စွန့်ပစ်ကလေးများလွန်းတာကြောင့် တရုတ်က ကလေးစွန့်ပစ်တဲ့နေရာ ခေတ္တ ပိတ်ထားရ


တရုတ်နိုင်ငံမှာ ဖွင့်ထားပေးတဲ့ ကလေးငယ်တွေ စွန့်ပစ်တဲ့နေရာတွေမှာ မွေးကင်းစကလေးငယ် လက်ခံရရှိမှု အရေအတွက်ဟာ များပြားလွန်းတာကြောင့် အဲဒီ ကလေးငယ် စွန့်ပစ်နေရာတွေကို ခေတ္တ ပိတ်ချလိုက်ရတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ တောင်ဘက်ပိုင်း Guangzhou ဂွန်ကျောင်း မြို့မှာရှိတဲ့ ကလေးငယ် စွန့်ပစ်နေရာမှာဆိုရင် ဇန်န၀ါရီလကုန်ပိုင်းကစပြီးတော့ ကလေးငယ်ပေါင်း ၂၆၂ ယောက်ကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကလေးငယ် စွန့်ပစ်နေရာက တာဝန်ရှိသူတွေက သူတို့အနေနဲ့ ကလေးငယ်တွေကို ဒီထက်ပိုပြီး လက်ခံလို့ မရနိုင်တော့ဘူးလို့ ပြောပါတယ်။ တရုတ်နိုင်ငံတ၀ှမ်းမှာ ကလေးငယ်တွေကို စွန့်ပစ်လို့ရတဲ့နေရာ ၂၅ နေရာ ဖွင့်ထားပေးတယ်လို့ သိရပါတယ်။

ABC Radio Australia - မြန်မာပိုင်း

တာဝါစိုက်ထူမည့် ဒုတိယမြောက်ကုမ္ပဏီကို တယ်လီနော ရွေးချယ်မည်


တယ်လီနောသည် ၎င်း၏ ကွန်ရက်တည်ဆောက်ရေးလုပ်ငန်းအတွက် Apollo Tower ကုမ္ပဏီကို တရားဝင်ခန့်အပ်ထားကြောင်း ၎င်းတို့အနေဖြင့် ဒုတိယမြောက် တာဝါတည်ဆောက်မည့် ကုမ္ပဏီကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာရုံးချုပ် မှ တာဝန်ရှိသူကပြောသည်။

လက်ရှိအချိန်၌ တယ်လီနောနှင့် ပူပေါင်း၍ ကွန်ရက်တည်ဆောက်ခြင်းလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်နေသည့် Apollo Tower သည် ပြည်တွင်းအခြေစိုက် နည်းပညာကုမ္ပဏီ ၁၂ ခုနှင့် ထပ်မံပူးပေါင်း၍ တာဝါတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရ သည်။

“တာဝါတိုင်တည်ဆောက်ဖို့အတွက် Apollo Tower ကို ရွေးချယ်ခဲ့တယ်ဆိုတာ ကြေညာပြီးသွားပါပြီ။ Apollo က တယ်လီနောရဲ့ တရားဝင် Vendor အနေနဲ့ မြန်မာနိုင်ငံအနှံ့ တာဝါတိုင်တွေကို တာဝန်ယူပြီး တည်ဆောက်သွားမှာပါ။ ဒုတိယမြောက် တာဝါကုမ္ပဏီကိုလည်း တယ်လီနောက ခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူက ပြောသည်။

တယ်လီနောနှင့် အဓိကပြိုင်ဘက်ဖြစ်သည့် အော်ရီဒူးကုမ္ပဏီသည် ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို Huawei ၏ ဆက်သွယ်ရေးနည်းပညာများနှင့် ပူးပေါင်း၍ အောင်မြင်စွာ စမ်းသပ်ဆောင်ရွက်နိုင်ခဲ့သည်ဟု ယခုလ ပထမအပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အော်ရီဒူး၏ စမ်းသပ် အောင်မြင်မှု၌ သတင်းအချက်အလက်များ ချိတ်ဆက်နိုင်ခြင်း၊ စာတိုပေးပို့ခြင်းနှင့် အသံလှိုင်းများ ချိတ်ဆက်ခြင်း ပါဝင်ခဲ့သည်။

တာဝါတည်ဆောက်ခြင်းအအတွက် ဒုတိယမြောက်ကုမ္ပဏီကို ခန့်အပ်ရန် ပြင်ဆင်နေသည့် တယ်လီနောဂရု (ပ်) သည် ပြည်တွင်း အခြေစိုက်ကုမ္ပဏီများနှင့် ဖြန့်ချိရေးလုပ်ငန်းများ၊ ကွန်ရက်တည်ဆောက်ခြင်း လုပ်ငန်းများအပြင် အိုင်တီကဏ္ဍနှင့် အခြားသော အခန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်သွားရန် ရှိသည်ဟုသိရသည်။

၎င်းတို့အနေဖြင့် တယ်လီကွန်းဆိုင်ရာ ကွန်ရက်များကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် Ericsson, Huawei နှင့် Wipro စသည့်ကုမ္ပဏီ သုံးခုနှင့်လည်း လုပ်ငန်းလုပ်ကိုင်ခြင်းကို ပူးပေါင်းထားကြောင်း သိရသည်။ အစီအစဉ်အရ တယ်လီနောသည် 2G နှင့် 3G ကွန်ရက်ကို စတင်ရောင်းချမည်ဖြစ်သော်လည်း တည်ဆောက်ထားသော ကွန်ရက်အရ 4G စနစ်ကိုလည်း ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။


မြင့်ကျော်လှိုင်
Internet Journal

ဟံသာဝတီလေဆိပ် တင်ဒါကိစ္စ တစ်က ပြန်စ

ဟံသာဝတီလေဆိပ် နမူနာအား တွေ့မြင်ရစဉ်

မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် ပဲခူး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး တင်ဒါအောင် ကုမ္ပဏီတွေနဲ့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ဆွေးနွေးရာမှာ အဆင်မပြေမှုတွေနဲ့ နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ရှိလာတာကြောင့် နဂို တင်ဒါ တင်သွင်းခဲ့တဲ့ ကုမ္ပဏီကြီးအားလုံး တင်ဒါအသစ် ပြန်လည် တင်သွင်းကြဖို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက အကြောင်းကြားထားပါတယ်။

လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနဟာ တင်ဒါအောင်ထားတဲ့ ကိုရီးယား အင်းချွန် ကုမ္ပဏီနဲ့ ဆွေးနွေးမှုလုပ်ရာမှာ နဂို တင်ဒါတင်စဉ်က ဖော်ပြမထားတဲ့အချက်တွေ တောင်းဆိုလို့ ဆိုပြီး ဆွေးနွေးမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။
ဒုတိယရွေးချယ်ထားတဲ့ စင်ကာပူအခြေစိုက် ရန်နန်ကုမ္ပဏီနဲ့ ဆွေးနွေးရာမှာတော့ နိုင်ငံခြားကနေ တရားဝင် ဖွံဖြိုးမှုအကူအညီ(အိုဒီအေ) ၅၀ ရာခိုင်နှုန်း ရယူ တည်ဆောက်မယ် ဆိုပြီး တင်ပြလာတဲ့အတွက် အခြားကုမ္ပဏီတွေကိုပါ ဒီအခွင့်အရေး တန်းတူ ပေးချင်တာကြောင့် တင်ဒါ အသစ်ပြန်ခေါ်ခဲ့တာလို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။

တင်ဒါတွေကို လာမယ့် ဧပြီ ၂၂ ရက်နေ့ နောက်ဆုံးထား တင်ပြရမှာ ဖြစ်ပြီး တင်ဒါ ဘုတ်အဖွဲ့က စစ်ဆေးအတည်ပြုမယ် ဖြစ်ပါတယ်။

DVB Burmese

လပွတ္တာမြို့၌ မီးလောင်မှုဖြစ်ပွါး



လပွတ္တာ မတ် ၁၇

လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်၊ နိဗ္ဗာန်လမ်း၊ အမှတ်(၂၈)နေ ဦးအောင်ကြီး၏ အိမ်တွင် မတ်လ (၁၇) ရက်နေ့ ညနေ (၄း၅၀) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွါးခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဓာတ်ဆီဂါလံ(၂၀)ခန့်ရှိ ပေပါအား အဖွင့်အပိတ်ပြုလုပ်ရာမှ ဂေါက်တံဖြင့် ပေပါအား ပွတ်တိုက်ပြီး မီးပွင့်ရာမှ မီးလောင်မှုစတင်ဖြစ်ပွါးခဲ့ကြောင်းသိရှိရသည်။ အခင်းဖြစ်ပွါးချိန်တွင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့်နှင့်အဖွဲ့သည် မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁၅)စီး၊ မြို့နယ် ပြည်သူ (၂၀၀) ဦးခန့်တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ(၅း၁၅)နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ ယင်းမီးလောင်မှု ဖြစ်စဉ်တွင် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကာလတန်ဘိုးအားဖြင့် (၈၁၀၀၀) ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။

MOI Webportal Myanmar

အလုပ်ရမည်ဟုခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင် ရောင်းစားခဲ့သူကို အရေးယူပေးရန် တိုင်တန်း


ရန်ကုန်၊ မတ် ၁၉

ရွှေပြည်သာမြို့နယ်နေ ဒေါ်--- မှ လွန်ခဲ့သော(၁)နှစ်ကျော်ခန့်က ၎င်းနှင့် သမီးဖြစ်သူ မ--- တို့ထံသို့ ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်နေ မစိုးစိုး
(စိစစ်ဆဲ)ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ယူနီဆက်ဆေးဝါးဖြန့်ဖြူးရေး
စက်ရုံတွင် အလုပ်လုပ်ကိုင်ရန် လူလိုနေကြောင်းနှင့် တစ်လလျင် လစာ (၁)သိန်းခွဲ၊ (၂)သိန်းခန့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ၎င်းတို့မှ
လုပ်ကိုင်လိုကြောင်းပြောဆိုခဲ့ရာ ၇.၁၁.၂၀၁၂ရက်နေ့ ၁၄၀၀အချိန်ခန့်
တွင် မစိုးစိုးမှ သမီးဖြစ်သူကို လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့
ခေါ်ဆောင်သွားခဲ့ပြီး အဆက်အသွယ်မရရှိတော့ကြောင်း၊ ၁၆.၃.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ဒေါ်----၏ဖုန်းသို့ သမီးဖြစ်သူမှ ဆက်သွယ်
လာပြီး မစိုးစိုးမှ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံ
တွင် ၎င်းအား ရောင်းစားခဲ့ကြောင်း၊ ယခုအခါ ကလေးတစ်ယောက်ရရှိ
နေပြီဖြစ်ကြောင်း၊ ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်ပေးပါရန်ပြောပြ
သဖြင့် ဖြစ်စဉ်ကိုသိရှိခဲ့ရကြောင်းနှင့် ယင်းကဲ့သို့သမီးဖြစ်သူအား
ရောင်းစားခဲ့သူ မစိုးစိုးကို အရေးယူပေးပါရန်တိုင်တန်းချက်အရ
ရွှေပြည်သာမြို့မရဲစခန်း(ပ) ၁၇၄/၂၀၁၄၊ လူကုန်ကူးမှုတားဆီး
ကာကွယ်ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လက်ရမ်းမပါသောဝရန်တာပေါ်မှ အပေါ့သွားစဉ် ပြုတ်ကျသေဆုံး


ရန်ကုန်၊ မတ် ၁၉

၁၈.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့၊
ရွှေလင်ပန်းရဲကင်း စခန်းသို့ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊
တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်းရှိ ပဲသန့်စက်ရုံ၊ စီမံရေးရာဌာန ကြီးကြပ်ရေးမှူး ဦးသန်းဌေးအောင် ရောက်ရှိလာပြီး ၎င်း၏စက်ရုံမှ စက်မောင်းဝန်ထမ်း ကိုမောင်မောင်စိုး၊ (၂၈)နှစ်၊ (ဘ)ဦးတင်ဝင်းမှာ စက်ရုံထမင်းစားဆောင်အပေါ်ထပ်တွင်အိပ်ယာဝင်ခဲ့ပြီး ၀၂၀၀အချိန်ခန့်
တွင် အမြင့်(၃)ပေခွဲ့ခန့်ရှိ လက်ရမ်းမပါသည့်ဝရန်တာပေါ်မှအပေါ့သွားစဉ် စက်ရုံကြမ်းပြင်ပေါ်သို့ပြုတ်ကျခဲ့သဖြင့် ဦးခေါင်းထိခိုက်မိခဲ့ပြီး ရန်ကုန်
ဆေးရုံကြီးသို့တင်ပို့ကုသစဉ် ၁၁၃၀ အချိန်တွင် သေဆုံးသွားကြောင်းကို အကြောင်းကြားလာခဲ့ပါသည်။

အဆိုပါသတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှသွားရောက်
စစ်ဆေးရာ သေဆုံးသူ မောင်မောင်စိုးတွင် ဦးခေါင်းနောက်စေ့၌ ဖူးရောင်
ဒဏ်ရာရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်မှ မောင်မောင်စိုးသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၄ ဖြင့် ရေးဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။f

Yangon Police 

ရှေးဟောင်းမြို့တော်ပုဂံတွင် ဟိုတယ်ဆောက်လုပ်မှု တားမြစ်


ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အမည်စာရင်း မကြာခင် တင်သွင်းဖို့ မျှော်မှန်းထားတဲ့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ပုဂံယဉ်ကျေးမှုနယ်မြေမှာ နောက်ထပ် ဟိုတယ် ဆောက်လုပ်တာတွေကို တားမြစ်ပိတ်ပင်လိုက်ပြီလို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒီပီအေ သတင်းဌာနကို ဒီနေ့ ပြောကြားခဲ့ပါတယ်။

လတ်တလောမှာ ရှေးဟောင်းပုဂံအနီးက ဟိုတယ်ဇုန် ၄ ခုမှာ ရှိနှင့်ပြီး ဟိုတယ်၊ မိုတယ်နဲ့ ဧည့်ရိပ်သာ ၇၅ လုံး ရှိနေပြီး ဆောက်လုပ်နေဆဲ ဟိုတယ် ၁၇ လုံး ရှိနေတာပါ။ ပဉ္စမမြောက် ဟိုတယ်ဇုန်ကိုလည်း ပုံစံဖော်ထားပါတယ်။

ပုဂံကို ရှေးဟောင်းမြို့တော် တခုအဖြစ် ထိန်းသိမ်းရမှာ ဖြစ်ပေမယ့် အရင်အစိုးရ ခွင့်ပြုခဲ့တဲ့ ဟိုတယ်သဘောတူညီ ထားချက်တွေကိုတော့ ဖျက်သိမ်းလို့ မရဘူးလို့လည်း ဦးစိုးသိန်းက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတော့ ရှေးဟောင်းပုဂံရဲ့ အချက်အချာနေရာတွေမှာ အွိုင်ရီယမ် နန်းတော်ဟိုတယ်နဲ့ ၆၁ မီတာ မြင့်တဲ့ နန်းမြင့်မျှော်စင်တို့လို ဟိုတယ် အတော်များများနဲ့ တခြားအဆောက်အဦတွေ ဆောက်လုပ်ဖို့ ခွင့်ပြုချက်တွေ ချပေးခဲ့တာပါ။

မြန်မာနိုင်ငံဟာ စစ်အစိုးရလက်ထက် ၁၉၉၀ နှစ်လယ်ပိုင်းကတော့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာစာရင်း သွင်းဖို့ အဆိုပြုခဲ့ဖူးပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အေဂျင်စီက ထိန်းသိမ်းပြုပြင်ရေးနဲ့ စီမံခန့်ခွဲရေး အစီအစဉ်တွေကို နောက်ထပ် တောင်းဆိုခဲ့ပြီးနောက်မှာတော့ အမည်စာရင်း တင်သွင်းခြင်းကို ပြန်ရုပ်သိမ်းခဲ့တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းဖို့ကတော့ နှစ်အနည်းငယ် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ပုဂံကို လာရောက်လည်ပတ်သူ နိုင်ငံခြားသားဧည့်သည်တွေက နေ့စဉ် ခန့်မှန်း ၁၁၀၀ လောက်ရှိပြီး ဇုန်ဝင်ကြေးအဖြစ် တယောက် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ပေးရပါတယ်။ ဒီဝင်ငွေတွေဟာ အစိုးရအနေနဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းချီပြီး အခွန်ရနေတာလည်း ဖြစ်ပါတယ်။

DVB Burmese 

အမေရိကန် စစ်ပြန် ၂၄ ယောက်ကို အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်

