အမှန်တကယ် ပြင်ဆင်လိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအား ရက် ၃၀ ဖြင့်ပင် ပြင်ဆင်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဆရာဦးအောင်သင်း ပြောတာတော့ကြားဖူးတာပဲ လွတ်လပ်ရေးရတော့မယ် ဆိုတော့ ဖဆပလ အသင်းအစည်းအဝေးမှာ အခြေခံဥပဒေ ရေးဆွဲဖို့ ဆွေးနွေး ကြတယ် အဲ့ဒီ့မှာ ဗိုလ်ချူပ်က စာအုပ်နဲ့ဘောပင် တစ်ချောင်းယူပြီး အခန်းထောင့်မှာ ထိုင်ရေးတာ ၄၅ မိနစ်လောက်ကြာတယ်တဲ့ ပြီးတော့ သူရေးထားတဲ့ မူကြမ်းကို တင်သွင်းဆွေးနွေးတော့ စာလုံးအထားအသို လောက်ပဲပြင်ရတဲ့ အင်မတန် ပြည့်စုံတဲ့ အခြေခံဥပဒေအဖြစ် လက္ခံကြရတယ်တဲ့ နောက် ဖဆပလ ထက်ခြမ်းကွဲ ဗိုလ်ချူပ်လဲ ကျဆုံးတော့ လက်သည်မပေါ်ပဲ ဖြောက်ဖြက်တာ ခံရတယ် ပြောတယ် မှတ်မှတ်ရရ ၂၀၀၄ ပေါက်ခေါင်းစာပေဟောပြောပွဲ လာတော့ ပြောသွားတာပါ

Pyaesoan Myint.

သွားဆေးတက္ကသိုလ် သုံးလွှာမှ အမျိုးသမီးတစ်ဦး ခုန်ချ


ဇော်ဇော်ထွေး | သောကြာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၃၁ မိနစ်

သင်္ဃန်းကျွန်းမြို့နယ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်အဆောက်အအုံပေါ်မှ အမျိုးသမီး တစ်ဦး ခုန်ချခဲ့မှုတစ်ခု ဇူလိုင် ၃၁ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ခုန်ချသူမှာ အသက် ၂၈ နှစ်အရွယ်ရှိသည့် အမျိုးသမီးဖြစ်ပြီး သူမသည် တွံတေးမြို့နယ် သုံးအိမ်ရွာမှ ဆေးလာကုခြင်း ဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

သူမသည် ယာဘက်အာခေါင်၌ အကြိတ်တစ်ခုပေါက်နေသဖြင့် ခွဲစိတ်ကုသရန် အတွင်းလူနာအဖြစ် သွားဆေးတက္ကသိုလ်တွင် တက်ရောက် ကုသနေခြင်းဖြစ်သည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မည်သည့် အကြောင်းအရင်းကြောင့် ထိုသို့ တက္ကသိုလ်အဆောင်ပေါ်မှ ခုန်ချလိုက်ခြင်း ဖြစ်သည်ကိုမူ ရဲများက ထုတ်ပြန်ထားခြင်း မရှိပေ။

သူမသည် ထိုသို့ခုန်ချမှုကြောင့် နောက်စေ့ဖူးရောင်၊ ယာလက်ဖျံကျိုး၊ အပေါ်သွား နှစ်ချောင်းကျိုး၊ ယာပေါင်ကျိုးစသည့် ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု ရဲများက မှတ်တမ်းတင်ထားသည်။

ဒဏ်ရာများသည် စိုးရိမ်ရသော အခြေအနေရှိပြီး သူမကို နံနက် ၄ နာရီကျော် အချိန်ကတည်းက ရန်ကုန် ဆေးရုံကြီး၌ ပို့ဆောင်ကုသထားကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ အစာအိမ် အူလမ်းကြောင်းပိတ် ဝေဒနာရှင်တစ်ဦးသည် တွံတေးမြို့နယ်မှ ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ဆေးဝါးကုသမှု ခံယူနေစဉ် ဝေဒနာမခံစားနိုင်သဖြင့် ဆေးရုံကြီးပေါ်မှ ခုန်ချသေဆုံးမှု တစ်ခု ဇွန်လ ၈ ရက်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။
Mizzima - News in Burmese

နေအိမ်အတွင်း ပိတ်လှောင်ထားသည်ဟုဆိုကာ မိခင်က သားသမီးအရင်းများကို အမှုဖွင့်


ဇော်ဇော်ထွေး | သောကြာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၃၇ မိနစ်

သူမအပြင်သို့ မထွက်နိုင်ရန် တံခါးပိတ်ထားသည်ဟုဆိုကာ မိခင်ဖြစ်သူက သားသမီးအရင်း သုံးဦးကို ဇူလိုင် ၃၁ ရက်က အမှုဖွင့်တိုင်ကြားလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်ပွားပုံမှာ မိခင်ဖြစ်သူသည် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ တရားရုံး၌ အမှုရင်ဆိုင်ရန် ခရီးထွက်မည်ကို သားသမီးများက မသွားရန် တားဆီးသည့်အနေဖြင့် နေအိမ်ခန်းအတွင်း ပိတ်လှောင်ထားခဲ့ကြောင်း တရားလိုက ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထိုသို့အခန်းထဲ ထည့်ပိတ်ထားသဖြင့် မိခင်ဖြစ်သူက အိမ်ရှေ့ဝရံတာမှနေ၍ “ရဲစခန်းကို ဖုန်းဆက်ပေးပါ” ဟု စာရေးသားပြီး ဖရောင်းတိုင်တွင် ပတ်ကာ အောက်သို့ပစ်ချခဲ့သည်ဟု သူက ရဲကို တိုင်တန်းရာတွင် ပြောကြားထားသည်။

အဆိုပါ ဖရောင်းတိုင် ပစ်ချပြီးနောက် နှစ်နာရီခန့်အကြာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လသာမြို့နယ် ရဲစခန်းမှ ရဲများက အိမ်သို့ရောက်ရှိလာသဖြင့် သူမကို ပိတ်လှောင်ထားမှုမှ လွတ်မြောက်ခဲ့သည်ဟုလည်း ရဲဌာန၌ ကာယကံရှင်က ထွက်ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မိခင်ဖြစ်သူ ဒေါ်ခင်မျိုးအေးက သူ့၏သားသမီးများက သူမကို ပိတ်လှောင်ထား သည်ဟု စွပ်စွဲကာ သမီးများဖြစ်သည့် အသက် ၂၃ အရွယ် မစိုးသဉ္ဇာ၊ အသက် ၂၀ အရွယ် မစိုးမြသွယ် နှင့် သားဖြစ်သူ အသက် ၂၁ အရွယ် ကိုကောင်းမင်းထက်တို့ကို လသာရဲစခန်း၌ တိုင်တန်းခဲ့သည်။

ရဲစခန်းကလည်း ထိုကိစ္စကို အမှုအမှတ် (ပ)၁၇၆/၁၃ ဖြင့်အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ သုံးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂ မတရားချုပ်နှောင်မှုဖြင့် တရားစွဲဆိုမည်ဟုလည်း သတင်းထုတ်ပြန်သည်။
Mizzima - News in Burmese

မိခင်နို့တိုက် အမျိုးသမီးများ ရင်သားနှင့် သားအိမ် ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်ဟုဆို


ရန်ကုန်၊ သြဂုတ် ၁

မိခင်နို့တိုက်ကျွေးသော အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ရင်သားနှင့် သားအိမ်ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်သည်ဟု ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်ကို သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးတစ်ယောက်က ကလေးမွေးပြီးတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က သားအိမ်နဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှုံ့ဆော်မှု နည်းသွားပြီး ဦးနှောက်ကို ပိုလှုံ့ဆော် ဖြစ်တယ်။ ရင်သားကင်ဆာ လျော့တာကလည်း ကလေးမွေးပြီး နို့တိုက်တဲ့ အချိန်မှာ ရင်သားဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တဲ့အတွက် ကင်ဆာတွေ ဖြစ်နိုင်ခြေ နည်းသွားတာပါ” ဟု သားဖွားနှင့် မီးယပ်အထူးကုဆရာဝန် ဒေါက်တာဝင်းကိုက ရှင်းပြသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးထု အကြားတွင် ဖြစ်ပွားသော ကင်ဆာများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းသည် အမြင့်ဆုံးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းသည် ဒုတိယအများဆုံး ဖြစ်ကြောင်း WHO ကို ကိုးကားကာ ဆရာဝန်များက ပြောကြားသည်။

မိခင်နို့ရည်သည်သာ မွေးကင်းစ ကလေးငယ်များအတွက် အကောင်းဆုံး ဖြစ်သောကြောင့် မွေးပြီးခြောက်လအထိ တိုက်ကျွေးရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် National Institute of Health ၏ မြန်မာနိုင်ငံ၏ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း သုတေသနစာတမ်းတွင် ကလေးခြောက်ဦးနှင့်အထက် မွေးခဲ့ဖူးသော မိခင်လောင်းများ၏ သုံးပုံတစ်ပုံကမူ ကလေးလေးဦးအောက် မွေးခဲ့ဖူးသော မိခင်လောင်းများထက် ရင်သားကင်ဆာ ဖြစ်ပွားနှုန်း ပိုများကြောင်း၊ ကလေးတစ်ကြိမ် မွေးဖွားဖူးသော အမျိုးသမီးများအနက် အသက် ၃၀ နှစ်ကျော်မှ ပထမဆုံး ကလေးမွေးဖွားဖူးသော အမျိုးသမီးများသည် ရင်သားကင်ဆာ အန္တရာယ် ပိုရှိကြောင်း ဖော်ပြထားသည်။

The Voice Weekly

ဆီးဂိမ်း ကျင်းပရန် လေးလကျော်သာ လိုတော့သော်လည်း မြန်မာ ကစားသမား အပြီးသတ် မရွေးရသေး


ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာ ကစားသမား ကိုးရာနီးပါး ဝင်ရောက် ယှဉ်ပြိုင်ရန် သတ်မှတ် ထားသော်လည်း ယခုအချိန် အထိ အပြီးသတ် မရွေးချယ် ရသေးကြောင်း အားကစား ဝန်ကြီးဌာန မှ သိရသည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို လာ မည့် ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့ အထိ ကျင်းပမည် ဖြစ်သဖြင့် လက်ရှိတွင် ပြိုင်ပွဲကျင်းပရန် လေးလကျော် သာ ကျန်တော့ သည်။

ယင်းသို့ ဆီးဂိမ်း ပြိုင်ပွဲ ကျင်းပရန် နီးကပ်မှု များရှိနေသော်လည်း မြန်မာ့ အားကစားအဖွဲ့ အနေဖြင့် ပြိုင်ပွဲဝင် ကစားသမားဦးရေကို သတ် မှတ်နိုင်ခြင်း မရှိသေးဘဲ ပြိုင်ပွဲ အမျိုးအစား ရွေး ချယ်သည့် အနေ အထားတွင်သာ ရှိနေသေး ကြောင်း သိရသည်။

”စာရင်း အတိအကျတော့ သက်ဆိုင်ရာ အဖွဲ့ချုပ်တွေ တွက်ချက်နေတုန်းပဲ။ ဘယ်ကစား နည်းကို ဘယ်နှယောက် ဝင်ပြိုင်မယ်၊ ဘယ်ကစား နည်းကို ဝင်မပြိုင်ဘူး စတဲ့ အချက်တွေကို လုပ်နေတဲ့ အတွက် ကစားနည်း တစ်ခု ချင်းစီရဲ့ လူဦး ရေ မသိနိုင်သေးတာပါ။ ယာယီ အနေ နဲ့ကတော့ ရှစ်ရာနဲ့ ကိုးရာကြား မှာ ရှိပါတယ်” ဟု အား ကစား ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အားကစား ဝန်ကြီး ဌာန၌ ဆီးဂိမ်းပြိုင်ပွဲ အတွက် ပဏာမ လက်ရွေးစင်အဖြစ် လေ့ကျင့်မှုများ ပြုလုပ်နေသည့် ကစားသမား များမှာ တစ်ထောင့်နှစ်ရာကျော် ရှိကြောင်း၊ ယင်း တို့ကို နေပြည်တော်နှင့် ရန်ကုန်တွင် နေရာများ ခွဲ၍ လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

”ပြိုင်ပွဲနီးမှပဲ ရန်ကုန် ကစားသမား တွေ နေပြည်တော် ရွှေကမ့်ကို လာပြီး ပေါင်းကြမှာပါ။ ရန်ကုန်မှာ ကျင်းပမယ့် ပြိုင်ပွဲတွေ ကိုတော့ ရန်ကုန် ကမ့်မှာ ရှိတဲ့ ကစား သမားတွေ ပြိုင်ကြမှာ ပါ။ သူတို့ကိုတော့ နေပြည်တော် မခေါ်တော့ပါ ဘူး” ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိ၌ စခန်းသွင်း လေ့ကျင့်ထားသည့် လက်ရွေးစင် ကစားသမား တစ်ထောင့်နှစ်ရာ ကျော်တွင် နေပြည်တော်၌ ရှစ်ရာကျော် ရှိပြီး ရန်ကုန်တွင် လေးရာရှိကြောင်း ယင်းတို့ အနက်မှ လက်ရွေးစင် ကစားသမားများကို ရွေးချယ်သွား မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

(၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို ရန် ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ငွေဆောင် မြို့ များတွင် ကျင်းပမည် ဖြစ်သည်။

ကစားနည်း ၃၄ မျိုး ထည့်သွင်း ထားကြောင်း၊ ကစားနည်း အများဆုံးကို နေပြည်တော်တွင် ပြုလုပ်၍ ရန် ကုန်တွင် အမျိုးသား ဘောလုံး အုပ်စုပွဲများနှင့် အခြားကစား နည်း ၅ မျိုး ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ မန္တလေးတွင် အမျိုးသမီး ဘောလုံး၊ ငွေဆောင်တွင် ရွက်လှေ ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရ သည်။

