ဘူတာရုံ သရဲ


လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ၊ ကျနော့အသက် ဆယ့်လေး ၊ ဆယ့်ငါးလောက်မှာ ကျနော်က မီးရထား ဘူတာရုံနဲ့ ဓါတ်တိုင်ဆယ်တိုင်စာလောက်ဝေးတဲ့ နေရာမှာ နေပါတယ်။ ဘူတာရုံရဲ့ အနီးအနားမှာ နေတာဆိုတော့ ဘူတာရုံနဲ့ ပါတ်သက်တဲ့ သတင်းစကားတွေကလည်း မကြားချင်ပဲ ကြားနေခဲ့ရတယ်။ စင်္ကြန် ပလက်ဖောင်းနဲ့ တွဲကြားမှာ ကျလို့ တော်ကြာသေပြန်ပြီ။ ရထားအထွက် မရမကလိုက်တက်လို့ ပြုတ်ကျ သေပြန်ပြီ။

ရထားဝင်လာတာ မသိပဲ လမ်းဖြတ်ကူးလို့ တိုက်မိပြီး သေပြန်ပြီ။ အရက်မူးပြီး ရထားလမ်းပေါ် အိပ်နေလို့ ရထားကြိတ် သေပြန်ပြီ။ ဒီလို ခဏခဏ သေကြပြီးတဲ့နောက် ဘူတာရုံမှာ သရဲခြောက်တယ် ဆိုတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်လာတယ်။

ကျနော်တို့ ပတ်ဝန်းကျင်မှာ ည ကိုးနာရီကျော်ရင် အိမ်အပြင် မထွက်ရဲကြသလောက် ဖြစ်လာတယ်။ ဘူတာရုံသွား လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာကလည်း နှစ်ချို့ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး မိုးကိုမျှော်ကြည့်၍ မမြင်ရလောက်အောင်ပင် ညအခါဆို မှောင်မိုက်ကာ လူသူကင်းရှင်းနေတတ်တယ်။

အခု .. ဒီလမ်းမကြီးပေါ်မှာ ကျနော်တစ်ယောက်တည်း လမ်းလျှောက်နေတယ်။ အချိန်က ဆယ့်တစ်နာရီ မတ်တင်း။ ဒီလမ်းပေါ်ကို ကျနော် လျှောက်ချင်လို့ လျှောက်နေတာမဟုတ်ပဲနဲ့ မလျှောက်မဖြစ်လို့ လျှောက်နေရတယ်။ နောက်ပြီး ကျနော်ဦးတည်သွားနေတာက သရဲခြောက်ပါတယ်ဆိုတဲ့ ဘူတာရုံဆီကို။

အဲဒီကို ကျနော်သွားနေတာဆိုတော့ ကျနော်က မကြာက်တတ်လို့လား။ မဟုတ်ပါဘူး ကျနော့အသက် ဆယ့်လေးနှစ်လောက်ပဲ ရှိသေးတာ ကြောက်တတ်တာပေါ့။ ကြောက်လို့လည်း တစ်လမ်းလုံး သိသမျှ မှတ်သမျှ ဘုရားစာတွေ ဂုဏ်တော်တွေ ရွတ်ဖတ်နေရတာ ပါးစပ်မှာတောင် အမြှုပ်တွေ ထလို့။ မျက်လုံးကလည်း ကျီကန်းတောင်မှောက် ဘေးကြည့်လိုက် ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်ပေါ့။ ဗြုန်းဆို အနားကို ဘာကောင်ကြီးရောက်လာမလဲဆိုပြီး တွေးတွေးပြီးလည်း ကြောက်နေမိတယ်။ ကြားဖူးနားဝ ရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ယုံတမ်းစကားတွေထဲကလို ခွေးသေးသေးလေး ပေါ်လာပြီး တစ်ဖြည်းဖြည်း ဆင်လောက် အကောင်အကြီးကြီး ဖြစ်လာလေမလား။ ညီလေး မီးတစ်တို့လောက်ဆိုပြီး လာပြောတဲ့သူက လျှာကြီး တစ်တောင်လောက် ထုတ်ပြလေမလား။ အစ်ကိုကြီး အစ်မကြီးတို့ရယ် ထမင်းဖိုးလေးသနားပါဆိုတဲ့ သူတောင်းစာကြီးက နားရွက်တစ်ဖက် ခင်းထိုင်ပြီး နားရွက်တစ်ဖက် ခြုံထားလေမလား။ သစ်ကိုင်းပေါ်မှာ တွဲခိုပြီး အနားရောက်မှ ဘွားခနဲ ကိုယ်ထင်ပြမယ့် ညောင်ပင်တစ္ဆေနဲ့များ တွေ့လေမလား။

ကျနော် လမ်းသာလျှောက်နေရတယ် နောက်ကျောက မလုံဘူး။ ဗြုန်းဆို နောက်က ပုခုံးလာပုတ်လို့ လှည့်ကြည့်လိုက်တဲ့အခါ ထန်းပင်လောက်မြင့်တဲ့ သရဲကြီးများ တွေ့လေမလားဆိုပြီး ခြေလှမ်းကို အမြန်နှုန်းတင်ပြီး သုတ်ခြေတင် လျှောက်နေရတယ်။ တကယ်ဆို ဒီဘူတာကို လုံးဝ မလာချင်ပါဘူး။ အဖေက သူ့ညီမ (ကျနော့ဒေါ်လေး) နယ်ကနေ ဒီည ဆယ့်တစ်နာရီခေါက်နဲ့ ပါလာမယ်။ သူက မျက်စေ့သိပ်ကောင်းဘူး သွားကြိုပါဆိုလို့သာ လာခဲ့ရတယ်။ တစ်ကိုယ်လုံး ကြောက်စိတ်တွေကြောင့် ချွတ်ခနဲ အသံကြားတာနဲ့ ကြက်သီးတွေ တစ်ဖြန်းဖြန်း ထထနေတယ်။

ကတ္တရာလမ်းဆုံးလို့ ဘူတာရုံသွားရာ မြေနီလမ်းလေးကို ချိုးဝင်လိုက်တယ်ဆိုရင်ပဲ ဘူတာရုံနဲ့နီးလာပြီဆိုတဲ့အသိနဲ့ စောစောကကြောက်စိတ်တွေ ပိုပြီးကြီးထွားလာတယ်။ ရှေ့နားဆီမှာ ဘူတာရုံကို လှမ်းမြင်နေရပါပြီ။ သို့ပေမယ့် လူသူအရိပ်အယောင်တော့ လုံးဝမတွေ့ရ။ အဖော်တစ်ယောက်ယောက်တော့ ရကောင်းရဲ့ဆိုပြီး ဘူတာရုံထဲဝင်ဝင်ချင်း ရှာဖွေကြည့်သည်။ ဒါပေမယ့် လူရိပ်မြင်ပြီးဟောင်မည့် ခွေးတစ်ကောင်ပင်မတွေ့ပေ။ ဘူတာရုံစောင့် ကုလားအဖိုးကြီးကရော ဘယ်ရောက်နေလဲ။ လုံးလုံးမတွေ့ရပါ။ ဆယ်မိနစ်ကျော်ကျော် ဘူတာရုံစင်္ကြံမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိတယ်။ တကယ်ဆို ဘူတာရုံမှာ ရထားစီးခရီသည် မရှိတောင်မှ ဈေးသည် တစ်ဦးတစ်လေတော့ ရှိကောင်းတယ်။ အခုဟာက လုံးလုံးခြောက်ကပ်တိတ်ဆိတ်ပြီး စိတ်ချောက်ခြားဖွယ်ရာအတိ။ ဘာပဲဖြစ်ဖြစ် လက်မှတ်ရောင်းကောင်တာမှာ တစ်ယောက်ယောက်တော့ ရှိကောင်းရဲ့ဆိုပြီး လှည့်ကြည့်လိုက်တော့ …

အောင်မလေးဗျ .. နာ .. နာ .. နာ ..

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခေါင်းမှဆံပင်အားလုံး ထောင်ထတက်သွားရတယ်။ လက်မှတ်အရောင်း ကောင်တာပေါက်မှာ ထင်းထင်းကြီးပြူးထွက်နေတဲ့ မျက်နှာကြီးတစ်ခု။ ဆံပင် မျက်ခုံးမွှေး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး သွားတံများဆွတ်ဆွတ်ဖြူလို့။

ကန်ကလေး မင်း .. ဘာလာလုပ်တာလဲ

အသံကြားမှ ဘူတာရုံစောင့် နာနာကြီးမှန်း သိလိုက်ရ၍ စိတ်သက်သာရသွားရတယ်။

ဟာ .. နာနာကြီးကလည်းဗျာ အသံလေးဘာလေး ပေးမှပေါ့

ဟ ကောင်လေးရ မင်းကို ငါဒီနေရာကနေ ကြည့်နေတာကြာပြီ မင်းတစ်ယောက်ထဲ ဘာလာလုပ်တာလဲ

ရထားလာစောင့်တာ နာနာကြီးရ

ဒီနေ့ ရထားမလာဘူး

ဗျာ

အေးဟုတ်တယ် ပဲခူးမှာ ရေကြီးနေလို့ ခရီးစဉ်ဖျက်ထားတယ်

ဟာဗျာ ဒုက္ခပါပဲ

ဘာဒုက္ခလဲကွ

အိမ်ကို တစ်ယောက်ထဲ ပြန်ရမှာမို့လို့ပါ

အေး ပြန်မယ်ဆိုရင်လည်း သတိဝရိယနဲ့သွားကွာ

ဘာ .. ဘာဖြစ်လို့လဲ နာနာကြီး

ဘာမှ မဟုတ်ပါဘူးကွာ ညကမှောင် လကမသာတော့ ဆူးညှောင့်ကန်သင်းတွေ သတိထားဖို့ပြောတာပါ

ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေပြန်ပြီ။ ညကမှောင်။ လကမသာ။ အချိန်က ညဉ့်နက်သန်းကောင်နီးပါး။ လမ်းပေါ်မှာက ကျွန်တော် တစ်ယောက်တည်း။ အပြန်ခရီရဲ့ ခြေလှမ်းတွေက …

ဘူတာရုံနဲ့ ကိုက်နှစ်ဆယ်အကွာလောက်ရောက်တော့ အသံတစ်ခုကို ကျနော်သတ်ထားမိလိုက်တယ်။

ဖလပ် .. ဖလပ် .. ဖလပ် .. ဖလပ်

ရင်တွေ တစ်ဒုန်းဒုန်းခုန်ပြီး လိပ်ပြာလွင့်မတတ်ဖြစ်မိတယ်။

ဒီအသံ ဘယ်ကလာတာလဲ။ ဘယ်သူလဲ။ ဘာကောင်လဲ။ လူလား ခွေးလား ကြောင်လား လေတိုက်တာလား သစ်ပင်လှုပ်တာလား ဒါ ဒါမှမဟုတ် နာနာဘာဝလား။ ဟံမလေး လေး။ ကြောက်ကြောက်နဲ့ လျှောက်ရာက ရပ်။ နောက်ပြန် ဆတ်ခနဲလှည့်ကြည့်လိုက်တော့ ….

ဟာ …

ဘာဆိုဘာမှမတွေ့။ ထူးဆန်းသည်က စောစောက ကြားရတဲ့အသံ ရုတ်ချည်းရပ်တန့်သွားတာပဲ။ ကျနော်ပြန်လျှောက်တယ်။ ကျနော် စ လျှောက်ချိန်မှာပဲ အခုနအသံ ပြန်ကြားရတယ်။

ဖလပ် .. ဖလပ် .. ဖလပ်

ကျနော် ခြေလှမ်းအရှိန်ကို ထပ်မြှင့်လိုက်တော့ အသံကလည်း ပိုမြန်လာတယ်။ ဟာ … ဟုတ်တော့ ဟုတ်နေပြီ။ ဒါ သရဲ။ ဘူတာရုံသရဲ။ ကျနော့ကိုခြောက်ဖို့ နောက်ကလိုက်နေတာ။ ဘာလုပ်ရမလဲ။ လုပ်တတ်တာတစ်ခုတော့ရှိတယ်။ အဲဒီတစ်ခုပဲ လုပ်မယ်။ ဟုတ်ပြီ။ လုပ်ပြီကွာ …

သြကာသ သြကာသ သြကာသ အဲ ဟုတ်ပါဘူး သံ သံ သံဗုဒ္ဓေ အဌ ဌ ဌ ဝီသဉ္စ ဒွါရ ရ ရ သဉ္စ သ ဟ ဠကြီး အ။ အာ .. ငါ့နှယ်နော် ဘာတွေဖြစ်နေတာလဲ အရေးအကြောင်းဆိုမှ အယောင်ယောင်အမှားမှားတွေ ဖြစ်နေပြန်ပြီ ။

ခြေလှမ်းတွေ သုတ်ခြေတင်ပြီးလျှောက်လိုက်တော့ မြေနီလမ်းလေးဆုံးလို့ ကတ္တရာလမ်းမပေါ်ရောက်လာတယ်။ ဒီအထိ ကိုယ်တော်ချောက လိုက်လာဆဲ။ ကတ္တရာလမ်းမပေါ်ရောက်တော့ စောစောက ဖလပ်ဖလပ်အသံက ရှပ် ရှပ် မြည်လာတယ်။

ရှပ် .. ရှပ် .. ရှပ် .. ရှပ်

ကျနော်မရတော့ဘူး။ ရှူရှူးတွေထွက်လို့ အီအီးတွေပါ ပါချင်လာပြီ။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဟဲ့ဆိုပြီး တစ်ချိုးတည်းပြေးလိုက်တာ အိမ်ရှေ့ကို ဘယ်လိုရောက်လို့ ရောက်လာမှန်းမသိတော့ဘူး။ မောရမှန်းမသိ ပမ်းရမှန်းမသိ။ နောက်လည်းလှည့်မကြည့်မိတော့။ အိမ်ခြံစည်းရိုးဝအရောက်မှာ ဖိနပ်တောင်မစီးနိုင်တော့ပဲ ခြံဝမှာတင် ဖိနပ်ကိုချွတ်ထားခဲ့ပြီး အိမ်ထဲပြေးဝင်ခဲ့တယ်။

မောကြီးပမ်းကြီးနဲ့ အိမ်ထဲပြေးဝင်လာတဲ့ ကျနော့ကို ဘာဖြစ်လာတာလဲ ဝိုင်းမေးကြတယ်။ ဒါပေမယ့် ကျနော် စကားမေးတောင်မရပဲ သတိလစ်သွားတော့တယ်။ ဘယ်လောက်အချိန်ကြာသွားလဲ မသိဘူး။ ကျနော်သတိပြန်လည်လာတော့ မနက်ရှစ်နာရီခွဲနေပြီ။ ညကဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို အိမ်သားတွေအားလုံးကို ပြန်ပြောပြတော့ ကျနော့အဖေကို တစ်ယောက်တည်းလွှတ်ရပါ့မလားဆိုပြီး ဝိုင်းအပြစ်တင်ကြပါလေရော။ ကျနော့အဖေလည်း မျက်လုံး ပုတ်ခပ်ပုတ်ခပ်နဲ့ ဖြစ်နေရှာတယ်။ အမေကတော့ ငါ့သားလေး ကံကောင်းလို့ဆိုပြီး ပြောနေရှာတယ်။

တကယ်ပါဗျာ။ ကျနော် ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မကြုံးဖူးခဲ့ဘူး။ သရဲဆိုတာတော့ ကြားဖူးတယ်။ လက်တွေ့ အခြောက်ခံရတာတော့ ဒါ ပထမဆုံး အကြိမ်ပဲ။ ဒီအကြောင်းကို ကျောင်းရောက်ရင် သူငယ်ချင်းတွေကို ပြန်ပြောပြရမယ်လို့ တေးထားလိုက်တယ်။

ကျနော် လှဲနေရာက ထပြီး ရေမိုးချိုး ထမင်းစား အဝတ်အစားလဲပြီး ကျောင်းသွားဖို့ အိမ်ရှေ့ထွက်လာတော့ ဖိနပ်ကရှာမတွေ့ဘူး။ နောက်မှ သတိရတယ်။ ညက ကြောက်ကြောက်နဲ့ ခြံဝမှာ ချွတ်ထားခဲ့တာပဲ။ သွားကြည့်တော့ …

ဟင် … ညကသရဲ

ဟုတ်တယ် ညကခြောက်တဲ့သရဲက အခုထိရှိနေတုန်း။ ဒင်းက ကျနော့ဖိနပ်မှာ။ မနက်အလင်းကြီးဆိုတော့ ကြောက်စိတ်တွေလည်း မရှိတော့ဘူး။ ဘာရမလဲ သရဲကို ဂုတ်ကကိုင် ခါးလိမ်ချိုးပြီး ခြံထောင့်က အမှိုက်ပုံထဲ ပစ်ထည့်လိုက်တယ်။ ကိုယ့်ကိုယ်လည်း ငါကွလို့ ဟစ်လိုက်သေးတယ်။ သရဲကို ဂုတ်ကကိုင်ပြီး ခါးလိမ်ချိုးတာ ကျနော်တစ်ယောက်ပဲ ရှိတာမဟုတ်လား။ အခုအချိန်မှာ ကျနော် သရဲမကြောက်တော့ဘူး။ မကြောက်ဆို ကျနော် ဂုတ်ကိုင်ပြီး ခါးလိုက်ချိုးလိုက်တာ ညက ဘူတာရုံလမ်းမှာ နောက်က တကောက်ကောက်လိုက်ပြီး ဖလပ် ဖလပ် ရှပ် ရှပ်နဲ့ ခြောက်တဲ့ ကောက်ညှင်းထုပ်ဖက်ကြီး ဖြစ်နေတာကိုး။ ဟား ဟား ဟား ဟား …

ညက ကြုံခဲ့ရတဲ့ ဘူတာရုံသရဲအကြောင်း ကျောင်းရောက်ရင် ဘယ်သူမှ ပြောမပြတော့ဘူး။

နောင်လည်း ဘယ်သူ့ကိုမှ ပြောမပြတော့ဘူး ဟီး ဟီး …..

