သမီးတော်ရာဇ၀င်(၃) (ရေတွေရေတွေ စိုကုန်ပြီ)



- လက်စောင်းထက်

အရင်ခေတ်က စစ်တက္ကသိုလ် ကျောင်းဆင်းပွဲဟာ အခုလို ဆောင်းတွင်းမှာ ဆင်းတာမဟုတ်ဘဲ မတ်လ နောက်ဆုံးအပတ် ဒါမှမဟုတ် ဧပြီလ ပထမပတ်ထဲမှာ ဆင်းလေ့ရှိပါတယ်။ အစဉ်အလာ အရလည်း အရင်ခေတ်က သမ္မတတို့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ကျောင်းဆင်းပွဲမှာ တက်ရောက် ချီးမြှင့်ကြပါတယ်။ အာဏာရှင်ကြီး လက်ထက်မှာတော့ ကျောင်းဆင်းပွဲကို သမီးတော်တွေ၊ မြေးတော်တွေနဲ့ ကြွချီချီးမြှင့်လေ့ရှိတယ်။ ရန်ကုန်ဆိုတာ အဲဒီ့ကာလမှာ အလွန်ပူလေတော့ အပူရှောင်တာလည်း ပါသပေါ့လေ။ အဲဒီမှာပဲ များသောအားဖြင့် သင်္ကြန် ကျလေ့ရှိတယ်။

သင်္ကြန်ဆိုတော့ ရေလောင်းဖို့၊ ရေပက်ခံဖို့ လိုလာပြီ မဟုတ်လား။ ကာချုပ်ကြီး သမီးတော်တွေက ရေပက်ခံ ထွက်လို့လည်းမဖြစ်၊ မတော် ရေပက်သလိုနဲ့ အက်ဆစ်နဲ့ ပက်သွားရင် ဘယ့်နှယ်လုပ်မလဲ။ အလှတွေ ပျက်ကုန်မှာပေါ့။ ပြီးတော့ အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်၊ ကာချုပ်သမီး အက်ဆစ်နဲ့ အပက်ခံရခြင်းဆိုပြီး ဂျာနယ်တွေထဲ ပါလာဦးမယ်။ စာပေစိစစ်ရေးက ဖြုတ်လို့ ဂျာနယ်တွေမှာ မပါသည့်တိုင်အောင် အကောက်ဉာဏ် ခလောက်ဆန်နဲ့ သွေးခွဲနေသည်တို့၊ ဂုံးတိုက်နေသည်တို့စတဲ့ တံဆိပ်များရှင် ပြည်ပရောက် မြန်မာမီဒီယာတွေက ဖွလိုက်ရင် ဘယ့်နှယ်လုပ် မလဲ။ ပြည်သူတွေ ၀မ်းသာစရာ ဖြစ်နေဦးမယ်။ အဲဒီထက် ဆိုးတာက ရေပက်တာနဲ့ရောပြီး နာနတ်သီး လို့ခေါ်တဲ့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းသွားရင် ဒုက္ခများကုန်ကြဦးမယ်။ ဒီတော့ သမီးတော်တွေလည်း ရေပက်လို့ရအောင်၊ အန္တရာယ်လည်း ကင်းအောင် အလိုက်တသိ စီစဉ်ပေးဖို့က အထက် တာဝန်ရှိသူတွေ အပေါ် ကျရောက် လာခဲ့ပြီပေါ့။

ဒါကြောင့် ကာချုပ်ကြီး မိသားစုမလာခင် ပြင်ဦးလွင် တပ်နယ်ထဲမှာ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ အသက်ငယ်ငယ်၊ ရုပ်ချောချော အရာရှိငယ်တွေကို ရွေးထုတ်ရပါတယ်။ သူတို့ကို တပ်မတော် ဧည့်ဂေဟာလို့ခေါ်တဲ့ အိမ်တော်မှာ ကာချုပ်ကြီးရဲ့ မိသားစုကို သင်္ကြန် ကာလ အလုပ်အကျွေးပြုဖို့ တာဝန်ချထားလိုက်ပါတယ်။ တာဝန်ကတော့ သင်္ကြန်တွင်းမှာ ယူနီဖောင်းနဲ့ဖြစ်ဖြစ်၊ စမတ်ကျကျ ၀တ်ထားတဲ့ အရပ်ဝတ် အရပ်စားနဲ့ဖြစ်ဖြစ် သမီးတော်တွေ တည်းနေတဲ့ အဆောင် အောက်ကနေ ဖြတ်လျှောက်ဖို့ ဖြစ်ပါတယ်။

သင်္ကြန်လည်း ကျပါပြီ။ ကာချုပ်ကြီး မိသားစုလည်း ပြင်ဦးလွင်မှာ ကျောင်းဆင်းပွဲတွေပြီးလို့ သင်္ကြန်ကာလ အနားယူချိန်လည်း ရောက်နေပါပြီ။ တပ်မတော် ဧည့်ဂေဟာ အပေါ်ထပ်မှာလည်း သမီးတော်တွေက ရေပုံးတွေနဲ့ အလုပ်ရှုပ်နေပါပြီ။ ဟော…. အရာရှိငယ်လေး တစ်ယောက် အဆောင်ရှေ့ကနေ စမတ်ကျကျ လမ်းလျှောက် လာနေပါပြီ။ လက်ထဲမှာလည်း ဖိုင်တစ်ထပ်ကြီး ကိုင်လို့၊ ဘယ်သူ့ကို ဘာများ သွားသတင်းပို့မလို့ပါလိမ့်။ အဲဒီအချိန်မှာ ဗွမ်းကနဲ အသံနဲ့အတူ အဲဒီ့ အရာရှိလေး အပေါ်ကို ရေတွေကျလာပါတယ်။ မထင်မှတ်ဘဲ ရေလောင်းခံလိုက်ရတဲ့ အရာရှိလေးက လန့်သွားပါတယ်။ ဖိုင်တွေတောင် လက်ထဲက လွတ်ကျလို့ ပြန်ကောက်ရပါတော့တယ်။ လူရော ဖိုင်တွေရော ရွှဲရွှဲစိုကုန်ပါပြီ။ အပေါ်ထပ်မှာတော့ တိုင်ကွယ်ပြီး တခစ်ခစ်ရယ်နေတဲ့ သမီးတော်တွေ ရှိပေမယ့် အဲဒီအရာရှိလေးမှာ မော်ဖူးစေ အမိန့်မရထားတဲ့အတွက် အပေါ်ကို မော့မကြည့်ဝံ့ပါဘူး။ ဒါပေသိ ဘေးဘယ်ညာကိုကြည့်ရင်း သူ့ကို ဘယ်နေရာက ဘယ်သူတွေ ပက်လိုက်ပါလိမ့်လို့ ခေါင်းကုတ်ရင်း ရေတွေကို လက်နဲ့အသာခါချလို့ ဆက်ထွက်သွားပါတော့တယ်။

