မုန်တိုင်းမျက်စိ(Eye)ပေါ်လာပါက မုန်တိုင်းကို အားကောင်သော ဆိုင်ကလုန်းမုန်တိုင်းကြီး(Severe Cyclonic Storm)လို့ သတ်မှတ်ပါ တယ်


ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ အရေးကြီး မုန်တိုင်း သတင်း အခြေအနေပါ။ ရခိုင်ကမ်းရိုးတန်းရှိ မိဘပြည်သူများ အားလုံးအထူးသတိထားမိစေဖို့ပါ ခင်ဗျာ။ အားလုံး အသက်ဘေးအန္တရာယ်များဘေးမှ ကင်းဝေးကြပါစေဗျာ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

မြတ်စွာဘုရား … မုန်တိုင်းမှာ eye တောင်ပေါ်လာပါရော့လား…
Cyclone Phailin News Update
11-11-2013
3:10 am

မုန်တိုင်းတစ်လုံးမှာ မုန်တိုင်းမျက်စိ(Eye)ပေါ်လာပါက မုန်တိုင်းကို အားကောင်သော ဆိုင်ကလုန်းမုန်တိုင်းကြီး(Severe Cyclonic Storm)လို့ သတ်မှတ်ပါ တယ်။ လေတိုက်နှုန်းမှာ အနည်းဆုံး (၁)နာရီ (၇၅)မိုင်နဲ့အထက် ဖြစ်ပါတယ်။

JTWC ကတော့ ဒိနေ့ညပိုင်းလောက်မှာ လေတိုက်နှုန်း တစ်နာရီမိုင်(၁၂၀)လောက် အထိရှိလာမယ်လို့ခန့်မှန်းထားတယ်။ မုန်တိုင်းဒီရေအန္တရာယ် ရှိလာတော့မယ်။

၁၉၇၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့မှာ ဒီလိုဆိုင်ကလုန်းမျိုး ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုဝင်တော့ ပေ(၅၀)ကျော် လောက်မြင့်တဲ့ မုန်တိုင်း ဒီရေလှိုင်းတွေ တက်လာလို့ တစ်ညတည်း နဲ့ လူ(၅)သိန်းကျော် သေခဲ့ရဘူးပါတယ်။
၁၉၉၁ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ်မှာ လူ (၁၃၆ ၀၀၀)၊
၂၀၀၈ ခုနှစ်၊ နာဂစ်၊ မြန်မာနိုင်ငံမှာ လူပေါင်း (၁၃၈ ၀၀၀)
အသက်ဆုံးရှုံးခဲ့ရဘူးတဲ့ သာဓကတွေဟာ ဒီလို .. ဆိုင်ကလုန်းမုန်တိုင်းတစ်ခုရဲ့ မုန်တိုင်းဒီရေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ အသေအပျောက်တွေဖြစ်ပါတယ်။

မိုးလွန်မုန်တိုင်းတွေဟာ မိုးကြိုမုန်တိုင်းတွေထက် ပိုပြင်းထန်တတ်ပါတယ်။ မုန်တိုင်းရဲ့ အဆုံးသတ်ခရီးစဉ်ကတော့ ဖြစ်နှိုင်မှုအရ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ အစဉ်လိုက် အရေးကြီးနေ ပါတယ်။

လောလောဆယ်တော့မုန်တိုင်းဟာ အိန္ဒိယကိုဘဲ ၀င်မယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းဟာ ပိုပိုအားကောင်းလာနေပါတယ်။ ကျွန်တော်ပြောခဲ့သလို မုန်တိုင်းဟာလည်း လူတွေလိုဘဲ အိတ်ဖေါင်းတော့ စိတ်ပြောင်းသွားမှာကို သတိထားရပါလိမ့်မယ်။

ရခိုင်ကမ်းရိုးတန်းက မိတ်ဆွေတွေ သတိနဲ့နေကြစေ လိုပါတယ်။

ဒေါက်တာထွန်းလွင်
Popular Journal

ဗြိတိန်ပေါင် ၂ သန်းတန် Bugatti Veyron Gold


မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ နဂိုကမှတန်းကြေးမြင့်တဲ့ ကားကို ၂၄ ကာရက် အရည် အသွေးရှိတဲ့ ရွှေတွေနဲ့ မွမ်းမံလိုက်တော့ ကားရဲ့ တန်ဖိုးက
ဗြိတိန်ပေါင် ၂ သန်းအထိမြင့်တက်သွားပါတယ်။ ဒါတောင် လွန်ခဲ့တဲ့ သုံးလ လောက်ကပေါက်ဈေးပါ။ လက်ရှိပေါက်ဈေးနဲ့ဆိုရင်တော့ အဲထက်ပိုရင်ပိုနိုင်သလို နည်းရင်လည်းနည်းသွားနိုင်ပါတယ်။

ဆလင်ဒါ ၁၆ လုံး၊W အင်ဂျင်ပုံစံတည်ဆောက်ထားတဲ့ အဆိုပါကားဟာ ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင်ရေအားက ၁၀၀၀ အထိရှိပါတယ်။
ဒါကြောင့် ၂.၄ စက္ကန့်အတွင်းကို အရှိန် ကီလိုမီတာ ၁၀၀ အထိမြင့်တင်နိုင်ပါ
တယ်။

လက်ရှိ ပိုင်ဆိုင်သူ အမေရိကန် Rapper အဆိုတော်ကြီး ဖလော်ရီဒါရဲ့ ကားပါ။ ကားရဲ့ 
အလွိုင်းကအစ ရွှေကွပ်မွမ်းမံထားတဲ့ Bugatti Veyron Gold ယခုလိုသားနား
စွာမြင်တွေ့ရပါတယ်။

Ref:autowebs
TechSpace Journal
ခွန်နေ(AMMG)

လောင်းရိပ်


ရှမ်းတောင်တန်း အချို့အား တွေ့ရစဉ်

ပြီးခဲ့တဲ့ အပတ်က ရှမ်းပြည်နယ်ဘက်ကို အလုပ်ကိစ္စနဲ့ ခရီးတစ်ခေါက် ရောက်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကို တစ်ခါမှ မရောက်ဖူးတော့ မှိုင်းညိုညို ရှမ်းတောင်တန်း တွေရဲ့ကြားက ဖြတ်သန်း တိုက်ခတ်လာတဲ့ လေပြေနုသွေးရဲ့ ပွတ်တိုက်ကျီစယ်မှုကို ခံစားရင်း ဒီဒေသမှာ နေထိုင်သူတွေရဲ့အေးချမ်းတဲ့ ဘ၀လေးကို တွေးတော အားကျလာပါတယ်။ တောရိပ် တောင်တန်းတွေ ကြားထဲက ရှမ်းပြည်နယ်ရဲ့ အလှက စံတင်လောက်ပါတယ်။ ဒေသတွင်း တက္ကသိုလ်၊ ကောလိပ်တွေ အများကြီး ရှိတာကို တွေ့ရပေမယ့် စက်ရုံ၊ အလုပ်ရုံ အားနည်းတာတွေ လူငယ်တွေအတွက် အကျိုးရှိတဲ့ သင်တန်းတွေ အားနည်းတာကို သတင်းသမား တစ်ယောက်အနေနဲ့ အကဲခတ်မိတော့ မျိုးဆက်သစ် လူငယ်တွေအတွက် ရင်လေးမိပါတယ်။

ရှမ်းပြည်နယ်မှာ နေတာ တစ်ပတ်လောက် ကြာတော့ မြို့တော်တောင်ကြီးမှာ အပေါဆုံးက ဘီယာဆိုင် ဆိုတာကို သတိပြု မိပါတယ်။ ညနေပိုင်း နေညိုချိန်ဆို လူငယ်လူရွယ် အများအပြား ဘီယာဆိုင် အခြေပြု နေတာကို တွေ့ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ပတ်ဝန်းကျင်က အင်တာနက်ဆိုင်ကို သွားသုံးမိတော့ အင်တာနက်ဆိုင် ဖွင့်ထားတဲ့ ရင်းနှီးလာတဲ့ ရှမ်းတိုင်းရင်းသား သူငယ်ချင်းက ပြောပြပါတယ်။

''ရန်ကုန်ကိုတက်ပြီး အလုပ်လုပ်ချင်တာပေါ့ ကျွန်တော်တို့လည်း ဘွဲ့ရပညာတတ်ပါပဲ။ ဒါပေမဲ့ ဘွဲ့တစ်ခုရှိရုံနဲ့တော့ ရန်ကုန်မှာ အလုပ်လုပ်ဖို့ မလွယ်ဘူးဗျ။ အခြား ဘာသာစကား တစ်ခုခုတော့တတ်မှ အဆင်ပြေတာ၊ မဟုတ်ရင် နေစရိတ်၊ စားစရိတ်နဲ့ ကျွန်တော်တို့အတွက် အဆင်မပြေဘူးတဲ့'' သူ့အပြောကို ကျွန်တော့်မှာ ပြန်လည်ချေပ ဖို့အတွက် စကားစ ရှာမရ ဖြစ်နေပါတယ်။ မမှားတဲ့ အမှန်တရား တစ်ခုကို ပြန်လည်ငြင်းဆိုနိုင်စွမ်း ကျွန်တော့်မှာ မရှိပါဘူး။

လူငယ်လူရွယ် ဖြစ်တဲ့အတွက် သူတို့မှာလည်း ကြီးပွားတိုးတက်ချင်စိတ် အထိုက်အလျောက် ရှိမှာပါပဲ။ ရန်ကုန်ကိုတက်မှ အသိအမြင်ပိုမို ပွင့်လင်းလာမယ် ဆိုတဲ့စကားက တိုးတက်ချင်တဲ့ လူငယ်လူရွယ်တွေ၊ သူတို့ရဲ့ လူကြီးမိဘတွေက တဖွဖွ ပြောနေတာကို တောင်ကြီးကနေ ပင်လုံမြို့လေးကိုအသွား ကားပေါ်မှာလည်း ကြားလာရပါတယ်။ ဒါပေမဲ့ မိသားစု အခြေအနေအရ ရှမ်းလူငယ်တွေတင် မကပါဘူး။ မြန်မာတစ်နိုင်ငံလုံးက လူငယ်လူရွယ်တွေဟာ ဘွဲ့ရပညာတတ် တစ်ယောက်ဆို တစ်နေ့ကို လုပ်ခလစာ ကျပ် ၂၀၀၀ နှုန်းလောက်နဲ့ ရန်ကုန်လို မြို့ကြီးမှာ လာရောက် အလုပ်လုပ်ဖို့ မလွယ်ကူ လှပါဘူး။ နေစရိတ်၊ စားစရိတ်တွေက သူတို့ကို ကန့်သတ်ထားပါတယ်။ ဘာသာစကားတစ်ခု ထပ်ပြီး တတ်မြောက်ဖို့ လိုအပ်တယ်ဆိုပြီး သူတို့အပြောအရတောင် တစ်ဖက်တရုတ် (သို့) ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် ကြပါတယ်။ သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက်က ရန်ကုန်မှာ လာရောက် အလုပ်လုပ်ကိုင် တာထက်များပါတယ်။

မြေမျက်နှာသွင်ပြင် ပထ၀ီအနေအထားအရ ကြည့်လိုက်ရင် ရှမ်းပြည်နယ်ဟာ မြန်မာပြည်ရဲ့ လေးပုံတစ်ပုံလောက် ကျယ်ဝန်းတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် လူသုံးကုန်ပစ္စည်း တော်တော်များများဟာလည်း နယ်စပ်က ၀င်လာတာချည်းပါပဲ။ လူငယ်လူရွယ် တော်တော်များများဟာ ဒေသထွက်ကုန်ထက် တစ်ဖက်နိုင်ငံက ၀င်လာတဲ့ ကုန်ပစ္စည်းတွေကို ပိုမိုသုံးစွဲ ကြတာကို တွေ့ရပါတယ်။

ရှမ်းရိုးရာ အ၀တ်အထည်ဆိုရင် ဒေသထွက်လည်း ရှိပါလျက်နဲ့ ထိုင်းနိုင်ငံက ပြန်ဝင်တဲ့ ပေါင်းပြီးသား ဈေးနှစ်ဆလောက် ပိုပေးရတဲ့ ရှမ်းရိုးရာ ၀တ်စုံကိုသာ မက်မောကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ထွက်သွားတဲ့ ကုန်ကြမ်းတွေဟာ ရှမ်းပြည်နယ်က ဆိုတာ သံသယ ၀င်စရာတောင် မလိုပါဘူး။ အခြား အသီးအနှံတွေ အစားအသောက်တွေ ဆိုလည်း ဒါကဒေသထွက် ဒီဘက်ကထိုင်း(သို့) တရုတ်ကဆိုပြီး အသီးအနှံ ပါကင်လှလှ ထုပ်ပြီးသားတွေက ဈေးနှစ်ဆလောက် တင်ရောင်းထားတာကို တွေ့ရပါတယ်။ ဒီအသီးအနှံ ကုန်ကြမ်းတွေက သယံဇာတ ပေါကြွယ်ဝတဲ့ ရှမ်းပြည်နယ်ကပဲ ဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။

ရှမ်းပြည်နယ်ဆိုတာ နိုင်ငံခြားသား ခရီးသွား ဈေးကွက်ရပြီးသား ဒေသကြီးပါ။ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ ဒေသထွက် ကုန်ကြမ်းတွေကို အဆင့်မြင့် ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ်နိုင်တဲ့ နည်းပညာကို အခြေခံထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေသာ ရှိမယ်ဆိုရင် ကိုယ့်ကုန်ကြမ်းနဲ့ ကိုယ်မို့လို့ နိုင်ငံခြားကို ကိုယ့်ပြည်တွင်းကရမယ့် ၀င်ငွေတွေ စိမ့်ထွက်သွားစရာ မရှိတဲ့အတွက် စက်မှုဇုန်တွေ စက်ရုံ၊ အလုပ်ရုံ ကောင်းကောင်းတွေသာ ရှိမယ်ဆိုရင် နိုင်ငံတော်အတွက်၊ ရှမ်းပြည်နယ်အတွက် အကျိုးများမှာပဲလို့ သတင်းထောက် တစ်ယောက်ပီပီ တွေးကြည့်ပါသေးတယ်။

ဒေသတွင်း စီးပွားရေး အခွင့်အလမ်းတွေကို ပြည်နယ် အစိုးရက သိမှာပါပဲ။ ဘာဖြစ်လို့များစက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်မှု အားနည်းနေတာလဲဆိုတဲ့ အတွေးက စိတ်ထဲမှာ လွှမ်းမိုးလာပါတယ်။

ဖြန့်ကြက်လာတဲ့ အတွေးတွေကို စုစည်းလိုက်တဲ့ အခါမှာတော့ ပင်လုံမြို့လေးကို ရောက်လာ ပါတော့တယ်။ ဒေသခံတွေကို စေ့ငုကြည့်လိုက်တော့ ရိုးသားတဲ့ ပအို့ဝ်လူမျိုးတွေ အများစု ဖြစ်တာကို တွေ့ရပါတယ်။ တောင်ကြီးမြို့နဲ့ ၆၃ မိုင်ဝေးကွာတဲ့ လွိုင်လင် ခရိုင်ထဲမှာပါတဲ့ ပင်လုံမြို့လေးမှာ စိုက်ပျိုးရေး မွေးမြူရေး အားနည်းနေတာကို တွေ့ရပါတယ်။

မြို့ပေါ်လူငယ်တွေမှာ မျှော်လင့်ချက် အိပ်မက်တွေ ရှိရဲ့သားနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုက ပိတ်ဆို့ထားသလို တစ်ဖက်ကလည်း မူးယစ်ဆေးဝါးက ထပ်မံထိုးနှက် တိုက်ခိုက်နေပြန်တော့ ဒေသခံ လူငယ်တွေအတွက် မစဉ်းစားရဲ လောက်အောင်ပါပဲ။ လူငယ်တွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေ တတ်နိုင်သမျှ မက်ခွင့်ရဖို့ဆိုတာ လူကြီးလုပ်နေတဲ့ သူတွေရဲ့ ဖေးမကူညီမှုတွေ နည်းပေး လမ်းညွှန်မှုတွေ လိုအပ်ပါတယ်။

ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ အိပ်မက်တွေကို မျှော်လင့်နိုင်ဖို့ အတွက် အခွင့်အရေးတွေရဖို့ လိုအပ်ပါတယ်။

လူငယ် လူရွယ်တွေဟာ အညှောင့်ထွက်စ ပင်ပျိုလေးတွေနဲ့ တူပါတယ်။ ရှမ်းတောင်တန်းကြီးရဲ့ အရိပ်အာဝါသ ကတော့ အေးချမ်းလှပါတယ်။ ဆောင်းရနံ့ပါတဲ့ လေပြည် လေညင်းရဲ့ ထွေးပွေ့မှုအောက်မှာ ရှမ်းတိုင်းရင်း သားတွေက အေးအေးဆေးဆေး နေကြပါတယ်။

ရှမ်းတောင်တန်းကြီးကို ရစ်သိုင်းခြုံလွှမ်းနေတဲ့ မြူမင်းတိမ်လွှာကို အံမတု နိုင်ရှာတဲ့ နေမင်းရောင်ဝါရဲ့ နွေးထွေးတဲ့ နေရောင်ခြည်ကိုတော့ ရှမ်းပြည်မှာ ထိတွေ့ခံစားနိုင်ဖို့ ခဲယဉ်းလှပါတယ်။ နေရောင်ခြည် အထိအတွေ့ကို မရလို့များ ပျိုးပင်လေးတွေ ရှမ်းတောင်တန်းရဲ့ လောင်းရိပ်အောက်မှာ မရုန်းထွက် နိုင်တာလားလို့ တွေးတောမိရင်း။

Eleven Media Group
Written by ကိုထက် 

မောင်တော နယ်စပ် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန်


မောင်တော ၊ အောက်တိုဘာ ၁၀ ။ ။လွန်ခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်၈ရက် မှစတင်ထုတ်ပြန်ခဲ့သည့် မောင် တောနယ်စပ် ညမထွက်ရအမိန့် ပုဒ်မ၁၄၄ကို ၂၀၁၃ခုနှစ် အောက် တိုဘာ၈ရက်က ဆက်လက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၁၄၄ကို အောက်တိုဘာ ၈ ရက်တွင် ကိုးကြိမ်မြောက်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခင်ထုတ် ပြန်ထားသည့် အချိန်အတိုင်း ည ၁ဝနာရီမှ နံနက် ၄နာရီအထိကို ညမထွက်ရအမိန့်အဖြစ် သတ် မှတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေး ဌာနမှ မြို့ပေါ်သို့ အသံချဲ့စက် များဖြင့် ည၆နာရီတွင် လိုက်လံ ကြေညာခဲ့ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန် လိုက်သည့်အတွက် မောင်တော မြို့နယ်အတွင်း အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် လူငါး ဦး(သို့မဟုတ်) ငါးဦးထက်ပိုသော သူများ စုဝေးခြင်းမပြုရန် တား မြစ်ထားကြောင်း သိရသည်။

ပုဒ်မ၁၄၄ ထုတ်ပြန်ထား ချက်ကို နားမလည်သူတချို့က မောင်တောမြို့နယ် တွင် ဘင်္ဂါလီ များကို ဗလီတက်ခွင့်ပိတ်ထား သည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာ တချို့တွင် ရေးသားဖော်ပြနေခြင်း မှာ ဌာနဆိုင်ရာများကို အမှား ကောက် အထင်အမြင်လွဲမှားနေ ခြင်းသာဖြစ်ပြီး ဗလီတက်ရောက် ခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အမိန့်ထုတ်ပြန်ထားခြင်း မရှိဘဲ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေဖြစ်သည့်အတွက် အများ ပြည်သူနှင့်သက်ဆိုင်သည့် လမ်းမ ကြီးများ၊ လမ်းသွယ်၊ လမ်းကြား၊ ပန်းဥယျာဉ်၊ ဗလီ စသည်တို့တွင် လူငါးဦးထက် ပိုမစုရခြင်းသာဖြစ် ကြောင်း ဥပဒေရေးရာကျွမ်းကျင် သူ ဌာနဆိုင်ရာအကြီးအကဲတစ်ဦး က ပြောသည်။
Yangon Media Group
ညိုသဏ်း

မုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို အဖျားခတ်နှိုင်ပါတယ်


ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မုန်တိုင်း သတင်းအရေးကြီး အခြေအနေပါ။ ရခိုင်ကမ်းရိုးတန်းရှိ မိဘပြည်သူများ အားလုံးအထူးသတိထားမိစေဖို့ပါ ခင်ဗျာ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

Super Cyclone Phailin ရဲ့ အရှိန် ရခိုင်ကမ်းရိုးတန်းကို အဖျားခတ်နှိုင်ပါတယ်။
Cyclone News Update
11-10-2013
4:23 am

(၁) Phailin ရဲ့အနားသားတိမ်တိုက်တွေ(Peripherial clouds)တွေ ရခိုင်ကမ်းရိုးတန်းကို ရိုက်နေပါတယ်။ဒါကြောင့် ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ လက်ရှိအချိန်မှာ တစ်နာရီ မိုင် (၄၀-၅၀)လောက်ရှိတဲ့ လေပြင်းတွေ တိုက်နှိုင်ပါတယ်။ မုန်တိုင်းဒီရေတော့ မတက်နှိုင်ပါဘူးလို့ ခန့်မှန်းရပါတယ်။

(၂) JTWC(USA) ရဲ့ 102100Z (မြန်မာစံတော်ချိန် ၁၁-၁၀-၂၀၁၃ ရက် နံနက် ၃း၃၀ နာရီအချိန်)ထုတ်ြပန်ချက်အရ ဆိုင်ကလုန်း မုန်တိုင်းကြီး Phailin ဟာ (၁၂-၁၀-၂၀၁၃) ရက်နေ့ ညနေပိုင်းမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿ(orissa coast)ကို ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

(၃) မုန်တိုင်းရဲ့နောက်ဆုံးအခြေအနေ
Issuance Time 102100 (၁၁-၁၀-၁၃ ရက် နံနက် ၃း၃၀ နာရီ) Position 15.6°N, 89.4°E (101800Z) (၁၀-၁၀-၁၃ ရက် ည ၁၂ နာရီ) Movement: 285°, 9 Knots (အနောက်မြောက်ယွန်းယွန်း)
Wave Height 50 feet (လှိုင်းအမြင့် ပေ ၅၀)
Winds(1018Z) 125 knots Gust 150 knots Winds(1118Z) 135 knots, Gust 165 knots

မုန်တိုင်းအင်အားဟာ မြင့်တက်နေပါတယ်။ ဗဟိုချက်အနီးလေတိုက်နှုန်း 125 knots (150 mph)အထိရှိနေပြီး ပင်လယ်ရေလှိုင်းအမြင့်ဟာ 50 feet အထိရှိနေပါပြီ။
Super Cyclone အဆင့်ကိုရောက်နေပါပြီ။

အသက်ဘေးတွေဗျာ။ ဘယလ်လိုလုပ် အိပ်လို့ရမှာလည်း။
ဘေးကင်းကြပါစေဗျာ။

ဒေါက်တာထွန်းလွင်
Popular Journal

ဆူပူမှု ဖြစ်မည်စိုး၍ သံတွဲပဋိပက္ခ ဖမ်းဆီးထားသူများကို ထောင်ပြောင်း

စနေလင်း| October 11, 2013
နေအိမ်များ ဖျက်ဆီးခံရပြီးနောက် ငိုကြွေးနေကြသူများကို အောက်တိုဘာလ ၂ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – စိုးဇေယျထွန်း / Reuters)

ရခိုင်ပြည်နယ်၊ သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးထားသူများကို အောက်တိုဘာ ၁၇ ရက်နေ့တွင် တရားရုံးထုတ်ရန် သတ်မှတ် ထားသော်လည်း ဒေသခံများ ဆူပူမှုဖြစ်မည်ကို စိုးရိမ်သောကြောင်း သံတွဲထောင်မှ ကျောက်ဖြူထောင်သို့ ယမန်နေ့ညက ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ထောင်ပြောင်းရာတွင် မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်း မရှိကြောင်း ဖမ်းဆီးစစ်ဆေးခံရသူ တဦးဖြစ်သည့် သံတွဲမြို့နယ်၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌ ဦးမောင်မောင်ပု၏ ဇနီးဖြစ်သူ ဒေါ်မမေနုက ဧရာဝတီသို့ ပြောသည်။

“ကျမတို့ သံတွဲထောင်ကို ဒီမနက်မှာ ထောင်ဝင်စာ သွားတွေ့တော့မှ သိရတယ်။ သူတို့ကို ကျောက်ဖြူထောင် ပြောင်းထားတယ်ဆိုတာ ဘာကြောင့် ပြောင်းတာလဲကိုလည်း မေးတော့ ရဲတွေက မသိဘူးဆိုပြီး ဟိုလွှဲဒီလွှဲ လုပ်နေတယ်။ သံတွဲထောင်မှာဆို သူ့ကျန်းမာရေးကို မိသားစုက နီးတော့ ဂရုစိုက်ပေးလို့ ရသေးတယ်။ အခုက ကျောက်ဖြူထောင်ဆိုတော့ ထောင်ဝင်စာ ပေးဖို့တောင် မိသားစုမှာ သွားရေးလာရေးနဲ့ ကုန်ကျစရိတ်နဲ့ အခက်ခဲ ဖြစ်ရပြီ” ဟု ဒေါ်မမေနုက ဆိုသည်။

တခြား ဖမ်းဆီးခံရသူ တဦးဖြစ်သည့် ဦးဝင်းကိုလေး၏ ဇနီးဖြစ်သူ ဒေါ်တင်တင်ရီကလည်း ဖမ်းဆီးခံထားရသူများ၏ မိသားစုများအနေဖြင့် ရွှေ့ပြောင်းလိုက်သော ကျောက်ဖြူထောင်တွင် အကူအညီပေးသူများ မရှိလျှင် ထောင်ဝင်စာပို့ရန်ပင် အခက်တွေ့နိုင်ကြောင်း၊ သက်ဆိုင်ရာကလည်း အခြေအနေများကို အကြောင်းကြားခြင်း မရှိသောကြောင့် မည်သို့ ဆက်လုပ်ရမည်ကို မသိကြောင်း ပြောသည်။

“ကျမ အမျိုးသားက သံတွဲမှာ စဖြစ်တုံးကတည်းက ဘယ်နေရာမှာ ဘာဖြစ်နေတယ်၊ ကားထုတ်ပြီး လိုက်ခဲ့ပါဦးလို့ အုပ်ချုပ်ရေးပိုင်းကလူတွေပဲ ခေါ်လို့ သူတိုနဲ့ အတူလိုက်နေခဲ့တဲ့သူပါ။ သတင်း တိတိကျကျလည်း မဖော်ထုတ်နိုင်သေးဘဲနဲ့ အကုန်ဆွဲ ဖမ်းတဲ့ဆီမှာ ပါခဲ့ရတာ” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း သံတွဲပဋိပက္ခကြောင့် ထပ်မံ ဖမ်းဆီးမှုများ ရှိနေကြောင်း၊ မည်သည့်အဖွဲ့အစည်းမှ လာရောက်ခေါ်သွားသည်၊ မည်သည့်နေရာတွင် ချုပ်ထားသည်ကိုလည်း စုံစမ်းမရ ဖြစ်နေသောကြောင့် ထပ်မံ ဖမ်းဆီးခံရသူများ၏ မိသားစုများက အထူးစိုးရိမ်နေကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ ဗဟို ကော်မတီဝင် ဦးထွန်းရွှေက ဧရာဝတီသို့ ပြောသည်။

“ဟိုတလောလေးကလည်း ဘယ်သူ ဖမ်းသွားတယ် မသိဘဲ ပျောက်နေရာကနေ နောက်ဆုံး အလောင်းပဲ ပြန်တွေ့ခဲ့တာကြောင့် အခုလို ထပ်ဖမ်းတဲ့ဆီမှာ ဘယ်ကိုမှ စုံစမ်းမရတော့ မိသားစုတွေက စိုးရိမ်ကြတာပေါ့။ ဖမ်းတဲ့ဆီမှာလည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွေ မပါဘဲ လမ်းသွားနေစဉ် ခဏလိုက်ခဲ့ပါဆိုပြီး အရပ်ဝတ်တွေနဲ့ ခေါ်သွားတာမျိုး ဖြစ်နေတယ်။ ဒီမနက်ပဲ သံတွဲမြို့ပေါ်က မိုးဝေဆိုတဲ့ လူငယ်တဦးကို ခေါ်သွားတယ်။ ပြီးခဲ့တဲ့နေ့ကလည်း ဇီးဖြူကုန်းဘက်မှာ ထပ်ဖမ်းခဲ့တယ်လို့ ကြားတယ်။ ဖမ်းမယ်ဆိုရင်လည်း တိတိကျကျနဲ့ တရားဝင် လုပ်တာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

သံတွဲဖြစ်ပျက်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးမည့်စာရင်းကို ကြိုတင် စီမံထားပုံရကြောင်း၊ ဖမ်းဆီးရာတွင်လည်း တရားဥပဒေနှင့် အညီ ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ ထင်ရာလုပ်နေသလို ဖြစ်ကြောင်း၊ သံတွဲအကျဉ်းထောင်သို့ မိမိသွားရောက်ကြည့်ရှုအပြီး ညတွင်းချင်း ထောင်ပြောင်းသည်ကို မေးခွန်းထုတ်စရာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဌ ဦးဇော်အေးမောင်က ဧရာဝတီသို့ ပြောသည်။

“ကျနော် ထောင်ထဲကို သွားတွေ့တုန်းက လူအများရှေ့မှာပဲ၊ ရဲရှိတယ်၊ အကျဉ်းဦးစီးက တာဝန်ရှိသူတွေလည်း ရှိတယ်။ ကျေးလက်ကလာတဲ့ လက်သမားဆရာနှစ်ယောက် ညှင်းပမ်းနှိပ်စက် ခံထားရတယ်။ တယောက်ဆိုရင် ခြေထောက်ကို အချက် ၅၀ လောက် ယောင်ကိုင်းနေအောင် ရိုက်ထားတာ။ လမ်းလျှောက်လို့ မရဘူး။ နောက်တယောက်က အချက် ၁၅၀ လောက် ရိုက်ခံရတယ်။ ခေါင်းကိုလည်း ၅ ချက်လောက် အရိုက်ခံရတဲ့အခါ မူးမေ့သွားတာဗျ။ လုပ်လိုက်တဲ့သူတွေတောင် လှန့်ဖြန့်သွားတဲ့အတွက် ဒီလိုလုပ်တယ်ဆိုတာ မပြောပါနဲ့လို့တောင် ပြောထားတယ်တဲ့” ဟု ဦးဇော်အေးမောင် ဆိုသည်။

ညှင်းပမ်းနှိပ်စက်ခံရသူများမှာ မည်သည့်မျိုးနွယ်စုများ ဖြစ်သည် ဆိုသည်ကိုမူ ဦးဇော်အေးမောင်က ပြောကြားခြင်း မရှိပေ။

လက်ရှိအချိန်အထိ သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးစစ်ဆေးနေသူ လူဦးရေ ၇၀ ကျော် ရှိပြီဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများတွင် ရခိုင်တိုင်းရင်းသားများ၊ အစ္စလမ် ဘာသာဝင် ကမန်များလည်းပါကြောင်း၊ စုံစမ်းစစ်ဆေးဆဲ ကာလဖြစ်သောကြောင့် တိတိကျကျ မပြောနိုင်သေးကြောင်း၊ မကြာခင်အချိန်တွင် ပြည်နယ်အစိုးရ အနေဖြင့် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ကျော်တင့်က ဧရာဝတီသို့ ပြောသည်။

“သံတွဲထောင်ကနေ ကျောက်ဖြူထောင် ပြောင်းထားတယ်လို့ ကျနော်လည်း ကြားပါတယ်။ ဒါပေမယ့် အခုချိန်က တိတိကျကျ ပြောလို့မရသေးပါဘူး။ ဖမ်းထားတာတော့ လူမျိုးစု ၂ ခု စလုံးကိုပါ။ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု ဒုတိယ ရဲမှူးကြီး ကျော်တင့်က ဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သံတွဲမြို့  မြို့တော်ခန်းမ အနီးရှိ ဦးကျော်ဇံလှ ပိုင်ဆိုင်သော ငပလီ အထွေထွေ အရောင်းဆိုင်ရှေ့တွင် ကိုရဲသီဟ၏ သာသနာ့ အလံပါ သုံးဘီးဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပဋိပက္ခအချို့  ထပ်မံဖြစ်ပွားရာ နေအိမ်နှစ်လုံး မီးရှို့ခံရပြီး အိမ်ခြေ ၆၀ ၀န်းကျင် မီးလောင်ကျွမ်းကာ သေဆုံးသူ စုစုပေါင်း ၅ ဦး အထိရှိခဲ့ကြောင်း သိရသည်။
Irrawaddy

ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗိုလ်တစ်ဦး ရှောင်ပြေးနေ


ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၄၇ မိနစ်

မရမ်းကုန်းမြို့နယ်တွင် ဆယ်တန်းကျောင်းသူကလေးတစ်ဦးကို စစ်ဗိုလ်ကြီးတစ်ဦးက အကြိမ်ကြိမ် ကာမစက်ယှက်ပြီး လက်ထပ်ယူမည်ဟု ပြောဆိုခဲ့သော်လည်း တိမ်းရှောင်နေသည့်အတွက် ကာယကံရှင် မိသားစုက အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။

အမှုသည် စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိခင်ဖြစ်သူက ၁၅ နှစ်အရွယ်ရှိ ၎င်း၏သမီး ၁၀ တန်း ကျောင်းသူသည် ကျူရှင်တက်ရန် နေအိမ်မှ ထွက်သွားခဲ့ပြီး ညနေခြောက်နာရီတွင် နေအိမ်တွင် ကျူရှင် သင်ပေးသည့် ဆရာမဖြင့် ပြန်လည်ရောက်ရှိလာရာမှ တစ်ဆင့် စတင်ခဲ့သည်။

ထို့နောက် သမီးဖြစ်သူကို မေးမြန်းရာ နေအိမ်အနီး ဆေးခန်းလာဖွင့်ထားသော ဆေးခန်းမှ တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ(ကုတင် ၃၀၀)၊ မင်္ဂလာဒုံမြို့နယ် (စိစစ်ဆဲ)မှ ဗိုလ်ကြီးတစ်ဦးသည် ဆေးရုံဝင်း အတွင်းရှိ အဆောင်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ရဲကို ထွက်ဆိုထားသည်။

ထို့ပြင် ယခင်ကလည်း ယင်းကဲ့သို့ခေါ်ဆောင်သွားပြီး သားမယားအဖြစ် နေထိုင်ခဲ့ကြောင်း သမီးဖြစ်သူက ပြောပြခဲ့သည်ဟု မိခင်က ရဲစခန်းတွင် ထည့်သွင်းထွက်ဆိုထားသည်။ ယင်းကြောင့်ပင် အဆိုပါ ဗိုလ်ကြီးကို ခေါ်ယူ
မေးမြန်းစဉ် ၎င်းမှ ကာမစပ်ယှက်မှုရှိခဲ့ကြောင်း ၀န်ခံခဲ့ပြီး ရုံးဖွင့်ရက်တွင် တရားရုံး၌ လက်ထက်မည်ဟု ပြောဆိုကာ သက်သေခံစာချုပ်တွင် သက်သေများထား၍ လက်မှတ်ထိုးပေးခဲ့သည်ဟုလည်း ဆိုထားသည်။

သို့သော် ယနေ့အချိန်ထိ အတွေ့မခံဘဲ တိမ်းရှောင်နေသောကြောင့် မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေးငယ်အား သားမယားအဖြစ် ပေါင်းသင်းမည်ဟု ဖြားယောင်းသွေးဆောင်ပြီး ကာမရယူခဲ့သူ အဆိုပါ စစ်ဗိုလ်အား အရေးယူပေးရန် ကလေးမိခင်က စွပ်စွဲတိုင်တန်းလိုက်ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းက (ပ)၃၆၃ /၂၀၁၃ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုထားသည်။ ယင်းအပြင် တိုင်တန်းခံရသူသည် စစ်သည်ဖြစ်နေသဖြင့် သက်ဆိုင်ရာတပ်နှင့် ဆက်သွယ်ဆောင်ရွက်နေပြီး ပြစ်မှု ပုဒ်မ ၃၆၃/၃၆၆ ဖြင့် အရေးယူသွားနိုင်ရန် ဆောင်ရွက်နေသည်ဟု လည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။
Mizzima - News in Burmese

၂ဝ၁၅ကို ထိုင်စောင့်နေတဲ့ ရန်ကုန်အိမ်ခြံမြေ


ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့က ဈေးထက် နှစ်ဆမြင့်နေတယ်လို့ ပြောနေကြတဲ့ ရန်ကုန် အိမ်ခြံမြေဈေးကွက် သီတင်းကျွတ်ကာလကျော်ရင် အရောင်းအဝယ်တွေ ပုံမှန်ပြန်ဖြစ်လာတော့မယ်လို့ မျှော်လင့်နေကြပါပြီ။



ကမာရွတ် မီဒီယာ

တိုက်ဂါးဘီယာ စက်ရုံဝင်းအတွင်း မီးရှို့မှုဖြစ်ပွား


ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၁ မိနစ်

မင်္ဂလာဒုံမြို့နယ်ရှိ တိုင်ဂါးဘီယာစက်ရုံတွင် ဆိုင်ကယ်ဖြင့် ၀င်ရောက်လာသူတစ်ဦးက ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်ဖြုတ်ကာ မီးရှို့မှုတစ်ခုအောက်တိုဘာ ၉ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

မီးရှို့ခဲ့သူမှာ ရွာသာကြီးစိတ်ရောဂါဆေးရုံ ပြင်ပလူနာဌာနတွင် ဆေးကုသနေသော စိတ်ဝေဒနာရှင် ဇော်မင်းထွန်း (ဘ)ဦးကျော်လွင်၊ ကိုးလုံးကွင်းရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် ကမ်ဘို ၁၁၀ အမျိုးအစားနံပါတ်မပါ လိုင်စင်မဲ့ဆိုင်ကယ်အား စက်ရုံဝင်ပေါက် ဂိတ်မောင်းတံအောက်မှ ဖြတ်၍ စီးနင်းဝင်ရောက်ခဲ့သည်ဟု ဆိုထားသည်။ ယင်းနောက် စက်ရုံအနောက်ဘက် ဘီယာဘူးခွံများထားသော ဂိုဒေါင်အ၀တွင်ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်အားဖြုတ်၍ အသင့်ပါလာသော ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

မီးလောင်မှုကြောင့် ဆိုင်ကယ်၏ ရှေ့ကာဗာ၊ ထိုင်ခုံကူရှင်နှင့် ၀ါယာကြိုးများ မီးလောင်ကျွမ်းကာ စက်ရုံဝန်ထမ်းများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။ ဆိုင်ကယ်မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး သုံးသောင်းကျပ်ခန့် ရှိခဲ့သည့်အပြင် ဘီယာဘူးခွံ ၅၃၄၆ ဘူးဆံ့ထည့်သည့် ကန်လေးကန် မှာမီးသတ်ဆေးဘူးအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်အမှုန့်
ထိတွေ့မှုကြောင့် အမေရိကန် ဒေါ်လာ ၁၆၈၀ တန်ဖိုးရှိ ဘီးယာဘူးခွံများ ပျက်စီးခဲ့ရသည်ဟု စက်ရုံဘက်က ဆိုထားသည်။

ထို့ကြောင့် စက်ရုံရှိပစ္စည်းသိုလှောင်ထားရှိနေရာအား ဖျက်ဆီးရန် အကြံဖြင့် မီးရှို့ခဲ့သူ ဇော်မင်းထွန်းကို အရေးယူပေးရန် ဗိုလ်ကြီး ညွန့်စိုးမင်း(ငြိမ်း)က အမှုဖွင့်တိုင်တန်းခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ယင်းကြောင့်ပင် ထောက်ကြန့် နယ်မြေရဲ စခန်းက (ပ)၃၇၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူအား ပုဒ်မ ၄၃၆ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။
Mizzima - News in Burmese

ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒီနေ့ည ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းက ဝင်ဘေလကွင်းမှာ မွန်တီနီဂရိုနဲ့ ကစားရမယ်


ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒီနေ့ည ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းက ဝင်ဘေလကွင်းမှာ မွန်တီနီဂရိုနဲ့ ကစားရမှာပါ၊

အင်္ဂလန်ဟာ အုပ်စု ပထမနေရာမှာ ရှိနေပေမယ့် အောက်က ယူကရိန်း၊ မွန်တီနီဂရိုတို့နဲ့ တစ်မှတ်သာ ကွာတဲ့အတွက် ခြေစစ်ပွဲအောင်ဖို့ အနိုင်ကစားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းမှာ နောက်ခံလူ အက်ရှလေကိုးလ်ကလွဲလို့ တခြား ဒဏ်ရာရထားသူ မရှိဘဲ တိုက်စစ်မှာတော့ ဝိန်းရူနီနဲ့ လီဗာပူးက ဒင်နီရယ် စတားရစ်ခ်ျတို့ကို ပွဲထုတ်နိုင်ဖွယ် ရှိနေပါတယ်။BBC Burmese

မလေးရှားမှ ပြန်ရောက်လာသည့် အလုပ်သမား ၅၀ နီးပါး မိသားစုနှင့် အဆက်အသွယ် ပြတ်ကာ နေရပ်ပြန်ရန် ငွေကြေးအခက်အခဲရှိနေ


မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ သီတဂူဆရာတော်၏ အကူအညီဖြင့် ပြန်လည်ရောက်ရှိ လာသူများအနက် အလုပ်သမား ၅၀ နီးပါး၏ အထောက်အထားများအား မလေးရှားရဲများက သိမ်းဆည်း ခဲ့မှုများကြောင့် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသလို ငွေကြေးအခက်အခဲကြောင့် အိမ်ပြန်ရန် အခက်တွေ့နေကြောင်း သိရသည်။

''၂၀၁၀ ပြည့်နှစ်တုန်းက ဇန်န၀ါရီလမှာ မလေးရှားကို ပွဲစားတွေကနေတစ်ဆင့် သွားအလုပ် လုပ်ခဲ့တယ်။ သူတို့ပြောတဲ့ အလုပ်နဲ့ ဟိုမှာလုပ်ရတဲ့ အလုပ်က ကိုက်ညီမှု မရှိဘူး။ ၂၀၁၂ ခုနှစ်မှာ အော်ပရာစီ စီမံချက်နဲ့ ဖမ်းဆီးခံရတယ်။ ထောင်ထဲမှာရော ၊ Camp ထဲမှာရော နှစ်ခုပေါင်းရင် တစ်နှစ်ကျော်လောက် နေခဲ့ရတယ်။ ထောင်ထဲမှာနေတဲ့ အချိန်မှာရော မြန်မာသံရုံးကနေ ဘာအကူအညီမှ မရဘူး။ သံရုံးက ကျွန်တော်တို့ကို ပြန်ချင်ရင် မလေးရှားရင်းဂစ် ၆၅၀ ရှိမှ ပြန်လို့ရမယ်လို့ ပြောတယ်။ ကျွန်တော်တို့မှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ မိသားစုနဲ့လည်း အဆက်အသွယ် မရှိတော့ဘူး။ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေ၊ လိပ်စာတွေ မရှိတော့ဘူး'' ဟု ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ကိုခိုင်မိုးလင်းက ဆိုသည်။

အဆိုပါ အလုပ်သမားများသည် မလေးရှားနိုင်ငံသို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး စီမံချက်ဖြင့် ဖမ်းဆီးခံခဲ့ရစဉ် ၎င်းတို့၏ မှတ်ပုံတင်၊ ဖုန်း၊ ငွေသား အပါအ၀င် ပါရှိသည့် ပစ္စည်းများကို မလေးရှားရဲများက သိမ်းဆည်းခဲ့ပြီး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ချိန်တွင် သိမ်းဆည်းခဲ့သည့် ပစ္စည်းများကို အလုပ်သမားများထံ ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

''မနေ့ညက အလုပ်သမား ၁၇၀ ကျော် ပြန်ရောက်လာတယ်။ အလုပ်သမား ၄၀ ကျော်က ဘယ်သူမှ လာခေါ်တဲ့သူ မရှိဘူး။ အဲဒီအတွက် ၈၈ ရုံးမှာပဲ ခေါ်ထားတယ်။ အလုပ်သမား ၀န်ကြီးဌာနကနေ အလုပ်သမား တစ်ယောက်ကို ပိုက်ဆံကျပ် ၅၀၀၀ စီပေးတယ်။ သူတို့ကို တာဝန်မယူ နိုင်ဘူးလို့လည်း ပြောတယ်။ ဒီနေ့အလုပ်သမား ၄၀ ကျော်ကို တာမွေမှာရှိတဲ့ အလိုတော်ပြည့် ဘုန်းကြီးကျောင်းက လက်ခံလို့ အဲဒီကို ပို့ပေးမယ်။ ပြီးရင် နေရပ်ပြန်ဖို့ လိုအပ်တဲ့ အထောက်အထားရဖို့ ပြည်ထဲရေးကို အကူအညီ တောင်းထားတယ်'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မသက်သက်အောင်က ဆိုသည်။ အလုပ်သမား ၄၈ ဦးမှာ စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေး တိုင်းဒေသကြီး၊ ရခိုင်၊ မွန်၊ ချင်းနှင့် ကရင်ပြည်နယ် တို့မှဖြစ်ပြီး နေရပ်ပြန်ရန် မှတ်ပုံတင် အထောက်အထား၊ ငွေကြေးအကူအညီ လိုအပ်နေပြီး လှူဒါန်းလိုပါက တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတွင် လှူဒါန်းနိုင်ကြောင်း သိရသည်။

(မလေးရှား အလုပ်သမားများအား ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းရုံးတွင် စာရင်းကောက်ယူနေစဉ်)
Eleven Media Group

ဒိုင်နမိုလို ရေပေါ်လမ်းလျှောက်ပြဦးမယ့် မြန်မာ့မျက်လှည့်ပညာရှင် မစ္စတာတောပ့် နှင့်တွေ့ ဆုံခြင်း


မေး- ဒိုင်နမိုရဲ့ ပြကွက်ကို ဒီလို ပြဖြစ်ဖို့ ဖြစ်ပေါ်လာပုံလေး ရှင်းပြပေး ပါလား။
ဖြေ- PEP သူဌေးက ကိုယ့်ပွဲ တွေကို Sponsor ပေးနေကျလေ။ တစ်နေ့ စကားဝိုင်းဖွဲ့ပြောရင်း သူက ဟာ ဒိုင်နမိုကွာ၊ ကားကြီးပေါ်မှာ ကပ်ပါသွား တာ အရမ်းမိုက်တယ်၊ လန်ဒန်က ဘတ်(စ)ကားပေါ်မှာ ပြသွားတာလေလို့ ဆိုတော့ ဟာ အန်ကယ် ကျွန်တော်လည်း လုပ်လို့ရတယ်။ ပိုက်ဆံတော့ တော်တော် ကုန်မယ် ပြောတော့ ကုန်ပါစေလုပ်မယ် ဆိုပြီး ကတိပေးသွားတယ်။ အစကတော့ သိပ်မယုံဘူး။ ကွန်တိန်ကားကြီးတွေ ဘာ တွေဝယ်ပြီးဆိုတော့မှ သူ အကုန်အကျခံပြီး ဒီလို လုပ်ဖြစ်သွားတာ။

မေး- ကုန်ကျစရိတ်များတယ်ဆို တော့ ဘယ်လောက်ကုန်ကျသလဲ၊ ခန့် မှန်းချေပေါ့
ဖြေ- ဒီ Instrument လုပ်တာကို တော်တော်ကုန်တယ်။ ဒီလေပေါ်မှာ ကပ်ပါဖို့ ပစ္စည်းက နိုင်ငံခြားမှာ လှမ်းမှာရင် ဒေါ်လာ ၁ သောင်းလောက် ရှိမယ်။ ဦးတော့ပ်တို့ ဒီက လက်မှုပညာရှင်နဲ့ လုပ် တာ သိန်း ၂၀ ကုန်တယ်။ အထွေထွေ ဆိုရင် ၂၇ သိန်းပေါ့။ ကားဝယ်တာ မပါ သေး စုစုပေါင်ဆိုရင်တော့ ဒီပြကွက် အတွက် သိန်း တစ်ရာကျော်မှာပေါ့။

မေး- ဒီပြကွက်အတွက် ဘယ် လောက်အချိန်ယူ လေ့ကျင့်ခဲ့ရလဲ။
ဖြေ- လေ့ကျင့်တာကတော့ တစ် ပတ်လောက်ပါ။ Finalကတော့ တစ်ရက် ပေါ့။ Rehearsalကတော့ တစ်နာရီ လောက်ပဲ ရှောရှောရှူရှူ အဆင်ပြေသွား တယ်။ တကယ်လုပ်တော့ တစ်နာရီခွဲကြာ သွားတာ၊ လူတော့ တော်တော် အောင့်ခံ ထားရတယ်။ ပရိသတ်က အားပေးနေ တော့ နာတာတွေ မေ့ပျောက်သွားတယ်။ ဒါပေမဲ့ နာတာကတော့ နာတာပါပဲ။ (ရယ်လျက်)

မေး- ဒိုင်နမိုရဲ့ပြကွက်တွေက ကျွန်တော်တို့ သာမန်လူတွေအနေနဲ့ အရမ်း အံ့ဩဖို့ ကောင်းတယ်။ ဆရာတို့ မျက် လှည့်ပညာရှင် တစ်ယောက်က ဘယ်လို မြင်လဲ။
ဖြေ- မျက်လှည့်ပဲလေ၊ မကြာခင် ဒိုင်နမိုပြကွက်တွေ PEPက စပွန်ဆာလုပ် ပြီး အကုန်ပြမယ်။ မကြာခင် OK သွား မှာပါ။ ရေပေါ်လမ်းလျှောက်တာတွေ၊ တိုက်ပေါ်တက်သွားတာတွေ ပါမယ်။ နည်း စနစ်တွေ အကုန်ရထားပြီးပြီ။ ဒါပေမဲ့ ငွေ ကုန်ကြေးကျ သိပ်များတယ်။ ငွေကုန်ပါစေ လုပ်မယ်လို့ PEP သူဌေးက ကတိပေး ထားတယ်။ ပြခွင့်ရတော့မယ်။ အခု ပြတာ ကိုလည်း မကြာခင် တီဗွီဖန်သားပြင်မှာ မြင်ရတော့မယ်။ ဒိုင်နမိုBus ကားကြီးပေါ် ပါသွားတာ အရမ်းမိုက်တယ်ဆိုတဲ့ သူတွေ ဦးတော့ပ်က မြန်မာပြည်မှာ ပထမဆုံး လုပ်ခွင့်ရတာ မြင်ရမှာပေါ့။ ကမ္ဘာမှာတော့ (၄)ယောက်မြောက်ပေါ့။ နောက် ဒီကားနဲ့ သွားတာဆိုရင် ဒုတိယစံချိန်ပြန်တင်ရင် ကမ္ဘာမှာ အချိန်အကြာဆုံးက ဦးတော့ပ်ပဲ အရမ်းပင်ပန်းတယ်၊ ဒိုင်နမိုလည်း မလုပ် လောက်ဘူး၊ ပင်ပန်းလို့။

မေး- မျက်လှည့်က သာမန်လူ တွေကြားထဲမှာ မှော်တို့၊ အောက်လမ်းလို့ ပြောကြတယ်။ အဲဒီအပေါ်ကို ဘယ်လိုရှင်း ပြချင်လဲ။
ဖြေ- မျက်လှည့်မှာ အောက်လမ်း မရှိဘူး။ All magic is not real, All magic is trick. မျက်လှည့်အားလုံးသည် လှည့်စားမှုတွေကြီးပဲ၊ လူမသိအောင် လှည့် စားတာပဲ။ အခု ဒီကားကြီးပေါ် ပါတာကို ဘာလဲ၊ ဈာန်ရတာလား၊ ဘာဈာန်မှ မရဘူး။ ဦးတော့ပ် လျှို့ ၀ှက်ချက်ရှိလို့ လုပ်လို့ရတာ။ လူပဲ ဘယ်လိုလုပ် လေပေါ်ရပ် လို့ ရမလဲ။ အထောက်အကူပစ္စည်း တစ်ခု ခုရှိလို့ ရတာပေါ့။ အဲဒါ ဘာလဲဆိုတာ တော့ ပြောလို့ မရဘူး။ ပြောရင် သိသွား မှာပေါ့။ (ရယ်လျက်)

မေး- မျက်လှည့်ပြတဲ့ သူက လျှို့ ဝှက်ချက်ကို ဖုံးကွယ်ပြီးပြတယ်၊ ကြည့်တဲ့ သူကလည်း လှည့်ဖျားမှန်းသိတယ်။ အဲဒီ ခံစားချကို ပြောပြပါဦး။
ဖြေ- အဲဒီမှာ သူတို့က မှော်လို့ ထင်တော့တာပဲ။ ဘာမှော်မှမဟုတ်ဘူး၊ မှော်ဆိုတာ ရေကန်ထဲမှာပဲ ရှိတာ။ အောက်လမ်းကိုရော သိလား၊ အဲဒါ ကမ်း နားလမ်းကို ပြောတာ။ (ရယ်လျက်)

မေး- ဦးတော့ပ် ဘယ်သူတွေဆီ မှာ ပညာသင်ယူခဲ့တာလဲ။
ဖြေ- ပြည်တွင်းက ဦးမိုးအောင်တဲ့ ဆုံးသွားပြီ။ ဒုတိယယိုးဒယား၊ တတိယ ဂျပန်က၊ စတုတ္ထပြင်သစ်ဆရာ သူ့ဆီက နည်းပညာအားလုံး ရလိုက်တယ်။ ဒါတွေ ကို ပြခွင့်ရဖို့ ကြိုးစားနေတာ (၂) နှစ်ရှိပြီ။ PEP နဲ့တွေ့မှ ပြခွင့်ရတာ။ သူလည်း မျက် လှည့်ဝါသနာပါတယ်။

မေး- ဒါဆို ဆရာပြချင်တာတွေ ဆန္ဒပြည့်ပြီလို့ ပြောလို့ရလား၊ ဘာတွေ ထပ်လုပ်ဦးမလဲ။
ဖြေ- ဟုတ်တယ်၊ ရပြီ၊ PEP က ကူညီပေးရင်ပေါ့လေ (ရယ်လျက်)၊ မကြာ ခင် ရွေ့လျားမျက်လှည့ှ့်Show ပွဲတိုင်း ပြည်ထဲက မြို့အနှံ့ အခမဲ့ ပြမယ်။ လာ မယ့်လမှာဖြစ်မယ်။ အဲဒါပြီးရင် ၂၀၁၄ နှစ် ကုန်ခါနီး မိုင်ဒါကွင်းမှာ အကြီးကျယ်ဆုံး Magic Show ပွဲကြီးလုပ်မယ်။ လပ်(စ) ဗီးဂတ်(စ်)မှာ နောက်ဆုံးပြတဲ့နည်းတွေ ချည်းပဲ။ အဲဒီပွဲမှာ ပြမယ်။ ဒီမှာ မပြဘူး သေးတဲ့ ပြကွက်တွေချည်းပဲ။

မေး- ဆရာ့အနေနဲ့ ကမ္ဘာပေါ်မှာ အကြိုက်ဆုံး မျက်လှည့်ပညာရှင်က ဘယ်သူဖြစ်မလဲ။
ဖြေ- ဦးတော့ပ်က မျက်လှည့်ဆရာ ဆို အကုန်ကြိုက်တယ်။ အကြိုက်ဆုံးကို ရွေးရမယ်ဆို ဒေးဗစ်ကော်ပါးဖီးပဲ။ ဒိုင်နမို ကတော့ နောက်ဆုံး လူကြိုက်များတော့ ကြိုက်တယ်။

မေး- ဒေးဗစ်ကော့ပါးဖီးကို ဘာ ကြောင့်ပိုကြိုက်လဲ။
ဖြေ- ဒေးဗစ်ကော့ပါးဖီးက ချစ် စရာကောင်းလို့ ဆွဲဆောင်မှုလည်း ရှိ တယ်။ ဒိုင်နမိုက မှော်ဆန်ပြီး သပ်ရပ် တယ်၊ ပြတာကောင်းတယ်။

မေး- မျက်လှည့်ဆရာ အများစု က အတည်အခန့်ပြနေချိန်မှာ ဦးတော့ပ် က ဟာသဆန်ဆန် ရယ်စရာလုပ်ပြတဲ့ အကြောင်းလေး ပြောပြပေးပါ။
ဖြေ- ဦးတော့ပ်က ဦးမောစ့်ရဲ့ တပည့်လေ ပထမ မျက်လှည့်ပြနေရင်းက ဟာသသရုပ်ဆောင်လုပ်ပြီး ဗီဒီယိုလိုင်းထဲ ဝင်သေးတယ်။ ကားပေါင်း သုံးဆယ်ကျော် ရိုက်ဖြစ်ခဲ့တယ်။ အဲဒီကနေ မျက်လှည့်ကို ဟာသနဲ့တွဲပြီး လုပ်ရင်ကောင်းမှာပဲလို့ အိုင် ဒီယာရလာပြီး လုပ်ဖြစ်တာ။

မေး- ဒီလိုအခက်အခဲတွေကြားထဲ က ဦးတော့ပ်ပြချင်တဲ့ မျက်လှည့်ကို ပြ ခွင့်ရပြီး ပရိသတ်ကိုရော ဘာပြောချင် သေးလဲ။
ဖြေ- ဦးတော့ပ် ပြောချင်တာက ဦးတော့ပ် ဂုဏ်ယူသလို ဂုဏ်ယူနေမယ်လို့ မျှော်လင့်တယ်။ ဒါနဲ့ တစ်ဆက်တည်း ၂၀၁၄ မိုင်ဒါကွင်းမှာ လုပ်မယ့် ပွဲကိုလည်း အားပေးပါဦး။ အဲဒီမှာ လုပ်မယ့်ဟာက ၂၀၁၃ မှာ ပြခဲ့တဲ့ နည်းတစ်ခုမှ မပါဘူး။ လုံးဝ နောက်ဆုံးပေါ်တွေ ပြမယ်။ အားပေး တဲ့ ပရိသတ်တွေအတွက် ကြိုးစားသွား မယ်လို့လည်း ကတိပေးပါတယ်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

၂၀၁၃ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို Organization for the Prohibition of Chemical Weapons (OPCW)အဖွဲ့က ရရှိ


၂၀၁၃ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို Organization for the Prohibition of Chemical Weapons (OPCW)အဖွဲ့က ရရှိသွားပြီဖြစ်သည်။

ဓာတုလက်နက်များ ပပျောက်စေရေးအတွက် ယင်းအဖွဲ့ကြီး၏ အထူးကြိုးပမ်းအားထုတ်မှုများကြောင့် ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal

နိုင်ငံတကာ ထီစနစ် ပြောင်းလဲရန် လေ့လာနေ


Published on October 11, 2013 by ဒီဗွီဘီ
အစိုးရ အောင်ဘာလေ သိန်းဆုဌာနဟာ လက်ရှိ ထီစနစ်အစား နိုင်ငံတကာမှာ ဖွင့်လှစ်နေတဲ့ ကွန်ပျူတာ အခြေပြု ထီစနစ်ကို ပြောင်းလဲဖို့ လေ့လာနေတယ်လို့ ဘဏ္ဍာရေး ဒုဝန်ကြီးက ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအေ၀းမှာ မြင်းခြံအမတ် ဦးဝင်းမြင့်က လက်ရှိ အစိုးရက တေစာင် ကျပ် ၂၀၀ နဲ့ ထုတ်ဝေရောင်းချေနတဲ့ ထီလက်မှတ်တွေကို ပြည်သူတွေက ကျပ် ၂၅၀ ကေန ၃၅၀ အထိ ၅၀ ရာခိုင်နှုန်းကျော် အြမတ်အစွန်းများစွာပေးပြီး ၀ယ်ယူ ကံစမ်းနေရတယ်၊ ဒီအေပ်ါမှာ ထီကုန်သည်ကြီး တချို့ကပဲ ကာလြကာရှည် အကျိုးအြမတ်တွေ ကြီးမားစွာရေနြကတယ်။