Popular Myanmar News Journal

နျူဓာတ်ပေါင်းဖိုတည်ဆောက်ရေး ထိုင်ဝမ်လွှတ်တော်တွင် နပမ်းလုံး ဆွေးနွေး


သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။

ထိုင်ဝမ်နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုသစ် တည်ဆောက်ရေး ဆွေးနွေးမှုနှင့် ပတ်သက်ပြီး အဆိုပြုသူနှင့် အတိုက်အခံ အမတ်များ အုတ်အော်သောင်းနင်း ရန်ပွဲဆင်နွှဲခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။ လူဦးရေ သိပ်သည်းဆ မြင့်မားလွန်းသော ကျွန်းနိုင်ငံလေးတွင် စွမ်းအင်ပြဿနာအတွက် နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စသည် ယခင်ကတည်းက အငြင်းပွားစရာ ဖြစ်နေခဲ့သည်။



လူဦးရေ (၂၃)သန်းကျော် နေထိုင်သော ထိုင်ဝမ်တွင် (၄)ခုမြောက် ဓာတ်ပေါင်းဖိုကို တည်ဆောက်ရန် သမ္မတ မာယင်ဂျူ၏ အာဏာရ အမျိုးသားရေးပါတီက ဆန္ဒရှိနေသည်။ သို့သော်လည်း ဂျပန်နိုင်ငံတွင် (၂၀၁၁)ခုနှစ်က ဖြစ်ပွားသော ငလျင်ကြီးကြောင့် ဖူကူရှီးမားမှ ဓာတ်ပေါင်းဖို ယိုစိမ့်မှု ပြဿနာနောက်ပိုင်း နျူကလီးယား စွမ်းအင်အပေါ် စိုးရိမ်မှု မြင့်မားလာသည့် အတိုက်အခံ ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီကလည်း ယင်းကို ကန့်ကွက်သည်။



သောကြာနေ့က ဥပဒေပြု ဆွေးနွေးခန်းမတွင် တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်၏ ပုံတူ ပန်းချီကားချပ်ရှေ့ မတ်တပ်ရပ်နေသော ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီဝင်များက စာတန်းများ ကိုင်ဆောင်ကာ နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စကို ဆန့်ကျင်ကြသည်။ အမျိုးသားရေး ပါတီ၏ ကိုယ်စားလှယ်များကလည်း ယင်းကို တုံ့ပြန် ဝေဖန်ကြရာမှ ရန်ပွဲပေါ်ပေါက်လာခြင်းဟု သိရသည်။ ပြည်တွင်း ရုပ်မြင်သံကြား ဌာနအချို့က ထိုးကြကြိတ်ကြ ပြေးကြလွှားကြနှင့် ဆူဆူညံညံ ဖြစ်နေသော ဥပဒေပြု ဆွေးနွေးခန်းမ မြင်ကွင်းကို ပြသခဲ့သည်။



ထိုင်ဝမ်တွင် စတုတ္ထမြောက် ဓာတ်ပေါင်းဖိုကို (၁၉၉၇)ခုနှစ်က စတင် တည်ဆောက်ခဲ့သော်လည်း ဒီမိုကရက်တစ် ဖြစ်ထွန်းရေးပါတီ အာဏာရလာသည့်နောက် (၂၀၀၀)ပြည့်နှစ်မှ (၂၀၀၈)ခုနှစ်အတွင်း လုပ်ငန်းခွင် ရပ်ဆိုင်းထားစေခဲ့သည်။ ယခုအခါ ယင်းတားမြစ်ချက်ကို ပြန်လည် ပယ်ဖျက်ရန် အာဏာရ ပါတီက ကြိုးပမ်းလာပြီး အဆိုပါ အားထုတ်မှု အောင်မြင်ပါက (၂၀၁၆)ခုနှစ်တွင် ဓာတ်ပေါင်းဖို စွမ်းအင်ပြည့် စတင်လည်ပတ်နိုင်မည် ဖြစ်သည်။



အခြေအတင် ဆွေးနွေးမှု ကာလရှည်ကြာ ဖြစ်နေခဲ့ပြီးနောက် သောကြာနေ့ကမူ ကိုယ်ထိလက်ရောက်ပါ တိုက်ခိုက်လာကြခြင်း ဖြစ်သည်။ ရုပ်မြင်သံကြား ဌာနများက စုပြုံတွန်းထိုးနေသည့် လူအုပ်ကြီး တစ်စု၏ ပုံများနှင့် ကြမ်းပြင်ပေါ်တွင် အကြိတ်အနယ် နပမ်းသတ်နေသူ နှစ်ဦးတို့၏ ပုံများအပါအဝင် အဆိုပါ ရန်ပွဲကို ပြည်သူများ တွေ့ရှိခွင့်ရရန် ဝေဝေဆာဆာ တင်ဆက်ခဲ့သည်။ ထိုင်ဝမ်သည် တစ်ပါတီ စစ်အုပ်ချုပ်ရေး စနစ်ကို (၁၉၈၇)ခုနှစ်တွင် စတင်ပြောင်းလဲခဲ့ပြီး ယနေ့ အာရှတိုက်တွင် ဒီမိုကရေစီစနစ် အပီပြင်ဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

အားနည်းပြီး မူးမေ့ချင် ဖြစ်နေသလား


ဆယ်ကျော်သက် အရွယ်တွေမှာ အဖြစ်များတဲ့ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ အကြောင်း ဖော်ပြ ပေးလိုက် ပါတယ်။

အားနည်းပြီး မူးမေ့ခြင်း ဖြစ်ရသော အကြောင်းရင်း

ဒါက စိတ်နဲ့ ခန္ဓာမှာ ဖိစီးမှုဒဏ်ရှိ တာကြောင့် ဖြစ်ရတာပါ။ လူတစ်ယောက်ရဲ့ နှလုံး၊ သွေးလှည့် ပတ်မှု၊ သွေးဖိအား နဲ့ အသက်ရှူတဲ့ ပုံစံ စတာတွေနဲ့လည်း ဆက်စပ်မှု ရှိသလို စိတ်ဖိစီးမှု၊ စိုးရိမ် သောက များတာ၊ စိတ်ပင်ပန်းတာစတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တွေနဲ့လည်း ဆက်စပ် နေပါတယ်။

အားနည်းပြီး မူးမေ့သော ဝေဒနာဖြစ်ပေါ်စေရန် လှုံ့ဆော်သည့် အချက်များ

-စိတ်ဖိစီးမှု ဖြစ်စေသော အခြေအနေ၊ စိတ်လှုပ်ရှားမှုနဲ့ နာကျင်မှု တွေဟာ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာကို ဖြစ်စေ နိုင်ပါတယ်။

-အပူရှိန် များလွန်းတဲ့ အခန်းနဲ့ လူထူ ထပ်လွန်းတဲ့ အခန်းထဲမှာ နေရတဲ့ အခါ၊ သွေးစစ်ဆေးဖို့ ဆရာဝန် အခန်းကို သွားတဲ့အခါတွေမှာ အားနည်းပြီး မူးမေ့တဲ့ ဝေဒ နာ ဖြစ်ပေါ် တတ်ပါတယ်။

-အားနည်းပြီး မူးမေ့တာက ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်ပေါ် တတ်ပါတယ်။ အဲဒီအခါ ဖျော့တော့တာ၊ ချွေးပြန်တာ နဲ့ ဖျားတာတို့ ဖြစ်တတ် ပါတယ်။ အိပ်နေရာ ကနေ ရုတ်တရက် မတ်တပ် ထရပ်တဲ့ အခါနဲ့ ထိုင်လိုက်တဲ့ အခါတွေမှာ မူးမေ့ သွားတတ် ပါတယ်။

အားနည်းပြီး မူးမေ့နေသူကိုတွေ့ရင် ဘာလုပ်ပေးသင့်သလဲ

အရင်ဆုံး မူးမေ့ချင် သလိုလို ဖြစ်လာသူကို အိပ်ရာပေါ် လဲလျောင်းဖို့ ပြင်ဆင်ပေးပါ။ ပြီးရင်သူတို့ရဲ့ ဦးခေါင်းကို တတ်နိုင်သမျှ နှိမ့်ထားပြီး ခြေထောက် တွေကို မြှင့်တင် ထားပေးပါ။ ဒီနည်းလမ်းဟာ ဦးခေါင်းထဲကို သွေးစီးဆင်းရောက် ရှိစေပါတယ်။

- အိပ်နေရာ ကနေ ရုတ်တရက် ထလိုက်တာမျိုးကို ရှောင်ပါ။

-သတိလစ်ပြီး မူးမေ့ချင် သလိုလို ဖြစ်နေရင် ကောင်းကောင်း သတိရဖို့အတွက် မိနစ် အနည်းငယ် ကျော်ကြာတဲ့အထိ အချိန်ယူ ရပါတယ်။ ဒါကြောင့် အာရုံထွေပြားပြီး ကြည်လင် ပြတ်သားမှု မရှိသေးချိန်မှာ ရုတ်တရက် ထရပ်လိုက်ရင် မူးဝေကာ သတိလစ်ချင် သလိုလို ဖြစ်သွား နိုင်ပါတယ်။

- တကယ်လို့ မူးမေ့လာပြီး လှဲအိပ်ဖို့ အဆင်မပြေရင် ဒူးနှစ်ဖက်ကြား ခေါင်းထည့်ပြီး ထိုင်နေ သင့်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတစ်ဦးက သူ့လက်တစ်ဖက်ကို ကိုင်ရင်း နောက်လက် တစ်ဖက်နဲ့ သူ့ဦးခေါင်းကို ဖိထားပေးပါ။ ဒီလိုလုပ်တာက ဦးခေါင်းထဲကို သွေးစီးဆင်းရောက် ရှိမှု များစေပြီး အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ ကို လျော့ကျ စေပါတယ်။

အားနည်းပြီး မူးမေ့သော ဝေဒနာအတွက် ကြိုတင်ပြင်ဆင်မှု

မူးမေ့ လွယ်တဲ့ သူတွေက သူတို့ကို မူးမေ့လွယ်မှု ဖြစ်စေနိုင်တဲ့ အခြေအနေတွေနဲ့ လှုံ့ဆော်မှုတွေကို အမြဲသတိထား နေဖို့ လိုပါတယ်။ မူးမေ့ချင် သလိုလို ဖြစ်လာ ပြီဆိုရင် ဘေးက လူတွေကို ကြိုတင် သတိ ပေးထားပြီး ထိုင်ချလိုက်ဖို့၊ လှဲအိပ်လိုက်ဖို့ လိုပါတယ်။ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ ဖြစ်ပေါ်တာက အချိန်တို အတွင်း ဖြစ်ပေါ် တတ်လို့ပါ။ အားနည်းပြီး မူးမေ့တဲ့သူက တစ်မိနစ်ကျော်၊ နှစ်မိနစ်ကြာတဲ့အထိ သတိပြန်မရရင် ရှေးဦး သူနာ ပြုစုနည်းကို သုံးဖို့နဲ့ အကူအညီ ခေါ်ဖို့ လိုအပ်နေပါပြီ။ အသက်ဝ၀ ရှူနိုင်အောင် ကူညီကာ အရေးပေါ် အကူအညီ မလာခင်အထိ သူ့ဘေး နားမှာ နေပေးဖို့ လိုပါတယ်။

ဇွန်

မြ၀တီ

မဟာဗန္ဓုလပန်းခြံလမ်းတွင် ဆင်ဆာမဲ့ နိုင်ငံခြားဇာတ်ကား DVD တစ်သိန်းကျော်မိ


ရန်ကုန်၊ သြဂုတ် ၁

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ MOVIE MART အခွေ အရောင်းဒိုင်တွင် ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်က ဆင်ဆာမဲ့ နိုင်ငံခြား DVD ခွေမျိုးစုံ တစ်သိန်းကျော် ဖမ်းမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အခွေအရောင်းဆိုင်ကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ရောင်စုံပလတ်စတစ်ခြင်း ၁၄၂ ခြင်းဖြင့် ထည့်ထားသည့် နိုင်ငံခြားသီချင်း၊ ဇာတ်လမ်းနှင့် ကာတွန်းရုပ်ပုံများ ပါဝင်သော ဆင်ဆာမဲ့ နိုင်ငံခြား DVD ခွေ ၆၁,၂၀၀ ချပ်၊ ငွေစက္ကူ တစ်သိန်းခြောက်သောင်းကျပ်၊ ဆိုင်အပေါ်ထပ်မှ MOVIE MART လိပ်စာကတ် ၅၀နှင့် နိုင်ငံခြားခွေမျိုးစုံ ၄၁,၉၄၀ ချပ်၊ စုစုပေါင်း DVD ခွေမျိုးစုံ ၁၀၃,၁၄၀ ချပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“မြန်မာ ဇာတ်ကား၊ မြန်မာသီချင်းခွေနဲ့ ညစ်ညမ်းခွေတွေ မပါဘူးလို့ ကြားတယ်၊ နိုင်ငံခြားခွေတွေ ဖမ်းမယ်ဆိုရင် နိုင်ငံခြား ဇာတ်လမ်းတွေ ပြနေတဲ့ ရုပ်ရှင်ရုံတို့၊ တီဗီတို့ကိုကျတော့ ဘာဖြစ်လို့ ခွင့်ပြုထားတာလဲ။ ရုပ်ရှင်အစည်းအရုံးက ဖမ်းခိုင်းတာလား၊ ရဲကဖမ်းတာလား မသိဘူး။ မေးလိုက်ရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘော်လီဘော ပုတ်နေကြတယ်” ဟု ဆင်ဆာမဲ့ခွေ ရောင်းချမှုဖြင့် ပြစ်ဒဏ်တစ်ကြိမ် ကျခံဖူးသူ အမျိုးသားတစ်ဦးက The Voice သို့ ပြောကြားသည်။