ရုပ်ရှင်သာ ဆိုရင်တော့ အကယ်ဒမီရမယ့် အခန်းပေါ့ဗျာ။ အဲဒီလိုနဲ့ သင်္ကြန်ကာလမှာ တပ်မတော် ဧည့်ဂေဟာ ရှေ့ကနေ အရာရှိလေးတွေ ဖြတ်သွားလိုက်၊ အပေါ်က ရေတွေလောင်းချလိုက်၊ ရေလောင်းခံရတဲ့ အရာရှိလေးတွေ လန့်သွားလိုက်နဲ့ သင်္ကြန်ကာလကို ကာချုပ်ကြီးရဲ့ သမီးတော်တွေက ပျော်ပျော်ကြီး ဖြတ်သန်းကြပါတော့တယ်။ သူတို့က အဆောင်အပေါ်ကနေ ရေတွေ ပက်လိုက်၊ အောက်က အရာရှိလေးတွေက သူတို့ကို ဘယ်သူပက်မှန်း မသိရှာဘူးဆိုပြီး သဘောတွေ ကျလိုက်နဲ့ပေါ့။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အရာရှိလေးတွေရဲ့ ညနေခင်း အရက်ဝိုင်းမှာတော့ “မင်းကလည်း အိုဗာအိုက်တင် လုပ်လိုက်တာ၊ လန့်ပြရင် တော်ရောပေါ့။ အောင်မယ်လေးဗျဆိုပြီး ထခုန် ပြနေသေးတယ်တို့၊ ဟဒီလိုမလုပ်ရင် သူတို့ အပေါ်ကနေ ရေပက်မှာကို ကြိုသိနေလို့ မကြောက်တာပါ။ မလန့်တာပါဆိုရင် အမှုက ပိုကြီးဦးမယ်။ ခုတော့ ပြီးကရော၊ သူတို့လည်း သဘောကျ တိုင်ကြားက ချောင်းကြည့်နေတဲ့ တပ်နယ်မှူးကြီးက ငါ့ကို လက်မထောင်ပြပြီး ချီးကျူး သွားသေးတယ်ဆိုတဲ့ အသံတွေ၊ ဟေ့ကောင် ငါ့ဖိုင် ရေစိုသွားပြီနော်။ အသစ်ပြန်ဝယ်ပေးဦးဆိုတဲ့ အသံတွေ၊ တော်ရုံပဲ အိုက်တင်ပေးကြဦး ဟ၊ မတော်လို့ တော်ကောက်ပြီး ပန်းခွေစွပ်သွားရင် ငါတို့ရဲ့ လက်ရှိရည်းစားတွေက သူတို့ကိုယ်သူတို့ သတ်သေသွားဦးမယ်တို့” စတဲ့ အသံတွေ ကြားရမှာ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်ဆီကနေ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သာဂေါင်ကြီးက အာဏာသိမ်းခဲ့ပါတယ်။ အဲဒီ့အချိန်က အစိုးရ ကက်ဘိနက်မှာ သာဂေါင်ကြီးဟာ တိုင်းပြည်အပေါ် စိတ်သဘောထားကောင်းနဲ့ အုပ်ချုပ်မယ့်သူ ဖြစ်တယ်။ သူ့ကို ပြန်ငြင်းခုံရင်လည်း လက်ခံတယ်ဆိုပြီး ၀န်ကြီးတွေကြားမှာ အမှတ်ရခဲ့ပါတယ်။ အမှန်ကတော့ ထောက်လှမ်းရေး အကူအညီနဲ့ အာဏာသိမ်းထားပြီး အခြေမခိုင်သေးလို့ သူ့ကို ဝေဖန်တာတွေကို သည်းခံနေတာ ဖြစ်တယ်။ တစ်ချိန်တည်းမှာ အဲဒီအချိန်က ၀န်ကြီးတွေကလည်း သူနဲ့ မတိမ်းမယိမ်းတွေ၊ သူ့ထက်နာမည်ပိုကြီးပြီး လက်ရဲဇက်ရဲတွေကလည်း စစ်တိုင်းမှူးတွေဆိုတော့ မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်းဆိုပြီး ဟဲဟဲဟဲဟဲနဲ့ အရူးဇာတ်နင်းခဲ့တာ ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ အခြေကျလာချိန်မှာ သူနဲ့မတိမ်းမယိမ်း တိုင်းမှူးတွေကို စစ်တပ်ကနေ ဆွဲထုတ်ပြီး ၀န်ကြီးတွေ ခန့်လိုက်တယ်။ ပြီးတော့ ထောက်လှမ်းရေးကို မျက်စပစ်ပြီး သူ့ကို လုံးဝ မကြောက်တဲ့ တိုင်းမှူး လူထွက် ၀န်ကြီးတွေကို ဖြုတ်ပစ်လိုက်တယ်။ အနောက်ဖက် ၀က်တဲလို့ လူတွေ လှောင်ခေါ်တဲ့ န၀တ နေရာမှာ နယကဆိုပြီး အမည်ပြောင်းလိုက်တယ်။ မြို့နယ်အဆင့်ကတော့ မယကပေါ့။ အများက မယားကြောက်လို့ ခေါ်ခဲ့ကြတယ်။ သူနဲ့ မတိမ်းမယိမ်း ၀န်ကြီးတွေကို သုတ်သင်အပြီးမှာ သူ့တပည့်တွေ ဖြစ်ခဲ့ပေမယ့် အရင် ဦးစောမောင် ခန့်သွားတဲ့ ၀န်ကြီးတွေကို ရှင်းလင်းလိုက်တယ်။ ဒါတွေနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ သူ့ကို ငယ်နိုင်လို ဖြစ်နေတဲ့ စစ်ထောက်လှမ်းရေး တစ်ခုလုံးကိုလည်း အမြစ်ကနေ လှန်ပစ်လိုက်ပါတယ်။

ထိပ်ဆုံးကနေ အောက်ခြေ ရဲဘော်အထိ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ခဲ့တာဖြစ်တယ်။ အဲဒီလို အဆင့်ဆင့် ရှင်းပြီးတဲ့ အချိန်ကစလို့ သမီးတော်တွေလည်း ထင်တိုင်းကဲလို့ရတဲ့ ဘ၀ကို ရောက်သွားတော့ တာပါပဲဗျာလို့ ခရိုနီ လက်ဟောင်းကြီးက သူ့စကားကို ဒီတစ်ပတ် အတွက် အဆုံးသတ်လိုက် ပြန်ပါတော့တယ်။ ပရိသတ်အတွက် ရှေ့တစ်ပတ် ခင်ဗျား ပြောပြမယ့် ခေါင်းစဉ်လေး ပေးဦးလေဆိုတော့ နောက်တစ်ပတ်လည်း အသောလေးတစ်ခု ဆက်ပြောမယ်ဗျာ။ မချေဖြစ်ခဲ့သော ယတြာနှင့် ညမအိပ် လိုက်ရသော တိုင်းမှူးလို့ ခေါင်းစဉ်ပေးထားလိုက်။ ဒီမှာလည်း ဇာတ်လိုက်တွေ ကတော့ သမီးတော်တွေပဲပေါ့ဗျာတဲ့...။

- လက်စောင်းထက်


Tomorrow

သင်္ကန်းကျွန်းမှတိုက် ၁၂၆ လုံးအား စည်ပင်မှ တရားဝင်ချိတ်ပိတ်



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မရပဲ ဆောက်လုပ်နေသော သင်္ဃန်းကျွန်းမြို့နယ်၊ င/ကရပ်ကွက်တွင်မှ တိုက်(၁၂၆)လုံးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားဝင် ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ဤကဲ့သို့ နေအိမ်များအား ချိတ်ပိတ်ခဲ့ခြင်းမှာ ခွင့်ပြုချက် မရဘဲ ဆောက်လုပ်နေခြင်း အပေါ် တားမြစ်ကြောင်း ဆန္ဒဖော် ထုတ်ပြသခဲ့ခြင်းကြောင့် ဖြစ်သည် ဟုလည်း သိရသည်။

“ဆန္ဒပြနေတဲ့ နောက်ပိုင်းမှာ စည်ပင်က ဆိုင်းဘုတ်အနီနဲ့ လာကပ်တော့တာပဲ။ ဆန္ဒပြတဲ့သူတွေ ကလည်း တစ်ဦးမှ အိမ်ရှင် မပါဘူး။ အချို့ဆို ဒီရပ်ကွက်ကလည်း မဟုတ်ဘူး။ သက်သက် ဒီမြေရှင်တွေ ဒုက္ခရောက်အောင် လုပ်တာ” ဟု အဆိုပါ အပိတ်ခံရသည့် အိမ်ရှင်များက ဆိုသည်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီအနေမှ ချိတ်ပိတ်လိုက်သည့် အဆိုပါ အိမ်ယာများ အတွက် လုပ်ငန်းရပ်ဆိုင်း ထားရပြီး တစ်နှစ်အတွင်း လုပ်ငန်းခွင် ပြန်လည် မလုပ်ဆောင်နိုင်ပါက အိမ်ရှင်များ အနေဖြင့် နေထိုင်ရန် အခက်အခဲများ ပေါ်ပေါက်လာနိုင်သည်ဟုလည်း အိမ်ပိုင်ရှင် တစ်ဦးက ဆိုသည်။

