ကော်ဖီရောင် ချင်းတွင်းမြစ်နှင့် ခပ်စိပ်စိပ်ကြုံလာရသော ပတ်ဝန်းကျင်ပြဿနာများ


တနိုင်းခ၊ တဝှမ်းခ မြစ်နှစ်စင်းမှ မြစ်ဖျားခံ စီးဆင်းလာသည့် ချင်းတွင်းမြစ်ရေ၏ အရောင်သည် ၁၂ ရာသီလုံး ကော်ဖီရောင် ဖြစ်နေလေပြီ။ လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့် ဆောင်းတွင်းကာလ များတွင် ကြည်လင်ပြာလဲ့သည့် ရေအရောင်ကို ယခုချိန်တွင် ပြန်လည်တမ်းတ၍ မရတော့ဟု အသက် ၈၀ ဝန်းကျင် မုံရွာမြို့ခံလူကြီးတစ်ဦးက တမ်းတမ်းတတ ပြောဆိုသည်။

ဆယ်စုနှစ်နှစ်စုကြာ ဖြတ်သန်းခဲ့ပြီးနောက် ချင်းတွင်းမြစ်ရေလည်း နောက်ကျိ ခဲ့ရလေပြီ။ ပစ္စည်းများပျက်လျှင် ပြင်၍ ရနိုင်ငြားသော်လည်း ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများတွင် တစ်ခုအပါအဝင် အဖြစ် ပြောနိုင်သော မြစ်ရေ အရောင်ပြောင်းလဲမှုမှာ တစ်နှစ် ထက်တစ်နှစ် ပိုမိုသိသာ ဆိုးရွားလာသည်။

"ချင်းတွင်းမြစ်က ရေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုအချိန်က လက်ဖက်ရည်ကြမ်း သောက်ရတဲ့အရသာက တော်တော် ကောင်းခဲ့တယ်" ဟု မြစ်ရေ ကြည်လင်ခဲ့စဉ် က မြစ်ရေနှင့် လက်ဖက်ရည်ကြမ်း သောက်ခဲ့ရပုံကို အသက် ၈၀ ဝန်းကျင် မုံရွာမြို့ခံ ရှေ့မီနောက်မီ လူကြီးတစ်ဦးက ပြောကြားသည်။

ချင်းတွင်းမြစ်သည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလ အချိန်တွင် မိုးတွင်း ရေကြီးချိန်တွင်သာ မြစ်ရေနောက်ကျိမှု ရှိပြီး တော်သလင်းလနှင့် သီတင်းကျွတ်လ တို့တွင်မြစ်ရေမှာ တည်ငြိမ်ကာ ဆောင်းကာလများတွင် ကြည်လင်ပြီး ပြာနေကြောင်း၊ လက်ရှိတွင် မြစ်ရေမှာ အချိန်ပြည့် နောက်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ချင်းတွင်းမြစ်ရေများ နောက်ကျိလာမှုမှာ မြစ်အထက်ပိုင်းတွင် သစ်ပင်သစ်တောများ ပြုန်းတီးလာမှုကြောင့် မြေဆီလွှာမှ အနည်အနှစ်များ မြစ်အတွင်းသို့ စီးဝင်မှု များပြားလာခြင်းကြောင့် ဖြစ်ပြီး၊ ယင်းကြောင့် မြစ်ရေမှာ ကော်ဖီရောင်ကဲ့သို့ အညိုရောင်ရှိသော အရောင်သို့ ဖြစ်လာရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။ မြစ်ရေများ နောက်ကျိမှုများပြားလာ သကဲ့သို့ မုံရွာမြို့၏ ကမ်းနားမှ အမှိုက်ပုံများ မှာလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာလျက်ရှိသည်။ အိမ်တွင်းမီးဖိုချောင်ထွက် အမှိုက်များကို ကမ်းနားနှင့်နီးသူများက လွယ်လင့်တကူ ပစ်နိုင်သော ကမ်းနားတွင် ပစ်လာမှုများသည်လည်း တစ်စတစ်စ များပြားရှိလာသည်။

ချင်းတွင်းမြစ်ရေကျချိန် ကမ်းနားတာရိုး၏ အမြင့်နှင့် အမှိုက်ပုံ၏အမြင့်တို့မှာ ယှဉ်ပြိုင်လျက်ရှိသည်။ ရေကြီးချိန်တွင် ယင်းအမှိုက်များမှာ မြစ်ရေစီးနှင့်အတူ ပါဝင်သွားလေ့ရှိပြီး ယင်းအမှိုက်များထဲတွင် နစ်ပေါင်းများစွာကြာမှ ပျက်စီးနိုင်သော ကြွပ်ကြွပ်အိတ် များလည်း ပါဝင်ပေသည်။
"ကြွပ်ကြွပ်အိတ်တွေ မြစ်ထဲမှာ ရှိနေတာက ရေသတ္တဝါတွေရဲ့ အသက်အန္တရာယ် ကို ခြိမ်းခြောက်ခံရတာပဲ။ အစာအမှတ်နဲ့ စားသုံးပြီး ရေသတ္တဝါတွေ သေကျေ ပျက်စီးမှုတွေ ဖြစ်နိုင်တယ်" ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။

ယခင်က ချင်းတွင်းမြစ်တွင်းတွင် တံငါလှေများဖြင့် ငါးဖမ်းနေကြသည့် မြင်ကွင်းများမှာ မြစ်ကမ်းဘေးမှကြည့်လျှင် နေ့စဉ် မြင်တွေ့နေကျ ဖြစ်ပြီး ယခုအချိန်တွင် ငါးဖမ်းသည့် တံငါလှေများကို မုံရွာမှ ဟုမ္မလင်းသို့ ရေလမ်းမှ ခရီးသွားခဲ့သည့် တစ်လျှောက် မမြင်ရသလောက် နည်းသွား ပြီဖြစ်ကြောင်း မကြာသေးခင်အချိန်က ဟုမ္မလင်းသို့ ခရီးရှည်သွားခဲ့သည့် မုံရွာမြို့ခံ စာရေးဆရာ ကဗျာဆရာကြီး ဦးအံ့မောင်က ဆိုသည်။

မြစ်အတွင်းမြစ်ရေ နောက်ကျိလာမှု နှင့် မြစ်ရေအတွင်း အမှိုက်သရိုက်များ များပြားစွာ ပျော်ဝင်လာမှု၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် ဆယ်စုနှစ်နှစ်စုအတွင်း တဖြည်းဖြည်းဖြင့် မြစ်ငါး ရှားပါးလာခြင်းနှင့် ငါးဖမ်းသူ နည်းပါးသွားခြင်းတို့က သက်သေ ထူနေသည်။ အလားတူ မုံရွာမြို့ ပေါ်တွင်လည်း ဆယ်စုနှစ် နှစ်စုခန့်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်ခဲ့ပြီဖြစ်သည်။

မုံရွာမြို့တွင် အင်းလေးအင်း၊ ကုန်းလေးကုန်း၊ ကျစ်လေးကျစ်၊ ခြင်္သေ့လေးကောင်၊ ထန်းလေးပင် စသည့် ဆိုရိုးစကားများ ရှိခဲ့သော်လည်း အင်းလေးအင်းမှာ လက်ရှိတွင် နှစ်အင်းသာ မြို့ပေါ်တွင် ကျန်ရှိတော့သည်။ ယခင်က ကွေ့ကြီးအင်း၊ ပေကုန်းအင်း၊ အင်းဇောင်းကြီး၊ ထန်းတော အင်းဟူ၍ ရှိခဲ့ရာမှ ယခုအခါ ပေကုန်းအင်းနှင့် အင်းဇောင်းကြီးတို့မှာ လူနေ ရပ်ကွက်များ အဖြစ် တည်ရှိနေခဲ့ပြီ ဖြစ်သည်။
"ဟိုးအရင်က အင်းကြီးတွေထဲမှာ ရေတွေဝင်တယ်။ ချင်းတွင်းမြစ်ရေကြီးချိန်ဆို အင်းတွေကနေ ရေသွင်းရတယ်။ အင်းဇောင်းကြီးမှာဆို လှေပြိုင်ပွဲတွေ ပြုလုပ်တာတွေ ရှိခဲ့တယ်။ နွေမှာဆိုရင်တော့ အဲဒီအင်းကြီးထဲမှာ ရေမရှိဘူး။ လေတံခွန် လွှတ်လို့ရတယ်" ဟု အသက် ၆၀ အရွယ် မုံရွာမြို့ခံတစ်ဦးက ဆိုသည်။

ဘုရားကြီးရပ်ကွက် အတွင်းရှိ အင်းဇောင်းကြီးရှိခဲ့စဉ် ကာလက မုံရွာမြို့ တစ်မြို့လုံးမှ အသုံးပြုသော သုံးရေများသည် ရေမြောင်းမှတစ်ဆင့် အဆိုပါအင်းကြီးထဲသို့ စီးဝင်ပြီး ယင်းအင်းကြီးထဲတွင် အနည်ထိုင်စေပြီးမှ ချင်းတွင်းမြစ်အတွင်း ရေဆိုးများ ထုတ်လွှတ်ကြောင်း မုံရွာမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။ မုံရွာမြို့၏ ရေမြောင်းစနစ်ကို ပြန်လည်သုံးသပ်ရန် လိုလာပြီး ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးစွာဖြင့် မြစ်အတွင်း စနစ်တကျ ပြန်လည်စီးဆင်းနိုင်ရန်မှာ စိန်ခေါ်မှု တစ်ခုအဖြစ် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း မုံရွာမြို့ခံအများစုက သုံးသပ်ကြသည်။

လွန်ခဲ့သောသုံးနှစ်ခန့်က အင်းများအတွင်း မြစ်ရေဝင်ရောက်ခြင်း မရှိခဲ့သည့် အတွက် မြို့ခံများအကြား သဘာဝပတ်ဝန်းကျင် သတိပေးခေါင်းလောင်းသံ မြည်လာခဲ့ပြီး မုံရွာမြို့ဝန်းကျင် ရာသီဥတု ပြောင်းလဲမှုကို သိသာစွာ ခံစားခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၀ နွေလမျာြး ဖစ်သော မတ်၊ ဧပြီ၊ မေလများတွင် မုံရွာမြို့ရှိ မြေအောက်ရေတွင်းများ ခန်းခြောက်ခဲ့ပြီး မြို့လူထု သောက်ရေသုံးရေ အတွက် ဒုက္ခရောက်ခဲ့ရသည်။

ကမ္ဘာ့ရေထု၏ ၉၇ ဒသမ ၂ ရာခိုင်နှုန်း မှာ ပင်လယ်ဆားငန်ရေများ ဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များရှိ ရေပမာဏမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ရေခဲအဖြစ် တည်ရှိ နေသောရေက၂ ဒသမ ၁၅ ရာခိုင်နှုန်း၊ မြေအောက်ရေ ပမာဏက ၀ ဒသမ ၆၂ ရာခိုင်နှုန်းသာ ရှိသည်ဟူ၍ ဒေါက်တာ ဇော်မြင့်နီ ရေးသားသည့် သဘာဝပတ်ဝန်းကျင် ချစ်သူများရဲ့ ရင်ထဲမှာ စာအုပ်တွင် ဖော်ပြထားသည်။

"ကိုယ်ပိုင်စက်ရေတွင်းတွေ အလွယ်တကူ တူးပြီး ရေကို ထင်သလို သုံးနေကြတယ်။ အဝတ်ဖွပ်ရင်း၊ ရေချိုးရင်း ရေတွေက ပေါင်းလန်အောင် လျှံကျနေတာ ပိတ်ရကောင်းမှန်း မသိဘူး။ အဲလိုလူတွေက နေရာတိုင်းရှိတယ်။ တကယ်တော့ မြေအောက်ရေ ဆိုတာကလည်း သူ့အကန့်အသတ်နှင့်သူ ရှိတယ်။ စည်းကမ်းမဲ့ ထုတ်သုံးလို့ရတာ မဟုတ်ဘူး။ ဒါကို လူတိုင်းသိဖို့လိုတယ်" ဟု မုံရွာတက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဖက် ပါမောက္ခတစ်ဦးက ဆိုသည်။
ကော်ဖီရောင်ထသော မြစ်ရေ၊ စီးစရာမရှိသော ရေမြောင်းများ၊ ရှားပါးလာသည့် မြစ်ငါးများနည်းတူ မုံရွာမြို့အတွင်း နေ့စဉ် စီးဝင်နေသော ရေများထဲပါလာသော ပျက်စီးရန် မလွယ်သည့် ကြွပ်ကြွပ်အိတ် များ၏ ရန်မှာလည်း စိုးရိမ်စရာပင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မုံရွာမြို့ အား ကြွပ်ကြွပ်အိတ် ကင်းစင်နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပြီး ဗီနိုင်းကြီးများ မြို့အတွင်းတွင် လိုက်လံချိတ်ဆွဲ ခဲ့ကြသည်။ သို့သော် ယနေ့အချိန်အထိ မုံရွာမြို့ ပေါ်တွင် ကြွပ်ကြွပ်အိတ်များ မပျောက်သေး။ ဖောဖောသီသီ သုံးစွဲနေကြဆဲ ဖြစ်သည်။

"အစားထိုးအနေနဲ့ ပလတ်စတစ်အိတ် အသုံးပြုလို့ရတယ် ဆိုပေမယ့် အိတ်ကတ် (အထုပ်လိုက်) ဝယ်ရင် ကြွပ်ကြွပ်အိတ်က ပလတ်စတစ်အိတ်ထက် အလုံးရေပိုတော့ သုံးစွဲသူတွေက ဆိုးကျိုးကို မကြည့်ဘူး။ အရေအတွက်ကိုပဲ ကြည့်ပြီးတော့ သုံးနေတယ်" ဟု မုံရွာမြို့ ချင်းတွင်းရတနာဈေး အတွင်း ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ပြောသည်။

ကြွပ်ကြွပ်အိတ် ရောင်းချသူနှင့် သုံးစွဲသူများကို ထိထိရောက်ရောက် ကိုင်တွယ်မှု မရှိခဲ့ဘဲ ကြေညာချက် ကပ်ရုံတစ်ခုထဲဖြင့်တော့ ကြွပ်ကြွပ်အိတ်များမှာ ပပျောက်မသွားနိုင်ပေ။ မုံရွာမြို့ နန္ဒဝန် ရပ်ကွက်နှင့် ထန်းတောအင်းများအနီး ဝန်းကျင် လူနေကျဲသောနေရာများတွင် ကြွပ်ကြွပ်အိတ်များမှာ ပျံဝဲနေဆဲ ဖြစ်သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် မုံရွာမြို့၏ အမှိုက်သိမ်းစနစ်အား မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ လွှဲပြောင်းပေး အပ်ခဲ့ပြီး ယင်းကုမ္ပဏီမှ လက်ရှိအချိန်တွင် မုံရွာမြို့၏ အမှိုက်သိမ်းစနစ်အား တာဝန်ယူနေပြီ ဖြစ်သည်။
"လက်ရှိအနေအထား ကတော့ မုံရွာမြို့ထဲက အမှိုက်ပုံကြီးတွေ အင်အားကြီးတဲ့ အမှိုက်ပုံကြီးတွေကို အရင် သိမ်းဆည်းဖို့ လုပ်ဆောင်နေပါတယ်။ အမှိုက်ပစ်တဲ့ နေရာကတော့ သတ်မှတ်ပေးတဲ့ နေရာ ဖြစ်တဲ့ ဆားကျင်းသုသာန်မှာ ပစ်နေတယ်" ဟု အမှိုက်သိမ်းစနစ်အား လုပ်ကိုင်ခွင့် ရသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"သုသာန်တွေမှာ အမှိုက်ပစ်တယ် ဆိုတာကတော့ မှန်ကန်တဲ့ အဖြေတစ်ခု မဟုတ်ဘူး။ အမှိုက်ပုံနေရာ၊ ပစ်မယ့်နေရာကို ဘယ်လိုရွေးချယ်မလဲ၊ စနစ်တကျ စွန့်ပစ်ဖို့ အမှိုက်ကန်တွေ အမှိုက်ချိုင့်တွေကို ဘယ်လိုတူးမယ် ဆိုတာတွေကို စနစ်တကျ လေ့လာပြီးပစ်ရင်တော့ ဒီထက်ပိုကောင်းတဲ့ စနစ် ဖြစ်လာမှာပါ" ဟု သဘာဝပတ်ဝန်းကျင် ဆောင်းပါးများ ရေးသားနေသည့် ဆောင်းပါးရှင်တစ်ဦးက သုံးသပ်သည်။

