ဓာတ်ကြိုးသွယ်ဖို့ သစ်ပင်တွေကိုခုတ်ကုန်ပြီ




သစ်ပင်တွေ ရှင်သန်ကြီးထွားလာဖို့ နှစ်ပေါင်းများစွာ ကြာပေမယ့် ခုတ်လှဲဖို့အတွက်တော့ မိနစ်ပိုင်းပဲ ကြာပါလိမ့်မယ်။

ဒလ-တွံတေးကားလမ်းဘေးက သစ်ပင်တွေ အများအပြား ခုတ်ထားတာကို မကြာသေးခင်က တွေ့ရတဲ့အတွက် ဧရာဝတီဘလော့မှာ ဖော်ပြဖို့ အခုလို မှတ်တမ်းဓာတ်ပုံတချို့ ရိုက်ခဲ့ပါတယ်။

 ဓာတ်တိုင်တွေစိုက်၊ ဓာတ်ကြိုးသွယ်ဖို့ အတွက် သစ်ပင် အများအပြားကို ရှင်းပစ်လိုက်တာလို့ ယူဆရပါတယ်။

နေရာက ရန်ကုန်ပေါက် ကျေးရွာနားမှာပါ။

အဲဒီမှာ လမ်းဘေးက သစ်ပင်တွေကို ဘယ်သူတွေ ဘယ်တုန်းက စိုက်ထားကြတာလည်းတော့ မသိပါဘူး။

အခုလို ရှင်းပစ်လိုက်ဖို့ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းစရာ လိုချင်မှ လိုပါလိမ့်မယ်။

လွတ်လပ်စွာ သစ်ပင်ခုတ်ခွင့်ရတဲ့ထဲ စည်ပင်သာယာဌာန၊ လျှပ်စစ်ဌာနတို့ ပါဝင်နေသလား ဆိုတာလည်း မေးခွန်းထုတ်စရာပါပဲ။

သစ်ပင်တွေ ရှင်သန်နေတာ ကျက်သရေ ရှိပါတယ်။
သစ်ပင်တွေ အများကြီးကို ခုတ်လိုက်တာကတော့ အကျည်းတန်လှပါတယ်။

ပုံထဲက သစ်ပင်များ အခုတ်ခံလိုက်ရတာကတော့ လူမြင်ကွင်းမှာ တည်ရှိလို့ မှတ်တမ်းတင်မိကြတာပါ။
သစ်တောတွေရှင်း၊ တောင်တွေကို ကတုံးတုံးလိုက်တာကတော့ လူမြင်ကွင်းမှာ သိပ်မဟုတ်တဲ့အတွက် အများက သတိထားမိကြမယ်မဟုတ်ပါဘူး။

ရန်ကုန်ပေါက်ရွာနားက နေရာဖယ်ပေးလိုက်ရတဲ့  သစ်ပင်အရေအတွက်ကတော့ မနည်းမနောပါပဲ။

ဓာတ်တိုင်တွေစိုက်ဖို့အတွက် ဆိုရင်လည်း တခြား ရွေးချယ်စရာ နေရာ ရှိကောင်း ရှိပါလိမ့်မယ်။
လမ်းဘေးအိမ်တွေရဲ့ ကျောဘက်မှာ လယ်ကွင်းတွေ ရှိပါတယ်။ အဲဒီနေရာကလည်း ရွေးချယ်စရာတခုပါပဲ။

ရပ်ရွာထဲ သစ်ပင်အများအပြား ခုတ်ပစ်တာကို ဒေသခံတွေ ကန့်ကွက်ခြင်း ရှိမရှိ မသိရပါဘူး။
ဒါက သေချာပေါက် ကန့်ကွက်သင့်တဲ့လုပ်ရပ်မဟုတ်လား။

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ အရင်ထက် ပိုပြီး လှုပ်ရှားကြဖို့ အကူအညီတောင်းလိုက်ပါတယ်။

The Irrawaddy

ကားချင်းမျက်နှာချင်းဆိုင်တိုက်ရာမှ ဗိုလ်ကြီး ၁ ဦးသေဆုံး၊ ဗိုလ်ကြီး ၂ ဦးဒဏ်ရာရ


Saturday, February 22, 2014

မိတ္ထီလာမြို့နယ်၊ ကျောက်ပန်တောင်းကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၀၉း၃၀ နာရီက မိုင်တိုင်အမှတ် ၁၄/၂ အနီးတွင် မိတ္ထိလာ-ကျောက်ပန်းတောင်းဦးတည်မောင်းနှင်လာသော Crown 9C/8068 နှင့် မျက်နှာချင်းဆိုင်မောင်းနှင်လာသော လိုက်ထရပ်ကား 8B/3628 တို့ တိုက်မိပြီး လိုက်တရပ်ကားပေါ်မှ ဗိုလ်ကြီး မျိုးဝေ (၂၄)နှစ် သံချပ်ကာတပ်ရင်း ဗန်းမော်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဗိုလ်ကြီးအောင်ဇော်ထက်(၂၅)နှစ်၊ ဗိုလ်ကြီးဖြိုးဇော်ဇော်(၂၆)နှစ်တို့မှာ ဒဏ်ရာအသီးသီးရရှိ၍ မိတ္ထိလာစစ်ဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ထားရကြောင်း သိရသည်။

Crown ကားယာဉ်မောင်း ကိုသက်ဇော်အောင် (၂၁)နှစ်မှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး လိုက်ထရပ်ယာဉ်မောင်း ဦးမြင့်အောင် (၄၄)နှစ်တို့ ၂ဦးစလုံးအား ရှမ်းမငယ်ရဲစခန်းယာဉ်(ပ)၂/၂၀၁၄၊ ပုဒ်မ-၃၃၇/၃၃၈-၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်လှိုင်(မိတ္ထိလာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ယာဉ်နောက်ဆုတ်မောင်းနှင်စဉ် ကလေးငယ်အားကြိတ်မိ၍သေဆုံး


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့၊ အမှတ်(၁)စံပြရပ်ကွက် အတွင်း ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ စေတုတ္တရာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ စေတုတ္တရာမြို့၊ အမှတ်(၁) စံပြရပ်ကွက်နေ သီဟစိုး(ခ)သားစိုး(၂၀)နှစ်သည် ၎င်းမောင်းနှင်သည့် ၁က/××××× အီဇူးဇူး အဝါရောင် (၆)ဘီးယာဉ်အား နောက်ဆုတ်မောင်းနှင်စဉ် လမ်းဖြတ်ကူးလာသည့် တစ်ရပ်ကွက်တည်းနေ မောင်ဇေယျာလွင် (၅)နှစ်အား ယာဉ်၏ ယာဘက်နောက်ဘီးဖြင့် ကြိတ်မိ၍ မောင်ဇေယျာလွင်မှာ ဦးခေါင်းဝဲ/ ယာချိုစောင်း ပေါက်ပြဲကြေမွ၊ ဦးနှောက်ထွက် ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် သီဟစိုး(ခ)သားစိုးအား စေတုတ္တရာမြို့မ ရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar


သင်သေရင်တောင် page ကိုဆက်လက်ပြထားပေးဖို့ facebook စီစဉ်သတ်မှတ်



Facebook အသုံးပြုသူတစ်ယောက် သေဆုံးသွားတာနဲ့  ဘာဖြစ်သွားမယ်ဆိုတဲ့ ပေါ်လစီကို Facebookက ပြောင်းခဲ့ပါတယ်။ ဒီနေ့ကစပြီး သက်ရှိထင်ရှားဖြစ်စဉ်က ထားခဲ့တဲ့ settingတွေအတိုင်း ဆက်လက်ရရှိပါတော့မယ်။ အရင်ကဆို သေဆုံးသူအမှတ်တရ page တွေကို သေဆုံးသူရဲ့ friend တွေကပဲ မြင်ရပါတယ်။
ဒီအပြောင်းအလဲတွေကို အသုံးပြုသူတွေနဲ့ တိုင်ပင်ညှိုနှိုင်းပြီးမှ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ facebookကပြောပါတယ်။
‘သူငယ်ချင်းတစ်ယောက်၊ မိသားစုဝင်တစ်ယောက်ရဲ့ သေဆုံးမှုဟာ ဆက်သွယ်လို့မရတဲ့ သူတချို့ကိုလည်း ၀မ်းနည်းကြေကွဲစေမှာ ဖြစ်ပြီး သူတို့ချစ်တဲ့သူရဲ့ Timelineကို အမှတ်တရအနေနဲ့ ထားရှိပေးဖို့ တောင်းဆိုလေ့ရှိကြတယ်။ ပြီးခဲ့တဲ့ လတွေတုန်းက အဲ့ဒီ့အကြောင်း စဉ်းစားခဲ့ကြပြီး ချစ်တဲ့သူတွေကို အမှတ်ရနိုင်ဖို့အတွက် ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်ဖြစ်ခဲ့တယ်။ အမှတ်တရ ကိစ္စတစ်ခုစီကို ဆက်ဆက်ပြီးစဉ်းစားကြည့်တဲ့အခါ မလွယ်ကူတဲ့မေးခွန်းတွေ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြန်မေးဖြစ်ခဲ့တယ်။ လူတွေက ဘယ်လိုခံစားကြလိမ့်မလဲ။ ဆုမွန်ကောင်းတွေ၊ သွားလေသူရဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေနဲ့ပဲ ဂုဏ်ပြုရလေမလား။ ချစ်ခင်ရသူကို ဆုံးရှုံးသွားလို့ ၀မ်းနည်းကြေကွဲနေရသူတွေအတွက် တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြမလား။’ ဆိုပြီး facebook ကပြောခဲ့ပါတယ်။
Facebook team ဟာ သူတို့ရဲ့ ပေါ်လစီနဲ့ပတ်သက်ပြီး အံ့ဖွယ် အပြောင်းအလဲတစ်ရပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
‘ခုထိတော့ လူတစ်ယောက်ရဲ့ account ကို အမှတ်တရထားရှိမယ်ဆိုရင် friends-only မြင်နိုင်ဖို့ ကျွန်တော်တို့ ကန့်သတ်ထားတယ်။ ဖြစ်နေပုံကတော့ သေဆုံးသွားသူနဲ့ facebook မှာ friend မဖြစ်ထားခဲ့ရင် ဘယ်လိုမှ ၀င်မကြည့်နိုင်တော့ဘူးဆိုတဲ့ သဘောပေါ့။ ဒီနေ့ကစပြီး ၀င်ရောက်ကြည့်ရှုနိုင်မှုနဲ့ပတ်သက်ပြီး ပြုပြင်သွားမှာပါ။ သေဆုံးသွားသူ page ကထားရှိတဲ့ privacy အရ အမှတ်တရ profileတွေကို ၀င်ကြည့်နိုင်တော့မှာပါ။ လူတစ်ယောက် သူ့ဘ၀မှာ လုပ်ခဲ့တဲ့ ရွေးချယ်မှုတွေကို ကျွန်တော်တို့ဟာ လေးစားပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ မြင်ရတဲ့အတိုင်း တခြားဝင်ရောက် ကြည့်ရှုချင်သူတွေကိုလည်း ၀င်ရောက်မြင်ခွင့်ပေးလိုက်ပါပြီ။” လို့ facebook team ကပြောပါတယ်။
Ref:dailymail.co.uk
Trend Myanmar

အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းမှ မြန်မာ့စီးပွားဖွံ့ဖြိုးမည်




မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးရေးအတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေမှာ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအကြား ပူးတွဲ ဆောင်ရွက်သွားနိုင်ဖို့ မြန်မာစီးပွားရေးဖော်ရမ်တခု ဖွဲ့စည်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံစီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ ပုဂ္ဂလိကလုပ်ငန်းပိုင်း ဖွံ့ဖြိုးမှ တိုင်းပြည်စီးပွားဖွံ့ဖြိုးနိုင်လိမ့်မယ်လို့ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာပုဂ္ဂလိကလုပ်ငန်းရှင် ၅၀၀ လောက် တွေ့ဆုံကြတဲ့ ဆွေးနွေးပွဲပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အဦး သတင်းသွားရောက်ယူခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။

လက်ရှိ ပြောင်းလဲမှုနဲ့အတူ မြန်မာ့စီးပွားရေးမှာ အရေးပါလာတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ အခက်အခဲ လိုအပ်ချက်တွေကို သိရှိလိုတာကြောင့် သူ့အနေနဲ့အခုလို တွေ့ဆုံတာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။ သူတို့အစိုးရအနေနဲ့  မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူပဲ ကဏ္ဍစုံမှာ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း ပြောပါတယ်။

“လက်တွေ့နယ်ပယ်မှာ စီးပွားရေးလုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ စီးပွားရေးလုပ်ငန်းများရဲ့ စိန်ခေါ်မှုများ၊ အခြေအနေများကို လာရောက်နားထောင် လေ့လာဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဓိကနေရာကနေ  စွမ်းဆောင်နေကြတဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများရဲ့ အခက်အခဲများနဲ့လိုလားချက်များကို နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်မှာလည်း ဖြစ်ပါတယ်။”

လက်ရှိ မြန်မာအစိုးရနဲ့ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာတိုးတက်လာဖို့ ကြိုးပမ်း ဆောင်ရွက်ချက်တွေကို သမ္မတက စီးပွားရေးလုပ်ငန်းရှင်တွေကို ရှင်းပြပါတယ်။ ဒီအတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာ ၁၅.၂၇ ဘီလီယံကနေ ၂၀၁၂ ဖေဖ၀ါရီမှာ ၂၂.၅၇ ဘီလီယံအထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း ၂၀၁၁ ကနေ ၂၀၁၃ ဒီဇင်ဘာအထိ နိုင်ခြား ရင်းနှီးမြှုပ်နှံမှု ၁၈၈ ခု၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအားဖြင့် သန်း ၈,၂၀၀ ကျော်၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၅ ခု တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၂၁ သိန်းကျော် တိုးလာတယ်လို့လည်း ပြောပါတယ်။ မကြာခင်မှာတော့ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုရှိလာအောင် မြန်မာ့စီးပွားရေးဖော်ရမ်တရပ် ဖွဲ့စည်းသွားမယ်လို့ သမ္မတက အခု ဆွေးနွေးပွဲမှာပဲ ကြေညာသွားပါတယ်။

“အဲဒီအဖွဲ့အစည်းကတော့ မြန်မာ့စီးပွားရေးဖိုရမ်၊ မြန်မာ Business Forum ဖြစ်ပါတယ်။ ဒီမှာ ကျနော်တို့ လိုင်း ၂ လိုင်းရှိပါတယ်။ တဘက်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ကိုယ်စားလှယ်တွေ၊ နောက် လုပ်ငန်းအလိုက် ကိုယ်စားလှယ်တွေ ပါဝင်တယ်။ နောက်တခါ အဲဒီလုပ်ငန်းအလိုက် ကိုယ်စားလှယ်တွေ၊ လုပ်ငန်းအဖွဲ့မှာ Working Group တွေ၊ နောက် ထိန်းညှိပေးမယ့် အတွင်းရေးမှူးအဖွဲ့တွေ၊ အပေါ်ကနေ ကွပ်ကဲပေးမယ့် အုပ်ချုပ်တဲ့အဖွဲ့တွေ၊ တဘက်က ဒါတွေပါသလိုပဲ ကျနော်တို့အစိုးရဘက်ကလည်း စောစောကအကြံပြုသလိုပဲ၊ ကျနော်ဦးစီးပြီးတော့မှ ကျနော့အောက်မှာ ဒု-သမ္မတတစ်ယောက်ထားပြီးတော့ ဒီဘက်ကလိုပဲ ညှိနှိုင်းဆွေးနွေးပေးမယ့် အတွင်းရေးမှူးအဖွဲ့တွေ၊ နောက်တခါ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မယ့် Working အဖွဲ့တွေ၊ Delivery Unit တွေ၊ Delivery unit တွေလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီ Mechanism ကြီးကို အမြန်ဆုံးဖွဲ့ပြီးတော့မှ ပုဂ္ဂလိကနဲ့အစိုးရ - အမြဲမပြတ် ထိတွေ့ ပူးပေါင်းဆောင်ရွက်နေမှ ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တယ်ဆိုတာကို ဒီအဖြေကို ကျနော်တို့ရောက်ရှိတဲ့အတွက်ကြောင့် ဒါကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့  ကျနော်တို့ရှိပါတယ်။”

သမ္မတဦးသိန်းစိန်အနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အစိုးရကဆောင်ရွက်ခဲ့တာတွေ၊ ဆောင်ရွက်မယ့် အစီအစဉ်တွေကို ချပြပြောဆိုသွားသလို စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလည်း သူတို့ကြုံတွေရတဲ့အခက်အခဲ လက်တွေ့အခြေအနေတွေကို ထုတ်ဖော် ပြောဆိုကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကတော့ များသောအားဖြင့် သူတို့လုပ်ဆောင်နိုင်မယ့် လုပ်ပိုင်ခွင့်တွေ ပိုတောင်းတာ တွေ့ရသလို သူတို့လုပ်နေတဲ့ အစိတ်အပိုင်းအလိုက် နိုင်ငံကို ဘယ်လောက် အထောက်အပံ့ဖြစ်စေသလဲဆိုတာတွေကိုလည်း ရှင်းပြခဲ့ကြပါတယ်။ အစိုးရနဲ့ပုဂ္ဂလိကလုပ်ငန်းတွေအကြား အခုလို ထိစပ်မှုမျိုးဟာ နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်စေမယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက VOA ကို ပြောပါတယ်။

“ဒီတခေါက်ကတော့ ကျနော်တို့က အချိန်နဲ့တပြေးညီ ပေးသင့်တဲ့ message တွေကို ပေးရတာရယ်၊ နောက် သမ္မတဘက်လည်း နိုင်ငံတော်ဘက်ကနေပြီး ဘယ်ကိုသွားနေတယ်၊ ဘယ်အထိရောက်နေတယ်ဆိုတဲ့ message ကိုလာပေးတာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များရယ်၊ ဒီလိုတွေ့ဆုံမှုတွေကတော့ နိုင်ငံတကာမှာလည်း အကျိုးရှိသလို ကျနော်တို့နိုင်ငံမှာလည်း အကျိုးဖြစ်ထွန်းပါတယ်။ အဲဒီတော့ ဒီလိုတွေ့ဆုံမှုမျိုးကနေ အခြေပြုပြီး ကျနော်တို့က PPP ပေါ့၊ အစိုးရနဲ့ ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်ပြီး ဆောင်ရွက်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။”
မေး။ ။ သမ္မတကတော့ သူ့တို့အခြေအနေတွေ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ရှင်းပြတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း ကိုယ့်အခက်အခဲတွေ၊ ကိုယ်လိုချင်တာတွေ ပြောပြတယ်။ တကယ်လက်တွေ့လုပ်ရမှာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ပေါ့။ အဲဒီတော့ ရလာဒ်ကောင်းတွေရော တကယ်ထွက်လာမယ် ထင်လား။
ဖြေ။ ။ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီဟာကို ရလာဒ်ကောင်းတွေကတော့ ရလည်းရရှိနေပါတယ်။ ဒါပေမယ့် ရလာဒ်ကောင်းတွေ ရရှိနေတဲ့ဟာတွေက များစွာလည်း ရလာဒ်ကောင်းတွေက ကျန်နေသေးတဲ့အတွက် ဒီလိုတွေ့ဆုံပွဲတွေကနေတဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ဖို့လိုမယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပြောကြားလိုပါတယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ရန်ကုန်မှာ အခုလို တွေ့ဆုံတာဟာဆိုရင် ဒါဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အရင်ကထက်ပိုပြီးတော့ ပွင့်လင်းစွာ ပြောဆိုလာနိုင်တဲ့အခြေအနေဖြစ်လာတယ်လို့ဆိုပါတယ်။ သမ္မတနဲ့လုပ်ငန်းရှင်တွေ တွေ့ပြီးနောက်မှာလည်း လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ သူတို့အခက်အခဲတွေ ဆွေးနွေးတာ၊ တဘက်က ပြန်လည်ရှင်းလင်းတာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း အစိုးရဝန်ကြီးတွေနဲ့ လုပ်ငန်းရှင်တွေဆွေးနွေးပွဲကိုတော့ သမ္မတရုံး ဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းတို့နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့က ကြီးကြပ် ဆောင်ရွက်ပေးခဲ့ပါတယ်။

VOA

မြန်မာ့နိုင်ငံရေးကြောင့် စီးပွားရေးတိုးတက်မှုကို မဖော်ဆောင်ခဲ့ဟု ဦးသိန်းစိန် ဝန်ခံ


လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးစနစ်တွေဟာ နိုင်ငံရေးနဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်မပေးနိုင်ခဲ့ဘူးလို့ မြန်မာသမ္မတ ဦးသိန်းစိန်က ဝန်ခံလိုက်ပါပြီ။ ဒီလိုဖြတ်သန်းမှုကြောင့် ပုံစံကျနတဲ့ အမျိုးသားစီးပွားရေးတစ်ရပ်ကို ပိုင်ဆိုင်နိုင်မှုမရှိသေးတာလို့ မြန်မာထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ တွေ့ဆုံပြီး ပြောခဲ့တာပါ။

၉ဝ%ရှိတဲ့ ပုဂလိကစီးပွားရေးဖွံ့ဖြိုးမှ တိုင်းပြည်တိုးတက်မှာဖြစ်တာကြောင့် စီးပွားရေးသမားတွေဟာ ကိုယ့်ရဲ့ကဏ္ဍကို မှန်မှန်ကန်ကန်မြင်တတ်ဖို့လိုတယ်လို့ ပြောဆိုခဲ့သလို နိုင်ငံရေးတည်ငြိမ်ရင် စီးပွားရေးတိုးတက်မယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရင် ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။

ရန်ကုန်တိုင်း လွှတ်တော်အဆောက်အအုံမှာ သမ္မတဦးသိန်းစိန်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေကို တွေ့ဆုံခဲ့သလို ခရိုနီလို့သတ်မှတ်ထားခြင်းခံရတဲ့ ထိပ်သီးစီးပွားရေးသမားတွေလည်း အစုံအလင် တက်ရောက်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအောက်မှာ ရှိနေဆဲ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှာ တကယ်ရင်းနှီးမြှုပ်နှံလိုသူတွေကို အခွင့်အရေးပေးဖို့နဲ့ အစိုးရရဲ့ မူဝါဒကိုလည်း ပြတ်ပြတ်သားသား သိချင်တယ်လို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ ဦးတေဇက ဆိုပါတယ်။ သူ့အနေနဲ့ နိုင်ငံတော်ရဲ့ စီမံကိန်းတွေမှာ လုပ်ငန်းရှင်တွေပါဝင်နိုင်ဖို့တောင်းဆိုခဲ့သလို ဆုပေးဒဏ်ပေးစနစ်ကိုလည်း လက်ခံဖို့အသင့်ပဲလို့ ဆိုပါတယ်။

မရင့်ကျက်သေးတဲ့ ဒီမိုကရေစီကာလမှာ ကျော်ကြားတဲ့သူတွေ ခရိုနီ၊ မတရားလုပ်သူတွေအဖြစ် ပြောဆိုခံရတာကို တရားသဘောအဖြစ် သူနားလည်တယ်လို့လည်း ဆိုပါတယ်။


Kamayut Media

AIDS နှင့် မြန်မာ (၃)


အဓိကတာဝန်ကတော့ ကျန်းမာရေး ပညာပေးလုပ်သူတွေ အပေါ်မှာ ရှိတယ်။ AIDS ရောဂါအတွက် ပြောရရင်တော့ ကျန်းမာရေး ပညာပေးမှုဟာလည်း တာဝန်သိသူ လူတိုင်းရဲ့ တာဝန်ပါ။ အချို့နေရာ အချိန်ကာလမှာ ဆိုရင် ဆရာဝန် စသည့် ကျန်းမာရေးဝန်ထမ်များ မသုံးပါ။ ရိုးရိုးလူတန်စားထဲက လူတွေကို သုံးတာ ကျန်းမာရေး အသိပေးမှုမှာ ပိုထိရောက်ပါတယ်။ ကာယခံရှင်များဖြစ်တဲ့ AIDS ရောဂါရှိသူ HIV ပိုး ရှိပြီးသူများနဲ့ မူးယစ်ဆေး စွဲသူများကို ချဉ်းကပ်ပြီး အသိပေးရာမှာ ဘဝတူ သာမနလူတို့ရဲ့ တင်ပြချက်များကို ပိုမိုလက်ခံတာကို စိတ်ဓာတ်စစ်ဆင်းရေးဆိုင်ရာ လေ့လာစူးစမ်းမှုတွေမှာ တွေ့ထားရတယ်။

ဒီပညာပေးမှုဟာလည်း လူ၊ ငွေ၊ အချိန် အလွန်တရာမှ လိုမည်ဖြစ်တော့ အဘက်ဘက်က ဝိုင်းပြီးလုပ်ကြရမှာသာ များများလုပ်လေ ကောင်းလေပဲ။ AIDS အကြောင်း သိကောင်းစရာတေါကိုလည်း နည်းမျိုးစုံသုံးပြီး များများနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရမှာပဲ။ ကျန်းမာရေးဌာနမှ လုပ်ရမယ်ဆိုတဲ့ အယူဝါဒကို စွန့်ရလိမ့်မယ်။ ဒီတော့ အစိုးရပိုင်း ဆိုရာဌာနတွေကိုချည်း အားမကိုးဘဲ ပြင်ပ အဖွဲ့အစည်းများ၊ ပြင်ပ စေတနာ့ဝန်ထမ်း အသင်းအပင်းများရဲ့ ကူညီပံ့ပိုးမှုကို ရယူဖို့ သိပ်လိုပါတယ်။ ၁၉၉၃ မှာဆိုရင် မြန်မာမှာ AIDS ပြဿနာဟာ အလွန်တရာမှ ကြီးမားနေပါပြီ၊ ပေါ့သေးသေး မဟုတ်ပါ။ စုစည်း ဆွဲဆောင်လို့ရတဲ့ အင်အားစု အားလုံးကို သုံးရမယ့် အခြေအနေပါ။

မြန်မာမှာ AIDS ပြန့်ပွားမှုကတော့ အခုလောလောဆယ် “ပွင့်” ပြီး ဖွံ့ဖြိုးလာတဲ့ ကချင်ပြည်နယ်နဲ့ အခြားစီးပွားရေး မြို့များ (သပမာ မိုးကောင်း၊ မန္တလေး၊ မိုင်းရှူး) မှာ ပိုဆိးမှာ ဖြစ်တယ်။ ဒီနေရာတွေမှာ ပြည့်တန်ဆာဦးရေဟာ တိုးနေပါတယ်။ တိုးတာမှ ဒီရေလှိုင်းပမာလို့တောင် ဆိုရမှာ။ တည်းခိုခန်းတွေ ဝင်စီးလိုက်လို့ ပြည့်တန်ဆာ ဘယ်နှစ်ယောက်နဲ့ “ခေါင်း” ဘယ်နှစ်ယောက် ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေဟာ စိတ်ညစ်စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ခဏခဏ ပါနေပါတယ်။ ပြည်ပ အိမ်နီးချင်းနိုင်ငံ (ဥပမာ မလေးရှား) မှာဆိုလည်း ခိုးဝင်သူ မြန်မာ ပြည့်တန်ဆာ ဘယ်ရွေ့ဘယ်မျှတွေ့ပြီး၊ ဘယ်နှစ်ယောက် HIV ပိုး ရှိနေပြီဆိုတာ သူတို့ သတင်းစာတွေ ထဲမှာ ခေါင်းစဉ်စာလုံးမည်းကြီးတွေနဲ့ ပါနေပါပြီ။

အထက်တစ်နေရာမှာ ဖော်ပြတဲ့အတိုင်း မြန်မာဟာ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံကို အမီလိုက်နေတယ်လို့ ဆိုရမှာပါ။ မီလည်း မီလုမီခင် ဖြစ်နေပါပြီ။ ဒါပေမယ့် ကာကွယ်ရေး ပညာပေးကိစ္စရပ်မှာတော့ “ထိုင်း” နဲ့ မယှဉ်လောက်အောင် နှေးကွေး အားနည်းနေပါတယ်။ ဒီအတိုင်းသာဆိုရင် နောက် ၅ နှစ်နဲ့ ၁၀ နှစ်လောက်မှာ မြန်မာမှာ AIDS ရောဂါရှင်တွေ ထင်ရှားပေါ်လွင်စွာ များပြားပြီး ကုသမှု ဆိုင်ရာမှာပင် အကြပ်တွေ့ရပါလိမ့်မယ်။ လူညွန့်တုံး မျိုးဆက်ကို ညှိုးနွမ်းစေတဲ့ အန္တရာယ်ကြီးမို့ ယခု လုပ်နေကြတဲ့ ကြိုးပမ်းမှုထက် အဆများစွာ လုပ်ဖို့ လိုပါမယ်။ လူတိုင်းလူတိုင်းရဲ့ ကူညီမှုကိ မရအရ ယူရမယ့် အခြေအနေပါ။ လက်ပိုက်ပြီး ကြည့်နေမယ်၊ ခပ်ပေါ့ပေါ့ အရှိန်နှေးနှေးနဲ့ လုပ်နေရင်တော့ ကြေကွဲဝမ်းနည်း ယူကြုံးမရ ဖြစ်ရမှာပါ။ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေး အခြေအနေ ဘယ်လောက် တိုးတက်လာပေမယ့် ဒီတိုးတက်မှုတွေကို AIDS က အဟောသိကံဖြစ်အောင် လုပ်သွားမှာပါ။

အခုဘယ်လို လုပ်နေကြလဲ၊ ပထမဦးဆုံး ဘယ်သူ ဘယ်အုပ်စုဟာ ဒီလို ပညာပေးသတင်းတွေ အလိုဆုံးလဲ၊ တစ်နည်းဆိုရင် AIDS ရနိုင်ဖို့ရာ အကောင်းဆုံးသော အုပ်စုဟာ ဘယ်သူတွေလဲ။ ဒီသူတွေကို ဦးစားပေးပြီး လိုအပ်တဲ့ ပညာကို ပေးရမယ်။ (ဥပမာ အကာအကွယ် ကွန်ဒွန် သုံးရန်) နောက်တစ်ဆင့်က ဘယ်နေရာမှာ ဘယ်နည်းကိုသုံးပြီး ပညာပေးမလဲ။ လူပုံလယ်မှာ ဆွေးနွေးလို့တော့ မရပေမယ့် AIDS ကာကွယ်မှုအတွက်တော့ အရေကြီးတဲ့ ကိစ္စတွေကို ပြောပြရအောင်အတွက် အုတ်အော်သောင်းတင်း မဖြစ်စေဘဲ ပြောပြနိုင်တဲ့ အချိန်အခါနဲ့ နေရာကို ရွေးရမယ်။

ဒါကြောင့် AIDS ရောဂါ ပညာပေးမှုကို ဦးစားပေးပြီး လုပ်ရမယ့် အုပ်စုကတော့ “ကာလသားရောဂါ ဌာန” က လူနာများနဲ့ မူးယစ်ဆေးထိုးသူများလို့ သတ်မှတ်လိုက်တယ်။ ဒါကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီး ၂ မြို့မှာ စလုပ်တယ်။ ကွန်ဒွန် သံးဖို့ရာ နှိုးဆော်အားပေးမှုကိုတော့ ကာလသားရောဂါဌာန လာသူတွေနဲ့ မူယစ်ဆေးထိုးသူများရဲ့ ပြန်လည်ထူထောင်ရေး စခန်းများမှာ လုပ်နေကြတယ်။

AIDS ကာကွယ်ရေး အတွက်တော့ မြန်မာမှာလည်း အခြားနိင်ငံများနည်းတူ AIDS အတွက် စီမံကိန်းတွေရေးဆွဲပြီး လုပ်ကိုင်နေကြပါတယ်။ ကမ္ဘာရှိ AIDS စီမံချက်တွေ အားလုံးရဲ့ ဦးတည်ချက်တွေကတော့ AIDS ရောဂါအကြောင်း သိသင့်စရာတွေကို သိစေပြီး ပညာပေးခြင်း၊ AIDS မရအောင် ကိုယ်ကိုယ်တိုင် ဘယ်လိုကာကွယ်ဆောင်ရွက်နိုင်တယ် ဆိုတာတွေနဲ့ အခြားသူများကို AIDS ဘယ်လို ကာကွယ်ရမယ်ဆိုတာတွေကို ထပ်ဆင့် ပညာပွားပေးဖို့ပဲ ဖြစ်တယ်။ အပြည်ပြည်ရှိ ဒီ AIDS စီမံချက်အားလုံးဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ “ကမ္ဘာလုံးဆိုင်ရာ AIDS ရောဂါစီမံချက်” (Golbal Programme on AIDS) နဲ့ ဆက်သွယ်ပြီး လုပ်ကြတယ်။

ဒီကမ္ဘာ့အဖွဲ့ကြီးကလည်း AIDS တိုက်ဖျက်ရေး စနစ်များ၊ နည်းပရိယာယ်များနဲ့ လမ်းညွှန်မှုများ ပေးပြီး တစ်ကမ္ဘာလုံးရှိ AIDS ကာကွယ်ရေး ကြိုပမ်းမှုများ ပြေလည် ချောမွေ့စေရန်အတွက် ညှိနှိုင်းမှုများ လုပ်ပေးတယ်။ ဒီလိုလုပ်ရတာကလည်း AIDS ဟာ ကမ္ဘာကြီး တစ်ခုလုံးရဲ့ ပြဿနာဖြစ်နေတာကြောင့်ပဲ။ AIDS ပပျောက်ဖို့ အတွက်က တိုင်းပြည်တစ်ပြည်ထဲမှာ ပျောက်သွားလို့ ပြီးတာမှ မဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးမှာ ပျောက်မှသာ ဖြစ်မှာ။

မြန်မာမှာ ၁၉၈၉ ဖေဖော်ဝါရီလထဲမှာ AIDS အတွက် စီမံချက် စတင်ချမှတ်ပြီး နောက်တစ်ဆင့် ၁၉၉၀ ခုနှစ်မှာ “တာလတ်” စီမံချက် ဆွဲခဲ့တယ်။ ဇောက်ချပြီးလုပ်တဲ့ လုပ်ဆာင်ချက်တွေကတော့ ရောဂါအကြောင်း ပညာပေးရေးပဲ။ ဒါကိုလည်း အထူးအန္တရာယ်ရှိတဲ့ အုပ်စုဖြစ်တဲ့ မူးယစ်ဆေးထိုးသူများနဲ့ ကာလသားရောဂါသည်များကို အထူးအသားပေးပြီး လုပ်ကြမယ်။ ရောဂါထိန်းထားရေးအတွက် လိုအပ်တဲ့ ကွင်းဆင်းလေ့လာ စစ်ဆေးမှုများကိုလည်း စန်စ်တကျလုပ်ဖို့ စီစဉ်ထားတယ်။ ဆေးထိုးအပ်နဲ့ အခြားခွဲစိတ်ကိရိယာများ ပိုးစင်မှုကို အလေးပေးပြီး ဆောင်ရွက်ပြီး မလိုဘဲနဲ့ ဆေးထိုးမှု မလုပ်ရန် လှုံ့ဆော်ခြင်းများကိုလည်း လုပ်ကြမယ်။ ဒီလုပ်ငန်းတွေကို ထိရောက်စွာ လုပ်နိုင်ဖို့အတွက် ကျန်းမာရေးလုပ်သားနဲ့ အခြားသူတွေကို လေ့ကျင့်ပေးမှုကို ပြည်တွင်းပြည်ပမှာ လုပ်ဖို့ရာ အစီအစဉ်များ ရှိပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIM

မင်းဂွတ်သီးနှင့် ကင်ဆာရာဂါအကြောင်း ကိုယ်တွေ့ဖြစ်ရပ်များ


Saturday, February 22, 2014

ကျွန်တော့်ကျန်းမာရေးအတွက် Kaiser Insurance ရှိပါသည်။ ၂၀ဝ၈ ဒီဇင်ဘာလတွင် ပုံမှန်နှစ်စဉ် ကျန်းမာရေးဆေးစစ်ရာတွင် လက်ညှိုး ဖြင့် စမ်းသပ်ခြင်းပြုစဉ် (Rectal Examination) ဆရာဝန်က ဆီးကျိတ် ရောဂါ သံသယရှိသဖြင့် ဆီးပါရဂူသို့ လွှဲပြောင်းစမ်းသပ်စေခဲ့ပါသည်။

ဆီးပါရဂူက ထပ်မံစမ်းသပ်ပြီး ဆီးကျိတ်ကိုအသားစယူစစ်ဆေးခြင်း (Biopsy) လုပ်ရန် တိုက်တွန်းသည့်အတိုင်း လုပ်ဖြစ်၏။ အသားစ ၁၃ ချက်ယူရာတွင် တစ်ချက်တွင် (Adenocarcinoma) ကင်ဆာဆဲလ်တွေ့ ရှိရပြီး တခြား ၃ ချက်တွင် မကြာခဏ ဆိုးရွားစွာ ယောင်ရမ်းသည့် လက္ခဏာ (Mild Acute Chronic Inflammation)ဟု တွေ့ရှိရပါသည်။

ဆီးပါရဂူက ခွဲစိတ်ကုသရန်နှင့် ဓာတ်ကင်ရန်တစ်ခုခုလုပ်သင့် ကြောင်း အခိုင်အမာ တိုက်တွန်းပါသည်။ ထိုအချိန်က ကျွန်တော့် အသက် ၆၂ နှစ် အငြိမ်းစားယူထားသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါသည်။
ကျွန်တော့် မိသားစုအသိုင်းအဝန်းတွင် ကျွန်တော့်ဘက်ကသားချင်း ဆရာဝန် ၃ ဦး ကျွန်တော့်မိန်းမဘက်က ဆရာဝန် ၃ ဦး နှစ်ဖက် တူ၊ တူမ ဆရာဝန် ခုနစ်ဦးရှိပါသည်။ ခင်မင်ရင်းနှီးသည့် ဆရာဝန် မိတ်ဆွေလည်း အလွန်များပါသည်။

ကျွန်တော် သိကျွမ်းသမျှ ဆရာဝန်တွေနှင့် ပွင့်လင်းစွာ ပြောပြ တိုင်ပင်၍ အကြံတောင်းခံခဲ့ပါသည်။ တိုင်ပင်သမျှသော ဆရာဝန်တိုင်း ကလည်း ဆီးပါရဂူညွှန်ကြားချက်ကို လိုက်နာရန် တိုက်တွန်းအားပေးကြ ပါသည်။
သူတို့၏ စေတနာနှင့်ပေးလာသည့် အကြံဥာဏ်နှင့် တိုက်တွန်းသမျှကိုလည်း အထူးကျေးဇူးတင် လေးစားလျက်ပါ။

ကျွန်တော်ကိုယ်တိုင်က သတ္တိနည်းသူလို့ပဲ ဝန်ခံရပါမည်။ ကျွန်တော့်အနေနှင့် ဆီးပါရဂူဆရာဝန်ကြီးရှင်းပြသော ခွဲစိတ်နှင့်ဓာတ်ကင်ကုသမှု နှစ်မျိုးလုံး၏ ကောင်းကျိုးဆိုးပြစ်တွေကို ကြောက်သဖြင့် တခြားသော နည်းလမ်းများမရှိတော့ဘူးလားဟု ဆင်ခြင်မိပါသည်။

ထို့ကြောင့် ကင်ဆာဖြစ်မှန်းသိသည့်နေ့မှစပြီး နေ့စဉ်စားသည့် အလေ့ကိုပြင်ပြီး ဟင်းသီးဟင်းရွက်စိမ်းများကိုသာ နေ့စဉ်များစွာ စားပေတော့သည်။

နောက်သုံးလအကြာမှာ ကျွန်တော်အကြံဥာဏ်တောင်းဖူးသည့် ညီမလေးလို ခင်မင်သူ LA က ဒေါက်တာမြမြအေး ဖုန်းဆက်မေးလာသည်။ ကျွန်တော်ဘာလုပ်ဖြစ်သလဲတဲ့။

ကျွန်တော်ဘာမှ မလုပ်ဖြစ်သေး၊ လောလောဆယ်တော့ နေ့စဉ် ဟင်းသီးဟင်းရွက်တွေ နင်းကန်စားပြီး စောင့်ကြည့်ဦးမယ် ဆုံးဖြတ်ကြောင်း ပြောပြလိုက်သည်။

ဆီးပါရဂူကလည်း ဘာမှမလုပ်ဘူးဆိုရင် လေးလတစ်ကြိမ် သွေးစစ် ရမယ်၊ သွေးစစ်လို့ PSA 0.8 ထက်ပိုတက်ရင်တော့ တစ်ခုခုလုပ်မှ ကောင်းမယ်ဟု ပြောကြောင်း ပြောပြပါသည်။