Written by မှတ်စုရေးသူ @ mynotesite.bs.com

နားအူခြင်း - နားလေးခြင်း


အဖြစ်များတဲ့နားလေးရောဂါတွေ

‘နားလေးတဲ့ ရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ နားလေးသွားရင် တစ်ဦးနဲ့ တစ်ဦးဆက်သွယ် ပြောဆိုတဲ့နေရာမှာ အဆင်မပြေတာ၊ လုပ်ငန်းခွင်မှာ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ နားအရမ်းလေးရင် အော်ပြောရင် တောင်မကြားရတော့ဘူး။ မိုးခြိမ်းသံ၊ ကားဟွန်းသံ၊ တူထုသံ လိုမျိုးကို တအားကျယ်ရင် တစ်ချက်တစ်ချက်ကြား ရတယ်။ ကိုယ့်ကိုယ် အန္တရာယ်ပြုနိုင်တဲ့အသံ ဘယ်မှာ ရှိသလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ မသိရင် ယာဉ်အန္တရာယ်ကြုံတတ်ပါတယ် ” ဟု နား၊ နှာခေါင်း၊ လည် ချောင်း အထူးကု ဆရာဝန် ဒေါက်တာဝင်းထိုက်ကြည် က ဆိုသည်။ နားလေးခြင်း အမျိုးမျိုးရှိသည်။ နားတစ် ဖက်တည်း လေးခြင်း ၊ နားနှစ်ဖက်လေးခြင်း၊ နား အတော်အသင့်လေးခြင်း၊ နားအရမ်းလေးခြင်း တို့ ဖြစ်သည်။

ကလေးတွေဘာလို့ နားလေးတာလဲ
နားလေးရောဂါဖြစ်ပွားရသည့် အကြောင်း အရင်းအမျိုးမျိုးရှိသည်။ မျိုးရိုးကြောင့် မွေးရာပါနား လေးခြင်း၊ မျိုးရိုးကြောင့် မဟုတ်ဘဲ Gene မျိုးဗီဇ ပြောင်းလဲခြင်းကြောင့် နားလေးခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မိခင်ဖျားသဖြင့် နားလေးခြင်း၊ မွေး ဖွားရခက်ခဲပြီး ရေမွန်း ရာမှ နားလေးခြင်း၊ မွေးပြီး အသားဝါရောဂါဖြစ်ကာ နားလေးခြင်း၊ ရောဂါပြင်း ပြင်းထန်ထန်ဖြစ်ပြီး ဆေးရုံတက်ကုရသော ကလေးများ တွင် နားလေးနိုင်ကြောင်း သိရသည်။ စာသင်အရွယ်မှာ နားလေးလာ
မျိုးရိုးဗီဇကြောင့်နားလေးခြင်းသည် မွေးခါစ အချိန်တွင် မပေါ်ပါက စာသင်ချိန် အရွယ်ရောက်လျှင် မသိမသာ နားလေးလာကြောင်း၊ ကလေးတော်တော်ကြီးမှ သိသာလာကြောင်း၊ စာသင် အရွယ်နား လေးခြင်းသည် ကလေးအသက် ဆယ်နှစ်မတိုင်မီ တွင်ဖြစ်ပွားတတ် ကြောင်း သိရသည်။”စာသင်အရွယ်မှာ နားလေးရင် ကလေးက စာဖတ်ရဲ့သားနဲ့ အဆင့်ကျတတ်တယ်။ ဆရာမက ကလေးကို စာမလိုက်နိုင်လေ၊ စာဖိသင်လေ အဆင့်ကျလေပဲ။ ကလေးက တလွဲကြားနေတယ်။ မရေးရလို့ ပြောတာကို ရေးရလို့ကြားတယ်။ အင်္ဂလိပ်စာအသံ ထွက်ဆို ပိုအရေးကြီး တယ်။ ကလေးက တလွဲတွေပဲ အသံထွက်တယ်။ အဲဒီအခါမှ စသိကြတာများတယ်။ ဒါကြောင့် ကလေးစာ မလိုက်နိုင်ရင်၊ တော်ရာကနေ ညံ့သွားရင် နားမကောင်း လို့ဖြစ်တာလား စစ်သင့်တယ် ”ဟု နား၊နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည် က ဆိုသည်။ ထို့ပြင် စကားနည်းသော ကလေးများ ကိုလည်း အေးအေးဆေးဆေး နေတတ်ခြင်း ကြောင့် စကားနည်းခြင်းလား၊ ဉာဏ်ရည်နိမ့်ခြင်း ကြောင့် စကားနည်းခြင်းလား၊ တဖြည်းဖြည်း နားလေးလာသည့် အတွက် စကားနည်းခြင်းလားဆို သည်ကို စစ်ဆေးသင့်ကြောင်း သိရသည်။ စာသင်အရွယ် ကလေးများသည် နားပြည် ယိုရောဂါ ၊ နားစည်ပေါက်ခြင်း တို့ကြောင့် နားအတွင်းရှိ အရိုးသေးလေးများ ပျက်စီးသွားခြင်း၊ နားအာရုံကြော များ အားနည်းသွားခြင်း တို့ကြောင့် နားလေးနိုင်ကြောင်း သိရသည်။

အလုပ်လုပ်သည့်အရွယ်မှာ နားလေးတာ
အလုပ်လုပ်သည့်အရွယ်တွင် ထိခိုက် ဒဏ်ရာရခြင်း၊ နားပြည်ယိုခြင်း၊ အာရုံကြော အား နည်းခြင်းတို့ကြောင့် နားလေးခြင်း ဖြစ်ပွား နိုင်ကြောင်း သိရသည်။ ယခုနောက်ပိုင်းတွင် mp3 mp၄ များကို အကျယ်ကြီးနားထောင်သဖြင့် နားလေးခြင်း၊ လုပ်ငန်း ခွင်တွင် အသံဆူညံ ခြင်းကြောင့် နားလေးလာကြောင်း သိရသည်။

သက်ကြီးပိုင်းမှာ နားလေးတာ
အသက်အရွယ်ကြီး လာသောအခါ နား အာရုံကြောများ အားနည်းလာသည်။ အသက်အရွယ် ကြီးသူများကို နားလေးခြင်းမဖြစ်စေရန် ကြိုတင်ကာ ကွယ်နိုင်သော်လည်း နားလုံးဝမလေးအောင်ပြုလုပ် ၍ မရနိုင်ပေ။ နားလေးခြင်းအဆင့်ကို လျော့နည်း အောင်သာပြလုပ်နိုင် ကြောင်း သိရသည်။ သောက်ဆေး၊ ထိုးဆေးများကြောင့် နားလေးနိုင် အကိုက်အခဲပျောက်ဆေး၊ ငှက်ဖျားဆေး၊ တီဘီဆေးနှင့် ကင်ဆာရောဂါကုသသောဆေး၊ ပိုးသတ်သော ထိုးဆေးအချို့တို့ကြောင့် နားလေးရောဂါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ နားလေးရောဂါသည် အက်စ်ပရင်အုပ်စု အကိုက်အခဲ ပျောက်ဆေး၊ quinine အုပ်စုငှက်ဖျား ဆေး၊ ပိုးသတ်သည့် genta mycin ထိုးဆေး၊ ကင်ဆာ ရောဂါထိုးဆေး၊ သောက်ဆေး အချို့တို့ကြောင့် ဖြစ် ပွားနိုင်သည်။



နယူးဟောင်ကောင် New Hong Kong


ပင်လောင်းတွင် လေပြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့် ပျက်စီး



ဓာတ်ပုံ – Sai Lovest’s


အထက်ပေါင်းလောင်းဆည်စီမံကိန်းကြောင့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းဒေသကို နေအိမ်ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လေပြင်းဒဏ်ခံရမှုကြောင့် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။

ပင်လောင်းမြို့နယ်ထဲမှာ ဧပြီ ၂၇ ရက်နေ့က တကြိမ်၊ ဧပြီ ၂၉ ရက်နေ့က တကြိမ် စုစုပေါင်း ၂ ကြိမ် လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လိန်းလီရွာသစ်က အိမ်ခြေစုစုပေါင်း ၁၀၀ နီးပါး ပျက်စီးခဲ့ရတာပါ။

အဲဒီရွာဟာ ပေါင်းလောင်းဆည်တည်ဆောက်ရေး စီမံကိန်းကြောင့် လွန်ခဲ့တဲ့ ၆ လ လောက်ကမှ ရွှေ့ပြောင်းလာတဲ့ ရွာသစ်ဖြစ်ပြီး အိမ်ခြေအများစုဟာ သွပ်မိုးထရံကာ၊ သက်ကယ်မိုးထရံကာတွေ ဖြစ်တယ်လို့ ပင်လောင်းက ကြည်ဖြူချမ်းမြေ့ လူမှုကူညီရေးအသင်းနာယက ဦးစိန်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ပြောင်းရွှေ့လာတဲ့ ရွာသစ်ပေါ့နော်။ အရင်ရွာက လိန်းလီတံတားအောက်မှာရှိတာ။ လေးငါးခြောက်လလောက်ကမှ ပြောင်းလာတာလေ၊ သူတို့တာတမံပိတ်လိုက်တော့ ရေတွေတက်လာတော့မှာ၊ ရေတက်မှာဆိုတော့ ပြောင်းရွှေ့ကြတာပေါ့။”

လေပြင်းတိုက်မှုကြောင့် ၂၇ ရက်နေ့မှာ နေအိမ် ၆၅ လုံး ၊ ၂၉ ရက်နေ့မှာ နောက်ထပ် ၂၃ လုံး ပျက်စီးသွားကြောင်း ၊ ခိုင်ခန့်တဲ့အိမ်က ခေါင်မိုးတွေ လန်ထွက်ကုန်ပြီး တဲအိမ် အလုံးပေါင်း ၂၀ အနီးနားက လျှိုထဲ လွင့်သွားတယ်လို့ ဆိုပါတယ်။

လျှိုထဲ လွှင့်သွားတဲ့အိမ်တွေကို လေ့ကျင့်ရေးတပ်က ရဲဘော်တွေ လိုက်လံဆယ်ယူပေးနေပြီး အိမ်ပြုပြင်လို့ မပြီးသေးတဲ့အတွက် ရွာသား ၆၀ လောက် နီးစပ်ရာ ဆွေမျိုးအသိအိမ်တွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

လိန်းလီရွာမှာ စုစုပေါင်း အိမ်ခြေ ၂၀၀ လောက်ရှိပြီး ရွာသားအများစုက တောင်ယာလုပ်ငန်း၊ လက်လုပ်လက်စားတွေဖြစ်တဲ့အတွက် လေဘေးသင့်ပြည်သူတွေ အကူအညီများစွာ လိုအပ်နေကြောင်း၊ သူတို့အဖွဲ့ကလည်း ရပ်ကွက်ထဲမှာ အကူငွေနဲ့ ပစ္စည်းတွေ လိုက်လံကောက်ခံနေပြီး မနက်ဖန်မှာ အိမ်တိုင်ရာရောက်သွားကူညီမယ်လို့ ဦးစိန်ထွန်းက ဒီဗွီဘီကို ပြောသွားပါတယ်။


DVB Burmese 

အပူချိန်မြင့်တက်မှုကြောင့် ချောက်မြို့တွင် ၄ ရက်အတွင်း လူ ၁၀ ဦး သေဆုံး


မြန်မာပြည်အလယ်ပိုင်းက ချောက်မြို့မှာ အပူချိန်မြင့်တက်တဲ့အတွက် ၄ ရက်အတွင်းမှာ လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံဦးစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“အပြင်ချိန်မြင့်တော့ နဂိုမကျန်းမာတဲ့သူတွေ၊ အရက်သောက်တဲ့သူတွေ အဲဒါတွေ သေကြပါတယ်။ အသက် ၄၀ ကျော်တွေနဲ့ ကျန်တာတွေတော့ ၆၀ ကျော်တွေပါ။”

ချောက်မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာ ဦးမောင်မောင်ကျော်ကတော့ အပူချိန်ကြောင့် ဖြစ်တတ်တာတွေနဲ့ သူကြုံတွေ့တာကို အခုလို ပြောပါတယ်။

“အပူရှပ်တာတော့ ရောက်မလာဘူး။ အပူကြောင့်ဖြစ်တာ ၃ မျိုးတွေရှိတယ်။ အပူကြောင့် ဗိုက်နာတာ၊ ကြွက်သားတွေနာတာ အဲဒါလည်း သိပ်မတွေ့ဘူး။ အပူကြောင့် နှုံးတာ နည်းနည်းပါးပါးတွေ့တယ်။ နောက် အပူကြောင့် အဖျားကြီးပြီး သတိလစ်တဲ့ လူနာတော့ မတွေ့သေးဘူး။ အများကြီး မတွေ့သေးဘူး။”

ချောက်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစန်းလွင်ကတော့ ဒီတပတ်အတွင်းမှာ အပူချိန်ကြောင့် အဖျားကြီးပြီး သတိလစ်တဲ့ လူနာ ၃ ဦး ရောက်လာတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ချောက်မြို့ ဆေးရုံမှာ အပူချိန်ကြောင့် လူနာတွေ ထားလို့မဆန့်အောင်အထိ ဖြစ်ခဲ့ပြီး အသေအပျောက်လည်း များခဲ့တယ်လို့ သိရပါတယ်။

မိုးလေ၀သပညာရှင်တွေကတော့ မြန်မာနိုင်ငံတ၀န်းမှာ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှု အဆင့်ကို ရောက်ရှိနေတာကြောင့် နေပူထဲကို မသွားကြဖို့၊ သွားရင်လည်း နေရောင်ခြည် မထိအောင် လုံလုံခြုံခြုံဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။

DVB Burmese 

ရထားသံလမ်းတွင်လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ သဖြင့် သေဆုံး


ရန်ကုန်၊ မေ ၁

၁.၅.၂၀၁၄ရက်နေ့ ၁၂၀၅အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ ကျေးရွာအုပ်စု၊ ခြောက်တိုင်ကွေ့ကျေးရွာအနီး ရန်ကုန်-ပြည်ရထားလမ်းမိုင်တိုင်အမှတ် (၄၂/၄၃)နှင့် (၄၂/၄၄)ကြား ရထားလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍သေဆုံးနေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့်ရှိ အမည်မသိအမျိုးသမီး တစ်ဦးဖြစ်ပြီး ရင်ခေါင်းပြတ်၊ ၀ဲလက်မောင်းပြတ်၊ ယာဒူးပြတ်၊ နဖူးထိပ်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၁၅၀ အချိန်ခန့်တွင် သေဆုံးသူအမျိုးသမီးမှာ ရထားသံလမ်းအတိုင်း ရထားလာသည့်ဘက်အား ကျောပေး၍
လမ်းလျှောက်နေစဉ် ရန်ကုန်ဘက်မှပြည်ဘက်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1217 အမှတ်-၆၃ အဆန် စာပို့ရထားမှ တိုက်မိခဲ့
သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တိုက်ကြီးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

မျောက်ထောင်ချောက်


အာဖရိကက လူတွေအသုံးပြုတဲ့နည်းလမ်းလေးပါ။တွတ်ပီကာတွန်းထဲမှာလဲ ပါဖူးပါတယ်။ဒါပေမယ့် သိပ်တော့မတူပါဘူး။
အရင်ဆုံး အုန်းသီးတစ်လုံးကို မျောက်လက်ဝင်နိုင်အောင် အပေါက်ဖောက်ရပါတယ်။ပြီးရင်တော့ အထဲကို အပေါက်လောက်အရွယ်အစားရှိတဲ့ လင်းလက်တောက်ပြောင်တဲ့ ကျောက်ခဲတစ်မျိုး(အာဖရိကတွင်တွေ့ရသည့် ကျောက်အရိုင်းတုံး)ကို ထည့်ထားရပါတယ်။ပြီးရင်တော့ သစ်ပင်မှာ အဲဒီအုန်းသီးကို တွဲလောင်းချိတ်ခဲ့ရပါတယ်။
မျောက်တွေက အလွန်စူးစမ်းတတ်ပါတယ်။သူတို့က အုန်းသီးကိုတွေ့တော့ အထဲက အပေါက်ထဲကို ချောင်းကြည့်ကြပါတယ်။အထဲမှာ လင်းလက်တဲ့ ကျောက်ခဲလေးကိုတွေ့တော့ လှမ်းပြီးဆွဲယူတော့တာပါပဲ။
အထဲကကျောက်ခဲကို ကိုင်ထားပြိးတော့ ဆွဲထုတ်တဲ့အခါမှာ လက်ကကြပ်နေပြီးတော့ ဆွဲထုတ်မရဖြစ်နေပါတယ်။အဲဒီတော့ မျောက်ကအော်ဟစ်ပါတယ်။အဲဒီအချိန်မှာ မုဆိုးတွေရောက်လာကြပါတယ်။
မျောက်က အမျိုးမျိုး အော်ဟစ်တယ်၊လက်ကိုထုပ်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် သူလွတ်မြောက်ဖို့အတွက် ဒီတန်ဖိုးမရှိတဲ့ကျောက်ခဲကိုလွှတ်ချရမယ်ဆိုတာကို သူမတွေးမိပဲ ကျောက်ခဲကို ဆုပ်ကိုင်ရင်း လက်ကိုဆွဲထုတ်ပါတယ်။ဒါပေမယ့် နောက်ဆုံးတော့ မုဆိုးရဲ့ရိုက်ချက်နဲ့ ထိုမျောက်သေဆုံးရပါတယ်။မျောက်က သေသွားတာတောင် လက်ထဲကကျောက်ခဲကို ဆုပ်ကိုင်ထားပါသေးတယ်တဲ့။
ဒီအဖြစ်အပျက်လေးကို သိစေချင်လို့ပြောပြတာမဟုတ်ပါဘူး။ဒီအဖြစ်အပျက်မှာ သင်ခန်းစာလေးတစ်ခုပါပါတယ်။ဖတ်ရှုရင်းနဲ့ မြင်တတ်ကြပါစေ။

မောင်စိုင်း


ရခိုင်ပြည်နယ်ရှိ ကလေးသူငယ် ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း UNICEF သုံးမည်


ရန်ကုန်၊ ဧပြီ ၃၀

ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှု နှောင့်နှေးနေသော ရခိုင်ပြည်နယ်အတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကလေးသူငယ် အခွင့်အရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း သုံးစွဲမည် ဖြစ်ကြောင်း UNICEF Myanmar မှ ရခိုင်ပြည်နယ် ရုံးဌာနမှူး Ms.Yosi Echeverry Burchkhardt က ပြောကြားသည်။

အဆိုပါ အသုံးစရိတ်များကို ကလေးသူငယ်များ၏ အခြေခံပညာ သင်ကြားရေး၊ ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ကလေးလုပ်သားနှင့် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများမှ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ UNICEF ၏ ရခိုင်ပြည်နယ်လှုပ်ရှားမှု သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုသည်။

ယင်းစီမံကိန်းများကို ရခိုင်ပြည်နယ် အစိုးရနှင့် ပူးပေါင်းကာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ လိုအပ်နေသော ကလေးသူငယ်တိုင်းအတွက် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် မကြာသေးမီက ဖြစ်ပျက်ခဲ့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူများအကြား ပဋိပက္ခများသည် UNICEF ၏ ရှေ့ဆက် လုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုများ ရှိကြောင်း UNICEF Myanmar ၏ ဌာနကိုယ်စားလှယ် Mr.Bertrand Bainvel က ပြောကြားသည်။
“ဒီရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုတွေကြောင့် UNICEF ရှေ့ဆက်လုပ်ငန်းတွေမှာ ခက်ခဲမှုတွေ ရှိနေတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ ကလေးသူငယ်များသည် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးက ကလေးများထက် အာဟာရ လိုအပ်ချက် ပိုမြင့်မားပြီး အိုင်အိုဒင်း ချို့တဲ့မှုနှင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနှုန်းများ မြင့်မားကြောင်း UNICEF Myanmar ၏ သုတေသန စာတမ်းများအရ သိရသည်။