အဲဒီ ပြဿနာအေပါ် အစိုးရက ဘယ်လို ပြုပြင်ဖို့ ရှိမလဲ ဆိုတဲ့ မေးခွန်းကို ဒုဝန်ကြီးက ပြန်ဖြေခဲ့တာပါ။
အစိုးရ အောင်ဘာလေ သိန်းဆုဌာနဟာ လစဉ်ထီဖွင့်ပြီး ထီရောင်းလို့ရတဲ့ ငွေထဲက ၄၀ ရာခိုင်နှုန်းကို အခွန်အြဖစ် ရယူကာ ကျန် ၆၀ ရာခိုင်နှုန်းကို ပေါက်မဲတွေအတွက် ပြန်ပြီး ခွဲဝေပေးလျက်ရှိပါတယ်။

ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်


RFA ရေဒီယို အသံလွှင့်အစီအစဉ်ကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ် ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။


RFA Burmese

သီလဝါ စီမံကိန်းဆိုင်ရာ JICA လမ်းညွှန်ချက် မြန်မာအစိုးရ ချိုးဖောက်ဟုဆို


ရန်ကုန်၊ အောက်တိုဘာ ၁၀

ဂျပန်နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သီလဝါ အထူးစီးပွားရေးဇုန် (SEZ) နှင့် ပတ်သက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) က ချမှတ်ထားသည့် လမ်းညွှန်ချက်များကို မြန်မာအစိုးရဘက်မှ တာဝန်ရှိသူများ ချိုးဖောက်လျက် ရှိနေကြောင်း သီလဝါ အထူးစီးပွားရေးဇုန် ဒေသခံများက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ သီလဝါ အထူးစီးပွားရေး စီမံကိန်း ဧရိယာမြေတွင် နေထိုင်သည့် ဒေသခံ ရွာသူရွာသားများအတွက် နစ်နာကြေး ပေးလျော်ရာတွင် ညှိနှိုင်းဆွေးနွေးမှု မရှိသည့်အပြင် ပြန်လည် နေရာချထား ပေးမည့်အရေးနှင့် ပတ်သက်၍ ဒေသခံများသို့ တိုက်ရိုက် အကြောင်းကြားမှုလည်း မရှိကြောင်း ရန်ကုန်မြို့တော်ရှိ မြန်မာ ဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းဒေသခံများက ပြောကြားသည်။

ယင်းအပြင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကိုယ်စားလှယ်များ တွေ့ဆုံစဉ်တွင် မြေယာလျော်ကြေး တောင်းဆိုပါက တရားရုံးတွင် တရားရင်ဆိုင်ရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆို ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်းအထူးစီးပွားရေးဇုန် ရှိ ကျေးရွာများမှ ဒေသခံများ၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးမြလှိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“လျော်ကြေးပေးတာ၊ ပြောင်းရွှေ့တာတွေမှာ ဒေသခံတွေ သဘောတူရမယ်။ ပြန်လည် နေရာချထားပေးတဲ့ အခါမှာလည်း ပြောင်းရွှေ့ရမယ့် နေရာကို ဒေသခံတွေ ကိုယ်တိုင် ရွေးချယ်ခွင့် ရှိတယ်လို့ JICA ရဲ့ လမ်းညွှန်ချက်မှာ ဖော်ပြ ထားတယ်၊။ အခုက သူတို့ပေးတဲ့နေရာက မြက်တောတွေ၊ ချိုင့်တွေနဲ့။ ဝေးလည်းဝေးတယ်” ဟု ၎င်းက ဆိုသည်။

စီမံကိန်း ဧရိယာတွင် ပါဝင်သည့် မြေနေရာနှင့် အဆောက်အအုံများကို စာရင်းကောက်ယူရာတွင် မှန်ကန်တိကျမှု မရှိခြင်း၊ လက်ရှိဖြစ်ပွားဆဲ မြေယာ ပြဿနာများကို ဖြေရှင်းပေးမှု မရှိခြင်းနှင့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းများမှာလည်း JICA ၏ လမ်းညွှန်ချက်နှင့် မညီကြောင်း ဒေသခံများက ပြောဆိုသည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် သူများအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက် ပေးထားကြောင်း၊ မည်သည့် ခြိမ်းခြောက်မှုမျှ မလုပ်ကြောင်း၊ စာချုပ်တွင် သုံးနှစ်စာ သီးနှံလျော်ကြေး ပေးဆောင်ရန် ပါဝင်သော်လည်း ခြောက်နှစ်စာအထိ ပေးထားကြောင်း၊ ရွှေ့ပြောင်းခံ မိသားစုဝင် အားလုံးအတွက် အလုပ်အကိုင်များ ဖန်တီးပေးမည် ဖြစ်ကြောင်း၊ နေအိမ် မြေနေရာနှင့် အိမ်တန်ဖိုး ၂၅ သိန်းကိုလည်းပေးမည် ဖြစ်ကြောင်း၊ ယခု ပြောင်းရွှေ့ရမည့် နေရာသည် ရန်ကုန်- ကျောက်တန်း လမ်းမကြီးဘေးတွင် ရှိသဖြင့် အဆင်ပြေနိုင်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။
“သူတို့ကို ရွေးချယ်ခွင့် နှစ်ခုပေးပါတယ်။ မြေယာ ပိုင်ဆိုင်ကြောင်း အငြင်းပွားမလား ဒါမှမဟုတ်ရင် ပိုင်ဆိုင်ကြောင်း အငြင်းမပွားဘဲနဲ့ လျော်ကြေး ယူမလားဆိုပြီး ပြောတာပါ။ ပထမတစ်ခုကို ရွေးမယ် ဆိုရင် မြေယာ ပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့တကွ သက်သေ ပြရတော့မယ်။ ဒါဆိုရင် တရားရုံးကို မဖြစ်မနေရောက်မယ် ဒီလို ဆိုလိုတာပါ” ဟု ၎င်းက ဖြေရှင်းသည်။

အဆိုပါ အစိုးရ တာဝန်ရှိသူများက JICA ၏ ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန် ပျက်ကွက်သည်နှင့် ပတ်သက်၍ အောက်တိုဘာလထဲတွင် JICA နှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒေသခံ ကိုယ်စားလှယ်များထံမှ စုံစမ်းသိရရှိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်သည် JICA ၏ ငွေကြေး ထောက်ပံ့မှုနှင့်အတူ မစ်ဆူဘီရှီ၊ မာရူဘဲနီနှင့် ဆူမီတိုမို စသည့် ဂျပန်နိုင်ငံ၏ နာမည်ကြီး ကုမ္ပဏီများ၏ ဦးဆောင်မှုဖြင့် ဟက်တာ ၂၄၀၀ ကျယ်ဝန်းသည့် စီးပွားရေးဇုန် တစ်ခုဖြစ်ပြီး၊ ယင်းဒေသတွင် နေထိုင်သည့် ကျေးရွာခြောက်ရွာမှ အိမ်ထောင်စု တစ်ထောင်ကျော်ကို ပြန်လည် နေရာချထားပေးရမည့် စီမံကိန်းဖြစ်သည်။

(အောင်မျိုးထက်)
The Voice Weekly

အာဏာရှင်၏ ရန်သူ ကာတွန်းဆရာ


"စွန့်စားမှုတွေအတွက် အဆင်သင့် ပြင်မထားဘူး ဆိုရင် ကျွန်တော့်ကိုယ် ကျွန်တော် အနုပညာရှင်လို့ ဘယ်ပြောလို့ရပါ့မလဲ" ဟု ဆီးရီးယား ကာတွန်းဆရာ အလီဖာဇတ်က ပြောကြားသည်။

၂၀၁၁ခုနှစ် သြဂုတ် ၂၅ရက်နေ့တွင် အဆိုပါ ကာတွန်းဆရာ အရိုက်ခံရသည်။ ဆီးရီးယားခေါင်းဆောင် ဘာရှားအယ်အာဆတ်ကို သရော်သည့် ကာတွန်းများ ဆွဲခဲ့သောကြောင့် ဖြစ်သည်။ ရိုက်သွားသူများက မျက်နှာဖုံးစွပ်ထားသော အစိုးရကိုသစ္စာခံသည့် ပြည်သူ့ စစ်များဖြစ်သည်။
မြို့လယ်ကောင်တွင် သူ့ကားထဲမှ ဆွဲထုတ်ကာ ရိုက်သည်။ အထူးသဖြင့် လက်နှစ်ဖက်စလုံးကို ရိုက်ချိုးသည်။ လေဆိပ်သွားသည့် လမ်းနံဘေးတွင် သူခိုးကြမ်းပိုးကို ရိုက်ပြီးလွှင့်ပစ်ခဲ့သလို ပစ်ချသွားသည်။ "ခေါင်းဆောင်ကို မပြောင်နဲ့ ဒါသတိပေးတာ" ဟုလည်း ပြောသွားသေးသည်။

ယင်းဖြစ်ရပ်ကို ထောက်ပြ၍ ဆီးရီးယားအစိုးရသည် သူ့ကို ကလန်ကဆန် လုပ်သူမှန်သမျှကို လက်သံပြောင်ပြောင် နှိပ်ကွပ်လေ့ရှိကြောင်း အတိုက်အခံ အင်အားစုက ထောက်ပြသည်။
သူဆွဲခဲ့သည့် ကာတွန်းက လစ်ဗျားတွင် ကဒါဖီ ဖြုတ်ချခံရပြီး ကားဖြင့်ထွက်ပြေးစဉ် အာဆတ်ကလည်း အထုပ်အပိုးဖြင့် ကားကြုံလိုက်ခွင့် ပြုပါရန် ပြောနေသည့် ပုံဖြစ်သည်။
ဆိုလိုသည်က အာဆတ်လည်း ကဒါဖီ နောက်လိုက်ရမည့် ပုံမျိုး သရော်လိုက်ခြင်းဖြစ်သည်။ ထိုဟာသက အာဆတ်နှင့် သူ့ဘက်တော်သားများ အတွက် မရယ်ရပေ။ ထိုပုံကို ဆတ်ဆတ်ခါ နာကြသည်။

ယင်းသို့ ရိုက်နှက်လက်ချိုးလိုက်တော့ ကာတွန်းဆရာက နောက်ဆုတ်သွားသည် ထင်ပါသလား။ မရပ်ပါ။ ဆေးရုံတွင် သွေးအလိမ်းလိမ်း ဒဏ်ရာဖြင့် ပြုံးစိစိဓာတ်ပုံက လူမှုကွန်ရက် မီဒီယာများပေါ် တက်လာပြီး အွန်လိုင်း အသုံးပြုသူ လူတော်တော်များက သူ့ပုံကို ၄င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများမှ Profile ဓာတ်ပုံများ အဖြစ်သို့ပြောင်းကာ သူ့ကို ထောက်ခံကြောင်း ပြသကြသည်။
ရဲဘော်ရဲဘက် ကမ္ဘာ့ကာတွန်းဆရာများ ကလည်း အလီဖာဇက်က ဆီးရီးယားခေါင်းဆောင် အာဆတ်ကို ကလောင်တံဖြင့် လိုက်ထိုးနေသည့် ပုံများ၊ သူ့ကာတွန်းများကို အာဏာရှင်တို့ ကြောက်နေသည့် ပုံများ ဝိုင်းဝန်းရေးဆွဲကြပြီး သူ့အတွက် ဂုဏ်ပြုပေးကြသည်။

သူ့ကို ချဖို့ အာဆတ်က တိုက်ရိုက်အမိန့်ပေး မပေး မသေချာသော်လည်း ကာတွန်းဆရာ ဖာဇက်က အာဆတ်ကို မတွေ့ချင်တော့ကြောင်း လူသိထင်ရှား ပြောဆိုခဲ့သည်။ သို့သော် အာဆတ်၏ လုပ်ရပ်များကို လှောင်ပြောင်သရော်သည့် ကာတွန်းများတော့ ဆက်ဆွဲနေဦးမည်ဟု ပြောကြားသည်။
"ကျွန်တော့်ဟာ ကာတွန်းဆရာဖြစ်ဖို့ မွေးဖွားလာတာဗျ။ မကောင်းတာတွေ လုပ်တဲ့ အုပ်စိုးသူတွေကို ကလန်ကဆန် လုပ်ဖို့နဲ့ သူတို့နဲ့မတူတာတွေ လုပ်ဖို့ပါ"ဟု အလီဖာဇက်က ပြောပါသည်။

ကာတွန်းဆရာ ဖာဇက်သည် ထိုကိစ္စဖြစ်မှ အာဏာရှင်ခေါင်းဆောင်များ၏ ခြိမ်းခြောက်မှုမျိုးကို ခံရခြင်းမဟုတ်ပေ။ အရင်ကလည်း အကြိမ်ကြိမ် ကြုံခဲ့ဖူး သည်။
အီရတ်က ဆက်ဒမ်ဟူစိန်က သူ့ကို သတ်ပစ်မည်ဟု ပြောဖူးသည်။ အီရတ်၊ ဂျော်ဒန်၊ လစ်ဗျားတို့က သူပြောင်ခဲ့သည့် ပုံများကြောင့် အမည်ပျက်စာရင်း သွင်းဖူးသည်။ မည်သည့်အရာကမျှ သူ့ကို ရပ်တန့်ခြင်းငှာ မစွမ်းပေ။ အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာ့ သတင်းစာကြီးများတွင် သြဇာကြီး ကာတွန်းဆရာကြီး တစ်ယောက်အဖြစ် သူရပ်တည်လာခဲ့သည်။

နောက်ပိုင်းတွင် အသက် ၆၂ နှစ်ရောက်နေပြီ ဖြစ်သည့် ကာတွန်းဆရာကြီးလည်း သူ့အသက်အန္တရာယ် လုံခြုံရေးအတွက် ဆီးရီးယားထဲမှာ ဘယ်လိုမှ နေလို့မရ သည့်အတွက် ကူဝိတ်သို့ပြောင်းနေရပြီး ကာတွန်းဆက် ရေးနေခဲ့သည်။

"အနုပညာပုံစံ အမျိုးမျိုးမှာ ကာတွန်းတွေဟာ အာဏာရှင်တွေကို ဆော်ရာမှာ ရှေ့တန်းမှာပါတယ်ဗျ” ဟု ၄င်းက ပြောကြားသည်။ မစ္စတာ အလီဖာဇက်သည် အရှေ့အလယ်ပိုင်းဒေသမှ သက်ရှိထင်ရှား ရှိသေးသော သြဇာကြီး အနုပညာရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဆီးရီးယားပြည်တွင်း၊ အာရပ်ဒေသများနှင့် နိုင်ငံတကာ သတင်းစာကြီးများတွင် ရုပ်ပုံပေါင်း တစ်သောင်းခွဲကျော် ရေးသားခဲ့ပြီးဖြစ်ကာ အာရပ် ကာတွန်းဆရာများ အသင်း၏ ခေါင်းဆောင်အဖြစ်လည်း လက်ရှိလုပ်ကိုင်နေသည်။

အလီဖာဇက်ကို ၁၉၅၁ခုနှစ်တွင် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟာမာမြို့တော်တွင် မွေးဖွားခဲ့ပြီး ထိုဒေသမှာပင် ကြီးပြင်းခဲ့သည်။ သူ၏ ပထမဆုံး ပရော်ဖက်ရှင်နယ် ကာတွန်း သတင်းစာမျက်နှာဖုံးတွင် ပုံနှိပ်ခံရစဉ်က အသက် ၁၂ နှစ်သာ ရှိသေးသည်။ နောက်ပိုင်း ထိုသတင်းစာကို အာဏာရ ဘာ့သ်ပါတီ က ပိတ်သိမ်းလိုက်သည်။ ၁၉၆၉ ၌ အစိုးရ သတင်းစာတွင် ဝင်လုပ်ခဲ့သည်။ ၁၉၇၀တွင် ဒမတ်စကတ်တက္ကသိုလ် ပန်းချီဌာနတွင် ကျောင်းတက်ခဲ့သည်။

၁၉၈၀ ကာလများတွင်တော့ မစ္စတာဖာဇက်ကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ပြီ ဖြစ်သည်။ ဘာလင်တွင် ကျင်းပသော နိုင်ငံတကာ အင်တာဂရက်ဖစ် ပွဲတော်တွင် ပထမဆု ရရှိခဲ့သည်။
ပြင်သစ်သတင်းစာကြီး Le Monde တွင် သူ့ကာတွန်းများ စပါလာခဲ့သည့် ပြင်သစ်တွင် တစ်ကိုယ်တော်ပြပွဲ လုပ်ခဲ့ပြီး ထိုပွဲတွင်ပြခဲ့သော ပုံများကြောင့် ဆက်ဒမ်ဟူစိန်ထံမှ သတ်မည်ဟု ခြိမ်းခြောက်သံများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ခရစ်နှစ် ၂၀၀၀ ဒီဇင်ဘာတွင် ဖာဇက်ကအာရပ်လို အလင်းပြသူဟု အမည်ရသည့် ကိုယ်ပိုင်စာစောင် တစ်စောင် ထုတ်ဝေခဲ့သည်။ နိုင်ငံရေး သရော်စာများကို ဇောင်းပေး ဖော်ပြလေ့ရှိသည်။ ထိုစာစောင်က ၂၀၀၃ ခုနှစ်လောက်အထိသာ ခံသည်။ အစိုးရ၏ ဆင်ဆာနှင့် ငွေကြေးမလုံလောက်မှု များကြောင့် ထိုစာစောင် ရပ်သွားသည်။

ကာတွန်းဆရာကြီး ဖာဇက်သည် ၂၀၀၂ခုနှစ်တွင် ဒတ်ခ်ျမင်းသား ကလော့စ် ချီးမြှင့်သည့် ယဉ်ကျေးမှုနှင့်ဖွံ့ဖြိုးရေးဆု ကိုလည်းကောင်း၊ ၂၀၁၁ခုနှစ်တွင် ဥရောပ သမဂ္ဂ EU ကချီးမြှင့်သည့် လွတ်လပ်စွာ ပြောရေးဆိုခွင့် ဆု Shakharov Prize ကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် လက်ဘနွန်က ချီးမြှင့်သည့် ထူးချွန်ဆုကို လည်းကောင်း၊ ယခု ၂၀၁၃တွင် ချက်သမ္မတနိုင်ငံက ပေးအပ်သည့် Vaclave Habel လူ့အခွင့်အရေးဆုကို လည်းကောင်း ရရှိထားသည်။
ထို့ပြင် ၂၀၁၂ခုနှစ်တွင် Time မဂ္ဂဇင်းက နှစ် ၁၀၀ ၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ရာတွင် ထည့်သွင်း ဖော်ပြထားသည်။

"ကျွန်တော်က လူတွေကို ကြောက်စရာမလိုဘူး ဆိုတာ ပြချင်တာပါ"ဟု ဖာဇက်က ဆိုသည်။

(သန့်ဇင်စိုး)
The Voice Weekly

မြန်မာနိုင်ငံက ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ ကူညီမည်ဟု သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ပြောကြား


မြန်မာနိုင်ငံက ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ တတ်နိုင်သရွေ့ ကူညီမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် သမ္မတဦးသိန်းစိန်တို့သည် အောက်တိုဘာ ၁၀ ရက်က (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများ ပြုလုပ်နေသည့် ဘရူနိုင်းနိုင်ငံ International Convention Center ၌ သီးခြားတွေ့ဆုံခဲ့ပြီး ဂျွန်ကယ်ရီက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''မြန်မာနိုင်ငံက ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှု ကိစ္စတွေကို အသိအမှတ်ပြုတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကြားမှာရှိတဲ့ စိန်ခေါ်မှု တချို့ပေါ့။ ဒါတွေကို ကျွန်တော်တို့ အစိုးရအနေနဲ့ တတ်နိုင်သမျှ ဖြေရှင်းပေးနေတယ် ဆိုတာကို အသိအမှတ်ပြုတယ်။ သူတို့ဘက်က တတ်နိုင်သမျှ ကူနိုင်တာကို ကူပေးမယ်လို့ သူတို့ပြောပါတယ်'' ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တွေ့ဆုံမှု အပြီးတွင် ပြောကြားသည်။

