သမားတွေဟာ မဲဆောက်နဲ့ ဘန်ကောက်ကြားမှာရှိတဲ့ ဂိတ် ၉ ဂိတ်မှာ ၁ ဂိတ်ကို ၁၀၀ စီပေးနေရတယ်။ တချို့ အလုပ်လုပ်ခွင့်လက်မှတ်မရှိတဲ့သူတွေဆို ၂၀၀၀၊ ၃၀၀၀ ပေးနေရတယ်။ အဲဒါတွေကို ဗွီဒီယိုကလစ်တွေနဲ့ ရိုက်ပြီးတော့မှ မြန်မာအစိုးရနဲ့ ဘန်ကောက်မှာ မြန်မာနဲ့ထိုင်းအန်ဂျီအိုတွေ စုပေါင်းဖွင့်ထားတဲ့ အဖွဲ့ကိုလည်း တင်ပြထားတာ ၆ လလောက် ရှိပြီ။ ဒီပြဿနာကို မြန်မာအစိုးရရော၊ ထိုင်းအစိုးရရော အရေးယူဆောင်ရွက်ခြင်း မရှိသေးဘူး။”

မဟာချိုင်အရပ်မှာ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေက မြန်မာလုပ်သမားတွေဆီကနေ ငွေတောင်းတဲ့ ဖြစ်ရပ်တွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့တာဖြစ်ပေမယ့် ဒီကိစ္စ ကိုင်တွယ်ဖြေရှင်းပေးမယ့် သူမရှိသလို သက်သေခံပေးမယ့်သူလည်း မရှိဖြစ်နေတာပါ။

ငွေတောင်းခံရတဲ့ အလုပ်သမားတွေက လိုလိုလားလား သက်သေခံပေးပြီး မြန်မာသံရုံးကလည်း ကူညီပေးလာတဲ့အတွက် ခုလို ပြန်ပြီ အမှုဖွင့်နိုင်တာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

ကြိုး တ န်း လ မ်းေ လျှာ က် ဘ ဝ ထဲ က အိမ်ပြန်ညတွေကျောမလုံဘူး


ကိုယ်လုံးနှင့် ကျကျနနဖြစ်သည့် ယူနီဖောင်း၏ နောက်ဆုံးကြယ်သီးကို တပ်လိုက်ပြီးသည်နှင့် ကိုစိုးမိုး (အမည် လွှဲ) အဖို့ ယနေ့ည အလုပ်ခွင်သို့ ဝင် ရန် အဆင် သင့်ဖြ စ်နေပြီဖြစ်သည်။ ည က ညဦးပိုင်းသို့အဝင် ၈ နာရီစွန်းစွန်း ခန့်ရှိပြီ။ထို့နောက်ခန်းမသို့ဝင်ရန် တံခါး တစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး မိမိတို့ တာဝန်ယူသည့်နေရာများသို့ သွားကာ လက်နှစ်ဖက်ကို နောက်သို့ယှက်ရင်း အ သင့်အနေအထား နေရာယူလိုက်သည်။

ကိုစိုးမိုး အပါအဝင် ဝတ်စုံဆင် တူများနှင့်အမျိုးသားတစ်စုတို့၏ အလုပ် ချိန်စတင်ပြီဖြစ်ကြောင်း ညကလပ်၏ ဒီဂျေတီးလုံးက နှိုးဆော်လိုက်သည်။ထိုသူတို့သည် ညကလပ် လုံခြုံရေး တာဝန်ယူသူများ ဖြစ်သည်။  ညက ပြင်ပကမ္ဘာတွင် တိတ်ဆိတ် လွန်းလှသော်လည်း ညကလပ် အတွင်း နှင့် အပြင်ခပ်လှမ်းလှမ်းတွင်တော့ ဝင် သူ၊ ထွက်သူ၊ ရပ်စောင့်သူ၊ ဧည့်ကြိုသူများနှင့် ကမ္ဘာတစ်ခုအလား ကြက်ပျံ မကျစည်ကားဆဲ။ ထို့ပြင်ကလပ်အတွင်း ၌လည်းစူးရှရှမီးရောင်တန်းများက ကပွဲ ကြမ်းပြင်များကြား လွန်းထိုး သွားလာနေ ပြီး စိတ်ရှိလက်ရှိ ဝုန်းဒိုင်းကြဲကခုန်နေသူ များအပေါ် ဖြတ်သန်းနေချေသည်။

ပုရိသကြီးငယ်တို့၏ ဆူညံပေါက် ကွဲသံ၊ အဖျော်ယမကာ ပုလင်း၊ ခွက် များ တချွင်ချွင် ရိုက်သံတို့ကြီးစိုးနေသည့် ကလပ်သည် သွေးဆူလို့ကောင်းသည့် ကြိုးဝိုင်းတစ်ခု သဏ္ဌာန်ဖြစ်နေသည်။ သင်သည် ဤသို့သော ကလပ် များကို ရောက်ခဲ့သည်ရှိသော်အရောင် စုံအသွေးစုံ သွေးသားရောင်းကုန်များ နှင့် စီးကရက်ငွေ့များကြား မျက်နှာ ထားခပ်တင်းတင်းဖြင့် ကလပ်အတွင်း လှည့်လည်သွားလာနေသည့် လုံခြုံရေး များကို အတိုင်းသားမြင်နိုင်သည်။အသားညိုညို ကိုယ်လုံးကိုယ်ထည် တုတ်တုတ်ခိုင်ခိုင် ရှိပြီး ခန္ဓာကိုယ်နှင့် မလိုက်ဖက်လှသော ကျဉ်းမြောင်းသည့် မျက်လုံးများ ပိုင်ဆိုင်ထားသူ ကိုစိုးမိုး က အသက် ၂၉ နှစ်သာ ရှိသေးသည်။ သို့သော် သူ့သဏ္ဌာန်က အရွယ် ထက် ရင့်ကျက်လွန်းနေသည်။ ကျယ်လောင်လွန်းနေသည့် သီချင်း သံများကြားက သူပြောသည့် စကားများ ကို ကြားစေရန် ကိုယ်ကိုဘေးတစ်ဖက် သို့ အနည်းငယ် ကိုင်း လိုက်ရင်း စကား စသည်။ လက်ညှိုးကမူ သူ၏ ညာဘက် မျက်လုံးအစွန်ကို ညွှန်ပြရင်း ”ဒီဘက် မျက်လုံးက ဝိုင်းကျွေးတာ ခံရလွန်းလို့ ဟိုဘက်ထက် စာရင် ပိုကျဉ်းနေ တာ လေ”ဟုသူ့ကို ကလပ်လာသည့် ဖောက် သည်အချို့က ငြိုးတေးရင်း အိမ်အပြန် လမ်းတွင် ဝိုင်းထိုးကြိတ်ခံရပေါင်းများပုံ ကို သူက ဗန်းစကားဖြင့် ‘ဝိုင်းကျွေးတာ’ ဟု ပေါ့ပေါ့ပါးပါးဆိုသည်။ သည့်အတွက် လည်း သူ့ထံတွင် ကြောက်လန့်သည့်ဟန် မပြ။

သူ၏ အလုပ်နှင့်ဘဝကို စိတ်ဝင် စားဟန်ပြသည့် ကျွန်တော့်ကို ဆက် စကားပြောလိုဟန်ဖြင့် ပြုံးပြရင်း ပါး ကိုလက်ဝါးဖြင့်အုပ်ပြကာ ”အံသွားတွေ လည်း တစ်ချောင်းမှ မရှိတော့ဘူး။ လွန် ခဲ့တဲ့ သုံးနှစ်လောက်က ကလပ်ကအပြန် မှာ ကားဘီးလဲတဲ့ အတံလေ။ စပန်တာ။ အဲဒါနဲ့ အရိုက်ခံရတာ”ဟု သူက ပြော သည်။ ပြောစကားများတွင် အငြိုးသံမပါ ပေမယ့် နာကြည်းချက်တချို့ စိုက်ဝင် နေသည်ဟု ထင်ရသည်။ ကလပ်လုံခြုံ ရေးအလုပ်သည် အန္တရာယ်များလွန်းပြီး အသက်အန္တရာယ်နှင့်လည်း နီးကပ်နေ သည်ဟု ဆိုသည်။    ကလပ်လုံခြုံရေး အလုပ်သည် အခြားသော လုံခြုံရေးဝန်ထမ်းများ၏ တာဝန်နှင့်တူညီမှုရှိသည် မဟုတ်လော။ လုံခြုံရေးဟူသည်လုံခြုံမှုရှိစေရန် အချိန်
ပြည့်စောင့်ဆိုင်းကြည့်ရှုနေကြရ သူများ။ စူပါမားကက်မှအစ နိုင်ငံတော် သမ္မတ အဆင့်အထိပင် လုံခြုံရေးတို့၏ အခန်း ကဏ္ဍပါဝင်သည်။သို့သော် ကလပ်လုံခြုံ ရေးဝန် ထမ်းတစ်ဦး ဖြစ်လိုပါက ကိုယ်ခံ ပညာ အနည်းဆုံးနှစ်မျိုးခန့် တတ်ရ သည်။ ¤င်းပညာများကိုလည်း ကျွမ်း ကျင်ပိုင်နိုင်စွာ သုံးနိုင်မည့်အနေအထား ရှိရမည်။

‘လုံခြုံရေး’ ဆိုသည်ကို ”ဝန်ထမ်း” ဟူသည့်အထိန်းအကွပ်ဖြင့် ကာရံထား သည့်အတွက် ထိုသူတို့တွင် လုပ်ပိုင်ခွင့် က အပြည့်အဝ မရှိ။ လွန်လွန်ကျူး ကျူး သောင်း ကျန်း သည့် သူမျိုးကိုသာ ပညာ အနည်း အကျဉ်းပေးခိုင်းထားသည်ဟု သိရသည်။ထိုပညာသည်လည်း နာကျင် မှု အပြင်းအထန် မဖြစ်စေဘဲ ငြိမ်ငြိမ် သက်သက်ဖြင့် ကလပ် အပြင်သို့ ဆွဲထုတ် သွားရန်သာ ဖြစ်သည်။ ရန်စစိန်ခေါ် သူများကိုလည်း လက်ပိုက်ကြည့်တတ် ရသည်။ ဆိုးဆိုးရွားရွား နှိပ်ကွပ်မိသည် နှင့် မိမိသူဌေး ဖောက် သည် ဆုံးရှုံးနိုင် သည်ကိုလည်း ခေါင်းအတွင်း ဖြည့်ထား ရသည်။ သူတို့သည် နာမည်နှင့် မလိုက် သည့် တာဝန်များစွာရှိနေပြီး လုံခြုံရေး ဟူသည့် စကားက ထိုသူများကိုယ်တိုင် အတွက်မူ အဝေးဆုံးနေရာတွင် ရှိနေ သည်။

”ကလပ်တိုင်းမှာ ဥာဉ်ဆိုတာရှိ တယ်။ ကလပ်ကို လန့်သွားအောင် မလုပ်ရဘူး။ ကလပ်လန့်အောင် လုပ်ပြီ ဆိုရင်တော့ ကလပ်ပိတ်ရဖို့ နီးသွားမှာ။ ဒါဆို ကျွန်တော်တို့ လည်း ထမင်းအိုး ကွဲပြီ”ကိုစိုးမိုး၏ စကားအရ သူတို့၏ အလုပ်မှာ ကြိုးတန်းလမ်းလျှောက်နေရ သည်ဟု မြင်မိသည်။ ကိုစိုးမိုးကဲ့သို့ လုံခြုံရေးဝန်ထမ်း က ကလပ်အတွင်း ငါးဦးခန့်သာ ရှိပြီး အားလုံးနီးပါးမှာ ကိုယ်ပိုင်အရည် အ သွေးများနှင့်ဖြစ်ကြောင်း ၎င်း၏ ပြောပြချက်ရ သိရသည်။ သူကိုယ်တိုင်လည်း တက္ကသိုလ်မှဘွဲ့ရထားသူဖြစ်ပြီး ကျန် သူများကလည်း အနိမ့်ဆုံး ဆယ်တန်း အောင်မြင်ထားသူများသာ ဖြစ်ကြသည်။ အလုပ်အကိုင် ရှားပါးမှုကြောင့် ညပိုင်း အချိန်မှသာ အလုပ်စတင်ဝင်ရသည့် က လပ် လုံခြုံရေးအလုပ်ကိုလုပ်ခဲ့ခြင်းဖြစ်ပြီး လစာနှုန်းထားကတော့ ငါးသောင်းစွန်း စွန်းသာရသည်ဟု ၎င်းက ဆိုရှာသည်။

အချို့က အလုပ်ပြောင်းချင်၍ အလုပ်ထပ်ရှာသော်လည်း အခြေအနေ မပေးမှုကြောင့် ထိုအလုပ်၌ပင် သံမှိုစွဲ နေသည်။ သူကိုယ်တိုင်ကတော့ သူနှစ် သက် သည့် မွေ့ထိုင်း ပညာရပ်ကို အသုံး ချခွင့်ရနေ၍ ယင်းအလုပ်၌ပင် ပျော် နေခြင်းဖြစ်သည်ဟု ဝန်ခံသည်။ သို့ သော် ရမ်းကားစွာဖြင့် ကိုင်တွယ် လုပ် ဆောင်ခွင့်မရှိ။ သူတို့သည် လုံခြုံရေး နှင့်အတူ ဝန်ဆောင်မှုကိုပါ တစ်ပြိုင် တည်း ပေးနေရသူများဟု သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုသည်။စကားအနည်းငယ် ပြောပြီးသည် နှင့် တာဝန်ကျရာ နေရာ သို့ ပြန်သွားကာ လုံခြုံရေး ပြန်ယူသည်။ လူများများ စု ဝေးမိလာပြီဆိုသည်နှင့် ထိုလူစုများကြား တိုးဝင်ရသည်။ လူစုခွဲရသည်။ တစ်ဖက် ဖက်က တင်းမာလာဟန် ရှိသည်နှ င့် ဝင် ရောက်ဖျန်ဖြေရသည်။ တချို့ကို ထိုင်ခုံ နေရာသို့ ပြောဆိုပြန်လွှတ်ရသည်။ ပြီး လျှင် အသင့်အနေအထား နေရာပြန်ယူ ရသည်။ လူစုပြန်လျှင် ကြားဝင်ရသည်။ ဤသည်က ကလပ်လုံခြုံရေးတို့၏ တာဝန် ဟုဆိုနိုင်သည်။သို့သော်လည်း တစ်စိတ် တစ်ပိုင်းဟူ၍လည်း ဆိုနိုင်သည်။ သူတို့ ထံတွင် စည်းကမ်းနှင့်အန္တရာယ်တို့ ကျန် ရှိနေသေးကြောင်း သိရသည်။