ယင်းအပြင် ပညာရေးနှင့် ပတ်သက်၍လည်း ရခိုင်ပြည်နယ်သည် ကျောက်တက်နှုန်း အနိမ့်ဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး မိန်းကလေးများသည် အခြေခံပညာ သင်ကြားမှုနှုန်း ပိုနိမ့်ကျကြောင်း UNICEF Myanmar မှ Ms.Mona Korsgard က ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ကလေးသူငယ် ၁ ဒသမ နှစ်သန်းနီးပါး ရှိကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly 

ချယ်ဆီးမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်း မော်ရင်ဟို ပြောကြား


ချယ်ဆီးသို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာသည့် ဟိုဆေးမော်ရင်ဟိုက မိမိအနေဖြင့် ချယ်ဆီးတွင် ရာသက်ပန် နေထိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ပေါ်တူဂီလူမျိုး မော်ရင်ဟိုသည် သုံးနှစ်ကြာ နေထိုင်ခဲ့သည့် ရီးယဲမက်ဒရစ်တွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် နွေရာသီက စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ၎င်းသည် ချယ်ဆီးကို ပထမဦးဆုံး အကြိမ် တာဝန်ယူခဲ့သည့် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပရီးမီးယားလိဂ် ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နှင့် လိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့သည်။

မော်ရင်ဟိုသည် ပထမအကြိမ်က နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ချယ်ဆီးမှ ထွက်ခွာသွားခြင်း ဖြစ်သော်လည်း ယခုအခါတွင် မန်နေဂျာဘဝ တစ်လျှောက် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင်သာ နေထိုင်ရန် ဆန္ဒရှိကြောင်း ဆိုခဲ့သည်။

“အသင်းက ကျွန်တော်နဲ့ လမ်းခွဲဖို့ မဆုံးဖြတ်မချင်း ကျွန်တော် ချယ်ဆီးမှာ ဆက်ရှိနေချင်ပါတယ်။ ကျွန်တော် အသင်းမှာ ဆက်ရှိ မရှိက အသင်းရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီမှာ ရာသက်ပန် နေချင်တာပါ။ ချယ်ဆီးက လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရင်တော့ ကျွန်တော့်ရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များထံ ပြောကြားခဲ့သည်။

ချယ်ဆီးသည် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ ဒုတိယနေရာတွင် ရပ်တည်နေပြီး တနင်္ဂနွေနေ့က အန်ဖီးလ်တွင် ကစားခဲ့သည့် ပွဲတွင်လည်း လီဗာပူးလ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရယူခဲ့သည်။

Soccer Myanmar

အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသောယာဉ်အားဝင်တိုက်


နေပြည်တော်၊ ဧပြီ ၃၀

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန် နေပြည်တော်၊ ဒက်္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၂/၀-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်း အရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်နေ ဘုန်းမောင်ဦး(၅၁)နှစ် မောင်းနှင်လာသော ၄စ/xxxx တိုယိုတာတောင်းအေ့စ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ
ဇော်မင်းလတ်(၃၀)နှစ်မောင်းနှင်သည့် 8J/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းစွန်းအား ၀င်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းလယ်ကျွန်းပေါ်
သို့ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်မိမှုကြောင့် 8J/xxxx ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၄စ/xxxxယာဉ်ပေါ်ပါ သင်္ဃန်းကျွန်းမြို့နယ်၊(ခ)ရပ်ကွက်နေ ဦးမြတ်ဇော်(၄၈)နှစ်တွင် ၀ဲခြေဖ၀ါး/၀ဲခြေဖနောင့်/၀ဲခြေခုံ/ယာခြေသလုံးပေါက်ပြဲ၊ ယာဒူးခေါင်းညိုမဲဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး

8J/xxxx ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းပိန်ချိုင့်၊
ဘော်ဒီယာဘက်ခြမ်းဆေးပွန်း၊ ယာဘက် ရှေ့အချက်ပြ မီးကွဲ၍ တန်ဘိုးငွေကျပ် (၁)သိန်းခန့်နှင့် ၄စ/xxxxယာဉ်၏ရှေ့ခေါင်းပိုင်းဝဲဘက်ခြမ်း၊ ရှေ့လေကာမှန်ကွဲ၊ ၀ဲတံခါးပိန်ချိုင့်ပျက်စီး၊

ဝဲ/ယာရှေ့မီးသီးကွဲကာ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဘုန်းမောင်ဦးအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အလုပ်သမားများ ကျွမ်းကျင်မှုရှိအောင် ပြင်ဆင်ထားရန် သမ္မတ ပြောကြား


အာဆီယံ စီးပွားရေးအသိုက်အ၀န်းအတွက် မြန်မာအလုပ်သမားအတွေအနေနဲ့ ကျွမ်းကျင်မှု ရှိအောင် ပြင်ဆင်ထားကြဖို့ သမ္မတဦးသိန်းစိန်က ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ပြောကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ် အာဆီယံဒေသတွင်း အကောင်အထည်ဖော်မယ့် စီးပွားရေး အသိုက်အ၀န်းအတွက် မြန်မာအလုပ်သမားတွေ ကြိုတင်ပြင်ဆင်ထားဖို့ အလုပ်သမားနေ့ သ၀ဏ်လွှာမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်တာပါ။

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကိုလည်း ထိရောက်စွာ အကူအညီပေးနိုင်ရေးနဲ့ အကာအကွယ်ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သ၀ဏ်လွှာမှာ ရေးသားထားပါတယ်။

အစိုးရအနေနဲ့ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အလုပ်သမားများရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

DVB Burmese

အကြမ်းဖက်သမားများ၏ ပုံစံပြောင်း ခြိမ်းခြောက်မှု ပိုတိုးလာဟု အမေရိကန်ပြော


အကြမ်းဖျက်မှုတိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရ ညှိနှိုင်း ဆောင်ရွက်ရေးမှူး သံအမတ်ကြီး တီနာ ခိုင်ဒါနောင်း


နယ်မြေအနှံ့ကို ဖြန့်ထုတ်ထားတဲ့ အယ်ကေဒါနဲ့ ပတ်သက်တဲ့ အဖွဲ့တွေရဲ့ ပုံစံပြောင်း ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့ အမေရိကန်အစိုးရက ဧပြီ ၃၀ ရက်နေ့က သတိပေးလိုက်ပါတယ်။



၂၀၁၃ ခုနှစ်မှာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေ ရုတ်တရုက် ပုံစံပြောင်းခဲ့တယ်လို့ အကြမ်းဖျက်မှုတိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရ ညှိနှိုင်း ဆောင်ရွက်ရေးမှူး သံအမတ်ကြီး တီနာ ခိုင်ဒါနောင်းက ပြောပါတယ်။
အစိုးရက ထောက်ပံ့တဲ့ အကြမ်းဖက်မှုဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာ ဖြန့်ချိမှုအတွက် သတင်းစာရှင်းလင်းပွဲအတွင်း ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံတွင်းက အယ်ကေဒါ ခေါင်းဆောင်မှုအမာခံစခန်းတွေကို နိုင်ငံတကာ လူ့အဖွဲ့အစည်းက နှိမ်နင်းနိုင်ခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကအနောက်မြောက်ပိုင်းက အဖွဲ့အစည်းတွေကို အင်အားနည်းပြီး မတည်ငြိမ်အောင် လုပ်နိုင်ခဲ့လို့ အယ်ကေဒါ အမာခံတွေက နယ်မြေအနှံ့ကို ဖြန့်ထွက်မှုတွေ တိုးလာခဲ့တာပါ။

ဒါဟာ ဒေသတွင်းနဲ့ နယ်ပယ်တွင်း ရည်မှန်းချက်တွေကို အာရုံစိုက်မှုပါ တိုးလာစေတယ်လို့ သတင်းထောက်တွေကို ဆက်ပြောပါတယ်။
ပိုပြီးရန်လိုလာတဲ့ အယ်လ်ကေဒါနဲ့ ဆက်စပ်အဖွဲ့အစည်းတွေ၊ အလားတူအုပ်စုတွေ ယီမင်၊ ဆီးရီးယား၊ အီရတ်၊ အာဖရိက အနောက်မြောက်ပိုင်းနဲ့ ဆိုမာလီတို့မှာ ပေါ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ အယ်ကေဒါခေါင်းဆောင်တွေဟာ သူတို့ကွန်ရက်အတွင်း စည်းကမ်းထိန်းသိမ်းဖို့ အဖွဲ့ဝင်အုပ်စုတွေကို လမ်းညွှန်ချက်ပေးရေးအတွက် ဆက်သွယ်ကြိုးစားခဲ့တာကို မြင်ရတယ်လို့ သံအမတ်ကြီး တီနာ ခိုင်ဒါနောင်းက ပြောပါတယ်။

“အယ်ကေဒါခေါင်းဆောင် အိုင်မန် အယ်ဇာဝါဟိရီရဲ့ ဘေးထွက်ဖျက်ဆီးမှုတွေကို လျှော့ချရေး ဗျူဟာမြောက် လမ်းညွှန်ချက်ကို မလိုက်ဘဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးလာတာ သိသာထင်ရှားတယ်။ ယီမင်ဆေးရုံ တိုက်ခိုက်မှု၊ ကင်ညာကုန်တိုက်တွင်း မိသားစုတွေကို သတ်မှုနဲ့ အီရတ် ဘာသာရေးဘုရားဖူး အရပ်သားတွေကို တိုက်ခိုက်မှုတွေက ဥပမာပဲ” လို့ သူက ပြောခဲ့ပါတယ်။

DVB Burmese

ဟိုတယ်ခရီးနဲ့ ကန်ထရိုက်သမားကြား မြေငှားမှု အခုတော့ လျော်ကြေးတောင်းကြပြီ


ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက မြောက်ဒဂုံ ပြည်ထောင်စုလမ်း၊ ၄၆ရပ်ကွက်က မြေကွက် ၃ကွက်ကို ကန်ထရိုက်တစ်ယောက်ကို ၈နှစ်သက်တမ်းနဲ့ ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် ဟိုတယ်ခရီးက သဘောတူစာချုပ်ကို ချိုးဖောက်ပြီး လေလံပစ်ခဲ့တာကြောင့် မြေငှားသူ ကန်ထရိုက်က လျော်ကြေးတောင်းနေပါပြီ။ ဘာတွေဘယ်လို ဖြစ်ခဲ့ကြတာလဲ။

ပေ ၄ဝ၊ ၆ဝ အကျယ်ရှိတဲ့ မြေကွက်နံပါတ် ၁၆၁၆၊ ၁၆၁၇နဲ့ ၁၆၁၈ ကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ၂ဝဝ၅မှာ ဟိုတယ်ခရီးသွားက ကန်ထရိုက်ဦးရဲမြင့်ကို ငှားခဲ့ပြီး ဦးရဲမြင့်ကလည်း အဲဒီမြေကွက်တွေပေါ်မှာ ဆိုင်ခန်း ၁၆ခန်းဆောက်ပြီး ပြန်ငှားခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်း ၄နှစ်အကြာမှာပဲ ဆိုင်ခန်းငှားသူတွေကို ဟိုတယ်ခရီးက မောင်းထုတ်ခဲ့တယ်လို့ ဦးရဲမြင့်က ဆိုပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA မှာ မေလ ၁ရက်နေ့မှာ ဦးရဲမြင့်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ဟိုတယ်ခရီးသွားက သူငှားရမ်းထားတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကို တရားစွဲခဲ့သလို ပြည်ထောင်စုရှေ့နေချုပ်ကလည်း ပုဒ်မ ၂၁(၁)နဲ့ အမှုဖွင့်ပေးထားတာကြောင့် နစ်နာမှုအတွက် လျော်ကြေးတောင်းမယ်လို့ ဆိုပါတယ်။

ဦးရဲမြင့် အငှားချထားတဲ့ ဆိုင်ခန်းတွေမှာ နေထိုင်သူ ၅ဝလောက်ဟာ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနကြောင့် နစ်နာခဲ့တာမို့ လျော်ကြေးငွေ သိန်း၃ထောင်ကျော် တောင်းမယ်လို့ ဆိုပါတယ်။ မြေငှားစာချုပ် ချိုးဖောက်တဲ့ ၂ဝဝ၉မှာတုန်းကလည်း သိန်း ၈ဝဝ တောင်းခဲ့ပေမယ့် အခုတော့ ကာလတန်ဖိုး ပြောင်းလဲသွားတာကြောင့် သိန်း ၃ထောင်တိုးတောင်းတာလို့ ဦးရဲမြင့်က ဆိုပါတယ်။

Kamayut Media

တာချီလိတ်တွင် ရေတွင်းထဲ နုန်းဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်ကာ သားအဖ နှစ်ဦး သေဆုံး

လူနှစ်ဦး သေဆုံးခဲ့ရသည့် ရေတွင်း

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ကျေးရွာ၊ အာခါဈေးလမ်းသွယ်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက် ညနေ (၄း၃၀)နာရီအချိန်ခန့်က ရေတွင်းထဲမှ နုန်းများကို ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်၍ သားအဖနှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေအိမ်၌ အိမ်ငှားအဖြစ်နေထိုင်သူ အသက်(၄၄)နှစ်အရွယ် ဦးသောင်းဌေးသည် နွေရာသီ ရေခမ်းခြောက်သည့် ကာလကို ရောက်လာသည့်အတွက် နေအိမ်အတွင်းရှိ အနက်(၃၀)ပေ၊ အကျယ်(၄)ပေခန့်ရှိသော ရေတွင်းထဲမှ နုန်းများကို ဆယ်ယူရန် ရေတွင်းထဲသို့ ၀ါးလှေကားဖြင့် ဆင်းချိန် ရေပြင်နှင့် ထိလု (၅)ပေခန့် အရောက်တွင် အောက်ဆီဂျင်ပြတ်တောက်ပြီး လှေကားပေါ်မှ ပြုတ်ကျသွားခဲ့သည့်အတွက် ရေတွင်းအပေါ်တွင် ရှိနေသူ အသက်(၁၆)နှစ်အရွယ် သားဖြစ်သူ မောင်အောင်နိုင်ဦးသည် ၎င်း၏ ဖခင်ဖြစ်သူအား ဆင်းဆယ်ရန်အတွက် ဆင်းသွားရာမှ ၎င်း၏ ဖခင်နည်းတူ အောက်ဆီဂျင်ပြတ်တောက်၍ ရေအနက် (၅)ပေခန့်တွင် နစ်မြုပ်သေဆုံးသွားခဲ့သည်။






ရေတွင်းထဲတွင် အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးနေသော သားအဖနှစ်ဦးကို တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ပါဝင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၇)ဦး စုစုပေါင်း (၃၅)ဦး အပြင် လူမှုကူညီရေးအသင်းအဖွဲ့များဖြင့် ၀ိုင်းဝန်းကြိုးပမ်း၍ ရေတွင်းထဲမှ ည(၇း၀၅)နာရီအချိန်က ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအတွက် ရောက်ရှိလာသော မီးသတ်တပ်ဖွဲ့ဝင်များသည် ရေတွင်းထဲသို့ မဆင်းမီတွင် ရေတွင်းအတွင်း မီးတောက်ဖြင့် အောက်ဆီဂျင်ရှိမရှိကို စစ်ဆေးရာ ရေပြင်နှင့်ထိလု (၅)ပေခန့်တွင် မီးငြိမ်းသွားခဲ့သဖြင့် ရေတွင်းအတွင်း သစ်ခတ်များချမွှေ့ယမ်းခြင်း၊ အောက်စီဂျင်ဘူးအား ဖွင့်ချ၍ ရေတွင်းအတွင်း မွှေ့ယမ်းခြင်းတို့ကို ပြုလုပ်ပြီးနောက်  သေဆုံးသူ (၂)ဦးကို ရေတွင်းပေါ်သို့ တင်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။

ရေတွင်းထဲ၌ သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့တွင် လွန်ခဲ့သော ၂၀၁၂ခုနှစ်ဝန်းကျင်က ရေတွင်းထဲ၌ အောက်ဆီဂျင်ပြတ်တောက်၍ သေဆုံးမှုနှင့် မြေပြို၍ သေဆုံးမှုများလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း။        ။ ကိုဇောင်း

ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု (အပိုင်း -၂ )




သီဟနိုင် on 2014-04-30 15:53    


လူသားတွေနဲ့ တိရစ္ဆာန်တွေ ကွာခြားတဲ့အဓိကအချက်ကတော့ လူသားတွေဟာ တီထွင်ဖန်တီးဥာဏ်ပိုမို မြင့်မားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့ သဘာဝလောကကြီးမှာ ကျွန်တော်တို့ လူသားတွေဟာ တီထွင်ဖန်တီးမှု၊စဉ်းစားဆင်ခြင်ဥာဏ်ရှိမှုတို့ နဲ့ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီး ဒီကမ္ဘာကြီးကို ကြီးစိုးနိုင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း လေးထောင့်ငါးရာ လောက်ကစတင် ဖြစ်တည်လာခဲ့ပြီး Homo Sapiens လို့ ခေါ်တဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းကျော် ၀န်းကျင်ကမှ စတင်ပြောင်းလဲဖြစ်တည်လာတယ်လို့ သိပ္ပံပညာရှင်တွေက ခန့် မှန်းထားပါတယ်။

လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု ကို ကြည့်ကြည့်ရအောင်။


၅။ တယ်လီဖုန်း

အီလက်ထရောနစ် အသံလွှင့်စနစ် နဲ့ပတ်သက်ပြီး စွန့်ဦးတီထွင်သူ တချို့ရှိခဲ့ပေမဲ့ အီလက်ထရောနစ် တယ်လီဖုန်းမူပိုင်ခွင့်ကို အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ဟာ ၁၈၇၆ခုနှစ်မှာ ဦးဆုံးချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ တယ်လီဖုန်း ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အီလက်ထရောနစ် အသံလွှင့်စနစ်ကို စွန့်ဦးတီထွင်ခဲ့သူ အချို့ဟာ အသိဉာဏ်ပိုင်းဆိုင်ရာပစ္စည်း ခိုးယူသုံးစွဲမှုနဲ့ တရားစွဲဆိုခဲ့ကြပါတယ်။ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ရဲ့ မူပိုင်ခွင့် ပုံကြမ်းကတော့ အောက်က ပုံမှာပြထားတဲ့အတိုင်းပါပဲ။

ဒီတီထွင်မှုဟာ အလျှင်အမြန်ပဲ အ၀ယ်လိုက်လာပြီး ကမ္ဘာ့စီးပွားရေးနဲ့ ဆက်သွယ်ရေး အဖြစ် လုံးလုံးလျားလျား ပြောင်းလဲလာခဲ့ပါတော့တယ်။



