ဖားကန့်မြေပြို ၆ ဦးသေ၊ ၄ ဦး ဒဏ်ရာရ


ကချင်ပြည်နယ် ဖားကန့်မြို့နယ် နတ်မော်ကျေးရွာအုပ်စုမှာ မတ် ၁၈ ရက်နေ့က ရေမဆေး ကျောက်ရှာနေတဲ့ တနိုင်တပိုင်သမားတွေ မြေဇာပုံ ပြိုကျတဲ့အတွက် ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖြစ်ပွားပုံက နတ်မော်ကျေးရွာအနီးမှာ တည်ရှိတဲ့ မှော်တခုမှာ တနိုင်တပိုင်ကျောက် တူးသမားတွေ ကျောက်တူးနေစဉ် ကမ်းပါး ပြိုကျတဲ့အတွက် ထိခိုက်သေဆုံးသွားရတာလို့ ဖားကန့်မြို့ခံ ဦးဂျာနော်က ပြောပါတယ်။

“၆ ယောက်သေတာက ၃ ရက်လောက်ရှိပြီ။ ကျောက်ကြောခေါက်တဲ့အချိန်မှာ ကမ်းပါးပြိုကျတဲ့ သဘောပါ” လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ အခုလို မြေပြိုပြီး လူသေဆုံးတာဟာ မကြာခဏ ဖြစ်ပွားနေပြီး အဓိကအားဖြင့် လုပ်ငန်းခွင်အတွင်း သေချာသပ်ရပ်အောင် မလုပ်ကြတဲ့အတွက် ဖြစ်ရတာလို့ မြို့ခံ ဦးတာရှီလာဆိုင်းကလည်း ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်ကာလမှာ ကုမ္ပဏီတွေက တူးဆွတဲ့အချိန် ဒိုင်းနမိုက်တွေနဲ့ မြေကြီးကို ခွဲထားတဲ့ အက်ကြောင်းတွေမှာ လူတွေက ပြန်ပြီး ရှာဖွေတူးဆွတာကြောင့် တပိုင်တနိုင်လုပ်သူတွေ သေသေသပ်သပ် မပြုလုပ်တာကြောင့်လည်း ပါတယ်၊ ရာသီဥတု ကြောင့်လည်း ပါတယ်၊ ပြိုတယ်။ နောက်ပြီး လုပ်ငန်းခွင်ရဲ့ လုပ်ရတဲ့ အနေအထားကလည်း မလွတ်မလပ်တာလည်း ပါတာပေါ့နော်။ ဒီမှာ လုပ်ကိုင်စားသောက်တဲ့သူတွေက ကျင်းတကျင်းနဲ့ တကျင်းက သိပ်ပြီး မကွာဝေးတာ၊ တူးတဲ့သူတွေ သပ်ရပ်သေသပ်မှု မရှိတဲ့အချိန်ကြတော့ ပြိုကျပြီးတော့မှာ လူတွေ အသက်ဆုံးရှုံးနေကြတဲ့ အဖြစ်မျိုးတွေ ကျိုးကန်းတာမျိုးတွေ ဖြစ်ကြတဲ့ အဖြစ်အပျက်မျိုးက ဒီမှာကတော့ နေ့တဓူဝလိုပါပဲ။”

ဒါ့အပြင် လက်ရှိ ဥရုချောင်းရဲ့ အောက်ဘက်မှာရှိတဲ့ တောင်းကော့၊ ရှမ်းစု၊ ရှရော်ခနဲ့ မြောက်ဖြူအစရှိတဲ့ ဒေသတွေမှာလည်း ၁ ပတ်ကို ၁ ကြိမ်လောက် ဒီလို မြေပြိုပြီး ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားနေတယ်လို့ ဦးတာရှီလာဆိုင်းက ပြောပါတယ်။

ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်နေတဲ့ ကုမ္ပဏီ ၅ဝ လောက်ရှိပြီး ရေမဆေးကျောက် ရှာဖွေပြီး လုပ်ကိုင်စားသောက်နေသူတွေကို အာဏာပိုင်တွေက တားမြစ်မှုတွေ လုပ်ပါတယ်။

ဒါပေမယ့် တပိုင်တနိုင် ရေမဆေးကျောက်ရှာသူတွေကတော့ ဝမ်းရေးအတွက် ဆက်လက်ရှာဖွေ လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

ကွန်ပျူတာတွင် ကပ်ထားရုံဖြင့် ဖိုင်များကို ရွှေ့ပြောင်းနိုင်မည့် Datastickies


ကွန်ပျူတာပေါ်တွင် အချက်အလက်များ လွှဲပြောင်းခြင်းကို ကပ်ခွာမှတ်စု (post-it note) တစ်ခုအနေဖြင့် မကြာမီအသုံးပြု နိုင်တော့မည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ကပ်ခွာမှတ်စုနှင့် တူညီသည့် အချက်အလက် သိုလှောင်နိုင်သော ထုတ်ကုန်များကို တီထွင်ခဲ့ကြပြီး ၎င်းကိုကွန်ပျူတာ သို့မဟုတ် ထုတ်ကုန်တစ်ခုအရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက်များကို ရိုးရှင်းစွာလွှဲပြောင်း နိုင်မည်ဟုသိရသည်။

စက္ကူတစ်ရွက် ကဲ့သို့ပါးလွှာပြီး သေးငယ်သည့် အဆိုပါထုတ်ကုန်များကို Datastickies ဟုခေါ်ဆိုပြီး ၎င်းသည် post-it-note များကဲ့သို့ တစ်ခုပေါ်တွင်တစ်ခု ထပ်ထားပြီးလိုအပ်သည့် အခါတစ်ခုချင်းစီ ခွာပြီးအသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက်သုံးစွဲသူများသည် ၎င်းတို့ကိုကွန်ပျူတာ၊ တီဗွီ၊ စမတ်ဖုန်းနှင့် tablet ကွန်ပျူတာ၏အရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက် များကိုလွှဲပြောင်း နိုင်မည်ဖြစ်သည်။


Datastickies များကိုလျှပ်စစ် စီးဆင်းနိုင်သည့် graphene ဟုခေါ်သောကာဗွန် အက်တမ်အလွှာတစ်ခုဖြင့် ပြုလုပ်ထားပြီး သိုလှောင်မှုပမာဏ 32 GB အထိရရှိနိုင်မည် ဖြစ်သည်။



လက်ရှိတွင်အဆိုပါ နည်းပညာကိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်ချိန်တွင် နာမည်ကျော် USB drive များ၏နေရာ၌ အစားထိုးနိုင်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။



Datasitickies ၏ဒီဇိုင်းကိုအိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ဒီဇိုင်နာ Aditi Sigh နှင့်တက္ကသိုလ်ပါမောက္ခ Parag Anand တို့ကတီထွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။



-နောင်နောင်
Ref: DailyMail
Internet Journal 

လူ့ကျက်သရေ


        မြတ်စွာ ဘုရားလက်ထက်တော်တုန်းက ကြုံခဲ့ဘူးပါတယ်၊ အနာထပိဏ်သူဋ္ဌေးကြီးဆိုတာ ရှေး အတိတ်ကလည်း ကောင်းမှုထူးတွေကို ပြုခဲ့ဖူးသလို ယခုပစ္စပ္ပန်မှာလည်း ကောင်းမှုတွေ နေ့စဉ် မပြတ် ပြုလေ့ရှိသူပါ၊ သူ့ရဲ့ငယ်နာမည် “သုဒတ္တ”ဆိုတဲ့ အမည်ပျောက်ပြီး “အနာထပိဏ္ဍိက” ခိုကိုးရာမဲ့သူ တို့ကို ကျွေးမွေးလေ့ရှိသူဆိုတဲ့ အမည်တွင်နေတာကို ကြည့်ရင် သာသနာ အတွက်သာမက လောက အတွက်လည်း ဘယ်လောက်အထိ ကောင်းမှုတွေကို အောက်ခြေသိမ်းပြုလေ့ရှိတယ်ဆိုတာ သိသာပါ တယ်။
        အဲဒီလို အတိတ်ကရော ပစ္စပ္ပန်မှာပါ ကောင်းမှုတွေ ပြုလေ့ရှိလို့လည်း အနာထပိဏ်သူဋ္ဌေးကြီးဟာ သူကိုယ်တိုင်နှင့် သူနဲ့ဆက်စပ်သမျှ ဇနီးမယားစီးပွားဥစ္စာတို့သာမက ယုတ်စွအဆုံး သူ့အိမ်မှာမွေးထားတဲ့ ကြက်တို့ ခွေးတို့လို တိရစ္ဆာန်များပါ ကျက်သရေရှိနေတယ်လို့ လူတိုင်းက မှတ်ယူလောက်အောင် ကောင်း ကျိုးတရားတွေနဲ့ ပြည့်စုံနေပါတယ်။
ေ       ဝေဒကျမ်းကိုယုံကြည်တဲ့ ဗြဟ္မဏများကတော့ ကျက်သရေဆိုတာ ကောင်းမှုကြောင့်ဖြစ်တဲ့ ကောင်း ကျိုးပဲလို့ မသိမြင်မယုံကြည်ကြပါဘူး။ အိမ်မှာပိုင်ဆိုင်ထားတဲ့ ရတနာတို့၊ တိရစ္ဆာန်တို့ကြောင့် ပိုင်ဆိုင်သူမှာ ကျက်သရေရှိနေတယ်လို့ပဲ မှတ်ထင်ယုံကြည်ကြပါတယ်။ သူတို့မှာ ကျက်သရေရှိတဲ့ ရတနာတို့ တိရစ္ဆာန် တို့ရဲ့ အမှတ်လက္ခဏာတွေကိုဖော်ပြတဲ့ လက္ခဏာအတတ်ပညာဆိုတာလည်းရှိပါတယ်။
        တစ်နေ့တော့ အနာထပိဏ်သူဋ္ဌေးကြီးဆီက ကျက်သရေခိုးမယ်ဆိုပြီး ကျက်သရေလက္ခဏာ နား လည်တဲ့ပုဏ္ဏားတစ်ယောက် ရောက်လာတယ်။ သူဋ္ဌေးကြီးအိမ်မှာ အခြွေအရံ အစောင့်အရှောက်တွေ လည်း ပြည့်စုံနေလေတော့ ခိုးလို့တော့ဘယ်ရပါမလဲ။ တောင်းရမှာပေါ့။ သူဋ္ဌေးကြီးအိမ်ရောက်တော့ ကျက်သရေ ဘယ်မှာရှိသလဲလို့ ကြည့်တဲ့အခါ သူဋ္ဌေးကြီးမွေးထားတဲ့ ကြက်ဖြူကြီးရဲ့အမောက်မှာ တည်နေတာကို တွေ့ရသတဲ့။ ကောင်းမှုရှိသူ မွေးထားတဲ့ ကြက်ဖြူကြီးဆိုတော့ ကိုယ်လုံးဖြူဖြူ ကြီးပေါ်က အမောက်နီနီကြီးဟာလည်း ပုဏ္ဏားကြီးရဲ့ မျက်စိထဲမှာတော့ ကျက်သရေတုံးကြီးလို့ပဲ မြင်နေတာပေါ့။
ဒါနဲ့ ပုဏ္ဏားကြီးက သူဋ္ဌေးကြီးထံ ကြက်ဖြူကြီးကိုတောင်းတယ်။ သူဋ္ဌေးကြီးက ယူတော့လို့ဆိုလိုက်တာနဲ့ တပြိုင်နက် ကျက်သရေက သူဋ္ဌေးကြီးရဲ့ပတ္တမြားရတနာ ပေါ်ရောက်သွားပါတယ်။
        ပုဏ္ဏားကြီးက ပတ္တမြားကို တောင်းပြန်တယ်။ ပတ္တမြားကိုပေးပြန်တော့ တောင်ဝှေးဆီရောက် သွားပြန်တယ်။ တောင်ဝှေးကိုတောင်းလိုက်တော့လည်း ကျက်သရေက သူဋ္ဌေးကတော်ကြီး“ပုညလက္ခ ဏဒေ၀ီ”ဆီ ရောက်သွားပြန်တယ်။ ဒီတစ်ခါကျတော့ မတောင်းထိုက်တဲ့ပစ္စည်းဖြစ်လို့ မတောင်းတော့ဘဲ လက်လျှော့လိုက်ပြီး သူဟာ ပစ္စည်းကိုလိုချင်လို့လာတာမဟုတ်ဘဲ ကျက်သရေကို ခိုးဖို့လာခြင်းဖြစ်ကြောင်းနဲ့ သူဋ္ဌေးကြီးဆီမှာ ကျက်သရေရှိနေတဲ့ ပစ္စည်းတွေဟာ သူတောင်းလိုက်တိုင်း ပြောင်းပြောင်းသွားတဲ့ အကြောင်း အမှန်အတိုင်းဝန်ခံပြီး တောင်ထားတဲ့ပစ္စည်းတွေကိုလည်း မယူဘဲပြန်သွားပါတော့တယ်။
        ဒီအကြောင်း သူဋ္ဌေးကြီးက မြတ်စွာဘုရားကို လျှောက်ထားတဲ့အခါ ဘုရားရှင်က“ ကျက်သရေဆိုတာ ဘုန်းကံရှိသူတို့နဲ့သာ ထိုက်တန်ပြီး ဘုန်းကံမဲ့သူတို့နဲ့ မထိုက်တန်" ဟု ဆုံးမဟောကြားတော်မူပါတယ်။
        ဒါကြောင့် ကျက်သရေဆိုတာ ကုသိုလ်ကိုပြောတာပါ။ ကုသိုလ်ရှိရင် ကျက်သရေရှိတယ်။ ကုသိုလ်မရှိ ရင် အ၀တ်အစား၊ လက်ဝတ်ရတနာတန်ဆာ ဘယ်လောက်ဆင်ဆင် ကျက်သရေတုံးနေတာပါပဲ။      
       မျက်မှောက်လောကမှာကြည့်လိုက်ရင် အချို့သောဒုစရိုက်သမားများဟာ မကောင်းမှုကို အတုံးလိုက် အတစ်လိုက် လုပ်ထားတယ်။ လူအများကလည်းသိတယ်။ ဒါကြောင့် သူဟာ ဘယ်လောက်ပဲ ကားအကောင်းစားကြီးစီးပြီး ရွှေတွေဝတ်ဆင်ထားသော်လည်းပဲ လူတိုင်းက နှာခေါင်းရှုံ့ကြပါတယ်။ ကုသိုလ်နဲ့မွေ့လျှော်နေသူတွေမှာတော့ သူဆင်သမျှအရာတွေဟာ တန်ဖိုးမရှိတဲ့အရာပင်ဖြစ်စေကာမှု ကြည့်မြင်သူတွေရဲ့ မျက်စိထဲမှာ အရမ်းကို ခန့်ညားတင့်တယ်နေပါတယ်။
       ထို့ကြောင့် စာဖတ်သူများလည်း ကုသိုလ်များများဆည်းပူးပြီး ဘုန်းကံရှိသူ ကျက်သရေပိုင်ရှင် များဖြစ်နိုင်ကြပါစေ။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

"ငပိန်ရဲ့ သင်္ကြန်" ဂိမ်းထွက်ပြီ


Nga Pain's Thingyan
"ငပိန်ရဲ့ သင်္ကြန်"
Android | 2.3 and up | Free
Download - https://play.google.com/store/apps/details?id=com.totalgameplay.ngapaintg

မြန်မာတို့ရဲ့နှစ်သစ်မင်္ဂလာပွဲလေးဖြစ်တဲ့ သင်္ကြန်အခါသမယ ကျရောက်ဖို့ အချိန်နီးကပ်လာပါပြီ။ ဒီလိုမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာ နှစ်သစ် မင်္ဂလာ အတွက် ထူးထူးခြားခြားအနေနဲ့ Total Gameplay Studio က သင်္ကြန်ဂိမ်းလေးတစ်ခုကို မွေးဖွားပေးလိုက်ပါပြီ။ ဂိမ်းလေးရဲ့ နာမည်က Nga Pain's Thingyan (ငပိန်ရဲ့ သင်္ကြန်) ဂိမ်းလေးပါ။

ဒီဂိမ်းမထွက်ခင်ကတည်းက အင်တာနက်စာမျက်တွေပေါ်မှာ အတော်လေး ပျံ့နှံ့ခဲ့တဲ့ဂိမ်းလေးပါ။ ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့က Google Play မှာ တင်ခဲ့ပြီး အခမဲ့ Download ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သင်္ကြန်အနှစ် သာရလေးတွေ ပါအောင် ကြိုးစားဖန်တီးထားတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။

ဂိမ်းကိုစစချင်း ဖွင့်လိုက်တဲ့အချိန်မှာ Register ပြုလုပ်ဖို့အတွက်
တောင်းဆိုပါလိမ့်မယ်။ ကစားသူရဲ့ ကစားမှတ်တမ်းများကို စက်ပေါ်မှာ မဟုတ်ဘဲ အင်တာနက် Cloud ပေါ်မှာ Save မှတ်သားရန်အတွက် Register ပြုလုပ်ဖို့ လိုတယ်လို့ဆိုပါတယ်။ မိမိရဲ့ Faebook အကောင့်နဲ့ဝင်ပြီး Register ပြုလုပ်ရမှာပါ။ Faebook အကောင့် မဖွင့်ထားဘူးဆိုရင်လည်း အသစ်ဖွင့်ပြီး Register လုပ်နိုင်ပါတယ်။
Register လုပ်ပြီးပြီဆိုရင် ဂိမ်းကို စတင်ကစားလို့ ရပါပြီ။