သမ္မတအိုဘားမားက ဆုတံဆိပ်တွေကို ချီးမြှင့်စဉ် (ဓာတ်ပုံ - ရိုက်တာ)

အမေရိကန်စစ်တပ်က စစ်ပြန် ၂၄ ယောက်ကို သမ္မတအိမ်ဖြူတော်က အမေရိကန် စစ်တပ်ရဲ့ အမြင့်ဆုံးဆုတံဆိပ်တွေ မတ် ၁၈ ရက်နေ့မှာ ချီးမြှင့်ပါတယ်။

ဒုတိယကမ္ဘာစစ်၊ ကိုရီးယားစစ်ပွဲနဲ့ ဗီယက်နမ်စစ်ပွဲတွေအတွင်း သတ္တိပြောင်စွာ တိုက်ပွဲဝင်ပြီး တာဝန်ထမ်းဆောင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ သမ္မတအိုဘားမားက ဆုတံဆိပ်တွေကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

သူတို့ကို လူမျိုးနဲ့ ဘာသာရေးအပေါ် အခြေခံပြီး လျစ်လျူရှုခံထားရတာမျိုး မဖြစ်စေဖို့ အစိုးရရဲ့ အားထုတ်မှု အစိတ်အပိုင်းတရပ်လည်း ဖြစ်ပါတယ်။
သမ္မတ အိုဘားမားက ဆုချီးမြှင့်တဲ့ စစ်ပြန်တွေထဲမှာ ဟစ္စပန်းနစ်၊ အာဖရိကန် အမေရိကန်နဲ့ အမေရိကန်ဂျူးတွေ ပါဝင်ပါတယ်။

သူတို့ထဲက ၃ ယောက်က အသက်ရှင်နေဆဲ ဖြစ်လို့ အိမ်ဖြူတော်မှာ ဆုချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်ပြီး ဆုလက်ခံပါတယ်။

သမ္မတ အိုဘားမားက အတိတ်က ခွဲခြားမှုတွေနဲ့ အစွဲအလမ်းတွေ ရှိခဲ့ပေမယ့် စစ်ပြန်ကြီးတွေကို ထိုက်တန်တဲ့ဂုဏ်သိက္ခာအညီ ဂုဏ်ပြုချင်လို့ ၁ နှစ်ကြာ ပြန်လည် သုံးသပ်ခဲ့တယ်လို့ ပြောသွားပါတယ်။

DVB Burmese 

အခြေခံဥပဒေ ပြင်ရေး ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်လူထုဆန္ဒ ရယူမည်


အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ သဘောထားရယူပွဲခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က တတိယအကြိမ်မြောက် မိုးကုတ်ကို သွားရောက်မှာ ဖြစ်ပါတယ်။

မတ် ၂၂ ရက်နေ့ နေပြည်တော်ကနေ ထွက်ခွာမှာ ဖြစ်ပြီး မန္တလေး ပြင်ဦးလွင်ကတဆင့် မိုးကုတ်ကို သွားရောက်မှာ ဖြစ်သလို ညနေ ၄ နာရီ မိုးကုတ် အောင်နန်းဘောလုံးကွင်းမှာ လူထုဟောပြောပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်ကြားရေး ကော်မတီက ဦးကြည်တိုးက ပြောပါတယ်။

မတ် ၂၃ ရက်နေ့ မနက်မှာ မိုးကုတ်ကနေ ပြန်လည်ထွက်ခွာလာပြီး ကြပ်ပြင်မှာ လူထုဟောပြောပွဲထပ်မံ ပြုလုပ်မှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။

“ကြပ်ပြင်ကနေ ကားတမ်းနဲ့ ပြန်ဆင်းလာပြီးရင် ပြင်ဦးလွင်မြို့မှာ နေ့လည်စာစားပြီး နားပါ့မယ်။ အဲဒီလို နားရင်းနဲ့ စာပေသမားတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်မှာပါ။ အဲဒါက လူထုဟောပြောပွဲ မဟုတ်ပါဘူး။ စာပေသမားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ပွဲပါ။ အဲဒီအကြောင်းက ကျင်းပသွားခဲ့တဲ့ ဒုတိယအကြိမ်မြောက် ဧရာဝတီ စာပေပွဲတော်တုန်းက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ အဲဒီလို တက်ရောက်ခဲ့တဲ့ အခါမှာ မန္တလေးက စာပေအသိုင်းအ၀ိုင်းနဲ့ စုံစုံလင်လင် မတွေ့ခဲ့ရတဲ့အတွက်ကြောင့် အခုလို အခွင့်အရေးရတဲ့အခိုက်မှာ မန္တလေးက စာပေသမားအုပ်စုကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပွဲလေး စီစဉ်တာပါပဲ။”

စာပေသမားတွေနဲ့တွေ့ဆုံရာမှာ ဆွေးနွေးမယ့် အကြောင်းအရာကို မေးမြန်းရာမှာတော့ ဆွေးနွေးမယ့် အကြောင်းအရာကို ဘောင်သတ်မှတ်ထားတာမရှိဘူးလို့ ပြောပါတယ်။

မိုးကုတ်ခရီးစဉ်အတွင်းမှာလည်း ကျောက်မျက်လုပ်ငန်းရှင်အပါအ၀င် အလုပ်သမားတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိနေသလို ဒီခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်တွေထဲက ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၊ လုံခြုံရေးတာဝန်ရှိထားတဲ့ ဦးဝင်းထိန်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်တို့ ပါဝင်မယ်လို့ အန်အယ်လ်ဒီ ပြန်ကြားရေးကော်မတီဝင် ဦးအေးကြူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးတွေထွက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေကို နိုင်ငံတ၀န်း လိုက်လံဟောပြောနေတာလည်း ဖြစ်ပါတယ်။

DVB Burmese

မစ္စတာ ကင်တားနား မြန်မာ့လူ့အခွင့်အရေးအခြေအနေ တင်သွင်း


ပြုပြင်ပြောင်းလဲရေးတွေကို အသိအမှတ်ပြုပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် စိုးရိမ်ဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံမှာ ၆ နှစ်ကြာ လူ့အခွင့်အရေးကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံး အစီရင်ခံစာ တစောင်ကို မတ်လ ၁၇ ရက်နေ့က လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တာပါ။

ပြုပြင်ပြောင်းလဲရေးတွေကို အသိအမှတ်ပြုပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စိုးရိမ်ဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က လူအခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စတွေကို အလေးထား ဖော်ပြခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စိတ်ချရတဲ့ ပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ကြိုးစားနေတဲ့အပေါ်မှာ အပစ်အခတ်ရပ်ရေး သဘောတူညီချက်တွေဟာ လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့ အားပေးစေကြောင်း၊ ပြုပြင်ပြောင်းလဲရေးကာလမှာ နှစ်ဖက်အကြား ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့နဲ့ ယုံကြည်ရတဲ့ အပစ်ရပ်ရေး ဖြစ်ဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။

တိုင်းရင်းသားမျိုးစုံ၊ ဘာသာရေးအမျိုးမျိုးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်တဲ့ နိုင်ငံဖြစ်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲခေါ်ယူပြီး အာဏာမျှဝေတာ ဖွဲ့စည်းပုံပြန်လည်ရေးဆွဲတာတွေကို ညှိနှိုင်းဆွေးနွေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် တိုးတက်လာတာဟာလည်း ထင်ရှားတဲ့ အပြောင်းအလည်းတခုဖြစ်ကြောင်း၊ အခု ပြည်သူတွေ နဲ့ လူမှုအဖွဲ့အစည်းတွေအကြားမှာ ပိုပြီး ပွင့်လင်းလွတ်လပ်လာနေကြကြောင်းနဲ့ အကျဉ်းသားတွေ လွှတ်ပေးလိုက်တာကလည်း အစိုးရရဲ့ အရေးကြီးဆုံး အောင်မြင်မှုတခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ပြုပြင်ပြောင်းလဲရေးကာလမှာ အကောင်းဘက်ကို ဦးတည်နေတယ်ဆိုတာ ပြောလို့ရပေမယ့် ရခိုင်ပြည်နယ် အခြေအနေကို ကြည့်မယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်လက်စိုးရိမ်ရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ သူတွေအတွက်ကိုလည်း အထူးစိုးရိမ်ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အရေးမှာ အခုထက် ကျယ်ပြန့်တဲ့ အစီအစဉ်နဲ့ ပြဿနာကို လေးလေးနက်နက်ထား ဆောင်ရွက်ဖို့က အစိုးရအတွက် အရမ်းအရေးကြီးတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂကလည်း ကင်တားနားရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေဟာ လမ်းကြောင်းမှန်ဘက်ကို ဦးတည်နေတယ်ဆိုတာ လက်ခံတဲ့အကြောင်း၊ ဒါပေမယ့် အကျဉ်းသားတွေကို ဆက်ထိန်းသိမ်းထားတဲ့အပေါ်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အရေးဟာလည်း နိုင်ငံတာကာ အသိုင်းအဝိုင်း နဲ့ အစိုးရအတွက် စိန်ခေါ်မှု တခုဖြစ်ကြောင်း၊ လူ့အခွင့်အရေး စိန်ခေါ်မှုတွေအားလုံး လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

DVB Burmese

ကယားပြည်ကိုပေးမည့် အကူအညီ အမေရိကန် ဖျက်သိမ်း


ကယားပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့စပ်လျဉ်းပြီး အမေရိကန်က ဒေါ်လာ ၁ သိန်း ၁ သောင်း ထောက်ပံ့မယ့် အစီအစဉ်ကို အမေရိကန် အစိုးရက ဖျက်သိမ်းလိုက်ပါတယ်။
မြေမြှုပ်မိုင်းအန္တရာယ် လျှော့ချရေး ပညာပေးနဲ့ မိုင်းထိသူတွေကို ကူညီမယ့် ဒီအစီအစဉ်ကို ကယားပြည်နယ်အစိုးရရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ချက်နဲ့ မတ်လ ၂၀ ရက်နေ့ကျရင် လွိုင်ကော် မြို့တော်ခန်းမမှာ ထောက်ပံ့သွားမယ်လို့ အမေရိကန် သံရုံးက မတ်လ ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး အမေရိကန်သံရုံးကို အီးမေးလ်နဲ့ ဆက်သွယ်တဲ့အခါ ဒီအစီအစဉ်ကို အချိန်ဇယား ပြဿနာတခုကြောင့် ပယ်ဖျက်လိုက်တယ်လို့ သံရုံးပြောခွင့်ရသူ အင်ဒရှူး လီဟေ (Andrew Leahy) က ပြန်ကြားပါတယ်။

အမေရိကန်က မြေမြှုပ်မိုင်း ရှင်းလင်းဖို့အတွက် ထောက်ပံ့တာမဟုတ်ဘဲ မိုင်းပညာပေးနဲ့ မိုင်းဓားစာခံတွေကို ကူညီဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ငွေကြေးကို လက်ခံရတဲ့အဖွဲ့တွေအနေနဲ့ မြေမြှုပ်မိုင်း အန္တရာယ် ပညာပေးတွေ တိုးမြင့်လုပ်ဆောင်ဖို့ ခေါင်းဆောင်မှု သင်တန်းနဲ့ အသက်မွေးဝမ်းကြောင်း ထောက်ပံ့မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး လှုပ်ဆောင်နေတဲ့ အဖွဲ့တွေမှာ ပြည်နယ်တ၀န်းက မြို့နယ်တွေက အုပ်စုကိုယ်စားလှယ်တွေ အတူတကွ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
မြေမြှုပ်မိုင်းနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ဆောင်ချက်တွေကိုလည်း သက်ဆိုင်ရာ အဖွဲ့တွေ ဦးတည်လုပ်ဆောင်နေတဲ့ နေရာတွေမှာ လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်က ရေးပါတယ်။

ကယားပြည်နယ် အစိုးရကတော့ ဒီအထောက်အပံ့နဲ့ ပေးတဲ့ ကိစ္စကို သိရှိထားခြင်းမရှိဘဲ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ပညာပေးတာတွေကို လုပ်ဆောင်သွားဖို့ပဲ ပြောဆိုထားတဲ့ အတွက် အမေရိကန်အစိုးရက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ဇော်မိုးက ပြောပါတယ်။

“အမေရိကန်သံရုံးက မိုင်းပညာပေးရေး လုပ်မယ်ဆိုတာပဲ သိတယ်။ ဒေါ်လာ ၁ သိန်း ၁ သောင်းကျော် လှူမယ်ဆိုတာ ကျနော်တို့ မသိထားဘူး။ အခမ်းအနားလေး လုပ်မယ်။ ဒီမှာလာပြီး ကူညီမယ်ဆိုတာပဲ သိတယ်။ ဘယ်အဖွဲ့ကို ငွေဘယ်လောက်ပေးတယ်ဆိုတာ ကျနော်တို့ မသိထားဘူး။”

လွိုင်ကော်အခြေစိုက် ဆက်ဆံရေးရုံးဖွင့်ထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ပြောခွင့်ရသူ စောဒယ်နီရယ်ကတော့ အမေရိကန်သံရုံးနဲ့ ပြည်နယ်အစိုးရ။ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးတွဲလုပ်ဆောင်ကြမယ့်အစီအစဉ်လို့သာ နားလည်ထားပြီး ကေအန်ပီပီနဲ့တော့ ပူးတွဲဆောင်ရွက်မှု မရှိဘူးလို့ ဖြေဆိုပါတယ်။

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းတားဆီးရေး စာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိသလို ၁၉၉၉ ကနေ ၂၀၁၁ အထိ မြေမြှုပ်မိုင်းကြောင့် လူ ၃၂၄၂ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းမြန်မာ နယ်စပ်တလျှောက်ဟာ မြေမြှုပ်မိုင်း အထူထပ်ဆုံးနေရာ ဖြစ်သလို ကရင်ပြည်နယ်ဟာ သေဆုံးမှု အများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသုံးပြုမှု တားဆီးရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

DVB Burmese

မလေးလေယာဉ်ပျောက်ဆုံးမှု ပဟေဠိဖြစ်နေ


ပျောက်ဆုံးမလေးရှားလေယာဉ်ကို သြစတြေးလျတိုက် တခုစာလောက်ကျယ်တဲ့ ဧရိယာ အတွင်းမှာ နိုင်ငံတကာ မြေပေါ် ပင်လယ်ထဲ ပိုက်စိပ်တိုက် ရှာနေပေမယ့် မတ်လ ၁၉ ရက်နေ့ထိ မတွေ့သေးတာကြောင့် ပဟေဠိဖြစ်နေတယ်လို့ မလေးရှား ဒေသခံတွေက ပြောပါတယ်။

တကမ္ဘာလုံးနဲ့ အမေရိကန်မှာ အဆင့်မြင့် နည်းပညာတွေ ရှိလျက်နဲ့ လေယာဉ် ဆက်ပျောက်နေတာ မရှာနိုင်တာဟာ အတော် ရှုပ်ထွေးတဲ့ ကိစ္စပဲလို့ မလေးရှားဒေသခံ တယောက်က ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ ပေကျင်းလေဆိပ်ကို ပျံသန်းဖို့ သတ်မှတ်လမ်းကြောင်းကနေ မိုင်ထောင်ချီ ကွာအောင် မောင်းနှင် ပျောက်ဆုံးနေခဲ့တဲ့ MH370 လေယာဉ်ကို ဘိုးရင်း ၇၇၇ မောင်းနှင်မှုနဲ့ ခရီးသွားလမ်းကြောင်းရှာမှုမှာ နက်နက်နဲနဲ ဗဟုသုတရှိသူ တယောက်ယောက်က တမင်သက်သက် လမ်းကြောင်း ပြောင်းခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ဒါပေမယ့် လေယာဉ်ပေါ်ပါတဲ့ လူတိုင်းရဲ့ နောက်ကြောင်းကို စုံစမ်းစစ်ဆေးပြီးပါပြီ။ နိုင်ငံရေး ဒါမှမဟုတ် လေယာဉ်ကို တမင်သက်သက် ဖျက်ချတာ ဒါမှမဟုတ် အပိုင်စီးတာစတဲ့ ရာဇ၀တ်မှု ဆိုင်ရာလှုပ်ရှားမှုတွေလုပ်ဖူးတဲ့သူ တယောက်မှ မတွေ့ဘူးလို့ အနောက်နိုင်ငံ လုံခြုံရေးသတင်းရင်းမြစ်တွေနဲ့တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