“အိမ်ရှင်တွေက ကန်ထရိုက်တွေဆီကနေ ရတဲ့ငွေနဲ့ စပေါ်လစာပေးပြီး တစ်နှစ်ငှားနေတာ။ ကန်ထရိုက်တွေက ဆောက်ခွင့်မရလို့ မလုပ်ဘဲနေရင် နောက်နှစ်မှာ ငှားနေဖို့ အခက်အခဲ ဖြစ်သွားပြီ။ တစ်နှစ်အတွင်း ပြီးပါမယ်ဆိုပြီး ကတိနဲ့ ဆောက်လုပ်နေကြတယ်”ဟု အိမ်ရှင်တစ်ဦး ဖြစ်သူ အငြိမ်းစား ၀န်ထမ်း ဦးရန်အောင်က ဆိုသည်။

အဆိုပါ ဆောက်လုပ်ဆဲအိမ် ၁၂၆လုံးအား ရန်ကုန်မြို့တော် စည်ပင်မှ ဆောက်လုပ်ခွင့် မပြုဘဲ ဆောက်လုပ်နေသည့် အတွက် တရားရင်ဆိုင်နေချိန်တွင် ပြည်သူများ၏ အသက်အန္တရာယ် ကာကွယ်ပေးရေး အဖွဲ့မှ ခွင့်ပြုချက် မရဘဲ ဆောက်လုပ်နေသည့် လုပ်ငန်းများအား ရပ်ဆိုင်းပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော့်အိမ်က လုံးဝနေလို့ မရတဲ့အတွက် ကန်ထရိုက်ကို အကူအညီတောင်းပြီး ဆောက်ခဲ့တာ။ နိုင်ငံတော်ကိုလည်း အခွန်အခဆောင်ပြီး ဆောက်တယ်။ အခုတော့ တရားစွဲတာလည်း ခံလိုက်တယ်။ အခု သူတို့အသက်အိုးအိမ် ကာကွယ်ရေးအဖွဲ့ကြောင့် ကျွန်တော်တို့မှာ အိမ်ဘေးဒုက္ခသည်များ ဖြစ်နေပြီ”ဟု အဆိုပါ ဆောက်လုပ်ဆဲ အိမ် ၁၂၆လုံးထဲမှ အိမ်ပိုင်ရှင် တစ်ဦးက ပြောဆိုခဲ့သည်။

Tomorrow

ဆန်ပြုတ်တစ်ခွက်၊မိုးကာအင်္ကျီတစ်ထည် နှင့် နားမကြားသော လူသုံးယောက် ( ဇာဂနာ )-အာဇာနည်နေ.အကြိုအထူးဆောင်းပါး



မိုးကတဖွဲဖွဲ။ အချိန်က မနက် ၉ နာရီ။ ဖိုဒ်ဆန်ထရပ် ကားတစ်စင်း ဒါလဟိုစီနှင့် ၄၁ လမ်းထောင့်မှာ လာရပ်သည်။ ကားပေါ်က စစ်ယူနီဖောင်းဝတ်ထားသူ ၃ဦး ဆင်းလာသည်။ နောက်တော့ သူတို့ လမ်းဖြတ်ကူးသွား၏။ အတွင်းဝန်ရုံး၏ အထွက်ဟု ဆိုင်းဘုတ်တပ်ထားသော စပတ်လမ်းဘက်မှ အတွင်းဝန်ရုံးတွင်းသို့ လမ်းလျှောက် ၀င်သွားကြလေသည်။ ကားအနားမှာ မောင်နီ တစ်ယောက်သာ ကျန်ခဲ့၏။ ယူနီဖောင်း ၀တ်ထားသော ခင်မောင်ရင်နှင့် မှုံကြီးက ခပ်သုတ်သုတ် ရှေ့ကို လျှောက် သွားသော်လည်း ဘညွန့်က တုံ့ဆိုင်းဆိုင်း။ တိုင်းပြုပြည်ပြု လွှတ်တော် အဆောက်အဦဖက်ဆီသို့ ဘညွန့် ထွက်သွားခဲ့လေတော့သည်။

မနက် ၁၀ နာရီ ကာကွယ်ရေး ၀န်ကြီး၏ ရုံးခန်းမကြီးထဲမှာ ဦးရွှေဘော် (၀န်ကြီးများ ကောင်စီ၏ အတွင်းဝန်)၊ ဦးတင်အုန်း (လက်ထောက် အတွင်းဝန်)နှင့် ရုံးအုပ်ကြီး ဦးခတို့က စာရွက်စာတမ်းတွေ၊ ဖိုင်တွဲတွေ နေရာချထားရင်း အလုပ်ရှုပ်နေကြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအောက်ထပ် တည့်တည့်မှာ ရဲမင်းကြီး (DIG) ဦးထွန်းလှအောင်၏ ရုံးခန်းရှိသည်။ ထိုအခန်းထဲသို့ ဗိုလ်မှူးချုပ်နက်ရှ် (Burma command လက်အောက်ခံ တောင်ပိုင်းတိုင်း တိုင်းမှူး) ၊ ဗိုလ်မှူးချုပ်နိုက်(တ်) (ထောက်လှမ်းရေးမှူးချုပ်)နှင့် ဗိုလ်ချုပ် သောမတ်စ်တို့ ၀င်လာကြသည်။ ဗိုလ်ချုပ် သောမတ်စ်၏ ကိုယ်ရေး အတွင်းဝန် ဗိုလ်သန်းဝင်း ကတော့ အထဲလိုက်မ၀င် အပေါ်ထပ်သို့ ဆက်တက်သွားသည်။
ထိုအချိန်မှာပင် အတွင်းဝန်ရုံး ဗဟိုလှေကားကြီး ခြေရင်းသို့ ၀ူစလီကား အနက်ရောင် (ကားနံပါတ် RC/၂၈၇၄ )တစ်စင်း ထိုးဆိုက်လာသည်။ ဗိုလ်ထွန်းလှက ရှေ့က ဗိုလ်ချုပ်အောင်ဆန်းက နောက်မှ ဆင်းလာပြီး လှေကားအတိုင်း ခပ်သွက်သွက် တက်သွားတော့၏။

ချင်းရေးရာ အတိုင်ပင်ခံ ၀န်ကြီး ဦးဝမ်ကိုဟောက ဗိုလ်ချုပ် အောင်ဆန်းကို စာတစ်အိတ် ပေးဖို့ရောက်လာရာ ဗိုလ်ချုပ်က အစည်းအဝေးခန်းသို့ ၀င်သွားပြီဖြစ်လို့ ဗိုလ်ထွန်းလှ လက်ထဲသို့ ထိုစာအိတ်ကို ပေးလိုက်သည်။ ထိုစဉ် ဗိုလ်ချုပ်လှမ်းခေါ်သဖြင့် ဗိုလ်ထွန်းလှက အစည်းအဝေးခန်းသို့ ၀င်သွားတော့၏။ အလုပ်သမားသမဂ္ဂမှ သခင်ဝတင်ကြီးက ဗိုလ်ထွန်းလှ အခန်းသို့ ၀င်လာခဲ့တော့ အခန်းထဲမှာ တစ်ယောက်မှမရှိ။ သခင်ဝတင်ကြီးက ထိုင်စောင့်ရကောင်း နိုးနိုး၊ ပြန်သွားရ ကောင်းနိုးနိုးဖြင့် ချီတုံချတုံ။ ထိုစဉ် ဗိုလ်သန်းဝင်းက အခန်းထဲ ၀င်လာ၏။ တစ်ယောက် နှင့် တစ်ယောက်က မသိကြတော့ နှုတ်မဆက်မိ။ သခင်ဝတင်က အခန်းထဲမှ ထွက်သွားတော့သည်။

ဗိုလ်ထွန်းလှ ရုံးခန်းထဲ ပြန်ရောက်လာတော့ ဗိုလ်သန်းဝင်း ထိုင်နေတာ တွေ့ရ၏။ ဗိုလ်သန်းဝင်းက ဗိုက်ဆာသည်ဟုဆို၏။ ဗိုလ်ထွန်းလှကလည်း အစာအိမ် အောင့်နေသလိုလို ဖြစ်နေသောကြောင့် တရုတ်ဆိုင်မှ ဆန်ပြုတ် တစ်ခွက်နှင့် ထမင်းတစ်လုံးမှာ လိုက်သည်။ ရုံးခန်းစောင့် ရဲဘော် လှမောင်က တရုတ်ဆိုင်သွားဖို့ လှေကားမှ ဆင်းလာခဲ့တော့၏။