စိန်ခေါ်မှု ဆိုသည်မှာ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဘာသာရေးနှင့် လူမျိုးရေးကို အခြေခံသော ပဋိပက္ခဖြစ်စဉ်မျိုးကို ဆိုလိုကြောင်း ဦးရဲထွဋ်က ဆိုသည်။

''စိန်ခေါ်မှုဆိုတာ အဓိကအားဖြင့် မကြာခင်က ဖြစ်ပွားနေတဲ့ ဘာသာရေး၊ လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခ ဖြစ်စဉ်မျိုးတွေပေါ့။ ဒီအပေါ်မှာ ကျွန်တော်တို့ အစိုးရက ကိုင်တွယ်နေတာလည်း သူတို့သိတယ်။ ဒါနဲ့ ပတ်သက်လို့ သူတို့ကူညီနိုင်တဲ့ဟာ ကူညီမယ်။ နောက်တစ်ခါ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် ဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ကူညီပေးမယ်ပေါ့'' ဟု ဦးရဲထွဋ်က ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အောက်တိုဘာ ၉ ရက်က ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ထို့အပြင် Jerudong International School(JIS) သို့ သွားရောက်ခဲ့ပြီး အာဆီယံ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံပွဲ၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များသည် စိတ်အားတက်ကြွမှု ရှိစေသော်လည်း ပြီးပြည့်စုံခြင်း မရှိသေးကြောင်း ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား ဘရူနိုင်းအစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။

''ထိုင်းကတော့ အဓိကအားဖြင့် ထားဝယ်ရေနက် ဆိပ်ကမ်းကိစ္စ၊ တာချီလိတ်ကနေ မြ၀တီကို နယ်စပ်ကုန်သွယ်ရေးကို ပုံမှန်ကုန်သွယ်ရေး မြှင့်တင်နိုင်ဖို့ ဒါတွေကို ဆွေးနွေးခဲ့ပါတယ်'' ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ထို့အပြင် ရုရှားနိုင်ငံခြားရေး ၀န်ကြီးနှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးတို့လည်း အောက်တိုဘာ ၁၀ ရက်မှာပင် သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

(အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဘရူနိုင်းနိုင်ငံ၌ အောက်တိုဘာ ၁၀ ရက်က တွေ့ဆုံစဉ်)
Eleven Media Group

ငြိမ်းချမ်းရေး အတွက် တာလီဘန်များနှင့် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်ဟု မာလာလာက ပြောကြား


မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် ရပ်တည် ကာကွယ် ပေးခြင်းကြောင့် သေနတ်သမား တစ်ဦးက ခေါင်းကို သေနတ်ဖြင့် ပတ်ခတ်ခဲ့ သော်လည်း အသက် မသေခဲ့သည့် ပါကစ္စတန် ဆယ်ကျော်သက် မာလာလာ က ဘီဘီစီနှင့် ပြုလုပ်သည့် ပထမဆုံး အင်တာဗျူးတွင် ငြိမ်းချမ်းရေး အတွက် တာလီဘန် များနှင့်တွေ့ ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားသည်။

၂ဝ၁၂ အောက်တိုဘာလ ၁၂ ရက်နေ့က မာလာလာ ကို ကျောင်းကား ပေါ်တွင် သေနတ် သမား၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိန်းကလေး များလည်း တန်းတူ ပညာ သင်ကြားခွင့် ရရေးအ တွက် ပြောဆိုမှုများ ပါကစ္စတန်နှင့် ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့လာခဲ့သည်။

သေနတ် ဒဏ်ရာရခဲ့သည့် ဦး ခေါင်းကို ခွဲစိတ်မှု များစွာ ပြုလုပ်ခဲ့ ရပြီး နောက် ဗြိတိန်နိုင်ငံ ဘာမင်ဂမ် မြို့တွင် နေထိုင်နေသည့် မာလာလာက ”ပြဿနာတွေ၊ စစ်ပွဲတွေ ကို ဖြေရှင်းနိုင်ဖို့က အပြန်အလှန် ဆွေးနွေး ပြောဆိုခြင်းပါပဲ၊ ဒါဟာ ကျွန်မရဲ့ အလုပ် မဟုတ်ပါဘူး၊ အမေရိကန် အပါအဝင် သက်ဆိုင်ရာ အစိုးရက လုပ်ရမှာပါ၊ လူသတ် တာတွေ၊ ဖမ်းဆီးနှိပ်စက် တာတွေ၊ ကြိမ်ဒဏ်ပေး တာတွေဟာ ကျွန်မတို့ ဘာသာတရား နဲ့ လည်း ဆန့်ကျင်နေပါတယ်၊ နှစ်ဖက် တွေ့ဆုံပြီး ဘာလိုချင်တယ်၊ ဘာဖြစ်ချင် တယ် ဆိုတာကို ဆွေးနွေးတာက အ ကောင်းဆုံး နည်းလမ်းပါပဲ” ဟု ပြော သည်။

ပြီးခဲ့သည် ဇူလိုင်လက ကုလ သမဂ္ဂတွင် မိန့်ခွန်း ပြောကြားခဲ့ဖူးသည့် မာလာလာက ”ကျွန်မ အနေနဲ့ အနာ ဂတ်မှာ နိုင်ငံရေး သမား ဖြစ်ချင်ပါတယ်၊ အမိနိုင်ငံရဲ့ အနာဂတ် နဲ့ ပညာရေး ကဏ္ဍကို ပြောင်းလဲချင်ပါတယ်၊ တစ်နေ့နေ့ မှာတော့ ပါကစ္စတန် နိုင်ငံသူ /နိုင်ငံ သားတွေ လွတ်လပ် ငြိမ်းချမ်းစွာ နေ ထိုင်ခွင့် ရပြီး ငြိမ်းချမ်းစွာ ပညာသင် ကြားနိုင်မယ့် အခွင့် အရေး ရရှိနိုင်မယ် လို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

မာလာလာသည် ၂ဝ၁၃ RAW in WAR Anna Politkovskaya (အန်နာပိုလစ်ကော့ဖ် စကဲယား) ဆုကို အောက်တိုဘာ ၄ ရက်နေ့တွင် လက်ခံရ ယူခဲ့သည်။ သူမ၏ ရဲစွမ်း သတ္တိ၊ မိန်း ကလေး ငယ်များနှင့် လူတိုင်း ပညာသင် ကြားခွင့် ရရှိရန် လှုံ့ဆော် အားပေးမှုများ ကို ဂုဏ်ပြုပြီး ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်ဟု RAW in WAR မှ တာဝန် ရှိ သူက ပြောကြားသည်။

၎င်းဆုသည် လူ့ အခွင့်အရေး အတွက် တိုက်ပွဲ ဝင်ခြင်းကြောင့် အသတ်ခံ ခဲ့ရသော ရုရှား ဂျာနယ်လစ် တစ်ဦးကို ဂုဏ်ပြုကာ ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်။ ဆုကို Sir Nicholas Winton (ဆာနီကိုလတ်စ်ဝင်တန်) က ပေးအပ် ချီးမြှင့်ခဲ့သည်။

Ref:BBC


အပ်နှံယာဉ်အို၊ ယာဉ်ဟောင်းများ အခွန်စံနှုန်း တစ်ပြေးညီ ပြန်သတ်မှတ်


ရန်ကုန်၊ အောက်တိုဘာ ၁၀

အခွန်ထမ်းဆောင်ရာတွင် တစ်ပြေးညီ ဖြစ်စေရန်အတွက် မော်တော်ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံကားများ၏ အခွန်စံနှုန်းများ သတ်မှတ်ချက်ကို တစ်နိုင်ငံလုံး တစ်ပြေးညီ ပြန်လည် သတ်မှတ် ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်များ အခွန်စည်းကြပ်ရေး စီမံချက် လုပ်ငန်းကော်မတီ ခေါင်းဆောင် ဦးဇော်အောင်က ပြောကြားသည်။

အဆိုပါ အခွန်နှုန်းထား သတ်မှတ်ချက်မှာ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အကျုံးဝင်ပြီး ယင်းသတ်မှတ် နုန်းထားများအတိုင်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း သတ်မှတ်လျက် ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသတ်မှတ်ချက်တွင် CNG တပ်ဆင်ပြီး အပ်နှံယာဉ်များကို ကျပ်သိန်း ၅၀ သတ်မှတ်ထားပြီး CNG မပါသော ယာဉ်များကို ကျပ်သိန်း ၄၀ သတ်မှတ်ထားကာ ယင်းသတ်မှတ်ကြေး တစ်ဝက်၏ ၁၅ ရာခိုင်နှုန်း (သတ်မှတ်ချက်၏ ၇ ဒသမ ၅ ရာခိုင်နှုန်း) ယာဉ်ပိုင်ရှင်များက ပေးဆောင်ရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က The Voice သို့ ပြောကြားသည်။

ယင်းသို့ လုပ်ဆောင်ရခြင်းမှာ အခွန်ထမ်း ပြည်သူများအနေနှင့် အခွန်နှုန်း သက်သာစွာ ထမ်းဆောင်စေ လိုသောကြောင့် လုပ်ဆောင်ရခြင်း ဖြစ်ပြီး ပွင့်လင်း မြင်သာမှု ရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဦးကျော်ကျော်က ပြောဆိုသည်။

ယင်းသို့ အခွန်စံနှုန်း သတ်မှတ်ခြင်းကြောင့် ပြည်တွင်း မော်တော်ယာဉ် ဈေး များမှာလည်း ကျသွားနိုင်ပြီး စလစ်ဈေးများလည်း ကျဆင်းသွားနိုင်မည် ဖြစ်ကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးကျော်ကျော်မြင့်က ပြောကြားသည်။
“အဲဒီကားတွေက အရင်က သိန်း ၉၀ လောက်နဲ့တောင် ဝယ်မယ့်သူ မရှိဘူး။ အခုတော့ သိန်းတစ်ရာလောက်နဲ့ လိုက်ဝယ်နေကြတယ် စဉ်းစားလို့ကို မရဘူး။ ဒါပေမဲ့ ‘န’ အက္ခရာတုန်းကတော့ သိန်း ၁၄၀ လောက် ထိတော့ ဈေးတက်ဖူးတယ်။ အခုစံနှုန်းတွေ သတ်မှတ်လိုက်ပြီဆိုတော့ ဈေးကျ သွားနိုင်ပါတယ်” ဟု ဦးကျော်ကျော်မြင့်က ဆိုသည်။

မော်တော်ယာဉ် ဈေးကွက် အတွင်းတွင်လည်း ‘အ’ အက္ခရာယာဉ်များ အအပ် လက်ခံတော့မည်ဟူသော သတင်းများကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ ဈေးပြန်တက်လျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။
The Voice Weekly

မီးသုံးပြီးဖုန်းအားဖြည့်မယ် - FlameStower


မီးတစ်မျိုးတည်းသုံးလို့တော့ မရပါဘူး။ ရေပါတွဲသုံးဖို့လိုပါမယ်။ မီးက ပေး တဲ့ ဗို့အားအမြင့်နဲ့ ရေက ပေးတဲ့ ဗို့အား အနိမ့်တို့ ၂ မျိုးပေါင်းစုံပြီး Temperature Difference ဖြစ်ပေါ်မယ်။ ယင်း TD က Energy ထုတ်လုပ် နိုင်ပြီး USB ပေါက်နေ လျှပ်စစ်ဓာတ်အား စီးဆင်းစေ မှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းထဲကို လျှပ်စစ်ဓာတ်အား ရောက်သွားပါပြီ။

ပလိပ်အောက်ကနေ အပူပေးဖို့လိုပါမယ်။ ပေးတဲ့ အပူက အပန်းဖြေခရီး သွားတဲ့အခါ၊ အလည်သွားတဲ့အခါ Camp မှာမွေးတဲ့မီးကို ဆိုလိုတာပါ။ ဖုန်းအားသွင်းဖို့ရည်ရွယ်ချက်ကြီးနဲ့ နေရာတိုင်းမှာမီးမွေးနေရင်တော့ လောင်စာဖိုးကုန်မှာ အမှန်ပါပဲ။ သူ့ရဲ့  ရည်ရွယ်ချက်က Camp ထွက်တဲ့အခါ ဖုန်းအားသွင်းဖို့ လိုအပ်ချိန် ထမင်း၊ ဟင်းချက်စားတုန်း လျှပ်စစ်အား အလွယ်တကူ ရရှိစေဖို့ ဖြစ်ပါတယ်။ FlameStowerလို့ အမည်ပေးထားတဲ့ Gadget လေးပါ။

ပစ္စည်းက ခေါက်သိမ်းလို့ရတဲ့ ပစ္စည်းဖြစ်ပါတယ်။ အပူပေးတဲ့ မီးဘူးအနီက စမ်းသပ်ဖို့အတွက် ပြသခြင်းသာ ဖြစ်ပါတယ်။ တကယ် အသုံးပြုဖို့အတွက် ခွက်နဲ့ အပူခံ ပလိပ်ကို သယ်သွားရုံပဲ ဖြစ်ပါတယ်။ အဲဒါကို ခေါက်သိမ်း ထားရင် ကျော်ပိုးအိပ်ရဲ့  ဘေးက အိပ်အငယ်လေးထဲမှာတင်ထည့် လို့ဆံ့ပါတယ်။ ဖုန်းအား တစ်ခါသွင်းဖို့ နာရီပိုင်းအချိန်ပေးရင် Talk Time များများ ရနိုင်ပါတယ်။ ဖုန်းတစ်လုံးနဲ့တစ်လုံး ပါဝါယူတာချင်း မတူတဲ့ အတွက် အားပြည့်မယ့်အချိန်ကိုတော့ မဖော်ပြထားပါဘူး။ အမေရိကန်က Kickstarter လို့ အမည်ရတဲ့ ကုမ္မဏီက ဖန်တီးထားခြင်း ဖြစ် ပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၀ နဲ့ ၁၀၀ ကြား သတ်မှတ်ထားပြီး ကမ္ဘာအနှံ့ဖြန့်ချိ ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ Team) 

Galaxy S5 လာမယ့် ၂၀၁၄ ပထမလမှာတင် ထွက်နိုင်ဖွယ်ရှိ


ခွန်နေ(AMMG)

အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး အတည်မပြုနိုင်သေးတဲ့ တသင်းတစ်ပုဒ်ပါ။
ကိုးရီးယားမီဒီယာစာမျက်နှာကနေ ထွက်ပေါ်လာတဲ့ သတင်းအရင်းအမြစ်
ကလို့ဆိုပါတယ်။

Samsung Galaxy S5 ကိုလာမယ့် ၂၀၁၄ခုနှစ်၊ဇန်နဝါရီလမှာ မိတ်ဆက်ကြေ
ငြာလိုက်မယ်လို့ဆိုထားပါတယ်။ ပြီးတော့ Specification အနေနဲ့ယခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းအတိုင်း iPhone 5S မှာအသုံးပြုခဲ့တဲ့ 64-bit processor ကိုအသုံးပြုဖွယ်ရှိတယ်လို့ သိရပါတယ်။ ကင်မရာပိုင်းအနေနဲ့ 16 megapixel camera အထိထပ်တိုးအသုံးပြုလာမယ်လို့သတင်းများကဖော်ပြ လျက်ရှိနေပါတယ်။

အကယ်လို့ ဒီသတင်းသာမှန်ခဲ့မယ်ဆိုရင် ၂၀၁၃ ခုနှစ်ကုန်၊လာမယ့် နှစ်စ
ပထမလမှာတင် Samsung ရဲ့  Galaxy S မျိုးဆက်တွေထဲက S5 ကိုတော့
မြင်တွေ့ ရဖို့ရှိနေပြီဖြစ်ကြောင်း သုံးသပ်မိပါတယ်။


TechSpace Journal

မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျော် ခိုးယူခံရ


မုံရွာမြို့လယ် ပေါ်တော်မူဘုရားကြီးအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ပေါ်ဦးရွှေရတနာအရောင်းဆိုင်မှ အလေးချိန် ၇၀ ကျပ်သားရှိ ရွှေဆွဲကြိုးမျိုးစုံ အောက်တိုဘာလ ၉ ရက် နံနက်က ခိုးယူခံရကြောင်း ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။

““ကောင်တာထဲမှာ ချိတ်ဆွဲထားတဲ့ ရွှေဆွဲကြိုးတွေပဲ ပါသွားတယ်။ ရွှေအလေးချိန်နဲ့ဆိုရင် ၇၀ ကျပ်သားဝန်းကျင်ပေါ့။  ကာလတန်ဖိုးနဲ့ဆိုရင် ကျပ်သိန်း ၄၉၀ ကျော်ရှိတယ်”” ဟု ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။

ပေါ်ဦးရွှေရတနာအရောင်းဆိုင်လုပ်ငန်း တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ““ညပိုင်းအိပ်တဲ့အလုပ်သမား မရှိပါဘူး။ ညနေ ၆ နာရီဆိုရင် ဆိုင်ပိတ်ပြီး အလုပ်သမားတွေအားလုံးပြန်ပြီ။ ကောင်တာထဲက ဗျပ်ထဲမှာထားတဲ့ ရွှေထည်အားလုံးကို သိမ်းတယ်။ ကောင်တာမှန်မှာချိတ်ဆွဲထားတဲ့ ဆွဲကြိုးတွေအားလုံး ခိုးယူသွားတာဖြစ်ပါတယ်။ ဆိုင်နောက်ဖေး အလုပ်ခန်းထဲက အိမ်သာအပေါ်ထပ် ကွန်ကရစ်ပန်းခက်ကို ဖျက်ဆီးထားတာတော့ တွေ့ရတယ်”” ဟု ဆိုသည်။

ဖောက်ထွင်းခိုးယူခံရသော ပေါ်ဦးရွှေရတနာအရောင်းဆိုင်  ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ဆွဲကြိုးအချို့ကို သိမ်းဆည်းခြင်းမရှိဘဲ ရွှေကောင်တာအတွင်းထားရှိပြီး ပိုင်ရှင်မိသားစုသည် ညအချိန်တွင် နေအိမ်အပေါ်ထပ်တွင် တီဗီကြည့်ရှုခဲ့ပြီး ည ၁၀ နာရီခွဲအချိန်ခန့်တွင် အိပ်ရာဝင်ခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာ ၉ ရက် နံနက် ၅ နာရီခန့်တွင်  ရွှေဆိုင်ဖွင့်ရန် နေအိမ်အပေါ်မှ အောက်ထပ်သို့ ဆင်းလာရာ ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရွှေဆိုင် ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ရွှေထည်ခိုးယူသူကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်ပေးနိုင်ရန် ပေါ်ဦးရွှေဆိုင်ပိုင်ရှင် ဦးသန်းဝေက မုံရွာအမှတ်(၁)ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့သဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

7Day Daily

အနည်းဆုံးလုပ်ခကို အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ပေးရန် တောင်းဆို


ရန်ကုန်၊ အောက်တိုဘာ ၁၀

ခေါင်းစဉ်အမျိုးမျိုး ကွဲပြားစွာ ပေါင်းစု သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကို အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ပေးရန် အလုပ်သမား အများစု တောင်းဆိုခဲ့ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသားကော်မတီတွင် လုပ်သား ကိုယ်စားလှယ်အဖြစ် လျာထားခံရသူ ဦးနော်အောင်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမား ကိုယ်စားလှယ် ၄၀၀ ဝန်းကျင်ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမတွင် အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပသည့် အခမ်းအနား၌ လုပ်သား အများစုက ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် လုပ်ခဆိုသည့် ခေါင်းစဉ်တွင် အချိန်ပိုကြေး၊ အပိုဆုကြေး၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သည့် အခြားငွေနှင့် အကျိုးခံစားခွင့်များ ပါဝင်ကြောင်း၊ အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြထားသဖြင့် အနည်းဆုံးလုပ်ခ သတ်မှတ်ချက်တွင် အဆိုပါ ခေါင်းစဉ် ခွဲများကို မထည့်သွင်းဘဲ အခြေခံ လုပ်အားခ အဖြစ်သာ သတ်မှတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန်သရဖူ သံရေကျိုစက်ရုံမှ လုပ်သားတစ်ဦးဖြစ်သူ ဦးနော်အောင်က ဆက်လက် ပြောဆိုသည်။
“တိုင်တွေ (ခေါင်းစဉ် သတ်မှတ်ချက်) အများကြီး မထည့်ဖို့ တင်ပြကြတယ်။ အချိန်ပိုကြေးကိုလည်း အနည်းဆုံး အခြေခံ လုပ်အားခအပေါ် တွက်ချက်ပေးဖို့ တင်ပြုကြတယ်” ဟု ၎င်းက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ လုပ်သားများ၏ တင်ပြချက်နှင့် အလုပ်ရှင်များ၏ တင်ပြဆွေးနွေးချက်များကို အခြေခံကာ လုပ်ဆောင်သွားမည်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်ရှင်များနှင့် တွေ့ဆုံကာ သဘောထား ကောက်ယူမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။

အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ရေး အပါအဝင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကိစ္စရပ်များမှာ အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဖက် ညှိနှိုင်း သဘောတူညီမှု အပေါ်တွင် မူတည်ကြောင်း ၎င်းက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် လုပ်သားများ စားဝတ်နေရေး ဖူလုံရေးအောင် လုပ်ဆောင်ပေးရန်၊ ကုန်ဈေးနှုန်း ထိန်းချုပ်ပေးရန် ကိစ္စများကို လုပ်သားအများစု တင်ပြခဲ့ကြပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်ခွဲခြား သတ်မှတ်မည့်အစား တစ်နိုင်ငံလုံး အတိုင်းအတာ သတ်မှတ်ရေး၊ လုပ်ငန်း အမျိုးအစားအလိုက် သတ်မှတ်ရေး စသည့်ကိစ္စများကို ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း လုပ်သားများထံမှ သိရှိရသည်။
“အနည်းဆုံလုပ်ခ ဘယ်လောက် ဖြစ်သင့်တယ် ဆိုတာကို တင်ပြတာ မရှိသေးဘူး။ မူဝါဒတစ်ခု ထွက်ဖို့ပဲ တင်ပြကြတယ်” ဟု ဦးနော်အောင်က ဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍမှာ ဦးစွာ ထွက်ပေါ်လာနိုင်ပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့မှာ သုတေသနများ ပြုလုပ်ပြီးမှ ဆက်လက် လုပ်နိုင်မည် ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

အနည်းဆုံး လုပ်ခသတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသားကော်မတီ လူစာရင်းကို နိုင်ငံတော်သမ္မတထံသို့ စက်တင်ဘာလ အတွင်းက တင်ပြထားပြီး သမ္မတက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
The Voice Weekly

တပ်ခ်ျမဟာတွင် ဖိနပ်ကြော်ငြာရိုက်သည့်အမေရိကန်မယ်စကြဝဠာ အမှုရင်ဆိုင်ရဖွယ်ရှိ


[ထရိပိုလီ ၊ စက်တင်ဘာ ၈ ၊ Ref-AFP ]

တပ်ခ်ျမဟာတွင် ခွင့်ပြုချက် မရဘဲ ဖိနပ်ဖက်ရှင်ဓာတ်ပုံရိုက် ကူးခဲ့မှုအတွက် မယ်စကြဝဠာအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။ မယ်စကြဝဠာ၏ ဖိနပ်ဖက် ရှင်ဓာတ်ပုံရိုက်ကူးမှုသည် တပ်ခ်ျ မဟာ ထိန်းသိမ်းစောင့်ရှောက်သူ တို့က စော်ကားမှုအဖြစ် အပြင်း အထန်ပြစ်တင်ဝေဖန်ခဲ့သည်။

အသက်၂၁နှစ်အရွယ်ရှိ မယ်စကြဝဠာဖြစ်သည့် အမေရိ ကန်အမျိုးသမီး အိုလီဗီယာကာလ် ပိုသည် ၁ဝရက်ကြာ အိန္ဒိယခရီး စဉ်အတွင်း ကျော်ကြားလှသော တပ်ခ်ျမဟာအဆောက်အအုံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ် သည်။ ကာလ်ပိုသည် တပ်ခ်ျမဟာ တွင် နာမည်ကြီးကုန်အမှတ်တံ ဆိပ်ဖိနပ်များကိုစီး၍ ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့ကြောင်း အာ ဂရာမြို့ရှိ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းရဲစခန်းမှ ဆူရှန့်ဂါးက ပြော သည်။

မယ်စကြဝဠာသည် တပ်ခ်ျ မဟာတွင်ဓာတ်ပုံရိုက်ယူရာ၌ ခွင့် ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ယူခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ရှေး ဟောင်းသုတေသန လေ့လာဆန်း စစ်ရေးအဖွဲ့မှ အင်န်ကေပါတက်ခ် က ပြောကြားခဲ့သည်။ တပ်ဂ်ျမဟာ သို့ အလည်လာရောက်သူများမှာ တပ်ခ်ျမဟာဥယျာဉ်အတွင်းမှ လွဲ ၍ ဖိနပ်ချွတ်ရန် စည်းကမ်းချက် သတ်မှတ်ထားကြောင်း ပြော ကြားခဲ့သည်။အကယ်၍ မယ်စကြဝဠာ အနေနှင့် စည်းကမ်းချိုးဖောက် ပါက အမှုနှင့်ရင်ဆိုင်ရမည်ဖြစ် ကြောင်း တပ်ဂ်ျမဟာထိန်းသိမ်း စောင့်ရှောက်သူ မူနာဇာအလီက ပြောကြားခဲ့သည်။
Yangon Media Group

ရန်ကုန်မြို့ရှိ အောက်ခံမြေသား ပျော့သည့် မြို့နယ် အချို့တွင် ဆောက်လုပ်ထားသော အဆောက်အအုံအချို့ တိမ်းစောင်းမှု ဖြစ်ပေါ်


(သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်ရပ်ကွက်) သံသုမာလမ်းပေါ်ရှိ အဆောက်အအုံ တစ်လုံး (ညာ)မှာ (၀ဲ)ဘက်သို့ တိမ်းစောင်းနေမှုအား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ်)

ရန်ကုန်မြို့ရှိ အောက်ခံမြေသားပျော့သည့် မြို့နယ်အချို့တွင် ဆောက်လုပ်ထားသော အဆောက်အအုံအချို့ တိမ်းစောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။

လတ်တလောတွင် ပုဇွန်တောင်မြို့နယ်၌ ခြောက်ထပ် အဆောက်အအုံ တစ်လုံးနှင့် သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်)ရပ်ကွက်၊ သံသုမာလမ်းပေါ်တွင် ခုနစ်ထပ် အဆောက်အအုံတစ်လုံး တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

''ဦးတို့ငှားနေတဲ့ တိုက်က ဟိုဘက်တိုက်ဘက်ကို စောင်းနေတယ်။ အဲဒါကို တိုက်ဆောက်တဲ့သူနဲ့ အိမ်ရှင်တွေ ပေါင်းပြီးတော့ ဟိုဘက်တိုက်ဘက်ကို ထပ်မစောင်းအောင် တိုက်နှစ်လုံးကြားမှာ သံဒေါက်တွေ လာထောက်သွားပါတယ်။ ဦးတို့က ဒီတိုက်မှာ ငှားနေတာ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ တိုက်ကတော့ သက်တမ်း သိပ်မကြာသေးဘူး'' ဟု သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်ရပ်ကွက်) သံသုမာလမ်းပေါ်ရှိ တိမ်းစောင်းနေသည့် တိုက်တွင် ငှားရမ်းနေထိုင်သူ တစ်ဦးက ပြောပြခဲ့သည်။

ထိုကဲ့သို့ တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့သည့် တိုက်အချို့မှာ သက်တမ်း မကြာသေးသော အဆောက်အအုံများဖြစ်ပြီး ထပ်မံတိမ်းစောင်းမှု မဖြစ်ပေါ်စေရန် အတွက် ညွှန်ကြားမှုများ ပြုလုပ်ထားပြီး ထပ်မံတိမ်းစောင်းမှု ရှိ၊ မရှိ စောင့်ကြည့်လျက် ရှိကြောင်းနှင့် ယင်းသို့ တိမ်းစောင်းခြင်းမှာလည်း အဆောက်အအုံ မဆောက်လုပ်မီ အောက်ခံမြေ အရည်အသွေး စစ်ဆေးခြင်း (Soil Test) ကို သေချာ မလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

''Soil Test သေချာမလုပ်တာပေါ့။ soil Test မလုပ်လည်း soil Test အဖြေ ထွက်လာတဲ့ အတိုင်း ဒီဇိုင်းလုပ်မှ ရမှာလေ။ အခု စောင်းတဲ့ တိုက်တွေကို ထပ်မဆောင်းအောင် လုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဟိုအရင်တုန်းက ဗဟန်း(၃)လမ်းမှာ ဆောက်လက်စ တိုက်ပြိုတယ်။ မြောက်ဥက္ကလာပမှာ တိုက်တုံးလုံး လဲကျတယ်။ အဲဒါကြောင့် အခုနောက်ပိုင်း စည်ပင်သာယာမှာ အဆောက်အအုံတွေကို Structure စစ်တဲ့ စစ်ဆေးရေး အင်ဂျင်နီယာ ဆိုတာ ပေါ်လာတယ်။ ပြီးတော့ အခုနောက်ပိုင်း သုံးထပ်နဲ့အထက် ဆောက်မယ်ဆိုရင် Soil Test အလုပ်ရမယ်။ Soil Test က ထွက်လာတဲ့ ဒီဇိုင်းအတိုင်း ကြီးကြပ်ရမယ်ဆိုပြီး ညွှန်ကြားမှုတွေ ရှိလာတာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ပုဇွန်တောင်၊ တာမွေ (နတ်ချောင်း၊ မေတ္တာညွန့်၊ ပုသိမ်ညွန့်)၊ သင်္ဃန်းကျွန်း (ငမိုးရိပ်)နှင့် စမ်းချောင်း၊ အင်းစိန်၊ ကမာရွတ်၊ လှိုင်စသည့် မြို့နယ်များကို ဖြတ်သန်းဖောက်လုပ် ထားသည့် ဗဟိုလမ်း တစ်လျှောက်တို့သည် အောက်ခံမြေသား ပျော့သည့် မြေနေရာများ ဖြစ်သောကြောင့် ယင်းနေရာများတွင် အဆောက်အအုံ ဆောက်မည် ဆိုပါက ခြောက်ထပ်ထက် ပိုမိုဆောက်လုပ်ခွင့် မပြုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

သို့သော်ယခင်က ပုဇွန်တောင်၊ အင်းစိန် စသည့်မြို့နယ်များတွင် အဆောက်အအုံအချို့ တိမ်းစောင်းမှုများ ရှိခဲ့သည်။

Eleven Media Group

ရခိုင်ပြည်နယ် အခြေစိုက် INGO တချို့ကို ဒေသခံရခိုင်တချို့ မကျေမနပ် ဖြစ်နေ

ယမန်နှစ်က ရပိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် NGO များကို မကျေနပ်ကြောင်း ပြသနေသည့် စစ်တွေ ဒေသခံတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်ပြည်နယ်တွင် အခြေစိုက်သည့် နိုင်ငံခြားသားများနှင့် ဆက်နွှယ်သော လူမှုရေးအဖွဲ့ (INGO) များကို ဒေသခံ ရခိုင်တိုင်းရင်းသား တချို့က မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

ယခုလ ၁၆ ရက်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဆက်လက် နေထိုင်ပါက ထိုအဖွဲ့ အစည်းနှင့် အဆောက်အအုံ၏ လုံခြုံရေးကို တာဝန်မယူ ဆိုသည့် အချက် အပါအ၀င် မလိုလားကြောင်း ပြသသည့် သတိပေးစာ ကပ်ခြင်းများ ရှိနေကြောင်း စစ်တွေမြို့၌ ပြန်လည်ထူထောင်ရေး ကူညီထောက်ပံ့မှုများ ပေးနေသည့် လူမှုရေး အသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

သတိပေးစာတွင် အချက် ၄ ချက်ပါဝင်ပြီး ယင်းအချက်များမှာ နိုင်ငံခြားသားများနှင့် ဆက်ဆံမှုရှိနေသည့် မည်သည့် NGO မဆို ရပ်ကွက်အတွင်း နေထိုင်ခြင်းမပြုရန်၊ NGO/ INGO များအား အိမ်ငှားခြင်း မပြုရ၊ ငှားပါက ထိုအိမ်နှင့် ထိုအဖွဲ့အစည်း များ၏ လုံခြုံရေးကို တာဝန်မယူ၊ မွတ်စလင်များအား ဆေးဝါး ကူညီပေးနေသူများကို အိမ်ငှားလက်မခံရ၊ အောက်တိုဘာ ၁၆ ရက် နောက်ပိုင်းအထိ ဆက်လက်နေထိုင်ပါက ယင်းအဖွဲ့နှင့် ငှားရမ်းနေထိုင်သော အိမ်၏ လုံခြုံရေးကို တာဝန်မယူ ဟူ၍ ဖြစ်ကြောင်း အမည်မဖော်လိုသည့် လူမှုရေးအသင်းအဖွဲ့ တခုမှ သိရသည်။

“NGO တွေအပေါ်မှာ ဒေသခံတွေရဲ့ အမြင်တွေက အရင်လိုမဟုတ်တော့ဘူး။ လောလောဆယ်တော့ သတိထားနေရတယ်။ ဒါပေမယ့် တခြား INGO တွေထက်စာရင် ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ချိတ်ဆက်ပြီး လုပ်နေတဲ့ ပြည်တွင်း NGO တွေ အပေါ်မှာ ထားတဲ့ သဘောထားကတော့ မဆိုးပါဘူး။ တော်တော်များများက နားလည်ပေးကြတယ်။ ဒါပေမယ့် လူငယ်တွေကတော့ နားမလည်ကြဘူး” ဟု အဆိုပါ ပြည်တွင်း လူမှုရေးအဖွဲ့တခုမှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

ရခိုင်ဒေသသို့ လာရောက်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းများသည် ထောက်ပံ့ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် မျှတမှုမရှိဟု ယူဆနေသည့် အတွက် ဒေသမှ ထွက်သွားစေချင် နေကြကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က “NGO တွေအနေနဲ့ ဆင်ဆင်ခြင်ခြင် လုပ်ပေးနိုင်ရင် ဒီပြဿနာက မဖြစ်နိုင်ဘူး။ မျှတမှုရှိတဲ့ တချို့အဖွဲ့တွေ ရှိကြပေမယ့် ဘက်လိုက်တဲ့ NGO တွေ တော်တော်များများ ရှိနေတယ်။ ၉၀ ရာခိုင်နှုန်းလောက်က ရခိုင်တိုင်းရင်းသားတွေ အတွက် လုပ်တာမဟုတ်ကြဘူး။ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့တော့ ဒေသခံ လူထုရဲ့ မကျေနပ်ချက်တွေ ပိုများလာကြ တယ်။ AZG ဆိုရင် လုံးဝ လက်မခံနိုင်ကြဘူး ဖြစ်နေတယ်” ဟု ဦးအောင်မြကျော်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် INGO နှင့် UN ၀န်ထမ်းများ ပါဝင်ပတ်သက်ခဲ့သည့် အတွေ့အကြုံများနှင့် ဒေသခံများ၊ ဒေသအာဏာပိုင်များ ခွင့်မပြုသည့် ဒေသများသို့ လျှို့ဝှက် သွားရောက်ခြင်းများ ရှိနေသဖြင့် လူမှုရေး အသင်းအဖွဲ့များ အပေါ် သံသယ စိတ်များ ရှိနေခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံ သံဃာတော် တပါးက ဧရာဝတီသို့ မိန့်သည်။

ဦးအောင်မြကျော်ကလည်း “INGO တွေနဲ့ ဆုံတဲ့အခါ ကျနော်တို့က နှစ်ဘက်မျှအောင်လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ ပြောတုန်းမှာ ခေါင်းငြိမ့်ပေမယ့် လုပ်ငန်းလည်ပတ်တဲ့ အခါမှာ တဘက်လူမျိုးတွေကို ဦးစားပေးတဲ့ အပိုင်းတွေ ရှိနေတယ်။ သူတို့ကလည်း အလျှော့မပေးချင်ကြဘူး။ လူထုက မွတ်စလင်တွေကို လုံးဝမထောက်ပံ့နဲ့လို့ တဘက်စောင်းနင်း မပြောဘူး။ ဟိုဘက်ဒီဘက် မျှတစေချင်တဲ့ ဆန္ဒရှိကြတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်းများ၌ ပါဝင်ခဲ့မှုဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် UNHCR မှ ၀န်ထမ်းဖြစ်သူ ဒေါ်ချိုလေးမာ၊ ဦးခင်မောင် (ခေါ်) အန္န၀ါဆာဒတ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဦးခင်ဆွေ (ခေါ်) ကာယာစ်တို့ ၃ ဦးအား ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ဖူးပြီး ၄ ရက်မြောက်နေ့တွင် နိုင်ငံတော် သမ္မတက ပြန်လည် လွတ်ငြိမ်း ချမ်းသာခွင့် ပြုခဲ့ဖူးသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများတွင် ကုလသမဂ္ဂနှင့် INGO သုံးခုမှ ၀န်ထမ်း ၉ ဦး ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်း အစိုးရကလည်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းတို့အနက် ၅ ဦးမှာ အပြစ်မရှိသဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။ ကျန် ၄ ဦးအနက် ၃ ဦးအား ပြစ်ဒဏ် အသီးသီးကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“INGO တွေဟာ ဘယ်ဒေသတွေမှာ ဘာတွေလုပ်မယ်ဆိုတာ လူထုရော၊ အစိုးရပါ သိအောင် ပွင့်ပွင့်လင်းလင်းလုပ်ရင် လက်မခံနိုင်စရာ မရှိပါဘူး။ အခုက နယ်စွန်နယ်ဖျား နေရာတွေကို အစိုးရခွင့်ပြုမထားဘဲ ခိုးသွားတဲ့ INGO တွေရှိနေတယ်။ မနှစ်က ရခိုင်တိုင်းရင်းသားတွေ လိုအပ်နေတာတွေကို တင်ပြပါဆိုလို့ NGO တွေကိုတင်ပြတယ်။ ဒါပေမယ့် NGO တွေက ဘင်္ဂါလီ တွေကိုပဲ ပေးတယ်” ဟု မြောက်ဦးမြို့ လက်ကျွယ်တောင် ကျောင်းတိုက်မှ သံဃာတော် ဦးထေရ၀ံသက ဧရာဝတီသို့ မိန့်သည်။

ထိုသို့ ဒေသခံများ၏ ကန့်ကွက်မှုများ ရှိနေသဖြင့် တချို့အိမ်ရှင်များက လူမှုရေး အသင်းအဖွဲ့များအား အိမ်ငှားရန် ငြင်းဆန်မှု တချို့လည်း ရှိကြောင်း လူမှုရေးအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများအား ယခုကဲ့သို့ ကန့်ကွက်ခြင်းကို ဒေသခံများ အနေဖြင့် သေချာစွာ စိစစ် ခွဲခြားရန် လိုအပ်ကြောင်း ကျန်းမာရေး ထောက်ပံ့မှုများ ပြုလုပ်လျှက်ရှိသည့် လူမှုရေးအသင်း တခုမှ အသင်းဥက္ကဋ္ဌက ထောက်ပြ ပြောဆိုသည်။

“ဘယ်အဖွဲ့တွေ ဘက်လိုက်တယ်၊ မလိုက်ဘူးဆိုတာ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ သေချာမစိစစ်ဘဲ ၀ါးလုံးရှည်နဲ့ ရမ်းရင် ဒေသခံတွေ အတွက် မကောင်းဘူး။ ဥပမာ – ဘင်္ဂါလီရွာမှာ ကူးစက်ရောဂါ တခုဖြစ်ရင် အဲဒီရွာမှာ ရပ်နေမှာမဟုတ်ဘူး။ ရခိုင်ရွာတွေကိုလည်း ပြန့်မယ်၊ ရခိုင်ပြည်နယ်ကို ပြန့်မယ်၊ နောက်ဆုံး နယ်စပ်အထိ ပြန့်သွားရင် တဘက်နယ်စပ်က ဒါ အပြည်ပြည်ဆိုင်ရာ ကိစ္စဖြစ်လာပြီ။ မင်းတို့မနိုင်ဘူး ငါတို့ဝင်လုပ်မှ ရမယ်ဆိုရင် ပိုရှုပ်ကုန်မယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