ဒေါက်တာမြမြအေးက ဒီနေ့သူ ကျွန်တော့်အတွက် အကြံဥာဏ်တောင်းခဲ့ဖူးသည့် သူ့ဆေးရုံက ဆီးပါရဂူက ကျွန်တော် ဘာလုပ်ဖြစ်သလဲ မေးရင် သူ့ကိုပြောပြသည်။ သူ့လူနာတစ်ယောက်က မကုဘဲထားပြီး တစ်နှစ်ခွဲလောက်ကြာတော့ သူ့ကို Biopsy ထပ်လုပ်ပေးဖို့ ပြောလာသည်။

Biopsy ထပ်လုပ်တော့ ကင်ဆာဆဲလ် မတွေးဘူးတဲ့။ သူ့လူနာကို သူဘာလုပ်သလဲမေးတော့ သူအိန္ဒိယပြန်သွားတော့ မင်းဂွတ်သီးကို အရည်ကြိတ်ပြီး မနက်တစ်ခွက်၊ ညတစ်ခွက်သောက်သတဲ့။

ကျွန်တော့်ကိုလဲ ဘာမှ မလုပ်ဘဲထားရင် အဲဒါရှာဝယ်သောက်ကြည့် ဖို့ တိုက်တွန်းသည့်နှင့် ကျွန်တော်လဲ ချက်ချင်းဆိုသလို စိတ်ကူးရှိရာ ဃသျအခသ က မင်းဂွတ်သီး အရည်သွားဝယ်သောက်ကြည့်မိသည်။
ခွက်မှာထည့်သောက်ရင်း စူးစမ်းကြည့်မိသည်။

အဲဒီ ဖျော်ရည်ထဲ မှာ မင်းဂွတ်သီးအခွံရဲ့ အဖတ်တွေလိုဟာ တွေ့ရသလို မင်းဂွတ်သီး အခွံ၏ အရသာလို ဖန်တန်တန် အရသာလဲ ရပါသည်။ အလွန့်အလွန် လဲချိုအောင် သကြားများစွာထည့်ဖျော်စပ်ထားပုံရပါတယ်။

ဒါကို မနက်တစ်ခွက် ညတစ်ခွက်သောက်ရရင် ကင်ဆာ ပျောက်၊ မပျောက်တော့ မသေချာဘူး။ ကျွန်တော့်အသက်အရွယ်နဲ့ ဆီးချိုရောဂါ ဖြစ်လာဖို့တော့သေချာတယ်ဟု ဆင်ခြင်မိပါသည်။

မြတ်ဗုဒ္ဓနှင့် ဘုရားသားတော် သံဃာတော်များ၏ အဆုံးအမကို ဦးထိပ်ပန်ဆင်သူပီပီ သူများပါးစပ်ထဲ လမ်းမဆုံးစေဘဲ ဧဟိပတ္တိကော ကိုယ်ကိုယ်တိုင် လက်တွေ့ စူးစမ်းလေ့လာ လက်တွေ့ဖြေရှာချင်စိတ် ဖြစ်လာပါသည်။

ခုခေတ်ကွန်ပျူတာ Website က ကိုယ်သာ တကယ်သိချင်တတ် ချင်စိတ်ရှိခဲ့လို့ကတော့ ငွေကြေးကုန်စရာမလိုဘဲ သိချင်တတ်ချင်သမျှကို Internet ကနေ ရှာဖွေလေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ မင်းဂွတ်သီး အကြောင်းသိချင်လျှင်Google မှာ Mangosteen လို့ ရိုက်လိုက်လျှင် မင်းဂွတ်သီးအကြောင်း မသိချင်မှ အဆုံးထွက်ပေါ်လာပါသည်။

မင်းဂွတ်သီးမှာရှိသည့် အာနိသင်ထက်မြက်သည့် Xanthone ဆိုတဲ့ဓာတ်က အားအင်ကိုဖြစ်စေသည်။ ခုခံအားကို နိုးထစေသည်။ ကင်ဆာဆဲလ်ကို ကျုံ့စေသေစေသည်။ အဆီကျစေသည်၊ အယောင်ကျ စေသည်စသဖြင့် များစွာတွေ့ရပါသည်။

မင်းဂွတ်သီး၏ ကောင်းကျိုးအာနိသင်တွေသည် မယုံနိုင်လောက် အောင်များပါသည်။ မယုံနိုင်လောက်အောင် များပါသည်။ အဓိက ဒီ Xanthone ဓာတ်က မင်းဂွတ်သီး၏ အပြင်ခွံနှင့် အစေ့မှာ အများဆုံး ပါရှိပြီး အညှာနဲ့ ရွက်ဖတ်ကလွဲလို့ တစ်လုံးလုံး ပြစ်စရာမရှိလောက် အောင် အသုံးဝင်ပါသည်။ သုတေသန အထောက်အထားများစွာ တွေ့ ရှိထားပါသည်။

သုတေသီပညာရှင်တွေ၏ မင်းဂွတ်သီး၏ အာနိသင်ကောင်းကျိုး တွေ့ရှိချက်ကြောင့် စီးပွားရေးသမားများက မင်းဂွတ်သီးရည် (Mangosteen Juice) နှင့် မင်းဂွတ်သီးဆေးတောင့် (Mangosteen Capsule)တွေကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြသလို Website တွေ မှာလည်း သူတို့၏ ကြော်ငြာတွေပဲ နေရာယူထားသလို ဖြစ်နေပါသည်။

သတိထားဖတ်ရှုရင်တော့ မင်းဂွတ်သီးရည် (Mangosteen Juice)၏ မပုပ်မသိုးစေဘဲ အထားခံအောင် ထည့်ရသည့် ဆေးနှင့်ချိုလွန် သည့် စီမံထုတ်လုပ်မှုကြောင့် မသုံးသင့်ကြောင်း မင်းဂွတ်သီးဆေးတောင့် (Mangosteen Capsule)ကလည်း Freeze Dry နည်းနှင့်ထုတ်လုပ်မှ မင်းဂွတ်သီး၏ ကိုယ်အာနိသင်မပျက်လျော့နိုင်အောင် သတိပေးထားသည် ကို တွေ့နိုင်ပါသည်။

Freeze Dry အကြောင်း သိလိုပါကလည်း Googgle မှာ Freeze Dry လို့ ရိုက်ကြည့်လျှင် တွေ့ပါလိမ့်မည်။
ဈေးထဲမှာ ယိုးဒယားကလာသည့် မင်းဂွတ်သီးကိုတွေ့တော့ ကိုယ်ဖတ်ရှုထားသမျှနဲ့ သုံးသပ်ချက်တွေနဲ့ ဥာဏ်ကူပေါင်းစပ်လုပ်ဖို့ အကြံရလာပါသည်။

ဈေးထဲက မင်းဂွတ်သီးကို ဝယ်ပါ။ ရေစင်စင်ဆေး အညှာနှင့် ရွက်ဖက်ချက်တို့ကိုဖယ်ပြီး ကြိတ်လို့လွယ်အောင် အခွံနှင့်အစေ့ကို အတုံး ငယ်ဖြစ်အောင်လှီး အသားပါအားလုံး သစ်သီးဖျော်ရည်စက်ထဲထည့်ပြီး ရေထက်ဝက်အချိုးခန့်သာထည့်ပြီး စိတ်ရှည်ရှည်နဲ့ ကြိတ်လိုက်ရပ်လိုက် မွှေလိုက်လုပ်တော့ အပြီးသပ်မှာ စိမ်းစားငါးပိလို အနေအထားမျိုး ပျစ်ပျစ် အနှစ်ကိုရပါလိမ့်မည်။
အဲဒါကို ဖန်ပုလင်းမှာ လေမခိုအောင်သိပ်ပြီး Freezer ခဲခန်းထဲမှာ သိမ်းပြီး တစ်နှစ်ပတ်လုံး စားလောက်အောင် April to September မင်းဂွတ် သီးပေါ်ချိန်ပေါချိန်မှာ ဝယ်လုပ်သိမ်းထားပါသည်။
ရေခဲသေတ္တာရဲ့သာမန် အအေးခန်းမှာထားရင် ကြာကြာ အထားမခံပါ။ တစ်ပတ်ကျော်လောက်ဆိုလျှင် ပျက်တတ်ပါသည်။
စားရန် နှိုက်လို့လွယ်အောင် ပုလင်းသေးသေးနှင့်သာ သာမန် အအေးခန်းမှာ ခန့်မှန်းခြေ တစ်ပတ်စာလောက်ထားပြီး နေ့စဉ် တစ်ရက်နှစ်ကြိမ် ထမင်းစားဇွန်းတစ်ဇွန်းစာခန့်ကို ထမင်းစားပြီး တိုင်းဆေးအဖြစ် ရေနဲ့မျှောမျိုချပါသည်။

Freeze Dry လုပ်နည်း

အစိုမသိမ်းချင်လျှင် Freeze Dry လုပ်နည်း အောက်ဖော်ပြပုံအတိုင်း ကြိတ်ပြီးသား မျှင်ငါးပိလိုအနှစ်ကို ကတော့ငယ်တစ်ခုမှာထည့်ပြီး တရုတ် ထမင်းစားတူတစ်ချောင်းနဲ့အသာထိုးထုတ်လိုက်လျှင် လျက်ဆားခဲလို အတောင့်လိုက်လေးတွေ ထွက်လာသည်ကို ပန်းကန်ပြားမှာဖြန့်ကျက်ထား ပြီး ရေခဲခန်းမှာထည့်ထားရင် ရေခဲခန်း Freezer မှာ ထည့်ထားရင် တစ်ပတ် ဆယ်ရက်လောက်ဆို ခြောက်သွားပါသည်။ ဒါကို ဆေးလုံးမျိုသလို မျို နိုင်သလို သိမ်းလို့လည်း လွယ်ကူပါသည်။

နေလှန်းခြင်း အပူပေးအခြောက်ခံခြင်းလိုမျိုး အာနိသင်ကို မယုတ် လျော့စေပါ။

ဆရာဝန်ညွှန်ကြားချက်အတိုင်း မခွဲချင်၍ ၄ လတစ်ကြိမ် သွေးစစ် ပါသည်။ PSA ကလည်း အများကြီး မတက်သလို တစ်နှစ်ပြည့်တော့ အသားစယူစစ်ဆေးခြင်း Biopsy ပြန်လုပ်တော့ အသားစ (၁၂) ချက်စလုံး မှာ ကင်ဆာဆဲလ် မတွေ့ရပါ။ ပုံမှန်ဆဲလ်ပဲ ဖြစ်ကြောင်း ဓာတ်ခွဲခန်း အဖြေရပါသည်။

ထိုအချိန်ကတည်း ဒီဆောင်းပါးကို ရေးချင်နေသော်လည်း ရှေ့ဆက် ဘယ်လိုလာမည်ဆိုသည်ကို မသိဘဲ လူတွေကို မှားယွင်းညွှန်ပြဦးဆောင် မှု မဖြစ်စေလို၍ျ မရေးဘဲ နေခဲ့ရာကနေ ယနေ့တိုင် ဆက်စားခဲ့ပြီး တစ်နှစ်ကျော်တိုင်း (Biopsy) ပြန်လုပ်လာခဲ့သည်မှာ ၄ နှစ်ခွဲအချိန်ထိ သုံးကြိမ်တိုင် Negative၊ ကင်ဆာဆဲလ်မတွေ့ရပါ။ ခုဆို ၅ နှစ်ပြည့်သွား ပါပြီ။

ကင်ဆာဆဲလ်မတွေ့ရရုံသာမက ပထမအကြိမ်လုပ်စဉ်ကလို (Chronic Inflammation ၃ နေရာမဆိုထားနှင့် တစ်နေရာမှကို မတွေ့ရ တာက ပိုဝမ်းသာစိတ်အေးစရာဖြစ်ပါသည်။

ဤဆောင်းပါးက စာရေးသူလုပ်ထုံးလိုက်ကြရန် တိုက်တွန်းခြင်း တော့ မဟတ်ုပါ။ ကိုယ်ဖြစ်ရင် ကိုယ်ခံဆိုပြီး မိုက်မိုက်ကန်းကန်း စွန့်လုပ် ခဲ့သည့် ရလဒ်တစ်ခုကို တင်ပြခြင်းသာ ဖြစ်ပါသည်။ တချို့သောသူတွေက ခွဲရမှာလဲ ကြောက်သည်။ မခွဲလည်း မခွဲဘူး၊ ဘာမှလဲ မလုပ်ရင်တော့ ဒုက္ခပေးမှာ သေချာသည်။
လူတိုင်းက မွေးကတည်းက သေဒဏ်အပြစ် ပေးခံထားရသူတွေသာဖြစ်ပေမယ့်အသက်ကို ဥာဏ်စောင့်ဖြစ်ပါစေ။

စာရေးသူအနေနှင့် ကင်ဆာရောဂါလုံးလုံး ပျောက်ကင်းသွားပြီဟု မမှတ်ယူစေလိုပါ၊ ကိုယ့်ကိုယ်ကိုလည်း မပြတ်မလပ် သတိချပ်၍ မပေါ့ မလျော့ပုံမှန်ဆေးစစ်သွေးစစ်ဆောင်ရွက်လျက်ပါ။
စာရေးသူအနေနှင့် ဒီလုပ်နည်းက အဓိကအကျဆုံးဖြစ်သလို အခြား နည်းလမ်းမြောက်များစွာကိုလည်း ဥာဏ်မီကြားသိသမျှ လက်လှမ်းမီသရွေ့ ထည့်သွင်းကျင့်သုံးလုပ်ဆောင် အသုံးပြုနေပါသည်။

စာရေးသူလုပ်ဆောင်သမျှ နည်းလမ်းများကို သိရှိဆွေးနွေးလိုသူ များ ဖုန်း 4156652279/Skype:Harry.lin 7/Email:[email protected] သို့ ဆက်သွယ်ဆွေးနွေးမေးမြန်းနိုင်ပါသည်။ ကုသိုလ်ပြု လို၍ အသင့်စောင့်ကြိုလျက်ပါ။

တခြားကင်ဆာ မဖြစ်စေနိုင်ရန် နေ့စဉ်နေထိုင်စားသောက်ပုံကို လေ့လာမိသရွေ့ အနည်းငယ်တင်ပြပါရစေ။

ကင်ဆာမဖြစ်စေရန် ဟင်းသီးဟင်းရွက်များများစားပေးရသည်ဆို သည့် ယေဘုယျဗဟုသုတကတော့ လူတိုင်းကြားဖူးနားဝဖြစ်နေပါပြီ။
သို့သော် ပိုမိုအကျိုးဖြစ်စေသည့် စားနည်းကိုတင်ပြပါ့မည်။ ကင်ဆာ ဆဲလ်ဖြစ်ပေါ်ကြီးထွားစေသော အရာဓာတ်များမှာ အချဉ်အက်စစ်ဓာတ် သကြားနို့နှစ်အဆီ ဆားအငံဓာတ်နှင့် ဆဲလ်များ အောက်စီဂျင်ရရှိမှုနည်း ခြင်းစသည်တို့ ဖြစ်ပါသည်။
ဟင်းသီးဟင်းရွက်ကို ထမင်းနှင့်ရော စားတော့ချဉ်ဖတ်တည်သလို အချဉ်ပေါက်သွားသဖြင့် ကင်ဆာဆဲလ်အကြိုက်ဖြစ်စေပါသည်။

ကင်ဆာ မနှစ်သက်သည်က အခါး၊ အဖန် (Alkaline) ဓာတ်ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက် အရည်မှန်သမျှ အဖန်ဓာတ် ဖြစ်ပြီး သူ့ချည်းသပ်သပ်စားလျှင် ဟင်းရွက်အရည်သည် မိနစ် ၂၀ ဆို ဆဲလ်ဆီထဲကို ရောက်သွားပါသည်။ (Alkaline PH)မြင့်လျှင် ကင်ဆာ ဆဲလ်ကိုတောင် သေစေနိုင်သည်ဟု သုတေသီများ၏ အဆိုရှိပါသည်။
Email ပလူပျံအောင် ဟိုအသီးအရွက် ဒီအသီးကင်ဆာအတွက် ကောင်းသည်ရယ်လို့ နေ့စဉ်နှင့်အမျှ ဖတ်ရှုနေရပါသည်။

အမှန်တော့ အသီးအရွက်တိုင်းကင်ဆာမဖြစ်စေသည့်အတွက် ကောင်းပါသည်။ အကျိုးသက်ရောက်မှုကောင်းအောင် စားတတ်လျှင် ပိုကောင်းပါသည်။
အသီးအရွက်မှာလည်း အနီရောင်ရှိသည့် အသီးအရွက်တွေ ခရမ်း ချဉ်သီး Beet မုန်လာဥအနီး သလဲသီးစသည်တို့က ကင်ဆာအတွက် ပိုကောင်းပါသည်။

ဖတ်ရှုရသမျှကို ဆင်ခြင်ပြီး ရာသီပေါ် အသီးအရွက်များကို သစ်သီး ဖျော်ရည်စက်ထဲထည့်၍ ရေအနည်းငယ်မျှထည့်ပြီး ရေခဲမုန့်လို ပျစ်ပျစ် ကလေး Smoothy လိုဖြစ်အောင် ကြိတ်ပြီးထမင်းမထားခင်တစ်နာရီ ခန့်ကြိုစားပြီးမှ ထမင်းစားပါသည်။
ရည်ရွယ်ချက်ကတော့ ဟင်းရွက်ဟင်းသီးအရည်သည် မိနစ် ၂၀ ဆို ဆဲလ်ဆီရောက်သွားပြီး ကင်ဆာဆဲလ်ကို တိုက်ခိုက်စေသည့် သဘောပါပဲ။

မြတ်ဆွေ(ဆန်ဖရန်စစ္စကို)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


အမှိုက်မှ စွမ်းအင်ထုတ်မည့်စက်ရုံ မတ်လစဆောက်မည်




ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

တစ်ရက်လျှင် အမှိုက်တန်ချိန် ၈၀၀ ကျော် စွန့်ပစ်လျက်ရှိသည့် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံတွင် အမှိုက်မှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ရန် မီးစက် (Generator) အပါအဝင် စွမ်းအင်ထုတ် စက်ရုံကို မတ်လအတွင်း စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ကိုရီးယားကုမ္ပဏီ Chasson International က စွန့်ပစ်အမှိုက်များမှတစ်ဆင့် ဂက်စ်ထုတ်ယူကာ Generator ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“အခုတော့ သုတေသန လုပ်နေတယ်။ စီမံကိန်းကာလက သုံးနှစ်ပါ” ဟု ၎င်းကဆိုသည်။

စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်မှုကို ထိန်ပင် အမှိုက်ပုံနှင့် ထားဝယ်ချောင် အမှိုက်ပုံတို့တွင် လုပ်ကိုင်မည် ဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံတွင် အမှိုက်မီးရှို့စက်ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခွင့်ကို မြန်မာ-ကိုရီးယား အကျိုးတူ ကုမ္ပဏီတစ်ခုက ရရှိထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

“လုပ်ငန်းလုပ်ဖို့ ကုမ္ပဏီတင်ဒါ ရွေးကတည်းက အငြင်းပွားစရာတွေ ဖြစ်ခဲ့တော့ လုပ်ငန်းလုပ်ချိန်မှာ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုပါ့မလားလို့ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ ဒါကြောင့် တင်ဒါအောင်တဲ့အချိန်က တင်ပြတဲ့အတိုင်း ဆောင်ရွက်ဖို့တော့ လိုအပ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်မှ တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများအရ သိရသည်။

The Voice Weekly

ဂျပန်နိုင်ငံကနေ ဧည့်လမ်းညွှန်ဘဝအကြောင်း ရိုက်ကူးဖို့ ကမ်းလှမ်းခြင်းခံရတဲ့ နန်းခင်ဇေယျာ