ဆင်ဆာမဲ့ နိုင်ငံခြားခွေများ ဖမ်းမိသည့် MOVIE MART ဆိုင်သည် ရန်ကုန်မြို့တွင် အကြီးဆုံး အခွေရောင်းချသည့် ဒိုင်တစ်ခုဖြစ်ပြီး အဆိုပါလမ်းတွင် ဆိုင်ဖွင့်နေသည်မှာ ရှစ်နှစ်ခန့် ရှိကြောင်း မဟာဗန္ဓုလပန်းခြံလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဆိုင်ပိုင်ရှင် ဦးသန့်ဇင်ကို (ပ) ၂၇၄/၂၀၁၃၊ ဗီဒီယို ဥပဒေပုဒ်မ ၃၂(က)/(ခ) ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းမှ အရေးယူဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

လူငယ်တွေအိမ်ထောင်ပြုတော့မယ်ဆိုရင်


ငယ်ရွယ်သူတွေ၊ အထူးသဖြင့် အသက် ၁၈ နဲ့ ၂၅ ကြားလူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် စဉ်းစားစရာ ရှိပါတယ်။ သေသေချာချာ စဉ်းစားဖို့လည်း လိုအပ်ပါလိမ့်မယ်။

အောက်က အချက်တွေက သဘောမတူသူရှိသလို၊ သဘောတူသူတွေလည်း ရှိပါလိမ့်မယ်။ ဒါတွေဟာ အမြဲတမ်းမှန်တဲ့ အမှန်တရားတွေတော့ မဟုတ်ပါဘူး။ အဆင်မပြေဘူးထင်တဲ့ အချက်တွေကို ကျော် သွားနိုင်သလို တည့်တည့်တိုးမယ့် အချက်တွေလည်း ပါပါလိမ့်မယ်။ အားလုံး ၁၄ ချက်ရှိပါတယ်။ မဇ္ဈိမ က နေ့စဉ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၈။ အိမ်ထောင်မပြုခင် တစ်နှစ် (သို့) နှစ်နှစ် ကြာတဲ့အထိ နားလည်မှုယူပါ။
ဒီကိစ္စကို ပြောမယ်ဆို ဘယ်အရာကို နားလည်မှုယူပါလို့ သီးခြားပြောရမှာ ခက်လှပါတယ်။ ဒါကြောင့် အားလုံးပဲလို့ပဲ ပြောပါရစေ။ နှစ်ယောက်လုံးနဲ့ သက်ဆိုင်တဲ့အရာတွေအားလုံးကို နားလည်မှုယူပါ။ ဒီကိစ္စ လေးကတော့ သူနားလည်မှာပဲ။ ငါနားလည်မှာပဲဆိုပြီး လက်လွှတ်မထားပါနဲ့။ ပြီးတော့ ချက်ချင်းကြိုက်၊ ချက်ခြင်း လက်ထပ်ဆိုတဲ့ ကိစ္စကိုရှောင်ပါ။ ဘယ်တော့မှ မလုပ်ပါနဲ့။ အဖြစ်နိုင်ဆုံး၊ အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာတဲ့အထိ နားလည်မှုယူပါ။ သုံးနှစ် သုံးမိုးကြာအောင် နှစ်ဦးနှစ်ဖက် နားလည်မှုတွေ ယူကြရင်တော့ အတိုင်းအထက်အလွန်အကောင်းဆုံးပါပဲ။ အိမ်ထောင်ပြုမဲ့သူကို ကြာကြာတွဲလေ၊ နား လည်မှုရလေပါပဲ။ ဒီအချိန်မှာ ကွဲကြ၊ ပြဲကြလည်းဖြစ်နိုင်ပါသေးတယ်။ ဒါဟာကောင်းပါတယ်။ သဘော ထား မတိုက်ဆိုင်ဘဲ အိမ်ထောင်ပြုလိုက်တာထက် စာရင် စောစောစီးစီးလမ်းခွဲလိုက်တာက ပိုအဆင် ပြေပါတယ်။
Mizzima - News in Burmese

မျက်နှာပေါ်က အမည်းစက်တွေ ကင်းအောင်


မျက်နှာပေါ်မှာ အမည်းစက်တွေ ထင်ကျန်မှု ကင်းစေဖို့ ဂရုစိုက် သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

၁)မျက်နှာပေါ်က ဝက်ခြံနဲ့ အဖုတွေကို ညှစ်တာမျိုး လက်သည်းနဲ့ ကုတ်ဖဲ့ လိုက်တာမျိုးကို ရှောင်ပါ။

၂)ဝက်ြခံ တွေကို ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးဖောက် တာမျိုးလို အကျင့်တွေကြောင့် ရောဂါပိုး ဝင်တတ် ပါတယ်။

၃)မျက်နှာပေါ်မှာ ဝက်ခြံ အများကြီး ပေါက်နေချိန်နဲ့ အဖုတွေ ပေါက်နေချိန်မှာ မျက်နှာ ကြေးချွတ် သန့်စင် တာမျိုးလို အတင်း ပွတ်တိုက်မှုတွေ မလုပ်ပါနဲ့။

၎) မျက်နှာပေါ်က အဖုနဲ့ ဝက်ခြံတွေပေါ်ကို ပူတဲ့ အဝတ်နဲ့ အုပ်တာမျိုးကို ရှောင်ပါ။

၅)အဖုတွေ ပေါ်ကို ဝက်ခြံ ပျောက်ဆေးသာ လိမ်းပေးပြီး တခြား လောင်ကျွမ်းစေတဲ့ ဆေးတွေကို အစက်ချ လိမ်းပေးတာ မျိုးရှောင်ပါ။

၆)ဝက်ခြံနဲ့ အဖုတွေပေါ်ကို ရေအေးဝတ် ဒါမှမဟုတ် ရေခဲနဲ့ တစ်နေ့ကို နှစ်မိ နစ်လောက် ကပ်ပေးတာက ရောင်ရမ်းမှု ကိုကျစေပြီး ဝက်ခြံ သက်သာ စေပါတယ်။

လမင်းလေး

မြ၀တီ

နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး


ကလေးမလေး ရဲ့ အရွယ်က ၁၁ ကနေ ၁၅ ကြားမှာ ရှိပါတယ်။ လွန်ခဲ့သော ၁၄၅၀ - ၈၀ ခုနှစ်တုန်းက ရေခဲပြင် အောက်မှာ နှစ်မြုပ်ခဲ့တာ လို့ ယူဆကြပါတယ်။

တွေ့ ရှိခဲ့သမျှထဲမှာတော့ အကောင်းဆုံး တွေ့ ရှိမှုလည်းဖြစ်ပါတယ်။ အပေါ်ယံ အရေပြားတွေကတော့ အေးခဲနေသောလည်း အတွင်း ကလီစာ တွေကတော့ အကောင်းအတိုင်း ရှိနေပါသေးတဲ့ အတွက် စစ်ဆေးမှု တွေ ပြုလုပ်နေပါတယ်။

နှစ်ပေါင်း ၅၀၀ ကျော်လောက် ရေခဲပြင်အောက်မှာ နှစ်မြုပ်နေပေမယ့် သူ့ ရဲ့ ပုံကို ကြည့်ရတာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်လိုပါပဲ။


Kaung Zay Yan
(Discoveries Myanmar)

တရားဟော ဓမ္မကထိကများ အခြားဘာသာများကို မတိုက်ခိုက်ရန် မိုးကုတ်ဆရာတော် ညွှန်ကြားပြီ


မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေကို ဟောကြားရာမှာ ဘယ်ဘာသာကိုမှ မထိခိုက်၊ မပုတ်ခတ်ဘဲ မူဘောင်အတွင်း ပြောဟောကြဖို့ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် နာယကဆရာတော်ကြီးတွေက မိုးကုတ်တရားဟော ဓမ္မကထိကတွေကို ဇူလိုင် ၁ဝရက်နေ့မှာ သီးသန့်သြဝါဒပေး မိန့်ကြားလိုက်ပါတယ်။

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ


ရွှေဝါရောင် သူရဲကောင်းကြီး အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခု စွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။


အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တဲ့ ကိုညီညီလွင်နဲ့ မစ္စ မာရီယာ ဖရန့်စ်၊
ဓာတ်ပုံ- ဦးသိန်းသန်းဦး

ဒါပေမယ့် ရွှေဝါရောင် သူရဲကောင်းမှာ လက်ထပ်တာတောင် အဆင်မချောခဲ့ရပါဘူး။

သြဂုတ်လ ၁ ရက်နေ့ က ကိုညီညီလွင်ဟာ ချစ်သူဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ မစ္စ မာရီယာဖရန့်စ် ( Ms. Maria France) နဲ့ အတူ မနက် ၁၁ နာရီလောက်က တရား လွှတ်တော် ရှေ့နေ ဒေါ်ဟန်စုယဉ်ရဲ့ အကူ အညီနဲ့ မန္တလေးက ခရိုင်တရားရုံး ကို ရောက်လာတယ်လို့ မန္တလေးက ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် ကိုညီညီလွင်နဲ့ ဇနီးဖြစ်သူ မစ္စ မာရီယာဖရန့်စ်တို့ရဲ့ တရားရုံးတက် လက်မှတ်ထိုးမှုကို မန္တလေး ခရိုင်တရားရုံးက လက်မခံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ “လက်ထပ်ဖို့ မန္တလေး ခရိုင်တရားရုံးမှာ ကျနော်တို့ ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ရွှေဝါရောင် သူရဲကောင်း အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင့်ရဲ့ ဇနီးလောင်း မစ္စ မာရီယာ ဖရန့်စ်က ဗုဒ္ဓဘာသာဖြစ်နေ တာကြောင့် အဲဒီ မန်းခရိုင်တရားရုံးဝန်းထဲက ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းမှာပဲ ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ သက်သေ ၂ ဦး ရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

အဲဒီ မင်္ဂလာ လက်ထပ်ပွဲလေးမှာ ဦးသိန်းသန်းဦးက မင်္ဂလာစကားကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြော
ပေးခဲ့ရတာဖြစ်ပြီး ရွှေဝါရောင် သူရဲကောင်း အသစ်စက်စက် ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဦးအဖြစ် ကော်ဖီနဲ့ ဧည့်ခံခဲ့ကြပါတယ်တဲ့။

မစ္စ မာရီယာဖရန့်စ်ဟာ Web Designer တဦးလည်းဖြစ်သလို လူ့အခွင့်အရေး လှုပ်ရှားသူတဦးလည်း ဖြစ်ပါ တယ်။

အိမ့်သံစဉ် ~
ဧရာဝတီ

ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်


(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။

သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့်

 အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက်  လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ ပြောပြသည်။ သူမကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြောသည်။ ယခုအခါ ဟိုတယ်၊ တည်းခိုခန်းများ နေရာအနှံတွင် ရှိနေခြင်းကြောင့်လည်း ယနေ့ခေတ် သမီးရည်းစားများ ၏ ဆက်ဆံရေးမှာ လင်မယားပုံစံ ဖြစ်လာပြီဖြစ်သည်။

နိုင်ငံခြားတွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန်ခဲ့သော ရာစုနှစ်များစွာ ကတည်းက ရှိနေခဲ့သည့် ယဉ်ကျေးမှုဖြစ်သော်လည်း မြန်မာပြည်တွင်တော့ ယခုအချိန်အထိ လူကြီးများက လက်မ ခံကြသေးပေ။ လူငယ်ပိုင်းတွင်လည်း တရားဝင် အသိအမှတ် မပြုသေးပါ။ သို့ရာတွင် မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်း ပါလာမည်ကို ဆယ်ကျော်သက်များက အလိုလို လက်ခံထားကြသည်။ "တိုးတက် လာတယ်ပဲပြောမလား။ ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ လိင်ဆက်ဆံတာကို လက်ခံရတော့မှာပါ" ဟု အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု သည်။ ခေတ်၏ ပြောင်းလဲလာမှုနှင့် အတူ သမီးရည်းစားအချင်းချင်းလိင်ဆက်ဆံခြင်းကို လူငယ်များတွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။

"ကျနော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်းစုံတွဲတွေ တော်တော်လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ် ကွက်အတွင်းမှ ဟိုတယ်တွင် လုပ်ကိုင်သည့် ကိုရဲက ဆိုသည်။ သူတို့သည် အချိန်ပိုင်း လာရောက် သူများဖြစ်သည်။ လူကြီးပိုင်းများအတွက် မိမိကိုယ်ပိုင် အလုပ်အကိုင်နှင့် ပြဿနာ မရှိနိုင်သော်လည်း ကျောင်းနေအရွယ် မိန်းကလေးများ တည်းခိုခန်းနှင့် ဟိုတယ်များသို့ သွားရောက်နေခြင်းကလည်း မိဘများ အတွက် ရင်ပူစရာဖြစ်နေသည်။ တက္ကသိုလ် တက်နေသော ကျောင်းသူ၊ ကျောင်း သားများ အချင်းချင်း ချစ်ကြိုက်ပြီး လိင်ကိစ္စ ပါလာသည်ကလည်း မဆန်းတော့ပါ။

အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူးက ကျောင်းသူကျောင်းသား အချင်းချင်း စာသင်ခန်း အလွတ်များထဲတွင်ပင် လိင်ဆက်ဆံမှုများ ရှိကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောဖူးသည်။ ယင်း ဆရာက "မိန်းကလေးက အကွဲတွေ ၀တ်ထားတယ်။ ကောင်လေးတွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ ခဏခဏပဲ။ ဒါကြောင့် အ၀တ်အစားတွေကို လုံလုံခြုံခြုံဝတ်ဖို့ စည်းကမ်းထုတ်ထားတာ" ဟု ဆိုသည်။