လှေကားရင်းမှာ မယောင်မလည် လုပ်နေသော ခင်မောင်ရင်က သခင်ဝတင် ဆင်းလာတာရော၊ ရဲဘော်လှမောင် ဆင်းလာတာကိုရော တွေ့လိုက်ရသည်။ ရဲဘော်လှမောင် အနားသို့ကပ်ပြီး ခင်မောင်ရင်က မေးလိုက်၏။ “အစည်းအဝေး စပြီလား”

၄၁ လမ်းထိပ်က ကာကာဆိုင်မှာ မောင်နီနှင့် ဘညွန့်တို့ထိုင်ပြီး လက်ဖက်ရည် သေက်နေကြ၏။ ထိုစဉ် ခင်မောင်ရင် ရောက်လာပြီး ဆိုင်မှ လက်လှည့်ဖုန်းဖြင့် တစ်နေရာသို့ ခေါ်လိုက်သည်။ ခင်မောင်ရင်၏ အသံက တိုးတိုးဖွဖွ “ဆရာကြီး ပစ်စတင် ကွင်းတွေ ကျလာပြီ”

အစည်းအဝေးခန်း အ၀ဆီသို့ ရန်ကြီးအောင်၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့ ခပ်သွက်သွက် ရောက်လာကြတော့ ရုံးအကူလေးက ထတားသည်။ မောင်စိုးက ရုံးအကူလေးကို တွန်းဖယ်လိုက်ပြီး တံခါးကို ဆောင့်ကန် တွန်းဖွင့်လိုက်၏။ ရန်ကြီးအောင်က ဒူးထောက် ထိုင်ချလိုက်ပြီး စတင် ပစ်ခတ်လိုက်တော့သည်။ အတွင်းဝန်ရုံး တစ်ခုလုံး သေနတ်သံတွေ ဆူညံပွက်လောထ။

ဗိုလ်ချုပ် သောမတ်စ်၊ ဗိုလ်မှူးချုပ် နက်ရှ်၊ ဗိုလ်မှူးချုပ် နိုက်(တ်)တို့က လက်ဖက်ရည်သောက်ရင်း စကားကောင်းနေသည်။ ဒီလောက် ဆူညံနေသော သေနတ်သံတွေကို သူတို့မကြားချေ။ ဗိုလ်သန်းဝင်းက အထိတ်တလန့်ဖြင့် အခန်းထဲသို့ ပြေးဝင်လာပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ကို သေနတ်သမားတွေ ၀င်ပစ်သွားပြီဟု လာပြောတော့ အင်္ဂလိပ် ဗိုလ်ချုပ်တွေ၏ မျက်နှာတွေက ဘာမှမပြောင်းလဲ။ ဦးထွန်းလှအောင်ကို လက်ဆွဲနှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားတော့သည်။ အပေါ်ထပ်သို့ တက်လို့တောင် ကြည့်မသွားခဲ့ချေ။

ဗိုလ်ထွန်းလှက မိုင်းပွန် စော်ဘွားကြီးကို ပြုစုနေရ၏။ သူ့ဆရာ ဗိုလ်ချုပ်အောင်ဆန်းကတော့ စားပွဲထိပ်မှာ သေနတ်ဒဏ်ရာ ၁၃ချက်ဖြင့် ပက်လက်လဲနေပြီ။ သွေးအိုင်ထဲမှာ ၀န်ကြီးတွေ အတုံးအရုံး။ ဦးဗဂျမ်း၊ ပျော်ဘွယ်ဦးမြ၊ ဦးအောင်ဇံဝေတို့ကတော့ အတွင်းဝန် ဦးရွှေဘော်၏ ရုံးခန်းဖက်ဆီသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့လေပြီ။

ရန်ကုန်တစ်မြို့လုံး သတင်းဆိုးကြီး ပျံ့နှံ့သွားတော့ မြို့သူမြို့သားတွေ စကားမှ မပြောနိုင်၊ ဆွံ့ကုန် အကုန်ပြီ။ ဆရာ ဒဂုန်တာရာကတော့ ဘာမှမသိ၊ သတင်းဆိုးကိုလည်း မကြားခဲ့။ အတွင်းဝန်ရုံးထဲသို့ အူလည်လည် ရောက်လာခဲ့သည်။ ဆရာဇော်ဂျီ၏ အခန်းထဲသို့ ရောက်တော့မှ ဗိုလ်ချုပ်တို့ လုပ်ကြံ ခံလိုက်ရတာ သိသွားတော့၏။

တစ်ချိန်ထဲမှာပဲ ဗိုလ်ချုပ်တို့ ပစ်ခတ်လုပ်ကြတာကို သေသေချာချာ သိသွားသော လူတစ်စုရှိနေသည်။ သူတို့ကား အင်္ဂလိပ် စစ်ဗိုလ်သုံးယောက်၊ ပင်လယ်ဝမှာ ရပ်ထားသော အင်္ဂလိပ် စစ်သင်္ဘောဆီသို့ သူတို့၏ အမြန်ယာဉ် မော်တော်ဘုတ်ကလေးက ဦးတည် သွားလေသည်။

ဆရာဇော်ဂျီကတော့ ကဗျာ တစ်ပုဒ် ချရေးနေလေပြီ။

မိုးကစိုစို ကျီးအုပ်ပြို၍၊
ထိုမှ ဤမှ တို့လမ်းမ၀ယ်
ပျံကြ၀ဲကြ ငရဲထသို့၊
အုံကြွ မြည်အာ မသာယာကို
ငါကြားခဲ့သည် မှတ်မိ၏။
ထိုနေ့၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်း ပြည်သူ့ပန်းသည်
ပွင့်လန်းကာစ
ကြွေလိုက်ရ၏။


ဗိုလ်ထွန်းလှ၏ အခန်းထဲမှာတော့ တစ်စက်မှ မသောက်ရသေးသော ဆန်ပြုတ် တစ်ခွက်နှင့် ပိုင်ရှင်မဲ့ မိုးကာအင်္ကျီ တစ်ထည်တို့ ကျန်ခဲ့လေသည်။ ပြန်လာယူမည့် သူကား ယနေ့ထက်ထိ ပေါ်မလာ ခဲ့တော့ချေ။ ပိုင်ရှင်မဲ့ မိုးကာကတော့ ယနေ့အချိန်အထိ ပဟေဌိ ဖြစ်နေဆဲပါပဲ။

ဇာဂနာ

http://www.tomorrow.com.mm/

အုန်းဆီ၏ အလှအပလျှို့ဝှက်ချက်များ



ကျွန်တော်တို့ အလွယ်တကူရရှိနိုင်သည့် အုန်းဆီတွင် သဘာဝ၏လက်ဆောင်ဖြစ်သော ခန္ဓာကိုယ်လှပစေသည့်ပစ္စည်းများပါဝင်သည်။

မိတ်ကပ်အောက်ခံလိမ်းဆေး (Foundation) အဖြစ်သုံးပါ

မိတ်ကပ်မလိမ်းမီ အုန်းဆီအနည်းငယ်ကို မျက်နှာပေါ်တွင် လိမ်းလိုက်ပါ။ အုန်းဆီများ စိမ့်ဝင်သွားသည်အထိ စောင့်ပြီးမှ မိတ်ကပ် လိမ်းပါက ပိုမိုချောမွေ့ပြီး မိတ်ကပ်လည်း ကြာကြာခံမည် ဖြစ်သည်။
ဆံကေသာအတွက် လိုအပ်သည်များအားလုံး ပြည့်စုံစေနိုင်

ဆံကေသာကို အုန်းဆီပုံမှန်လိမ်းပေးခြင်းဖြင့် နူးညံ့ချောမွေ့စေရုံသာမက ဆံပင်ပျက်စီးခြင်းကို ပြုပြင်ပေးနိုင်သော ညစ်ညမ်းသည့် ပတ်ဝန်းကျင်မှ ကာကွယ်ပေးသည်။ ဆံပင်ပိုသန်စေပြီး ပိုမိုတောက်ပ ကျန်းမာသော ဆံကေသာပိုင်ရှင်ဖြစ်လာနိုင်သည်။ ဆံပင်နှစ်ခွဖြစ်ခြင်းကို ပြုပြင်ပေးပြီး ဆံပင်စည်းထားခြင်းကြောင့် လိမ်ကောက်နေခြင်းကို လျှော့ချပေးနိုင်သည်။