မြန်မာအလှမယ်တစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာက အနုပညာ၊ ပရဟိတ နှင့် ဧည့်လမ်းညွှန်အစရှိတဲ့ ကဏ္ဍမျိုးစုံအလုပ်တွေကို ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် သူမကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုတွေလုပ်ဆောင်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နန်းခင် လက်ရှိရုပ်သံဇာတ်လမ်းတွဲနဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးသွားဖို့တော့ရှိပါတယ်။ ပြီးတော့ နန်းခင်ရဲ့ဧည့်လမ်းညွှန်ဘဝအကြောင်းကို ရိုက်ကူးဖို့အတွက် ဂျပန်ရုပ်သံလိုင်းတစ်ခုက ရိုက်ကူးချင်တယ်ဆိုပြီးတော့ ကမ်းလှမ်းထားတာရှိတယ်။ အဲဒီ့အတွက် နန်းခင်တို့ ဒုတိယအကြိမ်မြောက် ညှိုနှိုင်းဆောင်ရွက်မှုတွေ စီစဉ်နေပါပြီ။ ညီမ အားတဲ့အချိန်နဲ့ သူတို့ရိုက်ကူးရေးအချိန်တွေ ညှိုနှိုင်းပြီးပြီဆိုရင်တော့ ဒီနှစ်မတ်လကုန်လောက်မှာ ရိုက်ကူးဖြစ်မှာပါ။ သူတို့က ဒီမြန်မာနိုင်ငံရဲ့ နာမည်ကြီးအထင်ကရနေရာတွေဖြစ်ကြတဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ ၊ အင်းလေးဒေသတွေမှာ အုပ်စုတွေခွဲပြီးတော့ ရိုက်ကူးသွားမှာဖြစ်သလို နန်းခင်ကတော့ ရန်ကုန်မြို့ရဲ့လည်စရာနေရာတွေ ၊ သွားသင့်တဲ့နေရာတွေကို ပေါ့ပေါ့ပါးပါးပုံစံမျိုးနဲ့ ရိုက်ကူးတင်ဆက်သွားမှာပါ။ နောက်ထပ်နေရာဒေသတွေကိုတော့ တစ်ခြားသူတွေနဲ့ ရိုက်ကူးသွားမှာပါ။ နန်းခင်ဇေယျာရဲ့ ဧည့်လမ်းညွှန်ဘဝအကြောင်းကို ဂျပန်အနုပညာရှင်တွေနဲ့ သုံးရက်ကြာရိုက်ကူးသွားမှာ ဖြစ်ပါတယ်’လို့ သူမက ပြောပြသွားပါတယ်။

trend

အင်းစိန် မီးရထားစက်ခေါင်းစက်ရုံပိုင် မြေပေါ်မှ ကျူးကျော်များ ထပ်မံဖယ်ရှား



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အင်းစိန်မြို့နယ် ဈေးကုန်း အရှေ့ရပ်ကွက် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံနှင့် အင်းစိန်မီးရထား စက်ခေါင်း စက်ရုံဝင်းကြားရှိ ကျူးကျော် နေအိမ်များကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီခန့်က မီးရထား စက်ခေါင်းစက်ရုံ ဝန်ထမ်း ၁၀၀ ကျော်ဖြင့် ငါးကြိမ်မြောက် ထပ်မံဖယ်ရှားခဲ့ကြောင်း ယင်းနေရာတွင် နေထိုင်သူများက ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ဖျက်သိမ်းခြင်းဖြစ်ပြီး ကလေးများ စာမေးပွဲ ဖြေဆိုပြီးချိန်အထိ စောင့်ရန် ခွင့်တောင်းသော်လည်း မရကြောင်း ဒေါ်သီသီက ပြောဆိုသည်။
“နေစရာမရှိလို့ နေတာပါ။ အစိုးရ မြေဆိုတာ သိပြီးသား။ တစ်ချိန်ဖယ် ပေးရမယ်ဆိုတာ သိပါတယ်” ဟု ကြုံရာကျပန်း လုပ်ကိုင်သူ ၎င်းကဆိုသည်။

ဟင်္သာတတွင် စီးပွားရေး မကောင်းသဖြင့် ရန်ကုန်သို့ ပြောင်းလာပြီး ယင်းနေရာတွင် နေထိုင်ခြင်း ဖြစ်ကြောင်း အသက် ၅၃ နှစ်အရွယ် ဦးမြဟန်က ပြောကြားသည်။

အင်းစိန်မီးရထား စက်ခေါင်းစက်ရုံပိုင် မြေပေါ်မှ ကျူးကျော်အိမ်အားလုံး ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ဈေးကုန်း အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောဆိုသည်။

The Voice Weekly

ဆန်စပါး ဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ လာဘ်စားမှု ရှိသည်ဟူသော စွပ်စွဲချက် ယင်လပ် ငြင်းဆို



ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၁

ထိုင်းအစိုးရ၏ ဆန်ဝယ်ယူရေး အစီအစဉ်တွင် လာဘ်စားမှုများ ရှိကြောင်း လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စွပ်စွဲချက်ကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ပယ်ချလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထိုင်းလာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြာသပတေးနေ့က ပြောကြားရာတွင် အစိုးရ၏ ဆန်ဝယ်ယူရေး အစီအစဉ်တွင် လာဘ်စားမှုများ ရှိနေသည့် ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ယင်းလပ်ကို တရားစွဲဆိုဖွယ် ရှိသည်ဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်သာ လာဘ်စားကြောင်း တွေ့ရှိခဲ့ပါက ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရမည် ဖြစ်သည်။ ထိုင်းတွင် ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများက ယင်းလပ် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် ဖိအားပေး ဆန္ဒပြလျက် ရှိစဉ်တွင် ယခုကဲ့သို့ လာဘ်စားမှုဖြင့် စွပ်စွဲ ခံရခြင်းလည်း ဖြစ်သည်။

“လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ကျွန်မမှာ အပြစ်မရှိဘူး ဆိုတဲ့အကြောင်း ထပ်ပြောချင်ပါတယ်။ ကျွန်မကို ရာထူးကနေ ဖယ်ရှားချင်တဲ့ သူတွေက အခုလို စွပ်စွဲတာ ခံရပေမယ့်လည်း ကျွန်မအနေနဲ့ အခုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ရာမှာ ပူးပေါင်း လုပ်ဆောင်သွားမှာပါ” ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ၎င်း၏ Facebook တွင် ရေးသား ဖော်ပြထားသည်။

ယမန်နှစ် နိုဝင်ဘာလမှ စတင်ခဲ့သော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြင့် ထိုင်းနိုင်ငံရေးမှာ အကျပ်အတည်း ဆိုက်လျက်ရှိပြီး ယင်းလပ် ဆန့်ကျင်သော အင်အားစုများက ဘန်ကောက်ရှိ အစိုးရ ရုံးများကို ပိတ်ဆို့ ဆန္ဒပြမှု ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်က ရဲတပ်ဖွဲ့က နှိမ်နင်း ဖြိုခွင်းခဲ့သည်။

သို့သော် ဆန္ဒပြသူများက ပြန်လည် အင်အားစု၍ တနင်္လာနေ့က ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ရုံးကို ဝိုင်း၍ ဆန္ဒပြခဲ့ကြပြီး အစိုးရ ဝန်ထမ်းများ ရုံးတက်ခြင်းကို တားဆီး နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုင်းအစိုးရ၏ ဆန်ဝယ်ယူရေး မူဝါဒအရ ကမ္ဘာ့ဆန်ဈေးထက် ၅၀ ရာခိုင်နှုန်း ပိုမိုသော နှုန်းဖြင့် အစိုးရက လယ်သမားများထံမှ ဆန်များ ဝယ်ယူလျက် ရှိသည်။ အဆိုပါ မူဝါဒမှာ လယ်သမားများ အလွန်နှစ်သက်သော မူဝါဒ ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့ ရောင်းချမှုကိုမူ အကြီးအကျယ် ထိခိုက်စေသည်။

ထို့ပြင် အဆိုပါ မူဝါဒသည် အစိုးရ ကုန်ကျစရိတ် မြင့်မားပြီး၊ ငွေကြေး အလွဲသုံးစား မှုများလည်း ဖြစ်စေနိုင်ကြောင်း ဝေဖန်သူများက ထာက်ပြ ပြောဆိုကြသည်။

ဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသူများ ဖြစ်သည့် လယ်သမားများသည် ၎င်းတို့ ရရန်ရှိသော ငွေများ အပြည့်အဝ မရသေးခြင်းကြောင့် လွန်ခဲ့သော လမှစ၍ ဆန္ဒပြမှုများ မကြာခဏ ပြုလုပ်ခဲ့ကြသည်။

ထိုင်းအစိုးရ အနေနှင့် ပါလီမန် အစည်းအဝေးသစ် မစမချင်း ငွေကြေး တောင်းခံနိုင်ခြင်း မရှိသောကြောင့် ဆန္ဒပြ လယ်သမားများကို ငွေပေးချေနိုင်ခြင်း ရှိမည် မဟုတ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

ယူကရိန်းလုံခြုံရေးတွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဆန္ဒပြသူတွေရဲ့ရုပ်အလောင်းကို လွတ်လပ်ရေးရင်ပြင်တွင် သယ်ဆောင်ဂုဏ်ပြု


ယူကရိန်းလုံခြုံရေးတွေက ပစ်ခတ်လို့ သေဆုံးခဲ့ကြတဲ့ ဆန္ဒပြသူတွေရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ညက ကိဗ်မြို့က လွတ်လပ်ရေးရင်ပြင်ကို ပြန်လည်သယ်ဆောင်လာပြီး ယူကရိန်း အတိုက်အခံတွေနဲ့ ကိဗ်မြို့ ပြည်သူတွေက ဂုဏ်ပြုခဲ့ကြပါတယ်။
လုံခြုံရေးတွေနဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေမှာ နှစ်ရက်အတွင်း လူ ၇၅ ဦး သေဆုံးခဲ့တာဟာ ယူကရိန်းနိုင်ငံ ဆိုဗီယက်လက်အောက်က လွတ်မြောက်ခဲ့အပြီး အဆိုးဝါးဆုံး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင်တဦးက သူတို့ဟာ အခြေအနေတွေကို ပြောင်းလဲလိုက်ပြီ။ အတိုက်အခံတွေဟာ အစိုးရမှာ ပါဝင်ခွင့်ရတော့မှာ ဖြစ်တယ်။ အတိုက်အခံတွေဟာ ဖြေသိမ့်မှုလေးကို လိုချင်တာမဟုတ်ပဲ လူသတ်အစိုးရ တခုလုံး ထွက်သွားတာကို လိုချင်တာပါလို့ လွတ်လပ်ရေးရင်ပြင်က လူထုတွေကို ပြောဆိုခဲ့ပါတယ်။

DVB Burmese

ရန်ကုန်ဆေးရုံကြီး ဆေးပစ္စည်း လိုအပ်ချက် ဂျပန်အစိုးရကူညီမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန် ပြည်သူ့ဆေးရုံသစ်ကြီးတွင် ဆေးရုံသုံးပစ္စည်းများ ဝယ်ယူရန် ဂျပန်ယန်း ၉၇၈ သန်း (အမေရိကန်ဒေါ်လာ ၉၅ သိန်းဝန်းကျင်) ထောက်ပံ့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr.Mikmo Numata က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက် မြို့နယ်များရှိ လူနာအများဆုံး လာရောက် ကုသကြသော်လည်း လုံလောက်သော ဆေးပစ္စည်း ကိရိယာများ မရှိသောကြောင့် ဆေးကုသရာတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ အရည်အသွေး ပြည့်မီသော ပြည်သူ့ဆေးရုံများ ဖြစ်လာစေရန်အတွက် ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ခြင်း ဖြစ်ကြောင်း Mr.Mikmo Numata က ပြောဆိုသည်။

ဂျပန်အစိုးရက ရန်ကုန် ပြည်သူ့ဆေးရုံများတွင် ဆေးရုံသုံးပစ္စည်းများ ဝယ်ယူရေးနှင့် ရခိုင်ပြည်နယ်တွင် လမ်းပန်း ဆက်သွယ်ရေး လမ်းဖောက်လုပ်ရေးအတွက် ဂျပန်ယန်းငွေ ၁,၇၁၆ သန်း (အမေရိကန် ဒေါ်လာ ၁၇ သန်း) ကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံ ပံ့ပိုးပေးထားကြောင်း ယင်းဂျပန်သံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

ဆိုမာလီ သမ္မတကို လုပ်ကြံရန် ကြိုးစားမှုတွင် လူ ၁၁ ဦး သေဆုံး


ဆိုမာလီနိုင်ငံက စစ်သွေးကြွတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က သမ္မတအိမ်တော်ကို ချိုးဖျက်ဝင်ရောက်ပြီး သမ္မတကို လုပ်ကြံဖို့ ကြိုးစားမှုမှာ လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အယ်ရှာဘတ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

1လုံခြုံရေး အဆီးအတားတွေ အထပ်ထပ်ချထားတဲ့ သမ္မတအိမ်တော်ကို ကားဗုံးခွဲဝင်ရောက်ခဲ့ပြီး သမ္မတ၀တ်ပြုတဲ့ ဗလီနားအထိ ရောက်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ သမတ က ထိခိုက်မှုမရှိပဲ လွတ်မြောက်ခဲ့ပါတယ်။

ဆိုမာလီလုံခြုံရေးဝန်ကြီးရဲ့ အဆိုအရ စစ်သွေးကြွ ၉ ဦးလုံးကို နေရာမှာတင် အာဖရိကလုံခြုံရေးတပ်ဖွဲ့တွေက ပစ်သတ်ခဲ့တယ်လို့ ဆိုပေမယ့် အမည်မဖော်လိုတဲ့ အာဏာပိုင်တဦးကတော့ ၀န်ကြီးချုပ်ရုံးဝန်ကြီးနဲ့ ယခင်ထောက်လှမ်းရေးမှူးချုပ်လည်း စစ်သွေးကြွ ၆ ယောက်နဲ့အတူ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ မိုကာဒီရှု မြို့ကနေ အာဖရိက ငြိမ်းချမ်းရေးတပ်ဖွဲ့ မောင်းထုတ်ခံခဲ့ရတဲ့ စစ်သွေးကြွတွေဟာ ဒီရက်သတ္တပတ်တွေအတွင်း မြို့တော်ကို အသေခံတိုက်ခိုက်မှုတွေ ပြုလုပ်လာတာလည်း ဖြစ်ပြီး ဆိုမာလီအစိုးရဟာ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတည်ငြိမ်ရေး ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရှိဘူးဆိုတာကို ပြသရာရောက်နေတယ်လို့ ဆိုပါတယ်။

DVB Burmese

ယူကရိန်းသမ္မတနှင့် အတိုက်အခံတွေ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုး


နှစ်ရက်အတွင်း လူ ၇၅ ဦးသေဆုံးခဲ့တဲ့ ပဋိပက္ခအပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့က ယူကရိန်းသမ္မတ ဗိုက်တာ ယန်နုကိုဗစ် နဲ့ အတိုက်အခံတွေ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အီးယူရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အခုလို သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်း ယူကရိန်းသမ္မတရွေးကောက်ပွဲကို စောပြီးကျင်းပဖို့လည်း သဘောတူခဲ့ကြပါတယ်။ ရုရှား ကျောထောက်နောက်ခံ သမ္မတ ယန်နုကိုဗစ် နဲ့ အီးယူကျောထောက်နောက်ခံ ယူကရိန်း အတိုက်အခံတွေဟာ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့၊ သမ္မတရဲ့ အခွင့်အာဏာကို ပြန်လည် လျော့ချမယ့် အခြေခံဥပဒေပြင်ဆင်ဖို့၊ ရွေးကောက်ပွဲကျင်းပဖို့ စတဲ့ သဘောတူညီတွေ တဆက်တည်း ရရှိခဲ့လည်း ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက် မလုပ်နိုင်စရာ အကြောင်းမရှိဘူးလို့ သမ္မတ ယန်နုကိုဗစ် က ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကို စောပြီး ကျင်းပမယ်လို့လည်း ကြေညာခဲ့ပါတယ်။

သဘောတူညီမှု ရအပြီးမှာပဲ သမ္မတရဲ့ လက်ရှိအခွင့်အာဏာကို ကန့်သတ်မယ့် ၂၀၀၄ အခြေခံဥပဒေကို ပြန်လည်ပြဌာန်းဖို့၊ ဆန္ဒပြပွဲတွေအတွင်း လူ ၇၅ ဦး သေဆုံးမှုမှာ တာဝန်ရှိတဲ့ ယူကရိန်းပြည်ထဲရေးဝန်ကြီးကို ဖြုတ်ပစ်ဖို့၊ ၂၀၁၁ ကတည်းက ထောင်ချခံထားရတဲ့ ယခင်ယူကရိန်း ၀န်ကြီးချုပ်ဟောင်း အတိုက်အခံ ယုလီယာ တာမိုရှမ်ကို ကို ပြန်လွတ်ပေးဖို့ ဥပဒေပြင်ဆင်ရေးတွေကိုလည်း ယူကရိန်းပါလီမန်က မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။ ညွန့်ပေါင်း အစိုးရကိုလည်း ၁၀ ရက်အတွင်း ဖွဲ့စည်းနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။


DVB Burmese

လေယာဉ်စီးခကို ကြာမြင့်ချိန်အပေါ်မှုတည်ပြီး တွက်ယူမယ့် ကိုရီးယားလေကြောင်းလိုင်း


လေယာဉ်စီးခကို ကြာမြင့်ချိန်အပေါ်မှုတည်ပြီး တွက်ယူမယ့် ကိုရီးယားလေကြောင်းလိုင်း ခရီးစဉ်ကို MAI က စင်းလုံးငှားလေယာဉ် ချာတာဖလိုက်ဖြင့် စတင်ပြေးဆွဲလိုက်ပါတယ်။

မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI က တောင်ကိုရီးယားနိုင်ငံ ပူဆန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စင်းလုံးငှားလေယာဉ် ချာတာဖလိုက်နဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ပျံသန်းပြေးဆွဲလိုက်တာပါ။

myanmar airwayMAI လေကြောင်းလိုင်ဟာ၂၀၁၃ခုနှစ်မှာ ကိုရီးယားလေကြောင်းလိုင်း တခုနဲ့ အကျိုးတူ ပူးပေါင်းပြီး ကိုရီးယားနိုင်ငံဆိုးလ်မြို့ကို လေကြောင်းလိုင်း ခရီးစဉ်အဖြစ် စတင်ပြေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI ရဲ့ စင်းလုံးငှားလေယာဉ်ငှားခဟာ တနာရီကို ဒေါ်လာခြောက်ထောင် ပေးရမှာဖြစ်ပြီး ခရီးအကွာအဝေးကြာမြင့်ချိန်နဲ့ နိုင်ငံအလိုက် လေဆိပ်ဝင်ပေါက်တွေပေါ်မှာ မူတည်ပြီး ကုန်ကျစရိတ်ရှိမှာ ဖြစ်တယ်လို့ မအေးမရသာ က ပြောပါတယ်။

ဒီနှစ်ထဲမှာ MAI လေကြောင်းလိုင်းဟာ ကိုရီးယားနိုင်ငံနဲ့ဂျပန်နိုင်ငံတွေကို ချာတာဖလိုက် စင်းလုံးဌားလေယာဉ်တွေနဲ့ စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်တွေ အတွက်ပုံမှန် လေကြောင်းလိုင်း ပြေးဆွဲပေးသွားမယ်လို့လည်း မအေးမရသာ က ပြောပါတယ်။

အမ်အေအိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံ ကွာလာလမ်ပူ၊ ဂေါင်ရှူး၊ ဖနွမ်းပင်၊ ဆီယံရိဒ်နဲ့ ဂါယာမြို့တွေကို ခရီးသည် ၁၂၀ နဲ့ ၁၈၀ ဆံ့ လေယာဉ်တွေနဲ့ ပျံသန်းပြေးဆွဲနေပြီး နောက်ပိုင်မှာ နိုင်ငံတကာကို ပျံသန်းပြေးဆွဲပေးသွားဖို့ အစီအစဉ်တွေ ရှိနေပါတယ်။

DVB

သားငယ်၏ အမည်ကို ဗုဒ္ဓဝင် အသုံးအနှုန်းဖြင့် မှည့်ခေါ်စေခဲ့သည့် မီဂန်ဖောက်စ်


မီဂန်ဖောက်စ်နှင့် ဘရိုင်ယန်အော်စတင် ဂရင်းတို့ ဇနီးမောင်နှံသည် ၎င်းတို့၏ ဒုတိယ ရင်သွေးလေးကို ဗုဒ္ဓဝင် အငွေ့အသက်လွှမ်းသော အမည်မျိုး မှည့်ခေါ်စေရန် ရွေးချယ်လိုက်သည်။ သားအကြီးဖြစ်ကို သမ္မာကျမ်းစာနှင့် ကိုအာရ်ကျမ်းစာတို့တွင် ပါရှိသော နိုအာဆိုသည့် စကားလုံးဖြင့် အစွဲပြုပြီး နိုအာရှန်နွန်ဟု အမည်ပေးခဲ့သလို မကြာသေးမီက မွေးဖွားလာသည့် သားငယ်ကိုလည်း ဗုဒ္ဓဝင် အမည်တစ်ခုဖြစ်သော ဗောဓိဆိုသည့် စကားလုံးဖြင့် အမည်မှည့်ခေါ်စေခဲ့သည်။ Transformers မင်းသမီးဟောင်း ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ဖွားမြင်သော သားငယ်အား ဗောဓိရန်ဆမ်ဂရင်းဟု အမည်ပေးလိုက်ကြောင်း သိရသည်။