ပထမဆုံးအနေနဲ့ ငပိန်ဟာ သင်္ကြန်မှာဆိုက်ကား ထွက်မနင်းရလို့
ပျော်ပျော်ရွှင်ရွှင်နဲ့ သင်္ကြန်မှာရေကစားနေတဲ့ မြင်ကွင်းကို တွေ့ရမှာပါ။ ဒီအချိန်မှာ သင်္ကြန်မှာ ရေဆော့ရင်း ရေကုန်သွားလို့ ငိုနေတဲ့ ကလေး
တွေဆော့တဲ့ မဏ္ဌပ်လေးတစ်ခုကို ရေသယ်ဖို့ အကူအညီတောင်းတာ
ကြောင့် အလုပ်မလုပ်ရမနေနိုင်သော ငပိန်မှာ ရေဒါနပြုဖို့ ကြိုးစား ရတော့တာပေါ့။ ဒီလို ဂိမ်းအစပိုင်း ဇာတ်လမ်းဇာတ်ကွက်လေးကို ကာတွန်းနှစ်ကွက်တည်းနဲ့ ပုံဖော်ပေးထားပါတယ်။ အဲဒီနောက်မှာတော့ "ငပိန်ရဲ့ သင်္ကြန်" ဂိမ်းမှာ ဘယ်လိုဆော့ကစားမလဲဆိုတဲ့ လမ်းညွှန် ချက်တွေကို မြင်တွေ့ရမှာပါ။

ဂိမ်းစတင်ကစားပြီဆိုရင် သင်္ကြန်မိုးသီချင်း တီးလုံးလေးက အရင်ဆုံးပျံ့လွင့် လာပါတယ်။ ဂိမ်းစဉ်တစ်လျှောက်မှာ သင်္ကြန်မိုးသီချင်းက နောက်ခံ တီးလုံး
အဖြစ် တင်ဆက်နေမှာပါ။ ဂိမ်းထဲမှာတော့ ငပိန်ဟာ သုံးလမ်းသွား ကတ္တရာလမ်းမှာ ရေဘူးတွေသယ်ပြီး ဆိုက်ကားနင်း ရမှာပါ။ လမ်းပေါ်မှာ
ဆောက်ထားတဲ့ မဏ္ဌပ်အကြီးအသေးတွေ၊ ရပ်ထားတဲ့ ကားအကြီး အသေးတွေ၊ မဏ္ဌပ်ရှေ့မူးပြီးကနေတဲ့ အမူးသမားတွေ၊ လမ်းပေါ်မှာ
ရေပတ်နေတဲ့ ကလေးငယ်တွေနဲ့ လမ်းဖြတ်ကူးနေတဲ့ အဖွားအို
တို့ကို ရှောင်ရှားပြီး ဆိုက်ကားနင်းရမှာပါ။ အဲဒီအထဲ တစ်ခုခုကို တိုက်မိသွားပြီဆိုရင် Game Over ဖြစ်ပြီး အစကနေ ပြန်ကစားရပါလိမ့်မယ်။

ဆိုက်ကားနင်းနေစဉ်တစ်လျှောက် စိန်တုံးသဏ္ဍာန်ရေစက်လေးတွေကို လိုက်လံစုဆောင်းပြီး ရေဘားကိုဖြည့်ရမှာပါ။ ရေသန့်ဗူးတွေ၊ ရေပီပါတွေကိုလည်း စုဆောင်းပြီး ရေဘားကိုဖြည့်ကာ ရမှတ်တွေတိုးအောင် လုပ်ရမှာပါ။ ဆိုက်ကားနင်းနေရင် ငပိန်ကို Touch တစ်ချက်ထိလိုက်တာနဲ့ လမ်းပေါ်မှာ ရှိတဲ့သူတွေကို ရေပတ်နိုင်တဲ့ Function တစ်ခုကို ထည့်ပေးထား ပါသေးတယ်။ လမ်းပေါ်မှာ မဏ္ဌပ်ရှေ့မူးပြီးကနေတဲ့ အမူးသမားတွေနဲ့
ရေပတ်နေတဲ့ ကလေးငယ်တွေကို ရေပတ်လိုက်မယ်ဆိုရင် သူတို့တွေက စိန်တုံးသဏ္ဍာန် ရေစက်လေးတွေအဖြစ် ပြောင်းလဲသွားပြီး အဒီရေစက်လေးတွေကို ရယူကာ ရမှတ်တွေ တိုးအောင် လုပ်နိုင်ပါတယ်။

မိမိရဲ့ရမှတ်ကို အခြားဆော့ကစားသူတွေနဲ့ ယှဉ်ပြီးကြည့်နိုင်သလို Facebook
ပေါ်မှာလည်း Share နိုင်ပါတယ်။ ဂိမ်းဆော့ကစားရာမှာ နောက်ခံသီချင်းက အနှောက်အယှက်ဖြစ်တယ်ဆိုရင်လည်း ပိတ်လို့ရပါတယ်။ "ငပိန်ရဲ့ သင်္ကြန်" ဂိမ်းလေးကတော့ သင်္ကြန်အနှစ်သာရလေးတွေ ပြည့်ပြည့်ဝဝပါဝင်တဲ့ မိုဘိုင်းဂိမ်းလေးဖြစ်ကြောင်း တင်ဆက်လိုက်ပါရစေ။

-------------------------------------------------
May Thazin (TSJ Team)
TechSpace Journal 

အသက် ၁၅ နှစ် အရွယ် နိုင်ငံတကာဆုရ ကင်ဆာ သုတေနသပညာရှင်


အခုတော့ အသက် ၁၆ နှစ် ရှိသွားပြီ။ လွန်ခဲ့တဲ့ တစ်နှစ်တိတိက သူဘာလုပ်ခဲ့လဲဆိုတာကို သိရင် လက်ရှိ သူဘာလုပ်မယ်ဆိုတာကို လူတိုင်း ခန့်မှန်းကြည့်နိုင်ပါတယ်။ အမည်က Jack Andraka လို့ အမည်ရပါတယ်။

ငယ်ငယ်လေးကတည်းကနေ သူ သတိထားမိလာတာ တစ်ခုက လူအတော်များများဟာ ကင်ဆာကြောင့် ကွယ်လွန်ခြင်းပါ။ အိမ်နီးနားချင်းတွေအပြင်၊ ဆွေးမျိုးသားချင်းတွေအထိပါ ကင်ဆာကြောင့် အသက်ဆုံးရှုံး သွားရတာတွေ မြင်ရတော့ နာကျည်းစိတ်တစ်ခု ရလိုက်သလိုပါပဲ။ အသဲ၊ အစာအိမ်နဲ့ ဂလင်းမှာ အခြေတည်ပြီး ဖြစ်တဲ့တဲ့ ပန်ကရိယ ကင်ဆာ (ဂလင်းကင်ဆာ) ဟာ သူ့အတွက် ရန်သူ တစ်ကောင် ဖြစ်လာပါတယ်။ အကြောင်း ကတော့ စစ်ဆေးလို့အဖြေမပေါ်ပဲ အချိန်လွန်ပြီး လူတွေ သေနေကြရလို့ပါ။ ဒီတော့ မီးဖိုချောင်ဟာ သူ့အတွက် ဓာတ်ခွဲခန်း တစ်ခုအလား ဖြစ်လာပါတယ်။

အသက် ၁၃ နှစ်အရွယ်ကစလို့ Google ကနေရှာပြီး ပန်ကရိယ ကင်ဆာ အကြောင်းတွေ ရှာဖတ်နေပြီ။ လက်ရှိ အသုံးပြုနေတဲ့ ရှာဖွေ စစ်ဆေး စက်ပစ္စည်းက လွန်ခဲ့တဲ့ နှစ် ၄၀ က ဟာကိုပဲ မပြောင်းပဲ အသုံးပြုနေခြင်း ဖြစ် ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေ့ရှိနိုင်ချေက ၁၀ပုံပုံ ၁ ပုံတောင် မရှိပါဘူး။ ဆီထုတ်ထုတ်တဲ့ Dipstick တစ်ချောင်း ရယ်။ ဆေးဆိုင်က ဝယ်ယူတဲ့ ပရိုတိန်းတစ်မျိုး (Mesolthelin) ဆေးရည်နဲ့ အခြားသော ဆေးပစ္စည်း အစုံအလင်က သူ့အတွက် သုတေသန ပြုစရာ ပစ္စည်းများ ဖြစ်လာ ပါတော့တယ်။ အီလက်ထရွန်ဓာတ် အပြည့်အဝ စီဆင်းစေမယ့် Paper sensor တစ်မျိုးကို စတင်ပြုလုပ်ပါတယ်။ လူတွေရဲ့  ဆီး၊သွေးကို ယင်း စာရွက်ပေါ်တင်ပြီး မှန်ပြောင်းနဲ့ လေ့လာရုံ၊ ကွန်ပြူတာနဲ့ Scan ဖတ်လိုက်ရုံနဲ့ ပန်ကရိယ ကင်ဆာ ရှိမရှိ အလွယ်တကူ စစ်ဆေးနိုင် မယ့် နည်းပညာနဲ့ ပစ္စည်း ဖြစ်ပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ ပန်ကရိယ ကင်ဆာစစ်ဆေးရေး စက်ထပ် အာရုံခံနိုင်မှု စွမ်းအားက အစ ၄၀၀ တောင် ကွာပြီး ဈေးနှုန်း အားဖြင့်ကလည်း အစပေါင်း ၂၆၀၀၀၀ သက်သာနေပါတယ်။ အကြောင်း ကတော့ အဲ့အတွက် ၁ဒေါ်လာရဲ့  ၁၀ပုံပုံ ၁ပုံ ( 1 cent) ပဲ ကုန်ကျလို့လေ။ ကင်ဆာရောဂါ စမ်းသပ်စက်ပစ္စည်းကြီးများနဲ့ ကြိုးစား လုပ်ဆောင်နေတဲ့ ဓာတ်ခွဲခန်းနဲ့ ပညာရှင်များကို အရှက်ခွဲလိုက်သလိုပါပဲ။ စမ်းသပ်မှု ပြီးမြောက် ဖို့ အနည်းငယ် အလိုမှာ ဓာတ်ခွဲခန်းတွေကို စာပို့ပါတယ်။ အမေရိကန် နိုင်ငံ အတွင်းက ကင်ဆာ သုတေသန ပြု လုပ်နေကြတဲ့ ဓာတ်ခွဲခန်းပေါင်း ၂၀၀ ကျော်ကို သူ့ရဲ့  သုတေသန စာတမ်း များ ပို့လိုက်ပါတယ်။ ၂၀၀ မှာ ၁၉၉ ခုသော ဓာတ်ခွဲန်းက ငြင်ဆန်ပြီး John Hopkins တက္ကသိုလ် က ဒေါက်တာ Anarban Maitra ကတော့ ခွင့်ပြုပေးလိုက်ပါတယ်။ အဲဒီမှာစမ်းသပ်ပြီး ၂၀၁၂ အမှီမှာ အောင်မြင်မှု ရရှိသွားတာပါပဲ။

အဲ့နောက်ပိုင်း အမေရိကန်ကရော၊ ကမ္ဘာက ပေးအပ်တဲ့ ဆုတံဆိပ်အမျိုးမျိုး ရရှိပြီး လူသိများတဲ့ သုတေသန ပညာရှင် တစ်ဦး ဖြစ်လာပါတော့တယ်။ လက်ရှိ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁သိန်းကျော် ရရှိထားပြီး အခြားသော သုတေသနများ ပြုလုပ်ဖို့ အတွက် ငွေကြေးထောက်ပံ့မှုကို လည်း အပြည့်အဝရရှိထားပါတယ်။ 2013 Social God Summit မှာ တက်ရောက် ဟောပြောခွင့်ရပါတယ်။ ကမ္ဘာမှာ ၁ ရာခိုင်နှုန်းမျှသာ ရှိတဲ့ သုနေတနပညာရှင် လူဦးရေထဲကို ပါဝင်လာတဲ့ ထူးချွန်ပညာရှင် တစ်ဦးမို့ပါ။ သူ့ရဲ့  နောက်ထပ် ခြေလှမ်းများက အခြားသော ကင်ဆာအမျိုးအစားနဲ့ HIV တို့လို ရောဂါတို့ကို ရှာဖွေဖော်ထုတ်မယ့် သုတေသန ဖြစ်ပါတယ်။

Social Good Summit မှာ သူပြောခဲ့တဲ့ စကားအချို့ ကို အောက်ပါ အတိုင်း ကောက်နုတ်ပေးလိုက် ရပါတယ်။

"Science shouldn't be a luxury, and knowledge shouldn't be a commodity,"

“သိပ္ပံပညာရပ်ဟာ ဇိမ်ခံပစ္စည်း မဟုတ်ဘူး။ ပညာဆိုတာ လူတိုင်း ရသင့်ရထိုက်တဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်တယ်”

"Imagine if we lived in a knowledge democracy. It should be a basic human right."

“ကျနော်တို့ဟာ တရားမျှတတဲ့ ပညာရေး စနစ် (ပညာ ဒီမိုကရေစီ စနစ်) မှာနေထိုင်တယ်လို့ ယူဆကြည့်ပါ။ ဒါဟာ တစ်ကမ္ဘာလုံးအတွက် အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။”

.
Ref: mashable
အောင်ခမ်း ( smart.com.mm )

ထိုင်းရောက် မြန်မာ အလုပ်သမားတွေကို ပတ်စ်ပို့အနီ ထုတ်ပေးနေ

မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းတွေမှာ ပူးတွဲရုံးတွေ ဖွင့်လှစ်ထား

ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား တွေထဲက ၄ နှစ် သက်တမ်း ပြည့်သွားတဲ့ သူတွေကို ပုံမှန် နိုင်ငံကူး လက်မှတ်တွေ စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူး လက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၁၇ သိန်းကျော်ရှိတဲ့ အထဲက အလုပ်လုပ်ခွင့် ၄ နှစ်သက်တမ်း ပြည့်သွားတဲ့ အလုပ်သမားတွေကို လက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီ နိုင်ငံကူးလက်မှတ် ခရမ်းရောင် အစား နိုင်ငံတကာကို သွားလာခွင့် ရှိတဲ့ ပုံမှန် နိုင်ငံကူး လက်မှတ် စာအုပ် အနီတွေကို စတင် ထုတ်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံက ၄ နှစ်ထက် မကျော်တဲ့ အလုပ်လုပ်ခွင့်ကိုသာ ပေးတာဖြစ်ပါတယ်။ ၄ နှစ်သက်တမ်း ပြည့်သွားတဲ့ မြန်မာ အလုပ်သမားတိုင်းဟာ မြန်မာဘက်ကို နေ့ချင်းပြန် ဖြစ်စေ တစ်ခေါက် ပြန်ကြရပြီး ထိုင်းက ထွက်သွားတဲ့ သူတွေကိုမှ ဗီဇာအသစ်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်အသစ်တွေ ထုတ်ပေးမှာ ဖြစ်တယ်လို့ ထိုင်းအလုပ် သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ် ခီးယန်းဖွန်က ဘီဘီစီကိုပြောပါတယ်။

နိုင်ငံကူး လက်မှတ်တွေကို အုပ်စု ၃ စု ခွဲကာ ထုတ်ပေးနေပြီး ပထမ အုပ်စု အနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း အပြည့်အစုံ ရှိတဲ့သူတွေကို ဘန်ကောက်က မြန်မာသံရုံးမှာ နိုင်ငံကူး လက်မှတ် ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒုတိယ အုပ်စု အနေနဲ့ မှတ်ပုံတင် မရှိတဲ့သူတွေကတော့ မြန်မာနိုင်ငံကို ပြန်ပြီး မှတ်ပုံတင် ပြန်လုပ်ရမှာ ဖြစ်ပြီး နောက်မှ ပုံမှန် နိုင်ငံကူး လက်မှတ်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

တတိယ အုပ်စုက ယာယီ နိုင်ငံကူး လက်မှတ် သက်တမ်း ၂နှစ်ကျော် ကျန်နေသေးတဲ့ သူတွေအတွက် ရည်ရွယ်တာ ဖြစ်ပြီး သူတို့အနေနဲ့ ဆက်လက် အလုပ်လုပ်ချင် လုပ်နိုင်ပြီး၊ ဆက်လက် အလုပ်မလုပ်ဘဲ ပုံမှန် နိုင်ငံကူး လက်မှတ်နဲ့ ပြောင်းလဲ ကိုင်ဆောင်ချင်ရင်လည်း ပြောင်းလဲလို့ ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းမြို့တွေမှာ ပူးတွဲရုံးတွေ ဖွင့်လှစ် ဆောင်ရွက်ပေးနေပြီး ဘန်ကောက်က မြန်မာ သံရုံးမှာလည်း နိုင်ငံကူးလက်မှတ်တွေ စတင် ထုတ်ပေးနေပြီးလို့ အလုပ်သမား-အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန က ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ဖိုးနဲ့ ဝန်ဆောင်ခပါ အပါအဝင် ဘတ်ငွေ ၁၆ဝဝ ကုန်ကျမှာ ဖြစ်ပြီး ထိုင်းဘက်မှာတော့ ဗီဇာကြေး၊ အလုပ်လုပ်ခွင့် လက်မှတ်နဲ့ ဆေးကုသခွင့်တွေ အတွက်ပါ ဆိုရင် ဘတ်ငွေ ၇ ထောင်ကျော် ကုန်ကျမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese

မန္တလေးမြို့ လမ်း ၆၀ရှိ X Café ဆိုင်ရှေ့ တွင် အုပ်စု ဖွဲ့ ရိုက်နှက် မှုဖြစ်ပွား


မန္တလေးမြို့၊ ချမ်းအေး သာစံ မြို့နယ်၊ လမ်း (၆၀)၊ (၂၉) လမ်း နှင့် လမ်း (၃၀) ကြား ရှိ X Café ဆိုင် ရှေ့ တွင် မတ်လ (၁၉) ရက် နေ့၊ ည ၈ နာရီ အချိန် က မွေးနေ့ပွဲ ကျင်းပ နေသူ လူငယ် များကို အခြား လူငယ် များက အုပ်စု ဖွဲ့ကာ ရိုက်နှက်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး မှ သတင်း ရရှိ သည်။

အခင်းဖြစ်စဉ်မှာ မွေးနေ့ပွဲ ကျင်းပ နေသူ များဆိုင်မှအပြန် ဆိုင်ရှေ့တွင် လူငယ်အုပ်စု တစ်စုက အသင့် စောင့်ဆိုင်းကာ ခါးပတ်ဖြင့် ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ အုတ်ခဲဖြင့် ထုခြင်း တို့ကြောင့် လူငယ်နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့်အပြင် ၄င်းတို့စီးနင်း လာခဲ့ သည့် Mark Xနက်ပြာရောင်ကားမှာလည်း အဆိုပါ ရန်ပြုသူ လ ငယ် အုပ်စု၏ ဖျက်ဆီးမှု ကြောင့် ကျပ်သိန်း (၁၅၀) ဖိုးခန့် ပျက်စီးခဲ့ရ ကြောင်း သိရသည်။ သူတို့အုပ်စုနှစ်စုက ရန်မဖြစ်ခင်က တည်းက ဆိုင်ထဲမှာ ရှိနေခဲ့တာပါ။ ဆိုင်ထဲမှာ တုန်း က အေးအေး ဆေးဆေး ပါပဲ။ အပြန်မှာ ဆိုင်ရှေ့ ရောက်မှ အခုလိုဖြစ်ကြတာ။သူတို့ ရန်ဖြစ်နေကြတာတွေ့လို့ ရဲစခန်း ကို ကျွန် တော် တို့ပဲ ဖုန်းဆက် တိုင် လိုက်တာပါ””ဟု X Café ဆိုင်မှ မန်နေဂျာ ကိုသက်ပိုင်စိုး က The Messenger သတင်းစာ သို့ ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားခဲ့မှုနှင့် ပတ် သက်၍ အွန်လိုင်းစာမျက်နှာများပေါ်တွင် မြန်မာစကားမတတ်သော တရုတ်လူမျိုးများ မှအုပ်စုဖွဲ့ ကာရိုက်နှက်ခဲ့သည်ဟူသောသတင်း များ ပျံ့နှံ့ခဲ့သည်။အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက် သည့် တရားခံများအား ဖမ်းဆီးနိုင်ခြင်း မရှိ သေးကြောင်း၊ သက်ဆိုင်ရာနယ်မြေအမှတ် (၃) ရဲစခန်းမှ ပ-၁၂၃/၂၀၁၄၊ ပြစ်မှု ဥပဒေ ပုဒ်မ ၂၉၄/၄၄၀ ဖြင့် အမှုဖွင့်ကာ တရားခံများ အား ဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောသည်။

Messenger News Journal


အင်တာနက်ပါပါသည့် ၁၅၀၀ တန် ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေးက လိုသလောက်ရောင်းချပေးမည်


မိုဘိုင်းဖုန်း အသုံးပြု သူတွေ အတွက် ၁၅၀၀ ကျပ်တန် ဆင်းကတ် တွေကို ဇူလိုင် ၁ ရက်နေ့က စပြီး
လိုအပ်သလောက် ၀ယ်ယူနိုင်တော့မယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြ
ထားပါတယ်။

မိုဘိုင်းဖုန်း အော်ပရေတာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းချက်အရ အင်တာနက်ပါတဲ့ ဆင်း
ကတ်တွေကို မဲနှိုက်စရာမလိုဘဲ ၁၅၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင် မြန်မာဆက်သွယ်ရေးလုပ်ငန်းအပြင် အော်ရီဒူး၊ တယ်လီနော့နဲ့ ရတနာပုံ တယ်လီပို့စ်တို့က
ဝန်ဆောင်မှု အပြိုင်အဆိုင် ပေးနိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၁ လ ဆင်းကတ်အလုံးရေ ၃ သိန်းခွဲနှုန်း ချပေးပေ
မယ့်လည်း မှောင်ခိုဈေးကွက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
WCDMA ၊ CDMA နဲ့ GSM ဆင်းကတ်များ ကျပ် ၂ သိန်းဝန်းကျင်ဖြင့် စတင် ရောင်းချခဲ့ရာ မှောင်ခိုဈေး
ကွက်တွင် အမျိုး အစား အလိုက် ကျပ် ၃ သောင်းမှ ၅ သောင်း ၀န်းကျင်သာ ရှိတော့ကြောင့် သိရပါ
တယ်။
ဆက်သွယ်ရေးလိုင်စင် အောင်မြင်ထားသည် ကုမ္ပဏီများရဲ့ ၀န်ဆောင်မှု စတင်မည်အချိန်တွင် ဆင်း
ကတ်ဈေးနှုန်း ကျဆင်းလာပြီး မှောင်ခိုဈေးကွက်လည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ

ဗဟန်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်


ရန်ကုန်၊ မတ် ၂၁

၂၁.၃.၂၀၁၄ရက်နေ့ ၀၈၄၅အချိန် ဗဟန်းမြို့နယ်၊ Golden Hill Towerလမ်း အတိုင်း အရှေ့မှ အနောက်သို့ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်နေ ယာဉ်မောင်း အောင်မြတ်သူမောင်းနှင် လာသော CD--- Toyota Fortuner အဖြူရောင် သြစတြေးလျသံရုံးပိုင်ယာဉ်သည် ကမ္ဘာအေးလမ်းဆုံအရောက် ကမ္ဘာအေးဘုရားလမ်းပေါ်သို့ မောင်းထွက်စဉ် ကမ္ဘာအေးဘုရားလမ်း
အတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ဦးလှချစ် မောင်းနှင်လာသည့် ၂ဃ/--- ကရီနားဗင်အစိမ်းရောင် အငှားယာဉ်ကို တိုက်မိခဲ့သဖြင့် ယာဉ်(၂)စီးပျက်စီးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်မြတ်သူအား ဗဟန်းမြို့မရဲစခန်းယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

ကွန်ဒုံးဖြင့်ထုပ်ပိုးထားသည့် ဘိန်းဖြူများ အမျိုးသမီးတန်ဆာအတွင်းက ရှာဖွေသိမ်းဆီး


သတင်း၊ ကိုတိုးကြီး
တမူး၊ မတ် ၁၉
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကမ္မကြီးကျေးရွာအနီး တမူး - ကလေး အဝေးပြေးကားလမ်းမကြီးပေါ်တွင် မူးယစ်တပ်ဖွဲ့စု (၇) ခမ်းပတ်လှုပ်ရှားတပ်စုမှ ယခုလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ခရီးသည်တင်ယာဉ်တစ်စီးအား မူးယစ် ဆေးဝါးသတင်းများအရ ရှာဖွေစစ်ဆေးခဲ့ရာ ကွန်ဒုံးဖြင့်ထုပ်ပိုးထားသည့် ဘိန်းဖြူ အမျိုးသမီးတန်ဆာအတွင်းက ရှာဖွေ သိမ်းဆီးရရှိခဲ့ကြောင်း ဖမ်းဆီးရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့မနက်ပိုင်းက တမူးမြို့မှ ကလေးမြို့သို့ မောင်းနင်လာသည့် နယူရွှေကဘော် ခရီးသည်သယ်ယူပို့ဆောင်ရေးကားအ သင်း အမှတ်တံဆိပ်ပါ ၊ ယာဉ်အမှတ် ၁င/ ၆၈၇၉ လိုက်ထရပ်ယာဉ်အမျိုးအစား ကားတစ်စီးကို မူးယစ်အဖွဲ့နှင့်အတူ ပူး ပေါင်းကရှာဖွေစစ်ဆေးခဲ့ရာတွင် ထိုသို့ သိမ်းဆီးရရှိမိခြင်းဖြစ်သည်။
အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါခဲ့သည့် ခရီးသည် မမို့မို့ အသက်(၃၃)နှစ်၊ ကလေးမြို့နယ်၊ တင် သားကျေးရွာနေ ဆိုသူမှာ အလေးချိန်(၉)ဂရမ်ရှိ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုံ့များကို ကော်ဗူးတစ်ခုထဲသို့ ထည့်ကာ ကွန်ဒုံးဖြင့် ထုပ်ပိုးထားပြီး သူမက ၎င်း၏ တန်ဆာအတွင်းသို့ ထိုးသွင်းလျှို့ဝှက်၍ သယ်ဆောင်လာခဲ့ခြင်းဖြစ် သည်။
ထို့နောက် မူးယစ်လှုပ်ရှားအဖွဲ့က အဆိုပါကားပေါ်ရှိ ကျန်ခရီးသည်များကို ဆက်လက်၍ ရှာဖွေစစ်ဆေးခဲ့ရာ မမြင့်မြင့် ခိုင် အသက်(၃၉)နှစ်၊ တင်သားကျေးရွာ၊ ကလေးမြို့နယ် နေသူ၏ ကိုယ်ခန္ဒာတွင် ၀တ်ဆင်လာသော ခရမ်းရောင်ဖျော့ အတွင်းအောက်ခံ ဘောင်းဘီအတွင်းမှ အလေးချိန်(၁၁)ဂရမ်ရှိ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုံ့များကို၎င်း၊ အဆိုပါ ကားပေါ်တွင် စီနင်းလိုက်ပါလာသည့် သူမနှင့် တစ်ရွာတည်းနေ မကြည်ကြည်မာ အသက်(၃၉)နှစ် ဆိုသူ၏ ကိုယ်ခန္ဒာတွင် ၀တ်ဆင်လာသော အတွင်းအောက်ခံ ဘောင်းဘီအတွင်းမှ အလေးချိန်(၁၂)ဂရမ်ရှိ ဘိန်းဖြူဟုယူဆရ သော အဖြူရောင်အမှုံ့များကို၎င်း၊ ဆက်လက်၍ ရှာဖွေသိမ်းဆီးရရှိခဲ့ကြောင်း ခမ်းပတ်နယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ် ဦးက ပြောသည်။
ထို့ကြောင့် မူးယစ်လှုပ်ရှားအဖွဲ့က အောက်ခံဘောင်းဘီအတွင်း ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုံ့များ သယ်ဆောင်သူများနှင့် ကွန်ဒုံးဖြင့်ထုပ်ပိုးထားသည့် ဘိန်းဖြူများ အမျိုးသမီးတန်ဆာအတွင်း ထည့်သွင်းသယ်ဆောင် လာသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ခမ်းပတ်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက မူး ယစ်(ပ) ၉/၂၀၁၄၊ ၁၀/၂၀၁၄၊ ၁၁/၂၀၁၄ မူးယစ်ပုဒ်မ ၁၅/ ၁၉(က)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

ကျောင်းပြီးချင်း အလုပ်ရစေတဲ့ အမေရိကန်က Sarah E. Goode ကျောင်း


TIME မဂ္ဂဇင်းမှာ ဖော်ပြလို့ အမေရိကန်ရှိ Sarah E. Goode လို့ အမည်ရတဲ့ အကယ်ဒမီဟာ ကမ္ဘာကျော် လူသိများလာ ပါတယ်။ STEM အမျိုး အစား အောက် ကနေ ဖြစ်ပေမယ့် ထူးခြားချက်က နှစ်နှစ်ပိုလာခြင်း ဖြစ် ပါတယ်။

Science, technology, engineering နဲ့ math ကို ကိုယ်စားပြုတဲ့ ကျောင်း ပုံစံဟာ ၂၀၁၂ ခုနှစ်လောက်ကတည်းက နေ အနောက်နိုင်ငံမှာ ရေပန်း စားလာ တာ ဖြစ်ပါတယ်။ သို့ပေမယ့် အတော်လေး နည်းနေသေးပြီ အမေရိကန် မှာတောင် စတင် အကောင်အထည် ဖော်တုန်း ရှိပါသေးတယ်။ IBM လို အိုင်တီ ကုမ္မဏီကြီးက ဦးစီးလို့ စတင် အကောင်အထည်ဖော် တည်ထောင် ပေးလိုက်တဲ့ ကျောင်း က Sarah E. Goode လို့ အမည်ရပြီး နယူးယောက်မြို့၊ ဘရူကလင် မှာ ရှိပါတယ်။ သာမန် အထက်တန်းကော လိပ် ကျောင်းက လေးနှစ် ကြာပေမယ့် သူ့ကျောင်းက ၆ နှစ် ကြာပါတယ်။ သို့ပေမယ့် ကျောင်းပြီးပြီး ချင်း IBM ကုမ္မဏီမှာ လစာ ကောင်းကောင်းနဲ့ ချက်ချင်း အလုပ်ခန့်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

အသက် ၂၁ နှစ်မှာ အထက်တန်းကျောင်း ကောလိပ် ဘွဲ့ရပြီး လုပ်ငန်း လိုအပ်ချက်ကို အထူးသင်ကြားပေးထားတာ ကြောင့် ကန်ဒေါ်လာ ၄သောင်း အထက် ရှိတဲ့ IBM က အလုပ်တွေကို ရရှိမှ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် အခြားသော အိုင်တီ ကုမ္မဏီတွေမှာလည်း ရနိုင် ပါတယ်။ ဒီအတွက် Apple, Facebook, Google, Microsoft အပြင် အမေရိကန်က အကြီးဆုံးပါ ဆိုတဲ့ နည်းပညာ ကုမ္မဏီတွေရဲ့ သဘောတူညီလို့ ဖွင့်လှစ် ထားတဲ့ ကျောင်း ဖြစ်ပါတယ်။

အမေရိကန်မှာ အထက်ကျောင်း ကောလိပ် ဘွဲ့ရများ အလုပ်လက်မဲ့ ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ အတွက် STEM ကဲ့သို့ ကျောင်းများကို ဆက်လက် တိုးမြင့် ဖွင့်လှစ် သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Times
International news for Myanmar 

ဧပြီ ၁ ရက်ကစပြီး ၀န်ထမ်းလစာ ကျပ် ၂ သောင်း တပြေးညီတိုးမည်


လာမယ့် ဧပြီလ ၁ ရက်ကစပြီး အစိုးရ၀န်ထမ်းလစာတွေ ကျပ် ၂ သောင်းစီ တပြေးညီ တိုးပေးမယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၄ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လာရောက် ရှင်းလင်းတင်ပြရင်း လစာတိုးပေးမယ့်အကြောင်း ထည့်သွင်းပြောကြားခဲ့တာလို့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ GDP တိုးတက်မှု အခြေအနေ၊ စီးပွားရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်လာမှု အလားအလာ၊ ငွေဖောင်းပွမှု အခြေအနေ၊ နိုင်ငံတော်ရဲ့ ရငွေ သုံးငွေ ရရှိမှု သုံးစွဲမှု အခြေအနေ ပေါ်ပေါက်လာနိုင်သည့် အကျိုးသက်ရောက်မှုကို ချင့်ချိန်ပြီး နိုင်ငံတော်ရဲ့ တာဝန်များကို ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားများကို ခေတ်ကာလ အခြေအနေနှင့် လျော်ညီစွာ တိုးမြှင့်ရည်ရွယ်ထားရှိသည့်အတိုင်း ယခု ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၄ ခု ဧပြီလ ၁ ရက်နေ့မှ စပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားများကို ကျပ် ၂ သောင်းစီ တိုးမြှင့်ပေးရန်နဲ့ ပင်စာလစာနဲ့ ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်းရာထားကြောင်း တင်ပြအပ်ပါသည်ဟု အဲဒီအဖြေလွှာမှာ ဖော်ပြထားပါတယ်။”

လစာတိုးပေးမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတိုင်း အခြေခံစားကုန်ဈေးနှုန်းကအစ ဈေးတက်လာလေ့ရှိတာမို့ အစိုးရအနေနဲ့ ဒီကိစ္စ ဘယ်လို ဖြေရှင်းပေးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဘောဂဗေဒပညာရှင် ဦးလှမောင်ကို မေးမြန်းရာမှာ ၀န်ထမ်း လစာတိုးပေးတာမျိုးထက် တခြား နည်းလမ်း ရှာဖွေ လုပ်ဆောင်သင့်တယ်လို့ မှတ်ချက်ပေး ပြောပါတယ်။