သူကဆက်လက်၍ NGO များ၊ ကျန်းမာရေး ၀န်ထမ်းတွေများတွင် လူမျိုး၊ ဘာသာ မခွဲခြား ဆိုသည့် ကျင့်ဝတ်ရှိကြောင်း၊ စစ်မြေပြင်၌ ရန်သူကို ဒဏ်ရာနှင့် ဖမ်းမိလျှင်လည်း ကျန်းမာရေး ၀န်ထမ်းများ၏ တာဝန်မှာ ဆေးကုသ ပေးရန်သာ ဖြစ်ကြောင်း၊ ပြီးမှသာ ရုံးတင်စစ်ဆေးခြင်း အစရှိသည့် ကိစ္စရပ်များကို လုပ်ဆောင်ခြင်းက တခြားကဏ္ဍ ဖြစ်ကြောင်း၊ ထိုသို့သော ကျင့်ဝတ်များ ရှိသည်ကို ဒေသခံများ နားလည် ပေးစေချင်ကြောင်း ရှင်းပြသည်။

INGO နှင့် NGO များသည် ဒုက္ခသည်စခန်းများမှ ပြည်သူများကို ထောက်ပံ့မှုများ ပြုလုပ်လိုကြရာ၊ ဒုက္ခသည် စခန်းများရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းမှာ ဘင်္ဂါလီများ ဖြစ်နေသဖြင့် ဒေသခံများ၏ မကျေလည်မှုကို ခံကြရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းရှိ ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့များအနက် ကျန်းမာရေး ၀န်ကြီးဋ္ဌာနနှင့် ချိတ်ဆက် လုပ်ကိုင်လျှက်ရှိသည့် မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာနိုင်ငံ သားဖွား ဆရာမများ အသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ကို ဒေသခံများလက်ခံပြီး လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
Irrawaddy
မြတ်စုမွန်| October 11, 2013

လုံခြုံရေးအားနည်းချက်ကို တွေ့ရှိခဲ့သည့် ဟက်ကာအား #Microsoft မှ ကန်ဒေါ်လာ တစ်သိန်းဆုချ


အောင်မင်း ဘာသာပြန်သည်။

နာမည်ကျော်နည်းပညာကုမ္ပဏီ မိုက်ကရိုဆော့ဖ်၏ ဆော့ဖ်ဝဲမှ လုံခြုံရေးအားနည်းချက်များကို တွေ့ရှိခဲ့သည့် နာမည်ကြီး ဗြိတိန် ဟက်ကာတစ်ဦးအား ကန်ဒေါ်လာ ၁၀၀,၀၀၀ ခန့်ဆုချခဲ့ပြီး ယင်းမှာကုမ္ပဏီ၏ အကြီးဆုံး ဆုကြေးငွေဖြစ်သည်။

ကုမ္ပဏီအနေဖြင့် တော်တော်များများက မျှော်လင့်ထားသကဲ့သို့ အဆင့်မြှင့်ထားသော Internet Explorer (IE) ကိုလည်း ထုတ်လုပ်ခဲ့သည်။ IE တွင် ပါရှိသော bug အား ပြင်ဆင်ခဲ့ပြီး ယင်းမှာ #Browser အသုံးပြု သူများအား အဝေးမှတိုက်ခိုက်နိုင်စေသော အရာဖြစ်သည်။

ဗြိတိန်အကျိုးဆောင် အကြံပေးကုမ္ပဏီတစ်ခုဖြစ်သော Context Information Security မှ အန္တရာယ်ရှိနိုင်ချေများအား သုတေသနပြုလုပ်နေသည့် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ James #Forshaw မှာ Windows အား အသုံးချကာ အမြတ်ထုတ်သည့် နည်းလမ်းသစ်တစ်ခုအား အတည်ပြုနိုင်သည့်အတွက် မိုက်ကရိုဆော့၏ ဒေါ်လာ ၁၀၀,၀၀၀ တန် ဆုကြေးအား ပထမဆုံး ရရှိခဲ့သူဖြစ်လာခဲ့သည်။ ၎င်း၏တွေ့ရှိချက်မှာ တိုက်ခိုက်မှုတစ်ခုလုံးအား ခုခံကာကွယ်နိုင်စေမည်ဖြစ်သည်ဟု မိုက်ကရိုဆော့ဖ်ကုမ္ပဏီက ပြောကြားခဲ့ သည်။

Forshaw မှာ ရည်ရွယ်ချက်ကောင်းများအတွက် ထိုးဖောက်ဝင်ရောက်ကာ ယင်းအတွက် ဆုကြေးငွေများရယူသည့် White Hat ဟက်ကာများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ #Apple နှင့် #Facebook တို့ကဲ့သို့သော ကုမ္ပဏီများတွင် ၎င်းတို့၏ ၀က်ဘ်ဆိုဒ်များ၌ အဆိုပါဟက်ကာများအား အသိမှတ်ပြုထားသော hall of fame pages များ ထားရှိထားပြီး ကုမ္ပဏီများမှ ၎င်းတို့အား အခကြေးငွေပင် ပေးထားသည်။

Forshaw အနေဖြင့် မိုက်ကရိုဆော့ဖ်၏ IE 11 မှ လုံခြုံရေး bug များအား အတည်ပြုနိုင်သည့်အတွက် ကန်ဒေါ်လာ ၉၄၀၀ တန်သည့် အခြားဆု တစ်ဆုကိုလည်း ရရှိဦးမည်ဖြစ်သည်ဟု မိုက်ကရိုဆော့ဖ်၏ လုံခြုံရေးတုံ့ပြန်မှု စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

“ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်းမှာ လုံခြုံရေးတိုးမြင့်လာရေးနှင့် သုတေသနလုပ်ငန်းတွေအတွက် အလုပ်လုပ်ခဲ့ပါတယ်။ ရှုပ်ထွေးတဲ့ logic bug တွေပေါ်မှာ မှီခိုပြီးတော့ လုံခြုံရေးအရ အန္တရာယ်ပေးနိုင်တဲ့ အရာတော်တော်များများကို စိတ်ဝင်စားစွာ တွေ့ရှိခဲ့ရပါတယ်”ဟု Forshaw က ပြောကြားလိုက်သည်။

ရှုပ်ထွေးဆန်းပြားသည့် နည်းလမ်းများအား အသုံးပြုသည့် တိုက်ခိုက်သူများ ရန်မှ ကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် မိုက်ကရိုဆော့ဖ်မှ လွန်ခဲ့သောလေးလတွင် Forshaw ကဲ့သို့ လုံခြုံရေးပိုင်း အားနည်းချက်များကို တွေ့ရှိသည့် white hat ဟက်ကာများအား ဆုပေးသည့် အစီအစဉ်အား စတင်ခဲ့သည်။
Mizzima - News in Burmese

ဒေါ်အောင်ဆန်းစုကြည် ဥရောပသို့ ထပ်မံသွားရောက်မည်


ရန်ကုန်၊ အောက်တိုဘာ ၁၀

စက်တင်ဘာလအတွင်း ဥရောပ သုံးနိုင်ငံသို့ သွားရောက်ခဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် EU Sakharov လူ့အခွင့်အရေးဆုကို လက်ခံရန် ဥရောပ လေးနိုင်ငံသို့ ယခုလအတွင်းထပ်မံ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြား သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် EU Sakharov လူ့အခွင့်အရေးဆုကို ၁၉၉၀ ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၂ ရက် ဥရောပ ပါလီမန်တွင် လက်ခံမည် ဖြစ်ကြောင်း ဥရောပ ပါလီမန်က ထုတ်ပြန် ထားသည်။

အဆိုပါခရီးစဉ်ကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ဗြိတိန်၊ ဘယ်လ်ဂျီယမ်၊ လူ့ဇင်ဘတ်နှင့် အီတလီ နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အဆိုပါဆုကို ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သောကြောင့် ဥရောပ ပါလီမန်က ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၊ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ကိုဖီအာနန်တို့လည်း ယင်းဆုကို ရရှိဖူးကြောင်း ဥရောပ ပါလီမန်၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါဆုမှာ ဆုတံဆိပ်နှင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ပေးအပ်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယားနှင့် စက်တင်ဘာ ဒုတိယပတ်အတွင်း ဥရောပနိုင်ငံများသို့ သွားရောက်ခဲ့သည်။
The Voice Weekly

ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာကုန်သည် တစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ


(ဓားပြတိုက်ခဲ့သည့် ပစ္စည်းများအား မလေးရှား ရဲများက ပြသနေစဉ် (Photo-The Star Online))

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာ ကုန်သည်တစ်ဦး၏ နေအိမ်သို့ ဓားပြတိုက်ခိုက် သူများအား ရဲများက ဖမ်းမိလိုက်ကြောင်း သိရသည်။

တာမန်ဆရီတီလောမတ် ရပ်ကွက်ရှိ မြန်မာရတနာ ကုန်သည်က ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ပြီး ၂၄ နာရီ အကြာတွင် Geng Ismail အမည်ရှိ အဆိုပါ ဓားပြအဖွဲ့ကို ဖမ်းမိလိုက်ခြင်း ဖြစ်ကြောင်း မလေးရှား စီအိုင်ဒီ လက်ထောက်တပ်ဖွဲ့မှူးချုပ် ရာဂျာရှာရွန်ရာဂျာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။

အောက်တိုဘာ ၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်က အဆိုပါ အဖွဲ့မှ ဓားပြလေးဦးသည် မြန်မာရတနာ ကုန်သည်၏ နေအိမ်သို့ ၀င်ရောက်ကာ အိမ်တွင်ရှိသူ လေးဦးအား ကြိုးဖြင့်တုပ်ပြီး ရင်းဂစ်တစ်သိန်းခန့် တန်ဖိုးရှိ ကျောက်မျက်ရတနာများနှင့် ငွေများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ထောက်လှမ်းရေး သတင်းအရ မိမိတို့ တပ်ဖွဲ့ဝင်များသည် ဆီလန်ဂေါမြို့၊ ကလန်းဒေသရှိ ဂျလန်းဆန်ဂိုင်းပူတပ် ရပ်ကွက်တွင် အမြဲတမ်း နေထိုင်ခွင့်လက်မှတ် ရရှိထားသူ နိုင်ငံခြားသား တစ်ဦးအား စတင်ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရာဂျာရှာရွန်က ပြောကြားခဲ့သည်။

''ပထမဆုံး ဖမ်းမိခဲ့တဲ့သူက ဓားပြမှုကို ကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး ကျွန်တော်တို့ အနေနဲ့ ဆက်လက် ဖမ်းဆီးမှုတွေ လုပ်နိုင်ခဲ့တာပါ'' ဟု ရာဂျာရှာရွန်က အောက်တိုဘာ ၇ ရက်က ပြောကြားခဲ့သည်။

ဓားပြမှုအား ကြိုးကိုင် လှုပ်ရှားခဲ့သည့် အသက် ၂၂ နှစ်အရွယ် အစ္စမေး ဆိုသူအား နောက်ပိုင်းတွင် ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။

အစ္စမေးနှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ် အကြား ညီဝမ်းကွဲတော် သုံးဦးကို ချာရက်မြို့ရှိ တာမင်ရှာမီလင်ပါကာဆာ ရပ်ကွက်တွင် ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း ရာဂျာရှာရွန်က ပြောကြားခဲ့သည်။

''ဖမ်းမိထားသူတွေထဲက တစ်ယောက်ဟာ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းထားတဲ့ ရိုဟင်ဂျာတစ်ဦး ဖြစ်ပါတယ်'' ဟု ရာဂျာရှာရွန်က ပြောကြားသည်။ ၎င်းတို့အား ငှားရမ်းထားသည့် အိမ်တစ်လုံး၌ ဖမ်းမိရာတွင် မိုဘိုင်းဖုန်း အလုံး ၂၀၊ ရွှေလက်စွပ် ၅၇ ကွင်း၊ ဆွဲကြိုး ၂၇ ကုံး၊ ရွှေလက်ကောက် ကိုးကွင်း၊ ဓားတစ်ချောင်းနှင့် ရွှေထည့်သည့် သေတ္တာတစ်လုံး တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားပြအုပ်စုသည် ချာရက်နှင့် ကွာလာလမ်ပူမြို့ ၀န်းကျင်တွင် လုယက်မှု၊ ဓားပြတိုက်မှုများကို ကျူးလွန်နေသူများ ဖြစ်နိုင်ကြောင်း ရာဂျာရှာရွန်က ပြောကြားသည်။ ဖမ်းမိထားသူ လေးဦးကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ref:ANN
Eleven Media Group

မြန်မာနိုင်ငံမှာ Apple ပစ္စည်းတွေကို အရစ်ကျ ဝယ်ယူနိုင်ပြီ


ယုဝေ | အောက်တိုဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၂၄ မိနစ်

မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ နာမည်ကျော် Apple Store က ထုတ်ကုန်တွေကို ရောင်းချပေးတဲ့ #mDrive ကနေ #imac, #macbook အစရှိတဲ့ Apple ပစ္စည်းတွေကို အရစ်ကျစနစ်နဲ့ဝယ်ယူနိုင်ပါတယ်။

mDrive ဆိုင်ကို ပြည်တွင်းမှာ စက်တင်ဘာလကုန်ပိုင်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းမှာ အရစ်ကျ ၀ယ်ယူဖို့အတွက် စုံစမ်းသူတွေလည်းရှိပါတယ်။ Apple ပစ္စည်းကို အရစ်ကျစနစ်နဲ့ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ သူတွေရှိနေတာကြောင့် အရစ်ကျဝယ်ယူလိုသူတွေအတွက် လိုအပ်ချက်တွေ၊ ကုန်ကျမယ့် စရိတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

mDrive ဆိုင်ကနေ Apple ပစ္စည်းတွေကို အရစ်ကျဝယ်ယူနိုင်ဖို့အတွက် ဧရာဝတီဘဏ်နဲ့ ချိတ်ဆက် ဆောင်ရွက်ထားတာဖြစ်ပါတယ်။ အရစ်ကျစနစ်နဲ့ ၀ယ်ယူလိုသူတွေ အနေနဲ့ ယူဆောင်သွားဖို့ လိုအပ်တာက အိမ်ထောင်စု စာရင်း၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာနဲ့ ဧရာဝတီဘဏ်မှာ စုငွေရှိသူတစ်ဦးက အာမခံပေးရန် လိုအပ်မှာဖြစ်ပါတယ်။

အာမခံပေးတဲ့သူရဲ့ ဧရာဝတီဘဏ်က စုငွေစာရင်းမှာ ရှိရမယ့် ငွေပမာဏက မိမိဝယ်ယူလိုတဲ့ ပစ္စည်းတန်ဖိုးထက်ပိုများရမှာ ဖြစ်ပါတယ်။ ပစ္စည်းအတွက် ငွေပေးချေမှု မပြီးဆုံးသေးသရွေ့ အဆိုပါပစ္စည်းတန်ဖိုးနဲ့ ညီမျှတဲ့
ငွေကြေးကို ထုတ်ယူသုံးစွဲလို့တော့ရနိုင်မှာ မဟုတ်ပါဘူး။

အရစ်ကျဝယ်ယူလိုသူအတွက် ပထမအဆင့်အနေနဲ့ Apple Store မှာ အရစ်ကျဝယ်ယူမယ့်ပစ္စည်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပြီးတဲ့အချိန်မှာ mDrive က ဘောင်ချာစာရွက်မှာ Hicherpurchase တံဆိပ် တုံးထုနှိပ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါဘောင်ချာနဲ့အတူ ထောက်ခံပေးမယ့် ဧရာဝတီဘဏ်တွင် စုငွေရှိသူ၊ ဘဏ်စာအုပ်နှင့် ဧရာဝတီ ဘဏ်ရုံးချုပ်သို့ သွားရောက်ရမှာဖြစ်ပါတယ်။

ပစ္စည်းဝယ်ယူရာမှာ ပေးချေရမယ့်အတိုးနှုန်းများမှာ ၀ယ်ယူသူအနေနဲ့ ၀ယ်ယူမယ့် ပစ္စည်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေရမှာ
ဖြစ်ပါတယ်။ လက်ငင်းပေးချေရမည့်ငွေပမာဏတွင် ပစ္စည်းတန်ဖိုး ၃၀ ရာခိုင်နှုန်း၊ အဆိုပါ ပစ္စည်းတန်ဖိုးအပေါ်တွင် ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းနှင့် ကျန်သည့် ၇၀ ရာခိုင် နှုန်းပေါ်တွင် အတိုးနှုန်း ခုနစ်ကျပ်ဖြင့် တွက်ချက်ထားသည့် ငွေပမာဏများ စုစုပေါင်းပေးချေရမှာ ဖြစ်ပါတယ်။

ယင်းသို့ပေးချေပြီးပါက ကျန်ရှိသည့် ပစ္စည်းတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းကို ၁၂ လ အညီအမျှပေးချေရမှာဖြစ်ပါတယ်။

ယင်းသို့ အရစ်ကျဝယ်ယူနိုင်ရန်နဲ့ပတ်သက်ပြီး ဧရာဝတီဘဏ်မှ Cooperate Banker ဦးနေလင်းထွဋ်က “၀န်ဆောင်ခကို ပစ္စည်းတန်ဖိုးပေါ်မှာ တွက်ယူတာပါ။ ၀န်ဆောင်ခက တစ်ရာခိုင်နှုန်းယူတာပါ။ အတိုး ခုနစ်ရာခိုင်နှုန်းက ပေးသွင်းဖို့ကျန်တဲ့ငွေပေါ်ကို တွက်ယူတာပါ”လို့ ဆိုပါတယ်။

နောက်ပိုင်းတွင် ဧရာဝတီဘဏ်အပြင် #AGD ဘဏ်နှင့်ပါ ချိတ်ဆက်ဝယ်ယူနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း mDrive မှ သိရပါတယ်။
Mizzima - News in Burmese

လျော်ကြေး မယူသည့် မြေများပေါ်တွင် ရဲကင်းများ တည်ဆောက်ခြင်း၊ သံဆူးကြိုး ကာရံခြင်းတို့အား ကန့်ကွက်သည့် အနေဖြင့် ၀က်မှေးကျေးရွာ ဒေသခံများ ဆန္ဒပြ



အောက်တိုဘာ ၁၀ ရက်က ၀က်မှေးကျေးရွာ ဒေသခံများ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
နိုဝင်ဘာ ၂၉ ရက် ဆန္ဒပြသူများကို ဖြိုခွင်းမှုအပြီး ပထမဆုံးအကြိမ် ဆန္ဒပြသော ၀က်မှေးဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အောက်တိုဘာ ၁၀ ရက် နေ့လယ်တွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကာ တစ်ဖက်နှင့် တစ်ဖက် စကားပြောရခြင်း၊ သံဃာတော်များနှင့် နယ်လုံဝန်ကြီး ဦးကြည်နိုင်တို့က တင်းမာမှုများ ဖြေလျှော့ ပေးခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ဆန္ဒပြ တောင်သူများသည် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ၀က်မှေးရွာဟောင်းမှ ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းမပေါ်ရှိ လက်ပံတောင်းတောင် မြောက်ဘက် ရန်အောင်မြင် စေတီအနီး တံတားအထိ ဆန္ဒပြခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ၀မ်ပေါင်ရုံးသို့ သွားရာလမ်းသို့ပိတ်ကာ ရန်အောင်မြင်စေတီ အနီးတွင်စောင့်ကာ ပိတ်ဆို့ထား ကြကြောင်း သိရသည်။
ဝက်မှေးကျေးရွာဟောင်းသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဆန္ဒပြ သပိတ်စခန်းအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းပြီးနောက် ဆန္ဒပြမှုများ မရှိတော့ဘဲ ယခု အောက်တိုဘာ ၁၀ ရက်တွင် ပထမဆုံး အကြိမ် ဆန္ဒပြခြင်း ဖြစ်ကြောင်း ၀က်မှေးကျေးရွာ ဒေသခံများက ပြောပြသည်။
ဝက်မှေးကျေးရွာမှ ကိုအောင်ဇော်ဦးက ''၀က်မှေးကျေးရွာ အနေနဲ့ စုံစမ်းရေးအဖွဲ့နဲ့ ဖော်ဆောင်ရေး အဖွဲ့တို့ အကောင်အထည်ဖော် ဆောင်ရွက်နေချိန်မှာ လေးစားမှုကို ပြသတဲ့ အနေနဲ့ ဆန္ဒပြတာတွေ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအခါမှာ ဒေသခံ တောင်သူတွေရဲ့ သဘောမတူဘဲနဲ့ လျော်ကြေးမယူတဲ့ မြေယာပေါ်မှာ ရဲကင်းဆောက်တာတွေ၊ သံဆူးကြိုး ကာတာတွေ လုပ်ခဲ့ပြီး သွားတားပေမယ့် မရခဲ့တဲ့အပြင် ဆည်တည်းရွာသစ်က ဆက်ဆံရေးရုံးကို သွားညှိလည်း မရခဲ့လို့ ဆန္ဒပြရတာ ဖြစ်ပါတယ်'' ဟူ၍ ဆန္ဒပြရခြင်း အကြောင်းရင်းကို ရှင်းပြသည်။
ဆန္ဒပြရာတွင် တောင်သူလယ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ လျော်ကြေး မယူသည့် လယ်ယာမြေပေါ်တွင် အဆောက်အအုံ မဆောက်လုပ်ရေး၊ လယ်ယာမြေ အငြင်းပွားမှု ဖြေရှင်းမပြီးမချင်း စီမံကိန်း ရပ်ဆိုင်းထားရေး၊ မီးလောင်ဗုံး တရားခံများ အမြန်ဆုံး ဖော်ထုတ်ပေးရေး စသည့် အချက် (၄) ချက်ကို တောင်းဆို ဆန္ဒပြခဲ့ကြသည်။
ဝက်မှေးကျေးရွာ အနေနဲ့ စုံစမ်းရေးအဖွဲ့နဲ့ ဖော်ဆောင်ရေး အဖွဲ့တို့ အကောင်အထည်ဖော် ဆောင်ရွက်နေချိန်မှာ လေးစားမှုကို ပြသတဲ့ အနေနဲ့ ဆန္ဒပြတာတွေ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအခါမှာ ဒေသခံ တောင်သူတွေရဲ့ သဘောမတူဘဲနဲ့ လျော်ကြေးမယူတဲ့ မြေယာပေါ်မှာ ရဲကင်းဆောက်တာတွေ၊ သံဆူးကြိုး ကာတာတွေ လုပ်ခဲ့ပြီး သွားတားပေမယ့် မရခဲ့တဲ့အပြင် ဆည်တည်းရွာသစ်က ဆက်ဆံရေးရုံးကို သွားညှိလည်း မရခဲ့လို့ ဆန္ဒပြရတာ ဖြစ်ပါတယ်...