ပတ်ဝန်းကျင် ယိုယွင်းမှုများကို မုံရွာ ခံစားလာရ သည်မှာလည်း တစ်နှစ်ထက် တစ်နှစ် သိသာလာသည်။ မုံရွာတွင် နွေလများတွင် အပူချိန်များမှာလည်း ပြင်းထန်လွန်းလှသည်။ အပူပိုင်းစိုက်ဆင်း လေပြင်းများသည် မြို့ပေါ်တစ်မျိုး၊ မြို့ ပြင်တစ်ဖုံ နွေလများတွင် အလည်ရောက်လာ တတ်သေးသည်။ လွန်ခဲ့သည့်နှစ်များနှင့် ယခု နှစ်များတွင် မိုးခေါင်မှုများ၊ မိုးရွာလျှင် အဆက်မပြတ် ရွာသွန်းမှုများနှင့် မိုးများ၍ ဆည်ရေများ လျှံကျခဲ့မှုများသည် ပတ်ဝန်းကျင် ယိုယွင်းလာမှု၏ အမှတ်သင်္ကေတများ ဖြစ်လာတော့သည်။

ဆယ်စုနှစ် နှစ်စုအတွင်း သဘာဝ သယံဇာတများကို အဆမတန် ထုတ်ယူပြီး ပြန်လည်အစားထိုးခြင်း မပြုခဲ့၍ ချင်းတွင်းမြစ်ကြီးမှာ ကော်ဖီရောင် ပေါက်၍နေပေပြီ။ ယခုအတိုင်းသာ ပြဿနာများကို အဖြေ မရှာဘဲ ဆက်သွားပါက မုံရွာအပါအဝင် ချင်းတွင်းမြစ်ရိုး တစ်လျောက် မြို့ရွာများမှာ ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်များကို ခံစားရတော့မည် ဖြစ်သည်။
"ချင်းတွင်းမြစ်ကရေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စု အချိန်က လက်ဖက်ရည်ကြမ်း သောက်ရတဲ့ အရသာက တော်တော် ကောင်းခဲ့တယ်" ဟု မြစ်ရေကြည်လင်ခဲ့စဉ်က မြစ်ရေနှင့် လက်ဖက်ရည်ကြမ်း သောက်ခဲ့ရပုံကို အသက် ၈၀ ဝန်းကျင် မုံရွာမြို့ခံ ရှေ့မီနောက်မီ လူကြီးတစ်ဦးက ပြောဆိုသည်။

The voice myanmar

တရုတ် ပွဲတော် တစ်ခု အတွက် သူတောင်းစား တို့ကို လှောင်အိမ် သွင်းထားရ


တရုတ်ပြည် တောင်ပိုင်း Jiangxi ပြည်နယ်၊ Nanchang မြို့ မှာ ကျင်းပ တဲ့ ရိုးရာ ယဉ်ကျေးမှု ပွဲတော် တစ်ခု မှာ ဖြစ်ပါတယ်။

အခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေ မှာ ဖြစ်နေ ကြလိုပေါ့။ ပွဲတစ်ခု ရှိလာပြီ ဆိုရင် ယင်းပွဲ ပတ်လည် မှာ သူေ တာင်းစား နဲ့ အိမ်ခြေ ရာမဲ့များ လာရောက် တောင်းစား ပါတယ်။ ယခု လည်း နန်းချန်းမြို့ င ယ်ေ လး မှာ ပွဲ ကျင်းပတော့ နှစ်စဉ် အတိုင်း သူတောင်း စား အများ အပြား လာရောက် ကြ ပါတ ယ် ။ ယင်း ကဲ့သို့ လာရောက် မှု အတွက် ယခုနှစ် မှာ အထူးခြား ဆုံး လုပ်ဆောင်ချက် က လောင်အိမ် သွင်းခြင်း ဖြစ်ပါတယ်။

ကမ္ဘာလှည့် ခရီးသွား များ စိတ် အနှောက်အယှက် မဖြစ်စေရန် နဲ့ မလိုအပ် တဲ့ လုံခြုံရေး ပြဿနာ များ ဖြစ်မလာ ဖို့ အတွက် အိုးအိမ်မဲ့ နဲ့ သူတောင်းစား တို့ ကို လမ်းနဘေး က လှောင်အိမ် တန်း များ မှာ ထည့်သွင်း ထားလိုက် ပါတယ်။ သူတို့ တောင်းစား ဖို့ အတွက် လည်း ခွက်ကို အပြင်သို့ ပုံမှာ တွေ့ရတဲ့ အတိုင်း ထုတ်ထား ကြပါတယ်။

ခရီးသွား များ အတွက် ရည်ရွယ်ပြီး ဖန်တီး ပေးလိုက် တာ ဖြစ်ပေမယ့် ကြည့်ရ ဆိုးတဲ့ အရာ တစ်ခု လည်း ဖြစ် လာ ပါတယ်။ လူချင်း အတူတူ အိမ် မရှိလို့ လှောင်အိမ် အသွင်းခံ ရသလား လို့တော င် မေးခွန်း ထုတ် လာ ကြပြီး ဒေသခံ အာဏာပိုင် များ ကို complaint တက်လာ ကြ ပါတယ်။

သို့ပေမယ့် ယနေ့တိုင် အထိ ပွဲတော် ရောက်ရင် သူတောင်းစား ဖြစ်ကြောင်း သက်သေ အထောက် အထား ပြပြီး လှောင်အိမ် ထဲ ဝင်နိုင် ပါတယ်။ စားသောက် ရန် လည်း ထောက် ပံ့ပြီး၊ နေရန်၊ အိပ် ရန် ကို အဆင်ပြေ သလို စီစဉ် ပေးကြောင်း သိရ ပါတယ်။

Amizaisa
Myawady News

မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု


ရန်ကုန်၊ စက်တင်ဘာ ၂၉

ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာ တွင် မိခင်ကို သားဖြစ်သူက သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန်တွင်  စန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် စန္ဒယော်ကျေးရွာနေ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုး မှာ နေအိမ်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ် မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ အခင်းဖြစ်အိမ်ခေါင်းရင်းဘက် (၂၅)ပေခန့်အကွာနေ ဦးသစ်လွင်၏ ပြောပြချက်အရ ၀၃:၃၀ အချိန် ခန့်တွင် သေဆုံးသူနှင့်အတူနေသားဖြစ်သူ တင်ထွန်းဝင်းတို့ စကားများကြကြောင်း၊ သေဆုံးသူမှ တင်ထွန်းဝင်း ငါ့ကိုမလုပ်နဲ့ ငါပေးမယ်ဟုပြောဆိုသံကြားရကြောင်းတို့ကို သိရှိရသဖြင့် ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးကို သတ်ခဲ့သူ တင်ထွန်းဝင်းအား အရေးယူပေးပါရန် ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း(ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

by Myanmar News Now

ကလင် ကလင် ရွှေဝယ်တယ် ရွှေဘောက်ချာ ဝယ်တယ်


ရန်ကုန်၊ စက်တင်ဘာ ၂၂-ရပ်ကွက်တွေထဲ အထိ စက်ဘီးနဲ့လိုက်ပြီး ဘောက်ချာမရှိ တဲ့ ရွှေတွေ၊ ရွှေအပေါင်ဘောက်ချာတွေ လိုက်လံဝယ်ယူလာကြပါတယ်။
“ဈေးထဲမှာလဲ ရွှေပြန်ဝယ်တဲ့ဆိုင်တွေ များလာတာကြောင့်လဲပါတယ်၊ ပြီးတော့ ရွှေပေါင်ဘောက်ချာကို အဓိက ရောင်းကြ တာများတော့ အခုလို ရပ်ကွက်တွေထဲထိ လိုက်ဝယ်ဖြစ်တာ”လို့ ထန်းတပင်မြို့နယ်ရှိ ရပ်ကွက်တွေထဲမှာ ရွှေလိုက်လံဝယ်ယူသူ ဦးထွန်းထွန်းအောင်က ပြောပါတယ်။
ရွှေဝယ်တယ်၊ ရွှေဘောက်ချာဝယ် တယ်ဆိုပြီး စက်ဘီးဘဲလ်တီးအော်တဲ့ အ ပြင် စက်ဘီးမှာ ရွှေဝယ်တယ်ဆိုင်းဘုတ်ပါ ချိတ်ဆွဲပြီး ရပ်ကွက်တွေထဲပတ်ပြီး ဝယ် ကြတာဖြစ်ပါတယ်။
ရွှေတိုရွှေစ တချို့နဲ့ ဘောက်ချာ ပျောက်တဲ့ရွှေတွေကို ရွှေဆိုင်တွေက ပြန် မဝယ်တာကြောင့် ရွှေရောင်းချင်တယ်ဆို ရင် ဘောက်ချာမဲ့ဝယ်သူတွေကို အားကိုး နေရတယ်လို့လည်း သိရပါတယ်။
“ရွှေက ဝယ်ထားတာတော့ ကြာပြီ လေ၊ နာဂစ်တုန်းက ရွှေ့ဟယ်ပြောင်း ဟယ်ဆို တော့ ရွှေဆိုင်ကပေးတဲ့စာရွက်လဲ ပျောက် ပြီလေ၊ အခုလို ရပ်ကွက်ထဲအထိ လိုက်ဝယ် တော့ ပိုအဆင်ပြေတယ်၊ လူလဲသိပ်မမြင် ဘူး၊ ဈေးထဲအထိလဲ သွားစရာ မလိုဘူး”လို့ ရွှေပြည်သာ (၂) ရပ်ကွက်နေ သူ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။
ဘောက်ချာရောင်းလို့ရ
ရွှေကို ငွေလိုလို့ ပေါင်ကြပေမဲ့ အပေါင်ဆိုင်က ထက်ဝက်ဈေးလောက်ပဲ ပေးပါတယ်။ ပြန်မရွေးနိုင်တဲ့အခါ ဘောက် ချာတွေကို ရွှေဝယ်သည်ဆိုသူ တွေဆီမှာ ပြန်ရောင်းချကြတယ်လို့ သိရပါတယ်။
“ရွှေကိုတော့ ဆွဲပြားလောက်၊ နား ကွင်းတွေလောက်ပဲ ရောင်းကြတယ်၊ ဆွဲကြိုး၊ လက်စွပ်တွေဆိုရင် ရွှေအပေါင် ဘောက်ချာနဲ့ လာရောင်းကြတာ များ တယ်၊ ဒီဘောက်ချာနဲ့ဆို အပေါင်ဆိုင်အ ထိ သူရော ကိုယ်ရော သွားရတော့ အခုလို ရပ်ကွက်ထဲ စက်ဘီးနဲ့ လိုက်ဝယ်တော့ အဆင်ပြေတယ်”လို့ ရွှေနဲ့ ရွှေအပေါင် ဘောက်ချာလိုက်လံဝယ်ယူသူ ကိုအောင် သိန်းက ပြောပါတယ်။
ဝယ်ယူတဲ့သူတွေဟာ ရွှေရဲ့တန်ဖိုး သုံး ပုံ တစ်ပုံလောက်ကိုသာ အမြတ်အဖြစ် ယူ ကြပြီး ဒုံးရောင်းတဲ့ရွှေဆိုင်တွေမှာ အ ချိန်နဲ့ ပြန်ရောင်းကြတယ်လို့ သိရပါတယ်။
Kumudra
Author:
အိအိကျော်

အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာကို တက္ကသိုလ် ၀င်တန်း အောင်သူ မည်သူမဆို လျှောက်ထားနိုင်


ရန်ကုန် ၊ ၂၉-၉-၂၀၁၃

ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန် နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြု ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့် အတွက် ပညာ အရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန်မာနိုင်ငံ သား မည်သူမဆို အောက်တိုဘာ ၂ ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ် ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာ ဗန္ဓုလလမ်း ရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ ကံစမ်းမဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သံရုံး မှ Vice Consul. Jonathan Chestnut က ပြောကြား ခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံရဲ့ အမေရိကန် ပြည်ဝင်သူ ဦးရေဟာ နှစ်စဉ် နိုင်ငံတကာထက် နည်းပါးပါတယ် ၊ ဒါကြောင့် DV ဗီဇာ ကံစမ်းမဲ ၀င်ခွင့် အခွင့်အလမ်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွေကို အမေရိကန် သံရုံး(ရန်ကုန်) အနေနဲ့ ပြုလုပ်ပေး တာပါ ၊ ဘယ် နိုင်ငံသား မဆို အမေရိကန် နိုင်ငံမှာ အခြေချ နေထိုင်ခွင့် ရှိပါတယ် ၊ ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အမေရိကန် နိုင်ငံကို နှစ်စဉ် ပြည်ဝင်ခွင့် ဦးရေ ငါးသောင်း သတ်မှတ်ထား ပါတယ် ၊ တစ်နိုင်ငံကို ၇ ရာခိုင်နှုန်း ပြည်ဝင်ခွင့် ရှိပါတယ် ၊ အဲ့ဒီထဲမှာ မြန်မာနိုင်ငံ လည်း အပါအဝင် ဖြစ်ပါတယ် ၊ အထူးသဖြင့် ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အထူး အခွင့်အရေး ပေးတာပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

လျှောက်ထားသူ မြန်မာနိုင်ငံ သားများ အနေဖြင့် www.dvlottery.state.gov ကိုဝင်ကြည့်ပြီး လိုအပ်သည့် အချက်အလက် များကို ရယူနိုင်သည်။ အနိမ့်ဆုံး ပညာ အရည်အချင်း တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။ အလုပ် လုပ်ကိုင်သူများ အတွက် အနည်းဆုံး လုပ်သက် ၂ နှစ်ရှိရမည်။ မိမိလုပ်ခဲ့သော အလုပ်အကိုင် ရာထူးသည် Job Zone ၄ နှင့် ၅ ရှိ Specific Vocational အဆင့် ၇ နှင့်အထက် တွင်ရှိရမည် ဖြစ်သည်။

လျှောက်ထား သူများ အနေဖြင့် DV ဗီဇာကို အောက်တိုဘာလ ၂ ရက်မှ စတင်ပြီး www.dvlottery.state.gov တွင် နိုဝင်ဘာ ၂ ရက်အထိ တစ်လကြာ လျှောက်ထား နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထား လျှင် DV information ကုတ်နံပါတ် ရရှိမည် ဖြစ်သည်။ ထို ကုတ်နံပါတ် ကို မိမိ ကိုယ်တိုင် လျှို့ဝှက် မှတ်ထား ရမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် မေလ တွင် www.dvlottery.state.gov ၌ DV information ကုတ်နံပါတ်ကို ရိုက်ထည့်ပြီး DV ဗီဇာဝင်ခွင့် ပါမပါ ကြည့်ရှု နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထားမှု များတွင် ဗီဇာကျ သည်အထိ ငွေကြေး ကုန်ကျမှု လုံးဝမရှိဘဲ ဗီဇာကျပြီး အမေရိကန် သံရုံး (ရန်ကုန်) တွင် အင်တာဗျူး ၀င်မှသာ ငွေကြေး ကုန်ကျမည် ဖြစ်ကြောင်း သိရှိရသည်။

Myawady Daily Myawady

Global Leader ဦးသန့်


(ေဇယ်သူ)

တနင်္ဂနွေနေ့ထုတ် The Voice Daily တွင် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ အကြောင်း ရေးသည့်အခါ ပထမဆုံး ခေါင်းထဲ ရောက်လာသူမှာ ဦးသန့် ဖြစ်သည်။

ဗိုလ်ချုပ်ကို ခေါင်းဆောင်မှု ရှုထောင့်မှကြည့်အပြီး မြန်မာ့ခေါင်းဆောင်စစ်စစ် တစ်ယောက်၏ ခေါင်းဆောင်မှုအဖြစ် ‘ဗိုလ်ချုပ်၏ ခေါင်းဆောင်မှု ရှာပုံတော်’ စာတစ်အုပ် ထုတ်ဝေပြီးသောအခါ ဦးသန့်ဘက်သို့ ကျွန်တော်လှည့်သည်။ ဗိုလ်ချုပ် ခေါင်းဆောင်သည်က မြန်မာ့နိုင်ငံရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု၊ ပြည်တွင်း။ ဦးသန့်က နိုင်ငံတကာ စင်မြင့်တွင် ရပ်ဝေး မြေခြား တိုင်းတစ်ပါးသားများ၊ ထိပ်သီးများ၊ ကမ္ဘာကို ကိုင်လှုပ်နေသူ မတစ်ထောင်သားတို့ကို ဦးဆောင်သည်။ သမိုင်းတစ်ကွေ့တွင် သူတို့ ဆုံခဲ့ကြသော်လည်း သူတို့၏ ဘဝလမ်းက ကွာခြားသည်၊ စရိုက်ချင်းလည်း မတူ။ ဗိုလ်ချုပ်ထံမှ ခေါင်းဆောင်မှုကို ကျွန်တော်တို့ သင်ယူနိုင်လျှင် ဦးသန့်၏ ခေါင်းဆောင်မှုသည်လည်း မြန်မာတို့အတွက် အကျိုးရှိမည်ဟု ကျွန်တော် ယူဆသောကြောင့် ရေးလိုက်ရာ ဆောင်းပါးများ လေးငါးဆယ်ပုဒ်ခန့် ဖြစ်သွားသည်။ သူ့အကြောင်း၊ သူ့ခေါင်းဆောင်ရည်ကို အကဲဖြတ် မှတ်ကျောက်တင်ရန် သူကျင်လည်ခဲ့သည့် ကုလသမဂ္ဂ၊ ထိုစဉ်က ကမ္ဘာ့နိုင်ငံရေး စင်မြင့်တို့ကို ပြန်တူးဆွ၊ ခံစားယူရသောအခါမှ ဦးသန့်၏ ခေါင်းဆောင်မှု ရုပ်ပုံလွှာသည် ပီသလာသည်၊ ကြည်မြလာသည်၊ တစ်လွှာချင်း တစ်လွှာချင်း မြင်ကွင်းတို့ ပေါ်လာသည်။ ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူရသည့် ကာလ ၁၉၆၁-၁၉၇၁ သည် ကမ္ဘာတွင် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် ဆိုဗီယက် ဦးဆောင်သော အရှေ့အုပ်စုတို့ သဲသဲမဲမဲ အားပြိုင်နေပြီး တစ်ချက်မှားလျှင် ကမ္ဘာကြီး တတိယကမ္ဘာစစ်သို့ ဦးတည်အောင် အတိမ်းအစောင်း မခံသည့် အခြေအနေ ဖြစ်သည်။ ထိုသို့ Two Polars အခြေအနေတွင် ကုလသမဂ္ဂသည် အရေးကြီးသည့် နေရာတွင်ရှိပြီး ဦးသန့်သည်လည်း VVIP Very Very Important Person ဖြစ်လာသည်။ ဦးသန့် စတင်တာဝန်ယူစက မလေးမခန့်သူများ ရှိခဲ့သော်လည်း အချိန်နှင့်အမျှ သူ့လုပ်ရည်ကိုင်ရည်နှင့် စေတနာကို သဘောပေါက်လာပြီး လေးစားလာကြသည်။