ဒဂုံတက္ကသိုလ်တွင် ကျောင်းတတ်ရောက်ခဲ့ဖူးသူ သတင်းထောက်တစ်ဦး "(........ ) တည်ခိုခန်းက ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့" ဟု ပြောသည်။ ယင်းတည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာ ဖြစ်သော်လည်း ကျောင်းသူကျောင်းသားများ အသွားများပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်ကရစ် တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီးချိန်နှင့် စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများအတွက် လွတ်လပ်စွာ ကျက်စားရာနေရာ များ ဖြစ်နေကြောင်း ယင်း သတင်းထောက်ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အခြား တစ်ဦးကတော့ "အဖြူ၊ အစိမ်း ၀တ်ထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာဖူးတယ်" ဟုဆို သည်။

စန်းစန်းကတော့ အသက် ၂၇ နှစ်အရွယ် ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သည်။ သူမကတော့ သူမရည်းစားနှင့် နောက်တစ်နှစ်ခန့်အကြာတွင် လက်ထပ်မည်ဖြစ်သည်။ ထိုကဲ့သို့ လက်ထပ်မည်ဖြစ်သည့် အတွက်လည်း လိင်ကိစ္စကို လိုက်လျောလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ သူမ၏ သူငယ်ချင်းများတွင်လည်း လက်မထပ်မီ အတူနေခြင်းများရှိကြောင်း ဆိုသည်။ မင်္ဂလာဆောင်ရန် အခက်အခဲရှိနေသော လူများအနေဖြင့် ယခုကဲ့သို့ လက်မထပ်သေးမီ အတူနေခြင်းကလည်း ရသေ့စိတ်ဖြေ တစ်ခုဖြစ်လာသည်။

ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာများ ရှားပါးလာခြင်း လူငယ် တို့ကို ဟိုတယ်များသို့ သွားလာစရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာလည်း ယခင်ကလောက် မရှိတော့ သဖြင့် သမီးရည်းစားများ ဘုရားသွား၊ ကျောင်းတက် ပြုမှုလည်း ရှားပါးလာ သည်။ "ရုံးပိတ်ရက်နဲ့ အခါကြီး ရက်ကြီးတွေမှာ အခန်းပြည့်တယ်။ ကြားရက်တွေကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ တည်းခိုခန်း မန်နေဂျာက ဆိုသည်။ ထိုသို့ ပိတ်ရက်များ နည်းတူ ချစ်သူများနေ့ဟု ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများကို ပန်းဦးချွေရာ နေ့တစ်နေ့ပင်။ တည်းခိုခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော ဈေးနှုန်း များလည်းဖြစ် သည်။ နေရာတိုင်း လိုလိုတွင် အချိန်ပိုင်း တည်းခိုနိုင်သည်။

ထို့ပြင် အပြာကားများ၊ စာများကို ယခင်အချိန်များကလို မဟုတ်တော့ဘဲ အင်တာနက်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ ထည့်သွင်းကြည့်ရှုနိုင်လာခြင်းက ကာမစိတ်ကို အချိန်မရွေးနိုးဆွပေး လာပြီဖြစ် သည်။ နိုင်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ်စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး အိမ်ထောင် မကျမချင်းသည် မိဘအုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ သို့ရာတွင်တော့ တစ်နယ်တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။

ထိုသို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် အဆောင်များတွင် နေကြပြီး အဆောင်၏ အုပ်ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက တံခါးပိတ်လိုက်မည်သာဖြစ်သည်။ "ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာလဲ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့လွတ်လပ်ခွင့်နဲ့ သူပေါ့" ဟု လမ်းမတော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့်ထားသည့် အမျိုးသမီးကြီးက ပြောသည်။ ရုံးပိတ်ရက် များတွင် သူမအဆောင်ရှိ အမျိုးသမီးအချို့မှာ အမျိုးအိမ်တွင် သွားအိပ်သည်ဟု အကြောင်းပြကာ ပြန်မလာ တတ်ကြောင်း တဆက်တည်းပြောသည်။ ယခင်ခေတ်ဟောင်းက အဆောင်များသည် မိဘကိုယ်တိုင် အဆောင် သို့ လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ အဆောင်များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။

ထို့အတူ နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ကျောင်းလာတက်သူ အမျိုးသမီးအချို့မှာ ရည်း စားနှင့် တအိမ်ထဲ အတူနေခြင်းများလည်း ရှိလာသည်။ "နှစ်ယောက်အတူတူအိမ်ငှားနေလိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပေမဲ့ တကယ်ယူဖို့တော့ လိုတာပေါ့" နယ်မှလာသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ငှားနေထိုင်သူ အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား ကိုပြည့်စုံကပြောသည်။ သို့ရာတွင် သူတို့ အမှန်တကယ် တရားဝင် လက်ထပ်မည့် ရက်ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ်မီ အတူနေခြင်း ဆိုသည်မှာ မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် လုပ်ကိုင်ရသည်မှာ လည်း နည်းလမ်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့နေ့ သမီးရည်းစားများ၏ အခြေအနေမှာ Ecee2 များ ရောင်းအားကောင်းနေခြင်းက လိင်ကိစ္စကို မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူးသူတို့၏ အဆိုအရ တစ်လလျှင် ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက်တစ်မျိုးဖြစ်သည့် Pill 72 ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များတွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကပ်မှ ၁၅ ကဒ်ရှိကြောင်း ဆိုကြသည်။ ရန်ကုန်မြို့တွင် တရားဝင်ဆေးဆိုင်ပေါင်း....ခန့်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် တလလျှင် အရေးပေါ် တားဆေး သုံးဆွဲကြသူပေါင်း ၅ သောင်းကျော်ရှိမည်ဖြစ်သည်။

ဆေးပညာအရ အမျိုးသမီး ရာသီမလာမီ တစ်ပတ်၊ လာပြီး တစ်ပတ်အတွင်း လိင်ဆက်ဆံပါက ပုံမှန် အားဖြင့် ကိုယ်ဝန်မရတတ်ဟု ဆိုထားသည်။ ကြားရက်များတွင် လိင်ဆက်ဆံမိပါက Ecee2 ကဲ့သို့ အရေးပေါ် သန္ဓေတားဆေးကို သောက်ရန် လိုမည်ဖြစ်သည်။ အချို့က လိင်ဆက်ဆံတိုင်း ကွန်ဒုံးအ သုံးပြုကြသော်လည်း များသောအားဖြင့်တော့ ကွန်ဒုံးကို ပြည့်တန်ဆာများနှင့် ဆက်ဆံမှသာ အသုံးပြုကြ သည်။ ဆရာဝန်များက သန္ဓေတားဆေးတိုင်းကို အားပေးခြင်းမပြုဘဲ ကွန်ဒုံးသုံးခြင်းသာလျှင် လုံခြုံစိတ်ချ ရကြောင်းပြောသည်။ ထို့ပြင် အရေးပေါ် တားဆေးများမှာ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ ၇၉%မှ ၈၅% ထိသာ ကာကွယ်ပေးနိုင်သည်ဟု ဆရာဝန်တို့က ပြောသည်။

"သမီးရည်းစားဆိုပေမဲ့ ဘယ်လို ပိုးတွေ ရှိမလဲ မပြောနိုင်ဘူးလေ။ ဒါကြောင့် ကွန်ဒုံးကို လိင်ဆက်ဆံတိုင်း သုံးတာ အကောင်းဆုံးပါပဲ။ ကိုယ်ဝန်လဲမရ၊ ရောဂါလည်း မရတော့ဘူးပေါ့" နေဆေးခန်းမှ ဆရာဝန်က ပြော သည်။ သို့ရာတွင် လူငယ်တို့၏ အဆိုအရ အလွှာခြားရင် ကမ္ဘာခြားသလို ခံစားရတယ် ဟုဆိုကာ မိမိချစ်သူနှင့်တော့ ကွန်ဒုံး အသုံးပြုမှု နည်းပါးကြသည်။ "ကိုယ်ရည်းစားနဲ့ကတော့ စိတ်ချရတယ်လေ။ ဒါကြောင့် ကွန်ဒုံး မသုံးဘူး" ဟို အသက် ၂၀ အမျိုးသားက ပြောသည်။ သို့သော် မိန်းကလေး ကိုယ်ဝန် မရအောင် မည်ကဲ့သို့ လုပ်ဆောင်သည်ကိုတော့ သူမသိကြောင်းပြောသည်။

ရည်းစားနှင့် လိင်ဆက်ဆံသည့် အကြိမ်ရေများသည့် အမျိုးသမီးများကတော့ တားဆေးထိုးခြင်းနှင့် တစ် လဆေးသောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ များသောအားဖြင့် တစ်လတားဆေးကို အသုံးပြုကြသည့် အတွက် ဆေးခန်း များတွင် တစ်လခံ ထိုးဆေးမှာ အမြဲလိုလိုပြတ်လေ့ရှိကြောင်း ကမာရွတ်မြို့နယ်ရှိ နေ တံဆိပ် ဆေးခန်းတစ်ခုက ဆိုသည်။ " တစ်လဆေးက ရွှေထက်တောင်ရှားတယ်" ယင်းဆေးခန်း ဆရာဝန် က ပြောသည်။ သုံးလခံဆေးများမှာ ရာသီလာခြင်း မရှိသည့်အတွက် အသုံးပြုမှုနည်းပါးသည်။

တစ်လခံ သောက်ဆေး OK ကတော့ ကျပ်ငွေ ရာဂဏန်းဖြင့် အလွယ်တကူရသဖြင့် အသောက်များကြ သည်။ သို့ရာတွင် နေ့စဉ် အချိန်မှန်မှန်သောက်ရခြင်းကို အမျိုးသမီးများက မကြိုက်ကြပေ။ ထို့ပြင် သောက် ဆေးကြောင့် ဗိုက်အခေါက်ထူကာ ဗိုက်ပူလာကြောင်း ပုံမှန်သောက်သည့် အမျိုးသမီးများက ဆိုသည်။ ယခုနောက်ပိုင်းတွင် ခန္ဓာကိုယ်အတွင်း ပစ္စည်းတစ်ခုခုထည့်ထားခြင်းဖြင့် သန္ဓေတားနိုင်ကြောင်းလည်း သိရသည်။ အချို့ကလည်း မိန်းမကိုယ်အတွင်း သန္ဓေတားပစ္စည်းကို ထည့်ထားကြသည်။

အရေးပေါ်တားဆေးသည် မုဒိမ်းကျင့်ခံရသော အမျိုးသမီးများအတွက် ရည်ရွယ်ကာ ထုတ်လုပ် ထားခြင်ြး ဖစ်သော်လည်း ယခုအခါတွင် အမျိုးသမီးများအတွက် မရှိမဖြစ်အရေး ပါလာပြီဖြစ်သည်။ အရေးပေါ် တားဆေးကို တစ်ဘ၀လုံးတွင် ၇ ကြိမ်ထက် ပိုမိုသောက်မိပါက သားအိမ်ကို ထိခိုက်ပြီးကလေးမရခြင်းနှင့် သားအိမ်ကင်ဆာကဲ့သို့ ရောဂါများကို ရရှိစေကြောင်း ဆရာဝန်များက ဆိုကြသည်။ တားဆေးများမှာ ဆိုးကျိုးများစွာ ရှိသော်လည်း ဆေး မသောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခြားဆိုးကျိုးတစ်ခုကိုတော့ လူတိုင်း ကြောက်ရွှံ့ကြသည်။

"ယူပြီးလို့ ကလေးရတာ ပြဿနာမရှိဘူး။ ကလေးရလို့ မင်္ဂလာဆောင်လိုက်ရရင် ခွေးဖြစ်ပြီ။ ဒီခေတ်မှာ ကလေးတစ်ယောက်အတွက် ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး" ဟု အသက် ၂၄ နှစ်အရွယ် မနေခြည်က ဆိုသည်။ ဆေးမသောက်ခြင်းကြောင့် ကိုယ်ဝန်ရရှိလာပါကလည်း တနည်းနည်းဖြင့် ဖျက်ချကြ သည်။ ယခင်ခေတ်ကကဲ့သို့ အရပ်လက်သည်ဖြင့် ထီးရိုးကို သားအိမ်ထဲ ထည့်မွှေခြင်း မဟုတ်တော့ဘဲ ဆေး ထိုးခြင်း၊ ဆေးသောက်ခြင်းနှင့် လေစုတ်ပြွှန်ဖြင့် ဖျက်ချခြင်း တို့ကို ပြုလုပ်နိုင်သော်လည်း အန္တရာယ် ကတော့ ရှိနေဆဲဖြစ်သည်။

မည်သို့ဆိုစေ လိင်ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည်ဟု လူတိုင်းက ဆိုကြသော်လည်း ကျားမမရွေး ကြိုက်နှစ်သက်သော ကိစ္စဖြစ်သည်ကိုတော့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလာခြင်းက သက်သေတည်လျက် ရှိသည်။ သိပ္ပံအယူအဆကလည်း လိင်ကိစ္စသည် လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။ နောင်နှစ်များစွာ မကြာမီ မြန်မာပြည်၌လည်း သမီးရည်းစားများ လိင်ဆက်ဆံသည့် အလေ့အထကို လက်မ ခံခြင်ဘဲ လက်ခံလာရတော့မည်ဖြစ်သည့်အတွက် သမီးရှင်များအနေဖြင့် စိုးရိမ်နေကြရပြီဖြစ်သည်။