''လက်ပံတောင်းတောင် စီမံကိန်းကို ဒေသခံတွေနဲ့ အပြေအလည် ဆွေးနွေးခြင်း မရှိဘဲ ဒေသခံတွေကို အာဏာသုံး ခြောက်လှန့်ပြီး စတင်ဆောင်ရွက်တာကို ဒေသခံတွေအနေနဲ့ လုံးဝ ကန့်ကွက်ပါတယ်။ ဒေသခံတွေရဲ့ ကျန်းမာရေး လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စတဲ့လုပ်ငန်းတွေ တိကျခိုင်မာ မှုလည်း မရှိသေးဘူး။ လျော်ကြေးမယူတဲ့ မြေယာပေါ် ကျူးကျော်ဝင်ရောက် ဖျက်ဆီးနေတာတွေကို ကန့်ကွက်ပါတယ်။ လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး အရေးယူခံရသူတွေ၊ ဖမ်းဆီးတာတွေကို လုံးဝကန့်ကွက်ပါတယ်။ လယ်ယာမြေ ဥပဒေ အပိုဒ် ၆၇ က -၁ ကို ၀မ်ပေါင်နဲ့ ဦးပိုင်တို့က ချိုးဖောက်နေလို့ တရားဥပဒေကို လေးစားလိုက်နာမှု မရှိလို့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ဒါတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ဖော်ဆောင်ရေး ကော်မတီက ချိုးဖောက်နေတာ ကိုလည်း ကန့်ကွက်ပါတယ်။ လက်ပံတောင်းတောင်မှာ တာဝန်ကျနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထု ဘက်နဲ့ အမှန်တရားဘက်သို့ ရပ်တည်ခြင်း မရှိဘဲ ဦးပိုင်နဲ့ဝမ်ပေါင် ကုမ္ပဏီအပေါ် မမှန်မကန် ရပ်တည်ပေးနေခြင်းအပေါ် ဒေသခံ တောင်သူလူထု အားလုံးက ကန့်ကွက်ပါတယ်'' ဟူ၍ အောက်တိုဘာ ၁၀ ရက် ဆန္ဒပြရာတွင် ပါဝင်သော တောင်သူတစ်ဦးက ပြောပြသည်။
ဆန္ဒပြရာတွင် ခွင့်ပြုချိန်ကို နာရီ ၁၀၀၀ မှ ၁၂၀၀ အထိဟု ဒေသခံများသို့ ဒေသအာဏာပိုင်များက အကြောင်းပြန်စာ ခွင့်ပြုရာတွင် ရေးသားခဲ့သောကြောင့် ဒေသခံ တောင်သူများက ခွင့်ပြုချိန်အား နားလည်မှုမှားကာ ဆက်လက် ဆန္ဒပြနေသောကြောင့် နှစ်ဖက် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ခွင့်ပြုချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အရောက်တွင် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဦးတင်ထွန်းက မီဒီယာများ ခေါ်ယူရှင်းလင်းကာ ဒေသခံ တောင်သူများ ဆန္ဒပြချိန်စေ့၍ ရုပ်သိမ်းပေးရန် တောင်းဆိုကာ မရုပ်သိမ်းပါက တရားဥပဒေအရ ဖြေရှင်းမည်ဟု သတိပေးခဲ့ပြီး ဒေသခံတောင်သူများကို စောင့်ရှောက်ရန် ကြွလာသော သံဃာတော်များနှင့် ဆွေးနွေးခဲ့ရပြီး ဆွေးနွေးချိန်တွင် ရဲမေများ ရောက်လာခြင်း၊ အချုပ်ကားများကို ဆန္ဒပြ တောင်သူများ ရှိရာသို့ တိုးလာခြင်း၊ လုံခြုံရေးဝတ်စုံ အပြည့်ဖြင့် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများ၊ တုတ်များဖြင့် ရိုက်နှက် ခြောက်လှန့်ကာ ရှေ့တိုးလာခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် နယ်လုံဝန်ကြီး ဦးတင်ထွန်းက ဒေသခံများကို နှစ်သိမ့်ပြောဆိုကာ ဖြေလျှော့ပေးခြင်း တို့ကြောင့် ဆန္ဒပြ တောင်သူများ ၀က်မှေးကျေးရွာ ဟောင်းသို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂ ရက်ကလည်း လက်ပံတောင်း တောင်ခြေတွင် ရဲကင်းဆောက်ရာမှ ၀က်မှေးရွာဟောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ တင်းမာမှု ဖြစ်ခဲ့သည်။
''စက်တင်ဘာ လကုန်ကစပြီး ၀က်မှေးရွာဟောင်း အနောက်ဘက် လက်ပံတောင်းတောင် တောင်ခြေမှာ ရဲတပ်ဖွဲ့အင်အား ၁၀၀ နဲ့ ရဲမေ ၁၂ ယောက်လောက်နဲ့ လုံခြုံရေး ချထားပြီး ရဲကင်းတွေ ဆောက်ဖို့ ကြိုးစားလာပါတယ်။ မြေယာလျော်ကြေးက ၀က်မှေးမှာ မယူသလောက် နီးပါးဖြစ်လို့ ရွာသားတွေက အင်အား ၃၀ လောက်နဲ့ သွားတားရာကနေ တင်းမာမှု ဖြစ်ပေါ်ခဲ့ပါတယ်။ တောင်ခြေက ယာတွေမှာ မဆောက်ဖို့ ပြောခဲ့ပါတယ်။ နောက်တော့ ညနေ ၄ နာရီဝန်းကျင်မှာ နှစ်ဖက် သဘောတူညီမှုနဲ့ ပြန်လှည့်ကြပါတယ်။ သူတို့က တကယ်မပြန်ခဲ့ဘဲ ကျွန်တော်တို့ အပြန်မှာ ဆက်ပြီးဆောက်ဖို့ လာတယ်လို့ နောက်မှသိရတယ်။ ၀က်မှေးရွာသားတွေက အထက်လူကြီးတွေကို တင်ပြဖို့ ဇီးတော-ဆည်တည်းရွာသစ်က ဆက်ဆံရေးရုံးမှာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းရော၊ နယ်လုံဝန်ကြီး ဦးကြည်နိုင်တို့ကို ရဲကင်းတွေ ယာထဲ မဆောက်ဖို့ ပြောရာမှာ နိုင်ငံတော်အဆင့်က လုပ်လို့ တားမပေးနိုင်တဲ့သဘော ပြောပါတယ်။ ကျွန်တော်တို့လည်း ပြန်လာတော့ ရွာဘက်မှာ ညနေပိုင်း ရဲကင်းတွေ ဆက်ဆောက်တယ် လို့တော့ သိရတယ်'' ဟူ၍ ၀က်မှေးရွာဟောင်းမှ ကိုမြင့်ဦးက ပြောပြသည်။
8.1.1
အောက်တိုဘာ ၁၀ ရက်က ၀က်မှေးကျေးရွာ ဒေသခံများ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
''လက်ပံတောင်းတောင် ၀န်းကျင်မှာ လုံခြုံရေး ရဲအင်အားတွေ အလုံးအရင်း အသုံးပြုပြီး မြန်မာဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာစီးပွားရေး ဦးပိုင်တို့က ရဲကင်းတွေ တည်ဆောက်သလို သံဆူးကြိုးတွေလည်း ကာရံလာပါတယ်။ ရဲကင်းတွေ တည်ဆောက်ပြီး သံဆူးကြိုးတွေ ခတ်ရာမှာ အထူးသဖြင့် ဒေသခံ တောင်သူတွေနဲ့ အရင်က ပဋိပက္ခ မကြာခဏ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ဦးစားပေး တည်ဆောက်ပါတယ်။ ဆည်တည်းနဲ့  မိုးကြိုးပြင် ရွာသူရွာသားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ လိပ်ခွံတောင်ပေါ်မှာလည်း ရဲကင်းတွေ ဦးစားပေး တည်ဆောက်ပြီး ဖြတ်သန်းသွားလာတဲ့ တောင်သူတွေရော ဒေသခံတွေရော ငါးဦးထက်ပိုပြီး အတူမသွားရဘူး လို့တော့ ပြောသံကြားတယ်။ ၀က်မှေးရွာဟောင်း ကျော်ရွာဂိတ်နဲ့ နီးတဲ့နေရာတွေမှာ သံဖရိန်နဲ့ တည်ဆောက်တဲ့ ရဲကင်းတွေ ရှိသလို ရွက်ဖျင်တဲ ရဲကင်းတွေလည်း များတယ်။ နွားကျောင်းသားတွေ တောင်ပေါ်မှာ မျစ်ရှာ ဆူးပုပ်ရွက် ခူးသူတွေကို နွားကျောင်း ဆိတ် သိုးကျောင်းရင်း မျစ်ရှာရင်း တက်ရာမှာ တစ်ခါတလေ ခွင့်ပြုပြီး တစ်ခါတလေ ရဲကင်းတွေက စစ်မေးပြီး တားပါတယ်။ လယ်တီဆရာတော်ကြီး တရားအားထုတ်ခဲ့တဲ့ အောင်မြေ လယ်တီသိမ်ဆိုတဲ့ အဆောက်အအုံကလည်း လက်ပံတောင်းတောင် လုပ်ငန်းခွင် ချိုင့်ဝှမ်းထဲမှာ ကျန်ခဲ့တော့ ဘယ်သူမှ မသွားရဲကြဘူး။ အခု လောလောဆယ် ရက်ပိုင်းအတွင်းမှာ လက်ပံတောင်းတောင်မှာ ဖြစ်နေတဲ့ ပြဿနာက ရွာတွေက ရဲကင်းဆောက်တာ သံဆူးကြိုးတွေ ကာတာတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုရင်း အာဏာပိုင်တွေက အထက်ကို တင်ပြပေးမယ်ပြောပြီး တိကျရေရာတဲ့ အဖြေမရတာ ပါပဲ'' ဟူ၍ လက်ပံတောင်းတောင် ဒေသခံ တောင်သူတစ်ဦးက ပြောပြသည်။
လက်ပံတောင်းတောင် အရှေ့ဘက်ရှိ ၀က်မှေးကျေးရွာအနီး လျော်ကြေး မယူထားသော မြေယာများတွင် ရဲကင်းမဆောက်ရန်၊ သံဆူးကြိုး မကာရံ စေရန်အတွက် အကြိမ်ကြိမ် တားမြစ်ခဲ့ပြီး ပြေလည်မှု မရရှိဘဲ အောက်တိုဘာ ၁၀ ရက်တွင် ယခုလို ဆန္ဒပြရခြင်း ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက်က ဆွေးနွေးရာတွင် ပါဝင်သော ၀က်မှေးရွာဟောင်း ဆရာတော် ဦးဝိစိတ္တက ''လူကြီးတွေနဲ့ တွေ့ပြီး တောင်းဆိုရာမှာ ရွာမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မရွှေ့ပြောင်းရတဲ့ ရွာတွေ အေးအေးချမ်းချမ်း နေထိုင်ရေးကို တောင်းဆိုခဲ့ပါတယ်။ အကြောင်းပြန် တာကတော့ အထက်ကို တင်ပြပေးမယ်လို့ပဲ ပြောတာပဲ'' ဟူ ၍ မိန့်ကြားခဲ့သည်။
eleven media group

ဆရာကြီး ဂိုအင်ကာ၏ အရိုးပြာ ဧရာဝတီမြစ်အတွင်း ရေမျှောခြင်းကို မန္တလေးမြို့၌ ကျင်းပ



ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာ ရေမျှောပွဲကို အောက်တိုဘာ ၁၀ ရက်က မန္တလေးမြို့ ဧရာဝတီမြစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အရိုးပြာအိုးကို ရေတံခွန်တောင် ဓမ္မဏ္ဍလရေတံခွန် တောင်ရိပ်သာမှ သယ်ဆောင်ကာ မွန်းလွဲ ၃ နာရီခန့်တွင် ဂေါဝိန်ဆိပ်ကမ်းမှတစ်ဆင့် မန္တလေး-စစ်ကိုင်း ဧရာဝတီ မြစ်ပြင်အတွင်း ရေယာဉ်များ ဖြင့်လှည့်လည်ကာ ညနေ ၆ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် မန္တလေးဆိပ်ကမ်း ရေပေါ်ဟိုတယ် အနီးရှိ မြစ်ရေပြင်၌ အရိုးပြာ ရေမျှောခြင်းနှင့် မီးမျှောခြင်းများကို ဆောင်ရွက်ခဲ့သည်။

''အရိုးပြာအိုးကို ရေယာဉ်ပေါ်တင်ပြီး မန္တလေးကနေ စစ်ကိုင်းဘက်ထိ လှည့်လည်ခဲ့ကြတယ်။ စစ်ကိုင်းတံတား မရောက်ခင် ရေကြောင်းအတိုင်း မန္တလေးဘက်ကို ပြန်ဆန်တက်လာပြီး ဘောဂကြီးဆိပ်နဲ့ ရေပေါ်ဟိုတယ်ကြားရှိ မြစ်ရေပြင်မှာ ဆရာကြီးရဲ့ ဆွေတော်မျိုးတော်တွေ ကိုယ်တိုင်ရေမျှော ခဲ့ကြတယ်။ ဖယောင်းတိုင် မီးထွန်းထားတဲ့ မီးကြာခွက် တွေကိုလည်း ရေမျှောပူဇော်ခဲ့ကြပြီး မီးရှူးမီးပန်းတွေလည်း ပစ်ဖောက်ခဲ့ကြတယ်'' ဟု ဆရာကြီး ဂိုအင်ကာ၏ အမျိုးတော်စပ်သူ တစ်ဦးက ပြောကြားသည်။

ဆရာကြီး ဂိုအင်ကာသည် မန္တလေးတွင် မွေးဖွားခဲ့သည့် စက်မှုလုပ်ငန်းရှင် တစ်ဦးဖြစ်ကာ ဆရာကြီး ဦးဘခင်ထံမှ ၀ိပဿနာ တရားတော်များကို ၁၄ နှစ်ကြာသင်ယူ ကျင့်ကြံပြီးနောက် ၁၉၆၉ ခုနှစ်မှ စတင်ကာ အိန္ဒိယနိုင်ငံတွင် ၀ိပဿနာ တရားတော်များ ပို့ချသင်ကြား ပေးခဲ့သည်။ ဆရာကြီး ဂိုအင်ကာသည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်၌ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီး ဂိုအင်ကာသည် အသက် ၉၀ နှစ် ရှိပြီဖြစ်သည်။

ဆရာကြီး အရိုးပြာအိုးကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၇ ရက်က သယ်ဆောင်ခဲ့ပြီး ၈ ရက်တွင် ရန်ကုန်မြစ် အတွင်း၊ ၉ ရက်တွင် မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်အတွင်း ရေမျှောခဲ့ကြောင်း သိရသည်။

(၀ိပဿနာ တရားပြဆရာကြီး ဂိုအင်ကာ၏ အရိုးပြာအိုး တင်ဆောင်လာသည့် ကရ၀ိတ်ယာဉ်ကို တွေ့ရစဉ်)
Eleven Media Group

၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး အိန္ဒိယမှာဆွေးနွေး



မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေများ သုံးသပ်ခြင်းနဲ့ မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေ လေ့လာသုံးသပ်ခြင်း ဟောပြောပွဲတစ်ရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ BAC ခန်းမမှာ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဟောပြောပွဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများကွန်ရက်က တွဲဖက်အထွေထွေအတွင်းအရေးမှူး ဦးသိန်းသန်းဦးက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဟောပြောခဲ့ပါတယ်။

ဒီကနေ့ဟောပြောပွဲနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးသိန်းသန်းဦးက RFA ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ စိန်ခေါ်ချက်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မလား၊ ဖျက်သိမ်းမလား၊ အသစ်ရေးမလား ပိုမိုပြီးတော့ ထဲထဲဝင်ဝင်သိနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၇၄၊ ၄၇ နဲ့ ၂ဝဝ၈ သုံးသပ်ချက်နဲ့ နိုင်ငံတကာဖွဲ့စည်းပုံ အခြေခံဥပဒေများ မိတ်ဆက်ဆိုပြီး ပြောပေးတာဖြစ်ပါတယ် ခင်ဗျာ’’

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနည်းလမ်းမကျဘူး၊ တိုင်းရင်းသားတွေလိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံချက်မရှိဘူးဆိုပြီး အတိုက်အခံနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောဆိုနေကြတာဖြစ်ပြီး၊ ဒီကနေ့ ဟောပြောဆွေးနွေးချက်တွေအရ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတဲ့ သဘောထားတွေကို တွေ့ရတယ်လို့ ကိုသိန်းသန်းဦးက ပြောပါတယ်။

“အကြမ်းအားဖြင့်တော့ ပြင်ဆင်မယ်ပေါ့၊ ဖျက်သိမ်းဖို့ကျတော့ ကြာနိုင်တယ်ဆိုတဲ့အမြင်တွေလည်း ရှိပါတယ်၊ ပြင်ရမယ်ဆိုတာနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝလက်ခံလို့မရဘူးဆိုတာ တသဘောတည်း ရှိကြပါတယ်’’

ဒီနေ့ဟောပြောပွဲကို နေ့လည်ပိုင်း ၁၂ နာရီခွဲကနေ ၃ နာရီခွဲခန့်အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစု ၆ဝ ခန့်တက်ရောက်ခဲ့ပါတယ်။
RFA Burmese