TMZက အဆိုပါ အမည်ကို ၎င်းတို့ထောက်လှမ်းရရှိသည့် မွေးစာရင်း အထောက်အထားများဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဗောဓိဆိုသော စကားလုံးသည် ဗုဒ္ဓဝင် ပါဠိ၌ နိုးကြားခြင်းနှင့် အလုံးစုံသိမြင်ခြင်းကဲ့သို့သော အဓိပ္ပါယ်ကို ဖော်ညွှန်းပြီး ဗုဒ္ဓမြတ်စွာဘုရားက သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှု အားလုံးကို နားလည်သဘောပေါက်သွားသည့် ဉာဏ်တော်ကိုလည်း ဗောဓိဉာဏ်ဟု သုံးနှုန်းလေ့ရှိသည်။ မူကွဲအဖြစ် အိန္ဒိယ ဒဿနိက ပညာရှင် အချို့တို့က ဗောဓိဆိုသော အသုံးအနှုန်းကို ပစ္စုပ္ပန်ဟု အဓိပ္ပါယ်ဖွင့်လေ့ရှိသည်။

ဩစတြေးလျ မင်းသမီး တီရေဆာ ပယ်လ်မာသည်လည်း သူမ၏ သားငယ်အား ဗောဓိရိန်းဟု အမည်ပေးထားသေးကြောင်း သိရသည်။ မီဂန်နှင့် ဘရိုင်ယန်တို့သည် နိုအာ့အသက် (၁၅)လအရွယ်တွင် နောက်ထပ် သားသမီး ထပ်ရလာခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ မီဂန်သည် ဘရိုင်နယ်၏ ချစ်သူဟောင်း ဗင်နက်ဆာမာဆယ်လ်နှင့် ရထားသည့် သားကြီး ကာဆီရက်စ်ကိုလည်း အုပ်ထိန်းလျှက် ရှိသည်။ မီဂန်သည် ပြီးခဲ့သည့် နိုဝင်ဘာလက ကိုယ်ဝန်လွယ်ထားစဉ်မှာပင် သူမနှင့် ဘရိုင်ယန်တို့ အနေဖြင့် မိသားစု သိုက်သိုက်ဝန်းဝန်း ကြီးကြီးမားမား တည်ဆောက်သွားလိုကြောင်း အတည်ပြု ပြောဆိုထားခဲ့သည်။

planet

ရှင်နည်းရာ အဂ္ဂလူထွက်


Written by  ဇေယျသူ

လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးမှသာ သမ္မတ၊ ဒုသမ္မတမှစပြီး ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ခွင့်ရှိသည်ဟူသော မူတစ်ရပ်ကို ဖော်ဆောင်မည်ဟု ကြားလိုက်၊ ဖတ်လိုက်ရသည်။ ရွေးကောက် တင်မြှောက် ခံရပြီးမှသာ အုပ်ချုပ်ရေးပိုင်းတွင် ရာထူးကြီးများ ရမည်ဆိုသည့်သဘော။ ထိုမူသာ အတည်ဖြစ်သွားလျှင် ရှင်နည်းရာ အဂ္ဂလူထွက်ကိန်း ဆိုက်လိမ့်မည်။

ထိုမူ၏ အကြောင်းပြချက် တစ်ရပ်မှာ ဒီမိုကရေစီ ပိုဆန်လာစေရေး ဖြစ်နိုင်သည်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးမှသာ အစိုးရအဖွဲ့ဝင် ဖြစ်ရမည် ဆိုခြင်းနှင့် ဒီမိုကရေစီ ဆန်ခြင်းသည် ရုတ်တရက်ကြည့်လျှင် ဆိုင်သလိုလိုနှင့် မဆိုင်ပါ။ ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်က ဝန်ကြီးဖြစ်မှသာ ဒီမိုကရေစီ ဆန်ရမည်ဆိုလျှင် အမေရိကန် ပြည်ထောင်စုသည် ဒီမိုကရေစီ မဆန်သောနိုင်ငံ ဖြစ်သွားပေလိမ့်မည်။

ရွေးကောက်ပွဲ မဝင်လိုသူ၊ နိုင်ငံရေးသမား မလုပ်လိုသူများ (Election shy) ထဲမှ အစိုးရ ရာထူးကြီးများ ပေးနိုင်ရန် အမေရိကန် ပြည်ထောင်စုတွင် တံခါးဖွင့်ထားသည်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရန် မလိုဘဲ အစိုးရ အဖွဲ့ထဲ ရောက်နိုင်သည်။ နိုင်ငံရေးသမားပင် ဖြစ်ရန် မလိုပါ။

ကွန်မြူနစ် တရုတ်နိုင်ငံကို အမေရိကန်နှင့် ပေါင်းစေကာ ကမ္ဘာ့နိုင်ငံရေးကို ပြောင်းလဲပစ်ခဲ့သည့် နိုင်ငံတော် လုံခြုံရေး အကြံပေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ် ဆင်းဂျား Henry Kissinger သည် လွှတ်တော် ကိုယ်စားလှယ် မဟုတ်ပါ။ နိုင်ငံတကာရေးရာ ဂုရု ဟားဗတ်တက္ကသိုလ် ပါမောက္ခ ပညာရှင်သာ ဖြစ်ပြီး အမေရိကန် သမ္မတ အစဉ်အဆက်သည် သူ့အကြံဉာဏ်များကို ယူခဲ့ရသည်။ ပထမဆုံး လူမည်း အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာသည့် ကွန်ဒိုလီ ဇာရိုက်စ် (Condoleezza Rice) သည် ကမ္ဘာကျော် စတန်းဖို့ဒ် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံထက် ပညာရေး အဆပေါင်းများစွာ မြင့်မားသည့် ကမ္ဘာ့နံပါတ်တစ် နိုင်ငံဖြစ်သည်။ သို့သော် အမေရိကန်သည် လွှတ်တော် ကိုယ်စားလှယ်သာ ဝန်ကြီး ဖြစ်ရမည်ဟု ကန့်သတ် မထားပါ။ စင်စစ် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များပိုင်ရှင် ထိပ်တန်း ပညာရှင် များစွာကို နှစ်စဉ် မွေးထုတ်ပေးနေသော အမေရိကန်သည် ထိုပညာရှင် ရေအိုးထဲမှ အသင့်ခပ် သုံးနိုင်ရန် တံခါးဖွင့်ထားခြင်း ဖြစ်သည်။

အထက်ဖော်ပြပါ ပညာရှင် တစ်ဖြစ်လဲ အစိုးရအဖွဲ့ဝင်များသည် ထင်ရှားသော ဥပမာ နှစ်ရပ်သာ ဖြစ်ပြီး အစိုးရအဖွဲ့ဝင် များစွာသည် နိုင်ငံရေးသမား မဟုတ်သော ထူးချွန် အမေရိကန်များ ဖြစ်ကြသည်။ စင်စစ် အမေရိကန် ကမ္ဘာ့ဦးဆောင် နိုင်ငံအဖြစ် ကာလရှည်ကြာစွာ ရပ်တည် နေနိုင်ခြင်းသည်ပင် အစိုးရအဖွဲ့ဝင် ရွေးချယ်ရာတွင် ထိုကဲ့သို့ အမြော်အမြင် ကြီးမားခြင်းက အကြောင်းတစ်ရပ် ဖြစ်သည်။

အုပ်ချုပ်ရေးပိုင်းသည် နိုင်ငံကို လက်တွေ့ စီမံ ကွပ်ကဲရသောသူများ ဖြစ်သည့်အတွက် ထိုကဏ္ဍတွင်းသို့ အတော်ဆုံးသူကို စိတ်တိုင်းကျ ခေါင်းခေါက်ရွေးနိုင်မှ နိုင်ငံ အောင်မြင်မည် ဖြစ်သည်။ နဂိုတည်းကမှ လူတော်၊ လူထက် မီးထွန်းရှာနေရသည့် အထဲ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရမည်ဟု ကန့်သတ်လိုက်လျှင် မြန်မာနိုင်ငံ အုပ်ချုပ်ရေးကဏ္ဍတွင် လူတော်ရရန် ပိုခက်သွားကာ ရှင်နည်းရာ အဂ္ဂလူထွက် ဖြစ်ပေမည်။ တစ်နိုင်ငံလုံးထဲမှ ရွေးသည်ထက် ရာဂဏန်းမျှသော လွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ရွေးလျှင် လူတော် ရနိုင်ခြေ ပိုနည်းသွားသည်။ ညွှန်ကြားရေးမှူးချုပ် စသော ဝန်ထမ်း သက်ရင့်ပြီး သက်ဆိုင်ရာ နယ်ပယ်ကို နောကျေသူများ ထိုက်တန်လျှင်ပင် ဝန်ကြီးဖြစ်ခွင့် မရှိတော့သည့် သဘောဖြစ်သည်။ သက်ဆိုင်ရာ နယ်ပယ်မှ ပညာရှင်များလည်း နိုင်ငံကို မူဝါဒပိုင်းမှ တိုက်ရိုက် အကျိုးပြုနိုင်တော့မည် မဟုတ်ပေ။

ပညာရှင်တွေ ရွေးကောက်ပွဲ ဝင်ပေါ့ဟု ဆိုသူတို့က ဆိုကြမည်။ သို့သော် ရွေးကောက်ပွဲ ဝင်မလားဟု ပညာရှင် အဆင့်ရှိသူများကို မေးကြည့်ပါ။ အများစုက လက်ခါသာ ပြကြမည်။ ပညာရှင် အများအပြားသည် ရွေးကောက်ပွဲ ဝင်ရန် တွန့်ဆုတ်ကြ (Election shy) သည်။ ရွေးကောက်ပွဲ ဆိုသည် နိုင်ငံရေးပင် ဖြစ်သည်။ နိုင်ငံရေးသည် အသန့်ရှင်းဆုံးသော သူတို့ကိုပင် ညစ်ညမ်းစေသည်။ ကိုယ်မကြိုက်သော အရာတို့ကိုလည်း ကြိုက်ယောင်ဆောင်ရ၊ မကြိုက်သော အရာတို့ကိုလည်း ကြိုက်ဟန်ပြုရသည့် အတွက် ပညာရှင်တို့နှင့် မကိုက်လှ။ ပညာရှင်တို့သည် နိုင်ငံရေး မလုပ်လို။ နိုင်ငံရေး မလုပ်လိုသောကြောင့် ပညာရှင် ဖြစ်နေကြခြင်း ဖြစ်သည်။

အုပ်ချုပ်ရခြင်းနှင့် ရွေးကောက်ပွဲ ဝင်ရခြင်းသည်လည်း သဘော သဘာဝ မတူလှ။ နိုင်ငံအဆင့် ရွေးကောက်ပွဲဟူသည် ကိုယ့်အကြောင်း မသိသူများက ကိုယ့်ကို ရွေးကောက် တင်မြှောက်ကြခြင်း ဖြစ်သည်။ မဲဆန္ဒ နယ်မြေ ကြီးလေလေ၊ လူများလေလေ ကိုယ့်ကို မသိသူ ပိုများလာလေလေ ဖြစ်တတ်သည်။ ရုပ်၊ အသံ၊ စကားလုံးများကို တီဗီ၊ သတင်းစာ စသော မီဒီယာများက မြင်ဖူး၊ ကြားဖူး၊ ဖတ်ဖူးကြမည်။ ထိုသို့ မြင်ဖူးကြားဖူး တစ်ဆင့်စကား တစ်ဆင့် နားတို့ဖြင့် ဆုံးဖြတ်ပြီး ထိုသူသည် တော်သည်၊ ကောင်းသည်၊ ဆုံးဖြတ်ကြသည်။ အုပ်ချုပ်ရေးပိုင်းမှာမူ အကြီးအကဲနှင့် သူ့လူများသည် လက်တွဲ အလုပ် လုပ်နေရသည်။ သူဘယ်လို လူဆိုသည်ကို သူ့အဖွဲ့ဝင်များက သိနိုင်သည်။ တကယ်လုပ်လျှင်လည်း သိနိုင်သလို တကယ် မလုပ်လျှင်လည်း သိနိုင်သည်။

မဖယ်ထုတ်သင့်သော သူတို့ကို ထိပ်တန်း နေရာများမှ ဖယ်ထုတ်ခဲ့သည့် အတွက် အရာရာတွင် နောက်ကျ ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံအတွက် မူဝါဒ ချမှတ်သည့် အသိုင်းအဝိုင်းတွင်းသို့ ထက်မြက်သူများ ဆွဲသွင်းရေးသည် ပထမ ဦးစားပေး ဖြစ်သင့်သည်။ ပြုပြင် ပြောင်းလဲရေး ကာလ၏ ကောင်းကွက် တစ်ခုမှာ Technocrat ခေါ် ပညာရှင် အုပ်ချုပ်သူများ မူဝါဒ ချမှတ်သည့် နေရာကြီးများသို့ ရောက်လာခြင်း ဖြစ်သည်။ ဝန်ကြီး၊ ဒုဝန်ကြီး နေရာများတွင် ပညာရှင်များ၊ ဝန်ထမ်းကြီးများ ရောက်လာသည့် အနက် လတ်တလော ဥပမာ တစ်ရပ်မှာ ဒေါက်တာ ဒေါ်ခင်စန်းရီ ပညာရေး ဝန်ကြီး ဖြစ်လာခြင်း ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်မှသာ ဝန်ကြီး လုပ်ရမည်ဆိုလျှင် ဒေါက်တာ ဒေါ်ခင်စန်းရီ ဝန်ကြီး ဖြစ်လာရန် အကြောင်းမရှိ။

ဒီမိုကရေစီကို ကမ္ဘာအနှံ့ ဖြန့်ဖြူးနေသော အမေရိကန် ပြည်ထောင်စုတွင် မြန်မာနိုင်ငံထက် လူတော် လူထက်များသည်ကို ထူးပြီးပြောရန် မလိုပါ။ ထိုသို့သော နိုင်ငံကြီးတွင်ပင် ထက်မြက်သောသူတို့ စိတ်တိုင်းကျ ခေါင်းခေါက် ရွေးနိုင်အောင် ကန့်သတ်မထားလျှင် မြန်မာနိုင်ငံကဲ့သို့ လူသားအရင်းအမြစ် ချွတ်ခြုံကျ နိုင်ငံမျိုးက ကန့်သတ်သင့်ပါသလား။

ထိုမေးခွန်း၏ အဖြေသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည်။ အဖြေလွဲလျှင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးကို ကြီးစွာ ထိခိုက်နိုင်သည်။

မြန်မာ ကစ်ဆင်းဂျားများ မြင်လိုပါသေးသည်။ မြန်မာ ကွန်ဒိုလီဇာ ရိုက်စ်တို့လည်း ပေါ်စေ ချင်ပါသေးသည်။

the voice

ဝမ်းဗိုက်အဆီ လျော့ကျစေမည့်နည်း ၉ သွယ်




22-02-2014

ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင်လုပ်နိုင်မယ့်အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

::::: လေ့ကျင့်ခန်းလုပ်ပါ...
လေ့ကျင့်ခန်းအားလုံးဟာကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေကသာ ဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။

::::: ဗိုက်ကိုတုန်ခါအောင်လုပ်ပါ...
ဗိုက်ကို တုန်ခါစေတဲ့ စက်နဲ့ အဆီချပေးတာက ထိုင်-ထ လေ့ကျင့်ခန်း လုပ်သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အဆီကို သိသိသာသာ လျော့ကျ စေတာကိုတွေ့ရပါတယ်။

::::: ညနေခင်းတွင်အလင်းရောင်ကို လျှော့ချပါ...
စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့ဆက်စပ်မှုရှိပါတယ်။ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဥ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

::::: စောစော အိပ်ရာဝင်ပါ...
တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။

“အိပ်ရေးပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီးဆာလောင်မှုကိုဟန့်တားပေးတဲ့Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။

:::::ရှလကာရည် သောက်ပါ...
တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက်ဗိုက်ပူတာ ငါးရာခိုင်နှုန်း လျော့ကျမှုရှိစေတယ်လို့ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့ Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင်လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာမစားခင်မှာ ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။

:::::ဒိန်ချဉ်စားပါ...
နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှုရှိတာကိုတင်နက်ဆီးတက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။တခြားအစာတွေအနေနဲ့အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

::::: စိတ်ဖိစီးမှုကို အနိုင်ယူပါ...
စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာက အင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။

:::::ဗီတာမင်ဒီကို ရယူပါ...
နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ဗီတာမင်ဒီမလုံလောက်တာကြောင့်အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။

::::: ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ...
ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်

<<လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

By ကြယ်စင်(Goodhealth)

ကား Delivery ၀န်ဆောင်မူ




အိမ်တိုင်ရာရောက် ပို့ပေးတဲ့ စနစ်အနောက်မှာ ပေါ်ပေါက်လာတဲ့ ၀န်ဆောင်မူတစ်ခု ဖြစ်ပါတယ်။ ကျတော်တို့ နိင်ငံမှာ အိမ်တိုင်ရာရောက် ၀န်ဆောင်မူတောင် မတွင်ကျယ်သေးတဲ့ အချိန်မှာ သူတို့ အနောက်နိင်ငံတွေဆီက ကားတိုင်ရာရောက် ပို့တဲ့ စနစ်ပါတဲ့ဗျာ။

မှာယူချင်သော ပစ္စည်းတွေအားလုံးကို မိုဘိုင်း၊ tablet တွေနဲ့ စိတ်ကြိုက်မှာပြီးသကာလ မိတ်ဆွေတို့ရဲ့ကားကို ကုန်စုံဆိုင် တစ်ဆိုင်ဖြစ်သွားအောင် လုပ်ပစ် လို့ရပါတယ်။
ဒီလိုမှာနိင်အောင် ဆွီဒင် ကုမ္ပဏီတွေဖြစ်တဲ့ Volvo နဲ့ ကွန်မြူနစ်ကေရှင် နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Ericsson တို့ ပူးပေါင်းစီစဉ်ထားတာ ဖြစ်ပါတယ်။

မကြာမီ ဘာစီလိုနာမှာ ကျင်းပမဲ့ မိုဘိုင်းဝေါ့လ်ကွန်ဂရပ်စ်မှာ ပြသဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အွန်လိုင်းကနေ ကြိုက်တာမှာ ထိုအခါ လာပို့သမားတွေက GPS နဲ့ သင့်ကားဆီကိုရှာပြီးလာပို့မှာ ဖြစ်ပါတယ်။
ပြီးတဲ့ အခါ ထိုအတွက် ဖန်တီးထားတဲ့ သင့်ကားကို ဖွင့်လို့ရမဲ့ တစ်ခါသုံး ဒီဂျစ်တယ်ကီးနဲ့ ဖွင့်ပြီး ပစ္စည်းတွေကို ထည့်ပေးသွားမှာ ဖြစ်တဲ့အတွက် သင့်ဟာ ကားပေါ်မှာ မရှိတဲ့အချိန်မှာတောင် အဆင်ပြေနိင်ပါလိမ့်မယ်။

Aung Heine
Smart Pro Journal

ဗီဇာ မလိုပဲ စင်ကာပူသွားနေတဲ့ မြန်မာပြည်က သဲ




မြန်မာနိုင်ငံသားတွေ ခေတ်မီဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ စင်ကာပူနိုင်ငံကို သွားပြီး အလုပ်တွေလုပ်ဖို့ အလည် အပတ်တွေသွားဖို့ ငွေကြေးတွေ အကုန်အကျခံပြီး ဗီဇာတွေလျှောက်ကြရပေမယ့် မြန်မာ့ သဲ က
တော့ စင်ကာပူနိုင်ငံကို ဗီဇာ မလိုပဲ သွားနေခဲ့တာ နှစ်တွေနဲ့ ချီနေပါပြီ။

စင်ကာပူနိုင်ငံကို ဗီဇာ မလိုပဲ သွားနေတဲ့ မြန်မာပြည်က သဲများတင်လာတဲ့ ရေယာဉ်တစီး၊

ဓာတ်ပုံ- စမ်းချောင်း ကိုကိုကြီး ( ၈၈ မျိုးဆက်)

ဒါနဲ့ ပတ်သက်ပြီး အခုရက်ပိုင်း တနင်္သာရီတိုင်းခရီးစဉ် ထွက်နေကြတဲ့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့် လင်း လူ့အဖွဲ့အစည်း) က စမ်းချောင်း ကိုကိုကြီးက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခု ဓာတ်ပုံတွေနဲ့တကွ မှတ်ချက် စာသားလေးက မီးမောင်းထိုးပြနေတာပါဘဲ။

လူတွေ ဒီလို ကိစ္စမျိုးကို သတိမေ့နေကြတယ်ထင်လို့ သူက အခုလို ရေးပြလိုက်တာလည်းဖြစ်နိုင်ပါတယ်။

ဗီဇာမလိုဘဲ
စင်္ကာပူသွားတဲ့
မြန်မာပြည်ကသဲ။.တဲ့။

တကယ်တော့ လွန်ခဲ့တဲ့ နှစ်အတော်ကြာလောက်ကတည်းက တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်ဘက် ပါချန် မြစ် ပတ်ဝန်ကျင်မှာ မြန်မာနိုင်ငံပိုင် သဲတွေကို စုပ်ယူပြီး စင်ကာပူနိုင်ငံကို ရောင်းချနေခဲ့ကြတာပါ။

အခုလို သဲတွေကို စုပ်ယူထုတ်လုပ်ပြီး စင်ကာပူကို ရောင်းချတဲ့အတွက် ဒေသခံ ငါးဖမ်းလုပ်ငန်းတွေလည်း အ တော် ထိခိုက်ပျက်စီးကြတယ်လို့ သိရပါတယ်။ အထူးသဖြင့် သဲတွေ စုပ်ယူလိုက်တော့ သဲခုံတွေက ပျက်စီးကုန် ကာ ငါးစားကျက်တွေ ပျက်စီးသွားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

တနည်းပြောရရင် ပင်လယ် ဂေဟစနစ်နဲ့ သဘာဝ ပတ်ဝန်းကျင်ကို အဓိက ထိခိုက်စေတဲ့ သဲစုပ်ယူမှုလည်းဖြစ်နေတာပါ။

ဒါကြောင့် ဒေသခံ တံငါတွေက လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ် နှောင်းပိုင်းလောက်ကတည်းက သမ္မတ ဦးသိန်းစိန် ဆီ သဲစုပ်ယူပြီး စင်ကာပူနိုင်ငံကို အကြီးအကျယ်စီးပွားဖြစ် ရောင်းစားနေမှုတွေကို ကန့်ကွက်တဲ့ စာတွေ တသီကြီး ပေးပို့ခဲ့ကြပါတယ်။

ဒါပေမယ့် သဲ စုပ်ယူထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေကတော့ အခုထိ ရှင်သန်ကြီးထွားနေပြီး စင်ကာပူနိုင်ငံကို ဗီဇာ မလိုပဲ သွားနေဆဲဖြစ်တယ်ဆိုတာ အဲဒီ ဓာတ်ပုံတွေက သက်သေခံနေတာပါ။

အိမ့်သံစဉ်

ဧရာဝတီ

ပြောနည်း ၁၀၀ အခန့်သုံး/အရပ်သုံး အင်္ဂလိပ်စကားပြော (၂၀)


97. THANK PEOPLE FOR COMING

အခမ်းအနားလာ ပရိသတ်အား ကျေးဇူးတင်စကားပြောခြင်း

Thank you for

Thank you for coming

အခုလို တက်ရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

It's been a pleasure

It's been a pleasure to meet you.