ခန္ဓာကိုယ်အသားအရေပေါ်တွင် လိမ်းပေးနိုင်

အုန်းဆီသည် သဘာဝအလျောက် အစိုဓာတ်ကို ထိန်းပေးနိုင်သဖြင့် ခန္ဓာကိုယ်အသားအရေပေါ်တွင် လိမ်းပေးပါက ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် ရာသီဥတုအပြောင်းအလဲဒဏ်တို့မှ ကာကွယ်နိုင်သည်။ အသားအရေကို သန့်ရှင်းစေရုံသာမက အဆိပ်ကိုလည်း ပြယ်စေနိုင်သည်။ အသားအရေ၏ ကိုယ်ခန္ဓာစနစ်ကိုမြှင့်တင်ပေးနိုင်သည်။ ရေချိုးပြီးနောက် အုန်းဆီလိမ်းပေးသင့်သည်။

အုန်းဆီကို အာစွတ်ရုံပလုတ်ကျင်းခြင်းဖြင့်

ကျန်းမာရေးအတွက် အကျိုးရှိ

အုန်းဆီဖြင့် တစ်နေ့လျှင် မိနစ် ၂၀ ကြာ အာဆွတ်ရုံပလုတ်ကျင်းပေးခြင်းဖြင့် ခန္ဓာကိုယ်အဆိပ်ပြယ်စေရန် ကူညီနိုင်ပြီး ခေါင်းကိုက်ခြင်းကို ကုစားနိုင်ကာ အက်စစ်ဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်သည်။ သွားများကို ဖြူဖွေးစေနိုင်သည်။

မုတ်ဆိတ်ရိတ်ခရင်မ်အဖြစ် အသုံးပြုနိုင်

အုန်းဆီကို မုတ်ဆိတ်ရိတ်ခရင်မ်အဖြစ် အသုံးပြုခြင်းဖြင့် အမွေးအမှင်များကို လွယ်လွယ်ကူကူရိတ်နိုင်မည့်အပြင် အသားအရေခြောက် သွေ့ကျန်နေခြင်းမရှိဘဲ ပြတ်ရှခြင်းကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

ခန္ဓာကိုယ် ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်

လက်ဖက်ရည်ခွက်ထဲ အုန်းဆီထက်ဝက်ထည့်ကာ သကြားထည့်၍ ခန္ဓာကိုယ်ကို ပွတ်တိုက်ဆေးကြောပေးပါက အသားအရေစိုပြည်ဝင်းပလာနိုင်သည်။

မိတ်ကပ်ဖျက်ဆေးအဖြစ်လည်း အသုံးပြုနိုင်

အုန်းဆီကို ဂွမ်းအနည်းငယ်နှင့် မျက်နှာပေါ် သုတ်လိမ်းပေးပါက သင်၏ မိတ်ကပ်များကို ပျက်သွားစေနိုင်ပြီး အသားအရေခြောက်သွေ့ခြင်း ကင်းကာ အရေပြားအောက်ရှိ ဘက်တီးရီးယားများကိုလည်း ရှင်းလင်းသွားစေနိုင်သည်။

ခြေလက်အသားပပ်ခြင်းကို ကာကွယ်နိုင်

တစ်နေ့လျှင် နှစ်ကြိမ်အုန်းဆီကို လက်ဖ၀ါး၊ ခြေဖ၀ါးတွင် လိမ်းပေးခြင်းဖြင့် အသားပပ်ခြင်းကို ကာကွယ်နိုင်ပြီး နူးညံ့စေမည်ဖြစ်သည်။ ယင်းသို့ လိမ်းပေးခြင်းဖြင့် သင့်လက်ဖ၀ါးနူးညံ့လာသည်ကို ရက်အနည်းငယ်အတွင်း တွေ့မြင်နိုင်သည်။

အုန်းဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်သဖြင့် ယင်းအား မျက်နှာတွင် လိမ်းပေးခြင်းဖြင့် မျက်စိအောက်အရေးအကြောင်းများနှင့် အမည်းစက်များ လျော့ပါးသွားစေနိုင်သည်။ -Internet

7Day Daily

ဒု-ရဲအုပ်တစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ရင်း ပစ်မိသဖြင့် ရဲတပ်သားတစ်ဦးသေဆုံး



ဒု-ရဲအုပ်တစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ရာမှ ကျည်ဆန်ထွက်ကာ ရဲတပ်သား တစ်ဦးသေဆုံးခဲ့ရမှု တစ်ခု ဇူလိုင် ၁၃ ရက်က တွံတေးမြို့၊ ကံဘဲ့ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များက အိမ်သို့လာရောက် အကြောင်းကြားခြင်း မရှိဘဲ ပတ်ဝန်းကျင်မှ ရွာသူရွာသားများ လာရောက်ပြောပြမှသာ သိခဲ့ရခြင်းဖြစ်သည်ဟု သေဆုံးသူ၏မိခင် ဒေါ်ငယ်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်က တွံတေးမြို့နယ်၊ ကံဘဲ့ ကျေးရွာ ဘုရားငုတ်တို တံတားအနီးရှိ ရဲ ကင်းတွင် တွံတေးမြို့မရဲစခန်းမှ ဒု-ရဲအုပ် သိန်းဇော်ဦးက ရဲတပ်သားတစ်ဦး ဖြစ်သည့် ဇော်ဝင်းထိုက်ကို ချိန်ရွယ်မိရာက ကျည် ထွက်သွားကာ သေနတ်ဒဏ်ရာ တစ်ချက် ရရှိခဲ့သည်ဟု ရဲစခန်းက ကနဦး အတည် ပြုထားသည်။

ထို့နောက် တွံတေးမြို့နယ်ဆေးရုံမှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်၍ ကုသမှုခံယူနေစဉ် ည ၇ နာရီ ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ကိုဇော်ဝင်းထိုက်မှာ အသက် ၃၀ နှစ်ခန့်ရှိပြီး တွံတေးမြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေ သည်မှာ လေးနှစ်ခန့်ရှိနေပြီဖြစ်ကာ ၎င်းင်းကို သေနတ် ဖြင့် ပစ်ခဲ့သည့် ဒု-ရဲအုပ်နှင့် ဆက်ဆံရေးမှာ အဆင်မပြေဖြစ်နေပြီး ရဲတပ်ဖွဲ့မှထွက်ရန် လည်း ပြောဆိုမှုများ ရှိနေသည်ဟု သေဆုံး သူ၏မိခင်က ပြော သည်။

“မဆုံးခင်ကတော့ ရဲကနေ ထွက်တော့ မယ်လို့ ပြောနေတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ သေနတ်နဲ့ ပစ်ခံရတာကို လည်း ရဲတွေက လာမပြောဘူး။ ပတ်ဝန်းကျင်က လာပြောတော့မှ သိရတာ။ သူ့ အဖေဆို ရင် (သူ့သားရဲ့)အသက်တောင် မမီတော့ဘူး”ဟု ၎င်းက ဆိုသည်။

တွံတေးမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲ မှူး ထွန်းသန်းက ပြောကြားရာတွင် ပစ်ခဲ့သည့် ဒု-ရဲအုပ်သိန်းဇော်ဦးမှာ အသက် ၃၅ နှစ်အရွယ်ခန့်ရှိပြီး တွံတေးမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ငါးနှစ်ခန့် သက်တမ်းရှိနေပြီဖြစ်ကာ ရည်ရွယ်ချက်ရှိ ရှိဖြင့် ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ နောက်ပြောင် ကာချိန်ရွယ်ခဲ့ခြင်း ဖြစ်ပြီး ပေါ့ဆမှုကြောင့် ကျည်ဆန်ထွက်သွားခဲ့သည်ဟု ဆိုသည်။