စစ်တပ်သုံးရေဒါတွေနဲ့ ဂြိုလ်တုတွေကရတဲ့ သတင်းအချက်အလက်တွေအရ တယောက်ယောက်က ထိန်းသိမ်းပြုပြင်ရေးအချက်အလက်တွေကို ထုတ်လွှတ်ပေးနေတဲ့ လေယာဉ်ရဲ့ ခွဲခြားဖော်ပြ တုံ့ပြန်မှုစနစ်နဲ့ လေယာဉ်ဆက်သွယ်ရေး အကြောင်းကြားမှုနဲ့ တုံ့ပြန်မှုစနစ်တို့ကို ပိတ်ချပစ်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

အဲဒီနောက်မှ အနောက်ဘက်ကို ပြန်ကွေ့ပြီး မလေးကျွန်းဆွယ်ကို ဖြတ်သန်းရင်း အိန္ဒိယကို သွားတဲ့ ခရီးသည်တင်လေကြောင်းလိုင်းတွေရဲ့ လမ်းကြောင်းအတိုင်း သွားခဲ့တာ ဖြစ်ပါတယ်။

မလေးရှား အာဏာပိုင်တွေကတော့ ဖြစ်စဉ်ရဲ့ တိကျတဲ့ အဆင့်ဆင့်ကို ပြန်ပြီး လမ်းကြောင်းရှာခဲ့ ပြီးပါပြီ။

DVB Burmese

ရန်ကုန် ၁၀၁လမ်း မီးလန့်မှုဖြစ်ပွား

ရန်ကုန်မြို့ ၁၀၁လမ်းနဲ့ ဗိုလ်မင်းရောင်လမ်းထောင့်က ရွှေထူးလဖက်ရည်ဆိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် နေ့လယ် ၂း၃၀နာရီလောက်က မီးလန့်မှုဖြစ်ပွား၊ မီးသတ်ကား ၂စီးရောက်ရှိခဲ့။






သတင်းဓာတ်ပုံ - ကောင်းထက်ကျော်

DVB TV News 

နားနေတဲဆောက်လုပ်ရန် တူးဖော်ရာမှ ရှေးဟောင်း မီးလောင်ဗုံးနှင့် ခွင်းဗုံးသီး (၁၄)လုံး တွေ့ရှိ


တံတားဦး မတ် - ၁၈

တံတားဦးမြို့နယ် အမှတ် (၁) ရက်ကွက် စိတ္တမဟီရပ်၊ ဒေါ်စန်းမြ၏ နေအိမ်ဝိုင်းအတွင်း ဦးသိန်းသန်းမှ နံနက် (၁၀း၁၅) အချိန်တွင် နားနေတဲ ဆောက်လုပ်ရန် မြေကျင်းတူးရာ အနက် (၁) ပေခန့်တွင် ဗုံးဟု မသင်္ကာဖွယ် တွေ့ရှိရသဖြင့် မြို့နယ်ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများ မြို့မိ မြို့ဖများ အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုအရာခံဗိုလ်ညွှန့်ခင်နှင့်အဖွဲ့ ရောက်ရှိ တူးဖော်ရာ (၂၈.motor) အမျိုးအစား အရွယ်အစားမှာ အရှည် (၂၆) လက်မ ၊ လုံးပတ် (၁၀.၅) လက်မ နောက်ပိတ်ဒလက် (၄.၅) လက်မ ဗုံးအား တွေ့ရှိခဲ့ပြီး၊ အဆိုပါဗုံးအား သက်မဲ့ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို.နောက် ညနေ (၅း၄၅) နာရီတွင် နားနေတဲဆောက်ရန်ဆက်တူးရာ အရှည် (၅.၅) လက်မ လုံးပတ် (၇.၅) လက်မရှိ မီးလောင်ဗုံးဟုယူဆရသော ဗုံးသီး(၉) လုံး၊ အရှည် (၉) လက်မ ၊ လုံးပတ် (၇.၅) လက်မရှိ ခွင်းဗုံးဟု ယူဆရသောဗုံး (၄) လုံး ၊ စုစုပေါင်း (၁၃) လုံးအား တံတားဦးရဲစခန်း ဒုရဲအုပ်သန်းဝေမှ အမှတ်(၉၁၀) စအရတပ်ရင်း ဒုအရာခံဗိုလ်ညွှန့်ခင်ထံ စနစ်တကျလွှဲပြောင်း ပေးခဲ့အပ်ကြောင်းသိရသည်။

MOI Webportal Myanmar

Android Wear စမတ်နာရီကို Google မိတ်ဆက်


HTC, LG, Samsung နှင့် အခြားကုမ္ပဏီ များဖြင့် ပူးပေါင်း ဆောင်ရွက်ထားသည့် Android Wear ဟုခေါ်သော စမတ်နာရီကို Google က မိတ်ဆက်ပေးခဲ့သည်

ပြီးခဲ့သည့် ရက်အနည်းငယ်က Google သည် blog post တွင် ၎င်း၏ မိုဘိုင်း Android operating system ၏ ပြုပြင်မွမ်းမံထားသော ဗားရှင်း အကြောင်းအရာ အသေးစိတ်ကို ဖော်ပြသွားခဲ့သည်။ ၎င်း OS သည် Google Now voice recognition နည်းပညာကို အဓိက အခြေခံ၍ ပြုလုပ်သွားမည် ဖြစ်ပြီး ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များတွင် အသုံးပြုရန် စီစဉ်ထားသလို ကနဦး စမတ်နာရီများတွင်လည်း အသုံးပြုထားသည်။

Google သည် Android Wear ကို ပြုလုပ်ရန်အတွက် LG, Asus, HTC, Motorola နှင့် Samsung တို့ကို hardware partner များအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Broadcom, Imagination, Intel, MediaTek နှင့် Qualcomm တို့ကိုလည်း chip partner များအဖြစ် လက်တွဲဆောင်ရွက်ခဲ့သည်။ ထို့အပြင် Fossil Group ကလည်း ယခုနှစ်ကုန် ပိုင်းအတွင်း Android Wear အသုံးပြုထားသော နာရီများကို ထုတ်လုပ်သွားမည်ဟု ပြောကြားထားသည်။

Ref: CNET
Internet Journal 

ပျောက်ဆုံးလေယာဉ်ကို ထိုင်းလေတပ်က ခြေရာခံမိထားသလား


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်လို့ သံသယဖြစ်ဖွယ် ခရီးသည်လေယာဉ်တစင်းကို ထိုင်းနိုင်ငံ ဆူရတ်ဌာနီ လေတပ်စခန်းရဲ့ ရေဒါမှာ ခြေရာခံမိထားတယ်လို့ ထိုင်းလေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာဂျင်းက ပြောတာကို ကိုးကားပြီး နေရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

ရေဒါ အချက်အလက်အရ မလေးရှားနိုင်ငံကွာလာလာမ်ပူကနေ ထွက်ခွာတဲ့ လေယာဉ်ဟာ လမ်းကြောင်းပြောင်းပြီး မလေးရှားနိုင်ငံ ဘူတာဝက်သ် ဆိပ်ကမ်းဘက်ကို ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်၊ လေယာဉ်ဟာ မလက္ကာရေလက်ကြားဘက်ကို ဆက်လက် ဦးတည်ပျံသန်းသွားခဲ့တယ်လို့ ဆိုပါတယ်၊ ထိုင်းလေတပ်ရေဒါက ခြေရာခံမိတဲ့ လေယာဉ်လမ်းကြောင်းကို ကြည့်မယ်ဆိုရင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့အချက်အလက်တွေကို ထပ်လောင်းအတည်ပြုလိုက်သလိုဖြစ်နေတယ်လို့ ထိုင်းလေတပ်ဦးစီးချုပ်က ပြောပါတယ်။ ဒါပေမယ့် ရေဒါက ခြေရာခံမိတဲ့ လေယာဉ်ဟာ ပျောက်ဆုံးနေတဲ့လေယာဉ်လို့ သေချာပေါက် မတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို အာရှနိုင်ငံ အစိုးရတွေရဲ့အကူအညီနဲ့ ဆက်လက် ရှာဖွေနေပါတယ်၊ ရှာဖွေရေးလုပ်နေတဲ့ နိုင်ငံတကာ ရေပိုင်နက်၊ ကုန်းမြေပြင် နယ်ပယ်ဟာ သြစတြေလျတိုက်တခုစာလောက် ကျယ်ဝန်းတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုအထိတော့ ရဲအဖွဲ့ရော၊ ထောက်လှမ်းရေးအဖွဲ့တွေပါ ခိုင်မာတိကျတဲ့ သဲလွန်စကို မဖော်ထုတ်နိုင်သေးပါဘူး။

မတ်လ ၉ ရက်နေ့က ပျောက်ဆုံးသွားတဲ့ ဘိုးရင်း ၇၇၇ လေယာဉ်ပေါ်မှာ လူ ၂၃၉ ယောက် လိုက်ပါသွားခဲ့ပါတယ်၊ လေယာဉ်ဝန်ထမ်း ၁၂ ယောက်နဲ့ ခရီးသည်အများစုက တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်ကတော့ လေယာဉ်ကို မူလလမ်းကြောင်းကနေ သွေဖည်သွားအောင် တယောက်ယောက်က တမင်လမ်းကြောင်းပြောင်းခဲ့တာ သေချာသလောက်ပဲလို့ ပြောထားပါတယ်၊ ထိုင်းလေတပ်ရဲ့ ရေဒါက ဖမ်းမိထားတဲ့ အချက်အလက်တွေကို မလေးရှားလေတပ်ကို လွှဲအပ်ပေးမယ်လို့ ထိုင်းလေတပ်ဦးစီးချုပ်ကပြောပါတယ်။

DVB TV News

မောင်နှမချင်း စကားများရာမှ လက်လွန်ကာ အစ်မဖြစ်သူသေဆုံး


၂၀၁၄ ၊ မတ်လ ၁၇ ရက်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်အရှေ့ရပ်ကွက်၊ အကွက် (၂၉၉)၊ စတီးဝင်းရပ်၊ ၃၅x၃၆ လမ်းကြား၊ ၈၉လမ်းနေ၊ ဦးခင်မောင်စိုး အသက် (၅၅)နှစ်၊ စက်ဘီးပြင်လုပ်ကိုင်သူသည် ၁၆-၃-၂၀၁၄ ၊ ၂၀း၁၅ နာရီအချိန်က တစ်အိမ်တည်းနေ အစ်မဖြစ်သူ ဒေါ်ပု ၆၅ နှစ်အား စိတ်မနှံ့သည့် ညီမဖြစ်သူ မစန်းစန်းဝင်းကို အိမ်အပြင်သို့ ခေါ်ဆောင်သွားသည့် ကိစ္စနှင့် ပက်သက်၍ တားမြစ်ပြောဆိုရာမှ စကားများကာ ဦးခင်မောင်စိုးက ဒေါ်ပု လက်သီးဖြင့် သုံးချက်ထိုးပြီး လဲကျသွားစဉ် ရင်ညွှန့်ကို ဖနှောင့်ဖြင့် နှစ်ချက်ပေါက်သဖြင့် ဒေါ်ပု ရင်ညွှန့်ရိုးကျိုး ဒဏ်ရာရရှိခဲ့၍ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးကုသစဉ် သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်နှင့် ပက်သက်၍ ဦးခင်မောင်စိုးအား မဟာအောင်မြေမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်းမှ ဒုရဲအုပ် ၀င်းသိန်းက တရားလိုပြုလုပ်၍ (ပ)၂၁၀/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

စိုင်းလေး MDY
ဧရာဝတီမြစ်ဖျားဆီက 

လေယာဉ်မှူးတစ်ဦးဦး အဆုံးစီရင်မှုကြောင့် ပျောက်ဆုံးခဲ့ခြင်းဟုဆို



ရိုက်တာ

ကွာလာလမ်ပူ၊ မတ် ၁၈

လေယာဉ်ပျောက်ဆုံးရခြင်း၏ ဖြစ်နိုင်ခြေ အကြောင်းရင်းများအနက် လေယာဉ်မှူးသို့မဟုတ် တွဲဖက် လေ ယာဉ်မှူး၏ မိမိကိုယ်မိမိ အဆုံးစီရင်မှုလည်း ပါဝင်ကြောင်း စုံစမ်းစစ်ဆေးရေးသမားများက ထည့်သွင်း စဉ်း စားထားကြသည်ဟု မတ်လ ၁၈ ရက် က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပျောက်ဆုံးလျက်ရှိသော မလေးရှား ခရီးသည်တင်ဂျက်လေယာဉ် မပျောက်ကွယ်မီတွင် ထိုလေယာဉ်၏ လေယာဉ်မှူး အခန်းမှကြားခဲ့ရသော နောက်ဆုံးစကားများကို ပြောဆိုခဲ့သူမှာ တွဲဖက်လေယာဉ်မှူး ဖြစ် ကြောင်း ထိုလေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ်က ပြောခဲ့သည်။

မတ်လ ၈ ရက်ကတည်းက ပျောက်ဆုံးလျက်ရှိသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် MH370 အား ယခုအထိ ခြေရာခံနိုင်ခြင်း မရှိသေးပေ။ ထိုပျောက်ဆုံးလေယာဉ်ပေါ်တွင် လူစုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ကြသည်။

လေယာဉ်ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး ဘိုးရင်း 777-200ER လေယာဉ်အကြောင်းနှင့် စီးပွားရေး လေကြောင်း သွားလာမှုကို ကျွမ်းကျင်သူ တစ်စုံတစ်ဦးက လေယာဉ်ကို မူလလမ်းကြောင်းမှ မိုင်ပေါင်း ထောင်နှင့်ချီကာ သွေဖည်၍ မောင်းနှင်သွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေးသမားများအနေဖြင့် ပိုမို ထင်မြင် ယူဆလာနေကြသည်။ လေယာဉ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မကြုံစဖူး အကြီးအကျယ် ရှာ ဖွေမှုတစ်ရပ်ကို ပြုလုပ်လျက်ရှိနေပြီး မြောက်ပိုင်းကက်စ်ပီယန် ပင်လယ်ကမ်းစပ်ဒေသများမှစ၍ အိန္ဒိယ သမုဒ္ဒရာ တောင်ဘက်စွန်းပိုင်းအထိ ရှာဖွေနေသည်။

လေကြောင်းလိုင်းအမှုဆောင် အရာရှိချုပ် အာမက်ဂျိုဟာရီယာယာက သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြော ကြားခဲ့ရာတွင် လေယာဉ်၏ အလိုအလျောက် ခြေရာခံစနစ်များအနက် တစ်ခုကိုမည်သည့်အချိန်တွင် ပိတ် လိုက်ကြောင်း ရှင်းရှင်းလင်းလင်း မသိရှိရသေးဟုဆိုခဲ့ရာ ပြီးခဲ့သည့်အပတ် စနေ၊ တနင်္ဂနွေနေ့များက အစိုးရ၀န်ကြီးများ မှတ်ချက်ချခဲ့သည်နှင့် ကွဲလွဲနေသည်။

“ACARS” ဟု ခေါ်ဆိုကြသော အလိုအလျောက် လေယာဉ်ခြေရာခံကိရိယာအား ပိတ်လိုက်ပြီးနောက် “ကောင်းပါပြီ။ ကောင်းသောညပါ” ဟု လေယာဉ်ထဲမှပြောခြင်းကို မြေပြင်ရှိ လေကြောင်းထိန်းချုပ်ရေးဌာ နမှ လက်ခံရရှိခဲ့ရာ လေယာဉ်မှာ အပိုင်စီးခံရခြင်း သို့မဟုတ် အဖျက်လုပ်ရပ်တစ်ခုခု အလုပ်ခံရခြင်း ဖြစ် နိုင်ကြောင်း သံသယများ ပိုမို ခိုင်မာလာခဲ့သည်။

Mizzima Burmese

သံသယဖြစ်ဖွယ် လေယာဉ်မောင်း၏ နေအိမ်ကို ရဲများဝင်ရောက်ရှာဖွေခဲ့




ဘာရီတာဟာရီယန်

ကွာလာလမ်ပူ၊ မတ် ၁၈

ပျောက်ဆုံးလျက်ရှိသော လေယာဉ်အမှတ် MH370 ၏ လေယာဉ်မှူးနှစ်ဦး အနက်မှတစ်ဦးဖြစ်သူ ဇာဟာရီ ဆတ်ခ်ျ၏ နေအိမ်တွင် သိမ်းဆည်းရမိခဲ့သည့် လေယာဉ်မောင်းလေ့ကျင့်ရန် စက်ကိရိယာအား စစ်ဆေးမှု များ ပြုလုပ်ခဲ့ရာတွင် အိန္ဒိယ သမုဒ္ဒရာတစ်ဝိုက်ရှိ လေယာဉ်ပြေးလမ်း ငါးခုအတွက် ဆော့ဝဲထည့်သွင်းထား သည်ကို တွေ့ရှိခဲ့ရသည်ဟု မလေးရှားသတင်းစာ ဘာရီတာဟာရီယန်တွင် ဖော်ပြထားသည်။