အဆင့်မြင့် မင်္ဂလာဈေးကြီး၏ ည ကလပ်ကြီးတစ်ခုမှ လုံခြုံရေးခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုမိုးသူက ¤င်းတို့ သည် တာဝန်ချိန်အတွင်း အရက်သေ စာ မဆိုထားနှင့် ဆေး လိပ်ပင် သောက် သုံးခွင့် မရှိဟု ဆိုသည်။ သူတို့လို လုံခြုံရေးခေါင်းဆောင် အပါအဝင် ဝန်ထမ်းများကို လက်ထောက် မန်နေဂျာ ဆိုသူက လှည့်ပတ်၍ ထပ်မံ စောင့်ကြ ပ်နေကြောင်းကို၎င်းကအနောက် တိုင်းဝတ် စုံပြည့်နှင့် ခပ်ထွားထွားလူကို ညွှန်ပြရင်းဆိုသည်။ ကိုမိုးသူက ကလပ် လုံခြုံရေးလုပ်သက် ဆယ်စုနှစ်တစ်စု စာရှိပြီး သူ့အ ထပ် တွင် ‘ပ’အဆင့် လုံခြုံ ရေးခေါင်း ဆောင်ရှိသေးကြောင်း ပြောပြသည်။ကလပ်လုံခြုံရေးတို့တွင် လက်နက် ကိုင်ဆောင်ခွင့် မရှိ။ သူတို့၏ အဓိက အားကိုးက လက်နှ င့်ခြေေ ထာက်သီးသန့်သာ ဖြစ်သည်။ အရပ်ငါးပေ ငါးလက်မခန့်ရှိသည့် ကိုမိုးသူက လုံခြုံရေးလုပ်သက်ရင့်နေပြီ ဟု ဆိုနိုင်သော်လည်း သူတကယ်ဖြစ် ချင်သည် ကဈေး ကွက် ရှာဖွေရသည့် မားကက်တင်း။ စမတ်ကျကျဝတ်ဆင်ရင်း အပြော ချိုချိုဖြင့် လုပ်ကိုင်လိုပြီး စားပွဲတွင် ထိုင် ကာ ဘောလ်ပင်ဖြင့် လက်မှတ်ထိုး တာ ဝန်ပေးနိုင်သည့် မားကက် တင်းမန်နေ ဂျာအဆင့်ကို ယခုအချိန်ထိ မျှော်လင့် နေမိသေးသည်ဟု ပြုံးတုံ့တုံ့ဖြင့် ဆို သည်။ သို့သော် လက်ရှိဘဝကား မျှော် လင့်ချက်နှင့် ပြဒါးတစ်လမ်း၊ သံတစ် လမ်း သာ ရှိနေသည်။

ကလပ်လုံခြုံရေး မလုပ်လိုတော့ဘဲ ထွက်လိုက်ပါက အလုပ် အကိုင်ရှားပါး သည့်ခေတ်တွင် စားအိုးပျောက်မည်ကို စိုးရွံ့သဖြင့် ရှိရင်းစွဲအလုပ်ကို မှိန်းလုပ် ရင်းက

ထိုအလုပ်၌ပင်မြုပ်မှန်းမသိ မြုပ်ဝင်ခဲ့ရသည်ဟု သူ့လုပ်သက် ကြာမြင့်ရ ပုံကို ဖွင့်ဟသည်။ အမှန်အတိုင်းဆိုရ လျှင် သူ့ထံတွင် အလုပ်မပြောင်းလိုသည့် အကြောင်းရင်း တစ်ချက်လည်း ရှိသေး သည်။ ”ဘာအလုပ် လုပ်လုပ်၊ အလုပ်က အလုပ်ပဲလေ။ အလုပ် လုပ်ရင်တော့ အဲဒီအလုပ်ထဲမှာ အမြင့်ကို ရောက်ချင် တာပဲ။ ကလပ်မှာ မန်နေဂျာ ဆိုတာ ဝိတ်တာအဆင့်က ဖြစ်ခွင့်မရှိဘူး။ လုံခြုံ ရေးခေါင်းဆောင်ကသာ လုပ်သက်ကြာ ရင် မျှော်လင့်ခွင့်ရှိတာ” သူ့ထံက မျှော်လင့်ချက်ကြီးကြီး သည် ပေး ဆပ်မှုကြီး ကြီးနှင့် ရင်းနှီးထား ရခြင်းလည်းဖြစ်ကြောင်း သူကိုယ်တိုင် သိသည်ဟုလည်း ဆိုသည်။

”မန်နေဂျာမဖြစ်ခင်လည်း ဘဝ ပြောင်းသွားနိုင်တယ်။ ဒါကတော့လည်း ကံပေါ့”ဟု ကိုမိုးသူက ပြောသည်။ ကလပ်လုံခြုံရေးများ အားလုံးကို စစ်တမ်းကောက်မည် ဆိုပါက တူညီ သည့် အချက်တစ်ခု ရှိမည်ထင်မိသည်။ ထိုထင်မြင်ချက်သည် ၎င်းတို့၏ လက် တွေ့လုပ်ကိုင်နေရသည့်လုပ်ငန်းအပေါ် ထားသည့် စိတ်တို့ကြောင့်လည်း ဖြစ် သည်။ ထိုသူတို့သည် မိမိတို့တတ်ကျွမ်း ထားသည့် ကိုယ်ခံပညာရပ်များအပေါ် မှီခိုရင်း စွန့်စားလိုကြသူများ ဖြစ်သည် ဟု လုံခြုံရေးဝန်ထမ်းတို့ ကိုယ်စားကိုစိုးမိုးက ဆိုသည်။

”ဒီအလုပ်က သတ္တိမရှိလို့ကတော့  မတွေးတာတောင် အကောင်းဆုံးပဲ။ လူ မိုက်လို မိုက်လားချမလားလည်း လုပ်လို့ မရဘူး။ အတတ်နိုင်ဆုံး သည်းခံရတယ်။ မနက်ပိုင်း အလုပ်နားချိန်တွေဆို စိတ် ကို စုစည်းမှုရှိအောင် တရားထိုင်ရသေးတယ်”  ကိုစိုးမိုး၏ စကားက ကလပ်လုံခြုံ ရေးတို့ကို လူမိုက်စာရင်းထဲ မသွင်းမိရန် ကာရံပြောလိုက် သည်ဟု ထင်မိသည်။ သူတို့တွင် အရည်အသွေးများ ရှိပြီး ၎င်းအရည်အသွေးများကိုလည်း ကလပ်ပိုင် ရှင်က ထုတ်ဖော်ချီးကျူးမှု ပြုစေလိုသည် ဟု ကိုစိုးမိုးက ဆိုသည်။ ထို့နောက်ယူ နီဖောင်းကို အနည်းငယ်တည့်လိုက်ရင်း ”ကျွန်တော့်ဆို သူဌေးက နည်း နည်း ပိုအခွင့်ပေးထားတယ်။ လွန်လာ တဲ့သူဆိုရင် ထိုးတာမျိုးလောက်ထိ ပေး လုပ် တယ်။ ဒါလည်း ကလပ်အပြင်မှပါ” ဟု ၎င်းက ပြောသည်။

ညကလပ်သည် အရောင်စုံ၊ အနံ့ စုံဖြင့် အပြင်ပန်းမြင်ကြည့်လျှင် စည် ကားသယောင် ဖြစ်သည်။ လက်တွေ့ တွင်တော့ ဒုစရိုက်အမှုတို့ လွန့်လူးကျက် စားရာသာ ဖြစ်သည်။ ညကလပ်တို့ကား ည ၈ နာရီမှ နံနက် ၄ နာရီခန့်ထိ ဖွင့် လှစ်ကြပြီး ကလပ်တစ်ခုအတွက် လုံခြုံ ရေးကို ဂရုစိုက်ကြသည်။ ကလပ်ပိုင်ရှင် တို့က ၎င်းတို့ပိုင် ကလပ်များ ပိတ် သိမ်း မခံရရေးအတွက် လုံခြုံရေးကို ကြပ်မတ် သည်။ လုံခြုံရေးခန့်အပ်မှုကိုတော့ အ ရေအတွက်ထက် အရည်အချင်းကို ရှာ ဖွေကြသည်ဟု သိရသည်။ ရှာဖွေရရှိ သည့် ဝန်ထမ်းများကို အတတ်နိုင်ဆုံး သည်းခံရမည်ဟု သင်ကြားထားသော် လည်း ထိခိုက်ဒဏ်ရာရရှိပါက ယင်းဝန် ထမ်းအတွက် ဆေးဖိုးတော့ ထောက်ပံ့ သည်။

သို့သော်ကလပ်ပြင်ပတွင် ဖြစ်ပွား မည့်အငြိုးအတေးရန်ပွဲများအတွက်ကိုမူ ကလပ်က ဝန်ထမ်းများကို အရိပ်မပေး နိုင်တော့။ကိုယ်ဖြစ်ကိုယ်ခံ သဘောတရား နှလုံး သွင်း ထားရကြောင်း ကိုစိုးမိုးက သူ့ခံယူချက်ကို ပြောသည်။”အမှန်အတိုင်း ပြောရရင် အိမ် ပြန်ရတဲ့အချိန်တွေက ကျောမလုံဘူး။ ကိုယ်က တစ်ယောက်တည်း ဖြစ်သွား ပြီလေ။ ဘယ်လောက် သတ္တိရှိတယ် ပြောပြော လူအုပ်နဲ့ဆိုရင်တော့ ခံရမှာ ပဲ မဟုတ်လား” ကိုစိုးမိုး၏ စကားက လက်တွေ့ ခံစားကြုံတွေ့နေရပုံကို မြင်သာစေ သည်။ သူတို့အ တွက် ကလပ်အတွင်းက လုံခြုံမှုရှိနေသယောင်တောင် ထင်ရသည်။ ကိုယ်က ပြဿနာအစရှာသူမဟုတ်သော် လည်း ပြဿနာများက ဆိုက်ဆိုက်မြိုက် မြိုက် ရောက် လာခြင်းဖြစ်ပြီး တစ်ညကို အနည်းဆုံး ရန်ပွဲလေးပွဲခန့် ဝင်ဖြေရှင်း နေကြရသည်။

သူတို့သည် လူမိုက်ဂိုဏ်း အဖွဲ့သားများ မဟုတ်သော်လည်း ရန် များနေကြရစမြဲ ဖြစ်သည်။ သူတို့ထဲတွင် အသက်နှင့် ရင်းရသည့်အလုပ်အတွက် မျှော်လင့်ချက်လည်း ရှိနေသည်။ ယင်း အလုပ်က ရုန်းမထွက်နိုင်သေးသည့် အချို့ သော မြှုပ်ကွက်များလည်း ရှိကောင်း ရှိနိုင်သည်။ မည်သို့ဆိုဆို ထိုသူတို့သည် ကလပ်၏ လူကြမ်းများ တစ်ဖြစ်လဲ ဝန် ထမ်းများသာ ဖြစ်သည်။ ဒေါသအရှိန် ကို မျိုသိပ်ထားတတ်ရင်း ဝန်ဆောင်မှု ပါ တွဲပေးတတ်ကြရသူများ ဖြစ်သည်။ ညကလပ်တစ်ခုအတွင်း လုံခြုံစွာ ပျော် ရွှင်မှုရစေရန်က ထိုသူတို့အပေါ်တွင် များ စွာ မူတည်နေသည်။

အကယ်၍ သင်သည် ညကလပ် တစ်ခုကို ရောက်ပါက ထိုသူများကို စီးကရက်ငွေ့များ၊ အရောင်စုံအသွေး စုံ သွေးသားရောင်းကုန်များကြား က ပြတ်သား စွာ မြင်တွေ့နိုင် သည်။ ထိုသူတို့သည် ညကလပ်တို့၏ လုံခြုံရေးဝန်ထမ်းများ ဖြစ်သည်။

သုတလင်း

Popular Myanmar News Journal

သင်္ဂဟဟိုတယ် ဖောက်ထွင်းလုယက်မှု တရားခံမမိသေး


အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နယ်မြေက ထိပ်တန်းဟိုတယ်စာရင်းဝင် သင်္ဂဟဟိုတယ်မှာ အခန်းတွင်း ဖောက်ထွင်းလုယက် ရိုက်နှက်ခံရတဲ့ အမျိုးသမီးဟာ  ဆေးရုံကြီးကနေ ဆင်းပြီး ရန်ကုန်ကို ပြန်သွားပြီလို့ ဒီအမှုကို ကိုင်တွယ်တဲ့ နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။

ဟိုတယ်အနေနဲ့လည်း ဒဏ်ရာရအမျိုးသမီးရဲ့ ကျန်းမာရေးကို တာဝန်ယူမယ့်အကြောင်းနဲ့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မယ့်အကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ တည်းခိုတဲ့ ကယားအမျိုးသမီးငယ်တဦးရဲ့အခန်းတွင်းကို အမည်မသိသူတဦး ဖောက်ထွင်းဝင်ရောက်ပြီး လူကိုလည်း ရိုက်နှက်သွားသလို ငွေနဲ့ စီဒီရွမ်တခုကို ယူဆောင်သွားတယ်လို့ ရဲက ပြောပါတယ်။

နေပြည်တော်နယ်မြေ ဒက္ခိဏသီရိမြို့နယ် ပေါက်တောရဲစခန်း အမှုစစ်ရဲတပ်ဖွဲ့ ၀င်တဦးက  အခင်းဖြစ်ပွားမှုအခြေအနေကို ရှင်းပြရာမှာ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၃ နာရီ ၄၅ မိနစ်လောက်မှာ သင်္ဂဟဟိုတယ်အခန်းက  ရေချိုးခန်း အိမ်သာဘက်က မှန်ခွာနေတဲ့အသံကို အမျိုးသမီးက ကြားလို့ ကြည့်တဲ့အခါ  အမျိုးသားတဦးအရိပ်ကို မြင်လို့ သူ အလုပ်လုပ်တဲ့ ဆူမီတိုမိုကုမ္ပဏီရဲ့ မန်နေဂျာကို ဖုန်းဆက်ကြောင်း ရှင်းပြပါတယ်။

အဲဒီမန်နေဂျာဟာ ဟိုတယ်တခုတည်းက တခြားအဆောင်တခုမှာ တည်းကြောင်း၊ ဖောက်ထွင်းသူဟာ  ၁ ပေနဲ့ ၅ ပေ စတုရန်းမှန်ကို ခွာပြီး ၀င်ရောက်လာကြောင်း၊ ဒီနောက် အခန်းတွင်း ၀င်ရောက်လာပြီး ဖုန်းကို ပိတ်ပြီး ခေါင်းကို ရိုက်ချတာဖြစ်ကြောင်းနဲ့ အမျိုးသမီးငယ်က တယ်လီဖုန်းဆက်နေစဉ်မှာ အခန်းတွင်း ၀င်ရောက် ရိုက်နှက်ပြီး ငွေနဲ့ စီဒီရွမ်တခု  လုယူထွက်ပြေးသွားတာလို့ ပြောပါတယ်။

“၀င်ပြီးဘာလုပ်လဲတော့ မသိဘူး။ သူ့ကို ရိုက်လိုက်တာပဲလို့ ပြောတယ်။ တနေရာမှာက ၅ ချက်ချုပ်လိုက်တယ်။ တခြားနေရာတခုမှာက ၇ ချက် ချုပ်လိုက်ရတယ်။ ဒေါ်လာ ၅၀၀ နဲ့ သူ့ရဲ့ စီဒီရွမ်တခု ယူသွားတယ်။ အဲဒီလူက ပါးစပ်ပိတ်ပြီး မိန်းမကိုယ်ကို လက်လာတယ်လို့ပြောတယ်။ မုဒိမ်းပြုရန် ကြံစည်မှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်တယ်။ အခုက အမှု ဖောက်ထွင်းမှုဆို ပိုပြီး ကြီးသွားပြီ။”

နေပြည်တော်က ကုတင် ၁၀၀၀ ဆံ့ ဆေးရုံကို ပို့ဆောင်ကုသခဲ့ရင်း မေးမြန်းခဲ့တာလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတော့ ဒဏ်ရာရအမျိုးသမီးဟာ ဒဏ်ရာသက်သာလို့ ရန်ကုန်ကို ပြန်သွားပြီလို့ ဆိုပါတယ်။

သင်္ဂဟဟိုတယ် ဖောက်ထွင်းဝင်ရောက်မှုနဲ့ပတ်သက်ပြီး ပေါက်တောစခန်းမှူးကို ဆက်သွယ် မေးမြန်းတဲ့အခါမှာလည်း အဆင့်မြင့်အာဏာပိုင်တွေကလည်း ဒီအမှုနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်အောင် ဖိအားပေးနေတယ်လို့ ပြောပါတယ်။