“သေဆုံးသူနဲ့ ဒု-ရဲအုပ်က ဆရာတပည့် အရင်းကြီးတွေပါ။ အဲ့ဒီနေ့က သတင်းပို့တဲ့ကိစ္စကို နောက်ပြောင် ရင်းနဲ့ မင်းကို ပစ်လိုက်ရမလားဆိုပြီး သေနတ်နဲ့ ချိန်လိုက်တာ ပစ်မိသလိုဖြစ်ပြီး ကျည်ဆန် ထွက်သွားတာ ပါ။ သူ့ပေါ့ဆမှုအတွက်လည်း အရမ်းဝမ်းနည်းနေပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကလည်း သေဆုံးသူရဲ့ နာရေးကိစ္စတွေကို ဆောင်ရွက်ပေးနေပါတယ်”ဟု အထက်ပါ စခန်းမှူးက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒု-ရဲအုပ် သိန်းဇော်ဦးကို တွံတေးမြို့မရဲစခန်း(ပ) ၂၅၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်ပါ အရေးယူရန် ဆောင်ရွက်လျက် ရှိသည်။

Mizzima Burmese

ဖေ့စ်ဘွတ်ခ်ကို စတင်ကိုင်တွယ်ခြင်း



ဦးဝီရသူနှင့်ပတ်သက်၍ ဆန့်ကျင်ထားသည့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတစ်ခုကို ကြည့်ရှုနေသူတစ်ဦး (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဇွန်လဆန်းပိုင်းက မန္တလေးမြို့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ချိန်မှာ မြန်မာနိုင်ငံ၏ လူသုံးအများဆုံး လူမှုကွန်ရက်စာမျက်နှာဖြစ်သော Facebook အား ညပိုင်းအသုံးပြုခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နှစ်ရက်ခန့် ပိတ်ထားခဲ့သည်။

လူဦးရေ ၁ ဒသမ ၇ သန်းကျော် Facebook သုံးစွဲနေသည့် မြန်မာနိုင်ငံတွင် ဘာသာရေးနှင့် အမုန်းစကားလှုံ့ဆော်မှုများကို Facebook ပေါ်မှတစ်ဆင့် ရေးသားဖော်ပြမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပဋိပက္ခဖြစ်စဉ်များ ကြီးထွားစေသည့်အတွက် ထိန်းသိမ်းနိုင်ရန် ခေတ္တပိတ်ထားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆိုသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာတွင် လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်သည့် ရေးသားခြင်းများကို Facebook ကုမ္ပဏီ၏ အကူအညီဖြင့် နိုင်ငံတော်အစိုးရက ၂၄ နာရီ စိစစ်ကန့်သတ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူသည် အင်တာနက်သုံးစွဲသူအားလုံးပေါင်း၏ ထက်ဝက်ကျော်ဖြစ်သည်။

မန္တလေးပဋိပက္ခအတွင်း လူမှုကွန်ရက်ပေါ်တွင် ဖြစ်ပေါ်နေသည့် သွေးထိုးလှုံ့ဆော်မှုများ၊ ကောလာဟလများနှင့်ပတ်သက်ပြီး မြန်မာအစိုးရသည် Facebook မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စင်ကာပူအခြေစိုက် အာရှ-ပစိဖိတ် တာဝန်ခံ တာဝန်ရှိသူသုံးဦးကို မြန်မာနိုင်ငံနှင့်ပတ်သက်၍ စိစစ်အကဲဖြတ်ရန် Facebook မှ တာဝန်ပေးထားသည်။

‘‘Social Media နဲ့ပတ်သက်လို့ အမုန်းတရားပြန့်ပွားနေတဲ့ စကားတွေကို အရပ်ဘက်အဖွဲ့တွေနဲ့ပေါင်းပြီး လွယ်လွယ်ကူကူ မယုံအောင် ပညာပေးဖို့ Facebook၊ Google တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နည်းပညာအရ စိစစ်ဖို့ လိုအပ်ရင် ဥပဒေအရ ဘယ်လိုအရေးယူမလဲဆိုတာကို စဉ်းစားနေတယ်’’ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောသည်။

အမုန်းစကားများ တားမြစ်စေလိုပြီး တရားဥပဒေစိုးမိုးမှုရှိစေရန် ထိုကဲ့သို့ ပိတ်ပင်ခြင်းမျိုး ဆောင်ရွက်မှုမှာ ကောင်းမွန်သော်လည်း နိုင်ငံရေးအသုံးချ အလွဲသုံးစားလုပ်ပြီး သာမန်သုံးစွဲသူများ၏ အခွင့်အရေးကို ပိတ်ပင်မည်ဆိုပါက နိုင်ငံအတွက်မကောင်းနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယက ဦးရဲမြတ်သူကဆိုသည်။

‘‘နိုင်ငံတော်အနေနဲ့ အခုလိုလုပ်တာကို ကန့်ကွက်စရာမရှိပါဘူး။ စည်းကမ်းဘောင်တွေထဲကနေ ပြည်သူတွေရဲ့လွတ်လပ်ခွင့်ကို မထိခိုက်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကို တလွဲအသုံးမချအောင် လုပ်ဖို့လိုအပ်ပါတယ်’’ဟု ဦးရဲမြတ်သူက ပြောသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရာတွင် မလိုလားအပ်သော ဆူပူလှုံ့ဆော်မှုများကို Facebook မှတစ်ဆင့် ပြုလုပ်နေသည်ဟုဆိုကာ အသုံးပြုမှုအား ယာယီပိတ်ခဲ့သည်။ အိမ်နီးချင်း တရုတ်နိုင်ငံတွင်မူ Facebook အသုံးပြုမူကို တားမြစ်ထားသည်။

ဘာသာရေးလှုံ့ဆော်မှုတွေကို အကောင့်အတုများဖြင့် ပြုလုပ်သည်ဆိုပါက စုံစမ်း၍ အရေးယူရန်မှာ ခက်ခဲနိုင်သော်လည်း အချို့မှာ အကောင့်တွင် နာမည်အရင်းတပ်၍ ဘာသာရေးလှုံ့ဆော်မှုများကို သိသာစွာ ပြုလုပ်နေခြင်းကို နိုင်ငံတော်အစိုးရက အရေးယူ၊ သတိပေးခြင်း တစ်စုံတစ်ရာမရှိဘဲ Facebook ကို ခေတ္တပိတ်ခြင်း၊ စိစစ်ကန့်သတ်ရန် စီစဉ်နေခြင်းမှာလည်း စဉ်းစားစရာဖြစ်နေသည်ဟု အိုင်တီပညာရှင်များနှင့် ဘလော့ဂါအချို့က သုံးသပ်ပြောသည်။

အွန်လိုင်းပေါ်တွင် သတင်းအမှားများ၊ တစ်ပါးသူ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများ ရေးသားသူကို ၎င်းတို့အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်ကဖေးတို့မှတစ်ဆင့် ခြေရာခံ၍ ဖမ်းဆီးနိုင်ရန် တတ်သိနားလည်သော ဟက်ကာတပ်ဖွဲ့ဝင်များကို လေ့ကျင့်ထားပြီးဖြစ်ကြောင်းလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်စိုးမြိုင်ကဆိုသည်။

‘‘လှုံ့ဆော်မှုတွေကို အရေးယူမယ်လို့ နိုင်ငံတော်သမ္မတကြီးကလည်း ပြောထားတယ်။ အွန်လိုင်းပေါ်မှာ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုတွေကို ပိုက်ဆံပေးပြီး ခိုင်းထားသလားတောင် မှတ်ရအောင် တစိုက်မတ်မတ် လုပ်နေတဲ့ လူတွေရှိတယ်။ အခုအချိန်အထိ အရေးယူတဲ့အသံ ဘာမှမကြားရသေးဘူး’’ဟု ဘလော့ဂါ ကိုနေဘုန်းလတ်ကပြောသည်။

ပြီးခဲ့သည့် မန္တလေးပဋိပက္ခ စတင်ခဲ့ရာ အမေရိကန်အခြေစိုက် သစ်ထူးလွင်ဝက်ဘ်ဆိုက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူပြောဆိုခြင်း မရှိသလို လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပါတီဥက္ကဋ္ဌတစ်ဦးက ဘာသာရေးနှင့် ပတ်သက်၍ စော်ကားပုတ်ခတ်ရေးသားနေမှုများကို လွှတ်ပေးထားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် Facebook၊ Google တို့မှ ပညာရှင်များ ပြည်တွင်းအိုင်တီကျွမ်းကျင်သူများ၊ Facebook အသုံးပြုသူများ၊ လူငယ်များနှင့်တွေ့ဆုံ၍  ဇူလိုင်လတတိယအပတ်တွင် ရန်ကုန်မြို့ MICT Park ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားသည်။