“စစ်ဆေးတွေ့ရှိတာကတော့၊ မော်ဒိုက်က မေးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အိန္ဒိယနဲ့ သီရိလင်္ကာက လေဆိပ်သုံးခုနဲ့ ဒီယာကို ဂါစီယာမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းနဲ့ သက်ဆိုင်တဲ့ လေဆိပ်တစ်ခု အတွက် ဆော့ဝဲသွင်းထားတာတွေ့ရပါတယ်” ဟု အရာရှိတစ်ဦးက မလေးရှားနေ့စဉ် သတင်းစာသို့ ပြော သည်။

လေယာဉ်မှူး ဇာဟာရီဆတ်ခ်ျ၏ အိမ်လုပ် လေယာဉ်မောင်းလေ့ကျင့်ရေး စက်ကိရိယာအား စစ်ဆေးရန် ပြီးခဲ့သော စနေနေ့က ရဲများက သိမ်းဆည်းသွားခဲ့ခြင်း ဖြစ်ကာ ထိုကိရိယာထဲတွင် လေယာဉ်ပြေးလမ်း ငါးခုအတွက် ဆော့ဝဲထည့်သွင်းထားကြောင်း မလေးရှားသတင်းစာက ရေးသားထားသည်။

ဘူကစ်အာမန်ဒေသရှိ ဗဟိုအစိုးရ ရဲဌာနချုပ်တွင် ထိုလေယာဉ်မောင်း လေ့ကျင့်ရေး စက်ကိရိယာကို ပြန် လည်တပ်ဆင်ခဲ့ခြင်း ဖြစ်ပြီး၊ ထိုကိရိယာကို ကျွမ်းကျင်သူများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

Mizzima Burmese

မတွေ့ချင်တဲ့ သူငယ်ချင်းတွေကို ရှောင်ချင်တဲ့ အခါ သုံးနိင်မဲ့ App



အင်း ! ရေးရမှာ သိပ်တော့မကောင်းဘူးဗျာ။ အကောင်းဖက်ကပဲ ကြည့်ကြည့်ရအောင်ဗျာ နော်။
သူက တည်နေရာကိုဖော်ပြပေးတဲ့ app တစ်ခုဖြစ်ပါတယ်။ Anti Social App လို့ခေါ်ပါတယ်။ တစ်ချို့ တည်နေရာကိုဖော်ပြပေးတဲ့ mood တွေက off ထားလို့ရတယ်လေ ။ ဒါပေမဲ့သူက လောလောဆယ် Instagram ရယ်၊ တည်နေရာတွေ ရှာတဲ့အခါ သုံးတဲ့ Foursquare ကဲ့သို့သော နှစ်မျိုးမှာသာ ရရှိသေးတာ ဖြစ်ပါတယ်။ flag ဆိုတာလေးကိုနှိပ်ထားရုံနဲ့
app ဟာ သင့်ရဲ့နေရာနားကို ရောက်ရှိလာမဲ့
သင့်မတွေ့ချင်သောသူရောက်လာတာနဲ့ သတိပေးမှာ ဖြစ်ပါတယ်။
အကွာအဝေးကတော့ အနည်းဆုံးတစ်ဘလောက် ခန့်ကနေပြီး အဝေးဆုံး (၂) မိုင်လောက်အထိ ရရှိနိင်ပါတယ်။ နောက်လာမဲ့အနာဂတ်မှာ တွစ်တာတို့လို့များမှာပါ အသုံးပြုပါဝင်နိင်လာမှာ ဖြစ်ပါတယ်။

လောလောဆယ် ထိုapp ကိုတော့ ရရှိနိင်ခြင်းမရှိသေးပါဘူး။

သူအရင်ကတော့ Split - The Anti Social App လို့ခေါ်တဲ့ App ထွက်ဖူးပါတယ်။

Split အတွက် ဒေါင်း၇န် (for only iOS )>>> http://goo.gl/L2suDw

Aung Heine ( www.smart.com.mm )

ခေါင်းလျှော်တဲ့ အချိန်ဇယား မှားများမှားနေလား




မေသော် on 2014-03-19 10:47    
ကိုယ့်သူငယ်ချင်းတွေကပဲဖြစ်ဖြစ်၊ ကိုယ့်အသိတစ်ယောက်ကပဲဖြစ်ဖြစ် ငါခဏခဏ ခေါင်းလျှော်ဖြစ်နေတယ်။ အဲ့ဒါကောင်းရဲ့လားလို့ သင့်အမေးခံရဖူးပါသလား။ သင်ကိုယ်တိုင်ရော တစ်ပတ်ကို ဘယ်နှစ်ကြိမ် ခေါင်းလျှော်ဖြစ်တယ်ဆိုပြီး သတ်သတ်မှတ်မှတ်ရှိပါရဲ့လား။ အဲ့ဒါနဲ့ ပတ်သက်ပြီး အလှအပပညာရှင်တွေ၊ စတိုင်လစ်တွေကတော့ တစ်ပတ်ကို သုံးကြိမ် ခေါင်းလျှော်တာဟာ လုံလောက်တယ်လို့ ပြောထားပါတယ်။

ကိုယ်ကနေ့စဉ်နေ့တိုင်း ခေါင်းကို အဆီတစ်ခုခု မဖြစ်မနေလိမ်းရတာမို့ နေ့တိုင်းခေါင်းလျှော်ရတဲ့သူဆိုရင်လည်း ကိုယ့်အတွက် အဆင်ပြေနေရင် ဘာပြဿနာမှ မရှိပါဘူး။ တစ်ချို့လူတွေ အထူးသဖြင့် မိန်းကလေးတွေဟာ နေ့တိုင်းခေါင်းလျှော်ချင်ကြပေမယ့် ဆံပင်သားတွေ ပျက်စီးမှာစိုးလို့ မလျှော်ရဲဘူးလို့ ပြောတာမျိုးတွေရှိပါတယ်။ ကိုယ်က နေ့စဉ်နေ့တိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရသူမို့ ခေါင်းမှာချွေးတွေထွက်၊ အနံ့နံမှာစိုးရိမ်ရသူဖြစ်တာကြောင့် နေ့တိုင်းခေါင်းလျှော်မှ ဖြစ်မယ်ဆိုရင်လည်း လျှော်ကိုလျှော်ရတော့မှာပေါ့။ တစ်ခုပါပဲ နေ့စဉ်ခေါင်းလျှော်ချင်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ Daily Shampoo ကိုတော့ ပြောင်းသုံးဖို့ လိုပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ပတ်မှာ ဘယ်နှစ်ကြိမ်ခေါင်းလျှော်မှ သင့်တော်သလဲဆိုတာ သိချင်သူတွေအတွက် တစ်ပတ်ကို သုံးကြိမ်လျှော်ခြင်းဟာ အသင့်တော်ဆုံးပါပဲ။ တစ်ခါတစ်လေ နေ့စဉ်ရက်ဆက်လျှော်ချင်စိတ်ဖြစ်လာရင်လည်း လျှော်လိုက်ပါ။ ကိစ္စမရှိပါဘူး။ တစ်ခုပါပဲ။ ကိုယ်က ပုံမှန်လည်း ခေါင်းလျှော်နေပါရက်နဲ့ ဆံပင်က စေးကပ်တာတွေ အဆင်မပြေတာတွေရှိနေပြီဆိုရင်တော့ သုံးတဲ့ရှန်ပူကိုသာ ပြောင်းလိုက်ပါတော့လို့။

Ref:womenshealthmag.com

သံတွဲမြို့ တွင် ဆရာတော် ဦးဝီရသူ မီဒီယာ သင်တန်း ပို့ချ




ပြည်ပမီဒီယာ များကို တုံ့ပြန် နိုင်ရန် ရခိုင်ပြည်နယ် သံတွဲ မြို့ရှိ သိမ်ကုန်း ကျောင်းတိုက် ၌ မြို့သူ မြို့ သား များအား မီဒီယာ သင်တန်း ပို့ချ သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူ က The Messenger သ တင်းစာသို့ မိန့်ကြား သည်။ မနက် ၈ နာရီ မှာ သိမ်ကုန်း ကျောင်း တိုက်မှာ ပို့ချ မှာပါ၊ ပါဝင် မှာတော့ ကတော့၊ ကင်မရာ သုံးစွဲ နည်း၊ ဖေ့စ်ဘုတ်စ် သုံးစွဲ နည်း၊ ဆရာတော် နှစ်ပါး ရယ်၊ ကင်မရာ ဆရာ နှစ်ယောက် ရယ်ပါ မယ်””ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြား သည်။ ထို ကဲ့သို့ မီဒီယာ သင်တန်း ပို့ချ မှုကြောင့် နိုင်ငံ တကာ ၀က်ဘ်ဆိုက် များ၊ BBC/VOA စသော အသံလွှင့် ဌာန များ ၏ မဟုတ် မမှန် ထုတ်လွှင့်မှု များမှ လွတ်မြောက် မည်ဖြစ် ကြောင်း၊ နိုင်ငံ တကာ မီဒီယာများ က လက် နက်ကြီး များဖြင့် ပစ်ခတ် နေချိန် တွင် မိမိ တို့ အနေဖြင့် ခြောက်လုံးပြူး လောက် အဆင့် ကိုကိုင် ဆွဲထား ရမည် ဖြစ်ကြောင်း၊ မြန်မာ ပြည်သူ များ ဖေ့စ်ဘုတ် ကို တွင် တွင် ကျယ် ကျယ် သုံးပြီး၊ ပြည်ပ မီဒီယာ များ ၏ မဟုတ် မမှန် ထုတ်လွှင့် မှု များကို တုံ့ပြန်ရန် ရည်ရွယ် ကြောင်း ဦးဝီရသူ က ဆက်လက် မိန့်ကြား သည်။
"မှတ်ချက် ပေးဖို့ ခက် ပါတယ်။ အဲဒါက ရဟန်းတို့ သိက္ခာ ပုဒ်နဲ့ မေးရ မှာ ပေါ့နော်။ ရဟန်းတွေ ကိစ္စ ဟုတ် သလား၊ သက်ဆိုင်ရာ ကျင့်ဝတ် သိက္ခာ နဲ့ ပြည့်စုံ တဲ့၊ ဆရာ တော်သံ ဃာတော်ကြီး တွေကို မေးရမှာ။ ကျွန်တော် တို့ ဖြေဖို့ ခက်တယ်။ ရဟန်း ကိစ္စ လား၊ လူ ကိစ္စ လား ဆရာတော် တွေကို မေးရ မှာပါ၊ ကျွန်တော် တို့ မှတ်ချက် ပေး ဖို့ ခက် ပါတယ်" ဟု မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေး မှူး ဦးကျော်မင်းဆွေ က The Messenger သတင်းစာ သို့ ပြောသည်

Messenger News Journal

စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်ခြင်းသည် တရားဝင်ကြောင်း တရားရုံးကအမိန့်ချမှတ်


မိန်းကလေးတွေရဲ့ စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်တာ ဟာ တရားဝင်တယ်လို့ မက်ဆာချူးဆက်ပြည်နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်နယ်ရဲ့ မြေအောက်ရထားလိုင်းမှာ ဖုန်းနဲ့ မိန်းကလေးတွေကို ဓာတ်ပုံခိုးရိုက်နေတဲ့ မိုက်ကယ်ရောဘတ်ဆန် ဆိုတဲ့လူကို၂၀၁၀သြဂုတ်လမှာရဲကဖမ်းမိပြီး အောက်တရားရုံးကစွဲချက်တင်ခဲ့ပေမဲ့ အထက်တရားရုံးက ပြန်လည်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိတည်ဆဲဥပဒေက အဝတ်အစားလဲခန်းနဲ့ ရေချိုးခန်းတွေမှာ အဝတ်အစားလုံးဝမပါ၍ဖြစ်စေ၊ အဝတ်အစားအတော်အသင့်ပါ၍ဖြစ်စေ ဓာတ်ပုံရိုက်ခံရပါက ဥပဒေချိုးဖောက်ခြင်း ဖြစ်သော်လည်း အများပြည်သူရှိရာနေရာမှာ အဝတ်အစားဝတ်ထားတဲ့လူတွေကိုတော့ လက်ရှိဥပဒေက ကာကွယ်ထားခြင်းမရှိဘူးလို့ တရားရုံးကပြောကြားခဲ့ပါတယ်။

မက်ဆာချူးဆက်လွှတ်တော်အမတ် ရောဘတ်ဒီလီယိုက ဥပဒေကို ရှင်းရှင်းလင်းလင်းပြုလုပ်ဖို့အတွက် အမတ်များက နည်းလမ်းတစ်ခုကို ရှာဖွေနေကြောင်းပြောကြားခဲ့ပါတယ်။

“အထက်တရားရေးရုံးရဲ့ အမိန့်ချမှတ်မှုဟာ လက်ရှိဥပဒေရဲ့အနှစ်သာရနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ယနေ့နည်းပညာခေတ်နဲ့အညီဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ ဥပဒေတွေကို လွှတ်တော်က အဆင့်မြှင့်တင်မှုတွေ စတင်ဆောင်ရွက်နေပါပြီ” လို့ ဒီလီယိုက ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။

Myawady News 

မှိုပါဝင်မှုများနေသည့် Deedo အချိုရည်ကို FDA နှင့် အာမခံ ထပ်လုပ်မည်


ထိုင်းနိုင်ငံထုတ် Deedo အချိုရည်မှာ မှိုပါဝင်မှု များနေတယ်ဆိုတာဟာ ထုတ်လုပ်မှုကြောင့် မဟုတ်ဘဲ ဖြန့်ချိရေးအချိန် ကြာမြင့်တာကြောင့် ဖြစ်နိုင်တယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် Deedo အချိုရည်မှာ မှိုပါဝင်မှု များနေတယ်လို့ သမဝါယမဝန်ကြီးဌာန လက်အောက်က ဓာတ်ခွဲခန်းမှာ စမ်းသပ်တွေ့ရှိခဲ့ပေမယ့် ဈေးကွက်ထဲက အချိုရည်တွေကို ပြန်သိမ်းဖို့ မလိုအပ်ဘူးလို့ အချိုရည်ကို ထုတ်လုပ်တဲ့ Food Star ကုမ္ပဏီက မန်နေးဂျင်း ဒါရိုက်တာ မစ္စ ချန်တရာ ပေါင်ဆရီ (Miss.Chantra Pongsri) က ပြောပါတယ်။

deedoမနက်ဖြန်မှာ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း မစ္စ ချန်တရာက ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေမှာ Deedo အချိုရည်ဈေးကွက် ရှာဖွေရေးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၇ သန်း သုံးစွဲဖို့ စီစဉ်ထားတယ်လို့ Food Star ကုမ္ပဏီက မားကက်တင်း မန်နေဂျာ မစ္စတာ ဗီဆပ်တ် (Mr. Visut) က ပြောပါတယ်။

အခုလို ဖြစ်လာပေမယ့်လည်း မြန်မာနိုင်ငံမှာ ပုံမှန်အတိုင်းပဲ ကြော်ငြာသွားမယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Deedo အချိုရည်နဲ့ အိုအီရှီ အာလူးကြော်ကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ပြီး စားသုံးဖို့ မသင့်တော်ဘူးလို့ မြန်မာနိုင်ငံ စားသုံးသူများ ကာကွယ်ရေးအသင်းက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်

 DVB Burmese

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိ တရုတ်မုန့်များပပျောက်ရေးစီမံချက် အကောင်အထည်ဖော်မည်