“ကျနော်လည်း အာရုံနောက်နေတယ်။ အခုပဲ လူကြီးတွေက အပေါ်ကနေ ခေါ်ပြီး ဖိအားပေးလို့ အခုချိန်မှာ ပြောပြဖို့ တော်တော်အခက်ခဲရှိတယ်။”

နေပြည်တော်က အထင်ကရ သင်္ဂဟဟိုတယ် ဖောက်ထွင်း ရိုက်နှက်လုယက်မှု ဖြစ်ပွားချိန်ဟာ ရန်ကုန်မြို့က အထင်ကရဟိုတယ်ဖြစ်တဲ့ ထရိတ်ဒါးဟိုတယ် အထပ် ၉ လွှာမှာ ဗုံးပေါက်ကွဲမှု ဖြစ်အပြီး နာရီပိုင်းအကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက ရန်ကုန်ကို ပြန်သွားတယ်လို့ ရဲက ပြောဆိုပြီး အသေးစိတ်တော့ ဆက်လက် မေးမြန်းလို့ မရပါဘူး။

သင်္ဂဟဟိုတယ်မှာ လုံခြုံရေးစီမံထားရှိမှုအခြေအနေနဲ့ ဒဏ်ရာရ အမျိုးသမီးအတွက် ဟိုတယ်က လိုက်ပါဆောင်ရွက်ကူညီမှု အတိုင်းအဆနဲ့ ပတ်သက်လို့ ဟိုတယ်ဒါရိုက်တာ ဦးသန်းထွတ်ကို ဆက်သွယ်မေးမြန်းရာမှာ ဒဏ်ရာရအမျိုးသမီးအတွက် ဟိုတယ်က တာဝန်ယူ ဆောင်ရွက်နေသလို ဟိုတယ်လုံခြုံရေးတိုးမြှင့်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့က သူရဲ့ ကျန်းမာရေး ကိစ္စအ၀၀ကို တာဝန်ရှိထားပါတယ်။ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေ၊ ဆုံးရှုံးမှုတွေအားလုံးကိုလည်း ကျနော်တို့ တာဝန်ယူထားပါတယ်။ ဟိုတယ်လုံခြုံရေးကိုလည်း ကျနော်တို့ ပြန်ပြီးလုပ်နေပါတယ်။ လက်ရှိလုံခြုံရေးအဖွဲ့ကိုလည်း ပြန်သုံးသပ်နေပြီး စီစီတီဗွီတွေ တပ်ဖို့လည်းရှိပါတယ်။ ဒီရက်ပိုင်းတွင်းမှာပဲ ကျနော်တို့ ခြံစည်းရိုးတွေကိုလည်း ထပ်ပြီး မြှင့်တင်ဖို့ ရှိပါတယ်။”

ဗုံးကွဲမှုတွေနဲ့ ဗုံးလန့်မှုတွေ ဖြစ်ပြီးတဲ့နောက် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက   အောက်တိုဘာ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ အဓိက လည်ပတ်နားခိုတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဟိုတယ်ဝန်ထမ်းတွေကို လုံခြုံရေးဆိုင်ရာသင်တန်း ပေးနေပါတယ်။

by ​အေး​နိုင် (ဒီဗွီဘီ)

တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးတို့၏ ဓလေ့လေးမျိုး


မြန်မာနိုင်ငံရှိ ထင်ရှားသောနေရာများ၊ သမိုင်းဝင်နေရာများ၊ အများစု စိတ်ဝင်တစား သွားရောက်လေ့ ရှိသည့် နေရာများ၊ သိမှတ်ဖွယ် အကြောင်းအရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို The Voice Daily သတင်းစာတွင် တနင်္ဂနွေနေ့တိုင်း တစ်ပတ်ခြား ဖော်ပြသွားမည် ဖြစ်ပါသည်။

ချင်းပြည်နယ် တီးတိန်နယ်အတွင်း နေထိုင်ကြသော ချင်းမျိုးနွယ် တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာတင်ပြရလျှင် လူနေမှုစရိုက်ပုံစံ (Nisim Nuntakna) မှာ မျိုးသားဦးစားပေးဖြစ်သည်ဟု ဆိုနိုင်သည်။

ယောက်ျားမှန်လျှင် အမဲလိုက်ကာ သားကောင်ဖမ်းဖူးရမည်ဟု ယူဆပြီး ဖမ်းမိသည့်အကောင်ရေကို မူတည်ကာ နေထိုင်ရာ အရပ်ဒေသတွင် အရှိန်သြဇာကြီးမားသည်။
မိမိတို့နေအိမ်တွင်လည်း ဖမ်းဆီးထားသော တိရစ္ဆာန်၏ ဦးခေါင်းခွံများကို ဂုဏ်ယူစွာ ချိတ်ဆွဲလေ့ရှိသည်။

အမျိုးသမီးများမှာမူ လူလွတ်ဖြစ်လျှင် ခေါင်ရည်ကောင်းစွာ ပြုလုပ်တတ်သူ၊ အိမ်ထောင်သည်ဖြစ်လျှင် သားယောက်ျား များများမွေးဖွားသူမှာ မြင့်မြတ်ဂုဏ် ရှိလေသည်။ မျိုးနွယ်စုအမည် မှည့်ခေါ်ပုံကို လေ့လာလျှင်လည်း အမျိုးသားဦးစားပေး ဖြစ်သည်ကို တွေ့နိုင်သည်။ ၄င်းတို့၏ လူမှုဘဝ အတွင်းမှ ရိုးရာဓလေ့လေးမျိုးကို ဖော်ပြလိုက်ပါသည်။

အမဲလိုက်ခြင်း (Sa Beng)

အမဲလိုက်ခြင်း နှစ်မျိုးရှိသည်။ သမားရိုးကျ နေ့စဉ်အမဲလိုက်ခြင်းနှင့် သာရေး၊ နာရေးကိစ္စများ အတွက် အမဲလိုက်ခြင်း ဖြစ်သည်။ သာရေးကိစ္စများတွင် အကောင်ကြီးငယ်မရွေး ရရာလိုက်လေ့ရှိပြီး နာရေး ကိစ္စများတွင်မူ ကွယ်လွန်သွားသူအား မည်မျှ ချစ်ခင်သည်ကို ပြသသည့်အနေနှင့် အကောင်ကြီးများ (ဥပမာ-ဆင်၊ ကျား) ကို ရွေးချယ် လိုက်လေ့ရှိကြသည်။ တစ်ခါတစ်ရံ တောတောင်ထဲတွင် တစ်လကိုးသီတင်း သွားရောက်ကာ သားကောင် ရှာလေ့ရှိသည်။ ၄င်းတို့ အမဲလိုက်ရာတွင် ရရှိလာသော သားကောင်အားဖျက်ကာ တစ်ရွာလုံးသို့ ဝေငှကြသည်။ ပွဲလမ်းသဘင်များ အတွက် စုပေါင်းအမဲလိုက်ကြပြီး ပျော်ရွှင်စွာ စားသောက်ကြသည်။
ယခုခေတ်အခါတွင်မူ အဆိုပါ သားကောင်များကို ဝယ်ယူ၍သာ ပြုလုပ်လေ့ရှိသည်။

မင်္ဂလာဆောင်ဓလေ့ (Mo Pawi)

မင်္ဂလာဆောင်ဓလေ့တွင် လူငယ်ချင်း ချစ်ကြိုက်သည်ထက် မိဘများက ပေးစားသူ ကိုသာ လက်ထပ်တတ်ကြသည်။ နားဖောက်ရာတွင် သတို့သားဘက်မှ ခေါင်ရည်အိုးဖြင့် လာရောက်ကာ စကားကြောင်းလမ်းရပြီး သဘောတူပါက ခေါင်ရည်အတူသောက်ကာ စကားလက်ခံ ပြောရသည်။ သဘောမတူလျှင် သတို့သမီး ဘက်မှ ခေါင်ရည်အိုး ပြန်တည်ပေးရသည်။ နောက်တစ်နေ့မှ သတို့သားအိမ်သို့ ခေါင်ရည်အိုးဖြင့် သွားရောက် စကားပြောခြင်းဖြင့်လည်း လက်မခံကြောင်း ပြသနိုင်သည်။ သဘောတူ လက်ခံပါက နေ့ရက်အချိန် ရွေးကြသည်။

မင်္ဂလာပွဲပြုလုပ်ရာတွင် ထာမန် (Tha Man) ခေါ် ရွှေလမ်းငွေလမ်း ခင်းပေးသူတို့အတွက် ပူးမန် (Pu Man) ခေါ် သတို့သမီး၏ ဖခင်ဘက်မှ အဘိုးအတွက် (၄င်းမှာ သတို့သမီး အိမ်ထောင်မပြုခင် သေဆုံးခဲ့လျှင် ကောင်းချီး ဆုတောင်းပေးရမည့်သူ ဖြစ်ပြီး ယခု အိမ်ထောင်ကျသွားသည့် အတွက် နှုတ်ဆက်သည့်အနေနှင့် ပေးရခြင်း ဖြစ်သည်) မန်ပီး (Man Pi) ခေါ် တင်တောင်းစရိတ် (၄င်းကို အကြွေးထား၍ ရသည်။ ထိုအကြွေးမပေးဘဲ သတို့သမီး သေဆုံးခဲ့လျှင် အလောင်းအား သတို့သမီး၏ ဆွေမျိုးများမှ ပြန်ယူနိုင်သည်) ဘန်ကွာ့မန် (Bang Kua Man) ခေါ် မျိုးနွယ်စုကြေး (ထိုကြေးမှာ မိဘကို ပေးရသည် ဖြစ်သော်လည်း ၄င်းတို့မျိုးနွယ်စု တာဝန်ခံက ရရှိသည်)၊ မင်မန် (Min Man) ခေါ် နာမည်ကြေး သတို့သမီးမှ နာမည်ယူ မှည့်ခေါ်ထားသော သက်ကြီးပုဂ္ဂိုလ်အား ပေးရသည်။ မွာလ်ခုပ် (Mual Khup) ခေါ် နယ်ပြောင်းကြေး (ရပ်ခြားဒေသမှ ပုဂ္ဂိုလ်နှင့် အိမ်ထောင်ကျလျှင် သတို့သားဘက်က ပေးရခြင်းဖြစ်သည်၊ မိမိရပ်ရွာဒေသတွင် နေထိုင်သူနှင့် အိမ်ထောင်ကျလျှင် ပေးစရာမလို) နူးမန် (Nu Man) ခေါ် အမေကြေး (မိခင်၏ မေတ္တာကို အောက်မေ့ကာ ပေးရခြင်းဖြစ်သည်။) တို့ကို ပေးရသည်။

ယင်းတို့အားလုံးကို သတို့သားဘက်က ပေးရပြီး နွားနောက်၊ ဝက်၊ စောင်၊ တဘက် စသည်တို့ကို ပေးနိုင်သည်။ သတို့သမီးဘက်မှ ပြန်ပေးသည်လည်း ရှိသည်။ ပလိုင်း၊ ပေါက်တူး၊ ပေါက်ပြား၊ ရေအိုး စသဖြင့် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများကို သတို့သားအိမ်ရောက်လျှင် ထပ်မလိုစေရန် ပေးခြင်းဖြစ်သည်။
ယနေ့ခေတ်တွင်မူ နွားနောက်အစား အခြားပစ္စည်း (ဥပမာ-ငွေစက္ကူ) ဖြင့် အစားထိုးကြသည်။

အမွေခွဲဓလေ့ (Gamh Cuah)

အမွေဆက်ခံခြင်းတွင် ဆက်ခံသူက ပိုင်ဆိုင်မှုနှင့်အတူ တာဝန်ယူမှုကိုပါ ပူးတွဲလက်ခံရသည်။ အမွေဆက်ခံရာတွင် အကြီးဆုံးသားမှ လက်ခံခြင်းနှင့် အငယ်ဆုံးသားမှ လက်ခံခြင်း နှစ်မျိုးရှိပြီး တီးတိန်ဇိုမီးများတွင် အကြီးဆုံးသားမှ ဆက်ခံသည်က များသည်။

အကြီးဆုံးသားမှာ ဖခင်၏ နေရာကို ဆက်ခံရပြီး ဖခင်သေဆုံးလျှင် ပိုင်ဆိုင်မှု ပစ္စည်းအမွေကို ၄င်းက လက်ခံရသည်။ သူ့အောက်ရှိ ညီ၊ ညီမများ၏ ဝေယျာဝစ္စကို ၄င်းက လုပ်ပေးရသည်။ အမွေနှင့်အတူ တာဝန်ယူမှု၊ တာဝန်ခံမှုကို ယူရသည်။ အမွေဆိုရာတွင် ရုပ်ဝတ္ထု အမွေရှိသလို အကြွေးအမွေလည်း ရှိသည်။ ဖခင်မဆပ်နိုင်သော အကြွေးကိုလည်း ဆပ်ရသည်။ မျိုးနွယ်စုထဲရှိ အမျိုးသမီးများ၏ ကိစ္စအဝဝကိုလည်း ၄င်းက တာဝန်ယူပေးရသည်။

အငယ်ဆုံးသား မှာလည်း ဖခင်နှင့် နေရပြီး ဖခင်ကိစ္စရပ်များကို လုပ်ဆောင်ပေးရသဖြင့် အမွေကို ဆက်ခံရသည်။ တာဝန်ယူမှု အပိုင်းမှာမူ အတူတူပင်ဖြစ်သည်။

အမွေဆက်ခံရာတွင် သမီးမိန်းကလေးက မရရှိသော်လည်း သူ၏ကိစ္စအဝဝကို အမွေဆက်ခံသူက တာဝန်ယူပေးရသည်။ မိမိ၏ မိသားစုဘက်က အမွေမရရှိသော်လည်း မိမိခင်ပွန်းဘက်က အမွေရရှိနိုင်သည်။ ယောက်ျားနှင့် ကွဲကွာခဲ့လျှင်လည်း အမွေဆက်ခံသူက ဆက်လက် တာဝန်ယူ ရသည်။ သမီးမိန်းကလေးချည်းပဲ မွေးဖွားခဲ့လျှင်လည်း မျိုးနွယ်စုတာဝန်ခံက အမွေဖြင့် တာဝန်ယူပေးရသည်။

ရိုးရာပွဲတော်(ခွါဒိုပွဲ) (Khua Do)

တီးတိန်ဇိုမီး လူမျိုးများ၏ ရိုးရာပွဲများစွာ ရှိသည့်အနက် အထင်ရှားဆုံးမှာ ခွါဒိုပွဲပင် ဖြစ်သည်။
ယင်းပွဲမှာ အေဒီ ၁၄ ရာစုနှစ်ခန့်မှ စတင်ပေါ်ပေါက်ခဲ့ပြီး ကောက်သစ်စား နှစ်သစ်ကူးပွဲတော် ဖြစ်သည်။ ခွါဒို၏ အဓိပ္ပာယ်မှာ ခွါ (Khua) လူပြည့်လူရွာ၊ ဒို (Do) တစ်ဦးနှင့်တစ်ဦး ဖော်ရွေပျူငှာစွာ ကျွေးမွေးဧည့်ခံခြင်း(သို့) တိုက်ခိုက်၊ နှင်ထုတ်၊ ချေမှုန်းခြင်းဟု အဓိပ္ပာယ်ရသည်။ ကျန်းမာရေး၊ စီးပွားရေးများ ကောင်းမွန်စေရန် နတ်ကောင်းနတ်မြတ်များအား ပူဇော်ပသခြင်းနှင့် ဘေးဒုက္ခပေးတတ်သော နတ်ဆိုးများအား နှင်ထုတ်ချေမှုန်းကာ ရပ်ရွာသန့်ရှင်းစေခြင်း၊ ကွယ်လွန်ပြီးသော မိဘဘိုးဘွားများ၏ ဝိညာဉ်အတွက် အလှူ မင်္ဂလာဆုတောင်းပွဲ ကျင်းပခြင်း ဖြစ်သည်။