‘‘အခုအချိန်အထိ Plan ကောင်းကောင်းနဲ့ ကြိုတင်ပြင်ဆင်ထားတာမျိုးကို မတွေ့ရသေးဘူး။ တားဆီးမှုတွေကို ဘယ်လိုလုပ်သွားမယ်၊ ဒီအတွက် ဘတ်ဂျက် ဘယ်လောက်သုံးသွားမယ်ဆိုတာကို ပြည်သူတွေသိအောင် တရားဝင်ထုတ်ပြန်သင့်တယ်’’ဟု ဦးရဲမြတ်သူက ပြောသည်။

နိုင်ငံတကာတွင် ဆိုက်ဘာဥပဒေများကို ပြည့်စုံစွာ ပြဋ္ဌာန်းထားသောကြောင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုးကို အရေးယူဆောင်ရွက်ရန် လွယ်ကူသော်လည်း မြန်မာနိုင်ငံ၌ တရားဥပဒေကဏ္ဍသည် နည်းပညာနှင့် အလှမ်းကွာနေပြီး ဆိုက်ဘာဥပဒေမရှိသေးသည့်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်ရန် အခက်အခဲရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်သည်။

‘‘ဆိုက်ဘာဥပဒေရေးဆွဲဖို့အတွက်ဆိုရင်လည်း ၂ နှစ်လောက် စောင့်ရဦးမယ်။ လတ်တလော အဆင်ပြေဖို့ဆိုရင် ဆက်သွယ်ရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီးတော့ အဲဒီစည်းကမ်းတွေနဲ့မညီတဲ့စာတွေကို ဖြုတ်ပေးပါဆိုပြီး Facebook တို့၊ Google တို့မှာ အကြောင်းကြားထားရင်ရတယ်’’ဟု ဦးမင်းတေဇညွန့်တင်ကဆိုသည်။

မြန်မာနိုင်ငံတွင် နည်းပညာနှင့်ပတ်သက်၍ အရေးယူနိုင်သောဥပဒေမှာ ၂၀၀၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေတစ်ခုသာရှိပြီး အဆိုပါဥပဒေမှာလည်း ပြည်သူကို အကာအကွယ်ပေးရန်အတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ အခြားရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသည့် အနှစ်မပြည့်ဝသော ဥပဒေတစ်ခုသာဖြစ်ကြောင်း ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က ပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် အဆိုပါဥပဒေကို အသုံးပြုပြီး လူရွှင်တော်ဇာဂနာ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် အတိုက်အခံလှုပ်ရှားသူများကို အီးမေးလ်တစ်စောင် ထောင် ၁၅ နှစ်၊ အီးမေးလ်လေးစောင်တွေ့သူကို ထောင်အနှစ် ၆၀ အထိ ချခဲ့ဖူးပြီး လက်ရှိတွင် ဥပဒေပါပြစ်ဒဏ်များကို လျှော့ချလိုက်သော်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲရှိနေကြောင်း ဥပဒေပညာရှင်အချို့က သုံးသပ်သည်။

အွန်လိုင်းပေါ်တွင် အမုန်းစကားပြော၍ လှုံ့ဆော်နေသူများကို ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တရားဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး မလိုက်နာပါက အရေးယူခြင်း၊ သတိပေးခြင်းမျိုး ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးက အကြံပြုသည်။

‘‘Facebook နဲ့ပေါင်းပြီး စိစစ်မယ်ဆိုရင်လည်း ပေါ်လစီအရ ဘောင်ထဲကနေပဲ တိုင်ပင်ပြီးလုပ်သင့်တယ်။ ဘာမှတိတိကျကျ မထုတ်ပြန်ဘဲနဲ့ ခပ်တည်တည်နဲ့ စိစစ်မယ်ဆိုတာမျိုးတွေကို ပြောနေမယ်ဆိုရင်လည်း ပြည်သူတွေက ယုံကြည်မှုပျက်သွားနိုင်တယ်’’ဟု ဦးရဲမြတ်သူကပြောသည်။

အွန်လိုင်းပေါ်တွင် အမုန်းစကားများလှုံ့ဆော်ခြင်းကို Facebook နှင့်ပူးပေါင်း၍ စိစစ်ခြင်းအား နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်မည်ဆိုပါက ဘက်လိုက်ခြင်းမျိုး ဖြစ်လာနိုင်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်လာနိုင်သောကြောင့် လွတ်လပ်သောပညာရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စောင့်ကြည့်သင့်ကြောင်း ပညာရှင်များက အကြံပြုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဆိုက်ဘာလုံခြုံရေးအတွက် ဆောင်ရွက်သည့်အခါတွင် တိုင်းပြည်လုံခြုံငြိမ်းချမ်းရေးတစ်ခုတည်းအတွက်ကိုသာမက လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း ပြန်ကြည့်သင့်ပြီး ကိစ္စတစ်ခုတည်းကိုသာ ဦးစားပေးလိုက်လျှင် အခြားတစ်ခုတွင် သွားရောက်ထိခိုက်နိုင်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် နည်းပညာဖြင့် အွန်လိုင်းမှတစ်ဆင့် အမုန်းစကားများ ရေးသားကာ လှုံ့ဆော်မှုများ၏ နောက်ကွယ်တွင် နိုင်ငံရေးနှင့် ဆက်နွှယ်မှုများရှိနိုင်ကြောင်း ဘလော့ဂါ ကိုနေဘုန်းလတ်က သုံးသပ်ပြောဆိုသည်။

‘‘မြန်မာနိုင်ငံမှာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခဲ့တာဟာ အခုမှမဟုတ်ဘူး အရင်အစိုးရတွေရဲ့ လက်ထက်မှာကတည်းက ရှိနေတယ်။ အခုဖြစ်စဉ်မှာလည်း နိုင်ငံရေးအရ လက်နက်တစ်ခုအနေနဲ့ လှုံ့ဆော်မှုလုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်’’ဟု ကိုနေဘုန်းလတ်က ဆိုသည်။

ဖေ့စ်ဘွတ်ခ်သုံးစွဲသူအရေအတွက်- ၁.၇ သန်းကျော်
သုံးစွဲသူအမျိုးသား− တစ်သန်းကျော်
သုံးစွဲသူအမျိုးသမီး− ၆၈၀,၀၀၀

7day daily

မလေးရှား ပရိဘောဂစက်ရုံတွင် အလုပ်သမားအချင်းချင်း ရန်ဖြစ်ပြီး မြန်မာအလုပ်သမားတဦး သေဆုံး


ကွာလာလမ်ပူမြို့အနီး ကမ်းပုန် ဘာရူး ဇွန်ဂိုင်ပလုတ်ရှိ ပရိဘောဂစက်ရုံတွင်
အလုပ်သမား အချင်းချင်း ငြင်းခုံ ထိုးနှက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီ မြန်မာအလုပ်သမား
တဦး သေးဆုံးသွားခဲ့သည်ဟု ဇူလိုင် ၁၄ ရက်နေ့က NTV7 သတင်းဌာနကနေ ထုတ်လွင့်သွားခဲ့သည်။

အခင်းဖြစ်ပွားမှု ည ၈ နာရီဝန်းကျင် ပရိဘောဂစက်ရုံထဲမှာ ဆူဆူညံညံ အော်ဟစ်အသံတွေ ကြားနေရတဲ့အခါမှာ လော်လီကား မောင်းသမာက အခင်းဖြစ်ပွား နေရာသို့ သွားရောက် ကူညီဖြေရှင်းရန် ပြေးလွှာရောက်သွားတဲ့ချိန်မှာ ဘင်္ဂလာဒေရှ်နိုင်ငံသား ၄ ဦး လက်ချက်နဲ့ သေဆုံးနေတဲ့ မြန်မာနိုင်ငံသား တွေ့ရှိခဲ့သည်ဟု ကားသမားက မှုခင်းရဲတပ်ဖွဲ့ကို ပြန်ရှင်းပြခဲ့သည်။