“၀န်ထမ်းတွေ စားဝတ်နေရေးဖူလုံအောင်၊ လောက်အောင် ၀င်ငွေနဲ့ ထွက်ငွေ မျှအောင် အခြားနည်းလမ်းတွေ ရှာပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို နည်းလမ်းတွေ မရှာပဲနဲ့ ထစ်ခနဲဆို လစာတိုးပေး၊ တိုးပေးတဲ့ လစာက ဟိုငွေထဲကနေ ဖြည့်ထည့်၊ ဒီငွေထဲကနေ ဖြည့်ထည့် အခုလည်း လျှပ်စစ်ဓာတ်အားခတွေ တိုးလိုက်ပြီလေ။ အဲဒီလို လုပ်နေရင်တော့ လျှပ်စစ်ဓာတ်အားနဲ့ စွမ်းအင် လောင်စာဆီ စက်သုံးဆီတွေကို သွားပြီး တိုးမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အလားအလာက တော်တော့်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်တယ်။”
၂၀၁၃ ခုနှစ်တုန်းကလို အလားတူ ၀န်ထမ်းလစာ ကျပ် ၂ သောင်း တိုးပေးခဲ့ပြီး အခြေခံစားကုန်ဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ တိုးမြင့်ခဲ့တယ်လို့ သိရပါတယ်။

DVB Burmese

ဟားခါးမြို့နယ် လေယာဉ်ပျက်ကျသတင်း အာဏာပိုင်များ စုံစမ်းဆဲ


ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း လေယာဉ်တစီးပျက်ကျတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ပြည်နယ်တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းအတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
ဟားခါးမြို့နယ် ဟိုင်ဖိုင်ကျေးရွာအုပ်စု ကေဘောရွာအနီး မတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီက လေယာဉ်တစီး ပျက်ကျတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဒီအပေါ် ဟားခါးနဲ့ ဖလန်း ခရိုင် ရဲတပ်ဖွဲတွေ တောနင်းစုံစမ်းမှုလုပ်ပေမယ့် တစုံတရာ အတည်ပြုချက်မရသေးဘူးလို့ ချင်းပြည်နယ်ရဲတပ်ဖွဲ့က ရဲအုပ်သက်မိုးအောင်က ပြောပါတယ်။
“အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဟားခါး၊ ဖလန်း နှစ်မြို့နယ်က ဦးစီးအဖွဲ့တွေ တောနင်းပြီးတော့ စုံစမ်းနေပါတယ်။ လက်ရှိအထိတော့ သတင်းအတည်ပြုလို့မရသေးပါဘူး။

အရပ်သတင်းအရ ဟားခါးမြို့နယ် ဟိုင်ဖိုင်ကျေးရွာအုပ်စု ကေဘောရွာအနီးမှာ ဖြစ်တယ်လို့ ကြားပြီး ၁၉ ရက်နေ့ ညနေ ၆ နာရီလို့ ပြောပါတယ်။ ဒီသတင်း လောလောဆည်အတည်ပြုလို့ မရသေးပါဘူး။ ကျနော်တို့ အနီးစပ်ဆုံ ကလေးကို စုံစမ်းကြည့်ရာမှာ လတ်တလော လေယာဉ်ငယ်လေယာဉ်ကြီး ပျောက်တာ မရှိဘူးလို့ သိရပါတယ်။

လေယာဉ်ပျက်ကျတဲ့သတင်းနဲ့ပတ်သက်လို့ မြန်မာ့လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကိုမေးမြန်းရာမှာတော့ မြန်မာ့လေကြောင်းက လေယာဉ်မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့နဲ့တော့ မပတ်သက်ဘူး။ ကျနော်တို့ဆီက လေယာဉ်တော့မဟုတ်ဘူး။ ကျနော်တို့ဆီက အော်ပရေးရှင်းလုပ်နေတဲ့ လေယာဉ်တစီးမှ မပျက်ပါဘူး။”
မြန်မာ့လေကြောင်းထိန်းသိမ်းရေးဌာနကို မေးမြန်းကြည့်ရာမှာလည်း ဒီသတင်းနဲ့ ပတ်သက်လို့ မြန်မာဘက်က လေယာဉ်ပျက်ကျတာမရှိကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဲဒီသတင်းကို အင်တာနက်ပေါ်ကတော့ တွေ့တယ်။ ဒါပေမယ့် ကျနော်တို့ဆီက ဘာမှလည်း မကြားဘူး။ ဘယ်ကနေ ဘယ်လို သတင်းထွက်လဲတော့ မသိဘူး။ သူတို့ပြောတဲ့နေရာက နယ်စပ်ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ဆီကလေယာဉ်တော့ ဘာသံမှမကြားဘူး။ ဟိုဘက်နိုင်ငံက လေယာဉ်ဆိုရင်တော့ မပြောတတ်ဘူး။”

ဟားခါးမြို့နယ်တွင်း လေယာဉ်ပျက်တယ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်တဲ့အချိန်ဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 ကို မြန်မာလေကြောင်း ပိုက်နက်ထဲ ၀င်ရောက်ရှာဖွေဖို့ ခွင့်ပြုထားတဲ့အချိန်လည်း တိုက်ဆိုင်နေပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို မြန်မာ့လေကြောင်း ပိုင်နက်ထဲမှာ ဝင်ရောက် ရှာဖွေဖို့အတွက် မတ်လ ၁၁ ရက်နေ့ကစပြီး ၇ ရက်ကြာ ခွင့်ပြုထားကြောင်း၊ အခုအချိန်အထိ အိန္ဒိယ၊ အမေရိကန်နဲ့ မလေးရှား လေတပ်က လေယာဉ်တွေ လာရောက်ခဲ့တာ ရှိကြောင်း မြန်မာ့ လေကြောင်း ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းဆွေထွန်းက မီဒီယာတွေကို ပြောဆိုထားပါ တယ်။

DVB Burmese

လမ်းဘေးသစ်ပင် ၀င်တိုက်မိသည့်ကား ယာဉ်မောင်းသူသေဆုံး


သတင်း၊+ ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ မတ် ၂၁
မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ညောင်ကိုင်းတံတားမြောက်ဘက်၊ မိဘမေတ္တာ ပရိဘောဂဆိုင်အနီးရှိ လမ်းဘေးသစ်ပင်အား မြောက်မှတောင်သို့ မောင်းနင်းလာသည့်ကားတစ်င်္စီးမှ ယခုလ ၂၁ ရက်နေ့ မနက် ၂ နာရီခွဲအ ချိန်က တိုက်မိသဖြင့် ယာဉ်မောင်းသူသေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ အမှတ်(၁၄) ယာဥိထိန်းရဲတပ်ဖွဲ့၊ မုံရွာဒုတပ်ဖွဲ့ခွဲရုံးမှ တာဝန်မှူး ဒုရဲအုပ် မိုးဝင်းထက်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူယာဉ်မောင်းသည် မုံရွာမြို့၊ နန္ဒ၀န်ရပ်ကွက်၊ ကျွန်းရွှေဝါ လမ်းရှိ 81 စားသောက်ဆိုင် ပိုင်ရှင် ကိုသန့်ဇင်ဝင်း အသက်(၃၈)ဆိုသူဖြစ်ပြီး မောင်းနင်လာသည့်ယာဉ်မှာ ကိုရိုလာဘင်အမျိုးအစား အဖြူရောင် ယာဉ်အမှတ် ၂ဂ/၅၀… ဖြစ်ကြောင်း ၎င်းတို့၏ စစ်ဆေးပေါ်ချက်များအရ သိ ရသည်။
ထို့ကြောင့် အဆိုပါ ယာဉ်တိုက်မှုအား မုံရွာမြို့မရဲစခန်းက ယာဉ်(ပ)၄၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

ဓားဖြင့် ရက်စက်စွာ ခုတ်ပိုင်းသတ်ဖြတ်ခံခဲ့ရသည့် ရန်ကင်းလူသတ်မှု တစ်ဘက်သတ် ခံရခြင်းဖြစ်ဟုသိရ


ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် မေတ္တာရိပ်သာ
လမ်းပေါ်တွင် မတ်လ ၁၅ ရက်နေ့ညကဓားဖြင့် ရက်စက်စွာမသေ
မချင်းခုတ်သတ်ခံခဲ့ရသည့် ကိုမင်းမင်းဦးမှာ ပြစ်မှုကျုးလွန်ခဲ့သူတရားခံ နှင့်ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိဘဲ မတရား ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရှိရသည်။

အခင်းဖြစ်ပွားခဲ့သည့်နေ့က ဓားဖြင့် ခုတ်သတ်ခံခဲ့ရသူ ကိုမင်းမင်းဦးမှာအလုပ်မှ အပြန် ၀ါးတံတားလမ်းတွင် နေထိုင်သည့် အကိုဖြစ်သူအိမ်သို့ ထမင်းတောင်းစားရန် သွားရာ မရှိသဖြင့်ပြန်ထွက်လာစဉ် အရက်မူးယစ်သောက်စားထားသူကို ချစ်ပိုနှင့် ပခုံးချင်းတိုက်မိပြီး အချင်းများရာမှ ယခုကဲ့သို့ ဓားဖြင့်ခုတ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

''အဒေါ့်သားမက်ဆိုပေမယ့် သား တစ်ယောက်လိုပါပဲ။ သူကသစ်စက်မှာ လည်းလုပ်တယ်။ ကြုံရာကျပန်းလည်းလုပ် တယ်။ ရပ်ကွက်ထဲမှာ အလှူတို့ဘာတို့ ရှိလို့ခေါ်ခိုင်းရင်လည်း လုပ်တယ်။ ငွေ တစ်ရာလောက်ပေးရင်တောင်မှ မြောင်းဖော် ပေးတာ။

ရိုးရိုးအေးအေးနေတဲ့သူပါ။ ရပ်ကွက်ထဲ မေးကြည့်လို့ရပါတယ်။ အဒေါ်တို့က ဈေးရောင်းစားပါတယ်။ အခုသတ်တဲ့ တရားခံနဲ့လည်း ဘာရန်ငြိုးရန်စမှမရှိ ပါဘူး။ မိန်းမနဲ့ကလေးသုံးယောက်ကျန်ခဲ့ ပါတယ်။ တရားနဲ့ပဲဖြေပါလို့ သမီးကိုပြော ထားရတယ်''ဟု အသတ်ခံခဲ့ရသည့် ကိုမင်းမင်းဦး၏ မိသားစုဝင်တစ်ဦးက မတ်လ ၂၀ ရက်က News Watch သို့ ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့်ညက ကိုမင်းမင်းဦးမှာ ထိုင်ကန်တော့၍တောင်းပန်စဉ် တရားခံက ဦးခေါင်းကို အရက်ပုလင်းဖြင့်ရိုက်ခွဲကာ ပုလင်းကွဲဖြင့် ရင်ဘတ်ကို ထိုးခွဲပြီး လဲကျသွားသည့်အခါ တရွတ် တိုက်ဆွဲခေါ်သွားကြောင်း ပြီးမှနေအိမ်သို့ ပြန်ဓားယူပြီး မသေမချင်းခုတ်သတ်ခဲ့သဖြင့် အပိုင်းပိုင်းပြတ်ရှဒဏ်ရာများအပါအ၀င် ဦးခေါင်းပြတ်လုနီးပါးဖြစ်ကာပွဲချင်းပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ရန်ကင်း မြို့မစခန်းမှူး ဒုရဲမှူးဇော်ဇော်အား မတ်လ ၂၀ ရက်က ဆက်သွယ်မေးမြန်းရာ ''ကျွန်တော့လက်ထက်မှာတော့ အသတ်ခံရတဲ့ကောင်လေးက မူးယစ်ရမ်း ကားလို့ဆိုပြီး စခန်းမှာ ခံဝန်ထိုးရတာမျိုးတော့ မရှိဘူး။ သတ်တဲ့တရားခံကတော့ အဲဒီလိုမှတ်တမ်းမျိုးရှိတယ်။

လက်နက်ကိုင်ဆောင်မှုပုဒ်မ ၁၉(င) နဲ့ထောင်ကျခဲ့ ဖူးတယ်။ အရင်တုန်းကလည်း လူသတ်မှုနဲ့ ထောင်ကျခဲ့ဖူးတယ်လို့ ပြောတယ်။ ကျွန်တော့်လက်ထက်မှာတော့ မဟုတ်ဘူး။ အဲဒီညက နှစ်ယောက်စလုံးအရက်သောက် ထားတယ်။ တရားခံကတော့ ရှင်းတယ်ဗျာ။ သူကပုလင်းထောင်ပြီး သောက်နေတာဆိုတော့။

အသတ်ခံရတဲ့ကောင်လေးကတော့ ပတ်ဝန်းကျင်ကပြောတာ သူလည်းမူးနေ တယ်လို့။ အဓိက ကတော့အရက်ပေါ့''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံဖြစ်သူ ရန်ကင်း ၁၂ ရပ်ကွက်နေ ဦးမျိုးခင် (မုန်းခက်)က ''ဒီသတ်တဲ့ ကောင်လေးက ရပ်ကွက်ထဲမှာ အမြဲလိုလို မူးယစ်ရမ်းကား တတ်တယ်။ အရင်လည်း လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ထောင် ကျဖူးတယ်။

အသတ်ခံရတဲ့ကလေးက တကယ့်ကိုကြောက်တတ်တဲ့ ကောင်လေးပါ။ အဲဒီညက ကျွန်တော်ခရီးသွားနေလို့ မသိ လိုက်တာ။ သိရင် အဖြစ်မခံဘူး။ ၀ိုင်းတား ရမှာပေါ့။ အုပ်ချုပ်ရေးပိုင်းရဲ့ အားနည်းချက်ကြောင့် အခုလိုဆိုးဆိုးရွားရွားအထိ ဖြစ်ခဲ့တာလို့ မြင်တယ်'' ဟု ပြောကြားသည်။

ရက်စက်စွာ သတ်ဖြတ်ခံရသူ ကိုမင်းမင်းဦး၏ ရက်လည်ဆွမ်းသွတ်ပွဲကို ယနေ့(မတ် ၂၁ ရက်) ပြုလုပ်မည်ဖြစ်ပြီး ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ အပါအ၀င် ဆရာတော်ကြီး ၅ပါး ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

မှတ်ချက် - ဓါတ်ပုံအား မိသားစုဝင်များ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့


စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုးတစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

၂၁.၃.၂၀၁၄ ရက်ေ မနက် ၉ နာရီ ၁၀ မိနစ်အချိန်က တောင်ငူမြို့ ၁၈ ရပ်ကွက် ရန်ကုန် မန္တလေးကားလမ်းမ အနောက်ဘက်ခြမ်းရှိ ရွက်သစ်ဝေေ၀ စားသောက်ဆိုင်ရှေ့မှာ စားပွဲထိုးဖြစ်သူကိုမျိုး ခေါ် မျိုးမင်းလှိုင် (၂၁ နှစ်)ဟာ စုဆောင်းအပ်နှံထားတဲ့ငွေကို ဆိုင်ရှင်ထံက ပြန်လည် ထုတ်ယူရန် ပြောဆိုတဲ့ကိစ္စ အဆင်မပြေမှုနှင့် ပတ်သက်ကာ ဆိုင်ရှေ့ရှိမြေကွက်လပ်မှာ အိပ်ရာအခင်းကိုခင်းထိုင်ပြီး ဓာတ်ဆီ ၁ လီတာ သူ့ကိုယ်ပေါ်ကိုလောင်းချ မီးရှို့ခဲ့လို့ အနီးပတ်ဝန်းကျင်ရှိ လူတွေက ၀ိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရပါတယ်။

မီးလောင်မှုကြောင့် ကိုမျိုးမှာ တကိုယ်လုံး အရေပြားမီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၉ နာရီခွဲအချိန်မှာ တောင်ငူဆေးရုံကို တင်ပို့ကုသထားပါတယ်။ အခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့မရဲစခန်းက (ပ)၈၅/၂၀၁၄ ပုဒ်မ ၃၀၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
DVB TV News

ခြင်္သေ့ သွေးပါသော အိမ်စောင့်ခွေး တစ်ကောင်အား အမေရိကန် ဒေါ်လာ နှစ်သန်း နီးပါးဖြင့် တရုတ်တွင် ရောင်းချ


ကျဲကျန်း မတ် ၂၁

ခြင်္သေ့သွေး ရောသည့် တိဗက်အိမ်စောင့် ခွေးတစ်ကောင်ကို အမေရိကန် ဒေါ်လာ နှစ်သန်း နီးပါးဖြင့် တရုတ် နိုင်ငံတွင် ရောင်းချ ခဲ့ပြီးနောက် အဆိုပါ ခွေးသည် ရောင်းခဲ့ရသမျှ ခွေးများ အနက်တွင် ဈေးအကြီးဆုံး ဖြစ်နိုင်ဖွယ် ရှိကြောင်း တရုတ် သတင်းဌာန တစ်ခုက မတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရွှေရောင် အမွေးများ ရှိသော တစ်နှစ်သား အရွယ် အဆိုပါ ခွေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ် အတွင်းရှိ အိမ်မွေး တိရစ္ဆာန်များ ပြပွဲ တစ်ခုတွင် မတ် ၁၈ ရက်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ သန်းဖြင့် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု Qianjionsg Evening News သတင်းဌာနမှ ပြောကြားသည်။

တိဗက် အမျိုးအစား ခွေးများတွင် တောဘုရင် ခြင်္သေ့၏ ရဲရင့်သော သွေးများ ပါရှိခြင်းကြောင့် ၎င်းခွေး အမျိုးအစားသည် အိမ်စောင့် ခွေးများတွင် ထိပ်တန်း အဆင့်ရှိ ခွေးအမျိုးအစား ဖြစ်ကြောင်း၊ တိဗက်အိမ်စောင့် ခွေးများမှာ အလွန် ရှားပါးခြင်းကြောင့် ၎င်းတို့၏ ဈေးနှုန်းမှာလည်း အလွန် မြင့်မားရခြင်း ဖြစ်ကြောင်း ကျန်က ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ

တွံတေး တူးမြောင်းဝ၌ မီးပြကျောက်တိုင်နှင့် ငါးဖမ်းစက်လှေ ရွက်တိုင် ငြိမိရာမှ စက်လှေ တိမ်းမှောက်


ရန်ကုန်၊ မတ် ၂၀

ရန်ကုန်မြစ်မှ တွံတေး တူးမြောင်းဝရှိ လွန်းကျင်းတစ်ခုတွင် ဒေါက်တင်ရန် စက်လှေ တစ်စီးဖြင့် ဆွဲလာသော ငါးဖမ်းစက်လှေ တစ်စီးမှာ မတ်လ ၂၀ ရက် နံနက် ၅ နာရီခန့်က တွံတေး တူးမြောင်းဝ မီးပြကျောက်တိုင်နှင့် စက်လှေ၏ ရွက်တိုင် ငြိမိရာမှ ငါးဖမ်းစက်လှေ တိမ်းမှောက် နစ်မြုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်ချောင်း၊ ဟိုင်လုံ ဆိပ်ကမ်းရှိ အဏ္ဏဝါ ဆိပ်ခံတံတားမှ ထာဝရမြတ်အောင် (၇) ငါးဖမ်းစက်လှေကို တွံတေး တူးမြောင်းဝရှိ ထွန်းသော်တာ လွန်းကျင်းတွင် ဒေါက်တင်ရန် အခြားစက်လှေ တစ်စီးဖြင့် ဆွဲလာစဉ် တွံတေး တူးမြောင်းဝ မီးပြကျောက်တိုင်နှင့် ယင်းဒေါက်တင်ရန် ဆွဲလာသော ငါးဖမ်းစက်လှေ၏ ရွက်တိုင်ငြိကာ ရွက်တိုင်ကျိုးရာမှ စက်လှေ တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိပ်ကမ်းမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

“မနက်ပိုင်း မြစ်ထဲမှာ မြူတွေ ဆိုင်းနေတော့ မီးပြကျောက်တိုင်ကို အနီးကပ်မှ မြင်ရတော့ ကွေ့ရှောင်ခဲ့တာ ရှေ့က မောင်းတဲ့ စက်လှေက လွတ်သွားပေမယ့် နောက်က ဆွဲလာတဲ့ စက်လှေ ရွက်ဖျင်နဲ့ ကျောက်တိုင်ငြိပြီး စက်လှေ နစ်မြုပ်ခဲ့တာ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ မီးပြကျောက်တိုင်နှင့် ရွက်တိုင်ငြိပြီး တိမ်းမှောက်ခဲ့သော အလျား ၉၅ ပေ၊ အနံ ၂၃ ပေ၊ ရေစူး ၁၃ ပေရှိ ထာဝရမြတ်အောင် (၇) ငါးဖမ်းစက်လှေကို နံနက် ၁၁ နာရီခန့်က ပြန်လည် ဆယ်ယူခဲ့ကြောင်း၊ အဆိုပါ စက်လှေ နစ်မြုပ်မှုကို အမှုဖွင့်သွားမည် ဖြစ်ကြောင်း ဆိပ်ကမ်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် အရက်၊ ဘီယာရောင်းချသည့်ဆိုင် ၄၁ ဆိုင်ကို အရေးယူ


မန္တလေး၊ မတ် ၂၀

မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ်များအလိုက် ဖြေဆိုပြီးသည့် နောက်ဆုံး ရက်များဖြစ်သော မတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့အတွင်း အရက်၊ ဘီယာ ရောင်းချရန် တားမြစ်ထားရာ မတ်လ ၁၉ ရက် ညပိုင်းအချိန်တွင် အဆိုပါ အရက်၊ ဘီယာရောင်းချသည့် ဆိုင် ၄၁ ဆိုင်ကို ယစ်မျိုးဥပဒေအရ အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

တားမြစ်ထားသည့်နေ့တွင် ရောင်းချသည့် အရောင်းဆိုင် ၄၁ ဆိုင်ကို ယစ်မျိုး ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အရေးယူထားရာ အဆိုပါ ပုဒ်မအရ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ငွေဒဏ် တစ်ထောင်ကျပ် ချမှတ်ခံရမည် ဖြစ်ပြီး ငွေဒဏ် မဆောင်ပါက ထောင်ဒဏ်တစ်လ ကျခံရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ နောက်ဆုံးနေ့ ညပိုင်းတွင် စားသောက်ဆိုင်များ အရက်၊ ဘီယာရောင်းချခွင့် မပြုခဲ့သည့်အတွက် နယ်မြေရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဖြင့် ဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်ကြီးများနှင့် စတိုးဆိုင် အချို့တွင် အရက်၊ ဘီယာများ ရောင်းချနေသဖြင့် ယင်းဆိုင်များကို ဖမ်းဆီး အရေးယူခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုဖမ်းဆီးရမိတဲ့အထဲမှာ ဘီယာရောင်းတဲ့ ဆိုင်သေးတွေလည်း ပါတယ်၊ စတိုးဆိုင်တွေလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်ရှိ စင်ကာပူ စားဆောက်ဆိုင်သို့ နယ်မြေရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် စစ်ဆေးရာ မြန်မာနိုင်ငံတွင် ချက်လုပ်သော ဘီယာများကို ဆိုင်ဖွင့်လှစ်၍ လက်လီ လက်ကားရောင်းချခွင့် လိုင်စင်မရှိဘဲ အနီရောင် တံဆိပ်ကပ်လျက် SPY WINE ပုလင်းနှင့် ဝိုင် ၁၄ ပုလင်းတို့ကို ရောင်းချနေကြောင်း တွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းပြီး ချမ်းအေးသာစံ မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၂၁၉/၂၀၁၄၊ ယစ်မျိုး ၃၀(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

“အဲဒီနေ့ညက ကျွန်တော်တို့ လုံးဝ တပ်ပျက်တဲ့နေ့ပဲ။ ဘယ်ပြေးလို့ ပြေးရမှန်းကို မသိဘူး။ တစ်မြို့လုံး လိုက်ရှာတာ ဆိုင်တွေ အကုန်ပိတ်တယ်၊ အဲ့ဒါနဲ့ စတိုးဆိုင်ကိုပဲ သွားဝယ်ရတယ်။ ဘီယာဆိုင်တွေမှာကျတော့ အရက်၊ ဘီယာ မရောင်းဘဲ အကင်ရောင်းတယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် နေ့စဉ် အရက်၊ ဘီယာ သောက်သုံးသူ ဦးစည်သူက ဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန် ကာလအတွင်း ကျောင်းသားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေရန်နှင့် မှုခင်းမဖြစ်စေရန် ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကေတီဗီများ၊ စင်တင် တေးဂီတများနှင့်အတူ အရက်၊ ဘီယာဆိုင်များပါ ပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရက် ဘီယာဆိုင်တွေကို ၁၉၊ ၂၀၊ ၂၁ ရက်တွေ ပိတ်ရမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့ကလည်း မဖွင့်ဘူး။ တချို့ဆိုင်တွေက အထဲမှာတော့ ရောင်းပေးတာတွေ ရှိတယ်” ဟု အောင်မြေသာစံမြို့နယ်ရှိ BEER GARDEN အရက်ဘီယာ အရောင်းဆိုင် တာဝန်ခံက ဆိုသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုသည့် မတ်လ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အတွင်းတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကေတီဗီများ၊ စင်တင်တေးဂီတများ ပိတ်သိမ်းထားရမည် ဖြစ်ပြီး အရက်၊ ဘီယာဆိုင်များသည် စာမေးပွဲနောက်ဆုံး ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ပိတ်သိမ်းထားရန် အရောင်းဆိုင်များသို့ သတိပေးစာ ပေးခဲ့ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါနေ့တွင် မှုခင်းကြိုတင် ကာကွယ်ရန်အတွက် ပြည့်တန်ဆာ ဖမ်းဆီးမှုလေးမှု၊ ပြစ်မှုကျူးလွန်ခဲ့သည်ဟု သင်္ကာမကင်းဖြစ်မှု ကျင့် ၅၄ (၄)မှု တစ်မှု၊ ရဲအက် ၅၆ မှု၊ အသက် အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်ကိုင်ဆောင်မှု တစ်မှုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ သိရသည်။

The Voice Weekly

HIV ပိုးရှိ ရှင်သန်သူများအတွက် သင်္ကြန်ပွဲတော် မန္တလေးတွင် ပြုလုပ်မည်


မန္တလေး၊ မတ် ၂၀

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ HIV ပိုးရှိ ရှင်သန်သူများ စုပေါင်း၍ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့တွင် မန္တလေးဆေးရုံကြီး အမျိုးသားခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်းသိရှိရသည်။

HIV ပိုးရှိ ရှင်သန်သူများ၏ တစ်နှစ်တာ ပင်ပန်း နွမ်းနယ်မှုများကို ပြေပျောက်စေရန်နှင့် နှစ်သစ်မင်္ဂလာသို့ စိတ်သစ်လူသစ်ဖြင့် ကျန်းမာရွှင်လန်းစေရန် ရည်ရွယ်ချက်ဖြင့် INGO၊ NGO အဖွဲ့အစည်းများ၊ ရောဂါပိုးရှိ ရှင်သန်သူများ၊ ၎င်းတို့၏ မိသားစုဝင်များဖြင့် သင်္ကြန် အကြိုပွဲတော် ပြုလုပ်ခြင်း ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အစီအစဉ်လေးကတော့ HIV ပိုး ရှိရှင်သန်သူတွေအားလုံး စည်းလုံးညီညွတ်မှု ရှိစေဖို့နဲ့ သူတို့ရဲ့တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်ဖို့အတွက် လုပ်ပေးတာပါ။ အကနဲ့ ဖျော်ဖြေပေးမယ်။ တစ်မြို့နယ်ကို အယောက် ၂၀ လောက် လာကြမယ်” ဟု ၎င်းကထပ်မံဆိုသည်။

ပိုးရှိရှင်သန်သူများ သင်္ကြန်အကြိုပွဲကို ၂၀၀၆ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ် INGO၊ NGO အဖွဲ့အစည်းများနှင့်အတူ လူဦးရေ ၃၀၀ ဦးကျော် လာရောက်ကြကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

“ဒီလိုအစီအစဉ်လေး လုပ်ပေးတာ ကောင်းပါတယ်။ တချို့ပိုးရှိ ရှင်သန်သူတွေဆိုရင် မသိကြဘူး။ ကိုယ့်မှာ ပိုးရှိတယ်ဆိုပြီး ဒီစိတ်ကြီးနဲ့ စိတ်ဓာတ်ကျနေတယ်။ ဒီလိုလေး လုပ်ပေးတော့ ပိုးရှိရှင်သန်သူတွေ အချင်းချင်း တိုင်ပင်မယ်။ ဘယ်လို ပျော်ရွှင်မှုတွေ ရရှိတယ်ဆိုတာ အများကြီး သိလာနိုင်ပါတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ART ဆေးသောက် သုံးနေသည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

လာမည့် မန္တလေးသင်္ကြန်တွင် မန္တလေးတိုင်းဒေသကြီး ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနက ပါဝင်ဆင်နွှဲမည့် လူငယ်လူရွယ်များနှင့် လူလတ်ပိုင်းများအတွက် အမျိုးသား ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေးနှင့် မိတ်ဖက်အဖွဲ့တို့ ပူးပေါင်းကာ ကွန်ဒုံးတစ်သိန်းခန့် ဝေငှသွားမည် ဖြစ်သည်။

The Voice Weekly 

တိုက်ကြီးမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများကို မိဘပြည်သူများမှ တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ အမြန်ဆုံးသတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း


ရန်ကုန်၊ မတ် ၂၀

၁၉.၃.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဆင်ကူး
ကျေးရွာနေ ဦးအေးကိုနှင့်တစ်ရွာတည်းနေ အေးသွင်တို့ ခြံမြေကိစ္စဖြင့် စကားများရန်ဖြစ်နေစဉ် အေးသွင်နှင့်အတူပါလာသူ ဘိုဘို(ခ)
သိန်းစိုးဝင်း(စုံစမ်းဆဲ)မှ အသင့်ပါလာသောဓါးဖြင့် ဦးအေးကိုအား
ထိုးခဲ့၍ ယာလက်ပြင်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ၀ဲလက်မောင်းပြတ်ရှ ဒဏ်ရာ(၁)ချက်တို့ရရှိပြီး သေဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အေးသွင်နှင့် ဘိုဘို(ခ)သိန်းစိုးဝင်းတို့အား အရေးယူပေးရန် သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးမောင်မောင်လွင်မှ တိုင်တန်းခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်း(ပ)၉၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများဖြစ်သော အေးသွင်၊ (၄၃)နှစ်၊ လယ်လုပ်၊ ဗမာ/ဗုဒ္ဓ၊ ၁၂/တကန(နိုင်)၀၉၅၁၉၂၊ (ဘ)ဦးပေါက်စ၊ ဆင်ကူးကျေးရွာ၊
တိုက်ကြီးမြို့နယ်နေသူနှင့် ဘိုဘို(ခ) သိန်းစိုးဝင်း၊ (၃၅)နှစ်၊ လယ်လုပ်၊ ဗမာ/ဗုဒ္ဓ၊ ၁၂/တကန(နိုင်)၁၁၃၆၈၀၊(ဘ)ဦးကျင်မောင်၊ဆင်ကူးကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူတို့(၂)ဦးမှာ အခင်းဖြစ်ပွားပြီးထွက်ပြေးတိမ်းရှောင်
နေသဖြင့် ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှဆောင်ရွက်လျက်ရှိပါသည်။

၎င်းတို့(၂)ဦးအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်သူများ
အနေဖြင့်လည်း ၎င်းတို့နှင့်ပတ်သက်သည့် သတင်းများရရှိပါက
အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီသတင်းပေးနိုင်ပါရန်
မေတ္တာရပ်ခံအပ်ပါသည်။

ဖုန်းနံပါတ်-
- ၀၁ ၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
- ၀၉ ၅၂၄၀၁၂၂ (ရဲမှူး-ဦးစီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
- ၀၉ ၈၆၀၂၃၆၃ (ရဲမှူး-မှုခင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)
- ၀၁ ၆၄၅၈၂၃ (မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)
- ၀၅၅ ၂၀၀၁၀ (တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)
- ၀၅၅ ၂၀၀၀၃ (တိုက်ကြီးမြို့မရဲစခန်း)

Yangon Police

အရက်သေစာသောက်စားမူးယစ်ပြီး မိဘများအားရန်ပြုခဲ့သည့်သားကို အရေးယူပေးပါရန် မိခင်ဖြစ်သူမှတိုင်တန်း


ရန်ကုန်၊ မတ် ၂၁

၁၈.၃.၂၀၁၄ ရက်နေ့ ၂၀၁၀ အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ
ဒေါ်အေးရွှေ၊ (၅၆)နှစ်သည် နေအိမ်တွင်ထမင်းချက်နေစဉ် သားဖြစ်သူ ကြည်မင်းဟန်၊ (၂၆)နှစ်မှာ အရက်သေစာသောက်စားပြီး စက်ဘီးဖြင့်
နေအိမ်သို့ရောက်ရှိလာခဲ့ကြောင်း၊ စက်ဘီးအား နေအိမ်ပေါ်တွင်
ထောင်ထားရာမှ လဲကျသွားသည်ကိုအကြောင်းပြု၍ အော်ဟစ်ရမ်းကား
ခဲ့ပြီး ထမင်းစားမည်ပြောသဖြင့် ထမင်းခူးပေးစဉ် ဟင်းမကောင်းကြောင်း
ပြောဆိုကာ ထမင်းပန်းကန်အားရိုက်ခွဲခဲ့ကြောင်း၊ ထိုသို့ပြုလုပ်သည်ကို ဖခင်ဖြစ်သူ ဦးမောင်ကြီး၊ (၆၁)နှစ်မှ ၀င်ရောက်ဟန့်တားခဲ့သဖြင့် ဖခင်ဖြစ်သူကို လုံးထွေးသတ်ပုတ်ခဲ့ကြောင်း၊ ထိုသို့သတ်ပုတ်နေသဖြင့် ၀င်ရောက်ဖျန်ဖြေပေးစဉ် သားဖြစ်သူမှ မီးဖိုချောင်တံခါးအနီးတွင် ချိတ်ထားသော အိမ်သုံးကတ်ကြေးဖြင့်ထိုးခဲ့၍ ၎င်းတွင်ဝဲဘက်နားနောက် ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိခဲ့သောကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း၊အခင်းဖြစ်ပွား
စဉ်က နေအိမ်တွင်အသုံးပြုသော ကြည့်မှန်နှင့် အိမ်ထရန်တို့ကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့သဖြင့် တန်ဖိုးငွေကျပ်(၁၄၀၀၀)ခန့် ပျက်စီးဆုံးရှုံး
ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ကျူးလွန် ခဲ့သည့် သားဖြစ်သူအား အရေးယူ
ပေးပါရန် ၂၀.၃.၂၀၁၄ ရက်နေ့တွင် လာရောက်တိုင်တန်းချက်အရ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း(ပ)၉၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆/၄၂၇ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ ကြည်မင်းဟန်ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မွန်ဘိုင်းသတင်းထောက်ကို အဓမ္မပြုကျင့်သူ ၄ ဦး အပြစ်ရှိကြောင်း တရားရုံး ဆုံးဖြတ်