ချစ်ချစ် ၊ ရန်ကုန်၊ မတ် ၁၅
လာမည့် ကျောင်းဖွင့်ရာ သီတွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းမုန့် စားတန်းများ၌ အန္တရာယ်ရှိ တရုတ်မုန့်များ ပပျောက်ရေး စီမံချက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စား သုံးသူကာကွယ်ရေးအသင်းမှ သိရသည်။
ယင်းအသင်းမှာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် အသင်းမှတ်ပုံတင်ရရှိ ခဲ့ပြီး ပညာရေးညွှန်ကြားရေးမှူးထံမှ မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံပညာရေးကျောင်း များအား ဝင်ရောက်စစ်ဆေးရန် ခွင့်ပြုမိန့် စာကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရ ရှိခဲ့ခြင်း ဖြစ်သည်။
''ရှေ့နှစ် ကျောင်းဖွင့်ရာသီကစ ပြီး ကျောင်းမုန့်ဈေးတန်းတွေမှာ အန္တရာယ် ရှိမယ့် အစားအစာတွေ ပပျောက်ရေး စီမံ ချက်ကို ရေးဆွဲပြီးတော့ ရှေ့နှစ်မှာ အပြတ် ဖြတ်မယ်။ တရုတ်ကလာတဲ့ မုန့်တွေက အန္တရာယ်များတယ်။ သက်ဆိုင်ရာကျောင်း အုပ်ဆရာရဲ့ ခွင့်ပြုချက်ရရင် ပိတ်သိမ်းမယ်'' ဟု အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။
၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ ဃ့နာငျအ ဓာတ်ခွဲခန်းမှ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာ ကွယ်ရေးအသင်းမှ အဖွဲ့ဝင်များမှာ အခြေခံ မူလတန်းကျောင်းများရှိ မုန့်ဈေးတန်းများ ကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ရာ တရုတ် နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော အန္တရာယ်ရှိ နို့မှုန့်များကပ်ထားသည့် မုန့် များကို တွေ့ရှိခဲ့ရကြောင်း အသင်းအထွေထွေ အတွင်းရေးမှူး ဒေါ်ခင်စန္ဒာက ပြောသည်။
ယင်းမုန့်များ၏ အညွှန်းတွင် လူ သားများစားသုံးရန် မသင့်သော အစားအ စာဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများတွင် အိမ်မွေး တိရစ္ဆာန်များသာ စားသော အစားအစာမျိုး ဖြစ်ကြောင်း တရုတ်စာဖြင့် ရေးသားထား သည်ကို တွေ့ခဲ့ရကြောင်း သိရသည်။
ယခင်က အသင်းအနေဖြင့် ကျောင်းများ၌ အန္တရာယ်ရှိမုန့်များ ဝင် ရောက်စစ်ဆေးမှု ပြုလုပ်ရာတွင် ဆန့်ကျင် သည့် ကျောင်းများလည်း ရှိခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးအသင်းအနေနှင့် မြန်မာတစ်နိုင်ငံလုံး ရှိ အခြေခံပညာရေးကျောင်းများတွင်သာ မက ဈေးများ၌ စားသောက်သူအန္တရာယ် ရှိ အစားအစာများ ဝင်ရောက်စစ်ဆေးသွား ရန် အစီအစဉ်ရှိကြောင်း သိရသည်။

The Flower News Journal

မကောင်းဆိုးဝါး ပူးကပ်နေသည်ဟုဆိုကာ ခင်ပွန်းသည်ကို ဓားဖြင့်ထိုး


သည် ဟာဖင်တန်ပို့စ်

အမေရိကန် ပြည်ထောင်စု တန်နက်ဆီ ပြည်နယ်ရှိ အမျိုးသမီး တစ်ဦးသည် ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခု၏ တံခါးများကို ကားဖြင့် တိုက်ခဲ့ပြီး ခန္ဓာကိုယ်တွင် မကောင်းဆိုးဝါး ဝင်ရောက် ပူးကပ်နေသောကြောင့်ဟု ဆိုကာ ခင်ပွန်းဖြစ်သူ ရင်ညွှန့်ကို ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့သည်။

စတီဖနီဟမ်မန်း (၂၃) နှစ်ကို မတ် ၁၆ ရက် တနင်္ဂနွေနေ့က လူသတ်ရန် ကြိုးစားမှု၊ ဘုရားရှိခိုးကျောင်းကို အကြီးအကျယ် ပျက်စီးစေမှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု WTHL သတင်းဌာနက ပြောသည်။

ဓားဖြင့် အထိုးခံရသော ဟမ်မန်း၏ ခင်ပွန်းဖြစ်သူ စတီဗင်က အာဏာပိုင်များကို ပြောကြားရာတွင် အခင်းမဖြစ်ပွားမီ အချိန်က ဟမ်မန်းက သူ့ကို ဘုရားကျောင်းသို့ လာရောက်ရန် ဖုန်းဆက်ခေါ်ခဲ့၍ သွားရောက်ခဲ့သည် ဆိုသည်။

ဖုန်းဆက်ပြီး နောက်ပိုင်း ဟမ်းမန်းသည် ဘုရားကျောင်း၏ ရှေ့တံခါးများကို ကားဖြင့် ဝင်ရောက် တိုက်ခဲ့ကြောင်း၊ ၎င်း ရောက်သွားချိန်တွင် သူမကို ဘုရားကျောင်းရှိ ယဇ်ပလ္လင်ရှေ့တွင် လဲလျက်တွေ့ရကြောင်း ထို့နောက် ဟမ်မန်းက ခန္ဓာကိုယ်တွင် မကောင်းဆိုးဝါး ပူးကပ်နေသည်ဟု ပြောပြီး မိမိရင်ဝကို မီးဖိုချောင်သုံး ဓားဖြင့်ထိုးခဲ့ကြောင်း စတီဗင်က ပြောသည်။

ထို့နောက် ဟမ်မန်းသည် စတီဗင်၏ ခန္ဓာကိုယ်မှ ဓားကို ပြန်လည် နှုတ်ယူ၍ သူမ နေထိုင်ရာ တိုက်ခန်းသို့ ပြန်လာခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည် ဟုဆိုသည်။

ဘုရားကျောင်းတောင်ကုန်း ရဲဌာန CHPD လက်ရှိအချိန်တွင် သူမကိုဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းလျက် ရှိသည်။ ဟမ်မန်းက စတီဗင်ကို ဓားဖြင့် ထိုးရခြင်းမှာ မိမိခင်ပွန်းသည်သည် နက်ကာ ကားပြိုင်ပွဲကို အရူးအမူး စွဲလမ်းနှစ်ခြိုက်နေခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။

ရဲအရာရှိများက ပြောကြားရာတွင် ဟမ်မန်းက ဆေးခြောက်ရှုခြင်းကို နှစ်ခြိုက်ကြောင်း ပြောခဲ့သည်ဟု ရဲအရာရှိများက ပြောသည်။ ဟမ်မန်းကို ရဲဌာနတွင် ထိန်းသိမ်းထားပြီး ခင်ပွန်းဖြစ်သူ စတီဗင်၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိဟုဆိုသည်။

Mizzima Burmese

တရားရုံးထုတ်တရားခံထံသို့ ဧည့်တွေ့လာသူများမှ မူးယစ်ဆေးဝါးများ ပေးသည်ကို စစ်ဆေးတွေ့ရှိ အရေးယူ


ရန်ကုန်၊ မတ် ၁၉

၁၈.၃.၂၀၁၄ ရက်နေ့ ၁၆၂၀အချိန် တောင်ဥက္ကပလာပမြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းမှတ်တမ်းတာဝန်ခံအရာရှိနှင့် အချုပ်ယာဉ်လမ်းကြောင်းလုံခြုံရေး
ရဲတပ်ဖွဲ့ဝင်များသည် တောင်ဥက္ကလာပမြို့နယ်တရားရုံးအချုပ်၌ ရုံးထုတ် တရားခံများကို အချုပ်ယာဉ်ပေါ်သို့တင်ဆောင်နေစဉ် အနောက်ပိုင်းခရိုင်
တရားရုံး ပြစ်မှုကြီးအမှတ်၂၀/၂၀၁၃၊မူး/စိတ်ပုဒ်မ၁၉(က)အရ ထောင်ဒဏ် (၁၁)နှစ်ကျခံနေရပြီး တောင်ဥက္ကလာပမြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ် ၇၁၄/၁၂၊ မူး/စိတ်ပုဒ်မ-၁၅/၁၆(ဂ)/၂၁ အမှုဖြင့်တရားစွဲတင်ထားသော တရားရုံးထုတ်တရားခံ ကျော်သူရ(ခ)သိန်းဆွေ၊ (၃၄)နှစ်၊ (ဘ)ဦးလှထွန်း၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူထံသို့ ဧည့်တွေ့လာရောက်သော ၎င်း၏ညီမဖြစ်သူ မတင်စန်းအေး၊ (၂၇)နှစ်၊ (ဘ)ဦးလှထွန်း၊ ဒဂုံမြို့သစ်
(မြောက်ပိုင်း)မြို့နယ်နေသူမှ ORCHID တစ်ရှူးအထုပ်(၁)ထုပ်အား အချုပ်ယာဉ်ဘေးမှ ပေးလိုက်သည်ကို လုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင်
များကတွေ့ရှိသဖြင့် စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ တစ်ရှူးထုပ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်
အပိုင်းအစများဖြင့် ထုပ်ပိုးထားသော အလေးချိန်(၀.၁၇)ဂရမ်ခန့်စီရှိ ဘိန်းဖြူဟုယူဆရသော အဖြူမှုန့်များပါ ပလပ်စတစ်ဘူးငယ်(၉)ဘူး၊ စုစုပေါင်းအလေးချိန်(၁.၅၃)ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့
ပါသည်။

၎င်းတို့အားစစ်ဆေးရာ အဆိုပါမူးယစ်ဆေးဝါးများအား မတင်စန်းအေးနှင့်
အတူပါလာသော ကျော်သူရ(ခ)သိန်းဆွေ၏ ပထမဇနီးဖြစ်သူ မခင်မျိုးဦး၊ (၃၆)နှစ်၊ (ဘ)ဦးအောင်ထွန်း၊ လှိုင်သာယာမြို့နယ်နေသူကပေးခိုင်းခြင်း
ဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများ စစ်ဆေးသိမ်းဆည်းရမိခဲ့သည့်အတွက် မတင်စန်းအေး၊ မခင်မျိုးဦးနှင့် ကျော်သူရ(ခ)သိန်းဆွေတို့(၃)ဦးအား
တောင်ဥက္ကလာပမြို့မရဲစခန်း မယ(ပ)၄/၂၀၁၄၊ မူး/စိတ်ပုဒ်မ-၁၅/ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်း
ရရှိပါသည်။

Yangon Police

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ



ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်းပကတိဖြစ်အောင် ပြည်တွင်းဆရာဝန်များအဖွဲ့က ရန်ကင်းကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယအဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲစိတ်မှုမှာ မြန်မာ့ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီဟု သိရသည်။

ခွဲစိတ်မှုတွင် ပါဝင်သူ ရန်ကင်းကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ''ရင်ချင်းဆက် စတာတွေကို ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးပေမယ့် ခြေထောက်အပိုပါတာကို
ခွဲစိတ်တာက ဒါပထမဦးဆုံးပါပဲ''ဟုပြောသည်။

ရှမ်းပြည်နယ် ပင်လုံမြို့နယ်ထဲမှ လွယ်မွတ်ကျေးရွာ တွင် နေထိုင်သည့် တောင်သူမိသားစုမှ မွေးဖွားလာသော အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ် ပြီး ခွဲစိတ်မှုကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ရန်ကင်းဆေးရုံတွင် စတင် ပြုလုပ်ခဲ့သည် ဟု ဆေးရုံမှတ်တမ်းများ အရ သိရသည်။

ရန်ကင်းဆေးရုံသို့ ၂ဝ၁၃ ခုနှစ် မေလထဲတွင် ရောက်လာခဲ့ပြီး ၁၁ လ ကျော်အကြာ တက်ရောက်ခဲ့သူ ယင်းက လေးငယ်၏ ကျန်းမာရေး အခြေအနေ ကို စောင့်ကြည့်၍ စိတ်ချရသည့်အတွက် ၂ဝ၁၄ မတ်လထဲတွင် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း ရန်ကင်းကလေးဆေးရုံ က အတည်ပြု ပြောသည်။ ယင်းကလေးငယ်ကို သုံးလသား
အရွယ်တွင် လွိုင်လင်ခရိုင် ဆေးရုံသို့တင်ခဲ့ပြီး ထိုမှ တောင်ကြီးဆေးရုံသို့ ဆက်တင်ကာပြီးမှ ရန်ကင်းဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ်စဉ် ဆေးရုံတွင် ပရိုဂျက်တာဖြင့် တိုက်ရိုက်ပြသပေးခဲ့သည်။ ငွေကြေးကူညီသူ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ''ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေ
ပို့လိုက်လို့ သိရတဲ့အတွက် တာဝန်ယူပေးတာပါ''ဟု ပြော သည်။ ယင်းကလေးငယ်ကဲ့သို့ အလားတူ ခြေနှစ်ချောင်းအပိုပါသော ဒိုက်ဦးမှ ကလေးငယ်တစ်ဦးသည်လည်း ရန်ကင်း ဆေးရုံသို့ ထပ်မံရောက်ရှိနေသည်ဟု သိရသည်။

Popular Myanmar News Journal

ရွှေလုပ်ငန်းတွင် ပြဒါးအစား ဆာရင်းနိုက်အသုံးပြုသင့်ဟု ပညာရှင်များ အကြံပြု

သပိတ်ကျင်း ရွှေထုတ်လုပ်ရေးလုပ်ငန်းခွင်အား မြင်တွေ့ရစဉ်

ရွှေထုတ်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အဆိပ်သင့်စေတဲ့ ပြဒါးအစား ချေပျက်မှုလွယ်ကူတဲ့ ဆာရင်းနိုက်အရည်ကို အသုံးပြုသင့်တယ်လို့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးစိန်မြင့်က မနေ့က ရန်ကုန်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံ ပြောကြားခဲ့ပါတယ်။

အစိုးရရဲ့ ရွှေလုပ်ငန်းတွေမှပဲ ဆာရင်းနိုက်ကို သုံးစွဲနေတဲ့အကြောင်းနဲ့ ပြဒါးသုံးစွဲမှုကို ကန့်သတ်ထားမှု မရှိတဲ့အတွက် မည်သူမဆို သုံးစွဲနိုင်တယ်လို့ သူက ပြောပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဒေါ်ဒေ၀ီသန့်စင်ကလည်း ပြဒါးက ပြုပြင်ပြောင်းလဲလို့ မရဘဲ လူ့ခန္ဓာကိုယ်ထဲ ၀င်ရောက်ရင် ဆိုးကျိုး ဖြစ်စေနိုင်ပြီး ဆာရင်းနိုက်ကို ဥပဒေစည်းကမ်းအတိုင်း စနစ်တကျသုံးစွဲနိုင်တယ်လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို)ရဲ့ ထုတ်ပြန်ချက်အရ ရွှေကျင်းတဲ့ လုပ်ငန်းခွင်တွေမှာ မာကျူရီ ခေါ်တဲ့ ပြဒါး ထိတွေ့မှုကြောင့် စိတ်တိုတာ၊ ဒေါသထွက်လွယ်တာ၊ စိတ်လှုပ်ရှားတာ၊ မှတ်ဥာဏ်အားနည်းတာ၊ စိတ်ကျရောဂါနဲ့ အိပ်မပျော်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်



DVB Burmese

ခြင်ဆေးခွေထွန်းရာမှ ရွှေစက်တော်ဘုရားဖူး အထူးတည်းခိုဆောင်များ နံနက်စောစောမီးလောင်


မန်းရွှေစက်တော်၊ မတ်လ၁၉

မန်းရွှေစက်တော်ဘုရားပွဲကွင်းရှိ(နမ္မဒါ)အဆောင်(၅) အခန်း(၆)တွင်တည်းခိုသူ ထွန်းညှိထားသောခြင်ဆေးခွေမှတစ်ဆင့် မတ်လ(၁၉)ရက်နံနက်(၂း၂၀)နာရီတွင်မီးလောင်ကျွမ်းခဲ့သည်။
လောင်ခဲ့သောမီးကြောင့်တည်းခိုဆောင်(၁၄)ဆောင်၊
ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းသုံးဆယ်နှင့် သုံးသောင်းခန့်ရှိခဲ့သည်ဟုမင်းဘူးမီးသတ်ဦးစီးမှထုတ်ပြန်ခဲ့သည်။
မီးကိုနံနက်(၃)နာရီတွင် မန်းစက်တော်ရာမီးသတ်ဖွဲ့နှင့်အတူ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်လျှက် မင်းဘူး၊ငဖဲ
မီးငြိးသတ်ယာဉ်များနင့် သန္တေ(၂၇)ဦး၊အရန်(၃၆)ဦးတို့ပူးပေါင်းပါဝင်ငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါတည်းခိုဆောင်များမှာ နမ္မဒါကွင်းတွင်သီးသန့်ဆောက်လုပ်ထားရှိကြောင်းနှင့် ဌာနဆိုင်ရာတည်းခိုဆောင်များနှင့် အလွန်နီး
ကပ်သော်လည်း မီးကူးဆက်လောင်ကျွမ်းခြင်းမရှိဟုသိရသည်။
"အားလုံးတော့လန့်ဖြတ်ကုန်တာပေါ့ဗျာ၊ထူးခြားတာကမီးက ကွင်းထဲတင်ဝေ့လောင်နေတာဗျ၊တခြားကိုမကူးဖူး" ဟု မျက်မြင်ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးမှ
ပြောပြခဲ့သည်။
ယခုအခါမီးလောင်ကွင်းကိုစက်ကြီးများဖြင့်ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး ဘုရားဖူးများပြန်လည်တည်းခိုနိုင်ရန်အားခြင်းဆောက်လုပ်သွားမည်ဟု
သိရသည်။
မီးစတင်လောင်ကျွမ်းရာတည်းခိုဆောင်နေဦး---(၄၅)နှစ်အား(ပ)၂၅/၁၄၊ပုဒ်မ၂၈၅ဖြင့်စကုရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဦးမင်း

Popular Myanmar News Journal

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်


(၁) (ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား?)