မှုခင်းတပ်ဖွဲ့မှ သေဆုံးသွားတဲ့အလောင်းကို စစ်ဆေးကြည့်တဲ့အခါတွင် ဦးခေါင်းနှင့် ရင်ဘတ် ချွန်းထက်တဲ့အရာနဲ့ ထိုးသတ်ခံရတာဖြစ်ပြီ ဒီလူသတ်မှုသံသယရှိသူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက် သေဆုံးသူရဲ့အလောင်းကို ခွဲစိတ် စစ်ဆေးဖို့ ဇွန်ဂိုင်ပလုတ် ဆေးရုံသို့ ပို့ဆောင်ထားခဲ့တာ ဖြစ်သည်။

သူရိယဂျာနယ် ( မလေးရှား)

သန္တိသုခသံဃာငါးပါး မဟနကို တရားပြန်စွဲခြင်း ဗဟန်းတရားရုံးကပယ်ချ



အင်္ဂလန်ဆရာတော် (ဓာတ်ပုံ- ကျော်ဇင်သန်း)
ရန်ကုန်- မဟာသန္တိသုခကျောင်းတိုက်ကိစ္စတွင် အမှုရင်ဆိုင်နေရသော သံဃာတော်ငါးပါးက မဟာသံဃနာယကအဖွဲ့ကို ပြန်လည်တရားစွဲဆိုရန် ဗဟန်းမြို့နယ် တရားရုံးသို့ လာရောက်အမှုဖွင့်တိုင်ကြားခဲ့ရာ မြို့နယ်တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် အမှုရင်ဆိုင်နေရသော အင်္ဂလန်ဆရာတော် အပါအဝင် သံဃာတော်ငါးပါးသည် မဟနက ၎င်းတို့အား မတရားတားဆီးကန့်ကွက်မှုနှင့် မတရားဖမ်းဆီးဖိနှိပ်မှုတို့အတွက် ဗဟန်းမြို့နယ်တရားရုံး၌ အမှုဖွင့်ရာ မြို့နယ်တရားရုံးက ပယ်ချလိုက်ခြင်းဖြစ်သည်။

လာရောက် တရားစွဲဆိုသော အမှုသည် တာမွေမြို့နယ်တရားရုံးတွင် ရင်ဆိုင်နေရသော အမှုနှင့် စပ်လျဉ်းသောကြောင့် ပယ်ချလိုက်ခြင်းဖြစ်ကြောင်း အင်္ဂလန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

7day daily

သင်္ကန်းတစ်ပိုင်း၊ ပုဆိုးတစ်ပိုင်းဝတ်ဆင်၍ တရားမ၀င် တမလန်းသစ်များသယ်ဆောင်လာသူကို ရဲက ဖမ်းဆီးအရေးယူ


စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ မုံရွာ - မန္တလေးအဝေးပြေးကားလမ်းမိုင်းတိုင်းအမှတ် ၄၆ /ဝ
 နှင့် ၄၆/၁ အကြား နေရာရှိလမ်းတံတားအသုံးပြုခကောက်ခံရေး တိုးလ်ဂိတ်အနီးနေရာ
တွင် ဇူလိုင် ၁၅ရက်နေ့မနက် ၃ နာရီ အချိန်က သင်္ကန်းတစ်ပိုင်း၊ ပုဆိုးတစ်ပိုင်းဝတ်ဆင်၍မူးယစ်သောက်စားထားကာ တရားမ၀င် တမလန်း သစ်များအား
တိုယိုတာစူပါကာစတန်ကားတစ်စီးဖြင့် သယ်ဆောင်လာသူကို ရဲကဖမ်းဆီးအရေးယူခဲ့
ကြောင်း သိရသည်။

အဆိုပါ သင်္ကန်းတစ်ပိုင်း၊ ပုဆိုးတစ်ပိုင်းဝတ်ဆင်၍ တရားမ၀င်တမလန်းသစ်များသယ်ဆောင်လာသူကို မြင်းမူမြို့မရဲစခန်း၌တာဝန်ထမ်းဆောင်လျက်ရှိသော ဒုရဲအုပ် ဇာနည်အောင်နှင့်အဖွဲ့က စစ်ဆေးခဲ့ရာ
ထိုသူ တို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ယာကြီးကျေးရွာနေ ကိုစိုင်းနောင် အသက်(၃၂)နှစ်ဆိုသူသည် ၎င်း၏ကိုယ်ခန္ဒာအပေါ်ပိုင်းတွင် အလျား(၆)ပေ၊ အနံ(၃)ပေ အရွယ်ရှိ သင်္ကန်း
ပိုင်းစအားခြုံလွှမ်းဝတ်ဆင်ထားခဲ့ပြီး ကိုယ်ခန္ဒာ၏အောက်ပိုင်းတွင်ဦးဂျမ်းအမှတ်တံဆိပ်ပါ အစိမ်းရောင် ကွပ်စိပ်ပုဆိုးတစ်တည်ကိုဝတ်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ထိုသူမှာ တိုယိုတာ စူပါကာစတန် ခဲရောင်အမျိုးအစား ယာဉ်အမှတ် ၄က/ ၅၉…ကားပေါ်တွင် တမလန်း သစ်များကို တရားမ၀င်တင်ဆောင်၍ အရက်သေစာများသောက်စားမူးယစ်ကာ ယာဉ်အား မောင်းနင်း လာခဲ့ခြင်းဖြစ်သည်ဟု ဒုရဲအုပ်ဇာနည်အောင်နှင့်အဖွဲ့က မှတ်တမ်းများရယူထားကြောင်း သိရသည်။
သင်္ကန်းတစ်ပိုင်း၊ ပုဆိုးတစ်ပိုင်းဝတ်ဆင်၍ တမလန်းသစ်များကိုတရားမ၀င်သယ်ဆောင်လာသူအား မြင်းမူ မြို့မရဲစခန်းက(ပ)၁၅၂/၂၀၁၄ ပြစ်မှုပုဒ်မ၂၉၅ အရအမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး ( ချင်းတွင်း)

ဧရာဝတီတတိုင်းလုံးတွင် အာဇာနည်နေ့ ဥသြဆွဲမည်


ဧရာဝတီတိုင်း တတိုင်းလုံးက  အာဇာနည်နေ့အခမ်းအနားမှာ ဥသြဆွဲမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောပါတယ်။

ပုသိမ်မြို့မှာတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ ပြုလုပ်မှာဖြစ်ပြီး ကျန်မြို့နယ်တွေကိုလည်း ပြုလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သူက ပြောပါတယ်။

“မီးသတ်ကား ၄ စီးနဲ့လည်း ဥသြဆွဲမယ်။ ဆန်စက်တွေ အားလုံး ဥသြဆွဲမယ်။ ဒီလိုလုပ်လာတာ ၃ နှစ်ရှိပါပြီ” လို့ ဦးအေးကျော်က ပြောပါတယ်။

မနက်ဖြန်ကစပြီး ပုသိမ်မြို့တော်ခန်းမကနေပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ၊ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ သီချင်းတွေကို လွှင့်ပေးနေမယ်လို့လည်း ဦးအေးကျော်က ပြောပါတယ်။

ပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ အာဇာနည်ကြီးတွေကို ရည်စူးပြီး ပုသိမ်မြို့တော်ခန်းမမှာ သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းပြီး ကန်သာယာကွင်း အာဇာနည် ကျောက်တိုင်မှာ လွမ်းသူ့ ပန်းခွေချ၊ အလေးပြုတာတွေကို လုပ်သွားမှာ ဖြစ်ပါတယ်။

အာဇာနည်နေ့မှာ ဥသြဆွဲဖို့အတွက် မနှစ်က လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် လုပ်ဆောင်ဖို့ မရှိဘူးလို့ အစိုးရကဖြေကြားခဲ့ပါတယ်။ အဲဒီနောက် မော်တော်ကားတွေ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဟွန်းသံရှည်တီးခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ ကားဟွန်းတီးရင် အရေးယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

DVB