ယောင်္ကျားလေးများအနေဖြင့်လည်း ယနေ့အချိန်အထိ အပျိုစင်ကိုသာ အိမ်ထောင်ပြုလိုသည့် စိတ်ရှိကြေ သ်ာလည်း အပျိုစင်ဘ၀ကို ယောင်္ကျားလေးများကပင် ယူသွားခြင်းဖြစ်သည်။ နောက်မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေးများ အပျိုစင်ကို တန်ဖိုးထားကြတော့မည်မဟုတ်ပေ။ ထို့အတွက် လက်မထပ်မီ လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။ လက်မထပ်မီ လိင်ဆက်ဆံခြင်းကို ပိတ် ပင်ကြမည်လား၊သို့မဟုတ် လက်ခံနားလည်ပေးမည်လားကတော့ အငြင်းပွားပွယ် ကိစ္စတစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော်ထိ ဆက်ရှိနေဦးပါမည်။

စန်းစန်းတစ်ယောက် ဆေးနှစ်လုံးသောက်ပြီးပြီဖြစ်သည့်အတွက် သူမကိုယ် သူမ စိတ်ချသွားပြီဖြစ်သည်။ မနေ့က ရုံးပိတ်ရက်တွင် သူမရည်းစားနှင့် ချစ်ရည်လူးခဲ့သည်များကို စိတ်ကူးယဉ်နေပါလိမ့်မည်။ ညနေတွင် ရုံးဆင်းချိန်တွင် သူမရည်းစားနှင့် ရိုးရိုးသားသား တွေ့ကြမည်ဖြစ်သည်။ သူမသည် ယနေ့ခေတ် မိန်း ကလေး တစ်ဦးဖြစ်သည်။

From:စင်္ကာပူဖီးလ်

ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများနှင့် အတူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ


ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူမှာ ဦးအောင်သာဖြူ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

“ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကပါ။ ပလက်ဝမြို့နယ် သရော်အိုင်မှာ ဦးကျော်သိန်းညွှန့် စက်လှေ ပေါ်က ဖမ်းမိတာပါ။ ကျည်ဆံက ၃၀၀ တောင့်ပါ။ ပိုင်ရှင်က ဦးအောင်သာဖြူ ဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ကျည်ဆံများကို ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ခိုးထုတ်စဉ် စက်လှေပေါ်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ တပ်ထဲမှာ ကျည်ဆံများကို ခိုးထုတ်ပြီး အပြင်တွင် ရောင်းချရန် စီစဉ်နေသည့် ကျောက်တော်မြို့နယ် လမ်းမတော်ရွာမှ ဒေါ် မအေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က ကျဉ်ဆန် ၃၀၀ နှင့် အတူ ဖမ်းဆီးမိခဲ့သည်။

အဆိုပါကျည်ဆံများသည် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ သူမ၏ ခဲအိုတော်စပ်သူ တပ်ကြပ်ကျော်ဝေမှ ခိုးထုတ်ထားသော ကျည်ဆံများ ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် တပ်ကြပ်ကျော်ဝေကို ရဲက ဖမ်းဆီးခဲ့သည်။

( နိရဉ္စရာ- ၂ သြဂတ်စ် ၂၀၁၃)

ကရင်ပြည်နယ်တွင် ရေပြန်ကျ


ရန်ကုန်၊ သြဂုတ် ၁

လူပေါင်းနှစ်သောင်းကျော် ဒုက္ခရောက်ခဲ့သည့် ကရင်ပြည်နယ် ရေကြီးမှု သုံးရက်ကျော် အကြာတွင် ရေငါးပေခန့် ပြန်ကျသွားပြီ ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်တင်က ပြောကြားသည်။

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးနောက် ကရင်ပြည်နယ်တွင် မြဝတီ အပါအဝင် မြို့ငါးမြို့တွင် ရေကြီးခဲ့ပြီး လူပေါင်း ၂၄,၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၇၉ ခုဖွင့်ကာ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ပေး ထားကြောင်း၊ သြဂုတ်လ ၁ ရက်နေ့တွင် မိုးရွာသွန်းမှုနည်းကာ ရေပြန်ကျနေပြီ ဖြစ်သဖြင့် အဆိုပါ ရေဘေးရှောင်သူများ အနက် အချို့နေအိမ် ပြင်ဆင်ရန် ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရေဘေးဒုက္ခခံစားရသည့် နေရာများကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက သြဂုတ်လ ၁ ရက်နေ့တွင် သွားရောက် ကြည့်ရှုခဲ့ကြောင်း ဦးမြင့်တင်က ထပ်မံ ပြောကြားသည်။

မြဝတီ၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်စသည့် မြို့နယ်များတွင် လေးပေမှ ၁၀ ပေ ကျော်အထိ ရေကြီးခဲ့ပြီး ဒေသခံ ၂၄,၄၉၉ ဦး ရေဘေးတိမ်းရှောင်ခဲ့ရသည်။
The Voice Weekly

အဖမ်းခံရသည့်သားကို တွေ့ပြီးအပြန် ဖခင်ဖြစ်သူ ရုတ်တရက်သေဆုံး

ရန်ကုန်၊ သြဂုတ် ၁

ဧရာတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ခနွဲကပိုကျေးရွာရှိ ဖိုးလမင်း ကုမ္ပဏီပိုင်အင်းအတွင်း ငါးခိုးဖမ်းသည်ဟု စွပ်စွဲ၍ အဖမ်းခံထားရသော သားဖြစ်သူ ရေလုပ်သားကို ရဲစခန်းတွင် သွားရောက် တွေ့ဆုံပြီး အပြန်တွင် ဖခင်ဖြစ်သူ ရုတ်တရက် သေဆုံးသွားကြောင်း ခနွဲကပိုကျေးရွာသား ဦးသိန်းဝင်းက ပြောကြားသည်။

ခနွဲကပိုကျေးရွာ နေထိုင်သော ရေလုပ်သား ၂၂ ဦးကို ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖိုးလမင်းကုမ္ပဏီက အင်းကိစ္စများ ညှိနှိုင်းဖြေရှင်းရန်အတွက် ပန်းတနော်မြို့နယ် ရဲစခန်းသို့ လာရောက်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးက တစ်ဆင့် အကြောင်းကြားခဲ့၍ ရေလုပ်သားများ သွားရောက် ဖြေရှင်းရာတွင် မြို့နယ်ရဲစခန်းက ငါးခိုးမှုဖြင့် ယင်းရေလုပ်သားများကို ဖမ်းဆီးထားလိုက်ကြောင်း ခနွဲကပိုကျေးရွာသား ဦးသိန်းဝင်းက ဆိုသည်။

သြဂုတ်လ ၁ ရက်နေ့တွင် အဖမ်းခံနေရသည့် သားဖြစ်သူ ကိုဇော်မိုးကို ရဲစခန်းတွင် သွားရောက်တွေ့ဆုံသည့် ဖခင်ဖြစ်သူ ဦးရွှေသီးမှာ ရွာသို့ ပြန်အရောက်တွင် ဒေသအခေါ် လေတဆို့ (လေတစ်ဆို့) အမောဖောက်ပြီး ရုတ်တရက် သေဆုံးသွားသည်ဟု ၎င်းကဆိုသည်။

အဖမ်းခံရသော ရေလုပ်သား ကိုဇော်မိုး၏ ဖခင်ဖြစ်သူ ဦးရွှေသီးမှာ သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က သေဆုံးသွားကြောင်း၊ ၎င်းတွင် ရောဂါအခံရှိကြောင်း ခနွဲကပိုကျေးရွာ ရဲစခန်းက စခန်းမှူးရဲအုပ် ဦးစန်းယုနိုင်က ပြောကြားသည်။

ခနွဲကပိုကျေးရွာအုပ်စု အတွင်းရှိ စုစုပေါင်းလယ်မြေဧက ၉၁၀ ခန့်ကို ၁၉၉၀ ပြည့်နှစ်တွင် ဖိုးလမင်းကုမ္ပဏီက သိမ်းယူထားခဲ့ပြီး အင်းလုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ အင်းပိုင်ရှင် ဖမ်းဆီးပြီး ကြွင်းကျန်ရစ်သော ငါးများကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ သမကောက်ခွင့် လက်မှတ်ဖြင့် ဖမ်းဆီးသူ ၂၇ ဦးကို အင်းပိုင်ရှင် ဦးကြည်ငြိမ်းက ၎င်းပိုင်သော အင်းအတွင်း ငါးဖမ်းသည်ဟုဆိုကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ခနွဲကပိုကျေးရွာ ရဲစခန်းတွင် တိုင်ကြားထားကြောင်း ၎င်းကဆိုသည်။
The Voice Weekly

မိုးတွေဆက်တိုက်ရွာနေတော့ မြေပြိုမှုအန္တရာယ်တွေ တိုးလာနေပါတယ်


သြဂုတ်လ (၂)ရက် နံနက် ၁၀း၅၁ နာရီ

အခုရက်ပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း နဲ့ အရှေ့တောင်ပိုင်းတွေမှာ မိုးတွေဆက်တိုက်ကောင်းနေလေတော့

လျှပ်တပြက်ရေကြီးမှု (Flash Flood)၊
မြေပြိုမှု (Land slides) နဲ့
ရေဖုံးလွှမ်းမှု (Floods)
တွေ ကြုံတွေ့နေကြရပါတယ်။

မြေပြိုအန္တရာယ်ရှိနိုင်တဲ့ ဒေသတွေကတော့

-ကချင်ပြည်နယ်မြောက်ပိုင်းစွန်း
-စစ်ကိုင်းတိုင်းအထက်ပိုင်း အနောက်မြောက်အခြမ်း
-ချင်းပြည်နယ်တောင်ပိုင်း
-ကရင်ပြည်နယ် မြောက်ပိုင်း နဲ့တောင်ပိုင်း

စတဲ့ ဒေသတွေမှာ
မြေပြိုမှုအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။
သေချာမှုအဆင့်ကတော့ ဖြစ်လာဖွယ်ရှိ (Likely) အဆင့် ဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်

သုံးနှစ်အတွင်း ဈေးနှုန်းထပ်ပြောင်းမည် မဟုတ်ဟု SKY NET ကတိပေး


ဲုမြန်မာနိုင်ငံတွင် ပရီးမီးယားလိဂ် ဘောလုံးပွဲများ တစ်ဦးတည်းမူပိုင် ပြသခွင့် ရရှိထားသည့ှ် SKY NET အခပေး ရုပ်သံလိုင်းက အသစ်ပြောင်းလဲ ပြင်ဆင်လိုက်သည့် လစဉ်ကြေးများကို လာမည့်သုံးနှစ်တာ ကာလအတွင် လုံးဝထပ်မံပြင်ဆင်မည် မဟုတ်ကြောင်း ယင်းရုပ်သံလိုင်း အထွေထွေမန်နေဂျာ ဦးဝင်းနိုင်က The Voice သို့ ပြောကြားသည်။
"အခုပြင်ဆင်လိုက်တဲ့ နှုန်းထား အသစ်ကို သုံးနှစ်အထိ ဈေးထပ်မပြောင်းတော့ဖို့ အခုပဲ အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်လိုက်တာပါ" ဟု ၄င်းက ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၇ နာရီ ဝန်းကျင်တွင် ပြောကြားသည်။

သြဂုတ်လ ၁ ရက်နေ့မှ စတင် ပြောင်းလဲကောက်ခံမည့် လစဉ်ကြေးနှုန်း ထားများမှာ ရုပ်သံလိုင်းပေါင်း ၂၀ မှ လိုင်းပေါင်း ၁၀၀ ကျော်အထိ ကြည့်ရှု နိုင်မည့် Package သုံးမျိုး ခွဲခြားထားပြီး လစဉ်ကြေးမှာ အနိမ့်ဆုံး ၃၆၀၀ ကျပ်မှ အမြင့်ဆုံး ၁၉၈၀၀ ကျပ်အထိ ကျသင့်မည် ဖြစ်သည်။

SN-1, SN-2, နှင့် SN-3 ဟူ၍ Package သုံးမျိုး ခွဲထားပြီး တစ်လချင်း ဝယ်ယူကြည့်ရှုမည် ဆိုပါက လစဉ်ကြေးများ ကို ၃၆၀၀၊ ၁၄၄၀၀ နှင့် ၁၉၈၀၀ ကျပ် အသီးသီး သတ်မှတ်ထားပြီး ကြည့်ရှုခွင့် တစ်နှစ်စာ တစ်ပေါင်းတည်း ဝယ်ယူသူများ အတွက် SN-2 အတွက် လစဉ်ကြေး တစ်လ ၁၂၀၀၀နှုန်းဖြင့် လည်းကောင်း၊ SN-3 အတွက် လစဉ်ကြေး တစ်လ ၁၆၀၀၀ နှုန်းဖြင့်လည်းကောင်း သတ်မှတ်ထား ကြောင်း SKY NET က ထုတ်ပြန်ထားသည်။

SKY NET အခပေးရုပ်သံလိုင်း ဈေးနှုန်းတိုးမြှင့် သတ်မှတ်လိုက်ခြင်း အပေါ် စားသုံးသူများအကြား ဝေဖန်မှုအမျိုးမျိုး ပေါ်ထွက်နေပြီး ပရီးမီးယားလိဂ်ကို ဈေးမြင့်ပေးကာ တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့် ဝယ်ယူလိုက်ခြင်းကြောင့် ဈေးတိုးလိုက်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဝေဖန်သုံးသပ်နေကြသည်။

ယခုကဲ့သို့ ဈေးနှုန်းပြင်ဆင် သတ်မှတ်လိုက်ခြင်းမှာ ထုတ်လွှင့်ပြသသည့် လိုင်းများ တိုးမြှင့် လိုက်ခြင်းကြောင့်သာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြသခွင့် ဝယ်ယူမှုနှင့် မသက်ဆိုင်ကြောင်း The Voice ၏မေးမြန်းမှုကို ဦးဝင်းနိုင်က ပြန်လည်ဖြေ ကြားသည်။