ခင်ဗျားနဲ့တွေ့ရတာ ၀မ်းသာပါတယ်။

I've been delighted to

I've been delighted to be able to speak to you.

မိတ်ဆွေနဲ့ စကားပြောခွင့်ရတာ ၀မ်းမြောက်ပါတယ်။

I'd like to show my thanks

I'd like to show my thanks by inviting you to my house for drinks.

ကျွန်တော့်အိမ်ကို တစ်ခုခုသောက်ဖို့ ဖိတ်ရင်း ကျေးဇူးတင်ကြောင်းပြပါရစေ။

I have enjoyed

I have enjoyed your company today.

ဒီနေ့လာရောက်ပေးတာ အရမ်းဝမ်းသာပါတယ်။

98.THANK FOR LETTING YOU SPEAK

စကားပြောခွင့်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောခြင်း

Thank you, John

Thank you, John. I want to stress on the fact Jo is irreplaceable.

ကျေးဇူးတင်ပါတယ် John

Thanks for allowing me

Thanks for allowing me to speak  at this forum.

အခုနှီးနှောဖလှယ်ပွဲမှာ စကားပြောခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။

Thanks for calling on

Thanks for calling on me. It's a great chance to share my ideas.

ကျွန်တော့်ကို ပြောခိုင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်တော့် စိတ်ကူးတွေကို မျှဝေပေးဖို့ အထူးအခွင့်အရေး တစ်ရပ်ပါ။

I appreciate the opportunity to address

I appreciate the opportunity to address such a distinguished group.

အခုလို ဂုဏ်သရေရှိလှတဲ့ အဖွဲ့ကို အမှာစကားပြောကြားခွင့် ရတာကို ကျေးဇူးတင်ပါတယ်။

It's a pleasure to

It's a pleasure to be able to talk about the MX project.

MX  စီမံကိန်းအကြောင်းပြောခွင့်ရတာ ၀မ်းမြောက်မိပါတယ်။

99. SAY BYE FORMALLY နှုတ်ဆက်ခြင်း

Good night

Good night, everyone.

အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။

Goodbye

Goodbye. Please send my regards to Miss Burkes.

နှုတ်ဆက်ပါတယ်။

Miss Burkes ကို ကျွန်တော် နှုတ်ဆက်တဲ့အကြောင်း ပြောလိုက်ပါဦး။

It was nice to

It was nice to talk to you.

ခင်ဗျားနဲ့ စကားပြောရတာ ကောင်းပါတယ်။

It's been a pleasure to

It's been a pleasure to get to play golf with you.

မိတ်ဆွေနဲ့ ဂေါ့ဖ်ရိုက်ရတာ ပျော်ရွှင်စရာပါခင်ဗျား။

Hope we meet

Hope we meet again before next summer.

နောက်နွေမတိုင်ခင် ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်။

100. SAY BYE INFORMALLY အရပ်ဆန်ဆန်နှုတ်ဆက်ခြင်း

See you

See you later.နောက်မှတွေ့မယ်။

Take care

Take care. Till tomorrow.

ဖြည်းဖြည်းနော်။ မနက်ဖြန်မှ။

Cheers

Cheers. Give my love to Jeannette.

ချီးယားစ်။ဲနညေညနအအန ကို နှုတ်ဆက်ပါတယ်လို့။

Bye

Bye Charlie.

ဘိုင်း ချာလီ။

So Long

So Long. Lovely to see you again.

တွေ့ကြသေးတာပေါ့။ ပြန်တွေ့မယ်။



ဇာနည် (MyWay!)
Internet Journal

အရပ် နှစ်ပေရှစ်လက်မသာ ရှိသော ဗြိတိန်နိုင်ငံ၏ အသေးဆုံး ဆယ်ကျော်သက် မိန်းကလေး



အင်္ဂလန်နိုင်ငံ ချီရှိုင်းယားဒေသ တွင် နေထိုင်သော အသက် ၁၅ နှစ် အရွယ် ဂျော်ဂျီယာရီကန် ဆိုသူ ဆယ် ကျော်သက် အမျိုးသမီးငယ်လေး သည် အရပ်နှစ်ပေ ရှစ်လက်မ သာ ရှိပြီး ဗြိတိန် နိုင်ငံ၏ အသေးဆုံး ဆယ်ကျော်သက် ဖြစ်ကြောင်း သိရသည်။

”ကျွန်မကိုယ်ကျွန်မ သေးတယ် ဆိုတာကို မေ့သွားတယ်။ သူများတွေ နဲ့ တန်းတူလို့ပဲ ခံစားရတယ်။ ကျောင်းစ တက်ကတည်းက ကျွန်မမှာ ပြောင်းလဲ တာ မရှိဘူး။ အသက်တော့ နည်းနည်း ကြီးလာတယ်” ဟု 4င်းက ဆိုသည်။

ဂျော်ဂျီယာသည် အရိုးအဆစ် ကြီးထွားမှု ရပ်တန့်သော ရောဂါကို ခံစားနေ ရပြီး ဆရာဝန် aပါင်းများ စွာနှင့် ကုသခဲ့ဖူးသော်လည်း ထူးခြားမလာ ခဲ့ပေ။ ၄င်းသည် အောက် တိုဘာ လက နောက်ဆုံး အကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ ရပြီး ယင်းခွဲစိတ် ကုသမှုမှာ ငါးနာရီ ကြာမြင့်ခဲ့သည်။

၎င်း၏ ခြေဖဝါး အရွယ်အစားမှာ လည်း ခုနစ်နှစ်အရွယ် ကလေးငယ် တစ် ဦး၏ ခြေဖဝါးမျှသာ ရှိပြီး အကူအညီ မပါဘဲ မတ်တတ် မရပ်နိုင်သဖြင့် မိဘ များက စတာ လင်ပေါင် ၁၈ဝဝဝ တန် ဝှီးချဲ တစ်ခု ဝယ်ပေးထားရကြောင်း သိရ သည်။

TW

Ref: Daily Mail
Popular Myanmar News Journal


ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ


အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာတစ်မျိုး ကြောင့် ပါးသိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်းသည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။

အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယား ဒေသတွင် နေထိုင်သူ ဟာနန်သည် သားအိမ်ရောဂါ တစ်မျိုးကြောင့် အသက် ၁၁ နှစ်အရွယ်မှစ၍ ပါးသိုင်းမွေး များ စတင်ပေါက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမွေးအမျှင် များသည် ရင်ဘတ်နှင့် လက်မောင်း၌ပါ ပျံ့နှံ့လာ ခဲ့ကာ အပြင်ထွက် သည့် အခါနှင့် ကျောင်းသွားသည့် အခါ၌ လူများ၏ တွတ်ထိုး ပြောခြင်းကို ခံရ သည့် အပြင် အင်တာနက်ပေါ်၌ အသက် အန္တရာယ် ခြိမ်းခြောက်ခြင်း ကိုပါ ခံစား ခဲ့ရကြောင်း ဟာနန်က ဆိုသည်။

ဆယ်ကျော်သက် ကာလ များတွင် ယင်းအမွေးအမျှင် များ ပေါက်နေမှု ကြောင့် စိတ်ဆင်းရဲခဲ့ ရကြောင်း၊ တစ် ပတ်လျှင် နှစ်ကြိမ် ရိတ်သင်ခဲ့ ရပြီး ကိုယ့် ကိုယ်ကိုယ် သတ်သေ ချင်သည်အထိ ဖြစ်ခဲ့ ဖူးကြောင်း ၄င်းက ထပ်လောင်းဆို သည်။

သို့ရာတွင် အသက် ၁၆ နှစ် အရွယ်၌ အတွေးအခေါ် ပြောင်းလဲခဲ့ ပြီး နှစ်ခြင်း ခရစ်ယာန်ဘာသာကို သက် ဝင်ယုံကြည်ခဲ့ကာ အမွေးအမျှင် များ ပေါက်နေခြင်း အပေါ် သဘော ကျလာ ခဲ့ကြောင်း သိရသည်။

”မိဘတွေက ကျွန်မကို အိမ်ထောင် မကျနိုင်မှာနဲ့ အလုပ်မရနိုင်မှာ ကို စိုးရိမ်ကြတယ်။ အခု ကျွန်မ အရှိကို အရှိအတိုင်း လက်ခံ လိုက်တယ်။ လူ တွေအလယ်မှာ ရဲရဲ ဝံ့ဝံ့ နေတယ်” ဟု ဟာနန်က ပြောကြားသည်။ ၄င်းသည် ယခု အချိန်တွင် မူလတန်းကျောင်း ၌ လက်ထောက် ဆရာမ အဖြစ် လုပ်ကိုင် လျက်ရှိသည်။

အဆိုပါ သားအိမ် ရောဂါ တစ်မျိုး မှာ မျိုးဥထုတ် နိုင်စွမ်း မရှိခြင်း၊ ကျား ဟော်မုန်း များပြားနေခြင်းဖြစ်ပြီး ယင်း ဝေဒနာကို ကုသနိုင်သော ဆေးဝါး မရှိကြောင်း အများစု မှာ ကိုယ်ဝန်ဆောင် နိုင်သော်လည်း တစ်ခါတစ်ရံ သားအိမ် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။

TW

Ref: Daily Mail
Popular Myanmar News Journal

ရုံးခွန်၊ တံဆိပ်ခေါင်းခွန်များ ထက်ဝက်လျှော့ချရန် စီစဉ်နေ


ရုံးခွန်, တံဆိပ်ခေါင်းခွန်, ၀င်ငွေခွန်, ကုန်သွယ်ခွန်, ပြည်တွင်းအခွန်များ ဦးစီးဌာန, ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ကော်မတီ, IMF, GDP, အခွန် ၁၄ မျိုး
ရန်ကုန် ကမ်းနားလမ်းရှိ အကောက်ခွန် ဦးစီးဌာန ရုံးချုပ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်များကို မူလကောက်ခံနေသည့်နှုန်းမှ ထက်ဝက်လျှော့ချကောက် ခံရန် စီစဉ်နေကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

“လွှတ်တော် မပေါ်ခင်အထိက ဒီဟာကိုဘဏ္ဍာအခွန်ကပဲ လုပ်ဆောင်တာ၊ လွှတ်တော်ပေါ်လာတော့ ပြည်ထောင်စု လွှတ်တော်က သာ ပြဌာန်းနိုင်တဲ့ ဥပဒေတွေဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ယူရတယ်၊ အရင်ကတည်းက ဘဏ္ဍာရေး ၀န်ကြီးဌာနက မူရင်းဥပဒေပြင်ဖို့ ရှိတယ်၊ လွှတ်တော်ပေါ်လာချိန်မှာ ဒါကို အခြေခံဥပဒေပါအတိုင်း လွှတ်တော်ကနေ လုပ်ဆောင် တာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန် စသည်တို့ကို လွှတ်တော် ပြဌာန်းချက်နှင့်အညီ ပြင်ဆင်ရေးဆွဲလျက် ရှိပြီး ယခုကျင်းပနေသည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမှုများပြုလုပ်နေသော်လည်း အတည်ပြုပေးနိုင်ခြင်း မရှိသေး ပေ။

“ဥပဒေတွေကတော့ ဆွေးနွေးနေတုန်းပဲ၊ ဒါကလည်း အထဲမှာပါတဲ့ စကားကိုပဲ ဆွေးနွေးနေတာပါ၊ ဝင်ငွေခွန်တွေ၊ ကုန်သွယ်ခွန် တွေကတော့ အသေးစိတ် ညှိမရသေးဘူး၊ ဘယ်လောက်ကောက်ရမလဲ မသိသေးဘူး၊ အခုက ရုံးခွန်နဲ့ တံဆိပ်ခေါင်း ခွန်ကတော့ အခု ကောက်နေတဲ့နှုန်းထက် ထက်ဝက်ချိုးပဲကောက်ခံဖို့ သဘောတူလိုက်တာပါ၊ အသေးစိတ်တော့ မပြောနိုင်သေးဘူး”ဟု ပြည် သူ့ လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။

ယခု အချိန်အထိ မည်သည့်ပမာဏနှင့် ကောက်ခံမည်ကို ပြောကြားနိုင်မှု မရှိသေးခြင်းမှာ အသေးစိတ် ဆွေးနွေးနေဆဲ ဖြစ်သောကြောင့် ဖြစ်ကြောင်း၊ လက်ရှိတွင် မူရင်းအခွန်ဆိုင်ရာနှင့် ပတ်သက်သည့် ဥပဒေကိုလည်း ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

“အခုဆွေးနွေးနေတာမှာ အခွန်တွေအတွက် ဥပဒေကြမ်းတခု ရေးဆွဲတာကို ဆွေးနွေးနေတယ်၊ ဒီဟာကနေ တရားဝင် တိကျတဲ့ အဖြေထွက်လာရင် သမ္မတဆီ ပို့ပြီးတာနဲ့ အတည်ဖြစ်ပါမယ်၊ ဒီလွှတ်တော်မှာ ပြီးနိုင်ပါမယ်၊ အခုအချိန်မှာက လွှတ်တော်အမတ် တယောက်ရဲ့ စောင့်ထိန်းရမယ့် တာဝန်အရ ဘယ်လောက်ဆိုတာကို တရားဝင် သမ္မတ လက်မှတ်မထိုးမချင်း ပြောခွင့်မရသေးလို့ပါ”ဟု ဦးဝင်းမြင့်က ပြောသည်။

မူလက ကောက်ခံနေသည့် ရုံးခွန်၊ တံဆိပ်ခေါင်း ခွန်များ ဈေးကို လွှတ်တော်က ၇၀ ရာခိုင်နှုန်းအထိ လျှော့ချ ကောက်ခံရန် စီစဉ် ခဲ့သော်လည်း နောက်ဆုံးတွင် အစိုးရအဖွဲ့နှင့် ညှိနှိုင်းချက်အရ ထက်ဝက်နှုန်းသာ လျှော့ချ ကောက်ခံရန် သဘောတူလိုက်ခြင်း ဖြစ် ကြောင်း သိရသည်။

“ရုံးခွန်နဲ့ တံဆိပ်ခေါင်းခွန် ကျတော့ ၁၉၉၀ ပြည့်နှစ်မှာ ၁ ကျပ် တန် တံဆိပ်ခေါင်း ကပ်ရတယ်ဆိုရင်၂၀၁၀ မှာ အဆ ၁၀၀ တက် လိုက်တယ်၊ လူထုမှာ သွားထိခိုက်တယ်၊ ဥပမာ – ရုံးခွန်တွေ ဘာတွေဆို အမှုတခုဖြစ်ရင် တံဆိပ်ခေါင်းခွန် ၁၅ သိန်း၊ ရုံးခွန် တံဆိပ် ခေါင်း ကပ်ပြီးမှ ရတယ်၊ ကိုယ့်အမှု ဘယ်လောက်ပဲ နိုင်မယ် ထင်ထင် ၁၅ သိန်း မရှိရင် တရားစွဲခွင့် မရှိဘူး၊ လွှတ်တော်ပေါ်လာတော့ ဒါမဖြစ်သင့်ဘူး ဆိုပြီး တာဝန်ပေးတယ်၊ အခုပြင်မယ်”ဟုလည်း ဦးဝင်းမြင့် က ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အခွန် ၁၄ မျိုးရှိနေသော်လည်း အဓိက ၄ မျိုးသာ ကောက်ခံနိုင်သေးကြောင်း၊ အဆိုပါ ၄ မျိုးမှာ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်၊ ကုန်သွယ်ခွန် တို့ ဖြစ်ကြောင်း သိရသည်။

“ဒီ ၄ မျိုးကနေ ၉၀ ရာခိုင်နှုန်းကျော်ကျော် ရတယ်၊ ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ ရုံးခွန်၊ အောင်ဘာလေ က ရတယ်၊ ဒါပေမယ့် ကောက်ခံတာမှာကလည်း အရမ်းများရင် အခွန်မဆောင်တော့ဘူး၊ လျော့ရင်လည်း နိုင်ငံဘဏ္ဍာ မရဘူး၊ ဒီတော့ ဒီနှစ်ခု ကြားချနိုင်အောင် လုပ်နေတာပါ”ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတဦး က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှုနှုန်းမှာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး(GDP)၏ ၄ ရာခိုင်နှုန်းသာ ရှိသေး ကြောင်း၊ အာရှတွင် အခွန်ကောက်ခံရရှိမှု အနည်းဆုံးနိုင်ငံ၌ ပါဝင်ကြောင်း ပြည်သူ့ လွှတ်တော်သို့ တင်သွင်းသည့် ဘဏ္ဍာရေး ဆိုင်ရာ စာရင်းဇယားတွင် ပါရှိသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) က မြန်မာနိုင်ငံ၏ GDP တန်ဖိုးမှာ ယခုနှစ်တွင် ၇.၈ ရာခိုင်နှုန်းနီးပါးအထိ မြင့် လာနိုင်သည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ၈.၉ ရာခိုင်နှုန်း မျှော်မှန်းထားသည်။

ရုံးခွန်ဆိုရာတွင် တရားရုံး၌ အငြင်းပွားသည့် အမှုတန်ဖိုးအလိုက် ကောက်ခံရာတွင်ပေးသွင်းရခြင်းဖြစ်ပြီး အမှုတခုတွင် ပိုင်ဆိုင်မှုမှာ ၁ သိန်းမှ သိန်း ၁၀၀ ဆိုပါက ရုံးခွန် ၅ သောင်း၊ အမှုတန်ဖိုး၏ ၀.၅ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း၊ သိန်း ၁၀၀ အထက်နှင့် သိန်း ၅၀၀၀ အထက်ကို ရုံးခွန် ၁၅ သိန်း ပေးဆောင်ရကြောင်း တရားရုံးချုပ် ရှေ့နေ ဦးဝင်းမြင့်ကလည်း ပြောဆိုသည်။