ဦးသန့် ထမ်းဆောင်ရသော ကြီးလေးသည့် တာဝန်နှင့် ပြသခဲ့သည့် လုပ်ရည်ကိုင်ရည်တို့ကို အံ့သြ ချီးကျူးပြီး ဦးသန့်၏ ကျောင်းပညာရေးကို ကြည့်လိုက်လျှင် ပိုပြီး အံ့အားသင့်သွားနိုင်သည်။ သူသည် ဒုတိယနှစ်နှင့် ကျောင်းပြီးခဲ့သည်။ ကုလသမဂ္ဂတွင် သူ၏ လက်ထောက်များသည် ပါရဂူဘွဲ့ရ ပါမောက္ခများ ဖြစ်သလို သူထိတွေ့ ကိုင်တွယ်ရသူများသည် နိုင်ငံများမှ ထိပ်သီးများ၊ ဇော်များ ဖြစ်ကြသည်။ ထိုသူတို့၏ လေးစားခြင်း၊ ယုံကြည်ခြင်းကို ဦးသန့် ရယူနိုင်ခြင်းက သူ၏ ပညာအရည်အချင်းသည် သူ့အတန်းပညာထက် သာလွန်ခြင်းကို ပြသည်။ ယနေ့ခေတ် ဘွဲ့လက်မှတ်များ၊ သင်တန်းအောင် လက်မှတ်များကို ဝါသနာသဖွယ် စုဆောင်းနေသည့် ဘွဲ့ရ ပညာမတတ်များ၊ လက်မှတ်စုသူများ (Certificate Collector) များသည် ဦးသန့်၏ နမူနာကို ယူသင့်သည်။ ပညာဆိုသည် တိုင်းတာရ လွယ်အောင် တက်ခဲ့သော ကျောင်းများ၊ ဖြေခဲ့သော စာမေးပွဲများနှင့် တိုင်းကြသော်လည်း တကယ့်ပညာဆိုသည် အတန်းပညာ၏ အလွန်တွင် ရှိသည်။

ကုလသမဂ္ဂသို့ မရောက်မီ ဦးသန့်သည် မြန်မာနိုင်ငံတွင် တာဝန်ကြီးကြီးများကို ယူခဲ့ရာတွင်လည်း ထိုတာဝန်များနှင့် မည်မျှစိမ်းစိမ်း ကျေပွန်အောင် ဆောင်ရွက်နိုင်သည်။ သူသည် စိတ်တံခါးကို ဖွင့်ထားပုံရသည်၊ စာအလွန်ဖတ်သည်၊ လေ့လာသည်။ ထိုသို့ စဉ်ဆက်မပြတ် ကိုယ့်ကိုယ်ကိုယ် သင်ယူခြင်းဖြင့် ယူရသော တာဝန်တို့ကို ဦးသန့် နားလည်ရုံမက ကျေညက်အောင် မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကိုယ်ကိုယ်တိုင်က ကျောင်းဆရာ ဖြစ်ခဲ့သော ဦးသန့်သည် သင်ဆရာထက် မြင်ဆရာနှင့် ကြားဆရာတို့ကို အားထားသည့် self-study သမား ဖြစ်သည်။

ဦးသန့်နှင့် ပတ်သက်လျှင် အားတက်ရသည်များ ရှိသလို စိတ်လက် မကောင်းစရာများလည်း ရှိသည်။ မြန်မာ့သမိုင်းတွင် နေရာတစ်နေရာ ရခဲ့သော်လည်း ဦးသန့်၏ နာမည်သည် ဦးသန့် အရေးအခင်းနှင့် တွဲပြီး ပါနေသဖြင့် အနုတ်လက္ခဏာ၊ ဝမ်းနည်းစရာ ဖြစ်သည်။ ၂ နှစ် သုံးနှစ်ခန့်အထိ ဦးသန့်၏ အုတ်ဂူသည် ချုံနွယ် ပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်းနေခဲ့သေးသည်။

ပိစိကွေး နိုင်ငံလေးဖြစ်သည့် မြန်မာနိုင်ငံကို ကမ္ဘာက မသိ။ သို့သော် ဦးသန့်ကို ကမ္ဘာက သိသောအခါ မြန်မာကို ကမ္ဘာက သိလာသည်။ ဦးသန့်သည် မြန်မာကို ကမ္ဘာ့မြေပုံပေါ်သို့ ဗုံနှင့် မောင်းနှင့် ပထမဆုံး တင်ပေးခဲ့သူ။ ကမ္ဘာ့ထိပ်တန်း မြန်မာတစ်ယောက် ဖြစ်သည့် ဦးသန့်ကြောင့် မြန်မာကို ကမ္ဘာက သိသော်လည်း သူ့ကို မြန်မာတို့ ဂုဏ်သတင်း မွှေးပျံ့ရေးတွင် ကောင်းစွာ အသုံးမချလိုက်ရ။ ဦးသန့် ကျော်စောသည့် အချိန်တွင် မြန်မာနိုင်ငံသာ တံခါးဖွင့်ပြီး ကုန်ထုတ်လုပ် တင်ပို့ရန် ကြိုးစား၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဖြင့် မီးခိုးမထွက်ဘဲ ဝင်ငွေရအောင် ကြိုးပမ်းနေလျှင် မြန်မာ့ထုတ်ကုန်များကို လူ ပိုစိတ်ဝင်စား၊ မြန်မာသို့ လာလည်ရန် ပိုအားသန်ကာ ဦးသန့်၏ ဂုဏ်သတင်းသည် မြန်မာနိုင်ငံကို ဒေါ်လာ ဘီလီယံချီ အကျိုးပြုပေလိမ့်မည်။ မြန်မာနိုင်ငံ သမိုင်းတွင် ‘အခွင့်အရေးပေါ်လျက်နှင့် လက်လွှတ်ခဲ့ရသည့် ဆယ်စုနှစ်များစွာ’ Lost Decades ထိုစဉ်က တံခါးပိတ် ထားခဲ့သည့်၊ ပို့ကုန်ပို့ရန် မကြိုးစားခဲ့သည့် မြန်မာနိုင်ငံတွင် ဦးသန့်နှင့်လည်း အလားတူပင်။ စင်ကာပူကဲ့သို့ Marketing ကျွမ်းကျင်သည့် နိုင်ငံမျိုးတွင်သာ ထိုသို့သော သူမျိုးရှိလျှင် စင်ကာပူ ဂုဏ်သတင်း ပျံ့မွှေးရေး Country Marketing အတွက် လှလှပပ ဆောင်ရွက်ပေလိမ့်မည်။

ဦးသန့်နှင့် ပတ်သက်လျှင် အံ့သြစရာမှာ သူ၏ စွန့်လွှတ်နိုင်စွမ်းပင်။ လူအများ တပ်မက်မောကြသည့် ရာထူးကြီးတွင် တတိယ သက်တမ်းကို ဆက်ယူပါရန် နိုင်ငံတကာ ခေါင်းဆောင်များက တောင်းတောင်းပန်ပန် တိုက်တွန်းနေသည့်ကြားမှပင် မယူဘဲ ပြတ်ပြတ်သားသား စွန့်ခွာခဲ့သည်။ နေရာကောင်းကောင်း ရလျက်သားနှင့် ထိုနေရာကို ခွာနိုင်ခြင်းသည် ထိုနေရာကို ရအောင် လုပ်နိုင်ခြင်းထက်ပင် ပိုခက်ခဲပြီး လူထက်လူ ပုဂ္ဂိုလ်တို့သာ စွမ်းနိုင်သည်။ ရယူခြင်းထက် စွန့်လွှတ်ခြင်းက ခက်ခဲသော်လည်း ဦးသန့်သည် စွန့်လွှတ်ခြင်းကိုပင် လွယ်သယောင် ပြုနိုင်သူ ဖြစ်သည်။ နောင်တက်သည့် ကုလအတွင်းရေးမှူးချုပ် အချို့၏ နောက်သက်တမ်း အရွေးခံရရေး ကြီးစွာသော လုံ့လပြုကြသည်နှင့် ယှဉ်ကြည့်လျှင် ဦးသန့်၏ စွန့်လွှတ်နိုင်ခြင်းသည် ပိုမိုပေါ်လွင်လာသည်။

ယနေ့အခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောဆိုရေး သားခွင့် ပြန်ရလာသလို ဦးသန့်အကြောင်း ကိုလည်း ပြန်လည် ဖော်ထုတ်လာကြသည်။ ဦးသန့်၏မြေး သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြုပြင်ပြောင်းလဲရေး ကာလတွင် အကြံဉာဏ်ပေး ပေါက်ရောက်ခြင်းသည်လည်း တိမ်မြုပ်နေသော အဘိုးဖြစ်သူ ဦးသန့် ပြန်လည် ရှင်သန်ရေး အားသစ်ပင် ဖြစ်သည်။ ဦးသန့် ပြတိုက်ကို ၂၀၁၄ ခုနှစ်တွင် ဖွင့်ရန် ကြိုးစားနေသည်။

တစ်ခေတ်တစ်ယောက်ပင် ပေါ်ရန် ခဲယဉ်းသည့် ဦးသန့်ကဲ့သို့ လူမျိုးအကြောင်း ကြားရသည်နှင့် မြန်မာ လူငယ်လူရွယ် လူလတ်တို့ အားကျရသည်၊ အားခွန်သစ်တို့ တိုးပွားရသည်။ ဦးသန့်၏ နည်းနာများအတိုင်း လုပ်နိုင်ကိုင်နိုင် အတုယူနိုင်လျှင် ကမ္ဘာ့စင်မြင့်သို့တိုင် ပေါက်ရောက်ပေလိမ့်မည်။ ဦးသန့်ကို ပြန်ဖော်ထုတ် နိုင်ခြင်းသည် မြန်မာနိုင်ငံတွင် ပူဇော်ထိုက်သူ ပူဇော်ဟူသော မင်္ဂလာ ပြန်လည် ခေါင်းထောင်ထလာခြင်းကိုလည်း ပြသည်။ ယခင်ကဆိုလျှင် ချွန်သူဆိုလျှင် အသာ မှတ်ထားပြီး ချောင်ထိုးသည့်ကာလမှ ယခုအခါ ချောင်ထိုးထားသူတို့ကိုပင် ဖုန်ခါကာ ရှေ့တန်းသို့ ပို့လာရပြီ။ ဘုရားကားအောက်၊ မျောက်ကားအထက် မဟုတ်တော့ဘဲ Meritocracy ခေါ် အရည်အချင်းအလိုက် ဝါဒ အညွန့်ပြန်လူလာသည့် ကာလဖြစ်သည့်အတွက် ယခင်က နေရာမရ ခဲ့သောသူတို့ နေရာပြန်ရလာသည်။

Globalization ခေါ် ကမ္ဘာပြုခြင်းဖြစ်စဉ် ခေတ်မစားခင် အချိန်ကတည်းက Global Leader ဖြစ်ခဲ့သည့် ဦးသန့်ထုံး နှလုံးမူကာ အားထုတ်လျှင် ကမ္ဘာ့ စင်မြင့်ထက်တွင် မြန်မာတို့ ပွဲလယ်တင့်လိမ့်မည် ဖြစ်သည်။
The Voice Weekly

ရန်ကုန်လေဆိပ်တွင် ကာလတန်ဘိုးကျပ်(၃၉၉၀၀၀၀)ရှိ စိတ်ကြွဆေးပြားများဖမ်းမိ


ရန်ကုန်၊ စက်တင်ဘာ ၂၉
့ ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌
စက်တင်ဘာ၂၈ရက်နံနက်၁၀၄၅အချိန်က
ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း
UB – Special ဖြင့် တင်ဆောင်ရန်အတွက်
ကို---အင်းစိန်မြို့နယ်နေသူ ယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်ဖြင့်
ထည့်ထားသော TV Game စက်အား X-Ray စက်တွင် ဖြတ်သန်းစဉ်
၎င်း Game စက်အတွင်း၌ မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့်
ဖွင့်ဖေါက်စစ်ဆေးခဲ့ရာ ၄င်း စက်အတွင်းမှ အ၀ါရောင်တိတ်များဖြင့်ပတ်လျက်
အပြာရောင်ပလပ်စတစ်အိတ်ငယ်များဖြင့်ထည့်ထားသော
WY စာတမ်းပါ စိတ်ကြွဆေးပြား
(၇၉၈)ပြား၊ အလေးချိန် (၇၉.၈)ဂရမ်ခန့် ၊ ကာလတန်ဘိုးငွေကျပ်(၃၉၉၀၀၀၀)အား တွေ့ရှိသိမ်းဆည်း
ရမိခဲ့ကြောင်းYangon Policeမှသိရသည်။
ကို---အားစစ်ဆေးခဲ့ရာ အဆိုပါဆေးပြားများပါသည့်Gameစက်ကို
ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် ၀၆၀၀အချိန်ခန့်က
အမည်မသိအမျိုးသား (၁)ဦးမှ လာရောက်ပေးခဲ့ခြင်းဖြစ်ပြီး
မြိတ်မြို့ရှိ ဦး-----ထံသို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း
စစ်ဆေးသိရှိရသဖြင့် ကော့သောင်းမူးယစ်တပ်ဖွဲ့စုမှ ၁၃၅၀အချိန်တွင် ဦး--အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
စိတ်ကြွဆေးပြားများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အဆိုပါ ၂ဦးအားမင်္ဂလာဒုံမြို့မရဲစခန်း မယ(ပ)၉/၂၀၁၃၊
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
Popular Myanmar News Journal 

အမရပူရမြို့နယ်ရဲတပ်ဖွဲ့က တားမြစ်ပေမယ့် ဆန္ဒထုတ်ဖော်သူတွေက လက်မခံဘဲ ဆန္ဒဆက်လက်ထုတ်ဖော်ချီတက်နေ


လက်ပန်းတောင်းတောင် လယ်တီဆရာတော်ဘုရားကြီးရဲ့သာသနိက အဆောက်အဦးများ ကာကွယ်စောင့်ရှောက်ရေးအင်အားစုမှ ဆားလင်းကြီးဒေသခံ ၅၅ ဦးဟာ မန္တလေး၊ အမရပူရမြို့နယ်မှ လက်ပန်းတောင်းတောင်စီမံကိန်းရှိ လယ်တီဆရာတော်ဘုရားကြီးရဲ့ စေတီတော်နဲ့ သိမ်တောင်ဆီကို ယနေ့ညနေပိုင်း ၃နာရီခန့်မှ စတင်ပြီးလမ်းလျှောက်ဆန္ဒထုတ်ဖော်ကြပါတယ်။
လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာမှာ ခွင့်ပြုချက်တင်မထားတာကြောင့် အမရပူရမြို့နယ်ရဲတပ်ဖွဲ့က တားမြစ်ပေမယ့် ဆန္ဒထုတ်ဖော်သူတွေက လက်မခံဘဲ ဆန္ဒဆက်လက်ထုတ်ဖော်ချီတက်နေကြပါတယ်။
ဆန္ဒထုတ်ဖော်နေကြသူတွေကို ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ခန့်က လုံခြုံရေးလိုက်ပါဆောင်ရွက်နေကြပါတယ်။
The Modern News Journal

Undescended testicle ကျားအစိ အောက်မကျခြင်း


မင်္ဂလာပါဆရာ။ နောက်တစ်ခုမေးစရာလေရှိလို့ပါရှင့်။ ကျွန်မရဲ့သားလေးက အခုသုံးနှစ်ကျော်ပါရှင့်။ သူကမွေးကတဲ့က ဥနှစ်လုံးမှာ တလုံးက မွေးကတည်းက မပါတာပါရှင့်။ အဲဒါဘယ်လိုလုပ်ရင် ကောင်းမလည်းဆိုတာလေကိုလည်း အကြံပေးပါရှင့်။