အဓမ္မပြုကျင့်သူများကို ရုံးထုတ်လာစဉ်။ (မတ်လ ၂၀၊ ၂၀၁၄)

နားဆင်ရန်

ပြီးခဲ့တဲ့နှစ်က မွန်ဘိုင်းမြို့မှာ တာဝန်နဲ့ သတင်းယူနေတဲ့ ဓာတ်ပုံသတင်းထောက် တဦးကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့သူ လေးဦးကို မွန်ဘိုင်းမြို့ တရားရုံးတခုက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အသက် ၂၂ နှစ်အရွယ် သတင်းထောက်အမျိုးသမီးကို ၀ိုင်းဝန်း အဓမ္မ ပြုကျင့်မှုနဲ့ အမျိုးသားလေးဦးကို အပြစ်ရှိကြောင်း တရားရုံးက ဒီကနေ့ အမိန့်ချလိုက်တာပါ။

စွန့်ပစ်ထားတဲ့ စက်ရုံတခုကို အမျိုးသား အဖော်တဦးနဲ့အတူ သတင်း ဓာတ်ပုံရိုက်ယူနေတုန်းမှာ ဒီအမျိုးသမီး အဓမ္မပြုကျင့် ခံခဲ့ရတာပါ။ ဒီအုပ်စုဖွဲ့ ပြုကျင့်မှုမှာ ပါဝင်တဲ့ ငါးယောက်မြောက် နောက်တဦးကတော့ ဆယ်ကျော်သက်တဦးဖြစ်တဲ့အတွက် သူ့ကို လူငယ်တရားရုံးမှာ သီးခြား စစ်ဆေးနေပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦး နယူးဒေလီမြို့က ဘက်စ်ကားပေါ်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတဲ့ဖြစ်ရပ် ဖြစ်ခဲ့ချိန်ကစလို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ပိုမို အာရုံစိုက် ခံခဲ့ရပါတယ်။

ဒီလို အဓမ္မပြုကျင့် တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေလည်း နိုင်ငံတ၀ှမ်း ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတွေကို နှောက်ယှက်စော်ကား တဲ့ အမျိုးသားတွေကို အရင်ထက်ပိုပြီး တင်းတင်းကျပ်ကျပ် အရေးယူ အပြစ်မပေးမှုတွေလည်း ရှိလာခဲ့တာပါ။ ဒီကနေ့ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံရသူ လေးဦးအနေနဲ့ ထောင်ဒဏ်တသက် ချမှတ်ခံရဖွယ် ရှိပြီး မနက်ဖြန် သောကြာနေ့မှာ သူတို့ကို ပြစ်ဒဏ် စီရင်မှာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)



ငြိမ်းချမ်းစွာ လှည့်လည်ခွင့် ပခုက္ကူမှာ ပယ်ချခံရ


မကွေးတိုင်း ပခုက္ကူမြို့မှာ ဒေသခံတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားချက်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ပယ်ချလိုက်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြဖို့ ဥပဒေနဲ့အညီ လျှောက်လွှာတင်ခဲ့တာဖြစ်ပေမဲ့၊ အကြောင်းပြချက် ၄ ရပ်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး က ငြင်းပယ်လိုက်တာဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ အကြောင်းပြန်စာမှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်လျှောက်လွှာကို ဒီနေ့ ထပ်တင်မယ်လို့ ဆန္ဒပြခွင့် ဦးဆောင်လျှောက်ထားခဲ့တဲ့ ဦးသန်းနိုင်က အခုလိုပြောပါတယ်။

"အခြေခံဥပဒေ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ အဓိကထားပြီးတော့ပေါ့လေ ၅၉(ဃ)နဲ့ ၅၉(စ) ကိစ္စလေးလည်း ပါပါတယ် ခင်ဗျ၊ နောက်ကျနော်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဖော်ဆောင်ပေးဖို့အတွက်လည်း ကျနော်တို့ အစီအစဉ်ထဲမှာပါတယ်၊ နောက်တခါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုပြီးတော့ တစ်ခု၊ နောက်တစ်ခါ ကျနော်တို့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ လျော်ညီသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုပြီးတော့လည်း တစ်ခု၊ စုစုပေါင်း ကြွေးကြော်သံသဘော ၆ ခုနဲ့ တင်ခဲ့တာပါခင်ဗျ၊ မနေ့ကညနေ ၅ နာရီဝန်းကျင်မှာ ကျနော့်ဆီကို ငြင်းပယ်တဲ့စာ ရောက်ပါတယ်ခင်ဗျ၊ ဒီနေ့လည်းနောက်ထပ် လျှောက်လွှာတစ်စောင် ထပ်တင်ပါမယ်ခင်ဗျ"

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အတွက် ပြဌာန်းထားတဲ့ ဥပဒေပုဒ်မ ၁၈ ကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ပြည်သူ့လွှတ်တော်က ပြင်ဆင်အတည်ပြုခဲ့ပါတယ်။ ပြင်ဆင်ချက်အရ ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းရင် သက်ဆိုင်ရာက ခွင့်ပြုရမှာဖြစ်ပေမဲ့၊ အဲ့ဒီပြင်ဆင်ထားတဲ့ ဥပဒေကို သမ္မတက လက်မှတ်မထိုးသေးလို့ အတည်မဖြစ်သေးတဲ့အတွက် အခက်အခဲတွေ ဖြစ်ရတဲ့အကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ပြင်လိုက်တဲ့မူတွေဟာ အသက်မဝင်သေးလို့ပါ၊ သမ္မတ လက်မှတ်မထိုသေးတော့ ဒါကို အတည်ပြုလို့မရသေးဘူး၊ သမ္မတကြီးက လက်မှတ်ထိုးဖို့ကိစ္စကို အလျင်တလို မလုပ်ဆောင်ပေးတဲ့အတွက် ပုဒ်မ ၁၈ နဲ့ပတ်သက်ပြီးတော့ ဆန္ဒဖော်ထုတ်လိုသူတွေအတွက်တော့ အခတ်အခဲတွေ ဖြစ်ပေါ်နေရတာပေါ့၊ သမ္မတကြီးက ဒီလူတွေအတွက်ကို စောစောစီးစီး လက်မှတ်ထိုးပေးနိုင်ရင် ပိုကောင်းတာပေါ့"


၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့အတွက် အခုနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့က မြို့နယ်တချို့ အပါအဝင်နယ်မြို့တွေမှာ ဆန္ဒပြခဲ့ကြရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ကြပါတယ်။

RFA Burmese 

မြန်မာနိုင်ငံမှ ပေးဆပ်ရန်ရှိသောချေးငွေပမာဏမှာ


နေပြည်တော်၊မတ်၂၀
မြန်မာနိုင်ငံမှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၃၁ရက်နေ့ထိ ပေးဆပ်ရန်ရှိသောချေးငွေပမာဏမှာ
အမေရိကန်ဒေါ်လာ သန်းကိုးထောင် ငါးရာကျော်ရှိကြောင်း ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာလင်းအောင်ကပြောသည်။
ထိုငွေကြေးများ အားပြည်ပနိုင်ငံ၁၆ခုနှင့် နိုင်ငံတာကာငွေကြေး အဖွဲ့အစည်းများဖြစ်သော IDA, ADB နှင့် OPEC တို့ထံမှ ချေးယူခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာလင်းအောင်ကဆိုသည်။
ယနေ့ကျင်းပသောပြည်သူ့လွှတ်တော် တွင် ကယားပြည်နယ်မဲဆန္ဒနယ်မှ ဦးကျော်ခိုင်ဝင်း၏ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ပေးဆပ်ရန်
ကျန်သည့်နိုင်ငံများအရေအတွက် နိုင်ငံတစ်ခုချင်း ပေးဆပ်ရန်
ငွေပမာဏမည်မျှရှိပါသနည်းမေးခွန်းကို ဘဏ္ဍရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာလင်းအောင်က
အထက်ပါ အတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။စိုင်းလမင်း

Popular Myanmar News Journal

တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်ဓာတ်အားခ လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုမရှိ


အစိုးရမှ အရှုံးပေါ်နေခြင်းကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲခအား တိုးမြှင့်ကောက်ခံပါကလဲ ကျေနပ်စွာ ပေးဆောင်သွားမည်ဖြစ်ပြီး ယခုတိုးမြှင့်ကောက်ခံလိုက်သည့် နှုန်းထားသည် လုပ်ငန်းရှင်များအတွက် အဆင်ပြေပြီး အဆုံးအရှုံး သိပ်မရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင် အများစုက မတ်လ ၂၀ ရက်က ပြောသည်။

တိုးမြှင့်ကောက်ခံလိုက်သည့် နှုန်းထားသည် အိမ်သုံးများအတွက် တစ်ယူနစ် မှ တစ်ရာယူနစ် အထိ ၃၅ ကျပ် ၁၀၁ မှ ၂၀၀ ၄၀ ကျပ် အထိသာကောက်ခံသွားမည်ဖြစ်ပြီး ယခင်က အိမ်သုံးမီတာအတွက် လျှောက်ထားရာတွင်  ၁ ယူနစ်တွင် ၅၀ ကျပ်ပေးရသည်ထက်သက်သာကြောင်းကိုလဲသိရသည်။

“ကောက်ခံတဲ့နှုန်းထားကို နည်းသည်များသည်တော့ မပြောပါဘူး ကျွန်တော်တို့အနေနဲ့  ကျေနပ်စွာနဲ့ပေးမှာပါ ဆိုးသည်ကောင်းတယ်လို့ မပြောပါဘူး”ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ဦးထွန်းအောင်က ဆိုသည်။

ယင်းကဲ့သို့  လျှပ်စစ်မီတာခအားတိုးမြှင် ကောက်ခံရန်အတွက်  ယခင် ၂၀၁၁ ခုနှစ်ထဲက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခုမှသာ ကောက်ခံရခြင်းမှာ မီတာခတိုးမြှင့်ကောက်ခံရန် စီစဉ်ရာတွင် လူထုအများက ဆန္ဒပြခြင်းကြောင့် လျှပ်စစ်မီတာခအား တိုးမြှင့်ကောက်ခံရန်အတွက် ကြန့်ကြာခဲ့ကြောင်းကိုလည်း သိရသည်။

“တိုးမြှင့်ကောက်ခံလို့ မရဘူးလို့တော့ မပြောဘူး ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်လာမယ့်ဟာတွေကို တာဝန်ယူမှု တာဝန်ခံမှုတော့ ရှိရမယ် ”ဟု ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လျှပ်စစ်မီတာခအား တိုးမြှင့်ကောက်ခံရာတွင် လုပ်ငန်းရှင်များ နစ်နာမှုမဖြစ်စေရေးအတွက် စက်မှုလုပ်ငန်းရှင်များနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ရကြောင်းကိုလည်း လှိုင်သာယာ စက်မှုဇုံ လုပ်ငန်းရှင်အသင်းမှ သိသည်။

“ကြိုတင်ပြီးတော့ ညှိနှိုင်းထားတာတော့ ရှိပါတယ် ဈေးနှုန်းကတော့ အရင်ညှိထားတာနဲ့ ဘာမှမကွာဘူး”ဟု လှိုင်သာယာ စက်မှုဇုံ လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွင် လုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံရန်အတွက် ဖိတ်ခေါ်ထားလျက်ရှိပြီး လျှပ်စစ်ဥပဒေကြမ်းအား မမှီကာလတွင် အတည်ပြုပြဌာန်းရန်ရှိကြောင်းကိုလဲသိရသည်။

နှင်းနွယ်
The Myanma Age

တူရကီတွင် တွစ်တာ ဝဘ်ဆိုက် အပိတ်ခံရ


တူရကီနိုင်ငံတွင် ဆိုရှယ် မီဒီယာဆိုက် တစ်ခုဖြစ်သည့် တွစ်တာကို အပိတ်ခံခဲ့ရကြောင်း အသုံးပြုသူများမှ ပြောကြားခဲ့သည်။ တွစ်တာ ဝဘ်ဆိုက်ကို ဖွင့်ရန် ကြိုးစားသည့် အသုံးပြုသူ တစ်ချို့မှာ တူရကီ၏ တယ်လီကွန်မြူနကေးရှင်း ကြီးကြပ်သူများမှ ထုတ်ပြန်ထားသည့် ကြေငြာချက်ဆီသို့ လမ်းကြောင်းလွှဲခြင်းကို ခံခဲ့ရသည်။

တရားရုံးမှ ဝဘ်ဆိုက်နှင့် ပတ်သက်ပြီး ကာကွယ်မှု လုပ်ငန်းများ ပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ရီဆပ်တိုင်ယပ်အဒိုဂန်ကို ထိခိုက်စေသည့် အတွင်းလူများ အကြား အကျင့်ပျက် ခြစားမှုကို တွစ်တာပေါ်တွင် အခိုင်အမာ ပြောဆိုမှုများအတွက် မစ္စတာ အဒိုဂန်မှ တွစ်တာ ဝဘ်ဆိုက်ကို ဖယ်ရှားပစ်မည်ဟု ပြောဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘာပဲပြောပြော ဂရုမစိုက်ဘူး။ တူရကီ သမ္မတနိုင်ငံရဲ့ စွမ်းအားကို လူတိုင်း မြင်ရလိမ့်မယ် ” ဟု မစ္စတာ အဒိုဂန်မှ ကြာသပတေးနေ့ အစောပိုင်းတွင် ပြောကြားသွားသည်။ တွစ်တာ ဝဘ်ဆိုက်ပေါ်တွင် အသုံးပြုသူ တစ်ချို့မှ ဝန်ကြီးချုပ်နှင့် ဆက်နွယ်နေသည့် အကျင့်ပျက် ခြစားမှု သက်သေ အထောက်အထား စာရွက်စာတမ်းများကို တင်ခဲ့သည့်အတွက် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲမှုများကို မစ္စတာ အဒိုဂန်မှ ငြင်းပယ်သွားခဲ့သည်။

တူရကီ တရားရုံးမှ တစ်ချို့သော လင့်များကို ဖယ်ရှားရန် အမိန့်ချမှတ်မှုကို တွစ်တာမှ တုံ့ပြန်မှု မရှိသောကြောင့် ၎င်းကဲ့သို့ ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးမှ ပြောဆိုခဲ့သည်။

ကိစ္စရပ်များနှင့် ပတ်သက်ပြီး တွစ်တာအနေဖြင့် မည်သို့မျှ ပြောဆိုခဲ့ခြင်း မရှိပေ။ တူရကီ တစ်ဝိုက်တွင် တွစ်တာ အသုံးပြုသူပေါင်း ၁၀ သန်းကျော်ခန့် ရှိသည်။

၂၀၁၀ ခုနှစ်တွင် တူရကီသည် ယူကျူ့အား ပိတ်ပင်ထားမှုကို ရုတ်သိမ်းခဲ့ပြီး နှစ်နှစ်အကြာတွင် နိုင်ငံ တည်ထောင်သူ မူစတာဖာ ကမလ်အက်တာတွတ်အား စော်ကားသည်ဟု ယူဆရသော ဗွီဒီယိုဖိုင်များကြေင့် ဝဘ်ဆိုက်သို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ဖူးသည်။

REF: BBC
The Myanma Age

ရန်ကုန်-မန္တလေး လေကြောင်းခရီးစဉ် ကျပ် ၃၅,၀၀၀ဖြင့် ပြေးဆွဲပေးမည်


မြန်မာ့လေကြောင်း က မြန်မာနှစ်သစ်ကူး သင်္ကြန်အကြို အထူးအစီအစဉ် အနေဖြင့် ရန်ကုန် - မန္တလေး -ရန်ကုန်ခရီးကို လက်မှတ်တစ်စောင်လျှင် ကျပ် ၃၅,၀၀၀ နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

အဆိုပါအစီအစဉ်ကို မတ်လ ၂၂ရက် မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်ဟု မြန်မာ့လေ ကြောင်းလိုင်းက ဆိုသည်။ သို့သော် မည်သည့်အချိန်အထိ ပြေးဆွဲပေးမည်ဆိုခြင်းကိုမူ မြန်မာ့ လေကြောင်း လိုင်းက ထုတ်ပြန်ခြင်း မရှိသေးပေ။

လက်ရှိတွင် ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် မြန်မာ့လေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်ခနှုန်းထားမှာ ကျပ် ၆၀,၀၀၀ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာ့လေကြောင်းလိုင်းမှ စုံစမ်းသိရှိရသည်။