တံဆိပ်ခေါင်းခွန် ဆိုရာတွင် မည်သည့် အမျိုးအစား ပစ္စည်းမဆို ဝယ်ယူရာ၌ လည်းကောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ချုပ်ဆိုကြရာ၌ ပေးဆောင်ရသည့် တံဆိပ်ခေါင်း တန်ဖိုးများဖြစ်ပြီး ၎င်းတို့တွင်အိမ်ခြံမြေ ဝယ်ယူခြင်း၊ သဘောတူစာချုပ် ချုပ်ဆိုခြင်းတို့ ပါဝင်သည် ဟုလည်း ဆိုသည်။

လက်ရှိရေးဆွဲနေသည့် အခွန်ဥပဒေကြမ်းတွင် အခွန်ကို သေချာစည်းကျပ်နိုင်မည့် နည်းဥပဒေများကိုလည်း ထည့်သွင်းကြောင်း၊ စာရင်းအမျိုးမျိုး တင်ပြမှုများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ စာရင်းလိမ်ပါက ထိရောက်စွာအပြစ်ပေးနိုင်ရန် ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။

“အခွန်ထမ်းအနေနဲ့ ဘာတွေရမလဲ ဆိုတာလည်း ရှိသင့်တယ်၊ ဒါတွေကို အခွန်ဘက်ကလည်း ပြင်ရမယ်၊ လွှတ်တော်မှာလည်း အခုက အခွန်ကောက်နေတဲ့ပုံစံက ဘယ်လိုလဲဆိုတော့ ရပ်ကွက်တခုမှာပဲဖြစ်ဖြစ်၊ မြို့နယ်တခုမှာပဲဖြစ်ဖြစ် အခွန်ဆောင်သူတွေကိုပဲ အခွန်တိုးသထက် တိုးကောက်တယ်၊ အခွန်ထမ်းသစ်မရှာဘူး၊ ဒီတော့ ဒီအခွန်ကို မထမ်းချင်ဘူး၊ အခွန်ထမ်းတဲ့ ဦးရေ တိုးဖို့လိုတယ်”ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေး ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

လက်ရှိ ဆွေးနွေးနေသည့် အခွန်ဥပဒေကြမ်းတွင် ဝင်ငွေခွန်ပေးဆောင်ရာ၌ ယခင်က လစာ တသိန်း အထက်ရသူတိုင်း ဝင်ငွေခွန် ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည့်အချက်ကိုလည်း ပြင်ဆင်ဆွေးနွေးရန် ရှိကြောင်း၊ မည်သည့် ပမာဏမှသာ ကောက်ခံမည် ကို တိကျစွာ မသိသေးကြောင်း၊ ကောက်ခံရာတွင်လည်း ယခုအခါ အစိုးရဝန်ထမ်းများသာ ပေးဆောင်နေရပြီး ကုမ္ပဏီဝန်ထမ်းများမှာ ပေးဆောင်ခြင်း မရှိသောကြောင့် မျှတမှု မရှိကြောင်း၊ သို့အတွက် အဆိုပါ ပမာဏကို ပြင်ဆင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဧရာဝတီ

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်




အောင်ခမ်း (ရိုးရာလေး)

စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။

၁။ ပိုမို ပျော်ရွှင်စေမှာလား

ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။

၂။ အချိန်တန်ပြီလား

ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီမှာ ကိုယ်ဝန်သည် ဇနီးရှိနေမယ်။ မနာမကျန်းမိဘ ရှိနေမယ်ဆိုရင်လည်း အဆင်မပြေပြန်ဘူးလေ။ အလုပ်ထွက်ရင်ဝင်ငွေက မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ပဲနဲ့ အဲဒီတာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင်စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ အချိန်ကာလတစ်ခုကို ရောက်ပြီလားဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။

၃။ ငွေလုံလောက်ပြီလား

ဒါကလည်း စဉ်းစားစရာပေါ့။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုထောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအနှီး ပဲလိုတာ မဟုတ်တော့ဘူးလေ။ အဲဒီကာလအတွင်း ကိုယ့် စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေကြေး အင်အား ရှိပြီလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလုံလောက်ပြီလားလို့ ကိုယ့်ကိုယ်ကို အရင်ပြန်မေးဖို့ လိုအပ်ပါသေးတယ်။

၎။ ကူညီထောက်ပံ့မယ့်သူ ရှိပြီလား

ကူညီထောက်ပံ့သူဆိုလို့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်အားအရ တစ်ယောက်တည်း မနိုင်ရင် ဝိုင်းကူပေမယ့် ပါတနာမျိုး၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ မိဘမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းမျိုး တို့ ဖြစ်ပါတယ်။ စီးပွားရေး တစ်ခုစတင်တိုင်း အခက်အခဲဆိုတာ ရှိမှာပဲ။ အဲဒါကို တစ်ယောက်တည်း ခေါင်းအစားခံ ဖြေရှင်းနေတာထပ် တစ်ဦးတစ်ယောက်ရဲ့  အကြံအဥာဏ်လေး ရလိုက်တာကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် ကူညီထောက်ပံ့၊ အကြံပေးမယ့်သူလည်း လိုအပ် ပါတယ်။

၅။ ဘဝနေထိုင်မှု ပုံစံပြောင်းနိုင်ပြီလား

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူက မနက် စောစော ထပြီး ရုံးအမှီမသွားရတော့ဘူး။ သို့ပေမယ့် အဲ့ဒါထပ် ပိုပင်ပန်းကောင်း ပင်ပန်းလိမ့်မယ်။ အရင်လို နက်ခ်တိုင် ကျကျ နန မဝတ်ရတော့ပဲ ချွေးတစ်လုံးလုံးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်များလို့ ထမင်းကို ဇိမ်ကျကျစားကောင်းမှ စားရလိမ့်မယ်။ အသုံး စရိတ် နည်းသွားလို့ ဆင်းရဲသားလိုလည်း နေကောင်းနေရလိမ့်မယ်။ ဒီဒဏ်တွေခံနိုင်မယ် ဘဝနေထိုင်မှု ပုံစံကိုအခြေအနေလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရင်တော့ လုပ်ငန်းစဖို့ ထောက်ခံချက်တစ်ခု ရသွားပါပြီ။

၆။ စည်းကမ်းနဲ့ နေနိုင်ပါ့မလား

ငါ ဝန်ထမ်းမဟုတ်တော့ဘူး။ မနက်လည်း ထချင်မှထမယ်။ အလုပ်လည်း လုပ်ချင်မှ လုပ်မယ်။ အဲ့ဒီလိုပုံစံနဲ့ ဆိုရင် လုပ်ငန်းရှင်မဟုတ်ပဲ အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စဖို့ ရည်ရွယ် သူက မိမိကိုယ်ကို စည်းကမ်းချမှတ်လို့ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ အကောင်းစား ပစ္စည်းသုံးမှ လုပ်ငန်းရှင်လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ် ဆောင်ရွက်နိုင် ဖို့ကသာ အရေးကြီးပါတယ်။

၇။ အစမ်း ခြေလှမ်းရှိပြီလား

ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ ကော်ဖီဆိုင် တစ်ခုမှ ၆ လလောက် အချိန်ပိုင်း စားပွဲထိုး အရင်လုပ်ရမယ် လို့ ဥပမာ ပေးထားပါတယ်။ သို့ပေမယ့် ကိုယ်စမယ့် စီးပွားရေးလုပ်ငန်းက Model အသစ် သို့မဟုတ် လက်ရှိအလုပ်နဲ့ အလားသဏ္ဍာန် တူ ဆိုရင်တော့ Beta Test လုပ်နေစရာ မလိုပါဘူး။ အကယ်၍ အဲ့လို မဟုတ်ပဲ ပုံစံမတူတဲ့ ခြေလှမ်းဖြစ်နေရင် ပုံစံတူတဲ့ ကုမ္မဏီတစ်ခုမှာ အောက်ခြေ ကစလို့ ၆ လလောက် အချိန်ပိုင်း လုပ်ကိုင် သင့်ပါသေးတယ်။

၈။ အရည်အချင်းပြည့်ဝပြီလား

ကိုယ်ပိုင်လုပ်ငန်း တစ်ခုစဖို့အတွက် တစ်ခုတည်း တတ်နေလို့ မရတော့ဘူး။ အလွယ်ဆုံး ပြောရရင် ထုတ်ကုန် ထုတ်လုပ်ရေး၊ ဈေးကွက် ရှာဖွေရေး ၊ ဖြန့်ချိရေး အချက် သုံးခု စလုံး ပိုင်မှ အလုပ်ဆိုတာ စလို့ ကောင်းတာပါ။ ဒီမှာ ပါလာမယ့် ကိစ္စတွေက အများကြီးပဲ လူမှုဆက်ဆံရေး၊ စီးပွားရေး ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပြောမယ်ဆို အတော်ကိုများတဲ့ လိုအပ်ချက်တွေပါ။ ဒါတွေ တစ်ခုတည်းလိုက်ဖြည့်နေရင် အချိန်ကုန်သွား မယ် လို့လည်း ဆိုပါတယ်။ အချိန်ပေးစရာမလိုပဲ အဲဒါတွေအားလုံး လုပ်ရင်းနဲ့ လေ့လာသွားလို့ရမယ်၊ လေ့လာနေစဉ်လည်း လုပ်ငန်းအပေါ် ထိခိုက်မှု ရှိမသွားဘူးလို့ သေချာယုံကြည်ရင်တော့ လုပ်ငန်း စနိုင်ပါ တယ်။

၉။ အိုင်ဒီယာ ကောင်းရဲ့ လား

ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းပါ။ ရှိနေတဲ့ အိုင်ဒီယာက သစ်ဆန်းရဲ့ လား ၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား၊ ငါတွေးတဲ့ အိုင်ဒီယာ ကောင်းရဲ့ လား အစရှိသဖြင့် ပြန်မေးရမှာ ဖြစ်ပါတယ်။ အတွေးစိတ်ကူးကောင်းကောင်း မရှိ ဘူးဆိုရင်တော့ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခု အောင်မြင်ဖို့ မသေချာ ပါဘူး။

၁၀။ စီးပွားရေး ယာထားချက် ရှိရဲ့ လား

ဒါအရေးကြီးဆုံးပါ။ အထပ်ပါ ၉ ချက်စလုံးက ပြည့်စုံနေပြီ။ အလုပ်ကလည်း ထွက်လိုက်ပြီ။ သို့ပေမယ့် Business Plan ရှိမထားရင်တော့ လုံးပါးပါး သွားနိုင်ပါတယ်။ ဘာနဲ့တူသလဲဆို ခရီးသွားဖို့ ပစ္စည်းပစ္စယ စုံလင်သွားပေ မယ့် ဘယ်အရပ်ကို သွားရမှန်းမသိတဲ့ အနေအထားနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုစတော့မယ်ဆိုရင် အရေးအကြီးဆုံး အနေနဲ့ Business Plan တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။
.
Ref: entrepreneur.com
YoYarLay

စီးပွား ကြိုးစားသူများ ရှောင်ရှားရန် ၃ ချက်



Grant Cardone လို့အမည်ရတဲ့ စီးပွားရေးဆိုင်ရာ ဆောင်းပါးနဲ့ စာရေးဆရာ ပြောတဲ့ ရန်သူ ၃ မျိုးပါ။ စီးပွားစွန့်ဦးတီထွင် ကြိုးစားနေသူ (Entrepreneur) များအတွက် ရှောင်ရှားရမယ့် ရန်သူ ၃ မျိုး ဖြစ်ပါတယ်။ အဲဒါတွေ ကတော့ -

စိုးရိမ်ပူပန်စိတ်

စိုးရိမ်ပူပန်စိတ်ဟာလည်း အကြီးမားဆုံး ရန်သူ တစ်ခု ဖြစ်ပါတယ်။ အလုပ်ဖိစီးမှု၊ ပြဿနာ မဖြေရှင်းနိုင်မှုက စိုးရိမ်စိတ် ဖြစ်ဖို့ အတွက် ထောက် ပံ့တဲ့ အကြောင်းပြချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အရာကိစ္စတိုင်းမှာ စိုးရိမ်၊ အပူပင်ကင်းစွာ ဖြေရှင်းနိုင်ခြင်းက ရန်သူ တစ်ပါးကို တိုက်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။

သက်သောက်သင့်သာ ရှိမှု

သက်သောက်သက်သာ ရှိတာက သူ့ဘာသူ ရှိတာပါ။ သို့ပေမယ့် အဲ့ဒီအရာကို ကြိုက်နှစ်သက်ပြီး လိုက်လံ စီးမြောခံစားနေရင် ရန်သူတစ်ပါးကို ရှုံးနိမ့်လိုက်ပါပြီ။ ထိုင်ခုံရာထူး တစ်ခုမှ အေးအေးဆေးဆေး ရှိနေမယ်။ သို့တည်းမဟုတ် လက်ရှိ ဘဝနေထိုင်မှု ပုံစံက ကိုယ့် အတွက် အေးအေးဆေးဆေး ဖြစ်မယ်လို့ သတ်မှတ်ပြီး ရွေးချယ် လိုက်မိပြီ ဆိုရင် ဘယ်အတွေးအခေါ် အိုင်ဒီယာသစ်မှ မထုတ်နိုင်တော့ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အရင်းတွေနဲ့ပဲ အချိန်ဖြုန်းနေမယ့်အစား မိတ်ဆွေ အသစ်၊ Customer အသစ်များ ရှာဖွေလို့ ကွန်ရက်ချဲ့  ထွင်တာမျိုးလို့ လုပ်ဖို့ စိတ်အားထက်သန်နေရ ပါမယ်။ သက်သောင့်သက်သာ ရှိတဲ့ အရာတွေကို သာ ရွေးချယ်လုပ်ကိုင်တတ်ခြင်းဟာ Entrepreneur တွေကို ကျရှံးစေခြင်း အကြောင်းတရား တစ်ခုပဲ ဖြစ်ပါတယ်။

ရောင့်ရဲ တင့်တိမ်မှု

ကိုယ်က အရမ်းကြိုးစားနေတယ်။ ဒါကို သိမြင်တဲ့ ကုမ္မဏီတစ်ခုက ကိုယ့်ကို ရာထူးကြီးကြီးနဲ့ ခေါ်လိုက်ပီး သက်လဲ သက်သာတယ်။ လစာ လည်း ကောင်းတယ်။ ရှယ်ပဲဆိုပြီး ရွေးလိုက်တာနဲ့ ဘယ်တော့မှ စီးပွားရေး လုပ်ငန်းရှင် မဖြစ်တော့ပါဘူး။ သူတစ်ပါး ခိုင်းဘက်ဘဝနဲ့ တစ်သက်လုံး နေ သွားရမှာပါ။ဒါကိုလည်း တော်ပါပြီလေလို့ ရောင့်ရဲတတ်မှုကလည်း ရှိပါသေး တယ်။ အချို့ ကျတော့လည်း လုပ်တာတော့ လုပ်လိုက်တယ်။ အခြေအနေ တစ်ခု၊ ပန်းတိုင်တစ်ခုကို ရောက်ပြီးတာနဲ့ အနားယူသင့်ပြီး၊ ရောင့်ရဲ သင့်ပြီလို့ တွေးပြီး နေလိုက်ပြီဆိုရင် complacency က ကိုယ့်ကို တိုက်ခိုက်အောင်မြင်သွားပါပြီ။

ဒီတော့ အနှစ်ချုပ်အားဖြင့် စိုးရိမ်စိတ်၊ သက်သောက်သက်သာနဲ့ ရောင့်ရဲ တတ်စိတ် အစရှိတဲ့ ၃ ချက်က Entrepreneur တို့အတွက် ရန်သူ များဖြစ်တာမို့ ခွန်အားရှိသလောက် တွန်းလှံပြီး တိုက်ခိုက်သွားဖို့ လိုအပ် ပါတယ်။

.
Ref: Entrepreneur.com
အောင်ခမ်း (ရိုးရာလေး)


စစ်တွေမြို့တွင်း ၀င်ရောက်သည့် မလေးရှား ၃ ဦးကို ပြန်ပို့


၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း စစ်တွေမြို့ မြင်ကွင်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

စစ်တွေမြို့ရှိ အစ္စလမ် ဘာသာဝင်များ နေထိုင်သော အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ဖေဖော်ဝါရီ ၂၀ ရက်က ၀င်ရောက်ခဲ့ သည့် မလေးရှား နိုင်ငံသား ၃ ဦးကို ရန်ကုန်မြို့သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။

“သူတို့ထဲက ၁ ဦးက ကုန်သည် လိုလို၊ အင်ဂျင်နီယာ လိုလိုနဲ့ဗျ၊ ကုန်သည်ဆိုလည်း ဘာလို့ ဓာတ်ပုံတွေ၊ ဘာတွေ သွားရိုက်ရတာ လဲ၊ အောင်မင်္ဂလာ ရပ်ကွက်က ၂ ဘက် လူမျိုးစုတွေ နီးနီးကပ်ကပ် ရှိနေတဲ့ နေရာဆိုတော့ အကဲဆတ်တဲ့ နေရာ၊ နိုင်ငံခြား သတင်း ဌာနတွေက ကျနော့်ဆီ နောက်ဆုံးလာတာ New York Time က လူတွေပါ”ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ မလေးရှား နိုင်ငံသားများသည် သတင်းထောက်များ မဟုတ်ကြောင်း၊ သတင်းထောက်များ ဆိုလျှင် မိမိထံသို့ ၀င်ရောက် အကြောင်းကြားပြီးမှသာ ၀င်ထွက်သွားလာလေ့ ရှိသော်လည်း မိမိထံသို့ အကြောင်းကြားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ပြည်တွင်း သတင်းထောက်များကို လွတ်လပ်စွာ ၀င်ရောက်ခွင့် ပေးထားသော်လည်း နိုင်ငံခြား သားများ ဆိုလျှင် ၎င်းတို့ ၀င်ရောက်လာသော ဗီဇာ အနေအထားကို ကြည့်ပြီးမှသာ ၀င်ရောက်ခွင့် ပြုသောနေရာ ဖြစ်ကြောင်း လည်း ဦးဝင်းမြိုင်က ဆက်ပြောသည်။

မလေးရှား နိုင်ငံသား ၃ ဦးမှ ၂ ဦးသည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက အောင်မင်္ဂလာ ရပ်ကွက်သို့ ၀င်ရောက်ခဲ့ပြီး ၂ နာရီ နီးပါးမျှ နေခဲ့ကြကြောင်း၊ ၎င်းတို့ ပြန်ထွက်လာသည့် အခါ အောင်မင်္ဂလာ ရပ်ကွက်မှ အစ္စလမ်ဘာသာဝင်တဦးနှင့် ရဲတဦးတို့က လိုက်ပါလာပြီး ၎င်းတို့ တည်းခိုရာ “မြ” တည်းခိုခန်းသို့ ပြန်ပို့ရာတွင် စစ်တွေ ဒေသခံ ရခိုင်လူမျိုးများက သတိထားမိခဲ့ကြောင်း “မြ” တည်းခိုခန်း အနီးရှိ ဓာတ်ပုံတိုက် ပိုင်ရှင် မြို့မိမြိုဖ တဦးက ဧရာဝတီကို ပြောသည်။

စစ်တွေမြို့ ဒေသခံများက “မြ” တည်းခိုခန်းတွင် စုံစမ်းရာ မလေးရှား နိုင်ငံသားများ ဖြစ်သည့် အတွက် မကြာမီ ရက်ပိုင်းအတွင်းက မလေးရှားတွင် ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တို့ သေနတ်ပစ် ခံလိုက်ရသည့် အခြေအနေများကြောင့် စစ်တွေ ဒေသခံများ အကြား စိုးရိမ်စိတ် ကြီးထွားလာပြီး ၎င်းတို့ကို စုံစမ်း စစ်ဆေးခဲ့ကြောင်း အထက်ပါ မြို့မိမြိုဖက ပြောဆိုသည်။

“မလေးရှားလည်း သိရော လူတွေက အကြမ်းဖက်တဲ့ သူတွေနဲ့ အဆက်အသွယ်တွေလား၊ သူတို့ကို ထုတ်ပေး၊ စစ်ဆေးပေး ဆိုပြီး တစတစနဲ့ လူ ၂၀၀ ၀န်းကျင်လောက် အထိ ဖြစ်လာတယ်၊ ကျနော်တို့ကလည်း ကိုယ့်လူကို ပြန်ထိန်း ရတာပေါ့၊ လွန်လွန်ကျူးကျူး မဖြစ်အောင်ပါ”ဟုလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ မလေးရှား နိုင်ငံသား ၃ ဦးနှင့် အတူ ကင်မရာ ၃ လုံး ပါလာကြောင်း၊ ကင်မရာ တလုံးတွင် ဘုမေ ရပ်ကွက်၊ သဲချောင်း ဒုက္ခသည် စခန်းများမှ ဘင်္ဂါလီများ၏ ဓာတ်ပုံများကို တွေ့ရှိရသည်ဟု စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် စစ်တွေဒေသခံ ဦးသိန်းရွှေစိုးက ပြော သည်။