Testes ကျားအစိ အောက်မကျတာကို ဆေးစာနဲ့ Cryptorchidism လို့လဲခေါ်တယ်။ ယောက်ျားတွေမှာ ကျား-အစိခေါ်တဲ့ (တက်စ်တိစ်) နှစ်လုံးက သူရှိရမဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲအထိ ကျဆင်း မလာတာဟာ နေ့စေ့လစေ့ မွေးလာသူတွေထဲက ၄% နဲ့ စောမွေးတဲ့ ကလေးတွေထဲက ၃ဝ% မှာဖြစ်တယ်။ သန္ဓေသား ဘဝတုံးက ဗိုက်ထဲမှာ စဖြစ်တာကနေ ကိုယ်ဝန် ၉ ပြည့်ရင် အောင်ဆင်း လာရမှယ်။ မွေးကာစမှာ တွေ့ရပေမဲ့ တဝက်လောက်က မခွဲရဘဲ ၆ လသားမှာ ဆင်းတာတယ်။ တချို့ကလေးတွေမှာ Retractile testes တက်လိုက်-ကျလိုက်နေတာလဲ ဖြစ်တယ်။

အစိက သူ့နေရာမှာ မရှိပေမဲ့ ကလေးမှာ ဘာမှခံစားရတာ မရှိပါ။ တနှစ်သားမှာ ဒီလိုဖြစ်တာ ရှိနေ-မနေ သိဘို့လိုတယ်။ လူပျိုပေါက်မှာ သူ့နေရာသူ ရောက်နေရင်တော့ ခွဲစိတ်ကုသစရာ မလိုပါ။ တဖက်တည်းဖြစ်တာ များတယ်။ တကယ်ဘဲ သူ့နေရာအထိ ကျမနေရင် စောစောခွဲစိတ်ကုသတာ ပိုကောင်းတယ်။ ကလေးမရနိုင်တာနဲ့ ကင်ဆာဖြစ်နှုန်း ပိုများတယ်။

ခွဲစိတ်တာကို Orchiopexy နည်းလို့ခေါ်တယ်။ ခွဲစိတ်တဲ့အခါမှာလဲ အစိမတွေ့ရတာ ရှိတတ်တယ်။ Vanished or Absent testis လို့ခေါ်တယ်။ သူ့နေရာသူမရှိတဲ့အတွက် -
- Reduced fertility အစိဖွံဖြိုးမှုကို ထိခိုက်မယ်၊
- Infertility သုက်ပိုးထုတ်တာကို ထိခိုက်လို့ ကလေးမရဖြစ်မယ်၊
- Psychological problems စိတ်ကိုသက်ရောက်မယ်၊
- Testicular germ cell tumors ကင်ဆာဖြစ်နိုင်ခြေ သူများထက်များမယ်၊
- Inguinal Hernia အူကျရောဂါဖြစ်မယ်။
- Testicular torsion အကြောလိမ်တာဖြစ်နိုင်တယ်။

တဖက်တည်း မကျသူတွေက ကလေးမရတာ အဖြစ်နည်းတယ်။ Testicular Cancer ကင်ဆာဖြစ်ဘို့ အခွင်အလမ်း ပိုများတယ်ဆိုလို့ ကြောက်စိတ် သိပ်မဝင်စေချင်ပါ။ ၁ဝဝဝ ကနေ ၂၅ဝဝ မှာ ၁ ယောက်သာ ဖြစ်ပါတယ်။ ကျားအစိ ပုံမှန်သမားတွေကတော့ ၁ သိန်းမှာ ၁ ယောက်ဖြစ်တယ်။

မခွဲစိတ်ခင် တခါတလေ B-HCG or testosterone ဟော်မုန်းဆေးထိုး ပေးတယ်။ သုတေသနတချို့အရ GnRH ဟော်မုန်းက ပိုထိရောက်တာ တွေ့ရတယ်။ ဒါပေမဲ့ အမေရိကားမှာ hCG IM ဟော်မုန်းကိုသာ သုံးတယ်။ 1,500 to 2,500 Unit ကို တပတ်မှာ ၂ ကြိမ်၊ စုစုပေါင်း ၄ ပတ် ထိုးပေးတယ်။ ၅ ပတ်အတွင်းမှာ ၁ဝ ခါ ထိုးတာ များတယ်။ ဆေးတန်ခိုးနဲ့ ဘေးထွက် အကျိုးလဲရနိုင်တယ်။ ပန်းတံပိုကြီးမယ်၊ အစိပိုကြီးမယ်။ ဆီးစပ်မွှေးပေါက်မယ်။ စိတ်က ကြမ်းတမ်းမယ်။ နောက်တော့ ကောင်းလာပါမယ်။

အစိက ကပ်ပယ်အိတ်မှာ ရှာမတွေ့ရင် -
- Path of descent သူ့လာရာလမ်း တနေရာရာမှာ ရှိနိုင်တယ်။ ဗိုက်ထဲ ဗိုက်ဖုံးအလွှာနောက်မှာ ကျောက်ကပ် အောက်နားကနေ အောက်ဘက် ပေါင်ခြံဆီ ဆင်းလာရာလမ်းမှာ ရှိနေမယ်၊
- Inguinal canal (အင်ဂွိုင်နယ်-ကင်နယ်လ်) ခေါ်တဲ့ ပေါင်ခြံကနေရာ ၇ဝ-၉ဝ%၊
- Ectopic သူ့လမ်းမှာ မဟုတ်ဘဲ တခြားတနေရာရာ ဥပမာ အရေပြားအောက်၊ ပေါင်၊ စတဲ့နေရာ၊
- Undeveloped ဖွံ့ထွားမှု မမှန်ဖြစ်နေမယ်၊
- Vanished လုံးဝမရှိတာဖြစ်မယ်။
- ၃ ပုံ ၂ ပုံက တဖက်တည်းမှာဖြစ်တယ်။

Orchiopexy ခွဲစိတ်နည်းလုပ်ရင် သတိထားစရာတွေ ရှိတယ်။ Testicular atrophy အစိသေးတာ ဖြစ်မှာ သတိထားရတယ်။ ခွဲစိတ်တဲ့အခါမှာ တကယ်လို့ အစိသွားသွေးကြောတွေက နည်းနေတာ၊ ဆန့်မရတာဖြစ်နေရင် ခက်မယ်။ တကယ်လို့ အစိက ဗိုက်ထဲမှာသာ ရှိနေသေးရင် အဆင့်နဲ့ခွဲရမယ်။ အရင်ဆုံး နေရာရှာပြီး သွေးကြောစနစ်ပြုပြင်ပေးရမယ်။

မွေးလာတော့ အစိနေရာမကျတဲ့ ယောက်ျားလေးတွေဟာ ကြီးလာတဲ့အခါ Gender-disordered, Effeminate, Prehomosexual လိင်ပိုင်းပြဿနာတွေ မဖြစ်ကြပါ။ Low self-esteem စိတ်ပိုင်းသက်ရောက်မှုမဖြစ်အောင် မိသားစု နဲ့ အသိုင်းအဝိုင်ကနေ ပံ့ပိုပေးရမယ်။ ကုသမှုကို စနစ်တကျခံယူရင် အားလုံးကောင်းသွားမယ်ဆိုတာ သိထားရမယ်။ Infertility ကလေးမရတတ်တာကိုတော့ သတိထားရမယ်။ ခွဲစိတ်ပြုပြင်ပြီးနောက်လဲ ရှိနေနိုင်တယ်။ ယောက်ျားဦးရေရဲ့ ၆% မှာ ကလေးမရနိုင်သေးတာဖြစ်ပေမဲ့ အစိတဖက်မကျသူတွေထဲမှာ ၁ဝ% ရှိတယ်။ နှစ်ဖက်လုံး မကျလို့ ခွဲစိတ်ရသူတွေမှာ သာမန်လူတွေထက် ၆ ဆပိုတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၈-၂ဝ၁၂
Dr. Tint Swe

ရန်ကုန်မြို့ ပတ်ရထားလမ်းပိုင်းမှာ အဆင့်မြင့်အဲကွန်း အထူးရထားကိုအောက်တိုဘာ ၆ ရက်နေ့ မှာစတင်ပြေးဆွဲသွားမယ်


ရန်ကုန်မြို့ ပတ်ရထားလမ်းပိုင်းမှာ အဆင့်မြင့်အဲကွန်း အထူးရထားကိုအောက်တိုဘာ ၆ ရက်နေ့ မှာစတင်ပြေးဆွဲသွားမယ်လို့ ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေးကပြောပါတယ်။
" ရထားတွေက၂၀၁၁ခုနှစ်က၀ယ်ပြီး ၂၀၁၂ခုနှစ်မှာရောက်လာတယ်။တွဲဆိုင်းတစ်ဆိုင်းကိုယန်း ၈ သန်း၆သိန်းကုန်ကျတယ်။ အခုကျွန်တော်တာဝန်ယူတဲ့ ကာလမှာရထားလမ်းပေါ်ဆွဲတင်လိုက်တာပါ။ရထားလက်မှတ်ခ ၄၀၀ကျပ်သတ်မှတ်သွားမယ်" လို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကပြောပါတယ်။
Author မိုးမြင့်ဇော်
Kumudra

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း


(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

မြတ်ဗုဒ္ဓအလင်း
Credit :အင်းလေးမီဒီယာ

အဆက်မပြတ်မိုးကြောင့်ကလေးမြို့တွင်တံတားများ ရေတိုက်စားခံရ



နှစ်ရက်ဆက်တိုက်ရွာသောမိုးကြောင့် ကလေးမြို့တွင်တံတားများနှင့် လူနေအိမ်များ
ရေတိုက်စားခံရ

ကလေးမြို့-စက်တင်ဘာ၂၉
ကလေးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်း
ချောင်းရေများလျှံတက်လျှက်ရှိပြီး တံတားများနှင့် လူနေအိမ်များ
ရေတိုက်စားခြင်းခံနေရကြောင်း မြို့ခံများထံမှသိရသည်။
ကလေးမြို့တွင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းမှ စတင်ကာ ရွာသွန်းသောမိုးသည်ယနေ့
၂၉ ရက်နေ့အထိ အဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် မြို့လယ်ဖြတ်စီးနေသော
ဥပုသ်ချောင်း သံတံတားချောင်းများမှ ရေများ လျှံတက်လျှက်ရှိပြီး
တံတံတားချောင်းမှ ရေလျှံတက်မှုကြောင့် ချောင်းတစ်လျှောက် ပင်လုံရပ်ကွက်
ချမ်းမြေ့အောင်စည်ရပ်ကွက်နှင့် မင်္ဂလာဥယျာဉ်ရပ်ကွက်တို့တွင် လမ်းများ
လူနေအိမ်များတွင် ရေလျှံတက်မှု ဒုက္ခများနှင့် ရပ်ကွက်နေပြည်သူတို့
ရေဘေးခံစားရလျှက်ရှိသည်။
အရင်တုန်းက ဒီ သံတံတားချောင်း ရေမလျှံဖူးဘူး။ ဒါပေမယ့် အခုနောက်ပိုင်း
မိုးအနည်းငယ်ရွာရင်တောင် ရေတွေက တက်လာတယ်။ နောက်ပြီး ချောင်းရေအနက်ကလည်း
အရင်က ကျွန်တော်တို့အရပ်မြုပ်တယ်။ အခုတော့ ပေါင်လောက်ပဲ ရှိတော့တာ။
ဘာကြောင့်လဲတော့မသိဘူး။ နောက်ပြီး မြို့အနေအထားအရ အမှိုက်တွေကို ချောင်းထဲ
စွန့်ပစ်မှုတွေလည်းများလာတယ်။ နောက်ပြီး လမ်းဘေး ပလက်ဖောင်း
ရေနှုတ်မြောင်းတွေလည်း မြောင်းဆည်တာတွေ မတွေ့ရတော့ဘူး။ ဒါ့ကြောင့်လည်း
လမ်းပေါ်ကို ရေတွေ တက်တာဖြစ်နိုင်တယ်လို့ အဆိုပါ ရေလွှမ်းမိုးမှု ခံနေရတဲ့
ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ကလေးမြို့ ဥပုသ်ချောင်းရေ အနေဖြင့်တော့ ရေလွှမ်းမိုးခြင်း မရှိသေးပဲ
ရေတိုက်စားမှုများသာ ရှိနေပြီး အဆိုပါ ရေတိုက်စားမှုမှာလည်း စိုးရိမ်စရာ
အခြေအနေတစ်ရပ်အထိ ရောက်နေပြီဖြစ်သည်။ ဥပုသ်ချောင်းရေတိုက်စားမှုနှင့်
ပတ်သက်ပြီး မြို့ခံတစ်ဦးကလည်း အရင်က ဥပုသ်ချောင်းဟာ ရေတိုက်စားမှု
မသိသာဘူး။ အခုနောက်ပိုင်း လေးနှစ် ငါးနှစ်လောက်မှာ သိသာလာတယ်။ မိုးရာသီ
တစ်ခါရောက်တိုင်း တစ်ခါ ချောင်းဘေးမြေတွေကို တိုက်စားသွားတတ်နေပြီ။
ဆိပ်ကမ်းသာ တံတားဆိုရင် အရင်က တိုတိုလေး အခု အတော်လေး ရှည်လျှားလာနေပြီ။
ဒါကလည်း တစ်နှစ် ရေစားလိုက် ပြန်ဆောက်လိုက်နဲ့ဆိုတော့ ရှည်ရှည်ရှည်လာတယ်။
အခုဆိုရင် ကြည့်လေ မြို့ရဲ့ မိန်းလမ်းမကြီးဖြစ်တဲ့ ကလေးဝလမ်း
ဆေးရုံရှေ့တံတားဆိုရင် မြို့ထွက်ဘက်အခြမ်းက ဥပုသ်ချောင်းရေတိုက်လိုက်တာ
အားလုံး ၀ိုင်းကယ်နေရပြီ။ ဒါမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးဘူး လို့
ပြောခဲ့သည်။
ကလေးမြို့အတွင်း နှစ်ရက်ဆက်တိုက်ရွာသွန်းသော မိုးရေကြောင့်
သံတားချောင်းဘေးရှိ ရပ်ကွက်နေအိမ်တစ်ချို့ ရေတက်နေပြီ
မင်္ဂလာဥယျာဉ်ရပ်ကွက်တွင် အစပ်တွင် လမ်းပေါ် ရေလွှမ်းမိုးမှုမှာ သုံးပေခန့်
အထိ ရှိနေပြီး ရေတိုက်စားမှုနှင့် ပတ်သက်၍ ကလေးမြို့
ပြည်သူ့ဆေးရုံကြီးအရှေ့ ဥပုသ်ချောင်း ကွန်ကရစ်တံတားတစ်ဘက်ခြမ်း
ရေအတိုက်စားခံနေရပြီး ရဲဌာန ၊ စစ်တပ်နှင့် ပြည်သူတို့
ဝိုင်းဝန်းထိန်းသိမ်းမှုကြောင့် စိုးရိမ်ရသည့် အခြေအနေမှ
လွှတ်မြောက်ခဲ့ပြီဖြစ်သော်လည်း ဆိပ်ကမ်းသာ တံတားအနေဖြင့်တော့
တံတားတစ်ခြမ်း ရေတိုက်စားခံလိုက်ရပြီး ၄င်း အနီးရှိ
ကမ်းပါးပြိုကျမှုကြောင့် မြေသား ပေ (၃၀) ခန့် ပြိုကျခဲ့ရပြီး
နေအိမ်တစ်အိမ်နှင့် လက်ဘက်ရည်ဆိုင်တစ်ဆိုင် ပါသွားခဲ့ပြီး နောက်ထပ်
နေအိမ်တစ်ချို့ပါ တိုက်စားနိုင်ဖွယ် အခြေအနေ ရှိနေကြောင်း ယနေ့စက်တင်ဘာ (၂၉)
ရက်နေ့ မွန်းလွှဲ (၂) နာရီထိ သတင်း အတည်ပြုနိုင်ခဲသည်။

ချစ်သူမောင်

၂၁ ရာစု အမေရိကန် ရေတပ်









စစ်အေး ကာလ ပြီးဆုံး သွားသော အခါ ကမ္ဘာပေါ်တွင် အင်အားကြီး နိုင်ငံများ၏ ပဋိပက္ခများ ကုန်ဆုံး သွားပြီ။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စု တွင် ရေတပ် အင်အားကို တိုးချဲ့ရန် မလို တော့၊ လျော့ချ ရန်သာ ရှိတော့သည် ဆိုသော သုံးသပ်ချက်များ ပေါ်ပေါက် လာခဲ့သည်။