Mizzima Burmese

ရန်ကုန်မြို့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိနေ


ရန်ကုန်- မတ်လ(၂၁)ရက်

၂၀၁၄ ခုနှစ်၊ မတ်လ(၂၁)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော
လွန်ကဲအဆင့်ရှိသည့် ၁၄.၂(ကော့သောင်းမြို့)၊ ၁၃.၃(ထားဝယ်)၊ ၁၂.၈(မော်လမြိုင်)၊ ၁၂.၈ (ရန်ကုန်)၊ ၁၁.၆(နေပြည်တော်) နဲ့
၁၀.၇(မန္တလေး) တို့တွင်လည်းကောင်း၊ ၁၁ ထက်ကျော်လွန်နေသောတန်ဘိုးများကို မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများဖြစ်သော
ကချင်ပြည်နယ်မြောက်ပိုင်း နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နဲကမန္တလေးတိုင်း တို့မှ လွဲ၍ တစ်ပြည်လုံးတွင် ကျရောက်နှိုင်ပါသည်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနှိုင်ပြီး
ကျန်ဘင်္ဂလား ပင်လယ်အော် နဲ့ ကပ္ပလီ ပင်လယ်ပြင်တို့မှာ အများအားဖြင့် သာယာနေပါတယ်။ ဘင်္ဂလား ပင်လယ်အော် နဲ့ တောင်တရုတ် ပင်လယ်ပြင် တို့မှာ
မုန်တိုင်း ဖြစ်နှိုင်ခြေ မရှိပါ။ ဘင်္ဂလားပင်လယ်အော်အတွင်းမှ ရေငွေ့ပါသောလေများ မြန်မာနိုင်ငံကမ်းရိုးတန်းတလျှောက်တွင် ဆက်လက်ဝင်ရောက်လျက်ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ် ရှိနှိုင်ပြီး၊ လှိုင်းအမြင့်(၂)ပေခန့် ရှိနှိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ ။
နေ့အပူချိန်များဟာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီး၊\
မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ် တို့တွင် နေ့အပူချိန်များဟာ 35°C - 39°C ခန့်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် 29°C - 34°C ခန့် ရှိနှိုင်ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
မြန်မာပြည် တ၀ှမ်းလုံး ဒေသများမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နှိုင်မှုမရှိပါ။
မိုးရွာသွန်းမှုအခြေအနေ။ ကချင်ပြည်နယ်တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာနှိုင်ပြီး၊ ရခိုင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး၊ ကျန်တပြည်လုံးတွင် အများအားဖြင့် သာယာနိုင်ပါတယ်။

မြူကျရောက်နှိုင်မှုအခြေအနေခန့်မှန်းချက်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တို့တွင် နံနက်ပိုင်း အချိန်အခါများ တွင် မြူအနည်းငယ် ကျဆင်းနှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
Popular Myanmar News Journal

သီလဝါစီးပွားရေးဇုံအတွက် ဂျပန်နိုင်ငံမှကုန်သွယ်ရေးကျွးကျင်သူ Mr.Shuhei မှ အကြံပေးပြောကြား


ရန်ကုန်မြို့ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သော ဟောပြော ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးကျွမ်းကျင်သူဂျပန်လူမျိုး Mr.Shuhei မှ မြန်မာနိုင်ငံတွင်သီလဝါစီးပွားရေးဇုံစီမံကိန်း လုပ်ဆောင်မည်ဆိုပါက ဂျပန်-မြန်မာ နှစ်နိုင်ငံ အတွင်းပို့ကုန်၊ သွင်းကုန်လုပ်ငန်းများမှာ ပိုမိုအဆင်ပြေနိုင်မည် ဟု မျှော်လင့်ကြောင်း ဆွေးနွေးပြောကြားသည်။

ယခုနှစ်အတွင်း ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ကားတင်သွင်းမှု့အလွန်များပြားလာပြီး၊ မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံသို့ ဖိနပ်တင်သွင်မှုများပြုလုပ်လာသဖြင့် သီလဝါစီးပွားရေးဇုံအောင်မြင်ပါက ယင်းလုပ်ငန်းများဒီ့ထက် ပိုများလာနိုင်ကြောင်း Mr.Shuhei ကပြောကြားသည်။

“ Jupan Customs and Myamnar Customs odernization  ရဲ့အကြံပေးက မြန်မာအကောက်ခွန်ဌာနကို လာလည်ပြီး အကြံပေးတာဆိုတော့ ဂျပန်နှင့် မြန်မာအကောက်ခွန်ဌာနတွေရဲ့ကွာခြားချက်တွေကို ထောက်ပြဆွေးနွေးပေးတော့ ဒါကမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်အသုံးဝင်နိုင်တယ် ” ဟု ကုန်သွယ်ရေးညွှန်ကြားမှု့ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော် က ပြောသည်။

စီးပွာရေးအထူးဇုံ ဥပဒေတွင် Free Zone နှင့် Promotion Zone ဟု ခွဲခြားထားပြီး စီးပွာရေးအထူးဇုံ အတွင်း ထုတ်လုပ် ထားသောပစ္စည်းများ၏ ထုတ်ကုန်ရောင်းချရန်အတွက် စီးပွားရေးဇုံ ဥပဒေလျှော့ပေါ့ပေးမည့်စည်းကမ်းများကို တရားဝင် ဖော်ပြရန်လိုအပ်ကြောင်း Mr.Shuhei က ပြောကြားသည်။

မြန်မာနိုင်ငံတွင်လွန်ခဲ့သော ၂၀၀၉ ခုနှစ်တွင် ထုတ်ကုန်၊ သွင်းကုန်အနေအထားများမှာရုတ်တရက် ကျဆင်းသွားပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ခုနှစ်တွင် သွင်းကုန်နှုန်းထားများမှာ ပို့ကုန်နှုန်းထားများထက် ပိုမိုသာလွန်ခဲ့သည့်အပြင် ပို့ကုန်တန်ဖိုးများမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းတစ်ထောင့်သုံးဆယ်ထိ ရှိခဲ့ကြောင်းအကောက်ခွန်စစ်တမ်းများတွင်ဖော်ပြခဲ့သည်။


ပြေဟိန်း
The Myanma Age

ကား အတွင်းခန်းထဲမှ အဆိပ်ငွေ့ထွက်ရှိ


နေပူပူထဲမှာ ကားရပ်ခဲ့ ပြီဆိုရင် ကားပေါ်ပြန် ရောက်ရောက်ချင်း ပြတင်းပေါက်တွေ အကုန်ဖွင့်ပြီး ခဏ အကြာမှ လေအေးပေးစက်ကို ဖွင့်သင့်ပါတယ်…

အကြောင်းအရင်းကတော့ ကားထဲမှာ ရှိနေတဲ့ ပလတ်စတစ် အစိတ်အပိုင်း တွေကနေ အရမ်းပူပြီး Benzene ဘန်ဇင်း ဆိုတဲ့ ကင်စာဖြစ်စေတဲ့ အဆိပ်ငွေတွေ ထွက်လာတာ ကြောင့်ပါ... ရှုမိရင် ပထမအဆင့်အနေနဲ့ အဆုပ်နဲ့ ကျောက်ကပ်ကို ကောင်းကောင်း ဒုက္ခပေး နိုင်ပါတယ်.. ဒီအဆိပ်ငွေ့ ကို ခန္တာကိုယ်က လွယ်လွယ် နဲ့ မတိုက်ထုတ်ပေးနိုင်ပါဘူး…ဘန်ဇင်း ကြောင့် ကင်စာရောဂါ၊ သွေးဖြူအု နည်းရောဂါ တွေဖြစ်နိုင်ပြီး ခဏခဏ ရှုမိရင် သွေးကင်စာ နဲ့ ကိုယ်ဝန်ပျက်ကျတဲ့ အထိဆိုးရွား နိုင်ပါတယ်…

အန္တာရယ်မရှိ နိုင်တဲ့ဘန်ဇင်း ပမာဏက စတုရန်း ၁ ပေကို ၅၀ မီလီဂရမ် ရှိတယ်… ပုံမှန် နေအေးထဲက ကားတောင် ၄၀၀ ကနေ ၈၀၀ မီလီဂရမ်ထိရှိနေပြီ. . နေပူထဲရပ်ခဲ့တဲ့ ကားထဲဆိုရင် ၂၀၀၀ ကနေ ၄၀၀၀ မီလီဂရမ်ထိရောက်နိုင်တယ်လေ.. အဲတော့ လက်ခံနိုင်တာထက် အဆ ၁၀၀ နီးပါးများနေတာပေါ့ . . .

ဒီတော့ နေပူပူ နေအေးအေး ကားထဲဝင်ထိုင် လိုက်တိုင်း မှန်အကုန်ချပြီး လေသန့်သန့် အရင်ပေးဝင် လိုက်တဲ့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့အကျင့်တခု ကိုလေ့ကျင့်ပေး နိုင်အောင် ရည်ရွယ်ပြီး MoeZac Auto က ဒီ ပိုစ့်လေး တင်ပေးလိုက်ပါတယ် …
(မှတ်ချက်။ ။ ဘာသာပြန်ပေးထားတာပါ. ကိုယ်တိုင်ခြင့်ချိန်ကြည့်ကြပါ)

moezac auto

လမ်း(၃၀)အောက်ဆောက်လက်စ(၈)ထပ်တိုက်တွင် နံနက်အစောပိုင်း လျှပ်စစ်ရေနွေးအိုးဖြင့် ရေနွေးတည်ရာမှ မီးလောင်မှုဖြစ်ပွား


ယနေ့ နံနက်၀၁၃၅ အချိန် ပန်းဘဲတန်းမြို့နယ်၊ (၆)ရပ်ကွက်၊ လမ်း(၃၀)အောက်ရှိ ဆောက်လက်စ(၈)ထပ်တိုက်၊ မြေညီထပ် ထပ်ခိုးတွင်
နေထိုင်သူ ကို-- (၂၄)နှစ်၊သည် လျှပ်စစ်ရေနွေး
အိုးဖြင့် ရေနွေးတည်ရာမှ အပူရှိန်လွန်ကဲပြီး ၀ါယာကြိုးများမှ စတင်၍ မီးလောင်ကျွမ်းခဲ့ရာ
တိုက်ခန်းအတွက်အသုံးပြုရန်ဝယ်ယူထားသည့် တစ်ခွေလျင် ပေ(၁၀၀)အရှည်ရှိ အရေးပေါ်မီးသတ်ပိုက်(၄)ခွေနှင့် အိမ်သာကြွေခွက်(၂)စုံတို့အား ကူးစက်လောင် ကျွမ်းခဲ့ပြီး မီးသတ်ယာဉ်များရောက်ရှိခဲ့သဖြင့် ၀၁၄၀ အချိန်တွင် မီးငြိမ်း
သွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် တန်ဖိုးငွေကျပ်(၄၈၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကြာင်းသိရသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက်ကို--- ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၉၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
Yangon Policeမှသိရသည်။

Popular Myanmar News Journal

ကဘူးလ် ဟိုတယ် အသေခံ တိုက်ခိုက်မှုတွင် လူကိုးဦး သေဆုံး


အာဖဂန်နိုင်ငံ၏ မြို့တော် ကဘူးလ်ရှိ ဆီရီနာဟိုတယ်သို့ သေနတ်သမားများ ဝင်ရောက်လာပြီး တိုက်ခိုက်ခဲ့ရာတွင် လူကိုးဦး သေဆုံးခဲ့ကြောင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးမှ ပြောဆိုခဲ့သည်။

ကလေးငယ် နှစ်ဦးနှင့် နိုင်ငံခြားသား လေးဦးအပါအဝင် လူကိုးဦး သေဆုံးခဲ့ပြီး အခြားသော လူပုဂ္ဂိုလ် ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မိုဟာမက်အရွတ်ဆာလန်ဂီမှ သတင်း ပြောဆိုခဲ့သည်။

နိုင်ငံခြားသားများ အကြား ထင်ရှားသည့် ဆီရီနာဟိုတယ်သို့ တိုက်ခိုက်ခဲ့သော သေနတ်သမား လေးဦးမှာ အထူးတပ်ဖွဲ့ဝင်များ ပြန်လည် ပစ်ခတ်ရာမှ သေဆုံးခဲ့သည်။

၎င်းကြာသပတေးနေ့ ညနေခင်း တိုက်ခိုက်မှုကို ၎င်းတို့မှ ပြုလုပ်ခဲ့ကြောင်း တာလီဘန်တို့က ကြေငြာခဲ့သည်။ ဆယ်ကျော်သက်များ ဟု ပြောဆိုကြသည့် သေနတ်သမားများသည် ၎င်းတို့၏ ခြေအိတ်များတွင် ပစ္စတိုများကို ဖွက်ပြီး ကြယ်ငါးပွင့် အဆင့်ရှိ ဆီရီနာ ဟိုတယ်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဒေသ စံတော်ချိန် ၁၈၀၀ နာရီ ( ဂရင်းနစ်ခ်ျ စံတော်ချိန် ၁၃၃၀ နာရီ ) တွင် ဟိုတယ်သို့ ရောက်ရှိလာကြပြီးနောက် အိမ်သာအတွင်း ပုန်းကွယ်နေကြပြီး သုံးနာရီအကြာတွင် စတင် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

သေဆုံးသူများမှာ အမျိုးသမီး လေးဦး၊ အမျိုးသား သုံးဦးနှင့် ကလေးငယ် နှစ်ဦးတို့ ဖြစ်ပြီး နိုင်ငံခြားသားများသည် မည်သည့် နိုင်ငံသားများ ဖြစ်ကြောင်း မသိရှိရသေးပေ။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများတွင် အာဖဂန် ပါလီမန် အမတ်ဖြစ်သူ ဟဘစ်အာဖဂန်လည်း ပါဝင်ပြီး မျက်နှာ၊ ဝမ်းဗိုက်နှင့် ခြေထောက်များတွင် ဒဏ်ရာ ရရှိခဲ့သည်။

သေနတ်သမားများကို ပစ်ခတ်နိုင်ခဲ့သည့် အာဖဂန်၏ အရေးပေါ် အခြေအနေ တုံ့ပြန်မှု အထူးတပ်ဖွဲ့မှ အဆောက်အအုံ ပတ်ဝန်းကျင်ကို ချက်ချင်းပင် ဝန်းရံထားခဲ့ကြသည်။

ဆီရီနာ ဟိုတယ်သည် သမ္မတ နန်းတော်နှင့် အရေးကြီးသော အစိုးရ ဝန်ကြီးရုံးများ၏ ၁ ကီလိုမီတာ ( ၀.၆ မိုင် ) အကွာခန့်တွင် တည်ရှိပြီး ဧပြီလတွင် ကျင်းပမည် ဖြစ်သော သမ္မတနေရာ ရွေးကောက်ပွဲကို ကြီးကြပ်မည့် ကမ္ဘာ့ကုလသမဂ္ဂမှ ဝန်ထမ်းများ တည်းခို နေကြခြင်း ဖြစ်သည်။

ဆီရီနာ ဟိုတယ်သည် တာလီဘန်များ၏ မကြာခဏ တိုက်ခိုက်ခံရသော ပစ်မှတ် တစ်ခု ဖြစ်လာလျက် ရှိပြီး ပြီးခဲ့သော ကာလများတွင် အကြမ်းဖက်သမားများမှ အကြိမ်ရေ အနည်းငယ် အချို့ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရှိရသည်။

REF: BBC
The Myanma Age

ခြံမြေကိစ္စ အငြင်းပွားရာမှ ရာအိမ်မှူး ဓားထိုးခံရပြီး သေဆုံး



တိုက်ကြီးမြို့နယ်တွင် ခြံမြေကိစ္စအငြင်းပွားမှုကို ၀င်ရောက်ဖြေရှင်းပေးသည့်ရာအိမ်မှူးတစ်ဦး မတ်လ ၁၉ ရက်က ဓားထိုးခံရသဖြင့် သေဆုံးသွားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စဥ့်ကူးကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးအေးကို (၄၃)နှစ်သည် တစ်ရွာတည်းနေ လယ်လုပ်ကိုင်သူများဖြစ် သည့် အေးသွင် (၄၃)နှစ်၊ ဘိုဘို(ခ)သိန်းစိုးဝင်း(၃၅)နှစ်တို့ နှင့်အတူ ခြံမြေကိစ္စ ရှင်းလင်းကြရာမှ စကား များရန်ဖြစ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဦးအေးကိုက ဆဲဆိုသည်ကို မကျေနပ်သဖြင့် ဘိုဘို(ခ)သိန်းစိုးဝင်းက အသင့်ပါလာသည့် ဓားဦး ချွန်ဖြင့် ထိုးရာယာဘက်လက်ပြင်အောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ၀ဲလက်မောင်း ပြတ်ရှဒဏ်ရာ တစ် ချက်တို့ ရရှိကာသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက တွေ့ရှိထားသည်။

ထို့ကြောင့် ဘိုဘို(ခ)သိန်းစိုးဝင်းနှင့် အေးသွင်တို့အား အရေးယူပေးရန် သေဆုံးသူ၏ အစ်ကို ဦးမောင် မောင်လွင်က အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

“ရာအိမ်မှူးဆိုတော့ မြေယာအငြင်းပွားတာကို ကြားဝင်ပြီးဖြေရှင်းပေးတာ။ အဲဒီမှာ ရာအိမ်မှူးက ဟိုလိုမ ဖြစ်သင့်ဘူး၊ ဒီလို မဖြစ်သင့်ဘူးဆိုပြီး ဆဲမိလို့ မကျေမနပ်ဖြစ်ပြီး ရွာလယ်လမ်းမှာပဲ ဓားနဲ့အထိုးခံလိုက်ရ တာလို့ ကနဦးအရ သိထားပါတယ်”ဟု အမှုစစ်ဖြစ်သူ စခန်းမှူး ရဲအုပ်သန်းဦးက ပြောသည်။

အဆိုပါ လူသတ်မှုကို တိုက်ကြီးရဲစခန်းက (ပ)၉၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီးတိုင်တန်းခံရသူများကို ဖမ်းဆီးစစ် ဆေးရန် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင်လည်း ပြစ်မှုကျူးလွန်သူ နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် စုံစမ်းရှာဖွေနေရသည်ဟု ရဲအုပ်သန်းဦးက ပြောသည်။ ထို့ပြင် ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၀၂/၁၁၄ တို့ ဖြင့် တရားစွဲတင် အရေးယူသွားမည်ဟုရဲ တပ်ဖွဲ့က ဆိုသည်။