ပုရွက်ဆိတ်တွေက
သခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီးအခွံ တွေကို
ပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။

(၂) (ရေခဲရေ သန့် သန့် သောက်ချင်ပါသလား ?)
ဦးစွာ
ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်တော်ရာ
ပုလင်းထဲထဲ့ပြီး ရေသေတ္တာထဲ ထဲ့လိုက်တော့ ရေခဲရေသန့် သန့် ရပြီပေါ့။

(၃) (မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား ?)
Spriteအချိုရည်နဲ့ 
မှန်ကိုသုတ်ပေးလိုက်ပါ။

(၄) (အ၀တ်အထည်တွေပေါ်မှာ ပီကေတွေကပ်နေလို့ ဖျက်ရခက်နေပါသလား ?)
အဲဒီအ၀တ်အထည်ကို ရေခဲသေတ္တာတဲ ၁-နာရီ လောက်ထဲ့ပေးပြီးနောက်မှာတော့၊
ပီကေတွေခွာလို့ ရပါပြီ။

(၅) (အ၀တ်ဖြူတွေကို ဖြူဖြူစင်စင်လေး ဖြစ်စေချင်ပါသလား?) ဇလုံတစ်ခုထဲမှာ
နွေးပူပူထဲ့ပြီးရင် သံပုရာသီး တစ်စိပ်လောက် ညှစ်ထဲ့ပေးလိုက်ပါ။
အဲဒီဇလုံထဲကို အ၀တ်ဖြူ ၁၀-မိနစ်လောက်စိမ်ထားပြီးမှ
ပုံမှန်အတိုင်းဆပ်ပြာတိုက် လျှော်ဖွတ်ပေးပါ။

(၆) (ဆံသားတွေ တောက်ပြောင်ချင်ပါသလား ?) ရှာလကာရည် ၁-ဇွန်းလောက်ကို
ဆံပင်အနှံ့ လိမ်းကျံပေးပြီးရင်၊ ရေအေးနဲ့  လျော်ချလိုက်ပါ။(ရေခဲရေ
မဟုတ်ပါ)

(၇) (သံပုရာသီးထဲကအရည်တွေ ကုန်စင်အောင်ညှစ်ယူချင်ပါသလား ?) ဦးစွာ
သံပုရာသီးအလုံးလိုက်ကို ရေနွေးပူပူထဲမှာ တနာရီ လောက်စိမ်ပါ။ ပြီးမှ
အရည်ညှစ်ယူပါ။

(၈) (ဂေါ်ဖီထုပ်ဟင်းချက်တဲ့အခါ စိမ်းစော်နံနေတာကို ဘယ်လိုဖျောက်ရမလဲ ?)
ဂေါ်ဖီထုပ်ချက်နေတဲ့ ဟင်းအိုးထဲကို ပေါင်မုန့်  အပိုင်းအစလေး
ထဲ့ချက်လိုက်ရုံပါဘဲ။

(၉) (ကြက်သွန်နီလှီးနေတုန်း မျက်ရည်မကျအောင် ဘယ်လိုလုပ်ရပါ့ ?) ပီကေ
ဝါးရင်း ကြက်သွန်နီ လှီးပေးပါ။

(၁၀) (အာလူးပြုတ်တွေ မြန်မြန်နူးစေချင်ပါသလား ?) မပြုတ်ခင်မှာ အာလူးရဲ
့တဖက်တချက်စီကို အခွံနွှာပေးပါ။ (အကုန်အခွံနွှာ ရန်မလိုအပ်ပေ)

(၁၁) (အ၀တ်ပေါ်က မှင်စက်အစွန်းအထင်းတွေ ဖယ်ရှားရခက်နေပါသလား?)
မှင်ကွက်အစွန်းအထင်းပေါ် သွားတိုက်ဆေး များများအုံပြီးနောက်၊
အဲဒီသွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့ တဲ့အခါမှ အ၀တ်လျှော်လိုက်ပါ။

(၁၂) (ကန်စွန်းဥတွေ အခွံမြန်မြန်ခွာချင်ပါသလား ?) ပြုတ်ပြီးစ
ကန်စွန်းဥပူပူကျစ်ကျစ်ကို အိုးထဲကဆယ်ယူပြီး၊ ရေအေးထဲ ချက် ချင်း
နှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေမဟုတ်ပါ)

(၁၃) (ကြွက်တွေကို ဘယ်လိုနှိမ်နင်းရပါ့ ?) ကြွက်တွေလာတတ်တဲ့နေရာကို
ငြုပ်ကောင်းမှုန့် (အမဲရောင်) ဖြူးပေးထားရုံပါဘဲ။ ငြုပ်ကောင်းမှုန့် ရနံ
့ကြောင့် ကြွက်တွေထွက်ပြေးကုန်ပါလေရော။

(၁၄) (နှလုံးရောဂါသည်တွေ ညအိပ်ယာမ၀င်ခင် ဘာလုပ်သင့်သလဲ ?)
နှလုံးရောဂါသည်များ သောက်ရေအေး ၁-ခွက် (သို့ မ ဟုတ်) ၂-ခွက်သောက်ပြီးမှ
ညအိပ်ယာဝင်ပါ။ ဒါဆို နံက်အိပ်ယာထ အမောမဖောက်စေတော့ပါဘူး (ရေခဲရေ မဟုတ်ပါ)

အိမ်ရှင်မများ ပြုံးပျော်နိုင်ကြပါစေရှင်။

ပေါက်ပေါက်….
ကျန်းမာရေးနှင့် အလှအပ

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ


19-3-2014

၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။
''ဖြစ်ပုံက စံပယ်ထွန်းသမအသင်း ကဖွင့်တဲ့ ပညာဒါနကျောင်းကနေ အပြင် ဖြေ ၁၃ ယောက်ဖြေဖို့ ဖောင်တင်ကြပါတယ်။ ဒီလိုနဲ့ ဖောင်တွေတင်ထားပြီးတော့ မတ် ၁ဝ ရက် ကတ်ထုတ်မယ့်နေ့လဲရောက်ရော ကတ်က ၁၂ ယောက်စာပဲ ထုတ်လို့ရတယ်။ ကတ်မရတဲ့တစ်ယောက် နာမည်က မသန်း သန်းဌေးလို့ ခေါ်တယ်။ သူ့ကတ်လဲ ကျမလာ ရော ပညာရေးမှူးရုံးမှာ သွားမေးတယ်။ နောက်မှ ရန်ကုန်က သက်ဆိုင်ရာရုံးကို ဖုန်း ဆက်မေးကြည့်တော့ အဲဒီကျောင်းသူက မနှစ်က အောင်စာရင်းမှာ နာမည်ပါပြီးသား ဖြစ်နေတယ်။ ကျတယ်ထင်ပြီး ပြန်ဖြေဖို့ ဖောင်တင်ရင်းနဲ့ စာမေးပွဲကြီးဖြေခါနီးမှ သိ ရတာပါ''ဟု ဒေသခံ ရပ်မိရပ်ဖ ဦးမျိုးတင် ကပြောသည်။
မသန်းသန်းဌေးမှာ ပြီးခဲ့သည့် ၂ဝ၁၂-၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့သဖြင့် ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရာ အောင် မြင်ခဲ့သည်ကို အောင်စာရင်း သွားရောက် ကြည့်ရှုခဲ့ခြင်းမရှိသဖြင့် သိရှိခဲ့ခြင်း မရှိဘဲ ကျရှုံးသည်ထင်မှတ်ကာ ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နောက်တစ်ဖန် ပြန်လည် ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။
ကရင်တိုင်းရင်းသား ဖြစ်သူ အဖဦးဖားမီး၏သမီး မသန်းသန်းဌေးသည် ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ညက-၉ဝ၆ ဖြင့် အထက(၂)ကျိုက်ထို စာစစ် ဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်စာ ရင်းထွက်သည့်အခါ ကိုယ်တိုင်သွားရောက် ကြည့်ရှုရန်ကြောက်သဖြင့် မိဘများနှင့် ဆွေ မျိုးများကို အောင် မအောင်သွားရောက်ကြည့် ရှုခိုင်းရာ သုံးကြိမ်တိတိ သွားရောက်ကြည့်ရှု သော်လည်း အောင်မြင်သည်ကို မတွေ့ရှိဟု ပြောကြကြောင်း မသန်းသန်းဌေးကဆိုသည်။
''အောင်စာရင်းကို သုံးခါတောင် သွားကြည့်ခိုင်းတာ။ မပါဘူးဆိုတော့ တော် တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ နောက်နှစ် အောင်ရမယ်၊ ဂုဏ်ထူးထွက်ရ မယ်ဆိုပြီး ဆက်ကြိုးစားခဲ့တာ''ဟု မသန်း သန်းဌေးကဆက်ပြောသည်။
''သူ့မိဘတွေက ရိုးသားတဲ့ကရင် တိုင်းရင်းသား တောသူတောင်သားတွေ လဲဖြစ်တယ်။ အောင်စာရင်း မကြည့်ဖူး တာလဲ ပါမယ်။ သူ့နာမည်ကို ရှာမတွေ့ဘူး လို့ပြောကြတယ်။ မြန်မာစာအဖတ် အား နည်းတာလဲ ပါလိမ့်မယ်ထင်တယ်။ အောင် စာရင်းမှာ ညက-၉ဝ၆ အောင်နေတာ သူတို့ ရှာမတွေ့ကြဘူး''ဟု ဒေသခံအထက်တန်း ပြဆရာမတစ်ဦးက ပြောသည်။
********************
အတွဲ ၁၀ အမှတ် ၁၂
The Flower News Journal

ရွှေစက်တော်ဘုရား တည်းခိုဆောင်များ မီးလောင်မှုဖြစ်ပွား


19.3.2014

ရွှေစက်တော်ဘုရားပွဲတော်အတွင်းရှိ ဘုရားဖူးတည်းခိုဆောင်များတွင် ယနေ့နံနက်(၂း၀၀)အချိန်က အဆောင်(၅) အခန်း(၆)တွင် ငှားရမ်းနေထိုင်သော ဦးဇော်မင်းသိန်း(၄၅)နှစ်(ဘ) ဦးသိန်းဟန် ၏ ခြင်ဆေးခွေ ထွန်းထားရာမှ အခင်း၊ ၄င်းမှတဆင့် ထရံသို့ ကူးစက်၍ စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

မီးလောင်ရာနေရာသို့ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့(၆၃)ဦး မီးသတ်ယာဉ် (၁)စီး၊ မင်းဘူးမှ မီးသတ်ယာဉ်(၂)စီး၊ ငဖဲမှ မီးသတ်ယာဉ်(၁)စီး၊ ရွှေစက်တော်မီးသတ်စခန်းမှ မီးသတ် ယာဉ်(၁)စီးနှင့်ရေသယ်ယာဉ်များ သွားရောက်ငြိမ်းသတ်ခဲ့သဖြင့် နံနက် (၃း၀၀)နာရီအချိန်တွင် မီးငြိမ်းခဲ့ပါသည်။

မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ VIPဆောင်(၃)ခု၊ (၇၂x၂၀)ပေသက်ကယ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း တည်းခိုဆောင်(၅)ခု၊ (၂၀x၃၀)ပေသက်ကယ်မိုး၊ (၂၀x၃၀)ပေ သက်ကယ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း လုံခြုံရေးနှင့်အခြားဆောင်(၄)ခု၊ (၃၀x၃၀)ပေ သက်ကယ်မိုး၊ ထရံကာ၊၀ါးကြမ်းခင်း စတိုနှင့် ကြီးကြပ် ဆောင်(၂)ခု၊ဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်း(ကျပ်သိန်းသုံးဆယ်နှင့်သုံးသောင်း)ဖြစ်ပြီး လူ၊ တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိကြောင်းသိရသည်။ ဦးဇော်မင်းသိန်းအား စကုမြို့နယ်ရဲစခန်းမှ (ပ) ၂၅/၁၄၊ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

MOI


ထူးဆန်းသောကျောက်ဖားကြီးနှင့် ဥများ မြဝတီအနီး ချောင်းထဲကတွေ့ရှိ


ထက်ဖြိုးပိုင် ၊ သထုံ၊ မတ် ၁၅

ကရင်ပြည်နယ် ရွှေ ကုက္ကိုရွာမှရရှိသော အလေးချိန် ၁၃ပိဿာ ခန့်ရှိ ထူးဆန်းသောကျောက်ဖားကြီး တစ် ကောင်နှင့် ဥခြောက်လုံးအား သထုံမြို့ နတ်ကျွန်းရပ်ရှိ အဘယသုခကျောင်းတိုက် တွင် မတ် ၁၄ ရက်ညက လာရောက်ပြ သရာ လာရောက်ကြည့်ရှုသူ ဒေသခံများ ဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

''ဒီကျောက်ဖားကို ဆွံ့အ နား မကြားလူငယ်တစ်ယောက်က ကရင်ပြည် နယ် မြဝတီမြို့နယ် ရွှေကုက္ကိုရွာချောင်း ထဲကနေ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရရှိခဲ့တယ်လို့ ပြောတယ်။ ကျောက်ဖားအ ပြင် ဥတွေပါ တွေ့ရတယ်ဆိုတော့ တော် တော်ထူးဆန်းတယ်လို့ ဆိုရမယ်။ ပြီးတော့ ကျောက်ဖားသာပြောတယ် တကယ့်ဖား အစစ်အတိုင်း ခုန်ထွက်တော့မယ့်ဟန် ဖြစ်နေတယ်''ဟု အဘယသုခကျောင်း တိုက်မှ ဦးဇင်းတစ်ပါးက မိန့်သည်။

အဆိုပါ ကျောက်ဖားအား ဘုရားငါးဆူ၊ ညောင်ငါးပင်နှင့် အတူ ကျောင်း ဆောင် ဆောက်လုပ်လှူဒါန်း၍ ရွှေကုက္ကို ရွာ၌ ထားရှိသွားမည်ဖြစ်ကြောင်း သိရ ပြီး ကျောင်းဆောင်ဖြစ်မြောက်ရေး အ တွက် လာရောက်ကြည့်ရှုသူများကလည်း ငွေများ ထည့်ဝင်လှူဒါန်းကြကြောင်း သိ ရသည်။

''ကျောက်ဖားကို အဓိဋ္ဌာန်နဲ့ မ,ကြည့်ကြတယ်။ တော်ရုံလူတစ်ယောက် တည်း မ,မနိုင်ဘူး။ အဓိဋ္ဌာန်အောင်မယ် ဆိုရင်တော့ ကျောက်ဖားကိုမတာ ပေါ့နေ တာတွေ့ရတယ်''ဟု လာရောက်ကြည့် ရှုသူ ဒေသခံတစ်ဦးကဆိုသည်။

********************
အတွဲ ၁၀ အမှတ် ၁၂

The Flower News Journal

သန်းခေါင်စာရင်းတွင် မြန်မာ/ဗမာ မွတ်ဆလင်ဟု မထည့်ရန် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး ကြေညာ



ရန်ကုန်၊ မတ် ၁၈

သန်းခေါင်စာရင်း ကောက်ယူရာတွင် မြန်မာသို့မဟုတ် ဗမာမွတ်ဆလင်ဟု ထည့်သွင်းခြင်း မပြုလုပ်ဘဲ ဘာသာနေရာတွင် အစ္စလာမ်နှင့် လူမျိုးနေရာတွင် မိမိ၏ လူမျိုးစု အမည်မှန်ကို ထည့်သွင်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက မတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