သို့သော် ကမ္ဘာ့ အင်အားကြီး နိုင်ငံ များကြား ပဋိပက္ခများ နေရာ တွင် အစားထိုး လာသော ဒေသတွင်း ပဋိပက္ခများ၊ နိုင်ငံတကာ အကြမ်းဖက် ဝါဒ၊ ပင်လယ် ရေနက်ပိုင်းတွင် ရှာဖွေရန် ကျန်ရှိ နေသေးသော ရေနံနှင့် အခြား သယံ ဇာတများ များစွာ ရှိနေချိန်တွင် ကုန်းတွင်းပိုင်း သယံဇာတ များက ကုန်ခန်း လာနေမှု၊ စွမ်းအင် လုံခြုံရေးနှင့် ကမ္ဘာ့ ရေကြောင်း ကုန်သွယ်ရေး ပမာဏ မြင့်မားလာမှု စသော အခြေအနေ သစ်များ အောက်ဝယ် အင်အားကြီး နိုင်ငံများရော၊ နိုင်ငံငယ် များပါ မိမိနိုင်ငံ၏ အမျိုးသား အကျိုး စီးပွားကို ကာကွယ်ရန်၊ ပင်လယ် ရေပိုင်နက်နှင် စီးပွားရေးဇုံကို ကာကွယ်ရန်နှင့် ကုန်သွယ် ရေကြောင်း လမ်းများကို စောင့်ရှောက်ရန် စသည်တို့အတွက် ရေတပ် အင်အားကို တိုးချဲ့လာ သည်ကို တွေ့ရသည်။

ထို့ကြောင့် ၂၁ ရာစုတွင် ပေါ်ပေါက် လာနေသောနိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေ အသစ်များ အောက်တွင် အမေရိကန် ပြည်ထောင်စု၏ ရေကြောင်း စစ်ဆင်ရေး မဟာ ဗျူဟာများ မည်ကဲ့သို့ ဖြစ်လာမည်ကို သုံးသပ် ကြည့်ရန် လိုအပ် ပေမည်။

ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများ

အမေရိကန် ရေတပ်မတော် အနေဖြင့် ၂၁ ရာစု၌ အမေရိကန် နိုင်ငံအတွက် အရေးပါသော ဒေသများတွင် အမေရိကန် တို့၏ အကျိုးစီးပွား များကို စိန်ခေါ်လာမည့် နိုင်ငံများ၏ အန္တရာယ်၊ ကမ္ဘာ့နေရာ အနှံ့တွင် ပြန့်နှံ့ နေသော အကြမ်းဖက် အဖွဲ့များနှင့် ရာဇဝတ် ဂိုဏ်းများ၏ အန္တရာယ်နှင့် အခြေအနေ ယိုးယွင်း နေသော နိုင်ငံများမှ တဆင့် ပြန့်နှံ့ လာနိုင်သော မတည်ငြိမ် မှုများ စသော ခြိမ်းခြောက်မှု များနှင့် စိန်ခေါ်မှု များကို ကိုင်တွယ် ဖြေရှင်း နိုင်ရေး အတွက် ပြင်ဆင်ထား ရမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ သုံးသပ် ထားသည်ကို တွေ့ရသည်။

ထိုပြင် ထိုစိန်ခေါ် မှုများ သည် အတိတ်က ကဲ့သို့ ကြိုတင် ခန့်မှန်း တွက်ချက် ပြင်ဆင်ချိန် ရမည်မဟုတ်ပဲ မမျှော်လင့်သော အချိန်၊ မမျှော်လင့်သော နေရာများမှ ရုတ်ချည်း ပေါ်ပေါက် လာနိုင်သည် ဟုလည်း သုံးသပ် ခဲ့သည်။ ထို့ကြောင့် အနာဂတ် အမေရိကန် ရေတပ်မတော် အနေဖြင့် ထိုးစစ်စွမ်းရည်ကို ပိုမို မြှင့်တင်ရန်၊ သတင်း လက်ဦးမှုနှင့် လွှမ်းမိုးနိုင်မှု စွမ်းရည်ကို ဆက်လက် စွဲကိုင်ထားရန်၊ ကုန်သွယ် ရေကြောင်းလမ်း များကို ထိန်းချုပ်ခြင်း၊ တပ်အင်အား ဖြန့်ကျက်ခြင်း၊ မဟာ ဗျူဟာမြောက် ရွှေ့ပြောင်းခြင်း၊ ဟန့်တား ခြင်းများကို ဆောင်ရွက် နိုင်ရန် အတွက် အောက်ပါ စွမ်းရည် သုံးရပ်ကို မြှင့်တင် သွားရမည်ဟု ကောက်ချက်ချ ခဲ့သည်ကို တွေ့ရပါသည်-

(က) ပင်လယ်ပြင်တိုက်ခိုက်ရေးစွမ်းရည် (Sea Strike)
(ခ) ပင်လယ်ပြင်ကာကွယ်ရေးစွမ်းရည် (Sea Shield)
(ဂ) ပင်လယ်ပြင်အခြေစိုက်စခန်းများထားရှိနိုင်မှုစွမ်းရည် (Sea Basing)

ပင်လယ်ပြင် တိုက်ခိုက်ရေး စွမ်းရည်

အမေရိကန် ရေတပ်မတော် သည် တိကျပြီး အဖျက် စွမ်းအား ကြီးမားသော တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင် နိုင်ရန် အတွက် တိကျသော ထောက်လှမ်းခြင်း၊ ကင်းထောက်ခြင်းနှင့် စောင့်ကြည့်ခြင်း စွမ်းရည်ရှိပြီး ပေါ်ပေါက် လာသော အန္တရာယ်ကို ချက်ခြင်း တုံ့ပြန် နိုင်စွမ်း ရှိရမည် ဖြစ်သည်။ ထို့ပြင် သင်္ဘောမှ ကမ်းခြေ ရည်မှန်းချက်သို့ လျှင်မြန်စွာ ချဉ်းကပ် တိုက်နိုင်ပြီး လိုအပ်ပါက လျှို့ဝှက် စစ်ဆင်ရေး များကိုလည်း ဆောင်ရွက် နိုင်ရမည် ဖြစ်သည်။

ထိုကဲ့သို့ တိုက်ပွဲဝင် နိုင်စွမ်း ရှိရန် အတွက် အမေရိကန် ရေတပ်မတော်သည် အနာဂတ်တွင် ပျံသန်း နေခိုက် ပစ်မှတ် ရှာဖွေ လမ်းကြောင်း ပြောင်းလဲ နိုင်စွမ်းရှိသည့် မျိုးဆက်သစ် ဒုံးပျံများ၊ ပိုမို အသံဆိတ် ငြိမ်သော ရေငုပ် သဘောင်္ာများ၊ မောင်းသူမဲ့ အဝေးထိန်း လေယာဉ်များ၊ တာဝေးပစ် အမြောက်များနှင့် အဆင့်မြင့် သတင်း အချက်အလက် နည်းပညာ များကို ပိုင်ဆိုင်အောင် ဆောင်ရွက် သွားမည် ဖြစ်သည်။ ၎င်းကဲ့သို့ ခေတ်မီ လက်နက်များ တပ်ဆင် ထားသော ရေတပ်ဖွဲ့ များနှင့် ကမ်းတက် တပ်ဖွဲ့ များသည် ရေပြင် စစ်ဆင်ရေးနှင့် ကမ်းတက် စစ်ဆင်ရေး များကို နှစ်ဆယ့်လေး နာရီ ပတ်လုံး၊ တစ်နှစ်လျှင် ၃၆၅ ရက်လုံး တိုက်ပွဲ ဝင်နိုင်စွမ်း ရှိမည် ဖြစ်သည်။

ပင်လယ်ပြင် ကာကွယ်ရေး စွမ်းရည်

ယခင်က ရေတပ်မတော်၏ ပင်လယ်ပြင် ကာကွယ်ရေး တာဝန်မှ ရေတပ် သဘောင်္ အုပ်စု၏ လုံခြုံရေး၊ ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်း များနှင့် နိုင်ငံေ ရပိုင်နက်ကို စောင့်ရှောက်ခြင်း မျှ သာ ဖြစ်သော်လည်း အနာဂတ် ရေတပ်မတော် သည် ထိုတာဝန် များအပြင် အကြမ်းဖက် ဝါဒ နှိမ်နင်းရေး စစ်ပွဲတွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန် ရေတပ်ကို ကမ္ဘာ့ အနှံ့ အပြားတွင် ရှေ့တန်း ကျကျ တပ်ဖြန့်ထားပြီး အကြမ်းဖက် ဝါဒ နှိမ်နင်းရေး စစ်ပွဲကို ဆင်နွဲနေသော ကြည်း/ လေတပ်ဖွဲ့များ၊ နယ်ဘက် ဆိုင်ရာ အဖွဲ့အစည်း များနှင့် အခြား လက်နက်ကိုင် တပ်ဖွဲ့များကို အထောက်အကူ ပေးသွား ရမည် ဖြစ်သည်။

ထို့ပြင် အကြမ်းဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ အမေရိကန် ပြည်ထောင်စုကို ရန်လိုသော နိုင်ငံ/ အဖွဲ့အစည်း များမှ အဖျက် စွမ်းအား ကြီးမားသော လက်နက် နည်းပညာများ ပိုင်ဆိုင်ရန် ကြိုးစားမှု များကို နိုင်ငံတကာ ရေပြင်တွင် ဟန့်တား ဖျက်ဆီး နိုင်အောင် ဆောင်ရွက် သွားရမည် ဖြစ်သည်။ ထိုကဲ့သို့ တိုက်ပွဲဝင် နိုင်စွမ်း ရှိစေရန် အတွက် အမေရိကန် ရေတပ်သည် ပင်လယ်ပြင် စစ်ဆင်ရေး အပြင် ကမ်းရိုးတန်း ဒေသနှင့် မြစ်ကြောင်း စစ်ဆင်ရေးများ ဆင်နွဲ နိုင်စွမ်း ရှိအောင် ဆောင်ရွက်ခြင်း၊ မိုင်းစစ်ဆင် ရေးနှင့် တန်ပြန်မိုင်း စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်ခြင်း၊ မောင်းသူမဲ့ အဝေးထိန်း လေယာဉ်နှင့် ရေယာဉ်များကို တိုးချဲ့ သုံးစွဲခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည်။

ထို့ပြင် ယခင် ကမ်းတက် စစ်ဆင်ရေး ရည်မှန်းချက် ဖြစ်သော ကမ်းခြေ ပေါင်းကူး ခြေကုတ် (Beach Head) ကို ကာကွယ်ခြင်းအစား ကုန်းတွင်း ပိုင်းတွင် နက်ရှိုင်း စစ်ဆင်ရေး ဆောင်ရွက် နေသော မြေပြင် တပ်ဖွဲ့များကို လေကြောင်း ကာကွယ်ရေး၊ ဒုံးပျံ ကာကွယ်ရေးနှင့် လေကြောင်း ပစ်ကူ ပေးနိုင်သော စွမ်းရည်များ ရရှိအောင် မျိုးဆက်သစ် လက်နက်များကို တိုးချဲ့ တပ်ဆင် သွားမည် ဖြစ်သည်။

ပင်လယ်ပြင် အခြေစိုက် စခန်းများ ထားရှိ နိုင်မှုစွမ်းရည်

စစ်အေးခေတ် ကာလက အမေရိကန် နိုင်ငံသည် နိုင်ငံတကာ၌ တပ်ဖွဲ့များကို ချထားရာတွင် မဟာမိတ် နိုင်ငံများတွင် အခြေစိုက် စခန်းများ ထားရှိပြီး ပဋိပက္ခ (သို့) စစ်ပွဲဖြစ်ပွား ချိန်တွင် ထိုအခြေစိုက် စခန်းများကို အသုံးပြုခဲ့ ကြသည်။ သို့သော် စစ်အေး ခေတ်လွန် ကာလတွင် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ ပြောင်းလဲ လာမှုနှင့် အိမ်ရှင် နိုင်ငံ များမှ ပြည်သူများ အနေဖြင့် အမေရိကန် စစ်စခန်းများ ထားရှိမှုကို ဆန့်ကျင် လာခြင်း တို့ကြောင့် အမေရိကန် စစ်စခန်းများ ရုတ်သိမ်း ခဲ့ရခြင်း၊ စစ်ဖြစ်ပွား ချိန်တွင် ထိုစခန်းများကို အသုံးပြုခွင့် ရရန်အတွက် ခွင့်ပြုချက် မရခြင်း၊ စသော ကန့်သတ်ချက် များနှင့် ကြုံတွေ့ လာခဲ့ ရသည်။ ထို့ကြောင့် အနာဂတ်တွင် အမေရိကန် ရေတပ် အနေဖြင့် ရွှေ့ပြောင်း နိုင်သော ရေပြင် အခြေစိုက် စခန်းများကို အသုံးပြု သွားမည် ဖြစ်ကာ စစ်ရေး အခြေအနေ အရ လိုအပ်သော နေရာတိုင်းသို့ လျှင်မြန်စွာ ရွေ့ပြောင်း အခြေပြုကာ လိုအပ်သော အုပ်ချုပ် ထောက်ပံ့မှု ကိစ္စ အားလုံးကို ဆောင်ရွက် ပေးမည် ဖြစ်သည်။

ဤ စီမံချက်တွင် အရေးပါဆုံးမှာ S class Prower Projection Platform (PPP) ရေယာဉ် စီမံကိန်း ဖြစ်သည်။ တန်ချိန် လေးသောင်း ကျော်ရှိမည့် အဆိုပါ ရေယာဉ်သည် လူအင်အား တစ်သောင်း ကျော်၊ ရဟတ်ယာဉ် ၂၈ စင်း၊ တာတို/ ဒေါင်လိုက် ပျံတက်နိုင်သော လေယာဉ်များနှင့် လေယာဉ်ဆီ ဂါလန်တစ်သန်း ကျော်ကို တင်ဆောင် ထားမည် ဖြစ်ပြီး ပြန်လည် ဖြည့်တင်းရန် မလိုပဲ ၄၅ ရက်ကြာ စစ်ဆင် နိုင်စွမ်း ရှိမည် ဖြစ်သည်။ အဆိုပါ ရေယာဉ်များ၊ လေယာဉ်တင် သဘောင်္များ၊ ကွန်တိန်နာ ရေယာဉ်များ၊ ဆီသယ် ရေယာဉ် များနှင့် အစောင့်လိုက် သဘောင်္များ ပါဝင်သော ရေယာဉ်စုများ (Afloat Forward Staging Bases, AFBS) သည် ပင်လယ် ရပ်ခြား စစ်ဆင် ရေးများ ဆင်နွဲ နေသည့် အမေရိကန် ပူးတွဲ စစ်ဆင်ရေး တပ်များ အတွက် ရေပြင် အခြေစိုက် စခန်းများ အဖြစ် ဆောင်ရွက် သွားမည် ဖြစ်သည်။

အနာဂတ် စီမံချက်များ

ယခင်က အမေရိကန် ရေတပ်မတော်သည် ကမ်းဝေး ပင်လယ်ပြင် စစ်ဆင်မှု (Blue Water Operation) အတွက်ကို ဦးတည် ပြင်ဆင် ခဲ့သော်လည်း စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု နောက်ပိုင်း ပြောင်းလဲ လာသော အမျိုးသား လုံခြုံရေး အခြေအနေ များအရ ကမ်းနီးနှင့် ကမ်းလွန် ရေပြင် စစ်ဆင်ရေး (Brown and Green Water Operations) များ အတွက်ပါ အလေးထား ပြင်ဆင် လာခဲ့သည်။ ထို့ကြောင့် ကမ်းနီး ရေပြင် စစ်ဆင်ရေး ရေယာဉ် (Littoral Combat Ship) များကို တည်ဆောက်ရန် စီမံခဲ့ပြီး သက်တမ်း လွန်နေသော တိုက်ချင်းပစ် ဒုံးပျံတင် အနုမြူ ရေငုပ် သဘောင်္ လေးစီးကို ပဲ့ထိန်း ဒုံးယာဉ်တင်နှင့် အထူး စစ်ဆင်ရေးသုံး ရေငုပ် သဘောင်္များ အဖြစ် စက်တင်ဘာ ၂ဝဝ၇ ရက်နေ့ အပြီး ပြောင်းလဲ တည်ဆောက်ရန် ဆောင်ရွက်လျှက် ရှိသည်။ အမေရိကန် ရေတပ် အနေဖြင့် ထိုရေယာဉ် များဖြင့် ကမ်းခြေများ အနီးသို့ ချဉ်းကပ်ပြီး ပဲ့ထိန်းဒုံး များဖြင့် တိုက်ခိုက်ခြင်း၊ အထူး တပ်ဖွဲ့များကို ပို့ဆောင် ခြင်းများ ဆောင်ရွက်ရန် လျာထားခြင်း ဖြစ်သည်။