SN-1 တွင် ရုပ်သံလိုင်း ၂၀၊ SN-2 တွင် ရုပ်သံလိုင်းပေါင်း ၇၃ လိုင်းနှင့် SN-3 တွင် ရုပ်သံလိုင်းပေါင်း ၁၀၅ လိုင်းအထိ တိုးမြှင့်ပြသမည် ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

The Voice

အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးအား ကျောင်းသား မိခင်တစ်ဦးမှ ကျောင်းဝင်း အတွင်းသို့ ၀င်၍ မဖွယ်မရာ ပြုကျင့်

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၊ သလ္လာအမှတ်(၃)ရပ်ကွက်၊ မြ၀တီလမ်းရှိ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်တွင် ယခုလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က အထက်ပြကျောင်းဆရာမ တစ်ဦးအား ကျောင်းသားမိခင်တစ်ဦး မှ ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်၍ မဖွယ်မရာပြုကျင့်ခဲ့ကြောင်း သလ္လာရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးသိန်းထွန်း မှ ပြောကြားသည်။

“ န၀မတန်း(B)မှာ မြန်မာစာပြတဲ့ ဆရာမကြီး ဒေါ်စန်းမြိုင်ကိုယ် ကျောင်းသားမိခင်တစ်ဦးက ကျောင်းထဲကို ၀င်ရောက်ပြီး မဖွယ်မရာပြု ကျင့်ခဲ့တယ်လို့ သိရပါတယ်..” ဟု ရပ်ကွက် အုပ်ချုပ်ရေးမှုးမှ ဆက်လက်၍ ပြောပြသည်။

အဆိုပါ ကျောင်း၌ န၀မတန်း(B)တွင် ပညာသင်းကြားလျက်ရှိသော ကျောင်းသူတစ်ဦးမှာ ကျန်းမာရေးေ ကာင်းမွန်ခြင်း မရှိသည့်အခြေအနေများကြောင့် ဆရာမကြီးများမှ မကြာခဏ သွေးဆေးများတိုက်ကျွေးကာ ပြုစုစောင့်ရှောက်ရလေ့ရှိပြီး ယနေ့မနက် ကျောင်းစာသင်အချိန် နံပါတ်(၃) အချိန်ခန့်တွင် အဆိုပါ ကျောင်း သူလေးမှာ ကျန်းမာရေး ကောင်းမွန်ခြင်းမရှိ သဖြင့် ဆရာမကြီးမှ ချော့မော့ဆေးတိုက်ခဲ့ရာ သောက်သုံးခြင်း မရှိသည့်အတွက် စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲလာရန် စကားအရ ငေါက်ငန်း၍ ဆေးတိုက်၍ ပညာ သင်ကြားပေးခဲ့ရကြောင်း ယင်းဖြစ်စဉ်အားကိုယ်တိုင် မြင်တွေ့ခဲ့ရသူ အထက် တန်းပြ ကျောင်းဆရာမ ဒေါ်စောမြတ်နွယ်မှ ပြောပြသည်။

“ အဲ့ဒီကျောင်းသူလေးဟာ အမောဖောက်နေတာကြောင့် သွေးဆေးလေးတိုက်ပြီး သစ်ပင်အရိပ်မှာ နားနားနေနေ တခဏ ထိုင်ခိုင်းထားတာကို မြင်လိုက်ရပါတယ်..” ဟု ဆရာမ ဒေါ်စောမြတ်နွယ်မှ ဆိုသည်။
မေတ္တာတရားဖြင့် ငေါက်ငန်း၍ ဆေးတိုက်ကျွေးခြင်းခံရသူ ကျောင်းသူလေး၏ မိခင်ဖြစ်သူသည် နေ့လည် ထမင်းစား နားကျောင်းပြန်တက်သည့်အချိန်တွင် ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်လာပြီး ဆေးတိုက်ေ ကျွးပြုစုသူ ကျောင်းဆရာမကြီး၏ ဆံပင်အားကိုင်ဆွဲစောင့်သဖြင့် ဆရာမကြီးသည် မြေပြင်တွင်လဲကျသွား ခဲ့ကြောင်း န၀မတန်း(ခ) ကျောင်းသူတစ်ဦးမှ ပြောပြသည်။

“ ဘယ်ကစပြီးဘယ်လိုဖြစ်တယ်ခဲ့တယ်ဆိုတာ ကျွန်မမသိလိုက်ပါဘူး။ ဒီကနေ့ပဲ ကျောင်းစစ်ဆေးရေး အဖွဲ့တွေ ရောက်နေလို့ ရုံခန်းထဲမှာပဲ အလုပ်များနေခဲ့ရပါတယ်။ ပြဿနာဖြစ်ပြီးမှ သိခွင့်ရလိုက်တာပါ..” ဟု အဆိုပါ အမှတ်(၄) အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာနှင်းမှ တုန့်ပြန်ပြောပြ သည်။
ဆရာမကြီး၏ ငေါက်ငန်း၍ ဆေးတိုက်ခဲ့သည်ကို ကျောင်းသူလေးမှ ကျေနပ်မှုမရှိသည့်အတွက် ထမင်း စားကျောင်း ဆင်းတဲ့အချိန်မှာ အိမ်ပြန်ရောက်တော့ မိခင်ဖြစ်သူကိုယ် ပြန်လည်ပြောပြခဲ့ရာမှ မိခင်ဖြစ်သူမှ ကျောင်းသို့လိုက်လာပြီး ယင်းကဲ့သို့ မဖွယ်မရာပြုကျင့်ခဲ့ခြင်းဖြစ်နိုင်သည်ဟု အဆိုပါ ကျောင်းသို့ သတင်း လာရောက်ရယူသူ ခရိုင်ရဲတပ်ဖွဲ့ ရဲဝန်ထမ်း တစ်ဦးမှ မှတ်ချက်ပြုပြောပြသည်။

ကျောင်းသားမိခင်တစ်ဦး၏ မဖွယ်မရာပြုကျင့်ခြင်းခံရသော ဆရာမကြီးသည် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးကုသရန် ကျောင်းမှနေ၍ သွားရောက်နေကြောင်း ကျောင်းအုပ်ဆရာမကြီး၏ ပြောပြချက်များအရ သိရသည်။

By Monywa Times
မုံရွာ၊ ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲ ၁၃ နာရီ ၄၅ မိနစ်

ကွန်ပျူတာ သုံးပြီးတိုင်း လက်ဆေးပါ


ဒီနေ့ခေတ်မှာ ကွန်ပြူတာ သုံးတဲ့ သူငယ်ချင်းတွေ သိထား သင့်တယ် ထင်လို့ပါ ကွန်ပျူတာ တစ်စုံရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ် ပါသတဲ့။ မယုံမရှိ ကြပါနဲ့။ London National Laboratory တစ်ခုရဲ့ တိကျ သေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊ Computer တခုရဲ့ Keyboard တခုတွင် Bacteria သန်းနှင့် ချီပြီး ပေါက်ဖွား ရှင်သန် နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။

ထို Bacteria များသည် လူတို့အား အစာ အဆိပ်သင့်ခြင်း (ဗိုက်ထဲတွင် မအီမသာ ဖြစ်ပြီး ၀မ်းလျောခြင်း) မှ အစ သေစေ နိုင်လောက်သည့် ရောဂါများ အထိ ဖြစ်ပွား ပျံ့နှံ့ စေနိုင်သည်။ ပြီးခဲ့သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိ သူမသိ အဖြစ်အပျက်လေး တစ်ခု ဖြစ်ပျက်ခဲ့သည်။ တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစ ကလေးငယ် တစ်ဦးကို ဆုံးပါး သွားစေခဲ့သည်။ အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့တွင် အသက် ၃၀ ကျော်မှ ရသော ကလေးလေး ဖြစ်သည်။ အသက်ကြီးမှ ရသော ကလေးမို့ မိဘများက တအား တန်ဖိုးထားသည့် (Precious Baby )လေး ဖြစ်သည်။

အဖေ ဖြစ်သူက Computer Programmer- တနေကုန် Computer ရှေ့တွင် အလုပ် ရှုပ်နေသူ ရုံးက ပြန်လာတိုင်း လုပ်လေ့ လုပ်ထ ရှိသည့် အကျင့်လေး တစ်ခုက သားလေးကို ချီပြီး နမ်းတတ်သည်။ ကလေးက မွေးကင်းစ (Baby)လေး။ ၁၀ ရက်သားခန့်သာ ရှိသေးသည့် တအား နုနယ်သည့် ကလေး လေးပေါ့။ သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ် တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ ဆေးရုံ တက်ရသည်။ ဆရာဝန်များက မွေးကင်းစ ကလေး ပိုးဝင်ရောဂါ (Neonatal Sepsis) ဟု ဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွား ရှာသည်။ မိဘ တွေကလည်း ဘယ်နေ မလဲ။ သူတို့ကလေး ဘယ်လို သေရသလဲ? အကြောင်း အရင်းကို ရှာသည်။ မိခင် ဖြစ်သူမှာ ကလေးကို နို့တိုက်သည် မှအပ တခြား အချိန်တွင် အထိအတွေ့ နည်းသည်။ နို့တိုက် ကျွေးသည့် အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း စနစ်တကျ ရှိလှသည်။ တခြားထိတွေ့သူမှာ အဖေ ဖြစ်သူသာလျှင် ရှိတော့သည်။ တနေကုန် ရုံးမှာ အလုပ်လုပ် ပြန်ရောက် ရောက်ချင်း လက်တောင် မဆေးပဲ ကလေးကို ချီပြီးနမ်း ရှုတ်တတ်သည့် အဖေ။ သူ့ ကိုသူ သံသယ ၀င်ပြီး သူငယ်ချင်း ဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲခန်း တစ်ခု တွင် Bacteria တွေကို Culture လုပ်ကြည့်တော့ တွေ့ လိုက် ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့် Bacteria က အမျိုးပေါင်း များစွာပင်။

ထို Bacteria တွေက နုနယ်သည့် (immature baby) လေးကို သေသွား စေခဲ့ ရလေသည်။ ထိုဥပမာ လေးကို သင်ခန်းစာ ယူပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြော ကြပါ။ ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေ များပြားလာပြီး ထိုဆိုင်များရှိ စက်များမှာ လူတန်းစား ပေါင်းစုံက သုံးစွဲနေကြတော့ ညစ်ပတ်မှာက အသေအချာပင်။ ထိုကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်း လက်ဆေးသည့် အကျင့်ကို ဂရုတစိုက် လုပ်ဆောင် သင့်သည်။ တစ်ချို့ အင်တာနက် ဆိုင်တွေရဲ့ သန့်စင်ခန်း တွေမှာ လက်ဆေးရန် စနစ်တကျ လုပ်ထား ပေးသည် များရှိသည်။ ဆိုင်တိုင်း မှာလည်း လုပ်ထား ပေးသင့်သည်။ မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ် Spray ဘူးလေးများ ဆောင်ထား ကြသည်။ သူတို့ အင်တာနက် ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Sprayဖြင့် သန့်စင် ကြသည်ကို တွေ့ဖူးသည်။ ထိုနည်းကတော့ ပိုပြီး ကောင်းသည်။

ရေကိုင်စရာ မလို ဆပ်ပြာ ကိုင်စရာ မလိုပဲ သန့်စင် နိုင်သည်။ ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင် တောင်မှ ဆပ်ပြာနှင့် သေချာစွာ ဆေးကြော သင့်သည်။ သင်တို့၏ လက်ကို သန့်ရှင်း စင်ကြယ်စွာ ထားခြင်းဖြင့် သင်တို့  ဘ၀တွေပိုပြီး လှပ သာယာ နိုင်ကြပါစေ။

သော်တာမောင်
todaymyanmar

အဆိုတော်လင်းလင်း သို့ ဆရာတော် တစ်ပါး၏ သုံးသပ်စာ

From : ..အရှင်ခေမာနန္ဒ- မိုးသု-မန္တလေး
လင်းလင်းရဲ့  အိပ်မက်ထဲကစစ်သားကြီးကို နားထောင်ကြည့်တယ်။ သူ့ခံစားချက်နဲ့သူစပ်တာမို့ အပြစ်မပြောလိုပေမယ့် အခုလို ၀ါးလုံးရှည်နဲ့သိမ်းရမ်းတာတော့ မကောင်းဘူး။ ဗိုလ်ချုပ်မကောင်းရင် ဗိုလ်ချုပ်ကိုပဲ ရေးစပ်သင့်တယ်။ စစ်သားအားလုံးကို သိမ်းကျုံးရေးစပ်သွားတာတော့ မကောင်းဘူး။

လူ လူချင်းသတ် တဲ့။ ဗိုလ်ချုပ်အောင်ဆန်းသာ စစ်တိုက်ပြီး လူသတ်ပြီး စစ်မတိုက်ခဲ့ရင်..။

ဘုရင့်နောင်သာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။

ဗန္ဒုလစစ်သူကြီးသာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်..။

ဗလမင်းထင်သာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။

မဟာသီဟသူရသာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။

ဗိုလ်မှုးချုပ်ကျော်ဇောသာ လူသတ်ပြီး စစ်မတိုက်ခဲ့ရင်...။

မြစ်ကြီးနားကပြန်ခဲ့တော့ သံလမ်းရိုးတစ်လျှောက်မှာ စစ်သားလေးတွေ ခံတုတ်ကျင်းကလေးတွေနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး လူထုကို ကာကွယ်ပေးနေတာတွေ့ရတယ်။ ကိုယ်တိုင်က တရားမျှတတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားရင် အဲဒီလိုအနစ်နာခံနေတဲ့ တပ်သားလေးတွေကို ထည့်ပြီး ရေးစပ်သင့်တာပေါ့။