ယခင်က ခွါဒိုပွဲကို တောင်ယာသီးနှံများ ရိတ်သိမ်းပြီးသော အချိန်တွင် ကျင်းပလေ့ရှိပြီး စိုက်ပျိုးသည့် သီးနှံအမျိုးအစားနှင့် ရာသီဥတု သဘာဝကိုလိုက်၍ ဒေသတစ်ခုနှင့်တစ်ခု ကျင်းပချိန် မတူညီပေ။ ကျင်းပမည့်ရက်ကို တူးလ်ပီး (Thlpi) ခေါ် နတ်ဆရာက သတ်မှတ်ပေးသည့် မင်္ဂလာနေ့ရက် သို့မဟုတ် ရွာလူကြီးက သတ်မှတ်ပေးသည့် နေ့ရက်တွင် ကျင်းပပြီး အနည်းဆုံး သုံးရက်မှ ခုနစ်ရက်ထိ ကျင်းပတတ်သည်။

များသောအားဖြင့် ပွဲတော်ကာလမှာ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ကျင်းပတတ်ပြီး ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ချင်းရေးရာ ဦးစီးအဖွဲ့မှ ချင်းလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့အရ ခွါဒိုပွဲတော်အား အခါကြီးရက်ကြီးအဖြစ် သတ်မှတ်ကာ ကျင်းပမည့် နေ့ရက်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁၄ ရက်၊ လပြည့်နေ့၊ လဆုတ် ၁ ရက်နေ့တို့တွင် ကျင်းပရန် သတ်မှတ်ခဲ့သည်။

ခွါဒိုပွဲတော် ကျင်းပမည့်နေ့ နံနက်တွင် ကျေးရွာအတွင်းရှိ လူငယ်များမှ ခေါင်ရည်အိုးများဖြင့် ဘိုးဘွားများအား လိုက်လံကန်တော့ကြသည်။ ဘိုးဘွားများမှ ဆုမွန်ကောင်းများ တောင်းပေးပြီး လက်ဆောင်ပစ္စည်းများ ပြန်ပေးသည်။ ပွဲတော်ရက်အတွင်း ဆွေမျိုးစုလိုက် လက်ဆုံထမင်း စားပွဲများပြုလုပ်သည်။

သင်္ချိုင်းသို့သွားကာ ကွယ်လွန်ပြီးသော ဘိုးဘေးများ၏ဝိညာဉ်ကို ခေါင်ရည်၊ ဟင်းမျိုးစုံတို့ဖြင့် ဆက်သကြသည်။ ပွဲတော် စတင်ကျင်းပသော ပထမနေ့ ညနေတွင် နတ်ဆရာ၏ နေအိမ်မှ စတင်ကာ တစ်အိမ်ပြီး တစ်အိမ် နတ်ဆိုး နှင်ထုတ်ပွဲ ပြုလုပ်ကြသည်။ ယင်းနှင်ထုတ်ပွဲကို နတ်ဆရာနှင့် ရွာလူကြီးများက ဦးဆောင်သည်။

ညနေ မှောင်ရီပျိုးစ အချိန်တွင် နတ်ဆရာအပါအဝင် တစ်ရွာလုံးမှ အိမ်ထောင်ဦးစီးများက ပေါက်တူးရိုးများအား လက်တွင် ကိုင်ဆောင်ထားကြသည်။ ငှက်ပျောဖက်များ ပေါ်တွင် ထင်းရှူးချောင်းများ ထိုးစိုက်ထားသည်။ နတ်ဆရာမှ အချိန်ကျပြီဟုဆိုကာ အိမ်ပေါက်ဝမှ အိမ်ပတ်လည်နံရံများကို ကိုင်ထားသော ပေါက်တူးရိုးဖြင့် လိုက်လံရိုက်ပုတ်သည်။ နှုတ်မှလည်း လိပ်ပြာဆိုးတွေပြေးပါ၊ လိပ်ပြာဆိုးတွေ ပြေးပါဟု အဓိပ္ပာယ်ရသော စကားအား ရွတ်ဆိုရသည်။ ယင်းကဲ့သို့ ရွတ်ဆိုကာ တစ်အိမ်လုံးရိုက်ပြီးပါက ငှက်ပျောဖက်ပေါ်တွင် စိုက်ထားသော ထင်းရှူးချောင်းများကို မီးထွန်းညှိရသည်။

ခွါဒိုပွဲ၏ အဓိက လက္ခဏာဖြစ်သော ပျားအုံဖွပ်ခြင်းနှင့် ပျားအုံ နိမိတ်ဖတ်ခြင်းကို ဒုတိယနေ့တွင် ပြုလုပ်ကြသည်။ နံနက် စောစောတွင် ရွာမှ လူကြီးလူငယ်များမှာ မွာလ် (Mual) ခေါ် ရွာအဝင်လမ်းမှ ဖွပ်ကာ ယူဆောင်လာသော ပျားအုံကို အတီးအမှုတ်များဖြင့် သယ်ဆောင်ပြီး ရွာအတွင်းသို့ ဝင်လာကြသည်။ အမျိုးသမီးများမှ ခေါင်ရည်အိုးများဖြင့် စောင့်ကြိုပြီး တပျော်တပါး သောက်သုံးကြသည်။ ယင်းနောက် နတ်ဆရာနှင့် သက်ကြီးရွယ်အိုတို့မှ ပျားအုံကို ခွဲဖျက်ကာ လာမည့်နှစ်သစ် အတွက် နိမိတ်ဖတ်ပေးကြသည်။
ပျားအုံတွင် ပျားသလက်ကောင်များ ကွက်လပ်မရှိ ပြည့်နေမည်၊ ညီညီ ညာညာဖြစ်နေမည် ဆိုပါက လာမည့်နှစ်တွင် ရပ်ရွာ အေးချမ်းသာယာပြီး ရောဂါ ကင်းဝေးမည်။ အသီးအနှံ ဖြစ်ထွန်းပြီး စားနပ် ရိက္ခာဖူလုံမည်ဟု ယုံကြည်ကြသည်။

အကယ်၍ ပျားသလောက်ကောင်များ မပြည့်ဘဲ မညီမညာဖြစ်မည်၊ သေကျေ ပျက်စီးနေမည်ဆိုပါက အသီးအနှံ အထွက်တိုးမည်၊ အနာရောဂါများ ကျရောက်ပြီး ရပ်ရွာတွင် အသေအပျောက် များမည်၊ တိုင်းပြည် မငြိမ်မသက်ဖြစ်မည်ဟု ယုံကြည် ကြသည်။

ပွဲတော် နောက်ဆုံးနေ့တွင် နတ်ကွန်းများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆွေမျိုးစုလိုက်၊ မိသားစုလိုက်၊ အိမ်နီးချင်းလိုက် ဝိုင်းဖွဲ့ပြီး လက်ရည်တစ်ပြင်တည်း စားသောက်ကြခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းများ ပြုလုပ်ကြသည်။ အချို့ဒေသများတွင် စစ်ရေးလေ့ကျင့်ခြင်းပါ ပြုလုပ်ကြကြောင်း သိရသည်။

ပွဲတော်ပြီး နောက်တစ်ရက်တွင် နှစ်သစ်ကူး(သို့) နှစ်ဆန်းတစ်ရက်နေ့ဟု သတ်မှတ်ကာ အိမ်တွင်းတွင် အနားယူကြသည်။ တောင်ယာသွား၊ ခရီးထွက်ခြင်းများ လုံးဝ ရှောင်ကြဉ်ရကာ သွားမိ၊ လုပ်မိလျှင် ကျိန်စာသင့်သည်ဟု ယူဆကြသည်။ ကျိန်စာသင့်သည် ဆိုရာတွင် လမ်းခရီးတွင် ဒုက္ခရောက်ခြင်း၊ အလုပ်အကိုင်အဆင် မပြေဖြစ်ခြင်း၊ မကျန်းမမာဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု ယုံကြည်ကြသည်။

မြတ်(ကလေး)

The Voice Weekly

ရန်ကုန်မြို့တော် မြေအောက်ရေ အလွန်အကျွံ အသုံးပြုမှု ထိန်းချုပ်ရန်လိုဟုဆို


ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်မြို့တော်တွင် ကန်ထရိုက်တိုက်များ ဆောက်လုပ်ရာ၌ အဝီစိတွင်းများ တူးဖော်၍ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူ သုံးစွဲလာမှုကြောင့် မြေကျွံကျမှုများ မဖြစ်ပေါ်စေရန် မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုကို ထိန်းချုပ် လျှော့ချရန် လိုအပ်ကြောင်း ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် (အငြိမ်းစား) ဦးဘရွှေက ပြောကြားသည်။

မြေအောက်ရေများ အလွန်အကျွံ သုံးစွဲမှုကို မထိန်းချုပ်နိုင်ပါက နှစ် အနည်းငယ်အတွင်း မြေကျွံမှုများနှင့် ရေချိုပျက်စီးကာ ရေငန် ဝင်ခြင်းများ ဖြစ်ပွားလာနိုင်သောကြောင့် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ထိန်းချုပ်လျှော့ချရန် လိုအပ်ပြီး အဆိုပါ အဝီစိတွင်း တူးဖော်မှုများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုရန်၊ ဂျိုးဖြူရေနှင့် မြေပေါ်တွင် သုံးစွဲနိုင်သော ရေများကို အသုံးပြုခွင့်ပေးရန်၊ အဝီစိတွင်း အက်ဥပဒေကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ပြောကြားသည်။
“မြေအောက်ရေတွေကို မဆင်မခြင် ထုတ်သုံးရင် မြေအောက်မှာရှိတဲ့ ရေထု ပမာဏတွေ လျော့နည်းသွားတာကြောင့် အပေါ်က ဖိအားကို မခံနိုင်တော့ဘဲ မြေကျွံတာတွေ၊ မြစ်ချောင်းနဲ့နီးတဲ့ နေရာတွေမှာ ရေငန်လိုက်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်” ဟု ဦးဘရွှေက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် ကန်ထရိုက် ဆောက်လုပ်မှု လုပ်ငန်းများ များပြားလာခြင်းနှင့်အတူ အဝီစိတွင်း တူးဖော်မှုများလည်း မြင့်တက် လာရခြင်းမှာ ကန်ထရိုက် ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် ယင်းတိုက် တွင် နေထိုင်သူများ အသုံးပြုမည့်ရေကို ဂျိုဖြူပိုက်များမှ သုံးစွဲခွင့် မပြုထားကြောင်း၊ ကန်ထရိုက်တိုက်များ ဆောက်လုပ်စဉ် ကာလတွင် အဝီစီတွင်းတူးကာ သုံးစွဲလျက် ရှိသောကြောင့် အဝီစိတွင်းများ များပြားလာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“ကန်ထရိုက်တိုက်တွေကို ဂျိုးဖြူရေ သုံးခွင့် ပေးမထားတာက အများပြည်သူတွေ ရေပြတ်လပ်မှု ကြုံမှာဆိုးလို့ပါ။ ကန်ထရိုက် တိုက်ဆောက်ရင် အဝိစီတွင်း တူးရမယ်လို့တော့ ထုတ်ပြန်ထားတာ မရှိပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ကန်ထရိုက်တိုက်များ ဆောက်လုပ်မှုတွင် ရေရရှိမှု လွယ်ကူစေရန် အဝိစီတွင်း တူးဖော်ရခြင်း ဖြစ်ပြီး ဂျိုးဖြူရေသုံးစွဲခွင့် ရရှိပါက အဝီစိတွင်း တူးဖော်ရန် လျှောက်ထားရသည့်အချိန်၊ ငွေကြေး ကုန်ကျမှု များကို သက်သာစေနိုင်သောကြောင့် ဂျိုးဖြူရေ သုံးစွဲခွင့်ကို အမြန်ဆုံး အကောင်အထည် ဖော်စေလိုကြောင်း တောင်ဥက္ကလာမြို့နယ် အခြေစိုက် ကန်ထရိုက် ဆောက်လုပ်ရေး လုပ်ကိုင်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice Weekly

လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီးနောက် ရခိုင်ပြည်နယ် တရားသူကြီးချုပ် ရာထူးမှ နုတ်ထွက်


(နိရဉ္စရာ- ၂၃ အောက်တိုဘာ ၂၀၁၃)

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးမှ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး အား အယုံအကြည် မရှိ အဆိုကို လွှတ်တော်တွင် တင်သွင်းပြီးနောက် ၎င်း တရားသူကြီးသည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ရာထူးမှ နုတ်ထွက်သွားသူ ရခိုင်ပြည်နယ် တရားသူကြီးမှာ ဒေါ်စီစီဖြစ်ပြီး သူမ၏ နုတ်ထွက်ခွင့်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ၂၀၁၃ ခုနှစ်အောက်တိုဘာလ ၂၂ ရက်နေ့ နေ့စွဲဖြင့် ခွင့်ပြုပေးခဲ့သည်။
ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး  ရာထူးမှ နုတ်ထွက်သွားခြင်းမှာ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး အယုံအကြည် မရှိ အဆိုတင်သွင်းခြင်းနှင့် ဆက်စပ်သည်ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက တရားသူကြီးကို အယုံအကြည်မရှိ အဆိုကို ပထမ အကြိမ် သတ္တမ ပုံမှန် အစည်းအဝေးမှာ တင်သွင်းတယ်။ ဘာကြောင့်လဲ ဆိုရင် မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကျပ်ငွေ သိန်းပေါင်း ၄၃၀၀ လိမ်လည်မူ တစ်ခုမှာ တရားစွဲဆိုလိုသူတွေကို တရားမမူ မမြှောက်ဆိုပြီး တရားသူကြီး ဒေါ်စီစီကနေ တရားစွဲဆိုခွင့်ကို သူမရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ပိတ်ပင်တဲ့ အတွက် ကျွန်တော်တို့က အယုံအကြည် မရှိ အဆိုကို တင်သွင်းပါတယ်။ အဲသလို တင်သွင်းတဲ့ နောက်ပိုင်းမှာ သူမက မိမိသဘောနဲ့ မိမိနုတ်ထွက်စာတင်ပြီး ထွက်သွားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၀ ခုနှစ်က မြောက်ဦးမြို့တွင် ဒေါ်သန်းတင်ဆိုသော အမျိုးသမီး တစ်ဦးမှ ဆန်စက် လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများထံမှ ကျပ်ငွေ သိန်းပေါင်း (၄၃၀၀) ကို အလွှဲသုံးစားပြုလုပ်သည်ဆိုသော စွပ်စွဲသည့် ငွေကြေးလိမ်လည်မူ အရှုပ်တော်ပုံ တစ်ခု ပေါ်ပေါက်ခဲ့သည်။
၎င်းအမူအား စီးပွားရေး လုပ်ငန်းရှင်များက တရားစွဲဆိုရာ မြို့နယ်နှင့် ခရိုင်အဆင့် တရားရုံးများမှ အမူကို လက်ခံသော်လည်း ရခိုင်ပြည်နယ် တရားရုံးချုပ် တရားသူကြီး ဒေါ်စီစီမှ အမူ မမြှောက်ဟု ဆိုကာ တရားစွဲဆိုခွင့်ကို ပိတ်ပင်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးမှ ယခုကဲ့သို့ လုပ်ပိုင်ခွင့်ကို အလွှဲသုံးစား လုပ်ပြီး ပိတ်ပင်ခြင်းသည် တရားသူကြီးအနေဖြင့် နောက်ကွယ်တွင် တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်မူများရှိသည်ဟု ဆိုကာ ရခိုင်ပြည်နယ် လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုကို စက်တင်္ဘာာလ ၉  ရက်နှင့် ၁၀  ရက်နေ့များက ပြုလုပ်သော ပထမ အကြိမ် သတ္တမ ပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့ကြသည်။
“ အကယ်၍ သူမအနေနဲ့ တစ်စုံတစ်ရာ ဆက်နွယ်ပတ်သက်မူ မရှိဘူး။ ကင်းရှင်းတယ်ဆိုရင် လွှတ်တော်မှာ လာရောက် ရှင်းလင်းလို့ ရပါတယ်။ ဒါပေမယ့် သူမက လာရောက် မရှင်းလင်းတော့ဘဲ ခုလို နုတ်ထွက်သွားတာပါ” ဟု ဦးအောင်မြကျော်က ဆိုသည်။
နိရဉ္စရာမှ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီအား အကြောင်းစုံ သိရှိနိုင်ရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့သဖြင့် နုတ်ထွက်ရခြင်းနှင့် ပတ်သက်ပြီး သူမ၏ အမြင်သဘောထားကို သိရှိနိုင်ခြင်း မရှိခဲ့ပါ။
ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် သူမ နုတ်ထွက်ခြင်းမှာ ဒေါ်စီစီ ဆန္ဒ သဘော အလျှောက် ရာထူးမှ နုတ်ထွက်ခြင်း ဖြစ်ကြောင်း ဖေါ်ပြပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နုတ်ထွက်ခွင့် ပြုကြောင်းကို လက်မှတ် ရေးထိုးထားသည်။
- See more at: http://www.narinjara.com/burmese/?p=7417#sthash.6QfxScQ6.dpuf