၎င်းအပြင် သီးခြား စစ်ဆင်ရေး ဆင်နွဲနိုင်သည် ရေယာဉ်အုပ်စု (Independent Strike Gorup) ၁၉ ခုရှိရာမှ ၃၆ ခုရှိအောင် တိုးချဲ့မည် ဖြစ်ကာ ထိုအထဲတွင် လေယာဉ်တင် သဘောင်္ တိုက်ခိုက်ရေး အုပ်စု (Carrier Strike Group) ၁၁ ခု ပါဝင်မည် ဖြစ်သည်။ ထိုတိုက်ခိုက်ရေး အုပ်စုများနှင့် ပူးတွဲ စစ်ဆင်ရေးများ အတွက် လိုအပ်မည့် အုပ်ချုပ် ထောက်ပံ့မှု များကို ကြိုတင် ပြင်ဆင် တင်ဆောင် ထားမည့် ကုန်တင် သဘောင်္ ရှစ်စီး ကိုလည်း အသစ် တည်ဆောက် သွားမည် ဖြစ်သည်။ အလားတူပင် ဗီယက်နမ် စစ်ပွဲ ပြီးထဲက လျစ်လျူရှု ထားခဲ့သော မြစ်ကြောင်း စစ်ဆင်ရေးကို ဆင်နွဲနိုင်ရန် လိုအပ်သည့် ရေယာဉ်များ၊ နည်းပညာ များကို တီထွင် ထုတ်လုပ် သွားမည် ဖြစ်သည်။

အမေရိကန် နိုင်ငံ အတွက် နောက်ထပ် ရင်ဆိုင် ဖွယ်ရာ ရှိသော ခြိမ်းခြောက်မှု တစ်ရပ်မှာ နိုင်ငံတကာ ရေလက်ကြား များအနီးတွင် ရှိသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဒီဇယ်စွမ်းအင် သုံးရေငုတ် သဘောင်္များ ပိုင်ဆိုင် လာခြင်း၊ လေယာဉ်တင် သဘောင်္ ငယ်များ ပိုင်ဆိုင် လာခြင်း တို့ကြောင့် ကမ်းလွန် ရေပြင် စစ်ဆင်မှုများ ပြုလုပ် လာနိုင်ခြင်း၊ နိုင်ငံတကာ ရေကြောင်း သွားလာမှုကို ထိုရေလက်ကြား များတွင် ဟန့်တား နှောင့်ယှက် နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် အတွက် အမေရိကန် ရေတပ်သည် အနုမြူ စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ် သဘောင်္ များကို တစ်နှစ်လျှင် နှစ်စီး တည်ဆောက် နိုင်စွမ်း ရှိရန်နှင့် တန်ပြန်မိုင်း စစ်ဆင်ရေး စွမ်းရည်များကို မြှင့်တင် သွားရန် ဆောင်ရွက်လျှက် ရှိသည်။

အထက်ပါ အမေရိကန် ရေတပ်မတော်၏ မဟာ ဗျူဟာကို လေ့လာပါက ရေတပ်အင်အား သည် အမေရိကန် နိုင်ငံ၏ အမျိုးသား လုံခြုံရေး မဟာ ဗျူဟာနှင့် ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေမည်ကို တွေ့ရမည် ဖြစ်ပါသည်။

ထို့အပြင် အမေရိကန် ပြည်ထောင်စုသည် နိုင်ငံတကာ ရေပြင်တွင် သမားရိုးကျ ရေကြောင်း စစ်ဆင်ရေး များကို ဆင်နွဲရန်ထက် ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ အင်အား ကြီးထွား လာမှုကို ဟန့်တား ထိန်းချုပ်ရန်၊ တတိယ ကမ္ဘာနိုင်ငံ များတွင် စစ်ရေး စွတ်ဖက်မှုနှင့် လျို့ဝှက် စစ်ဆင်ရေးများ ဆင်နွဲ နိုင်ရန်တို့ကို ဦးတည် ဆောင်ရွက် လာသည်ကို တွေ့ရသည်။ ထို့ကြောင့် အနာဂတ်တွင် ရေတပ် အင်အားသည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသား အကျိုး စီးပွားများကို ကာကွယ် စောင့်ရှောက် ရာတွင် လည်းကောင်း၊ အကောင်အထည်ေ ဖ်ာရာတွင် လည်းကောင်း အရေးကြီးသော ကဏ္ဍမှာ ဆက်လက် ပါဝင် နေမည်သာ ဖြစ်ပေသည်။

ရဲထွဋ်

လိုင်စင်ရ အသံတိတ် လူသတ်သမားများ (အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်)



(လဲ့ရည်မြင့်၊ သင်းရတနာဆု)

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”

တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။
The Voice Weekly

၂၀၁၃ ခုနှစ် တတိယရေကြီးကာလရဲ့ အခက်အခဲတစ်ခုဖြစ်လာဖွယ်ရာ ရှိနေပါတယ်။ ဒေါက်တာထွန်းလွင်


စက်တင်ဘာ၂၉
7:41 am

မြောက်ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းတွင် ၂၀၁၃ ခုနှစ်အတွင်း (၂၁)လုံးမြောက် ဖြစ်ပေါ်လာတဲ့ တိုင်ဖွန်းမုန်တိုင်း Wutip ဟာ သူ့ရဲ့ အနောက်ဖက် ခရီးစဉ်ကို မူလကခန့်မှန်းထားတဲ့အတိုင်း ဆက်လက် ချီတက်လာနေပြီဖြစ်ပါတယ်။ အားတွေလည်း ပိုပြိုပီး စုစည်းလာနေပါတယ်။

လောလောဆယ် ခန့်မှန်းချက်ကတော့ သူ့ရဲ့ခရီးစဉ်ဟာ ဗီယက်နမ်နိုင်ငံတောင်ပို်င်း၊ ထိုင်းနိုင်ငံတောင်ပိုင်း နဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း(ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်)တို့ကို ဖြတ်သန်းသွားနှိုင်ပါတယ်။

ရေကြီးမှုတွေနဲ့ကြုံတွေ့နေရတဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း ဒေသအချို့တွေ အတွက်တော့ သတိထားပြီးကျော်ဖြတ်ရဦးမယ့် ၂၀၁၃ ခုနှစ် တတိယရေကြီးကာလရဲ့ အခက်အခဲတစ်ခုဖြစ်လာဖွယ်ရာရှိနေပါတယ်။

ဒေါက်တာထွန်းလွင်

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ





ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။

ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ် ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာ တစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင် တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။ ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။
Eleven Media Group

Apple ထုတ်ကုန်တရားဝင် ရောင်းချမည့် mDrive ဆိုင်သစ်ဖွင့်ပွဲကျင်းပ



Apple ထုတ်ကုန်များ တရားဝင် ရောင်းချပေးမည့် mDrive ဆိုင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီမှ စ၍ ရန်ကုန်မြို့ Junction မော်တင် စင်တာတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဆိုင်သစ်ဖွင့်ပွဲတွင် ပထမဆုံးဝယ်ယူသူ အယောက် ၁၀၀ ကို ဗလာမပါ ကံစမ်းမဲ အဖြစ် Apple ပစ္စည်းများ မဲဖောက်ပေးသွားမည်ဖြစ်သည်။ထို့အပြင် Junction mawtin သို့ လာရောက်သည့် မည်သူမဆို ၁ နာရီ ခြားတစ်ခါ မဲဖောက်ပေးသည့် ကံစမ်းမဲ အစီအစဉ်၌ ပါဝင် ကံစမ်းနိုင်ပြီး Ipod Shuffle 2Gb ၂၄ လုံးနှင့် mDrive အမှတ် တံဆိပ် ထီးများ ပေးအပ်သွားမည် ဖြစ်သည်။

ဆိုင်ဖွင့်ပွဲအမှတ်တရ အနေနှင့် ထားရှိပေးထားသည့် i love mDrive စာတမ်းနှင့် တွဲဖက် ရိုက်ကူးထားသော ဓာတ်ပုံကို www.facebook .com/appleauthorisedreseller စာမျက်နှာတွင် တင်မည် ။

Like အများဆုံးရရှိသူ ၃ ဦးကို ယနေ့ ည ၈ နာရီတွင်ရွေးချယ်၍ Apple Product များပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal

အင်္ဂလန်က မန်ယူကို ယှဉ်မယ့် နောက်ထပ် မန်ယူ ပေါ်လာပြီ






ဗြိတိန်သျှပိုင်နယ်မြေဖြစ်တဲ့ စပိန် တောင်ပိုင်း ကမ်းခြေ ဂျီဘရောတာ ကျွန်းပေါ်က ဘောလုံး ကလပ် အသင်းတွေကို ယူအီအက်ဖ်အေ ပွဲစဉ်တွေမှာ ပါဝင်ခွင့် ပြုလိုက်ပြီ ဖြစ်တဲ့ အတွက်၊ ရှေ့လာမယ့်နှစ်တွေ ကျရင် အဲဒီ ကျွန်းပေါ်က ကလပ် အသင်း တခုဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တစ် အသင်း နဲ့ အင်္ဂလန်က မန်ယူတို့ ချန်ပီယံ လိဂ်ပွဲတွေမှာ တွေ့နိုင်ကောင်း တွေ့နိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။
BBC Burmese

iPad mini ရွှေရောင်ထွက်မည်ဟုဆို




တရုတ်ပြည် အခြေဆိုက် သတင်းဌာနများရဲ့  ရေးသား ပြောဆိုမှုများ ပဲ ဖြစ်ပါတယ်။ Apple ရဲ့  မီနီ ဗားရှင်း iPad mini ဒုတိယ မျိုးဆက် ကို ရွှေရောင် ဗားရှင်း ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

iPad 5 ကိုတော့ လာမယ့်လ အတွင်း တွေ့မြင်ရမယ်လို့ ခန့်မှန်းထားကြ ပါတယ်။ သူ့ကိုတော့ ရွှေရောင် အမျိုးအစား မြင်တွေ့ရဖို့ မဖော်ပြထားကြ ပါဘူး။ iPad mini ဟာ ကမ္ဘာမှာတင်မက မြန်မာပြည်မှာပါ လူကြိုက် များနဲ့ အသေးစား Tablet တစ်လုံး ဖြစ်ပါတယ်။ iPad mini 2 ကိုလည်း Retina Display နဲ့ပဲ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

ရွှေရောင် iPad mini ဓာတ်ပုံများကို Do News ဆိုဒ်က ယခုလို ဖော်ပြ ထားပါတယ်။
.
Ref:pocketlint
Aung Kham (TSJ Team)
TechSpace Journal

မွန်တိုင်းရင်းသားတွေရဲ့ ပထမဆုံး စုံညီညီလာခံ မော်လမြိုင်မြို့မှာ စတင်ကျင်းပ




ပြည်တွင်းပြည်ပ မွန်တိုင်းရင်းသား အဖွဲ့တွေအားလုံးရဲ့ ပထမဆုံးအကြိမ် စုံညီညီလာခံကို မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာ ဒီနေ့ကစပြီး ကျင်းပနေပါတယ်။

ညီလာခံကို စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့ထိ ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး၊ တစ်နိုင်ငံလုံး တိုင်းရင်းသားတွေပါဝင်မယ့် ဒုတိယအကြိမ် ပင်လုံလိုညီလာခံ ကျင်းပဖြစ်တဲ့အခါ မွန်တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံးရဲ့ တူညီတဲ့ဘုံနိုင်ငံရေး သဘောထားတစ်ရပ် တင်ပြနိုင်အောင် ဒီညီလာခံ ကျင်းပတာဖြစ်တဲ့အကြောင်း မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက RFA ကို ပြောပါတယ်။

“လာမယ့် ၂ဝ၁၄ မှာ နိုင်ငံတော်ကနေ ပင်လုံလို ညီလာခံတစ်ခုလုပ်ဖို့ စီစဉ်ထားတာရှိတယ်လေ၊ အဲဒါမတိုင်ခင်မှာ မွန်တွေ တစ်သံတည်းထွက်နိုင်ဖို့အတွက် ခုလောလောဆယ် မွန်အမျိုးသားညီလာခံပေါ့နော်၊ အဓိကပြင်ဆင်ချက်ကတော့ နိုင်ငံတော်ကကျင်းပမယ့် တစ်နိုင်ငံလုံးညီလာခံမှာ မွန်တွေကိုယ်စားပြုပြီး ဘာပြောမလဲအဲဒါကို ရရှိနိုင်ဖို့အတွက် ကျင်းပရခြင်းဖြစ်တယ်၊ ကျန်တာတော့ အခုလုပ်နေတဲ့ ထာဝစဉ်ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ဖို့အတွက် နောက်မွန်တွေ သွေးစည်းညီညွှတ်ဖို့အတွက် ရည်ရွယ်ချက်တွေနဲ့ လုပ်တာဖြစ်ပါတယ်”

အခုကျင်းပနေတဲ့ မွန်အမျိုးသားညီလာခံကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့နဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အဖွဲ့လည်း တက်ရောက်နေပါတယ်။

ဒီညီလာခံမှာ မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်ပြည်သစ်ပါတီတို့က ဦးဆောင်ပြီး နိုင်ငံတကာက မွန်ကိုယ်စားလှယ်တွေအပြင် ထိုင်း-မြန်မာနယ်စပ်က မွန်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ မွန်ရဟန်းသံဃာတော်တွေ ပါဝင်ဆွေးနွေးနေကြတာဖြစ်ပါတယ်။
RFA Burmese

နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။

ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာ ဖြစ်တယ်လို့ ကေအင်ယူ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။

" ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကတော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ဟာကို သမ္မတကြီးနဲ့ ဦးဆောင်မှုအောက်ကို သစ္စာရှိစွာနဲ့ ခံယူသွားမယ်ဆိုတာကို ပြောပါတယ်၊ စစ်သားတစ်ယောက် အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောတယ်၊ တကယ့် တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တစ်ယောက်လို့ ကျွန်တော်တို့ ဒီလိုပဲမြင်ပါတယ်"

အဲဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အနေနဲ့ နောက်ကြောင်းပြန်လည့်မှာ မဟုတ်ကြောင်း အခိုင်အမာ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ ကချင်နဲ့ ရှမ်းပြည်တပ်မတော် ဌာနချုပ်တွေကို အချိန်မရွေး သိမ်းပိုက်နိုင်စွမ်းရှိပေမယ့် တိုင်းပြည်တည်ငြိမ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပြီး သူ့အနေနဲ့ အဲဒီလိုတိုက်ခိုက်မှာ မဟုတ်ဖူးလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတယ်လို့ သိရပါတယ်။

မနေ့က တွေ့ဆုံပွဲကြောင့် မြန်မာ့တပ်မတော်နဲ့ ကရင်လွတ်မြောက်ရေးတပ်မတော်အကြား အပစ်အခတ် ရပ်စဲမှုခိုင်မာရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတွေ ပိုမိုတည်ဆောက်နိုင်ခဲ့ကြောင်းလည်း ကေအင်ယူခေါင်းဆောင် ဗဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
RFA Burmese

Google တို့ စတင်ရာ ဂိုဒေါင်




ပြီးခဲ့တဲ့ သောကြာနေ့က Google တို့ ကုမ္မဏီ ၁၅ နှစ်ပြည့် အခမ်းအနား ငယ်လေးကို ဂိုဒေါင်လေးတစ်ခုမှာ ကျင်းပခဲ့ ပါတယ်။

နယ်နယ်ရရ ဂိုဒေါင်တော့ မဟုတ်ပါဘူး။ လက်ရှိ ကမ္ဘာ့ အကြီးဆုံး အိုင်တီ ကုမ္မဏီကြီး တစ်ခု ဖြစ်လာဖို့အတွက် လယ်ရီပေ့နဲ့ ဆာဂျီဘင်းတို့ အစပြုခဲ့တဲ့ ဂိုဒေါင်လေး ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Menlo Park နားက သူငယ်ချင်း တစ်ယောက်ရဲ့  အိမ်မှာပါ။ Search Engine အတွက် Server ကိုလည်း အဲ့ဂိုဒေါင်မှာပဲ တစ်ခါတည်း တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။

ယနေ့ချိန်မှာတော့ ဂိုဒေါင်မှာ ဘာမှမလုပ်ပါဘူး။ Google ကတော့ အမှတ် တရ လေး ဖြစ်အောင်၊ အိမ်ကိုရော၊ ဂိုဒေါင်ကိုရော ဝယ်သိမ်း ထားပါတယ်။ ၁၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲငယ်လေးကိုလည်း အဲ့ဒီ ဂိုဒေါင်မှာပဲ ကျင်းပခဲ့ ပါတယ်။ ပွဲမှာ Google ရဲ့  သမိုင်းကြောင်းများ ပြောဆိုပြီး ကိတ်မုန့်ခွဲခြင်း၊ စားသောက်ခြင်းတို့ ပြုလုပ် ခဲ့ကြောင်း သိရပါတယ်။

Ref: mashable
Aung Kham (TSJ Team)
TechSpace Journal

ပျောက်ကွယ်လု တိုင်းရင်းသား ဝတ်စားဆင်ယင်မှု ဓါတ်ပုံပြပွဲ ကျင်းပ




မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ ဝတ်စားဆင်ယင်မှုများ ခေါင်းစဉ်နဲ့ ဓါတ်ပုံပြပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဒီနေ့မနက်က ဖွင့်လှစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

အစိုးရက ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်အောင်ရည်ရွယ်ပြီး ဒီပွဲကိုကျင်းပဖြစ်ရတာဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ အာရုဏ်ဦး လူမှုဖွံ့ဖြိုးရေးအသင်း ဒါရိုက်တာ ဦးကျင့်ခန့်လျန်းက ပြောပါတယ်။