Mizzima Burmese

ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


ပုသိမ်ကြီး မတ် ၂၀

ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်ကြီးပိုင် မြ၀တီရပ်ကွက်ငယ်တွင် မတ် ၂၀ ရက် နံနက် ၅ နာရီခန့်က လျှပ်စစ်ဝါယာရှော့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ အဆိုပါရပ်ကွက်နေ ဦးကျော်ဝင်း (၇၅နှစ်) သည် လျှစ်စစ်ဟင်းအိုးဖြင့် ဟင်းချက်ရာမှ ၀ါယာရှော့ဖြစ်၍ မီးလောင်ခြင်းဖြစ်ပြီး အိမ်အမိုး (၀ါးကပ်) အနည်းငယ်နှင့် ၂၄ လက်မ TV တစ်လုံး မီးလောင်ဆုံးရုံးခဲ့သည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ်(၁) စီး၊ မီးသတ်ဝန်ထမ်း (၆) ဦး၊ အရံမီးသတ်များ၊ လုပ်သားပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ကြသောကြောင့် နံနက် ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

MOI Webportal Myanmar 

မောင်တောမြို့နယ် လေယာဉ်ကွင်းကျေးရွာ၌ စက်လှေနှင့် နေအိမ်ပေါ်မှ သေနတ်၊ ကျည်ဆန်များတွေရှိ




နေပြည်တော် မတ် ၂၀
မတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက ရခိုင်ပြည်နယ် အမှတ်(၄) ရဲတပ်ရင်း များ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှ တပ်ဖွဲ့ ဝင်များနှင့် နှာခေါင်းတိုရဲကင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော လှည့်ကင်းအဖွဲ့သည် သက်သေ များနှင့်အတူ ပင်လယ်ကမ်းစပ် တစ်လျှောက် စက်လှေ ဝင်/ ထွက်မှု များအား စစ်ဆေးနေစဉ် မောင်တော မြို့နယ် ကညင်တန်းကျေးရွာအဝင် ချောင်းကမ်းစပ်၌ စက်လှေတစ်စင်း ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ ဘင်္ဂါလီလူမျိုး ငါးဦး စက်လှေပေါ်မှ ထွက်ပြေး သွားသည်ကို တွေ့ရသည်။
အဆိုပါစက်လှေမှာ လေယာဉ် ကွင်းကျေးရွာနေ မော်ဂျူ၏စက်လှေ ဖြစ်ကြောင်း သိရပြီး စက်လှေပေါ် ကျန်ရှိသည့် မော်ဂျူ၏ အနွေးထည် အင်္ကျီ အိတ်ကပ်အတွင်းမှ ငွေရောင် ကျည် ကိုးတောင့်၊ ဓားရှည်လေးချောင်း၊ ငါးဖမ်းဆွဲပိုက် ခြောက်ခု၊ လေးခွ သုံးလက်၊ ဓာတ်မီးနှစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။ စက်လှေ အစောင့်ဖြစ်သူ ကညင်တန်းကျေးရွာ နေ မာမောက်ဆာဒီဒ်နှင့်စက်လှေအနီး ဆိပ်ကမ်းတွင် မသင်္ကာဖွယ်တွေ့ရှိရ သည့် နှာခေါင်းတိုကျေးရွာနေ အေရှားဒူလာ (၁၇နှစ်)ကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် မာမောက်ဆာဒီဒ်၊ အေရှားဒူလာနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ငါးဦး တို့ကို မောင်တောမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့ပြီး သက်သေများ နှင့်အတူ ၎င်းစက်လှေကို အသေး စိတ်ရှာဖွေခဲ့ရာ ပွိုင့် ၃၈ Special ငါးလုံးပြူး ဆုံလည်သေနတ်တစ်လက်၊ ၎င်းကျည်ငါးတောင့်၊ သေနတ် အိတ်တစ်လုံးနှင့် သေနတ်အားထုပ်ပိုး ထားသည့် တဘက်တစ်ထည်တို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ စက်လှေပေါ်မှ ထွက်ပြေးသွားသူ ငါးဦးအနက် မသင်္ကာသူများဖြစ်သည့် မောင်တော မြို့နယ် လေယာဉ်ကွင်းကျေးရွာ နေသူများဖြစ်သော လာလူး(ခ) ရောဟီးရာမောက်နှင့် ဘာဘူကြီး(ခ) အာယာဒူလာတို့ နှစ်ဦးမှာ ၎င်းရွာ အစွန်ရှိ လာလူး၏သမီးဖြစ်သူ မဟာ ရီဂျီနာ၏နေအိမ်တွင် ရောက်ရှိနေ ကြောင်းသိရှိရသဖြင့် မတ် ၁၉ ရက် နံနက်ပိုင်းတွင် မောင်တောမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အလယ် သံကျော်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ သွားရောက် ရှာဖွေရာ နေအိမ်၌ မဟာရီဂျီနာနှင့် အတူ လာလူး၏ဇနီး မဇိုက်တူအား တွေ့ရှိရပြီး နေအိမ်အနောက်ဘက် ခြံဝင်းအတွင်းရှိ မြေကြီးထဲမှ အဝတ် စပတ်၍ မြှုပ်ထားသော ပွိုင့် ၃၈ Special ငါးလုံးပြူး ဆုံလည်သေနတ် တစ်လက်၊ ငွေရောင်ကျည် တစ် တောင့်နှင့်သေနတ်ထည့် အမည်း ရောင် သားရေအိတ်တစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပွိုင့် ၃၈ Special ငါးလုံးပြူးဆုံလည်သေနတ် နှစ်လက်နှင့်ကျည် ၁၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အမှုမှ ထွက်ပြေး တိမ်းရှောင်နေသူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မောင်တော မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကိုရဲ

MOI Webportal Myanmar 

သုံးခွဈေး ခြင်ဆေးခွေ ထွန်းထားရာမှ မီးလောင် မီးငြိမ်းသတ်ရန်ကြိုးစားသော မီးသတ်တပ်စုမှူး ခါးဆစ်ရိုးကျိုး


ရန်ကုန် မတ် ၂၀
မတ် ၁၉ ရက် ည ၇ နာရီခွဲခန့်က ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မြို့မစည်ပင် သာယာဈေး မီးလောင်မှုဖြစ်ပွားခဲ့ သည်။ အချိန် တစ်နာရီခွဲခန့်ကြာ လောင်ကျွမ်းခဲ့ရာ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ရေးယာဉ် ၁၃ စီးတို့ စုပေါင်းငြှိမ်းသတ်ပေးမှု ကြောင့် ည ၇ နာရီ ၅၃ မိနစ်တွင် ငြိမ်းသွားခဲ့သည်။
မီးလောင်ရခြင်းမှာ ဈေးအလယ် တန်းရှိ ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဌေး၏ ဆိုင်အမှတ်(ဂ)၂၂/၂၃ တွင် ခြင်ဆေး ခွေထွန်းထားခဲ့ရာမှ အနီးရှိငရုတ် သီးခြောက်အိတ်သို့ ကူးစက်လောင် ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်မှုတွင် (ဂ)တန်းမှ ဆိုင်ခန်း၁၀ ခန်း၊ (ဃ)တန်းမှ ဆိုင်ခန်း ၁၀ ခန်း စုစုပေါင်းဆိုင်ခန်း၂၀ မီးသင့် ခဲ့သည်ဟု သိရသည်။လောင်နေသော မီးကို သန္ဓေမီးသတ်တပ်ဖွဲ့များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက စွန့်စွန့် စားစား ငြှိမ်းသတ်ခဲ့ရာ သုံးခွမြို့နယ် အရန်မီးသတ်တပ်စုမှူး ဦးမြအုန်း (၅၇နှစ်) က မီးငြှိမ်းသတ်စဉ် ဆိုင်ခန်း ခေါင်မိုးပေါ်မှ ပြုတ်ကျမှုကြောင့် ခါးဆစ်ရိုးကျိုးသွားပြီး ဆီးခုံနာကျင် ဒဏ်ရာ (စိုးရိမ်ရ)ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသမှု ခံယူနေရသည်။
မီးလောင်မှုအား ကမခ(၂)မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ၏ ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ် အင်အား ၇၀ ၊ အရန်မီးသတ် အင်အား ၁၀၆ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅၀ တို့က ရေဂါလန် ၂၈၀၀၀ အသုံးပြု ငြှိမ်းသတ်ခဲ့ရသည်။
မီးပေါ့ဆမှုကြောင့် ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဌေး၏တူဖြစ်သူ ကိုငြိမ်းသူ (၃၂နှစ်)အား သုံးခွမြို့နယ် ရဲတပ်ဖွဲ့မှာအမှုဖွင့် အရေးယူထားကြောင်းသိရ သည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)

MOI Webportal Myanmar 

စကားများရာမှ လူသတ်မှုဖြစ်


နေပြည်တော်၊ မတ် ၂၀

၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ နံဇူပင်ကျေးရွာတွင် ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းအရ ပြလို့ရဲကင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ၎င်းရွာနေ ဦးဇော်မင်း(၅၁)နှစ်အား လည်ပင်း ဝဲဘက်မှ ဝဲရင်အုံ အထိပြတ်ရှဒဏ်ရာ၊ ယာပါး/ယာချိုစောင်း/ဝဲလက်ကောက်ဝတ် အထက် ပြတ်ရှဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ တစ်ရွာတည်းနေ ဇော်မင်းဦး (၄၃) နှစ်မှ စကားများ ရန်ဖြစ်ရာက ဓါးမနှင့်ခုတ်၍ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရှိခဲ့ရပြီး ဦးဇော်မင်းအား ပြလို့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံး ခဲ့သောကြောင့် ဇော်မင်းဦးအား ဒုရင်္ဂဗိုလ် နယ်မြေရဲစခန်း (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar 

ယာဉ်မရပ်တန့်မီ ခုန်ချ၍ သေဆုံး


နေပြည်တော်၊ မတ် ၂၀

၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာ ဘုရားအနီးတွင် ယာဉ်ပေါ်မှ ကလေးတစ်ဦး ပြုတ်ကျကြောင်း သတင်းအရ စိုင်ကောင်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့် အတူသွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ လျှော်ချောင်းလေး ကျေးရွာမှ နတ်မောက်မြို့သို့ နတ်မောက်မြို့နယ်၊ မြို့မရပ်ကွက်နေ ဖြိုးမင်းသူ (၂၃)နှစ် မောင်းနှင် လာသော ၂ဂ/----- ဖောကားအဖြူရောင် ခေါင်းတိုယာဉ်သည် နတ်မောက်-စိုင်ကောင်း လမ်းအတိုင်း မောင်းနှင်လာစဉ် သမှုန်းကုန်းကြီး ဘုရားအနီးအရောက် ယာဉ်ပေါ်တွင် လိုက်ပါ လာသူ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီး ကျေးရွာအုပ်စု၊ လျှော်ချောင်းလေး ကျေးရွာနေ ထွန်းလင်းအောင် (၁၃)နှစ်သည် ယာဉ်မရပ်တန့်မီ ခုန်ချခဲ့သောေ ကြာင့် နှာခေါင်းမှ သွေးထွက်ဒဏ်ရာ ရရှိကာသတိလစ်သွား၍ နတ်မောက်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဖြိုးမင်းသူအား စိုင်ကောင်း နယ်မြေရဲစခန်းယာဉ် (ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

အပျော်လွန်ဆိုင်ကယ်တိုက်မှုဖြစ်


ကရင်ပြည်နယ်၊ဘားအံခရိုင်လိပ်သိုမြို့နယ်ခွဲအခြေခံပညာအထက်တန်းကျောင်း တက္ကသိုလ် ၀င်တန်းစာ မေးပွဲဖြေဆိုနိုင်မှုအတွက် အပျော်လွန်ကျောင်းသားမောင်းနှင် လာသော ဆိုင်ကယ်သည် မော်တော်ကားပေါ်မှ ဆင်းလာသော ခရီးသည်အား ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လိပ်သိုမြို့နယ်ခွဲ သောက်ရေခပ်ကျေးရွာမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသား စောအကွီးနို (၂၀)နှစ် (ဘ) ဦးစောစီးပရီးအားနို သည် လိပ်သိုမြို့နယ်ခွဲအထက်တန်းကျောင်း၌ ဘောကဗေဒ ဘာသာရပ်ဖြေဆိုနိုင်မှုအတွက် အပျော်လွန်ကာ kanbo 125 အနက်ရောင်ဆိုင်ကယ်ကိုမောင်းနှင်လာရာ အမှတ် (၁)ရပ်ကွက် မိုင်တိုင် ၃၁/၁ အနီးတွင် ရင်မောင်းကျော်မြင့်မောင်းနှင်လာသောလိပ်သိုတောင်ငူ လိုင်းကား ယာဉ် အမှတ် ၈ခ/၄၈၆၈ ကင်ဒါအဖြူရောင်ပေါ်မှဆင်းလာသော အောက်နန်းချိုရွာနေ ဦးအောင်ကြိုင်အသက်(၄၅)နှစ် (ဘ)ဦးတင်ညွှန့်အား ၀င်ရောက်တိုက်မိခဲ့သည်။ ထိုသို့ယာဉ်တိုက်မှုကြောင့်ဦးအောင်ကြိုင်တွင် ၀ဲဘက်ဂျိုစောင်း နှင့် တံတောင်တို့တွင် ပွန်းပဲဒဏ်ရာများရရှိကာ တစ်ချက်စီချုပ် ဒါဏ်ရာများရရှိပြီး ဆိုင်ကယ်မောင်းနှင်သူ စောအကွီးနိုမှာ ၀ဲဘက်မျက်ခွံအထက် (၅)ချက်ချုပ် ပေါက်ပြဲဒါဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။

MOI Webportal Myanmar

ကမ္ဘာလှည့်ခရီးသွားပိုလန်နိုင်ငံသူထံမှ ပစ္စည်းလုယူသူများအားဖမ်းဆီးရမိ


ငွေဆောင် မတ် ၂၁

(၈.၃.၂၀၁၄)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲ ပုလဲငွေဆောင်ဟိုတယ်သို့ ရောက်ရှိတည်းခိုနေထိုင်သည့် ပိုလန်နိုင်ငံသူ Ms. KATARZYNA JOANNA (၃၇)နှစ်သည် (၁၀.၃.၂၀၁၄)ရက်နေ၊ (၂၁း၀၀)နာရီ အချိန်ခန့်တွင် ရွှေဟင်္သာဟိုတယ်မှ ကမ်းခြေအတိုင်းတစ်ဦးတည်း လမ်းလျှောက်၍ ပြန်လာစဉ် Silver Coast ဟိုတယ်ရှေ့အရောက်တွင် ၄င်း၏ နောက်မှ လူ(၂) ဦးလိုက်ပါလာကာ မျက်နှာအားလက်သီးနှင့် ထိုးပြီး လက်ဆွဲအိတ်အပြာရောင်အား လုယူထွက်ပြေး
သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ငွေဆောင် ရဲစခန်းမှ စခန်းမှူးဒုရဲမှူး တင်မိုးဦးက တရားလိုပြုလုပ်၍ မတ်လ(၁၁) ရက်နေ၊ ညနေ (၃) နာရီအချိန်တွင် ၁၄/၂၀၁၄ ၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိရာ ငွေဆောင်မြို့ (၂) ရပ်ကွက်၊ (၁) လမ်းရှိ သုတ ဖုန်းဆိုင်ပိုင်ရှင် ကိုဝင်းထွဋ်အောင်မှ မတ်လ(၂၀) ရက်နေ့၊ နေ့လည်(၁၂း၄၀) အချိန် ၄င်းဆိုင်တွင် ပိုလန်နိုင်ငံသူ၏ ဖုန်းအမျိုးအစားနှင့်တူသော i pad ဖုန်းအား လာရောက်ပြချိန်မသင်္ကာကြောင်း ဒုစခန်းမှူး ရဲအုပ်ဝင်းထက်သူထံ ဖုန်းဆက်သတင်းပေးသဖြင့် ၄င်းဖုန်းအား လာရောက်ပြသသူ မင်းချစ်ကို (ခေါ်) ဖိုးသံချောင်း (ဘ) ဦးချစ်ဝင်း၊ (၂) ရပ်ကွက် (၁) လမ်း နေသူအား ခေါ်ယူစစ်ဆေးရာမှ ဆံရှည် (ခေါ်) မြင့်လွင် (၃၆)နှစ်၊ (ဘ) ဦးလှညွန့်၊ ဈေးရောင်း၊ ချမ်းသာအမှတ်(၂) ရပ်ကွက်၊ ငွေဆောင်မြို့၊ ဖိုးအောင် (၃၉) နှစ်(ဘ)ဦးဘရီ ၊ The CALM Beach Hotel ရှိ အမှတ်(၃)ရပ်ကွက်၊ ငွေဆောင်မြို့နေသူတို့(၂)ဦးမှာပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ၄င်းတို့ ပိုလန်နိုင်ငံသူထံမှ လုယူသွားသောပစ္စည်းများအား ပြန်လည်သိမ်းဆည်းမိခဲ့ကြောင်း၊ ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီးတရားခံများအား ထိရောက် သောပြစ်ဒဏ်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။

MOI Webportal Myanmar