Colorectal cancer အူမကြီး ကင်ဆာ


ဆရာကျေးဇူးပြု၍ COLON CANCER အကြာင်းရှင်းပြပေးပါ။ ကျွန်တော့်အဖေမှာ ခွဲစိတ်ပြီး colon cancer stage 2 ဖြတ်ထုတ်ပြီး အလုံးရဲ့ နုတ်ခမ်းပတ်လည်မှာ cancer cell လွတ်ကြောင်းသိရပါတယ်။

Bowel cancer အူကင်ဆာလို့ ခေါ်တာဟာ Colorectal cancers ဖြစ်တယ်။ Colon cancer အူမကြီး-ကင်ဆာ နဲ့ Rectal cancer အစာဟောင်းအိမ်-ကင်ဆာကို ပေါင်းခေါ်ထားတာ ဖြစ်တယ်။ အမျိုးသားတွေမှာ တတိယမြောက် နဲ့ အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ၆ဝ% ရှိတယ်။ ၂ဝဝ၈ လေ့လာမှုအရ တကမ္ဘာလုံးမှာ လူနာသစ်ပေါင်း ၁့၂၃ သန်းရှိပြီး၊ ၆ သိန်းကျော် သေဆုံးရတယ်။ အူသိမ်မှာ ကင်ဆာဖြစ်တာ ရှားတယ်။

Colon cancer အူမကြီး-ကင်ဆာ အများစုက ကင်ဆာမဟုတ်တဲ့ Polyps အသားပိုကနေစတယ်။ ဖြစ်ကာစမှာ အူမကြီးရဲ့ အတွင်းဆုံးလွှာကနေဖြစ်ပြီး စောစောမသိလို့ ဆေးမကုရင် အူမကြီးရဲ့ ကြွက်သားလွှာအထိ ရောက်လာမယ်။ နောက် ဆက်ပြန့်မယ်။ အူနံရံမှာသာ ဖြစ်နေသေးရင် ကုရတာလွယ်တယ်။ ရောဂါဗေဒအရပြောရရင် ၉၅% က Adenocarcinoma အမျိုးအစားဖြစ်ပြီး ကျန်တာက Lymphoma နဲ့ Squamous cell carcinoma အမျိုးအစားဖြစ်တယ်။

Cause ဘာလို့ဖြစ်သလဲ
• အသက်ကြီးမှ ဖြစ်တာများတယ်။
• ယောက်ျားတွေမှာ ပိုဖြစ်တယ်။
• အမျိုးထဲမှာ တယောက်မက ဖြစ်တတ်တယ်။ ဒါပေမဲ့ ၇၅-၉၅% ဟာ မျိုးဗီဇနဲ့ မပတ်သက်တာ တွေ့ရတယ်။
• လူနေမှုပုံစံ (အစားအသောက်၊ အရက်သောက်၊ ဆေးလိပ်သောက်) ကြောင့်လဲ ဖြစ်နိုင်တယ်။
• Inflammatory bowel disease (Ulcerative colitis and Crohn's disease) ရှိနေသူတွေမှာ ပိုဖြစ်တယ်။
- Crohn's disease ရှိသူထဲက ၁ဝ နှစ်အတွင်း ၂%၊ ၂ဝ နှစ်အတွင်း ၈% နဲ့ ၃ဝ နှစ်အတွင်း ၁၈% အူမကြီး-ကင်ဆာ လာဖြစ်တယ်။
- Ulcerative colitis ရှိနေသူထဲက ၂ဝ% ဟာ ၁ဝ နှစ်နေရင် အူမကြီး-ကင်ဆာဖြစ်လာတယ်။

Diagnosis ရောဂါသေခြာအောင် Sigmoidoscopy or Colonoscopy စမ်းရင်းနဲ့ Tumor biopsy အသားစ ဖြတ်ယူ စစ်ဆေးတာ လုပ်ရတယ်။ Barium enema စအိုကနေ ဆေးသွင်းပြီး ဓါတ်မှန်ရိုက်တာလဲ လုပ်တယ်။ ရောဂါ ဘယ်အထိ ပြန့်နေသလဲ သိအောင် CT scan လုပ်ရတယ်။ Virtual Colonoscopy နောက်ပေါ်နည်းဖြစ်တယ်။ အူမကြီးကို 3-D model CT scan images ပုံတွေ မြင်ရအောင် လုပ်တယ်။ အူထဲကို ကင်မရာထည့်နေစရာမလိုဘူး။ တခုရှိတာက Polyps တွေ့ရင် တခါတည်းခွဲထုတ်လို့ မရတာမို့ Colonoscopy လုပ်ပြီး ထုတ်ရလိမ့်မယ်။

အူမကြီးဆိုတာ ညာဘက်အထက်တန်းနေတာ၊ ကန့်လန့်တန်းနေတာ နဲ့ ဘယ်ဘက်အောက်တန်းနေတာဆိုပြီး ရှိတယ်။ ညာဘက်ဖြစ်တာမျိုးက အူလမ်းပိတ်တာ ဖြစ်ခဲတယ်။ သွေးယိုရာကနေ သွေးအားနည်းနေတာ များတယ်။ ဘယ်ဘက်က ဖြစ်တာ ဆိုရင် အူလမ်းပိတ်တတ်တယ်။

• အထဲမှာ ရောဂါစနေပေမဲ့ ဘာမှမခံစားရဘူး။ ဒါကြောင့် သိရင် နောက်ကျနေတတ်တယ်။
• သိသာတဲ့ ရောဂါလက္ခဏာတွေက
- စအိုကနေ သွေးယိုမယ်၊ ဝမ်းသွားရင်း သွေးပါမယ်။
- ကြာတော့ သွေးအားနည်းလာမယ်။
- လူက ပိန်လာမယ်။ အားယုတ်မယ်။
- ဝမ်းသွားရတာ အရင်လိုမဟုတ်တာဖြစ်မယ်။ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်မယ်။ ဝမ်းချုပ်တာ များတယ်။ ဝမ်းသွားပြီးပေမဲ့ မကုန်သေးသလို ခံစားရနိုင်တယ်။
- အစားအသောက် ပျက်မယ်။
- ကိုယ်ပူမယ်။
- ပျို့-အန်ချင်တာ ဖြစ်မယ်။ ဗိုက်အောင့်၊ လေထိုး အနေရဆိုးတယ်။

Risk factors ဘယ်လိုလူမျိုးတွေမှာ သတိထားရမလဲ
• Older age ကင်ဆာ ၉ဝ% ဟာ အသက် ၅ဝ ကျော်တွေဖြစ်တယ်။
• Colorectal polyps ကင်ဆာမဟုတ်တဲ့ အသားပိုရှိနေသူ။
• Ulcerative colitis and Crohn's disease ရောဂါရှိနေသူ၊
• Inherited syndromes မျိုးရိုးရှိသူ။
• Low-fiber, high-fat diet အဆီများများစားပြီး အသီးအနှံစားနည်းသူ။
• A sedentary lifestyle ကိုယ်လက်လှုတ်ရှားမှု နည်းသူ။
• Diabetes ဆီးချိုရှိသူ။ Obesity ကိုယ်ခန္ဓာဝသူ။
• Smoking ဆေးလိပ်သောက်သူ။ Alcohol အရက်သောက်သူ။
• Radiation therapy for cancer ကင်ဆာတခုခုအတွက် ဓါတ်ကင်ရသူ။

Stages of colon cancer အဆင့်ခွဲခြားခြင်း
အဆင့် (ဝ) = အူအတွင်းဆုံးအလွှာမှာသာရှိနေသေးတယ်။
အဆင့် (၁) = အူနံရံမှာသာရှိနေသေးတယ်။
အဆင့် (၂) = အူ ကြွက်သားမှာသာရှိနေသေးတယ်။
အဆင့် (၃) = အူအနားက တက်စေ့ကိုရောက်နေယုံသာရှိသေးတယ်။
အဆင့် (၄) = တခြားနေရာတွေအထိရောက်နေပြီ။

Treatments and drugs ဘယ်လိုကုသမလဲ
• Surgery for early-stage colon cancer စောသေးတာအတွက် ခွဲစိတ်ကုသနည်း။
အသားပိုအဆင့်သာ ရှိသေးမယ်၊ ကင်ဆာကသေးမယ်၊ နေရာတခုလေးမှာသာ ကွက်ဖြစ်မယ်ဆိုရင် ခွဲစိတ်ထုတ်ပြစ်မယ်။ Colonoscopy ကရိယာနဲ့ စစ်ဆေးရင်း လုပ်မယ်။ Colorectal Cancer Surgery ခွဲစိတ်ထုတ်ပြစ်တာဟာ အတော် အောင်မြင်တယ်။ တခြားနေရာတွေအထိ ရောက်နေရင်တော့ ခက်တယ်။ ဒါပေမဲ့ ပြန့်နေတဲ့နေရာကလဲ ခွဲထုတ်ရတာဆိုရင် အကျိုးရှိတယ်။
• ရောဂါအဆင့် နောက်ရောက်နေပေမဲ့လဲ ကုသလို့ ထိရောက်တာတွေ ရှိတယ်။ Surgery ခွဲစိတ်ကုသတာ၊ Radiation ဓါတ်ကင်တာ နဲ့ Chemotherapy ဆေးပေးကုတာတွေကို တွဲပြီး ကုသပေးမယ်။ သက်သာနေပြီးသာ ထပ်ဖြစ်တာကိုကုရတာ အတော်ခက်တယ်။ ဒါကိုလဲ Radiation နဲ့ Chemotherapy တွဲလုပ်ပေးရင် အသက်ပိုရှည်စေမယ်။
• အရွယ်အစားပိုကြီးတာဆိုရင် Laparoscopic surgery ကရိယာသုံးပြီး ခွဲထုတ်မယ်။
• Surgery
Dr. Tint Swe

Stomach cancer အစာအိမ်ကင်ဆာ


ဆရာခင်ဗျ အစာအိမ်နှင့် အူမကြီး ကင်ဆာရောဂါများ အကြောင်းလည်း တင်ပေးပါခင်ဗျာ။ (ရိုသေစွာဖြင့့်)

ကျွန်တော့် အမေရဲ့ အစာအိမ်ကင်ဆာနဲ့ ပါတ်သက်လို့ မေးချင်ပါတယ်။ လိုအပ်တဲ့ document တွေကိုပါ attach လုပ်ပေးလိုက်ပါတယ်။ အမေက ပြီးခဲ့တဲ့လက အစာအိမ် ထုတ်ထားပါတယ်။ Chemo ဆေးတွေနဲ့ ပါတ်သက်လို့ လက်ရှိ အနေအထားကနေ Chemotherapy မလုပ်သင့်၊ လုပ်သင့် ဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်။ ခွဲတဲ့ဆရာကလုပ်ပါ၊ မလုပ်နဲ့ အတင်း မတိုက်တွန်းပါ၊ OT note ထဲကအတိုင်း ဆိုရင် လုပ်သင့်တယ်၊ စာထဲမှာပါတယ်ဘဲ ပြောပါတယ်။ သူခွဲခဲ့ဘူးတဲ့သူတွေထဲမှာ တစ်ယောက်ကလည်း အမေ့လိုဘဲ ၇ဝ ကျော်ပါပြီ။ လွန်ခဲ့တဲ့ ၆ နှစ်က ခွဲခဲ့တာ၊ Chemotherapy မလုပ်ဘဲ ဒီအတိုင်းနေတာ ခုထိ ကောင်းနေပါတယ်တဲ့။ Diagnosis လုပ်တဲ့ ဆရာမကတော့ အခုဆေးမသွင်းသေးဘဲနဲနဲ fit ဖြစ်လာတော့မှ Chemo Pill ပေးမယ် ပြောပါတယ်။ ဆရာရေးတဲ့`အစာအိမ်ကင်ဆာ´ဆေးစာကိုဖတ် ပြီးပါပြီ။ ကံတရားနဲ့ နောင်တကြားထဲမှာ မဝေခွဲနိုင်ပါ။ Side Effet နဲတဲ့ ဆေးတွေတော့ လက်လှမ်းမှီပါတယ်။ ဆရာရဲ့ အမြင်ကို သိချင်ပါတယ်။

• အစာအိမ်-ကင်ဆာ လူနာ အများစုကို Chemotherapy ဆေးပေးကုသမှု လုပ်တယ်။ ကင်ဆာ (ဆဲလ်) တွေကို သတ်ပြစ်ဘို့ပါ။
• မခွဲခင် ပေးတာရှိသလို ခွဲပြီးမှလဲ ပေးတယ်။
• အများအားဖြင့် သွေးပြန်ကြောထဲကနေ သွင်းပေးနည်းဖြစ်တယ်။
• ဆေး ၁ မျိုးထဲမကလဲ တွဲသုံးတယ်။
• အပြင်လူနာ၊ အတွင်းလူနာ အနေနဲ့ လုပ်နိုင်တယ်။
• ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးဆိုတာ ဆေးအမျိုးအစား နဲ့ ဆေး အနည်း-အများအပေါ်မှာ မူတည်တယ်။
• ကင်ဆာဆဲလ်တွေကို သေစေသလို မသေစေချင်တဲ့ အလျင်အမြန် ပွါးတတ်တဲ့ ဆဲလ်တွေကိုလဲ ထိခိုက်စေတယ်။
• သွေးဥတွေကို ပျက်စီးစေတာမို့ ရောဂါပိုး ဝင်လွယ်မယ်။ ထိခိုက်ရင် သွေးခြည်ဥတာ ပိုဖြစ်မယ်။ သွေးပိုထွက်မယ်။ မောပန်းပြီး အားကုန်သလို ခံစားရမယ်။
• ဆံပင်ကျွတ်မယ်။
• အစားပျက်မယ်၊ ပျို့ချင်-အန်ချင်မယ်။ ဝမ်းပျက်မယ်။ ပါးစပ်မှာ အနာပေါက်မယ်။
• တချို့ဆေးတွေကြောင့် အရေပြားမှာ အနီပြင်ထွက်တယ်။ ခြေ-လက် ထုံကျင်နေမယ်။
• 5-fluorouracil နဲ့ Cisplatin ဆေးတွေကို အသုံးများတယ်။
• Paclitaxel, Docetaxel နဲ့ Irinotecan တွေလဲသုံးတယ်။
• ဆေးသစ်တွေကိုလဲ စမ်းသပ်နေတယ်။
• ရောဂါရဲ့ အလားအလာဟာ ဆေးကုတဲ့အချိန်မှာ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာအပေါ် မူတည်တယ်။
• Localized distal gastric cancer ၅ဝ% ကျော်ကျော့ပျောက်သွားနိုင်တာက အကောင်းဆုံး အလားအလာ ဖြစ်တယ်။
• ကံမကောင်းတာက အမေရိကားမှာတောင် ၁ဝ-၂ဝ% လောက်သာ အဲဒီအဆင့်မှာ သိကြရတယ်။
• ကျန်တဲ့အဆင့်တွေဆိုရင် ၅ နှစ်နေနိုင်နှုန်းက
o Disseminated disease တခြားဆီပြန့်နေသူ ဝ% ကနေ
o Localized distal gastric cancers confined to resectable regional disease နေရာလေး မှာသာရှိပြီး၊ ခွဲစိတ်ထုတ်လို့ရသူ ၅ဝ% ရှိတယ်။
o Proximal gastric cancer ဆိုရင် ၁ဝ-၁၅% ရှိတယ်။
• ကင်ဆာဆေးနဲ့အတူ လိုအပ်ရင် (ခွဲစိတ်လို့ အကုန်မထုတ်နိုင်ရင်) ဓါတ်ကင်တာလဲ လုပ်နိုင်တယ်။
• ကျွန်တော့်အနေနဲ့ မေးတဲ့သူရဲ့ မိခင်ကို Chemotherapy လုပ်ပါ-မလုပ်ပါလို့ တိုက်တွန်းလိုခြင်း မရှိပါ။ ကျန်းမာရေး သုတကိုသာ ပေးပါရစေ။