“တိုင်းရင်းသားလူမျိုးစုံဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာရှိနေတယ်၊ သူတို့ရဲ့ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင်မှုတွေကို ကျနော်တတ်နိုင်သလောက် စုဆောင်းထားပြီးတော့ ဒီဓါတ်ပုံပြပွဲကို ပြသတာဖြစ်ပါတယ်၊ ဧည့်ပရိသတ်တွေနဲ့ ကြည့်ရင်းနဲ့ ဪတို့နိုင်ငံပြည်ထောင်စုအတွင်းမှာ အေးအတူပူအမျှ တိုင်းရင်းသားအမျိုးစုံစွာ ရှိနေတယ်ဆိုတာသိပြီးတော့ အခုနိုင်ငံတော်ကနေ ဦးစီးပြီးလုပ်နေတဲ့ ဒီငြိမ်းချမ်းရေး အစီအစဉ်လေးကို တစ်ဘက်တစ်လမ်းကနေ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ယူဆပြီးတော့ ဒီပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်”

ဓါတ်ပုံပြပွဲမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဝတ်စားဆင်ယဉ်မှု ဓါတ်ပုံပေါင်း ၇ဝ နီးပါးလောက်ကို ပြသထားတာဖြစ်ပြီး အဲဒီအထဲမှာ ဆေးမင်ကြောင်ထိုးထားတဲ့ မာဂန် ချင်းအမျိုးသမီး၊ ပလောင်၊ ပအိုဝ်း၊ အခါ တိုင်းရင်းသားတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှုတွေလည်း ပါဝင်ပါတယ်။

အခုပြသထားတဲ့ ဓါတ်ပုံတွေကို အမေရိကန်ဓါတ်ပုံဆရာ Richard K. Diran က ၁၉၈ဝ ကျော်ကနေ ၂ဝဝဝ ခုနှစ်အတွင်း မြန်မာတရုတ် နယ်စပ်ဒေသတွေအထိ သွားရောက်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဓါတ်ပုံပြပွဲကို ဒီနေ့စက်တင်ဘာလ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ အခမဲ့ပြသနေပြီး အများပြည်သူကြည့်ရှုနိုင်ဖို့ ဒီဓါတ်ပုံတွေကို ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ အမျိုးသားပြတိုက်ကို လာမယ့်တနင်္လာနေ့မှာ ပေးအပ်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese

လက်ပံတောင်းတောင် အနီးရှိ လိပ်ခွံတောင်ကို ၀မ်ပေါင်ကုမ္ပဏီမှ မြေတူးစက်များဖြင့် လာရောက်လုပ်ကိုင်သောကြောင့် ဒေသခံများနှင့် အာဏာပိုင်တို့အကြား တင်းမာမှုဖြစ်ပွား





စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီ ၀န်းကျင်တွင် လက်ပံတောင်းတောင် တောင်ဘက်ရှိ လိပ်ခွံတောင်ကို ၀မ်ပေါင်ကုမ္ပဏီမှ မြေတူးစက်များ လာရောက်လုပ်ကိုင်သောကြောင့် ဒေသခံ ရွာသူရွာသားများနှင့် ဒေသအာဏာပိုင်တို့အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနက်ပိုင်း ၈ နာရီ လောက်ကတည်းက ၀မ်ပေါင်ကုမ္ပဏီက လုံထိန်းတပ်ဖွဲ့တွေနဲ့အတူ လက်ပံတောင်းတောင် အနောက်တောင်ဘက်က လိပ်ခွံတောင်ဘက်ကို မြေတူးစက်တွေ ယန္တရားစက်တွေနဲ့လာပြီး တောင်ကိုလွှာသလိုလုပ်လို့ နေ့ပိုင်းမှာ ဆည်တည်းရွာနဲ့  မိုးကြိုးပြင်က တောင်သူတစ်ရာလောက်က သွားတားကြတယ်။ ယန္တရားကားတွေ ပြန်သွားပြီး ညနေ ၃ နာရီ ၀န်းကျင်လောက်မှာ ပြန်လုပ်နေလို့  ရွာသားတွေက ထပ်သွားပြီး တားပါတယ်။ ဒေသအာဏာ ပိုင်တွေကတော့ သူတို့ဘက်က ညှိနှိုင်းပြီးမှ လုပ်ပါမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ လက်ပံတောင်းတောင် ဒေသခံ တောင်သူစစ်စစ်တွေရဲ့ဆန္ဒကို သူတို့သေချာ မမေးသေးပါဘူး။ ရွာသားတွေကတော့ လိပ်ခွံတောင်ကို အဖြိုမခံနိုင်ဘူးလို့ ပြောကြတယ်" ဟု ဆည်တည်းရွာဟောင်းမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ဒေသအာဏာပိုင် တစ်ဦးက "လိပ်ခွံတောင်ကို ဖျက်တာတော့ မဟုတ်ပါဘူး။ ရဲကင်းဆောက်ဖို့ လုပ်တာပါ။ ရွာဟောင်းတွေ သွားတဲ့လမ်းထိပ်မှာ လုံခြုံရေးအင်အား တိုးတယ်ဆိုတာလည်း လုပ်ရိုးလုပ်စဉ်ပါ။ ညနေပိုင်းမှာ နယ်လုံဝန်ကြီး ဦးကြည်နိုင်က ဆည်တည်း-ဇီးတော ရွာသစ်ဆက်ဆံရေးရုံး သွားတယ်ဆိုတာက ရွာထဲကိုလှည့်ပြီး ပြန်သွားတာပါ။ ဖမ်းဝရမ်းထုတ်တဲ့သူတွေ ၀င်ဖမ်းမယ်ဆိုတာ မဟုတ်ပါဘူး" ဟု ဆိုသည်။

စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းတွင် ဆောင်ရွက်ရန် တရုတ်နိုင်ငံသား ပညာရှင် ၃၅၄ ဦး ရောက်ရှိခဲ့ကြောင်း သိရသည်။
Eleven Media Group

ဖိလစ်ပိုင်အလှမယ်Megan Young ဟာMiss World 2013သရဖူကိုနိုင်ငံတကာအလှ မယ်အပေါင်းကိုဖြတ်ကျော်အောင်ပန်းဆွတ်ခူး

အသက်၂၃နှစ်ရှိဖိလစ်ပိုင်အလှမယ်Megan Young
ဟာMiss World 2013သရဖူကိုနိုင်ငံတကာအလှ
မယ်အပေါင်းကိုဖြတ်ကျော်အောင်ပန်းဆွတ်ခူးပြီး
ဆောင်းခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။





credit-Miss World 2013
popularmyanmarjournal

Global Leader ဦးသန့်



(ေဇယ်သူ)

တနင်္ဂနွေနေ့ထုတ် The Voice Daily တွင် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ အကြောင်း ရေးသည့်အခါ ပထမဆုံး ခေါင်းထဲ ရောက်လာသူမှာ ဦးသန့် ဖြစ်သည်။

ဗိုလ်ချုပ်ကို ခေါင်းဆောင်မှု ရှုထောင့်မှကြည့်အပြီး မြန်မာ့ခေါင်းဆောင်စစ်စစ် တစ်ယောက်၏ ခေါင်းဆောင်မှုအဖြစ် ‘ဗိုလ်ချုပ်၏ ခေါင်းဆောင်မှု ရှာပုံတော်’ စာတစ်အုပ် ထုတ်ဝေပြီးသောအခါ ဦးသန့်ဘက်သို့ ကျွန်တော်လှည့်သည်။ ဗိုလ်ချုပ် ခေါင်းဆောင်သည်က မြန်မာ့နိုင်ငံရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု၊ ပြည်တွင်း။ ဦးသန့်က နိုင်ငံတကာ စင်မြင့်တွင် ရပ်ဝေး မြေခြား တိုင်းတစ်ပါးသားများ၊ ထိပ်သီးများ၊ ကမ္ဘာကို ကိုင်လှုပ်နေသူ မတစ်ထောင်သားတို့ကို ဦးဆောင်သည်။ သမိုင်းတစ်ကွေ့တွင် သူတို့ ဆုံခဲ့ကြသော်လည်း သူတို့၏ ဘဝလမ်းက ကွာခြားသည်၊ စရိုက်ချင်းလည်း မတူ။ ဗိုလ်ချုပ်ထံမှ ခေါင်းဆောင်မှုကို ကျွန်တော်တို့ သင်ယူနိုင်လျှင် ဦးသန့်၏ ခေါင်းဆောင်မှုသည်လည်း မြန်မာတို့အတွက် အကျိုးရှိမည်ဟု ကျွန်တော် ယူဆသောကြောင့် ရေးလိုက်ရာ ဆောင်းပါးများ လေးငါးဆယ်ပုဒ်ခန့် ဖြစ်သွားသည်။ သူ့အကြောင်း၊ သူ့ခေါင်းဆောင်ရည်ကို အကဲဖြတ် မှတ်ကျောက်တင်ရန် သူကျင်လည်ခဲ့သည့် ကုလသမဂ္ဂ၊ ထိုစဉ်က ကမ္ဘာ့နိုင်ငံရေး စင်မြင့်တို့ကို ပြန်တူးဆွ၊ ခံစားယူရသောအခါမှ ဦးသန့်၏ ခေါင်းဆောင်မှု ရုပ်ပုံလွှာသည် ပီသလာသည်၊ ကြည်မြလာသည်၊ တစ်လွှာချင်း တစ်လွှာချင်း မြင်ကွင်းတို့ ပေါ်လာသည်။ ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူရသည့် ကာလ ၁၉၆၁-၁၉၇၁ သည် ကမ္ဘာတွင် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် ဆိုဗီယက် ဦးဆောင်သော အရှေ့အုပ်စုတို့ သဲသဲမဲမဲ အားပြိုင်နေပြီး တစ်ချက်မှားလျှင် ကမ္ဘာကြီး တတိယကမ္ဘာစစ်သို့ ဦးတည်အောင် အတိမ်းအစောင်း မခံသည့် အခြေအနေ ဖြစ်သည်။ ထိုသို့ Two Polars အခြေအနေတွင် ကုလသမဂ္ဂသည် အရေးကြီးသည့် နေရာတွင်ရှိပြီး ဦးသန့်သည်လည်း VVIP Very Very Important Person ဖြစ်လာသည်။ ဦးသန့် စတင်တာဝန်ယူစက မလေးမခန့်သူများ ရှိခဲ့သော်လည်း အချိန်နှင့်အမျှ သူ့လုပ်ရည်ကိုင်ရည်နှင့် စေတနာကို သဘောပေါက်လာပြီး လေးစားလာကြသည်။

ဦးသန့် ထမ်းဆောင်ရသော ကြီးလေးသည့် တာဝန်နှင့် ပြသခဲ့သည့် လုပ်ရည်ကိုင်ရည်တို့ကို အံ့သြ ချီးကျူးပြီး ဦးသန့်၏ ကျောင်းပညာရေးကို ကြည့်လိုက်လျှင် ပိုပြီး အံ့အားသင့်သွားနိုင်သည်။ သူသည် ဒုတိယနှစ်နှင့် ကျောင်းပြီးခဲ့သည်။ ကုလသမဂ္ဂတွင် သူ၏ လက်ထောက်များသည် ပါရဂူဘွဲ့ရ ပါမောက္ခများ ဖြစ်သလို သူထိတွေ့ ကိုင်တွယ်ရသူများသည် နိုင်ငံများမှ ထိပ်သီးများ၊ ဇော်များ ဖြစ်ကြသည်။ ထိုသူတို့၏ လေးစားခြင်း၊ ယုံကြည်ခြင်းကို ဦးသန့် ရယူနိုင်ခြင်းက သူ၏ ပညာအရည်အချင်းသည် သူ့အတန်းပညာထက် သာလွန်ခြင်းကို ပြသည်။ ယနေ့ခေတ် ဘွဲ့လက်မှတ်များ၊ သင်တန်းအောင် လက်မှတ်များကို ဝါသနာသဖွယ် စုဆောင်းနေသည့် ဘွဲ့ရ ပညာမတတ်များ၊ လက်မှတ်စုသူများ (Certificate Collector) များသည် ဦးသန့်၏ နမူနာကို ယူသင့်သည်။ ပညာဆိုသည် တိုင်းတာရ လွယ်အောင် တက်ခဲ့သော ကျောင်းများ၊ ဖြေခဲ့သော စာမေးပွဲများနှင့် တိုင်းကြသော်လည်း တကယ့်ပညာဆိုသည် အတန်းပညာ၏ အလွန်တွင် ရှိသည်။

ကုလသမဂ္ဂသို့ မရောက်မီ ဦးသန့်သည် မြန်မာနိုင်ငံတွင် တာဝန်ကြီးကြီးများကို ယူခဲ့ရာတွင်လည်း ထိုတာဝန်များနှင့် မည်မျှစိမ်းစိမ်း ကျေပွန်အောင် ဆောင်ရွက်နိုင်သည်။ သူသည် စိတ်တံခါးကို ဖွင့်ထားပုံရသည်၊ စာအလွန်ဖတ်သည်၊ လေ့လာသည်။ ထိုသို့ စဉ်ဆက်မပြတ် ကိုယ့်ကိုယ်ကိုယ် သင်ယူခြင်းဖြင့် ယူရသော တာဝန်တို့ကို ဦးသန့် နားလည်ရုံမက ကျေညက်အောင် မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကိုယ်ကိုယ်တိုင်က ကျောင်းဆရာ ဖြစ်ခဲ့သော ဦးသန့်သည် သင်ဆရာထက် မြင်ဆရာနှင့် ကြားဆရာတို့ကို အားထားသည့် self-study သမား ဖြစ်သည်။

ဦးသန့်နှင့် ပတ်သက်လျှင် အားတက်ရသည်များ ရှိသလို စိတ်လက် မကောင်းစရာများလည်း ရှိသည်။ မြန်မာ့သမိုင်းတွင် နေရာတစ်နေရာ ရခဲ့သော်လည်း ဦးသန့်၏ နာမည်သည် ဦးသန့် အရေးအခင်းနှင့် တွဲပြီး ပါနေသဖြင့် အနုတ်လက္ခဏာ၊ ဝမ်းနည်းစရာ ဖြစ်သည်။ ၂ နှစ် သုံးနှစ်ခန့်အထိ ဦးသန့်၏ အုတ်ဂူသည် ချုံနွယ် ပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်းနေခဲ့သေးသည်။

ပိစိကွေး နိုင်ငံလေးဖြစ်သည့် မြန်မာနိုင်ငံကို ကမ္ဘာက မသိ။ သို့သော် ဦးသန့်ကို ကမ္ဘာက သိသောအခါ မြန်မာကို ကမ္ဘာက သိလာသည်။ ဦးသန့်သည် မြန်မာကို ကမ္ဘာ့မြေပုံပေါ်သို့ ဗုံနှင့် မောင်းနှင့် ပထမဆုံး တင်ပေးခဲ့သူ။ ကမ္ဘာ့ထိပ်တန်း မြန်မာတစ်ယောက် ဖြစ်သည့် ဦးသန့်ကြောင့် မြန်မာကို ကမ္ဘာက သိသော်လည်း သူ့ကို မြန်မာတို့ ဂုဏ်သတင်း မွှေးပျံ့ရေးတွင် ကောင်းစွာ အသုံးမချလိုက်ရ။ ဦးသန့် ကျော်စောသည့် အချိန်တွင် မြန်မာနိုင်ငံသာ တံခါးဖွင့်ပြီး ကုန်ထုတ်လုပ် တင်ပို့ရန် ကြိုးစား၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဖြင့် မီးခိုးမထွက်ဘဲ ဝင်ငွေရအောင် ကြိုးပမ်းနေလျှင် မြန်မာ့ထုတ်ကုန်များကို လူ ပိုစိတ်ဝင်စား၊ မြန်မာသို့ လာလည်ရန် ပိုအားသန်ကာ ဦးသန့်၏ ဂုဏ်သတင်းသည် မြန်မာနိုင်ငံကို ဒေါ်လာ ဘီလီယံချီ အကျိုးပြုပေလိမ့်မည်။ မြန်မာနိုင်ငံ သမိုင်းတွင် ‘အခွင့်အရေးပေါ်လျက်နှင့် လက်လွှတ်ခဲ့ရသည့် ဆယ်စုနှစ်များစွာ’ Lost Decades ထိုစဉ်က တံခါးပိတ် ထားခဲ့သည့်၊ ပို့ကုန်ပို့ရန် မကြိုးစားခဲ့သည့် မြန်မာနိုင်ငံတွင် ဦးသန့်နှင့်လည်း အလားတူပင်။ စင်ကာပူကဲ့သို့ Marketing ကျွမ်းကျင်သည့် နိုင်ငံမျိုးတွင်သာ ထိုသို့သော သူမျိုးရှိလျှင် စင်ကာပူ ဂုဏ်သတင်း ပျံ့မွှေးရေး Country Marketing အတွက် လှလှပပ ဆောင်ရွက်ပေလိမ့်မည်။