မြန်မာ/ဗမာတို့မှာ လူမျိုးကို ကိုယ်စားပြုပြီး မွတ်ဆလင် ဆိုသည်မှာ ဘာသာကို ကိုယ်စားပြုသဖြင့် လူမျိုးနှင့် ဘာသာကို ပေါင်းစပ်ထားသည့် စကားလုံးကို ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ထည့်သွင်းခွင့် မပြုသဖြင့် ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာမွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ) အတွင်းရေးမှူးချုပ် ဟာဂျီကျော်ခင်က ပြောကြားသည်။
“မြန်မာသမိုင်း တစ်လျှောက်မှာ ရှိခဲ့တဲ့ စကားလုံး ဖြစ်ရမယ်။ ထွင်ထားတဲ့ စကားလုံး မဟုတ်ရဘူး။ အရင်အစိုးရလက်ထက်က သန်းခေါင်စာရင်း ကောက်ခဲ့တဲ့ အခါမှာလည်း တရားဝင် ကြေညာခဲ့တဲ့ အမည်နာမ ဖြစ်ရမယ်” ဟု ၎င်းကဆိုသည်။

သန်းခေါင်စာရင်း ကောက်ရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် ရခိုင်ပြည်နယ်တွင် ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ယင်းနှင့်ပတ်သက်၍ ဟာဂျီကျော်ခင်က “တစ်ဖက်ကလည်း ရိုဟင်ဂျာလို့ ထည့်ချင်ကြတယ်။ လ.၀.ကဝန်ကြီး ဦးခင်ရီကလည်း ထည့်ခွင့်ပေးထားတယ်။ လူမျိုးသတ်မှတ်ချက်က လွှတ်တော်က ဆုံးဖြတ်ရမယ့်ကိစ္စပါ” ဟု ဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခဲ့ပါက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု အထောက်အထား ပြစရာ ရရှိသွားမည်ဖြစ်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည့်အပြင် ပြည်တွင်း အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်သဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်ခန့်က မတ်လ ၁၆ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ရုပ်သိမ်းကြောင်းကို မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ အစိုးရက တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီထံမှ သိရှိရသည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးတွင် မြန်မာ မွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ) ဌာနချုပ် အပါအဝင် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းလေးခု ပါဝင်သည်။

The Voice

အိမ်ရှင်မှရိုက်နှက်ခဲ့၍ ဒဏ်ရာများရရှိခဲ့သူအိမ်အကူမှ အရေးယူပေးရန် တိုင်တန်း


ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နေ မသီတာဝင်း(၂၅)နှစ် သည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလမှစ၍ ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်ရှိ
ဒေါ်စီစီလျာ(ခ)ဒေါ်ခါးခါး၏ နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့
ကြောင်း၊ ၁၀.၃.၂၀၁၄ရက်နေ့တွင် ဒေါ်စီစီလျာ(ခ)ဒေါ်ခါးခါးမှ အလုပ်
လုပ်ကိုင်သည်ကိုမကျေနပ်ဟုဆိုကာ ဆဲဆိုပြီး၊ မီးပူဖြင့်ထိုး၊ ရေနွေးဖြင့်
လောင်း၊ လက်သီးဖြင့်ထိုး၊ သံတုတ်ဖြင့်ရိုက်ခဲ့သောကြောင့် ၎င်းတွင် နဖူးဝဲဘက် ဖူးရောင်၊ ၀ဲမျက်လုံးဖူးရောင်ညိုမဲ၊ ၀ဲပါးဖူးရောင်ပွန်းပဲ့၊ ၀ဲလက်မောင်းနောက်ပေါက်ပြဲ၊ ၀ဲပေါင်ညိုမဲ၊ ၀ဲခြေသလုံးညိုမဲဒဏ်ရာတို့
ရရှိခဲ့ကြောင်း၊ ၎င်းအား နေအိမ်အတွင်းသော့ခတ်ပိတ်ထားခဲ့ရာမှ ၁၈.၃.၂၀၁၄ ရက်နေ့ ၀၉၃၀အချိန်ခန့်တွင် ဆပ်ပြာဝယ်ခိုင်းသဖြင့်
နေအိမ်အပြင်သို့ထွက်လာစဉ် ဆပ်ပြာဝယ်ရန်ပေးလိုက်သောငွေကျပ်
(၅၀၀)အား တာဝါလုံခြုံရေးအစောင့်မှတစ်ဆင့်ပြန်လည်ပေးအပ်စေခဲ့ပြီး
မရမ်းကုန်းမြို့နယ်၊(၅)ရပ်ကွက်ရှိ အစ်မဖြစ်သူထံသို့ ထွက်ပြေးခဲ့ကြောင်း၊ ရရှိသောဒဏ်ရာများ အားရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်
ကုသခဲ့ရကြောင်းနှင့် ယင်းသို့ ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့သူ ဒေါ်စီစီလျာ
(ခ)ဒေါ်ခါးခါးကို အရေးယူပေးပါရန်တိုင်တန်းချက်အရ ကမာရွတ်မြို့မ
ရဲစခန်း(ပ)၁၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၂၆/၂၉၄/၃၄၂ဖြင့် အမှုဖွင့်လှစ်
ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

တိုက်ကြီးမြို့နယ်၌ လူသတ်မှုဖြစ်


ရန်ကုန်၊ မတ် ၁၉

၁၉.၃.၂၀၁၄ ရက်နေ့ ၁၀၀၀အချိန်တွင် တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်
နေ ဦးမောင်မောင်လွင်သည် တိုက်ကြီးမြို့နယ်၊ စဥ့်ကူးကျေးရွာနေ
ညီဖြစ်သူ ဦးအေးကို၊(၄၃)နှစ်၊ (ဘ)ဦးရွှေမှာဓါးထိုးခံရပြီး တိုက်ကြီးဆေးရုံ
သို့ရောက်ရှိနေကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုရာ ညီဖြစ်သူတွင် ယာလက်ပြင်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ၀ဲလက်မောင်းပြတ်ရှ
ဒဏ်ရာ(၁)ချက်တို့ရရှိပြီး သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ညီဖြစ်သူသည် တစ်ရွာတည်းနေ အေးသွင်၊ (၄၃)နှစ်၊ (ဘ)ဦးပေါက်စနှင့် ခြံမြေကိစ္စဖြင့် စကားများရန်ဖြစ်နေစဉ် အေးသွင်နှင့်
အတူပါလာသူ ဘိုဘို(ခ)သိန်းစိုးဝင်း(စုံစမ်းဆဲ)မှ အသင့်ပါလာသော ဓါးဖြင့်ထိုး၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ အေးသွင်နှင့် ဘိုဘို(ခ)သိန်းစိုးဝင်းတို့အား အရေးယူပေးရန် ဦးမောင်မောင်လွင်မှတိုင်တန်းခဲ့သဖြင့် တိုက်ကြီးမြို့မ
ရဲစခန်း(ပ)၉၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး
ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လှိုင်သာယာမြို့နယ်တွင် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ မတ် ၁၉

၁၈.၃.၂၀၁၄ ရက်နေ့ ၁၄၃၀အချိန် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် လှိုင်သာယာဆေးရုံသို့ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး
ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ
ပြည့်ဖြိုးကျော်၊ (၁၈)နှစ်၊ ၀ရိန်လုပ်သား၊ (ဘ)ဦးသိန်းရွှေ၊ (၄)ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်နေသူဖြစ်ပြီး ၎င်းတွင် ယာလက်ညှိုးပွန်းဒဏ်ရာ
(၁)ချက်၊ ၀ဲခြေသလုံးပွန်းပဲ့ဒဏ်ရာ(၁)ချက်တို့ရရှိထားသည်ကို စစ်ဆေး
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၄၀၀ အချိန်ခန့်က သေဆုံးသူသည် ရွှေသံလွင်
စက်မှုဇုန်၊ BOGARD အထည်ချုပ်စက်ရုံ အဆောက်အအုံသစ်ဆောက်လုပ်
နေသည့် လုပ်ငန်းခွင်၌ ဂျပ်ဆင်ဘုတ်များအား လျှပ်စစ်ဂန်းဖြင့် မူလီစုပ်
နေစဉ် ပေါက်နေသော လျှပ်စစ်ဂန်းဝါယာကြိုးနှင့်ထိမိကာ ဓါတ်လိုက်
သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် ၁၃/၂၀၁၄ဖြင့်ရေးဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိ
ပါသည်။

Yangon Police 

ဆရာ/မများ မှားယွင်းလေ့ရှိသည့် အင်္ဂလိပ်စာအသုံးအနှုန်းများ ပြင်ဆင်ပေးလို၍ ဆရာ/မ များအတွက် အင်္ဂလိပ်စာသင်ကြားရေးအထောက်အကူပြုသင်တန်း အခမဲ့ဖွင့်လှစ်မည်


ရန်ကုန်၊ မတ် ၁၉
အခြေခံပညာကျောင်းများမှဆရာ/မ များ အင်္ဂလိပ်စာသင်ကြားရာတွင်အထောက်အကူပြုနိုင်ရန်ရန် သင်တန်းတစ်ခုကို နွေရာသီအခမဲ့ပုံစံဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း Crown Education မှ သိရသည်။
အဆိုပါသင်တန်းအား ဆရာဦးထင်အောင်ကျော် (TESOL Trainer and Founder of Teach English For Myanmar Foundation)မှသင်ကြားပေးမည်ဖြစ်ပြီး ဆရာ/မများ မှားယွင်းလေ့ရှိသည့် အင်္ဂလိပ်စာအသုံးအနှုန်းများ ပြင်ဆင်ပေးလိုခြင်းဖြစ်သည်ဟု သိရသည်။ ထို့ပြင် ကျောင်းသားများအား ပြန်လည်သင်ကြားရာတွင် အခြေခံသင်ကြားရေးနည်းလည်းပုံစံများ မျှဝေပေးလို ခြင်းလည်းဖြစ်သည်ဟု Crown Education မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ သင်တန်းကို အစိုးရ၀န်ထမ်းဆရာ/မများ အသက်အရွယ်မရွေးလျှောက်ထားနိုင်ပြီး အပတ်စဉ်ကြာသပတေးနှင့် သောကြာနေ့များတွင် ညနေ (၃)မှ (၅)နာရီအထိသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လျှောက်လွှာများကို မတ်လ(၂၀)ရက်နေ့မှစ၍ CROWN Education ၊ အမှတ်(၂၇ဝ)၊ပထမထပ်၊ ပြည်လမ်း၊မြေနီကုန်း၊ စမ်းချောင်း၊ ဒဂုံစင်တာ(၂)နှင့် ဓနလှိုင်တာဝါကြား၊ဖုန်း ဝ၁ ၅၂၇ ၈၃၈ ၊ ဝ၉ ၇၃၂ ၅၆၉၆၅ နှင့် ဝ၉ ၇၃၂ ၇၃၂ ၇၇ သို့ဆက်သွယ် မေးမြန်း ထုတ်ယူနိုင်ပြီး မတ်လ(၃၁)ရက်နေ့နောက်ဆုံးထား ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ သုတလင်း

Popular Myanmar News Journal 

တရားခံပစ်မှတ်ကို ပြောင်းလိုက်သော MH 370 ရှာပုံတော်


(ဘဲလားလေဘာတီ)

ခရီးသည် ၂၃၉ ဦးပါတဲ့ လေယာဉ် MH 370 အစအန ပျောက်ဆုံးနေခဲ့တာ ဒုတိယပတ်ထဲကို ရောက်နေပါပြီ။ ပျောက်တဲ့နေ့ကစပြီး ယနေ့အထိ နိုင်ငံပေါင်း၂၀ ကျော်တို့က တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာ တစ်ခွင်ကို ပြဲပြဲစင်အောင် ရှာဖွေနေကြဆဲပါ။ ပထမတော့ လေယာဉ်ဟာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာကို အကြမ်းဖက် သမားတွေကို ပစ်မှတ်ထားခဲ့ပြီး လေယာဉ် ပျက်ကျသွားပြီလို့ အတည်ပြုလို့ အထက်ပါတိုင်း တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယ သမုဒ္ဒရာတစ်ခွင် ပြဲပြဲစင်အောင် ရှာဖွေနေခဲ့ကြရာမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ မလေးစစ်တပ်က စစ်တပ်ရဲ့ Radar မှာ MH 370 ဟာ မလေးကျွန်းဆွယ်အရှေ့ ပင်လယ်ပေါ်ကနေ Black Box ကို တမင်ပိတ်ထားပြီး ပုံမှန် နောက်ပြန်လှည့်လို့ မလေးကျွန်းဆွယ်ပေါ်က ဖြတ်သန်းလို့ အိန္ဒိယ သမုဒ္ဒရာထဲက Andaman Islands အက်ဒမင် ကျွန်းစုဆီကို ဦးတည် ပျံသန်းသွားတယ်လို့ ဆိုလာခဲ့ပါတယ်။ ပြီးတော့ လေယာဉ်ဟာ ခုနစ်နာရီခရီးကို ဆက်လက် ပျံသန်းနေခဲ့တယ်လို့လည်း ဆိုပြန်ပါတယ်။ လေကြောင်း ဌာနကလည်း MH 370 မှာ ခုနစ်နာရီ ပျံသန်းဖို့လောက်ပဲ ဆီတွေ ရှိနေတယ်လို့လည်း ဆိုလာပါတယ်။ မှန်ပါတယ်။ မလေးကနေ တရုတ် Beijing အထိကို Flight Hour က ခြောက်နာရီနီးပါး ရှိနေပါတယ်။ ဒီတော့ Beijing ကိုရောက်ရင် MH 370 က ဆီပြန်ဖြည့်ရမှာပါ။ ဒီတော့ မလေးစစ်တပ်က ပြောသလို လေယာဉ်က သူတို့ Radar ရဲ့ Data အရ ခုနစ်နာရီအထိ ဆက်ပျံသန်းနေခဲ့တယ် ဆိုထားပါတယ်။ တကယ်တော့ လေယာဉ်တစ်စင်းမှာ ဆီခုနစ်နာရီစာရှိလို့ အားလုံးခန်းတဲ့အထိ ပျံသန်းလို့ မရပါဘူး။ ဆီခန်းတာနဲ့ ပေါက်ကွဲ ပျက်ကျ သွားနိုင်ပါတယ်။ ဒီတော့ အမေရိကန် သို့မဟုတ် မလေးစစ်တပ်ရဲ့ ဒီ Information က သဘာဝယုတ္တိ မရှိပါဘူး။ ထားပါတော့ သူတို့ပြောတဲ့အတိုင်း ခုနစ်နာရီ ပျံသန်းခဲ့ရင်လည်း အဲဒီ ခုနစ်နာရီ အကြာမှာ လေယာဉ်က ရပ်သွားပါပြီ။ ဒီတော့ လေယာဉ်တစ်စင်း မိုင် ၄၅၀ ကနေ ၅၀၀ နှုန်းအထိ ပျံသန်းပါတယ်။ ဒီတော့ MH 370 က မူလပြန်ကွေ့သွားတဲ့ နေရာကနေ အနီးဆုံး မိုင် ၂၇၀၀ နဲ့ အဝေးဆုံးမိုင် ၃၁၅၀ မှာ ရှိနေမှာ ဖြစ်ပါတယ်။ မလေးစစ်တပ် Radar မှာ ပေါ်တယ်ဆိုခဲ့ရင် အဲဒီလေယာဉ်က Bearing ဘယ်လောက်မှာ ရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်။ ဒီတော့ Distance နဲ့ Bearing ကိုရမှတော့ လေယာဉ်ရဲ့ Position ကို အနီးစပ်ဆုံး ရနိုင်တာမို့ အခုလို စတုရန်းမိုင် တစ်ထောင်အထိ ရှာပုံတော်ဖွင့်နေစရာ လိုမှမလိုတာပဲလေ။ ဒါကြောင့် မလေးစစ်တပ် Radar ရဲ့ Wrong Signal သို့မဟုတ် Radar Observer ရဲ့ Error လို့တောင် ပြောလို့ ရနေပါပြီ။ နောက်တစ်ခုက မလေးစစ်တပ်က ဘာကိုမှ အတိကျ မပြောနိုင်သေးဘဲ စစ်တပ်က Black Box ကို Manually ပိတ်ပြီး Course ပြောင်းခဲ့တယ်လို့ ဆိုရာကနေ ဒီနေ့ Flight Captain ကို သင်္ကာမကင်းဖြစ်လို့ Captain ရဲ့ နေအိမ်ကိုသွားပြီး စစ်ဆေးနေကြလေရဲ့။ တကယ်တော့ ဒီနေ့ MH 370 ပြဿနာကို Logically စဉ်းစားတွေးခေါ် အဖြေရှာသင့်ပါတယ်။