Dr. Tint Swe
၂-၆-၂ဝ၁၁

ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စ စကားများပြီး ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး


သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံးခဲ့မှုတစ်ခု အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆို သည်။

ဆွဲကြိုးချ သေဆုံးခဲ့သူမှာ (၁၆)ရပ်ကွက်၊ ကံ့ကော်ရိပ်သာလမ်းတွင် နေထိုင်သည့် ၄၅ နှစ်အရွယ်ရှိ ဦး မောင်မောင်စိုး ဖြစ်သည်ဟုလည်း မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် အိမ်နောက်ဖေးခန်း ခေါင်မိုးထုတ်တန်းတွင် အရှည်ငါးပေခန့်၊ လုံးပတ် လက်မ၀က်ခန့်ရှိ နိုင်လွန် ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများရာမှ ယင်းကဲ့သို့ သေကြောင်းကြံစည်ခြင်း ဖြစ်ဟု ကနဦးအရ သိရှိထားရသည်ဟု ဆိုသည်။

သေဆုံးသူအလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ထားရာ ပီအာရ် ၇၇ ဖြင့် လက်ခံစစ်ဆေးနေ သည်ဟုဆိုသည်။

ထို့ပြင် ယင်းသေဆုံးအား ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးဖော်ထုတ် ပေးရန် ဒု-ရဲအုပ် ငွေမိုးကတရားလိုပြုလုပ် တိုင်တန်းထားသည်။ ထို့ကြောင့် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ရဲမှူး သိန်းဟန်က စစ်ဆေးနေသည်ဟု တိုင်းရဲတပ် ဖွဲ့မှူးရုံးက ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

လျော်ကြေး မယူထားသော ယာမြေရှိ စိုက်ခင်းများ ဖျက်ဆီး ခံရမှုကြောင့် ကြေးနီ စီမံကိန်းဒေသခံများ ဆန္ဒပြ


မုံရွာ၊ အောက်တိုဘာ ၂၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေ အတွင်းရှိ ဆည်းတည်း ကျေးရွာနင့် မိုးကြိုးပြင် ကျေးရွာကြားတွင် လျော်ကြေး မယူထားသော ယာမြေများ၌ စိုက်ပျိုးထားသော ပဲစင်းငုံနှင့် နှမ်း စိုက်ခင်းများကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့မှုကြောင့် အောက်တို့ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း မိုးကြိုးပြင် ဒေသခံများက ပြောကြားသည်။

အောက်တိုဘာ ၂၂ရက်နေ့ မွန်းလွဲပိုင်းက ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ရဲတပ်ဖွဲဝင်များ၏ အကာအကွယ်ဖြင့် လျော်ကြေးငွေ ရယူထားခြင်း မရှိသော ယာမြေတွင် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများကို ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးမှုကြောင့် တောင်သူများ၏ ပဲစင်းငုံ၊ ပြောင်းနှင့် နှမ်းစိုက်ခင်းများ ပျက်စီးခဲ့ရသဖြင့် ဒေသခံတောင်သူ ၁၀၀ ကျော်က အောက်တိုဘာလ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် လိပ်ခွံတောင်ပေါ်သို့ တက်ရောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြရာ လမ်းခုလပ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ကြောင်း ဇီးတော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးစန္ဒာသီရိက မိန့်ကြားသည်။
“ရဲတွေက လိပ်ခွံတောင်ပေါ်မှရော၊ လက်ပံတောင်းနဲ့ လိပ်ခွံတောင်ကြားမှာရော၊ တောင်ခြေမှာပါ နေရာအနှံ့ တွေ့ရတယ်။ တောင်သူတွေက အလယ်မှာ ပိတ်မိသလို့ ဖြစ်ခဲ့ပေမယ့် အေးအေးချမ်ချမ်းပဲ ပြီးသွားပါတယ်” ဟု ဦးစန္ဒာသီရိက ဆိုသည်။

လျော်ကြေးရယူထားခြင်း မရှိသည့် ယာမြေတွင် စိုက်ပျိုးထားသော စိုက်ခင်းများ ဖျက်ဆီးခံရမှုနင့် ပတ်သက်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စက်ရုံမှူး တစ်ဦးဖြစ်သူ ဦးမြင့်အောင်ထံ ဆက်သွယ် မေးမြန်းရာ ၎င်းမှာ လုပ်ငန်းခွင် ပြင်ပသို့ ရောက်ရှိနေကြောင့် ယင်းကိစ္စကို မသိရှိရ သေးကြောင်း ဖြေကြားပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်နှစ်ခု အသိပေး ပြောကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အဝင်ခေါ်ဆိုမှု ရရှိသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

အဆိုပါ စီမံကိန်းအတွင်းမှ ကြေးစင်တောင်နှင့် စံပယ်တောင် ပတ်ဝန်းကျင်ရှိ ဒေသခံများ တောင်းဆိုထားသော သန့်ရှင်းသော သောက်ရေ မရရှိသေးခြင်း၊ မိုင်တိုင် ၄၄၆/၂ မှ ၄၄၆/၇ အထိ တည်ရှိနေသော ညစ်နွမ်းမြေများကို ဖယ်ရှားပေးမှု မရှိခြင်း၊ ဒေသခံများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်နေသည့် ဆေးရုံစီမံကိန်းကို ပန္နက်တင်ပြီး ဆောက်လုပ်မှု မရှိခြင်း၊ မိုးကြိုး ဆာလ်ဖြူရစ် အက်စစ်စက်ရုံ၏ နိုင်ငံတကာ အသိအမှတ်ပြု (ISO) လက်မှတ်နှင့် ဘေး အန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်မှု မပြုခြင်း စသည့်အချက်များကို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းရေးကော်မရှင်၏ လေ့လာတွေ့ရှိချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက လုပ်ဆောင်ပေးခြင်း ရှိသေးကြောင်း လက်ပံတောင်းတောင် စုံးစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထို့အပြင် သိမ်းဆည်းခံ လယ်မြေ ၆၂၅၃ ဒသမ ၀၄၆ ဧက ကို လျော်ကြေးငွေလုံးဝ မပေးခြင်းနှင့် ဒေသခံများ တောင်းဆိုမှုကို အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် အချက်များသည် မြေပြင် အခြေအနေနှင့် ကွာခြားနေခြင်း၊ ဆန္ဒဖော်ထုတ်နေသည့် ဒေသခံများ၏ အသံကို ဂရုမစိုက်ဘဲ ကုမ္ပဏီများက ဖွဲ့စည်းထားသည့် CSD အထောက်အကူပြု အဖွဲ့များ၏ တင်ပြချက်များကိုသာ လက်ခံခြင်းနှင့် ကျေးရွာဆက်လမ်းများ ဖောက်လုပ်ပေးသည် ဆိုသည့်လမ်းများမှာ ရာသီမရွေး သွားလာနိုင်သော အဆင့်မီလမ်းများ မဟုတ်ခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ က ပြန်လည်ဆင်ခြင် သုံးသပ်ပေးရန် လိုအပ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော မြန်မာဝမ်ပေါင် ကုမ္ပဏီသည် ဒေသခံပြည်သူများအပေါ် လူမှုဝန်းကျင် တာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှု (CSR) ကို ပြည်သူသို့ အစီရင်ခံစာ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက အောက်တိုဘာလ ဒုတိယပတ်တွင် ထုတ်ပြန် ကြေညာသည်။

အစီရင်ခံစာ ထုတ်ပြန်မည် ဆိုခြင်းမှာ ကောင်းသော်လည်း စောင့်ကြည့်မည့် အဖွဲ့ မရှိသည့်အတွက် ယုံကြည်နိုင်ရန် ခက်ခဲကြောင်း EcoDev အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက မှတ်ချက်ပြုသည်။

The Voice Weekly

ဘင်္ဂလားဒေ့ရှ်စီးပွားရေးအတွက် ကြီးမားသော စိန်ခေါ်သူဖြစ်လာသည့် မြန်မာနိုင်ငံ


သိပ်မကြာသေးခင်ကဆိုလျှင် ရန်ကုန်ကိုလာသည့် နိုင်ငံခြား ဧည့်သည်များသည် ငွေလဲလှယ်ရန် အတွက် လမ်းပေါ်မှ ငွေလဲလှယ်သူများထံ သွားရပေလိမ့်မည်။ ထိုအချိန်က အစိုးရသည် မြန်မာငွေ “ကျပ်” အား တစ်ဒေါ်လာလျှင် ငွေလဲနှုန်း ၆.၄ ကျပ်တည်း ဟူသော သဘာဝ မကျသောဈေးဖြင့် အသေချိတ်ဆက် ထားခဲ့သော်လည်း ပြင်ပဈေးကွက်ပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ဝန်း ကျင် ခန့်ရှိပါသည်။

ယခုအချိန်တွင် အမည်ခံအရပ်သားများဖြစ်နေပြီဖြစ်သော မြန်မာအစိုးရသည် ငွေလဲနှုန်းကို ထိုသို့ အသေ ချိတ်ဆက်ထားမှုသည် မှားယွင်းကြောင်း လက်ခံခဲ့ပြီး ငွေလဲနှုန်းကို ဈေးကွက် ပေါက်ဈေး အတိုင်း အရှင်မျှောထားသည့်စနစ် ကျင့်သုံးခဲ့ပါသည်။ ဤအရွေ့သည် စီးပွားရေးအရ အသေး အဖွဲဖြစ်သော်လည်း တိုင်းပြည်ကို ရာစုဝက်ကြာခန့် ထိခိုက်ပျက်စီးစေသော ပိတ်ပင်တားဆီးနေမှုကို ရိုက်ချိုးလိုက်ခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ထိုအပြောင်းအလဲသည် မြန်မာနိုင်ငံ၏ အလှမ်းကျယ်သော ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင် တိုးတက်မှု တစ်ရပ်ဖြစ်ပြီး ထိုအပြောင်းအလဲ၏ အကျိုးကို ခံစားနေရပြီဖြစ်ကြောင်း အသိ အမှတ်ပြုခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အနေဖြင့် ယခုမှ နိုင်ငံတကာ ဈေးကွက်ထဲဝင်လာသည့် ပလေယာ အသစ်ဖြစ် သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဘင်္ဂလားဒေ့ရှ်စီးပွားရေးနှင့် အရေးပါသော ခြားနားချက် များရှိနေသည့်တိုင် များစွာဆင်တူနေသည်များလည်း ရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကုမ္မဏီ များအတွက် စိတ်ပူစရာ ဖြစ်ပါ သည်။ နှစ်နိုင်ငံစလုံးသည် GDP တိုးတက်မှုနှုန်း ၆% ဝန်းကျင်တွင် ရှိပြီး၊ ထိုနှုန်းထားသည် ဂလိုဘယ်လ် အနေအထားတွင် ယေဘုယျအားဖြင့် အခြေအနေကောင်း သော နှုန်းထားဖြစ်သည်။ မြန်မာနိုင်ငံ၏ GDP နှုန်းထားသည် တိုးမြင့်လာမည့် ပုံရှိပြီး ဘင်္ဂလားဒေ့ရှ် GDP မှာ အကျဖက်တွင် ရှိပါသည်။ သြစတေးလျနိုင်ငံ Macquarie တက္ကသိုလ် မှ ပါမောက္ခ ရှောင်တာနဲ ၏ အဆိုအရ မြန်မာနိုင်ငံသည် သစ်ဆန်းပြီး ရှယ်ရာရှင်များကို ပိုမို ဆွဲဆောင်မှုရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမူ အုပ်ချုပ်မှု ယန္တရား၏ ဖိစီးမှုကို ခံစားနေရသည်ဟု ဆိုပါသည်။


ငါးနှစ်တစ်ကြိမ် သံသရာ

W&W လူသုံးကုန်ပစ္စည်း ကုန်သည် Shadab Sajid က ဘင်္ဂလားဒေ့ရှ်နိုင်ငံစီးပွားရေးသည် ငါးနှစ်လျှင် တစ်ကြိမ် မုန်တိုင်းကျလေ့ရှိသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပသည့်အချိန်တိုင်း ဖြစ်လေ့ရှိသော နိုင်ငံရေးမတည်ငြိမ်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို နှောင့်နှေးစေကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင် များသည် ငွေရေးကြေးရေးနှင့် နိုင်ငံရေးအကျိုးအမြတ်ရနိုင်သော အာဏာရရှိရေး အတွက် အာဏာလုပွဲ များကို ရင်းနှီးမြှုပ်နှံသူများက လန့်ပြေးကြ၍ဖြစ်ကြောင်း၊ ထိုသို့ အားဖြင့် ငါးနှစ်တစ်ကြိမ် သံသရာလည်နေကြောင်း ၎င်းက ပြောကြားပါသည်။

အထည်ချုပ်လုပ်ငန်း

ဘင်္ဂလားဒေ့ရှိနိုင်ငံတွင် “အထည်ချုပ်လုပ်ငန်း” ဆိုသည့် အနိုင်ဝှက်ဖဲ တစ်ချက် ရှိသည်မှာ အမှန်ဖြစ်ပါ သည်။ သို့ရာတွင် Rana ပလာဇာနှင့် Tazreen ဖက်ရှင်လုပ်ငန်းတို့၏ အဖြစ်ဆိုး များသည် ရင်းနှီးမြှုပ်နှံသူ များအား ၎င်းတို့၏ ထုတ်ကုန်များနှင့်ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ် အမှတ်တံဆိပ်များ၏ ပုံရိပ်နှင့် ပတ်သက်၍ စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်အလုပ်သမားများ၏ စည်းမျဉ်း စည်းကမ်း ဆိုင်ရာ အကောင်အထည်ဖေါ် ဆောင်ရွက်မှုများနှင့် တရားဥပဒေပိုင်းတွင် အားနည်းချက်များ ရှိပြီး အလုပ်သမား အစည်းရုံးရေးမှူး Aminul Islam အသတ်ခံရမှုရော Tazreen ဖက်ရှင် လုပ်ငန်းပိုင်ရှင် Delwar Hossain အသတ်ခံ ရမှုတွင်ပါ တရားခံများကိုဖမ်းဆီးနိုင်ခဲ့ခြင်းမရှိပါ။ ဘဏ္ဍာရေးရှင်းတမ်းအရ နွေးဦးပေါက်နှင့် နွေရာသီတို့ အတွက် အထည်ချုပ်အော်ဒါမှာယူမှများမှာ ၃၀-၃၅% အထိ ကျဆင်းသွား နေခဲ့ချိန်တွင် EU က မြန်မာနိုင်ငံအား အခွန်ကင်းလွတ်ခွင့်ပေးခဲ့ပါသည်။ EU သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အသင့်ချုပ်ပြီးအထည်များအတွက် တစ်ခုတည်းသော၊ အကြီးမားဆုံးသော ဈေးကွက်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အလုပ်သမားကုန်ကျစရိတ်အလွန်သက်သာပြီး ယင်းအချက်သည် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေးတွင် ထည့်သွင်းစဉ်းစားရမည့် အရေးကြီးဆုံး အချက်တစ်ချက် ဖြစ်ပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်တွင် လုပ်ခများ မြင့်တက်လာမည့်အလားအလာ ရှိ၍ ဘင်္ဂလားဒေ့ရှ် ထုတ်ကုန် များမှာလည်း ဈေးမြင့်လာ မည်ဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးဆောင်းပါးများ

Get Notification လုပ်ထားသော်လည်း၊ Facebook Notification တွင် အကုန်မပေါ်ပါ၊ Myanmar CNN Facebook Page ရဲ့ တင်သမျှတိုင်းကို ဖတ်ချင်ပါတယ်၊ ဘယ်လိုလုပ်ရမလဲ?