ဦးသန့်နှင့် ပတ်သက်လျှင် အံ့သြစရာမှာ သူ၏ စွန့်လွှတ်နိုင်စွမ်းပင်။ လူအများ တပ်မက်မောကြသည့် ရာထူးကြီးတွင် တတိယ သက်တမ်းကို ဆက်ယူပါရန် နိုင်ငံတကာ ခေါင်းဆောင်များက တောင်းတောင်းပန်ပန် တိုက်တွန်းနေသည့်ကြားမှပင် မယူဘဲ ပြတ်ပြတ်သားသား စွန့်ခွာခဲ့သည်။ နေရာကောင်းကောင်း ရလျက်သားနှင့် ထိုနေရာကို ခွာနိုင်ခြင်းသည် ထိုနေရာကို ရအောင် လုပ်နိုင်ခြင်းထက်ပင် ပိုခက်ခဲပြီး လူထက်လူ ပုဂ္ဂိုလ်တို့သာ စွမ်းနိုင်သည်။ ရယူခြင်းထက် စွန့်လွှတ်ခြင်းက ခက်ခဲသော်လည်း ဦးသန့်သည် စွန့်လွှတ်ခြင်းကိုပင် လွယ်သယောင် ပြုနိုင်သူ ဖြစ်သည်။ နောင်တက်သည့် ကုလအတွင်းရေးမှူးချုပ် အချို့၏ နောက်သက်တမ်း အရွေးခံရရေး ကြီးစွာသော လုံ့လပြုကြသည်နှင့် ယှဉ်ကြည့်လျှင် ဦးသန့်၏ စွန့်လွှတ်နိုင်ခြင်းသည် ပိုမိုပေါ်လွင်လာသည်။

ယနေ့အခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောဆိုရေး သားခွင့် ပြန်ရလာသလို ဦးသန့်အကြောင်း ကိုလည်း ပြန်လည် ဖော်ထုတ်လာကြသည်။ ဦးသန့်၏မြေး သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြုပြင်ပြောင်းလဲရေး ကာလတွင် အကြံဉာဏ်ပေး ပေါက်ရောက်ခြင်းသည်လည်း တိမ်မြုပ်နေသော အဘိုးဖြစ်သူ ဦးသန့် ပြန်လည် ရှင်သန်ရေး အားသစ်ပင် ဖြစ်သည်။ ဦးသန့် ပြတိုက်ကို ၂၀၁၄ ခုနှစ်တွင် ဖွင့်ရန် ကြိုးစားနေသည်။

တစ်ခေတ်တစ်ယောက်ပင် ပေါ်ရန် ခဲယဉ်းသည့် ဦးသန့်ကဲ့သို့ လူမျိုးအကြောင်း ကြားရသည်နှင့် မြန်မာ လူငယ်လူရွယ် လူလတ်တို့ အားကျရသည်၊ အားခွန်သစ်တို့ တိုးပွားရသည်။ ဦးသန့်၏ နည်းနာများအတိုင်း လုပ်နိုင်ကိုင်နိုင် အတုယူနိုင်လျှင် ကမ္ဘာ့စင်မြင့်သို့တိုင် ပေါက်ရောက်ပေလိမ့်မည်။ ဦးသန့်ကို ပြန်ဖော်ထုတ် နိုင်ခြင်းသည် မြန်မာနိုင်ငံတွင် ပူဇော်ထိုက်သူ ပူဇော်ဟူသော မင်္ဂလာ ပြန်လည် ခေါင်းထောင်ထလာခြင်းကိုလည်း ပြသည်။ ယခင်ကဆိုလျှင် ချွန်သူဆိုလျှင် အသာ မှတ်ထားပြီး ချောင်ထိုးသည့်ကာလမှ ယခုအခါ ချောင်ထိုးထားသူတို့ကိုပင် ဖုန်ခါကာ ရှေ့တန်းသို့ ပို့လာရပြီ။ ဘုရားကားအောက်၊ မျောက်ကားအထက် မဟုတ်တော့ဘဲ Meritocracy ခေါ် အရည်အချင်းအလိုက် ဝါဒ အညွန့်ပြန်လူလာသည့် ကာလဖြစ်သည့်အတွက် ယခင်က နေရာမရ ခဲ့သောသူတို့ နေရာပြန်ရလာသည်။

Globalization ခေါ် ကမ္ဘာပြုခြင်းဖြစ်စဉ် ခေတ်မစားခင် အချိန်ကတည်းက Global Leader ဖြစ်ခဲ့သည့်
ဦးသန့်ထုံး နှလုံးမူကာ အားထုတ်လျှင် ကမ္ဘာ့ စင်မြင့်ထက်တွင် မြန်မာတို့ ပွဲလယ်တင့်လိမ့်မည် ဖြစ်သည်။
The Voice Weekly


Myanmar Blogger များ၏ နည်းပညာ အခက်အခဲများကို အခမဲ့ ကူညီမည်။


Myanmar နိုင်ငံက လူငယ်တွေ တော်တော်များများ blog လေးတွေ ထောင်ထားကြတာကို တွေ့ရပါတယ်။ တစ်ချို့လည်း စမ်းသပ်တဲ့အနေနဲ့ တင်ကြည့်၊ လုပ်ကြည့်ကြပါတယ်။ နည်းပညာ blog တွေလည်း တော်တော်များများ တွေ့ရပါတယ်။ နည်းပညာ အကြောင်းအရာ မဟုတ်တဲ့ blog တွေလည်း တော်တော်များပါတယ်။ လိုက်ကြည့်မိသလောက် တစ်ချို့တွေ ကိုယ်ပိုင် blog တွေကို ပြင်ရင်း ပြင်ရင်းနဲ့ ပုံစံပျက်သွားတာမျိုးတွေလည်း တွေ့ရပါတယ်။ တစ်ချို့လည်း နဂို blogger template မဟုတ်ဘဲ တစ်ခြား အပြင်က download လုပ်ထားတဲ့ template ကို width ချဲ့ချင်တာတို့ ဘာတို့ လုပ်ချင်တဲ့အခါကျတော့ blogger dashboard ကနေ လုပ်လို့မရတော့ပါဘူး။ အဲဒီအခါ မေးလ်ပို့ပြီးတော့ အကူအညီတောင်းတာတို့၊ chat ကနေ အကူအညီတောင်းတာတို့ ကြုံလာတဲ့အခါကျတော့ ဒီ post လေးတင်ပြီး အခက်အခဲရှိနေသူတွေကို ကူညီပေးဖို့ စိတ်ကူးရလိုက်ပါတယ်။ အတိုချုပ်ပြောရရင်တော့ အခက်အခဲရှိသမျှ ဆက်သွယ်လာရင် ကူညီဖြေရှင်းပေးမယ်လို့ ပြောတာပါ။

ဒါကြောင့်မို့လို့ မြန်မာနိုင်ငံက blogger ညီအစ်ကို၊ မောင်နှမများ မိမိရဲ့ blog နဲ့ ပတ်သတ်ပြီး တစ်ခုခုအခက်အခဲရှိရင် [email protected] ကို မေးလ်ပို့ပြီး အခက်အခဲများအတွက် မေးမြန် အကူအညီတောင်းနိုင်ပါတယ်။

Myanmar IT မှ ကူးယူဖော်ပြပါသည်။

့ပြည်လုံးကျွတ် သန်းခေါင်စာရင်း မကောက်မီ နိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို ပြန်လည် စိစစ်ပေးရန် တောင်းဆို

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှုမတိုင်မီ နိုင်ငံ တွင်းရှိ လူမျိုး ၁၃၅မျိုးအား ပြန် လည်စိစစ်ပေးရန် တိုင်းရင်းသား လူမျိုးများနှင့်အတူ အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီတို့ နိုင်ငံတော်သမ္မတကြီးထံ ပြန်လည် စိစစ်ပေးရန် စာတင်တောင်းဆို ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ၂၅ရက်တွင် နိုင်ငံတော်သမ္မတကြီးထံ စာတင် တောင်းဆို ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင်း ရှိ မျိုးနွယ်စုများကိုပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူရာ တွင် မျိုးနွယ်စုအမှန် အတိုင်း ကောက်ယူ နိုင်ရန်အတွက် စိစစ် ကောက်ခံရန်လိုအပ်သဖြင့် တောင်း ဆိုခြင်းဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဝေကပြောသည်။

ဦးမြင့်ဝေက''မျိုးနွယ်စုတွေ စာရင်းကောက်ထားတာ နှစ်ပေါင်း သုံးဆယ်ကျော်သွားပြီဖြစ်တဲ့အ တွက် ခုဆိုလူဦးရေတွေကထပ်နေ ပါပြီ။ ပထမကောက်ခံထားတဲ့ ဦးရေအတိုင်းရှိဖို့ကလဲမသေချာ သေးဘူး။ ဥပမာနာဂလူမျိုးဆိုရင် ချင်းလူမျိုးထဲကိုရောပြီးသတ်မှတ် ထားတာမျိုးတွေ။ နာဂမှာကလဲ သူ့မျိုးနွယ်နဲ့သူရှိပြီးသားဖြစ်တဲ့ အတွက် သူ့မျိုးနွယ်အတိုင်းပဲ သတ်မှတ်ပေးဖို့တွေကို သမ္မတ ကြီးကိုအကြံပေးတဲ့ အနေနဲ့ရော တောင်း ဆိုတဲ့အနေနဲ့ လူမျိုးပြန် လည်စိစစ်ကောက်ခံပေးဖို့ စာ တင်ခဲ့တာပါ''ဟု ပြောသည်။

လူမျိုး ၁၃၅မျိုးကို ၁၉၈၃ ခုနှစ်မှ စတင်ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုတွင် နှစ်ပေါင်း ၃ဝကျော်သွားခြင်းကြောင့် ယင်း ကောက်ယူခဲ့သည့် လူမျိုးထက် ပိုလာနိုင်သလို နည်းသွားဖို့လည်း ဖြစ်နိုင်သည့်အတွက် ထပ်မံ ကောက်ခံစေလိုကြောင်း၊ ယင်း ပါတီနှင့်အတူ ရှမ်းလူမျိုးများနှင့် နာဂလူမျိုးများကပါ ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာ ရင်း ကောက် ခံခြင်းမပြုလုပ်မီ လူမျိုး များ ပြန်လည်စိစစ်ကောက်ခံပေး သင့်ကြောင်း သမ္မတကြီးထံတောင်း ဆိုထားကြောင်း ယင်းကဆက် လက်ပြောကြားသည်။

အဆိုပါ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူ ခြင်းကို ၂၀၁၄ခုနှစ် မတ် ၃ဝရက် မှစတင်ကာ ဧပြီ ၁ဝရက်အထိ ၁၂ရက်ကြာ ကောက်ယူမည်ဖြစ် ပြီး အဆိုပါကောက်ယူမှုမတိုင်မီ လူမျိုးစုအမှန်ရရှိနိုင်ရေး အတွက် ပြန်လည်စိစစ်ပေးရန် သမ္မတ ကြီးထံ တိုင်းရင်းသားမျိုးနွယ်စု များက အကြံပေးတောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။
ဇာခြည်လှိုင်
yangonmedia


လုပ်ငန်းခွင်အတွင်း အရေးပါသည့် ဆက်ဆံမူများ



ခွန်နေ(AMMG)

သင်ဟာကုမ္ပဏီ တစ်ခုမှာအရေးပါအရာရောက် တဲ့သူဖြစ်နေပြီဆိုရင်နောက် ဝင်လာတဲ့ ဝန်းထမ်းတွေအပေါ် ဘယ်လိုဆက်ဆံ မလဲ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ဝန်းထမ်းတွေကို ဘယ်လိုအုပ်ချုပ်မလဲ၊ ဝန်ထမ်းအသစ်တွေက
လည်းကုမ္ပဏီ အပေါ်ဘယ်လို ခံယူချက်မျိုး ထားမလဲ ဆိုတာ အရေးကြီး လာပါတယ်။

ဒီအောက်ကစာလေးကိုဖက်ကြည့်လို့ အကျိုးတော့ မယုတ်လောက်ဘူးလို့ ထင်ပါတယ်။

လုပ်ငန်းခွင်အောင်မြင်သူတစ်ယောက်ရဲ့ ကျင့်စဉ်တွေထဲက စာစုတွေကို
ဆီလျှော်အောင်ရေးသားမျှဝေလိုက်ပါတယ်။

1.Kindness(Willingness to help/Enthusiasm)

တစ်ယောက်နဲ့ တစ်ယောက် စာနာပါကူညီပါ၊ ကုမ္ပဏီရဲ့အလုပ်တွေကို စိတ်ပါဝင်စားစွာ ကူညီပါ၊ ဝန်ထမ်းတစ်ယောက် အနေနဲ့ ကိုယ်လုပ်နေ တဲ့အလုပ်မှာ (Enthusiasm) စိတ်အားထက်သန်မှု ရှိနေရမယ်၊ အဲဒီလိုပဲ လုပ်ငန်းရှင်ဟာလည်း ကိုယ့်ဝန်ထမ်းတွေအပေါ် (Kindness)သနားကြင်နာမှု ထားပါ။ စာနာပါ။ ဝန်ထမ်းတွေအပေါ် စိတ်ပါဝင်စားမှုရှိပါ၊ မိမိဝန်ထမ်းတွေ အပေါ် စိတ်အားထက်သန်မှု(Enthusiasm) ရှိပါ။

2.Empathy(Priority/Flexibility)

ရရှိလာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို (Empathy)မျှဝေ ခံစားပါ၊ လုပ်ငန်းရှင်နဲ့ ဝန်ထမ်း(သို့) ဝန်ထမ်းချင်း ဝန်ထမ်းတစ်ယောက် ကိုတစ်ယောက်(Priority) ဦးစားပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် (Flexibility) အလျှော့အတင်း ဆက်ဆံနိုင်ရမယ်၊ အကောင်းဘက် ကိုပြောင်းလွယ်ပြင်လွယ်တဲ့စိတ် ရှိရပါမယ်။

3.Honesty(Reliance/Assurance/Ethical Behaviour)

ယုံကြည်အားထားခြင်း ခံရအောင် (Reliance)ယုံကြည်ထိုက် သူ ဖြစ်အောင် မိမိဟာဝန်ထမ်းတွေ အပါ်၊ဝန်ထမ်းတွေ ကလည်း လုပ်ငန်းရှင် အပေါ်ရိုးသာမှု (Honesty)ရှိရမယ်၊ မိမိလုပ်တဲ့ အလုပ်ပေါ်သေချာကြောင်း အာမခံချက် (Assurance) ရှိရမယ်။ မိမိလုပ်ဆောင်ချက် ဟာသူတစ်ပါးရဲ့ အားနက်ချက် ကိုမချနှင်းမိပါစေနှင့်။ လူကျင့်ဝတ်နှင့်အညီ (Ethical Behaviour) လုပ်ဆောင်ပါ။

4.Distribution(Experience/Knowledge/Reality)

လုပ်ငန်းရှင်တွေဟာ မိမိရဲ့ ဝန်ထမ်းတွေအပေါ်၊ ဝန်ထမ်းတွေကလည်း တစ်ယောက် ကိုတစ်ယောက် မိမိ ရဲ့ တွေ့အကြုံ (Experience)တွေ ကို(Distribution) မျှဝေပေးနိုင်ရမယ်။ အချင်းချင်း sharing လုပ်နိုင်ရမယ်၊
ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မိမိရဲ့ လုပ်ငန်းခွင်ဗဟုသုတ (Knowledge)တွေကို ဖလှယ်ပေးရမယ်။ အဲဒါတွေ အားလုံးဟာ (Reality) အမှန်တကယ်ဖြစ်ရမယ်။

5.Respect(Courtesy/Positive Word Of Mouth/To be respected(loyalty)/Enthusiasm)

ဝန်းထမ်းတစ်ယောက် အနေနဲ့ မိမိဟာလုပ်ငန်းရှင် အပေါ်၊ လုပ်ငန်းရှင်တွေ လည်း ဝန်ထမ်းတွေအပေါ် (Courtesy)ရှိရမယ်၊ တစ်ယောက်ကို တစ်ယောက်လေးစားမှု(Respect)ရှိရမယ်၊မိမိရဲ့ ပြောဆိုမှုတိုင်းဟာ
အကောင်းမြင်အကောင်းဘက်(Positive Word Of Mouth)ဖြစ်ရ မယ်၊လုပ်ငန်းရှင်နဲ့ဝန်ထမ်းတွေကလည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် (Loyalty)သစ္စာ ရှိရမယ်၊အဲဒါတွေ အားလုံးကို စိတ်အား ထက်သန်မှု(Enthusiasm)ရှိရပါမယ်။

6.Unity

ဒါတွေ အားလုံးကို ဝန်ထမ်းအချင်းချင်း၊ လုပ်ငန်းရှင်နှင့်ဝန်ထမ်း (Unity) အတူတကွ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်ကောင်းသော ဝန်ထမ်း၊ ကောင်းသောလုပ်ငန်းရှင်ကြီးတွေဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ခွန်နေ(AMMG)

(Share from:Guide Magazine)