၎။ လျှပ်စစ်မီးသီး

ခင်ဗျားတို့မှာ သဘာဝအလင်းရောင်ပဲ ရှိစဉ်အခါက ထုတ်ကုန်ထုတ်လုပ်မှုဟာ နေ့အချိန်တွေမှာပဲ ထုတ်လုပ်လို့ရအောင် ကန့်သတ်ခြင်းခံခဲ့ရပါတယ်။ ညဘက်တွေမှာ ကျွန်တော်တို့ တက်တက်ကြွကြွနေနိုင်ဖို့ လျှပ်စစ်မီးလုံးတွေက အခွင့်ပေးလိုက်ပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်ပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ၁၈၀၀ပြည့်လွန်နှစ်တွေတစ်လျှောက် အပူပေးအလင်းဖြာ မီးအိမ် တီထွင်မှုမှာ လူ ၂ဒါဇင်လောက် အခရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ Thomas Edison ဟာ မူရင်း တီထွင်သူအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခံခဲ့ရပါတယ်။ သူဟာ မီးစက်၊ မီးကြိုးနဲ့ ကာဗွန်ဖြည့် မီးသီး အပါအ၀င် ပြီးပြည့်စုံအောင် အလုပ်လုပ်တဲ့ အလင်းပေး စနစ်ကို တီထွင်နိုင်ခဲ့လို့ပါပဲ။



၃။ ပင်နီဆီလင်

ပင်နီဆီလင်ဟာ သမိုင်းမှာ အကျော်ကြားဆုံး ရှာဖွေတွေ့ရှိမှုတွေထဲက တစ်ခုပါ။ ၁၉၂၈ ခုနှစ်မှာ စကော့လူမျိုး သိပ္ပံပညာရှင် အလက်ဇန္ဒား ဖလင်းမင်းဟာ သူ့ရဲ့ ဓာတ်ခွဲခန်းထဲမှာ ပက်ထရီဒစ်ရှ် ဘက်တီးရီးယားတွေ ရှိနေတာကို သတိပြုမိခဲ့ပါတယ်။ မှိုရှိနေတဲ့ နေရာတိုင်းက ဘက်တီးရီးယားတွေဟာ သေဆုံးနေတာကိုလည်း သိခဲ့ရပါတယ်။ အဲ့ဒီ့ ပဋိဇီဝမှိုဟာ မှိုပင်နီဆီလင် အဖြစ်ကို ပြောင်းလဲသွားပြီး နောင်ဆယ်စုနှစ် ၂စုကြာတဲ့အခါ ဓာတုဗေဒ ပညာရှင်တွေဟာ အဲ့ဒီ့မှိုကို သန့်စင်လိုက်ပြီး ပင်နီဆီလင်ဆေး အဖြစ်ကို အဆင့်မြှင့်ထုတ်လုပ်နိုင်ခဲ့ ကြပါတယ်။ ပင်နီဆီလင်ဆေးဟာ လူသားတွေဆီမှာ ဘက်တီးရီးယား အမြောက်အမြား ပိုးဝင်ခြင်းတွေကို တိုက်ဖျက်ပေးပါတယ်။ လူသားတွေကိုတော့ ထိခိုက်မှု မရှိစေဘဲနဲပေါ့။

ပင်နီဆီလင်ဆေးကို ၁၉၄၄ခုနှစ်မှာ အမြောက်အများ ထုတ်လုပ်ခဲ့ပြီး ကြော်ညာခဲ့ပါတယ်။



၂။ သန္ဓေတားဆေး (သို့) ကိရိယာ

သန္ဓေတားဆေးတွေ၊ ကွန်ဒုံးတွေအပြင် တခြားသော သန္ဓေတားနည်းတွေဟာ တိုးတက်လာတဲ့ ကမ္ဘာကြီးမှာ လိင်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ် ရိုက်ခတ်ခဲ့ပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ကလေးမယူဘဲ အပန်းဖြေမှုသက်သက်အတွက် လိင်ဆက်ဆံခွင့် ရစေခဲ့တာပေါ့။ သန္ဓေတားဆေး၊ ကိရိယာတွေကို အသုံးပြုတဲ့ နိုင်ငံတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ရတဲ့ အမျိုးသမီး အရေအတွက်လဲ တော်တော်လေးကို လျော့ကျသွားစေပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အရလည်း လူသားဦးရေ ထူထပ်ခြင်းကို ထိန်းရာမှာ သန္ဓေတားဆေး နဲ့ ကိရိယာတွေက အကူအညီပေးခဲ့ပါတယ်။ ကွန်ဒုံးလိုမျိုး သန္ဓေတား ကိရိယာတွေဟာ လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ ရောဂါ ပျံ့နှံ့မှုကိုလည်း ဟန့်တားပေးပါတယ်။


၁။ အင်တာနက်

မိတ်ဆက်ပြောပြ နေစရာတောင် တကယ် သိကြတဲ့ အတွင်းချိတ်ဆက်ထားတဲ့ ကွန်ပျူတာကွန်ယက်ကြီးကို တစ်ကမ္ဘာလုံးမှာ သုံးနေသူ သန်းထောင်နဲ့ချီပြီးရှိပါတယ်။ အင်တာနက်ကြီး တိုးတက်လာအောင် မရေမတွက်နိုင်တဲ့ လူတွေက ၀ိုင်းဝန်းကူညီပေးခဲ့ကြတယ်။ အင်တာနက် တီထွင်မှုနဲ့ပတ်သက်ပြီး ဂုဏ်ပြုမှတ်တမ်းအတင်ခံရသူကတော့ ကွန်ပျူတာသိပ္ပံပညာရှင် Lawrence Roberts ပါပဲ။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကွန်ပျူတာ သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့ကနေ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဋ္ဌာနရဲ့ အဆင့်မြင့် သုတေသန စီမံကိန်း အေဂျင်စီ (ARPA) အတွက် အလုပ်လုပ်ပေးခဲ့ကြပါတယ်။ အေဂျင်စီထဲက ကွန်ပျူတာတွေ ချိတ်ဆက်နိုင်အောင် ဆက်သွယ်ရေး ကွန်ယက်ကြီး တည်ဆောက်ပေးပြီး တော့ပေါ့။ အဲ့ဒါကို ARPANET လို့ ခေါ်ကြပါတယ်။ “Packet Switching” လို့ခေါ်တဲ့ ဒေတာ ထုတ်လွှင့်မှု စနစ်ကို အသုံးပြုထားတာပါ။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Roberts က တခြား ကွန်ပျူတာ သိပ္ပံပညာရှင်တွေထက် စောပြီး တီထွင်ဖန်တီးခဲ့တာပါ။ ARPANET ဆိုတာ အင်တာနက်ရဲ့ အလျင်လူပဲဖြစ်ပါတယ်။
Trend Myanmar

နောက်ဖေးလမ်းကြား ကျူးကျော်များ မဖယ်ရှားပါက စည်ပင်ဥပဒေဖြင့် တရားစွဲဆိုမည်




ရန်ကန်၊ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စည်ပင်သာယာပိုင် အိမ်နောက်ဖေး လမ်းကြားများရှိ ကျူးကျော် အဆောက်အအုံများ မဖယ်ရှားပါက စည်ပင်သာယာရေး ဥပဒေဖြင့် တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် စမ်းချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းအောင်၏ နောက်ဖေးလမ်းကြား ကျူးကျော် အဆောက်အအုံများကို ရှင်းလင်းပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် အတွင်းမှာရှိတဲ့ ကျူးကျော်များကို စည်ပင်ဥပဒေနဲ့ အညီ ဖယ်ရှား ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ယင်းသို့ ဖယ်ရှားရာတွင် ပထမဆုံး အဆင့်အနေနှင့် ကျူးကျော် နေထိုင်သူများကို စာပို့ အကြောင်းကြားခြင်း၊ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ရုံးများသို့ ခေါ်ယူ တွေ့ဆုံခြင်းများကို ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ကျူးကျော်များကို စည်ပင်ဥပဒေဖြင့် တရားစွဲဆိုမည် ဆိုသော်လည်း အချို့မြို့နယ်များအတွင်း ကျူးကျော်များထံမှ ငွေများ ကောက်ယူကာ နေထိုင်စေလျက် ရှိကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ဦးအောင်မြင့်က ပြောကြားသည်။
“တချို့ ကျူးကျော်တွေဆိုရင် သူတို့ ဝယ်ထားတဲ့ ကိုယ်ပိုင်မြေလို ပြောင်ပြောင်တင်းတင်း နေထိုင်နေကြပါတယ်” ဟု ၎င်းကဆိုသည်။

ကျူးကျော် ပြဿနာ ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ နှစ်အလိုက် စီမံချက်ချ ဆောင်ရွက်နေသော်လည်း ရန်ကုန်မြို့တွင်း နောက်ဖေးလမ်းကြား ကျူးကျော်အိမ် အလုံးပေါင်း ၅၁၀ တွင် အိမ်အလုံး ၆၀ ကျော်ကိုသာ ဖျက်သိမ်းစေရန် ဆောင်ရွက်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။


The Voice Weekly 

ဗြိတိန်ဝန်ကြီးကို အနီရောင် မျက်မှန်တွေ ပို့ကြမယ်



လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ က ဗြိတိသျှအစိုးရအနေနဲ့  မြန်မာနိုင်ငံကလူ့ အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို ဦးစားပေးဆောင်ရွက်မှုမရှိတော့ ပဲ ကုန်သွယ်ရေးအမြင်အရပဲကြည့်ပြီး အကောင်းမြင် လွန်းနေတယ်ဆိုပြီး ဒီမူဝါဒကို ပြန်လည် သုံးသပ်ဖို့  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်ခ် ဆီ အနီရောင်မျက်မှန်တွေပေးပို့မယ့် လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်နေပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်ခ်က မြန်မာနိုင်ငံကို ကြည့်တဲ့အခါ နှင်းဆီပန်းရောင်မျက်မှန်တပ်ပြီး ကြည့် တဲ့အတွက်အခြေအနေကို အမှန်အတိုင်းမမြင်တော့လို့  Burma Campaign UK အဖွဲ့  က ဒီလှုပ်ရှားမှုကိုဆောင် ရွက်နေတာလို့  ကွယ်လွန်သူ KNU အတွင်းရေးမှူး ဖဒိုမန်းရှာရဲ့ သမီး မဘွားဘွားဖန်းက RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ခုချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁ ရာကျော်ရှိနေသေးသလို၊ နှိပ်စက်ညှင်းပမ်းမှုတွေ တိုင်းရင်း သားဒေသတွေက စစ်ပွဲတွေရှိနေသေးတာကို ဗြိတိန်ဝန်ကြီးချုပ်ရော၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြစ်တင်ဝေဖန် သံတွေပါမကြားရတော့တဲ့အတွက် ဗြိတိန်အစိုးရက မြန်မာ့အရေးအပေါ် အမှန်အတိုင်းပြန်ပြီးရှုမြင်လာတဲ့အထိ သူတို့ လှုပ်ရှားမှုကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့  Burma Campaign UK အဖွဲ့  က ပြောပါတယ်။ ဒီလှုပ်ရှားမှုကို ထောက်ခံသူတွေက နှင်းဆီပန်းရောင်မျက်မှန်တွေဝယ်ပြီး နိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့  ကြမှာဖြစ်ပါတယ်။

 RFA

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ မြန်မာပရိသတ်များ စိတ်ဝင်စားမှုများပြား

ပထမဦးဆုံး K Pop ဖျော်ဖြေပွဲတွင် နာမည်ကျော် Girl's Day အဖွဲ့ ဖျော်ဖြေနေစဉ် (ဓာတ်ပုံ - ထက်သျှိုင်း)

ဧပြီ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပထမဆုံးကျင်းပသော K Pop ဖျော်ဖြေပွဲကို ပရိသတ်များ စိတ်ဝင်စားမှု များပြားခဲ့သည်။

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံမှ K Pop အဖွဲ့များဖြစ်သော Girl's Day၊ Dal Shabet၊ Tint အမျိုးသမီး အဆိုတော်အဖွဲ့များနှင့် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲမှ နောက်ခံတေးသီချင်းအဆိုရှင် Jung II Young နှင့် အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB တို့ ပါဝင်သီဆို ဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင်များဖြစ်သည့် ဟဲလေးနှင့် bobby soxer တို့ကလည်း ပါဝင်ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲ အစပိုင်းတွင် တိုက်ကွမ်ဒိုအဖွဲ့များ၏ သရုပ်ပြ ဖျော်ဖြေမှုများဖြင့် စတင်ခဲ့ပြီး မြန်မာနိုင်ငံမှ X Girls အဖွဲ့၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများလည်း ပါဝင်ခဲ့သည်။ ထို့နောက် ကိုရီးယားသင်္ဘော နစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့ရသော ကိုရီးယားကျောင်းသား ကျောင်းသူများနှင့် ကိုရီးယားပြည်သူများအတွက် စက္ကန့်နှစ်ဆယ်ကြာမျှ ငြိမ်သက်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

K Pop ဖျော်ဖြေမှုအဖြစ် TINT အဖွဲ့၏ တေးသီချင်းများ၊ Performance အကများဖြင့် စတင်ဖျော်ဖြေခဲ့ပြီး Dal Shabet အဖွဲ့၏ K Pop တေးသီချင်း ဖျော်ဖြေမှုများကို ပရိတ်သတ်များ အကြိုက်တွေ့ခဲ့ကြသည်။ ယင်းနောက် မြန်မာဟစ်ဟော့ အဆိုရှင် Bobby Soxer နှင့် တေးသံရှင်ဟဲလေး၊ ဝေယံတို့က ၎င်းတို့၏ တေးသီချင်းများဖြင့် တင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။

K Pop ဖျော်ဖြေမှု ဒုတိယပိုင်းအဖြစ် ‘ဆောင်းဦးရွက်ကြွေချစ်သက်သေ’ ကိုရီးယားဇာတ်လမ်းတွဲ၏ နောက်ခံတေးသီချင်းအဆိုရှင် Jaung II Young ၎င်း၏ ကျော်ကြားသော K Pop တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ အမျိုးသား K Pop အဖွဲ့ဖြစ်သော MIB ၏ မြူကြွသော တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ K Pop ပရိတ်သတ်များ ကြိုက်နှစ်သက်ခဲ့သည်။

ပထမဦးဆုံးအကြိမ် K Pop ဖျော်ဖြေပွဲ နောက်ဆုံးသီဆို ဖျော်ဖြေမှုများအဖြစ် နာမည်ကျော် Girl's Day အဖွဲ့က တေးသီချင်းများကို Performance အကများဖြင့် တင်ဆက်ခဲ့သည်။ K Pop တေးဂီတအဖွဲ့များ အနေဖြင့် မြန်မာပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့ကြပြီး မြန်မာနိုင်ငံသို့ လာရောက်၍ ဖျော်ဖြေမှုများ ထပ်မံပြုလုပ်သွားရန် အစီအစဉ်ရှိသည်။

Eleven Media Group

Mr. Poem စားသောက်ဆိုင်ဖွင့်ထားတဲ့ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦး


ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးက အနုပညာအလုပ်အပြင် မိသားစုစီးပွားရေးအဖြစ် Mr. Poem အမည်နဲ့ ဆိုင်ဖွင့်ထားပါတယ်။

” Mr. Poem ဆိုင်လေးကို ကိုဇာနည် ဖွင့်ထားတာပါ။ အစ်မနဲ့ မယူခင်က တည်းက ဖွင့်ထားတာ။ သူ့မိဘတွေ ကလည်း ဒီအလုပ်ကို လုပ်နေတော့ အစ်မတို့ ကလည်း ဝင်ပြီး လုပ်ပေးရင်းနဲ့ မိသားစု စီးပွားရေး လိုဖြစ်သွားတယ်။ အစ်မတို့ အိမ်ထောင်သက်လည်း ဆယ်နှစ်ပြည့်တော့မယ် ဆိုတော့ တော်တော်လေးကြာနေ ပါပြီ။ အစ်မတို့ အနုပညာ သမားတွေက အနုပညာတစ်ခုတည်းနဲ့ ရပ်တည်ဖို့က မလွယ်ဘူး။ အပြင်စီးပွားရေးက လုပ်ကိုလုပ်ရမယ်။ မိသားစုလည်း ရှိလာပြီဆိုတာ့ ဒီပြင့် စီးပွားရေးတွေကို လုပ်ကို လုပ်သင့်တယ်လို့ ထင်ပါတယ်။ အနုပညာဆိုတာက အသက်အရွယ် အပိုင်းအခြားလောက်ပဲ လုပ်ခွင့်ရှိတာလေ။ အစ်မတို့ဆိုရင် မိသားစုလည်း ရှိနေတော့ အပြင်စီးပွားရေး ကို လုပ်မှအဆင်လည်း ပြေတယ်။ ဒီပြင်အလုပ်က လုပ်ကိုလုပ်ရမှာပဲ။ လုပ်သင့်တယ်လို့လည်း ထင်ပါတယ်” လို့ ပြောပါတယ်။

အနုပညာရှင်ဖြစ်တဲ့ အတွက် လူချစ်လူခင်ပေါပြီးတော့ လူသိ ပိုများတဲ့အတွက် အပြင် စီးပွားရေး လုပ်တဲ့အခါ ပိုအဆင်ပြေပါတယ်လို့ ကြည့်လဲ့လဲ့ဦး က ပြောပါတယ်။

” အနုပညာသမားဖြစ်တော့ အပြင် စီးပွားရေးလုပ်တော့ လူချစ်လူခင်တော့ များတယ်။ အစ်မ ပရိသတ်ပါဆိုပြီး အားပေးတယ်။ အဲဒီတော့ သာမန် လူတွေထက်စာရင် ကိုယ်ကို လူပိုသိတယ်။ အနုပညာကလူတွေ အားလုံးရဲ့ ချစ်ခင်မှုကိုခံရတယ်။ အဲဒါကြောင့် သေသေချာချာလေး ဂရုစိုက်ပြီးသတိထားပြီး လုပ်ရတယ်။ အစ်မအမျိုးသားလည်း တခြားစီးပွားရေးတွေလည်းလုပ်ဖြစ်တယ်။ အစ်မက ဒဂုံတက္ကသိုလ်ထဲမှာပဲ လေးငါးဆိုင်လောက်ဖွင့်ထားတယ်။ အပြင်မှာလည်း ဆိုင်ကြီးဖွင့်ဖို့တော့ စိတ်ကူးထားတယ်။” လို့ ပြောပါတယ်။