မလေးရှား လူမျိုး ၃ ဦးထဲမှ တဦးသည် အင်ဂျင်နီယာ ဖြစ်ကြောင်း၊ ဒုက္ခသည် စခန်းတွင် အဆောက်အအုံ တည်ဆောက်မည့် စီမံ ကိန်း ဆိုင်ရာ အချက်အလက်များ ပါလာကြောင်း၊ ယခင်ကတည်းက စစ်တွေမြို့သို့ ရောက်ခဲ့ဖူးသည့် အထောက်အထားများကို တွေ့ရှိရကြောင်း ၎င်းက ဆက်ပြောသည်။

ထို ၃ ဦးအား ညသန်းခေါင် ၁၂ နာရီကျော်တွင် ရဲများက “မြ” တည်းခိုခန်းမှ ရဲတပ်ရင်း ရိပ်သာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရ သည်။

“မလေးရှားမှာ ရှိတဲ့ ရခိုင်တွေ ခဲနဲ့ ပေါက်ခံရတာတို့၊ အကြမ်းဖက် ခံရတာကို ကြားနေရတဲ့ အခါ ဒေသခံတွေက ရုန်းရင်း ဆန်ခတ်နဲ့ လက်တုံ့ပြန် လိုတဲ့ ပုံစံတွေ့ရတော့ ကျနော်တို့ တော်တော်လေး ထိန်းရတယ်၊ ဟိုမှာရှိနေတဲ့ ကိုယ့်လူမျိုးတွေ အနေ ပိုကျပ်သွားမှာ ကို စိုးရိမ်လို့၊ ရဲတွေ ကိုင်တွယ်ပုံ ကတော့ အေးအေးဆေးဆေးပါပဲ၊ သူတို့ကို သေသေချာချာ မေးတယ်၊ ပြီးတော့ ထပ်မဖြစ်အောင် ခေါ်သွားတယ်၊ ကျနော် စစ်လိုက်တဲ့ ကင်မရာထဲက Memory Card ကို ဓာတ်ပုံတွေ ဖျက်ပြီး ရဲလက်ထဲ အပ်လိုက်တယ်”ဟု ဦးသိန်းရွှေစိုးက ဆက်လက် ပြောဆိုသည်။

ရခိုင်လူမှု အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်ကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိနေသည့် ရခိုင် တိုင်ရင်းသား ခေါင်းဆောင် နှစ်ဦး ဖြစ်သည့် ဒေါက်တာ အေးမောင်နှင့် ဦးအေးသာအောင် တို့သည် ဖေဖော်ဝါရီလ ၅ ရက် ညပိုင်းက ကွာလာလမ်ပူ မြို့အလယ် Law Yat ပလာဇာ မှ ဈေးဝယ်ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းခံရသော်လည်း တစုံတဦးမျှ ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။


ဧရာဝတီ

အောင်မြင်သော စွန့်ဦးစီးပွား လုပ်ငန်းရှင်များရဲ့ အရည်အချင်း ၅ ရပ်



စာရေးဆရာ Stephen key ဟာ လက်ရှိ ကမ္ဘာမှာအောင်မြင်နေတဲ့ စွန့်ဦးစီးပွားပညာရှင်များ (Entrepreneurs) များကို ပညာသင်ကြားပေး ခဲ့သူ ဖြစ်ပါတယ်။ သူ့အတွေ့အကြုံရ အောင်မြင်သော စွန့်ဦးတီထွင် စီပွားရေးလုပ်ငန်းရှင် များမှာ ရှိတတ်တဲ့ အရည်အချင်း ၅ မျိုးကို ဆောင်း ပါး ရေးသားထားပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ ကြိုးစားနေတဲ့ Entrepreneur များအတွက် အကျိုးရှိမယ့် Entrepreneur များရဲ့  အရည်အချင်း ၅ ရပ် ဆောင်းပါးလေးကို ဆီလျော် သလို ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။

၁။ မယိုင်လဲသော စိတ်အားထက်သန်မှု

အောင်မြင်တဲ့ Entrepreneur များရဲ့  Passion လို့ခေါ်တဲ့ စိတ်အားထက် သန် ပြင်းပြမှု/ ဇော ဟာ ဘယ်လိုအကြောင်းမျိုးနဲ့မှ မယိုင်လဲပါဘူ။ ဘယ်နေရာမှာ စိတ်အား ထက်သန်လဲ (Find your Passion) ဆိုပြီး ပြောတော့သာ လွယ်ပါတယ်။ တကယ်တန်း အခက်သား။ တွေ့ပါပြီတဲ့။ အဲ့ဒီ Passion မှာ ကတိသေစ္စာနဲ့ စူးစိုက်နှစ်မြှုပ်မှုက တည်ကြည်နေဖို့ လိုပါသေးတယ်။ အချို့ က ဝါသနာတော့ ပါတယ်။ အကြောင်းအမျိုး မျိုးကြောင့် အခြား အဆင်ပြေရာ တစ်ခုအပေါ် ပြောင်းလဲပြီး စူးစိုက်နှစ်မြှုစ် လိုက်ရ တယ်ဆိုရင်တော့ Entrepreneur တစ်ယောက် ဖြစ် မလာ နိုင်ပါဘူး။ စိတ်နှစ်ခွ ဖြစ်နေတယ်။ သို့တည်းမဟုတ် ကောက်ရိုးမီးလို ခဏတာ ထလောင်တဲ့ စိတ် - ဘယ်ဟာကို ရွေးလို့ရွေးရမှန်း မသိတာ ဆိုရင်လည်း အချိန်ကာလတ တစ်ခုလောက်ယူပြီး လေ့လာ၊ရှာဖွေဖို့ လိုအပ်နေပါသေး တယ်။

၂။ လေ့လာလိုချင်စိတ်များသူ

လူအောက်ကျို့ လို့ မသေဘူးဆိုသလိုပဲပေါ့။ Entrepreneur တစ်ယောက် ဟာ ပတ်ဝန်းကျင်ကနေ သင်ယူလို့ ရတာ အကုန်သင်ယူတယ်။ ပတ်ဝန်းကျင် ကနေ ကောင်းတဲ့ အမူအကျင့်လေးတွေ တွေ့ရင် ကိုယ့်ဆီက အကျင့်ဆိုးကို ပယ်ဖျက်လို့ ခံယူ တတ်တဲ့ သဘာဝလေး ရှိပါတယ်။ အဲဒါကို ရေမြှုပ်နဲ့ ဥပမာ ပေးထားပြီး ပတ်ဝန်းကျင်က ကောင်းတဲ့ အမူအကျင့်နဲ့ ပညာရပ်များကို ရရင်ရသလောက် ဆုပ်ယူဖို့ တိုက်တွန်း ထားပါတယ်။

၃။ ဆရာကျချင်စိတ်

Desire to be Expert ကိုဆိုလိုတာပါ။ လုပ်ငန်းနယ်ပယ် တစ်ခုထဲမှာ အချိန်ကြာကြာလုပ်မိတဲ့ Entrepreneur တစ်ယောက်ဟာ ယင်း လုပ်ငန်းရဲ့  သမိုင်းကြောင်းအထိကိုပါ အတွင်းကျကျ လေ့လာတယ်။ အရာဝတ္ထု ပစ္စည်း တစ်ခု သို့မဟုတ် ပညာရပ် တစ်ခုကို စိတ်ဝင်စားပြီဆိုရင်လည်း ယင်း ပညာရပ်အပေါ် အတွင်းကျကျ လေ့လာချင်စိတ်၊ သိချင်စိတ် ပြင်းထန် တာဟာ Entrepreneur တစ်ယောက်ရဲ့  အမူအကျင့် တစ်ခု ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ဘယ်လိုဖြစ်လာမယ့် ဆိုတာကိုပါ တွက်ချက်ခန့်မှန်းပြီး ကိုယ့် Plan အတွက်လည်း အကောင်းဆုံး ရေးဆွဲ နိုင်ပါတယ်။ တော်ရုံ အပေါ်ယံလေးပဲ လေ့လာပြီး စွန့်ဦးတီထွင်မှု တစ်ခုပြုလုပ်မယ် ဆိုရင်တော့ မိုက်ရူးရဲမှု တစ်ခုပါပဲ။

၎။ ရှေ့ ရေး ကြည့်တတ်သူ

Entrepreneur တစ်ယောက်ဟာ လက်ရှိ အခြေအနေ လုပ်ဆောင်ချက်မှာပဲ အာရုံစိုက်နေလို့ မပြီးပါဘူး။ ရှေ့ ဆက် ပြီးတော့ ဘယ်လိုလုပ်ရမယ်၊ ဘယ် Target ကို ရောက်အောင်သွားရမယ် အစရှိသဖြင့် Future Plan / Timeline က သေသေချာချာ ရှိနေဖို့လည်း လိုအပ်ပါသေးတယ်။

၅။ အဆက်မပြတ်သော အတွေးအခေါ်သစ်

ကိုယ့်ဆီမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေးအခေါ်အိုင်ဒီယာ တစ်ခု၊ Business Idea တစ်ခု ရှိရုံနဲ့ Entrepreneur တစ်ယောက်ဖြစ်ပြီလို့ လက်မ မထောင်နိုင်သေးပါဘူး။ တကယ်ထူးချွန်ပြီး အောင်မြင်တဲ့ Entreperneur တိုင်းမှာ Idea တွေတစ်ခုပြီးတစ်ခု အဆက်မပြတ် တည်ရှိနေတတ် ပါတယ်။ ဒီအိုင်ဒီယာမရရင် ဘယ်လို အိုင်ဒီယာနဲ့ Plan ကို သုံးမယ်။ ဘယ်လမ်းကြောင်းပြောင်းမယ်။ သို့တည်းမဟုတ် ဒီ စီမံကိန်းပြီးရင် နောက် ထပ် ဘယ် စီမံကိန်းနဲ့ ရှေ့ ဆက်မယ် အစရှိသဖြင့် ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ရှိနေတတ်ပါတယ်။ ဒီတော့ အရာကိစ္စ တစ်ခုထဲကိုပဲ Destination လို့ မသတ်မှတ်ရပါဘူး။ တစ်ခုပြီးတစ်ခု တွေးခေါ် ကြံစည် လုပ်ဆောင် နေရတာကို Life Style တစ်ခုလို့ သတ်မှတ်ထားခြင်းဟာ Entrepreneur ကောင်းတစ်ယောက်ရဲ့  အရည်အချင်း တစ်ခုပဲ ဖြစ်ပါတယ်။
.
Ref: Entrepreneur.com

အောင်ခမ်း (ရိုးရာလေး)

ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ မလေးရောက် မြန်မာတွေ စိုးရိမ်


မလေးရှား, မြန်မာ အလုပ်သမား, ဘာသာရေး, လူမျိုးရေး, ပဋိပက္ခ, မွတ်စလင်, ဗုဒ္ဓဘာသာ, ရခိုင်, မွတ်စလင်
မလေးရှားရောက် မြန်မာ အလုပ်သမားများ ပြည်တော်ပြန်လာသည်ကို ရန်ကုန်လေဆိပ်တွင် ၂၀၁၃ စက်တင်ဘာလ အတွင်း က တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာနိုင်ငံမှာ အစ္စလမ် ဘာသာဝင် မွတ်စလင် လူမျိုးတွေနဲ့ ဗုဒ္ဓ ဘာသာဝင်တွေအကြား ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှာကို စိုးရိမ် နေ တယ်လို့ မလေးရှား နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေက ပြောပါတယ်။

ပြည်တွင်းမှာ အရင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ မလေးရှားမှာရှိတဲ့ မြန်မာ အလုပ်သမားတွေရဲ့ လုံခြုံမှုကို ထိခိုက်မှုတွေ ရှိတဲ့အတွက် ပဋိပက္ခတွေ ထပ်မံ ဖြစ်ပွားမှာကို စိုးရိမ်ကြတာလို့ သူတို့က ပြောပြပါတယ်။

“အထဲ (မြန်မာနိုင်ငံ)မှာ မွတ်စလင်တွေနဲ့ ပတ်သက်ရင် အစွန်းရောက်တဲ့ လူတွေရှိသလို ဒီ(မလေးရှား)မှာလည်း ရှိတယ်၊ အဲဒါကြောင့် အထဲမှာ ပဋိပက္ခဖြစ်ရင် ဒီမှာရှိတဲ့ အစွန်းရောက် တချို့ကလည်း လက်စားချေလိုတဲ့ သဘောနဲ့ ရန်ထောင်ပြီး တကယ် လုပ် တာတွေ ရှိတယ်၊ ဒါမျိုးဖြစ်ရင် ကျနော်တို့အတွက် လုံခြုံမှု မရှိဘူး”လို့ ပီနန်းပြည်နယ်ရှိ စက်ရုံတခုမှာ လုပ်နေတဲ့ မကွေးမြို့က ကိုကျော်ဦး က ဧရာဝတီကို ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေ မြို့နယ်တွေမှာ ပဋိပက္ခတွေဖြစ်ပြီးနောက် မြန်မာနိုင်ငံ ကနေ မလေးရှားကို သွားရောက် အလုပ်လုပ်နေကြတဲ့ မွတ်စလင်တချို့နဲ့ ဒေသခံ အစွန်းရောက် မလေးလူမျိုးတချို့ ပူးပေါင်းပြီး မြန်မာ အလုပ်သမားတွေကို တိုက်ခိုက်နှောင့်ယှက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို အခြေအနေတွေကြောင့် သေဆုံးခဲ့ရသူတွေ၊ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရ သူတွေ၊ ပုန်းရှောင်နေကြရ သူတွေ၊ ပြည်တွင်း ပြန် လာကြရတဲ့သူတွေ အမျိုးမျိုးရှိခဲ့ကြပါတယ်၊ လက်ရှိအခြေအနေမှာလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ နှိုင်းယှဉ်ပြီး နှောင့် ယှက်နေတဲ့ အန္တရာယ်လည်း ရှိနေကြောင်း မြန်မာ အလုပ်သမား တချို့က ပြောပြပါတယ်။

“မြန်မာပြည်မှာ ပဋိပက္ခတွေဖြစ်နေရင် ဒီမှာ ကျနော်တို့အတွက် ဘယ်လိုလုပ် စိတ်ချမှုတွေ ရှိမလဲဗျာ၊ ကျနော်တို့လည်း မြန်မာပြည် မှာ စီးပွားရေး အဆင်မပြေလို့သာ ဒီကိုလာလုပ်စားနေကြရတာ၊ အဲဒီလိုမျိုးတွေဖြစ်ရင် ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိ၊ ဓားပြတွေ၊ ရဲတွေကို ကြောက်ရတာက တမျိုးနဲ့ ဘယ်လိုလုပ် အဆင်ပြေမတုန်း”လို့ ဘာတာဝတ် မြို့နယ်က လျှပ်စစ် စက်ရုံတခုမှာလုပ်ကိုင်နေတဲ့ ရခိုင် လူမျိုး ကိုကျော်မိုးနိုင် ကပြောပါတယ်။

ဘာတာဝတ်မြို့နယ်ထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်ကြတဲ့ မွတ်စလင်တွေရှိပြီး မြန်မာအလုပ်သမားတွေကို အုပ်စုဖွဲ့ တိုက် ခိုက် တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မကြာသေးခင်ကလည်း မြန်မာ့အရေး လှုပ်ရှားသူတဦး အသတ်ခံခဲ့ရသလို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကလည်း ဘာတာဝတ်မြို့နယ်မှာ မြန်မာအလုပ်သမ နှစ်ဦး အသတ်ခံခဲ့ရပါတယ်။

“မြန်မာပြည်မှာ မွတ်စလင်တွေနဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်ရင် ဒီမှာအလုပ်လုပ်နေကြရတဲ့ ကျနော်တို့အတွက် ပိုပြီးလုံခြုံတာပေါ့၊ ခဏခဏ ဖြစ်နေရင်တော့ ဒီမှာ လုံခြုံမှုမရှိဘူး၊ ဒီမှာရှိတဲ့ မြန်မာ လူမျိုးတွေ တချို့ဆို တော်တော် စိုးရိမ်နေကြရ တာပေါ့၊ အဓိကအားဖြင့်တော့ မြန်မာ-မွတ်စလင်တွေ ရှိတဲ့ ရပ်ကွက်တွေမှာ နေရတဲ့ သူတွေဆိုရင် ပိုပြီးတော့ စိုးရိမ်ရတာပေါ့”လို့ ပီနန်းပြည်နယ်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ ရန်ကုန်မြို့က ကိုမောင်ဇော် ရှင်းပြပါတယ်။

မလေးရှားမှာ ၂၀၁၃ ခုနှစ် မေလကနေ ၂၀၁၄ ဖေဖော်ဝါရီအထိ တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား သေဆုံးသူ ၁၀ ဦးကျော်သွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာ နာရေးကူညီမှုအသင်း အဖွဲ့တွေက ပြောပါတယ်။

မလေး ရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေနဲ့ မွတ်စလင်တွေအကြားမှာ သာမန် ပုဂ္ဂိုလ်ရေး ပြဿနာ တွေ က အစ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခအဖြစ် အမြင်မှားနေကြတယ်လို့ မလေးရှားနိုင်ငံရှိ မြန်မာ အလုပ်သမား အရေး ကူညီပေးနေတဲ့ သီတဂူ အထောက်အကူပြု အဖွဲ့က တာဝန်ရှိသူ ဦးသီဟမောင်မောင်က ပြောပြပါတယ်။

“အခုဟာက တခုခုဖြစ်တယ်ဆိုလို့ရှိရင် ဘာသာရေးအသွင်ဆောင်ပြီး ပဋိပက္ခဖြစ်တယ်လို့ပဲ လူတွေကမြင်နေကြတယ်၊ အမှန်တော့ အဲဒီလိုမျိုးကြီးပဲ မဟုတ်ပါဘူး၊ တချို့ဟာတွေကြတော့ ပုဂ္ဂိုလ်ရေးအရ ပြဿနာရှိလို့ဖြစ်တယ်လို့ပဲ မြင်ပါတယ်”လို့လည်း ကိုသီဟမောင်မောင် က ဆိုပါတယ်။

မလေးရှားမှာ တရားမဝင် လုပ်ကိုင်နေကြသူတွေ အပါအဝင် စုစုပေါင်း မြန်မာအလုပ်သမား ပျမ်းမျှ ၃ သိန်း ကျော်ရှိပြီး လျှပ်စစ် စက်ရုံ၊ စိုက်ပျိုးရေး၊ အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်နဲ့ အိမ်အကူလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတာများကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိ ဦးစိုးဝင်း က ဧရာဝတီကို ပြောပါတယ်။

“ပဋိပက္ခတွေက မရှိရင်တော့ ကောင်းတာပေါ့ဗျာ၊ ဒီမှာကတော့ ပုံမှန် တရားဝင်အနေအထားနဲ့ လာလုပ်နေကြတဲ့ အလုပ်သမား တွေကတော့ သိပ်ပြဿနာမရှိပါဘူး၊ အိုဗာစတေး နေတဲ့လူတွေကြတော့ နေရတာ ဟိုရှောင်ဒီရှောင် ဆိုတော့ သူတို့အတွက်တော့ အခက်အခဲရှိတာပေါ့”လို့ ဦးစိုးဝင်းက ပြောပြပါတယ်။

ကိုသီဟမောင်မောင် ကလည်း“ပဋိပက္ခတွေကတော့ မဖြစ်တာအကောင်းဆုံးပေါ့၊ ကျနော်တို့လည်း မဖြစ်စေချင်ပါဘူး၊ အကယ်၍ ဖြစ်ခဲ့လို့ ရှိရင်လည်း ဒီမှာရှိနေတဲ့ ကျနော်တို့ လုံခြုံမှု ပြည့်ပြည့်ဝဝ မရှိတဲ့အခါကြတော့ မဖြစ်စေချင်တာ အမှန်ပဲ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လပိုင်းက မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အစ္စလမ် ဘာသာဝင် မွတ်စလင်လူမျိုးတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အဲဒီ့အခြေအနေဟာလည်း မလေးရှားနိုင်ငံအထိ ရိုက်ခတ်ခဲ့လို့ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ မြန်မာ နိုင်ငံသား ၁၀၀ ကျော် အလုပ်ရပ်နားပြီး နေရပ်ရင်းကို ပြန်ခဲ့ကြရပါသေးတယ်။

ဧရာဝတီ