Myanmar CNN ရေ စတေးတပ်၁၀ခုဆိုရင် တစ်ခုလောက်ပဲပေါ်တယ်.. noti လဲယူထားတယ်.. show in newsfeed ကိုအမှန်ခြစ်ထားတယ်.. add to interest lists ကိုပြောင်းနှိပ်ရမှာလား..အကြံပေးပါဦး  ..နိုတီပဲနှိပ်ပြီးဖတ်နေရတယ်

ဒါကတော့ Ko Wunna ကမေးလာတဲ့ မေးခွန်းလေးဖြစ်ပါတယ်။ အခုလို Myanmar CNN အတွက် အမာခံ ပရိတ်သတ်လေးရှိလို့ ကျေးဇူးလည်းတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ ဒါကြောင့် အောက်ပါအတိုင်း ပြန်ဖြေပေးလိုက်ပါတယ်။

အဆင့် (၁)
(Myanmar CNN ကို like လုပ်ထားပြီးသားဖြစ်ရပါမယ်။) Like လုပ်ထားပြီးသားဆိုရင် liked ဆိုတဲ့ ခလုတ်လေးပေါ်ကို mouse pointer တင်ထားပါ၊ အောက်ဘက်ကို box တစ်ခုပေါ်လာပါမယ် အဲဒီထဲက Settings ဆိုတာကို သွားလိုက်ပါ။ အောက်ကပုံမှာ ကြည့်ပါ။


အဆင့် (၂)
All Updates ဆိုတာကို click ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် Myanmar CNN က တင်သမျှ သတင်းတွေကို Facebook ကနေ မလွတ်တမ်း ဖတ်နိုင်ပါပြီ။



Breast Conditions ရင်သားကျန်းမာရေး


(၁) ကျွန်မက ဧရာဝတီတိုင့်း့ မြို့ကပါ။ ကျွန်မအမမှာ အသက် ၄၅ ရှိပါပြီ။ ပေါင် ၁၄၀ ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သားအိမ်မှာ အသားလုံးတည်သဖြင့် သားအိမ်ထုတ်ထားပါသည်။ ယခု ဘယ်ဘက် ရင်သားမှာ အပြင်လိုက်ကလေး မာနေသဖြင့် အထွေထွေနှင့်ပြပြီး ဆေးစစ်ကြည့်ရာ ရင်သားမှာ ရေအိပ်တည်နေပြီး အသဲမှာလည်း အဆီဖုံးနေပါသည်။ သည်းခြေမှာလည်းကျောက်တွေ့သဖြင့် ကျောက်ပျော်ဆေးစားနေပါသည်။ အဆီကျဆေးလဲ သောက်နေပါတယ်။ ရေအိပ်မှာ မခွဲဘဲထားလျှင် မည်သို့ဖြစ်ပါမလဲဆရာ။ ဒိထက်ကြီးလာနိုင်ပါသလားဆရာ။ ခွဲရမှာလည်း နည်းနည်းကြောက်နေပါတယ်ဆရာ။ ဖြစ်တဲ့ဘက် လက်မောင်းကလည်း တခါတခါကိုက်ကိုက်နေပါတယ်ဆရာ။ ဘာလုပ်ရမှန်းလဲ မသိဖြစ်နေပါတယ်ဆရာ။ ဘယ်လိုပြုလုပ်သင့်သည်ကို ညွှန်းကြားပေးစေလိုပါတယ်ဆရာ။
(၂) သမီးအသက် ၁၇ တုန်းကချိုင်းမှာအကျိတ်ထွက်လို့ ခွဲဖူးပါတယ်ရှင့်။ အခုအသက်၂ဝ မှာ ညာဘက်ရင်သားအတွင်း ဘက်ထောင့်မှာ အကျိတ်ကလေးပေါက်နေပါတယ်။ အကျိတ်ကနာကျင်ခြင်းမရှိပါဘူး။ ဓမ္မတာလာချိန်မှာတော့ အကျိတ်က ရင်သားနာသလိုပဲ အနည်းငယ်နာပါတယ်ရှင့်။ သမီးးကခွဲစိတ်ရမှာကြောက်ပါတယ်ရှင့်။ အဲဒီအကျိတ်ဟာ ဘယ်လို အကျိတ်မျိုးလဲဆိုတာ သိချင်ပါတယ်ရှင့်။

ရောဂါနာမည်စာလုံးပေါင်းသိရမှသာ တိကျတဲ့အကြံပေးနိုင်ပါမယ်။

(၁) Benign lesions ကင်ဆာမဟုတ်တာတွေ
1. Breast Fibroadenoma (FA) အသက် ၂ဝ-၃ဝ အပျိုရွယ်တွေမှာအများဆုံးဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်။ နာလဲမနာဘူး။ အကျိတ်ကိုသန့်သန့်လေးစမ်းလို့ရမယ်။ ဟိုဘက်-ဒီဘက်၊ အထက်-အောက် ရွေ့လို့ရတာမို့ ရင်သား Breast mouse ကြွက်လို့ ခေါ်ကြတယ်။ မေးတဲ့သူမှာဒီဟာဖြစ်မယ်လို့ မစမ်းသပ်ရဘဲ ပြောနိုင်တယ်။ ခွဲစိတ်ထုတ်ပြစ်သင့်ပါတယ်။ လုံးဝမကြောက်ပါနဲ့။
2. Simple breast cyst ကင်ဆာမဟုတ်တဲ့ ရင်သား-အကျိတ်။ အထဲမှာအရည်ရှိနေမယ်။ အသက် ၃ဝ-၄ဝ အရွယ်တွေမှာ ဖြစ်တယ်။ နို့နာနိုင်တယ်။ နို့သီးအဖျားကနေညှစ်ရင် အရည်ထွက်နိုင်တယ်။
3. Fibrocystic breast disease ကင်ဆာမဟုတ်ပါ။ ရာသီရက်တွေမှာအပြောင်းအလဲတွေ ဖြစ်မယ်။ အနေရခက်စေတယ်။
4. Usual hyperplasia of the breast ရင်သားကိုအသားစဖြတ်ယူစစ်ဆေးကြည့်ရင် ကင်ဆာလို့ မတွေ့ရဘူး။ ဒါပေမဲ့ ပြွန် (ဆဲလ်) တွေကပုံမှန်မဟုတ်ဘဲများနေတယ်။ တချိန်မှာကင်ဆာဖြစ်လာနိုင်တဲ့ အခွင့်အလမ်းများတယ်။
5. Atypical hyperplasia of the breast ပုံမှန်မဟုတ်တဲ့ (ဆဲလ်) တွေကို နို့ပြွန်ထဲမှာရော နို့ထွက် အဆုပ်လေးတွေမှာပါ ရှိနေမယ်။ တချိန်မှာကင်ဆာ ဖြစ်လာနိုင်တဲ့အခွင့်အလမ်း ၄-၅ ဆ များတယ်။
6. Intraductal papilloma ကင်ဆာမဟုတ်ပါ။ နို့ပြွန်လေးတွေထဲမှာ ကြွက်နို့နဲ့ဆင်တယ်။ အပြင်ကစမ်းရင် အကျိတ်စမ်းလို့ရမယ်။ နို့သီးအဖျားကနေအရည်တမျိုးမျိုးထွက်မယ်။
7. Adenosis of the breast ကင်ဆာမဟုတ်ပါ။ နို့ထွက်အဆုပ်လေးတွေမှာဖြစ်တယ်။ Mammograms (မင်မိုဂရမ်) ရိုက်ရင် ကင်ဆာနဲ့ဆင်နေမယ်။ Biopsy အသားစဖြတ်ယူစစ်ဆေးတာလုပ်ရမယ်။
8. Phyllodes tumor ရှားတယ်။ ကြီးလာတာမြန်တယ်။ Ultrasound ရိုက်ရင် Fibroadenomaနဲ့ ဆင်တူနေမယ်။ အသက် ၄ဝ ကျော်မှာ အဖြစ်များတယ်။ ကင်ဆာမဟုတ်တာရော ကင်ဆာပါဖြစ်နိုင်တယ်။
9. Fat necrosis ရင်သားကို ထိခိုက်မိရာကနေအထဲက အဆီ (တစ်ရှူး) တွေ ပျက်စီးတာဖြစ်တယ်။ စမ်းလို့တွေ့တဲ့ အကျိတ်ဟာ အမာရွတ်သာ ဖြစ်တယ်။
10. Mastitis နို့နာ။ တခြားနေရာတွေမှာ အနာဖြစ်သလိုမျိုးနာမယ်၊ နီရဲနေမယ်၊ ဖေါင်းနေမယ်၊ ပူနွေးနေမယ်။ ကလေး နို့တိုက်ချိန်မှာ အဖြစ်များတယ်။ Breast abscess ပြည်တည်လာနိုင်တယ်။ ကိုယ်ပူမယ်။
11. Breast calcifications နို့မာ။ (ကယ်လ်စီယမ်) ထုံးဓါတ်တွေ စုဝေးနေတာဖြစ်တယ်။ Mammograms ရိုက်ရမယ်။ ဆင်ဆာလဲဖြစ်နိုင်လို့ Biopsy အသားစ ဖြတ်ယူစစ်ဆေးတာလုပ်ရမယ်။
12. Gynecomastia ယောက်ျားနို့က မိန်းမနို့လိုဖြစ်နေတာ။ မွေးစကလေးတွေမှာလဲ ဖြစ်နိုင်တယ်။ လူပျိုပေါက်လဲ ဖြစ်တတ်တယ်။

(၂) Breast cancer ရင်သား-ကင်ဆာ
1. Malignant (Cancer) cells ကင်ဆာ-ဆဲလ်တွေ မူမှန်ဖြစ်လာရင် ပုံမှန်မဟုတ်ဘဲ ပွါးများလာမယ်။ ကိုယ်ခန္ခာ တခြားနေရာတွေဆီကို ပြန့်နှံ့စေမယ်။ အမျိုးသမီးသီးသန့်ရောဂါလို့ ပြောနိုင်တယ်။ ယောက်ျားတွေလဲ မဖြစ်ဘူးတော့ မပြောနိုင်ပါ။ ရင်သား-ကင်ဆာရဲ့ လက္ခဏာတွေကတော့ အကျိတ်၊ နို့သီးအဖျားက သွေးထွက်တာ၊ နို့အရေပြား အသွင်အပြင်-အရောင်ပြောင်းလဲခြင်းတွေ ဖြစ်ကြတယ်။
2. Ductal carcinoma in situ (DCIS) နို့ပြွန်ထဲမှာသာရှိနေသေးတဲ့ ကင်ဆာဆိုတာ ဖြစ်ရင် ကုသလို့ မခက်လှပါ။
3. Lobular carcinoma in situ (LCIS) နို့ဖြစ်စေတဲ့ အဆုပ်လေးထဲမှာသာရှိနေသးတဲ့ ကင်ဆာဟာဘေးကိုမပြန့်သေးပေမဲ့ နောင်တချိန်မှာဆိုးချင် ဆိုးလာနိုင်တယ်။
4. Invasive ductal carcinoma နို့ပြွန်-ကင်ဆာကတော့ နို့ထဲမှာတင် တခြား (တစ်ရှူး) တွေအထိပြန့်မယ်။
ကိုယ်ခန္ဓာ တခြားနေရာတွေအထိ ရောက်ချင် ရောက်နိုင်တယ်။ ဆိုးတယ်။ အဖြစ်များတယ်။
5. Invasive ductal carcinoma နို့ပြွန်-ကင်ဆာကတော့ နို့ထဲမှာတင် တခြား (တစ်ရှူး) တွေအထိပြန့်မယ်။
ကိုယ်ခန္ဓာ တခြားနေရာတွေအထိ ရောက်ချင် ရောက်နိုင်တယ်။ ဆိုးတယ်။ အဖြစ်များတယ်။
6. Invasive lobular carcinoma = နို့ထွက်အဆုပ် ကင်ဆာကလဲ နို့ထဲမှာရာ တခြားနေရာတွေကိုပါ ပြန့်မယ်။ အဖြစ်မများပေမဲ့ ဆိုးတာဘဲ။

Breast Tests နို့ကျန်းမာရေး စစ်ဆေးခြင်းများ

1. Physical Exam ရင်သားကို ရိုးရိုးစစ်ဆေးခြင်း = ကိုယ်တိုင်စမ်းတာကနေစပြီး ဆရာဝန်မျက်စိနဲ့၊ လက်နဲ့ စစ်ဆေးတာကနေ စရမယ်။ အရွယ်အစားရော တွဲကျနေမှုရော ဘယ်-ညာ တူပါသလား၊ ဖြစ်နေတဲ့နေရာမှာ အပေါ်အရေပြား ပြောင်းနေတာ၊ အကျိတ်တွေ့ရင် နေရာ၊ အရွယ်အစား၊ ပုံပန်း၊ ရွေ့ ရ-မရ၊ နာ-မနာ၊ အပြော့-အမာ။ နို့သီးအဖျားက တခုခုထွက်နေသလား၊ ချိုင်းမှာကော တက်စိတွေ ရှိနေသလား။
2. Mammogram (မင်မိုဂရမ်) = Low-dose X-rays ဓါတ်မှန်ရောင်ခြည် အပြော့စားသုံးတယ်။ အမျိုးသမီးတိုင်းကို ပုံမှန်စစ်နေတာအတွက်ရော၊ သေခြာချင်လို့ရောအတွက်ပါ သုံးတယ်။
3. Digital mammogram (ဒစ်ဂျစ်တယ်လ်-မင်မိုဂရမ်) = (ဒေတာ) ကိန်းဂဏန်းတွေကို လုပ်ယူဖေါ်ပေးနိုင်တဲ့ ကွန်ပြုတာသုံးတယ်။ ပိုတိကျတယ်။
4. Diagnostic mammogram ရောဂါရှာ (မင်မိုဂရမ်) = ရင်သားမှာ မူမှန်မဟု


Dr. Tint Swe

ဗုံးစီးရီးတွေက သံသယများလျော့ကျသွားသလား



နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက အစိုးရနှင့်ပြည်သူအကြား တည်ဆောက်ဆဲ ယုံကြည်မှုတို့ ကျိုးပြတ်ကာ မယုံကြည်မှုသံသယများကို တိုးပွားစေခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကို ကေအင်န်ယူနှင့်ပတ်သက်ကြောင်း အစိုးရကထုတ်ဖော်ပြောကြားပြီးနောက် တစ်ချိန်ကဗျူဟာများ ပြန်သုံးနေပြီလားဟု အစိုးရအပေါ် သံသယပိုမြင့်မားစေခဲ့သည်။ သို့သော် စွပ်စွဲခံရသည့် ကေအင်န်ယူတာဝန်ရှိသူများက မြန်မာအစိုးရနှင့် လာရောက်စကားပြောခြင်းဖြင့် ထိုသံသယများ လျော့ပါးသွားစေခဲ့သည်။ ထို့ကြောင့် ဗုံးပေါက်ကွဲမှုများမှ ထိုအမြတ်ရလိုက်သည်ဟု နိုင်ငံရေးသုံးသပ်သူတို့က ဆိုကြသည်။