လွင်လွင်ထွန်း
Popular Journal 

ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာ တစ်သန်းတန် စက်ဘီး


အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် ကုမ္ပဏီ တစ်ခု ဟာ ရွှေအစစ် နဲ့ ပြုလုပ် ထားတဲ့ ဒေါ်လာ တစ်သန်းတန် စက်ဘီးကို မိတ်ဆက် ပြသ ခဲ့ကြောင်း သိရပါတယ်။ ဒီ စက်ဘီးကို (၂၄) ကာရက် ရှိ တဲ့ ရွှေနဲ့ ပြုလုပ် ထားတာ ဖြစ်ပြီး စက်ဘီး မှာ ပါဝင် တဲ့ ထိုင်ခုံ နဲ့ ရေဗူးတို့ကို အကောင်းစား သားရေတွေ အသုံးပြု ထားပါတယ်။ ဒီစက်ဘီးကို The House of Solid Gold ကုမ္ပဏီ က ပြုလုပ်ထားခြင်း ဖြစ်ပြီး လက်မှု ပညာနဲ့ ဖန်တီးထားခြင်းဖြစ်တာမို့ နာရီပေါင်း (၇၂၀) ကျော် အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ စက်ဘီးမှာ ဖန်တီးသူရဲ့လက်မှတ်ပါဝင်ပြီး စုစုပေါင်း (၁၃) စီးသာ ထုတ်လုပ်သွားမှာ ဖြစ် ပါတယ်။ စက်ဘီးထုတ်လုပ်တဲ့ ကုမ်္ပဏီရဲ့ စီအီး အိုဖြစ်သူ ဟုခ်ျပါဝါက တောင်တက်ဘီးစီးနင်း ရာ ကနေ ရွှေအစစ်နဲ့ ဖန်တီး ထားတဲ့ စက်ဘီး ကို ဖန်တီးဖို့ စိတ်ကူးရခဲ့ကြောင်း နောက်ဆုံး ပေါ် နည်းပညာတွေနဲ့ ဖန်တီးထားပေမယ့် စိန် ခေါ်မှုများနဲ့ ကြုံတွေ့ရနိုင်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

စက်ဘီးရဲ့ ဈေးနှုန်းက များပြားနေပေမယ့် ရောင်းချလိုတဲ့ ငွေကြေး တွေကို လူမှု အဖွဲ့အစည်းတွေ ထံ ပြန်လည် လှူဒါန်းသွားမယ်လို့ သိရပါ တယ်။ ဟုခ်ျ ပါဝါက ကျွန်တော်တို့ စက်ဘီးရဲ့ ဈေးနှုန်းဟာ အလွန်များပြားနေ ပါတယ်။ ဒါပေမဲ့ ရောင်းချ လို့ရတဲ့ ငွေကြေးတွေ ထဲက အချို့ကို ပြန်လည် လှူဒါန်း သွားမှာ ဖြစ် ပါတယ်။ ကမ္ဘာ တစ်ဝန်း လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဘာသာခြား အဖွဲ့ အစည်းတွေ ကို လှူဒါန်း သွားမှာ ဖြစ်တာမို့ စက်ဘီး ၀ယ်ယူသူဟာ အခြားအကျိုးကျေးဇူးတွေကို လည်း ခံစားရမှာ ဖြစ်ပါတယ် လို့ ပြောကြား သွားခဲ့ပါတယ်။

The Messenger

လူငယ်နှင့် စွဲလမ်းမှု


ဒီနေ့ခေတ် လူငယ်တွေရဲ့ အချိန်အများစုဟာ ဘယ်အရာတွေကြောင့် ကုန်ဆုံးနေရပါသလဲ


ဂိမ်းကစားတာ၊ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ အပေါင်းအသင်းတွေနဲ့ ၀ိုင်းဖွဲ့ပျော်ပါးတာ၊ အရက်သေစာ နဲ့ ဆေးလိပ်သောက်တာ။ လိင်အပျော်အပါးလိုက်စားတာ..စတဲ့ အချက်တွေက ထိပ်ဆုံးမှာ ရှိနေပါတယ်။

တကယ်တော့ လူငယ်ဆိုတာ သတ္တိရှိတယ်။ စူးစမ်းချင်စိတ်ရျိတယ်။ တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်။ ပျော်ရွှင်တတ်တယ်။ လွတ်လပ်မှုကို တန်ဖိုးထားတယ်။ အသစ်အဆန်းလုပ်ရတာကို နှစ်သက်တယ်။ လမ်းသစ်ဖောက်လိုတယ်။ စိတ်အားထက်သန်မှု အားကောင်းတယ်။ အားမာန်ရှိတယ်။ ဒီလို ၀ိသေသတွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်တွေဟာ အနာဂတ်မှာ ဦးဆောင်ဦးရွက်ပြုမယ့်သူတွေ ဖြစ်တာကြောင့် လူငယ်တွေ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေဟာ ငယ်စဉ်ကတည်းက အသိပညာ ဗဟုသုတရှိဖို့၊ ရှိထားတဲ့ အသိပညာကို ဆင်ခြင်တုံတ၇ားနဲ့ ပဲ့ကိုင်ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ကမ္ဘာကြီးက ရွာအသွင်ပြုမူနေတဲ့ အချိန်အခါမှာ အများနဲ့အတူ ရင်ပေါင်တန်းနိုင်အောင် ကြိုးစားရုန်းကန်နေတုန်းမှာ မကောင်းတဲ့ စွဲလန်းမှုတွေကို မကောင်းမှန်းသိရက်နဲ့ မဖြတ်တောက်နိုင်လို့ လှေလှော်ရင်း တက်ကျိုးရတဲ့ လူငယ်တွေ အများကြီး ရှိနေပါတယ်။

လူငယ်တချို့ ဘာကြောင့် မတိုးတက်ကြတာလဲ။ စွဲလန်းမှုကြောင့်ပါ။ ဒီစွဲလမ်းမှုကို မဖြတ်တောက်နိုင်တာကလည်း ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင် မရှိလို့ပါပဲ။ အဲဒီလို စွဲလမ်းမှုကို မဖြတ်တောက်နိုင်လို့ အသက် ၄၀ အရွယ်မှာ သေဆုံးသွားတဲ့ အမျိုးသားတစ်ဦးအကြောင်း ပြောပြချင်ပါတယ်။

သူက ငယ်စဉ်တုန်းက ကျောင်းမှာ ထူးချွန်တဲ့ သူပါ။ အတန်းတိုင်းလိုလို ဆုတံဆိပ်တွေ ရရှိခဲ့ပေမယ့် ၁၀တန်းရောက်တော့ သူငယ်ချင်းတွေနဲ့ အတူ အရက်ကို စတင်မြည်းစမ်းကြည့်ခဲ့ပါတယ်။ နောက်ပိုင်း ကျောင်းပြေးပြီး အရက်ဆိုင်သွားတဲ့အထိ အခြေအနေက တဖြည်းဖြည်းဆိုးလာ လိုက်တာ မိဘအုပ်ထိန်းသူတွေ ဘယ်လိုပြောပြော ဆရာသမားတွေ ဘယ်လိုပဲ ဆုံးမ ဆုံးမ ပြန်မပြော နားမထောင် မထုံတက်တေးဘ၀နဲ့ အရက်စွဲသွားပါတယ်။ အသက် ၄၀ အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။

ဒါကြောင့် ဆယ်ကျော်သက်တွေလည်း တစ်ခုခု စွဲလမ်းနေပြီလို့ ထင်တဲ့အခါ အချိန်မီ ဖြတ်ပစ်နိုင်ဖို့ လိုပါတယ်။ ဘယ်အချိန်မှာ စွဲလမ်းနေပြီလို့ သိနိုင်မလဲ။ အခု ခေတ်စားနေတဲ့ အင်တာနက်သုံးစွဲခြင်း အထူးသဖြင့် ဖေ့စ်ဘုတ်ခ် သုံးတာနဲ့ ဥပမာပေးရရင်

အင်တာနက်ကို ခန္ဓာကိုယ်က သုံးစွဲနိုင်တဲ့ အတိုင်းအတာ(မျက်စိညောင်းညာပြီး ကိုယ်လက်လေးလံ ထိုင်းမှိုင်းနေတဲ့အထိ)ထက် ပိုသုံးတာ
အချိန်ပြည့် အင်တာနက်သုံးဖို့ပဲ စိတ်ထဲမှာ ရှိနေတာ
အင်တာနက်သုံးတာနဲ့ ပတ်သက်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း၊ လူမှုရေး ပြဿနာတွေ ကြုံရတာ
အင်တာနက်သုံးတာနဲ့ ပတ်သက်ပြီး ငါမသုံးသင့်တော့ဘူးလို့ အတွေးမျိုး ထပ်တလဲလဲ ၀င်တာ
အင်တာနက်သုံးတာ ဖြတ်သင့်ပြီဆိုတဲ့ ဆုံးဖြတ်ချက် ချပြီးမှ အဲဒီ ဆုံးဖြတ်ချက်ကို မထိန်းသိမ်းနိုင်တာ
ဒီအချက် ငါးချက်နဲ့ ကြုံနေရင် စွဲလမ်းနေတဲ့ရောဂါလို့ သတ်မှတ်လို့ရပါတယ်။

အရက်တင် မက၊ ဆေးလိပ် မူးယစ်ဆေးဝါး၊ ကွမ်းနဲ့ အပျော်အပါး၊ ဂိမ်း၊ အင်တာနက်မှာ အကျိုးမရှိစွာ အချိန်ကုန်ခြင်း စတာတွေနဲ့ ပတ်သက်ပြီး ဒီလို အတွေးရှိနေရင်လည်း ကိုယ်က မကောင်းတဲ့ အရာကို မကောင်းမှန်းသိသိနဲ့ စွဲလမ်းနေပြီလို့ သိနားလည်ပြီး ဖြတ်နိုင်၊ ပြုပြင်နိုင်ဖို့ ကြိုးစားရပါမယ်။

ကဲ အကျင့်ဆိုးတွေကို ဘယ်လို ဖြတ်တောက်ကြမလဲ

လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လှုပ်ရှားမှု၊ အားကစား လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်ပြုလုပ်ပေးလျှင် မကောင်းတာကို စွဲလမ်းတဲ့ စိတ်လျော့သွားတတ်ပါတယ်။

ဘာသာတရား ကိုင်းရှိုင်းပါ

ဘာသာတရား လိုက်စားပြီး ကိုးကွယ်ရာ ဘာသာရေး အဆုံးအမ ခံယူတာကလည်း အကျင့်ဆိုးစွဲလမ်းမှု ကင်းပြီး စိတ်ငြိမ်းချမ်းမှုကို ရရှိစေပါတယ်။

စံပြပုဂ္ဂိုလ် ထားရှိပါ

စံပြပုဂ္ဂိုလ်အနေနဲ့ ကိုယ့်အနီးအနား ပတ်ဝန်းကျင်က ထူးချွန်တဲ့သူကိုပဲ ဖြစ်ဖြစ် ကိုယ့်မိဘပဲ ဖြစ်ဖြစ် ရှိသင့်ပါတယ်။

ခိုင်မာသော ရည်မှန်းချက် ပန်းတိုင်ထားပါ

ကလေးအရွယ် ငယ်စဉ်ကတည်းက ဒီလ စာမေးပွဲမှာ အမှတ်များများ ရအောင် ကြိုးစားမယ်။ အတန်းတင် စာမေးပွဲမှာ ဘာသာစုံ ဂုဏ်ထူးရအောင် ကြိုးစားမယ်။ မိဘရဲ့ ဂုဏ်၊ ဆရာသမားတွေရဲ့ ဂုဏ်၊ ကိုယ့်ကျောင်းရဲ့ ဂုဏ်ကို ဆောင်မယ် ဆိုတဲ့ ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင် ထားရှိသင့်ပါတယ်။ ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင်ရှိမယ်ဆိုရင် မကောင်းတဲ့ စွဲလမ်းမှုမှာ ပျော်မွေ့နေမှာ မဟုတ်တော့ပါဘူး။

သူတစ်ပါးကို ကူညီပါ

အများအကျိုးဆောင်တဲ့ စေတနာ့ ၀န်ထမ်းလုပ်တဲ့အခါ မကောင်းတဲ့ စိတ်တွေ မမွေးမိတော့ပါဘူး။ မကောင်းတဲ့ အပျော်အပါးမှာလည်း မပျော်မွေ့တော့ပါဘူး။ ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို ကူညီရင်း သူတို့ရဲ့ စံပြ ဖြစ်ချင်တဲ့ စိတ်တွေ အလိုလို ပေါ်လာပါတယ်။ ဒါက အများအကျိုးဆောင်ရင်း ကိုယ့်အကျိုးပါ အောင်မြင်လာတာ ခံစားရတဲ့ ပြယုဂ်တစ်ခုပဲ ရှိပါသေးတယ်။ သွေးလှူဒါန်းမယ်ဆိုရင်လည်း ဒီသဘောပါပဲ။ ကိုယ့်သွေးက သန့်စင်နေမှ လှူလို့ရမှာ ဖြစ်တော့ မကောင်းတဲ့ အပျော်အပါး လိုက်စားမှုတွေ  ရှောင်ရှားပြီးသား  ဖြစ်သွားပါတယ်။ ဆေးလိပ်၊ အရက်နဲ့ ကွမ်း စတာတွေကို စတင် မသုံးရသေးတဲ့ လူငယ်တွေ အနေနဲ့ ဘ၀တလျှောက်လုံး အကျင့်ဆိုးတွေနဲ့  ဝေးဝေးနေနိုင်သွားမှာ ဖြစ်ပါတယ်။

ref: ကြယ်စင်
World-Myanmar News

ချင်းတောင်တွင် မြေပြိုရာမှ အဓိက ကုန်သွယ်လမ်း ခေတ္တပိတ်


ကလေး၊ ဧပြီ ၃၀

မြန်မာ-အိန္ဒိယနယ်စပ် ဒုတိယမြောက် ကုန်သွယ်စခန်း ဖြစ်သည့် ရိဒ်နယ်စပ် ကုန်သွယ်စခန်းသို့ သွားသည့် ကလေး-တီးတိန်-ဟားခါးလမ်းပေါ်ရှိ မိုင်တိုင် (၂၉) သိုင်းငင်း ကျေးရွာအနီးတွင် ဧပြီ ၂၉ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ရာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း မော်တော်ယာဉ်လိုင်းများထံမှ သိရသည်။

“အဲဒီနေရာက နှစ်တိုင်း မြေပြိုကျမှု အဆိုးဆုံးနေရာပဲ။ အခုအပေါ်ကလည်း ဖြိုနေတယ်။ အောက်ဘက်ကလည်း မြေစာပုံတွေကို ပြန်ဖြန့်နေတော့ ကုန်တင်ယာဉ်တွေ စောင့်နေရတာ နှစ်နာရီလောက်ကို ကြာတယ” ဟု ပန်းချယ်ရီ ကုန်စည်ပို့ဆောင်ရေး အသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ လမ်းများပိတ်ဆို့မှု ဖြစ်ခဲ့သော်လည်း အချိန်မကြာသောကြောင့် ကုန်သွယ်မှုကို ထိခိုက်စေမည် မဟုတ်ကြောင်း၊ အနည်းငယ် နှောင့်နှေးမှုသာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ကလေး- ရိဒ် နယ်စပ်ကုန်သည်များက ပြောဆိုသည်။

ကလေး-တီးတိန်-ဟားခါးလမ်းပေါ်ရှိ မိုင်တိုင် (၂၉) သိုင်းငင်းကျေးရွာ အနီးတွင် ယင်းကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်ပြီး မိုးရာသီအတွင်း မြေပြိုမှု အဆိုးဝါးဆုံး နေရာများတွင် ထပ်မံမြေပြိုမှု မဖြစ်စေရန် တောင်နံရံများ ထိန်းသိမ်းခြင်း လုပ်ငန်းကို ချင်းပြည်နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း လမ်းအထူး (၁၁) အဖွဲ့မှ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့ မိုးတွင်းတုန်းကဆို နေ့တိုင်းနီးပါး မြေပြိုလို့ မြေစာတွေ ရှင်းရတာ တစ်ခါရှင်းရင် ငါးနာရီလောက် ကြာတယ်။ ဒီနှစ်မိုးရာသီမှာ အဆင်ပြေပြေ သွားလာနိုင်အောင်လို့ လုပ်ပေးနေတာပါ” ဟု ၎င်းင်းက ပြောဆိုသည်။

ယင်းနေရာမှာ ချင်းပြည်နယ်အတွင်း လမ်းခင်းရန် ကျောက်ထုတ်ခြင်း လုပ်ငန်းများ လုပ်ဆောင်သောနေရာ ဖြစ်ကြောင်း၊ သက်နုကျောက် အမျိုးအစားများဖြစ်၍ အပင်ကြီးများပေါက်ရန် ခက်ခဲပြီး မိုးရွာသွန်းသည်နှင့် တောင်နံရံ ပြိုကျမှုများ ဖြစ်လာကြောင်း ကနေဒီ တောင်တန်း စိမ်းလန်းစိုပြည်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ချင်းပြည်နယ်အတွင်း ဂျပန်နိုင်ငံ JICA မှ ရရှိထားသော ချေးငွေကျပ် သန်း (၉၉၀၀) ကိုအသုံးပြုကာ ကလေး-ဟားခါးလမ်း (မိုင် ၁၃၀ ကျော်ခန့်) ၊ဟားခါး-ဂန့်ဂေါလမ်း (မိုင်- ၈၀ခန့်)၊ သိုင်းငင်း-တီးတိန်လမ်း (မိုင် ၅၀ခန့်) တို့ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည်ဟု ချင်းပြည်နယ် အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

မော်တော်ယာဉ်ဟောင်း စလစ်ဈေး ပြန်တက်




ရန်ကုန်၊ ဧပြီ ၃၀

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်အို ယာဉ်ဟောင်း အပ်နှံခွင့် “၁က” အက္ခရာအထိ အပ်နှံခွင့် ပြုထားသော်လည်း အပ်နှံသူ နည်းပါးခြင်းကြောင့် စလစ်ဈေးနှုန်းများ ပြန်လည် မြင့်တက်လာကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းထံမှ သိရသည်။

စလစ်ဈေးနှုန်းများမှာ သင်္ကြန်မတိုင်မီ (ဧပြီလ ဒုတိယပတ်အတွင်း) က ကျပ်သိန်း ၉၀ ဝန်းကျင်သာ ဈေးပေါက်ခဲ့သော်လည်း သင်္ကြန်အပြီး (ဧပြီလ တတိယပတ်အတွင်း) တွင် ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ပြန်လည် မြင့်တက်လာကာ ထပ်မံမြင့်တက်ဖွယ် ရှိကြောင်း မော်တော်ယာဉ် ဝယ်ရောင်းများက ပြောဆိုသည်။
“မတ်လတုန်းက ဖြစ်ခဲ့တဲ့ ဈေးလောက်အထိ ပြန်ဖြစ်နိုင်ခြေ ရှိတယ်။ အပ်ကား အပ်တဲ့သူတွေ ပုံမှန် ပြန်ဖြစ်လာရင်တော့ စလစ်ဈေးက ပုံမှန် ပြန်ဖြစ်သွားမှာပါ” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးကျော်မြင့်အောင်က ပြောကြားသည်။

အောက်တိုဘာလ ဝန်းကျင်တွင် စလစ်ဈေး ပြန်ကျနိုင်ခြေ ရှိကြောင်း မော်တော်ယာဉ် ဝယ်ရောင်း ဦးသူရိန်က ခန့်မှန်းပြောဆိုသည်။