ဒီနေရာမှာ လေယာဉ် ပေါက်ကွဲသွားတာနဲ့ Hijack လုပ်ခံရတယ်ဆိုတဲ့ အချက်နှစ်ချက်မှာ ဘယ်ဟာဖြစ်နိုင်လဲ ဆိုတာကို တွေးခေါ်ယူရပါ့မယ်။ Black Box ဆိုတာက Flight Data Box ပဲဖြစ်ပါတယ်။ ဒီ Box က Transmit - Receiving နဲ့ Record တွေအားလုံးကို လုပ်ပါတယ်။ Block Box ပျက်သွားရင် ယခုလို လေယာဉ်က ကမ္ဘာနဲ့ လုံးဝအဆက်ပြတ်သွား တတ်ပါတယ်။ သို့သော် Block Box က အလွန်ပျက်ခဲပါတယ်။ သာမန် လေယာဉ် ပျက်ကျတာတောင် Block Box က မပျက်စီးနိုင်သလို လေယာဉ်တစ်စင်း ပျက်ကျရင် သက်ဆိုင်ရာက Block Box ကို အရရှာကြရပါတယ်။ Block Box တွေ့ရင် လေယာဉ်ရဲ့ ဖြစ်ခဲ့တဲ့ ပြဿနာ အားလုံးကို သိနိုင်ပါတယ်။ ဒါကြောင့် Block Box က လေယာဉ် တစ်စင်းလုံးရဲ့အသက်ပါပဲ။ လေယာဉ်တစ်စင်းမှာ Block Box ပျက်စီးဖို့ ဆိုတာက ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်မှသာ ပျက်စီးနိုင်သလို Block Box ကို Flight Captain က တမင်သက်သက် သူ့သဘောနဲ့သူ ပိတ်ပစ်စရာအကြောင်း လုံးဝမရှိပါဘူး။ သင်္ဘော Captain နဲ့ Flight Captainတွေက သူတို့မှာ မိမိ Crew နဲ့ Passenger တွေကို အသက်နဲ့လဲပြီး ကာကွယ်ဖို့ တာဝန်ရှိနေသလို အဲဒီတာဝန်ကိုလည်း လေးစားတတ်ကြပါတယ်။ သင်္ဘောတစ်စင်း နစ်တော့မယ်ဆိုရင် Captain က မိမိ Crew အားလုံး Life Boat ပေါ်စုံမှ နောက်ဆုံးမှ သင်္ဘောက ဆင်းရတာမျိုးပါ။

ဒါပေမဲ့ ဒီနေ့ မလေးဝန်ကြီးက MH 370 Captain က လေယာဉ်ကို ပြန်ပေးဆွဲသွားတယ်လို့ သင်္ကာမကင်း ဖြစ်သွားတယ် ဆိုကတည်းက မလေးစစ်တပ်နဲ့ ဝန်ကြီးတို့က အလွန် Confuse ဖြစ်နေကြပြီး ပြဿနာတစ်ခုကို Logically မစဉ်းစားကြဘဲ ယုန်ထင်ကြောင်ထင်တွေ လျှောက်ပြောနေသလို ဖြစ်လာနေပြီး တဖြည်းဖြည်း ဝန်ကြီးလည်း Color Out လာနိုင်ပါတယ်။ ဒီပြဿနာမှာ ပြန်ပေးဆွဲခံရတာနဲ့ ပေါက်ကွဲ ပျက်ကျသွားတယ် ဆိုတဲ့အချက်မှာ ဘယ်ဟာက ဖြစ်နိုင်ခြေရှိလဲ ဆိုတာကို တွေးခေါ်ယူရပါ့မယ်။ ဒီတော့ လေယာဉ်ကို ပြန်ပေးဆွဲရာမှာ အကြမ်းဖက်သမားတွေသာ ဖြစ်တတ်ကြပြီး အကြမ်းဖက်သမားတွေက Anti American ဖြစ်နေတာများတာမို့ အမေရိကန်နဲ့ အမေရိကန် မဟာမိတ် ဗြိတိသျှ လေယာဉ်မျိုးတွေကိုသာ ဆွဲတတ်ကြတာမျိုး။ အခုလို အစ္စလာမ်နိုင်ငံ မလေးပိုင် လေယာဉ်ကို ပြန်ပေးဆွဲဖို့ အားအလွန်နည်းပါတယ်။ နောက်တစ်ချက် အကြမ်းဖက်သမားတွေမှာ Hijack လုပ်ရတဲ့ အကြောင်းရင်းနှစ်ခုပဲ ရှိပါတယ်။ တစ်အချက်ကတော့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုကြောင့် Hijack လုပ်တဲ့ လေယာဉ်ပျံတွေကို မိမိကိုယ်မိမိပါ စတေးပြီး အားလုံးကို အသားလွတ် ဖောက်ခွဲ ဖျက်ဆီးပစ်တာမျိုးရယ်၊ နှစ်အချက်ကတော့ သူတို့မှာ လေယာဉ်နဲ့ ခရီးသည်တွေကို ဓားစာခံ ခေါ်ထားပြီး တစ်ခုခုကို အစိုးရတွေဆီက တောင်းဆိုဖို့ပဲ ဖြစ်ပါတယ်။ သုံးအချက်ကတော့ အကြမ်းဖက်သမားတွေ ဘယ်တော့မှ Ground Stationတွေနဲ့ အဆက်ပြတ်အောင် Black Box သို့မဟုတ် Communication တွေကို ပြတ်တောက်အောင် မလုပ်တတ်ကြပါဘူး။ ဖောက်ခွဲရင်လည်း လူသိရှင်ကြား လုပ်ပြီးမှ ဖောက်ခွဲပစ်ကြသလို သူတို့မှာ တောင်းဆိုစရာရှိလည်း ခေါင်းဆောင်ကိုယ်တိုင် တာဝန်ရှိသူများနဲ့ တိုက်ရိုက် ဆက်သွယ်လို့ တောင်းဆို တတ်ကြပါတယ်။ ဒီတော့ MH 370 ကို ပြန်ပေးဆွဲ သွားကြတယ်ဆိုရင် ပြန်ပေးက တစ်ခုခုကို တောင်းဆိုရမှာ ဖြစ်သလို တောင်းဆိုမှုအတွက် တစ်ပတ်ကိုးသီတင်း ကြာနေစရာလည်း အကြောင်း မရှိနိုင်ပါဘူး။

နောက်တစ်ချက် ယနေ့ Flight Captain ကို သင်္ကာမကင်းဖြစ်လို့ စစ်ဆေးနေကြရအောင် Captain က မလေးလူမျိုး စစ်စစ်ပါ။ ပြီးတော့ သူ့မှာ မိသားစုတွေနဲ့ နိုင်ငံတိုင်းမှာ Pilot ဆိုတာက အဆင့်အတန်းရှိရှိ နေနိုင်တဲ့ လူတန်းစားထဲ ပါနေသလို ပညာတတ်လည်း ဖြစ်ကြပါတယ်။ မလေးစစ်တပ်က ပြောသလို Captain က Black Box ကိုပိတ်ပြီး လေယာဉ်ကို Andaman Islands အက်ဒမင် ကျွန်းစုဆီကို Cause ပြောင်းသွားတယ်ဆိုတာ ဘာလုပ်ဖို့လဲ။ သူက ပြန်ပေးဆွဲ သွားတယ်ပဲထား။ ဘာကို တောင်းဆိုမှာလဲ။ ယနေ့အထိ ဘာကိုမှ မတောင်းဆိုဘဲ ဘာလို့ငြိမ်နေစရာ ရှိမလဲ။ ပြီးတော့ လေယာဉ်ဆိုတာက Cell Phone လို Sin Card ဖြုတ်လွှတ်ပစ်ပြီး ရောင်းစားလို့ ရတာမျိုးမှ မဟုတ်တာပဲလေ။ နောက်တစ်ချက်က လေယာဉ်တစ်စင်းမှာ ပေါက်ကွဲ ပျက်စီးနိုင်တာက အကြမ်းဖက်သမားတွေ တက်ပြီး ဗုံးဖောက်ခွဲမှ မဟုတ်ပါဘူး။ လေယာဉ်ရဲ့ Fuel System က Leakage or internal crack တစ်ခုခုက လေယာဉ် မတက်ခင်ကတည်းက ရှိနေခဲ့ရင် အဲဒီ လေယာဉ်တက်လို့ တစ်နာရီ နှစ်နာရီအတွင်း Speed တင်လာတာနဲ့ Leakage or Crack တွေကြောင့် လေယာဉ်က ရုတ်တရက် ပေါက်ကွဲ သွားတတ်တာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ အာကာသယာဉ် ကိုလံဘီယာ ဒီလိုပုံစံအတိုင်းပဲ ပေါက်ကွဲခဲ့ရတာပါပဲ။

ဘာပဲဖြစ်ဖြစ် ယနေ့အထိ မလေးဝန်ကြီးတွေရဲ့ သတင်းထောက်များကို ပြောနေတဲ့ ရှင်းလင်းပွဲတိုင်းမှာ MH 370 က ပြန်ပေးဆွဲ ခံထားရတယ်လို့သာ အတည်ယူ ပြောနေကြတာတော့ အမှန်ဖြစ်နေပေမယ့်ံ Hijack လုပ်ရခြင်းရဲ့အကြောင်းတရား အရင်းခံက ဘာဖြစ်နိုင်လဲ၊ ပြန်ပေးသမားတို့ရဲ့ သဘာဝအတိုင်း ဘာကြောင့် အကြမ်းဖက်သမားတွေက ဘာကိုမှ မတောင်းဆိုဘဲ တစ်ပတ်ကိုးသီတင်း ရေငုံနေကြရတာလဲ ဆိုတာကို ဘာမှ မစဉ်းစားကြသလို Pilot ကကော သူ့မိသားစုတွေ ဒီမှာပစ်ထားပြီး ဘယ်လိုအကြောင်းကြောင့် လေယာဉ်ကို ပြန်ပေးဆွဲစရာ ရှိနိုင်မလဲ ဆိုတာတွေကိုတော့ ဘယ်သူကမှ တွေးခေါ် စဉ်းစားကြတာမျိုး မရှိကြပါဘူး။ ယနေ့ ဝန်ကြီးရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲ ကျတော့လည်း ယနေ့အထိ တောင်လား၊ မြောက်လားတောင် မသိသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးလား ဆိုတာကို သိလိုက်ရပါတယ်။

နောက်ဆုံး အားလုံးက Hijack လုပ်ထားသူတွေက ဘာကိုမှ မတောင်းဆိုဘဲ ဘာကြောင့် တစ်ပတ် ကိုးသီတင်း ရေငုံနေစရာ ရှိနိုင်မလဲ ဆိုတာကို တွေးခေါ်စဉ်းစား ယူတတ်ရင် MH 370 ရဲ့ အဖြေက ထွက်သွားနိုင်ပါတယ်။ ပြန်ပေးဆို တစ်ခုစဉ်းစားစရာ ရှိနေတာက တရုတ်က တစ်လောက တရုတ် အစ္စလာမ် ဘာသာဝင်တွေကို အကြီးအကျယ် နှိပ်ကွပ်ခဲ့တာမို့ တရုတ်လူမျိုး အများဆုံးပါတဲ့ ဒီလေယာဉ်ကို ကလဲ့စားချေချင်လို့ လုပ်သွားတာမျိုးလား ဆိုတာလေး တစ်ခုကိုတော့ စဉ်းစားစရာ ရှိပါတယ်။ နောက်တစ်ခုက Pilot က ပြန်လှည့်ပြီး အိန္ဒိယ Andaman ကျွန်းစုဘက်ကို သွားတယ်ဆိုရင် Communication ပြတ်တောက်သွားလို့ သို့မဟုတ် ပြဿနာ တစ်ခုခုကြောင့် ပြန်လှည့်ပြီး Safety Landing Area တစ်ခုကို ရှာဖို့သွားတာမျိုးပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် လေယာဉ် ပြန်ပေးဆွဲဖို့ ပြန်လှည့် သွားတာမျိုး အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် MH 370 နဲ့ ခရီးသည်အားလုံးနဲ့ Ship Crew အားလုံး ဘေးမသီရန်မခဘဲ ဂမ္ဘီရဆန်ဆန် ပြန်ရောက်လာနိုင် ကြပါစေသော်။

The Voice Weekly 

လေယာဉ်ပျောက်ရှာဖွေရေးလုပ်ငန်း ကမ္ဘာ့ပြည်သူ သုံးသန်းကျော်ပါဝင်


လောင်းမွန်၊ မတ်-၁၈

ဒစ်ဂျစ်တယ်ဂလုပ်အမည်ရှိ ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီတစ်ခုက ဦးဆောင်သည့် ပျောက်ဆုံးမလေးရှားလေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်၌ ကမ္ဘာ့ပြည်သူပေါင်း သုံးသန်းကျော်ပါဝင်ခဲ့ကြရာလူအများဆုံးပါဝင်သော
လေယာဉ်ပျောက် ရှာဖွေရေးလုပ်ငန်းအဖြစ် သတ်မှတ်နိုင်ဖွယ်ရှိကြောင်း မတ် ၁၇ ရက်သတင်းများတွင် ဖော်ပြသည်။

ဒစ်ဂျစ်တယ်ဂလုပ်ဂြိုဟ်တုကုမ္ပဏီ၏ ရှာဖွေရေးဧရိယာသည် စတုရန်းမိုင် ၉၀၀၀ ကျယ်ဝန်းပြီး ရှာဖွေရေးလုပ်ငန်းတွင်ပါဝင်သူများထံ ကုမ္ပဏီပိုင် ဂြိုဟ်တုများက ရိုက်ကူးပေးသည့်ဓာတ်ပုံ များအား နေ့စဉ်ပေးပို့ခဲ့ကြောင်း သိရသည်။

လူပေါင်းသုံးသန်းကျော် ပါဝင်သော လေယာဉ်ပျောက် ရှာဖွေရေး လုပ်ငန်းအတွင်း မြေပုံသုံးသပ်ချက်ပေါင်း ၂၇၅ သန်းနှင့်
လေယာဉ်တည်ရှိနိုင်သော နေရာများအဖြစ် ပါဝင်ရှာဖွေ
သူများက ဖော်ထုတ်သတ်မှတ်ပေးထားသော တည်နေရာပေါင်း
၂ ဒသမ ၉ သန်းရရှိခဲ့ကြောင်း ဒစ်ဂျစ်တယ်ဂလုပ်ဂြိုဟ်တု
ကုမ္ပဏီက ပြောကြားသည်။

လေယာဉ်ပျောက်ရှာဖွေရေးလုပ်ငန်းအတွက် အထောက်
အကူပေးနိုင်ရေးအတွက် ဒစ်ဂျစ်တယ်ဂလုပ်ပိုင် ဂြိုဟ်တု ငါးစင်းမှ
ပေးပို့သည့် ဓာတ်ပုံများအား လေ့လာသရုပ်ခွဲရန် ဒစ်ဂျစ်တယ်
ဂလုပ် ကုမ္ပဏီက ရှာဖွေရေးသမားခေါ်ယူရေး ၀က်ဘ်ဆိုက်
တစ်ခုကို မတ် ၁၁ ရက်က လွှင့်တင်ခဲ့သည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး
တင်ဆောင်ထားသော မလေးရှားလေကြောင်းလိုင်းခရီးစဉ်
အမှတ် အမ်အိတ်ခ်ျ-၃၇၀ ဘိုးရင်း ၇၇၇ ခရီးသည်တင်လေယာဉ်
သည် မတ် ၈ ရက်က ပျောက်ဆုံးခဲ့ရာ နိုင်ငံတကာက ရှာဖွေ
ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေသော်လည်း မည်သည့်
သဲလွန်စမျှ မရသေးပေ။

စံတော်ချိန် နေ့စဉ်သတင်းစာ

တောင်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုဖြစ်


ရန်ကုန်၊ မတ် ၁၉

၁၉.၃.၂၀၁၄ ရက်နေ့ ၁၄၅၈ အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁)ရပ်ကွက်၊ မြတ်လေးလမ်းနေ ဒေါ်မိမိခိုင်၊ (ဘ)ဦးသောင်းကြည်၏ နေအိမ်အပေါ်ထပ်ရှိ မီးပလပ်ခုံမှ အပူရှိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်း
ခဲ့ရာ မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၅၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့်နေအိမ်(၄)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီးနေအိမ်(၁)လုံးမှာ တစ်ဝက်ခန့်မီးလောင်ကျွမ်း ခြင်းခံခဲ့ရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက်ဒေါ်မိမိခိုင်အား တောင်ဥက္ကလာပ မြို့မရဲစခန်း(ပ)၁၁၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police