တိတ်ဆိတ်နေသည့် ရန်ကုန်မြို့လယ် ညချမ်းသည် ကုန်သည်ကြီးများဟိုတယ်၏ အခန်းအမှတ် ၉၂၁ မှစတင်၍ လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသည်။

အခန်းအမှတ် ၉၂၁ ဗုံးပေါက်ကွဲမှုမှ ဆူးလေဘုရားလမ်းပေါ် တစ်စဆီကြွေလင့်လာသည့် မှန်စများ၊ နည်းတူဆက်တိုက်ဖြစ်ပေါ်နေခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် မြန်မာနိုင်ငံ၏ ထွန်းသစ်စ အကူးအပြောင်းကာလသည်လည်း မှန်စများလို တစ်စဆီကြွေကျမလားဆိုသည့် မေးခွန်းများ တသီတတန်းကြီး ထွက်ပေါ်လာသည်။

ပေါက်ကွဲမှုများကလည်း တိုင်းပြည်၏နိုင်ငံရေးရေချိန်မြင့်နေချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။ နိုင်ငံရေးပါတီများက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကြိုးစားနေချိန်၊ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားနေချိန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် ညှိနှိုင်းနေသည့်အချိန်များနှင့် ချိန်သားကိုက်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများက လူများ၏သံသယစိတ်ကို ပိုမိုသက်ဝင်စေခဲ့သည်။

“ကျွန်တော်တို့ကတော့ ဇာတ်ညွှန်းတစ်ခုရေးပြီး ကပြန်ပြီ။ ဖွဲ့စည်းပုံပြင်ဖို့ကိစ္စကို အာရုံလွှဲပြန်ပြီလို့ တွက်လိုက်မိတယ်”ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူးဦးစောဝင်းထွန်းကပြောသည်။

ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ယခင်က အစိုးရစွပ်စွဲလေ့ရှိသည့် မြေအောက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများသည်လည်း အစိုးရနှင့် ဆက်ဆံရေးကောင်း ရရှိထားခဲ့ပြီဖြစ်သောကြောင့် ဖောက်ခွဲမှုများနှင့်ပတ်သက်၍ ယခုတစ်ခေါက်တွင် အစိုးရက မည်သူ့ကို လက်ညှိုးထိုးမည်နည်းဆိုသည်မှာလည်း လူအများစိတ်ဝင်စားသည့်မေးခွန်း ဖြစ်ခဲ့ရသည်။

သို့သော်လည်း ယခုတစ်ခေါက်တွင် ယခင်အတိတ်နှင့်မတူခြင်းမှာ ပေါက်ကွဲမှုပြီးနောက် လက်သည်ကို ဖော်ထုတ်သည့်အပိုင်းတွင် လူအများအံ့အားသင့်စရာပင်ဖြစ်ခဲ့ရသည်။ ယခင်က ပေါက်ကွဲမှုဖြစ်တိုင်း တစ်ဖက်နှင့်တစ်ဖက် အပြစ်ဖို့ကြသည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းနှစ်ခုသည် ယခုတစ်ခေါက်တွင်မူ အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ခဲ့ကြသည်။

ဆန့်ကျင်ဘက်အဖွဲ့အစည်းအဖြစ် နှစ်ပေါင်းခြောက်ဆယ်ကျော် ရပ်တည်ခဲ့သည့် အဖွဲ့အစည်းနှစ်ခုအကြား ပူးပေါင်းဖြေရှင်းကာ ကျော်လွှားနိုင်ခဲ့သည့် ယခုပြဿနာသည် တိုင်းပြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စံနမူနာကောင်းတစ်ခု ဖြစ်လာလေမလားဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေတော့သည်။

“အစိုးရ၊ ဒါမှမဟုတ် MPC က ရှင်းရင်တောင် ကျွန်တော်တို့ ဒီလောက်ယုံမှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ တိုင်းပြည်အတွက် နိုင်ငံရေးအရ အလားအလာကောင်းတဲ့ကိစ္စလို့ မြင်တယ်”ဟု အစိုးရနှင့် KIA အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်စွာပြုလုပ်ကြရန် အမြဲတစေတိုက်တွန်းနေသည့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောဝင်းထွန်းကပြောသည်။

အတိတ်ကာလများက ယခုကဲ့သို့ ဆက်တိုက်ဗုံးကွဲမှုများမှာ မကြာခဏဆိုသလိုဖြစ်ခဲ့သည်။ အထင်ရှားဆုံးအဖြစ် ၂၀၀၅ ခုနှစ် ကုန်တိုက်များ ဗုံးခွဲတိုက်ခိုက်ခံရမှု၊ ၂၀၁၀ သင်္ကြန်တွင်း X2O မဏ္ဍပ် ဗုံးဖောက်မှုနှင့် ၂၀၁၁ မန္တလေး၊ ပြင်ဦးလွင် ဗုံးပေါက်မှုများပင်ဖြစ်သည်။ ယင်းပေါက်ကွဲမှုများ ဖြစ်ပွားတိုင်း အစိုးရနှင့် အတိုက်အခံတို့အကြား အပြန်အလှန်ပြစ်တင်မြဲဖြစ်သည်။

“အခြေအနေတွေပြောင်းသွားပြီလို့မြင်တယ်။ အစိုးရက နိုင်ငံရေးလိုအပ်ချက်အရ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်။ နှစ်ဖက်အကြားမှာ ငြိမ်းချမ်းရေးရဖို့လည်း တော်တော်လေးနီးစပ်လာပြီ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလည်းဖြစ်လာနိုင်တဲ့ အနေအထားရှိနေတယ်။ ဒီလိုအမှားမခံတဲ့ကာလမျိုးမှာဖြစ်တဲ့ ဖောက်ခွဲမှုကို နှစ်ဖက်အကြား နားလည်မှုနဲ့ ဖြေရှင်းတာကို ကျွန်တော်တို့က ကြိုဆိုတယ်”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်ကပြောသည်။

ပေါက်ကွဲမှုတစ်ခုဖြစ်တိုင်း နိုင်ငံရေးသမားများအိမ်ရှေ့တွင် စောင့်ကြည့်တတ်သည့် ထောက်လှမ်းရေးများ ယခုတစ်ခေါက်တွင် ရောက်မလာခဲ့ခြင်းကလည်း ကောင်းမွန်သည့်တိုးတက်မှုဟု သူကရှုမြင်သည်။

ယခင်ကပေါက်ကွဲမှုများဖြစ်တိုင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်အပြစ်ဖို့လေ့ရှိသည့် အစိုးရနှင့် KNU တို့သည် ယခုတစ်ခေါက်တွင် တစ်ဖက်နှင့်တစ်ဖက် ကာကွယ်ပြောဆိုမှုများပင် ရှိခဲ့သည်။

“KNU အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမှာ လုံးဝပတ်သက်ခြင်းမရှိဘူးလို့ ယုံကြည်ပါတယ်”ဟု အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထည့်သွင်းပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အစိုးရကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် အစိုးရအရာရှိတစ်ဦးက ယင်းကဲ့သို့ပြောကြားသည်မှာ အထူးအဆန်းတစ်ခုလိုပင် ဖြစ်သည်။

ယခင်တုန်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပါက သတင်းစာရှင်းလင်းပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများကို ပြင်းပြင်းထန်ထန် ပြစ်တင်လေ့ရှိခဲ့သည်။

“အရင်ကတော့ ပြေလည်မှုတွေမရှိသေးတော့ တစ်ခုခုဖြစ်ရင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ တခြားအဖွဲ့အစည်းတွေကို ပုံချတာတွေရှိတာပေါ့။ စွပ်စွဲတာတွေရှိတာပေါ့။ အခုကတော့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလ ဖြစ်တယ်။ KNU အနေနဲ့ ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်တာကို လှိုက်လှဲဝမ်းသာပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။

ဒေါ်ဒွဲဘူပြောသလိုပင် ယခင်ကဖြစ်ပွားခဲ့သည့် ပြဿနာများတွင် လက်သည်တရားခံအား ရှာဖွေခြင်းအပြင် နိုင်ငံရေးအရ အသုံးချမှုများ၊ အမှန်တကယ်မကျူးလွန်သူများကိုပါ အမှုအတွင်း ထည့်သွင်းလေ့ရှိကြောင်း အစိုးရအား မကြာခဏဝေဖန်ခဲ့ကြသည်။

အထင်ရှားဆုံး အဖြစ်အပျက်များအနက် တစ်ခုအဖြစ် ၁၉၈၉ သန်လျင်ရေနံချက်စက်ရုံနှင့် ရန်ကုန်မြို့တော်ခန်းမ ဗုံးပေါက်ကွဲမှုဖြင့်သာ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုညီညီကို ဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်ခဲ့ခြင်းပင်ဖြစ်သည်။ ၂၃ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီး အစိုးရသစ်တက်လာချိန်တွင် ပြန်လည်လွတ်မြောက်လာသည့် ကိုညီညီက ယင်းဖြစ်စဉ်ကို ကျူးလွန်ခြင်းမရှိဘဲ ကျူးလွန်ကြောင်းလည်း ၀န်ခံခဲ့သည့် KNU မှ ဗိုလ်မှူးကို ဖမ်းမိခဲ့သော်လည်း သူ့အား ဆက်လက်ထိန်းသိမ်းခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့်အချိန်က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လူသိများသည့် ၂၀၀၅ ခုနှစ် ဈေးဝယ်စင်တာများ ဗုံးခွဲတိုက်ခိုက်ခံရမှုများသည် KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် အတိုက်အခံ နိုင်ငံရေးသမားများလက်ချက်ဟု အစိုးရက တစ်ဖက်သတ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါဖြစ်ရပ်အပြီး ရှစ်နှစ်အကြာ ယခုတစ်ကြိမ် ပေါက်ကွဲမှုများတွင် အခြေအနေများပြောင်းသွားခဲ့သည်။ သံသယရှိခံရသူများနှင့် ပတ်သက်သည့် အဖွဲ့အစည်းပါ ရှင်းပြခွင့်ရခဲ့သည်။

“ကျွန်တော်တို့ KNU ကလည်း ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ချင်တာကြာလှပြီ။ အခွင့်အရေးမပေါ်လို့။ ကျွန်တော်တို့ ဒီလိုမြို့ပေါ်တက်ပြီး စကားပြောရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးမှ မဟုတ်တာ။ ဒါ...ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေပဲလေ”ဟု ဖောက်ခွဲမှုများသည် ၎င်းတို့လက်ချက်မဟုတ်ကြောင်း KNU က အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ KNU ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်ကဖြေကြားခဲ့သည်။

ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ပါက ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းအပါအ၀င် တိုင်းပြည်စီးပွားရေးလုပ်ငန်းများ အကြီးအကျယ်ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းကဆိုသည်။ သို့သော်လည်း အဆိုးထဲကအကောင်းအဖြစ် ပြဿနာကိုဖြေရှင်းရာတွင် အစိုးရနှင့် KNU အကြား ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

သူစိုးရိမ်သလိုပင် ဗုံးပေါက်ကွဲမှုများက နိုင်ငံ၏ခရီးသွားများ အဓိကသွားလာရာနေရာအချို့ကို ဦးတည်နေသည်။

နှစ်ပေါင်းလေးဆယ်ကျော်အကြာတွင် ဒေသတွင်း အကောင်းဆုံး အားကစားသမားများ ပြန်လည်စုဝေးမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပမည့် မြို့ကြီးများတွင် ဖြစ်ပွားသည့် အဆိုပါပေါက်ကွဲမှုများကြောင့် ပြိုင်ပွဲအတွက်စိုးရိမ်ကြောင်း နိုင်ငံအချို့ကဆိုလာသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် အဓိကနေရာဖြစ်သည့် မြို့တော်သစ် နေပြည်တော်မှ မိုင် ၇၀ ခန့်သာကွာသည့် တောင်ငူတွင် အောက်တိုဘာ ၁၁ ရက်က စတင်သည့် ပေါက်ကွဲမှုပြီးနောက်ပိုင်းတွင် ဆက်တိုက်ဆိုသလို ပြိုင်ပွဲကျင်းပမည့် အခြားမြို့များဆီသို့လည်း ကူးစက်သွားသည်။

တောင်ငူပေါက်ကွဲမှုအပြီး နောက်နှစ်ရက်အကြာတွင် နိုင်ငံ၏ အဓိကလေကြောင်းဝင်ထွက်ပေါက်ဖြစ်သည့် ရန်ကုန်လေဆိပ်နှင့် ငါးမိနစ်ခန့် ခရီးအကွာအဝေးတွင်ရှိသည့် စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင်လည်း ဗုံးပေါက်ခဲ့ပြန်သည်။

နောက်တစ်ရက်အကြာ အောက်တိုဘာ ၁၄ ရက်တွင်လည်း ဆီးဂိမ်းကျင်းပမည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့တွင်လည်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြန်သည်။ ယင်းနေ့တွင်ပင် ရန်ကုန်ရှိ
အကောင်းဆုံးဟိုတယ်နှင့် စားသောက်ဆိုင်စာရင်းဝင် ကုန်သည်ကြီးများဟိုတယ်၊ WesternPark Ruby 2 စသည့်နေရာများကို ဦးတည်၍ တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်ရပ်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုင်းပြည်တွင်းမလာရောက်စေရန် ရည်ရွယ်သည်ဟု အစိုးရဘက်ကဆိုသည်။ KNU ဘက်ကတော့ ရည်ရွယ်ချက်က ယခုထက်ပိုသည်ဟုဆိုသည်။ အစိုးရနှင့် KNU ကြား ငြိမ်းချမ်းရေးပျက်ပြားရန်နှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွားအောင် ရည်ရွယ်ကြောင်း ဖဒိုမန်းငြိမ်းမောင်ကဆိုသည်။

အဆိုပါဖြစ်ရပ်များ၏ နောက်ကွယ်မှ လက်သည်တရားခံမှာ မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ မဖော်ထုတ်နိုင်သေး။

သို့သော်လည်း ယခုတစ်ခေါက် ဗုံးကွဲပြီးနောက်တွင် အစိုးရက အတိုက်အခံများအိမ်ရှေ့ လူလွှတ်၍လည်း စောင့်မနေတော့။ သတင်းထုတ်ပြန်သည့်အပိုင်းတွင်လည်း ထိန်းထိန်းသိမ်းသိမ်း
လုပ်ဆောင်ရန် သတင်းဌာနများကိုပါ ပြန်လည်တောင်းဆိုလာခဲ့သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုလည်း လုပ်နိုင်ခဲ့သည်။

“ဒီအချိန်မှာ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ရင် တိုင်းပြည်ကမလွယ်တော့ဘူး။ အပစ်အခတ်ရပ်စဲရေးအတွက် အလားအလာတွေရှိတယ်။ ဒီလိုအချိန်မှာတောင် ဒါမျိုးတွေဖြစ်တယ်။ ဒါတောင် နိုင်ငံရေးဆွေးနွေးပွဲတွေ မလာသေးဘူး။ နောင်ဖြစ်လာမယ့် ပြဿနာတွေအတွက်လည်း ဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ စံနမူနာကောင်းလို့ထင်တယ်”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်ကပြောသည်။ ။


ရေးသားသူ- ခိုင်ထွန်း၊ မင်းဟိန်းကျော်
7Day News Journal