စလစ်ဈေးနှုန်းများသည် မတ်လအတွင်းက ကျပ်သိန်း ၁၂၀ ဝန်းကျင်အထိ ဈေးပေါက်ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက “၁က” အက္ခရာ အပ်နှံခွင့် ပြုလိုက်သည့် ဧပြီလ ဆန်းပိုင်းတွင် စလစ်ဈေးနှုန်း ပြန်လည် ကျဆင်းခဲ့ကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းထံမှ သိရသည်။

စလစ်ဈေးနှုန်း ပြန်လည် မြင့်တက်နေသော်လည်း အရောင်းအဝယ် ကောင်းမွန်ကြောင်း စလစ်အရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။

လက်ရှိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုမှာ ဧပြီလ ၂၉ ရက်နေ့အထိ “အ” အက္ခရာယာဉ် အပ်နှံပြီးစီးမှု အစီးရေ ၇၃၃၇ စီးနှင့် အပ်နှံရန် ကျန်ရှိနေသော အစီးရေမှာ ၁၂၈၁ စီးဖြစ်၍ အပ်နှံရမည့် အစီးရေပေါင်းမှာ ၈၆၁၈ စီးဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

The Voice Weekly

ဒီတော ဒီတောင် ဒီရေ ဒီမြေ ဘယ်လို ထိန်းသိမ်းမလဲ (လူငယ်များ ဖတ်ကြည့်ပါ)


၂၄ ၂ ၂၀၁၄ နေ့ညက ဥတ္တံတားကျေးရွာ စာပေဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ပြောသွားတာလေးပါ။

ဂျပန်နိုင်ငံဆိုတာကမ္ဘာမှာမျိုးချစ်စိတ် နိင်ငံချစ်စိတ် စံပြနိုင်ငံပါ။
ဒီလိုမျိုးချစ်စိတ်လူတိုင်းမှာဖြစ်လာအောင် ကျုပ်တို့နိင်ငံလို ဆိုင်းဘုတ်တွေ ဆောင်ပုဒ်တွေပဲချိတ်ဆွဲခဲ့တာမဟုတ်ဘူး။ ဂျပန်မှာချယ်ရီပန်းတွေပွင့်တဲ့အချိန် ပန်းကြည့်ပွဲလုပ်တယ်။ ကျောင်းတွေပိတ်တယ်။ ဒီလိုပဲသစ်တောကြည့်ပွဲ မြစ်ကြည့်ပွဲ ဖူဂျီတောင်ကြည့်ပွဲတွေလုပ်တယ်။

ဆရာဆရာမတွေကတပည့်တွေကိုခေါ်သွားတယ်။ မိဘတွေကကလေးတွေကိုခေါ်သွားတယ်။ ဟိုရောက်ရင် ကလေးတွေကိုပေးဆော့တယ်။ မုန့်တွေကြွေးတယ်။ ကလေးတွေအရမ်းပျော်တာပေါ့။
ပြီးတော့မှဆရာမတွေကမေးတယ်။ သားတို့သမီးတို့ပျော်ကြလားပေါ့။ ကလေးတွေက ပျော်ပါတယ်ပေါ့။  ဒီတော့ဆရာတွေကထပ်မေးတယ်။ ဒီပန်းပင်တွေ ဒီသစ်တောတွေ ဒီမြစ်ကြီးတွေ ဒီဖူဂျီတောင်ကြီးတွေ မရှိတော့ရင် ကလေးတို့ပျော်ပါ့မလားပေါ့။ ဒီဟာတွေအမြဲရှိနေစေချင်လားပေါ့။

ကလေးသဘာဝအမြဲရှိနေစေချင်တယ်ပဲဖြေကြတာပေါ့။ ဒီတော့ဆရာတွေကထပ်မေးတယ်။ မင်းတို့အမြဲရှိနေစေချင်တာတွေကို တစ်ခြားနိုင်ငံက တစ်ခြားလူမျိုးတွေ လာပြီးလုယူမယ်။ ဝယ်ယူမယ်ဆိုရင်ရောလို့မေးတော့ ကလေးတွေက မပေးဘူး ရိုက်ထုတ်မယ် မောင်းထုတ်မယ်။ ဒါမျိုးဖြေကြမှာပဲလေ။

အဲဒီလို ငယ်ငယ်လေးကတည်းက သစ်ပင်သစ်တောတွေ မြစ်တွေ တောင်တွေကစပြီး
ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို နှလုံးသားထဲ စွဲစွဲမြဲမြဲ ချစ်တတ်အောင်သင်ခဲ့ကြတာတဲ့။

အဲဒီကလေးတွေကြီးလာလို့ အရာရှိပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် နိုင်ငံခေါင်းဆောင်ကြီးတွေပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာခဲ့ရင် သစ်တောတွေ တောင်တွေ မြစ်တွေ သယံဇာတတွေကို တစ်ခြားနိုင်ငံရောင်းစားမယ့်လူတွေ ဘယ်တော့မှမဖြစ်လာနိုင်တော့ဘူးတဲ့။

ဒါလေးဖက်ကြည့်ပြီးသဘောကျရင် တစ်ခြားသူတွေလည်း ဖတ်ရအောင်
Share ပေးလိုက်ပါ။

credit— Ko Aung Lwin


World-Myanmar

ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ဘင်္ဂလားပင်လယ်အော်တွင်း ပျက်ကျခဲ့ဟု သြစတြေးလျ ကုမ္ပဏီတစ်ခု သတင်းထုတ်ပြန်



ဆိုးလ်၊ ဧပြီ ၂၉

ယနေ့အချိန်အထိ ပဟေဠိဆန်စွာ ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်း ခရီးစဉ် MH370 ဘိုးအင်း လေယာဉ်ကြီးသည် ဘင်္ဂလား ပင်လယ်အော်တွင်းသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု သြစတြေးလျနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ထုတ်ဖော် ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

မြေယာနှင့် ပင်လယ်ပြင် သုတေသန လုပ်ငန်းများ လုပ်ကိုင်သော သြစတြေးလျ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သည့် Geo Resonance က ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ အပိုင်းအစဟု ယူဆရသော အရာများကို ဘင်္ဂလား ပင်လယ်အော်တွင်း တွေ့ရှိရကြောင်း သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ ရှာဖွေတွေ့ရှိသည့် နေရာမှာ လက်ရှိ ရှာဖွေလျက်ရှိသည့် နယ်မြေ (သြစတြေးလျ အနောက်တောင်ဘက် ကမ်းခြေဒေသ) မှ ကီလိုမီတာ ထောင်နှင့်ချီ၍ ဝေးကွာသည့် နေရာတွင် ဖြစ်သည်ဟု ယင်းကုမ္ပဏီက ဆိုသည်။

မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဟစ်ဆာမူဒင်ဟူစိန်က အာဏာပိုင်များသည် အဆိုပါ သြစတြေးလျကုမ္ပဏီ ထုတ်ပြန်သော သတင်းကို အတည်ပြုနိုင်ရေးအတွက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်ဟု ပြောကြားသည်။

သို့သော် လေယာဉ် ရှာဖွေလျက်ရှိသည့် နိုင်ငံပေါင်းစုံပါ အဖွဲ့မှ သြစတြေးလျ အေဂျင်စီတစ်ခုက အဆိုပါသတင်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေမရှိဟု ငြင်းဆိုသည်။

လက်ရှိ ရှာဖွေနေသည့် ဧရိယာသည် စိတ်ကျေနပ်မှု ရှိလောက်သည့် နေရာပင် ဖြစ်ကြောင်း၊ ဂြိုဟ်တုဓာတ်ပုံများ၊ ပျောက်ဆုံး လေယာဉ်ပျံ၏ သတင်းအချက်အလက်ဆိုင်ရာ အချက်ပြမှုဟု ယုံကြည်ရသည့် အရာများကို အခြေခံကာ ရှာဖွေနေခြင်း ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ဆိုသည်။

Geo Resonance ကုမ္ပဏီက ပုံဖော်နိုင်သော နည်းပညာနှင့် ရေဒီယို သတ္တိကြွ နည်းပညာများကို အသုံးပြုကာ သမုဒ္ဒရာကြမ်းပြင်ရှိ အလူမီနီယံ၊ တိုက်တေနီယံနှင့် လေယာဉ်ဆီများကို ထောက်လှမ်းရှာဖွေခြင်း ဖြစ်သည်။

မလေးရှားလေယာဉ် MH370 သည် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ခရီးသည် ၂၃၉ ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်သို့ ပျံသန်းသွားစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

မလေးရှားအစိုးရက လေကြောင်း အချက်ပြစနစ် နားလည်သူ တစ်စုံတစ်ယောက်က ယင်းလေယာဉ်ကို လမ်းကြောင်း ပြောင်းပစ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယုံကြည်လျက် ရှိသော်လည်း စုံစမ်း စစ်ဆေးမှုများအရ ခိုင်မာသည့် သက်သေ အထောက်အထားများ မတွေ့ရှိရသေးပေ။

The Voice

တောင်ငူတွင် မီးလောင်၊ ဓမ္မ School စာသင်ဆောင်တစ်ခု ပါဝင်


တောင်ငူမြို့ ၁၁ ရပ်ကွက်ရှိ မြကျွန်းသာ ၂ လမ်းရှိ ဦးကိုကိုနိုင် ခေါ် ဦးပေါလ်ရဲ့ သွပ်မိုးနှစ်ထပ်ပျဉ်ထောင်နေအိမ်ကနေ မေလ ၁ ရက် နေ့လည် ၁နာရီ ၃၀မိနစ်အချိန်မှာ

ရွှေမျှော ရေလှောင်ပိတ်တန်းကျိုးပေါက် ရွှေကျင်လုပ်သာားလုပ်သားနှစ်ဦးသေဆုံး



ကိုတိုးကြီး

မင်းကင်း၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာ၊ အပတောတိုက်အတွင်း ရွှေကျင်လုပ်န်းခွင်တစ်ခုတွင် ရွှေမျှော ရေလှောင်ပိတ်တန်း ကျိုးပေါက်ခဲ့ရာမှ ရွှေမျှောလုပ်သား နှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၃၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု မင်းကင်းမြို့နယ် မောက္ကတော်နယ်မြေ ရဲစခန်းမှတ်တမ်းတွင်
ဖော်ပြထားသည်။

“ လူနှစ်ဦးက ရွှံ့နွှံများအတွင်း နစ်မြုပ်သေဆုံးနေတယ်” ဟု လောင်းပြည့်ကျေးရွာ ဆယ်အိမ်မှူး ဦးအောင်နေလင်းက မဇ္ဈိမကို ပြောသည်။

၎င်းမှတဆင့် မောက္ကတော်နယ်မြေရဲစခန်းသို့ ဖုန်းဆက်၍လည်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါဖြစ်စဉ်ကို မောက္ကတော်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်နိုင်ထွေးနှင့်အဖွဲ့က သွားရောက် စစ်ဆေးရာတွင် သေဆုံးသူလူနှစ်ဦးမှာ မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနေ မောင်ချစ်ကိုကို နှင့် ဟုမ္မလင်းမြို့နယ်၊ ခေါင်စမ်းကျေးရွာနေ ကိုဟိန်းဇော်တို့ဖြစ်သည်ဟု ရဲစခန်းစစ်ချက်တွင် ရေးသားထားသည်။

သေဆုံးသူတို့မှာ တရားမ၀င် ရွှေမျှောလုပ်ကိုင်ရန် ရေလှောင်ပိတ်တန်များပြုလုပ်ရာမှ တာရိုးကျိုးပေါက်ကာ ရေတွင် မျောပါသေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကို မောက္ကတော်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၄)အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။


ကိုတိုး ချင်းတွင်း 

ထိုင်းနှင့် တန်းတူအခွင့်အရေးရရန် ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို


အလုပ်သမားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေးအပြင် အလုပ်သမားအခွင့်အရေး တွေမှာလည်း ထိုင်းအလုပ်သမားတွေနဲ့ တန်းတူညီမျှ ခံစားခွင့်ရရေးတို့အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ မေ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ ချင်းမိုင်ခရိုင်ဝန်ရုံးကို ချီတက်လမ်းလျှောက်လာကြပြီး အလုပ်သမားအခွင့်အရေးတွေ ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားပေါင်း ၂၀၀ ကျော်ဟာ ခရိုင်ဝန်ရုံးရှေ့မှာ တောင်းဆိုချက်၊ ကြေညာချက်တွေ ဖတ်ကြားခဲ့ကြပါတယ်။ မြန်မာအလုပ်သမားတွေကိုယ်စား ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း အလုပ်သမားရေးရာ ဒုတာဝန်ခံ မမာမာဦးက ဖတ်ကြားပေးခဲ့ပါတယ်။

“ထိုင်းအစိုးရအနေနှင့် ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးလေ့ရှိကြသော အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ညှိနှိုင်းဖြေရှင်းခြင်းတို့အပေါ် ထောက်ကူပြုစေသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ပဋိညာဉ်စာချုပ် အပိုဒ် ၈၇ နှင့် အပိုဒ် ၉၈ ပါ အချက်များအတိုင်း လိုက်နာကျင့်သုံးရေး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တိုက်တွန်းပေးပါရန် တောင်းဆိုပါသည်။”

ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့အတွက် ထိုင်းအလုပ်သမားနဲ့ တန်းတူအခွင့်အရေးရရှိရေး၊ အလုပ်သမားသမဂ္ဂလွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရေးနဲ့ လူမှုဖူလှုံရေး အာမခံချက်ကို အလုပ်သမားတိုင်း တန်းတူ လုပ်ဆောင်ခွင့်ရရေးတွေ တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် အလုပ်သမားတွေအပေါ် လိမ်လည်လှည့်စားနေတဲ့ ပွဲစားတွေ၊ အလုပ်သမား ဥပဒေအတိုင်း လိုက်နာခြင်း မရှိဘဲ အလုပ်သမားတွေပေါ် ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်တွေကို ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးဖို့၊ အမ်အိုယူ (နှစ်နိုင်ငံသဘောတူစာချုပ်)နဲ့ ရောက်ရှိ လာတဲ့ အလုပ်သမားပြဿ နာတွေ ဖြေရှင်းပေးဖို့၊ အလုပ်သမားပြန်ပို့စရိတ် အာမခံ ရန်ပုံငွေ ကောက်ခံမှုကို ရုပ်သိမ်းပေးဖို့နဲ့ ဖျော်ဖြေရေးအလုပ်သမား၊ ပြည့်တန်ဆာအလုပ်သမား တွေကိုလည်း အလုပ်သမားအဖြစ်သတ်မှတ်ပြီး အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေထဲမှာ အကျုံးဝင်စေဖို့၊ နေ့တွက် အနိမ့်ဆုံးလုပ်အားခ ဘတ် ၃၀၀ တကယ် ရမရ ကော်မတီဖွဲ့ပြီး စစ်ဆေးပေးဖို့ စတဲ့ အချက်ပေါင်း ၁၀ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီတောင်းဆိုချက်စာလွှာကို ချင်းမိုင်ခရိုင်ဝန် နိုင်းဝိချိန်း ဖုတိဝင်းယု ကိုယ်တိုင် လက်ခံရယူပေးပြီး ထိုင်းယာယီအစိုးရ ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဆီကို အမြန်ဆုံး တင်ပြပေး သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်းဆိုချက်တွေအတိုင်း အစိုးရက တကယ်လိုက်လျော ဆောင်ရွက်ပေး မပေးကို မမှန်းနိုင်ပေမယ့် အလုပ်သမားတွေကတော့ ကိုယ့်တောင်းဆိုစရာရှိတာတွေကို ဆက်ပြီး တောင်းဆိုသွားရမယ်လို့ မမာမာဦးက ဆက်ပြောပါတယ်။

ထိုင်းတောင်ပိုင်း ရနောင်းကနေ ချီတက်ပွဲကို ပူးပေါင်းလာတဲ့ အလုပ်သမား ကိုဟိန်းထက်က “အဓိက ပြဿ နာက ၂ နိုင်ငံ အစိုးရကြားမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အရမ်းအားနည်းတယ်လို့ ကျနော်တို့ခံစားရတယ်။ အဲဒါကြောင့် နေ့စဉ်နဲ့အမျှ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။ ၂ နိုင်ငံအစိုးရအနေနဲ့ သေချာညှိနှိုင်းဆွေးနွေးပြီးတော့ အလုပ်သမားအများစုရှိတဲ့ ပြည်နယ်တွေမှာ အလုပ်သမားရေးရာ တာဝန်ခံ အရာရှိတွေ ဒီထက်ပိုပြီး တိုးချဲ့ခန့်ထားပေးမယ်ဆိုရင် အလုပ်သမား ပြဿ နာတွေ အများကြီး ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” လို့ ပြောပါတယ်။

ဒီကနေ့တောင်းဆိုချက်တွေကို ချင်းမိုင်၊ မဟာချိုင်၊ ဘန်ကောက်၊ မဲဆောက်၊ ရနောင်း စတဲ့ဒေသက မြန်မာအလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ထိုင်းအလုပ်သမားသမဂ္ဂ၊ ထိုင်းအလုပ်ရုံစက်ရုံ၊ အထည်ချုပ်လုပ်ငန်းသမဂ္ဂ၊ လျှပ်စစ်ပစ္စည်းဆိုင်ရာ အလုပ်သမားသမဂ္ဂ၊ ကျောက်မျက်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂ စတဲ့ စုစုပေါင်း ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ၃ ရက်တာ ဆွေးနွေးပွဲ ကျင်းပပြီး ပူးပေါင်းရေးသားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ အလုပ်သမား အဖွဲ့အစည်းတွေပါ အဖွဲ့အလိုက်ဖြစ်စေ၊ မြို့နယ်အလိုက်ဖြစ်စေ နေရာတိုင်းမှာ ကျင်းပခဲ့ကြပါတယ်။

DVB Burmese

အလုပ်သမားနေ့တွင် လုပ်ခလစာတိုးရေးနှင့် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဆန္ဒပြ


တနေ့လုပ်ခလစာ ၅၆၀၀ ရရှိရေး၊ အမြဲတမ်းအလုပ်သမားများကို လစားအလုပ်သမားအဖြစ် သတ်မှတ်ရေး၊ အလုပ်သမားတွေကို တဖက်သတ်အလုပ်ထုတ်မှု ရပ်ဆိုင်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၄၃၆၊ ၅၉ (စ) စတဲ့ ပုဒ်မတွေ ပြင်ဆင်ပေးဖို့ အလုပ်သမား ၂၀၀ လောက်က တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ကျရောက်တဲ့ ၁၂၄ နှစ်မြောက် အလုပ်သမားနေ့မှာ ဒီကနေ့မနက်ပိုင်းက မဟာဗန္ဓုလပန်းခြံကို တပတ်ပတ်ပြီး အလုပ်သမား ၂၀၀ လောက်က လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်ဝင် ကိုနန္ဒာစစ်အောင်က “မေဒေးနေ့ အခမ်းအနားမှာ အလုပ်သမားအခွင့်အရေးတွေအတွက် ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီ အစိုးရတက်မှသာလျှင် အလုပ်သမားအခွင့်အရေး ဒီထက်ပို သေချာခိုင်မာစွာရနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ပြည်သူလူထုရဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းလာဖို့အတွက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှရမယ်လို့ ယုံကြည်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးတွဲတောင်းဆိုခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လိုင်သာယာစက်မူဇုန်က အထည်ချုပ်အလုပ်သမား မကြည်ကြည်လင်းကတော့ အလုပ်ချိန် ၈ နာရီ ဆင်းရပေမယ့် အလုပ်ရှင်တွေဘက်က လုပ်ခလစာပေးတာ နည်းပါးတာကြောင့် စားဝတ်နေရေး ခက်ခဲတယ်လို့ ပြောပါတယ်။