သံမဏိလိပ်ပြာလို့ တင်စားတဲ့ ဒေါ်စုဟာ တိုင်းပြည်အတွက် အနစ်ခံခဲ့တာ မှန်ပါတယ်။ ဒေါ်စုလိုအနစ်နာခံတဲ့သူတွေလဲ အများကြီးပါ။ ဒေါ်စုက ကျယ်ဝန်းလှပတဲ့ခြံကျယ်ကြီးထဲမှာ စားချင်တာချက်စားပြီး နေအိမ်အကျယ်ချုပ်နဲ့ အနစ်နာခံနေချိန်မှာ ထောင်ထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ ထောင်ဝန်ထမ်းတွေ နှိပ်စက်ညှဉ်းပန်းသမျှခံပြီး လူမသိသူမသိနဲ့ အနစ်နာခံပြီး သေဆုံးခဲ့ကြသူတွေလဲ အများကြီးပါ။

MyanmarExpress

အရေပြား ကင်ဆာ ဖြစ်ပွားမှုနှင့် ဆက်စပ် နေသော တက်တူးထိုးခြင်း


လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည် အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့် တက် စေကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော ဆေးရည် သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင် နေသည်ဟု သိရသည်။ အထူး သဖြင့် အပြာရောင်ခြယ် တက်တူး မင်သည် တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။

နယူး ဒေလီမြို့ BLK ဆေးရုံ၊ အရေပြား အထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာ အပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှ တစ်ဆင့် ကူးစက်သော ရောဂါများ ရရှိနိုင်ချေ များကြောင်း၊ သွေးမှ တစ်ဆင့် ကူးစက် တတ်သော HIV၊ အသည်းရောင် အသားဝါ B,Cနှင့် အရေပြား ကင် ဆာ ရောဂါ အချို့ကို ရရှိနိုင်ကြောင်း၊ အရေပြား ကင်ဆာ များတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ ပါဝင်ကြောင်း၊ တက်တူး ထိုးသူတိုင်း အဆိုပါ ရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူး မင်အမျိုးအစား၊ တက်တူး ထိုးသော ကိရိယာ၊ လုပ်ငန်းစဉ် များ၏ ပိုးသတ် ထားမှု ရှိမ ရှိက အဓိကကျ ကြောင်းကို ရှင်းပြ ထားသည်။

“တက်တူးထိုးတဲ့ မင်မှာ တစ်ခါတလေ အာဆင်း နစ်တွေ ထည့်သွင်း ထားတတ် ပါတယ်။ ထိုးနှံ သူကတော့ မသိတဲ့ အတွက် အရေပြား ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်းများ နေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့ နေရာတွေ နားမှာလည်း တက်တူး မထိုး သင့်ပါဘူး တကယ်လို့ တက်တူး ထိုးထားတဲ့ နေရာ အနီးတ၀ိုက်မှာ ပုံမှန် မဟုတ် ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ် အစား၊ ပုံသဏ္ဌာန်၊ အနားသတ် ပုံစံတွေကို သေချာ စစ်ဆေးဖို့ လိုပါတယ်။ တကယ်လို့ သေချာ မကြည့်ဘဲ ပေါ့ပေါ့ဆဆပဲ ထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြား အရေပြား ကင်ဆာ တွေကို အချိန်လွန်မှ သိတာမျိုး ဖြစ်သွား နိုင်ပါတယ်ဟု ကင်ဆာ ရောဂါ အထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။

ထို့ပြင် တက်တူး ဖျက်ခြင်းတွင်လည်း ဆိုးကျိုးများ ရှိနေကြောင်း၊ အရေပြား အရောင် ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation) များ ရလာ နိုင်ကြောင်း သိရသည်။ ကျွမ်းကျင်သော တက်တူး ထိုးပေးသူများ ထံသာ သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ် မင်ကိုသာ အသုံးပြု ကြကြောင်း၊ ဈေးပေါပေါ သုံးထားသော တက်တူးများတွင် အာဆင်းနစ်၊ ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်များ ပါဝင် နေကြောင်းကို ယခု လေ့လာမှုတွင် ဖော်ပြ ထားသည်။

သန့်စင်
Ref: IANS
Health Updates Journal
Vol-2,No-7

မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေတယ်


သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ သန်လျင် GTC ကျောင်း၌ ကျောင်းသားနှင့် ကျောင်းသူနှစ် ဦး စာသင်ခန်းအတွင်း ချစ်ရည်လူးနေကြသော ဗီဒီယိုဖိုင် ကို မသမာသူများကအင်တာနက် မှ လွှင့်တင် လိုက်ရာ ဂျာနယ်စာ မျက်နှာထက် ရောက်ရှိလာပြီး နောက် ယခုအခါ Vedio အခွေ များအဖြစ်ရောင်း ချလာသည်ကို တွေ့ရသည်။

ယခုကဲ့သို့ အခွေရောင်းချ လာမှုအပေါ် ခရီးသွားပြည်သူ တစ်ဦးက ပြောကြားရာတွင် ““အင်းယား လမ်းမီး ပွိုင့်နဲ့ ဦးဝိစာရ မီးပွိုင့်ကြားမှာ GTC  အခွေတွေ ပြပြီး လူငယ်တွေလိုက်ရောင်းနေ တယ်။ ဒါဟာမ လုပ်သင့် တဲ့ကိစ္စပါ။လုပ်စားတဲ့အနေနဲ့ရိုက်ထားတဲ့ နိုင်ငံခြားအပြာခွေတွေလိုက်ရောင်း တာ ဘာမှမပြောလိုပေမဲ့ အခုလို လုပ်တာတော့ နှမချင်းစာနာသင့် ပါတယ်။ မီးပွိုင့်မှာလည်း ယာဉ် ထိန်းရဲတွေရှိတာပဲ။ မဖမ်းချင်ရင် တောင် တားမြစ်သင့်သလို၊ရဲစခန်း ကိုအကြောင်းကြားသင့်ပါတယ်။ ဒီကိစ္စမှာ လူငယ်နှစ်ဦးမှားယွင်း တာဖြစ်ပေ မဲ့ မသမာသူတွေရဲ့ လုပ်ရပ်ကြောင့် လူအများကြီးမှာ ထိခိုက်ခဲ့ရပါတယ်။ ထဘီနက်ပြာ ၀တ်တဲ့ ကျောင်း သူတွေကို တချို့က ပြုံးစိစိနဲ့ကြည့်တာမြင်ရ တော့ သူတို့လည်း ဂုဏ်သိက္ခာ ကျရပါတယ်။ အဲဒါကြောင့် အခွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေ ကို ဖမ်းဆီးအရေးယူသင့်ပါတယ်”” ဟု ပြောကြား သွားခဲ့သည်။

အဆိုပါ GTC ကျောင်းသား ကျောင်းသူကိစ္စနှင့် ပတ်သက်ပြီး သတင်းဂျာနယ်တစ်စောင်၌ ဖော် ပြခဲ့ရာ GTC  ကျောင်းသားများ နှင့် ကျောင်းသူများက ရှင်းလင်း ပွဲတစ်ခုပြုလုပ်ခဲ့ပြီးအဆိုပါဂျာနယ် အနေဖြင့် တောင်း ပန်ခြင်း ပြန် လည်ထည့်သွင်းပေးရန်တောင်းဆို ထားကြောင်းလည်း သိရသည်။

From : ..how news

" ရေသန့် ဘူး နဲ့  အမျိုးသမီးများ အတွက် အထူးသတိပြုရမည့် အချက်"



အလုံပိတ်ထားတဲ့ ကား ၊ ပိတ်လှောင်နေတဲ့ ကားထဲမှာ ထည့်ထားတဲ့
ရေသန့် ဘူးများကိုအမျိုးသမီးများ သောက်သုံးဖို့ မသင့်တော်ဘူး လို့  ဆိုထားပါတယ်။
ဘာကြောင့်လဲဆိုတော့ ကားထဲက အပူဒဏ်နဲ့  ရေသန့် ဘူးက ပလတ်စတစ် မှာ ပါတဲ့ ကယ်မီကယ် နဲ့ ဓာတ်ပြုပြီး dioxin ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးလိုက်ပါတယ်။

Dioxin ဆိုတာ အမျိုးသမီးများ ရင်သားကင်ဆာကို ဖြစ်ပေါ်စေတဲ့ အဆိပ်ဓာတ် တစ်မျိုး ဖြစ်ပါတယ်။Dioxin များဟာ မိမိတို့ ခန္တာကိုယ် ထဲက ကင်ဆာ ဖြစ်စေတဲ့ ဆဲလ်တစ်ရှူး အရေအတွက်ကို တိုးလာစေပါတယ်။ သို့ နှင့် ရင်သားကင်ဆာကို ဖြစ်ပွားမှု များလာပါတယ်။

ဒါကြောင့် ကားထဲမှာ အချိန်အတော်ကြာ ထည့်ထားတဲ့ ရေသန့် ဘူးကို မသောက်သုံး သင့်ပါဘူး ။

ပလပ်စတစ်နဲ့ မဟုတ်တဲ့ သတ္တူဗူး ၊ ဖန်ပုလင်းတို့ နဲ့ ထည့်ထားတဲ့
ရေသန့် ကိုသာ အသုံးပြုဖို့ အကြံပြုလိုပါတယ်။

Ref: Medical
Myawady


ကလေးက ကားတက်မောင်းပြီး ယာဉ်တိုက်မှု တောက်လျှောက်ဖြစ်

ရှစ်တန်းကျောင်းသူတစ်ဦး မောင်းနှင်လာသော ကိုယ်ပိုင်ကားက လူနှစ်ဦးကို တိုက်မိခဲ့သည့်အပြင် လမ်း မှန်အတိုင်းမောင်းနှင်နေသော ကားသုံးစီးကို မျက်နှာချင်းဆိုင် ဆက်တိုက်တိုက်မိခဲ့သည့် ဖြစ်ရပ်တစ်ခု ဇူလိုင် ၃၀ ရက်ညက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကားမောင်းသည့် ရှစ်တန်းကျောင်းသူမှာ အသက် ၁၅ နှစ်သာရှိသေးသဖြင့် အသက်အရွယ်အားဖြင့် ယာဉ်မောင်းလိုင်စင် ရရှိနိုင်သည့်အရွယ် မရောက်သေးပေ။

ကျောင်းသူလေးသည် ကားကိုလမ်းပြောင်းပြန် ချိုးကွေ့မိရာ လမ်းထောင့်တွင်ရှိနေသော ကိုမင်းအောင် ဆိုသူနှင့် ကိုအောင်တင်ဦးဆိုသူတို့ နှစ်ဦးကိုတိုက်မိခဲ့သည်ဟု ရဲများက မှတ်တမ်းတင်ထားသည်။

ထိုသို့လူနှစ်ဦး တိုက်မိခဲ့ပြီးနောက် ကားကရပ်မသွားဘဲ လမ်းမှန်အတိုင်းမောင်းနှင်လာသော ကော်ရိုနာ အဖြူရောင်အငှားယာဉ် နှင့် နစ်ဆန်းအငှားယာဉ်တို့ နှစ်စီးကို ထပ်တိုက်မိခဲ့ပြန်သည်။

ကားကထိုမျှနှင့်လည်း မရပ်သေးဘဲ နောက်ထပ်မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ကာဒီနာအမျိုး အစားအငှားယာဉ်ကို ထပ်တိုက်မိခဲ့သည်ဟု ရဲမှတ်တမ်းတွင်ပါရှိသည်။

ပထမဆုံးတိုက်မိသည့်ကားမှာ ရှေ့ဘန်ဘာပျက်စီးပြီး ဒုတိယမြောက်တိုက်မိသည့် ကားမှာ ယာဘက် ခြမ်းမှတံခါးနှစ်ချပ်လုံး ပျက်စီးခဲ့သည်ဟု ရဲများက မှတ်တမ်းတင်ထားသည်။ နောက်ဆုံး အတိုက်ခံရသော ကားမှာကားရှေ့ဖုံးပိန်ချိုင့်ခဲ့ပြီး ကျောင်းသူလေး မောင်းနှင်လာသော ကားသည်လည်း အင်ဂျင်ဖုံး ပိန်ချိုင့် သွားခဲ့သည်။

လမ်းထောင့်တွင် ကနဦးကားဖြင့် တိုက်မိသူများမှာ စိုးရိမ်ရသောအခြေအနေ မရှိကြသော်လည်း ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း ရဲဌာနက ထုတ်ပြန်သည်။

လိုင်စင်မရသေးဘဲ ကားမောင်းသည့် ထိုရှစ်တန်းကျောင်းသူကို ပန်းဘဲတန်း ရဲစခန်းက အမှုအမှတ် (ပ) ၁၉/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုဆိုင်ရာဥပဒေ ၂၇၇/၃၃၇ ဖြင့် တရားစွဲမည်ဟု အဆိုပါရဲစခန်းက မဇ္ဈိမ ကို ပြောသည်။



Mizzima - News in Burmese

တရုတ်၏လွှမ်းမိုးမှုကို ထိန်းညှိရန်အတွက် အိန္ဒိယက မြန်မာနိုင်ငံသို့ စစ်ရေးအကူအညီများ ပေးမည်




အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအား ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်များ ထောက်ပံ့ခြင်းနှင့် ရေတပ်၏ စွမ်းရည်မြှင့်တင်နိုင်ရန် လေ့ကျင့်သင်ကြား ပေးခြင်းတို့ကို အကူအညီပေးရန် အစီအစဉ်များ ပြုလုပ်နေပြီ ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ ABC သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ အကူအညီ ပေးအပ်မည့် အစီအစဉ်သည် မြန်မာကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ် ခရီးစဉ်တွင် ကာကွယ်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုနှစ် အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် စစ်ရေး၊ စီးပွားရေး ဆက်သွယ်မှုများ ပိုမိုတိုးမြှင့် တည်ဆောက်နိုင်ရန် ပြုလုပ်လာခဲ့သည်။ ဗြိတိသျှခေတ်လွန် ကာလတွင် အိန္ဒိယနိုင်ငံသည် ယခင်က မြန်မာနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိခဲ့သော်လည်း စစ်အစိုးရ အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အဆိုပါ ဆက်ဆံရေး ပျက်သုဉ်းသွားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး နိုင်ငံတကာက ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်သည့် အချိန်တွင် အိန္ဒိယ အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်တည်ဆောက်ရန် ကြိုးပမ်းလာသည်ဟု အိန္ဒိယနိုင်ငံ မူဝါဒရေးရာ လေ့လာရေး ဌာနမှ ပါမောက္ခ Brahma Chellaney က ဆိုသည်။

၎င်းက ''အိန္ဒိယဟာ အခုအခါမှာ မြန်မာနဲ့ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် လာပါတယ်။ ပိုပြီးတော့ အပြုသဘောဆောင် ချဉ်းကပ်လာပါတယ်။ ဒီဖွံ့ဖြိုးမှုတွေ အကုန်လုံးဟာ အိန္ဒိယကို မြန်မာနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်စေဖို့ တွန်းအားတွေ ဖြစ်စေပါတယ်'' ဟု ပြောကြားသည်။

သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ် မဟာဗျူဟာနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာရေးဌာနမှ Dr. Joh Blaxland ကမူ မြန်မာသည် အိန္ဒိယနှင့် ဆက်ဆံရာတွင် နေပြည်တော်ကို လွှမ်းမိုးမှု အင်အားကြီးမားသော တရုတ်ကို စိတ်အနှောင့်အယှက် မဖြစ်စေရန် သတိကြီးစွာထားပြီး ဆက်ဆံရမည်ဟု ပြောကြားသည်။

၎င်းက ''မြန်မာက ဒီလိုမျိုး မိတ်ဆွေ အများကြီး ရှာလာတာကို တရုတ်ပျော်ရွှင်မှာ မဟုတ်ဘူး။ သူတို့(တရုတ်) ရဲ့ လွှမ်းမိုးမှုတွေကို အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ လွှမ်းမိုးလာမှုတွေက စိန်ခေါ်သလို ဖြစ်နေပါတယ်။ ဒီအတွက် နေပြည်တော်ဟာ ဒီဘက် နှစ်ဖက်ကြား သတိကြီးစွာထားပြီး လုပ်ဆောင်ရပါမယ်။ နေပြည်တော်က အိန္ဒိယရဲ့ အကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရတဲ့အတွက် ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ အခြေအနေတစ်ခု အထိပါပဲ''ဟု ပြောကြားသည်။

တစ်ချိန်က နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် အိမ်နီးချင်းဖြစ်သော တရုတ်နှင့် ရင်းနှီးစွာ ဆက်ဆံရန်အတွက် အတင်းတွန်းပို့ ခံခဲ့ရသော မြန်မာသည် ယခု အခါတွင်တော့ အမျိုးသားရေး အားကောင်းလာမှုနှင့် ၎င်းတို့၏ အခွင့်အရေးအတွက်ပြန်လည်သုံးသပ် လာခဲ့ပြီဟု Brahma Chellaney က လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ သုံးသပ်သည်။

၎င်းက ''သူတို့အတွက်တော့ အိန္ဒိယနဲ့ပိုပြီး ပူးပေါင်းဆောင်ရွက်တာက အခွင့်အရေးတွေ ပြန်လည်ရဖို့အတွက် အရေးကြီးပါတယ်'' ဟု ပြောကြားသည်။

မြန်မာသည် အိန္ဒိယဆီမှ အကျိုးအမြတ်ရရှိရန် ကြိုးပမ်းနေသလို အိန္ဒိယဘက်ကလည်း မြန်မာကို အကူအညီပေးခြင်းဖြင့် အကျိုးအမြတ်ရရန် မျှော်လင့်နေကြောင်း Brahma Chellaney က ပြောကြားသည်။

''အိန္ဒိယ အတွက်တော့ မြန်မာနိုင်ငံနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်တာက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးအင်အား ချိန်ခွင်လျှာအတွက် အရမ်းအရေး ပါပါတယ်'' ဟု Brahma Chellaney က ပြောကြားသည်။

Eleven Media Group


စက်လှေ ဆီတိုင်ကီအတွင်း ၀င်ရောက် ဆေးကြောရာမှ လူသုံးဦးသေဆုံး


အခင်းဖြစ်ပွားခဲ့သော စက်လှေအား သြဂုတ် ၁ ရက်က တွေ့ရစဉ်
စက်လှေ ဆီတိုင်ကီအတွင်း ၀င်ရောက် ဆေးကြောရာမှ လူသုံးဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံသို့ တင်ပို့ထားကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ သိရသည်။
ယင်းဖြစ်စဉ်မှာ သြဂုတ် ၁ ရက် မွန်းလွဲပိုင်းက ပုဇွန်တောင် မြို့နယ်ရှိ ဟိုင်းလုံ သင်္ဘောဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ရွှေလျံတိုး ငါးဖမ်းစက်လှေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလျား ၁၀ ပေ အနံသုံးပေနှင့် အနက် ၁၀ ပေရှိ ရွှေလျံတိုး ငါးဖမ်းစက်လှေ၏ အလုပ်သမား တစ်ဦးမှ ဆီတိုင်ကီအား ၀င်ရောက် ဆေးကြောရာမှ ပြန်လည် တက်ရောက်နိုင်ခြင်း မရှိသဖြင့် အခြားအလုပ်သမားများမှ ၀င်ရောက် ကယ်ဆယ်ခဲ့ရာမှ ယင်းကဲ့သို့ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
''ကျွန်တော်တို့ တွေ့တာတော့ ပထမ တစ်ယောက်ဆင်းတယ်။ ပြန်မတက်လာတာနဲ့ နောက်တစ်ယောက် ဆင်းတယ်။ သူလည်း ပြန်မတက်လာဘူး။ အဲဒါနဲ့ နောက်ထပ် တစ်ယောက် ဆင်းသွားတာ တွေ့ရတယ်။ ဘယ်သူမှ ပြန်တက် မလာတော့မှ လေးယောက်မြောက်လူ ထပ်ဆင်းကြည့်တော့မှ အခြေအနေ မကောင်းဘူးဆိုတာ သိရတာ။ စက်လှေ ၀မ်းဗိုက်အောက်က ဆီထားတဲ့ အခန်းကို တိုက်ချွတ် ဆေးကြောဖို့ဆိုပြီး ဆင်းသွားတာပါ'' ဟု အဆိုပါ ဟိုင်းလုံဆိပ်ကမ်းရှိ စက်လှေတစ်စီးမှ အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

ဆီတိုင်ကီအား သြဂုတ် ၁ ရက်က တွေ့ရစဉ်
ရဲမှတ်တမ်းအရ ထွန်းလေးဆိုသူမှာ ဆီတိုင်ကီအား ဦးစွာဝင်ရောက် ဆေးကြောခဲ့သော်လည်း ပြန်လည် တက်ရောက်ခြင်း မရှိသဖြင့် မင်းမင်းဆိုသူမှ ထပ်မံဝင်ရောက် ခဲ့ကြောင်း၊ ထို့နောက် မျိုးထွန်းမှလည်း ဆက်လက် ဆင်းခဲ့သော်လည်း ပြန်လည် တက်ရောက်ခြင်း မရှိသဖြင့် မင်းမင်းနိုင်မှ ယင်းဆီတိုင်ကီအတွင်း ၀င်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းတို့အား အရှေ့ပိုင်းခရိုင် ဆေးရုံသို့ ပို့ဆောင်ခဲ့မှု ပြုလုပ်နိုင်ခဲ့သော်လည်း ထွန်းလေး၊ မင်းမင်း၊ မင်းမင်းနိုင် တို့မှာ သေဆုံးခဲ့ပြီး မျိုးထွန်းမှာမူ ဆေးရုံတွင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဗလင်းက ''ကျွန်တော်တို့ စစ်ဆေးချက်အရ ဆီတိုင်ကီကို တစ်လလောက်ကြာမှ ၀င်ရောက် ဆေးခဲ့ကြတယ်။ တစ်ယောက်က မတက်လာ နိုင်တာကို နောက်တစ်ယောက်က ၀င်ရောက် ကယ်ဆယ်ရင်းနဲ့ သေဆုံးမှုတွေ ပိုများခဲ့တာပါ'' ဟု ပြောကြားသည်။
၎င်းကဲ့သို့ ဖြစ်ပွားရခြင်းမှာ ဆရာဝန်များ၏ စစ်ဆေးချက်အရ အဆိပ်သင့်လေကို ရှူရှိုက်မိခြင်းဟု တွေ့ရှိရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ဆိပ်ကမ်းရဲစခန်းမှ သေဆုံးမှုဖြစ်စဉ်အား သေမှုသေခင်း အမှတ် ၃၅/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံးလောင်းကစားဒိုင်ကြီးအား အဖွဲ့များခွဲ၍ ၀င်ရောက်ဖမ်းဆီး အရေးယူ


၁.၈.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂) နှင့် အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များသည် ပန်းဘဲတန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း၍ အဖွဲ့များခွဲကာလောင်းကစားသတင်းအရ သက်သေများနှင့်အတူ ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ (၂၉)လမ်း၊ (၃)လွှာရှိ အမှတ်(၁၀၀)နေအိမ် သို့ ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ်၏ ၀ဲဘက်ခြမ်းတွင် နေမျိုးလွင်၊ (ဘ)ဦးသန်းလွင်၊ ပန်းဘဲတန်းမြို့နယ်
နေသူနှင့် ထွန်းရွှေ၊ (ဘ)ဦးကြည်အေး၊ လသာမြို့နယ်နေသူတို့ (၂)ဦးအား နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ် ရာတွင်
အသုံးပြုသည့် စာရွက်စာတမ်းများနှင့်လောင်းကြေးငွေကျပ်(၁၃၈၁၀၀) တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၃/၂၀၁၃၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က)/ ၁၆(က) ဖြင့်
အရေးယူထားရှိပါသည်။

ဆက်လက်၍အဆိုပါနေအိမ်၏ ယာဘက်ခြမ်းတွင် ထွန်းသိန်း
(ခ)ကစ္စနား (ဘ)ဦးမာရီပါး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊
စိုးဝင်း(ခ)ရှဖီး (ဘ)ဦးသန်းမြင့်၊ ပန်းဘဲတန်းမြို့နယ်၊ အီစမိုင်အင် (ဘ)ဦးရာကွပ်၊ ပန်းဘဲတန်းမြို့နယ်၊ အောင်ဝင်း (ဘ)ဦးလှမောင်၊ ပုဇွန်တောင်မြို့နယ်၊ ဗာလု (ဘ) ဦးရေနေမလယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်မြင့် (ဘ)ဦးဘစိန်၊
ဒဂုံမြောက်မြို့နယ်၊ တမီးလ် (ဘ)ဦးဆာမိ၊ ဒလမြို့နယ်၊
ကျော်ကျော်လွင် (ဘ)ဦးသိန်းလွင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊
အောင်ကြည် (ဘ)ဦးမောင်ပါ၊ ပန်းဘဲတန်းမြို့နယ်၊ ရာအိမ်
(ဘ)ဦးအဒူရမန် သင်္ဃန်းကျွန်းမြို့နယ်၊ မောင်သန်း (ဘ)ဦးမြသိန်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မောင်တင် (ဘ)ဦးအဇူး၊
သင်္ဃန်းကျွန်းမြို့နယ်၊ ဥာဏ်ထွန်း (ဘ)ဦးချစ်လွန်း၊ လမ်းမတော်
မြို့နယ်၊ သန်းအေး (ဘ)ဦးစိန်လှအောင်၊ ဒလမြို့နယ်၊ ဖာဂွန်
(ခ)သန်းထွန်း (ဘ)ဦးနူမော်မက်၊ ပန်းဘဲတန်းမြို့နယ်၊ မတင်လှ (ဘ)ဦးရှိန်ဒါဝင်၊ ဒလမြို့နယ်၊ မဥမ္မာ (ဘ)ဦးကျော်၊သာကေတမြို့နယ်၊ စိုးရာဇာဝင်း (ဘ)ဦးမြင့်သန်း၊ မရမ်းကုန်းမြို့နယ်၊ ဇော်ဝင်း
(ဘ)ဦးလှရွှေ၊ ပန်းဘဲတန်းမြို့နယ်၊ ခင်ဇော် (ဘ)ဦးတင်လှိုင်၊ သာကေတမြို့နယ်၊ တင်ငွေ (ဘ)ဦးခင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)
မြို့နယ် ၊ လှဝင်း (ဘ)ဦးလှမောင်၊ ပန်းဘဲတန်းမြို့နယ်၊ မောင်အေး (ဘ)ဦးမြင့်သိန်း၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒိုင်ချုပ်ဖြစ်သူ ကျော်ကိုကို (ခ)အငယ်လေး (ဘ)ဦးမောင်စိန်၊ ပန်းဘဲတန်းမြို့နယ် နေသူတို့ (၂၄)ဦးတို့အား နှစ်လုံးထီ၊ သုံးလုံးထီလောင်းကစားစာရွက်စာတမ်း များနှင့် လောင်းကြေးငွေကျပ်(၃၃၁၁၉၅၀)နှင့်အတူ တွေ့ရှိဖမ်းဆီးရမိ
သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၄/ ၂၀၁၃၊ လောင်းကစား
ဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့်အရေးယူဆောင်ရွက် ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police