“အလုပ်ရှင်တွေက အလုပ်သမားတွေကို အလုပ်ချိန်များများခိုင်းပြီးတော့ လစာကို နည်းနည်းပဲ ပေးတဲ့အတွက်ကြောင့် အလုပ်သမားတွေက မခံမရပ်နိုင်အောင် ဖြစ်နေကြပါတယ်။ ကျမတို့ လစာက ၇ သောင်းခွဲ ၈ သောင်းလောက်ပဲရပါတယ်။ မိသားစု စားဝတ်နေရေးအတွက် အများကြီး မတောင်းဆိုပါဘူး။ ၁ သိန်းခွဲလောက် ရရင်ကျေနပ်ပါတယ်။ မနက် ၈ ည ၈ အလုပ်ဆင်းရတဲ့ အတွက်ကြောင့် မို့လို့ပါ။ ရေတွေဆိုရင် မသန့်တဲ့ရေတိုက်တာတွေရှိတယ်။ ၀န်ထမ်းဘက်က အလုပ်နည်းနည်းနောက်ကျရင် ဒဏ်ငွေ ရိုက်တာတွေရှိတယ်။”

မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက “အနိမ့်ဆုံး လုပ်အားခကို ဒေသအလိုက် အတိအကျ သတ်မှတ်ဖို့ လိုတယ်။ ဒါပေမယ့် အလုပ်လက်မဲ့ဖြစ်နှုန်းကို သေသေချာချာ စာရင်းဇယား ကောက်ယူပြီး အလုပ်လက်မဲ့ဖြစ်နှုန်းကို အလုပ်အကိုင် ဘယ်လိုရှာဖွေပေးမလဲဆိုတာ သိပ်အဓိက ကျတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် အောင်မြေသာယာ ဘောလုံးကွင်းမှာလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ကျင်းပခဲ့ပြီး မြန်မာတနိုင်ငံလုံးက အလုပ်သမားတွေနဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လည်း တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို တောင်ကြီးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာလည်း ကျင်းပခဲ့ပါတယ်။

DVB Burmese 

Placenta Previa အချင်း ရှေ့ရောက်ဖြစ်ခြင်း


အမေး -
သမီး 17 weeks ပတ်တုန်းက ရိုက်ထားတဲ့ Ultrasound Result နဲ့ အခု 36 weeks မှာ ရိုက်ထားတဲ့ Ultrasound Result ကို ပို့ပေးလိုက်ပါတယ်ရှင့်။ သမီးသိချင်တာလေးကို ဖြေပေးပါဦးနော်။ နောက်ဆုံးရာသီလာခဲ့တဲ့ရက်က (3.9.2013) ပါ။ OG ကတော့ 36 weeks လို့ပြောပါတယ်။ Ultrasound Result မှာကျတော့ 34+ လို့ရေးထားပါတယ်။ ကလေးနှင့် Ultrasound Result ကိုက်၊ မကိုက်လေးလည်း ပြောပေးပါဦးနော်။
(၁) သမီးမွေးမဲ့ Due Date လေးတွက်ပေးပါဦးနော်။
(၂) ကလေး အနေအထားနှင့် သာမန်လောက်ပဲလား၊ ထွားလားဆိုတာလေးပါ
(၃) Ultreasound Result အရ သမီး ရိုးရိုးမွေးရမည်လား၊ ခွဲမွေးရမည်လားရှင့်
(၄) ခြေလက်အင်္ဂါစုံ၊ မစုံ နှင့် တစ်စုံတစ်ရာ ချို့ယွင်းချက်ရှိရင်လည်း ပြောကြားပေးပါဦးနော်

အဖြေ -
၁။ စောရိုက်တာအရ ခန့်မှန်းမွေးရက် = ၄-၆-၂ဝ၁၄
၂။ နောက်ရိုက်တာအရ ခန့်မှန်းမွေးရက် =၂၃-၅-၂ဝ၁၄
၃။ ရာသီရက်အရ ခန့်မှန်းမွေးရက် = ၇-၆-၂ဝ၁၄
၎။ အချင်းအောက်ကျနေလို့ ခွဲမွေးရပါမယ်။
၅။ ကျန်တာတွေကောင်းပါတယ်။

အမေး -
ကလေးက သာမန်လောက်ပဲလား။ ထွားပါလားရှင့်။ ခွဲမွေးရမည်ဆိုလျှင် ကလေးက ထွားလို့ရပါလားရှင့်။

အဖြေ -
မဟုတ်ဘူး။ အချင်းရှေ့ရောက်လို့ပါ။ ကလေးရှေ့မှာ။ အချင်းအောက်မှာရှိနေတယ်လို့လဲရေးတယ်။

Low lying placenta အချင်းအောက်ဖက်မှာ ကပ်တယ်ဆိုရင် မူမမှန် ဖြစ်နေတာပါ။ မမွေးခင် သွေးဆင်းတာကို (APH) ခေါ်တယ်။ အရေးကြီးတယ်။ ကလေးဟာ ကိုယ်ဝန် ဘယ်အရွယ်ရနေနေ မွေးလမ်းကြောင်းကနေ ဖွါးလို့ မရနိုင်ပါ။ ကိုယ်ဝန် ရင့်တာဆိုရင် သေခြာပေါက် (LSCS) ဗိုက်ခွဲမွေးရတယ်။

အချင်းက နေရာမှန် ပြန်မရောက်နိုင်ပါ။ ကလေးအနေအထားကသာ ပြင်သွားတတ်တယ်။ အခုတခါ အဲလိုဖြစ်ပေမဲ့ နောင် ကိုယ်ဝန်တွေမှာ ပုံမှန်ဖြစ်နိုင်တယ်။ ဒါက လူကနေ လုပ်ပေးနိုင်တာသာ ဖြစ်တယ်။ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ပြောရရင် ကံတရားပါဘဲ။ မိဘတွေ ချို့ယွင်းကြလို့ မဟုတ်ပါ။ သန္ဓေတည်တည်ချင်း အချင်းကပ်တာက သားအိမ် အထက်ပိုင်းမှာ ပုံမှန်ကပ်ရမှာကို အောက်မှာ သွားကပ်လို့ ဒီလိုဖြစ်လာတာ။

ကိုယ်ဝန်ဆောင် ၂၅ဝ မှာ ၁ ယောက်ဖြစ်တယ်။ တချို့စာရင်းဇယားတွေအရ ဝ့၅% (၂ဝဝ မှာ ၁ ယောက်) လို့ ဆိုတယ်။ ယမုန်နာ-ဆေးခန်း အခုစာရေးတဲ့ အချိန်မထိ ကလေး ၂ဝဝ တိတိ မွေးပေးပြီးပြီ။ အချင်းရှေ့ရောက်သူ ၂ ယောက် တွေ့ရတယ်။ ဆန်းစစ်တဲ့ အရေအတွက် နည်းလွန်းလို့ ၁% ရှိမယ်ဆိုပြီး၊ သုတေသနသဘော ပြောမရပါ။

ဒီဂရီ (အပြော့-အပြင်း) ၃ မျိုး ခွဲခြားတယ်။ အချင်းက သားအိပ်အဝကို ဘယ်လောက်အထိ ဖုံးနေသလဲအပေါ်မှာ မူတည်တယ်။ အစွန်းလေးမှာ ဖုံးတာ ၄၅%၊ တဝက်တပျက်ဖုံးတာ ၅ဝ% နဲ့ လုံးလုံးဖုံးတာ ၅% ဖြစ်နိုင်တယ်။ တချို့က အတန်းအစား ၄ မျိုးခွဲတယ်။ စာသင်ကြားရာမှာသာ အရေးပါတာပါ။

Placenta Previa အချင်းရှေ့ရောက်ဖြစ်ခြင်း
မမွေးခင် သွေးဆင်းတာ၂ မျိုးရှိတယ်။ တချို့မှာ Placental abruption သားအိမ်တွင်းမှာ အချင်းကွာတာ ဖြစ်တယ်။ အခုဖြစ်နေတာက Placental Previa အချင်းရှေ့ရောက်ဖြစ်တာပါ။ မေးတဲ့သူမှာ ဖြစ်နေတာကို သိတာက ကိုယ်ဝန် ၂ဝ ပါတ်ဆိုတော့ ဒုတိယ ၃ လ အပိုင်းထဲမှာ ဖြစ်တယ်။ ကိုယ်ဝန်ကို ၃ လ စီ ပိုင်းပြီး၊ လေ့လာရတယ်။ မွေးကာနီးမှ သိရတာထက် နဲနဲ တော်သေးတယ်လို့ ဆိုနိုင်တယ်။

ဘာလို့လဲဆိုတော့ ကိုယ်ဝန် ၁၆ ပါတ်မှာ သားအိမ် အတွင်း မျက်နှာပြင်ရဲ့ ၂၅-၅ဝ% ကို အချင်းက နေရာယူထားတယ်။ တတိယ ၃ လပါတ်ရောက်ရင် သားအိမ်-အောက်ပိုင်းလို့ ခေါ်တဲ့ အရေးပါတဲ့ Lower uterine segment ဖြစ်လာတယ်။ ဒါကြောင့် အတွင်းမျက်နှာနေရာ ပိုကျယ်လာတယ်။ ဒါကြောင့် သားအိမ်အဝနဲ့ ဝေးတာ ဖြစ်လာနိုင်ခြေရှိတယ်။ ကိန်းဂဏန်းနဲ့ ရှိတာ ပြောရရင် ဒုတိယ ၃ လထဲမှာ အဆင့် (၃) လုံးလုံး ပိတ်နေသူတွေထဲက ၉ဝ%၊ နဲနဲသာ ပိတ်နေသူတွေထဲက ၉၅% တွေဟာ သူ့အလိုလို အခြေအနေ ကောင်းလာနိုင်တယ်။ အရင်ဖြေစာမှာ အချင်း နေရာ ပြောင်းသွားတာ မရှိဘူးလို့ ဖြေခဲ့တယ်။ အခုလိုရှင်းမှ အချင်း နေရာ ပြောင်းတာ မဟုတ်၊ သာအိမ် အတွင်းမျက်နှာပြင် ကျယ်လာတာလို့ နားလည်စေချင်တယ်။ Ultrasound ထပ်ရိုက်ရလိမ့်မယ်။

နေ့စေ့လစေ့အထိ အချင်းက သားအိမ်အဝမှာကပ်နေရင် အရေးကြီးပြီ။
ကလေးအတွက်ဆိုရင် -
၁။ သွေးလုံလောက်အောင် မရလို့ မကောင်းတာ (ဆုံးသွားတာ) ဖြစ်နိုင်တယ်။
၂။ (IUGR) အထဲမှာ ကလေးကြီးထွားမှု အားနည်းစေမယ်။
၃။ မွေးရာပါချို့ယွင်းချက် တခြားကလေးတွေထက် ပိုများနိုင်ခြေရှိတယ်။

မိခင်လောင်းအတွက်ဆိုရင် -
၁။ အသက်ကို ခြိမ်းခြောက်နိုင်လောက်အောင် သွေးဆင်းခြင်း၊
၂။ ဗိုက်ခွဲမွေးရခြင်း၊
၃။ မွေးဖွါးပြီး သူများထက် သွေးပိုဆင်းခြင်း၊
၎။ Placenta accreta အချင်းက ရှားရှားပါးပါး သားအိမ်-ကြွက်သားအထိ တွယ်ကပ်ခြင်း၊

Placenta previa ဆိုတာ သိတာနဲ့ ကိုယ်ဝန်ဆောင်ကို လုံးဝနားစေရမယ်။ လိုမယ်ထင်ရင် ဆေးရုံတင်ပါ။ လိုမယ်ဆိုတာ ကိုယ်ဝန် အနု-အရင့်၊ ကလေးအခြေအနေတွေ ကြည့်ရမယ်။ ကလေးအဆုပ် ရင့်သန်အောင် Steroid shots ဆေးထိုးရတတ်တယ်။ သွေးဆင်းနေတာ မရပ်ရင်တော့ ခွဲပေတော့။

အချင်းရှေ့ရောက်ဖြစ်ရသူတွေထဲမှာ -
- အသက်ကြီးသူ၊ ငယ်လွန်းသူတွေကိုလဲ ထည့်နိုင်တယ်။
- ကလေးအမွေးများသူ၊
- အမွှာဖြစ်လို့၊ ဒါမှမဟုတ် Erythroblastosis ဖြစ်လို့ အချင်းအရွယ် သိပ်ကြီးနေသူ၊
- အရင်ကလဲ LSCS သားအိမ်ကိုခွဲစိတ်ခံရဘူးသူ၊ D and C သားအိမ်ခြစ်ဘူးသူတွေ ပါနေတယ်။

(APH) မမွေးမီ သွေးဆင်းခြင်း မှန်သမျှထဲက အမျာဆုံးဖြစ်တာ PP အချင်းရှေ့ရောက်ဖြစ်တာ ဖြစ်ပါတယ်။ မြန်မာဘာသာပြန်က အင်္ဂလိပ်ဆေးစာ ရှေ့ကသွားတယ် ဆိုတဲ့အတိုင်း မှန်တယ်။ ဘာရဲ့ ရှေ့ကလဲ။ ကလေးရှေ့က။ ကလေးဖွါးတယ်ဆိုတာ ဒုတိယအဆင့် ကလေးက အရင်မွေးပြီး တတိယအဆင့်ရောက်မှ အချင်းက ဆင်းရမှာ။

သွေး နဲ့ အကျိအချွဲနဲ့ ရောဆင်းတာကို Show ခေါ်တယ်။ ပုံမှန် ကလေးဖွါးကာနီးသူတိုင်း ဖြစ်တယ်။ APH ဖြစ်လို့ သွေးဆင်းတာက နီနီရဲရဲ၊ ဗိုက်လဲ မနာဘဲ ဆင်းတာမျိုး ဖြစ်တယ်။ နေ့လည်ခင်းမှာ စဆင်းတာ များတယ်။ ကိုယ်ဝန် ၂၄ ပါတ် ကျော်သူတွေမှာ အဲလိုဖြစ်ရင် အချင်းရှေ့ရောက်ကို သံသယရှိရတော့မယ်။ နုသေးရင် ကိုယ်ဝန်ပျက်စာရင်းထဲ ဝင်မယ်။

(VE) မွေးလမ်းကို လက်နဲ့ စမ်းတာမှာ အထူး သတိထားရတယ်။ စမ်းတဲ့လက်က သားအိမ်အဝမှာ ဘာရှိသလဲ သေခြာအောင် စမ်းရင်း ကပ်နေတဲ့ အချင်းကို ထိုးခွါပေးသလို ဖြစ်တတ်တယ်။ သတိကြီးတဲ့ ဆရာဝန်တွေက သံသယရှိနေရင် ခွဲမွေးနိုင်အောင် ပြင်ဆင်မှုတွေ အရင်လုပ်တယ်။

တောမှာ ဒါမှမဟုတ် ခွဲစိတ်ကရိယာ မရှိတာမျိုးကြုံရင် မွေးလမ်းကနေ မွေးပေးနည်းလဲ ကြံဖန်နိုင်ပါသေးတယ်။ ၂ နည်း ရှိတယ်။ မအေကို ကယ်ဘို့သာ ဖြစ်ပါတယ်။

Dr. တင့်ဆွေ

LSCS ဗိုက်ခွဲမွေးရခြင်း


သမီးက အချင်းအဲဒီလို အခြေအနေဖြစ်နေတော့ စိုးရိမ်ရပါလားရှင့်။ သွေးတွေဘာတွေတော့ ဆင်းခြင်းမရှိပါ၊ လှုပ်လှုပ်ရှားရှားလည်းနေပါတယ်ရှင့်၊ ဆီးစပ်တွေ ဘာတွေလည်းမကိုက်ပါရှင့်၊ သမီးစိုးရိမ်လို့ပါရှင့်။ ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာလေးကို ပြောပြပေးပါနော်၊ ကလေးကောင်းဖို့အတွက် စောမွေးသင့်ပါလားရှင့်။

လုံးဝစိုးရိမ်စရာမရှိပါ။ (၁) ဗိုက်နာရင် (၂) သွေးဆင်းရင်၊ (၃) အရည်ဆင်းရင် ချက်ချင်း ခွဲစိတ်မွေးဖွါးပေးမဲ့ဆေးရုံကို သွားပါ။ ခွဲစိတ်မွေးဘို့ အစစပြင်ဆင်ထားပါ။ ဗိုက်မနာခင်လဲ ခွဲမွေးမဲ့ရက်ကို ကြိုတင်သတ်မှတ်ပြီး ခွဲနိုင်ပါတယ်။

ကလေးမီးဖွါးတာမှာ ပုံမှန်မွေးဖွါးခြင်းဆိုတဲ့ မွေးလမ်းကြောင်းကနေဖွါးတာကအကောင်းဆုံး ဖြစ်ပါတယ်။ မွေးလမ်းကြောင်းကနေတောင်မှ ဘာအကူအညီမှ မပါဘဲ၊ ဓမ္မတာ-ထုံးစံအတိုင်းမွေးနိုင်တာက (ပါဖက်) ဖြစ်တယ်။

မွေးလမ်းကြောင်းကနေမွေးရာမှာလဲ တခါတလေကူရတာတွေ ရှိတယ်။ သားဦးမွေးရင် မွေးလမ်းကို Episiotomy ချဲ့ပေး-ပြန်ချုပ်ပေးရတာ။ သားအိမ်ညှစ်အားနည်းနေရင် Oxytocin ဆေးကို Drip ထဲထည့် သွင်းပေးရတာ။ ကလေးခေါင်းထွက်တာ ကြာမနေစေချင်လို့ Forceps delivery ညှပ်ဆွဲ၊ Vaccum extraction လေစုပ်စက်နဲ့ ဆွဲကူမွေးပေးရတာ။ လုံးဝအနာမခံချင်လို့ Epidural delivery ဆိုတဲ့ ခါးထုံဆေးနဲ့ မွေးပေးတာလည်းရှိသေးတယ်။

ရိုးရိုးမဟုတ်နိုင်လို့ ခွဲမွေးရတာမှာ “ဘာလို့ ခွဲမွေးရသလဲ။” “မခွဲရင် မရဘူးလား။” “တကယ်ကိုမရဘူးလား” ဆိုတာတွေ သိရလိမ့်မယ်။ မခွဲရင်လည်းရတယ် ဆိုတာနဲ့ ခွဲကိုခွဲရမှာ နှစ်မျိုးရှိတယ်။ တချို့က နေ့ကောင်းရက်သာရွေး ခွဲမွေးချင်သူတွေလည်း ရှိတယ်။ တခါတလေ ဆရာဝန်ကစိတ်မရှည်လို့၊ Risk ကိုနဲနဲလေးမှ မယူချင်လို့ ခွဲတာလည်း ရှိတယ်။ တချို့ဆေးရုံ-ဆေးခန်းတွေကတော့ ခွဲပေးရင် လူနာဆီကငွေပိုယူလို့ရတာမို့၊ လုံလောက်အောင် အချိန် မစောင့်ဘဲ ခွဲတာလည်း တကယ်ရှိပါတယ်။

မွေးလမ်းကနေမွေးမရလို့ ခွဲရတာမှာတခြားရွေးစရာလမ်းမရှိတာမို့ ခွဲမွေးတာအကောင်းဆုံး ဖြစ်တယ်။ ဥပမာ CPD ကလေးခေါင်းနဲ့ မိခင်မွေးလမ်းမတန်တဆ ဖြစ်တာ။ ဒါမှာလည်း ၂ မျိုး။ မအေရဲ့ အရိုးကွင်းကကျဉ်းနေတာနဲ့ ကလေး ခေါင်းက ပုံမှန်ထက် ကြီးနေတာ။ ဒီအခြေအနေ နှစ်ရပ်လုံးကခွဲကိုခွဲရမယ်။

နောက်တမျိုးက Placenta previa အချင်းဟာပုံမှန်ရှိရမဲ့ သားအိမ်အဝနဲ့ ဝေးရာမှာမဟုတ်ဘဲ၊ အောက်ပိုင်းရောက်နေတာ။ အချင်းက သားအိမ်အဝကို အပြည့်ဖြစ်ဖြစ်၊ တစိတ်တပိုင်း ဖြစ်ဖြစ် လာဖုံးနေတာမျိုး။ အချင်းရှေ့ရောက်လို့ ခေါ်တယ်။ မွေးခါနီးလို့ သားအိမ်အဝကျယ်လာတာနဲ့ အချင်းကွာလာပြီး၊ ကလေးမမွေးခင် သွေးတွေ အရင်ဆင်းတာမျိုး။ APH ခေါ်တာပေါ့။ မမွေးမီသွေးဆင်းခြင်းအကြောင်းတရားတွေထဲကအရေးအကြီးဆုံးဖြစ်တယ်။ ဒါကို Ultrasound မှာ ကြိုသိထားနိုင်တာမို့၊ ရက်ရွေးပြီး၊ အေးအေးဆေးဆေး ခွဲမွေးပါလေ။

ကလေးအနေအထားပုံမှန်မဟုတ်တာ၊ ရိုးရိုးမွေးဘို့ ကြိုးစားရင်းအချိန် ပိုမစောင့်သင့်တာ။ မိခင်ဖြစ်ဖြစ် ကလေးဖြစ်ဖြစ် တခုခုဖြစ်လာလို့ မွေးလမ်းကနေမွေးအောင် အချိန် မစောင့်သင့်တော့တာ။ ဟိုကဆက်နေ-ဒီကဆက်နေ၊ ထူးဆန်းတဲ့ ကလေးဖြစ်နေတာ၊ ဒါတွေမှာလည်းခွဲတာကောင်းတယ်။

ဗိုက်ခွဲမွေးရတိုင်းနောက်လည်းခွဲရမယ်ဆိုတာနေရာတိုင်းမှာယူဆလို့မရပါ။ အရင်တခါ ခွဲတုံးကဘာအကြောင်းကြောင့် ခွဲရလည်းအပေါ်မှာမူတည်တယ်။ အချင်းရှေ့ရောက်လို့ ခွဲထားရသူဟာ နောက်ကိုယ်ဝန်က ပုံမှန်ဖြစ်ပြီးရိုးရိုးမွေးလို့ရတယ်။ ကလေးအနေအထားဆိုတာလည်း တခါပုံမှန်မဟုတ်တိုင်း အမြဲမှားမနေတတ်ပါ။

ခွဲမွေးတာဖြစ်ဖြစ် အနာလေးတခုခွဲရတာဖြစ်ဖြစ် အနည်းနဲ့အများသတိထားရတာတွေ ချည်းပါဘဲ။ ခွဲစိတ်ခြင်း အန္တရာယ်တွေက ခွဲစိတ်မှု ကြီးကြီးသလို၊ လုပ်တာကိုင်တာပေါ့ဆရင် ပေါ့ဆသလိုရှိနိုင်တယ်။ ခွဲမွေးရတဲ့အတွက် အားသာချက်တွေလည်းရှိပါတယ်။ ရက်၊ အချိန်၊ ရွေးမွေးနိုင်တယ်။ တတိယကလေးခွဲရရင် တခါတည်း သားကြော ဖြတ်ပေးနိုင်တယ်။ မွေးလမ်းကြောင်းဟာအမေမွေးတဲ့အတိုင်းသာရှိနေမယ်။

ယေဘုယျပြောရရင် ဗိုက်ခွဲမွေးတာဟာစိတ်ချရတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် စီစီစဉ်စဉ်လုပ်ရရင် ပိုတောင်မှ စိတ်ချနိုင်ပါတယ်။ (အေဂျင်စီ) ကပြောတာက “လမ်းညွှန်ချက်တွေကိုအခါအားလျှော်စွာ ပြန်သုံးသပ်ပြီးအသစ်တွေ လုပ်နေတာပါ။ အခုလုပ်ရတာကဘယ်ကဖိအားပေးလို့မှ မဟုတ်ပါ။” ဒါပေမဲ့ ရှေ့နေတွေရောဆရာဝန်တွေကပါ လက်ရှိ ဗြိတိန်ကျန်းမာရေးစောင့်ရှောက်မှုကအမျိုးသမီးတွေကိုကလေးမွေးတဲ့အရေးမှာကာယကံရှင်သဘောပြောခွင့်ရတာနည်းနေတယ်တဲ့။

(ယူကေ) မှာအမျိုးသမီး ၂၅% ဟာဗိုက်ခွဲမွေးကြတယ်။ အမေရိကားမှာ ၃ဝ% ရှိတယ်။ နှစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာဗိုက်ခွဲမွေးရတာတိုးလာနေတယ်။ ဆရာဝန်တွေကရှင်းပြတာကတော့ တောင်းဆိုလို့ ခွဲပေးရတာမို့ များလာတာ မဟုတ်ပါ။ မိခင်လောင်းတွေကကိုယ်အလေးချိန် များလွန်လို့၊ ဆီးချိုရောဂါလဲရှိတာများလာကြလို့ပါ။

ဗိုက်ခွဲမွေးရသူ ၁ဝ% ဟာရက်ရွေးပြီးခွဲပေးရတာဖြစ်တယ်။ ၁၅%က အရေးပေါ်ခွဲပေးရတာဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နေ ဖြစ်သင့်တယ်ယူဆတာကချမ်းသာတဲ့တိုင်းပြည်တွေမှာဗိုက်ခွဲမွေးနှုန်း ၁၅% လောက်ဖြစ်တယ်။ ဗြိတိန်မှာ ၁၅% လောက်ကအပြင်ဆေးခန်းတွေမှာခွဲမွေးပြီးရာခိုင်နှုန်းမြင့်မားတယ်။ နာမည်ကြီးသူတွေလာမွေးတတ်တဲ့ Portland Hospital ဆေးရုံမှာဆိုရင် ၃၅-၄ဝ% အထိခွဲမွေးတယ်။

Madonna တို့ Victoria Beckham တို့လဲပါတယ်။ ဒီလိုလူမျိုးတွေ လာမွေးရာကနေ အရပ်စကားတခုပေါ်လာတယ်။ “Too posh to push အလှမပျက်ချင်၊ ဗိုက်မညှစ်ချင်ကြသူတွေ”

“အမျိုးသမီးတဦးဗိုက်ခွဲမွေးရတာဟာ ပန်းခြံထဲလမ်းလျှောက်သလို သဘောထားပါ။ ဒါပေမဲ့ သိသင့်သိထိုက်တာမှန်သမျှတော့ ကြိုသိထားဘို့လိုပါတယ်။”

Dr. တင့်ဆွေ

အသက်(၇၀)ကျော် အဘဖြစ်သူက အသက်(၁၅)နှစ်အရွယ် မြေးမလေးကို သားမယားအဖြစ် အဓမ္မပြုကျင့်


သတင်း၊ ကိုတိုးကြီး
ဟုမ္မလင်း၊ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဟူးနောင်ကျေးရွာတွင် ဧပြီလ ၃၀ ရက်နေ့က အသက်(၇၀)ကျော် အဘိုးဖြစ်သူက အသက်(၁၅)နှစ်အရွယ် မြေးမလေးကို သားမယားအဖြစ် အဓမ္မပြုကျင့် ခဲ့သည့် ဖြစ်စဉ်တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဌာနစိတ်မှ သိရသည်။

“ လွန်ခဲ့တဲ့ ခြောက်လကတည်းက အဘဖြစ်သူက သူ့မြေးမလေးကို သားမယားအဖြစ်အကြိမ်ကြိမ် အခါခါ ပြုကျင့်ခဲ့တာဖြစ်ပါတယ်..။ အခုဆိုရင် ကောင်းမလေးက ကိုယ်ဝန် လေးလရရှိနေပါပြီ…” ဟု ဟုမ္မလင်းမြို့မ ရဲစခန်းရှိ အမှုစစ်ရဲအရာရှိတစ်ဦးမှ ပြောပြသည်။
အဆိုပါ ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇွန်လခန့်က အသက်(၇၁)နှစ်အရွယ် ဦး …ဆိုသူ သည် သူ၏မြေးတော်စပ်သူ အသက်(၁၅)နှစ်အရွယ် မ….ဆိုသူအား ဟူးနောင်ကျေးရွာနှင့်(၂)မိုင်ခန့်အကွာ ရှိ တောတွင်းတစ်နေရာသို့ တောင်ကောင်ဖမ်းရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်းနေရာ တွင် အဘဖြစ်သူက သူ၏မြေမလေးကို သားမယားအဖြစ် စတင်ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် နေအိမ်၌တွင်လည်း အဘဖြစ်သူက သူ၏ဇနီးဖြစ်သူမရှိခိုက်အချိန်များတွင် အဆိုပါ မြေးမလေး အား အကြိမ်ကြိမ်အခါခါ သားမယားအဖြစ်ပြုကျင့်နေထိုင်ခဲ့ရာ ယခုနှစ် သင်္ကြန်ကာလအတွင်း ဧပြီ ၁၅ ရက်နေ့ကလည်း ပြုကျင့်ခဲ့သေးသည်။ ထို့ကြောင့် မြေးမလေးဖြစ်သူမှာ ကိုယ်ဝန်လေးခန့်ရရှိခဲ့ပြီး ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ အမှုအား ဟုမ္မလင်းမြို့မရဲစခန်းက(ပ)၅၉/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရအမှုဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဆက်စပ်



ကိုတိုး ချင်းတွင်း

ဇီယန်ကျင်း ဘူတာရုံ တိုက်ခိုက်မှုပြီးနောက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများကို ရင်ဆိုင်ဖြေရှင်းရန် သမ္မတ ဇီကျင်းပင်မှ ပြောကြား


မေ ၁။

ဇီယန်ကျင်းတွင် ဖြစ်ပွားခဲ့သည့် ဘူတာရုံ ပေါက်ကွဲမှုပြီးနောက်တွင် တရုတ်သမ္မတ ဇီကျင်းပင်မှ အကြမ်းဖက် တိုက်ခိုက်မှုအတွက်
ပြတ်သားသော အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများမှ ဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် တိုက်ခိုက်သူများမှာ ဓားများနှင့် ဖောက်ခွဲရေး ပစ္စည်းများကို အသုံးပြု၍ အူရမ်ကွီး
တောင်ပိုင်း ဘူတာရုံကို တိုက်ခိုက်ခဲ့ပြီး လူ ၃ ဦး သေဆုံးကာ ၇၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များမှ ဖော်ပြခဲ့ကြသည်။
၎င်းတိုက်ခိုက်မှုများသည် သမ္မတ ဇီကျင်းပင်၏ ဒေသတွင်း ခရီးစဉ်အပြီးတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဇီယန်ဂျင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြီးခဲ့သောနှစ်ကလည်း ဖြစ်ပေါ်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုအတွက် အူအဂ်ဟာ မူဆလင်မျိုးနွယ်
ခွဲထွက်ရေးသမားများအား ဘေဂျင်းအစိုးရမှ စွပ်စွဲခဲ့သည်။

ယခု ဖြစ်ပွားမှု မတိုင်မီကလည်း မတ်လအတွင်းတွင် တောင်ပိုင်းတရုတ်ရှိ ခွန်မင်း ဘူတာရုံတွင် လူ ၂၉ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှု
ဖြစ်ပွားခဲ့ပြီး အူအဂ်ဟာအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

မစ္စတာ ဇီ၏ ဇီယန်ကျင်း အနောက်ပိုင်းခရိုင်သို့ လည်ပတ်မှုသည် ၂၀၁၂ ခုနှစ် သမ္မတဖြစ်ပြီးနောက်ပိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်သည်။

“ အကြမ်းဖက်မှုဝါဒကို တိုက်ဖျက်မှု၌ ခေတ္တခဏမျှပင် ပေါ့လျော့၍ မရဘဲ ပြတ်သားသည့် ဆောင်ရွက်မှုများကို ဆောင်ရွက်သွားရမည်
ဖြစ်ကြောင်း ” မစ္စတာ ဇီမှ ပြောဆိုသွားခဲ့သည်။ “ ဇီယန်ကျင်း ခွဲထွက်ရေးဝါဒကို နက်နက်ရှိုင်းရှိုင်း နားလည်ရန်လည်း လိုအပ်ကြောင်း ”
ဖြည့်စွက် ပြောကြားခဲ့သည်။

အူရမ်ကွီး ဘူတာရုံ ထွက်ပေါက်တွင် ပေါက်ကွဲမှုမှ စတင်ပြီး တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းအချိန်သည် ချန်ဒူမှ ရထားဆိုက်ရောက်
လာသည့် ၁၉ နာရီ ၁၀ မိနစ်တွင် ဖြစ်ကြောင်း ဒေသတွင်း အစိုးရ၏ သတင်းဌာနမှ ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုတွေအရ တိုက်ခိုက်သူများသည် ဓားများဖြင့် ဘူတာရုံတွင် ရှိသော လူအများကို ထိုးနှက်ခဲ့ကြပြီး ဖောက်ခွဲမှုများကိုလည်း
တစ်ချိန်တည်းတွင်ပင် ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း သတင်းဌာနမှ ဖော်ပြခဲ့သည်။ ဒဏ်ရာ ရရှိသူများမှ ဆေးဝါးကုသမှုများ ခံယူလျက်
ရှိကြောင်းကိုလည်း ဖော်ပြသွားခဲ့သည်။

မျက်မြင်သက်သေများမှ ၎င်းပေါက်ကွဲမှုများသည် ဘူတာရုံထွက်ပေါက်နှင့် ကားဂိတ်ကြားရှိ ခရီးဆောင်အိတ်များ ထားရှိရာနေရာတွင်
ဖြစ်ပွားခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။

Ref: BBC

The Myanma Age

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဖြစ် ရပ်တည်နေဟု ယူနီဆက်ဖ်ဆို


ကြယ်ပြာ

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ပြည်နယ်တခုဖြစ်နေပြီး လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး စစ်တမ်း ကောက်ယူမှုများအရ အနိမ့်ဆုံး အညွန်းကိန်း
ရလာဒ်များနှင့် ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ယူနီဆက်ဖ်က ဆောင်ရွက်နေသော ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဧပြီလ ၃၀ရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်
ယူနီဆက်က ယင်းတို့ စစ်တမ်းကောက်ယူခဲ့သည့် အချက်အလက်များကို ထုတ်ဖော် ပြသခဲ့ခြင်းဖြစ်သည်။

“၂၀၁၂ခုနှစ်က စတင်ဖြစ်ခဲ့တဲ့ ဒေသတွင်း ပဋိပက္ခတွေကြောင့် အခြားတိုင်းနှင့်ပြည်နယ်တွေနဲ့ ယှဉ်ရင် လူမူဘ၀ စီးပွားရေး အားလုံးက အဖက်ဖက်ကနေ ယိုယွင်းချို့တဲ့နေပါတယ်။ ရခိုင်မှာရှိတဲ့
ကလေးတွေက ဆင်းရဲမွဲတေမှုနဲ့ ပညာရေးမှာ အနိမ့်ဆုံး အနုတ်အောက်မှာ ဖြစ်နေတယ်” ဟု ယူနီဆက်ဖ်၏ မြန်မာပြည် ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel က ပြောသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ၂၀၁၄-၂၀၁၅ခုနှစ် ၂နှစ်တာ အတွက် အမေရိကန်ဒေါ်လာ ၁၂သန်းကို သုံးစွဲရန် ဆုံးဖြတ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူပေါင်း၍
လုပ်ငန်းသစ်များကို ရေးဆွဲသွားမည်ဖြစ်သည်။

ပဋိပက္ခများ မဖြစ်ခင်က ယူနီဆက်ဖ်နှင့် ကုလသမဂလက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများကို အဆင်ပြေစွာဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုအခါတွင် ခက်ခဲသော အခြေအနေများနှင့် စွပ်စွဲမှု သံသယများနှင့် ကြုံတွေ့နေရခြင်းကြောင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၊ အရပ်ဖက်အဖွဲ့များနှင့် ပိုပိုနီးစပ် နားလည်မှုရှိစွာ လက်တွဲလုပ်ဆောင်လိုသည်ဟု ယူနီဆက်ဖ်က တာဝန်ရှိသူများက
ဆိုကြသည်။

Mr.Bertrand Bainvel က “ UNမှာလည်း လိုက်နာရမယ့် မူတွေရှိတယ်။ ကျွန်တော်တို့တွေ ပေးတဲ့ အကူညီတွေက လူသားတစ်ဦး ဆိုတဲ့ အချက်ပေါ်ကိုပဲ မူတည်ပြီးတော့ ဘာသာ၊ လူမျိုး မခွဲခြားဘဲနဲ့
လူတွေရဲ့ လိုအပ်ချက်တွေ အပေါ်ကို မူတည်ပြီး ပေးသွားမှာပါ” ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ယူနီဆက်ဖ်သည် ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှ စတင်၍ ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာခဲ့၍ ကလေးများ၏ ကျန်းမာရေးနှင့် အာဟာရရရှိမှု၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ HIV နှင့်ကလေးသူငယ်၊
ပညာရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အစိုးရ နှင့် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေခဲ့သည်။

Mizzima Burmese